Tuesday, January 31, 2017

Japanese Style Sukiyaki Noodle - Bejing Duck - Potato Chapati Bread

▂▂▂▂▂▂▂▂▂▂▂▂▂▂
ဂျပန်စတိုင်လ် ဟော့ပေါ့ ပြုလုပ်နည်း
▂▂▂▂▂▂▂▂▂▂▂▂▂▂


သက်သတ်လွတ်ဖြစ်တာမို့ ဟင်းရွက်၊ ပဲပြား၊
ဂျပန်ခေါက်ဆွဲ စုံစုံလင်လင်ဖြင့် မိသားစု (သို့)
သူငယ်ချင်းတို့နဲ့ အတူတူ ဟော့ပေါ့
လုပ်စားနိုင်အောင်ပါ။ဟော့ပေါ့အရည်က
အရသာ ချိုဆိမ့်တဲ့အရသာရရှိမှာပါ။

ပါဝင်ပစ္စည်းများ
....................
၁။ Sukiyaki ခေါက်ဆွဲ -၂၅၀ ဂရမ်
၂။ မှိုခြောက်ပွင့်-၁၀ခု (ရေနွေးဖြင့်ပြုတ်ပြီး အညှာဖယ်ပေးပါ)
၃။ Enoki မှို (သို့) Shimeji မှို -၂ထုပ်
၎။ ဂျပန်တိုဟူး -၃၀၀ ဂရမ် (အတုံးသေးများ တုံးထားပါ)
၅။ တရုတ် နံနံ -၁ခွက်စာ (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
၆။ ကြက်သွန်မြိတ် -၂စည်း (အစောင်းပါးပါးလှီးပါ)
၇။ ကြက်ဥ -၃လုံး (ခလောက်ထားပါ)(Optional)

ဆော့စ်ရည်တွင် ပါဝင်ပစ္စည်းများ
..........................................
၁။ ဆာကေး(ဆန်ဝိုင်) - ၁ခွက်
၂။ Mirin(ဆန်ဝိုင်ချို) - ၁ခွက်
၃။ ပဲငံပြာရည်(အကြည်) - ၁ခွက်
၎။ သကြား - စားပွဲဇွန်း ၄ဇွန်း
၅။ ရေ - ၂၀၀ မီလီလီတာ

ပြင်ဆင်နည်း
................
၁။ ဆော့စ်ရည် ပါဝင်ပစ္စည်းများဖြစ်သော
(ဆာကေး၊Mirin၊ ပဲငံပြာရည်၊ သကြား၊ ရေ) တို့ကို
ဒယ်အိုးထဲထည့်ပြီး သကြားအရည်ပျော်သည်အထိ
၁မိနစ်ခန့်တည်ပြီး ပြန်ဖယ်ထားပါ။

၂။ ဒယ်အိုးတစ်ခုထဲ ရေများများထည့်ပြီး
ဆူလာလျှင် ဆား(လက်ဖက်ရည်ဇွန်း တစ်ဝက်)၊
ခေါက်ဆွဲများကို ၁မိနစ်ခန့် ထည့်ပြုတ်ပေးပြီး
ဆန်ခါဖြင့်ပြန်ဆယ်ပေးပါ။

ဟော့ပေါ့ပြုလုပ်နည်း
..........................
၁။ Electric Pot အိုးထဲသို့ ဆီ(စားပွဲဇွန်း ၁ဇွန်း)
ထည့်ပေးပြီး ဆီပူလာလျှင် တိုဟူးများကို
အညိုရောင်သမ်းသည်အထိ ကြော်ပေးပါ။

၂။ ထို့နောက် ဆော့စ်ရည်တစ်ဝက်လောင်းထည့်ပေးပြီး
ဆူသည်အထိ တည်ထားပါ။

၃။ ဆူလာလျှင် ကြက်ဥမှ လွဲ၍ (တိုဟူး၊ ခေါက်ဆွဲ၊ မှို၊
ကြက်သွန်မြိတ်၊ တရုတ်နံနံ) တို့ကို ထည့်ပေးပါ။

၎။ ပြီးနောက် အဖုံးအုပ်ပြီး မီးအသင့်တင့်ဖြင့်
တည်ထားပါ။ ဟင်းရွက်များ၊ တိုဟူးများ ထပ်ထည့်လျှင်
ဆော့စ်ရည် ထည့်ပေးပါ။

၅။ ဟင်းရွက်များ နွမ်းသွားလျှင် ကြက်ဥခွက်ထဲ
ဟင်းရွက်များကို နှစ်ပြီး Sukiyaki ဂျပန် ဟော့ပေါ့ကို
စိတ်ကြိုက်သုံးဆောင်လို့ရပါပြီ။

အာလူးပူတီပြုလုပ်နည်း



အာလူးပူတီ လုပ်စားဖြစ်ပေမဲ့ တကယ်ချက်နည်း အစစ်က အမွှေးနံ့သာတွေ ထည့်ရတာ များပါတယ် အဲဒီလို အမွှေးနံ့သာတွေများရင် စူးရှတဲ့အနံ့ကို မကြိုက်တာကြောင့် ကိုယ်ခံတွင်းတွေ့စေမဲ့  အမွှေးအနံ့သာ လောက်ဘဲ ထည့်ပြီး ချက်ထားတာမို့ အိမ်ချက် အာလူးပူတီ ဟင်းလေးလို့ဘဲ နံမည်ပေးပါရစေ။
-------

ကြက်သားဟင်းချက်ရန် ပါဝင်ပစ္စည်းများ

ကြက်သား - 250g
အာလူး - အလုံးကြီးကြီး ၂လုံး
ကြက်သွန်နီ - အနေတော် တဥ
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
ချင်း - လက်တဆစ်ခန့်
ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
နံနံပင် - အနေတော် ၃ပင်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ဟင်းချက်ရန်ပြင်ဆင်ပုံ
ကြက်သားကို အနေတော်တုံးကာ ဆား နနွင်း ကြက်သားမှုန့်တို့နှင့် နယ်ထားပါ
ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ထေားင်းထားပါ
ဇောက်နက်သော အိုးတလုံးကို ပူအောင် အပူပေးပြီး ဆီထည့်ပါ
ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်းထောင်း ပျဉ်းတော်သိမ်းရွက် နံနံပင်တို့ကို ထည့်ပြီး ဆီသတ်ပေးပါ

ဆီသတ်နံ့မွှေးလာတာနဲ့ ကြက်သားကိုထည့်ပြီး ဆီသတ်ပါ

ကြက်သားကို လုံးမိအောင် တည်ပေးပြီး ရေမြုပ်အောင် ထည့်ပြီး တည်ပေးပါ

ပထမတရည် ခမ်းတာနဲ့ အာလူးကို ထည့်ပြီး မွှေပေးပါ

အာလူးကို ရေမြုပ်အောင် ထည့်ပြီး အာလူး နူးအောင် တည်ပေးကာ ငံပြာရည်ထည့်ကာ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ

အရည်များများ လိုချင်ပါက ဟင်းရည်ကို လိုသလောက် အနေထားပြီး အရသာကို လိုသလို ပြင်ပေးကာ  မီးပိတ်ပေးပါ
--------

ပူရီကြော်ရန် ပါဝင်ပစ္စည်းများ
750ml Plain flour
1/4 tsp baking powder
1/2 tsp dry yeast
1/2 tsp salt
5tbs oil
250ml  water
1litre Vegetable oil
စားပွဲပေါ်ဖြူးရန် ဂျုံမှုန့် ထမင်းစားဇွန်း တဇွန်း
------------

ပြင်ဆင်ပုံ

ဇလုံတလုံးထဲမှာ salt  dry yeast baking power တို့ကို ထည့်ပြီး ဇွန်းနဲ့ သမအောင် မွှေပေးပါ
ထိုဇလုံထဲကို ဂျုံမှုန့်ထည့်ပြီး သမအောင် မွှေပေးပါ
ပြီးတာနဲ့ ဆီနှင့်ရေကို ထည့်ပြီး လက်ဖက်၂ဖက်နှင့် ၁၅မိနစ်လောက်နယ်ပေးပါ
လက်မှာ မကပ်တော့ထိ နယ်ပေးပြီး cling wrap နှင့်ထုတ်ကာ အခန်းရဲ့ အအေးဆုံးနေရာမှာ တနာရီလောက် ထားပေးပါ
ဂျုံသားနှပ်တာ တနာရီပြည့်တာနဲ့ ဆီကို အပူပေးပါ
မျက်နှာပြင်ညီသော စားပွဲပေါ်ကို ဂျုံမှုန့်ဖြူးပေးပါ
ဂျုံသားကို ကွမ်းသီးလုံးလောက်အနေ နည်းနည်းဆီ ဖဲ့ယူပြီး ဖြူးထားသော ဂျုံမှုန့်ပေါ်တင်ကာ မုန့်သားလှိမ့်သော ဒလိမ့်တုံးနှင့် ဘယ်ပြန်ညာပြန် အချက် ၄၀ကျော်လောက် လှိမ့်ပေးပြီး ဆီပူအိုးထဲ ထည့်ကြော်ပါ
ဆီအိုးထဲ လှိမ့်ထားသော ဂျုံပြားထည့်ပြီးတာနဲ့ ပူရီဖောင်းဖောင်းလေး ရစေရန် ဂျုံပြားအပေါ် ဆီပူနှင့် အဆက်မပြတ် ပက်ပေးပါ
ဂျုံပြားဖောင်းတက်လာပြီး ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ပေးပါ
ထိုနည်းအတိုင်း ဂျုံသားကုန်တဲ့အထိ ကြော်ပေးပါ
တွဲဖက်စားရန် အသီးအရွက်
ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
ပူစီနမ် သံပုရာသီး ငရုတ်သီးစိမ်း သံပုရာသီးတို့ကို ပြင်ထားပါ
တပွဲစာ ပူရီတခုနှင့် ကြက်သားအာလူး အသီးအရွက်တို့ကို နှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။

▂▂▂▂▂▂▂▂▂▂▂▂
   ပီကင်းဘဲကင်
▂▂▂▂▂▂▂▂▂▂▂▂



ဘဲကင်ရန် ပါဝင်ပစ္စည်များ

    ဘဲ – ၁ကောင် (၅-၆ ပေါင်)
-----------------------------------------
ဘဲသားပြုတ်ရန် ပါဝင်ပစ္စည်းများ

    ရေ – ၃လီတာ
    လိမ္မော်သီး – ၁လုံး (အ၀ိုင်းလှီးပေးပါ)
    ဘဲ – ၁ကောင် (၅ – ၆ပေါင်)
    ရှာလကာရည် – ခွက် ၃ပုံ၁ပုံ
    Hoisin ဆော့ – စားပွဲတင်ဇွန်း ၄ဇွန်း
    ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
    နတ်နတ်ပွင့် – ၄ခု
    ကလဝေရွက် – ၄ရွက်
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
ဘဲသား အစာသွပ်ရန်ပါဝင်ပစ္စည်းများ
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂

    Hoisin ဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
    ဂျင်း – ၄ပြား
    ကလဝေရွက် – ၃ရွက်
    နတ်နတ်ပွင့် – ၄ခု
    ဂျင်း – ၃ပြား
    သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    တရုတ်မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီး)
    ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
    ကြက်သွန်မြိတ် – စည်းဝက် (၁လက်မအရွယ် ပိုင်းဖြတ်ပါ)

▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
ဘဲသားနှပ်ထားရန် ပါဝင်ပစ္စည်းများ
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂

    ပျားရည် [honey]                ♦ စားပွဲတင်ဇွန်း ၆ဇွန်း
    ရှာလကာရည် [vinegar]    ♦ စားပွဲတင်ဇွန်း ၂ဇွန်း

    ဆန်ဝိုင် [rice wine]            ♦ စားပွဲတင်ဇွန်း ၂ဇွန်း (CityMart တွင် ဆန်ဝိုင်ကို ၀ယ်ယူနိုင်ပါသည်)
    တရုတ်ဟင်းခတ် [chinese five-spice ] ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
    ဆား [salt]                           ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
    ဆီ [vegetable oil]           ♦ စားပွဲတင်ဇွန်း ၁ဇွန်း
    ကြက်သွန်ဖြူ [garlic]        ♦ ၁မွှာ (မညက်မညက်ထောင်းပါ)

▂▂▂▂▂▂▂▂▂▂▂
ချက်ပြုတ်နည်း
▂▂▂▂▂▂▂▂▂▂▂

၁။ အရင်ဆုံး ဘဲသားကို အတွင်း၊အပြင် သေချာ သန့်စင်ပေးပါ။

၂။ ပြီမှ ဘဲတောင်ပံ၊ ခေါင်း၊ လည်ပင်းတို့ကို လှီးထုတ်လိုက်ပါ။

၃။ ထို့နောက် သန့်စင်ပြီသား ဘဲသားကို ခြောက်သွေ့အောင် အ၀တ်သန့်ဖြင့် သုတ်ပေးပါ။

▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
ဘဲသားထဲ အစာသွပ်နည်း
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
၁။ ဘဲသားထဲ အစာသွပ်ရန်ပါဝင်ပစ္စည်းများ ဖြစ်သော (ဂျင်း၊ Hoisine ဆော့၊ ကလဝေရွက်၊ နတ်နတ်ပွင့်၊ ဂျင်း၊ သစ်ဂျပိုးမှုန့်၊ တရုတ်မဆလာ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ကြက်သွန်မြိတ်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီလျှင် အစာသွပ်ရန် ရောနုယ်ထားသည်များကို ဘဲအတွင်းသို့ အစာသွပ်ပေးပါ။

၃။ အစာသွပ်ပြီလျှင် ဘဲအတွင်းပိုင်း အရေပြားကို ၀ါးတုတ်ပြီ လုံအောင် ပြန်ချုပ်ပေးရမှာ ဖြစ်ပါသည်။

▂▂▂▂▂▂▂
ပြုတ်နည်း
▂▂▂▂▂▂▂

၁။ အစာသွပ်ပြီလျှင် ဒယ်အိုးကြီးထဲ ရေ(၃လီတာ)ထည့်ပြီ ဆူအောင် တည်ထားပါ။

၂။ ဆူလာလျှင် ဘဲပြုတ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (ရှာလကာရည်၊ Hoisin ဆော့၊ ကလဝေရွက်၊ နတ်နတ်ပွင့်၊ ပျားရည်၊ လိမ္မော်သီး) တို့ကို ထည့်ပြီ ဆူအောင် ၄မိနစ်ခန့် တည်ပေးပါ။

၃။ ပြီနောက် ထိုဒယ်အိုးထဲ ဘဲအကောင်လိုက်ထည့်ပြီ ၁မိနစ်ခန့် အရေခွံတင်းလာသည်အထိ ပြုတ်ပေးရမှာပါ။

၎။ ပြီလျှင် ဘဲကို ပြန်ဆယ်ထားပေးပါ။

▂▂▂▂▂▂▂
ကင်နည်း
▂▂▂▂▂▂▂

၁။ ဆော့ရည်အတွက် (ပျားရည်၊ ဆန်ဝိုင်၊ ရှာလကာရည်၊ တရုတ်မဆလာ၊ ဆား၊ ကြက်သွန်ဖြူ၊ ဆီ) တို့ကို သမအောင် ရောမွှေပေးပါ။

၂။ ပြီမှ ဆော့ရည်များကို ဘဲတစ်ကောင်လုံး ပေါ်သို့ လောင်းချပြီ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၈နာရီ (သို့) တညသိပ် ပေးရမှာပါ။

၃။ Oven နဲ့ကင်မည်ဆိုလျှင် ၁၆၀ ဒီဂရီဖြင့် မိနစ် ၄၀ခန့်ကင်ပေးရမှာ ဖြစ်ပါသည်။

၎။ ဘဲကင် ရွှေညိုရောင်သန်းလာလျှင် နောက်ထပ် ၁၈၀ ဒီဂရီဖြင့် မိနစ်၂၀ခန့် ဘဲအရေခွံကြွပ်သည် အထိ ကင်ပေးပါ။

၅။ အရသာရှိသော ပီကင်းဘဲကင်ကို ပန်ကိတ်၊ ဆော့ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

ငါးခေါက်ဆွဲ ♡ 
Home Made Fish Noodle



❀ ❀ ❀
ငါးခေါက်ဆွဲလေးကငါးအသားနဲ့ခေါက်ဆွဲဖတ်ဖြစ်အောင်လုပ်ထားတာလေးပါ။လုပ်ရလွယ်ကူပြီးအိမ်သားတွေအတွက်မနက်စာလေးကိုဆန်းဆန်းပြားပြားလေးလုပ်ကျွေးရအောင်နော်။ငါးခေါက်ဆွဲမုန့်နှစ်လေးကိုကြိုတင်လုပ်ပြီးရေခဲသေတ္တာမှာထည့်ထားပြီးမနက်ကိုရေဆူတည်ပြီးညစ်ချပေးရုံနဲ့မနက်စာအတွက်၁၅မိနစ်အတွင်းလွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့ခေါက်ဆွဲပွဲလေးရမှာဖြစ်ပါတယ်။လုပ်ကြည့်ရအောင်နော်။

ငါးခေါက်ဆွဲဖတ်အတွက်ပါဝင်ပစ္စည်း
ငါးအသား - ၃၀၀ ဂရမ် (၂၀ကျပ်သား) ၃ပွဲစာ
ဂျုံမှုန့် - ၄၀ဂရမ် (၃ဇွန်းခန့်)
ကော်မှုန့် - ၄၀ဂရမ်
ရေ - ၁၀၀ ml အခါးပန်းကန်းတလုံးခန့်
ဆား - ၁/၄ လ္ဘက်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
နှမ်းဆီမွေး - တစ်ဇွန်း
ကြက်ဥအကာ - တဝက်

ဟင်းချိုပြုလုပ်ရန်
************
ငါးခေါက်ဆွဲပြုလုပ်ရန်အသင့်ဖြစ်ပါကဟင်းချိုအိုးအရင်ပြင်ဆင်ထားပါ။
ကြက်ပြုတ်ရည် - ၃ပွဲစာ
ပဲငံပြာရည်အကြည် - ၃ဇွန်း စားပွဲဇွန
ခရုဆီ - ၃ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း
သကြား - တစ်ဇွန်း
ဟင်းခပ်မှုန့် - ၂ဇွန်း
ပုဇွန်/နှစ်သက်ရာအသား - တစ်ပန်းကန်
မုန်လာဥနီ ၊မှို၊ရွှေပဲသီး နှင့် မုန်ညင်းသို့မဟုတ်ပဲရွက်
ကြက်ပြုတ်ရည်တည်ပြီးအရသာဖြည့်စွက်ထားပါ။ထည့်လိုသည့်အသားငါးသီးနှံများအဆင်သင့်လှီးဖြတ်ထားပါ။

ငါးမုန့်ဖတ်ခေါက်ဆွဲပြုလုပ်ပုံ
********************
1.ငါးအသားကိုကြိတ်ပါ။မြန်မာပြည်မှာတော့ငါးဖယ်ခြစ်ရပါတယ်။(အရိုးနည်းတာရှာဝယ်ပါ)တချို့ငါးအသားများတွင်ဆားထည့်ထားတတ်သဖြင့်အရင်မြည်းကြည့်သင့်ပါတယ်။ဆားပါပြီးသားဖြစ်ပါကဆားထပ်ထည့်ရ န်မလိုပါ။
2.ဦးစွာဇလုံတခုတွင်ဂျုံမှုန့်နှင့်ကော်မှုန့်ကိုရေထည့်ပြီးဖျော်ပါ။
3.ပြီးလျှင်ငါးအသားထည့်ပါအရသာဖြည့်စွက်ပြီးနာနာနယ်ပေးပါ။
4.စေးပိုင်လာပါကကြက်ဥအကာထည့်ပြီးဆက်နှယ်ပေးပါ။
5.မုန့်သားညက်လာပါကပလပ်စတစ်အိတ်တခုတွင်ထည့်ပါ။အပေါ်မှသေချာချည်ထားပါ။ 6.ပြီးလျှင်ခေါက်ဆွဲပြုတ်ရန်ရေနွေးအိုးတည်ပါ။
7.ရေဆူပါကငါးမုန့်နှစ်ထည့်ထားသောအိတ်၏ထောင့်ချွန်းကိုကပ်ကြေးဖြင့်သေးသေးညပ်ပြီးရေနွေးဆူဆူထည်းသို့ညစ်ချပေးပါ။များလျှင်နှစ်ခါခွဲပြုတ်ပါ။
8.ရေပေါ်ပေါ်လာသောငါးခေါက်ဆွဲဖတ်လေးများကိုဆယ်ယူပြီးတည်ခင်းမည့်ပန်းကန်တွင်ထည့်ပါ။
9.အသင့်တည်ထားသောဟင်းရည်အိုးသို့မိမိနှစ်သက်ရာအသားပုဇွန်တို့ကိုထည့်သီးရွက်တို့ကိုဆူနေသောဟင်းရည်အိုးတွင်ထည့်ပြီးတည်ခင်းမည့်ငါးခေါက်ဆွဲပန်းကန်သို့ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။
................
Sofia

Credit: http://sofiafoodparadise.blogspot.com

Monday, January 30, 2017

The best way to build muscles✌

လက်တွေ့ကျကျ ကြွက်သားတက်ဖို့ အရေးကြီးဆုံး နည်းလမ်း
( The best way to build muscles )



ဟုတ်ပြီ။ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အမြဲတမ်း ကိုယ်ရေစစ်နေဖို့အတွက်ဆို ကြွက်သားကောင်းကောင်းရှိဖို့ လိုအပ်တယ်လို့ သင်ဟာ ဖတ်ဖူးပြီ။ ရှိသင့်ရှိထိုက်တဲ့ ကြွက်သားပမာဏရှိခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လွယ်ကူစွာပိုကျစေနိုင်တယ်၊ ကြွက်သားရှိလေ အစားအစာဆီက စွမ်းအင်များများယူလေမလို့ အစာများများစားလဲ လွယ်ကူစွာ ၀မလာတော့ဘူး စသဖြင့် ကြားဖူးလို့ သင်ဟာ Quality Muscle တွေရဖို့ စိတ်အားထက်သန်နေပြီ ဆိုပါစို့။

ဒီလို ကျစ်ကျစ်လျစ်လျစ်နဲ့ စွမ်းအင်မြင့်တဲ့ ကြွက်သားအသစ်တွေရဖို့ ဘာအရေးကြီးဆုံးလဲ။ စက်ကိရိယာတွေလား၊ ဆေးမှုန့်တွေလား၊ ဒါမှမဟုတ် လူသူမသိသေးတဲ့ Program တွေ၊ နည်းအဆန်းတွေလား စသဖြင့် ဝေခွဲမရဖြစ်နေရင် သင့်ကို ဒီဆောင်းပါးက လမ်းညွှန်ပေးပါလိမ့်မယ်။

အရင်ဆုံး ဘာအရေးကြီးဆုံးလဲမပြောခင် ဥပမာလေးတစ်ခုနဲ့ စလိုက်ရအောင်။ အလုပ်ခွင်တစ်ခုမှာ လူ နှစ်ယောက်ရှိတယ်ဆိုပါစို့။ နှစ်ယောက်မှာ တစ်ယောက်က သူ့အလုပ်ကို သူပြီးမြောက်အောင်လုပ်တယ်၊ အချိန်တန်ရင် ရုံးဆင်းအိမ်ပြန်ပေါ့။ နောက်တစ်ယောက်က သူ့အလုပ်ကို သူပြီးမြောက်အောင်လုပ်တယ်၊ ဒါပေမယ့် ပထမတစ်ယောက်နဲ့ မတူတာက ဒီဟာတွေပြီးမြောက်အောင် လုပ်နိုင်နေတဲ့ သူ့ဘ၀ကို မတင်းတိမ်ပဲ ဒါတွေထက် ပိုကောင်းအောင် သူဘယ်လိုလုပ်နိုင်မလဲ သင်ယူတယ်၊ ပြီးရင် ပိုကောင်းမွန်အောင်လုပ်တယ်။ အတိုပြောရရင် တစ်ယောက်က လုပ်စရာရှိတာပဲ လုပ်တဲ့ အချိန်မှာ နောက်တစ်ယောက် ဒါ့ထက်ပိုပိုကောင်းအောင် ကြိုးစားတယ်ပေါ့။ ဒီလူနှစ်ယောက်မှာ ဘယ်သူက ရှေ့ပိုရောက်မလဲ၊ ပိုတိုးတက်မလဲ ??? ဒုတိယလူဆိုတာ မေးစရာမလိုတဲ့ အဖြေပဲမဟုတ်လား။

ဒီ ဥပမာလိုပါပဲ။ အိမ်မှာဖြစ်ဖြစ်၊ Gym မှာဖြစ်ဖြစ် လုပ်တယ်ဆိုပါစို့။ အောက်ပိုင်းထိုင်တယ်၊ ရင်ဘတ်ဆော့တယ်။ သင်ဟာ ဒီအလေးပမာဏ၊ ဒီပြင်းအားပဲ ဆော့နေတဲ့ အချိန်မှာ သင့်သူငယ်ချင်းဖြစ်သူက 10 kg အလေးကနေ 15 kg၊ 15kg ကနေ တိုးရင်းတိုးရင်းနဲ့ 60kg တွေထိရောက်နေပြီဆိုပါစို့။ 15kg လုပ်နေတဲ့ သင့်ထက် 60kg လုပ်နေတဲ့ သင့်သူငယ်ချင်းက ပိုသန်မာ၊ ပိုတင်းရင်းတဲ့ တင်သား ပေါင်သားရှိလာတာ မဆန်းဘူးမဟုတ်လား။

ခန္ဓာကိုယ်ကို Next Level တင်ချင်ရင် သင့်အားစိုက်ထုတ်မှုကိုလဲ Next Level ရောက်အောင် မြှင့်တင်ဖို့လိုပါတယ်။ သင် လုပ်ရိုးလုပ်စဉ်တွေပဲ လုပ်နေသရွေ့ သင့်ခန္ဓာကိုယ်က ပိုရုန်းကန်စရာမလိုတော့ လုပ်ရိုးလုပ်စဉ်ကနေ ပိုတိုးတက်လာစရာ အကြောင်းမရှိပါဘူး။ ဒါ့ကြောင့် သင်ဟာ Quality Muscle အသစ်တွေ ထပ်ရလာဖို့အတွက် တဖြေးဖြေးနဲ့ ပိုခက်ခဲလာအောင် Next Level ကို သွားရမှာပါပဲ။ ဒီလိုလုပ်ခြင်းကို Progressive overload (တဖြေးဖြေးခြင်း ၀န်ပိုခြင်း) လို့ ခေါ်ပါတယ်။ အလွယ်ပြောရရင် အိုးကောင်းကောင်းလိုချင်ရင် နာနာနှပ်၊ ပိုသန်မာတဲ့ ခန္ဓာကိုယ်ကိုလိုချင်ရင် ပိုပြီးစိန်ခေါ်ပေါ့။

Progressive overload က ကြွက်သားတက်လာအောင် လုပ်ဖို့အတွက် အရေးကြီးဆုံးပါပဲ။ ဒီလို ခန္ဓာကိုယ်ကို ပိုခက်ခဲအောင် စိတန်ခေါ်မှုမရှိပဲ လုပ်ရိုးလုပ်စဉ်တွေပဲ ၁နှစ်၊ ၂နှစ်၊ ၁၀နှစ်လုပ်နေရုံ ဇွဲသက်သက်နဲ့ လုပ်နေလို့ ကြွက်သားအသစ်ထွက်မလာပါဘူး။ ဒါဟာ လူတွေ သတိမပြုမိသေးတဲ့ ပင်မအချက်ပါ။ သင်ဟာလဲ ဒီအချက်ကို လျစ်လျူရှုပြီး ကြွက်သားတက်အောင် ကြိုးစားလို့မရပါဘူး။ ဒီအချက်ကို Gym သွားတိုင်း၊ လေ့ကျင့်ခန်းလုပ်တိုင်း ခေါင်းထဲ ထည့်ထားဖို့လိုပါတယ်။

Progressive overload (တဖြေးဖြေးခြင်း ၀န်ပိုခြင်း)

ဟုတ်ပြီ။ Progressive overload ဟာ အရေးကြီးကြောင့်သိပြီဆိုရင် ဆိုရိုးပုံပြင်လေးတစ်ခုအကြောင်း ပြောပြပါမယ်။ Croton ဆိုတဲ့ မြို့က Milo ဆိုတဲ့ ကောင်လေးတစ်ယောက်မှာ နွားပေါက်စလေးတစ်ကောင်ရှိတယ်တဲ့။ Milo ဟာ ဒီနွားလေးကို ပေါက်စနွားလေးဘ၀ထဲက လယ်ကွင်းထဲကို ပုခုံးပေါ်ထမ်းပြီး ခေါ်သွားလေ့ရှိတယ်။ နေ့စဉ်နေတိုင်းပေါ့။ ဒီလိုနဲ့ နွားလေးလဲ အကောင်ထွားလာ၊ Milo လဲပိုသန်မာလာပြီး တစ်နေ့ကျတော့ Milo ဟာ နွားပေါက်စလေးကို သယ်နိုင်ရာကနေ နွားပျိုးတစ်ကောင်လုံးကို ပုခုံးမှာ ထမ်းသယ်နိုင်တဲ့အထိ သန်မာလာပါရောတဲ့။

ဒီပုံပြင်က Progressive overload အကြောင်း ဥပမာပေးတဲ့ ပုံပြင်ပါပဲ။ နွားပေါက်စလဲ တဖြေးဖြေးလေးလာ၊ Milo ဟာလဲ တဖြေးဖြေးပိုသန်မာလာလို့ ဆိုတာပါ။ ဒါပေမယ့် ဒါဟာ တစ်ကယ်လက်တွေ့ကျပါရဲ့လား။

တဖြေးဖြေးခြင်းခန္ဓာကိုယ်ကို ပိုပြီး ၀န်ပိအောင် စိန်ခေါ်ခြင်းလို့ ဆိုလိုထားတာကြောင့် အရင်ဆုံးခေါင်းထဲ ပြေးမြင်မိမှာက အလေးတုံးပမာဏ ပိုပေါင်းခြင်းလို့ပဲဖြစ်ပါလိမ့်မယ်။ တစ်ပတ်ပြီး တစ်ပတ် ပိုပိုလေးတာ မဖို့ဆိုတာလဲ လက်တွေ့မှာ မဖြစ်နိုင်ဘူးမဟုတ်လား။

Beginner အနေနဲ့ ထိုင်ထစလုပ်ပြီဆိုပါစို့။ ပထမအပတ်မှာ 10kg နဲ့ ထိုင်ထ ၁၀ကြိမ် x ၆ ခေါက်လုပ်နိုင်တယ်။ ဒုတိယအပတ်မှာ 5kg ထပ်တိုးပြီး 15kg ထိုင်ထကို ၁၀ကြိမ် x ၆ ခေါက်လုပ်နိုင်တယ်။ ဒါဆိုရင် တစ်ပတ်မှာ 5kg တိုးပြီးလုပ်နိုင်တာပေါ့။ ဒီနှုန်းအတိုင်းသာသွားရင် တစ်ပတ်မှာ 5kg တိုး၊ တစ်လမှာ 20kg၊ တစ်နှစ်မှာ 240kg  တောင် ထိုင်ထလုပ်နိုင်မှာပါလား ဆိုပြီး တွေးလို့မရပါဘူး။ ဘယ်သူမှလဲ မလုပ်နိုင်ပါ။ ဒါ့ကြောင့် အရင်ဆုံးမှတ်ထားရမှာက Progressive overload ဆိုတာ တစ်သတ်မှတ်တည်း ပုံသေနည်းနဲ့ တိုးလို့ရတာမဟုတ်။ Beginner အဆင့်မှာ မြန်ပေမယ့် နောက်ပိုင်းအဆင့်တွေမှာ ကြာကြာသွားတတ်တာ နားလည်ဖို့လိုပါတယ်။ ဒီလိုနားမလည်ပဲ စွတ်ပြီး အပတ်တိုင်း အလေးချိန်တိုးရင် ဒဏ်ရာ အနာတရဖြစ်ရင်ဖြစ်၊ မဖြစ်ရင် " ဟာ ငါမလုပ်နိုင်ပါလား " ဆိုပြီး စိတ်ဓါတ်ကျသွားဖို့ပဲရှိတယ်။ လက်တွေ့ကျကျ Result ရချင်ရင် လက်တွေ့ကျကျ တွေးခေါ်ဖို့လိုတယ်မဟုတ်လား။

ဒါ့ကြောင့် Progressive overload ဆိုတိုင်း ပိုလေးလံတာ မပါလို့ ဆိုလိုတာမဟုတ်ပါဘူး။

ခန္ဓာကိုယ်ကို အောက်ကနည်းလမ်းတွေ အတိုင်း စိန်ခေါ်လို့ရပါတယ်။

- ပမာဏတူတဲ့ အလေးကိုပဲ ပုံစံအမှန်ဆုံးဖြစ်အောင်ကြိုးစားခြင်း

- ပမာဏတူတဲ့ အလေးကိုပဲ အားစိုက်ရတဲ့ အပိုင်းမှာ ပိုနှေးအောင် ကြိုးစားခြင်း (ထိုင်ထဆိုရင် ပြန်ထတဲ့ ကာလမှာ အရင်အပတ်ကထပ် ပိုနှေးနှေးထခြင်း)

- ပမာဏတူတဲ့ အလေးကိုပဲ အားစိုက်ရတဲ့ အပိုင်းမှာ ပိုကြာကြာနေခြင်း
(ထိုင်ထဆိုရင် ထိုင်နေတဲ့ ကာလမှာ 2 seconds မျှ ကြာကြာထိုင်ခြင်း၊ ဘားခိုဆိုရင် ဘားတန်းအပေါ်ရောက်တဲ့ ကာလမှာ  2 seconds မျှကြာကြာနေခြင်း)

- အရင် အပတ်ကမတဲ့ ပုံစံအတိုင်းကိုပဲ အရင်အပတ်ထပ် အကြိမ်ရေပိုများအောင် ကြိုးစားခြင်း
(ဥပမာ အရင်အပတ်က ၁၀ကြိမ် x ၆ ခေါက်ဆိုရင် ၁၂ကြိမ် x ၆ ခေါက် ဒါမှမဟုတ်  ၁၀ကြိမ် x ၇ ခေါက် လုပ်ခြင်း)

- ပုံစံမှန်မှန်နဲ့ အေးဆေးမနိုင်ပြီဆိုရင် အလေးပမာဏ ထပ်ထိုးခြင်း
(ဥပမာ 15 kg အလေးကို အပေါ်ကလို ပုံစံမှန် အေးဆေး ၁၂ကြိမ်လောက်ဖြစ်သွားပြီဆိုရင် 20 kg အလေးနဲ့ ၈ကြိမ်လောက် ပုံစံမှန် မဖို့ ကြိုးစားခြင်း )

- အလေးမတဲ့ အချိန်ကို လျှော့ခြင်း
(ဥပမာ အရင်က ကြားမှာ ၂မိနစ်စီနားတယ်ဆိုရင် ၁မိနစ်သာနားဖို့ကြိုးစားခြင်း)

- တစ်ပတ်တာ မတဲ့ အကြိမ်ရေကို တိုးခြင်း
(ဥပမာ အရင်က တစ်ပတ်မှာ ထိုင်ထ အတွက် တစ်ရက်ပဲဆော့ရင် နှစ်ရက်ဆော့ဖို့ ကြိုးစားခြင်း)

စသဖြင့် စိန်ခေါ်လို့ရပါတယ်။

ထပ်ပြောပါရစေ။ Progressive overload ဆိုတိုင်း အလေးပမာဏတိုးတာချည်းကိုပဲ မဆိုလိုပါ။

**************************************

Progressive overload မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ ???

ဟုတ်ပြီ။ တော်ရုံဆိုရင် Progressive overload က အကောင်းဆုံး၊ ဒီလိုလုပ်နိုင်အောင် ကြိုးစားပါပြောပြီး ရပ်သွားတာ များပါတယ်။ ဒါပေမယ့် ဒီအစဉ်အလာဟာ Golden_Dreams အတွက်မဟုတ်ပါဘူး။ Theory ပိုင်းတင် မဟုတ်ပဲ ဒီ Theory ကို လက်တွေ့ကျကျသုံးတဲ့ အခါ ဘယ်လို အခက်အခဲရှိမလဲ၊ ဘယ်လိုကျော်ရမလဲ။ ဒီလိုပြောတဲ့ အပိုင်းကပဲ Golden_Dreams ရဲ့ အစဉ်အလာလို့ မှတ်ယူထားတာကြောင့် ဆက်ကြည့်လိုက်ရအောင်။

- Note မှတ်စုမရှိခြင်း -

Progressive overload ဆိုတာ အလေးပမာဏ တိုးတာချည်းပဲမဟုတ်။ အကြိမ်ရေတွေ၊ အနားယူချိန်တွေကိုပါ ပြောင်းလဲနိုင်တယ်လို့ အပေါ်မှာဆိုးထားတယ်ဟုတ်။

ဒီလိုလုပ်ပါလို့ အကြံပေးလိုက်ရင် အရင်ဆုံး အခက်အခဲတွေ့မှာက ဘယ်ဟာကို ဘယ်လိုလုပ်ခဲ့တယ် အတိုအကျမသိတာပါပဲ။ ၁၀ကြိမ် ၅ ခေါက်လား၊ ၆ခေါက်လား မမှတ်မိ။ 15kg လား 17.5kg လား မသဲကွဲဖြစ်တတ်ပါတယ်။

ဒီလိုမဖြစ်ဖို့ အတွက် မှတ်စုစာအုပ်နဲ့ဖြစ်ဖြစ်၊ ဖုန်းထဲမှာဖြစ်ဖြစ် ဒီတစ်ပတ် ဘယ်ပမာဏကို ဘယ်နကြိမ်လုပ်တယ်ဆိုတာတော့ မှတ်ထားဖို့လိုပါတယ်။ ဒါ့ကြောင့်လဲ Fitness အတွက် အကြံပေးသူတိုင်းက မှတ်စုစာအုပ်လေးထားပါလို့ အကြံပေးလေ့ရှိတာပဲ မဟုတ်လား။ ဒီတော့ နောက်တစ်ခေါက် Gym ရောက်ရင် တစ်ခုလုပ်ပြီးတိုင်း အကြိမ်ရေ၊ အလေးပမာဏကို Note ထုတ်ပါ။

- လိုအပ်တဲ့ အားမရှိခြင်း -

ကြွက်သားတက်ဖို့ အရေးကြီးဆုံးမလို့ လုပ်မယ်၊ချမယ် စိတ်ကူးပြီး သင်ဟာ Gym ဒိုးပြီဆိုပါစို့။ ဖုန်းထဲက Note ကိုကြည့်တယ်။ ပြီင်္းခဲ့တဲ့ အပတ်က 50kg ကို ၇ခေါက်၊ ဒါဆို ဒီတစ်ခါ ၉ ခေါက်ရအောင်လုပ်မယ်ပေါ့။ ဒါနဲ့ လုပ်ကြည့်လိုက်တယ်၊ ၇ ခေါက်ပြီးတော့လဲ ဂါသွားတာပါပဲ။ ဆက်မလုပ်နိုင်တော့လို့ စိတ်ဓါတ်ပါကျရောဆိုပါစို့။

ဒါမျိုးက ပထမ တစ်ပတ်၊ နှစ်ပတ်။ ဒီအဆင့်မှာ တစ်နေတယ်ဆို ပြသနာမရှိ။ ဒီလိုမှ မဟုတ်ပဲ ဒီအဆင့်မှာပဲ တစ်လ၊နှစ်လ တစ်နေတယ်ဆိုရင် သင်ဟာ စိတ်ပျက်လာမှာ အမှန်ပဲဟုတ်။ စိတ်ထဲက ကျုံးလိုက်ချင်ပေမယ့် အပြင်မှာ မလုပ်နိုင်တာ ဘာ့ကြောင့်များလဲ ???

ပိုပြီး သန်မာလာဖို့ ကြွက်သားအသစ်တွေ ဖြစ်ဖို့လိုပါတယ်။ ကြွက်သား အသစ်တွေ ဖြစ်ဖို့က အစားအသောက် အပိုစားဖို့လိုပါတယ်။ ဒါမှသာ အရင်ရှိပြီးသားကြွက်သားကို ထိန်းထာနိုင်မယ့် အပြင် အသစ်အသစ်တွေကို ထပ်တည်ဆောက်နိုင်မှာပါ။ အစား (ကောင်းမွန်တဲ့ အသား၊ Carbohydrate ၊ Fat ) ပိုမစားပဲ Progressive overload မလုပ်နိုင်ပါဘူး။ Progressive overload မလုပ်နိုင်ပဲနဲ့ ကြွက်သားအသစ် ထွက်မလာနိုင်ပါဘူး။ ဒါ့ကြောင့် ဒီလိုမျိုး အလေးပမာဏမတိုးနိုင်ဘူးဆိုရင် ပေါင်အလေးချိန်တက်အောင် (ကြွက်သားအသစ်ရအောင်) အစားကို ပိုစားဖို့လိုပါတယ်။

- အိပ်စက်ချိန် နည်းခြင်း -

အိပ်စက်ချိန် အရေးကြီးတာကို လူတွေ အရေးမထားတတ်ပါဘူး။ လူတွေက Training ဆင်းနေပြီဆိုရင် Training = လေ့ကျင့်ခန်းလုပ်ခြင်းလို့ပဲ မြင်တတ်ကြပါတယ်။ တကယ်မြင်ရမှာက

Training = Exercise + Diet + Sleep ပါပဲ။

အလေးမရုံပဲ မ၊ အားကစားလုပ်ရုံပဲ လုပ်ပြီး ဟိုလို ပေါက်ကရစားလို့ရလား၊ အိပ်ချိန်နည်းရင် ရလားလို့ မတွေးစေချင်ပါ။ အဲလိုတွေးပြီး

" ငါကတော့ Training လုပ်နေတာပဲ၊ ဘာလို့ Result မရသေးတာလဲ " ဆိုပြီး တစ်ချို့က ဝေခွဲမရဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ခန်းတစ်ခုထဲနဲ့ Training လုပ်နေတယ်လို့ မှတ်ယူလို့ပါပဲ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ Training တစ်ခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ၂၀ ရာခိုင်နှုန်းလောက်လုပ်ပြီး ၁၀၀ ရာခိုင်နှုန်းလောက်ရဖို့ မျှော်မှန်းလို့မရပါဘူး။

အိပ်ချိန်ဟာ ကြီးထွားဟော်မုန်းထုတ်ပေးတာရယ်၊ ကြွက်သားပြန်လည် တည်ဆောက်ချိန်ရယ်နဲ့ တိုက်ရိုက်ဆက်နွယ်ပါတယ်။ အိပ်စက်ချိန်လုံလောက်လေ ဟော်မုန်းထွက်လေ၊ ကြွက်သားပြန်လည်တည်ဆောက်လေ ပိုသန်မာလာလေပါပဲ။ ဒါ့ကြောင့် အိပ်စက်ဖို့ အရေးကြီးတယ်လို့ ပြောရင် လျှော့မတွက်ပါနဲ့။ အနည်းဆုံး ၇နာရီခန့် အိပ်စက်ဖို့ ကြိုးစားပါ။

ကဲ ဒီလောက်ဆိုရင် ကြွက်သားတက်ဖို့ ဘယ်ဟာ အရေးကြီးဆုံးလဲဆိုတာ နားလည်လောက်ပြီဖြစ်သလို ဘယ်လို အခက်အခဲတွေကြုံရင် ဘယ်လိုလုပ်သင့်သလဲဆိုတာပါ သိလောက်ပါပြီ။

Credit: Golden_Dreams Page

Sunday, January 29, 2017

သွားစိုက်နည်းအမျိုးမျိုး


ပါမောက္ခဦးကိုကိုမောင်
မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း
- - - - - - - - - - - --  --  - - - - - -- - - - - -
Q.သွားစိုက်နည်း ဘယ်နှမျိုး ရှိပါသလဲ ဆရာ။

A. သွားစိုက်တယ်ဆိုတာက မိမွေးတိုင်း၊ ဖမွေးတိုင်း ပါလာတဲ့ သွားတစ်ချောင်းချောင်းကို အကြောင်းကြောင်းကြောင့် နုတ်လိုက်ရတယ်။ အဲဒီနေရာမှာ လစ်ဟာသွားတဲ့အတွက် ဒီအတိုင်းမထားချင်လို့ သွားကို စိုက်ကြပါတယ်။ နုတ်ရတဲ့ သွားက ရှေ့သွားဆိုရင် ရှေ့သွားက အပေါက်ကြီးလို ဖြစ်သွားတယ်။ အဲဒီ နေရာမှာ သွားတစ်နေရာတည်းကို ထည့်ချင်ရင် နည်းလမ်းတစ်ခုက သွားအမြစ်ကို အမြစ်တုလေးထည့်ပြီး စိုက်လို့ရတယ်။ အဲဒီနည်းသုံးမယ်ဆိုရင် ခွဲရ၊ စိတ်ရတယ်၊ တန်ဖိုးအားဖြင့် ပိုကြီးတယ်၊ ခွဲစိတ်မှု ယူရ တယ်။ ဈေးတော်တော်ကြီးတဲ့အထဲမှာပါတယ်။
ဒါကို Dental Implant လုပ်တယ်လို့ ခေါ်တယ်။

အဲဒီနည်းကို မလုပ်ချင်ဘူးဆိုရင် ဒုတိယနည်း အနေနဲ့ ဘေးနှစ်ဖက်က သွားနှစ်ချောင်းကို တွဲပြီး တံ တားထိုးတဲ့ သွားစိုက်နည်းကို လုပ်လို့ရတယ်။ အဲဒီအခါ ဘေးနှစ်ဖက်က သွားတွေကို စားရတော့ နည်းနည်း ပါးသွားတတ်ပါတယ်။

ဒီနည်းကိုလည်း မလုပ်ချင်ဘူးဆိုရင် တတိယနည်းကတော့ သွားကို အရှင်တပ်တဲ့နည်းလုပ်လို့ရပါ တယ်။ အံကပ်လို့ ခေါ်ကြတယ်။ အဲဒီအခါ သံငုတ် ဒါမှမဟုတ် ကော်ပြားနဲ့ တွဲရပါတယ်။

ပြောမယ်ဆိုရင် သုံးနည်းရှိပါတယ်။
(၁) ခွဲစိတ်ပြီး သွားအမြစ်တုထည့်တဲ့နည်းက စိုက်လိုက်တဲ့ အံကပ်ဟာ လှုပ်ခြင်း၊ ပြုခြင်းမရှိဘဲနဲ့ ၀ါးလို့ ပိုကောင်းပါတယ်။ သွားတစ်ချောင်း၊ နှစ်ချောင်း လစ်ဟာသွားရင် ဒီနည်းကို သုံးလို့ရပေမယ့် ခွဲစိတ်ရတာ ဈေးကြီးပါတယ်။

(၂) တံတားထိုးတဲ့ သွားစိုက်နည်းကျတော့ သွား တစ်ချောင်းတည်းမရှိတဲ့အခါ သုံးပါတယ်။ ဖြုတ်လို့၊ တပ်လို့ မရပါဘူး။ ဘေးသွားကို တိုင်လုပ်ရတော့ ဘေးသွားကို နည်းနည်းစားရတဲ့အတွက် နည်းနည်း ပျက်စီးပါတယ်။ ဒီနည်းလုပ်ရင် ခံတွင်းသန့်ရှင်းရေးကို အမြဲလုပ်ပြီး သွားဆရာဝန်နဲ့ အမြဲမှန်မှန်ပြနေရမှာ ဖြစ်ပါတယ်။

(၃) အရှင်တပ်ရင် အံကပ်ကို ဖြုတ်ပြီး ဆေးလို့ ရတယ်။ သွားအများကြီး မရှိရင် ဒီနည်းကို သုံးတာ များပါတယ်။

- - -  - -  - -  - -  - - -  - -  - - - - - - -  - - -
Q. သွားစိုက်ရင်  ဘယ်လို သွားအမျိုးအစားကို စိုက်သင့်ပါသလဲ ဆရာ။

A. သွားစိုက်တဲ့အခါမှာ သတ္တုနဲ့ လုပ်တာရှိသလို သွား အရောင်နဲ့ လုပ်တာလည်း ရှိပါတယ်။ အံသွားတွေ မှာ သတ္တုနဲ့ လုပ်တာက ပိုပြီး ခိုင်ခံ့တယ်၊ ရှေ့သွားတွေဆိုရင် ကြွေနဲ့ လုပ်တာက သဘာဝအတိုင်းဖြစ် တယ်၊ ပိုပြီး လှတယ်၊ ဒါပေမဲ့ ၀ါးတဲ့၊ စားတဲ့ ဒဏ်ကိုတော့ ကြွေက ကောင်းကောင်း မခံနိုင်ဘူး၊ တစ်ခါတ လေ ပဲ့ထွက်တတ်တယ်။ ကြွေသွားနဲ့ လုပ်ထားရင် ဂရုစိုက်ရတယ်။ အားရပါးရ၀ါးလို့ မရဘူး။ မိမွေးတိုင်း ဖမွေးတိုင်း သွားတွေလို သုံးလို့ မရဘူး။ ညှာတာရ မယ်။ မဟုတ်ရင် ပျက်သွားနိုင်ပါတယ်။
 ရှေ့သွားပေမယ့် ပိုခိုင်ချင်ရင် ငွေရောင် ဒါမှမဟုတ် ရွှေရောင် လုပ်လို့ရတယ်။ ဒါပေမဲ့ သဘာဝနဲ့တော့ ဆန့်ကျင်နေပါတယ်။ မသိသာချင်ဘူးဆိုရင် ဈေးသက်သာတာကတော့ ကော်နဲ့ လုပ်ထားတာက သက်သာတယ်၊
 ကြွေနဲ့ လုပ်ရင် ပိုဈေးကြီးတယ်။
ယေဘုယျပြောရရင် ရှေ့သွားစိုက်တဲ့အခါ ကြွေသွားက ပိုကောင်းတယ်၊ ၀ါးတဲ့ မျက်နှာပြင်တွေမှာ သတ္တုနဲ့ လုပ်တဲ့ သွားက ပိုကောင်းတယ်။

- - -  - -  - -  - -  - - -  - -  - - - - - - -  - - -
Q. အခုနောက်ပိုင်းမှာ ဘယ်လိုအမျိုးအစားနဲ့ သွားစိုက်လာကြပါသလဲ ဆရာ။

A. အခုနောက်ပိုင်းမှာ ကြွေနဲ့ သွားစိုက်တဲ့နည်းနဲ့ ကြွေထက် ပိုမာကျောတယ်ဆိုတဲ့ Zarconiumနဲ့ စိုက်တာက ပိုခေတ်စားလာပါတယ်။

- - -  - -  - -  - -  - - -  - -  - - - - - - -  - - -
Q. သွားအမြစ်တု ထည့်တဲ့နည်းနဲ့ သွားစိုက်ပြီးတဲ့အခါမှာ ဘယ်လို ဂရုစိုက်မှုတွေ လုပ်ဖို့ လိုပါသလဲ ဆရာ။

A. သွားအမြစ်တုထည့်တဲ့နည်းနဲ့ လုပ်ပြီးတဲ့အခါမှာလည်း တစ်သက်လုံး သွားဆရာဝန်နဲ့ ပြန်ပြနေရမှာ ဖြစ်ပါတယ်။ မပြဘူးဆိုရင် သွားအမြစ်တုက သဘာဝ မဟုတ်တော့ နည်းနည်းလေး ရောင်တာနဲ့ လှုပ်လာတယ်။ သွားဖုံးရိုးကလည်း နိမ့်နိမ့်ကျလာတယ်။ အဲဒါ တွေကို သိဖို့ သွားဆရာဝန်နဲ့ အမြဲ ပြသနေရမှာ ဖြစ်ပါတယ်။ ပြီးတော့ သွားအမြစ်တုထည့်တဲ့နည်းနဲ့
သွားစိုက်တာက ဆီးချိုရောဂါရှိတဲ့သူတွေ လုပ်လို့ မရဘူး။ ဆေးလိပ်သောက်တဲ့သူတွေ လုပ်လို့ မရဘူး။

- - -  - -  - -  - -  - - -  - -  - - - - - - -  - - -
Q. သွားစိုက်ပြီးတဲ့အချိန်မှာ ခံတွင်းသန့်ရှင်းရေးကို ဘယ်လို ထိန်းသိမ်းသင့်ပါသလဲ ဆရာ။

A. ခံတွင်းသန့်ရှင်းရေးက ပုံမှန်လိုပဲ လိုအပ်ပါတယ်။ သွားဆရာဝန်ဆီမှာ ပြသရင် သန့်ရှင်းအောင် ပိုဂရု စိုက်ပြီး လုပ်ပေးလို့ ရပါတယ်။ အထူးသဖြင့် သွားမြစ် တုထည့်တဲ့နည်းနဲ့ သွားစိုက်တာနဲ့ တံတားထိုးပြီး သွား စိုက်တာတို့ လုပ်ပြီးရင် သွားဆရာဝန်ဆီ ပြပြီး ခံတွင်း သန့်ရှင်းရေး လုပ်ဖို့လိုပါတယ်။
သွားတစ်ချောင်းမှ မရှိဘူးဆိုရင် အံကပ်တပ်ပြီး သွားစိုက်တာက ပိုကောင်းသလို ပိုလှတယ်။ အံကပ်က ဖြုတ်လို့ တပ်လို့ ရတယ်၊ မကောင်းတာက စားတဲ့ နေရာနဲ့ ၀ါးတဲ့ နေရာမှာ လှုပ်တုတ်၊ လှုပ်တုတ် ဖြစ် တယ်။ အဲဒါကို အကျင့်ဖြစ်အောင် လုပ်ရတယ်။ အကျင့်ရသွားရင်တော့ မသိသာဘူး။ အံကပ်က တစ်သက်လုံး ကောင်းမယ်လို့ ပြောလို့မရဘူး။ နည်းနည်း ချောင်လာရင် အသစ်လုပ်ဖို့ လိုပါတယ်။ ဥပမာပေးရရင် ဖိနပ်စီးသလိုပါပဲ။ ဖိနပ်မှာလည်း တစ်သက်လုံး စီးလိုရတဲ့ ဖိနပ်ဆိုတာ မရှိပါဘူး။ သွားပါများရင် ဖိနပ် ပြတ်တယ်၊ ပါးတယ်။ ဒီလိုပဲ ကိုယ် စားတဲ့၊ ၀ါးတဲ့ အစာက များရင် များသလို စိုက်ထားတဲ့ သွားတွေက ပြုန်းလာနိုင်တယ်၊ ချောင်လာနိုင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ သဘာဝကို လွန်ဆန်လို့မှ မရတာကိုး။ မိမွေးတိုင်း ဖမွေးတိုင်း သွားတောင် ပါးပါးလာတယ်၊ အံတိုလာတယ်ဆိုတဲ့ စကားရှိတယ်။ ၀ါးပါများလေ၊ အံတိုလေ၊ အသက်ကြီးလေ အံတိုလေ ဖြစ်လာတတ်ပါတယ်။

                #HealthyLifeJournal
(Healthy Life ဂျာနယ် အမှတ် (၆၅) တွင်ပါရှိသည့် ကျန်းမာရေးဆောင်းပါးကို အများပြည်သူအကျိုးရှိစေရန် ပြန်လည်ဖော်ပြလိုက်ပါသည်။)

Saturday, January 28, 2017

HR ​တွေက ဘယ်​ဘက်​ကလဲ? ရာထူးတိုးချင်ရင်?

HR ​တွေက ဘယ်​ဘက်​ကလဲ?
---------------------------------


HR Professional တွေအနေနဲ့ လုပ်ငန်းတွေမှာ ရပ်တည်နေရတဲ့ အခန်းကဏ္ဍ (၃) ခုရှိတဲ့အကြောင်း Michigan University က ပါမောက္ခဖြစ်သူ Dr. Dave Ulrich က သူရေးတဲ့စာအုပ် Human Resource Champions မှဖေါ်ပြခဲ့ပါတယ်။
HR Professional တွေရပ်တည်နေရမယ့် အခန်းကဏ္ဍ (၃) ခုကိုကောင်းကောင်း နားလည်သဘောပေါက်တဲ့ HR Professional တွေဟာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု နဲ့ဆိုင်တဲ့ လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင် တွေကိုရောက်ရှိအောင်မြင်ဖို့၊ ၀န်ထမ်းတွေမှာရှိတဲ့ အရည်အချင်း၊ အရည်အသွေးတွေကိုအကောင်းဆုံးအသုံးချဖို့၊ ၀န်ထမ်းတွေရဲ့ ကျွမ်းကျင်မှု၊ ပါရမီထူးတွေကိုစီမံခန့်ခွဲနိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိလာအောင် စွမ်းဆောင်ပေးနိုင်ဖို့လုပ်ဆောင်ရာမှာ ဦးစီးဦးဆောင်လုပ်နေသူတွေပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်တွေမှာ HR Professional တွေအနေနဲ့ ရပ်တည်ရမယ့် အခန်းကဏ္ဍ (၃) ခုကတော့
Strategic Partner လို့ခေါ်တဲ့ လုပ်ငန်းရှင်ရဲ့လက်တွဲဖော်
Employee Advocate လို့ဆိုတဲ့ ၀န်ထမ်းတွေရဲ့ရှေ့နေ နဲ့
Change Champion ဖြစ်တဲ့ ပြောင်းလဲမှု ချန်ပီယံ တို့ပဲဖြစ်ပါတယ်။

အခန်းကဏ္ဍတစ်ခုချင်းဟာ HR နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ အရေးကြီးပါတယ်။ HR Professional တွေရပ်တည်ရမယ့် အခန်းကဏ္ဍ (၃) ခုဟာ HR Professional တွေအတွက် သုံးချောင်းထောက် ထိုင်ခုံလေးတွေနဲ့ တူပါတယ်။ သုံးချောင်းထောက် ထိုင်ခုံလေးတွေဟာ ခြေတစ်ခုခု ကျိုးသွားရင် ထိုင်လို့ အဆင်မပြေတော့သလို HR Professional တွေအနေနဲ့လည်း ရပ်တည်ရမယ့် အခန်းကဏ္ဍ တစ်ခုခု ကျိုးပဲ့သွားရင် လုပ်ငန်းရှင်နဲ့ ၀န်ထမ်းတွေ အကြားမှာ ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်တော့ပါဘူး။ အခန်းကဏ္ဍတစ်ခုချင်းက HR တွေအပေါ်ဘယ်လို သက်ရောက်မှုရှိနေတာလဲကိုစဉ်းစားကြည့်ကြပါမယ်။

Strategic Partner (လုပ်ငန်းရှင်ရဲ့လက်တွဲဖော်) 
ဒီဘက်ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရတဲ့ HR Professional တွေအနေနဲ့ အရေးကြီးတာက မိမိတတ်သိ၊ နားလည်း၊ ကျွမ်းကျင်ထားတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ လုပ်ငန်းအကျိုးစီးပွားတိုးတက် အောင်မြင်အောင် ပံ့ပိုးပေးနိုင်ဖို့အရေး ကြီးပါတယ်။ ဒီလိုအခြေအနေတွေမှာ HR Professional တွေအနေနဲ့ လုပ်ငန်းရှင်ရဲ့ နေရာကနေ မိမိတို့ကိုမိမိတို့ အစားထိုး စဉ်းစားတတ်ဖို့လိုအပ်လာပါပြီ။ လုပ်ငန်းအနေနဲ့ မျှော်မှန်းထားတဲ့ ရေတိုရေရှည် ရည်မှန်းချက်၊ ပန်းတိုင်တွေကို ပေါက်ရောက်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကိုထည့်သွင်းစဉ်းစားရတော့မှာပါ။ HR ဌာနကမျှော်မှန်း ချမှတ်ထားတဲ့ ရေတိုရေရှည် ရည်မှန်းချက်တွေဟာလည်း လုပ်ငန်းကြီးတစ်ခုလုံး အတွက်ချမှတ်ထားတဲ့ လုပ်ငန်းရည်မှန်းချက်ကို အထောက်အပံ့ဖြစ်နေဖို့ လိုအပ်ပါတယ်။

တခါတလေဖြစ်တတ်တာက မိမိတို့လုပ်ငန်းက ဈေးကွက် အတွင်းမှာရှိတဲ့ လုပ်ငန်းတွေနဲ့ မတူထူးခြားတဲ့ ပုံစံ၊ မဟာဗျူဟာတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ရေတို၊ ရေရှည် ရည်မှန်းချက်တွေ ချမှတ်ထားတယ်။ ဒီလို အများနဲ့ မတူ ထူးခြားတဲ့ ပုံစံ၊ မဟာဗျူဟာတွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အရယူဖို့အတွက် အရယူပေးနိုင်တဲ့ အရည်အသွေးပြည့် ၀န်ထမ်းတွေ လိုအပ်မှာဖြစ်ပါတယ်။ ဒီအချိန်မှာ HR ဌာနက အရည်အချင်းပြည့်ဝတဲ့ ၀န်ထမ်းတွေကို ရာထူး၊ လစာ၊ ခံစားခွင့်ကောင်းကောင်း မပေးဘဲ နည်းနည်းနဲ့ ကြဲကြဲဝိုင်းချင်တဲ့ Cost Leadership Strategy နဲ့ သွားဖို့ HR ဌာနရဲ့ ရည်မှန်းချက်ပန်းတိုင် တွေကိုချမှတ်မယ်ဆိုရင် လုပ်ငန်းသွားချင်တဲ့ ပန်းတန်ကိုရောက်ဖို့အတွက် နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။

ဒါကြောင့်မို့ HR ဌာနရဲ့ရည်မှန်းချက်ပန်းတိုင်တွေ၊ လုပ်ဆောင်ချက်တွေဟာ လုပ်ငန်းကြီး တစ်ခုလုံးရဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက်အထောက်အကူပြုနေဖို့ လိုအပ်သလို လုပ်ငန်းခွင်မှာရှိတဲ့ ၀န်ထမ်းတွေအားလုံးကို လူမှန်နေရာမှန် စီမံခန့်ခွဲနိုင်ဖို့နဲ့ ၀န်ထမ်းတွေရဲ့ ကြိုးစားအားထုတ်ပံ့ပိုးမှုတွေ ရရှိလာအောင် လုပ်ယူဖို့လိုအပ်ပါတယ်။ HR Professional တွေအနေနဲ့ လုပ်ငန်းနဲ့ တသားတဲ့ ကျပြီးစနစ်တကျစီမံခန့်ခွဲနိုင်တဲ့ စနစ်တွေကိုအကောင်အထည်ဖေါ်တဲ့ အခြေအနေမှာ ၀န်ထမ်းတွေနဲ့ HR Professional တွေဟာ လုပ်ငန်းကြီးရဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့ ပံ့ပိုးပေးသူတွေဖြစ်လာမှာဖြစ်ပါတယ်။

HR Professional တွေအနေနဲ့ လုပ်ငန်းရှင်က အားကိုးလေးစားပြီး အကြံဥာဏ် တောင်းယူရတဲ့ လုပ်ငန်းရှင်ရဲ့ လက်တွဲဖေါ်တွေ ဖြစ်ဖို့အတွက် အဓိက လိုအပ်တာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေးသလို တွေးတတ်ဖို့၊ HR ဌာနကလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေဟာ လုပ်ငန်းအတွက် ကောင်းကျိုး၊ ဆိုးကျိုးဘယ်လောက်ရှိလဲသိရှိနားလည်ဆင်ခြင်တတ်ဖို့၊ လုပ်ငန်းရဲ့ ၀င်ငွေလည်ပတ်မှုသဘောတရားအချို့ကိုနားလည်တတ်ဖို့ နဲ့ မကုန်သင့်တဲ့ ၀န်ထမ်းရေးရာကုန်ကျစရိတ်တွေမကုန်ကျဖို့အတွက် စီမံခန့်ခွဲ တတ်ဖို့တွေပဲဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲတတ်ဖို့ဆိုတဲ့နေရာမှာ လက်တွေ့ဆန် ဖို့လိုအပ်ပါတယ်။ လုပ်ငန်းရှင်တွေဟာ အများအားဖြင့် ဒီလုပ်ဆောင်ချက် လုပ်လိုက်ရင် သူတို့ဘာတွေ ပေးလိုက်ရမှာလဲ၊ အကျိုးကျေးဇူးအနေနဲ့ ဘာတွေ ပြန်ရမှာလည်းဆိုတဲ့ မေးခွန်းမျိုးကိုပဲ မေးတတ်ကြလို့ပါ။ ဒီမေးခွန်းတွေအတွက် ကောင်းမွန်တဲ့ အဖြေတွေပေးနိုင်ပြီဆိုရင်တော့ စာဖတ်သူဟာ လုပ်ငန်းရှင်က အားကိုးလေစား အကြံအဥာဏ်တောင်းယူရတဲ့ လုပ်ငန်းရှင်ရဲ့ လက်တွဲဖေါ် ဖြစ်လာပါလိမ့်မယ်။

Employee Advocate (၀န်ထမ်းတွေရဲ့ ရှေ့နေ) 
Advocate ဆိုတဲ့စကားလုံးက ဥပဒေဘာသာရပ်က စကားလုံးပါ။ ရှေ့နေပါ။ မြန်မာစကားတကယ်ကောင်းပါတယ်။ ရှေ့နေဆိုတဲ့ စကားလုံးမှာ ရှေ့ကနေရ မယ်လို့ပြောထားတာဖြစ်ပါတယ်။ ဒီလိုပါပဲ ၀န်ထမ်းရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပြီဆိုရင်လိုအပ်ပါက ၀န်ထမ်းတွေရဲ့ ရှေ့နေအဖြစ် ရပ်တည်ပေးရမယ့်အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ စာရေးသူ လက်လှမ်းမီသလောက် HR အများစုဟာ ၀န်ထမ်းရေးရာကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပြီဆိုရင် ၀န်ထမ်းတွေကိုပဲ အပြစ်ဖို့တတ်ကြတာများတယ်။ စာရေးသူရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် လုပ်ငန်းခွင်လည်းမထိခိုက်၊ လုပ်ငန်းရှင်ရော ၀န်ထမ်းရောအတွက်ပါ မထိခိုက်မယ့် အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို  တတ်နိုင်သမျှရှာဖွေ စဉ်းစား အကြံပေးဖို့လိုအပ်တယ်လို့ ယူဆမိပါတယ်။ ၀န်ထမ်းရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ခု ဖြစ်လာပြီဆိုရင် ၀န်ထမ်းတွေ အနေနဲ့ HR ကနေ အသင့်တော်ဆုံးဖြစ်မယ့် အကြံအဥာဏ်တွေ ပေးစေချင်ကြပါတယ်။

လုပ်ငန်းရှင်ဘက်ကလည်းဒီလို အကြံအဥာဏ် ကောင်းတွေကို မျှော်လင့်နေတတ် ကြပါတယ်။ ၀န်ထမ်းရေးရာနဲ့ ပတ်သက်တဲ့ ပြဿနာတွေမဖြစ်အောင်၊ လုပ်ငန်းရည်မှန်းချက်တွေကို ၀န်ထမ်းတွေနဲ့ အကောင်အထည်ဖေါ်ရာမှာ ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည် အရည်အချင်းတွေပြောင်မြောက်ကောင်းမွန်ပြီး အလုပ်လုပ်ချင်စိတ် Motivation တွေမြှင့်တင်ပေးနိုင်အောင်ပဲ HR ဌာနကို သီးသန့်ထားရှိခြင်းမဟုတ်ပါလော။

Change Champion (ပြောင်းလဲမှု ချန်ပီယံ)
လုပ်ငန်းခွင်ဆိုတာ ပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်တိုင်းမှာ ပြောင်းလဲမှုတွေကို အကောင်အထည်ဖေါ်ရပါတယ်။ ဒီဘက်ခေတ်မှာ အရင်ပုံစံအဟောင်းကြီး တွေနဲ့ပဲ လုပ်ငန်းရှင်သန်ဖို့မဖြစ်နိုင်တော့ပါဘူး။ ပိုမိုတိုးတက်ကောင်းမွန်မှုတွေ ရလာအောင် ပြုပြင်ပြောင်းသင့်တာတွေကို ပြုပြင်ပြောင်းလဲရပါတယ်။ ဒီလိုပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်လာတဲ့အခါမှာ HR Professional တွေအနေနဲ့ ပြောင်းလဲမှုကို ကမကထပြုဆောင်ရွက် အကောင်အထည် ဖေါ်ဖို့လိုအပ်ပါတယ်။

ပြောင်းလဲမှုတစ်ခုလုပ်တိုင်းမှာ အပြောင်းအလဲကို လက်ခံတဲ့သူတွေ ရှိသလို အပြောင်းအလဲကို ခုခံမယ့်သူတွေရှိလာမှာဖြစ်ပါတယ်။ လုပ်ငန်းပိုမို တွင်ကျယ်ဖို့ ပြောင်းလဲမှုတွေလုပ်တဲ့နေရာမှာ ၀န်ထမ်းတွေရဲ့ စိတ်မကျေမနပ်မှုတွေ အပြောင်းအလဲကို ခုခံမယ့်အနေအထားတွေကို အနည်းဆုံးလုပ်နိုင်တဲ့ အသင့်တော်ဆုံး နည်းလမ်းမျိုးကို စဉ်းစားရွေးချယ် တာဟာ HR Professional တွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။ တချို့ကိစ္စတွေဟာ HR တွေကိုယ်တိုင်မပြောင်းလဲလို ကြတဲ့ အကြောင်းအရာတွေကို လုပ်ငန်းရေရှည် ရပ်တည်ဖို့အတွက် ပြောင်းလဲရတာ တွေရှိတတ်ပါတယ်။ အပြောင်းအလဲလုပ်ဖို့လိုအပ်လာလို့ ပြောင်းလဲတဲ့အခါမှာ ၀န်ထမ်းတွေ အများစုရဲ့အမြင်က HR တွေလုပ်လို့၊ HR တွေကြောင့်လို့ မြင်တတ် ကြပါတယ်။ တကယ့်ဖြစ်ရပ်က HR တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှု မရှိခဲ့ရင်တောင် HR တွေကြောင့်လို့ ၀န်ထမ်းတွေပြောသံကြားရတာတွေဟာ တကယ်တော့ အဲဒီဝန်ထမ်းတွေက HR တွေကိုသူတို့ရဲ့ မသိစိတ်မှာ အားကိုးနေကြလို့ ဖြစ်နိုင်ပါတယ်။ ဥပမာ၊ လုပ်ငန်းအခြေအနေကြောင့် ၀န်ထမ်းတွေလျှော့ဖို့ လိုအပ်လာတဲ့အချိန်မှာ ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် နည်းလမ်းတွေသုံးပြီး ၀န်ထမ်းတွေကိုလျှော့ရပါတယ်။

အဲလိုအခြေအနေမျိုးမှာဆို ၀န်ထမ်းတွေ ဘယ်လိုပဲပြောနေပါစေ။ HR တွေအနေနဲ့ သူတို့အတွက် ဘယ်လောက် အရှေ့ကနေရပ်တည်ပေးနိုင်လောက်လဲ၊ Employee Advocate လုပ်ပေးနိုင် လောက်မလဲဆိုတာကို မျှော်လင့်စောင့်စားနေတတ်ကြပါတယ်။ တကယ်တော့ အပြောင်းအလဲတစ်ခုကို အဆင်ပြေပြေ ပြောင်းလဲနိုင်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ဒီနေရာမှာအရေးကြီးတာက လုပ်ငန်းရှင်ရဲ့လက်တွဲဖော် တဖြစ်လဲ ၀န်ထမ်းတွေရဲ့ ရှေ့နေဖြစ်ရမယ့် HR တွေရဲ့ ပြောင်းလဲနိုင်မှုစွမ်းရည်တွေပဲ ဖြစ်ပါတယ်။

အထက်မှာဖေါ်ပြခဲ့သလို HR တွေဟာ လုပ်ငန်းခွင်တွေမှာ အခန်းကဏ္ဍ (၃) ခုနဲ့ ရပ်တည်နေရပါတယ်။ အများအားဖြင့်ကြားရတဲ့ မေးခွန်းတစ်ခုကတော့ HR ဆိုတာ ၀န်ထမ်းဘက်ကလား၊ လုပ်ငန်းဘက်ကလား ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေအတွက် အဖြေကတော့ HR Professional တွေရပ်တည်ရမယ့် အခန်းကဏ္ဍ (၃) ခုအပေါ်မှာပဲရပ်တည်သွားမှာပါ ဆိုတာပဲ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဖြေနဲ့အတူ လိုက်နာကျင့်သုံးဖို့အထူးလိုအပ်ပါတယ်။  တကယ်တော့ HR တွေဟာ ၀န်ထမ်းဘက်ကလူ မဟုတ်သလို လုပ်ငန်းဘက်ကလူ မဟုတ်ရပါဘူး။ တစ်ဖက်ဖက်ကို ပါသွားရင် HR တွေကျဆုံးနိုင်ပါတယ်။ အကြောင်းကတော့ သုံးချောင်းထောက် ထိုင်ခုံဆိုတာ ခြေတစ်ချောင်းကြိုးရင် ထိုင်လို့မရလို့ပဲဖြစ်ပါတော့တယ်။

လေးစားစွာဖြင့်

ပိုင်စိုး (Management)

Ref; The New Roles of the Human Resources Professional By Susan M. Heathfield

2017 မှာ ရာထူးတိုးဖို့အတွက် ပြင်ဆင်ထားကြပါ။
----------------------------------------------------
#ရာထူးတိုးချင်ရင်ဒါလေးတွေတော့ပြင်ဆင်ထားပါ


လုပ်ငန်းခွင်တွေမှာရှိတဲ့ ဝန်ထမ်းအ ချို့ဟာ သူတို့လက်ရှိရာထူးမှာပဲ ပိတ်ဆို့ နေပြီး တိုးတက်မှုမရှိဘူးလို့ ယူဆတတ်ကြ ပါတယ်။ ဒီလိုပိတ်ဆို့နေတယ်၊ တိုးတက်မှု မရှိဘူးဆိုတဲ့နေရာမှာ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေ မှာ အဲဒီဝန်ထမ်းတွေဟာ တစ်ဆင့်မြင့်ရာ ထူးတာဝန်တွေကိုထမ်းဆောင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုတာ သူတို့ ကိုယ်တိုင်သတိမမူမိဘဲ ရှိနေတတ်ပါ တယ်။

 တကယ်လို့စာဖတ်သူဟာ တစ် ဆင့်မြင့်တဲ့ ရာထူးတာဝန်တွေကို ထမ်း ဆောင်ဖို့အတွက်ရာထူးတိုးချင်တယ်ဆို ရင် ထိုက်သင့်သလောက်တော့ စိတ်ရှည် တတ်တဲ့သူတစ်ဦးဖြစ်ဖို့လိုအပ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ မိမိသက်ဆိုင်ရာ နယ်ပယ်မှာ ဘယ်နေရာအထိအရောက် သွားမယ်ဆိုတဲ့ရည်မှန်းချက်မျိုးရှိပြီး တိုး တက်လိုစိတ်၊ ကြိုးစားလိုစိတ်ရှိဖို့လိုအပ်ပါ တယ်။ ဖြစ်တတ်တာက တချို့ဝန်ထမ်း တွေဟာ ဘာမှတာမလုပ်တာ ရာထူးမတိုး တာကိုထိုင်ညည်းနေတတ်မျိုးတွေရှိတတ် ပါတယ်။ မိမိရာထူးတိုးချင်ရင် ဘာတွေကို ပြင်ဆင်ရမလဲဆိုတာကိုသိထားမယ်ဆိုရင် ဒီလိုထိုင်ညည်းနေတာထက် ရာထူးတိုးဖို့ အလားအလာပိုမိုများလာမှာဖြစ်ပါတယ်။

- Make sure people know you are doing a great job.
 မိမိကအကောင်းဆုံးစွမ်းဆောင်နိုင် တယ်ဆိုတာ မိမိရဲ့ကြီးကြပ်သူ၊ စီမံခန့်ခွဲသူ၊ မန်နေဂျာတွေနှင့် သက်ဆိုင်သူတွေသိ  အောင်လုပ်ပါ။ လုပ်ငန်းစွမ်းဆောင်ရည်အ ကဲဖြတ်အမှတ်တွေနှင့် မလုံလောက်ပါဘူး။ အကဲဖြတ်ချက်တွေလုပ်တဲ့နေရာမှာ လူ  တွေဖြစ်တဲ့အတွက် ဘက်လိုက်မှုတွေ၊ အ မှားအယွင်းတွေရှိနေလို့ပါပဲ။ ဒီလိုသိ အောင်လုပ်တဲ့နေရာမှာ မိမိမှာရှိတဲ့လူမှု ဆိုင်ရာဆက်ဆံရေးအရည်အချင်းဟာ လည်း အရေးကြီးပါတယ်။

- Make sure the right people know you want a promotion.
 မိမိအကောင်းဆုံးစွမ်းဆောင်နိုင် တယ်ဆိုတာ သိသွားရုံသက်သက်နဲ့တော့
စီမံခန့်ခွဲသူ၊ မန်နေဂျာတွေဟာ မိမိရာထူး တိုးတက်ချင်တယ်ဆိုတာသိမှာ မဟုတ်ပါ ဘူး။ လက်ရှိလုပ်ငန်းတာဝန်တွေကို အ ကောင်းဆုံးစွမ်းဆောင်နိုင်ပြီး တစ်ဆင့်မြင့် လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်လို ကြောင်းကို ပြောသင့်ပြောထိုက်တဲ့အချိန် မှာ မိမိမန်နေဂျာနှင့်ဆွေးနွေးဖို့ နှောင့်နှေး မနေပါနှင့်။ မိမိဘက်ကလုပ်ငန်းစွမ်း ဆောင်ရည်လည်းကောင်းတယ်၊ တစ်ဆင့် မြင့်တဲ့လုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင် ဖို့အတွက် လိုအပ်တဲ့ ဗဟုသုတ၊ အရည် အချင်းတွေကိုတတ်နိုင်သမျှလည်း ဖြည့် ဆည်းပြီးပြီ၊ တစ်ဆင့်မြင့်တဲ့ရာထူးနေရာမှာ လည်း လစ်လပ်နေတယ်ဆိုရင်တော့ မိမိ မန်နေဂျာကိုရာထူးတိုးခြင်းကိစ္စနှင့်ပတ် သက်ပြီးဆွေးနွေးပါ။

- Seek out new skills.
 ပေါက်ဆိန်ကိုသွေးပါ။ လက်ရှိရာထူး မှာရှိနေတဲ့ လုပ်ငန်းတာဝန်တွေကိုအ ကောင်းဆုံးစွမ်းဆောင်နိုင်ရုံနှင့် အဆင်မ ပြေနိုင်ပါဘူး။ မိမိမှာရှိတဲ့အရည်အသွေး တွေပိုမိုတိုးတက်လာအောင် လိုအပ်တဲ့လေ့ လာမှုတွေ၊ သင်ယူမှုတွေပြုလုပ်ပါ။ ပေါက် ဆိန်ဟာ သစ်ပင်တွေခုတ်ပါများလာရင် တုံးလာတတ်ပါတယ်။ ဒါကိုမသွေးဘဲ ဒီအ တိုင်းပဲ ဆက်ဆက်ခုတ်နေရင်တော့ လုပ် ငန်းစွမ်းဆောင်ရည်ကျကျလာပါလိမ့်မယ်။

- Groom a successor.
 မိမိအောက်ရာထူးတစ်ဆင့်နိမ့်တဲ့ ဝန် ထမ်းတွေအထဲကမှ မိမိတာဝန်ကိုထမ်း ဆောင်နိုင်သူတစ်ယောက်ရှိအောင် လုပ် ထားပါ။ လက်ရှိရာထူးနေရာမှာ မိမိဟာ မရှိမဖြစ်ကိုအရေးပါနေတယ်လို့ သက်ဆိုင် ရာစီမံခန့်ခွဲသူတွေက သတ်မှတ်ခံနေရပြီ ဆိုရင် ရာထူးတိုးဖို့အလားအလာကို ဟန့် တားစေနိုင်ပါတယ်။ အကြောင်းကတော့ မိမိကိုလက်ရှိထက် တစ်ဆင့်မြင့်တဲ့ရာထူး တာဝန်ကိုတိုးပေးလိုက်ရင် မိမိနေရာမှာ အစားထိုးမယ့်သူ အဆင်သင့်မရှိပါက တိုးမ ပေးတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိအရိုက်အရာခံမယ့်သူတစ်ယောက်ကို လက်ရှိလုပ်ငန်းတာဝန်တွေကျွမ်းကျင်မှုရှိ လာအောင် စနစ်တကျသင်ကြားပေးထား ပြီး အခြေအနေပေးလာရင် မိမိဟာ တစ် ဆင့်မြင့်ရာထူးတာဝန်ကိုထမ်းဆောင် လိုကြောင်း၊ ထမ်းဆောင်ရန်လည်း အ ထိုက်အလျောက်ပြင်ဆင်ပြီးကြောင်း၊ မိမိ ရာထူးနေရာကိုလည်း အစားထိုးနိုင်သူအ တွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောဆို ဆွေးနွေးရပါမယ်။ ဒီနေရာမှာတစ်ခုရှိတာ က မိမိထက်တစ်ဆင့်မြင့်ရာထူးနေရာဟာ လစ်လပ်နေဖို့ Vacancy ဖြစ်နေဖို့တော့ လို အပ်ပါတယ်။

- Knock your opportunity door.
 အခွင့်အလမ်းတံခါးကိုခေါက်ပါ။ မိမိ ဘက်ကလိုအပ်တဲ့ အရည်အသွေး၊ ဗဟုသု တ၊ လုပ်ငန်းကျွမ်းကျင်မှုတွေရှိလာပြီဆိုရင် အခွင့်အလမ်းတံခါးကိုခေါက်ပါ။ တစ်ခါ တလေမှာ မပြောမပြီးမတီးမမြည်အခြေ အနေတွေရှိတတ်ပါတယ်။ အခွင့်အလမ်း တံခါးကိုတည်ဆောက်ခဲ့ပြီး မိမိဟာရာထူး တိုးတက်မှုတံခါးပေါက်အတိုင်းလျှောက် လှမ်းလိုကြောင်းကို သက်ဆိုင်ရာစီမံခန့် ခွဲသူတွေသိအောင် တံခါးခေါက်ဖို့ လိုအပ် ပါတယ်။ မိမိလိုချင်တဲ့အခြေအနေကို ပြေ တတ်ဆိုတတ်တဲ့အရည်အချင်း Assertiveness Skills  ဟာ ဒီနေရာမှာအရမ်းအ ရေးကြီးပါတယ်။

အကြံပြုချက်များ
---------------------
• မိမိမှာ တိကျသေချာတဲ့အသက်မွေး ဝမ်းကြောင်းဆိုင်ရာရည်မှန်းချက်တွေ ရှိ တယ်ဆိုရင်တော့ ကွာဟချက်ဆန်းစစ်မှု  Gap Analysis ကိုလုပ်ကြည့်ပါ။ မိမိမြော်မှန်းထားတဲ့ ရည်မှန်းချက်တွေကိုရောက်ရှိ ဖို့အတွက် လိုအပ်တဲ့အတွေ့အကြုံ ဗဟု သုတ၊ အရည်အချင်းတွေနှင့် လက်ရှိ မိမိမှာရှိနေတဲ့ဗဟုသုတ၊ အရည်အချင်း တွေရဲ့လိုအပ်ချက်၊ ကွာဟချက်ကိုဆန်း စစ်ကြည့်ပါ။ မိမိမသိသေး၊ မကျွမ်းကျင် သေးတဲ့အကြောင်းအရာတွေမှာ မိမိကိုယ် မိမိရိုးရိုးသားသား ဆန်းစစ်ဝေဖန်ပြုပြင်ဖို့ ကြိုးစားပါ။

- စိတ်ရှည်ခြင်းဟာ အောင်မြင်မှုဆီကို အရောက်ပို့ပေးနိုင်ပါတယ်။ ဒါပေမဲ့ အချိန် ကာလတစ်ခုအထိပဲ စိတ်ရှည်ဖို့လိုအပ် တာပါ။ အချိန်တွေလိုအပ်တာထက်ပိုပြီး စိတ်ရှည်းသီးခံရင်လည်း မျှော်fမှန်းထားတဲ့ ပန်းတိုင်တွေကနေလွဲချော်သွားတတ်ပါ တယ်။

• မိမိကိုယ်ကို စိတ်ဓာတ်အင်အားတွေ တိုးတက်နေအောင် အမြဲဖန်တီးထားပါ။
-အခွင့်အလမ်းရလာပါက အမိအရဖမ်းယူ ပါ။
- အထက်အောက်ဆက်ဆံရေး၊ ရေပြင်ညီ ဆက်ဆံရေးတွေကောင်းမွန်အောင် နေ ထိုင်ပြုမူပြောဆိုပါ။
 ဖော်ပြခဲ့တဲ့ အကြောင်းအရာအချက် အလက်တွေဟာ သေချာပေါက်ရာထူး တိုးတက်မယ်လို့ မပြောနိုင်ပေမဲ့ ရာထူးတိုး တက်ဖို့ အခွင့်အလမ်းတွေမှာ အများထက် သာလွန်စေမှာဖြစ်ပါတယ်။

ပိုင်စိုး (Management)

Ref:
www.wikihow.com/How to Get a Promotion

Credit: ဆရာပိုင်စိုးရဲ့ FB Page

Wednesday, January 25, 2017

"အဆုံးသတ်တွေလှပဖို့"


(ဖတ်ရန်ကြာချိန် (၅)မိနစ်)

ဆရာတင်နိုင်တိုးရဲ့ "အထင်ကရပုဂ္ဂိုလ်များ၏ အညတရဘ၀နိဂုံး" ဆိုတဲ့စာအုပ်ရယ်၊ မချိုပိန်းနောင်ရဲ့ "ဆူဆိုက်ကော်ဖီဆိုင်"ရယ်ကို ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဖတ်ဖြစ်ခဲ့တယ်။ အောင်မြင်သူတွေ သူတို့ဘ၀ကို ဘယ်လိုလျှောက်လှမ်းခဲ့တယ်၊ အခက်အခဲတွေ ဘယ်လိုကျော်လွှားခဲ့တယ်၊ သူတို့ရဲ့ စိတ်ဓါတ်က ဘယ်လို၊ စသဖြင့် ရေးထားတဲ့ တက်ကျမ်းစာအုပ်တွေကြားထဲမှာ မွန်းကြပ်နေတဲ့ စာဖတ်သူတွေအတွက် ဒီစာအုပ်နှစ်အုပ်က အတော်ထူးခြားတယ်ပဲ ဆိုရမယ်။

တစ်အုပ်က မြန်မာဘုရင်တွေလက်ထက်ကနေ လွတ်လပ်ရေးရပြီးခေတ်အထိ သမိုင်းမှာ နာမည်ကျော်ကြားခဲ့သူများရဲ့ ဘ၀အဆုံးသတ်ကို ရေးထားတယ်။ ဆင်းဆင်းရဲရဲနဲ့ ဘ၀ကိုနိဂုံးချုပ်ခဲ့ရသူ၊ မထင်မရှား ဇာတ်သိမ်းခဲ့ရသူတွေရဲ့ အကြောင်းပေါ့။

နောက်တစ်အုပ်ကတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့၊ နိုင်ငံတကာက ထင်ရှားလှတဲ့ အနုပညာရှင်များရဲ့ ဘ၀ဖြတ်သန်းမှုအကြောင်းကို စုစည်းပြီး ရေးထားတာ။ ဒါကို ဖတ်ပြီးတဲ့အခါ သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရသလဲဆိုတာကို အနည်းအပါး ခန့်မှန်းမိလိမ့်မယ်။

ဒီစာအုပ်နှစ်အုပ်ကို ဖတ်ပြီးသွားတော့ ခေါင်းထဲ အတွေးနှစ်ခု ပေါ်လာတယ်။
တစ်ခုက အောင်မြင်မှုရဲ့ သဘောသဘာဝ။

တကယ်တော့ အောင်မြင်တယ်ဆိုတာ မိုးပေါ်ကို ပစ်တင်လိုက်တဲ့ ခဲတစ်လုံးလိုပဲ။ အရှိန်ရှိသလောက်တော့ တက်သွားလိမ့်မယ်။ အရှိန်ကုန်သွားတာနဲ့ ပြန်ကျလာမှာပဲ။ တစ်သက်လုံး မိုးပေါ်ရောက်နေမှာ မဟုတ်ဘူး။

ဒီတော့ ကိုယ့်ဘ၀မှာ အောင်မြင်မှုရတိုင်း ဒါဟာ အမြဲတည်တံ့နေတော့မယ့်အရာလို မတွေးနဲ့၊ ဂုဏ်မမောက်နဲ့၊ ဘ၀င်မမြင့်နဲ့၊ အောက်ခြေမလွတ်နဲ့၊ သူတစ်ပါးကို မနှိမ်နဲ့။ အဲဒီလိုအမြင့်ရောက်နေတုန်း ဒါကို အသုံးချပြီး အများအတွက် ဘာလုပ်ပေးသွားရမလဲ၊ ကိုယ့်ဘ၀ကို အဓိပ္ပါယ်ရှိအောင် ဘယ်လိုဖြတ်သန်းသွားရမလဲ ဆိုတာသာ စဉ်းစား။ အဲဒါကသာ ဒီနေရာကို ရောက်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ခြင်းရဲ့ အနှစ်သာရအစစ် ဖြစ်လိမ့်မယ်။

နောက်ထပ်တစ်ခုကတော့ ကိုယ့်ဘ၀ကို ပုံဖော်တဲ့နေရာမှာ Big picture မြင်တတ်ဖို့ လိုတယ် ဆိုတာပါပဲ။
သဘောက ကိုယ့်ဘ၀တိုးတက်ရေးအတွက် ရည်မှန်းချက်ချမယ်ဆိုပါတော့၊ ကျွန်တော်တို့ ဘယ်လိုလုပ်တတ်ကြလဲဆိုရင် ငါ အသက်(၄၀)မှာ နှလုံးအထူးကုဆရာဝန်ကြီး ဖြစ်ရမယ်၊ ဒါမှမဟုတ်လည်း ငါ အသက်(၄၀)မှာ ငွေသိန်းတစ်သောင်း ပိုင်တဲ့သူ ဖြစ်ရမယ်၊ ဒီလိုရည်မှန်းတတ်ကြတယ်။ အဲဒီအခါ ဘ၀က ဘာဖြစ်လာလဲဆိုတော့ ဟန်ချက်မညီဘူး၊ Balance မဖြစ်ဘူး။ တကယ်တော့ ဘ၀ဆိုတာ အလုပ်နဲ့ ငွေပဲ ရှိတာမှမဟုတ်တာ။ ချစ်ခြင်းမေတ္တာ၊ အများအကျိုးပြုနိုင်မှု၊ ဘ၀တန်ဖိုး၊ ခံစားမှုရသ၊ ဒါတွေလည်း ရှိသေးတယ်။

ဒါကြောင့် ပညာတစ်ခုတည်း၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတစ်ခုတည်း မျှော်မှန်းတာထက် ပိုပြီးပြည့်စုံရင်၊ Comprehensive ဖြစ်ရင် ပိုကောင်းမယ်။
ဘယ်လိုမိသားစုလေး ပိုင်ဆိုင်ရမယ်၊ ကိုယ်ဝါသနာပါတာ ဘာရှိလဲ၊ ခရီးထွက်ရတာလား၊ စာဖတ်ရတာလား၊ ပန်းချီကားစုရတာလား၊ စသဖြင့် ၀ါသနာပါတာလေးတွေ လုပ်သွားမယ်၊ အများအကျိုးပြု ပရဟိတအလုပ်တွေ ဘယ်လိုလုပ်မယ်၊ ဒါမျိုး ဘ၀တစ်ခုလုံးစာ မြင်ယောင်ကြည့်ပြီး ရည်မှန်းချက်တွေ၊ အစီအစဉ်တွေ ချတတ်ဖို့ လိုမယ်။ လက်တွေ့လည်း အကောင်အထည်ဖော်တတ်ဖို့လိုမယ်။

မဟုတ်ရင် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်တော့ ဖြစ်ပါရဲ့၊ လူတွေက အားပေးကြပေမယ့်၊ ကိုယ့်ဘ၀မျိုး လိုချင်လိုက်တာ၊ အားကျလိုက်တာဆိုပြီး ပြောနေကြပေမယ့် ကိုယ့်မှာတော့ စိတ်ဖိစီးမှုတွေနဲ့ မပျော်မရွှင် ဖြစ်နေရလိမ့်မယ်။ ငယ်တုန်းရွယ်တုန်းတော့ အောင်မြင်ခဲ့ပေမယ့် ကြီးလာတဲ့အခါ ဆင်းဆင်းရဲရဲ နိဂုံးချုပ်ရလိမ့်မယ်။ ဒါကြောင့် လက်ရှိကိုယ့်ပရော်ဖက်ရှင်မှာ အောင်မြင်နေတိုင်း၊ ငွေကြေးပြည့်စုံနေတိုင်း ပြီးပြည့်စုံပြီလို့ ပြောလို့မရဘူး။

ဒါဆို ဘ၀တစ်ခုလုံးစာ အောင်မြင်ဖို့၊ ပျော်ရွှင်ရဖို့ ဘာလုပ်ကြရမလဲ။

ခုစာအုပ်တွေထဲမှာပါတဲ့ ကျော်ကြားသူတွေ၊ အနုပညာရှင်တွေအကြောင်း ဖတ်ပြီး အဓိက(၃)ချက်ကို ဆွဲထုတ်မိတယ်။

၁။ ငွေရေးကြေးရေး (Financial Management)

ဘ၀တစ်သက်တာ ပျော်ရွှင်ချင်တဲ့သူဟာ ငွေကြေးကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့ လိုတယ်။ အောင်မြင်တုန်းမှာ ချမ်းသာတဲ့ဒဏ်၊ နာမည်ကျော်ကြားတဲ့ဒဏ်ကို မခံနိုင်ဘူး။ လောင်းကစားတွေလုပ်တယ်၊ သုံးတယ်၊ ဖြုန်းတယ်၊ မူးယစ်ဆေးတွေလုပ်တယ်။ မိန်းမရှုပ်တယ်။ တစ်သက်လုံး ဒီဝင်ငွေတွေကို ရနေတော့မယ့်ပုံစံနဲ့ပေါ့။ အဲဒီလိုတွေလုပ်တော့ တစ်ဖက်မှာ အလုပ်ကိုလည်း ထိခိုက်လာတယ်။ အများစုက သူနဲ့ အလုပ်မလုပ်ချင်တော့ဘူး။ အနုပညာရှင်ဆိုရင်တော့ စန်းပါ ကျလာတယ်။ ဒီအခါမှာ ၀င်ငွေက အရင်လိုမကောင်းတော့ဘူး။ သုံးထားဖြုန်းထားတော့ စုမိဆောင်းမိကလည်း မရှိဘူး။ နောက်ဆုံးမှာ ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ဖြတ်သန်းရတယ်။ မခံနိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ်သတ်သေတာမျိုးအထိ ဖြစ်လာနိုင်တယ်။

ဒါကြောင့် ကိုယ်ရလာတဲ့ ငွေတွေကို ကိုယ့်အတွက် အလုပ်လုပ်ပေးမယ့် ကျွန်တွေလို သဘောထားနိုင်ဖို့ လိုတယ်။ ဆိုလိုတာက ကိုယ်ကျွမ်းကျင်ရာတစ်ခုခုမှာ ရင်းနှီးမြှပ်နှံတာ၊ ဥပမာ မင်းသားတွေ ရုပ်ရှင်ကုမ္ပဏီထောင်ထားတာ၊ ဆရာဝန်တွေ ဆေးရုံထောင်တာ၊ ဆေးဆိုင်ဖွင့်တာလို တစ်ဖက်မှာ ကိုယ့်အလုပ်ကိုယ်ကြိုးစားရင်း ရလာတဲ့ ငွေတွေကို တစ်ဖက်မှာ ထပ်ထပ်ပွါးနေအောင် လုပ်ထားကြတာပေါ့။

စုရုံစုထားတာကတော့ ဒီကျွန်တွေကို မခိုင်းဘဲ ဒီအတိုင်း ထိုင်နေခိုင်းတာနဲ့ တူပါသတဲ့။ ဒါက တော်ပါသေးတယ်။ ကိုယ်လိုရင် လုပ်ခိုင်းလို့ ရသေးတာကို။

အဆိုးဆုံးကတော့ သုံးပစ်လိုက်တာပါပဲ။ ဒါဟာ ဒီကျွန်တွေကို အပြီးအပိုင် သတ်ပစ်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် လက်ရှိမှာ ကိုယ်ဟာ ဘယ်လောက်အောင်မြင်နေပါစေ၊ သုံးလို့မကုန်လောက်အောင်ကို ငွေတွေဝင်နေပါစေ၊ ဒီလိုမျိုးသာ ငွေကြေးကို မစီမံနိုင်ဘူးဆိုရင် ကိုယ့်ဘ၀အဆုံးသတ်က လှဖို့မလွယ်ပါဘူး။

၂။ ပညာရေး (Education)

တချို့အလုပ်တွေက အချိန်၊ အသက်အရွယ်၊ ကျန်းမာသန်စွမ်းမှု စသဖြင့် အကန့်အသတ်တွေရှိတယ်၊ ဘောလုံးသမား တစ်သက်လုံး ကန်နေလို့ မရဘူး၊ အဆိုတော်၊ မင်းသားမင်းသမီး တစ်သက်လုံး ဒီအသံ၊ ဒီမျက်နှာအတိုင်း ရှိနေမှာ မဟုတ်ဘူး။

ကိုယ်နဲ့အမြဲအတူရှိနေမှာ၊ ဘယ်တော့မှ အိုမင်းမသွားမှာကတော့ ပညာပဲ။ စိတ်ဝင်စားစရာ ကောင်းတာလေးတစ်ခု ဖတ်ဖူးတယ်။ အင်္ဂလန်က ဘောလုံးသမားတွေနဲ့ ဂျာမနီက ဘောလုံးသမားတွေကို ယှဉ်ပြောထားတာ။ ဘာလဲဆိုတော့ အင်္ဂလန်က ဘောလုံးသမားတွေဟာ ကစားသမားဘ၀က အနားယူပြီးရင် ထွန်းထွန်းပေါက်ပေါက် ဖြစ်လာသူနည်းတယ်တဲ့။ အများစုက ဘောလုံးဝေဖန်သူ၊ အစီအစဉ်တင်ဆက်သူလောက်ပဲ ဖြစ်လာကြတယ်။ ဂျာမနီဘောလုံးသမားတွေကတော့ ဒီလိုမဟုတ်ဘူး၊ စီမံခန့်ခွဲမှုရာထူးမျိုးတွေပါ ယူနိုင်ကြတယ် တဲ့။ ဘာလို့ အဲ့လိုကွာသွားတာလဲဆိုတော့ ဂျာမနီဘောလုံးသမားတွေက ဘောလုံးကန်နေစဉ်မှာကိုပဲ ပညာရေးကို လျစ်လျူရှုမထားဘဲနဲ့ ဒီဂရီတခုခုရအောင် ယူထားတတ်ကြလို့ ဖြစ်ပါတယ်။ ဒီတော့ ဘောလုံးသမားဘ၀က အနားယူတဲ့အခါမှာလည်း ပညာအားနဲ့ အောင်မြင်တဲ့ဘ၀တစ်ခုကို ရနေကြတာပါ။

ဒါကြောင့် ကိုယ်က နဂိုကတည်းက ပညာကိုအခြေခံပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူဆို ကိစ္စမရှိပေမယ့် အဲဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင်တော့ ပညာရေးကိုလည်း အာရုံစိုက်ထားဖို့ လိုပါလိမ့်မယ်။ ဘွဲ့လက်မှတ်ရဖို့ထက် ဒီခေတ်မှာ အောင်အောင်မြင်မြင် အလုပ်လုပ်နိုင်ဖို့က ပညာတတ်မှကို ရတော့မယ့်သဘော ဖြစ်နေလို့ပါ။

၃။ အစွဲအလမ်းတွေ လျှော့ဖို့ (Let go of attachments)

ကားပါကင်ပြဿနာကြုံတွေ့နေရတဲ့ ရန်ကုန်မှာ တစ်ခါတစ်လေဆို လိုရာခရီးကို ရောက်နေပေမဲ့ အဲဒီပါလာတဲ့ကားကို ရပ်စရာနေရာမရှိလို့ တ၀ဲလည်လည်ရှာနေရတဲ့အဖြစ်မျိုး ကြုံရတတ်တယ်။ ကိုယ်ပိုင်ကားနဲ့မလာဘဲ တက္ကစီစီးလာတာက ရပ်စရာနေရာရှားပါးနေတဲ့ ခုလိုအချိန်မှာ ပိုအဆင်ပြေတတ်ပါတယ်။

ဘ၀ဆိုတာလည်း ဒီလိုပါပဲ။ ကိုယ်ပိုင်ကားလို့ခေါ်တဲ့ အနှောင်အဖွဲ့တစ်ခု ပါလာခဲ့ရင် လိုရာခရီးကိုရောက်ဖို့ အဆုံးသတ်မှာ နှောင့်နှေးနေတတ်သလို သံယောဇဉ်တွေ အစွဲအလမ်းတွေ များနေခဲ့ရင်လည်း လူ့ဘ၀ရဲ့အဆုံးသတ်မှာ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် အဲဒီအစွဲအလမ်းတွေကို လျှော့နိုင်သလောက် လျှော့ပြီး ကိုယ့်ဘ၀ကိုကိုယ် လှလှပပ အဆုံးသတ်နိုင်ဖို့ အားထုတ်ကြစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၉.၁.၂၀၁၇ (005/17)

Credit:  Dr. ဖြိုးသီဟ´s Page

Monday, January 23, 2017

ကိုးကွယ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်ဖို့


“ကိုးကွယ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း
နားလည်ဖို့ အရေးကြီးပါတယ်။”
•••••••••••••••••••••••••••••••••••

လောကမှာ ကိုးကွယ်ရာအဖြစ် မိမိတို့ ယုံကြည်ရာ
သဘာဝတရားအားလျော်စွာ ကိုးကွယ်နေကြတာ
အများအပြားရှိတယ်။

ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကတော့ ရတနာသုံးပါးကို
ကိုးကွယ်တယ်လို့ ဒီလိုဆိုတယ်။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သုံးပါးရတနာ
ကိုးကွယ်ရာနဲ့ ပတ်သက်ပြီးတော့ မိမိတို့ ကိုးကွယ်
ဆည်းကပ်နေတဲ့ ရတနာသုံးပါးအကြောင်း
အလေးအနက် သိရှိဖို့ လိုအပ်တယ်။

လောကမှာ ကိုးကွယ်ဆည်းကပ်မှုတွေ အလွန်
များတယ်။မိမိတို့ ယုံကြည်ရာ ဘာသာတရား
အားလျော်စွာ ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာ
သုံးမျိုးသုံးစား ကိုးကွယ်ကြတဲ့နေရာမှာ
ဟိန္ဒူဘာသာဝင်တွေ ကိုးကွယ်တာ သုံးမျိုးရှိတယ်။

သုံးမျိုးက ဘာလဲလို့ဆိုရင် “ဗြဟ္မာရယ်၊ ဗိဿနိုးရယ်၊
သိဝရယ်” နတ်ဘုရားမျိုးဖြစ်တယ်။
သူတို့ကိုးကွယ်တာလည်း အဓိကအားဖြင့်
ဒီသုံးမျိုးပဲ ကိုးကွယ်တာ။

ဒါကြောင့်မို့လို့ ဟိန္ဒူဘာသာကို ယုံကြည်
ကိုးကွယ်ကြတဲ့ ဘာသာဝင်တွေဟာ သူတို့ရဲ့သင်္ကေတ
အမှတ်အသားက “ဥုံ” ဆိုတဲ့ စာလုံးလေး ဖြစ်တယ်။
အိန္ဒိယစာလုံးနဲ့ ရေးထားတဲ့ “ဥုံ”ဆိုတဲ့
စာလုံးလေးကို အဆောင်အဖြစ် အသုံးပြုပြီး
ရေးထားကြတယ်။

အဲဒီ “ဥုံ” ဆိုတာ နတ်ဘုရားသုံးဆူကို
ကိုယ်စားပြုတဲ့ အက္ခရာ သုံးလုံးပဲ။
ဒါကို မသိတော့ လူတွေက လိုက်ပြီးတော့
“ဥုံ” ကို ရွတ်နေကြတာ။
ဒါလည်း သတိထားစရာပဲ။
ဥုံ ဆိုတာ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့ ဒီလို
မှတ်ထားရမယ်။
ဥုံပဲဖြစ်ဖြစ်၊သြောင်းပဲဖြစ်ဖြစ် အသံထွက်
အမျိုးမျိုးထွက်တယ်။

ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင် ဥုံ ဆိုတဲ့
စကားလုံးဟာ
အ- အက္ခရာရယ်၊
ဥ- အက္ခရာရယ်၊
မ- အက္ခရာရယ်
အဲဒီသုံးလုံးကို ပေါင်းရွတ်တာ။

အိမ်ရောက်တဲ့အခါ ကိုယ့်ဟာကိုယ် ပေါင်းရွတ်ကြည့်။
ဒီသုံးလုံးဟာ ဘယ်အသံထွက်လာလဲဆိုတာ။
“အ၊ ဥ၊ မ” အဲဒီသုံးလုံးကို ပေါင်းထွက်တယ်ဆိုလို့
ရှိရင်အုမ်(ဥုံ)ဆိုတဲ့ အသံ ထွက်တယ်။

အဲဒါ အ-ဆိုတာ ဗြဟ္မာကို ရည်ညွှန်းပြီး ရွတ်တာ၊
ဥ-ဆိုတာ သူတို့အခေါ် ဗိသျှနူ၊
ဗမာတွေခေါ်တာက ဗိဿနိုး၊ ဗသျှနူ ဆိုတာ
နောက်က ဥ-ဆုံးတယ်။
ဗိဿနိုးနတ်ကို ရည်ညွှန်းပြီးတော့ ရွတ်တာ။
မ-ဆိုတာက ဗမာတွေ အသိအခေါ်က သိဝ။
သူတို့အခေါ်က သျှီဗမ်ဆိုတဲ့နတ်။
နောက်က မ-အက္ခရာအဆုံးရှိတယ်။
အဲဒီနတ်ဘုရားတွေကို ကိုယ်စားပြုပြီးတော့ ရွတ်တာ။

ဒါကြောင့်မို့ “ဥုံ” ဆိုတဲ့ စကားလုံးဟာ ဗုဒ္ဓဘာသာတွေနဲ့
မဆိုင်တဲ့ စကားလုံးဖြစ်သည့်အတွက်ကြောင့်
မရွတ်သင့်ဘူးလို့ ဒီလိုမှတ်ရမယ်။

ခရစ်ယာန်တွေကလည်းပဲ သူတို့ ကိုးကွယ်တာ
trinity လို့ခေါ်တယ်။သူတို့လည်း သုံးခုပဲ။
God ဆိုတဲ့ father ရယ်။
သန့်ရှင်းသောဝိညာဉ်တော်ရယ်။
သားတော်ရယ် ဆိုပြီးတော့ ဒီသုံးခု trinity
ဆိုပြီးတော့ ကိုးကွယ်တာပဲ။

ကမ္ဘာမှာ ဘာသာရေးတွေ တစ်ခါတစ်ရံမှာ
ခပ်ဆင်ဆင်ပဲ။အယူအဆလေးတွေ နီးစပ်ကြတယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေကတော့ အဲဒီ
ကောင်းကင်ဘုံက ဘုရားတွေနဲ့လည်း မသက်ဆိုင်ဘူး။

ဘာကို ကိုးကွယ်တာတုံးဆိုတော့ ဗုဒ္ဓ ဓမ္မ သံဃ
လို့ဆိုတဲ့ ရတနာသုံးပါးကို ကိုးကွယ်တယ်။

ကိုယ်ကိုးကွယ်တဲ့ ဘာသာရဲ့ အကြောင်းအရာတွေကို
ကိုယ်တိုင်သိရှိ နားလည်ပြီးတာ့မှ ကိုးကွယ်တာ
ကောင်းတယ်။ ကိုးကွယ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း
နားလည်ဖို့ အရေးကြီးပါတယ်။

မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေက
အများလုပ်လို့ လိုက်လုပ်ကြတဲ့ အနေအထားက
များတယ်။ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားပြီးတော့မှ
အလေးအနက်ထားပြီးလုပ်တာ နည်းတယ်။
ဒါကြောင့်မို့ မိမိတို့ဘ၀မှာ သာမန်အနေအထားနဲ့
ကိုးကွယ်ဆည်းကပ်မှု မပြုကြဘဲနဲ့ အလေးအနက်
ဆင်ခြင်သုံးသပ်ပြီး စိတ်ထဲမှာ ကျေနပ်မှ
ကိုးကွယ်တာကောင်းတယ်။

အဲဒီလို မဟုတ်လို့ရှိရင် ကိုယ့်ကိုးကွယ်မှုက လေးနက်မှု
မရှိဘူး။လေးနက်မှု မရှိသည့်အတွက်ကြောင့် တချို့
မြန်မာလူမျိုးတွေရဲ့အိမ်မှာ ဘုရား၊ တရား၊ သံဃာ
ဆိုတာတင်မကဘူး။
တခြားနတ်တွေပါ ရောက်လာကြတယ်။
အဲဒါဟာ အလေးအနက်မရှိလို့ ဒီလို ဖြစ်လာတာလို့။

“ကိုးကွယ်ဆည်းကပ်မှု” ဆိုတဲ့ ကိစ္စမှာ “ကိုးကွယ်တယ်”
ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရှင်းရှင်းလင်းလင်း
နားလည်ဖို့လိုတယ်။

ဘုရားကိုးကွယ်တာ ဘာအတွက် ကိုးကွယ်သလဲ၊
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောတယ်
“သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ”-
လောကမှာ ဗုဒ္ဓ လို့ခေါ်တဲ့ အမှန်တရားသိတဲ့ပုဂ္ဂိုလ်
ပေါ်ထွန်းတာဟာ သတ္တဝါတွေ ချမ်းသာဖို့အတွက်ပဲ။

ဘယ်လိုချမ်းသာဖို့အတွက် ဖြစ်လာသလဲလို့ဆို
အဲဒီဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်က သတ္တဝါတွေ ဆင်းရဲဒုက္ခက
လွတ်ကင်းပြီး ချမ်းသာသုခရအောင် တန်ခိုးတော်နဲ့
မ, စကယ်တင်သလားဆိုတော့ မဟုတ်ဘူး။

လောကကြီးမှာ မ, စကယ်တင်ဖို့ ဖြစ်နိုင်သလား
မဖြစ်နိုင်ဘူးလားဆိုတာ စဉ်းစားကြည့်။
တခြားဟာတွေမကြည့်နဲ့ ကိုယ့်သားသမီးတောင်
ကိုယ် မ, လို့ရတာမှ မဟုတ်တာ။
ကိုယ်လုပ်ချင်တိုင်းလုပ်လို့မရဘူး၊
မ, စလို့ မရဘူး။

ကိုယ့်သားသမီးကို ပညာတတ်ကြီးဖြစ်အောင်
လုပ်ပေးနိုင်တာမှ မဟုတ်တာ။
ကိုယ် လုပ်ပေးနိုင်တာက “အကြောင်းတစ်ခု” ကို
ဖန်တီးပေးရုံမျှသာ ဖြစ်တယ်။
သားသမီး ပညာတတ်ကြီးဖြစ်အောင် မိဘတွေက
ဘာလုပ်ပေးရလဲ။
ကျောင်းကောင်းကောင်း ထားပေးတယ်။
ဆရာ ဆရာမကောင်းကောင်းထံ အပ်နှံ
ပေးတယ်။ဒါပဲ။သားသမီးလုပ်တဲ့ ပုဂ္ဂိုလ်က
ကိုယ်တိုင်ကြိုးစားမှ ပညာတတ်ဆိုတာ ဖြစ်တာ။
ဒါဟာ လောကမှာ လက်တွေ့ကျတဲ့ အရာဖြစ်တယ်။

အဲဒီလို လက်တွေ့ကျတဲ့ အရာတစ်ခုကို မျက်နှာ
လွဲပြီးတော့ အရာခပ်သိမ်း တန်ခိုးရှင်က မ, လိမ့်မယ်
လို့ ယုံကြည်တာကတော့ အသိဉာဏ်နည်းပါးတဲ့
အဓိပ္ပာယ်ကို ဖော်ပြနေတာပဲ။

မဖြစ်နိုင်တာ တစ်ခုကို ယုံကြည်နေတာဟာ မှန်ကန်မှုမရှိဘူး။
ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က
“ဟိတေ ပ၀တ္တနေန အဟိတာစ နိဝတ္တနေန
သတ္တနံ ဘယံ ဟိံသတိ ဗုဒ္ဓေါ”-
လို့ စာပေကျမ်းဂန်မှာ ဆိုတဲ့အတိုင်း မြတ်စွာဘုရားကို
ဘုန်းကြီးတို့တတွေ ဘာကြောင့် ကိုးကွယ်ရသလဲ
ဆိုတာကို စဉ်းစားကြည့်မယ်။

ဘုရား ကိုးကွယ်တာ ဘာဖြစ်လို့ ကိုးကွယ်လဲ။
နတ်ကိုးကွယ်တာ ဘာဖြစ်လို့ ကိုးကွယ်လဲဆို
ကြည့်လေ။နတ်ကိုးကွယ်တဲ့လူက အရှင်ကြီး
မ, တော်မူပါလို့ လာတာလေ။
မ, စတာ ခံချင်တာ။
စီးပွားဥစ္စာ တိုးတက်အောင် မ, စပါ။
ဘေးရန်အန္တရာယ်ကင်းအောင် မ,စပါ၊

ဒီလို ချမ်းသာသုခ မျှော်ကိုးပြီးတော့ လက်ရှိဘ၀မှာ
ဖြစ်ပေါ်နေတဲ့ အနေအထားထက် ပိုပြီးတော့
တိုးတက်လာအောင် အားကိုး ယုံကြည်ပြီးတော့
ကိုးကွယ်တာ။မြတ်စွာဘုရားကို ကိုးကွယ်တာ
အဲဒီ အဓိပ္ပာယ်မျိုး မဟုတ်ဘူး။ ။

-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】

-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】



Sunday, January 22, 2017

ဖေ့စ်ဘွတ်ခ်ကနေ စီးပွားရေးလုပ်ငန်းတွေ လုပ်တော့မယ်ဆိုရင်


[ဖေ့စ်ဘွတ်ခ်ကနေ စီးပွားရေးလုပ်ငန်းတွေ လုပ်တော့မယ်ဆိုရင်]
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အင်တာနက်သုံးစွဲမှု တဟုန်ထိုးမြင့်တက်လာတဲ့ အချိန်မှာ ဈေးရောင်းတာဖြစ်ဖြစ်၊ ဝန်ဆောင်မူ လုပ်ငန်းတစ်ခုဖြစ်ဖြစ် လုပ်တော့မယ်ဆိုရင် သမားရိုးကျနည်းလမ်းအပြင် အွန်လိုင်းကွန်ယက်ကို အကျိုးရှိရှိ အသုံးချဖို့လိုလာမှာ ဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူပြီး ထိထိရောက်ရောက်ရှိတဲ့ ဖေ့စ်ဘွတ်ခ် လူမူကွန်ယက်က ပဲ စပါ။

မြန်မာနိုင်ငံသား သုံးပုံတစ်ပုံဝန်းကျင်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရှိပါတယ်။ ဒါဟာ သင့်အတွက် အခွင့်အရေးတစ်ခုပါ။ ဈေးကွက်ကို အွန်လိုင်းမှာပဲ ထိထိရောက်ရောက်ရှာနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ သဘောတရားတွေကိုနားလည်ရင် သင့်ရဲ့ ထုတ်ကုန်ပစ္စည်း၊ ရောင်းမဲ့ပစ္စည်းက အရည်အသွေးကောင်းတယ်၊ ဝန်ဆောင်မှုဆိုလည်း Customers  ကိုအမှန်တကယ် ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်ဆိုရင်  အောင်မြင်မှာ ဖြစ်ပါတယ်။ ဈေးရောင်းဖို့ သက်သက်တင်မဟုတ်ပါဘူး  ဓါတ်ပုံ၊ စတူဒီယိုလုပ်ငန်းဖြစ်ဖြစ်၊ အသေးစားခရီးသွား လုပ်ငန်းလေးဖြစ်ဖြစ်ပါ။ ဖေ့စ်ဘုတ်ခ်ကနေ Customers တွေကို ရှာဖွေနိုင်ပါတယ်။

ဖေ့စ်ဘွတ်ခ် စာမျက်နှာထောင်တဲ့အခါ အရင်ဆုံး ဖေ့စ်ဘွတ်ခ်
စာမျက်နှာရဲ့ ပရိုဖိုင်းပုံ၊ Cover ဓါတ်ပုံ အသုံးပြုမှုမှာ အဆင်ပြေသလို မသုံးပဲ သေသေချာချာ ပြင်ပြင်ဆင်ဆင် လုပ်ပြီးမှာ သုံးသင့်ပါတယ်။ ဒါကလည်း ဝယ်ယူသူတွေရဲ့ အထင်ကြီးမှု၊ ယုံကြည်မူကို ရစေနိုင်တဲ့အချက် ဖြစ်လို့ပါ။ တိတိကျကျ လိပ်စာတွေနဲ့ ဖုန်းနံပါတ်တွေ ထည့်သွင်းပေးထားပါ။ မိမိရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာက ကြည့်လိုက်တာနဲ့ ဘာရောင်းတာလဲဆိုတာ  ထင်ထင်ရှားရှား သိသိသာသာ ဖြစ်နေပါစေ။
ကိုယ့်ဆီပို့တဲ့ Message ကိုလည်း ချက်ချင်း ပြန်နိုင်ရင် ကောင်းပါတယ်။ မပြန်နိုင်ရင်တော့ ဖေ့စ်ဘုတ်ခ်က ပေးထားတဲ့ Auto Reply လုပ်ဆောင်ချက်တွေကို အသုံးပြုသင့်ပါတယ်။

တဆင့်ခံ ပြန်ရောင်းတဲ့  ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကို ဝယ်ပြီးမသုံးပါနဲ့။ ဒါက အမှတ်တံဆိပ်ပေါ်ကို မကောင်းတဲ့ သက်ရောက်မူတွေ လွှမ်းမိုးနိုင်လို့ပါ။  ကိုယ်တိုင် တည်ဆောက်ထားတာမဟုတ်ဘဲ ဝယ်ယူလိုက်တဲ့ ဖေ့စ်ဘုတ်ခ် စာမျက်နှာက ကိုယ် ပစ်မှတ်ထားတဲ့ Customers ဖြစ်နိုင်တဲ့ အလားအလာမရှိဘူး။ နောက်တစ်ချက်က အဆိုပါ ဖေ့စ်ဘုတ်ခ် စာမျက်နှာက Like တွေ ရရှိအောင် ဘယ်လိုတွေ လုပ်ထားတယ်ဆိုတဲ့ အချက်။ အခုလည်း ဖေ့စ်ဘုတ်ခ် မှာ တွေ့နိုင်ပါတယ်။ MPT ၊ တယ်လီနော စတဲ့ အမှတ်တံဆိပ်တွေ သုံးပြီး ဖေ့စ်ဘုတ်ခ် စာမျက်နှာတွေဖွင့် ပဟေဠိ အသေးစားလေးတွေ တင်ဆက်ပြီး မှန်အောင်ဖြေပါ။ စာမျက်နှာကို Like ပါ။ Share ပါ ဆိုတာမျိုးတွေ။ ဒါက မသမာတဲ့ နည်းနဲ့ Like ယူထားတာ။ ဒါက ကိုယ့်ရဲ့ ထုတ်ကုန် ပုံရိပ်ကို ကျဆင်းစေနိုင်ပါတယ်။

သိသင့်တဲ့ အဆက်အသွယ် အသိုင်းအဝိုင်းတွေဖေ့စ်ဘွတ်ခ်မှာ  အွန်လိုင်းရှော့ပင်းသမားတွေ သက်သက်စုထောင်ထားတဲ့ အဖွဲ့တွေရှိပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ရိုးသားမှုမရှိပဲရောင်းတဲ့ Page တွေ၊ လူတွေကို  Black List လိုမျိုး အဖွဲ့ထဲမှာ ထည့်သွင်းထားတာတွေရှိပါတယ်။ ဒါက ဝယ်ယူသူတွေအတွက်ရော တဆင့်ခံရောင်းချသူတွေ အတွက်ရော ဈေးနုန်း နှိုင်းယှဉ်မူတွေ၊ ယုံကြည်ရတဲ့ အဆက်အသွယ်တွေ၊ ထုတ်ကုန် အာမခံနိုင်မှုနဲ့ စားသုံးသူတွေဘက်က တုန့်ပြန်မူ စသော အသုံးဝင်တဲ့ အချက်အလက်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။  ဒါကြောင့် အွန်လိုင်းရှော့ပင်းသမားတွေရှိတဲ့ နေရာတွေကိုရှာဖွေပြီး အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားသင့်ပါတယ်။
ဓါတ်ပုံလုပ်ငန်းသမားဆိုလည်း ဓါတ်ပုံနဲ့ ပါတ်သတ်တဲ့ အသိုင်းအဝိုင်းတွေမှာ အခုနောက်ဆုံး လူတွေက ဘာတွေကို ကြိုက်နှစ်သက်လဲ၊ ဘာပစ္စည်းတွေ အသစ်ပေါ်လဲ ဆိုတာတွေကို လေ့လာဖို့ ချိတ်ဆက်မူတွေ ရှိနေရမှာ ဖြစ်ပါတယ်။

ငွေပေးချေမူ 

ငွေပေးချေမှုဆိုင်ရာနည်းလမ်းတွေကိုလည်း ကြိုတင်စဉ်းစားထားသင့်ပါတယ်။ ပစ္စည်းနည်းနည်း နဲ့ စတင်လုပ်ကိုင်စဉ်ကတည်းက ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။ ပစ္စည်းရောက်မှ ငွေရှင်းတာ၊ ကျသင့်ငွေ တစ်ဝက်ကို ဘဏ်ကနေကြိုလွှဲ၊ ကျန်တစ်ဝက်ကို ပစ္စည်းရောက်မှ ငွေသား နဲ့ အကုန်ရှင်းတာစသဖြင့် အမျိုးမျိုးရှိပါတယ်။  သည်နည်းလမ်းတွေက မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်တော့မဟုတ်ပေမယ့်လည်း လက်ရှိမှာတော့ သည်စနစ်နှင့်ပင် စီးပွားရေးလုပ်ငန်းများ အွန်လိုင်းမှာလည်ပတ်နိုင်သည်မှာ အသေအချာပင်။ တခု သတိပြုရမှာက အွန်လိုင်း မှာ ဈေးရောင်းဝယ်တာတွေနဲ့ပါတ်သတ်ပြီး အရှုပ်အရှင်းတွေကို ဖြေရှင်းဖို့ တိတိကျကျ ဥပဒေတွေ မထွက်ရှိသေးတာလည်း သတိထားရမယ့်အချက်ပါ။

e-Commerce ပလက်ဖောင်းကို လက်ရှိအချိန်မှာ အသုံးပြုဖို့ အခက်အခဲ အမျိုးမျိုး ရှိနေသေးပါတယ်။ မြန်မာနိုင်ငံမှာဘဏ် အသုံးပြုသူက  ဆယ်ရာခိုင်နှုန်းလောက်တောင်မရှိသေးဘူး  ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်း တစ်ခု ဖြစ်တဲ့ မိုဘိုင်းမန်းနီး (Mobile Money) ကို သွားဖို့ တာဆူနေတာတော့ တွေ့ရပါတယ်။ မိုဘိုင်းမန်းနီးဆိုတာက မိုဘိုင်းဖုန်းအသုံးပြုပြီး ငွေပေးချေမူတွေလုပ်နိုင်တာပါ။ ဘဏ်အကောင့်မရှိပဲနဲ့ အသုံးပြနိုင်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီအလိုက် တောင်းတဲ့အချက်အလက်တွေတော့ ကွာနိုင်ပါတယ်။ နောက်ပိုင်းမှာ မိုဘိုင်းမန်းနီးတွေနဲ့ ပတ်သတ်ပြီး အသေးစိတ်ရေးပြပေးသွားပါမယ်။

လက်ရှိမှာ မိုဘိုင်းမန်းနီးနဲ့ ပတ်သတ်ပြီး အထူးတလည် မာကတ်တင်းဆင်းနေတာကတော့ Wave Money နဲ့ OK ဒေါ်လာ တွေဖြစ်ပါတယ်။ myKyats  တို့ 663 ဖုန်းပိုက်ဆံ နဲ့ ongo စတဲ့ မိုဘိုင်းငွေပေးချေမှုဆိုင်ရာ ကုမ္ပဏီတွေကတော့ တစ်ဖြည်းဖြည်း လှမ်းလာ တာကိုတွေ့ရပါတယ်။  ဘာပဲဖြစ်ဖြစ် ဖေ့စ်ဘုတ်ခ်မှာ ဈေးရောင်းသူတွေ သည်စနစ်တွေအကုန်လုံးကို သိထားသင့်ပါတယ်။

ဝယ်ယူသူတွေထံ ပစ္စည်းတွေ ပို့ဆောင်ဖို့အတွက်
ဒါကလည်း ထည့်သွင်းစဉ်းစားစရာ အချက်တစ်ခုပါ။ အွန်လိုင်း မှာယူမူတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ တဆင့်ခံ လုပ်ငန်းကို ငှားမလား၊ ကိုယ်ကိုယ်တိုင်ပဲ စီမံခန့်ခွဲမလားဆိုတာပါ။ ပြည်တွင်းမှာလည်း နာမည်ကြီး Logistics လုပ်ငန်းတွေရှိသလို ယခုနောက်ပိုင်းမှာ အစိုးရရဲ့ စာပို့လုပ်ငန်းက သည်လိုမျိုးပို့ဆောင်တဲ့  လုပ်ငန်းကိုတရားဝင်
ဆောင်ရွက်ပေးတော့မှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။ သူများကို ငှားပြီးလုပ်မယ်ဆို ကြားခံပို့ဆောင်တဲ့သူအပေါ် ယုံကြည်စိတ်ချရမှုက အလွန်အရေးကြီးပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်က Groupဖေ့စ်ဘွတ်ခ် Group ကြီးတွေ့ရဲ့ အရေးပါမူကို လည်းမမေ့သင့်ပါဘူး။ ဖေ့စ်ဘွတ်ခ်က ပေးတဲ့ Sponsored လုပ်ဆောင်ချက်နဲ့ မိမိရဲ့ Facebook Page ကို လူသိအောင် လုပ်လို့ရပါတယ်။ ဥပမာ ကားပစ္စည်းနဲ့ ပတ်သတ်တာ ရောင်းချင်ရင် ကားသမားများစုဝေးရာလို အဖွဲ့မျိုး၊ ကားနဲ့ဆိုင်တဲ့အဖွဲ့တွေ အများကြီးထဲကို ဝင်ရောက်ပြီး Share လုပ်တာမျိုးဟာလည်း တော်တော် ထိရောက်ပါတယ်။
နေရာအရဆိုလည်း မော်လမြိုင်မှာ လက်ဘက်ရည်ဆိုင်လေး ဖွင့်ပြီးရောင်းတော့မှာလား အဲဒါဆို မော်လမြိုင်သားများ
တွေ့ဆုံရာအဖွဲ့၊ မော်လမြိုင်နဲ့ ပတ်သတ်တဲ့ကျောင်းတွေ၊ အဖွဲ့အစည်းတွေ ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ Group တွေလုပ်ထားတာမျိုး ရှိပါတယ်။

ဖေ့စ်ဘွတ်ခ်ကပေးတဲ့ လုပ်ဆောင်ချက်များ

ဖေ့စ်ဘွတ်ခ်မှာ မားကတ်တင်းဆင်းတဲ့ ရည်ရွယ်ချက်ရဲ့ အဓိကအားသာချက်က ကိုယ့်လုပ်ငန်းကပြောချင်တဲ့အကြောင်းအရာကို  ရည်ရွယ်တဲ့ပရိတ်သတ်ဆီကို ရောက်အောင်ပို့ဆောင်တာပါပဲ။ လုပ်ငန်းရဲ့ customers ဖြစ်လာနိုင်ချေရှိတဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေထံ ကိုယ့်လုပ်ငန်းရဲ့ အကြောင်းများများရောက်ဖို့ နည်းလမ်းကတော့ "Boost" လုပ်ဆောင်ချက် ဖြစ်ပါတယ်။  ဖေ့စ်ဘွတ်ခ်မှ အောင်မြင်အောင် Boost လုပ်ဖို့အတွက် အရင်ဆုံးအနေနဲ့ လုပ်ငန်းရဲ့ ဦးတည်ချက် ရှိရပါမယ်။ ဘယ်မားကတ်တင်း အစီအစဉ်မှာမဆို ဦးတည်ချက်ကို ရောက်ရှိအောင် အရင်ဆုံး အစီအစဉ်ချမှတ်ရပါတယ်။ မင်္ဂလာဆောင် ဓါတ်ပုံဆရာတစ်ယောက်အနေနဲ့ သူရဲ့ ပစ်မှတ်တွေက စေ့စပ်ထားတဲ့သူ၊ Relationship (ချစ်သူရှိသူ) ဖြစ်သူတွေကို အဓိကထားဆွဲဆောင်ရမှာပါ။ ဦးတည်ချက်ကရှင်းလင်းလေလေ မားကတ်တင်းအတွက် ပိုပြီး ထိရောက်လေလေ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ကလည်း သက်ဆိုင်ရာနယ်ပါတ်အလိုက်ရွေးချယ်နိုင်တဲ့ "Custom Setting" လုပ်ဆောင်ချက်တွေ ရှိပါတယ်။ ဖေ့စ်ဘွတ်ခ် သုံးတဲ့သူတိုင်းဆီကို Boost လုပ်နေရင်တော့ အချိန်ကုန်သလို ပိုက်ဆံကုန်တာပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ်ဦးတည်တဲ့ Customer ဖြစ်နိုင်ချေရှိသူတွေဆီကို တည့်တည့်ပို့တာက လုပ်ငန်းတိုးတက်ဖို့ပိုပြီး အထောက်အကူ ပြုပါတယ်။ အဲ့ဒီလို ကိုယ်ရောက်ချင်တဲ့ Target Customer တွေဆီ ရောက်ရှိဖို့အတွက်  ကိုယ့်စံနှုန်းနဲ့ ကိုက်ညီမဲ့ အသက်အရွယ်အပိုင်းအခြား၊ လုပ်ငန်းနယ်ပယ် စတာတွေကို ရွေးထုတ်ရပါတယ်။ ဖော်ပြတဲ့ အကြောင်းအရာကလည်း မှန်မှန်ကန်ကန်နဲ့ အချိန်ကိုက် ဖြစ်စေရပါမယ်။ ဒါက "Boost" အတွက် ငွေနည်းနည်းပဲ ကုန်တော့မှာပါ။

ဖေ့စ်ဘွတ်ခ်မှာ လုပ်ငန်းနဲ့ဆိုင်တဲ့ ပို့စ်ကို Boost လုပ်နေပြီဆိုရင် ပို့စ်တစ်ခုချင်းစီအတွက်လည်း ဦးတည်ချက်ကို သတ်မှတ်ဖို့လိုပါတယ်။ မင်္ဂလာဆောင်ဓါတ်ပုံဆရာ တစ်ယောက်အနေနဲ့ စေ့စပ်ထားတဲ့သူ၊ ချစ်သူရှိပြီးသူတွေဆီရောက်ဖို့ လိုပါတယ်။ ဖေ့စ်ဘွတ်ခ်ကလည်း အသက်၊ လိင်၊ နေရာ၊ ဘာသာစကား၊ နဲ့ ချစ်သူရှိပြီးသား ဟုတ်မဟုတ်ဆိုတာကို ခွဲပြီးလုပ်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေရှိပါတယ်။ ဓါတ်ပုံလုပ်ငန်းက ရန်ကုန်မှာ ရှိတယ်ဆိုရင် ရန်ကုန်မှာရှိတဲ့ စေ့စပ်ကြောင်းလမ်းထားသူတွေဆီ များများပို့ဆောင်ဖို့ နေရာကို ရန်ကုန်လို့ ရွေးချယ်ပြီး Boost လုပ်ရင် ပိုပြီးတော့ တိကျပါတယ်။

ပို့စ် အကြောင်းအရာတွေ ကောင်းမွန်ပါစေ

ဈေးကွက်ဦးတည်ချက်အရ သီးသန့်သတ်မှတ်ချက်ကိုရွေးပြီးတဲ့နောက် ပို့စ်ရဲ့ အကြောင်းအရာ အမျိုးအစားကို ဆုံးဖြတ်ဖို့လည်းလိုမှာဖြစ်ပါတယ်။ အကြောင်းအရာက ရှင်းရှင်းလင်းလင်းရှိပြီး ဖတ်တဲ့သူတွေကို ဆွဲဆောင်နိုင်တဲ့ အရေးအသားတွေ၊ ပုံတွေလိုမှာဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ် ကပေးထားတဲ့ လုပ်ဆောင်ချက်တွေရဲ့ အားသာချက်တွေကို သိထားအောင်လုပ်ပါ။ ဥပမာဆိုရင် ဖေ့စ်ဘွတ်ခ်က Boosts လုပ်ဆောင်ချက်ပေါ။့ Boosts ကိုစတင်ပေးကတည်းက ပို့စ်တွေကို တစ်ရက်ချင်း အလိုက် ဒါမှမဟုတ် အစီအစဉ်အရ ရက်ရှည်အလိုက် လုပ်ချင်သလားဆိုတာကို ဆုံးဖြတ်ခွင့်ပေးထားပါတယ်။

အမြဲတမ်းသိနေသင့်တဲ့ အချက်ကတော့ ရက်များများသုံးလေ ပိုက်ဆံကုန်လေလေဖြစ်ပြီး ဆွဲဆောင်မူအားလည်းနည်းမှာ ဖြစ်ပါတယ်။ Boosts လုပ်ပြီးတာနဲ့ တစ်ပြိုင်နက် ဖေ့စ်ဘွတ်ခ်က ရောက်ရှိနိုင်တဲ့ပမာဏကို ပြသပါလိမ့်မယ်။ ပိုက်ဆံ ဘယ်လောက်သုံးနိုင်သလဲပေါ်မူတည်ပြီး လူဘယ်လောက်ဆီရောက်နိုင်မလဲဆိုတာကို ဖေ့စ်ဘွတ်ခ် ကပြသပေးမှာဖြစ်ပါတယ်။

စောင့်ကြည့်စစ်ဆေးပါ

ပို့စ်တွေကို တင်ပြီးသော်လည်း  အလုပ်ဖြစ်သလားဆိုတာကို သိဖို့သူရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးဖို့ကလည်း အရေးပါပါတယ်။ ပို့စ်ရဲ့ ဖြစ်ပေါ်တိုးတက်မူကို မျက်ခြေမပြတ်စောင့်ကြည့်နေရမှာ  ဖြစ်ပြီးပစ်မှတ်ထားတဲ့ အသုံးပြုသူတွေဆီကို ရောက်နေသလား၊ ဘာတွေတုံပြန်သလဲဆိုတာ နားထောင်နေရမှာ ဖြစ်ပါတယ်။  မျှော်မှန်းထားတဲ့အတိုင်း အလုပ်မဖြစ်ခဲ့ရင်တော့ Boost မှာသတ်မှတ်ချက်တွေ  ပြန်လည်ပြီး ပြင်ဆင်ဖို့ လိုနေပါပြီ။

-----
TP
(MOE Team)
---------

 အကယ်၍ ဒီ Post လေးက မိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင်တော့ ကျွန်တော့်ကို တခုတော့ ကူညီပေးပါ။
အခြား မိတ်ဆွေလို သိချင်နေမယ့်သူတွေအတွက် ဒီ Post လေးကို Share ပေးလိုက်ပါ။

------------------
ကိုသူရ
(Empowering Entrepreneurs)
Founder of Myanmar Online Entrepreneur
-----------------------------------------------


Saturday, January 21, 2017

“သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ”


၁။ သားအိမ်ခေါင်းကင်ဆာ ဆိုတာ ဘာလဲ

သားအိမ်ခေါင်းဆိုတာ သားအိမ်နဲ့ မွေးလမ်းကြောင်းကို ဆက်ပေးထားတဲ့ အစိတ်အပိုင်းလေးကို ခေါ်တာဖြစ်ပါတယ်။ သားအိမ်ရဲ့ထိပ်ဝမှာ ရှိတာမို့ သားအိမ်ထိပ်ဝ၊ သားအိမ်လည်တံလို့လည်း ခေါ်ကြပါတယ်။ အဲဒီနေရာမှာဖြစ်တဲ့ ကင်ဆာကို သားအိမ်ခေါင်းကင်ဆာလို့ ခေါ်တာပါ။

၂။ ဖြစ်နှုန်းဘယ်လောက်ရှိလဲ၊ ဘယ်အရွယ်တွေ အဖြစ်များလဲ

WHO ရဲ့ ထုတ်ပြန်ချက်အရတော့ ဒီကင်ဆာရောဂါကြောင့် ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ နှစ်မိနစ်ကို တစ်ယောက်နှုန်းလောက် သေဆုံးနေကြရပါတယ်။ အဲဒီထဲကမှ (၈၅)% ကျော်ဟာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နေကြတာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ရင်သားကင်ဆာပြီးရင် ဒုတိယမြောက် အဖြစ်အများဆုံးကင်ဆာရောဂါ ဖြစ်ပါတယ်။

အသကအရွယ်အားဖြင့် ဘယ်အရွယ်မဆို ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အများအားဖြင့် အသက်(၄၀)နောက်ပိုင်း အမျိုးသမီးတွေမှာ တွေ့ရလေ့ရှိပြီး  (၂၅)နှစ်အောက်အရွယ်တွေမှာတော့ အင်မတန်မှ အဖြစ်နည်းပါတယ်။

၃။ ထူးခြားချက်နှစ်ချက်

အများအားဖြင့် ကင်ဆာတွေဟာ ဘာကြောင့်ဖြစ်တယ်လို့ တိတိကျကျ ပြောရခက်ပါတယ်။ ဒါကြောင့် ဘယ်လိုကာကွယ်ရင် ရမလဲဆိုတာလည်း ပြောလို့မရနိုင်ပါဘူး။
သားအိမ်ခေါင်းကင်ဆာမှာတော့ ဒီလိုမဟုတ်ပါဘူး။
ဖြစ်စေတဲ့အကြောင်းရင်းကို သိပါတယ်၊၊
နောက်ပြီး ကင်ဆာမဖြစ်ခင် အကြိုအဆင့် (Precancerous stage) ဆိုတာလည်း ရှိပါသေးတယ်၊ ဒီအဆင့်မှာ ရောက်နေ မရောက်နေ စမ်းသပ်ကြည့်လို့လည်း ရနေပါပြီ။
ဒါကြောင့်၊ ဖြစ်နှုန်းများတဲ့ကင်ဆာရောဂါဆိုပေမယ့် လုံလောက်တဲ့ အသိပညာသာ ရှိထားရင် ကာကွယ်လို့ရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

၃.၁။ ပထမအဆင့် ကာကွယ်နည်း - ဖြစ်စေတဲ့အကြောင်းရင်းကို ရှောင်ရှားခြင်း

သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) ဗိုင်းရပ်စ်ကြောင့် အဓိကဖြစ်ရတာပါ။ သားအိမ်ခေါင်းကင်ဆာအားလုံးရဲ့ (၉၉)% ဟာ ဒီပိုးနဲ့ ဆက်စပ်နေပါတယ်။ HPV ပိုးဆိုတာကတော့ အဓိကအားဖြင့် လိင်ကတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါစာရင်းမှာ ထည့်လာကြပါပြီ။ သူ့မှာ မျိုးကွဲပေါင်း (၁၀၀)ကျော် ရှိပါတယ်။ လိင်အင်္ဂါ၊ အရေပြားတွေမှာ ကြွက်နို့ဖြစ်စေတာ၊ စအိုကင်ဆာ၊ လိင်တံကင်ဆာ ဖြစ်စေတာလည်း ဒီဗိုင်းရပ်စ်ပိုးကြောင့်ပဲ ဖြစ်ပါတယ်။

အများအားဖြင့် သားအိမ်ခေါင်းမှာ အဲဒီပိုးကူးစက်ခံရပြီးရင် သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ အမျိုးသမီးတချို့မှာတော့ (၁၅)နှစ်ကနေ နှစ်(၂၀)အတွင်းမှာ သားအိမ်ခေါင်းကင်ဆာအဆင့်ကို ကူးပြောင်းသွားပါတယ်။

အခြားအကြောင်းအရာတွေကလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေကို ပိုပြီးတော့ တွန်းအားပေးနိုင်ပါတယ်။ အဲဒါတွေကတော့ ---
• အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှု စတင်ခြင်း
• လိင်ဆက်ဆံဖက်များခြင်း
• အိမ်ထောင်ဖက်မှ လိင်ဆက်ဆံဖက်များခြင်း
• ကလေးသုံးယောက် ဒါမှမဟုတ် သုံးယောက်ထက်ပိုမွေးထားခြင်း
• ဆေးလိပ်သောက်ခြင်း
• HIV ပိုးရှိခြင်း ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းခြင်း တို့ဖြစ်ပါတယ်။

ဒါကြောင့် သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် လိင်ဆက်ဆံမှုမစခင်မှာ ကာကွယ်ဆေးထိုးထားဖို့၊ အခုပြောခဲ့တဲ့အချက်တွေ ရှိမနေအောင် ရှောင်ရှားကြဖို့ လိုပါတယ်။ လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးသုံးမယ်ဆိုရင်လည်း HPV ပိုးကူးစက်ခြင်းကနေ “အတိုင်းအတာတစ်ခုအထိ”တော့ ကာကွယ်ပေးပါတယ်။
(ကာကွယ်ဆေးအကြောင်း အသေးစိတ်ကို ဆက်ရေးပြထားပါတယ်)

၃.၂။ ဒုတိယအဆင့် ကာကွယ်နည်း - အကြိုအဆင့် စစ်ဆေးခြင်း

အကယ်၍များ ဒီအချက်တွေထဲကတစ်ခုခု ကိုယ့်မှာရှိနေခဲ့တယ်ဆိုရင်လည်း စိတ်ပျက်သွားစရာ မလိုပါဘူး။ ဒီကင်ဆာမှာ ကောင်းတဲ့တစ်ချက် ရှိပါသေးတယ်။
အဲဒါကတော့ ကင်ဆာအဆင့်ကို မကူးပြောင်းခင်မှာ အကြိုအဆင့် ရှိနေတာပါပဲ။ အကြိုအဆင့်ဆိုတာကတော့ ကင်ဆာ မဟုတ်သေးဘူး၊ ကင်ဆာဖြစ်တော့မယ်လို့ သတိပေးနေတဲ့အဆင့် ဖြစ်ပါတယ်။ ဒီအဆင့်မှာသာ ကိုယ်ကသိလိုက်ရင် အချိန်မီကုသလိုက်လို့ ရပါတယ်။ ဒါဆို ကင်ဆာလည်း မဖြစ်တော့ဘူးပေါ့။

အဲဒီအဆင့်ကို သိနိုင်ဖို့အတွက် စမ်းသပ်မှုလေးတွေ လုပ်ဖို့တော့ လိုပါတယ်။ နည်းတွေအများကြီးရှိတဲ့အထဲက သားအိမ်ခေါင်းချွဲကို ယူပြီး စမ်းသပ်တဲ့နည်း (Pap smear) နဲ့ သားအိမ်ခေါင်းကို ဆေးရည်တို့ပြီး ကြည့်တဲ့နည်း (VIA- Visual Inspection with Acetic acid) တို့ကတော့ အသုံးအများဆုံးပါပဲ။

Pap smear စမ်းသပ်မှုကို အသက်(၂၅)နဲ့(၄၉)နှစ်ကြားအရွယ်တွေဆို (၃)နှစ်တစ်ကြိမ်၊ (၅၀)နဲ့(၆၄)နှစ်ကြားဆို (၅)နှစ်တစ်ကြိမ် ပြုလုပ်ဖို့လိုပါတယ်။
VIA နည်းကိုတော့ ဘယ်အရွယ်မဆို (၅)နှစ်တစ်ကြိမ် စစ်ဆေးကြရပါမယ်။
အဲဒီလို အကြိုအဆင့်ရှိမရှိ စစ်ဆေးမှုကို မှန်မှန်လုပ်သွားခြင်းအားဖြင့်လည်း ဒီကင်ဆာမဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ပြောရရင် ဒီစစ်ဆေးမှုကို မှန်မှန်ပြုလုပ်ခြင်းဟာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်တဲ့နေရာမှာ အဓိကအကျဆုံးလို့ ပြောလို့ရပါတယ်။

၃.၃။ ကာကွယ်ဆေး

ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ဖြစ်ရတာမို့လို့ ဒီပိုးအတွက် ကာကွယ်ဆေးလည်း ပေါ်နေပြီဖြစ်ပါတယ်။ ဒီဆေးကို လိင်ဆက်ဆံမှုမစခင်အချိန်မှာ ထိုးထားရင် အထိရောက်ဆုံးပါပဲ။ လိင်ဆက်ဆံမှုရှိပြီးသွားရင်လည်း ထိုးလို့ရတယ်ဆိုပေမယ့် ထိရောက်မှုကတော့ ပိုနည်းပါတယ်။ အသက်(၂၆)နှစ် နောက်ပိုင်းဆိုရင်တော့ ထိုးဖို့အတွက် မတိုက်တွန်းလိုတော့ပါဘူး။ အကြိမ်အရေအတွက်အနေနဲ့တော့ အသက် (၉)နှစ်နဲ့ (၁၄)နှစ်ကြားမှာထိုးရင် (၂)ကြိမ်၊ (၁၅)နှစ်ပြည့်ပြီးမှထိုးရင် (၃)ကြိမ် ထိုးဖို့လိုပါတယ်။

တစ်ခုသတိထားစေချင်တာကတော့ ဒီကာကွယ်ဆေးတွေဟာ သားအိမ်ခေါင်းကင်ဆာကို ရာနှုန်းပြည့်တော့ ကာကွယ်မပေးနိုင်ဘူး ဆိုတာပါပဲ။ HPV ပိုးမှာ မျိုးကွဲပေါင်းရာနဲ့ချီပြီး ရှိပါတယ်။ အဲဒီမျိုးကွဲတွေထဲကမှ နံပါတ် (၁၆)နဲ့ (၁၈) ကိုပဲ ကာကွယ်ပေးပါတယ်။ (နောက်ထပ်ကာကွယ်ဆေးအမျိုးအစားတစ်ခုကတော့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ နံပါတ် (၆) နဲ့ (၁၁) ကိုပါ ကာကွယ်ပေးပါတယ်။)
ဒီမျိုးကွဲနံပါတ် (၁၆) နဲ့ (၁၈) နှစ်ခုက သားအိမ်ခေါင်းကင်ဆာအားလုံးရဲ့ (၇၀)%မှာ တွေ့ရတတ်တာမို့ ကာကွယ်ဆေးထိုးလိုက်မယ်ဆိုရင် အဲဒီလောက်ရာခိုင်နှုန်း ကာကွယ်ပြီးသား ဖြစ်သွားတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။
ဒါကြောင့် ကာကွယ်ဆေးထိုးပြီးသွားပေမယ့် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးခြင်းကို ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။

၎။ ရောဂါလက္ခဏာများ

ကာကွယ်ဆေးလည်း ထိုးဖို့မမီတော့ဘူး။ အကြိုအဆင့်စမ်းသပ်မှုမျိုးတွေလည်း မလုပ်ချင်ပါဘူးဆိုတဲ့ အမျိုးသမီးတွေ (အထူးသဖြင့် ကိုယ့်အမေတွေ အဖွါးတွေ) အနေနဲ့တော့ ဒီလိုလက္ခဏာတွေ ရှိလာခဲ့ရင်တော့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသဖို့ လိုပါလိမ့်မယ်။

အဲဒီလက္ခဏာတွေကတော့
• သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊
• အမျိုးသားနဲ့အတူနေပြီးတိုင်း သွေးဆင်းခြင်း၊
• ပုံမမှန်သွေးဆင်းခြင်း၊
• အဖြူအပုပ်ဆင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒါတွေဖြစ်တိုင်း ကင်ဆာပါလို့ ပြောမရပေမယ့် ဖြစ်တတ်ပါတယ်ဆိုပြီး ပေါ့လို့မရပါဘူး။ ကင်ဆာလို့ သိအပြီး ၅နှစ်အတွင်းမှာ အသက်ရှင်နှုန်း (5 Year Survival Rate) က ကင်ဆာအဆင့်(၁)မှာသာ သိလိုက်ရင် ၈၀ ကနေ ၉၉% အထိရှိပြီးတော့ အဆင့်(၄)မှသာ သိရင် ၂၀%အထိ နည်းသွားပါတယ်။ ဒါကြောင့် နောက်ဆုံး မကာကွယ်နိုင်လိုက်လို့ ဖြစ်ခဲ့ရရင်တောင် စောစောသိရင် ကုသမှုကို မြန်မြန်ခံယူလိုက်နိုင်မှာ ဖြစ်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့အတွက်
• (မီသေးရင်) လိင်ဆက်ဆံမှုမစခင်မှာ ကာကွယ်ဆေးထိုးပါ
• ဖြစ်နိုင်ချေပိုများစေတဲ့ အမူအကျင့်တွေကို ရှောင်ပါ
• အကြိုအဆင့် စမ်းသပ်စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ
• ရောဂါလက္ခဏာပေါ်လာခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

ဒေါက်တာ ဖြိုးသီဟ
၂၁.၁.၂၀၁၇ (164/10/2017)

Credit:  ဒေါက်တာ ဖြိုးသီဟ Page

Friday, January 20, 2017

The Golden Diet Plan


ကျစ်လျစ်သော ခန္ဓာကိုယ်ရဖို့ ဘယ်လိုစားသောက်ရမလဲ ???
( Sample meal plan below)

အယောက်တစ်ရာမှာ ၉၅ ယောက်လောက်က ဘယ်လိုအစားအစာတွေစားရမလဲဆိုတာ သိဖို့ ဆောင်းပါးရဲ့ အောက်ဆုံးကို ကျော်ကြည့်ကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

အကောင်းဆုံး ကြွက်သားတက်ဖို့ Diet plan၊ အကောင်းဆုံး ဗိုက်အဆီကျဖို့ Diet plan စသဖြင့် Page ပေါင်းစုံကနေ ဆောင်းပါးတွေ များစွာရှိပါတယ်။ Page တွေတင် မကသေးပါဘူး။ ဟိုးတစ်လောက တွေ့လိုက်တဲ့ Diet plan စာရွက်ခေါက်လေးဆို တစ်စုံကို ၂သောင်းခွဲလောက် တောင်းနေတာတောင် တွေ့မိပါသေးတယ်။ ဒါကလဲ မဆန်းပါဘူး။ လူတွေဆိုတာ ကိုယ်လိုချင်တဲ့ Fit Body ဖြစ်ဖို့ ကြိုးစားရာမှာ ဖြစ်ပြီးသားလူတွေ ဘယ်လိုစားသောက်လဲဆိုတာ သိချင်ကြတာပဲမလား။ ဆန်းတာက ဒီလို သိချင်တဲ့စိတ်အပေါ် ခုတုန်းလုပ်ပြီး Diet plan တွေ ထွက်လာတာပါပဲ။ ဒီနေ့တော့ Chat မှာ ခဏခဏ လာမေးကြတဲ့၊ Diet plan ရှာနေကြတဲ့လူတွေအတွက် ရေးပေးလိုက်ပါတယ်။

အကောင်းဆုံး Diet plan က ဘာလဲ ???

အကောင်းဆုံး Diet plan က Diet မလုပ်ပါနဲ့။

" ဟိုး ဟိုး၊ ဟိုးထား။ ဘာတုန်းဟ " လို့ ပြောဖို့ စိတ်မစောပါနဲ့အုန်း။

အကောင်းဆုံး Diet Plan က Diet မလုပ်ပါနဲ့ဆိုတဲ့ စကားကို သေချာစဉ်းစားပြီးမှ ပြောတာမလို့ အပြစ်တင်မစောခင် ဆက်ဖတ်လိုက်ပါအုန်း။

ဘာလို့များ Diet မလုပ်ပါနဲ့ ဆိုပါသလဲ ???

ဒီအကြောင်းကို အရင်မမေးခင် မေးခွန်းတစ်ခုမေးပါရစေ။

" ကဲဗျာ ခင်များအခုလက်ရှိက ပိန်တယ်၊၀တယ် ဘယ်လိုပဲဖြစ်နေပါစေ၊ အခုဖြစ်ချင်တာက ဒီဟာကို ပြောင်းလဲဖို့၊ ဘယ်ထိ ပြောင်းလဲမှာလဲဆို Fit ဖြစ်တဲ့၊ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပြောင်းဖို့။ ဒီအထိ သဘောတူတယ်ဟုတ်။ ဒါဆိုရင် ခင်များလိုချင်တဲ့ Body ကို ဘယ်လောက်ကြာကြာ လိုချင်လဲ။ Fit ဖြစ်သွားပြီးလို့ တစ်လကြာရင် ကျေနပ်ပြီလား၊ ဒါမှမဟုတ် တစ်နှစ်လောက်ပဲ Fit ဖြစ်ရင် ရပြီလား "

ဒီလိုမျိုးမေးလာခဲ့ရင် ' ဟာဗျာ၊ ရသွားမှတော့အမြဲ Fit ဖြစ်အောင်ပဲ နေမှာပေါ့။ ပြန်ပြီးတော့ ၀ချင်၊ ပိန်ကပ်သွားချင်မှတော့ လုပ်တောင် မနေဘူး ' လို့ ဖြေမယ်ဆိုရင် ဒီဆောင်းပါးကို ဆက်ဖတ်နိုင်ပါတယ်။

ဟုတ်ပြီ။ ကျစ်လျစ်တဲ့၊ သန်မာတဲ့ ခန္ဓာကိုယ်ကို ရချင်တယ်၊ ရသွားရင်လည်း ဆက်ထိန်းထားချင်တယ်။ ဒီအထိရှင်းပြီ။ ဒါဆိုရင် ဒီလိုဖြစ်ဖို့ကို ဘာတွေလိုအပ်လဲဆိုတာ သင်တွေးထားတာနဲ့ တူမတူ Check ကြည့်ရအောင်။

ဒီလို ခန္ဓာကိုယ်ကို ရဖို့အတွက်

- နှစ်ပတ် တစ်လအတွင်းနဲ့ ဖြစ်မလာပါဘူး။ ဒါကို သင်လက်ခံပါသလား။

- အခုလက်ရှိအခြေအနေ (အဆီပမာဏ၊ ခန္ဓာကိုယ် အနေအထား) ၊ လိုချင်တဲ့ ဖြစ်လာချင်တဲ့ ခန္ဓာကိုယ် Size အပေါ်မူတည်ပြီး ကြာချိန်ဟာ အနည်းဆုံး ၃လကနေ ၃နှစ်လောက်အထိကြာနိုင်ပါတယ်။ ရည်မှန်းချက်ကြီးပြီး ရှယ်ဖြစ်တဲ့အထိ လုပ်မယ်ဆိုရင် ပိုကြာတာ မဆန်းပါဘူး။ ဒါကို သင်လက်ခံပါသလား။

- ကိုယ့် ရည်မှန်းချက်အပေါ်မူတည်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း (တစ်နေ့ မိနစ် ၃၀မှ ၆၀ကြား၊ တစ်ပတ်မှာ ၃ရက်မှ ၆ရက်) ၊ အစားအသောက် ရွေးချယ်စားသောက်ခြင်း ၊ ဒီနှစ်ခုကို ၁၀၀ ၇ာခိုင်နှုန်းမဟုတ်တောင် ၇၀ ရာခိုင်နှုန်းလောက်အထိ လိုက်နာနေရပါမယ်။ ဒါကို သင်လက်ခံပါသလား။

ဒီအပေါ်က အချက် သုံးချက်ဟာ Gym တွေက ပြောပြလေ့မရှိတဲ့ အမှန်တရားတွေပါ။ ဘာလို့လဲဆိုတော့ ဒါတွေပြောလိုက်ရင် " ဟာ ခက်လိုက်တာ၊ လုပ်နိုင်မယ် မထင်လို့ မလုပ်တော့ပါဘူး" ဖြစ်ကုန်မှာ စိုးလို့ပါပဲ။ ဒါပေမယ့် Golden_Dreams ရဲ့ မူအရ လက်တွေ့ကျဖို့ ရည်ရွယ်တာမလို့ Bullshit တွေ ပြောဖို့ စိတ်ကူးမရှိပါကြောင်း။ ( အပေါ်က သုံးချက်ကို ကြည့်ပြီး ခက်မယ် ထင်တယ်ဆိုပြီး စိတ်ဓါတ်မကျပါနဲ့၊ ဖတ်ကြည့်ရင် ဖြစ်နိုင်မယ် မဟုတ်ဘူး ထင်ရပေမယ့် တစ်ကယ်လိုက်နာဖို့ မခက်ပါဘူး။ ဒီလိုမခက်ခဲအောင် အတွက်ပဲ ဒီဆောင်းပါးက တစ်နည်းတစ်ဖုံ လမ်းပြပေးပါလိမ့်မယ်)

ပြန်ဆက်လိုက်ရအောင်။ ဟုတ်ပြီ။ အပေါ်က အချက်သုံးချက်ကို လက်ခံပြီဆိုပါစို့။ ဒါဆိုရင် ပထမဆုံးမြင်ရမှာက ခန္ဓာကိုယ်တစ်ခုကို စပြောင်းဖို့ဆိုရင် အနည်းဆုံး ၃လလောက် အချိန်ယူရတယ်ဆိုတာပါပဲ။ ရှယ် ရည်မှန်းချက်ထားသူဆို တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်ပါပဲ။ ဒါကပဲ Diet မလုပ်ပါနဲ့ဆိုတာရဲ့ အဖြေပါပဲ။

Diet ဆိုတာ English လိုဆို " Mini project " နဲ့ ဆင်တူတယ်လို့ ဆိုရပါမယ်။ မြန်မာလိုဆို " ရေတို ယာယီ အစီအစဉ် Plan " ပေါ့။ Diet လုပ်ပြီဟေ့ဆိုရင် -

- ၂ပတ် Diet ၊ ၁လ Diet ဆိုပြီး ကိုယ်ကြိုက်တာ မကြိုက်တာ အပထား၊ သူ့ထဲက အတိုင်းစာရတော့မယ်။

- ၂ ပတ်ဆိုလဲ ၂ပတ်၊ ၁လဆိုလဲ ၁လပြည့်ရင် ဒါကို ဆက်လုပ်စရာမလိုတော့ဘူး။ ဆက်လုပ်ပါဆိုရင်လဲ ကိုယ်မှ မကြိုက်တာမလို့ ဆက်မလုပ်တော့ဘူး။ စာကျက်သလိုပေါ့။ စာမေးပွဲပြီးသွားရင် ဘယ်သူမှ စာမဆက်ကျက်တော့ဘူး။ ပြီးပြီ။

- Diet plan အများစုက စပြီး ရေးဆွဲကတည်းက လိုအပ်တဲ့ တစ်နေ့တာ ခွန်အားထပ် လျှော့စားအောင် ဆွဲထားတာများပါတယ်။ နေ့စဉ် ဒီလို အားနည်းအောင်စားတာ ရက်များလာရင် အားယုတ်လာတတ်တယ်။ အားယုတ်လာလေ လေ့ကျင့်ခန်းလုပ်ဖို့အားမရှိလေ၊ အစာခြေနှုန်းနှေးလာလေ ဖြစ်တာမလို့ ရေရှည်မှာ အဆင်မပြေပါဘူး။

ကိုယ် ရေရှည်မလုပ်နိုင်ဘူး၊ ကိုယ် စားရတာမကြိုက်ဘူး၊ကိုယ် စားပြီးလဲ အားမရှိဘူး။ ဒါ့ကြောင့်မလို့ Diet မလုပ်ပါနဲ့လို့ ပြောတာပါပဲ။ မှန်မမှန်ကတော့ လုပ်ဖူးတဲ့ လူတွေအသိဆုံးပါပဲ။

ဒါဆို ကျစ်လျစ်သန်မာတဲ့ ခန္ဓာကိုယ်ရဖို့ ဘာတွေစားရမလဲ ???

အပေါ်ကဟာတွေရဲ့ ပြောင်းပြန်ဖြစ်တဲ့ ကိုယ်လဲ နှစ်သက်မယ်၊ ရေရှည်လဲစားနိုင်မယ်၊ အားလဲရှိစေမယ် ဆိုတဲ့ အစာတွေစားရပါမယ်။ အောက်မှာ ဘာကိုဆိုလိုသလဲဆိုတာ အတိုချုံးရှင်းပြပါမယ်။

- ကိုယ်လဲ နှစ်သက်မယ့် အစားအစာ -

Diet Plan တွေမှာပါတဲ့ ကြက်ပြုတ်၊ Oat ၊ ကြက်ဥပြုတ်စတာတွေမြင်ရင် ခေါင်းတစ်ခါခါဖြစ်ကြတာများပါတယ်။ ဒါက ကြက်သား၊ ကြက်ဥ စတာတွေကို မကြိုက်လို့မဟုတ်ပဲ ဒီလိုပဲစားရမယ်လို့ ကန့်သတ်လိုက်လို့ပဲဖြစ်ပါတယ်။ ဒီလိုဖြစ်စရာမလိုပါဘူး။

ကြက်ဥဆိုတိုင်း ကြက်ဥပြုတ်ပဲစားရမယ် မဟုတ်။ ကြက်ဥပြုဒီတိုင်းစားမယ့် အစား ကြက်ဥကို ခရမ်းချဉ်သီး မွှေကြော်၊ ကြက်ပြုတ်စားမယ်အစား ကြက်သားကိုပဲ ဆီနည်းနည်းနဲ့ ချက်၊ Oat ကြီးပဲစားမယ်အစား Oat ထဲမှာ သီဟိုစေ့၊ ဘယ်ရီ၊ ငှက်ပျောသီး စသဖြင့် ကိုယ်ကြိုက်ရာကို ပြောင်းလို့ရပါတယ်။ အရေးကြီးတာက ဆီနဲ့ အကြွတ်ကြော်တာ၊ ဆီအများကြီးထည့်တာ၊ ကျန်းမာရေးနဲ့ မညီတဲ့ Ready made တွေကို နည်းနိုင်သမျှ နည်းအောင် ရှောင်ဖို့ပါပဲ။

- ရေရှည် စားနိုင်မယ့် အစားအစာ -

ရေရှည်စားနိုင်ဖို့အတွက် အရင်ဆုံး အပေါ်ကအချက်ဖြစ်တဲ့ ကိုယ်နှစ်သက်ဖို့ လိုပါတယ်။ နှစ်သက်တာတွေတွေ့ပြီဆိုရင် အမြဲ အလွယ်တကူ ၀ယ်လို့ရမယ့် အရာဖြစ်နေဖို့ လိုပါတယ်။ သိပ်မပူပါနဲ့။ ကျန်းမာရေးနဲ့ ညီတဲ့ အရွက်အသား စတာတွေဟာ မြန်မာပြည်မှာ အလွယ်တကူရနိုင်တဲ့ အရာတွေချည်းပါပဲ။

- အားရှိစေမယ့် အစားအစာ -

Diet အတွင်းမလို့ Milo တစ်ခွက်၊ ပန်းသီးတစ်စိတ်စားပြီး လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားရင် အဆင်မပြေပါဘူး။ အားမရှိတာမလို့ လေ့ကျင့်ခန်း ကောင်းကောင်း မလုပ်နိုင်၊ မလုပ်နိုင်တော့ လိုချင်သလောက် မဖြစ်၊ ဒီလိုနဲ့တင် သံသရာလည်နေတာမလို့ အားရှိစေမယ့် အစားအစာစားဖို့လိုပါတယ်။

ဒီအချက်သုံးချက်ကို ကြည့်ပြီး နေ့စဉ်စားသောက်ဖို့ စဉ်းစားပါ။ ဒါမှပဲ ရေရှည် စိတ်ပျော်ပျော်နဲ့ စားနိုင်ပြီး လိုချင်တဲ့ ခန္ဓာကိုယ်ကို ရစေမှာပါ။ Diet plan တွေကတော့ ရေရှည်ဘာမှ ပေးနိုင်မှာ မဟုတ်ပါဘူး။

အောက်မှာ ဘယ်လို အစားအသောက်တွေကို ရွေးချယ် စားသောက်နိုင်လဲဆိုတာ ပြထားပါတယ်။ ချက်ပုံချက်နည်း၊ ပြင်ဆင်နည်းကတော့ နှစ်သက်သလို ပြင်ဆင်နိုင်ပါတယ်။ (ဆီ၊ ဆား၊ အချိုမှုန့် တတ်နိုင်သလောက် မသုံးစေချင်ပါ)

Protein
- အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ၀က်သား အသားစုံ
- ငါး (Fat+ protein)
- နို့ ၊ ပဲနို့(Fat + protein)
- ကြက်ဥ၊ ဘဲဥ
- ဒိန်ချဉ်

Carbohydrate
- ဆန်ဖြူ ၊ ညိုကြမ်း
- ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ကညွတ်၊ အရွက်စုံ
- ပန်းဂေါ်ဘီ ဖြူစိမ်း ( Protein + Carbohydrate)
- ကန်စွန်းဥ၊ အာလူး
- ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အသီးအနှံ
- Oat
- ပေါင်မုန့် ညိုကြမ်း
- ဂျုံ ဆန်နဲ့ လုပ်ထားသော အစာ (ခေါက်ဆွဲ စသဖြင့်၊ သိပ်တော့မကောင်း)
(အရွက်တွေက Carbohydrate ပါပေမယ့် Calorie နည်းတာမလို့ များများစားလို့ရပါတယ်)

Fat
- မြေပဲစေ့၊ သီဟိုစေ့၊ Almond ၊ Nuts
- ငါး (Protein + fat)
- နို့ (Protein + fat)
- ငါးကြီးဆီ
- ထောပတ်သီး
- ပေါင်မုန့်နဲ့စားတဲ့ မြေပဲယို peanut butter (Fat+ protein)
- Olive oil
- Sunflower oil

မြေပဲ၊သီဟိုစေ့၊ ထောပတ်သီး၊ သံလွင်ဆီ၊Sunflower oil ကိုတော့ ပမာဏ များများ မစားပါနဲ့။ သင့်တင့်ရုံသာ (တစ်နေ့ ၁၀စေ့ဝန်းကျင်) စားသုံးပါ ။

ဒါတွေဟာ မြန်မာပြည်မှာ စားလေ့ရှိတဲ့ နမူနာအစားအစာတွေပါ။ ဒါတွေထဲက ကြိုက်နှစ်သက်ရာ၊ အဆင်ပြေရာကို တစ်နေ့ အစာသုံးခါစားမယ်ဆိုရင် ပါအောင်စားပါ။ သိပ်ခက်ခဲမယ် မထင်ပါဘူး။

ဘယ်အမျိုးအစားကို ပိုပြီး ဦးစားပေး စားရမလဲ ???

သင်ဟာ ကြွက်သားတက်ချင်သူတစ်ယောက်ဆိုရင်

Carbohydrate (40%-60%)
Protein (25%- 35%)
Fat (15%-25%)
ဆိုတာမလို့ Carbohydrate များများ၊ Protein များများစားပါ။ တစ်လမှာ ယောင်္ကျားလေးဆိုရင် ၂ပေါင်မှ ၃ပေါင်တက်အောင် စားပါ။ မိန်းကလေးဆိုရင် တစ်လမှာ ၁.၅ပေါင်မှ ၂.၅ပေါင်တက်အောင် စားပါ။

သင်ဟာ အဆီပို ချချင်သူဆိုရင်
Carbohydrate (10%-30%)
Protein (40%- 50%)
Fat (30%-40%)
ဆိုတာမလို့ Carbohydrate နည်းနည်း၊ Protein များများ၊ Fat များများစားပါ။
တစ်လမှာ ၅ပေါင်မှ ၈ပေါင်ထိ ကျနိုင်အောင် မှန်းပြီး အစာကို လျှော့စားပါ။

ကဲ၊ သင်ဟာ ဒီဆောင်းပါးဖတ်ပြီးလို့ အချိန်ရရင်၊ (ဟင့်အင်း အချိန်ရရင်ဆိုတာ မလုံလောက်ဘူး၊ သင့် တစ်ကိုယ်ရေ ကောင်းကျိုးအတွက်မလို့ အချိန်ပေးပါ)၊

" သင့်ရည်မှန်းချက်နဲ့ ကိုက်ညီအောင် ဘယ်ဟာတွေကို ငါတော့ များများစားဖို့လိုတယ်၊ မနက်စာကို (ဥပမာအနေနဲ့) ထမင်းနည်းနည်းနဲ့ အသားငါး၊ ကြက်ဥ၊ ဒါမှမဟုတ် ကြက်ဥကြော်၊ ပန်းဂေါ်ဘီနဲ့ နွားနို့ တစ်ခွက်စားမယ်။ နေ့ခင်းဘက်မှာ Carbohydrate များတဲ့ ထမင်းများများစားထားတာမလို့ ညစာမှာ Carbohydrate နည်းအောင် အရွက်နဲ့ အသားပဲစားမယ် "

စသဖြင့် အချိန်ပေးပြီး Note ရေးပါ။ ဒီလို တစ်သက်တာအတွက် Plan ချပြီးပြီဆိုရင်တော့ ၂သောင်းခွဲနဲ့ပေးဝယ်ထားတဲ့ Diet plan လေးကို လုံးခြေလိုက်နိုင်ပါပြီ မိတ်ဆွေလို့ ပြောရင်း အဆုံးသတ်လိုက်ရပါကြောင်း။

ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါကြောင်း။ဆောင်းပါးတစ်ပုဒ်ရေးဖို့အတွက် ဗဟုသုတစုဆောင်းစဉ်၊ ရေးစဉ်မှာပါ အချိန်များစွာပေးထားရတာမလို့ မိမိကိုယ်ပိုင် page မှာ ပြန်တင်ချင်ရင် မိမိကိုယ်တိုင်ရေးသကဲ့သို့ Copy မကူးပဲ Mention ပြီးဖြစ်စေ၊ Credit ပေးပြီးဖြစ်စေ ဝေမျှပါက ယဉ်ကျေးပါတယ်လို့။


Credit: Golden _ Dreams Page

Thursday, January 19, 2017

Kyay Oh _ Fish Cake Soup _ ဆီချက်_တော့ပိုကီ _ ရှဘူ ရှာဘူ

ရာသီဥတုကအေးတယ် ပူပူ စပ်စပ်လေးတွေစားချင်ကြတယ်ဆိုတဲ့သူငယ်ချင်းများအတွက် Video Clips လေးတွေကူးယူ ဝေမျှလိုက်တယ်နော်။








Wednesday, January 18, 2017

ကလေးတွေကို ထိန်း​ကျောင်း လမ်းညွှန်ရာမှာ

အနာဂတ်​ရဲ့ ခေါင်းဆောင်လေးတွေကို လက်​ဦးဆရာ မိဘတွေက ဘယ်လိုထိန်းကျောင်း လမ်းညွှန်ပေးကြမယ်ဆိုတဲ့နည်းပေးလမ်းညွှန်တွေဟာ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ ကိုယ်တွေ မြန်​မာတိုင်းရင်းသားတွေမှာ ကလေးသူငယ်များ ထိန်း​ကျောင်း ပြုပြင်​ လမ်းညွှန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အားသာချက်​ထက်​ အားနည်းချက်များနေသလား တွေးစရာ စာတိုလေးတွေကို အွန်​လိုင်းပေါ်မှာတွေ့လို့ ပြန် Share ပေးပါရစေ။


'ဂျပန်က ကလေး များနဲ့  မြန်မာ ကလေးများရဲ့ ကွာဟ ချက်များ'

1. ဂျပန်က ကလေး တွေ လေးလံလှတဲ့ ကျောင်းသုံး ကျောပိုးအိတ်ကြီးတွေ လွယ်ပြီး ကိုယ်တိုင် ရထားစီး၊ကားစီးပြီး ကျောင်းတက်နေရ ချိန်မှာ မြန်မာ က ကလေးများ ကုန်းပိုးစီးပြီး ကျောင်းတက်ကြတယ်။

2. ဂျပန်က ကလေးများ မူလတန်းမှာ အလှည့်ကျ စားဖိုဝင် နေရချိန်မှာ မြန်မာက မူလတန်းကလေးများ နောက်က ထမင်း လိုက်ခွံ့ နေရတယ်။

3. ဂျပန်က မူကြိုကလေး တွေ အများသုံးအိမ်သာမှာ ကိုယ့် ဂျိုး ကိုယ် ထုတ်ပြီး ရှုးရှုးပန်းနေချိန်မှာ... မြန်မာက ကလေးတွေ
'ရှူး ရှူး 'ဆိုပြီး ဘောင်းဘီ မစိုအောင် သေးတည် နေရတယ်။

4. ဂျပန်က ကလေးတွေ ခြေခေါက် လဲ၊ စက်ဘီးလဲ တဲ့ အချိန်မှာ( မိဘက ရပ်ကြည့်နေပါတယ်...ကူပြီးမထူပါဘူး) ကိုယ့်ဟာကိုယ် ထ ရပါတယ်။မြန်မာက ကလေးများ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့  'ဟဲ့သားလေး/ဟဲ့ သမီးလေး ' ဆိုပြီး အရင် သည်းသည်းလှုပ်ကြတယ်။

5. ဂျပန်က ကလေးတွေ 'ဆရာမ အခုသင်တာ ကျွန်တော် ဘာမှ မသိဘူး  ...ပြန်ရှင်းပြပါ' တောင်းဆို ရဲ တဲ့ အချိန်မှာ  မြန်မာက ကလေးများ ...' 'ဟဲ့ ငါစာသင်တုန်းက ကောင်းကောင်း နားမထောင် ဘူး နောက်တခါ အဲ့လို အမေးမြန်းထူရင် အရိုက်ခံရမယ်' ....ကြိမ်းမောင်းခံနေရတယ်...

6. မြန်မာ က ကလေးတွေ ....'ဟှောင့် ယီးလား လို့ ဆဲလိုက်စမ်း ' သင်ပေးနေချိန်မှာ ဂျပန်က ကလေးတွေကို ခါးကုန်း ဦးညွှတ်တာသင်ပေးနေကြတယ်။

7. မြန်မာက ကလေး တွေကို ပတ်ဝန်းကျင် က ချစ်လို့ဆိုပြီး ငိုအောင်၊ စိတ်မတို တိုအောင် စနေချိန်မှာ ဂျပန်က ကလေးတွေ ဂိမ်းတစ်ခုခု ပေး ဆော့ပြီး 'မင်း လုပ်နိုင်ခဲ့ပြီ ဆိုတဲ့ စိတ်' မွေးပေးနေကြတယ်။

8. မြန်မာ က ကလေးများ သားရေ...လမ်းထိပ်က ဆိုင်မှာ အရက်တစ်လုံး သွားဝယ်စမ်းကွာ....ခိုင်းတဲ့ အချိန်မှာ ...                 ဂျပန်က ကလေးတွေ သဘာဝ ဘေး(ငလျှင်လှုပ်၊ မုန်တိုင်းတိုက်၊ ဆူနာမီ ) လာမယ့် အချိန်မှာ အစာ ရေစာနဲ့ ဆေးဝါး ဘယ်လိုရယူရမယ်၊ အသက်ဆက်ဖို့  ဘယ်လိုနည်းတွေ ရှိတယ်ဆိုတာ ကို သင်ပေးနေကြတယ်။

9. 'သား ရေ... က စမ်းကွာ က က' ဆိုပြီး ဆောင်းဘောက်စ်သံ အကျယ်ကြီးဖွင့်မြှောက်ပေးနေချိန်မှာ ...ဂျပန်က ကလေးတွေ  'ပတ်ဝန်းကျင်မှာ ဆူညံခြင်းမပြုဖို့ ကိုယ့်ကြာင့်သူတပါး အနှောက်ယှက် မဖြစ်ဖို့  သင်ပေးနေကြတယ်။

10. မြန်မာက ကလေးတွေကို 'ရန်ဖြစ်ရင် မင်းက အရင်ဦးအောင် လုပ်ခဲ့နော်...ခံလာရရင် မင့်ကို အရင် ရိုက်မှာ...ခံမလာရစေနဲ့ ' သင်ပေးနေတဲ့ အချိန်မှာ ဂျပန်က ကလေးတွေ 'လူနဲ့ လူ့ပတ်ဝန်းကျင်ကို ဘယ်လို သဟဇာတ ဖြစ်အောင် နေရမယ်၊ ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်'....ဆိုတာ သင်ယူနေကြရတယ်။  

ကဲ.....ဘယ်သူတွေ ၊ ဘာများ လွဲနေကြသလဲ.....။
 
                                              မင်းယျာ
                                            2017.1.7

ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း
__________________________

အစ္စရေး လူမျိုးလိုလည်း ခေါ်ကြပါတယ်။

 ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။

သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနိပ်ခံရပြီး

တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။

ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဥာဏ်ပညာအကောင်းဆုံးလူမျိုးလို့

သတ်မှတ်ကြပါတယ်။

၂၀၁၅ခုနှစ် ကမ္ဘာတစ်ခွင်မှာ ဂျူးလူမျိုး လူဦးရေး ၁၄.၂ သန်းရှိပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၀.၂%ရှိတဲ့ ဂျူးလူမျိုးဟာ....

ဂျူးလူမျိုးများဟာ ၂၀ ရာစုအတွင်း နိုဘယ်စုရှင်များရဲ့ ငါးပုံတစ်ပုံ ၊

အမေရိကန်နိုင်ငံ သြဇာအရှိဆုံးသူများစားရင်းထဲက ၅၀% ၊

အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀% ၊

အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောက မှာ ၆၀%၊

ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀%၊

Forbes စားရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် ၄၀ ထဲမှာ

 ဂျူးလူမျိုးက ၁၈ ဦး တို့ဟာ ဂျူးလူမျိုးဖြစ်ကြသလို၊

သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့

အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင် စသည်တို့ဟာ ဂျူးလူမျိုးဖြစ်ကြပါတယ်။

သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်းအားလုံးထဲမှာ

 ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းများဟာ

အဓိကကျတယ်လို့ဆိုပါတယ်။

သူတို့ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို

ဘယ်လိုသင်ကြားပျိုးထောင်ကြပါသလဲ။
_______________________

၁။ ကိုယ့်ကိုယ်ကို ရပ်တည် အားကိုးစေခြင်း

ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မူ အားလုံး ၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့တွေးခေါ်မူနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မူ၊ မိမိကိုယ်ကို အားကိုးတတ်မူကို အလေးထား ပျိုးထောင်ပါတယ်။ ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံးဝဆန့်ကျင်တယ်။ သူတို့စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “ ၅ နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ ၁၀ နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ ၁၅ နှစ်ကလေးဟာ အဖေနဲ့တန်းတူဖြစ်သွားပြီ” တဲ့။ ဆိုလိုတာက ၅ နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။ ၁၀ ကျရင် သူနိုင်တဲ့ဝန်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ ၁၅ နှစ်ကျရင် ကိုယ်ပိုင်ဆုံးဖြတ်တတ်စေရမယ်။

၂ ။ စာအုပ်ချစ်တဲ့ဓလေ့

ကလေးများသိတတ်ခါစအရွယ်မှာပဲ ဂျူးမိသားစုများဟာ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအားနှမ်းရူပ်စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။ ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံတင်နဲ့ မပြီးပဲ လေးစားရတဲ့သဘောပါရှိပါတယ်။ သူတို့ကိုသူတို့လည်း စာအုပ်ချစ်တဲ့လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက် ၁၄ နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ်ဖတ်ပြီးတယ်လို့ဆိုပါတယ်။

၃။ ဥာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးခြင်း

ဂျူးမိသားစုထဲမှာ ကလေးများနည်းနည်းအသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလိုမေးမြန်းလေ့ရှိတယ်။ “တကယ်လို့ သားရဲ့အိမ်က မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သားဘာကိုယူပြီးထွက်ပြေးမလဲ” တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားအုံး၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ သားက “ ဥာဏ်ပညာ” လို့ ဖြေဆိုနိုင်တဲ့ အထိ မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခတ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကလေးတွေ သူဖာသာသူသိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက်ပြောပြတာများနေပါတယ်။

၎။ စာအုပ်အများကြီးကို ၀န်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ

စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတဲက စာဖတ်အောင် သွန်သင်ပေးကြတယ်။ ပြီးရင် စဉ်းစား တတ်အောင် ပျိုးထောင်ပေးကြပါတယ်။ သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်းတစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ် ။ ဗဟုသုတ ကြွယ်ဝပြီး ဘာမှမလုပ်တတ်တဲ့သူကို စာအုပ်ကိုဝန်တင်ထားတဲ့ “ လား” လို့ စကားပုံနဲ့ ခိုင်းနိုင်းထားပါတယ်။

၅။ တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။

ဒါလည်းသူတို့ရဲ့ နာမည်ကြီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအ၀င် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်ဝင်ခိုင်းပါတယ်။ သံသယ၀င်မှပဲ အဖြေမှန်ထွက်တဲ့သဘောပါ။ ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွှဲပါတယ်။

မိဘများ အထောက်အကူ ဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။

Ref: WeChat
Credit: Sayar Aung Ko Latt