Friday, March 6, 2015

Smart Phone တစ်လုံး ဘယ်လို ရွေးချယ်သုံးမလဲ




ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်းမှာ စမတ်ဖုန်း အသုံးပြုမှု အရေအတွက်က လေးနှစ်အတွင်း အဆမတန် မြင့်တက်လာပါတယ်။ ဒီလိုအချိန်မှာ အမှတ်တံဆိပ် အသစ်တွေက မြန်မာနိုင်ငံဈေးကွက်ကို အပြိုင်တိုးဝင်လာနေပါပြီ။ စမတ်ဖုန်း အသုံးပြုဖို့ဆိုရင် ဘယ်လိုရွေးချယ်မလဲဆိုတဲ့ အချက်က မေးခွန်း တစ်ခု ဖြစ်လာပါတယ်။ ဒီမေးခွန်းအတွက် LAPTOP နည်းပညာ မဂ္ဂဇင်းရဲ့ အကြံပြုချက်အချို့ကို ဖော်ပြလိုက်ပါတယ်။

Mobile

သင့်တော်တဲ့ OS ကို ရွေးချယ်ပါ

Android,iOS,BlackBerry စတဲ့ OS တွေထဲက ကိုယ်အသုံးပြုမယ့် စမတ်ဖုန်းရဲ့ OS ကို ရွေးချယ်ဖို့ Laptop မဂ္ဂဇင်းက အကြံပြုပါတယ်။ ပြည်တွင်းမှာ စမတ်ဖုန်းအသုံးပြုတဲ့ပုံစံနဲ့ ကိုက်ညီတာက Android ဆိုရင် မမှားနိုင်ပါဘူး။ လုံခြုံရေးအရကောင်းမွန်ပေမယ့် အသုံးပြုရခက်ခဲတဲ့ OS တွေက နည်းပညာအသိအမြင် ဖွံ့ဖြိုးဆဲ နိုင်ငံမှာ အံဝင်ဖို့ မလွယ်လှပါဘူး။ နောက်တစ်ချက်က သူတို့ ပေးထားတဲ့ ၀န်ဆောင်မှုတွေကို အပြည့်အဝ မသုံးနိုင်ဘူးဆိုရင် ဈေးကြီးပေးထားပြီး အလကားပါပဲ။ ကိုယ်နဲ့ သင့်တော်တဲ့ OS ကို ရွေးချယ်အသုံးပြုဖို့ အကြံပြုပါတယ်။

မျက်နှာပြင် အရွယ်အစားကို ရွေးချယ်ပါ

ဘယ်အရွယ်အစားစမတ်ဖုန်းက ကိုယ်နဲ့ သင့်တော်သလဲဆိုတာကို ထည့်သွင်းစဉ်းစားဖို့ Laptop က အကြံပြု ပါတယ်။ စမတ်ဖုန်းပေါ်ကနေ အင်တာနက်အသုံးပြုမှုများလာတဲ့အတွက် အရွယ်အစားကြီးမားတဲ့ Phablet တွေကို အသုံးပြုသူတွေစိတ်ဝင်စားပေမယ့် အမေရိကမှာတော့ အရွယ်အစားကျစ်လစ်တဲ့ ၄ လက်မ အရွယ်အစား စမတ်ဖုန်းတွေကပဲ ရောင်းအားအကောင်းဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။
၅ဒသမ ၇ လက်မ ရှိတဲ့ စမတ်ဖုန်းတွေကတော့ ဂိမ်းကစားတာနဲ့ ဗီဒီယိုတွေကြည့်ဖို့မှာ သင့်လျော်ပါတယ်။ အရွယ်အစားကြီးတဲ့ Phablet တွေက အင်တာနက်သုံးတာ၊ စာဖတ်တာတွေမှာ အဆင်ပြေပေမယ့် သယ်ဆောင်ဖို့တော့ သက်တောင့်သက်သာဖြစ်မှာ မဟုတ်ပါဘူး။

ဖုန်းအတွင်း အသေးစိတ် အချက်အလက်

ဖုန်းတစ်လုံးရဲ့ လုပ်ဆောင်ချက်တွေ နဲ့ပတ်သက်ပြီး ပရိုဆက်ဆာတွေကိုကြည့်ပြီးရွေးချယ်သင့်ပါတယ်။ RAM ဘယ်လောက် ပါဝင်သလဲဆိုတာလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။ ဖုန်းအတွင်း သိုမှီးနိုင်မှုပမာဏ နဲ့ ဘယ်လောက်အထိ ထပ်ပြီး တိုးချဲ့နိုင်သလဲ ဆိုတာလည်း စဉ်းစားဖို့ Laptop မဂ္ဂဇင်းက အကြံပြုထားပါတယ်။ မျက်နှာပြင် အရည်အသွေး ဘယ်လောက်ရှိတယ်ဆိုတာလည်း အရေးကြီးပါတယ်။

Mega Pixel အပေါ်မူတည်ပြီး ကင်မရာကို မရွေးပါနဲ့

စမတ်ဖုန်း တစ်လုံးမှာ ကင်မရာအရည်အသွေးက အရေးကြီးပါတယ်။ ဒါပေမယ့် Mega Pixel တစ်ခုတည်းအပေါ် အစွဲအလမ်းမထားဖို့ Laptop မဂ္ဂဇင်းက အကြံပြုထားပါတယ်။ ကင်မရာစွမ်းဆောင်ချက် နဲ့ ပုံရိပ်အရည်အသွေး က Mega Pixel တစ်ခုတည်းအပေါ်မူတည်တာ မဟုတ်ပါဘူး။ အာရုံခံစနစ်တွေအပါအ၀င် ကင်မရာစွမ်းဆောင်ချက်တွေက ပြတ်သားတဲ့ပုံရိပ်တွေ ရရှိဖို့ အကူအညီပေးနိုင်ပါတယ်။

ဘက်ထရီ သက်တမ်းကို ရွေးချယ်ပါ

ဖုန်းတစ်လုံးအတွက် ဘက်ထရီသက်တမ်း ကြာရှည်ခံဖို့လိုပါတယ်။ စမတ်ဖုန်းကနေ အွန်လိုင်းဂိမ်းတွေဆော့ကြ တဲ့သူတွေ ဒီပြဿနာကို ကောင်းကောင်းနားလည်ပါလိမ့်မယ်။ Power Bank ကြီး သွားလေရာ ဆောင်နေရတဲ့ ဒုက္ခက မသေးလှပါဘူး။ ဘက်ထရီ အားမရှိဘဲ ဘယ်လိုစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းမှ အလုပ်မလုပ်ဘူးဆိုတာ မမေ့ပါနဲ့။

ဒီအချက်တွေနဲ့ နှိုင်းယှဉ်ပြီး ပြည်တွင်းရောက်လာတဲ့ စမတ်ဖုန်းတွေထဲက ကိုယ်အသုံးပြုမယ့်ပုံစံနဲ့ ကိုက်ညီမယ့် စမတ်ဖုန်း တစ်လုံးကို ရွေးချယ်နိုင် ဝယ်ယူအသုံးပြုနိုင်ဖို့အတွက် ဒီတစ်ပတ်အတွက် ဖော်ပြလိုက်ပါတယ်။

REF : Laptop

#Mizzima

No comments: