Wednesday, February 28, 2018
ကိုယ်တိုင်လုပ် မီးဖိုချောင်က အလှပြင်ပစ္စည်းများ
ဆံသားနှင့် အသားအရေလှပဖို့ မီးဖိုချောင်က အလှပြင်ပစ္စည်းများ 
[Kitchen Cosmetics: How to Make Your Own skin and Hair Care Products]
စာဖတ်သူအများစု နားလည်သဘောမပေါက်ကြတဲ့ အချက်အလက်အချို့ကိုလက်တို့ပါရစေ။ ကိုယ်အကြိုက်အနှစ်သက်ဆုံးဆိုပြီး ၀ယ်သုံးနေကြတဲ့ အသားအရေထိန်းသိမ်းရေးထုတ်ကုန်ပစ္စည်းတွေမှာ အန္တရာယ်ရှိသော အရောအနှော၊ ဓာတုပစ္စည်းနှင့် အဆိပ်အတောက်တွေ ပါဝင်နေတတ်သလို မိမိတို့အသားအရေကို အန္တရာယ်ဖြစ်နေစေနိုင်တယ်ဆိုတာပြောပြချင်တာပါ။ ဒါဟာ `မိမိ အမှန်တကယ်ရလိုက်သော အလှကုန်ရဲ့ အဖိုးအခ´လို့သိလိုက်ရခြင်းလို့ပြောရမှာပါပဲ။
ဒါပေမယ့် သတင်းကောင်းလို့ ပြောစရာတစ်ခုရှိနေပါတယ်။ ဈေးကြီးပြီး အန္တရာယ်မရှိဘူးဆိုတဲ့ အလှအပ ထုတ်ကုန်ပစ္စည်းတွေကို ၀ယ်မသုံးဘဲ စာဖတ်သူတို့ရဲ့ အရေပြားအလှအပသာမက ဆံသားကြံ့ခိုင်လှပဖို့အတွက် သဘာဝနည်းလမ်းတွေသုံးကာ ထိန်းသိမ်းလို့ရနေတာပါ။ အမျိုးသမီးအချို့ကတော့ သဘာဝပစ္စည်းအသားပေး အလှပြင်ပစ္စည်းတွေကို အသုံးပြုလို့ နှစ်ကာလ အချိန်အတိုင်းအတာတစ်ခု ရောက်ပါက အသားအရေ လှပကောင်းမွန်မယ်ဆိုတာ အထာနပ်နေကြပြီးသားပါ။
သူတို့တွေ အသုံးပြုတတ်တဲ့ ကိုယ်တိုင်လုပ် မီးဖို​ချောင်​ အလှပြင်ပစ္စည်းပြုလုပ်နည်းအချို့ကို ပြန်လည်ဝေမျှပါမယ်။ စာဖတ်သူကိုယ်တိုင် ကိုယ့်အိမ်မှာ မှန်မှန်ကန်ကန် ပြုလုပ် အသုံးပြုလို့ အဆင်ပြေတာပေါ့လေ။
ကိုယ်တိုင်လုပ် မီးဖိုချောင်က အလှပြင်ပစ္စည်းများ
[DIY Kitchen Cosmetics]
(၁) ဆံသားပါးသူအတွက် အသုံးပြုဖို့ ပေါင်းဆေး [ Hair Care Mixture for Thinning Hair]
စာဖတ်သူဟာ ဆံသားပါးသူ တစ်ယောက်ဆိုပါက ကိုယ့်ဆံပင် ကိုယ့်ဆံသားကို ပုံမှန် အစီအစဉ်တကျ ဘယ်လိုဂရုတစိုက် ပြုစုမှု ပြုလုပ်သလဲဆိုတဲ့အပေါ် သတိထားဖို့လိုနေပါပြီ။ ပြီးတော့ ဒီအတောအတွင်း ကျန်းမာရေးကောင်းရဲ့လား ၊ ဆေးတစ်မျိုးမျိုးသောက်နေရလို့လား ဆိုတာကောပေါ့။
 အသီးအရွက်အသုပ်စုံ (salads)၊ လတ်ဆတ်တဲ့ သစ်​သီးဝလံ တွေနှင့်အတူ နို့ထွက်ပစ္စည်းစားသုံးမှုပမာဏတိုးဖို့ အမှတ်ထားရပါမယ်။ အထူးသဖြင့်​ သံဓာတ်(iron)ကြွယ်ဝတဲ့  စားသောက်ကုန်တွေကို စားသုံးပေးဖို့ပေါ့။
ပါဝင်ပစ္စည်းတွေက (Materials) - 
(၁) အရောအနှောမပါ သံလွင်ဆီစင်စစ် ၆ ဇွန်း၊
(၂) သဘာဝပျားရည် ၃ ဇွန်း၊
ပြုလုပ်ပုံ (Directions) -
(၁) အိုးသန့်သန့်တစ်ခုထဲသို့ ပါဝင်ပစ္စည်း နှစ်ခုကို ရောမွှေပြီးထည့်ကာ မီးဖိုပေါ်တင် ခပ်နွေးနွေးဖြစ်အောင် အပူပေးပါ။
(၂) ခပ်နွေးနွေး ပစ္စည်းအရောကို ဦးရေပြား (scalp) နဲ့အတူ ဆံသားအရင်းကနေ အဖျားထိလိမ်းကျံပေးပါ။
(၃) နှိပ်နယ်ရာမှာသုံးတဲ့ ဘီး(massaging combs)ကို အသုံးပြု ပြီး ၁၅မိနစ်လောက် ကောင်းကောင်းလေး နှိပ်နယ်ပေးပါ။
(၄)ရေချိုးခန်းသုံးခေါင်းစွပ် (shower cap) ကို ဆံပင်တွေအုပ်မိတဲ့အထိဆောင်းပြီး မိနစ် သုံးဆယ်လောက် ထားလိုက်ပါ။
(၅) အချိန်စေ့တဲ့အခါ ခပ်ပျော့ပျော့ ခေါင်းလျှော်ရည် (mild shampoo) အသုံးပြု ပြီး ဆံပင်တွေကို ဆေးကြောပေးပါ။
(အုန်းဆီမှာ ဆံပင်ကျွတ်တဲ့ပြဿ     နာ အတော်များများကို အလျှင်အမြန်ဖြေရှင်းကုသပေးနိုင်တဲ့ အဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ Treatment လုပ်မယ်ဆိုရင်တော့ အုန်းဆီ နှစ်ဇွန်းကို ထည့်ပေါင်း အသုံးပြုပါ။)
Tips: ဆံပင်ရှည်ပြီး ဆံသားထူဖို့ ရက်သတ္တပါတ် တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် ပြုလုပ်ပါ။
(၂) မျက်နှာပေါ်က အစက်အပြောက်နဲ့ ၀က်ခြံအမာရွတ်ကင်းအောင် ကြေးချွတ်သန့်စင် 
[Facial Scrub for Spots and Acne Scars]
ပါဝင်ပစ္စည်းတွေက (Materials) - 
(၁) အယ်လ်မွန်စေ့အမှုန့် (almond powder) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊
(၂) လိ​မ္မော်​သီး အခွံအခြောက်မှုန့် (orange peel powder) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊
(၃) ဘေ့ဇယ်လ် အရွက်ခြောက်အမှုန့် (dried basil powder) - လက်​ဖက်​ရည်​ဇွန်း ၂ ဇွန်း၊
(၄) အုတ်ဂျုံမှုန့် (oatmeal) - လက်ဖက်ရည်ဇွန်း ၂ဇွန်း၊
နွားနို့ (Milk)
အုန်းရည်​ (Coconut Water)
ပြုလုပ်ပုံ (Directions) -
(၁) ပါဝင်ပစ္စည်းတွေအကုန်ရောစပ်ကာ သမအောင်ရောမွှေပါ။
(၂) နို့အနည်းငယ် ထပ်ပေါင်းထည့်မွှေပါ။
(၃) အရေပြားအကုန်လုံးကို လိမ်းကျံပေးပြီး ခြောက်သွေ့သည်အထိ ထားလိုက်ပါ။
(၄) ခြောက်သွေ့သွားချိန်မှာ အုန်းရည်​အချို့ကို အပေါ်က ထပ်လိမ်းကျံပေးပါ။
(၅) စက်ဝိုင်းသဏ္ဌာန် ငြင်သာစွာ ပွတ်သပ်ကြေးချွတ်ပေးပါ။
Tips: အပေါ်ကပြောခဲ့တဲ့ နည်းလမ်းအတိုင်း နေ့စဉ်ပြုလုပ်ပေးပါ။
(၃) ၀က်​ခြံကြောင့် ကြမ်းတမ်းနေတဲ့ အရေပြားကို လိ​မ္မော်​ခွံမှုန့်နဲ့ ကြေးချွတ်သန့်စင်ဖို့ 
[ Orange Peel Scrub for Acne-Prone Skin]
ပါဝင်ပစ္စည်းတွေက (Materials) - 
(၁) လိမ္မော်ခွံအမှုန့် (Orange peel powder)၊
(၂) တမာစေ့အမှုန့် (Neem powder) လက်ဖက်ရည်ဇွန်း ၂ဇွန်း၊
(၃) နှင်းဆီပေါင်းခံရည် (Rose Water)
ပြုလုပ်ပုံ (Directions) -
(၁) လိမ္မော်ခွံအမှုန့် ၊ တမာစေ့အမှုန့် နှင့် နှင်းဆီပေါင်းခံရည်တို့ကို ပေါင်းစပ်လိုက်ပါ။
(၂) ပေါင်းစပ်ထားတဲ့ အရောအနှောပစ္စည်းကို အသုံးပြုပြီး ကြေးချွတ်သန့်စင်မယ့် အရေပြားကို ပွတ်ပေးလိုက်ပါ။
(၄) ခြောက်သွေ့တဲ့ အရေပြားအတွက် အစိုဓာတ်ထိန်း ကရင်မ်
[Honey  and Olive Oil Moisturizer for Dry Skin]
ပါဝင်ပစ္စည်းတွေက (Materials) - 
(၁) ပျားရည်​ (honey) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(၂) သံလွင်ဆီ (olive oil) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ (Directions) -
(၁) သံလွင်ဆီနဲ့ ပျားရည်​ကို အသေအချာ ပေါင်းစပ် ရောမွှေပါ။
(၂) ပစ္စည်းနှစ်ခုရောထားတဲ့အရာကို လိမ်းကျံ အသုံးပြု ပြီး အရေပြားကို နည်းလမ်းတကျ နှိပ်​နယ်​ပေးပါ။
(၃) ပြီးနောက် ၁၅မိနစ်လောက် ဒီအတိုင်းထားလိုက်ပါ။
(၄) ရေဖြင့်သန့်စင်ဆေးကျောပါ။
Tips ။ ။ ၁၀ ရက်အတွင်း အနည်းဆုံး တစ်နေ့ နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် ကွဲပြားခြားနားမှုကို တွေ့ရမှာ သေချာပါတယ်။
Source:
Suparna Trikha, columnist and nature care expert
Ref: Kitchen Cosmetics: How to Make Your Own skin and Hair Care Products By Georgia Landry
Tuesday, February 27, 2018
လေ့ကျင့်​ခန်း၏_ပြင်းအား(Intensity)
လေ့ကျင့်​ခန်း၏ ပြင်းအား(intensity) ဆိုတာကို အကြမ်းဖျဉ်း ရှင်းပြချင်​ပါတယ်​။ intensity ဆိုတာ ​လေ့ကျင့်​ခန်းပြုလုပ်​​နေစဉ်​အတွင်းမှာ energy ဘယ်​​လောက်​အသုံးပြုလိုက်​သလဲ ဆိုတာကို ကိုယ်​စားပြုတာပဲဖြစ်​ပါတယ်​။ ​လေ့ကျင့်​ခန်းပြုလုပ်​​နေစဉ်​ အတွင်းမှာ ခန္ဓာကိုယ်​ ဟာ သုံးစွဲ လိုက်​တဲ့ ​လောင်​စာဆီ ပမာဏ ကိုဆိုလိုတာဖြစ်​ပါတယ်​။ ​နောက်​တနည်းအ​နေနှင့်​ intensity ဟာ ကိုယ်​လက်​လှုပ်​ရှားမှု စွမ်းအား (physical power) ဖြစ်​ပြီး၊ ခန္ဓာကိုယ်​ဟာ ​လေ့ကျင့်​ခန်းလုပ်​​နေစဉ်​အတွင်း ​အောက်​စီဂျင်​ သုံးစွဲမှု (oxygen consumption) ပမာဏ ဘယ်​​လောက်​များသလဲ ဆိုတဲ့ အ​ပေါ်မှာ အ​ခြေခံပါတယ်​။
ကြွက်​သား​တွေ ကြီးထွားချင်​လို့ပဲ ဖြစ်​ဖြစ်​၊ အဆီ​တွေ​လောင်​ကျွမ်းချင်​လို့ပဲ ဖြစ်​ဖြစ်​ ​လေ့ကျင့်​ခန်းပြုလုပ်​ရာမှာ ပြင်းအား(intensity) ဟာ ကစားသမား​တွေ နဲ့ တိုက်​ရိုက်​သက်​ဆိုင်​ပါတယ်​။ ဥပမာ...စက်​ဘီး စီးတယ်​ဆိုပါစို့။ ၁၀ မိနစ်​ စက်​ဘီး စီးလို့ ​ချွေး​တွေ ပြိုက်​ပြိုက်​ထွက်​ပြီး အသက်​ကို မနည်းရှူ​နေရတဲ့ သူ ရဲ့ အသုံးပြုလိုက်​တဲ့စွမ်းအင်​၊ ​လောင်​ကျွမ်း သွားတဲ့ kcal နဲ့ ၁၀ မိနစ်​ စက်​ဘီး စီးပြီးလို့ ​ချွေး​တောင်​ မထွက်​တဲ့သူ ရဲ့ စွမ်းအင်​အသုံးပြုမှု၊​လောင်​ကျွမ်းသွားတဲ့ kcal နိုင်းယှဉ်​မယ်​ဆိုရင်​ ဘယ်​လိုမှ မတူညီနိုင်​ပါဘူး။ တစ်​ချို့ ဆိုရင်​ ​လေ့ကျင့်​ခန်း​လေးလုပ်​လိုက်​ selfie ​လေးရိုက်​လိုက်​၊ ​လေ့ကျင့်​ခန်း​လေးလုပ်​လိုက်​ ဖုန်း​လေးပွတ်​လိုက်​၊ စကား​လေး​ပြောလိုက်​နဲ့ အချိန်​​တွေသာ ကုန်​သွားတယ်​ ​ပြောင်းလည်းမှုက တိုးတက်​မလာပါဘူး။ gym ကစားတာ ၂/၃ လသာကြာလာတယ်​ ပိန်​လည်းမသွားဘူး၊ ကြီးထွားချင်​တဲ့သူ​တွေကလည်း ​ပြောင်း​လည်းမလာပဲ လိုချင်​တဲ့ target မရရှိကြပါဘူး။ ကြာလာ​တော့ gym ကစားတာကို စိတ်​မပါ​တော့ပဲ gym ကစားလည်း အလကားပါ ဘာမှ မတိုးတက်​လာပါဘူးဆိုတဲ့ အမြင်​မျိုး၊ အ​တွေးမျိုး​တွေ ဝင်​လာတတ်​ပါတယ်​။
ဘာ​ကြောင့်​ပါလဲ ?
ကစားသမား​တွေ အ​နေနှင့်​ ​လေ့ကျင့်ခန်းရဲ့ intensity ကို ဂရုမပြုမိကြလို့၊ သတိမထားမိကြလို့ပဲ ဖြစ်​ပါတယ်​။ ပိန်​ချင်​လို့ပဲဖြစ်​ဖြစ်​၊ ကြီးထွားချင်​လို့ပဲ ဖြစ်​ဖြစ်​ intensity ဟာ အဓိကကြတဲ့ ​နေရာမှာ ရပ်​တည်ေ​နပါတယ်​။ မိမိ ခန္ဓာကိုယ်​ ကို စိတ်​ကြိုက်​ပုံ​ဖော်​ပြီး၊ ​ပြောင်းလည်းဖို့ဆိုရင်​ intensity ဆိုတဲ့ ​လေ့ကျင့်​ခန်းပြင်းအားကိုလည်း အတိအကျ လိုက်​နာရပါမယ်​။ နည်းစနစ်​​တွေ ဘယ်​​လောက်​​ကောင်း​ကောင်း intensity မ​ကောင်းရင်​လည်း ရလဒ်​ က zero ပါပဲ။ ဝိတ်​ချချင်​တဲ့ လူ နှစ်​ဦး ကို တူညီတဲ့ workout ​တွေ ​​ပေးပြီး၊ intensity ပြင်းအား​ကောင်း​ကောင်းနဲ့ ​လေ့ကျင့်​တဲ့ သူနှင့်​ သာမန်​ပဲ ​လေ့ကျင့်​တဲ့သူ နှစ်​ဦးရဲ့ ရလဒ်​ ဟာ လွန်​စွာမှ ခြားနားတာကို ​တွေ့ရှိရမှာဖြစ်​ပါတယ်​။ ခန္ဓာကိုယ်​ ကြီးထွားချင်​တဲ့ သူ​တွေလည်း intensity ကွာခြားတာနဲ့ ​ပြောင်းလည်းမှု ဟာ ကွာခြားတာကို ​တွေ့ရှိရပါတယ်​ (တစ်​​ကျော့နှင့်​တစ်​​ကျော့ကြား အကြာကြီးနားခြင်း၊ အာရုံစူးစိုက်​မှု မရှိခြင်း) ။အဲဒီ​တော့ intensity ရဲ့အ​ရေးပါမှုကို သိရှိ​လောက်​ပြီထင်​ပါတယ်​။
(၁) စကား​ပြောခြင်းဖြင့်​စမ်းသပ်​ခြင်း
လေ့ကျင့်​ခန်း၏ ပြင်းအား intensity ကို တိုင်းတာစစ်​​ဆေး တဲ့ ​နေရာမှာ စကား​ပြောခြင်းဖြင့်​ စစ်​​ဆေးခြင်းဟာ အလွယ်​ကူဆုံးနဲ့ အရိုးရှင်းဆုံး စမ်းသတ်​နည်းဖြစ်​ပါတယ်​။အောက်​ပါတို့ကို​လေ့လာကြည့်​ရ​အောင်​ပါ-
# ​လေ့ကျင့်​ခန်းပြုလုပ်​​နေစဉ်​အတွင်း(သို့) ပြီးဆုံးချိန်​မှာ ကစားသမားတစ်​​ယောက်​ဟာ စကားလည်း​ကောင်း​ကောင်း​ပြောနိုင်​မယ်​၊ သီချင်းတစ်​ပုဒ်​ ​တောင်​ ဆိုနိုင်​​သေးတယ်​ဆိုရင်​ သူ့ရဲ့ ကစားလိုက်​တဲ့ ပြင်းအား intensity က မ​ကောင်းပါဘူး။ အားထည့်​မကစားပဲ ​ရေသာခိုပြီး သာသာယာယာ ပဲ ကစားတဲ့ သူဖြစ်​ပါတယ်​။ အချိန်​​တွေသာကုန်​သွားတယ်​ ရလဒ်​ က​တော့ zero ပါ။ပြောင်းလဲ မလာပါဘူး။ gym ​တွေမှာ အများဆုံး​တွေ့ရှိရတဲ့ ကစားသမားများဖြစ်​ပါတယ်​။
#  ​လေ့ကျင့်​ခန်းပြုလုပ်​​နေစဉ်​အတွင်း(သို့) ပြီးဆုံးချိန်​မှာ ကစားသမားတစ်​​ယောက်​ဟာ စကား​တော့​ပြောနိုင်​တယ်​၊ သီချင်းစာသား အချို့ ကို ​ဖြောင့်​​အောင်​မဆိုနိုင်​ဘူးဆိုရင်​ သူ့ရဲ့ ပြင်းအား intensity ဟာ အလယ်​အလတ်​ အဆင့်​ဖြစ်​ပါတယ်​။သူ့ရဲ့ပြင်းအားဟာ ၆၀% ~ ၇၀% ကြားမှာရှိ​နေပါတယ်​။ကစားသမားအသစ်​​တွေ လိုက်​ပါကစားဖို့အကြံပြုတင်​ပြချင်​ပါတယ်​။
#  ​လေ့ကျင့်​ခန်းပြုလုပ်​​နေစဉ်​အတွင်း(သို့) ပြီးဆုံးချိန်​မှာ ကစားသမားတစ်​​ယောက်​ဟာ သီချင်းဆိုဖို့ မဆိုထားနှင့်​ စကားကို​တောင်​ အနည်းငယ်​ ပဲ ​ပြောနိုင်​မယ်​ဆိုရင်​​တော့ သူ့ရဲ့ ပြင်းအား intensity က အလယ်​အလတ်​အဆင့်​ထက်​ပိုပြီး ပြင်းအား ​ကောင်း​တဲ့ အဆင့်​မှာရှိ​ ​နေပါတယ်​။သူ့ရဲ့ ပြင်းအားဟာ ၇၀% ~ ၈၀% ကြားမှာရှိ​နေပါတယ်​။
#  ​လေ့ကျင့်​ခန်းပြုလုပ်​​နေစဉ်​အတွင်း(သို့) ပြီးဆုံးချိန်​မှာ ကစားသမားတစ်​​ယောက်​ဟာ သီချင်းလည်းမဆိုနိုင်​ဘူး၊ စကားကို​တောင်​ တစ်​လုံးစ၊ နှစ်​လုံးစ ပဲ​ပြောနိုင်​ပြီး၊ အသက်​ကို​တောင်​ မနည်းလုပြီးရှူ​နေရရင်​​တော့ သူ့ရဲ့ ပြင်းအား intensity ဟာ သိပ်​​ကောင်းပြီး၊ ပြင်းအားအရမ်းမြင့်​တဲ့အတွက်​ ကစားသမားအသစ် ​တွေ ​လိုက်​ပါမကစားသင့်​​ပါဘူး။သူ့ရဲ့ ပြင်းအားဟာ ၉၀% ~ ၁၀၀% အ​နေအထားမှာရှိ​နေပါတယ်​။
အထက်​​ဖော်​ပြပါ ​လေ့ကျင့်​ခန်း၏ ပြင်းအား​တွေ ၊ အားထည့်​ပြီးကစားတဲ့ ပြင်း​အား​တွေ ကွာခြားတာနဲ့ အမျှ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ​ပြောင်းလည်းမှု ရလဒ်​ ဟာ ​သေချာ​ပေါက်​ ကွာဟ တယ်​ဆိုတာ အ​ထွေအထူး​ပြောစရာမလိုပဲ သိ​နိုင်​ပြီ ထင်​ပါတယ်​။
မှတ်​ချက်​။ ကျန်းမာ​ရေး ချို့တဲ့သူ၊ နှလုံး​ရောဂါရှိတဲ့သူ​တွေ အ​နေနှင့်​ ဆရာဝန်​၏ လမ်းညွှန်​မှုကိုရယူပါသင့်​ပါတယ်​။
(၂)  နှလုံးခုန်​နှုန်းဖြင့်​ စမ်းသပ်​စစ်​​ဆေးခြင်း
အထက်​မှာတင်​ပြထားတဲ့ စကား​ပြောခြင်းဖြင့်​ စမ်းသတ်​စစ်​​ဆေးခြင်းက​တော့ ကစားသမား​တွေ အားလုံးကို ရည်​ရွယ်​ ပြီး​ဖော်​ပြထားတာဖြစ်​ပြီး ​ယေဘူယျ general အဖြစ်တင်ပြထားတာဖြစ်​​​ပါတယ်​။ ယခုတင်​ပြမဲ့ နှလုံးခုန်​နှုန်းဖြင်းစမ်းသတ်​စစ်​​ဆေးခြင်းက​တော့ တစ်​ဦး တစ်​​ယောက်​ခြင်းစီ ရဲ့ နှလုံးခုန်​နှုန်းကို မူတည်​ပြီး စစ်​​ဆေးခြင်းဖြစ်​တဲ့အတွက်​ ပိုမိုတိကျ​ကောင်းမွန်​ပါတယ်​။ persional trainer ​တွေ သိထားသင့်​​ကြောင်း အကြံပြုတင်​ပြချင်​ပါတယ်​။
ကစားသမား တစ်​ဦး ရဲ့ အမြင့်​ဆုံး နှလုံးခုန်​နှုန်း(maxium heart rate) ကိုသိဖို့အတွက်​ ဆိုရင်​ ပုံ​သေနည်း(formula) အရ- ၂၂၀ ထဲမှ မိမိ၏ အသက်​ကို နုတ်​ရပါမယ်​။ မိမိအသက်​က ၅၀ ဆိုပါစို့ ( ၂၂၀-၅၀= ၁၇၀) mexium heart rate က (၁၇၀) ဖြစ်​ပါတယ်​။ ပြင်းအား အလယ်​အလတ်​ဖြစ်​တဲ့ ၆၀% ~ ၇၀% နဲ့ ကစားမယ်​ဆိုရင်​ ​အောက်​ပါအတိုင်းဆက်​လက်​တွက်​ယူရပါမယ်​-
၂၂၀-၅၀= ၁၇၀
ပြင်းအားအလယ်​အလတ်​ ၆၀% = ၁၇၀ × ၀.၆၀= ၁၀၂ (bpm) တစ်​မိနစ်​ နှလုံးခုန်​နှုန်း ဖြစ်​ပါတယ်​။
ပြင်းအားအလယ်​အလတ်​ ၇၀% = ၁၇၀ × ၀.၇၀ = ၁၁၉ (bpm) တစ်​မိနစ်​ နှလုံးခုန်​နှုန်း ဖြစ်​ပါတယ်​။
# အသက်​ ၅၀ အရွယ်​ ကစားသမားတစ်​ဦးဟာ ပြင်းအားအလယ်​အလတ်​ ၆၀% ~ ၇၀% နဲ့ကစားမယ်​ဆိုရင်​ တစ်​မိနစ်​ ရှိသင့်​တဲ့ နှလုံးခုန်​နှုန်းဟာ ၁၀၂ ~ ၁၁၉ (bpm) ကြားမှာရှိသင့်​ပါတယ်​။
ပြင်းအား​ကောင်းတဲ့ အဆင့်​ဖြစ်​တဲ့ ၇၀% ~ ၈၀% ကို ​အောက်​ပါအတိုင်းတွက်​ချက်​နိုင်​ပါတယ်​-
ပြင်းအား​ကောင်း ၇၀% = ၁၇၀ × ၀.၇၀ = ၁၁၉ (bpm)
ပြင်းအား​ကောင်း ၈၀% = ၁၇၀ × ၀.၈၀ = ၁၃၆ (bpm)
# အသက်​ ၅၀ အရွယ်​ ကစားသမားတစ်​ဦးဟာ ပြင်းအား​ကောင်း​ကောင်းနဲ့  ၇၀% ~ ၈၀% နဲ့ကစားမယ်​ဆိုရင်​ တစ်​မိနစ်​ ရှိသင့်​တဲ့ နှလုံးခုန်​နှုန်းဟာ ၁၁၉ ~ ၁၃၆ (bpm) ကြားမှာရှိသင့်​ပါတယ်​။
မိမိ၏ အသက်​အရွယ်​ ​ပေါ်မူတည်​ပြီး၊ ပြင်းအား အလယ်​အလတ်​၊ ပြင်းအား​ကောင်း တို့ကို အ​ခြေပြုကာ ရည်​မှန်းချက်​ target ကို ​ရောက်​နိုင်​ဖို့အတွက်​ တွက်​ချက်​နိုင်​ပြီဖြစ်​ပါတယ်​။ လွယ်​ကူစွာတွက်​ချက်​နိုင်​ရန်​အတွက်​ ပုံ(၁) တွင်​ ဇယားဖြင့်​​ဖော်​ပြထားပါတယ်​။ မိမိ၏ အသက်​ကို အစားထိုးထည့်​သွင်းခြင်းဖြင့်​ တစ်​မိနစ်​တွင်​ရှိသင့်​သည့်​ နှလုံးခုန်​နှုန်းကို သိရှိနိုင်​ပြီဖြစ်​ပါတယ်​။
နှလုံးခုန်​နှုန်းကို ဘယ်​လိုတိုင်းတာမလဲဆိုရင်​ ​အောက်​ပါအတိုင်း တိုင်းတာနိုင်​ပါတယ်​...
* ၁၀ မိနစ်​ ​ခန့်​ ကစားပြီးရင်​ ရပ်​လိုက်​ပါ။
* လက်​​ကောက်​၀တ်​ ​ပေါ်တွင်​ လက်​နှစ်​​ချောင်းဖြင့်​ အသာအယာ ဖိပြီး​သွေးခုန်​နှုန်းကို စမ်းသတ်​ပါ။လက်​မ တစ်​​ချောင်းတည်းဖြင့်​ မဖိရ။
* ၁၅ စက္ကန့်​ ကြာသည်​အထိ ​သွေးခုန်​သည့်​ အကြိမ်​အ​ရေအတွက်​ကို မှတ်​သားထားပါ။
* ရရှိသည့်​ ​သွေးခုန်​နှုန်းကို ၄ ဖြင့်​​မြှောက်​ပါက တစ်​မိနစ်​ ​သွေးခုန်​သည့်​အ​ရေအတွက်​ကို ရရှိပြီဖြစ်​ပါတယ်​။
* ရရှိသည့်​ ​သွေးခုန်​နှုန်း ကိုမူတည်​၍ မိမိ၏ ရည်​မှန်းချက်​ အတိုင်း ပြင်းအားနည်း​နေလျင်​ ပြင်​အားမြှင့်​ကစားပြီး၊ ပြင်းအားများ​နေလျင်​ ​လျော့ချ နိုင်​ပါတယ်​။ပြင်းအားနည်းပါက အချိန်​ကြာကြာ ကစားနိုင်​ပြီး၊ ပြင်းအားမြင့်​ပါက အချိန်​ အနည်းငယ်​သာ ကစားသင့်​ပါသည်​။
ပြောင်းလည်းမှု​တွေ အလှမ်း​ဝေး​နေတဲ့ ကစားသမားများ၊ ရည်​မှန်းချက်​ ကို အ​ရောက်​သွားချင်​​သောကစားသမားများ နှင့်​၊ ​ကုန်ဆုံးသွားေ​သာ အချိန်​များ၊ ​​ပေးစပ်လိုက်ရေ​​သာ ​ငွေ​ကြေးများအတွက်​ တန်​ဖိုးနှင့်​ ​လျော်​ညီသည့်​ ရလဒ်​ ကို ပြန်​လည်​ရရှိဖို့အတွက်​ ​လေ့ကျင့်​ခန်း၏ ပြင်းအား intensity. ၏ အ​ရေးပါမှု ကို ကစားသမားများသိရှိ တန်​ဖိုးထားတတ်​​စေရန်​ ရည်​ရွယ်​၍ တင်​ဆက်​လိုက်​ရပါသည်​။
မှတ်​ချက်​။ ဤစာစု ငယ်​ဖြင့်​ ဆရာနိုင်​ဦးအား ဂါရဝပြု အပ်​ပါသည်​။
                                      Htinkyaw Wazi
                        Olympia Fitness Centre ( သုဝဏ္ဏ )
                              MFTA Certified Trainer
Monday, February 26, 2018
ကိုယ့်ကလေးကို လိင်အကြမ်းဖက်မှု အကြောင်း ဘယ်လိုပြောပြမလဲ
မိမိ၏ ကလေးငယ်ကို တစုံတဦးက လိင်ပိုင်းအရ ထိပါးခြင်းသည် မည်သည့်မိဘအတွက် မဆို တုန်လှုပ်စရာ ဖြစ်သည်။
ထိုမျှ နုငယ်သော အရွယ်တွင် ၎င်းတို့ခံစားရသည့် နာကျင်မှု၊ ကြောက်ရွံ့မှုနှင့် နှစ်ပေါင်းများစွာတိုင် စိတ်ဝေဒနာကို စဉ်းစားကြည့်လျှင် တုန်လှုပ်စရာ ကောင်းလှသည်။ ထိုအတွေးသည် မည်သည့် မိဘကို မဆို တုန်လှုပ်စေပြီး ထို အကြောင်းကို ထပ်မံစဉ်းစား လိုခြင်း မရှိတော့အောင် ခံစားရစေသည်။
ထိုကဲ့သို့သော ဖြစ်ရပ်များသည် မိမိတို့၏ သားသမီးများ မည်သည့်အခါမျှ မကြုံတွေ့ရပါစေနှင့်ဟုသာ မျှော်လင့်ရပေသည်။
သို့သော် ကလေးသူငယ်များကို လိင်ပိုင်းအရ ထိပါး စော်ကားသည့် ကိန်းဂဏန်းများက မြင့်မားလာနေသည်။
အရေးအကြီးဆုံး အချက်မှာ ကလေးငယ်များသည် လိင်ပိုင်းအရ ထိပါးခံရသည်ကို ပြန်လည် မပြောပြခြင်း ဖြစ်သည်။ ၎င်းတို့သည် များသောအားဖြင့် ၎င်းတို့မိဘများ၏ တုံ့ပြန်မှုနှင့် ဒုက္ခရောက်ရမည်ကို ကြောက်လန့်နေသည်။ ၎င်းတို့သည် မည်သို့ ဖြစ်ပျက်သည်ကို မိဘများအား မည်သို့ ရှင်းပြရမည်ကို မသိ ဖြစ်နေသည် သို့မဟုတ် တိတ်တိတ်နေရန် လိင်ပိုင်းဆိုင်ရာ ထိပါးသူများက ပြောသည့် စကားကိုသာ ယုံကြည်နေကြသည်။
သင်၏ ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ထိပါးခြင်း မခံရစေရန် သင့်အနေဖြင့် အပြည့်အ၀ အကာအကွယ် ပေးနိုင်ခြင်း မရှိပေ။ သို့သော် သင်၏ ကလေးငယ် အတွက် လိင်ပိုင်းအရ ထိပါးခံရ နိုင်ခြေကို လျှော့ချရန်နှင့် တစုံတခု ကြုံတွေ့ရပြီးနောက် သင့်ကို ပြန်ပြော နိုင်ခြေကို များများ မြှင့်တင်ပေးနိုင်ရန် အတွက် လုပ်ဆောင်စရာများစွာ သင့်မှာ ရှိနေသည်။
လိင်ပိုင်းဆိုင်ရာ ထိပါးမှုများ အကြောင်းကို ကလေးများအား တိုက်ရိုက်၊ အကြိမ်ကြိမ် ပြောပြရန် လိုသည်။
လိင်ပိုင်းထိပါးမှုများ အကြောင်း ပြောခြင်းသည် လမ်းဖြတ်ကူးသည့် အကြောင်း ပြောရသည်နှင့် အတူတူပင်။ ကိန်းဂဏန်းများ အရ ကြည့်ပါက သင်၏ ကလေးငယ်သည် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရနိုင်ခြေထက် လိင်ပိုင်း အရ ထိပါးခံရနိုင်ခြေ ပိုမို များပြားနေသည်။
ထို့ကြောင့် အောက်ပါစကားများကို ပြောဆိုခြင်းသည် သင်၏ ကလေးငယ်ကို ဘေးကင်းစွာ လမ်းဖြတ်ကူးရန် သင်ပေးခြင်းကဲ့သို့ပင် အရေးကြီးသည်၊ ပွင့်ပွင့်လင်းလင်းပြောရလျှင် ပိုမို၍ပင် အရေးကြီးသည်။
ထိုသို့ ပြောကြားခြင်းသည် ချစ်ခင်ခြင်း၊ စောင့်ရှောက်ခြင်း၏ သင်္ကေတ အဖြစ် ဘေးကင်းစေသော နည်းလမ်း အဖြစ် သင်၏ ကလေးကို သင်က သင်ကြားပေးရမည့် အရာ ဖြစ်သည်။
အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကလေးများကို သူတို့၏ ခန္ဓာကိုယ် အကြောင်း စတင်ပြောကြားရန် မမေ့ပါနှင့်။
စကားပြောရန် ပြင်ဆင်သော နည်းလမ်းများ
၁။ ကလေးကို ချစ်သော နည်းလမ်းအဖြစ် စကားကို စပါ။
ကြောက်စရာ ကောင်းသော နေရာမှ မစတင်ဘဲ ချစ်စရာကောင်းသော နေရာမှ စတင်ခြင်းသည် သင်၏ ကလေးငယ်အတွက် တည်ငြိမ် အေးချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သည်။ ထိုသို့ လုပ်ခြင်းကြောင့် ကလေးများသည် သင်ပြောသော စကားလုံးများကို အမှန်တကယ် နားထောင်ရန် အထောက်အကူပြုသည်။ သင်သည် ထိတ်လန့်ပြီး စိတ် ဖိစီးနေပါက ကလေးတို့သည် ထိုထိတ်လန့်မှုကိုသာ အခြေခံအားဖြင့် တုံ့ပြန်မည် ဖြစ်ပြီး သင်ပြောသော စကားများကို များများစားစား မှတ်သားထားကြမည် မဟုတ်ပေ။
လိင်နှင့် ပတ်သက်လျှင် စာရေးသူတို့သည် လူမှု တားမြစ်ပိတ်ပင်ချက် သို့မဟုတ် ညစ်ပတ်သော အရာ ဟု မကြာခဏ သတ်မှတ်လေ့ ရှိသည်။ မိဘများသည် ၎င်းတို့၏ ခံစားချက်များကို ဖုံးကွယ်ထားလျှင်ပင် ကလေးများသည် တခါတရံ လွန်စွာ နားလည်လွယ်ပြီး မှားယွင်းမှု တခုခု ရှိနေကြာင်း အသေးအဖွဲမျှကိုပင် နားလည်ကြသည်။
၎င်းတို့ကို ထိခိုက်နစ်နာစေသော တစုံတဦး အကြောင်း ပြောခြင်းသည် မမှားယွင်းကြောင်း သင်ပြောလျှင်ပင် မှားယွင်းသည်ဟု ၎င်းတို့က ထင်ကောင်း ထင်နိုင်သည်။ ထို့ကြောင့် ဤစကားများကို ပြောသောအခါ တည်တည် ငြိမ်ငြိမ်၊ သာမန်ပုံစံနှင့် ချစ်ချစ်ခင်ခင်ပြောပါ။
၂။ ၂ နှစ် အရွယ်ခန့်မှ စတင်ပြောကြားပါ။
ထိုအရွယ်တွင် ပြောကြားခြင်းသည် စောလွန်းသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ၎င်းတို့သည် လောကကြီးကို နားလည်ရန် အပြင်းအထန် မှန်းဆပုံဖော် နေကြရချိန်ဖြစ်သည်။ ၎င်းတို့သည် အရွယ်ရောက်ပြီး သူများထက် ပိုမိုများစွာ နားလည် မှတ်သား သင်ယူနေရသည်မှာ သေချာသည်။
ဥပမာအားဖြင့် ဆိုရပါက ရေချိုးသော အခါတွင် ၎င်းတို့၏ လူမမြင်သင့်သော အစိတ်အပိုင်းများ မည်သည့် နေရာတွင် ရှိသည်နှင့် မိဘများသည် ထို အစိတ်အပိုင်းများကို သန့်စင်အောင် ကြည့်ရှုကိုင်တွယ်ခြင်းသာ ဖြစ်ပြီး ထိုအစိတ်အပိုင်းများကို အခြား မည်သူမျှ မမြင်သင့်၊ မထိသင့်ကြောင်း ပြောပြရမည်။
၃။ လူ မမြင်သင့်သော အစိတ်အပိုင်းများ၏ အခေါ်အဝေါ်မှန်ကို ၎င်းတို့အား ပြောပြပါ။
ကလေးများကို နား၊ မျက်စိ၊ ခြေမ စသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ အကြောင်း သင်ကြားသောအခါ ၎င်းတို့၏ လူ မမြင်သင့်သော အစိတ်အပိုင်းများ၏ အမည်များကို ပြောပြပြီး ထိုအမည်များသည် မည်မျှ ချစ်ခင်စရာ ကောင်းသည်ကို ရှင်းပြပါ။
ထိုအခါ တစုံတဦးက ၎င်းတို့ကို ထိပါးသော အခါ မည်သည့် အစိတ်အပိုင်းကို ထိပါးသည်ကို မှန်ကန်သော စကားဖြင့် ပြောဆိုနိုင်ပြီး နားထောင်သူ အနေနှင့်လည်း မည်သည်တို့ ဖြစ်ပျက်သည်ကို နားလည်နိုင်ပေသည်။ လိင်ထိပါးသူသည် လိင် အမျိုးအစား အမျိုးအမျိုး ဖြစ်နိုင်ပြီး ၎င်းတို့ မည်သည်တို့ကို ကြုံတွေ့ရသည်ကို ပြောပြနိုင်ရန် လိုသောကြောင့် ၎င်းတို့ကို အမျိုးသားနှင့် အမျိုးသမီး ခန္ဓာဗေဒကို သင်ကြားပေးရန်လည်း အရေးကြီးသည်။
တခါက ကလေးတဦးသည် ဗိုက်နာသည်ဟု မိဘများကို ပြောသည်။ ဆရာဝန်ထံခေါ်သွားသော အခါ သူမ၏ မအင်္ဂါတွင် အဓမ္မပြုကျင့် ခံထားရသည့် လက္ခဏာများ တွေ့ရကြောင်း ဆရာဝန်က ပြောသည်။ ထိုကလေးငယ်သည် သူကြုံတွေ့ခဲ့ရ သည်များကို မိဘများအား ပြောရန် ကြိုးစားနေသော်လည်း သူ၏ မအင်္ဂါကို မည်သို့ ခေါ်ရမည်ကို မသိဖြစ်နေသည်။ ထို့ကြောင့် ဗိုက်နာသည်ဟု သူပြောခဲ့ခြင်း ဖြစ်သည်။
၎။ လူမမြင့်သင့်သော အစိတ်အပိုင်းများကို တွေ့မြင် ထိတွေ့နိုင်သော အချိန်အခါများကို ပြောပြပါ။
ကလေးငယ်တဦး အတွက် နားလည်ထားရမည့် အသက်အရွယ်နှင့် သင့်တော်သော အသိမှာ မိဘနှင့် စောင့်ရှောက်သူများ အပါအဝင် မည်သူမျှ ကလေး၏ လူ မမြင်သင့်သော အစိတ်အပိုင်းများကို ၎င်းတို့အား သန့်စင်အောင်၊ ဘေးကင်းအောင်၊ ကျန်းမာအောင် ပြုလုပ်ပေးချိန်မှ အပ မကြည့်သင့်၊ မထိသင့် ဟူသော အယူအဆ ဖြစ်သည်။
ထိုသို့သော အခြေအနေတွင်ပင် တစုံတဦးက နာကျင်စေပါက “နာတယ်။ ရပ်” ဟုပြောပြီး မိဘများကို ချက်ချင်း ပြောပြနိုင်စေရန် လုပ်ဆောင်ထားရမည်။
သင်ပြောသည်ကို ကလေးများ နားလည်အောင် အထောက်အကူပြုသော ဥပမာ တချို့မှာ ၎င်းတို့ကို ရေချိုးပေးစဉ် သို့မဟုတ် ဆရာဝန်ထံတွင် ပြသစဉ်တွင် ဖြစ်သည် ။ သင် လုပ်ဆောင်နေသည်မှာ သန့်စင်အောင်၊ ဘေးကင်းအောင်နှင့် ကျန်းမာအောင် လုပ်ပေးသည့် ဥပမာနှင့် တူမတူ မေးရမည် ဖြစ်သည်။
၅။ လူမမြင်သင့်သော အစိတ်အပိုင်းများသည် ထူးခြားကြောင်း သင်ကြားထားရမည်။
လူမမြင်သင့်သော အစိတ်အပိုင်းများအကြောင်း ပြောသောအခါ ၎င်းတို့နှင့် ပတ်သတ်သော လူမှု တားမြစ်ချက်များနှင့် ညစ်ပတ်သည် ဟူသော ခံစားမှုများ မဖန်တီးမိစေရန် ဂရုပြုရမည်။ ထိုသို့ ဖန်တီးမည့် အစား မိဘများအနေဖြင့် ထို မမြင်သင့်သော အစိတ်အပိုင်းများသည် ထူးခြားလွန်းသောကြောင့် ထိုအစိတ်အပိုင်းများသည် တစုံတဦးက ၎င်းတို့ကို သန့်စင်အောင်၊ ဘေးကင်းအောင်နှင့် ကျန်းမာအောင် ကူညီချိန်မှအပ အခြားမည်သူ့ အတွက်မျှ မဟုတ်ဘဲ ၎င်းတို့အတွက်သာ ဖြစ်သည်ဟု သင်ကြားပေးရမည်။
တစုံတဦးက မမြင်သင့်သော အစိတ်အပိုင်းများကို သန့်ရှင်းအောင်၊ ဘေးကင်းအောင်နှင့် ကျန်းမာအောင် လုပ်ဆောင် ပေးနေချိန်တွင် မည်သို့ ခံစားရသည်ကို ၎င်းတို့အား မေးကြည့်သင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်း အားဖြင့် ပုံမှန်ထိတွေ့မှုနှင့် တစုံတဦးက ၎င်းတို့အား လိင်ထိပါးထိတွေမှုတို့ အကြား ကွဲပြားချက်ကို ၎င်းတို့ နားလည်စေရန် အထောက်အကူပြုသည်။
တစုံတဦးက ၎င်းတို့၏ လူ မမြင်သင့်သော အစိတ်အပိုင်းများတွင် မရိုးမရွ ဖြစ်အောင်လုပ်လျှင် မသင့်တော်ကြောင်းနှင့် မိဘများကို ချက်ခြင်းပြောရန် လိုကြောင်း ၎င်းတို့ကို ရှင်းပြထားရမည်။ ကလေးများသည် ၎င်းတို့ဘာသာ ထိမိ ကိုင်မိသည်လည်း ရှိတတ်သောကြောင့် လိင်စိတ် သာယာမှု ဖြစ်ခြင်းသည် မှားသည်၊ ရှက်စရာကောင်းသည်ဟု ခံစားရအောင် မလုပ်မိရန်လည်း အရေးကြီးသည်။ အခြားသူ တဦးက ၎င်းတို့ကို လုပ်မှသာ ပြဿနာရှိကြောင်း ရှင်းပြရမည်။
အခြားသူများ၏ မမြင်အပ်သော အစိတ်အပိုင်းများကို လူကြီးများက ခိုင်းလျှင်ပင် မထိမကိုင်ရန် ၎င်းတို့ကို သင်ကြား ထားပေးရန် အရေးကြီးသည်။ တစုံတဦးက ထိုသို့ ခိုင်းပါက မိဘထံ ချက်ချင်းပြောရန် သင်ကြားထားရမည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် ကလေးများနှင့် လိင်အကြောင်း မဆွေးနွေးမီ ၎င်းတို့တွင် ကျန်းမာသော လိင်မှုဘ၀ ဖွံ့ဖြိုးစေရန် ကူညီရေး အတွက် ပထမဆင့်ဖြစ်သည်။ ၎င်းတို့ အသက်အရွယ် ပိုမိုကြီးလာသောအခါ မည်သည့် အချိန်တွင် အခြားသူ၏ မမြင်အပ်သော အစိတ်အပိုင်းကို ထိရန် သင့်တော်သည်၊ လိင်သာယာမှု ပေးနိုင်သည်၊ ယူနိုင်သည်ကို သင် ဆွေးနွေးနိုင်သည်။
၆။ ၎င်းတို့၏ ခန္ဓာကိုယ်ကို ၎င်းတို့ ထိန်းချုပ်ပိုင်ခွင့်ကို လေးစားရန် သင်ကြားပေးပါ။
ဤအချက်သည် လူကြီးများသည် အရာရာ လုပ်ပိုင်ခွင့် ရှိပြီး ကလေးများသည် လူကြီးများ ခိုင်းသည်ကို လုပ်ရမည် ဟူသည့် သင်ကြားမည့် အစား ၎င်းတို့၏ ခန္ဓာကိုယ်ကို ၎င်းတို့ပိုင်ပြီး မည်သူမျှ ၎င်းတို့ကို နာကျင်အောင် လုပ်ပိုင်ခွင့် မရှိကြောင်း၊ လူကြီးများကပင် လုပ်ပိုင်ခွင့် မရှိကြောင်း ကလေးများကို သင်ကြားပေးရမည်။ လူကြီးများ ခိုင်းသော အရာသည် ၎င်းတို့အတွက် အဆင်မပြေသောကြောင့် မလုပ်နိုင်ကြောင်း ပြောပြခြင်းသည် ကလေးများအတွက် အားပေးရာ ရောက်သည်။
ဥပမာအားဖြင့် ဆိုရပါက သင် လူမှုရေးပွဲ တခုခုသို့သွားသော အခါ ၎င်းတို့မြင်သော လူတကာကို နမ်းအောင်၊ ပွေ့ပိုက်အောင်၊ လက်ဆွဲ နှုတ်ဆက်အောင် သင်၏ ကလေးကို မလုပ်ပါနှင့်။ ၎င်းဘာသာ ဆုံးဖြတ်လိမ့်မည်။ လူကြီး တယောက်က သင်၏ကလေးကို ပွေ့ဖက်ရန် ကြိုးစားလျှင် ကလေးက မကြိုက်လျှင် ငြင်းပယ်ရန် အားပေးပါ။ လိုအပ်လျှင် စကားဖြင့် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ထောက်ခံပေးပါ။
၇။ ၎င်းတို့ကို မည်သူမျှ နာကျင်အောင် လုပ်ခွင့် မရှိကြောင်း၊ အထူးသဖြင့် မမြင်အပ်သော နေရာများကို ထိခိုက်အောင် လုပ်ခွင့် လုံးဝ မရှိကြောင်း ရှင်းပြပါ။
ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးမှုများ၏ ၈၅ ရာခိုင်နှုန်းသည် ၎င်းတို့နှင့် သိရှိသူ တဦးဦးက ကျူးလွန်ခြင်း ဖြစ်သည်။ ထိုသူသည် မိဘတဦး၊ ဆွေမျိုးတဦး၊ မိသားစု မိတ်ဆွေတဦး၊ အိမ်နီးချင်းတဦး၊ ဆရာ ဆရာမ တဦး သို့မဟုတ် ဘာသာရေး ခေါင်းဆောင်တဦးလည်း ဖြစ်နိုင်သည်။ ယောက်ျားတဦး၊ မိန်းမတဦး သို့မဟုတ် အခြားကလေးတဦးလည်း ဖြစ်နိုင်သည်။
မည်သူမဆို ဖြစ်နိုင်သည်။ မည်သူမျှ စိတ်ချရသော စာရင်းတွင် ပါဝင်ခြင်း မရှိပေ။ လက်တွေ့တွင် ကလေးများသည် မိသားစုဝင်များနှင့် ခင်မင်ရင်းနှီးသူများ အကြားတွင် ထိခိုက်အလွယ်ဆုံး အနေအထား ဖြစ်နေသည်။ ထို့ကြောင့် ကလေးများ အနေဖြင့် မိဘများ အပါအဝင် မည်သူနှင့် အတူရှိသည်ဖြစ်စေ မည်သူကမျှ ၎င်းတို့ကို နာကျင်အောင် လုပ်ခွင့် မရှိကြောင်း သိရှိနားလည်အောင် သင်ကြားပေးထားရမည်။
သင်က သူတို့ကို ချစ်သောကြောင့်၊ ဘေးကင်းစေလိုသောကြောင့် ကလေးများ နားလည်အောင် ပြုလုပ်ထားရန်လည်း အရေးကြီးသည်။ ကားတိုက် ခံရနိုင်သောကြောင့် ကားလမ်းကို မည်သို့ ကူးရမည်ကို သင်ကြားပေးသကဲ့သို့ပင် တစုံတဦးက သူတို့ကို လိင်ပိုင်း ထိခိုက်အောင် ဆောင်ရွက်နိုင်သောကြောင့် သင်ကြားပေးသော်လည်း ထိုသို့ သေချာပေါက်ဖြစ်မည်ဟု မယူဆနိုင်ကြောင်း ကလေးများ သဘောပေါက်အောင် ပြုလုပ်ထားရန် အရေးကြီးသည်။
တစုံတဦးက ထိုသို့ လုပ်ရန် ကြိုးစားလာပါက “ မလုပ်နဲ့၊ ရပ်” ဟု ပြောခွင့်ရှိကြောင်း မိဘကို ထိုအကြောင်း ပြန်ပြော နိုင်ကြောင်း သင်၏ ကလေးသိနေရမည်။
၈။ ၎င်းတို့၏ လုံခြုံရေး အတွက် ၎င်းတို့၏ သတ္တိကို အားကိုးရန် ကလေးများကို အားပေးပါ။
မိဘများသည် ၎င်းတို့၏ ကလေးများ၏ စိတ်တွင် ကြောက်စိတ် ထည့်သွင်း မပေးသင့်ဘဲ ၎င်းတို့ အနေဖြင့် ကလေးများ၏ သတ္တိ ဗီဇကိုအားကိုးရန် အားပေးသင့်ပေသည်။ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုကို အားပေးခြင်း အားဖြင့် ကလေးများသည် ၎င်းတို့၏ လုံခြုံရေး အတွက် မည်သူသည် ဘေးကင်းသည်နှင့် ပတ်သက်ပြီး မိဘများက ပြောသည်ကို အခြေခံအားဖြင့် မှီခိုခြင်းထက် ၎င်းတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်ရန် အစွမ်းအစ ရှိစေသည်။ မိဘ တဦးဦးသည် ကလေးများနှင့် အမြဲအတူ ရှိမနေနိုင်သောကြောင့် ထို အချက်သည် အရေးကြီးသည်။
နည်းလမ်းတခုမှာ ကလေးများသည် မည်သည့် ဖြစ်ရပ်မျှ ဖြစ်ပျက်ခြင်း မရှိစေကာမူ တစုံတဦးနှင့် အဆင်မပြေလျှင် အခန်းမှ ထွက်လာပြီး မိဘများကို ပြောနိုင်ကြောင်း ကလေးများကို လူမှုရေးပွဲများ မတိုင်မီ ကလေးများကို ပြောထားရန် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ရိုင်းစိုင်းသည့် ပုံပေါက်နေစေကာမူ အခန်းမှ ထွက်သွားခြင်းအတွက် ၎င်းတို့ကို အပြစ်ပေးမည် မဟုတ်ကြောင်း ကလေးများ သိအောင် ပြုလုပ်ထားသင့်သည်။ ၎င်းတို့၏ လုံခြုံရေး အသိသည် ၎င်းတို့၏ ယဉ်ကျေးရန် လိုအပ်ချက်ထက် ဦးစားပေးဖြစ်သင့်သည်။
၉။ မိဘကို မပြောလျှင် လျှို့ဝှက်ချက်သည် လျှို့ဝှက်ချက်သာ ဖြစ်နေမည်ကို ရှင်းပြရမည်။
ဖြစ်ပျက်ခဲ့သမျှသည် လျှို့ဝှက်ချက်သာ ဖြစ်ကြောင်းနှင့် မည်သူ့ကိုမျှ အထူးသဖြင့် မိဘများကို မပြောရန် လိင်ပိုင်းအရ ထိပါးသူများက ကလေးများကို ပြောတတ်ကြသည်။ ထို့ကြောင့် လျှို့ဝှက်ချက်များသည် ပေါ်ထွက်မလာတော့ဘဲ လျှို့ဝှက်ချက်သာ ဖြစ်နေမည်ဟု ကလေးတို့ကို စောစီးစွာ အသိပေးထားသင့်သည်။
ထို့အပြင် လျှို့ဝှက်ချက်များကို မည်သူမျှ အထူးသဖြင့် မိဘများကို မသိစေချင်သူ မည်သူ့ကို မဆိုကို မယုံကြည်သင့် ကြောင်းနှင့် ဖြစ်ပျက်မှုတွေကို မိဘများအားပြောသင့်ကြောင်း ကလေးများနားလည်အောင် သွန်သင်သင့်သည်။
၁၀။ ထိခိုက်နာကျင်သည်ဟု ဆိုလာလျှင် ယုံကြည်ကြောင်းနှင့် ဒုက္ခရောက်မည် မဟုတ်ကြောင်း ကလေးတို့ကို ပြောပါ။
၎င်းတို့၏ လိင်အရ ထိပါးခံရသူများကို မည်သူမျှ မယုံကြည်ဘဲ ဖြစ်ပျက်ခဲ့သမျှသည် အရှက်ရစရာသာ ဖြစ်လိမ့်မည်ဟု လိင်အရ ထိပါးသူ အများအပြားက ကလေးများကို ပြောခဲ့သည်။ ကလေးများသည် ယေဘုယျအားဖြင့် ၎င်းတို့ဘာသာ အပြစ်တင်ပြီး မည်သည့် တာဝန်ရှိသူကိုမျှ အပြစ်မတင်ဘဲ ၎င်းတို့ဘဝတွင် ဖြစ်ပျက်ခဲ့သမျှကို ၎င်းတို့ဘာသာ တာဝန်ခံကြသည်။
ထို့ကြောင့် ကလေးများသည် မိဘများကို ၎င်းတို့ ကြုံတွေ့ရသည်များကို ပြောလျင် အပြစ်ပေးခံရခြင်း အပါအဝင် မိဘများက ၎င်းတို့ကို မည်သို့ ပြုမည်ကို စိုးရိမ်ကြသည်။ မိဘများသည် စိတ်ဆိုးမည် မဟုတ်ကြောင်း၊ ကလေးများသည် မှန်ကန်သော လုပ်ရပ်ကို လုပ်ခြင်း ဖြစ်ကြောင်းနှင့် ကလေးများသည် အမှန်တရားကို ပြောသောကြောင့် ဂုဏ်ယူကြောင်း ပြောရမည်။
သို့သော် အရေးအကြီးဆုံး လုပ်ဆောင်ရမည်များမှာ သင်သည် မည်သည့်အရာကိုမျှ မမှတ်မိလျှင် ပြောဆို ဆွေးနွေးမှုများသည် စဉ်ဆက်မပြတ် ဖြစ်ပြီး ပွင့်လင်းကာ သာမန် အနေအထား ပြောဆိုမှုများ ဖြစ်စေရမည် ကို သတိရသင့်သည်။
လမ်း၏ နှစ်ဖက်လုံးကို မကြည့်ဘဲ လမ်းမကူးရန် ကလေးများကို သင်ပြောခဲ့သည်မှာ တကြိမ်မက၊ အကြိမ်ကြိမ်ပြောခဲ့ပြီး လမ်းကူးသောအခါ မည်သည်တို့ လိုကြောင်း ပြန်လည် စစ်ဆေးမေးမြန်းတာမျိုး ဖြစ်သည်။
အထက် ဖော်ပြပါ ဆွေးနွေးမှုများသည် ကလေးငယ် လွန်စွာ ငယ်ရွယ်စဉ် စတင်ပြီး ကလေး ဖွံ့ဖြိုးကာ ဆယ်ကျော်သက် ဖြစ်သည် အထိ လိင်အရ ထိပါးမှုများ အားလုံးတွင် အလားတူပင် ဖြစ်သည်။
သင်၏ ကလေးကို မည်သည်ကမျှ ၁၀၀ ရာခိုင်နှုန်း အကာအကွယ် မပေးနိုင်သော်လည်း သတိထားပြီး ကလေးနှင့် ဆွေးနွေးခြင်း၊ ဖြစ်ပေါ်နေသည့် လက္ခဏာများကို သတိထားခြင်း နှင့် သင်၏ ကလေးသည် အခြားသူများကို မည်သို့ တုံ့ပြန်သည်ကို သတိပြုပါက သင်သည် အခြားသူတဦးက သင်၏ ကလေးကို လိင်အရ ထိပါးမှုကို များစွာ လျှော့ချနိုင်မည် ဖြစ်ပါသည်။
(www.childmind.org တွင် ဖော်ပြထားသည့် Sandra Kim ၏ 10 Ways To Talk To Your Kids About Sexual Abuse ကို ဘာသာပြန်သည်။)
Credit: ဧရာဝတီသတင်းဌာန 
Sunday, February 25, 2018
ရောင်းမှားဝယ်မှား မဖြစ်ရအောင်
ရောင်းမှားဝယ်မှား မဖြစ်ရအောင် မြေအမျိုးအစား အလိုက် စစ်ဆေးသင့်သော စာရွက်စာတမ်း များအကြောင်း
အိမ်ခြံမြေစာချုပ်
ရောင်းမှားဝယ်မှား မဖြစ်ရအောင် မြေ အမျိုးအစား အလိုက် စစ်ဆေးသင့်သော စာရွက်စာတမ်းများအကြောင်းအိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်း ရောင်းဝယ်မှုတွေမှာ ရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေ အမျိုးအစား အလိုက် စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အ လိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝ မတူညီနိုင်ပါဘူး။
ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကို တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ ဒါကြောင့် အိမ်ခြံမြေဝ ယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“ဂရန်မြေ”
———-
– ဂရန်မြေ ဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက် “မှန် မမှန်၊ စစ် မစစ်” ကို သက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဂရန်မြေ နဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းက နည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာ ရုံးမှာ သွားရောက် စစ်ဆေး ဖို့ပဲ လိုအပ်ပါတယ်။
“ပါမစ်မြေ”
———–
ပါမစ်မြေ ဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေ အမျိုးအစား ဖြစ်ပါတယ်။ ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊ အဆို ပါ ပါမစ် ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။ အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကို ပြန် လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။ အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့် တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။
အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာ ဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။ “ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာ ဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ ပွဲပျက် တာတွေတောင် ရှိတယ်”လို့ မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှ အမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီး အင်ထရီလည်း ဝင်ထား မယ်ဆိုရင် အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။ အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။
“လယ်မြေ”
———–
လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက် အစိုးရ ကို အခွန်ပေးထားတဲ့ စလစ်၊ လယ်ယာမြေမှတ်ပုံတင် စာအုပ်၊ ပုံစံ(၇)၊ စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။ စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ “လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း” ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ် အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ နှင့် ပုံစံ(၇) သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။
အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီး အခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင် လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။ လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနက အခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာ မှတ်သားထား လေ့ရှိပါတယ်။
တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင် မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနက မှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်း ဌာန က ပုံစံတူရေးကူးပေးတဲ့ ပုံစံ တစ်ခု ဖြစ်ပါတယ်။
မြေစာရင်း ပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရ မြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊ မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေ ရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ ပုံစံ(၇) ကျထားပြီးသောလယ်ယာမြေတွေက ပိုင်ဆိုင်မူခိုင်မာတယ်လို.ဆိုပါတယ်။ အရှုပ်အရှင်းရှိတဲ့ လယ်မြေ၊ လယ်ယာမြေ နဲ. ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့နေရာတွေကလယ်မြေ၊ ယာမြေတွေကို ပုံစံ(၇) မချပေးဘူးလို.သိရပါတယ်။ ဒါကြောင့် လယ်မြေ၊ လယ်ယာမြေဝယ်မည်ဆိုပါက ပုံစံ(၇) ရှိမရှိကို အရင်စုံစမ်းသင့်ပါတယ်။
ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီး စာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရ မှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။
လန ၃၉ မြေ
—————
လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ် ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေ ပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခု ပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှ အဆင်ပြေမှာ ဖြစ်ပါ တယ်။
တိုက်ခန်းဝယ်မယ်ဆိုရင်
—————————
တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာ ဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထား ပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ ဆက်စပ် စာချုပ်၊ BCC (လူနေထိုင်ခွင့်) ၊ မြေ ရှင်လက်မှတ်၊ ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။ အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့ သိရပါတယ်။
“ဘိုးဘွားပိုင်မြေ”
——————
ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ် မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။
Credit : Kumudra
Saturday, February 24, 2018
“ကလေးသူငယ်များကို ၀န်းရံပေးပါ”
“..ရူးနေအောင် အလှပြင်ထား.. ငါ့ပုံစံ လန်းနေလား..”
ဆေးခန်းရဲ့ အ၀င်ဝမှာ ၀ိုင်းစုခိုင်သိန်းရဲ့ သီချင်းသံက ခပ်တိုးတိုးလေး ထွက်ပေါ်နေတယ်။ ဆေးခန်းပြဖို့ စောင့်ဆိုင်းနေတဲ့ လူနာတွေကတော့ တီဗွီကို ငေးလိုက်၊ စာစောင်ငုံ့ဖတ်လိုက်၊ စကားစမြည် ပြောလိုက်နဲ့ပေါ့။ တီဗွီဖန်သားပြင်ထက်မှာတော့ အရမ်းကို လှပနေတဲ့ မင်းသမီးလေးတွေက မိန်းကလေးဘ၀ဟာ ဘယ်လောက်ပျော်စရာကောင်းကြောင်း၊ သူတို့ ဘယ်လောက်နှစ်သက်ကြောင်းကို သီချင်းအဓိပ္ပါယ်နဲ့ လိုက်ဖက်စွာ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း သရုပ်ဖော်ပြနေလေရဲ့။
ဆွေးနွေးခန်းအတွင်းက ကျွန်တော့်ရဲ့ ရှေ့တည့်တည့်မှာတော့ အသက် ၁၀နှစ်အရွယ် ကလေးမလေးတစ်ယောက်နဲ့ သူ့အမေ အမျိုးသမီးကြီးတစ်ယောက်တို့ ထိုင်နေတယ်။ ကလေးလေးက ကျွေးထားတဲ့မုန့်ကို အပူအကင်းစွာ စားနေပေမဲ့ သူ့အမေရဲ့ မျက်လုံးတွေမှာတော့ မျက်ရည်တွေက တွဲလို့ ခိုလို့။
“ဟုတ်ကဲ့၊ ဖြစ်ပုံလေး ပြောပြပါဦး”
“ဒီလိုပါ ဆရာ၊ အဲဒီလူကြီးက ကျွန်မတို့ရပ်ကွက်ထဲကပါပဲ။ ဘုရားတရား လုပ်လွန်းလို့တောင်မှ အားလုံးက လေးစားနေကြတာ၊ ကလေးတွေကိုလည်း ခေါ်ပြီးမုန့်ကျွေးလိုက်၊ မုန့်ဖိုးပေးလိုက် အမြဲလုပ်နေကျ၊ ကလေးတွေကလည်း သူ့အိမ်ကို အမြဲတမ်း ၀င်နေ ထွက်နေတာပါပဲ။ ကျွန်မတို့ကလည်း မထင်ဘူးပေါ့။ အခု သူတို့ကလေးချင်းပြောနေတာကို ကြားတော့မှပဲ သိရတာ။ သမီးကလည်း ငယ်သေးတော့ ဘာမှန်းသိတာ မဟုတ်ဘူး။ နောက်ပြီး ဘယ်သူ့ကိုမှ ပြန်မပြောရဘူး၊ ပြောရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်လိုက်သေးတာ တဲ့။ ဖြစ်တာကတော့ ၂လလောက်တောင် ရှိနေပြီ ဆရာ”
“ဟုတ်လား၊ သမီးလေးလည်း မှတ်မိသလောက် ဦးကို နည်းနည်းပြောပြပါဦး။”
“သမီးတို့က သူ့အိမ်ရှေ့မှာ ကစားနေတာ၊ အဲဒါနဲ့ မောလို့ သူ့အိမ်မှာ ရေ၀င်သောက်တုန်း အခန်းထဲကိုလိုက်ခဲ့၊ မုန့်ကျွေးမယ် ဆိုပြီး ခေါ်တယ်။ ပြီးတော့.. ..”
အဲဒီလူကြီးက သူ့ကို ဘယ်လိုလုပ်လိုက်ကြောင်း လက်ထဲမှာ ဆော့ဖို့ပေးထားတဲ့ ဘိုမအရုပ်လေးနဲ့ သရုပ်ပြပေးပါတယ်။
ခန္ဓာကိုယ်ပြင်ပမှာ ဘာဒဏ်ရာဒဏ်ချက်မှ မရှိသလို၊ ဖြစ်ခဲ့တာကလည်း ၂လလောက်တောင် ရှိနေပြီမို့ ကျန်းမာရေးကဏ္ဍအနေနဲ့ လုပ်ပေးနိုင်တာတော့ သိပ်မကျန်တော့ပါဘူး။ ကလေးကို စိတ်ပိုင်းဆိုင်ရာ အားပေးဖို့နဲ့ လူမှုရေးပိုင်း အကူအညီတွေ ရအောင် ချိတ်ဆက်ပေးဖို့ပဲ လုပ်စရာရှိပါတော့တယ်။ အဲဒီလို ကျွန်တော့်ဆီကို ရောက်လာတဲ့သူတွေ အားလုံးနီးပါးက ဖြစ်ပြီးတာ အတော်ကြာမှ ကျန်းမာရေးစောင့်ရှောက်မှု လာယူကြတဲ့ delayed care seeker တွေချည်းပါပဲ။ ဒီကလေးကကျတော့ အမေက စာမတတ်ဘူး၊ အဖေက အဝေးမှာ အလုပ်သွားလုပ်နေတယ်။ နောက်ကလေးတစ်ယောက်က မိဘမဲ့၊ အရက်သမား ဦးလေးနဲ့ အတူတူနေတယ်။ နောက်တစ်ယောက်ကျပြန်တော့ အဖေက လက်လုပ်လက်စား၊ အမေက လေဖြတ်ပြီး အိပ်ရာထဲလဲနေတယ်။ နောက်တစ်ယောက်ကျ ဥာဏ်ရည်မမီဘူး။ သူတို့အကြောင်းတွေ နားထောင်ရင်း ကိုယ်ပါ မျက်ရည်ကျချင်မိပါတယ်။ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါးဖြစ်ရုံတင်မဟုတ်ဘူး၊ လုံးဝကို မှောင်အတိကျနေတာပါ။
မီဒီယာတွေ ပိုပွင့်လင်းလာတဲ့ ခုနောက်ပိုင်းမှာ အရမ်းကို အတွေ့ရများလာတဲ့ ပြဿနာတစ်ခုကတော့ ကလေးသူငယ် အဓမ္မပြုကျင့်မှု (Child sex abuse) ပါပဲ။ ဒါတောင် မီဒီယာတွေပေါ် တက်မလာတဲ့ အဖြစ်အပျက်တွေအများကြီးပဲ ရှိဦးမှာပါ။ ကလေးဆိုတော့ ဘာမှမသိသေးတာကိုပဲ အခွင့်ကောင်းယူနေကြလား၊ ကိုယ်ဝန်မရနိုင်သေးတဲ့အရွယ်မို့ပဲ နောက်ဆက်တွဲပြဿနာ ဘာမှမရှိဘူးလို့ ထင်နေကြလားတော့ မသိပါဘူး၊ မောင်နှမသားချင်းတွေမှာလည်း ဖြစ်ရဲ့၊ လက်နဲ့ ဒါမှမဟုတ် တခြားပစ္စည်းတစ်ခုခုကို ထည့်ပြီး ကျူးလွန်ကြတာတွေလည်း ရှိရဲ့၊ စုံနေအောင်ကိုပဲ ကြားရပါတယ်။
အရင်က အဲဒီလိုကိစ္စတစ်ခုဖြစ်ရင် ပြုကျင့်ခံလိုက်ရတဲ့သူကို victim လို့ သုံးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အားပေးဖို့၊ ထပ်ပြီး စိတ်မှာ ထိခိုက်မသွားဖို့ဟာ သူတို့ကို အားပေးကူညီစောင့်ရှောက်တဲ့နေရာမှာ မဖြစ်မနေ အလေးထားရတဲ့ကိစ္စမို့ အသုံးအနှုံးကအစ သတိထားရပါတယ်။ ဒါကြောင့် victim လို့ မသုံးဘဲ survivor လို့ သုံးပါတယ်။ ဒီလိုတုန်လှုပ်စရာကောင်းတဲ့ ကိစ္စကြီးတစ်ခု ဖြစ်သွားတာတောင်မှ ပြန်လည်နိုးထနိုင်သူ၊ အသစ်တစ်ဖန် ရှင်သန်နိုင်သူရယ်လို့ အသိအမှတ်ပြုအားပေးတဲ့အနေနဲ့ပါ။ အသုံးအနှုံးကတော့ အဲဒီလိုရည်ညွှန်းပေမဲ့လည်း အဲဒီကလေးမလေးတွေ တကယ်ရော ရုန်းထလာနိုင်ပါ့မလားဆိုတာကတော့ မရေရာ မသေချာပါဘူး။ မဖြစ်နိုင်ဘူးလို့တောင် ရင်နာနာနဲ့ ပြောလိုက်ချင်ပါတယ်။ အကြောင်းကတော့ ဘက်ပေါင်းစုံက ထိုးနှက်ချက်တွေက ရုန်းထလာမဲ့သူတို့လေးတွေကို အသင့်စောင့်ကြိုနေကြလို့ပါပဲ။
(၁) တရားဥပဒေစိုးမိုးမှု
တရားဥပဒေစိုးမိုးရေးဆိုတာကတော့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့မှာ မတွေ့ရလွန်းလို့ မှန်ဘီလူးနဲ့တောင် လိုက်ရှာနေရတဲ့ အရာတစ်ခုပါ။ ဒီနေရာမှာမှ မဟုတ်ပါဘူး၊ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ကို ဖြစ်နေတဲ့ ပြဿနာပါ။ လွှတ်တော်မှာ အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းများလာပြီး အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ဒီထက်ပိုပေါ်ထွက်လာဖို့က ခဏထားလိုက်ပါဦး၊ လက်ရှိ ပြဌာန်ထားပြီးသား ဥပဒေတွေကိုပဲ အထက်မှာ ဘယ်သူမှ ဘာမှ မရှိအောင် အရင်လုပ်ကြရမှာပါ။
ဒီအမှုတွေဟာ ရဲအရေးပိုင်တဲ့အမှုပါ၊ သိရက်နဲ့ ရဲကို အကြောင်းမကြားရင် ထိမ်ချန်မှုနဲ့တောင် အရေးယူလို့ ရပါတယ်။ နောက်ပြီး ကျေအေးခွင့်လည်း မရှိပါဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့ တခါတလေ အုပ်ချုပ်ရေးမှူးနဲ့တင် ပြီးသွားပါတယ်။ ညှိခိုင်း နှိုင်းခိုင်းလိုက်ပြီး လျော်ကြေးတစ်စုံတစ်ရာနဲ့ အဆင်ပြေသွားပါတယ်။ တရားရုံးထိ ရောက်သွားတဲ့အခါမှာလည်း လုပ်ထုံးလုပ်နည်းအရ ရုံးချိန်းတွေ အကြိမ်ကြိမ်အခါခါ တက်ရ၊ ပိုက်ဆံတွေကလည်း ကုန်တော့ ကြာကြာတောင့်မခံနိုင်ကြဘူး။ နောက်ထပ်တစ်ခါ ညှိကြနှိုင်းကြပြီး လျော်ကြေးနဲ့ပဲ ဇာတ်လမ်းက ပြတ်သွားပြန်ပါတယ်။ ကလေးဆိုတော့လည်း ရေလည်အောင် မပြောတတ်၊ တစ်ဖက်ကလည်း အကြောက်အကန်ငြင်း၊ ကျူးလွန်တဲ့သူအများစုကလည်း အခြေမဲ့အနေမဲ့တွေ မဟုတ်၊ ဘယ်လိုမှ ထင်စရာမရှိတဲ့ လူတွေ၊ အများအားဖြင့် ဖြစ်ပြီးအတော်ကြာမှ သိတတ်ကြတာဆိုတော့ ဆေးစစ်ချက်ဆိုတာကလည်း ကျူးလွန်တဲ့ကိစ္စတိုင်းမှာ ခိုင်ခိုင်မာမာ မတွေ့ရတတ်။ အကျင့်ပျက်ခြစားမှုတွေကလည်း တပုံတပင် ရှိနေပြန်သေးတယ်။ ဒီတော့ အမှုကိစ္စက မပြီးဆုံးနိုင်တော့ဘူး။ အဲဒီလိုကိစ္စတွေမှာ ကိုယ့်ပိုက်ဆံကိုယ်စိုက်ပြီး လိုက်ပါကူညီပေးနေတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ပြောဖူးတယ်၊ ခံလိုက်ရတဲ့သူသာ ဗိုက်ကြီးပြီး ကလေးမွေးသွားမယ်၊ အမှုက ပြတ်မှာမဟုတ်ဘူး တဲ့။ အဲဒီတော့ အစကတည်းက ညှိခိုင်းလိုက်တဲ့ အုပ်ချုပ်ရေးမှူးရဲ့ အမြော်အမြင်ကိုပဲ လေးစားကြရမလိုလို။ သူတို့ကိုလည်း အပြစ်တင်လို့တော့ မရပါဘူး။ ကိုယ်ဆိုလည်း ဒီလိုအကြံပေးမိမလားပဲ။ ယိုင်နဲ့နေတဲ့ တရားစီရင်ရေးစနစ်မှာ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေသလို စီရင်နေကြရပါတယ်။ ဒီတော့ လျော်ကြေးဆိုတာဟာလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ (ခေတ်စကားနဲ့ပြောရင် win win ပေါ့) အညင်သာဆုံးနဲ့ အမြန်ဆန်ဆုံး စီရင်ထုံးတစ်ခု ဖြစ်လာပါတယ်။
တကယ်တော့ အဲဒီလို လျော်ကြေးကိစ္စဆိုတာ လူတစ်ယောက်ရဲ့ ဘ၀၊ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာတွေကို ငွေလေးမဖြစ်စလောက်နဲ့ အလဲအထပ်လုပ်လိုက်တာပါပဲ။ တကယ်ဆို လူသတ်မှုကမှ လူပဲသေတာပါ၊ ဒီကိစ္စက ဘ၀တစ်ခုလုံး ရစရာမရှိအောင် စုတ်ပြတ်သွားနိုင်ပါတယ်။ တစ်သက်လုံး အရိပ်ဆိုးကြီးတစ်ခုက သူတို့လေးတွေနောက်ကို လိုက်နေတော့မှာပါ၊ မထူးဇာတ်ခင်းလိုက်တော့မယ် ဆိုပြီး ပြည့်တန်ဆာဘ၀တောင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်သွားနိုင်ပါတယ်။ အဲဒီလို လျော်ကြေးယဉ်ကျေးမှုရဲ့ အကျိုးဆက်ကတော့ ဒီကိစ္စတွေဟာ ပိုပိုပြီးတော့ ဖြစ်လာကြတယ်၊ ထိထိရောက်ရောက် အပြစ်ပေးမှု မရှိတဲ့အခါမှာ ကျူးလွန်သူတွေဟာ ဒီလိုလုပ်ရမှာကို မကြောက်ကြတော့ဘူး၊ ထပ်ထပ်ပြီး ကျူးလွန်ကြတယ်၊ အော် ဒါလေးများ လျော်ကြေးပေးလိုက် ပြီးတာပဲ ဆိုတာမျိုးအထိ မြင်လာကြပါမယ်။
(၂) ဆင်းရဲမွဲတေမှု
ဒါဖြင့် ပြောမှာပေါ့၊ မယူပါနဲ့လား၊ အဲဒီလျော်ကြေးကို။
ဟုတ်ကဲ့၊ မယူလို့မရပါဘူး။ ယူကိုယူရပါမယ်။
ဟုတ်လား၊ တစ်ယောက်ယောက်က အတင်းအကြပ် ယူခိုင်းလို့လား။
ဟုတ်ပါတယ်၊ ယူခိုင်းလို့ပါ။ ဒါပေမဲ့ အဲဒီလို ယူခိုင်းတဲ့သူက လူပုဂ္ဂိုလ်တော့ မဟုတ်ဘူး၊ ဆင်းရဲမွဲတေမှုပါ။ အဲဒီဆင်းရဲမွဲတေမှုကပဲ သူတို့တွေ လျော်ကြေးမယူယူအောင်ကို တွန်းအားပေးနေတော့တာပါ။
ကျွန်တော်တို့ကိုယ်တိုင်လည်း သူတို့နေရာမှာ ရောက်နေကြည့်၊ ယူမိမှာပါပဲ။ ဆက်ပြီးတော့ တရားရင်ဆိုင်နေလည်း အချိန်ကုန်မှာရယ်၊ ငွေကုန်ကြေးကျတွေ အများကြီး ရှိလာဦးမှာရယ်ကြောင့် ဒီလိုတရားရင်ဆိုင်တာဟာ နံရံကို ခေါင်းနဲ့ဆောင့်တာနဲ့ ဘာမှမခြားဘူးမဟုတ်လား။ ဒီတော့ သူထောင်ကျပြီး၊ ကိုယ်က ငွေကုန် (ဒါမှမဟုတ်လည်း ရှိသမျှ ပေါင်နှံရောင်းချလိုက်ရ) နဲ့ ဘယ်သူမှ အကျိုးမရှိဘူး။ အေးအေးဆေးဆေး လျော်ကြေးလေး ယူ၊ အိမ်လေးဘာလေး ပြင်ဆောက်၊ ကလေးတွေ ကျောင်းထား၊ မကောင်းဘူးလား။ ဟာ အဲလိုလုပ်ရင် ဒီလူတွေ ခုထက် ပိုပိုဆိုးလာကြမှာပေါ့။ ဒါတော့ မသိဘူးလေ၊ ကျွန်တော်တို့နဲ့လည်း မဆိုင်ဘူး၊ တွေးလည်းတွေးမနေနိုင်ဘူး၊ ကိုယ်ဒုက္ခရောက်၊ ငတ်ပြတ်နေတော့လည်း ဘယ်သူကမှ လာကယ်ကြတာမှ မဟုတ်တာ။
အဲဒီရဲ့ အကျိုးဆက်က ဆင်းရဲတဲ့မိသားစုတွေရဲ့အမြင်မှာ ဒါဟာ လျော်ကြေးတောင်းစရာ ကိစ္စတစ်ခု၊ လုပ်ကွက်တစ်ခုလို (မီးပွိုင့်တွေမှာ ကလေးတွေ ဗန်းပြပြီး တောင်းစားကြသလို) ဖြစ်မလာနိုင်ဘူး လို့ ဘယ်သူက ကံသေကံမ ပြောနိုင်ပါသလဲ။ အလွန်အမင်း ဆင်းရဲမွဲတေမှုတွေက တိုက်စားပါများလာတော့ မိဘမေတ္တာဆိုတာလည်း အနည်းနဲ့အများ ပွန်းပဲ့လာကြရပါတယ်။ ပိုဆိုးတာက လူတွေရဲ့အမြင်ကလည်း အဲလို မြင်လာကြပါမယ်၊ အာ ဒီလူတွေ လျော်ကြေးလိုချင်လို့ ကလေးဗန်းပြပြီး တမင်ဂွင်ဆင်တာ ဆိုပြီး။ ဒါဟာ နဂိုကတည်းကမှ ကူကယ်ရာမဲ့နေတဲ့ ကလေးလေးတွေအတွက် ပတ်ဝန်းကျင်ရဲ့ စုတ်တသပ်သပ် လုပ်ပေးမှုလေးကိုတောင် ဆုံးရှုံးကြရဦးမဲ့ အနေအထားတစ်ခုပါ။
(၃) ပညာမဲ့မှု
ဆင်းရဲတယ်ဆိုတာ ပိုက်ဆံချည်းပဲ ကွက်ပြီး မဆင်းရဲပါဘူး၊ သူ့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ အသိပညာနဲ့ လူနေမှုအဆင့်အတန်းပါ လိုက်ဆင်းရဲပါတယ်။ မြို့မှာလာကတဲ့ ဇာတ်အဖွဲ့သားတစ်ယောက်ရဲ့ လက်ထပ်ပါ့မယ်၊ အရမ်းချစ်ပါတယ်ဆိုတဲ့ အလိမ်အညာစကားတွေအောက်မှာ ခြေတော်တင်ခြင်းကို ခံလိုက်ရတဲ့ ၁၂နှစ်အရွယ်ကောင်မလေးကို ရွလိုက်တာ လို့ လူတွေအပြစ်တင်နေကြတဲ့အချိန်မှာ သူတို့မသိတာက ဒီကလေးဟာ မိဘမဲ့၊ အရက်သမားဦးလေးနဲ့ အတူနေရတယ်၊ အတန်းပညာ ၂တန်းပဲ အောင်တယ်၊ ဒါတောင် ခု မရေးတာ မဖတ်တာ ကြာတော့ စာမတတ်တဲ့သူနဲ့ ဘာမှမကွာဘူး ဆိုတာတွေပါပဲ။ အဲဒီကလေးမရဲ့ ဆင်ခြင်ဥာဏ်ဟာ ဘယ်လောက်အတိုင်းအတာထိ ရှိနေမယ်ထင်လဲ။ ဆင်းရဲတော့ ပညာမတတ်ဘူး၊ ပညာမတတ်တော့ ဆင်ခြင်နိုင်စွမ်း အားနည်းတယ်၊ အသက်မွေးဝမ်းကျောင်းအလုပ်ကို ကောင်းကောင်းမလုပ်နိုင်ဘူး၊ ကိုယ့်မှာ ဘာအခွင့်အေ၇းတွေ ရှိမှန်း၊ ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်ရမှန်းလည်း မသိဘူး၊ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ သိမနေဘူး၊ သိလည်း မသိချင်ဘူး၊ သိရကောင်းမှန်းလည်း မသိဘူး၊ ထမင်းဝဖို့သာ နံပါတ်တစ်၊ ထမင်းဝဖို့သာ နံပါတ်နှစ်၊ ထမင်းဝဖို့သာ နံပါတ်သုံး ပဲ။ အဲဒီလို အဆိုးသံသရာတွေက ပွဲဈေးက ချားရဟတ်တွေလို တစ်ကြော့ပြီးတစ်ကြော့ကို လည်နေတယ်။
လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ် တဲ့၊ ရတနာ တဲ့။ ကလေးကောင်းမှ လူကြီးကောင်းတာ တဲ့။ ပြောတော့ပြောကြတာပါပဲ။ ဒီလို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေတဲ့ ကလေးတွေနဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်လိုများ တည်ဆောက်ကြမှာတဲ့လဲ။
(၄) လူမှုအသိုင်းအ၀ိုင်း
နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ အုပ်ချုပ်မှုကို ခံခဲ့ရပြီးတဲ့နောက် ပျက်စီးသွားတာတွေထဲမှာ အဆိုးတကာ့ အဆိုးဆုံးပျက်စီးမှုကတော့ စိတ်ဓါတ်ပျက်ဆီးမှုပါပဲ။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စိတ်၊ ချမ်းသာဖို့သာ အဓိက၊ ကိုယ်ကျင့်သိက္ခာတွေ ဘာတွေအရေးမကြီးဘူး ဆိုတဲ့စိတ်တွေက ကျွန်တော်တို့အပေါ် အကြီးအကျယ် လွှမ်းမိုးလာပါတယ်။ ဒီအတွက် ကိုယ့်ရှေ့မှာ ဘာကြီးဖြစ်နေနေ ကိုယ်နဲ့မဆိုင်သရွှေ့ ကိုယ့်အကျိုးစီးပွါး မထိခိုက်သရွေ့ လက်ပိုက်ကြည့်နေတတ်ကြပါတယ်။ ဒါဟာလည်း ဒီကိစ္စတွေ မရပ်တန့်နိုင်သေးတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။
ပိုဆိုးတာက ဒီလိုကိစ္စတစ်ခု ဖြစ်လာပြီဆိုရင် ကျူးလွန်သူထက် ခံရသူကို ပိုပြီး အပြစ်တင်တတ်ကြတာပါပဲ။ နင်က ဒီနေရာ ဒီလိုအချိန်မှာ အဖော်မပါဘဲ ထွက်တာကိုး၊ နင်က ဒီလိုဝတ်စားသွားတာကိုး၊ နင်က ဘာလို့ သူခေါ်တဲ့နောက် လိုက်သွားရတာလဲ၊ ခံပေါ၊့ ဖြစ်တာတောင် နည်းသေးတယ် ဆိုတာတွေက မကြားချင်မှအဆုံး ကြားနေရပါတယ်။ ရပ်ကွက်ကလည်း ပြောပါတယ်၊ ရဲတွေကလည်း ပြောပါတယ်၊ တရားရုံးမှာလည်း ပြောပါတယ်။ မိန်းကလေးတစ်ယောက် လက်မထပ်ခင် ရည်းစားနဲ့အတူနေတယ်၊ အေးဆေးပါပဲ၊ ဘယ်သူကမှ ဘာမှမပြောဘူး၊ ယူတဲ့သူကလည်း ယူကြပါတယ်။ ဒါပေမဲ့ ဒီလိုအဓမ္မပြုကျင့်ခံထားရတဲ့ မိန်းကလေးဆိုရင်တော့ ဘယ်သတို့သားကမှ မကြိုက်သလို၊ ဘယ်မိဘကမှလည်း သူတို့ သားနဲ့သဘောမတူပါဘူး။ တကယ်ဆို ကိုယ်ကျင့်တရားရှုထောင့်ကကြည့်ကြည့်၊ ယဉ်ကျေးမှုရှုထောင့်ကကြည့်ကြည့် ဒီမိန်းကလေးတွေဟာ ဘာအပြစ်မှ မရှိကြပါဘူး။ မတရားမှုရဲ့ သားကောင်ဖြစ်သွားရုံလေးတင်ပါ။ ဒါပေမဲ့ အားလုံးကတော့ စာရိတ္တပျက်ပြားနေတဲ့ အပြစ်သားတစ်ယောက်လို ၀ိုင်းဝန်းဆက်ဆံကြပါတယ်။ ဒီအတွက် မိန်းကလေးတွေဟာ ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောရဲတော့ဘူး။ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မခံယူရဲတော့ဘူး။ ဖြစ်သမျှကြိတ်ခံကြရတယ်၊ အိမ်ထဲက အိမ်ပြင်မထွက်ရဲကြတော့ဘူး၊ ဒီလိုနဲ့ ဘ၀တစ်ခုလုံး အညွန့်တုံးသွားရပါတယ်။
ဒေါသဖြစ်စရာအကောင်းဆုံးကိစ္စကတော့ ခုနက ၁၂နှစ်သမီးလေးရဲ့ကိစ္စမှာပါ။ သူတို့နှစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ အတူထွက်သွားတာကို မြင်လိုက်တဲ့ ဆိုင်ကယ်ကယ်ရီသမားရဲ့ ယုတ်ညံ့မှုက တကယ်လုပ်သွားတဲ့သူလောက် စိတ်ပျက်စရာ ကောင်းပါတယ်။ အဲဒီလို မြင်သွားပြီး နောက်ရက်ကျတော့ အဲဒီကလေးမလေးကို ၀က်အူလှည့်နဲ့ ထောက်ပြီး အဲ့နေ့ညက ဘာဖြစ်ခဲ့တာလဲ လို့မေးတယ်၊ ကလေးက ကြောက်ကြောက်နဲ့ အကုန်ပြောပြလိုက်တော့ အဲဒီအကြောင်းတွေကို ကယ်ရီသမားအချင်းချင်း လိုက်ဖြန့်တယ်၊ ခုဆို ရပ်ကွက်ထဲမှာ အတော်များများ သိကုန်ကြပြီတဲ့။ သမီးကိုတွေ့ရင်လည်း ရိသဲ့သဲ့နဲ့ ထိကပါး ရိကပါးလုပ်တယ် တဲ့။ ခုတော့ အဲဒီ survivor ကလေးမလေးလည်း ဒီနေရာမှာ ဆက်မနေနိုင်တော့လို့ နောက်ထပ်တစ်နေရာကို အပြီးပြောင်းလိုက်ရပါပြီ။
(၅) လူမှုရေးသတ်မှတ်ချက်များ
ကျွန်တော်တို့ ငယ်ငယ်တည်းက သွန်သင်ဆုံးမခံလာကြရတဲ့ ယောကျာ်းလေးဆိုတာ ဘယ်လိုမျိုး၊ မိန်းကလေးဆိုတာတော့ ဘယ်လိုဖြစ်သင့်တယ် ဆိုတဲ့ သတ်မှတ်ချက်တွေကလည်း တခါတလေမှာ မိန်းကလေးတွေအတွက် တော်တော်လေး အတားအဆီး ဖြစ်နေပါတယ်။ မိန်းကလေးဆိုတာ အရှက်အကြောက်ကြီးရတယ်၊ လိင်နှင့်ပတ်သက်ရင် မပြောရဘူး၊ မဆိုရဘူး၊ မမေးရမမြန်းရဘူး၊ သိလည်း သိစရာမလိုဘူး လို့ သတ်မှတ်ထားကြတယ်။ ဒီတော့ လိင်နှင့်မျိုးဆက်ပွါးကျန်းမာရေးနဲ့ပတ်သက်ရင် သူတို့ဘာမှ မသိကြဘူး။ ထုတ်လည်းမပြောရဲကြဘူး၊ တစ်ယောက်ယောက်က လာပြောရင်လည်း နားမထောင်ဝံ့ကြဘူး။ ဒီလိုသွန်သင်ခံလာကြရတဲ့ မိန်းကလေးတွေအနေနဲ့ သူတို့ရဲ့အဖြစ်သနစ်ကို တခြားလူတစ်ယောက်ကို ထုတ်ပြောဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ နဂိုတည်းကမှ ရှက်ကြောက်နေရတဲ့ကြားထဲ ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ပြောဆိုမှုအန္တရာယ်ကလည်း ရှိနေသေးတော့ ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးရဲ့ နောက်ဆက်တွဲဆိုးကျိုးမှန်သမျှကို တစ်ယောက်တည်းပဲ ခါးစည်းခံကြရပါတယ်။ အဲဒီအခါ ဖြစ်လာတယ်၊ အဖေနဲ့ရတဲ့ ကိုယ်ဝန် ၅လရှိနေပြီ ဆိုတာမျိုးတွေပေါ့။
(၆) အရက်၊ လျှပ်စစ်နဲ့ လူနေမှုအဆင့်
သမ္မတကြီးကတော့ အရက်အစား နွားနို့သောက်ဖို့ တခုတ်တရ မှာထားပေမဲ့လည်း လက်ရှိအနေအထားမှာတော့ အရက်က စိုင်းထီးဆိုင်သီချင်းလို ‘နေရာတိုင်းမှာ’ ရှိနေပြီး နွားနို့ကတော့ စန္ဒီမြင့်လွင်သီချင်းလို ‘ရှာမှရှား’ ဖြစ်နေဆဲပါပဲ။ Physical access လို့ခေါ်တဲ့ လက်လှမ်းမီမှုကလည်း နေရာအနှံမှာ ရှိနေတယ်၊ Economic access လို့ ခေါ်တဲ့ ဈေးနှုန်းကလည်း သက်သာတယ်၊ လျှပ်စစ်မီးတွေ ပိုလို့တောင် ရောင်းနေရပါတယ်ဆိုပေမဲ့ ခုချိန်ထိ နေ၀င်မီးငြိမ်းဘ၀က မလွတ်ကြသေးတဲ့ သူတို့ရဲ့ဘ၀မှာ ပျော်စရာဆိုလို့ ဒီအရက်ပဲ ရှိတယ်၊ ဒီတော့ သောက်တယ်။ အားလုံးကလည်း လက်ခံထားတယ်၊ သောက်သင့်တဲ့ ကိစ္စအဖြစ်။ ဒီတော့ မူးတယ်၊ ဆင်ခြင်တုံတ၇ားတွေ ကင်းမဲ့လာတယ်၊ နောက်ဆုံးမှာတော့ အဖေက သမီးကို မုဒိမ်းကျင့်တယ်ဆိုတဲ့ မကြားဝံ့ မနာသာကိစ္စတွေ ဖြစ်လာတဲ့အထိကို အရက်က တွန်းအားပေးလာပါတယ်။
မြို့လယ်ခေါင်မှာ စကဒ်အတို ၀တ်လို့ ဘယ်သူကမှ ဘာမှမလုပ်ဘူး၊ နယ်မှာတော့ ထမီကို ခြေမ ဖုံးအောင် အထပ်ထပ်ဝတ်ပြီးသွားရင်တောင် အန္တရာယ်ရှိတယ်။ ဘာလို့လဲ၊ ရှင်းပါတယ်၊ မီဒီယာဆိုတဲ့ စောင့်ကြည့်မဲ့သူ မရှိရင် အစိုးရတွေ မဟုတ်တာလုပ်တတ်ကြတာနဲ့ အတူတူပါပဲ။ လင်းချင်းနေတဲ့ နေရာမှာတော့ ဘာဝတ်ထားထား၊ ပြသနာမရှိဘူး၊ လင်းနေတာကိုး၊ ဘယ်သူက ဘာလုပ်ရဲမလဲ။ တောမှာကျ ဒီလိုမဟုတ်ဘူး၊ နေရာတိုင်းက မှောင်မည်းနေတော့ မကောင်းမှုလုပ်ဖို့က ငှက်ပျောသီးအခွံနွှာစားရသလို ဖြစ်နေတယ်။
နောက်တစ်ခု၊ ရွာတွေမှာ ဘယ်အိမ်မှ တံခါးတပ်လေ့မရှိဘူး၊ ဒီတော့ အိမ်ထဲကို ၀င်လာပြီး အဓမ္မပြုကျင့်ဖို့ဆိုတာ လွယ်လွယ်လေးလိုပါပဲ။ အိမ်ကကျဉ်းကျဉ်း၊ မိသားစုတွေကများ၊ privacy သီးခြားဖြစ်တည်မှုဆိုတာ လုံးဝမရှိ၊ ဒီလိုအနေအထားမျိုးမှာ ဆင်ဆာမဲ့ဗီဒီယိုတွေ ကြည့်ထားတဲ့ ၆တန်းအရွယ် အစ်ကိုက ၆နှစ်အရွယ် ညီမလေးကို မှောက်မှားတဲ့ကိစ္စတွေလည်း ဖြစ်လာပါတယ်။
(၇) လုပ်ထုံးလုပ်နည်း
ဒီလိုကိစ္စတစ်ခု ကြုံတွေ့ခဲ့ရပြီဆိုရင် ပထမဆုံးပြဿနာက လုပ်ထုံးလုပ်နည်းတွေနဲ့ မရင်းနှီးတဲ့အတွက် ဘယ်ကိုသွားပြီး ဘာလုပ်ရမှန်း မသိတာပါပဲ။ အုပ်ချုပ်ရေးမှူးဆီ သွားရမလိုလို၊ ရဲပဲ တန်း တိုင်ရမလိုလို၊ အမျိုးသမီးရေးရာကိုပဲ သွားသင့်တာလိုလိုနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်ကြရပါတယ်၊ တစ်နေရာရောက် ကိုယ့်အဖြစ်ကို တစ်ခါပြောနဲ့ ကြာတော့ စိတ်ပျက်လာကြရပါတယ်၊ ကိုယ့်ကိစ္စ လူတွေသိကုန်တာပဲ အဖတ်တင်ပါတယ်။ ဒီလိုကိစ္စမျိုးတွေမှာ သိပ်ကိုအလေးထားရတဲ့ Confidentiality ဆိုတဲ့ လျှို့ဝှက်ထိန်းသိမ်းမှုဆိုတာကိုလည်း ဘယ်သူကမှ ဂရုစိုက်လေ့ မရှိကြဘူး။
အထူးကုဆေးရုံကြီးတစ်ခုရဲ့ ရှေ့တည့်တည့်မှာ ကားတိုက်ရင်တောင် လိုအပ်တဲ့ကုသမှု မခံရဘူး၊ အ၀င်တောင်မခံဘဲနဲ့ ဆေးရုံကြီးကိုပဲ တန်းသွား ဆိုတဲ့ လွဲမှားတဲ့ထင်မြင်ယူဆမှုမျိုးက ဒီမှာလည်း ရှိပါတယ်။ ရဲအရေးပိုင်တဲ့အမှု၊ ရဲမှုခင်းဆိုတော့ ကိုယ့်ကိုအမှုလာပတ်နိုင်တာမို့လို့ ဘယ်ဆရာဝန် ဆရာမကမှ မထိကြ မကိုင်ကြဘူး။ ရဲဆီပဲ သွားခိုင်းကြတယ်။ လုပ်ထုံးလုပ်နည်းအရ မုဒိမ်းမှုမြောက်မမြောက် ဆုံးဖြတ်တာဟာ ရဲနဲ့ တာဝန်ကျဆရာဝန်ရဲ့ လုပ်ပိုင်ခွင့်ဆိုပေမဲ့ ဒီလို လိုအပ်တဲ့ ကျန်းမာေ၇းစောင့်ရှောက်မှုတွေကိုတော့ ဘယ်ဆရာဝန်၊ဆရာမမဆို ပေးလို့ရပါတယ်။
ရဲဆီရောက်လာရင်တော့ ရဲက စစ်ချက်ယူဖို့အတွက် တာဝန်ရှိတဲ့ ဆရာဝန်ဆီကို ခေါ်လာတယ်။ ကျွန်တော်တို့ဆေးကျောင်းသားဘ၀ကတော့ ဒီလိုအမှုတစ်ခု ဖြစ်ရင် rape case ဟုတ်မဟုတ် အတည်ပြုပေးဖို့၊ စစ်ဆေးပေးဖို့သာ အဓိကထား သင်ကြားခဲ့ကြရတယ်။ ခံလိုက်ရတဲ့ အမျိုးသမီးလေးမှာ ဘာတွေ ခံစားနေရမယ်၊ ဘာတွေ လိုအပ်နေမယ်ဆိုတာမျိုး မတွေးခဲ့ဖူးကြဘူး။ rape ဟုတ်မဟုတ် စစ်ပြီး၊ မေးပြီး ပြီးပြီ။ တကယ်တော့ မှုခင်းဆေးပညာအရ သင်ကြားခဲ့ရတာ ဆိုပေမဲ့ WHO က ထုတ်တဲ့ Guideline မှာတော့ clinician တစ်ယောက်ရဲ့တာဝန်ဟာ ဒီလိုစစ်ဆေးဖို့အပြင် survivor ကို အခြေတည်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့လည်း လိုအပ်ပါတယ်။ အဲဒီအခါမှာလည်း စမ်းသပ်စစ်ဆေးမှုကို ခံယူခွင့်၊ ဒါမှမဟုတ် ငြင်းဆန်ပိုင်ခွင့်၊ အမျိုးသမီးဆရာဝန်ကို တောင်းဆိုပိုင်ခွင့် စတဲ့သူတို့ရဲ့အခွင့်အရေးတွေကို လေးစားပေးကြရပါမယ်။ ဒီလိုအမှုတစ်ခုဖြစ်ပြီဆိုရင် ဆရာဝန်တွေအပါအ၀င် အားလုံးက မှုခင်းရှုထောင့်ကနေပဲ ကြည့်ကြတယ်။
တိုင်မယ် တန်းမယ် ဖမ်းမယ် ဆီးမယ် ဒါပဲ။ တကယ်တော့ ဒီအမျိုးသမီးတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ကြုံတွေ့ရဖို့ ရှိနေပါတယ်။ မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ အဲဒီကိုယ်ဝန်ကို ဖျက်ချရင်း အသက်ဆုံးပါးသွားနိုင်တာ၊ HIV ပိုး၊ B ပိုး၊ ကာလသားပိုးတို့လို လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရသွားနိုင်တာ၊ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာရတာ၊ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း သတ်သေတဲ့အထိ ဖြစ်သွားနိုင်တာ စတဲ့ ပြဿနာတွေကို အကြီးအကျယ် ရင်ဆိုင်ရဦးမှာပါ။ ဒါတွေမဖြစ်အောင် ကြိုတင်ကာကွယ်တားဆီးပေးဖို့ဟာလည်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ အရေးကြီးတဲ့ တာဝန်တစ်ခုပါပဲ။ ပြောရရင် Rape ဟုတ်မဟုတ် စစ်ဆေးပေးဖို့ထက်တောင်မှ ပိုလို့အရေးကြီးပါသေးတယ်။ ဒီလို ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်မီ ခံယူဖို့ အရေးကြီးတဲ့အကြောင်းကို ကျန်းမာရေးဝန်ထမ်းတွေတင်မကဘူး၊ ပြည်သူတစ်ရပ်လုံးကပါ သတိရှိနေဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ တရားခံက ထောင်ပဲကျကျ၊ သေဒဏ်ပဲပေးပေး၊ ကိုယ်ဝန်နဲ့ကျန်ခဲ့ရမယ်ဆိုရင်၊ ရောဂါတွေ ကူးစက်ကျန်ခဲ့ရမယ်ဆိုရင် အဲဒီကောင်မလေးတစ်ယောက်အတွက်တော့ ဒါဟာ သူလိုချင်တဲ့ ဖြေရှင်းနည်းတစ်ရပ် မဖြစ်နိုင်ပါဘူး။   ။
ဒီလိုအတားအဆီးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ မိန်းကလေးတွေရဲ့ဘ၀၊ ကလေးလေးတွေရဲ့အဖြစ်ကို တွေးမိလိုက်ရင် အရမ်းကိုပဲ စိတ်တွေလေး လေးသွားပါတယ်။ ဒီကိစ္စတွေကို ကာကွယ်ဖို့၊ ဖြစ်လာခဲ့ရင်လည်း နောက်ဆက်တွဲပြဿနာတွေ မပေါ်ပေါက်အောင် စောင့်ရှောက်မှုပေးဖို့ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ကဏ္ဍတည်းရဲ့အားနဲ့ မရပါဘူး။ ကျန်းမာရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ စိတ်ပိုင်း၊လူမှုရေးပိုင်းဆိုင်ရာ ထောက်ပံ့ကူညီပေးမဲ့ကဏ္ဍ၊ ဒါတွေအားလုံး ပူးပေါင်းဆောင်ရွက်မှ ရမှာပါ။ လက်ရှိအနေအထားအထိတော့ ဒါဟာ သီအိုရီတစ်ခု၊ စိတ်ကူးယဉ်အိပ်မက်တစ်ခုဆိုတာထက် မပိုသေးပါဘူး။
ကျွန်တော့်ရှေ့မှာထိုင်နေတဲ့ ကလေးမလေးတွေ၊ နောက်လည်း လာထိုင်ကြဦးမဲ့ ကလေးမလေးတွေ လိုအပ်နေတာ ဘာများလဲ၊ လျော်ကြေးလား၊ မျှတတဲ့ တရားစီရင်မှုလား၊ ထိရောက်တဲ့ အကာအကွယ်တွေလား၊ ဒါမှမဟုတ် အပူအပင်ကင်းတဲ့ ကလေးလေးဘ၀လား၊ ကျွန်တော်လည်း မသိတော့ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီလိုမျိုး ဘယ်လိုမှမစိုးမိုးတဲ့ဥပဒေ၊ ဆင်းရဲမွဲတေမှု၊ ပညာမဲ့မှု၊ အကာအကွယ်မရှိမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေရဲ့ကြားက မိန်းကလေးတွေရဲ့ဘ၀ဟာ ၀ိုင်းစုခိုင်သိန်းသီချင်းထဲကလိုတော့ “မိန်းကလေးအလှ မိန်းကလေးဘ၀ ဒါ အပျော်ရွှင်ဆုံးပေါ့ That’s what we want” ဆိုတာမျိုး လုံးဝ လုံးဝ ဖြစ်မနေဘူးဆိုတာပါပဲ။
ဒေါက်တာ ဖြိုးသီဟ 
(မူရင်းတင်တဲ့ Page ကိုကြည့်ချင်ရင် စာရေးသူအမည်ကို Click လိုက်ပါ ခင်ဗျ Links ချိတ်ထားပါတယ်)
Friday, February 23, 2018
ကြက်ရိုးဟင်းရည် - မြိတ်​ငါးပိထောင်း - သရက်သီးခေတ္တာဟင်း
မြိတ်ငါးပိထောင်းဟင်း
 မြိတ်တံငါသည်ဟင်းလို့လည်း ခေါ်လို့ရမယ်ထင်ပါတယ်။ ပင်လယ်ကရလာတဲ့ ငါးအမျိုးမျိုးနဲ့ ပုစွန် အသေးလေးတွေကို အိမ်မှာ အဆင်သင့်ရှိနေတဲ့ မြိတ်ငါးပိထောင်းနဲ့ ပအုံးရည်နဲ့ ချက်တဲ့ ဒေသအစားအစာ လေးပါ။
ပါဝင်ပစ္စည်းများ
မြိတ်ငါးပိထောင်းနည်း ~
ငါးပိ  -  စားပွဲဇွန်း ၂ ဇွန်း (မီးကင်ထားပါ)
ငရုတ်သီးမှည့်အနီ (အစို)  -  ၅၀ဝ ဂရမ်
ငရုတ်သီးစိမ်း  -  ၁၅၀ ဂရမ်
ကြက်သွန်ဖြူ  -  ၃၅ ဂရမ် (မီးကင်ထားပါ)
ပုစွန်ခြောက်  -  ၄၀ ဂရမ်
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရောပြီး ထောင်းထားပါ။
မြိတ်ငါးပိထောင်းဟင်းအတွက် လိုအပ်တာတွေကတော့-
ကင်းမွန်  -  ၃၀ဝ ဂရမ် (သန့်ရှင်းထားပါ)
ကြိုက်နှစ်သက်ရာ ငါးအသေး  -  ၃၅၀ ဂရမ်
(ငါးမုတ်အဖြူအသေးကို သုံးထားပါတယ်)
ပုစွန်အသေး  -  ၁၅၀ ဂရမ်
ငါးနပ်  -  ၃၅၀ ဂရမ်
ပအုံးရည်  -  စားပွဲဇွန်း ၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း တစ်ဝက်
ရေ  -  ၇၀ဝ မီလီလီတာ
ပြုလုပ်နည်းအဆင့်ဆင့်
၁။ အိုးတစ်လုံးထဲ ရေထည့်ပြီး ဆူအောင်တည်ပါ။
၂။ ရေဆူသည်နှင့် ပအုံးရည်နှင့် မြိတ်ငါးပိထောင်း ၃ ဇွန်းထည့်ပါ။
၃။ ပြီးလျှင် ပင်လယ်စာအားလုံးထည့်ပြီး ချက်ပါ။
၎။ ပြီးလျှင် ဆားထည့်ပြီး ချက်ပါ။
၅။ အရမ်းလွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ ဟင်းလေးရပါပြီ။ (ပိုနေတဲ့ မြိတ်ငါးပိ ထောင်းကို သိမ်းထားပါ။)
သရက်သီးခေတ္တာဟင်း
...............................
 ရှမ်းအစားအစာတစ်မျိုးဖြစ်တဲ့ သရက်သီးဟင်းရည်လေးဖြစ်ပါတယ်။ သရက်သီးစိမ်းတစ်လုံးရှိရုံနဲ့ ဟင်းတစ်ခွက်အဖြစ် တည်ခင်းနိုင်မယ့် အချဉ်ဟင်းလေးပဲ ဖြစ်ပါတယ်။ပဲပုပ်ထောင်းကြော်နဲ့လိုက်ဖက်တဲ့ ထမင်းမြိန်စေမယ့် အဆီကင်း ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။ ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
• သရက်သီးစိမ်း - ၁ လုံး
• ခရမ်းချဉ်သီး  - ၁ လုံး
• ကြက်သွန်နီ - ၁ လုံး
• ကြက်သွန်ဖြူ  - ၃ မြွှာ
• မြေပဲလှော်ထောင်း - လက်တစ်ဆုပ်
• ဆား - စားပွဲဇွန်း တစ်ဝက်
• ဟင်းခတ်မှုန့်  - အနည်းငယ်
• နံနံပင် - အနည်းငယ်
ပုလုပ်နည်းအဆင့်ဆင့်
၁။ သရက်သီးစိမ်းကို အခွံနွှာပြီး ပါးပါးလှီးထားပါ။
၂။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ပါးပါးစိတ်ထားပါ။
 မြေပဲဆံလှော်ပြီး ထောင်းထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။
၃။ အားလုံးအသင့်ဖြစ်ပါက ဟင်းရည်ချက်မယ့်အိုးထဲ သရက်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ် သီးတို့ကိုထည့်ပါ။ ရေတစ်ပန်းကန်လုံးထည့်ပြီး ဆူပွက်အောင် တည်ပါ။
၎။ ဆူပွက်ပါက ဆား၊ ဟင်းခတ်မှုန့်နှင့် မြေပဲထောင်းထည့်ပြီး သရက်သီးအနည်းငယ် အိအောင် တည်ပေးပါ။
၅။ သရက်သီးနူးအိပါက အရသာအပေါ့အငန်မြည်းပြီး နံနံပင်ခတ်ကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။
............................
Sofia
(ချက်ပြုတ်ပြသူများ - မအိသက် မြင့်ဦးသာSofia)
အရမ်းပိန်သူများ ကျစ်ပြီးထွားလာဖို့ ဘာလုပ်ရမလဲ ???
အရမ်းပိန်သူများ ကျစ်ပြီးထွားလာဖို့ ဘာလုပ်ရမလဲ ???
( Skinny to Fit )
အဲ၊ သင်ဟာ ပိန်တယ်လို့ ကိုယ့်ကိုကိုယ် ခံယူထားသူတစ်ဦး ဆိုပါတော့။ ပိန်ရာကနေ ထွားလာဖို့ ဆောင်းပါးတွေ ရှာတဲ့နေရာမှာ တစ်လောကလုံးက သင့်ကို ဖယ်ကျင်နေပါလားလို့ ခံစားကောင်း ခံစားရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Fitness နဲ့ ပတ်သက်တဲ့ Page တော်တော်များများက Weight ကျဖို့ချည်း ပြောကြတာကိုး။
ဒါမှမဟုတ် ရပ်ကွက်ထဲမှာဖြစ်ဖြစ်၊ Facebook ပေါ်မှာပဲဖြစ်ဖြစ် ပိန်လွန်းလို့ ကူကြ ကယ်ကြပါဦးများ မပြောလိုက်နဲ့၊ သင့်ကို ပြူးပြဲ အံ့သြသလိုမြင်ကြမှာလဲ မဆန်းပါဘူး။ ဒီလိုဆိုတော့ သင့်အဖြစ်က ပေါင်တွင်းသား ပုရွက်ဆိတ်ကိုက်သလိုပဲ၊ အော်ရင်လဲ ကိုယ်ဘာဖြစ်လဲ မမြင်ရမယ့်တူတူ ကြိတ်ခံနေရတာနဲ့ တူပါလေရော။
ဒါပေမယ့် ပိန်သူတွေမှာလဲ သူ့လိုချင်စိတ်၊ သူ့ပန်းတိုင်နဲ့ သူပါ။ အရမ်းဝနေလို့ ကမ်းခြေတွေမှာ အင်္ကျီချွတ် ဓါတ်ပုံမရိုက်ချင်သူတွေ ဒုနဲ့ဒေးရှိသလို ပိန်သူတွေလဲ မချွတ်ချင်တဲ့သူ ဒုနဲ့ဒေးပေါ့။ ဒါဆို ဝသူတွေအတွက် Beach body နဲ့ လန်းသွားအောင် ဆောင်းပါးတွေရှိရင် ပိန်သူတွေအတွက်လဲ လန်းလာအောင် အကြံပေးဆောင်းပါးတွေ မရှိသင့်ဘူးလား။
အဖြေက ရှိသင့်တာပေါ့ မလို့ ဒီတစ်ခေါက် Golden_Dreams page အနေနဲ့ ရေးလိုက်ပါတယ်။ သူများတွေ မျက်ကွယ်ပြုချင်ပြုမယ်၊ ဒီမှာတော့ မပြုပါဘူးလို့ ပြောရင်း စလိုက်ရအောင်။
**********************
၁။ ထွားလာခြင်း အခြေခံ 
အခြေခံဆိုတဲ့ အတိုင်း တစ်ချို့သိပြီးဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
#Weight တက်လာဖို့အတွက် သင်တစ်နေ့တာ လှုပ်ရှားသွားလာ သုံးနေတဲ့ စွမ်းအင်ထပ် ပိုစားဖို့လိုပါတယ်။
ဒါ့ထပ် ရှင်းရှင်းပြောရရင် စားသာစား၊ Weight မတက်မချင်းစားပါလို့ ဆိုရမှာပါပဲ။ အပေါ်မှာ ဒီအခြေခံတစ်ချက်ကို လူတစ်ချို့သိမယ်ဆိုခဲ့တာက တစ်ချို့ကျ တစ်ကယ်ကို မသိလို့ပါပဲ။
" Weight တက်ချင်လို့ဘယ်လိုဆော့ရမလဲ "
ဒီလိုမေးခွန်းအစား Weight တက်အောင် ဘယ်လိုစားရမလဲကို ခေါင်းထဲမှာ အရင်ထားပါ။
**********************
၂။ထွားလာပုံ အမျိုးမျိုး 
ထွားလာဖို့ စားရမယ်ဆိုတာ သိအပြီးမှာ ဘယ်လိုပုံမျိုးထွားလာနိုင်လဲဆိုတာလဲ သိဖို့လိုပါတယ်။
#လူတစ်ယောက်ရဲ့ Weight အပြောင်းအလဲဟာ ကြွက်သားနဲ့ အဆီအပြောင်းအလဲဖြစ်ပါတယ်။
Weight ကျလား။ ဒါဆို ကြွက်သား၊ အဆီ ကျချင်တာကျမယ်။
Weight တက်လား။ ဒါဆို ကြွက်သားပဲ တက်တာလား၊ အဆီပဲ တက်လာတာလား။ ဒါမှမဟုတ် နှစ်ခုလုံးပေါင်းပြီး တက်လာတာလား။ တစ်ခုခုပါပဲ။
အရမ်း အခြေခံကျတယ်ဟုတ်။
ဘယ်လိုပုံစံနဲ့ Weight တက်လာလာ၊ Weight တက်ပြီ ဆိုကတည်းက တစ်နေ့တာ လှုပ်ရှားတာထပ် ပိုကို စားလို့ပါဆိုတာကို နံပတ် ၁ မှာပြောခဲ့တယ်။
နံပတ် ၁ မှာပြောခဲ့တဲ့အချက်ဟာ အခု ထွားလာပုံအမျိုးမျိုးမှာ ဘယ်လိုသက်ရောက်သလဲ ကြည့်မယ်ဆိုရင်
အခြေအနေ ၁ 
Weight တက်တယ် = အဆီတွေချည်းတက်လာတယ်
ဒီလိုဖြစ်ဖို့အတွက် သင်ဟာ ဘာလေ့ကျင့်ခန်းမှ လုပ်စရာမလိုပါဘူး။ အစားရွေးတဲ့ နေရာမှာလဲ ဘာစားစား အရေးမကြီးပါဘူး။ တစ်နေ့တာ သုံးတာထပ်ပိုအောင် ကျန်းမာရေးနဲ့ ညီတာတွေပဲစားစား၊ မညီတာတွေပဲ စားစား အားလုံး အဆင်ပြေပါတယ်။
အခြေအနေ ၂ 
Weight တက်တယ် = ကြွက်သား + အဆီတက်လာတယ်
ဒီလိုဖြစ်ဖို့အတွက် အလေးဆော့ဖို့၊ ဒါမှမဟုတ် အလေးလွတ် ဘားခို၊ ဒိုက်ထိုး စတာတွေ လုပ်ဖို့လိုပါတယ်။
Equation မှာ (ကြွက်သား) ဆိုတဲ့ အရာပါလာရင် ခန္ဓာကိုယ်ကို တစ်ရက်ပြီး တစ်ရက်၊ တစ်ပတ်ပြီး တစ်ပတ် လေးလံတာတွေနဲ့ စိန်ခေါ်ဖို့ လိုလာပါပြီ။
အစားအသောက်ပိုင်းမှာဆိုရင် ၂ မျိုးဖြစ်နိုင်ပါတယ်။ Equation မှာ (အဆီ) ဆိုတဲ့ အရာပါလာတာက
- ကျန်းမာရေးနဲ့ ညီတာတွေ၊ ကြွက်သားတက်မယ့် Protein တွေ စားပေမယ့် လိုအပ်တာထပ် ပိုသွားလို့ ဖြစ်နိုင်ပါတယ်။ ယောင်္ကျားလေးဆို တစ်လကို ၁.၅ ပေါင်လောက်ပဲ ကြွက်သားတည်ဆောက်နိုင်တဲ့နေရာမှာ ၃ ပေါင်လောက် တက်အောင်စားရင် ၁.၅ ပေါင်ဟာ အဆီပါပဲ။ မိန်းကလေးဆိုတစ်လကို ပေါင်ဝက်ကျော်လောက်ပဲ ကြွက်သားဆောက်နိုင်ပါတယ်။
- ကျန်းမာရေးနဲ့ မညီတာတွေ စားတာပိုများလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အလေးဆော့နေသေးတော့ ကြွက်သားတော့ နည်းနည်းတက်နိုင်သေးတာမလို့ ကြွက်သား+အဆီ ဖြစ်နေတာပါပဲ။ ကျန်းမာရေးနဲ့ မညီတာတွေများလေ အဆီပိုများလေဖြစ်ပါလိမ့်မယ်။
အခြေအနေ ၃
Weight တက်တယ် = ကြွက်သားပဲတက်တယ်
ဒီအခြေအနေဟာ အဖြစ်ချင်ဆုံး အခြေအနေပါပဲ။ အရမ်းလဲ စည်းကမ်းရှိဖို့လိုပါတယ်။
(ကြွက်သား) ဆိုတာ Equation မှာပါလို့ အလေးဆော့ဖို့လိုပါတယ်။
အစားအသောက်ပိုင်းမှာတော့ အခြေအနေ ၂ နဲ့ အနည်းငယ်ဆင်ပါတယ်။
ကျန်းမာရေးနဲ့ညီတဲ့၊ ကြွက်သားတည်ဆောက်ပေးမယ့် အစားအသောက်တွေကို ယောင်္ကျားလေးဆို တစ်လ ၁ ပေါင်နှုန်း၊ မိန်းကလေးဆို ပေါင်ဝက်နှုန်းတက်အောင် စားရပါမယ်။
တိကျနိုင်လေ ကြွက်သားပဲ အသစ်ဖြစ်လေပေါ့။ အနည်းငယ်ပိုသွားရင်တော့ အဆီအနည်းငယ် ရောတက်နိုင်ပါတယ်။ ဒါပေမယ့် အဆီအနည်းငယ်ဆိုတာ ပြသနာတော့ မဟုတ်ပါဘူး။ သဘာဝအားဖြင့်လဲ အဆီပါတက်လေ့ရှိတာမလို့ မစိုးရိမ်ပါနဲ့။
ဒီတော့ Weight တက်လာမယ့် အခြေအနေ ၃ မျိုးမှာ သင့်ကို ကြည့်ကောင်းစေမယ့် Weight တက်ခြင်းဟာ အခြေအနေ ၂ နဲ့ ၃ ဖက်စပ်ကြားပါပဲ။ ကြွက်သား ပမာဏများများနဲ့ အဆီ အနည်းငယ်ပဲ ပါမယ့် Weight တက်ခြင်းပေါ့။
ဒီလိုဖြစ်အောင် အလေးဆော့ရမယ်၊ ကျန်းမာရေးနဲ့ ညီတဲ့ ကြွက်သားတက်စေမယ့် အစားတွေ စားရမယ်။ ဒီထိကို ရင်ထဲ စွဲပြီဟုတ်။
ဒါဆို အလေးဆော့ခြင်းအပိုင်းကို ဆက်ကြည့်မယ်။
**********************
၃။ကြွက်သားတည်ဆောက်ပေးမယ့် လေ့ကျင့်ခန်းများရွေးချယ်ခြင်း
Workout တစ်ခုပြီးတယ်၊ Gym သွားတယ်ဆိုတိုင်းလည်း ကြွက်သားတက်လာမယ် မဆိုနိုင်ပါဘူး။
ဒါ့ကြောင့်လဲ တစ်ချို့ Gym သွားသူတွေဟာ Weight ကျလာတယ်၊ ပိန်သွားတယ်။ ကြွက်သားတွေနဲ့တော့ ကျစ်မလာဘူး။
တစ်ချို့ကျတော့ ဝနေရာကနေ ပိန်သွားရုံတင် မကဘူး၊ ကြွက်သားတွေနဲ့ပါ ကြည့်ကောင်းလာတယ်။ ဒါဟာ လေ့ကျင့်ခန်းရွေးချယ်မှုတွေအပေါ် အများကြီး မူတည်ပါတယ်။
အကြမ်းဖျင်းအားဖြင့် ရွေးချယ်ရာမှာ 
၁-အဆီကျစေမယ့် နှလုံးခုန်နှုန်းကိုမြန်စေမယ့်
* ပြေးခုန်တဲ့ လေ့ကျင့်ခန်းတွေလား
* ဇွန်ဘာ အကလေ့ကျင့်ခန်းတွေလား
* လက်ဝှေ့ထိုးတဲ့ သင်တန်မျိုးလား
* Whole body circuit သင်တန်းမျိုးလား
ဒါမျိုးတွေ ရွေးချယ်မလား။
၂-ဒါမှမဟုတ် ကြွက်သား လေ့ကျင့်ပေးမယ့်
* အလေးဆော့တာ
* အလေးလွတ် တစ်ဆင့်ချင်းတိုးတိုး စိန်ခေါ်တာ
မျိုးတွေ ရွေးချယ်မှာလား။ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။
ဒီနေရာမှာ သင်ဟာ ပိန်တဲ့လူဖြစ်တဲ့အတွက် ရွေးချယ်စရာ (၁) အဆီချတာကို ရွေးချယ်နေရင် အစကတည်းက Weight တက်ရခက်နေပါတယ်ဆိုမှ ပိုခက်အောင် လုပ်သလို ဖြစ်နေတော့မှာပါပဲ။ ဒီတော့ နံပတ် ၁ လေ့ကျင့်ခန်းတွေဟာ No No ပါပဲ။
ဒီတော့ နံပတ် (၂) ရွေးချယ်မှုနဲ့ ကြွက်သားတက်အောင် လုပ်ရမယ်ဆိုပါတော့။ အလေးလွတ်နဲ့ဆော့တာကြွက်သားတက်နိုင်တယ်ဆိုပေမယ့် အချိန်တန်ရင် အလေးဆော့တာကို ပြောင်းသင့်တာမလို့ အလေးဆော့မယ့် အကြောင်းကို ပြောပါမယ်။
အလေးဆော့မယ်ဆိုတော့ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို ရွေးချယ်ရမလဲ။ 
ကြွက်သားတက်ဖို့အတွက် အခြေခံ သုံးချက်ရှိပါတယ်။
၁- ပိုပြီး လေးလံတာကို လုပ်နိုင်လာခြင်း
၂- ကြွက်သားတစ်ခုကို လုံလောက်တဲ့ ကြာချိန်နဲ့ စိန်ခေါ်ခြင်း
၃- အစားအသောက် အာဟာရလုံလောက်စွာစားခြင်း၊ နားနေခြင်း
သင်ဟာ ပိန်လို့ Weight တက်ဖို့ခက်သူ။ ဒါ့ကြောင့် အချိန်ကြာမြင့်စွာ Gym မှာ စွမ်းအင်တွေ ဖြုန်းတီးဖို့ မသင့်တာကြောင့် မိနစ် ၄၀-၆၀ အချိန်တိုအတွင်း ပြန်ထွက်နိုင်အောင် ကြိုးစားရမှာပါ။
အပေါ်က ကြွက်သားတက်ဖို့ လိုအပ်တဲ့ အချက်ရယ်၊ အချိန်တိုအတွင်း ပြင်းပြင်းထန်ထန်လုပ်သင့်တဲ့ အချက်ရယ် နှစ်ခုကို ထည့်စဉ်းစားတဲ့အခါ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားအများအပြား သုံးတဲ့ Compound လေ့ကျင့်ခန်းတွေပါပဲ။
ကြွက်သား အနည်းအကျဉ်းပဲသုံးတဲ့ Isolation lift နဲ့ ကြွက်သား အများအပြားသုံးတဲ့ Compound lift နှစ်ခု ဘာကွာလဲကို အကျဉ်းပြောပါမယ်။
- ကြွက်သား အနည်းအကျဉ်းပဲသုံးတဲ့ Isolation lift
လက်မောင်းဆော့တာ၊ ခြေသလုံးဆော့တာမျိုးဟာ Isolation lift တွေပါပဲ။ လက်ဆိုရင် လက်ပဲသုံးရပြီး တခြား အစိတ်အပိုင်းတွေ မသုံးရပါဘူး။
- ကြွက်သားအများအပြားသုံးတဲ့ Compound lift
ရင်ဘတ်တွန်းတာ၊ ဘားခို၊ ထိုင်ထတွေဟာ Compound lift တွေပါပဲ။ ဘားခိုတဲ့အခါ နောက်ကျောကြွက်သား၊ ဝမ်းဗိုက်ကြွက်သား၊ လက်မောင်း၊ ပုခုံး စတာတွေဟာ ပူးပေါင်းလုပ်ဆောင်ရပါတယ်။
လေ့ကျင့်ခန်းပုံစံတစ်မျိုးတည်းနဲ့ ကြွက်သားအများအပြားကို လေ့ကျင့်တာပေါ့။
ဒီတော့ သင့်အတွက် ရွေးချယ်သင့်တဲ့၊ မပါမဖြစ်တဲ့ လေ့ကျင့်ခန်းတစ်ချို့ကို အောက်မှာပြလိုက်ပါတယ်။
* Squat ( ပေါင်၊ တင်ပါး၊ ဗိုက်ကြွက်သား)
* Bench press (ရင်ဘတ်၊ လက်မောင်းနောက်၊ ဗိုက်ကြွက်သား)
* Deadlifts (ပေါင်၊ တင်ပါး၊ နောက်ကျော၊ ဗိုက်ကြွက်သား)
* Barbell row ( နောက်ကျော၊ လက်မောင်းရှေ့၊ ခါးနောက်၊ ဗိုက်ကြွက်သား)
* Overhead press ( လက်မောင်းနောက်၊ ဆုံ၊ ဗိုက်ကြွက်သား)
* Pull ups (လက်မောင်း၊ နောက်ကျော၊ ဗိုက်ကြွက်သား)
* Dips (လက်မောင်းနောက်၊ ရင်ဘတ်၊ ဗိုက်ကြွက်သား)
* Landmine press (လက်မောင်းနောက်၊ ရင်ဘတ်၊ ဆုံ၊ ဗိုက်ကြွက်သား)
* Glute Bridge (ပေါင်၊ တင်ပါး၊ ဗိုက်ကြွက်သား)
* Abs (ဗိုက်ကြွက်သား)
တစ်ရက်အတွင်း မျိုးစုံလုပ်စရာမလိုပါဘူး။ ဥပမာ ရင်ဘတ်နေ့ဆိုရင် Bench press၊ Dips စတာတွေကို ဦးစားပေးလုပ်ပါ။ အောက်ပိုင်းဆိုရင် Deadlift ၊ Glute bridges ၊ Squat ကိုလုပ် စသဖြင့်ပေါ့။
လုပ်တဲ့အခါ ၁၂ ကြိမ် x ၅ ကြော့လုပ်ပါ။  Pull ups နဲ့ Dips ကတော့ ကိုယ်ရသလောက်လုပ်။ တစ်ချို့အတွက် ၃ ကြိမ်ပဲရတယ်ဆိုလဲ ၃ ကြိမ်။
ပိန်တဲ့လူတစ်ယောက်အနေနဲ့ရော၊ Beginner တစ်ယောက်အနေနဲ့ရော ဒီလေ့ကျင့်ခန်းတွေကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင် နှောကြေအောင် လုပ်ပါ။ အောက်မှာ ပုံတွေပြထားတာမလို့ Gym က Trainer တွေကိုလဲ လုပ်ပုံလုပ်နည်း မှန်မမှန် ကြည့်ခိုင်းနိုင်ပါတယ်။
တခြားလေ့ကျင့်ခန်းတွေဖြစ်တဲ့ လက်မောင်း၊ လက်ဖျံ၊ ဂုတ်သား စတဲ့ တစ်ခုချင်းစီ Isolation lift တွေကို ခဏ ခေါင်းထဲက ထုတ်ထားနိုင်ပါတယ်။
အခုအချိန်မှာ ဒီ Compound လေ့ကျင့်ခန်းတွေကို ၁၀ ပေါင်အလေးလောက်ပဲ ရစေအုန်း၊ တစ်နေ့ထပ် တစ်နေ့ ပိုသန်မာလာအောင် ကြိုးစားပါ။
အစားအစာ အာဟာရလဲ လုံလောက်စွာရတယ်၊ ဒီ Compound lift တွေမှာလဲ တစ်ပတ်ထပ် တစ်ပတ် ပိုသန်မာလာတယ်ဆိုရင် ကြွက်သားအသစ်တွေ ထွက်လာမှာ မလွဲပါပဲ။
အဲ၊ အစားအစာ အာဟာရလဲ လုံလောက်စွာရတယ်ဆိုတော့ ဘယ်လိုအစားအစာတွေ စားနိုင်လဲ ဆက်ကြည့်ရအောင်။
**********************
၎။ပိန်သူများကြွက်သားတည်ဆောက်ဖို့ အစားအစာရွေးချယ်ခြင်း
အစားအစာနဲ့ ပတ်သက်လို့ ခေါင်းထဲအရင်ရောက်ရမှာက အများကြီး၊ အများကြီးစားဖို့ လိုတယ်ဆိုတာပါပဲ။
သင့် တစ်သက်တာလုံး ပိန်ခဲ့တယ်၊ ဘယ်လောက်စားစား မဝခဲ့ဘူးဆိုခဲ့တယ်ဟုတ်။ ဒီနေရာမှာ သင်စားတာ သင်ထင်သလောက် ပမာဏများချင်မှ များမယ်။ ဒါမှမဟုတ် တစ်ရက်တစ်လေ အများကြီးစားလိုက်၊ ကျန်ရက်တွေကျ လိုသလောက် မစားလိုက်။ ဒီလိုလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါတွေကို ပြင်ဖို့အတွက် လိုတာထပ် ပိုစားရမှာပါပဲ။
တစ်လကို တစ်ပေါင်ကျော်၊ နှစ်ပေါင်ဝန်းကျင်တက်ဖို့ဆို အခုစားနေတာထပ် တစ်နေ့ကို Calories 200 ပိုစားရမယ့် သဘောမှာရှိပါတယ်။ ဒါကိုမှ သင်ဟာ အလေးဆော့မယ်ဆိုရင် တစ်နာရီ Workout ဟာ Calories 200/300 ဝန်းကျင်။ ဒီတော့ တစ်နေ့ကို Calories 300/500 အထိ ပိုစားရပါမယ်။ နောင်တစ်ခုက လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အစာခြေအားလဲ ပိုကောင်းလာနိုင်တာမလို့လဲ အများကြီးစားဖို့ လိုတယ်ပြောရတာပါ။
ဥပမာအနေနဲ့ သင်ဟာ အရင်က တစ်နေ့ကို Calories 1200 ခန့်စားတယ်ဆိုပါဆို့။ ဒီတော့ ပိုစားရမယ့် ပမာဏကို စားတဲ့အခါ ထည့်ပေါင်းစားရင်စား၊ ဒါမှမဟုတ် ကြားမှာ Snack သို့မဟုတ် နောင်တစ်နပ်စားပေါ့။
အာဟာရလဲများမယ်၊ ကြွက်သားတက်ဖို့လဲ အကူအညီပေးမယ်၊ နာကျင်မှုတွေကိုလဲ သက်သာစေမယ်၊ Weight တက်ဖို့လဲ ကူညီပေးမယ့် အစားအစာတွေကို အောက်မှာပြလိုက်ပါတယ်။
* ဆန်၊ ဂျုံ၊ ပေါင်မုန့်
* Peanut butter
* ထောပတ်သီး
* မြေပဲစေ့၊ သီဟိုစေ့၊ Almond စေ့ စသည်
* Cheese ၊ ဒိန်ချဉ်၊ နို့၊ Chocolate milk
* ပဲမျိုးစုံ
* အသားငါး
* Dark chocolate
* သံလွင်ဆီ၊ နှမ်းဆီ
* Salmon ငါး
* Oats
* အာလူး
* ကန်စွန်းဥ
* ပြောင်းဖူး
ဒီ List ထဲက အစားအစာတွေဟာ Calories များပြီး အပေါ်က ကောင်းကျိုးအချက်အလက်တွေနဲ့လဲ ညီပါတယ်။ ဝရင်ပြီးရောဆိုပြီး ကျန်းမာရေးနဲ့ မညီတဲ့ Pizza ၊ Cream ၊ ကိတ်မုန့်တွေတော့ ဒီမှာ မညွှန်းပါဘူး။
သင့်ရည်ရွယ်ချက်က ကြည့်ကောင်းအောင် ဝချင်တာ၊ အဆီတွေနဲ့ ဖိုင့်ချင်တာမှ မဟုတ်ပဲ။
**********************
ဒီတော့ သင်လုပ်သင့်တာတွေကို အကျဉ်းပြန်ချုပ်ရရင်
- Weight တက်ဖို့ဆိုရင် သုံးတဲ့ စွမ်းအင်ထပ် ပိုစားရပါမယ်။ တခြားနည်းမရှိ။
- Weight တက်တဲ့နေရာမှာ ကြွက်သားတက်ချင်ရင် အလေးဆော့ရပါမယ်။
- အလေးဆော့တဲ့အခါ အဆီကျလေ့ကျင့်ခန်းတွေကို တက်နိုင်သမျှရှောင်ပြီး ကြွက်သားတက်မယ့် လေ့ကျင့်ခန်းတွေလုပ်ရမယ်။
- လေ့ကျင့်ခန်းတွေထဲမှာ Compound လေ့ကျင့်ခန်းတွေကို အမြဲအလေးထားပြီး ပိုပိုစိန်ခေါ်နိုင်အောင် ကြိုးစားရမယ်။
- အစားစားတဲ့အခါမှာ အပေါ်ကပြထားတဲ့ List ထဲမှာပါတဲ့ အစာတွေကို ရွေးချယ်စားပါ။ အလေးဆော့နေသူတိုင်းဟာ အသားငါး များများစားဖို့လဲလိုပါတယ်။
- အများကြီးစားဆိုတဲ့ နေရာမှာ ယောင်္ကျားလေးဆို တစ်လကို ၁-၁.၅ ပေါင်ကြားတက်အောင်စားပါ။ မိန်းကလေးဆို တစ်လ ၁ ပေါင်ဝန်းကျင်တက်အောင်စားပါ။
ဒီအပေါ်က အချက်တွေကိုလိုက်နာသရွေ့ ပိန်ရာကနေ ကျစ်လျစ်ဖွံ့ထွားလာဖို့ မြေကြီးလက်ခတ်မလွဲပါပဲ။ မှားစရာအကြောင်း မရှိသလို နည်းလမ်းတွေကလဲ မရှုပ်ထွေးပါဘူး။
နောက်ဆုံးမှာချင်တာတစ်ခုက ခန္ဓာကိုယ်တစ်ခုပြောင်းလဲဖို့ဟာ ခိုင်မာတဲ့ စိတ်ရှိဖို့လိုတာမလို့ ခက်ခဲပါတယ်။ ဒါ့ကြောင့်လဲ ပြောင်းလဲနိုင်တဲ့လူဟာ သင့်ပတ်ဝန်းကျင်မှာ လက်ချိုးရေလို့ ရတာပါပဲ။
ဒီတော့ နည်းတွေလဲ ရပြီ၊ အားတွေလဲ ရှိပြီဆိုရင်ဖြင့် ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ တစိုက်မတ်မတ်လုပ်ပါလို့ နောက်ဆုံးမှာချင်ပါတယ်။
တစ်ပတ်၊ နှစ်ပတ်၊ တစ်လ .... သုံးလ ....... ခြောက်လတန်သည်မှာ ပိုသန်မာ ပိုလှလာမယ့် သင့်ကို မြင်တွေ့ချင်တဲ့ စိတ်တွေနဲ့ ဒီဆောင်းပါးကို ရေးလိုက်ရပါကြောင်း။
လိုအပ်သူများကိုလဲ ကူပြီး လက်တို့ပေးပါအုန်းလို့။
Golden_Dreams ❤️
(မူရင်းတင်တဲ့ Page ကိုကြည့်ချင်ရင် စာရေးသူအမည်ကို Click လိုက်ပါ ခင်ဗျ Links ချိတ်ထားပါတယ်)
Thursday, February 22, 2018
တရုတ်မိန်းကလေးတစ်ယောက်ကို ချစ်မိရင်
တရုတ်မိန်းကလေးတစ်ယောက်ကို ချစ်မိရင် နားလည်သဘောပေါက်ထားသင့်တဲ့ အချက် ၁၀ ချက်
၁။ တရုတ်မိန်းကလေးအများစုဟာ နားလည်ရခက်တဲ့ စာအုပ်တစ်အုပ်လိုပဲ ပွင့်လင်းမှု မရှိကြပါဘူး။ သူတို့ဟာ မင်းကို အချိန်ယူစောင့်ကြည့်ပြီးမှ အနည်းငယ် ယုံကြည်လာပါလိမ့်မယ်။ အဲ့အခါကမှ မင်းကို သူတို့ရဲ့ အိမ်မက်တွေ သူတို့ရဲ့ ခံစားချက်တွေကို ပြောပြလာပါလိမ့်မယ်။ ဒီလိုတွေ ပြောလာလို့ မင်းနဲ့ ရင်းနှီးလာပြီထင်ပြီး သူမရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေတော့ သွားမမေးပါနဲ့။ ဒါဟာ သူတို့အတွက်တော့ မယဉ်ကျေးတဲ့ သဘောကို ဆောင်ပါတယ်။ သူတို့ဟာ ခင်မင်တဲ့ လူအပေါ် အပြန်အလှန် ရင်နှီးတဲ့ အမူအရာတွေ ပြသတတ်ပါတယ်။ ဒီ့ထက်ပိုပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သင့်ကို ပြောပြလာပြီဆိုရင်တော့ သူမဟာ သင့်ကို စတင်လက်ခံလာပါပြီ။
၂။ သင်ကြားဖူးမှာပါ။ တရုတ်မိန်းကလေး အများစုက ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တယ် ဆိုတာလေ။ ဟုတ်ပါတယ် ဒါတော့ အမှန်ပဲ။ ဒါပေမယ့် သူတို့ဟာ အချစ်နဲ့ ပတ်သတ်လာရင်တော့ တယူသန်တွေ များပါတယ်။ အထူးသဖြင့် တခြား သူစိမ်းလူတွေ သူတို့နဲ့ ခင်မင်မှု ရရှိလာအောင် အနားကပ်လာခဲ့ရင်တော့ သူတို့ရဲ့ သဘောထားဟာ သင်ထင်သလို မဟုတ်တော့တာကြောင့် ဒီအချက်ကိုတော့ သတိပြုပါ။ အဆိုးဆုံး အခြေအနေကို တွေးပြီးမှ ရင်းနှီးမှု ယူတာ ပိုကောင်းပါလိမ့်မယ်။
၃။ တရုတ်မိန်းကလေးအများစုက သူတို့အပေါ် Lady First ဆိုတဲ့အတိုင်းပဲ အလေးထား ညှာတာဆက်ဆံတာကို လိုလားပါတယ်။ အထူးသဖြင့် သူတို့ရှေ့မှာ ဆဲဆိုတာ ရိုင်းစိုင်းတဲ့ အပြုအမှုမျိုး လုပ်တာတွေကို မနှစ်သက်ပါဘူး။ ဒါ့အပြင် သူတို့ကို သတိတရနဲ့ surprised လုပ်ပေးတာတွေ အမြဲလိုလို ပျော်ရွှင်အောင် ထားပေးတာမျိုးကို နှစ်သက်ပါတယ်။ အဲ့လို အလိုလိုက်ပြီး ဂရုစိုက်ပေးရင် သင်ဟာ သူ့ဘဝထဲမှာ အရေးပါသူ တစ်ဦး ဖြစ်လာပါလိမ့်မယ်။
၎။ တရုတ်မိန်းကလေးအများစုဟာ ဘယ်အသက်အရွယ်ပဲ ရောက်နေပါစေ သူတို့ကို ကလေးလို သဘောထားပြီး အရုပ်လေးတွေပေးတာ သဘောကျပါတယ်။ တကယ်လို့ သင်ဟာ သူ့အတွက် လက်ဆောင်ပေးဖို့ မေ့နေခဲ့ရင် ကလေးအရုပ်ဆိုင်ထဲသာ ပြေးဝင်ပြီး အရုပ်လေးတရုပ် ဝယ်ပြီး ပေးလိုက်ပါ။ ဒါဟာ သင့်အတွက် နောက်ဆုံးမိနစ် နောက်ဆုံးကျည်ဆံနဲ့ ချက်ကောင်းထိအောင် ပစ်ခတ်နိုင်ပါလိမ့်မယ်။
၅။ တရုတ်မိန်းကလေးအများစုက အရှက်အကြောက် ကြီးတတ်ပါတယ်။ သူတို့ကိုဟာ သင့်ဆီက ချစ်တယ်ဆိုတဲ့ စကားတခွန်းကို နားထောင်ဖို့ ခက်နေတယ်ဆို သင့်အနေနဲ့ ဆက်ပြောဖို့ မစဉ်းစားပါနဲ့တော့။ သူတို့အနေနဲ့ သင်ဘာပြောပြော လက်ခံတော့မှာ မဟုတ်ပါဘူး။ သူတို့နဲ့ အဆင်ပြေဖို့ဆို သူတို့ အများဆုံး ပြောနေတဲ့ သင့်ဆီက မကြိုက်တဲ့ သင့်ရဲ့ အမှားတစ်ခု ဒါမှမဟုတ် သူတို့ဆီကနေ အနည်းငယ် သင့်ကို ချီးကျူးတာမျိုးကို တစ်ခုခု ကြားရဖို့ မျှော်လင့်ပါ။
၆။ ဟာသအကြောင်း ပြောနေတယ်ဆိုတာ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိကြတဲ့ ဓလေ့တစ်ခုပါ။ ချစ်သူ စုံတွဲတေကြားမှာလည်း ဟာသလေးတွေ ပြောပြီး အတူတူ ရယ်မောလေ့ ရှိကြပါတယ်။ ဒါပေမယ့် တရုတ်မိန်းကလေးတစ်ယောက်ကို ကြိုက်မိပြီ ဆိုရင်တော့ ဒါဟာ အမှားတစ်ခုကို လုပ်မိသလို ဖြစ်သွားပါလိမ့်မယ်။ သူတို့နဲ့တွေ့တိုင်း ဟာသတွေ ညစ်ညမ်းတာတွေ ပြောနေမယ်ဆိုရင်တော့ သူတို့ဟာ သင်ပြောနေပေမယ့် နားထောင်ချင်မှ နားထောင်ပါလိမ့်မယ်။ ပြီးတော့ သူတို့ဟာ သင်ပြောတဲ့ ဟာသတွေကို နားချင်မှ နားလည်ပါလိမ့်မယ်။ သင်ဆက်ပြောနေပေမယ့် သူတို့ဟာ စိတ်ရှုပ်တဲ့ အမူအရာမျိုး  ပြသလာမယ်ဆို သင့်အနေနဲ့ သူမအနားကနေ ထွက်သွားတာ အကောင်းဆုံးပါပဲ။
၇။ တရုတ်ပြည်ကြီးဟာ တိုးတက်လာပေမယ့် မပြောင်းလဲသေးတာကတော့ တရုတ်မိန်းကလေးတွေရဲ့ မိန်းမဆန်ဆန် နေထိုင်တတ်တဲ့ ရိုးရာဓလေ့လေးပါ။ သူတို့ဟာ သူတို့ဘဝအတွက် အကောင်းဆုံး အထောက်ပံ့ပေးနိုင်မယ့်သူကို မျှော်လင့်တတ်ကြပြီး သင်ဟာ သူမရဲ့ လက်တွဲဖော် ဖြစ်ခဲ့မယ်ဆို သင့်ရဲ့ ပြုမှုနေထိုင်ပုံဟာ ပိုမိုထက်မြက်ပြီး ရှေ့ရေးကို တွေးတောနိုင်တဲ့လူ ဖြစ်ရပါမယ်။ မဟုတ်ရင်တော့ သူမရဲ့ စည်းအတွင်းကို သင်ဝင်ခွင့်ရလိမ့်မည် မဟုတ်ပါ။
၈။ တရုတ်မိန်းကလေးအများစုဟာ ကိုယ့်အိမ်ကိုယ် စီမံခန့်ခွဲရတာ ဝါသနာပါတဲ့ မိန်းကလေးများ ဖြစ်ကြပါတယ်။ သူတို့နဲ့ လက်ထပ်ခဲ့မယ်ဆိုရင် သူတို့ဟာ အိမ်သန့်ရှင်းရေးမှအစ ကလေးတွေရဲ့ ပညာရေးအဆုံး သူတို့ပဲ စီမံခန့်ခွဲသွားပါလိမ့်မယ်။ သင့်ဆီက အိမ်နဲ့ပတ်သတ်လို့ အကူညီတစ်ခု တောင်းခဲ့မယ်ဆိုရင်တော့ အိမ်သုံးစရိတ်သာ ဖြစ်ပါလိမ့်မယ်။
၉။ သင်ဒီတစ်ခုကို လုံးဝမေ့လို့ မရပါဘူး။ သူတို့ဘဝမှာ အရေးအကြီးဆုံးက သူတို့ရဲ့ မိဘတွေပါ။ လက်ထပ်ဖြစ်ခဲ့ရင် ဒီအချက်ကို မမေ့ပါနဲ့။ သူတို့မိဘဆိုတာ သူတို့အတွက်တော့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် သူမရဲ့ မိဘတွေပြီးမှ သင့်အတွက်ဆိုတာ လာပါလိမ့်မယ်။ နောက်တစ်ခု သင့်အနေနဲ့ တရုတ်မိန်းကလေးကို ယူတော့မယ်ဆို သူမရဲ့ ဆွေတော်မျိုးတ်ာစာရင်းကို အလွတ်ရနေဖို့ လိုပါလိမ့်မယ်။ သူမရဲ့ အဖိုးအဖွားကနေ ဦးလေး အဒေါ် တစ်ဝမ်းကွဲမောင်နှမ ဆွေမျိုးတွေကနေ သေဆုံးသွားတဲ့လူတွေအထိ သိထားဖို့လဲ လိုအပ်ပါလိမ့်မယ်။ 😂😂😂😝
မှတ်ချက်။    ။ အခုခေတ်တော့ လိုချင်မှ လိုတော့မှာပါ။ မလိုပါစေနဲ့။ ငိ ငိ ငိ
၁၀။ တကယ်လို့ တရုတ်မိန်းကလေး တစ်ယောက်နဲ့ ချစ်သူဖြစ်တော့မယ်ဆို ဒီအဆင့်တွေကို ဖြတ်ကျော်ရပါတော့မယ်။ တရုတ်ပြည်မှာ လက်ထပ်ဖို့ ပြင်ဆင်ထားတဲ့ မိန်းကလေးတွေဟာ သင့်ကို အဖြေမပေးခင် မေးခွန်းတွေကို မေးလေ့ရှိပါတယ်။ သေချာလေးနက်စွာနဲ့ သင့်ဘဝကို အတွင်းကျကျ မေးမြန်းလေ့ရှိပါတယ်။ သင့်ရဲ့ အဖြေပေါ် မူတည်ပြီး သူတို့ဟာ သင့်ကို ရည်းစားအဖြစ်သာ တွဲသင့်သည် သို့မဟုတ် သူမရဲ့ အနာဂတ် ခင်ပွန်းလောင်း စသည်ဖြင့် တခါတည်း ရွေးချယ်သွားပါလိမ့်မယ်။
#SwamHtet(天下第一)
(မူရင်းတင်တဲ့ Page ကိုကြည့်ချင်ရင် စာရေးသူအမည်ကို Click လိုက်ပါ ခင်ဗျ Links ချိတ်ထားပါတယ်)
Wednesday, February 21, 2018
Tech Gadget's In-Depth Review : OnePlus 5T
Well, this is hard. Really hard. တစ်ခါတလေကြုံဖူးကြမှာပါ - တစ်ခုခုကို မျှော်လင့်ခဲ့ပြီး မျှော်လင့်တဲ့အတိုင်းမဖြစ်လာတာ... ဒါမှမဟုတ် ဒါကမဖြစ်နိုင်ဘူးဆိုတာ သိနေပေမယ့်၊ မကြာခင်ကောင်းသွားမှာဆိုပြီး တွယ်ငြိနေပြီး ပြီးပြတ်အောင်မလုပ်နိုင်တာမျိုး။ အခုကျွန်တော်တို့ ပြောသွားမယ့် OnePlus 5T ဖုန်းက In-Depth Review တောင် မလုပ်ပဲ ကျော်လိုက်ဖို့အထိစဉ်းစားမိခဲ့တဲ့အထိ Emotional Changes အများကြီးဖြစ်ခဲ့တဲ့ဖုန်းတစ်လုံးပါ။ ဒီအတိုင်းပဲ ပေးရတဲ့ဈေးနဲ့ တန်တယ် - ဝယ်သင့်တယ်ဆိုတာပဲ တိုတိုပြတ်ပြတ်ပြောပြီး ရပ်လိုက်ဖို့ စိတ်ကူးပေမယ့်... ဒါပေမယ့် ဆိုတာတွေကို ထည့်စဉ်းစားကြည့်ရင် တော်တော်လေးကို အတောမသတ်နိုင်အောင်များပါတယ်။
Maybe, ဒီတစ်ခါ Intro က တော်တော်လေးကို နားမလည်စရာဖြစ်ကောင်းဖြစ်မယ်၊ အခုဆက်ပြီး ဖတ်ရမယ့် Article က အခုထက်ပိုပြီး နားလည်ဖို့ခက်ကောင်းခက်ပါလိမ့်မယ်။ အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီး ဘာတစ်ခုမှမကျန်ရအောင် အချိန်တော်ေ်တ်ာလေးကို ယူပြီး Daily Driver အနေနဲ့ သုံးပြီးမှ ပြောတာဖြစ်တဲ့အတွက် User Experience ပေါ်ပဲ 100% မှီခိုပါလိမ့်မယ်။
Please take time. It's our longest article, yet.
#Design
ပထမဆုံး In-Depth Review တွေမှာပြောနေကြဖြစ်တဲ့ Design နဲ့ စပါမယ်။ OnePlus 5T က "T" Model တစ်ခုဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ OnePlus 5 နဲ့ နောက်ကျောဘက်ပုံစံ၊ Body Design တူတူပါပဲ။ But Hand Feeling?
လက်ကကိုင်ပြီးအသုံးပြုကြည့်အချိန်မှာ OnePlus 5T က ထူးထူးခြားခြားကိုင်ရခက်နေတာ၊ OnePlus 5 ထက်ပိုလေးတယ်ဆိုပေမယ့် လက်ထဲရောက်တဲ့အချိန်မှာ ခွဲရတာတော်တော်လေးကို ခက်ပါတယ်။ OnePlus 5 နဲ့ တူညီတယ်ဆိုပေမယ့် ကျွန်တော်တို့ အမြင်မှာ အဓိကပြောင်းလဲသွားတဲ့နေရာ ၂ နေရာရှိပါတယ်။ အဲ့ဒါကတော့ Camera Hump နဲ့ Buttons တွေပါ။
အရင်ဆုံး ကင်မရာကဖုထွက်နေတဲ့ဘု - Carl Pei ကိုယ်တိုင် ဖုန်းအရှေ့ဘက်မှာ Display အတွက်နေရာပေးလိုက်ရတဲ့အတွက် Camera Hump ကို OnePlus 5 ထက်ပိုပြီး အပြင်ထုတ်လိုက်ရတယ်ဆိုတာပြောခဲ့ပါတယ်။ ဒါပေမယ့် OnePlus က 5T Camera Hump Design ကို နည်းနည်းပြေပြေလေးဖြစ်သွားအောင်ပြောင်းခဲ့တယ် - သိပ်တော့မသိသာတော့ဘူးပေါ့။ Camera Lens ကို ကာထားတဲ့ Glass ကတော့ Sapphire ဖြစ်ပုံပါပဲ - စားပွဲပေါ်ပွတ်ဆွဲကြည့်ပေမယ့်လည်း အစင်းထင်တာမတွေ့ရပါဘူး။
နောက်တစ်ခုက Buttons တွေပါ - OnePlus 5 နဲ့ ထားထားတဲ့ပုံစံတူတူပါပဲ။ ဒါပေမယ့် ကွာသွားတာက နှိပ်ရတဲ့ Feeling ပါ။ OnePlus 5T မှာ သိသိသာသာကို Clicky Feeling လျော့သွားပြီး နှိပ်ရတာပိုပြီး လက်ကို Stress မဖြစ်ပဲနဲ့အဆင်ပြေလာပါတယ် - အထူးသဖြင့် Alert Slider ပါ။
သဘောကျမိတာက Fingerprint နေရာက လုံးဝကိုမှားနိုင်ဖွယ်ရာမရှိတဲ့ အလယ်တည့်တည့်မှာရှိနေတယ် - ဒါက ကောင်းတဲ့အချက်ပေမယ့် Xiaomi Entry ဖုန်းတွေမှာ ရှိတဲ့နေရာအတိုင်းပါပဲ :3
မကြိုက်တာကို ပြောပါဆိုရင် အခုအချိန်အထိ Speaker Design မပြောင်းတဲ့အတွက် Landscape နဲ့ ဂိမ်းဆော့ရင်၊ ရုပ်ရှင်ကြည့်ရင် လက်က Speaker ကို ပိတ်မိတာတွေဖြစ်နေသေးတယ်။ နောက်ထပ်တစ်ခုမကောင်းတာပြောပါဆိုရင် အဲ့ဒါက Original ပါတဲ့ Screenguard ဖြစ်မှာပါ။
Don't take us wrong. OnePlus ဖုန်းတွေမှာ တော်ရုံ မှန်ကပ်ထပ်ဝယ်စရာမလိုပဲ ပါပြီးသားဖြစ်နေတာကို ကျွန်တော်တို့ ကြိုက်ပါတယ်။ OnePlus 5 တုန်းကလည်း Original Screenguard ကို မခွာပဲသုံးခဲ့ပေမယ့် အခု OnePlus 5T မှာတော့ ပါလာတဲ့ Original Screenguard က ပုံမှန်ထက် Quality ညံ့သွားတယ်လို့ ခံစားရပါတယ်။ သုံးနေတုန်း ၂ ပတ်ဝန်းကျင်လောက်မှာ ရှိသင့်တာထက်ပိုတယ်လို့ ထင်မိတဲ့အစင်းတွေထင်နေတယ် - နောက်တစ်ခုက Screenguard ပတ်လည်မှာဖုန်တွေကပ်နေတာကြောင့် နောက်ဆုံး သည်းမခံနိုင်တော့ပဲ ဆွဲခွာပြီး ဘာမှမကပ်ပဲသုံးနေမိတဲ့အထိပါ။
အဲ့ဒီမှာ ထူးဆန်းတာတစ်ခုက အခု ကျွန်တော်တို့ ဖုန်းကို ဂရုမစိုက်ပဲ မှန်ကပ်မကပ်ပဲ သုံးလာတာ ၅ ရက်လောက်ရှိနေပါပြီ။ ဒါပေမယ့် အခုအချိန်အထိတော့ အစင်းရာ သေးသေးလေးတစ်ခုတောင်မထင်သေးပါဘူး - Maybe too Early, but the others except iPhone X have tiny scratches.
အဲ့တော့ OnePlus 5T ဖုန်းဟာ OnePlus 5 နဲ့ အပြင်ပန်းတူတယ် - အဲ့ဒီအတွက် အခုနောက်ပိုင်းရှားပါးလာတဲ့ Premium Metal Body ဖုန်းတွေထဲမှာ တော်တော်လေးကို Build Quality ကောင်းတဲ့ဖုန်းဆိုတာက ပြောဖို့မလိုပါဘူး။ ကိုင်လိုက်တာနဲ့ ဒါက Premium ဒေါ်လာ ၁ထောင်တန်ဖုန်း Feeling မရပေမယ့် သေသေချာချာကို ပြုလုပ်ထားမှန်း သိနိုင်တဲ့ဖုန်းတစ်ခုပါ။
Not iPhone 7 Plus Clone but Oppo F5 Premium Version this time. :P
Tech Gadget's Rating : 4.5 Out of 5 Stars (Solid and Great Build Quality)
#Camera
OnePlus 5T ကင်မရာအကြောင်းကို ရှင်းပြပြီတဲ့ Article တွေအများကြီးပါ - စိတ်ဝင်စားလို့ အခြား Page တွေ၊ YouTube Review တွေကြည့်ပြီးတဲ့သူတွေဆိုရင်လည်း သိပြီးလောက်ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့အတွက် ကင်မရာပိုင်းက အမှန်အတိုင်းပြောရရင် Upgrade လား၊ Downgrade လား ဒါမှမဟုတ် ဒီအတိုင်း ပြောင်းလဲမှုလားဆိုတာကို ယတိပြတ်ပြောဖို့ ခက်နေတုန်းပါ - အဲ့တော့ ပြောတတ်သလိုပဲပြောသွားပါမယ်။
OnePlus 5T ရဲ့ Main 16 Megapixels Sensor က အရင်တုန်းက OnePlus 5 မှာပါတာနဲ့ တူတူပါပဲ - နောက်ပြီး Software Control ပိုင်းလည်း အကုန်တူတူပါပဲ။ အစက OnePlus 5 နဲ့ 5T ကို Daytime Comparison Shots တင်ဖို့ စိတ်ကူးခဲ့ပေမယ့် ထွက်လာတဲ့ပုံ၊ Setting အကုန်တူတူဖြစ်နေတော့ တင်လည်း အကျိုးမရှိဘူးလို့ ယူဆပြီး မတင်ဖြစ်တော့တာပါ။
OnePlus 5 Review မှာ ကျွန်တော်တို့ Camera ကို သဘောကျခဲ့ပါတယ် - ဘာပဲဖြစ်ဖြစ် Color Accuracy ကောင်းတယ်၊ Focus မြန်တယ်၊ HDR နဲ့ Dynamic Range က သာမန်လို့ ပြောလို့ရတယ်။ ၂၀၁၇ နှစ်လယ်အရှေ့ပိုင်းလောက်မှာတော့ OnePlus 5 ဟာ အရမ်း Premium မဖြစ်လွန်း၊ Mid Range မကျလွန်းတဲ့ ကင်မရာတစ်ခုဖြစ်ခဲ့တာပါ။
ဒါပေမယ့် အခု OnePlus 5T ရဲ့ Primary Sensor က OnePlus 5 နဲ့ တူတူပဲဆိုတာက OnePlus 5 တုန်းက ကျွန်တော်တို့ ပြောခဲ့တဲ့အတိုင်း ပြန်ပြောဖို့မလွယ်စေတဲ့အချက်ပါ။ ဘာလို့လဲ?
OnePlus 5 ထွက်တုန်းက Xiaomi Mi 6, Samsung Galaxy S8, Huawei P10, Sony XZs တို့ပဲရှိသေးတာပါ - အဲ့ဒီအချိန်တုန်းက Daytime Auto Mode ယှဉ်ရိုက်ရင် OnePlus 5 နဲ့ S8 ကလွဲပြီး ကျန်တာတွေက အရမ်းကြီးမကွာဘူးလို့ ပြောလို့ရပါတယ်။ အသစ်ပါလာတဲ့ 18:9 Mode ကလည်း ဖုန်း Display အပြည့်ပြန်ကြည့်ချင်တာကလွဲရင် အဆင်မပြေသေးပဲ 16:9 Option ပြန်ထည့်ပေးသင့်ပါတယ်။
ဒါပေမယ့် အခု OnePlus 5T ထွက်လာတဲ့အချိန်မှာ အခြား Flagship ဖုန်းတွေက ကင်မရာပိုင်းအရမ်းကောင်းလာပြီးတော့ 5T ရဲ့ ကင်မရာက ၆ လလောက် နောက်ကျကျန်နေခဲ့တယ်ပဲပြောရမှာပါ။ Samsung Note 8, iPhone X လိုဖုန်းတွေနဲ့က သိသိသာသာမကွာခြားသေးဘူးဆိုပေမယ့် Google Pixel 2, Huawei Mate 10 Pro လို ဖုန်းတွေနဲ့ ယှဉ်တဲ့အချိန်မှာ OnePlus 5T ရဲ့ ကင်မရာက တော်တော်လေး အလှမ်းဝေးသွားပြီလို့ ပြောလို့ရပါတယ်။
အဲ့တော့ကာ OnePlus 5T ရဲ့ Primary Sensor ကိုသုံးသပ်ရရင် မကောင်းတာမဟုတ်ပဲ ကောင်းပါတယ်။ ဒါပေမယ့် အကောင်းဆုံးဆိုတာတွေနဲ့ ယှဉ်လို့မရတော့လောက်အောင် နောက်ကောက်ကျနေခဲ့ပါပြီ။
Wait, OnePlus 5T ရဲ့ ကင်မရာက ၂ လုံးပါ - နောက် Secondary Lens ကလည်း Telephoto Lens တွေ၊ Wide Lens တွေမဟုတ်ပဲ သာမန် f1.7 20 Megapixels Lens တစ်ခုပါ။ အဲ့ဒီ Lens ကတကယ်ဘယ်နေရာတွေမှာသုံးတာလဲ?
OnePlus 5 မှာ အားမရခဲ့တဲ့အချက်က Portrait ရိုက်ရင် အခန်းတွင်းနည်းနည်းအလင်းရောင်အားနည်းတဲ့အချိန်တွေမှာ အဆင်မပြေတာနဲ့ Low Light က f1.7 Lens တစ်ခုလိုမျိုး မကောင်းတာပါ။
အဲ့ဒီအတွက် OnePlus ကနေ 5T ကို 20MP Secondary Lens ဆိုပြီး Pixel ၄ ခုကို တစ်ခုထဲပေါင်းပေးတဲ့နည်းပညာတစ်ခု ပြောင်းသုံးလိုက်ပါတယ်။ OnePlus က ကြေငြာထားသလို Low Light Lens က အလကားပါ - No Light Lens ဆိုမှ မှန်မှာပါ။ 10 Lux အောက်ဆိုတာက လူအယောက် ၁၀၀ မှာ ၉၀ လောက်က DSLR ကြီးရှိနေရင်တောင် ဓါတ်ပုံရိုက်လို့မရလောက်အောင် မှောင်နေတယ်ဆိုပြီး မပြောပဲနားလည်တဲ့နေရာတွေပါ (Night Photography ဆိုရင်တော့ တစ်မျိုးပေါ့)
OnePlus 5T ရဲ့ Low Light Lens ကို အချိန်တစ်ခုစမ်းပြီး ပြောလို့ရတဲ့ စကားလုံးတစ်ခုရှိပါတယ် - Insane ပါ။ 10 Lux အောက်လို့ ယူဆရတဲ့အချိန်ကြမှ 20 Megapixels Image တွေနဲ့ ရိုက်တယ် - နောက်ပြီးထွက်လာတဲ့ပုံတွေကလည်း ဖုန်းနဲ့ ကြည့်တဲ့အချိန်မှာတော့ အဆင်ပြေပေမယ့် ကွန်ပျူတာနဲ့ ကြည့်လိုက်ရင်တော်တော်ဆိုးပါတယ်။
အဲ့ဒီ Low Light Lens ရိုက်တဲ့ပုံကလည်း ဆန်းပါတယ် - သေချာသတိထားကြည့်ရင် အရမ်းမှောင်တဲ့အချိန်တွေမှာ Low Light Lens ကိုပြောင်းပြီး ရိုက်နေပြီဆိုရင် Live View Screen က ပိုလင်းပြီး ဝါးသွားပါတယ် - အဲ့ဒါက Pixel ၄ ခုကို ၁ ခုထဲပေါင်းပြီး 5 MP Image အနေနဲ့ Live View ပြနေလို့ပါ။ အဲ့ဒီအချိန်မှာ ဓါတ်ပုံရိုက်လိုက်ပြီး Gallery ကို အမြန်သွားကြည့်ရင် နည်းနည်းဝါးနေတဲ့ 5MP Image ကို 20MP ဖြစ်အောင် Upscale ပြန်တင်နေတာကိုပါ မြင်ရပါတယ်။ Upscale တင်ပြီးရင်တော့ ပုံက ဖုန်းထဲမှာ Zoom မဆွဲကြည့်ရင်တော့ ကောင်းတယ်လို့ ပြောလို့ရတဲ့ Low Light ပုံတွေရပါတယ်။ တကယ်လို့ အဲ့ဒီနေရာမှာ Primary Lens နဲ့ Low Light Lens ကို ပြောင်းချင်ရင် Exposure ကစားရုံ၊ အရှေ့တိုးနောက်ဆုတ်လုပ်ရုံနဲ့ ပြောင်းလို့ရပါတယ်။
ဒီနေရာမှာ အနောက်မှာလည်း ပြောသွားမှာပေမယ့် ပြောသင့်တဲ့အရာတစ်ခုရှိပါတယ်။ အခု OnePlus 5T က သုံးနေတဲ့ ၂ ပတ်ကျော် ၃ ပတ်လောက်ရောက်တဲ့အထိ Oxygen OS 4.7.4 ပဲရှိသေးတာပါ။ Maybe, OnePlus က 5T ကို Oreo အတွက် အချိန်ယူနေတာဖြစ်ကောင်းဖြစ်မယ် - ဒါပေမယ့် ဒီအချိန်မှာတော့ 5T ရဲ့ Low Light Lens က Unfinished Product တစ်ခုလိုဖြစ်နေပါတယ်။
ဒါက OnePlus 5T ရဲ့ Secondary Low Light Lens ပါ - အမှန်အတိုင်းပြောရရင် Low Light Lens ကထွက်လာတဲ့ ရလဒ်တွေကို သဘောမတွေ့ခဲပါဘူး။ တစ်ခါတလေ အပျော်အနေနဲ့ လုံးဝမှောင်နေတဲ့အခန်းကို ရိုက်ပြီး ထွက်လာတဲ့ပုံက ကိုယ့်မျက်လုံးက မြင်ရတာထက်တောင်ပိုနေပေမယ့် တစ်မျိုးပါပဲ။ ကျွန်တော်တို့ အမြင်ကတော့ OnePlus က Low Light Lens ကို ဖြုတ်လိုက်ပြီး Software Optimizations ဘက် ပိုအလေးပေးရင်တောင် OnePlus 5 ထက် ပိုကောင်း၊ ပိုသဘာဝကျတဲ့ Low light ပုံတွေရိုက်လို့ရမှာပါ။
ဒါပေမယ့် OnePlus မှာ Secondary Lens ကို ဖြုတ်လို့မရတဲ့ အကြောင်းပြချက်တစ်ခုရှိနေပြီးတော့ အဲ့ဒါက ကျွန်တော်တို့ကိုတောင် အခုနက မုန်းနေမိတဲ့ Secondary Lens ကို သဘောကျသွားစေတဲ့အချက်ပါ။ Yes, it is Portrait.
Telephoto Lens မသုံးတော့တဲ့အတွက် OnePlus 5T ရဲ့ Portrait ပုံတွေက Crop မဖြစ်တော့ပါဘူး။ အလားတူဆိုလို့ Google Pixel 2 ၊ Huawei Mate 10 Pro ၊ Meizu M6 Note ၊ Huawei Nova 2i ၊ Asus Zenfone 4 တွေပဲ Crop မဖြစ်ပဲ Portrait ရိုက်နိုင်သေးတာပါ။
Tele Lens မသုံးတာက Portrait ပုံတွေကို Low Light မှာပါ ရိုက်လို့ရလာတယ်ဆိုပေမယ့် Software ပိုင်းအများကြီးပိုလိုအပ်သွားပါတယ်။ Google ရော၊ Huawei ရော ဒီအတွက်ကို AI နည်းပညာတွေပါ ထည့်ထားတာကို သတိရပါ။ AI မပါတဲ့ Meizu ၊ Huawei နဲ့ Asus Zenfone 4 တွေက Aperture ကို Software နဲ့ f 0.8 လောက်ထိ ချပြီးရိုက်တဲ့အတွက် Portrait ပုံတွေမကောင်းပါဘူး - Software Update နဲ့လည်း ဒါက Fix မလုပ်ပေးနိုင်တဲ့အရာပါ။ ဘာဖြစ်လို့လည်းဆိုရင် ပြင်ဖို့က ရိုက်တဲ့ပုံစံတစ်ခုလုံးပြောင်းလဲမှရမှာပါ။
အဲ့ဒီအတွက် OnePlus 5T ရဲ့ Portrait ကိုလည်း Crop မဖြစ်သွားတာ၊ Low Light Portrait ရိုက်လို့ရတာကလွဲရင် သိပ်ပြီးမမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် အဓိကကျတဲ့ Subject ကို Background ကနေ ခွဲထုတ်တဲ့နေရာမှာ အံ့သြဖို့ကောင်းလောက်အောင် တိကျပါတယ် - အထူးသဖြင့် လူမဟုတ်တဲ့ အရာဝတ္ထုတွေကို Tele Lens နဲ့ Portrait ရိုက်တာထက် ပိုကောင်းအောင်ရိုက်လို့ရပါတယ်။ ဒါက အခုနက Crop မဖြစ်သွားတာနဲ့ ညနေ နေဝင်တဲ့အချိန်တွေမှာပါ လမ်းမီးရောင်နဲ့ Portrait ပုံတွေရိုက်လို့ရတော့ အားသာချက်လို့ ပြောလို့ရပါတယ်။
ဒါပေမယ့် တစ်ခုစိတ်ထင့်တာက OnePlus 5T ရဲ့ Bokeh Effect က OnePlus 5 မှာလိုမျိုး မလှပါဘူး။ ဒီလောက်က အရင် OnePlus 5 တုန်းက စစခြင်းဖြစ်ဖူးပြီးတော့ နောက်ပိုင်း Software Update ကနေ Fix လုပ်ပေးပြီး ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ရမှာပါ။ ဘာပဲဖြစ်ဖြစ် AI အကူအညီမပါပဲ Tele Lens မလိုပဲ Software ကနေ Subject နဲ့ Background ကို တိတိကျကျ Blur လုပ်နိုင်တာကတော့ တော်တော်လေးကို ကောင်းပါတယ်။
နောက်ပြီး လက်သင့်ခံရမယ့်အချက်က Tele Lens မရှိတော့တဲ့အတွက် 2× Optical Zoom မရတော့တာပါ။ Maybe Deal Breaker လို့ပြောဖို့ခက်တယ်။ ဒါပေမယ့် ကိုယ့်ရှေ့ကမုန့်ကို Tele Lens နဲ့ အနီးကပ်ကောင်းကောင်း ရိုက်လို့မရတော့တာကတော့ OnePlus 5 သုံးနေပြီး 5T ပြောင်းတဲ့အချိန်မှာ သိသာတဲ့တစ်ချက်ပါ။
ကဲ...ကင်မရာပိုင်း ကျန်တာတွေက ISO 3200, Shutter Speed 30s, Leveler, Histogram, RAW, Custom Preset တွေအကုန်လုပ်လို့ ရတဲ့ Pro Mode, OnePlus 5 နဲ့ ထပ်တူညီတဲ့ တော်တော်လေးကို Stable ဖြစ်တဲ့ Video Recording တွေပါတယ်။ သဘောကျမိတာက အခုပြောင်းလိုက်တဲ့ Camera Interface က One Hand usage အတွက် အဆင်ပိုပြေသွားတယ် - အားသာချက်တော့မဟုတ်။ ဘာဖြစ်လို့လဲဆိုရင် OnePlus 3 ကနေ 5T အထိ ဒီ Interface ပဲဖြစ်သွားပြီဆိုတော့။ :3
အဲ့တော့ကာ OnePlus 5T ရဲ့ Low Light Lens က Software ပိုင်း မလိုက်နိုင်လို့ Hardware နည်းနဲ့ အစားထိုးလိုက်တာ၊ ဒါမှမဟုတ် Oppo က R11s ကို ဒီပုံအတိုင်းလုပ်လို့ Hardware တူတူယူထားတဲ့ OnePlus 5T က ဒီအတိုင်းဖြစ်လာတာလို့ပဲ ပြောရမှာပါ။ Google Pixel 2, iPhone 8 နဲ့ Galaxy S8 ဖုန်းတွေက OnePlus 5T လောက်တော့ ဘယ်သူမှ ဓါတ်ပုံရိုက်ဖို့စိတ်မကူးလောက်တဲ့အမှောင်မှာ ပိုမလင်းပေမယ့် သာမန် ဓါတ်ပုံရိုက်လောက်တဲ့ Low Light အခြေအနေတွေမှာတော့ ပိုကောင်းနေတုန်းပါ။
ခက်တာက Low Light Lens က အသုံးမဝင်ပေမယ့် Portrait တွေမှာ တော်တော်လေးကို အလားအလာရှိတဲ့ပုံတွေကို တွေ့လာရပါတယ်။ မနေ့က OnePlus 5 အတွက် Oreo Update ရလို့ 5T များရပြီး Camera ပိုင်း Update ဖြစ်လာမလားလို့ စောင့်ခဲ့ပေမယ့် အခုအချိန်အထိတော့ OnePlus 5T Camera က Primary Sensor နဲ့ ရိုက်တဲ့ပုံတွေအဆင်ပြေပေမယ့် Secondary Lens သုံးရတဲ့နေရာတွေမှာတော့ Software ပိုင်း Update လုပ်ဖို့ လိုသေးတယ်လို့ ပြောတာအမှန်ဆုံးပါ။
Selfie Camera ကျန်ခဲ့ပါတယ် - သာမန်ပါပဲ။ OnePlus ဖုန်းဆိုတော့လည်း။
Tech Gadget's Rating : 4 Out of 5 Stars (Can't Give lower than this for better portraits and still the same primary sensor)
#Display
OnePlus 5T ရဲ့ ကင်မရာက လုံးဝ Mixed Bag တစ်ခုပါ - တိုးတက်လာတာလို့ ပြောလို့မရသလို ညံ့ဖျင်းသွားတာလည်းမဟုတ်ပြန်ပါဘူး။ ဒါပေမယ့် ကျိန်းသေပေါက် မြင်တာနဲ့ အဆင့်မြှင့်တင်ထားတယ်လို့ ပြောလို့ရတဲ့အချက်တစ်ခုရှိပါတယ်။ Display ပါ။
Display ကို အခုခေတ်စားလာတဲ့ 18:9 Ratio 6.01" Display ပြောင်းတပ်ထားတယ်။ Samsung ရဲ့ Display Panel ပါပဲ။ Optic AMOLED Display က Full HD+ Resolution ပဲဆိုတော့ လက်ရှိဈေးကွက်ထဲက Oppo F5, Huawei Nova 2i, Redmi 5 Plus ဖုန်းတွေလိုပါပဲ။ But NO!
ကျွန်တော်တို့ ပြောတာလွန်ကောင်းလွန်မယ်။ ဒါပေမယ့် ဒါက Tech Gadget ရဲ့ အမြင်ပါ။ အခု OnePlus 5T မှာ သုံးထားတဲ့ Display Quality က Apple iPhone X နဲ့ Samsung Galaxy Note 8 ပြီးရင် တတိယနေရာပေးရမယ့် Display Quality ပါ။ Full HD+ Resolution ဆိုတာက Quad HD+ Display ဖုန်းတစ်ခုနဲ့ ဘေးချင်းယှဉ်ပြီး စာလုံးတွေကို ယှဉ်ကြည့်တာကလွဲပြီး သိနိုင်ဖို့ မဖြစ်နိုင်သလောက်ပါ။
ဘာလို့ ဒီလောက်ကောင်းတယ်ပြောလဲ... OnePlus 5T ရဲ့ OLED Display က OnePlus 5 လိုပဲ Max Brightness က 400 Nits ဝန်းကျင်ပါ။ ဒါပေမယ့် ယှဉ်ကြည့်တဲ့အချိန်မှာ 5T က ပိုလင်းသလိုဖြစ်နေတယ်၊ Brightness က 400 Nits ဆိုတာကို လိမ်ထားတယ်လို့ ထင်ရလောက်အောင် Max Brightness ကတော်တော်လင်းပါတယ်။
နောက်တစ်ခုက နေရောင်အောက်မှာ ဘယ်လိုသုံးသုံး OnePlus 5T က ကြည့်ရတာ တော်တော်ကို သဘောကျမိလောက်အောင် အဆင်ပြေတဲ့ဖုန်းထဲပါပါတယ်။ Yes, only iPhone X can beat this in sunlight.
Display ရဲ့ အနားသတ်တွေကို မသိမသာလေးကွေးထားတယ် - ဘာကြောင့်လဲတော့မသိ။ Display ပိုင်းကို အားနည်းချက်ရှာလို့မရပါဘူး - ဒီဈေးမှာ ဒီ Display က အကောင်းဆုံးထဲပါ ပါတယ်။
အဲ့တော့ Display ကတော့ Full HD+ Resolution ပဲဖြစ်နေပေမယ့် အမှတ်ပြည့်ပေးရမှာပါ။ ဒါပေမယ့် 18:9 Ratio ဖုန်းတွေရဲ့ ပြဿနာဖြစ်တဲ့ Video တွေ Crop ဖြစ်တာ၊ တခါတလေ ဘေးဘောင်တွေက 16:9 နဲ့ပဲ ပြနေလို့ အမည်းဘောင်တွေဖြစ်နေတာက ကြုံနေရဦးမှာပါ။ တစ်ခုကောင်းတာက OnePlus 5T မှာ App ကို Crop လုပ်ပြီး Full Screen အပြည့်ပေါ်အောင် Manual လုပ်လို့ရတာကတော့ မဆိုးတဲ့အချက်တစ်ခုလို့ပြောရမှာပါ။
Tech Gadget's Rating : 5 out of 5 Stars (Just Full HD+ But a lot better)
#Performance
Performance ပိုင်းကတော့ ဒီတစ်ခါကျွန်တော်တို့ ဝယ်ဖြစ်တာက RAM 8GB ၊ Storage 128GB Version ပါ။ OnePlus 5 တုန်းက စမ်းသလိုပဲ ဘယ်လောက် Application တွေသုံးသုံး Hang အောင် လုပ်လို့မရ၊ 18:9 Display က Split Screen သုံးလို့ ပိုကောင်းလာတော့ ပိုတောင်သုံးဖြစ်ပါသေးတယ်။
ဂိမ်းဘက်အရင်ပြောတာပေါ့ - Display က ပိုကောင်းလာတယ်လို့ ခံစားရပြီး 18:9 နဲ့ Vain Glory, NFS : No Limits, Asphalt Extreme လို ဂိမ်းတွေဆော့ရတာ ပိုကောင်းပါတယ်။ Max Graphics နဲ့ပဲ ဂိမ်းအကုန်လုံး Run နေလိမ့်မယ်။ Marvel Future Fight ရောအခြား ဘယ်ဂိမ်းမှတော့အခုထိ Hang တာမကြုံသေးပါဘူး။
Heat ကတော့ တစ်မျိုးပါ။ စစခြင်း ၁ ပတ်လောက်မှာ Vain Glory ကို Mobile Data နဲ့ ဆော့ရင် Heat နည်းနည်းတက်ပါတယ်။ Over Heat ဖြစ်တာမဟုတ်ပေမယ့် ဘယ်လိုပြောရမလဲ.. OnePlus 5 တုန်းက မတက်ခဲ့ပဲနဲ့ 5T က ပိုပြီး Heat ရှိနေသလိုပါ။ ဒါပေမယ့် အခုတော့ Heat က ၁ နာရီကျော်လောက် Brightness အမြင့်နဲ့ Mobile Data နဲ့ဆော့တော့မှာ heat က မဆိုစလောက်ရှိပါတယ်။
Performance ကတော့ အခုလက်ရှိမှာ OnePlus 5T က အကောင်းဆုံးဖုန်းပါ။ ဒါပေမယ့် Qualcomm Snapdragon 845 Devices တွေမရောက်ခင်အထိပါပဲ။
Tech Gadget's Rating : 5 Out of 5 Stars. (Until SD 845 Arrives)
ဒီအထိတော့ OnePlus 5T ဖုန်းက Overall ကောင်းတဲ့လို့ပြောလို့ရနေတုန်းပါ။ ဒါပေမယ့် အဓိကအချက်တွေပြီးသွားပေမယ့် ကျန်တဲ့အချက်တွေကရော?
#Battery
Battery က OnePlus 5 တုန်းကလိုပဲ 3300mAh Battery ပါတယ်။ Screensize ပိုကြီးတဲ့အတွက် Battery ပိုကုန်မယ်လို့ ထင်မိစရာရှိပေမယ့် OnePlus 5 တုန်းကလိုပဲ 3300mAh Battery တစ်ခုအနေနဲ့အထင်ကြီးစရာပါ။
သာမန် Mobile Data နဲ့ Wi-Fi အမြဲဖွင့်ထားပြီး Auto Brightness လောက်မှာ သုံးတဲ့ Normal Usage တွေမှာ Screen On Time က ၅ နာရီခွဲကနေ ၆ နာရီခွဲကြားရတယ်။
Heavy Load တွေ Wi-Fi မပါတော့ပဲ Mobile Data ပဲအမြဲဖွင့်ပြီး ဓါတ်ပုံရိုက်နေတာ၊ ဂိမ်းဆော့များရင်တော့ Screen On Time က ၄ နာရီကျော်ကို ကျသွားပါတယ်။
ညဘက် Wi-Fi နဲ့ ပုံမှန် Facebook နဲ့ Instagram တစ်ညလုံးထိုင်ကြည့်တာကတော့ Screen On Time ၈ နာရီလောက်ထိရတယ်ဆိုတော့ Battery Life ကောင်းတယ်က အမှန်ဆုံးပါ။
Game သီးသန့်ဆိုရင် Vain Glory, Mobile Data, 60% Brightness မှာ တစ်ပွဲ မိနစ်၂၀ကျော်ကို 8% လောက်ပဲ လျော့ပါတယ်။
ဒါပေမယ့် OnePlus ဖုန်းတွေမှာ Battery က Dash Charger ရှိနေရင် စိတ်ပူဖို့ သိပ်မလိုတဲ့အရာပါ - 0 - 100% က မိနစ် ၇၀ မကျော်ပါဘူး။ နာရီဝက်ကို 0% ကနေ 70% လောက်အထိ အားပြန်ပြည့်တာက ပုံမှန်တစ်ညလုံးအားသွင်းတတ်ရင်တောင် အဲ့ဒီအကျင့်ကို ဖျောက်ပြီး ရုံးသွားခါနီး ခဏလောက်ပဲ တပ်ဖြစ်နေတော့မှာပါ။
#Audio Quality 
ဒီနေရာမှာ Head Phone Quality ကို အရင်ပြောပါမယ်။ Maybe ဒါက တစ်ခုထဲသော OnePlus 5 ကနေ အောက်ဆင်းသွားတဲ့အရာဖြစ်မှာပါ။ OnePlus 5 ကထွက်တဲ့ Audio Experience ကို သဘောကျပေမယ့် 5T မှာ OnePlus 5 လိုပဲ အသံအားပြင်းပြင်းကိုထိန်းထားတယ်ဆိုတာကလွဲရင် အသေးစိတ် Details လေးတွေ နည်းနည်းလျော့သွားပါတယ်။
နောက် Speaker Quality - ဒါကတော့ ပိုကောင်းလာတဲ့အချက်ပါ။ OnePlus 5 နဲ့ ယှဉ်ရင်တောင် OnePlus 5T ရဲ့ Speakers က ပိုကျယ်လာတဲ့အပြင် Bass သံပိုပါလာပါတယ်။ Single Firing Speaker တွေထဲမှာ အကောင်းဆုံးလို့ပြောလို့ရပေမယ့် iPhone X နဲ့ Google Pixel 2 ရဲ့ Stereo Speakers တွေကိုတော့ မှီဖို့မဖြစ်နိုင်သေးပါဘူး။
#Software
OnePlus 5 တုန်းက Oxygen OS ဟာ ကျွန်တော်တို့ Review လုပ်နေတုန်းမှာတင် Update ၅ ခုလောက်ထွက်ခဲ့ပြီးတော့ Review ရေးတဲ့အချိန်မှာ Software ပိုင်း ဘာ Error မှမရှိတော့သလောက်ပါ။
ဒါပေမယ့် OnePlus 5T ကတော့ အခုအထိ Software Update မရှိသေးပါဘူး။ အဲ့ဒီအတွက် တစ်ခါတလေ Software ပိုင်းမှာလည်း အခုထက်ပိုကောင်းသင့်တယ်ဆိုတာတွေကို တွေ့နေရပါသေးတယ်။
အဲ့ဒါတွေကဘာတွေလဲဆိုရင် အရင်ဆုံး 18:9 Display ဆိုတဲ့သဘောက ကျွန်တော်တို့ကို Video တွေ ပိုကြည့်၊ ဂိမ်းပိုကစားစေချင်တဲ့ သဘောပါ။ အဲ့ဒီအချိန် Landscape အနေအထားမှာ Noti Bar ဆွဲချရင် ဘာလို့ အလယ်ကပဲ ကျလာရတာလဲ? အရင် OnePlus 5 မှာတုန်းက ဘယ်ဘက်ကဆွဲရင် ဘယ်ဘက်၊ ညာဘက်ကဆွဲရင် ညာဘက်နဲ့ အလယ်ကဆွဲချမှ အလယ်က Noti Bar ကျတာပါ။ နောက် Update မှာတော့ ဒါက ပြန် Fix လုပ်သင့်ပြီး လောလောဆယ်မှာတော့ စိတ်ကသိကအောက်ဖြစ်စရာကိစ္စတစ်ခုပါ။
ဒါပေမယ့် OnePlus ရဲ့ Ambient Display Style အသစ်ကတော့ တော်တော်လေးကို မိုက်ပါတယ်။ အခုနကပြောခဲ့သလို 18:9 Ratio နဲ့ အဆင်မပြေသေးတဲ့ App တွေကို Force 18:9 လုပ်လို့ရတယ်၊ Dual Apps ပါတယ်၊ Oxygen OS ကတော့ ကျန်တဲ့အရာတွေ အကုန်လုံး သုံးရတာမြန်တယ်၊ ရိုးရှင်းတယ်၊ အပိုတွေမပါပါဘူး။
#Face Unlock & Fingerprint 
OnePlus 5T ရဲ့ Face Unlock က ကျွန်တော်တို့ ဖုန်းသုံးတဲ့ပုံစံကို ပြောင်းစေခဲ့ပါတယ်။ Unlock Speed က Lock Screen ကို 80% လောက်မြင်ရမဟုတ်ပဲ Home Screen ပဲတန်းရောက်သွားပါလိမ့်မယ်။ Face ID လောက် မလုံခြုံပေမယ့် လောလောဆယ် OnePlus 5T, OnePlus 5, iPhone X, Mi Notebook Pro, iPad Pro, iMac နဲ့ Asus IPS Display တွေမှာတော့ ဓါတ်ပုံတင်ပြီးစမ်းတာမရ၊ Video လည်း မရ၊ ယုတ်စွ ဓါတ်ပုံ Print ထုတ်ပြီး စမ်းပေမယ့်လည်း မကျော်နိုင်သေးပါဘူး။
အဲ့တော့ကာ OnePlus 5T Face Unlock က မလုံခြုံပေမယ့် မြန်တယ်၊ အရမ်းကိုမြန်တယ်။ လုံးဝမှောင်တဲ့နေရာမှာအလုပ်မလုပ်ပေမယ့် အမြဲတမ်းလိုလိုမှာ ကိုယ့်လက်ညိုးက Fingerprint နေရာမှာရှိနေတော့ အခြားဖုန်းတွေနဲ့ ယှဉ်ရင် Unlock လုပ်တာကတော့ အရမ်းမြန်နေမှာပါ။
Face Unlock ကို App Lock တွေမှာ ထားလို့မရတာက ပိုပြီး စိတ်ချလို့ရတယ်၊ ဒါပေမယ့် စားပွဲပေါ်မှာတင်ထားရင်တော့ ဖုန်းကို ယူပြီး Fingerprint နဲ့ ဖွင့်ရင်ဖွင့်၊ မဟုတ်ရင် Password ရိုက်ရတော့မှာပါ။ အဲ့တော့ PIN ပဲ ထားကြပါ :3
#Conclusion
So, there you are. OnePlus 5T.
OnePlus 5 တုန်းက ကျွန်တော်တို့ Recommend ပေးခဲ့ပါတယ်။ အခုလည်း OnePlus 5T ကို OnePlus 5 ကနေ ပြောင်းကိုင်ခဲ့ပေမယ့် နောင်တမရခဲ့ပါဘူး။ ဘာဖြစ်လို့လဲ?
OnePlus 5T နဲ့ OnePlus 5 ကို ယှဉ်သုံးတဲ့အခါမှာ 5T က 5 တုန်းက အားနည်းချက်လို့ ပြောလို့ရတာအကုန်လုံးကို Improve လုပ်ခဲ့တယ်လို့ ပြောရမှာပါ။ ဒါကလည်း အသေးစိတ်တစ်ခုချင်းစီမှာပါ။ Buttons တွေပိုနှိပ်လို့ကောင်းသွားတယ်၊ Flash Light က အခုပိုလင်းလာတယ်၊ Display ပိုကောင်းတယ်၊ Camera က Tele Lens မပါတော့ပဲ Low Light က 5 ထက်တော့ပိုကောင်းနေသေးတယ်၊ 5 ထက်လည်း Portrait ပိုကောင်းတယ်၊ Speaker ကအစ ယှဉ်ကြည့်ရင် ပိုကောင်းနေတယ်။
အဲ့လိုမျိုး ပိုကောင်းနေပြီးတော့ ဈေးကလည်း အခု ၆ သိန်းခွနဲ့ ၇ သိန်းခွဲဆိုတော့ OnePlus 5 တုန်းကနဲ့ တူတူလောက်ပဲ။
အဲ့တော့ အခု OnePlus 5T ကို Recommend မပေးပဲနေဖို့က ခက်သွားပါပြီ။ OnePlus 5T က All Rounder High End ဖုန်းတစ်ခုပါ - သူ့မှာ ဘယ်နေရာကပဲကြည့်ကြည့် ဈေးနဲ့မတန်ဘူး၊ တစ်နေရာရာက ခေတ်နောက်ကျနေပြီ၊ Quality မကောင်းဘူးဆိုပြီး ပြောလို့မရတဲ့ဖုန်းပါ။
OnePlus 5T ကိုဝယ်ပြီး နောင်တရမှာမဟုတ်ပါဘူး။ အထူးသဖြင့် 64GB နဲ့လောက်တယ်ဆိုရင် ၆ သိန်းခွဲနဲ့ ဒီလို OnePlus 5T လိုဖုန်းတစ်ခုက အကောင်းဆုံးရွေးချယ်မှုပါ။
ဒါပေမယ့်... ဒါပေမယ့် 128GB ကို ၇ သိန်းခွဲ၊ ၈ သိန်းလောက်ပေးပြီး ဝယ်မယ်ဆိုရင်တော့ စဉ်းစားရမှာက OnePlus 5T က Pixel 2, Galaxy Note 8, Huawei Mate 10 Pro တွေလိုမျိုး ကင်မရာပိုင်း၊ S Pen, Water Resistant လို ဈေးကွာဟချက်နဲ့ တန်တဲ့ Features တွေပါဝင်မှာမဟုတ်တာကို ထည့်စဉ်းစားပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း OnePlus 5 ကနေ 5T ကို ပြောင်းတာကို နောင်တမရခဲ့ပေမယ့် Google Pixel 2 လိုဖုန်းကို နောက်ထပ် ၃ သိန်းလောက် ထပ်လိုက်ရင် ဝယ်လို့ရနေပြီဆိုတာက တစ်ခါတလေ စိတ်တွေဝေစရာပါ။ အထူးသဖြင့် Rangoon Rev နဲ့ ကင်မရာပိုင်း ယှဉ်ကြည့်ပြီးတဲ့အချိန်မှာပါ။
ဒါပေမယ့် ၃ သိန်းလောက်ကလည်း ကိုယ့်အတွက် အရေးပါတယ်၊ အဲ့ဒီ Premium Features တွေကလည်း ကိုယ့်အတွက် မရှိလည်းဖြစ်တယ်ဆိုရင်တော့ OnePlus 5T က ဝယ်သင့်တဲ့ဖုန်းပါ။ You won't regret.
P.S : ကျွန်တော်တို့ အားနည်းချက်ပြောတာကျန်ခဲ့ပါတယ်။ ပြောမယ်ဆိုရင်လည်း Zawgyi Font မရတာ၊ Root လုပ်ရမှာ၊ OnePlus Brand ကို သိတဲ့သူရှားတာတွေပဲဆိုတော့ အခုအချိန်မှာ အဲ့ဒီအချက်တွေကို အားနည်းချက်လို့ ပြောဖို့မလိုအပ်တော့ဘူးပဲယူဆပါတယ်။
Sorry for late. Thanks for reading.
#TechGadgetMM
(မူရင်းတင်တဲ့ Page ကိုကြည့်ချင်ရင် စာရေးသူအမည်ကို Click လိုက်ပါ ခင်ဗျ Links ချိတ်ထားပါတယ်)