Monday, February 20, 2023

လိပ်ပြာ ဖြတ်သင့်၊ မဖြတ်သင့် 💋

  


လိပ်ပြာဖြတ်တဲ့အကြောင်း လူပြောများနေတယ်နော်။ လိပ်ပြာဖြတ်တယ်ဆိုတာ ဘာလဲ၊ ဘာ့ကြောင့် လိပ်ပြာဖြတ်ကြတာလဲ၊ ဖြတ်လိုက်ရင် ဘာတွေကြုံရနိုင်သလဲ ဆိုတာရော သိချင်ကြလား။ သိချင်ရင် ဆက်ဖတ်လိုက်ကြရအောင်။


#လိပ်ပြာဖြတ်တယ်ဆိုတာ…

အမျိုးသမီးတွေရဲ့ အင်္ဂါမှာ မွေးလမ်းကြောင်း (Vagina) အဝကို ဖုံးအုပ်ထားတဲ့ Labia Minora လို့ခေါ်တဲ့ အတွင်းနှုတ်ခမ်းသား အလွှာနဲ့ Labia Majora လို့ခေါ်တဲ့ အပြင်နှုတ်ခမ်းသား အလွှာဆိုပြီး ရှိပါတယ်။ လိပ်ပြာဖြတ်တယ်ဆိုတာ Labia Minora အတွင်းနှုတ်ခမ်းသားကို ဖြတ်တာဖြစ်ပြီး Labiaplasty လို့လည်း ခေါ်ပါတယ်။


ဘာကြောင့် လိပ်ပြာဖြတ်ကြတာလဲ?


အတွင်းနှုတ်ခမ်းသားအဖက်က ပုံမှန်ထက် ပိုကြီးပြီး ပိုရှည်နေတဲ့အခါ ဖြတ်လေ့ရှိကြပါတယ်။


အဲဒီလို ပိုကြီးနေတဲ့အတွက်ကြောင့်…


အဝတ်အစားတွေကြားညပ်နေတတ်တာ

လိင်ဆက်ဆံရာမှာ အခက်အခဲဖြစ်တာ

အထိုင်အထခက်ခဲတာ

လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ဖြစ်တာ

ရာသီလာချိန် Tampons နဲ့ Menstrual Cup ထည့်ရာမှာ အခက်အခဲဖြစ်တာတွေက လိပ်ပြာဖြတ်ကြတဲ့ အကြောင်းပြချက်တွေပါ။


လိပ်ပြာဖြတ်တာ ကောင်းသလား?

အတွင်းနှုတ်ခမ်းသား ကြီးနေရှည်နေတာဟာ ရောဂါတစ်ခု မဟုတ်သလို အသက်အန္တရာယ်လည်း မရှိပါဘူး။ သို့သော် My body my choice လို့ ပြောလေ့ရှိကြတာမို့ အထက်မှာ ပြောခဲ့တဲ့ အကြောင်းပြချက်တွေကြောင့် စိတ်အနှောင့်အယှက် အရမ်းဖြစ်နေရင် ကိုယ့်လိပ်ပြာကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဖြတ်လို့ ရပါတယ်။ 


အရေးအကြီးဆုံးက ဖြတ်ပေးမယ့်သူဟာ တကယ်တတ်ကျွမ်းသူ ဖြစ်ရဲ့လားဆိုတာပါ။ လိပ်ပြာဖြတ်တာဟာ အန္တရာယ်ရှိနိုင်တဲ့ ခွဲစိတ်မှု ဖြစ်တာမို့ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး Training သေချာရထားလား၊ ဘွဲ့ရထားလား၊ တကယ်ရော ကျွမ်းကျင်ရဲ့လား၊ အရင်လုပ်ဖူးတဲ့သူတွေရဲ့ Review တွေရော ကောင်းရဲ့လားဆိုတာကို စုံစမ်းပြီး မခွဲခင် ဆရာဝန်နဲ့ သေသေချာချာဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဘာဆိုးကျိုးတွေ ဖြစ်နိုင်သလဲ၊ ဖြစ်လာရင် ဘယ်လိုတာဝန်ယူပေးမှာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မေးထားသင့်ပါတယ်။


ဘယ်လောက်ကြာလဲ?

လိပ်ပြာဖြတ်တာကို ထုံဆေး သို့မဟုတ် မေ့ဆေးနဲ့ လုပ်လေ့ရှိပြီး တစ်နာရီကနေ နှစ်နာရီတွင်း ကြာမြင့်နိုင်တဲ့ ခွဲစိတ်မှုပါ။ ကြီးနေ၊ ရှည်ထွက်နေတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်ပြီး ပုံစံကျအောင် ပြန်ချုပ်ပေးတာ ဖြစ်ပါတယ်။


ခွဲပြီးတဲ့အခါ…


ပိုးမဝင်အောင် သန့်သန့်ရှင်းရှင်း ထားရပါမယ်။

ပွတ်တိုက်မှု မဖြစ်အောင် အတွင်းခံနဲ့ အဝတ်အစား ချောင်ချိတာတွေ ဝတ်သင့်ပါတယ်။

လိင်ဆက်ဆံခြင်းကို တစ်လခွဲရှောင်ရမှာ ဖြစ်ပြီး ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တစ်လခွဲကနေ သုံးလထိ ရှောင်ရပါမယ်။


ဆိုးကျိုးတွေက ဘာလဲ?


ခွဲထားတဲ့ နေရာမှာ…


သွေးထွက်တာ

ရောဂါပိုးဝင်တာ

အမာရွတ်တွေ ဖြစ်တာ

ထိတွေ့အာရုံခံစားမှု မကောင်းတော့တာ၊ လျော့သွားတာတွေ အပြင်

ခွဲနေစဥ် သွေးပြန်ကြောထဲကို သွေးခဲပိတ်ဆို့တာ (သွေးခဲက နှလုံးနဲ့ အဆုတ်ထဲကို ရောက်သွားရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်)

မေ့ဆေး၊ ထုံးဆေးနဲ့ ဓာတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။


အထူးသတိပြုရမယ့် အချက်ကတော့ အသက် ၁၈ နှစ်အောက်တွေမှာ လိပ်ပြာလုံးဝမဖြတ်သင့်ပါဘူးဆိုတာပါပဲ။ အသက်အရွယ် ငယ်ရွယ်နုနယ်သေးတာမို့ ခန္ဓာဗေဒက ပြောင်းလဲနိုင်သေးတာကြောင့်ဖြစ်ပါတယ်။


အခုဆိုရင် လိပ်ပြာဖြတ်တဲ့အကြောင်း သိသွားပြီ ထင်ပါတယ်။ ခွဲပြီးလို့ ဆိုးကျိုးတွေ ခံစားရခါမှ အရင်လိုပြန်ဖြစ်ချင်လို့လည်း ရမှာမဟုတ်တာမို့ လိပ်ပြာဖြတ်ကိုဖြတ်ချင်တယ်ဆိုရင်လည်း မခွဲခင် သေချာဆုံးဖြတ်၊ စုံစမ်းကြဖို့ တိုက်တွန်းလိုက်ပါရစေ။


ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်

မျှဝေသူ - Healtppy စာမျက်နှာ

Tuesday, February 14, 2023

စိန့်ဗန်လန်တိုင်း Valentine ဇာတ်ကြောင်း အစစ်အမှန်

 "စိန့်ဗန်လန်တိုင်း Valentine ဇာတ်ကြောင်း အစစ်အမှန်နှင့် ခရစ်ယာန် မောင်မယ်များ အတွက် စိန့်ဗန်လန်တိုင်း၏ သတင်းစကား"




ဆောင်းပါးရှင် David Kithcart


အချစ်ပန်းစည်းလက်ဆောင်တွေ၊ ချိုချဉ် ချောကလက်တွေ၊ အသည်းနှလုံးပုံ ကဒ်တွေ၊ အချစ်ရေး အချစ်ရာတွေ။ ဗန်လန်တိုင်းဒေးဆိုရင် ဒါတွေပဲ လုပ်ရမယ် ဟုတ်တယ်ဟုတ်? အင်း၊ ပြောရရင် ဒီပန်းစည်းတွေနဲ့ ဗန်လန်တိုင်းဟာ အရမ်း စပ်ဆိုင်လှတာ မဟုတ်ဘူး။


ဒီတော့ မြန်မာပြည်နဲ့ အခြားနိုင်ငံတွေမှာ အဲ့ဒီနေ့ကို အားလပ်ရက် အဖြစ် မသတ်မှတ်ပေမယ့် တချို့ နိုင်ငံတော်တော်များများမှာ ရုံးပိတ်အားလပ်ရက် အဖြစ် သတ်မှတ်ပါတယ်။

ထုံးတမ်း အစဉ်အလာအရ ဗန်လန်တိုင်းဒေး မူရင်း ဇစ်မြစ်ကို ကြည့်မယ်ဆိုရင် အချစ်ဇာတ်လမ်း ရိုမန့်တစ်ဆန်လှတယ်တော့လည်း မဟုတ်ပါဘူး။ အိုင်ယာလန်နိုင်ငံ White-friars လမ်းမှာရှိတဲ့ ဘုရားကျောင်းမှာ တာဝန်ယူတဲ့ ဘုန်းတော်ကြီး ဖာသာရ် ဖရန့် အိုဂါရာ Frank O’Gara ဟာ စိန့်ဗန်လန်တိုင်း အကြောင်းကို ပြောပြခဲ့ပါတယ်။


“သူဟာ ရောမမြို့သား ကက်သလစ် ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး အဲ့ဒီအချိန် အေဒီ ၃ ရာစု ခရစ်ယာန်များကို ရောမ ဧကရာဇ်များ သုတ်သင်သတ်ဖြတ်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ရောမအင်ပါယာ ပြည့်ရှင် အမည်ကတော့ Claudias ကလောင်းဒီးယပ်စ် ဖြစ်ပြီး သူက အဲ့ဒီအချိန်က လူငယ်လူရွယ်တွေ အိမ်ထောင်ပြု လက်ထပ်ထိမ်းမြားခြင်းကို ဆန့်ကျင်ကန့်သတ်ထားပါတယ်။ ပြည့်ရှင် ကလောင်းဒီးယပ်စ်ရဲ့ အတွေးလေးကတော့ အိမ်ထောင်မရှိတဲ့ စစ်သားတစ်ဦးဟာ ငါသေသွားရင် မိသားစုတော့ ဒုက္ခရောက်တော့မှာပဲ ဆိုတဲ့ အတွေးမရှိတဲ့အတွက် စစ်ပွဲမှာ တိုက်ရည်ခိုက်ရည် ပိုကောင်းနိုင်တယ်လို့ပဲ ဖြစ်ပါတယ်။” 


“နောက်တစ်ချက် သိထားရမှာက အဲ့ဒီ ရောမခေတ်ဆိုတာ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး စည်းမရှိ ဗရမ်းဗတာနိုင်တဲ့ အချိန် ဖြစ်ပါတယ်။ Polygamy ဆိုတဲ့ လင်ပြိုင် မယားပြိုင်ယူတဲ့ ဓလေ့ဟာ တစ်လင်တစ်မယား စနစ်ထက် ပိုမို လွှမ်းမိုးနေတဲ့ အချိန် ဖြစ်ပါတယ်။ သို့ပေမယ့် ကက်သလစ် ခရစ်ယာန် အသင်းတော်ဟာ လက်ထပ်ထိမ်းမြားခြင်း၊ မင်္ဂလာဆောင်ခြင်းဆိုတာကို လွန်စွာမှ မွန်မြတ်သန့်ရှင်းတဲ့ လုပ်ရပ်အနေနဲ့ လက်ခံတာမို့ ခရစ်ယာန် ဘာသာဝင် အမျိုးသား အမျိုးသမီးများဟာ ဘုရားရှေ့ လူရှေ့မှာ သေတပန် သက်တဆုံး တစ်လင် တစ်မယား စနစ်နဲ့ နေထိုင်ကြဖို့ သွန်သင်ပါတယ်။ အဲ့ဒီ အချိန်မှာ ရောမအင်ပါယာအတွင်း နေထိုင်ကြသူများဟာ ခရစ်ယာန်ဘာသာဝင်များအဖြစ် ခံယူလာကြတဲ့ အတွက် တစ်လင်တစ်မယား စနစ်ဟာ ပိုမို ကျယ်ပြန့်လာပါတယ်။ ဒါကို ခရစ်ယာန်ဘာသာကို ဆန့်ကျင်မုန်းတီးတဲ့ နတ်ကိုးကွယ်သူ Pagan ရောမဧကရာဇ်အတွက် ပိုမို မျက်မုန်းကျိုးစရာ ဖြစ်လာပါတယ်။”


“သို့ပေမယ့် ခရစ်ယာန် အသင်းတော်ဟာ တစ်လင် တစ်မယားစနစ်နဲ့ တသက်တာ စွဲစွဲမြဲမြဲ ချစ်မြတ်နိုးပါမယ်ဆိုတဲ့ စုံတွဲကို လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာကို ဘုရားကျောင်း အစဉ်အလာနဲ့ ဆက်လက် ကျင်းပပေးနေပါတယ်။ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ပေမယ့် ဖာသာရ် ဗန်လန်တိုင်းဟာ မင်္ဂလာဆောင်ခြင်းကို ကျင်းပပေးနေခဲ့ပါတယ်။”


“နောက်ဆုံးမှာတော့ ရောမအင်ပါယာ ဧကရာဇ် ဒုတိယမြောက် ကလောင်းဒီးယပ်စ် လက်ထပ်မှာ ဖာသာရ် ဗန်လန်တိုင်းဟာ ချစ်သူစုံတွဲကို လက်ထပ်ထိမ်းမြားခြင်းပေးတဲ့ အတွက် အဖမ်းခံရပြီး ညင်းပန်းနိုပ်စက်ခြင်း ခံခဲ့ရပါတယ်။ ဖာသာရ် ဗန်လန်တိုင်း အကျဉ်းချထားခြင်းခံရတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတွေ ရှိပါတယ်။"


“ဒီအထဲက ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုကတော့ Asterius အာ့စတီးရီးယပ်စ်နဲ့ သူ့သမီး မျက်မမြင်တစ်ဦး အကြောင်းပါ။ အာ့စတီးရီးယပ်စ်ဟာ ရောမဥပဒေအရ ဖာသာရ် ဗန်လန်တိုင်းကို စီရင်ချက်ချမယ့်သူထဲက တစ်ဦးဖြစ်ပါတယ်။ ဖာသာရ် ဗန်လန်တိုင်းဟာ သူ့သမီး မျက်မမြင်အတွက် ဆုတောင်းခြင်းနဲ့ ကုသပေးခဲ့တဲ့အတွက် သမီးဟာ မျက်မမြင်ဘဝက ကျွတ်လွတ်ခဲ့ကာ အဖေဖြစ်သူ အာ့စတီးရီးယပ်စ်ဟာ ခရစ်ယာန်ယုံကြည်သူ ဖြစ်လာခဲ့ပါတယ်။” 


“ခရစ်သက္ကရာဇ် အေဒီ ၂၆၉ ခုနှစ်မှာ ဖာသာရ် ဗန်လန်တိုင်းကို ပြစ်ဒဏ် သုံးခုပေးပြီး သေဒဏ် စီရင်ခဲ့ပါတယ်။ ပထမဆုံး သူဟာ ရိုက်နှက်နိုပ်စက်ခြင်းကို ခံရမှာပါ။ ဒုတိယ ပြစ်ဒဏ်အနေနဲ့ ဖာသာရ် ဗန်လန်တိုင်းဟာ လူအုပ်ကြီးရဲ့ ကျောက်ခဲနဲ့ ပေါက်ခြင်းကို ခံရမှာပါ။ အဆုံးမှာတော့ သူဟာ ခေါင်းဖြတ်စီရင်ခြင်းကို ခံရပါတယ်။ ဖာသာရ် ဗန်လန်တိုင်းရဲ့ ခရစ်ယာန် လက်ထပ်ထိမ်းမြားခြင်းအပေါ် ရပ်တည်ချက်ကြောင့် ဒီစီရင်ချက်တွေအားလုံးကို ခံရတာ ဖြစ်ပါတယ်။ သေဒဏ်စီရင်ခြင်းမခံရမီ ဖာသာရ် ဗန်လန်တိုင်းဟာ စက္ခုအလင်းပြန်ရလာသူ အာ့စတီးရီးယပ်စ်ရဲ့ သမီးကို စာတစ်စောင် ရေးခဲ့ပါတယ်။ ဒီစာလေးရဲ့ အဆုံးသတ်မှာ ယနေ့ခတ်မှာ ထင်ရှားတဲ့ စာသားလေးဖြစ်တဲ့ “သင်၏ ဗန်လန်တိုင်းဆီမှ From Your Valentine” ဆိုတာလေးနဲ့ အဆုံးသတ်ရေးသားခဲ့ပါတယ်။”


ဖာသာရ် အိုဂါရာက ပြောကြားခဲ့ပါတယ်။ “ကက်သလစ် ခရစ်ယာန် ယုံကြည်သူတစ်ဦး၊ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးအနေနဲ့တော့ ဗန်လန်တိုင်းဒေးဆိုတာဟာ ကိုယ်ချစ်မြတ်နိုးတဲ့သူ တစ်ဦး (သို့မဟုတ်) ကိုယ့်ယုံကြည်ချက်အတွက် တစ်နေ့မှာ ကိုယ့်အသက်ကို ပေးဆပ်ရတဲ့ အချိန်တစ်ခု လာတတ်တယ်ဆိုတာကို အမှတ်ရနေဖို့ပဲ ဖြစ်ပါတယ်။ ဒီလို အမှန်တရား ယုံကြည်ခြင်းအတွက် အသက်ပေးတဲ့ အထိ ပေးဆပ်ဖို့ ဆိုတာဟာလည်း သန့်ရှင်းသော ဝိညာဉ်တော်ဘုရား Holy Spirit ရဲ့ ဘုန်းတန်ခိုးကျေးဇူးတော်နဲ့ ကျွန်တော်တို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။”


“ဖာသာရ် ဗန်လန်တိုင်းရဲ့ ခရစ်ယာန် ယုံကြည်ခြင်းအတွက် အသက်စွန့် အသေခံခြင်းဟာ အများပြည်သူလူထုက သတိပြုမိခဲ့ပါတယ်။ ယနေ့ခေတ် အခါမှာဆိုရင် စိန့်ဗန်လန်တိုင်းရဲ့ ရုပ်ကလာပ် အစိတ်အပိုင်းကို သုံးပိုင်းခွဲခြမ်းခဲ့ပြီး ဘုရားကျောင်း သုံးခုမှာ ဌာပနာထားတဲ့ ထားရှိပါတယ်။ ယနေ့လို စိန်ဗန်လန်တိုင်း ပွဲနေ့ Feast Day of St. Valentine မှာဆို ဒီဘုရားကျောင်း သုံးကျောင်းမှာ ဘုရားဖူး အဖြစ် လူအများ သွားရောက်ကြပြီး အသက်ပေးလှုခဲ့တဲ့ ဒီခရစ်ယာန် ရဟန္တာကို သွားရောက် ဂုဏ်ပြုကြပါတယ်။ ဒီဘုရားကျောင်း သုံးကျောင်းက တစ်ခုကတော့ ကျွန်တော်တာဝန်ယူတဲ့ White-friars လမ်းထဲက ဘုရားကျောင်းပဲ ဖြစ်ပါတယ်။”  




“စိန့်ဗန်လန်တိုင်းဟာ ချစ်သူများ ကိုးစားရာ ရဟန္တာဖြစ်ပါတယ်။ လက်ထပ်မယ့် ခရစ်ယာန် ဇနီးမောင်နှံဟာ လက်မထပ်ခင်မှာတင် ဘုရားသခင်ကို ချစ်တဲ့ ယုံကြည်ခြင်းမျိုး လိုအပ်ပါတယ်။ အကယ်၍များ စိန့်ဗန်လန်တိုင်းသာ ယနေ့ခေတ်အခါမှာ ကျွန်ုပ်တို့နဲ့ အတူရှိနေရင် ဇနီးမောင်နှံများကို သူပြောမှာက ‘သင်တို့ အိမ်ထောင်ရေးမှာ ဒုက္ခအခက်အခဲ ကျရောက်တဲ့ အချိန်ရှိပါလိမ့်မယ်။ အရမ်း ရင်ခုန်တဲ့ အချစ်မျိုးကနေ အနေအေး သလိုလို ဖြစ်တဲ့ အခြေအနေမျိုးကို ကြုံတွေ့ရတတ်သလို ရှိပါလိမ့်မယ်။ ဒီလို အချိန်မျိုးတွေမှာ သင်တို့ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာကို ခံယူတုန်းက ဘုရားအရှေ့ လူ့အရှေ့မှာ ပြုခဲ့တဲ့ ကတိကဝတ်တွေကို ပြန်လည် အမှတ်ရပြီး စောင့်ထိန်းကြဖို့၊’ ဖြစ်ပါတယ်။”


“သို့ပေမယ့်လည်း လက်မထပ်ရသေးတဲ့ ခရစ်ယာန် လူငယ်များအနေနဲ့ ကိုယ့်ကိုကိုယ် ဆန်းစစ်မေးမြန်းရမယ့် မေးခွန်းက ကိုယ်ဟာ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာခံယူတဲ့အခါ ဒီလို အခြေအနေတွေအတွက် အဆင်သင့် ဖြစ်ပြီလား ဆိုတာပဲ ဖြစ်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်းမှာ ပါဝင်တဲ့ လူသားအချင်းချင်း ချစ်မြတ်နိုးခြင်း၊ ထိတွေ့ကြင်နာခြင်း စတာတွေဟာ လွန်စွာ လှပပါတယ်။ ဒါတွေက ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိမှတ်ထားရမှာက ဒီချစ်ခြင်းမေတ္တာတွေနဲ့ အိမ်ထောင်စုဟာ လက်ဝါးကားတိုင်လမ်း ဒုက္ခဆင်းရဲ အခက်အခဲတွေ ကြုံတွေ့လာရင်လည်း ကြံ့ကြံ့ခံ ရင်ဆိုင်ကြဖို့ ဖြစ်ပါတယ်။ 


ဒါဟာ ကျွန်တော်တို့ ခရစ်ယာန်များရဲ့ ဗန်လန်တိုင်းဒေးဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။” 


ဘာသာပြန် - မွန်းဆောင်

Wednesday, February 1, 2023

(.........)

 




"............."


အိမ်မှာ

ဒီနေ့ အသံတိတ်ကြတော့ ... 


အဝေးကဆယ်လ်မွန်တွေလည်း 

အလိုလိုမျက်ရည်ဝဲရတယ် ...


ရှက်စိတ်ဆိုတာရှိရင် 

မြက်သိပ်ကြိုက်တဲ့ကိုယ့်နေရာကိုယ်ပြန်သွား

ကိုယ်ကြိုက်တာတွေပဲ စားနေသင့်ကြောင်း ... 


ကျွန်စိတ်ပေါက်နေတဲ့ အရိုးကြိုက်သူတွေကို

သူတို့တစ်ခါမှမစားဖူးကြတဲ့ အသားဟာ 

အရိုးထက် အများကြီးပိုကောင်းကြောင်း ...


ပွဲလန့်တုန်းဖျာခင်း

ဒုက္ခတွင်းထဲ ပျော်ပွဲစားထွက်ကြသူတွေကို 

ဟီရိဩတပ္ပဆိုတာ ဘယ်လိုစာလုံးပေါင်းရကြောင်း ... 


ခေတ်အဆက်ဆက်

အသက်တွေစတေး 

ဘဝတွေပေးပြီး ... 


အထပ်ထပ်အခါခါ 

ပြောပြနေရတာကိုက တစ်နိုင်ငံလုံးရဲ့ ဝဋ်နာကံနာ ... 


ပြန်မလာနိုင်တောတဲ့ အိပ်မက်တွေ

ကြွေသွားတဲ့ ပန်းပွင့်တွေ

လွင့်သွားတဲ့ ကြယ်တွေ ...


နှစ်တွေကြာလည်း ကမ္ဘာမကြေခဲ့ 

တစ်နေ့ တို့တွေ အကုန်ပြန်ယူရမယ့်အလှည့် ...


မနက်ဖြန်ဟာ ပိုပြီးသေချာလာတယ် ... 

............


စိုးသူရ

(ဖေဖော်ဝါရီ ၁၊ ၂၀၂၃)