Monday, December 31, 2018

“ကာမလိမ်လည်ရယူကြသည် ဆိုရာဝယ်”


(ဖတ်ရန်ကြာချိန် ၃ မိနစ်)

(ရှည်ရင် သိပ်မဖတ်ကြဘူး ဆိုပေမယ့် တစ်ခါတည်းပဲ အပြည့်အစုံ တင်ပေးလိုက်ပါတယ်။ ချက်ချင်း မဖတ်နိုင်သေးတောင် Save ထား Share ထားပါ။ လူမှုကွန်ရက်မှာ မဟော့တော့ဘူး ဆိုပေမယ့် ပြင်ပဘဝမှာတော့ ရှိနေဦးမယ့်ကိစ္စ ဖြစ်လို့ပါ။ မိန်းကလေး၊ ယောကျာ်းလေး၊ သားရှင်၊ သမီးရှင်တွေ ဖတ်သင့်သလို၊ နောက် ကိုယ့်အိမ်က အိမ်အကူ ကောင်မလေးတွေများ ရှိရင် ဖတ်ခိုင်းထားသင့်တဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်)

၁။ ကာမလိမ်လည်ရယူမှု ဆိုတာ ဘာလဲ

တကယ်တော့ ကာမလိမ်လည်ရယူမှုရယ်လို့ သီးခြားမရှိပါဘူး။ လိမ်လည်မှုထဲမှာပဲ အကြုံးဝင်ပါတယ်။ ပုဒ်မ ၄၁၅ ဖြစ်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာတော့ လူတစ်ယောက်ဟာ သွေးဆောင်၊ ဖြားယောင်း၊ လိမ်လည်တယ်၊ တစ်ဖက်လူဟာ သူသာ မလိမ်ရင်၊ မဖြားယောင်းရင် ဒါကိုလုပ်စရာ အကြောင်းမရှိဘူး၊ ခုလိုဖြစ်သွားတဲ့အတွက် သူ့မှာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဂုဏ်သိက္ခာပိုင်း ထိခိုက်ခံစားရတယ်၊ ဒီလိုလုပ်ရပ်တိုင်းဟာ လိမ်လည်မှုဖြစ်တယ်။ အဲဒီလို လိမ်လည်ရင် ပြစ်ဒဏ်ပေးတဲ့ ပုဒ်မတွေက ၄၁၇၊ ၄၂၀ စသဖြင့် ရှိတယ်။ ကာမလိမ်လည်မှုကိုတော့ ၁၉၇၂ ခုနှစ်တုန်းက ပုဒ်မ ၄၁၇ အရ အပြစ်ပေးဖူးတဲ့ စီရင်ထုံးတစ်ခုရှိဖူးလို့ နောက်ပိုင်းမှာ ကာမလိမ်လည်ရယူတယ်ဆိုရင် ပုဒ်မ ၄၁၇ နဲ့ပဲ စွဲကြတာ ဖြစ်ပါတယ်။ ခုနောက်ဆုံး ပြင်ဆင်ထားတဲ့ ဥပဒေအရတော့ ဒီပုဒ်မဟာ ထောင် ၃ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချနိုင်ပါတယ်။

နောက်ပြီး ဒီပုဒ်မမှာ အမျိုးသား အမျိုးသမီး ခွဲခြားထားခြင်း မရှိလို့ အမျိုးသားများအနေနဲ့လည်း တိုင်ကြားလို့ ရပါတယ်။ ဥပမာ သမီးရည်းစားနှစ်ယောက် တစ်နေ့လက်ထပ်မယ်ဆိုပြီး အတူကြိုးစား၊ ပိုက်ဆံတွေစုနေကြချိန် မိန်းကလေးက အိမ်ကပေးစားတဲ့သူနဲ့၊ ကိုယ့်ထက်သာတဲ့သူနဲ့ ယူသွားမယ်ဆိုရင် ဒီပုဒ်မနဲ့ စွဲလို့ရတယ်။ ဒါပေမယ့် ကျွန်တော်ထင်တယ်၊ ဘယ်ယောကျာ်းကမှ ကာမလိမ်လည်ရယူမှုနဲ့တော့ စွဲမှာမဟုတ်ဘူး။ တခြားလိမ်လည်မှုအဖြစ်နဲ့သာ စွဲချင်စွဲမယ်၊ စိတ်ကို လိမ်လည်သွားတာကိုး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာ့အသိုင်းအ၀ိုင်းရဲ့ သတ်မှတ်ချက်အရ အတူနေလိုက်တယ်၊ ကာမဆက်ဆံလိုက်တယ်ဆို ယောကျာ်းလေးတွေက သူတို့တော့ နစ်နာသွားပြီလို့ မတွေးကြလို့ပဲ။ ဒါကြောင့် ခုနကလို မိန်းကလေးက သစ္စာဖောက်သွားဦးတော့၊ ယောကျာ်းလေးက ခံရခက်တာ၊ စိတ်ဓါတ်ကျတာတွေပဲ ရှိမယ်၊ ငါတော့ လူပျိုမစစ်တော့လို့ တန်ဖိုးမရှိတော့ဘူးဆိုပြီး တွေးမယ့်သူ အင်မတန်ကို ရှားလိမ့်မယ်။ ဒါကြောင့် ကာမလိမ်လည်ရယူမှု ဆိုတာ ယောကျာ်းကလည်း စွဲလို့ရတယ်ဆိုပေမယ့် အင်မတန်ကို တွေ့ရခဲတဲ့ကိစ္စ ဖြစ်နေတာပါ။ ဒီတော့ ဆက်ပြောတဲ့အခါမှာ ယောကျာ်းလေးက မိန်းကလေးကို လိမ်လည်တာတွေနဲ့ ပတ်သက်ပြီးပဲ ဦးစားပေးပြောသွားပါမယ်။

၂။ ရှာရခက်တဲ့ သက်သေ 

ဒီလိုကိစ္စတွေ ဖြစ်လာရင် တိုင်တန်းသူ၊ တစ်နည်းအားဖြင့် နစ်နာသူ မိန်းကလေးအနေနဲ့ အဓိက အခက်အခဲ ဖြစ်တာက သက်သေရှာရခက်တာပါပဲ။ ကာမလိမ်လည်ရယူတယ် ဆိုတော့ ကာမဆက်ဆံထားရမယ်၊ လက်ထပ်ပါ့မယ်လို့ လိမ်ထားရမယ်။ ဒီတော့ သူတို့နှစ်ယောက် အတူနေထားကြောင်း သက်သေလိုတယ်။ တည်းခိုခန်း ဧည့်ဝင်မှတ်တမ်း၊ တည်းခိုခန်းဝန်ထမ်းတွေရဲ့ မျက်မြင်သက်သေ စသဖြင့်ပေါ့။ ဆွေမျိုးသားချင်း၊ မိသားစုမှာရော ၀င်ထွက်သွားလာနေသလား၊ ဒီမိန်းကလေးကို လက်ထပ်ပါ့မယ်လို့ ပြောဖူးသလား ဒီလိုတွေလည်း မေးလို့ရနိုင်တယ်။ အဲ့လိုကိစ္စတွေကို ကူညီပေးနေတဲ့ အစ်မတစ်ယောက် ပြောတာကတော့ တည်းခိုခန်းဝန်ထမ်းတွေက သက်သေမထွက်ချင်ကြဘူး၊ ဘာလို့ဆိုတော့ သူတို့အလုပ်ကို ထိခိုက်မှာစိုးလို့ပါတဲ့။

အဲ့လိုသက်သေရှာရခက်တယ် ပြောလိုက်တော့ အတူနေတဲ့အချိန်မှာ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ထားမလား၊ ဒီလိုလည်း မဖြစ်ပြန်ဘူး။ ကိုယ်ကတော့ သက်သေအတွက် ရိုက်ထားလိုက်ကာမှ ဒါကို ဖြန့်လိုက်ရမလား ခြိမ်းခြောက်နေရင် တစ်ပူပေါ် နှစ်ပူဆင့်မှာ စိုးရတယ်။ နောက်ပိုင်းမှာလည်း အသေးစိတ် ပြောပါဦးမယ်။ ဒီတော့ ခြုံပြောရရင် သက်သေရှာရခက်တယ်၊ ဒီတော့ တစုံတရာ အပြစ်ပေးခံရဖို့ထက် သူ့အကြောင်း လူသိအောင် လုပ်လိုက်နိုင်တဲ့ သဘောလောက်ပဲ ဖြစ်နေတယ်။ ဒါကလည်း အဲဒီလူက လူသိများထင်ရှားသူ ဖြစ်ဦးမှ။ မဟုတ်ရင် သိပ်မထူးဘူးပေါ့။ ဒါကြောင့် ဒီကိစ္စဟာ မိန်းကလေးတွေအတွက် အရေးကြီးတဲ့ ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။

၃။ လူထုကြားမှာ ကျယ်ပြန့်လာတဲ့ အမြင်တစ်ခု

ခုဆို တော်တော်များများလည်း သိကြပါလိမ့်မယ်။ လူမှုကွန်ရက်တွေမှာ နာမည်ကျော်နေတဲ့ ကိစ္စလေးတွေ ရှိလာတယ်။ အဲဒီအခါမှာ သတိထားမိတယ်၊ ပြဿနာဖြစ်ပြီး သိပ်မကြာဘူး၊ တရားစွဲတဲ့ မိန်းကလေးတွေရဲ့ လူမမြင်သင့်တဲ့ ဓါတ်ပုံတွေ တက်တက်လာတော့တာပဲ။ ဒီအခါ လူတွေက ဘယ်လိုထင်လာသလဲဆိုတော့ သဘောတူတုန်းက တူခဲ့ပြီး ခုကျမှ တခုခုလိုချင်လို့ တရားစွဲတယ်ပေါ့၊ တချို့ကျတော့လည်း ဒီမိန်းကလေးတွေကိုက အညှာလွယ်တာ နည်းတောင်နည်းသေးတယ် ဆိုပြီး ပြောကြတယ်။

ဒီကိစ္စတွေကတော့ ကိုယ်လည်း သေချာမသိ၊ လူမှုကွန်ရက်ဆိုတာကလည်း အပေါ်ယံလောက် မြင်ရတာမို့ ဘာမှတ်ချက်မှ မပေးလိုပါဘူး။ ဒါပေမယ့် သိစေချင်တာကတော့ ဒါတွေဟာ ပင်လယ်ထဲမျောနေတဲ့ ရေခဲကျောက်ဆောင်ရဲ့ ထိပ်ဖျားလေး (Tip of the iceberg) လောက်ပါပဲ။ ရေအောက်မှာ မြုပ်နေတဲ့ အစိတ်အပိုင်းက တကယ့်အကြီးကြီးပါ။ လူမသိသူမသိ ဒီလိုလှည့်ဖျားခံလိုက်ရသူတွေ၊ သက်သေရှာမရ ဘာမှလည်းလုပ်မရလို့ ဒီအတိုင်း ငြိမ်နေလိုက်ရသူတွေ၊ ရှက်လို့ ဘယ်သူ့မှမပြောဘဲ တစ်ယောက်တည်း ကြိတ်ခံစားနေရသူတွေ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတော့ဘူးလို့ မြင်ပြီး စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ ကျန်ခဲ့သူတွေ အများကြီးပါပဲ။

ဒါကြောင့် ဒီလူမှုကွန်ရက်မှာ မြင်သလောက်လေးနဲ့ ဒီလိုကိစ္စတွေဟာ လျှပ်ပေါ်လော်လီတဲ့သူတွေမှ ဖြစ်တာ၊ ကိုယ်ကျင့်သိက္ခာမကောင်းတဲ့သူတွေမှ ဖြစ်တာဆိုပြီး ထင်ကုန်ကြမှာ စိုးပါတယ်။ တကယ်ကိုမှ လိမ်ခံရသူ၊ နစ်နာသူတွေ ရှိနေတာမို့ ဒီလိုအမြင်တွေ လူထုကြား ကျယ်ပြန့်လာလေလေ၊ ကျူးလွန်ခံရသူတွေအနေနဲ့ နှုတ်ဆိတ်နေဖို့ရာ ရာခိုင်နှုန်းများလာလေလေပါပဲ။ ဒါဆို လိမ်လည်လှည့်ဖျားမယ့်သူတွေအတွက် အခွင့်ကောင်းတစ်ခု ဖြစ်သွားတော့မှာပါ။ လိမ်လည်တိုင်တန်းသူတွေ မရှိဘူး မဟုတ်ပါဘူး။ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုကိစ္စတစ်ခု နှစ်ခုအတွက်နဲ့၊ တကယ်ကို ကျူးလွန်ခံနေရတဲ့ မြောက်များစွာသော မိန်းကလေးတွေကို သိမ်းကျုံးအပြစ်မမြင်စေချင်ပါဘူး။

၎။ ချင်း(ဂျင်း)မိသွားတဲ့ ကောင်မလေးတွေ

ချင်းမိတယ်ဆိုတာကတော့ ဒီခေတ်စကားပေါ့နော်။ အလိမ်ခံလိုက်ရတယ်၊ အညာခံလိုက်ရတယ်လို့ ဆိုလိုတာပါ။ တစ်ခါက ကောင်မလေးတစ်ယောက် ကျွန်တော့်ဆီ ရင်လာဖွင့်ဖူးပါတယ်။ တိုတိုပြောရရင် သူ့ကောင်လေးက ကာမဆက်ဆံဖို့ တောင်းဆိုတယ်။ သူက ငြင်းတယ်။ ဘာလို့ဆိုတော့ အပျိုစစ်မှ တန်ဖိုးရှိတယ်လို့ သူက ခံယူတယ်။ နောက်ပြီး လက်ထပ်တော့မှပဲ အပျိုစင်ဘ၀ကို ပေးမယ်လို့လည်း တွေးထားတယ်။ အဲဒီတော့ ကောင်လေးက လက်ထပ်မယ့်သူကိုမှ ပေးမယ်ဆိုတော့ နင်လက်ထပ်မယ့်လူက ငါမဟုတ်ဘူးလား ဆိုပြီး ပြဿနာရှာလာတယ်။ နောက်ဆုံးတော့ ကောင်မလေးက သူ့ကောင်လေးဆန္ဒကို လိုက်လျောလိုက်တယ်။ သူ့အနေနဲ့ ဒီကောင်လေးကို တစ်သက်တာ ရည်ရွယ်ထားကြောင်း သက်သေပြလိုက်တာပေါ့လေ။ အဲဒီလိုနေပြီးကတည်းက ကောင်လေးကလည်း ခြေလှမ်းတွေပျက်လာလိုက်တာ၊ နောက်ဆုံး သူ့ကိုဖြတ်သွားတယ်။ တခြားတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ အဲ့တော့ သူ့မှာ စိတ်ဒဏ်ရာတွေ ကျန်ခဲ့တယ်။ အပျိုမစစ်တော့ဘူး၊ တန်ဖိုးမရှိတော့ဘူး၊ နောက်ရည်းစား ထားဖို့တောင် စိတ်က မလုံမလဲ ဖြစ်နေတယ်။

ဒါဆို တကယ်တော့ ကာမလိမ်လည်ရယူတာပဲပေါ့။ လက်ထပ်မယ်ထင်လို့ ကောင်မလေးက ခွင့်ပြုလိုက်တာလေ။ ဒါပေမယ့် ဘယ်သူမှမသိဘူး။ ဒီကောင်မလေးကလည်း ဘယ်သူ့ကိုမှ မပြောဘူး။ ရှက်လွန်းလို့။ တိုင်ဖို့တန်းဖို့ဆိုတာ ဝေလာဝေး။

အဲဒီမှာ ကောင်မလေးပြောသွားတဲ့ စကားလေးက စဉ်းစားစရာ သိပ်ကောင်းတယ်။ အဲဒီတုန်းက သမီးလည်း သူပြောတဲ့စကားတွေဟာ ယောကျာ်းတွေ သုံးလေ့ရှိတဲ့ အလိမ်အညာစကားတွေ၊ ချင်း(ဂျင်း)စကားတွေဆိုတာ မသိခဲ့ဘူးတဲ့။ သဘောက Awareness လို့ခေါ်တဲ့ သတိရှိမှုပေါ့။ ကိုယ်က ကျောင်းတစ်ခုတက်နေတယ်၊ အဲဒီကျောင်းက ဘွဲ့အတုတွေပေးတဲ့ကျောင်းဆိုတာ သိမထားရင် အညာခံရမယ်လေ။ ဒါကြောင့် Awareness ဟာ အရေးကြီးတယ်။ မိန်းကလေးတွေအနေနဲ့ ကိုယ့်ချစ်သူရည်းစားကို အယုံမလွယ်ဖို့၊ စကားလုံးလှလှလေးတွေကို ကြွေမသွားဖို့ လိုအပ်လာတယ်။ မင်းက ငါ့ကို တကယ်မချစ်ဘူးလားတို့၊ လက်ထပ်ဖို့ မရည်ရွယ်ထားလို့ ဒီလိုမလိုက်လျောတာပေါ့တို့ စတဲ့ စကားတွေဟာ ချင်း(ဂျင်း)ဆန်ပါတယ်။ တကယ်ချစ်တဲ့ ယောကျာ်းတစ်ယောက်ဟာ မိန်းကလေး ဆန္ဒမပါတာကို ဒီလိုစကားတွေနဲ့ အတင်း မတောင်းဆိုပါဘူး။ ဒါတွေကို မိန်းကလေးငယ်တိုင်း သတိရှိထားစေချင်ပါတယ်။

၅။ သမီးရည်းစား ပြတ်သွားတိုင်း ကာမလိမ်လည်ရယူမှုလား

ဒီလိုမျိုးတွေ တိုင်တန်းတာတွေ ရှိလာတော့ တချို့ကလည်း ပြောတယ်၊ သမီးရည်းစားတွေ ဒီလိုအတူနေဖူးတယ်ဆို မိန်းကလေးက တိုင်မယ်ဆို တိုင်လို့ရတာပေါ့တဲ့။ ခုနကပြောသလို လိမ်လည်ပြီးမှ ကာမရယူခဲ့တယ်ဆိုရင် ဟုတ်တာပေါ့။ နှစ်ဦးစလုံးက ဒီလိုအတူနေတာဟာ သမီးရည်းစားဘ၀၊ Relationship တစ်ခုရဲ့ အစိတ်အပိုင်းလို့ သဘောထားပြီး နေခဲ့ကြတယ်ဆို အကြောင်းကြောင်းကြောင့် ပြတ်စဲသွားဦးတော့၊ ပြဿနာမရှိပါဘူး။ ဘယ်မိန်းကလေးကမှလည်း တိုင်တန်းနေမှာ မဟုတ်ဘူး။ ဘာလို့ဆိုတော့ တိုင်ပြီဆိုကတည်းက လူသိမယ်၊ ဒါကို ရှက်ကြတယ်၊ မိဘတွေလည်း သိကုန်မယ်၊ ဒါကြောင့် တော်တော်ကို မခံမရပ်နိုင် ဖြစ်ရတယ်ဆိုမှပဲ တိုင်ကြတာပါ။ ဥပမာ ကလေးရသွားတာကို တာဝန်မယူဘဲ၊ အဖေနာမည်မခံဘဲ ထားသွားတာ၊ ကိုယ့်မှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအဘက်ဘက်က အနစ်နာခံ ပေးဆပ်ခဲ့ပြီးမှ သူက သစ္စာဖောက်သွားတာ၊ ဂုဏ်သိက္ခာပိုင်းအရ တအားစော်ကားသွားတာ စတဲ့ အခြေအနေမျိုးတွေမှပဲ တိုင်တန်းတတ်ကြပါတယ်။

တိုင်တန်းတာကရော ကောင်းလားလို့မေးရင် နည်းနည်းပြောရခက်ပါတယ်။ ဘာလို့ဆိုတော့ တိုင်တဲ့သူမှာလည်း ထိခိုက်ရတာတွေ ရှိလာနိုင်တာကိုး။ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်မှုတွေ ကြုံလာရနိုင်တယ်လေ။ ဒါပေမယ့် ကိုယ့်ကို အဲ့လိုလိမ်သွားတဲ့သူဟာ နောက်ထပ် နောက်ထပ် မိန်းကလေးတွေကိုလည်း ဖျက်ဆီးနေဦးမယ့်သူ ဆိုရင်တော့ သူ့အကြောင်း လူအများသိဖို့အတွက် တိုင်တန်းတာ၊ ထုတ်ဖော်ပြောတာမျိုးတော့ လုပ်သင့်ပါတယ်။ ဒါမှလည်း တခြားလူတွေအနေနဲ့ သတိပြု ဆင်ခြင်နိုင်သွားတာပေါ့။

၆။ အမျိုးသားတွေကို သတိထားစေချင်တာ

ဒါဆို ယောကျာ်းလေးတွေဘက်က မေးစရာရှိလာတယ်၊ ကိုယ့်ဘက်က မလိမ်ခဲ့ဘဲ၊ လက်ထပ်မယ်တွေဘာတွေ မပြောဘဲ ဒီလိုပဲ အတူနေခဲ့ပြီးမှ တရားထစွဲရင်ရော ဘယ်လိုလုပ်ရမလဲ။ ဒါမျိုးလည်း ရှိနိုင်တာပေါ့။

အဲဒါနဲ့ ပတ်သက်လို့တော့ နှစ်ချက်ပြောလိုတယ်။

တစ်ခုကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ စွဲတာ။ ငွေကြေးအကျိုးအမြတ်ဖြစ်ဖြစ် လက်ထပ်စေချင်တာဖြစ်ဖြစ်ပေါ့။ ဒီအမှုက သက်သေရှာရခက်တယ် ဆိုပေမယ့် အရင်ဆုံး နာမည်တော့ ပျက်မယ်လေ။ ဒီလို နာမည် အပျက်မခံနိုင်ဘူး ဆိုတဲ့သူတွေကို ခြိမ်းခြောက်အကြပ်ကိုင်တဲ့အနေနဲ့ လုပ်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ယောကျာ်းလေးပဲဆိုပြီး အခါခပ်သိမ်း အသာရနေတယ် မထင်ပါနဲ့။ ကိုယ့်ဘက်က မိသားစုဂုဏ်သိက္ခာအရ နာမည်ပျက်မခံနိုင်ဘူး ဆိုတဲ့အခါ ဒီလိုသွားပြုမူထားမိရင် ပြဿနာ ကောင်းကောင်းပေးနိုင်တယ် ဆိုတာကို သတိထားပါ။

နောက်တစ်ခုကတော့ မိန်းကလေးက တကယ်ကို နာကျင်ခံစားရတာ။ ကျွန်တော်တို့ မြန်မာ့အသိုင်းအ၀ိုင်းမှာက လိင်ဆက်ဆံမှုတစ်ခု လုပ်ပြီးရင် မိန်းကလေးက နစ်နာရတယ်လို့ တွေးကြတာက များတာကိုး။ ခေတ်စကားနဲ့ ခပ်ရိုင်းရိုင်းပြောကြတဲ့ စားပြီးနားမလည်လုပ်တယ် ဆိုတာ ဒါကိုပြောတာပေါ့။ အတူနေပြီးရင် ဒီမိန်းကလေးကို တာဝန်ယူကိုယူရမယ် ဆိုတာမျိုးလေ။ ဒီတော့ ကိုယ်ကတော့ သာမန်လို သဘောထားပြီး အတူနေလိုက်တယ်။ မိန်းကလေးကကျ သူ့မှာ နစ်နာသွားရပြီ လို့ထင်ပြီး တာဝန်ယူခိုင်းတာမျိုး ဖြစ်လာနိုင်တာပေါ့။ တခါတလေမှာလည်း မိန်းကလေးက သူ့ကိုလက်ထပ်မယ်ထင်လို့ ခွင့်ပြုလိုက်တာမျိုး ဖြစ်နေနိုင်တယ်လေ။ ဒါ မိန်းကလေးက တမင်ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူး။ တကယ်ကို သူ့စိတ်ထဲမှာ ထိခိုက်သွားလို့ တရားစွဲတာ။ ဒါကြောင့် ယောကျာ်းလေးတွေအနေနဲ့ ကိုယ်အတူနေတော့မယ်ဆို မိန်းကလေးရဲ့ တန်ဖိုးထားမှုကရော ဘယ်လိုနေလဲ၊ ဘာကြောင့် ဒီလိုနေဖို့ ခွင့်ပြုတာလဲ ဆိုတာကို သိအောင်လုပ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် တရားစွဲမခံရတောင် တစ်ဖက်မိန်းကလေးမှာ စိတ်ဒဏ်ရာတွေနဲ့ ကျန်ခဲ့တယ်ဆို မကောင်းဘူးပေါ့။

ကာမလိမ်လည်ရယူမှုဟာ မိန်းကလေးတွေ အများစုနစ်နာရတယ် ဆိုပေမယ့် ယောကျာ်းလေးတွေကိုလည်း ပြဿနာပေးနေတာတွေ ရှိပါတယ်။ ပြဿနာတစ်ခု ကြားလိုက်ရပြီဆိုလည်း များသောအားဖြင့် ဘာရယ်ညာရယ် သေသေချာချာ မသိသေးဘဲ ယောကျာ်းလေးဘက်က အလွန်လို့ပဲ မြင်လိုက်ကြတာက များတယ်။ ဒါကြောင့် ဒီလိုအမှုတွေဟာ ယောကျာ်းတွေအနေနဲ့ ကိုယ့်နာမည်၊ ကိုယ့်သိက္ခာ၊ ကိုယ့်မိသားစု မထိခိုက်ဖို့အတွက် သတိထားသင့်တဲ့ကိစ္စလည်း ဖြစ်လာပါတယ်။

၇။ သက်သေယူထားမလား

ရှေ့မှာပြောခဲ့သလို၊ ဒီအမှုနဲ့စွဲရင် ပြဿနာက သက်သေရှာရခက်တယ်။ ဒါဆို အတူနေထားတဲ့ ဓါတ်ပုံဖြစ်ဖြစ် ဗီဒီယိုဖြစ်ဖြစ် ရိုက်ထားမလား။ ဒါဆို ကာမလိမ်လည်မှုနဲ့ စွဲဖို့ သက်သေရသွားတာပေါ့။

ဒါပေမယ့် စဉ်းစားကြည့်ပါ။ လျော်ကြေးလိုချင်လို့ တိုင်မယ့်သူ၊ ခြိမ်းခြောက်မယ့်သူဆိုရင်တော့ ဟုတ်တာပေါ့။ များသောအားဖြင့်က ဒီလိုလိမ်လည်ခံရသူအများစုဟာ နဂိုကတည်းကိုမှ အရှက်အကြောက် ကြီးကြပါတယ်။ ယုံမှတ်လို့သာ ပုံအပ်လိုက်တာကိုး။ လိမ်လည်ခံလိုက်ရပြီးရင်လည်း သူတို့ဟာသူတို့ပဲ ကြိတ်ခံစားနေကြတယ်။ မိဘကိုတောင် မပြောဘူး။ ရှက်တာရယ်၊ နာမည်ပျက်မှာ စိုးတာရယ်ကြောင့်ပေါ့။ အဲ့လို ကိုယ့်မိသားစုဝင်တွေ၊ ကိုယ့်သူငယ်ချင်းတွေကိုတောင် မပြောရဲတဲ့ သူတစ်ယောက်ဟာ ဒီဓါတ်ပုံတွေကိုပြပြီး တရားစွဲဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါကြောင့် အဲ့လိုဓါတ်ပုံတွေ ရိုက်ယူထား၊ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားလည်း အသုံးမ၀င်နိုင်ပါဘူး။ တကယ်လို့ နာကျည်းလွန်းလို့ တိုင်ဖို့ဆုံးဖြတ်လိုက်တယ် ဆိုရင်တော့လည်း အသုံးဝင်လာနိုင်တာပေါ့လေ။ ဒါပေမယ့် စဉ်းစားကြည့်၊ ကိုယ့်ချစ်သူကောင်လေးနဲ့ ဒီလိုသွားတဲ့အခါ တစ်နေ့ကျ ကာမလိမ်လည်သွားရင် တိုင်နိုင်အောင် သက်သေကြိုယူထားမှ ဆိုတဲ့အတွေး ဘယ်သူ့ဆီမှာ ရှိမလဲ။ ဒီလိုတွေးနေရလောက်တဲ့ သူမျိုးဆိုလည်း အစောကတည်းကကို ယုံကြည်ပြီး အဲ့လိုအတူမနေခဲ့သင့်ဘူး။ ချစ်သူအဖြစ်ကို ထားမနေသင့်ဘူး။

ဒါကြောင့် သက်သေရှာထားဖို့ထက် ကိုယ့်တန်ဖိုးထားမှုအကြောင်း ကိုယ်သိဖို့လိုတယ်။ အယုံမလွယ်ဖို့ လိုတယ်။ ကိုယ်က အပျိုစင်ဘ၀မှ တန်ဖိုးရှိတယ်လို့ တွေးရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မလိုက်လျောနဲ့။ မဟုတ်ရင် ဗီဒီယို၊ ဓါတ်ပုံရိုက်ထားလည်း မရဘူး။ လက်ထပ်စာချုပ်မှာ တိတ်တိတ်လေး လက်မှတ်ထိုးထားလည်း မထူးဘူး။ လိမ်တဲ့သူက လိမ်မှာပဲ။ လူတွေသိမှာစိုးလို့ တရားလည်းမစွဲရဲ၊ ဒီတော့ ယူထားတဲ့သက်သေက ဘာမှလည်း အသုံးမ၀င်၊ ကိုယ်ပဲ တန်ဖိုးမရှိတော့ဘူး ဆိုတဲ့ ခံစားချက်နဲ့ ကျန်ခဲ့ရတာ။ ပိုဆိုးတာက အဲဒီပုံတွေ၊ ဗီဒီယိုတွေနဲ့ ကိုယ့်ကို ပြန်ခြိမ်းခြောက်တာမျိုးတောင် ရှိလာနိုင်သေးတယ်။ ဒါကြောင့် သက်သေယူထားဖို့တွေ လုပ်မနေနဲ့၊ အစောကတည်းက သဘောမတူတာ အကောင်းဆုံးပါပဲ။

၈။ အဆင့်အတန်းမတူဘူး ဆိုတဲ့ကိစ္စ

ဆရာငြိမ်းကျော် ရေးတဲ့ အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ ဆိုတဲ့ စာအုပ်လေး ဖတ်ဖူးပါတယ်။ အဲဒီထဲမှာ မိဘက ချမ်းသာတဲ့ကောင်လေးက ငွေကြေးသိပ်မပြည့်စုံတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပါတယ်။ ပြီးတော့ လွန်ကျူးသွားတယ်။ ကောင်မလေးကိုတော့ အမေတို့နဲ့ပေးတွေ့မယ်၊ အမေတို့ကလည်း မင်းကို ချစ်မှာပါ ဆိုတာမျိုးတွေ ပြောပြီး အယုံသွင်းထားတယ်။ ဒါပေမယ့် တကယ်တမ်း ကောင်မလေးမှာ ကိုယ်ဝန်ရှိလာတော့ သူ့အိမ်က သဘောမတူဘူး။ အဆင့်အတန်းချင်း မတူလို့တဲ့။ အဲ့ဒါနဲ့ ကောင်မလေးကို လျော်ကြေးပေးရမလား ဆိုပြီး စော်စော်ကားကားတွေ ပြောတယ်၊ လုပ်တယ်။ တကယ်တမ်း ကောင်မလေး လိုချင်တာ လျော်ကြေးမဟုတ်ဘူး။ အသိအမှတ်ပြုမှု၊ တာဝန်ယူမှု။

ဒါက ဇာတ်လမ်းတွေထဲမှာ ရိုးနေအောင် ပြထားပေမယ့်လည်း အပြင်လောကမှာလည်း ခုချိန်ထိ ဖြစ်ပျက်နေဆဲ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ကောင်လေးက ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ ဆိုတော့ ကောင်မလေးဘက်ကလည်း မျှော်လင့်မိတယ်၊ ယုံကြည်မိတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဖြစ်မလာဘူး။ လိမ်လည်ခံလိုက်ရတာပဲ များတယ်။ အဲ့လို နွမ်းပါးတဲ့ မိန်းကလေးတွေဟာလည်း ပညာရေး အားနည်းတတ်ကြလို့ အယုံလွယ်ကြတာ များတယ်။ ဒါကြောင့် ယောကျာ်းတွေအနေနဲ့ ကိုယ့်ဘက်က မသေချာရင် တစ်ဖက်မိန်းကလေးကို ဒုက္ခမပေးဖို့ လိုသလို၊ ဒီဆောင်းပါးကို ဖတ်မိတဲ့ မိန်းကလေးတွေလည်း အယုံမလွယ်ဖို့ သတိပြုသွားမယ်လို့ မျှော်လင့်မိပါတယ်။

၉။ ပေးချင်တဲ့ သတင်းစကားများ

ပြောခဲ့တာတွေလည်း များပြီမို့ အနှစ်ချုပ်အနေနဲ့ အရင်ဆုံး ပြည်သူအများကို သိစေချင်တာကတော့ ခု လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့နေ၊ ကြားသိနေရတဲ့ ကိစ္စတွေဟာ ပင်လယ်ထဲမှာ မျောနေတဲ့ ရေခဲကျောက်ဆောင်ကြီးရဲ့ ထိပ်ပိုင်း (Tip of the iceberg) လေးသာ ဖြစ်တယ်၊ တကယ်အပြင်မှာ လိမ်လည်ပြီး ကာမရယူခံလိုက်ရတဲ့ မိန်းကလေးတွေ အများကြီးပဲ ရှိနေတယ်၊ ဒီပြဿနာဟာ မိန်းကလေးတွေအတွက် တော်တော်ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် လွယ်လွယ်နဲ့ အပြစ်တင် ကဲ့ရဲ့ လှောင်ပြောင်နေကြတာမျိုး မလုပ်ကြဖို့ လိုပါတယ်။

မိန်းကလေးတွေကို သိစေချင်တာက အယုံမလွယ်ဖို့၊ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ တန်ဖိုးထားမှုကို ကိုယ်သိဖို့၊ ကိုယ့်ဆန္ဒမပါရင် ဘယ်လိုအကြောင်းရင်းနဲ့မှ ဒါကို ခွင့်ပြုလိုက်လျောတာမျိုး မလုပ်ဖို့ လိုပါတယ်။ ယောကျာ်းလေးတွေကို သိစေချင်တာလည်း ရှိပါတယ်။ အဲဒါက ဘယ်မိန်းကလေးကိုမှ ဒီကိစ္စအတွက်နဲ့ မလိမ်ညာပါနဲ့။ ကိုယ့်နှမလေးသာဆိုရင် ဆိုတဲ့အတွေးလေး ထားပေးပါ။ ကိုယ့်ချစ်သူ ကောင်မလေးရဲ့ အပျိုစင်ဘ၀အပေါ် တန်ဖိုးထားမှု၊ လိင်မှုရေးရာတွေနဲ့ ပတ်သက်တဲ့ ခံယူချက်တွေကို သိအောင်လုပ်ပါ။ မဟုတ်ရင် ကိုယ့်အတွက်က အေးအေးဆေးဆေးပဲ ဆိုပေမယ့် သူ့မှာတော့ စိတ်ဒဏ်ရာတွေနဲ့ ကျန်နေခဲ့ရမယ် ဆိုတာကို သိထားပါ။

ဒေါက်တာ ဖြိုးသီဟ
(၂၂.၁၂.၂၀၁၈ ထုတ် Voice Weekly ပါ ဆောင်းပါး)

Sunday, December 30, 2018

ASUS ROG Phone

ASUS ROG Phone : Let's Talk About the Future (from the Past.)  


ASUS ROG Phone... Gaming Phone ဆိုတာကို စခဲ့တဲ့ Razer Phone ကို ပြီးခဲ့တဲ့ June လ Computex မှာ အပြတ်အသတ်ကို သတ်ပစ်ခဲ့ပြီး အခု Razer Phone 2 ထွက်လာတာတောင် Performance အကောင်းဆုံးဆိုတဲ့နေရာမှာ ရပ်နေသေးတဲ့ Gaming Phone တစ်ခု။ ထွက်ပြီး ၆ လလောက်နေမှ မြန်မာနိုင်ငံကို တရားဝင်ရောင်းလာတော့ Tech Gadget ကလည်း ပုံမှန်အတိုင်းပဲ ဖုန်းကို Daily သုံးပြီး စမ်းဖြစ်၊ ရေးချင်တာတွေလည်း ရှိလာတော့ In-Depth Review အနေနဲ့ အခုရေးဖြစ်ပါတယ်။ Maybe Locally တော့ အကောင်းဆုံးဖြစ်ချင်မှဖြစ်မယ်... ဒါပေမယ့် အခု ROG Phone Review က ဒီနှစ်ထဲမှာ သေသေချာချာကို ရေးချင်တဲ့အကြောင်းအရာတွေ တော်တော်များများကိုရှိလာတဲ့ Article တစ်ခုပါ။

Maybe it might be a long one. Or Maybe you might end up saying this is so Short after ending. But let us take your minutes away.

Shall we?

အရင်ဆုံးပြောချင်တဲ့ Episode တွေမပြောခင် ဖုန်းအကြောင်းအရင်ပြောကြတာပေါ့။

Episode #1 (The PHONE) 

#Design

Gaming Phone တွေက တကယ်ကို သာမန်စမတ်ဖုန်းတွေကို ကြည့်တဲ့အမြင်နဲ့ လုံးဝကြည့်လို့မရတဲ့ဖုန်းတွေဆိုရင်လည်းမမှားပါဘူး။ ဘာကြောင့်လဲဆိုရင် သာမန် ကျွန်တော်တို့ ဖုန်းတစ်ခုကို ဆုံးဖြတ်ဖြစ်တဲ့ Weight Distribution ၊ Lightweight ၊ Slim Profile ၊ One Hand Usage ၊ Build Quality ဆိုတာတွေက ပြောင်းပြန်ဖြစ်ကုန်ပါတယ်။

ROG Phone ကို စစခြင်းကိုင်ကြည့်လိုက်တာနဲ့ လေးတယ် ဆိုပြီးဖြစ်သွားမှာက သေချာတဲ့အချက်တစ်ခု၊ ပြီးတော့ ဆက်ကိုင်ထားရင်း မတရားကို Hefty ဖြစ်နေတဲ့ Body ကြောင့် What on Earth is This? ဆိုပြီးပြောမိမှာကနောက်တစ်ခု... အဲ့ကနေ ဖုန်းရဲ့ Back Design ကို ကြည့်နေမိပြီး Megatron လိုမျိုး Transformer တစ်ကောင်ကောင်ကိုပြေးမြင်မိမှာက တစ်ချက်... နောက်ဆုံး ကိုင်ရတာလေးနေပေမယ့် အပြစ်ရှာဖို့ထက် တဖြည်းဖြည်းသဘောကျလာပြီး ရှိသမျှ Corner တွေ၊ Frame Cutting တွေကို လိုက်ကြည့်နေပြီးတော့ မိုက်တယ် ဆိုတာက ထွက်လာမယ့်ဖုန်းပါ။ ဒါက Computex မှာ စစခြင်း Exclusive Media Launch မှာ ပထမဆုံးမြင်ရထဲကဖြစ်ခဲ့တဲ့ Experience ရော.. အခုကိုယ်တိုင် စသုံးတဲ့အချိန်မှာရောဖြစ်တဲ့ တူညီတဲ့ ခံစားမှုပါ။ အဲ့တော့ကာ ကျိန်းသေပေါက် ROG Phone က အခုအချိန်အထိ ထူးခြားနေပါသေးတယ်။

ဒါပေမယ့် ကိုင်ရတာထူးခြားနေတယ်ဆိုပြီး ရပ်လိုက်လို့မရပြန်တော့ ဆက်ပြောကြတာပေါ့။

ဘေးက Aluminum Frame တွေက တကယ်ကို Industrial Look ရော Feeling ရော ရပါတယ်။ ကိုင်ရတာ လေးတာကလွဲရင် ကိုင်ရတာတော်တော်လေးကို အဆင်ပြေပါတယ်။ Hand Feeling က ကြည့်ရင်သာ မကောင်းလောက်ဘူးလို့ မြင်ရပေမယ့် တကယ်ကိုင်ကြည့်ရင်တော့ Positive ဘက်ရောက်တယ်။ ဖုန်းရဲ့ နောက်ဖက် ညာဘက်မှာ ROG Aerodynamic System လို့ ရေးထားပြီး အပေါ်မှာ Copper Heat Vent ၂ ခုကို ထည့်ပေးထားတယ်။

အဲ့မှာစတာပါ - Aerodynamic ဆိုတာက ဖုန်းတစ်ခုထဲကိုကြည့်မယ်ဆိုရင် တော်တော်လေးကို နားလည်ရခက်တဲ့ စာလုံးပါ။ ပြောရရင် ပြိုင်ကားတစ်စီးမှာ Hood Vents တွေတပ်ထားပြီး Wind Tunnel Test လုပ်နေတာလည်း မဟုတ်တော့ Aerodynamic ဆိုတာက ဘာလဲဆိုပြီးဖြစ်နေပါတယ်။ ပြောချင်တဲ့သဘောကတော့ သူ့ရဲ့ AeroActive Cooler ကို Promote လုပ်ချင်တာ.... ဒါမှမဟုတ် GameCool စနစ်ကို Promote လုပ်ချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စစခြင်းကတော့ Aerodynamic ဆိုတာ့ လေပေါ်မြှောက်ပြီး Downforce ကောင်းမကောင်းပဲစမ်းရမလိုလိုပါ :3

နောက်ပြီး ဖုန်းအရှေ့က Stereo Speaker Grills တွေကိုလည်း Copper ပုံစံလုပ်ထားတယ်၊ စစခြင်းကတော့ မကြိုက်လှပေမယ့် နောက်ပိုင်းတော့ လက်ခံလို့ရလာတယ်။ Port တွေထဲမှာ ထူးထူးခြားခြား USB-C Port ကို ဘယ်ဘက်ထောင့်၊ Earphone Port ကို ညာဘက်ထောင့်မှာထည့်ထားတယ်။ ပြီးတော့ ဘယ်ဘက် အလယ်မှာ Rubber Flap နဲ့ အုပ်ထားတဲ့ USB-C တစ်ခုထပ်ပါတဲ့ Side Mount Port တစ်ခုရှိနေပြန်တယ်။

ဒီလိုမျိုး Megatron Design နဲ့ ဖုန်းတစ်ခုကို ဝေဖန်ဖို့ကတော့ ကိုယ့်အကြိုက်ပေါ်ပိုပြီးမှုတည်ပါတယ် - Mainstream Phone တစ်ခုလည်းမဟုတ်တော့ Design ကိုတော့ Rating ကျော်ပါမယ်။ ဒါပေမယ့် သေချာပြောလို့ရတာကတော့ Build Quality က Solid A++ အဆင့်ရှိနေတယ်၊ Hand Feeling ကလည်း Galaxy Note 9 ထက်တောင် လေးနေတာလွဲရင် A အဆင့်ရှိနေပြန်ပါတယ်။

ကိုယ်တိုင်ကတော့ RGB တွေအပြည့်နဲ့ Gamer တစ်ယောက်မဟုတ်တဲ့အတွက် ROG Phone ကို Minimal မဖြစ်၊ Understated မဖြစ်နေတာကြောင့် ရွေးဖို့တော်တော်ခက်မှာပါ။ ဒါပေမယ့် ROG Phone ကို စရရခြင်းထဲက ချက်ချင်းကို SIM Card ပြောင်းပြီး Primary အနေနဲ့ သုံးနေရလောက်အောင် Gaming Oriented Design တစ်ခုကို မေ့ပစ်လို့ရတဲ့ အချက်တစ်ခုရှိနေပါတယ်။

Yep, It Is THAT DISPLAY.

#Display

ROG Phone က လက်ရှိ ၂၀၁၈ နှစ်ကုန်အထိ တစ်ခုထဲသော AMOLED Panel ကို 1ms Response Time ၊ 90Hz Refresh Rate ရအောင် လုပ်နိုင်တဲ့ စမတ်ဖုန်းတစ်ခုပါ။ ဒီအချက်တစ်ခုထဲနဲ့တင် Daily Usage မှာ Game မဆော့ရင်တောင် အရမ်းကို သိသာတဲ့အားသာချက်တစ်ခုဖြစ်လာပြီး 104% DCI-P3 Color Gamut နဲ့ပေါင်းလိုက်တော့ It's Such A Magical Display ဆိုတာကလွဲပြီးပြောစရာစကားရှာမရတော့ပါဘူး။

ဒါပေမယ့် တစ်ခုရှိတာက အခုလိုပြောလို့ ROG Phone ရဲ့ Display က Quality ပိုင်းမှာ iPhone XS ၊ Galaxy Note 9 လို ဖုန်းတွေထက် သာနေသလားဆိုရင်တော့ Still NO ပါ။ ဒါပေမယ့် Display မှာပြောရအရမ်းခက်တဲ့ Performance ပိုင်းမှာ သိသိသာသာကို ပိုကောင်းနေတာပါ။ Wait... what to we mean?

Display Performance ဆိုတာက ပုံမှန်စမတ်ဖုန်းတွေမှာ ပြောရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ စမတ်ဖုန်းတွေအကုန်လုံးက 60Hz Refresh Rate တစ်ခုထဲဆိုတော့ ဆုံးဖြတ်လို့ရတာက Colors Accuracy ပိုင်း၊ Brightness ပိုင်း... နောက်ပြီး နေရောင်အောင်မှာ ကောင်းကောင်းမြင်နိုင်၊ မမြင်နိုင် စတဲ့ Visual ပိုင်းတွေပါ။ ဒါပေမယ့် ROG Phone က ဒါတွေကနေ လုံးဝကွဲထွက်လာတဲ့ Display Performance မှာ သိသိသာသာကို တခြားပုံမှန်ဖုန်းတစ်ခုကိုပြောင်းသုံးဖို့ ခဲယဉ်းလောက်အောင် ကောင်းနေပါတယ်။

What do we mean? 

အရင်ဆုံး စမတ်ဖုန်းတစ်လုံးကို Display ပိုင်း ပုံမှန် ဘာတွေသုံးဖြစ်သလဲ?

No - ရုပ်ရှင်ကြည့်တာတွေ၊ Video ဖွင့်တာတွေ အသာထားပါ။ သာမန် Scrolling လုပ်တယ်၊ ဖုန်းသုံးတယ်.. ဖုန်းပွတ်တယ် ဆိုတဲ့ လုံးဝ Basic အကျဆုံးကိစ္စမှာတင် ဒီ Display Performance က သိသာနေပါပြီ။

24fps နဲ့ ရိုက်ထားတဲ့ Movie တစ်ခုကို 90Hz Display နဲ့ကြည့်တာက အဲ့လောက်ထိ မသိသာပေမယ့် ပုံမှန်ဖုန်းသုံးတဲ့ကိစ္စ.. ကိုယ့်လက်သွားတဲ့အတိုင်း Scroll လုပ်နေတဲ့အချိန်မှာတော့ ဒီ Extra Refresh Rate က တကယ်ကို Smooth ဖြစ်တယ်၊ ပြောရရင် ဘယ် 60Hz Display ဖုန်းတွေ ဘယ်လောက် Software Optimization ကောင်းကောင်း လိုက်မမှီလောက်အောင် Smooth ဖြစ်တာမျိုးပါ။ No - ဒါက Developer Options ထဲက Animation Speed ကို 0.5x ထားလိုက်လို့ မြန်တာမျိုးမဟုတ်ပါဘူး။ ကိုယ့်လက်က သွားတဲ့အပေါ်မှာတင် ပိုပြီး Response ဖြစ်တယ်၊ ဒီ Screen Scrolling ကို လက်က ပိုပြီး ထိထိရောက်ရောက်ထိန်းနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုတိုးလာတာမျိုးပါ။ နောက်ပြီး ဒီ Feeling တစ်ခုထဲက ငါတခြားဖုန်းတွေမဝယ်ပဲနဲ့ ဒီဖုန်းဝယ်လိုက်တာမှန်တယ်ဆိုတဲ့ ခံစားချက်ဖြစ်လာစေပါတယ်။

နောက်ပြီး Full HD+ Resolution ဖြစ်တယ်၊ HDR Display ပေမယ့် ROG မှာက ထူးခြားချက်တစ်ခုရှိနေသေးတယ်။ ဒါက HDR Visuals ဆိုပြီး Notification Bar မှာ သပ်သပ်ထည့်ထားပေးတယ် - အဓိပ္ပါယ်က HDR ကို Manual အပိတ်၊ အဖွင့်လုပ်လို့ရတယ်ဆိုတဲ့သဘော။ အစကတော့ တခြားဖုန်းတွေလို HDR Display ပဲထားလိုက်ပြီးတာပဲပေါ့... ဒါပေမယ့် ဘာကြောင့် ဒီလိုထားပေးသလဲဆိုတာက သိသာလာတယ်။ အဲ့ဒါက Game တွေပါ - ပြောရရင် ကျွန်တော်တို့ရဲ့ မှားယွင်းတဲ့မျက်စိအမြင်တွေကြောင့်ဆိုတာက ပိုပြီးမှန်ပါမယ်။

ဘာကိုပြောချင်ပြန်တာလဲ? 

ASUS ROG Phone က HDR ကိုသာ Off ထားရင် တကယ်ကို Color Accurate ဖြစ်တဲ့ Display ပါတဲ့ဖုန်းတစ်လုံးပါ။ ဒါပေမယ့် HDR Visuals ကို On လိုက်ရင် Samsung OLED တွေလောက်ကို Vibrant ဖြစ်ပြီး Saturation တွေလည်း များကုန်ပါတယ်။ ဒါပေမယ့် Color Accurate ဖြစ်ဖို့လိုတဲ့ ဓါတ်ပုံတွေ၊ Video တွေမဟုတ်တဲ့ Game တွေမှာကြတော့ အရောင်တွေက Natural ဖြစ်နေစရာကို မလိုတော့တာပါ။ ဘာပဲဖြစ်ဖြစ် အရောင်တော်တောက် Vibrant ဖြစ်ဖြစ်၊ Saturation များများ Colors တွေဆိုရင် ပိုကြိုက်ကြတယ်၊ မသိစိတ်က Eyes Appealing ပိုဖြစ်တော့ ရွေးဖြစ်ကြတယ်... အဲ့တော့ Game မှာဆိုရင် ဒါမှမဟုတ် အရောင်တောက်တောက်ကြိုက်ကြတဲ့ လူများစုအတွက်ကတော့ အဆင်ပြေတယ်။

လူများစုလို့ ထည့်ပြောတာက MKBHD ရဲ့ Blind Camera Test ကြည့်ပြီးရင် သိမှာပါ :V

Display ပိုင်းကို ထပ်ပြောစရာကတော့ အများကြီးပါ။ ဒါပေမယ့် ကျန်တာကို အချက်အလက်အနေနဲ့ပဲ ပြောသွားပါမယ်။

90Hz နဲ့ Game ဆော့လို့ရရင်တောင်မှ သိသာတယ်ဆိုတာက ဘေးချင်းယှဉ်မှ ပိုပြီး မြင်သာတာပါ၊ တကယ်လို့ လောလောဆယ် Flagship တခြားဖုန်းတစ်ခုခုသုံးနေပြီးသားဆိုရင် အရမ်းလိုက်ကြည့်မှ သိပါလိမ့်မယ်။

Brightness တော်တော်လေးကောင်းပေမယ့် Auto Brightness ထားလိုက်ရင် Color က ပိုပြီး မွဲခြောက်ခြောက်ဖြစ်တယ်၊ အညိုဘက်ရောက်တယ်တောင် ခံစားရတယ်။ ဒါပေမယ့် ဒါက Software ကြောင့်လို့ ပိုပြောလို့ရတယ်။ နောက်ထပ် Software Bug တစ်ခုကဘာ Noti မှမပြတဲ့ သုံးစားလို့မရတဲ့ Always On Display မှာ Day နဲ့ Date က Misaligned ဖြစ်နေတာ... တော်တော်ဆိုးတာ :3

ကျန်တာ ဆက်သွားကြမလား?

#Performance

လောလောဆယ်မှာ တစ်ခုထဲသော 2.96GHz အထိ Overclock လုပ်ထားတဲ့ Snapdragon 845 Processor ၊ RAM 8GB ၊ Storage က 512GB... Well, this is a Beast.

Performance အကြောင်းက အမှန်ဆို ROG Phone မှာ အဓိကပြောသွားရမယ့်ကိစ္စတစ်ခုပါ - ဒါပေမယ့် ကျွန်တော်တို့ ပြောစရာစကားတော်တော်လေးကို နည်းနေပါတယ်။ ဒါက မကောင်းတာလားဆိုရင် မဟုတ်ပြန်ပါဘူး။

ဒါကလည်း နောက်ထပ်တခေါက် ဖုန်းကြောင့်ဆိုတာထက် ကျွန်တော်တို့ကြောင့်ပါ။ ASUS နဲ့ Unit ရတုန်းက နောက်နေကြသလို ၁၅ သိန်းတန် Gaming Phone မှ ဆော့လို့ရမယ့်ဂိမ်းက ဘာလဲဆိုတာကို လိုက်ရှာရတာတော်တော်ခက်ပါတယ်။ eSport Game လား? High End Title Game တစ်ခုလား?

ကျွန်တော်တို့ကိုယ်တိုင်လည်း Gamer မဟုတ်ပြန်တော့ ထုံးစံအတိုင်း ဆော့နေကြ၊ စမ်းနေကြ ဂိမ်းတွေပဲ စမ်းဖြစ်၊ ဆော့ဖြစ်ပါတယ်။ Overclock လုပ်ထားလို့ သိသာသလားဆိုရင် ဖြေနိုင်တာတစ်ခုက တချို့ Real Racing ၊ NFS No Limit လို ဂိမ်းတွေမှာ ကြာကြာဆော့လည်း Frame Drop မရှိဘူးဆိုတဲ့ ယုံကြည်ချက်တစ်ခုရှိလာပါတယ်။ ဒါပေမယ့် Heat ကတော့ တော်တော်လေးကိုတက်ပြီး ဆော့တာ မိနစ် ၂၀ လောက်မှာတင် ပါတဲ့ Fan တပ်ထားမှ ဆက်ဆော့လို့ရတာပါ။

On Demand Title Game တွေကြတော့ရော? PUBG ၊ Mobile Legends လို ဂိမ်းတွေကြတော့ Highest Setting နဲ့ အေးဆေးဆော့လို့ရတယ် - တခြားသော SD 845 ဖုန်းတွေလိုပါပဲ။ သိသာတာက Frame Rate ကို မြင်နေရတော့ နည်းနည်းပိုပြီး eSport ပိုဆန်လာတယ် - Visual ပိုင်းအရပေါ့။ :P

အဲ့ဒါဆို ဒီ SD 845 Performance နဲ့ ဖုန်းတစ်လုံးကို ဘာကြောင့် Gaming Phone လို့ ခေါ်နေသေးတုန်း? တခြား ဈေးတဝက်လောက်သက်သာတဲ့ Processor တူ ဖုန်းတွေရှိနေတာကို?

အဖြေက ဒီ ROG Phone မှာ X Mode ဆိုတာ ပါလာတယ်... ဘာတွေလုပ်လို့ရမလဲဆိုရင် Gaming Laptop တွေလိုမျိုး Game Center တစ်ခုပါတယ်၊ Game တစ်ခုချင်းစီကို CPU Speed ဘယ်လောက်၊ Refresh Rate ဘယ်လောက်၊ Anti-Aliasing ဖွင့်မလားဆိုတာက အစ Customize လုပ်လို့ရတယ်။ နောက်ပြီး Fan Speed ကို စိတ်ကြိုက်လုပ်လို့ရတယ်၊ ဒါတင်မဟုတ်သေးပဲ နောက်က ROG Logo ကို RGB ကြိုက်သလို ထားလို့ရတယ်။

ပြီးတော့ ဆက်ရှိတာက Air Triggers - ဖုန်းရဲ့ ဘယ်ဘက်အောက်ခြေထောင့်၊ ညာဘက် အပေါ်နဲ့အောက်ထောင့်တွေက Pixel ဖုန်းတွေလိုပဲ Pressure Sensitive ပါ။ ဒီ Pressure Sensitive ဖြစ်တဲ့ထောင့်တွေက Pixel မှာ Google Assistant ခေါ်လို့ရပေမယ့် ROG Phone မှာတော့ X Mode ကို On/Off ပဲရပါတယ် - ဒါပေမယ့် Home Screen Animation ကတော့ လှတယ်။

နောက်ပြီး ဒီ Pressure Sensitive ဖြစ်တဲ့ ထောင့်တွေက In-Game မှာဆိုရင် Air-Trigger ဆိုပြီး ဖုန်းညာဘက် အပေါ်နဲ့အောက်ထောင့်မှာ L1 ၊ R1 ခလုတ်တွေလို အလုပ်လုပ်ပါတယ်။ Mapping လုပ်ရတာအရမ်းလွယ်တယ်... နှိပ်တဲ့အခါမှ Screen ကို နှိပ်ရသလို Responsive ဖြစ်တယ်လို့ မခံစားရတာကလွဲလို့။ ဘာပဲဖြစ်ဖြစ် PUBG လိုမျိုး ဂိမ်းမှာ Reload, Crouch လိုမျိုး Secondary Buttons တွေကို ထားလိုက်ရင်တော့ တော်တော်လေးကို အဆင်ပြေလာတယ်။

နောက်ပြီး Screen Recording တွေ၊ Live Streaming တွေနဲ့ ROG Phone ရဲ့ Gaming Mode က တခြားဘယ်ဖုန်းကမှ လိုက်မမှီလောက်အောင် Software ပိုင်း Support ကောင်းနေတယ်။

အဲ့တော့ Gaming ကတော့ Heat ရှိတာကလွဲရင် အပြစ်ပြောလို့မရ... သာမန်သုံးတာမှာလည်း ဒီ Refresh Rate နဲ့ Display ဆိုတော့ တရားကို သွက်နေတာဆိုတော့ Performance ကတော့ လောလောဆယ်အထိ A+++ ဖြစ်နေတုန်းလို့ ပြောလို့ရတယ် - လောလောဆယ်အထိပေါ့။

ပုံမှန် ဆက်သွားသင့်တာက Camera နဲ့ Battery Life ပိုင်း။ ဒါပေမယ့် တခါမှထည့်မရေးဖူးတာတစ်ခုကို ဦးစားပေးပြီး ထည့်ရေးပါမယ်။

#Haptics (Vibration Motors) 

တကယ်လို့ Tech Gadget ရဲ့ Review တွေကို လိုက်ဖတ်ဖြစ်တယ်ဆိုရင် Keyboard ရိုက်တဲ့အခါမှာရတဲ့ Feedback ၊ ပြန်ရတဲ့ Feeling က ဖုန်းတစ်ခုအတွက် အရေးကြီးဆုံးထဲမှာပါတယ်လို့ သတ်မှတ်နေကြဆိုတာကို သတိထားမိမှာပါ။

ASUS က ဒီ ROG Phone မှာ Haptics ကို လုံးဝ (လုံးဝ) အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ် - ROG Phone မှာ စာရိုက်နိုင်တဲ့ Typing Speed က ပြီးခဲ့တဲ့ iPhone XS ကို Review လုပ်ဖြစ်တုန်းက သုံးဖြစ်တုန်းကထက်ကို ပိုမြန်ပါတယ်။ ဒါက ဒီထက်ပိုချီးကျူးစရာမရှိတော့တဲ့ ချီးကျူးချက်တစ်ခုပါ။

ဒါပေမယ့် ဒီလို မြန်တာကတော့ Haptics နဲ့ 90Hz Display ပေါင်းထားတာကြောင့်ဆိုတာက ပိုမှန်ပါတယ်။ တကယ်လို့ ROG Phone ရဲ့ Haptics သာ 60Hz Display မှာဆိုရင် iPhone XS ၊ Pixel 3 တွေရဲ့ တော်တော်ဝေးဝေးအနောက်မှာ ရှိနေဦးမှာပါ။

နောက်ပြီး Vibration Pattern ကို ကြိုက်သလိုပြောင်းလို့ရတယ် - OnePlus တွေလိုမျိုး။ ဒါကို နားနဲ့ ကပ်ပြီးနားထောင်ကြည့်ရင် တကယ့် Drum သေးသေးလေးတစ်ခု ဖုန်းထဲမှာရှိနေပြီး Rhythm တစ်ခုအတိုင်း ထုနေသလိုမျိုးကို ဖြစ်နေတာ...

ဒီ Haptics မှာကတော့ Pixel 3 လက်ထဲမရောက်ခင်အထိ အကောင်းဆုံးဖြစ်နေခဲ့တဲ့ Android ဖုန်းဆိုတာက မမှားပြန်ပါဘူး။ Note 9 လိုဖုန်းကို ပြန်မသွားချင်တဲ့အထိဖြစ်သွားစေတဲ့အချက်ဆိုရင်လည်း မမှား။

#Audio Quality 

ROG Phone မှာ Front Facing Stereo Speakers အကြီးကြီး ၂ ခုပါတယ်။ Quality ပိုင်းအရဆိုရင် iPhone XS ၊ Pixel 3 တွေရဲ့ အနောက် Galaxy Note 9 နဲ့ တန်းတူလောက်ကို ကောင်းတယ်။ Game အတွက်ပဲဖြစ်ဖြစ်၊ Movie အတွက်ပဲဖြစ်ဖြစ် တော်တော်ကောင်းတဲ့ Stereo Speakers ပါ။

ဒါပေမယ့် ဒီနေရာမှာ အဓိကပြောချင်တာက 3.5mm Audio Jack က ထွက်တဲ့ Quality ပါ။

ဒီ ROG Phone က ဒီ ၂၀၁၈ ခုနှစ်အတွက် ထွက်ပြီးသမျှ စမ်းနားထောင်ဖူးသမျှ ဈေးနှုန်းမျိုးစုံဖုန်းတွေထဲမှာ အကောင်းဆုံး Audio Quality ထွက်တဲ့ ဖုန်းပါ။ ဒီနေရာမှာတော့ iPhone XS ၊ Pixel 3 ၊ Galaxy Note 9.. ဒါမှမဟုတ် ကြိုက်တဲ့ Flagship ဖုန်းပဲဖြစ်ဖြစ် လုံးဝကို မယှဉ်နိုင်လောက်အောင် ကောင်းနေတာမျိုးပါ။ Loudness ၊ Clarity ၊ Mids ၊ Bass ၊ Vocal အကုန်လုံး လုံးဝ On Point ပါ - ROG Phone ကို Gaming Phone တစ်ခုပေမယ့် Game မဆော့နေပဲ သီချင်းနားထောင်ဖြစ်တဲ့ DAP တစ်ခုလို့တောင် ဖြစ်နေတာ :3

ကဲ.. ဆက်သွားတာပေါ့။

#Camera

ဒီဖုန်းကို Camera အတွက် ဝယ်ချင်တယ်ဆိုရင် မဝယ်ပါနဲ့။ Zenfone 5 ပဲ ဝယ်ပါ - မဟုတ်လည်း ဒီဈေးနဲ့ တခြား Flagship ဝယ်ပါ။

Camera က မကောင်းတာလားဆိုရင်တော့ မဟုတ်ဘူး - ဈေးနဲ့တန်တဲ့ စွမ်းဆောင်ရည်မရှိတာလို့ပြောရမယ်။ OnePlus 6 လောက်နဲ့ဆို ယှဉ်လို့ရကောင်းရမယ်... ဒါပေမယ့် ဘယ် Flagship နဲ့မှတော့ ယှဉ်နိုင်မှာမဟုတ်။

ဒီနေရာမှာ ထူးခြားတာက ASUS ROG Phone က Zenfone 5 ထက် Camera ကောင်းတယ် - ဒါကလည်းဖြစ်သင့်တယ်။ ဒါပေမယ့် ROG Phone ထက် Zenfone Max Pro M2 Camera ကို ပိုကောင်းတယ်လို့ မြင်နေတာကတော့ ဖြစ်သင့်တယ်မထင် :3

Selfie သာမန် ၊ Primary Camera ပေးရတဲ့ဈေးနဲ့မတန်.. ဒီ ဈေး ၁၅ သိန်းက ကင်မရာအတွက်မဟုတ်ပဲ တခြား Performance အတွက်ပေးတာလို့ပဲ စိတ်ထဲမှတ်ပြီး ဝယ်ပါ။

#Battery Life 

ASUS ROG Phone မှာ 4000mAh Battery ပါတယ်။ ပုံမှန် Mid to Heavy Usage မှာ Screen On Time က ၆ နာရီကနေ ၇ နာရီလောက်အထိရတယ် - ဒါကလည်း 90Hz Display နဲ့ 2.96GHz CPU အတွက် တော်တော်လေးကို အထင်ကြီးစရာတစ်ခုလို့ ပြောလို့ရတယ်။

ဒါပေမယ့် တကယ် Wow ဖြစ်စေတာက Charging မှာပါ။ ASUS ROG Phone က QC4.0+ ကို Support လုပ်သလိုပဲ ဘူးထဲမှာကို 30W USB-C to USB-C Charger ၊ Braided Cable ထည့်ထားပေးတယ်။

Sounds Similar? That is same specs as OnePlus new WRAP Charge :3

Charging ကတော့ Huawei Mate 20 Pro လောက်မမြန်ဘူး။ ဒါပေမယ့် Still Impressive ဖြစ်နေတုန်းပါ။ Here's the numbers.

**Charging starts from 10%. Wifi On, Data On, Screen Lock.**

15mins - 33%
30mins - 55%
45mins - 75%
1 hours - 87%
1hr 25min - 100%

4000mAh Battery ကို ၁ နာရီခွဲလောက်သွင်းရတာကတော့ တော်တော်မြန်ပါတယ်။ ပြန်သုံးရတာလည်း ကြာတော့ ဒါက Galaxy Note 9 လို QC 2.0 တွေထက် အများကြီးသာတယ်၊ ဒါပေမယ့် Huawei Mate 20 Pro ကိုတော့ မမှီ :3

#Software

Software ကတော့ ASUS ရဲ့ ZenUI ကိုပဲ ROG Theme နဲ့ သုံးပေးထားတယ်။ တခြား UI တွေထက် Stock ဆန်တယ်၊ 90Hz Dispaly ကြောင့် Zenfone 5 လိုဖုန်းတွေနဲ့ ယှဉ်ရင် သိသိသာသာကို ပိုသွက်တယ်။

ကဲ... ပြီးပြီ။

Episode #2 (The PAST) 

အခု ROG Phone က In-Depth Review ဖြစ်ရက်နဲ့ Rating မထည့်သွားခဲ့တာကို သတိထားမိမှာပါ။ အဲ့လိုပဲ Conclusion လည်း အဲ့လောက်မပြောသွားပြန်ပါဘူး။ ဒါက အချက်တစ်ခုထဲကြောင့်ပါ။

ဘယ်လိုပဲ Episode #1 တုန်းကလို ဖုန်းကို ဘယ်လောက်ပဲကြိုက်ကြိုက်... အခုခေတ်၊ ဒီအချိန်၊ အနည်းဆုံး ကျွန်တော်တို့အတွက် ပြီးခဲ့တဲ့ ၆ လလောက်ကဖုန်းတစ်ခုကို ဒီအချိန်မှာ ဝယ်စရာ Option တစ်ခုအနေနဲ့ ပြောဖို့ခက်ပါတယ်။ ပြောရရင် ဒီ ROG Phone က ပြီးခဲ့တဲ့ အတိတ်တစ်ခုဖြစ်နေပါပြီ။ မြင်သာအောင်ပြောရရင် ဘယ်သူမှ Huawei P20 Pro ကို Mate 20 Pro ကို ကျော်ပြီး ဝယ်ဖို့ မစဉ်းစားတဲ့အချိန်ကို ရောက်နေသလိုမျိုးပါ။

ဒါပေမယ့် အဲ့လိုဆိုပြီး ROG Phone က ဝယ်ဖို့မသင့်တော့ဘူးလား? 

For Most People, our answer is YES.

ဒါပေမယ့် ROG Gaming Laptop တစ်ခုရှိနေပြီး Primary ဖုန်းတစ်ခုလည်းရှိတယ်၊ ကိုယ့်ကိုယ်ကို Gamer လို့ ဖြစ်နေစေချင်တယ်ဆိုရင် ROG Phone က ဝယ်သင့်တဲ့ တော်တော်ကိုကောင်းတဲ့ စမတ်ဖုန်းတစ်ခုပါ။ Republic of Gamers ဆိုတဲ့ စာတန်းတစ်ခုက တခြား MSI ရဲ့ Dragon Army လိုမျိုး၊ Dell ရဲ့ Alienware လိုမျိုး Razer ရဲ့ Three Headed Snake လိုမျိုး လူတန်းစားတစ်ခုကို ကိုယ်စားပြုတဲ့ ပြယုဒ်တစ်ခုပါ - ကျွန်တော်တို့ကိုယ်တိုင် အရင်တုန်းက Game တွေဆော့၊ eSport တွေကို လိုက်ဆော့နေတုန်းက ဖုန်းမှာ သုံးနေတဲ့ Gaming Laptop Logo Sticker တွေကို ကပ်ဖြစ်တော့ ဒီ ROG Phone ရဲ့ နောက်က ROG Logo နဲ့ Republic of Gamers ဆိုတဲ့ စာတန်းတစ်ခုက သာမန် Most People တွေနားလည်ဖို့ခက်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တစ်ခုကို ဖြစ်စေမှာပါ။ ဒီလိုစိတ်တစ်ခုအတွက်နဲ့တင် Date အောက်နေပြီပဲဆိုဆို... ဒီဈေးများတယ်လို့ ပြောနေတာတွေထက် ပေးပြီးဝယ်ထား၊ သုံးလည်းသုံးနေ... Date အောက်သွားရင်တောင် အလှသိမ်းထားသင့်တဲ့ Brand Image တစ်ခုဖြစ်နေတာမျိုးပါ။ ဖုန်းတစ်ခုထက် ပထမဆုံး ROG Phone ဖြစ်နေတယ်ဆိုတာကို ဈေးကြီးတယ်၊ ပိုကောင်းတဲ့ Specs တွေထွက်နေပြီဆိုတာတွေက Brand တစ်ခုကို မလေးစားရာပိုကြပါတယ်။

နောက်တစ်ခု... ကျွန်တော်တို့လို လူတွေပါ။

ပြောရရင် Camera က Personally အလေးထားပြီး ရွေးချယ်တဲ့ Factor တစ်ခုဖြစ်နေတာကြောင့်သာ Pixel ကို ရွေးဖြစ်တာပါ။ တကယ်လို့သာ ကျွန်တော်တို့မှာ Lens ကောင်းကောင်းတွေနဲ့ Mirrorless Camera တစ်ခုရှိနေတယ်၊ တကယ်လည်း Camera ကို ကျွမ်းကျွမ်းကျင်ကျင်ရိုက်ဖြစ်တယ်။ ဖုန်းကို Game ဆော့ဖို့ထက် သုံးနေတာကောင်းဖို့ ဆိုရင် ROG Phone က အခုအချိန်အထိ ရွေးချယ်မိမယ့်ဖုန်းတစ်ခုဖြစ်နေတုန်းပဲ။

ဘာကြောင့်လဲဆိုရင် 90Hz OLED Display နဲ့ Haptics က လောလောဆယ် Android ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်နေတုန်းပဲ။ နောက်ပြီး Display ကလည်း Color Accurate ဖြစ်တယ်။ Battery က တော်တော်လေးကို အသုံးခံတယ်၊ အားပြန်သွင်းလည်း အမြန်ဆုံး Charger ဖြစ်နေတုန်း။ Stereo Speakers လည်းကောင်းတယ်။ Build Quality ကလည်း Like a Tank လို့တောင်ပြောလို့ရတယ်။ အားနည်းချက်ဆိုလို့ Water Resistant မဖြစ်တာနဲ့ Weight လေးတာပဲရှိတော့ သုံးကောင်းဖို့၊ စိတ်ကျေနပ်ဖို့ကပဲ အရေးကြီးတယ်ဆိုရင် ROG Phone က Pixel ရဲ့ အနောက်မှာ ကပ်လိုက်နေတဲ့ အခုအချိန်အထိ သုံးရတာ စိတ်အပျော်ဆုံးစမတ်ဖုန်းပါ - ဒါကလည်း ထပ်ပြီး ချီးကျူးမရှိတော့တဲ့ အကောင်းဆုံးချီးကျူးတာပါ။

အဲ့တော့ လူအများစုအတွက်ကတော့ SD 855 ဖုန်းတွေကို စောင့်ပါ။ အခုနကပြောသွားသလို Most People မဟုတ်တဲ့သူတွေကတော့ ROG Phone ကို စဉ်းစားသင့်ပါသေးတယ်။

ဆက်သွားတာပေါ့။

Episode #3 (The FUTURE) 

ROG Phone က ASUS ရဲ့ ဒေါ်လာ ၁၀၀၀ ဝန်းကျင်တန် လုံးဝ Flagship Level ကို တက်လာတဲ့ စမတ်ဖုန်းတစ်ခုပါ။ ပြောရရင် ပုံမှန် ဈေးအရမ်းမကြီးတဲ့ Flagship တွေကို Fight နိုင်တဲ့ ဖုန်းတွေထက် တစ်ဆင့်နိမ့်တဲ့ OnePlus Level ဖုန်းတွေထုတ်နေရာကနေ တစ်ဆင့်တက်လာတဲ့ ပထမဆုံးခြေလှမ်းပါ။

ဒါပေမယ့် ဘာကြောင့် ပထမဆုံးခြေလှမ်းမှာတင် Wow ဖြစ်စေတာတွေ၊ အရမ်းသဘောကျစရာကောင်းတဲ့ အားသာချက်တွေအပြည့်ဖြစ်နေရတာလဲ ASUS ရယ်?

ROG Phone ကို စပြီး Computex မှာ Global Launch မတိုင်ခင် Media Sneak Peak မှာထဲက Insanely Over Powered ဖုန်းကို ASUS ကလုပ်ချလိုက်ပြီလို့ပဲ ထင်ထားခဲ့တာပါ။ သူ့ရဲ့ ROG Accessories တွေနဲ့ပဲ ခဏမြင်လိုက်တော့ ဒီစိတ်က အခုသေချာမသုံးဖြစ်ခင်အထိရှိနေခဲ့တာပါ။

ဒါပေမယ့် ROG Phone ကို စပြီး Set up လုပ်ပြီး ၅ မိနစ်အတွင်းမှာတင် ကျွန်တော်တို့ ဒီ Haptics နဲ့ Display ကြောင့် Primary SIM Card ကို ပြောင်းထည့်ပြီး သုံးနေပြီးပြီ။ Pixel Fanboy တစ်ယောက်ဖြစ်လာလောက်အောင် သဘောကျမိသလိုပဲ ROG Phone ကလည်း သုံးရတာနဲ့တင် ပျော်လာစေတာက တခြား သာမန်ဖုန်းတွေနဲ့ လုံးဝမတူတဲ့ Feeling ဖြစ်လာစေတယ်။

တကယ်လို့ နောက်နှစ် Computex မှာ ASUS ROG Phone II က ဘယ်လောက်တောင် ပိုကောင်းလာဦးမှာလဲ? 

ဒီ Snapdragon 845 ကနေ Major Improve ဖြစ်လာတဲ့ SD 855 ကိုသာ ROG Phone II မှာ Overclock လုပ်ထားခဲ့ရင်၊ 90Hz OLED ကို 120Hz OLED Display သာ ပြောင်းသုံးခဲ့ရင်... Full HD+ အစား Quad HD+ Resolution ဖြစ်လာခဲ့ရင်... ဒါတွေက ASUS ကို လက်ရှိမှာ အကောင်းဆုံးနဲ့ အတော်ဆုံး Gaming Phone Maker တစ်ယောက်ဖြစ်လာစေတော့မှာပါ။

နောက်တစ်ခုက... ASUS က ဒီလို ROG Phone ရဲ့ Specs တွေကို Non-Gaming Oriented Zenfone တစ်ခုမှာရော ထည့်ပေးနိုင်မလား? 

ပြောရရင် ROG Phone ရဲ့ Display ၊ Haptics ၊ Battery တွေကို Majority အတွက် ပိုကောင်းတဲ့ Zenfone Design တစ်ခုနဲ့ Stock Android ကို အခြေခံပြီးသာ ထွက်လာခဲ့ရင် အဲ့ဒီ ဖုန်းက ဘယ်လိုပဲ ASUS က ထုတ်တာဖြစ်ပစေ.. MUST BUY ဆိုပြီး Recommend ထိုင်ပေးနေမိတော့မယ့်ဖုန်းတစ်ခုဖြစ်လာမှာပါ။ ပြောရရင် ASUS ရဲ့ လုပ်နိုင်စွမ်းတွေကို ROG Phone မှာ မြင်ခဲ့ပြီး ပိုပြီး မျှော်လင့်လာစေတာပါ... Camera ပိုင်းကလည်း Zenfone Max Pro M2 မှာ သိသိသာသာကို Improve လုပ်နိုင်ခဲ့တော့ ASUS ရဲ့ အနာဂတ်က Flagship Level မှာ စောင့်ကြည့်မိနေပါပြီ။

Episode #4 (The PRESENT) 

Tech Gadget အနေနဲ့ ASUS ROG Phone ကို ဘယ်လိုမြင်သလဲ? 

ဒီအချိန် ၂၀၁၈ နှစ်ကုန်ပိုင်းအနေနဲ့ ကြည့်ရင်တော့ ROG Phone အပါအဝင် ဘာဖုန်းမှ (Pixel 3 နဲ့ iPhone XS ကလွဲရင်) မဝယ်သင့်တော့တဲ့ အချိန်ပါ။ ဖြစ်နိုင်ရင် နောက်နှစ် SD 855 ဖုန်းတွေကို စောင့်တာ အကောင်းဆုံးပါ။

ဒီလိုမှမဟုတ်ရင်တော့ ASUS ROG Phone ကို Camera ပိုင်းကလွဲရင် Galaxy Note 9 ထက် ပိုကောင်းတယ်၊ Huawei Mate 20 Pro လိုမျိုး All Rounder အပြစ်ပြောစရာမရှိတဲ့ဖုန်းထက် ပိုမကောင်းပေမယ့် သုံးရတာပိုပျော်ဖို့ကောင်းတဲ့ ဖုန်းတစ်ခုအနေနဲ့ပဲရပ်ပါတယ်။

ဒါက ASUS လို Brand တစ်ခုအနေနဲ့တော့ အရင် Zenfone တွေကနေ Another Level အနေနဲ့အဆင့်သတ်မှတ်ခံလိုက်ရသလိုပါပဲ။ Well Done, ASUS.


Thanks for Reading. Merry Christmas.

#TechGadgetMM #TG_InDepthReviews

မူရင်း တင်ဆက်သူ (စာမျက်နှာ) - Tech Gadget Myanmar 

Saturday, December 29, 2018

"မီးဖလံ"



၁)

ပေါင်အရင်းနားသို့ တွန့်ပြီးကပ်သွားသော ဇာအပျော့သား ဂါဝန်ကို မသိမသာဆွဲချရင်း အဆီပြန်နေသော ရင်းနှီးနေသည့် မျက်နှာကို စိုက်ကြည့်ရင်း ပြုံးပြလိုက်သည်။ "ရင်ခုန်ရင်း ပျံဝဲ" အတူတူဆိုရအောင်နော် တဲ့။
--------------

၂)

ဗိုက်ခေါက်ထူထူများ၊ အဆီပြန်မျက်နှာအမ်းအမ်းများ၊ ယမကာအခိုးဝေ့နေသောအကြည့်များ၊ နယ်ချဲ့ရန်ကျွမ်းကျင်နေသော လက်ဖ၀ါးကြမ်းကြမ်းများ၊ "ညီမလေးကို ချစ်တယ်" ဆိုသော ခေါက်ရိုးကျိုးဒိုင်ယာလော့ဂ်များကြားတွင် သူမ နေသားတကျရှိနေသည်မှာ ကြာခဲ့ပြီ။

ညနေစောင်း ၅ နာရီလောက်ဆို အမြဲရောက်လာတတ်ရသော ဒီနေရာကို လာဖို့ အတော်အားတင်းရသည်။ "ပျော်လို့လုပ်စားနေတာပေါ့ကွာ" ဆိုသော မကြားတကြား ရိသဲ့သဲ့သံတွေကို ခံနိုင်ရည်ရှိရမည်။ လေဖြတ်ပြီး အိပ်ရာထဲလဲနေသော မိခင်အိုနှင့် ၁၀ တန်းတက်နေသော မောင်ငယ်တို့မျက်နှာကို မြင်ယောင်ရင်း အရက်ခွက်ထဲသို့ ဆိုဒါနှင့် ရေခဲတုံးလေးများကို လှလှပပထည့်ပေးနိုင်ရမည်။

ပျော်လို့ဒီနေရာကို ရောက်နေတာမဟုတ်ဘဲ စိတ်ညစ်စရာတွေများသော အဆင်မပြေသည့်ဘ၀အခြေအနေကြောင့်သာ ဒီနေရာကို ရောက်လာတာပါဟု ရှင်းပြလျှင်လည်း နားလည်စွာ ခေါင်းညိတ်ပြီး ညှာတာသနားမည့်သူများမရှိသော ဒီပတ်ဝန်းကျင်တွင် သူမအတွက်အရေးအကြီးဆုံးက သူတို့အကြိုက်လိုက်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ပဲဖြစ်သည်။ ရောက်ကာစက ပုခုံးပေါ်သို့ လက်တစ်ဖက်ရောက်လာလျှင် လန့်သွားပြီး ရှက်နေတတ်သောသူမသည် ခုတော့ ကိုယ့်ကိုခေါ်သော ယောက်ျားတစ်ယောက်နားသို့ရောက်သွားသည့်နှင့် ပြိုလဲကြွေဆင်းလိုက်ကာ သူမက စတင်ပြီး ကိုင်တွယ်ထိတွေ့ရဲနေပြီဖြစ်သည်။
-----------

၃)

ပညာမတတ်လို့ လုပ်စားနေတာပေါ့ ဆိုသော မှတ်ချက်ကိုတော့ သူမက အတော်ရယ်ချင်မိသည်။ အဝေးသင်တက္ကသိုလ်ဒုတိယနှစ်ကျပြီး ကျောင်းဆက်မတက်သော သူမကို နှစ်သက်ကြသည့် ကျောက်သူဌေးဆိုသော တချို့သူများသည် ရောက်လာသော ဘေလ်ကိုတောင် ကောင်းကောင်းမဖတ်တတ်ကြမှန်း သူမ သတိထားမိသည်မှာ သိပ်တော့ မကြာသေး။

မူယာ ဟု သူမသိထားသော သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက "တို့က ဘွဲ့ရပြီးပြီးချင်း အစိုးရရုံးတစ်ရုံးမှာ စာရေးမလုပ်လိုက်သေးတယ်။ အဲ့မှာ ယောက်ျားရ ကလေး ၂ ယောက်လည်းရရော … ဟော ယောက်ျားက နောက်တစ်ယောက်တွေ့ပြီး ပစ်သွားရော … သူကသာ ထွက်သွားတာလေ … ကလေး ၂ ယောက်ကို ကိုယ်မကျွေးလို့ ဘယ်သူကျွေးမလဲ … အစိုးရ၀န်ထမ်းလစာဆိုတာ အခုစီးနေတဲ့ ဖိနပ်တစ်ရံစာတောင်မရှိဘူး။ သိပ်ဂရုစိုက်မနေနဲ့ ညီမရေ … ကိုယ်ငတ်တာ ကိုယ့်ကိစ္စပဲ … ကိုယ်ငတ်တဲ့ကိစ္စကို ကိုယ်တတ်သလို ဖြေရှင်းတာလည်း ကိုယ့်ကိစ္စပဲ … အရမ်းစဉ်းစားနေရင် ခုခေတ်မှာ ပိုငတ်ဖို့ပဲရှိတယ်။" ဟု အိုင်းလိုင်နာကို သေသေသပ်သပ်ဆွဲနေရင်း ပြောသောအခါ အလိုလိုမျက်ရည်ဝဲမိသည်။

"မီးကတော့ ရှင်းရှင်းပဲ။ ကိုယ်လည်း များများသုံးချင်တယ်။ အိမ်ကိုလည်းထောက်ပံ့ချင်တယ်။ ဒီတော့ နယ်က အဖေနဲ့အမေ့ကို ဟိုတယ်မှာ စားပွဲထိုးလုပ်မယ်ဆိုပြီး ထွက်လာတာပဲ။ ဒီမှာလည်း အခု စားပွဲထိုးနေရတာပဲလေ။ အစားအသောက်တွေတင်တော့ မကဘူးပေါ့ ဒီမှာက။ ပျော်လားဆိုတော့ ပျော်တယ်ပေါ့။ မပျော်တဲ့လူကို ပျော်ချင်တဲ့လူတွေ သူတို့နားလာထိုင်ဖို့ ဘယ်ခေါ်ကြပါ့မလဲ။ ပျော်ပျော်နေတယ်လေ။ ဒါဆို ပျော်ချင်တဲ့သူတွေနဲ့ များများတွေ့မယ်။ ပိုက်ဆံများများရမယ်။ ပိုပျော်တာပေါ့ ဒီတော့လည်း။"

ဒီစကားကို ခပ်ပေါ့ပေါ့လေးပြောသော သူမထက် အသက် ၄ နှစ်လောက်ငယ်သည့် မိန်းကလေးကိုကြည့်ရင်း ငါ့မောင်လေးနဲ့ ရွယ်တူပဲ ဆိုသော အသိနှင့် နှမြောရမလား ဒေါသထွက်ရမလား စိတ်မကောင်းဖြစ်ရမလားမသိဘဲ ရင်ထဲမှာ ပူလာသည်။
-----------

၎)

တော်ရုံ ကိုယ့်အကြောင်းကို သူများကို သိပ်ဖွင့်ဟပြောပြလေ့မရှိသော သူမအတွက် အပေါင်းအသင်းဆိုတာကတော့ တဆိတ်ရှားပါးလွန်းလှသည်။

ရိုးသားလွန်းပြီး ပညာမတတ်သည့် မိခင်အိုနှင့် ချစ်စရာကောင်းပြီး စာကြိုးစားသည့် မောင်ငယ်ကတော့ သူငယ်ချင်းတစ်ယောက်အိမ်မှာ ညသွားအိပ်ပြီး အကျီင်္တွေ လက်ချုပ်လိုက်နေသည်ဟု ပြောထားသော သူမ၏ ပင်ပန်းမှုကို အစဉ်သနားနေတတ်သည်။ အိမ်က မရိပ်မိအောင် ရသမျှကို အကုန်ထုတ်မသုံးဘဲ လိုအပ်သလောက်သာ သုံးစွဲတတ်သည့် သူမ၏ ပါးနပ်မှုနှင့် အနေအထိုင်ပိရိမှုကြောင့် ပတ်ဝန်းကျင်ကလည်း သူမ၏ သရုပ်အမှန်ကို မရိပ်မိကြ။

တကယ်တော့လည်း သူတို့ကောက်ချက်ချသလို သူမကိုယ်တိုင်ကလည်း အလွယ်လမ်းကို လိုက်ခဲ့မိတာတော့ အမှန်ပဲဖြစ်သည်။ တစ်လမှ ၇ သောင်းလောက်ရပြီး တစ်နေကုန်နီးပါး မတ်တပ်ရပ်ရသည့် စတိုးဆိုင်အရောင်းစာရေးမဘ၀ကို စွန့်လွှတ်ခဲ့ပြီး တစ်ညကို ၅ နာရီလောက်သာအလုပ်လုပ်ရပြီး တစ်လ၀င်ငွေ သိန်းဆယ်ဂဏန်းအထက်ရသော ဒီဘ၀ကို ခင်တွယ်မိသည့်အတွက် နောင်တတော့မရပေ။ သူမအတွက် ငွေလိုသည်။ မိခင်အို၏ ဆေးကုသစရိတ်နှင့် မောင်ငယ်ကျောင်းစရိတ်အတွက် ငွေလိုသည်။ လိုအပ်သောငွေကို ဘယ်သူမှမပေးနိုင်သောကြောင့် ဒီနည်းဖြင့် ရှာသည်။

ကိုယ်လျှောက်နေသော လမ်းကြောင်းသည် အများက လက်ခံနိုင်သည့် ကောင်းမွန်သောလမ်းကြောင်းတစ်ခုမဟုတ်သော်လည်း ကိုယ်လုပ်နေသောအလုပ်သည် သမ္မာအာဇီဝပါပဲဟု မျက်စေ့စုံမှတ်၍ သူမက ယူဆထားလိုက်သည်။ လာသည့်ဧည့်သည်တွေ ဘယ်လောက်မူးမူး သူတို့မပေးဘဲ တစ်ပြားတစ်ချပ်မှ သူမမတို့ထိ။ အဖိုးတန်ပစ္စည်းတွေကိုလည်း ယောင်လို့တောင်ကိုင်မကြည့်။ တန်ရာတန်ကြေးနှင့် စေတနာကြေးကိုသာ သူမယူသည်။ ဒီတစ်ခုကိုတော့ သူမက အသေအချာစောင့်ထိန်းသည်လေ။
--------

၅)

ခေါင်းနည်းနည်းမူးသဖြင့် ဆေးခန်းသွားမိကာမှ ကိုယ့်ရောဂါအဆောက်အဦကိုသိရသောအခါ လူ့အဖြစ်သည် ပို၍ ညစ်ညူးစရာကောင်းသွားသည်။

"နှလုံးရောဂါဆိုတာ သူဌေးရောဂါဟဲ့" ဆိုသော သူငယ်ချင်းတစ်ယောက်ပြောစကားကို ကြားယောင်မိတော့ တက္ကသိုလ်ပထမနှစ်က "မေမေ ကိုယ်တို့အကြောင်းသိသွားတယ်။ သူ့မှာလည်း နှလုံးရောဂါအခံရှိနေတော့ ကိုယ်တို့ ဒီလောက်နဲ့ပဲ လမ်းခွဲလိုက်ကြရအောင်နော်" ဆိုသော ရည်စားဦးကို သတိရမိသည်။
ခုတော့လည်း သူ့နာမည်ကိုတောင် ခပ်မေ့မေ့ချင်။ ဟိုတလောကတော့ Junction Square က စားသောက်ဆိုင်တစ်ဆိုင်မှာ မိန်းကလေးလှလှလေးတစ်ယောက်နှင့် အတူရယ်မောနေတာတော့ တွေ့မိခဲ့သားပဲ။ ခုတော့လည်း သူအမေရဲ့ နှလုံးရောဂါ သက်သာသွားပြီထင်ပါရဲ့။

ကိုယ့်အတွေးကို ကိုယ်ဘာသာ သဘောကျပြီး အသံထွက်ရယ်မောမိတော့ ဆေးစာရေးပေးနေသည့် သူနာပြုဆရာမလေးက ကိုယ့်ကို ရုတ်တရက်မော့ကြည့်လာသည်။ ဖြူစင်လိုက်တာကွယ်။ တန်ဖိုးမကြီးပေမယ့် တန်ဖိုးရှိလှသော သူ့ ရင်ဖုံးအကျီင်္လေးက။

ဒီဘ၀တော့ သူ့လို ဖြူစင်နိုင်ပါ့မလား။
--------------

၆)

မဖြောင့်တန်းသော ဘ၀လမ်းတွင် အရာရာကို အရွဲ့တိုက်ချင်စိတ်သည် တစ်ခါတရံ တားမရစီးမရ။

"အခုတလော ပိုပိုလှလာတယ်နော်" လို့ စီးနေကျ တက္ကစီသမားက ရိသဲ့သဲ့ပြောတော့ သူမက အကျင့်ပါနေသည့်အတိုင်း "တကယ်လားဟင် ကျေးဇူး" လို့ ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။ လူတကာမြင်နေရသော လှပခြင်း၏ နောက်ကွယ်တွင် လူတကာမသိသည့် အကျည်းတန်သောသရုပ်ကို ဘာမှမဟုတ်သလို ကွယ်ဝှက်ထားရခြင်းကို သူမ မနှစ်မြို့ပေမယ့် နေသားတကျရှိခဲ့ပြီ။

ဖြောင့်နေသည့် ဆံပင်ကို ကောက်သည်။ ကောက်နေသည့် ဆံပင်ကို ပြန်ဖြောင့်သည်။ နေ့လည်နေ့ခင်း အားလျှင် အများဆုံးရောက်ဖြစ်သည့် လမ်းထိပ်အလှပြင်ဆိုင်မှ ညီမလေးတစ်ယောက်ကတော့ "မမကို သိပ်အားကျတာပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေနိုင်ပြီနော်" တဲ့။

ထိုခြေထောက်များသည် ညစ်ပတ်သော အရာများအပေါ်တွင် ရပ်နေပြီး မလှပသော ညဆိုးများတွင် ဟိုဟိုဒီဒီလျှောက်လှမ်းနေရကြောင်းကိုတော့ ထိုညီမလေးကို အသိမပေးချင်ပေ။ အပေါ်ယံအကြောင်းအရာများတွင် သာယာနေတတ်သည်မှာ လူ့သဘာဝပဲမဟုတ်လား။ သူမလည်း သာယာနေတတ်ခဲ့ပြီ။
---------------

၇)

အလုပ်မသွားနိုင်သည်မှာ တစ်ပတ်မျှရှိပြီ။ နွေရာသီကျောင်းပိတ်၍ အားလပ်ချိန်ရနေသော မောင်ငယ်ကတော့ သူ့သူငယ်ချင်းမိသားစု၏ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ချင်ကြောင်းခွင့်တောင်းလာတော့ သူမ စိတ်မချပေမယ့် ငွေတန်ဖိုးကို သိစေချင်တာကြောင့် အချိန်ပိုင်းတစ်လလောက် ခဏလုပ်ချင်လုပ်ကြည့်ပေါ့ဟု ခွင့်ပြုလိုက်ရသည်။ ကျန်းမာရေးအခြေအနေကြောင့် ၀င်ငွေမရှိသောရက်များတွင် ကြိုတင်စုဆောင်းတတ်သည့် အကျင့်ရှိသော သူမမိသားစု အခြေအနေမပျက်။

အသေအချာအနားယူပြီး ဆေးကုသမှုခံယူလိုက်ရင် သက်သာသွားမှာပါဆိုသော ဆရာဝန်၏ ပြောစကားကို နားထောင်ပြီး အိမ်မှာပဲ အမေ့ကို နေ့ည အချိန်ပြည့်ပြုစုနေလိုက်သည်။ စားသောက်ဆိုင်ဖြစ်သဖြင့် ညဥ့်နက်မှ ပြန်ရောက်လာတတ်သော မောင်ငယ်ကို ထမင်းဟင်းခူးခပ်ကျွေးမွေးရင်း မောင်ငယ်၏ အတွေ့အကြုံတွေကို မျှဝေခံစားပေးသည်။

အဆိုးထဲက အကောင်းဟုပင် မှတ်ယူကာ စိတ်ရော ကိုယ်ပါ မိသားစုအတွက်ပေးရင်း သူမ ကြိုက်သော menthol ပါသည့် စီးကရက်ဘူးများကိုလည်း မေ့ထားရသည်။ တစ်ခါတစ်ခါ စွဲလမ်းနေပြီးသားအရာများကို လှည့်မကြည့်ဘဲနေရသဖြင့် အလွန်အမင်းချဉ်ခြင်းတပ်မိသည့်အခါ အဆီပြန်မျက်နှာများကို မြင်ယောင်ရင်း ခေါင်းကို အသာခါရမ်းလိုက်မိသည်။
-----------

၈)

မဆက်စဖူး ထူးထူးခြားခြား ဖုန်းဆက်လာသော မူယာ့ကြောင့် သူမ အံ့သြရသည်။

"သက်သာရင် ဒီတစ်ညတော့ လာခဲ့ပါလားဟယ်။ ဒီည မိုးကုတ်က အဖွဲ့လိုက်လာကြမှာ … ကျောက်အောင်လာတယ်လို့ကြားတယ်။ ဟိုတစ်ခါလာတဲ့အဖွဲ့ပဲလေ။ နင့်ကို ခေါ်နေကျ တစ်ယောက်လည်း ပါတယ်တဲ့။ ခွင်အကြီးကြီးနော်။ လာဖြစ်ရင် စာလှမ်းပို့လိုက်။ စောင့်နေမယ်။ တို့ မတွေ့ရတာတောင်ကြာပြီ။"

ညစ်နွမ်းမှုတွေနှင့် ဝေးကွာနေတာ တစ်ပတ်ကျော် ၁၀ ရက်နီးပါးဆိုတော့ အတော်ပြန်အားတင်းရပြန်သည်။ သူမအပေါ် တခြားဧည့်သည်တွေလို မဟုတ်ဘဲ ကြင်ကြင်နာနာဆက်ဆံတတ်သောသူကိုလည်း ပြန်တွေ့ချင်သည်။ နောက်ပြီး နားထားတဲ့ရက်တွေအားလုံးပေါင်းဝင်ငွေကို တစ်ရက်တည်းနဲ့ ရအောင်ပြန်ရှာဖို့လည်း အခွင့်အရေးဖြစ်သည်ဆိုတော့ သူမ ပြန်လည်စိတ်ပါလာသည်။

မောင်လေးကိုလည်း စားသောက်ဆိုင်တွင် ဆက်မလုပ်စေချင်တော့။ ၁၀ တန်းစားမေးပွဲပြီးတာတောင် မနားဘဲ အစ်မဖြစ်သူကို ကူညီချင်စိတ်အပြည့်ရှိသော မောင်ငယ်ကို တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်စေချင်သည်။ တက္ကသိုလ်မတက်ခင် အနားယူစေချင်သည်။

ဆိုင်ရောက်တော့ အိမ်ကထည့်လာခဲ့သည့် ၀ယ်ထားတာကြာပြီဖြစ်သော်လည်း သိပ်မ၀တ်ဖြစ်သော ဇာဂါဝန်အနက်တိုတိုလေးကို ပြန်ဝတ်ကြည့်တော့ တော်နေသေးသားပဲ။ အကျီင်္နှင့်လိုက်ဖက်မည့် အသုံးအဆောင်တွေကိုပံ့ပိုး … ဆွဲဆောင်အားကောင်းသည့် သူမအသံထွက်မခေါ်တတ်သည့် ရေမွှေးကို ခပ်စိပ်စိပ်ဖြန်း …. အိုင်းလိုင်နာခပ်နက်နက်ဆိုးပြီး နှုတ်ခမ်းနီအရောင်ရင့်ရင့်ကို အားဖြည့်လိုက်သည့်အခါ သူမ ကျင်လည်နေကျ အခန်းများစွာထဲသို့ ယုံကြည်မှုအပြည့်နှင့် ၀င်ရန် အဆင်သင့်ဖြစ်သွားသည်။
-----------

၉)

သီချင်းသံ … အရက်နံ့ … ရေမွှေးနံ့ … ရမ္မက်ခိုး … ပြည့်နှက်နေသော ခန်းမထဲရှိ ဆိုဖာပေါ်တွင် သူမထိုင်နေသည်။ ဘေးတွင်ထိုင်နေသော သူမကိုခေါ်ထားသည့် ဧည့်သည်ကလည်း အကောင်းစားအရက်တန်ခိုးနှင့် သူမအပေါ်ပြိုဆင်းလျက်။ တခြားသူတွေကို ကြည့်လိုက်တော့လည်း မီးမှိန်မှိန်အောက်မှာ သူ့တို့ကိစ္စနှင့်သူတို့ အလုပ်ရှုပ်နေကြသည်။

ရှေ့မှန်စားပွဲပေါ် အသီးပန်းကန်ထဲက ပန်းသီးတစ်စိတ်ကို ခရင်းသေးသေးလေးနှင့်ထိုးပြီး စိတ်မပါလက်မပါ ၀ါးနေမိသည်။ ဒီညတော့ နည်းနည်းနောက်ကျမယ်ထင်ပါရဲ့။ ဘေးက ဧည့်သည်က ခဏနေပြန်နိုးလာပြီး သီချင်းပြန်ဆိုဦးမှာလားမသိ။ စုံတွဲသီချင်းတွေလည်း ကုန်သလောက်တော့ရှိပြီ။

ဧည့်သည်ချထားသော ယောက်ျားကိုင်ပိုက်ဆံအိတ်ထဲက တစ်သောင်းတန်ငွေစက္ကူအထပ်လိုက်ကို မီးရောင်အောက်တွင် မြင်နေရသည်။ သြော် … လောကကြီးက တယ်လည်း မတရားပါလား။

ဟိုဟိုဒီဒီလျှောက်တွေးနေရင်း ခံတွင်းချဉ်လာသည်နှင့် စားပွဲထိုးခေါ်သည့် ဘဲလ်ကို လှမ်းနှိပ်လိုက်သည်။

ပိန်ပိန်သွယ်သွယ်စားပွဲထိုးတစ်ယောက်ဝင်လာတော့ သူမပုခုံးပေါ်ကလူကို ဆိုဖာပေါ်ခေါင်းမှေးတင်ပေးလိုက်ရင်း Menthol တစ်လိပ်လောက်ဆိုတော့ စားပွဲထိုးလေးက ဆေးလိပ်ဘူးလှမ်းပေးသည်။
-----------

၁၀)

ဆေးလိပ်တစ်လိပ်ကို လှမ်းယူပြီး နှုတ်ခမ်းတွင်တေ့လိုက်သည့်နှင့် စားပွဲထိုးလေးက အလိုက်တသိ မီးညှိပေးသည်။ မီးရောင်က ဖျတ်ခနဲ သူမတို့နှစ်ယောက်အကြားအလင်း …

"ဟင် မောင်လေး …"
"................."
"…. မမ …."
-----------

စိုးသူရ
(ဇန်န၀ါရီ၊ ၂၀၁၇)

ဒသဂံစာစုများ (ကျော်စိုးစာပေ)

Friday, December 28, 2018

Grilled Fish ငါးကင် - Prawn Pasta (ပုစွန်ပါစတာ) - မာလာရှမ်းကော - ရန်ကုန်ထမင်းပေါင်း

Grilled Fish ငါးကင် 



ပလာတူးငါး                           - ၄ ကောင် ( ၆၆၀ ဂရမ်)
ဆား                                    - လက်ဖက်ရည်ဇွန်း တစ်ဝက်
ငါးကာရီပေါင်ဒါ                       - စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်နီ                           - ၆၀ ဂရမ်
ကြက်သွန်ဖြူ                          - ၉ ဂရမ်
စပါးလင်                                - ၁ ချောင်း
ဆီ                                       - စားပွဲဇွန်း ၂ ဇွန်း
ငှက်ပျောရွက်.

ပြုလုပ်ပုံ
1. ပထမဦးဆုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်ရောပြီး ထောင်းထားပါ။
2. ငါးသန့်ရှင်းအောင်ဆေးပြီး ဓားဖြင့်မွှန်းထားပါ။
3. ဇလုံထဲကို သန့်ရှင်းထားတဲ့ ငါးထည့်ပါ။ ပြီးလျှင် ထောင်းထားတဲ့အနှစ် ငါးကာရီပေါင်ဒါ၊ ဆား၊ ဆီ ၂ ဇွန်းထည့်ပြီး နယ်ထားပါ။
4. ပြီးလျှင် ငါးတစ်ကောင်စီကို ငါးပျောရွက်ဖြင့် ပတ်ပြီး မပြေစေရန် သွားကြားထိုးတံဖြင့် ထိုးထားပါ။
5. ဒယ်အိုးအပြားကို မီးဖိုပေါ်တင်ပြီး ဆီအနည်းငယ်သုတ်ပါ။ ပြီးလျှင် ငါးထည့်ပြီး ကင်ပါ။ ၄ မိနစ် ကင်ပြီးရင်တော့ နောက်တစ်ဖက်လှန်ပြီး နောက်ထပ် ၄ မိနစ် ထပ်ပြီး ကင်ပါ။
6. ငါးကင်ကို မန်ကျည်းချည်ရည် ဒါမှမဟုတ် ကြိုက်နှစ်သက်ရာအချည်ဖြင့် စားနိုင်ပါတယ်။

Prawn Pasta (ပုစွန်ပါစတာ)



ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၅ ကျပ်သား

ထောပတ်  –  ၂၀ ဂရမ်

Spaghetti  –  ၁၅၀ ဂရမ်

သံလွင်ဆီ  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၂ မြွှာ

Parsley  –  လက်တစ်ဆုပ်စာ

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

Pasta Sauce  –  စားပွဲဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

၁။       Spaphetti ကို အထုပ်မှာ ပြထားတဲ့အတိုင်း ၇ မိနစ်ခန့် ပြုတ်ပါ။ ခေါက်ဆွဲကျက်လျှင် ဆယ်ယူပြီး သံလွင်ဆီနဲ့ နယ်ထားပါ။

၂။       ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ပါ။ ပုစွန်ထည့်ပြီး အရောင်ပြောင်းသည်အထိ ချက်ပါ။ Parsely ထည့်ပါ။ Pasta Sauce, ဆား၊ ငရုတ်ကောင်းထည့်ပြီး သမအောင် ရောမွှေပါ။ ဆူလာတဲ့အထိ ထားပါ။

၃။       ချက်ထားတဲ့ ခေါက်ဆွဲထည့်ပြီး သမအောင်မွှေပါ။ မီးပိတ်ပြီး အရောင်အနည်းငယ် တက်လာအောင် ထောပတ်အနည်းငယ် ထပ်ထည့်ပါ။ သမအောင် ရောမွှေပြီး သုံးဆောင်နိုင်ပါပြီ။

မာလာရှမ်းကော


ပါဝင်ပစ္စည်းများ
မာလာရှမ်းကောအနှစ်ထုပ်
မုန်ညင်းစိမ်း  -  ၂၀ ဂရမ်
ဂေါ်ဖီစိမ်း  -  ၂၀ ဂရမ်
ကြာစွယ်  -  ၁၀ဝ ဂရမ်
ကြက်အူချောင်း  -  ၁၀ဝ ဂရမ်
ကြက်သား  -  ၂၀ဝ ဂရမ်
ပြောင်းဖူးအသေး  -  ၆ ခု
မျှော့ချောင်း  -  အနည်းငယ်
ကြွက်နားရွက်မှို  -  ၂၀ ဂရမ်
အပ်မှို  -  ၁ ထုပ် (၂၀ ဂရမ်)
ဆား  -  အနည်းငယ်
ကြက်သားမှုန့်  -  အနည်းငယ်
မြေပဲလှော်  -  အနည်းငယ် (၁၀ ဂရမ်)
နှမ်းလှော်  -  အနည်းငယ် (၁၀ ဂရမ်)
နံနံပင်  -  ၃/၄ ပင်

ပြုလုပ်နည်း
၁။ မျှော့ချောင်းများကို ရေနွေးစိမ်ထားပါ။ ကြာစွယ်ကို အနေတော်ပါးပါးလှီးပြီး ဂေါ်ဖီစိမ်းနှင့် ပြောင်းဖူးအသေးတို့ကို အနေတော်အတုံးလေးများတုံး၍ ရေနွေးနဲ့ အနည်းငယ်ဖျောပြီး ရေအေးပြန်စိမ်ထားပါ။ ကြွက်နားရွက်မှိုကို ရေစိမ်ပြီး မာနေတဲ့ အပိုင်းလေးများကို လှီးထုတ်ပါ။ မုန်ညင်းစိမ်းကို ရေဆေးထားပါ။ မလှီးပါနဲ့။

၂။ အပ်မှိုများကို အောက်ပိုင်း လှီးဖြတ်ထားပြီး ရေစိမ်ထားပါ။ ကြက်အူချောင်းကို အတုံးလေးတွေ လှီးထားပါ။ ကြက်သားကို အတုံးလေးတွေ တုံး၍ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် နယ်ထားပြီး ဒယ်အိုးအကြီးထဲမှာ ဆီထည့်ကာ ကျက်သည်အထိ ချက်ပါ။ အရောင် ရလာပြီဆိုလျှင် အနှစ်တစ်ဝက်လောက် ထည့်ပါ။ ကြက်အူချောင်းများ ထည့်ပါ။ မျှော့ချောင်းများ၊ ကြွက်နားရွက်မှိုများ ထည့်ပါ။


၃။ ရေနွေးဖျောထားတဲ့ အသီးအနှံများထည့်ပါ။ နောက်ဆုံးမှာ မုန်ညင်းစိမ်း၊ အပ်မှို ထည့်ပြီး ကျန်မာလာရှမ်းကောအနှစ်များ ထပ်ထည့်ပါ။ အရသာမြည်းပြီး ဆား၊ ကြက်သားမှုန့်များ ထည့်ပါ။ အရသာမြည်းပြီး ပန်းကန်ထဲမှာ တည်ခင်းပါ။ နံနံပင်၊ မြေပဲလှော်နှင့် နှမ်းလှော်တို့ကို ထည့်ပြီး သုံးဆောင် နိုင်ပါပြီ။
.....................
by Food Magazine

ရန်ကုန်ထမင်းပေါင်း 



ပါဝင်ပစ္စည်းများ
ထမင်း                - ပန်းကန်လုံး ၂ လုံး ( ၂ပွဲအတွက်)
ကြက်သွန်ဖြူ        - ၃ မြှောင့် (နုပ်နုပ်စဉ်းထားပါ)
ပန်းဂေါ်ဖီအစိမ်း     - ၇၅ ဂရမ် (အပွင့်သေးသေးလှီးထားပါ)
မုန်လာဥနီ            - ၃၀ ဂရမ် (သေးသေးလှီးထားပါ)
ရွှေပဲသီး               - ၁၀ တောင့် ( ၂၄ ဂရမ်) (သန့်ရှင်းထားပါ)
ငရုတ်ပွအစိမ်း        - ၃၀ ဂရမ် (အတုံးသေးသေးလှီးထားပါ)
ငရုတ်ပွအနီ           - ၃၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)
 ကြက်ရင်ပုံသား      - ၁၀၀ ဂရမ် (ပါးပါးလှီးထားပါ)
ပြောင်းဖူးအသေး      - ၂၈ ဂရမ် (၂ပိုင်းဖြတ်ထားပါ)
ပုစွန်ကျား              - ၅ ကောင် (အခွံခွာပြီးကျောခွဲထားပါ)
 ပြည်ကြီးငါး             - ၁၀၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)
ငုံးဥပြုတ်                 -  ၆ လုံး
တရုတ်နံနံ               - ၂ ပင် (ပါးပါးလှီးထားပါ)
ငရုတ်သီးမှည့်အတောင့်ရှည်အနီ  - ၁ တောင့် (ပါးပါးလှီးထားပါ)
ငရုတ်ကောင်းမှုန့်အဖြူ        - အနည်းငယ်
ကော်မှုန့် /ပြောင်ဖူးမှုန့်         - လက်ဖက်ရည်ဇွန်း ၂ ဇွန်း +ရေ စားပွဲဇွန်း ၃ ဇွန်း
ရေ                   - ၃၀၀-၃၅၀ မီလီလီတာ
ဆီ                    - စားပွဲဇွန်း ၂ ဇွန်း

ထမင်းပေါင်းဆော့စ်အတွက်လိုအပ်တာတွေကတော့…..
Gold Equal Sweetener              - ၁ ချောင်း
ပဲငံပြာရည်အကြည်                  - စားပွဲဇွန်း ၁ ဇွန်း
ခရုဆီ                            - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နှမ်းဆီမွှေး                      - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား                             - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ                               - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ
၁။ ထမင်းပေါင်းဆော့စ်စပ်ရန်အတွက် ပန်းကန်လုံးအသေးထဲကို ဆော့စ်အတွက် လိုအပ်တဲ့ Equal Sweetener ၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီမွှေး၊ ဆား၊ ရေထည့်ပြီး မွှေထားပါ။

၂။ ကြက်သားကို ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး နယ်ထားပါ။ ပုစွန်နဲ့ပြည်ကြီးငါးကိုလည်း ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး နယ်ထားပါ။

၃။ ဟင်းသီးဟင်းရွက်ရေနွေးဖျောရန်အတွက် ရေနွေးအိုးတည်ထားပါ။

၎။ ရေဆူလျှင် ပန်းဂေါ်ဖီအစိမ်း၊ မုန်လာဥနီ၊ ရွှေပဲသီးတို့ကို တစ်မျိုးစီထည့်ပြီး ရေနွေးဖျော်ပါ။ ပြီးလျှင် ဆယ်ယူပြီး ရေခဲရေမှာထည့်ပြီး စိမ်ထားပါ။

၅။ ပြီးလျှင် ဆန်ခါဖြင့်စစ်ထားပါ။

၆။ ကော်မှုန့် (သို့) ပြောင်းဖူးမှုန့်ကို ပန်းကန်လုံးအသေးမှာထည့်ပြီး ရေအနည်းငယ်နဲ့မွှေထားပါ။

၇။ အသီးအရွက်နဲ့အသားကြော်မည့် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ပါ။

၈။ ဆီပူလာရင်တော့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကြက်ရင်ပုံသား၊ ပြည်ကြီးငါးနဲ့၊ ပုစွန်ထည့်ပြီး ကြော်ပါ။

၉။ ပြီးလျှင် အဆင်သင့်မွှေထားတဲ့ ဆော့စ်လောင်းထည့်ပါ။ ရေနည်းနည်းထည့်ပြီး မွှေပေးပါ။

၁၀။ ရေဆူလျှင် ရေနွေးဖျောထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ ငရုတ်ပွထည့်ပါ။ ဟင်းရည်ပျစ်ဖို့အတွက် ဖျော်ထားတဲ့ ကော်မှုန့်ထည့်ပြီး မွှေပေးပါ။ ပြီးနောက် မီးပိတ်ပြီး ငရုတ်ကောင်းမှုန့်နဲ့ တရုတ်နံနံဖြူးပေးပါ။

၁၁။ စားမည့် ပန်းကန်ပြားထဲကို ထမင်းထည့်ပြီး ချက်ထားတဲ့ ဟင်းရည်ပျစ်ပျစ်နဲ့ ဟင်းသီးဟင်းရွက်ကြော်ကို ထမင်းပေါ်လောင်းထည့်ပါ။

Thursday, December 27, 2018

- ဘယ်လောက် အလေးပမာဏနဲ့ ဆော့ရမလဲ ??? -



" အဆီကျချင်ရင် ဘယ်လောက်၊ ထုတင်ချင်ရင် ဘယ်လောက်၊ ကြွက်သားခွဲချင်ရင် ဘယ်လောက် "

စသဖြင့် သင်ကြားဖူးမှာပါ။ ကြားဖူးတာက ပြသနာမဟုတ်၊ သင်ဟာ အခုမှ စကစားနေသူဖြစ်ပြီး ဒီအချိန်မှာ ဒါတွေ ကြားပြီး နားမလည်တာက ပြသနာ။

" အလေးကြီးတွေ ဆော့လိုက်ရင် Weight တက်ပြီး သန်သန်မာမာ တုတ်တုတ်ကောင်ကြီးဖြစ်လာမယ် ထင်တယ်။ ငါက ကျစ်ကျစ်နဲ့ ကွဲချင်တာ၊ Tone ဖြစ်ချင်တာဆိုတော့ ပေါ့ပေါ့ပဲ ဆော့ရမယ်ထင်တယ်။ "

ဒီလိုအတွေးမျိုးနဲ့ ဝေခွဲမရဖြစ်နေသူဟာ သင်ဆိုပါတော့။ ဒီဆောင်းပါးအပြီးမှာ ဘယ်ပမာဏ သုံးသင့်သလဲဆိုတာ သင်နားလည်သွားမယ်လို့ ဆိုပါရစေ။ Golden_Dreams page ရဲ့ ထုံးစံအတိုင်း ကြားဖူးနားဝ နားလည်ရုံတွေကို နောင်တစ်ဆင့်ထိ နားလည်သွားအောင် ကြည့်လိုက်ရအောင်။

**********
-အလေး အမျိုးအစားများ-

အလေးတွေကို အမျိုးအစားခွဲတဲ့ နေရာမှာ 2.5kg ၊ 10kg ၊ 25kg ဆိုပြီး ခွဲမှာ မဟုတ်ပါဘူး။ သင့်အတွက် ဘယ်လောက် လေးလံသလဲ အပေါ်မှာပဲ ခွဲမှာပါ။ သင့်အတွက် သင်စဉ်းစားမှာမလို့၊ သူများအတွက်ဆို လေးနေလား၊ ပေါ့နေလား ထည့်မစဉ်းစားပါနဲ့။

အလေးအမျိုးအစားကို အကြိမ်ရေနဲ့ ခွဲပါမယ်။ ဒီလိုခွဲတဲ့အခါမှာ ဘယ်အကြိမ်ရေလောက် ရောက်ရင် အရမ်းခက်လာပြီ ဆိုတာနဲ့ ကြည့်ပြီး ခွဲမယ်၊ ဒါဆိုရင် ၃ မျိုးရလာပါတယ်။

၁- အရမ်းပေါ့
အကြိမ်ရေ ၂၀ ကြိမ်အထက် လုပ်နိုင်တဲ့ပမာဏပါ။ ခေါင်းစဉ်အတိုင်း အရမ်းပေါ့တဲ့ ပမာဏပေါ့။

ဒီအမျိုးအစားဟာ အလေးတုံးချည်းပဲ မဟုတ်ပါဘူး။ ဥပမာ ကြိုးခုန်တယ်ဆိုပြီး ပေါင်သားတွေ ကျင့်ချင်တယ်၊ ရေကူးတယ်နဲ့ နောက်ကျောတွေကျင့်ချင်တယ် ဆိုတာမျိုးဟာ အကြိမ်ရေများစွာလုပ်ပြီး ကျင့်နေတာမလို့ ဒီအမျိုးအစားထဲမှာ ပါပါတယ်။

၂- အသင့်အတင့်
အကြိမ်ရေ ၈ ကြိမ်နဲ့ ၁၂ ကြိမ်ကြားပဲ လုပ်နိုင်တဲ့ပမာဏပါ။ တအားကြီး မလုပ်နိုင်လောက်တဲ့ ပမာဏလဲမဟုတ်၊ တအားကြီးလဲ မပေါ့တဲ့ ပမာဏပေါ့။

တစ်ချို့ Body weight နဲ့ လုပ်တဲ့ လေ့ကျင့်ခန်းတွေဟာ ဒီအမျိုးအစားထဲမှာ ပါလိုက်၊ မပါလိုက်ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက သင် ဒိုက်ထိုးတယ်၊ သိပ်မရခင်မှာ ၈ ကြိမ်လောက် ထိုးနိုင်ပေမယ့် နောက်ပိုင်းမှာ ၃၀ ကြိမ်လောက် ရောက်သွားရင် အပေါ်က " အရမ်းပေါ့ " ဆိုတဲ့ အထဲ ရောက်သွားပါတယ်။

"အသင့်အတင့်" အမျိုးအစားကနေ၊ "အရမ်းပေါ့" အမျိုးအစား ရောက်သွားရင် မတူညီတော့တာမလို့ ရရှိတဲ့ အကျိုးလဲ မတူနိုင်တော့ပါဘူး။ ဒီအကြောင်းကို အောက်မှာ ဆက်ရှင်းပြပါမယ်။

၃- ဟဲဗီးဆွဲ

ဒီအမျိုးအစားမျိုးက မလုပ်ခင် အသက်တွေ ဘာတွေ ရှူးရှဲရှူရ၊ ရင်ဘတ်တွေ စည်တီးပြီး လုပ်တဲ့ အလေးပမာဏပါ။ ၁-၅ ကြိမ်လောက်သာ လုပ်တာမလို့ အကြိမ်ရေ အရမ်းနည်းပြီး၊ အရမ်းလေးတဲ့ ပမာဏပေါ့။


***********

ဒီလို သုံးမျိုးရှိပြီး တစ်မျိုးချင်းစီဟာ ဘယ်လိုအသုံးဝင်လဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

၁ ။ အရမ်းပေါ့

ဒီအမျိုးအစားဟာ အကြိမ်ရေများစွာလုပ်နိုင်တဲ့ ပမာဏဖြစ်ပြီး သူ့ကို ဘယ်နေရာတွေမှာ ဘာ ရည်ရွယ်ချက်နဲ့ သုံးကြသလဲ။

- Circuit training -

Circuit training ဆိုတာ တစ်ခုပြီးရင် တစ်ခုဆက်တိုက်လုပ်တဲ့ ပုံစံအမျိုးအစားပါ။ ဥပမာအနေနဲ့

ပထမပုံစံ - အလေးတုံးကို ပုခုံးပေါ်တွန်းတင်တာ အကြိမ် ၂၀
ဒုတိယပုံစံ - တွန်းတင်ပြီးတာနဲ့ အလေးတုံးကို ကိုင်ပြီးဂထိုင်ထလုပ်တာ အကြိမ် ၂၀
တတိယပုံစံ - ထိုင်ထပြီးတာနဲ့ လက်မောင်း အကြိမ် ၂၀

စသဖြင့် ဆက်တိုက်လုပ်တဲ့ Program မျိုးမှာ အရမ်းပေါ့တဲ့ ပမာဏကို သုံးပါတယ်။ ကြားထဲမှာ နားချိန်မထားပဲ ဆက်တိုက်တွေလုပ်နေတော့ ဒီလိုမသုံးလို့လဲ မဖြစ်၊ ပေါ့မှပဲ ပြီးအောင် လုပ်နိုင်မှာကိုး။

ဒီလို Circuit training မှာ ကောင်းတဲ့ အကျိုးတွေကတော့ Energy အများကြီးသုံးရတာမလို့ အဆီကျဖို့ အထောက်အကူ ဖြစ်ပါတယ်။ ဒါပေမယ့် ကြွက်သားတည်ဆောက်မှုမှာတော့ အလေးတုံးသေးသေးလေးတွေ သုံးလို့ မကောင်းပါဘူး။ အလေးသေးသေးလေးပဲ တစ်သက်လုံး ဆော့နေပြီး ကြည့်ကောင်းတဲ့ ကြွက်သားတွေနဲ့ လူတွေကိုလဲ သင်မမြင်ဖူးဘူးမလား။

- ပုံစံမှန်အောင် ကျင့်ခြင်း - 

ပုံစံမှန်အောင် ကျင့်သင့်တဲ့ အခါ ၂ မျိုးရှိပါတယ်။ ပထမ တစ်မျိုးက အခုမှ စလုပ်တဲ့လူ၊ နောက်တစ်မျိုးက အလေးဆော့တာ ကြာနေပေမယ့်လဲ ဒီကြွက်သားကို အခုမှ စလုပ်ဖူးမယ့်လူ။ ဒီလိုအခြေအနေမျိုးမှာ အလေးပေါ့ကို သုံးပါတယ်။

အခုမှ စဆော့တဲ့လူအတွက် ပုံစံမှန်အောင်ကျင့်တဲ့အခါမှာ အလေးပေါ့သုံးတာနဲ့ ဝါရင့်လူ လေ့ကျင့်ခန်း ကြွက်သားအသစ်မှာ အလေးပေါ့သုံးရခြင်း အကြောင်းက ကြွက်သားလှုပ်ရှားမှုကို ခံစားနိုင်ဖို့ပါ။

တင်ပါးကို ကျင့်နေတဲ့အခါ တင်ပါးမှာ ဖိအားကို ခံစားရလား၊ ဒါမှမဟုတ် ပေါင်အားတွေကို ပိုသုံးနေရလား၊ ဒါမှမဟုတ် ခါးတွေနာလာသလား။ ဒါတွေကို သိဖို့ အလေးပေါ့ကို သုံးပါတယ်။ ဒီလိုသုံးရင်းနဲ့ တင်ပါးကို Train တဲ့အခါ တင်ပါးအသားကို ခံစားနိုင်လာရင် အလေးတင်နိုင်ပြီ၊ ပိုလေးလံတာတွေနဲ့ ကြွက်သားတည်ဆောက်ဖို့ နောက်တစ်ဆင့်လှန်းနိုင်ပြီဟုတ်။

- ကြွက်သားအသေးကို ကျင့်ခြင်း -

သုံးတဲ့ ကြွက်သားရယ်၊ ကြွက်သားလှုပ်ရှားမှု ပုံစံရယ် နှစ်မျိုးပေါ် မူတည်ပြီး သုံးနိုင်တဲ့ ပမာဏ ကွာပါတယ်။

ဥပမာ ကြွက်သားထုကြီးတဲ့ ရင်ဘတ်တွေ၊ နောက်ကျောတွေ ဆော့တဲ့အခါ အလေးကြီးကြီး သုံးနိုင်ပေမယ့် ကြွက်သားဆိုဒ်သေးတဲ့ ဆုံဘေးသားကို ကျင့်တာမှာတော့ အလေးသေးပဲ သုံးနိုင်မှာပါ။ ဒါက အရွယ်အစားအပေါ် မူတည်ပြီးပေါ့။

နောင်တစ်မျိုးက လှုပ်ရှားမှုအပေါ် မူတည်ပြီး အလေးအပေါ့ သုံးရတာမျိုးတွေ ရှိပါတယ်။ ရင်ဘတ်တွန်းတဲ့အခါ ကြွက်သားအကြီးမလို့ လေးလံတာ လုပ်နိုင်ပေမယ့် ဒီရင်ဘတ်ကိုပဲ Cable ကြိုးနဲ့ ဆော့တာမျိုးမှာ တအားလေးလံတာထပ် ပေါ့တဲ့ဟာသုံးပြီး ဖြေးဖြေးချင်းစီ လုပ်တာ ပိုသင့်တော်သွားပါတယ်။

တင်ပါးအတွက်လည်း တူတူပါပဲ။ တစ်ချို့ လှုပ်ရှားပုံတွေမှာ လေးတာသုံးနိုင်ပြီး တစ်ချို့ လှုပ်ရှားပုံတွေကျ ပေါ့တာတွေလုပ်မှ ကြွက်သားထိပါတယ်။

ဒီလောက်ဆိုရင် အလေးပေါ့ဟာ ကြွက်သားတည်ဆောက်ဖို့ထပ် ကြွက်သားခံနိုင်ရည် ရှိမှုကိုပဲ အထောက်အကူပြုတာ နားလည်လောက်ပြီဟုတ်။ ခြွင်းချက်အနေနဲ့ အရမ်းသေးတဲ့ ကြွက်သားတွေကို လေ့ကျင့်တဲ့အခါမှာတော့ ကြွက်သားတည်ဆောက်ပေးနိုင်တယ်ပေါ့။

**********
၂ ။ အသင့်အတင့်

ကြွက်သားတက်ဖို့ Training program တော်တော်များများမှာ ၈-၁၂ ကြိမ်ကြားဆိုပြီး အတွေ့များမှာပါ။ ဒါမှမဟုတ် သင့် Trainer ရဲ့ လမ်းညွှန်မှုမှာလဲ ၁၂ ကြိမ်ဝန်းကျင်လုပ်ရင် ကြွက်သားတက်မယ်လို့ ခဏခဏ ကြားဖူးမယ် ထင်ပါတယ်။ တစ်ခါတစ်လေများ ဒီလောက် လူပြောများနေတာ၊ " ၁၂ " ဆိုတဲ့ ဂဏန်းဟာ ကြွက်သားထွက်စေမယ့် မှော်ဂဏန်းများလားလို့ သင်ဟာ တွေးကောင်း တွေးကြည့်မိမလားပဲ။ အခုစာဖတ်အပြီးမှာ သင်ဒီလို မှန်းတဝါးဝါးဖြစ်စရာ မလိုတော့ပါဘူး။

ကြွက်သားတက်ဖို့ အတွက် Gym မှာ အလေးဆော့တဲ့အခါ ကြွက်သားတွေအပေါ်ကို ဖိအားပေးနေဖို့ လိုပါတယ်။ အလေးဆော့နေတဲ့ အချိန်မှာ ကြွက်သားတွေ ဆန့်တယ်၊ ကျုံ့တယ်ကို အင်္ဂလိပ်လိုဆို Tension ပေါ့။ ဒီလို Tension ဖိအားတွေ ရှိနေမှ ကြွက်သားတွေ ပြတ်တောက်မယ်၊ ဒါကို အပြင်မှာ အစာတွေဖြည့်၊ နားနေလိုက်တော့ ကြွက်သားတွေ ထွက်လာမယ်။ ဒါ့ကြောင့် ဒီ Tension ဖိအားပေးချိန်က အရေးကြီးပါတယ်။

ကြွက်သားတစ်ခု ကြီးထွားဖို့ တစ်ကြော့ တစ်ကြော့မှာ စက္ကန့် 40 ကနေ 50 ကြားရှိရင် အကောင်းဆုံးလို့ သုတေသနတွေက ဆိုပါတယ်။ ဒါ့ကြောင့် 12 ကြိမ်ဆိုတဲ့ မှော်ဂဏန်းပေါ်လာရတာပါပဲ။

ကြွက်သားတက်အောင် ဆော့ချင်သူတွေအတွက် အလေးဆော့တဲ့အခါ အကြိမ်ရေ တစ်ကြိမ်က ဒီလိုမျိုး ဖြစ်သင့်ပါတယ်။ ဥပမာအနေနဲ့ လက်မောင်းလေ့ကျင့်ခန်းကို ပေးပါရစေ။

အလေးတုံးဆွဲမ - ၂စက္ကန့်
အပေါ်မှာ ညှစ်ထား - ၁စက္ကန့်
အလေးပြန်ချ - ၂စက္ကန့်

တစ်ကြိမ်မှာ ၅ စက္ကန့်။

၈ ကြိမ်မှာ ၄၀ စက္ကန့်၊ ၁၂ ကြိမ်ဆိုတော့ ၆၀စက္ကန့်။ ဒါ့ကြောင့် အနည်းဆုံး ၈-၁၂ ကြိမ်ကြားလုပ်ပါလို့ ဆိုကြတာပါပဲ။ ဝိုးတိုး ဝါးတား မဖြစ်တော့ပဲ လူတတ်ကြီး လုပ်နိုင်ပြီဟုတ်။

သတိပြုစရာတစ်ချက်က ဒီစက္ကန့်ကြာချိန်အတွင်းမှာ ကိုယ့်ကို စိန်အခေါ်နိုင်ဆုံး အလေးပမာဏကို လုပ်ရပါမယ်။

ဒီတော့ အလေး အသင့်အတင့် အမျိုးအစားကို ကြွက်သားတည်ဆောက်ချင်သူတွေ သုံးကြပါတယ်။

***********
၃- ဟဲဗီးဆွဲ

အကြိမ်ရေ ၁ ကြိမ်ကနေ ၅ ကြိမ်ထပ် ပိုမလုပ်နိုင်တဲ့ ဟဲဗီးပမာဏမျိုးပါ။

ဒီလိုပမာဏမျိုးဟာ ကြွက်သားအကြီးတွေ သုံးတဲ့ လေ့ကျင့်ခန်းတွေမှာ သုံးပါတယ်။ ရင်ဘတ်၊ နောက်ကျော၊ ဆုံ၊ ပုခုံး၊ ပေါင် လေ့ကျင့်ခန်းတော်တော်များများဟာ လေးလံတဲ့ ပမာဏကို လုပ်နိုင်ပါတယ်။

ဒီအလေးကြီး လုပ်ရတဲ့ ရည်ရွယ်ချက်ဟာ ကြွက်သားတက်ဖို့ထပ် ခွန်အားတက်ဖို့ကို ပိုရည်ရွယ်ပါတယ်။ ဒီလိုပြောလို့ ခွန်အားပဲတက်တယ်၊ ကြွက်သားမတက်ဘူးလို့ မဆိုလိုပါဘူး။ အလေး " အသင့်အတင့် " အမျိုးအစားလောက် မထွက်စေဘူးလို့ သာ ဆိုလိုပါတယ်။

ခွန်အားတက်အောင်၊ Personal record ကျိုးအောင် လုပ်တယ်ဆိုတော့ အကြိမ်ရေ အများကြီး မလုပ်နိုင်ပါဘူး။ အကြိမ်ရေအများကြီး မလုပ်နိုင်သလို အလေးပမာဏကြီးတာမလို့ အပေါ်က ပြောသလို တစ်ကြိမ်မှာ ၅ စက္ကန့်ကြာဖို့လဲ မဖြစ်နိုင်ဘူး မဟုတ်လား။

ဝုန်းဆိုကောက်မ၊ ဝုန်းဆိုပြန်ချ ဆိုတာမျိုးမလို့ တစ်ကြိမ်ဟာ ၂-၃ စက္ကန့်ထပ် မပိုပါဘူး။ အလေးအကြီးကြီးကို ကိုယ့်ရဲ့ အာရုံကြောစနစ်နဲ့ ကျင့်သားရစေမယ်၊ ဒီလိုနဲ့ ခွန်အား Strength တက်လာတာပါပဲ။

ဒီတော့ ဒီအလေးကြီးပမာဏဟာ Strength တက်ချင်သူတွေကို Strength တက်စေသလို၊ ကြွက်သားပမာဏကိုလဲ တိုးစေပါတယ်။

*********


အလေး အမျိုးအစား သုံးမျိုးစလုံးဟာ အဆီကျဖို့ အထောက်အကူ အများကြီးပြုပါတယ်။

ဒါပေမယ့် အလေး အသင့်အတင့်နဲ့ ဟဲဗီး အလေးတို့ဟာ သင့်ကို ရေရှည်မှာ ကြွက်သားပိုတက်စေပါလိမ့်မယ်။ ကြွက်သားတက်လာတာနဲ့ အမျှ တက်လာတဲ့ ကြွက်သားတွေက Calories သုံးတာမလို့ အဆီပိုကျပေါ့။ ဒါ့ကြောင့် အဆီကျ၊ ကြွက်သားတက်ချင်ရင် အသင့်အတင့်နဲ့ ဟဲဗီးတစ်ခုခုကို ရွေးပါ။

အသင့်အတင့်နဲ့ ဟဲဗီးရဲ့ကြားမှာ အဓိက ကွာခြားချက်က ၈-၁၂ ကြိမ်ကြားဟာ ကြွက်သားထွက်ဖို့ Tension စက္ကန့် ၄၀-၆၀ ပေးခြင်းပါပဲ။ ဒီအချက်ကြောင့် ကြွက်သားထွက်တဲ့ အပိုင်းမှာ အသင့်အတင့်က ပိုသာပါတယ်။

(အရမ်းပေါ့ အမျိုးအစားမှာလဲ အကျိုးကျေးဇူးတွေရှိတာမလို့ အပေါ်မှာ ရေးထားတာကို ဖတ်ပြီး လိုအပ်သလိုသုံးရပါမယ်)

Type 1၊ Type 2 ကြွက်သားတွေအကြောင်းပါရင် ပိုရှုပ်သွားနိုင်တာမလို့ ဒီဆောင်းပါးမှာ ဒီအကြောင်းတွေ မရေးတော့ပါဘူး။ ဒါတွေ မပါသေးပေမယ့် ဒီလောက်ဆိုရင် သင်ဟာ ဘာကို ရွေးချယ်သင့်သလဲဆိုတာ နားလည်နိုင်လောက်ပြီ ထင်ပါတယ်။

ပိုပြီး တစ်ဆင့်နားလည်လာတာနဲ့ အတူ ပိုပြီး တစ်ဆင့် အဆီကျ ကြွက်သားတွေတက်စေဖို့ နောက်တစ်ခေါက် Gym သွားရင် ဆွဲနိုင်ကြပါစေလို့။

ဆော့ဖော် ဆော့ဖက်တွေကိုလဲ လက်တို့လက်ကြပါအုန်းဗျား 😊😊😊

မူရင်း စာမျက်နှာ - Golden_Dreams ♥ 

Wednesday, December 26, 2018

လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရား




လုပ်ငန်းခွင်တွင် ကိုယ်ကျင့်တရားဆိုသည်မှာ မရှိမဖြစ် လုပ်ငန်းလမ်းညွှန်တစ်ခုအနေနှင့် ထားရမည့် တရားတစ်ခုဖြစ်ပါသည်။ လူတစ်ဦးချင်းဆိုင်ရာအတွက် သာမက အဖွဲ့အစည်းကြီးတစ်ခုလုံး လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများသည် ရှိရမည်သာဖြစ်သည်။

ကိုယ်ကျင့်တရားဆိုသည်မှာ ပေါင်းစည်းညီညွတ်မှုတစ်ကိုရရှိစေရန် အခြေခံအချက်တစ်ခုဖြစ်သည်။ မိမိကုမ္ပဏီ သို့မဟုတ် လုပ်ငန်းခွင်နှင့် ဖောက်သည်တို့ကြားတွင် ခိုင်မာသောဆက်ဆံရေးများ၊ ယုံကြည်မှုများ တည်ဆောက်ရန်လည်း ကိုယ်ကျင့်တရားက အရေးကြီးသည်။

ကုမ္ပဏီများသည် သူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်း မည်မျှကောင်းသည်ဆိုခြင်းကို ဈေးကွက်တွင် မည်မျှစွမ်းဆောင်ထားသည်ဆိုသော ထုတ်ဖော်မှုများဖြင့်လည်း ဂုဏ်ယူပြီး ပြသလေ့ရှိသည်။ ဥပမာ- အသားကိုကြော်ငြာသည့် ကြော်ငြာတစ်ခုတွင် သူတို့ အသားထုတ်လုပ်ပုံတွေကို ပြသခြင်းမရှိ။ ထုတ်လုပ် ပြီးသောအသား၏ အာဟာရမည်မျှကြွယ်ဝသည် ဆိုခြင်းကို ဖော်ထုတ်ပြသခြင်းမှာ ကိုယ်ကျင့်တရား ဆိုင်ရာ စံတစ်ခုကို လိုက်နာလိုက်ခြင်း သဘောမျိုးဖြစ်သည်။

ကိုယ်ကျင့်တရားဆိုသည်မှာ လူတစ်ဦး၏ အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များကို ထိန်းကျောင်း မောင်းနှင်ပေးသည့် ကိုယ်တိုင်ကျင့်ရမည့်တရားဖြစ်သည်။ လူတိုင်း မိမိတို့ကျင်လည်နေထိုင်ရာ ပတ်ဝန်းကျင်တွင် ကိုယ်ကျင့်တရားဆိုင်ရာစံများကို လိုက်နာကျင့်ကြံ အားထုတ်နေထိုင်ကြရသည်။ အိမ်ထောင်စုတစ်ခုအတွင်း မိသားစုလည်း ကိုယ့်ကိုယ်ကျင့်တရားကို စောင့်ထိန်းလိုက်နာရသလို၊ လင်မယားချင်းပင် ကိုယ်ကျင့်တရားစံအတိုင်း နေထိုင်ပြုမူ ဆက်ဆံကြရသည်။

လုပ်ငန်းခွင်အတွင်း ကိုယ်ကျင့်တရားစံနှုန်းများကို သတ်မှတ်ပေးထားပါသည်။ ထိုသို့သတ်မှတ်ထားရခြင်းမှာ လုပ်ငန်းခွင် အောင်မြင်တိုးတက်စေရေးအတွက်ဖြစ်သည်။ လုပ်ငန်းခွင်တစ်ခုနှင့်တစ်ခု လိုက်နာရမည့် ကိုယ်ကျင့်တရားစံနှုန်းများသည် တူချင်မှ တူနိုင်သော်လည်း အခြေခံအချက်များကတော့ အတူတူပင်ဖြစ်သည်။ ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားနှင့် ရဲစခန်းရှိ ရဲဝန်ထမ်းများ လိုက်တာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများသည် တူချင်မှတူမည်။ ဆက်သွယ်ရေးကုမ္ပဏီမှ ဝန်ထမ်းများနှင့် ပညာရေးဌာနမှ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားစံတွေကလည်း တူချင်မှတူမည်။ လုပ်ငန်းခွင်အတွင်း အနေအထားအရ လိုက်နာကျင့်သုံးရမည့် စံနှုန်းများ မတူသော်လည်း လုပ်ငန်းခွင်ပြင်ပတွင် အားလုံးရောက်လာကြသည့်အခါ၌ လူ့ဘောင်၏ ကိုယ်ကျင့်တရားစံများအတိုင်း လိုက်နာစောင့်ထိန်းကြရမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် နေရာတိုင်းတွင် စောင့်ထိန်းအပ်သည့် ကိုယ်ကျင့်တရားဆိုင်ရာ စံများနှင့် လွတ်ကင်းမည်မဟုတ်ပေ။

ကိုယ်ကျင့်တရားနှင့် စည်းကမ်းများသည် လုပ်ငန်းခွင်သာမက နေရာတိုင်းတွင် အဘယ်ကြောင့် ရှိနေရသနည်း။ အားလုံး နေရာတိုင်းတွင် အဆင်ပြေချောမွေ့စွာဖြင့် လည်ပတ်နိုင်ရေးအတွက်ဖြစ်သည်။ နေရာတိုင်းတွင် နေချင်သလိုနေမည်၊ လုပ်ချင်သလိုလုပ်မည်၊ ပြောချင်သလိုပြောမည်ဆိုသည့်ပုံစံများဖြင့် နေထိုင်၍မရနိုင်ပေ။ လူ့ဘောင်လောကကြီးတစ်ခုလုံးကို စံနှုန်းများ နှင့်စည်းကမ်းများက ထိန်းချုပ်ထားသည်။ လိုက်နာဆောင်ရွက်ခြင်းသည် ကိုယ်ကျင့်တရားဖြင့် နေထိုင်ဆောက်တည်ခြင်းဖြစ်သည်။

ခေတ်သစ်တွင် ကိုယ်ကျင့်တရားဆိုင်ရာ စံများကို စိန်ခေါ်လာမည့်အရာများပေါ်လာသည်။ ထိုအရာများမှာ နေရာတိုင်းတွင် စက်ပစ္စည်းများ၊ စက်ရုပ်များကို အစားထိုးလာကြခြင်း ဖြစ်သည်။ စက်ရုပ်တွေက လူသားတွေ၏ ကိုယ်ကျင့်တရားဆိုင်ရာစံများကို စိန်ခေါ်လာလိမ့်မည်။ သူတို့က ခိုင်းစေသည့်အတိုင်း အတိအကျလုပ်ဆောင်ပြခြင်းဖြင့် ခိုင်မာသောစံတစ်ခုကို ထူထောင်ပြလိမ့်မည်။ လူသားတို့အနာဂတ်တွင် ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာများကလည်း စိန်ခေါ်စရာဖြစ်လာနိုင်သည်။

လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရားဆိုသည်မှာ ဘာသာရေးဆိုင်ရာ သဘောတရားများတွင် အခြေခံနေကြောင်း တွေ့ရမည်ဖြစ်သည်။

“ယုံကြည်မှု၊ တည်ကြည်မှု၊ မျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ သစ္စာစောင့်သိမှု၊ ရဲဘော်ရဲဘက်စိတ်ရှိမှု၊ နိုင်ငံသူ နိုင်ငံသားစိတ်ထားရှိမှု၊ ရိုသေလေးစားတတ် မှု၊ ဂရုစိုက်စောင့်ရှောက်တတ်မှု” စသည်တို့သည် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများနှင့် ပတ်သက်နေကြောင်း တွေ့ရမည်ဖြစ်သည်။

လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရားစံနှုန်းများသည် ဘာသာတရားက သတ်မှတ်ထားသည့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများနှင့် ဆက်စပ်ပတ်သက်မှုရှိနေကြောင်း တွေ့ရမည်ဖြစ်သည်။ ဘာသာရေးကို အခြေခံထားသည့် အချို့သောကိစ္စများသည် အချို့သောသူများအတွက် ပြဿနာဖြစ်လာနိုင်စရာ ရှိပါသည်။ ဘာသာတရားဆိုင်ရာ ကိုယ်ကျင့်တရားအပေါ်တွင် အခြေခံလွန်းလျှင် ဖြေရှင်းရခက်သည့် ပြဿနာများနှင့်လည်း ရင်ဆိုင်ရတတ်သည်။


အချို့သောလုပ်ငန်းခွင်များတွင် ဘာသာတရားထက် ဥပဒေနှင့် စည်းမျဉ်းများအပေါ် အခြေခံထားသည့် ကိုယ်ကျင့်တရားစံများအတိုင်း လိုက်နာကျင့်သုံးစေကြောင်းလည်း တွေ့ရသည်။ လုပ်ငန်းခွင်တွင် အရေးကြီးသည်မှာ လုံခြုံရေးနှင့် ကျန်းမာရေးဖြစ်သည်။ အခြားအရေးကြီးသည့် အချက်များမှာ (၁) လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ အသားအရောင်ခွဲခြားမှုမရှိခြင်း၊ (၂) စိတ်ဒုက္ခရောက်စေရန် မပြုမူခြင်း၊ (၃) အလုပ်ရှင်နှင့် အလုပ်သမား မျှတစွာဖြင့် အပေးအယူမျှစွာ ဆက်ဆံခြင်း၊ (၄) လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း စသည်တို့လည်း လိုအပ်သည်။

လုပ်ငန်းခွင် ကိုယ်ကျင့်တရားတွင် အလုပ်သမားတစ်ယောက်သည် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ပိုင်ခွင့်၊ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် အကောင်းဆုံး လုပ်ဆောင်ပိုင်ခွင့်များလည်း လိုအပ်သည်။ ထို့ပြင် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများမရှိရေး၊ ရှိလာခဲ့လျှင်လည်း အမြန်ဆုံးတိုင်ကြားခွင့်၊ အရေးယူပိုင်ခွင့်များရှိရေး၊ မိမိတို့လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာသမျှ အရေးကိစ္စတို့ကို လျစ်လျူရှုခြင်းမရှိ ကူညီဆောင်ရွက်ပေးခြင်းတို့ကလည်း လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရားထဲတွင် ပါဝင်ပေသည်။

လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ကျင့်တရားတွင် အခြားအလေးထားစရာကိစ္စများလည်း ရှိပါသေးသည်။

- မိမိတို့လုပ်ငန်း၏ လျှို့ဝှက်ချက်များကို စောင့်ထိန်းရမည်။

- မိမိဖောက်သည်ကို ဆင်းရဲ ချမ်းသာ၊ အဖြူ အမည်း မခွဲခြားဘဲ ကုမ္ပဏီမူဝါဒအတိုင်း တစ်ပြေးညီ ဆက်ဆံနိုင်ရမည်။

- ချစ်သူကို အခွင့်ပေး မျက်နှာပေး၊ မုန်းသူကို ဖိနှိပ်ချိုးနှိမ်လိုစိတ်များ မရှိစေရ။

- အချိန်အတိအကျ သတ်မှတ်ထားသည့်အတိုင်း ပြီးစီးအောင်မြင်စေရန် လုပ်ဆောင်ပေးနိုင်ရမည်။

- အချိန်သည် လုပ်ငန်းခွင်တွင်အရေးကြီးသည်။ လာချိန်၊ ပြန်ချိန်ကအစ၊ နားချိန်၊ စားချိန်တို့အထိ သတ်မှတ်ထားသော စည်းကမ်းများကို မဖောက်ဖျက်ရန်လိုသည်။

- ရန်ဖြစ်ခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ နှုတ်ဖြင့်စော်ကားခြင်းများကို မည်သည့်လုပ်ငန်းခွင်မှ လက်ခံနိုင်မည်မဟုတ်ပါ။

လုပ်ငန်းခွင်တိုင်း မသတ်မှတ်ထားသော်လည်း လိုက်နာစောင့်ထိန်းအပ်သည့် ဘာသာရေးနှင့် လုမှုရေးဆိုင်ရာ ကိုယ်ကျင့်တရားစံများရှိသည်ကိုလည်း မေ့မထားသင့်ပါ။ သူများဘာသာ၊ သူများထုံးစံတို့အပေါ် စော်ကားခြင်းမှာ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းတစ်ခုကို ချိုးဖောက်ခြင်းဖြစ်ပါသည်။

Y-02

(Ref: Definition of Workplace Ethics by Lindsay Kramer)


မူရင်းတင်ဆက်သူ = The Voice Myanmar Journal 

Tuesday, December 25, 2018

HR ကကော ဘာများတတ်နိုင်ဦးပါမည်နည်း



=========================
အလယ်လူ

HRM ရဲ့ အခြေခံကျတဲ့ အချက်တစ်ခုကတော့ လုပ်ငန်းအဆင်ပြေ ချောမွေ့အောင် Facilitate လုပ်တာ၊ ပံ့ပိုးပေးရတာလို့ ဆိုပါတယ်။
ဒီလိုလုပ်ရပြီဆိုကတည်းက ဘက် (၂) ဘက်ကြားကို အထစ်အငေါ့ မရှိတဲ့၊ ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင် ဆောင်ရွက်ပေးရပါတော့မယ်။ ဒီ (၂)ဘက်စလုံးက လူတွေကို လူသားတွေဖြစ်တဲ့ HR Staff တွေကပဲ ထိတွေ့ဆောင်ရွက်ရတာဆိုတော့ တစ်ခါတရံမျာ တော်တော်ခက်ခဲတဲ့ အ ချိန်ကာလတွေကို ဖြတ်သန်းရတတ်ပါတယ်။

HR တွေဟာလည်း သာမန်လူသားတွေပဲမို့ ဒေါသ၊ မောဟတွေရှိတတ် ကြသော်လည်း အာဃာတရယ်လို့တော့ မရှိတတ်ကြပါဘူး။ မိမိဆောင်ရွက် ချက်အောင်မြင်အောင် ခန္တီပါရမီကိုလည်း မကြာခဏဖြည့်ဆည်းကြရပါသေး တယ်။ အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ အလွှာ (၂)ခုကို အတတ်နိုင်ဆုံး နီးကပ်အောင် ကြိုးစားပေးနေရတဲ့ သူတွေလို့ဆိုရင်လည်း မမှားလောက်ပါ ဘူး။ အလုပ်ရှင် Empolyer နဲ့ အလုပ်သမား Employee ဆိုတာက လည်း "၃" နဲ့ "၄" လို နီးကပ်သော်လည်း တစ်ဘက်နဲ့ တစ်ဘက်ကျော ပေးနေရတတ်တဲ့က အခိုက် အတန့်မျိုးရှိတတ်တာမို့ HR Staff တွေအနေနဲ့က ဘယ် ဘက်ကိုမှ အလေးမသာစေ ရဘဲ လုပ်ငန်းမထိခိုက်အောင် ဆောင်ရွက်ပေးကြရပါတယ်။
ဒီနေရာမှာ တစ်ချက် သွားတွေ့ရတာကတော့ HR တွေဆောင်ရွက်ပေးနေရတဲ့ အလုပ်ရှင်ရော အလုပ်သမားပါ (၂) ဘက်စလုံးမှာ အသီးသီးရှိနေ ကြတဲ့ ကုမ္ပဏီ/စက်ရုံပေါ်မှာ ထားရှိတဲ့သဘောထား Mind-Set ပဲဖြစ်ပါတယ်။

တစ်ဘက်နှင့် တစ်ဘက် အညမညဆန်တဲ့ Mutual Reliance အ ပြန်အလှန်အားထားရာလို့ ခံယူတတ်ဖို့လိုပါတယ်။
ဒါဆိုရင် HR တွေအနေနဲ့က ဆောင်ရွက်ရတာပိုမိုလွယ်ကူလျင်မြန် မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ တစ်ဘက်ဘက်က ခံယူချက်သဘောထား အားနည်းခဲ့မယ်ဆိုရင်တော့ "အလယ်လူ" ကိုယ်တိုင်ကြုံတွေ့ရဖူးတဲ့ HRM အကောင်အထည်ဖော်ရင်း အခက်အခဲကြုံခဲ့ရတာလေးတစ်ခုကို စာရှုသူတို့ ရင်ထဲမှာ HR တွေရဲ့ လုပ်ငန်းခွင်ဘ၀မှာ ဒါမျိုးလေးတွေလည်း တွေ့ရကြုံ ရခံစားကြရပါလားဆိုတာ ကြားဖူးစေချင်တဲ့ စေတနာနဲ့ တင်ပြရေးသားပါရ စေခင်ဗျား။

ရန်ကုန်မြောက်ပိုင်းခရိုင်ထဲက စက်ရုံကြီးတစ်ရုံမှာဖြစ်ပါတယ်၊ အမျိုး သားအင်အားစုကို အခြေခံ ထားပြီး ထုတ်လုပ်ရတဲ့ လုပ် ငန်းသဘာဝကြောင့် စက်ရုံရဲ့ လုံခြုံရေးဌာန Security Section ကို ဝန်ထမ်းအင် အားအပြည့် နဲ့ Day Shift ၊ Night Shift ဆိုပြီး (၂) ဆိုင်းခွဲတာ ကြပ်ကြပ်မတ် မတ်ဆောင်ရွက်ရပါတယ်။
စက်ရုံ/ကုမ္ပဏီတစ်ခု မှာ Security Function တွေအရ ငယ်ငယ်ရွယ်ရွယ် ဝန်ထမ်းတွေထက်စာရင် အ သက်အရွယ်အားဖြင့် (၄၅) နဲ့ (၆၀) ကြားထဲကို အများအားဖြင့် ခန့်ထားလေ့ရှိပါတယ်။

ဒီအသက်အရွယ်တွေဟာ ဘ၀မှာလည်း အထိုက်အလျောက်အ တွေ့အကြုံတွေ အမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီဆိုတော့ စိတ်ရှည်တယ်၊ သည်း ခံမယ်၊ လူကဲခတ်ကောင်းမယ်၊ ရိုးသားမှုရှိမယ်ဆိုရင် Security တစ်ဦးအ တွက် အခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီလို့ ဆိုနိုင်ပါတယ်။

အဲဒီကုမ္ပဏီရဲ့ ကျန်ခဲ့တဲ့မှုတစ်ခုက ဝန်ထမ်းလုပ်သားတွေရဲ့ ကျန်းမာ ရေးအခြေအနေကို အခြေခံကျတဲ့ အချက် (၄) ချက်ဖြစ်တဲ့ HIV၊ DV၊ B ပိုး C ပိုးနဲ့ TB စတာတွေကိုသာ စစ်ဆေးပြီး ခန့်အပ်ခဲ့တာမို့လို့ လူ ကြီးရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးချို၊ နှလုံးနဲ့ အသဲရောဂါတွေကိုတော့ မစစ်ဆေးဖြစ်ခဲ့ပါဘူး။

ဒီလိုနဲ့ တစ်ရက်သားကျတော့ Security ဝန်ထမ်းထဲက အသက် (၆၀) ကျော် အမျိုးသားဝန်ထမ်းတစ်ဦး ကျန်းမာရေးမကောင်းလို့ဆိုတာနဲ့ HR Manager ကိုယ်တိုင် အဲဒီခရိုင်ထဲမှာရှိတဲ့ SSB-Care Well ဆေး ခန်းကို လိုက်ပို့ပြီးပြသစေပါတယ်။ ဖြစ်တာက လူကြီးရောဂါတစ်မျိုးဆိုတော့ လိုအပ်တဲ့သွေးစစ်တာ၊ ဆီးစစ်တာတွေသာမက Ultra Sound တို့ X Ray Check Up ပါမကျန် SSB-Care Well ရဲ့ စီစဉ်လမ်းညွှန်မှုနဲ့ ဆေး ကုသမှု၊ ဆေးဝါးအစရှိသည်တို့ကို ငွေကြေးတစ်ပြားတစ်ချပ်မှ မကုန်ဘဲ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရရှိခဲ့ပါတယ်။

ဆေးကုသမှုခံယူရတဲ့ Security ဝန်ထမ်းဟာ လူမှုဖူလုံရေးအာမခံ ကြေးကို မှန်မှန်ထည့်ဝင်လာခဲ့တဲ့အတွက် ခံစားရရှိခြင်းပဲဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကလည်း ခွင့်ခံစားခွင့်အမျိုးမျိုးကို လုပ်ခလစာအပြည့်နဲ့ ခွင့် ပြုပေးရုံသာမက ဆေးခန်းရက်ချိန်းတွေမှာ စက်ရုံပိုင်ကားနဲ့ လိုက်ပို့တာကို တောင် ကူညီပေးပါသေးတယ်။
ဒီလိုလုပ်ဆောင်ချက်တွေဟာ HRM ထဲက Function တွေပဲဆိုတော့ စက်ရုံ HR Dept: မှာရှိတဲ့ HR Manager တွေ၊ HR Staff တွေကပဲ ဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ အဲဒီ Security ဝန်ထမ်းဟာ ရောဂါသက်သာလာလို့ ရက်အနည်းငယ်နားပြီး အလုပ်ပြန်ဝင်တာ တစ်ပတ် လောက်လည်းကြာရော တစ်ခါနေမကောင်းလို့ဆိုပြီး ခွင့်ပြန်ယူပါလေရော။ SSB-Care Well ဆေးခန်းက ဆေးရုံတက်ဖို့ ညွှန်ကြားတာကို လူနာဖြစ် တဲ့ဝန်ထမ်းက သူတက်ရောက်ကုသရမယ့် ဗဟိုအလုပ်သမားဆေးရုံကြီးကို တက်ရောက်ကုသခြင်းမရှိတော့ဘဲ သူ့မိသားစုရဲ့ ဆန္ဒနဲ့ ပြင်ပပုဂ္ဂလိက ဆေးခန်းတွေမှာ ကုသခြင်းပြုလုပ်ပါတော့တယ်။

ဒါကို HR Dept: ကလူတွေသိလို့ မူလကုသရေးလမ်းကြောင်းအတိုင်း ပြန်လည်ပြသဖို့ အသိပေးပေမယ့် လူနာမိသားစုဆန္ဒအတိုင်းသာ ပြင်ပ ပုဂ္ဒလိကဆေးခန်းမှာသာ ကုသရင်းကနေ လူနာရဲ့ အခြေအနေက ပိုပိုဆိုး လာပါတော့တယ်။

စက်ရုံ HR Dept: ကတော့ ဆေးခွင့်ဆက်ပြီး တင်ပေးထားရုံသာမက ဘ၀တူနီးစပ်ရာ ဝန်ထမ်းတွေ စုဆောင်းပြီး ထောက်ပံ့ငွေကိုတောင် သွား ပေးလိုက်ပါသေးတယ်။ လူနာကတော့ အခြေအနေ တဖြည်းဖြည်းဆိုးလာနေ တယ်လို့ သတင်းရတာနဲ့ HR Manager က SSB-Care Well ဆေး ခန်းကို ပြန်သွား၊ လူမှုဖူလုံရေးကျန်းမာရေး ခံစားခွင့်ရရှိနိုင်မယ့်နည်းလမ်း ကို စုံစမ်းကြည့်တော့၊ လူနာကို တစ်ကြိမ်ပြန်လာပြပြီးတာနဲ့ သက်ဆိုင်ရာ ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ လူမှုဖူလုံရေးကျန်းမာရေးထောက်ပံ့ငွေကို ခံစား ခွင့်ရရှိပါမယ်တဲ့။
ဒါနဲ့ပဲ လူနာမိသားစုကို ဆောင်ရွက်ရမယ့် နည်းလမ်းကို ပြောပြပေးပေ မယ့် ဆက်လက်ဆောင်ရွက်တယ်လို့တော့ မကြားမိပါဘူး။

အဲ့တစ်ရက်မှာတော့ HR Staff အမျိုးသမီးကလေးက Manager ကို သတင်းပို့ပါတယ်။ လူနာဖြစ်တဲ့ Security မိသားစုက ဖုန်းဆက်ပြီး ဒီလူနာအတွက် ဘယ်လိုဆောင်ရွက်ပေးမှာလဲလို့ မေးတာနဲ့ အထက်က တင်ပြရေးသားခဲ့တဲ့အဆင့်တွေအတိုင်း ဆောင်ရွက်ပါလို့ အကြောင်းပြန်တာ ကို လူနာရှင်မိသားစုက အပြစ်တင်ပြောဆိုရုံတင်မက ဆဲဆိုကြိမ်းမောင်း တဲ့ စကားတွေကိုပါ ပြောပါတယ်လို့ Manager ကို ပြောပါလေရော။

အဲဒီလူနာဝန်ထမ်းသည် လုပ်ငန်းခွင်ကြောင့် ထိခိုက်အနာတရဖြစ်တာ မဟုတ် နာမကျန်းဖြစ်တာမဟုတ်တဲ့အတွက် အခုလို HR Staff ရဲ့ ပြန် ကြားချက်က မှန်ကန်တယ်ဆိုတဲ့အကြောင်း Manager က ပြောဆိုနှစ် သိမ့်လိုက်ရပါတယ်။
ဒီလိုနဲ့ တစ်ပတ်လောက်လည်းကြာရော HR Manager ဆီကို အဲဒီလူနာမိသားစုဝင်ဆီက ဖုန်းဆက်လာပြန်ပါရော။ HR Manager က ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကို ပြောပြပါတယ်။ အဲဒီဝန်ထမ်းရဲ့ ခွင့် (၃) မျိုးစလုံး (Casual Leave ၊ Earned Leave နဲ့ Medical Leave) ကို လုပ်ခလစာအပြည့်နဲ့ ခံစားခွင့်ပေးထားတဲ့အတွက် ကုမ္ပဏီ၏ တာဝန် ယူရတဲ့ကဏ္ဍအပြည့်အစုံဖြစ်တဲ့အပြင် SSB ရဲ့ ကျန်းမာရေးခံစားခွင့်ကိုပါ ဆက်လက်ရယူခံစားခွင့်ရှိတော့တာဖြစ်ကြောင်း၊ လိုအပ်တဲ့ ထောက်ခံချက် တွေကို ကုမ္ပဏီ/စက်ရုံမှ ပြုလုပ်ပေးမည့်အကြောင်းနဲ့ ယခုမကျန်းမာမှု သည် ဝန်ထမ်းရဲ့ အသက်အရွယ်အရဖြစ်ရခြင်းသာဖြစ်ပြိး ကုမ္ပဏီ၏ လုပ် ငန်းခွင်အတွင်း မကျန်းမာမှု၊ ထိခိုက်ဒဏ်ရာရရှိမှုမဟုတ်တဲ့အတွက် ထိ ခိုက်နစ်နာမှု လျော်ကြေးစသည်တို့ ရပိုင်ခွင့်မရှိကြောင်း ပြည့်ပြည့်စုံစုံရှည် လျားစွာ ရှင်းပြလိုက်ရပါတယ်။

အဲဒီမှာတင် လူနာဝန်ထမ်းရဲ့ ဇနီးဆိုသူက HR Manager ကို ရိုင်း ရိုင်းစိုင်းစိုင်းစကားလုံးတွေသုံးပြီး ဆဲဆိုကြိမ်းမောင်းပါတော့တယ်။ ၎င်းဝန် ထမ်းရဲ့သားဆိုသူကပါ အမျိုးမျိုးအပြစ်တင်ရင်း စက်ရုံကိုလာရောက်ရန်ပြု မယ်ဆိုတာတွေရော မျိုးစုံကြိမ်းမောင်းပါသေးတယ်။

ကိုင်း ဒီလောက် HRM Function တွေအတိုင်းသာမက Social Ethic တွေအရကိုပါ (စိတ်ရော ကိုယ်ပါ) ဝန်ထမ်းလုပ်သား အခွင့်အရေး အတွက် ဆောင်ရွက်ပေးခဲ့တဲ့ HR Dept: က လူတွေအတွက် ဘယ်လို သော ကူညီထာက်ပံ့မှုတွေကိုများ ထပ်မံဆောင်ရွက်ပေးစရာရှိတော့လို့လဲ၊ ဒါကြောင့် ပြောဆိုချင်တဲ့ စကားတစ်ခွန်းကတော့ အခုလိုအခြေအနေမှာ "HR ကတော့ ဘာများတတ်နိုင်ဦးပါမည်နည်း" . . .လို့။
===================


HR Journal မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။


Monday, December 24, 2018

Phone Camera တွေရဲ့ Manual Mode ကို အသုံးပြုနည်း




Dslr, Mirroless camera ကြီးတွေနည်းတူ smart phone တွေမှာ ပါတဲ့ camera application တွေနဲ့လည်း manual mode ကို အသုံးပြုပြီး ဓါတ်ပုံတွေရိုက်ကူးလို့ရပါတယ်။ Android ဖုန်းအတော်များများမှာတော့  မူရင်း camera app ထဲမှာ auto mode အပြင် manual, pro, professional စသဖြင့် manual mode ပါတဲ့ camera setting တွေရှိပြီး iPhone default camera မှာတော့ auto mode ပဲပါပါတယ်။ iPhone မှာ manual mode တွေအသုံးပြုချင်တယ်ဆိုရင်တော့ third party app တစ်ခုခု ထည့်သွင်းအသုံးပြုရမှာပါ။ free တွေ lite version တွေရှိပေမယ့် slow shutter တွေမှာတော့ သိပ်အဆင်မပြေ တတ်တာမို့ လွယ်ကူတယ်ဆို paid app ဝယ်သုံးလိုက်တာ ပိုကောင်းပါတယ်။  ကျွန်တော်သုံးတာကတော့ ProCam 6 ရယ်၊ Slow Shutter Cam ရယ်သုံးပါတယ်။ တကယ်လို့ free အနေနဲ့သုံးချင်တယ်ဆိုရင်လည်း Adobe Lightroom CC ထဲမှာပါတဲ့ ကင်မရာ ထဲမှာ professional ဆိုတဲ့ manual mode ပါပါတယ်။ အဲ့တာလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် slow shutter မှာ 1/4th ထိပဲ နှေးလို့ရတာမို့ long exposure ရိုက်ချင်ရင် သိပ်အဆင်မပြေလှပါဘူး။ paid app တွေမှာတော့ shutter speed ကို 30 sec, 60 sec ကနေ bulb mode ထိ ချရိုက်လို့ရပါတယ်။ android တွေမှာလည်း Camera FV5 Pro လည်းမဆိုးလှပါဘူး။

ဖုန်းကင်မရာမှာ auto နဲ့လည်းရိုက်လို့ရနေရဲ့သားနဲ့ ဘာလို့ manual နဲ့မှရိုက်ချင်တာလဲ ?

ဒါကတော့ ရှင်းပါတယ်။ dslr တွေမှာလည်း auto mode ပါပါတယ်။ ဒါပေမယ့် နည်းနည်းကျွမ်းကျင်သွားရင် ဘယ်သူမှ auto နဲ့မရိုက်ကြတော့ပါဘူး (များသောအားဖြင့်)။  ကိုယ်က camera setting တွေအကုန် control လုပ်ချင်လို့ ဓါတ်ပုံကို ကိုယ့်စိတ်တိုင်းကျ ကိုယ်တိုင်ဖန်တီးလို့ရချင်လို့ manual mode နဲ့ရိုက်တာပါ။ manual နဲ့ဆို aperture, shutter speed, iso, white balance စတာတွေ ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်လို့ရပါတယ်။ ပုံမှန် နေ့ဘက်တွေမှာ auto နဲ့ရိုက်လည်း ကိစ္စမရှိပေမယ့် ညဘက်တွေမှာ ရိုက်ချင်တာ၊ long exposure တွေရိုက်ချင်တာ၊ light painting တွေဖန်တီးချင်တာဆိုရင်တော့ iso, shutter speed ကို ကိုယ်တိုင် control လုပ်လို့ရမယ့် manual mode နဲ့ရိုက်မှပဲရပါမယ်။

Manual mode ကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Aperture, Shutter Speed, ISO ဆိုတဲ့ exposure triangle အကြောင်း နားလည်ထားဖို့လိုပါတယ်။ ကျွန်တော် ယခင်တင်ပေးဖူးတဲ့ post များစွာမှာ exposure triangle အကြောင်း ပါပြီးသားမို့ အသေးစိတ်ထပ်မံမရှင်းပြပေးတော့ပါဘူး။ မသိသေးဘူးဆိုရင် အောက်က link မှာသာ သွားရောက်လေ့လာပေးပါ။ စစချင်းမှာ နည်းနည်းနားရှုပ်လောက်ပေမယ့် တဖြည်းဖြည်း ရိုက်ရင်းနဲ့ အသားကျ နားလည်သွားမှာပါ။ နားမလည်လို့ဆိုပြီး စိတ်မပျက်ကြပါနဲ့ ကျွန်တော်လည်း zero ကနေ စလေ့လာခဲ့ရသူပါ။ ခုလည်း zero သာသာပါပဲ :'( ကျွန်တော်တို့ ဓါတ်ပုံပညာကို စနစ်တကျ လေ့လာချင်တယ်ဆိုရင် exposure triangle အကြောင်း မသိလို့၊ မသိချင်လို့မရပါဘူး။

What is Exposure Triangle ? 
https://goo.gl/6euvNw
( စိတ်မပူပါနဲ့ မြန်မာလို ရေးထားပါတယ် :P )


ကျွန်တော် စာရှည်မှာစိုးလို့ exposure triangle အကြောင်း အသေးစိတ် မပြောတော့ပဲ manual mode ထဲမှာပါတဲ့ setting တွေကို ပြောရင်းပဲ ရှင်းပြပေးသွားပါမယ်။

Aperture
မျက်စိသူငယ်အိမ်နဲ့ အလားသဏ္ဍာန်တူပါတယ်။ မျက်မှောင်ကျုံ့ခြင်း၊ မျက်လုံးပြူးခြင်းစသဖြင့် အလင်းကို အနည်းအများ ဖမ်းယူသလိုပဲ ကင်မရာမှာလည်း aperture ကို အကျဉ်းအကျယ်လုပ်၍ အလင်းဝင်ရောက်မှု အနည်းအများကို ချိန်ညှိလို့ရပါတယ်။ aperture ကို f-stop တွေနဲ့တိုင်းတာပြီး f-stop နံပတ်အသေးတွေက aperture ပိုကျယ်၍ နံပါတ်အကြီးက aperture ပိုကျဉ်းပါတယ်။ f/1.4 က အလင်းဝင်ရောက်မှု ပိုများ၍ f/22 က အလင်းနည်းနည်းပဲဝင်ပါတယ်။ aperture က အလင်းဝင်ရောက်မှုကို ထိန်းချုပ်တဲ့အပြင် depth of field ဆိုတဲ့ focus ပြတ်သားနိုင်တဲ့ area ကိုလည်း အကျိုးသက်ရောက်မှုရှိစေပါတယ်။ portrait နောက်ခံဝါးဝါးတွေရိုက်ချင်ရင် aperture အကျယ် f/1.8 လောက်နဲ့ရိုက်ရင်ရပြီး aperture အကျဉ်း f/22 နဲ့ဆို ဓါတ်ပုံတစ်ခုလုံးနီးပါး focus ထဲဝင်တာမို့ landscape တွေရိုက်ရင် f-stop အကြီးတွေနဲ့ ရိုက်တာ ပိုသင့်တော်ပါတယ်။
ဒါပေမယ့် phone camera တွေမှာတော့ aperture က  အပြောင်းအလဲလုပ်လို့မရတဲ့ fix aperture တွေဖြစ်ပြီး များသောအားဖြင့် f/1.8 , f/2 ဝန်းကျင်ရှိတတ်တာမို့ portrait အတွက်လည်း အဆင်ပြေပါတယ်။ (dual camera ပါတဲ့ ဖုန်းတွေရဲ့ portrait mode လောက်တော့ မကောင်းပါ)။ ကျွန်တော်တို့ ဖုန်းနဲ့ဓါတ်ပုံရိုက်မယ်ဆို aperture ကိစ္စက ခဏမေ့ထားလို့ရပါတယ်။

Shutter Speed
Shutter speed ကတော့ camera မှာပါတဲ့ shutter တံခါးရဲ့ အဖွင့်အပိတ်လုပ်တဲ့ ကြာချိန်ပါ။ shutter ဖွင့်ထားတဲ့ အချိန်တွေက အလင်းကို ဖမ်းယူနေတဲ့အချိန်၊ တနည်းပြောရရင် ဓါတ်ပုံရိုက်နေတဲ့အချိန်ပါ။ သူ့ကိုတော့ 30 sec, 1  sec, 1/125th , 1/500th 1/4000th စသဖြင့်ဖော်ပြပါတယ်။ လှုပ်ရှားနေတဲ့အရာတွေကို ရပ်တန့်သွားအောင် freeze ဖြစ်သွားအောင် ရိုက်ချင်တယ်ဆို shutter speed အမြန်နှုန်းနဲ့ရိုက်ရပါမယ်။ လှုပ်ရှားနေတဲ့ အရာတွေကို shutter speed အနှေးနဲ့ရိုက်ခဲ့မယ်ဆို subject တွေက မပြတ်သားတော့ပဲ ဝါးတားတားဖြစ်နေမှာပါ။ long exposure ရိုက်ချင်တယ်ဆို shutter speed ကို စက္ကန့်ပိုင်းထိ နှေးပစ်ရပါမယ်။ အဲ့အတွက် manual mode ထဲမှာပါတဲ့ နှေးလို့ရသမျှ အနှေး shutter speed ထိ ဆင်းပြီးရိုက်ရပါမယ်။ (ဘယ်လောက်ထိ slow shutter နဲ့ရိုက်မယ်ကတော့ မိမိလိုအပ်သလိုပါ) ဒါပေမယ့် slow shutter speed နဲ့ရိုက်မယ်ဆို tripod ပေါ်တင်ရိုက်မှ အဆင်ပြေမှာပါ။ လက်နဲ့ကိုင်ရိုက်ရင် handshake တွေဝင်လာပါလိမ့်မယ်။

ISO 
ISO ကတော့ camera sensor ရဲ့ အလင်းသိနိုင်တဲ့ sensitivity အပိုင်းပါ။ iso နည်းရင် ဓါတ်ပုံက မှောင်ပြီး iso များရင် ဓါတ်ပုံက အလင်းပိုများပါတယ်။ ဒါပေမယ့် သူက aperture လို တကယ့်ပြင်ပ အလင်းရောင်ဝင်တာလာ မဟုတ်ပဲ sensor က ပြုလုပ်ပေးတာမို့ iso များလာတာနဲ့အမျှ ဓါတ်ပုံမှာ noise တွေဝင်လာပါတယ်။ ညဘက်တွေ tripod လည်းမပါတဲ့အချိန်မှာ ဓါတ်ပုံရိုက်ရင် အလင်းများများဝင်အောင် shutter speed ချရိုက်ရတဲ့အခါ လက်မငြိမ်လို့ shake တွေဝင်လာနိုင်ပါတယ်။ အဲ့အတွက် shutter speed လည်းမြန်အောင်၊ ဓါတ်ပုံမှာလည်း အလင်းပုံမှန်ရအောင်ဆို iso တင်ပြီးရိုက်လို့ရပါတယ်။ ဒါပေမယ့် noise ကလည်း ဝင်လာမှာမို့ ပုံမှန်ဆို iso ကို အမြဲအနည်းဆုံးကနေ ထားရိုက်ပြီး လိုအပ်မှာသာ iso တင်ရိုက်သွားတာက ပိုအဆင်ပြေနိုင်ပါတယ်။

ဒီ ၃ ခု သိပြီဆိုရင် manual mode အကြောင်းသွားလိုက်ရအောင်ပါ။


ကျွန်တော် ခု တင်ပေးထားတဲ့ ပုံတွေမှာ ပုံ (၁) က iPhone, ProCam 6 ရဲ့ manual camera setting ပုံနဲ့  ပုံ (၂)ကတော့ Samsung Note 5 မှာ original ပါတဲ့ pro mode (manual camera setting) ပုံတွေပါ။


ပုံ (၃) မှာတော့ iso ကို အပြောင်းအလဲလုပ်လို့ရတဲ့ setting ပါ။ auto ထားလို့လည်း ရသလို ကိုယ့်စိတ်ကြိုက်လည်း ရွေးချယ်သတ်မှတ်လို့ရပါတယ်။ ညဘက်တွေ portrait ရိုက်မယ်ဆို iso တင်ပြီး လက်နဲ့ကိုင်ရိုက်လို့ရပါတယ်။


ပုံ (၄) shutter speed ဖြစ်ပါတယ်။ ဖုန်းကင်မရာတွေမှာ များသောအားဖြင့် high shutter speed တွေက default ဖြစ်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ပုံတွေရဖို့ iso တင်ပြီး high shutter speed နဲ့ရိုက်ပေးတာက သူ့  auto ပါ။ အဲ့တာကို ကိုယ်က manual ပြောင်းပြီး ကိုယ်လိုချင်သလို shutter speed နဲ့ ချိန်ညှိ ရိုက်ကူးလို့ရပါတယ်။ ဥပမာ L.E တွေ motion snap တွေရိုက်ချင်တာမျိုးမှာ shutter speed ကို နှေးပြီးရိုက်လို့ရပါတယ်။

ပုံ (၅)  ဒါကတော့ နည်းနည်းရှင်းပြပေးဖို့လိုပါတယ်။ ဖုန်းမှာတော့ ဒါကို တခြားဘယ်လိုခေါ်သေးလဲမသိဘူးဗျ။ ကျွန်တော်သိတာတာ့ သူက EV (Exposure Value) ပါ။ သူ့သင်္ကေတမှာ ( + နဲ့ - ) sign တွေပါလေ့ရှိပါတယ်။ dslr တွေမှာပါတဲ့ exposure compensation နဲ့ သဘောချင်းဆင်တူပါတယ်။ သူက ပုံမှန် exposure (correct exposure) ကိုမှ ဓါတ်ပုံကို နည်းနည်းပိုမှောင်သွားအောင်၊ လင်းသွားအောင် ထားပြီးရိုက်ပေးတာပါ။ သူ့မှာ -1, -2, +1, +2 စသဖြင့် stop လေးတွေရှိပါတယ်။ တခြားဘာမှမလုပ်ပဲ EV ကို အတင်အချလုပ်ပေးတာနဲ့တင် ပုံကို မှောင်သွားအောင်၊ ပိုလင်းသွားအောင်လုပ်ပြီး ရိုက်လို့ရပါတယ်။


ပုံ (၆) သူ့ကိုတော့ picture profile, picture control, picture style စသဖြင့် အမျိုးမျိုးနားလည်ထားလို့ရပါတယ်။ ဓါတ်ပုံကို ကိုယ်ရိုက်မယ့် အကြောင်းအရာပေါ်မူတည်ပြီး သူနဲ့သက်ဆိုင်တဲ့ picture style တွေရွေးပေးထားခြင်းအားဖြင့် ပိုပြီးလိုက်ဖက်တဲ့ အရောင်တွေ sharpness တွေ contrast တွေကို ဖန်တီးပေးတာပါ။ ပုံမှန်အားဖြင့် default ကို standard မှာထားပေမယ့် တခြား style တွေရွေးပေးလိုက်ရုံနဲ့ ဒီပုံကိုပဲ တခြား မတူညီတဲ့ အရောင်အသွေးတွေဖြစ်လာစေပါတယ်။ အထူးသဖြင့် jpeg နဲ့ရိုက်ရင် ဒီ picture profile က ပိုပြီးအသုံးတည့်ပါတယ်။ ကိုယ်ရိုက်မှာ portrait လား landscape လား စသဖြင့် ရိုက်မယ့်ပုံပေါ်မူတည်ပြီး ရွေးပေးလို့ရပါတယ်။ ရွေးပေးတဲ့အပေါ်မူတည်ပြီးလည်း အရောင်းအသွေးကွာသွားတာမို့ picture style ကို မှားမရွေးမိဖို့လည်းလိုပါတယ်။



ပုံ (၇) သူကတော့ white balance ဖြစ်ပါတယ်။ dslr တွေမှာပါတဲ့ white balance နဲ့သဘောတရားချင်းအတူတူပါပဲ။ သူ့မှာလည်း daylight, cloudy, fluorescent, စတဲ့ preset လေးတွေရှိသလို kelvin တန်ဖိုးတွေနဲ့လည်း white balance ကို အတိအကျ သတ်မှတ်ပေးလို့ရပါတယ်။ white balance မှာ slider ကို ညာဘက်ကိုဆွဲလိုက်ရင် အဝါရောင်ဘက် ပိုသန်းလာပြီး ဘယ်ဘက်ကို ဆွဲလိုက်ရင် အပြာရောင်ဘက် ပိုသန်းပါတယ်။ အပူနဲ့အအေး ကာလာပါ။ ကိုယ်ရိုက်မယ့် အချိန်မှာ ပြင်ပရာသီဥတု၊ အလင်းရောင်ရရှိမှု အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာ white balance preset တွေကိုရွေးပေးထားလို့ရပါတယ်။ AWB ကတော့ Auto White Balance ပါ။


ပုံ (၈) ကတော့ focus ပါ။ auto focus လည်းရသလို dslr lens တွေမှာလို manual လည်း ဆွဲလို့ရပါတယ်။ ဒါပေမယ့် focus mode ကတော့ auto focus နဲ့လည်း အဆင်ပြေပါတယ်။ ကိုယ် focus ဖြတ်စေချင်တဲ့နေရာကို touch နဲ့ ထောက်လိုက်ရုံပါပဲ။ dslr ထက်ပိုသာတာက ဖုန်းတိုင်း touch focus ရနေတာပါ။ dslr တွေမှာတော့ touch screen မရတဲ့ ကင်မရာတွေဆို ခလုတ်နဲ့ focus ဖြတ်နေရပါတယ်။


ပြီးတော့ ဖုန်းကင်မရာတွေမှာ screen ရဲ့ တစ်နေရာရာကို ကြာကြာဖိထားလိုက်ရင် AE/AF Lock ဆိုပြီး ပေါ်လာတတ်ပါတယ်။ အဲ့တာက auto exposure နဲ့ auto focus ကို ခုန နှိပ်လိုက်တဲ့နေရာမှာ lock လုပ်ထားပြီပြောတာပါ။ ဖုန်းတွေမှာ focus ထောက်တဲ့နေရာပေါ်မူတည်ပြီး ပုံက အလင်းအမှောင်ခြားနားမှုများပါတယ်။ ဒါက metering mode ကြောင့်ပါ။ (ကျွန်တော် metering mode တွေအကြောင်းရေးပေးဖူးထားတာရှိပါတယ်)
https://www.facebook.com/ptgpNotes/posts/2009337472671523?__tn__=-R
ဖုန်းမှာ focus ဖြတ်တဲ့နေရာကို မူတည်ပြီး metering တိုင်းတာဖြစ်ပါတယ်။ အဲ့တာကြောင့် လင်းတဲ့နေရာ focus ဖြတ်မိရင် ပုံက ပိုမှောင်သွားပြီး မှောင်တဲ့နေရာဖြတ်မိရင် ပိုလင်းသွားပါတယ်။ တစ်ချို့ ကင်မရာတွေမှာ အဲ့ AE/AF Lock အပြင် AE နဲ့ AF ကို တစ်ခုစီ ခွဲထုတ်လို့ရတာရှိပါတယ်။ အဲ့လိုခွဲထုတ်လို့ရခြင်းအားဖြင့် ဥပမာ လူပုံကို focus (AF) ဖြတ်စေပြီး Exposure (AE) ကိုကျ တခြားနေရာကို metering တိုင်းစေခြင်းဖြင့် ခုန AE/AF Lock ထက် ပိုပြီး အသေးစိတ်ကျကျ ရိုက်ကူးလို့ရပါတယ်။ iPhone camera မှာဆိုရင်တော့ AE/AF Lock ချပြီးရင် သူ့ဘေးနားကို အပေါ်အောက် ပွတ်ဆွဲခြင်းဖြင့် ပုံကို အလင်းအမှောင်ထပ်ချိန်လို့ရပါတယ်။

Phone camera တွေမှာပါတဲ့ တခြား setting များ၏ အခေါ်အဝေါ်နှင့် အလုပ်လုပ်ပုံများ

Raw
Raw ဆိုတာ ဓါတ်ပုံ တွေရဲ့ ပုံကြမ်း file format တစ်ခုဖြစ်ပြီး သူ့မှာ ကင်မရာ brand အလိုက် extension တွေရှိပါတယ်။ Nikon မှာဆို .nef, Canon မှာဆို .CR2, .CRW ဖြစ်သလိုမျိုးပါ။ ဖုန်းတွေအတွက်လည်း သူ့ extension တွေရှိပါတယ်။ iPhone မှာဆို .HEIC, Android တွေမှာဆိုလည်း Raw ကို support လုပ်ရင် သူ့သက်ဆိုင်ရာ format တွေရှိပါတယ်။ ဓါတ်ပုံတွေ retouch ပြန်လုပ်တဲ့အခါ raw နဲ့ရိုက်ထားတဲ့ပုံဆိုရင် သူက detail ပိုပါတာမို့ jpeg ထက်စာ ပြင်ရပိုအဆင်ပြေပါတယ်။ အလင်းအမှောင် အရောင်အသွေးတွေ ကိုယ်လိုသလို (သူပေးနိုင်သလောက်ပေါ့) ပြင်လို့ရပြီး jpeg ကျတော့ procession လုပ်ပြီးသား  အချောထည်ပုံ ဖြစ်သွားပြီမို့ raw လောက်ပြန်ပြင်ဆင်လို့မရတော့ပါဘူး။ ဒါပေမယ့် raw က ဖိုင်ဆိုဒ် နေရာပိုယူပါတယ်။ jpeg ၁၀ ပုံ raw ၁ ပုံမက နေရာယူပါတယ်။ နောက်တစ်ခုက photo viewer တိုင်းက raw ကိုမဖတ်ပါဘူး။ jpeg ကတော့ universal format မို့ photo viewer တိုင်းမှာ ဖွင့်ကြည့်လို့ရပါတယ်။ raw ကိုဖွင့်ချည်ရင် raw ကို support လုပ်တဲ့ viewer or app လိုအပ်ပါတယ်။

HDR (High Dynamic Range) 

HDR အကြောင်းကိုတော့ တခြားအစ်ကိုတစ်ယောက်ရေးထားတာကိုပဲ ပြန်တင်ပေးပါမယ်။ သူရေးထားတာ ပြည့်စုံပြီးသားမို့ပါ။ မူရင်းရေးသားသူ ကိုကျော်ကျော်ဝင်းအား လေးစားစွာ credit ပေးပါတယ်။ credit ပေးမှားရင်လည်း ပြန်ပြောပေးကြပါဦး :P )

ဖုန်းကင်မရာမှာ ပါတဲ့ HDR ဆိုတာဘာလဲ
HDR ဆိုတာက ဒီနေ့ခေတ် ဖုန်းကင်မရာတိုင်းလိုလိုမှာ ပါတဲ့ Function တခုပါ။ HDR ဆိုတာကို ဒီနေ့ခေတ် Selfie ဓာတ်ပုံရိုက်တာကို ဝါသနာပါသူတွေ၊ ဖုန်းကင်မရာနဲ့ ဓာတ်ပုံအရိုက်များတဲ့ အမျိုးသမီးတွေ အများစုက ကျွန်တော့ထက် ပိုသိပြီး၊ ပိုပြီးတော့တောင် လက်တွေ့သုံးနေကြလိမ့်မယ် ထင်ပါတယ်။ ထားပါတော့ HDR ဆိုတာ အပြည့်အစုံကတော့ High Dynamic Ranges ဖြစ်ပါတယ်။ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံထဲမှာ အလင်းအမှောင်တွေ ခြားနားနေတာကို ဓာတ်ပုံထဲမှာ အားလုံးပေါ်အောင် ဖမ်းပေးနိုင်တာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံထဲမှာ လင်းတဲ့နေရာတွေရော၊ မှောင်တဲ့နေရာတွေပါ Exposure အလင်းအမှောင်မှန်မှန်နဲ့ ရှင်းရှင်းလင်းလင်း ပေါ်လာတာလို့ အလွယ်နားလည်ရင် ရပါတယ်။

ကင်မရာတွေဆိုတာ လူ့မျက်လုံးနဲ့ အမြင်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တုပတည်ဆောက်ထားပေမယ့် လူု့မျက်လုံးနဲ့ မတူတာတွေ အများကြီး ရှိပါတယ်။ လူ့မျက်လုံးကတော့ မြင်ကွင်းတခုကို ကြည့်လိုက်ရင် အမှောင်ပိုင်းက အကြောင်းအရာတွေရော၊ အလင်းပိုင်းက အကြောင်းအရာတွေရော အားလုံးလိုလိုကို ပုံမှန်တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်တဲ့ ကင်မရာတွေက ပုံရိပ်ဖမ်း Sensor တွေကတော့ တန်ဖိုးတခုကိုပဲ အမှန်မြင်နိုင်ပါတယ်။ အလွယ်ပြောရရင် အလင်းဆိုရင် အလင်း၊ အမှောင်ဆိုရင်အမှောင် တခုကိုပဲ မှန်အောင် ဖမ်းယူပြီး ရိုက်နိုင်ပါတယ်။ အလင်းနဲ့ အမှောင် ခြားနားချက် အတော်များများကို ဖမ်းယူပေးနိုင်တဲ့ ကင်မရာတွေကို Dynamic Ranges ကောင်းတယ်လို့ သတ်မှတ်ကြပါတယ်။ Dynamic Ranges ကောင်းဖို့ဆိုတာက ပုံရိပ်ဖမ်းတဲ့ sensor တွေ ကြီးဖို့ လိုပါတယ်။ အခြေခံ မှန်ကန်ချက်ကတော့ ပုံရိပ်ဖမ်းတဲ့ sensor ကြီးလေ Dynamic Ranges ပိုကောင်းလေပါပဲ။ Sensor အရွယ်အစားချင်းအတူတူဆိုရင်တော့ Processor ပိုကောင်းတဲ့ ကင်မရာတွေက Dynamic Ranges ပိုကောင်းပါတယ်။

လက်တွေ့မှာတော့ ဖုန်းကင်မရာတွေအားလုံးက ပုံရိပ်ဖမ်းတဲ့ Image Sensor သးသေးလေးတွေပါ။ ဒါကြောင့် ပုံမှန် ဖုန်းကင်မရာ အများစုမှာ Dynamic Ranges အများကြီး ကောင်းဖို့ သိပ်ပြီး မျော်လင့်မထားပါနဲ့။ အဲဒီတော့ လူတွေက အမှောင်ထဲရောက်နေပြီး နောက်ခံက လင်းနေတဲ့ အနေအထားမှာ ဓာတ်ပုံရိုက်ရင် ဓာတ်ပုံထဲမှာ လူတွေက မည်းကုန်ပါတယ်။ လူတွေကို လင်းလာအောင် ရိုက်ရင် နောက်ခံက ဖြူဖွေးသွားပါတယ်။ လူတွေ နောက်ခံရော ၂ခုစလုံး အဆင်ပြေပြေလိုချင်ရင် HDR နဲ့ အလွယ်တကူ ရိုက်လို့ရပါတယ်။အဲဒီအခါ ကင်မရာက အမှောင်ထဲက လူတွေကို လင်းပေးပါတယ်။ မိုးအုံနေတဲ့ မြင်ကွင်းတွေ၊ နေဝင်နေထွတ်ချိန် ဓာတ်ပုံတွေဆိုရင်လည်း ကောင်းကင်နဲ့ နေလုံးက ဓာတ်ပုံထဲမှာ အရှိအတိုင်းပေါ်ပြီး ကျန်တဲ့အရာတွေက မည်းကုန်ပါတယ်။ အဲဒါကို သဘောမကျရင် HDR ဆိုတာကို သုံးပြီး ရိုက်နိုင်ပါတယ်။

HDR ဆိုတာ ဘယ်လို လုပ်ဆောင်ပေးတာလည်း။ တချို့ ဖုန်းကင်မရာတွေက HDR နဲ့ ရိုက်ရင် အလင်းရောင်ရှိတဲ့နေရာကို အမှန်ရိုက်ယူပြီး မှောင်နေတဲ့ နေရာနေကို နည်းပညာနဲ့ လင်းပေးလိုက်ပါတယ်။ မှောင်နေတဲ့ နေရာတွေကို နည်းပညာနဲ့ ပြန်လင်းပေးတဲ့ အခါ မူလက ဘယ်လောက်အထိ မှောင်နေတာလည်း ဆိုတာကို မူတည်ပြီး ပုံထွတ်တွေ ကွာခြားတတ်ပါတယ်။ မူလက အရမ်းမှောင်နေတာကို ပြန်လင်းတဲ့အခါ မလိုလားအပ်တဲ့ အစက်အပြောက် Noises ဆိုတာတွေ ပေါ်လာတတ်ပါတယ်။ အဲဒါတွေကို နည်းနည်း ထိမ်းလို့ရအောင် တချို့ ဖုန်းကင်မရာတွေမှာ HDR Auto, low, High ဆိုပြီး ရွေးချယ်စရာ ပေးထားတတ်ပါတယ်။ Auto ကတော့ ကင်မရာက အလိုအလျှောက် ပြုလုပ်ပေးမှာ ဖြစ်ပြီး Low ကတော့ အမှောင်နေရာတွေကို နည်းနည်းလေးပဲ ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ နည်းနည်းလေးပဲ ပြန်ဖွင့်ပေးတော့ အမှောင်နေရာတွေ အရမ်းလင်းလာမှာ မဟုတ်ပေမယ့်လည်း မလိုလားအပ်တဲ့ အစက်အပျောက် Noises တွေတော့ သိပ်ပေါ်မှာ မဟုတ်တော့ပါဘူး။ Hight ဆိုရင်တော့ မှောင်နေတဲ့နေရာတွေကို အစွမ်းကုန် ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်။ အဲဒါဆိုရင် ဓာတ်ပုံထဲမှာ အမှောင်ပိုင်းနေရာတွေ ပိုလင်းလာသလို Noises လို့ခေါ်တဲ့ အစက်အပေါက်တွေလည်း ပိုများလာမှာ ဖြစ်ပါတယ်။

တချို့ဖုန်းကင်မရာတွေကတော့ HDR ဆိုတာကို သုံးရင် ဓာတ်ပုံတခါရိုက်တိုင်း ကင်မရာက အလိုအလျှောက် အနည်းဆုံး ၂ပုံ-၃ပုံ ရိုက်ပြီး တပုံတည်းပြန်ပေါင်းပေးပါတယ်။ ကိုယ်က HDR နဲ့ ဓာတ်ပုံရိုက်ရင် ကင်မရာက အလင်းဆုံးနေရာကို အမှန်တခါ ရိုက်ပါတယ်။ အမှောင်ဆုံးနေရာကို အမှန်တခါရိုက်ပါတယ်။ ကြားနေရာကို အမှန်တခါ ရိုက်ပါတယ်။ ပြီးသွားတော့မှာ အားလုံးမှန်တဲ့ ဓာတ်ပုံတပုံအဖြစ် စုပြီးပြန်ပေါင်းပေးလိုက်ပါတယ်။ ဒီလိုမျိုးကင်မရာတွေက အပေါ်က ကင်မရာတွေထက် ပုံထွတ်ပိုကောင်းပြီး Noises လို့ခေါ်တဲ့ အစက်အပျောက်တွေလည်း မပါသလောက်ပါပဲ။ ဒီလိုဖုန်းကင်မရာတွေဆိုရင် တချက်သတိထားရမှာက ဓာတ်ပုံတပုံရိုက်တိုင်း ၂ခါ-၃ခါ ပြန်ရိုက်နေတာမို့ ကင်မရာကို မပြီးမချင်း ငြိမ်နေအောင် ကိုင်ထားဖို့ လိုပါတယ်။ ဓာတ်ပုံအရိုက်ခံသူတွေကလည်း မပြီးမချင်း ငြိမ်နေဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ဓာတ်ပုံထွတ်လာတဲ့အခါ ပုံရိပ်တွေ ၂ထပ်-၃ထပ် ဖြစ်နေကို တွေ့ရမှာ ဖြစ်ပါတယ်။

*** HDR နဲ့ ရိုက်တဲ့အခါ ချက်ချင်းမရပဲ ကင်မရာက အလုပ်လုပ်နေတာကို ပြီးအောင် စောင့်ဖို့လိုပါတယ်။ ကင်မရာက အမှောင်ပိုင်းနေရာတွေကို ပြန်လင်းပေးဖို့အတွက် ဖြစ်စေ ၊ ကင်မရာက အလိုအလျောက်ပုံ ၂ပုံ၃ပုံ ၅ပုံ အစရှိသဖြင့် ရိုက်ပြီး ပြန်ပေါင်းနေရတဲ့အတွက် ဖြစ်စေ ပုံတစ်ပုံရဖို့ အ၀ိုင်းလည်အပြီးစောင့်ရတယ်။
အခုပြောတဲ့ ဒုတိယနည်းလမ်းကို ဓာတ်ပုံရိုက် ကင်မရာတွေနဲ့ ဓာတ်ပုံသမားတွေက သုံးကြပါတယ်။ အဲဒီအတွက် HDR Photography ဆိုပြီး ဓာတ်ပုံပညာရပ် အသစ်တခု ဒီဂျစ်တယ် ခေတ်မှာ ပေါ်ပေါက်လာရပါတယ်။ HDR Photography အကြောင်း အပြည့်အစုံကို အချိန်ရတဲ့အခါ ရေးပါဦးမယ်။ ဒီအမေးအဖြေကတော့ ဖုန်းကင်မရာတွေအတွက်ပဲမို့ ဒီလောက်ဆို ပြည့်စုံပြီလို့ ယူဆပါတယ်။
-----------------------------------------------------------
စာအတော်ရှည်သွားပြီမို့ နိဂုံးချုပ်ပါတော့မယ်။ နောက် post တွေမှသာ လိုတာရှိရင် ကျွန်တော် ထပ်ဖြည့်ပေးပါမယ်။ ကျွန်တော်ရေးတဲ့အထဲမှာ မပါပဲ phone camera နဲ့ပတ်သက်ပြီး တခြားသိချင်တာရှိရင်လည်း မေးလို့ရပါတယ်။ ကျွန်တော် လိုင်းတက်တဲ့အခါ ပြန်ရေးပေးထားပါမယ်။ ကျွန်တော်သိခဲ့တယ်ဆိုရင်ပါ။

ဒါကတော့ mobile photography tips လေးတွေပါ။
လိုတာယူပြီး မလိုတာ ပယ်လိုက်ပါ။

၁။ ဖုန်းနဲ့ ဓါတ်ပုံရိုက်ရင် တတ်နိုင်သမျှ zoom ကိုမသုံးပါနဲ့။ သူက dslr lens တွေလို တကယ်မြင်ကွင်းကို ချဲု့ပေးတာမဟုတ်ပဲ crop လုပ်ပြီး ချဲု့ပြတာပါ။ အဲ့အတွက် pixel တွေလည်းဆုံးရှုံးသလို ပုံကလည်း noise တက်လာပါတယ်။ ပုံကို တတ်နိုင်သမျှ အနီးကပ်ရိုက်ပြီး crop လုပ်လိုက်တာက ပိုကောင်းပါတယ်။

၂။ တမင်စောင်းရိုက်တာကလွဲရင် တတ်နိုင်သမျှ ရေပြင်ညီမျဉ်းကျအောင်တော့ ရိုက်ပါ။ mobile သမားတွေမို့ ပြောပြတာပါ။ များသောအားဖြင့်  သူတို့က ဓါတ်ပုံပညာ စစချင်းလေ့လာသူတွေမို့ပါ။ (ဆရာကြီးတွေကို မဆိုလိုပါ) ရေပြင်ညီမျဉ်းမကျ စောင်းနေတဲ့ပုံတွေ တော်တော်ကြည့်ရဆိုးပါတယ်။ ဖြစ်နိုင်ရင် rule of thirds လေးလောက်တော့ နားလည်အောင်လေ့လာထားပြီး rule of thirds အတိုင်းရိုက်တာက ပိုပြီး ကြည့်ပျော်ရှုပျော်တဲ့ ပုံတွေရနိုင်ပါတယ်။ camera app တိုင်းမှာ rule of thirds ဖော်တဲ့ Grid line လေးတွေရှိပါတယ်။ setting ထဲမှာ ကလိကြည့်ပါ။

Rule of Thirds Sample Photos  
https://goo.gl/UzU9J6 
(rule of thirds ပုံတွေ လေ့လာကြည့်လို့ရပါတယ်)

၃။ မှောင်နေတဲ့ အချိန်တွေမှာ ရိုက်ရင် flash ကို သိပ်အားမကိုးပါနဲ့။ ဖုန်းရယ်မှ မဟုတ်ပါဘူး dslr တွေမှာလည်း မူရင်းပါတဲ့ flash တွေက သိပ်အားမကိုးရ အသုံးမတည့်လှပါဘူး။ flash အစား ပြင်ပအလင်းရအောင်လုပ်တာနဲ့ exposure setting ကို ကလိပြီးရိုက်တာက ပိုကောင်းပါတယ်။ ဖုန်းကင်မရာတွေမှာဆို flash မီးဖွင့်ရိုက်ရင် red eye တွေဝင်တတ်ပါတယ်။

၎။ ညဘက်တွေ၊ slow shutter တွေရိုက်ဖို့အတွက် tripod လေးတစ်ခုတော့ ဆောင်ထားသင့်ပါတယ်။  ဆွဲထုတ်လိုက်ရင် ခါးလောက်ထိရှည်ပြီး ခေါက်လိုက်ရင် တစ်ထွာလောက်ပဲရှိတဲ့ phone tripod လေးတွေရှိပါတယ်။ ဈေးလည်းသိပ်မကြီးတာမို့ ကိုယ်နဲ့သင့်တော်တဲ့ tripod တစ်ခုလောက် ဝယ်ထားပြီး manual mode နဲ့ဓါတ်ပုံရိုက်ရင် tripod ပေါ်တင်ရိုက်တာက ပိုအဆင်ပြေပါတယ်။ (အနည်းဆုံး လူရှိန်တယ်ဗျာ :P )

၅။ လက်နဲ့ shutter button ကိုနှိပ်ရိုက်တာ အပြင် earphone နဲ့ remote လုပ်ရိုက်တာလည်းပိုကောင်းပါတယ်။ volume ခလုတ်လေးတွေကို နှိပ်ရိုက်တာက လက်နဲ့ ကင်မရာ ခလုတ်ကို နှိပ်ချိန်မှာ လက်လှုပ်ရှားမှုကြောင့် ကင်မရာလှုပ်သွားတဲ့ ပြဿနာကို ဖြေရှင်းလို့ရပါတယ်။

၆။ ဓါတ်ပုံရိုက်ပြီးရင် retouch ပိုင်းကိုလည်း လေ့လာထားသင့်ပါတယ်။ snapseed, lightroom, vsco camera တွေလည်း သုံးရတာ အတော် အဆင်ပြေပုံပါပဲ။ mobile photographer ဆရာကြီးတွေ mobile နဲ့ရိုက် mobile နဲ့ပြင်နဲ့ အတော်အဆင်ပြေသလို ကြည့်ရတာလည်း pc version နဲ့ပြင်ထားသလိုပါပဲ။ လေးစားရပါတယ်။

(သူများသာ လျှောက်ပြောနေတာ ကျွန်တော်တောင် retouch ပိုင်း ကောင်းကောင်းမရသေးဘူး။ ဖုန်းရော ကွန်ပျူတာရော retouch ဆို ခုထိ ယောင်လည်လည်ဖြစ်နေတုန်းပဲ :'( )

#mobile_photography

မူရင်းစာမျက်နှာ - ဓာတ်ပုံပညာလေ့လာရန်