Sunday, May 28, 2023

မေ၊မီ၊မြိုင်၊မမ

 မေ၊မီ၊မြိုင်၊မမ 📖🌿


တခေတ်တခါက မ လေးလုံး (သို့မဟုတ်) မေ၊မီ၊မြိုင်၊မမ 💙🌿



ကျနော်တို့ မဟာဗုဒ္ဓဝင်တွေထဲမှာ ထင်ပေါ်လှတဲ့အမျိုးသမီးလေးယောက် (တော်လေးဝ)ဆိုပြီးရှိသလိုမြန်မာစာပေလောကထဲကထူးထူးခြားခြား မ နဲ့ စတဲ့ အမျိုးသမီးလေးဦး အကြောင်းပြောပြချင်မိလို့ပါ...ဟုတ်ပါတယ် သူတို့ကတော့ မေ(ဒဂုန်တာယာ)၊မီ(ကြည်အေး)၊မြိုင်(ဗန်းမော်တင်အောင်)နဲ့ မမ(မြသန်းတင့်)တို့ပါပဲ၊ ကျနော်အပေါ်မှာ  မေ၊မီ၊မြိုင်၊မမတို့ကို တော်လေးဝနဲ့ ယှဥ်ပြီးပြောခဲ့ပေမယ့် ၎င်းအမျိုးသမီးလေးဦးဟာ ပြီးပြည့်စုံလွန်းတဲ့အမျိုးသမီးတွေမဟုတ်ကြတဲ့အပြင် မြန်မာစာပေလောကမှာ သူတို့ဟာ

နာမည်ဆိုးနဲ့ပါကျော်ကြားပါသေးတယ်၊ ဒါပေမယ့် သူတို့ဟာ ခင်ဗျားတို့ကျနော်တို့လို ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘောင်မှာ ကျင်လည်ကျက်စားခဲ့ကြတဲ့ သာမန်အမျိုးသမီးတွေပါပဲ၊ ​ဒါဖြင့် ဘာလို့နာမည်ကြီးခဲ့ကြသလဲဆိုရင်တော့ သူတို့ကိုဖန်တီးခဲ့ကြတဲ့ စာရေးဆရာကြီးတို့ရဲ့ ကလောင်လက်စွမ်းပြောင်မြောက်မှုတို့ကြောင့်လို့ပဲ ဖြေရမယ်ထင်ပါတယ်....


#မေ(ဒဂုန်တာယာ) ၁၉၄၁


"လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲကို'' အဲ့စာပိုဒ်လေးနဲ့အစပြုခဲ့တဲ့ မေဟာ စာပေလောကထဲကိုအတော်ဂယက်ထခဲ့တယ်လို့ဆိုတယ် ဘာလို့လဲဆိုတော့ မြန်မာစာမှာ လေနုအေးဆိုတဲ့ စကားမရှိလို့ပါတဲ့ စာရေးဆရာဟာ မေဝတ္ထုမှာ လေနုအေး၊အပြုံး စတဲ့စကားလုံးအသစ်တွေကို ဖန်တီးခဲ့လို့ရယ် မေဝတ္ထုဟာ မြန်မာ့ယဥ်ကျေးမှုနဲ့သွေဖယ်နေလို့ရယ်ကြောင့် အတော်လေးဝေဖန်ခံခဲ့ရပါတယ် နောက်ပြီး စာရေးဆရာဟာ သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ လေနုအေးဆိုတဲ့စကားလုံးကိုအဓိပ္ပါယ် နားမလည်ဘဲရမ်းသန်းသုံးကြလို့နောက်ပိုင်းမှာ အတော်ရွံရှာခဲ့တယ်လို့ဆိုတယ် သခင်ဗဟိန်းကတော့ မေဝတ္ထုကိုဖတ်ရသည်မှာ ရှမ်ပိန်သောက်ရသလိုပဲလို့ ဆိုတယ် ဘာလို့လဲတော့ ဖတ်ရင်းဖတ်ရင်း ရှိန်းခနဲ ဖိန်းခနဲ့ ခံစားသွားရလို့ပါတဲ့.. ကဲပါ မေ ဆိုတဲ့အမျိုးသမီးအကြောင်းဆက်ကြပါစို့...

 မေဟာ အင်္ဂလိပ်စာတတ် စန္ဒယားတီးကျွမ်းကျင်တဲ့ ရုပ်ရည်လှပတဲ့ မိဘမဲ့အမျိုးသမီးတယောက်ပေါ့ မေ့ကို ဆရာမြသန်းတင့်က ကလက်သော ချောသော ရိုးသော လွယ်သော ခေတ်ဆန်သော မေ လို့ မှတ်ချက်ပြုထားတယ်၊ မေဟာ လူကုံထံအသိုင်းဝိုင်းကို အထင်မကြီးသလိုလိုနဲ့ ထိုအသိုင်းဝိုင်းထဲဝင်ဆန့်ချင်တဲ့အမျိုးသမီးတယောက်လို့ ဆိုရလိမ့်မယ် သမာဓိမြို့ဝန် ဦးဘေမောင်ရဲ့စိတ်ကိုစမ်းရင်း ငွေညစ်ရာကနေ အပျိုစင်ဘဝကိုပေးခဲ့ရတယ် ဒါပေမယ့် မေက မေပါပဲ သူ့ကိုတန်ဖိုးထားချစ်မြတ်နိုးတဲ့ ကိုကျော်မြင့်နဲ့လက်ထပ်ပြီး ပြည့်စုံတဲ့ဘဝရောက်ရပေမယ့် မတင်းတိမ်နိုင်တဲ့ မေ ရ မ္မ-က်ကြီးတဲ့ မေ လွှတ်တော်အမတ်ကအစ လမ်းဘေးက ကလေကချေနဲ့ပါ မကင်းနိုင်တဲ့မေ တကယ်တော့ မေဟာ...သူ့ဘဝသူရွေးချယ်ပြီး သူလုပ်ချင်တာကိုလုပ်သွားတဲ့ အမျိုးသမီးတယောက်ပါပဲ

သခင်ဗဟိန်းပြောတဲ့

 ဖတ်ရင်းနဲ့ရှိန်းခနဲ့ ဖိန်းခနဲဆိုတဲ့ ခံစားချက်မျိုးက ဘယ်လိုလဲဆိုတာ...မေဝတ္ထုဖတ်ရင်း ခံစားကြည့်လိုက်ပါ..။

-----

မီ(ကြည်အေး) ၁၉၄၈


 မီဝတ္ထုနဲ့ ရုပ်ရှင်ကို ဘယ်ဟာအရင်စမြည်းစမ်းရင် ကောင်းမလဲလို့ စဥ်းစားနေရင်တော့ ဝတ္ထုကိုအရင်ဖတ်ပါလို့ အလေးအနက် တိုက်တွန်းပါရစေ ဘာလို့လဲဆိုတော့ စာရေးဆရာရဲ့အရေးအသားကိုကြည့်ပြီး မီရဲ့ရုပ်သွင် မီရဲ့စတိုင် မီရဲ့ကိုယ်ဟန် မီရဲ့အသံကို စာရေးဆရာ​ကြည်အေး ရဲ့အရေးအသားအလိုက်ကိုယ့်စိတ်ကူးထဲမှာအရင်ဖန်တီးကြည့်ပါ ရုပ်ရှင်ထဲက ကိုယ်ရင်းနှီးနေတဲ့ပုံစံမျိုးနဲ့မြင်ရတာထက် သိပ်အရသာရှိတာကိုတွေ့ပါလိမ့်မယ်အကယ်၍ ရုပ်ရှင်ကြည့်ပြီးသားလူဆိုရင်တော့ မီဝတ္ထုဖတ်ရင်း မီကို ပိုင်ဖြိုးသုအဖြစ်ပဲ မြင်ရပါလိမ့်မယ်..xD

မီဟာ စီးကရက်ကိုလက်ကမချ 

ယောက်ျားတွေကိုတယောက်တမျိုးပုံပြောပြီး ယောက်ျားတွေကိုလှည့်စားတတ်တယ်ဆိုတဲ့ မီ... ကာလသားတိုင်းရဲ့ပါးစပ်ဖျားမှာရေပန်းစားတဲ့ မီ... လူတွေအပေါ်သူ့ဝသတီအတိုင်း ပုံမှန်ဆက်ဆံပေမယ့် ပတ်ဝန်းကျင်က မီဟာ ဘယ်လိုလဲ ဘာလဲဆိုတာ မေးခွန်းထုတ်ခံရရှာတဲ့ မီ...

မီဝတ္ထုထဲမှာ သူပြောတဲ့စကားလေးတခွန်းတော့ သဘောကျလို့မှတ်မိသေးတယ် " နှမြောမယ်ဆိုရင်နှမြောစရာပေါ့ကိုဆွေ ခုကမီပျော်နေတုန်းအချိန်ကိုး ။ဒါပေမယ့်ပျော်တုန်းပဲ​ေ-သချင်ပါတယ်။ ပျော်တုန်း​ေ-သရတာဟာ အနိုင်နဲ့ပိုင်းလိုက်တာပေါ့နော် " တဲ့ နောက်ဆုံးထွက်သက်အထိ စာဖတ်သူကို မေးခွန်းတွေနဲ့ချန်ထားခဲ့တဲ့ မီဟာ တော့ မီပါပဲ ။

-------

မြိုင်(ဗန်းမော်တင်အောင်) ၁၉၅၇


 မြိုင်ဝတ္ထုဟာ ဆရာဗန်းမော်တင်အောင် ထော၊င်ထဲမှာရေးခဲ့တဲ့ စာအုပ်လေးအုပ်ထဲက တအုပ်ပါ၊ သို့ပေမယ့် မြိုင်ရဲ့ သုံးပုံနှစ်ပုံလောက်ကိုသာထော၊င်ထဲမှာရေးခဲ့ရပြီး ကျန်တပုံကိုပြန်လွတ်လာတဲ့အချိန်မှာ ဆက်ရေးခဲ့တာပါ ပြန်လွတ်လာတဲ့အချိန်မှာ အလုပ်တဖက်နဲ့ရေးရတာမို့ စာရေးဆရာက ပြီးစလွယ်များ ဖြစ်သွားမလား ဆိုပြီး စိုးရိမ်ခဲ့ပေမယ့်

မြိုင်ဟာ အတော်တန် အောင်မြင်ခဲ့တယ်လို့ဆိုရပါမယ်...မြိုင်ဝတ္ထုဟာ ဒီ မ လေးလုံးဝတ္ထုတွေထဲ မှာ မေ ပြီးရင် ကျနော် ဒုတိယအကြိုက်ဆုံး ဝတ္ထုပါပဲ...နောက်ပြီးထူးထူးခြားခြား ဒီမလေးလုံးဝတ္ထုတွေထဲမှာ ဇာတ်သိမ်းလှတဲ့ တဦးတည်းသော ဝတ္ထုတစ်အုပ်ဆိုလည်း မမှားပါဘူး

မြိုင်ဆိုတဲ့အမျိုးသမီးလေးအကြောင်းဆက်ကြတာပေါ့..

မြိုင်ဟာ အထက်တန်းလွှာထဲက စက်ရှင်တရားသူကြီးတစ်ဦးရဲ့ မိတဆိုး သမီးလေး စန္ဒယားတီးတတ်တဲ့ ကဗျာတွေ ပန်းတွေကို သဘောကျတဲ့ နိုင်ငံ-ရေးဆိုတာ ဘာမှန်းနားမလည်တဲ့ မိမိရှေ့ရေးကို စိတ်မပူတတ်တဲ့ အမျိုးသမီးတစ်ဦးပေါ့ သူ(မ)ဟာ နှစ်ဘက်မိဘ သဘောတူထားတဲ့ ကိုသက်တင်ကိုစိတ်မဝင်းစားဘဲ နိုင်ငံ-ရေးသမားအယ်ဒီတာ ကိုတင်ဦးကို အထင်ကြီးလေးစားပြီး မိဘသဘောမတူတဲ့ကြားကအတိုက်အခံလုပ်ပြီး ကိုတင်ဦးနဲ့လက်ထပ်ခဲ့တယ်၊ တကယ်တမ်းသူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးက မြိုင်ထင်သလို အဆင်မပြေလာတဲ့အခါ..

ကိုတင်ဦးက ဇနီးဖြစ်သူမြိုင်ကိုအချိန်မပေးဘဲ နိုင်ငံ-ရေးကိုပဲ ဖိလုပ်နေတဲ့အခါ....ပြီးပြည့်စုံတဲ့အထက်တန်းစာဘဝကနေ နိုင်ငံ-ရေးသမားကိုတင်ဦးနောက်လိုက်ပြီး ဆင်းရဲတဲ့ဒဏ်မခံနိုင်တဲ့မြိုင်ဟာ....ဘာတွေလုပ်မိပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့

မြိုင်ဝတ္ထုကိုဖတ်ရင်းခံစားကြည့်လိုက်ပါ...အယ် ထူးထူးခြားခြားအနေနဲ့ ဆရာဗန်းမော်တင်အောင်ဟာ မြိုင့်ကို မေတို့ မီတို့ မမတို့လို မြိုင်ရဲ့ရုပ်ရည်ကိုတကူးတက ညွှန်းထားတာမျိုးမတွေ့ရဘူးဗျ...အဲ့တချက်ကထူးထူးခြားခြားရယ်ပါ..ဒီဝတ္ထုမှာ ဖဆပလခေတ်နိုင်ငံရေးအခြေအနေတွေရယ် အိမ်ထောင်ရေးတခုဟာ ပြီးစလွယ်လုပ်ရမယ့်ကိစ္စမဟုတ်ဘူးဆိုတာရယ်ကို စာရေးဆရာက စကားပြေဆန်ဆန်စိတ်ရှည်လက်ရှည်ရှင်းပြပေးထားတာကျနော်သိပ်သဘောကျတာပဲ...မြိုင်ဟာ မလေးလုံးထဲမှာ ကံအကောင်းဆုံးမြိုင်ပါပဲ...။

------

 မမ(မြသန်းတင့်) ၁၉၆၁


 မမဝတ္ထုကို ၁၉၆၁မှာ ပထမအကြိမ်ထုတ်ဝေခဲ့တယ်၊နာမည်ကသာ မမပေမယ့် ကျနော်ပြောတဲ့မလေးလုံးထဲမှာ အသက်အငယ်ဆုံး ဖြစ်နေရှာတယ် ၁၉၆၁မှစတင်ထုတ်​ဝေတာကိုး ကျနော်စာအုပ်တစ်အုပ်ကိုစဖတ်ရင် အမှာစာကို လေးလေးနက်နက်ဖတ်ပြီး စာအုပ်သမိုင်းကိုရှာဖတ်လေ့ရှိတယ် မမဝတ္ထုမှာအမှာစာမပါတာတွေ့ရတယ်၊ လီရိုတော်စတွိုင်းရဲ့ အင်နာကာရနီနာကို မြန်မာမှုပြုထားလို့အမှာစာမပါတာလား မပြောတတ်ပါ..

 မမ.... မမဟာ ဖဆပလခေတ်အုပ်ချုပ်ရေးပိုင်မှာအရေးပါတဲ့မင်းကြီးဦးသက်ထွန်းရဲ့ ရုပ်ရည်ချောမောသော ပေါင်းသင်းဆက်ဆံရေးကောင်းသော ဇနီးတယောက်ပါ၊ မမရဲ့အလှကိုမြင်ပြီး မမနဲ့သာဆို ငရဲလဲသွားရဲတယ်ဆိုတဲ့ မန္တလေးတက္ကသိုလ်က ကထိက လေးကိုသက်ဆွေ...၊ ကိုသက်ဆွေရဲ့အပြောမှာ နှစ်မြောရာကနေ အိမ်ထောင်ရေးဖောက်ပြန်မှုဆီကို တဖြေးဖြေး ဦးတည်လာတဲ့မမ.....မမရဲ့ဖောက်ပြန်မှုကိုသိပေမယ့်လဲ ခွင့်လွတ်ပေးနိုင်ရှာတဲ့ မင်းကြီးဦးသက်ထွန်းရဲ့လူကြီးလူကောင်းဆန်တဲ့စိတ်ဓာတ်....

မိမိထက်အသက်ကြီးတဲ့သူကိုခင်ပွန်းသည်တော်ထားရတဲ့မမ...အချစ်ဆိုတာကို ကိုသက်ဆွေနဲ့မှ သိလာရတဲ့ မမ...ချစ်ရတဲ့သားနဲ့ ကိုသက်ဆွေကြားမှာ ဗျာများရရှာတဲ့ မမ... ဖတ်ရင်း ဘာဆက်ဖြစ်မှာလဲဆိုတဲ့ စိတ်နဲ့ ဖတ်ရတာမို့သိပ်အရသာရှိတဲ့စာအုပ်မို့...ဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်။


Review by -Htet Zhan 

🌿🌸

(ခွင့်ပြုချက်ယူပြီး)

------------

Saturday, May 27, 2023

ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ

 ထူးခြားလှသည့်သာသနာ့အာဇာနည်




(တစ်နိုင်ငံလုံးတွင်တစ်ပါးထဲသာရယူနိုင်ခဲ့သောပါဠိသိရောမဏိဘွဲ့ရအဋ္ဌကထာကျမ်းပြုအကျော်)


ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ

( သကျသီဟ-ဝဋံသကာနှင့် ပါဠိသိရောမဏိ ) 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ

အဂ္ဂမဟာပဏ္ဍိတl အဘိဓဇမဟာရဋ္ဌဂုရု

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက


           💗 💗 💗   🥇  💗💗💗


အစိုးရဓမ္မာစရိယစာမေးပွဲတွင် ကျမ်းရင်း ( ၃ ) ကျမ်းရော ဂုဏ်ထူးကျမ်း ( ၆ ) ကျမ်းရော စုစုပေါင်း ( ၉ ) ကျမ်းလုံးကို ပါဠိဘာသာဖြင့် ဖြေဆိုအောင်မြင်သည့် အရွယ်နှင့်မမျှ စာပေထူးချွန်လှသည့် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ကိုသာ 

" သာသနဓဇသိရီပဝရဓမ္မာစရိယ - ပါဠိသိရောမဏိ " ကိုပေးအပ်သည်။ ထို " ပါဠိသိရောမဏိဘွဲ့ 

( ပါဠိသိရောမဏိ = ပါဠိစာပေအရာတွင် ဦးထိပ်ပန်းဆင်ရမည့် ရတနာအရှင် )" ယခင်ကရော ယခုရော မြန်မာတစ်နိုင်ငံလုံးတွင် စာပေအကျော်အမော်

ဗန်းမော်ဆရာတော် တစ်ပါးထဲသာ ရယူနိုင်ခဲ့သည်။

၁၃၁၅ - 1953 ခုနှစ်က ဖြေဆိုအောင်မြင် ရယူနိုင်ခဲ့ပါသည်။


ကျမ်းရင်း ( ၃ ) ကျမ်းနှင့် ဂုဏ်ထူး ( ၆ ) ကျမ်း စုစုပေါင်း ( ၉ ) ကျမ်းလုံးကို မြန်မာဘာသာဖြင့် ဖြေဆိုအောင်မြင်လျှင် " သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ " ကို ရရှိပါသည်။ ( ၉ ) ကျမ်းလုံး ဖြေဆိုအောင်မြင်မှ ရနိုင်သော ထို " သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ " ကိုပင် ရယူနိုင်ဖို့ အလွန်ခက်လှသည်။ ဗန်းမော်ဆရာတော်သည် ထိုခက်ခဲလှသော အလုပ်ကို အလွယ်တကူ လုပ်ပြသွားနိုင်ရုံမျှမက နောက်က လိုက်ဖို့ မတတ်နိုင်လောက်အောင်ပင် မြန်မာဘာသာဖြင့် မဖြေဆိုဘဲ ပါဠိဘာသာဖြင့် အောင်မြင်အောင် ဖြေဆိုပြသွားသည်မှာ ရဟန်းတော်တို့ စာပေလောကl ဗုဒ္ဓစာပေလောကတွင် ယနေ့အချိန်ထိ ပြောမဆုံးနိုင်သော အံ့သြဘနန်း ကိစ္စရပ်ကြီး ဖြစ်နေတော့သည်။


ထူးချွန်ထက်မြက်လှသည့်  ရဟန်းတော်များပေါများလှသော ရဟန်းတော်များစာပေလောကl ဗုဒ္ဓစာပေလောကတွင် အဘယ့်ကြောင့် ထို ပါဠိသိရောမဏိဘွဲ့အကြောင်းနှင့် ပါဠိသိရောမဏိဘွဲ့ရ ဗန်းမော်ဆရာတော်အကြောင်းသည် ပြောမဆုံးနိုင်သော အံ့သြဘနန်းကိစ္စရပ်ကြီး ဖြစ်နေသနည်း ?


အဖြေက " ပါဠိသိရောမဏိဘွဲ့ " ကို ယနေ့အချိန်အထိ 

ဗန်းမော်ဆရာတော်တစ်ပါးထဲသာ ဖြေဆိုအောင်မြင်

ရယူထားနိုင်သောကြောင့် ဖြစ်ပါသည်။ နောင်တွင်လည်း

ပါဠိသိရောမဏိဘွဲ့ရ သာမဏေ/ရဟန်းတော်များ ပေါ်ပေါက်လာရန် မဖြစ်နိုင်တော့ပါ။ အစိုးရဓမ္မာစရိယစာမေးပွဲတွင်

ကျမ်းရင်း ( ၃ ) ကျမ်း မအောင်သေးဘဲ ဂုဏ်ထူးကျမ်းများ ဖြေဆိုခွင့်ကို ကန့်သတ်တားမြစ်လိုက်ပြီဖြစ်ရာ ( ၉ ) ကျမ်းလုံးကို တစ်နှစ်ထဲ ပါဠိဘာသာဖြင့် ဖြေဆိုနိုင်မှ ရမည့် ထို

" ပါဠိသိရောမဏိဘွဲ့ " ကို မည်သူမျှ ရယူရန် မဖြစ်နိုင်တော့ပေ။


 * ညွှန်းစာဆိုဖွဲ့ မဆုံးနိုင်ပြီ ဗန်းမော်ဆရာတော်၏ ဂုဏ်ရည် ( သို့မဟုတ် ) ဗန်းမော်ဆရာတော်၏ ဂုဏ်အရည်အချင်း မိတ်ဆက် *


                           💗💗💗


အမှန်တော့ တစ်နိုင်ငံလုံးတွင် တစ်ပါးထဲသာ စွမ်းဆောင်နိုင်ခဲ့သော ပါဠိသိရောမဏိဘွဲ့ရ သာသနာ့အာဇာနည် 

ဗန်းမော်ဆရာတော်၏ စွမ်းဆောင်နိုင်မှု ဂုဏ်အရည်အချင်းကို ထပ်မံအထူးညွှန်းဆိုရန် မလိုလောက်အောင် ပြည့်စုံနေပြီ ဖြစ်ပါသည်။ သို့ပါသော်လည်း မသိသေးသူများအတွက် ကြည်ညိုဂုဏ်ယူနိုင်ကြစေရန် ဗန်းမော်ဆရာတော်၏ ဂုဏ်ရည်တစ်စိပ်တစ်ဒေသကို ကောင်းမြတ်သော မေတ္တာစေတနာဖြင့် ဖော်ပြပေးလိုက်ပါသည်။ ဆရာတော်၏ ဂုဏ်ရည်သတ္တိအားလုံး ဖော်ပြရန်မှာမူ မိမိ မစွမ်းနိုင် မတတ်နိုင်ပါ။

စွမ်းနိုင် တတ်နိုင်သူလည်း ရှိအံ့မထင်ပါ။


💗 ပရိယတ်တိသာသနဟိတဓမ်မာစရိယ

     ( သကျသီဟ - ဝဋံသကာ ) ရွှေတံဆိပ်ဘွဲ့ရ 

      ဗန်းမော်ဆရာတော်💗


တစ်နိုင်ငံလုံးတွင် တစ်ပါးထဲသာ ရဖူးသည်ဆိုသော

ပါဠိသိရောမဏိဘွဲ့ရ ဗန်းမော်ဆရာတော်ကို သင် အံ့သြနေပြီလား ? အံ့သြနေလျှင်လည်း အံ့သြမှုက ထိုမျှဖြင့် ရပ်တန့်မသွားနိုင်ပါ။ သက်တော် ( ၂၄ ) နှစ်အရွယ်

ပါဠိသိရောမဏိဘွဲ့ ရယူနိုင်ခဲ့သော ၁၃၁၅ - 1953 ခုနှစ်မှာပင် လူသတ်စာမေးပွဲဟု သတင်းကြီးလှသည့် ပရိယတ္တိသာသနဟိတဓမ္မာစရိယစာမေးပွဲ စာချတန်းကို နှစ်ချင်းပေါက် ဖြေဆိုအောင်မြင်ကာ

" ပရိယတ်တိသာသနဟိတဓမ်မာစရိယ

 ( သကျသီဟ - ဝဋံသကာ ) ဘွဲ့ကိုပါ တစ်ပြိုင်နက် ဆွတ်ခူးသွားခဲ့ပြန်ရာ ဆရာတော့်စွမ်းရည်သတ္တိကို ပြည့်စုံအောင် ဖော်ပြနိုင်ဖို့ စကားလုံးရှာရန် ခက်ခဲလှပေသည်။

ထို သကျသီဟ- ဝဋံသကာဘွဲ့ကိုလည်း နှစ်ပေါင်း ( ၁၂၃ ) နှစ်အတွင်း ထက်မြက်လှသည့် ဆရာတော် ( ၉ ) ပါးသာ

ရယူထားနိုင်ခဲ့ခြင်းဖြစ်ပြီး ဗန်းမော်ဆရာတော်သည် ( ၅ ) ပါးမြောက် သကျသီဟ- ဝဋံသကာ ရွှေတံဆိပ်ဘွဲ့ရှင် ဖြစ်ပါသည်။


💗 အဋ္ဌကထာကျမ်းပြုအကျော် ဗန်းမော်ဆရာတော် 💗


မြန်မာနိုင်ငံပါဠိစာပေလောကတွင် အစောပိုင်းကာလက

ပါဠိတော် အုပ်ရေ ( ၄၀ ) ၏ အဖွင့်သံဝဏ္ဏနာ အဋ္ဌကထာများတွင် 

" ထေရီအပဒါန်ပါဠိတော်l ပေဋကောပဒေသပါဠိတော်l 

မိလိန္ဒပဉှာပါဠိတော် " ဟု ပါဠိတော် သုံးကျမ်း၏ အဖွင့်သံဝဏ္ဏနာ အဋ္ဌကထာကျမ်းများ မရှိသေးပါ။ ထို့ကြောင့် ယင်းဟာကွက်ကို ဖြည့်ဆည်းသည့်အနေဖြင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ ဆရာဖြစ်သော မင်းကွန်းဇေတဝန်တောရ ( သထုံမြို့ ) ဆရာတော်ဘုရားကြီး ( ဘဒ္ဒန္တနာရဒ ) မဟာထေရ်မြတ်က " မိလိန္ဒပဉှပါဠိတော်နှင့် ပေဋကောပဒေသပါဠိတော်" ၏ အဖွင့်သံဝဏ္ဏနာအဋ္ဌကထာကျမ်းများအဖြစ် " မိလိန္ဒပဉှအဋ္ဌထကာနှင့် ပေဋကောပဒေသအဋ္ဌကထာ " ဟု အဋ္ဌကထာနှစ်ကျမ်း ရေးသားပြုစုတော်မူခဲ့သည်။ ဆရာတော်ကြီးသည် မြန်မာနိုင်ငံ၏ ပထမဆုံး အဋ္ဌကထာကျမ်းပြုဆရာတော် ဖြစ်သည်။ ထို့နောက် ဆရာတော် ပျံလွန်တော်မူသွားသဖြင့် " ထေရီအပဒါန်ပါဠိတော် " ၏ အဖွင့်သံဝဏ္ဏနာ အဋ္ဌကထာကျမ်းပေါ်ထွက်လာရေးမှာ မြန်မာနိုင်ငံအတွက် လစ်ဟာကွက်ကြီး ဖြစ်နေဆဲ ဖြစ်နေသည်။ ယင်းဟာကွက်ကြီးကို ဆဋ္ဌသံဂါယနာအဓိပတိl မန္တလေး မစိုးရိမ်တိုက်ကြီးများ၏ အဓိပတိ မစိုးရိမ်ဆရာတော်ဘုရားကြီး ( ဘဒ္ဒန္တသူရိယာဘိဝံသမဟာထေရ်မြတ် ) ၏ ( အာဝုသော ကုမာရl တွမေဝ ထေရီအပဒါနဿ အတ္ထံ သံဝဏ္ဏေဟိ = ငါ့ရှင် ကုမာရl ထေရီအပဒါန်အဋ္ဌကထာကို သင်ပဲ ရေးလိုက်ပါ " ဟူသော တိုက်တွန်းချက်အရ ဗန်းမော်ဆရာတော်က " ထေရီအပဒါနဒီပနီ အဋ္ဌကထာ " ဟု " ထေရီအပဒါနပါဠိတော် " ၏ အဖွင့်သံဝဏ္ဏနာကို ရေးသားတော်မူခဲ့သည်။ စာမျက်နှာပေါင်း ( ၅၈၆ ) မျက်နှာ ရှိသည်။ ရေးသားပြီးနောက် ကျေးဇူးတော်ရှင် မစိုးရိမ်ဆရာတော်ကြီးထံ ပြသရာ မစိုးရိမ်ဆရာတော်ကြီးက 

" အာဝုသော ကုမာရl တဝ လိခိတပေါတ္ထကော အတိသုန္ဒရောl တွံ ပန ထေရမတ္တောl မဟာထေရကာလေယေဝ မုဒ္ဒါပေဟိ = ငါ့ရှင် ကုမာရl ငါ့ရှင်ရေးသားထားသော ထေရီအပဒါန်အဋ္ဌကထာသည် အလွန်ကောင်းလှပေသည်l ငါ့ရှင်သည် ဝါ ( ၂၀ ) မရသေးသော ရဟန်းငယ်လေး ဖြစ်နေသည်l သို့ဖြစ်၍ ဝါ ( ၂၀ ) ရ၍ မထေရ်ကြီးဖြစ်မှသာ ဤ အဋ္ဌကထာကျမ်းကြီးကို ပုံနှိပ်ထုတ်ဝေပါ " ဟု မိန့်ကြားရသည်အထိ ဗန်းမော်ဆရာတော် လက်စောင်းထက်ခဲ့သည်။


မြန်မာပြည်ဖွား ဒုတိယမြောက် အဋ္ဌကထာရေးစွမ်းနိုင်သည့် ဆရာတော်အဖြစ်လည်း သမိုင်းတင်နိုင်ခဲ့သည်။ ယင်းအချိန်တွင် ဆရာတော်သည် သက်တော် ( ၃၄ ) ဝါတော် ( ၁၄ ) ဝါအရွယ်သာ ရှိသေးပါသည်။ မစိုးရိမ်ဆရာတော်ကြီး၏ အမိန့်အရ သာသနာတော်နှစ် ( ၂၅၃၅ ) ကောဇာသက္ကရာဇ် ( ၁၃၅၃ ) ခရစ်နှစ် ( ၁၉၉၂ ) ဇန်နဝါရီလတွင်မှ မင်းကွန်း တိပိဋကနိကာယ-သာသနာပြုအဖွဲ့က အုပ်ရေ ( ၂၀၀၀ ) ဓမ္မဒါနပြု ထုတ်ဝေခဲ့သည်။


💗 ဆဋ္ဌသံဂါယနာနှင့် ဗန်းမော်ဆရာတော် 💗


ဆဋ္ဌသံဂါယနာတင်ပွဲတွင် ဗန်းမော်ဆရာတော်သည်

မန္တလေး ဘုရားကြီးတိုက် ပါဠိဝိသောဓကအဖွဲ့၌ မူလဝိသောဓကအဖြစ်လည်းကောင်းl ၁၃၁၈ ခုနှစ်မှ ၁၃၂၃ ခုနှစ်အထိ ( 1956 မှ 1962 အထိ ) ဆဋ္ဌသံဂါယနာတင်သောအခါ ရန်ကုန် ကမ္ဘာအေးကုန်းမြေ ဇမ္ဗုဒီပကျောင်းဆောင်၌ သီတင်းသုံးလျက် ပဋိဝိသောဓကl သြသာနသောဓကအဖြစ် ကျမ်းစာများကို ပြင်ဆင်တည်းဖြတ်ခဲ့သည်။ ထို့အပြင် ဝိနယပိဋကသံဂါယနာတင်သောအခါတွင်မူ သင်္ဂီတိကာရကအဖြစ် ပါဝင်ခဲ့သည်။ ထိုဆဋ္ဌသံဂါယနာပွဲတွင် ဗန်းမော်ဆရာတော်သည် မစိုးရိမ်ဆရာတော်l ဝိဇ္ဇာလင်္ကာရဆရာတော်l မဟာစည်ဆရာတော်l မင်းကွန်းဆရာတော်တို့၏ လက်ရုံးတစ်ဆူဖြစ်ခဲ့သည်။ ထိုအချိန်တွင် ဆရာတော်သည် သကျသီဟဝဋံသကာ ပါဠိသိရောမဏိဘွဲ့များကို ရရှိပြီးဖြစ်၍ အရည်အချင်းပြည့်ဝနေပြီ ဖြစ်ပါသည်။


💗 မစိုးရိမ်ဆရာတော်ကြီး ( ဘဒ္ဒန္တသူရိယာဘိဝံသ ) နှင့် ဗန်းမော်ဆရာတော် 💗


အထက်က ဖော်ပြပြီးသည့်အတိုင်းပင် မစိုးရိမ်ဆရာတော်ကြီး၏ တိုက်တွန်းချက်အရ ဗန်းမော်ဆရာတော်သည် 

" အပဒါဒါန်အဋ္ဌကထာကျမ်း " ကို ရေးသားခဲ့သည်။

မစိုးရိမ်ဆရာတော်ကြီးသည် ဗန်းမော်ဆရာတော်၏ ထက်မြက်လှသော အရည်အချင်းကို သဘောကျကျေနပ်လှသဖြင့် ၁၃၂၄ ခုနှစ်l ဝါဆိုလ ( 1962 ဇူလိုင်လ ) တွင် မန္တလေးမြို့ ဗောဓိကုန်း မဟာနွယ်စင်ရပ်ရှိ မိမိပိုင်ဆိုင်သော နာမည်ကျော် ဗန်းမော်ကျောင်းတိုက်ကြီးကို ဗန်းမော်ဆရာတော်အား အပြီးအပိုင် လှူဒါန်းခဲ့သည်။ ထိုအချိန်မှစတင်၍ ဗန်းမော်ဆရာတော်ဟု ထင်ရှားကျော်ကြားလာသည်။


💗 မဟာစည်ဆရာတော်နှင့် ဗန်းမော်ဆရာတော် 💗


ဆဋ္ဌသံဂါယနာတင်ကာလများကတဲက ဗန်းမော်ဆရာတော်သည် မဟာစည်ဆရာတော်၏ အားကိုးအားထားရသော လက်ရုံးတစ်ဆူဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် မဟာစည်ဆရာတော်၏ ဥပနိဿယအတိုင်း တရားအားထုတ်ခြင်းl ထူးမြှုအဖြစ် ဗန်းမော်ဆရာတော်သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ ကျေးဇူးကို တုန့်ပြန်ဆပ်သည့်အနေဖြင့် ဆရာတော်ကြီး၏ နာမည်ကျော် ဝိပဿနာရှုနည်းကျမ်းကြီးကို " မဟာစည် ဝိပဿနာနယပ္ပကရဏံ ( ပထမောဘာဂေါl ဒုတိယောဘာဂေါ ) ဟု မူရင်း ဝိပဿနာရှုနည်းကျမ်းအတိုင်း ( ၂ ) ကျမ်းတွဲလုံးကို မြန်မာဘာသာမှ ပါဠိဘာသာသို့ ပြန်ဆိုရေးသား၍ ကျေးဇူးဆပ်ခဲ့ပါသည်။

ဤသည်မှာ ဗန်းမော်ဆရာတော် ပါဠိဘာသာဖြင့် ရေးသားသော ဒုတိယကျမ်းစာ ဖြစ်လာပါသည်။


💗 မင်းကွန်းတိပိဋကဆရာတော်ကြီးနှင့် ဗန်းမော်ဆရာတော် 💗


ဆိုခဲ့ပြီးသည့်အတိုင်းပင် ဆဋ္ဌသံဂါယတင်ခေတ်မှစ၍ ဗန်းမော်ဆရာတော်သည် မင်းကွန်းဆရာတော်၏ လက်ရုံးတစ်ဆူ ဖြစ်လာခဲ့သည်။ ထို့နောက် မင်းကွန်းဆရာတော်သည် ဗန်းမော်ဆရာတော်၏ မြင့်မားထက်မြက်လှသော အရည်အချင်းကို သိသဖြင့် မင်းကွန်း မိုးမိတ်ကုန်းမြေ၌ တိပိဋကနိကာယကျောင်းတိုက်ကြီးကို ( ၁၃၄၀ ) ပြည့်နှစ်တွင် တည်ထောင်တော်မူပြီးနောက် မရှေးမနှောင်းတွင်ပင် ဗန်းမော်ဆရာတော်အား ပင့်၍ မဟာနာယကအဖွဲ့တွင် ထည့်သွင်းပါဝင်စေလျက် ( နောင် သင်ကြားရေးနာယကချုပ် ) ၅ နှစ်တိုင်တိုင် စာဝါပို့ချစေခဲ့သည်။ ထိုအကြောင်းစုံကို သိသော ဦးဉာဏ်ထွန်း ( သာသနာတော်လုံးဆိုင်ရာ ဗုဒ္ဓဘာသာဗဟိုအဖွဲ့နှင့် မန္တလေး ပရိယတ္တိသာသနဟိတ ( သကျသီဟ ) အသင်းကြီးတို့၏ ဥက္ကဋ္ဌ - ဓမ္မာစရိယl ဒီဃဘာဏကl ပါဠိပါရဂူ ) က ယခုလက်ရှိ တိပိဋကဆရာတော်တို့တွင် နောက်ပိုင်း တိပိဋကဆရာတော် ( ၁၀ ) ပါးသည် ဗန်းမော်ဆရာတော်ကြီး၏ စာပေတပည့်များဖြစ်သည်ဟု ဆိုသည်။


💗 ဗန်းမော်ဆရာတော် အင်္ဂလိပ်စာ တတ်သလား ? 💗


ဗန်းမော်ဆရာတော်သည် ခက်ခဲနက်နဲလှသည့် အဘိဓမ္မာပါဠိတော်တွင် ပါဝင်သည့် အောက်ယမိုက် ( ၅ ) ကျမ်း ( အရှင်နာရဒါဘိဝံသနှင့် တွဲဘက်၍ ) နှင့် အထက်ယမိုက် ( ၅ ) ကျမ်း ( ကိုယ်တိုင် တစ်ပါးထဲ )တို့ကို

( THE BOOK ON PAIRS ) Volume One, Volume Two ဟု  ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ ထို့အပြင် ဗုဒ္ဓတက္ကသိုလ်ပေါင်းများစွာတွင် ပြဌာန်းသင်ကြားနေသော,ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ Daw Mya Tin ဘာသာပြန်ဆိုရေးသားသော THE DHAMMAPADA ကျမ်းစာအပါအဝင် အင်္ဂလိပ်ကျမ်းစာပေါင်းများစွာကို သဘာပတိအဖြစ်l Supervisor အဖြစ် တည်းဖြတ်သုတ်သင်ခဲ့သည်။


💗 ဗန်းမော်ဆရာတော်နှင့် ဘာသန္တရစာပေ💗


ဗန်းမော်ဆရာတော်၏ ပါဠိစာပေစွမ်းရည်နှင့် အင်္ဂလိပ်စာပေစွမ်းရည်များမှာ ဆိုခဲ့ပြီးသမျှဖြင့် လုံလောက်ပြီဟု ယူဆပါသည်။ ဆရာတော်သည် ပါဠိဘာသာအထူးကျွမ်းကျင်ရုံမျှမက တက္ကသိုလ်ဝင်တန်း ( ၁၀ ) တန်း အောင်ပြီးသောအခါ မန္တလေးတက္ကသိုလ်( University of Mandalay ) သို့ တက်ရောက်၍ ( ၁၃၃၂ - 1970 ) တွင် B.A. ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ထို့အပြင် ဘုရားကြီးတိုက် ပုသိမ်ကျောင်းဆရာတော်

( ဘဒ္ဒန္တသီလာစာရl အဂ္ဂမဟာပဏ္ဍိတlဘာသန္တရဆေကlဝေဒပါရဂူ ) အထံတွင် " သက္ကဋဘာသာlဝေဒပညာရပ်"တို့ကို ( ၃ ) နှစ်တိတိ သင်ယူခဲ့သည့်အပြင် အဘယာရာမရွှေဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ ( နောင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်) ၏ အကူအညီဖြင့် " ပြာကတဘာသာl အဒ္ဓမာဂဓီဘာသာ " တို့ကို  သင်ယူ၍ ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။


💗 ဗန်းမော်ဆရာတော်နှင့် အဓမ္မဝါဒ 💗


ဗန်းမော်ဆရာတော်သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး တာဝန်ပေးချက်အရ " ဓမ္မနီတိ မိစ္ဆာဝါဒl စမ်းကလေးဝါဒl မြစ်ကြီးနား အရှင်ဝိစိတ္တသာရာဘိဝံ၏ မိုးပြာဝါဒ " အစရှိသည့် အဓမ္မဝါဒတို့ကို ရင်ဆိုင် စစ်ဆေး ဆုံးဖြတ်၍ ပြတ်သားစွာ နှိမ်နင်းတော်မူခဲ့သည်။


💗 ဗန်းမော်ဆရာတော်နှင့် တိပိဋကပါဠိပဒကျမ်းညွှန်းကြီးနှင့် တိပိဋကပါဠိ-မြန်မာ အဘိဓာန်💗


ဗန်းမော်ဆရာတော်သည် နိုင်ငံတော်အစိုးရ၏ လျှောက်ထားတောင်းပန်ချက်အရ မန္တလေးမြို့ ဘုရားကြီးတိုက် တိပိဋကအဘိဓာန်ကျမ်းပြုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် " တိပိဋကပါဠိပဒကျမ်းညွှန်းကြီးနှင့် ပါဠိ-မြန်မာ အဘိဓာန်ကျမ်းကြီး" ( အဝဂ် ) ၄ ကျမ်းတွဲကြီးကို ပါဝင်ရေးသားခဲ့သည်။


💗 ဗန်းမော်ဆရာတော်နှင့် ပရဟိတ 💗


ဗန်းမော်ဆရာတော်သည် မစိုးရိမ်ဆရာတော်ဘုရားကြီးထံမှ ဗန်းမော်ကျောင်းတိုက်ကြီးကို လက်ခံရရှိပြီးသည်မှ စ၍ ဗန်းမော်ကျောင်းတိုက်တွင် စာဝါမပြတ်ပို့ချခြင်းl ဗန်းမော်ဘက ( မူလတန်း ) အဆင့်မှ ဗန်းမော်ဘက ( အထက်တန်းကျောင်း ) ရရှိတိုးတက်အောင် ကြိုပမ်းခဲ့ပြီး

သ.စ.အ ဓမ္မာစရိယဘွဲ့ရများl ပါဠိပါရဂူဘွဲ့ရများl B.A., B.Sc., M.A., M.Sc.,B.Ed., LLB.,M.B.B.S. စသော ရဟန်းရှင်လူ ဘွဲ့ရပေါင်းများစွာ မွေးထုတ်ပေးခဲ့l မွေးထုတ်ပေးဆဲ ဖြစ်ပါသည်။ ထို့အပြင် မင်းကွန်း မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းတိုက်တွင် စာဝါပို့ချပေးပြီး တိပိဋက ( ၁၀ ) ပါးတိတိ မွေးထုတ်ပေးနိုင်ခဲ့သည်။ ထို့အပြင် " ဒေါက်တာ ဦးကုမာရ ဖောင်ဒေးရှင်း " ကို တည်ထောင်၍ ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များကို အစစအရာရာတာဝန်ယူ၍  သီရိလင်္ကာl အိန္ဒိယ စသော ပြည်ပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့, စေလွှတ်နေရာ ဝိဇ္ဇာဘွဲ့l မဟာဝိဇ္ဇာဘွဲ့l ပါရဂူဘွဲ့ရ ရဟန်းတော်များ များစွာမွေးထုတ်ပေးပြီး/ မွေးထုတ်နေဆဲ ဖြစ်ပါသည်။


 💗 ဗန်းမော်ဆရာတော်နှင့် တက္ကသိုလ်များ💗


ဗန်းမော်ဆရာတော်သည် ၁၃၅၀ ပြည့်နှစ်l နတ်တော်လဆန်း ( ၁ ) ( 9.12.1988 ) တွင် ရန်ကုန်မြို့l အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို စတင်ဖွင့်လှစ် သင်ကြားရာ၌ ပရိယတ္တိမဟာဌာနမှူးအဖြစ် စတင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၁၃၆၃ ခုနှစ်l နယုန်လဆန်း ( ၁၁ ) ရက် ( 1.6.2001) ခုနှစ် သောကြာနေ့တွင် ဒုတိယပါမောက္ခချုပ် ( သင်ကြား ) အဖြစ် စတင်တာဝန်တမ်းဆောင်ခဲ့သည်။ ယခုအခါ ၎င်းတက္ကသိုလ်ကြီးအပြင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ ( ရန်ကုန်/မန္တလေး ) နှင့် ဗုဒ္ဓတက္ကသိုလ်များ ( ရန်ကုန်/မန္တလေး ) တို့၏ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်တော်မူနေပါသည်။


💗ဗန်းမော်ဆရာတော်နှင့် မန္တလေး ဘုရားကြီးတိုက်💗


ဗန်းမော်ဆရာတော်သည် မန္တလေးမြို့ ဘုရားကြီးတိုက်တွင် ၁၃၁၅ ခုနှစ်မှ ၁၃၂၄ ခုနှစ်အထိ ( ၉ ) နှစ်တိတိ စာပေပို့ချခဲ့ပြီး သ.စ.သ.အ ဓမ္မာစရိယဘွဲ့ရများlပါဠိပါရဂူဘွဲ့ရများ များစွာ မွေးထုတ်ပေးခဲ့ပါသည်။ ထို့နောက် ၁၃၂၄ ခုနှစ်l ဝါဆိုလ ( 1962 July ) တွင် မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသူရိယာဘိဝံသ၏ လွှဲအပ်ညွှန်ကြားချက်နှင့် အမိန့်အရ ဗန်းမော်ကျောင်းတိုက်ကြီးကို လက်ခံ၍ ထိုကျောင်းတိုက်သို့ ပြောင်းရွှေ့သီတင်းသုံးခဲ့သည်။


💗 ဗန်းမော်ဆရာတော်နှင့် ကျောင်းထိုင်ဘုန်းကြီးသက်တန်းကျောင်း💗


မန္တလေးတိုင်း ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများ၏ အဓိပတိဆရာတော် ဖြစ်ပါသည်။


💗 ဗန်းမော်ဆရာတော်နှင့် ဝိပဿနာ💗


ဗန်းမော်ဆရာတော်ကြီးသည် ပရိယတ္တိအရာတွင်သာ ထူးချွန်ထက်မြက်သည်မဟုတ်ဘဲ ပဋိပတ္တိအရာတွင်လည်း

မဟာစည်ဆရာတော်l စွန်းလွန်းဆရာတော်l မောင်ထောင်မြေဇင်းတောရဆရာတော် အစရှိသောဆရာတော်ကြီးများထံတွင် နည်းခံကျင့်ကြံ အားထုတ်တော်မူခဲ့ပြီး ယခုလည်း အားထုတ်တော်မူဆဲဖြစ်ပါသည်။


💗 ဗန်းမော်ဆရာတော်နှင့် သံဃဥပဒေ💗


ဗန်းမော်ဆရာတော်သည် " ဝိနည်းဓမ္မကံမှုခင်းများဆိုင်ရာ စည်းမျဉ်းဥပဒေရေးဆွဲရေးအဖွဲ့" တွင် အတွင်းရေးမှူးဆရာတော်အဖြစ် ပြီးပြတ်အောင်မြင်သည်အထိ ရေးဆွဲပေးခဲ့သည်။


💗 ဗန်းမော်ဆရာတော် ရေးသားထားသည့် ကျမ်းစာများ💗


၁။ သိမ်တောင်သာသနာဝင်ကျမ်း 

၂။ တိပိဋကပါဠိပဒကျမ်းညွှန်း

၃။ တိပိဋက ပါဠိ-မြန်မာ အဘိဓာန် ( အဝဂ် ၄ အုပ် )

     ( အဖွဲ့နှင့် ပြုစု )

၄။ မောဂ္ဂလ္လာန်သဒ္ဒါကျမ်းကြီးအဖွင့် ပယောဂသိဒ္ဓိနိဿယ

        ( ပ ဒု ) နှစ်အုပ်တွဲ

၅။ မဟာစည်ဝိပဿနာနယပ္ပကရဏံ

   ( ပါဠိဘာသာဖြင့်ရေး ) ( ပ ဒု ) နှစ်အုပ်တွဲ

၆။ ထေရီအပဒါနဒီပနီ အဋ္ဌကထာ ( ပါဠိဘာသာဖြင့် ရေး )

၇။ မန္တလေး ရတနာမဉ္ဇူဘုရားသမိုင်း

၈။ တိပိဋကပါရာဇိကဏ်ပုစ္ဆာ-ဝိဿဇ္ဇနာကျမ်း

       ( ၂၈ နှစ်စာ )

၉။ တိပိဋကပါစိတ်ပုစ္ဆာ-ဝိဿဇ္ဇနာကျမ်း

           ( ၂၈ နှစ်စာ )

၁၀။ တိပိဋကမဟာဝါစူဠဝါပရိဝါ ပုစဆွာ-ဝိဿဇဇွနာကမှး

၁၁။ အောက်ယမိုက်ပါဠိတော် ၅ ကျမ်း

       ( အင်္ဂလိပ်ဘာသာဖြင့် ရေးl အရှင်နာရဒါဘိဝံသနှင့်  

       တွဲဘက်ရေးသည် )

၁၂။ အထက်ယမိုက် ၅ ကျမ်း

           ( အင်္ဂလိပ်ဘာသာဖြင့် တစ်ပါးထဲ ရေးသည် )

၁၃။ ထေရီအပဒါနဒီပနီအဋ္ဌကထာ 

     ( နိဿယနှင့် မြန်မာပြန် )

၁၄။ ဒါနသီလ အခြေခံ သမထဝိပဿနာ ပွားများအားထုတ်နည်း။

၁၅။ ကမ္မဋ္ဌာန်း ၄၀ ပွားများအားထုတ်နည်း - အစရှိသည်တို့ ဖြစ်သည်။


💗 ဗန်းမော်ဆရာတော်၏ မွေးရပ်မြေ 💗


မန္တလေးတိုင်းဒေသကြီးl မြင်းခြံခရိုင်l တောင်သာမြို့နယ်l ရဘဲကျေးရွာ အဖ-ဦးဖိုးသစ် + အမိ ဒေါ်အေးတိုက်တို့မှ

သက္ကရာဇ် ( ၁၂၉၁ တော်သလင်းလဆန်း ၁၄ ရက် ) ( 16.9.1929 ) တနင်္လာနေ့တွင် ဖွားမြင်သည်။ မွေးချင်း ၈ ယောက်အနက် စတုတ္ထမြောက် သားရတနာ ဖြစ်၍ ငယ်မည်မှာ မောင်ကျော်စိန် ဖြစ်သည်။


💗 ဗန်းမော်ဆရာတော်၏ ဆရာများ 💗


ဆင်းမင်းရွာဆရာတော် ဦးပဏ္ဍိစ္စlဦးဝါယာမlဦးတိလောက


ဇဂျမ်း-ကန်မြဲ ဘကြီးဆရာတော် ဦးသောဘိတ


ဘုရားကြီးတိုက်lနယားဆရာတော် ဦးမေဓိယာဘိဝံသl

ဦးအရိယဝံသlဦးသီလဝံသ

ဘုရားကြီးတိုက် အမရပူရဆရာတော် ဦးဥက္ကံသာဘိဝံသl

မစိုးရိမ်အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး ဦးသူရိယာဘိဝံသ

ဆီးဘန်းနီဆရာတော် ဦးအာစာရ 


မင်းကွန်းတိပိဋကဆရာတော် - စသည်။


💗 ဗန်းမော်ဆရာတော် အောင်မြင်ခဲ့သော စာမေးပွဲများ💗


၁။ သာသနဓဇသိရီပဝရဓမ္မာစရိယ - ပါဠိသိရောမဏိ

( တစ်နိုင်ငံလုံး တစ်ပါးထဲသာ ရရှိ ၁၃၁၅ ခုနှစ် )


၂။ ပရိယတ်တိသာသနဟိတဓမ်မာစရိယ

   ( သက်သီဟ - ဝဋံသကာ )

( နှစ်ပေါင်း ( ၁၂၃ ) နှစ်အတွင်း ၎င်းဘွဲ့ကို ( ၉ ) ပါးသာ

ရရှိခဲ့ပြီး ဆရာတော်သည် ( ၅ ) ပါးမြောက် ဖြစ်သည်။ )


 ၃။ မန္တလေးတက္ကသိုလ် 

( University of Mandalay ) မှ B.A. ဘွဲ့


( မှတ်ချက်။   ။ ဗန်းမော်ဆရာတော်ကြီးသည် စေတိယင်္ဂဏဓမ္မာစရိယ အောင်မြင်သည်ဟု ကြားဖူးမိခဲ့သော်လည်း မိမိအနေဖြင့် မှတ်တမ်းမှတ်ရာ ရှာမတွေ့သေး၍ ဤနေရာတွင် ဖော်ပြမထားပါ။ မှတ်တမ်းမှတ်ရာ တွေ့ရှိပါက ကျေးဇူးပြု၍ ပြောပြပေးပါရန်နှင့် ဤနေရာတွင် ဖော်ပြသွားပါမည် )


💗 ဗန်းမော်ဆရာတော်အား ဆက်ကပ်ပူဇော်ခဲ့သော ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တော်များ 💗


၁။ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ( ၁၉၉၁ )

၂။ အဂ္ဂမဟာပဏ္ဍိတ ( ၁၉၉၉ )

၃။ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ( ၂၀၀၅ )

၄။ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ( ၂၀၀၉ )

၅။ အဘိဓဇမဟာရဋ္ဌဂုရု ( ၂၀၁၁ )

၆။ မ-ကာရ လောပ ဂုဏပူဇာ ရွှေပေလွှာ ( ၂၀၁၁ )

၇။ ရန်ကုန်တက္ကသိုလ် ( University of Yangon ) မှ စာပေပါရဂူ ဒေါက်တာ ( D.Litt ) ဘွဲ့ ( ၂၀၁၃ )

၈။ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှ 

ဘာသာရေးဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ( ၂၀၁၅ )

၉။ တောင်ကိုရီးယားနိုင်ငံ SEA HAN University မှ 

Ph.D ဒေါက်တာဘွဲ့ ( ၂၀၁၆ )

၁၀။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့မှ Ph.D ဒေါက်တာဘွဲ့ ( ၂၀၁၆ )


💗 ဗန်းမော်ဆရာတော်နှင့် 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ 💗


ဗန်းမော်ဆရာတော်သည် ၁၃၄၂ ခုနှစ်l နယုန်လဆန်း ( ၁၀ ) ရက်မှ စတင်၍ နိုင်ငံတော်ဝိနည်းဓိုရ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၃၇၁ ခုနှစ်l တပေါင်းလဆန်း ( ၈ ) ရက် ( 20.2.2010 ) စနေနေ့မှ စတင်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်အဖြစ်လည်းကောင်းl ၁၃၇၂ ခုနှစ်l ဒုတိယဝါဆိုလဆန်း ( ၇ ) ရက် ( 18.7.2010 ) တနင်္ဂနွေနေ့မှစ၍ သက်တော် ( ၉၂ ) ဝါတော် ( ၇၂ ) ဝါအရ ယနေ့အချိန်အထိ

 " နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်" အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူလျက်ရှိသည်။


💗 ဗန်းမော်ဆရာတော်၏ ရာထူးအာဏာအပေါ် သဘောထား💗


ပြီးခဲ့သော မကြာသေးမီ နှစ်ကာလများအတွင်းက 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အပေါ် ရဟန်းရှင်လူ အချို့က အမြင်သဘောထား တင်းမာခဲ့ကြစဉ်က ဗန်းမော်ဆရာတော်ကြီးသည် မိမိမှာ ဥက္ကဋ္ဌဆရာတော်ဖြစ်၍ တာဝန်အပြည့်ရှိသည်ဟု မိန့်၍ သက်ဆိုင်ရာသို့လည်း နှုတ်ထွက်စာ နှစ်ကြိမ်တင်ခဲ့သော်လည်း သက်ဆိုင်ရာပုဂ္ဂိုလ်များက ဆက်လက်တာဝန်ထမ်းဆောင်ပေးတော်မူပါရန် အလွန်နူးညွတ်စွာ အကျိုးအကြောင်းပြ၍ တောင်းပန်ခဲ့ကြသဖြင့်လည်းကောင်းl မဟနအစည်းအဝေးတွင် မဟနဆရာတော်ကြီး ၄၆ ပါးလုံးက ခုံအောက် ကြမ်းပြင်ပေါ်ဆင်း၍ သာသနာတော်အတွက် သည်းခံတော်မူ၍ ဆက်လက်တာဝန်ထမ်းဆောင်ပေးတော်မူပါရန် ရှိခိုးတောင်းပန်ခဲ့ကြသဖြင့်လည်းကောင်းl မန္တလေးဆွမ်းကပ်ပွဲတစ်ခုတွင် မန္တလေးမြို့ရှိ ထိပ်တန်းစာသင်တိုက်ကြီးအချို့ ( နာမည်များပါ သိပါသည် ) ၏ အဓိပတိဆရာတော် ( ၄ ) ပါးနှင့် သာသနာတော်ဆိုင်ရာ တက္ကသိုလ် ( ၂ ) ခုမှ ပါမောက္ခချုပ်ဆရာတော်ကြီးများကလည်း အရာအားလုံးကို ဝိုင်းဝန်းဖြေရှင်းကြပါမည်ဖြစ်ကြောင်းl သံဃာထုတစ်ရပ်လုံး ဆရာတော်ဘုရားကို ထောက်ခံကြပါသည်ဟု အကြိမ်ကြိမ်လျှောက်ထားတော်မူခဲ့ကြသောကြောင့်လည်းကောင်း 

မထေရ်ကြီးများl သံဃာအများl သာသနာတော်ရှေ့ရေးကိုရှုငဲ့၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို ယခုအချိန်အထိ ထမ်းဆောင်တော်မူနေခြင်းဖြစ်ကြောင်း သိရသည်။ အထက်ပါ အချက်အလက်များသည် မထုတ်ပြန်သော အချက်အလက်များဖြစ်သော်လည်း အွန်လိုင်းမှတဆင့် ပေါက်ကြားသွားခဲ့ကာ တစ်တိုင်းပြည်လုံး သိရှိသွားခဲ့သည်။ မန္တလေးဆွမ်းကပ်ပွဲတစ်ခုတွင် မန္တလေးမြို့ ထိပ်တန်းစာသင်တိုက်ကြီး ( ၄ ) တိုက်မှ အဓိပတိဆရာတော်ကြီး ( ၄ ) ပါးနှင့် သာသနာတော်ဆိုင်ရာ တက္ကသိုလ်ကြီး ( ၂ ) ခုမှ ပါမောက္ခချုပ်ဆရာတော်ကြီး ( ၂ ) ပါး၏ လျှောက်ထားတောင်းပန်မှုကို ကိုယ်တွေ့ကြား မြင်သိခဲ့ရသူမှာမူ ယခုပင် ရှိပါသည်။


💗 ဗန်းမော်ဆရာတော်နှင့် ပတ်သက်၍ ထိပ်တန်းပုဂ္ဂိုလ်တို့၏ ချီးကျူးဂုဏ်ပြုစကားများမှာ များပြားလွန်းလှသဖြင့် အပြည့်အစုံ အကုန်မဖော်ပြနိုင်ဘဲ  ထိုအထဲမှ  မှတ်ချက်အချို့ကို ဤတွင် ဖော်ပြပေးလိုက်ပါသည်။

💗


၁။ ဆဋ္ဌသဂီင်္တိဥက္ကဋ္ဌ မစိုးရိမ်တိုက်ကြီးများ၏ အဓိပတိ

ဆရာတော်ကြီး ( ဘဒ္ဒန္တသူရိယာဘိဝံသ ) ၏ မှတ်ချက်


" အရွယ်နှင့်မမျှအောင်ပင် တော်လွန်း တတ်လွန်း ထက်လွန်းလှသည် "


၂။ မင်းကွန်းဆရာတော်၏ မှတ်ချက်


" ဒီဆရာတော်က အင်မတန်ရိုးသားတာ။

ဆင်းရဲချမ်းသာ ပုဂ္ဂိုလ်မရွေး တစ်ပုံစံထဲပဲ ဆက်ဆံတယ်။

အရှင်အာနန္ဒာမထေရ်ကြီးလိုပေါ့။ ရိုးရိုးကြီးနေတော့ ဘာမှမတတ်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ အားလုံး ကျွမ်းကျင်လိမ်မာတယ်။ သာသနာတော်အတွက် အာဇာနည်တစ်ပါးဘဲ" 

( 27.12.1992 မင်းကွန်း ဓမ္မနာဒကျောင်းတိုက်တွင် ချီးကျုးမိန့်ကြားချက် )


၃။  " ရှင်းရှင်းဝန်ခံတာပါ။  ဒို့များက ကံအရာရော ဉာဏ်အရာရော ဝီရိယအရာရော ဗန်းမော်ဆရာတော်ကို မမှီပါဘူး "


(သ.စ.သ.အ ဓမ္မာစရိယနှင့် ပါဠိပါရဂူဘွဲ့ရ တပည့်အကျော်အမော်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့သည့် မန္တလေးမြို့ စာချအကျော်အမော် ပေါက်မြိုင်ဆရာတော်ကြီး

ဘဒ္ဒန္တအဂ္ဂဝံသာဘိဝံသ - တိပိဋကဓရသြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး )


၄။ " ဗန်းမော်ဆရာတော်ဆိုပြီး နာမည်ကျော် နှစ်ပါးရှိတယ်။

တစ်ပါးက မင်းတုန်းမင်းခေတ် ပဌမဗန်းမော်ဆရာတော်။ 

အဲဒီ ပဌမဗန်းမော်ဆရာတော်က ရှင်ဘုရင်နဲ့ မတည့်ဘဲ ကန့်လန့်ဖြစ်လျက်နဲ့ပဲ စွမ်းစွမ်းတမံ သာသနာပြုနိုင်ခဲ့တယ်။

ယခုလက်ရှိ နဝမမြောက် ဗန်းမော်ဆရာတော်က ရှင်ဘုရင်နဲ့ တည့်ပြီး ကန့်လန့်မဖြစ်ဘဲ စွမ်းစွမ်းတမံ သာသနာပြုနိုင်တယ်။ နှစ်ပါးလုံး တော်ပြီး နာမည်လည်း ကျော်ကြပါတယ်" 

 

( မစိုးရိမ်တိုက်သစ်ကြီးများ၏ မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ )


၅။ " ဆရာကောင်းတပည့် ပန်းကောင်းပန်နိုင်ခဲ့သော ဆရာတော်ဘုရားကြီးကဲ့သို့ပင် ဤနေ့ ဤရက် ဤအချိန်အခါမှစ၍ တပည့်တော်သည်လည်း ဆရာတော်ကြီးထုံး နှလုံးမူ၍ ကိုယ်တိုင်လည်းကြိုးစားကာ တပည့်များကိုလည်း သွန်သင်ဆုံးမပါမည်ဖြစ်ကြောင်း ခြေတော်စုံဦးခိုက်၍ ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည်ဘုရား " 


( ဆရာတော်ကြီး၏ တပည့် 

အရှင်ဝံသပါလာလင်္ကာရ

ထီးဆောင်/မြင်းမူ တိပိဋကဆရာတော် )


၆။ " ဗန်းမော်ဆရာတော်ဘုရားကြီး၏ ပဋ္ဌာန်းစာဝါများကို လိုက်ခဲ့ရပြီး ဆရာတော်ကြီးဟောသော ပဋ္ဌာန်းတရားများကို နာယူခဲ့ရသောကြောင့် မိမိ တိပိဋကဖြစ်ခဲ့ခြင်း ဖြစ်ပါသည်"


( ဆရာတော်ကြီး၏ တပည့်

၁၁ ပါးမြောက် တိပိဋက ရမ္မာဝတီဆရာတော်

အရှင်ဣန္ဒပါလ )


၇။ " ဂုဏီ ဂုဏီ န နိန္ဒာယ

ပသံသာယ ဂုဏီ ဂုဏီ

နိန္ဒံ နိန္ဒံ န ကုပ္ပေယျ

နိ သာဒိယေ ထုတိ ံထုတိ ံ

* ဂုဏ်ရှိသူအား ကဲ့ရဲ့ငြား ဂုဏ်ကားမပျက်ပါ။

* ဂုဏ်မဲ့သူအား ချီးမွမ်းငြား ဂုဏ်ကားတက်မလာ။

* ကဲ့ရဲ့ရှုတ်ချ တွေ့ကြုံ့က ဒေါသ မဖြစ်ရာ။

* ချီးမွမ်းထောပနာ တွေ့ကြုံလာ သာယာ မဖြစ်ရာ။

  တပည့် - ဝါယာမိန္ဒာဘိဝံသ

တိပိဋက ရေစကြိုဆရာတော်


၈။ "  မြန်မာ့သမိုင်းတစ်လျှောက် တိပိဋကဆရာတော် 

( ၁၅ ) ပါး ပေါ်ထွန်းခဲ့ရာမှာ နောက်ပိုင်း ( ၁၀ )ပါးလုံးဟာ

ဗန်းမော်ဆရာတော်ကြီးရဲ့ စာလိုက်တပည့်တွေကြည့်ပါပဲ"


( ဦးဉာဏ်ထွန်း - ဓမ္မာစရိယlဒီဃဘာဏကlပါဠိပါရဂူl

သာသနာတော်လုံးဆိုင်ရာ ဗုဒ္ဓဘာသာဗဟိုအဖွဲ့ ဥက္ကဋ္ဌနှင့် ပရိယတ္တိသာသနဟိတ ( သကျသီဟ ) အသင်းကြီး၏ ဥက္ကဋ္ဌ )


၉။ " ဆရာတော်ကြီးသည် မင်းကွန်းတိပိဋဆရာတော်ကြီး လွန်တော်မမူမီကပင် တိပိဋကနိကာယ စာချနာယကအဖြစ် စာဝါများပို့ချ၍ တိပိဋကဆရာတော်များ  ပေါ်ထွက်စေခဲ့သည်။ ယခုအခါ တိပိဋကနိကာယ သာသနာပြု ဥပဋ္ဌာက အဖွဲ့ကြီး၏ ဦးဆောင်နာယကဆရာတော်ကြီးလည်း ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပရိယတ္တိဝိသာရဂုဏ်l ဓုရာဝဟဂုဏ်l ပဋ္ဌာနဘာဏကဓမ္မဓရဂုဏ်l ပဋိပတ္တိဓုရာဝဟဂုဏ်l ဘာသန္တရဆေကဂုဏ်l ဥဇုဂုဏ်l သုဟုဇုဂုဏ်l ဒယာ-စသော ဂုဏ်တော်တို့နှင့် ပြည့်စုံလွန်းလှပါသည်"


( ဦးသူတော် - တိပိဋကနိကာယ သာသနာပြုအဖွဲ့ ဥက္ကဋ္ဌ )


၁၀။ " ဗန်းမော်ဆရာတော်ကြီး စာတတ်တာ စာပေနဲ့ပတ်သက်ရင် ဂိတ်ဆုံးထိ ရောက်နေတာ ဘာဆန်းသလဲl စာအုပ်နဲ့ ဘောပင်ကို ဘဝလို့ သတ်မှတ်ထားတာကိုးl ကြာပါပြီ အရင်တုန်းက ၈၄ လမ်းပေါ်မှာ ခြေလျင်ကြွနေတာတွေ့လို့ တပည့်တော် မေးကြည့်တာl 

" ဘုန်းဘုန်း ဘယ်ကြွမလို့လဲဘုရား? "

" ဘုရားကြီးတိုက်ဘက် တိပိအဘိဓာန်ပြုစု သွားမလို့"

" အခု ဘယ်ကနေ ကြွလာတာမို့လဲဘုရား ? "

" ဗန်းမော်ကျောင်းကနေလေ "

"ဆိုက္ကာလေး ဘာလေး ငှားပြီး ကြွရောပေါ့ဘုရား "

" ဆိုက္ကားငှားနိုင်လောက်အောင် ပိုက်ဆံမရှိပါဘူးl

ရှိတာလေးနဲ့ ဆိုက္ကားငှားစီးလိုက်ရင် လိုအပ်တဲ့ စာအုပ်စာတမ်း မဝယ်နိုင်မှာ စိုးလို့ပါ"

ကိုင်း ဗန်းမော်ဆရာတော် စာတတ်တာ မဆန်းပါဘူးဆိုတာယုံပီလာဗျာ။

တပည့်တော် ကြည်ညိုလွန်းလို့ လမ်းမပေါ်တင်ပဲ တပည့်တော်နဖူးနဲ့ ဆရာတော့်ခြေ ထိသည်အထိ အားရပါးရ

သုံးကြိမ်တိုင်တိုင် ကန်တော့ပစ်လိုက်ပါတယ်။


( ဦးမြင့်ဆွေ ( မဟာဝိဇ္ဇာl လန်ဒန် )

( ရန်ကုန်/မန္တလေး ဗုဒ္ဓတက္ကသိုလ်များ တည်ထောင်သူနှင့်

ပါမောက္ခချုပ် )


💗💗💗 အစပိုင်းတွင် ဖော်ပြထားခဲ့သည့်အတိုင်းပင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဂုဏ်စွမ်းအင်သတ္တိများကို မိမိအနေဖြင့် ကုန်စင်အောင် ရေးသားနိုင်စွမ်း မရှိပါ။ ဖော်ပြပြီးသည်မှာ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဂုဏ်စွမ်းအင်သတ္တိများထဲမှ မြူမှုန်မျှဖြစ်သော ပုံရိပ် တစ်စိပ်တဒေသသာ ဖြစ်ကြောင်း ဝန်ခံအပ်ပါသည်။💗💗💗


အရှင်ကေသရ

လ/ထ ကထိက

အင်္ဂလိပ်စာဌာန

မေတ္တာဖြင့် စုစည်းတင်ပြပူဇော်ပါသည်။


Source >> 

၁။ ထေရီအပဒါနဒီပနီအဋ္ဌကထာ

၂။ မန္တလေး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း

ငွေရတုသဘာ

၃။ နဝမ ဗန်းမော်ဆရာတော်၏ ပတ္တမြားရတုပူဇာနှင့် ဂုဏပူဇာသမိုင်းဝင်မှတ်တမ်း

၄။ နဝမ ဗန်းမော်ဆရာတော်၏ သမ္ဗုဒ္ဓေတရားတော်

၅။ ဗန်းမော်ဆရာတော် ထေရုပ္ပတ္တိအကျဉ်းချုပ်

 ( 29 July 2018 )

၆။ ဆဋ္ဌသံဂါယနာမှတ်တမ်း

၇။ ဗန်းမော်ဆရာတော်ကြီးနှင့်ပတ်သက်၍ ရေးသားဖော်ပြထားသော အွန်လိုင်းပေါ်ရှိ  post အချို့


Ashin Kavinda ၏ postကို ရိုသေလေးစားစွာဖြင့်

ပြန်လည်မျှဝေပူဇော်ပါသည်။




စာကြွင်း။ ။ 

ဗန်းမော်ဆရာတော်ဘုရားကြီးသည် ကောဇာသက္ကရာဇ် ၁၃၈၅-ခုနှစ် နယုန်လဆန်း ၇-ရက် ခရစ်သက္ကရာဇ် ၂၀၂၃-ခုနှစ် မေလ ၂၅-ရက် ကြာသပတေးနေ့ ည ၁၁း၁၁ နာရီအချိန်တွင် တစ်ဘဝတစ်ခန္ဓာ ချုပ်ငြိမ်းရုပ်သိမ်းတော်မူလေသည်။

Thursday, May 18, 2023

One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့

One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့


( Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win မှ ရေးသားသည်။)





One night stand ဆိုတာက တစ်ညတာ အတူနေတာကို ဆိုလိုတာပါ။ Dating app တွေကနေဖြစ်ဖြစ်၊ ဘားတွေ ကလပ်တွေကနေဖြစ်ဖြစ် ရင်းနှီးလာပြီး တစ်ညတာကို အတူကုန်ဆုံးကြတာပါ။ ဒါပြီးရင်တော့ သူလည်း သူ့လမ်းသူလျှောက်၊ ကိုယ်လည်း ကိုယ်လျှောက်ပါ။ ဒါမှမဟုတ် သဘောကျရင်လည်း ထပ်တွေ့ပေါ့။


အဲ့ဒီတစ်ညတာမှာ လိင်မှုကိစ္စသက်သက်ပဲ တာဝန်ယူတာ၊ တာဝန်ခံတာ၊ သံယောဇဉ်စတာတွေ ဘာမှမပါတဲ့အတွက် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးတော့ ဖြစ်မှာပါ။ သမီးရည်းစားလည်း မဟုတ်ဘဲနဲ့ နှစ်ဦးသဘောတူဖြစ်တဲ့အတွက် နောက်ကြောင်းလည်း အေးပါတယ်။ သူကျေနပ် ကိုယ်ကျေနပ်ရင် ဒီကိစ္စ ဒီမှာတင် ပြီးပါပြီ။


တစ်ညတာပဲ ဆုံလိုက်တယ်ဆိုပေမယ့် One night standတွေက တကယ်တော့ အန္တရာယ်ကင်းရဲ့လား။ လူမှုရေး ရှုထောင့်ကမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရအောင်။


One night stand တွေကနေ ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်သလဲ။


လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးလာတာ

တစ်ညတည်း တစ်ခါတည်း ဆိုပေမယ့် အဖော်မှာ ကူးစက်ရောဂါတွေ ရှိနေရင် ကိုယ့်ဆီကိုကူးလာနိုင်ပါတယ်။ HIV၊ အသည်းရောင် အသားဝါ ဘီကစလို့ ဂနို၊ ဆစ်ဖလစ်အလယ် အသားချင်းထိရုံနဲ့ ကူးတတ်တဲ့ လိင်အင်္ဂါရေယုန်၊ ကြွက်နို့တွေ ကူးလာနိုင်ပါတယ်။


မလိုချင်သေးဘဲ ကိုယ်ဝန်ရသွားတာ

တစ်ခါတည်း ပန်းအိုးကွဲပေမယ့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ကိုယ်ဝန်ရဖို့ ဘယ်နှခါ လိင်ဆက်ဆံရမယ်ဆိုတာမှ မရှိတာပဲ။ အထူးသဖြင့် ဒီလို တစ်ညပြီးတာနဲ့ ခွဲခွာမယ့် သူတွေမှာ မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာက ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။



လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ

ကိုယ်နေချင်တဲ့ ပုံစံကတခြား သူဆက်ဆံတဲ့ ပုံစံက တခြား ဖြစ်သွားတာပါ။ အတူနေဖို့ ခွင့်ပြုတယ်ဆိုရင်တောင် BDSMလိုမျိုး အကြမ်းဖက် လိင်ဆက်ဆံတာကို ခွင့်မပြုဘဲ အတင်းလုပ်မယ်ဆိုရင် ဒါလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပါပဲ။ ဒါက အမျိုးသားမှာရော အမျိုးသမီးမှာရောတွေ့ရနိုင်ပါတယ်။


လူမှုရေး နှောင့်ယှက်ခံရတာ

ပြောရမယ်ဆိုရင်တော့ stalk လုပ်ခံရတာပါ။ တစ်ညတည်းပဲ။ ပြီးရင် တာ့တာလို့ ပြောခဲ့ပေမယ့် နောက်ရက်တွေမှာ ကိုယ့်ကို မလွှတ်ပေးတာ၊ တွယ်ကပ်တာ၊ နောက်ကနေ လိုက်နေတာ ဒီလိုမျိုး အပြုအမူတွေ လုပ်တတ်ပါတယ်။ ကိုယ်က One night standအတွက်ပဲ ရည်ရွယ်ထားတာဆိုရင် စိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။


အန္တရာယ်ကင်းတဲ့ One night standဖြစ်စေဖို့

One night stand နေသင့် မနေသင့် လူမှုရေးအရ ဝိဝါဒကွဲပြားပေမယ့် နေခြင်းမနေခြင်းကို ဘယ်သူမှ တားလို့မရပါဘူး။ အရွယ်ရောက်ပြီးသူတွေဖြစ်တဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်၊ ကိုယ့်ကိစ္စကိုယ် တာဝန်ယူရမှာပါ။


One night standကို အန္တရာယ်ကင်းကင်း ဖြစ်စေဖို့ဆိုရင် -


ဆန္ဒရှိမှ လုပ်ပါ။

လိင်မှုဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ‘consent’ လို့ခေါ်တဲ့ နှစ်ဦးသဘောတူမှုက အရေးကြီးပါတယ်။ အတူနေမယ်ဆိုပေမယ့် နေချင်သလို နေဖို့ မသင့်ပါဘူး။ ဘယ်လိုနေမှာလဲ။ မိန်းမကိုယ်နဲ့ ဆက်ဆံမှာလား။ စအိုပါလား။ အတတ်ဆန်းတဲ့ အတူနေမှုတွေကို လက်ခံမှာလား စတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားဖို့ လိုပါတယ်။ မကြိုက်တာရှိရင် သဘောတူစရာမလိုပါဘူး။


ကွန်ဒုံးသုံးပါ။

လိင်ကတဆင့် ကူးစက်ရောဂါတွေ ကာကွယ်ဖို့ ကွန်ဒုံးသုံးပါ။ ပါးစပ်နဲ့ ဆက်ဆံမယ်ဆို dental dams သုံးပါ။ ဒါတောင် ကွန်ဒုံးတို့၊ dental dams တို့က ကူးစက်ရောဂါအကုန်လုံးကို မကာကွယ်နိုင်ပါဘူး။ လိင်အင်္ဂါကြွက်နို့တို့ ရေယုန်တို့က အရေပြားချင်းထိတွေ့ရုံနဲ့ ကူးနိုင်တဲ့အတွက် One night stand နေပြီး တစ်ခုခု လက္ခဏာတွေ ပေါ်လာရင် ဆေးစစ်ကြည့်ပါ။



ကိုယ်ဝန်တားပါ။

ကွန်ဒုံးသုံးမယ်ဆိုရင် ကိုယ်ဝန်ပါ တားပြီးသား ဖြစ်သွားပါပြီ။ ဒါပေမယ့် စိတ်ချရစေချင်ရင် အတူနေပြီးတဲ့အခါ အရေးပေါ်တားဆေးကို ထပ်သောက်သင့်ပါတယ်။ ခဏခဏ One night standရင်တော့ အိမ်ထောင်သည်တွေလိုမျိုး သန္ဓေတားဆေးတစ်မျိုးမျိုးကို ပုံမှန်သုံးပေးပါ။


အရက်နဲ့ မူးယစ်ဆေးရှောင်ပါ။

One night stand နေတဲ့အခါ အရက်ကို မှောက်နေအောင် သောက်တာ၊ မူးယစ်ဆေးတွေ သုံးတာ ရှောင်ပါ။ အသိစိတ်လွတ်နေတဲ့အခါ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာ၊ ရာဇဝတ်မှုတွေ ကျူးလွန်ခံရတာ ဖြစ်တတ်ပါတယ်။


တစ်ယောက်ယောက်ကို ပြောသွားပါ။

အနည်းဆုံးတော့ ယုံကြည်ရတဲ့ သူငယ်ချင်းကို ဒီည ဘယ်မှာအိပ်မှာလောက်တော့ ပြောသွားပါ။ ကိုယ်အန္တရာယ်တစ်ခုခုနဲ့ ကြုံနေတဲ့အခါ လိုက်ရှာဖို့ လွယ်အောင်ပါ။


One night stand နေခြင်းနဲ့ ပတ်သက်လို့

One night standနေတာ မနေတာကို လူမှုရေးအရ တားမြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအရ စိတ်ချရအောင်၊ မဖြစ်သင့်တာ မဖြစ်ရအောင်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။


ရင်းမြစ်များ


Condom Fact Sheet In Brief https://www.cdc.gov/condomeffectiveness/brief.html Accessed date Dec 5, 2022



Unintended Pregnancy https://www.cdc.gov/reproductivehealth/contraception/unintendedpregnancy/index.htm#:~:text=Most%20unintended%20pregnancies%20result%20from,intentions%20or%20reproductive%20life%20plan. Accessed date Dec 5, 2022



Partying safely and sex https://www.betterhealth.vic.gov.au/health/healthyliving/partying-safely-and-sex Accessed date Dec 5, 2022



Sexual Consent https://www.plannedparenthood.org/learn/relationships/sexual-consent Accessed date Dec 5, 2022



How One-Night Stands Turn Into Something More https://www.psychologytoday.com/us/blog/in-the-name-love/202206/how-one-night-stands-turn-something-more Accessed date Dec 5, 2022