Saturday, January 21, 2017

“သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ”


၁။ သားအိမ်ခေါင်းကင်ဆာ ဆိုတာ ဘာလဲ

သားအိမ်ခေါင်းဆိုတာ သားအိမ်နဲ့ မွေးလမ်းကြောင်းကို ဆက်ပေးထားတဲ့ အစိတ်အပိုင်းလေးကို ခေါ်တာဖြစ်ပါတယ်။ သားအိမ်ရဲ့ထိပ်ဝမှာ ရှိတာမို့ သားအိမ်ထိပ်ဝ၊ သားအိမ်လည်တံလို့လည်း ခေါ်ကြပါတယ်။ အဲဒီနေရာမှာဖြစ်တဲ့ ကင်ဆာကို သားအိမ်ခေါင်းကင်ဆာလို့ ခေါ်တာပါ။

၂။ ဖြစ်နှုန်းဘယ်လောက်ရှိလဲ၊ ဘယ်အရွယ်တွေ အဖြစ်များလဲ

WHO ရဲ့ ထုတ်ပြန်ချက်အရတော့ ဒီကင်ဆာရောဂါကြောင့် ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ နှစ်မိနစ်ကို တစ်ယောက်နှုန်းလောက် သေဆုံးနေကြရပါတယ်။ အဲဒီထဲကမှ (၈၅)% ကျော်ဟာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နေကြတာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ရင်သားကင်ဆာပြီးရင် ဒုတိယမြောက် အဖြစ်အများဆုံးကင်ဆာရောဂါ ဖြစ်ပါတယ်။

အသကအရွယ်အားဖြင့် ဘယ်အရွယ်မဆို ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အများအားဖြင့် အသက်(၄၀)နောက်ပိုင်း အမျိုးသမီးတွေမှာ တွေ့ရလေ့ရှိပြီး  (၂၅)နှစ်အောက်အရွယ်တွေမှာတော့ အင်မတန်မှ အဖြစ်နည်းပါတယ်။

၃။ ထူးခြားချက်နှစ်ချက်

အများအားဖြင့် ကင်ဆာတွေဟာ ဘာကြောင့်ဖြစ်တယ်လို့ တိတိကျကျ ပြောရခက်ပါတယ်။ ဒါကြောင့် ဘယ်လိုကာကွယ်ရင် ရမလဲဆိုတာလည်း ပြောလို့မရနိုင်ပါဘူး။
သားအိမ်ခေါင်းကင်ဆာမှာတော့ ဒီလိုမဟုတ်ပါဘူး။
ဖြစ်စေတဲ့အကြောင်းရင်းကို သိပါတယ်၊၊
နောက်ပြီး ကင်ဆာမဖြစ်ခင် အကြိုအဆင့် (Precancerous stage) ဆိုတာလည်း ရှိပါသေးတယ်၊ ဒီအဆင့်မှာ ရောက်နေ မရောက်နေ စမ်းသပ်ကြည့်လို့လည်း ရနေပါပြီ။
ဒါကြောင့်၊ ဖြစ်နှုန်းများတဲ့ကင်ဆာရောဂါဆိုပေမယ့် လုံလောက်တဲ့ အသိပညာသာ ရှိထားရင် ကာကွယ်လို့ရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

၃.၁။ ပထမအဆင့် ကာကွယ်နည်း - ဖြစ်စေတဲ့အကြောင်းရင်းကို ရှောင်ရှားခြင်း

သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) ဗိုင်းရပ်စ်ကြောင့် အဓိကဖြစ်ရတာပါ။ သားအိမ်ခေါင်းကင်ဆာအားလုံးရဲ့ (၉၉)% ဟာ ဒီပိုးနဲ့ ဆက်စပ်နေပါတယ်။ HPV ပိုးဆိုတာကတော့ အဓိကအားဖြင့် လိင်ကတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါစာရင်းမှာ ထည့်လာကြပါပြီ။ သူ့မှာ မျိုးကွဲပေါင်း (၁၀၀)ကျော် ရှိပါတယ်။ လိင်အင်္ဂါ၊ အရေပြားတွေမှာ ကြွက်နို့ဖြစ်စေတာ၊ စအိုကင်ဆာ၊ လိင်တံကင်ဆာ ဖြစ်စေတာလည်း ဒီဗိုင်းရပ်စ်ပိုးကြောင့်ပဲ ဖြစ်ပါတယ်။

အများအားဖြင့် သားအိမ်ခေါင်းမှာ အဲဒီပိုးကူးစက်ခံရပြီးရင် သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ အမျိုးသမီးတချို့မှာတော့ (၁၅)နှစ်ကနေ နှစ်(၂၀)အတွင်းမှာ သားအိမ်ခေါင်းကင်ဆာအဆင့်ကို ကူးပြောင်းသွားပါတယ်။

အခြားအကြောင်းအရာတွေကလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေကို ပိုပြီးတော့ တွန်းအားပေးနိုင်ပါတယ်။ အဲဒါတွေကတော့ ---
• အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှု စတင်ခြင်း
• လိင်ဆက်ဆံဖက်များခြင်း
• အိမ်ထောင်ဖက်မှ လိင်ဆက်ဆံဖက်များခြင်း
• ကလေးသုံးယောက် ဒါမှမဟုတ် သုံးယောက်ထက်ပိုမွေးထားခြင်း
• ဆေးလိပ်သောက်ခြင်း
• HIV ပိုးရှိခြင်း ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းခြင်း တို့ဖြစ်ပါတယ်။

ဒါကြောင့် သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် လိင်ဆက်ဆံမှုမစခင်မှာ ကာကွယ်ဆေးထိုးထားဖို့၊ အခုပြောခဲ့တဲ့အချက်တွေ ရှိမနေအောင် ရှောင်ရှားကြဖို့ လိုပါတယ်။ လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးသုံးမယ်ဆိုရင်လည်း HPV ပိုးကူးစက်ခြင်းကနေ “အတိုင်းအတာတစ်ခုအထိ”တော့ ကာကွယ်ပေးပါတယ်။
(ကာကွယ်ဆေးအကြောင်း အသေးစိတ်ကို ဆက်ရေးပြထားပါတယ်)

၃.၂။ ဒုတိယအဆင့် ကာကွယ်နည်း - အကြိုအဆင့် စစ်ဆေးခြင်း

အကယ်၍များ ဒီအချက်တွေထဲကတစ်ခုခု ကိုယ့်မှာရှိနေခဲ့တယ်ဆိုရင်လည်း စိတ်ပျက်သွားစရာ မလိုပါဘူး။ ဒီကင်ဆာမှာ ကောင်းတဲ့တစ်ချက် ရှိပါသေးတယ်။
အဲဒါကတော့ ကင်ဆာအဆင့်ကို မကူးပြောင်းခင်မှာ အကြိုအဆင့် ရှိနေတာပါပဲ။ အကြိုအဆင့်ဆိုတာကတော့ ကင်ဆာ မဟုတ်သေးဘူး၊ ကင်ဆာဖြစ်တော့မယ်လို့ သတိပေးနေတဲ့အဆင့် ဖြစ်ပါတယ်။ ဒီအဆင့်မှာသာ ကိုယ်ကသိလိုက်ရင် အချိန်မီကုသလိုက်လို့ ရပါတယ်။ ဒါဆို ကင်ဆာလည်း မဖြစ်တော့ဘူးပေါ့။

အဲဒီအဆင့်ကို သိနိုင်ဖို့အတွက် စမ်းသပ်မှုလေးတွေ လုပ်ဖို့တော့ လိုပါတယ်။ နည်းတွေအများကြီးရှိတဲ့အထဲက သားအိမ်ခေါင်းချွဲကို ယူပြီး စမ်းသပ်တဲ့နည်း (Pap smear) နဲ့ သားအိမ်ခေါင်းကို ဆေးရည်တို့ပြီး ကြည့်တဲ့နည်း (VIA- Visual Inspection with Acetic acid) တို့ကတော့ အသုံးအများဆုံးပါပဲ။

Pap smear စမ်းသပ်မှုကို အသက်(၂၅)နဲ့(၄၉)နှစ်ကြားအရွယ်တွေဆို (၃)နှစ်တစ်ကြိမ်၊ (၅၀)နဲ့(၆၄)နှစ်ကြားဆို (၅)နှစ်တစ်ကြိမ် ပြုလုပ်ဖို့လိုပါတယ်။
VIA နည်းကိုတော့ ဘယ်အရွယ်မဆို (၅)နှစ်တစ်ကြိမ် စစ်ဆေးကြရပါမယ်။
အဲဒီလို အကြိုအဆင့်ရှိမရှိ စစ်ဆေးမှုကို မှန်မှန်လုပ်သွားခြင်းအားဖြင့်လည်း ဒီကင်ဆာမဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ပြောရရင် ဒီစစ်ဆေးမှုကို မှန်မှန်ပြုလုပ်ခြင်းဟာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်တဲ့နေရာမှာ အဓိကအကျဆုံးလို့ ပြောလို့ရပါတယ်။

၃.၃။ ကာကွယ်ဆေး

ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ဖြစ်ရတာမို့လို့ ဒီပိုးအတွက် ကာကွယ်ဆေးလည်း ပေါ်နေပြီဖြစ်ပါတယ်။ ဒီဆေးကို လိင်ဆက်ဆံမှုမစခင်အချိန်မှာ ထိုးထားရင် အထိရောက်ဆုံးပါပဲ။ လိင်ဆက်ဆံမှုရှိပြီးသွားရင်လည်း ထိုးလို့ရတယ်ဆိုပေမယ့် ထိရောက်မှုကတော့ ပိုနည်းပါတယ်။ အသက်(၂၆)နှစ် နောက်ပိုင်းဆိုရင်တော့ ထိုးဖို့အတွက် မတိုက်တွန်းလိုတော့ပါဘူး။ အကြိမ်အရေအတွက်အနေနဲ့တော့ အသက် (၉)နှစ်နဲ့ (၁၄)နှစ်ကြားမှာထိုးရင် (၂)ကြိမ်၊ (၁၅)နှစ်ပြည့်ပြီးမှထိုးရင် (၃)ကြိမ် ထိုးဖို့လိုပါတယ်။

တစ်ခုသတိထားစေချင်တာကတော့ ဒီကာကွယ်ဆေးတွေဟာ သားအိမ်ခေါင်းကင်ဆာကို ရာနှုန်းပြည့်တော့ ကာကွယ်မပေးနိုင်ဘူး ဆိုတာပါပဲ။ HPV ပိုးမှာ မျိုးကွဲပေါင်းရာနဲ့ချီပြီး ရှိပါတယ်။ အဲဒီမျိုးကွဲတွေထဲကမှ နံပါတ် (၁၆)နဲ့ (၁၈) ကိုပဲ ကာကွယ်ပေးပါတယ်။ (နောက်ထပ်ကာကွယ်ဆေးအမျိုးအစားတစ်ခုကတော့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ နံပါတ် (၆) နဲ့ (၁၁) ကိုပါ ကာကွယ်ပေးပါတယ်။)
ဒီမျိုးကွဲနံပါတ် (၁၆) နဲ့ (၁၈) နှစ်ခုက သားအိမ်ခေါင်းကင်ဆာအားလုံးရဲ့ (၇၀)%မှာ တွေ့ရတတ်တာမို့ ကာကွယ်ဆေးထိုးလိုက်မယ်ဆိုရင် အဲဒီလောက်ရာခိုင်နှုန်း ကာကွယ်ပြီးသား ဖြစ်သွားတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။
ဒါကြောင့် ကာကွယ်ဆေးထိုးပြီးသွားပေမယ့် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးခြင်းကို ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။

၎။ ရောဂါလက္ခဏာများ

ကာကွယ်ဆေးလည်း ထိုးဖို့မမီတော့ဘူး။ အကြိုအဆင့်စမ်းသပ်မှုမျိုးတွေလည်း မလုပ်ချင်ပါဘူးဆိုတဲ့ အမျိုးသမီးတွေ (အထူးသဖြင့် ကိုယ့်အမေတွေ အဖွါးတွေ) အနေနဲ့တော့ ဒီလိုလက္ခဏာတွေ ရှိလာခဲ့ရင်တော့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသဖို့ လိုပါလိမ့်မယ်။

အဲဒီလက္ခဏာတွေကတော့
• သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊
• အမျိုးသားနဲ့အတူနေပြီးတိုင်း သွေးဆင်းခြင်း၊
• ပုံမမှန်သွေးဆင်းခြင်း၊
• အဖြူအပုပ်ဆင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒါတွေဖြစ်တိုင်း ကင်ဆာပါလို့ ပြောမရပေမယ့် ဖြစ်တတ်ပါတယ်ဆိုပြီး ပေါ့လို့မရပါဘူး။ ကင်ဆာလို့ သိအပြီး ၅နှစ်အတွင်းမှာ အသက်ရှင်နှုန်း (5 Year Survival Rate) က ကင်ဆာအဆင့်(၁)မှာသာ သိလိုက်ရင် ၈၀ ကနေ ၉၉% အထိရှိပြီးတော့ အဆင့်(၄)မှသာ သိရင် ၂၀%အထိ နည်းသွားပါတယ်။ ဒါကြောင့် နောက်ဆုံး မကာကွယ်နိုင်လိုက်လို့ ဖြစ်ခဲ့ရရင်တောင် စောစောသိရင် ကုသမှုကို မြန်မြန်ခံယူလိုက်နိုင်မှာ ဖြစ်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့အတွက်
• (မီသေးရင်) လိင်ဆက်ဆံမှုမစခင်မှာ ကာကွယ်ဆေးထိုးပါ
• ဖြစ်နိုင်ချေပိုများစေတဲ့ အမူအကျင့်တွေကို ရှောင်ပါ
• အကြိုအဆင့် စမ်းသပ်စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ
• ရောဂါလက္ခဏာပေါ်လာခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

ဒေါက်တာ ဖြိုးသီဟ
၂၁.၁.၂၀၁၇ (164/10/2017)

Credit:  ဒေါက်တာ ဖြိုးသီဟ Page

No comments: