Sunday, September 24, 2023

Lo_Fi ဆိုတာဘာလဲ?'

 


🎙Lo-fi ဟာဆိုရင် “low fidelity” ကို အတိုကောက်ခေါ်တာပါ။ စျေးချိုတဲ့ အသံဖမ်းကိရိယာတွေနဲ့ အသံဖမ်းထားလို့ နောက်ခံဆူညံသံတွေပါရှိတဲ့ အသံအရည်အသွေးနိမ့်တဲ့ recording လို့ အဓိပ္ပာယ်ရပါတယ်။ သူနဲ့ ဆန့်ကျင်ဘက်ကတော့ “high fidelity” (သို့) hi-fi လို့ခေါ်တဲ့ ယနေ့ခေတ် Official Music Video တွေမှာ နားဆင်ရတဲ့ ကြည်လင်ပြတ်သားနေတဲ့ အသံအရည်အသွေးကောင်းတဲ့ သီချင်းတွေပေါ့ဗျာ။ 


📻Lo-fi ဟာဆိုရင် electronic ဂီတရဲ့ subgenre တစ်ခု ဖြစ်ပြီး downtempo သံစဉ်နဲ့ chill ဖြစ်တဲ့ vibe ကို ပေးပါတယ်။ House, Jazz & Hip-hop beats တွေနဲ့ မိမိအိမ်မှာပဲ ပေါ့ပေါ့ပါးပါး အသံသွင်းထားသလို DIY music aesthetic samples တွေနဲ့ mix ပြီး lo-fi music တွေကို ဖန်တီးလေ့ရှိကြပါတယ်။ ရလဒ်အနေနဲ့ စိတ်ကူးအိမ်မက်ထဲထဲ မျောလွင့်နေရသလို သက်တောင့်သက်သာနဲ့နဲ့ retro vibe ဆန်တဲ့ သံစဉ်တေးသွားကို ရရှိလာပါတော့တယ်။ ဒါ့ကြောင့်ပဲ background music အဖြစ် အများဆုံး သုံးစွဲကြပါတယ်။ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်ပြီးလုပ်ရမယ့် အလုပ်တွေပြီးမြောက်စေဖို့အတွက်လည်း နားဆင်လေ့ရှိကြပါတယ်။ 


Lo-fi Jazz 🎧 “Accident” by Big Bag & Mary

https://www.youtube.com/watch?v=cqnis_uL5Zs




🗺Lo-fi တွေရဲ့ သမိုင်းကြောင်းကတော့ 2013ခုနစ်, Youtube မှာ livestream channels တွေ ခေတ်ထချိန်မှာ စတင်ခဲ့ပါတယ်။ 


💽Lo-fi artists တွေဟာ YouTube နဲ့ တခြား streaming sites တွေမှာ Chillhop စွန့်ဦးတီထွင်သူ Nujabes နှင့် Hip-hop သမား J Dilla တို့ရဲ့ lo-fi beats တွေကို inspire ယူထားတဲ့ lo-fi playlists တွေကို စတင်ဖန်တီးလာခဲ့ကြပါတော့တယ်။ 


🇯🇵Lo-fi လို့ပြောလိုက်တာနဲ့ နောက်ထပ်တွဲမြင်ကြတာကတော့ ဂျပန်ကာတွန်း anime တွေပါ။ Lo-fi livestreams တော်တော်များများရဲ့ Visual element ကိုကြည့်မယ်ဆိုရင် anime ပုံတွေနဲ့ ဖော်ပြကြတာများပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းကတော့ 2004 ခုနစ်ထွက် anime seires “Samurai Champloo”မှာ ပါဝင်တဲ့ Nujabes ရဲ့ soundtrack ကို inspire ကြရာကနေ visual ကိုပါ anime ပုံတွေနဲ့ ဖော်ပြလာခဲ့ပါတော့တယ်။




၁) Drum loops 🥁 


Hip-hop ဂီတလိုပဲ lo-fi ဟာဆိုရင်လည်း သူ့ရဲ့ rhythms အဖြစ် drum loops တွေကို အလွန်အကျွန် သုံးစွဲလေ့ရှိပါတယ်။ Electronically produced samples သံစဉ်တွေ နှင့် drums live recordings တွေကိုပါ lo-fi သီချင်းတွေဖန်တီးရာမှာ သုံးလေ့ရှိပါတယ်။ Beats တွေဟာဆိုရင် တစ်မိနစ်လျှင် ပျမ်းမျှ 70 to 90 beats အထိရှိတတ်ပြီး low- to mid-tempo range အတွင်းရှိပါတယ်။ 

 

၂) Jazz chords 🎷


Lo-fi ဂီတဟာ နားထောင်လိုက်တာနဲ့ အတွေးထဲမျောလွင့်စေပြီး relax ဖြစ်စေတာကတော့ Jazz chord progressions တွေနဲ့ ဖန်တီးထားလို့ပါ။ Bass, Drum နဲ့ Piano များနဲ့ Samples တွေရဲ့ rhythm ကို ဖန်တီး,တီးခတ်လေ့ရှိပြီး တချို့ lo-fi artists တွေဆိုရင် Guitarတွေ, Horns တွေနဲ့တောင် အသုံးပြုပြီး samples ဖန်တီးလေ့ရှိကြပါတယ်။ 

 

၃) Samples🎼


Lo-fi ဟာဆိုရင် တူရိယာဂီတအမျိုးအစား (instrumental music) ဖြစ်ပေမယ့်လည်း သီချင်းသံစဉ် ပိုမိုကောင်းမွန်စေဖို့ samples တွေနဲ့ အခြား effects တွေကိုလည်း အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် Vocal samples တွေကိုတော့ သိပ်သုံးလေ့မရှိပါဘူး။ နွေးထွေးပြီး အတိတ်ကို လွမ်းဆွတ်သတိရစေတဲ့ ခံစားချက်ရရှိစေဖို့ ဓာတ်ပြားစက်ဖွင့်စဉ် မြည်တဲ့အက်ကွဲသံလေးတွေကိုလည်း ထည့်သွင်း mix လေ့ရှိပါတယ်။




၁) Chillhop Music

Netherlands-based ဒီ YouTube channelကတော့ lo-fi music နဲ့ ပက်သက်လို့ လေ့လာစရာအများဆုံးပါ။ တခြား lo-fi channels တွေလိုပဲ ပိုင်ရှင် Bas van Leeuwen ဟာ သူ့ရဲ့ subscribers တွေနဲ့ ဆက်သွယ်ဖို့ livestream ကို အများဆုံးသုံးပါတယ်။

 

Listen🎧https://youtu.be/7NOSDKb0HlU

 

၂) ChilledCow


ပြင်သစ်အနုပညာရှင် Dmitriရဲ့ ဒီ channel လေးကတော့ 2017ခုနစ်မှာ Lo-fi music livestreaming စတင်ပြုလုပ်ခဲ့ပါတယ်။ သူ့ဟာ Whisper of the Heart ဂျပန် anime ဇာတ်ကားထဲက ကောင်မကလေး စာလုပ်နေတဲ့ပုံနဲ့ livestream ရင်း နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အဲ့ကောင်မလေးပုံကို သူ့ရဲ့ logo အဖြစ်ထားကာ “Lo-fi Girl”ဆိုတဲ့နာမည်ကို သူ့ရဲ့ music label နဲ့ Youtube Channel နာမည်အဖြစ် ပြောင်းလဲလိုက်ပါတော့တယ်။

 

Listen🎧 https://youtu.be/lTRiuFIWV54

 

၃) College Music


UK based ပိုင်ရှင် Luke Pritchard နှင့် Jonny Laxton တို့ဟာ 2013 ခုနစ်မှာ သူတို့ရဲ့ channel ကို စတင် launch ခဲ့ပါတယ်။ Summer jazz, late-night beats နှင့် တခြားသော Relaxing & Studying ကို အသားပေးထားတဲ့ tailor-made lo-fi beats များကိုလည်း နားဆင်ရမှာပါ။

 

Listen🎧 https://youtu.be/XDh0JcxrbPM

 

၄) Powfu


Canadian artist Powfu (နာမည်ရင်း: Isaiah Farber)ကတော့ 2020ခုနစ်မှာ သူ့ရဲ့

 “Death Bed (coffee for your head)” သီချင်းနဲ့ Billboard Hot 100 singles chart မှာ No.23 အထိ ချိတ်နိုင်ခဲ့ပါတယ်။


Listen 🎧 https://youtu.be/jJPMnTXl63E




🎼Lo-fi ရဲ့ တခြားဂီတတွေနဲ့မတူပဲ တမူထူးခြားတဲ့အချက်တွေကတော့

၁) အတိတ်ကို လွမ်းဆွတ်သတိရစေတယ်


ယနေ့ခေတ် ဆိုရှယ်မီဒီယာသုံးစွဲသူ Gen Z အားလုံး ရေဒီယိုကို သုံးဖူးချင်မှ သုံးဖူးကြမှာပါ။ မသုံးဖူးပေမယ့်လည်း ရုပ်ရှင်ဇာတ်ကားဟောင်းတွေ, ကာတွန်းဇာတ်လမ်းဟောင်းတွေထဲမှာ ရေဒီယိုအသုံးပြုတာကိုတော့ မြင်ဖူး, ကြားဖူးကြမယ် ထင်ပါတယ်။ အသံလေး တကျစ်ကျစ်နဲ့ lo-fi သီချင်းတွေဟာ ရေဒီယိုတွေ, ဓာတ်ပြားဟောင်းတွေက လွှင့်တဲ့သီချင်းတွေနဲ့ဆင်လို့ ကြားလိုက်ရတာနဲ့ ကိုယ်မရောက်ဖူးတဲ့ Vintage တို့, Retro တို့ခေတ်တွေကိုတောင် ရောက်သွားသလို ခံစားရစေပါတယ်။


၂) စိတ်ကို သက်တောင့်သက်သာ ဖြစ်စေတယ်


🐌Slow-tempo ဖြစ်တဲ့ beats တွေကိုသာ အသုံးပြုထားလို့ နားဆင်သူရဲ့ စိတ်ကို ease ဖြစ်စေတယ်။ 


😴 အိပ်မပျော်တဲ့နေ့တွေဆိုလည်း lo-fi သာ နားထောင်လိုက်။ ခဏလောက်ကြာတာနဲ့ အိပ်ပျော်သွားလိမ့်မယ်။ 


✏️သင်္ချာစာမေးပွဲနီးနေလို့ သင်္ချာပုဒ်စာတွေ အချိန်အကြာကြီးလေ့ကျင့်ရမယ်ဆိုလည်း ဘာမှမပူနဲ့။ Lo-fi သာဖွင့်ထားလိုက် အချိန်တွေ ဘယ်လိုကုန်လို့ကုန်မှန်း မသိလိုက်ဘဲ စာတွေလည်း အများကြီးပြီးနေပါလိမ့်မယ်။ 


အိမ်အလုပ်တွေ မပြီးသေးတဲ့ အိမ်ရှင်မတွေဆိုရင်လည်း Lo-fi လေးဖွင့်ရင်း ပန်းကန်ဆေး🍽, မီးပူတိုက်👔, အဝတ်လျှော်🧼, ဟင်းချက်🍲 လို့ရပါသေးတယ်။ 


စိတ်သေချာအာရုံစိုက်ပြီး လုပ်ရမယ့်အလုပ်တွေဆိုရင် Chill ဖြစ်တဲ့ Lo-fi သာဖွင့်ထားလိုက်။


မူလဘူတဖော်ပြမျှဝေသူ -

ဂီတရွာ - Gita Ywar


Wednesday, September 20, 2023

"တစ်-တနှင့် နှစ်- နှ"

"တစ်-တနှင့် နှစ်- နှ"




◾ ရေးသူ - မောင်ခင်မင်(ဓနုဖြူ)

မြန်မာစာအဖွဲ့က ပြုစုသော မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ပေါ်ထွက်လာသည့် ၁၉၈၆ ခုနှစ်ကစ၍ 'တစ်-တ ပြဿနာ'ပေါ်ပေါက်လာသည်။

ကိန်းဂဏန်းဟု အဓိပ္ပာယ်သက်ရောက်လျှင် 'တစ်'ဟု ရေးရန် (တစ်၊ တစ်ကောင်၊ တစ်ခုခု၊ တစ်တပ်တစ်အား၊ တစ်ယူသန် စသည်)၊ ကြိယာအထူးပြု (ကြိယာဝိသေသန) များမှ ရှေ့ဆက်ပစ္စည်းများကို 'တ' ဟု ရေးရန်(တကြော်ကြော်အော်၊ တခမ်းတနား၊ တဒုန်းဒုန်းမြည်၊ တ၀တပြဲ၊ တဝဲလည်လည် စသည်) ဟူသောမူဖြင့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင် 'တစ်' ဖြင့် ရေးရသောစကားလုံးများနှင့် 'တ' ဖြင့် ရေးရသော စကားလုံးများကို ယေဘုယျအားဖြင့် ခွဲခြားထားခြင်းဖြစ်သည်။

သို့သော် 'တ' အရေးက ပြဿနာမရှိသော်လည်း 'တစ်' အရေးက ပြဿနာရှိလာသည်။ 'တစ်' ကို ကိန်းဂဏန်းအဓိပ္ပာယ်ဖြင့် တစ်လုံးတည်းရေးလျှင် 'တစ်' ဟုပင် 'စသတ်' ဖြင့်ရေးသော်လည်း တစ်ကို အခြားစကားလုံးများနှင့် တွဲရေးသော အသုံးတော်တော်များများတွင်တစ်ကို စသတ်ဖြုတ်ပြီး ရေးခဲ့ကြသည်မှာ ပုဂံခေတ်နှောင်းပိုင်းကတည်းက ဖြစ်သည်။ သက္ကရာဇ်အခိုင်အမာပါသော အစောဆုံးမြန်မာစာအဖြစ် ပညာရှင်တို့ သတ်မှတ်သော မြစေတီကျောက်စာ (ရာဇကုမာရ်ကျောက်စာ)တွင် 'အနှစ်တစ်ထောင်၊ ပယ်မယားတစ်ယောက်' ဟူ၍ 'တစ်ကို' စသတ်ဖြင့် ရေးသော်လည်း ပုဂံ မင်းနန်သူရွာ ဝိနည်းဓိုရ်ဘုရားစုမှ ဘုရားများ၏ အတွင်းနံရံတွင် ရေးထိုးထားသော မင်စာတွင်မူ 'တစ်ယောက်သောသဉ်' ဟူ၍ စသတ်ပါသော အရေးအသားကို တွေ့ရသကဲ့သို့ 'တယောက်သောသဉ်' ဟူ၍ စသတ်မပါသော အရေးအသားကို အကြိမ်ကြိမ် တွေ့ရပါသည်။ နောက်ပိုင်းကျောက်စာများတွင်လည်း တစ်ကို စသတ်မပါဘဲ ရေးလာကြပါပြီ။ တောင်ငူခေတ်စာဆို နတ်ရှင်နောင်၏ ရတုများမှ 'တသောင်းရှစ်ပြန်၊ မပျောင်းရစ်ဟန်၊ ခပေါင်းမြစ်ဝှန်' ဟူ၍ မုဋ္ဌောဘုရားတိုင်ရတုတွင်လည်းကောင်း၊ တသောင်းရှစ်မည်၊ မပျောင်းရစ်တည်၊ ခပေါင်းမြစ်လည်ဟူ၍ ကျောက်ဆောက်ဘုရားတိုင်ရတုတွင်လည်းကောင်း၊ တသောင်း-မပျောင်း-ခပေါင်း' ဟူ၍ ရတုအချီပိုဒ်များကို အသံတူ၊ အရေးတူ ရေးဖွဲ့ထားသည်ကို ကြည့်လျှင် 'တစ်' ကို နှုတ်ပြောစကားတွင် အသံထွက်သည့်အတိုင်း 'တ' ဟုပင် ရေးခြင်းဖြစ်ကြောင်း တွေ့ရပါသည်။

'တစ်' နှင့်တွဲသော စကားလုံးများကို ရေးရာတွင် သတ်ပုံမှန်အတိုင်း 'တစ်' ဟုပင် ရေးခြင်းများရှိသကဲ့သို့နှုတ်ကပြောသည့်အတိုင်း 'တ'ဟု ရေးခြင်းများလည်းတွင်တွင်ကျယ်ကျယ်ရှိခဲ့ပါသည်။ 'တ' ဟု တွင်တွင်ကျယ်ကျယ်ရေးနေရာမှ ကိန်းဂဏန်းအဓိပ္ပာယ်ရှိလျှင် 'တစ်'ဟုရေးရန် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင် သတ်မှတ်ပြဋ္ဌာန်းလိုက်သောအခါ 'တစ်'က 'တ' ဖြစ်နေတာကြာပြီပဲ။ ဘာဖြစ်လို့ 'တစ်'ပြန်ရေးရမှာလဲဟူ၍ ပြဿနာပေါ်လာရခြင်းဖြစ်သည်။

ဘာသာစကားအမြင်ဖြင့်ကြည့်လျှင် ဤပြဿနာတွင် အခြေခံကျသော အချက်နှစ်ချက်ပါဝင်နေကြောင်းတွေ့ရသည်။ ဘာသာစကားပြောင်းလဲမှုသဘာ၀အရ 'တစ်'ဆိုသော စကားလုံး၏ အသံပြောင်းလဲလာသည့်အချက်နှင့် အသံပြောင်းသည့်အတိုင်း စာ (အရေး) ကလိုက်ပြောင်း၊ မပြောင်းဆိုသည့် အချက်ဖြစ်သည်။

'တစ်' ဆိုသော စကားလုံးတစ်လုံးတည်းကွက်၍စဉ်းစားခြင်းထက် 'တစ်' နှင့် သဘောချင်းတူသော အခြားစကားလုံးများနှင့်ပါ ယှဉ်တွဲ၍ စဉ်းစားခြင်းက ပို၍ မြင်သာသည်ဟု ယူဆမိပါသည်။ 'တစ်' လို အသံပြောင်းသော အခြားစကားလုံးတွေရော စာ (အရေး) လိုက်ပြောင်းသလား၊ မပြောင်းဘူးလား။

'တစ်' မှ 'ကိုး' အထိ ကိန်းဂဏန်းကို ဖော်ပြသောစကားလုံးတွေထဲမှာ တစ်နှင့်ဆင်တူ အခြားစကားလုံးနှစ်လုံးရှိသေးသည်ကို သတိပြုမိပါသည်။ 'နှစ်' နှင့် 'ရှစ်'ဖြစ်ပါသည်။ 'တစ်- နှစ်- ရှစ်' သုံးခုစလုံး စသတ်တွေပါနေသည်။ သူတို့ရော ဘယ်လိုသဘောရှိပါသလဲ။ 'နှစ်' လည်း 'တစ်'လိုပင် အသံပြောင်းနေပြီဖြစ်သည်။ 'ခွေးနှကောင်၊ ကားနှစီး' ဟု 'နှ' သံထွက်နေပြီဖြစ်သည်။ သို့သော် အသံထွက်သလို စသတ်ဖြုတ်ပြီး မရေးကြပါ။ အသံက 'နှ' ဟုပြောင်းသော်လည်း အရေးက 'နှစ်' ဟုပင် တစ်သတ်မတ်တည်း ရေးနေကြပါသည်။ 'ရှစ်' ကျတော့ အသံလည်းမပြောင်းပါ။ အရေးလည်းမပြောင်းပါ။ 'ရှစ်ယောက်'ကို 'ရှယောက်'၊ 'ကားရှစ်စီး' ကို 'ကားရှစီး' ဟု အသံမပြောင်းပါ။ အရေးလည်း 'ရှစ်'၊ အသံလည်း 'ရှစ်' ပါပဲ။

တစ်လို စသတ်သော အခြားစကားလုံးတွေရော စသတ်သံပြုတ်ပြီး အသံပြောင်းနေပြီလားဟု စူးစမ်းမိသည်။ 'ချစ်သူ၊ စစ်တပ်၊ ဆစ်ပိုး၊ ဇာစ်မြစ်၊ ယစ်ထုပ်၊ သစ်သား၊ ဟစ်တိုင်' ဟူသော စကားလုံးများ ပေါ်လာသည်။ ဘယ်စကားလုံးမျှ စသတ်ပြုတ်ပြီး အသံမပြောင်းပါ။ 'ချစ်သူ' က 'ချသူ'၊ 'သစ်သား' က 'သသား' ဟု အသံမပြောင်းပါ။ စာ (အရေး)လည်း မပြောင်းပါ။

တစ်မှ တသို့ အသံပြောင်းသလို သရသံရှည်မှ သရသံတို (မတြာဝက်သံ) သို့ ပြောင်းသွားသော စကားလုံးအများအပြားရှိပါသည်။ ထိုစကားလုံးများ အသံပြောင်းသွားသလို စာ (အရေး) လိုက်ပြောင်းပါသလား။ စူးစမ်းကြည့်သောအခါ ဤသို့တွေ့ရပါသည်။ နှာခေါင်း-နှခေါင်း၊ ငါးပိ- ငပိ၊ ဘီလူး- ဘလူး၊ ပုဆိုး- ပဆိုး၊ သူခိုး-သခိုး၊ သေနတ် - သနတ်၊ တံငါ- တငါ၊ နံ့သာ - နသာ၊ ထမင်းရေ - ထမရေ၊ နှုတ်ခမ်း - နှာခမ်း၊ ဆန်ခါ - ဆခါ(ဇကာ)၊ ပန်းချီ- ပချီ (ဗဂျီ)၊ ထန်းရည်- ထရည် (ထရေ)၊ ကြမ္မာ- ကြမာ၊ ကမ်းပါး- ကပါ(ကဗား)၊ (နှစ်လုံးတွဲများတွင် ဒုတိယစကားလုံး၏ ရှေ့အသံများသည် သရသံရှည်မှ သရသံတို (မတြာဝက်သံ) သို့ ပြောင်းပါသည်။ ထိုအသံများကို အသံအပြည့်မထွက်ဘဲ အသံတစ်ဝက်သာ ထွက်ရပါသည်။) သို့သော် စာ (အရေး) က မပြောင်းပါ။ ဤသာဓကများကိုကြည့်လျှင် ဘာသာစကားပြောင်းလဲမှုသဘာ၀အရ စကားလုံးတော်တော်များများသည် နှုတ်ပြောစကားတွင် သရသံရှည်မှ သရသံတို(မတြာဝက်သံ)သို့ ခေတ်ကာလတစ်လျှောက် ပြောင်းလဲလာသော်လည်း စာ(အရေးအသားသတ်ပုံ) မှာမူ လိုက်မပြောင်းလဲ၊ မူလအတိုင်း ရှိနေသည်ကို တွေ့နိုင်ပါသည်။ အကျိုးသက်ရောက်မှုအဖြစ် အရေးနှင့် အပြောကြီးတွင် ကွာဟမှုများ ရှိလာသည့်အတွက် (ရေးတော့အမှန် ဖတ်တော့ အသံ) ဟူသောဆောင်ပုဒ် ပေါ်ပေါက်လာရခြင်းဖြစ်သည်။

'ဖတ်လျှင်တော့ ပြောင်းလဲသည့် အသံအတိုင်းဖတ်ပါ။ ရေးလျှင်တော့ သတ်ပုံမှန်အတိုင်းရေးပါ' ဟုဆိုလိုခြင်းဖြစ်သည်။ ပြခဲ့သော သာဓကများအရ အခြားစကားလုံးများကို အသံပြောင်းသည့်အတိုင်း ပြောင်းရေးလေ့မရှိဘဲ 'တစ်' ကိုသာ 'တ' ဟု အသံပြောင်းသည့်အတိုင်း ပြောင်းရေးနေကြသည့်အတွက် အခြားစကားလုံးများကဲ့သို့ပင် ထုံးမီစံမျှဖြစ်စေရန် 'တစ်' ကို သတ်ပုံမှန်အတိုင်းရေးရန် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ပြုစုခဲ့သော မြန်မာစာအဖွဲ့ဝင်ပညာရှင်များက ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု နားလည်ရပါသည်။

"မြန်မာဗျည်းသရအက္ခရာ မြန်မာဝေါဟာရတို့၏စာလုံးပေါင်းသတ်ပုံအသံထွက် အနက်အဓိပ္ပာယ် သဒ္ဒါနှင့် ဝါကျဖွဲ့ထုံးကို ထုံးမီစံမျှမှန်ကန်တိကျစေရန်၊ အဓွန့်ရှည်စွာ တည်တံ့စေရန်၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်စေရန်" ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သော မြန်မာစာအဖွဲ့သည် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကိုညှိနှိုင်းပြုစုပြီးနောက် ထိုသတ်ပုံကျမ်းနှင့်အညီ လိုက်နာရေးသားကြရန် ၁၉၈၆ ခုနှစ်တွင် နိုင်ငံတော်က ပြဋ္ဌာန်းပေးခဲ့သည်။

ဤဆောင်ရွက်ချက်သည် မင်းအဆက်ဆက်၊ အစိုးရအဆက်ဆက် မြန်မာစာကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော အစဉ်အလာနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာစာအရေးအသား မှန်ကန်ရေးအတွက် မြန်မာမင်းများကိုယ်တော်တိုင် အလေးထားဆောင်ရွက်သည့်အစဉ်အလာကို အမိန့်တော်များတွင် တွေ့ရသည်။ အလောင်းမင်းတရားလက်ထက်တွင် ဘုရင့်အမိန့်စာချွန်တော်ကို 'အရေးအသားအသတ်အလတ်' (သတ်ပုံ) မှန်ကန်အောင် ကြည့်ရှုစစ်ဆေး၍ 'ဘယသေန' အမတ်ကို တာဝန်ပေးခန့်ထားကြောင်း ၁၁၁၇ ခုနှစ်တွင် ထုတ်ပြန်သော အမိန့်တော်တစ်ခု၌ တွေ့ရသည်။ ဘိုးတော်ဘုရားလက်ထက်တွင် စာလုံးပေါင်းသတ်ပုံ ထိန်းသိမ်းစောင့်ရှောက်ရန် ၁၁၄၅ ခုနှစ်တွင်ထုတ်ပြန်သော အမိန့်တော်ရှိသည်။ ထိုအမိန့်တော်အရ ပုဂံခေတ်တွင်ပေါ်ပေါက်သော အက္ခရာပဘေဒသတ်ပုံကျမ်းကစ၍ 'သဗ္ဗဉာဏံ' ချီသတ်ပုံ၊ ဝဏ္ဏဗောဓန သတ်အင်းတို့ကို လိုက်နာကြရကြောင်း သိရသည်။ 'ငါ့ရွှေလက်ထက်တော်မှာလည်း ဝဏ္ဏဗောဓနသတ်အင်း၊ ငအောသတ်ပုံ(ဦးဩ၏ ကဝိလက္ခဏာသတ်ပုံကိုဆိုလိုသည်။) တွင်းသင်းတိုက်ဝန်သတ်ညွှန်းများအတိုင်း လိုက်နာရေးသားကြစေ' ဟု အမိန့်တော်တွင် ဖော်ပြသည်။ ရေးထုံးနှင့်မညီဘဲ ပြင်ဆင်သော စာတည်းစာပြင်တို့ကို 'လွှတ်တော်က အပြစ်အလျောက်ထိုက်သင့်ရာစီရင်စေ'၊ 'ကျွမ်းကျင်နားလည်သူတို့ကို ရွေးချယ်ခန့်ထားစေ' ဟု ၁၁၄၃ ခုနှစ်တွင် ထုတ်ပြန်သော အမိန့်တော်၌ တွေ့ရသည်။

သတ်ပုံအဆုံးအဖြတ်ပေးရန် တာဝန်ပေးထားသော ပညာရှိများကိုလည်း အမိန့်တော်တွင် ဖော်ပြသည်။ သတ်ပုံကျမ်းတွင်မပါသော ရေးထုံးများရှိလျှင် ပင်းယခေတ်တွင် စတုရင်္ဂဗလအမတ်၊ ညောင်ရမ်းခေတ်တွင် ဝန်ရှင်တော်နန္ဒယော်ဓာ၊ ဝန်ကြီးပဒေသရာဇာတို့ ဆုံးဖြတ်သည်ကို လိုက်နာကြရကြောင်း ဖော်ပြသည်။

ထိုအမိန့်တော်ကို ရည်ညွှန်းပြီး မင်းတုန်းမင်းလက်ထက် ၁၂၁၈ ခုနှစ်တွင် အမိန့်တော်ထုတ်ပြန်သည်။ စာဂလက်ထက်တွင်လည်း ထိုအမိန့်တော်အတိုင်း ဆက်လက်လိုက်နာကြရန် ထုတ်ပြန်ခြင်းဖြစ်သည်။

သီပေါမင်းလက်ထက် ၁၂၄၀ ပြည့်နှစ်တွင် တောင်ဥယျာဉ်တော်၌ ကျင်းပသော အစည်းအဝေးတွင် တက်ရောက်လာသော ပညာရှိ ၂၈ ဦးက သတ်ပုံသတ်ညွှန်းကျမ်း ၃၆ ကျမ်းကို စိစစ်ပြီး တစ်ကျမ်းစီနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်သည်။ အရအမိ ကျက်မှတ်လိုက်နာရန် ဆုံးဖြတ်သောကျမ်းများ၊ အာဂုံဆောင်ရန်ဆုံးဖြတ်သော ကျမ်းများနှင့် ကြည့်စာအဖြစ်လိုက်နာရန်ဆုံးဖြတ်သော ကျမ်းများဟူ၍ ကွဲပြားသည်။

ဤသို့ မင်းအဆက်ဆက် မြန်မာစာလုံးပေါင်းသတ်ပုံကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော အစဉ်အလာအတိုင်း ကိုလိုနီခေတ်တွင်လည်း ဆက်လက်ကျင့်သုံးကြသည်။

လွတ်လပ်ရေးခေတ် ဖဆပလအစိုးရကစ၍ အစိုးရအဆက်ဆက်တွင်လည်း မြန်မာစာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ပညာရှင်များ၏ စာလုံးပေါင်းသတ်ပုံကျမ်းများကို ပြဋ္ဌာန်းပေးခဲ့ကြသည်။

ထိုအစဉ်အလာအတိုင်းပင် နိုင်ငံတော်အစိုးရ၏တာဝန်ပေးချက်အရ မြန်မာစာအဖွဲ့ဝင်ပညာရှင်များက မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ပြုစုပေးခဲ့ရာ နိုင်ငံတော်အစိုးရက ထိုကျမ်းကို ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်သည်။

ယခုဆိုလျှင် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကိုပြဋ္ဌာန်းခဲ့သည်မှာ နှစ် ၄၀ နီးပါးရှိပါပြီ။

အကျိုးတရားတစ်ခုမှာ ထိုကျမ်းကို ပြဋ္ဌာန်းပြီးသည့်နောက်ပိုင်းတွင် သတ်ပုံငြင်းခုံမှုများ လျော့ပါးသွားခြင်းဖြစ်သည်။

မြန်မာစာလေ့လာနေသော ကျွန်တော်သည် ကျောင်းသားဘ၀ကစ၍ သတ်ပုံငြင်းခုံသော ပညာရှင်များ၏ ဆောင်းပါးများကို မဂ္ဂဇင်းများတွင် အဆက်မပြတ် ဖတ်ခဲ့၊လေ့လာခဲ့ရသည်။

ငြင်းခုံသောပုဂ္ဂိုလ်များမှာ ကျွန်တော်ကြည်ညိုလေးစားသော မြန်မာစာပေပညာရှင်ဆရာကြီးများ ဖြစ်နေသည့်အတွက်စိတ်မသက်မသာဖြစ်ခဲ့ရသည်။ သတ်ပုံရေးထုံးနှင့်ပတ်သက်၍ ငြင်းကြ၊ ခုံကြသည်ကို ကိုလိုနီခေတ်မဂ္ဂဇင်းများကစ၍ ရှုမ၀၊ မြ၀တီစသော မဂ္ဂဇင်းများအထိ အဆက်မပြတ် ဖတ်ခဲ့ရပါသည်။

ယပင့်နှင့်ရရစ်၊ တသတ်နှင့် ပသတ်၊ နသတ်နှင့် မသတ် ကွဲလွဲသော စာလုံးပေါင်းများနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် အထောက်အထားမျိုးမျိုး ရှာဖွေပြပြီး 'သူမှန် ငါမှန်' ငြင်းခုံကြသည်ကိုဖတ်ရင်း သာမန်စာဖတ်သူသာ ဖြစ်သော ကျွန်တော်မှာ ဉာဏ်မမီတော့ဘဲစိတ်ထဲမှာ ဝေဝါးရှုပ်ထွေးမှုများ မကြာခဏဖြစ်ရပါသည်။ 'ပညာရှိကြီးတွေ ခါးတောင်းကျိုက်ပြီး သတ်ပုံငြင်းနေကြတာလေ'ဟူသောသရော်သံကိုလည်း မကြာခဏကြားခဲ့ရသည်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ပြဋ္ဌာန်းပြီးသည့်နောက်တွင် ထိုဆောင်းပါးမျိုးများကိုမဂ္ဂဇင်းများတွင် မတွေ့ရတော့ပါ။

ဝမ်းနည်းစရာကောင်းသည်မှာ 'လူမှုကွန်ရက်'ပေါ်တွင် သတ်ပုံငြင်းပွဲများ အသစ်တစ်ဖန်ပြန်ပေါ်လာခြင်းဖြစ်သည်။ ပုံစံတော့ပြောင်းသွားသည်ဟု ထင်ပါသည်။

ယခင်ကလို ပညာရှိချင်း စီးချင်းထိုးသလို တန်းတူရည်တူ ငြင်းခုံကြခြင်းမျိုးထက် မြန်မာစာကို ခြေခြေမြစ်မြစ်လေ့လာမထားဘဲပုဂ္ဂိုလ်စွဲ၊ စာအုပ်စွဲ စသည့် အစွဲတစ်ခုခုကို အခြေခံပြီး သန်ရာသန်ရာ ပြောဆိုလာမှုများကို မြန်မာစာသမားများက အကျိုးသင့်အကြောင်းသင့် ရှင်းပြနေရခြင်းမျိုးကို ပို၍တွေ့နေရခြင်းဖြစ်သည်။

တစ်ဖက်က မြန်မာစာအရေးအသား ထုံးမီစံမျှဖြစ်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြချိန်တွင် တစ်ဖက်က 'သတ်ပုံကို ဂရုစိုက်စရာမလို၊ ရေးချင်သလို ရေးလိုက်၊ စာပြင်ဆရာပြင်လိမ့်မည်' ဟူသော တာဝန်မဲ့ စကားမျိုးတစ်ဖက်က ပြောနေကြသည်။

"ကိုယ်ကြိုက်သလို ကိုယ်ရေးတာပါ" ဟုဆိုနေကြသည်။ "အင်္ဂလိပ်စာကျတော့ Spelling ကလေးတစ်လုံး၊ နှစ်လုံးမှားရင်တောင် ကမ္ဘာပျက်တော့မတတ် အော်နေကြတယ်။ မြန်မာစာကျတော့ သတ်ပုံဘယ်လောက်မှားမှား ဂရုစိုက်ရကောင်းမှန်း မသိကြရှာဘူး" ဟု မကျေမနပ်ပြောပုံများလည်းရှိသည်။

မြန်မာစာလုံးပေါင်း သတ်ပုံသည် မြန်မာစာ အရေးအသား စနစ်ပေါ်တွင် အခြေခံသည်။ မြန်မာစာအရေးအသားစနစ်အရ အသံတူပြီး အရေး (သတ်ပုံ) ကွဲသောစာလုံးများစွာရှိနေသည်။

ယပင့်နှင့်ရရစ်၊ ငြနှင့် ည၊ ဗနှင့်ဘ၊ ယနှင့် ရ၊ -င်နှင့် -ဉ်၊ -တ် နှင့် -ပ်၊ -န်နှင့် -မ်၊ ံ- နှင့် -ီ နှင့် -ည်စသည်ဖြင့် အသံတူအရေးကွဲသော စာလုံးများစွာရှိသည်။ အရေးကွဲတော့ သူ့အကြိုက် ကိုယ့်အကြိုက်ကွဲနိုင်သည်။

အချို့စာလုံးများကို ယပင့်တာ ကြိုက်သူရှိသလို ရရစ်တာကြိုက်သူရှိသည်။ တသတ်တာ ကြိုက်သူရှိသလို ပသတ်တာကြိုက်သူရှိသည်။

ယပင့်ရေးရေး၊ ရရစ်ရေးရေး အဓိပ္ပာယ်အရ သင့်လျော်သည်ဟု လက်ခံနိုင်စရာမျိုးတွေလည်း ရှိသည်။ သို့သော် သတ်ပုံဆိုသည်မှာသဘောတူပညတ်ချက်သာဖြစ်သည်။ ထာ၀ရတည်သည်မဟုတ်။ အပြောင်းအလဲတွေရှိသည်။ လွန်ခဲ့သော နှစ်တစ်ထောင်နီးပါး ပုဂံခေတ်က စာလုံးပေါင်းအချို့ ယခုမူလအတိုင်း ရှိပါသေးရဲ့လား။

ပုဂံခေတ်က 'က္လောင်၊ နိယ်၊ လောန်'တို့သည် ယခု 'ကျောင်း၊ နေ၊ လွန်' တို့ဖြစ်နေပါပြီ။ နှစ်တစ်ထောင်အတွင်း အများကြီးပြောင်းကုန်ကြပြီ။

ရှေ့အနာဂတ်တွင်လည်း ဘယ်လိုပြောင်းဦးမည်မသိ။ ဤသို့သော အခြေအနေတွင် သတ်ပုံဆိုသောပညတ်ကို သူတစ်ပါး ငါတစ်ဖုံသုံးခြင်းထက် အားလုံးတစ်ပြေးညီသုံးခြင်းက ပိုပြီးလက်တွေ့ကျပါသည်။ ပိုပြီးအကျိုးရှိပါသည်။

သတ်ပုံကိစ္စအားလုံး ညီသွားပြီဆိုလျှင် သတ်ပုံအငြင်းပွားမှုအတွက် အချိန်ကုန်ခံစရာမလိုတော့ဘဲ မြန်မာစကား မြန်မာစာနှင့်ဆိုင်သော အခြားအခြားသော ကိစ္စများ(စကားသံ၊ စကားလုံး၊ ဝါကျ၊ ဝေါဟာရ အသုံးအနှုန်း၊ အဓိပ္ပာယ်စသည်) ကို ပို၍ အာရုံစိုက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်စရာတွေအများကြီး ရှိပါသည်။ (အင်္ဂလိပ်စာတွင် Spelling နှင့် ပတ်သက်၍ အငြင်းပွားစရာများများမရှိသည်ကို သတိပြုမိပါသည်။)

ရှေးက မြန်မာပညာရှိကြီးများ ကိုယ့်အကြိုက်၊ ကိုယ့်အစွဲအရ သတ်ပုံငြင်းကြခြင်းမှာ မသင့်လျော်သကဲ့သို့ ယခုခေတ်တွင် မြန်မာစာကို ထဲထဲဝင်ဝင် ခြေခြေမြစ်မြစ်လေ့လာမထားသူက ဘယ်သတ်ပုံက ဘယ်လိုညာလိုဆိုတာမျိုး ဝင်ပြောခြင်းမှာလည်း မသင့်လျော်ပါ။ ယခု ပြဋ္ဌာန်းထားသော သတ်ပုံကျမ်းတွင် အချို့ပညာရှင်များကိုယ်တိုင် သဘောမတူသည့် သတ်ပုံများလည်း ပါသည်ပင်ဖြစ်သည်။

သို့သော် အားလုံးညီစေခြင်းအကျိုးအတွက် မိမိအကြိုက်ကို ရှေ့တန်းမတင်ဘဲဖြစ်သင့်သည့်သဘောလို ညှိနှိုင်းထားကြခြင်းဖြစ်ရာ ထိုပညာရှင်များ၏ သဘောထားနှင့်ဆောင်ရွက်ချက်များမှာ များစွာလေးစားဖွယ်ကောင်းပါသည်။ ဘယ်စာလုံးကို ဘာကြောင့်အတည်ပြုသည်ဆိုသည်ကို ပညာရှင်များကတော့ သိပါလိမ့်မည်။

လူတိုင်း မြန်မာစာလိုက်စားသူမဟုတ်၍ လူတိုင်းတော့ ထိုအကြောင်းများကို သိနိုင်မည်မဟုတ်ပါ။ သို့သော် ကိစ္စမရှိပါ။

ပြဋ္ဌာန်းထားသည့်အတိုင်း လက်ခံ၍လိုက်သုံးခြင်းသည်ပင် မြန်မာသတ်ပုံတစ်ပြေးညီဖြစ်ရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်။

မူလဘူတ ဖော်ပြမျှဝေသူ - စံတော်ချိန် သတင်းစာ

Sunday, September 10, 2023

ရှေးအီဂျစ် လူမျိုးတို့၏ နည်းပညာနှင့် တီထွင်ဖန်တီးမှုများ

 ရှေးအီဂျစ် လူမျိုးတို့၏ နည်းပညာနှင့် တီထွင်ဖန်တီးမှုများ




       ရှေးခေတ် ယဥ်ကျေးမှုတော်တော်များများဟာ အီဂျစ်နိုင်ငံ နိုင်းမြစ်တစ်လျှောက်၊ တိုက်ဂရစ်မြစ်နဲ့ ယူဖရေးတီးမြစ်တို့နေရာ မက်ဆိုပိုတေးမီးယား၊ အိန္ဒိယနိုင်ငံ အင်ဒုမြစ်ရိုးနဲ့ တရုတ်နိုင်ငံ မြစ်ဝါမြစ်ဝှမ်းတစ်လျှောက်မှာ စတင်ထွန်းကားခဲ့ကြတာပဲဖြစ်ပါတယ်။ ဂရိလိုနောက်ပိုင်း ယဥ်ကျေးမှုတွေက သူတို့ ဆီက လက်ဆင့်ကမ်းယူနိုင်ကြပေမယ့် အစဦးယဥ်ကျေးမှုတွေကတော့ ကိုယ့်ဟာကိုယ် တီထွင်ကြံဆခဲ့ကြရတာပါ။ ကမ္ဘာ့သမိုင်းထဲမှာ ရှေးအီဂျစ်လူမျိုးတွေရဲ့ ကဏ္ဍက မပါမဖြစ်ပါနေရခြင်းကလည်း သူတို့ တီထွင်ကြံဆခဲ့ကြတဲ့ အရာတွေများစွာက ခုချိန်ထိ ကမ္ဘာကို အကျိုးပြုနေတာလည်း အချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ ရှေးအီဂျစ်လူမျိုးတွေဟာ သင်္ချာ၊ ဂျီသြမေတြီ၊ စစ်တမ်းကောက်ခြင်း၊ သတ္တုဗေဒ၊ နက္ခတ်ဗေဒ၊ စာရင်းအင်း၊ စာရေးခြင်း၊ စက္ကူ၊ ဆေး၊ လမ်း၊ မောင်းတံ၊ ထယ်ထိုးတံ၊ ကြိတ်စက် စတာတွေကို ထောင့်စေ့အောင် တီထွင်ဖန်တီးခဲ့ကြသူတွေပါ။ သူတို့ တွေက အဲဒီခေတ်က အကောင်းဆုံးဆိုတဲ့ နည်းပညာတွေကို ပိုင်ဆိုင်ခဲ့ကြသူတွေ လို့ပဲဆိုရမှာပေါ့။ အင်မတန် စနစ်ကျပြီး အဘက်ဘက်ကို ပြည့်စုံအောင် ကြံစည် လုပ်ဆောင်နိုင်သူတွေလည်း ဖြစ်ပါတယ်။ ရှေးအီဂျစ်လူမျိုးတို့ရဲ့ ဖန်တီးမှု နဲ့ နည်းပညာတွေအကြောင်း လေ့လာမိသလောက် ပြောပြလိုက်ပါတယ်။


🔵သတ္တုလုပ်ငန်းစဥ်


        ဘီစီ ၃၀၀၀ခန့်ကတည်းက ရှေးအီဂျစ်တို့ဟာ သံဖြူသတ္တုကို ကြေးနီနဲ့ရောပြီး ကြေးဝါပြုလုပ်

ကြောင်း ရှာတွေ့ခဲ့သူတွေပါ။ ကြေးဟာ ထိုအချိန်က သုံးနိုင်ခဲ့တဲ့ သတ္တုအားလုံးထဲမှာ အမာဆုံးဖြစ်ပြီး 

သုတေသနပိုင်းခြားမှုအရ ထိုခေတ်ကို ကြေးခေတ်လို့ လူသိများပါတယ်။ ကြေးတန်ဆာပလာများ၊ လက်နက်များ၊ သံချပ်ကာ ၀တ်စုံများ၊ ဆောက်လုပ်ရေးပစ္စည်းများနဲ့ အလှဆင်ပစ္စည်း မျိုးစုံကို တွေ့ရှိ

ခဲ့ခြင်း၊ လက်ရာတွေကို ကြည့်ရတာ ကြေးကို တော်တော်နိုင်နင်းစွာ လုပ်ဆောင်နိုင်သူတွေပါပဲ။


🔵စာရေးခြင်း 


        ရှေးအီဂျစ်တို့ဟာ မှတ်တမ်းတွေကို ရေးသားပြုစုတတ်တဲ့ ပထမဆုံး လူတွေထဲမှာ ပါပါတယ်။

အစောဆုံး အီဂျစ်စာတွေရဲ့ ပုံစံက ယုတ္တိဗေဒ၊ ညွှန်ပြပုံစံတွေနဲ့ အက္ခရာစဥ်တွေကို ပေါင်းစပ်ထားတာ

ဖြစ်ပြီး မတူတဲ့ စာလုံးရေ 1000 ကျော်ရှိပါတယ်။ နောက်ပိုင်း အီဂျစ်အက္ခရာတွေဟာ ဂရိနဲ့ အာရမိတ်

အက္ခရာများလို hieroglyphics ကနေ ကိုယ်ပိုင်မှုပြုထားတာ ဖြစ်လာပါတယ်။ ထိုစာတွေဟာ ဒီနေ့ခေတ် အသုံးပြုနေကြတဲ့ ဖော်ပြချက်အများစုရဲ့ ဘိုးဘေးတွေပါပဲ။


🔵စက္ကူ ၊ ပေရွက်


         ရှေးအီဂျစ်တို့ ဟာ မြေထဲပင်လယ်ဒေသ တစ်ဝှမ်းမှာတွေ့ရတတ်တဲ့ Cyperus papyrus အပင်ရဲ့ အူတိုင်ကို အချပ်လိုက်တွေဖြစ်အောင် ဖန်တီးပြီး စာရွက်အဖြစ် သုံးခဲ့ကြပါတယ်။ လိပ်ပြီးသယ်သွားလို့ရသလို ကြာရှည်ခံမှုလည်း ရှိပါတယ်။ ဒီပေစာတွေကို အသုံးပြုခဲ့တဲ့ အစောဆုံး အထောက်အထားကို ပင်လယ်နီ ကမ်းရိုးတန်းမှာရှိတဲ့ ရှေးဟောင်းအီဂျစ် ဆိပ်ကမ်း Wadi al-Jarf မှာ 2012 ကတွေ့ရှိခဲ့တာပါ။ 2560 က 2550 ဘီစီ ထိ ခေတ်အတွင်း အစောဆုံးသုံးခဲ့ကြပြီး ပေစာလိပ်တွေထဲမှာ ဂီဇာ ပိရမစ်ကြီးကို တည်ဆောက်ခဲ့တဲ့ နောက်ဆုံးနှစ်တွေကို ဖော်ပြထားပါတယ်။

       ယနေ့ထိ ရှင်သန်ရပ်တည်နိုင်တဲ့ အီဂျစ်စာကြည့်တိုက်ဟာ ကယ်လီဖိုးနီးယား၊ ဘာကလေတက္က

သိုလ်မှာရှိပါတယ်။ ထင်ရှားတဲ့ မိကျောင်း မံမီစာသားတွေပါ၀င်ပြီး Tebtunis Temple Library ပဲဖြစ်ပါတယ်။ ဒီစာလိပ် 45 ခုဟာ ဘီစီတစ်ရာစု အလယ်ပိုင်းတုန်းက ဖြစ်ပြီး ဘေးတိုက်မြှုပ်နှံထားတဲ့ မိ

ကျောင်း မံမီ 5 ခုကနေ ရှာတွေ့ခဲ့ကြတာဖြစ်ပါတယ်။


🔵မှင် 


        စာရွက်ကိုတီထွင်ပြီး စာရေးဖို့ မှင်မရှိရင် အလကားပဲဆိုတာ ရှေးအီဂျစ်တို့ ကောင်းကောင်းသိ

ကြပါတယ်။ သူတို့ဟာ မှင် အမည်းကို ဖန်တီးဖို့အတွက် ဟင်းသီးဟင်းရွက် အစေး၊ ပျားဖယောင်းနဲ့ ကျပ်ခိုးတို့ကို အချိုးကျကျ ရောစပ်သုံးနိုင်ခဲ့ကြသူတွေပါ။ နောက်ပိုင်းမှာတော့ မှင်အရောင်အမျိုးမျိုးတို့ကို လုပ်ဖို့အတွက် မြေနီ၊ မြေဝါမှုန့်တွေကို ထည့်သွင်းခဲ့တဲ့အပြင် တခြားသော ပစ္စည်းတွေကိုပါ ပေါင်းစပ်ခဲ့ကြပါသေးတယ်။ 


🔵ထွန်တုံး နဲ့ တံစဥ်


         ဘီစီ 2500 လောက်ကတည်းက အီဂျစ်မှာ နွားဆွဲတဲ့ ထွန်တုံးတွေကို သုံးနေကြပါပြီ။ ထွန်တုံး

တွေကို ကြေးဝါနဲ့ သွန်းလုပ်ခဲ့ကြတာဖြစ်ပြီး စိုက်ပျိုးရေးပိုင်းမှာ အလွန်ခရီးရောက်ခဲ့ပါတယ်။ ပေါက်

ပြားနဲ့ မြေသားကိုခွဲထုတ်ပြီး အတန်းလိုက်စိုက်တဲ့စနစ်ကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပါတယ်။နိုင်းမြစ်ဝှမ်းတစ်လျှောက်ဟာ မြေသြဇာကောင်းပြီး ဂျုံနဲ့ အသီးအနှံတွေကို စိုက်ပျိုးထုတ်လုပ်ခဲ့ကြပါတယ်။ တံစဥ်ကိုတော့ ဂျုံနဲ့ မုယောစပါးတွေကို ရိတ်သိမ်းဖို့ အဓိကသုံးခဲ့ကြတာဖြစ်ပြီး ပုံစံကို ဖန်တီးမှုက အမျိုးမျိုးရှိပါတယ်။ 


🔵ဆည်မြောင်းများ


          ရှေးအီဂျစ်တို့ဟာ နိုင်းမြစ်ကရေကို မြစ်နဲ့ဝေးတဲ့ စိုက်ခင်းတွေဆီကို ပို့ဆောင်ဖို့အတွက် တူးမြောင်းနဲ့ ဆည်တွေကို တည်ဆောက်ခဲ့ကြပါတယ်။ ရေစီးဆင်းမှုကို ထိန်းချုပ်ဖို့အတွက် တူး

မြောင်းများအတွင်း တံခါးများလုပ်ခဲ့ကြပြီး မိုးခေါင်ရေရှားချိန်မှာ အဆင်သင့်ဖြစ်ဖို့အတွက် ရေလှောင်

ကန်တွေကိုလည်း စီစဥ်ခဲ့ကြပါတယ်။ သူတို့ဟာ ရေအားနဲ့ ရေကိုတင်နိုင်တဲ့ ဘီးတွေကိုလည်း သုံးခဲ့ကြပါသေးတယ်။ အစွန်းတစ်ဖက်မှာ ပုံးတစ်ပုံးနဲ့ အခြားအစွန်းမှာတော့ အလေးတုံးတစ်ခု တပ်ဆင်ထားပြီး ရိုးရှင်းတဲ့ နည်းပညာဖန်တီးမှုတစ်ခုဖြစ်ပါတယ်။ အဲဒီအခြေခံနည်းကို သုံးပြီး တူမြောင်းတွေကို ရှေးအီဂျစ်တို့ ရေသွင်းခဲ့ကြတာပါ။


🔵ပြက္ခဒိန်


         အီဂျစ်လူမျိုးတွေက Sirius ကြယ် အရှေ့ကောင်းကင်မှာ နှစ်စဥ်ပြန်လည် ပေါ်ထွက်လာခြင်းကို မှတ်တမ်းတင်ထားခြင်းနဲ့ အလွန်တိကျတဲ့ နေရောင်ခြည် ပြက္ခဒိန်ကို တီထွင်နိုင်ခဲ့ကြပါတယ်။ ထိုကြယ်တက်လာချိန်ဟာ နှစ်စဥ် နိုင်းမြစ်ရေလျှံမှုနဲ့ တစ်ချိန်တည်းလည်း ဖြစ်ပါတယ်။ အီဂျစ်ပြက္ခဒိန်မှာ 365 ရက်ပါ၀င်ပြီး လပေါင်း 12 လနဲ့ ပိုင်းခြားထားပါတယ်။ လတိုင်းမှာ ရက်ပေါင်း 30 စီရှိပြီး နှစ်စဥ် ပွဲတော်ရက် 5ရက်ရှိပါတယ်။ 

         ဒါပေမယ့် နေအလင်းနှစ်ဟာ တစ်နှစ်မှာ 365.25 ရက်ဖြစ်ပြီး လက်ရှိ ပြက္ခဒိန်များက ရက်ထပ်

နှစ်နဲ့ တွက်ကြပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အီဂျစ်ပြက္ခဒိန်ဟာ မမှန်တော့ဘဲ Ptolemy III က လေးနှစ်တစ်ကြိမ် တစ်ရက်ပေါင်းထည့်တဲ့ စနစ်နဲ့ ပြဿနာကိုဖြေရှင်းခဲ့ပြီး ခုချိန်ထိ အဲဒီအတိုင်းပါပဲ။


🔵နာရီ


           ရှေးအီဂျစ်တို့ဟာ သူတို့ရဲ့ ကျော်ကြားတဲ့ ကျောက်တိုင်ကြီးတွေကို အသုံးပြုပြီး ကျောက်တိုင်ရဲ့ အရိပ် ရွေ့လျားပုံကို စောင့်ကြည့်ခဲ့ကြပါတယ်။ ထိုကတစ်ဆင့် တစ်နှစ်တာရဲ့ နေ့တာအတိုဆုံးနဲ့ အရှည်ဆုံးနေ့ရက်တွေကို ရှာတွေ့ခဲ့ကြပါတယ်။

         ရှာဖွေတွေ့ခဲ့တဲ့ ဘီစီ 16 ရာစုက Amenemhet အမည်ရှိ တရားရုံး အရာရှိ တစ်ယောက်ရဲ့ သင်္ချိုင်းမှာ တွေ့ရတဲ့ ကမ္ဗည်းစာမှာ ရေနာရီ တစ်လုံးပါရှိပါတယ်။ ဒီနာရီကို အောက်ခြေမှာ အပေါက်

သေးသေးလေးတစ်ခုပါရှိတဲ့ ကျောက်အိုးတစ်လုံးနဲ့ ပြုလုပ်ထားခဲ့တာပါ။ ဒီအပေါက်ကနေ ရေကတစ်

စက်ချင်းကျတာဖြစ်ပြီး ရေခံခွက်ထဲကို ရောက်လာတဲ့ ရေအလေးချိန်ပေါ်မူတည်ပြီး အချိန်ကိုညွှန်ပြမှု

တွေပြောင်းလဲ ညွှန်ပြသွားတာပါပဲ။ ကာနက် (Karnak) ဘုရားကျောင်းရှိ ဘုန်းတော်ကြီးများဟာ ညအချိန်မှာ ရေနာရီကို သုံးပြီး ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို အချိန်နဲ့ လုပ်ဆောင်ခဲ့ကြပါ

တယ်။


🔵မုခ်ဦးများ


          မုခ်ဦးအခုံးများဟာ နေရာလွတ်တစ်ခု ဒါမှမဟုတ်ရင် ဖွဲ့စည်းပုံ မပျက်အောင် ရှောင်လွှဲဆောက်

တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ရှေးအီဂျစ်တို့က ဒီနည်းပညာကို အစောကြီးကတည်းက သုံးခဲ့ ဆောက်ခဲ့ပြီးပါပြီ။ ကျစ်လစ်မှုနဲ့ တည်ဆောက်မှုခံနိုင်အားကိုတော့ ခံနိုင်ရည်ရှိလောက်အောင် မတည်

ဆောက်နိုင်ခဲ့ကြသေးပါဘူး။ 


🔵ဖန်ချက်လုပ်ငန်းစဥ်


         ဘီစီ 1500 လောက်တည်းက အီဂျစ်လက်မှုပညာသည်တွေက ဖန်ခွက်နဲ့ အခြားအသုံးအ

ဆောင်တွေကို အရောင်အမျိုးမျိုးနဲ့ လုပ်ခဲ့ကြပါတယ်။ ဖန်ထည်လုပ်သူတွေဟာ ကြွေထည်မြေထည် တွေရဲ့ ကိုယ်ထည်မှာ တောင် ဖန်သားလိုင်းစင်းတွေနဲ့ ထည့်သွင်းလုပ်ခဲ့ကြပါသေးတယ်။ နောက်ပိုင်းမှာလက်ကိုင်နဲ့ နှုတ်ခမ်းတွေကို ထပ်ထည့်ပြီး ပိုကောင်းတဲ့ ပစ္စည်းတွေကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ အစောပိုင်းလုပ်တဲ့ အိုးအများစုဟာ ရေမွှေးဆီထည့်ဖို့ ပုလင်းသေးသေးလေးတွေဖြစ်ပြီး သူတို့ဟာ ကမ္ဘာ့ ပထမဆုံးသော ရေမွှေးပုလင်းတွေဖြစ်လာကြတာပါ။


🔵ပရိဘောဂများ


         1923 ခုမှာ တူတန်ခမန် ဘုရင်ရဲ့ သင်္ချိုင်းဂူကို တွေ့ခဲ့ ကြပြီး အတွင်းမှာ ပရိဘောဂပေါင်းများစွာ ပါ၀င်နေခဲ့ပါတယ်။ ရှေးအီဂျစ်လူမျိုးတို့ဟာ ကုတင်၊ စားပွဲ၊ ထိုင်ခုံနဲ့ အခြား ပရိဘောဂများစွာကို ပြု

လုပ်သုံးစွဲကြသူတွေဆိုတာ ပိုသေချာသွားပါတယ်။ အစောပိုင်း စားပွဲပုံစံတွေဟာ မြေပြင်အထက်မှာ ပစ္စည်းတွေကို ထားသိုဖို့လောက် ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ ဂိမ်းဆော့ခြင်း၊ စားသောက်ခြင်းနဲ့ စည်ဝေးခြင်းတို့အတွက် ပိုကောင်းတဲ့ ဒီဇိုင်းပုံစံများကို လုပ်ခဲ့ကြပါတယ်။ ဆီနက် ( Senet) ကစားခြင်းဟာ ဘီစီ 3100 ကရှေးအီဂျစ်တို့ရဲ့ ရှေးအကျဆုံး ဘုတ်ဂိမ်းတွေထဲကတစ်ခု ဖြစ်ပြီး လူသိလည်းများပါတယ်။ ရှေးအီဂျစ်တို့ရဲ့ အရုပ်စာတွေမှာလည်း ထိုအချက်ကို တွေ့ခဲ့ကြရပါတယ်။ 


🔵ခွဲစိတ်ကိရိယာများ


        Edwin Smith Papyrus ဆိုတာ ဘီစီ 1600 ကတည်းကရှိခဲ့တဲ့ ရှေးအကျဆုံး ခွဲစိတ်ကုသရေးကျမ်းပဲဖြစ်ပါတယ်။ ထိုကျမ်းမှာ ထိခိုက်ဒဏ်ရာ၊ အရိုးကျိုးခြင်း၊ အဆစ်လွဲ၊ ရောင်ရမ်း၊ အကျိတ် များနဲ့ ခွဲစိတ်ကုသမှု 48 မျိုးကို ဖော်ပြထားပြီး ဒဏ်ရာအမျိုးအစား၊ စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကြိုတင်ခန့်မှန်းခြင်းနဲ့ ကုသမှုတို့ကို အသေးစိတ် စီစဥ်ထားပါတယ်။ ဦးခေါင်း၊ ပုခုံး၊ ရင်ဘတ် ၊ရင်သား၊ လည်ပင်း တို့နဲ့ ပက်သက်ပြီး အလေးပေးပြုစုထားခြင်း ဖြစ်ပါတယ်။ အဲဒီကျမ်းထဲမှာပဲ ခွဲစိတ်မှုမှာ အသုံးပြုရမယ့် ပစ္စည်းစာရင်း၊ လမ်းညွှန်ချက်၊ ဂွမ်းစ၊ ပတ်တီး၊ ကော်၊ ပလာစတာနဲ့ လိမ်းဆေး အသုံးပြုပုံကအစ ပါပါတယ်။

       မှင်နက်နဲ့ ရေးထားတာတွေအပြင် မှင်နီနဲ့ ရေးထားတဲ့ ရှင်းလင်းချက်တွေနဲ့ မီးယပ်ရောဂါနဲ့ အလှကုန်ဆိုင်ရာ ကဏ္ဍပါပါ၀င်တဲ့ ဆေးညွှန်းငါးခု အဲဒီ ကျူစာ ဆေးကျမ်းမှာပါပါသေးတယ်။ အီဂျစ်နိုင်ငံ ကိုင်ရိုပြတိုက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဦးရေပြား၊ ကတ်ကြေး၊ ကြေးနီအပ်၊ ဇွန်းများ၊ ခွဲစိတ်ဓါး နဲ့ အခြားခွဲစိတ်ခန်းသုံးကိရိယာများစွာကို ပြသထားပါတယ်။


🔵သွားတိုက်ဆေး


         ရှေးအီဂျစ်လူမျိုးတို့ဟာ သွားတိုက်ဆေးကိုလည်း တီထွင်သုံးခဲ့ကြပါတယ်။ နွားခွာ၊ ပြာ၊ မီးရှို့ထားတဲ့ ဥခွံ၊ ကျောက်ပွ တစ်မျိုးတို့ ပါရှိတဲ့ သွားတိုက်ဆေးကို အသုံးပြုခဲ့ကြပါတယ်။ နောက်ထပ်

ပိုကောင်းတဲ့ သွားတိုက်ဆေးဖော်နည်းသစ်တစ်မျိုးကို တွေ့ခဲ့ကြပြီး ကျောက်ဆား၊ ပူစီနံ၊ အိုင်းရစ်ပွင့်

ခြောက်၊ ငရုတ်ကောင်းတို့ နဲ့ ဖော်စပ်အသုံးပြုခဲ့ကြတာပါ။ နောက်ဆုံးတွေ့ခဲ့တဲ့ သွားတိုက်ဆေး ဖော်

နည်းကတော့ ဖြူစင်ပြီးပြီးပြည့်စုံတဲ့ သွားတွေအတွက် အကောင်းဆုံး ဆေးမှုန့်ပဲဖြစ်ပါတယ်တဲ့။

        ခုဆို ရှေးအီဂျစ်တို့ ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ သူတို့ လူနေမှုအဆင့်အတန်းကို သိလောက်ပါပြီ။ အဲဒီခေတ်အခါရဲ့ ဖန်တီးနိုင်မှုအရှိဆုံး၊ အဆင့်အတန်း အမြင့်ဆုံး ၊ နည်းပညာအတိုးတက်ဆုံးသော လူ

မျိုးတွေရဲ့ သမိုင်းဟာ နောက်ခေတ်အဆက်ဆက် တည်မြဲနေဦးမှာဆိုတာတော့ ကျွန်တော် သေသေချာချာပြောရဲပါတယ်။


စာဖတ်သူအားလုံး အသိပညာတိုးတက်ကြပါစေ......


(ကိုသန့် 7.8.23)


**************************************