Saturday, March 21, 2015

ဒီမိုကရေစီ လော်စပီကာ




မျိုးစောင့်ဥပဒေ ၄ ခုဟု လူသိများနေသော တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ မြန်မာဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ လူဦးရေထိန်းချုပ်မှုဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတို့ကို နိုင်ငံ၌ ပြဋ္ဌာန်းနိုင်ရန် လက်ရှိတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဥပဒေကြမ်းများအနေဖြင့် ဆွေးနွေးနေကြသည်။ တစ်ဖက်ကလည်း ပြဋ္ဌာန်းသင့်သည်၊ တစ်ဖက်ကလည်း မပြဋ္ဌာန်းသင့်ဟု ငြင်းခုံနေကြပြန်သေးသည်။ မည်သို့ပင်ဖြစ်စေကာမူ ဒီမိုကရေစီခေတ်ဆိုသည့် သဘောတရားများအရ အရာခပ်သိမ်းအပေါ် လူထုက တစ်သမတ်တည်း၊ တစ်သဘောတည်း ရှိကြသည်တော့မဟုတ်။ အငြင်းအခုံ၊ အတိုက်အခံ၊ သဘောတူမှုကတော့ ရှိကြမည်သာ။ ကောင်းဖို့ဆိုသည့်စိတ်ဆန္ဒအရ ဆောင်ရွက်ပြီး ကောင်းဖို့ဆိုသည့်လမ်းကိုသာ ရှုနိုင်ပါက ရလဒ်ကောင်းထွက်မည်ဟု ရှေးစကားက ငြင်းပယ်စရာမရှိ။ ထို့အ တွက်ကြောင့် ဥပဒေကြမ်း ၄ ခု အပေါ် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်တို့၏ သဘောထားအားစုစည်းကာ ဖော်ပြလိုက်ရပါသည်။

တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်

လက်ရှိ လွှတ်တော်မှာဆွေးနွေးနေတဲ့ မျိုးစောင့်ဥပဒေတွေဟာ အမှန်တကယ် နိုင်ငံ့အတွက် လိုအပ်ပါတယ်။ နိုင်ငံမှာရှိတဲ့ ကျန်တဲ့ သုံးဘာသာတွေမှာ ဥပဒေတွေကရှိထားပြီးဖြစ်ပြီး ဗုဒ္ဓဘာသာမှာတော့ တကယ့်ကို ကာကွယ်ပေးနိုင်သော ခိုင်ခိုင်မာမာဥပဒေမရှိသေးလို့ပါပဲ။ ဟိန္ဒူဘာသာဆိုရင် ၁၉၅၅ ခုနှစ် ဥပဒေ၊ ခရစ်ယာန်ဆိုရင် ၁၈၇၂ ဥပဒေ၊ အစ္စလာမ်ဆိုရင် ၁၉၅၃ ခုနှစ် ဥပဒေတွေဆိုပြီး အသီးသီးရှိထားကြပါတယ်။ အဲဒီ ဘာသာ ၃ ခုရဲ့ ဥပဒေတွေကို လေ့လာကြည့်မယ်ဆိုရင် ဘာသာမတူရင် လက်မထပ်ရဆိုတဲ့ တားမြစ်ချက်တွေ၊ ဘာသာရေးခေါင်းဆောင်တွေက လက်ထပ်မှုကိုစီမံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် တွေ အသီးသီးရှိနေတာကို တွေ့ရပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဓလေ့ထုံးတမ်းအရ သံဃာတော်တွေကို ဆွမ်းကပ်ထားတာဆိုပေမယ့် သံဃာတော်တွေက လက်ထပ်မှုကို စီမံကြတာမဟုတ်ပါဘူး။ ဒါတွေကို သိရှိထားဖို့လိုပါတယ်။ ဟုတ်ပါပြီ။ အခြားဘာသာ ၃ ခုရဲ့ ပြဋ္ဌာန်းမှုတွေ၊ ကိုယ့်ဘာသာက တားမြစ်ချက်တွေ မရှိတာကြောင့် မြန်မာအမျိုးသမီးတွေ နစ်နာသွားမှုကို ကျွန်တော်တို့ ကြည့်ကြရအောင်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အမျိုးသမီးတွေက တခြားဘာသာဝင်တွေနဲ့ လက်ထပ်တဲ့အခါမှာ ပြည်တွင်းမှာရော ပြည်ပမှာပါ အများစုက တစ်ဖက်ဘာသာကို ရောက်သွားကြတာများပါတယ်။ မရောက်တဲ့သူလည်း လင်ခန်း မယားခန်း ပြတ်သွားတဲ့အခါမှာ ဘာတစ်ခုမှမရဘဲ ဆုံးရှုံးသွားတာ တွေ့ရပါတယ်။

ဥပဒေတွေ အကိုးအကားနဲ့ ကျွန်တော်ပြောပါမယ်။ ဟိန္ဒူဘာသာမှာဆိုရင် မောင်မန်းနဲ့ ဒိုရာမို၊ ခရစ်ယာန်မှာဆိုရင် မောင်ကြိုက်နဲ့ မကြီး၊ အစ္စလာမ်မှာဆိုရင် မခိုင်နဲ့ ကိုဒါမွိုင်ဆင်၊ ဆိုနာဟားနဲ့ မခင်၊ တရုတ်မှာဆိုရင် မနှင်းလှိုင်နဲ့ တီဝိန်ရှိန် စတာတွေကို တွေ့ရပါ တယ်။ အဲဒီသူတွေနဲ့ မြန်မာအမျိုးသမီးတွေဟာ လက်ထပ်ထိမ်းမြားပြီး အစောပိုင်းကတော့ ငါလည်း ငါ့ဘာသာကိုးကွယ်၊ နင်လည်း နင့်ဘာသာကိုးကွယ်လို့ပြောပေမယ့် နောက်ပိုင်း ဗုဒ္ဓဘာ သာကို ကိုးကွယ်ခွင့်မရကြလို့ မိန်းကလေးတွေက ဗုဒ္ဓဘာသာကို ကူးပြောင်းသွားတဲ့အခါမှာ ဘာတစ်ခုမှ အမွေဆက်ခံခွင့်မရတာကို တရားရုံးချုပ်ရဲ့စီရင်ထုံးတွေနဲ့ လေ့လာကြည့်ရင်တွေ့နိုင် ပါတယ်။ ဒါတွေဟာ တကယ်ဖြစ်ခဲ့တာပါ။ အစ္စလာမ်မှာဆိုရင် ဗလီဆရာက နေကာဖတ်လိုက်တာနဲ့ ဒါဟာ အစ္စလာမ်ရဲ့ ထုံးတမ်းစဉ်လာဖြစ်သွားပါပြီ။ ဗုဒ္ဓဘာသာကို မိန်းကလေးက ပြန်ပြောင်းသွားရင် ယောက်ျားပိုင်တဲ့ပစ္စည်းတွေကို ဘာတစ်ခုမှမရကြပါဘူး။

ဒါဆိုရင် ကာကွယ်ပေးဖို့လိုနေတာကတော့ အမှန်ဖြစ်နေပါပြီ။ ကျွန်တော်တို့ဆီမှာ လက်ရှိ ရှိနေတဲ့ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်း ဥပဒေကို ပြန်သုံးသပ် ကြည့်ရင် ဗုဒ္ဓဘာသာ မဟုတ်တဲ့ ယောက်ျားရဲ့အသက်ကို မကန့်ကွက်ပေမယ့် မြန်မာမိန်းကလေး ကိုတော့ အသက် ၁၄ နှစ်ဆိုရင် လက်ထပ် လို့ရပြီဆိုတဲ့ ပြဋ္ဌာန်းချက်ကိုကြည့်ရင် ဒါဟာ အကာအကွယ်ပေးတဲ့ ဥပဒေ မဟုတ်ဘူးလို့ ပြောလို့ရတယ်။ သို့သော်လည်း နိုင်ငံခြားသားနဲ့ လက်ထပ်ရင်တော့ တစ်ဝက်ပြန်ရတယ်လို့ဆိုထားတဲ့အတွက် နည်းနည်းလေးတော့ သက်သာပါတယ်။ ဒါပေမဲ့လည်းပဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာဥပဒေက ဓလေ့ထုံးတမ်းဥပဒေဖြစ်တဲ့အတွက် လိုက်နာရင်လည်း ရသလို မလိုက်နာရင်လည်း ဖြစ်ပါတယ်။ ဟိုဘက်က ပြဋ္ဌာန်း ဥပဒေဖြစ်တဲ့အတွက် ပြဋ္ဌာန်းဥပဒေက အနိုင်ရပါတယ်။ နိုင်ငံအတွက် အဓိက လိုအပ်နေတဲ့ မျိုးစောင့် ဥပဒေ ၄ ခုဟာ ဘာသာပေါင်းစုံလိုက်နာရမယ့် ဘုံစည်းကမ်းတစ်ခု ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

ဦးကြီးမြင့် (ရှေ့နေများကွန်ရက်)

ရခိုင်ပြည်နယ်က ဒေသအချို့မှာ ဘင်္ဂါလီတွေက ၉ဝ ရာခိုင်နှုန်းလောက်ရှိနေပြီး ရခိုင်က ၁ဝ ရာခိုင်နှုန်း လောက်ပဲရှိနေရာကနေ ဒီဥပဒေတွေ စတင်တယ်လို့ ပြောလို့ရတာပေါ့ဗျာ။ သူ့ဒေသအတွက်ဆိုရင်တော့ ဒီဥပဒေကလိုပေမယ့် တစ်နိုင်ငံလုံးအတွက်ကြောင့် ဆိုရင်တော့ မလိုဘူးလို့ ကျွန်တော်ပြောချင်တယ်ဗျ။ ရခိုင်မှာ ဒီလိုမျိုး ဘင်္ဂါလီတွေ များပြားလာတာက အရင်အစိုးရ အဆက်ဆက်က လွှတ်ပေးတာတွေ၊ မသိချင်ယောင်ဆောင်တာ တွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် တိုးပွားလာတာပဲ။ ဒါက တော့ထားပါ။ ဆက်မပြောချင်ပါဘူး။ သို့ သော်လည်းပဲ အခု ဥပဒေက မဘသက တင်တာဗျ။ အာဏာရှင်ကို ထောက်ပံ့တဲ့သူတွေရဲ့ အပြန်အလှန် အကူအညီ ဖြစ်တဲ့အတွက် အာဏာရှင် ရှင်သန်ရေးကို ထောက်ပံ့ပေးနေတဲ့ ဥပဒေတွေလို့ ကျွန်တော် သုံးသပ်လိုက်ချင်တယ်။ ဒီဥပဒေကို တင်သွင်းတဲ့လူတွေကိုလည်း ကျွန်တော်အထင်သေးတယ်ဗျာ။

ဒေါ်ခင်စောဝေ
(ရခိုင်အမျိုးသားပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)

အန်တီက မြန်မာအမျိုးသမီးလည်း ဖြစ်တယ်။ ရခိုင်တိုင်းရင်းသားလည်း ဖြစ်တယ်။ ဒါ့ကြောင့် ဒီဥပဒေ ၄ ခုဟာ တကယ့်ကို လိုအပ်တယ်လို့ အန်တီ ကတော့ ခံယူထားတယ်။ ယောက်ျားတစ်ယောက်ဟာ မိန်းမတွေ အများကြီး ယူတာက ယူတဲ့အပေါ်ကို သေသေချာချာ လေ့လာကြည့်ရင် မိန်းမတွေပဲ နစ်နာတယ်။ မယားပြိုင်လို့ပဲ ခေါ်ခေါ်၊ ဘယ်လိုပဲခေါ်ခေါ် ဒါတွေက မရှိ သင့်ပါဘူး။ အခု ဥပဒေသာ ပြဋ္ဌာန်းပြီးရင် လင်မယား နှစ်ယောက် ဒိုးတူပေါင်ဖက်လုပ် ကိုင်ရှာဖွေထားတဲ့ဟာတွေကို နောက်မယား က ရပိုင်ခွင့်မရှိဘူး။ တစ်ဖက်က နစ်နာတယ် လို့ ဘယ်လိုပဲ ပြောပြောလေ။ အရွယ်ဖော်ဝင် ကတည်းက ကိုယ်လင်ကိုယ် မယားရှာဖွေ ထားတဲ့ဟာတွေကို တစ်ဖက်သားပေးရမယ့်ဟာ ဘယ်အမျိုးသမီးတိုင်း ပေးချင်မှာလဲ။ ၁၉၅၄ ခုနှစ်မှာ မြန်မာ အမျိုးသမီးတွေအပေါ် ပြဋ္ဌာန်းထားတဲ့ ဥပဒေက ပစ္စည်းရပိုင်ခွင့် အပေါ်မှာ ပြဋ္ဌာန်းထားပြီး တကယ့်တကယ် အမျိုးသမီးတွေ ကာကွယ်ပေးတဲ့အပေါ်မှာ တိတိကျကျ လုပ်မထားတာကြောင့် ဒီဥပဒေ ၄ ခုစလုံးဟာ ခုချိန်မှာ တကယ်ပဲလိုအပ်တယ်လို့ ထပ်ပြောပါရစေ။ တချို့တွေဆိုရင် လွှတ်တော်ထိလာပြီး ကန့်ကွက်တာမျိုးတွေ လုပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဟာ ကြည့်တဲ့ဘက်ကို မူတည်ပြီး အမြင်တွေ ကွဲပြားခြားနားတာတွေ ရှိမယ်ဆိုတာကို အစ်မလက်ခံပါတယ်။ သို့သော် လည်းပဲ လက်ရှိက ဥပဒေကြမ်းအဆင့်မှာပဲ ရှိပါသေးတယ်။ အားလုံးသဘော ထားအမြင်တွေ ထပ်ဖြည့်ကြမယ်ဆိုရင် ကောင်းမွန်တဲ့ဥပဒေတွေ ဖြစ်သွားမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

ဒေါ်ရွှေရွှေစိန်လတ်
ဖန်မီးအိမ်အဖွဲ့ဒါရိုက်တာ

ဒီဥပဒေတွေကို မပြဋ္ဌာန်းပါနဲ့လို့ ကျွန်မတို့ အဖွဲ့အပါအဝင် အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်း ၁၈ဝ ကျော်က စာထုတ်ပြီးတော့လည်း ကန့်ကွက်တယ်။ လွှတ်တော်ထိလည်းသွားပြီးတော့ တောင်းဆိုတယ်။ ဒီအချိန်မှာ မလုပ်ပါနဲ့ဦး၊ စောင့်ကြည့်ပါဦး။ ဒီ စကားတွေလည်း ထည့်ပြောခဲ့တယ်။ ဒါ့အပြင် ဥပဒေကြမ်းပါ အချက်တိုင်း အချက်တိုင်းကိုလည်း ကိုးကားချက်တွေနဲ့ ထောက်ပြခဲ့တယ်။ ဒါတောင်မှ အခု လွှတ်တော်ထဲ ဆွေးနွေးနေပြီဆိုတော့ ကျွန်မတို့က လမ်းပေါ်ထွက် ဆန္ဒပြရုံပဲ ရှိတော့တာပေါ့။ ဟုတ်တယ်လေ။ ဒီစကားပဲ ရှိတော့တယ်။ ဒီဥပဒေတွေ ပြဋ္ဌာန်းမှ မြန်မာအမျိုးသမီးတွေ အကာအကွယ်ရမယ်ဆိုတာ ကျွန်မမယုံဘူး။ တစ်ချက်ပဲ။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေကိုတော့ ဥပဒေပြဋ္ဌာန်းပြီး အမျိုးသားတွေကိုတော့ ဘာလို့ မပြဋ္ဌာန်းတာလဲ။ ဒီကတည်းကိုက မမျှတတာလို့ပဲ ပြောချင်ပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်
ရန်ကုန်လူငယ်ကွန်ရက် (ဥက္ကဋ္ဌ )

ကျွန်မအမြင်ကတော့ လက်ထပ်ထိမ်းမြားခြင်းဆိုတာ ပုဂ္ဂလိကအကြောင်းအရာ ဖြစ်တယ်။ အဲဒါကို ပြစ်မှုပြစ်ဒဏ်ချမှတ်ပြီး ဥပဒေနှင့် ထိန်းချုပ်တာက ရိုးရိုးလေးစဉ်းစားရင်တောင် ကိုယ်ပိုင်ဆုံး ဖြတ်ချက်အပေါ် လာရောက်လွှမ်းမိုးတာမျိုး ဖြစ်နေတယ်။ နောက် ဥပဒေဆိုရင် နိုင်ငံသားတွေ အပေါ် အမျိုးသား၊ အမျိုးသမီး အပေါ် တန်းတူသက်ရောက်တာမျိုး ဖြစ်ရ မယ်။ ခုက တရားဝင်ထိမ်းမြားလက် ထပ်မှတ်ပုံတင်ခြင်းက ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် ဗုဒ္ဓဘာသာဝင်မဟုတ် သောအမျိုးသားအကြား လက်ထပ်မှု အတွက်ပဲ ပြဋ္ဌာန်းထားတာဖြစ်လို့ အခြားဘာသာဝင်များကို ခွဲခြားဆက် ဆံမှုဖြစ်စေပါတယ်။ လူ့အခွင့်အရေး ဘာညာမပြောသေးဘူး။ ဖြစ်စေချင် တာကတော့ ဥပဒေတစ်ခုပြဋ္ဌာန်း သတ်မှတ်မယ်ဆို အဲဒီ ဥပဒေအကျိုး သက်ရောက်မယ့် လူဦးရေ၊ လူတန်းစား၊ ဒီဥပဒေမျိုးဆိုရင် အမျိုး သမီးတွေပေါ့။ သူတို့တွေနဲ့ ညှိနှိုင်းစေချင်တယ်။ ဒါကမှ တကယ့် စေတနာအစစ်အမှန် ဖြစ်မယ်။ ကဏ္ဍပေါင်းစုံ အလွှာပေါင်းစုံကအမျိုး သမီးတွေ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့အဖွဲ့တွေ အများကြီး ရှိပါတယ်။ ဥပဒေကြမ်းအပေါ် သူတို့တင်ပြထားတာတွေလည်းရှိတယ်။ သူတို့တွေဆီက အကြံÓဏ်တွေနဲ့ ဝေဖန်သုံးသပ်ချက်တွေကို ထည့် သွင်းစဉ်းစားစေလိုတယ်။ မျက်နှာစုံညီ ညှိနှိုင်းစေလိုပါတယ်။ အမျိုးသား ပညာရေးဥပဒေလို တူညီတဲ့အမှားမျိုး ထပ်မဖြစ်စေချင်ဘူး။

No comments: