Tuesday, July 30, 2019

🔺Inductionမီးဖို Infraredမီးဖိုနဲ့ Halogen မီးဖိုတွေရဲ့ အားသာချက် အားနည်းချက်များ🔺


ကျွန်တော် အခေါ်အဝေါ်လေးကနေ စပြီး ပြောပြချင်ပါတယ်

ယေဘူယျအားဖြင့် နှစ်ခုလုံးကို ဒီဂျစ်တယ်မီးဖို လို့ခေါ်ကြတာက စပြီး အခေါ်အဝေါ် နည်းနည်း ရှုပ်သွားကြတာမှာ ဘယ်အသုံးအနှုန်း သုံးရင် ဘယ်လို မီးဖိုမျိုးဖြစ်တယ်ဆိုတာ သေချာမသိကြတာ တွေ့လာရခြင်းဖြစ်ပါတယ်

အခု ဒီဆောင်းပါးလေးမှာတော့ ဘယ်အခေါ်အဝေါ် ဘယ်အသုံးအနှုန်းသုံးရင် အိုးရွေးတယ် မရွေးဘူးဆိုတာလေးနဲ့ မီးဖို သုံးခု ဘာတွေ ကွာခြားလည်း အားသာချက် အားနည်းချက်လေးတွေ ပြောပြပေးသွားမှာပါ

🔰Induction မီးဖိုဆိုတာ🔰


သူက သံလိုက်စနစ်နဲ့ အလုပ်လုပ်တာဖြစ်လို့ အိုးရွေးတယ်လို့ အားလုံးက ပြောကြတဲ့ မီးဖိုပါ။ အဓိကက သူ့ကို ကျွန်တော်တို့ အိမ်တွေမှာ အများဆုံးသုံးတဲ့ ဒန်အိုး ဒယ်အိုးတွေနဲ့ အသုံးပြုလို့ မရကြတော့ အသုံးပြုသူနည်းသလို ခံစားရပါတယ်။

သို့သော်လည်း အိုးရွေးတဲ့ Induction ကိုမှ ကြိုက်တဲ့ မိတ်ဆွေကောင်းတွေလည်း ရှိနေတော့ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းလေးက ပေါ်လာပြန်ရော👇👇👇

🔸၁အချက်က Inductionက အရမ်းအပူမြန်တယ် အကျက်မြန်တယ် ပြီးတော့ ချက်ပြီးရင်လည်း အအေးမြန်တယ်

🔸၂အချက်က မြန်မြန်ကျက် မြန်မြန်ပြီးတော့ အခုလို မီတာခ ချွေတာပြီး သုံးရမယ့် ခေတ်မှာ တော်တော် တွင်ကျယ်စွာ အသုံးပြုသင့်တဲ့ အဓိက လျှပ်စစ်ပစ္စည်းတစ်မျိုး ဖြစ်လာလို့ပါပဲ

ဒါတွေက Induction ကို မှ ကြိုက်ကြတဲ့ အဓိက အားသာချက်ပါ

ဒါပေမယ့် နားလည်မှုလွဲနေတာလေးတွေလည်းရှိတော့ တစ်ဆက်တည်း ရှင်းပြပါရစေ။

🔹Induction ကို စတီးအိုးနဲ့မှ ရတယ်ဆိုပြီး ပြောကြတဲ့ အသံတွေလည်းကြားဖူးပြီး ကျွန်တော်ကိုယ်တိုင်လည်း တစ်ချိန်က ပြောခဲ့ဖူးပါတယ်။

ဆိုတော့ တကယ်က Induction မီးဖိုက သံလိုက်စနစ်နဲ့ သုံးတာဖြစ်လို့ စတီးစစ်စစ်ကြီးဆိုရင်တော့ တကယ် အလုပ်မလုပ်ပါဘူး .. သိတဲ့အတိုင်းအိုးတွေမှာ စတီးကိုမှ နောက်ပိုင်း သံအရောတွေ ရှိလာပြီး စတီးမှာလည်း သူ့ ကုဒ်နံပါတ်နဲ့သူ လာတာဆိုတော့ စတီးအိုးတွေမှ ရနေတဲ့ သဘောပါ။

ပုံမှန်အိုးတွေက ဒန်တွေ အလူမီနီယံတွေ သုံးလာတော့ Induction မီးဖိုနဲ့လည်း အလုပ်မဖြစ်ပြန်ဘူး။

ဒါကြောင့် အိုးရွေးတယ်လို့ ပြောကြပြီး စတီးအိုးနဲ့ပဲ သုံးလို့ရတယ် လို့ ပြောကြတာမျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ပိုင်း Inductionမီးဖိုနဲ့သုံးလို့ရတဲ့ Pan တွေများစွာ ပေါ်လာလို့ အဆင်ပြေ ချောမွေ့စွာ သုံးလို့ရနေပါပြီ။🔹

သူကတော့ ဈေးကို ၄သောင်း ၀န်းကျင်တန်းကပဲ စထွက်တယ်။

🔰Infrared မီးဖို (သို့မဟုတ်) Ceramic မီးဖို, ကွိုင်typeမီးဖို ဆိုတာ🔰


သူကတော့ အိုးမရွေးတဲ့ မီးဖိုလို့ ခေါ်တဲ့ ကွိုင်နဲ့ အပူပေးတဲ့ စနစ်ကို သုံးတဲ့ မီးဖိုမျိုးပါ။ သူက အိုးမရွေးတာမို့ အားလုံးကြိုက်တဲ့ အားသာချက်တစ်ခုပါပဲ။

ဒါပေမယ့် Induction နဲ့ ယှဉ်လိုက်ရင် ပူဖို့ စောင့်ရတာနဲ့တင် ကြာတယ်လို့ ခံစားရသလို ကြာတဲ့ အမျှလည်း မီတာခက တက်လာနိုင်ပါတယ်။

သို့ပေမယ့် ဈေးတန်းလေးက 18,000 လောက်ကနေစ၀ယ်လို့ရနေတော့ တကယ် ဈေးချိန်သုံးရတဲ့ မိတ်ဆွေကောင်းတွေအတွက်တော့ အထူး အဆင်ပြေပါတယ်။

🔰Halogen မီးဖို (သို့မဟုတ်) မီးချောင်းမီးဖို🔰


သူကတော့ ဟေလိုဂျင်မီးချောင်းကို သုံးထားတဲ့ မီးဖိုပဲဖြစ်ပါတယ်။ ဒီဂျစ်တယ်မီးဖိုမှာ ဈေးအသက်သာဆုံး တရုတ်မိတ်ဖိုပဲဖြစ်ပါတယ်။ သူက မီးမြင်ရပါတယ်။

auto-off စနစ်မပါပေမယ့် ... မီးချောင်းလဲ သုံးလို့တော့ရပါတယ်။

သိပ်တော့ အားမပေးချင်ပေမယ့် အိုးမရွေးတာနဲ့ ဈေးအသက်သာဆုံးလိုချင်တဲ့ မိတ်ဆွေကောင်းတွေ အတွက်တော့ သုံးလို့ အဆင်ပြေပါတယ်။

ရေရှည်အတွက်တော့ ကျွန်တော် အားမပေးချင်ပါဘူး။

Halogen ကဈေးကွက်ထဲမှာ တစ်သောင်းဝန်းကျင်လောက်တော့ ရှိပါတယ်။

😍အခုဆိုရင်တော့ Inductionမီးဖို Infraredမီးဖိုနဲ့ Halogen မီးဖိုတွေရဲ့ အားသာချက် အားနည်းချက်တွေ တော်တော်များများသိသွားပြီလို့ ကျွန်တော် အထူးယုံကြည်ပါတယ်😍


🙏ကျေးဇူးအထူး🙏
🌐New World Wholesale🌐

Monday, July 29, 2019

အရက်အလွန်အကျွံသောက်ရင် အသည်းကိုဘယ်လိုထိခိုက်စေသလဲ


ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အရက်ကို တစ်ခါတရံလောက်ပဲ သောက်ရာကနေ ရေရှည်စွဲသွားတာမျိုး၊ မသောက်ရမနေနိုင် ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် အရက်သောက်ခြင်းဟာ သေချာစဉ်းစားရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်။ အရက်ကို ရေရှည် အလွန်အကျွံ သောက်ရင် လူမှုရေးပြဿနာများသာမကပဲ ကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါတယ်။ အထူးသဖြင့် အသည်းရောဂါများ ဖြစ်ပါတယ်။

အရက်ကို ကိုယ်ခန္ဓာက ဘယ်လိုစုပ်ယူသလဲ
အရက်သောက်ချိန်မှာ အရက်ကို အစာအိမ်နဲ့ အူလမ်းကြောင်းမှတဆင့် သွေးကြောတွေထဲကို စုပ်ယူလိုက်ပါတယ်။ အစာလမ်းကြောင်းကလာတဲ့ အရက်များဟာ နှလုံးဆီမရောက်ခင် အသည်းကို ဖြတ်ရပါတယ်။ ဒါကြောင့် အသည်းမှာ အရက်ပမာဏ အများဆုံးစုဝေးပါတယ်။ အသည်းရဲ့ဆဲလ်တွေမှာ အရက်ကို အင်ဇိုင်းစနစ်ရဲ့ ဓာတုဖြစ်စဉ်အဆင့်များစွာနဲ့ ပြောင်းလဲအပြီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေအဖြစ် ထွက်လာစေပါတယ်။ ပြီးရင် ဆီးထဲနဲ့ အဆုတ်ထဲ ရောက်သွားပါတယ်။

ဒါပေမယ့် အသည်းမှာလည်း အကန့်အသတ်ရှိပါတယ်။ နာရီတိုင်းမှာ အတိုင်းအတာတစ်ခုအထိပဲ ချေဖျက်ပေးနိုင်ပါတယ်။ သုတေသနတွေအရ တစ်နေ့ကို အပြည်ပြည်ဆိုင်ရာယူနစ် ၁ ယူနစ်ကနေ ၂ယူနစ်ထိပဲ ထောက်ခံထားပါတယ်။ ၁ ယူနစ်မှာ ၂၅ မီလီလီတာ သို့မဟုတ် တစ်ပက်ရှိပါတယ်။ ဒီတော့ တစ်နေ့ကို တစ်ပက်ကနေ နှစ်ပက်ထိပဲသောက်သင့်ပါတယ်။

တစ်ဖက်မှာလည်း အရက်စွဲသူများ၊ အလွန်အကျွံ သောက်သူများမှာ နောက်ဆက်တွဲပြသနာတွေဖြစ်တဲ့ အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း စတဲ့ အရက်နဲ့ဆက်စပ်နေတဲ့ အသည်းရောဂါတွေပေါ်လာပြီး ကြာလာတာနဲ့အမျှ ဆိုးရွားလာပါတယ်။

အသည်းအဆီဖုံးခြင်း

အသည်းအဆီဖုံးခြင်းဆိုတာ အသည်းဆဲလ်တွေမှာ အဆီများစုဝေးလာခြင်းဖြစ်ပြီး အရက်အလွန်သောက်သူတွေမှာ ဖြစ်တတ်ပါတယ်။ အရက်သောက်ခြင်းကို ရပ်လိုက်ချိန်မှာတော့ ပျောက်သွားတတ်ပါတယ်။ ဆက်ပြီးသောက်နေရင်တော့ အသည်းရောင်တဲ့အဆင့် ရောက်သွားပါတယ်။ အရက်ကြောင့် အသည်းရောင်ခြင်းဟာ သိပ်မပြင်းထန်တဲ့ အခြေအနေကနေ ဆိုးရွားတဲ့ အခြေအနေထိ ရှိပါတယ်။

သိပ်မပြင်းထန်သေးချိန်မှာ လက္ခဏာမပြတတ်ဘဲ သွေးစစ်မှသာ ပုံမှန်မဟုတ်တဲ့ အင်ဇိုင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ တချို့မှာတော့ ရောဂါကြာသွားပြီး အသည်းဆဲလ်တွေ တဖြည်းဖြည်းပျက်စီးသွားတဲ့အခါ အသည်းခြောက်ခြင်းအထိ ဖြစ်စေပါတယ်။ ပိုဆိုးတဲ့ အခြေအနေတွေမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အသားဝါခြင်း၊ အသည်းအောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ရုတ်တရက် အသည်းရောင်တဲ့အခါ အသည်းရောင်ခြင်းမှတဆင့် ကိုမာသတိမေ့ခြင်း၊ အသားဝါခြင်း၊ သွေးမခဲခြင်း၊ သိမြင်မှုအားနည်းခြင်း၊ သတိမေ့ခြင်း၊ အူလမ်းကြောင်း သွေးယိုခြင်း စတာတွေဖြစ်ပြီး သေဆုံးမှုလည်း မြင့်မားပါတယ်။

ဒီရောဂါဖြစ်ရင် အာဟာရဓာတ်မျှတအောင် စားရပါတယ်။ ဒါမှမဟုတ် အစာပြွန်ထည့်ပေးခြင်း၊ စတီးရွိုက်ပေးခြင်း စတာတွေ ပြုလုပ်ရပါတယ်။

အသည်းခြောက်ခြင်း

အသည်းခြောက်ခြင်းဆိုတာ အသည်းမှာ ဖိုင်ဘာတစ်ရှုးများ ပြောင်းလဲသွားပြီး အလုပ်မလုပ်နိုင်တော့ခြင်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ပိုမိုဆိုးရွားသွားတတ်တဲ့သဘောရှိပြီး ဖိုင်ဘာတစ်ရှုးတွေဟာ အသည်းဆဲလ်တွေရဲ့ ပုံမှန်တည်ဆောက်ပုံနဲ့ အသစ်ပြန်ဖြစ်ခြင်းအပေါ် ထိခိုက်မှုဖြစ်စေပါတယ်။အသည်းဆဲလ်တွေဟာ ထိခိုက်သေဆုံးသွားပြီး တစ်သျှူးတွေဟာ အစားထိုးလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အသည်းဟာ ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်တော့ပါဘူး။ ဖိုင်ဘာတစ်ရှုးတွေဟာ အသည်းဆီ ပုံမှန်သွေးစီးဆင်းမှုကို အနှောင့်အယှက် ပေးလာပါတယ်။

အမာရွတ်တစ်ရှုးများပေါ်လာပြီး အရင်လိုပြန်မဖြစ်တော့ပါဘူး။ ပထမပိုင်းမှာ အသည်းဆဲလ်တွေဆုံးရှုံးခြင်းဟာ လူကို မထိခိုက်စေပါဘူး။ ဒါပေမယ့် အသည်းဆဲလ်တွေ ပိုမိုပျက်စီးလာတာနဲ့အမျှ ဖိုင်ဘာတစ်ရှုးတွေ များသထက် များလာပါတယ်။ အသည်းရောင်ခြင်းနဲ့ ပတ်သက်တဲ့လက္ခဏာတွေနဲ့တူတဲ့အပြင် နောက်တဖြည်းဖြည်းနဲ့ အသည်းခြောက်လာပါတယ်။ အချိန်ကြာကြာ အသည်းခြောက်နေသူများနဲ့ အသည်း သွေးပြန်ကြောပိတ်သူများမှာ ရေဖျဉ်းစွဲခြင်းပါ ဖြစ်လာပါတယ်။အသည်းခြောက်ခြင်းရဲ့ အဆိုးအရွားဆုံး အခြေအနေကတော့ အသည်းကင်ဆာကို ဦးတည်နေခြင်းပဲ ဖြစ်ပါတယ်။


အသည်းခြောက်ခြင်းဟာ ဗိုင်းရပ်စ်ပိုးများ၊၊ မျိုးရိုးဗီဇရောဂါများ၊ ဇီဝဖြစ်ပျက်မှုပြဿနာများ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အမြင့်ဆုံးကတော့ အရက်ကို ၁၀နှစ်အထက် သောက်ခဲ့သူတွေဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။

အထက်ဖော်ပြပါလက္ခဏာတွေအပြင် တခြား စစ်ဆေးနည်းတွေကလည်း ရောဂါရှာဖွေနိုင်ပါတယ်။ ALT နဲ့ ALP မြင့်တက်ခြင်း၊ အယ်လ်ဗျူမင်နည်းခြင်း၊ သွေးတွင်းဘီလီရူဘင် ပါဝင်မှုများခြင်း စတာတွေကို သိနိုင်ဖို့ သွေးစစ်ခြင်း၊ အသည်းပျက်စီးမှုကို သိနိုင်တဲ့ အာထရာဆောင်းရိုက်ခြင်း၊ အသည်းဆဲလ်များကို နမူနာစယူ စစ်ဆေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ကုသခြင်းနှင့် ကာကွယ်ခြင်း
အရက်ဖြတ်ဖို့ လိုပါတယ်။ ပြီးရင် အစားအသောက် အာဟာရမျှတအောင်စားဖို့၊ ဗီတာမင်နဲ့ သတ္တုဓာတ် ဖြည့်စွက်စာတွေကို အချိန်အတိုင်းအတာတစ်ခုအထိစားသုံးဖို့ လိုပါတယ်။

ရေဖျဉ်းရှိတဲ့ လူနာတွေမှာ ဆီးဆေးနဲ့ ပဋိဇီဝဆေးတွေ ပေးဖို့ လိုအပ်ပါတယ်။ အသည်းဟာ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့ အသည်းအစားထိုးခြင်းပဲ ဖြစ်ပါတယ်။

ကာကွယ်နိုင်ရေးအတွက်ဆိုရင်တော့ နေထိုင်မကောင်းဖြစ်ရင် အရက်မသောက်ပါနဲ့။ အရက်ကိုဖြတ်ပါ။ ဒါမှမဟုတ် လျှော့ပါ။ အကန့်အသတ်နဲ့လုပ်ပါ။ အမျိုးသားတွေမှာ တစ်နေ့ကို ၄ယူနစ်နဲ့ တစ်ပတ်ကို ၂၁ယူနစ်ထက် ပိုမသောက်ပါနဲ့။ အမျိုးသမီးတွေဆိုရင် တစ်နေ့ကို ၃ယူနစ်၊ တစ်ပတ်ကို ၁၄ယူနစ်ထက် ပိုမသောက်ပါနဲ့။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ လုံးဝမသောက်ပါနဲ့။ သောက်နေသေးတယ်ဆိုရင်လည်း တစ်ပတ်ကို ၁-၂ယူနစ်အောက်ပဲ သောက်ပြီး မမူးပါစေနဲ့။

မူလရေးသားတင်ဆက်သည့် စာမျက်နှာ - Hello ဆရာဝန်

Sunday, July 28, 2019

Ketogenic ကောင်းလား၊ မကောင်းဘူးလား


[by ဒေါက်တာ ညီညီကျော် ]

ယခုတလော Social Media မှာ အလွန် ခေတ်စားနေတဲ့ Ketogenic Diet နဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများကြီးရှိပါတယ်။

အဓိကကတော့ Social Influencers တွေ၊ Celebrity တွေ စားတဲ့အခါ မှာ တစ်ခဏ အတွင်း ရုတ်တရက် အရှိန်နဲ့နာမည်ကြီးလာပါတယ်။ ကျွန်တော်တို့နိုင်ငံတင်ပဲလား ဆိုတော့ မဟုတ်ပါဘူ။ ကမ္ဘာနဲ့အဝန်းပါ။ ဒါကြောင့် ကမ္ဘာနဲ့အဝန်းမှာရှိတဲ့ အာဟာရ ပညာရှင်များနှင့် တချို့သော နှလုံးရောဂါအထူးကုဆရာဝန်တွေ ဦးနှောက်ခြောက်ရတဲ့ အကြောင်းအရာတစ်ခုပါ။

အဲဒါနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို ဖော်ပြပေးပါမယ်။

၁။       တကယ်ဝိတ်ကျလား။

ဝိတ်ကျပါတယ်။ တခြား Diet Plan တွေထက်စာရင် ဝိတ်ကျတာ ပိုတောင် မြန်ပါသေးတယ်။ ရေတိုအတွက် အဆင်ပြေကောင်း ပြေနိုင်ပါတယ်။ ရေရှည်မှာတော့…


၂။       ရေရှည်စားလို့ရလား။

လုံးဝ ရေရှည်စားလို့မရတဲ့  Diet Plan ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်

၁၇ ခုအပေါ်မှာ အခြေခံပြီး တွေ့ရှိချက်အရ  Low Carbohydrate Diet က နှလုံးရောဂါကြောင့် သေဆုံးတဲ့နှုန်းကို မြင့်မားစေပါတယ်။


၃။       ဆိုးကျိုးရှိလား။

Keto (ကီတို) စားရင် ဆိုးကျိုးမရှိဘူးလို့ ပြောဆိုနေကြတာ တွေ့ရပါတယ်။ ဆိုးကျိုးရှိပါတယ်။ Carbohydrate မစားဘဲ အဆီတွေကို အဓိကစားလာတဲ့ နောက်ပိုင်း ဆိုးကျိုးကတော့ သွေးတွင်းကိုလက်စထရော တက်လာစေ ပါတယ်။ နှလုံးရောဂါရှိနေတဲ့သူတွေမှာ Ketogenic Diet  စားရင်  သေဆုံးမှု နှုန်း  ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း တွေ့ရပါတယ်။



၎။       အာဟာရ ပြည့်မီရဲ့လား။

Carbohydrate မစားတော့တဲ့အတွက် လူတစ်ဦး တစ်နေ့တာစားသင့်တဲ့ အသီးအရွက်ပမာဏကို ပြည့်အောင် မစားဖြစ်ကြတော့ဘဲ အသားတွေ၊ အဆီတွေကိုသာ ဦးစားပေးစားကြတော့ သွေးတွင်း အဆီဓာတ်တွေကို တက် စေပါတယ်။ အာဟာရပြည့်မီရဲ့လားဆိုရင်တော့ လုံးဝ မပြည့်မီပါဘူးလို့ပဲ ပြောပါရစေ။


၅။       ကောင်းကျိုးရှိလား။

ရှိပါတယ်။ တော်တော်လေးကောင်းတဲ့ အကျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ဝိတ်ချဖို့ အတွက်မဟုတ်ပါ။ ကလေးတွေမှာ အထူးသဖြင့် အတက်ရောဂါ (ဆေးမတိုး အတက်ရောဂါ) ဝေဒနာရှင်တွေမှာဆိုရင် Ketogenic Diet ကျွေးပေးရင် အတက်အကြိမ်အရေအတွက် ကျစေပါတယ်။ အဲဒါတောင် ကလေးတွေကို ဆရာဝန်တွေက အနီးကပ်စစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်ပြီး ကျွေးတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကျွေးနေပါတယ်။ အဲဒါတောင် အသက် ကြီးတဲ့ ဆေးမတိုးအတက်ရောဂါဝေဒနာရှင်တွေဆိုရင် ကျွေးဖို့ အဆင်မပြေ နိုင်ပါဘူး။

 ၆။       အကောင်းဆုံး ဘယ်လို ဝိတ်ချမလဲ။

အဆီတွေ၊ ထောပတ်တွေ စားနေမယ့်အစား ဝိတ်ကျချင်ရင် ထမင်းလျှော့ စားမယ်၊ ဟင်းအနှစ်တွေ လျှော့စားမယ်၊ ပြီးတော့ အသားအစစ် (အရေခွံ၊ အဆီမပါ)၊ ငါးအမျိုးမျိုး၊ အရွက်၊ အသီး၊ ပဲ၊ အစေ့အဆန် (သတ်မှတ်ထား သောပမာဏ) လေးတွေကို စနစ်တကျလိုက်စားပြီး ဝိတ်ချပါ။Keto လောက် တော့ မြန်မြန်မကျပါဘူး။ ဒါပေမဲ့ Keto လောက် အန္တရာယ်မပေးပါဘူး။ ဝိတ်ကတော့ တဖြည်းဖြည်းကျပြီး ကျသွားတဲ့ဝိတ်ကလည်း တော်တော်နဲ့ ပြန်ပြီး မတက်နိုင်ပါဘူး။ အရေးအကြီးဆုံးက ကိုယ့်ခန္ဓာကိုယ်အချိုးအစားကို မကြည့်ဘဲ ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်းတစ်ခုတည်းကြည့်ပြီး ဝိတ်မချမိ ပါစေနှင့်။


မြန်မာလူမျိုးဖြစ်ပြီး လုံးဝထမင်းမစားဘဲ အဆီတွေ၊ ထောပတ်တွေပဲ စားပြီး ဝိတ် ချမယ်ဆိုရင်တော့ ဆိုးကျိုးအပြင် တော်တော်များများက တစ်လထက် ပိုမစားနိုင်ကြ ပါဘူး။ ဒီလိုနဲီ့ငနအ လုပ်လိုက်၊ ပြန်စားလိုက်နဲ့ ဝိတ်က တက်လိုက်၊ ကျလိုက်ဖြစ်နေပါ လိမ့်မယ်။


Social Influencers တွေ စားတာကိုကြည့်ပြီး လိုက်မစားကြပါနဲ့။ သူတို့ တကယ် Keto အစစ် စားနေလား၊ မစားဘူးလားဆိုတာ မသိနိုင်ပါဘူး။ ကျွန်တော်ကတော့ ဆေးခန်းမှာ ခဏခဏ ကြုံတွေ့ဖူးနေလို့ပါ။ မိမိကိုယ်ကို အစမ်းသပ်ခံအဖြစ် မခံပါနှင့်။

Saturday, July 27, 2019

ဆင်တုပ်ကွေး (chikungunya)



chikungunya နာမည်ကို ရောဂါစတင်တွေ့ရှိရာ တန်ဇန်းနီးယား နိုင်ငံ လူမျိုးစု ဘာသာစကားမှစတင်မြစ်ဖျားခံခဲ့ပြီး (တွန့်လိမ်ကောက်ကွေးခြင်း)လို့အဓိပ္ပါယ် ရပါတယ်။
ရောဂါခံစားရသူများ နာကျဉ်ကိုက်ခဲ၍နေခြင်းကိုဆိုလိုပါတယ်။

■ဘာကြောင့်ဖြစ်တာလဲ?

ရောဂါပိုးသယ်ဆောင်ထားသောခြင်ကိုက်ခံရ၍ဖြစ်ပါသည်။
ခြင်ကိုက်ခံရပြီး ၃ရက်မှ၅ရက်တွင် လက္ခဏာ စတင်ခံစားရပါသည်။ခြင် အမျိုးအစား(Aedes aegypti & Aedes albopictus) က သွေးလွန်တုပ်ကွေး ဖြစ်စေသော
ခြင် အမျိုးအစားနှင့်အတူတူဖြစ်ပါတယ်။

■ဘာတွေဖြစ်မှာလဲ ?

အဓိက လက္ခဏာ ကတော့ ဖျားပြီး အဆစ်အမြစ်လွန်စွာ ကိုက်ခဲခြင်းဖြစ်ပါသည်။လူနာအများစု (၈၇%-၉၀%)မှာကိုက်ခဲ ကြပါ တယ် ။၎င်းအပြင် ခေါင်းကိုက် ခြင်း ကြွက်သားများနာကျင်ခြင်း အဆစ်အမြစ်ရောင်ခြင်း အရေပြား အကွက်ပေါ် ခြင်းများလဲဖြစ်တတ်ပါသည်။ များသောအားဖြင့် သေစေနိုင်သော ရောဂါ မဟုတ်ပါ ။ လူအများစုတွင် ရက်သတ္တ ပါတ် အနည်းငယ်အတွင်း ရောဂါ ပျောက်ကင်းသွားလေ့ရှိပြီး အချို့သောသူများတွင် အဆစ်နာကျဉ်ခြင်းအား လပေါင်းများစွာ ခံစားရနိုင်ပါသည်။ရောဂါ ဖြစ်ပြီးသူများအနေဖြင့် ခုခံစွမ်းအား ရရှိပြီး နောက်ထပ် ထပ်မံမဖြစ်နိုင်တော့ပါ။
သွေးလွန်တုပ်ကွေးနှင့်မတူပဲ ၄င်းတွင် မျိုးကွဲ မရှိ၍ဖြစ်ပါသည်။

■ဘယ်သူတွေမှာ ပိုဆိုးတတ်လဲ?

မွေးကင်းစကလေးငယ်များ အသက် ၆၅နှစ်အထက်လူကြီးများ သွေးတိုး ဆီးချို နှလုံးရောဂါ အခံရှိသူများတွင် ပိုမိုခံစားရလေ့ရှိပါသည်။

■ဘယ်လိုကူးစက်နိုင်လဲ?

ရောဂါကူးစက်ခံရသူ၏ ကိုယ်တွင်း မှာ ဗိုင်းရပ်စ် ပိုးသည်
၅ -၇ ရက် ရှိနေနိုင်သဖြင့် ထိုအချိန်အတွင်း ကိုက်သောခြင်
မှတဆင့် အခြားသူအား ကိုက်ခံရပါက ကူးစက်နိုင်ပါသည်။ လူတစ်ဦး မှ တစ်ဦးသို့ တိုက်ရိုက်မကူးစက်နိုင်ပါ ခြင်ကိုက်ခံရခြင်းမှ သာကူးစက်ခြင်းဖြစ်ပါသည်။

■ဘယ်လိုကုသရမလဲ?

အနားယူ ပါ အရည်များများသောက်ပါ အဖျားအနာသက်သာအောင် ပါရာစီတမောဆေးကို ညွှန်ကြားချက်အတိုင်းသောက်ပါ
(အက်စပရင် နှင့် အခြားအကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြား ချက်မပါဘဲ မသုံးသင့်ပါ) ပထမ တစ်ပါတ်အတွင်းခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ(အခြားသူများမကူးစက်နိုင်ရန်)

■ဘယ်လိုကာကွယ်နိုင်မလဲ?

အဓိက ခြင်ကိုက်မခံရအောင်နေခြင်းဖြစ်ပါတယ်။

■ရောဂါရာဇဝင် ?

ပထမ ဆုံးသော လူကူးစက်ခြင်းကို ၁၉၅၀ မှာ အာဖရိက တွင် စတင်တွေ့ရှိခဲ့ပြါသည်။ ၁၉၆၀ တွင် ဘန်ကောက် ၁၉၆၃ မှ ၁၉၇၃ တွင် အိန္ဒိယတို့တွင် ဖြစ်ပွားခဲ့ဘူးပါသည် ။ ၂၀၀၄ မှာ ကင် ညာ နိုင်ငံမှတဆင့် နိုင်ငံ တော်တော်များသို့ ကူးစက်ပြန့်နှံ့ ခဲ့ပါသည် ။မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ် ကထဲ က ရောဂါဖြစ်ပွားမှုရှိခဲ့တယ်လို့သိရပါတယ်။ ၂၀၁၃ တွင် အမေရိကန်နိုင်ငံတွင်လဲ ရောဂါဖြစ်ပွားမှုရှိခဲ့ပါသည်။

■ကိုယ်ဝန်ဆောင်မှာ့ရော ဘယ်လိုဖြစ်မှာလဲ?

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ရောဂါကူးစက်ခံ ရပါက အခြားသူများကဲ့သို့ ဖျားခြင်း ကိုက်ခဲခြင်းများ ခံစားရနိုင်ပါသည်။ ကိုယ်ဝန် ပျက်နိုင်ခြေ အလွန် နည်းပါသည်။ သန္ဓေသားကိုကူးစက် နိုင်ခြင်းမရှိပါ ။သို့သော် မွေးဖွားချိန်တွင် ရောဂါပိုး ဗိုင်းရပ်စ် များပြားနေချိန် ဖြစ်ပါက မွေးကင်းစ ကလေးအား ကူးစက်နိုင်ပါသည်။မွေးလာသော ကလေး အား မိခင်နို့တိုက်ကျွေးခြင်းဖြင့်မကူးစက်နိုင်ပါ ။

■သတိပြုရမည့်အချက် ?

_ သွေးလွန်တုပ်ကွေး ရောဂါ နှင့်ရောဂါ လက္ခဏာ ဆင်တူသည်။ထို့ကြောင့် ဂရုစိုက်ကုသင့်ပါသည်။

_ ဆင်တုပ်ကွေးဖြစ်ရင် အရည်ပြားမှာ အနီစက်တွေထွက်တတ်ပါသည်။

_ ရာသီတုတ်ကွေး (seasonal flu)
မဟုတ်လို့တုတ်ကွေးကာကွယ်ဆေးထိုးခြင်းက
ဆင်တုတ်ကွေးကိုမကာကွယ်နိုင်ပါ။

ပြင်းထန် ဆင်တုတ်ကွေးရောဂါ ၏ နောက်ဆက်တွဲ ဆိုးကျိုး များမှာ
  အဖျားကြီး ၍ တက်ခြင်း
  ဦးနှောက် နှင့် အာရုံကြော ထိခိုက်ခြင်း
  နှလုံးကြွက်သားရောင်ရမ်းခြင်း
  မျက်စိနာခြင်း မျက်ကြည်လွှာ ရောင်ခြင်း ( retinitis )    ( uveitis)
  အသားဝါခြင်း
  ဦးနှောက်အမြှေးရောင်ခြင်း ( meningoencephalitis ) (myelitis ) (cranial nerve palsy)
  ကျောက်ကပ် ရောင်ခြင်း စသည်တို့ ဖြစ်ပါသည်။

မှတ်ချက်  -  အထက်ဖော်ပြပါ ရောဂါ လက္ခဏာများ ခံစားရပါက ဆေးမြီးတို များနှင့်မကုသဘဲ သက်ဆိုင်ရာ ဆေးရုံ ဆေးခန်း ဆရာဝန် များ ထံတွင် ကုသမှု ခံယူပါ။

[ဒေါက်တာဟန် ]

Friday, July 26, 2019

အမဲရိုးနုစွပ်ပြုတ် (Beef Soft Bone Soup) - ငါးရံ့ဆန်ပြုတ် - Beef Ball Pasta Soup

အမဲရိုးနုစွပ်ပြုတ် (Beef Soft Bone Soup)
-----------------------------------------------


 စွပ်ပြုတ်သောက်ရင် အရိုးကိုက်ပြီးမှ သောက်တတ်ကြတဲ့သူတွေအတွက် ရှယ်စွပ်ပြုတ်ကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• အမဲရိုးနု  -  ၃၅ ကျပ်သား
• ကြက်သွန်ဖြူ  -  ၅ မြွှာ (အခွံနွှာပြီး ဓားပြားရိုက်ပါ)
• ချင်း  -  လက်တစ်ဆစ် (ဓားပြားရိုက်ထားပါ)
• ဆား  -  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း
• နနွင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငံပြာရည်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ငရုတ်ကောင်းစေ့အမည်း  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• လေးညှင်း  -  ၃ ပွင့်
• ငရုတ်သီးစိမ်း  -  ၃ တောင့် (ထက်ခြမ်းခွဲပါ)
• စပါးလင်  -  ၁ ပိုင်း (ထု၍ ထုံးပြီး ထည့်ပါ)
• သံပရာသီး  -  ၁ လုံး (အရည်ဖျန်းစားရန်)
• ရှောက်ရွက်  -  ၂ ခက်(မျှင်မျှင်လေးလှီးထားပါ။ စွပ်ပြုတ်အပေါ်မှာ ဖြူးစားရန်)


ပြုလုပ်နည်း
၁။  အိုးကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်၍ ပါဝင်ပစ္စည်းများ ရေမြုပ်အောင် ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။  ရေဆူလျှင် မီးမျှဉ်းမျှဉ်းလေးဖြင့် ရေခန်းတဲ့ အထိ တည်ပါ။ ပထမအရည်ခန်းလျှင် ရေကို ဒုတိယအကြိမ် ၁ ခွက်ထပ်ထည့်ပြီး ရေဆူအောင် တည်ပါ။
၂။ ရေဆူလျှင် စားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး စားခါနီးမှ သံပရာရည်နှင့် ရှောက်ရွက် ဖြူး၍ လိုသလို သောက်သုံးနိုင်ပါပြီ။
------------------------------------------------------
Syi Lwin Foods Garden

Beef Ball Pasta Soup
------------------------------------


 မိုးအေးအေးနဲ့ လိုက်ဖက်တဲ့ ဟင်းလျာပါ။ အသားကတော့ မိမိကြိုက်နှစ်သက်တဲ့ အသားနဲ့ အစားထိုးလို့ရသလို အသားလုံးကို အရသာသွင်းရင်လည်း နှစ်သက်သလို ဟင်းခတ်ရွက်၊ အမွှေးအကြိုင်တွေကို သုံးလို့ရပါတယ်။ လုပ်ကြည့်ရအောင်...။

ပါဝင်ပစ္စည်းများ
အမဲသားလုံးနယ်ရန်
• အမဲကြိတ်သား  -  ၃၀ဝ ဂရမ်
• စပါးလင်  -  ၁၀ ဂရမ် (နုပ်နုပ်စဉ်း)
• ကြက်သွန်နီ  -  ၁၀ ဂရမ် (နုပ်နုပ်စဉ်း)
• ကြက်သွန်ဖြူ  -  ၅ ဂရမ် (နုပ်နုပ်စဉ်း)
• ချင်း  -  ၅ ဂရမ် (နုပ်နုပ်စဉ်း)
• ဆား  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကော်မှုန့်  -  ၁၅ ဂရမ်
•             သံလွင်ဆီ  -  စားပွဲဇွန်း ၁ ဇွန်း
ပါစတာဟင်းရည်လုပ်ရန်
•         Pasta Sauce  -  ၃၀ဝ ဂရမ်
• ပါစတာ  -  ၂၀ဝ ဂရမ်
• ကြက်သွန်နီ  -  ၁၀ ဂရမ် (နုပ်နုပ်စဉ်း)
• ကြက်သွန်ဖြူ  -  ၅ ဂရမ် (နုပ်နုပ်စဉ်း)
• ချင်း  -  ၅ ဂရမ် (နုပ်နုပ်စဉ်း)
• ပင်စိမ်း  -  ၁၀ ဂရမ်
• ဆား  -  လက်ဖက်ဇွန်း ၂ ဇွန်း
•             သံလွင်ဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• ရေ  -  ၄၀ဝ မီလီလီတာ (သို့) လိုအပ်သလောက်


ပြုလုပ်နည်း
၁။ ဇလုံတစ်လုံးထဲ အမဲကြိတ်သား၊ စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆားနှင့် ကော်မှုန့်တို့ကို ထည့်၍ စေးလာပြီး သမတဲ့ အထိ နယ်ပါ။ ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်ခန့် နှပ်ထားပါ။ ပြီးလျှင် အနေတော်အသားလုံး လေးများ လုံးပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး မီး အနေတော်နှင့် တည်ပါ။ ပူလာလျှင် အမဲသား လုံးများ ထည့်ပြီး အနံ့သင်း၍ အရောင်ပြောင်း လာပြီး အပေါ်ကြော်တင်းလာလျှင် ရပါပြီ။
၂။ ပါစတာဟင်းရည်ချက်ရန်မှာ အိုးပူလာတဲ့
အခါ သံလွင်ဆီထည့်ပါ။ ကြက်သွန်ဖြူ/နီ၊ ချင်း နှင့် ပင်စိမ်းထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာ တဲ့အခါ ပါစတာဆော့စ်ထည့်ပြီး  ဆားထည့်ပါ။ အပေါ်ကြောတင်းအောင် ကြော်ထားသော အမဲသားလုံးများထည့်ပါ။ ရေထည့်ပြီး ဆူ အောင် တည်ပါ။ မီးမျှဉ်းမျှဉ်းဖြင့် အသားလုံးထဲ အရသာများ ဝင်အောင် မိနစ် ၃၀ ခန့် ချက်ပါ။ ထို့နောက် ပါစတာခေါက်ဆွဲထည့်ပြီး အထုပ်ပါ အညွှန်းအတိုင်း ပါစတာများ ကျက်အောင် ချက်ပါ။ ပြီးလျှင် အရသာမြည်းပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။
---------------------------------------------

ငါးရံ့ဆန်ပြုတ်
------------------------------


 ကလေးတွေ သွားပေါက်တဲ့အခါဖြစ်စေ၊ နေမကောင်းတဲ့အခါဖြစ်စေ အစာမာတွေကို ငြင်းဆန်တတ်ကြပါတယ်။ အဲဒီအခါမှာ ကလေးက စကားမပြောတတ်တဲ့အချိန်မှာ သူဘာဖြစ်နေတယ်ဆိုတာ မပြောတတ်တာမို့ ထမင်းမစားဘူးဆိုတာတွေဖြစ်လာတဲ့အခါ စိုးရိမ်ပူပန်တတ်ကြတယ်။ သွားပေါက်နေလား၊ နေမကောင်းဖြစ်နေလားဆိုတာ သတိထား ပြီး မိဘတွေက အစားအသောက်ကို ပျော့ပျော့ပျောင်းပျောင်းလေးတွေ ပြောင်းလဲကျွေးပေးဖို့ လိုအပ်ပါတယ်။ ဆန်ပြုတ်ကတော့ လုပ်ရတာလွယ်ကူပြီး အာဟာရလည်းဖြစ်တာမို့ ရာသီအကူးအပြောင်းကြောင့် နေမကောင်းဖြစ်ချိန်၊ အစာမာမစားချင်တဲ့ အချိန်နဲ့  ဒီလိုမိုးရာသီမှာ ကျွေးပေးမယ်ဆိုရင် ကလေးတွေအတွက် အကောင်းဆုံးပါ။ မနက်စာအဖြစ်လည်း ကျွေးလို့ရတာမို့ ကျောင်းမသွားခင်အချိန်တွေမှာ အာဟာရပြည့်ပြီး  မြန်မြန်ဆန်ဆန်စားဖို့ အသင့်တော်ဆုံးပါ။

ပါဝင်ပစ္စည်းများ
• ငါးရံ့  -  ၁၀ ကျပ်သား (ကြိုက်ရာငါးကို သုံးပါ)
• ချက်ပြီးသားဆန်  -  ပန်းကန်လုံး ၁ လုံးစာ
• ဆား  -  အနည်းငယ်
• ငရုတ်ကောင်း  -  အနည်းငယ်
• စပါးလင်
• ချင်း
• ကြက်သွန်ဖြူ  -  ၃ မြွှာ (ညက်နေအောင် ကြိတ်ထား)
• ဆီ  -  အနည်းငယ်


ပြုလုပ်နည်း
၁။ ငါးရံ့ကို သန့်စင်ပြီး ဆားအနည်းငယ်၊ ချင်းအပြား ၃ ခုနှင့် စပါးလင်တို့ကို ရေအနည်းငယ် ထည့်ပြီး ပြုတ်ပါ။
၂။ ငါးရပြီဆိုလျှင် အရိုးနွှင်ပြီး အသားနွှင်ပါ။
၃။ အိုးပူပူမှာ ဆီ ထမင်းစားဇွန်း ၁ ဇွန်းနှင့် ကြက်သွန်ဖြူကို မွှေးအောင် ဆီသတ်ပါ။
၎။ ဆီမွှေးလာလျှင် ငါးပြုတ်ရည်နှင့်အတူ ငါးကို ရေကုန်ပြီး ခြောက်နေအောင် အိုးကင်း ပူတိုက်ပါ။
၅။ ချက်ပြီးသားဆန်ကို ဆန်လုံးကွဲပြဲနေအောင် ရေ ၂ ဆ ထည့်ချက်ပါ။ အရသာအတွက် ဆား တစ်မျိုးသာ သုံးပါ။
၆။ စားတဲ့အချိန်ကျရင် ဆန်ပြုတ်ကို ပန်းကန်ထဲထည့်ပြီး ဆီနည်းနည်းနဲ့ လှော်ထားတဲ့ ငါးကို ထည့်ပါ။ ငရုတ်ကောင်းထည့်ပါ။
 (၁) နှစ်အောက်ကလေးတွေအတွက်ဆိုရင် ဆားမပါဘဲ ငါးကိုပြုတ်ပြီး ချက်ပြီးသား ထမင်းနဲ့ ရော၍ ပြန်ချက်ပါ။ ဆီနဲ့လှော်တဲ့အဆင့်ကို ကျော်ပြီး ငရုတ်ကောင်းမှုန့်လည်း ရှောင်ပါ။
------------------------------------------------
May's Healthy Food

Thursday, July 25, 2019

လင်စံကိုက်၏ မကိုက်၏


✨✨✨✨✨✨


#မာန် (တောင်လုံးပြန်)

တောင်ချမိုးသည် မြည်သံဟည်း၍ ငိုလုလုညို့ကာ မှိုင်းလေပြီ။

မြစ်ဆိပ်၌ ခေါင်မိုးအနိမ့်အမြင့် စက်တပ်သမ္ဗန်တစ်စင်း ဆိုက်ကပ်ထားသည်။ ထိုသမ္ဗန်ထက်၌ ကျောက်ခဲ တစ်ယောက် သမ္ဗန်ဦးပိုင်းမှ စပါးအိတ်များ အပေါ်သို့ ဝါတာဖလူးစအား အလျင်အမြန် ဆွဲအုပ် နေရ၏။ မြစ်မှာ အပြေးချန်ပီယံတို့ တာမထွက်မီ ငြိမ်ချက်ကောင်းနေသည့်ဟန်မျိုး။ မကြာမီ ကဆုန်စိုင်းတော့မည့် မြင်းရိုင်းနှယ်။ မိုးနှင့်လေနှင့် ကကြိုးသီရန် အသင့်ဖြစ်နေပြီ။

မြစ်ကမ်းနဖူးမှ မဗမ်း တစ်ယောက် ကွမ်းယာဆိုင် ခင်းထားသည့် ရှေ့ထွက်ခုံ ဗန်းကြီးမရန် အော်ကျယ် ဟစ်ကျယ် ခေါ်နေသဖြင့် ဘကြီးစိန် ထလာရသည်။ သို့သော် ဧကန်မုချ ထိုခုံဗန်းကြီးကို မ နိုင်မည် မထင်။ မဗမ်းကတောင်မှ မိုးကိုငဲ့ကာကြည့်ရင်း မ ပါ ဘကြီးစိန်ရဲ့ဟု ဆွယ်တရား ဟောလေသည်။ ဘကြီးစိန်က ခုံပေါ်မှ ပစ္စည်းများကို ကြည့်ရင်း …

"နင့်ဟာတွေ တောင်းတွေ၊ မုန့်ပုံးတွေ ချဦးလေဟာ။ ငါ ဘယ်နိုင်မလဲ။ ဟိုမှာ နင့်ကောင် တစ်ကောင် ကျန်သေးတယ်"  ဟု ကျောက်ခဲရှိရာ ရေစပ်သို့ လက်ညှိုးထိုးပြလိုက်သည်။

"ကျောက်ခဲလား။ ဒီနားထိုင်းက မပြန်သေးဘူးပေါ့။ နေဦး နေဦး"

မဗမ်းက ကျောက်ခဲ ရှိရာသို့ လှမ်းကြည့်အပြီး အော်သံပေး၏။ နားလေးသော ကျောက်ခဲ မကြား။ မဗမ်း ခဲတစ်လုံး လိုက်ရှာသည်။ မတွေ့။ ဘကြီးစိန်က ကြံပိုင်းတို တစ်ချောင်းကို လှမ်းပြပေးသည်။ ထဘီကို တင်းတင်းတုတ်တုတ် ပြင်ဝတ်ရင်း မဗမ်းက ကြံပိုင်းတိုဖြင့် သမ္ဗန်ဆီသို့ လွှဲပစ်သည်။ ကြံပိုင်းတိုက ရေစပ်သို့ ကျ၏။ ကျောက်ခဲ မော့ကြည့်တော့ မဗမ်းက တက်လာခဲ့ပါရန် အမောတကော ခေါ်ပါတော့သည်။ ကျောက်ခဲက ချည်လက်စကြိုးကို ပြရင်း ခေါင်းခါ၏။

"ဟိုမှာ ဟိုမှာ မုန်တိုင်းလာတော့မယ် မသာရဲ့။ တကတဲမှပဲ သူတို့အားကိုးလို့ကတော့ ဟွန်း"

မဗမ်း ကြမ်းချေပြီ။ ဘကြီးစိန်က ဟားတိုက်ရယ်မောရင်း သူ့တဲအိမ်သို့ ပြန်လျှောက်သွားကာ …

"လင် တစ်ယောက်တော့ အမိသာဖမ်းဟဲ့ မိဗမ်းရဲ့။ နင့်မှာ လင်ဆက်များ သလောက် အရှင်ချည်းဘဲ"

ဘကြီးစိန် စကားအဆုံး၌ ကျောက်ခဲတစ်ယောက် စကျင် ကျောက်တုံးကြီးများ ခင်းထားသော မြစ်ဆိပ် အခင်း အတိုင်း ခုန်ကျော် တက်လာတော့သည်။

"လာပါဟဲ့ မြန်မြန်။ ပင့်လိုက်ရတာ ဦးရှင်ကြီး ယောက်ဖကျနေတာပဲ"
"ငါ မပြန်သေးဘူး။ ဘာမှာ မလို့လဲ"
"အမယ်လေး နားထိုင်းရယ်။ လာလာ ဒီဆိုင်ခုံ မ မလို့"

မဗမ်း ပြောသည်ကို သဘောပေါက်သွားသည်နှင့် ကျောက်ခဲက ဆိုင်ခုံအား ဆွဲမ၍ ကွမ်းယာဆိုင် အတွင်းသို့ ပို့ပေးလိုက်၏။ ကဲလားကိုပါ ဖြုတ်ချ၍ ဘေးတံခါးနှစ်ချပ်ကို ထောက်ထားသည့် ဒေါက်တိုင်များကိုပါ ချရင်း ဆိုင်တံခါးပိတ် ပေးပြန်သည်။

"ရတနာ ခုနစ်ပါးရယ်၊ မော်တော်ကားလည်း စီးမယ်၊ ဆင်းရဲတာ နားမလည်"

ကျောက်ခဲက သီချင်းလေး တအေးအေးဖြင့် သက်သောင့်သက်သာ လုပ်ကိုင်ပေးနေသည်။ မဗမ်းက ငေးနေမိ၏။ ကျောက်ခဲ၏ သွင်ပြင် ဟန်ပန်ကို ကြည့်၍ အာဂ ကျောက်ခဲ ပါလားဟု တွေးနေ၏။ နှစ်ဆယ့်ငါးနှစ် အရွယ်ဖြင့် မလိုက်အောင် ထွားကျိုင်း သန်မာသည်။ အသားများမှာ တင်း၍ မြစ်ရောင် ထနေ၏။ မျက်နှာထားမှာလည်း ခေလှသူ မဟုတ်။ လင်တစ်ယောက် အနေဖြင့် ရွေးရပါလျှင် မဗမ်းအဖို့ နည်းနည်းပင် ပိုနေသေး၏။

"ဟဲ့ ကျောက်ခဲ။ နင် မပြန်သေးရင် ထမင်းလာစားချေ"
" … …."

ကျောက်ခဲက ဘာမှန်း မသဲကွဲ။
ထမင်း ထမင်းဟု ဆင့်အော်ပြောရင်း ခြေဟန်လက်ဟန်ပါပြ၍ ပင့်ရ ဖိတ်ရပြန်သည်။

"နေပါစေ။ လှေထဲမှာ ပါတယ်။ ကဲ မိုးကျပြီး သွားဦးမှ"

"နေပါ …"

မဗမ်း တားသည်ကို ကျောက်ခဲ မကြားတော့။ ပစ်ပေါက်လိုက်သော ခဲတစ်လုံးလို မြစ်ထဲသို့ စွေ့ခနဲ ပြန်ခုန်ဆင်း သွားလေပြီ။

နင် မလာတော့  ငါလာတာပေါ့ဟဲ့ဟု ရည်ရွယ်ရင်း ကွမ်းယာဆိုင်ခုံ အတွင်းမှ အောက်ကြမ်းခင်းထဲသို့ ငုံ့ဝင်လိုက်ပြီး ထမင်းချိုင့်အား ဆွဲသည်။ မဗမ်းသည်လည်း မခေလှ။ လင်ချည်း သုံးယောက်ပိုင်ပိုင် ပေါင်းခဲ့ပြီးပြီ။ အသက်မှာ သုံးဆယ့်ခြောက်နှစ်။ အပြောအဆို ကြမ်းသော်ငြား ငွားငွားစွင့်နေသော လုံးကြီးပေါက်လှ ခန္ဓာနှင့်တကွ ဆိုက်ကားနှစ်စီး၊ ကွမ်းယာဆိုင် တစ်ဆိုင်ဖြင့် လွတ်လပ်သော မိန်းမသားဘဝကို ပိုင်ထားလေသည်။ သူ့လင်များက သူ့အား ထားရစ်ခဲ့ကြသည်မှာ မဗမ်း အပြောကြမ်း၊ အနေကြမ်းပြီး ထင်ရာစိုင်းလွန်း၍ဟု အများက သိကြသည်။ ကိုယ်ထူကိုယ်ထ မိန်းမရွယ် တစ်ယောက်အဖို့ အဘယ်မှာလျှင် အောက်ကျို့ရသော လင်သားမျိုးကို ရှာမည်နည်း။ သည်မြစ်ဆိပ် တစ်ဝိုက်တွင် မဗမ်း၏ ပိုင်ဆိုင်မှုမျိုးသည် မော်လောက်ကြွားလောက် ပေသည်ကိုး။

"အစ်မရေ အစ်မကြီး၊ ဆင်မင်းချောင်လှေ ရှိသေးလားဟင်"

နောက်မှ လှမ်းမေးသံကြောင့် မဗမ်း ပိတ်လက်စ ဆိုင်တံခါးချက်ကို ပြန်လွှတ်ထားရင်း လှည့်ကြည့်မိသည်။ ဆွဲခြင်းတစ်လုံး ဆွဲလျက် အဝတ်အိတ် တစ်လုံးကို လွယ်ထားသော ခေတ်ဆန်ဆန် မိန်းကလေးတစ်ဦးကို တွေ့တော့ …

"မိုးနဲ့လေနဲ့ ညီမရဲ့။ အခုပဲ ခြောက်နာရီကျော်နေပြီ၊ ထွက်မှာ မဟုတ်ဘူး"
"လှေ မရှိလို့လားရှင်"
"ဟိုးမှာ"

မဗမ်း စကားပင် မဆုံးချေ။ မိုးဒေဝါသည် ငါလာလေပြီဟု အော်သံပေးကာ ကဆုန်ပြေး၍ လာတော့သည်။ မဗမ်းက မိန်းကလေး လက်ထဲမှ ဆွဲခြင်းကို ကူဆွဲပေးရင်း ဘကြီးစိန် ရှိရာသို့ အပြေးကလေးခေါ်သွားရင်း …

"ဟယ် ကိုယ်ဝန်ကြီးနဲ့လား။ ဖြည်းဖြည်းနော်။ ရေညှိတွေနဲ့"

မိုးသည် သူတို့နှစ်ဦးကို မမိလိုက်။ ကျားပါးစပ်မှ လွတ်သွားသော သမင်ငယ် တို့အား ကြိမ်းဝါး မာန်မဲလေဟန်ဖြင့် ဝုန်းဒိုင်းကြဲကာ အငြိုးဖြင့် သည်းချေပြီ။

"လာကြကွဲ့။ တူမကြီးက ဘယ်တုံး။ ညကြီး မှောင်မှကွယ်"
"ဆင်မင်းချောင်တဲ့ အဘရေ။ ဘယ်ရှိပါ့မလဲ"
"အင်း ကျောက်ခဲကလည်း မိုးကြောက်တဲ့ကောင်၊ ရွာထဲ အသိ မရှိဘူးလား"

မိန်းကလေးက မဖြေ။ ဆွယ်တာအင်္ကျီဖြင့် သူ့ဗိုက်စူစူလေးကို ဆွဲ၍ ဖုံးရင်း …

"လှေသမားကို ခေါ်ပေးပါ အစ်မရယ်။ ကျွန်မ ပြောပါ့မယ်"

မဗမ်းက ခေါင်းကုတ်သည်။ မိန်းကလေး၏ လေသံက ဘာမဆို လုပ်နိုင်သည့် လေသံမျိုးမို့ ဘကြီးစိန်အား ငဲ့ကြည့်ဖြစ်သည်။

"ဒီကောင် လာမှာပါဟ၊ အကြမ်းဖက် ကုန်လို့ လှေထဲ သွားနှိုက်ပေးနေတယ်။ ထိုင်ထိုင် တူမကြီးထိုင်။ ကိုယ်လေးလက်ဝန်နဲ့ကွယ်။ အဖော်လေးဘာလေး ခေါ်လာရောပေါ့"

ဘကြီးစိန် စကားမဆုံးခင် တဲပေါက်ဝ၌ ကျောက်ခဲ ပေါ်လာသည်။ တဲအတွင်းသို့ မဝင်။ အကြမ်းဖက်ခြောက်အား ဘကြီးစိန်ထံ ပစ်ပေးလိုက်သည်။

"လာ ကျောက်ခဲ၊ ရေနွေးသောက်"

ဘကြီးစိန်က အကြမ်းလက်ဖက်ခြောက်ကို ဖမ်းရင်း ရေနွေး ကရားဖုံးကို ဖွင့်သည်။ အကြမ်းဖက် အနည်းငယ် ထည့်ရင်း ကျောက်ခဲကို ခေါင်းညိတ်ကာ ထပ်ခေါ်၏။ အပေါ်အင်္ကျီမပါသဖြင့် ကျောက်ခဲ၏ အပေါ်ပိုင်း၌ ရေရွှဲရွှဲစိုနေသည်။ ဆံပင်တိုတိုကို တစ်ချက်သပ်ခါရင်း ကျောက်ခဲက မိန်းကလေးအား လှမ်းကြည့်မိသည်။

"ကျွန်မ ဆင်မင်းချောင် လိုက်ချင်လို့၊ စင်းလုံးခ ပေးမယ်"
"နေနေ ညီမ၊ သူက နားလေးတယ်။ ဟဲ့"

မဗမ်းက ကြားဝင်ရင်း အကျိုးအကြောင်းကို အော်ကျယ်ဟစ်ကျယ် ပြောတော့ ကျောက်ခဲက ခေါင်းကုတ်သည်။ မလိုက်ဘူးဟူသည့် သဘောပင်။ မိန်းကလေးက စိတ်မရှည်ချင်။

"ဒီမှာ ဒါတွေ ရိုးနေပြီ။ သုံးဆပေးမယ်ရှင် ရော့"

အလို …
ဆွဲခြင်းတစ်ဖက်ကို ဆွဲဖွင့်ရင်း တစ်ထောင်တန် ခြောက်ရွက်ကို ဆွဲထုတ်ကာ ကျောက်ခဲအား ပေးလာသည်။ ကျောက်ခဲ မျက်နှာမည်းသွားသည်။ ဘကြီးစိန်က ချောင်းဟန့်ရင်း …

"ဒီမိုးနဲ့ သွားလို့မရဘူး တူမကြီးရဲ့၊ ငွေကြောင့် မဟုတ်ဘူး"
"ကျွန်မ ဒုက္ခရောက်လာလို့ ဘကြီးရယ်။ ရှိကြီးခိုးပါတယ်။ ဆင်မင်းချောင်ကို ပို့ပေးပါနော်"

မရွှေချောက ငိုမဲ့မဲ့ ဖြစ်နေပြန်ပြီ။ မဗမ်းကလည်း ကျောက်ခဲကို ကြည့်နေသည်။ မိုးသံက ဟည်းဟည်း ထနေဆဲ။ ကျောက်ခဲ ခေါင်းကုတ်နေရာမှ မေးမိမေးရာ မေးလိုက်ပြန်သည်။

"ဆင်မင်းချောင်က ဘယ်သူ့ဆီတုံးဗျ"
"ဒေါ်ဝိုင်းဆီ"

မိန်းကလေးက သူ အောင်ပြီဆိုသည့် အသိဖြင့် ဝမ်းသာအားရ ဖြေလာသည်။

"ရီးမပုဒေါ်ဝိုင်းလား၊ ဂွေးချိုဒေါ်ဝိုင်းလား"
"ရှင်"
"ဒေါ်ဝိုင်း နှစ်ယောက်ဗျ၊ ရီးမပု သမီး ဒေါ်ဝိုင်းက ဆုံးသွားပြီ။ အပျိုကြီးလေ၊ ဂွေးချိုရွာက ဒေါ်ဝိုင်း ကတော့ ရှိတယ်။ ဘယ်ဒေါ်ဝိုင်းလဲလို့"

မိန်းကလေး မဖြေနိုင်။ အတော်လေးကြာတော့မှ အသံမြှင့်ရင်း …

"မျက်နှာမှာ မှဲ့ခြောက်တွေနဲ့လေ၊ ဝဝနဲ့"
"ရီးမပု ဒေါ်ဝိုင်းနဲ့တူတယ်။ ဂွေးချို ဒေါ်ဝိုင်းက ပိန်ပိန်လေးဗျ။ မီးယပ်သမားရယ်"
"ဒုက္ခပါပဲ"

စောစောက ငွေခြောက်ထောင်ကို မာန်တင်းတင်းဖြင့် ပေးခဲ့သော ဟန်မျိုး ပျောက်လေပြီ။ ငိုမဲ့မဲ့ဟန်မှ တစ်ဆင့် သက်ပြင်းမောကိုချရင်း မျက်ရည်များပင် ဝဲလာနေတော့သည်။

"ဟဲ့ ကျောက်ခဲ၊ နင်က သေချာသိလို့လား။ ညီမ ရောက်ဖူးတယ် မဟုတ်လား။ မိုးတိတ်တော့ သွားပေါ့"

မဗမ်းစကားကြောင့် ကျောက်ခဲ ပြန်အော်သည်။

"လျှောက်ပြောမနေနဲ့။ ရီးမပု ဒေါ်ဝိုင်းက ဆုံးပြီဗျ။ တကတည်း"

ဘကြီးစိန်ကလည်း ဝင်ပြောလာ၏။ မသေချာဘဲနှင့် မသွားသင့်ကြောင်း၊ မိုးနှင့်လေနှင့် အန္တရာယ် များလှကြောင်း၊ ဒီမှာပဲ တစ်ညအိပ်ပြီး မနက်ကျမှ သွားသင့်ကြောင်းတို့ ပြောပြလာသည်။ မိန်းကလေးက မလှုပ်၊ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အံကြိတ်ထား၏။ မျက်နှာထားနုနု၊ ပိန်ပိန်လျလျ၊ ခေတ်သမီးပျို အချောအလှတစ်ဦး၏ ပင်ကိုဟန်ထက် ရင်ဆိုင်နေရသော ဘေးဒုက္ခကြောင့် မျက်နှာထားမှာ ခက်ထန် မာကျောနေတော့သည်။

"ကျွန်မ သွားရမှာပဲ။ ကလေး သွားမွေးရမှာ အဘရဲ့။ ကန်တော့ပါရဲ့"
"ဟောဗျာ၊ တူမကြီး ယောက်ျားကော"

မိန်းကလေးက ခေါင်းယမ်းသည်။ မဗမ်းကပင် မျက်လုံးပြူးလေပြီ။ ကျောက်ခဲ ကတော့ ဘာလဲဟု သိချင်ဇောဖြင့် လိုက်နားထောင်သော်ငြား သူဘာမှ မကြားလိုက်၍ မဗမ်းကို ပဟေဠိလို ကြည့်တော့သည်။ မဗမ်းက မျက်လုံး အစုံကို မှိတ်ပြရင်း အသာနေဟု သတိပေးလိုက်၏။

"မိုးတိတ်တော့ လှမ်းခေါ်မယ်၊ လှေထဲ ရေပက်ရဦးမယ်ဗျ"

ကျောက်ခဲက ပြောပြောဆိုဆို တဲအပြင်သို့ ထွက်သွားတော့သည်။

မဗမ်းသည် ဤသို့သော ကိစ္စမျိုးကို အချိန်ဆိုင်းတတ်သူ မဟုတ်။ ကျောက်ခဲနောက်သို့ အပြေးအလွှား လိုက်ကာ သူ ကြားလိုက်ရသော မိန်းမရွယ်၏ လင်မဲ့ဗိုက်တစ်လုံး ကိစ္စအား ခြေဟန်လက်ဟန်ဖြင့် ကျိတ်ကာ ရှင်းပြတော့သည်။ ကျောက်ခဲ ခေါင်းကုတ်ပြန်၏။ သည်ပြဿနာမျိုးက ဘယ့်နှယ်ကြောင့် သူ့ဆီ ရောက်လာရသနည်း။ မဗမ်း ထပ်ခါတလဲလဲ ရှင်းပြသည့်တိုင် ကျောက်ခဲ မျက်မှောင်ကုတ်၍ မပြေတော့။

"ဟဲ့ နင်ဘယ်မှ မသွားနဲ့နော်၊ မိုးနဲ့လေနဲ့ဟဲ့၊ နင်သူ့ကို ခေါ်သွားမှာလား"

မဗမ်းက ကျောက်ခဲကို မေးသည်။ ကျောက်ခဲက ဘာမှမဖြေ။ မဗမ်းကို ထား၍ မြစ်ထဲသို့ ပြန်ပြေးဆင်း သွားတော့သည်။ မဗမ်းက သူ့ သမင်ငယ်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေ၏။ မိုးက မြင်ကွင်းကို ကန့်လန့်ကာ ခြားလိုက်သည်။ တဲထဲပြန်ဝင်လာချိန်၌ မိန်းမရွယ်သည် ဘကြီးစိန်နှင့် စကား ဖောင်ဖွဲ့နေပြီ။ အားငယ် စိုးရွံ့ဟန်များ မရှိလေပြီ။ ကောင်မ အတော်တော့ ငွေချောင်လည်မယ့် ရုပ်ပဲဟု မဗမ်း တွေး၏။ ခရီးသွားဟန်လွှဲ ဝတ်စားထားသည့် အဝတ်အစားများနှင့် ခပ်ကြော့ကြော့ ဟန်များကြောင့် ချောင်ချောင်လည်လည်ထဲက ဖြစ်မှာပဲဟု မဗမ်း ခန့်မှန်းသည်။ ဘယ်ချောင်မှာ အငိုက်မိ၍ ဗိုက်ထိလာသနည်း။ စပ်စုရပေဦးမည်။

"ကံပေါ့ တူမကြီးရယ်၊ ဒါတွေဟာ ကံကြီးပါပဲ။ ဘကြီးဆို … ဟဲ့ … မိဗမ်း လာလေဟာ အကြမ်းရည် တည်ဦးဟ"
"ဘကြီးမှာ သားငါးကောင်တောင်။ ဘယ်ကောင်မှ မမှီရဘူး။ အိုကြီးအိုမ လှေဆိပ်စောင့်နေရတာ ကြည့်တော့။ ကံပေါ့ကွယ်"
"ဟိုလူက ဆင်မင်းချောင်ကလား"
"ကျောက်ခဲလား၊ သူက ဆင်မင်းချောင် တောင်ဘက်ဖျားက ဂွေးချိုသား။ လူကောင်းလေးကွဲ့။ သူ့အမေကြီး လုပ်ကျွေးနေတာ။ နားတော့ လေးရှာတယ်။ သဘောမနော ပြည့်ပါတယ်။ ရော့ဟဲ့ မိဗမ်း၊ ငါးခြောက်ပါ ထည့်လာချေ။ တူမကြီးလည်း ခေါ်လေဟာ"
"နေပါစေ အစ်မရယ်။ ကျွန်မ ဘာမှ မစားနိုင်သေးပါဘူး။ ဘာ ဆက်လုပ်ရမှန်းတောင် မသိတော့ဘူး"
"ဒေါ်ဝိုင်းနဲ့ ဘာတော်လို့တုံး၊ တခြားအသိ မရှိဘူးလား"

မိန်းမရွယ်က ခေါင်းခါသည်။

"အသိမရှိရင်တော့ မသွားနဲ့ ညီမရေ။ အစ်မ စေတနာနဲ့ ပြောတာ။ ဆင်မင်းချောင်က စရိုက်ကြမ်းတယ်။ လှေသမားနဲ့ တံငါသမားချည်းပဲ"
"မိဘများကော တူမကြီးရဲ့ ဟို …"

ဘကြီးစိန် ဆက်မမေးဖြစ်တော့။ မိန်းမရွယ်က ခေါင်းကို ဆတ်ခနဲမော့ကာ မျက်မှောင်ကြုတ် လိုက်သည်။ ဘာမှမပြောချင်သည့် ဟန်မို့ မေးလို့မဖြစ်တော့။ မဗမ်းက မေးပြန်သည်။

"မွေးဖို့နီးပြီလား"
"ဒီလကုန်ပဲ။ ကျွန်မက ဒေါ်ဝိုင်းနဲ့လည်း မသိပါဘူး။ ကျွန်မတို့ဆိုင်မှာ ဟင်းချက်တဲ့ မစိန်သန်းက ညွှန်လိုက်လို့။ မွေးခါနီးမှ သူလိုက်လာမယ်တဲ့။ ဒေါ်ဝိုင်းဆုံးတာ သူ မသိသေးဘူးထင်တယ်။ ဒုက္ခပါပဲ"

မိန်းမရွယ်က ညည်းတွားရင်း လက်ထဲက စာရွက်ခေါက်လေးကို ဘကြီးစိန်ထံ ကမ်းပေး၏။ ဝါးလုံးတိုင်ကို မှီလိုက်ပြီး စိတ်မောလှစွာဖြင့် သက်ပြင်းတဟီးဟီး ချပြန်သည်။ မိုးသံမှာ နည်းနည်း လျော့ပါးသွားလေပြီ။ ဘကြီးစိန်က စာကိုဖတ်ပြီး မိန်းမရွယ်အား ပြန်ပေး၏။ မဗမ်းက စာမဖတ်တတ်၍ ဘာလဲဟု ဘကြီးစိန်အား မေးသည်။

"ဒေါ်ဝိုင်းဆီ စာရေးပေးလိုက်တာ။ ဒီလိုဆို ဘယ်မှာ မွေးမလဲ။ ဆင်မင်းချောင်က ဝမ်းဆွဲကတော့ နာမည်ကြီးပဲ။ နေဦးဟဲ့ … ကျောက်ခဲ တို့အိမ်ကတော့ ကျယ်သား"

ဘကြီးစိန် စကားကြောင့် မဗမ်း ပိုအားတက်သွားသည်။

"ဟယ် ဟုတ်သားပဲ။ နေ နေ ဒီနားထိုင်းကို ကျွန်မ ပြောမယ်။ ဟွန်း မရရှိရိုးလား"
"ဘာကိုလဲ အစ်မ။ ဟို လှေသမားကိုလား"
"အမယ်လေး ကျောက်ခဲက လူရိုး ညီမရေ။ သူ့အမေကြီးကလည်း သိပ်သဘော ကောင်းတာ။ သူ့ကို အစ်မ ပြောပေးမယ်။ ငါ့ညီမ စိတ်အေးအေး ထားပေတော့"
"မလုပ်ပါနဲ့ အစ်မရယ်။ ကျွန်မ မသွားချင်ဘူး။ သူများ ပြောလိမ့်မယ်"

သို့ရာတွင် မဗမ်းသည် မအ။ မိန်းမရွယ်၏ သဘောဆန္ဒကို ရိပ်မိနေသည်။ ထို့ကြောင့် စားလက်စ ထမင်းကိုရပ်ရင်း လက်ကိုပင် မဆေးတော့။ တဲအတွင်းမှ ထွက်ခဲ့ရင်း တဲတံစက်မြိတ်မှ ကျနေသည့် မိုးရေဖြင့် လက်ကိုယမ်းလိုက်သည်။ မြစ်ထဲသို့ ဆင်းခဲ့သည်။ ကျောက်ခဲ သီချင်းဆိုနေသံကို ကြားရ၏။ အင်း သင်းကတော့ ဘာအပူအပင်မှ မရှိ။ ငါပြောလို့ ဒီကောင်မကို အိမ်ခေါ်သွားရင်း ကြိုက်သွားရင်ကောဟု တွေးပြန်သည်။ တွေးနေရင်းကပင် ကျောက်ခဲ၏ သမ္ဗန်ပေါ်သို့ လွှားခနဲ တက်လိုက်သည်။ ကျောက်ခဲက တစ်ချက်လှမ်းကြည့်ရင်း ရေပက်ခွက်ဖြင့် ရေဆက်ပက်နေသည်။ မဗမ်းက ပေါင်းမိုးအောက်သို့ ကြက်လျှောက်သလို တရွေ့ရွေ့တိုးသွား၏။

"ကျောက်ခဲ။ ဟဲ့ ငါပြောတာ နားထောင်စမ်း"

သူက စကားစရင်း ကျောက်ခဲလက်ထဲမှ ရေပက်ခွက် အင်ဂျင်ဝိုင် ပုံးခွံအဟောင်းအား လုယူလိုက်သည်။

"သွားမှာပါ။ သွားမှာပါ။ မိုးစဲနေပြီဗျ။ ဒီလောက်တောင် လောနေရလား"
"ဒီမှာဟဲ့ ကျောက်ခဲ။ ကောင်မလေးကလေး အေးအေး။ အဲဒီကောင်မလေးကို နင့်အိမ် ခဏ ခေါ်သွားပါလား။ ဟုတ်တယ်။ နင့်အိမ်ကိုပြောတာ မသာရဲ့။ စပ်ဖြဲဖြဲ လုပ်မနေနဲ့။ ငါ အဟုတ်ပြောတာ။ သူ ကလေး မွေးစရာ အိမ်မရှိဘူး။ ဘာဆေးရုံလား။ ဟယ် ဘယ်သူက လိုက်စောင့်ပေးမှာလဲ။ နင် ခဏ ခေါ်ထားပါလားနော်။
"အေးဟဲ့ ဘကြီးစိန်ကလည်း နင့်ကို ကူညီခိုင်းတယ်။ ကလေးမလေး သနားပါတယ်တဲ့"

ကျောက်ခဲ အတော်ပင် တုန်လှုပ်နေသည်။ အောက်နှုတ်ခမ်းအား သွားဖြင့် ဖိထားရင်း တွေဝေ ငေးမောနေ၏။ မဗမ်းက သူ့ဟာသူပြော၊ သူ့ဟာသူ စီမံခန့်ခွဲရင်း ငါ သွားပြောမယ်နော်။ ဟုတ်ပြီလားဟု အပြီးသတ် ပြောဆိုပြီး သည့်တိုင် ကျောက်ခဲ မလှုပ်။ သူ့ရင်သည် ခုန်လျက်ရှိ၏။ ဤမည်သော လှကညာ တပါးသည် အဘယ်ကြောင့် မိမိကိုမှ လာယှက်နွယ်နေသနည်း။ ကျောက်ခဲ၌ ဣတ္ထိယ အတွေ့အကြုံ မရှိ။ ယခုလို ကောက်ကာငင်ကာ မိန်းမသား တစ်ဦးကို တစ်အိုးတစ်အိမ်ထဲ၌ နေခွင့်ပြုရမည် ဆိုသည်ကို စိတ်ကူးပင် မရှိ။ မဗမ်းကိုမူ လင်များသဖြင့် အတော်လန့်၏။ ရှောင်ခဲ့၏။ အမေကလည်း အထူးမှာကြား သတိပေးနေသည်။ မြစ်ဆိပ်၌ မဗမ်းနှင့် မြွေပွေး တွေ့လျှင် မဗမ်းကိုသာ ရှောင်ဟု။ သူ ရှောင်သော်ငြား မဗမ်းက အမြဲပင် ကပ်ပါသည်။ ပူးသည်။ တွဲသည်။ သို့ပါလျက် ကျောက်ခဲ မပါအောင် နေခဲ့သည်။ တစ်ခါတစ်ရံ သူ မရှိခိုက်တွင် မဗမ်း တစ်ယောက် သူ့သမ္ဗန် ပေါင်းမိုးထဲတွင် ပိုးလိုးပက်လက် လာအိပ်နေတတ်၏။ ထို့ကြောင့် မြစ်ဆိပ်မှလူများက ကျောက်ခဲအား လေးယောက်မြောက် လင်ကလေးဟု ပြောင်လှောင်ရင်း လင်လေး၊ လင်လေးဟု နာမည်ပြောင် ခေါ်နေကြသည်။

မိုးမှာ စဲလေပြီ။
မဗမ်းက မိန်းမရွယ်၏ ခြင်းနှင့်အိတ်ကို လွယ်လျက် မြစ်ထဲသို့ ဆင်းလာ၏။ ကျောက်ခဲက သမ္ဗန်အား ချည်ကြိုးမှ ဖြတ်ရင်း လှမ်းကြည့်နေသည်။ မိန်းမရွယ် သမ္ဗန်ပေါ်ရောက်သွားသည်အထိ ကျောက်ခဲ ဘာလုပ်ရမှန်း မသိ။ မဗမ်းက ကျောက်ခဲကို လှမ်းအော်ရင်း ဆီဖြည့်ပြီးပြီလားဟု မေးသည်။ ထို့နောက် ပေါင်းမိုးထဲမှ ဒီဇယ်ပုံးကို ယူ၍ ဆီတိုင်ကီထဲသို့ ဆီဖြည့်သည်။ ဆီမှာ သိပ်ဖြည့်စရာ မလို။

"ညီမရေ ဘာမှအားမငယ်နဲ့သိလား။ ကျောက်ခဲတို့ အမေကြီးက သိပ်သဘောကောင်းတာ။ အစ်မ ရအောင် ပြောပေးမယ်။ အစ်မလည်း မကြာမကြာ လာမှာပါ"
"ရပါတယ် အစ်မရယ်။ အလုပ်ပျက် နေပါ့မယ်"

မဗမ်းက ဘာမှမတုံ့ပြန်။ ကျောက်ခဲ သမ္ဗန်ပဲ့ပိုင်းကို သွား၍ အင်ဂျင် နှိုးနေသည်ကို လှမ်းကြည့်နေသည်။ မိုးက လုံးလုံး မရွာတော့။ ကောင်းကင်မှာတော့ ညိုမည်းလျက်ပင်။ လျှပ်ရောင်က မကြာခဏ လူလုံးပြနေ၏။

အင်ဂျင်မှာ တော်တော်နှင့် နှိုး၍ မရ။ အသံက မမှန်။ ကျောက်ခဲက ဆီပိုက်ကိုဖြုတ်၍ ခေါက်သည်။ ပြန်နှိုးသည်။ အသံရှည် အချက်ကျကျ ထွက်လာပြီး ပြန်ရပ်သွား၏။ နောက်တစ်ခါ ထပ်နှိုးသည်။ အင်ဂျင်မရပ်ခင် ကျောက်ခဲက လီဗာကြိုးကို ဆွဲတင်လိုက်၏။ ဒီဇယ်စက်သံကြီး အုန်းအုန်းဒိုင်းဒိုင်း ထွက်လာသဖြင့် အတော်ပင် ဆူညံသွားတော့သည်။ ထွက်လို့ရပြီ။ အင်ဂျင်သံ ခပ်မှန်မှန်ဖြစ်အောင် ချိန်ညှိပြီး ကမ်းက ခွာရန်ပြင်သည်။

မဗမ်းက သမ္ဗန်ဦးကို မြစ်ဘက်သို့ ရွှေ့ရန် ဦးဘက်သို့ ထွက်လာချိန်၌ ကျောက်ခဲက နေပါစေဟု လှမ်းအော်ရင်း ရေထဲသို့ ခုန်ချ၏။ သမ္ဗန်ကို တွန်းထုတ်သည်။ ပြီးတော့မှ ပြန်ခုန်တက်၍ ပန်ကာတံဖြင့် ရေထဲသို့ ခပ်ဆဆချရင်း ပဲ့ကို ကစားနေသည်။

"ဟဲ့ မီးလုံး လဲပြီးပြီလား"

မဗမ်းက ခြေဟန်လက်ဟန်ပြရင်း ကျောက်ခဲကို အော်၍ မေးသည်။ ကျောက်ခဲ ခေါင်းခါပြီး ဖန်မီးအိမ်ကို လက်ညှိုးထိုးပြ၏။ မဗမ်းက ဖြုတ်ယူပြီး အထဲမှ ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ ပေါင်းမိုးထဲ၌ မီးရောင်ထွက်လာသည်။

"အေးမယ်နော် ညီမ။ အနွေးထည် ထပ်ဝတ်ထားပါလား"
"ရပါတယ်။ ကျွန်မ နာမည် နုနုဝေပါ။ အစ်မကြီးကကော"
"ဒီမှာတော့ မဗမ်းလို့ခေါ်တယ်။ ခင်ခင်အုံးကတော့ နာမည် အရင်းပဲ။ ဘယ်သူမှ မခေါ်ပါဘူး"

စကားပြောရင်း မဗမ်းက ချွေးခံအင်္ကျီကြားမှ ဆေးပေါ့လိပ်တစ်လိပ်ကို ထုတ်၍ မီးညှိသည်။ ဆေးပေါ့လိပ်မှာ အသစ် မဟုတ်။ သောက်လက်စကို မီးငြှိမ်းထားသည့် ဆေးပေါ့လိပ်ဖြစ်သည်။

"တော်တော်ဝေးလား ဟင်"
"အခု ဘယ်နှနာရီလဲ။ ခုနစ်နာရီထိုးပလား"
"ခွဲပြီ"
"ကိုးနာရီလောက် ရောက်မယ်။ အိပ်ချင်အိပ်လေ။ အိပ်ပါ အိပ်လိုက်။ ဝေးသေးတယ်"

တကယ်တော့ မဗမ်း ကြာကြာ ထိုင်မနေချင်။ ကျောက်ခဲရှိရာ ပဲ့ပိုင်းသို့ သွားချင်နေ၏။ နုနုဝေကို အတင်း အိပ်ခိုင်းပြီး သူက ပေါင်းမိုးအောက်မှ ဖြည်းဖြည်း ထွက်လာပြီး ကျောက်ခဲကို ဆေးပေါ့လိပ် ကမ်းပေးသည်။

"မိုးရွာဦးမယ်။ အထဲမှာနေလေဗျာ"
"ရွာရွာဟယ်"

မဗမ်းက ကျောက်ခဲဘေးမှာ ဝင်ထိုင်ရင်း ဘာစားပြီးပြီလဲဟု ထပ်မေးသည်။ ကျောက်ခဲက မဖြေ။ အင်ဂျင်စက်သံကြောင့် မကြားသည်တော့ မဟုတ်။ မဗမ်းနှင့် ခပ်ရောရော မနေချင်၍ မကြားသလို လုပ်နေခြင်း ဖြစ်သည်။

"အင်ဂျင်က ဘာဖြစ်တာလဲ။ မပြင်ရသေးဘူးလား"

မဗမ်း စကားကြောင်း ပြန်သည်။ သည်တစ်ခါတော့ ကျောက်ခဲ ခေါင်းခါပြ၏။

"မီးလုံးလဲတပ်ပါဟာ။ မှောင်ကြီးမည်းကြီး အန္တရာယ်များပါတယ်"

အင်ဂျင်စက်မှ မီးသီးခွက်ကို လှမ်းကိုင်ရင်း ပြောပြန်သည်။

"ကြိုးတွေပါ ပြန်လုပ်ရမှာ၊ လုပ်မှာပါဗျာ"
"ဟဲ့ စကားလေး ဘာလေး သွားပြောပါလား။ ကိုယ့်ဧည့်သည်ပဲဟာနော်"

မဗမ်းက ပြုံးစစဖြင့် ကျောက်ခဲကို ပြော၏။ ကျောက်ခဲက ပြန်ပြုံးပြရင်း ရှက်သွားပြန်သည်။

"နင့်အိမ်မှာ အလကား မနေပါဘူးဟယ်။ စားစရိတ်ပေးမှာပါ။ မွေးပြီးရင် ပြီးပါပြီ။ နင့်အမေကြီးကို ငါ ပြောပါ့မယ်။ ငါ့တူမဝမ်းကွဲလို့ ပြောမယ်နော်"

မဗမ်းက အနားကပ်၍ အသံမြှင့်ကာ ရှင်းပြလေသည်။

"သဘောပဲဗျာ"
"ဟွန်း ဒီမိုးကလည်း လုပ်လာပြီ"

မဗမ်းက ခပ်ဖွဲဖွဲ ရွာချလာသော မိုးကို ရည်ရွယ်ပြီး ပေါင်းမိုးထဲသို့ ပြန်ဝင်သွား၏။ နုနုဝေက ကိုယ်တစောင်းဖြင့် မှိန်းနေသည်။ အဝတ်အိတ်ကို ခေါင်းမှီပြုထား၏။ လေက တိုးဝှေ့နေသဖြင့် မိုးဖွဲလေးများက ပေါင်းမိုးရှေ့ပိုင်းသို့ လွင့်လွင့်လာ၏။ မြစ်တစ်ပြင်လုံး မည်းမည်းထနေသည်။ လှိုင်းတော့ မကြွ။ လျှပ်ရောင်များက အဝေးဘက်မှာ တလျှပ်လျှပ်ကြွနေသည်။ ကျောက်ခဲက ပေါင်းမိုးအတွင်းသို့ လှမ်းကြည့်ရင်း သက်ပြင်းချဖြစ်သည်။ သည်မိုးသည်လေနှင့် အဘယ့်ကြောင့် ထွက်လာဖြစ်သည်ကို သူကိုယ်တိုင်ပင် စဉ်းစား၍ မရနိုင်။

* * *

မြစ်ဆိပ်ရွာကို သမ္ဗန် မကပ်ခင်ကပင် လှေသမား တစ်သိုက်က ကျောက်ခဲရှိရာသို့ ပြိုင်တူ ရောက်လာကြတော့သည်။ ကြားနေရသည့် သတင်းစကား အတွက် ကျောက်ခဲထံမှ ဘာပြောမည်ကို သိချင်နေကြတော့သည်။ မဗမ်းက ကွမ်းယာဆိုင်နံဘေးမှ ခါးထောက်ရပ်ရင်း အခြေအနေကို အကဲခတ်၏။

ကျောက်ခဲ မိန်းမ ယူသွားသည့် သတင်းကား မြစ်ဆိပ်တစ်ဝန်းလုံး အထူးသတင်း ဖြစ်နေခြင်းပင်။ မဗမ်းက ငြင်း၏။ လွန်ခဲ့သော လေးရက်ကပင် ကျောက်ခဲအား သူကိုယ်တိုင် ရှင်းပြ၍ နုနုဝေကို လက်ခံ ထားပါရန် ဆော်ဩခဲ့သေးသည်ကိုး။ ကျောက်ခဲ ပေါ်မလာသည့် သည်လေးရက်အတွင်း နုနုဝေနှင့် ကျောက်ခဲ ညားသွားကြသည်ကို မဗမ်း မယုံနိုင်။ ကျောက်ခဲသည် ဤမျှမလည်။ သို့ရာတွင် ကျောက်ခဲတို့ ရွာဘက်မှ လူများကိုယ်တိုင် ယူဆောင်လာသောသတင်းမို့ မဗမ်း အတော့်ကို စိတ်ရှုပ်နေတော့သည်။

ကျောက်ခဲက ရယ်ကာမောကာ ရှင်းပြသည်ကို မဗမ်း လှမ်းမြင်နေရသည်။ လှေသမား တစ်သိုက်က ရယ်နေကြသည်။ တစ်ယောက်က ကျောက်ခဲပခုံးကို လှမ်းပုတ်၏။ အာဂကောင် ဆိုသည့်သဘော။ အထမ်သမားတစ်သိုက်က စပါးအိတ်များကို ကျောက်ခဲသမ္ဗန်ပေါ်သို့ တင်ပေးရင်း အော်နေ ဟစ်နေ ပြန်သည်။ ခဏနေတော့ မဗမ်းကိုမြင်ပြီး ကျောက်ခဲ ကွမ်းယာဆိုင်သို့ တက်လာတော့၏။

မဗမ်းက ကျောက်ခဲ မျက်နှာကို စိုက်ကြည့်နေသော်ငြား ဘာမှမမေး။

"စက်တစ်လုံး လာပို့ရင် လက်ခံ ထားစမ်းပါဗျာ။ ကျွန်တော် ဆိုက်ကားနဲ့ တင်လွှတ်လိုက်မယ်"

လုံချည်ကို ခါးပုံစပြန်ထည့်ရင်း ကျောက်ခဲ စကားစလာသည်။ မဗမ်းက မလှုပ်။

"မနုက အတင်းဝယ်ဆိုလို့ဗျာ။ အဟောင်းကို တင်မောင်က လိုချင်လို့ တဲ့။ သိပ်မစိုက်ရပါဘူးဗျာ။ ကျွန်တော် တင်ပေးလိုက်မယ်နော်"

မနု ဆိုပါလား။ ထင်တော့ထင်သား။ ကျောက်ခဲတစ်ယောက် ဗိုက်တစ်လုံးနှင့် မိန်းမကိုရပြီး စက်အသစ်ပင် ဝယ်နိုင်ပြီကိုး။ မဗမ်း သက်ပြင်းချသည်။ ကျောက်ခဲက ထွက်သွားလေပြီ။ သူတို့ အဟုတ်ညား သွားကြပြီကော။

"ခင်ဗျားလင်က အလာကြီးပါလားဗျ မဗမ်းရ။ ရွှေတွဲလွဲ၊ ငွေတွဲလွဲကို ယူတာနော်။ ခင်ဗျားပို့သတဲ့ မေတ္တာပေါ့ဗျ ဟီးဟီး"

လှေသမားတစ်ယောက်က ကွမ်းယာလာဝယ်ရင်း မဗမ်းကို နောက်လေပြီ။

"မဆိုင်ပါဘူးတော်။ သူ့ဟာသူ ညားတာပါ။ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး"
"ခင်ဗျား ပို့ပေးတာဆို"
"ဒုက္ခရောက်နေတာကိုး၊ ကျုပ်က ကျောက်ခဲကို ယူပါလို့ ပြောရပေါင်။ သူ့ဟာသူ ကမြင်းထပြီး ယူတာပါတော်။ ကောင်မက ငွေတော့ အတော်ပါလာလိမ့်မယ်။ စက်အသစ် သွားဝယ်မလို့တဲ့။ မနုက ဝယ်ခိုင်းတာတဲ့။ ငွေရှိတော့ လုပ်နိုင်တာပေါ့တော်"
"ကျောက်ခဲ ပြောတော့ ကလေး အဖေနာမည် ယူရုံပဲတဲ့။ မွေးလာပြီးရင် အဖေ မရှိမှာစိုးလို့တဲ့ဗျာ။ သူ့အမေကြီး နားချတာဆိုပဲ။ ဒါပေမဲ့ ဒီကောင်နေနိုင်ပါ့မလား"
"သေချင်းဆိုး။ နင့်နှမ ဗိုက်ကြီးမှ ယောက်ဖကို မေးဟဲ့။ ငါ့လာမေးရလား"

မဗမ်းက အော်ကျယ်ဟစ်ကျယ် ဆဲဆိုရင်း ကွမ်းယာကို ယာနေသည်။ လှေသမားက တဟားဟား ရယ်နေ၏။ ပြီးတော့ မဗမ်းကို ထပ်စနေပြန်သည်။

"ခင်ဗျား ဗိုက်ကြီးရင်လည်း ကျောက်ခဲက ယူမှာဗျ။ မယုံ …"
"မအေပေး … ခွေးတိရစ္ဆာန် … ငါ ပေါက်လိုက်မယ်နော်။ စိတ်တိုနေရတဲ့အထဲ"

သူတို့ အော်ဟစ်ပြောဆိုနေတုန်း ဘကြီးစိန် ရောက်လာပြီး မေးပြန်သည်။

"ဟုတ်တယ်တဲ့လား မဗမ်း။ ကျောက်ခဲနဲ့ ယူဖြစ်ကြလား။ စောစောက ငါတွေ့လိုက်သလားလို့"
"ယူတယ်တဲ့ ဘကြီးရေ ယူတယ်တဲ့။ စက်အသစ် ဝယ်မလို့ဆိုပြီး ရွာထဲဘက်သွားလေရဲ့။ သူ့အမေကြီးက ပေးစားတာလို့ ပြောတာပဲ"
"အေးလေဟာ။ တစ်အိမ်တည်း အတူနေလို့တော့ ကြာကြာ ဘယ်ဖြစ်မလဲ"
"ကျောက်ခဲက ကလေးအဖေ ဝင်လုပ်ပေးရုံတဲ့။ ဟုတ် မဟုတ်တော့ မသိဘူး။ ပြန်လာမှပဲ ဘကြီး မေးကြည့်ပေတော့"
"အဲဒါကြောင့် ကျွန်တော် ပြောတာ။ မဗမ်း ဗိုက်ကြီး လိုက်ပါလို့။ အလလား အလလား"

လှေသမားစကား မဆုံးခင် မဗမ်းက အာမွှေးဘူးဖြင့် ကောက်ပေါက်လိုက်သောကြောင့် အော်ဟစ်ရင်း အဝေးကို ပြေးထွက်သွားရတော့သည်။ ဘကြီးစိန်က ရယ်၏။ မဗမ်းက ဆဲနေပြန်သည်။ မဗမ်း ရင်၌မချိ။ ကျောက်ခဲသည် သူ့သမင်ပျို ဖြစ်သည်ကော။ အမျိုးမျိုးကျော့၏။ မြှူ၏။ တာ၏။ သို့ရာတွင် သမင်ပျိုသည် မညွှတ်။ တစ်နေ့တော့ မလွတ်စေရဟု အကြိမ်ကြိမ် ကြိမ်းဝါးနေလျက်က ယခုမူ ဖမ်း၍ မလွယ်လေပြီ။

ကောင်မ ဟွန်း။ ကြည့်တော့ သနားကမားနဲ့။ ငါ့ဟာကို ကြောင်တောင်နှိုက်တယ်။ မဗမ်း ကျိန်ဆဲ ပြန်သည်။ သောက် အဘွားကြီးကလည်း ချွေးမဖမ်းတာ တော်ချက်။ ငါ့ကျတော့ … မဗမ်း ဆက်မတွေးချင်တော့။

လင်။
လင်ဟူသော သတ္တဝါသည် ခန့်မှန်း ရခက်လှချည် တကား။ သုံးလင်သုံးခါ ပြောင်းခဲ့သည့်တိုင် လင်သင်ခန်းစာကို မတတ်ရှာသေးသော မဗမ်း တစ်ယောက် ကွမ်းယာဆိုင် အတွင်းခုံလေးထဲမှာ မှောက်လျက်လှဲရင်း စိတ်ဆင်းရဲနေလေပြီ။

ငါ မေးကို မေးမယ်ဟု ဆုံးဖြတ်သည်။

ကျောက်ခဲ ပြန်လာလျှင် မေးမှဖြစ်မည်။ မဖြေ၍ မရ။ ဤအဖြစ်အပျက်ကို ကျောက်ခဲ ကိုယ်တိုင် မပြောမချင်း မေးမည်ဟုတွေးကာ ငေါက်ခနဲထလိုက်သည်။ ကျွတ်လုလု ထဘီကိုပင် တင်းတင်း မဝတ်နိုင်ဘဲ ဆိုင်ခုံပေါ်မှ လွှားခနဲ ဆင်း၏။ မြစ်ထဲသို့ ဆက်၍ ကတိုက်ကရိုက် ဆင်း၏။ ကျောက်ခဲ၏ သမ္ဗန်က သမ္ဗန်နှစ်စင်း ခြားနေသည်။ မဗမ်းက ထိပ်ဆုံးမှ သမ္ဗန်ပေါ်တက်ပြီး ဆက်ကူးသည်။ အထမ်းသမားများက မဗမ်းကို လှမ်းကြည့်နေကြ၏။ ကျောက်ခဲ၏ သမ္ဗန်အပေါ်ရောက်တော့ အင်ဂျင်စက်အောက်နားမှ စက်နှိုးတံကို ကောက်ယူပြီး ပြန်တက်လာခဲ့တော့သည်။ အထမ်းသမား တစ်ဦးက လှမ်းအော်သည်။

"မဗမ်း ဘာပျောက်လို့တုံးဗျ"
"နင့်အမေလင်ဟဲ့"
"အိမ်မှာလေဗျာ။ လိုက်ခဲ့မလား"
"သေချင်းဆိုး။ ခါးကျိုးသေမယ့်ကောင်။ တိတ်တိတ် နေစမ်း"

ဆိုင်ခုံကို ပြန်ရောက်တော့ တောင်းတစ်လုံးထဲသို့ စက်နှိုးတံကို ပစ်သွင်းလိုက်သည်။ သင်း မဖြေဘဲ နေနိုင်မည်လော။

နေ့လယ် ထမင်းစားပြီးချိန်၌ ကျောက်ခဲ ပို့လိုက်သော ဒီဇယ် အင်ဂျင်ကြီး ရောက်လာ၏။ လှေသမားများ လှုပ်လှုပ်ရွရွ ဖြစ်နေကြရပြီ။ စက်အသစ်ကြီးမို့ သူ့ထက်ငါ အလုအယက် စပ်စု ကြပြန်သည်။ ဆိုက်ကားပေါ်မှ ချပြီးပြီးချင်း နှိုးကြည့်မည် တကဲကဲ လုပ်နေ၍ မဗမ်း အော်ငေါက် လွှတ်ရသေး၏။ ဒီလိုကြုံရပြန်တော့လည်း ကျောက်ခဲ အပေါ် သံယောဇဉ်က ခဲလျက်ရှိသေးသကိုး။

အတော်လေးကြာတော့ ကျောက်ခဲ ပေါက်ချလာပါသည်။ အထုပ်အပိုးတွေနှင့်ပါတကား။

"ဘယ့်နှယ်လဲကွ။ စက်က နှိုးခဲ့ပြီးပြီလား"

လှေသမားတစ်ဦးက ကျောက်ခဲကို ဆီး၍ မေး၏။ ကျောက်ခဲက ခေါင်းညိတ်ရင်း စက်ဆရာတွေ လာတပ်မှာ။ နောက်က လိုက်လာ လိမ့်မယ်လို့ ဖြေရင်း …

"ရော့ဗျာ မဗမ်း။ ဟိုတစ်နေ့က ဆွမ်းကျွေးတာ။ အဲဒါ မဖိတ်လိုက်ရလို့။ မနုကလည်း အားနာနေလို့ဗျ"
"အဲဒါက ဘာလဲ"

ကျောက်ခဲ ကမ်းပေးသော အထုပ်ကို  မယူသေးဘဲ မေးလိုက်ခြင်းပင်။

ကျောက်ခဲက မဖြေဘဲ အထုပ်ကိုသာ ကမ်းပေးနေပြန်သည်။ တခြားအထုပ်များကိုလည်း ကွမ်းယာခုံလေးပေါ် အသောအယာ သိမ်းရင်း တင်နေပြန်သည်။ မဗမ်း မနေသာဘဲ ပေးလာသော အထုပ်များကို ယူ၍ ဟကြည့်မိပြန်သည်။

"ထဘီလားဟေ့"
"အေးလေဗျာ"
"အောင်မာ နင်က ငါ့ဖို့ ဝယ်လာတယ်။ အဟားဟား"

ပြောနေရင်းကပင် မဗမ်းက ထဘီကို ဆွဲထုတ်လိုက်ပြီး ဖြန့်တော့သည်။ ကျောက်ခဲက အခြားအထုပ် တစ်ထုပ်ကို နှိုက်နေရင်း မကြိုက်ရင် ပြန်လဲလို့ရတယ်။ ဒေါ်အုံးမေ ဆိုင်ကဗျ ဟု ပြောလေ၏။

"နင်က သူဌေးမလင် ဖြစ်ပြီပေါ့လေ"
"အဟီး ဟီး"
"မသာ အခုတော့ ရယ်ဦး။ ဟွန်း နောက်မှ ကလေး တစ်ကောင်နဲ့ မြင်မိပါရဲ့"

မဗမ်းက အော်ကျယ်ဟစ်ကျယ် ပြောနေသဖြင့် ကျောက်ခဲ ဆက်မရယ်တော့။

"ကလေး အတွက်ပါဗျာ။ ကျွန်တော်က ကူညီတာ။ အမေက သနားနေတာကိုး။ ပြီးရင် သူ့ဟာသူ သွားမှာပါဗျ။ ခင်ဗျားကလည်း"
"ဪ ဒီလိုကျတော့ ဒီစက်က ဘာလို့ဝယ်တာလဲ"
"ဒါတော့ သူ့သဘောပဲလေ"
"သေချင်းဆိုး။ နင့်ကို ငါမယုံဘူး"

ကျောက်ခဲ ဘာမှ ဆက်မဖြေတော့။ စက်ဆရာနှစ်ဦး ရောက်လာပြီမို့ ကွမ်းယာ စားရန် ကျောက်ခဲက ဖိတ်ခေါ်သည်။ စက်ဆရာများက စက်ကို စစ်ဆေးပြီး မူလီအိတ်ကို တောင်းသဖြင့် ကျောက်ခဲက အထုပ် တစ်ထုပ် ကမ်းပေးလိုက်၏။ မဗမ်းက သမ္ဗန်ပေါ်မှ သွားယူထားသော စက်နှိုးတံကို ကျောက်ခဲဆီ ကမ်းပေးလိုက်သည်။ ကျောက်ခဲက အံ့သြနေ၏။

"ပျောက်မှာစိုးလို့ဟဲ့။ ငါ တက်ဖြုတ်ထားတာ ရော့"
"အေးဗျာ။ နောက်တစ်ခါ ပျောက်ရင် ခင်ဗျားပဲ"
"ထင်ချင်ရာထင်ဟေ့"

ကျောက်ခဲတို့ စကားပြောနေဆဲမှာပင် စက်ဆရာ တစ်ဦးက တစ်ခါတည်း တပ်မလားဟု မေးသည်။ ကျောက်ခဲက အထမ်းသမားများကို လှမ်းခေါ်၏။ လှေသမားများလည်း ဝိုင်းဝန်းပြီး စက်အဟောင်းဖြုတ်၍ စက်သစ် တပ်ပေးကြသည်။ ကျောက်ခဲ၏ စက်အဟောင်းမှာ အသက်ငင်နေပြီ။ ပြုပြင်ရန်ပင် အရေးပေါ် လိုနေပြီ။ စက်ဆရာများနှင့် ပြန်ထည့်ပေးလိုက်ပြီး ဝယ်မည့်သူကို အကြောင်းကြား ခိုင်းလိုက်၏။

"စက်သစ်ကြီးက မိုက်တယ်ကွာ။ ဆယ့်နှစ်သိန်းလားကွ ကျောက်ခဲ"

လှေသမား တစ်ဦးက မေးလာသဖြင့် ကျောက်ခဲ ရယ်ကျဲကျဲ လုပ်နေသေး၏။ မဗမ်းက ကမ်းပေါ်မှ လှမ်းကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေပြန်သည်။ ကျောက်ခဲ သမ္ဗန်ထွက်သွားချိန်အထိ မဗမ်း တစ်ယောက် တွေဝေနေဆဲ။

နုနုဝေ ယောက်ျားလေး မွေး၏။

မြစ်ဆိပ်ရွာမှ ဆရာဝန် ကိုယ်တိုင် လာမွေးပေးသည်။ ချောချောမောမောပင် မွေးနိုင်ခဲ့၏။ ကလေးမှာ အသား ဆွတ်ဆွတ်ဖြူပြီး တရုတ် မျက်နှာပေါက်နှင့်ဖြစ်၏။ ကျောက်ခဲသည် သူတော်စပ်ရမည့် သူ့သားအား ပွေ့ပိုက် ရနိုးနိုး၊ ချော့မြူ ရနိုးနိုးဖြင့် နေမထိ ထိုင်မသာ ဖြစ်ရလေသည်။ ဆရာဝန်က ရယ်နေသည်။ မွေးစာရင်းကိုမူ အဖေ နေရာတွင် ကျောက်ခဲ၏ အမည်တပ်ပေး၏။ ကလေးသည် ကျောက်ခဲ၏ သားဖြစ်လေပြီ။ နုနုဝေက သူ့မယား။ သို့ရာတွင် တို့မရ၊ ထိမရသော မယားဖြစ်နေသည်။ နုနုဝေကသာ သူ့ကိုပိုင်သည်။ စေလိုရာစေ၊ ခိုင်းလိုရာခိုင်းရုံမျှမက ကျောက်ခဲ၏ ဘဝရှေ့ရေးကိုပင် စီမံ ခန့်ခွဲပေးနိုင်ပြန်၏။ အမေကြီးကမူ သူ့ချွေးမ၏ အစီအမံကို နည်းနည်းမျှ မဆန့်ကျင်။ ကျောက်ခဲ သမ္ဗန်အငှား မလိုက်ရတော့ပြီ။

ခြံဝိုင်းထဲမှာပင် ကုန်ခြောက်ဆိုင် ဖွင့်ခွင့်ရတော့သည်။ သမ္ဗန်ကို လပေးဖြင့် အငှားချထားလိုက်၏။ မြို့ကို ဈေးဝယ်ထွက်သည့်အခါ ကျောက်ခဲ တစ်ယောက် ဦးဂျမ်း ပုဆိုးအချောစားဖြင့် ကော်လာ တောင့်တောင့် အင်္ကျီကို ဝတ်၍ အကြော့သား ထွက်ရသည်။ ပြန်ရောက်လျှင် အမြိန့်သား ထမင်းစားရသည်။ အိမ်မှုကိစ္စ စီမံရသည်။ မီးဖိုချောင်ပင် မလွတ်။ ပြီးလျှင် ဆိုင်မှာထိုင်ရပြန်၏။ အမေကြီး ခမျာလည်း ကလေး ကိစ္စဖြင့် နားရသည်ဟူ၍မရှိ။ သို့သော်ငြား ချွေးမတော် မဖုရားအား အထူး ချစ်မြတ်နိုး ရှာသည်။

ကလေးနှစ်လပြည့်သောအခါ နုနုဝေ ခရီးထွက်တော့မည်ဟု ဆိုလေပြီ။ ကလေးကိုမူ သည်မှာပင် ထားခဲ့မည်၊ ဘယ်ကိုသွားမည် ဆိုသည်ကို မပြော။ မေးလို့မရ။ သူပြန်မလာမချင်း ဤအခြေအနေများကို မပျက်မယွင်း ဆက်လက် ဆောင်ရွက်နေပါရန် ကျောက်ခဲက သစ္စာ ခံရသေး၏။ ခရီးမထွက်မီ ညကမူ ကျောက်ခဲကို ခေါ်၍ အထူးမှာကြားလေသည်။

"ဟဲ့ ကျောက်ခဲ ငါပြောတာတွေ မမေ့နဲ့နော်။ ကလေးကို ဂရုစိုက် ကြားလား။ ငါ ပိုက်ဆံ ရစရာရှိလို့ သွားမှာနော်။ ဟဲ့ ငါပြောတာ ကြားလား"

နုနုဝေက ပြောပြောဆိုဆို ကျောက်ခဲ လက်မောင်းကို ကိုင်လှုပ်ရင်း မျက်နှာကို စေ့စေ့ကြည့်၏။ ကျောက်ခဲက မကြည့်လို၍ မျက်နှာလွှဲသည်။ နုနုဝေ ရယ်သွမ်းသွေးတော့သည်။

"ဘာလဲ နင်ငါ့ကို စိတ်ဆိုးသလားဟင်။ ပြောဦးလေဟာ။ ဟဲ့ ပြောလေ"

ကျောက်ခဲကို ကလေးချော့သလို ချော့ရင်း မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် ပွတ်ကိုင် လှုပ်ယမ်းနေသည်။

"ငါ ပြန်လာမှာပါဟာ။ နင် အဲဒီလိုကြီး မနေပါနဲ့။ ဒီမှာ နင်ငါ့ကို မယုံဘူးလား"

ပြောနေရင်းက ကျောက်ခဲကို ရွှတ်ခနဲ နမ်းလိုက်၏။ ကျောက်ခဲ တွန့်ခနဲ ဖြစ်သွားပြီး နုနုဝေကို တအား ကျုံးဖက်သည်။ ရုန်းလို့ပင်မရ။ နုနုဝေက ရုန်းလျက်ဖြင့် တခစ်ခစ်ရယ်သည်။ ကျောက်ခဲကို ခွင့်လွှတ် လေပြီ။ ကျောက်ခဲက တအားနမ်း၏။ ပွေ့၏။ ထို့နောက် တိတ်ဆိတ် သွားကြတော့သည်။ ကျောက်ခဲသည် ထိုတစ်ညသာ သူ့အဖို့ မယားကံ မြောက်ခွင့်ရလေသည်။

နုနုဝေ တစ်ယောက် ဆောင်းမလွန်မီ ခရီးထွက်သွားခဲ့သည်မှာ သင်္ကြန်ပြီးသည့်တိုင် ပြန်မရောက်လာတော့။ သူ့မယား ဘယ်သွားသည်ကို ကျောက်ခဲ မသိ။ ဘယ်မှာနေမှန်းလည်း မသိ။ ရန်ကုန်မှာဟု သိရသော်ငြား ဘယ်အရပ်၊ ဘယ်လမ်းဟူ၍ မသိခဲ့။ ကလေးငယ်သာ အိမ်မှာ မကျန်ရစ်ခဲ့ပါလျှင် ကျောက်ခဲသည် သူအိမ်ထောင်ရှင် ဟူသည်ကို အိပ်မက်ဟုပင် ထင်ကောင်း၏။ အားလုံးကလည်း ကျောက်ခဲ မယားသည် ပြန်လာတော့မည် မဟုတ်ဟု သတ်မှတ်ထားကြသည်။

ထိုသတင်းကို အတည်ပြုလိုသူမှာ မဗမ်းသာတည်း။

မဗမ်းက ကျောက်ခဲ ရှိရာ ရွာသို့ ခဏခဏလာသည်။ ကလေးကို စောင့်ရှောက်ရင်း လာသည်မို့ အမေကြီးကလည်း မပြောသာတော့။ ကလေး၏ ဝေယျာဝစ္စဟူသည် အသက်ခုနစ်ဆယ်ကျော် အမေကြီး အတွက် မချိမဆံ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတော့သည်။ မိုးလင်းမှသည် မိုးချုပ်သည် အထိ ချေးသေး ကိစ္စများကို အမေကြီး ကြာကြာ မတောင့်နိုင်တော့။ ကျောက်ခဲမှာလည်း ဆိုင်တစ်ဖက်၊ ဈေးတစ်ဖက်မို့ ကလေးကိစ္စကို လှည့်မကြည့်နိုင်။

ယခုတော့ ဆိုင်ဖြုတ်ပြီး သမ္ဗန်ပြန်လိုက်ဖို့ ဆုံးဖြတ်တော့သည်။ ဆိုင်မှာ ရောင်းမကောင်း၍ မဟုတ်။ လူမနိုင်၍ ဖြစ်သည်။ ကျောက်ခဲစိတ်မှာ တနုံ့နုံ့ နာလို့လာသဖြင့် ဆိုင်ကို ပိတ်ပစ်ခြင်းလည်း ပါဝင်သည်။ သူ့အပေါ် စနစ်တကျ အကွက်ချပြီး နွားဇာတ်ခင်းခဲ့သည်မှာ သည်ဆိုင်ကအစ ပါနေသည်ကိုး။ ဆိုင်ကို ဖြုတ်ပစ်လိုက်ခြင်းဖြင့် သူ့မယားစကားကို ဆန့်ကျင်လိုက်ပြီဟု သူ့ကိုယ်သူ နှလုံးသွင်းသည်။ နုနုဝေ ထားခဲ့သော ကွာရှင်း စာချုပ်ကိုမူ ကိုင်မကြည့်ချင်။

သမ္ဗန် ပြန်လိုက်ပြီဆိုတော့ ကျောက်ခဲသည် နဂို ကျောက်ခဲ ပြန်ဖြစ်လာတော့သည်။ ယခင်ထက် နည်းနည်းသာသည်မှာ မဗမ်း အပေါ် ပြုမူဆက်ဆံရေးပင် ဖြစ်တော့သည်။ မဗမ်းကလည်း သူ ခင်းလိုက်သည့် ပြဇာတ် အတွက် လစ်လပ်လျက်ရှိသော မင်းသမီးနေရာတွင် ပါချင်နေသကိုး။ ကျောက်ခဲ တစ်ယောက် သူ့အပေါ် ဖော်ရွေလာသည်။ ထမင်းလက်ဆုံ စားလာသည်။ ငွေအပ်ငွေချေး လုပ်လာသည်။ မဗမ်း တစ်ယောက် ကျောက်ခဲကို နှစ်ဆတိုး၍ ကရုဏာ ပိုကဲရတော့သည်။ ကျောက်ခဲ ခမျာ နုနုဝေအား မယား တစ်ယောက်လို အရူးအမဲသား မျှော်သလိုလည်း ငံ့လင့်နေသေး၏။ လုပ်ရသည်မှာ သုံးဝမ်းသုံးခါးတော့ လောက်လောက်ငငပင် စားနိုင်ပါသည်။ စပါးကဲ့သည်၊ လူတင်သည်။ အရေးအကြောင်း မရှိလျှင် ညအိပ်ညနေ လိုက်သည်။ မြစ်ထဲမှာ နေရသည်ကိုပင် ကျောက်ခဲ ပိုကျေနပ်လာ၏။

ဤသို့ဖြင့် တစ်မိုးရာသီ ပေါက်ခဲ့ပါလေပြီ။
မြစ်သည် စီးမြဲစီးနေ၏။
မဗမ်းသည်လည်း လင်တစ်ကောင်ရရန် အားခဲလျက်။
မြစ်ဆိပ်သည်လည်း လှေတရုန်းရုန်း၊ လူတရုန်းရုန်း။
ဘကြီးစိန်လည်း သူ့တာဝန် သူ ထမ်းဆောင်ဆဲ။
မိုးသည် မြစ်ဆိပ်ပေါ် သွန်းချရန် တောင်ဆီမှ ရွှေ့ရွှေ့လာချေပြီ။

* * *

တောင်မှ မိုးသည် မြည်သံဟည်း၍ ပြိုလုလုညို့ကာ မှိုင်းနေပြီ။

ကျောက်ခဲက သမ္ဗန်ကို ကြိုးစရှည်ရှည်ချည်၍ တက်လာသော မိုးရိပ်များကို လှမ်းကြည့်နေ၏။ မဗမ်းက ကွမ်းယာဆိုင်ခုံများကို ခပ်မြန်မြန် သိမ်းနေသည်။ ဘကြီးစိန်က တဲဝမှ လှမ်းကြည့်ရင်း"မြန်မြန်လုပ်ဟေ့။ မုန်တိုင်းရှိတယ်" ဟု မဗမ်းကို လှမ်းအော်၏။ မဗမ်းက ကျောက်ခဲကို မေးငေါ့ပြရင်း ပြန်အော်သည်။

"ကျောက်ခဲကို ခေါ်ဦး။ မြစ်ထဲမှာ ဘာလုပ်နေတာလဲ"
"လာမှာပါဟ။ နင် ထမင်းစားပြီးပြီလား"
"လာပြီ အဘရေ။ တံခါးချက် ချလိုက်ဦးမယ်"

မိုးက သွန်းချလေပြီ။ မိုးသည် ကျောက်ခဲကို မိလိုက်၏။ ကျောက်ခဲက မြစ်လှေကားထစ်များပေါ် တစ်လှမ်းချင်း တက်လာ၏။ မဗမ်းက ဘကြီးစိန် တဲဝမှ လှမ်းကြည့်ရင်း ခေါင်းကိုယမ်းသည်။ ဘကြီးစိန်က ရေနွေးခွက်များကို လှုပ်ဆေးရင်း မိုးကို ညည်းနေ၏။

"ကျောက်ခဲ ထမင်းစားရအောင် လာဟဲ့"

မဗမ်းက ကျောက်ခဲကို တဲထဲဝင်လာရန် လှမ်းခေါ်ရင်း ထမင်းချိုင့်ကို ပြသည်။ ကျောက်ခဲက မဖြေ။ ဘကြီးစိန်ရှိရာ လျှောက်သွားပြီး ရေနွေးကြမ်း ပန်းကန်ထဲသို့ ရေနွေးငှဲ့ကာ သောက်ရန်ပြင်သည်။

"နင့်မလဲ ကျောက်ခဲရယ်။ သူ မလာတော့လည်း ဘာဖြစ်လဲ။ ချစ်လို့ညားကြတာမှ မဟုတ်တာ နော် ဘကြီးစိန်"
"ကံပေါ့ကွယ်"
"သူ့သားဆီတောင် သူ မလာတာ။ နေပေါ့ဟာ။ ကိုယ်က အနေသာကြီးပါဟာ"

မဗမ်း စကားမဆုံးခင်မှာပဲ တဲအပြင်မှ ကားဟွန်းသံ ဆက်ကာဆက်ကာ ပေါ်လာသဖြင့် မဗမ်းက ထမင်းချိုင့်ချရင်း ထွက်ကြည့်ရန် ပြင်နေခိုက် ကျောက်ခဲက ဘာလှမ်းမြင်လိုက်သည်မသိ။

"ပြန်လာပြီဟ"

ကျောက်ခဲ ဝုန်းခနဲထ၍ တဲပေါ်မှ ခုန်ချကာ အပြင်သို့ ပြေးထွက်သည်။ မှန်၏။ နုနုဝေ ပြန်လာချေပြီ။ ကားမှာ တဲနားအထိ မောင်းရန် မလွယ်။ အုန်းပင်ပြတ်များ ခုတ်လှဲ၍ ကန့်လန့်ချထားသောကြောင့် မလှမ်းမကမ်းမှာသာ ရပ်ထားရ၏။ ကျောက်ခဲက ကားကိုတွေ့ပါလျက် တဲဝ အလွန်မှာပင် ရပ်နေသည်။ နုနုဝေ ပြန်လာပြီ။ သူ့မယား နုနုဝေ ပြန်လာပြီ။ သို့သော် တစ်ယောက်တည်းမဟုတ်။ ကားတံခါးဖွင့်၍ ဆင်းနေခိုက်မှာပင် အသက်ငါးဆယ်ကျော် ဂျာကင်အင်္ကျီ ဝတ်ထားသည့် လူကြီးတစ်ဦးက ဖေးမ တွဲကူ၍ ဆင်းလာခြင်းပင်။ နုနုဝေကို ထီးမိုး ပေးထား၏။ ကျောက်ခဲ ကြည့်နေရင်းက ဆွံ့အနေသည်။ နုနုဝေက ကျောက်ခဲကို မြင်၏။ ခေါင်းလေးငဲ့ပြရင်း တဲဆီသို့ နှစ်ယောက် တွဲ၍ ချဉ်းကပ်လာပါပကော။

"ဟဲ့ ကျောက်ခဲ။ ဘယ်သူနဲ့လဲဟ"

မဗမ်းက ကျောက်ခဲ နံဘေးမှာ လာရပ်ရင်း မေး၏။ ကျောက်ခဲ ခေါင်းခါသည်။ ပြီးတော့ တဲထဲသို့ ပြန်ဝင်လာတော့သည်။ မဗမ်းကတော့ စောင့်ကြိုရစ်၏။

"မဗမ်း နေကောင်းတယ်နော်"
"အေး လာလေ"

မဗမ်းက နုနုဝေကို လက်ကမ်းပေးရင်း တွဲခေါ်ခဲ့သည်။

ဘကြီးစိန်ကလည်း နုနုဝေ တို့ကို လှမ်းခေါ်၏။ ရေနွေးဝိုင်းသည် သုံးမိနစ်မျှ တိတ်၍ နေတော့သည်။ မိုးက ငါကွဟု အော်သံပေး၍ ဟီးဟီးချကာ ရွာနေဆဲ။ ကျောက်ခဲက ခေါင်းကြီး ငုံ့ထားသည်။ နုနုဝေက ကျောက်ခဲကို ငေးနေ၏။ ပြီးတော့မှ …

"ကျွန်မ နောက်အိမ်ထောင် ပြုလိုက်ပြီ ဘကြီးစိန်။ အဲဒါ …"

နုနုဝေက စကားမဆက်။ ဘေးမှ အမျိုးသားကြီးကို ငဲ့စောင်းကြည့်ရင်း …

"အစ်ကိုကြီး ဒါ ကျွန်မ ပြောတဲ့ ကိုကျောက်ခဲလေ၊ ကျောက်ခဲ … ဟဲ့ … ကျောက်ခဲ"

ကျောက်ခဲက မော့ကြည့်သည်။

"နေကောင်းကြလား"

ကျောက်ခဲ ခေါင်းညိတ်၏။ ပြီးတော့ မပြောမဆို မဗမ်းလက်ကို လှမ်းဆွဲပြီး"ဒါ ငါ့မယား" ဟု ပြောချလိုက်၏။ မဗမ်းက လန့်ပြီး လက်ကို ရုန်းဟန်ပြင်သည်။ ကျောက်ခဲက မလွှတ်။ နုနုဝေက အံ့အားသင့် နေသည်။ ကျောက်ခဲက ဆက်ပြော၏။

"ကလေးကို ခေါ်မသွားနဲ့။ နင်လည်း ဗိုက်ကြီးနေပြီပဲ။ ထပ်မွေးပေါ့"

နုနုဝေက သူ့ဗိုက်ပူပူလေးကို ပြန်စမ်းရင်း ခေါင်းညိတ်သည်။
ပြီးတော့မှ …

"ဘကြီးစိန်ကို ကျွန်မတို့ ကန်တော့မလို့ ကျောက်ခဲရယ်။ အမေ့ကိုလည်း ငါ ကန်တော့ခဲ့တယ်"
"သေဘာပဲ"

နုနုဝေတို့ ဘကြီးစိန်ကို လက်အုပ်ချီ၍ ကန်တော့သည်။ ကျောက်ခဲအား ပလတ်စတစ်ထုပ်ထားသော ငွေထုပ်ကို ပေး၏။ ကျောက်ခဲက ယူပြီး ပြန်ချထားလိုက်သည်။ အမျိုးသားက ပြန်ဖို့ပြင်သည်။ နုနုဝေလည်း ပြန်လိုပြီ။ မဗမ်းက နုနုဝေကို ဆွဲ၍ထူပေးသည်။ ဘယ့်နှယ်လဲဟု မေး၏။ နုနုဝေက ပြုံးရင်း ဖြေသည်။ ပြီးတော့မှ"ကလေးကို ဂရုစိုက်ပါနော်။ ကျောက်ခဲကိုရော"

မဗမ်းက ရယ်ရင်း ငါ့လင်ပါဟယ်ဟု အဖြေပေးလိုက်လေသည်။

မိုးက ဝေါခနဲရွာချရင်း ဩဘာပေးလိုက်သည်။ အာဃာတ မိုးကြိုးသံ ဒိန်းခနဲ မြည်ဟည်း၏။ မြည်းဟည်းသံ ကြီးလှသဖြင့် နုနုဝေရော၊ မဗမ်းပါ သူတို့ ပိုင်ဆိုင်ရထားသည့် လင် ယောက်ျားသားများ၏ လက်ကို ဆွဲထားလိုက်ကြ၏။ လင်သားတို့၏ လက်များကား အေးစက်စက်။ သို့သော် မရုန်းကြချေ။

သူ့လင် ကိုယ့်လင် ဘယ်သို့မြင်လည်း
အရေးအခိုက်၊ သည်းထိတ်လှိုက်သော်
ကိုယ့်လင်လက်သာ ခရာတည်း။



မာန် (တောင်လုံးပြန်)
ရွှေအမြုတေ၊ ဇူလိုင်၊ ၂၀၀၈။

Wednesday, July 24, 2019

ဈေးကွက်အတွင်းမှ အရောင်းအဝယ်ဖြစ်သောကျောက်မျက်များ

ဈေးကွက်အတွင်းမှ အရောင်းအဝယ်ဖြစ်သောကျောက်မျက်များကို စုစည်းတင်ပြပေးထားပါသည်။

(၁) ကျောက်စိမ်း
Jadeite Jade



ကိုယ့်နိုင်ငံရဲ့ အဓိကထွက်ရှိတဲ့ ရတနာဖြစ်သလို တရုတ်ဈေးကွက်ရဲ့ အဓိကဝယ်လိုအားကျောက်မျက်တခု ဖြစ်နေခြင်းကြောင့် ဈေးကွက်အခိုင်အမာ ရရှိထားသော ကျောက်မျက်ဖြစ်ပါတယ်။ ကျောက်စိမ်းလို့ပြောလိုက်တာနဲ့ တရုတ်ပြည်ကြီးပြေးမြင်မိသလို တောင်ကြီးတောင်ငယ်အသွယ်သွယ်ကနေ ချောက်ကမ်းပါးတွေဖြစ်နေတဲ့ ကချင်ပြည်နယ်ဖားကန့်ကိုလည်း သတိရမိပါတယ်။
ထွက်ကုန်ရဲ့ ၉၀% ကျော်ဟာ အခွန်မဲ့ တရုတ်ပြည်ထဲကို စီးဝင်နေတဲ့ နှစ်ပေါင်းက ဆယ်စုနှစ်များစွာ။ တချို့အမြင်မှာ ရာစုနှစ်များစွာပါလို့ ပြောကြပါတယ်။ နိုင်ငံရဲ့အခွန်အခတွေ ဆုံးရှုံးနှစ်နာရသလို ဒီကျောက်စိမ်းအပေါ်မှီခိုနေတဲ့ လက်နက်ကိုင်တွေကလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘယ်လိုမှ ညှိမရနိုင်အောင် အမြစ်တွယ်နေကြပါတယ်။ ပြည်တွင်းအမည်ခံ တရုတ်ကုမ္ပဏီတွေရဲ့ ခြယ်လှယ်မှုအောက်မှာ မလူးသာမလွန့်သာနဲ့ ကျောက်စိမ်းတွေရဲ့ ဆုံးရှုံးမှုတန်ဖိုးက ဘီလျံများစွာပါ။

ဈေးကွက်အနေနဲ့ကတော့ ပြည်တွင်းမှာ မန္တလေးက အဓိကဖြစ်ပြီးတော့ ရန်ကုန်မှာလည်း အရောင်းအဝယ်ရှိကြပါတယ်။ ရေးမဆေးကျောက်အရိုင်း၊ လွှာချပ်၊ ပန်းပု၊ တစ်စ၊ လုံးချော၊ ပုတီး၊ လက်ကောက်စသဖြင့် မျိုးစုံ ရှိကြပါတယ်။ မြန်မာပြည်ဈေးကွက်က တရုတ်ပြည်နဲ့ယှဉ်ကြည့်မယ်ဆိုရင် အလွန်သေးငယ်ပါတယ်။ကျောက်စိမ်းလုပ်နေတဲ့ သူတို့ဆီက မြို့ငယ်တခုစာတောင် မရှိပါဘူး။ ပြည်တွင်းဈေးကွက်မှာလည်း တရုတ်တွေရဲ့ ဝယ်လက်သာအဓိကထားကြရလို့ အားလုံးဟာ တရုတ်ပါပဲ။
အချောထည်အနေနဲ့ ပုတီး၊လက်ကောက်နဲ့ အရည်ကျောက်တွေကိုသာ အဓိကအားထားရပါတယ်။ ပန်းပုတွေက ပြည်ပလက်ရာတွေအဓိကအားကိုးကြရပြီး အချောထည်အများစုက တရုတ်ပြည်ကနေ ပြည်တွင်းကို ပြန်လည်စီးဝင်ကြရပါတယ်။ ဒါကြောင့်မို့ တရုတ်တွေရဲ့ ထိမ်းချုပ်မှုနဲ့အတူ မြန်မာ့ကျောက်စိမ်းလောကဟာ အသက်ဝင်စီးဆင်းကြရပါတယ်။

ကျပ်ငွေထောင်ဂဏာန်းကနေ ဒေါ်လာသန်းချီတန်တဲ့ ကျောက်စိမ်းဈေးကွက်ဦးမော့လာဖို့ မတတ်နိုင်တဲ့အနေအထားတခုဆိုပေမယ့်လည်း ပြည်တွင်းမှာတတ်နိုင်သလောက် အရောင်းအဝယ်တွေ လုပ်နေကြပါတယ်။ဈေးကွက်အနေအထားအရ ရေမဆေးရှာသူတွေကနေပြီး ကုန်သည်ပွဲစားတွေ ကျောက်စိမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းနေသူတွေက အများစုပါ။

(၂) ပတ္တမြား
Ruby



ပတ္တမြားက မြန်မာ့ကျောက်မျက်အခန်းကဏ္ဍမှာ အရေးအကြီးဆုံးအနေအထားကနေ ရပ်တည်နေပါတယ်။ ဘားမားရူဘီ လို့ခေါ်ကြတဲ့ မြန်မာ့ပတ္တမြားတွေက သမိုင်းကြောင်းအလှဆုံးနဲ့ တန်ကြေးအကြီးဆုံးအဖြစ်ကမ္ဘာက အသိအမှတ်ပြုထားရပါတယ်။
အင်္ဂလိပ်ခေတ်တုန်းက မြန်မာ့ပတ္တမြားတူးဖေါ်ရေးလုပ်ငန်းကို စနစ်တကျတူးဖေါ်ထုတ်လုပ်ခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပတ္တမြားထုတ်လုပ်မှုတွေ
ကျဆင်းလာပေမယ့် မိုင်းရှူးရတနာမြေက ပတ္တမြားတွေကြောင့် မြန်မာ့ပတ္တမြားလုပ်ငန်းက ဦးဆောင်နေမြဲဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ မြန်မာ့မြေက ပတ္တမြားတွေထွက်ပေမယ့် ဈေးကွက်မှာဝေစုအကြီးဆုံးရသွားတာကတော့ အိမ်နီးချင်းထိုင်းနိုင်ငံပဲဖြစ်ပါတယ်။ မြန်မာ့အဖိုးတန်ပတ္တမြားတွေကို အဓိကဖြန့်ဖြူးပေးသလို မီးဖုတ်ပြုပြင်တဲ့နည်းစနစ်ကိုလည်း ပိုင်ဆိုင်ထားတာကြောင့် မြန်မာ့မိုင်းရှူးပတ္တမြားတွေ မိုင်းရှူးတစ်တောင်လုံး ထိုင်းနိုင်ငံကို ထိုးအပ်ခဲ့ရတယ်လို့ဆိုရင် လွန်မယ်မထင်ပါဘူး။

ယနေ့ခေတ်အချိန်အထိလည်း ဦးပိုင်၊ အကျိုးတူ၊ ဖက်စပ် စသဖြင့် ခရိုနီတွေရဲ့လက်ဝါးကြီးအုပ်ထားမှုတွေနဲ့ မြန်မာ့ပတ္တမြားဟာ ကမ္ဘာကို ဖြန့်ချိနေပေမယ့် ပြည်သူတွေအတွက်ဘာမှအကျိုးမရှိသလို နိုင်ရဲ့ ဘဏ္ဍာအခွန်ငွေလည်း ဖြစ်မလာခဲ့ရပါဘူး။ အာဖရိက ကလာတဲ့ပတ္တမြားတွေ၊ မီးဖုတ်ဖန်ဖြည့်ပတ္တမြားတွေနဲ့ ပြည်တွင်းဈေးကွက် ဦးမော့လာဖို့ မလွယ်ပေမယ့် တနိုင်တပိုင်နဲ့ ခိုးတွင်းကျောက်ရှာဖွေပေးသူတွေကြောင့် မလူးသာမလွန့်သာ ရုန်းကန်နေကြရတဲ့အနေအထားပါ။ မိုင်းရှူး၊ နန့်ယားတို့ကလည်း ထွက်ရှိတဲ့ ပတ္တမြားတချို့လည်း ဈေးကွက်ထဲမှာ တွေ့မြင်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဈေးကွက်အကြိုက်အတ္တမြားတွေက ပုံစံမျိုးစုံနဲ့လည်ပတ်နေကြရင်း ထာဝရ တည်ရှိနေကြမှာပါ။

(၃) နီလာ
Sapphire




တကယ်ဆိုပတ္တမြားနဲ့နီလာက ခွဲခြားမရအောင်ကို အတူတူတွက် အတူတူရောင်းကြတာပါ။ ဒါပေမယ့် နီလာတွေကို ပိုလို့ပေါများစွာတွေ့ရပြီး တန်ဖိုးအားဖြင့်လည်း ပတ္တမြားအောက် တဆင့်နိမ့်တယ်လို့ ဆိုနိုင်ပါတယ်။။ နီလာကို အပြာရောင်အပြင် ရောင်စုံအနေနဲ့ ပေါများစွာတွေ့ရှိရပြီး ပြည်တွင်းဈေးကွက်အနေနဲ့ အားအထားရဆုံးကျောက်လို့ တင်စားချင်ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာလည်း မြန်မာ့ရှားပါးနီလာအပြာတွေက နေရာယူထားပါတယ်။
ပြည်တွင်းဈေးကွက်အနေအထားအရ မိုးကုတ်နီလာတွေက ဈေးကောင်းကြလို့ ပြည်ပကနေ ပြန်လည်ဝင်ရောက်လာကြတာတွေလည်း အများဆုံးပါပဲ။ မီးဖုတ်ပြုပြင်ထားတဲ့နီလာတွေ သီရိလင်္ကာကနီလာတွေစသဖြင့် ဈေးကွက်ထဲ အရောရောအနှောနှော အရောင်းအဝယ်တွေ ပိုလို့ဖြစ်နေကြပါတယ်။

အထက်ကတင်ပြခဲ့သလို ရောင်စုံနီလာတွေကိုလည်းပေါပေါများများနဲ့အရောင်းအဝယ်လုပ်နေကြတော့ ဈေးကွက်ယန္တယားအတွက် အလုပ်အကိုင်တွေ အခွင့်အလမ်းတွေ ပိုလို့ရစေတယ်လို့ မြင်မိပါတယ်။

အပြာရောင်အပြင် လူကြိုက်များတဲ့ က္ကန္ဒနီလာ(ခရမ်းရောင်)၊ နီလာဝါ၊ နီလာဖြူ(ဥဿဖယား)၊ ရောင်စုံနီလာဂေါ်ကြိုးတွေကလည်း ဈေးကွက်အတွင်း အပေါများဆုံးအရောင်းအဝယ်လုပ်နေကြရတာပါ။

(၄) စိန်



Diamond

တကယ်တမ်းပြောရရင် စိန်က ဈေးကွက်အတွင်း အရောင်းအဝယ်အဖြစ်ဆုံး ကျောက်ဖြစ်လို့ နံပါတ်တစ်နေရာမှာ ထားရမှာပါ။ ဒါပေမယ့်လည်း စိန်ကို မြန်မာပြည်မှာ လောက်လောက်လားလား မထွက်ရှိတာကတကြောင်း၊ နိုင်ငံတကာကနေ ဈေးကွက်ထဲ ပြန်လည်စီးဝင်လာကြရတာတွေကြောင့် နံပါတ်လေးနေရာ ပေးလိုက်ရတာပါ။ ဒါ့အပြင် စိန်ဆိုတာက လိုသလောက် ရနိုင်တဲ့ ထွက်ကုန်ရတနာတပါးဖြစ်နေတာကလည်း တကြောင်းပေါ့။
စိန်ကုန်တိုက်တွေ စိန်ကုန်သည်တွေကလည်း ဈေးကွက်ထဲမှာ နေရာတော်တော်များများကို ယူထားကြပါတယ်။ အရင်တခေတ်က စိန်ထည်တွေဆိုရင် ရှားပါးအဖိုးတန်လို့ အများစု မဝတ်ဆင်နိုင်ကြပဲ မိုးကုတ်ပတ္တမြားနီလာ အညံ့တွေကို ဝတ်ဆင်ကြရတာပါ။ ဒီနေ့ခေတ်မှာတော့ ပြောင်းပြန်အချိုးနဲ့ အပြောင်းလဲကြီးပြောင်းလဲလို့ စိန်ထည်တွေဆိုတာ ဈေးကွက်ထဲမှာ အလှူပေးနေသလားအောင့်မေ့ရလောက်အောင် ပေါများချက်ပါပဲ။

စိန်ကအခွန်လွတ်ကင်းတာမို့ ပြည်တွင်းကို မျက်နှာပြောင်တိုက်ဝင်လာလိုက်ကြတာ။ ဈေးတွေကလည်းအပြိုင်အဆိုင်နဲ့ စိန်တွေရဲ့အရည်အသွေး၊ ပြုပြင်ထားတဲ့စိန်တွေ၊ ချက်လုပ်ထားတဲ့စိန်တွေရဲ့အရောအနှောတွေ စသဖြင့် ဈေးကွက်အတွင်း စိန်ခေါ်မှုတွေ ကြီးကြီးမားမား ရှိနေတာကို သိစေချင်ပါတယ်။
ဝတ်ဆင်တဲ့လူတွေလည်းရှုံး တိုင်းပြည်အတွက်အခွန်ငွေလည်းမရ ဒါပေမယ့် စိန်ထည်လား စိန်အကြွေလား စိန်ပွင့်ကောက်လား စသဖြင့် ရတနာလုပ်ကိုင်နေသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေများစွာနဲ့ ဈေးကွက်ထဲမှာတော့ ထာဝရစိန် ပါပဲ။

(၅) ပုလဲ
Pearl



ကျောက်မျက်ရတနာလို့ ပြောလိုက်တာနဲ့ ပုလဲရဲ့အခန်းကဏ္ဍက မပါမဖြစ်အရေးပါလှပါတယ်။ကျောက်မျက်ဈေးကွက်မှာ ပုလဲတွေကလည်း ဝေစုများစွာ ရရှိနေကြပါတယ်။ မြန်မာ့ပုလဲတွေကို ကမ္ဘာက တန်ဖိုးထား လေးစားကြပါတယ်။ လှပတဲ့အရောင် အရွယ်အစားနဲ့ အသားထူမှုတွေက တခြားနိုင်ငံထွက်ပုလဲတွေထက် ပိုလို့မှစွဲမက်ဖွယ် အလှတရားကို ပိုင်ဆိုင်ထားပါတယ်။

south sea pearl လို့အတူတူ ခေါ်ဝေါ်ကြတဲ့ ဩစတြေးလျပုလဲ၊ အင်ဒိုပုလဲ၊ ဖိလစ်ပိုင်ပုလဲ တွေထဲမှာ မျက်နှာအပွင့်ဆုံးနဲ့ တန်ဖိုးအထားဆုံးက မြန်မာ့ပုလဲတွေပါ။

ဂျပန်ပုလဲတွေ တရုတ်ရေချိုပုလဲတွေစသဖြင့် ဈေးကွက်ထဲမှာပုလဲအမျိုးပေါင်းစုံလင်စွာ ရှိကြပါတယ်။ တန်ဖိုးအကြီးဆုံး မီလိုပုလဲတွေကလည်း မြန်မာ့ကမ်းရိုးတန်းကနေ အဓိက ထွက်ရှိကြလို့ ပုလဲနဲ့ပတ်သတ်ပြီး ဈေးကွက်အတွင်း ဂုဏ်ယူစရာတခုလို့ မြင်မိပါတယ်။

ပုလဲအရောင်းအဝယ်လုပ်ငန်းတွေနဲ့ ဈေးကွက်အတွင်း အလုပ်အကိုင်များစွာဖြစ်ကြသလို မြန်မာ့ပုလဲမွေးမြူရေးနဲ့ ထုတ်လုပ်ရေးကလည်း နိုင်ငံအတွက် တဖက်တလမ်းကနေ ဝင်ငွေရရှိအောင် စွမ်းဆောင်နေမယ်လို့ ထင်မြင်မိပါတယ်။

(၆) မြ
Emerald



တော်ဝင်ရတနာတပါးအဖြစ် ကျောက်မျက်ရတနာချစ်သူတွေ လက်ခံဝတ်ဆင်ကြတဲ့ မြကျောက်ကတော့ မြန်မာပြည်မှာ မထွက်ရှိသေးပါဘူး။ လှပမှုသက်သကမဟုတ်ပဲ ကြော်ငြာတွေကောင်းလို့ အောင်မြင်ခဲ့တဲ့ ကျောက်တစ်ပွင့်လားလို့ ခံစားမိပါတယ်။ ရှေးခေတ် ဘုရင်တွေလက်ထက်ကတည်းက ဝတ်ဆင်လာလိုက်ကြတာ ဒီကနေ့ ဈေးကွက်ထဲမှာ မြဖြစ်ရင်ပြီးရော။ ပြုပြင်ထားတာတွေကင်းလွတ်တဲ့ မြအရေအတွက်က ကိုယ့်ကျောက်မျက်ဈေးကွက်မှာ ရှားပါးနေကြပြီး အများစုက ပြုပြင်ထားကြလို့ တန်ဖိုးတွေကို လေ့လာစဉ်းစား ချင့်ချိန်စေချင်ပါတယ်။

စိန်လိုပဲ အခွန်မဲ့ နိုင်ငံခြားကနေ ဝင်လာကြပါတယ်။ အဆိုးဆုံးက မြလို့ ပြောနိုင်ပေမယ့် အဆင့်မြင့် ပြုပြင်ထားတာတွေကို ဈေးကွက်ထဲမှာ တန်ဖိုးထားရောင်းဝယ် ဝတ်ဆင်နေကြတာ သိပ်တော့ ဘဝင်မကျပါဘူး။ ကိုယ့်နိုင်ငံက မထွက်ပေမယ့် နဝရက် ကိုးပါးဝင် သိဒ္ဓိအောင်ကျောက်ဖြစ်အောင် အစီအမံပြုသူတွေကို လေးစားမိပါတယ်။ တကယ်တော့ ရတနာနဲ့အစွမ်း၊ ရတနာရဲ့ အစွဲအလမ်းထက် လက်တွေ့ကျတဲ့ေ ကျာက်ရည်ကျောက်သားနဲ့ အလှအပတွေကို ခံစားတတ်စေဖို့ မြတွေကိုကြည့်ရင်း အသိဝင်လာမိတယ်။ မပြုပြင်ထားတဲ့ လှပတဲ့ မြတွေရဲ့တန်ဖိုးက အရမ်းများနေပြီး မြအမည်ခံ ပြုပြင်ထားတဲ့မြကျောက်တွေက တန်ကြေးနည်းလွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် မြဆိုတဲ့ရတနာတပါးက မြန်မာ့ကျောက်မျက်ဈေးကွက်မှာ ထာဝရရှင်သန်နေမှာပါ။

(၇) သီလဂုတ်
Chrysoberyl cat's eye




ကြောင်ကျောက်အဖြစ် သတ်မှတ်ထားတဲ့ သီလဂုတ်ကျောက်တွေကလည်း ရတနာတန်းဝင် နဝရက်ကိုးသွယ်မှာ ပါဝင်တဲ့ ကျောက်တမျိုးပါပဲ။ ခက်တာက ကိုယ့်နိုင်ငံထွက်မဟုတ်ပဲ အိန္ဒိယဘက်က ဝင်လာကြတာပါ။

ရှားပါးတဲ့သီလဂုတ်တာပလာတွေကိုတော့ မိုးကုတ်မှာ တခါတရံမှသာ တွေ့ရပါတယ်။ အခုနောက်ပိုင်း စိမ်းဝါရောင်သီလဂုတ်တွေကို မိုးကုတ်မှာထွက်ရှိလာပါတယ်။ ဈေးကွက်မှာ လူအများကြိုက်ပေမယ့် ပေါပေါများများမရနိုင်လို့ အိန္ဒိယဘက်က သီလဂုတ်တွေကိုသာ နဝရက်ကျောက်တွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေကြပြီး လူကြိုက်များတာအမှန်ပါ။

(၈) အညံ့ပန်း
Spinel




မြန်မာ့ကျောက်ဈေးကွက်ရဲ့ ရောင်းဝယ်မှုအများဆုံးထဲမှာ အညံ့ပန်းတွေလည်းပါဝင်ပါတယ်။ ရှေးယခင်နှစ်များစွာကတည်းက ထမင်းစားကျောက်အဖြစ် သတ်မှတ်ခဲ့ကြတဲ့အညံ့ပန်းလေးတွေက အခုအချိန်အခါမှာ တန်ဖိုးကြီးကျောက်မျက်တန်းဝင်ဖြစ်လို့နေပါပြီ။ တချိန်တုန်းက ရောင်စုံအထုပ်စီးတွေက အခုချိန်မှာ ပွင့်ကောက်တွေ ဖြစ်နေကြပြီ။

အညံ့ပန်းကအရောင်အစုံရှိတာမို့ အရောင်အလိုက် ဈေးနူန်းမတူ ကွာခြားပါတယ်။ တန်ဖိုးအကြီးဆုံးက အနီရောင်ပါ။ ပတ္တမြားအရောင်လို ရဲရဲနီတဲ့ အညံ့ပန်းတွေက နီလာနဲ့ ဈေးတန်းယှဉ်လို့ရအောင်ကို တန်ဖိုးထားဈေးပေးကြပါတယ်။ ပန်းနီရောင်၊ အပြာရောင်တွေကလည်း ဈေးကွက်အတွင်း လူကြိုက်များလို့ အရောင်းအဝယ်ဖြစ်ကြပါတယ်။ အညံ့ပန်းတွေက မိုးကုတ်ဒေသမှာပေါပေါများများထွက်သလို ပြည်တွင်းဈေးကောင်းလို့ ပြည်ပကနေ ပြန်သွင်းကြတဲ့ အညံ့ပန်းတွေလည်း ရှိနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောက်မျက်ဈေးကွက်အတွက် မရှိမဖြစ် ပါဝင်အားဖြည့်ပေးနေမယ့်အညံ့ပန်းတွေက ထာဝရ ရှင်သန်နေကြဦးမှာပါ။

(၉) ပြောင်ခေါင်းစိမ်း
Peridot




ထူးခြားတဲ့အလှပိုင်ရှင် ပြောင်ခေါင်းစိမ်းတွေက တနှစ်ထက်တစ်နှစ် ပြည်တွင်းဈေးကွက်မှာ ပိုလို့ ပိုလို့နေရာယူလာကြပါတယ်။ သေးငယ်တဲ့အရွယ်အစားကနေ အရွယ်အစားကြီးကြီးမားမားတွေအထိ အရောင်းအဝယ်ဖြစ်ကြပါတယ်။ ကျောက်ဈေးတွေက တနှစ်ထက်တနှစ်ပိုမြင့်လာသလို ပြောင်ခေါင်းစိမ်းတွေကလည်း သိသိသာသာဈေးတွေမြင့်တက်နေပါတယ်။

မိုးကုတ်မြို့ ပြောင်ခေါင်းရွာဘက်အခြမ်းမှာ ကြီးမားလှတဲ့ ပြောင်ခေါင်းစိမ်းပင်မသိုက်ကြောကြီး ရှိနေခြင်းကလည်း ကျောက်မျက်ဈေးကွက်အတွက် ရတနာတပါးပါပဲ။ ရှေးယခင်က ရောင်စုံကျောက်ထုပ်တွေထဲမှာပဲ ရောသုံးကြလေ့ရှိပြီး ယခုအခါမှာတော့ ပြောင်ခေါင်းစိမ်းတွေက ပွင့်ကောက်တွေဖြစ်လို့ တန်ကြေးတွေအဆပေါင်းများစွာမြင့်တက်ပြီး အထည်ကပ်သူ ဝတ်ဆင်သူတွေအကြိုက် ဖြစ်လို့နေပါပြီ။

မြန်မာ့ကျောက်မျက်ဈေးကွက်မှာ တရုတ်ကထွက်တဲ့ ပြောင်ခေါင်းစိမ်းတွေကိုလည်း တွေ့ရပေမယ့် အရောင်က အစိမ်းမှာ အဝါရေပိုများလို့ ဈေးကွက်က သိပ်မကြိုက်ပါဘူး။ သေးငယ်တဲ့အရွယ်တွေမှာ သိပ်မသိသာပေမယ့် အရွယ်ကြီးကြီးတွေမှာ အရောင်တွေက ဟန်မဆောင်နိုင်အောင် ကလက်နေပါတယ်။ အရွယ်အစားကြီးကြီးလည်းမထွက်ပါဘူး။

တရုတ်ပြောင်ခေါင်းစိမ်းနဲ့ မိုးကုတ်ပြောင်ခေါင်းစိမ်းဆိုပြီး ဈေးကွက်အတွင်းခွဲခြားသတ်မှတ်သလို တန်ဖိုးအားဖြင့်လည်းကွာခြားလို့ ဂရုပြုဝယ်ယူကြတာကို မြင်တွေ့မိပါတယ်။ ကျောက်မျက်ဈေးကွက်အတွက် မရှိမဖြစ်အရေးပါသလို တန်ဖိုးထားဝတ်ဆင်ကြတဲ့ ပြောင်ခေါင်းစိမ်းရတနာကလည်း ဈေးကွက်အတွင်းကနေ ဘယ်တော့မှ ထွက်ခွာသွားမှာ မဟုတ်ပါဘူး။

(၁၀) စလင်းစိမ်း/မြပြာ
Aquamarine




ပင်လယ်ပြာအရောင်နဲ့တင်စားခိုင်းနိုင်းထားတဲ့ မြမျိုးရင်းအုပ်စုထဲက စိမ်းပြာရောင် စလင်းစိမ်း/မြပြာတွေကလည်း အရောင်းအဝယ်ဖြစ်တဲ့ကျောက်တွေထဲမှာ ပါဝင်နေပါတယ်။ မြန်မာမှုပြု ပြန်ခေါ်တဲ့အခါမှာတော့ အနည်းငယ်ရှုပ်ထွေးနေပေမယ့် ဒေသခံအများစုက စလင်းစိမ်းလို့ပဲ ခေါ်ဆိုကြပါတယ်။ လှပတဲ့အရောင် သန့်စင်မှုအားပေါ်မှုတည်လို့ ဈေးနူန်းကွာခြားချက်လေးတွေ ရှိနေတတ်ပါတယ်။ ဒါ့အပြင် ဒေသစွဲ တချို့ကြောင့်လည်း နိုင်ငံခြားက ပြန်သွင်းလာတဲ့ မြပြာတွေကိုလည်း ဈေးကွက်မှာ တွေ့ရှိရပါတယ်။

ပြည်တွင်းဈေးကွက်အနေနဲ့ မိုးကုတ်လို့အများသိကြပေမယ့် ကျောက်ဆည်ကူမဲဘက်က လှပတဲ့စလင်းစိမ်း/မြပြာတွေ ပိုလို့ထွက်ရှိပါတယ်။ ကရင်ပြည်နယ်ကထွက်တဲ့ စလင်းစိမ်း/မြပြာတွေက ကျောက်သားပိတ်လို့ ဈေးကောင်းမရပေမယ့် မိုးကုတ်ထွက် စလင်းစိမ်း/မြပြာတွေက ဈေးကောင်းရကြပါတယ်။ တန်ဖိုးထားဝတ်ဆင်ကြပါတယ်။ ပြည်တွင်းဈေးကွက်အကြိုက်ဖြစ်လို့ သတိထားရမှာကတော့ မီးဖုတ်ပြုပြင်ထားတဲ့ နိုင်ငံခြားကျောက်တွေရယ်၊ စလင်းစိမ်း/မြပြာနဲ့ ဆင်တူအောင်တုပထားတဲ့ သလင်းချက်ကျောက်တွေရယ်ကို အဝယ်မမှားဖို့ သတိထားစစ်ဆေးဝယ်ယူသင့်ပါတယ်။

(၁၁) ရွှေတွင်းဝါ
Danburite




အဝါရောင်ရှိတဲ့ကျောက်တွေကို လူကြိုက်နည်းလေ့ရှိပေမယ့် အဝါရောင်ရွှေတွင်းဝါက ဈေးကွက်အတွင်းမှာ ပေါ်ပြူလာဖြစ်လို့ ဈေးကောင်းရနေတာလည်း အံ့ဩစရာပါ။ ဈေးကွက်အတွင်း ကြော်ငြာအားကောင်းလို့ပဲ ထင်မိပါတယ်။ အဝါရောင်တောက်တောက်ပပ တွေကဈေးကောင်းသလောက် အဝါဖျော့ အဖြူရောင်တွေက ဈေးမရကြပါဘူး။ ဝတ်ဆင်သူတွေ စုဆောင်းသူတွေအကြိုက် ရွှေတွင်းဝါက ထပ်တရာအဝါ စလင်းဝါတွေနဲ့ မှားတတ်လို့ ဂရုပြုစစ်ဆေးရန်လိုအပ်ပါတယ်။

နိုင်ငံတကာမှာ ပေါပေါများများနဲ့ လူကြိုက်နည်းတယ်လို့သိရပေမယ့် တကယ့်လှပတဲ့ ရွှေဝါရောင်မျိုးကို မိုးကုတ်ပိန်းပစ်ပြန့်ကြီးမိုင်းလုံတကြောမှာသာ ထွက်ရှိတယ်လို့ ထင်မိပါတယ်။ တကယ်လှပြီးတကယ်ကိုဆွဲဆောင်မှုရှိသလို တချိန်က ရှားရှားပါးပါးသာတွေ့ရပေမယ့် ဒီကနေ့မှာတော့ အတန်အသင့်ပေါပေါများများတွေ့နေရပါပြီ။ ဒါပေမယ် တန်ဖိုးတွေကတော့ ကျမသွားပဲ တနှစ်ထက်တနှစ်တိုးလို့ ဈေးကွက်ထဲမှာ နေရာယူနေတာကို မြင်တွေ့နေရပါတယ်။

(၁၂) ဥဒေါင် လိမ္မော်ဝါ
Spessartine


ဥဒေါင်လို့ပြောလိုက်တာနဲ့ နီညစ်ညစ်အရောင်နဲ့ ဈေးမရတဲ့ ဥဒေါင်အနီမျိုးကိုပဲ ပြေးမြင်မိမှာပါ။ ဥဒေါင်မျိုးရင်းအုပ်စုမှာ အနီ၊ အဝါ၊ အစိမ်း ဆိုပြီး ယျေဘုယျသိကြသလို ရှားပါးအရောင် အဖြူ၊ ပန်းစသဖြင့်လည်းရှိကြပါတယ်။ အနီရောင်တွေက ပေါများစွာတွေ့ကြရသလို အစိမ်းရောင်တွေက မြန်မာပြည်မှာ မထွက်တဲ့ကျောက်ရှိသလို အနည်းငယ်ထွက်တဲ့ ကျောက်လည်းရှိနေပါတယ်။

ဒီအထဲမှာမှ ထူးထူးခြားခြား အဝါရောင်ဥဒေါင်တွေက မိုးကုတ်အနီးတဝိုက်မှာ ထွက်ရှိပြီးတော့ ဈေးကောင်းတွေ ရကြပါတယ်။ လူကြိုက်များကြပါတယ်။ အတိအကျပြောရရင်တော့ အဝါရောင်စစ်တွေမဟုတ်ပဲ လိမ္မော်ရောင်ရောတဲ့အဝါရည်ပါ။ လိမ္မော်ဝါရောင်မှာလည်း ဥဒေါင်က နှစ်မျိုးနှစ်စားရှိပြီး ဈေးကွက်အကြိုက်တန်ဖိုးရတာပါ spessartine စပယ်စတင်းဥဒေါင်တွေပါ။

ပြည်တွင်းဈေးကောင်းတဲ့ ကျောက်မှန်သမျှကတော့ နိုင်ငံခြားက ပြန်ဝင်လာတာချည်းပါပဲ။ ဒါပေမယ့် အရည်အသွေးလှတဲ့ ဥဒေါင်တွေက နိုင်ငံတကာမှာလည်းဈေးမြင့်လို့ ပြဿနာတခုမဟုတ်ပေမယ့် ဒေသစွဲနဲ့ ဝယ်ခဲ့ကြတဲ့ လူတွေကတော့ နစ်နာဆုံးရှုံးရနိုင်ပါတယ်။ တကယ်လှတဲ့ လိမ္မော်ဝါစပယ်စတင်းတွေက ဈေးကွက်အကြိုက်မို့ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်တဲ့ ကျောက်မျက်တမျိုးပါပဲ။

(၁၃) ဖရဲအူ 
ဖရဲအူတွေကိုတော့ လူကြိုက်များ အရောင်းအဝယ်တဲ့ ကျောက်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ပန်းရောင်ကနေ အနီရောင်အထိကို မြန်မာလို ဖရဲအူလို့ခေါ်ကြသလို တခြားအရောင်တွေကိုလည်း အခုနောက်ပိုင်းမှာ ဖရဲအူနဲ့တွဲပြီး ဖရဲအူစိမ်း၊ ဖရဲအူဝါ စသဖြင့်ခေါ်လာကြပါတယ်။ အရင်က ခေါ်ခဲ့ကြတဲ့ မှတ်မီး/မဟူရာ နေရာကို အစားထိုးဝင်ရောက်လာသလို ဖြစ်နေပါတယ်။ အမဲရောင် တိုမလင်းကိုတော့ မဟူရာလို့သုံးပေမယ့် ဈေးကွက်ထဲက အမဲရောင်သလင်း onyx နဲ့ ရောနေတာကလဲ တချို့လူတွေအတွက် ရှုပ်ထွေးစေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖရဲအူအနီတွေ၊ ဖရဲအူရောင်စုံတွေကို ကျောက်မျက်ဈေးကွက်ထဲမှာ လူအများ ကြိုက်နှစ်သက်ပြီး အရောင်းအဝယ်ဖြစ်နေကြတာတော့ အမှန်ပါပဲ။ လုံးချော၊ တာပလာတွေအပြင် ပန်းပုတွေကိုလည်း တွေ့ရှိရပါတယ်။ ကိုယ့်ပြည်တွင်းဈေးကွက်မှာတော့ တန်ဖိုးကြီးဖရဲအူ paraiba စိမ်းပြာရောင်တွေကို မတွေ့ရပေမယ့် ကမ္ဘာ့ဈေးကွက်မှာတော့ တန်ဖိုးကြီးတိုမလင်းအဖြစ် ရောင်းဝယ်ကြပါတယ်။

ပြုပြင်ထားတဲ့ ဖရဲအူတွေလည်း ဈေးကွက်ထဲမှာ တွေ့ရှိရတတ်လို့ သတိထားဝယ်ယူစစ်ဆေးသင့်ပါတယ်။ ရောင်စုံတိုမလင်းတွေလည်း နိုင်ငံခြားကနေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်နေကြလို့ ထွက်ရာဒေသ ထုတ်မပေးကြပါဘူး။ လှပတဲ့ တိုမလင်းတွေက နိုင်ငံတကာမှာလည်းဈေးမြှင့်လို့ ထွက်ရာဒေသက အရေးမကြီးပါဘူး။

(၁၄) မိုးညှင်းနီလာ
Kyanite


တချို့က နီလာအစားထိုး ဝတ်ဆင်ကြပါတယ်။
တချို့က နီလာကဲ့သို့ ဆင်တူယိုးမှား ညာရောင်းကြပါတယ်။ မိုးညှင်းနီလာတချို့က ဆွဲဆောင်မှုရှိပြီး နီလာအလား ထင်မှားရလောက်အောင် လှပပေမယ့် မိုးညှင်းနီလာလို့ ပြောလိုက်ရင် မကြိုက်ကြတော့ပါဘူး။

ဈေးနူန်းအားဖြင့်လည်းသက်သာ လှပါတယ်။ သဘာဝအပြာရောင်ကျောက်၊ ဈေးသက်သက်သာသာနဲ့ ဝတ်ဆင်ချင်ရင်တော့ မိုးညှင်းနီလာတွေ ရှိပါတယ်။ အခုနောက်ပိုင်း မိုးညှင်းနီလာတွေက နိုင်ငံခြားကနေ ပြန်ဝင်လာတာကိုတွေ့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဈေးကွက်ထဲမှာ မိုးညှင်းနီလာတွေကလည်း အရောင်းအဝယ်ဖြစ်ကြပါတယ်။

(၁၅) မျောကျောက်
Moonstone



ရောင်ပြေးအခိုးလေးတွေနဲ့ လှပတဲ့ မျောကျောက်လေးတွေကိုလည်း ဈေးကွက်ထဲမှာ လူအများကြိုက်နှစ်သက်ကြပါတယ်။ အပြာရောင်အခိုးတွေက လှပပြီးဆွဲဆောင်မှုရှိသလို ရွှေရောင်အခိုးတွေက တန်ဖိုးကြီးမားကြပါတယ်။ ပုံမှန် သာမန်မျောကျောက်တွေက တန်ကြေးမရှိပေမယ့် အပြစ်အနာကင်းပြီး အသားအရည်ကောင်းတဲ့ မျောတွေက သိန်းဆယ်ပိုင်း ရာပိုင်းအထိရကြလို့ မျောကျောက်တွေအကြောင်းကို သိထားဖို့ လိုအပ်လှပါတယ်။

ပေါများစွာထွက်ရှိကြပေမယ့် အပြစ်အနာကင်းစင်ပြီး လှပတဲ့ မျောတစ်ပွင့်ရဖို့ ခက်ခဲလှပါတယ်။ ကြောင်မျက်လုံးမျောတွေအပြင် မျက်ကွင်းလို့ခေါ်ကြတဲ့ အလင်းက ဘေးဖက်လေးတန် တောက်ပစွာ ဖြာထွက်နေတဲ့ မျောတွေကို လူကြိုက်များကြပြီး အရောင်းအဝယ်ဖြစ်ကြလို့ ဈေးကွက်အတွင်း တန်ဖိုးထားကြရတဲ့ ရတနာတမျိုးပါပဲ။

(၁၆) ခရမ်းစွဲ
Amethyst




ဒီဘက်ခေတ်မှာ ခေတ်အစားဆုံးကျောက်ကို ပြပါဆိုရင် ခရမ်းစွဲလို့ပဲဖြေမိမှာပါ။ တန်ဖိုးအနေနဲ့ သင့်တင့်သလို လှပပြီး ပေါပေါများများ ဝယ်ယူနိုင်လို့ အရောင်းအဝယ်သမားတွေ အလုပ်ဖြစ်ကြတဲ့ ဈေးကွက်ထဲက ကျောက်တစ်မျိုးပါ။ ခရမ်းစွဲနဲ့ပတ်သတ်ပြီး ဒေသအစွဲကိုတော့ ဈေးကွက်အတွင်းကလူတွေ ချွတ်ခဲ့ကြပြီလို့ ထင်မိပါတယ်။ ဒါပေမယ့် သဘာဝခရမ်းစွဲ ဖားအံ/ ဒေါနခရမ်းစွဲတွေကလည်း ဈေးကောင်းရပေမယ့်အခုနောက်ပိုင်း များများစားစား ထွက်ရှိတာမတွေ့ရပါဘူး။

အများစုက နိုင်ငံခြားက ဝင်လာတဲ့ခရမ်းစွဲတွေပါပဲ။ အရောင်လှအောင် မီးဖုတ်ပြုပြင်လေ့ရှိကြပါတယ်။ ဒါကိုလည်း မီးဖုတ်လို့မဖေါ်ပြမရေးသားပဲ သဘာဝအစစ်အနေနဲ့ လက်ခံသုံးစွဲ နေကြပါတယ်။ အဆိုးဆုံးက ချက်ကျောက်ခရမ်းစွဲတွေပါ။ လူလုပ်ချက်ကျောက်ခရမ်းစွဲတွေကလည်း ဈေးကွက်ထဲမှာ ပေါများစွာတွေ့ရှိနေရတာကြောင့် ဂရုတစိုက် ဝယ်ယူစစ်ဆေးသင့်ပါတယ်။

ဈေးကွက်လိုအပ်ချက်အရ အရောင်းအဝယ်သွက်တဲ့ ခရမ်းစွဲလေးတွေက ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်လို့ အများသူငါကို အကျိုးပြုနေပါတယ်။ တန်ဖိုးသင့် တန်ဖိုးနဲ အောက်ကျောက်လေးတွေလို့ ဆိုစေကာမှု ဈေးကွက်အတွက် လိုအပ်ချက်ကိုဖြည့်စည်းပေးနေတဲ့ ထာဝရရှင်သန်မယ့် ခရမ်းစွဲလေးတွေပါ။

(၁၇) ဘလူးတိုပက်စ်/အပြာရောင်ထပ်တရာ
Blue Topaz



ဘလူးတိုပက်စ်လို့ ပြောလိုက်တာနဲ့ ဈေးကွက်အတွင်း မသိသူရယ်မရှိပါဘူး။ ကျောက်မျက်ဆိုင်တိုင်းမှာလည်း ရှိနေကြလို့ အရောင်းအဝယ်အဖြစ်ဆုံးကျောက်တွေထဲမှာ ပါဝင်ပါတယ်။ ထပ်တရာတွေက သဘာဝမှာ အရောင်မဲ့ အဖြူရောင်အနေနဲ့ ပိုလို့တွေ့ရှိရပြီး ပြုပြင်လိုက်မှသာ လှပတဲ့အပြာရောင်ကိုရရှိပြီး ရောင်းစွံကြတာပါ။ သဘာဝကျောက်တွေကို ပြုပြင်ခြင်းက ကောင်း မကောင်း ငြင်းခုန်တတ်ကြပါတယ်။ ဘလူးတိုပက်စ်/ ထပ်တရာတွေအတွက်ကတော့ ကောင်းတဲ့သက်သေတခုပါပဲ။

နှစ်သက်ရာအရောင်ကိုပြုပြင်နိုင်သလို စိတ်ကြိုက်ပုံဖေါ်သွေးကွက်မျိုးစုံနဲ့ တွေ့ရလေ့ရှိတဲ့ ဘလူးတိုပက်စ်/အပြာရောင်ထပ်တရာတွေက သဘာဝမှာ လှပတဲ့အပြာရောင်ကို တွေ့ရဖို့ ခက်ခဲပါတယ်။

ပြုပြင်ထားတဲ့ ဘလူးတိုပက်စ်တွေကို အားလုံးလက်ခံသုံးစွဲနေသလို မီးဖုတ်ပြုပြင်ထားတဲ့သဘာဝခရမ်းစွဲတွေလည်း ထို့အတူတူပါပဲ။ စစ်ဆေးလို့မရပေမယ့်အရောင်တွေကြည့်ပြီးသိနိုင်တဲ့ ပြုပြင်ခြင်းတချို့ရှိကြပါတယ်။ တန်ဖိုးကြီးကျောက်မျက်ထဲမပါပေမယ့် ဈေးကွက်ထဲမှာ နာမည်တလုံးနဲ့ နေနေကြတဲ့ ဘလူးတိုပက်စ်တွေက ထာဝရရှိနေကြမှာပါ။

(၁၈) ဂေါ်မိတ်
Zircon


ရောင်လက်အားကောင်းကောင်း ပွင့်အားကောင်းကောင်းနဲ့ ဂေါ်မိတ်တွေကလည်း ဈေးကွက်အကြိုက် ကျောက်မျက်ထဲမှာ ပါဝင်ပါတယ်။ အလွယ်တကူ မီးဖုတ်ပြုပြင်လို့ရတဲ့ ဂေါ်မိတ်တွေက ဈေးကွက်ထဲမှာ ပေါပေါများများ မရှိပါဘူး။ အရွယ်သေးသေး ဂေါ်မိတ်တွေကို တွေ့ရများပေမယ့် အရွယ်ကြီးကြီးသဘာဝအနီရောင်၊ အဖြူရောင်ဂေါ်မိတ်တွေက ရှားပါးလှပါတယ်။

တချိန်က အရွယ်စုံ ဆိုဒ်စုံ ရောင်စုံကျောက်ထုပ်တွေထဲမှာ ဂေါ်မိတ်ကို တွေ့ရလေ့ရှိပါတယ်။ အခုချိန်မှာလည်း လှပတဲ့ဂေါ်မိတ်တွေ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်လို့ တန်ဖိုးထားနှစ်သက်ကြဆဲပါပဲ။
မီးဖုတ်ထားတဲ့ ဂေါ်မိတ်အဖြူ ဆိုဒ်အသေးလေးတွေလည်း နိုင်ငံခြားကနေ ဈေးကွက်အတွင်း ပြန်ဝင်နေကြပါတယ်။

(၁၉) ပယင်း
Amber



လက်ရှိအနေအထားအရ ဈေးကွက်ထဲမှာ ပယင်းအရောင်းအဝယ်နဲ့ အလုပ်ဖြစ်ခဲ့ကြသူ အများစုပါ။ ပယင်းကလည်း မြန်မာပြည်ရဲ့ ဒုတိယကျောက်စိမ်းလို့ အမည်တပ်ချင်မိပါတယ်။ ပယင်းဈေးကွက်ရဲ့ ရာနူန်းပြည့်နီးပါးကို တရုတ်ကပဲ အရယူသွားတာပါ။
ကချင်ပြည်နယ်ဟူးကောင်းတောင်ကြားကထွက်တဲ့ မြန်မာ့ပယင်းတွေက သက်တမ်းရင့်ပြီး နှစ်ပေါင်း သန်းတစ်ရာ ပတ်ချာလည်လို့ ဆိုကြပါတယ်။

မျိုးတုန်းပျောက်ကွယ်ခဲ့ရတဲ့ မျိုးစိတ်သစ် များစွာကို တရုတ်တွေက ဖေါ်ထုတ်ပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကမ္ဘာဦး ငှက်တွေ ဒိုင်နိုဆောတွေ ဖားတွေကအစ မြန်မာ့ပယင်းကျောက်ဖြစ်ရုပ်ကြွင်းအတွင်းမှာ တွေ့ရှိရလို့ သမိုင်းအထောက်အထားတွေနဲ့ စာမျက်နှာအသစ်ကို ဖွင့်နိုင်ခဲ့ကြတဲ့ တရုတ်တွေကို ငေးမောနေကြရုံသာ။

လက်ဝတ်ရတနာအဖြစ် ဆွဲသီး၊ လက်ကောက်၊ လက်စွပ်၊ ပုတီးစသဖြင့် တန်းဖိုးကြီးပယင်းတွေ စေေးကွက်အတွင်းမှာ များစွာတွေ့ရှိကြရသလို တရုတ်တွေရဲ့ ဝယ်ယူအားပေးမှုနဲ့ ခရီးဆက်ကြရတာပါ။ ကိုယ့်ပြည်တွင်း ဝယ်ယူမှုအားနည်းနေရင်တောင် တရုတ်ပြည်ဘက်ထွက်လို့ ရောင်းဝယ်နေကြရတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ပယင်းဈေးကွက်ရှိလာတော့ ကိုယ့်နိုင်ငံတွင်း အလုပ်တွေဖြစ်လို့ စီးပွားရေးအရအောင်မြင်သူတွေ ရှိလာကြပါတယ်။ ဒါပေမယ့် အစီအစဉ်တွေနဲ့ ထိမ်းချုပ်မှုမရှိလို့ တရုတ်ပြည်အတွက် ဒုတိယကျောက်စိမ်းအဖြစ် လက်လွှတ်ခဲ့ရတာတွေကတော့ ကျောက်မျက်ချစ်သူတွေအတွက် ရင်နာစရာ သမိုင်းတခုအဖြစ် ပယင်းကျောက်လေးတွေကလည်း ထာဝရရှင်သန်နေမှာပါ။

(၂၀) စလင်းဝါ
Citrine


စလင်းဝါအများစုကို ဈေးကွက်ထဲမှာ ယခင်ကထက် ပိုလို့တွေ့မြင်လာရပါတယ်။ စလင်းဝါအများစုက အရောင်တွေကို ပြုပြင်ထားကြတာပါ။ ဈေးကွက်ထဲမှာရှိတဲ့စလင်းဝါအများစုက လူလုပ်ချက်ကျောက်တွေဖြစ်နေတတ်လို့ သေချာစွာ စစ်ဆေးဝယ်ယူသင့်ပါတယ်။ တန်ဖိုးနဲကျောက်မျက်တမျိုးအဖြစ် ဈေးကွက်ထဲမှာ အမြဲရှိနေမှာပါ။

(၂၁) သူယောင်
Rose Quartz


ယောက်ျားချစ်ကျောက်လို့ ဘယ်သူက တီထွင်လိုက်မှန်းအသိပေမယ့်ဈေးကွက်အတွင်း အရောင်းအံယ်ကောင်းကောင်းနဲ့ တရှိန်ထိုးတက်လာတဲ့ ချစ်စရာပန်းရောင်သလင်းတွေပါ။ ပုံမှန်သူယောင်တွေမှာ ခြောက်ကြိုးပါလေ့ရှိကြပါတယ်။ များစွာထွက်ရှိလို့ တန်ဖိုးနည်းကျောက်တမျိုးဖြစ်ပေမယ့် တုပထားတဲ့ဆေးဆိုးအဂိတ်တွေလည်း အခုနောက်ပိုင်းမှာ ပေါများစွာ တွေ့လာရပါတယ်။

တကယ်ဆိုသူယောင်တွေက တောင်အလိုက် ကျောက်ကြောအလိုက်တွေ့ရှိရလို့ မရှားပေမယ့် လှပတဲ့ပန်းရောင် ခြောက်ကြိုးတွေရဖို့ အရမ်းတော့မလွယ်ကူလှပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေကြတဲ့ကျောက်လေးတွေကိုတော့ တန်ဖိုးထားမြတ်နိုးမိတာအမှန်ပါ။ လူတွေရဲ့ စားဝတ်နေရေးအတွက် တဖက်တလမ်းက ကူညီပေးကြလို့ ကျေးဇူးပါ သူယောင်ရေ။

(၂၂) မိုးကုတ်မြ
Diopside


မိုးကုတ်ကထွက်တဲ့ အစိမ်းရောင်ကျောက်လေးတွေက မြအလားစိမ်းစိုလှပနေလို့ မိုးကုတ်မြဆိုပြီး တင်စားထားတဲ့ အစိမ်းရောင်ဒိုင်အောက်ဆိုက်တွေက လးကြိုက်များကြပါတယ်။ အမှန်တကယ်တော့ မိုးကုတ်မှာ ကျောက်မျက်တန်းဝင်တွေ အနဲအကျဉ်းသာထွက်ပေမယ့် ဈေးကွက်အတွင်း နိုင်ငံခြားက ဒိုင်အောက်ဆိုက်တွေ ဝင်လာပြီး အရောင်းအဝယ်လုပ်ကြတော့ ဈေးကွက်အတွင်း နာမည်ရလာတဲ့ ကျောက်အမျိုးအစားတခုပါ။

မိုးကုတ်ကထွက်တာဆိုပြီး ပထမပိုင်းအရောင်းအဝယ်တွေမှာ ဈေးကောင်းရကြပေမယ့် နိုင်ငံခြားက ဝင်လာကြတာကိုသိတော့ ဈေးတန်းတွေကျသွားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဈေးကွက်အတွင်း လူကြိုက်များကြသလို ဈေးကွက်ရဲ့သဘောတရားတွေကို မီးမောင်းထိုးပြတဲ့ ကျောက်တစ်ပွင့်လို့တော့မြင်မိပါတယ်။

အစိမ်းရောင်လှပတဲ့ ကြောင်ကျောက်တွေကိုတွေ့ရှရသလို အနက်ရောင်းလေးကြိုးတွေကိုလည်း မိုးကုတ်မြအမည်းရောင်တွေမှာ ပေါများစွာ တွေ့ရှိရပါတယ်။

(၂၃) တိုက်ဂါးအိုင်း၊ ချယ်စီဒိုနီ၊ မြစ်ဆုံနှင့် အင်ကြင်းကျောက်မျက်များ
Tiger's eye, Chalcedony, Agate and Fossils wood

နောက်ဆုံးအနေနဲ့ဈေးကွက်ထဲမှာအရောင်းအဝယ်ဖြစ်ကြတဲ့ ကျားမျက်လုံး၊ ကျောက်စိမ်းကိုတုပတဲ့ ချယ်စီဒိုနီ၊ အဂိတ်ရောင်စုံတွေနဲ့ အင်ကြင်းကျောက်တွေအကြောင်း လေ့လာသိရှိထားသင့်ပါတယ်။
ကျားမျက်လုံးတွေက ကျမ်းမာရေးကောင်းသလိုလို ချစ်သူခင်သူမိတ်ဆွေကောင်းတွေရသလိုလို နဲ့ လက်ပတ်လေးတွေ ပန်းပုလေးတွေ ပုတီးလေးတွေနဲ့ ဈေးကွက်အတွင်းလူကြိုက်များကြပါတယ်။

ချယ်စီဒိုနီတွေကလည်း ဆေးဆိုးတွေရောအတုတွေရော သဘာဝတွေရော မူးနောက်ရလောက်အောင်ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ဖြစ်ကြပါတယ်။

မြစ်ဆုံကျောက်တွေကလည်း ကျောက်စိမ်းအစားထိုး ပန်းတီးတွေ လက်ပတ်တွေအနေနဲ့ ဈေးကွက်ထဲမှာ ရှိနေကြသလို နိုင်ငံခြားကပြန်ဝင်တဲ့ ဆေးဆိုးအဂိတ်တွေလည်း ရှိကြပါတယ်။

အင်ကြင်းကျောက်တွေကလည်း အလှဆင်ကျောက်အဖြစ် ခေတ်စားလှပါတယ်။ တချိန်က တရုတ်ပြည်ကို ဈေးပေါပေါနဲ့ လက်လွှတ်ခဲ့ကြရတဲ့ သစ်သားကျောက်ဖြစ်ရုပ်ကြွင်းတွေပါ။ နည်းပညာ ဖန်တီးမှုတွေပေါင်းစပ်လို့ တန်ကြေးမြင့်စေတဲ့ အင်ကြင်းကျောက်တွေက ဟိုနည်းနည်း ဒီနည်းနည်းလောက်သာ တွေ့ကြရပြီး အဖိုးတန်အရည်အသွေးမြင့်အင်ကြင်းကျောက်တွေလည်း မြန်မာ့မြေမှထွက်ရှိပါတယ်။

Tuesday, July 23, 2019

နေ့စဉ်ဘဝမှ တက်စတိုစတုန်း (မာဆယ်) ဟော်မုန်း များလာစေရန် (၃)

🔥🔥🔥 အစားအသောက်မှ မာဆယ် T ဟော်မုန်း များလာအောင် လုပ်နည်း ၂ 🔥🔥🔥
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

💢 ပြီးခဲ့သည့် post တွင် အားကစားလေ့ကျင့်ခန်းလုပ်ပြီး T ဟော်မုန်း များအောင်လုပ်နည်းကို တင် ခဲသည်။ ထို့ကြောင့် ယခု post တွင် အစားအသောက် စားခြင်းမှ သဘာဝ နည်းလမ်းအတိုင်း T ဟော်မုန်း များလာအောင်လုပ်နည်း ဖြစ်သည်။ ကျန်းမာပြီး အဆီနည်းသော ဘော်ဒီမှာ T ဟော်မုန်း သာမန်ထက် များရန်လိုအပ်ပါသည်။

💢 ကျနော်တို့ နေ့စဉ် စားသည့် အစားအသောက်များထဲမှ မ ဟော်မုန်းကို များစေသည့် အစားအစာနှင့် ကျား ဟော်မုန်းကို များစေသည့် အစားအစာများ ဟု ရှိပါသည်။ ထို့ကြောင့် ဗိုက်ဝ စေရုံမက၊ T ဟော်မုန်းကို များစေသည့် အစားအစာကို ရွေးစားပေးရန် တိုက်တွန်းချင်ပါသည်။ အကြောင်းမှာ T ဟော်မုန်းများလာလျှင် မာဆယ် များလာသကဲသို့ အဆီ နည်းပြီး ကျန်းမာသော ဘော်ဒီ ကို ပိုင်ဆိုင်ပါမည်။

💢 ထို့ကြောင့် diet သည် body transform ဖြစ်ရန် အခရာ ကျသည်။ diet ဖြင့် ဟော်မုန်း အပြောင်းအလဲအတွက် စနစ်တကျ စားတတ်ရန် ကြိုးစားပါ။ ကျနော်တို့ စားသည့် အစားအစာများသည် ခန္ဓာကိုယ်၏  ဟော်မုန်းကို ပြောင်းလဲစေပါသည်။

1️⃣ consume plenty of protein
ကစားသူတိုင်းသိထားသည့်အတိုင်း မာဆယ်များရရန် ပရိုတိန်းကို စားပေးရန်လိုသည်။ ပရိုတိန်း စားပေးမှ T ဟော်မုန်းများလာသည်။ junk protein မဖြစ်အောင် သတိထားပါ။ ကိုယ်အလေးချိန် ၁ ပေါင်လျှင် ၁ ဂရမ်နုန်းဖြင့် (အနည်းဆုံး) စားပေးပါ။ ဥပမာ။ ပေါင် ၁၇၀ ရှိသူအတွက် တစ်ရက် အတွက် စားပေးရန် ပရိုတိန်း ပမာဏမှာ ၁၇၀ ဂရမ် ဖြစ်သည်။ တစ်ရက်စားသည့် ကယ်လိုရီ၏ ၃၀% မှ ၅၀% ထိ စားပေးနိုင်ပါသည်။

2️⃣ consume cruciferous veggies
အသီးအရွက်များများ စားခြင်းမှာ ကျန်းမာရေး ကောင်းလာရုံ မက၊ T ဟော်မုန်းကို များလာစေသည်။ ကျနော့အတွက် တစ်ပတ်လျှင် တစ်ရက် အသီးအရွက်သာ စားသည့်နေ့ သတ်မှတ်ထားပါသည်။ ဖြစ်နိုင်လျှင် အသီးအရွက် အစုံပါဝင်အောင် စားပေးပါ။ မိမိစားသည့် နေ့လည်စာ ပမာဏ၏ ထက်ဝက်မှာ အသီးအရွက် ဖြစ်လျှင် ပိုကောင်းသည်။ ဥပမာ။ ပန်းပွင့်စိမ်း၊ ကိုက်လံ၊ ဟင်းနုနွယ်၊ ကော်ပီထုပ် စသည်များ

3️⃣ eat plenty of healthy fats
အဆီစားလျှင် ပိုပြီးဝ လာသည်ကို လူတိုင်းသိသည်။ သို့ သော် healthy fats မှာ ထိုသို့မဟုတ်ပဲ၊ T ဟော် မုန်း တိုးလာစေသည်။ omega 3 ကဲသို့ အဆီများကို healthy fat ဟု ခေါ်သည်။ မိမိစားသည့် တစ်ရက် ကယ်လိုရီပမာဏ ၏ ၂၀ % ထိ ကျန်းမာသော အဆီကို စားပေးပါ။ ဥပမာ။ ၄၀၀၀ kcal ဆိုလျှင် ၈၀၀ kcal ။ ဥပမာ။ သံလွင်ဆီ၊ ထောပတ်သီး၊ salmon ငါး၊ အစေ့အဆန်များ (almond, walnuts etc) ကြက်ဥအနှစ် သည် T ဟော်မုန်း များလာရန် အသုံးပြုနိုင်၏။

4️⃣ avoid alcohol
မာဆယ်နှင့် 6 packs ထွက်ချင်သော်လည်း အချို့သောကစားသမားများ အတွက် လိုက်လုပ်ရန်( ရှောင်ရန်) အခက်ဆုံး တစ်ခုမှာ alcohol သောက်ခြင်း ပင်ဖြစ်သည်။  သွေး လည်ပတ်အား ကောင်းရန် ပမာဏ နည်းနည်း သောက်ခြင်းသည် ကျန်းမာရေးအတွက်ကောင်း၏။ တစ်ရက် ၁ မှ ၂ ခွက် ထက်ပို မသောက်ပါနှင့်။ အကြောင်းမှာ alcohol သွေးထဲကိုရောက်လျှင် T ဟော်မုန်း ထုတ်လုပ်ခြင်း နည်းလာသည်။ ထို့ထက်ဆိုသည်မှာ hangover အရက်နာကြောင့် နောက်နေ့ မ ကစားနိုင်ခြင်းများ ဖြစ်သည်။

💢 comment များကို အားသည့်အချိန်တွင် ပြန်ဖြေကြား ပေးပါသည်။  အားမလို အားမရ ဖြစ်ပြီး သေသေချာချာ သိချင်သူများ အတွက် သတင်းကောင်း ပါးလိုသည်မှာ

💢ပရော်ဖက်ရှင်နယ် ကစားသမား Ko Ko နှင့် ဝါသနာ ကစားသမား ကျနော်တို့ ၂ ယောက်ပေါင်းပြီး ဖွဲထားသည့် your online gym closed group တစ်ခုရှိပါကြောင်း။ ၂ ယောက် စလုံး မိမိ၏ အလုပ်ချိန် အပြင်ပတွင် ဝါသနာတူ ကစားသမား များကို လိုချင် ဖြစ်ချင်သည့် ဘော်ဒီ ရအောင် အကြံပေးခြင်း၊ တွန်းအားပေးခြင်း များလုပ်ပေး သည့် group ဖြစ်ပါသည်။

💢 ကျား၊ မ မရွေး member ဖြစ်နိုင်ပါသည်။ အချိန် ပေးရသည့် အလုပ်ဖြစ်၍ fee နည်းနည်း သတ်မှတ်ထားပါသည်။ အမြဲတမ်းအတွက် တစ်ကြိမ်သာ ပေးရပါသည်။ member ဝင်ရန် request လုပ်ထားသူများ ကို လာမည့် ၈.၇.၂၀၁၉ မှ စပြီး သေချာစွာ ပြန်ပြီး ဖြေကြားပေးပါမည်။ group ဖြစ်သည့် အတိုင်း စည်းကမ်းချက်များ ရှိပါသည်။

💢 lifestyle ဖြင့် T ဟော်မုန်း boost လုပ်နည်းကို စောင့်အားပေးပါ။ အသုံးဝင်လျှင် သင့်မိတ်ဆွေများအတွက် sharing လုပ်ပေးဖို့လည်း မမေ့နဲအုံးနော် 😉

🙏 have a healthy & happy day 🙏

အားလုံးကျန်းမာကြပါစေ "Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈


💢💢💢 နေ့စဉ်ဘဝမှ တက်စတိုစတုန်း (မာဆယ်) ဟော်မုန်း များလာစေရန် ၃💢💢💢
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Tom Burmese

💢 gym ကစားသမားသူနှင့် ကျန်းမာရေး လိုက်စားသူများ အတွက် တက်စတိုစတုန်း T ဟော်မုန်း မှာ ရာတနာသိုက်တစ်ခု ဟုဆိုနိုင်သည်။ ၎င်း T ဟော်မုန်း များလာလျှင်၊ ဘော်ဒီအဆီ နည်း၊  မာဆယ်များလာပြီး၊ ကျန်းမာသော ဘော်ဒီပိုင်ရှင် ဖြစ်လာမည်။

💢၎င်း T ဟော်မုန်းများလာစေရန် multi joint ကစားနည်းများနှင့် nutrition များမှ ရယူနည်းကို ယခင် post အဟောင်းတွင် sharing လုပ်ပေးပြီး ဖြစ်၍၊ ယခု post မှာ lifestyle မှ T ဟော်မုန်း များလာအောင် လုပ်နည်းပင်ဖြစ်သည်။ နေ့စဉ် ဘဝ ကို စည်းကမ်းရှိရှိ နေထိုင်ပေးရုံဖြင့် T ဟော်မုန်း များလာစေသည်။

1️⃣ get plenty of sleep
ကျန်းမာရေး ကောင်းလာစေရန် အလွယ်ကူဆုံးနှင့် ဈေးအသက်သာဆုံးသော အရာမှာ အိပ်ခြင်းပင်ဖြစ်သည်။ အိပ်ရေးဝလျှင် အားအင်ပြည့်ရုံမက၊ မာဆယ် T ဟော်မုန်း များလာစေသည်။ လေ့လာချက်တစ်ခုတွင် တစ်ရက် ၄ နာရီမှ ၆ နာရီ သာ အိပ်သူများတွင် တက်စတိုစတုန်း ဟော်မုန်း နည်း၍ ၆ နာရီမှ ၈ နာရီ အိပ်သူများတွင် ပိုများသည်ဟု သိရသည်။ အထူးသဖြင့် အဓိက မာဆယ် group ဖြစ်သည့် အောက်ပိုင်း ကစားအပြီးတွင် အိပ်ချိန် ပိုပေးသင့်ပါသည်။

2️⃣ day off from the gym
မိမိ၏ workout ဘယ်လောက်ထိ ပြင်းထန်သည့် အပေါ်တွင် မူတည်ပြီး ဘော်ဒီကို အနားပေးပါ။ gym သွားရသည်ကို နှစ်သက်သူများ၊ မနားချင်သူများအတွက် အလေးမပါသော ကစားနည်းဖြင့် ကစားပြီး မာဆယ်ကို အနားပေး၍ရသည်။ မိမိ၏ အလုပ်မှာ physical ပိုင်း များသူအတွက် gym မှ နားရက်ရှိသင့်ပြီး၊ တစ်နေကုန် ကွန်ပြုတာဖြင့် အလုပ်များသူများအတွက် နားရန် မလို ပါ။ သို့သော် ဘော်ဒီအတွက် stress မဖြစ်အောင် သတိထားပေးပါ။

3️⃣ minimize your stress
လူတိုင်းကိုယ်စီတွင် စိတ်ဖိစီးမူများ အနည်းနှင့် အများ ရှိကြမည်ဖြစ်သည်။ အလုပ်အကိုင်၊ ငွေရေး ကြေးရေး၊ အချစ်ရေး သို့ မိသားစုအရေး၊ လူမူရေး စသည်ဖြင့်။ မာဆယ်မြန်မြန် ပေါ်ချင်သူများ သတိထားရန်မှာ cortisol ဟော်မုန်း သို့ stress hormone ပင် ဖြစ်သည်။ ၎င်းသည် T ဟော်မုန်းကို တိုက်ရိုက် လျှော့ချစေသည်။ stress များလျှင် T ဟော်မုန်း နည်းမည်။ သို့ဖြစ်၍ စိတ်ဖိစီးခြင်းကို နည်းနိုင်သမျှ နည်းအောင် လုပ်ပါ။ ဥပမာ။ တရားထိုင်းခြင်း၊ မာဆတ်သွားခြင်း၊ ခရီးသွားခြင်း

4️⃣ romance regularly (+18)
ကျန်းမာရေး အမြင်ဖြင့် ဖတ်ပါ။
ရှေ့ရိုးစွဲ အယူအဆတွင် ဖို၊ မ သဘာဝ ကိစ္စ မှာ ကစားအား ကျစေသည်ဟု ဆိုသည်။ ဆေးပညာရပ်တွင် ကျန်းမာရေးအတွက် romancing လိုအပ်သည်ကို တွေ့ရသသည်။ ထို့ကြောင့် ပါတာနာနှင့် သို့ တစ်ယောက်တည်း စိတ် အာသာဖြေခြင်းသည် T ဟော်မုန်းကို များလာစေသည် ဟုဆိုသည်။ သို့သော် လိုသည်ထက်များလျှင် ကျန်းမာရေးနှင့် မကိုက်ညီကြောင်း သတိထားစေချင်သည်။

💢 cortisol ခေါ် stress hormone သည် ကျနော်တို့ အားလုံးအတွက် စိန်ခေါ်မူ အကြီးဆုံးသော ဟော်မုန်းပင်ဖြစ်သည်။ စိတ်ဖိစီးခြင်းကို သေချာ လွယ်ကူစွာ ကျော်ဖြတ်နိုင်ရန် အရေးကြီးသည်။ stress management လုပ်နိုင်ခြင်းသည် T ဟော်မုန်း များလာရန် အခရာကျပေသည်။


🙏 have a healthy & happy day 🙏

အားလုံးကျန်းမာကြပါစေ “Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

By Tom Burmese