Saturday, September 25, 2010

နှလုံးကောင်းစိတ်မြတ်

မေတ္တာတရားတို့၊ ကျေးဇူးတရားတို့ဆိုတာ
လုပ်ရပ်နဲ့ရုပ်ဝတ္ထု နည်းတာများတာ
ပဓာနမဟုတ်ပါဘူး။
သူထားတဲ့ စေတနာ
ကြီးမားရင် ကြီးမားသလောက်
ပမာဏလည်း ကြီးမားပါတယ်။

မြန်မာ့ဆိုရိုးစကားထဲမှာ &#8216စိုတဲ့လက်မခြောက်စေရ&#8217 လို့အဆိုရှိတယ်။ &#8216စိုတယ်&#8217 ဆိုတာ မေတ္တာတရား၊ &#8216ခြောက်တယ်&#8217 ဆိုတာ ဒေါသတရား ကို ရည်ညွှန်းတာပါ။
ဟုတ်ပါတယ်၊ မေတ္တာတရားတို့၊ ကျေးဇူးတရားတို့ဆိုတာ လုပ်ရပ်နဲ့ရုပ်ဝတ္ထု နည်းတာများတာ ပဓာနမဟုတ်ပါဘူး။ သူထားတဲ့ စေတနာ ကြီးမားရင် ကြီးမားသလောက် ပမာဏလည်း ကြီးမားပါတယ်။ ကျေးဇူးခံသူရဲ့ ကျေးဇူးသိမှုပမာဏ ကြီးမားရင်လည်း ကျေးဇူးပြုသူက သာမန်စေတနာကလေးပင် ဖြစ်ဦးတော့ ကြီးကျယ်မြင့်မြတ်သွားတာပါပဲ။

သာဝတ္ထိပြည်မှာ &#8216ရာဓ&#8217 ဆိုတဲ့ ပုဏ္ဏားကြီးဟာ လူ့လောကထဲမှာ ဆင်းရဲဒုက္ခရောက်တဲ့အတွက် ရဟန်းတော်များနေတဲ့ ကျောင်းတိုက်ကို သွားပြီး ပေါင်းရှင်း၊ တံမြက်လှည်း၊ ရေခပ်စတဲ့ ဝေယျာဝစ္စဆောင်ရွက်ရင်း ကျောင်းတိုက်အတွင်းမှာ မှီတင်းနေထိုင်ပါတယ်။ ရဟန်းတော် များကလည်း သူ့ကို စားစရာများ ပေးကမ်းချီးမြှောက်ပါတယ်။ သူက ရဟန်းပြုလိုတဲ့ဆန္ဒ ပြင်းပြပေမယ့် အဲဒီဆန္ဒကိုတော့ ဘယ်ရဟန်း တော်ကမှ လက်ခံကူညီမပေးဘူး။
ဒီကိစ္စကလည်း ၀ိနည်းစည်းကမ်းအရ တာဝန်က သိပ်ပေါ့လှတာမဟုတ်ဘူး။ ကိုယ်က ဆရာအဖြစ်နဲ့ လက်ခံပြီး ရဟန်းပြုပေးထားရင် သူ့ကို အနီးနေ (အန္တေ၀ါသိက)တပည့်အဖြစ်နဲ့ အစစ တာဝန်ယူစောင့်ရှောက်ရမှာ။ နေမကောင်း ထိုင်မသာ ဖြစ်ခဲ့ရင် သူ့ကိစ္စတွေကို အကုန်လုံး လုပ်ပေးရမယ့် ၀တ်တွေက အများကြီးဆိုတော့ သက်ကြီးရွယ်အိုကို တပည့်အဖြစ် မွေးရတာဟာ ကိုယ်က သူလုပ်ကျွေးပြုစု တာကို ခံရဖို့ထက် သူ့ကို ကိုယ်က လုပ်ကျွေြး့ပုစုရဖို့က ပိုပြီးသေချာနေတာကလား။ ပုဏ္ဏားကြီးဟာ သူ့အလိုဆန္ဒ မပြည့်ဝတဲ့အတွက် တဖြည်းဖြည်း စိတ်ညစ်ပြီး ပိန်ချုံးလာတယ်။

တစ်နေ့မှာ မြတ်စွာဘုရားရှင်နဲ့တွေ့တော့ အကျိုးအကြောင်း မေးမြန်းကြည့်တဲ့အခါ ပုဏ္ဏားကြီးက သူ့ရဲ့ဆန္ဒမပြည့်ဝပုံကို လျှောက်ထား တယ်။ ဒါနဲ့မြတ်စွာဘုရားရှင်က ရဟန်းသံဃာအားလုံးကို စုဝေးစေပြီး &#8216ဒီပုဏ္ဏားကြီးပြုခဲ့တဲ့ ကျေးဇူးတရား ရှိခဲ့ဖူးတာကို ဘယ်ရဟန်းများ အောက်မေ့သတိရမိတာရှိသလဲ&#8217 လို့မေးတော်မူပါတယ်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်က 'တပည့်တော် ရာဇဂြိုဟ်မြို့ထဲမှာ ဆွမ်းခံသွားစဉ်က ဒီပုဏ္ဏားကြီးက ဆွမ်းတစ်ဇွန်း လောင်းလှူဖူးပါ တယ်။ အဲဒီကျေးဇူးတရားကို တပည့်တော် အောက်မေ့ သတိရပါတယ်ဘုရား' လို့လျှောက်ထားပါတယ်။ 'ဒီလိုဆို မိမိအပေါ် ကျေးဇူးပြုခဲ့ ဖူးသူကို ဒုက္ခကလွတ်မြောက်အောင် လုပ်မပေးသင့်ဘူးလား' လို့မိန့်ကြားတော့ 'မှန်လှပါ၊ တပည့်တော် ရဟန်းပြုပေးလိုက်ပါမယ်ဘုရား' လို့လျှောက်ထား တာဝန်ယူလိုက်ပါတယ်။ ရာဓပုဏ္ဏားကြီးလည်း ရာဓရဟန်းတော်ဖြစ်လာတယ်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးလည်း ရာဓရဟန်းကို အနီးနေတပည့်အဖြစ် လက်ခံပြီး မိမိက အနီးကပ် ဆုံးမရတဲ့ ဥပဇ္ဈာယ်ဆရာ၊ နိဿရည်းဆရာဖြစ်လာတဲ့အတွက် စားဝတ်နေရေးအတွက်လည်း တာဝန်ယူစီမံပေးရတယ်။ ရဟန်းတော်များ ရှောင်သင့်တဲ့ကိစ္စ၊ ပြုလုပ် သင့်တဲ့ ကိစ္စများကိုလည်း ဆွမ်းခံသွားရာမှာ နောက်ပါရဟန်းအဖြစ် ခေါ်ဆောင်သွားပြီး အမြဲဆုံးမ ညွှန်ကြားပေးတယ်။ ရာဓရဟန်းတော် ဟာ ဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်ဖြစ်တာနဲ့အညီ မထေရ်မြတ် ဆုံးမသွန်သင်သမျှကို ဦးထိပ်ရွက်ခံ ယူပြီး လိုက်နာကျင့်သုံးတဲ့အတွက် မကြာ ခင် အာသဝေါကုန်ခန်းပြီး ရဟန္တာဖြစ်သွားပါတယ်။

မထေရ်မြတ်ကြီးက ရာဓရဟန်းနဲ့အတူ မြတ်စွာဘုရားထံ သွားရောက် ရှိခိုးကန်တော့တဲ့အခါ မြတ်စွာဘုရားက အတူနေတပည့်ရဲ့ အခြေ အနေကို မေးတော့ 'အလွန်ဆုံးမရ လွယ်ကူပါတယ်ဘုရား။ ဘယ်လိုအပြစ်မျိုးကိုပဲ ပြဆို ဆုံးမ ဆုံးမ မျက်နှာ တစ်ချက်မပျက်ဘဲ လေးစား နာယူပါတယ်' လို့ လျှောက်ထားပါတယ်။ 'ဒီလိုတပည့်မျိုး ရတယ်ဆိုရင် ဘယ်လောက်များများ လက်ခံနိုင်မလဲ' လို့မေးတော့ 'ဘယ်လောက်ပဲရရ လက်ခံပါမယ်ဘုရား' လို့ပြန်ကြား လျှောက်ထားပါတယ်။

အရှုင်သာရိပုတ္တရာ မထေရ်မြတ်ကြီးရဲ့ တစ်လုတ်စားဖူး သူ့ကျေးဇူး ကိုသိတတ်တဲ့စိတ်ထားကြောင့် ပါရမီရှင်ဖြစ်လျက် ဒုက္ခနဲ့အခက်အခဲ ကြုံတွေ့နေရတဲ့ရာဓပုဏ္ဏားကြီး ရဟန်းဘ၀ရရှိပြီး ကိလေသာအားလုံးချု့ပ်ငြိမ်းတဲ့ ရဟန္တာပုဂ္ဂိုလ်အဖြစ် ရောက်ခဲ့ရသလို ရာဓရဟန်းတော် ရဲ့ ဆရာသမားကျေးဇူးကိုသိပြီး ကျိုးနွံလေးစားမှုကြောင့် ဆရာရှင်ဖြစ်တဲ့ မထေရ်မြတ်ကြီးမှာလည်း 'ဒီလိုတပည့်မျိုးတွေသာဆိုရင် ဘယ် လောက်ပဲ လာလာ လက်ခံမယ်' ဆိုတဲ့မေတ္တာ၊ ကရုဏာစိတ်တွေပိုပြီး တိုးပွားလာစေတယ်လို့ ဆိုနိုင်ပါတယ်။

မထေရ်နှစ်ပါးတို့ရဲ့ စိုတဲ့လက်ကို တိုးလို့ စိုစေတဲ့ နှလုံးကောင်းစိတ်မြတ်များဟာ ကျေးဇူးပြု ကျေးဇူးခံ နှစ်ဦးနှစ်ဖက်တို့အတွက် အတုယူ အားကျစရာပါ။ဆရာတပည့်နှစ်ပါးတို့ရဲ့ ဖြစ်ရပ်ကိုကြည့်ပြီး မြတ်စွာဘုရားရှင်က တရားစကား ပြောကြားရာမှာတော့ -
"လောကမှာ အပြစ်ကိုကြည့်သူ နှစ်မျိုးရှိတယ်။ အများရှေ့မှာ ချွတ်ယွင်းချက်တွေဖော်ပြပြီး နှိပ်ကွပ်ဖို့အတွက် အပြစ်ကိုကြည့်သူဟာ ရန်ရှာသူနဲ့ အတူတူလိုဖြစ်လို့ နာခံရသူကို ကျိုးမဲ့ပြစ်ရ ဖြစ်စေတယ်။
မသိတာသိအောင်၊ မပြည့်တာ ပြည့်အောင် ခီးမြှောက်ပေးလိုက်တဲ့ စိတ်ထားနဲ့ သူ့ရဲ့ကြီးပွားတိုးတက်ရေးအတွက် အပြစ်ကိုကြည့်ပြီး ပြောဆိုဆုံးမသူဟာ ဖုံးနေတဲ့အရာကို ဖယ်ပြီး၊ မြုပ်ကွယ်နေတဲ့ရွှေအိုးကို ထုတ်ဖော်ပေးလိုက်သလိုဖြစ်လို့ ဒီလို ဆရာသမား (မိတ်ဆွေ သင်္ဂဟ)ရဲ့စကားကို နာခံရသူဟာ ပြစ်မဲ့ကျိုးရှိဖြစ်စေတဲ့အတွက် အရှုံးမရှိစေဘဲ အမြတ်သာရှိစေတယ်" ဆိုတဲ့အကြောင်း (ဓမ္မပဒဂါထာ ၇၆) ဆုံးမဟောကြားတော်မူပါတယ်။

အတုယူအားကျပြီး ပြစ်မဲ့ကျိုးရ ဖြစ်နိုင်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
၁၂-၃-၂၀၀၇
အတွေးသစ်ဂျာနယ်

မြန်မာပြည်တွင်လုပ်သည်... (Made in Myanmar)

မြန်မာ့နည်းမြန်မာ့ဟန်

မြန်မာ့နည်းမြန်မာ့ဟန်လို့ပြောရင် အဲဒါ အကောင်းပြောတာမဟုတ်ဘူး ...ရွဲ့တာပဲ။ မြန်မာစံတော်ချိန်ဆိုတာမျိုးပေါ့။
ငယ်ကတည်းက ဓန Magazine မှာ ပဲ နဲ့ ခဲ ( ဂဲဟုအသံထွက်သည်။ ) (စင်ကာပူရောက်မြန်မာကလေးများဖတ်တတ်စေရန်ရည်ရွယ်သောအားဖြင့် အသံထွက်ပါထည့်ထားပေးသည်။) ဆောင်းပါးမှာ ပဲထဲမှာ ရောဖို့ ခဲကို သေချာထုခွဲထားတယ်ဆိုလို့ မစားရပါပဲ သွားကျိန်းသွားတယ်။ အားရပါးရများဝါးလိုက်မိတဲ့သွားကတော့ ပဲ့ရွဲ့ထွက်ကုန်လောက်တယ်။ အခုအထိလည်းရောတုန်း..ရောဆဲ ရောလတ္တံ့လို့သိရတယ်။ အဲဒါလည်း မြန်မာပြည်တွင်လုပ်သည်။

ကြက်သားရေထိုး
နောက်တစ်ခုကကြက်သားကိုရေထိုးတာ။ ဆရာဝန်မဖြစ်လိုက်တဲ့ ကြက်သားသည်တစ်ယောက်ငယ်အိမ်မက်ကိုလွမ်းပြီး ကြက်သားထဲရေထိုးကြည့်ရာကနေမကြုံစဖူး အတုခိုးခံလိုက်ရတဲ့နည်းလမ်းလို့သိရတယ်။ မြန်မာအိမ်ရှင်မတွေအိမ်မှာကြက်သားကိုရေထည့်ပြုတ်စရာမလိုအောင်စေတနာနဲ့ရေထိုးပေးလိုက်တာလို့လည်းပြောကြတယ်။ မြန်မာပြည်တွင်လုပ်သည်။
ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်နောက်တစ်ခုက ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်တာ။ အဲဒီ ခဲကိုကြတော့ ဂဲလို့ အသံမထွက်ဘူး။ ခဲပဲ။
ခဲလေသမျှ သဲရေကျက ခဲလို ခဲလို့ အသံထွက်တယ်။ ပုစွန်ထုပ်တွေက အမေကျော်ဒွေးတော်လွမ်းပြီး ... အိတ်စပို့စ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားလေတော့ ... မြန်မာပြည်သူပြည်သားတွေအတွက်အင်မတန်ကြီးတဲ့ပုစွန်ထုပ်ခေါင်းတွေကျန်ခဲ့တယ်။
အဲဒီခေါင်းကိုတောင်လေးလေးပင်ပင်ရှိအောင်ခဲလေးဘာလေးထည့်ပေးတယ်။ ....
အင်မတန်မှစေတနာကောင်းတဲ့ တို့လူမျိုးပါတကား။

ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့နို့ဆီ
တကမ္ဘာလုံး ကြိုက်တဲ့နေရာသွားရှာကြည့် ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့နို့ဆီမတွေ့ရဘူး။ မတွေ့ရတာကို အကောင်းမမှတ်ပါနဲ့။ လုပ်ဖို့မသင့်လို့မလုပ်တာပါပဲ။ အဲဒါကိုလည်း အင်မတန်မှ ရွှေဥာဏ်တော် ထက်မြက်တော်မူတဲ့ငနဲတွေက နို့ဆီကို ရှိတဲ့ chemical တွေသုံးပြီးခဲအောင်လုပ်ကြပါတယ်။ အင်မတန်မှ ကျန်မာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ချက်နို့ဆီကို ထုတ်ယူရရှိပါတယ်။ မြန်မာပြည်တွင်လုပ်သည်။

ပါရာစီတမောသွေးဆေး
တွေးကြည့်ရင်းနဲ့ တရုတ်မှာ နို့မှုန့်ထဲ မယ်(လ်)မင်းရောတာလောက်တော့ တို့နိုင်ငံသားတွေက ပျင်းတောင်ပျင်းသေးတယ်လို့ပြောလိမ့်မယ်။ မြန်မာအပူကျဆေးတစ်မျိုးဆိုရင် ပါရာစီတမောကို အမှုန့်ကြိတ်ပြီး မြန်မာမှုပြုလိုက်လို့ အပိတ်ခံလိုက်ရတာလည်းရှိပါတယ်။ မြန်မာတိုင်းရင်းဆေးအစ ပါရာစီတမောကလို့တောင်အသိအမှတ်အပြုခံရမလိုဖြစ်သွားပါတယ်။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။

ဂီယာတုတ်ထောက် ၊ ကတ်တောက်ကြိုးချည် ၊ ဆပ်ပြာမှုန့် အင်ဂျင်ဝိုင်
မော်တော်ကားမောင်းတတ်တယ်ဆိုတာ မဆန်းပါဘူး။ အတော်လေးလွယ်တာပါပဲ။ ဒါပေမယ့် တကမ္ဘာလုံးက ဒရိုင်ဘာတွေ ဘယ်လောက်တော်တယ်ပြောပြော တုတ်နဲ့ဂီယာတိုင်ကိုထောက်ထားဖို့ ဘယ်သူမှ မတွေးမိခဲ့ကြဘူး။ မြန်မာတွေက တွေးမိတယ်။ မြန်မာပြည်တွင်လုပ်သည်။

ဆိုးဆေးလှလှ
အစားအစာဆိုးဆေးကို အရောင်သိပ်မလှလို့ အ၀တ်ဆိုးဆေးတွေဘာတွေသုံးပေးတဲ့ သဒ္ဓါတရားမျိုး မြန်မာတွေမှာပဲရှိတယ်။ စေတနာသုံးတန် (သုံးတန်ဆိုရင် အလတ်စားယာဉ်ဖြစ်ပြီ) ပြဌာန်းပြီး သုံးပေးတာ။ အရောင်လှတဲ့ မျှဉ်ငါးပိတို့ဘာတို့စားရင် အူတွေပါ ဆေးဆိုးပြီးသားဖြစ်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်သုံးချက်ပြတ်တာပေါ့လေ။
ဖရဲသီးရောင်းရင် ဓားမှာ ဆေးသကြားသုတ်ထားတဲ့လူမျိုးလည်း သိပ်များများမရှိလောက်ဘူး။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။

ရွှေညောင်ပင်ကို ကားပြရတယ်
ဂျပန်ကလာတဲ့ကားတွေ ညောင်ပင်ရှေ့မှာတက်လိုက်ဆင်းလိုက်မလုပ်ရင် အင်ဂျင်ပြဿနာရှိနိုင်တယ်၊ အတိုက်အခိုက်များမယ်လို့ယုံတာမျိုးလည်း မြန်မာပြည်တွင်လုပ်သည်ပဲ။ ရွှေညောင်ပင်လို့ခေါ်တယ်။ အခုရေးပြီးသလောက်ကို ကလေးတွေကိုပဲဖတ်ခိုင်းကြည့် ကိုယ့်တို့တွေ အတော်လေးပေါတာ၊ချာတာ၊ညံ့တာ၊ သုံးမရတာ အတော်လေးသဘောပေါက်လောက်ပြီ။

စားအုန်းဆီမွှေးမွှေး
တကမ္ဘာလုံးမှာ စားဖို့မသင့်တော်ဘူးလို့ တညီတညွတ်တည်း သတ်မှတ်ထားတဲ့စားအုန်းဆီကို ပေါပေါလောလောရောင်းပေးတာမျိုးကိုကြတော့ကွက်လပ်ကွက်လပ်ရဲ့ စေတနာလို့ပဲထားလိုက်ကြရအောင်။ မြန်မာပြည်တွင်လုပ်သည်။ (ပန်းနှမ်းနဲ့ဆီအုန်းမှမစိုက်ရင် ဘိန်းပြန်စိုက်ရမလားလို့ လက်ညှိုးပြန်ထိုးမှာလည်း စိုးရပါတယ်။) ဘိန်းကစိုက်ကိုမစိုက်တော့ဘူး။ မိတဲ့အခါကြတော့ ကွန်တိန်နာနဲ့ကိုမိတယ် ။

ExpiryDate ဖြစ်ရင် label လဲပေးတယ်
အစားအသောက်တွေမှာ ExpiryDate ဆိုတာပါတယ်။မုန့်လုပ်ငန်းတွေက အဲဒါမထည့်ရင်ရောင်းလို့မရဘူး။ တစ်ပါတ်တစ်ခါ ဆိုင်တွေဆီသွားပြီး၊ ကျန်တဲ့မုန့်ထုပ်တွေ၊ Expiredဖြစ်သွားတာတွေကို သွားသိမ်းတယ်လို့တော့ မတွေးပါနဲ့။ Expiry Date အသစ်လာကပ်ပေးတယ်။ အံ့ဖွယ် ဥာဏ်ကြီးရှင်တွေများတဲ့နိုင်ငံပါတကား။

ပလတ်စတစ်အကြော်
အကြော်ကြော်ရင် ထပ်ခါတလဲလဲကြော်တယ်။ ပြည့်ဝဆီတွေဟာ ဘာဖြစ်စေတတ်လဲလာမပြောနဲ့မသိဘူး။
စားချင်ရင်ဝယ်။ အဲဒီလို ကျန်းမာရေး အသိပြည့်ဝကြတယ်။ ဒီလိုမျိုး သမာရိုးကျအကြော်သမားထက် တစ်ပန်းသာတဲ့သူက အခု ပလတ်စတစ်ရေဘူး ထည့်ကြော်နေပြီဆိုတော့ နောက်ဆိုရင် recycle လုပ်မရတဲ့ ဘာမဆို ထည့်ကြော်ဖို့စိတ်ကူး ထားသလားတောင်တွေးမိပါတယ်။ ငယ်ကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်စိုက်မတ်မတ်ထောက်ခံခဲ့ပေမယ့် ဒီ reuse၊ replace၊ recycle အကြော်ကြီးကိုတော့ ဘယ်လောက်ပဲ Green အကြော်ပြောပြော မစားနိုင်ဘူး။ မြန်မာပြည်တွင် ပလတ်စတစ်ကြော်နေပြီ။

ယမ်းစိမ်းကင်
သေဒဏ်ပေးခံလိုက်ရတဲ့နို့မှုန့်ထဲ မယ်(လ်)မင်းရောတဲ့ တရုတ်က သက်ကြီးရွယ်အိုလင်မယားခမျာ မြန်မာပြည်မှာ လူဖြစ်တာ အရတော်လေစွလို့ တဖွဖွပြောသွားခဲ့ရှာမှာ။ အသားတွေ ငါးတွေကင်ဖို့ အသားကင်အတွက် ယမ်းစိမ်းဆိုတာမျိုးကလည်း ကင်ဆာဖြစ်မယ့်အမျိုးအစားပဲရှာဖွေပြီးသုံးပေးတယ်။ အကင်တွေက ဖရီးရာဒီကယ်လ်များပြီးသားကို ယမ်းကလည်း ဖြစ်ကတက်ဆန်းဆိုတော့ ကျန်းမာရေးနဲ့ လွှတ်ကိုညီညွတ်တော့တာပါပဲ။ မြန်မာပြည်တွင်လုပ်သည်။

ပိုးလောက်လန်းရေသန့်ဗူး
ရေသန့်ဗူးထဲမှာ ပိုးလောက်လန်းလေးတွေ မွေးထားတာမျိုးကိုလည်း မြန်မာပြည်မှာလုပ်သည်။ ဗူးတွေက ရေညှိတတ်နေတဲ့ရေသန့်ဗူးတွေကိုလည်း ဦးဆွေးဆံမြည့်သုံးတယ်။ ရေသန့်ရောင်းတဲ့သူကလည်း သူ့ဗူးတွေကို
ရာသက်ပန်ရိုးမြေကျသုံးစွဲတယ်။ အဲဒါကမထူးဆန်းသေးဘူး။ အဲဒီရေသန့်ကုမ္ပဏီ အိုင်ဆက်အို လက်မှတ် ရသွားလေသတည်းကမှထူးဆန်းတာ။ မယုံမရှိနဲ့ ... မြန်မာတွေက ပါရမီရှုင်တွေချည်းပဲ။ ပါရမီသေတစ်ယောက်မှမပါဘူး။

သတင်းစာ ရေစိမ်
အိမ်မှာသတင်းစာရောင်းတိုင်းစိတ်ညစ်ရတယ်။ ကိုယ့်ဘာသာကိုယ် မရောင်းခင်ချိန်ကြည့်ရင် လေးပိဿာလောက် ရှိရာကနေ သူတို့ချိန်ရင် နှစ်ပိဿာကကိုမတက်ဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို အင်ဂျင်နီယာကောင်း မပီသဘူးတော့အထင်မခံနိုင်ဘူး။ သူ့အလေးတစ်ပိဿာကိုတောင်းပြီး ကိုယ့်အလေးနှစ်ပိဿာနဲ့ချိန်ပြလိုက်တယ်။ တွေ့လား .. မင်တစ်ပိဿာက ငါ့နှစ်ပိဿာရှိတယ် ပိုက်ဆံတိုးပေးမလား အားလုံးပြန်ထုတ်မလားဆိုမှ တိုးပေးတယ်။ နောက်တစ်ခါကြတော့ သူလည်း ညာလို့ကောင်း၊ ကိုယ်လည်း အချင်းမများရအောင် သတင်းစာတွေကို ရေစိမ်ထားရတယ်။ မြန်မာပြည်တွင်လုပ်သည်။

ဆီကို ရေထိုး ၊ ဘိလပ်မြေ ကျစ်စာခဲရော
အော်မေ့တော့မလို့ ... ဆီကို ရေထိုးတဲ့ကိစ္စရှိသေးတယ်။ ညဘက် ဓာတ်ဆီလမ်းမှာထည့်ရင် တစ်ဂါလံထည့်ရင် ဂါလံဝက်လောက်ပဲပါတယ်။ ဂါလံခွက်ကိုက လုပ်ထားတာ။ ဒီထက်နားလည်တဲ့ငနဲတွေကြတော့ ဓာတ်ဆီကို ရေနွေးနဲ့ရောပြီးရောင်းတာရှိသေးတယ်။ ကြုံဖူးသူများ သိကြမှာပါလေ။ မြန်မာတွေရဲ့ ထိုးထွင်းဥာဏ်နဲ့ ပြည့်စုံမှုမှာတော့ စံထားလောက်တယ်မဟုတ်ပါလားခင်မျာ။ ဘိလပ်မြေကို ကျစ်စာခဲေ၇ာ ပါကင်ပြန်ပိတ် .... ဒါလည်းမြန်မာပြည်တွင်လုပ်သည်။

မြေမှုန့် သနပ်ခါး
သနပ်ခါးထဲ မြေမှုန့်ရောတာလည်းရှိသေးတယ်။ မြေကြီးဝယ်ထားတာတင်မနည်းဘူး။ ရောဖို့ဆိုပဲ။ အင်မတန်ကြီးကျယ်တဲ့အမြော်အမြင်ပေတကား။ မြန်မာပြည်တွင်လုပ်သည်။
သနပ်ခါးအတုလည်းရှိသေးတယ်။ ကြက်ဥအတုထုတ်တဲ့ တရုတ်တွေကို သနားတာပေါ့။ သွေးကြည့်ရင် သနပ်ခါးအနံ့တောင်ထွက်သေးတယ်။ အပေါ်ယံလေးမှာ မည်သို့မည်ပုံလုပ်လိုက်သည်မသိ၊ သနပ်ခါးအနံ့ထွက်လေသတည်းတွေပဲ။ မြန်မာပြည်တွင်လုပ်သည်။ မြန်မာတွေလုပ်တတ်တာအများကြီးရှိသေးတယ်။
ဘယ်သူရှာဖွေစုဆောင်းထားတာလဲ မသိဘူး။ မှတ်သားလောက်ပါတယ်.......မိတ်ဆွေတို့လည်း Made in Myanmar ထဲက ဘာတွေ ကျန်သေးလဲဆိုတာ ၀ိုင်းဖြည့်ပေးလိုက်ပါအုံး......

ကားခုံတွေပြင်တယ်

ဂျပန်တို့ ကိုရီးယားတို့ ဆီက ကားတွေရောက်လာတုန်းက ထိုင်ခုံတွေက 45 ခုံပါ။ ခုံတွေနဲနဲပြန်ကျဉ်း၊ နဲနဲညာညှိလိုက်တယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကျတော့ 85 ခုံတွေဘာတွေ ဖြစ်ကုန်ပါတယ်။ တို့များနိုင်ငံမှာ အရေးပေါ်ကိစ္စ လည်း မရှိလေတော့ အရေးပေါ်ထွက်ပေါက် များကိုလည်း ခုံနဲ့ ပိတ်ပစ်ကြပါတယ်။ ဒါနဲ့ပဲ ခရီးသည်များခမျာ ကားစီးရင် ဒူးထောင်စီးရတာတို့ ဖင်တစ်ခြမ်း ထိုင်ရတာတို့တွေ ဘာတွေ ဖြစ်လာပါတယ်။ လိုင်းကားဆိုတာမျိုးကလည်း ဂတ်စ်အိုးထားရဖို့ အဓိကဆိုတော့ လူက ဘယ်လိုထိုင်ထိုင်..ရတယ်မဟုတ်လားဗျာ။ မြန်မာပြည်တွင်လုပ်ပါသည်။

ဝါးပိုးဝါး နဲ့ ဆလပ်လောင်း

လွန်ခဲ့သောနှစ်များဆီက .. ဆောက်လက်စ အဆောက်အဦးတစ်ခုကို ၀င်စစ်တော့ တိုက်အလည်တိုင်တွေမှာ သံချောင်းတွေ ရှိရမယ့် အစား ၀ါးပိုးဝါးတွေခံပြီး ဘိလပ်မြေလောင်းတာတို့ အောက်ခံ ဆလပ်လောင်းတော့လည်း သံချည်သံကွေးမလုပ်ပဲ ၀ါးပိုးဝါးနဲ့ ဆလပ်လောင်းတဲ့ နည်းပညာသစ်ကို အသုံးပြုနေတာကို တွေ့ရပါသတဲ့။ ဒါနဲ့ ကမ္ဘာကို ဒီနည်းပညာသစ်ချပြဖို့ မ၀ံမရဲ ဖြစ်နေသေးတာကြောင့် ကန်ထရိုက်ကို အစိုးရ အစောင့်အရှောက်နဲ့ ထားပြီး ဆက်လက်လေ့လာနေကြပါသတဲ့။ မြန်မာပြည်တွင် လုပ်ပါသည်။

ဘီစကစ်အမှုန့် ကွေကာအုတ်

ကွေကာအုတ် ဆိုတာကို တရင်းတနှီး ဖြစ်နေကြပြီးတဲ့ ကိုယ်တို့အတွက်ကတော့.. ဘီစကွတ်ကွေကာအုတ် ဆိုတာကလည်း ဒီကနည်းပညာပါပဲ.. oat ဆိုတဲ့ ဂျုံနဲ့ လုပ်ရမယ့် ကွေကာအုတ်ကို ရွှေမြန်မာအချို့က ဘီစကွတ်စက်ရုံက အကျိုးအပဲ့ မုန့်အစတွေ ၀ယ်ပြီး နိုင်ငံတကာအဆင့်မီ ကွေကာအုတ် ထုတ်ပါသတဲ့။ ကောင်းလေစွ ။

အုန်းဆံခွံ ခြင်ဆေးခွေ

တစ်ခါကဈေးထဲမှာ အုန်းဆံဖတ်တွေ ကားလိုက်လာလာဝယ်လို့ ဘာလုပ်ဖို့တုန်း တိုးတိုးတိတ်တိတ် စုံစမ်းကြည့်တော့ ခြင်ဆေးခွေ ထုတ်ဖို့အတွက် အဓိက က အုန်းဆံဖတ်ဖြစ်ပါသတဲ့။ အုန်းဆံဖတ်မီးရှို့မှတော့ ခြင်ပြေးတာ မဆန်းပါဘူးလို့ပဲပြောချင်တယ်။

နွားနို့တစ်ရူးဖတ်

နွားနို့ ထဲကို ရေရောတာကို မပြောတော့ဘူး။ နွားနို့သောက်ဖူးကြတယ်မဟုတ်လား ။ အဲဒီနွားနို့ ထဲမှာ မလိုင်ဖတ်ကလေးတွေ ပါတယ်လေ။ မလိုင်ဖတ်မပါရင် မသောက်ချင်တဲ့ သူတွေ ၊ နွားနို့ အစစ်လို့ မထင်သူတွေအတွက် မလိုင်ဖတ်အတုပေါ့ဗျာ။ နွားနို့သောက်ချင်စိတ်လည်း ပျောက်ရင်ပျောက်သွားလိမ့််မယ်။ တစ်ရူးလိပ်အဖြူတွေကို ကျစ်ပြီး ဖဲ့ပြီး နွားနို့ထဲထည့်ပါသတဲ့။ မြန်မာပြည်တွင် လုပ်ပါသည်ဗျာ။ သာကီဝင် ရွှေမြန်မာတွေပါ။

ဖွဲနုငရုတ်သီးမှုန့်

ဟယ် .. ဒီငရုတ်သီးအနုမှုန့် ကဘာမှလည်း အရသာမရှိပါ့လား.... အရောင်ထွက်တာပဲရှိတယ်...
မှုန့်နေတာပဲ ဆိုရင်တော့ ငရုတ်သီးမှုန့် အရသာခံမနေပါနဲ့ ..ဖွဲအရသာကိုသာ မြည်းကြည့်ပါတော့လို့ပြောချင်ပါတယ်။

ပုံနှိပ်စာအုပ်အတု

ဟုတ်ကဲ့ ..... ဒါကတော့ .. ပြဌာန်းစာအုပ်တွေ အပြင်ရောက်နေတဲ့ ဈေးကွက်တစ်ခုပါ.. လူကြုံမှာတာနဲ့ တစ်ခါဝယ်ပေးဖူးတယ်..ကျောင်းက စာအုပ်က ခွဲတမ်းနဲ့ ရတာမလို့တဲ့.. ကလေးက ဖတ်စာအုပ်မရဘူးတဲ့ (ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီး တည်ဆောက်မလို့ဟာကိုကွာ .... တောက်... ဖတ်စာအုပ်မရှိတာနဲ့ မဆောက်လိုက်ရဘူး ) ဤကား စကားချပ်..........
ဝယ်ခဲ့ပေးဆိုတာနဲ့ ၀ယ်ဖူးတယ်.. ဈေးကလဲကောင်း စာရွက် အသား ကလဲကောင်း .. အပြင်က စာအုပ်က ပိုကောင်းနေတယ်..ဟ ဆိုတော့ ရောင်းတဲ့လူက အတုမို့ လို့ ကောင်းတာပါတဲ့ဗျာ.................

ရှိသေးရင် ဖြည့်ပေးကြပါဦးခင်ဗျာ
Note: From Forward Mail

Sunday, September 19, 2010

လမ်းပေါ်က မချိုမြနိုင်တဲ့ ဘ၀တေးသံများ (မိုးမခမှ မိုးနှင်းရည် ရေးသား)

ထောင်ဘူးဝ တံခါးကနေ အပြင်ကိုခြေချမိတဲ့အခါ တပြိုင်နက် ဖြိုးဖြိုးဟာ သူ့လက်က အ၀တ်ထုပ်ကို သေချာကိုင်ပြီး အင်းစိန်တံတားအောက် အ၀တ်ဟောင်းဆိုင်တွေဆီ သုတ်ချေ တင်ပါတော့တယ်။
"လွတ်လူခေါ်တာနဲ့ အကျီအကောင်းတစ်စုံ သပ်သပ်ထုတ်ထားတယ်။ လွတ်လူက တစ်ရက် ကြိုခေါ်တော့ ကျမပြင်ဆင်ချိန်ရတယ်လေ။ နှစ်ကြီးသမားထဲက ကျမလုပ်ကိုင် ပေးတဲ့သူတွေက ကျမကို လွတ်ခါနီး
အ၀တ်ကောင်းလေးတွေ ပေးထားတယ်။ ကျန်တာတော့ အထဲမှာကျန်ခဲ့တဲ့ကျမလို ဘ၀တူတွေကို နည်းနည်းဝေပေးလိုက်တယ်။


နောက်ကျန်တာကို အပြင်ထွက်ထွက်ချင်း ရောင်းပြီးလမ်းစရိတ် လုပ်ဖို့ နည်းနည်း ယူလာခဲ့တယ် "လို့ အချိန်မတော် လမ်းလျှောက်မှုနဲ့ ထောင်ဒဏ် တလကျပြီး လွတ်လာတဲ့ ဖြိုးဖြိုးကပြောပါတယ်။ ဒါဟာသူတို့လို မိန်းကလေးတွေရဲ့ လတ်တလော ငွေရှာနည်း တစ်ခုပဲဖြစ်ပါတယ်။လက်ထဲမှ အ၀တ်နှစ်စုံလောက်ကို ရောင်းချပြီးရင်တော့ သူ့လိုဘ၀တူ သူငယ်ချင်းတွေ နဲ့အတူစုငှားနေတဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေးကို မြို့ပတ်ရထား စီးပြန်ရမှာလို့ ပြောပါတယ်။ သူ့လို ခန္ဓာကိုယ်ကို အရင်းအနှီးလုပ်ပြီး ငွေရှာဖွေရတဲ့ မိန်းကလေးတွေ အတွက် မြို့စွန်ဆင်ခြေဖုန်း ရပ်ကွက်ကလေးတွေက ဘော်ဒါဆောင် အသေးစားတွေက သူနေ့ဘက် အနားယူဖို့အတွက် နေရာတစ်နေရာတော့ ပေးနိုင်ပါလိမ့်မယ်။


"မနက်ပိုင်းကနေ နေ့လည်အထိအိပ်ပြီးရင် ညနေဆို ကျမတို့မြို့ထဲ ပြန်ဆင်း လာကြတယ်။ လမ်းမပေါ်မှာထက် ကလပ်အသေးလေးတွေပေါ်တက်ပြီး ဖောက်သည်ရှာရတာက ပိုလုံခြုံတယ်။ ကလပ်တွေကရဲကို ပိုက်ဆံပေးပြီးသားလေ။
ကျမတို့ဘ၀က ဒီလိုပဲရဲရယ်၊ ထောင်ရယ်၊ ရောဂါရယ်နဲ့ အကုန်လုံးကြောက်ရင်းနဲ့ သေမဲ့နေ့ လက်ချိုး စောင့်နေရတာ" လို့မျက်လုံးမှေးမှေး အသားဖြူဖြူ နှာတံပေါ်ပေါ်နဲ့ တရုတ်သွေးစပ်တဲ့ မသီတာက ပြောပြပါတယ်။
ကုန်တင်ကားမောင်းတဲ့ ဖခင်ကြောင့် ငယ်ငယ်ကပြည့်စုံခဲ့ပေမဲ့ ကားမှောက်ပြီး အဖေခြေ ထောက်ဖြတ်လိုက်ရ ချိန်မှာတော့ အလုပ်မျိုးစုံ ၀င်လုပ်ရင်း အိမ်ထောင်ကျ၊ အိမ်ထောင်ကွဲပြီး ရရာအလုပ်ဝင်လုပ်ရာက ဒီပြည့်တန်ဆာ အလုပ်မှာကျင်လည်ခဲ့ရ တာလို့ သူကပြောပါတယ်။


"အမေကအညာက အဖေနဲ့အိမ်ထောင်ကျပြီး မြို့ကိုရောက်လာတာ။ ပထမတော့ အညာပြန်မလားစဉ်းစား သေးတယ်။ကျမတို့က မြို့မှာပဲကြီးလာတော့နယ်က အလုပ်တွေ ပြန်မလုပ်နိုင်ဘူး။ ကျမလား ရပ်ကွက်ထဲက လဘက်ရည်ဆိုင် ကုလား တစ်ယောက်နဲ့ ယူလိုက်သေးတယ်။
နောက်သားလေးတစ်ယောက် မွေးပြီး ဓလေ့စရိုက် မတူတော့ ကွဲသွားတယ်။ ကလေးလဲ ဆုံးသွားတယ်။ အညာဘက်က ကုန်တွေ ယူရောင်းသေးတယ်။ နောက်ရှုံးတာနဲ့ ရပ်လိုက်ပြီး ဒီအလုပ်ကို သူငယ်ချင်းက ခေါ်တာနဲ့ စမ်းလုပ်ရင်း လုပ်ဖြစ်သွားတာပေါ"့ လို့ သွားလေးပေါ်အောင် ရီရင်းမသီတာက ပြောပြခဲ့ပါတယ်။


သာမန်ဘွဲ့ရ မိန်းကလေးငယ်တွေတောင် အလုပ်အကိုင် အခွင့်အလမ်းများနည်းပါး နေတဲ့ ဒီနေ့ကာလမှာ လူနေမှု စရိတ်ကြီးမြင့်တာ ၊ ငွေရှာရခက်ခဲတာတွေဟာ ကိုယ့်ရဲ့မာန၊ ရပ်တည်မှုကို ငွေရှာရလွယ်ခြင်းနဲ့ လဲလှယ်ဖို့ နာရီမိနစ်နဲ့ အမျှတွန်းအားပေးနေသလိုပါပဲ။


အဲဒီလို ခက်ခဲတဲ့ စီးပွားရေး အခြေအနေမျိုးမှာ ကိုယ့်ပတ်ဝန်းကျင်က   မိန်းကလေးတွေ အလှပြင်ဆိုင်မှာ လုပ်ဖို့ အနှိပ်ခန်းမှာလုပ်ဖို့ လူခေါ်ပေးတဲ့ပွဲစားတွေက စည်းရုံးခေါ်ဆောင်ရာနောက် တဖြည်းဖြည်း ပါသွားကြတာကို မြင်တွေ့နေရတယ်လို့ အဲလိုဆိုင်တွေ အနှိပ်ခန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မိန်းကလေးတွေကပြော ပြပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကာရာအိုကေခန်းမ၊ နိုက်ကလပ် အသေးစားများ ၊ အလှပြင်ခန်း အမည်ခံ အနှိပ်ခန်းများမှာ သိသာစွာတိုးပွားလာနေပြီး ဒီလုပ်ငန်းတွေက တရားမ၀င်သော်လည်း မြို့တိုင်း နေရာတိုင်းမှာရှိနေတာလည်း မြင်တွေ့သိရှိနေရပါတယ်။


ဒီလုပ်ငန်းတွေကို နယ်မြေတာဝန်ရှိသူများ ကိုယ်တိုင် လဘ်ယူကာ မျက်စိမှိတ် ထားခဲ့တာကြောင့် နယ်မြို့များမှ မိန်းကလေးငယ်များ၊ အနှိပ်ခန်း၊ ကာရာအိုကေခန်းတွေဆီ တဖွဲဖွဲရောက်ရှိလာနေတာ ကြားရမြင်နေရပါတယ်။ အလှပြင်ဆိုင် အမည်ခံထားပြီး အနှိပ်ခန်းလုပ်နေတဲ့ ဆိုင်ပေါင်း ထောင်နဲ့ချီရှိလာတာဟာ နှစ်အနည်းငယ် အတွင်းမှာပါ။ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ လေး ငါးနှစ်ကနဲ့ နှိုင်းစာရင် အနှိပ်ခန်းအရေအတွက်ဟာ ၅ဆမှ ဆယ်ဆ၀န်းကျင် အထိတိုးပွားလာခဲ့တာပါ။ ရန်ကုန်တိုင်းတတိုင်းလုံးမှာ စာရင်းအတိအကျမရပေမယ့်လို့ မြို့နယ်တစ်မြို့နယ်အတွင်း တိုးတက်လာတဲ့ ကိန်းဂဏန်းများအရ အထက်က အဆလောက် တိုးပွားလာနေတယ်ဆိုတာကို ပြဆိုနေတာပါ။

ဥပမာအားဖြင့် ယခင်နှစ်နှစ်ခွဲက အနှိပ်ခန်း ၃၀ ကျော်သာရှိတဲ့ ကျောက်တံတားမြို့နယ်မှာ ယခုလက်ရှိ တစ်ရာကျော်ရှိနေတယ်လို့ ရ၀တ၊ မ၀တနဲ့ အကောက်အစားလုပ်နေတဲ့ ရဲတွေရဲ့ ပြောဆိုချက်အရ သိရှိနိုင်တာပါ။အနှိပ်ခန်းတွေ တိုးပွားလာတာနဲ့ အမျှလိုအပ်တဲ့ ငယ်ရွယ်သူ မိန်းကလေး ၀န်ထမ်းတွေကို နယ်မြို့တွေမှာ ရှာဖွေခေါ်ယူလာကြပါတယ်။ နယ်မြို့တွေမှာ အလုပ်အကိုင်အခွင့် အလမ်းရှားပါးခြင်း၊ စားဝတ်နေရေး ကြပ်တည်းခြင်းကြောင့် ၀န်ထမ်းရှာဖွေစုဆောင်းရတာ သိပ်အခက်အခဲမရှိဘူး လို့အနှိပ်ခန်း ပိုင်ရှင်တွေက ပြောပါတယ်။


စားဝတ်နေရေးကြောင့် ဒီဘ၀ကို မတတ်သာပဲရောက်ရှိ ခဲ့ရတဲ့ မိန်းကလေးတွေ ရှိသလို စိတ်အလိုလိုက်ပြီး မိမိရရှိတဲ့ ဘ၀အခြေအနေကို မရောင့်ရဲ မတင်းတိမ်နိုင် တာတွေကြောင့် ဘ၀ရေစုန်မျှောလိုက် နေတဲ့ အမျိုးသမီးငယ်တွေလည်း ရှိနေပါတယ်။ ဒီအချက်က အခြားသော ဖျားယောင်းသွေးဆောင်ခံရခြင်း တစ်ခုဖြစ်ပါတယ်။


"ကျမတို့က ပဲခူးဘက်ကပါ ။ အရင်ကတော့ မိဘတွေက မုန့်ဖိုထောင်တယ်။ နောက်စီးပွားကျလာတော့ ကျမတို့ သုံးဖြုန်းခဲ့တာတွေက အကျင့်ပါပြီး အသုံးစရိတ်လိုတာကိုရှာရင်း ဒီအလုပ်လုပ်ဖြစ်ခဲ့တယ်။ ရောဂါရှိမရှိ အရင်က စစ်မကြည့်မိဘူး။ စစ်လည်းမစစ်ချင်ဘူးလေ။ သိနေရင် ကျမစိတ်ဆင်းရဲမှာ မခံနိုင်ဘူး။ အခုတော့ ထောင် ထဲတစ်ခေါက်ရောက်တော့ တစ်နှစ်သမားတွေ ဆေးစစ်ရမယ်ဆိုလို့ စစ်ကြည့်မှ ရောဂါ ရှိတာသိတယ်။
ဒါကလည်း ကြိုတင်မျှော်လင့် ပြီးသားဆိုတော့ သိပ်မထူးဆန်းတော့ ပါဘူး။ တတ်နိုင်သလောက် မေ့ထားတယ်" လို့ ပြောရင်း သဲမာတစ်ယောက် သူ့လက်ထဲကသပွတ်တံနဲ့ မြေကြီးကို ၀ှက်ခြစ်လိုက်ပါတယ်။ ပြီးတော့သပွတ်တံမှာ ပါလာတဲ့ ဆံပင် အပိုင်းအပြတ် ကလေးတွေကို သေချာစုစည်းရင်းနဲ့
သူမက ဒါကျမတို့ လွတ်ရင် ရောင်းဖို့စုထားတဲ့ ဆံပင်တွေလေ။ အင်းစိန်ထောင်နားမှာတင် ဆံပင်ဝယ်တဲ့ဆိုင်တွေရှိတယ် လို့ ပြောပါတယ်။


ထောင်ကထုတ်ပေးတဲ့ ချည်သားအကျီ အဖြူရောင်ဖျော့ဖျော့နဲ့ သစ်ခေါက်ရောင် ဆိုးထားတဲ့  အညိုရောင် ချည်ထမီကို ၀တ်ထားတဲ့ သဲမာရဲ့ သွင်ပြင်က အပြင်  လောကမှာ   ကျင်လည် ကျက်စားစဉ်က အ၀တ်အစားနဲ့တော့ တစ်ခြားဆီကွာတယ်လို့ သူမကဖွင့်ဟပါတယ်။


ဒီအထဲမှာတော့ နှစ်ကြီးသမားတွေရဲ့ ဝေယာဝစ္စ တွေကိုလုပ်ပေးရင်း ထောင်ဝင်စာ အရေးတယူ လာတွေ့မဲ့သူ မရှိတဲ့သူမတို့ အတွက် တနေ့တာဝမ်းစာကို ရှာဖွေ စားသောက်နေရလေ့ရှိပါတယ်။အနှိပ်ခန်း အမည်ခံတဲ့အခန်းတွေက လာတဲ့ မာဆတ် သမလေးတွေကတော့ ညောင်းညာသူတွေကို တခါနှိပ်ရင် ကော်ဖီမစ်သုံးထုပ်နဲ့ သဲမာတို့ထက် အလုပ် ဖြစ်တာတော့ အမှန်ပါ။
"နာဂစ်ဖြစ်ပြီးနောက်ပိုင်း စီမံချက်ဆိုပြီးဖမ်းလာတဲ့ အထဲမှာ တော်တော်ငယ်တဲ့ မိန်းကလေးတွေပါလာတယ်။
ရုပ်ကလေးတွေက တော်တော် သနားကမားတွေပါတယ်။ ရောဂါလည်းမရသေးဘူး ။ဒါပေမဲ့သူတို့ကို မေးကြည့်တော့ အပြင်ရောက်လည်း ဒီအလုပ်ပဲ ပြန်လုပ်မယ်လို့ ပြောတာပဲ။ ကျမလုပ်သက် ၁၀နှစ်မှာ အများဆုံးတွေ့ရတဲ့ မျက်နှာတွေက ဒီလို သာ့တီးဒီ (၃၀ ဃ ပုဒ်မ) ပုဒ်မတွေပဲ။စိတ်မကောင်းပေမဲ့ ကိုယ်လို ၀န်ထမ်းတွေတောင် ရတဲ့လစာနဲ့ မလောက်တာ ဘာမှလုပ်မပေးနိုင်ဘူးလေ" လို့ အင်းစိန်ထောင်မှ အမျိုးသမီးထောင်ဝန်ထမ်းက ပြောပြပါတယ်။


ဝေါကနည်းရွာချလိုက်တဲ့ မိုးကိုမျက်မှောင်ကြုတ် ကြည့်ရင်း မှတ်တိုင်ရဲ့ အမိုးအောက်ကို တိုးဝင်လာတဲ့ မသီတာက
"မိုးရွာတဲ့မိုးတွင်းက ကျမတို့လို့လမ်းမှာပဲ ဖောက်သည်ရှာတဲ့ သူတွေအတွက် မကိုက်ဘူး။ ကလပ်ထဲမှာတော့ သူ့အချိတ်အဆက်နဲ့ သူဆိုတော့ဈေး ကောင်းရတယ်။ မရဘူးဆိုတောင် သောင်းဂဏန်း အထက်မှာရှိတယ်။ အပြင်မှာ ဆိုတော့ ရဲကိုလည်းရှောင်ရသေးတယ်။ အကြောက်ရဆုံးက ရဲခွေးလို့ ခေါ်တဲ့ ရဲသတင်းပေးတွေပဲ။
တစ်ချို့ဆို ရဲဘ၀ကနေ လာဘ်စားလို့ပြုတ်ပြီး ရဲသတင်းပေး လုပ်နေတာလေ။ သူတို့က တစ်ခါတလေ ရဲထက်တောင် ဆိုးသေးတယ်။ သတင်းပြန် မပို့အောင် သူတို့နဲ့ ညလိုက်အိပ်ပေးရတယ်။ ဒီနေ့ညတော့ ခြောက်ထောင်လောက် ရရင်လိုက်သွားမယ်" လို့သူမရဲ့ ဈေးကွက်အခြေအနေကို ရှင်းပြခဲ့ပါတယ်။

အခြားသော ရန်သူမျိုး တပါး
မသီတာတို့လို မိန်းကလေးတွေအတွက် နောက်ထပ် ရှောင်ရမဲ့ အထူးပုဂ္ဂိုလ်ကတော့ နယ်မြေဇိမ်ခေါင်းတွေပါ။ နယ်မြေတစ်ခုမှာ သူ့အပိုင်းအလိုက် ရဲကိုကျွေးမွေးပြီး ချိတ်ဆက်ပေါင်းထားတဲ့ ဇိမ်ခေါင်းတွေအဖို့ သူတို့ရဲ့ ဈေးကွက်ကို လာလုနိုင်မဲ့သူတွေကို ရဲကိုအသာလက်တို့ ပြီးဖြေရှင်းလေ့ရှိကြတယ်လို့ ပြောပြပါတယ်။
တရားရုံးရောက်ရင် တရားသူကြီးရဲ့ စီရင်ချက်ကို နယ်ထိန်းက ပြောင်းပေးနိုင်လို့ နယ်ထိန်းကလဲ ကျတော်တို့ ပူဇော်ပသရမဲ့ ပုဂ္ဂိုလ်ထဲက တပါးအပါအ၀င်ပေါ့လို့ ရဲစခန်းက ရိတ်လွှတ်လိုက်တဲ့ လေးကွက်ကြားဆံပင်ကို အသာပွတ်ရင်း မျက်စိမှေးမှေး ကိုမှေးသထက်မှေးအောင် လုပ်ရီရင်း ၀ူခုံးလို့ သူတို့လောကက နာမယ်ပေးထားတဲ့
လုပ်သက် ၈နှစ်မျှရှိသူက ပြောပြပါတယ်။

ကြောက်စရာကောင်းတဲ့လိပ်စာကဒ်...

အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ၀ယ်ဖို့ လိုအပ် ရင်
ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့်
ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့ မရ ဖြစ်လာ ခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်က လာတာဖြစ်ကြောင်း သတိထားမိ လိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားက သူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကို လူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကိုမောင်းပြေး ပါတော့တယ်။ သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူး ခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက် တွေကတိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…

လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက
'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။ အဲဒီဆေး ဟာမုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။ ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ ချဉ်းကပ်
လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေ။

Resource: http://www.xmyanmarx.co.cc

Friday, September 17, 2010

မျိုးစန္ဒီကျော်၊ ကျော်မြတ်တို့နှင့် တွေ့ဆုံခြင်း

"နဂိုတည်းက အဖျက်အဆီးတွေ အတိုက်အခိုက်တွေကြားထဲက ချစ်ခဲ့ရတာဆိုတော့ ဘယ်လို အခက်အခဲပဲဖြစ်ဖြစ် လက်တွဲကြမှာဆိုတာ ပြောစရာမလိုအောင် သိကြတယ်" "ကျွန်တော့်အတွက်လို့ ခံစားနေရင် သူ့ကိုအားပေးနှစ်သိမ့်ဖို့ အချိန်မရှိဘဲ နေလိမ့်မယ်။ ကိုယ့် အတွက် မတွေးပါဘူး။ သူ့အတွက်ပဲ ခံစားပေးပါတယ်။ သူ့ကို တင့်တောင်တင့်တယ်ထားနိုင်အောင်၊ သူလိုသမျှ အတိုင်းအဆမရှိ သူ့ကို ဖြည့်ဆည်းပေးမှာပါ"

 

အိမ်ထောင်ရေး အချစ်ရေးသတင်းတွေ ထွက်ပေါ်ပြီး မကြာခင်မှာ မိဘနဲ့သားသမီး ဆက်ဆံရေး အဖုအထစ်လေးတချို့ ရှိလာခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ သူမရဲ့ခင်ပွန်း ဖြိုးကျော်ကျော်မြတ်(ခ) ကျော်မြတ်တို့ကို ဒီတစ်ပတ်တွေ့ဆုံဖြစ်ပါတယ်။ ကျော်မြတ်ဟာ ၂၀၀၁ ခုနှစ်လောက်ကတည်းက ဟစ်ဟော့ပ်ရဲ့ အန်ဒါဂရောင်းလောကမှာ Crab ဆိုတဲ့အဖွဲ့နာမည်နဲ့ လှုပ်ရှားခဲ့ဖူးသူဖြစ်ပြီး သူတို့အဖွဲ့နဲ့ အစ္စဏီတို့ ရေးသားသီဆိုထားတဲ့ "ရင်မှာအရင်အတိုင်း" သီချင်းဟာ လူငယ်တွေအကြား အတော်လေး ရေပန်းစား အောင်မြင်နေတဲ့ သီချင်းဖြစ်နေပါပြီ။ ဂီတနဲ့ရုပ်ရှင် ပေါင်းစပ်မှုနှစ်ခုကြားက ဖြစ်တည်မှုလေးကို ခံစားကြည့်ကြပါဦး။

အစ်မနဲ့ကိုကျော်မြတ်တို့ ဘယ်လို စတင် ဆုံစည်းဖြစ်ခဲ့ကြပါသလဲ။

အစ်မတို့နှစ်ယောက်က နယ်ရှိုးသွားရတဲ့ ခရီးစဉ်အရှည်ကြီးမှာ တွေ့ခဲ့ကြတာပါ။ ခရီးသွားဖို့ စုရပ်မှာ အစ်မတစ်ယောက်တည်း နောက်ကျနေတာ။ အထုပ်အပိုးတွေနဲ့ ရှုပ်ယှက်ခတ်ပြီး ကားပေါ် တတ်တဲ့အချိန်မှာ သူ့ကိုတွေ့တော့ စိတ်ထဲမြင်ဖူးသလိုပဲလို့ထင်ပြီး လူမှားပြီး နှုတ်ဆက်မိတာ။ သွားရင်းလာရင်းနဲ့မှ သူနဲ့ကိုယ် ရင်းနှီးသွားကြတယ်။

ချစ်သူဘ၀ အမှတ်တရ အဖြစ်အပျက်တွေကို ပြောပြပါဆိုရင် ဘာများ ပြောစရာရှိပါသလဲ။

ချစ်သူ မဖြစ်ခင်ကတည်းက အခက်အခဲတွေ၊ အတိုက်အခိုက်တွေ အများကြီးပဲ။ အစ်မကို သူ့အကြောင်းမဟုတ်တာတွေ လာပြောတယ်။ သူ့ကိုလည်း အစ်မအကြောင်း မဟုတ်တာတွေ သွားပြောတယ်။ ထူးထူးခြားခြားအနေနဲ့ သူ မင်းကင်းမြို့မှာ ရှိုးပြီးသွားတဲ့အချိန် ည ၂ နာရီလောက်ကြီး တည်းတဲ့အဆောင်ရှေ့မှာထိုင်ပြီး တစ်ယောက်အကြောင်းတစ်ယောက် ပြောဖြစ်ကြတဲ့ အချိန်လေးကတော့ အမှတ်တရပါ။

လက်ရှိကြုံတွေ့နေရတဲ့ ချစ်သူလက်တွဲဖော်နဲ့ ပတ်သက်လို့ မင်းသမီးတစ်ယောက် အနေနဲ့ ကျေနပ်မှုရှိပါသလား။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံကြည်မှုရှိလို့ ကိုယ့်ရဲ့အချစ်နဲ့ အိမ်ထောင်ရေးအပေါ် အပြည့်အ၀ကို ယုံကြည်ပါတယ်။

ကိုကျော်မြတ်က ဂီတသမား။ အစ်မက ရုပ်ရှင်သမားဆိုတော့ တစ်ယောက်အလုပ်အပေါ်တစ်ယောက် ဘယ်လို အကြံပေးမှုမျိုးတွေ ရှိတတ်ကြလဲ။

အစ်မအလုပ်နဲ့ပတ်သက်ပြီး သူအကြံပေးတာ ပိုများတယ်။ အစ်မက သူ့သီချင်းကို နားပဲနားထောင်တတ်တယ်။ သိပ်နားမလည်ဘူး။ အ၀တ်အစားဆိုရင် ဘယ်လိုစတိုင်လ်နဲ့ ဘယ်လိုပုံစံက ပိုမိုက်တယ်ဆိုတာမျိုး သူအမြဲပြောတယ်။ အိုက်တင်ဆိုလည်း ဘယ်လိုဆိုပိုကောင်းတယ်လို့ ပြောပြတယ်။ အစ်မဘာလုပ်လုပ် သူကသဘောကျတယ်။

အသက်အရွယ်ကွာဟမှုကို အစ်မတို့အိမ်ထောင်ရေးမှာ ဘယ်လိုညှိနှိုင်းပြီး ရှေ့ဆက်သွားကြမှာပါလဲ။

တကယ်တမ်းအစ်မက သူ့ထက်ကြီးပေမယ့် သူကလူကြီးအရမ်းဆန်တယ်။ အစ်မက ကိုယ်လုပ်စရာရှိတာလုပ်မယ်။ ပျော်ပျော်နေတယ်။ သူကျတော့ အိမ်မှာလည်း လူကြီးတစ်ယောက်လို ဦးဆောင်တယ်။ အစ်မကိုလည်း လူကြီးတစ်ယောက်လိုပဲ ဆက်ဆံတယ်။

အစ်မတို့နှစ်ယောက် လက်ထပ်ပြီးပြီဆိုတဲ့ သတင်းတွေထွက်နေတော့ ကာယကံရှင်အနေနဲ့ ဘာများပြောလိုပါသလဲ။

အစ်မတို့သဘောက သူသင်္ဘောတက်မယ်။ ရှေ့နှစ်ပြန်လာရင် လူကြီးစုံရာနဲ့ တင့်တင့်တယ်တယ် လက်ထပ်မယ်ပေါ့။ အစ်မတို့နှစ်ယောက်လုံးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေ အားလုံးလည်း ဒါကိုသိကြတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ အစ်မအိမ်က အပြောင်းအလဲတွေ ဖြစ်သွားခဲ့တော့ ဒီနှစ်ထဲမှာပဲ ချက်ချင်းကြီးယူလိုက်ရသလို ဖြစ်သွားတော့တာပေါ့။

မင်္ဂလာဆောင်ရက်ကိုရော ဘယ်နေ့လို့ သတ်မှတ်ထားပါသလဲ။

ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၁၁ ခုနှစ်၊ တစ်လပိုင်းဖြစ်ဖို့များတယ်။ ဆီဒိုးနားဖြစ်ဖို့များတယ်။ မြန်မာဆန်ဆန်ပုံစံမျိုးပဲ လုပ်ဖြစ်မှာပါ။ ပွဲကတော့ အများကြီး မလုပ်ဖြစ်တော့ဘူး။ အစ်မဘက်က မစုံမလင်နဲ့ဆိုတော့ ကိုယ်က မြန်မာမိန်းကလေးတစ်ယောက် ဖြစ်လို့သာ တင့်တင့်တယ်တယ် ခမ်းခမ်းနားနားလေး လုပ်ဖြစ်မှာ။ တစ်ပွဲတည်းနဲ့ အကုန်လုံးစုံစေ့အောင် စီစဉ်သွားမှာပါ။

မင်းသမီးတစ်ယောက်ရဲ့ မင်္ဂလာပွဲဖြစ်လို့ အစ်မရဲ့ ရင်ခုန်စိတ်ကူးလေးကို သိချင်ပါတယ်။

အစ်မပွဲကျရင်တော့ ရှေ့ကဆောင်သွားကြတဲ့ မင်းသမီးတွေရဲ့ မင်္ဂလာပွဲနဲ့မတူတဲ့ ထူးခြားမှုလေးတွေ ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့နှစ်ယောက်က မထင်မှတ်တဲ့ အလှည့်အပြောင်းတွေ၊ ကံကြမ္မာတွေ၊ အဖြစ်အပျက်တွေနဲ့ ယူရတာကိုး။ ဒါပေမဲ့ ပျော်စရာကောင်းတဲ့ပွဲလေးဖြစ်အောင်တော့ စီစဉ်မှာပါ။

မိဘတွေနဲ့ အစ်မတို့ ပြန်ပြီး ညှိနှိုင်းနေတယ်ဆိုတာကရော အခြေအနေ ဘယ်လိုရှိပါသလဲ။

မိဘကို စော်ကားတဲ့အထဲမှာ နဂိုတည်းက အစ်မမပါဘူး။ မိဘကို တစ်သက်လုံးလုပ်ကျွေးခဲ့တဲ့ သမီးပဲ။ မိဘမကြိုက်တာ လုပ်ခဲ့တာလည်း မရှိဘူး။ အမှန်တရားဆိုတာတော့ တစ်နေ့ပေါ်လာမှာပါ။ အစ်မဘက်က မဟုတ်တာလုပ်ဖို့လည်း မရှိဘူး။

အစ်မမိဘတွေရဲ့ သဘောထားကြောင့် အစ်မခင်ပွန်းနဲ့နားလည်မှု ဘယ်လိုညှိနှိုင်းခဲ့ရပါသလဲ။

နဂိုတည်းက အဖျက်အဆီးတွေ အတိုက်အခိုက်တွေကြားထဲက ချစ်ခဲ့ရတာဆိုတော့ ဘယ်လို အခက်အခဲပဲဖြစ်ဖြစ် လက်တွဲကြမှာဆိုတာ ပြောစရာမလိုအောင် သိကြတယ်။ သူက အစ်မကို နားလည်ပေးရတာအများကြီးပေါ့။ သူ့ဘက်က ညှိစရာမလိုဘူး။ အားလုံးက အစ်မကို ချစ်ကြတယ်။ ဒီဘက်ကမိဘတွေက နားလည်ပြီးလက်ခံပေးတဲ့အတွက် ၀မ်းသာဝမ်းနည်းပေါ့။ ဒီဘက်မိသားစုက အစ်မကို ချွေးမလို ဆက်ဆံတာမဟုတ်ဘူး။

နယ်ကိုသွားကြတော့ နယ်ပရိသတ်က အစ်မတို့နှစ်ယောက်ကို ဘယ်လို တုံ့ပြန်ဆက်ဆံကြပါသလဲ။

နယ်ကပရိသတ်က အရင်ကထက် ပိုအားပေးတယ်။ တချို့က အစ်မအကြောင်းကိုသိလို့ ကရုဏာသက်ပြီး ၀ိုင်းအားပေးကြတယ်။ နယ်ကပိုပွင်လင်းတော့ မေးတာမြန်းတာကအစ ဒဲ့တွေပြောတာ။ သားသမီးအဖြစ် ပြန်မွေးစားမယ်တောင် လူကြီးတွေကပြောကြတယ်။

(မျိုးစန္ဒီကျော်က မေးခွန်းတွေကို ဖြေကြားအပြီးမှာ အနားမှာရှိတဲ့ သူမခင်ပွန်း ကိုကျော်မြတ်ကိုလည်း ဆက်လက်မေးမြန်းဖြစ်ပါတယ်။)

ကိုကျော်မြတ် အစ်မကိုစတွေ့တော့ ကိုကျော်မြတ်ရဲ့ရင်ထဲမှာ ဘယ်လိုခံစားမိလဲ။

ကျွန်တော်တို့ရှိုးဆိုဖို့ ခရီးသွားတဲ့ကားပေါ်ကို သူကနောက်ကျပြီး ၀ရုန်းသုန်းကား စတက်လာတာကိုတွေ့ပြီး သတိထားမိတယ်။ လူမှားပြီး ရုတ်တရက်ကြီး စကားလာပြောတော့ ကျွန်တော်က သူ့ကို တစ်ချိန်လုံးကြည့်နေတော့ အံ့အားသင့်သွားတာပေါ့။ စတွေ့တွေ့ချင်းမှာ အမည်မဖော်တတ်ပေမယ့် နောက်ပိုင်း သူ့နားမှာနေရတဲ့ ခံစားချက်လေးကို စွဲလမ်းလာတယ်။ နောက်မှတဖြည်းဖြည်း အချစ်လို့ ပုံဖော်တတ်လာတာပါ။

မင်းသမီးတစ်ယောက်ကိုချစ်ဖို့ အစ်ကိုဘာတွေစဉ်းစားခဲ့လဲ။

သူ့ကို မင်းသမီးဆိုတာ တစ်ခါတလေမေ့နေတယ်။ မင်းသမီးကို ချစ်မိမယ်လို့လည်း မထင်ဘူး။ ဒါပေမဲ့ ကျွန်တော်သူ့ကို ကလေးလေးတစ်ယောက်လို ချစ်တာပါ။

အစ်မမိဘတွေရဲ့သဘောထားကြောင့် ကိုကျော်မြတ်စိတ်ကို ဘယ်လိုပြန်ဖြေပါသလဲ။

ကျွန်တော်စိတ်ကိုဖြေတာထက် ဖြစ်ချိန်တန်လို့ဖြစ်တာလို့ပဲ ခံယူပါတယ်။ ဒီအချိန်မှာ ကျွန်တော့်ထက် သူက ပိုခံစားရမှာလေ။ ကျွန်တော့်အတွက်လို့ ခံစားနေရင် သူ့ကိုအားပေးနှစ်သိမ့်ဖို့ အချိန်မရှိဘဲ နေလိမ့်မယ်။ ကိုယ့် အတွက် မတွေးပါဘူး။ သူ့အတွက်ပဲ ခံစားပေးပါတယ်။ သူ့ကို တင့်တောင်တင့်တယ်ထားနိုင်အောင်၊ သူလိုသမျှ အတိုင်းအဆမရှိ သူ့ကို ဖြည့်ဆည်းပေးမှာပါ။

Credit: အေးသူ (7Day News Journal)

လူရည်သန့်

-->
ဓမ္မနယ်ပယ်မှာ အရိုအသေ အလေးအမြတ်ပြုထိုက်တယ်၊ တန်ဖိုးမဖြတ်နိုင်အောင် မြင့်မြတ်တယ်၊ အတုလည်းမရှိဘူး၊ တွေ့မြင်ရဖို့လည်း ခဲယဉ်းတယ်၊ အဆင့်မီမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တို့သာ သုံးဆောင်ခွင့်ရှိတယ်ဆိုတဲ့ အရာမျိုးကို 'ရတနာ' လို့သတ်မှတ်ကြတယ်။
လောကနယ်ပယ်ကတော့ နှစ်သက်ရွှင်လန်းခြင်း၊ ကျေနပ်ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်ပြီး ရှားပါး အဖိုးတန်တဲ့ ရွှေ၊ငွေ၊ပုလဲ၊ပတ္တမြား၊ စိန်စတဲ့ အရာတွေကို 'ရတနာ' လို့သတ်မှတ်ပြီး တန်ဖိုးထားနှစ်သက်တတ်ကြတယ်။ ဒီရတနာတွေထဲမှာလည်း စစ်မှန်ပြီး အပြစ်အနာ ကင်းစင်ကြရင် ပတ္တမြားတို့၊ စိန်တို့ကို ပိုပြီး တန်ဖိုးရှိတယ်လို့ သတ်မှတ်ကြပြန်သေးတယ်။
ဒါပေမယ့် ရှေးခေတ်အဆက်ဆက်ကစပြီး ခုချိန်အထိ အခိုင်အမာ အလေးအနက်ထားတဲ့ အရာတို့ရဲ့ အမည်ကို အမြတ်တနိုး အမွှမ်းတင် လိုတဲ့ အခါမှာတော့ အမည်နာမတွေရဲ့ ရှေ့မှာ စိန်တို့၊ ပတ္တမြားတို့ကို အသုံးမပြုကြဘူး။ 'ရွှေ' ဆိုတဲ့ ဂုဏ်နဲ့သာ တပ်ဆင်အသုံးပြုလေ့ရှိ ပါတယ်။ ဥပမာ - ရွှေစိတ်တော်၊ ရွှေကိုယ်တော်၊ ရွှေဘုံရွှေနန်း၊ ရွှေမန္တလေး ဆိုတာမျိုးပေါ့။
ဘာဖြစ်လို့ စိန်တို့၊ ပတ္တမြားတို့ထက် ရွှေကိုသာ အလေးထားပြီး ဂုဏ်ပုဒ်အဖြစ်နဲ့ အသုံးပြုရတာပါလိမ့်လို့ စဉ်းစားကြည့်တဲ့အခါ ရွှေမှာ တခြားရတနာတွေထက် ထူးခြားတဲ့ အခိုင်အမာ အရည်အချင်းတွေရှိတယ်။ ဟုတ်တယ်။ စိန်တို့၊ ပတ္တမြားတို့ဆိုတာ ငရဲမီးနဲ့တို့တာကို တော့ ခံနိုင်ရည် ရှိချင်ရှိမယ်၊ ရွှေလိုတော့ မီးဖုတ်တာ၊ တူထုတာ၊ နန်းဆွဲတာတို့ကို ခံနိုင်ရည်မရှိဘူး။ ရွှေကဒီစမ်းသပ်ချက်တွေကို ခံနိုင် ရည်ရှိရုံသာမကဘူး၊ ဒီလိုစမ်းသပ်လိုက်တဲ့အခါ သူ့အရည်အသွေးက ပိုပြီးတော့တောင် မြင့်တက်လာသေးတယ်။ဒါကြောင့်လည်း မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေထဲမှာ ပြောဆို ဆုံးမဖို့ လွယ်ကူတဲ့သူများကို 'အထပ်ထပ်လှော်ပြီးတဲ့ ရွှေလို နူးညံ့တဲ့စိတ်ထား ရှိတယ်' လို့ အမွှမ်းတင် ချီးကျူးတော်မူတာတွေ့ရတယ်။ အမြတ်တနိုးရှိတဲ့ အမည်တွေကို အမွှမ်းတင် ဂုဏ်ပြုပြီး ခေါ်ဆိုတဲ့အခါမှာလည်း 'ရွှေ' ဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးတာဟာ ဒါကြောင့်များလားလို့ တွေးမိပါတယ်။
ပန်းထိမ်ဆရာတွေ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ 'ရွှေမှန်ရင် မီးဖုတ်လို့ မမည်းရဘူး၊ တူထုလို့မကွဲရဘူး၊ နန်းဆွဲလို့ မပြတ်ရဘူး၊ ငရဲမီးတွေနှင့်တွေ့လည်း မဖြုံရဘူး' တဲ့။ ဒီစမ်းသပ်ချက်တွေကို မခံနိုင်ဘူးဆိုရင်တော့ ရွှေရည်မပြည့်ဘူး၊ ရွှေရည်မသန့်ဘူးတဲ့။ ဒါမှမဟုတ် ရွှေမစစ်ဘူးလို့ဆိုကြတယ်။
လူအချင်းချင်း အကဲခတ် ပြောဆိုကြတဲ့အခါ ဥပဓိရုပ် ပြေပြစ်ပြီး ၀တ်ဆင်နေထိုင်ပုံ သပ်သပ်ရပ်ရပ်ရှိတဲ့လူကို 'လူရည်သန့်' တယ်လို့ ပြောလေ့ရှိကြတယ်။ တကယ်တော့ 'လူ'ဆိုတာ သတ္တလောကထဲမှာ အဆင့်အမြင့်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုအကဲခတ်နေ တဲ့နေရာမှာလည်း သတ္တုတို့ရဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ 'ရွှေ'ကို အကဲခတ်သလို စမ်းသပ် အကဲခတ်ကြရင် ပိုပြီး မှန်ကန်မယ်ထင်တယ်။
ဟုတ်တယ်။ လူတစ်ယောက် လောကထဲကို ရောက်လာတာနဲ့ တစ်ပြိုင်နက် သူရင်ဆိုင်ရမယ့် လောကဓံဆိုတာကလည်း ဖွားဖက်တော် ပမာ ပူးတွဲပါလာ စမြဲပဲ။ ဒီလောကဓံတွေ ဆိုတာကလည်း တစ်ခါတလေ မီးလိုလည်း ပူတတ်တယ်၊ တူထုသလိုလည်းပြင်းထန်တတ် တယ်၊ နန်းဆွဲပေါက်ထက်လည်း အကျဉ်းအကျပ် ကြုံချင်ကြုံတယ်၊ ငရဲမီးလို လောင်တတ်၊ စားတတ်တာမျိုးလည်း ရှိနိုင်တယ်။ ဒီလို ရင်ဆိုင်ရတဲ့အခါ မည်းသွားမယ်၊ ကွဲသွားမယ်၊ ပြတ်သွားမယ်၊ စားသွား၊ ဖြုံသွားမယ်ဆိုရင်တော့ ပန်းထိမ်ဆရာစကားနဲ့ ပြောရရင် လူရည်မပြည့်ဘူး၊ လူရည်မသန့်ဘူးလို့ပဲ ဆိုရလိမ့်မယ် ထင်ပါတယ်။
'လူ'ဆိုတာကို ပါဠိလိုတော့ 'မနုဿ'လို့ခေါ်တယ်။ အဓိပ္ပာယ်ကတော့ စိတ်ထားမြင့်မြတ်သူ(စိတ်သဘောထားကြီးသူ) လို့ဆိုလိုတာပါ။ ဟုတ်ပါတယ်။ တိရစ္ဆာန်များဟာ မနာလိုဝန်တိုမှုတွေ၊ လောဘ၊ ဒေါသ၊ မောဟတွေ လွန်ကဲတဲ့အတွက် မြင့်မြတ်တဲ့စိတ်ထား မရှိတတ် ကြပါဘူး။ လူမှာသာ မေတ္တာ၊ကရုဏာစတဲ့ ဗြဟ္မစိုရ်တရားများဖြစ်နိုင်ကြတာပါ။ တကယ့် လူ့အရည်အသွေး၊ လူ့အရည်အချင်းဆိုတာ ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ ချီးမွမ်း ၀မ်းမြောက်ခြင်း၊ ခွင့်လွှတ်သည်းခံခြင်းဆိုတဲ့ ဗြဟ္မစိုရ် စိတ်ထားများပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ဓမ္မပဒ (ဂါထာ - ၁၉) မှာ 'မကောင်းတဲ့ စိတ်ထားဟာ အဲဒီစိတ်ထားရှိသူကို ယုတ်ညံ့ဆိုးဝါးသူဖြစ် အောင် ပြုတတ်တယ်။ ကောင်းတဲ့စိတ်ထားက အဲဒီလို စိတ်ထားရှိသူကို အထက်တန်းကျသူဖြစ်အောင် ပြုတတ်တယ်' လို့ဟောတော် မူတာ ဖြစ်ပါလိမ့်မယ်။ ကောင်းတဲ့စိတ်ထား (၀ါ) စိတ်ကို ကောင်းအောင်ထားခြင်းကို မင်္ဂလာတရားတော်မှာတော့ 'အတ္တသမ္မာ ပဏိဓိ မင်္ဂလာ' လို့ခေါ်ပါတယ်။
ဒီတရားတော်များရဲ့ အလိုအရကတော့ အထက်တန်းကျသူ၊ အောက်တန်းကျသူ၊ လူရည်သန့်သူ၊ မသန့်သူဆိုတာကို 'အတ္တသမ္မာ ပဏိဓိမင်္ဂလာ' ရှိ မရှိဆိုတာနဲ့ တိုင်းတာ သတ်မှတ်မှသာ တိကျမှန်ကန်မယ်လို့ ဆိုလိုတဲ့ သဘောပါ။
'အတ္တသမ္မာပဏိဓိ မင်္ဂလာ'နဲ့ပြည့်စုံအောင် ကိုယ်နှုတ်စိတ်ထား ပြုပြင်ပုံနဲ့ ပတ်သက်လို့တော့ အရှင်ရာဟုလာကို မြတ်စွာဘုရားရှင်က ညွှန်ကြား ဆုံးမခဲ့တာရှိတယ်။
'မိမိ သွားရောက်လိုတဲ့ ပရိတ်သတ်အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ၀င်ဆံ့နိုင်ဖို့အတွက် မှန်ပေါ်မှာ ကြည့်ပြီး မိမိရဲ့ ၀တ်ဆင်ပုံ၊ ဖြီးလိမ်းထုံး ဖွဲ့ပုံ၊ အချိုးကျ မကျ၊ မျက်နှာနဲ့ ကိုယ်ပေါ်မှာ အစွန်းအပြစ် ရှိ မရှိ ဆင်ခြင်ကြည့်သလို ၊ မိမိရဲ့ ကိုယ်နှုတ် စိတ်ထားများဟာလည်း မိမိ ရောက်လိုတဲ့နေရာနဲ့ လိုက်လျောညီထွေမှု ရှိ မရှိ အသိဥာဏ်မှာ ထင်မြင်အောင် ဆင်ခြင်ကြည့်ပြီး အပြောအဆို၊ အပြုအမူ၊ စိတ်နေ စိတ်ထားတို့ကို ပြုပြင် တည်ဆောက်ရမယ်'တဲ့။ ဒီလို ကောင်းအောင် ဆောက်တည်ထားနိုင်သူများသာ လူရည်သန့်စစ်စစ်များ ဖြစ် တယ်လို့ ဆိုပါတယ်။
လူရည်သန့်ကြပါစေ
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
၁၉-၃-၂၀၀၇
အတွေးသစ်ဂျာနယ်

Sunday, September 12, 2010

အမျိုးသားတွေ သားကြောဖြတ်ခြင်း

မင်္ဂလာပါဆရာ။


အမျိုးသားတွေ သားကြောဖြတ်ခြင်း အကြောင်းကို သိချင်ပါတယ်ဆရာ။ ကျွန်မအမျိုးသားက အသက် ၃၄ နှစ်ပါ။ ကျွန်မတို့ နှစ်ယောက်လုံး ဗမာ၊ ဗုဒ္ဓဘာသာပါ။ သူ့ကို သားကြော ဖြတ်စေချင်ပါတယ်။ မလုပ်ခင်မှာ အမျိုးသားတွေ သားကြောဖြတ်ခြင်းကြောင့် ဖြစ်တတ်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ စိတ်ခံစားမှုတွေ အကြောင်းနဲ့၊ သားကြော ဖြတ်နည်း ဘယ်နှစ်မျိုး ရှိတယ်ဆိုတာကို ဖြေကြား ပေးစေ ချင်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အခြားသိသင့်တာတွေ ရှိရင်လည်း ဖြည့်စွက် ပြောကြားပေးပါ။ လုပ်သင့်၊ မသင့် ဆရာ့အမြင်ကိုလည်း ပြောကြား ပေးပါဆရာ။


ခွဲစိတ်ကုသမှုတွေကို (မေဂျာ) လား (မိုင်နာ) လား ခွဲခြားသတ်မှတ်ရင် ယောက်ျား သားကြောဖြတ်တာ Vasectomy ဟာ အသေးစား ဖြစ်ပါတယ်။ Vasa deferentia ပြွန်ကို Sperm သုတ်ပိုး သွားမရအောင် လုပ်လိုက်တာပါ။ တိရစ္ဆာန်တွေကို သင်းသတ်နည်းလို သုတ်ပိုး ပေါက်ပွါး ဖြစ်တည်ရာ အစေ့ Testis ကို ထုတ်ပြစ်-ဖျက်ပြစ်တဲ့ Castration နဲ့ မတူပါ။


ဘာဘဲလုပ်လုပ် ဒီလိုလုပ်လိုက်ရင် ဘယ်အကျိုး၊ ဘာအပြစ်တွေ ရှိလာနိုင်သလဲ ဆန်းစစ်-သိမြင်ထားတာဟာ အင်မတန် ကောင်းတဲ့ အကျင့်တခု ဖြစ်တယ်။ ယေက်ျားသားကြော ဖြတ်တာမှာ မကောင်းဘူး ဖြစ်စရာ အလွန်တရာ နည်းပါတယ်။ ကျားအစေ့ကနေ ကျားဟော်မုန်း Testosterone ထုတ်နေတယ်။ ဟော်မုန်းက ဖြတ်ပြစ်တဲ့ အကြော (ပြွန်) ကို အသုံးမချပါ။ သွေးထဲကို တိုက်ရိုက် ၀င်သွားတာမို့ ဟော်မုန်းသတ္တိကို မထိခိုက်ဘူး။ ဆက်ဆံလိုစိတ်ကို သူ့ကြောင့် တိုက်ရိုက် ထိခိုက်စရာ မရှိနိုင်ပါ။ ၁၀ ယောက် ၁ ယောက် နည်းသလို ဖြစ်နိုင်တယ်လို့ ပြောကြတယ်။ ဒါကလည်း စိတ်နဲ့သာ ဆိုင်တယ်။


Ejaculation ဆက်ဆံလို့ပြီးတိုင်း ထွက်တာထဲမှာ သုတ်ပိုးတွေပါတဲ့ အရည်က ၁၀% သာရှိလို့၊ အသွင်သဏ္ဌာန်၊ အရသာ၊ အစေး-အပြစ်၊ အနံ့၊ ဘာမှ မပြောင်းလဲဘဲ၊ ထုထည် ၁၀% သာ လျာ့နည်း နိုင်တယ်။

သားကြောဖြတ်လိုက်ရင် ဆက်ထွက်နေမဲ့ သုတ်ပိုးတွေ ဘယ်ရောက် သွားသလဲ မေးရင်၊ သူ့ဖါသူ ပျက်စီးပြီး၊ အသွေး အသားကနေ စုပ်ယူသွားပါလိမ့်မယ်။ မုတ်ရောဂါ Hydrocele ကို ခွဲရင် အရည်တွေကို ထုတ်ပြစ်တာကြောင့် ပျောက်တာ မဟုတ်ပါ။ အရည်ထွက်မဲ့ မျက်နှာပြင်ကို ပြောင်းပြန်လှန် ချုပ်ပေးတော့ ထွက်လာနေမဲ့ အရည်ကို အသွေးအသားကနေ စုပ်ယူပေးနေလို့ အရည် အောင်းစရာလည်း မရှိဘဲ၊ မုတ္တရောဂါ ပျောက်သွားရတာပါ။ ဖိတ်ခြင်းဖိတ် ကိုယ့်အိပ်ထဲမှာဘဲ ဖိတ်တာမျိုးပေါ့။


ယောက်ျား သားကြောဖြတ်တာ ဘယ်လောက် ထိရောက်ပါသလဲ။ ဗြိတိသျှ ဆေးသုတေသန တခုအရ ၂၀၀၀ မှာ ၁ ယောက်၊ စာမေးပွဲ ကျသတဲ့။ အမျိုးသမီးတွေနဲ့ စာရင် အောင်ချက်က အင်မတန် ကောင်းပါတယ်။ သားအိမ်ပြွန် ဖြတ်တာမှာ ၂၀၀-၃၀၀ လုပ်ရင် ၁ ယောက်က မအောင်-မမြင် ဖြစ်ရတယ်။ ဒါတောင် ယောက်ျား သားကြောဖြတ်တာ လုပ်အပြီး၊ အတူနေတာ သိပ်စောလို့ ကိုယ်ဝန်ရတာကိုပါ ထည့်တွက်လို့တဲ့၊ ဖြတ်လိုက်တဲ့ ပြွန်ပြန်ဆက်တယ်ဆိုတာ ဒိထက် နည်းပါတယ်။

ဘယ်တော့ အတူပြန်နေနိုင်သလဲ။ "ခွဲစိတ်ထားတာကို ခံနိုင်ရင်တော့ သဘောဘဲ" ဆိုပြီး ဆေးစာက မရေမရာ ရေးပါတယ်။ ဒေါက်တာတိကျ တွေကတော့ ၇ ရက်တပါတ်။ ဘာလို့ ပြောရလဲဆိုတော့ သုတ်ပိုး ဇီးရိုး မဟုတ်ရင် ကိုယ်ဝန် ရနိုင်သေးလို့ပါ။ ဒါ့ကြောင့် ၃ လ၊ ဒါမှမဟုတ် သုတ်အကြိမ် ၂၀ လွှတ်ပြီးမှ သေခြာတယ်။ ဖြတ်ပြီးတဲ့နောက် ထွက်တာထဲမှာ သုတ်ပိုးပါနေ-မနေ စစ်ဘို့ ကောင်းတယ်။


သတိပေးချင်တာက အတူနေလို့ ကလေး မရနိုင်တော့ပေမဲ့ အကာအကွယ်မဲ့ ဆက်ဆံတာမျိုးကို သတိထားရ ပါအုံးမယ်။ အဖေါ်မှာ HIV, Hepatitis B, Hepatitis C အပါအ၀င်၊ လိင်ကတဆင့် ကူးစက်ရောဂါရှိနေရင် ကိုယ့်ကို ကူးလာစေမယ်။ ကိုယ့်မှာ ရှိရင်လဲ ဖြန့်ပေးလိမ့်မယ်။ Condom ဆက်သုံးသင့်တယ်။ တိုင်းပြည်တချို့မှာ အိမ်ထောင်သည်တွေ အဲလို ဖြတ်နည်း သုံးရင် ဇနီးရဲ့ ခွင့်ပြုချက် လိုတယ်လို့ ဥပဒေ လုပ်ထားတယ်။

နည်းကတော့ တနည်းထဲလို့ ပြောနိုင်ပါတယ်။ ထုံဆေးနဲ့ ခွဲပါတယ်။ Scrotum ကပ်ပဲ့အိပ်၊ Testis အစေ့အထက်မှာ ခွဲတာ များတယ်။ တချို့လဲ အထက်နား သွားခွဲသေးတယ်။ Hernia, Hydrocele ခွဲရင်း စေတနာ ပိုတာလည်း လုပ်လေ့ရှိတယ်။ ကပ်ပဲ့အိပ်မှာဆို ဒါးရာ တခုထဲဖြစ်ဖြစ် ၂ ခုဖြစ်ဖြစ်ရတယ်။ ဖြတ်မဲ့ အကြောကို သေသေခြာခြာ ရွေးထုတ်ပြီး၊ ဖြတ်-ခြည်တာ ဖြစ်ဖြစ်၊ ထိပ်ကို မီးရှို့ပိတ်နည်း ဖြစ်ဖြစ်၊ လုပ်ပြီး အစသေးလေး ထုတ်ပြစ်ရတယ်။

အကြောကို ရွေးရတာက ပညာပါ။ ဘေးမှာ အရောင် ဆင်တူတွေ ရှိတယ်။ လက်နဲ့စမ်း ခွဲခြားရတယ်။ ထုံဆေး ထိုးထားတော (တစ်ရှူး) တွေ ဖေါင်း-ရောင်နေလို့ သတိကြီးရတယ်။ ဒါးရာသေးရင် တချို့က အရေပြားကို ပြန်တောင် မချုပ်ဘူး။ ခွဲစိတ်ဆရာဝန် တွေထဲမှာ ဒါးရာ သေးသေးနဲ့ ခွဲနိုင်တာကို ဂုဏ်ယူသူတွေ ရှိတယ်။ တချို့ကလည်း ကွင်းကျယ်ကျယ်မှာ ကစားရမှ အားရတယ်။ ခွဲပြီး နာရင် ရေခဲ ကပ်ရတယ်။ ပဋိဇီဝဆေးပေးပါမယ်။ အနာသက်သာဆေး သတိနဲ့ သောက်ရမယ်။ Athletic supporter ၀တ်ထားသင့်တယ်။ ၃-၄ ရက် ငြိမ်ငြိမ်နေတာ ကောင်းတယ်။ ၇-၁၀ ရက် အလေးအပင် မမပါနဲ့။


ဆေးစာရေးတာ မပြည့်စုံရင် ထိန်ချန်မှု ရောက်နိုင်တယ်။ ဒီလိုလုပ်တာ (မိုင်နာ) ဖြစ်ပေမဲ့ ခွဲတာ-စိတ်တာတိုင်းမှာ ကြုံရတတ်တဲ့ နောက်ဆက်တွဲ သတိထားစရာတွေ ရှိပါတယ်။ သွေးခြည်ဥတာ၊ သွေးယိုတာ၊ ရောင်တာ၊ ရင်းတာ၊ နာတာ စသဖြင့်။ နာတာက ထူးဖြစ်တတ်တာကို Post-vasectomy pain syndrome ခေါ်တယ်။ အကြာကြီး နာနေတာ၊ ထိရင် နာတာ၊ သုတ်လွှတ်ရင် နာတာ၊ ဆက်ဆံတဲ့အခါ နာတာ။ ရှားတော့ အလွန်မတန် ရှားပါတယ်။ ဖြစ်လည်း ကုလို့ရပါတယ်။

အမျိုးသမီးတွေကို သားကြောဖြတ်တာထက် နောက်ဆက်တွဲဖြစ်မှာတွေ သိသိသာသာ နည်းတယ်။ မိသားစုစီမံကိန်း နည်းအမျိုးမျိုးကို (သူများဆီမှာ) သုတေသန လုပ်ထားတယ်။ ယောက်ျား သားကြောဖြတ်နည်းက မအောင်မြင်မှု ၀.၀၂ - ၀.၁% နဲ့ စိတ်ချရဆုံး၊ အမျိုးသမီး သားကြောဖြတ်နည်း = ၀.၂%၊ အမျိုးသမီး စားဆေးနည်း = ၀.၁%၊ ယောက်ျား ကွန်ဒွန်နည်း = ၁-၃%၊ အမျိုးသမီး (ဒိုင်ယာဖရမ်) နည်း = ၁-၆%၊ အမျိုးသမီး သုတ်ပိုးသေဆေးနည်း ၃%၊ အမျိုးသမီး ဟော်မုန်း ကပ်ခွါနည်း = ၀.၂%၊ အမျိုးသမီး သားအိမ်ထဲ ပစ္စည်းထည့်နည်း IUCD = ၀.၆ - ၁.၅%၊ ရက်ရှောင်နည်း = ၃%၊ ယောက်ျား သုတ်ရည် အပြင်ထုတ်နည်း = ၄%၊ ဘာမှ မသုံးရင် ၈၅% ကလေး ရနိုင်တယ်။


ရှုံ့ချည်နှပ်ချည် လုပ်ချင်သူတွေ အတွက်လည်း ရေးပါမယ်။ USA မှာ ၅% လောက်ရှိတယ်။ သားကြောဖြတ်တယ် ဆိုတာ ရှင်ခန်းဖြတ် မဟုတ်ပါ။ ပြန်ဆက်လို့ မရဘူး မဟုတ်ပါ။ (သီအိုရီ) အရ ဖြစ်နိုင်ပေမဲ့၊ လက်တွေ့မှာ အတော်ကြီး ခက်ပါတယ်။ (မိုက်ခရို-ဆာဂျရီ) အနုစိတ် လုပ်ရလိမ့်မယ်။ ကရိကထ များတယ်၊ လက်ဝင်တယ်။ အမေရိကားမှာဆို တနှစ်မှာ လူ ၆ သိန်းက $300 ကနေ $1,000 အကုန်ခံ ဖြတ်နေကြတယ်။ ပြန်ဆက်ဘို့ ဆိုရင်တော့ $7,000 ကုန်မယ်။ အောင်မြင်မှုနှုန်း စောစောပြန်လုပ်သူတွေက ပိုများတယ်။ ဖြတ်ထားပြီး ၃ နှစ်အတွင်း ပြန်ဆက်ချင်သူတွေက ၇၆%၊ ၁၅ နှစ် ကြာမှ လုပ်ရင် ၃၀% ကလေး ပြန်ရနိုင်တယ်။


စာတွေ သုတေသနတွေမှာ ရှိတာရေးပြီးတော့ ရွှေတွေ အပြင်ထွက်တဲ့ တိုင်းပြည်က သူတွေအတွက် ရေးပါအုံးမယ်။ ဗမာပြည်မှာ ကျန်းမာရေးနဲ့ ဆေးဆိုတာ လူတိုင်းအတွက် မဟုတ်ဘူး။ ဟုတ်လမ်းလည်း မမြင်ရသေးဘူး။ ဆင်းရဲတော့ ဈေးချိုတဲ့နည်း၊ ပညာရည် နှိမ့်ထားတော့ တော်တဲ့သူတွေ မတော်ရာ သွားရလို့ လက်လှမ်းမီတဲ့လူနဲ့ လုပ်ရတဲ့နည်း၊ မသိအောင်၊ မကြားအောင် လုပ်ထားတော့ ကြားဘူး နားဝနည်း၊ ဆန်းစစ်တာ လက်မခံတော့ ကောင်း မကောင်း၊ တော် မတော် မသိတဲ့နည်းတွေသာ အားကိုးစရာ ရှိနေကြရပါတယ်။


ယောက်ျား သားကြောဖြတ်တဲ့အခါ ဗမာပြည်မှာ ပြဿနာက အကြော မှားဖြတ်မိတာ ဖြစ်ပါတယ်။ ဖြတ်ပြီးမှ ထပ်ကိုယ်ဝန် ရတယ်။ ရိုးသားတဲ့ ဇနီး ဗိုက်သာမက မျက်နှာပါပူရရော။ ခိုးကြောင် ခိုးဝှက်၊ လက်လှမ်းမီတဲ့၊ ဆရာဝန် မဟုတ်တဲ့၊ ဆရာဝန် ဖြစ်အုံးတော့ အတွေ့အကြုံ နည်းတဲ့ သူတွေဆီမှာ လုပ်ကြရလို့ပါ။ 

"မလိုချင်တာ မှန်သမျှ စနစ်တကျ ပြတ်အောင် ဖြတ်ကြပါလေ။"


Dr. တင့်ဆွေ