Thursday, June 26, 2008

SHOULD BUDDHISTS TRY TO SHARE THE DHAMMA WITH OTHERS?

SHOULD BUDDHISTS TRY TO SHARE THE DHAMMA WITH OTHERS?
ဗုဒ္ဓဘာသာဝင်များအနေနဲ့ တစ်ခြားဘာသာဝင်တွေကို မိမိတို့ရဲ့ဗုဒ္ဓဓမ္မကို မျှဝေဖို့ကြိုးစားသင့်ပါသလား။

ဟုတ်ပါတယ်။ အမှန်တရားဆိုတာဝေမျှပေးသင့်ပါတယ်။ကျွန်တော်ထင်ပါတယ် ဗုဒ္ဓဘာသာဝင်အများစုဟာ မျှဝေခြင်းနဲ့ အဓမ္မပြဌာန်းလုပ်ဆောင်စေခြင်းတို့ရဲ့ မတူကွဲပြားခြားနားပုံကို ကောင်းကောင်း သဘောပေါက် ကြပါတယ်။
သင့်ကို ဗုဒ္ဓ၀ါဒအကြောင်း လူတွေကမေးလာရင် သူတို့ကိုပြောသာပြောပြပါ။ သူတို့က မမေးရင်တောင် ဗုဒ္ဓရဲ့သင်ကြားချက်နည်းလမ်းတွေကို (သူတို့ အကျိုးရှိစေဖို့စေတနာနဲ့) ပြောသင့်ရင်ပြောရမှာပါပဲ။
နောက်အလေးအနက် သတိပြုရမှာကတော့ လူတွေကိုတရားဓမ္မရေးရာတွေ နားလည်သိမြင်အောင်ဖြန့် ဝေရာမှာ ဟောပြောပြသမှုနည်းထက် လက်တွေ့ကျင့်သုံးပြသပြီး အသိဥာဏ်ဖြန့်ဝေတဲ့နည်းကပိုမို ထိရောက်အကျိုးရှိတယ် ဆိုတာပါပဲ။
တရားဓမ္မအကြောင်း လူတွေကိုရှင်းလင်းသင်ကြားပြသရာမှာ အစဉ်သဖြင့်သေချာစွာ ကြောင်းကျိုးဆင်ခြင်မှု၊ သနားကြင်နာမှု၊စိတ်ရှည်လက်ရှည်သည်းခံတတ်မှု၊ဖြောင့်မတ်မှုနဲ့ ရိုးသားတည်ကြည်မှုတွေရှိပါစေ။
ဓမ္မအလင်းရောင်ခြည်ဟာသင့်ရဲ့ အပြောအဆို၊အပြုအမူ၊လုပ်ရပ်တွေရဲ့ ရှေ့ပြေးအနေနဲ့ လင်းလက်တောက်ပ နိုင်ပါစေ။
သင်ရောကျွန်ုပ်ပါ ဓမ္မရေးရာတွေကိုကောင်းစွာတတ်သိပြီး အပြည့်အ၀ကျင့်သုံးမယ်၊ တစ်ခြားသူတွေကိုလည်း ရိုးသားတဲ့ စေတနာသက်သက်နဲ့ဖြန့်ဝေပေးမယ်ဆိုလို့ရှိရင် ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ တစ်ခြားပုဂ္ဂိုလ်တွေအားလုံး အတွက် အကျိုးကျေးဇူးအနန္တကိုမလွဲမသွေရရှိနိုင်ကြမှာပဲ ဖြစ်ပါတယ်။

သဗ္ဗေသတ္တာဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဓမ္ဓစက္ကဦးမောင်မောင်

Wednesday, June 25, 2008

SO IS BUDDHISTS DON'T BELIEVE IN GODS, WHAT DO YOU BELIEVE IN?

SO IS BUDDHISTS DON'T BELIEVE IN GODS, WHAT DO YOU BELIEVE IN?
ဖန်ဆင်းရှင်ဘုရားကို ဗုဒ္ဓ၀ါဒကမယုံကြည်ဘူး လက်မခံဘူးဆိုရင် ဘာကိုများယုံကြည်ကြတာပါလဲ။
“လူကိုပဲယုံကြည်တဲ့အတွက် ဖန်ဆင်းရှင်ဘုရားကို ဗုဒ္ဓ၀ါဒက မယုံကြည်လက်မခံတာပဲဖြစ်ပါတယ်။”
“လူ့အဖြစ်” လူတစ်ဦးစီရဲ့ ဘ၀တန်ဖိုးကြီးမားပြီးတော့ အရေးလည်းပါပါတယ်။ “ဗုဒ္ဓ” (ဥာဏ်ပညာအထွဋ် အထိပ်ရောက်သူတစ်ဦး)လိုအဖက်ဖက်က ပြည့်စုံပြီးမြောက်တဲ့ လူသားအဖြစ်သို့တိုင်အောင် တိုးတက်မြင့်မား နိုင်တဲ့စွမ်းအင်ဟာ လူမှာရှိတယ်လို့လည်း ဗုဒ္ဓ၀ါဒကယုံကြည်ပါတယ်။
လူသားဟာမှားယွင်းတဲ့ အသိအမြင်တွေနဲ့ အတူတွေဝေမှုတွေ ဆင်ခြင်တုံတရားကင်းမဲ့မှုတွေ ဖြစ်ပေါ်နိုင် သေးတယ်လို့ယုံကြည်ပါတယ်။ ဗုဒ္ဓ၀ါဒကို လက်ခံသူတွေဟာ အရာရာတိုင်းမှာ အရှိကိုအရှိအတိုင်းပဲ ရှုမြင်သုံးသပ်လေ့ရှိကြပါတယ်။
အမုန်းပွား၊ရန်ငြိုးဖွဲ့ခြင်းကို မေတ္တာတရားနဲ့၊စိတ်ဆိုးခြင်းကို စိတ်ရှည်သည်းခံမှုနဲ့၊ အာဃာတနဲ့ မလိုတမာ စိတ်ဖြစ်ခြင်းကို သနားကြင်နာမှုတွေနဲ့ အစားထိုးပြောင်းလဲနိုင်တယ်လို့ ဗုဒ္ဓ၀ါဒကယုံကြည်ပါတယ်။
ဗုဒ္ဓရဲ့ စံနမူနာတွေကို အတုယူပြီးကလျာဏမိတ်ဆွေတွေဖြစ်တဲ့ သံဃာတော်တွေရဲ့ ကူညီပံ့ပိုးမှုလမ်းပြ ညွှန်ကြားမှုတွေအတိုင်း ကြိုးစားဆောင်ရွက်သွားကြမယ်ဆိုရင် လူတိုင်းလူတိုင်းဟာ အဲဒီမေတ္တာတရား၊ သည်းခံခြင်း၊ ရက်ရောခြင်း၊ သနားကြင်နာခြင်းစတဲ့ (လောကကောင်း ကျိုးပြုကျင့်စဉ်)တွေကို အသေအချာ ကျင့်သုံးဆောင်ရွက်နိုင်မယ်ဆိုတာကို ဗုဒ္ဓ၀ါဒသက်ဝင်သူတွေက ယုံကြည်ကြပါတယ်။
ဗုဒ္ဓကဒီလိုမိန့်ကြားညွှန်ပြခဲ့ပါတယ်။
“ လူသားကိုသူကိုယ်တိုင်မှတစ်ပါး ဘယ်သူမှမစောင့်ရှောက်၊မကယ်နိုင်ပါဘူး။ကယ်တင်နိုင်သူ၊ကယ်မတင်နိုင် သူရယ်လို့ တစ်စုံတစ်ယောက်မှရှိကိုရှိမနေပါဘူး။ လူတွေဟာ လမ်းပေါ်မှာ ကိုယ်တိုင်လျှောက်လှမ်းနိုင်ရ ပါမယ်။
ဗုဒ္ဓဘုရားရှင်ကတော့ လျှောက်ရမယ့်လမ်းကို ရှင်းလင်းညွှန်းဆိုပြသပေးနိုင်ရုံပါပဲ”တဲ့။
(ဓမ္မပဒ-၁၆၅)

Tuesday, June 24, 2008

Little Son....

သားလေး

ကမ္ဘာကြီးပေါ်က အညွှန့်အဖူးတွေကို
တို့နှစ်ဦးသာ ပိုင်ဆိုင်ရမယ်လို့
မရည်စူးလိုက်ပါနဲ့ သားလေး။

နတ်သူငယ်လေးလို
ပျော်ရွှင်မြူးထူးနေတဲ့မင်းဘေးမှာ
ဘေးဘယာတွေ မှန်သမျှ
တားဆီးကာကွယ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့
ဖေဖေ ရပ်တည်နေခဲတယ်။

တို့ပတ်ဝန်းကျင်မှာ
ဟေလိုဂျင်တွေ ထွန်းညှိမထားပေမယ့်
ဖေဖေ့ မေတ္တာတရားဟာ
တက်သစ်စ နေမင်းလို
အလွန်ကို ကြည်လင်တောက်ပနေခဲ့တယ်။

ပြီးတော့လည်း
ချစ်ရဲတာ သတ္တိလို့
ဖေဖေ့မှာ
ခွန်အားအပြည့်ရှိခဲ့တယ်။

ကာလတွေကျော်ဖြတ်
မင်း လူမှန်းသိတတ်လာတဲ့အခါ
လောကရဲ့မာယာတွေကို ကြည့်ပြီး
လောကကို အဆိုးမမြင်လိုက်ပါနဲ့ သားလေး။

တကယ်ဆို
သုခဘုံဟာ
မင်းရင်ထဲမှာ ရှိပါတယ်။

သုခဘုံကို
မင်းပဲ ဖန်ဆင်းနိုင်ရမယ်...။

ဖားပျံကလေးတွေနဲ့အတူ
မင်းရယ်သံတွေ
ခုန်ပျံဖျတ်လတ်နေတဲ့ ဒီည။

မိုးပေါ်က
ဆန်းစသော်တာလို
ဖြူစင်မှုကို ရှေ့ဆက်ပြီး
သိမ်းဆည်းထားလိုက်စမ်းပါ သားလေး။ ။
မိုဃ်းဇော်

Monday, June 23, 2008

LOVE IS....

အချစ်ဆိုသည်မှာ
အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ၊
အချစ်ဆိုသည်မှာ လူသားတိုင်းရဲ့ နှလုံးသားထက်က အရှင်သခင်၊
အချစ်ဆိုသည်မှာ ကြေကွဲခြင်းများနဲ့ မျက်ရည်တို့ရဲ့ကဗျာ၊
အချစ်ဆိုသည်မှာ ခံစားချက်တို့ မွေးဖွားရာနေရာ၊
အချစ်ဆိုသည်မှာ ကြည်နူးကြတဲ့အခိုက် လမင်းတစ်ရာ၊
အချစ်ဆိုသည်မှာ ၀မ်းနည်းတဲ့အခိုက် နေမင်းကုဋေကုဋာ၊
အချစ်ဆိုသည်မှာ တားဆီးတတ်တဲ့ အိပ်စက်ခြင်းများစွာ၊
အချစ်ဆိုသည်မှာ အိပ်မက်များနဲ့ အရုဏ်ဦးအလှတရား၊
တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ၊
တကယ်ဆိုရင် အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ၊
ငါကိုယ်တိုင်အချစ်ဟာ ဘာလဲမသိတော့ပါ။ တစ်ခါတစ်ရံ အချစ်ဆိုတဲ့အရာနဲ့ ဆုံစည်းလိုက်ချင်လည်း တစ်ခါတလေတော့ အချစ်နဲ့ဝေးချင်တယ်။
အချစ်ဆိုသည်မှာ ကြည်နူးကြတဲ့အခိုက် လမင်းတစ်ရာ၊
အချစ်ဆိုသည်မှာ ၀မ်းနည်းတဲ့အခိုက် နေမင်းကုဋေကုဋာ၊
အချစ်ဆိုသည်မှာ တားဆီးတတ်တဲ့ အိပ်စက်ခြင်းများစွာ၊
အချစ်ဆိုသည်မှာ ခံစားချက်တို့ မွေးဖွားရာနေရာ၊
(တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ၊
တကယ်ဆိုရင် အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ၊
ငါကိုယ်တိုင်အချစ်ဟာ ဘာလဲမသိတော့ပါ။ တစ်ခါတစ်ရံ အချစ်ဆိုတဲ့အရာနဲ့ ဆုံစည်းလိုက်ချင်လည်း တစ်ခါတလေတော့ အချစ်နဲ့ဝေးချင်တယ်။)၂

Saturday, June 21, 2008

IS BUDDHISM SCIENTIFIC?

ဗုဒ္ဓဘာသာဟာ သိပ္ပံနည်းကျပါရဲ့လား။
ဒီမေးခွန်းကို မဖြေဆိုခင်မှာ “သိပ္ပံ”ဆိုတဲ့ စကားလုံးဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
အဘိဓာန်ဖွင့်ဆိုချက်အရ သိပ္ပံဆိုတာဟာ “စနစ်တကျစူးစမ်းလေ့လာရာ ကနေ ရရှိလာတဲ့ အသိပညာ၊ အတတ်ပညာ” ပဲဖြစ်ပါတယ်။
စနစ်တကျဆိုရာမှာ ယေဘုယျသဘာဝ နိယာမသဘောတရား တွေကိုဖော်ထုတ်ပြီးတကယ် စစ်မှန်တဲ့အချက် အလက်တွေကို လက်တွေ့ကျကျရှုမြင်စမ်းသပ်ပြီး သေချာမှအားကိုး အတည်ပြုတဲ့စနစ်ပဲ ဖြစ်ပါတယ်။
အဲဒီလိုပုံစံစနစ်အတွင်း သွင်းယူနိုင်လောက်တဲ့ ပညာနဲ့တိကျသေချာအောင် စမ်းသပ်စစ်ဆေးတာကို ခံနိုင်လောက်တဲ့ အထက်ပါတတ်သိပညာတွေရဲ့ ဆင့်ပွား ပညာရပ်တွေအားလုံးဟာ “သိပ္ပံ”ပဲဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့မကိုက်ညီသေးတဲ့ အတွေးအမြင် အယူအဆတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဗုဒ္ဓ၀ါဒရဲ့ အဓိကကျတဲ့ သင်ကြားမှုဒဿနကတော့ ဒီသစ္စာတရား တော်ရဲ့”သဘောတရားစံနှုန်း”တွေဟာ သိပ္ပံပညာဖွင့်ဆိုချက်တွေနဲ့ အထူးကိုက်ညီနေပါတယ်။
(သစ္စာလေးပါးမှာ) ပထမဖြစ်တဲ့(ဒုက္ခသစ္စာ)ဟာ ရှုင်းလင်းပြသနိုင်တဲ့ တွေ့ကြုံခံစားမှု တစ်ခုပါပဲ။ (ဘ၀မှာ ဆင်းရဲခြင်းဟာ စစ်မှန်တဲ့သစ္စာတရားပဲ ဆိုတာကို ကိုယ်တွေ့ခံစားလို့ရနိုင်ပါတယ်။)
ဒုတိယမြောက်အမှန်တရားကတော့ ဒုက္ခဆင်းရဲဖြစ်ရခြင်းရဲ့ အကြောင်းရင်း သဘာဝဖြစ်တဲ့လိုချင်တောင့်တမှု (တဏှာသမုဒယသစ္စာ) အကြောင်းကို ဖော်ပြပါတယ်။(ဆင်းရဲစေခြင်းရဲ့အကြောင်းရင်းကို ဒုက္ခသစ္စာလိုပဲ) ရှင်းလင်းစွာ ပြသနိုင်ပါတယ်။
ကိုယ်တွေ့ခံစားသိရှိနိုင်ပါတယ်။ မှန်းဆတွေးမြင်နိုင်ပါတယ်။
(ဗုဒ္ဓ၀ါဒမှာတရားဓမ္မတွေကို)ဆန်းပြားရှုပ်ထွေးလွန်းလှတဲ့စကားလုံးတွေနဲ့ ဒါမှမဟုတ် ဒဏ္ဍာရီဆန်တဲ့ပေါရာဏရှေးဟောင်းကျမ်းလာ ဝေါဟာရတွေကို သုံးစွဲပြီး လူအထင်ကြီးအောင် ယုတ္တိပြရှင်း လင်းဖွင့်ဆိုဖို့ ကြိုးစားတာမျိုး လုံးဝ မပါရှိပါဘူး။
တတိယမြောက်အမှန်တရားအရိယသစ္စာကတော့ ဒုက္ခအပေါင်း တို့ရဲ့ပြီးဆုံးချုပ်ငြိမ်းရာ(နိရောဓသစ္စာ)ပါပဲ။ ဒုက္ခတွေချုပ်ငြိမ်းစေဖို့ဆိုတာ တန်ခိုးရှင်(ဖန်ဆင်းရှင်ဘုရား)ကိုခယလို့၊ ယုံကြည်ကိုးကွယ်လို့ ၀တ်ပြုဆုတောင်း လို့ရနိုင်တာမျိုးမဟုတ်ဘဲ ဒုက္ခဖြစ်ပွားစေတဲ့မူလအကြောင်းရင်းကို ဖယ်ရှားပစ်နိုင် မှသာ ဒုက္ခက ကင်းလွတ်မှုကို ရရှိနိုင်ခြင်းဟာ သဘာဝအမှန်တရားသစ္စာပါပဲ။
ဒါဟာအလွန်တရာမှရှင်းလင်း သိသာလှတဲ့အချက်ပါ။
စတုတ္ထမြောက်သစ္စာကတော့ ဒုက္ခအပေါင်းတို့ကိုပြီးဆုံးချုပ်ငြိမ်းစေတဲ့ ကျင့်စဉ်နည်းလမ်း(မဂ္ဂသစ္စာ)ပဲဖြစ် ပါတယ်။ ဒုက္ခကိုချုပ်ငြိမ်းစေဖို့သဘော တရား တွေကိုပဲတွေးတောကြံစည်နေလို့မရပါဘူး။ (ကောင်းခြင်း အင်္ဂါရှစ်ပါး) ပါဝင်တဲ့ မဂ္ဂင်လမ်းစဉ်ကိုသာလက်ကိုင်ထားပြီး ကျင့်ကြံအားထုတ် ဖို့ပဲလိုအပ် ပါတယ်။
ပြီးတော့အဲဒီမဂ္ဂင်အကျင့်တရားလမ်းစဉ်ရဲ့ လက်တွေ့ကျမှုကို စမ်းသပ် ကြည့်ဖို့ကို လည်းဗုဒ္ဓ၀ါဒက လမ်းဖွင့်ပေးထားပါတယ်။ ဖန်ဆင်းရှင် အပေါ်မှီခို ယုံကြည်မှုကို သိပ္ပံပညာကပစ်ပယ်သလို ဗုဒ္ဓ၀ါဒကလည်း လက်မခံ ပါဘူး။ နောက်ပြီး စကြာဝဠာရဲ့မူလနဲ့(ပြဌာန်းမှု) လုပ်ဆောင်မှု သဘောတွေကို သဘာဝနိယာမ (Natural Law) အရ ဗုဒ္ဓ၀ါဒက ရှင်းလင်းပြသနိုင်ပါတယ်။
ဒီအချက်တွေအားလုံးဟာ(ဗုဒ္ဓ၀ါဒရဲ့)တကယ့်သိပ္ပံနည်းကျအတွေးအမြင်တွေပဲ ဖြစ်ကြပါတယ်။ တစ်ခါဗုဒ္ဓအနေနဲ့ လူတွေကိုအစဉ်သဖြင့် သတိပေးနှိုးဆော် လေ့ရှိတဲ့ အချက်တစ်ခုက “သေသေချာချာ လေ့လာစုံစမ်းမှု မပြုပဲ မျက်ကန်း ယုံကြည်မှုမျိုးကို မပြုလုပ်ကြနှင့်။ တစ်စုံတစ်ရာကို လက်ခံယုံကြည်ဖို့ သင့်မသင့် ဆိုတာကို မဆုံးဖြတ်ခင်မှာ စိတ်ထန်သန်စွာ မေးမြန်းနမူနာယူကြပါ။ လေ့လာ စစ်ဆေးကြပါ။ စုံစမ်းချင့် ချိန်ကြပါ။ မိမိတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို အသုံးပြုပြီး အားကိုးအားထားပြုဆုံး ဖြတ်ကြပါ။”ဆိုတာပဲဖြစ်ပါတယ်။
ဒါဟာ ဗုဒ္ဓကိုယ်တော်တိုင်ရဲ့ သိပ္ပံဆန်တဲ့ လမ်းညွှန်နှုတ်ကပတ်တော်သံပဲ ဖြစ်ပါတယ်။
ဗုဒ္ဓက အောက်ပါအတိုင်းမိန့်ကြားခဲ့ပါသေးတယ်။
(အမှန်တရားကို ရှာဖွေတဲ့နေရာမှာ)
- မြင်ရုံကြားရုံမျှဖြင့် (သို့မဟုတ်) မိရိုးဖလာဓလေ့ထုံးစံဖြစ်ကာမျှဖြင့် လက်မခံလေနဲ့ဦး။
- ကောလာဟလသတင်းစကားကြားရုံမျှနဲ့ (သို့မဟုတ်) ရှေးဟောင်းကျမ်းစာ ထဲရေးသားထား၍ ဆိုရုံနဲ့ လက်မခံလေနှင့်ဦး။
- တစ်ဆင့်စကားကြားရုံမျှဖြင့် (သို့မဟုတ်) အကြောင်းအကျိုးဆက်စပ် ဆီလျော်မှုရှိသည်ဟု ထင်မြင်ကာမျှနှင့် လက်မခံလိုက်ပါနှင့်ဦး။
- ကြံစည်စိတ်ကူးမှန်းဆ၍လည်းကောင်း၊ သူတစ်ပါး၏စွမ်းရည်ကို အထင်ကြီးခြင်းဖြစ်၍ လည်းကောင်း၊ လက်မခံလိုက်ပါနဲ့ဦး။
- ငါတို့ရဲ့ဆရာသမားဖြစ်နေလို့ဆိုပြီးတော့လည်း လက်ခံယုံကြည်ခြင်း မပြုလိုက်ပါနဲ့ဦး။
- ဤအရာကတော့ ကောင်းတဲ့တရား၊ အပြစ်ကင်းတဲ့တရား၊ ပညာရှိသူတွေချီးမွမ်းတဲ့တရား စသည်တို့ကို မိမိကိုယ်တိုင်သိမြင်လာတဲ့ အခါမှသာ အဲဒီတရားတွေကိုလက်ခံပြီးကိုယ်တိုင်ကျင့်သုံး လိုက်နာကြည့်ပါ။
လက်တွေ့ကျင့်ကြံအားထုတ်မှုနဲ့အတူ ငြိမ်းချမ်းအေးမြတဲ့ နိဗ္ဗာန်အမြိုက် အရသာ ကိုရှေးရှုဦးတည်မယ်ဆိုရင် အဲဒီလမ်းကိုလိုက်ပါတော့။
(အင်္ဂုတ္ထိုရ်ပါဠိတော်-၁၈၈)
ဒါကြောင့် ဗုဒ္ဓဘာသာဟာ သိပ္ပံပညာနှင့်ထပ်တူထပ်မျှ မတူညီနိုင်ပေမယ့် သိပ္ပံသဘောသက်ရောက်မှုတွေ အပြည့်အ၀ရှိတယ်လို့တော့ဆိုနိုင်ပါတယ်။
တစ်ခြားဘာသာတွေနဲ့ နှိုင်းယှဉ်ရင်ဘယ်ဘာသာထက်မဆို ဗုဒ္ဓဘာသာ ကပိုပြီးတော့ သိပ္ပံနည်းကျပါတယ်။
၂၀-ရာစုခေတ်မှာ ထင်ရှားကြီးကျယ်တဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein) ရဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုချက်ဟာ ဒီအချက်ကိုပိုပြီးခိုင်မာစေခဲ့ပါတယ်။
“နောင်အနာဂါတ်မှာ ပေါ်ထွန်းလာမယ့်ဘာသာရေးဟာ စကြာဝဠာဘာသာ (Cosmic Religion) ပဲဖြစ်ရပါလိမ့်မယ်။ အဲဒီစကြာဝဠာဘာသာဆိုတာဟာ တစ်သီးပုဂ္ဂလဆန်တဲ့ဘုရား(Personal God) ဆိုတဲ့ ပုဂ္ဂိုလ်ရေးအစွဲကန့် သတ်ဘောင်ကို ကျော်လွန်ရပါမယ်။ တရားသေ၀ါဒစွဲနှင့် ကြောင်းကျိုးမထင်ရှားတဲ့ တရား သေဘာသာရပ် ပညာအစွဲတွေကင်းရှင်းရပါလိမ့်မယ်။
သဘာဝကိုရော၊ သစ္စာဓမ္မကိုပါ လွှမ်းခြုံမိတဲ့ ဒီဘာသာရေးမျိုးဟာ အရာရာကိုလေ့လာသိမြင်အပ်တဲ့ အတွေ့အကြုံတွေ၊ သဘာဝဓမ္ဓနှင့် ဆက်စပ်မှုရှိပြီး အဓိပ္ပာယ်လည်းပြည့်ဝတဲ့ ညီညွတ်စုစည်းမှုတွေ ကနေ စစ်ထုတ်ရရှိလာတဲ့ ဘာသာရေးအသိစိတ် အပေါ် အခြေခံတဲ့ ဘာသာ ရေးမျိုးဖြစ်ရပါလိမ့်မယ်။”
“ဗုဒ္ဓ၀ါဒဟာ ဒီအချက်အလက်တွေကို အဖြေရှာဖြည့်ဆည်း ပေးနိုင်တဲ့စွမ်းရည် ရှိပါတယ်။
တကယ်လို့ မျက်မှောက်ခေတ်သိပ္ပံပညာရဲ့လိုအပ်ချက်တွေကို ခြုံငုံဖြေရှင်းပေး နိုင်မယ့်ဘာသာတစ်ခုရှိတယ် ဆိုရင် အဲဒီဘာသာဟာ ဗုဒ္ဓဘာသာပဲဖြစ် ရပါလိမ့်မယ်။”

IN BUDDHISM IS SO GOOD WHY ARE SOME BUDDHIST COUNTRIES POOR?

ဗုဒ္ဓ၀ါဒဟာ သိပ်ကောင်းမွန်မှန်ကန်တယ်ဆိုရင် ဗုဒ္ဓဘာသာနိုင်ငံတစ်ချို့ဟာ ဘာကြောင့်ဆင်းရဲတွင်းနက် နေကြရတာပါလဲ။

စီးပွားရေးရှုထောင့်တစ်ခုတည်းကနေကြည့်ပြီးပြောမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာနိုင်ငံတစ်ချို့ဟာ ဆင်းရဲကြ တယ်ဆိုတာ ဟုတ်ပါတယ်။ဒါပေမယ့် “ဆင်းရဲတယ်” ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဟာလူ့ဘ၀အရည်အသွေး၊ လူ့ဘ၀ တန်ဖိုးနိမ့်ကျလို့ ဆင်းရဲတာမျိုးကိုဆိုလိုရင်တော့ ဗုဒ္ဓဘာသာနိုင်ငံ တွေဟာ(မဆင်းရဲတဲ့အပြင်) ပိုလို့တောင် ချမ်းသာနေကြပါသေးတယ်။
ဥပမာပြရရင် အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ စီးပွားရေးအရ အချမ်းသာဆုံးနဲ့ လက်နက်စွမ်းအင်အရ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒုစရိုက်အထူပြောဆုံးနိုင်ငံတစ်ခုလည်းဖြစ် ပါတယ်။ သန်းနဲ့ချီတဲ့ သက်ကြီးရွယ်အိုတွေဟာ သူတို့သားသမီးတွေရဲ့ လစ်လျူရှုစွန့်ပစ်ခြင်း ကို ခံရပြီး ဘိုးဘွားရိပ်သာတွေမှာ အထီးကျန်ဘ၀နဲ့နေထိုင်သေဆုံး နေကြရပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုတွေဟာ အဓိကပြည်တွင်းရေးပြဿနာတွေ ဖြစ်နေပါတယ်။
အိမ်ထောင်ရေးကဏ္ဍမှာ သုံးစုံတွဲလက်ထပ်တိုင်း တစ်စုံတွဲဟာ ပြန်ပြီးကွာရှင်း ပြတ်စဲကြပါတယ်။ ညစ်ညမ်းရုပ်ရှင်လိုဟာမျိုးတွေလည်း အလွယ်တကူ ရရှိနိုင်ကြပါတယ်။ငွေကြေးအရတော့ ချမ်းသာ ကြွယ်ဝကြပေမယ့် ဘ၀အရည် အသွေးတန်ဖိုးအကန့်အသတ်ပိုင်းမှာတော့ သိပ်ဆင်းရဲကြပါတယ်။
ယခုဆက်လက်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်းကားတဲ့နိုင်ငံတွေကို လေ့လာကြည့် လိုက်ရင် အလွန်ကွဲပြား ခြားနားတဲ့ လူ့အရည်အသွေးတန်ဖိုးအခြေအနေကို သင်တွေ့ရှိရမှာပါ။
(ဗုဒ္ဓယဉ်ကျေးမှုအရ) မိဘတွေဟာသားသမီးရဲ့ ရိုသေလေးစားမှုကို ခံယူကြရပါတယ်။ ရာဇ၀တ်မှုဖြစ်ပွားနှုန်း ဟာလည်း တစ်ခြားနိုင်ငံတွေထက် လျော့နည်းပါတယ်။ကွာရှင်းပြတ်စဲမှုနဲ့ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်မှုတွေ ဟာ မရှိသလောက်နည်းပါးကြပါတယ်။ ဘာသာရေးသွန်သင်မှုကြောင့် နူးညံ့သိမ့် မွေ့ပြီး စိတ်သဘောထား မြင့်မြတ်လာကြပါတယ်။
တစ်ခါမှမသိဖူးတဲ့ လူစိမ်းတွေအပေါ်မှာတောင် ဧည့်ဝတ်ကျေပွန်စွာ ကျွေးမွေးဧည့်ခံတတ်ကြပါတယ်။ “အဲဒီလိုသူတစ်ပါးကို ဦးစားပေးပြီး ဂရုတစိုက်လေးစားတတ်ခြင်းတွေဟာ သိမ်မွေ့ထက်သန်တဲ့ စိတ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှုတွေပဲဖြစ်ပါတယ်။”
ဒါကြောင့် အမေရိကန်လိုနိုင်ငံမျိုးနဲ့ စာရင်စီးပွားရေးအရ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပေမယ့် ဘ၀အရည် အသွေးလူ့တန်ဖိုး အစစ်မြင့်မားမှုမှာ တော့အများကြီးသာလွန်လှပါတယ်။
ဒါပေမယ့် စီးပွားရေးရှုထောင့်တစ်ခုတည်းကနေ ကြည့်ပြီး ဗုဒ္ဓဘာသာနိုင်ငံတွေ ဆင်းရဲချမ်းသာ နှိုင်းယှဉ် ချင်ကြသေးတယ်ဆိုရင်တော့ ဂျပန်နိုင်ငံကို ပဲပြရပါလိမ့်မယ်။ ဒီနေ့ခေတ်အချိန်အခါမှာ ကမ္ဘာပေါ်ရှိစီးပွားရေး အရအတိုး တက်ဆုံးနဲ့ ချမ်းသာကြွယ်ဝဆုံးနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံလည်း တစ်နိုင်ငံ ပါဝင်ပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၉၃ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူထားသူတွေပဲဖြစ်ကြပါတယ်။

YOU CERTAINLY THINK HIGHLY OF BUDDHISM.
I SUPPOSE YOU THINK YOUR RELIGION IS RIGHT AND ALL THE OTHERS ARE WRONG.
ဗုဒ္ဓဘာသာတစ်ခုတည်းကသာ မြင့်မြတ်တယ်မှန်ကန်တယ်ဆိုတော့ တစ်ခြားဘာသာတွေအားလုံးဟာ မှားယွင်းနေကြတယ်ပေါ့။
ဗုဒ္ဓသင်ကြားခဲ့တဲ့ တရားဓမ္မကို နားလည်သဘောပေါက်ကြတဲ့ ဘယ်ဗုဒ္ဓ၀ါဒီကမှ တစ်ခြားဘာသာ တရားတွေဟာ မှားယွင်းတယ်လို့ မပြောကြပါဘူး။ တစ်ခြားဘာသာတရားတွေကို ပွင့်ပွင့်လင်းလင်း ထိထိရောက်ရောက် လေ့လာဆန်းစစ်လိုတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲပ အဲဒီလိုတွေးခေါ်ယူဆဖို့ မသင့်ပါဘူး။
မတူကွဲပြားတဲ့ ဘာသာတရားတွေကို လေ့လာဆန်းစစ်ရာမှာ ပထမဦးဆုံးမှတ် သိထားရမှာ ကတော့ အဲဒီဘာသာတွေထဲမှာ (လူသားအကျိုး) အများအကျိုးဆောင်ရွက်တဲ့ ညွှန်ကြားမှုမျိုးဘယ်လောက်များ များပါဝင်နေသလဲ ဆိုတာကိုပါပဲ။
ဘာသာအားလုံးက သဘောတူအသိအမှတ်ပြုထားကြတာကတော့ လူသားတွေရဲ့ လက်ရှိအခြေအနေဟာ ကျေနပ်နှစ်သိမ့်လောက်တဲ့ အနေအထားမရှိဘူး ဆိုတာပါပဲ။ လူသားရဲ့လက်ရှိအနေအထားကိုပြောင်းလဲမြှင့် တင်ချင်တယ် ဆိုရင်တော့ စိတ်ထားနဲ့ အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးက ယုံကြည်ကြပါတယ်။
ချစ်ခြင်းမေတ္တာတရား၊ ကြင်နာသနားတဲ့ ကရုဏာတရား၊ သည်းခံစိတ်ရှည်ခြင်း၊ စေတနာ သဒ္ဓါတရားထက် သန်ခြင်းနဲ့ လူမှုကျင့်ဝတ် စည်းကမ်းတွေပါဝင်တဲ့ ကိုယ်ကျင့်သိက္ခာတရားတွေကို ဘာသာ တိုင်းလိုလိုက သင်ကြားညွန်ပြ ကြပြီးတော့ ဒီတရားတွေရဲ့ “အကြွင်းမဲ့ဖြစ် တည်မှု”(မှန်ကန်မြင့်မြတ်ခြင်း) ကိုလည်းလက်ခံထားကြပါတယ်။

Monday, June 16, 2008

WAS THE BUDDHA A GOD?

WAS THE BUDDHA A GOD?
ဗုဒ္ဓဟာဖန်ဆင်းရှင်ဘုရားတစ်ဆူဖြစ်ပါသလား။
ဗုဒ္ဓဟာ ဖန်ဆင်းရှင်ဘုရားမဟုတ်ပါဘူး။
သူဟာ ဖန်ဆင်းရှင်ထာဝရဘုရားဖြစ်ကြောင်း ဘယ်တုန်းကမှမမြွက်ကြားခဲ့သလို ဘုရားသခင်ရဲ့ သားတော်တစ်ပါး၊ဒါမှမဟုတ်တမန်တော်တစ်ပါးအဖြစ် ဘုရားသခင်ရဲ့ညွှန်ကြားမှုကို ယူဆောင်ခဲ့တာလို့လည်း ဘယ်တုန်းကမှမပြောကြားခဲ့ပါဘူး။
ဗုဒ္ဓဟာ သူကိုယ်တိုင်အားထုတ်ကျင့်ကြံမှုနဲ့ပြီးပြည့်စုံတဲ့ ဥာဏ်တော်ကိုရရှိသူတစ်ဦးသာဖြစ်ပြီး “သူရဲ့သင်ပြချက်နည်းလမ်း နမူနာအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင်(မည်သူမဆို) ကိုယ်တိုင်သိမြင်ပြီး ပြည့်စုံနိုင်ပါတယ်” လို့ပဲ လမ်းညွှန်ဟောကြားတော်မူခဲ့ပါတယ်။

I HAVE HEARD PEOPLE SAY THAT BUDDHISTS WORSHIP IDOLS.
ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တု (idol) ကိုးကွယ်သူတွေလို့လူတွေကပြောတာ ကြားဖူးပါ တယ်။
(ဟုတ်ပါသလား။)
အဲဒီလိုမျိုးထင်မြင်ပြောဆိုတဲ့ ပုဂ္ဂိုလ်အနေနဲ့ သူ့ရဲ့မပြည့်ဝမှု၊မသိနားမလည်မှုကို ထင်ဟပ်ပြနေတာပဲဖြစ်ပါတယ်။
ရုပ်တု (idol) ရဲ့အဓိပ္ပာယ်ကို အဘိဓာန်မှာဖွင့်ဆိုထားတာက “ဖန်ဆင်းရှင်(God) အဖြစ် ကိုးကွယ်တဲ့ရုပ်ပုံဒါမှမဟုတ် ရုပ်ပုံဒါမှမဟုတ်ရုပ်လုံးရုပ်ထုကို(idol) လို့ခေါ်တယ်” လို့ဆို ထားပါတယ်။
သိခဲ့ကြတဲ့အတိုင်းပါပဲ။ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓကိုဖန်ဆင်းရှင်ဘုရားအဖြစ် မသတ်မှတ် မယူဆကြပါဘူး။ ဒါကြောင့်သစ်သား(သို့မဟုတ်) သတ္ထုအပိုင်းအစတစ်ခုကို ဖန်ဆင်းရှင်ဘုရား အဖြစ် ဘယ်လိုလက်ခံကိုးကွယ်နိုင်ပါ့မလဲ။
(ကမ္ဘာပေါ်ရှိ)ဘာသာတရားအားလုံးမှာ သူတို့ရဲ့ကွဲပြားခြားနားတဲ့ ယူဆချက်(၀ါဒ)တွေကိုဖော်ပြ ဖို့အတွက် အမှတ်သင်္ကေတကို အသုံးပြုလေ့ရှိကြပါတယ်။တာအိုဘာသာမှာ ပဋိပက္ခတွေကြား မှာ ညီညွတ်မျှတမှုကို ကိုယ်စားပြုတဲ့သင်္ကေတအဖြစ် ယင်ယန် အမှတ်အသားကို အသုံးပြုကြပါတယ်။ ဆစ်ခ်ဘာသာမှာတော့ စိတ်ဝိညာဉ်ကွန့်မြူးလှုပ်ရှားမှုရဲ့ သင်္ကေတအဖြစ် ဓါးရှည်ကို အသုံးပြုဖော်ပြပါတယ်။ ခရစ်ယာန်ဘာသာမှာတော့ ခရစ်တော်ရဲ့တည်ရှိခြင်းကို ဖော်ပြဖို့ ငါးရုပ်နဲ့ အသက်စွန့်အနစ်နာခံပြီး ဘုရားသခင်ကိုပူဇော်တဲ့အထိမ်းအမှတ် သင်္ကေတ အဖြစ် လက်ဝါးကပ်တိုင်ကို သုံးစွဲခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာမှာတော့ အရာရာပြီးပြည့်စုံတဲ့ လူသားတစ်ဦး အဖြစ်ဗုဒ္ဓကိုဖော်ပြနိုင်ဖို့ ဗုဒ္ဓဆင်းတု တော်တွေကို အသုံးပြုကြတာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့သင်ကြားမှုဖြစ်တဲ့ “လူရဲ့အရေးပါမှု”ကိုလည်း ထင်ဟပ်စေတာဖြစ်ပါတယ်။
ဗုဒ္ဓ၀ါဒဟာလူကိုသာ အဓိကထားတဲ့ဝါဒဖြစ်ပါတယ်။ ဖန်ဆင်းရှင်ကို ဗဟိုပြုတဲ့ဝါဒမျိုးမဟုတ် ပါဘူး။ဒါကြောင့်လည်း ပြီးပြည့်စုံမှုနဲ့ အမှန်တရားကို ထိုးထွင်းသိမြင်နားလည်မှုတို့ကို ပြင်ပ အပေါ်ယံအမြင်လောက်နဲ့ ရှာဖွေဆုံးဖြတ်ခြင်းမပြုဘဲ အတွင်းကျကျလေ့လာကာ(ဥာဏ်ပညာ)နဲ့ ရှာဖွေသိမြင်ရမယ်ဆိုတာကို ကျွန်တော်တို့သဘောပေါက်ရပါမယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ဖန်ဆင်းရှင်ကိုယ်ပွားဖြစ်တဲ့ ရုပ်တု (idol) တွေကို ကိုးကွယ် ကြတယ်လို့ ပြောဆိုတာဟာ မမှန်ပါဘူး။
ဗုဒ္ဓဘာသာဝင်(စစ်စစ်)တွေဟာ လောကီဥစ္စာကြွယ်ဝချမ်းသာဖို့နဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အကျိုးရှိအောင် ကူညီစောင်မမျက်နှာသာ ပေးခြင်းခံရဖို့မျှော်လင့်ပြီးတော့ ရုပ်တုပုံတူတွေကို ကိုးကွယ်နေကြတာမဟုတ်ပါဘူး။(ဗုဒ္ဓရဲ့သင်ကြားမှုဓမ္မဒေသနာတော်တွေကို) လေးစားစွာသတိရ အောက်မေ့နေကြောင်းဖော်ပြဖို့အတွက် (ဗုဒ္ဓရဲ့သင်ကြားမှုဓမ္မဒေသနာတော်တွေကို အာရုံပြုပြီး) ကြည်ညိုပူဇော်ကြခြင်းသာဖြစ်ပါတယ်။

Saturday, June 14, 2008

WHO WAS THE BUDDHA?

WHO WAS THE BUDDHA?
ဗုဒ္ဓဆိုတာ ဘယ်သူလဲ။
ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၅၆၃ခုနှစ် (လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ခန့်)က အိန္ဒိယ မြောက်ပိုင်းနယ်က ဘုရင့်မျိုးနွယ်မိသားစုထဲမှာ ကလေးငယ်တစ်ဦး မွေးဖွား သန့်စင်ခဲ့ ပါတယ်။ သူဟာ ခမ်းနားပြည့်စုံမှုအလျံပယ်နဲ့ စည်းစိမ်ခံစားရင်း နေထိုင် ကြီးပြင်းလာခဲ့ ရပါတယ်။ ဒါပေမယ့် အဲဒီစည်းစိမ်ရိပ်ငြိမ်တွေနဲ့ လုံခြုံစိတ်ချစွာ နေရတာတွေဟာ ထာဝရ ချမ်းမြေ့ပျော်ရွှင်မှု အစစ်အမှန်အတွက် အာမခံချက်ရှိတဲ့အရာတွေမဟုတ်ဘူး ဆိုတာကို သူ နောက်ပိုင်းမှာ သိမြင်သဘောပေါက်လာခဲ့ပါတယ်။

သူ့ပတ်ဝန်းကျင်မှာ ဆိုးရွားတဲ့ဆင်းရဲဒုက္ခတွေကို မြင်တွေ့ရတဲ့အခါ သူ့နှလုံးသားထဲထိ တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ ဒါနဲ့ပဲလူ့ဘ၀ငြိမ်းချမ်း ပျော်ရွှင်မှုအစစ်အမှန်ရဲ့ အကြောင်း ရင်းတရားကိုရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့အသက် ၂၉နှစ်အရွယ်မှာ ဇနီးနဲ့သားငယ်လေးကို စွန့်ခွာပြီး(အဲဒီခေတ်က) ထိပ်တန်း ဘာသာရေး ခေါင်းဆောင်ဆရာကြီးတွေရဲ့ထံမှာ နည်းခံသင်ယူဖို့သွားရောက်ခဲ့တယ်။

အဲဒီဆရာကြီးတွေကလည်း သူ့ကိုဖိဖိစီးစီးသင်ပြပေးကြပါတယ်။ ဒါပေမယ့် လူ့ဘ၀ရဲ့ဆင်းရဲ ဒုက္ခတွေဘာကြောင့်ဖြစ်ပေါ်လာပြီး ဘယ်လိုကျော်လွှားနိုင်မယ်ဆိုတဲ့ တရားနည်းလမ်း အသိဥာဏ်ကိုတော့ (သင်ပြပေးတဲ့ဆရာကြီးတွေကိုယ်တိုင်) တစ်ယောက်မှ မသိနား မလည် ကြပါဘူး။

နောက်ဆုံး ခြောက်နှစ်လောက်ကြာအောင်တရားဓမ္မတွေကို (မိမိဘာသာ)လေ့လာကြိုးစားကျင့် ကြံအားထုတ်ပြီးတဲ့နောက် (မဂ္ဂင်ရှစ်တန်အကျင့်မှန်၊အလယ်အလတ်လမ်းစဉ်ကို ပြောင်းလဲရှုမှတ် တဲ့အခါ) မသိနားမလည်မှု (မောဟအ၀ိဇ္ဇာ)အားလုံးကို ပယ်ခွာနိုင်စေတဲ့ ဥာဏ်ပညာတစ်မျိုးကို သူဟာနားလည်ပိုင်ဆိုင်လာခဲ့ပါတယ်။

အဲဒီအချိန်ကစပြီးသူ့ကို (အ၀ိဇ္ဇာ၊ကိလေသာဖြင့် အိပ်မူးခြင်းမှ) 'နိုးထပြီးတဲ့သူ'၊ 'ဗုဒ္ဇ'လို့ခေါ် လာကြပါတယ်။
ဘုရားရှင်ဖြစ်တော်မူပြီးနောက် ဗုဒ္ဓဟာ၄၅နှစ် ကြာအောင် သက်တော်ထင်ရှားနေထိုင် သီတင်း သုံးခဲ့ပါတယ်။ အဲဒီအချိန်ကာလတွေမှာ ဗုဒ္ဓဟာ(သစ္စာတရားတော်တွေကို) တစ်ခြားလူ အပေါင်းတို့ကို ထုတ်ဖော်ဟောပြသင်ကြားနိုင်ဖို့အတွက် အိန္ဒိယမြောက်ပိုင်းတစ်ခွင် လုံးကို ခရီးဒေသစာရီ လှည့်လည်ကြွရောက်တော်မူခဲ့ပါတယ်။

မြတ်ဗုဒ္ဓရဲ့ မဟာဂရုဏာတော်သနားကြင်နာမှုနဲ့ သည်းခံမှုခန္တီတရားတော်တွေဟာ အံ့သြဖွယ် ကောင်းအောင် မြင့်မြတ်ကြီးမားလွန်းလှပြီးထောင်ပေါင်းများစွာသောလူတွေကို ဗုဒ္ဓဓမ္မအပေါ် ယုံကြည်သက်ဝင်သူတွေဖြစ်စေခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်ဟာ သက်တော် ၈၀အရွယ်မှာ အိုမင်းရင့်ရော်မှုနဲ့အတူ နာမကျန်းတဲ့ ရောဂါဝေဒနာတွေကို (သဘာဝအတိုင်း)ခံစားတော်မူရပေမယ့် သက်သာငြိမ်းချမ်းစွာနဲ့ပဲ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ်။

THE BUDDHA IS DEAD SO HOW CAN HE HELP US?
ဗုဒ္ဓပရိနိဗ္ဗာန်ပြုသွားပြီ (သက်တော်ထင်ရှားမရှိတော့ဘူးဆိုရင်) ဗုဒ္ဓကကျွန်တော်တို့ တွေကို ဘယ်လိုကူညီစောင့်ရှောက်နိုင်အုံးမှာလဲ။

'ဖာရာဒေး'ဆိုတဲ့ပုဂ္ဂိုလ်ဟာ လျှပ်စစ်ဓာတ်ကိုတီထွင်ဖော်ထုတ်ခဲ့ပါတယ်။ သူကွယ်လွန်ခဲ့ပြီး ပေမယ့် သူဖော်ထုတ်ခဲ့တဲ့လျှပ်စစ်ဓာတ်ကတော့ ခုထိအောင်ကျွန်တော်တို့ကို အကျိုးပြုကူညီနေ တုန်းပါပဲ။
'လူးဝစ်ပစ္စရှာ'ဆိုရင်လည်း သေလောက်တဲ့ရောဂါအများအပြားအတွက် ကုထုံးဆေးညွှန်းတွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။သူ့ရဲ့ဆေးသိပ္ပံတွေ့ရှိချက်တွေက လူ့အသက်တွေကို ခုထက်ထိ ကယ်တင်နေတုန်းပါပဲ။
'လီယိုနာဒိုဒါဗင်ချီ'ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာဖန်တီးမှုတွေဟာ သူသေသွားပေမယ့် လူတွေကို ခုထက်ထိရွှင်မြူးတက်ကြွစေတဲ့ ရသပေးနေတုန်းပါပဲ။
သူတော်စင်(စိတ်ထားမြင့်မြတ်သူ)တွေနဲ့ သူရဲကောင်းတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်အတော်ကြာ ကတည်းက ကွယ်လွန်ခဲ့ပြီးဖြစ်ကြပေမယ့် သူတို့ဖန်တီးခဲ့တဲ့ မြင့်မြတ်လုပ်ရပ်တွေနဲ့ အောင်မြင် ဖြစ်ထွန်းမှုတွေကို ကျွန်တော်တို့ဖတ်ရှုသိရှိရတဲ့အခါ (အဲဒီမြင့်မြတ်မှုတွေကို) သူတို့လို ဆက်လက်လုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်စေပါတယ်။
အလားတူပါပဲ။ ဗုဒ္ဓဟာသက်တော်ထင်ရှားမရှိတော့တာနှစ်ပေါင်း ၂၅၀၀ကျော်လာခဲ့ပေမယ့် ဗုဒ္ဓရဲ့ လမ်းညွှန်သင်ကြားမှုတွေကတော့ လူတွေကို ခုထက်ထိအကျိုးပြုကူညီနေဆဲပါပဲ။
ဗုဒ္ဓရဲ့ ကောင်းမြတ်တဲ့စံနမူနာတွေဟာလည်း လူတွေကို စိတ်ဓာတ်တက်ကရှင်သန်နေစေဆဲပါ။ဗုဒ္ဓရဲ့ ဒေသနာတော်မိန့်ကြားချက် ဓမ္မစကားလုံးတွေဟာ လူတွေရဲ့ဘ၀ကောင်းကျိုးကို ဖြစ်ပေါ်ပြောင်း လဲနေစေတုန်းပါပဲ။ ဗုဒ္ဓသာလျှင်ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက် ရာစုနှစ်ပေါင်းများစွာကြာအောင် အဲဒီဓမ္မစွမ်းအင်တွေကို အများဆုံးအကျိုးသက်ရောက် နိုင်စေခဲ့သူဖြစ်ပါတယ်။

Tuesday, June 10, 2008

A Bee In my Ears!

နားအူခြင်း
အနီးအနားတွင် မည်သည့် အသံမှမထွက်ဘဲ သို့မဟုတ် အသံမြည်နေသော အရာမရှိဘဲနှင့် နားထဲတွင် အသံများမြည်နေခြင်း၊ နားအူနေခြင်း၊ ပျားပိတုံးပျံသကဲ့သို့ အသံ၊ရေနွေးအိုးဆူသံ ကဲ့သို့ စူးစူးရှရှအသံစူးစူးများမြည်နေခြင်း၊တရစပ်ထွက်ပေါ်နေနိုင်သည့်အနည်းတူ ပေါ်လိုက်ပျောက်လိုက်လည်းဖြစ်နေနိုင်သည်။အာရုံစူးစိုက်မရ၊ အိပ်မရအောင်အနှောင့် အယှက်ပေး သကဲ့သို့ ကာယကံရှင်အဖို့စိတ်ဓာတ်ကျ သောကရောက် ရခြင်းများလည်း ဖြစ်တတ်သေးသည်။ အကြားအာရုံချွတ်ယွင်းလာခြင်း (အထူးသဖြင့် သက်ကြီးရွယ်အိုများတွင်)နှင့် နားအူခြင်းအဆက် အစပ်ရှိသကဲ့သို့ ဆူညံသံကိုတောက်လျှောက် ကြားနေရခြင်းကြောင့်လည်း နားအူတတ်သည်။ ဖိစီးဝန်ရှိကပိုဆိုး တတ်သည်။ လေယာဉ်စီးရခြင်း၊သွေးတိုးခြင်း၊နားဖာချေးပိတ်ခြင်း၊အတွင်းနား ပြဿနာများနှင့် ဆေးအချို့တို့ကြောင့်လည်း နားအူတတ်သည်။ တစ်ခါတစ်ရံ၌မူအကြောင်းရင်း မည်မည်ရရ မရှိပါဘဲလျက်နှင့်လည်း နားအူတတ်သေးသည်။

*ဆရာဝန်နှင့် အရင်ပြရန်
နားအူခြင်း ဟုတ်မဟုတ် သေချာစေရန်နှင့် ဆေးတစ်မျိုးမျိုး(ဥပမာ-အက်စ်ပရင်) သောက်ထား ရခြင်းကြောင့် နားအူခြင်းပိုဆိုးလာခြင်း ဟုတ်မဟုတ် ဆန်းစစ်အဖြေရှာနိုင်ရန်။

*မိမိဘာသာဆောင်ရွက်နိုင်သော ကိစ္စရပ်များ
အဆိုပါနည်းတို့ကား နားအူမပျောက်စေနိုင်။ သို့သော် နားအူသက်သာစေရန်နှင့် နားအူလင့် ကစားစိတ် ကသိကအောက်မဖြစ်ဘဲသက်သောင့်သက်သာနေစေနိုင်မည့်နည်းများရှိပါသည်။
- နားအူသံအာရုံထဲပျောက်သွားစေရန် အခြားအသံများကိုနားထောင်၍ အာရုံလွှဲကြည့်ပါ။ အထူးသဖြင့် အိပ်ရာဝင်ကာနီးတွင် ပန်ကာ၊သီချင်း၊ရေဒီယိုတို့ကိုဖွင့်ထားခြင်း၊နာရီသံ (တစ်တောက်တစ်တောက်)ကိုနားထောင်နေပါ။ ဤနည်း ယင်းအသံတို့ဖြင့် နားအူသံကိုလွှမ်းထား၊ဖျောက်ထားကြည့်ပါ။
- နားအူနေလျက် ဆူညံသံများသော နေရာများတွင် အလုပ်လုပ်ရသည့်အခါ လျှပ်စစ်ရွေဘော်စက်ကဲ့သို့သော ပါဝါသုံးကိရိယာများကို ကိုယ်တွယ်အလုပ်လုပ် ရသည့်အခါ နားအဆို့ သို့မဟုတ် နားကာတို့ကိုဝတ်ဆင်၍ နားအူသံပိုဆိုးမလာစေရန် ကာကွယ်ထားပါ။
- ကဖီးန်ပါသော ကော်ဖီ၊လက်ဖက်ရည်၊ကိုလာ၊ကွီနင်းပါသော တော်နစ်ဖျော်ရည်၊ အရက်၊ဆေးလိပ် စသည်တို့ကိုရှောင်ပါ။ယင်းအရာတို့က နားအူခြင်းကိုပိုဆိုးစေတတ် သည်။
- အစားအသောက်များတွင် အငန်လျှော့ပါ။
- ကမ္ဘာဦးပင်၏အရွက်(ဂျင်ကိုဘိုင်လိုဘာ)စားပါ။ နားအူသက်သာစေသည်။
- ဖိစီးဝန်ကြောင့်ဖြစ်ပါက လျော့ပါးရာလျော့ပါးကြောင်း လေ့ကျင့်ခန်းများကိုပုံမှန်လုပ် ပေးပါ။
နားအူဝေဒနာခံစားနေရသည့် ဘ၀တူများနှင့်လည်း ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးကာ အတွေ့အကြုံဖလှယ်ပါ။

*သဘာဝဆေးနည်းများ
ဂျင်ကိုဘိုင်လိုဘာဆေးများ၊ ကမ္ဘာဦးပင်က အရွက်များမှထုတ်လုပ်ထားသည့် နားအူသက်သာ ဆေးများ၊ ဆေးဆိုင်များတွင် ၀ယ်၍ရသည်။ မသောက်မီ ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။ ဆေးညွှန်းစာ အသေအချာဖတ်ပါ။(၄ပတ်မှ ၆ပတ်သောက်ပြီး တိုးတက်မှုရှိမရှိပြန်ဆန်းစစ်ပါ။)
ဆရာဝန်နှင့်ဆက်ပြရန်
နားအူမသက်သာဘဲ ပိုဆိုးလာလျှင်၊ နားအူမသက်သာရုံမက မူးဝေလာလျှင် သို့မဟုတ် နေမကောင်းဖြစ်လာလျှင်၊နားအူပြီးနောက် နားလေးလာလျှင်။

Saturday, June 7, 2008

Panda Eye

မျက်ကွင်းညိုခြင်း
မျက်လုံးကို လက်သီးနှင့်ထိုးမိသဖြင့် တိုက်ရိုက်ထိခိုက်မိ၍ မျက်လုံးအ၀န်းတစ်ဝိုက် သွေးခြည်ဥကာ အညိုအမည်းစွဲနေခြင်း၊အခြားအခြားသော မျက်နှာတစ်ဝိုက်ထိခိုက်ဒဏ်ရာရပါကလည်း(ထိမိ၊ဆောင့်မိ၊ထိခိုက်မိလျှင်) မျက်ဝန်းတစ်ဝိုက်ရှိ အရေပြားမှာ နူးညံ့ပြီးသွေးခြည်ဥလွယ်သဖြင့် ထိုသို့ညိုမည်းလာတတ်ပါသည်။ထိမိခိုက်မိ၊ထိုးမိ၊ဆောင့်မိ၍ မကြာမီပင် အရေပြားအောက်တွင် သွေးယိုစိမ့်သဖြင့် ရောင်ကိုင်း၊နာကျင် ကိုက်ခဲ၊ညိုမည်းလာတတ်ပါသည်။ထို့နောက် မျက်ခွံ၊မျက်ခမ်း အောက်တွှု ပြာနှမ်းလာကာ တဖြည်းဖြည်း ခရမ်းရောင်ရင့် အသွင်ပြောင်းလာကာ အနာကျက်သွားပါက ၀ါရောင်သမ်းလာပါသည်။ အများအားဖြင့် ၁၀ရက်မှ ၁၄ရက်အတွင်းအလိုအလျောက် ပျောက်သွားလေ့ရှိပါသည်။

*သတိပြုရန်
အမြင်အာရုံမရှင်းလျှင် ယင်းနှင့်သို့မဟုတ် အမြင်အာရုံေ၀၀ါးလာလျှင် သို့မဟုတ် မြင်ကွင်းနှစ်ထပ်ဖြစ်လာလျှင်၊ မျက်လုံး သို့မဟုတ် မျက်ခွံစုတ်ပြဲသွားလျှင်၊ ထိခိုက်ဒဏ်ရာရပြီး တဒင်္ဂအတွင်း သတိလစ်သွားလျှင် ဆေးရုံသို့ချက်ချင်းသွားရပါမည်။

*ဆရာဝန်နှင့် အရင်ပြရန်
မည်သည့်အတွက် မျက်ကွင်းညိုလာသည်ကို အသေအချာမသိလျှင် သို့မဟုတ် မျက်လုံး၏ အခြေအနေနှင့် ပတ်သက်၍ အားမရလျှင်။

*သင့်ဘာသာဆောင်ရွက်နိုင်သော ကိစ္စရပ်များ
ထိမိခိုက်မိ၍ သို့မဟုတ် အသေးစားမတော်တဆဖြစ်မှုကြောင့် မျက်ကွင်းညိုလာပါက နာကျင်ကိုက်ခဲမှု သက်သာစေရန်နှင့် သွေးခြည်ဥသည့် ဧရိယာမကျယ်ပြန့်လာစေရန် အိမ်မှာနေရင်းပင် အောက်ပါတို့ကိုဆောင်ရွက်နိုင်ပါသည်။
အရောင်လျော့ အရေပြားအောက် သွေးထွက်နည်းစေရန်၊သွေးတိတ်သွားစေရန် ရေခဲဝတ်ကပ်ပါ။
အရောင်လျော့စေရန် ညဘက်တွင် ခေါင်းအုံးမြင့်မြင့်နှင့်အိပ်ပါ။
လိုအပ်ပါက အကိုက်အခဲပျောက်ဆေးများသောက်နိုင်သည်။
အားကစား၊ကိုယ်လက်လှုပ်ရှားမှု၊လေ့ကျင့်ခန်းများခဏနားထားပါ။
နှပ်မညှစ်ပါနှင့်၊ နှာမမှုတ်ပါနှင့်။ထိုသို့ပြုပါက မျက်နှာတစ်ဝိုက်သွေးအရောက်များစေသဖြင့် မျက်ဝန်းတစ်ဝိုက် ပိုရောင်ကိုင်းလာစေနိုင်သည်။

*လက်တွေ့နည်း
ရေခဲဝတ် ၊ရေခဲဖတ်ကပ်ခြင်း ရေခဲ သို့မဟုတ် ရေအေးအေးအနာပေါ်ရောက်သွားပါက အရောင်လျော့နိုင်သည်။ထို့ကြောင့် ရေခဲသေတ္တာထဲရှိ ပန်းသီး၊လိမ္မော်သီးစသည့် အသီးအေးအေးစသည်တွေ့ရာတို့ဖြင့် ချက်ခြင်းကပ်ပေးနိုင်သည်။ အသင့်ရှိနေပါမူ ရေခဲတုံးလေးများကို ပလတ်စတစ်အိတ်သို့မဟုတ် လက်ကိုင်ပုဝါ၊တဘက် စသည့်တို့ထဲတွင် ထည့်၍ ကပ်ပေးနိုင်သည်။ ထို့အတူ ယင်းလက်ကိုင်ပုဝါ၊ တဘက်၊အ၀တ်စသည်တို့ကို ရေခဲရည်ထဲတွင် စိမ်ပြီးရေစင်အောင်ညှစ်၍လည်း ကပ်ပေးနိုင်သည်။
အလားတူပင် အအေးဘူး(သံဘူး)ဖြင့်လည်းညိုနေသော မျက်ကွင်းထောင့်ကစ၍ လှိမ်ပေးနိုင်သည်။
ယင်းနည်း၊ယင်းပစ္စည်းတို့ဖြင့် ၁၀မိနစ်၁၅မိနစ်ကြာ ကပ်ပေးထားနိုင်သော်လည်း မဖိသိပ်ရ။
ဒဏ်ရာရပြီး ၂၄နာရီမှ ၄၈နာရီအတွင်း တစ်နေ့လျှင် ဂကြိမ်ခန့်ထိုသို့ဆောင်ရွက်ပေးရပါမည်။

*ဆေးဝါး
ပါရာစီတမောလ်၊အိုဗျူပရိုဖဲန် စသောအကိုက်အခဲပျောက်ဆေးများသောက်နိုင်သည်။အစာစားပြီးမှသောက်ပါ။ အက်စ်ပရင်(ဘတ်စ်ပရို)က သွေးကျဲစေတတ်သဖြင့် သွေးမတိတ်မှာစိုးသည့်အတွက် မသောက်သင့်။

*ဆရာဝန်နှင့် ဆက်ပြရန်
ရက်အတန်ကြာသည့်တိုင် အရောင်မလျော့၊ပူလာလျှင်၊ မျက်ကွင်းညိုမပျောက်လျှင် (သို့မဟုတ်) ပြည်လိုက်လာလျှင်၊ အမြင်အာရုံအပြောင်းအလဲရှိလာလျှင် အနာအကိုက်အခဲမပျောက်လျှင် သို့မဟုတ် ခေါင်းကိုက်လာလျှင်။

Friday, June 6, 2008

What is Buddhism?


What is Buddhism?
ဗုဒ္ဓ၀ါဒဆိုတာဘာလဲ။

"ဗုဒ္ဓိ"ဆိုတဲ့စကားလုံးကနေ "ဗုဒ္ဓ၀ါဒ"ဆိုတဲ့ အမည်ဝေါဟာရ ဖြစ်လာတာပါ။ ဗုဒ္ဓိရဲ့ အဓိပ္ပာယ်က "နိုးထခြင်း" ဖြစ်တဲ့အတွက် ဗုဒ္ဓ၀ါဒဆိုတာ(အ၀ိဇ္ဇာမသိမှုမှ)နိုးထခြင်းဆိုင်ရာ ဒဿနပါပဲ။
ဒီ(ဗုဒ္ဓ၀ါဒ)ဒဿနတရားတွေကို ဗုဒ္ဓလို့ လူတွေသိရှိကြတဲ့ သိဒ္ဓတ္ထဂေါတမဆိုတဲ့ ပုဂ္ဂိုလ်က ကိုယ်တိုင်ဖြတ်သန်းလာတဲ့ ဘ၀အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး သိမြင်ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဗုဒ္ဓကိုယ်တော်တိုင်(၀ိဇ္ဇာဥာဏ်တော်ကို)သိမြင်နိုးထလာခဲ့တာကတော့ သက်တော်၃၅နှစ်မှာဖြစ်ပါတယ်။ ယခုအခါမှာ ဗုဒ္ဓ၀ါဒရဲ့ သက်တမ်းဟာနှစ်ပေါင်း ၂၅၀၀ကျော်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ဗုဒ္ဓဘာသာဝင်ဦးရေဟာ သန်းပေါင်း ၃၀၀ကျော်ခန့်ရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်တုန်းကတော့ ဗုဒ္ဓဘာသာဟာ(အရှေ့တိုင်း) အာရှဒဿနအဆင့်လောက်ပဲကျယ်ပြန့်ခဲ့ပေမယ့် ယခုခေတ်အခါမှာတော့ ဥရောပ၊သြစတေးလျနဲ့ အမေရိကနိုင်ငံတွေမှာပါ အလွန်ကျယ်ပြန့်စွာ လေ့လာလိုက်စားလာနေကြပါပြီ။

So Buddhism is Just A Philosophy?
ဒီလိုဆိုရင် ဗုဒ္ဓ၀ါဒဆိုတာ ဖီလိုဆိုဖီအတွေးအခေါ်ဘာသာတစ်ရပ်သာဖြစ်ပါသလား။

ဖီလိုဆိုဖီ ဆိုတဲ့စကားစုဟာ ဖီလို နဲ့ ဆိုဖီယာ ဝေါဟာရနှစ်ခုကနေဖြစ်လာတာပါ။ဖီလိုကမေတ္တာလို့ အဓိပ္ပာယ်ရပြီး ဆိုဖီယာကတော့ ပညာကိုခေါ်တာပါ။ ဒါကြောင့်ဖီလိုဆိုဖီဆိုတာဟာ ပညာနဲ့ယှဉ်တဲ့မေတ္တာတရား (သို့မဟုတ်) မေတ္တာတရားနဲ့ပညာဥာဏ်ပါ။
အဲဒီအဓိပ္ပာယ်နှစ်ရပ်စလုံးက ဗုဒ္ဓ၀ါဒကို အပြည့်အ၀ဖော်ညွှန်းနိုင်ပါတယ်။
ဗုဒ္ဓ၀ါဒက ဒီလိုသင်ကြားပါတယ်။ လူသားဟာ(အမှန်တရားကို) ရှင်းရှင်းလင်းလင်းနားလည်နိုင်ရန် အသိဥာဏ်ပညာရဲ့အဆင့်အတန်းကို အစွမ်းကုန်မြှင့်တင်ဖို့ ကြိုးစားကြရပါမယ်။
သက်ရှိသတ္တ၀ါတွေအားလုံးကို မိတ်ဆွေရင်းချာတစ်ယောက်လို သဘောထားနိုင်စေဖို့နဲ့ မေတ္တာတရားနဲ့ ကြင်နာသနားမှုတွေကို တိုးပွားမြှင့်တင်ပေးဖို့ကိုလည်း ဗုဒ္ဓ၀ါဒဟာ သင်ကြားပေးပါတယ်။
ဒါကြောင့် ဗုဒ္ဓ၀ါဒဟာ ဖီလိုဆိုဖီတစ်ရပ်တော့ဖြစ်ပါတယ်။ ဒါပေမယ့် ဖီလိုဆိုဖီမည်ကာမတ္တမျှတော့မဟုတ်ပါဘူး။
အမြင့်မားဆုံးအမြင့်မြတ်ဆုံးဖီလိုဆိုဖီ(ဒဿနပညာ)လို့ပဲဆိုရပါလိမ့်မယ်။