Thursday, February 28, 2013

"အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "



ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။
( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။ ) ... suon won .. ကြိုက်တဲ့စာသားမို့ ....( - ) ...

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့ သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . ..
နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက်မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

Kyawthu- Facebook Page မှ ကူးယူဖော်ပြသည်။

Wednesday, February 27, 2013

ခရေပန်းဟာ အနွမ်းပန်း မဟုတ်ပါ


ဒီမိုကရေစီရဲ့ ဧရိယာထဲကို ခြေတစ်လှမ်းစလိုက်တာနဲ့ NGO အဖွဲ့၊ ဘာအဖွဲ့၊ ညာအဖွဲ့တွေ ဖွဲ့ လိုက်ကြတာ။ အများအကျိုးအတွက်လုပ်တာ ဝမ်းသာစရာ၊ ချီးကျူးစရာပါ။ ဟော … ခုတစ်ခါ ကြားရပြန်ပြီ၊ ခရေကွန်ရက်တဲ့၊ Sex Worker တဲ့။ ဒီအဖွဲ့တွေကို တရားဝင် လိုင်စင်ပေးသင့် မပေးသင့် စဉ်းစားကြပြန်ပြီ။ အကယ်၍ တရားဝင် ဖွဲ့စည်းခွင့်ပေးလိုက်သော် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား၊ ကြိုဆိုရမှာလား၊ ကန့်ကွက် ရမှာလား ဆိုတာ စဉ်းစားလို့ပင် မရ။ အချို့ကလည်း ပြည့်တန်ဆာဆိုတာ ဘုရားရှင် လက်ထက်မှာ ကတည်းက ရှိခဲ့သလို နိုင်ငံတိုင်းမှာလည်း တရားဝင် ခွင့်ပြုထားတဲ့ အတွက် မြန်မာနိုင်ငံမှာလည်း တရားဝင် ခွင့်ပြု စေချင်တယ်လို့ ပြောသူတွေ ပြောကြတော့ အပြန်ပြန် အလှန်လှန် စဉ်းစားစရာ ရှိပါတယ်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရား လက်ထက်တော်မှာ ပြည့်တန်ဆာ ရှိခဲ့တာလည်း အမှန်ပါ။ အဲဒီတုန်းက ပြည့်တန်ဆာလို့ မခေါ်ဘဲ ‘ပြည်တန်ဆာ’ လို့ ခေါ်တယ်ဆိုတာကလည်း အထောက်အထားနဲ့ ရှိပါတယ်။ သို့သော် အဲဒီခေတ်က ပြည်တန်ဆာအိမ် သွားခွင့်ရသူများက သူဌေး၊ သူကြွယ်၊ မင်းညီ မင်းသားများသာ ဖြစ်တယ်။ ပြည်တန်ဆာအဖြစ် သတ်မှတ်ခံရသူများ ကလည်း ခြောက်ပြစ်ကင်း သဲလဲစင် အချောအလှဖြစ်သူ မျိုးရိုးကောင်းသူ များသာ လုပ်ခွင့်ရတယ်။ အခုခေတ်လို အကြွေပန်းများ မဟုတ်ကြပါ။ အနွမ်းပန်းလည်း မဖြစ်ပါ။ ဘဝတိုက်ပွဲ စိန်ခေါ်မှုများကြောင့် စားဝတ်နေရေးကြောင့်၊ အခြေအနေကြောင့် လုပ်ကိုင် စားရသူ များနှင့် နှိုင်းယှဉ်၍ မရပါ။ ယခုအခါ အခြေအနေအရ လုပ်ကိုင်နေသော မိန်းကလေးများကို မေးကြည့်ရင် ဒီလို စက်ဆုပ်ဖွယ်ကောင်းသောအလုပ်ကို ခုံမင်နှစ်သက်လို့ လုပ်ချင်သူရှိမှာမဟုတ်ပါ။ ဘဝအမောတွေ ကြားမှာ ငွေကြေးနောက်လိုက်ရင်း လင်ကောင်းသားကောင်းမရဘဲ HIV နှင့်ညားကြလေတော့ ရင်နာ စရာကောင်းလှတယ်။

ဒီလို အကြောင်းတရားနဲ့ တိုက်ဆိုင်မှုရဲ့ နောက်ကွယ်က အဖြစ် အပျက်တချို့ကို ပြောပြချင်ပါ တယ်။ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားလက်ထက်တော် သာဝတ္ထိ ပြည်၊ မြို့ငယ်လေးတစ်မြို့မှာ အလွန်ချော အလွန် လှတဲ့ ပြည်တန်ဆာမလေး တစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီခေတ်က ပြည်တန်ဆာဆိုတာ လုပ်ချင်တိုင်း လုပ်ခွင့်ရတာ မဟုတ်ဘူး။ ဘုရင်မင်းမြတ်က ရွေးချယ်တဲ့ လူမှ လုပ်ကိုင်ခွင့်ရတာ။ ပြည်တန်ဆာ မလေးအိမ်ကို မင်းညီ မင်းသားများနဲ့ သူဌေးသူကြွယ်တို့ လာကြတယ်။ ပြည်တန်ဆာ မလေးရဲ့ အလှမှာ ယစ်မူးစွဲလန်းပြီး အိမ်ကို လူအဝင်များလာတော့ ပြည်တန်ဆာမလေးက စိတ်ကူးတယ်။ လူဝင် လူထွက်များတဲ့ အတွက် အိမ်နီးချင်းနဲ့ မိဘများပါ အနှောင့်အယှက် ဖြစ်တော့မယ်။ ဒါကြောင့် လူသူ မနီးတဲ့ မြို့စွန် တစ်နေရာမှာ အိမ်တစ်ဆောင်ဆောက်ပြီး အစေအပါး တစ်ယောက်နဲ့ သွားနေတယ်။ ပြည်တန်ဆာမလေးနဲ့ မနီးမဝေးမှာ ရသေ့ကြီး တစ်ပါးရဲ့ကျောင်းသင်္ခမ်း ရှိတယ်။ 

နည်းနည်း အလှမ်းဝေးပေမယ့် ရသေ့ကြီးက ပြည်တန်ဆာမလေး ကျောင်းသင်္ခမ်းရဲ့ အနီးအနား ရောက်လာ ကတည်းက အကုသိုလ် စိတ်တွေကို မနှစ်မြို့တော့ဘူး။ လူတွေကို ကြောက်လို့ တစ်ပါးထဲ တရား အားထုတ်ဖို့လာခါမှ အခုလို ပြည်တန်ဆာမလေး ရောက်လာတာကို ဘယ်လိုမှ မခံစားနိုင်ဘူး။ တစ်နေ့တစ်နေ့ သစ်ပင်တွေကြားက ပြည်တန်ဆာမလေးရဲ့ အိမ်ကိုပဲ လှမ်းကြည့်ပြီး လူတစ်ယောက် ဝင်လာလိုက် တုတ်ချောင်း တစ်ချောင်းနဲ့ တာလီမှတ်သလို မှတ်နေခဲ့ရာ တရားအားထုတ်ဖို့ အချိန်တောင် လျော့သွားတော့တယ်။ ရသေ့ကြီးရဲ့ စိတ်ထဲမှာလည်း ဧည့်သည်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ပြည်တန်ဆာမလေးကို မုန်းတီးပြီး အကုသိုလ် စေတသိက်တွေ ပွားပြီးရင်း ပွားနေတော့တယ်။

ရသေ့ကြီး ဒီလို စိတ်ခံစားနေရတာကို ပြည်တန်ဆာမလေးက လုံးဝမသိဘဲ ဧည့်သည် တစ်ယောက်နဲ့ ပျော်ပါးပြီး ရရှိတဲ့ အသပြာငွေကြေးကို သုံးပုံခွဲတယ်။ တစ်ပုံက ဘုရားအမှူးရှိသော ရဟန်းသံဃာများကို လှူဒါန်းဖို့ အတွက် ဦးစွာ ဖယ်ထားတယ်။ ဒုတိယ တစ်ပုံကိုတော့ မိဘနှစ်ပါးအတွက် ဖယ်ထားတယ်။ တတိယ တစ်ပုံကို ပြည်တန်ဆာမလေးက မနက်ဘက် ထမင်းဟင်းချက်ပြီး ရသေ့ကြီးကို ဆွမ်းအုပ်နဲ့ လှူဒါန်းပြီး ကျန်တာကို လိုရာသုံးရန် ခွဲထားတယ်။ ဒါတင် မကသေးဘူး။ တစ်နေ့တာ ဖျော်ဖြေပေးရတဲ့ လူဦးရေကို တွက်ပြီး ကျောက်စရစ်ခဲလေးတွေ ပုံပြီး လှူဒါန်းမှု အစုစုအတွက် မေတ္တာပို့ပြီး မေတ္တာရေစင် လောင်းပေးတယ်။ မင်းညီမင်းသား လူကုံထံ သူဌေးများ ဤကဲ့သို့ ဘုရား၊ တရား၊ သံဃာ၊ မိဘများကို လှူဒါန်းနိုင်အောင် အသပြာများပေးတဲ့ အတွက် မောင်မင်းကြီးသားများ ကျန်းမာစေကြောင်း ဘုရားဝတ်ပြုပြီးတိုင်းလည်း မေတ္တာပို့တယ်။

တစ်နေ့မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်အပါး ၅ဝဝ ကို ဆွမ်းလောင်းလှူတယ်။ အနီးမှာရှိတဲ့ ရသေ့ကြီးကိုလည်း ဆွမ်းပို့တယ်။ ရသေ့ကြီးက ပြည်တန်ဆာမလေး လှူဒါန်းတဲ့ ဆွမ်းဒါနများကို ဘယ်သော အခါမှ ဘုန်းပေးတော် မမူဘဲ အမြဲ သွန်ပစ်လေ့ ရှိတယ်။ ပြည်တန်ဆာမလေးကတော့ ယနေ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ သံဃာတော်များကို လှူဒါန်းရတဲ့ ကုသိုလ်ဒါန အစုစုကို အမျှပေးဝေပြီး တစ်ရပ်စာမြင့်မားနေတဲ့ ခဲပုံပေါ်ကို ပေးကမ်းသွားတဲ့ မင်းညီမင်းသား လူကုံထံများကို ရည်စူးပြီး မေတ္တာရေနဲ့ လောင်းချလိုက်တာနဲ့ ခဲပုံကြီးဟာ ရွှေတုံးရွှေခဲများ ဖြစ်သွားတော့တယ်။ ပြည်တန်ဆာမလေးဟာ အရမ်း အံ့သြပြီး အဲဒီရွှေတုံးများကို ရောင်းချပြီး မြတ်စွာဘုရားနှင့် သံဃာတော်များကို ကျောင်းဆောက် လှူဒါန်းလိုက်တယ်။ အဲဒီ အကျိုးကြောင့် ကွယ်လွန်သွားတဲ့ အခါ အထက်ဘုံရောက်ပြီး အကုသိုလ် စိတ်မွေးမြူမိတဲ့ ရသေ့ကြီးက အပါယ်ငရဲ ကျသွားတယ်လို့ မှတ်သားဖူးတယ်။ (ပြည်တန်ဆာမလေးသေတော့ ဘာရောဂါနဲ့ သေတယ်ဆိုတာ အထောက်အထားမ တွေ့ရပါ။)

အခုခေတ် ပြည့်တန်ဆာမလေးတွေ သေဆုံးသော် ဘယ်ဘုံသို့ရောက်မည် မသိသော်လည်း မသေခင် ရောဂါဆိုးကြီးနဲ့ သူနိုင်ကိုယ်နိုင် အသေအလဲ လွန်ဆွဲရမှာ မလွဲဘူးလို့ ထင်ပါတယ်။ ခုတစ်ခါ ပြည့်တန်ဆာ အခန်းများ နိုင်ငံတကာမှာ ဖွင့်ခွင့်ပြုလို့ မြန်မာပြည်မှာလည်း လိုင်စင်ချပေးဖို့ တောင်းဆို နေကြပြီ။ သူများနိုင်ငံမှာ လုပ်ကိုင်ခွင့်ပြုတိုင်း မြန်မာပြည်မှာရော လုပ်ကိုင်ခွင့်ပြုရတော့မှာလား။ အကယ်၍ ခွင့်ပြုခဲ့သော် ကောင်းကျိုးထက် ဆိုးကျိုးသာ များတော့မယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင် နားလည်နိုင်ကြမှာပါ။

သမင်လည်ပြန်ကြည့်ရင် ကျေးဇူးတော်ရှင် မြတ်စွာဘုရား လက်ထက်တော်က ဝေသာလီမြို့အနီးတွင် အမ္ဗပါလီ အမည်ရှိတဲ့ ပြည်တန်ဆာရဲ့ အမ္ဗဝနရှိတယ်။ အမ္ဗဝနဆိုတာ သရက်တောဖြစ်၍ အမ္ဗပါလီလည်း သရက်တောပိုင်ရှင် ဖြစ်တယ်။ ဝေသာလီမြို့ဟာ အမ္ဗပါလီရဲ့ စွဲမက်ဖွယ်ရာ အာရုံငါးဖြာကြောင့် ပိုပြီး ထင်ရှား လာခဲ့တယ်။ အမ္ဗပါလီဟာ အလှကြွယ်သူဖြစ်လို့ တိုင်းပြည်ရဲ့ ဂုဏ်အင်္ဂါ၊ တိုင်းပြည်ရဲ့ ရတနာ တန်ဆာ ဖြစ်ခြင်းကြောင့် ‘ပြည်တန်ဆာ’ လို့ ဂုဏ်ပြုခံရသူ ဖြစ်တယ်။ အမ္ဗပါလီဟာ သူမရဲ့ အလှအပကို လာရောက် ကြည့်ရှုအားပေးသူထံမှ တစ်ဦးလျှင် အသပြာ ကျပ်ငါးဆယ် ကောက်ခံ ရရှိသူဖြစ်တယ်။ ဒါ့အပြင် ငွေသုံးဖြုန်းနိုင်တဲ့ မင်းညီ မင်းသား လူကုံထံ များက ခဏတာမျှ ပေါင်းသင်းအပ်သော ဖျော်ဖြေသမှု မယားအလှကို အလိုရှိရင် အမ္ဗပါလီအိမ်သို့ သွားကြတယ်။ ဝေသာလီမြို့ရဲ့ အိမ်နီးချင်းနိုင်ငံက မဂဓတိုင်း ဘုရင် ဗိမ္ဗိသာရမင်းဟာ အမ္ဗပါလီအား ရာဇဂြိုဟ်မြို့သို့ လာရောက်ဖျော်ဖြေရင် အခကြေးငွေ နှစ်ဆတိုးပေးပြီး ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်ပေးရန် အလိုရှိခဲ့တယ်။ သို့ရာတွင် ရာဇ ဂြိုဟ်မြို့မှ ကုန်သည်သူဌေးတို့ ဘုရင့် အစီအမံကို လက်မခံဘဲ ရာဇ ဂြိုဟ်မြို့သူ သာလာဝတီ အမည်ရှိတဲ့ အလှကြွယ်သူ အမျိုးသမီးကို ”ပြည်တန်ဆာ” ဘွဲ့ပေးကာ လုပ်ကိုင်စေတယ်။ အဗြဟ္မစရိယ သီလအကျင့် ကျင့်ကုန်သော ပုဏ္ဏားတို့က ဘုရင့် အမိန့်အရ ဖွင့်လှစ်တဲ့ ထိုပြည်တန်ဆာ လုပ်ငန်းကို ဘုရင်အား ပိတ်ပင်ခိုင်းခဲ့တယ်။

အမ္ဗပါလီဟာ သိခီမြတ်စွာဘုရား လက်ထက်တွင် ရဟန်းမ တစ်ယောက်ကို ပြည်တန်ဆာ အကျင့်ရှိသူဟု စွပ်စွဲပြောဆိုခဲ့တဲ့ အတွက် ဂေါတမမြတ်စွာဘုရား လက်ထက်မှာ ပြည်တန်ဆာဖြစ်လာ ရတယ်လို့ ဆိုတယ်။ တစ်နေ့မှာ အမ္ဗပါလီဟာ မှန်ထဲမှာ မိမိမျက်နှာ အသားအရေ တွန့်လာတာကိုမြင်ပြီး ဘိက္ခုနီ သံဃာဘောင် ဝင်ရောက် ရဟန်းပြုရာ မိမိရဲ့သား ဝိမလကောဏ္ဍညထေရ်ထံမှ တရားနာယူပြီးနောက် အရဟတ္တဖိုလ်သို့ ရောက်ကာ ”ရဟန္တာမ” ဖြစ်သွားတယ်လို့ သာဝတ္ထိ မြန်မာကျောင်း ဆရာတော် ဦးသြဘာသ၏ မဇ္ဈိမမြို့ကျေးရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ စာအုပ်တွင်ဖော်ပြထားတယ်။

သမိုင်းပုံရိပ်မှာ ပြည့်တန်ဆာများကို တရားဝင်ခွင့်ပြုသလို ကန့်ကွက်သူများလည်း ရှိခဲ့တယ်။ သို့ သော် ကျွန်မတို့ မြန်မာနိုင်ငံဟာ ထေရဝါဒကြောင့် တရားဝင်ခွင့်ပြုရင် ဘယ်လို အဖြေရှာမလဲ။ ခုချိန်မှာတောင် တရားဝင် ခွင့်ပြုချက် မရှိဘဲ ရောဂါသည်တွေ တော်တော်များနေပြီ။ မြန်မာ လူမျိုး အများစုကလည်း ပြည့်တန်ဆာ အလုပ်ကို မနှစ်မြို့ကြပါ။ ပြည့်တန်ဆာ ဘဝ HIV နှင့် AIDS ခွဲမရဘူးလို့ မြင်သူကလည်း ရှိသေးတယ်။ အကြွေ ပန်းလို့ပဲ ခေါ်ခေါ်၊ အနွမ်းပန်းလို့ပဲ တင်စားပါစေ အကောင်းမြင်သူ နည်းပါသေးတယ်။ တစ်ခါက မရမ်းကုန်းမြို့နယ် အတွင်းမှာ ဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စာ အထူးတန်းကို တက်ရောက်သင်ကြားနေတဲ့ အိမ်က ကလေးတွေကို သွားကြိုတော့ သင်တန်းကျောင်းနဲ့ မနီးမဝေးမှာ ပညာပေး ဟောပြောပွဲ တစ်ခု ပြုလုပ်နေတာ တွေ့ရတယ်။ ကျွန်မ စိတ်ဝင်စားသွားပြီး အကြောင်းရင်း မေးကြည့်တော့ NGO အဖွဲ့က HIV ဝေဒနာ ရှိသူတွေကို နှစ်သိမ့် ဆွေးနွေးပညာပေးရင်း ဆေးနဲ့ဆန် အခမဲ့ ဝေငှတယ်လို့ပြောပါတယ်။ ကျွန်မ စိတ်ဝင်စားသွားပါပြီ။ မသိ မသာ ထိုလူများကို ကြည့်လိုက်တော့ အသက်လေးဆယ်အောက် အမျိုးသား၊ အမျိုးသမီး များသာ တစ်ဦးချင်းလည်း ပါသလို လင်မယားစုံတွဲတွေလည်း ပါတယ်။ မကြာပါဘူး ဆန်ထုပ် ကိုယ်စီထမ်းပြီး ထွက်သွား ကြတော့တယ်။
ကျွန်မ တစ်ဦးတစ်ယောက်ကို မေးချင်ပေမယ့် အခွင့်မသာခဲ့ပါဘူး။ မကြာပါဘူး နှစ်ပတ်ကျော်လောက်မှာ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ အဲဒီနေ့က ကျူရှင်ကြို ပြီး ဘုရင့်နောင်ပွဲရုံမှာ ဆန်ဝယ်ဖို့ အတွက် ဆန်နီ ပစ်ကပ်လေး ယူလာတယ်။ တစ်ပတ် တစ်ကြိမ်လား။ နှစ်ပတ် တစ်ကြိမ်လား။ နှစ်သိမ့်ဆွေးနွေးပွဲ၊ ဆန်၊ ဆေးထောက်ပံ့တဲ့ အခမ်းအနားလည်းပြီးလို့ ဆန်ထုပ် ကိုယ်စီ ထမ်းပြီး ပြန်ကြပြီ။ ဒီနေ့မှ ကလေးတွေ ကြိုဖို့ နောက်ကျနေတာ။ ကျွန်မတို့ လမ်းသွယ်ထဲက ပြန်ထွက်တော့ လမ်းကြားထဲက အရိပ်လေး တစ်နေရာမှာ အသက်နှစ်ဆယ်ကျော် အရွယ်အမျိုးသမီး တစ်ယောက်၊ ဆန်ထုပ်လေးချပြီး ချွေး သုတ်နေ တယ်။ တော်တော်လည်း ပိန်ချုံးပြီး နဂိုရုပ်ရည်က မစိုပြည်တော့ပါဘူး။ ကျွန်မက နောက်ခန်းက စီးလာတာမို့ ကားမောင်းတဲ့ တူလေးကို ကားရပ်ခိုင်းလိုက် ပါတယ်။ ကျွန်မနဲ့ သူနဲ့စကား ပြောခဲ့ပုံ အမေးအဖြေကို မခြွင်းမချန် ရေးပြပါရစေ။

”ဟဲ့ … သမီး ဘယ်သွား မလို့လဲ။ လိုက်ပို့ပေးမယ်လေ”
အမျိုးသမီးလေးက အံ့သြသွားဟန်နဲ့ ဝမ်းသာသွားပုံရတယ်။


”ကားဂိတ်ကို ပို့ပေးရင် ရပါတယ် အန်တီ။ ကျေးဇူးပါပဲရှင်”
ပြောပြောဆိုဆို မနိုင့်တနိုင် ဆန်အိတ်ကို ကားပေါ်တင်ရင်း လိုက်လာခဲ့တယ်။ ပြည်လမ်းမပေါ်ရောက်တော့ ကျွန်မက သူ့ကို စပ်စုမိပြန်တယ်။


”သမီး .. ဘယ်ကိုပြန်ရမှာ လဲ”


”လှိုင်သာယာကိုပါ အန်တီ။ ဒီနေ့ အမျိုးသားက ဖျားနေတော့ သမီးတစ်ယောက်တည်း လာရတာ။ 


သမီးလည်း ကောင်းကောင်းနေမကောင်းဘူး”

”ဒါဆို အတော်ပဲ အန်တီတို့လည်း ဘုရင်နောင်သွားမလို့ အိမ်အထိ လိုက်ပို့ပေးမယ်”


”အားနာစရာ အန်တီရယ်”


”အားမနာပါနဲ့၊ ဟဲ့ … အောင်အောင်ရေ၊ လှိုင်သာယာကို မောင်းဟေ့”


ကျွန်မက သူမကို အင်တာဗျူး လုပ်ချင်တာနဲ့ ရေငတ်တုန်းရေတွင်းထဲ ကျသွားပါတော့တယ်။


”အားနာနာနဲ့ပဲ မေးရဦးမယ်။ သမီးက ဝေဒနာရှင်လား။ ယောက်ျားရှိတယ်ဆို ကလေးရော ရှိလား”


”ကလေး မယူပါဘူး အန်တီ၊ လက်ထပ်ကတည်းက ပညာပေးဆွေးနွေးပွဲ လာကြရင်း ဘဝတူချင်း ချစ်ကြိုက်ပြီး လက်ထပ်တာပါ။ သမီးကလည်း မိဘမရှိတော့ အဖော်လိုတယ်လေ”


ကျွန်မ ရင်ထဲမှာ နင့်ခနဲဖြစ်သွားတော့တယ်။ ဒီလင်မယားဟာ မကြာခင် လူ့လောကထဲက ထွက်ခွာသွားကြတော့မှာလား လို့တွေးရင်း သိချင်တာ တချို့ကို ဆက်မေးမိပြန်တယ်။


”သမီး အရင်က ဘာအလုပ် …”

”အော် … အန်တီရယ် သမီးအရင်တုန်းက ပြည့်တန်ဆာပေါ့။ ဒီဘဝကို သမီးမြတ်နိုးခုံမင်လို့ လုပ်ခဲ့တာ မဟုတ်ဘူး။ သမီးတို့ ဆင်းရဲသူတွေရဲ့ အဓိက ရန်သူဟာ ရုပ်လှခြင်းပဲ အန်တီ၊ သမီး ငယ်ငယ်ကတည်းက မိဘတွေ ဆုံးသွားတော့ အဒေါ်နဲ့နေခဲ့ရတယ်။ သမီး ၁၄ နှစ် အရွယ်လောက်မှာ အဒေါ်ယောက်ျား အမူးသမားရဲ့ ဖျက်ဆီးခြင်း ခံရတယ်။ အဒေါ်ကလည်း ယောက်ျားကြောက်ရသူ ဆိုတော့ မပြောရဲဘူး။ တစ်နေ့ အဒေါ် ညအိပ် ခရီးသွားတုန်း အပေါင်းအသင်းတွေနဲ့ အရက်ဝိုင်းဖွဲ့ သောက်စားပြီး လူသုံးယောက်နဲ့ လွှတ်ပေးတယ်။ နောက် တစ်နေ့မှာတော့ ကိုညိုကြီး ဆိုတဲ့ လူနဲ့ ထည့်ပေးလိုက်တယ်။ ကိုညိုကြီးက ”ခေါင်း”ပေါ့ အန်တီရယ်။ သမီးလည်းပြေးစရာ မြေမရှိတော့ အဲဒီ ဘဝထဲမှာပဲ ကျင်လည် ခဲ့ရတော့တယ်” ကြားရတဲ့ စကားကြောင့် ကျွန်မရင်ထဲမှာ နင့်နင့်စူးစူး ခံစား လိုက်ရတော့တယ်။


”သမီး အဖမ်း ခံရဖူးလား”

”ခံရဖူးတာပေါ့ အန်တီရယ်။ လွတ်လာတော့လည်း သွားစရာ မရှိတော့ ဒီနွံထဲပဲ ပြန်ရောက်တာပေါ့”


”သမီးရောဂါ မရအောင် အကာအကွယ် ပစ္စည်း ကွန်ဒုံးလို ဟာမျိုး မဆောင်ဘူးလား”


ကျွန်မ အလောတကြီးမေးမိတယ်။


”သမီး ဒီလောကထဲရောက်တော့ သမီးကို အစစအရာရာ သင်ပေးတဲ့ အစ်မ မရီဝေက ပညာ ပေးနှိုးဆော်ချက်တွေကို သိထားပြီး သမီးကို ကွန်ဒုံးဆောင်ခိုင်းတယ်။ အမျိုးသား အချို့က ကွန်ဒုံးမပါရင် သမီးကပေးတယ်။ ဒါပေမဲ့ အန်တီရယ် အချို့ အမျိုးသားတွေက သမီး ကွန်ဒုံးပေးရင် မကြိုက်ဘူး။ ခံစားမှု မဲ့တယ်ပေါ့။ အဲဒီလို လူမျိုးလည်း ရှိတယ်။ အပြန်အလှန်ရောဂါ ပေးနေသလိုပေါ့။ အစ်မ မရီဝေက သမီးတို့ကို ခြောက်လ တစ်ခါ ဆေးစစ်ခိုင်းတယ်။ သမီး လုပ်သက် ငါးနှစ်ကျော် အထိ ဒီရောဂါ မရသေးဘူး။ နောက်သမီး အသက်နှစ်ဆယ်ကျော်မှ ကျန်းမာရေးမကောင်း ချင်တော့ဘူး။ ဆေးစစ်လိုက်တော့ သမီးမှာ HIV ပိုးတွေ့နေပြီ။ အစ်မ ရီဝေက မထူးဇာတ် ခင်းဖို့ပြောပြီး ဒီအလုပ် ဆက်လုပ်ခိုင်းတယ်။ သမီးက ကိုယ့်ကြောင့် သူတစ်ပါး ပိုးကူးမှာစိုးလို့ လုံးဝ မလုပ်တော့ဘူး။ စားဝတ်နေေ၇း ခက်ခဲသွားတာပေါ့။


အဲဒီမှာ အခုလာတဲ့ ပညာပေး နှစ်သိမ့်ဆွေးနွေးတဲ့ အဖွဲ့နဲ့ ချိတ်ဆက်မိ သွားတာပေါ့။ ဆေးလည်းပေးတယ်။ ဆန်လည်းပေးတယ်။ သမီး လက်ထပ်ပြီးတော့ လှိုင်သာယာမှာ အဆောင်ငှားနေတယ်။ ပလတ်စတစ် ပစ္စည်းလေးတွေ ရောင်းတယ်။ တစ်နေ့ သုံးလေးထောင် မြတ်တယ်။ သေနေ့ကိုစောင့်ရင်း စားဝတ်နေရေးကို ရုန်းကန်နေရ တာပေါ့ … အဲ … အန်တီ ဟိုရှေ့က ဆိုက်ကားဂိတ်မှာ ရပ်ပေးပါ။ သမီး ဒီကပဲ ဆိုက်ကား ငှားစီးသွားမယ်။ လိုက်ပို့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်” 

ကားရပ်ပေးတော့ သူလေးက ဆန်ထုပ်ကို မနိုင်မနင်း ဆွဲချပြီး ဆိုက်ကားနဲ့ ထွက်သွားတော့တယ်။ ကျွန်မ စိတ်မကောင်းစွာနဲ့ လိုရာ ခရီးနှင်ရပြန်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ သူလို ကလေးမျိုး ဘယ်လောက်များနေပြီလဲ။ လက်မှု ပညာသင်ပြီး စက်ချုပ် အလှပြင်လုပ်ငန်း နောက်ဆုံး လမ်းဘေးမှာ ဈေးရောင်းရင်တောင် ရနိုင်ပါလျက်နဲ့ ”အခြေအနေအရ” ဆိုတဲ့ စကား နဲ့ ဘဝကိုရေစုန်မမြောစေချင်ပါ။

ခရေပန်းဟာ တော်ဝင်ပန်း မဟုတ်ဘူးလို့ ပြောကြတယ်။ တကယ်တော့ ခရေပန်းဟာ အဖူးက စပြီး ခြောက်သွေ့တဲ့ အထိ မွှေးနေတုန်းပါ။ ဘုရား၊ ကျောင်းကန်တိုင်းမှာ ခရေပင် မရှိမဖြစ် စိုက်ပျိုးထားပါတယ်။ ခရေ ရိပ်ဟာ အမြဲအေးမြ ပါတယ်။ အမြဲစိမ်းလန်းတဲ့ အပင်မျိုးပါ။ တစ်နှစ်ပတ်လုံး စိမ်းလန်းနေတာပါ။ ကြွေလည်း တစ်ရွက်စနှစ်ရွက် စကြွေပါတယ်။ ဆရာတော် တစ်ပါးက မိန့်ကြားဖူးပါတယ်။ ပင်လုံး ကျွတ်မကြွေတဲ့ အပင်ဆိုလို့ ခရေပင်နဲ့ အုန်းနှဲပင်သာ ရှိတယ်။ ဒီလို အပင်မျိုးကို စိုက်သင့်တယ်လို့ ပြောပါတယ်။ အကြွေပန်းပေမယ့် ခရေပန်းကို လူတိုင်းနှစ်သက်ကြ ပါတယ်။ သီကုံးပြီး ပန်ရင်တောင် ဆံကေသာမှာ အနံ့စွဲပြီး မွှေးပျံ့ သင်းကြိုင်ပါတယ်။ ဒါကြောင့် ခရေပန်းကိုတော့ Sex Worker များ အနေနဲ့ မကောင်းတဲ့ ပန်းလို့ မယူဆစေချင်ပါ။ အပွင့်သေးပြီး သဘာဝ အလျောက်ကြွေကျပေမယ့် ရနံ့သင်းတဲ့ ခရေပွင့်များကို မက်မောကြပါတယ်။ အကယ်၍များ လိုင်စင်တစ်ခု ချပေးပြီး တရားဝင် ခွင့်ပြုခဲ့ရင်ဖြင့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံအနေဖြင့် ရင်လေး ရပါလိမ့်မယ်။ အဖွဲ့အစည်းတစ်ခု ဖွဲ့လိုက်ရင် အဖွဲ့ဝင်သောင်းဂဏန်းမှ သိန်းဂဏန်းဖြစ်လာမှာ မလွဲပါဘူး။ ဒီလိုဖြစ်ရင် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသလို ကျွန်မတို့နိုင်ငံ ”....” နိုင်ငံ ဖြစ်သွားပါလိမ့်မယ်။

နီနီနိုင်(သထုံ)

Tuesday, February 26, 2013

Contest, Competition




ခုတစ်လောရင်ဖွင့်သံတွေကြားနေရတယ်...ပြိုင်ပွဲတွေနဲ့ပတ်သတ်လို့ပေါ့.သီချင်းဆိုပြိုင်ပွဲ၊ဓာတ်ပုံဆရာလောက၊ မော်ဒလ်လောက၊ ဆရာဝန်လောက ပေါင်းစုံမှာပါ။ ဆုရတဲ့သူတွေကလည်း ကြွားကြသလို၊ ပြုတ်တဲ့သူတွေကလည်း အော်ဟစ်နေကြနဲ့ပေါ့။

ပြိုင်ပွဲတစ်ခုပြိုင်တယ်ဆိုတာ ရည်ရွယ်ချက်မျိုးစုံရှိကြပါတယ်
၁။ ဂုဏ်ရှိချင်လို့
၂။ ဆုကြေးငွေလိုချင်လို့
၃။ သဘောတူညီထားသော အခွင့်အရေးများကို ဆုရပါက ထိုအတိုင်းရမည်ဟုမျှော်လင့်ထားသူများ
၎။ တစ်ချို့ကမွေးရာပါ ပြိုင်နေရတာကို သဘောကျတာ
၎။ မိဘက ငယ်ငယ်က သူတို့မပြိုင်ခဲ့ရတဲ့ပွဲကို သားသမီးလက်ထက်မှာ အတိုးချပြိုင်ကြတာ
၅။ ရိုလာကိုစတာစီးသလို အတက်အကျ emotion ကို ကစားခံရတာကိုက အရသာရှိတယ်လို့ ယူကြသူများနဲ့
အစုံရှိကြပါတယ်။

ပြိုင်ပွဲပြိုင်ကြတဲ့သူတွေအကုန်လုံးက အနိုင်ရချင်လို့ဘဲပြိုင်ကြပါတယ်။ ကံမကောင်းအကြောင်းမလှလို့အဖြုတ်ခံရလို့ဘဲဖြစ်ဖြစ်၊ ကိုယ်ညံ့လို့ ပြုတ်သွားလို့ဘဲဖြစ်ဖြစ် အရှုံးနဲ့အနိုင်(၂)ခုထဲက (၁)ခုတော့ ရမယ်ဆိုတာ စိတ်ထဲမှာထားဖို့လိုပါတယ်။


ပြိုင်ပွဲဝင်ဒိုင်များ
ပွဲတစ်ခုအဆင့်အတန်းရှိမရှိ ဒိုင်တွေကိုကြည့်လို့ရပါတယ်။ တစ်ခါမှမမြင်ဖူးမကြားဖူးတဲ့သူတွေကို အရုပ်လိုထည့်ထားတာတွေရှိပါတယ်။ Company တစ်ခုက ကျင်းပတယ်ဆိုလို့ရှိရင် ပြိုင်ပွဲအဖြေဟာသူ့ပါးစပ်ထဲမှာဘဲရှိပါတယ်။ အဲဒီ Company ဟာ အနုပညာနဲ့ပတ်သတ်လို့မသိနားမလည်တာရှိလို့ Organizer လို့ခေါ်တဲ့ Agency တစ်ခုကိုသာအပ်မိပြီဆိုရင်တော့ သေချာပါတယ် အဲဒီ ဦးစီးကျင်းပတဲ့ Agency အဖွဲ့အစည်းကလူတွေဘဲ ရတတ်ပါတယ်။ ဒိုင်လူကြီးအဖြစ်ဖိတ်ကြားခံရပြီဆိုရင် မိမိပေးတဲ့အမှတ်ကို တကယ်ထည့်တွက်မတွက်၊ ဗန်းပြအနေနဲ့လာထိုင်ခိုင်းလားဆိုတာကို အဲဒီလူကြီးမင်းကလည်း ချိန်ဆတတ်ရပါမယ်၊ ဂုဏ်သိက္ခာနဲ့ရပ်တည်နေကြတဲ့ အနုပညာရှင်များကတော့ ဒီအချက်ကိုချိန်ဆချင့်ချိန်တတ်ကြပါတယ်။ တတ်နိုင်သလောက် Fair ဖြစ်အောင်လုပ်မယ်ဆိုရင်တော့ အမှတ်ပေးဒိုင်များဟာ တစ်ယောက်နဲ့တစ်ယောက် ညှိနိုင်းတိုင်ပင်လို့မရမယ့်အကွာအဝေး(သို့)မမြင်နိုင်အောင် အကာနဲ့ကာထားပေးရပါမယ်။ ကွန်ပျူတာနဲ့ပရိသတ်အကုန်မြင်နိုင်တဲ့ LED monitor များနဲ့ သူတို့အမှတ်ဘယ်လောက်စီပေးတယ်ဆိုတာ မြင်သာရပါမယ်။ ဥပမာ ဒိုင်တစ်ယောက်သည် သြဇာတိက္ကမ ကြီးပြီးလွှမ်းမိုးနိုင်သူဖြစ်နေခဲ့မယ်ဆိုရင် သူ့ရဲ့လူ ပွဲထဲမှာပါလာပြီဆိုရင်၊ ကျန်တဲ့ ဒိုင်ပေါက်စများက သူ့အလိုကိုဘဲလိုက်ပြီး ဆုံးဖြတ်ပေးတတ်ကြပါတယ်။ စိတ်ဓာတ်ခိုင်မှာပြတ်သားပြီး၊ မိမိထင်မြင်ချက်ကိုပိုင်ပိုင်နိုင်နိုင်ခုခံကာကွယ်ရဲတဲ့ သူမျိုးများကိုသာ ဒိုင်သူကြီးအဖြစ်တာဝန်ပေးသင့်ပါတယ်။

ပြိုင်ပွဲဝင်သူများ
ဆုရဖူးသူနှင့် ဆုမရဖူးသူများခွဲပေးသင့်ပါတယ်။ တစ်ချို့မရေတွက်နိုင်အောင် ဆုတွေလည်းရ၊ အတွေ့အကြုံလည်းများပြီး အစာအိမ်သုံးခုရှိတဲ့မြင်းက ဘယ်လောက်စားစားဗိုက်မ၀သလို ပွဲတွေမှာဆုတွေသိမ်းကြုံးယူလေ့ရှိပါတယ်။ ဆုအများကြီးရှိပြီးသားသူဟာ ပွဲအတွေ့အကြုံလည်းများသလို၊ ပိုင်ရာဆိုင်ရာတွေနဲ့လည်းတော်တော်လေးရင်းနှီးနေပြီဖြစ်တဲ့အတွက် မျက်နှာကြီးရာဟင်းဖတ်ပါရတာ ပွဲတွေရဲ့ထုံးစံပါဘဲ။

ဆုရွေးချယ်ခြင်း
မြန်မာပြည်ပြိုင်ပွဲတွေမှာ Questions & Answers ပါတယ်ဆိုရင် ဘာမှလည်းစာမကျက်ပါနဲ့ သိအောင်လည်းမကြိုးစားပါနဲ့၊ မလိုပါဘူး။ ဘယ်လောက်စာတော်တော် ရုပ်မလှရင်မပေးပါဘူး. ဒါနဲ့ဆန်ကျင်ဘက်ပဲ... ရုပ်သာရှိမယ်ဆိုရင်၊ စာမတတ်လည်း Brand Ambassador ဖြစ်ခွင့်ရှိကြပါတယ်။ တစ်ခါက ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးရည်တစ်ခုပြိုင်ပွဲမှာ...ဒီဆေးရည်ကို ဘာလို့ကြိုက်တာလဲမေးတော့ " ချေးချွတ်လို့ရလို့ပါတဲ့" ..အဲဒီလူက ပထမဆု ရသွားပါတယ်။ Miss ရွေးပွဲတစ်ခုမှာ English လို တူရိယာတစ်ခုတီးခတ်တတ်လားမေးတာကို အချက်အပြုတ်အရမ်းဝါသနာပါလို့ မုန့်ဟင်းခါးတစ်ပတ်တစ်ခါလုပ်စားဖြစ်တယ်လို့ဖြေတဲ့သူတွေလည်း ဆုရတတ်ကြပါတယ်။ ကမ္ဘာ့လူဦးရေတွေများလာပြီး ကပ်ဘေးဆိုက်တာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့မေးခွန်းကို အင် နဲ့ အယ် ကလွဲပြီး ဘာမှထွက်မလာဘဲနဲ့ First runner up ရသွားသူများလည်း ရှိပါတယ်။ဒါကြောင့် ပြိုင်ပွဲဝင်အသစ်လေးများအပင်ပန်းခံပြီး စာမကျက်ကြပါနဲ့လို့၊ အဲဒီအစား Plastic surgery လုပ်ပြီး Gym များများကစားနိုင်ဖို့အကြံပြုလိုပါတယ်။

စည်ကမ်း
လုပ်ပွဲများဖြစ်လို့ကတော့ Rehearsal မှန်မှန်လာ၊ အပင်ပန်းခံကြိုးစားတာတွေ ဘယ်လောက်လုပ်လုပ်၊ သူ့လူနဲ့သူ ရှိပြီးသားပါ။

Sponsor ကိစ္စ
သတ်မှတ်ပေးထားတဲ့ ဒီဇိုင်နာ၊ မိတ်ကပ်ပညာရှင်ဆိုတာရဲ့ နောက်မှာ ၀ှက်ဖဲတွေအများကြီးပါ။ ပိုင်တဲ့ဆိုင်တဲ့သူဆိုရင် Make-up Artist ကိုယ်တိုင် အရင်လာပါဆိုပြီးခေါ်လိမ်းပေးပါတယ်။ အကောင်းစားသုံးပါတယ်။..ထုံထုံ အ အ နှာခေါင်းသာမပါရင် ဟိုဟာလုပ်မယ်ဆိုတဲ့သူများကတော့ အချိန်ကုန်ခံ၊ ဇက်ညောင်းခံထိုင်စောင့်ပြီး အကျော်ခံရတာတွေအများကြီးပါဘဲ။ စစ်မှန်ပြီး ဂုဏ်သိက္ခာရှိတဲ့ Contest တွေက စပွန်ဆာကို ခေါင်းစ ခြေဆုံး Unisex ပေးပါတယ်။ ဘယ်ပြိုင်ပွဲဝင်သည် ဘယ် Professional နဲ့တွေ့ရမယ်ဆိုတာ မဲနှိုက်မှ စစ်မှန်တယ်ခေါ်ပါတယ်။ အဲလိုမဟုတ်ဘဲ All black , All White, Jean, Office style လေးများဝတ်ခဲ့ပါဆိုရင်တော့ သေချာပါပြီ..အဆင့်မရှိတဲ့ပွဲပါဘဲ။

ဆုရွေးချယ်ခြင်း
ဆုကြေငြာခါနီးမှာ Announcer နဲ့ ဒိုင်တွေခဏပျောက်သွားတယ်။ ပြိုင်ပွဲကျင်းပတဲ့ ဟိုတယ်ကြီးရဲ့အထပ်တစ်ထပ်ကိုတက်သွားကြပြီး ခေါင်းချင်းဆိုင်ဆွေးနွေးကြတယ်တဲ့။ ဒီဇင်ဘာ(၂၅)ရက်တိုင်းကျင်းပတဲ့ ဒီပွဲလေးမှာ မျက်စိသူငယ်နားသူငယ်နဲ့ဆုမရခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကိုယ်စား ဖော်ပြရခြင်းပါ။
သူတို့တွေပေးလိုတဲ့ လူကတစ်ယောက်၊ သူလိုမျိုးအရည်အချင်းမျိုးတူတဲ့ ပြိုင်ဖက်တစ်ယောက်ပါလာပြီဆိုရင် ဆန်ခါတင်အဆင့်မှာကတည်းက ဖြုတ်ချလေ့ရှိပါတယ်။ တကယ့်မှန်မှန်ကန်ကန်ဆုံးဖြတ်တဲ့ဒိုင်တွေလာမယ်ဆိုရင် ဒီအကွက်တွေသုံးလေ့ရှိကြပါတယ်။ ဆိုလိုတာက တခြား ဂွမ်းတဲ့သူတွေနဲ့ တကယ့်လူရှေ့စင်ပေါ်မှာ အနုတောလူချော Strategy ကိုသုံးခြင်းလို့ခေါ်ပါတယ်။ ပိုသနားစရာကောင်းတာက ခုနက ဓားစာခံဖြစ်သွားတဲ့ ဂွမ်းစိန်လေးတွေခမျာပိုက်ဆံတွေကုန်၊ အချိန်တွေကုန်သလို ဆန်ခါတင်မှာ အဖြုတ်ခံလိုက်ရတဲ့အရည်အချင်းရှိသူများရဲ့ ကဲ့ရဲ့စကားတွေ၊ တကယ့်တကယ်သူတို့ဆုမရတဲ့အခါကျရင် အဟားခံလိုက်ရတဲ့အဖြစ်လေးတွေပါ။

Money makes everything
ဈေးကြီးကြီး ၀တ်စုံကောင်းကောင်းကို နာမည်ကြီးဒီဇိုင်နာနဲ့ချုပ်၊ ငွေကိုရေလိုသုံးနိုင်ရင်လည်းဆုရတတ်ကြပါတယ်။ ၀တ်စုံမှ မဟုတ်ပါဘူး အရာရာငွေကို ရေလိုသုံးနိုင်လေ ကောင်းလေပေါ့။ ဒိုင်များနဲ့ဒီဇိုင်နာများဟာလည်း အလုပ်သဘောရဆက်ဆံနေရတာဖြစ်လို့ ဘယ်သူ့လက်ရာမှန်း ဒိုင်တွေသိကြပါတယ်။ သေချာတာတော့ အဲဒီဒိုင်ဟာ မဂ္ဂဇင်း(သို့မဟုတ်)ဓာတ်ပုံပိုင်းဆိုင်ရာကဖြစ်ခဲ့တယ်ဆိုရင် သူ့လုပ်ငန်းကို စပွန်ပေးနေကျ ဒီဇိုင်နာချုပ်ပေးတဲ့ပြိုင်ပွဲဝင်ဆိုပေးရလေ့ရှိပါတယ်။

Eye-Candy
ဒိုင်ထဲမှာ နှာဗူးကျတာတွေ၊ ပရိတ်သတ်ကြီးကလည်း ရမ္မက်အသားပေးတွေဆိုရင်တော့သေချာပါတယ်၊ ကိုယ်ခန္ဓာကောက်ကြောင်းလှတဲ့သူတွေ၊ ဆုရပြီးနောက်ပိုင်းလည်းမိတ်ဖြစ်လို့ရတဲ့ သူတွေဆုရတတ်ပါတယ်။ ဆယ်တန်းစာမေးပွဲတောင်မှ လက်ရေးလှရင် စာစစ်တဲ့ဆရာမတွေကို စိတ်ကြည်လင်စေတဲ့အတွက် ဂုဏ်ထူးထွက်တတ်ပါတယ်။ ဘယ်လောက်အရည်အချင်းရှိရှိ 18+ ကိစ္စနဲ့ပတ်သတ်လို့ ဆွဲဆောင်အားနည်းမယ်၊ သားလိမ္မာ သမီးလိမ္မာလေးဖြစ်မယ်ဆိုရင်တော့ စလွယ်မပါဘဲ အိမ်ပြန်ရတတ်ပါတယ်။

ဒါတွေကြောင့် ကိုယ်အရည်အချင်းမရှိဘဲနဲ့ရလာတဲ့ဆုကြီးကို အိပ်ရာထဲဖက်အိပ်ရင်တောင် အိပ်မက်လှလှမမက်တတ်ကြပါဘူး။ Title ဆုရသော်လည်း မိမိကိုယ်ပိုင်အရည်အချင်းနဲ့ရလာတဲ့ဆုဆိုတာ အချိန်မရွေးတွေးလိုက်ရင်တောင် ပီတိဖြစ်စရာပါ။ ပွဲတွေလုပ်မယ်ဆိုလည်း ကော်ပီတွေမကူးကြပါနဲ့။ Make me supermodel ကို တုပြီး TV မှာ ကျင်းပနေတဲ့အစီအစဉ်တွေတွေ့ရင် စိတ်ပျက်စရာကြီးပါ။ ကိုယ့်လက်ထဲကို လုပ်ပိုင်ခွင့်ရလာတဲ့အရာတစ်ခုကို ကိုယ်ပိုင် Idea တစ်ခုနဲ့ထုဆစ်ကြပါလို့။ နောက်ဆုံးတော့လည်း ဘယ်သူမပြုမိမိမှုပါဘဲ၊ ကိုယ်သည် ဒီပွဲတစ်ခုပြိုင်တော့မယ်ဆိုရင် သူတို့လက်ခုပ်ထဲကရေဖြစ်သည့်အတွက် သွန်ချင်သွန်၊ သောက်ချင်သောက်လက်ခံနိုင်မှသာ ပွဲတစ်ခုကိုပြိုင်စေချင်ပါတယ်။

Sunday, February 24, 2013

ငါးကျည်းခြောက် ငါးပိချက်၊ ကြက်သားသုပ်၊ ဘူးညွန့်ကြော်ချက်


 ငါးကျည်းခြောက် ငါးပိချက်၊ ကြက်သားသုပ်၊ ဘူးညွန့်ကြော်ချက် သို့ ဘူးညွန့်ဟင်းချို(ပုစွန်ခြောက်)
ရုံပတီသီး၊ မုန်လာဥ၊ ခရမ်းသီး၊ မုန်လာချဉ် တို့စရာ

အိမ်ကအဖေကလေ ငါ့သား မင်းရန်ကုန်ကပြန်လာရင် ငါးကျည်းခြောက်ဝယ်လာခဲ့ အမျိုးမျိုးချက်စားလို့ရတယ်ဆိုတာကြီး ပဲဗျ။ တခြားမုန့်တွေဘာတွေမမှာဘူးရယ်။ မဆီမဆိုင်ပြောတာတော့မဟုတ်ပါဘူးဗျာ ဒီတစ်ပတ် ငါးကျည်းခြောက်ငါးပိချက်လေး ချက်စား လို့သတိတရပြောမိခြင်းပါ။

ငါးကျည်းခြောက်ငါးပိချက်လေးရယ် ကြက်သားကိုဆီမပါဘဲသုပ်မယ် ပြီးတော့ ဘူးညွန့်ကြော်ချက်လေးကိုချက်မယ်နော်။ ပြီးတော့ ရုံးပတီသီး မုန်လာဥ ခရမ်းသီးတို့ကို ရေနွေးနဲ့အနေတော်ဖျောကာ မုန်လာချဉ်ကိုတော့ ပန်းကန်လေးနဲ့ထည့်ပြီး အတို့အမြှုပ်အစုံ အလင်အဖြစ် ဖန်တီးလိုက်မယ် ထမင်းမြိန်စေရောပေါ့။

တစ်ခုတော့ထပ်ပြောရဦးမယ် ကျွန်တော်က အသီးအရွက်တွေ မကြော်မချက်ခင် Good maid ကထုတ်တဲ့ အသီးအနှံ့ဆေးတဲ့ အရည်လေးနဲ့ သေချာဆေးပြီးမှ ရေနဲ့ဖွားဖွားပါအောင်ပြန်ဆေးလိုက်သေးတာ။ ပစ္စည်းကြေငြာပေးတာတော့ဟုတ်ဘူး ဟိုတလောက ဂျာနယ်မှာဖတ်လိုက်ရပါတယ် မိသားစုတစ်စုလား အလုပ်သမားတစ်စုလားမသိ ပိုးသတ်ဆေးအကြွင်းအကျန်တွေ မကင်းသေးတဲ့ အသီးအရွက်တွေကို ကြော်လှော်ချက်ပြုတ်စားလိုက်တာ အစာအဆိပ်သင့်ပြီး ဒုက္ခရောက်ကုန်ကြသတဲ့။ ဒါကြောင့် သတိတရ ထည့်ပြောလိုက်ခြင်းပါနော်။

ငါးကျည်းခြောက်ငါးပိချက်
ပါဝင်သည့်ပစ္စည်းများ

ငါးကျည်းခြောက်၊ ၂ ၁/၂ ကျပ်သား၊ ငရုတ်သီးခြောက် ၂ ၁/၂ ကျပ်သား၊ ကြက်သွန်ဖြူ ၄ဥ၊ ကြက်သွန်နီ ၄ ဥ၊ ခရမ်းချဉ်သီး ၅၀ကျပ်သား၊ စိမ်းစားငါးပိ ဆီးဖြူသီး ၂လုံးခန့်၊ ငံပြာရည် ၂ဇွန်း၊ ဆား အနေတော်၊ ဟင်းခတ်မှုန့် အနေတော်၊ နံနံပင် အနေတော်၊ ငရုတ်သီးစိမ်း ၁၅တောင့်ခန့်၊ ဆီ ၂ကျပ်သား၊

ပြင်ဆင်ချက်ပြုတ်နည်း
ပထမဦးစွာ ငါးကျည်းခြောက်ကို ရေစိမ်ပါ။ ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး ပါးပါးလှီးပါ။ ငရုတ်သီးခြောက်ကို မညက်တညက်ထောင်းပါ။

ကြက်သွန်နီ ၁ဥကို ရှစ်စိတ်ခန့် စိတ်ပါ။ ကြက်သွန်ဖြူ မညက်တညက်ထောင်းပါ။ 

ကြက်သွန်ဖြူနီ ဆီသတ်ပါ။ ငရုတ်သီးခြောက် ထောင်းထည့်ပါ။ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး ခရမ်းချဉ်သီး ဆီပြန်လာလျှင် ရေစိမ်ထားသော ငါးကျည်းခြောက်ကို အနေတော် အရွယ်လေးများ နွှင်ထည့်ပါ။
ငံပြာရည်နည်းနည်းထည့်ပါ။ လိုအပ်လျှင် ဆား၊ဟင်းခတ်မှုန့် ထည့်ပါ။

နံနံပင်ထည့်ပါ။

အပေါ့အငံမြည်းပါ။ ရေစပ်စပ်ထည့်ပြီး ဆီပြန်လာလျှင် ချလိုက်ပါ။
အသင့်စားသုံးနိုင်ပါပြီ။

ကြက်သားသုပ် (ဆီမပါ)
ပါဝင်သည့်ပစ္စည်းများ

ကြက်သား (စီပီ) ၂၅ကျပ်သား၊ ကြက်သွန်နီ(ဥကြီး) ၁၀ကျပ်သား၊ နံနံပင် ၁၀ပင်၊ ငရုတ်သီးစိမ်း ၁၅တောင့်၊ ဟင်းခတ်မှုန့်၊ဆား လိုသလောက်၊ သံပရာသီး ၁ လုံး

ပြင်ဆင်ချက်ပြုတ်နည်း
CP ကြက် ၂၀ကျပ်သား ရေစင်အောင်ဆေးပြီး ဆားဟင်းခတ်မှုန့်ထည့်၊ ရေနည်းနည်းထည့်ပြီး အဖုံးဖုံးကာ ရေခန်းအောင်ပြုတ်ပါ။
အကျက်ညီအောင် ပြန်လှန်ပေးပါ။

ကြက်သားပြုတ်ထားစဉ် ကြက်သွန်နီ ပါးပါးလှီးထားပါ။

ငရုတ်သီးစိမ်းကို ပါးပါးညှပ်ထားပါ။

ကြက်သားကျက်လျှင် အအေးခံပြီး အမွှာလေးများဖြစ်အောင် နွှာလိုက်ပါ။

ထမင်းပွဲပြင်ကာနီးမှ ငရုတ်သီးစိမ်း၊ ကြက်သွန်၊ ဟင်းခတ်မှုန့်၊ ဆား၊ နံနံပင် တစ်ဝက်ထည့်ပြီး ရောနယ်ပါ။
သံပရာရည် ညှစ်ထည့ှ်၍နယ်ပြီး ဟင်းကို ပန်းကန်ထဲကို ထည့်ပြီးမှ ကျန်နေသည့် နံနံပင်ကို လှအောင်ဖြူးလိုက်ပါ။

ဘူးညွန့်ဟင်းချို
ပါဝင်သည့်ပစ္စည်းများ

ဘူးညွန့် လတ်လတ်ထွားထွား ၆ ညွန့်ခန့်၊ ကြက်သွန်ဖြူ ၂ဥ၊ စိမ်းစားငါးပိ(ရခိုင်) ဆီးဖြူသီးခန့်၊ ပုစွန်ခြောက် ၁၅ကောင် (သို့) ကြက်သား(ရိုး) ၅ကျပ်သား၊ နံနံပင် ၂ ပင်၊ ဆူးပုပ်ညွန့် ၃ညွန့်

ပြင်ဆင်ချက်ပြုတ်နည်း
ပုစွန်ခြောက်ကို ညက်အောင် ထောင်းပါ။ ပုစွန်ခြောက်မှုန့်ကို ရေနို့ဆီ ၃လုံးခန့်ထည့်ပြီး ရေဆူအိုးတည်ပါ။
ငါးပိထည့်ပါ။

ဘူးညွန့်ကို အရိုးအရွက်သီးခြားဆီ နွှင်ပြီး ရေဆေးထားပါ။

ဟင်းရည်အိုး ကျိုက်ကျိုက်ဆူလာလျှင် ဆား၊ဟင်းခတ်မှုန့် ထည့်ပါ။ ပြီးလျှင် ဘူးရိုးကို အရင်ထည့်ပါ။ ဘူးရိုးနူးချိန်တွင် ဘူးရွက်ထည့်ပါ။

အဖုံးခဏ အုပ်ထားပါ။ ၃ မိနစ်ခန့်ရှိလျှင် အဖုံးဖွင့်လိုက်ပါ။ အပေါ့အငန်မြည်းပါ။

အပေါ့အငန်တော်လျှင် ဆူးပုပ်ရွက်နှင့် နံနံပင်ခပ်ပါ။ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူထည့်ပါ။ ငရုတ်သီး ဆားထောင်းနှင့် လိုက်ဖက်ပါသည်။