1.1.2017...ကြေးမုံ ဆောင်းပါး
====================
သားစဉ်မြေးဆက် ထာဝစဉ်မမေ့အပ်သင့်သော လွတ်လပ်ရေးနေ့
==========================================
မောင်သောင်းဝင်း (တမန်ဟောင်း)
''တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ----- တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်'' ဟူ၍ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမကြီး၌ ပြုလုပ်သည့် ပြည်သူ့အစည်းအဝေးကြီးတွင် သတိပေး ပြောကြားခဲ့ပါသည်။
ဗိုလ်ချုပ်၏မိန့်ခွန်းသည် နားထောင်ရာတွင် နားဝင်မချိုသော်လည်း ထိထိမိမိရှိလှသည်။ နိုင်ငံသားအားလုံး သတိထားရမည့်အချက်ကို ထိထိမိမိပြောခဲ့ခြင်းဖြစ် သည်။ လက်ရှိအချိန်အထိလည်း ထင်ဟပ်မှန်ကန် နေဆဲ ပင်ဖြစ်သည်။ ထိုမိန့်ခွန်း၏အနှစ်သာရသည် ကမ္ဘာတည်သရွေ့ ဆက်လက်မှန်ကန်နေမည်ဖြစ်သည်။ တိုင်းပြည်တစ်ခုတည်ဆောက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် မည်မျှအရေးပါနေကြောင်းကို အနာဂတ်ကိုမျှော်တွေးကာ သတိပေးသွားခြင်းဖြစ်သည်။
လွတ်လပ်ရေးဆုံးရှုံးခဲ့ရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ရှေးမြန်မာ မင်းများလက်ထက် ခေတ်အဆက်ဆက်တွင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်၌ ဝင့်ထည်စွာရပ်တည်နိုင်ခဲ့သည်။ သို့ရာတွင် ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလများ၌ နယ်ချဲ့တို့၏ကျူးကျော်စစ်သုံးကြိမ် တိုက်ခိုက်ခံရပြီးနောက် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ်သို့ လုံးလုံးလျားလျား ကျရောက်ခဲ့ရသည်။ ထိုအချိန်က နိုင်ငံသားအားလုံး၏ အိပ်မက်များ ပျောက်ဆုံးခဲ့ရသည်။
တိုင်းရင်းသားပြည်သူများသည် ရရာလက်နက်စွဲကိုင်ပြီး နယ်ချဲ့တို့ကို တော်လှန်ခဲ့ကြသည်။ စနစ်တကျ စုစည်းတိုက်ခိုက်ခြင်းမရှိသည့်အပြင် လက်နက်အင်အားကွာခြားမှုကြောင့် အရှုံးနှင့်သာရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင် နယ်ချဲ့ကိုတော်လှန်လိုသည့် စိတ်ဓာတ်နှင့် လွတ်လပ်ရေးရယူလိုသော စိတ်ဓာတ်ကိုမူ လုံးဝမစွန့်လွှတ်ခဲ့ပေ။ အခွင့်ရေးရလျှင်ရသလို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။
မျိုးချစ်စိတ်ဓာတ် ပြင်းထန်လာ
၁၉၂ဝ ပြည့်လွန်နှစ်များမှစ၍ လူငယ်များအကြားတွင် မျိုးချစ်စိတ်ဓာတ် ပိုမိုပြင်းထန်လာခဲ့သည်။ ဝိုင်အမ် ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး စသည့်အသင်းကြီးများဖွဲ့စည်းကာ လှုပ်ရှားခဲ့သည်။ ထိုမှတစ်ဆင့် အမျိုးသားရေးလှုပ်ရှားမှုများဖြစ်သည့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် ၁၃ဝဝ ပြည့်အရေးတော်ပုံများ ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများထဲတွင် မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပြီး လွတ်လပ်ရေးကို အရယူသွားမည်ဆိုသော သံမဏိစိတ်ဓာတ် ကိန်းအောင်းနေသည့် လူငယ်တစ်ဦး ပေါ်ထွန်းလာခဲ့သည်။ ထိုသူကား အခြားမဟုတ်ချေ။ ပြည်သူ အားလုံး၏ရင်ထဲတွင် ကိန်းအောင်းလျက်ရှိသည့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်သည်။
လွတ်လပ်ရေးရရှိခဲ့
ဗိုလ်ချုပ်ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်သည် မြန်မာ့မြေပေါ်မှ နယ်ချဲ့တို့ကို တိုက်ထုတ်သွားမည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗန်ကောက်မြို့၌ စတင် ဖွဲ့စည်းခဲ့သည်။ ထိုနေ့ ထိုအချိန်မှစ၍ လွတ်လပ်ရေးအတွက် ရောင်ခြည်သန်းခဲ့သည်။ ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံအားပေးမှု အပါအဝင် တပ်မတော်နှင့်အတူ လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်၏ ကြိုးပမ်းမှုတို့ ကြောင့် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ထို့ကြောင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျရောက်တော့မည်ဖြစ်သည်။
ထိုလွတ်လပ်ရေးနေ့သည် မြန်မာတိုင်းရင်းသားပြည်သူများအတွက် နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်သည်။ ထိုနေ့တွင် မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့၊ ရွာများတွင် မှတ်တမ်းတင်မော်ကွန်းကျောက်စာတိုင်များ စိုက်ထူခဲ့ကြသည်။ ထိုကျောက်စာတိုင်များတွင် ''ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် ကိုးရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း'' ဟူ၍ ကမ္ပည်းထိုးထားကြသည်။
ကိုလိုနီအမွေဆိုးကျန်
နယ်ချဲ့တို့အား မြန်မာ့မြေပေါ်မှမောင်းထုတ်ပြီးနောက် လွတ်လပ်ရေးရရှိအောင် ဆောင်ကြဉ်းနိုင်ခဲ့သော်လည်း ကိုလိုနီအမွေဆိုးများကမူ ကျန်ခဲ့သည်။ တိုင်းရင်းသား ညီအစ်ကိုများအကြား စိတ်ဝမ်းကွဲပြီး တစ်ဦးနှင့်တစ်ဦး သံသယဝင်ကာ လက်နက်စွဲကိုင်ခဲ့ကြသည်။ တချို့သော တိုင်းရင်းသားများသည် လက်ရှိအချိန်အထိ လက်နက်စွဲကိုင်နေဆဲပင်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံသော ငြိမ်းချမ်းရေးကို အပြည့်အဝတည်ဆောက်နိုင်ခြင်းမရှိသေးဘဲ တချို့သောဒေသများတွင် သေနတ်သံများ ကြားနေရဆဲပင် ဖြစ်သည်။ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။
လွတ်လပ်ရေးရရှိခဲ့သည့် အချိန်ကာလသည် အနှစ် (၇ဝ) ပြည့်တော့မည်ဖြစ်သည်။ လက်နက်စွဲကိုင် တောင်း ဆိုမှုများသည် အကျိုးမရှိသောလုပ်ရပ်များပင်ဖြစ်သည်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ မရှိအတူ၊ ရှိအတူ နေထိုင်ခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကို များအကြား စားပွဲဝိုင်းတွင် ဆွေးနွေးတိုင်ပင်ညှိနှိုင်း သွားမည်ဆိုလျှင် (Win-Win)ရလဒ်ရရှိနိုင်ပေသည်။ မတူညီမှုများကို ဖယ်ရှားကာ တူညီသောအချက်များဖြင့် စတင်ဆွေးနွေးသင့် နေပြီဖြစ်သည်။
လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့စေရန်
တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေစေရန်အတွက် အသက်တမျှအရေးပါလျက်ရှိသည်။ စည်းလုံးညီညွတ်မှု အင်အားချည့်နဲ့ ယိုယွင်းလာသော နိုင်ငံသည် အဘက်ဘက်မှ အနုတ်လက္ခဏာဆောင်လာမည် ဖြစ်သည်။ သာဓကအနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံ များဖြစ်ကြသည့် လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံတို့ကို သင်ခန်းစာယူသင့်သည်။ ထိုနိုင်ငံများရှိ ပြည်သူများသည် ဒုက္ခပင်လယ်ဝေနေကြသည်။ ကလေးငယ်များ၏ အနာဂတ်ပျောက်ဆုံးနေကြသည်။
ထို့အပြင် စည်းလုံးညီညွတ်မှုပြိုကွဲလျှင် နိုင်ငံလည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်ပေသည်။ သာဓကအနေဖြင့် ဆိုဗီယက်ပြည်ထောင်စုကို အထင်အရှားတွေ့ရှိနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် နိုင်ငံတစ်နိုင်ငံ တိုးတက် ရေးအတွက် မောင်းနှင်အားတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများဖယ်ရှားကာထာဝရငြိမ်းချမ်းရေးရရှိအောင်တည် ဆောက်သွားရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သော အစိုးရအဆက်ဆက်သည် တိုင်းပြည်ငြိမ်းချမ်းရေးကို ထုဆစ်ပုံဖော်ခဲ့ကြသည်။ လက်ရှိအစိုးရသည်လည်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ထို့အပြင် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပသွားနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြသည်။
စည်းလုံးညီညွတ်မှု ခိုင်မာစွာတည်ဆောက်
တိုင်းရင်းသားညီအစ်ကိုများအကြား ရေပက်မဝင်သော စည်းလုံးညီညွတ်မှုကိုသာ ခိုင်မာစွာတည်ဆောက်ထားနိုင်မည်ဆိုလျှင် တိုင်းပြည်အင်အား တောင့်တင်း ခိုင်မာနေမည်ဖြစ်သည်။ အင်အားတောင့်တင်း ခိုင်မာ နေသောနိုင်ငံကို မည်သည့်နိုင်ငံကမျှ ကျူးကျော်ရန်စဝံ့ မည်မဟုတ်ချေ။ ဆိုလိုသည်မှာ ထိုနိုင်ငံသည် စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို အမြဲတစေ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသော နိုင်ငံသားတိုင်းသည် တိုင်းပြည်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထာဝစဉ်ထိန်းသိမ်းထားနိုင်ရန် ကိုယ်စီတာဝန်ရှိကြပါသည်။ ထိုတာဝန်ကို ကျေပွန်ရန်အတွက် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ်သွားသင့်ပေသည်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရခြင်း မရှိသေးသော လက်ကျန်လက်နက်ကိုင်အဖွဲ့များသည် အစိုးရနှင့် ဆွေးနွေးတိုင်ပင် အဖြေရှာသွားသင့်ပေသည်။
ငြိမ်းချမ်းရေးမရရှိသေးသည့် ပြည်နယ်များရှိ ဒေသခံပြည်သူများသည် ရည်ရွယ်ချက်မဲ့သော စစ်ပွဲများကို စိတ်ကုန် မုန်းတီးနေကြပြီဖြစ်သည်။
ဗိုလ်ချုပ်မှာစကား အလေးထား
လွတ်လပ်ရေးနှင့် ပတ်သက်၍ ''လွတ်လပ်ရေးကိုလိုချင်ရင် လွတ် လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေး ကိုရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကိုရနိုင်တဲ့ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက် ရှေ့တွင် လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ xxxကျင့်တွေ ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော် ကနေ့ပြောခဲ့ချင် တယ်'' ဟုဆိုကာ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းသူ ပြည်သားများအား ဇူလိုင်လ ၁၃ ရက်နေ့၌ပင် တိုက်တွန်း ပြောခဲ့သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးကို တန်ဖိုးထား တတ်စေရန် စေတနာထား ပြောကြားခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေး၏တန်ဖိုးကို မလွတ်လပ်သောအချိန်မှ သာသိရှိကြသည်။ တိုင်းရင်းသားပြည်သူများသည် အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ကာ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြရသည်။ ထိုလွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းရေးသည် မျိုးဆက်သစ်များ၏ တာဝန်ပင်ဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်သူများသည် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ ထုတ်ဖော်ခွင့်၊ ကိုးကွယ်ခွင့်၊ ပညာသင်ယူခွင့်၊ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့် စသည့်လွတ်လပ်ခွင့်များစွာကို ရရှိနေပြီဖြစ်သည်။ သွေးစည်းညီညွတ်မှုမရှိလျှင်၊ အမှုမဲ့အမှတ်မဲ့သာ နေထိုင်နေမည်ဆိုလျှင် ထိုလွတ်လပ်ခွင့်များ တခဏအတွင်း ဆုံးရှုံးသွားနိုင်သည်။
ပြည်သူအားလုံး၏တာဝန်
ခြုံ၍တင်ပြရလျှင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးသည် ထိုနိုင်ငံရှိ ပြည်သူအားလုံး၏ တာဝန်ပင်ဖြစ်သည်။ ထိုလွတ်လပ်ရေးကို ပြည်သူများအကြား တည်ဆောက်ထားသည့် စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့်သာ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ အမှတ်တမဲ့ဆုံးရှုံးသွားခဲ့သော မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိရန်အတွက် ဘိုး၊ ဘွား၊ ဘီ၊ ဘင်တို့သည် အသက်သွေးချွေးများစွာပေးဆပ်ခဲ့ကြရသည်။ ထိုသို့ များစွာပေးဆပ်ခဲ့ရသည့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်ရန်သည် ပဓာနကျသော အချက်ပင်ဖြစ်သည်။
မျက်မှောက်ခေတ် မျိုးဆက်သစ်များသည် မလွတ်လပ်မှုအောက်တွင် နေထိုင်ရသည့် ခါးသည်းသော အတွေ့အကြုံမျိုးမရှိကြသဖြင့် လွတ်လပ်ရေး၏တန်ဖိုးအနှစ် သာရကို မေ့လျော့နေတတ်ကြသည်။ ထို့ကြောင့် တိုင်းပြည်နှင့်လူမျိုးအတွက် အရေးပါလျက်ရှိသော လွတ်လပ်ရေးနေ့ကို သားစဉ်မြေးဆက် အမြဲတစေ သတိရ တန်ဖိုးထားသွားရန်လိုအပ်ပါကြောင်း (၆၉) နှစ်မြောက်လွတ်လပ်ရေးနေ့ကို လှိုက်လှဲစွာကြိုဆိုဂုဏ်ပြု ရေးသားတင်ပြအပ်ပါသည်။
Credit: ကြေးမုံသတင်းစာ

No comments:
Post a Comment