Monday, October 31, 2011

ပရိတ်သမိုင်းကို လေ့လာသော်

ပရိတ်တရားတော် ရွတ်ဖတ်သူများနှင့် နာယူသူများတွင် ရှိသင့်ရှိအပ်သော
အင်္ဂါရပ်များကို ဆွေးနွေးပြီးသည့်နောက် ထေရ ၀ါဒဗုဒ္ဓသာသနာတော်၌
ပရိတ်တရားတော်များ ရွတ်ဖတ်နာယူသည့် အလေ့အထစတင်လာခဲ့ပုံကို
အနည်းငယ်တင်ပြလိုပါ သည်။ ဤတွင် ရှေးအစဉ်အဆက်ပညာရှင်ကြီးများ
မှတ်သားခဲ့သည်တို့ကို အကျဉ်းချုံးဖော်ပြသွားမည်ဖြစ်ရာ စာရှုသူတို့
အနေနှင့် ဗုဒ္ဓမြတ်စွာပေးအပ်တော်မူခဲ့သည့် ကေသမုတ္တိသုတ္တန် (ကာလမသုတ်)
လာသြ၀ါဒလမ်းညွှန် ဒေသနာတော်မှတ် ကျောက်ကို လက်ကိုင်ပြု၍
ဝေဖန်သုံးသပ်သွားရန်သာဖြစ်သည်။
သမားစဉ်ဆက် ယုံကြည်မှုအရ ယခုအခါပရိတ်ကြီး(၁၁)သုတ်အဖြစ်ထင်ရှားသော
ပရိတ်တော်တို့အနက် အချို့ကိုအဆောင် လက်ဖွဲ့သဖွယ် အသုံးပြုသည့်အလေ့မှာ
ဗုဒ္ဓမပွင့်မီ ရာစုနှစ်ပေါင်းများစွာကပင် ရှိခဲ့ပေသည်။ ယင်းအချက်ကို
လက်ခံထား သူတို့၏ အထောက်အထားမှာ ဂေါတမဗုဒ္ဓဘုရားရှင် ပွင့်တော်မမူမီ
ဗောဓိသတ္တ(ဘုရားအလောင်း) ဘ၀က ဖြစ်တော်စဉ် များဟု မျက်မှောက်ခေတ်
ဗုဒ္ဓဘာသာဝင်အများစု ယူဆထားသော နိပါတ်တော်လာ ဇာတ်တော်ငါးရာ့ငါးဆယ်
ပင်ဖြစ်သည်။
မောရသုတ် ကို ဇာတ်အဋ္ဌကထာလာ မောရဇာတ်နှင့် မဟာမောရဖာတ်၊ ခန္ဓသုတ်ကို
ဇာတ်အဋ္ဌကထာလာ ခန္ဓဇာတ်၊ ၀ဋ္ဋသုတ်ကို စရိယာပိဋကတ်အဋ္ဌကထာနှင့် ဇာတ်အဋ္ဌကထာလာ
ဝဋ္ဋဇာတ်တို့၌ ဗောဓိသတ္တတို့က ဘေးအန္တရာယ်တို့မှ အရံအတားသဖွယ်
အသုံးပြုခဲ့ကြောင်း တွေ့ရှိရပေသည်။
ဗောဓိသတ္တ ဥဒေါင်းမင်းဘ၀က မောရသုတ်ကို ရွတ်ဆိုခဲ့သဖြင့်
မင်းခုနှစ်ဆက်တိုင်တိုင် မုဆိုးများ၏အန္တရာယ်မှ လွတ်ကင်းခဲ့ပုံ၊
ဗောဓိသတ္တရသေ့ကြီးဘ၀က တပည့်ရသေ့များအား ခန္ဓသုတ် ကိုရွတ်ဆိုစေခဲ့သဖြင့်
မြွှေဆိုးတို့ရန်မှ ကင်းဝေးခဲ့ပုံ၊ ဗောဓိသတ္တ ငုံးငှက်ဘ၀က
ဝဋ္ဋသုတ်ကိုရွတ်ဆိုခဲ့သဖြင့် မီးဘေးမှလွတ် မြောက်ခဲ့ပုံအသီးသီးအား
အဆိုပါဇာတ်၊ အဋ္ဌကထာဆရာများ၏ ရေးသားချက်များအရ သိရှိရပေသည်။ ဗုဒ္ဓမြတ်စွာ
သက်တော်ထင်ရှားရှိစဉ်အခါတွင်လည်း ပရိတ်တရားတော်များကို
ဘေးအန္တရာယ်ကာကွယ်ရန်အလို့ငှာ အသုံးပြုခဲ့ဖူး ကြောင်း
နှောင်းခေတ်အဋ္ဌကထာဆရာတို့၏ အာဘော်များအရ သိရှိနိုင်ပေသည်။
ဝေသာလီပြည်တွင် ရောဂါဘေး၊ သားရဲဘေးနှင့် ငတ်မွတ်ခေါင်းပါးမှုဘေးတို့နှင့်
ရင်ဆိုင်နေရချိန်တွင် ဗုဒ္ဓမြတ်စွာကိုယ်တိုင် ကြွချီကာ
ယင်းအန္တရာယ်တို့မှလွတ်ကင်းရန် ရတနသုတ် ကိုဟောကြားပြီး
ပရိတ်အဖြစ်ရွတ်ဆိုစေခဲ့သဖြင့် ဘေးရန်ဆိုးတို့ မှလွတ်ကင်းကာ
သတ္တ၀ါငါးသိန်းကျော် တရားထူးရရှိကြကြောင်း ဓမ္မပဒ 'အဋ္ဌကထာ'၊ ခုဒ္ဒကပါဌ်
'အဋ္ဌကထာ'၊ သုတ္တနိပါတ 'အဋ္ဌကထာ' တို့၌ပြဆိုထားပေသည်။ တောနေ ရဟန်းငါးရာအား
ရုက္ခစိုးတို့ခြောက်လှန့်မှုမှ ကင်းလွတ်ရန် ဗုဒ္ဓမြတ်စွာက မေတ္တသုတ်
ကိုပရိတ်အဖြစ်သင်ကြားပေးခဲ့ပြီး ယင်းပရိတ်တန်းခိုးကြောင့်
၎င်းတို့ရန်မှကင်းဝေးကာ ရဟန်းတို့တရားထူး ရအောင်
အားထုတ်နိုင်ခဲ့သည်ဟုလည်း ခုဒ္ဒကပါဌ် 'အဋ္ဌကထာ' နှင့် သုတ္တနိပါတ
'အဋ္ဌကထာ'တို့၌ဖော်ပြထားပေသည်။ ခန္ဓသုတ် ပရိတ်ကို
ဗုဒ္ဓမြတ်စွာသင်ကြားပေးခဲ့သဖြင့် ရဟန်းတို့မြွေဆိုးဘေးမှ
ကင်းဝေးခဲ့သည်ဟုလည်း ဇာတ်အဋ္ဌကထာ ဆရာတို့က ဆိုထားပေသေးသည်။ ဓဇဂ္ဂသုတ်
ကိုရွတ်ဆိုခြင်းဖြင့် ရဟန်းတို့တရားဘာဝနာပွားများရာ၌ ရဲရင့်မှုရှိစေပုံ၊
ဗုဒ္ဓ ၏နောက်လိုက်များအား မကောင်းဆိုးဝါးတို့ မနှောင့်ယှက်နိုင်ရန်
အဆောင်အယောင်အဖြစ် အာဋာနာဋိယသုတ် ကိုရွတ် ဆိုပါစေမည့်အကြောင်း
ဝေဿ၀ဏ်နတ်မင်းကြီးက ဗုဒ္ဓမြတ်စွာအား လျှောက်ထားခဲ့ပုံ၊ အင်္ဂုလိမာလသုတ် မှာ
အရှင်အင်္ဂုလိ မာလအား အမျိုးသမီးများ အလွယ်တကူသားဖွားနိုင်အောင်
ကယ်တင်ခြင်းငှာ ဗုဒ္ဓမြတ်စွာက စီစဉ်သင်ပြပေးခဲ့ပုံ၊ အရှင်
မောဂ္ဂလာန်၊အရှင်မဟာကဿပ နှင့် ဗုဒ္ဓကိုယ်တော်တိုင် မမာမကျန်းဖြစ်စဉ်
ဗောဇ္ဈင်္ဂသုတ် ကိုရွတ်ဆိုစေကြခြင်းဖြင့် ရောဂါ များပျောက်ကင်း
ချမ်းသာခဲ့ပုံတို့ကိုကား သက်ဆိုင်ရာ မူလပိဋကတ်များ၌ပင် တွေ့ရှိရပေသည်။
ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း(၅၀၀)ခန့်တွင်
ရေးသားပြုစုခဲ့သည်ဟု ခန့်မှန်းကြသော မိလိန္ဒပဥှာ၌ 'ကျမ်းပြုဆရာ' က
ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ မောရသုတ်၊ ဓဇဂ္ဂသုတ်၊ အာဋာနာဋိယသုတ်နှင့်
အင်္ဂုလိမာလသုတ်တို့ကိုသာ ပရိတ် တရားတော်များအဖြစ်ဖော်ပြခဲ့ပေရာ
ထိုခေတ်အခါအထိ ယင်းခုနှစ်သုတ်သည်သာ ဗုဒ္ဓဘာသာဝင်လောက၌ ပရိတ်တော်များ အဖြစ်
ရွတ်ဆိုခဲ့ဟန်ရှိသည်ဟု လေ့လာသူများက ကောက်ချက်ချခဲ့ကြလေသည်။
သာသနာ သက္ကရာဇ်(၉၀၀)ကျော်တွင်ကား အဋ္ဌကထာသစ်ကျမ်းပြုဆရာ 'အရှင်ဗုဒ္ဓဃောသ'
ပေါ်ထွန်းခဲ့ရာ ၄င်းခေတ်၌ သီဟိုဠ်ဘာသာဖြင့် ရေးသားထားခဲ့သော
ရှေးအဋ္ဌကထာဟောင်းများကို မူရင်းပိဋကတ်များနှင့်တိုက်ဆိုင်ညှိနှိုင်းကာ ပါဠိ
ဘာသာဖြင့် အဋ္ဌကထာသစ်များကို ပြုစုခဲ့ပေသည်။ ယင်းကျမ်းစာတို့အလိုအရမူ
အရှင်ဗုဒ္ဓဃောသခေတ်က ပရိတ်တော် များအဖြစ် ရတနသုတ်၊ မေတ္တသုတ်၊
ခန္ဓသုတ်၊မောရသုတ်၊ ဓဇဂ္ဂသုတ်၊ အာဋာနာဋိယသုတ်၊ ဗောဇ္ဈင်္ဂသုတ်နှင့် ဣသိဂိလိ
သုတ်တို့ကို ရွတ်ဖတ်နာယူသမှု ပြုကြကြောင်းတွေ့ရှိနိုင်ပေသည်။
ဤတွင် မိလိန္ဒပဥှာကျမ်းပြုစဉ်ကာလနှင့် နှိုင်းယှဉ်သော် ဗောဇ္ဈင်္ဂသုတ်နှင့်
ဣသိဂိလိသုတ်တို့ တိုးလာပြီး အင်္ဂုလိမာလသုတ် လျော့သွားသည်ကို
တွေ့ရှိရပေမည်။ အနှစ်သာရအားဖြင့် ဗောဓိဥာဏ်ရရာတရား ခုနှစ်ပါးပင်ဖြစ်သော
ဗောဇ္ဈင်္ဂသုတ်မှာ ယခု ခေတ်တိုင် ပရိတ်တော်အဖြစ်
ရွတ်ဖတ်သရဇ္ဈာယ်နေကြသေးသော်လည်း ဣသိဂိလိတောင်၌ သီတင်းသုံးနေထိုင်ကြသည်ဆို
သော ပစ္စေကဗုဒ္ဓါတို့၏အမည်များကို ဖော်ပြထားသည့် ဣသိဂိလသုတ်ကိုကား
ပရိတ်အဖြစ် ရွတ်ဖတ်သရဇ္ဈာယ်မှု မပြုကြ တော့ချေ။
ဗုဒ္ဓသာသနိက မှတ်တမ်းများအလိုအရမူ မြန်မာနိုင်ငံ၌ ပရိတ်ရွတ်ဖတ်နာယူသည့်
အလေ့အထသည် အသောကမင်းကြီး စေလွှတ်လိုက်သည့် သာသနာပြုရဟန်းတော် အရှင်သောန
နှင့် အရှင်ဥတ္တရတို့ သုဝဏ္ဏဘုမ္မိသို့ ရောက်ရှိခဲ့ရာမှ အစပြုပေ သည်။
ထိုအရှင်နှစ်ပါးက ဗြဟ္မဇာလ သုတ်ကို ပရိတ်အဖြစ် ရွတ်ဖတ်ပေးခြင်းဖြင့်
ပင်လယ်ဘက်မှလာရောက်၍ ကလေး များအား ဖမ်းဆီးစားသောက်လေ့ရှိသည့်
ဘီဘူးများဘေးရန်မှ အကာအကွယ်ပေးနိုင်ခဲ့ရာ ထိုကာလမှအစပြုလျက် မြန်မာ
တိုင်းရင်းသားတို့သည် ဗုဒ္ဓမြတ်စွာ၏ ဓမ္မဒေသနာတော်များကို အန္တရာယ်ကင်း
ဘေးရှင်းစသည့်အရံအတား ပရိတ်များ အဖြစ်မှတ်ယူကာ သံဃာတော်များအား
မိမိတို့အိမ်ဂေဟာသို့ပင့်ဖိတ်လျက် ရွတ်ဖတ်သရဇ္ဈာယ်စေခဲ့ကြကြောင်း အဆိုရှိ
ပေသည်။
ပုဂံပြည်သို့ ထေရ၀ါဒဗုဒ္ဓသာသနာတော် မရောက်ရှိမီကာလက အရည်းကြီးတို့၏
မဟာယာနနွှယ်သော အမည်ခံဗုဒ္ဓဘာသာ ထွန်းကားခဲ့သည်။ အရည်းကြီးတို့
စီမံထားသည့်ပရိတ်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် လောကီ
အကျိုးစီးပွားတိုးစေ မည့်အပြင် မကောင်းမှုအကုသိုလ်များပြေပျောက်ကာ
မဂ်ဖိုလ်နိဗ္ဗာန်ကိုပင် အားထုတ်စရာမလိုဘဲ ရောက်ရှိနိုင်သည်ဟု
ယုံကြည်ခဲ့ကြဖူးသည်။
ထေရ၀ါဒဗုဒ္ဓသာသနာပြုများ ရောက်ရှိလာပြီး အရည်းကြီးသာသနာ
ချုပ်ငြိမ်းသွားသည့်နောက်တွင်မူ ဤမျှအယူမသီးကြ တော့ပေ။ သို့သော်
မြန်မာ့ရာဇ၀င်တစ်လျှောက် ပဒေသရာဇ်အသီးသီးတို့သည် သူတို့၏ အရေးပါသော
နန်းတော်တည်ပွဲ၊ နန်းသိမ်းပွဲ စသည့်အခမ်းအနားများ၌
ရဟန်းတော်များအားပင့်ကာ ဗုဒ္ဓဘာသာပရိတ်တော် များကို ရွတ်ဖတ်ပေးစေခဲ့သည်။
ထူးခြားသည်ကား ထိုအခမ်းအနားများသို့ ဗြာဟ္မဏပုရောဟိတ်ကြီးများကိုလည်း
အရေးကြီးပုဂ္ဂိုလ်များအဖြစ် တက်ရောက် စေကာ ၄င်းတို့ကျွမ်းကျင်ရာ
ဝေဒကျမ်းဂန်လာ မန္တန်များကို ရွတ်ဖတ်စေခဲ့ကြခြင်းပင်ဖြစ်သည်။
မြန်မာဗုဒ္ဓဘာသာဝင်များအတွင်း လူတန်းစားအလွှာ အသီးသီး၌ ပရိတ်ရွတ်ဖတ်
နာယူသည့်အလေ့အထထွန်းကားခဲ့ရာ ကောဇာသက္ကရာဇ် ကိုးရာဝန်းကျင်၌ကား မင်္ဂလသုတ်၊
ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ မောရသုတ်၊ ဓဇဂ္ဂသုတ်၊ အာဋာနာဋိယသုတ်၊
အင်္ဂုလိမာလသုတ်ဟူ၍ ပရိတ်ကြီး(၉)သုတ် ရှိလာခဲ့ကြောင်း သက္ကရာဇ်-၉၆၇ခုဖွား
တိလောကာလင်္ကာရဘွဲ့တံဆိပ်တော်ရ အရှင်တေဇောဒီပမထေရ် ပြုစုခဲ့သော
ပရိတ္တဋီကာပါဌ် ကိုထောက်ထား၍ ပညာရှင်များက ကောက်ချက်ချခဲ့ပေသည်။
မည်သို့ဆိုစေ မျက်မှောက်ခေတ်တွင်ကား မူလပိဋကတ်တော်လာ ဘုရားဟော
သုတ္တန်ဒေသနာအများစုနှင့် နှောင်းခေတ် သာသနာ့ပညာရှင်များ
ဥာဏ်ကွန့်မြူးမှုတို့၏ ရလဒ်အဖြစ် ပရိတ်ကြီး(၁၁)သုတ်သည် ထည်ထည်ဝါ၀ါ
တည်ရှိနေပေပြီ။ နှောင်းလူတို့၏တာဝန်ကား အရာရာကို စာမှာပါ ပါသည့်အတိုင်း
လှေနံဓားထစ်မမှတ်ယူကြဘဲ ကိုယ်ပိုင်လေ့လာသိမြင်မှု (သုတမယဥာဏ်)၊
တွေးခေါ်ကြံဆသိမြင်မှု (စိန္တာမယဥာဏ်)၊ ထိုးထွင်းသိမြင်မှု (၀ိပဿနာဥာဏ်)
တို့ကို အားကိုးအား ထားပြုလျက် မိမိတို့ဘ၀တွင် အကျိုးရှိအောင်
အသုံးချသွားကြရန်သာ ဖြစ်ပေသည်။ သို့ဆိုပါက ဤပရိတ်ကြီး (၁၁) သုတ်သည်
သုံး၍မကုန်လှူ၍မခန်းနိုင်သည့် ပညာရတနာသိုက်ကြီးပင်ဖြစ်ပါကြောင်း
တင်ပြလိုက်ရပေသည်။
ကျမ်းကိုး။ ။ ပရိတ္တဋီကာနိဿယ (သာသနာရေး ဦးစီးဌာန)
ELEVEN HOLY DISCOURSES OF PROTECTION
BY SAO HTUT HMAT WIN

ဝင်းသိန်းဦး
(၂-၁၁-၉၃)
ဓမ္မရံသီ၊၁၉၉၄ခုနှစ်၊မတ်လ။











Saturday, October 29, 2011

ဘယ်လိုမြင်သလဲ

အခက်အခဲ၊ အတားအဆီး၊ ကံမလိုက်တာတွေ ကြုံရတဲ့အခါ ကျွန်တော်တို့မှာရှိနေတဲ့
သဘောထားအမြင်က ကြုံနေရတဲ့ အခက်ကို ဘယ်လိုမြင်သလဲဆိုတာကို
အဆုံးအဖြတ်ပြုပေးနေတယ်။
ကိုယ်အားကျမိတဲ့သူလို ကိုယ်ကမမြင်ရတာကြောင့်
ကိုယ်ကသူ့လိုမြင်တတ်ချင်တာမျိုးလည်းရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့
ရယ်စရာအဖြစ် ပြောကြတာရှိတယ်။ တစ်ခါတုန်းက ပြင်သစ်သား အတွေးအခေါ်ဆရာကြီး
ပါစကယ်ကို လေးစားအားကျတဲ့ သူတစ်ယောက်က ဆရာကြီးကိုသွားပြောတယ်။

'ဆရာကြီးလို ဦးနှောက်မျိုးသာ ကျွန်တော်ရခဲ့ရင် အခုထက်ပိုသာတဲ့သူ ဖြစ်မှာ သေချာတယ်'

ဒီအခါမှာ ပါစကယ်က .....
'ပိုသာတဲ့သူဖြစ်အောင်သာလုပ်လိုက်ပါ။ ငါ့လို ဦးနှောက်မျိုးကို မောင်ရင်
ရသွားမှာသေချာပါတယ်' လို့ပြန်ပြောခဲ့ပါတယ်။

ကိုယ့်မှာရှိတဲ့ သဘောထားအမြင်က အရာရာကို အဆုံးအဖြတ်ပေးနေတယ်။
မေတ္တာကြောင့် အောင်မြင်တယ်ဆိုတာဟာလည်း မိမိမှာရှိတဲ့သဘောထားအမြင်ကြောင့်
အောင်မြင်ရတာဖြစ်ပါတယ်။ မေတ္တာကြောင့် အောင်မြင်တဲ့သူမှာ
လက်ဆုပ်လက်ကိုင်ပြစရာမရှိပေမဲ့ သူအောင်မြင်မှာပါဆိုတဲ့
ယုံကြည်ချက်ရှိတယ်။ ဒီလိုယုံလို့လည်း လက်ဆုပ်လက်ကိုင်မပြနိုင်တာကို
အားကိုးအားထားပြုပြီး သူဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အောင်မြင်သွားရင်တောင်
မေတ္တာကြောင့်ပါလို့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့်ပြလို့မရဘူး။

နောက်တစ်ချက်က အဆိုးကြုံလို့ သူက မေတ္တာနဲ့ ရင်ဆိုင်နေရတယ်။
ဒီလိုရင်ဆိုင်ရင်း အဆိုးထဲမှာ အကောင်းရှိနေတာ သူတွေ့နေတယ်။ ဘာလို့
သူတွေ့သလဲဆိုတော့ မြင်တတ်လို့ ဖြစ်ပါတယ်။ ဘာလို့မြင်တတ်သလဲဆိုတော့ သူမှာ
မှန်ကန်တဲ့သဘောထားအမြင် ရှိနေတယ်။

အကောင်းထဲမှာ အဆိုးရှိတယ်။ အဆိုးထဲမှာ အကောင်းရှိတယ်။
အကောင်းချည်းလိုချင်လို့လည်းမရနိုင်ဘူး။ အဆိုးချည်းလိုချင်လို့လည်း
မရနိုင်တာ လောကရဲ့နိယာမလို့တောင် ဆိုကြတယ်။

ဥပမာတစ်ခုပြောရရင်တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုယ်ခန္ဓာထွားကြိုင်းတဲ့
ချာတိတ်တစ်ယောက်က တခြားကလေးတွေကို အနိုင်ကျင့်တယ်။ တစ်ရက်မှာတော့
တခြားရွာက ပိန်လှီလှီ နွားကျောင်းသားကလေးတစ်ယောက်ရောက်လာပြီး ကလေးတွေ
အနိုင်ကျင့်ခံရတာကို သိသွားတယ်။ ဒီအခါမှာ ပြန်ခံချဖို့ သူကပြောတယ်။

'သူ့ကိုယ်ခန္ဓာက ငါတို့ထက်အများကြီးထွားကြိုင်းတယ်' လို့ကလေးတွေက
ရှင်းပြတော့ နွားကျောင်းသားက ခါးကြားထိုးထားတဲ့ လောက်လေးခွကို ထုတ်ပြပြီး
ဘာပြေသလဲဆိုတော့...

'ကိုယ်ခန္ဓာ ထွားကြိုင်းနေတာ သူ့အားနည်းချက်ပဲ။
ဘယ်လိုချိန်ပစ်ပစ်ထိဖို့ပဲရှိတယ်' လို့ပြောပါတယ်။ ပြီးတဲ့အခါမှာ
လေးခွနဲ့ပစ်ပြီး သူကအနိုင်ယူဆုံးမပေးခဲ့ပါတယ်။

အခုဥပမာမှာပြောချင်တာက ဘယ်လိုလုပ်သလဲဆိုတာမဟုတ်ပါဘူး။
ဘယ်လိုမြင်လိုက်တာလဲ ဆိုတာသာ ဖြစ်ပါတယ်။

စစချင်းမှာပြောခဲ့တဲ့အတိုင်း အခက်အခဲကြုံရတဲ့အခါ
ကျွန်တော်တို့မှာရှိနေတဲ့ သဘောထားအမြင်က ကြုံနေရတဲ့ အခက်ကို
ဘယ်လိုမြင်သလဲဆိုတာကို အဆုံးအဖြတ်ပြုပေးနေတယ်။

(၁) အမြင်သဘောထား နည်းနည်းပါးပါးမှန်လာတဲ့အခါ ကိုယ်လုပ်ကိုင်နေထိုင်ရတာ
ပန်းခင်းထဲရောက်နေသလို ခံစားရမှာဖြစ်ပါတယ်။ များများစားစား
မှန်ကန်လာပြီဆိုရင်တော့ စိန်တွေရှိတဲ့ မြေပေါ်လျှောက်နေရသူလို
ခံစားရလိမ့်မယ်။ ကိုယ့်စေတနာ ကိုယ့်ကိုအကျိုးပေးဖို့ဆိုတာ
ကိုယ့်ရဲ့သဘောထားအမြင်ကများများစားစား
မှန်ကန်ဖို့တော့လိုပါလိမ့်မယ်။အခွင့်အလမ်းတွေက ကိုယ်နင်းနေတဲ့
မြေကြီးအောက်မှာရှိနေတယ်။ တခြားကိုသွားမရှာနဲ့။ ကိုယ်က ရှိနေတာကို
မြင်တတ်ရင် တွေ့ပါလိမ့်မယ်။

(၂) ဟိုဘက်ခြံက မြက်ခင်းက ကိုယ့်ဆီမှာရှိတဲ့ မြက်ခင်းထက်
ပိုစိမ်းနေတယ်ဆိုတာမျိုးမြင်ရင် အမြင်သဘောထား မှားနေပြီလို့ သိလိုက်ပါ။

(၃) ဟိုဘက်ခြံက မြက်ခင်းစိမ်းမျိုးကို ကိုယ်က သေကောင်ပေါင်းလဲ
လိုချင်နေချိန်မှာ ကိုယ့်ခြံထဲက မြက်ခင်းစိမ်းမျိုးကို
သေကောင်ပေါင်းလဲလိုချင်နေတဲ့သူတွေလည်း ရှိနေမှာပါ။
လဲလို့ရရင်လဲလိုက်ချင်ပါရဲ့လို့တောင် ဆိုကြမယ်။

(၄) အခွင့်အလမ်းကို မမြင်တတ်တဲ့သူအဖို့ အခွင့်အလမ်းက အိမ်ရှေ့တံခါး
တဒေါက်ဒေါက်လာခေါက်တာကို နားငြီးလိုက်တာလို့ ပြောလိမ့်မယ်။
ကိုယ်ရောပြောမိနေသလား။

(၅) တံခါးလာခေါက်တဲ့ အခွင့်အလမ်းက တစ်ခါနဲ့ တစ်ခါ မတူဘူး။
ပိုကောင်းချင်ကောင်းမယ်၊ သိပ်ကောင်းချင်မှလည်း ကောင်းမယ်၊ မသေချာဘူး။

ဒီအချက် ၅ချက်ကို သဘောပေါက်ထားရင် ခင်ဗျားမှာ ခက်နေတယ်လို့ ပြောနေရတာတွေ
အတော်များများ လွယ်သွားပါ လိမ့်မယ်။ မြင်တတ်သွားပြီး
တွေ့သွားပါလိမ့်မယ်လို့ တင်ပြလိုက်ပါတယ်။

ဒိုဂျေဆန်း

Friday, October 28, 2011

ကဒါဖီ၏ နိဂုံး

၁၉၆၉ ခုနှစ်တွင် ဗိုလ်မှူးကြီး ကဒါဖီသည် ရေနံလုပ်ငန်းကို
လက်ဝါးကြီးအုပ်ခဲ့ပြီး လစ်ဗျားနိုင်ငံကို
အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်ခဲ့သည်။ ကဒါဖီသည်တခြားသောအာဏာရှင်
များနည်းတူမိမိမည်မျအရေးပါကြောင်း နှင့် မိမိတော်လှန်ရေးအယူအဆများ ကို
ပြည်သူလူထုကို ဖြန့်ဖြူးရန် အတွက် အစိမ်းရောင်စာအုပ် The Green Book ကို
ထုတ်ဝေဖြန့်ချိခဲ့သည်။ ပြည်ပနိုင်ငံရောက်
ကဒါဖီဆန့်ကျင်ရေးသမားများကိုလည်း လိုက်လံ လုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်။
တစ်ဆက်တည်းဆိုသလိုပင် အကြမ်းဖက်လုပ်ရပ်နှင့် အကြမ်းဖက်သတ်ဖြတ်မှုများကို
ကဒါဖီက စနစ်တကျ ကြိုးကိုင် လုပ်ဆောင်ခဲ့သည်။ ဥရောပတိုက်တွင်
ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု တွေမှာ ကဒါဖီ၏ လက်ချက်နှင့်မကင်း။
၁၉၈၄ ခုနှစ် တွင် လန်ဒန်မြို့ရှိ လစ်ဗျားသံရုံးရှေ့
တွင်ဖြစ်ပွားခဲ့သောဆန္ဒပြမှုတွင် သံရုံးထဲမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့်
ဗြိတိန်နှင့်လစ်ဗျားဆက်ဆံရေး ပျက်ပြားခဲ့သည်။ နောက်သုံးနှစ်အကြာတွင်တော့
အမေရိကန်နှင့် လစ်ဗျားဆက်ဆံရေးလည်း ယိုယွင်းလာခဲ့သည်။

အာဏာရှင်စနစ်၏ ခါးသီးလှသော အုပ်ချုပ်မှုစနစ်ကို မုန်းတီးသော၊
လွတ်လပ်ပွင့်လင်းသော၊ တရားမျတမှုရှိသော၊ လူနေမှုဘ၀ကို နှစ်သက်သည့်
ကမ္ဘာ့ပြည်သူများကလည်း ကဒါဖီသေဆုံးသည့်အတွက် လစ်ဗျားပြည်သူများနှင့်အတူ
ထပ်တူထပ်မျှခံစားကြရမည်။

ကဒါဖီ၏ လုပ်ရပ်ကလည်း ပို၍ လက်ရဲဇက်ရဲနိုင်လာသည်။
အိမ်နီးချင်းချာ့ဒ်နိုင်ငံကိုလည်း အကြမ်းဖက်သမားများနှင့်
လူသတ်သမားများကို ငွေကြေးများပံ့ပိုးစေလွှတ်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင်
လစ်ဗျားနိုင်ငံက ငွေကြေး ထောက်ပံ့ပေးထားသည့်
ပါလက်စတိုင်းအစွန်းရောက်များက ရောမမြို့နှင့် ဗီယာနာမြို့လေဆိပ်များအား
တိုက်ခိုက်စီးနင်းမှုတွေပြုလုပ်ခဲ့သည်။ အဆိုးရွားဆုံးနှင့်
အကြီးမားဆုံးတိုက်ခိုက်မှုကတော့ ၁၉၈၈ ခုနှစ်တွင် Pan Am လေကြောင်းလိုင်းမှ
လေယာဉ်အား လော့ကာဘီမြို့အနီးတွင် ဖောက်ခွဲမှုပင်ဖြစ်သည်။ သို့ဖြင့်
လစ်ဗျားအကြမ်းဖက်သမားများသည် ကမ္ဘာ့က အလိုရှိဆုံး အကြမ်းဖက်သမားများ
စာရင်းတွင် ထိပ်ဆုံးနေရာမှ ပါဝင်ခဲ့ သလို ၁၉၉၂ ခုနှစ်မှာတော့ ကုလသမဂ္ဂက
လစ်ဗျားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု များပြုလုပ်ခဲ့သည်။

ကမ္ဘာ့က မည်ကဲ့သို့ပင် အရေးယူမှုတွေ ပြုလုပ်လင့်ကစား ကဒါဖီကတော့
ပန်းပန်လျက်ပင်ရှိသည်။ ပြည်တွင်းမှာလည်း မည်သူကိုမျှ ယှဉ်ပြိုင်ဘက်မထားဘဲ
နှိမ်နင်းခဲ့သလို၊ နိုင်ငံတကာတွင်လည်း အကြမ်းဖက်တိုက်ခိုက်မှု တွေကို
နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်လျှက်ရှိသည်။ လစ်ဗျားနိုင်ငံနှင့် ကဒါဖီ၏
ကံကြမ္မာသည် တစ်ဆစ်ချိုး ကွေ့ပြောင်းလဲလာရသည့် ဖြစ်စဉ်ကတော့ အာရပ်နွေ
ဦးတော်လှန်ရေးပင်ဖြစ်သည်။ အာရပ်ကမ္ဘာတွင် ဖြစ်ပေါ်ခဲ့ သော ပြည်သူလူထု၏
အုံကြွမှုနှင့် ဆန္ဒပြမှုများသည် အာဖရိကတိုက်သို့ပင် ပျံ့နှံ့လာခဲ့သည်။
တော်လှန်ရေးဒီရေသည် တစ်စထက်တစ်စ မြင့်တက်လာသည်။ တော်လှန်ရေးဒီရေသည်
ဖေဖော်ဝါရီလတွင် လစ်ဗျားနိုင်ငံသို့ အရှိန်ဟုန်ပြင်းစွာဖြင့်
ရောက်ရှိလာသည်။ ၄၂ နှစ်ကျော်မျှ ပြည်သူလူထုအား ရက်စက်ပြင်းထန်စွာ
နှိပ်ကွပ်ခဲ့သော ကဒါဖီနှင့်တပ်ဖွဲ့ဝင်များ၏ အာဏာ ရှင်စနစ်ကို ပြည်သူတွေက
တွန်းလှန်ခဲ့သည်။ လက်နက်ဖြင့် အုပ်ချုပ်ခဲ့ သော ကဒါဖီနှင့်
သူ၏တပ်ဖွဲ့ဝင်များကို လစ်ဗျားပြည်သူများက ပြည်သူ့ဆန္ဒကို
ထုတ်ဖော်ခဲ့သည့်နည်းလမ်းအပြင် လက်နက်ကိုင်ဆောင်ထားသော
သူပုန်တပ်ဖွဲ့များကလည်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ် ဆောင်ခဲ့ကြ
သည်။ လစ်ဗျားတော်လှန်ရေးကို နေတိုးတပ်ဖွဲ့များက လေကြောင်းမှ
ကူညီမှုတွေပေးခဲ့သည်။ ဤသို့ဖြင့် ကဒါဖီသည် ရာထူးမှနေ၍
ဖြုတ်ချပစ်ခံခဲ့ရသည်။ သူ့တွင် သြဇာအာဏာမရှိတော့။ သူ့နံဘေးတွင် သူ့ကို
သစ္စာခံ ထားသည့်တပ်ဖွဲ့ဝင်များသာ ရှိသည်။ ပြည်သူလူထုက သူ့ဘက်တွင်
မရှိတော့။ ကဒါဖီ ၄၂ နှစ်ကျော် ထီးနန်းစိုက်ရာ မြို့တော်ထရီပိုလီမှ
ထွက်ခွာစွန့်ပြေးခဲ့သည်။ သူဘယ်ပျောက် ဘယ်ရောက်နေသည်ကို မသိရအောင်
ပျောက်ခြင်းမလှ ပျောက်နေသည်။ သူမွေးဖွားရာ ဇာတိရပ်ကြွေမွေးရပ်မြေ
ဆာ့တ်မြို့သို့ ရောက်နေပြီဟူသော သတင်း တွေပျံ့နှံ့နေချိန်တွင်
တော်လှန်တပ်ဖွဲ့များက ထရီပိုလီကို သိမ်းပိုက်နိုင်ခဲ့လေသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ယာယီအသွင်ကူးပြောင်းရေးကောင်စီတို့သည်
ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး တစ်ချိန်တစ်ခါက အိပ်မက်ပင်
မမက်ဖူးထားသော၊ လွတ်လပ်မျှတသော ဒီမိုကရေစီစနစ် ဖော်ဆောင်မည်ဟူသော
ကတိက၀တ်ကို ရရှိထားပြီးဖြစ်သည်။

ကြားဖြတ်အစိုးရ၀န်ကြီးချုပ် မာမွတ်ဂျီဘရီးလ်က ကဒါဖီလက်ရုံးလည်းဖြစ်၊
သားလည်းဖြစ်သူ ဆာအိဖ်အယ်လ်အစ္စလမ်အယ်ကဒါဖီကို လက်ဝယ်ဖမ်းဆီးရမိပြီဆိုပါက
လစ်ဗျားနိုင်ငံတွင် ရုံးတင်စစ်ဆေး ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တချို့အရေးပါသည့် ပုဂ္ဂိုလ်များကို သည်ဟိဂ်တရားရုံးသို့
ပို့ဆောင်စေမည်ဖြစ်သည်။

ပြည်သူလူထု၏ ဆန့်ကျင်မှု ဆန္ဒပြပွဲများ၊ ထိုမှတစ်ဆင့်လက်နက်
ကိုင်တော်လှန်မှုများ၊ နေတိုးတပ်ဖွဲ့ဝင်များ၏ လေကြောင်းမှ
တိုက်ခိုက်မှုတို့နှင့်အတူ နေရပ်ဒေသသို့ ထွက်ပြေးခဲ့ရသူ
ဗိုလ်မှူးကြီးဟောင်းကဒါဖီသည် အောက်တိုဘာလ ၂၀ ရက်နေ့ တွင် ကျည်သင့်ပြီး
သေဆုံးခဲ့ရပြီ။ ကဒါဖီ သေဆုံးသည့် သတင်းနှင့် ဖြစ်စဉ်ကို
နိုင်ငံတကာရုပ်သံလိုင်းတွင် တရစပ်ထုတ်လွှင့်ပြသခဲ့သည်။

ရက်စက်ကြမ်းကြုတ်စွာဖြင့် တိုင်းပြည်အုပ်ချုပ်ခဲ့သော ကဒါဖီ
သေဆုံးခဲ့ရသည့်အတွက် လစ်ဗျားပြည်သူများကတော့
ဝမ်းနည်းကြေကွဲမှုတွေမခံစားရဘဲ ပျော်ရွှင်မှု၊ ကြေနပ်မှုတွေသာ ခံစားရမည်မှာ
သေချာလှသည်။ ကဒါဖီ၏ အကြမ်းဖက်သမားများကြောင့် အသက်များစွာ
ဆုံးရှုံးခဲ့ရသည့် နိုင်ငံတကာမှ ပြည်သူများသည် ကဒါဖီကျဆုံးခဲ့ခြင်းကြောင့်
ဝမ်းမြောက်ဝမ်းသာဖြစ်ကြမည်မှာ သေချာလှသည်။ ထို့အတူ အာဏာရှင်စနစ်၏
ခါးသီးလှသော အုပ်ချုပ်မှုစနစ်ကို မုန်းတီးသော၊ လွတ်လပ်ပွင့်လင်းသော၊
တရားမျတမှုရှိသော၊ လူနေမှုဘ၀ကို နှစ်သက်သည့် ကမ္ဘာ့ပြည်သူများကလည်း
ကဒါဖီသေဆုံးသည့်အတွက် လစ်ဗျားပြည်သူများနှင့်အတူ
ထပ်တူထပ်မျှခံစားကြရမည်မှာ သေချာလှသည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် နိုင်ငံတကာမှ ပြည်သူများသည်
ကဒါဖီခေတ်လွန် လစ်ဗျားနိုင်ငံ၏ ဒီမိုကရေစီဖြစ်ထွန်းရေးကို
ဝိုင်းဝန်းကူညီထောက်ပံ့ရန် အချိန်ကျရောက်နေပြီဖြစ်သည်။
လစ်ဗျားပြည်သူများ၏ အောင်ပွဲသည်ပင် ကဒါဖီ၏ နိဂုံးဖြစ်လေသည်။

Written by မြတ်သစ်

Ref:1-Colonel Gaddafi's End,
2-Tony Wheeler's ; Bad Lands.
3-David Crystal; The Cambridge Paperback Encyclopedia.

အစိမ်းရောင်လေ့ကျင့်ခန်းများ

ကျွန်မတို့ဟာ မိမိရဲ့ အလုပ်နဲ့ အိမ်၊ အိမ်နဲ့အလုပ် နေ့စဉ်
အချိန်ကုန်နေရာကနေ စိမ်းလန်းစိုပြေနေတဲ့ ပန်းခြံလို၊ ဥယျာဉ်လို
နေရာမျိုးတွေ၊ ဒါမှမဟုတ် သစ်ပင်တွေ၊ အစိမ်းရောင် ရှုခင်းတွေ ပေါတဲ့
တောင်ပေါ်မြို့တွေလို နေရာတွေကို ရောက်သွားတဲ့အခါ စိတ်ဖိစီးနေတာတွေ၊
ပန်ပင်း နွမ်းနယ်နေတာတွေ ပြေပျောက် လန်းဆန်းသွားတာကို ကိုယ်တိုင်လည်း
ကြုံဖူးကြမှာပါ။ ဒါဟာ အစိမ်းရောင် ရှိတဲ့ သစ်ပင်တွေ၊ တောတောင်တွေရဲ့
စွမ်းအားကြောင့်ပါဘဲ။ အစိမ်းရောင်ဟာ လူတွေရဲ့စိတ်ကို ကြည်လင်
ချမ်းမြေ့စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်ဆိုတာ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။
လူတိုင်းဟာ မိမိရဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားကို
ပြုလုပ်သင့်သလို အစိမ်းရောင် လေ့ကျင့်ခန်း ဆိုတာကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။ အစိမ်းရောင် လေ့ကျင့်ခန်းဆိုတဲ့ စကားလုံးနဲ့
အနည်းငယ် စိမ်းနေကောင်း စိမ်းနေပါလိမ့်မယ်။ သို့သော်လည်း
အကြောင်းအရာကတော့ လူတိုင်း သိပြီးသား အကြောင်းအရာသာ ဖြစ်ပါလိမ့်မယ်။


အစိမ်းရောင်လေ့ကျင့်ခန်းက တစ်ခြားမဟုတ်ပါဘူး.. မိမိအနီးနား
ဝန်းကျင်တွေမှာ ရှိတတ်တဲ့ ပန်းခြံ၊ သစ်ပင်တောအုပ်၊ ဥယျာဉ် စတဲ့
သဘာဝနဲ့တူအောင် ပြုပြင်ထားတဲ့ အပင်စိမ်းစိမ်းတွေ ရှိတတ်တဲ့
ပတ်ဝန်းကျင်မှာ ငါးမိနစ်ခန့်မျှ ဖြစ်စေ အနားယူ အပန်းဖြေတာမျိုး၊
ကိုယ်လက်လှုပ်ရှား လုပ်ပေးတာမျိုးနဲ့ အပင်လေးတွေကို ပြုစု
စောင့်ရှောက်တာမျိုးကို အစိမ်းရောင် လေ့ကျင့်ခန်းလို့ ဆိုပါတယ်။ သင်ဟာ
စိတ်ရော ကိုယ်ပါ မျှမျှတတ ကျန်းမာချင်တယ်ဆိုရင်
ကိုယ်ခန္ဓာလေ့ကျင့်ခန်းအပြင် အိမ်အပြင်ဘက်က စိမ်းလန်းတဲ့ ပတ်ဝန်းကျင်မှာ
တစ်နေ့ကို ၅မိနစ်ခန့်တော့ မဖြစ်မနေ အချိန်ပေး နေထိုင်သင့်တယ်လို့
ပညာရှင်များက အကြံပြုကြပါတယ်။ လေ့လာဆန်းစစ်ချက်များအရ
စိမ်းစိုလန်းဆန်းနေတဲ့ သစ်ပင်တွေရှိရာ ပန်းခြံ၊ ဥယျာဉ်၊ တောတောင်၊
သစ်တောတို့မှာ ငါးမိနစ်ခန့် လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်း၊
သီးပင်စားပင်၊ ပန်းအလှပင်များ စိုက်ပျိုးပြုစုခြင်း၊ စက်ဘီးစီးခြင်း၊
တောင်တက်ခြင်း၊ ကိုယ်လက် လှုပ်ရှား ပြုလုပ်ခြင်း၊ မြစ်ချောင်း၊
ရေကန်တို့မှာ ငါးမျှားခြင်း စသည်တို့ကို ပြုလုပ်ပေးပါက စိတ်ရဲ့
ကျန်းမာကြံ့ခိုင်ရေးကို အထူးဘဲ ကောင်းမွန် တိုးတက်စေနိုင်တယ်လို့
Environmental Science and Technology မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ
အိမ်၊ ခန်းမ စတဲ့ နေရာအတွင်းမှာ လေ့ကျင့်ခန်း လုပ်တာထက် ပိုပြီး
အကျိုးသက်ရောက်မှု ရှိပါတယ်။ အစိမ်းရောင် လေ့ကျင်းခန်းကို
ပြုလုပ်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုနဲ့ စိတ် မကြည်မလင် ညစ်နွမ်း
နေတာတွေကိုပါ လျော့ပါးသက်သာ စေနိုင်တာကြောင့် အစိမ်းရောင် လေ့ကျင်းခန့်
ပြုလုပ်တဲ့ အလေ့အထကို ပြုစု ပျိုးထောင်သင့်ပါတယ်။ မိမိအိမ်
ခြံဝင်းတွင်းမှာသော်လည်းကောင်း သို့မဟုတ် အနီးတစ်ဝိုက်က အစိမ်းရောင်
ရှုခင်းများ၊ သစ်ပင်များရှိရာ နေရာတို့မှာ သော်လည်းကောင်း အဆင်ပြေတဲ့
နေရာမှာ အစိမ်းရောင် လေ့ကျင့်ခန်းကို ပြုလုပ်နိုင် ပါတယ်။ အစိမ်းရောင်
လေ့ကျင့်ခန်း ပြုလုပ်ဖို့ အကောင်းဆုံး ပတ်ဝန်းကျင် အနေ အထားဟာ
ဘေးပတ်ဝန်းကျင်မှာ ရေကန်၊ ရေအိုင်၊ မြစ်ချောင်း စသည်တို့ရှိပါက ပိုပြီး
ထိရောက် ကောင်းမွန်တယ်လို့လည်း ပညာရှင်များက အဆိုပြုကြပါတယ်။ ပင်လယ်
ကမ်းခြေဟာလည်း ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် အလွန်အကျိုးရှိစေတဲ့
ပတ်ဝန်းကျင်တစ်ခုထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။


အစိမ်းရောင်ပေါများတဲ့ သဘာဝပတ်ဝန်းကျင်၊ မြစ်ချောင်း၊ ရေအိုင်၊ ပင်လယ်
ကမ်းခြေတို့မှာ ရှိနေတဲ့ လေထုဟာ လူနေ အိမ်ခြေ ထူထပ်တဲ့နေရာ၊
မိမိနေထိုင်တဲ့ တိုက်ခန်းလိုနေရာ၊ ကား အသွားအလာ ရှုပ်ထွေးတဲ့
နေရာတွေထက်စာရင် အများကြီး သန့်စင်နေမှာ ဖြစ်တဲ့အတွက် အဲဒီလို
နေရာတွေမှာ လေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့်လည်း အဆုပ်ကို
သန့်ရှင်းတဲ့လေတွေ ပိုမို ဝင်ရောက်ခွင့်ရတဲ့အတွက် အဆုပ်ရဲ့ကျန်းမာရေး
ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ အဲဒီလို ပင်လယ်ကမ်းခြေနဲ့
ရေကန်ရေအိုင်တွေရှိတဲ့ ပတ်ဝန်းကျင်၊ အစိမ်းရောင် သစ်ပင်တွေရှိတဲ့
ပတ်ဝန်းကျင်မှာ အချိန်ကြာကြာ နေထိုင်လေ ကျန်းမာရေးအတွက်
အကျိုးရှိလေဖြစ်သော်လည်း သင့်အတွက် အချိန်အများကြီး မဟုတ်တောင်
၅မိနစ်လောက် သွားလာ နေထိုင် လှုပ်ရှားယုံနဲ့တင် စိတ်နဲ့ ကိုယ်ခန္ဓာ
ကျန်းမာရေးအတွက် လုံလောက် မျှတစေနိုင်တယ်လို့ ဆိုပါတယ်။

မိမိအိမ်တွင်း၊ တိုက်ခန်း၊ စသည်တို့ရဲ့ အတွင်းထဲမှာသာ အမြဲတမ်း
နေထိုင်သူများ၊ တစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်တတ်သူများ၊ ရယ်ဒီမိတ်
အစားသောက်ကိုသာ အများအားဖြင့် စားသောက် တတ်ကြသူများထက် သဘာဝပတ်ဝန်းကျင်
သစ်ပင်တောတောင်၊ ရေချောင်း၊ ရေကန်၊ ပင်လယ်ကမ်းခြေ စသည်တို့မှာ
နေထိုင်သူများ၊ အုပ်စုအဖွဲ့များ၊ အပေါင်းအသင်း မိတ်ဆွေများဖြင့်
လှုပ်ရှားသွားလာ တတ်ကြသူများ၊ အသီးအနှံ လတ်လတ်ဆတ်ဆတ်တို့ကို
စားသောက်တတ်ကြသူများဟာ ကျန်းမာရေး ပိုမိုကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။


အချိန်မရှိလို့၊ အလုပ်များလို့ စသဖြင့် ဆင်ခြေပေးကောင်း ပေးကြပါလိမ့်မယ်။
အချိန်များများ မဟုတ်ပါဘူး။။ ငါးမိနစ်လောက် နေ့စဉ်အချိန်ပေးပြီး
အစိမ်းရောင် လေ့ကျင့်ခန်းကို ပြုလုပ်ကြည့်ပါ။ သင့်ရဲ့ စိတ် အခြေ အနေဟာ
သိသိသာသာ တိုးတက် ကောင်းမွန်လာပါလိမ့်မယ်။ ဥပမာ ရုံးကို ကားနဲ့
သွားတတ်သူတစ်ဦးဟာ မိမိရဲ့ကားကို ရုံးနဲ့ မိုင်ဝက်ခန့်ဝေးတဲ့နေရာမှာ
ပါကင်ထိုးပြီး မိုင်ဝက်ခန့် လမ်းလျှောက်ပေးခြင်း၊ နေ့လည်စာ
စားချိန်ကိုလည်း မိမိကွန်ပျူတာဘေးမှာ စားသောက်ခြင်း၊ အလျင်စလို
စားသောက်ပြီး အလုပ်ထဲ အမြန်ပြန်ဝင်ခြင်းထက် မိမိကို
ပေးထားတဲ့အချိန်မကုန်မချင်း ပြင်ပ ဝန်းကျင်ကို ထွက်ပြီး လေညှင်းခံခြင်း၊
သဘာဝ ပတ်ဝန်းကျင် အလှအပများကို ခံစားခြင်း၊ မိမိကလေးကို
ကျောင်းပို့ကျောင်းကြို ပြုလုပ်ရာတွင် အိမ်မှ ကျောင်းသို့ တောက်လျောက်
ကားမောင်း သွားခြင်းထက် ပန်းခြံ၊ ရေကန်တို့ရှေ့မှာ ခေတ္တခဏ ရပ်နားပြီးမှ
သွားခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။


Jules Pretty နဲ့ Jo Barton တို့နှစ်ဦး သိပ်မကြာခင်ကမှ သုတေသန
ပြုလုပ်ထားတဲ့ လေ့လာချက် ဆယ်ခုမှာ လူပေါင်း ၁၂၅၂ဦးကို ဆန်းစစ်
လေ့လာချက်များ အရ အစိမ်းရောင် ပတ်ဝန်းကျင်မှာ လေ့ကျင့် ခန်း
ပြုလုပ်ခြင်းဟာ မူလထက် စိတ်ကြည်လင် ငြိမ်းချမ်းမှု ပိုမို ရရှိလာတယ်၊
ကိုယ်ခန္ဓာရဲ့ ကျန်းမာရေး လည်း ပိုမိုတိုးတက် ကောင်းမွန်လာတယ်လို့
သိရပါတယ်။ ဒါကြောင့်လည်း အစိမ်းရောင် သစ်ပင်တွေ များများရှိတတ်တဲ့
နေရာမျိုးတွေမှာ မိမိ တစ်ဦးတည်းသော်လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်း၊
အစုအဖွဲ့များနဲ့ သော်လည်းကောင်း ခဏတာ လေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်းဟာ
ငွေကုန်ကြေးကျ မများလှတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်ပါတယ်။။
အစိမ်းရောင် ပတ်ဝန်းကျင်မှာ လှုပ်ရှား သွားလာ နေထိုင်ခြင်းအားဖြင့် မိမိ
အလုပ်ကြောင့် သော်လည်းကောင်း၊ ရှုပ်ထွေးတဲ့ ဘဝ နေထိုင် မှုကြောင့်
သော်လည်းကောင်း ဖြစ်ပေါ်လာတတ်တဲ့ စိတ်ဖိစီးမှုများခြင်း သူတစ်ပါးအပေါ်
မကျေနပ် ဒေါသ ကြီးခြင်း၊ မနာလိုစိတ် များပြားကြီးမားခြင်း၊ စိတ်ရှုပ်ထွေး
စိတ်ဓာတ်ကျခြင်း စသည်တို့ကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။


ကျန်းမာရေးအတွက် အကျိုးကျေးဇူးကြီးမားလှတဲ့ အစိမ်းရောင် လေ့ကျင့်ခန်းကို
ကျွန်မတို့အနေနဲ့ တတ်အားသမျှ လုပ်ဆောင်ကြည့်ကြပါစို့လားနော်။


Ref: Dr. Jo Barton ( The benefits of green exercise )
Jo Barton, Jules Pretty (What is the Best Dose of Nature and Green
Exercise for Improving Mental Health? )

Credit: http://www.missgreenlady.com/2011/10/blog-post_27.html

ရခိုင်မုန့်တီဟင်းခါး (သို့မဟုတ်) အာပူလျှာပူ

ထမင်းနဲ့ဟင်းစားရတာ ကြာလာတော့ ရိုးအီသလို ခံစားရတယ်ဆိုရင်
စားဖို့ကောင်းပြီး အဆင်ပြေမယ့်အစားအစာကို လုပ်စားသင့်တာပေါ့ နော်။
အများတကာက အာပူလျှာပူလို့ခေါ်တဲ့ အမှန်တကယ်တော့ ရခိုင်မုန့်တီဟင်းခါးကို
အပြောင်းအလဲလေးဖြစ်အောင် လုပ်စားကြည့်ကြ ရအောင်။
များသောအားဖြင့် ထည့်မယ့်ငါးကို ပေါပေါများများရတဲ့
ငါးအမျိုးအစားတွေနှင့်ချက်ပြုတ်တတ်ပါတယ်။ ကျွန်တော်ကတော့ အရသာချို
စိမ့်ဖြစ်အောင် ငါးရံ့နှင့်ချက်မယ်လို့ စဉ်းစားထားပါတယ်။ ပြီးတော့ ပတဲကော
ဥကိုဝယ်ဖို့အဆင်ပြေရင်တော့ ပူစပ်ခါးအရသာဖြစ်ဖို့အတွက်
ဟင်းရည်ထဲထည့်ပြုတ်ရခြင်းဖြစ်ပြီး မရှိသောသူများကတော့ ငရုတ်ကောင်းကို
ပိုပိုသာသာထည့်ပြီးစားကြပါတယ်။
လိုအပ်သောပစ္စည်းများ
- မုန့်ဖတ် (မုန့်ဟင်းခါး နန်းသေး) - တစ်ပိဿာ၊
ငါးရံ့ ငါးဆယ်သား၊
ကြက်သွန်ဖြူ တစ်ဆယ်သား၊
စိမ်းစားမျှင်ငါးပိ သုံးကျပ်သား၊
ပတဲကော ဥငယ်တစ်ဥ၊
ဆီ နှစ်ဆယ်ကျပ်သား၊
နံနံပင် ငါးကျပ်သား၊
ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးအကျက်မှုန့် အနည်းငယ်၊
ငရုတ်သီးစိမ်း တစ်ဆယ်သား၊
ငံပြာရည်ကောင်းကောင်း နှစ်ဆယ်သား၊ စပါးလင်ပင် နှင်ပင်၊
ဆား^အရသာမှုန့် အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
မုန့်ဖတ်ကို ပထမဆုံး သံဆန်ခါ သို့မဟုတ် နှီးဆန်ခါထဲတွင်ထည့်ပြီး
ရေနွေးပူပူဖြင့် လောင်းပြီး ရေစစ်ထားပါ။ ၀ယ်လာသောငါးရံ့ (အရေခွံ
ဆုတ်ပြီးသား) ကိုနှစ်ပိုင်းပိုင်းပြီး ရေမြှုပ်ရုံလေးထည့်ကာပြုတ်ပါ။
ပြုတ်ပြီး အအေးခံပါ။ နူးအောင်ပြုတ်ထားသော ငါးတုံးများအေးလျှင်
ရေစစ်ယူပြီး အရိုးနွှင်ကာ အသားဖတ်ချည်း ယူပါ။ အရိုးကို ပြုတ်ရည်ထဲသို့
ထည့်ပြီး မျှင်ငါးပိ၊ ငံပြာရည်နှင့် အရသာမှုန့်၊ ပတဲကောဥ၊ စပါးလင်၊
ကြက်သွန်နီဥ အနည်းငယ်ထည့်ကာ ပြုတ်ရေကို ပွက်ပွက်ဆူအောင် တည်ပါ။
ဆယ်ယူထားသော ငါးအသားဖတ်များကို ကြေအောင် မွနယ်ပြီး ဒယ်အိုးထဲသို့
ဆီအနည်းငယ်ထည့်ကာ ငါးဖတ်များကို အမှုန့်ဖြစ်အောင် လှော်ပါ။
ငါးပြုတ်ရည်ထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊စပါးလင်၊ ပတဲကော၊
ငရုတ်ကောင်းနှင့် ငါးပိစပ်ကာ အရသာကိုကြိုက်နှစ်သက်သလို မြည်းကြည့်ပါ။
ငရုတ်သီးပွက်ကို စေးညက်နေအောင်ထောင်းပြီး အနှစ်သားရသည်အထိ ဆီသတ်ချက်ပါ။
မန်ကျည်းသီးအနှစ်ကို ပျစ်ပျစ်အရည်ဖျော်ကာ အနှစ်ချယူပြီး မီးဖိုပေါ်မှာ
ပွက်ပွက်ဆူအောင်တည်ပြီး မန်ကျည်းနှစ်ကိုအအေးခံပါ။ နံနံပင်ကိုလည်း
ရေစင်အောင် သန့်စင်စေပြီး နုတ်နုတ်သေးသေးဖြတ်ထားပါ။ကျိုပြီးသား ငံပြာရည်၊
ငရုတ်သီးအကျက်မှုန့် အနည်းငယ်တို့လည်း ပန်းကန်တစ်ပန်းကန်စီ အသင့်ထားပါ။
ထို့ပြင် ငရုတ်သီးစိမ်း(ကာလီသီး) စပ်စပ်ကို ရေနွေးဖျောကာ
ညက်အောင်ထောင်းပြီး ရေကျက်အေးဖြင့် ဖျော်ထားပါ။ ငရုတ်သီးစိမ်းကို
ရေနွေးပူပူဖြင့် ဖျောသည့်အခါတွင် ဆားနှင့် နနွင်းအနည်းငယ်ထည့်ပါ။
သို့မှသာ ငရုတ်သီးစိမ်းဖျော်စပ်ထားသည်ကိုစားလျှင် ဗိုက်နာခြင်းမှ
သက်သာပါသည်။
စားရန်ပြင်ဆင်ပုံ
မုန့်စားရန် အဆင်သင့်ဖြစ်စေဖို့ လိုအပ်သည်များကို ပြင်ဆင်သည့်အခါတွင်
လှော်ထားသော ငါးမှုန့်၊ ကြက်သွန်ဖြူဆီချက်ပန်းကန်တို့ကိုပါ ထားရပါသည်။
မုန့်ဖတ်တွင် ချဉ်ငန်စပ် စားလိုပါက ငရုတ်ကောင်းနိုင်နိုင်ဖြင့်ချက်ထားသော
ငါးပြုတ်ရည်ဆမ်းပြီးလျှင် မိမိတို့ကြိုက် နှစ်သက်သလို ငရုတ်ဆီချက်၊
ကြက်သွန်ဖြူဆီချက်၊ အငန်၊အစပ်၊အချဉ်တို့ကိုထည့်ကာ စားနိုင်ပါသည်။
ကဲ...သူငယ်ချင်းတို့ရေ...ပန်းကန်လုံးတစ်ခုထဲ မုန့်ဖတ်ကိုထည့်
၊ပြင်ဆင်ထားတဲ့ပစ္စည်းအမယ်များကို မျှတအောင်ကိုယ့်အကြိုက်အလိုက် ထည့်ကာ
ဟင်းရည်ပူပူလေးလောင်းထည့်၊ ပဲကပ်ကြော်ကြိုက်ရင်လည်းထည့် နံနံပင်လေးဖြူးကာ
အရသာရှိရှိစားသောက်ကြပါတော့လို့နော်..။





Tuesday, October 25, 2011

ဒါတွေ မပြင်နဲ့

ရန်ကုန်မြို့ လယ်ကောင်မှာ တိုက်ဟောင်းတွေ တော်တော် များများကို
ဖြိုလိုက်ပြီး အထပ်မြင့် တိုက်တွေ ဆောက်နေတာ သတိထား မကြည့်ရင်တောင်
တွေ့နေ ရပါပြီ။

(မန္တလေးမှာလည်း မြို့လယ် နေရာတွေကို ကျောက်စိမ်း ကိုကိုတွေ ၀င်ရောက်နေရာ
ယူလို့ မြန်မာ စစ်စစ်တွေ မြို့ပြင်ကို ရောက်နေပါပြီ။) ဆိုတော့ကာ
နောက်ဆိုရင် ရန်ကုန်မြို့မှာ ရပ်ကွက် ဓလေ့လေးတွေ ပျောက်ကွယ်
ကုန်ပါတော့မယ်။ အိမ်နီးချင်း ဆိုပြီး တံခါးမရှိ ဓားမရှိ ၀င်ထွက်
သွားလာတာမျိုး၊ အိမ်သော့ ပေးခဲ့တာမျိုး၊ မုန့်တွေစုပြီး
လုပ်စားကြတာမျိုး၊ ကလေးထိန်းဖို့ ဘေးအိမ်ကို အပ်ခဲ့တာမျိုး စသဖြင့်ခေတ်
အဆက်ဆက်က ဓလေ့ စရိုက်တွေ ပပျောက် သွားပါတော့မယ်။

အခန်းပေါင်း ၃၊ ၄၀ ပါမယ့် တိုက်တစ်တိုက်မှာ တစ်ခန်းနဲ့ တစ်ခန်း
မေးထူးခေါ်ပြော အဆင့်တောင် မရှိကြတာမျိုး၊ မျက်နှာချင်းဆိုင် အခန်းမှာ
ဘယ်သူနေမှန်း မသိတာမျိုး၊ ကိုယ့် အခန်းတွင်းက ထွက်လိုက်တာနဲ့ ကိုယ်နဲ့
ဘာမှ မဆိုင်တော့ ဘူးဆိုတဲ့ အတွေးမျိုးနဲ့ နေထိုင်ကြတဲ့ မြို့ကြီးသား
အချို့လည်း ရှိလာကြပါပြီ။ အသစ်သစ်သော တိုက်ခန်းများ မှာလည်း ထိုသို့သော
သူမျိုးများ တိုးပွားလာမှာ မုချ မလွဲပင်။ ပိုဆိုးတာက ခေတ်စနစ်ရဲ့
လိုအပ်ချက်အရ အိမ်သူ အိမ်သားတိုင်း အချိန်ပြည့် အလုပ်ထွက်လုပ် နေကြ ရသလို
အိမ်နီးနားချင်း များအပေါ် ရှေးယခင်ကလို ဂရုတစိုက် မရှိနိုင်တော့။
ကိုယ့်အလုပ် တွေနဲ့ကိုယ် မအားနိုင်ကြ တော့ဘူးကိုး။ ကျွန်တော်ကတော့
မြန်မာပီပီ အိမ်နီးနား ချင်းတွေဆီ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်၊
လိုတာရှိတောင်း၊ ပေးစရာ ရှိပေး၊ နွေးနွေး ထွေးထွေး ဓလေ့စရိုက် များကို
မပြုပြင် စေလိုသေးပေ။

ဇာတိရင်းမြစ် ဖြစ်တဲ့ မြင်းခြံမြို့အနီး ကန်ဆင့်ဆိုတဲ့ ရွာလေးကို မကြာ
သေးမီက ရောက်ခဲ့ပါတယ်။ ရွာကို ရောက်ရောက်ချင်း ကျွန်တော် ပထမဆုံး
တောင်းဆို မိတာက ထန်းရည်တောထဲ မှာ ထန်းရည်စစ်စစ် သောက်ချင်တာပါ။
ကျွန်တော့် အမျိုးတွေ ကလည်း ကျွန်တော့် ဆန္ဒကို ဖြည့်ပေးရှာ ပါတယ်။
ဒါပေမဲ့- ဒါပေမဲ့ဗျာ။ ထန်းရည် တောထဲကို ဘာနဲ့ခေါ် သွားတယ်မှတ်သလဲ။
ဆိုင်ကယ်နဲ့ဗျ။ ကျွန်တော်က လမ်းလျှောက် သွားမယ်လို့ ပြောတာတောင် ဝေးပါတယ်
ဆိုပြီး ဆိုင်ကယ် နောက်ကိုတင်ကာ တဘူးဘူးနဲ့ ခေါ်သွားပါ တော့တယ်။ ထန်းတော
ထဲရောက်တော့ ထန်းမြူအိုးကို တွေ့တာနဲ့ အားရပါးရ သောက်ဖို့ဆိုပြီး
ခွက်ထဲငှဲ့ထည့် လိုက်တော့ ခွက်က တရုတ် တံဆိပ်တောင် မခွာရ သေးတဲ့ ဖန်ခွက်
အသစ် စက်စက်ကြီး ဖြစ်နေပြန်တယ်။ မြို့ကလာတဲ့ ဧည့်သည်မို့လို့ ဖန်ခွက်
အသစ်ထုတ် ပေးထားတယ် ထင်ပြီး အုန်းမှုတ်ခွက် တောင်းတော့ ထန်းရည်အိုး
လာချပေးတဲ့ ကောင်လေးက မျက်လုံးလေး ကလယ် ကလယ်နဲ့ ပြန်ကြည့်တယ်။ သူတို့
ထန်းတောထဲမှာ ဖန်ခွက်ပဲ သုံးပါသတဲ့။

ရပါတယ်လေ ဆိုပြီး ဖန်ခွက်နဲ့ တစ်မြူကုန်အောင် သောက်ပြီးတော့ ကျွန်တော့်
အစ်ကို ၀မ်းကွဲကို ရွာရဲ့ ကွမ်းတောင်ကိုင် ကောင်မလေး တစ်ယောက်လောက်
မြင်ဖူးတယ် ရှိအောင် ပြပါဗျလို့ ဂျီကျလိုက်တယ်။ ကျွန်တော့် အစ်ကိုက
"ငါ့ကောင်ရဲ့၊ ငါတို့ရွာမှာ ကွမ်းတောင်ကိုင် မရှိတာ ကြာပြီ"ဆိုပြီး
ခေါင်းကို တဗျင်းဗျင်း ကုတ်နေတယ်။ သူ့သူငယ်ချင်း တွေကလည်း ဒီကောင်နဲ့တော့
ဒုက္ခပဲ ဆိုပြီး တဟားဟားရယ် နေကြတယ်။ ကျွန်တော်က အတွန့်တက်ပြီး ဖက်စိမ်း
ကွမ်းတောင်တို့ ဘာတို့ သိလားလို့ မေးတော့ ကိုယ့်ဆရာသမားတွေ တစ်ယောက်မှ
မသိကြဘူး။ ဒါနဲ့ စကားစဖြတ်ပြီး ရွာထဲကို ဆိုင်ကယ်နောက်က ကားရားခွပြီး
ပြန်လိုက်ခဲ့ ရတယ်။

ညရောက်တော့ လည်းမီးစက်တွေ တအုန်းအုန်း မောင်းပြီး ကိုရီးယားကား ကြည့်ကြ၊
တရုတ်ကား ကြည့်ကြနဲ့ တော်ရုံ မအိပ်ကြဘူး။ သစ်ပင်ကြီးအောက်
ကွပ်ပျစ်ပေါ်မှာ ထိုင်ပြီး ပုံပြင် မပြောကြ ဘူးလား ဆိုတာကိုတော့ မေးမနေ
တော့ပါဘူး။ ကျွန်တော်ကတော့ မီးစက်သံတွေ ကြားထဲမှာ ထိုင်ရင်း ကျေးလက်ဓလေ့
စရိုက်တွေ မပျောက်သေးတဲ့ ရွာလေးတွေ ရှိပါသေးရင် မူလ ဇာစ်မြစ်စရိုက်
တွေကို မပြုပြင်ဖို့နဲ့ ဆက်လက် ထိန်းသိမ်းကြဖို့ တောင်းဆိုချင်တာ
ကလွဲလို့ ဘာမှ မတတ်နိုင်ဘဲ သူတို့နဲ့အတူ ကိုရီးယား ကားတွေ လိုက်ကြည့်
နေမိပါတယ်။

ကျွန်တော်တို့ ငယ်ငယ်က လက်ဖက်ရည် ဆိုင်ထိုင်တဲ့ အခါ လူကြီးတွေက
မနှစ်မြို့ကြ၊ တားမြစ်ကြပါတယ်။ အလကား အချိန်ဖြုန်းတယ် ဆိုပြီး ဆူပူကြ
ပါတယ်။ ၀တ္ထုတွေ ဖတ်ရင်လည်း ထိုနည်းလည်း ကောင်းပါပဲ။ ဒါပေမဲ့ အခုကျတော့-
သူငယ်ချင်းတွေနဲ့ ဘီယာဆိုင်မှာ ၀ိုင်းဖြစ်တဲ့ အခါတိုင်း သတိထားမိတာ
တစ်ခုရှိတယ်။ အနီးအနား ၀ိုင်းတွေမှာ ထိုင်နေတဲ့ ကောင်လေးတွေ
သိပ်ငယ်သေးတယ် ဆိုတာပဲ။ သူတို့နဲ့ ပါလာတဲ့ ကောင်မလေး တွေလည်း ငယ်ငယ်လေး
တွေပဲ။ တချို့ဆို ဆေးလိပ်ကို လက်ကြားက မချကြ။

အင်တာနက်ဆိုင် တွေမှာကော ဘာထူးလို့လဲ။ ကျောင်းဆင်းချိန်ဆို အဖြူ
အစိမ်းတောင် မလဲကြဘဲ အပြေးအလွှား ချက်နေ လိုက်ကြတာ။ ကောင်လေးတွေရော
ကောင်မလေး တွေရော တစ်ပုံတစ်ပင်။ ကျွန်တော်တို့ ငယ်ငယ် တုန်းကလို
ကာတွန်းတွေ မဖတ်ကြတော့ ဘူးလား။ ရပ်ကွက်ထဲမှာ စုဖွဲ့ မကစားကြ တော့ဘူးလား။
လက်ဖက်ရည် ဆိုင်တွေမှာ ဖတ်ခဲ့ဖူးတဲ့ ၀တ်္ထုတွေ အကြောင်း အာပေါင်
အာရင်းသန်သန် မငြင်းခုံကြ တော့ဘူးလား။ ဘီယာဆိုင်မှာ ထိုင်တဲ့ သားသမီး
တွေရဲ့ မိဘတွေ ကကော လျစ်လျူရှုထား ကြတာလား။ ဒါမှမဟုတ် သူတို့သား သမီးတွေ
အကြောင်းကို မသိတော့ တာလား။ သိဖို့အချိန် မရှိတော့ တာလား။ ကျွန်တော်ကတော့
ကျွန်တော်တို့ ငယ်ငယ်တုန်း ကလို စာကျက်ချင် ယောင်ဆောင်ပြီး ကာတွန်း
ခိုးဖတ်ခဲ့ တာတို့၊ ၀ိုင်းထဲက ဂျင်ကို ကွဲသွားအောင် အားရှိ ပါးရှိထု
ချလိုက်တာတို့ စတဲ့ ဓလေ့ စရိုက်တွေကို မပြင်ကြ ပါနဲ့လို့ တောင်းဆိုချင်
ပါတယ်။

ခြေတစ်ဖက်ကို ခုံအပြင် ထုတ်ထားတယ်။ ကလင် ကလင် ဆိုတာနဲ့ ၀ုန်းခနဲ ထပြီး
ထွက်ပြေးတယ်။ စာကြည့်တိုက်ထဲ အရင်ဆုံး ရောက်မှ စာအုပ် အသစ်တွေကို
ဦးဦးဖျားဖျား ဖတ်ခွင့်ရမှာ မဟုတ်လား။ မဟုတ်ရင် ကိုယ့်ထက်ဦး ထားတဲ့
ကောင်တွေက မုန့်စားကျောင်း မတက်မချင်း ဖတ်နေတာနဲ့ အသစ်တွေ ဖတ်ခွင့်
မရတော့ပေ။ အခုတော့ ကျွန်တော်တို့ ကျောင်းက စာကြည့်တိုက် အခန်းဟာ
ကွန်ပျူတာ အခန်း ဖြစ်သွားပါပြီ။ စာကြည့်တိုက် လေးကတော့
ကျောင်းနောက်ဘက်မှာ မျက်နှာငယ်နေ ရှာပါတယ်။ သူ့ရင်ဘတ်ကို သော့ပိတ်ထားတာ
ကြာပါပြီ။ ကျောင်းသား တွေကလည်း အဖက် မလုပ်တော့။

အထက်တန်း ကျောင်းတင်ပဲလား ဆိုတော့ မဟုတ်သေး ပြန်ဘူး။ မြို့စွန်မြို့
ဖျားက တက်္ကသိုလ်ကြီး တွေမှာလည်း စာကြည့်တိုက် ဆိုတာ ကျောင်းသား
တွေစုစည်းရာ၊ ဗဟုသုတ ရှာဖွေရာ ရတနာ သိုက်ကြီး မဟုတ်တော့ ပါဘူး။
စာကြည့်တိုက် ထဲမှာ တွေ့ကြ၊ ချိန်းကြပြီး ချစ်သူတွေ ဖြစ်သွားတယ် ဆိုတာ
ဆရာ ငြိမ်းကျော်တို့၊ ဆရာ နွမ်ဂျာသိုင်းတို့ ၀တ္ထုတွေနဲ့ အတူ
ကျန်ခဲ့ပါပြီ။ အထက်တန်း ကျောင်းသားလေး တွေကလည်း အဖက် မလုပ်တော့သလို
တက္ကသိုလ် ကျောင်းသားကြီး တွေကလည်း အရေးတယူ မရှိတော့တဲ့ စာကြည့်တိုက်
တော်တော် များများဟာ သော့ခလောက်ကြီးတွေနဲ့ ဖြစ်နေတာ မဆန်းတော့ပေ။

ဒါပေမဲ့ တစ်ခု အားတက်စရာ ကတော့ မန္တလေး၊ မြင်းခြံ၊ ဖျာပုံစတဲ့
မြို့တော်တော် များများမှာ ပုဂ္ဂလိက တစ်ပိုင်တစ်နိုင် စာကြည့်တိုက်
လေးတွေ၊ စာဖတ်ဝိုင်း လေးတွေ ရှိနေတယ်လို့ ကြားတွေ့ရ ပါတယ်။ ကျေးဇူး
တင်ပါတယ်။ အဲဒီ စာကြည့်တိုက် လေးတွေ၊ စာဖတ်ဝိုင်း လေးတွေလည်း အင်တာနက်
ကဖီးတို့၊ ကာရာအိုကေ ခန်းမတို့ အဖြစ်ကို ပြောင်းလဲ မသွားအောင် ၀ိုင်းဝန်း
ထိန်းသိမ်းကြ ပါလို့ မေတ္တာရပ်ခံ လိုက်ရ ပါတော့တယ်။

မြေမှုန်လွင်
(Teen မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၁)

Monday, October 24, 2011

ဖျားနာခြင်း ( Fever ) အကြောင်း

ကမ္ဘာပေါ်မှာ လူတိုင်းလူတိုင်း မွေးစကနေ သေဆုံးတဲ့အချိန်အထိ ဖျားနာခြင်းကို
လူတိုင်း ကြုံတွေ့ဖူးကြမှာပါ ။ ခန္ဓာကိုယ် ကနေ လုပ်ဆောင်ချက်အားလုံးဟာ
ပုံမှန်ကဆင့် သွေဖီလာပြီဆိုရင်တော့ ဖျားနာခြင်းဆိုတာ ဟာ လက္ခဏာ
တစ်ခုအနေနဲ့ ၀င်ရောက်လေ့ရှိပါတယ် ။ လူကြီးတွေမှာ fever ၀င်ပြီဆိုရင်မ
သက်မသာ ခံစားရလေ့ ရှိပြီး ကိုယ်အပူချိန် 103' F (39.4 C) ထိ
မရောက်ခင်အထိတော့ ဖျားခြင်းဟာ အန္တရာယ် သိပ်မရှိ လှပါဘူး ။ လူငယ်တွေနဲ့
မွေးကင်းစကလေးတွေမှာတော့ အပူချိန်လေး နည်းနည်းတက်ခြင်းမှာတောင်မှ
ပြင်းထန်သော ပိုးဝင်မှု (Infection) ၀င်တာတွေ ဖြစ်နိုင်ပါတယ် ။

ဒါပေမယ့်လည်း ကိုယ်အပူချိန်ဘယ်လောက်များရင် ရောဂါ ရဲ့ ပြင်းထန်မှု
ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတတ်ပြော လို့မရပါဘူး ။
သာမန်ဖျားနာမှုလေးမှာလည်း ကိုယ်အပူချိန်အများကြီးတက်နိုင်သလို ပြင်းထန်တဲ့
ဖျားနာမှုတွေမှာလည်း အပူချိန်နည်းနည်းလေးပဲ ရှိနိုင်ပါတယ် ။
ပုံမှန်အားဖြင့် ရက်အနည်းငယ်ကြာရင် ကိုယ်အ ပူချိန်ကျသွားလေ့ရှိပါတယ် ။
တခါတရံ ဘာဆေးမှ မသောက်ပဲ နေခြင်းကလည်းပိုပြီးကောင်းမွန်ပါတယ် ။ တကယ်တော့
ကိုယ်အပူချိန်တက်ခြင်းဆိုတာ သင့်ရဲ့ ခန္ဓာကိုယ်ကနေ
ပြင်ပမှဝင်ရောက်လာတဲ့ပိုးမွှားတွေကို ပြန်လည် တိုက်ထုတ်တဲ့ ဖြစ်စဉ်
Mechanism တစ်ခုပဲဖြစ်ပါတယ် ။

ဖျားနာခြင်း၏ လက္ခဏာများ
သင့်ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ထက်အမြင့်မှာ ရှိနေပြီဆိုရင်တော့
သင်ဟာ Fever ရှိနေပါပြီ ။ ပုံမှန်ကိုယ် အပူချိန်ဟာ 98.6'F ( 37 C)
ရှိရမှာဖြစ်ပါတယ် ။ ဖျားနာခြင်းကို ဖြစ်စေတဲ့ ဇစ်မြစ်အချက် အလက်တွေအပေါ်
မူတည်ပြီးတော့ ရောဂါ လက္ခဏာတွေဟာလည်း ကွဲပြားခြားနားမှု ရှိနိုင်ပါတယ် ။
အဲဒါတွေကတော့

- ချွေးထွက်များခြင်း
- ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားများနာခြင်း
- အစားအသောက်ပျက်ခြင်း
- ရေဓါတ်ဆုံးရှုံးခြင်း
- မောပန်းနွမ်းနည်ခြင်း စသည်တို့ဖြစ်ပါတယ် ။

အပူချိန်တွေအရမ်းမြင့်တဲ့ 103'F (39.4C ) နဲ့ 106 ' F (41.1'C ) ကြားမှာဆိုရင်တော့

- ထင်ယောင်ထင်မှားဖြစ်ခြင်း
- သတိလစ်ခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- တက်ခြင်း
- ရေဓါတ်ဆုံးရှုံးခြင်းစသည်တို့ဖြစ်ပါတယ် ။

မွေးကင်းစကလေးငယ်တွေမှာ ရှင်းပြလို့မရနိုင်တဲ့ Unexplained fever ဟာ
လူကြီးတွေ ထက်ပိုပြီး အဖြစ်များ ပါတယ် ။ ကလေးငယ်ဟာ အပူချိန် 101'F (38.3
C) ထက်ပိုများလာပြီဆိုရင်တော့ ဆရာဝန်ကိုခေါ် ဖို့လိုပါပြီ ။ အကယ်၍
အောက်မှာဖော်ပြထားတဲ့အချက်တွေရှိရင်လည်းဆရာဝန်ကို ပြဖို့လိုပါတယ် ။

- ၃ လအောက်ကလေးငယ်တွင် ဖျားနာခြင်း
- အစာကျွေးခြင်း နို့တိုက်ခြင်းအား ငြင်းဆန်နေခြင်း
- ကိုယ်အပူချိန်ကြီးပြီး ဂဏာမငြိမ်ဖြစ်နေခြင်း (ဥပမာ အောက်ခံ diaper
လဲပေးသည့်အချိန်တွင် ပြင်းထန်စွာ ကန်ကြောက် ၍ ငိုခြင်း)
- ကိုယ်အပူချိန်ကြီးပြီး မှိန်းနေခြင်း ( ကလေးငယ်တွေနဲ့ ၂ နှစ်
အောက်ကလေးတွေမှာ ဒါဟာ ဦးနှောက် အမြှေးယောင်ခြင်း Meningitis ရဲ့လက္ခဏာ
ဖြစ်နိုင်ပါတယ် ။ Meningitis ဆိုတာ Spinal cord နဲ့ ဦးနှောက်ကို
ကာရံထားတဲ့ အမြှေးပါး membrane နဲ့ အရည်တွေမှာ ပိုးဝင်ပြီး
ရောင်ရမ်းခြင်းဖြစ်ပါတယ် ။ သင်ရဲ့ကလေး ငယ်ဟာ meningitis ဖြစ်နေတယ်လို့
သံသယရှိရင်တော့ ဆရာဝန်ဆီအမြန်ပြသဖို့ လိုအပ်နေပါပြီ ။
- မွေးကင်းစကလေးငယ်တွင် ပုံမှန်အပူချိန်ထက်နည်းနေခြင်း ( 97'F - 36.1 C
ထက် နည်းနေခြင်း ကိုဆိုလို ပါတယ် ။ ကလေးငယ်တွေဖျားနာရင် ခန္ဓာကိုယ်မှာ
အပူချိန်ကို ထိမ်းမထားနိုင်ပါဘူး ။ ဒါကြောင့် ပူတာ လည်းဖြစ်နိုင် သလို
အေးတာလည်းဖြစ်နိုင်ပါတယ် )

အကယ်၍ သင့်ကလေးငယ်ဟာ ခဏခဏ အန်နေပြီဆိုရင် ၊ အပူချိန်ဟာ ရက်ကြာရှည်နေ
ပြီဆို ရင်တော့ ဆရာဝန်နဲ့ပြသတာအကောင်းဆုံးပါပဲ ။ ဆက်လက်ပြီး တော့
ဖျားနာခြင်းနဲ့အ တူအောက်ပါ လက္ခဏာ များ ပါရှိလာရင်တော့ သတိထားပြီး
ဆေးကုသမှုခံယူရမှာဖြစ်ပါတယ် ။

- ခေါင်းအလွန်အမင်းကိုက်ခြင်း
- လည်ပင်းရောင်ခြင်း
- အရေပြားတွင်အကွက်များပေါ်ခြင်း ၊ ပိုမိုဆိုးရွားလာခြင်း
- တောက်ပသော အလင်းရောင်များအား ဓါတ်မတည့်ခြင်း
- လည်ပင်းခိုင်ခြင်း လည်ပင်းအရှေ့သို့ကွေးမရခြင်း
- စိတ်ကစဉ့်ကလျားဖြစ်ခြင်း
- အမြဲတမ်းအန်နေခြင်း
- အသက်ရှူခက်ခဲခြင်း ၊ ဂနာမငြိမ်ဖြစ်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း
- ဗိုက်အောင့်ခြင်း ၊ ဆီးသွားစဉ်နာကျင်ခြင်း စသည်တို့ဖြစ်ပါတယ် ။

ဘာလို့ ဖျားနာကြသလဲ
သင့်ရဲ့ခန္ဓာကိုယ်အပူချိန်ဟာ နေ့တိုင်းနေ့တိုင်းမှာ ပြောင်းလဲနိုင်ပါတယ် ။
မနက်ပိုင်းမှာ အပူချိန် ကျပြီး နေ့လည်နဲ့ညနေတွေမှာ
အပူချိန်များနိုင်ပါတယ် ။ တကယ်တော့ ခန္ဓာကိုယ်ပုံမှန်အပူချိန်ဟာ ၉၇
ဖာရင်ဟိုက် ကနေ ၉၉ ဖာရင်ဟိုက်အတွင်းမှာ ရှိနေနိုင်ပါတယ် ။ လူအချို့ကတော့
၉၈.၅ ဖာရင်ဟိုက် ကျော်ရင် ဖျားနာပြီလို့ သတ်မှတ်လေ့ရှိကြတယ် ။ ဒါပေမယ့်
သွေးဆင်း ချိန်ကာလအတွင်း နဲ့ လေ့ကျင့်ခန်းအပြင်းအ ထန်လုပ်နေချိန်
အတွင်းမှာလည်း သင့်ရဲ့အပူချိန်တက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ။
ဖျားနာခြင်းကိုဖြစ်စေနိုင် တဲ့အချက်တွေကတော့

- ဗိုင်းရပ်နဲ့ ဘတ်တီးရီးယားပိုးမွှားများဝင်ရောက်ခြင်း
- အပူရှပ်ခြင်း
- နေပူရှိန်ထဲ အချိန်ကြာမြင့်စွာနေခြင်း
- လေးဖက်နာ အဆစ်မြစ်နာများရှိခြင်း
- ကင်ဆာ အဖုအကြိတ်များရှိခြင်း
- အတက်ကျဆေးနှင့်သွေးပေါင်ကျဆေး များ ၊ ပိုးသတ်ဆေးများသောက်သုံးနေခြင်း
- ဆုံဆို့ကြက်ညှာ မေးခိုင် စသည့် ကာကွယ်ဆေးများထိုးခြင်း

တခါတရံမှာ ဖျားနာခြင်းဘာကြောင့်ဖြစ်တယ်ဆိုတာ ခွဲခြားနေဖို့မလိုပါဘူး ။
အပူချိန် ၁၀၁ ဖာရင်ဟိုက်ကျော် သွားရင် ဒါမှမဟုတ်
သုံးပတ်ထက်ပိုပြီးဖျားနေရင် ဒါဟာ ဆရာဝန်ကလည်း ဘာမှ
ရောဂါဇစ်မြစ်ရှာလို့မရတဲ့ ( Pyrexia of Unknow origin - PUO ) လို့
သတ်မှတ်ပါတယ် ။

နောက်ဆက်တွဲပြဿနာများ

ဖျားနာခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေထဲမှာ ရေဓါတ်အလွန်အမင်းဆုံးရှုံးခြင်း
၊ ထင်ယောင်ထင်များဖြစ်ခြင်း ၊ သတိလစ်၍ တက်ခြင်းစတာတွေဖြစ်နိုင်ပါ့တယ် ။
အဖျားကြီးပြီးတက်တယ်ဆိုရင်တော့ Febrile seizures လို့ခေါ်ပါ တယ် ။
တက်တဲ့အခါမှာ သတိလစ်ပြီးတော့ ခြေလက်တွေ တုန်ယင်ပြီးဖြစ်တတ်ပါတယ် ။
အချိန်မကြာမြင့်စေ ဖို့ အောက်ပါအချက်တွေကိုလုပ်ဆောင်နိုင်ပါတယ် ။

- ကလေးကို အစာအိမ်ကို ကြမ်းပြင်ဖက်ထားပြီး လဲလျောင်းထားပါ ။
- ကလေးအနီးအနားမှ ချွန်ထက်သော အရာများကိုဖယ်ရှားပေးပါ ။
- တင်းကြပ်သောအ၀တ်အစားများကို ဖယ်ပါ ။
- ကလေးငယ်ကို ဒါဏ်ရာရစေခြင်းမှ ကာကွယ်ပါ ။
- ကလေးငယ်ရဲ့ပါးစပ်ထဲကို မည်သည့်အရာမှ မ၀င်ပါစေနဲ့ ။ တက်ခြင်းကို
ရပ်တန့်အောင် ကြိုးစားပါ ။

Seizures အများစုဟာ သူ့ဘာသာသူ ပြန်ရပ်သွားတာများပါတယ် ။ ကလေးကို
တက်ပြီးပြီးချင်း ဖြစ်စေတဲ့မူရင်း ဇစ်မြစ်ကိုသိအောင်
ဆရာဝန်နဲ့အမြန်ပြသဖို့လိုပါတယ် ။ တက်တာဟာ ၁၀ မိနစ်ကျော်သွားပြီဆိုရင်တော့
အရေးပေါ် ခေါ် ဖို့လိုနေပါပြီ ။

စမ်းသပ်စစ်ဆေးမှုများ

ဆရာဝန်က သင့်ရဲ့ ရောဂါလက္ခဏာနဲ့စမ်းသပ်စစ်ဆေးမှုတွေပေါ်မူတည်ပြီးတော့
ပိုးဝင်ခြင်းကြောင့်ဖြစ်တာလား သာမန် လား ဆိုတာ ခွဲခြားပါလိမ့်မယ် ။
ဒါကြောင့် သွေးစစ်တာလောက်တော့လုပ်ဖို့လိုပါတယ် ။ သုံးပတ် ထက်ကျော်
ပြီးငွေ့ငွေ့လေးဖျားနေတယ် ပြီးတော့ ဘာလက္ခဏာမှလည်းမရှိဘူးဆိုရင်တော့
အနည်းဆုံးလုပ် ရမှာကတော့ သွေးစစ်တာနဲ့ ဓါတ်မှန်၇ိုက်ခြင်းဖြစ်ပါတယ် ။

ဘယ်လိုကုသမလဲ

အဖျားအနည်းငယ်ပဲရှိတယ်ဆိုရင် ဆရာဝန်က ကိုယ်အပူချိန်ကို အလျှင်စလို
ချပစ်လေ့မရှိပါဘူး ။ လက္ခဏာတွေပြပြီး အဖျားကြာရှည်မှသာလျှင် ရောဂါရဲ့
ဇစ်မြစ်ကို သိဖို့ ခက်ခဲလေ့ရှိပါတယ် ။ ကျွမ်းကျင် သူတွေကတော့
ကိုယ်အပူချိန်ကို အလွန်အမင်းချပစ်ခြင်းဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို
ထိခိုက်စေတယ်လို့ ယုံကြည်ကြပါတယ် ။ ဗိုင်းရပ်စ်တွေကလည်း
ဖျားနာခြင်းကိုဖြစ်စေပြီး တခြား အသက်ရှုလမ်းကြောင်း
ဆိုင်ရာပိုးဝင်တာတွေကိုဖြစ်စေပါတယ် ။ အဖျားအရမ်းကြီးရင်တော့
အောက်ပါဆေးတွေကို သုံးစွဲနိုင်ပါတယ် ။

- ပါရာစီတမော ၊ ibuprofen ( ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲသင့်ပါတယ် ၊
အများကြီးသောက် သုံးခြင်း ကို ရှောင်ရှားရပါမယ် ။ ပါရာစီတမောကို
အများကြီးသောက်သုံးခြင်းနဲ့ ရေရှည်သောက်ခြင်းဟာလည်း အသည်းနှင့်
ကျောက်ကပ်ကို ထိခိုက်စေပါတယ် ။ ဆေးသောက်လွန်သွားရင်
သေနိုင်တဲ့အထိဖြစ်နိုင်ပါတယ် ။ အဖျား ၁၀၂ အောက် မှာတော့ အဖျားကျဆေးတွေကို
ဆရာဝန်ရဲ့အကြံဥာဏ်မပါပဲ တိုက်ကျွေးလို့ရပါတယ် ။
- Aspirin ( လူကြီးပဲတိုက်ရမှာဖြစ်ပါတယ် ။ ကလေးတွေကို တိုက်လို့မရပါဘူး ။
ရှားပါးတဲ့ သေနိုင်တဲ့ Reye's syndrome ဖြစ်နိုင်ပါတယ် ။

ကိုယ့်ရဲ့ ဖျားနာခြင်းဖြစ်စေတဲ့အကြောင်းတွေကိုမူတည်ပြီးဆရာဝန်က
ပိုးသတ်ဆေးတွေညွှန်ပေးမှာဖြစ်ပါတယ် ။ အထူး သဖြင့် နမိုးနီယားနဲ့
အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေမှာဖြစ်ပါတယ် ။ Antibiotic တွေဟာ
ဗိုင်းရပ်ပိုးဝင်ခြင်းကို မကုနိုင်ပါဘူး ။( ဥပမာ Gastroenteritits and
mononucleosis ရောဂါတွေဖြစ်ပါတယ် ) Virus ကိုကု ဖို့ antiviral
ဆေးတွေတော့ရှိပါတယ် ။ ဗိုင်းရပ်ဝင်တာကိုအကောင်းဆုံးကုသခြင်းကတော့ တခါတရံ
အနား ယူပြီး အရည်ရွှမ်းတဲ့အသီးတွေစားသုံးခြင်းပဲဖြစ်ပါတယ် ။

အိမ်မှာဘယ်လိုလုပ်သင့်သလဲ

၁ ။ အရည်ရွှမ်းတဲ့သစ်သီးတွေစားပါ ( အရည်ဆုံးရှုံးခြင်းကို
ကာကွယ်ပေးနိုင်ပြီး တစ်နှစ်အောက် ကလေး ငယ်တွေမှာ
ကလေးဓါတ်ဆားတွေသောက်ဖို့လိုပါတယ် ။ ဒီလို ဓါတ်ဆားတွေမှာ ရေနဲ့
electrolytes တွေ အချိုးကျပါဝင်ပါတယ် ။
၂ ။ အနားယူပါ ။( ကောင်းကောင်းအနားယူဖို့လိုပါတယ်
လှုပ်ရှားမှုများခြင်းဟာလည်း အပူချိန်ကို တက်စေ ပါတယ်)
၃ ။ ရေပတ်တိုက်ပေးပါ ။ ( ရေနွေးနွေးနဲ့စိမ်ထားတဲ့ ရေပတ်ဝတ်နဲ့
ကိုယ်အပူချိန်ကျအောင်တိုက်ပေးနိုင်ပါတယ် ။ အကယ်၍
ရေပတ်တိုက်ရင်းနဲ့ချမ်းတုန်လာရင်တော့ ရေပတ်တိုက်တာကိုရပ်လိုက်ပါ
ဘာကြောင့်လည်းဆိုတော့ ချမ်းတုန် တယ်ဆိုတာ
ခန္ဓာကိုယ်အတွင်းအပူချိန်တွေမြင့်တက်လာတာဖြစ်ပြီး ကြွက်သားတွေကို အပူ
ထွက်အောင် လှုပ်ခါနေခြင်းဖြစ်ပါတယ် ။

ဘယ်လိုကာကွယ်မလဲ

အကောင်းဆုံးနဲ့ဖျားနာခြင်းကိုကာကွယ်တဲ့နည်းကတော့ ရောဂါပိုးမွှားတွေ
ထိတွေ့မှု နည်းအောင်နေ ထိုင်ခြင်းဖြစ် ပါတယ် ။ ရိုးရှင်းဆုံးနည်းလမ်းကတော့
လက်ခဏခဏဆေးခြင်းပါပဲ ။ ကလေးတွေကို ကစားပြီး တိုင်း အစာ မစားခင် အိမ်သာမှ
ဆင်းလာတိုင်း ကြမ်းပြင်ပေါ်တွားတွား ဆော့ကစားတိုင်း လက်ဆေးပေးဖို့
လက်ဆေးဖို့ အကြံဥာဏ်ပေးဖို့လိုပါတယ် ။ ကလေးတွေကို ဖုန်မှုန့်သဲတွေ နဲ့ဆော့
ကစားပြီး တိုင်း နှာခေါင်း ပါးစပ်နဲ့မျက်လုံးတွေကို မထိမိအောင်
သင်ကြားပေးဖို့လိုပါတယ် ။ နောက်ဆုံး အနေနဲ့ကတော့ ကလေးတွေကို
လူအစုအဝေးထဲသွားတဲ့အခါ ချောင်းဆိုးခြင်း ၊ နှာချေခြင်းနဲ့ကြုံရ
တဲ့အခါနှာခေါင်းကို cover လုပ်ထားဖို့ သင်ကြားပေးဖို့လိုအပ်ပါတယ် ။

Ref : http://www.mayoclinic.com/health/fever

သက်တန့်ချို
12 July 2011
thettantchocho@gmail.com

Sunday, October 23, 2011

ရွှေတံခါးကြီးဖွင့်နိုင်ဖို့

စာတွေရေးနေတာ နှစ်ပရိစ္ဆေဒ မနည်းတော့ဘူး။ ကိုယ့်အလုပ်မို့သာ
ဝတ္တရားမပျက်လုပ်နေတာ။ ရာနှုန်းပြည့်အားရကျေနပ်တယ်လို့တော့
ဘယ်အခါမှမရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လောက်ပဲရေးရေး
ဘာမှအရာရောက်တယ်လို့ မခံစားရလို့ပဲ။

အတိုင်းအဆမရှိ မေတ္တာတွေကြောင့်

တစ်ခါတလေ စိတ်ပျက်လက်ပျက်နဲ့ 'ဟောရင်းသာပျံတော်မူလိမ့်မယ်' လို့တောင်
ရေးမိသွားတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ရေးခဲ့တဲ့စာတွေ
နည်းတာမဟုတ်ဘူး။ စုပြီးထုတ်တဲ့ စာအုပ်တွေတောင်လေး ဆယ်ကျော်
ငါးဆယ်နီးပါးရှိနေပြီ။ ရေးရကျိုးနပ်တယ်လို့ ကျေနပ်အားရဖြစ်ရတာမျိုး
မရှိဖူးဘူး။ အတိုင်းအဆမရှိကြီးမားတဲ့ စာဖတ်ပရိသတ် ပြည်သူလူထုရဲ့မေတ္တာကို
ရရှိခံစားနေရတာလေးတစ်ခုကြောင့်ပဲ အဆက်မပြတ်ရေးဖြစ်နေတာ။ အမှန်ပြောရရင်
အချိန်မရွေးကြုံတွေ့ရနိုင်တဲ့ အန္တရာယ်အသွယ်သွယ်ကို စဉ်းစားလိုက်တဲ့အခါ
ရေးသင့်တယ်လို့တောင် မထင်မိပါဘူး။

ထင်းခုတ်စားတောင်ရပါတယ်

စာတွေအများကြီးရေးတော့ပိုက် ဆံတွေအများကြီးရနေတယ်
မဟုတ်လားလို့မေးစရာရှိတယ်။ မှန်ပါတယ်။ အများကြီးမဟုတ်ပေမယ့်
အသင့်အတင့်ရပါတယ်။ ဒါပေမဲ့ ဒါလောက်ငွေကြေးကတော့ မြန်မာပြည်မှာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောခဲ့သလို ''ထမင်းတစ်လုတ်တော့
ထင်းခုတ်စားရင်တောင်ရပါတယ်'' လို့ပြောရမှာပါ။ ရှမ်းပြည်နယ်တက်ပြီး
ကော်ဖီလေးစိုက်လိုက်၊ လိမ္မော်လေး စိုက်လိုက်လုပ်နေတာက အန္တရာယ်
ကင်းဘေးကင်းဖြစ်ရုံမက ကျန်းမာ ရေးအတွက်ပါ အလွန်ကောင်းတာပေါ့။
အဲဒီလိုနေချင်စိတ် အခုထိရှိ နေသေးတယ်။ ဒါပေမဲ့ အတိတ်က ၀ဋ်ကြွေးတွေက
မကုန်သေးတော့ စာရေးတဲ့အလုပ်ကို မစွန့်နိုင်ဘူး။ ရန်ကုန်ဟာ ကိုယ့်အတွက်
ပဋိရူပဒေသ မဟုတ်ပေမယ့် မခွာနိုင်ဘူး။ တွယ်ကပ်ပြီး နေနေရဆဲဖြစ်တယ်။

ရုတ်တရက်ပြောင်းသွား

ကိုယ့်ဟာကိုယ်ပခုံးပေါ်တင်ပြီး ထမ်းထားတဲ့တာဝန်မို့ မညည်းမညူ
လုပ်ကိုင်နေပေမယ့် အားတက်သရောမရှိလှတာတော့ အမှန်ပဲ။ ဒါပေမဲ့ အခုနှစ်လ၊
သုံးလအတွင်းမှာ အခြေအနေတွေ ရုတ်တရက် ပြောင်းသွားတယ်။
နှစ်ပေါင်းငါးဆယ်လောက်အတွင်း ဘယ်တုန်းကမှမကြားဖူးတဲ့ 'ပြည်သူလူထု'
ဆိုတဲ့အသံတွေ ညံနေအောင်ကြားလာရပြီး၊ အရင်ကထုတ်ဝေခွင့်
အကြိမ်ကြိမ်ပယ်ချခံရတဲ့ ကိုယ့် စာအုပ်တွေထုတ်ဝေခွင့် ပြန်ရလာတယ်။
နေ့စဉ်ရေးနေတဲ့ စာမူတွေလည်း ပရိသတ်လက်ထဲ မြန်မြန်ဆန်ဆန်ရောက်လာတယ်။
ပုဂ္ဂလိက ကြေးမုံသတင်းစာတို့၊ လူထုသတင်းစာတို့ ခေတ်ကတည်းက
အတူလက်တွဲလာခဲ့တဲ့ သွေးသောက်ကြီး ဦးဝင်းတင်ရဲ့စာအုပ်တွေလည်း
ထုတ်ဝေခွင့်ရလို့ တစ်အုပ်ပြီး တစ်အုပ်ပြန်ထွက်လာတာ ၀မ်းသာစရာတွေ့ရတယ်။

တံခါးဖွင့်ထားတယ်

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးဦးအောင်ကြည်နဲ့ တွေ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ဓာတ်ပုံတွေ ဂျာနယ်တွေမှာ
ဖော်ပြခွင့်ရလာတယ်။ ပြီးတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့
ဒေါ်အောင်ဆန်းစုကြည် တွေ့ကြတယ်။ သမ္မတကြီးဦးသိန်းစိန်က ပြည်သူတွေလိုချင်တဲ့
ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်မယ်။ ပြည်သူက
ရွေးကောက်တင်မြှောက်ထားသူများဖြစ်လို့ ပြည်သူ့ဆန္ဒကို လေးစားမယ်။
ပြည်တွင်းငြိမ်းချမ်းရေးရအောင် အမြန်ဆုံးဆောင်ရွက်မယ်။
ဒီမိုကရေစီလိုလားသူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင်
နည်းလမ်းတွေရှာကြံမယ်။ မတူတာတွေ အသာထားပြီး တူတာတွေကိုအတူ
ပူးပေါင်းလုပ်ဆောင်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို
လက်မခံနိုင်သေးသူများနဲ့ပါ လက်တွဲဆောင်ရွက်နိုင်အောင်
ညှိနှိုင်းဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်ဆိုတဲ့ စကားတွေပြောကြားလာခဲ့တယ်။

ပေါ်လစီဆောင်းပါး

အဲဒီအချိန်မှာ ဧရာဝတီမြစ်ဆုံဒေသမှာ တရုတ်ကုမ္ပဏီက ဧရာမရေကာတာကြီးတစ်ခု
တည်ဆောက်မယ့်ကိစ္စကို ပြည်သူလူထုတစ်ရပ်လုံးက မလိုလားတဲ့အကြောင်း
ပုံစံအမျိုးမျိုးနဲ့ တင်ပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။
ဒီအသံတွေကို ချေဖျက်ဖို့ အစိုးရသတင်းစာတွေမှာ ထုံးစံအတိုင်း
'ပေါ်လစီဆောင်းပါး' တစ်ပုဒ်ထည့်လိုက်တယ်။
လျှပ်စစ်ဝန်ထမ်းတစ်ဦးအမည်ခံပြီးထည့်တဲ့ ဆောင်းပါးမှာမြစ်ဆုံရေကာတာ
ဆောက်လုပ်တဲ့အတွက် အကျိုးအ မြတ်တွေ ဘယ်လိုရရှိမယ်ဆိုတဲ့အချက်တွေကို
ပေါ်လစီဆောင်းပါးများထုံးစံအတိုင်း ရွှန်းရွှန်းဝေအောင်
ရေးသားထားတာတွေ့ရတယ်။

ဈေးဦးပေါက်ခွင့်ပြု

အဲဒီဆောင်းပါးပါလာတဲ့နေ့မှာ ပဲ Weekly Eleven ရဲ့ စီအီးအိုက
အွန်လိုင်းဂျာနယ်မှာ ဒီဆောင်းပါးကို ကန့်ကွက်ကြောင်း၊ အချက်အလက်
အခိုင်အမာနဲ့ ပြန်လည်ရေးသားလိုက်တယ်။ ပုံနှိပ်ဂျာနယ်ထဲမှာလည်း
အပြည့်အစုံဖော်ပြခဲ့တယ်။ ဒါဟာ နှစ်ငါးဆယ်အတွင်း မြန်မာစာနယ်ဇင်းလောကရဲ့
မှတ်တိုင်တစ်ခုဖြစ်သွားတယ်။ အစိုးရသတင်းစာမှာပါတဲ့ ဆောင်းပါးကို
ပြန်လည်ဝေဖန်ချေပတဲ့စာမျိုး ဘယ်တုန်းဘယ်အခါကမှ မရေးဖူးခဲ့ဘူး။
စာပေစိစစ်ရေးကလည်း ဘယ်တော့မှခွင့်မပြုခဲ့ဘူး။ ဒီတစ်ခါ
ဈေးဦးပေါက်ခွင့်ပြုတာဖြစ်တယ်။

မကြုံဖူးတဲ့ပေါင်းစည်းမှု

အဲဒီကန့်ကွက်ဝေဖန်ချက် ပါလာပြီးတဲ့နောက် ဧရာဝတီကယ်တင်ရေးအသံတွေ
ပိုညံလာတယ်။ ပြည် သူလူထုကြီးတစ်ရပ်လုံး မကြုံဖူးတဲ့စည်းလုံးမှုမျိုးနဲ့
ညီညွတ်ပေါင်းစည်းသွားတယ်။ တကယ်ကို အံ့သြစရာ ပေါင်းစည်းညီညွတ်မှုကြီး
ဖြစ်တယ်။ ထုံးစံအတိုင်း နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေက
ပြည်သူလူထုကြီးရဲ့နောက်ကလိုက်လာကြပြီး လွှတ်တော်ထဲအထိ
ဂယက်တွေရောက်သွားတယ်။နောက်တော့ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးကို
သူ့အစိုးရလက်ထက်မှာ ဆက်မလုပ်တော့ဘဲ ရပ်စဲထားမယ်ဆိုတဲ့ သမ္မတကြီးရဲ့
လွှတ်တော်ကို ပေးပို့တဲ့သ၀ဏ်လွှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။

နတ်လူသာဓုခေါ်

လုံးဝမျှော်လင့်မထားတဲ့ ကြေညာချက်ဖြစ်တာကြောင့် လူတွေအားလုံး
မယုံနိုင်အောင်ဖြစ်သွားကြပြီး နီးစပ်ရာမိတ်သင်္ဂဟတွေဆီ
ဖုန်းဆက်မေးလိုက်ကြတာ အဲဒီနေ့ကတော့ ဖုန်းလိုင်းတွေ အားတယ်လို့ကို
ရှိမှာမဟုတ်တော့ဘူး။ အိမ်ကဖုန်းလည်း ဆက်တိုက်မြည်နေတော့တယ်။
တချို့ဖုန်းဆက် ရင်းမျက်ရည်တောင်ကျရှာကြတယ်။ ၀မ်းသာတယ်ဆိုတာထက်
ပိုလိမ့်မယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဘယ်တုန်းကများ
ဖြည့်ဆည်းပေးဖူးတယ်ရှိလို့လဲ။ သမ္မတကြီးကို သာဓုခေါ်ကြတယ်။
နတ်လူသာဓုခေါ်ကြတယ်လို့တောင် ပြောရလိမ့်မယ်ထင်မိတယ်။

ဆန့်ကျင်ဘက်ကရပ်ခဲ့တာ

သာမန်ပြည်သူတွေဆိုတာထား နှစ်ပေါင်းငါးဆယ်လုံးလုံး
တက်လာသမျှအစိုးရတိုင်းကို တစ်ကြိမ်တစ်ခါတောင် အကောင်းမပြောဖူးတဲ့
မိမိကိုယ်တိုင်တောင် မေးလာသမျှ မီဒီယာတိုင်းကို ကြိုဆိုကြောင်း၊
ဝမ်းသာကြောင်း၊ ကျေးဇူးတင်ကြောင်းပြောတဲ့အထိ ဖြစ်သွားတယ်။ တကယ်ပါ။
နှစ်ပေါင်းငါးဆယ်လုံးလုံး ဆန့်ကျင်ဘက်က ရပ်ခဲ့တာပါ။
တော်လှန်ရေးကောင်စီအစိုးရကို မထောက်ခံသလို၊
မြန်မာ့ဆိုရှယ်လစ်အစိုးရကိုလည်း မထောက်ခံဘူး။ ၁၉၈၈ နောက်ပိုင်း
အစိုးရတွေကိုလည်း မထောက်ခံဘူး။ အမျိုးသားညီလာခံကို မထောက်ခံသလို၊
ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း လက်မခံဘူး။ ရွေးကောက်ပွဲကို မထောက်ခံသလို
ပေါ်ထွက်လာတဲ့လွှတ်တော်တို့၊ အစိုးရတို့ကိုလည်း မထောက်ခံဘူး။
နိုင်ငံတော်သမ္မတကြီးနဲ့ တခြားထိပ်ပိုင်း ပုဂ္ဂိုလ်တွေက ဒီမိုကရေစီစနစ်ကို
မဖြစ်မနေ အကောင်အထည်ဖော်မယ်လို့ အကြိမ်ကြိမ်ပြောနေလည်း မယုံသေးဘူး။
စောင့်ကြည့်ဦးမယ်လို့ပဲ ဆုံးဖြတ်ထားခဲ့တယ်။

မနာယူဘဲ မနေနိုင်

ဒီလိုလူတောင် ဧရာဝတီကိစ္စကျတော့ သတင်းသမားရဲ့ဝိညာဉ် (Conscience)က
သတိပေးလာတာကို မနာယူဘဲ မနေနိုင်တော့ဘူး။ သတင်းသမားဆိုတာ ကောင်းတာတွေ့ရင်
ကောင်းတယ်ရေးရမယ်။ မှန်တာတွေ့ရင် မှန်တယ်ရေးရမယ်လို့ တစ်သက်လုံး
နာယူမှတ်သားခဲ့ရတာ မဟုတ်လား။ ပြည်သူ့မျက်နှာကလွဲပြီး
ဘယ်သူ့မျက်နှာမှမကြည့်ရဘူးလို့ ကိုယ်တိုင်အပ်ကြောင်းထပ်အောင် ရေးနေတာပဲ။
ဒီတော့ အပြောနဲ့အဟော ညီရမှာပေါ့။ ပြည်သူတစ်ရပ်လုံး လှိုက်လှိုက်လှဲလှဲကြီး
ဝမ်းသာကြိုဆိုနေကြတာကို ဘာကြောင့်မကြိုဆိုဘဲနေရမှာလဲ။ ၀မ်းသာတယ်။
ကြိုဆိုချင်တယ်။ ကျေးဇူးတင်လို့ရေးရင် ပိုပြီးလေးနက်စေချင်လို့ အရင်က
မထောက်ခံခဲ့ဘူးဆိုတာတွေပါ ထည့်ရေးလိုက်တယ်။ အံ့သြစရာမှ တ ကယ့်အံ့သြစရာ။
စာပေစိစစ်ရေးက အဲဒီမထောက်ခံဘူးဆိုတာတွေကို ထည့်ခွင့်ပေးလိုက်တယ်။
ဒီအချိန်ဟာ သမိုင်းမှာ အလှည့်အပြောင်းကြီးတစ်ခုအဖြစ်
မော်ကွန်းတင်နိုင်တဲ့အချိန် ဖြစ်တယ်။ တပ်မတော်နဲ့ပြည်သူ ကြည်ဖြူလက်တွဲမှု
ဖြစ်ပေါ်လာနိုင်တဲ့ အချိန်ဖြစ်တယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။
အမိအရ၊ ရအောင်ယူကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ် . . .

ထောက်ခံမဲတစ်မဲပေးလိုက်ပြီ

အဲဒါတွေပါတဲ့ 'ခဏကြီး မ ဟုတ်ပါဘူး။ ခဏလေးပါ' ဆိုတဲ့ ဆောင်းပါးမှာ
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အချိန်နည်းနည်း
ပေးလိုက်ပါ။ တကယ်ကို ခဏလေးပါလို့ရေးလိုက်တယ်။ ပြီးတော့
သမ္မတဦးသိန်းစိန်အစိုးရကို 'စံသုံးခု' နဲ့ စောင့်ကြည့်အကဲခတ်နေမယ်လို့လည်း
ရေးလိုက်တယ်။

၁။ နိုင်ငံရေးအကျဉ်းသားများ လွှတ်၊ မလွှတ်ဆိုတဲ့စံ။
၂။ ပြည်တွင်းစစ်ရပ်စဲရေး အမြန် လုပ်၊ မလုပ်ဆိုတဲ့စံ။
၃။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး ရပ်၊ မရပ်ဆိုတဲ့စံ။

အဲဒီသုံးချက်ထဲက မြစ်ဆုံရေကာတာကိစ္စ အဖြေပေါ်သွားပြီ။ အစိုးရက
ပြည်သူ့ဆန္ဒကို အမှန်လေးစားလိုက်နာကြောင်း ပြလိုက်ပြီ။
ထောက်ခံမဲတစ်မဲပေးလိုက်ပြီ။

လွတ်ငြိမ်းချမ်းသာခွင့်

သီတင်းကျွတ်လဆန်း ၁၄ ရက် (အဖိတ်နေ့) မွန်းလွဲပိုင်းလောက်မှာ
သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်
အမိန့်ထွက်လာတယ်။ အမျှော်ကြီး မျှော်ရင်း နှစ်ပေါင်းများစွာ
'မျှော်မျှော် သူမောရရှာတယ်' ဖြစ်နေကြရတဲ့ မိဘဆွေမျိုးတွေ
ဧရာဝတီတုန်းကလိုပဲ ၀မ်းသာရွှင်မြူးသွားကြတယ်။ ဧရာဝတီကိစ္စမှာ
ပြည်သူတစ်ရပ်လုံး စိတ်ချမ်းသာအောင် ဆောင်ရွက်ခဲ့တဲ့သမ္မတကြီးကို
အပြည့်အ၀ယုံကြည်ပြီး အရင်အကြိမ်တွေလိုတော့ဖြစ်မှာ မဟုတ်ပါဘူးလို့
သေချာပေါက် တွက်ဆထားကြတယ်။ တစ်ညလုံး အိပ်မပျော်နိုင်ကြဘဲ
မိုးလင်းအောင်မနည်းကြီး သည်းခံစောင့်ဆိုင်းနေကြရတယ်။ တချို့က
မအောင့်နိုင်တော့ဘဲ မိုးမလင်းခင်က ထောင်ဗူးဝက သွားစောင့်ကြတယ်။

ရောင်နီလာပြီ။ ပြီးတော့ မိုးစင်စင်လင်းပြီ။ ထောင်တံခါးကြီးပွင့်ပြီ။
အချိန်တန်တော့ သူတို့ပြန်လာကြပြီ။ ဒါပေမဲ့ သူတို့ထဲမှာ သူတို့ပါမလာဘူး။
အရင်အကြိမ်တွေလိုပဲ မျှော်မျှော်သူမောရရှာတယ် ဖြစ်ရပြန်ပြီ။ ဘာကြောင့်လဲ။
ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ဆိုတာ ခေါင်းဆောင်နှစ်ယောက်တည်းအားနဲ့
မရနိုင်ဘူး။ ပါတီအဖွဲ့အစည်းနှစ်ခုတည်းလည်း မဆောင်ရွက်နိုင်ဘူး။
ပြည်သူလူထု အများစုကြီးရဲ့ပေါင်းစည်းအင်အားနဲ့ ၀ိုင်းဝန်းလုပ်ဆောင်ဖို့
လိုတယ်။ အထူးသဖြင့် နှစ်ပေါင်းခြောက်ဆယ်ကျော်
ပြည်တွင်းစစ်တိုက်ခိုက်နေရတဲ့ တိုင်းပြည်တစ်ပြည်အဖို့၊
တိုင်းရင်းသားအားလုံးနဲ့ လက်တွဲနိုင်ဖို့ အင်မတန်အရေးကြီးတယ်။
မဖြစ်မနေကို ရအောင်လုပ်ဖို့ လိုတယ်။

ရွှေပြည်တော်ဂိတ်တံခါး

အထဲမှာကျန်ရှိနေရစ်တဲ့ ၈၈ မျိုးဆက်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ
အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ
တည်ဆောက်ရေးအတွက် အရေးကြီးဆုံး သော့တစ် ချောင်းကိုယ်စီ
ကိုင်ဆောင်ထားသူတွေ ဖြစ်တယ်။ ရွှေပြည်တော် ဂိတ်တံခါးကသော့လေး
ချက်ခတ်ထားတယ်။ တစ်ချောင်းက ဒေါ်အောင်ဆန်းစုကြည်ဆီမှာရှိပြီး၊
နောက်တစ်ချောင်းက သမ္မတဦးသိန်းစိန်ကို ရှေ့တန်း တင်ထားတဲ့
တပ်မတော်လက်ထဲမှာရှိတယ်။ ဒီနေ့ တပ်မတော်ခေါင်းဆောင်အားလုံးလိုလိုဟာ
လူငယ်တွေဖြစ်တယ်။ အထဲမှာရှိနေတဲ့ ၈၈ မျိုးဆက်တွေနဲ့ အရွယ်ချင်း
မတိမ်းမယိမ်းတွေလို့ဆိုနိုင်တယ်။

မော်ကွန်းတင်နိုင်တဲ့အချိန်

သူတို့ရွယ်တူတန်းတူ လူငယ်တွေချင်း အတွေးအခေါ်တွေ သိပ်ခြားနားကြမှာ
မဟုတ်ပါဘူး။ အရှေ့တောင်အာရှဒေသမှာ အချမ်းသာဆုံးဖြစ်တဲ့ မြန်မာနိုင်ငံကို
ဆင်းရဲတွင်းကြီးထဲကဆွဲထုတ်ပြီး ထိုက်တန်တဲ့နေရာကို အမြန်ဆုံးပြန်လည်ရရှိ
အောင် လုပ်ဆောင်ချင်စိတ်တွေ လူငယ်တိုင်းမှာရှိပါတယ်။ စစ်မြေပြင်မှာ
လုံခြုံရေးဦးစားပေး လုပ်ဆောင်ရတာ သဘာဝကျတယ်။ ဒါပေမဲ့
နိုင်ငံရေးကိစ္စမှာတော့ နိုင်ငံရေးကိုသာ ဦးစားပေး စဉ်းစားရပါတယ်။
ဒီအချိန်ဟာ သမိုင်းမှာ အလှည့်အပြောင်းကြီးတစ်ခုအဖြစ်
မော်ကွန်းတင်နိုင်တဲ့ အချိန်ဖြစ်တယ်။ တပ်မတော်နဲ့ပြည်သူ ကြည်ဖြူလက်တွဲမှု
ဖြစ်ပေါ်လာနိုင်တဲ့ အချိန်ဖြစ်တယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။
အမိအရ၊ ရ အောင်ယူကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Written by လူထုစိန်ဝင်း

Credit: http://news-eleven.com/index.php?option=com_content&view=article&id=10538:2011-10-16-08-42-49&catid=78:2009-11-13-06-25-17&Itemid=135

Saturday, October 22, 2011

သေကြောင်း ကြံစည်ရခြင်း အကြောင်း

Saturday, 22 October 2011 00:00 7Day News Journal

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အတွင်းက ကြို့ပင် ကောက်မြို့နယ် အတွင်းရှိ
မိသားစု တစ်စုလုံး ကိုယ့်ကိုယ် ကိုယ် သေကြောင်း ကြံစည်မှု ဖြစ်ပွား ခဲ့သည်
ဟူသော ဖြစ်ရပ်၏ နောက်တွင် တိုက် ပေါ်မှပြုတ် ကျ
သေဆုံးခြင်း(ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံ သည်ဟု ယူဆရ သော) အမှုအ
ခင်းများ မကြာခဏဆိုသလို သတင်းများ တွင် မြင်တွေ့ ဖတ်ရှု လာ နေရသည်။

ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှု သည် ယခင်ကမြန်မာနိုင်ငံတွင် ဘာသာ
တရား ၏ အဆုံးအမ ကြောင့်လည်းကောင်း၊ ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံ
စည်ပါက အဖန်ငါးရာ ငါးကမ္ဘာ ပြန်လည်ကာ ထပ်တလဲလဲ ထိုသို့ပြုမူ နေရတတ် သည်ဟူ
သော ယုံကြည်မှု ကြောင့် လည်းကောင်း ထိုသို့သော အမှုအခင်းမျိုး နည်းပါး
ခဲ့သော်လည်း နောက် ပိုင်းတွင် ပိုမိုများ ပြားလာခဲ့သည်ကို တွေ့ရသည်။
ယေဘုယျ အားဖြင့် ကိုယ့်ကိုယ် ကိုယ် သေ ကြောင်းကြံ စည်ခြင်းသည် အကြောင်း
အရင်း လေးမျိုးကြောင့်ဖြစ်ပွားတတ်ကြောင်း စိတ် ရောဂါအထူးကုဆရာဝန်ကြီး
ဒေါက်တာဦးဇော် စိန်လွင်က ပြောသည်။ အဆိုပါ လေးမျိုးမှာ စိတ်ကျ ရောဂါခံစား
နေရသူများ၊စိတ်ဖောက် ပြန်နေသူများ၊မူးယစ် ဆေးဝါးနှင့်
အရက်အလွန်အကျွံသုံးစွဲသူများ၊ စိတ်ဖိစီးမှု ပြင်းပြင်း ထန်ထန် ခံစားနေ ရသူ
များဖြစ်ကြ ကြောင်း သိရသည်။

အဆိုပါ လေးမျိုးတွင် စိတ်ကျရောဂါ ခံစားနေရသူများသည် သေကြောင်းကြံစည်မှု
အများဆုံးပြု လုပ်လေ့ရှိကြ ကြောင်း သိရပြီး စိတ်ဖောက် ပြန်နေသူများသည်
တစ်ခါ တစ်ရံတွင် ၎င်းတို့ အပြုအ မူသည် သေစေသည့်အပြု အမူမှန်း
မသိလိုက်ဘဲနှင့် ပြုမူ လိုက်မိသဖြင့် သေဆုံးသွားကြ သည်များလည်း ရှိတတ်ကြ
ကြောင်း ဒေါက်တာဦးဇော်စိန် လွင်ကပြောသည်။ မူးယစ်ဆေးဝါးနှင့် အရက် ကို
အလွန်အကျွံသုံးစွဲသူများသည် လည်း တစ်ခါတစ်ရံတွင် စိတ်ဖောက်
ပြန်မှုနှင့်တွဲဖက်ကာ သေကြောင်း ကြံစည်မှုများပြုလုပ်လေ့ရှိကြကြောင်း
သိရသည်။ စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ခံစားနေရသူ များသည် တစ်ခါတစ်ရံတွင်
စိတ်ထွက် ပေါက်အ နေဖြင့် သေကြောင်းကြံစည်ရန် ဆန္ဒဖြစ်ပေါ်လာ တတ်ကြကြောင်း
သိရသည်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း သည် လူမျိုးတစ်မျိုးနှင့်
တစ်မျိုး၊နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ကိုးကွယ်သည့် ဘာသာ
အပေါ်မူတည် ၍ သေကြောင်းကြံစည်မှု အပေါ်ထားရှိ သည့်သဘော
ထားများမတူညီမှုကြောင့် သေကြောင်းကြံစည် မှုနှုန်းများလည်း ကွာဟ တတ်ကြောင်း
သိရသည်။

မြန်မာနိုင်ငံသည်လည်း ဘာသာရေး အဆုံးအမ ကြောင့် ၎င်းတရားရေးဟန့် တားမှု
ကြောင့် ၎င်းအတိုင်းအတာတစ်ခုအထိ လျော့ နည်းခဲ့သော်လည်း ယခုနောက်
ပိုင်းတွင်မူ "အခု အချိန်မှာ ယဉ်ကျေးမှုတွေ ဆက်နွယ်လာတယ်
ယှဉ်ပြိုင်မှုတွေကပိုများလာတော့ ဆန္ဒနောက် ကို ဒေါသလိုက်သွားတဲ့အခါမှာ
ဒါတွေသည်အ တိုင်းအတာတစ်ခုအထိတော့ပိုများလာတယ်" ဟု ဒေါက်တာ
ဦးဇော်စိန်လွင်က ပြောသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ အဘိုးအဘွား၊
အဖေအမေ၊သားသမီးအစရှိသည့် မျိုးဆက်သုံး ဆက်ခန့် စုစည်းနေထိုင်ကြသည့်
မိသားစုကြီး ပုံသဏ္ဌာန် နေထိုင်မှု ကြောင့်လည်း တစ်ဦးနှင့်တစ် ဦး ညှာတာမှု၊
ထောက်ထား မှုများကြောင့် သေ ကြောင်းကြံစည်ရန် အားထုတ်မှု များနည်းကြောင်း
သိရသည်။ သို့သော် "လူနေမှုစရိုက် တွေပြောင်းသွား တာနဲ့အမျှ ကိုယ့်ရဲ့
ပုဂ္ဂလိက ဆန္ဒကို အားပေးတဲ့ အခါကျတော့ ဒီအတွေး အခေါ် တွေက စိမ့်ဝင် သွား
တတ်တယ်။ ဒါကြောင့် အခုခေတ်မှာ ဒါတွေကတိုးတက်လာတယ်လို့ သတိ ထားမိတယ်" ဟု
ဒေါက်တာဦးဇော်စိန် လွင်ကပြောသည်။

ကိုယ့်ကိုယ့်ကိုယ်သေကြောင်း ကြံစည်မှုအား ဥပဒေအရတားမြစ်မှု အနေဖြင့်လည်း
မိမိကိုယ်ကို သေ ကြောင်းကြံစည်သူသည် ကြံစည်မှု အထမြောက်သွားပါက
မည်သို့မျှအ ရေးယူ၍ မရတော့ သော်လည်း အထ မမြောက်ခဲ့လျှင်မူ ကြံစည်သူအား
ဥပဒေပုဒ်မ ၃၀၇အရ အမြင့်ဆုံးထောင် ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း
သိရသည်။ ဆက်ကျော်သက်များသည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် အချစ်ရေး ၊ စီးပွား
ရေး၊ ပေါင်းသင်း ဆက်ဆံရေးအစရှိသည်များအား အလိုမကျသည့်အခါ များတွင်
ထွက်ပေါက်အနေဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်လေ့ ရှိကြသည်ဟု
စိတ်ပညာရှင်များကဆိုသည်။ မိမိကိုယ်သေကြောင်းကြံစည်ရာတွင်
သေစေရန်ကြံစည်မှုနှင့် ကြံ စည်မှု အထမြောက်ခြင်းဟူ၍နှစ်ပိုင်းရှိသည်။
အမျိုးသမီးများသည် ကြံ စည်မှုပိုမိုပြုလုပ်လေ့ရှိကြပြီး အမျိုးသားများသည်
ကြံစည်မှုအား အထ မြောက်စေရန်ပြုလုပ်မှုပိုမိုများပြားသည်ဟု သိရသည်။

မိမိကိုယ်ကို သေကြောင်းကြံစည်ရန်စိတ်ကူးပေါ်သူများသည် သေ ကြောင်းကြံရန်
ဆန္ဒပေါ်ချိန်သည် မိနစ်အနည်းငယ်ခန့်သာဖြစ်ပေါ်တတ် ပြီး
နောက်ပိုင်းပြန်စဉ်းစားချိန်တွင် အဆိုပါ စိတ်ကူးသည်မှား သည်ဟု ကာယ
ကံရှင်ကိုယ်တိုင် ခံစားရ လေ့ရှိသော်လည်း အဆိုပါ မိနစ်ပိုင်းအ တွင်း
ထမြောက်အကောင်အထည်ပေါ်သွားပါက ပြန်လည်ပြင်ဆင်၍မရနိုင် တော့ကြောင်း ဒေါက်တာ
ဦးဇော်စိန်လွင်ကပြောသည်။ သေကြောင်းကြံစည်ရန် အကြံအစည် ပေါ်တတ်သည့်
အချိန်များမှာ တိတ်ဆိတ် ငြိမ်သက်ကာ ဆိတ်ကွယ် ရာရှိနေသည့် အချိန်၊ အထီး
ကျန်ဖြစ် နေသည့်အချိန်၊ တွယ်ရာမဲ့နေချိန်၊ အခက်အခဲများမှ
လွတ်လမ်းမမြင်ချိန် နှင့် အခက်အခဲမှလွတ်မြောက်ရန် ကြံစည်မှုများသည်
လက်ရှိကြုံတွေ့နေရ သည့် အခက်အခဲအား မည်သို့မျှ ထိုးဖောက်ရန်
မတတ်နိုင်သည့်အချိန် များတွင် သေကြောင်းကြံရန် ကြံစည်လေ့ရှိတတ်ကြကြောင်း
သိရသည်။

လေ့လာမှုများအရ သေကြောင်းကြံရန် စိတ်ကူးနေသူများ၏ ၈၀ မှ ၉၀
ရာခိုင်နှုန်းသည် ၎င်းတို့၏ အကြံအစည်အား တစ်ပါးသူတို့ တစ်နည်း
နည်းဖြင့်ပြောပြတတ်လေ့ရှိသည်ဟု ပညာရှင်များ ကပြော သည်။ ထိုအချိန်တွင်
အမှတ်တမဲ့မနေသင့်ဘဲ ဂရုစိုက်ကာ ကာယကံရှင်၏ အခက်အခဲများအား
နားလည်မှုရှိစွာနှင့် စာနာနားထောင်ပေးခြင်း ဆွေး နွေးတိုင်ပင်
ပေးခြင်းတို့ ပြုလုပ်ပေး ခြင်းဖြင့် တစ်ဦးတစ် ယောက်၏ သေ
ကြောင်းကြံစည်ခြင်းအား ကာကွယ်နိုင်ကြောင်းသိရသည်။ အလားတူ
သေကြောင်းကြံရာတွင် အသုံးပြုနိုင်သည့် ဆေးဝါး၊ လက်နက်များကိုလည်း
အလွယ်တကူ ရရှိနိုင်သည့် နေရာတွင်မထားရှိဘဲ သေချာစွာ
သိမ်းဆည်းထားခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။

မိမိကိုယ်ကို သေကြောင်းကြံခြင်းမှ ကာကွယ်နိုင်ရန်အတွက် အခြား
သောနည်းလမ်းများမှာ မိမိတွင် စိတ်ကျရောဂါရနေပါက စောစီးစွာကုသ ခြင်း၊ အရက်
မူးယစ်ဆေးဝါးပြဿနာများရှိပါက ကြိုတင် ဆွေးနွေး ကုသ ခြင်းများ
ပြုလုပ်ခြင်း၊ ဆယ်ကျော် သက်များတွင် စိတ်ဖိစီးမှုများကြုံတွေ့ လာပါက
ရင်ဖွင့်တိုင်ပင်နိုင်မည့် အဖော်မွန်ဖြစ်သည့် မိဘ၊ဆွေမျိုး၊ညီအစ် ကို
မောင်နှမ များရှိခြင်း အစရှိ သည်တို့ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို
သေကြောင်း ကြံစည်ခြင်းမှ ကာကွယ်နိုင် ရန်အတွက် ပြဿနာ
တစ်စုံတစ်ခုနှင့်ကြုံတွေ့နေပါက ကိစ္စတိုင်းတွင် အခြားနည်းလမ်းရှိ
သည်ဆိုသည့် အချက်ကို မမေ့သင့်ဘဲ ပြဿနာ အား မှန်ကန်သည့် နည်းလမ်းဖြင့်
ချဉ်းကပ်ဖြေရှင်းကြရန် လိုအပ်ကြောင်း စိတ် ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ
ဦးဇော်စိန်လွင်က ပြောသည်။ "ကမ္ဘာကျော် တီထွင်ပညာရှင်ကြီး သောမတ်စ်အက်ဒီဆင်
ပြောသလို ပေါ့၊ အောင်မြင်မှုတစ်ခုအတွက် ဆုံးရှုံးမှုတွေဟာ ၉၉၉
ကြိမ်ရှိပါတယ်၊ အဲဒီတော့ တစ် ကြိမ်မအောင်မြင် တာကို နောက် တစ်ကြိမ်
ထပ်ကြိုးစားရင် အောင်မြင် နိုင်တာကို ဘာကြောင့် အရှုံး ပေးမှာလဲ"ဟု
ဒေါက်တာဦးဇော် စိန်လွင်ကအကြံပြုပြောကြားသည်။

သီဟ

Credit: http://www.yoyarlay.com/opinions/ts-news/articles/15130-2011-10-21-04-20-16

မျှဝေတဲ့ ပျော်ရွှင်ခြင်း

တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားဘယ်နှယောက်ပိုင်ဆိုင်တာလဲ မဟုတ်ဘူး။
တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားအများကို ဆရာကောင်းသမားဖြစ်ဖို့
ပြုစုပျိုးထောင်ပေးသူ၊ လူအများကို ခေါင်းဆောင်ကောင်းဖြစ်ဖို့
ပြုစုပျိုးထောင်ပေးသူဖြစ်တယ်။

လူ့ဘဝတစ်သက်က "လူဘယ်လောက်ကို သင်ကျော်လွန်ခဲ့သလဲ?" မဟုတ်ဘူး။
"လူဘယ်နှယောက်ကို ကိုယ့်ကိုယ်ကိုကျော်လွန်နိုင်ဖို့
သင်ကူညီလမ်းညွှန်ခဲ့သလဲ?"ဆိုတာဖြစ်တယ်။

အောင်မြင်ရေးကျမ်းသစ်က "လူဘယ်နှယောက်ကို သင်အောင်နိုင်ခဲ့သလဲ?" မဟုတ်ဘူး။
မျှဝေခြင်းက အောင်မြင်ခြင်းဖြစ်တယ်။

"ရှန်ဟိုင်းကနေ လန်ဒန်ကို ဘယ်လိုသွားရင် ပိုပျော်ဖို့ကောင်းမလဲ?"လို့
ရှန်ဟိုင်းမြို့က လျှပ်စစ်ပစ္စည်းကုမ္ပဏီတစ်ခုက ဆုပေးချီးမြှင့်တဲ့
မေးခွန်းတစ်ခုထုတ်ခဲ့တယ်။ ပထမဆုက လက်မ၄ဝ ရောင်စုံတီဗီစက်တစ်လုံးဖြစ်တယ်။
ဒီမေးခွန်းကို ဝင်ဖြေတဲ့လူတွေ ထူးထူးခြားခြားများခဲ့တယ်။ ကုမ္ပဏီကို
အနယ်နယ် အရပ်ရပ်ကစာတွေ ပလူပျံလာခဲ့တယ်။ ဝင်ဖြေသူတွေထဲမှာ တက္ကသိုလ်က
ဆရာတွေပါသလို၊ တက္ကသိုလ်ကျောင်းသား၊ ဝန်ထမ်း၊ အိမ်ရှင်မတွေပါ ပါခဲ့တယ်။
လက်ခံရရှိတဲ့အဖြေတွေမှာ ပုံစံအမျိုးမျိုးနဲ့
ဆန်းသစ်တွေးတောမှုတွေပါခဲ့တယ်။ နောက်ဆုံး ရွေးချယ်ခံရတဲ့အဖြေက
အများမျှော်လင့်မထားတဲ့ ကလေးငယ်တစ်ယောက်ရဲ့အဖြေဖြစ်နေခဲ့တယ်။

ကလေးငယ်က အဖြေကို ရိုးရိုးလေးပဲဖြေထားတယ်။ "သူငယ်ချင်းကောင်းနဲ့
အတူသွားရင် ပိုပျော်ဖို့ကောင်းပါတယ်"တဲ့။ တကယ်ပါပဲ...
ဒိုင်တွေရဲ့အကဲဖြတ်အဖြေက အားလုံးတညီတည်းဖြစ်တယ်။
"မျှဝေပြီးရလာတဲ့ပျော်ရွှင်ခြင်းက ကိုယ်တစ်ယောက်တည်းဆုပ်ကိုင်ထားတဲ့
ပျော်ရွှင်ခြင်းထက် ပိုပါသတဲ့"

ဆွီဒင်နိုင်ငံမှာ "နိုဘယ်လ်"လို့ခေါ်တဲ့ လူတစ်ယောက်ရှိခဲ့တယ်။
ကျောင်းနေတုန်းက နိုဘယ်လ်ရဲ့အဆင့်ဟာ အမြဲတမ်း ဒုတိယမှာပဲရှိခဲ့တယ်။
ပထမအဆင့်ကို "ပေါ်ခ်ျ"လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်က အမြဲဆွတ်ခူးခဲ့တယ်။
တစ်ခါက ပေါ်ခ်ျဟာ နာမကျန်းဖြစ်ပြီး ကျောင်းမတက်နိုင်ဘဲ
ခွင့်ရက်ရှည်ယူခဲ့ရတယ်။ ဒါကို ကျောင်းသားတချို့က နိုဘယ်လ်အတွက်ဝမ်းသာပြီး
"ပေါ်ခ်ျဖျားတော့ ပထမအဆင့်က နင့်အတွက်ပေါ့"လို့ ပြောခဲ့ကြတယ်။ ဒီအတွက်
နိုဘယ်လ်ဝမ်းမသာခဲ့တဲ့အပြင် ကျောင်းမှာသင်သမျှ သင်္ခန်းစာတွေကို
စာအုပ်တစ်အုပ်မှာ သပ်သပ်ကူးပြီး ကျောင်းမတက်နိုင်တဲ့ ပေါ်ခ်ျကိုပေးခဲ့တယ်။
စာမေးပွဲဖြေတော့ ထုံးစံအတိုင်း ပေါ်ခ်ျက ပထမ၊ နိုဘယ်လ်က ဒုတိယရခဲ့ပြန်တယ်။

တဖြေးဖြေးနဲ့ အရွယ်ရောက် ကြီးပြင်းလာခဲ့တဲ့ နိုဘယ်လ်ဟာ
ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်ခဲ့တယ်။ ယမ်းကို စတင်တီထွင်ပြီးတဲ့နောက် သူဟာ
အဆမတန် ချမ်းသာသူဖြစ်လာခဲ့တယ်။ သူသေသွားပြီးတဲ့နောက်မှာ
ပိုင်ဆိုင်သမျှအားလုံးကို လှူဒါန်းဖို့ သေတမ်းစာလည်းရေးခဲ့တယ်။
"နိုဘယ်လ်ဆု"အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ရံပုံငွေထဲက
အတိုးရလာတဲ့ငွေတွေနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊
ဆေးပညာ၊ စာပေ၊ စီးပွါးရေး နဲ့ လူ့ငြိမ်းချမ်းရေး ဆိုင်ရာတွေအတွက်
ဘဝစတေးသူတွေကို ဆုချီးမြှင့်စေခဲ့တယ်။

နိုဘယ်လ်ရဲ့ စိတ်သဘောထားကြီးမြတ်မှုနဲ့ ရက်ရောနိုင်မှုတွေကြောင့်
လုပ်ငန်းကြီးတစ်ခုကို ထုထောင်နိုင်ခဲ့တဲ့အပြင် သူ့ကို နောင်လာနောက်သားတွေ
အောင့်မေ့သတိရနေအောင်လည်း စွမ်းဆောင်နိုင်ခဲ့တယ်။ ကမ္ဘာသမိုင်းမှာ
လူတိုင်းက ဒုတိယအဆင့်သာရခဲ့တဲ့ နိုဘယ်လ်ကိုသိကြပြီး ပထမအမြဲရခဲ့တဲ့
ပေါ်ခ်ျကိုမသိခဲ့ကြဘူး။

နိုဘယ်လ်ရဲ့ပုံပြင်ထဲကနေ ကျွန်မတို့အတွက် နက်ရှိုင်းတဲ့ခံစားချက်တစ်ခုကို
ရစေခဲ့ပါတယ်။ နိုဘယ်လ်အောင်မြင်ခဲ့တာဟာ သူ့ရဲ့
ဥာဏ်စွမ်းရည်တစ်ခုတည်းကြောင့် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ကြီးမြတ်တဲ့
စိတ်သဘောထား၊ သင့်မြတ်မှုနဲ့ ရက်ရောမျှဝေနိုင်မှုတွေကြောင့်ပဲဖြစ်တယ်။

တာဇံကို ဘာကြောင့် တောဘုရင်လို့တင်စားခဲ့သလဲ? တာဇံရဲ့အင်အားဟာ
ဆင်တစ်ကောင်ကို မယှဉ်နိုင်ခဲ့ဘူး။ ကျားသစ်တစ်ကောင်လောက်
အပြေးမမြန်ခဲ့ဘူး။ မျောက်တစ်ကောင်လောက် မထက်မြက်ခဲ့ဘူး။ တောဘုရင်လို့
သူ့ကိုတင်စားကြတာက လက်နက်ကြောင့်၊ ခွန်အားကြောင့် မဟုတ်ပါဘူး၊
ဆက်ဆံရေးကြောင့်ပဲ ဖြစ်တယ်။

တာဇံဟာ တိရိစ္ဆာန်ပေါင်းစုံနဲ့ မိတ်ဆွေဖွဲ့ခဲ့သလို သူ့တို့အပေါ်လည်း
မေတ္တာထားဂရုစိုက်ခဲ့တယ်။ တစ်ဦးမေတ္တာ တစ်ဦးအပေါ်ဆိုသလို
တိရိစ္ဆာန်လေးတွေကလည်း တာဇံကို ကြိုက်နှစ်သက်ခဲ့ကြတယ်။ တာဇံ
အန္တရာယ်တစ်ခုခုနဲ့ ကြုံတဲ့အခါ ဒါမှမဟုတ် အကူအညီလိုတဲ့အချိန်
ရင်ဘတ်ကိုထုပြီး အော်လိုက်တာနဲ့ တိရိစ္ဆာန်တွေကထွက်လာပြီး
သူ့ကိုကူညီခဲ့ကြတယ်။

ဒါကြောင့် အောင်မြင်တယ်ဆိုတာ "လူဘယ်နှစ်ယောက်ကို ငါနိုင်ခဲ့သလဲမဟုတ်ဘဲ
လူဘယ်နှစ်ယောက်ကို ငါကူညီခဲ့သလဲ"ဆိုတာပဲဖြစ်တယ်။ ကိုယ်ကူညီခဲ့သူ
များလေလေ၊ ဆက်ဆံရေး ကျယ်ပြန့်လေလေ၊ ကိုယ်အောင်မြင်လေလေပါပဲ။

မူရင်း --http://www.jak123.url.tw/n_webnews/k09/k09_00336.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Friday, October 21, 2011

Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ)

ယောက်ျားတွေ Male sexual dysfunction ပန်းညှိုး-ပန်းသေဖြစ်ရင် သုံးတဲ့
Viagra (ဗိုင်ယာဂရာ) ဆေးဟာ အများစုမှာ ဘာမှ စိုးရိမ်စရာ မရှိပါ။
လိင်ဆက်ဆံမှု အားနည်းတတ်တဲ့ အသက်နဲ့ နှလုံးရောဂါဖြစ်စေတဲ့ အသက်က
ဆင်တူနေတယ်။ ဒါပေမဲ့ Heart disease နှလုံးရောဂါတိုင်း ဒီဆေးနဲ့ မသင့်ဘူး
မဟုတ်ပါ။

(ဗိုင်ယာဂရာ) ဆေး ပေါ်ကာစ ၁၉၉ဝ ကျော်တုံးက ဆေးသုံးသူတွေ
နှလုံးရောဂါဆိုးတယ်လို့ သတင်းတွေ အကြီးအကျယ် ထွက်ခဲ့တယ်။
ဆန်းစစ်မှုတွေလုပ်တော့ Nitrates (နိုက်ထရိတ်) နှလုံးဆေး မသုံးရသူတွေမှာ
အဲလိုအန္ကရာယ် ပိုဖြစ်တယ်ဆိုတာ မမှန်ကြောင်း သိလာရတယ်။

Viagra ဆိုတာ Sildenafil citrate ပါတဲ့ဆေး ဖြစ်တယ်။ နှလုံးရောဂါအပေါ်ကို
သက်ရောက်စေနိုင်တဲ့ နည်းလမ်း ၂ မျိုးရှိတယ်။
၁။ သွေးဖိအား ကျစေတယ်။ Vasodilator သွေးကြောတွေကို ကျယ်စေတဲ့သတ္ကိရှိလို့
Systolic blood pressure အထက်သွေးချိန်ကို ပျမ်းမျှ 8 mmHg ကျစေတယ်။
Antihypertensive drugs သွေးတိုးကျဆေး ပေးနေသူတွေအတွက် ပြဿနာ မဟုတ်ပါ။
၂။ Coronary artery disease နှလုံးသွေးကြောကျဉ်း ရောဂါအတွက်
သုံးလေ့ရှိတဲ့ Nitrates (နိုက်ထရိတ်) ဆေးနဲ့ ဓါတ်ပြုတယ်။ Nitrates ဆေးကလဲ
Vasodilating effects သွေးကြောကို ကျယ်စေလို့ ဆေး ၂ မျိုးရောရင် Severe
hypotension သွေးဖိအား မတရား ကျသွားနိုင်တယ်။ Syncope (Fainting)
ရုတ်တရက် မူးမေ့တာ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဒီ ဆေး ၂မျိုးကို ၂၄
နာရီအတွင်း တွဲမသောက်ပါနဲ့။

Nitrates ဆေးတွေထဲမှာ Sublingual ငုံဆေး၊ Transdermal အရေပြားထဲထားဆေး၊
Spray ပန်းဆေးတွေရှိတယ်။ Isosorbide mononitrate, Isosorbide dinitrate,
Pentaerythritol tetranitrate, Erythrityl tetranitrate နဲ့ Amyl nitrate
တွေ ပါဝင်တယ်။ အရင်က နှလုံးသွေးကြောကျဉ်းရောဂါအတွက် Nitrates
ဆေးမပါရင်မဖြစ်ဘူး။ ခုခေတ်မှာတော့ Angioplasty နဲ့ Stenting ကုသနည်းတွေ
တိုးတက်လာပြီ ဖြစ်တယ်။

Viagra ဆေးရဲ့ Nerve activity အာရုံကြောအပေါ် သက်ရောက်မှုအရ Relaxation of
the smooth muscles in the penis ကျား-လိင်အင်္ဂါထဲက သွေးကြောတွေကို
ကျယ်လာစေတယ်။ ဒီလိုဖြစ်တာကို လိုချင်တယ်။ ဒါပေမဲ့ Cardiovascular Effects
နှလုံး-သွေးကြောအပေါ် သက်ရောက်မှုတွေလဲ ရှိနေတယ်။

- Cardiac Contractility နှလုံးကြွက်သား ညှစ်ခြင်းအပေါ်သက်ရောက်မှု
ရှိပေမဲ့ Heart failure နှလုံးမကောင်းတော့တဲ့ လူနာတွေအပေါ်မှာ လုံလောက်တဲ့
ဆန်းစစ်မှုတွေ မရှိသေးဘူး။
- Systolic Blood Pressure အထက်သွေးဖိအား (8 to 10 mm Hg) နဲ့ Diastolic
အောက်သွေးဖိအား (5 to 6 mm Hg) ကျစေနိုင်တယ်။ ဆေးသောက်အပြီး ၁ နာရီမှာ
သိသာတယ်။ ၄ နာရီကြာရင် အရင်လိုပြန်ဖြစ်တယ်။ လူနာရဲ့ အသက်အရွယ် မရွေး
အဲလို ဖြစ်တယ်။
- Heart rate နှလုံးခုန်နှုန်းအပေါ် သိသာတဲ့ အပြောင်းအလဲ မတွေ့ရဘူး။
(ဒါ့ကြောင့် မေးခွန်းမေးသူအတွက် စိုးရိမ်စရာမရှိဘူး။)
- Cardiac index ဆိုတာ ၁၂ နာရီအထိ အပြောင်းအလဲ မရှိဘူး။
- Systemic vascular resistance index နည်းတာကို သွေးပြန်ကြောထဲထိုးပြီး
စမ်းသပ်တော့ တွေ့တယ်။
- Arteriodilator သွေးလွှတ်ကြော ကျယ်တာရော Venodilator သွေးပြန်ကြော
ကျယ်တာပါ ဖြစ်တယ်။
- ဆေးကို သွေးပြန်ကြောထဲ ထိုးပေးစမ်းတော့ Systemic pressure
ကိုယ်ခန္ဓာ-သွေးဖိအား ဂ%၊ Pulmonary arterial pressure အဆုပ်-သွေးဖိအား
၂၅% နဲ့ Cardiac output နှလုံး-သွေးထွက် ပမာဏ ၇% ကျတာ တွေ့တယ်။

တကယ်တန်းပြောရရင် -
- Severe coronary artery disease နှလုံးသွေးကြောကျဉ်းရောဂါ
ဆိုးဆိုးဝါးဝါး ရှိနေပေမဲ့ Active ischemia လောလောလတ်လတ်
နှလုံးကြွက်သားတွေ သွေးမဝတာ ဖြစ်မနေဘူးဆိုရင် (ဗိုင်ယာဂရာ) ဆေးကို
သုံးနိုင်ပါတယ်။ ဆိုလိုတာက အခု Chest pain ရင်ပတ်နာ မနေသူတွေ၊ Nitrates
ဆေးအခု သောက်မနေရသူကို ပြောတာပါ။
- Low blood pressure သွေးဖိအားကျနေရင်း Severe heart failure
နှလုံအလုပ်မလုပ်တဲ့ အခြေအနေ ရှိနေသူတွေ အတွက်တော့ အန္ကရာယ်ရှိမယ်။
- Hypertrophic cardiomyopathy နှလုံးကြွက်သားတွေ ရှိရမှာထက်
ကြီးထွား-ဖေါင်းကားနေသူတွေမှာ သွေးဖိအား ကျလာရင် အန္ကရာယ် မကင်းနိုင်ဘူး။
- "Stable coronary artery disease နှလုံးသွေးကြောကျဉ်းရောဂါ ရှိထားပေမဲ့
တည်ငြိမ်မှု ရှိနေချိန်၊ နောက်ပြီး Nitrates ဆေး သောက်မနေရရင် Sildenafil
ဆေးဟာ စိတ်ချနိုင်တယ်" လို့ American College of Cardiology and the
American Heart Association အမေရိကန် နှလုံးရောဂါ ကောလိပ် နဲ့ အမေရိကန်
နှလုံးအသင်း ကနေပြောထားတယ်။

Dr. တင့်ဆွေ
၇-၉-၂ဝ၁၁

Credit: http://www.yamunaclinic.org/index.php?option=com_content&view=article&id=2922:viagra-in-heart-disease-&catid=34:adult-readings&Itemid=49

Wednesday, October 19, 2011

ပရိတ်သည် မန္တန်မဟုတ်ပါ

ပရိတ်ဟူသော ဝေါဟာရသည် ပရိတ္တ ဆိုသည့် ပါဠိမှ ဆင်းသက်လာပြီး
မြန်မာဘာသာအားဖြင့် အရံအတား ဟုအဓိပ္ပာယ်ရကြောင်း ဗုဒ္ဓ ဘာသာဝင်များ
အသိပင်ဖြစ်သည်။ သို့ရာတွင် အရံအတားဟုဆိုလိုက်တိုင်း လူအတော်များများမှာ
မိမိတို့အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်အသွယ်သွယ်မှ ကာကွယ်ပေးမည့်
အဆောင်လက်ဖွဲ့သဖွယ် ထင်မှတ်မှားကြသည်။ အချို့ကလည်း ပရိတ်ဆိုသည်မှာ
ဗုဒ္ဓဘာသာဝင်တို့၏ ဂါထာမန္တန်တစ်မျိုးဟု ယူဆကြသည်။
အကယ်စင်စစ်အားဖြင့်လည်း ယင်းသို့ယူဆသူများကို အပြစ်မဆိုသာပေ။ ဗုဒ္ဓ၀ါဒသည်
ဗြာဟ္မဏ၀ါဒအကြီးအကျယ်ထွန်းကားရာ မဇ္ဈိမ ဒေသ၌ပေါက်ဖွားခဲ့ပေရာ
အနှစ်သာရပိုင်းတွင်မဟုတ်စေကာမူ အသွင်သဏ္ဌာန်ပိုင်းတွင်ကား ဗြာဟ္မဏ၀ါဒ၏
သြဇာသက်ရောက်မှုက ရိုးရာဓလေ့စရိုက်ပုံစံဖြင့်
အတိုင်းအတာတစ်ခုအထိရှိခဲ့ပေသည်။
သို့ဖြစ်ရာ နှောင်းပိုင်းကာလ ခေတ်အဆက်ဆက်တွင် ကမ္ဘာ့ဒေသအသီးသီးသို့
ဗုဒ္ဓ၀ါဒပျံ့နှံ့ခဲ့စေကာမူ ဗြာဟ္မဏ၀ါဒလောင်းရိပ်က ထပ်
ကြပ်မကွာစိုးမိုးခဲ့ပေရာ ဗုဒ္ဓ၀ါဒ၏အနှစ်သာရသည် အမှန်တကယ်အားထုတ်လေ့လာကာ
ပင်ကိုယ်ဥာဏ်ကို အသုံးချသူတို့အတွက်သာ ဖြစ်ခဲ့ပေသည်။
ဘာသာရေးကို မလုပ်မဖြစ်ကိစ္စတစ်ရပ်အနေနှင့် သဘောထားသည့်
မိရိုးဖလာဗုဒ္ဓဘာသာဝင် အများစုမှာကား ဗြာဟ္မဏ၀ါဒလောင်းရိပ် အောက်မှ
မလွတ်နိုင် မကျွတ်နိုင်ဖြစ်လျက် ရှိကြကုန်သည်။
အထက်ကဆိုခဲ့သည့်အတိုင်း ပရိတ်ကိုဗုဒ္ဓဘာသာဝင်တို့၏ အဆောင်လက်ဖွဲ့
မန္တန်တစ်မျိုးဟု ယူဆကြသူများမှာ ထိုသို့သော ဗြာဟ္မဏ ၀ါဒလောင်းရိပ်မိသူ
အမည်ခံဗုဒ္ဓဘာသာဝင်များပင် ဖြစ်ပေသည်။
ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊
နာယူခြင်းစသည့်လုပ်ငန်းဆောင်တာများသည် ဗြာဟ္မဏ၀ါဒလောင်းရိပ်ကို
တွန်းလှန်ဖယ်ရှား လျက် ဗုဒ္ဓ၀ါဒရှူထောင့်စစ်စစ်မှ
ကြည့်မြင်သုံးသပ်မည်ဆိုပါက ဗုဒ္ဓမြတ်စွာနှင့်တကွ ဓမ္မကိုဆက်ခံလိုက်နာ
ဖြန့်ဖြူးကြကုန်သည့် သာသနာ့ ၀န်ဆောင်ပုဂ္ဂိုလ်ကြီးများက ပုထုဇဉ်လူသားတို့၏
အသိဥာဏ်အဆင့်အတန်းနှင့်အညီ လက်တွေ့ဘ၀တွင် အကျိုးကျေးဇူးခံစားကြရစေ
ခြင်းငှာ အထူးစီမံခဲ့သော အဆုံးအမသြ၀ါဒ တရားထူးများသာ ဖြစ်ပေသည်။
ယခုအခါ ဗုဒ္ဓဘာသာဝင်အများသူငါ ရွတ်ဖတ်နာယူသမှု
ပြုနေကြသည့်ပရိတ်ကြီး(၁၁)သုတ်၏အရင်းအမြစ်ကို လေ့လာမည်ဆိုပါက မင်္ဂလသုတ်၊
ရတနသုတ်နှင့် မေတ္တသုတ်တို့ကို ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌနှင့်
သုတ္တနိပါတ်တို့တွင်လည်းကောင်း၊ ခန္ဓသုတ်ကို ၀ိနယ ပိဋကတ် စူဠ၀ဂ်၊
ခုဒ္ဒကနိကာယ်မှ ဇာတကနှင့် အင်္ဂုတ္တရနိကာယ်တို့တွင်လည်းကောင်း
တွေ့ရှိရမည်ဖြစ်သည်။ မောရသုတ်ကို ခုဒ္ဒက နိကာယ် ဇာတက၀တ္ထုအား
အခြေပြု၍လည်းကောင်း၊ ၀ဋ္ဋသုတ်ကို ဇာတက၀တ္ထုနှင့် စရိယာပိဋကတ်တို့အား
အခြေပြု၍လည်းကောင်း ရေးဖွဲ့ထားခြင်းဖြစ်ပေသည်။
ထို့အပြင် ဓဇဂ္ဂသုတ်ကို သံယုတ္တနိကာယ်၊ သတ္တယံယုတ်မှ လည်းကောင်း၊
အာဋာနာဋိယသုတ်ကို ဒီဃနိကာယ် ပါထိက၀ဂ်နှင့် ခုဒ္ဒက နိကာယ်
ဓမ္မပဒတို့မှလည်းကောင်း၊ အင်္ဂုလိမာလသုတ်ကို မဇ္ဈိမနိကာယ်
မဇ္ဈိမပဏ္ဏာသမှလည်းကောင်း၊ ဗောဇ္ဈင်သုတ်ကို သံယုတ္တ နိကာယ်
မဟာဝဂ္ဂသံယုတ်မှလည်းကောင်း ရွေးနုတ်ထားခြင်းဖြစ်သည်ကို တွေ့ရှိရသည်။
ပုဗ္ဗဏှသုတ်မှာမူ ခုဒ္ဓကနိကာယ်မှ သုတ္တနိပါတ် ခုဒ္ဒကပါဌနှင့်
အင်္ဂုတ္တရနိကာယ်တို့မှ ဘုရားဟောဂါထာအချို့ကို နှောင်းခေတ်ပညာရှင်တို့က
ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။
ပရိတ်တရားတော်သည် ဗြာဟ္မဏ၀ါဒလောင်းရိပ် မကင်းသူတို့အတွက် အဆောင်လက်ဖွဲ့-
မန္တန် - ဆုတောင်းစာတစ်မျိုးဟု ထင်မှတ်မှား ဖွယ်ဖြစ်ကောင်း
ဖြစ်ပေလိမ့်မည်။ သို့ရာတွင် မိမိကိုယ်ပိုင်ဆင်ခြင်တုံတရားကိုအသုံးပြုလျက်
ကျိုးကြောင်းဆက်စပ် ပိုင်းခြားဝေဖန်တတ် သူတို့အတွက်မူကား ရွတ်ဖတ်၊
နာယူနေရုံ သက်သက်မျှမဟုတ်ဘဲ ဘ၀တစ်သက်တာအတွက်
လမ်းညွှန်ချက်များသာဖြစ်ကြောင်း ကောင်းစွာသဘောပေါက်ကြမည်သာဖြစ်သည်။
ယင်းအချက်ကို ရိပ်စားမိကြကုန်သော သာသနာ့ဝန်ဆောင် ပညာရှင်ကြီးများကလည်း
ပရိတ်တရားတော် ရွတ်ဖတ်နာယူသူများအား ရွတ်ဖတ်နာယူရကျိုးနပ်စေရန်
လိုက်နာကျင့်ကြံသင့်သည့်အချက်များကို လမ်းညွှန်ပေးခဲ့ကြ ပေသည်။
ပါထိက၀ဂ်၊ အဋ္ဌကထာ၊ အာဋာနာဋိယသုတ်အဖွင့်တွင် ကျမ်းပြုဆရာက ပရိတ်တရားတော်
ရွတ်ဖတ်သရဇ္ဈာယ်သော ပုဂ္ဂိုလ်တို့အနေ နှင့် -
(၁) အနက်သဒ္ဒါကို သုတ်သင်၍ ကောင်းစွာ သင်ယူထားခြင်း၊
(၂) ပုဒ်၊ ဗျည်းတို့ကို မယုတ်လျော့စေရဘဲ ပြည့်စုံစွာ လေ့လာကျက်မှတ်ထားခြင်း၊
(၃) လာဘ်လာဘကို မငဲ့ကွက်ဘဲ မေတ္တရှေ့ထား၍ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဟူသည့်
အင်္ဂါရပ်များနှင့် ပြည့်စုံရန် လိုအပ်ကြောင်း ရေးသား ဖော်ပြသွားခဲ့ပေသည်။
ဤတွင် သတိပြုရန်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ပရိတ်တရားတော်ရွတ်ဖတ်သရဇ္ဈာယ်ရာတွင်
လိုက်နာအပ်သောအင်္ဂါရပ်များသည် အခြား သာသနာမှ မန္တန်ဆရာများ
လိုက်နာလေ့ရှိသောအင်္ဂါရပ်များနှင့် လုံးဝခြားနားခြင်းပင်ဖြစ်သည်။
ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်သူသာမက အခြားမည်သည့်ပုဂ္ဂိုလ်မဆို
မိမိနှုတ်ဖျားမှထွက်လာသည့် စကားလုံးတိုင်း၊ စကားလုံး တိုင်း၏
အနက်အဓိပ္ပာယ်နှင့် ခရီးတာသွားမှုကို ကောင်းစွာသိရှိနားလည်ကြရမည်သာ
ဖြစ်သည်။ မိမိပြောသောစကားကိုပင် မိမိနား မလည်သူကို
လူတန်းစေ့ကျပ်ပြည့်သူဟု သတ်မှန်ရန် ခဲယဉ်းလှပေသည်။ သို့သော် ယခုအခါ၌ကား
အချို့သောဂန္ဓာရီဆရာ၊မှော်ဆရာ ယောင်ယောင်၊ ပယောဂဆရာယောင်ယောင်
ပုဂ္ဂိုလ်များသည် မိမိနှုတ်ကရွတ်ဆိုနေသည်များကို
မိမိကိုယ်တိုင်ပင်နားမလည်ဘဲ အဓိပ္ပာယ်မဲ့စွာ
လူအထင်ကြီးခံလိုစိတ်ဖြင့်ရွတ်ဆို နေတတ်ကြသည်။
မိမိပြုနေသော ကာယကံအမှု၊ ၀စီကံအမှု၊ မနောကံအမှုတို့၏ အဓိပ္ပာယ်ကိုမျှ
မိမိနားမလည်ဘဲပြုနေသူအား လူဟုပင်ခေါ်ရန်ခက်လှ ပေရာ
ယင်းသို့အဓိပ္ပာယ်မဲ့သည့် အပြုအမူမျိုးကို ဗုဒ္ဓ၀ါဒက မည်သည့်အခါကမျှ
အားပေးခဲ့ခြင်းမရှိပါပေ။
ယင်းအချက်ကို ပိုမိုထင်ရှားစေစိမ့်ငှာ ဗုဒ္ဓ၀ါဒီတို့၏
ပရိတ်တရားတော်ရွတ်ဖတ်မှုကို သာသနာပ ဗြာဟ္မဏပုဏ္ဏားတို့၏ ဝေဒမန္တန် သင်ယူ
ရွတ်ဖတ်မှုနှင့် နှိုင်းယှဉ်ဖော်ပြပါဦးမည်။
ရှေးအခါက ဗြာဟ္မဏပုဏ္ဏားတို့၏ ဝေဒမန္တန်သင်ကြားမှုသည် အနက်အဓိပ္ပာယ်
နားလည်စရာမလိုဘဲ နှုတ်မှအာဂုံဆောင် ရွတ်ဖတ်နိုင် ရေးသာလျှင် အဓိကဖြစ်သည်။
ဗြာဟ္မဏတို့ ရွတ်ဖတ်သောမန္တန်များကို နာယူသူတို့မှာလည်း အနက်အဓိပ္ပာယ်အား
သိနားလည် စရာမလိုချေ။ မန္တန်ပါစကားလုံးတိုင်းသည် ဖန်ဆင်းရှင်မဟာဗြဟ္မာကြီးက
စကြာဝဠာမဟာ တံတိုင်းတွင် ရေးထိုးထားခြင်းဖြစ်ပြီး သိဒ္ဓိရှင်
ရသေ့ရှစ်သောင်း ဆရာအပေါင်းက ကူးယူထားခဲ့ခြင်းသာဖြစ်သည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် မန္တန်ပါ စကားလုံးတိုင်းသည် ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးနှင့်သာ
သက်ဆိုင်သည်ဖြစ်ရာ ရွတ်ဆိုနေသောမန္တန်တို့ကို ဗြဟ္မာကြီးကကြားသိပြီး
၎င်းတို့အပေါ်ကောင်းချီး မင်္ဂလာပေးရေးသာလျှင် အဓိကလိုရင်းဖြစ်ပေသည်။
ယခုခေတ်တိုင်အောင် ဗြာဟ္မဏဘာသာဝင် အတော်များများမှာ မိမိတို့ရွတ်ဖတ်
နာယူနေသည့် ဝေဒမန္တန်ပါ ဝေါဟာရများ၏ အနက် အဓိပ္ပာယ်ကို နားလည်းမလည်၊
နားလည်အောင် ကြိုးပမ်းရကောင်းမှန်းလည်း မသိကြချေ။ ယင်းအချက်တွင်
မိရိုးဖလာဗုဒ္ဓဘာသာဝင် အတော်များများနှင့် အတန်ပင်တူညီသည်ကိုတွေ့
ရှိနိုင်ပေသည်။
မည်သည့်ဘာသာစာပေမဆို အနက်အဓိပ္ပာယ်မသိဘဲ အာဂုံဆောင်ခြင်းသည် အချိန်ကာလ
ကြာညောင်းလာ သည်နှင့်အမျှ အပြောင်း အလဲ
အယိုအဖိတ်များစွာရှိလာနိုင်သည့်အပြင် ချဲ့ကားဖြည့်စွက်မှုများပါတိုးပွားလာ
နိုင်ပေသည်။ ထို့ကြောင့် အနက်သဒ္ဒါကို ကောင်းစွာ သင်ယူခြင်းနှင့် ပုဒ်၊
ဗျည်းတို့ကို မယုတ်မလျော့စေဘဲ ပြည့်စုံစွာ လေ့လာကျက်မှတ်ခြင်းတို့သည်
လုံးဝဆက်နွယ်နေပေသည်။ ဗုဒ္ဓဘာသာတွင်ပင် ယင်းသို့ကာလ ကြာရှည်
အာဂုံဆောင်ခဲ့ကြရသည်ဖြစ်ရာ နှစ်ကာလကြာညောင်းလာသည့်အလျောက် ပြင်ဆင်ဖြည့်
စွက် ချဲ့ကားမှုများ ပိဋကတ်တော်အတွင်း ၀င်ရောက်လာခဲ့ပေသည်။ သို့ကြောင့်ပင်
အနက်သဒ္ဒါကို ကောင်းစွာ သင်ယူတတ်မြောက် သော သာသနာ့ပညာရှင်များ၏
အကူအပံ့ဖြင့် သုတ်သင်တည်းဖြတ်ကာ သင်္ဂါယနာ တင်ခဲ့ရသည်မှာ
အထင်အရှားပင်ဖြစ်တော့သည်။
ရှေးအခါကဆိုလျှင် ဗြဟ္မဏပုဏ္ဏားတစ်ဦး ဝေဒမန္တန်သင်ယူနေသည်ကို
ဇာတ်မြင့်မဟုတ်သည့် အောက်တန်း လွှာမှ ဗြဟ္မဏဘာသာဝင် ဇာတ်နိမ့်သူစဏ္ဍာလတစ်ဦးက
နားထောင်မိပါက ကြီးလေးသောဘာသာရေး ပြစ်မှုကြီးကို
ကျူးလွန်ခြင်းပင်ဖြစ်တော့သည်။
ဝေဒမန္တန်သင်ကြားခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအလုပ်များသည်
ဗြာဟ္မဏဘာသာဝင်ချင်းတူစေကာမူ ဗြဟ္မဏကြီးခံတွင်းမှ ပေါက်ဖွား လာသည်ဟု
သူတို့ကိုယ်ကိုအမွှမ်းတင်ကာ လူတန်းစားခွဲခြားထားသည့် ဗြာဟ္မဏပုဏ္ဏားတို့၏
အလုပ်သာဖြစ်သည်။ သို့ဖြစ်ရာ ဝေဒ မန္တန်သင်ကြားမှုကို ခိုးယူနားထောင်သူ
အောက်တန်းစားတစ်ဦးအား ဖမ်းမိသွားပါက နားထဲသို့ သံရည်ပူလောင်းထည့်၍ပင်
အပြစ်ပေးခဲ့ ကြသည်။ ယင်းသို့လုပ်ဆောင်ကြခြင်းမှာ အကြောင်းမဲ့မဟုတ်ချေ။
မျက်မှောက်ခေတ်၌ ဝေဒကျမ်းဂန်များသည် ကမ္ဘာ့စာပေနှင့်သမိုင်း
သုတေသီတို့အတွက် လေ့လာစရာမှတ်တမ်းကြီး ဖြစ်နေသော်လည်း ရှေးအခါကမူ
ဗြာဟ္မဏတို့၏ အသက်မွေးရာ ထမင်းအိုးကြီးများ ဖြစ်နေသောကြောင့်ပင်ဖြစ်ပေသည်။
ဝေဒကျမ်းဂန်လာမန္တန်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ယဇ်နတ်ပူဇော်ပေးခြင်း
စသည့်အလုပ်များကို ဗြာဟ္မဏပုဏ္ဏားတို့ကသာ မူပိုင်ယူ၍
လုပ်ကိုင်စားသောက်နေခြင်းဖြစ်ရာ သူတို့၏မန္တန်များကို အခြားလူ့အလွှာမှ
ပုဂ္ဂိုလ်များသာ တတ်သိနားလည်သွားပါက ၄င်းတို့အား
ပင့်ဖိတ်ပူဇော်ခြင်းမပြုတော့မှာကို စိုးရိမ်၍ဖြစ်ပေသည်။
လာဘ်လာဘ ဆိတ်သုဉ်းသွားမည်ကို ကြောင့်ကြသဖြင့် ဤဝေဒမန္တန်များသည်
ဗြာဟ္မဏပုဏ္ဏားတို့အတွက် သာ မဟာဗြဟ္မာကြီးက ရေးထိုးသွားခဲ့ခြင်းဖြစ်ပြီး
အခြားလူ့အလွှာများနှင့် မထိုက်တန်ဟု ၀ါဒဖြန့်ခဲ့ကြ သည်။ တစ်နည်းအားဖြင့်
ဗြာဟ္မဏပုဏ္ဏားတို့သည် ၄င်းတို့၏ ထမင်းအိုးကို ထိန်းသိမ်း ကာကွယ်ခဲ့ကြခြင်း
ပင်ဖြစ်သည်။ အနီးစပ်ဆုံး ဥပမာပြုရလျှင် ယင်းဗြာဟ္မဏပုဏ္ဏားများသည် ယခုခေတ်
မိရိုးဖလာဗုဒ္ဓဘာသာ ၀င်များအကြား ရေပန်းစားနေသည့် ဘုရားကိုးဆူဆရာများ၊
ဦးရှင်ကြီးနတ်တင်ဆရာများ၊ ကန္နားစီးများ ကဲ့သို့ပင် ဖြစ်တော့သည်။
ဗုဒ္ဓသာသနာတော်မှ ပရိတ်တရား ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကား နာယူသူတို့ထံမှ
ပူဇော်ပေးကမ်းစွန့်ကြဲလာမည့် လာဘ်လာဘ၊ အထင် ကြီးလေးစားမှုနှင့် မိမိအား
သိဒ္ဓိရှင်တစ်ဦးသဖွယ် ကိုးကွယ်မှုတို့အပေါ် မျှော်ကိုး၍ မပြုစကောင်းပေ။
ပရိတ်ရွတ်သူအနေနှင့် ပရိတ်တရား နာယူသူအတွက် တစ်စုံတစ်ယောက်သော
တန်ခိုးရှင်ထံပါး ၀တ်ပြုဆုတောင်းပေးနေခြင်းလည်း မဟုတ်ချေ။
စစ်မှန်သော ထေရ၀ါဒဗုဒ္ဓသာသနာရှုထောင့်မှ ကြည့်မည်ဆိုလျှင် ပရိတ်ရွတ်သူသည်
ပရိတ်နာသူအား ဗုဒ္ဓမြတ်စွာ၏ သြ၀ါဒအဆုံးအမ လမ်းညွှန်ဒေသနာများကို
မေတ္တာဖြင့်သင်ကြားပေးခြင်းသာ ဖြစ်ပေသည်။ ဂါထာတစ်ပိုဒ် မန်းလိုက်၊
မှုတ်လိုက်၊ ဟိန်းလိုက်၊ ဟောက်လိုက် ရုံမျှဖြင့် ဘာဖြစ်စေသတည်း၊
ညာဖြစ်စေသတည်းဆိုသည့် မန္တန်မျိုးမဟုတ်ပေ။ နာယူသူ၏ကိုယ်ပိုင်ဥာဏ်နှင့်
လုံ့လစိုက်ထုတ်တွေး ခေါ်နိုင်စွမ်းအပေါ် မူတည်၍ ဘ၀ခရီးလမ်းညွှန်အဖြစ်
လိုက်နာအပ်သည့် ဗုဒ္ဓမြတ်စွာ၏အဆုံးအမ ဒေသနာများသာဖြစ်သည်။
သို့ဖြစ်ရာ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်သူတို့အနေနှင့် ဌာန်ကရိုဏ်းကျကျ
ရွတ်ဆိုပေးလိုက်ရုံနှင့် တာဝန်ကျေပြီဟု မယူဆ သင့်ပေ။
မိမိရွတ်ဖတ်သရဇ္ဈာယ်လိုက်သည့် ပရိတ်တရားတော်တို့၏ အနက် အဓိပ္ပာယ်ကိုပါ
နာယူသူတို့ နားလည်သဘောပေါက်အောင် ရှင်းလင်းဖွင့်ဆိုပြသင့်ပေသည်။
ပရိတ်ကြီး (၁၁)သုတ် ကုန်အောင်ရွတ်ပြီး ပြန်သွားခြင်းထက် ပရိတ်တော်
တစ်သုတ်မျှကိုပင်ဖြစ်စေ ရွတ် ဖတ်သရဇ္ဈာယ် ပြီးသည့်နောက် နာယူသူတို့အား
ဤတရားတော်၏ အနက်အဓိပ္ပာယ် ဆိုလိုရင်းနှင့် လက်တွေ့ဘ၀တွင် အကျိုးရှိအောင်
မည်သို့မည်ပုံ လိုက်နာအပ်သည်တို့ကို သွန်သင် ညွှန်ပြသင့်ပေသည်။
ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်သူများ၌ ရှိအပ်သော အင်္ဂါရပ်များကို
ဖော်ပြခဲ့ပြီးသည့်နောက် နာယူသူတို့တွင် ရှိသင့်သည့်အင်္ဂါရပ် များကိုလည်း
ဆက်လက်အကြံပြု ဆွေးနွေးသွားပါဦးမည်။
ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ နာယူခြင်းတို့ပြုကြရာတွင်
ရွတ်ဖတ်သရဇ္ဈာယ်သူက မည်မျှပင်အားထုတ်သမှုပြုစေကာမူ
နာယူသူဘက်ကနည်းလမ်းမကျပါက ရသင့်ရထိုက်သောအကျိုးကျေးဇူးကို အပြည့်အဝ
ခံစားကြရလိမ့်မည် မဟုတ်ပေ။ နာယူသူတို့ ဘက်ကလည်း
ထိုက်တန်သောအားထုတ်မှုဖြင့် ပေးဆပ်မှသာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည့်
တရားဒေသနာတော်တို့၏ အဆီအနှစ်ကို ရရှိနိုင်ပေလိမ့်မည်။
ပရိတ်တရားတော်ဟူသည် သာသနာပမန္တန်ဆရာတို့က ၄င်းတို့၏ ထင်ပေါ်ကျော်စောလိုမှု၊
လာဘ်လာဘပေါများလိုမှုကို ရည်မျှော်၍ အသုံးပြုသော ပျောက်စေမန္တန်မျိုး
မဟုတ်သည့်အလျောက် ရွတ်ဖတ်သူကိုချည်း အားကိုးနေရုံဖြင့်
အကျိုးထူးလိမ့်မည်ဟု မမျှော်လင့်အပ်ပေ။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအနေနှင့် အထူးသိသင့်သည်မှာ ထေရ၀ါဒပိဋကတ်တော်လာ
ဘုရားဟောဒေသနာတော်များဖြင့် စုစည်း သီကုံးထားသော ပရိတ်တရားတော်တို့သည်
မိမိမှတစ်ပါးအခြားအခြားသော ပရလောကမှ သဘာဝလွန်ဖန်ဆင်းရှင်၊
တန်ခိုးရှင်တစ်စုံ တစ်ဦး၏ ကယ်တင်စောင်မ ကောင်းချီးမင်္ဂလာပေးမှုကို
တောင်းခံပန်ကြား အသနားခံသော ဂါထာမန္တန်များမဟုတ်ခြင်းပင်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်က မိမိသည် ဖန်ဆင်းရှင် ကယ်တင်ရှင်မဟုတ်၊
သစ္စာတရားကိုသိမြင်ပြီး မိမိသိသလိုသိမြင်အောင် လမ်းညွှန် ပေးသူသာ ဖြစ်သည်ဟု
အတိအလင်း မြွက်ကြားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် လောကတွင် အစဉ်ထာဝရ
တည်မြဲအစိုးရနေသောအရာဟူ၍ မြူမျှမရှိဟု ဟောကြားခဲ့သဖြင့်
လောကကိုအစဉ်စောင့်ရှောက် ကယ်တင်စောင်မနိုင်သည့်
ပုဂ္ဂိုလ်ဟူ၍လည်းမရှိနိုင်ချေ။ သို့ဖြစ်ရာ မိမိမှ တစ်ပါးအခြားတွင်
ကယ်တင်ရှင်ရှာဖွေခြင်း၊ မျှော်ကိုးတမ်းတခြင်းသည် ဗုဒ္ဓဘာသာဝင်များ၏
အလုပ်မဟုတ်ပေ။ ထို့ကြောင့် -
ပရိတ်တရားတော်တို့၏ အကျိုးကို အမှန်တကယ်ခံစားလိုသူ
ဗုဒ္ဓဘာသာဝင်များအနေနှင့် မိမိ၌ သီလ၊ သမာဓိ၊ ပညာတည်းဟူသော
ဝမ်းစာတရားများပြည့်ဝစေရန် အားထုတ်ကြရပေလိမ့်မည်။ သီလ၊သမာဓိ၊ပညာနှင့်
ပြည့်စုံအောင် အားထုတ်လိုသည့်ဆန္ဒပင်မရှိသော ပုဂ္ဂိုလ်များအတွက်ကား
ပရိတ်တရားတော်နာယူခြင်းသည် အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ယင်းအချက်ကို
ကောင်းစွာသဘော ပေါက်သော မိလိန္ဒပဥှာကျမ်းပြုဆရာက ပရိတ်တရားတော်
နာယူသူများအနေနှင့် -
(၁) ပဉ္စာနန္တရိယကံမရှိခြင်း၊
(၂) နိယတမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း၊
(၃) ပရိတ်တန်ခိုးကိုယုံကြည်ခြင်းဆိုသည့် အင်္ဂါရပ်များနှင့် ပြည့်စုံမှသာ
ပရိတ်တရားတော်တို့ အစွမ်းထက်မည်ဖြစ်ကြောင်း ရေးသားသွားခဲ့သည်။
ထို့အပြင် ပရိတ်အရံအတားဟူသည် အသက်ရှင်နိုင်ခွင့် ရှိသေးသော၊
အရွယ်ကောင်းသော၊ ကံကြီးငါးပါးမှ ကင်းလွတ်ကုန်သောသူ တို့အတွက်သာဖြစ်သည်။
အသက်ရှင်သန်နိုင်ခွင့် ကုန်သောသူအား ပရိတ်ရွတ်ဖတ်ပေးခြင်းဖြင့်
အသက်ဆက်ရန် မစွမ်းနိုင်ချေ ဟူ၍ အတိအလင်းရေးသား ဖော်ပြထားသည်ကိုလည်း
တွေ့ရှိနိုင်ပေသည်။
ဤနေရာတွင် မိလိန္ဒပဥှာကျမ်းပြုဆရာ ရည်ညွှန်းသော ပရိတ်နာသူတို့၌
ရှိသင့်သည့်အင်္ဂါသုံးရပ်ကို အနည်းငယ်ဖွင့်ဆိုလိုပေသည်။ ပထမအင်္ဂါရပ်ဖြစ်သည့်
ပဉ္စာနန္တရိယကံမရှိခြင်း ဆိုသည့်အချက်မှာ ပရိတ်နာသူ၏
ကိုယ်ကျင့်သီလပြည့်စုံမှု အတိုင်းအတာကို ဆိုလိုရင်း ဖြစ်သည်။
ပဉ္စာနန္တရိယကံဆိုသည်မှာ (၁) အမိကိုသတ်ခြင်း၊ (၂) အဖကိုသတ်ခြင်း၊ (၃)
ရဟန္တာကိုသတ်ခြင်း၊ (၄) ဗုဒ္ဓမြတ်စွာကို သွေး ထွက်သံယို ဖြစ်အောင်ပြုခြင်း
(ဤနေရာတွင် သတိပြုရန်မှာ သံဃာကိုသွေးထွက်သံယို ဖြစ်အောင်ပြုခြင်းသည်လည်း
ဗုဒ္ဓကို သွေးထွက် သံယိုဖြစ်အောင်ပြုခြင်းနှင့်
ထပ်တူဖြစ်သည်ဆိုခြင်းပင်ဖြစ်သည်။ယခုခေတ်၌ ဗုဒ္ဓမြတ်စွာ
သက်တော်ထင်ရှားမရှိတော့ပြီဖြစ်ရာ ဤကံမျိုး ကျူးလွန်စရာ ရှိပါဦးအံ့လောဟု
ဆင်ခြေတက်လိုသူ များ စဉ်းစားနိုင်ရန်ဖြစ်သည်)၊ (၅)
သံဃာကိုသင်းကွဲအောင်ပြုမူခြင်း တို့ပင်ဖြစ် ပါသည်။ သီလမရှိသူများအား
ပရိတ်အကျိုး မခံစားနိုင်ဟု ဖော်ပြခဲ့ခြင်းပင်ဖြစ်ပေရာ သာသနာပ တန္တရ၊
မန္တရဂိုဏ်း ဆရာတို့အလိုအား ဖြင့် ရွတ်ဖတ်ရုံနှင့် ပဉ္စာနန္တရိယကံကြီးမှ
လွတ်ကင်းနိုင်သည်ဟုဆိုသော မန္တန်တို့နှင့်ကား ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့၏
ပရိတ်တရား တော်တို့သည် ပြဒါးတစ်လမ်း၊ သံတစ်လမ်းပမာ ခြားနားလှကြောင်း
ထင်ရှားပေတော့သည်။ လောက၌ သီလမဲ့သူသည် သမာဓိမရှိနိုင် ချေ။ သမာဓိကင်းသူသည်
ပညာမဲ့မည်သာ ဖြစ်တော့သည်။ ထိုပညာမဲ့သူတို့ကြောင့် ၄င်းတို့ကိုယ်တိုင်ရော
ပတ်ဝန်းကျင်ပါ အန္တရာယ် ကြီးမားလှပေသည်။ ထို့ကြောင့် သီလမဲ့သူ၊
သီလနှင့်ပြည့်စုံအောင်လည်း အားထုတ်ရန်ဆန္ဒမရှိသူတို့အဖို့
ပရိတ်တရားတော်သည် အချည်းအနှီးပင်ဖြစ်တော့သည်။
နိယတမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း ဆိုသည်မှာ ပညာနှင့်ပြည့်စုံရန်လိုအပ်ခြင်းကို
ရည်ညွှန်းပေသည်။ လောက၌ အချို့သောပုဂ္ဂိုလ်တို့သည် ကုသိုလ်ကံ၊
အကုသိုလ်ကံတို့ကို ယုံကြည်မှုမရှိကြချေ။ လူနပ်ချမ်းသာဆိုသောစကားသည်
သူတို့၏နှလုံးသား၌ ထာဝစဉ်ချိတ်ဆွဲထား သောဆောင်ပုဒ်ဖြစ်သည်။ လောက၌
လျင်သူစားစတမ်း တောရိုင်းဝါဒကိုသာ ယုံကြည်သည်။ မိမိတို့ပြုခဲ့သော
ကုသိုလ်၊ အကုသိုလ်ကံ တို့သည် မိမိဘ၀တစ်သက်တာခရီးဝယ်
တစ်နေ့နေ့တစ်ချိန်ချိန်၌ ပြန်လည်အကျိုးပေးလိမ့်မည်ဟု မယုံကြည်ပေ။
နတ္တိကဒိဋ္ဌိ အယူစွဲ လမ်းနေသူများပင် ဖြစ်သည်။
အချို့ကမူ လောက၌အရာရာသည် ကြောင်းကျိုးဆက်စပ်ဖြစ်ပေါ်နေကြောင်း
မယုံကြည်ချေ။ အရာရာကို ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ် ဆင်ခြင်ရန်
အားမထုတ်လိုတော့ဘဲ အကြောင်းတရား မဲ့စွာ အကျိုးတရားဖြစ်နိုင်သည်ဟု
လက်ခံထားကြသည်။ ကြောင်းကျိုးဆက်စပ် တွေးခေါ်မှုကိုပစ်ပယ်ကာ လွယ်လွယ်တွေး၊
လွယ်လွယ်ပြော၊ လွယ်လွယ်ယုံ၊ လွယ်လွယ်လုပ်လိုသူများသာဖြစ်ရာ ၄င်းတို့မှာ
အဟေတုကဒိဋ္ဌိ အယူ စွဲလမ်းနေသူများပင်ဖြစ်သည်။
အချို့ကလည်း မိမိတို့ပစ္စုပ္ပန်၌ ခံစားနေရသော ကောင်းကျိုးဆိုးပြစ်တို့သည်
မိမိတို့အတိတ်က တွေးခေါ်၊ ပြောဆို၊ ကျင့်ကြံအားထုတ် ခဲ့မှုတို့၏
အကျိုးရလဒ်ဖြစ်သည်ဆိုခြင်းကို လက်မခံလိုကြပေ။ ထို့ကြောင့် မိမိအနာဂတ်
ကောင်းကျိုးအတွက် ယခုပစ္စုပ္ပန်၌ ကောင်း သောအတွေး၊ ကောင်းသောအပြောအဆို၊
ကောင်းသောအကျင့်အကြံတို့ဖြင့် အားထုတ်လုပ်ဆောင်ရန်
လိုအပ်သည်ဆိုခြင်းကိုလည်း မယုံကြည်ချေ။ အနာဂတ်ကံကြမ္မာသည်
ပစ္စုပ္ပန်လုပ်ဆောင်မှုအပေါ် အခြေတည်သည်ဆိုခြင်းကို လက်မခံလိုသည့်အလျောက်
သတ္တ၀ါ တို့အနေနှင့် ကောင်းမှုပြုလည်း ကောင်းကျိုးမဖြစ်၊ မကောင်းမှုပြုလည်း
မကောင်းကျိုးမဖြစ်ဟုသာ လက်ခံထားရကား ထိုသူတို့ကို အကိရိယဒိဋ္ဌိ အယူ
စွဲလမ်းသူများဟု သတ်မှတ်နိုင်သည်။
အထက်ကဖော်ပြခဲ့သည့် နတ္တိကဒိဋ္ဌိဖြစ်စေ၊ အဟေတုကဒိဋ္ဌိဖြစ်စေ၊ အကိရိယဒိဋ္ဌိဖြစ်စေ
ဒိဋ္ဌိတစ်မျိုးမျိုးစွဲကပ်နေသူအား နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူဟု
ခေါ်ဆိုနိုင်ပေသည်။ ပရိတ်တရားတော်တို့မှာ ကောင်းသောအပြုအမူသည်
ကောင်းကျိုးချမ်းသာ၏ အရင်းမူလဖြစ်ပြီး မကောင်းသောအပြုအမူသည်
မကောင်းကျိုးပြစ်၏ အရင်းမူလသာဖြစ်သည်ဆိုသော မူအပေါ်အခြေခံသည့်
ဗုဒ္ဓမြတ်စွာ၏ ဒေသနာ တော်များသာ ဖြစ်သည်။ သို့ဖြစ်ရာ
နိယတမိစ္ဆာဒိဋ္ဌိတည်းဟူသော ပညာဥာဏ်ကင်းမဲ့သူတို့၏ အယူကို စွဲလမ်းနေသရွေ့
ယင်းပုဂ္ဂိုလ် မျိုးသည် ပရိတ်တရားတော်၏အကျိုးကို ခံစားနိုင်ဖွယ်ရာ
အကြောင်းမရှိပါချေ။
ပရိတ်တန်ခိုးကို ယုံကြည်ခြင်း ဆိုသည်ကား ဤမည်သော ပရိတ်ကိုရွတ်ဖတ်ခြင်း၊
နာယူခြင်းပြုရုံမျှဖြင့် တစ်စုံတစ်ယောက်သော ကယ်တင် ရှင်က ကောင်းချီးမင်္ဂလာ
ပေးအပ်လာလိမ့်မည်ဟုမှတ်ယူရန်ဆိုလိုခြင်းမဟုတ်ချေ။ အချို့သောမန္တန်ဆရာတို့
ယူဆသကဲ့သို့ ပရိတ်ရွတ် သူ၏အသံလှိုင်းတွင် တန်ခိုးသတ္တိများရှိပေရာ
ယင်းတို့၏ စွမ်းပကားကြောင့် နာယူသူတို့၌ ချက်ချင်းလက်ငင်း
အပြောင်းအလဲဖြစ်ပေါ် လာလိမ့်မည်ဟု ယုံကြည်ရန်လည်း မဟုတ်ပေ။
ယင်းသို့ ကြောင်းကျိုးကင်းမဲ့သော ယုံကြည်မှုမျိုးဖြင့် ယုံကြည်ပါက
ပရိတ်အကျိုးမခံစားရသည့်အပြင် ကြောင်းကျိုးဆက်စပ်လက်ခံမှုကို
ပစ်ပယ်ရာရောက်သည့်အတွက် အဟေတုကဒိဋ္ဌိပင် ဖြစ်နိုင်ပေသေးသည်။ ထို့ကြောင့်
ပရိတ်ရွတ်သံကို ကက်ဆက်ခွေဖွင့်ထားရုံဖြင့် မင်္ဂလာရှိမည်၊
လာဘ်ရွှင်မည်၊ဈေးရောင်းကောင်းမည်ဟု လွဲမှားစွာယုံကြည် နေသူများသည်
နိယတမိစ္ဆာဒိဋ္ဌိဝါဒီများပင် ဖြစ်ပေသည်။ နေ့စဉ်ဝတ်မပျက် ပရိတ်ရွတ်၊
ပရိတ်ကက်ဆက်ခွေဖွင့်နေကြသော်လည်း ပရိတ်၏အနက်အဓိပ္ပာယ်ကို မသိ၊ သိအောင်လည်း
အား မထုတ်သူတို့မှာကား ပရိတ်တရားတော်၏ အကျိုးကို ခံစားရဖွယ်ရာ
အကြောင်းမမြင်ပေ။
တိဗက်ပြည်ရှိ တန္တရဗုဒ္ဓဘာသာဝင်များသည် သူတို့၏ ထာဝရဗုဒ္ဓဘုရားသခင်၏သားတော်
ကယ်တင်ရှင် အ၀လောကိတေဿရအား ရှိခိုးသော'ဥုံမဏိပဒ္ဓမေဟုံ' ဆိုသည့်မန္တန်ကို
လေရဟတ်၊ ရေရဟတ်များတွင်ရေးသား တပ်ဆင်ထားတတ်ကြသည်။ ယင်းရဟတ်များ
ခေါက်ရေများများလည်ပတ်လေ ကုသိုလ်များများရလေဟု အကြောင်းအကျိုးမဲ့စွာ
ယုံကြည်ကြပေရာ ယခုအခါမြန်မာနိုင်ငံ၌ ပရိတ် တရားတော်အသံ
ကက်ဆက်ခွေဖွင့်ထားပြီး လုပ်ချင်ရာလုပ်နေသူတို့နှင့် ဘာမျှမထူးကြောင်း
သတိပြုအပ်ပေသည်။
ဤသို့ဆိုလျှင် ပရိတ်တန်ခိုးကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်သို့သော
ယုံကြည်မှုမျိုးဖြစ်ပါသနည်းဟု မေးဖွယ်ရာရှိပါသည်။ ထေရ
ဝါဒဗုဒ္ဓဘာသာတွင်ရှိသော ယုံကြည်မှုသည် ဥာဏ်ပညာနှင့်
ယှဉ်သောယုံကြည်မှုမျိုးသာလျှင် ဖြစ်သည်။ ဥာဏ်ပညာနှင့်မယှဉ်သည့်
အကန်းယုံကြည်မှုမျိုးကို ဗုဒ္ဓမြတ်စွာက မည်သည့်အခါကမျှ အားပေးအားမြှောက်
မပြုခဲ့ချေ။ ထို့ကြောင့် ပရိတ်တန်ခိုးကို ယုံကြည်သည် ဆိုရာ၌ ဦးစွာပထမ
ယင်းပရိတ်တရားတော်တို့၏ အနှစ်သာရကို ဟောကြားတော်မူခဲ့သည့် ဗုဒ္ဓမြတ်စွာကို
ယုံကြည်ရန်လိုအပ်ပေသည်။
ဗုဒ္ဓကိုယုံကြည်သူသည် ဓမ္မကိုယုံကြည်သူပင် ဖြစ်သည်။ ဓမ္မကိုမယုံကြည်ဘဲ
ဗုဒ္ဓကိုယုံပါသည်ဟု ပြောဆိုသူကား ရှေ့စကား၊နောက် စကားမညီသူ အဓမ္မသမားသာ
ဖြစ်ပေလိမ့်မည်။ ဓမ္မကိုယုံကြည်သူမှန်ပါက ဓမ္မကို စောင့်ထိန်းကြစမြဲ၊
ဓမ္မနှင့်အညီ ကြံစည်ပြောဆို လိုက်နာကျင့်ကြံကြစမြဲပင် ဖြစ်သည်။

ထို့ကြောင့် ပရိတ်တန်ခိုးကို ယုံကြည်ခြင်းဆိုသည်မှာ
ဗုဒ္ဓမြတ်စွာထုတ်ဖော်ဟောကြားခဲ့သော ဓမ္မဒေသနာတော်တို့ကို ယုံကြည်လက်ခံ
လိုက်နာကျင့်သုံးခြင်းကို ဆိုလိုခြင်းပင်ဖြစ်သည်။ ဤမည်သော
ပရိတ်တရားတော်ကိုနာယူလိုက်ရုံဖြင့် တစ်စုံတစ်ရာသောအကျိုးရလဒ်ကို
ခံစားရလိမ့်မည်ဟု ယုံကြည်ခြင်းသည်ကား ဗုဒ္ဓအလိုတော်ကျ ယုံကြည်ခြင်း
မမည်ပေ။ ယုံကြည်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်းသည်
အပြန်အလှန်ဆက်စပ်နေပေသည်။ ပရိတ်တရားတော်လာ ဗုဒ္ဓမြတ်စွာ၏
အဆုံးအမဒေသနာတော်များမှာပါရှိသော သီလ၊သမာဓိ၊ ပညာ ပိုင်းဆိုင်ရာ
ကျင့်စဉ်တို့ကို လိုက်နာကျင့်သုံးဖူးသူတိုင်း ဤအချက်ကို
သဘောပေါက်ကြပါသည်။ ဗုဒ္ဓအဆုံးအမနှင့်အညီ လိုက်နာခြင်းဖြင့်
အကျိုးကျေးဇူးခံစားကြရသလို အကျိုးကျေးဇူးခံစားရခြင်းအပေါ်မှီ၍
ဗုဒ္ဓမြတ်စွာ၏ သြ၀ါဒ ဒေသနာတော်များအား ယုံကြည်မှုသဒ္ဓါတရား
တိုးပွားလာကြစမြဲဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ပရိတ်တရားတော်များ နာယူရခြင်း၏ အကျိုးကျေးဇူးကို
အပြည့်အ၀ခံစားလိုကြကုန်သော ထေရ၀ါဒဗုဒ္ဓဘာသာ ၀င်သူတော်စင်တို့အနေဖြင့်
ဦးစွာပထမ ပရိတ်တရားတော်တို့၏ ဆိုလိုရင်းအဓိပ္ပာယ်နှင့်အနှစ်သာရကို
အမိအရနားလည်အောင် ကြိုးပမ်းအားထုတ်သင့်သည်။ နားလည် သဘောပေါက်သည့်အလျောက်
မိမိဘ၀တစ်သက်တာတွင် လိုက်နာခံယူ ကျင့်သုံးသင့်ပေသည်။
ယင်းသို့ လိုက်နာကျင့်သုံးသဖြင့် ရရှိခံစားလာရသော အကျိုးကျေးဇူးကို
အကြောင်းပြု၍သာလျှင် ပရိတ်တရားတော်တို့၏ အစွမ်း အာနိသင်အစစ်အမှန်ကို
သိရှိနားလည် ခံစားနိုင်ကြပေမည်။ အကယ်စင်စစ် ပရိတ်တရားတော်လာ
ဗုဒ္ဓမြတ်စွာ၏ဓမ္မအစစ်အမှန်ကို လေ့လာစေ့ငုနိုင်မည်ဆိုပါက ပရိယတ္တိ၊ပဋိပတ္တိ၊
ပဋိဝေဓ ဟူသော သာသနာသုံးရပ် ပြုရာလည်းရောက်ပေလိမ့်မည်။
ပရိတ်တရားတော်တို့၏ အဓိပ္ပာယ်အနှစ်သာရကို လေ့လာစေ့ငုခြင်းသည်
ပရိယတ္တိသာသနာပြုခြင်းမည်ပြီး တရားတော်ပါလမ်းညွှန်ချက် များနှင့်အညီ
လိုက်နာကျင့်သုံးခြင်းသည် ပဋိပတ္တိသာသနာပြုခြင်းမည်ပါပေသည်။
ဤသို့လိုက်နာကျင့်သုံးမှု၏ ကောင်းကျိုးအာနိသင်ကို ခံစားရခြင်းသည်ကား
ပဋိဝေဓသာသနာသို့ အရောက်လှမ်းနိုင်ခြင်းပင်ဖြစ်တော့ရာ
ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအနေနှင့် ပရိတ်တရား
တော်များကိုသာသနာပမန္တန်များကဲ့သို့ ပေါ့ပေါ့တန်တန် သဘောမထားသင့်ချေ။
ဤနေရာတွင် အလျဉ်းသင့်သဖြင့် သင်္ဂဇာဆရာတော်နှင့် မင်းတုန်းမင်းတို့
ပရိတ်တရားပွဲတွင် အချီအချပြောဆိုခဲ့ပုံကို တင်ပြလိုပါသည်။
ရတနာပုံနေပြည်တော် မန္တလေးမြို့တွင် မင်းတုန်းမင်းစိုးစံစဉ်က
လေးပြင်လေးရပ်ရှိ ဆရာတော်များအား နန်းတော်သို့ပင့်ဖိတ်၍
မင်းတုန်းမင်းနှင့်တကွ နန်းတွင်းသူ၊ နန်းတွင်းသားများ
ပရိတ်တရားတော်နာခဲ့ကြဖူးသည်။
ဤတွင် ဆရာတော်များပရိတ်ရွတ်အပြီးတွင် မင်းတုန်းမင်းက ပရိတ်အိုးကိုကြည့်ကာ
- 'သီရိဓမ္မာသောကမင်းလက်ထက် အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ ရဟန္တာအရှင်မြတ်တို့
ပရိတ်ရွတ်သောအခါ ပရိတ်ရေများ ဆူပွက်လာသည်ဟု မှတ်သားရဖူးပါသည်။ ယခုအရှင်
ဘုရားတို့ ပရိတ်ရွတ်သောအခါ ပရိတ်အိုးများ ဆူပွက်ဖို့ဝေးစွ၊
လှုပ်ရှားမှုပင်မရှိ၊ တည်ငြိမ်သောသမာဓိနှင့် ရှိနေပါကလားဘုရား'
ဟုလျှောက်တင်တော့သည်။
ဤသို့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်မှုအလျောက်
ပရိတ်ရေမဆူပွက်သည်နှင့်ပင် ဆရာတော်များအား တရားမပြည့်စုံဟုဆိုချင် သော
မင်းကြီးအား အခြားဆရာတော်များက ခပ်မဆိတ်နေခဲ့သော်လည်း သင်္ဂဇာဆရာတော်ကမူ
သူ့အရိုးနှင့် သူထိုးဆိုသကဲ့သို့ မင်းကြီး ၏ စကားကိုချေပနိုင်ခဲ့ပုံမှာ -
'သီရိဓမ္မာသောကမင်းကြီးသည် နဂါးတို့ကိုပင် အာဏာစက်ဖြင့် ခေါ်နိုင်သည်။
ဘုန်းကြီးတို့ကား သူ့ဆရာ အရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ်ကဲ့သို့
ရဟန္တာများမဟုတ်သဖြင့် ပရိတ်အိုးမပွက်သည်ကို ထားလေဦး၊
ရေမြေ့ရှင်ကိုယ်တိုင်ကပင် နဂါးကိုခေါ်ဖို့ဝေးစွ၊ ရေမြွေကလေးတစ်ကောင်မျှပင်
လာအောင်မခေါ်နိုင်ပါလျက်နှင့် ပရိတ်အိုးမပွက်သည်မှာ ၀မ်းနည်းစရာမရှိပေ'
ဟူ၍ဖြစ်သည်။
အမှန်ကား ပရိတ်အိုးပွက်ခြင်း၊ မပွက်ခြင်းဖြင့် သံဃာတော်တို့၏ သီလ၊သမာဓိ၊
ပညာတို့ကို အကဲဖြတ်၍ မရစကောင်းသလို နဂါးတို့ကို
အာဏာစက်နှင့်ခေါ်နိုင်ရုံမျှဖြင့် ရာဇ၀င်တွင် မင်းကောင်းမင်းမြတ်ဟု
သတ်မှတ်၍မရနိုင်ပေ။
သို့သော် သင်္ဂဇာဆရာတော်၏ဆိုလိုရင်းကား ပရိတ်ဟူသည် ရွတ်ဖတ်သရဇ္ဈာယ်သူ၏
ကိုယ်ကျင့်သီလ၊ သမာဓိ၊ ပညာ ပြည့်စုံနေရုံဖြင့် နာယူသူတွင်
အကျိုးထူးမည်မဟုတ်ဘဲ နာယူသူတို့၌လည်း မိမိတို့ကိုယ်တိုင်မိမိတို့ သီလ၊
သမာဓိ၊ ပညာ တည်းဟူသော ၀မ်းစာ တရားတို့နှင့်ပြည့်စုံအောင်အားထုတ်မှသာ
လိုရာဆန္ဓပြည့်ဝပေလိမ့်မည် ဟူ၍သာဖြစ်ပါကြောင်း တင်ပြလိုက်ရပေသတည်း။

ဝင်းသိန်းဦး
(၇-၈-၉၃)
ဓမ္မရံသီ၊ ၁၉၉၃ခုနှစ်၊ ဒီဇင်ဘာလနှင့် ၁၉၉၄ခုနှစ်၊ ဇန်န၀ါရီလ။



























































Monday, October 17, 2011

အစိမ်းနှပ်တို့ဟူးဆလတ်၊ CP ကြက်အူချောင်းကြော်၊ ကြက်သားကြော်နှင့်

ကက်ပြုတ်ရည်ဟင်းရည်ချိုချို
အစိမ်းနှပ်တို့ဟူးဆလတ် (ပါဝင်ပစ္စည်းများ)
ပဲငံပြာရည် - စားပွဲတင်ဇွန်း ၄ဇွန်း
ဟင်းသီးဟင်းရွက်ဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ချင်း - လက်တစ်ဆစ် (အခွံသင် ညက်အောင်ထောင်းပါ)
သံပရာရည် - စားပွဲတင်ဇွန်း ၁ ဇွန်း
ဝိုင်ဖြူ - လက်ဖက်ရည်ဇွန်း ၂ဇွန်း
တို့ဟူး(၃၅ကျပ်သား) - အတုံးငယ်လေးတွေလှီးပြီး
* ဒီဆလတ်သုပ်အတွက် ရေနွေးဆူဆူမှာ ပဲပြားကိုထည့် ကျက်အောင်ပြုတ်ပြီး
တို့ဟူးနေရာမှာလည်း အစားထိုးပြုလုပ်နိုင် ပါတယ်။
ဆလတ်ရိုးနုနု ၁ ခု - နုပ်နုပ်လှီးပြီး ရေဆေးထားပါ။
ခရမ်းချဉ်သီး ၂လုံး - ရေဆေးပြီး အစိတ်လေးတွေရအောင်လှီးပါ။
ပဲပင်ပေါက် - ၅ကျပ်သား (ရေဆေးသန့်စင်ထားရန်)
မုန်လာဥနီ ၂တောင့် - အခွံနွှာရေဆေး၍ အမြှောင်းလိုက် ပါးပါးလှီးပါ။
နှမ်း - အနည်းငယ်
ဆလပ်သုပ်ပုံ
သန့်ရှင်းတဲ့ ခွက်တစ်ခုမှာ ပဲငံပြာရည်၊ဟင်းရွက်ဆီ၊ ဂျင်း၊သံပရာရည်နဲ့
ဝိုင်တို့ကို ရောထည့်ပြီးမွှေထားပါ။ ပြီးနောက် တို့ဟူးကို
ဟင်းစားကြွေဇလုံတစ်ခုမှာထည့်၊ သူ့အပေါ်ကို စောစောကဖျော်ထားတဲ့ အချဉ်ရေကို
နည်းနည်းလောင်းထည့်ပြီး အဖုံးတစ်ခုခုအုပ်ကာ တို့ဟူးကို
၁၅မိနစ်ခန့်နှပ်ထားပါ။
အ၀ကျယ်တဲ့ ဇလုံကြီးကြီးတစ်လုံးထဲတွင် ဆလတ်ရိုး၊ ခရမ်းချဉ်သီး၊ပဲပင်ပေါက်၊
မုန်လာဥနီကို ရောထည့်ပါ။ တို့ဟူးပေါ်ဆမ်းထားတဲ့ အချဉ်ရေကို စစ်ပြီးတော့
သီးနှံဇလုံထဲကိုထည့်၊အချဉ်ရေ ကျန်နေသေးရင် အဲဒီအချဉ်ရေကိုလည်းထည့်၊
တို့ဟူးပါရောထည့်ပြီး အားလုံးသမအောင်နယ်ပါ။ ပြီးမှ နှမ်းကိုဖြူးထည့်ပါ။
တို့ဟူးဆလတ်သုပ် စားခါနီးပြီဆိုရင် အချဉ်ရေကျန်တာကို ဆမ်းလိုက်ပြီး
ကြွေဇလုံလှလှမှာထည့်ပြီး စားသုံးဖို့ပါ။
ဆလတ်သုပ်နှင့် တွဲဖက်၍ CP ကြက်အူချောင်း (ရယ်ဒီမိတ်) ကြော်၊
ကြက်သားကြော်များနှင့်လည်း စားသုံးနိုင်ပါတယ်။
အရည်သောက်အဖြစ် ကြက်ပြုတ်ရည်ချိုချိုဟင်းရည်ကို စီစဉ်ပေးထားပါတယ်။
ကြက်ပြုတ်ရည်ချိုချို
ကြက်ခြေထောက်၊ ခေါင်း - အစိတ်သား (ရေဆေးပြီး ပိုင်းဖြတ်ထားပါ)
ကြက်သွန်ဖြူ - ၁၀မြွှာ (အခွံသင်ပြီး မညက်တညက်ထောင်းပါ)
ဂျင်း - လက်တစ်ဆစ် (အခွံသင်၍ ထုထောင်းထားပါ)
ကြက်သွန်မြိတ် - အနည်းငယ် (ရေဆေးပြီး လှီးဖြတ်ထားရန်)
ဆား၊ သကြား - အနည်းငယ်
အနေတော် အိုးတစ်လုံးထဲတွင် ရေကိုသင့်တင့်ရုံထည့်ပြီး ကြက်အရိုးများ၊
ကြက်သွန်ဖြူ၊ ချင်း၊ဆား၊သကြား အားလုံးထည့်ပြီး အချိုရည်ကျအောင်
၄၅မိနစ်ခန့်ပြုတ်ပါ။ ဟင်းအချိုရည်ကျသွားပြီဆိုရင် ကြက်သွန်မြိတ်လေးဖြူး၍
သောက်သုံးနိုင်ပါပြီ။



Saturday, October 15, 2011

လက်ချောင်းလေးတွေပေါ်က လက်စွပ်များ

လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။ ပြောကြားချက်အရ ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက....

ညာဖက်လက်သန်း ---------- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် ------ ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ------- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ---------- တစ်ကိုယ်ရေတစ်ကာယ

ဘယ်ဖက်လက်သန်း ------------ အိမ်ထောင်မပြုပါ
ဘယ်ဖက်လက်သူကြွယ် -------- လက်ထပ်ပြီး
ဘယ်ဖက်လက်ခလယ် --------- စေ့စပ်ထားတယ်
ဘယ်ဖက်လက်ညှိုး ------------ အိပ်ထောင်မပြုရသေးပါ

လက်စွပ်ဝတ်ဆင်တာကို ပြောစမတ်ရှိကြတယ်။ အနောက်နိုင်ငံတွေရဲ့ ဓလေ့ထုံးစံအရ ဘယ်ဖက်လက်က သင့်အတွက် ဘုရားသခင်ပေးတဲ့ ကံကောင်းခြင်းတဲ့။ ဒါကြောင့် လက်ထပ်လက်စွပ်ကို များသောအားဖြင့် ဘယ်ဖက်လက်မှာပဲ ဝတ်ဆင်ကြတယ်။

နိုင်ငံတကာမှာ ပိုခေတ်စားတဲ့ လက်စွပ်ဝတ်ဆင်နည်းက .....
လက်ညှိုး ---------- မင်္ဂလာဆောင်ချင်တယ်။ (မင်္ဂလာမဆောင်ရသေးပါ)
လက်ခလယ် ------- ချစ်ကြိုက်နေတယ်။
လက်သူကြွယ် ------ စေ့စပ်ထားတယ် ဒါမှမဟုတ် လက်ထပ်ပြီး
လက်သန်း ---------- တစ်ကိုယ်ရေတစ်ကာယ


ဘယ်လက်ချောင်းမှာပဲ ဝတ်ဆင်ဝတ်ဆင် အဓိပ္ပာယ်ဖော်ဆောင်လို့မရတဲ့ လက်စွပ်တစ်မျိုးရှိပါတယ်။ အဲဒီလက်စွပ်က ပန်းလက်စွပ်(ဖန်စီလက်စွပ်)ဖြစ်တယ်။ ဒီလိုလက်စွပ်မျိုးက အလှအပအတွက်ဝတ်ဆင်တဲ့ လက်စွပ်ဖြစ်တာကြောင့် ဘယ်လက်မှာပဲဝတ်ဝတ် ရပါတယ်။

ရှေးရောမမှတ်တမ်းအရ လက်စွပ်ကို လက်မပေါ်ဝတ်ဆင်တာဟာ အောင်မြင်လိုစိတ်ပြင်းပြတယ်လို့ ဆိုပါတယ်။ လက်ညှိုးပေါ်ဝတ်ဆင်တာက လန်းဆန်းတက်ကြွပြီး ကိုယ်ပိုင်အတွေးအမြင်ပိုရှိသူလို့ ခံစားစေပါတယ်။ လက်စွပ်ဝတ်ဆင်ရအကောင်းဆုံး လက်ချောင်းက လက်ခလယ်ပါပဲ။ လွတ်လပ်ပေါ့ပါးဟန်၊ ဆွဲဆောင်နိုင်မှုဟန်ကို ပိုပေါ်လွင်စေပါတယ်။ သာမန်အားဖြင့် လက်သူကြွယ်မှာ ဝတ်ဆင်တဲ့လက်စွပ်က လက်ထပ်လက်စွပ်ဖြစ်တယ်။ လက်သူကြွယ်က ပိုသေးသွယ်တာကြောင့် ဘယ်လိုလက်စွပ်ပဲဝတ်ဝတ် သိမ်မွေ့လှပပါတယ်။ ဆန်းသစ်တဲ့ လက်စွပ်ဝတ်ဆင်နည်းကတော့ လက်သန်းမှာ ဝတ်ဆင်တာပဲဖြစ်တယ်။ လက်သန်းမှာ ရိုးရှင်းတဲ့လက်စွပ်လေးဝတ်ဆင်ထားရုံနဲ့တင် လက်က ချစ်စရာကောင်းနေတတ်ပါတယ်။ လက်သန်းမှာ လက်စွပ်ဝတ်ဆင်တာက "တစ်ယောက်တည်းပဲ နေချင်တယ်။ ချစ်သူမထားချင်သေးဘူး။ အချိန်ကုန်ခံပြီး ငါ့ကိုလိုက်မပိုးပန်းပါနဲ့" ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။


အဆန်းထွင်ထားတဲ့လက်စွပ်တွေကို ဝတ်ဆင်ချိန်မှာ ကိုယ်ပိုင်ဟန်ပိုပေါ်လွင်စေချင်ရင် လက်စွပ်နဲ့လိုက်ဖက်တဲ့၊ ပုံစံဆင်ပြီးရိုးရှင်းတဲ့ နောက်လက်စွပ်တစ်ကွင်းကို တခြားလက်တစ်ဖက်မှာ ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ လက်စွပ်က လက်ပတ်နာရီနဲ့ လိုက်ဖက်ဝတ်ဆင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဥပမာ- သင်ဝတ်ဆင်တဲ့လက်စွပ်က ပန်းလက်စွပ်လေးဆိုရင် သားရေကြိုး ရွှေရောင်ဒိုင်ခွက်နာရီကို ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ သင်မှာရွေးချယ်စရာ နာရီ၊ လက်စွပ်တွေ များများစားစားမရှိဘူးဆိုရင် လက်စွပ်နဲ့နာရီကို လက်တစ်ဖက်စီခွဲပြီး ဝတ်ဆင်နိုင်ပါတယ်။ မလိုက်ဖက်တဲ့အရာနှစ်ခုကို လက်တစ်ဖက်တည်းမှာပဲ မဝတ်ဆင်မိဖို့ပဲလိုပါတယ်။


လက်တစ်ဖက်တည်းမှာ လက်စွပ်နှစ်ကွင်း ဝတ်ဆင်ချင်တယ်ဆိုရင် အရောင်လေးတွေ လိုက်ဖက်ဖို့လိုပါတယ်။ လက်စွပ်တစ်ကွင်းက ဆန်းပြားတဲ့လက်စွပ်ဖြစ်နေရင် နောက်လက်စွပ်တစ်ကွင်းက ရိုးရှင်းနေရပါတယ်။ အကောင်းဆုံးက ဘေးချင်းကပ်နှစ်ချောင်းနှစ်ချောင်းမှာ ဝတ်ဆင်တာပါပဲ။ ဥပမာ-- လက်ခလယ်နဲ့လက်ညှိုး၊ လက်ခလယ်နဲ့လက်သူကြွယ်၊ လက်သူကြွယ်နဲ့လက်သန်း.... လက်စွပ်နှစ်ကွင်းကြားမှာ လက်ချောင်းတစ်ချောင်း ခြားနေတာမျိုး မဖြစ်ပါစေနဲ့။

တူညီတဲ့ အများပြောပုံတစ်ခုက----

လက်မမှာဝတ်ဆင်တာက "ပိုးပန်း"တယ်။ (တစ်ဘက်လူကို ပိုးပန်းဖို့ လှုပ်ရှားတယ်)
လက်ညှိုးမှာဝတ်ဆင်တာက "တောင်းဆို"တယ်။ (နှလုံးသားက အချစ်ကိုတောင့်တတယ်)
လက်ခလယ်မှာဝတ်ဆင်တာက "တည်"တယ်။ (ချစ်ကြိုက်နေတယ် ဒါမှမဟုတ် စေ့စပ်ထားတယ်)
လက်သူကြွယ်မှာဝတ်ဆင်တာက "နှောင်ဖွဲ့"တယ်။ (လက်ထပ်ပြီးကြောင်းပြောတယ်)
လက်သန်းမှာဝတ်ဆင်တာက "ခွာ"တယ်။ (တစ်ကိုယ်တည်းနေဖို့ ဆုံးဖြတ်တယ် ဒါမှမဟုတ် ကွာရှင်းထားတယ်) အနောက်နိုင်ငံမှာ လက်စွပ်မဝတ်ဆင်ထားရင် "ပိုင်ရှင်မရှိသေးပါဘူး.. ပိုးပန်းနိုင်တယ်"ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

ဝတ်ဆင်ထားတဲ့ လက်စွပ်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုလည်း ခန့်မှန်းနိုင်ပါတယ်။ လက်စွပ်ဟာ တန်ဆာဆင်ပစ္စည်းသက်သက်တစ်ခု မဟုတ်ဘဲ သင်ကြိုက်နှစ်သက်တဲ့ လက်စွပ်၊ သင်ဝတ်ဆင်တဲ့ လက်ချောင်းပေါ်မူတည်ပြီး သင့်အတွင်းစိတ်ကိုလည်း လှစ်ဟပြနိုင်ပါတယ်။

အမျိုးသားအတွက် ပြောရရင်---

ငွေရောင်လက်စွပ်ဝတ်ဆင်သူက နူးညံ့သိမ်မွေ့တယ်၊ လူတိုင်းနဲ့ အလိုက်အထိုက်နေတတ်တယ်၊ ဝင်ဆံ့တယ်။

ရွှေရောင်လက်စွပ်ဝတ်ဆင်သူက အကျိုးအမြတ်ကို ပိုအလေးထားတယ်။ များသောအားဖြင့် ထက်မြက်တဲ့ စီးပွားရေးဦးနှောက်ရှိတယ်။

ကျောက်စိမ်းလက်စွပ်ဝတ်ဆင်သူက အရည်အချင်းကို ပိုအသားပေးတယ်။ အလုပ်လုပ်ရာမှာ စည်းစနစ်ကြီးတယ်။

အမျိုးသမီးအတွက် ပြောရရင် ---

ပန်းရောင်လက်စွပ် ဒါမှမဟုတ် သန္တာကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားမှုပြင်းထန်ပြီး ရိုမန်တစ်ဆန်သူဖြစ်တယ်။

ပတ္တမြားလက်စွပ် ဒါမှမဟုတ် အနီရောင်ဖရဲအူကျောက် (Tourmaline)လက်စွပ်ကို ဝတ်ဆင်သူက စိတ်အားထက်သန်မှုများတယ်။

နီလာလက်စွပ် ဒါမှမဟုတ် စိမ်းပြာရောင်ကျောက်လက်စွပ်ကို ဝတ်ဆင်သူက အေးတိအေးစက် ဘာသိဘာသာနေတတ်တယ်။

မြလက်စွပ် ဒါမှမဟုတ် အစိမ်းရောင်(Turquoise)ကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားချက် နုရွသိမ်မွေ့လွန်းပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Credit: http://www.99sanay.com/