Friday, February 28, 2020
နံရိုးပေါင်းဆီချက်ခေါက်ဆွဲ -မြေအိုးကြက်ဆီထမင်း
မြေအိုးကြက်ဆီထမင်း
--------------------------
 ဒါကတော့ မြေအိုးကြက်ဆီထမင်းချက်နည်းလေးပါ။ အိမ်မှာ လူနည်းတာပဲဖြစ်ဖြစ်၊ အိမ်သားတွေ  အစားမညီတာပဲဖြစ်ဖြစ် မိမိစားချင်တာကို ချက်မစားရဘူးဆိုတာ မဖြစ်ရလေ အောင် ရည်ရွယ်ပါတယ်။ တစ်ယောက်စာ တစ်အိုးလေးကို ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြာ အချိန်လေးပေးရုံနဲ့ ချက်စားလို့ရပါတယ်။
ကြက်ဆီထမင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများ
• ရှမ်းဆန်  -  ပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
• ကြက်ပေါင်  -  ၁ ချောင်း
• သကြား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်ပြုတ်ရည်  -  ပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
• ကြက်ဆီဖတ်  -  ၁ ဖတ်
• ကြက်သွန်ဖြူ  -  ၁ လုံး
• ချင်း  -  ၅ ပြား (ပါးပါးလွှာထားပါ)
• ဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• နံနံပင်အမြစ်  -  ၂ ပင်
• ကွကျဥ  -  ၁ လုံး
ပြုလုပ်နည်း
 ဦးစွာ ကြက်ဆီဖတ်ကို ဆီ စားပွဲဇွန်း ၁ ဇွန်းနှင့် မီးအေးအေးနဲ့ ကြော်ပါ။ လွှာထားသော ချင်းကို ထည့်ပါ။ ကြက်ဆီဖတ်များြွကပ်ရွလာလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်ပြီးြွကပ်ရွလာလျှင် ရပါပြီ။ ကြက်ပေါင်လုံးကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ပြုတ်ပါ။ ပြုတ်သည့်အခါ အဖုံးဖွင့်ပြီး ပြုတ်လျှင် ကြည်လင်သော ကြက်ပြုတ်ရည်ကို ရပါမယ်။ ကြက်သားနူးပြီဆိုလျှင် ကြက်ဆီထမင်း ချက်လို့ရပါပြီ။ ဆန်ကို ရေဆေးပြီး ရေကုန်အောင် စစ်ထားပါ။ ချက်မည့်မြေအိုးထဲ နံနံပင်အမြစ်
၂ ပင်ထည့်ပါ။ ဆန်ထည့်ထားပါ။ ကြက်ပြုတ်ရည်ထဲ ဆားနှင့် သကြား ပျော်ဝင်အောင်မွှေပြီး ဆန်ထည့်ထားသော မြေအိုးထဲ လောင်းထည့်ပါ။ ကြက်ဆီကို စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး အဖုံးအုပ် တည်ပါ။ မီးအလယ်အလတ်နဲ့တည်ပြီး ဆူလာလျှင်လုံးဝ မီးလျှော့ချတည်ပါ။ ရေခန်းစပြုလာလျှင် ကြက်ပေါင်နှင့် ပြုတ်ထားသောကြက်ဥကို ခြမ်းထည့်ပြီး အဖုံးအုပ်ထားပါ။ ရေခန်းပြီး အငွေ့လှိုင် လာလျှင် မီးပိတ်၍ မီးဖိုပေါ်မှာ ၁ မိနစ်ခန့်ထားပြီး သုံးဆောင်လို့ရပါပြီ။
-----------------------------
ပန်းခရေ
နံရိုးပေါင်းဆီချက်ခေါက်ဆွဲ
------------------------------
ပါဝင်ပစ္စည်းများ
• ချင်း  -  ၂၀ ဂရမ်
• ကရဝေးရွက်  -  ၂ ရွက်
• ကြက်သွန်နီ  -  ၂၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၃၅ ဂရမ်
• ငရုတ်ကောင်းစေ့  -  စားပွဲဇွန်း ၁ ဇွန်း
• နွယ်ချို  -  စားပွဲဇွန်း ၁ ဇွန်း
• ရေနွေးဆူဆူ  -  ၂ လီတာ (ဝက်နံရိုးပြုတ်ရန်)
• ဆား  -  စားပွဲဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၃ ဇွန်း
• ဝက်နံရိုး  -  ၈ဝဝ ဂရမ်
• ရေနွေး  -  ၅ဝဝ မီလီလီတာ
• ခေါက်ဆွဲ  -  ၆ဝဝ ဂရမ်
• ထိုင်ဝမ်မုန်ညင်း  -  ၃ဝဝ ဂရမ်
• ကြက်သွန်ဖြူဆီချက်  -  စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ဒယ်အိုးထဲ ချင်း၊ ကရဝေးရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့နှင့် နွယ်ချို တို့ကို မီးအေးအေးနဲ့ လှော်ပါ။ ပြီးလျှင် ရေနွေးဆူဆူလောင်းထည့်ပါ။ ဆား၊ ပဲငံပြာရည် အကြည် စားပွဲဇွန်း ၂ ဇွန်းနှင့် ဝက်နံရိုးတို့ကို ထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာလျှင် အမြှုပ်များကို ခပ်ထုတ်ပစ်ပါ။ ၄၅ မိနစ်ခန့် တည်ပါ။ ဝက်နံရိုးပြုတ်ရည် ရလာလျှင် ပြုတ်ရည်ကို ဇလုံထဲ စစ်ထည့်ပါ။
၂။ ပြီးလျှင် ဝက်နံရိုးပြုတ်ရည်တစ်ဝက်ကို  ရေနွေး ၅ဝဝ မီလီလီတာ ထည့်ပြီး တည်ပါ။ မိနစ်အနည်းငယ်ခန့် ဆူအောင်တည်ပါ။ ပြီးလျှင် ခေါက်ဆွဲထည့်ပြုတ်ပါ။ ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ခေါက်ဆွဲကို ဆန်ခါထဲ ဆယ်ထည့်ထားပါ။ ခေါက်ဆွဲပြုတ်ရည်နဲ့ ထိုင်ဝမ် မုန်ညင်းကို ပြုတ်ပါ။
၃။ ပြီးလျှင် ပန်းကန်ထဲ ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း၊ ဝက်နံရိုး ပြုတ်ရည် အနည်းငယ်နှင့် ပြုတ်ထားတဲ့ခေါက်ဆွဲတို့ကို ထည့်ပြီး သမအောင် နယ်ပါ။ နှံ့စပ်သွားပြီဆိုလျှင် ပြုတ်ထားတဲ့ ထိုင်ဝမ်မုန်ညင်း၊ ဝက်နံရိုး၊ ကြက်သွန်မြိတ်နှင့် ငရုတ် ကောင်းမှုန့်တို့ကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
-------------------------------------
Tin Tin Oo
Thursday, February 27, 2020
“ချစ်သူ အရွေးမမှားစေဖို့”
မိန်းကလေး သူငယ်ချင်းနှစ်ယောက် ရှိတယ်။ ကျောင်းပြီးတော့လည်း အတူ၊ အလုပ်တွေ စလုပ်တော့လည်း အတူ၊ အိမ်ထောင်ပြုတော့လည်း အတူ။ ဒါပေမဲ့ ရွေးလိုက်တဲ့ အိမ်ထောင်ဘက်ချင်းတော့ မတူဘူး။
တစ်ယောက်က သူ့မိန်းမ လုပ်သမျှကို ကူညီပေးတယ်။ သူ့အလုပ်သူလည်း ကြိုးစားတယ်။ မိန်းမ ကြိုးစားတာကိုလည်း ကူပေး၊ လစ်ဟင်းသွားတဲ့ အိမ်အလုပ်တွေလည်း လုပ်ပေး။ နှစ်ယောက်တူတူ အောင်မြင်ဖို့ကို ဦးစားပေးတယ်။
နောက်တစ်ယောက်ကကျ သူ့မိန်းမကို နားလည်မပေးဘူး။ အလုပ်ထွက်ခိုင်းတယ်။ နောက် အိမ်ထောင်ရေး ဖောက်ပြန်တယ်။ စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်တယ်။ ဒီတော့ အမျိုးသမီးက သူ့အလုပ်၊ သူ့ပညာကို ဦးစားမပေးအားဘဲ ဒီအိမ်ထောင်ရေး ပြဿနာတွေကိုပဲ ရှင်းနေရတဲ့အခါ အောင်မြင်ဖို့က နှောင့်နှေးလာတယ်။
ပြောချင်တာက ကိုယ် ရွေးချယ်လိုက်တဲ့ လက်တွဲဖော်ဟာ ကိုယ့်အောင်မြင်မှု အတက်အကျအပေါ် လွှမ်းမိုးမှု ရှိတယ် ဆိုတာပဲ။ မိန်းကလေးမှ မဟုတ်ဘူး။ ယောက်ျားတွေမှာလည်း မိန်းမနှိပ်စက်လို့၊ ပိုက်ဆံတွေ ဖြုန်းပစ်လိုက်လို့ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ရသူတွေ အများကြီး ရှိပါတယ်။
လူငယ်ဘဝမှာ ရည်းစားထားတာက ထားလို့ရတယ်။ သို့သော် အဲဒီချစ်သူက ကိုယ့်ကို စာမကျက်နိုင်အောင် တစ်ချိန်လုံး ပြဿနာ ရှာနေမယ်။ ဟိုနေရာ သွားမယ်၊ ဒီဟာ စားမယ်နဲ့ ပူဆာနေမယ်။ သူလည်း မကြိုးစား၊ ကိုယ့်ကိုလည်း ကြိုးစားလို့ မရအောင် လုပ်နေမယ်ဆို ရေရှည် အဆင်မပြေဘူး။
မိန်းကလေးတွေမှာဆို ချစ်သူက အတင်းတောင်းဆိုလို့ လိင်ကိစ္စကို လိုက်လျောလိုက်မယ်၊ အဲဒီကနေမှတစ်ဆင့် ခြိမ်းခြောက် အရှက်ခွဲခံရတာ၊ ကိုယ်ဝန်ရသွားလို့ ယူလိုက်ရတာ၊ ဒါမှမဟုတ် ပိုပြီး ဇာတ်နာရရင် ငယ်ငယ်လေးနဲ့ Single mother ဖြစ်သွားတာ၊ ကိုယ်ဝန် ဖျက်ချရင်း အသက်သေဆုံးရတာတွေထိ ဖြစ်သွားနိုင်တယ်။ ကိုယ် မကြိုးစားဘူးလားဆို ကြိုးစားတာပဲ။ ဒါပေမဲ့ ချစ်သူအရွေးမှားရင် အဲ့လိုတွေ လမ်းမှားရောက်သွားတတ်တယ်။ ဒါကြောင့် အချစ်ဟာ ကိုယ့်ဘ၀ တိုးတက်ရေးမှာ တစ်စိတ်တစ်ပိုင်း လာပတ်သက်နေတယ် ဆိုတာလေးကို မြင်စေချင်တယ်။
သိပ်တော်၊ သိပ်ထက်မြက်၊ သိပ်ကို လိုက်ဖက်တဲ့ စုံတွဲတွေ မြင်ဖူးတယ်။ ပြောတာ၊ ဆိုတာ၊ တွေးတာ၊ ခေါ်တာ၊ ပြုမူတာ အကုန်လုံးက ပညာတတ်ဆန်တယ်။ သဘောထား ပြည့်ဝတယ်။
တစ်ယောက်ရဲ့ ထက်မြက်မှုက နောက်တစ်ယောက်အတွက် ကြိုးစားဖို့ တွန်းအားဖြစ်စေတယ်။ တစ်ယောက်ရဲ့ အရည်အချင်းက နောက်တစ်ယောက်ရဲ့ အားနည်းချက်ကို ဖြည့်ပေးတယ်။ တစ်ယောက်ရဲ့ အသိုင်းအဝိုင်းက နောက်တစ်ယောက်အတွက် အဆက်အသွယ်တွေ ဖြစ်လာတယ်။ တစ်ယောက်ရဲ့ အောင်မြင်မှုကို နောက်တစ်ယောက်က ဂုဏ်ယူတယ်။ ပိုအောင်မြင်သထက် အောင်မြင်အောင် ပံ့ပိုးတယ်။ အပြန်အလှန် နားလည်ပေးတယ်။ ဒီတော့ တစ်ယောက်တည်းထက် နှစ်ယောက် ပေါင်းစပ်လိုက်ခြင်းက ပိုပြီး အောင်မြင်စေတယ်။
ရှားမယ်ဆိုတာတော့ သိပါတယ်။ နောက်ပြီး အချစ်ရေးတို့၊ အိမ်ထောင်ရေးတို့ ဆိုတာကလည်း မဟာဗျူဟာတွေ ချပြီး စီစဉ်လို့ ရတာ မဟုတ်ဘူး။ ကြိုလည်း မမြင်နိုင်ဘူး။ ချစ်သူရွေးလိုက်ရင်၊ အိမ်ထောင်ပြုလိုက်ရင် အကောင်းဆုံး ဖြစ်မယ်လို့ပဲ မျှော်လင့်ကြတာပဲ။ လူတိုင်းသာ ဖြစ်မလာကြတာ။ သို့သော် သေချာစဉ်းစားပြီးမှ ရွေးချယ်တာနဲ့ စိတ်ခံစားချက်ကို အလိုလိုက်တာက အနည်းနဲ့အများတော့ ကွာမှာပဲ။
ကျွန်တော်တို့ ဘဝတွေဆိုတာ ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတာ။ ဒီဆုံးဖြတ်ချက် အမှန်အမှားပေါ် မူတည်ပြီး ဘဝတွေ ကွာခြားလာတယ်။ အောင်မြင်ကြတယ်။ ကျရှုံးကြတယ်။ ဒီတော့ ဆုံးဖြတ်ချက်တွေ မှန်ဖို့ လိုတယ်။
အဲ့လိုမှန်ုဖို့မှာ အရေးကြီးတဲ့ အချက် ၃ ချက် ရှိတယ်။ ပထမတစ်ခုက သတင်းအချက်အလက် (Information)။ ဥပမာပေးရရင် ချစ်သူအဖြစ် လက်မတွဲခင် သူ့အကြောင်း များများသိလေလေ၊ ကိုယ့်ဆုံးဖြတ်ချက်က အမှန်နဲ့ နီးစပ်လေလေ။
နောက်တစ်ချက်ကတော့ ကြောင်းကျိုးဆက်စပ် တွေးခေါ်နိုင်စွမ်း (Logical thinking)။ ဘယ်လောက်ပဲ အချက်အလက်တွေ သိထား သိထား၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိရင်လည်း ဆုံးဖြတ်ချက်က မှားတာပဲ။ အဲဒီ တွေးခေါ်နိုင်စွမ်းကို ကျဆင်းစေတာ၊ ကိုယ့်ဦးနှောက်ကို အမှောင်ကျသွားသည်အထိ ဖြစ်စေနိုင်တာကတော့ တတိယတစ်ချက်ဖြစ်တဲ့ စိတ်ခံစားချက် (Emotion) ပဲ။
လူဆိုတာ စိတ်လှုပ်ရှားမှု (Excitement) ကို ကြိုက်တယ်။ အသစ်အဆန်းဆို သဘောကျတယ်။ မုန့်ဟင်းခါး ဆိုတာ မထိတွေ့ဖူးသေးဘဲ ဆန်ပြုတ်ကို အကောင်းဆုံးလို့ ထင်တတ်တယ်။ အဲဒါတွေက လူငယ်ဘဝမှာ ပိုဆိုးတယ်။ လောကဓံဆိုတာကို မကြုံဖူးသေးတဲ့အရွယ်ဆိုတော့ ဘာမဟုတ်တာလေးကို အကြီးကြီး ခံစားပစ်တတ်တယ်။ ဘဝအတွေ့အကြုံက နည်းသေးတဲ့အချိန်မှာ အချစ်ဆိုတာကို ကိုးကွယ်ပစ်လိုက်တယ်။ Excitement တွေကို တစ်သက်တာ တည်မြဲမယ်ထင်ပြီး ရွေးချယ်ပစ်လိုက်တယ်။ အဲ့လိုနဲ့ ဘဝမှာ ဖြစ်သင့်သလောက် ဖြစ်မလာကြတော့ဘူး။
မိဘက ဂရုမစိုက်လို့ ဆိုပြီး အရွဲ့တိုက်တဲ့အနေနဲ့ ကျောင်းထွက်လိုက်တယ်။ စာမေးပွဲ တမင်ကျအောင် ဖြေတယ်။ မူးယစ်ဆေးတွေ သုံးလိုက်တယ်။ မိဘက သဘောမတူပါဘူးဆိုတဲ့သူကိုမှ ရွေးတယ်။ အများက လက်ညှိုးထိုး ကဲ့ရဲ့နေကြတဲ့ကြားထဲကမှ လက်တွဲရဲတာကို အချစ်စစ်လို့ မြင်ကြတယ်။ ဒါတွေ မလုပ်သင့်ဘူးဆိုတာ သိနေတာပဲ။ အဲဒီအချိန်မှာတော့ စိတ်ခံစားချက်က လွန်ကဲနေတော့ အမှန်မမြင်နိုင်ဘူး။ ဘယ်သူပြောပြော နားမဝင်ဘူး။ နောင်တစ်ချိန်ကျမှ အဲ့လို လုပ်ခဲ့မိတာ မှားမှန်း သိလာကြတာ။
ဒါကြောင့်လည်း လူငယ်ဘဝမှာ အရေးကြီးဆုံး အရည်အသွေးတစ်ရပ်ကို ပြောပါဆိုရင် Emotional intelligence ပဲ။ ကိုယ့်ခံစားချက်တွေကို သိမယ်၊ အကောင်းဆုံး ထိန်းချုပ်နိုင်မယ်ဆိုရင် ဆုံးဖြတ်ချက်တွေက အမှန်များလာမှာပဲ။ ကိုယ့်ရဲ့ ပညာရေး၊ လူမှုရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ အချစ်ရေးတို့မှာ အဆင်ပြေလာမှာပဲ။
ဒီတော့ ချစ်တာက ချစ်ပါ။ ရှေ့တန်းတော့ မတင်ပါနဲ့။ ငယ်ငယ်တုန်းက ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ အချစ်သူရဲကောင်းအဖြစ် ဂုဏ်ယူခဲ့တာတွေဟာ အသက်ကြီးလာတဲ့အခါ နောင်တရစရာ ဖြစ်လာပါလိမ့်မယ်။ ငွေကြေးပြည့်စုံသူကို ကိုယ့်ဘ၀ တိုးတက်ဖို့ ရွေးယူရမယ် ပြောတာ မဟုတ်ပါဘူး။ လက်တွဲဖော် ရွေးတဲ့အခါ ကိုယ့်အောင်မြင်မှုကို ပံ့ပိုးပေးနိုင်မယ့်သူကို ရွေးပါ။ အဲ့လိုပဲ ကိုယ်ကလည်း သူ့အတွက် ပါရမီဖြည့်ဘက်ကောင်း ဖြစ်ပါစေ။
ဘယ်လောက်တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ပေးနိုင်သူလဲ ဆိုတာထက် ကိုယ့်ဘ၀ ရည်မှန်းချက်တွေကို ဘယ်လောက် တန်ဖိုးထားပေးသလဲ၊ ဘယ်လောက်ထိ ကိုယ့်တန်ဖိုးကို မြင့်တက်လာအောင် လုပ်ပေးနိုင်တဲ့သူ ဖြစ်သလဲဆိုတာကိုသာ ဦးစားပေး စဉ်းစားစေချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
(မှတ်ချက် - အခွင့်အလမ်းဂျာနယ်ပါ ဆောင်းပါးကို အနည်းငယ် တည်းဖြတ်ထားပါသည်)
Wednesday, February 26, 2020
ပဋိညာဉ် ဆိုတာ ဘာလဲ?
(Zawgyi)
#ပဋိညာဉ် ဆိုတာ ဘာလဲ?
...
...
...
...
...
...
...
ဒေါ်လှလှ​မော်
(Unicode )
#ပဋိညာဉ် ဆိုတာ ဘာလဲ?
#ပဋိညာဉ် ဆိုတာ ဘာလဲ၊ ဘယ်လို ပဋိညာဉ်ဟာ တရားဝင်သလဲ၊ ဘယ်လို ပဋိညာဉ်မျိုးဟာ အလိုအလျောက် ပျက်ပြယ် တတ်သလဲ ဆိုတာတွေကို သိထားသင့်ပါတယ်။
...
ပထမဆုံး အနေနဲ့ ပဋိညာဉ် တစ်ခု ဖြစ်ဖို့ ကမ်းလှမ်းချက် (Proposal) နဲ့ လက်ခံချက် (Acceptance)  ၂ ခု လိုပါတယ်။ ကောင်မလေး တစ်ယောက်ကို ရည်းစားစကား သွားပြော ပရိုပို့စ် လုပ်ရင် သူက ပြန်ပြီး လက်ခံမှ ရည်းစား ဖြစ်တာပါ။ သူက လက်မခံဘဲနဲ့ ငါကနင့်ရဲ့ ဘွိုင်းဖရင်း နံပါတ်တူး အော်နေလို့တော့ ရည်းစား မဖြစ်ပါဘူး။ ဒါပေမယ့် ပဋိညာဉ် တစ်ခု ဖြစ်ဖို့ကတော့ အဲဒီထက်ပိုပြီး ရှုပ်ထွေးပါတယ်။
...
ပဋိညာဉ် ဖြစ်ဖို့ ကမ်းလှမ်းချက် တစ်ခု ကို လုပ်လိုက်တယ် ဆိုရင် တခြား တစ်ဘက်က လက်ခံတယ် ဆိုရင် ပထမ အဆင့်အနေနဲ့ ကတိ တစ်ခု ဖြစ်လာပါတယ်။ ဥပမာ အားဖြင့် ကျွန်တော်က ကန်ထရိုက်တာ တစ်ယောက်ကို ငါ့အိမ်ကို မင်းဆောက်ပေးလို့ ကမ်းလှမ်းတာဟာ ကမ်းလှမ်းချက် ဖြစ်ပါတယ်။ အဲဒီ အခါမှာ ကန်ထရိုက်တာက ဆောက်ပေးမယ်လို့ သဘောတူရင် ကတိ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဆက်ပြီး အေး မင်းသဘောတူတယ်ဆိုရင် ပိုက်ဆံ တပြားမှ မပေးတော့ဘူး။ အလကားဆောက်ပေးတော့။ မင်းကတိပေးပြီးပြီ လို့ ပြောလို့ မရပါဘူး။ ဥပဒေ ကြောင်းအရ ကတိကနေ နောက်တစ်ဆင့် သဘောတူညီချက် (Agreement) ဖြစ်ဖို့ အတွက် အဖိုးစားနား (Consideration) လိုလာပါတယ်။ အဖိုးစားနား လို့ မြန်မာလို ပြန်ပေမယ့် အဖိုးစားနား ဆိုတာ ငွေကြေး တန်ဖိုး တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဥပမာ အားဖြင့် ကန်ထရိုက်ကို မင်း ငါ့အိမ်ကို ဆောက်ပေး။ မင်းကို ငါ့ရဲ့ တခြား မြေကွက်မှာ ၁၀ နှစ် အလကားပေးနေမယ် လို့ ကမ်းလှမ်းရင်လည်း ဒါဟာ အဖိုးစားနား ဖြစ်ပါတယ်။ ဘာမှ မပေးဘဲနဲ့ အလကားပဲတင်း ကုန်းဆင်း ဖလာကြိတ်လို့တော့ ဥပဒေ အရ မရပါဘူး။ ကတိတစ်ခုမှာ အဖိုးစားနား ပါလာခဲ့ရင် အဲဒီ ကတိဟာ သဘောတူညီချက် ဖြစ်လာပါတယ်။ ဒါပေမယ့် သဘောတူညီချက်တိုင်းဟာလည်း ပဋိညာဉ် မဟုတ်ပါဘူး။ ပဋိညာဏ် ဖြစ်ဖို့ အတွက် နောက်တစ်ဆင့် ထပ်လိုပါသေးတယ်။
...
သဘောတူညီချက်ဟာ ဥပဒေ အကြောင်းရ ဖော်ဆောင်နိုင်တယ် ဆိုမှသာ အဲဒါဟာ ပဋိညာဉ် ဖြစ်လာပါတယ်။ ဥပမာ အလောင်းအစား အနေနဲ့ သဘောတူထားတဲ့ သဘောတူညီချက်ဟာ ဥပဒေ အရ တရားမဝင် ဥပဒေကြောင်း အရ မဖော်ဆောင်နိုင်တဲ့ အတွက် ပဋိညာဉ် တစ်ခု ဖြစ်မလာနိုင်ပါဘူး။
ကမ်းလှမ်းချက် ဆိုတာကို ထပ်ပြီးရှင်းရရင် ကမ်းလှမ်းချက်ဆိုတာ တစ်စုံတစ်ဦးကို ဦးတည်ပြီး ကမ်းလှမ်းတာ ဖြစ်နိုင်သလို တစ်စုံတစ်ဦးကို ဦးတည်တာ မဟုတ်ဘဲ ကမ်းလှမ်းတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အားဖြင့် ကုမ္ပဏီ တစ်ခုက လုပ်ငန်း တစ်ခု အတွက် တင်ဒါခေါ်တယ် ဆိုရင် အဲဒီလို တင်ဒါခေါ်တာဟာ အများကို ကမ်းလှမ်းတာပါ။ ဒါပေမယ့် ဒီတင်ဒါကို ဝင်ပြိုင်တာနဲ့ ဒီကမ်းလှမ်းချက်ကို လက်ခံတယ်လို့ ခေါ်လို့ မရသေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ တင်ဒါစခေါ်ကတည်းက ကမ်းလှမ်းတယ်လို့ ဆိုပေမယ့် တင်ဒါဝင်ပြိုင်တဲ့ ကုမ္ပဏီတွေဘက်က ပစ္စည်းနဲ့ ဈေးနှုန်းကို တင်ဒါခေါ်တဲ့ ကုမ္ပဏီ ဘက်က ပြန်စစ်ပြီးမှ လက်ခံမယ် ဆိုတဲ့ အဆင့်တစ်ဆင့် ကျန်နေသေးလို့ပါ။ အဲဒီတော့ တင်ဒါဝင်ပြိုင်တဲ့ ကုမ္ပဏီတွေဘက်က ဈေးနှုန်းတင်ပြတာဟာ လက်ခံချက် မဟုတ်ပဲ တန်ပြန် ကမ်းလှမ်းချက် (Counter Proposal ) အနေနဲ့သာ ရှိပါတယ်။ အဲဒီ တန်ပြန် ကမ်းလှမ်းချက်ကို တင်ဒါ ခေါ်တဲ့ ကုမ္ပဏီဘက်က လက်ခံမှသာ ကတိ နဲ့ နောက်တဆင့် သဘောတူညီချက်နဲ့ နောက်ဆုံး ပဋိညာဉ် ဖြစ်လာပါတယ်။
...
သတိထားရမယ့် အချက်တစ်ခုက ကုမ္ပဏီတွေ အနေနဲ့ ကိုယ့်ကုမ္ပဏီရဲ့ ကုန်ပစ္စည်း ဝန်ဆောင်မှုကို ကြော်ငြာတဲ့ အခါ ကြော်ငြာစာသားမှာပါတဲ့ စာသားတွေကို တာဝန်ယူဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဥပဒေ ကြောင်းအရ အဲဒီစာသားတွေဟာ ကမ်းလှမ်းချက် ဖြစ်နေလို့ပါ။ ကိုယ့်ဆီက ဝယ်ယူသူတွေအနေနဲ့ ကြော်ငြာ စာသား အတိုင်း မမှန်ခဲ့ရင် ပဋိညာဉ် ဥပဒေနဲ့ တရားစွဲခွင့် ရှိနေပါတယ်။
...
ပဋိညာဉ် ပြုတဲ့ အခါ တစ်ချို့သော အခြေအနေတွေဟာ တရားမဝင် တာရှိပါတယ်။ ဥပမာ အသက် မပြည့်သေးတဲ့ ကလေးနဲ့ ချုပ်တဲ့ စာချုပ်ဟာ တရားမဝင်ပါဘူး။ ရူးနေတဲ့သူနဲ့  ချုပ်တဲ့ စာချုပ်ဟာ တရား မဝင်ပါဘူး။ မူးရူးပြဲကွဲပြီး လူမှန်း သူမှန်း မသိအောင် မူးနေတဲ့သူနဲ့ ချုပ်တဲ့စာချုပ်ဟာလည်း တရားမဝင်ပါဘူး။ နောက်တစ်ချက် ပဋိညာဉ် ပြုလို့ မရတဲ့သူနဲ့ ပဋိညာဉ် ပြုရင် တရားမဝင်ပါဘူး။ မြန်မာနိုင်ငံ ကုမ္ပဏီ အက်ဥပဒေ အရ သင်းဖွဲ့စည်းမျဉ်းမှာ လုပ်ဆောင်ခွင့်ရှိတဲ့ လုပ်ငန်းတွေကို ပြထားပါတယ်။ အဲဒီ အထဲမှာ ဖော်ပြမထားတဲ့ လုပ်ငန်းကို အဲဒီကုမ္ပဏီနဲ့ စာချုပ်ချုပ်ရင် အဲဒီ စာချုပ်ဟာ တရားမဝင်ပါဘူး။
...
နောက်တစ်ခုက ပဋိညာဉ် ပြုတဲ့သူဘက်က လွတ်လပ်သော သဘောဆန္ဒ (Free Consent) နဲ့ ပြုဖို့ လိုအပ်ပါတယ်။ လွတ်လပ်တဲ့ သဘောဆန္ဒဆိုတဲ့ နေရာမှာ အဲဒီလူကို အတင်းအကြပ် ပဋိညာဉ် ပြုခိုင်းတာမျိုး ဟာ တရားမဝင်ပါဘူး။ ကောင်မလေးကို အဖြေမပေးရင် ဖက်နမ်းမယ်လို့ ပြောတာ (မတော်ရင် ဂျေးပါ အောင်းရနိုင်တယ်) အချစ်ရေးမှာ ရပေမယ့် ပဋိညာဉ် ပြုတဲ့နေရာ ကောင်မလေးကို စာချုပ် လက်မှတ် မထိုးရင် ဖက်နမ်းမယ်လို့ ခြိမ်းခြောက်ပြီး ထိုးခိုင်းတာမျိုးဟာ တရား မဝင်ပါဘူး။ နောက်တစ်ခုက ခြိမ်းခြောက်တာ မဟုတ်ပေမယ့် တစ်စုံတစ်ယောက်ကို ဩဇာအာဏာနဲ့ လွှမ်းမိုးပြီး လုပ်ခိုင်းတဲ့ ပဋိညာဉ်ဟာ တရားမဝင်ပါဘူး။ နောက်ထပ် အရေးကြီးတဲ့ အချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ မလိမ့်တပတ် ဘတ်ကီးရိုက်ပြီး လုပ်တဲ့ ပဋိညာဉ် မျိုးပါ။ သူတစ်ပါး သတိမထားမိတဲ့ ကိစ္စ တစ်ခုကို သိသိကြီးနဲ့ ဖုံးကွယ်ထားပြီး ဂျင်းထည့်တာ၊ မဟုတ်တဲ့ အရာတစ်ခုကို အဟုတ်လို လုပ်တာ ဟာပဋိညာဉ် မမြောက်ပါဘူး။ ဥပမာ အနေနဲ့ အာမခံ ကုမ္ပဏီက သူ့ဆီမှာ အာမခံ ထားတဲ့သူကို အာမခံထားတဲ့နေရာမှာ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းကို လျို့ဝှက်ထားပြီး နောက်မှ ဒါတွေ သိလို့ လက်မှတ် ထိုးထားတာပဲ မဟုတ်လားလို့ လုပ်လို့ မရပါဘူး။ ကိုယ်နဲ့ ပဋိညာဉ် လုပ်တဲ့သူကို မကွယ်မဝှက် အရင်း အတိုင်း ချပြဖို့ လိုပါတယ်။ အာမခံ ကုမ္ပဏီ တစ်ခုနဲ့ လူတစ်ယောက် အမှု ဖြစ်တဲ့ အခါ အာမခံ ကုမ္ပဏီက စည်းမျဉ်း စည်းကမ်းတွေကို ဖတ်မရအောင် စာလုံး အသေးနဲ့ ရေးထားပြီး အပေါ်မှာလည်း ပိုပြီး ခက်ခဲအောင် တံဆိပ်တုံး ထပ်နှိပ်ထားတဲ့ အတွက် လုံလောက်တဲ့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ယူဆပြီး တရားသူကြီးက အာမခံ ကုမ္ပဏီကို တရားစွဲတဲ့သူကို အနိုင်ပေးလိုက်ပါတယ်။  အကြောင်းအရာ တစ်ခုကို သိလျှက်နဲ့ တမင်မပြောတာ၊ အမှန်အတိုင်း မပြောတာဟာ ဖုံးကွယ်တာပါပဲ။။ အဲဒီလို ဖုံးကွယ်တာမျိုးကို လိမ်လည်တယ်လို့ ခေါ်ပါတယ်။ တခါတလေ ဖုံးကွယ်တာမဟုတ်ဘဲ ရိုးရိုးသားသား မသိလို့ ပြောမိတာလည်း ရှိပါတယ်။ ဒါကိုတော့ အလွဲပြောဆိုတယ်လို့ ခေါ်ပါတယ်။ လိမ်တာပဲ ဖြစ်ဖြစ် အလွဲပြောတာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် မှားယွင်းပြောဆိုတာဟာ ပဋိညာဉ်ကို ပျက်ပြယ်စေနိုင်ပါတယ်။ ကျွန်တော် အဓိက ရေးချင်တဲ့ အကြောင်းက အဲဒါပါ။ တစ်ခါတစ်လေမှာ ကိုယ်နဲ့စာချုပ်ချုပ်တဲ့သူဘက်က တစ်ချို့စာပိုဒ်တွေကို ဝိုးတိုးဝါးတားရေး မလိမ့်တပတ်လုပ်ပြီး ကိုယ့်ကို ဂျင်းထည့်တာမျိုး ရှိတတ်ပါတယ်။ အဲဒီလို လုပ်တာဟာ တရားမဝင်ဘူး စာချုပ်မှာ ကိုယ်လက်မှတ်ထိုးထားသည့်တိုင်အောင် သူတို့ ဘက်က လုပ်ပိုင်ခွင့် မရှိဘူး ဆိုတာကို ရှင်းရှင်းလင်းလင်းကြီးကို သိဖို့လိုပါတယ်။ မပျင်းသေးရင်တော့ နောက်တစ်ပိုင်း ဆက်ရေးပါဦးမယ်။ အခုတော့ ဒီနေရာတွင် ရပ်ပါ့မယ်။
...
အမ်ဘီအေ သင်တန်းမှာတုန်းက ပဋိညာဉ် ဥပဒေ အကြောင်း အသေးစိတ် သင်ပြပေးတဲ့ ဆရာဦးမောင်မောင် (မော်ကျွန်း)ကို အထူးကျေးဇူးတင်တဲ့ အကြောင်း ဒီနေရာကနေ ပြောပါရစေ။
မူရင်း - ကိုဇော်သက်အောင်
​ဒေါ်လှလှ​မော်
Tuesday, February 25, 2020
🎁 ကျန်းမာသက်ရှည်ရန် သိကောင်းစရာ TDEE အကြောင်း 🎁
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
ဦးစွာ။
🙏 wuhan virus ကို အသက်နှင့်ရင်းပြီး ကူညီဆောင်ရွက်နေသည့် ဆေးပညာနယ်ပယ်မှ hero များနှင့် ကူညီရင်းအသက်ပေးသွားသည့် hero များကို huge respect & honour ပါဗျာ။ let’s stay away from that virus!🙏
👉 TDEE ဆိုတာ ဘာပါလိမ့်။ ဘယ်သူတွေသိထားသင့်ပါသလဲ။ လိုအပ်သည့် မိတ်ဆွေများအသုံးပြုနိုင်အောင် ကျွန်နော် သိထားတာလေးကို sharing လုပ်ပေးတာပါ။ ကျွန်နော့ post များက မိတ်ဆွေများအတွက် မဆိုစလောက်လေး အသုံးတည့်ပါက ကျေနပ်ပီတိဖြစ်ရသူပါ။ Health is Wealth ဖြစ်သလို Being healthy is being sexy ဆိုတာကို Don’t forget နော် 😘 I do care about (yo’all) your health ပါ။
💢TDEE မှာ Total Daily Energy Expenditure ဖြစ်ပါသည်။ ခန္ဓာကိုယ်က နေ့စဉ်အသုံးပြုသည့် စွန်းအင်ပမာဏ လို့ ခေါ်ရပါမည်။ ကိုယ်ခန္ဓာ ကြီး၊ သေး၊ အရပ် ရှည်၊ တို နှင့် နေ့စဉ်ဘဝ နေထိုင်ပုံအပေါ်မူတည်၍ တစ်ဦးချင်း လိုအပ်မှု ကွဲလွဲနိုင်ပါသည်။
👉 ဘော်ဒီ transform ဖြစ်ချင်သူများ အထူးသိထားသင့်ပြီး၊ အသုံးချတတ်ရန်လိုအပ်ပါသည်။ ဆိုလိုသည်မှာ ကျန်းမာသည့် ဘော်ဒီပိုင်ဆိုင်ချင်သည့် လူ့အဖွဲ့အစည်းအားလုံးအတွက် သိထားသင့်ပြီး၊ လက်တွေ့အသုံးချရန် လိုအပ်ပါသည်။
💢 gym နယ်ပယ်တွင်ကား ဗဟုသုတပြည့်စုံရုံ၊ ပတ်သက်သည့် အကြောင်းအရာမှန်သမျှသိထားရုံနှင့် မလုံလောက်ပါ။ results ကောင်းကောင်းရစေရန် လက်တွေ့ ကစားသည့်အချိန်တွင် အသုံးချတတ်ရန် အထူးအရေးကြီးပါသည်။ ကိုယ်တိုင် ကစားချိန်တွင် စာတွေ့ theory ကို အသုံးချရသည့် နယ်ပယ်ဖြစ်ပါသည်။ စာတွေ့ထက် လက်တွေ့ ကဏ္ဍအရေးပါသည့် နယ်ပယ်ဟု ဆိုရပါမည်။
💢 ဝိတ်ကျရန်၊ ဝိတ်တတ်ရန် ၊ lean muscle ဖြစ်ရန်   စွန်း ဈေးကြီးပြီး စွန်း လန်းသည့် gym များ၊ စွန်း တော်သည့် gym trainer များ( ကျွန်နော်က ဝါသနာ ထရိန်နာပါနော) ၊ စွန်း က တတ်သည့် zumba dancer များနှင့် စွန်း ကျွမ်းကျင်သည့် yoga instructor များလည်း ဟတ်ချလောင်းဆိုပြီး body transform ဖြစ်အောင် မဖန်တီးနိုင်ပါ။ ၄င်း TDEE ကို ပါးနပ်စွာ အသုံးမချတတ်သရွေ့ struggle ဖြစ်ပြီး၊ body gaol ကို ရောက်မည်မဟုတ်ပါ။
👉 အချိန်တိုအတွင်း ဝိတ်အများကြီးကျသွားသော်လည်း TDEE ကို မကိုင်တွယ်တတ်လျှင်၊ ပုံမှန်ဝိတ်သို့ ချက်ချင်းဆိုသလို ပြန်ရောက်နိုင်ပါသည်။ ထို့ကြောင့် TDEE ကို သိထားသူ၊ အသုံးချတတ်သူများမှာ အသက်ကြီးပေမယ့် မပျက်စီးသေးသည့် ဘော်ဒီအလန်း ပိုင်ရှင်များဖြစ်ကြပါသည်။ ကျွန်နော် tom burmese လိုလူမျိုးပေါ့၊ ဟိဟိ လက်လွန်သွားလို့ ဆောရီးနော။ ဥပမာ။ Jlo တို့လို လူမျိုးကိုဆိုလိုတာပါ။
👉 TDEE = BMR or RMR + TEPA + TEF 👈
💢 လူတစ်ယောက်၍ TDEE ကို သိရန်
1️⃣ Basal Metabolic Rate သို့ Resting Metabolic Rate ကို သိရပါမည်။ ဥပမာ။ အိပ်ယာပေါ်တွင်လဲလျှောင်းအနားယူနေချိန် သို့ လှုပ်ရှားမှု မရှိသည့်အချိန် သူ့အလိုလို ကိုယ်ခန္ဓာကိုယ်မှ ကယ်လိုရီလောင်ကျွမ်းမှုကို ဆိုပါသည်။ မာဆယ်များလေ ပိုများလောင်ကျွမ်းမှုများသည်။ ထို့ကြောင့် အစာ အများကြီးစားထားသော်လည်း မကြာခဏ ဆာတတ်ခြင်း။  RMR ကို သိရန် ဆေးခန်းများနှင့် အချို့ gym များတွင် စက်ဖြင့်တိုင်းတာ၍ သိနိုင်ပါသည်။ ထို BMR တက်လာအောင် လေ့ကျင့်ခန်းများလုပ်ယူရပါသည်။
2️⃣ Thermic Effect Physical Activity မှာ နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုဖြင့် လောင်းကျွမ်းသည့် ကယ်လိုပင်ဖြစ်သည်။ ဥပမာ။ gym workout၊ ရေကူးခြင်း၊ လမ်းရှောက်ခြင်း စသည်တို့မှ လောင်ကျွမ်းခြင်း ပမာဏပင် ဖြစ်ပါသည်။ မိမိသည်တစ်နေကုန် ရုံးမှာထိုင်ရသူဖြစ်ပါသလား။ တနေကုန်လမ်းလျှောက်ရသူဖြစ်ပါသလား။ TEPA များလေပိုကောင်းလေပါ။ TEPA များအောင် နှစ်ချီပြီးလုပ်ပေးလျှင် အပေါ်မှ RMR များလာပါမည်။
3️⃣ Thermic Effect of Food မှာ မိမိစားသုံးလိုက်သည့် အစားအစာကို ချေဖျက်ရန်သုံးသည့်  ကယ်လိုရီလောင်ကျွမ်းမှုပင်ဖြစ်သည်။ မိမိစားသည့် အစားအသောက်အပေါ်တွင် အထူးမူတည်ပါမည်။ ယေဘူယအားဖြင့် မိမိစားသည့် ကယ်လိုရီပမာဏ၏ ၁၀% ဝန်းကျင်ရှိသည်ဟု သိရပါသည်။ TB continued
💢 သင့်မိတ်ဆွေများအတွက် အသုံးဝင်ပါက like & share လုပ်ပေးဖို့ မမေ့နဲအုံးနော် အမျိုးတို့ရေ။
🙏have a healthy & happy day🙏
အားလုံးကျန်းမာကြပါစေ "Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
Sunday, February 23, 2020
Human Resource Succession Planning
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
#Htain_Lin_Kyaw_HR
ဒီတစ်ပတ်တော့ HR နဲ့ပတ်သတ်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ရေးဖို့ စဉ်းစားမိတဲ့အခါ ၊ ကျွန်တော်တို့ဆီကို မကြာသေးခင် လာသွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အကြောင်းကို သတိရမိသွားတယ် ။ တလောက ဒီအကြောင်းနဲ့ပတ်သက်ပြီး  ဆိုရှယ်မီဒီယာမှာ ပုပ်ရဟန်းမင်းကြီး တစ်ယောက်ဖြစ်ဖို့ ဘယ်လို အဆင့်ဆင့်တွေ သတ်မှတ်ထားသလဲ ဆိုတာကို Video လေးတစ်ခု ကြည့်လိုက်ရတယ် ။ အဆင့်ဆင့်သော ရွေးချယ်မှုတွေ ၊အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ထားရှိထားတဲ့ အစီအစဉ်လေးကို ကြည့်ပြီး HR တွေ အတွက် ရေးဖို့ သတိရမိတာက succession Planning  အကြောင်းပါ ။
အဖွဲ့အစည်းတစ်ခု ၊ လုပ်ငန်းတစ်ခုက အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုတာ ကြိုးစားမှု အပေါ်မူတည်ပြီး ဖြစ်နိုင်တာ ရှိပါတယ် ။ ဒါပေမဲ့ ရေရှည်မှာ ဒီအဖွဲ့အစည်းတစ်ခုက ကာလတစ်ခုအထိ တည်မြဲနေစေဖို့  စီမံဆောင်ရွက်ရတဲ့အပိုင်းက သာ ခက်ခဲတာပါ ။ နိုင်ငံတကာ လုပ်ငန်းစုတွေ နှစ်ပေါင်းများစွာ သားစဉ်မြေးဆက် တည်မြဲအောင် ဆောင်ရွက်နိုင်ဖို့ သူတို့ ချမှတ်ထားတဲ့ Succession Planning ဆိုတာကတော့ ဘယ်လောက် အထိ အကျိုးသက်ရောက်မှုရှိတယ် ဆိုတာ သူတို့ အဖွဲ့အစည်းတစ်ခု  နှစ်ပေါင်းများစွာ ဘယ်လောက် ရပ်တည်နိုင်ခဲ့သလဲ ဆိုတာကို တိုင်းတာ ကြည့်ရှရမှာပါ ။ ရာစုနှစ်တစ်ခု ဖြတ်သန်းပြီး ရပ်တည်နေခဲ့တဲ့ ဒီလုပ်ငန်းတွေမှာ ဘာတွေ ဆောင်ရွက်ထားလို့လဲ ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ် ။ကျွန်တော်တို့ ဆီက လုပ်ငန်းတော်တော်များများ မှာ succession Planning ဆိုတာ သိပ်မတွေ့လှပါဘူး ။ လူတစ်ယောက် ၊အဖွဲ့တစ်ခုက တော်လွန်းနေရင် သူဦးဆောင်မှု အနောက်ကို လိုက်ပြီး  အဖွဲ့က တိုးတတ်မယ် ၊အောင်မြင်မှု ရှိနေမှာဖြစ်ပြီး  အဲ့လူတွေ မရှိတော့တာနဲ့ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည် က ထိုးကျသွားတာ မြင်တွေ့ဖူးကြမှာပါ ။
တကယ်တော့ Succession Planning ဆိုတာ လုပ်ငန်းအဖွဲ့အစည်းတစ်ခုကနေ ၊ အသိုက်အ၀န်းတစ်ခု ၊ နိုင်ငံတစ်နိုင်ငံ အနေနဲ့တောင် ရှိကြရတာမျိုးမှာ ဒီအခြေအနေကိုမူတည်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ တိုးတတ်ဖွံ့ဖြိုးမှု ပြယုပ်တစ်ခုကို တည်ဆောက်ရတာပါ ။ ခုလက်ရှိ မြန်မာ့နိုင်ငံရေးမှာ  International Icon အဖြစ် နိုင်ငံတစ်ခုကို ဦးဆောင် နေရတဲ့ ကျွန်တော်တို့ ခေါင်းဆောင် ကို ကြည့်ပြီး National Succession Planning ပြင်ဆင်ဖို့ အရေးကြီးတယ် ဆိုတာကို အားလုံး လက်ခံကြမှာပါ ။ အခုကျွန်တော်တို့ ကိုင်နေကြတဲ့ I Phone ရဲ့ တီထွင်သူကြီး မရှိတော့တာတောင် ဈေးကွက်မှာ ဘာကြောင့် နေရယူနေနိုင်သလဲ ဆိုတာကို တစ်ချက်သတိပြုမိရင် APPLE ရဲ့  Succession Planning မှာ သေချာပြင်ဆင်ထားတာ တွေ့ရမှာပါ ။ ယှဉ်ပြိုင်မှု ပြင်းထန်းလွန်းတဲ့ Mobile ဈေးကွက်မှာ စတိဂျော့ မရှိတဲ့အခါ  သူတို့ ဘယ်လို အောင်မြင်အောင် ဆောင်ရွက်ဖို့ ဘာတွေ လိုအပ်နေသလဲ  ဆိုတာကို  Succession Planning မှာ ထည့်သွင်းရေးဆွဲရမှာဖြစ်ပါတယ် ။ဆက်ပြီးတော့ Succession Planning အကြောင်းလေး အသေးစိတ်သွားရအောင် …
# ဘာကြောင့်မိမိအဖွဲ့အစည်းတွေမှာ ရှိသင့်တာလဲ ?
# Succession Planning ဆိုတာ ဘာလဲ ?
လုပ်ငန်းခွင်ထဲက စီမံခန့်ခွဲမှု ၊ ခေါင်းဆောင်မှု ပေးနေတဲ့ ၀န်ထမ်းတွေ အနားယူသွားတာ ၊နုတ်ထွက်သွားတဲ့အခါ ၊ ထုတ်ပယ်ခံလိုက်ရတဲ့အခါ နဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ သေဆုံးသွားတဲ့ အခါ  လုပ်ငန်းတွေကို မူလ အတိုင်း ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်စေဖို့ အတွက် အလားအလာရှိတဲ့ စွမ်းဆောင်ရည်မြင့်မားသူ ၀န်ထမ်းများကို စီမံခန့်ခွဲမှု တာဝန်များ ဆောင်ရွက်နိုင်စေဖို့ လေ့ကျင့်သင်ကြားပေးထားရတဲ့ အခြေအနေ တစ်ခုပဲဖြစ်ပါတယ် ။
ဒီအခြေအနေတစ်ရပ်ကို ကြုံတွေ့လာရတဲ့အခါ ခေါင်းဆောင်မှု ပြသာနာနဲ့ ဦးဆောင်သူ မရှိတဲ့ အခိုက် အတန့်မှာ စစ်မှန်တဲ့ အရည်အချင်းရှိသူတွေကို ရှာဖွေဖို့ ခက်ခဲတာတွေ ၊အဆင်ပြေရာ တာဝန်ပေး လိုက်တဲ့အခါ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကျဆင်းလာတာတွေကို ရှောင်လွဲ စေနိုင်ဖို့  Succession Planning တစ်ခု မိမိ လုပ်ငန်းအဖွဲ့အစည်းအတွက် ကြိုတင်ရေးဆွဲထားဖို့လိုပါတယ် ။
မိမိ လုပ်ငန်းအဖွဲ့အစည်းအတွက် လိုအပ်နေတဲ့ Succession Planning တစ်ခု ဘယ်လိုရေးဆွဲမလဲဆိုတာကို  တင်ပြချင်ပါတယ် ။ မိမိ အဖွဲ့အစည်း ရေရှည်မှာ သွားချင်တဲ့ Business Model တစ်ခုကို ခိုင်မာအောင် တည်ဆောက်ရပါမယ် ။ နောက်တစ်ချက်က မိမိအဖွဲ့အစည်းအတွင်းက Key Person employees တွေကို အရင်ဆုံးဖော်ထုတ်ရပါမယ် ။ သူတို့တွေရဲ့ နောက်ကာလအတွက် မိမိအဖွဲ့အစည်းမှာ ရေရှည် ဆောင်ရွက် နိုင်မယ့်အလားအလာ ၊ ဆက်လက်လုပ်ကိုင်နိုင်စွမ်း ဒါတွေကို အသေအချာ သုံးသပ်ရမှပါ ။ သူတို့ နေရာတွေမှာ ဆက်လက် ဆောင်ရွက်နိုင်မယ့် Talent  Employee တွေကို Talent pool ကို ထည့်ပြီး လိုအပ်တဲ့ ဆက်လက် ပြင်ဆင်မှုတွေ လုပ်နိုင် လေ့ကျင့် သင်ကြားပေးရတာတွေ ၊ အနာဂတ်မျှော်မှန်းချက်တွေနဲ့ပတ်သတ်ပြီး  နားလည်ရှင်းလင်းစေဖို့ လိုအပ်တာတွေ ဆောင်ရွက်ပေးရမှာပါ ။
ဒီအတွက်  Succession Planning Programs တွေ ရေးဆွဲချမှတ်ဖို့လိုသလို ၊ ၀န်ထမ်းရွေးချယ်ရာမှာလည်း ဒီအချက်ကို ထည့်သွင်းစဉ်းစားပြီးရေးဆွဲ နိုင်ဖို့လိုပါတယ် ။ ဒီတော့ succession Planning ရေးဆွဲရာမှာ  တည်ဆောက်ထားရမယ့် အခြေခံကျတဲ့ အချက်အလက် တစ်ချို့ ကိုတင်ပြချင်ပါတယ် ။ ဒါတွေကတော့
၁။ အနာဂတ်ကာလအတွက် တိကျတဲ့ ရည်မှန်းချက်ကို ကြိုတင်ပြင်ဆင်ချမှတ်
တကယ်လို့ မိမိလုပ်ငန်းအဖွဲ့အစည်းက ရေရှည်တည်မြဲအောင်ဆောင်ရွက်စေ ဖို့ အစီအမံတွေချမှတ်ဖို့ဆိုရင် စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို ပုံစံမျိုးနဲ့ ဆက်လက်သွားမလဲ ဆိုတာကို အရင်ဆုံး ဆုံးဖြတ်ရမှာပါ ။ ဒီလိုချမှတ်တဲ့အခါ ကာလရှည် တစ်ခုအထိ အခြေခံကျကျ ချမှတ်ထားနိုင်ရပါမယ် ၊ ဥပမာ - နောက် (၂၀) အတွင်းမှာ လုပ်ငန်းရဲ့ ဦးဆောင်သူ တွေ တော်တော်များများ ရှိမှာ မဟုတ်တော့တာကြောင့်  ဒီလူတွေနေရာမှာ ဆက်လက် အစားထိုးဖို့ လိုအပ်လာမယ် ၊နောက်တစ်ချက်က စီးပွားရေးလုပ်ငန်းတွေက ယှဉ်ပြိုင်မှုများလာ  တာ နဲ့အမျှ  ဈေးကွက်ဝေစု အနာဂတ်ကာလမှာ ရဖိုက လိုအပ်တာတွေကို  ဘယ်လိုပြင်ဆင်ထားမလဲ ၊ နောက်  နှစ် (၂၀) အတွင်း မှာ လုပ်ငန်းကို ဘယ်လို ပုံစံမျိုးနဲ့ သွားမလဲ ဆိုတာကို စီမံချမှတ်ရတဲ့ အပိုင်းဖြစ်ပါတယ် ။
၂။  ဦးဆောင်မှုကို ဆက်ခံမယ်နိုင်မယ့် အလားအလာရှိ သူတွေကို ရွေးချယ်
ဒီအပိုင်းက အရေးအကြီးဆုံးပါ ၊ သူတို့ကို ဘယ်လို ပုံစံမျိုးနဲ့ ရွေးချယ်မလဲဆိုတာရယ် ၊ သတ်မှတ်ထားမယ့် အရည်အချင်းသတ်မှတ်ချက် ၊ တစ်ဦးချင်းတစ်ယောက်ချင်းစီအလိုက် ရှိနေတဲ့အရည်အချင်းတွေ ဒါတွေကို သေချာသုံးသပ်ပြီး အဖွဲ့အစည်းရဲ့ ဦးဆောင်မှုကို ပေးနိုင်မယ့်  သူတွေဖြစ်အောင် ပျိုးထောင်ပေးဖို့ ရွေးချယ် ပေးရတာဖြစ်ပါတယ် ။
အခြေခံအကျဆုံးက အဖွဲ့အစည်းရဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အရည်အချင်းသတ်မှတ်ချက်တွေကို အရင်ဆုံးသေချာစွာ ဆုံးဖြတ်ရပါမယ် ။ အဲ့မှာ Educational Background  ၊ Experience  ၊Skill & knowledge  ၊ Talent ,  Problem Solving  , Leadership  အစရှိတာတွေကို  စီမံခန့်ခွဲသူများအားလုံးပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းပြီး ဖြစ်စေ ၊ လိုအပ်ရင် သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင် ပညာရှင်များပါဝင်ပြီးဖြစ်စေ သေချာစွာ ချမှတ်ထားရမှာပါ ။ ဒီအပေါ်မှာ မူတည်ပြီး  peak performers  တွေကို  ရွေးချယ်မှု ပြုလုပ်မယ် ဆိုရင်တော့ ပိုပြီးတော့ တိကျသေချာမှာပါ ။ တကယ်လို့ မိမိ ရွေးချယ် ထားတဲ့ သူတွေထဲကမှ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့အစည်းက စွန့်ခွာသွားသူတွေ ၊ ဖယ်ရှား လိုက်တဲ့သူတွေ နေရာမှာလည်း ဒီအတိုင်း ထပ်မံရွေးချယ်ပေးရမှာပါ ။
၃။ ရည်မှန်းချက်တွေကို ရှင်းလင်းစွာ ဖော်ပြပေးပါ ။
တကယ်လို့ တိကျသေချာတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ပြီးပြီဆိုရင် ဒီအဆင့်မှာ သူတို့တွေကို အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ ရှေ့ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး တိကျသေချာစွာ အသိပေးထားရမှာပါ  ။ဒီလူတွေထဲက လူတစ်ချို့က အဖွဲ့အစည်းရဲ့ CEO ဖြစ်လာနိုင်သလို ၊ တစ်ခြားသော ထိပ်တန်းစီမံခန့်ခွဲသူတစ်ယောက်ဖြစ်လာနိုင်တယ် ဆိုတာရယ် ၊ အားလုံးမှာ အဖွဲ့အစည်းအတွက် တူညီတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ညီမျှစွာ ကြိုးစားပိုင်ခွင့်ရှိတယ် ဆိုတာကို ဖော်ပြပေးရပါမယ် ။ တစ်နည်းအားဖြင့် ဒီလို အရည်အချင်းရှိသူတွေ ၊ အလားအလာရှိတဲ့ ပါရမီရှင် ၀န်ထမ်းတွေကို Talent Pool ထဲကို ထည့်သွင်းလိုက်တာဖြစ်ပါတယ် ။
၎။ လေ့ကျင့်သင်ကြားမှု အစီအစဉ်များ
ဒီအချက်ကတော့ ၀န်ထမ်းတိုင်းကို  ဆောင်ရွက်ပေးရမှာဖြစ်သလို ၊ Succession Planning Programs များ ရေးဆွဲပြီး လိုအပ်တဲ့  လေ့ကျင့်သင်ကြားမှု ၊ ဖွံ့ဖြိုးတိုးတတ်မှု အစီအမံများ ရေးဆွဲထားရမှာပါ ။  သက်ဆိုင်ရာနယ်ပယ်အလိုက်လိုအပ်တဲ့အရည်အချင်းတွေ အပြင် အဖွဲ့အစည်းကို ဦးဆောင်မှု ပေးရမယ့်အခါ လိုအပ်တဲ့ အရည်အချင်းတွေကိုပါ  လေ့လာ သင်ကြားစေရမှာပါ ။ တစ်ချို့သော လေ့လာမှုတွေက သူတို့ကိုယ်တိုင်စိတ်ပါဝင်စားစွာ  လုပ်ကိုင်ဆောင်ရွက်နိုင်စေဖို့ တွန်းအားပေး ဆောင်ရွက် စေရတာမျိုး လည်း ရှိပါတယ်။ Mentoring and Training  ပေးတာတွေ ၊ Coaching ပိုင်းတွေကို လေ့ကျင့်သင်ကြားစေတာမျိုးက အသင့်လျော်ဆုံးပါ ။ တစ်ချို့သော လုပ်ငန်းဆောင်ရွက်ချက် တွေမှာ အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့  ဆုံးဖြတ်ချက်တွေ ၊ လုပ်ဆောင်ချက်တွေကို သူတို့ကို စီမံဆောင် ရွက်ခွင့်ပေးတာတွေ ဟာ ယုံကြည်ရင်းနှိးမှု ကို ရရှိစေသလို ၊ သူတို့တွေရဲ့ လုပ်ကိုင်နိုင်စွမ်းကို စောင့်ကြည့်ရလည်း ရောက်ရပါတယ်။
၅။ အဖွဲ့အစည်းအပေါ်  တန်ဖိုးထားတတ်စေဖို့စီမံပါ ။
ဒီအပိုင်းမှာ မိမိအဖွဲ့အစည်းအပေါ် တန်ဖိုးထားတတ်စေဖို့  သူတို့ တွေကိုလည်း တန်ဖိုးထား အသိအမှတ် ပြုရမယ်ဆိုတာ အပြန်အလှန်အားဖြင့်  သတိပြုမိရပါမယ် ။  မိမိအဖွဲ့အစည်းက သူတို့တွေအပေါ် တန်ဖိုးထား အသိအမှတ်ပြုကြောင်း ဖော်ပြစေတဲ့  လုပ်ရပ်မျိုးတွေ ၊တစ်ဦးချင်းတစ်ယောက်ချင်းစီအလိုက် တန်ဖိုးထားမှု ၊၀န်ထမ်းတွေအပေါ်မှာ ရှိတဲ့ အဖွဲ့အစည်းရဲ့ သဘောထား ဒါတွေကို  အပြန်အလှန်ထုတ်ဖော်နိုင်မှ ၀န်ထမ်း တွေက လည်း ချစ်ခင်တန်ဖိုးထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာမှာပါ ။
၆။ ပြင်ပမှ ရှာဖွေ ဖော်ထုတ်ရခြင်း
တကယ်လို့ မိမိ အဖွဲ့အစည်းအတွင်း  ခေါင်းဆောင်ပိုင်းနေရာမှာ ဆက်ခံနိုင်မယ့်သူတွေ မရှိခဲ့ဘူးဆိုရင် ၊ ရွေးချယ်ထားသူတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့အစည်းကို စွန့်ခွာသွားခဲ့မယ် ဆိုရင် မိမိအနေနဲ့ ပြင်ပကနေ ရှာဖွေ ဖော်ထုတ်ရမယ့်အခြေအနေပါ ။ ဒီလိုအခြေအနေမျိုးက အဖွဲ့အစည်အတွင်းမှာ Talent gaps ဖြစ်နေတဲ့အခါ မှာ ကြုံတွေ့ရတတ်ပါတယ် ။ ဒီအချက်ကိုလည်း Succession Planning အတွင်းမှာ ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါတယ် ။ ဒီတော့ မိမိရဲ့  Hiring Strategy မှာ ဒီအချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ် ။ ဒိလို မဖြစ်စေဖို့ မိမိ အဖွဲ့အစည်းအတွက်  ၀န်ထမ်းရွေးချယ်တဲ့အခါမှာ မှားယွင်း အားနည်း နေတဲ့ Recruiting  Strategy  တွေကို ရှာဖွေ ဖော်ထုတ်တာတွေ ၊ Succession Planning ကို Focus ထားပြီး ဆောင်ရွက်ရမယ့်  Recruiting  Systems ကို သေချာစွာ ပြင်ဆင်ရွေးချယ်ပါက ပိုပြီးထိရောက်စေမှာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ Human Resource Succession Planning နဲ့ပတ်သတ်ပြီး လေ့လာမိသလောက် မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။ အဖွဲ့အစည်းတိုင်းအတွက် အရေးကြီးတာကြောင့် ခေါင်းဆောင်မှုဆက်ခံသူမရှိတဲ့  ပြသာနာဟာ အားလုံး  အတွက် အရေးကြီးတဲ့အချက်လည်းဖြစ်ပါတယ် ။ နောက်တစ်ချက်က Succession Planning ဟာ ပုံစံတူကူးချလို့ရတဲ့အရာမဟုတ်တဲ့အတွက် မိမိအဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အလားအလာရှိတဲ့ ၀န်ထမ်းတွေ ၊ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင် ဒါတွေနဲ့ချိတ်ဆက် ဆောင်ရွက် ရတာဖြစ်လို့ ကွဲပြားခြားနားနေမှာ မှန်ပေမဲ့ အနှစ်သာရ အပိုင်းကတော့ အခြေခံအားဖြင့် တူညီကြပါတယ် ။ အားလုံးပဲ အဆင်ပြေကြပါစေ ….
ထိန်လင်းကျော် (HR) 
Ref :    :  Effective Succession Planning ( William J. Rothwell) - Fourth Edition
Friday, February 21, 2020
ဂွေးတောက်ရွက် ကြက်တောင်ပံဟင်းချို -ကျောက်ပွင့်အစပ်ဟင်း-ငရုတ်သီးစိမ်းရခိုင်ချက်- ထန်းသီးဆံအညာချက် -ငါးအချောင်းကြော် (Crispy Fish Fingers)
ဂွေးတောက်ရွက် ကြက်တောင်ပံဟင်းချို
--------------------------------------------
ပါဝင်ပစ္စည်းများ
• ကြက်တောင်ပံ  -  ၈ဝဝ ဂရမ်
• ဂွေးတောက်ရွက်  -  ၇၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၁၀ ဂရမ်
• ချင်း  -  ၇ ဂရမ်
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ခရုဆီ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆန်လှော်မှုန့်  -  ၂၀ ဂရမ်
• ရေ  -  ၂ လီတာ
• ငရုတ်ကောင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူနှင့် ချင်းတို့ကို ဆီသတ်ပါ။ 
၂။ ကြက်တောင်ပံနှင့် ရေထည့်ပြီး မီးအေးအေးဖြင့် မိနစ် ၃၀ ခန့် ချက်ပါ။ 
၃။ ကြက်တောင်ပံများ နူးအိလာလျှင် ဆန်လှော်မှုန့်ထည့်ပါ။ အရသာအတွက် ဆားနှင့် ခရုဆီထည့်ပါ။ အရသာများထည့်ပြီး ဟင်းချိုကို ဆူအောင် တည်ပါ။ ဂွေးတောက် ရွက်များ ထည့်၍  အပေါ်မှ ငရုတ်ကောင်းမှုန့်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
--------------------------
Htain Lin Maung 
ကျောက်ပွင့်အစပ်ဟင်း
------------------------------
ပါဝင်ပစ္စည်းများ
• ကျောက်ပွင့်  -  ၂ ပွင့်
• ကြက်သွန်နီ  -  ၁ လုံး
• ကြက်သွန်ဖြူ  -  ၅ မြွှာ
• ငါးပိ  -  အနည်းငယ်
• ငရုတ်သီးစိမ်း  -  ၄ တောင့်
• ရှောက်ရွက်  -  ၄ ရွက်
• နနွင်းမှုန့်  -  အနည်းငယ်
• ဆီ  -  အနည်းငယ်
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ငံပြာရည်  -  အနည်းငယ်
• ကြက်သွန်မြိတ်  -  အနည်းငယ်
• သံပရာသီး  -  အနည်းငယ်
• ချင်း  -  အနည်းငယ်
ပြုလုပ်နည်း
 ‌ကျောက်ပွင့်ကို အနေတော်လှီးထားပါ။ ပြီးလျှင် ငရုတ်သီးစိမ်း
ကို ဓားပြားရိုက်ပါ။ သံပရာသီးကို အရည်ညှစ်ရန်အတွက် လှီးထားပါ။ ရှောက်ရွက်ကို ပါးပါးလှီးပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူ လာပြီဆိုလျှင် နနွင်းမှုန့်ထည့်ပြီး ဆီသတ်ပါ။ နနွင်းမှုန့် အနံ့မွှေးလာလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ချင်းနှင့် ကြက်သွန်နီ ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ/နီ၊ ချင်းအနံ့မွှေးလာပြီဆိုလျှင် ငါးပိထည့်ပြီး ဆီသတ်ပါ။ ငါးပိနံ့မွှေးလာပြီဆိုလျှင် ငရုတ်သီးစိမ်းထည့်ပြီး ဆီသတ် ပါ။ အရသာများအဖြစ် ဆား၊ ငရုတ်ကောင်းမှုန့်၊ သကြားနှင့် ငံပြာရည် ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး အနှစ်ရအောင် ချက်ပါ။ ရေဆူလာ ပြီဆိုလျှင် ကျောက်ပွင့်ထည့်ပါ။ ကျောက်ပွင့် ထည့်ပြီးလျှင် ရေ အနည်း ငယ်ထပ်ထည့်ပြီး ၅ မိနစ်ခန့် နှပ်ထားပါ။ ၅ မိနစ်ခန့် နှပ်ပြီးသွားလျှင် သံပရာသီးထည့်ပါ။ ဆီပြန် ရေကျန် အနေအထားရပြီဆိုလျှင် 
ရှောက်ရွက်ထည့်ပါ။ အနံ့အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
--------------------------------------------------
Eant Wint Htut
ငါးအချောင်းကြော် (Crispy Fish Fingers)
----------------------------------------------------
 ယိုးဒယားစတိုင် ငါးအချောင်းကြော်ကို ပုံမှန်အားဖြင့် တန်ပူရာမှုန့်နဲ့ ကြော်ပါတယ်။ ရွှေလိပ်ပြာကို သုံးလို့ရပါတယ်။ ယခုကြော်ထားတာကတော့ အပြင်က ပေါင်မုန့်ခြောက် ကပ်ထားပြီး ပုံစံတစ်မျိုးနဲ့ ကြော်ထားတာလေးပါ။
ပါဝင်ပစ္စည်းများ
• ငါးတန်ငါးအသား  -  ၅ဝဝ ဂရမ်
• ယိုးဒယားငံပြာရည်  -  စားပွဲဇွန်း ၂ ဇွန်း 
• ခရုဆီ  -  ၁ ဇွန်း
• ငရုတ်ကောင်းမှုန့်အဖြူ  -  အနည်းငယ် 
• တန်ပူရာမှုန့် (ရွှေလိပ်ပြာ)  -  ၁ ထုပ်
• ပေါင်မုန့်ခြောက်  -  တစ်ပန်းကန်  
 (သုံးလိုလျှင်)
• ဆီ  -  ကြော်ရန် (အလုံအလောက်)
ပြုလုပ်နည်း
၁။ ငါးတန်ငါးအသားကို အသုံးပြုပါက အသားရဲ့  အနီရောင်၊ အညိုရောင် အပိုင်းများကို သန့်စင် ပေးပါ။ ညှီနံ့ပြင်းလို့ပါ။ ငါးကို ရေဆေးသန့်စင်၍ ရေစစ်ပြီး အချောင်းလေးများ လှီးဖြတ်ထားပါ။
၂။ လှီးပြီးပါက ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး ငံပြာရည်၊ ခရုဆီနှင့် ငရုတ်ကောင်းမှုန့်အဖြူတို့ကို ထည့်ပြီး နယ်ထားပါ။
၃။ ပန်းကန်တစ်ချပ်မှာ တန်ပူရာမှုန့်ဖျော်ထားပါ။ မပျစ်မကျဲ အနေအထား ဖျော်ပါ။
၎။ အားလုံးအဆင်သင့်ဖြစ်လျှင် ဆီအိုးတည်ထားပါ။ ဆီပူလာလျှင် အရသာနယ်ပြီးသား ငါးကို မုန့်နှစ်ရည်ထဲ နှစ်၍ ဆီပူထဲ ထည့်ကြော်ပါ။ ငါးများကို ဆက်တိုက် ထည့်ပြီးလျှင် မီးအရှိန်ကို အမြင့်ဆုံးအထိ တင်ပြီး ကြော်ပါက ငါးအချောင်းကြော်ြွကပ်ရွပြီး ဖောင်းဖောင်းလေးတွေ ရရှိမှာ ဖြစ်ပါတယ်။ (ပေါင်မုန့်ခြောက်ကပ်လိုပါက မုန့်နှစ်ကပ်ပြီး ပေါင်မုန့်ခြောက်ကပ်၍ ဆီပူထဲ ထည့်ကြော်ပါ။)
၅။ အဆက်မပြတ်မွှေပေးပြီး ရွှေဝါရောင်ရပါက ဆယ်ယူ၍ ဆီစစ်ကာ Thai Chilli Sauce မှာ သံပရာသီးညှစ်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။
--------------------------------------------
Sofia
ငရုတ်သီးစိမ်းရခိုင်ချက်
----------------------------------
   ရခိုင်ဟင်းလျာတွေဟာ ဆီအသုံးနည်းပြီး ပူပူစပ်စပ်ကလေးနဲ့ ချဉ်ငန်စပ်အရသာကဲလို့ နှုတ်မြိန်စေတဲ့အတွက် အကြိုက်များကြတာ ဖြစ်ပါတယ်။ ငရုတ်သီးကို ရခိုင်ရိုးရာပုံစံချက်ထားတဲ့ ငရုတ်သီးချက်က အတို့အမြှုပ်စုံစုံလင်လင်နဲ့ စားကြတဲ့
အခါ  ထမင်းဝိုင်းမှာ ငရုတ်သီးချက်တစ်ခွက်နဲ့တင် အခြားဟင်းအမည်များ မလိုအောင် ပြည့်စုံတယ်လို့ ကြိုက်နှစ်သက်သူများက ပြောကြပါတယ်။
ပါဝင်ပစ္စည်းများ
• ငရုတ်သီးစိမ်းတောင့်  -  ၁၀ ကျပ်သား
• ရေငန်ငါး (ပင်လယ်ငါး)  -  ၁၀ ကျပ်သား
• မျှင်ငါးပိ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• မန်ကျည်းသီး  -  ခုံညင်းလုံးခန့်
• ဆား၊ နနွင်းမှုန့်၊ နံနံပင်  -  သင့်ရုံ
ပြုလုပ်နည်း
၁။ ငရုတ်သီးရခိုင်ချက် ချက်ရန် မည်သည့် ပင်လယ် ငါးမျိုးမဆို သုံးနိုင်ပါသည်။ ရေချိုငါးများနှင့်
လည်း ချက်နိုင်ပါသည်။ ငါးကို သန့်စင်အောင် ဆေးကြောပြီး ဆားနှင့် နနွင်းမှုန့်ထည့်၍ ရေနှင့် ပြုတ်ပြီး အရိုးဖယ်ကာ အသားနွှင်ထားပါ။ ဆီကို သီးခြားမသုံးဘဲ ငါးမှထွက်သည့် သဘာဝအဆီ ဖြင့်သာ ချက်ပြုတ်ကြခြင်း ဖြစ်ပါသည်။
၂။ ငရုတ်သီးစိမ်းတောင့်များ အညှြာွေခ၍ ရေဆေးပြီး ဆုံတွင် လေးစိတ်ကွဲ ထောင်း ထားပါ။ မန်ကျည်းသီးကို ရေစိမ်ပြီး မန်ကျည်းရည်တွင် မျှင်ငါးပိကို ထည့်ဖျော် ထားပါ။ နံနံပင်များ သင်ထားပါ။
၃။ အားလုံးအသင့်ဖြစ်လျှင် ချက်မည့်အိုးထဲ အဆာအားလုံးထည့်၍ ရေသင့်ရုံ
ထည့်ပြီး ပွက်ပွက်ဆူအောင်ကျိုကာ မပျစ်မကျဲအနေအထားလေးဖြင့် ချက်ပါ။ ဟင်းရည်အိုးကျက်လျှင် နံနံပင်အုပ်ပြီး အတို့အမြှုပ်စုံစုံလင်လင်ဖြင့်  ဆီလွတ် ငရုတ်သီးရခိုင်ချက်ကို မြိန်မြိန်ယှက်ယှက် သုံးဆောင်နိုင်ပါပြီ။
------------------------------
ဦးစံလွင်(ငါးဦးစီး)
ထန်းသီးဆံအညာချက်
----------------------------
 ယခုလိုဆောင်းဦးပေါက်ရာသီမှာ ထန်းသီးဆံ များကို ပေါပေါလောလော တွေ့နေရပါပြီ။ အချို့က ထန်းသီးဆံ နုနုကလေးများကို ရေစိမ်ထားတဲ့ ကောက် ညှင်းဆန်နဲ့နယ်၍ နှစ်နေလောက်ပြပြီး အချဉ်တည်
ကာ မန်ကျည်းရွက်နုကလေးတွေနဲ့ ရောချက်ပြီး ပုစွန် ငါးပိ အခတ်ကလေးနဲ့ ထသီးဆံ (ထန်းသီးဆံ) အညာ ချက် ချက်ကြပါတယ်။
ပါဝင်ပစ္စည်းများ
• ထန်းသီးဆံ (အနေတော်)  -  ၅ ခု
• ဆီ  -  ၂  ၁/၂ ကျပ်သား
• ကြက်သွန်နီ  -  ၂ လုံး
• ကြက်သွန်ဖြူ  -  ၁ လုံး
• မျှင်ငါးပိ  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးစိမ်းတောင့်  -  ၅ တောင့်
• ဆား၊ နနွင်းမှုန့်  -  သင့်ရုံ
ပြုလုပ်နည်း
၁။ ထန်းသီးဆံကို ရေဆေး၍ အပေါ်ယံအခွံပါးကလေးများ စင်အောင် ခွာပြီး မထူ မပါးလေး လှီးထားပါ။
၂။ ကြက်သွန်ဖြူ/နီကို အခွံနွှာ၍ ခပ်ကြမ်းကြမ်းထောင်းပြီး ငရုတ်သီးစိမ်းတောင့် လေးများကို ထက်ခြမ်းခြမ်းပါ။
၃။ အားလုံးအသင့်ဖြစ်လျှင် ဆီအိုးထဲမှာ ကြက်သွန်ဖြူ/နီ ထောင်းပြီးသား အရော ကို ဆီသတ်ပြီး ထန်းသီးစိတ်လေးများထည့်ကာ ဆား၊ နနွင်းမှုန့်နှင့် မျှင်ငါးပိ
တို့ကို ရေဖျော်ထည့်ပြီး ဖိုမှာတည်ပါ။
၎။ ဟင်းအိုးဆီ ဆူသံပေးလာလျှင် အသီးနူးအောင် လုံးရေထည့်ပြီး ဆီပြန်အောင် တည်ပါ။ ဆီပြန်လာလျှင် ငရုတ်သီးစိမ်းထက်ခြမ်းခွဲများ အုပ်၍ ဖိုမှချပါ။ ငရုတ် သီးစိမ်းနံ့လေးသင်းပြီး ဝါးလိုက်သည့်အခါ အိအိထုတ်ထုတ်နှင့် အရသာ တစ်မျိုးထူးသည့် ထန်းသီးဆံအညာချက်ကလေး အသင့်ရပါပြီ။
------------------------------
စံလွင် (ငါးဦးစီး)
Wednesday, February 19, 2020
သူတို့ တွေက ဘာတွေ မျှော်လင့်ထားကြ သလဲ ?
**************************************************
#Htain_Lin_Kyaw_HR
ဝန်ထမ်းတွေ ဘာကြောင့် အလုပ်ထွက်ကြသလဲ ? ?
သင့် သူဌေးဆီကို ဘယ်လို ကိုင်တွယ် စီမံ မလဲ ?
ဝန်ထမ်းတွေ စွမ်းဆောင်ရည်တတ်အောင် ဘယ်လိုလုပ်မလဲ ?
အရည်အချင်းရှိတဲ့ သူတွေကို ဘယ်လို ထိန်းသိမ်းမလဲ ? ….
ရာထူး လစာတိုးဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ ??ò
........ အစရှိတဲ့ ဆောင်းပါးပေါင်းစုံ ကို စာဖတ်သူတို့ ဖတ်ကြဖူးမှာပါ ။ ပြင်သင့်တာ ပြင် ဆင်သင့်တာဆင် ၊ မိမိ အဖွဲ့အစည်းနဲ့ ကိုက်အောင်လုပ်ဖို့ အဓိကပါပဲ ။ ခက်တာက ၂၁ ရာစုမှာ ဒီလောက်နဲ့တော့ အဖွဲ့အစည်း တိုးတတ်ဖို့ ရေရှည်မျှော်မှန်းလို့မရတော့ပါဘူး ။
အထက်က တင်ပြခဲ့တဲ့ အချက်တွေကို ကျွန်တော်ကိုယ်တိုင်လည်း ဆောင်းပါးတွေ အဖြစ် ရေးခဲ့ဖူးပါတယ် ။ အသုံးပြုလို့လည်း ရနိုင်သလို ၊တကယ်လည်း ထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုမို ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ခု တည်းဆောက်ရမှာ ဒီလောက်နဲ့ တော့မရတော့ပါဘူး ။မိတ်ဆွေက လုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်သည် ဆိုပါစို့ …. အဖွဲ့အစည်းအတွင်းမှာ HR ရဲ့ ပါဝင်မှု အရေးပါမှု က ဘာဖြစ်မလဲ ? HR တွေ ဆီက ဘာတွေ မျှော့်လင့်ထားသလဲ ? သူတို့ လိုချင်တာက ဘာလဲ ဆိုတာ သိဖို့လိုပါတယ် ။ ဒါမှ လည်း HR ရဲ့ အရေးပါမှုကို အသိအမှတ်ပြုခံရမှာဖြစ်သလို ၊ အဖွဲ့အစည်းအတွင်းက ၀န်ထမ်းတွေအတွက်လည်း မျှတ ညီညွတ်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ပေးနိုင်မှာပါ ။ ဒီတော့ အလုပ်ရှင်တွေ ဘာတွေ မျှော်လင့်ထားသလဲ ဆိုတာ သိဖို့ လိုပါတယ် ။ တနည်းအားဖြင့် အလုပ်ရှင် (သို့) အဖွဲ့အစည်း တွေက စီးပွားရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်တဲ့အခါ ဘာတွေ မျှော်လင့်ထားသလဲ ဆိုတာကို အရင်ဆုံး နားလည်လက်ခံထားဖို့ နဲ့ HR ရဲ့ ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေကို သိရှိထားဖို့ပါ ။
အဖွဲ့အစည်းတွေက မျှော်လင့်ထား တာတွေက အခြေခံအားဖြင့် (၃) ချက်ရှိပါတယ်။ ဒါတွေကတော့ Profits, productivity and market share တွေကို ခိုင်မာလာအောင် လုပ်ချင်တာပါ ။ အဖွဲ့အစည်းတွေဘက်က လိုအပ်တာ အပြင်ဝန်ထမ်းတွေဘက်က လိုချင်တာတွေလည်း ရှိပါတယ်၊ ဒါတွေကိုတော့ Individual needs တွေဖြစ်တဲ့ Maslow's Need Hierarchy တွေကိုပဲပြန်သုံးပါတယ် ။ Physiological needs, security, belonging, self-respect and self-actualization ဖြစ်တဲ့ Need တွေကို ၀န်ထမ်းတွေ ဘက်ကလိုချင်တာပါ ။ ဒီတော့ HR အနေနဲ့ ဒီလိုအပ်ချက်နှစ်ခုကြား ဟန်ချက်ညီအောင် ဆောင်ရွက်ပေးရတဲ့ သူပါ ။ Win- Win –Win လို့ သုံးချင်ပါတယ် ။ သူတို့ နှစ်ဖက် အဆင်ပြေလေလေ ကိုယ်ရဲ့ လုပ်ငန်းလုပ်ဆောင်ချက် တွေ အဆင် ပြေတာမို့ပါ ။
နောက်တစ်ချက်ပိုမိုသိထားဖို့က HR Model တွေပါ ။ မိမိအဖွဲ့အစည်းက ဘယ်လိုပုံစံနဲ့ ရေရှည် တည်မြဲ အောင်သွားချင်တာလည်း သူရဲ့ Business Model က ဘာလဲဆိုတာကိုသိရှိပြီး မိမိသွားရမယ့် HR Model နဲ့ Strategically Road Map ကို အရင်ချထားရပါမယ်။ ဒီတော့ မိမိဘာဆက်လုပ်မလဲ ဆိုတာကို စဉ်းစားပြီး လိုအပ်တဲ့ Planning , Goal Setting တွေ ချထားလို့ရပါတယ် ။ ဒါနဲ့ ဆက်စပ်ပြီး အသုံးများတဲ့ HR Model တစ်ခုကိုတင်ပြချင်ပါသေးတယ် ။
Dave Ulrich HR Model ရဲ့ အဆိုအရ သတ်မှတ်ထားတာတွေက တော့
1. HR Business Partner
2. Change Agent
3. Administration Expert
4. Employee Advocate/Employee Champion လို့
သတ်မှတ်ထားပါတယ်။ တော်တော် များများ ကတော့ ဟောပြောပွဲတွေ ၊ ဆောင်းပါးတွေ ၊ သင်တန်းတွေနဲ့ စာအုပ်တွေမှာ ဖတ်ဖူး မှတ်ဖူးကြမှာပါ ။ ဒါတွေကိုသေချာစွာ သိရှိပြီး ဆောင်ရွက်နိုင်ဖို့လည်း လိုပါတယ် ။ ဒီတော့ တစ်ချက်ချင်း ဆက်သွားကြည့်ရအောင် ….
HR Business Partner: အခုနောက်ပိုင်းရာထူးအမြင့်ပိုင်းတွေ ခေါ်တဲ့အခါ ပိုပြီးတွေ့လာတာပါ ။ အဖွဲ့အစည်းတစ်ခုလုံးရဲ့ Business Partner အဖြစ်သတ်မှတ်ထားကြပြီး စီးပွားရေးလုပ်ငန်းတွေကို တွဲဖက်လုပ်ကိုင်နိုင်သလို ၊ အခြေခံကျတဲ့ Function တွေကိုလည်း နားလည်လက်ခံထားဖို့ ဆိုလို တာပါ ။ နောက်တစ်ချက်က HR point of View တစ်ခုတည်းနဲ့တင် မကပဲ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေအတွက်လည်း Business Partner တစ်ယောက်အဖြစ် Business Point of View ကနေ ၀န်ထမ်းရေးရာ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ ဖြစ်စေဖို့ လိုအပ်ပါတယ် ။
Change Agent: အပြောင်းအလဲကို HR က လုပ်လို့မရပါဘူး ။အဖွဲ့အစည်းအတွင်းမှာ ပါဝင်ပတ်သတ်နေတဲ့ လူတွေကသာ တစ်ဦးတစ်ယောက်ချင်းစီအလိုက်ပြောင်းလဲ နိုင်ပါတယ် ။ သူတို့တွေ ပြောင်းလဲဖို့ကိုသာ လုပ်ဆောင် ပေးနိုင်ဖို့လိုပါတယ် ။ ဒါကို တနည်းအားဖြင့် Change Agent လို့သတ်မှတ်ပါတယ် ။ အပြောင်းအလဲအတွက် လိုအပ်တဲ့ ပြင်ဆင်ချက်တွေ၊ တစ်ဦး တစ်ယောက် ချင်းစီအလိုက် ပြောင်းလဲခြင်းမှ သည်အဖွဲ့အစည်းလိုက် ပြောင်းလဲမှုဖြစ်စဉ်အတွက် တိုက်တွန်း ဆောင်ရွက် ပေးသူအဖြစ် ပါဝင် ဆောင်ရွက်ရမှာပါ ။
Administration Expert: နောက်တစ်ချက်က တော့ ဒီဘက်ခေတ်မှာ Human Resource Information Systems နဲ့ အသုံးပြုလို့ရနေတာဖြစ်တဲ့ အတွက် နည်းပညာပိုင်းမှာကျွမ်းကျင်အောင် ဆောင်ရွက် နိုင်ဖို့ ပြင်ဆင်ထားဖို့ လိုပါတယ်( နောက်များမှာ HRIS နဲ့ပတ်သတ်တာလေး ဆောင်ပါး ရေးပါးဦးမယ် )။ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ကိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ပါစေ ကျွမ်းကျင်အောင် လုပ် ဆောင်နိုင်ဖို့ဆိုပြီးပါပါတယ် ။
Employee Advocate/Employee Champion: ဒီအချက်ကို ကွဲလွဲစေချင်လို့ နှစ်ခုစလုံး ထည့်ပေး ထားတာပါ ။ တော်တော်များများက Employee Advocate ပဲအသုံးများကြပြီး ၀န်ထမ်း တွေဘက်ကလို့ ဆောင်ရွက်ပေးသူလို့ ထင်သွားမှာစိုးလို့ပါ ။ ဒါကို ချိန်ညှိုဖို့လည်း အပေါ်ဆုံးမှာ Employer Advocate လို့ မသုံးပဲ Business Partner အဖြစ် သုံးထားတာကို သတိပြု စေချင်ပါတယ်။ နောက်တစ်ချက်က ၀န်ထမ်းတွေ ရဲ့ လေးစားအားကိုးရသူ ၊ ယုံကြည်ချစ်ခင်ရတဲ့ သူဖြစ်ဖို့ Employee Champion ဖြစ်ရမယ့်လို့ ဆိုလိုထားတာပါ ။
ဒီအချက် လေးချက်အပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ Dave Ulrich HR Model ပါ ။ ဒါကို ကျွန်တော်တို့ဆီမှာတော်တော်များများလည်း သိကြသလို ၊ သင်တန်းတွေ စာအုပ်တွေမှာ တော်တော် များများ လေ့လာဖူးကြပါတယ် ။ အကျယ်တ၀င့်ပြောရရင်တော့ အများကြီးဖြစ်နေမှာမို့ အနှစ်ချုပ် လောက်သာ တင်ပြလိုက်ရတာပါ ။ ဒီအချက်တွေကို ဆောင်ရွက်နိုင်ဖို့ မိမိအဖွဲ့အစည်းအတွင်းက သဘောသဘာဝကို လေ့လာ လိုအပ်တာတွေကိုပြင်ဆင်နိုင်ဖို့ သတ်မှတ်ထားတဲ့ Policy , Producers တွေကို ရေးဆွဲပြဌာန်းတာတွေ အရင်လုပ်ရမှာပါ ။ဒါကို စောင့်ကြည့်ထိန်းသိမ်းပြီး မူလ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် ၊ ၀န်ထမ်းတွေရဲ့ လိုအပ်ချက် တွေကို မျှတ အောင် ထိန်းညှို ဆောင်ရွက်ပေးနိုင်ရပါမယ် ။ HR တွေ အပေါ်က မျှော်လင့်ထားကြတဲ့ သူတို့ တွေ ( အလုပ်ရှင် နဲ့ ၀န်ထမ်း ) ကို မျှော်လင့်ထားသလို ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာကိုသူတို့တွေ အမြဲ စောင့်ကြည့်နေတယ် ဆိုတာက လက်ခံထားဖို့ လိုပါတယ် ။
# Htian Lin Kyaw (HR)
Saturday, February 15, 2020
"Know - Do gap ​တွေ ကျဉ်း​စေဖို့"
တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲခြင်း၊ ကိုယ့်အပြုအမူတွေကို ပြောင်းလဲခြင်းဟာ အရာအားလုံးအတွက် အရေးကြီးပါတယ်။ ဆေးလိပ်သောက်နေတဲ့သူတွေဟာ ဆေးလိပ်ရဲ့ ဆိုးကျိုးကို မသိလို့ သောက်နေတာ မဟုတ်ပါဘူး။ သိသိကြီးနဲ့ မဖြတ်နိုင်လို့ သောက်နေတာပါ။ အလုပ်ကြိုးစားရင်၊ ပညာကြိုးစားရင် တိုးတက်မယ်၊ အောင်မြင်မယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ လက်တွေ့မှာ ကြိုးစားနေကြတာ မဟုတ်ပါဘူး။ ဝိတ်ချချင်ရင် လေ့ကျင့်ခန်း လုပ်ရမယ်။ အစားအသောက် ထိန်းရမယ် ဆိုတာ သိပါတယ်။ တကယ်တမ်း ရေရှည် မလုပ်နိုင်ကြပါဘူး။ အဲ့လိုသိခြင်းနဲ့ လုပ်ခြင်းကြားက Know-Do gap ကြီးနေရင် ဘယ်လောက်ပဲ သိတာတွေ များနေပါစေ ကျွန်တော်တို့အတွက် ဘာမှထူးခြားမှု ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါဆို ကိုယ်သိထားတဲ့အတိုင်း လက်တွေ့ လုပ်နိုင်ဖို့အတွက် ဘာတွေလိုမလဲ။
အရင်ဆုံးအနေနဲ့ "ပြောင်းလဲချင်စိတ်" လိုပါတယ်။
မပြောင်းလဲချင်တဲ့သူကို ပြောင်းလဲလာအောင် ဘယ်သူကမှ လုပ်ပေးလို့ မရပါဘူး။ ပြောင်းလဲချင်တဲ့သူကိုပဲ တကယ်ပြောင်းလဲနိုင်အောင် ကူညီပေးလို့ ရတာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့တဲ့ အရာတွေအားလုံးဟာ ကျွန်တော်တို့ကိုယ်တိုင် စိတ်ဆန္ဒပြင်းပြစွာ လုပ်ခဲ့ကြတာပါ။ ဘယ်သူ တိုက်တွန်းလို့မှ မဟုတ်သလို နှစ်တစ်နှစ် ပြောင်းသွားလို့ ထလုပ်ခဲ့တာလည်း မဟုတ်ဘူး။ တခုခုကို တကယ်ပြောင်းလဲချင်တဲ့သူဟာလည်း နှစ်သစ်တစ်ခုအစကို ထိုင်စောင့်မနေပါဘူး။ ချက်ချင်းကို ပြောင်းလဲလိုက်တာပါပဲ။ အဲ့လို ဘယ်တော့လုပ်မယ် ဆိုပြီး စောင့်နေတယ် ဆိုကတည်းကိုက ဒါဟာ ကိုယ်တကယ်ပြောင်းလဲချင်တာ မဟုတ်သေးလို့ပဲ။ ဒါကြောင့် နှစ်သစ်ကူးမှ စိတ်ကူးထပေါက်ပြီး လုပ်လိုက်တဲ့ New Year Resolution တွေက ပထမလလောက်မှာတင် အကုန်ပျက်ကုန်တော့တာ ဖြစ်ပါတယ်။
အဲ့လိုပြောင်းလဲချင်စိတ် ဖြစ်ဖို့ကတော့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးမယ့်အရာ တစ်ခုခု လိုပါတယ်။ ဥပမာ သွားနဲ့ ခံတွင်း သန့်ရှင်းဖို့ ဘယ်လောက်ပြောပြော လိုက်မလုပ်ဘူး။ ဒါပေမဲ့ ချစ်သူရှိလာပြီဆိုမှ ခံတွင်းနံ့ မနံချင်လို့ သန့်ရှင်းရေးကို အသည်းအသန် ဂရုစိုက်တာမျိုး။ တစ်သက်လုံး ဖြစ်သလို နေလာပြီး အိမ်ထောင်ကျသွားမှ၊ ကလေးရသွားမှ အလုပ်တွေ ကြိုးစားလာတာမျိုး၊ အဲ့ဒီလို လှုံ့ဆော်မှုတခုခု လိုပါတယ်။ အဲဒါမှပဲ ပြောင်းလဲချင်စိတ်က ရှိလာမှာပါ။ အကြမ်းအားဖြင့်တော့ ကြောက်စိတ်လား၊ ဖြစ်ချင်စိတ်လား၊ နှစ်မျိုးထဲက တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဘာမှလည်း မဖြစ်ချင်ဘူး၊ ဘာကိုမှလည်း မကြောက်တတ်ဘူး ဆိုတဲ့သူတွေကတော့ ဘဝကို ခပ်အေးအေးပဲ ဖြတ်သန်းမယ်။ ပြောင်းလဲချင်စိတ်လည်း မရှိကြပါဘူး။
ဒုတိယတစ်ချက်ကတော့ "ခံယူချက်" ပါ။
ကျွန်တော်တို့ ဆေးပညာမှာ KAP လို့ ခေါ်ပါတယ်။ Knowledge (အသိ)၊ Attitude (ခံယူချက်) နဲ့ Practice (လက်တွေ့ လုပ်ဆောင်မှု) ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲတဲ့နေရာမှာ အဲ့ဒီခံယူချက် (Attitude) ကလည်း သိပ်အရေးကြီးပါတယ်။ ဥပမာ ကျန်းမာရေးနဲ့ပဲ ဆိုပါတော့။ ဒီအစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွှတ်တာ သိတယ်။ ဒါပေမဲ့ သူက တွေးတယ်၊ ငါက ငယ်သေးတာပဲ၊ ဒီလောက်လေး စားလို့ ဘာမှ မဖြစ်ပါဘူး၊ ဒါမှမဟုတ်လည်း စားနိုင်သောက်နိုင်တုန်း အရွယ်မှာ ကောင်းကောင်းစားရမယ်၊ စားလည်း ရောဂါက ဖြစ်မှာပဲ၊ မစားလည်း ရောဂါက ဖြစ်မှာပဲ စသဖြင့် တွေးနေမယ်ဆိုရင် ဒီလိုအစားအသောက်တွေကို ရှောင်ခြင်းဆိုတဲ့ လက်တွေ့လုပ်ဆောင်မှုကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။
ဘဝတိုးတက်ရေးနဲ့ ပတ်သက်ရင်လည်း ဒီလိုပဲ။ ကြိုးစားရင် တိုးတက်မယ်၊ မြင့်မားမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ငါ့မိဘကမှ မချမ်းသာတာ၊ ငါလည်း ဒီလောက်ပဲ ဖြစ်မှာပေါ့၊ အမေတို့ကမှ ငါ့ကို ကျောင်းကောင်းကောင်း မထားပေးခဲ့တာကိုး စသဖြင့် တွေးနေမယ့်သူ၊ ကိုယ့်ဘဝရဲ့ မအောင်မြင်မှုတွေဟာ ကံတရားကြောင့် ဖြစ်နေတာလို့ ပုံချမယ့်သူ၊ ကိုယ်ကြုံနေရသမျှ အခက်အခဲ ပြဿနာတွေဟာ မပြည့်စုံတဲ့ မိဘကြောင့်လို့ တွေးနေတဲ့သူတွေကတော့ ဘယ်တော့မှ လက်တွေ့ ကြိုးစားလာမှာ မဟုတ်ပါဘူး။
နောက်ဆုံးတစ်ချက် ဝေမျှချင်တာကတော့ "ပတ်ဝန်းကျင်" ပါ။
လေ့ကျင့်ခန်း လုပ်ချင်တယ်၊ လုပ်စရာ နေရာ မရှိဘူး။ ဆေးလိပ်မသောက်တော့ဘူး၊ အရက်မသောက်တော့ဘူး။ ဒါပေမဲ့ အဲ့ဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ပေါပေါများများ ရှိနေတယ်၊ အဲ့လိုသောက်တတ်သူတွေနဲ့ ကိုယ်က ပေါင်းနေမယ်ဆို ဖြတ်ဖို့ရာ မလွယ်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းကိုလည်း စနစ်တကျ တည်ဆောက်တတ်ဖို့ လိုမယ်။
ကောင်းတဲ့အရာတွေဆို ပိုလုပ်ဖြစ်အောင်၊ လွယ်အောင် လုပ်ထား။ မကောင်းတဲ့အရာတွေဆို မလုပ်မိအောင်၊ လုပ်ရခက်အောင် လုပ်ထား။ ဒါဆို အပြောင်းအလဲ လုပ်ရတာ လွယ်လိမ့်မယ်။
ပညာတစ်ခုကို လေ့လာမယ်ဆို တွဲလေ့လာမယ့်သူ ရှာထား။ ဒါဆို ကိုယ်က ကျောင်းပြေးချင်ရင်တောင် သူက ကျောင်းတက်ဖို့၊ စာလုပ်ဖို့ တိုက်တွန်းလိမ့်မယ်။ ကိုယ် ဘယ်လိုအချိန်၊ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမျိုးမှာ အလုပ်လုပ်ရ၊ စာလေ့လာရတာ ကောင်းသလဲ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်။ အဲဒီအတိုင်း ဖန်တီး။ ညဘက် အစားလျှော့စားချင်တယ်ဆို ဘယ်ဆိုင်မှ သွားမထိုင်နဲ့။ အိမ်မှာလည်း မုန့်ပဲသွားရည်စာတွေ ဝယ်မထားနဲ့။ အင်တာနက် အသုံးများနေတယ်ဆို ဖုန်းကို မမြင်ကွယ်ရာမှာ ထားထား။ ဖုန်းကို မြင်တာနဲ့ ကိုင်ကိုင်မိတတ်လို့။ Social media တွေကို Log out လုပ်ထား။ ဒါမှ တစ်ခါတစ်ခါ password ရိုက်နေရတာ ကြာတော့ တော်ရုံနဲ့ ပြန်မဝင်ဖြစ်တော့ဘူး။ ဒီလိုမျိုး ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်မှပဲ ကိုယ့်ကိုယ်ကိုယ် ပိုပြီး စနစ်တကျ ပြောင်းလဲနိုင်ပါလိမ့်မယ်။ သိပ်ကိုမှ စိတ်ခိုင်တယ်၊ ဘယ်လောက်အခြေအနေမျိုးဖြစ်ဖြစ် ဒါကို လုံးဝမလုပ်ဘူး၊ ဒါမှမဟုတ် လုပ်ကိုလုပ်မယ် ဆိုတဲ့သူတွေကတော့ တစ်မျိုးပေါ့။ အများစုအတွက်ကတော့ ကိုယ့်ကို ပံ့ပိုးပေးမယ့် ပတ်ဝန်းကျင်ကောင်းရှိဖို့က လိုအပ်ပါလိမ့်မယ်။
တကယ်တော့ လူတစ်ယောက် ပြောင်းလဲဖို့ဟာ သိပ်ခက်ပါတယ်။ သိတော့သိတယ်၊ မလုပ်နိုင်ကြဘူး။ တချို့လည်း စမ်းလုပ်ကြည့်ပြီးမှ ရေရှည် ဆက်မလုပ်ဖြစ်တော့တာတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိထားတာတွေကို ဘယ်လောက်ထိ ပြောင်းလဲနိုင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီးပဲ ဘဝတွေက ကွာခြားကုန်ကြတာပါ။ ဒါကြောင့် အဲ့လိုအပြောင်းအလဲ လုပ်ဖို့မှာ အသုံးဝင်နိုင်တဲ့ အချက် ၃ ချက်ကို ဝေမျှလိုက်ပါတယ်။ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
(အခွင့်အလမ်းဂျာနယ်ပါ ​ဆောင်းပါးကို အနည်းငယ် တည်းဖြတ်ထားပါသည်။)
(Know -Do gap ဆိုတဲ့ စာသားအတွက် ဆရာကြီး ​ဒေါက်တာ ခင်​မောင်လွင်ကို ​လေးစားစွာ credit ​ပေးပါတယ်)
Friday, February 14, 2020
ထိုင်းဆန်ပြားကြော် - ယိုးဒယားကြက်ကောင်လုံးကင် - မန္တလေးမုန့်တီ - မြိတ်ကတ်ကြေးကိုက်
မန္တလေးမုန့်တီ
Mandalay မုန့်တီ ( နန်းလတ်) ၁၅ပွဲစာအတွက်
ကြက်သားဟင်းအတွက်လိုအပ်တာတွေကတော့..
မြန်မာကြက်                    - ၁ကောင် ( ၆၀ ကျပ်သား)(လေးခြမ်းခြမ်းထားပါ)
ကြက်သွန်ဖြူ                   - ၅၀ ဂရမ်
ချင်း                                - ၃၀ ဂရမ်
နနွင်းမှုန့်                          - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
အသားမှုန့်                    -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ                             -  စားပွဲဇွန်း ၂ ဇွန်း
ရေ                         - ၆၀၀ မီလီလီတာ
ဆီနီချက်ရန်လိုအပ်တာတွေကတော့……
ဆီ                               -  ၅၀ ကျပ်သား
အရောင်တင်မှုန့်                    - စားပွဲဇွန်း ၅ ဇွန်း
ငရုတ်သီးအစပ်မှုန့်            - စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ                     - ၅၀ ဂရမ်
ဆီဝါချက်ရန် လိုအပ်တတွေကတော့…
ဆီ                                   -  ၄၀ ကျပ်သား
နနွင်းမှုန့်                         -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ                           -   ၈၀ ဂရမ်
ကြက်သွန်ဖြူ                           -  ၄၀ ဂရမ်
မုန့်ကြွပ်ကြော်ရန်လိုအပ်တာတွေကတော့…
ခေါက်ဆွဲဖတ်အစို                      - ၂၀၀-၃၀၀ ဂရမ်
ကြော်ရန်ဆီ                                
ငရုတ်သီးကြော်အတွက်လိုအပ်တာတွေကတော့…
ငရုတ်သီးအကြမ်းဖတ်                  -  ၇၀ ဂရမ်
ကြက်သွန်ဖြူ                 - အနည်းငယ် (နုပ်နုပ်စဉ်း)
ဆီချက်မှရတဲ့ ကြက်သွန်ဖြူကြော်နဲ့အနီ
ဆား                             -  အနည်းငယ်
ဆီ                              - စားပွဲဇွန်း ၁၀ ဇွန်း
Mandalay မုန့်တီ ၁၅ ပွဲစာအတွက် လိုအပ်တာတွေကတော့….
မုန့်တီဖတ်အစို ( နန်းကြီး/နန်းလတ်)                      -    ၁ပိသာ ၅၀ ကျပ်သား
ကုလားပဲမှုန့်အကျက်မှုန့်                         -  ၁၅ ဇွန်း
ငံပြာရည် (ကျိုပြီးသား)                          -  စားပွဲဇွန်း ၁၅ ဇွန်း
ပဲပင်ပေါက်                                       -  ၃၀ ကျပ်သား ( ၄၇၀ ဂရမ်)
နံနံပင်                                           - ၁၀ ပင်
ပြုလုပ်နည်း
1. ချင်း၊ ကြက်သွန်ဖြူကိုထောင်းပါ။ ပြီးလျှင် ကြက်သားကို ထောင်းထားတဲ့ချင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ဆား၊ အသားမှုန့်တို့နဲ့နယ်ပါ။
2. အိုးထဲကိုဆီထည့်ပြီး ကြက်သားထည့်ပြီးမွှေပေးပါ။.ပြီးလျှင် ရေထည့်ပြီး ကြက်သားနူးသည်အထိချက်ပါ။ ရေခမ်းပြီးဆီပြန်သည်အထိချက်ပါ။
3. ပြီးလျှင် ကြက်သားကို ဆယ်ပြီးအအေးခံထားပါ။
4. ကြက်သားအအေးလာရင် အသာထွင်းပြီးထားပါ။
5. အရိုးကို အိုးတစ်လုံးထဲထည့်ပြီး ရေထည့်ပြီး ဆက်ပြုတ်ထားပါ။ အရသာအတွက် ငံပြာရည်၊ ဆား၊ ကြိုက်နှစ်သက်ပါက အချိုမှုန့် ဒါမှမဟုတ် အသားမှုန့်ထည့်ပါ။
6. ဆီနီချက်ရန်အတွက် ဆီအိုးတည်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူထည့်ပြီးကြော်ပါ။ မွှေးလာရင် မီးပိတ်ပါ။ ပြီးလျှင် ငရုတ်သီးနှစ်မျိုးထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ဆန်ခါဖြင့်စစ်ထားပါ။
7. ဆီဝါချက်ရန်အတွက်.ဆီအိုးတည်ပါ။ ဆီပူလာရင်ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ပြီးကြော်ပါ။ မွှေးလာရင် မီးဖိုပေါ်မှချပြီး ဆီငွေ့သေအောင်ထားပါ။ ပြီးလျှင် နနွင်းမှုန့်ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ဆန်ခါဖြင့်စစ်ထားပါ။
8. ငရုတ်သီးကြော်ရန် ဆီအိုးတည်ပါ။ ဆီပူလာရင်ထောင်းထားတဲ့ကြက်သွန်ဖြူထည့်ပြီး ကြော်ပါ။ ပြီးလျှင်  ငရုတ်သီးထည့်ပြီးကြော်ပါ။ ဆားထည့်ပြီး မွှေပေးပါ။ ဆီနီ ဆီချက်စဉ်က စစ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ငရုတ်သီးကြော်နဲ့ပြန်မွှေပေးပါ။
9. ငံပြာရည်ကို အိုးထဲထည့်ပြီးကျက်အောင်ချက်ပါ။
10. ပဲပင်ပေါက်ကို ရေနွေးဖျောထားပါ။ နံနံပင်ကိုလှီးထားပါ။ ပဲမှုန့်အကျက်မှုန့်ကို ပန်းကန်ထဲအဆင်သင့်ထည့်ထားပါ။
11. အချဉ်အတွက် ကြက်သွန်နီကို အကွင်းလိုက်လှီးထားပါ။သံပရာသီးကို စိတ်ထားပါ။
12. မုန့်ဖတ် တစ်ပွဲစာ ၁၅၀ ဂရမ်ကို ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် အချိုမှုန့်အနည်းငယ် (မကြိုက်လျှင် မထည့်ဘဲလည်းရတယ်). ပဲမှုန့်အကျက်မှုန့်  စားပွဲဇွန်း ၁ ဇွန်း၊ ငံပြာရည် စားပွဲဇွန်း ၁ ဇွန်း၊ ဆီနီ စားပွဲဇွန်း ၂ ဇွန်း၊ ဆီဝါ စားပွဲဇွန်း ၁ ဇွန်း၊  ပဲပင်ပေါက်၊ နံနံပင်၊ ကြက်သားထည့်ပြီးနယ်ပါ။
13. မုန့်ကြွပ်ကြော်ထည့်ပါ။ ကြက်သွန်ချဉ်ဟင်းချိုတို့ဖြင့်သုံးဆောင်ပါ။
မြိတ်ကတ်ကြေးကိုက်
ဆန်ခေါက်ဆွဲ                         - ၄၀၀ ဂရမ်
ပြည်ကြီးငါးအကောင်အသေး      - ၁၅၀ ဂရမ် ( ၄ ကောင်)
ပုစွန်                                    - ၁၅၀ ဂရမ်
စားတော်ပဲပြုတ်                       - အနည်းငယ်
ဘဲဥ                                      - ၂ လုံး
ပုလဲဧရာ အုန်းရည်ရှလကာ          - စားပွဲဇွန်း ၃ ဇွန်း
ငရုတ်သီးအတောင့်ပွ                    - ၁၀ တောင့် ( ၂၅ ဂရမ်)
ကြက်သွန်ဖြူ                            - ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
ပဲပင်ပေါက်                              -  ၁၂၀ ဂရမ်
ကုဆိုင်                                   - ၂၀ ဂရမ်
ကြက်သွန်မြိတ်                          - ၂ ပင်
ဆီ                                         - ၃ + ၂ စားပွဲဇွန်း
ပဲငံပြာရည်အကြည်                     - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
အသားမှုန့်                                - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆား                                      -  အနည်းငယ်
ပြုလုပ်ပုံ
1. ဆန်ပြားခေါက်ဆွဲကို ဓားဖြင့်လှီးပြီး ကြော်ရ လွယ်ကူစေရန် တစ်ဖတ်ချင်းစီ ခွာထားပါ။
2. ပြုတ်ထားတဲ့ ငရုတ်သီးခြောက်ကို ညက်အောင်ထောင်းပါ။ ပြီးလျှင် အုန်းရည်ရှလကာရည်နဲ့ရောပြီး မွှေထားပါ။
3. ပြည်ကြီးငါးရဲ့ အတွင်းဖက်ပိုင်းကို ဓားဖြင့်မွှန်းပါ။ ပြီးလျှင် အကောင်ကြီးပါက ၄ ပိုင်းဖြတ်ထားပါ။
4. ခေါက်ဆွဲကြော်မည့် ဒယ်အိုးအကြီးထဲကို ဆီ ၃ ဇွန်းထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပေးပါ။
5. အနံ့မွှေးလာသည်နှင့် အုန်းရည်ရှလကာရည်နဲ့ရောထားတဲ့ ငရုတ်သီးအနှစ် ၃ ဇွန်းထည့်ပြီး ဆီသတ်ပါ။
6. ပြီးလျှင် ပုစွန်နဲ့ပြည်ကြီးငါးထည့်ပြီး ကြော်ပါ။
7. ဆန်ခေါက်ဆွဲထည့်ပြီး ကြော်ပါ။ ပြီးလျှင် ပဲငံပြာရည်၊ အသားမှုန့်၊ ဆားထည့်ပြီး မွှေပေးပါ။
8.  မွှေပြီးတာနဲ့ ခေါက်ဆွဲကို ဘေးမှာကပ်ပြီး အလည်မှာ ဆီ ၂ ဇွန်းထည့်ပါ။
9. ဆီပူလျှင် ဘဲဥ၂ လုံးဖောက်ထည့်ပြီး မွှေပေးပါ။
10. ကြက်ဥကျက်ရင် ဆန်ခေါက်ဆွဲနဲ့ပြန်ရောပြီး ကြော်ပါ။
11. ပဲပင်ပေါက်၊ ကုဆိုင်၊ ကြက်သွန်မြိတ်ထည့်ပြီး မီးပိတ်ပါ။ ပြီးနောက်မွှေပေးပါ။ ပြီးလျှင် စားတော်ပဲပြုတ်ဖြူးပေးပါ။
ထိုင်းဆန်ပြားကြော်
-----------------------
ပါဝင်ပစ္စည်းများ
• ဆန်ပြားအစို  -  ၅ဝဝ ဂရမ်
• ပဲငံပြာရည်အနောက်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကိုက်လန်  -  ၃ ပင်
• ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
Marinate  လုပ်ရန် လိုအပ်တာတွေကတော့-
• ကြက်သား  -  ၂ဝဝ ဂရမ် (ပါးပါးလှီးထားပါ)
• ပုစွန်  -  ၁၅၀ ဂရမ်
 (အခွံခွာပြီး အခွံကို ပြုတ်ရည်လုပ်ရန်သိမ်းထားပါ)
• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• ပဲငံပြာရည်အကြည်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကြက်ရိုး  -  ၁ ခြမ်း
• ပုစွန်အခွံ  -  ၁၅၀ ဂရမ်
• ရေ
• ကော်မှုန့်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ပဲငံပြာရည်အကြည်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ခရုဆီ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ငရုတ်ကောင်းမှုန့်အဖြူ  -  အနည်းငယ်
• နှမ်းဆီမွှေး  -  အနည်းငယ်
• ကွကျဥအကာ  -  ၁ လုံး
ငရုတ်ချဉ်တည်ရန် လိုအပ်တာတွေကတော့-
• ငရုတ်သီးစိမ်း  -  ၅ တောင့် (ပါးပါးလှီးထားပါ)
• ရှလကာရည်  -  စားပွဲဇွန်း ၅ ဇွန်း
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
ဆော့စ်အတွက် လိုအပ်တာတွေကတော့-
• ကြက်သွန်ဖြူ  -  စားပွဲဇွန်း ၂ ဇွန်း (နုပ်နုပ်စဉ်း)
• တရုတ်ပဲငါးပိ  -  စားပွဲဇွန်း ၁ ဇွန်း
• အရိုးပြုတ်ရည်  -  ၂ ခွက်
• ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁/၂ ဇွန်း
• သကြား  -  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း
• ကော်မှုန့်  -  စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်ကောင်းမှုန့်အဖြူ  -  အနည်းငယ်
ပြုလုပ်နည်း
၁။ ပုစွန်အခွံကို ပန်းရောင်သန်းသည်အထိ လှော်ပါ။ ပြီးလျှင် အရိုးပြုတ်ရည်အိုးထဲ ထည့်ပြီး ပြုတ်ပါ။ မီးအေးအေးနဲ့ တည်ထားပြီး ဆန်ခါဖြင့် စစ်ထားပါ။
၂။ ခေါက်ဆွဲနဲ့ တွဲစားရန် ငရုတ်ချဉ်လုပ်ဖို့အတွက် ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ရှလကာရည်၊ ဆားနှင့် သကြားထည့်ပြီး အချဉ်တည်ထားပါ။
၃။ ကြက်သားကို Marinate လုပ်ရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းအားလုံးနှင့် နယ်ပြီး
နှပ်ထားပါ။
၎။ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာသည်နှင့် ဆန်ပြားထည့်ပါ။
၅။ ပြီးလျှင် ပဲငံပြာရည်အနောက်ထည့်ပြီး မွှေပါ။ ဆန်ပြားကို နီညိုရောင်သန်းအောင် ကြော်ပြီး ဆယ်ယူထားပါ။
၆။ ဆော့စ်ချက်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူနှင့် တရုတ်ပဲငါးပိ ထည့်ပြီး ဆီသတ်ပါ။
၇။ ပြီးလျှင် နှပ်ထားတဲ့ ကြက်သားထည့်ပြီး ကြော်ပါ။ ကြက်သားအရောင်ပြောင်းသည် နှင့် ပြုတ်ရည်ထည့်ပြီး တည်ထားပါ။
၈။ ပြုတ်ရည်ဆူလာလျှင် ကိုက်လန်ထည့်ပါ။
၉။ ပြီးလျှင် ပဲငံပြာရည်အကြည်၊ သကြားနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး ဆူအောင် တည်ပါ။
၁၀။ ဟင်းရည်ပျစ်စေရန် ကော်မှုန့်ကို ရေဖျော်ပြီး ထည့်ပါ။
၁၁။ ပြီးလျှင် ကြော်ထားတဲ့ ဆန်ပြားအပေါ်မှာ လောင်းပါ။
၁၂။ ဆန်ပြားကြော်ကို ငရုတ်သီးစိမ်းချဉ်နှင့် တွဲပြီး စားပါ။
--------------------------------------
Myint Oo Tha
ယိုးဒယားကြက်ကောင်လုံးကင်
(Thai Style Grilled Chicken)
------------------------------------
 ယိုးဒယားကြက်ကင်ကို အရသာအမျိုးမျိုးရှိတဲ့အထဲက ဒီနည်းလေးကတော့ အရသာ တစ်မူထူးပြီး သင်းပျံ့မွှေးကြိုင်လို့ ကင်လို့မလောက်တဲ့အထဲမှာ ပါပါတယ်။ နှစ်သစ်ကူးပွဲတော် များနဲ့ ပါတီပွဲများအတွက် အနောက်တိုင်းပုံစံအရသာနဲ့ ကွဲပြား စေမယ့် ထိုင်းကြက်ကင်ကို ပြင်ဆင်ပေးထားတဲ့ ကြက်ကင် နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
• ကြက်  -  ၁ ကောင်
 (၂  ၁/၂ ကီလို)
• ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၈ ဇွန်း
• ခရုဆီ  -  ၅ ဇွန်း
• ဟင်းခတ်မှုန့်  -  ၁ ဇွန်း
• ငရုတ်ကောင်း  -  ၁ ဇွန်း
• စပါးလင်  -  ၂ ချောင်း
• ယိုးဒယားမဆလာ  -  ၂ ဇွန်း
• နှမ်းဆီ  -  ၃ ဇွန်း
• အုန်းနို့ (ခရင်မ်)  -  ၅ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်တစ်ကောင်ကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။
၂။ စပါးလင်ကို ပါးပါးလှီးဖြတ်၍ ငရုတ်ကောင်းနှင့်ရောပြီး ကြိတ်ထားပါ။
၃။ ရေစစ်ထားသောကြက်ကို ဇလုံတစ်လုံးထဲ ထည့်ပြီး ပါဝင်သော ဟင်းစပ်ပစ္စည်းများ ထည့်၍ သမအောင်မွှေပါ။ ကြက်ရဲ့ ဝမ်းဗိုက်အတွင်းနှင့် အရေခွံကို ဟ၍ အတွင်းသို့ အရသာများဝင်အောင် နယ်ပြီး တစ်ည (သို့) အနည်းဆုံး ၃ နာရီခန့် နှပ်ထားပါ။
၎။ ဥလနည ကို ၁၈၀ ဒီဂရီအပူပေးထားပါ။ နှပ်ထားသောကြက်ကို ဗန်းအောက်ခြေမှာ မကပ်အောင် နှစ်သက်ရာ အာလူးနှင့် မုန်လာဥတို့ကို ခင်းပြီး ထည့်ပါ။
၅။ ဗန်းအပေါ်မှ အလူမီနီယံစက္ကူအုပ်ပြီး ၁ နာရီခန့် ကင်ပါ။ ၁ နာရီခန့် ကင်ပြီးပါက အပေါ်ဖုံးအုပ်ထားသည်ကို ဖွင့်ပြီး ၁၅ မိနှစ်ခန့် အရောင်ရသည်အထိ ကင်ပါ။
၆။ ကြက်အပေါ်မှာ ဗန်းအောက်ခြေမှ ထွက်လာသော ဆော့စ်များကို ဆမ်းပေးပါ။ အညိုရောင်သန်းလာပါက ထုတ်ယူ၍ နှစ်သက်ရာအချဉ်နှင့် တွဲဖက်တည်ခင်းပြီး သုံးဆောင် နိုင်ပါပြီ။
၇။ အလိုက်ဖက်ဆုံးအချဉ်မှာ မန်ကျည်းမှည့်၊ ထန်းလျက်၊ ငရုတ်သီးမှုန့်တို့နှင့် ရောကျိုပြီး ရှမ်းနံနံနှင့် ဆန်လှော်မှုန့်ထည့်ထားသော အချဉ်ဖြစ်ပါတယ်။
 ------------------------------------
Sofia
Thursday, February 13, 2020
လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (အပိုင်း ၂)
စီးပွားလုပ်တဲ့နေရာမှာ ပိုက်ဆံရှိလာရင်
ကောင်းတာရော မကောင်းတာရောလုပ်ဖို့
အခွင့်အလမ်းတွေ ပေါ်လာတတ်တယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် - အပိုင်း(၅)
★ ဘုန်းကြီး အင်္ဂလန်နိုင်ငံရယ် အမေရိကန်နိုင်ငံရယ် ကနေဒါနိုင်ငံရယ် အတန်းကျောင်းတွေ ဘုန်းကြီးက အရမ်းစိတ်ဝင်စားတယ်။ အင်္ဂလန်နိုင်ငံမှာ အတန်းကျောင်းတွေ ခြံတံခါး မရှိသေးဘူး ဘုန်းကြီးရောက်စအချိန်တုန်းက အခုခြံတံခါတွေ ရှိလာပြီ။
★ ဘာဖြစ်လို့တုန်းဆိုတော့ ပိုက်ဆံချမ်းသာတဲ့လူက အရမ်းချမ်းသာပြီးတော့ ဆင်းရဲသူက ပိုပြီးတော့ ဆင်းရဲတယ်။ ဘုန်းကြီးနေတဲ့ အောက်စဖို့ဒ်လို တကယ့်ကမ္ဘာကျော်မြို့မှာတောင်မှလေ ချမ်းသာတဲ့ပုဂ္ဂိုလ်အရမ်းချမ်းသာပြီးတော့ မျိုးဆက်သုံးဆက်လောက် အလုပ်လက်မဲ့တွေလည်း ရှိတယ် unemployed တွေလည်းရှိတယ်။
★ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးနဲ့နေနေတဲ့သူတွေ။ အောက်စဖို့ဒ်တက္ကသိုလ်က နှစ်ပတ်ကို ကုမ္ပဏီတစ်ခု နိုင်ငံတကာ ကုမ္ပဏီတစ်ခု တည်ထောင်ပေးနိုင်တဲ့ တက္ကသိုလ် စီးပွားရေးလုပ်ငန်း တချို့ဟာတွေက bioethics  ကုမ္ပဏီတွေ တချို့ဟာတွေ business တချို့ဟာတွေ trading တချို့ဟာတွေကျတော့ သစ်တောနဲ့ဆိုင်တယ် တချို့ဟာတွေ အကြံပေးတာနဲ့ဆိုင်တယ် အဲလိုပေါ့နော်အမျိုးမျိုး ပျမ်းမျှဆိုရင်တဲ့ နှစ်ပတ်ကို ကုမ္ပဏီတစ်ခု ထွက်လာပါတယ်တဲ့။
★ အဲဒီလို ကုမ္ပဏီတည်ထောင်နိုင်တဲ့တက္ကသိုလ်ရှိတဲ့ မြို့တောင်မှ အလုပ်လက်မဲ့တွေရှိသေးတယ်။ မညီမျှတာပေါ့။ ဒါကြောင့် သုတ္တံပိဋကတ်ဒီဃနိကါယ် သီလက္ခန္ဓဝဂ္ဂ ကူဋဒန္တသုတ် က အကြံဉာဏ်ပေးတာက -
🍃 #စီးပွားရေးအဆင်ပြေတယ်ဆိုရင် #တိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာလည်းပဲ #အဆင်ပြေပါတယ်တဲ့။ လွယ်ကူတယ်ပေါ့။ #တိုင်းပြည်ငြိမ်းချမ်းတယ် #သာယာတယ်။
★ ဒါကြောင့်မို့ economics distribution - income တွေ ၀င်ငွေတွေ ဖြစ်ပေါ်လာပြီ generate လုပ်ပြီဆိုရင် ၀င်ငွေနည်းတဲ့ ဆင်းရဲသားတွေလည်း အကျိုးခံစားရအောင် ဆိုပြီးတော့ အစိုးရက အဲဒါတွေ တစ်နေကုန်တစ်နေခန်း လုပ်နေတာပဲ။  အဲဒါကြောင့် ဘုန်းကြီးက အစိုးရတိုင်းကို ကိုယ်ချင်းစာတယ်။
★ ဒီသုတ္တံကို ကောင်းကောင်းလေ ဖတ်ရှု့ကြည့်တဲ့အခါကျမှ အော် အင်မတန်မှ ခက်တဲ့လုပ်ငန်းပဲ။ #ဒီကြားထဲမှာ #အခွန်ရှောင်တဲ့ပုဂ္ဂိုလ်တွေရှိရင် #ပိုတောင်ခက်သေးတယ်။
★ ဒီနှစ်အတွင်းမှာပဲ အင်္ဂလန်နိုင်ငံမှာ ဘဏ်တွေ စုပေါင်းပြီးတော့ exchange rate ငွေလဲလှယ်တဲ့နှုန်း မသမာမှုလုပ်တာလေ HSBC တို့ပါတယ် Barclays တို့ပါတယ် Natwest တို့ပါတယ် ဘဏ်ကြီးတွေပါတယ်။ အဲဒါတွေ ဖမ်းမိတယ်။
★ အဲဒါတွေကို တာဝန်ယူပြီးတော့ ကြည့်ရှု့စောင့်ရှောက်ရတဲ့ အစိုးရပုဂ္ဂိုလ်က ဒါ မနည်းဘူး၊ သူကြိုးစားရတယ်။ ဒါကြောင့် #စီးပွားရေးက လူ့လောက #လူ့ဘောင်အတွက် #အခြေခံဖြစ်တယ်ဆိုတာ #သံသယရှိဖို့မလိုတော့ဘူး။
🍃လူမူရေးအတွက် အရေးကြီးတယ်၊ လူ့ဘောင်ခိုင်မာဖို့အတွက် လူမူရေးပြဿနာ ဖြေရှင်းဖို့အတွက် စီးပွားရေး အရေးကြီးတယ်။
★ #အကျင့်သီလအနေနဲ့ ပြောမယ်ဆိုရင်လည်း #အူမတောင့်မှ #သီလစောင့်နိုင်တယ်။ ဒါတွေကို စက္ကဝတ္တိသီဟနာဒသုတ်ထဲမှာ အတည်အလင်း ဟောကြားထားတယ်။ ကူဋဒန္တသုတ်ထဲမှာလည်း အဲဒီလိုပဲ ဟောထားတယ်။
★ အဲဒီဘုရင်ကို အကြံပေးတဲ့ အဲဒီပရောဟိတ်က တခြား ပုဂ္ဂိုလ်မဟုတ်ဘူး၊ နောက်ပိုင်းကျတော့ ဘုန်းကြီးတို့ အခုလက်ရှိကိုးကွယ်နေတဲ့ ဂေါတမ မြတ်စွာဘုရား ဖြစ်လာတာ။
★ ဒါကြောင့် ဘုရားမဖြစ်ခင်မှာ ပါရမီဖြည့်ဆည်းတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်ရှင်လည်း ဖြစ်ခဲ့တယ်၊ နောက်ပြီးတော့ မင်းတိုင်ပင်ခံ စီးပွားရေးဖက်ကျွမ်းကျင်တဲ့ မင်းတိုင်ပင်ခံလည်း ဖြစ်ခဲ့တယ်။
★ ဒါပေမဲ့ #စီးပွားရေးလုပ်တဲ့နေရာမှာ #ပိုက်ဆံရှိလာပြီဆိုရင် #သြဇာအာဏာရှိလာတယ်။ သြဇာအာဏာရှိလာပြီဆိုရင် #ကောင်းတာတွေလုပ်ဖို့လည်း #အခွင့်အလမ်းအများကြီးပေါ်လာတယ်။ #မကောင်းတာလုပ်ဖို့အတွက်လည်း #အခွင့်အလမ်းပေါ်လာတယ်၊ cross road လမ်းကူးမှာ ရောက်နေတဲ့ ပုဂ္ဂိုလ်တိုင်းပဲ ဘယ်ဖက်လှည့်မလား ညာဖက်လှည့်မလား?
★ ဒါကြောင့် မြတ်စွာဘုရားက စီးပွားရေးလုပ်ငန်းရှင်တွေကို အကြီးကြီးပဲဖြစ်ဖြစ် အသေးသေးပဲဖြစ်ဖြစ် သူတို့ကို ဘယ်လိုအကြံပေးတုန်းဆိုတော့ ရှာဖွေရရှိထားတဲ့ပစ္စည်းဥစ္စာ ပျောက်ပျက်မသွားအောင် နောက် ဒီထက်ပိုများအောင် ကိုယ်ရှာဖွေရရှိထားတဲ့ #ပိုက်ဆံရဲ့လေးပုံတစ်ပုံပဲသုံးပါ။
★ #နှစ်ပုံကို #ပြန်ပြီးတော့ရင်းနှီးမြှုပ်နှံပါ reinvest လုပ်ပါ၊ #တစ်ပုံကိုတော့ contingency ခေါ်မှာပေါ့ #အရေးပေါ်အတွက်ထားပါ။ ဒီလိုမှာတာ။ လခရတဲ့ ပုဂ္ဂိုလ်ကိုလည်း သူရဲ့လခ ဒီအတိုင်း အသုံးပြုနိုင်တယ်ဆိုရင် ဒီပုဂ္ဂိုလ်တစ်နေ့ကျတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားမှာပဲ။
★ အခု ပြောလိုက်သလို စီးပွားရေးလုပ်ငန်းလုပ်တဲ့နေရာမှာ ကောင်းတာလည်းပဲ ကောင်းတဲ့နေရာမှာလည်းပဲ သူများထက်ပိုပြီးလုပ်နိုင်တယ်၊ မကောင်းတာလုပ်တဲ့နေရာမှာလည်း သူများထက်ပိုပြီးတော့ မြန်မြန်ဆန်ဆန်လုပ်မိတတ်တယ်။
★ ဥပမာ တစ်ခုပြောမယ် ပိုက်ဆံအများကြီးချမ်းသာတဲ့ပုဂ္ဂိုလ် အလွယ်တကူ စိတ်လေလွှင့်တတ်တယ်၊ အလွယ်တကူစိတ်ညစ်တယ်ဆိုရင် သူစိတ်ညစ်တိုင်း စိတ်ညစ်တိုင်း ပိုက်ဆံအသုံးပြုပြီးတော့ သူ စိတ်ညစ်တဲ့ပြဿနာ သူဖြေရှင်းမှာ။
★ အကောင်းဆုံးအရက်သောက်မယ် ဥပမာ၊ တချို့က မြေပေါ်မှာ ကားမောင်းတာ exciting မဖြစ်လို့ စိတ်လှုပ်ရှားမှုမရှိလို့ လေယာဉ်ဝယ်ပြီးတော့ လေယာဉ်ပျံအပျော်စီးတယ်။
★ အကြမ်းသမား ဘင်လာဒင်ရဲ့ သူ့မိသားစုရဲ့ history ဖတ်ကြည့်ရင်လေ တစ်ယောက်က အဲလိုပျင်းတတ်လို့တဲ့ ပြိုင်းကားပဲစီးတယ် ပြိုင်းကားနဲ့ သေသွားတယ်။
★ နောက်တစ်ယောက်က ပျင်းပျင်းတိုင်း လေယာဉ်ပျံအပျင်းပြေမောင်းတယ် အဲဒါနဲ့ သေသွားတယ်။ ပိုက်ဆံရှိလို့ အဲဒီဘက်ကို ရောက်သွားတယ်။ ပိုက်ဆံမရှိတဲ့လူကျ ပြိုင်ကားနဲ့ သေဖို့ဆိုတာ သူ့မှာ အခွင့်အလမ်းရှားပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (၂၄.၈.၂၀၁၅ မန္တလေး)” တရားအသံတော်မှ ကူးယူရေးသားပူဇော်ပါ
စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ဆောင်ရမည့်အချက်များ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် - အပိုင်း(၆)
★ #မြတ်စွာဘုရားက စီးပွားရေးလုပ်တဲ့နေရာမှာ #စီးပွားရေးလုပ်ငန်းရှင်တွေကို #အကြံပေးတာက နံပါတ်(၁)ကတော့ ကြိုးစားရမှာပေါ့၊ persistent effort  ဆိုတာ #မဆုတ်မနစ်ကြိုးစားရမယ်၊ မဖြစ်မနေ ဇွဲမြင့်မြင့်နဲ့ ဆက်လုပ်ကိုင်ရမယ် “ဥဋ္ဌာန သမ္ပဒါ” တဲ့။
★ နောက်တစ်ခုကတော့ #ရှာဖွေရရှိထားတဲ့ဟာ #ကောင်းကောင်းစောင့်ထိန်းရမယ်တဲ့။ တချို့ ဘယ်လိုစောင့်ထိန်းတုန်းဆို စီးပွားရေးကို diverted investemet အမျိုးမျိုးသွားပြီး invest လုပ်တယ်၊ တချို့ကျတော့ insurance တွေ ၀ယ်ထားတယ်၊ အဲလိုဟာမျိုးတွေပေါ့။ စောင့်ရှောက်တယ် ဥပဒေပညာရှင်တွေနဲ့ စောင့်ရှောက်တယ် အဲလိုဟာမျိုးတွေ။
★ အဲဒါတင် မလုံလောက်ဘူးတဲ့ #Network #ကောင်းကောင်းလည်းရှိရမယ်၊ ကွန်ယက်ကောင်းကောင်းလည်း ရှိရမယ်၊ မိတ်တွေကောင်းရမယ်ပေါ့။ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း #ကလျာဏမိတ္တတာ။ အခုခေတ်တွေမှာ ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု ပေါင်းတယ်။
★ ယူရိုမှာဆို ဒီတိုင်းပဲတွေ့တယ် ကုမ္ပဏီအကြီးတစ်ခုက အငယ်တစ်ခုကိုလာပြီးတော့ take over  လုပ်တယ်။ အဲဒီ ကုမ္ပဏီအသေးကလည်း ရောင်းလိုက်တဲ့အတွက်ကြောင့်မို့လို့ တစ်ဖက်က အမြတ်အစွန်းရတယ်။
★ နောက်တစ်ဖက်ကလည်း ကုမ္ပဏီအကြီးကြီးနဲ့ သွားပြီးတော့ ပေါင်းလိုက်တဲ့အခါကျတော့ ပိုပြီးတော့ ယှဉ်ပြိုင်အားကောင်းတယ်။ ဒီလိုဟာမျိုး ဒါတွေဟာ “ကလျာဏမိတ္တတာ” မျက်စိနဲ့ကြည့်တယ်ဆိုရင်တော့ ကောင်းတဲ့အလုပ်တစ်ခုပါပဲ။
★ နောက်တစ်ခုက ၀င်ငွေသုံးငွေ၊ #၀င်ငွေနဲ့သုံးငွေညီမျှရမယ်တဲ့။ ၀င်တာက တစ်သိန်းက သုံးတာက ငါးသောင်းဆိုရင် စီးပွားရေးထဲမှာ ပြန်ပြီးတော့ invest လုပ်ဖို့ ရင်းနှီးမြှုပ်နှံဖို့လည်း မရှိတော့ဘူး။ ကျန်းမာရေးအတွက် ပညာရေးအတွက် အဲဒါတွေလည်း မလုံလောက်တော့ဘူး။
★ ဥပမာ နာမည်ကြီးအဆိုတော် မိုက်ကယ်ဂျက်ဆင် လူတိုင်းသိတယ် concert တခါလုပ်ရင် အမေရိကန်ဒေါ်လာ သန်းပေါင်းမြောက်များစွာရတယ်။ ပြီးခဲ့တဲ့ တစ်နှစ် နှစ်နှစ်ကမှ ရုပ်ရှင်မင်းသားမင်းသမီးတွေ ရေဘေးအတွက်ဆိုပြီး စုပေါင်းပြီးတော့ ဈေးရောင်းကြတယ် သိန်းနှစ်သောင်းလောက်ရတယ် သတင်းကြားတယ် ဒါ အင်မတန်ကောင်းတာ။
★ မိုက်ကယ်ဂျက်ဆင် တညလောက် ပွဲထွက်လိုက်တယ်ဆိုရင် သူက သန်းပေါင်းမြောက်များစွာ ရတာပဲ။ ဒါပေမဲ့ သူ့မှာ ၀င်ငွေနဲ့ထွက်ငွေနဲ့ မမျှဘူး။ အသုံးအရမ်းကြီးတယ်။ အသုံးအရမ်းကြီးလို့ ဒီလောက်ထိဝင်ငွေကောင်းတဲ့ အဆိုတော် သူ့လောက် ၀င်ငွေကောင်းတာ မရှိဘူး။
★ မက်ဒေါနားလည်း သူ့လောက် ၀င်ငွေမကောင်းဘူး။ အခုနောက်ပေါ် အဆိုတော်လေးတွေ သူ့လောက် ၀င်ငွေ မကောင်းဘူး။ ဒါတောင်မှ မိုက်ကယ်ဂျက်ဆင်က အမြဲတမ်းအကြွေးတင်နေတာ။ ၀င်ငွေထွက်ငွေ မညီမျှလို့။
★ အဲ့တိုင်းပဲ အင်္ဂလန်နိုင်ငံမှာ အရင်တုန်းက နာမည်ကြီး ဘောလုံးသမား Paul Gascoigne သန်းကြွယ်သူဌေးပဲ အခုကျတော့ သူ့ကိုသူစောင့်ရှောက်ဖို့ ပိုက်ဆံတောင် မရှိတော့ဘူး။ သူငယ်ချင်းတွေက ကြည့်ရှု့ရတယ်။ စိတ်ညစ်ပြီးတော့ အရက်တွေသောက် ရလာတဲ့ရောဂါ ဆေးကုဖို့ ပိုက်ဆံမရှိဘူး။ သူငယ်ချင်းတွေက ၀ိုင်းပြီးတော့ ကုပေးမှ ဖြစ်နိုင်တာ။
★ နောက်ပြီးတော့ အင်္ဂလန်မှာ လူမည်း ဘရူနိုဆိုတာလေ လက်ဝှေ့သမားရှိတယ် သူလည်းပဲ သန်းကြွယ်သူဌေးပဲ။ ပြီးခဲ့တဲ့ တစ်နှစ်နှစ်နှစ်က bankrupt ဖြစ်သွားတယ်။ ၀င်ငွေနဲ့ သုံးငွေ မညီမျှဘူး။
★ ဗုဒ္ဓခေတ်က သူဌေးတွေလည်း အဲလိုအများကြီးရှိတယ်၊ မိဘခေတ်တုန်းက စီးပွားရေးတွေ ကုဋေနဲ့ချီပြီးတော့ ရှာထားတယ်။ အမွေတွေပေးထားတယ်၊ သားသမီးအရွယ်ရောက်တဲ့အခါကျတော့ ထပ်ပြီးတော့ မရှာတတ်ဘူး၊ သုံးပဲသုံးတတ်တယ်။
★ သူဌေးမလုပ်တတ်ဘူး သူဌေးသားပဲ လုပ်တတ်တယ်။ သူဌေးသားသုံးတာကို သူဌေးက ရှာတတ်တယ်။ အဲလိုဖြစ်တဲ့အခါကျတော့ ပိုက်ဆံဘယ်လောက်ပဲများများ မလုံလောက်ဘူး။ ဒါကြောင့် #၀င်ငွေထွက်ငွေမျှတရမယ်တဲ့။
★ အခုပြောတဲ့ဟာက စီပွားရေးလုပ်ငန်းနဲ့ ပတ်သတ်တာပဲရှိသေးတယ်။ မြတ်စွာဘုရားက စည်းစိမ်ဥစ္စာ စီးပွားရေးတခုတည်းနဲ့ မလုံလောက်ဘူးတဲ့။
★ ပိုက်ဆံရှိတယ်ဆိုရင် ခုနတုန်းက ပြောတဲ့အတိုင်း ငါ ပိုက်ဆံရှိလို့ ဘယ်နေရာမှာတော့ဖြင့် ပိုက်ဆံလေးပေးပြီးတော့ ဥပဒေကို မျက်ကွယ်ပြုပြီးတော့ လုပ်လိုက်မယ်။ ဘယ်သူ ဘာပဲထိထိ ငါ ဂရုမစိုက်ဘူး လုပ်လိုက်မယ်။
🔺 #ဘယ်သူတေတေ #ငတေမာပြီးရော အဲဒီလိုလုပ်တယ်ဆိုရင်တဲ့ #ရေတိုပဲစားရမယ် #ခဏပဲစားရမယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (၂၄.၈.၂၀၁၅ မန္တလေး)” တရားအသံတော်မှ ကူးယူရေးသားပူဇော်ပါသည်။
နာမည်ကြီးမှုနောက်ကို မလိုက်ပါနဲ့
▬▬▬▬▬▬▬▬▬▬▬▬▬▬
လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် - အပိုင်း(၇)
★ ပုံပြင်တိုတိုလေးပြောပြီးတော့ အဆုံးသတ်ချင်တယ်။ သူငယ်ချင်း လေးယောက်ရှိတယ်။ တစ်နေ့ကျတော့ သူတို့ထဲက တစ်ယောက်ကို ဘုရင်ကြီးက သံသယရှိလို့ ခေါ်ပြီးတော့ စစ်ဆေးဖို့  ဆင့်ခေါ်စာရောက်လာတယ်။ စာရောက်လာတော့ လန့်သွားတယ်။
★ စိတ်ထဲမှာ အလုံမလဲ guilty conscience ဖြစ်ပြီးတော့ ညမအိပ်နိုင်ဘူး စားလည်း သိပ်မစားနိုင်ဘူး။ ငါ ဘာများမှားလဲ မသိဘူး။ အဲဒါနဲ့ သူငယ်ချင်းကို အကူအညီတောင်းတယ်၊ သူငယ်ချင်း ပထမသူငယ်ချင်းဆီ ရောက်သွားတယ်၊ သူငယ်ချင်း ဘုရင်ကြီးက ငါ့ကို ဒီလိုခေါ်တယ် ငါ့ကို သံသယရှိလို့တဲ့ လိုက်ခဲ့ပါအုန်း။
“ဟာ ကိုယ့်လူရယ် ကိုယ်မအားဘူး၊ ဘုရင်ဆိုရင် ကိုယ်ကလည်း နဲနဲကြောက်တယ်။ ဒို့လည်းပဲ အဲ့ဘုရင်နဲ့ နဲနဲပြဿနာတတ်ထားတာ ရှိတယ်။ ဒါကြောင့် မလိုက်ပါရစေနဲ့” ဆိုပြီးတော့ သူက ငြင်းလိုက်တယ်။
★ ပထမသူငယ်ချင်း ငြင်းလိုက်တယ်။ နောက် ဒုတိယသူငယ်ချင်း အားကိုးတကြီးနဲ့ ဒုတိယသူငယ်ချင်းဆီရောက်သွားတော့...
“သူငယ်ချင်း ဒီလိုပဲ ဘုရင်ကြီးက ဒို့ကို သံသယရှိလို့ ဆိုပြီးတော့ ခေါ်နေတယ်၊ လိုက်ခဲ့ပါအုန်း” ဆိုတော့
“ကိုယ် မအားဘူးတဲ့၊ စီးပွားရေးလုပ်ဖို့ အချိန်တွေ မလောက်ဘူး၊ ဒါကြောင့် အရမ်းခင်လွန်းလို့ သူငယ်ချင်းကိုတော့ နန်းတော်ဂိတ်ဝထိ လိုက်ပို့ပေးလိုက်မယ်။”
★ ဂိတ်အထိပဲ လိုက်ပို့တယ် အထဲထိ လိုက်မပို့ဘူး။ တစ်ယောက်က လုံးဝ ငြင်းပယ်လိုက်တယ် တစ်ယောက်ကတော့ ဂိတ်ဝပဲ လိုက်ပို့တယ်။
★ တတိယ သူငယ်ချင်းဆီ ရောက်သွားတယ်။ ဒီ ဒုတိယသူငယ်ချင်းလည်း မဟုတ်သေးပါဘူး ဂိတ်ဝအထိပဲ လိုက်ပို့မယ်ဆိုတော့ ငါက ဘုရင်နဲ့ တွေ့တဲ့အခါ အကူအညီလိုတာ၊ အထဲ မလိုက်နိုင်တော့ ဘယ်လိုလုပ်မှာတုန်း။ တတိယတစ်ယောက်ဆီသွားအုန်းမယ်။
“သူငယ်ချင်း ဒီလိုပဲ လိုက်ခဲ့ပါအုန်း” ဆိုတော့ အဲ့သူငယ်ချင်းက “ဟာ ငါ လိုက်ခဲ့မယ်။”
★ ဘုရင်ရှေ့လည်း ရောက်သွားရော ဘုရင်က မေးတဲ့အခါ “နင် ဘာလုပ်တာတုန်း? ဒီလိုလုပ်တာ ဟုတ်ရဲ့လား? မကောင်းတာလုပ်တာ ငါ သတင်းကြားတယ် ဟုတ်လား” ဆိုတော့ ..
★ သူ့သူငယ်ချင်းက “မဟုတ်ပါဘူး ကျွန်တော် သက်သေခံပါတယ်၊ ဒီ သူငယ်ချင်းအကြောင်း ကျွန်တော် ကောင်းကောင်းသိတယ်၊ ဒီသူငယ်ချင်းက ဘယ်နေ့မှာ ဘာလုပ်တယ် ဘာလုပ်တယ်” သူ့ဘက်ကနေ  ရပ်ဆိုပေးတယ်။
★ အဲဒါနဲ့ အဲဒီလို လွတ်သွားတယ်တဲ့။ ဘုရင်က ဘာမှ အရေးမယူဘူး။ သုံးယောက်။ ဒီသုံးယောက် ဒီနေ့တရားပရိတ်သတ် မိတ်ဆွေသုံးယောက်ရှိတယ်၊ ပထမတစ်ယောက်ကတော့ မောင်ယသ တဲ့။ “ယသ” ဆိုတာ နာကြီးလို့ခေါ်တယ်။ လူတွေအထင်ကြီးတယ် လေးစားတယ်။ ပေါ်ပြူလာဖြစ်တယ် လူတွေလက်ခံတယ်။
★ အဲဒီ နာမည်ကြီးကလည်း မိမိမှာဘယ်လောက်ပဲ နာမည်ကြီးကြီး တစ်နေ့ကျတော့ မိမိရဲ့စိတ်ထဲမှာ ဘုရင်တစ်ယောက်ရှိတယ်၊ ဒီဘုရင်ကတော့ ခုနနေတုန်းက ဒီတရားပွဲစတဲ့အချိန်တုန်းက ပြောခဲ့တဲ့ “ဟိရီ သြတ္တပ္ပ” ဆိုတာ  အင်္ဂလိပ်လိုပြောရင် moral conscience မသိစိတ်ထဲမှာလည်း ရှိတယ် သိစိတ်ထဲမှာလည်း ရှိတယ်။
★ သိစိတ်အဆင့်မှာ မရှိဘူးဆိုရင် မသိစိတ်အဆင့်မှာ ဒီ moral conscience က ရှိတယ်။ မကောင်းတာလုပ်ထားမိတယ်ဆိုရင် သူများမျက်နှာကောင်းကောင်း မကြည့်ရဲဘူး အဲလို moral conscience ၊ လူတစ်ယောက်ကို မကောင်းကြံဘူးတယ်ဆိုရင် သူနဲ့တွေ့တဲ့အခါ စိတ်ထဲမှာ အဲ့လိုပဲ မလုံမလဲဖြစ်တယ်။
★ ဒါက စိတ်ရဲ့သဘာဝ “ပဘဿရတိ” ထိန်လင်းနေတယ်တယ်တဲ့။ စိတ်ရဲ့ သဘာဝက “ပဘဿရ မိဒံ စိတ္တံ”  စိတ်က နဂိုတည်းက ဒီလို ဖြူစင်သန့်ရှင်းတယ်။
★ အဲဒီထဲမှာ အရေးကြီးတာ ဒီ moral conscience  အသက်ကြီးလာတဲ့အခါ နေမကောင်းတဲ့အခါ အဲလိုအချိန်မျိုးဆို ပိုပြီးတော့ သိသာတယ်။ မကောင်းတာလုပ်မိတဲ့ပုဂ္ဂိုလ်ဆို လူကြားထဲ မဝင်ရဲဘူး၊ လူရှေ့သူရှေ့ ပြောရဲတာတောင်မှာ စိတ်ထဲမှာ တင်းမာမှု tension ဆိုတာ ရှိတယ်။ #သူများမသိပေမဲ့ #ကိုယ်သိတယ်။
★ အဲဒါ သတိထားပြီးတော့ ကြည့်မယ်ဆိုရင် ကြွက်သားတွေလည်းပဲ တင်းနေတယ် စိတ်တွေလည်း တင်နေတယ်။ အဲဒီလိုဖြစ်တဲ့အခါကျတော့ ပိုက်ဆံရှိရဲ့နဲ့ ကောင်းကောင်း အိပ်မပျော်ဘူး အိပ်ဆေးတွေ သောက်ရတယ်။ အဲလိုဟာမျိုး ဒါ moral conscience က ခြိမ်းခြောက်နေတာ။
★ ဒါကြောင့် အဲဒီ moral conscience  က စိတ်ထဲမှာရှိတဲ့ သီလကို မြတ်နိုးတဲ့စိတ်၊ ကောင်းတာကို မြတ်နိုးတဲ့စိတ် အဲဒီစိတ်က ဆင့်ခေါ်လာပြီဆိုရင် မိမိမှာရှိတဲ့ ဂုဏ်သတင်း၊ မိမိမှာရှိတဲ့ နာမည်ကြီး မိမိမှာရှိတဲ့ popularity အဲဒါ ဘာတစ်ခုမှ မကူညီနိုင်ဘူးတဲ့။ ဘာမှ မကူညီနိုင်ဘူး။
★ မိုက်ကယ်ဂျက်ဆင်လောက် နာမည်ကြီးလည်း မရဘူး၊ မိုက်ကယ်ဂျက်ဆင် ဘာနဲ့သေသွားတုန်း ဆေးသောက်ပြီးတော့ ဆေးထိုးပြီးတော့ သေသွားတာ။ သူ့ခမြာ မအိပ်နိုင်ဘူး။ ဒီတိုင်း ရိုးရိုး မအိပ်နိုင်ဘူး။
★ Hollywood မှာ အိမ်တိုင်းအိမ်တိုင်းမှာတဲ့ အိပ်ခန်းမှာတောင် မကဘူး ရေချိုးခန်းထဲမှာ အိမ်သာထဲမှာတောင်မှ antidepressant စိတ်ဓါတ်ကျ ကာကွယ်တဲ့ဆေးတွေရှိတယ် အိပ်ဆေးတွေ အများကြီးသုံးရတယ် သူတို့။ နာမည်ကြီးပြီးတော့ အိပ်မပျော်နိုင်ဘူးဆိုတာ ဒီနာမည်ကြီးပြီးတော့ ဘာမှ မကူညီဘူးပေါ့။
★ သူငယ်ချင်း ကိုယ်လည်း မကူညီနိုင်ဘူး သွားတော့ဆိုပြီးတော့ ပထမဆုံးပြောလိုက်တဲ့ သူငယ်ချင်းလိုပါပဲ။ ဒါကြောင့် #နာမည်ကြီးမှုနောက်ကိုလည်း #မလိုက်ပါနဲ့။ ပိုက်ဆံရှိလာတယ်ဆိုရင် ပိုက်ဆံနဲ့ နာမည် ၀ယ်ယူတာမျိုး ရှိတတ်တယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (၂၄.၈.၂၀၁၅ မန္တလေး)” တရားအသံတော်မှ ကူးယူရေးသားပူဇော်ပါသည်။
လူပဲကြိုက်ပြီးတော့ နတ်မကြိုက်ဘူးဆိုရင်
ဒီ စီးပွားရေးလုပ်ငန်းရှင် ရေရှည်မကြီးပွားနိုင်ဘူး
နောက်ဘဝမကြီးပွားနိုင်ဘူး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် - အပိုင်း(၈)
★ ဒုတိယသူငယ်ချင်းက မောင်လာဘတဲ့။ အဲဒါတော့ ပိုက်ဆံပဲ၊ ကိုယ့်မှာရှိတဲ့ဘဏ်အကောင့်တွေ ရှိတဲ့ ပစ္စည်းဥစ္စာတွေအားလုံး။ သူကလည်း ဘယ်အထိပဲ လိုက်မှာတုန်းဆိုတော့ နန်းတော်ရဲ့ ဂိတ်ဝထိပဲလိုက်မှာ။ သေတယ်ဆိုရင် သူက လိုက်ပါမသွားဘူး။
★ "မအားဘူး သူငယ်ချင်းရေ ဘုရင်နဲ့သွားတွေ့ဖို့အတွက် အဝတ်အစားကောင်းကောင်းတော့ ပေးလိုက်မယ်" ဆိုတဲ့အတိုင်းပဲ သူဌေးကလည်း ဒီအဝတ်အစားကောင်းကောင်းတစ်စုံပဲ ပါသွားတယ်တဲ့။ ပိုက်ဆံတွေ ဘီလီယံနဲ့ချီပြီး ရှိနေပေမယ့် လိုက်မလာဘူး။
★ ဒီ moral conscience ရှိတဲ့အခါမှာ အသက်ရှင်နေရင်းနဲ့ စိတ်ထဲမှာ ငါ မကောင်းတာများလုပ်မိသလား ဒီလို ကိုယ့်ကိုယ်ကိုယ် သံသယရှိတဲ့ အချိန်မှာလည်း ဒီပိုက်ဆံက ဖြေရှင်းမပေးနိုင်ဘူး။
★ တတိယ သူငယ်ချင်းက ဘယ်သူတုန်းဆိုတော့ သူကတော့ မောင်ပုည တဲ့။ မပုည လို့လည်း ခေါ်နိုင်တာပေါ့။ ပုည ဆိုတာ  သူက ကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်။ စီးပွားရေးလည်းပဲ ကောင်းတာ မှန်မှန်ကန်ကန်လုပ်တယ်၊ အလုပ်သမားတွေကိုလည်း ကြည့်ရှု့တယ်။ customer ဖောက်သည်တွေကိုလည်း ကြည့်ရှု့စောင့်ရှောက်တယ်။
★ တချို့က ဖောက်သည်မှ မစောင့်ရှောက်တာ။ ဥပမာ ပြီးခဲ့တဲ့ ၁-နှစ်ကျော်ကျော်ကထင်တယ် အင်္ဂလန်နိုင်ငံ အစိုးရက အိန္ဒိယနဲ့ပါပကစ္စတန်ကနေ လာတဲ့ သရက်သီးကို ပိတ်တယ်။ ဘာလို့ ပိတ်တုန်းဆို သူတို့ ဆေးတွေ သုံးတာများလွန်းလို့။ ဆေးတွေဖြန်းတာ များလွန်းတဲ့အတွက်ကြောင့်မို့လို့ အန္တရာယ်ရှိတယ်။
★ ကိုယ့်ရဲ့သရက်သီးကို ၀ယ်စားမယ့်လူ ဒါ ကိုယ့်ရဲ့ဖောက်သည် ကိုယ့်ရဲ့ customer သူတို့ကို စောင့်ရှောက်ရမယ်၊ သူတို့ကျန်းမာရေးကောင်းအောင် စောင့်ရှောက်ရမယ်။ မစောင့်ရှောက်ပဲနဲ့ ငါ ပိုက်ဆံရရင်ပြီးရောဆိုပြီးတော့ ဆေးတွေ အများကြီးဖြန်းထည့်လိုက်တာ တော်သေးတယ် အင်္ဂလန်အစိုးရက ပိတ်လိုက်လို့။
★ ထိုင်းနိုင်ငံက ဟင်းသီးဟင်းရွက်တွေ အင်္ဂလန်ကို အများကြီးသွင်းတယ်။ အဲဒီ ဟင်းသီးဟင်းရွက်တွေထဲမှာလည်း ဆေးတွေအများကြီးဖြန်းတယ်။ စစ်ကြည့်တဲ့အခါကျတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အနေအထားအထိရောက်သွားတယ်။ ရောက်သွားတာကို သတိပေးတယ်။ သတိပေးပေမယ့် ထိုင်းအစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက အရေးမယူဘူး။
★ အရေးမယူတဲ့အတွက်ကြောင့် အင်္ဂလန်အစိုးရက ပိတ်လိုက်တယ်။ ဒါ ကိုယ့်ရဲ့ customer ကိုတောင်မှ ကိုယ်က မစောင့်ရှောက်တာ။ ငှက်ပျောသီးတွေ ဆေးစိမ်ပြီးတော့ ရောင်းလိုက်တယ်။ စားပြီးတော့ ဘာပဲဖြစ်ဖြစ် ကင်ဆာဖြစ်ရင်ဖြစ် ဘာမှ ဂရုမစိုက်ဘူး။ ငါ အိတ်ထဲပိုက်ဆံဝင်ရင်ပြီးပြီ။
★ အစားအသောက်တွေ ဒီတိုင်းပဲ ရောဂါဖြစ်စေနိုင်တဲ့ ဆေးတွေဖြန်းပြီးတော့ ဒီလိုလုပ်တယ်ဆိုရင် ဒီနေ့ ဘုန်းကြီးပေးထားတဲ့ခေါင်းစည်း လူကြိုက်နတ်ကြိုက် - လူကြိုက်ဆိုတာ ဒါ #ကိုယ်ကတော့ #ကြိုက်တာပေါ့ #ကိုယ်ပိုက်ဆံရသွားလို့။ #နတ်မကြိုက်ဘူး။
🔺 #နတ်ဆိုတာ ဒါ #ကိုယ့်စိတ်ထဲမှာလည်း #နတ်ရှိတယ်။ ခုနတုန်းက ပြောတဲ့ “#ဟိရီ နဲ့ #သြတ္တပ္ပ” moral conscience ၊ နောက်ပြီးတော့ #ကံတရားဆိုတာလည်း ရှိတယ်။ မကောင်းတာလုပ်ရင် မကောင်းတာရတယ်။ ကောင်းတာလုပ်ရင် ကောင်းတာရတယ် ဒီ ကံတရားတွေလည်း ရှိတယ်။
★ ဒါကြောင့် #လူပဲကြိုက်ပြီးတော့ #နတ်မကြိုက်ဘူးဆိုရင် ဒီ #စီးပွားရေးလုပ်ငန်းရှင် ဒီမှာပဲ ကြီးပွားနိုင်တယ် #ရေရှည်မကြီးပွားနိုင်ဘူးတဲ့ #နောက်ဘဝမကြီးပွားနိုင်ဘူး။
★ တရုတ်ပြည်မှာ ကြက်ဥတွေ လူကြီးတွေစားတဲ့ကြက်ဥတွေ ကလေးတွေ စားတဲ့ကြက်ဥတွေ အဲ့ထဲမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆေးတွေ ထိုးတာတို့ ကလေးတွေ နို့မုန့်ထဲမှာ ဓာတုဗေဒတွေ ပါတာတို့ နောက်ပြီးတော့ အိုင်ယာလန်မှာ နွားသွားထဲမှာလေ နွားသားရောင်းတာ မြင်းသားပါပါတယ်။ အဲဒီမြင်းက ရိုးရိုးမြင်းမဟုတ်ဘူး ပြိုင်မြင်း။
★ ပြိုင်မြင်း သူ ပြိုင်နိုင်အောင် သူများထက်မြန်အောင် မြန်မြန်ပြေးနိုင်အောင် မမောအောင် သူ့ကို အန္တရာယ်ရှိတဲ့ ဓာတုဗေဒတွေ အများကြီး ဆေးထိုးထားတာ။ အဲဒါကြောင့် တကိုယ်လုံးက အဆိပ်သင့်နေတဲ့မြင်း၊ အဲဒီမြင်း မပြေးနိုင်တော့တဲ့အခါကျတော့ သူ့ကိုသတ်ပြီးတော့ ရောင်းတဲ့အမဲသားထဲမှာ မသိမသာထည့်ပြီးတော့ရောင်းတယ်။
★ အဲဒါ EU အစိုးရတွေက တစ်ခုပြီးတစ်ခု လိုက်တဲ့အခါကျတော့ အင်္ဂလန်ကနေပြီးတော့လိုက်တာ အိုင်ယာလန်ရောက်သွား၊ အိုင်ယာလန်ကနေလိုက်တာ နောက် တခြားနိုင်ငံရောက်သွား ဒတ်ခ်ျတို့ နယ်သာလန်တို့ အဲလို နိုင်ငံတွေ ရောက်သွားတယ်။
★ အဲတော့ အခု ကြီးပွားဖို့အတွက်ပဲကြည့်ပြီးတော့ သုံးစွဲတဲ့လူတွေရဲ့ အကျိုးစီးပွားကို မကြည့်ဘူးဆိုရင်တဲ့ ဒီစီးပွားရေးသမား ပိုက်ဆံများများရှာပြီး အဲ့ပို်က်ဆံနဲ့ အောက်ဆွဲချနေတာတဲ့။ အခု ဒီမှာနေနေတုန်းမှာလည်း စိတ်က အပေါ်ကို မြင့်မနေဘူး ရွှင်မနေဘူး။
★ စိတ်က လေးလံပြီးတော့ လေးလံတဲ့စိတ် ပူပန်တဲ့စိတ်ကို တခါ ဟိုဟာနဲ့ဖုန်းအုပ်ထားလိုက် ဒီဟာနဲ့ဖုန်းအုပ်ထားလိုက် အဲဒီလို suppress လုပ်ရတယ် ဖုန်းဖိထားရတယ်။ Psychology မှာဆိုရင် suppress လို့ပြောရင် ချက်ချင်း နားလည်တယ်။ ဖုန်ဖိထားရတာ ကိုယ့်စိတ်ကို ဖုန်းဖိထားရတာ။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (၂၄.၈.၂၀၁၅ မန္တလေး)” တရားအသံတော်မှ ကူးယူရေးသားပူဇော်ပါသည်။
လူလည်းကြိုက် နတ်လည်းကြိုက်တဲ့
စီးပွားရေးလုပ်ငန်ရှင်ဖြစ်အောင် ကြိုစားပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬
အပိုင်း(၉) - နောက်ဆုံးပိုင်း
★ မြတ်စွာဘုရားက ချမ်းသာတယ်ဆိုတဲ့နေရာမှာ ချမ်းသာမှု လေးခုကို ဟောကြားတော်မူတယ်။
★ သုခချမ်းသာမှု - နံပါတ်(၁)ကတော့ ရှိတဲ့စိတ်ချမ်းသာမှု၊ ရှိလို့ အော် ငါ ဒါလေးရှိတယ်၊ ကားရှိတယ်၊ ခရီးသွားဖို့ လိုအပ်ရင် ကားရှိတယ်၊ နိုင်ငံခြားသွားဖို့ လိုအပ်ရင် လေယာဉ်ပျံလက်မှတ်ဝယ်ဖို့ ပိုက်ဆံရှိတယ်၊ နေဖို့အတွက် ဈေးဝယ်စရာပိုက်ဆံရှိတယ်၊ ဆရာဝန်ပြဖို့အတွက် ပိုက်ဆံရှိတယ်။
★ အဲဒီလိုရှိရင် စိတ်ထဲမှာ နွေးထွေးတယ်၊ စိတ်ချမ်းသာတယ်။ စားချင်ရင် ၀ယ်စားနိုင်တဲ့ ပိုက်ဆံရှိတယ်။ အဲဒီလိုရှိတဲ့ စိတ်ချမ်းသာမှု အဲဒါကို အတ္ထိသုခ လို့ခေါ်တယ်။ မြတ်စွာဘုရားက ချီးမွမ်းထားတယ် ဒါ သုခတစ်မျိုး ချမ်းသာတစ်မျိုးတဲ့။ မရှိရင် အမြဲတမ်းကြောင့်ကြနေရတယ်။
★ နောက်တစ်ခုကျတော့ ရှိယုံတင်မကဘူး လိုအပ်တဲ့အခါမှာ အသုံးပြုတယ်၊ အသုံးပြုရင်း ရရှိလာတဲ့ စိတ်ချမ်းသာမှု အဲဒါကိုတော့ ဘောဂသုခ တဲ့။
★ နောက်တစ်ခုကတော့ အကြွေးမတင်တဲ့သုခ အာနဏျသုခ - ခေတ်သစ်စီးပွားရေးနဲ့ကြည့်မယ်ဆိုရင် အကြွေးက နိုင်ငံစီးပွားရေးကိုကောင်းစေတယ် လူတိုင်း အကြွေးရှိတယ်ဆိုရင် အဲလူတွေက စီးပွားရေးကြိုးစားတာ၊ အလုပ်ကြိုးစားတာ။
★ နိုင်ငံခြားမှာကျောင်းဆောက်တယ်ဆိုတာလေ ရှိနေတဲ့အိမ်လေးတွေ ၀ယ်ပြီးတော့ ကျောင်းလုပ်ရတာ အများစု။ ဘုန်းကြီးတို့ကျောင်းလည်း ဒီအတိုင်းပဲ။ ဟော်တယ် အသေးစားလေး မော်တယ်ခေါ်တာပေါ့ ဟိုမှာတော့ Bed and Breafasts ခေါ်တယ်။ အဲဒါလေးဝယ်ပြီး ဘုန်းကြီးကျောင်းလုပ်ထားတာ။
★ ၀ယ်တာလည်းပဲ ဘဏ်ပိုက်ဆံချေးပြီး ၀ယ်ထားတာ mortgage ခေါ်တယ်။ အဲလို ကျောင်းက အကြွေးတင်တဲ့အခါကျတော့ ဘုန်းကြီးက လစဉ်လစဉ် ဘဏ်ကိုပြန်ပြီး အတိုးပေးရတာကိုး ပိုက်ဆံပြန်ဆပ်ရတာကိုး။ ဆပ်တဲ့အခါကျတော့ စိတ်ထဲမှာ ဆွမ်းစားရင်လည်းပဲ ဒီလ ဘယ်လောက်ပြန်ပေးရမယ် အဲဒါပဲ စဉ်းစားနေတာ ကြိုးစားတယ်ပေါ့။ အခုတော့ အကြွေးမရှိတော့ပါဘူး။
★ မတော်တဆ မပေးနိုင်လို့ အကြွေးပြန်မပေးနိုင်လို့ ကိုယ့်ရဲ့အကြွေးကို ကိုယ်အကြွေးပေးနိုင်အောင် ကိုယ့်ရဲ့ စီးပွားရေးကို supply လုပ်ပေးတဲ့ chain တွေရှိတာကိုး အဆက်တွေရှိတာ ကွင်းဆက်တွေ ရှိတာကိုး၊ တစ်နေရာမှာ သူက ပြဿနာလေးပေါ်သွားရင် အကုန်လုံးကိုထိခိုက်တဲ့ ခေတ်မျိုးမှာ ဘုန်းကြီးတို့က နေနေတာ။
★ ဒါကြောင့်မို့ အဲဒီလိုထိခိုက်တယ်ဆိုရင် တိုကျိုက stock market ဘယ်လိုဖြစ်လို့ တကမ္ဘာလုံးကိုရိုက်သွားတယ် အဲလိုဟာမျိုးဆိုရင် ကိုယ်ရဲ့ mortgage ပါ လာထိခိုက်တာပဲ။ ဒါကြောင့် အကြွေးရှိတဲ့လူက ရင်တမမနဲ့ နေရတယ်။ ဒါကြောင့် အကြွေးမရှိရင် ဒါလည်း ချမ်းသာမှု တစ်မျိုးပဲ။
★ နောက်ဆုံးချမ်းသာမှုကတော့ "အနဝဇ္ဇသုခ" ဆိုတာ စိတ်သန့်ရှင်းတာ။
🔺 ခုနနေတုန်းက ဘုရင်က ခေါ်တယ်ဆိုတာ ကိုယ့်စိတ်ကို ပြန်ပြီးတော့ စစ်ဆေးနိုင်တဲ့ပုဂ္ဂိုလ် ငါ စီးပွားရေးလုပ်လာတာ သူများမကောင်း ဘာမှ မလုပ်ခဲ့ဘူး။ တချို့က  အရောင်တင်မှုန့်ရောင်းတယ် အဲ့ထဲမှာ အုန်းမှုန့်တွေ အများကြီးထည့်လိုက်တယ်။ ဘယ်သူသိမှာတုန်း?  #ဘယ်သူမှာတော့မသိဘူး #ဒါပေမဲ့ကိုယ်သိတယ်လေ။
★ သိလို့ #သိလာတဲ့အချိန်မှာ #ပိုက်ဆံအများကြီးရှိလာတဲ့အခါမှာ #အသက်ကြီးလာတဲ့အခါမှာ အဲဒါတွေ #ပြန်နောင်တရပြီးတော့ #အလှူအတန်းလိုက်ပြီးတော့လုပ် #ဒါနနဲ့လိုက်ပြီးတော့ဖုန်းဖိလို့တော့ #အချိန်မှီချင်မှမှီတယ် ပရိတ်သတ်တို့။
★ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များကို ဘုန်းကြီး ဗုဒ္ဓတရားတော်ထဲကနေပြီးတော့ အကြံပေးချင်တာတော့ #လူလည်းကြိုက်နတ်လည်းကြိုက်တဲ့ #စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပစေ။
★ အဲဒီလိုဆိုရင် ဘုရင် ဘယ်အချိန်ပဲခေါ်ခေါ် ရဲရဲဝင့်ဝင့်နဲ့ ဘုရင်ကို သွားတွေ့ရဲတယ်။ အဲဒီဘုရင်က #သေမင်းဆိုတာတောင်မှလေ #အဲဒီဘုရင်ကို #ရဲရဲဝင့်ဝင့်သွားပြီးတော့ တွေ့ရဲပါတယ်တဲ့ ဘာမှ စိတ်ထဲမှာ နောင်တ မရှိဘူး “အနဝဇ္ဇသုခ” ဒါ မင်္ဂလာတရားတစ်ပါးပဲ။
★ “ဒါနဉ္စ” - ပိုက်ဆံရှိရမယ် sharing လုပ်ရမယ် တစ်ယောက်နဲ့တစ်ယောက်၊ “ဓမ္မစရိယာစ” - ပိုက်ဆံရှိယုံနဲ့ မရဘူးတဲ့ #ဓမ္မစရိယာစ တရားမျှတမှုရှိရမယ်တဲ့ ethics ဆိုတဲ့ လိုက်နာရမယ်။
★ “ဒါနဉ္စ ဓမ္မစရိယာစ ဉာတကာနဉ္စ သင်္ဂဟော” မိမိရဲ့အလုပ်သမားတွေ ဆွေမျိုးမိတ်သင်္ဂတွေ သူတို့လည်း ကြည့်ရှု့ရမယ်။ “အနဝဇ္ဇာနိ ကမ္မာနိ” လုပ်တဲ့အလုပ်ကလည်းပဲ #အပြစ်ကင်းတဲ့အလုပ်ဖြစ်ဖို့ လိုအပ်ပါတယ်တဲ့။
★ ဒါ မင်္ဂလသုတ်ထဲမှာ -
ဒါနဉ္စ ဓမ္မစရိယာစ ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
★ ဒီတိုင်းလိုက်နာနိုင်တယ်ဆိုရင်တော့ လူလည်းကြိုက် နတ်လည်းကြိုက်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါလိမ့်မယ်တဲ့။
★ #လူလည်းကြိုက် #နတ်လည်းကြိုက်တဲ့ #စီးပွားရေးလုပ်ငန်းရှင် ဖြစ်တယ်ဆိုရင် ဒါ #စီးပွားရေးလုပ်ငန်းလုပ်ရင်းနဲ့ #ပါရမီတွေတစ်ဆင့်ပြီးတစ်ဆင့် #ရင့်ကျက်ပြီးသကာလ #ဒုက္ခခပ်ငြိမ်းချုပ်ငြိမ်းရာမှန်နိဗ္ဗာန်မြတ်ကို သူများလိုပဲ တရားကျင့်တဲ့ နေ့မအားညမအား တရားကျင့်တဲ့ ပုဂ္ဂိုလ်များလိုပဲ #ရရှိပါလိမ့်မယ်လို့ #မြတ်စွာဘုရား #ဆုံးမထားတဲ့အကြောင်း ပြောကြားရင်းနဲ့ ဒီနေ့ တရားပွဲကို နိဂုံးချုပ်ပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (၂၄.၈.၂၀၁၅ မန္တလေး)” တရားအသံတော်မှ ကူးယူရေးသားပူဇော်ပါသည်။
Photo credit #JaoMuTai