Wednesday, March 31, 2010

စတိုင်လ်ကျတဲ့ အမျိုးသား


ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင် ဘယ်လို အချက်လေးတွေကို လိုက်နာ သင့်တယ်၊ ဂရုတစိုက်ရှိသင့်တယ် ဆိုတာလေးတွေကို သိသလောက်၊ ဖတ်မှတ်ထားသလောက်၊ လက်လှမ်းမီသလောက်
ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်..


၁။ အ၀တ်အစား ၀တ်ဆင်ရာမှာ စတိုင်ကျပါတယ် ဆိုတဲ့သူ တော်တော်များများဟာ ကြိုတင်ပြင်ဆင် တတ်တဲ့ အကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်.. အရေးတကြီး ချိန်းဆိုမှု၊ ညစာစားပွဲ၊ အစည်းအဝေး၊ အင်တာဗျူး၊ ဧည့်ခံပွဲ စသည်တို့အတွက် အ၀တ်အစားများကို သွားမဲ့ရက် မတိုင်မီ ကတည်းက ကြိုတင် ရွေးချယ်ထားသင့် ပါတယ်.. သွားခါနီး ကပ်ပြီးမှ ပြင်ဆင်ရွေးချယ်တဲ့ အခါ အင်္ကျီ၊ ဘောင်းဘီ ကြယ်သီး၊ ဇစ် ပြုတ်နေတာတို့၊ မီးပူ တိုက်ဖို့ အချိန်မရလိုက်တာတို့ စသဖြင့် အခက်အခဲများကို ရှောင်လွှဲပြီးသား ဖြစ်နိုင်ပါတယ်..

၂။ မိမိနဲ့ လိုက်ဖက်မှုရှိမဲ့ အ၀တ်အစားကို ရွေးချယ်တတ်ပါစေ.. စူးရဲတောက်ပလွန်းသော အရောင်များ၊ ကြောင် ကြောင်ကြားကြားဒီဇိုင်းများ၊ တို့လို့တန်းလန်းအ၀တ်အစားများသည် သင်၏ စတိုင်ကျနမှုကို ဖျက်ဆီးစေသော အဆိုးဝါးဆုံးအချက်များပင်ဖြစ်ပါတယ်.. အ၀တ်နဲ့ လိုက်ဖက်သော ဖိနပ်၊ ရှူး၊ လည်စည်း၊ ခါးပတ် စသည်များကို ဆောင်ထားပါ။ သင့်တော်သည့် နေရာ၊ ပွဲလမ်းများတွင် ၀တ်ဆင်နိုင်ရန် ဖြစ်ပါတယ်.. ဖိနပ်များကို သပ်ရပ် သန့် ရှင်းနေရန်ဂရုစိုက်ပါ… ရှူးဖိနပ်ကို ပေါလစ် တိုက်ရန် မမေ့ပါနဲ့…

၃။ သင့်တော်တဲ့ ဘော်ဒီစပရေး၊ ရေမွှေး၊ Roll On ကို ရွေးချယ်သုံးစွဲပါ။ ယောက်ျားလေးမို့ အမွှေးနံ့သာ မသုံးစွဲရဘူး ဆိုတဲ့ အယူအဆဟာ နှစ်တစ်ထောင် အကွာအဝေးမှာကျန်ခဲ့ပါပြီ.. ခေတ်မှီသူတိုင်း၊ မိမိကိုယ်ကို စတိုင်ကျချင် သူတိုင်း ကိုယ်နဲ့ လိုက်ဖက်မဲ့မွှေးရနံ့ တစ်ခုခုကို သုံးစွဲတတ်ကြပါတယ်.. မွှေးရနံ့ တစ်ခုကို သုံးစွဲခြင်းဟာ လူ တွေကြားထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်.. ယောက်ျားလေးများနဲ့ လိုက်ဖက်တဲ့ ရေမွှေးရနံ့မှာအများ အား ဖြင့် သစ်သားရနံ့၊ သစ်သီးနံ့၊ ပရုပ်နံ့၊ အရှေ့တိုင်း အမွှေးအကြိုင်များ စသည်တို့နဲ့ဖော်စပ်ထားတဲ့ မွှေးရနံ့များနဲ့ ပိုမို သင့်တော်ပါတယ်.. တရားလွန် မွှေးကြိုင်နေသော အမွှေးရနံ့မျိုးကိုတော့ ရှောင်ကျဉ် သင့်ပါတယ်.. စတိုင်ကျ ခြင်းထက် ကျော်လွန်ပြီး လူတကာ နှာခေါင်းရှုံ့စရာ ဖြစ်နိုင်လို့ပါ….

၎။ မိမိသွားလာမဲ့ ပွဲလမ်းသဘင်နဲ့ သင့်တော်လျှောက်ပတ်သော ၊ မိမိအသက်အရွယ်နှင့် လိုက်ဖက်သော အ၀တ် အစားကို ရွေးချယ်တတ်ပါစေ.. ဂုဏ်သရေရှိ ဧည့်သည်အများအပြား ဖိတ်ကြားထားသောဧည့်ခံပွဲများ၊ မင်္ဂလာ ဆောင်အခမ်းအနားမျိုး တက်ရောက်ရန်အတွက် ရပ်ပ်ပါစတိုင်၊ပန့်စတိုင် စသည်ဖြင့် ၀တ်စားဆင်ယင် သွားမည် ဆိုလျှင် စတိုင်ကျသူ တစ်ယောက်ထက် လူရယ်ဖို့သာဖြစ်နိုင်သဖြင့် လိုက်ဖက်သော ၀တ်စား ဆင်ယင်မှုကို ဂရုတစိုက် ရွေးချယ်ပါ..

၅။ ယောက်ျားတစ်ယောက်ကို စတိုင်ကျနစေဖို့ အကြောင်းအချက်တွေထဲမှာ လိုက်ဖက်တဲ့ ဆံပင်ပုံစံ ရွေးချယ်မှုဟာ လည်းအရေးပါပါတယ်.. ဆံပင်ပုံစံကြောင့် ရုပ်ရည်ပါ ပြောင်းလဲ သွားနိုင်ပါတယ်.. ဒါကြောင့် ကြုံရာ ဆိုင်မှာ ဆံပင် ကို ညှပ်ခြင်းထက် မိမိ ညှပ်နေကျ၊ မိမိနဲ့လိုက်ဖက်မဲ့ ဆံပင်ပုံစံကို မှန်ကန်စွာ ရွေးချယ်ပေးမဲ့ ဆိုင်မျိုးမှာသာ
ဆံပင်ကို ပုံမှန် ညှပ်သင့်ပါတယ်..

၆။ ကျန်းမာရေး လေ့လာလိုက်စားပါ.. မိမိ အားလပ်ချိန်တွင် ကျန်းမာရေး လေ့ကျင့်ခန်းတစ်ခုခုကို မဖြစ်မနေ ပြုလုပ် သင့်ပါတယ်.. များများ အချိန်မပေးနိုင်လျှင်တောင်မှ

ရေချိုးခါနီး နာရီဝက်လောက် အချိန်ယူ၍ ကိုယ်ခန္ဓာ ကြံ့ခိုင်သန် စွမ်းစေရန် လေ့ကျင့်ခန်းပြုလုပ်သည့်
အကျင့်ကို မွေးမြူပါ…

၇။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ.. သန့်ရှင်းသပ်ရပ်မှုသည်လည်း အမျိုးသားများကို စတိုင်ကျန စေသော အချက် တစ်ချက် ဖြစ်ပါတယ်.. မိမိခြေသည်း၊ လက်သည်းများ ခြေးညှော် ကင်းရှင်းစေရန် အစဉ်သတိပြုပါ.. မုတ်ဆိတ်မွှေး၊

နှုတ်ခမ်းမွှေးများ ရိတ်ပြီးတိုင်း after shave ကို သုံးစွဲပါ.. ညအိပ်ရာဝင်တိုင်း မျက်နှာသစ်ပြီး
သင့်တော်သော Moisturizer ကို လိမ်းပြီးမှ အိပ်ရာဝင်ပါ…

၈။ ဆွဲကြိုး၊ လက်စွပ်၊ ဟန်းချိန်း အစရှိသော ရှိသမျှ အဆင်တန်ဆာများ ထုတ်၍ ဆင်မြန်း ထားခြင်းသည် စတိုင် ရှိခြင်းထက် အများအမြင်တွင် ယောက်ျားမဆန်ဘဲ အကြွားပိုခြင်းဟုသာ အထင်ရောက်စေနိုင်ပါတယ်… နာရီကောင်း တစ်လုံးသည် ယောက်ျားတစ်ယောက်အတွက် မရှိမဖြစ်သော အဆင်တန်ဆာ တစ်ခု ဖြစ်ပါတယ်.. အချိန်တန်ဖိုး ထားတတ်သူ၊ တိကျသူ စသည့် အင်္ဂါရပ်များကိုပေါ်လွင်စေနိုင်ပါတယ်..

၉။ ကိုယ်နှင့် အဆမတန် သေးငယ်သော၊ သို့မဟုတ် ကြီးလွန်းသော အ၀တ်အစားများကို ရှောင်ပါ.. ခေတ်အလွန် ဆန်လွန်းသော အ၀တ်အစားများကိုလည်း ရှောင်သင့်ပါတယ်.. ခေတ်ဆန်လွန်းသော
အ၀တ်အစားများသည် အလျှင်အမြန် ခေတ်ကုန်သွားနိုင်ပါတယ်..

၁၀။ စကားပြော ရည်မွန်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်း၊ ဗဟုသုတပြည့်စုံခြင်း၊ လူအများနှင့် သဟဇာတဖြစ်ခြင်း စသည့် အချက်များသည်လည်း ယောက်ျားတစ်ယောက်၏ ကိုယ်ရည် ကိုယ်သွေးကို

တောက်ပ စတိုင်ကျစေသော အချက်များ ဖြစ်ပါတယ်…

အမျိုးသားတွေဆိုတာ အခုခေတ်မှာဖြစ်သလိုဝတ်စားဆင်ယင်တယ်ဆိုရင် ယောက်ျားပီသတယ်လို့ မထင်ဘဲ ဖြစ်က တတ်ဆန်းနေတတ်သူအဖြစ် ထင်မှတ်တတ်ကြလိမ့်မယ်ဆိုတာ သတိမူသင့်ပါတယ်။ အရမ်းကြီး ကြော့မော့မနေ တောင် သန့်ရှင်းသပ်ရပ်ပြီး ကြည့်ကောင်းနေမယ်ဆိုရင် ဘယ်နေရာသွားသွား လူတောတိုးလို့ရနိုင်မယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့အထက်ပါအချက်လေးတွေ သတိမူပြီး စတိုင်လ်ကျနိုင်ကြပါစေလို့။


Ref: www.missgreenlady.com

Wednesday, March 17, 2010

အပြုအဖျက် ဤနှစ်ချက်ကို.......


နေသာသောနေ့တစ်နေ့က ရန်ကုန်မြို့ပေါ်ရှိ တန်ခိုးကြီးစေတီတော်တစ်ဆူအား သွားရောက်ဖူးမြော်ခဲ့သည်။ မိုးသားတိမ်လိပ်ကင်းစင်ကာ ကြည်လင်တောက်ပသော နေရောင်ခြည်အောက်တွင် ငွါးငွါးစွင့်စွင့်ရွှေရောင်ဝင့်နေသော စေတီတော်ကြီးကား ကြည်ညို၍မ၀နိုင်လောက် အောင် သပ္ပာယ်လှပေသည်။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်အနန္တကိုကိုယ်စားပြု၍ ရွှေတောင်ရွှေထုကြီးပမာ တည်နေဟန်ကလည်း ဘုရားဖူးလာ သူများအား သဒ္ဓါတရား ယိုဖိတ်ပွားစေတော့သည်။ သည်ရွှေတောင်ရွှေထုကြီးနှင့်အတူ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည်လည်း နှစ် ပေါင်းများစွာ ကျောက်စာတိုင်ကဲ့သို့ သန့်ရှင်းစွာတည်တံ့ခိုင်မာ နေလိမ့်ဦးမည်ဟု မျှော်လင့်မိပေသည်။

 

စေတီတော်အား လက်ယာရစ်ပတ်၍ ဖူးမြော်ကြည်ညိုရင်း လျှောက်လှမ်းလာခဲ့ရာ ရင်ပြင်တော် တစ်နေရာအရောက်တွင် ဆုတောင်းသလို လို၊ မန္တန်ရွတ်သလိုလို ထူးခြားသောလေယူလေသိမ်းဖြင့် ရွတ်ဖတ်သရဇ္ဈယ်သံများနှင့် တရုတ်ဆွဲလဲသံတချွင်ချွင်ကို ကြားလိုက်ရသဖြင့် အသံလာရာဘက်ဆီသို့ လှမ်းကြည့်လိုက်မိသည်။ တွေ့လိုက်ရသည့်မြင်ကွင်းက စာရေးသူအား အံ့သြတုန်လှုပ်သွားစေခဲ့သည်။

 

မြတ်ဗုဒ္ဓ၏ဓာတ်တော်တို့ ကိန်းဝပ်အပူဇော်ခံရာ ဤဌာနတွင် ရတနာမြတ်သုံးပါးအနက် တစ်ပါးတွင်မျှအကျုံးမ၀င်သူများ၏ ရုပ်တုကြီးများ ကို အဆောင်အယောင် အခမ်းအနားဖြင့် ပန်း၊ဆွမ်း၊ရေချမ်း၊ ငှက်ပျောပွဲ၊ အုန်းပွဲ၊အမွှေးနံ့သာများ ဆက်ကပ်ပူဇော်ကာ ဆုတောင်းဆုယူ လုပ်နေကြခြင်းကြောင့်ပင်ဖြစ်သည်။

 

ဗုဒ္ဓရှင်တော်မြတ်ဘုရားက လောက၌စေတီတည်၍ ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်လေးဦးရှိကြောင်း၊ ယင်းတို့မှာ (၁) ဗုဒ္ဓမြတ်စွာဘုရား၊ (၂) ပစ္စေကဗုဒ္ဓါ၊ (၃) အရိယာဖြစ်ပြီးသော ဗုဒ္ဓမြတ်စွာ၏ရဟန်းတော်သာဝကနှင့် (၄) စကြာမင်းတို့ ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပေသည်။ (ထူပါရဟသုတ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တရနိကာယ်။) ယခုမူ ဗုဒ္ဓမြတ်စွာဘုရားအားရည်စူး၍ တည်ထားကိုးကွယ်သော စေတီတော်ရင်ပြင် ပေါ်တွင် ဘိုးတော်၊ဘတော်၊မယ်တော်၊အစ်မတော် အမည်ခံ ၀ိဇ္ဇာဓိုရ်နှင့် နတ်များက ဘုရားနှင့်စင်ပြိုင် အကိုးကွယ်ခံနေကြသည်မှာ အမြင် မတော်၊ ဆင်တော်နှင့်ခလောက်ဆိုသကဲ့သို့ ဖြစ်နေချေတော့သည်။

 

သူတို့အား ယုံကြည်ကိုးကွယ်သူအချို့က ပြောကြသည်။ ဤပုဂ္ဂိုလ်ကြီးများသည် ယခုပင် ၀ိပဿနာလမ်းကိုလိုက်၍ ကျင့်ကြံအားထုတ် လိုက်ပါက မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို လျင်မြန်စွာရပြီး နိဗ္ဗာန်အားမျက်မှောက်ပြုနိုင်ကြသူများဖြစ်သည်။ သို့သော် အ၀ိဇ္ဇာလွှမ်း၍ မသိနား မလည် မိုက်မဲကြကုန်သော သတ္တ၀ါအပေါင်းကို သနားသက်ညှာလှသဖြင့် ထိုက်သင့်သူတို့အား ကယ်တင်စောင်မရင်း သာသနာပြုနေကြ သူများ ဖြစ်သည်။ သတ္တ၀ါတို့အပေါ် မိဘ၊ ဆရာသမားသဖွယ် စောင်မကြည့်ရှုနေသူများဖြစ်၍ အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ် ကြသည်။ ထို့ကြောင့် သူတို့အားကိုးကွယ် ဆည်းကပ်ထိုက်သည်ဟုဆိုကြသည်။

 

ဤနေရာတွင် သတိချပ်ရန်မှာ ရတနာမြတ်သုံးပါးနှင့် အနန္တောအနန္တငါးပါးတို့၏ ကွဲပြားခြားနားမှုဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် ကိုး ကွယ်ရာဟူ၍ ဆည်းကပ်ထိုက်သည်မှာ ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာမြတ်သုံးပါးသာလျှင်ဖြစ်သည်။ နောက်လူတို့က မိဘ နှင့် ဆရာကိုပေါင်းထည့်ကာ အနန္တောအနန္တငါးပါးအဖြစ် သတ်မှတ်လိုက်သော်လည်း ရတနာသုံးပါးနှင့်တန်းတူထား ကိုးကွယ်ရန် မဟုတ် ပေ။

 

မိဘနှင့်ဆရာသမားတို့အား ကျေးဇူးရှင်များအဖြစ်သတ်မှတ်ကာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် သားသမီးဝတ်၊ တပည့်ဝတ်တို့နှင့်အညီ အရိုအသေပေး၊ အလုပ်အကျွေးပြုခြင်းဖြင့် ကျေးဇူးဆပ်ရန်သာဖြစ်သည်။ ရတနာမြတ်သုံးပါး နှင့်တန်းတူထား၍ ကိုးကွယ်ယုံကြည်ဆည်း ကပ်ရန်ကား မဟုတ်ချေ။ ထို့ကြောင့် ၄င်းတို့ပြောသလို သတ္တ၀ါများအပေါ် အမှန်တကယ်ကယ်တင်စောင့်ရှောက်နေသည်ပဲ ထားဦးတော့၊ စစ်မှန်သော ထေရ၀ါဒဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့်ကား ရတနာမြတ်သုံးပါးနှင့် တန်းတူထား၍ကိုးကွယ်ဆည်းကပ်ရန်မလိုကြောင်း ထင်ရှားလှပေသည်။

 

တစ်ရံရောအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းစိုးစံစဉ် ၀ိဇ္ဇာဓိုရ်တစ်ဦးသည် ညဥ့်သန်းခေါင်ယံအချိန်၌ မိဖုရားကြီးအဆောင်တော် သို့ တန်ခိုးဣဒ္ဓိပါဒ်ဖြင့်ဝင်ရောက်ကာ ကာမဂုဏ်ကျူးလွန်ခဲ့သည်။ ထိုကိစ္စကို မင်းကြီးသိရှိသွားသဖြင့် ၄င်းအားလိုက်လံဖမ်းဆီးစေခဲ့ရာ ၀ိဇ္ဇာဓိုရ်သည် ရဟန်းအသွင်ဆောင်၍ သုသာန်အတွင်း၌ ညာခြေတစ်ဖက်တည်းနှင့်ရပ်ကာ မန္တန်ရွတ်ဖတ်သရဇ္ဈာယ်ရင်း နေကိုရှိခိုးဟန် ပြုနေလေသည်။ ထိုရဟန်းတုအား မင်းချင်းများက လိုက်လံဖမ်းဆီးရာ ၀ိဇ္ဇာဓိုရ်တန်ခိုးဖြင့်ထွက်ပြေးလွတ်မြောက်သွားတော့သည်။ ထိုအ ချိန်မှစ၍ ရဟန်းစစ်နှင့် ရဟန်းတုမခွဲခြားတတ်သော ဗြဟ္မဒတ်မင်းသည် ရဟန်းမှန်သမျှ မင်းပြစ်မင်းဒဏ်သင့်စေသဖြင့် ရဟန်းစစ်များပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရရာ ပြည်သူအများ ကိုးကွယ်ရာမဲ့ဘ၀ ရောက်ခဲ့ရဖူးသည်။ (၀ိဇ္ဇာဓရဇာတ်၊ ဆက္ကနိပါတ်၊ ဇာတက၀တ္ထု။)

 

ဤသည်ကား ၀ိဇ္ဇာဓိုရ်ဆိုတိုင်း ကိုးကွယ်ဆည်းကပ်လိုသူများအတွက် သတိချပ်စရာသာဓကတစ်ရပ်ပင်ဖြစ်သည်။ ထို့အပြင် ၀ိဇ္ဇာဓိုရ်က ရဟန်းအသွင်ဆောင်ကာ လူတွေအံ့သြအောင်လုပ်ပြီး ထွက်ပြေးသွားပုံမှာလည်း ယခုခေတ်တွင် ရဟန်းဟုအမည်ခံကာ ရဟန်းကိစ္စမ လုပ်ဘဲ ၀ိဇ္ဇာဓရလမ်းလိုက်နေသူများနှင့် နှိုင်းယှဉ်သုံးသပ်ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်ပေသည်။ ယင်းသို့ ဘုရားအရေတော်ခြုံပြီး ဘုရားလမ်း စဉ်နှင့် ဆန့်ကျင်လုပ်ကိုင်နေသူများကြောင့် ရဟန်းစစ် ရဟန်းမှန်များအပေါ်တွင်ပါ ကြည်ညိုသဒ္ဓါပျက်စေနိုင်ပါသည်။

 

အချို့ကလည်း ယင်းဝိဇ္ဇာဓိုရ်ဆိုသူများသည် သတ္တ၀ါအပေါင်းကို ကယ်တင်ရင်း နောင်ပွင့်မည့် အရှင်အရိမေတ္တေယျ မြတ်စွာဘုရားကို ဖူးမြော်ရန် စောင့်ဆိုင်းနေကြသည်ဟုဆိုသည်။ ယင်းသို့ ကာလရှည်ကြာစွာ စောင့်ဆိုင်းနိုင်ရန်အတွက် ၄င်းတို့၏သက်တမ်းကို ရှည်သည် ထက်ရှည်အောင် ကျင့်ကြံအားထုတ် နေကြရသည်ဟုလည်း ဆိုကြပြန်သည်။ ဤသည်မှာလည်း ပညာဥာဏ်ရှိသူတို့ လက်ခံနိုင်စရာအ ကြောင်းမရှိသော ဆင်ခြေတစ်ရပ်သာဖြစ်ချေသည်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားက 'ဤကမ္ဘာတွင် ပွင့်ကြကုန်သော ဘုရားငါးဆူတို့ တွင် တစ်ဆူနှင့်တစ်ဆူအကြားမှာ ဤမဟာပထ၀ီမြေကြီးသည် တစ်ယူဇနာ၊ တစ်ယူဇနာခန့်တိုးတက်၏။ ဝေပုœတောင်သည် တစ်ယူဇနာ၊ တစ်ယူဇနာခန့် မြေထဲမြုပ်ဝင်လေ၏' ဟုဟောကြားတော်မူခဲ့ဖူးပါသည်။ (ဝေပုœသုတ်၊ အနမတဂ္ဂသံယုတ်။) တစ်ယူဇနာတွင် ရှစ်မိုင်ခန့် ရှိရာ ဘုရားတစ်ဆူနှင့် တစ်ဆူအကြား စောင့်ဆိုင်းရမည့် ကာလကို ကျွန်ုပ်တို့ခန့်မှန်းတွက်ချက်သိရှိ နိုင်ပါသည်။

 

ဗုဒ္ဓမြတ်စွာ၏အလိုအရမူ မတည်မြဲသော၊ ဆင်းရဲသော၊အစိုးမရသော ဤလောကမှ တစ်စက္ကန့်စော၍ လွတ်မြောက်နိုင်လျှင်ပင် တစ် စက္ကန့်စော၍ ချမ်းသာသုခရပြီဟု မှတ်ယူရမည်သာဖြစ်သည်။ မိမိတို့မျက်မှောက်၌ပင် ဆင်းရဲခြင်းအပေါင်းမှလွတ်မြောက်ရာ တရားစစ် တရားမှန်တို့ ရှင်သန်ထွန်းကားနေပါလျက် မလိုက်နာမကျင့်ကြံသေးဘဲ နောက်ဘုရားအပွင့်ကို စောင့်ဆိုင်းမည်ဆိုခြင်းမှာ ဥာဏ်ပညာ နည်းသောလုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။ ဂေါတမဗုဒ္ဓမြတ်စွာကို ဖူးမြော်လိုသဖြင့် ကာလကြာရှည်စောင့်ဆိုင်းခဲ့သော ဈာန်ရရသေ့ကြီး ကာဠဒေ၀ီလပင်လျှင် ဗုဒ္ဓအလောင်းလျာ သိဒ္ဓတ္ထမင်းသားလေးကိုသာ ဖူးတွေ့ခဲ့ရသည်။ ဗုဒ္ဓအဖြစ်ပွင့်တော်မူချိန်တွင်မူ ကံတရား၏အလို ကို မလွန်ဆန်နိုင်ရှာဘဲ ရသေ့ဘ၀မှ စုတေသွားခဲ့ရသဖြင့် ဗုဒ္ဓသာသနာတော်နှင့် အလွဲကြီးလွဲခဲ့ရဖူးပါသည်။

 

ယခုသောက်လျှင် ယခုပင်ရောဂါပျောက်နိုင်သည့် ဆေးတော်ကြီးကို လက်ဝယ်ပိုင်ပိုင် ရရှိထားပါလျက်နှင့် မမွေးသေးသည့် ဆေးဆရာကို စောင့်မျှော်နေမည်ဆိုပါက ဆရာမလာမီ ရောဂါကျွမ်းသွားနိုင်ပေသည်။ စစ်မှန်သော 'ဓမ္မ'ဟူသည် မည်သည့် ဗုဒ္ဓမြတ်စွာကပင်ဟောဟော တစ်ခုတည်းသာဖြစ်သည်။ ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူခဲ့ကြကုန်သော၊ ပွင့်ဆဲဖြစ်သော၊ ပွင့်လတ္တံ့သော ဗုဒ္ဓမှန်သမျှသည် ဤဓမ္မကိုသာ လမ်းညွှန်ကြမည်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ သာသနာတော်အတွင်းဝယ် စစ်မှန်သော ဓမ္မဒေသနာတော်တို့ တည်ရှိနေပါလျက် မဂ်ဖိုလ်နိဗ္ဗာန် ကို မရည်သန်ဘဲ မတည်မြဲသော လောကီတန်ခိုး ဣဒ္ဓိပါဒ်များနှင့်သာ ပျော်မွေ့နေသူများကား ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားခဲ့သလို ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား ဆိုသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ အမှန်အားဖြင့်မူ ထိုထိုသောပုဂ္ဂိုလ်များသည် မိမိတို့၏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို တွယ်တာကပ်ငြိကာ မိမိတို့သက်တမ်းရှည်သည်ထက်ရှည်ရေး၊ တန်ခိုးဣဒ္ဓိပါဒ်တွေ တိုးသည်ထက် တိုးရေးအတွက် လူအများကို လောကီစည်းစိမ် ဥစ္စာများနှင့် မျှားကာ ၄င်းတို့လိုရာသုံးနေကြခြင်းသာ ဖြစ်တော့သည်။ ၄င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ယတြာကိန်းခန်းများနှင့် အညီ ဘယ်နေရာကိုသွား၊ ဘာဘုရားကိုတည်၊ ပုတီးဘယ်နှစ် ပတ်စိပ် စသည်ဖြင့် ညွှန်ကြားခိုင်းစေနေခြင်းကိုပင် လူအချို့က သာသနာပြုသည်ဟု ယူဆနေကြခြင်းဖြစ်သည်။ အတ္တစွဲကို မချွတ်နိုင်ကြ သဖြင့် မြတ်ဗုဒ္ဓ၏ အနတ္တဒေသနာကိုပစ်ပယ်ကာ သံသရာတွင် ဆက်လက်ကျင်လည်ရေးအတွက် ကြိုးပမ်းနေသူများ၏ သာသနာပြုလုပ် ငန်းသည် အတ္တသာသနာပြုလုပ်ငန်းသာ ဖြစ်ပေလိမ့်မည်။

 

အရိမေတ္တေယျ မြတ်စွာဘုရားပွင့်တော်မူမည့်ကာလအထိ မိမိတို့ အသက်ခန္ဓာ တည်တံ့အောင်ကြိုးပမ်းရင်း ဝေနေယျသတ္တ၀ါတို့အား ကယ်တင်စောင်မသွားမည်ဆိုသော အယူအဆသည် မဟာယာနဗုဒ္ဓဘာသာဝင်တို့၏ ဘုရားအလောင်း ဗောဓိသတ္တကိုးကွယ်ရေးဝါဒမှ ဆင်းသက်လာခြင်းသာ ဖြစ်ပေသည်။ယင်းဝါဒအလိုအရ အနောက်ဘက်အရပ်ရှိ သုခ၀တီဘုံနန်းတွင် အမိတာဘာ(အမိတ = အတိုင်းအ ဆမရှိ၊ အနန္တ+အာဘာ = အလင်းရောင်) အမည်ရှိ ထာဝရဘုရားသခင် စံမြန်းနေတော်မူသည်။ ယင်းအမိတာဘာဘုရားသည် ပါရမီဖြည့် ကျင့်ပြီးမှဖြစ်လာသောဘုရားမျိုးမဟုတ်ဘဲ ကနဦးအစကပင် သူ့အလိုလိုဘုရားအဖြစ်ကို ရရှိထားသူဖြစ်၍ အာဒိဗုဒ္ဓဟုလည်း ခေါ်တွင်ပေ သည်။ အမိတာဘာဘုရားနှင့် ကြင်ရာတော် ပါဏ္ဍရာဘုရားမတို့မှ အ၀လောကိတေဿရ (အ၀လောကိတ = ကြည့်ရှုသူ + ဣဿရ = အစိုးရသူ) အမည်ရှိ ဘုရားအလောင်းကို ဖွားမြင်သည်။ အ၀လောကိတေဿရသည် ဘုရားအဖြစ်ကိုရရန် ပါရမီအပေါင်းကို ဖြည့်ကျင့် ပြီးသူဖြစ်သည်။ သူ့အနေနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ယခုပင်စံဝင်လိုက စံဝင်နိုင်သော်လည်း သတ္တ၀ါအပေါင်းအား ကယ်တင်ချေချွတ်လိုသေး သည်။ လောကသားတို့အား သနားသက်ညှာသောအားဖြင့် လောက၌ သတ္တ၀ါတစ်ဦးတစ်လေမျှ မကျန်အောင် နိဗ္ဗာန်သို့ပို့ဆောင်ပြီးမှသာ နိဗ္ဗာန်သို့စံဝင်ရန် သန္နိဌာန်ချထားသည်ဟုဆိုသည်။

 

မဟာယာနဗုဒ္ဓဘာသာဝင်တို့သည် အ၀လောကိတေဿရကိုပင် သက္ခကလောကသရ၊ သီဟနာဒ၊ လောကနာထ (မြန်မာတို့အခေါ် လောကနတ်) ခသပ္ပဏ၊ ဟလာဟလ စသည်ဖြင့် အမည်အမျိုးမျိုးပေး၍ ရုပ်သွင်အမျိုးမျိုးထုလုပ်ကာ ပူဇော်ကိုးကွယ်ခဲ့ကြသည်။ ၄င်း ကိုပင် ဣတ္ထိလိင်(အမ)အဖြစ် အသွင်ပြောင်းကာ ပညာပါရမီတာနတ်သမီး၊ တာရာဒေ၀ီ စသည်ဖြင့် အမည်သညာမျိုးစုံ၊ ပုံမျိုးစုံထုလုပ် ကိုးကွယ်ခဲ့ရာ ယခုလေးငါးနှစ်အတွင်း မြန်မာဗုဒ္ဓဘာသာဝင်တို့အကြားရေပန်းစားလာခဲ့သော ကွမ်ယင်မယ်တော်သည်လည်း အပါအ၀င် ဖြစ်တော့သည်။ မဟာယာနဗုဒ္ဓဘာသာဝင်တို့၏ အ၀လောကိတေဿရ ဘုရားလောင်းတစ်ဖြစ်လဲ ကွမ်ယင်မယ်တော်ကြီးမှာ ယခုအခါ ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာ စေတီတော်တချို့၏ ရင်ပြင်တော်ပေါ်တွင် အပူဇော်ခံရန် ရောက်ရှိစံမြန်းတော်မူနေလေပြီ။

 

ဤနေရာတွင် အလျဉ်းသင့်၍ဖော်ပြလိုသည်မှာ ထေရ၀ါဒနှင့် မဟာယာနတို့၏ နိဗ္ဗာန်အယူအဆချင်း ကွဲပြားခြားနားပုံဖြစ်သည်။ မဟာ ယာနနိဗ္ဗာန်မှာ အမိတာဘာဘုရား (ခေါ်) အစဉ်ထာဝရ တည်ရှိနေသည့် ပရမတ်ဘုရား စံမြန်းနေထိုင်ရာ သုခ၀တီ ကောင်းကင်ဘုံဖြစ် သည်။ သတ္တ၀ါတို့သည် နိဗ္ဗာန်မရောက်မီကာလတွင် မိမိကိုယ်ကိုအစိုးမရကြသော်လည်း နိဗ္ဗာန်ရောက်သည်နှင့် မိမိကိုယ်ကို အစဉ် ထာဝရအစိုးရသွားပြီး မဖောက်မပြန် အစဉ်ထာဝရ တည်ရှိနေသောဘ၀အဖြစ်သို့ ကူးပြောင်းရောက်ရှိသွားသည်ဟု မဟာယာနတို့က ယူဆထားကြသည်။

 

ထေရ၀ါဒအလိုအရ နိဗ္ဗာန်အပါအ၀င် ခပ်သိမ်းသောတရားတို့သည် အစိုးမရ(အနတ္တ)ဟုယုံကြည်လက်ခံထားသော်လည်း မဟာယာန တို့ကမူ နိဗ္ဗာန်ဟူသည် အစိုးမရသောဘ၀မှ အစိုးရသောဘ၀သို့ ကူးပြောင်းသွားခြင်းဟု ယုံကြည်လက်ခံထားကြပါသည်။ တစ်နည်းဆို သော် အနတ္တမှသည် အတ္တသို့ကူးပြောင်းသွားခြင်းသည်သာ နိဗ္ဗာန်ဟုယူဆခြင်းဖြစ်ပါသည်။

 

ဘ၀အပေါ်တွင် တွယ်တာတပ်မက်ခြင်းမကင်းသော အ၀ိဇ္ဇာဖုံးလွှမ်းမှုကြောင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုလျှင် ဘ၀ပြတ်ပြီဆိုသည့် ဗုဒ္ဓ၀ါဒ အစစ်အမှန်ကိုပစ်ပယ်ကာ ဗြာဟ္မဏတို့၏ အတ္တ၀ါဒကို ဗုဒ္ဓဘာသာဆိုင်းဘုတ်အောက်သို့ ဆွဲသွင်းလိုက်ခြင်းပင် ဖြစ်တော့သည်။ ဗြာဟ္မဏ ၀ါဒအလိုအရ ဤလောကကြီးသည် ဣဿရ(ခေါ်) ထာဝရဘုရားသခင်၏ဖန်ဆင်းမှုကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ တစ်လောက လုံးသည် ဘုရားသခင်၏ ၀ိညာဉ်တော်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ သတ္တ၀ါတိုင်း၏ခန္ဓာကိုယ်ထဲတွင် မည်သို့မျှဖျောက်ဖျက်၍မရ သော ၀ိညာဉ်လိပ်ပြာကောင်လေးရှိသည်။ ဘ၀တွေ မည်သို့ပြောင်းပြောင်း၊ ခန္ဓာတွေ ဘယ်လိုလဲလဲ ထာဝရမပြောင်းမလဲ တည်ရှိနေ သည်ကတော့ ထိုဝိညာဉ်ကောင်လေးပင်ဖြစ်သည်။

 

ယင်းသည်ပင် သတ္တ၀ါတို့၏ 'အမတေအနှစ်သာရ'လည်းဖြစ်၊ အစိုးလည်းရသောကြောင့် 'အတ္တ'ဟုလည်းမည်ပေသည်။ ယင်းအတ္တ ကလေးသည် ထာဝရဘုရားသခင်၏ 'အတမန်'ခေါ် 'မဟာအတ္တကြီး'မှ ခွဲထုတ်ဖန်ဆင်းပေးလိုက်သော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

 

သံသရာတစ်လျှောက် မိမိတို့၏အတ္တတွင် တွယ်ကပ်လာသော ကိလေသာအညစ်အကြေးများ ကင်းစင်သန့်ရှင်းသွားအောင် ကြိုးပမ်း အားထုတ်လိုက်ခြင်းဖြင့် ယင်းအတ္တသည် ထာဝရဘုရားသခင်၏ မဟာအတ္တကြီးနှင့် ပေါင်းစည်းမိသွားပြီး ထာဝရငြိမ်းချမ်းသောသုခဘုံ တွင် စံမြန်းရလိမ့်မည်ဟု ခံယူထားကြပါသည်။ ထို့ကြောင့် အမည်သညာအသုံးအနှုန်းကွဲပြားသော်လည်း မဟာယာနဗုဒ္ဓ၀ါဒနှင့် ဗြာဟ္မဏ ၀ါဒတို့၏ ရည်ရွယ်ချက်ပန်းတိုင်မှာ 'ပြီးပြည့်စုံသောအတ္တ' ဖြစ်မြောက်ရေးပင်ဖြစ်ရာ အနှစ်သာရအားဖြင့် ထပ်တူညီလျက်ရှိကြောင်းတွေ့ ရှိရမည်ဖြစ်သည်။

 

ဗြာဟ္မဏ၀ါဒသည်  ဗုဒ္ဓ၀ါဒအတွင်းသို့ အသွင်မျိုးစုံဖြင့် စိမ့်ဝင်ထိုးဖောက်လာခဲ့ရာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်အချို့၌ပင် ဗြာဟ္မဏ၀ါဒ အငွေ့ အသက်မကင်းသော ယုံကြည်ကိုးကွယ်မှုများ ရှိနေပေသည်။ ယင်းတို့အနက် မြတ်ဗုဒ္ဓ၏ဓမ္မအမွေတော် ပိဋကတ်သုံးပုံကို မပျောက်ပျက် အောင်စောင့်ထိန်းပေးနေပါသည်ဆိုသည့် သူရဿတီမယ်တော် ကိုးကွယ်မှုသည် ထင်ရှားသော ပြယုဂ်တစ်ခုပင် ဖြစ်တော့သည်။

 

အမှန်အားဖြင့် သူရဿတီကိုးကွယ်မှုသည် ဣဿရ (ခေါ်) လောက၏ဖန်ဆင်းရှင် ထာဝရဘုရားသခင်ရှိသည်ဆိုသော အယူအဆကို နောက်ခံပြု၍ ပေါက်ဖွားလာသော ယုံကြည်မှုတစ်ရပ်သာဖြစ်သည်။ ဗြာဟ္မဏ၀ါဒအလိုအရ ထာဝရဘုရားသခင်သည် ဤလောကကို ဖန်ဆင်းခဲ့ရာတွင် လုပ်ငန်းသဘာဝပေါ်မူတည်၍ တာဝန်ခွဲဝေအပ်နှင်းနိုင်ရန် မိမိကိုယ်ကို သုံးကိုယ်ခွဲလိုက်သည်။ တစ်ကိုယ်က လောက ကြီးကို ပြည့်စုံစွာဖန်ဆင်းရန်တာဝန်ယူရပြီး သူ့အမည်ကို ဗြဟ္မာ ဟုခေါ်တွင်စေသည်။ နောက်တစ်ကိုယ်က ဖန်ဆင်းပြီးသော ဤလောက ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ယူရပြီး သူ့ကို ဗိဿနိုး ဟုအမည်တွင်စေပြန်သည်။ နောက်ဆုံးတစ်ကိုယ်ကမူ ဤလောကကြီး အား ဖျက်သိမ်းပျက်စီးစေလိုသည့်အခါ အဖျက်လုပ်ငန်းများကို ဆောင်ရွက်ရန်တာဝန်ယူရပြီး သူ့အား သီဝ(သျှီဗ)ဟု ခေါ်တွင်စေခဲ့ပါ သည်။ ဤထာဝရဘုရား ဣဿရ၏ ကိုယ်ပွား သုံးဆူသောနတ်ဘုရားတို့မှာ လိင်အားဖြင့် ပုရိသလိင် (အဖို)များအဖြစ် သတ်မှတ်ကြပါ သည်။

 

လောက၏ သဘာဝအရ ကောင်းကင်ရှိလျှင် မြေကြီးရှိရမည်၊ အလင်းရှိလျှင် အမှောင်ရှိရမည်၊ အဖိုရှိလျှင် အမလည်း ရှိရပေမည်။ ထို့ ကြောင့် ယင်းသုံးဆူသော နတ်ဘုရားတို့တွင်လည်း ကြင်ရာတော်နတ်သမီးကြီးများလည်း ရှိရမည်ဖြစ်ရာ ဗြဟ္မာ၏ကြင်ရာတော်ကား သူရဿတီ၊ ဗိဿနိုး၏ကြင်ရာတော်ကား လက်ချမီး၊ သီဝ၏ကြင်ရာတော်ကား စန္ဒီ(ကာလီ)ဟူ၍ ဒွိယံဒွိယံ ကြင်ဖက်သက်နှံများပေါ် ပေါက်လာရတော့သည်။ အ၀လောကိတေဿရ ဘုရားလောင်းအား ကိုးကွယ်ကြသည့် မဟာယာနဗုဒ္ဓဘာသာဝင်တို့၏ အာဒိဗုဒ္ဓ(ခေါ်) အမိတာဘာထာဝရဘုရားတွင် ကြင်ရာတော်နတ်ဘုရားမ ပါဏ္ဍရာရှိသည်ဟူသောအယူအဆသည် ဗြာဟ္မဏ၀ါဒ၏ နတ်ဘုရားစုံတွဲအယူ အဆမှ ဆင်းသက်လာရခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် ရှေးအခါကဗြာဟ္မဏ၀ါဒီတို့သည် သူတို့၏အတ္တ၀ါဒကို ဆန့်ကျင်ခဲ့သည့် ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားအား ချိုးနှိမ်၊နှိမ့်ချလိုသဖြင့် ဗိဿနိုးနတ်မင်း၏ ကိုယ်ပွား လူဝင်စားတစ်ဦးဖြစ်သည်ဟု ပြောဆိုရေးသားခဲ့ကြသေးသည်။

 

ဗြာဟ္မဏ၀ါဒ လွှမ်းမိုးဖျက်ဆီးမှုကို ခံထားရသော မဟာယာနဗုဒ္ဓဘာသာဝင်တို့ကလည်း ဂေါတမဗုဒ္ဓအား အမိတာဘာ ထာဝရဘုရား သခင်က လူသားတို့ကိုချွေချွတ်ရန် စေလွှတ်ခြင်းခံရသူတစ်ဦးအဖြစ် တစ်ဆင့်နှိမ့်ချခဲ့ကြပြန်သည်။ မဟာယာနဗုဒ္ဓဘာသာဝင်တို့သည် အ၀လောကိတေဿရ ဘုရားအလောင်းရုပ်တုနှင့် ဂေါတမဗုဒ္ဓရုပ်ပွားတော်တို့အား လက်ဝဲ၊ လက်ယာရံစေ၍ အလယ်တွင် အမိတာဘာ ဘုရားဆင်းတုကို အထွတ်အမြတ်ထား ကိုးကွယ်ခဲ့ကြသည်။

 

ဗြာဟ္မဏ၀ါဒအရ သူရဿတီသည် ပညာဥာဏ်ကိုလည်းကောင်း၊ လက်ချမီးသည် စီးပွားဥစ္စာကိုလည်းကောင်း၊ စန္ဒီ(ကာလီ)သည် ရက် စက်ကြမ်းကြုတ်မှုကိုလည်းကောင်း ကိုယ်စားပြုသည်ဟု ယေဘုယျအားဖြင့် ယုံကြည် လက်ခံထားကြပါသည်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားအချို့က သူရဿတီကို ပိဋကတ်သုံးပုံစောင့် သည့် မယ်တော်နတ်သမီးကြီးအဖြစ် ပူဇော်ကိုးကွယ်နေကြသော်လည်း သူအမှန်တကယ်စောင့်ရှောက်နေသည်မှာ ဗြာဟ္မဏတို့၏ အတ္တ၀ါဒဆိုင်ရာ ဝေဒလေးကျမ်းသာလျှင်ဖြစ်သည်။ ဆာရီဝတ် ဟိန္ဒူနတ်သမီး ကို မြန်မာတို့က စည်းပုံဆောင်း၊ ထိုင်မသိမ်းအင်္ကျီ ဗြောင်ထမီဝတ်ပေးကာ မြန်မာမှုပြုလိုက်ရာမှ ပိဋကတ်သုံးပုံစောင့် မယ်တော်ကြီးအဖြစ် ထေရ၀ါဒဗုဒ္ဓဘာသာဝင်လောကတွင် ၀င်ရောက်နေရာယူလာခြင်းပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ အနတ္တ၀ါဒဆိုင်ရာ ပိဋကတ်သုံးပုံနှင့် ဗြာဟ္မ ဏတို့၏ အတ္တ၀ါဒဆိုင်ရာ ဝေဒလေးကျမ်းတို့ လုံးဝကွဲပြားခြားနားနေသလို ထေရ၀ါဒဗုဒ္ဓဘာသာနှင့် သူရဿတီ ကိုးကွယ်မှုမှာလည်း ပြဒါး တစ်လမ်း သံတစ်လမ်းသာလျှင် ဖြစ်ပေသည်။

 

အကယ်၍ သူရဿတီ၊ လက်ချမီး၊ စန္ဒီတို့အား ယုံကြည်လက်ခံသည်ဆိုပါက သူတို့၏ခင်ပွန်းများဖြစ်ကြကုန်သော ဗြဟ္မာ၊ ဗိဿနိုးနှင့် သီဝဆိုသည့် နတ်ဘုရားကြီးများ အမှန်တကယ်ရှိသည်ဟု ယုံကြည်လက်ခံလိုက်ခြင်းပင်ဖြစ်တော့သည်။ ဤသို့ဆိုလျှင် ယင်းတို့သုံးပါး ပေါင်းတစ်ဆူဖြစ်တော်မူထသော ဣဿရ (ခေါ်)  ထာဝရဘုရားသခင် (ခေါ်) မဟာအတ္တကြီးကို လက်ခံလိုက်ရာရောက်ပေတော့မည်။ ဤသည်ပင်လျှင် လောကတွင် အစဉ်ထာဝရ မဖောက်မပြန်ဘဲ အစိုးရနေသော အမတေ အနှစ်သာရ (၀ါ) အတ္တကြီးတစ်ခု တည်ရှိနေ သည်ဟု လက်ခံလိုက်ခြင်း ဖြစ်ပေသည်။

 

ထို့အတူပင် ဘုရားမပွင့်မီကာလအတွင်း သတ္တ၀ါအပေါင်းအားကယ်တင် ချွေချွတ်နေပါသည်ဆိုသော ၀ိဇ္ဇာဓိုရ်များနှင့် အ၀လောကိတေ ဿရ ဘုရားလောင်းတစ်ဖြစ်လဲ လောကနတ်၊ တာရာဒေ၀ီ၊ ပညာပါရမီတာနတ်သမီး၊ ကွမ်ယင်မယ်တော်အစရှိသည့် နတ်ဘုရားများကို ယုံကြည်လက်ခံသူသည် သူတို့၏အရင်းခံဖြစ်သော မဟာယာနဗုဒ္ဓဘာသာ၏ အာဒိဗုဒ္ဓ(ခေါ်)အမိတာဘာ (ခေါ်) ထာဝရဘုရားသခင်ကို ယုံကြည်လက်ခံရာရောက်သွားမည်ဖြစ်ပါသည်။ အမိတာဘာဘုရားသည် ဗြာဟ္မဏတို့၏ ဣဿရကို အမည်ပြောင်းထားခြင်းပင်ဖြစ်ရာ ဤလောက၌ အတ္တ ရှိသည်ဟု လက်ခံလိုက်ခြင်းပင် ဖြစ်ပေသည်။

 

ဗုဒ္ဓမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက လောက၌ခပ်သိမ်းသော တရားတို့သည် အစိုးမရ၊ အနတ္တသာတည်းဟု သူ၏ဓမ္မတွင်အ တိအလင်း ထုတ်ဖော်ကြေညာထားပြီးဖြစ်သည်။ ဤသည်ကိုဆန့်ကျင်ကာ လောက၌ အစိုးရသောတရား (၀ါ) အတ္တရှိသည်ဟု လက်ခံ လိုက်ခြင်းသည် ဗုဒ္ဓဓမ္မကို ဆန့်ကျင်ပစ်ပယ်လိုက်ခြင်းပင် ဖြစ်တော့သည်။ ဤနည်းအားဖြင့် ထိုသူသည် ဗုဒ္ဓမြတ်စွာ၏ ဓမ္မဒေသနာ တရား တော်တို့သည်သာ ကိုးကွယ်အားထားရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ (ဓမ္မံ သရဏံ ဂစ္ဆာမိ)ဆိုသော သရဏဂုံတစ်ပါး ကျိုးပျက်သွားလေ ပြီ။ ဗုဒ္ဓ၏ဓမ္မကို ငြင်းပယ်သူသည် ဗုဒ္ဓနှင့်တကွ ဗုဒ္ဓ၏နောက်လိုက် တပည့်သံဃာတို့ကိုပါ ငြင်းပယ်ရာလည်း ရောက်သည်ဖြစ်ရာ ကျန် သရဏဂုံနှစ်ပါးလည်း အလိုလိုကျိုးပျက် သွားမည်သာဖြစ်သည်။ ထိုသူအဖို့ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် ရရန်ဝေးစွ၊ ဗုဒ္ဓဘာသာဝင်ဟုပင် အမည် မခံထိုက်တော့ပေ။ ၄င်း၏ကိုယ်စိတ်နှလုံးအတွင်း တည်ရှိသော အဇ္ဈတ္တသာသနာ ပျက်စီးသွားချေပြီ။

 

ဤမျှဆိုလျှင် မြတ်ဗုဒ္ဓအား ရည်စူးတည်ထားကိုးကွယ်သည့် စေတီအချို့တွင် တဆောင်တယောင်၊ တခမ်းတနား ဗုဒ္ဓနှင့်စင်ပြိုင် ကိုးကွယ် ပူဇော်ခံနေကြသော ဘိုးတော်၊ ဘတော်၊ မယ်တော်၊ အစ်မတော် အမည်ခံထိုထိုသော ပုဂ္ဂိုလ်ကြီးတို့သည် စစ်မှန်သောဗုဒ္ဓသာသနာ စည် ပင်ဖွံ့ဖြိုးအောင် အကျိုးဆောင်နေကြသည့် သာသနာပြု ပုဂ္ဂိုလ်ကြီးများလော၊ သို့တည်းမဟုတ် ဗုဒ္ဓသာသနာတော်အတွင်း ထွေးရော ယှက်တင် ၀င်ရောက်ကာ အတ္တ၀ါဒ အမြစ်တွယ်အောင် ကြံဆောင်ရင်း ဗုဒ္ဓမြတ်စွာ၏ သာသနာတော်အား ဖျက်ဆီးနေကြသူများလောဆို သည်ကို သိသာလောက်ပေပြီ။

 

လောကတွင် ရန်သူအမျိုးမျိုးရှိရာ မိတ်ဆွေဟန်ပြု၍ ပူးကပ်ဝင်ရောက် ဖျက်ဆီးတတ်သော ရန်သူမျိုးသည် ကြောက်မက်ဖွယ်အကောင်း ဆုံးဖြစ်သည်။ စစ်မှန်သော ဗုဒ္ဓ၀ါဒအဆုံးအမများကိုသာ သန့်ရှင်းစွာခံယူလိုက်နာကျင့်သုံးခဲ့သည့် ထေရ၀ါဒဗုဒ္ဓဘာသာအတွင်းသို့လည်း ထေရ၀ါဒအရေခြုံထားသော အတ္တ၀ါဒသည် မိတ်ဆွေဟန်ပြုလျက် ချဉ်းကပ်စိမ့်ဝင်လျက် ရှိနေပေသည်။ ထိုသို့ ချဉ်းကပ်စိမ့်ဝင်လာသော အတ္တ၀ါဒရောဂါပိုးကို အချိန်မီ သုတ်သင်ဖယ်ရှား မပစ်နိုင်ခဲ့ပါက ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး ဗုန်းဗုန်းလဲ ပြိုကွဲပျက်စီးသွားမည်ကို စိုးရိမ်ရပေသည်။

 

ယခုအခါ ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာ သာသနိကအဆောက်အအုံတချို့တွင် ၀င်ရောက်နေရာယူလာကြသည့် ဘိုးတော်၊ ဘတော်၊ မယ်တော်၊ အစ်မတော်များကို ဤအတိုင်းလက်ပိုက်ကြည့်နေပါက နောင်အနှစ် ငါးဆယ်အတွင်း သူတို့၏အပေါင်းအဖော် အဆွေခင်ပွန်း များ၊ ဆရာ့ဆရာကြီးများဖြစ်ကြကုန်သော အမိတာဘာ၊ ဗြဟ္မာ၊ဗိဿနိုး၊ သီဝ အစရှိသည့် နတ်ဘုရားကြီးများပါ တက်ရောက်စံမြန်း၍ အပူ ဇော်ခံအကိုးကွယ်မခံကြပါဟု မည်သူကအာမခံနိုင်ပါမည်နည်း။ ၄င်းတို့အလယ်တွင် ဂေါတမဗုဒ္ဓရုပ်ပွားတော်သည် အမိတာဘာဘုရား၏ စေလွှတ်ခြင်းခံရသူ၊ သို့တည်းမဟုတ် ဗိဿနိုးနတ်ဘုရား၏ ကိုယ်ပွား လူဝင်စားတစ်ဦးအဖြစ်နှင့် မျက်နှာငယ်ရရှာပေတော့မည်။ ထို့ ကြောင့် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်အား အစွန်းအထင်းမခံ ရှင်သန်ထွန်းတောက်စေလိုသူတိုင်းသည် အသွင် အမျိုးမျိုးဖြင့်ထိုးဖောက် စိမ့်ဝင်လာကြသော အတ္တ၀ါဒဆိုင်ရာ ယုံကြည်ကိုးကွယ်ပြုမှု ကျင့်ကြံမှုမှန်သမျှကို စွမ်းအားရှိသမျှ ဆန့်ကျင်ဖယ်ရှားပစ်ကြရပေမည်။ ဤ သည်ပင်လျှင် မြတ်ဗုဒ္ဓ၏ စစ်မှန်သောသာသနာတော် စည်ပင်ဖွံ့ထွားကာ အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးအတွက် တတ်စွမ်းသမျှ သာသနာပြုခြင်းမည်ပါကြောင်း တင်ပြလိုက်ရပေတော့သည် ။          

 

ဝင်းသိန်းဦး

(၁၇-၈-၉၀)

ဓမ္မရံသီ၊၁၉၉၁ခုနှစ်၊ဖေဖော်ဝါရီလ။

 

စာကြွင်း။           ။ အထက်ပါဆောင်းပါးသည် ဆရာဝင်းသိန်းဦးရေးသားထားသော ဆောင်းပါးဖြစ်ပြီးလုံးချင်းအနေဖြင့် 'ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ' အမည်ဖြင့် Future Publishing Houseကထုတ်ဝေပြီးဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့် ပြန်လည်ဝေမျှ ခြင်းသာဖြစ်ပြီး ကိုယ်တိုင်ရေးသားထားသောစာမူများမဟုတ်ပါ။

Sunday, March 7, 2010

Shoes

Perfect outfit ဆိုတာအတွက် မှန်ကန်တဲ့ ရှူးတစ်စုံမပါဘဲနဲ့ မဖြစ်ပါ။ သင့်ခြေထောက်မှာ ဘာကိုလျှိုလိုက်တယ်ဆိုတာက အကောင်းဆုံးဆိုတာကို အားလုံးပြည့်စုံဖို့ ပြုလုပ်ပေးနိုင်သလို ပျက်စီးသွားအောင်လည်း လုပ်ပစ်နိုင်တယ် ဘယ်လိုဝတ်မှာ ဘယ်လိုကြိုတင်စီစဉ်ထားတာ ဘယ်လိုစတိုင်လ် အ၀တ်အစားတွေနဲ့ စတာတွေကိုပေါ့။ ကိုယ်ဝတ်မည့် ၀တ်စုံကို ပြည့်စုံ့ဖို့ ကြိုးစားခြင်းဟာ ကောင်းပေမယ့် ရှူးဖိနပ်တွေရဲ့ အရောင်တွေကလည်း အရေးကြီးသနော်။ ဒီမှာ အမျိုးသားတိုင်း အ၀တ် ဘီရိုနားမှာ တန်းစီပြီးထားရမယ့် ပိုင်ဆိုင်ထားသင့်တဲ့ရှူးဖိနပ်၅မျိုးအကြောင်းပြောပြမယ်....

(1) Sneakers Shoes

Casual wear ဆိုတာအမျိုးသားတွေရဲ့လိုက်ဖ်စတိုင်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သင်ရုံးခန်းထဲမှာပဲ အချိန်တိုင်းရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူး ဟုတ်တယ်ဟုတ်။ အနားယူချိန်တွေမှာ ဂျင်းတစ်စုံရယ် ခပ်မိုက်မိုက် တီရှပ်ရယ် ၀တ်ဖို့ဆိုတာ ဖြစ်လာနိုင်ပါတယ်။ casual စတိုင်လ်ဝတ်စားချင်တဲ့အခါ စတိုင်လ်မိမိ sneaker တစ်ခုနဲ့ သင့်ခြေထောက်ကို ဆင်ယင်ခြယ်သဖို့ သင့် shoe collection မှာ sneaker ကိုထည့်ထားသင့်ပါတယ်။ ဒီဟာ အကောင်းဆုံး ဥပမာပါပဲ သင်စတိုင်လ်ကျကျ ဘယ်လိုဝတ်ဖို့ ဆိုတဲ့နေရာမှာ။


(2) Casual Shoes

သူငယ်ချင်းမိတ်ဆွေတွေနဲ့ အေးအေးသက်သာတွေ့ဆုံတဲ့ပွဲတွေ ဒါမှမဟုတ် ခြေညောင်းလက်ဆန့်လုပ်တဲ့ အခါ၊ သင့်တော်တဲ့ sneaker shoe ကိုမတွေ့တဲ့အခါမှာ ဒုတိယအနေနဲ့ရွေးချယ်သင့်တဲ့ ရှူးဖိနပ် အမျိုးအစား ပါ။ ဒီဒုတိယအမျိုးအစား ရှူးဖိနပ်ဟာ နူးညံ့တဲ့လယ်သာနဲ့ ချုပ်ထား တဲ့ ဒါမှမဟုတ် ကော်တွန်နဲ့ဖန်တီးချုပ်လုပ် ထားပြီး ခပ်ပါးပါး သားရေဆိုးလ်တစ်ခု နဲ့အဆုံးသတ်ထားတဲ့အမျိုးအစားဖြစ်သင့်ပါတယ်။ အခုခေတ် casual shoe အမျိုးအစားရှူးတွေဟာ အတော်အတန်ကို ကြည့်ကောင်းသပ်ရပ်ပြီး စတိုင်လ်အမိလေးတွေဖြစ် နေပါ ပြီ။ Steve Madden's Boarder shoe လိုပါပဲ။ ဒီရှူးအမျိုးအစားကို တဖြောင့်တည်းပုံစံချုပ်ထားတဲ့ဂျင်း ဘောင်းဘီ (a straight-leg jean) တွေနဲ့ဆို အားလုံးကောင်းပါသည်ဆိုတာဖြစ်သွားမှာပါ။ သာမန် Sneaker ရယ် ဒီ casual shoe ရယ်နှစ်မျိုးလုံးဟာ ခဏခဏ၀တ်ဆင်ကြရတာ ဖြစ်တဲ့အတွက်


(3) The black dress shoe

အရေးကြီးဧည့်ခံပွဲတွေမှာ ဒါမှမဟုတ် မိမိအလုပ်မှာ ပုံမှန်နေ့စဉ်ဝတ်ဆင်ရတဲ့ ရှူးအမျိုးအစားဖြစ်ပါတယ်။ ဒီ the black dress shoe အမျိုးအစားဟာ ဟိုအရင်ကတည်းက ၀တ်ဆင်ခဲ့ကြတဲ့အမျိုးဖြစ်ပြီး ပိုင်ဆိုင်ခဲ့ကြပြီးလည်းဖြစ်ပါတယ်။ Aldo's Clida loafer ဟာ မြောက်မြားလှစွာသောရှူးအမျိုးအစားတွေရှိတဲ့အထဲက သင်ဝတ်ဆင်မယ့် casual ဘောင်းဘီရှည်တွေ(slacks)၊ ၀တ်စုံ (suits)တွေ အတွက် အံဝင်ခွင်ကျဖြစ်မဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။ ခပ်ပါးပါးဆိုးလ်ရယ် ထိပ်ပိုင်းက အနည်းငယ်ချွန်တဲ့ပုံစံပါ။ ဒီလိုစတိုင်လ်အမိစား ရှူးဟာ formal ၀တ်ဆင်ရတဲ့အခါတွေမှာ or business outfit အတွက် အလိုအပ်ဆုံးဖြစ်ပါတယ်။


(4) The New black

ဒီနေ့ခေတ် ဖက်ရှင်ကမ္ဘာမှာ အညိုရောင်ဟာ the new black ပါပဲ။ ultra-formal occasions အတွက် black ဟာတော်ဝင် အရောင်ဖြစ်နေစဉ်မှာပဲ အညိုရောင်ဟာ တွေ့ဆုံပွဲတွေမှာ လက်ခံနိုင်တဲ့အရာအဖြစ်ဖောက်ထွက် လာတဲ့ အရောင်ဖြစ်လာပါပြီ။ ဥပမာအားဖြင့် ဒါရိုက်တာတွေပုံမှန်တွေ့လေ့ရှိတဲ့အခန်းမှာတောင် လက်ခံလာကြ တော့မှာပါ။ Aldo မှ The Hermesilas model of dress ရှူးဟာ ခြေလျှိုဖို့အကောင်းဆုံးနဲ့ အလုပ်ကိုဦးတည်ဖို့ အကောင်းဆုံးပါပဲ။


(5) The ankle boot

The ankle boot ဟာ your shoe collection မှာမပါမဖြစ်မယ့် အရေးတကြီးရှူးအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် မိုးရာသီ အတွက်ပေါ့။ ပုံစံမျိုးစုံနဲ့ ၀တ်ဆင်နိုင်ပေမဲ့ ဒါဟာလက်တွေ့ကျတဲ့အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ ဥပမာပြောပြရ ရင် business suit တစ်စုံနဲ့ ဒါမှမဟုတ် ဂျင်းတစ်စုံနဲ့လည်း ကြည့်ကောင်းစွာ ၀တ်ဆင်နိုင်ပါတယ်။ The ankle boot ဟာ အထက်ပါဝတ်စုံအမျိုး အစားနှစ်ခု လုံးအတွက် အိုကေတဲ့ ဖြည့်စွက် မှုဖြစ်လာနိုင်ပါတယ်။ အနက်ရောင်လယ်သာ ထိပ်ပိုင်းက အနည်းငယ်ပြားတဲ့ Gordon Rush ဟာ အကောင်း ဆုံးဥပမာရှူးပါပဲ ဘယ်ဘောင်းဘီအစုံစုံနဲ့တွဲဖက်ဖို့။

အမျိုးသားများနှင့်ဖက်ရှင်

လှချင်ပချင်ဝတ်ကျဆင်ယင်ဆိုတဲ့စကားကို အမျိုးသမီးများနှင့်အများဆုံးသက်ဆိုင်သည်လို့သတ်မှတ် ခဲ့ကြတာ ခေတ် အဆက်ဆက်လို့ထင်ပါတယ်။ အခုမျက်မှောက်ခေတ်မှာတော့ အမျိုးသားများဟာ လည်းစတိုင်လ်ကျကျနဲ့ စမတ်ကျ လှပချင်ကြပါတယ်။ ဒါကြောင့် အ၀တ်အစားကအစ အလှအပ ပစ္စည်းအဆုံး အသေးအမွှားများအပါအ၀င်
ရွေးချယ် ထုတ်လုပ်ဝယ်ယူဝတ်ဆင်ခဲ့ကြတာ အမျိုးသမီး များနှင့်အပြိုင်ဖြစ်လာကြပါပြီ။


ကျွန်တော်လည်း ကိုယ်ကိုယ်တိုင်က ပုဆိုးနဲ့ရှပ်အင်္ကျီသာဝတ်ဆင်ဖြစ်ပေမယ့် တော့ရှိတာအမှန်ပါ။ ဦးစွာကျွန်တော် ကြိုက်နှစ်သက်မိတဲ့ဝတ်စားဆင်ယင်မှုစတိုင်လ်လေးတွေကို ဓာတ်ပုံလေးများနှင့်တကွ ဖော်ပြပါရစေ။


ဂျင်းစတိုင်လ်တွေအမျိုးမျိုးရှိတဲ့အနက် တွေ့ရှိသိမိတဲ့ ဂျင်းစတိုင်လ်လေးတွေကို ဖော်ပြလိုက်ပါတယ်။ ကိုယ်သွားမယ့် နေရာ ကာလံဒေသံကိုလိုက်ပြီးဝတ်ဆင်ကြဖို့တော့သတိပေးချင်ပါရဲ့။

(1) Boot Cut Jeans

 



(2) Low Rise Jeans




(3) Ultra - Low rise Jeans




(4) Stone Wash Jeans


  




(5) Flat Leg Jeans




(6) Dark Jeans

 


ကဲဂျင်းစတိုင်လ်တွေက များမှများပါ။ သူငယ်ချင်းတို့ဘာကိုဘယ်မှာ ၀တ်ကျမှာလည်း။

Saturday, March 6, 2010

အနုပညာရှင်များရဲ့ အချစ်အဓိပ္ပာယ် (Part III)

လူငယ်တစ်ယောက်ရဲ့အချစ်ဆိုတာ.....

ချစ်သုဝေ – အချစ်ကို အဓိပ္ပာယ်တော့ မဖွင့်တတ်ပါဘူး။ Treza အတွက်ကတော့ အချစ်ဆိုတာ အချစ်ပဲပေါ့။

ဟိန်းဝေယံ – အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်အပေါ်မှာမူတည်ပြီး ကွဲသွားတာအများကြီးရှိပါတယ်။ အချစ်အဓိပ္ပာယ်ကို ဘယ်သူကမှ သေသေချာချာ အတိအကျဖွင့်ဆိုတာမျိုး မရှိဘူးလေ။ ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုရှိရမယ်။ သံယောဇဉ်အပိုင်းလေးတွေ ပါရမယ်။ တစ်ယောက်နဲ့တစ်ယောက် တကယ်ကိုမြတ်နိုးရမယ်။ တန်ဖိုးထားရမယ်လို့ ထင်ပါတယ်။

ဝိုင်းစုခိုင်သိန်း - အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေါ်မှာ မူတည်ပါတယ်။

အောင်ရဲလင်း - အချစ်ဆိုတာ အရမ်းကိုမှောင်မိုက်တဲ့ ချောက်ကမ်းပါးပေါ်မှာ စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်နေတဲ့ လူ တစ်ယောက်နဲ့တူတယ်တဲ့။

ကြည်ဖြူသျှင် – အချစ်ဆိုတာ လူတစ်ယောက်ကို ရူးသွပ်သွားစေတဲ့ စိတ်ခံစားမှု။

ဇော်ကိုကို – အချစ်ဆိုတာ.....ချစ်တာပဲပေါ့။ လူနှစ်ယောက်ချစ်ပြီဆိုရင် အချစ်ဆိုတာ ဖြစ်လာတာပဲလေ။ ကျွန်တော်က တော့သိပ်ပြီးမပြောတတ်ဘူး။

ဖွေးဖွေး - အချစ်ဆိုတာ တန်ဆေးလွန်ဘေးပေါ့။

D ဖြိုး - ကျွန်တော်အများကြီးတော့နားမလည်ပါဘူး။ ဒါပေမဲ့ အချစ်ဆိုတာ သူရှိနေရင် အလိုလိုပျော်နေပြီး သူမရှိရင်လည်း တစ်ခုခုလိုနေသလိုပဲ အရာအားလုံးဟာ တိတ်ဆိတ်ပြီး ခြောက်ကပ်နေသလိုပါပဲ။ ကျွန်တော် သိပ်ပြီးတော့ ပုံမဖော်တတ် ဘူး။

မိုးယုစံ – ကိုယ်တိုင်ကတော့ သိပ်မသိပါဘူး။ သူများတွေကတော့ ပူလောင်တယ်လို့လည်း ပြောတယ်။ ကြည်နူးစရာရှိ တယ်လို့လည်း ပြောကြတယ်။ ကိုယ်ကိုယ်တိုင်ကတော့ မခံစားဖူးတဲ့အတွက် မသိပါဘူး။

မေတ္တာဆိုတာ......

ချစ်သုဝေ – အချစ်နဲ့မေတ္တာကတော့ အတူတူပါပဲ။ ချစ်ခြင်းမေတ္တာဆိုတာတွဲနေတာပဲလေ။ မေတ္တာကလည်း ပူတာပါပဲ။ ဥပမာ – မိဘက သားသမီးအပေါ်ထားတဲ့မေတ္တာမှာ ချစ်ခြင်းပါတယ်။ တစ်ခုခုဖြစ်ပြီဆိုရင် စိုးရိမ်တာမျိုးတွေဟာ အပူတွေ ပါပဲ။ Treza ကတော့ မေတ္တာဟာ အေးတယ်ဆိုတာ လက်မခံပါဘူး။ အဓိကပူခြင်း၊ အေးခြင်းဟာ ထားတတ်တဲ့သူရဲ့ စိတ်အပေါ်မှာ မူတည်တာပါ။ အေးချမ်းတဲ့သူဆိုရင် ချစ်ခြင်းမေတ္တာဟာ အေးချမ်းနေပြီးတော့ ပူလောင်နေတဲ့စိတ်နဲ့ ကြည့်မယ်ဆိုရင်တော့ ချစ်ခြင်းမေတ္တာဆိုတာ ပူလောင်နေမှာပါပဲ။

ဟိန်းဝေယံ – မေတ္တာကတော့ အများကြီးရှိတယ်လေ။ မိဘက သားသမီးအပေါ်ထားတဲ့မေတ္တာ၊ မောင်နှမအချင်း ချင်းထား တဲ့ မေတ္တာမျိုး၊ တပည့်က ဆရာ့အပေါ်ထားတဲ့မေတ္တာမျိုးတွေပေါ့။ မေတ္တာဆိုတဲ့ စကားကတော့ အားလုံးအတွက် အကျုံး ၀င်မယ်လို့ထင်တယ်။ အချစ်ဆိုတဲ့စကားလုံးက မေတ္တာဆိုတဲ့ဝေါဟာရလောက်တော့ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလို့မရ ဘူးလို့ ကျွန်တော်ထင်တယ်။ မေတ္တာဆိုတဲ့ အသုံးအနှုန်းက အများနဲ့ပိုပြီးသက်ဆိုင်မယ်လို့ ထင်ပါတယ်။

ဝိုင်းစုခိုင်သိန်း - မေတ္တာတရားကတော့ ပိုပြီးအေးချမ်းတာပေါ့နော်။

အောင်ရဲလင်း - မေတ္တာကတော့ အေးမြတာပေါ့။

ကြည်ဖြူသျှင် – မေတ္တာက အေးမြတယ်။ အချစ်က ပူလောင်တယ်။

ဇော်ကိုကို – မေတ္တာကတော့ သူ့ကောင်းကျိုးအတွက်ပေါ့။ ကိုယ့်ဘက်က ဘယ်လောက်ပဲနစ်နာနစ်နာ သူ့ကောင်းကျိုးအတွက်ထားတဲ့ စိတ်မျိုးလေးပါ။

ဖွေးဖွေး - မေတ္တာကတော့ ပိုပြီးအေးချမ်းတဲ့ဘက်ကိုရောက်မယ်လို့ထင်ပါတယ်။ မေတ္တာထားတယ်ဆိုတာ ပြန်လိုချင်တာမျိုးမရှိဘူးလေ။

D ဖြိုး - မေတ္တာကတော့ အမျိုးမျိုးရှိတယ်လေ။ သူငယ်ချင်းကြားတို့၊ မိဘက သားသမီးအပေါ်မှာတို့ပေါ့။ မေတ္တာရှိတယ် ဆိုတာကတော့ အေးချမ်းတာပေါ့။

ကိုယ်လက်တွဲမယ့်သူဟာ ဘယ်လိုအချက်လေးတွေနဲ့ ပြည့်စုံရမယ်လို့ရော စိတ်ကူးထားလား။

ချစ်သုဝေ – စိတ်ထဲမှာ မှန်းထားတဲ့ အချက်အလက်တွေက ဖြစ်လာချင်မှ ဖြစ်လာတာလေ။ လူနှစ်ယောက် လက်တွဲ မယ်ဆိုရင် အဓိကကတော့ ပြည့်စုံတဲ့ချစ်ခြင်းမေတ္တာပါပဲ။ချစ်ခြင်းမေတ္တာကတော့ အဓိကအခြေခံအနေ နဲ့လိုတာပေါ့။ အရည်အချင်းရှိရမယ်။ သစ္စာရှိရမယ်။ တန်ဖိုးရှိရမယ်။ ကိုယ် Respect ပေးနိုင်တဲ့သူဖြစ်ရမယ်။ Love က Miracle ပါပဲ။ ချစ်သွားပြီဆိုရင်တော့ ဘာမှမမြင်တော့ဘူး။ အဲဒါကြောင့် Treza ကတော့ ကိုယ်ချစ်တဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ်တန်ဖိုးထားတဲ့သူ၊ ကိုယ့်ကိုတန်ဖိုးထားတဲ့သူ၊ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူ၊ ကိုယ်နားလည်ပေးနိုင်တဲ့သူကိုပဲရွေးချယ်မှာပါ။ လူတိုင်း Perfect မဖြစ်နိုင်တဲ့အတွက် အနည်းနဲ့အများတော့ Adjust လုပ်ရမှာပဲလေ။

ဟိန်းဝေယံ – လူတိုင်းကတော့ ကိုယ်ချစ်ချင်တဲ့သူက ကိုယ့်ကိုချစ်ရမယ်၊ ကိုယ့်လက်တွဲဖော်မှာ ကောင်းတာလေးတွေ ပါစေချင်ကြတာပဲလေ။ ကျွန်တော့်အနေနဲ့လည်း မိန်းကလေးတစ်ယောက်ဟာ အဓိက အကျင့်စာရိတ္တကောင်းရမယ်။ မိန်းကလေး ပီသရမယ်။ ကိုယ့်အပေါ်မှာတကယ်ချစ်ပြီး နားလည်မှုရှိရင် အဆင်ပြေတာပေါ့။

ဝိုင်းစုခိုင်သိန်း - အဓိကကတော့ ၀ိုင်းစုက အနုပညာအလုပ် လုပ်နေတာဖြစ်တဲ့အတွက် ၀ိုင်းစုအပေါ် နားလည်မှုရှိရ ပါမယ်။ နားလည်မှုဟာ အရေးကြီးဆုံးပါပဲ။

အောင်ရဲလင်း - ရိုးသားရမယ်။ စိတ်နှလုံးဖြူစင်တဲ့ ကောင်မလေးဖြစ်ရမယ်။

ကြည်ဖြူသျှင် – အဓိကကတော့ ဘာသာတရားကိုင်းရှိုင်းပြီး လူကြီးမိဘကို ရိုသေတဲ့သူ၊ ကံငါးပါးလုံတဲ့သူ ဖြစ်စေချင်ပါတယ်။

ဇော်ကိုကို – မစဉ်းစားဖူးပါဘူး။

ဖွေးဖွေး - အကျင့်စာရိတ္တကောင်းပြီးတော့ ကိုယ့်ကိုတကယ်ချစ်တဲ့သူပေါ့နော်။ အရမ်းကြီးချမ်းသာရမယ်လို့လည်း မဟုတ်ပါဘူး။

D ဖြိုး - ရုပ်ချောတာ၊ မချောတာ၊ ချမ်းသာတာ၊ မချမ်းသာတာက အဓိကမဟုတ်ပါဘူး။ ကျွန်တော်လိုချင်တာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရမယ်။ ပြီးတော့ ကျွန်တော့်ကိုချစ်သလို ကျွန်တော်ကလည်း ချစ်တဲ့သူပေါ့နော်။ အဲဒါဆိုရင်တော့ ကျွန်တော့်အတွက် ပြည့်စုံပါပြီ။

သ၀န်မတိုရင်  အချစ်မစစ်ဘူးတဲ့။ အဲဒီ့စကားလေးအပေါ်မှာရော....။

D ဖြိုး - ဟုတ်တယ်။ သ၀န်မတိုဘူးမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်သ၀န်တိုတာကို သူမသိပါဘူး။ ဘာဖြစ်လို့လည်းဆိုတာ့ သူ့ကိုယုံလို့ပါ။

ဖွေးဖွေး - ဖွေးဖွေးထင်တာကတော့ အချစ်မှာ ပုံသေနည်းတွေ၊ အကြောင်းပြချက်တွေ မရှိဘူးလေ။ ဘာကြောင့်ချစ်တယ် ဆိုပြီး သတ်မှတ်ထားတာမျိုးမရှိတာကို အချစ်စစ်လို့ထင်ပါတယ်။ တချို့ဆို သ၀န်တိုချင်ယောင်ဆောင်တာမျိုးကို တွေ့ဖူး တယ်။

ဇော်ကိုကို – သိပ်တော့မထောက်ခံချင်ဘူး။ ဒါပေမဲ့ လူတိုင်းကတော့ အနည်းနဲ့အများ သ၀န်တိုကြတာပဲလေ။ ကျွန်တော် သိတဲ့ လူတစ်ယောက်ကျတော့ လုံးဝသ၀န်မတိုတတ်ဘူး။ ဒါပေမဲ့ သေတဲ့အထိလည်း သူ့ဇနီးကို ချစ်သွားတယ်။ ဘာဖြစ် လို့လည်းဆိုတာ့ သူကအဆိုးမမြင်တတ်ဘူး။ လုပ်ရပ်တိုင်းကို အကောင်းဘက်က မြင်တတ်လို့ပေါ့။ ကျွန်တော်ကတော့ လုံးဝသ၀န်မတိုတတ်တဲ့သူလည်း မဟုတ်ပါဘူး။

ကြည်ဖြူသျှင် – ချစ်တဲ့သူတိုင်း သ၀န်တိုတတ်ကြတာပါပဲ။ တချို့လူတွေက ကိုယ်ချစ်တဲ့သူ စိတ်ဆင်းရဲမှာစိုးလို့ မျိုသိပ်ထားကြတာပါ။

အောင်ရဲလင်း - အဲဒီလိုတော့ ပြောလို့ဘယ်ရမလဲ။ တချို့တွေက သ၀န်တိုတတ်ပေမယ့် တချို့ကတော့ သ၀န်မတိုတတ် ဘူးလေ။ ကျွန်တော်လက်ခံထားတာကတော့ သ၀န်တိုတိုင်းလည်းချစ်တာမဟုတ်ပါဘူး။ သ၀န်မတိုတတ်ကလည်း မချစ် တာမဟုတ်ပါဘူး။ ဥပမာ- ကျွန်တော်တို့အလုပ်ဆိုရင် ယောက်ျားလေး၊ မိန်းကလေးတွေဆက်ဆံနေရတာ။ သ၀န်တိုလို့ မရဘူး။ အဲဒါထက်လွန်လာရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် အရာရာတိုင်းမှာ သ၀န်တိုသင့်တယ်၊ မသင့်ဘူးဆိုတာ ချင့်ချိန် နိုင်ရမယ်။ အလိုလိုနေရင်း သ၀န်တိုနေရင်တော့ ဘယ်ဖြစ်မလဲ။ သ၀န်တိုသင့်တဲ့နေရာမှာတော့ တိုရမှာပေါ့။ ဒါပေမဲ့ အမြဲတမ်းသ၀န်တိုနေရင်မကောင်းဘူး။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတာကတော့ အကောင်း ဆုံးပေါ့။

ဝိုင်းစုခိုင်သိန်း - လူတိုင်းကတော့ သ၀န်တိုတတ်ကြတာပါပဲ။ တချို့တွေကလည်း သ၀န်မတိုတတ်ကြဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။

ဟိန်းဝေယံ – ကျွန်တော်ကတော့ သ၀န်တိုမှုမပါမှ အချစ်ဆိုတာ ပိုပြီးစစ်မှန်တယ်လို့ ခံယူထားပါတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အ၀ရှိရမယ်။ သည်းခံနိုင်မှုအတိုင်းအတာတစ်ခုထိ ရှိရမယ်လို့လည်း ထင်ပါတယ်။

ချစ်သုဝေ – Treza ကတော့ သိပ်မရှင်းပြတတ်ဘူး။ Treza အနေနဲ့ဆိုရင်တော့ သ၀န်တိုတတ်တယ်။ ဘာလို့လဲဆိုတော့ Treza ကမိဘတို့၊ သူငယ်ချင်းတို့၊ အစ်မအပေါ်မှာတောင် သ၀န်တိုတတ်တဲ့သူဆိုတော့ ချစ်သူရှိလာရင်တော့ သ၀န်တို မိမှာပဲ။ ဒါပေမဲ့ Limit လေးနဲ့ပေါ့နော်။ သူ့စိတ်အနှောင့်အယှက်အရမ်းဖြစ်အောင်၊ သူ့သိက္ခာကျသွားအောင် သ၀န်တို တာမျိုးတော့ အားမပေးပါဘူး။ ကိုယ်မှန်တယ်ထင်တဲ့ ဘောင်လေးအတွင်းကတော့ သ၀န်တိုတတ်ပါတယ်။

မိုးယုစံ – အဲဒီစကားလေးကတော့ ဟုတ်မှာပါ။ မိုးယုတစ်ယောက်တည်းအနေနဲ့ဆိုရင်တော့ မိုးယုလည်း သ၀န်တိုတတ်ပါတယ်။

Love is Blind ဆိုတဲ့ စကားလေးအပေါ်မှာရော...။

ချစ်သုဝေ – ဖြစ်တတ်ကြပါတယ်။ အဲဒီလိုဖြစ်တတ်တဲ့အပေါ်မှာ အသိ၊ သတိလေးနဲ့ ထိန်းတတ်ဖို့ပဲလိုပါတယ်။

ဟိန်းဝေယံ – အချစ်မှာ မျက်စိမရှိဘူးဆိုတာကိုတော့ ကျွန်တော်လက်ခံပါတယ်။

ဝိုင်းစုခိုင်သိန်း - ဒါက တစ်ခါတလေကျရင်တော့ ဖြစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။

အောင်ရဲလင်း - အဲဒါမျိုးကျတော့မကောင်းဘူး။ ကျွန်တော့်အနေနဲ့ကတော့ လူတိုင်းဟာ မကောင်းမှန်းသိရက်နဲ့ ချစ်တာ ကတော့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာလို့ထင်တယ်။ အဓိကကတော့ ကိုယ့်ကိုတကယ်ချစ်တဲ့သူ၊ ကောင်းတဲ့သူကို ရှာပြီး ချစ်တာကောင်းတယ်လို့ထင်တယ်။

ကြည်ဖြူသျှင် – ပြီးပြည့်စုံတဲ့သူတွေအတွက်ကတော့ ဟုတ်မှာပေါ့။ ဒါပေမဲ့ ဘ၀ကိုရုန်းကန်နေရတဲ့သူတွေအတွက်ကတော့ မျက်လုံးကိုဖွင့်ပြီး အချစ်ကိုရှာနေကြပါတယ်။

ဇော်ကိုကို – လက်ခံပါတယ်။ အရင်က လက်မခံတာတွေ လက်ခံလာရအောင် ညှိကြတယ်ဆိုကတည်းက ပါပဲ။

ဖွေးဖွေး - ဘာမှမမြင်တာတော့ မဟုတ်ပါဘူး။ မှုန်ရုံလောက်ပါပဲ။

D ဖြိုး - တစ်ဝက်တော့မှန်ပါတယ်။ တချို့တွေလည်းဖြစ်နိုင်ကြပါတယ်။ ကျွန်တော့်အတွက်လည်း တစ်ခါတလေကျရင် ဖြစ်တော့ဖြစ်တယ်။

မိုးယုစံ – တကယ်ချစ်လာပြီဆိုရင်တော့ ဘာမှမမြင်တာတွေလည်း ရှိပါတယ်။ မိုးယုအတွက်ကတော့ အနုပညာအလုပ်တွေ လုပ်နေတဲ့အတွက် ပရိတ်သတ်တွေရှိတယ်၊ မိဘတွေရှိပါတယ်။ အဲဒီလိုမျိုးကြုံလာခဲ့ရင်လည်း အတတ်နိုင်ဆုံးမေ့ပစ်လိုက် မှာပါ။

အချစ်စစ်ဆိုတာ မဖြောင့်ဖြူးဘူးလို့ ပြောကြတဲ့အပေါ်မှာရော....။

D ဖြိုး - ကျွန်တော်ကတော့ မဖြစ်ချင်ပါဘူး။

မိုးယုစံ – ဟုတ်ပါတယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် အခက်အခဲရှိတာပါပဲ။ အခက်အခဲတစ်ခုခုရှိပြီးမှပဲ အဆင်ပြေ သွားတာများပါတယ်။

ဇော်ကိုကို – အဲဒါကျတော့ မပြောတတ်ဘူး။ မတွေးမိဖူးဘူး။

ကြည်ဖြူသျှင် – ဒါကတော့ လူတိုင်းအတွက် မဖြစ်နိုင်ပါဘူး။

အောင်ရဲလင်း - ကျွန်တော့်အထင်တော့ အချစ်ပါတဲ့အိမ်ထောင်ရေးက သာယာပြီးတော့ အဆုံးစွန်ထိ သည်းခံနိုင်မယ် လို့ထင်ပါတယ်။ မိဘသဘောတူပြီးယူတဲ့ အိမ်ထောင်ရေးလိုမျိုးကျတော့ တော်ရုံတန်ရုံ သည်းခံနိုင်မယ်လို့ မထင်ဘူး။ ကိုယ်ချစ်တဲ့သူကိုပဲ သည်းခံနိုင်တာများတယ်လေ။ ဒါကြောင့် အချစ်ဆိုတဲ့ အရာကတော့ အိမ်ထောင်ရေးအတွက်ရော၊ ချစ်ခြင်းမေတ္တာတွေအတွက်ရော အရေးကြီးတယ်လို့ ထင်ပါတယ်။

ဝိုင်းစုခိုင်သိန်း - ဒါကတော့ မဆိုင်ပါဘူး။ အချစ်စစ်မှန်ရင် ဖြောင့်ဖြူးသွားတာတွေ အများကြီးပါပဲ။

ဟိန်းဝေယံ – ဒီစကားကိုတော့ ကျွန်တော်လက်မခံဘူး။ တချို့အချစ်စစ်တွေက တကယ်လည်းချစ်ကြပြီး ဖြောင့်ဖြူး တဲ့လမ်းကြောင်းတွေလည်း ရှိပါတယ်။

ချစ်သုဝေ – Treza အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ ချစ်တယ်ဆိုတာ လူနှစ်ယောက်အတွက် တံတားထိုးတာပဲလေ။ နားလည်မှု၊ စာနာမှု၊ သိတတ်မှုစတဲ့ တိုင်သေးသေးလေးတွေထောင်ထားမှ ဒီတံတားက ခိုင်မြဲတာလေ။ Treza အထင် ကတော့ တကယ်ကိုချစ်ကြတဲ့သူနှစ်ယောက်ဆိုရင်တော့ ဒီနှစ်ယောက်သွားရမယ့်လမ်းက ဖြောင့်ဖြူးသွားမှာပါ။ ဒီတိုင် လေးတွေထဲက တစ်တိုင်ကို ကိုယ်ကိုယ်တိုင်ကပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကပဲဖြစ်ဖြစ် နဲ့သွားအောင်လုပ်ရင်တော့ ပြိုကျ သွားမှာပဲ။ဒီနှစ်ယောက် ခိုင်မြဲနေရင်တော့ အဆင်ပြေသွားမှာပါ။

အချစ်ကိုကိုးကွယ်တဲ့သူတစ်ယောက်လား....

ဖွေးဖွေး - မဟုတ်ပါဘူး။

မိုးယုစံ – မကိုးကွယ်ပါဘူး။

ဇော်ကိုကို – မကိုးကွယ်ပါဘူး။

ကြည်ဖြူသျှင် – ကိုးကွယ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ မကာရရာသီဖွားဆိုတော့လည်း....။

အောင်ရဲလင်း - ကျွန်တော်ကတော့ အချစ်ကိုတန်ဖိုးထားပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ အချစ်ဆိုတာရှိပါတယ်။ ကိုယ့်မိဘကိုချစ်တာမျိုး၊ ကိုယ့်ချစ်သူကိုချစ်တာမျိုး အမျိုးမျိုးရှိတယ်လေ။ ချစ်မှပဲ ရေရှည်လက်တွဲလို့ရမယ်လို့ထင်တယ်။ သူငယ်ချင်းကိုချစ်တာလည်း အချစ်ပဲလေ။ ဥပမာ- ကိုယ်မခင်တဲ့၊ မချစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို သွားခင်မယ်ဆိုရင် ခင်လို့မှမရဘဲ။ ကိုယ်သံယောဇဉ်ရှိတဲ့သူကိုမှ ခင်မှာလေ။ ဒါကြောင့် အချစ်ဆိုတာ အရာရာတိုင်းအတွက် အရေးကြီး ပါတယ်။ လူမှုရေးရော၊ မေတ္တာရေးရော၊ မိသားစုအတွက်ရော အရေးကြီးပါတယ်။

ဟိန်းဝေယံ – အချစ်ကိုကိုးကွယ်သူတော့ မဟုတ်ပါဘူး။ ကျွန်တော်လည်း တခြားလူငယ်တွေလိုပဲ ချစ်တတ်တယ်။ ဒါပေမဲ့ အချစ်ကို ရူးရူးမူးမူးကြီး ကိုးကွယ်နေတဲ့ထဲမှာတော့ မပါပါဘူး။

ချစ်သုဝေ – အဲဒါကိုတော့ တကယ်လက်တွေ့ကြုံမှပဲ ပြောကြပါစို့။ ကိုယ်ကအခု အချစ်နဲ့မတွေ့သေးတော့ ဘယ်လိုဖြစ် မလဲ မသိသေးဘူး။ အချစ်က ကိုးကွယ်စရာတော့ မဟုတ်ပါဘူး။

အကြိုက်တွေကိုယ်စီကိုယ်စီနဲ့ အချစ်အကြောင်းတွေ ပြောပြသွားကြတာ စုံလို့ပါပဲ။ ဘာတွေပဲပြောနေပါစေနော်....အချစ်ဆိုတာ နားလည်မှု၊ ယုံကြည်မှု၊ သစ္စာရှိမှုတို့နဲ့အတူ အတ္တ၊ မာနလေးများနဲ့ပါ ဖွဲ့စည်း ထားတယ်လို့ ပြောရင်းနဲ့ပဲ မဂ္ဂဇင်းတစ်စောင်ကနေ သူတို့တွေရဲ့ အချစ်အဓိပ္ပာယ်ဖွင့်ဆိုမှုလေးတွေကို ထပ်မံတင်ပြလိုက် ပါတယ်။