Tuesday, July 28, 2009

ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်

တလောက မိတ်ဆွေတစ်ဦးနှင့် စကားလက်ဆုံကျရင်း မြန်မာများနှင့်ပတ်သက်၍ အနောက်တိုင်းမှထုတ်ဝေခဲ့သည့် စာအုပ်များအကြောင်းရောက်သွားခဲ့သည်။ မိတ်ဆွေက သူနောက်ဆုံးသိရသမျှ မြန်မာများနှင့် ပတ်သက်သော စာအုပ်တစ်အုပ် မကြာမတင်ကပင် အနောက်တိုင်းမှာထွက်ခဲ့သည်ဟုဆိုသည်။ ရေးသူမှာလည်း မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးသော အနောက်တိုင်းရောက် စီးပွားရေးပါရဂူကြီးတစ်ဦးဟုဆိုသည်။ ယင်းစာအုပ်ထဲတွင် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော မြန်မာတိုင်းရင်းသားတို့၏ စရိုက်လက္ခဏာများကို ထည့်သွင်းရေးသားထားကြောင်း သိရှိရသည်။

ယင်းသို့ရေးသားရာတွင် ပါရဂူကြီးက မြန်မာတိုင်းရင်းသားအများစုအပေါ် ဗုဒ္ဓဘာသာ၏ သြဇာလွှမ်းမိုးမှု အရှိန်အ၀ါကြီးမား ပုံကို ဖော်ပြထားသည်။ ဗုဒ္ဓဘာသာသည် မြန်မာတိုင်းရင်းသားတို့၏ ခေတ်နှင့် အညီ တိုးတက်ထွန်းကားရေး လမ်းကြောင်း ပေါ်တွင် အတားအဆီးတစ်ရပ်အနေနှင့် ရှိခဲ့သည်ဟု သဘောသက်ရောက်သော ကောက်ချက်ချမှုများလည်း ပါဝင်ခဲ့သည် ဟုဆိုသည်။


မိတ်ဆွေက ယင်းစီးပွားရေးပါရဂူကြီး၏ အဆိုအမိန့်သည် ယုတ္တိတန်ကြောင်း၊ သူ့အနေနှင့်လည်း ယင်းသို့ပင်ခံစားမိ သည်မှာ ကြာပြီဖြစ်ကြောင်းပြောသည်။ သူကိုယ်တိုင်ပင် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သော်ငြားလည်း၊ အထက်ကဆိုသလိုပင် ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားတို့ကို ကမ္ဘာနှင့် ရင်ပေါင် မတန်းစေနိုင်သည့် အကန့်အသတ်တစ်ခု များ ဖြစ်နေမလားဟု တွေးမိသည်ဟုဆိုသည်။ ခေတ်ပညာတတ် ဗုဒ္ဓဘာသာဝင် မြန်မာလူငယ်အချို့မှာလည်း သူ့လိုပင် ထင်မြင်ယူဆသည်ကိုတွေ့ရကြောင်းပြောသည်။


အမှန်ကား ယခုကဲ့သို့ဗုဒ္ဓဘာသာအပေါ် တွေဝေလာကြခြင်းသည် ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင် ဆိုသောဝေါဟာရနှစ်ခု အကြားခြားနားသော အဓိပ္ပာယ်သက်ရောက်မှု ရှိကြောင်းကို မစဉ်းစားမိ၍သာဖြစ်ပေသည်။ အနောက်တိုင်းရောက် စီးပွားရေးပါရဂူကြီးအပါအ၀င် ဗုဒ္ဓဘာသာ၏ သြဇာလွှမ်းမိုးမှုအပေါ် သံသယ၀င်လာသော ခေတ်ပညာတတ် မြန်မာလူငယ် များအနေနှင့် ယင်းဝေါဟာရနှစ်ခု၏ အဓိပ္ပာယ်နှင့် အနှစ်သာရကို သဘောပေါက်ရန် အထူးလိုအပ်လှပေသည်။ သို့ဖြစ်၍ ဤဆောင်းပါးတွင် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်ဆိုသော ဝေါဟာရနှစ်ခုအကြား ခြားနားသော အနက်အဓိပ္ပာယ်ဆောင်ပုံ ကို အကျဉ်းချုံးတင်ပြသွားပါမည်။


ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း။ ဤဝေါဟာရနှင့် ပတ်သက်၍နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)က လူသေလူဖြစ် ၀ါဒနုဝါဒ ၀ိနိစ္ဆယဆုံးဖြတ်ချက်တွင်.....ဘာသာဟူသော စကားလုံးသည် ပါဠိစကားမှဆင်းသက်လာသည်။ ဘာသိယတေကတိယတေတိ ဘာသာ၊ ဗုဒ္ဓဿ ဘာသာ ဗုဒ္ဓဘာသာ = ဗုဒ္ဓရှင်တော်မြတ် ဟောပြောတော် မူအပ်သော ကြောင့် ဗုဒ္ဓ၏အဆုံးအမဟူသမျှ၊ စကားတော်ဟူသမျှသည် ဗုဒ္ဓဘာသာမည်၏။ ယင်းကို အင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha's Teaching ဟုခေါ်ဆို ရသည်။ ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားတို့အလယ်တွင် ဗုဒ္ဓဘာသာဟု ဆိုလိုက် သည်နှင့် တစ်ပြိုင်နက် ဗုဒ္ဓရှင်တော် မြတ်၏အဆုံးအမ တရားစကား၊ ဗုဒ္ဓသာသနာဟူသော အနက်အဓိပ္ပာယ်ကို ယခုအခါ၌ တစ်ချက်တည်း နားလည်သွား၏ ဟုအဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ သို့ဖြစ်ရာ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က ဟောကြားခဲ့သော အဆုံးအမစကားအားလုံးကို ဗုဒ္ဓဘာသာဟု ခေါ်ဆိုနိုင်လေသည်။


ဗုဒ္ဓဘာသာ၏ အနက်အဓိပ္ပာယ်ကို သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင်ဆိုသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကိုလည်း နားလည်ရန်လိုအပ်လှပေသည်။ တစ်ချိန်ကဆိုလျှင် စာရေးသူကိုယ်တိုင်ပင် ဗုဒ္ဓဘာသာဝင်ဟူ သောဝေါဟာရ၏ အနက်ကို လွဲမှားစွာဖွင့်ဆိုခဲ့ဖူးပါသည်။ သို့ရာတွင် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၃)၏ ကြောင်းပန်းတောရ၀ါဒ၀ိနိစ္ဆယ ကျမ်းကို ဖတ်ပြီးသောအခါ ဗုဒ္ဓဘာသာဝင်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ကို အောက်ပါအတိုင်း သဘောပေါက်ခဲ့သည်။


ဗုဒ္ဓဘာသာဝင် (Buddhist) ဟူသောဝေါဟာရနှင့် ထပ်တူညီသော ပိဋကတ်စာပေ အသုံးအနှုန်းမှာ ဥပါသကဆိုသော ဝေါဟာရပင်ဖြစ် သည်။ ဥပါသက၏ အဓိပ္ပာယ်မှာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူပင်ဖြစ်၏။ ဗုဒ္ဓဘာသာဝင်သမိုင်းတွင်ကား တပုဿနှင့် ဘœdကညီနောင်နှစ်ဦးမှာ ရှေးဦးပထမ ဥပါသကများပင်ဖြစ်သည်။ သူတို့ ဗုဒ္ဓမြတ်စွာကို ဖူးတွေ့စဉ်အခါ သံဃာဟူ၍မရှိသေးသဖြင့် ဗုဒ္ဓနှင့်ဓမ္မကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏။ လျှောက်ထားပြီး ရတနာနှစ်ပါးအပေါ် ဒွေဂါစိကသရဏဂုံဆောက်တည်ခဲ့ကြရသည်။ နောက်ပိုင်းဗုဒ္ဓ၏နောက်လိုက် သံဃိကအစည်းအရုံး ပေါ်ပေါက်လာ ချိန်တွင်ကား ဗုဒ္ဓ၊ဓမ္မနှင့် သံဃာဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏ဟု စိတ်တွင် ညွှတ် ကျိုး ခြင်းအားဖြင့် သရဏဂုံဆောက်တည်ပြီးသူကို ဗုဒ္ဓဘာသာဝင်ဟု သမုတိသဘောအရ ခေါ်ဝေါ် ပညတ်နိုင် ပေသည်။


အဌအထာ ဆရာများအလိုအရကား လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံ ဟူ၍ထပ်မံခွဲခြားနိုင်သည်။ လောကုတ္တရာသရဏဂုံဆိုသည်မှာ သောတာပန်အစရှိသော အရိယာသူတော်စင်ကြီးများ၏ ရတနာမြတ်သုံးပါးအပေါ် မမှိတ်မသုန်ယုံကြည် ကိုးကွယ်ခြင်းပင်ဖြစ်သည်။ လောကုတ္တရာသရဏဂုံတည်ပြီးသူတစ်ဦးအဖို့ ဗုဒ္ဓဘာသာဝင်အဖြစ်မှ မည်သည့်အခါမျှ မဆုံးရှုံးနိုင်တော့ချေ။ လောကီသရဏဂုံ တည်သူမှာကား အခြားဘာသာဝင်အဖြစ် ခံယူသွားလျှင်ဖြစ်စေ၊ ဘ၀တစ်ပါးသို့ ကူးပြောင်းသွားလျှင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဆုံးရှုံးသွားနိုင်ပေသည်။ လောကီသရဏဂုံတည်သူကိုလည်း-
(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ် လှူဒါန်းခြင်းဖြင့် ဆည်းကပ်သူ၊ (၂) ရတနာသုံးပါးသည်သာ မှီခိုလဲလျောင်း ရာဟု ယုံကြည်အားကိုးခြင်းဖြင့် ဆည်းကပ်သူ၊(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ။(၄) ရတနာ သုံးပါးကို ဆွေမျိုးတော်၍ သော်လည်းကောင်း၊ ကြောက်၍သော်လည်းကောင်း၊ လောကီအကျိုးစီးပွားအတွက် နည်းပေး လမ်းပြ ဆရာသမားတော်ခဲ့ဖူး၍ သော်လည်းကောင်း ရိုသေရှိခိုးခြင်းမျိုးမဟုတ်ဘဲ လောက၌အမြတ်ဆုံးဟုသဘောပိုက်ကာ ရိုသေမြတ်နိုး၍ ရှိခိုးခြင်းဖြင့် ဆည်းကပ်သူဟူ၍ လေးမျိုးလေးစားခွဲခြားပြခဲ့သည်။


ထို့ကြောင့် ဗုဒ္ဓဟောကြားသောတရား အဆုံးအမဒေသနာတော်တို့နှင့်အညီ လိုက်နာကျင့်သုံးခြင်းမရှိသေးသော်လည်း ရတနာမြတ်သုံးပါးကို လောကတွင် အမြတ်ဆုံးကိုးကွယ်ရာဟု ယုံကြည်ကိုးစားသောစိတ်ဖြစ်ပေါ်ခဲ့လျှင်ပင် ယင်းပုဂ္ဂိုလ် သည် လောကီသရဏဂုံ တည်သွားပြီဖြစ်၍ သမုတိသစ္စာ သဘောအရ ဗုဒ္စဘာသာဝင်တစ်ဦးဟု ခေါ်ဝေါ်ပညတ်ခြင်း ခံထိုက်သွားပြီဖြစ်သည်။


ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကပင် ယင်းသို့သော ပုဂ္ဂိုလ်မျိုးများရှိခဲ့ဖူးသည်။ ဗုဒ္ဓ၏ လမ်းညွှန်အဆုံးအမနှင့်အညီ လိုက်နာ ကျင့်သုံးနေသော ဗုဒ္ဓဘာသာဝင်များနှင့် အမည်ခံဗုဒ္ဓဘာသာဝင်တို့အကြား အနှစ်သာရချင်း ကွာခြားမှု ကိုသိမြင် သော ဗုဒ္ဓမြတ်စွာက သူ၏ဥပါသက(၀ါ) ဗုဒ္ဓဘာသာဝင်များကို ဒွန်းစဏ္ဍားနှင့်တူသောဥပါသက(အောက်တန်းစား ဗုဒ္ဓဘာသာ ၀င်)နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါသက(အထက်တန်းစား ဗုဒ္ဓဘာသာဝင်)များဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သည်။


ဗုဒ္ဓမြတ်စွာက အောက်ပါအင်္ဂါရပ်များနှင့် ပြည့်စုံသူတို့ကို ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကများအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။
(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း၊(၂) သီလမလုံခြုံခြင်း၊(၃) အကြား၊အမြင် စသောလောကီမင်္ဂလာ ကိုပြုလုပ်လေ့ရှိခြင်း၊ (၄)အကြား၊အမြင် စသောလောကီမင်္ဂလာကိုယုံ၍ ကံကိုမယုံခြင်း၊ (၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်။


ခြုံငုံသုံးသပ်ပြရလျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်းစား ဗုဒ္ဓဘာသာဝင်)များသည် ရတနာမြတ်သုံးပါး အပေါ် အသိဥာဏ်ပညာနှင့် ယှဉ်သော ကြည်ညိုသဒ္ဓါစိတ်ခေါင်းပါးရကား ဗုဒ္ဓ၏လမ်းညွှန်အဆုံးအမများအပေါ် ယုံယုံ ကြည်ကြည် လိုက်နာလေ့မရှိပေ။ ထို့ကြောင့် ကိုယ်ကျင့်သီလဆိုင်ရာ ဗုဒ္ဓ၏လမ်းညွှန်ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်းချိုးဖောက်လေ့ရှိသည်။ မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ဒေသနာတော်ကိုကျောခိုင်းပြီး ဖြတ်လမ်းမှ ကြီးပွားမည့်နည်းကိုရှာလေ့ရှိသည်။ ကြားရသောအသံ၊ မြင်ရသောအဆင်း သဏ္ဍာန်တို့ကိုစွဲ၍ အတိတ် နမိတ်ကောက်ယူလေ့ရှိသော မင်္ဂလာအယူအဆများကို ယုံကြည်စွဲလမ်းသည်။


ဗေဒင်၊ယတြာ၊ဓာတ်ဆင်၊ဓာတ်ရိုက်၊အင်္ဂ၀ိဇ္ဇာ၊အတိတ် တဘောင်စသည်များကို အားကိုးသည်။ မိမိစေတနာမှ ပေါက်ဖွား လာသော ကံ၏အကျိုးပေးမှုကို မယုံကြည်ချေ။ မကောင်းစေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည်။ ဤတွင် စစ်မှန်သောဗုဒ္ဓသာသနာတော်မှ သွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည် ဆိုသူများကို အားကိုး တကြီးတွယ်ကပ် ပူဇော်ကြသည်။ သူရဿတီ၊လက်ချမီး၊စန္ဒီ၊ကွမ်ယင် စသည့် သာသာနာပမယ်တော် များ၊ မဟိန္ဒရာ သူတော်စင်၊ ဆိုင်းဘာဘာစသော ဖကီးကြီးများ၊ဆာဒူးကြီးများ၊ ယက္ကန်းစင်တောင်၊ရှင်မထီး၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် စသော ၀ိဇ္ဇာဓိုရ်များ၊ စစ်မှန်သော ဗုဒ္ဓဘာသာအလိုအရ နတ်စာရင်းမ၀င်သော သုံးဆယ့်ခုနှစ်မင်းနတ်များ၊ ဗေဒင်ဟူးရား အခါပေးပညာရှင်ဆိုသူများအား ဆည်းကပ် လေ့ရှိကြသည်။ ဗုဒ္ဓကိုယ်တော်တိုင်ဟောကြားခဲ့သည့် သုံးဆယ့်ရှစ်ဖြာသော မင်္ဂလာတရားတော်နှင့်အညီ လိုက်နာနေထိုင်ကျင့်ကြံ ရန်ကား စိတ်ကူးထဲပင် မထည့်ကြပေ။
ဗုဒ္ဓမြတ်စွာသည် အောက်ပါအင်္ဂါရပ်များနှင့် ပြည့်စုံသူများကိုမူ 'ပဒုမ္မာကြာ' နှင့်တူသည့် ဥပါသကများအဖြစ် သတ်မှတ်တော်မူခဲ့သည်။


(၁) ရတနာသုံးပါးကို မမှိတ်မသုန်ကြည်ညိုခြင်း၊ (၂) သီလလုံခြုံခြင်း၊(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း၊(၄) အကြား၊အမြင် စသောလောကီမင်္ဂလာကိုမယုံဘဲ ကံကိုသာယုံခြင်း၊(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင်ဖြစ်သည်။


ပုဒုမ္မာကြာနှင့်တူသော ဥပါသကများသည် ရတနာမြတ်သုံးပါးအပေါ် အသိဥာဏ်ပညာနှင့်ယှဉ်လျက် မမှိတ်မသုန် ကြည်ညိုသောကြောင့် ဗုဒ္ဓ၏ အဆုံးအမစကားတော်နှင့်အညီ လိုက်နာကျင့်သုံး နေထိုင်လေ့ရှိကြသည်။
ထို့ကြောင့် ကိုယ်ကျင့်သီလမြဲမြံသည်။ မိမိဘ၀ ကြီးပွားတိုးတက်ရေးအတွက် မိမိကိုယ်ပိုင် ကံ၊ဥာဏ်၊၀ီရိယမှတစ်ပါး အခြားအားကိုးရာ မရှာတော့ချေ။ မှန်စွာကြံ၊ မှန်စွာပြောပြီး၊မှန်စွာလုပ်ကိုင် ဆောင်ရွက်နေသူများဖြစ်ရကား မည်သူ့ ကိုမျှလည်း ထိတ်လန့်စိုးရွံ့နေမည် မဟုတ်ချေ။ ဖြတ်လမ်းလည်းမရှာ၊ ရှာစရာလည်းမလိုပေ။ဤသို့သော ပုဂ္ဂိုလ်မျိုးအဖို့ ပြဿဒါး၊ ရက်ရာဇာ၊ နဂါးဦးခေါင်းလှည့်စသည့် ကိစ္စများကို ထည့်စဉ်းစားနေစရာမလိုတော့ပေ။ အတိတ်နိမိတ်များ၊တဘောင်များ၊ ဗေဒင် ယတြာများ၊ အခါပေးပညာရှင်များ၊နတ်များ၊ ၀ိဇ္ဇာဓိုရ်များကိုလည်း အားကိုးခြင်း မရှိချေ။ သူ့အတွက် နေတိုင်းရက်ရာဇာပင် ဖြစ်တော့သည်။ ဗုဒ္ဓဟောကြားတော်မူခဲ့သော သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားနှင့် အညီ လိုက်နာကျင့်ကြံရင်း ဘ၀တက်လမ်းကို တစ်ဆင့်ချင်းမှန်မှန် လှမ်းနေသူပင်ဖြစ်သည်။ ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်နေသူဖြစ်၍ အခြားမည်သည့် အယူဝါဒ မတူသူက မည်သို့သောမြှောက်လုံး ခြောက်လုံးတို့နှင့် ဆွဲဆောင်စေကာမူ မမြောက်၊ မကြောက်တော့ဘဲ စစ်မှန်သော ဗုဒ္ဓ ဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန် မတုန်မလှုပ်နေထိုင် ကျင့်ကြံသွားသူများပင် ဖြစ်တော့သည်။


ဤမျှဆိုလျှင် ဗုဒ္ဓဘာသာဝင်ဟူ၍ သမုတိသစ္စာသဘောအရ အမည်သညာ ပညတ်နိုင်သော်ငြားလည်း အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အောက်တန်းစားဗုဒ္ဓဘာသာဝင်ဟူ၍ ဗုဒ္ဓကိုယ်တော်တိုင်က ခွဲခြားသတ်မှတ်ထားခဲ့ကြောင်း စာရှုသူတို့ သဘောပေါက်လောက်ပေပြီ။


သို့ဖြစ်ရာ ပဒုမ္မာကြာနှင့်တူသော ဥပါသကဆိုသည့် အထက်တန်းစားဗုဒ္ဓဘာသာဝင်များရော ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကဆိုသည့် အောက်တန်းစား ဗုဒ္ဓဘာသာဝင်များပါ ရောနှောပါဝင်နေသူအားလုံး၏ အကျင့်စရိုက်လက္ခဏာတို့ကို ခြုံငုံအကဲခတ်ပြီး ဗုဒ္ဓဘာသာအပေါ် တန်ဖိုးဖြတ်၍မရစကောင်းပေ။


ဗုဒ္ဓဘာသာအဆုံးအမနှင့် အညီ လိုက်နာကျင့်ကြံအားထုတ်သူတိုင်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပေသည်။ သို့သော် ဗုဒ္ဓဘာသာ ၀င် အဖြစ် 'သမုတိသဘောအရ ပညတ်ခေါ်ဝေါ်ခြင်းကိ'ု ခံယူထားသူတိုင်းသည် ဗုဒ္ဓသာသာ အဆုံးအမနှင့်အညီ လိုက်နာ ကျင့်ကြံ အားထုတ်နေသူများ မဟုတ်ကြချေ။ ထို့ကြောင့် အောက်တန်းစား ဗုဒ္ဓဘာသာဝင်များ၏ ကြံစည်၊ ပြောဆို၊ပြုမူလုပ် ဆောင်မှုတို့ကြောင့် ဖြစ်ထွန်းလာသည့် ရလဒ်အချို့ကို ကြည့်ပြီး ဗုဒ္ဓဘာသာအပေါ် အပြစ်ပုံချကြမည်ဆိုပါက ခွင့်လွှတ် နိုင်ဖွယ် မရှိသောအမှားတစ်ရပ်ကို ကျူးလွန်လိုက်ရာ ရောက်ပေလိမ့်မည်။


တစ်ဆက်တည်း တိုက်တွန်းလိုသည်ကား ယခုအခါ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများအနေနှင့် မိမိကိုယ်မိမိတို့ အထက်တန်းစားဗုဒ္ဓဘာသာဝင်များလော၊ အောက်တန်းစား ဗုဒ္ဓဘာသာဝင်များလောဆိုသည်ကို ပြန်လည်ဆန်းစစ် ကြည့်ကြရန်ပင် ဖြစ်သည်။


မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူငယ်များအနေနှင့်လည်း မိမိတို့ကိုယ်ကို အထက်တန်းစား ဗုဒ္ဓဘာသာဝင်များ ဖြစ်လာအောင် ဦးတည်ကြိုးပမ်းသွားဖို့ အထူးလိုအပ်လှပေသည်။ အောက်တန်းစား ဗုဒ္ဓဘာသာဝင်များ ယုတ်လျှော့သွားပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်များတိုးပွားလာသည်နှင့်အမျှ ဗုဒ္ဓဘာသာသည် မြန်မာ့လူ့ဘောင်၏ တိုးတက်ရာလမ်း ကြောင်းပေါ်တွင် အဟန့်အတား မဟုတ်သည့်အပြင် ရှေ့ဆောင်လမ်းပြ မီးရှူးတန်ဆောင် တစ်ခုပင်ဖြစ်ကြောင်း နားလည် သဘောပေါက်လာကြမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်ပေတော့သည်။

ဝင်းသိန်းဦး
(၂၄-၁၂-၉၂)
ဓမ္မရံသီ၊ ၁၉၉၃ခုနှစ်၊ ဧပြီလ။

Wednesday, July 22, 2009

What is buddhism?

ထေရ၀ါဒဆိုသည်မှာ
မြန်မာတိုင်းရင်းသားအများစုသည် မိမိတို့ကိုယ်ကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအဖြစ် ခံယူထားကြပေးသည်။ထို့ကြောင့် ထေရ၀ါဒဆိုသော ဝေါဟာရသည် မြန်မာတို့နားတွင် မစိမ်းတော့ချေ။ သို့ရာတွင် 'ထေရ၀ါဒဆိုတာဘာလဲ၊ ဘာကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာလို့ ၀ိသေသပြုပြီးခေါ်ဆိုရပါသလဲ'ဟု မေးခွန်းထုတ်ကြည့်လျှင်ကား ဂဃနဏရေရေရာရာ အဖြေပေးနိုင်သူဦးရေ နည်းပါးလှသေးကြောင်း တွေ့ပေလိမ့်မည်။


အချို့က"ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ ငါတို့မြန်မာ၊ သီရိလင်္ကာ၊ထိုင်း၊ကမ်ပူးချား၊လာအိုစတဲ့ တောင်ဘက်ခြမ်းနိုင်ငံတွေက ကိုးကွယ်တဲ့ တောင်ပိုင်းဗုဒ္ဓဘာသာပဲကွ။ တရုတ်၊ဂျပန်၊နီပေါလ်၊တိဗက်၊ကိုရီးယား၊ဗီယက်နမ်၊ ဘူတန်၊ရုရှားစတဲ့ မြောက် ဘက်ခြမ်းနိုင်ငံတွေက ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုတော့ မြောက်ပိုင်းဗုဒ္ဓဘာသာလို့ ခေါ်တယ်ကွ"ဟု ပထ၀ီအနေအထား ပိုင်းခြား၍ အဖြေပေးကြသည်။

အချို့ကမူ ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ 'ဟီနယာနဗုဒ္ဓဘာသာကိုပြောတာကွ၊ ဗုဒ္ဓဘာသာမှာ ကြီးကျယ်မြင့်မြတ်တဲ့လမ်း စဉ်လို့ အဓိပ္ပာယ်ရတဲ့ မဟာယာနဗုဒ္ဓဘာသာနဲ့ နိမ့်ကျတဲ့လမ်းစဉ်လို့ အဓိပ္ပာယ်ရတဲ့ ဟီနယာနဗုဒ္ဓဘာသာလို့ နှစ်မျိုး ရှိတယ်။ ငါတို့မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကတော့ ဟီနယာနဗုဒ္ဓဘာသာ (ခေါ်) ထေရ၀ါဒဗုဒ္ဓဘာသာပေါ့ကွ' ဟုဆို သူကဆိုသည်။

ဤအဖြေစကားများသည် လက်ခံကျေနပ်ဖွယ်ရာ အကြောင်းမရှိချေ။ မည်သည့်ဘာသာအယူဝါဒကို ယုံကြည်သက်ဝင်သူ မဆို မိမိယုံကြည်သက်ဝင်ရာ အယူဝါဒကို အဘယ့်ကြောင့် ဤသို့အမည်သညာသတ်မှတ်ရသည်ဆိုခြင်းနှင့် ယင်းအယူဝါဒ ၏သဘော အနှစ်သာရ အကျဉ်းချုပ်လောက်တော့ ရေရေရာရာ သိရှိထားသင့်ပေသည်။ ထိုသို့ မဟုတ်ပါက မိမိယုံကြည် သက်ဝင်ရာ ဘာသာအယူဝါဒဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ယင်းဘာသာအယူဝါဒလာ အဆိုအမိန့်များနှင့် ကိုက်ညီခြင်းရှိ-မရှိ မည်သို့နှိုင်းချိန်နိုင်ပါမည်နည်း။

ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဆိုသူများ အနေနှင့်လည်း မိမိတို့၏ ဘာသာရေးဆိုင်ရာ လုပ်ရပ်များသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ကိုက်ညီနေပါ၏လော၊ သို့တည်းမဟုတ် သွေဖည်လမ်းချော်နေပြီလော ဆိုခြင်းကို နှိုင်းဆချိန်ထိုးနိုင်ရန်အလို့ငှာ ထေရ၀ါဒ ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ဝိသေသနှင့် အနှစ်သာရအကျဉ်းချုပ်မျှကို တင်ပြသွားပါမည်။
ထေရ၀ါဒဆိုရာတွင် 'ထေရ'ဟူသော ပါဠိဝေါဟာရကို'ထေရ်၊ မထေရ်'ဟူ၍ ပြန်ဆိုကြ၏။ မထေရ်ဟူသည်မှာ အနည်းဆုံး ဆယ်ဝါရပြီးသော ရဟန်းတော်ကိုဆိုလိုပေသည်။ ထေရ်ကြီးဝါကြီးဟုဆိုလျှင် ၀ါတော်သိက္ခာတော် ကြီးရင့်သည့် ရဟန်း တော်ကြီးများကို ဆိုလိုခြင်းဖြစ်ပေသည်။

'၀ါဒ'ဆိုသည်မှာကား အယူအဆ၊ခံယူချက်ကို ဆိုလိုသည်။

ထို့ကြောင့် 'ထေရ၀ါဒ'ဆိုသည်မှာ သီလ၊သမာဓိ၊ပညာနှင့် ပြည့်စုံတော်မူသည့် ၀ါတော်သိက္ခာတော် ကြီးရင့်သော ရဟန်းသံဃာတော်များ၏ အယူအဆ၊ ခံယူချက်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။

သို့သော် ဤမျှဖြင့် ပြည့်စုံသောအဖြေကို မရနိုင်သေးချေ။ အဘယ်ကြောင့် ၀ါတော်၊သိက္ခာတော်ကြီးရင့်သော ရဟန်း တော်ကြီးများ၏ အယူအဆ၊ ခံယူချက်ဟု ဆိုရပါသနည်း။ ၀ါတော်သိက္ခာတော် မကြီးရင့်သော ရဟန်းများ၏ အယူအဆ၊ ခံယူချက်ကော ရှိနေပါသေးသလော ဟုထပ်ဆင့်မေးဖွယ်ရာ ရှိပေသည်။ဤမေးခွန်းကို ဗုဒ္ဓသာသနာတော် သမိုင်းကြောင်း အကျဉ်းနှင့် ဆက်စပ်တင်ပြဖြေဆိုမှသာ ပြေလည်နိုင်မည် ဖြစ်သည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မပြုမီကပင် သံဃာတော်များအတွင်း၌ 'ဆွမ်းဆန်ထဲကြက်ချေးရော'ဆိုသကဲ့သို့ ဗုဒ္ဓချမှတ်ထားည့် ၀ိနည်းသိက္ခာပုဒ် အချို့ကို ကျူးလွန်ဖောက်ဖျက်လိုသည့် ရဟန်းဆိုးများရှိခဲ့သည်။ ဗုဒ္ဓဘုရားရှင်ကို မလွန်ဆန်ဝံ့၍သာ နေခဲ့ရသည်။ ဗုဒ္ဓ၏ ၀ိနည်းသိက္ခာပုဒ် များသည် မလိုအပ်ဘဲတင်းကြပ်လှသည်ဟု ယူဆကာ မကျေမချမ်းဖြစ်နေခဲ့ကြသည်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သည်နှင့် ထိုအုပ်စု ခေါင်းထောင်လာခဲ့ကြသည်။

"ရဟန်းကြီးဂေါတမသည် ငါတို့ကိုအရာရာတွင် ချုပ်ချယ်ခဲ့၏။ ယခုမူကား ငါတို့ပြုလိုရာ ပြုကြကုန်အံ့၊ မပြုချင်သည်ကို မပြုဘဲနေကြကုန်အံ့"ဟု ထုတ်ဖော်တိုင်ပင် လာကြတော့သည်။

ဤသည်ကို အရှင်မဟာကဿပ မထေရ်ကြီး အမှူးပြုသောရဟန္တာမထေရ်မြတ်ကြီးများ ကြားသိလေသော် အနာဂတ် သာသနာတော်အရေးအတွက် ရတက်မအေးဖြစ်ကြရသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏ ဓမ္မဒေသနာတော်တို့ကို အကျင့် ပျက်ရဟန်းများ ပြင်ဆင်၊ ဖျက်သိမ်း၊အစားထိုးခြင်းမပြုစေဘဲ မူလအတိုင်းစနစ်တကျ တည်ရှိနေစေရေးအတွက် အများ သဘောတူ ညှိနှိုင်းစိစစ်တည်းဖြတ်၍ တညီတညွတ်တည်း ရွတ်ဆိုအတည်ပြုကြရန်(သင်္ဂါယနာ တင်ကြရန်) ဆုံးဖြတ် ကြသည်။

ထို့နောက် သာသနာသက္ကရာဇ် ၁ခုနှစ် (ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် တစ်နှစ်အတွင်း)တွင် အရှင်မဟာကဿပ၊ အရှင်ဥပါလိ နှင့် အရှင်အာနန္ဒာအမှူးပြုသော ၀ါတော်သိက္ခာတော် အကြီးရင့်ဆုံး ရဟန္တာမထေရ်မြတ်ကြီး ငါးရာတို့သည် ဘုရင် အဇာတသတ် ၏ အထောက်အပံ့ဖြင့် ရာဇဂြိုလ်ပြည်၌ ပထမအကြိမ် သင်္ဂါယနာတင်ရာတွင် ဗုဒ္ဓမြတ်စွာ၏ ဓမ္မဒေသနာ တော်တို့ အနက်မှ ပုဂ္ဂိုလ်အားလျော်စွာ ဟောကြားခဲ့သော နှုတ်ကပါဌ်တော်တို့ကို သုတ္တန်ပိဋကတ် အဖြစ်လည်းကောင်း၊ သံဃိက အစည်းအရုံးဆိုင်ရာကျင့်ဝတ် စည်းကမ်းဥပဒေများကို ၀ိနည်းပိဋကတ်အဖြစ်လည်းကောင်း၊ နက်နဲသော သီဝရီ သဘောတရားများကို အဘိဓမ္မာပိဋကတ်အဖြစ်လည်းကောင်း စနစ်တကျစီစဉ်ပိုင်းခြား သတ်မှတ်ခဲ့ကြသည်။ ပမာဆိုရသော် ဗုဒ္ဓမြတ်စွာ၏ ဓမ္မဒေသနာပန်းပုံကြီးကို ပထမသင်္ဂါယနာတင် မထေရ်မြတ်ကြီးတို့က ပိဋကတ်သုံးပုံအဖြစ် အစီအစဉ်တကျ သီကုံးပေးလိုက်ခြင်းပင်ဖြစ်ပေသည်။

ပထမသင်္ဂါယနာတင် ရဟန္တာမထေရ်မြတ်ကြီးများသည် သံဃာတော်များအနေဖြင့် ဗုဒ္ဓမြတ်စွာ မူလကပညတ်ခဲ့သည်တို့ကို အသစ်တိုးချဲ့ဖြည့်စွက်ခြင်းမပြုရန်၊ ဖြုတ်ပယ် ဖျက်သိမ်းခြင်းမပြုရန်နှင့် ပညတ်တော် သိက္ခာပုဒ် စည်းကမ်းဥပဒေများကို ရိုသေစွာလိုက်နာ ကျင့်သုံးသွားကြရန်လည်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပေသည်။ ဤသည်ကို အကျင့်ပျက် ရဟန်းများက မကျေနပ်ကြသော်လည်း ဓမ္မ၀ါဒီတို့အင်အားကောင်းနေချိန်ဖြစ်သဖြင့် အဓမ္မ၀ါဒီတို့ ခွန်းတုံ့မပြန်ဝံ့ခဲ့ကြပေ။

သို့သော် သာသနာတော် သက္ကရာဇ်(၁၀၀)ပြည့်နှစ် ခန့်တွင်ကား အကျင့်ပျက်ရဟန်းများ ခေါင်းထောင်လာကြပြန်သည်။ အားပေးချီးမြှောက်မည့် အဓမ္မ၀ါဒီ မင်းစိုးရာဇာများလည်း ပေါ်ပေါက်လာခဲ့သည်။ အဆိုပါအကျင့်ပျက်ရဟန်းများသည် ၀ိနည်းသိက္ခာပုဒ်များကို ၄င်းတို့အလိုကျ ပြင်ဆင်၊ ဖြည့်စွက်၊ ဖျက်သိမ်းခြင်းများ ပြုလာကြတော့သည်။

ထို့ကြောင့် ဓမ္မ၀ါဒီရဟန္တာမထေရ်မြတ်ကြီးများမှာ မနေသာတော့ဘဲ အကျင့်ပျက်ရဟန်းတို့၏ မှားယွင်းသောအယူအဆ၊ ဟောပြောလုပ်ဆောင်ချက်များကို ထောက်ပြခဲ့ကြသည်။ အဓမ္မ၀ါဒများကို ဖယ်ရှားသန့်စင်ကာ မြတ်ဗုဒ္ဓ၏စစ်မှန်သော ဓမ္မဒေသနာတော်များ ဆက်လက်တည်တံ့နေရန်အလို့ငှာ အရှင်မဟာယဿ အမှူးပြုသော ရဟန္တာမထေရ်မြတ် ၇၀၀တို့သည် သာသနာ သက္ကရာဇ်(၁၀၀)ပြည့်နှစ်တွင် ဝေသာလီပြည်၌ ကာလာသောက ဘုရင်၏ အထောက်အပံ့ဖြင့် ဒုတိယ သင်္ဂါယနာတင်ခဲ့ကြသည်။ ဒုတိယသင်္ဂါယနာတင် ရဟန္တာမထေရ်မြတ်ကြီးများသည် ပထမသင်္ဂါယနာတင် ရဟန္တာမထေရ်မြတ်ကြီးများ၏ အယူအဆနည်းတူ ဗုဒ္ဓဓမ္မဒေသနာတော်များကို မူလအတိုင်းဆက်လက်ခံယူ လိုက်နာကျင့်သုံးရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

ဤဆုံးဖြတ်ချက်ကို အကျင့်ပျက်ရဟန်းတို့က မနာခံကြသဖြင့် ၄င်းတို့အားသံဃာ့ကံပြုကာ ဗုဒ္ဓ၏ မူလသံဃိကအစည်းအရုံးမှ အပြီးအပိုင်ထုတ်ပယ်လိုက်တော့သည်။
ဤတွင် အဓမ္မ၀ါဒီ အကျင့်ပျက်ရဟန်းတို့ကလည်း သူတို့အား ထောက်ခံသူများပြားသည့် ကောသမ္ဗီပြည်တွင် သွားရောက်စုရုံးပြီး ဗုဒ္ဓဒေသနာတော်များအား သူတို့အလိုကျ ပြင်ဆင်၊ဖြည့်စွက်မှုများ ပြုကာ စင်ပြိုင်သင်္ဂါယနာ တင်ခဲ့ကြသည်။ သူတို့၏ သံဃာ့အစုအဝေးကိုလည်း ကြီးကျယ်မြင့်မြတ်သော သံဃိကအစည်းအရုံး(၀ါ) မဟာသံဃိကဂိုဏ်းဟု အမည်ပေးလိုက်ကြသည်။

ယင်းကာလမှစတင်၍ ဗုဒ္ဓဘုရားရှင်၏ မူလဓမ္မဒေသနာတော်တို့ကို ပြင်ဆင်၊ ဖြည့်စွက်၊ဖျက်ဆီးခြင်းအလျဉ်းမပြုဘဲ အတိအကျ လိုက်နာကြရမည်ဟူသော ရဟန္တာမထေရ်မြတ်ကြီးများ၏ အယူအဆအား ဆက်လက်ခံယူထားသည့် သံဃာ့အဖွဲ့အစည်းကို ထေရ၀ါဒဂိုဏ်းဟု လည်းကောင်း၊ အဓမ္မ၀ါဒီရဟန်းများ ဦးဆောင်သည့် သံဃာ့အဖွဲ့အစည်းကို မဟာသံဃိကဂိုဏ်း ဟူ၍လည်းကောင်း ခေါ်ဝေါ်လာခဲ့ကြသည်။

ဒုတိယသင်္ဂါယနာတင်ခေတ် နောက်ပိုင်းတွင် ထေရ၀ါဒဂိုဏ်းအတွင်းမှပင် မူလဗုဒ္ဓ၀ါဒမှ သွေဖည်လိုသည့်ရဟန်းများက ထပ်မံခွဲထွက်ခဲ့ကြပြန်ရာ ၀ဇ္ဇီပုတ္တာက၊ မဟိသာသက၊ သဗ္ဗတ္တိဝါဒ စသည့်ဂိုဏ်းခွဲ(၁၁)ခုပေါ်ပေါက်လာပြန်သည်။ မဟာသံဃိကဂိုဏ်းမှလည်း ဂိုဏ်းခွဲခြောက်ခု ထပ်မံကွဲသွားသည့်အပြင် သာသနာပတက္ကတွန်းများကလည်း ဗုဒ္ဓသာသနာအတွင်း ၀င်ရောက်ဂိုဏ်းထောင်ခဲ့ရာ အန္ဓက အစရှိသည့် ဂိုဏ်းခွဲကိုးခုပေါ်ပေါက်လာခဲ့ပေသည်။ ထေရ၀ါဒဂိုဏ်းမှအပ အခြားဂိုဏ်းခွဲများသည် သူတို့အလိုကျ သုတ္တန်အသစ်၊ ၀ိနည်းအသစ်၊ အဘိဓမ္မာအသစ်များ တီထွင်ရေးသား ဟောပြောလာခဲ့ကြသည်။

ယင်းတို့အနက် အချို့ဂိုဏ်းများသည် ဗြဟ္မဏ၀ါဒ၊ဂျိမ်းဝါဒ စသည့် သာသနာပအယူဝါဒများကို ဗုဒ္ဓ၀ါဒဆိုင်းဘုတ်အတွင်း ဆွဲသွင်းလာခဲ့ကြသည်။ ဂေါတမဗုဒ္ဓသည် ဗြဟ္မဏတို့ကိုးကွယ်ရာ ဖန်ဆင်းရှင်မဟာအတ္တကြီး၏ ကိုယ်ပွား၊ဗိဿနိုးနတ်မင်း ၏ လူဝင်စားတစ်ဦး ဖြစ်သည်ဟုဆိုသူကဆိုသည်။ 'ဗုဒ္ဓသည် လူသားကဖြစ်သော ဘုရားမဟုတ်၊ နဂိုကပင် ဘုရားဖြစ်နှင့်ပြီး သား ထာဝရဘုရားဖြစ်သည်၊ သတ္တ၀ါတို့ အကျိုးအတွက် သူ၏တန်ခိုး အာနုဘော်တို့ကို ဂါထာမန္တန်များထဲ၌ ထည့်သွင်း ထားခဲ့ရာ သူ၏ဂါထာမန္တန်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ဘေးရန်ကင်းမည်၊ စီးပွားတိုးတက်မည်၊ ဂုဏ်တက်မည်၊ နောက်ဆုံး နိဗ္ဗာန်မဂ်ဖိုလ်ကိုပင် လွယ်လွယ်နှင့် ရကြလိမ့်မည်' ဟူ၍ ပြောသူက ပြောလာကြသည်။

ဗုဒ္ဓ၀ါဒကို နာမ်ဝါဒဖြစ်သည်ဟူ၍ လည်းကောင်း၊ ရုပ်ဝါဒဖြစ်သည်ဟူ၍ လည်းကောင်းကိုယ်သန်ရာသန်ရာဆွဲ၍ အဓိပ္ပာယ် ဖွင့်ဆို လာကြသည်။

တစ်နေ့တခြားဆိုးရွားလာသည့် အဓမ္မ၀ါဒီရဟန်းပျက်များကို သာသနာတော်အတွင်းမှ သန့်စင်ပစ်ရန် လိုအပ်လာတော့သည်။ ထို့ကြောင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့် ပါဋလိပုတ်ပြည့်ရှင် အသောကမင်းကြီး တို့သည် ရဟန်းကောင်းနှင့် ရဟန်းပျက်တို့ကို ခွဲခြားစိစစ်ကာ ထေရ၀ါဒီ ရဟန္တာအရှင်မြတ် (၁၀၀၀)တို့ဖြင့် သာသနာ သက္ကရာဇ် ၂၃၅ခုနှစ်တွင် တတိယအကြိမ် သင်္ဂါယနာ တင်ခဲ့ကြသည်။ ဤတွင် ဘုရင့်အာဏာစက်ဖြင့် နှင်ထုတ်ခံရသော အဓမ္မ၀ါဒီရဟန်းပျက်များကလည်း အားကျမခံ နာလန္ဒမြို့၌စုရုံးကာ သူတို့၏အဓမ္မ၀ါဒကို တညီတညွတ်တည်းဖြစ်စေရန် ဒုတိယအကြိမ်မြောက် စင်ပြိုင်သင်္ဂါယနာ တင်ခဲ့ကြလေသည်။

မဇ္ဈိမဒေသတွင် မြတ်ဗုဒ္ဓ၏မူလသာသနာ အဓွန့်ရှည်ရန် မလွယ်ကူတော့ကြောင်း ရိပ်စားမိလာသည့် ထေရ၀ါဒီရဟန်းတော် မထေရ်မြတ်များသည် မြန်မာ၊သီရိလင်္ကာအစရှိသော ကိုးတိုင်း၊ကိုးဌာနသို့ သာသနာပြုရဟန်းတော်များ စေလွှတ်ခဲ့သည်။ ယင်းသာသနာပြု ရဟန်းတော်များ၏ ကျေးဇူးဖြင့် သုဝဏ္ဏဘုမ္မိမှတဆင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံတစ်ဝန်း ထေရ၀ါဒဗုဒ္ဓသာ သနာတော် ပြန့်ပွားထွန်းကားလာခဲ့ခြင်းပင်ဖြစ်သည်။

ဤနေရာတွင် အလျဉ်းသင့်၍ ဖော်ပြလိုသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာသည် ဟီနယာနဗုဒ္ဓဘာသာ မဟုတ်ခြင်း ပင်ဖြစ် သည်။ မဟာယာန (မဟာ=မြတ်သော+ယာန=ယာဉ်)၊ ဟီနယာန= (ဟီန=နိမ့်ကျသော+ ယာန=ယဉ်) ဟူ၍ခွဲခြား သောအယူအဆသည် မူလပင်မ ဗုဒ္ဓဘာသာဖြစ်သည့် ထေရ၀ါဒဂိုဏ်းမှ ထုတ်ပယ်ခြင်းခံရသော မဟာသံဃိက၊ အန္ဓက၊၀ဇ္ဇီပုတ္တက၊ မဟိသာသက၊ သဗ္ဗတ္တိဝါဒ စသည့် ဂိုဏ်းခွဲများအကြား အယူဝါဒ ရေးရာငြင်းခုံမှုမှ ပေါ်ပေါက်လာခြင်း သာဖြစ်သည်။

မဟာယာနတို့က မိမိတို့ကိုယ်ကို ဘုရားအလောင်းတော် ဗောဓိသတ္တများအဖြစ်ခံယူကြ၏။ သံသရာတစ်လျှောက်လုံး ပါရမီဖြည့်ကျင့်ကာ ဘုရားအဖြစ်နှင့် ဝေနေယျသတ္တ၀ါအပေါင်းကို ကယ်တင်ချွေချွတ်ပြီးမှ နိဗ္ဗာန်သို့ စံဝင်ကြရမည် ဟုဆိုသည်။ သူတို့၏ ကြီးကျယ်မြင့်မြတ်သော ဘုရားအလောင်းလမ်းစဉ်ကို လက်မခံသည့် သဗ္ဗတ္တိဝါဒဂိုဏ်းသားများ၊ သတ္တန္တိဂိုဏ်းသားများနှင့် ၀ိဉာဏဂိုဏ်းသားအချို့အား နိမ့်ကျသော သာဝကလမ်းစဉ်လိုက်သည့် ဟီနယာနဂိုဏ်းသားများ ဟု ခေါ်ဝေါ်ပညတ်ရာမှ ဤအသုံးအနှုန်း တွင်ကျယ်လာခဲ့ခြင်းဖြစ်သည်။

မဟာယာနနှင့် ဟီနယာနတို့ ဂိုဏ်းကွဲချိန်တွင် အိန္ဒိယနိုင်ငံ၌ ထေရ၀ါဒဗုဒ္ဓဘာသာ ကွယ်ပျောက်သွားခဲ့ပြီးဖြစ်ရာ မဟာယာန၊ ဟီနယာနဆိုသည့် အသုံးအနှုန်းများသည် ထေရ၀ါဒနှင့် မည်သို့မျှမသက်ဆိုင်ချေ။

ထေရ၀ါဒဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံတွင် ကွယ်ပျောက်သွားခဲ့သော်လည်း မြန်မာ၊သီရိလင်္ကာ၊ထိုင်း၊ကမ်ပူးချား၊ လာအိုး စသည့် နိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည်။ သာသနာ သက္ကရာဇ်(၄၅၀)တွင် သီရိလင်္ကာနိုင်ငံ၌ စတုတ္ထသင်္ဂါယနာတင်ခဲ့ရာ ပိဋကတ်သုံးပုံအား ပေထက်အက္ခရာတင်ခဲ့သည်။
သာသနာသက္ကရာဇ်(၂၄၀၀)တွင် မြန်မာနိုင်ငံ မန္တလေးရတနာပုံနေပြည် တော်၌ ပဉ္စမသင်္ဂါယနာတင်ခဲ့ရာ ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ခဲ့ပြီး သာသနာသက္ကရာဇ်(၂၅၀၀)တွင် ရန်ကုန်မြို့၌ ဆဌသင်္ဂါယနာတင်ကာ ပိဋကတ်သုံးပုံကို ပုံနှိပ်ကျမ်းစာအုပ်များအဖြစ် ထုတ်ဝေနိုင်ခဲ့သည်။

ထေရ၀ါဒမဟုတ်သည့် အခြားဂိုဏ်းခွဲများမှာကား သာသနာ သက္ကရာဇ်(၆၀၀)ပြည့်နှစ်တွင် ကက်ရှမီးယားဒေသ၌ တတိယနှင့် နောက်ဆုံးအကြိမ်အဖြစ် သင်္ဂါယနာတင်ခဲ့ကြသေးသည်။ ယင်းနောက်တွင်ကား မဟာယာန၊ ဟီနယာန စသည်ဖြင့် ဂိုဏ်းခွဲအမျိုးမျိုး၊ အဘိဓမ္မာအသွယ်သွယ် ကွဲပြားသွားရာ မည်သို့မျှပြန်လည်စုစည်း၍ မရတော့ချေ။ သို့သော် ယင်းတို့၏အယူအဆ အတွေးအခေါ် အကျင့်အကြံများသည် ယခုတိုင်အောင် ခေတ်အဆက်ဆက် ထေရ၀ါဒအတွင်း စိမ့်ဝင်ထိုးဖောက်ဖျက်ဆီးမှုများ ရှိခဲ့ပေသည်။

ဗုဒ္ဓရုပ်ပွားတော်များ၊ဗောဓိသတ္တရုပ်ထုများကို ပုံသဏ္ဍာန်အမျိုးမျိုး၊ မုဒြာ(လက်အနေအထား) အမျိုးမျိုးဖြင့် အမည် အမျိုးမျိုး ပေးကာ လောကီအကျိုးစီးပွားအတွက် သိဒ္ဓိတင်အစီအရင်များပြုလုပ်ခြင်း၊ ဂါထာမန္တန်အမျိုးမျိုး တီထွင်ရေးစပ်ကာ လောကီအကျိုးစီးပွားအတွက် ရွက်ဖတ်ခြင်း၊ ဗေဒင်ယတြာ ဓာတ်ဆင်ဓာတ်ရိုက်ပြုလုပ်ခြင်း၊ ဂြိုဟ်များ၊ နက္ခတ်တာရာ များကို ပူဇော်ခြင်း၊ ၀ိဇ္ဇာဓိုရ်များ၊နတ်ဗြဟ္မာများ၊ဒေ၀ီများ စသည်တို့ကို ကိုးကွယ်ပသခြင်း စသည့်လုပ်ရပ်များသည် မဟာ ယာန၊မန္တရ၊တန္တရဂိုဏ်းသားတို့၏ သြဇာလွှမ်းမိုးလာသည့် ပြယုဂ်များပင်ဖြစ်သည်။

ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့သည့် "မိမိကိုယ်ကို မိမိသည်သာ အားထားရာ" (အတ္တာဟိ အတ္တနော နာထော) ဆိုသည့်ဒေသနာတော်နှင့် "ခပ်သိမ်းသောတရားတို့သည် အနှစ်ကင်း၍ အစိုးမရသည်သာတည်း" (သဗ္ဗေဓမ္မာ အနတ္တာ)ဟူသည့် ဒေသနာတော်တို့ကို သဘောပေါက်ထားပါက မိမိလုပ်ဆောင်သည့် ဘာသာရေးဆိုင်ရာ ကိစ္စအ၀၀တွင် အခြားတစ်ပါးသော အယူဝါဒများ၏ နှောင့်ယှက်လွှမ်းမိုးမှုမှ လွတ်ကင်းနိုင်မည်ဖြစ်သည်။

သတ္တ၀ါမှန်သမျှသည် ကံတည်းဟူသော မိမိပြုခဲ့ဘူးသောအလုပ်၊ ဉာဏ်တည်းဟူသော မိမိကိုယ်တိုင် ဆင်ခြင်တွေးခေါ် ကြံဆမှု၊ ၀ီရိယတည်းဟူသော မိမိ၏ ကြိုးပမ်းအားထုတ်မှုတို့အပေါ် မူတည်၍သာ မျက်မှောက်ဘ၀၌ ကောင်းကျိုး၊ ဆိုးပြစ် ခံစားနေရခြင်းဖြစ်သည်။ မည်သည့်ဖန်ဆင်းရှင်၊ တန်ခိုးရှင်၊ နတ်၊ဗြဟ္မာ၊၀ိဇ္ဇာဓိုရ်၊ ရုပ်တုဆင်းတု၊အင်းအိုင်၊ခါးလှည့်၊ လက်ဖွဲ့၊ ယတြာ၊ဂါထာမန္တရား၊ဂြိုဟ် နက္ခတ်တာရာ ကမှ မိမိ၏ကံကြမ္မာကို ဖန်တီးမပေးနိုင်ပေ။ ဤသည်ကို ကောင်းစွာ သိမြင်တော် မူသော ဗုဒ္ဓဘုရားရှင်က မိမိကိုယ်ကို မိမိမှတစ်ပါး အားထားရာမရှိဟု ပြတ်သားစွာ လမ်းညွှန်ဆုံးမခဲ့ ခြင်းဖြစ် သည်။ လောကတွင် နောက်ထပ်တစ်ဖန် ထပ်မံဖြိုခွဲ၍မရသော မိမိအလိုအတိုင်းအစိုးရနေသော အမာခံအမြုတေ အနှစ်သာရဟူ၍ မရှိကြောင်း သိပ္ပံပညာကလည်း လက်ခံလာရပြီဖြစ်သည်။ ထို့ကြောင့် ထာဝရမဖောက်မပြန်တည်မြဲနေသော ဖန်ဆင်းရှင်၊ ဘုရားသခင်၊ မဟာဗြဟ္မာ၊ အတ္တမန်၊ နတ်ဒေ၀တာ၊ ၀ိဇ္ဇာဓိုရ်ဟူ၍လည်းမရှိချေ။

ထို့ကြောင့် ဤလောကသည် မတည်မြဲ (အနိစ္စ)၊ ဆင်းရဲ၏(ဒုက္ခ)၊အနှစ်ကင်း၍ အစိုးမရ(အနတ္တ) ဟူသောဗုဒ္ဓ၏ဒေသနာတော်ကို ယုံကြည်လက်ခံ၍ ဤလောကမှ လွန်မြောက်လိုပါသည်ဆိုလျှင် မိမိကိုယ်ကိုမိမိမှတစ်ပါး အားထားရာ အခြားကယ်တင်ရှင် တစ်စုံတစ်ဦးကို မျှော်လင့်စောင့်စားနေ၍ မရချေ။ မိမိကိုယ်ကို အစိုးမရသော ဤလောကတွင် တစ်စုံတစ်ယောက်သောသူက အခြားတစ်ပါးသော သူတို့အားအစိုးရ၍ ကယ်တင်နိုင်သူ ဟူ၍လည်းမရှိချေ။
ထို့ကြောင့်ဤလောကမှ ကျော်လွှားလွန်မြောက်ရာ လောကုတ္တရာဉာဏ်၊မဂ်ဖိုလ်အမှန်ကို ရလိုသည်ဆိုပါက မိမိအားမိမိကိုးကာ မိမိ၏ခန္ဓာငါးပါးတို့ ဖြစ်ပုံပျက်ပုံ အ၀၀ကို မပြတ်သော သတိဖြင့် ၀ိပဿနာဉာဏ်ထင်အောင် ရှုမှတ်ဆင်ခြင်ရန်သာ ဖြစ်ပေသည်။ အကယ်၍ လောကီဘ၀တွင်သာ ကျင်လည်လိုပါသေးသည် ဆိုလျှင်လည်း အထူးပြောဖွယ်ရာမရှိ၊ မိမိကံကြမ္မာကို မိမိသာဖန်တီးရမည်ဖြစ်ပေရာ မိမိ၏ ကံ၊ဉာဏ်၊၀ီရိယမှတစ်ပါး အခြားပြင်ပ ပယောဂတစ်စုံတစ်ရာကို ယုံကြည်အားထားရန် လုံးဝမလိုအပ်ချေ။

ဤမျှဆိုလျှင် ထေရ၀ါဒဟူသော ၀ိသေသဝေါဟာရ၏ အဓိပ္ပာယ်၊ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တိုင်း ခံယူအပ်သည့် ဗုဒ္ဓဒေသနာတော်အချုပ်တို့ကို သိမြင်လောက်ပေပြီ။ သိမြင်သည့်အလျောက် မိမိကိုယ်ကိုမိမိ ထေရ၀ါဒဗုဒ္ဓဘာသာဝင် စစ်မှန်ပါ၏လောဆိုသည်ကိုလည်း အစစအရာရာ စိစစ်သုံးသပ်သင့်ပေပြီ။

မိမိ၏ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်အ၀၀သည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီ သွေဖည်နေပါက အချိန်မီပြုပြင်ကြရပေမည်။ မိမိပတ်ဝန်းကျင်တွင် ပြုပြင်သင့်သည်များကို တွေ့ရှိပါကလည်း စွမ်းအားရှိသလောက် ကူညီပြုပြင်ပေးကြစေလိုသည်။ သို့မှသာ မိမိလည်း အကျိုးရှိ သာသနာတော်အကျိုးလည်း သယ်ပိုးရာရောက်ပြီး ဗုဒ္ဓမြတ်စွာ၏ ကျေးဇူးတော်အနန္တကို တတ်စွမ်းသမျှပေးဆပ်ရာ ရောက်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသတည်း။


ဝင်းသိန်းဦး
(၁၇-၃-၉၁)
ဓမ္မရံသီ၊၁၉၉၁ခုနှစ်၊ဇွန်လ။

Thursday, July 16, 2009

ရုပ်မချောလည်း ရုပ်ထွက်အောင် လုပ်လို့ရတယ်

ဒီခေါင်းစဉ်ကိုလူတိုင်းစိတ်ဝင်စားမယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရုပ်ချောသူဟာ နေရာတိုင်းမှာ လူ့အခွင့်အရေးပိုရတတ်ပြီး မိန်းမတွေရဲ့ချင်ခင်မှု၊လူတွေရဲ့နှစ်လိုမှုကို ပိုမိုရရှိတဲ့ လူအမျိုးအစားဖြစ်လို့ပါပဲ။ ဒါပေမဲ့ လူတော်တော်များများဟာ ရုပ်ရည်ရူပကာချောမောပြေပြစ်ခြင်းမရှိကြပါဘူး။

ဒီအတွက်ထိုင်စိတ်ဓာတ်ကျနေစရာမလိုပါဘူး။ ယောက်ျားတွေရဲ့ အဓိကအရည်အချင်းက ရုပ်ပေါ်မှာမူမတည်ပါဘူး။ အရည်အချင်းပေါ်မှာပဲမူတည်တာပါ။ ဒါပေမဲ့ရုပ်ချောခြင်းကို ယောက်ျားတိုင်းအလိုရှိကြပါတယ်။ ကိုယ်အလိုရှိတဲ့အရာက ကိုယ့်ဆီမှာ မရှိခဲ့ဘူးဆိုရင် ဒီဆောင်းပါးက အထောက်အကူပြုပါလိမ့်မယ်။

အ၀တ်အစား
ရုပ်ထွက်တယ်၊ ရုပ်မထွက်ဘူးဆိုတာက အ၀တ်အစားပေါ်မှာလည်း အများကြီးမူတည်တယ်။ အကယ်၍ကိုယ်ဝတ်ပုံစားပုံကို လူတွေကကြိုက်ကြတယ်ဆိုရင် ကိုယ်ရုပ်ဆိုးနေတာကို လူတွေကမြင်တော့မှာ မဟုတ်ဘူး။

အကယ်၍ကိုယ့်မှာ ဘာစတိုင်လ်မှမရှိဘူးဆိုရင် စတိုင်လ်ရှိဖို့အရင်ဆုံးအ၀တ်အစားတချို့ဝယ်ရပါလိမ့်မယ်။ ဘယ်လိုအ၀တ်အစားဝယ်ရမလဲဆိုတာ မသိရင် စတိုင်လ်ကျကျဝတ်စားတတ်တဲ့ သူငယ်ချင်းအပေါင်းအသင်းတစ်ယောက်ယောက်ကို အဖော်ခေါ်ပြီးသွားဝယ်ပါ။ မိန်းမတွေဟာ စတိုင်လ်ကျကျဝတ်စားတတ်တဲ့ ယောက်ျားတွေကို အာရုံစိုက်တတ်ကြတယ်။ ဒါကြောင့်ယောက်ျားတိုင်း အထူးသဖြင့် ရုပ်မချောတဲ့ကိုလူပျိုတိုင်း အ၀တ်အစားကို စတိုင်လ်ကျကျဝတ်စားကြပါစို့။

သန့်ရှင်းသပ်ရပ်မှုရှိခြင်း
သန့်ရှင်းသပ်ရပ်မှုရှိတဲ့ယောက်ျားကို ဘယ်သူမဆိုသတိမပြုမိဘဲ မနေပါဘူး။ ညစ်ပတ်တဲ့သူကို ဘယ်လောက်ပဲချောနေပါစေ ဘယ်သူမှကပ်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်အနံ့အသက်(ကိုယ်သင်းနံ့) ကောင်းအောင်လုပ်၊ ခြေအဆုံးခေါင်းအဆုံးသပ်သပ်ရပ်ရပ်ရှိအောင်လုပ်။ ဒီအဓိပ္ပါယ်က လက်သည်းမှာ ချေးတွေကင်းစင်နေရုံမဟုတ်ဘဲ လက်သည်းကိုညီညီညာညာနဲ့ တိထားရမှာဖြစ်ပါတယ်။ ဆံပင်ကလည်း ချေးညှော်ကင်းစင်နေရမယ်။ မရှုပ်ပွနေရဘူး။ အနံ့ဆိုးထွက်မနေရဘူး။

ဗဟုသုတပြည့်စုံခြင်း
အမေမွေးတဲ့ရုပ်က မဒီပျိုကို လည်ပြန်ကြည့်ရလောက်အောင် မဖြူးဘူးဆိုရင် အိမ်ပြန်ပြီးတော့ စိတ်ဓာတ်ကျမနေပါနဲ့။ ရူပါကစူပါမဖြစ်ပေမယ့် ဥာဏ်ရည်က ကုန်ဈေးနှုန်းလိုမြင့်နေရင် ဘယ်သူမှ ဟင့်အင်းလုပ်ကြမှာ မဟုတ်ပါဘူး။ အများက ကြားဖူးတဲ့အဖြစ်အပျက်လေးတစ်ခုပြန်ပြောပြမယ်။ တစ်ခါက အိုင်းစတိုင်းကို ခပ်ချောချောခပ်တောင့်တောင့် မဒီတစ်ယောက်က ဆရာကြီးနဲ့ ကျွန်မသာပေါင်းစပ်လိုက်ရင် ကျွန်မလိုရုပ်ချောမောပြီး ဆရာကြီးလိုဥာဏ်ရည်ထက်မယ့် ကလေးမျိုးမွေးလာမှာပဲနော်တဲ့။ ကြည့်စမ်း....ဘယ်လောက်ထိသက်သေထူချင်စရာကောင်းတဲ့ စိန်ခေါ်စကားပါလိမ့်။

ဒီလိုအပြောမျိုးကြုံတယ်ဆိုရင် အိုင်းစတိုင်းလောက်ဥာဏ်ရည်မြင့်ဖို့မလိုပါဘူး။ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို အလတ်ဆတ်ဆုံးသိရှိနေဖို့ပဲလိုတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေသည်းသည်းလှုပ်နေတဲ့ ထဲက ဟိုကောင်လေး ဂျိုးက ဘီယွန်ဆေးနော်ဝဲလ်ရဲ့ သီချင်းကို မိန်းမလိုကသွားတာအရမ်းကောင်းတာပဲ။ စီးပွားရေးကတော့ဖြင့် ဘယ်နိုင်ငံမှာ ဘယ်လိုဖြစ်နေတာစတဲ့ အကြောင်းအရာတွေကိုသိရှိထားမယ်ဆိုရင် ဘယ်အကြောင်းအရာပဲပြောပြော ကိုယ်ဝင်ဆန့်နိုင်တဲ့အတွက် လူတိုင်းက ကိုယ်နဲ့စကားလက်ဆုံပြောချင်ကြမှာပါပဲ။ စကားဝိုင်းမှာလည်းကိုယ်က ဖြစ်နေမှာအမှန်ပါပဲ။ ဒါကြောင့်သင့်ရဲ့ မင်းကုသလိုရုပ်ရည်ဟာလည်း မျက်စိထဲမှာ အပြစ်မမြင်တော့ဘဲ အချစ်တွေဝင်လာတော့မှာကလည်း အမှန်အကန်ပါပဲ။

ကာယဗလ
ယောက်ျားတစ်ယောက်ဟာ ယောက်ျားတစ်ယောက်လိုပီပီသသ ဆိုရလောက်အောင်ပီပီပြင်ပြင်ထင်ရှားတဲ့ကိုယ်ကာယ မရှိရင် ဘယ်မိန်းမကမှ အားကိုးချင်ကြမှာ မဟုတ်ပါဘူး။ ဘော်ဒီကိုအရမ်းကြီးထွားကျိုင်းတောင့်တင်းစရာမလိုပါဘူး။ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကာယလေးတွေရှိထားသင့်ပါတယ်။ ဗလငါးတန်ထဲမှာ ကာယဗလပိုင်ဆိုင်ထားတဲ့သူဟာလည်း အမျိုးသမီးတွေအာရုံစိုက်စေမယ့်အချက် တစ်ချက်ဖြစ်ပါတယ်။

ရုပ်ကလည်းဆိုးသေး၊ လူကလည်းပိန်ညောင်ညောင်ကုပ်ချောင်းချောင်းပုံစံဆိုရင်တော့ မိန်းမတွေကချောင်ထိုးထားကြမှာ အမှန်ပါပဲ။ တချို့မိန်းမတွေက ပိန်တာကိုကြိုက်ကြတယ်။တချို့က၀မှကြိုက်တယ်။ အများစုကတော့ အနေတော်ကြည့် ကောင်းတဲ့ ကိုယ်ကာယရှိတာကိုကြိုက်ကြတယ်ဆိုတာမမေ့ပါနဲ့။

ကိုယ်နေဟန်ထား
ကိုယ်နေဟန်ထားကလည်း လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကိုကောင်းစွာဖော်ပြတတ်ပါတယ်။ ပျင်းရိပျင်းတွဲထိုင်နေတာ၊ ရပ်နေတာ၊ လေးတိလေးကန်လမ်းလျှောက်ပုံပုံစံတွေဟာ မိန်းမတွေရဲ့အမြင်မှာ ဆွဲဆောင်မှုရှိတယ်လို့ မသတ်မှတ်ကြဘူး။ တောင့်တောင့်တင်းတင်းတက်တက်ကြွကြွ၊ ဖျက်ဖျက်လတ်လတ်ထက်ထက်မြက်မြက်ပုံစံတွေက လူတွေရဲ့အမြင်မှာ မြင်မြင်ချင်းသတိထားအာရုံစိုက်မှုကိုဖြစ်ပေါ်စေတယ်။

တစ်ခုရှိတာက ကိုယ့်ရဲ့ကိုယ်နေဟန်ထားတမင်လုပ်ယူထားသလိုမျိုးမဖြစ်စေဖို့ပဲ လုပ်ယူထားတဲ့ ကိုယ်နေဟန်ထားက ရီစရာပဲကောင်းတယ်။ ဟန်ကြီးတဲ့ကိုယ်တော်ချောကိုမြင်မြင်ချင်း အချစ်တော့ဝင်မှာမဟုတ်ဘူး။ မြင်မြင်ချင်းအမြင်ကပ်မှုပဲရလိမ့်မယ်။

ရုပ်ချောတယ်၊ မချောဘူးဆိုတာအမှန်အားဖြင့် အဓိကတော့မကျပါဘူး။ ဒါပေမယ့်လူတွေရဲ့ထုံးစံအတိုင်း ပြင်ပအသွင်ကိုပဲ မဲပေးပြီး ဆက်ဆံကြတာမို့ ရုပ်မချောလည်းရုပ်ထွက်အောင်လုပ်လို့ရတယ်ဆိုတာ လိုအပ်သည်များရှိနိုင်သော်လည်း တတ်အားသလောက်ကြိုးစားဖော်ထုတ်ပြခြင်းပါ။

သွေးလွန်တုပ်ကွေးရောဂါ

ကိုယ်သိပ်ချစ်တဲ့ တူတူမလေးတွေ ညီညီမလေးတွေရော ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေ ဖျားတဲ့အခါ သွေးလွန် တုပ်ကွေးဖြစ်နေသလားလို့ စူးစမ်းမိတတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါအခြေအနေအချို့ကိုတော့သတိထားမိတာပေါ့လေ ကလေးတွေရောဂါအဆင့်မြင့်လာရင် ခန္ဓာကိုယ်အရေပြားမှာ အနီစက်လေးတွေပေါ်လာတာမျိုး၊ ခဏခဏ ပျို့တာအန်တာမျိုးတွေပေါ့လေ။ ခြင်ဆိုတဲ့အကောင် က ငှက်ဖျားရောဂါသာ မက သွေးလွန်တုပ်ကွေးရောဂါလို၊ ဆင်ခြေထောက်လိုရောဂါမျိုးတွေတောင် ဖြစ်စေသေးတော့တာ။

ဒီရောဂါနဲ့ပတ်သက်ပြီးစာအုပ်တစ်အုပ်ကို ဖတ်ဖြစ်တဲ့အခါ ကိုယ်သိတာလေးတွေကို သူငယ်ချင်းတို့ကိုပြန်ပြောပြချင်တာနဲ့ ပြန်လည်တင်ပြလိုက်ပါတယ်။
ဖတ်ပြီးတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်မှာ သန့်သန့်ရှင်းရှင်းလေးဖြစ်အောင်နေထိုင်ပြုမူကြရင် ရောဂါဆိုတာကို ကာကွယ်ပြီး သားရောက်ရာ ရောက်ကြောင်းသိသွားနိုင်ပါတယ်လေ။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး
သွေးလွန်တုပ်ကွေး
သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေး ရောဂါပိုးရှိသော ခြင်ကျားကိုက်ခံရမှုမှရသော ရောဂါဖြစ်သည်။ အသက်(၁၅)နှစ်အောက် ကလေးများတွင်သာဖြစ်သည်။ အသက်(၃)နှစ်မှ (၈)နှစ်ကြား ကလေးများတွင် အဖြစ်များသည်။ တစ်နှစ်ပတ်လုံးရောဂါကူးစက်နိုင်သော်လည်း မိုးရာသီဖြစ်သော ဇွန်၊ဇူလိုင်၊သြဂုတ်လများတွင် ကူးစက်မှု အများဆုံးဖြစ်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တတ်သော မိုးရာသီတွင် ကလေးဖျားလျှင်စောင့်ကြည့်ပါ။ စတင်ဖျားသည့်နေ့မှ တတိယနေ့နှင့် ပဉ္စမနေ့အတွင်း ကလေးဖျားသည့်အခြေအနေ ဆိုးတတ်သဖြင့် လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများနှင့် ပြသပါ။

ရောဂါလက္ခဏာများ
- သွေးလွန်တုပ်ကွေးအဖျားသည် နာတာရှည်အဖျားမဟုတ်ပါ။
- ကလေးများ ဖျားနေစဉ် ပျို့ခြင်း၊အန်ခြင်းရှိနိုင်သည်။
- ဖျား၍ သုံးရက်မှ ငါးရက်ကြာလျှင်သွေးလန့်ပြီး အသက်အန္တရာယ်ဖြစ်နိုင်သည်။
သွေးလွန်တုပ်ကွေးရောဂါဟု ထင်ပါက ဘာစပရို၊အေပီစီ၊အနက်ဂျက်ဆင် မတိုက်ရပါ။ ပါရာစီတမောဆေးပေးနိုင်ပါသည်။

ခြင်လောက်လမ်း နှိမ်နင်းရေး

ဖုံး - ရေစည်ရေအိုးများကို ဖုံးအုပ်ထားပါ။
သွန် – ရေစည်ရေအိုးများအတွင်းမှ ရေများကို မကြာခဏ သွန်လဲပေးပါ။
ခပ် – ရေစည်ရေအိုးများရှိ ပိုးလောက်လမ်းများကို ခပ်ပစ်ပါ။
စစ် – ပိုးလောက်လန်းများ ကင်းရှင်းစေရန် စစ်၍ထည့်ပါ။
လောင်း - ကြောင်အိမ်အောက်ခံခွက်များထဲသို့ စက်ဆီ၊ဒီဇယ်ဆီ၊ ရေနံဆီနှင့် ဆားတစ်ခုခုလောင်းပါ။
ထောင်- ကလေးများ နေ့လည်အိပ်ချိန်တွင် ခြင်ထောင်ဖြင့်သိပ်ပါ။
လဲ – ပိုးလောက်လန်းများ မရှိစေရန် ရေသန့်ကိုလဲလှယ်ပါ။
ဖွင့် – အလင်းရောင်ရရှိစေရန် တံခါးများကို နေ့ပိုင်းတွင် ဖွင့်ထားပါ။
မြှုပ် – မိုးရေတင်နေသော ခွက်၊ တာယာစုတ်၊အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက် စသည်တို့ကို မြေမြှုပ်ပစ်ပါ။
ရှင်း - အိမ်တွင်း အိမ်ပြင် သန့်ရှင်းစွာထားပါ။
မှုတ် – ဆေးဖျန်း၊ ဆေးမှုတ်အဖွဲ့ကို ကူညီပါ။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ပါ။

(၁) မိုးရာသီအတွင်း အသက်(၃)နှစ်မှ (၁၄)နှစ်အထိ ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတတ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်လျှင် ရင်သွေးငယ်များ အသက်ဆုံးပါးရသည်အထိ ဖြစ်နိုင်သဖြင့် မိမိတို့၏ ရင်သွေးများ ရောဂါဘယကင်းဝေးစေရန် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ကြပါရန် နှိုးဆော်အပ်ပါသည်။

(၂) သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသော ခြင်ပုန်း ခြင်ကျား အကိုက်ခံရခြင်းကြောင့် ကူးစက်ပါသည်။ သို့ပါ၍ ခြင်ပုန်းခြင်ကျား မပေါက်ပွားစေရန်နှင့် မိမိတို့ ရင်သွေးများ ခြင်ကိုက်မခံရစေရန် အောက်ပါအတိုင်း ဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါသည်။

လိုက်နာရမည့် အချက်များ-
- ရေစည်ရေအိုးများကို လုံခြုံစွာ ဖုံးအုပ်ထားပါ။
- ရေအိုး၊ညောင်ရေအိုးတို့မှ ရေကိုနေ့စဉ်လဲလှယ်ပေးပါ။
- ရေစည် ရေအိုးများရှိ ပိုးလောက်လန်းများအား ရေစစ်ဖြင့် ခပ်ထုတ်ပစ်ပါ။
- မိုးရေတင်နိုင်သော ဘူးခွံ၊ ပုံးခွံ၊တာယာစုတ်၊အိုးခြမ်းပဲ့ စသည်တို့ကို ဖယ်ရှားရှင်းလင်းပါ။
- မိမိတို့ အိမ်ရှေ့ အိမ်နောက်တို့မှ ရေမြောင်းများအား ရေစီးရေလာကောင်းအောင် ရှင်းလင်းပါ။ လိုအပ်ပါက စည်ပင်သာယာရေးအဖွဲ့၏ အကူအညီကိုယူပါ။
- အိမ်ပတ်ဝန်းကျင်ရှိ ရေ၀ပ်နိုင်သော မြေနိမ့်များကို ဖို့ပါ။
- အလင်းရရှိရန် တံခါးများကို နေ့ခင်းပိုင်းတွင် ဖွင့်ထားပါ။
- အိမ်တွင်း၊အိမ်ပြင်သန့်ရှင်းစွာထားပါ။
- ကလေးများ နေ့လည်အိပ်ချိန်တွင် ခြင်ထောင်ဖြင့် သိပ်ပါ။(အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ထမီ၊ပုဆိုးစသည်တို့ ၀တ်ဆင်ထားပေးပါ။)

(၃) ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ခြင်များမပေါက်ပွားစေရန် ဆေးဖျန်းခြင်း၊ အသိပညာပေးခြင်း၊ ကာကွယ်တားဆီးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

စာကြွင်း။ ။ ကျန်းမာရေးဝန်ကြီးဌာနထုတ် လက်ကမ်းစာစောင်ပါအချက်များကို မှီးငြမ်းထားပါသည်။

Wednesday, July 15, 2009

Think Optimism

အကောင်းမြင်ကြည့်ကြပါစို့ (လင်းခန့်)

အပြုသဘောမြင်နိုင်ရန် ပြုပြင်ပြောင်းလဲ၍ မရနိုင်ဘူးလော၊ ရပေသည်။ ကလေးအရွယ်ဆိုလျှင် လူကြီးသူမများက ဦးဆောင်ကာ လေ့ကျင့်ပေးရန်၊ လူကြီးသူမဆိုက မိမိကိုယ်တိုင်ပြောင်းလဲယူရန်သာဖြစ်သည်။
အပြုသဘောဆောင်သူအဖြစ်ပြောင်းလဲရန် အဓိကအကျဆုံးအချက်မှာ "အကောင်းမြင်တတ်ဖို့" ပင်ဖြစ်သည်။ အကောင်း မြင်ဝါဒသမားတစ်ဦးဖြစ်ရန် လေ့ကျင့်သင့်သော အလွယ်ကူဆုံးအချက်များအား လေ့လာကြည့်ကြရအောင်လား။

(၁) မိမိအာရုံစူးစိုက်မှုကို အမြဲတမ်းအပြုသဘောသာရှေးရှုပါ။
ပင်ကိုစိတ်က ဒီလိုမဟုတ်လျှင် လေ့ကျင့်ယူရမှာဖြစ်သည်။ မျောက်ပွဲတစ်ပွဲကြည့် သည်ဆိုပါစို့။ မျောက်လေးက လိမ္မာ လိုက်တာ၊ သခင်နဲ့အပေးအယူမျှပြီး ကြည့်ကောင်းလိုက်တာဟုသာတွေးမြင်ပြီး ဖြစ်မှဖြစ်ရလေ၊ သခင်ကလည်းမျောက် ကိုမညှာမတာခိုင်းစားရက်ပါပေ့၊မျောက်ကလည်း ဘာမှအသုံးမကျဘူး၊ ကြည့်လည်းမကောင်းဘူးဆိုတာမျိုးမမြင်မိပါစေနဲ့။

(၂) နောက်မှလုပ်မယ်ဆိုသည့် အကျင့်ဆိုးကိုဖျောက်ပါ။ ဘယ်အရာမဆိုနောက်မှလုပ်မယ်ဆိုသည့် သူများမှာ ဘာမှမယ်မယ်ရရမလုပ်ဘဲ သေဆုံးသွားတတ်သူများသာဖြစ်သည်။ ဗိုက်ဆာလျှင်ချက်ချင်းဖြည့်တတ်သူ၊ သေဘေးနှင့်ကြုံလျှင် ချက်ချင်းလွတ်အောင်ပြေးတတ်သူဟု မိမိကိုယ်မိမိ မှန်ကန်စွာ သဘောပေါက်ပြီးပါက ပေးသင့်လျှင်လည်း အခုထပေးပါ။ ကြိုးစားလျှင်လည်း အခုထကြိုးစားပါ။ လုပ်စရာရှိလျှင်လည်း အခုထလုပ်ပါ။ မိမိအတွက် လုပ်စရာရှိတာများကို ချက်ချင်းလိုထလုပ်ပါ။

(၃) ကျေးဇူးတရားကို အထူးသိတတ်ပါစေ။
ကျေးဇူးတရားဆိုသည့်နေရာမှာ သူတစ်ထူးရဲ့ကျေးဇူးကိုသာမက မိမိရဲ့ကျေးဇူးကိုပင် မိမိပြန်သိတတ်ဖို့ ဆိုလိုခြင်းဖြစ် သည်။ လူတော်တော်များများမှာ ကိုယ်ခံစားနေရသော ဒုက္ခများကို ၀မ်းနည်းပက်လက်ဖြင့်ပြန်ပြောကာ အရသာခံ တတ် ကြပြီး သူတစ်ပါး၏ သနားငဲ့ညှာမှုကို ယူလိုကြသည်။ မိမိမှာ ရှိနေသော မိမိ၏ ကံကောင်းထောက်မမှု များအတွက် ကျေးဇူး တင်စရာ များပြားစွာရှိပြီး ကိုယ့်ဘ၀ကိုယ့်အခြေအနေကိုယ် ကျေနပ်တတ်ရန်လိုအပ်လှသည်။ ငိုနေချိန်မှာ ရယ်ခဲ့ဖူးတာ များကို မေ့မပစ်ရန်၊ မရှိတော့ချိန်မှာ ရှိခဲ့ဖူးတာများကို သတိရရန်ပင်။

(၄) မိမိကို ဖျက်ဆီးမည့်အရာများကို ရှောင်ကြဉ်ပါ။
လူကြီးလည်း လူကြီးအလိုက်၊ ကလေးလည်းကလေးအလိုက် မိမိကို ဖျက်ဆီးမည့်အရာများကို သိကြပါသည်။ သို့ပါသော် လည်း အရက်မကောင်းမှန်သိလျက် သောက်တတ်ကြသည်။ မူးယစ်ဆေးဝါး ထို့အတူပင်၊ အခုခေတ်ဆိုလျှင် အင်တာနက်၊ အင်တာနက်နှင့် ကလေးသူငယ်များမှာ တိုးတက်ရာလမ်းကို ရှာဖွေခြင်းမဟုတ်ဘဲ အပျော်တမ်းချက်တင်ဝင်ခြင်းဖြင့် လွဲမှား နေမှုများ၊ ဟစ်ဟော့ပ်ဂီတဆိုပြီး မကြားဝံ့မနာသာစကားလုံးများဖြင့် သီချင်းစကားလုံးများ သွတ်သွင်းနေခြင်းများကဲ့သို့ သော ဖျက်ဆီးမည့်အကြောင်းအရာမျိုးစုံကို ဆိုလိုခြင်းဖြစ်သည်။

(၅) မိမိအသက်အရွယ်၊ အနေအထားနှင့် လုပ်ရမည့်အလုပ်များကို နှစ်ခြိုက်စွာလုပ်ပါ။
ကျောင်းသားဆိုကျောင်းသားအရွယ်မှာ စာကျက်ရမှာ သူ့တာဝန်ဖြစ်သကဲ့သို့ တစ်ခါတစ်ရံမှာ မိမိလုပ်နေရတာ မပျော်ဘူး ဟု ခံစားမိသော်လည်း လုပ်ကိုလုပ်ရမှာပဲဖြစ်သည်။ လုပ်သင့်သောအရာကို မလုပ်လျှင် နောက်တွဲဒုက္ခများရှိလာမှာကို သဘောပေါက်ရန်ပင်။ အထက်ပါအချက်များကို ကြိုးစားလိုက်နာပြီး အကောင်းမြင်ဝါဒသမားတစ်ဦးအဖြစ်နဲ့ အရာရာကို အကောင်းမြင် ကြည့်ကြပါစို့။ သင့်ဘ၀ မနေ့ကထက် ဒီနေ့ဟာ ပိုပြီးသာယာလာတယ်၊ ပိုပြီးနေလို့ကောင်းတယ်၊ လုပ်သမျှအောင်မြင် လာမယ်ဆိုတာ ပြောလိုက်ပါရစေ။

စာကြွင်း။ ။ ယဉ်ကျေးလိမ္မာ ဓမ္မရသဂျာနယ် – အတွဲ ၅၊ အမှတ်၁၅မှ ကူးယူတင်ပြသည်။

HR Management

လူတွေရဲ့နေ့စဉ် ဘ၀တွေမှာ စီမံခန့်ခွဲမှုက အလွန်အရေးကြီးပါတယ်..။ တနေ့ချင်း စီမံမှုတွေကနေ တစ်လ၊ တစ်နှစ်နဲ့ တစ်ဘ၀လုံးအတွက်ပါ စီမံခန့်ခွဲနေရတာပါ…။

စီမံခန့်ခွဲမှုမှာ အမျိုးမျိုးရှိပါတယ်။ ရုပ်ဝထ္တုကို စီမံခန့်ခွဲခြင်း၊ ငွေကြေးကို စီမံခန့်ခွဲခြင်း၊ အချိန်ကို စီမံခန့်ခွဲခြားစတာတွေ ရှိပါတယ်။ယနေ့မှာတော့ လူစွမ်းအား အရင်းမြစ်ရဲ့ အသုံးဝင်ပုံ ပညာလုပ်သားတွေရဲ့ အရေးပါမှုတွေ အပြင်လူဆိုတဲ့ အရင်းအနှီးတစ်ရပ်ဆိုတဲ့ အရေးပါမှုကို လက်ခံလာကြတဲ့အတွက် လူကိုစီမံခန့်ခွဲမှုက စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများရဲ့ အောင်မြင်ရေးသော့ချက်များ ဖြစ်လာပါတယ်။စီမံခန့်ခွဲတော့မယ်ဆိုရင် ကျွန်တော်တို့ ပထမဆုံး စဉ်စားကြတာက ကက်ပီတယ်အရင်းအနှီးကိုပါ။

ပြီးတော့အချိန်၊ နည်းပညာ ၊ သတင်း၊ ပြင်ပ အချက်အလက်တွေကျွန်တော်တို့ ဆောင်ရွက်မယ့် အမှုကိစ္စအတွက် ဆက်စပ်တည်ရှိမယ့် အရာတွေအပေါ်သက်ရောက်မှု၊ တုံ့ပြန်နိုင်စွမ်း၊ အကျိုးရလာဒ် စတာတွေ တွက်ချက်ပြီးတော့ကျွန်တော်တို့ အများစုက စီမံကိန်းတွေ လုပ်ဆောင်ကြတာပါ။ ဒါပေမယ့်အရေးကြီးဆုံးဖြစ်တဲ့ လူကို စီမံခန့်ခွဲဖို့တော့ မေ့လျော့တတ်ကြပါတယ်လုပ်ငန်းအတွက် လူ(သို့) လုပ်အား၊ဥာဏ်အား လိုအပ်ချက်ကို စနစ်တကျ ထည့်သွင်းကြတာ မရှိသလောက်ပါပဲ။
လုပ်ငန်းခွင်ထဲ ရောက်လာတဲ့ ၀န်ထမ်းတွေကို သူတို့ စွမ်းဆောင်နိုင်လိမ့်မယ်၊ သူတို့တာဝန်သူတို့ထမ်းဆောင်နိုင်ရင် သူတို့ အခန်းကဏ္ဏ ပြီးဆုံးပြီလို့ထင်မှတ်လိုက်ကြတာဟာ လူ့စွမ်းအား အလေအလွင့်ကို ဖြစ်ပေါ်စေနိုင်ပါတယ် ကြိုတင် သဘော တူညီထားတဲ့ ကတိက၀တ်တွေ ပြည့်စုံရုံနဲ့ အကောင်းဆုံး ရလဒ်တွေထွက်ပေါ်လာလိမ့်မယ်လို့ မျော်လင့်တတ်ကြပါတယ်။စီးပွားရေး လုပ်ငန်းတွေအတွက် လူအရင်းအမြစ်ကို နေရာချတတ်မှုကအောင်မြင်မှုရဲ့သော့ချက်တွေ ဖြစ်လာပါလိမ့်မယ်။

အဲဒါကြောင့်ကော်ပိုရိတ်တွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေက အစ၊ အသေးစားလုပ်ငန်းတွေအထိ လူကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဟာ အရေးကြီးတဲ့စီမံခန့်ခွဲမှု တစ်ရပ် ဖြစ်လာပါတယ်။ စီးပွားရေး စနစ်သစ်မှာ HR မန်နေဂျာတွေမရှိတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ တိုးတက်မှု နှေးကွေးတဲ့ ရလာဒ်တွေရင်ဆိုင်ကြရမှာအမှန်ပါ။အဲဒါကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ လူ့စွမ်းအား အရင်းအမြစ်ဘာသာရပ်ဟာအရေးကြီးလာခဲ့တာပါပဲ။ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုလူတွေရှိလဲအကြမ်းဖျင်းအားဖြင့် လူငါးမျိုး ရှိတယ်လို့ ဆိုနိုင်ပါတယ်။

(၁) အလုပ်အတွက် အလုပ်လုပ်တဲ့လူ
လုပ်ငန်းခွင်ပေါ် အာရုံစူးစိုက်နိုင်ဆုံးလူပါ။ လုပ်ငန်းခွင်အတွက်အလုပ်စွမ်းရည် ၇၅ ရာခိုင်နှုန်းက အဲဒီလူတွေဆီကလာတာ ပါ။ သာမန်ဝန်ထမ်းတွေထက် လုပ်ငန်းခွင်ကို ပိုအလေးထားပြီး သာမာန်လူတွေထက် နှစ်ဆ၊သုံးဆပိုအလုပ်လုပ်နိုင်ပါ တယ်။ မိမိလုပ်ငန်းခွင်ကို ချစ်မြတ်နိုးပြီး အလုပ်ကို တန်ဖိုးထားတတ်တဲ့သူပါ။

ငွေကြေး စကားတစ်ခွန်းမှ မပြောပါဘူး။ကုမ္ပဏီ အဖွဲ့အစည်း အကျိုးကိုသာ ကြည့်ပြီး ကိုယ်ကျိုး မငဲ့ကွက်တတ်သူပါ။အဲဒီလိုလူမျိုးတွေ လုပ်ငန်းခွင်တိုင်းမှာ ရှိတတ်ပါတယ်။ သူတို့ဟာ အလုပ်နဲ့ဘ၀တန်ဖိုးကို တည်ဆောက်ထားကြတဲ့သူတွေပါ။ လုပ်ငန်းအကျပ်အတည်း ကာလမှာလည်းစိတ်ရှည်သီးခံတတ်သလို၊ အခက်အခဲတွေကိုလည်း ထိုးဖောက် ကျော်လွှားနိုင်စွမ်းရှိတဲ့သူတွေပါ။ ဒါပေမယ့်တစ်ခါတစ်ရံမှာ လုပ်ငန်းခွင်ထဲကနေ မထင်မှတ်ဘဲ နုတ်ထွက်တတ်ပါတယ်။ သူတို့ဟာအထက်လူကြီးနဲ့ အဆင်မပြေတတ်ပါဘူး။ သူတို့လောက် အလုပ်အကြောင်းမတတ်သိသူတွေရဲ့ တွန်းတိုက်မှုကို ခံရတတ်ပါတယ်။

အဲဒီအချက်ကတွေကိုမန်နေဂျာတွေက သတိပြုရပါမယ်။ သူတို့ကို အသိအမှတ်ပြုရမှာ ဖြစ်သလိုသူတို့ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်တဲ့ အခါတိုင်း အလျဉ်းသင့်သလိုဂုဏ်ပြုပေးရပါမယ်။ အဲဒါဟာ လုပ်ငန်းခွင်ထဲမှာ အသုံးဝင်သူတွေကိုအသိအမှတ်ပြုတဲ့ အလေ့အထကို တခြားသူတွေဆီကိုပါ သိမြင်နိုင်စေပြီး၊စိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့ လှုံ့ဆော်မှုကို ရပါမယ်။လုပ်သားကောင်းတွေလည်း ပြိုင်ဘက် ကုမ္ပဏီတွေဆီကို ရောက်ရှိမသွားအောင်ကာကွယ်ပြီးသားလည်း ဖြစ်ပါလိမ့်မယ်…။

(၂) လစာအတွက် အလုပ်လုပ်တဲ့လူ
ူအလုပ်တစ်ခုလုပ်မယ်ဆိုရင် လူတချို့က လစာဘယ်လောက်ရမှာလဲ၊ အကြံအဖန်ရှိလား၊ဘေးပေါက်က ဘယ်လောက်ဝင် မှာလည်း အဲဒီစကားလုံးတွေအရင်မေးတတ်ကြတယ်။အဲဒီလူမျိုးတွေဟာ လုပ်ငန်းခွင်ကို ၀ါသနာအရ ပညာအရ စိတ်မ၀င်စားတတ်ကြပါဘူး။ အဖွဲ့အစည်းရဲ့ စီးပွားရေး အဆောက်အအုံအပေါ်မှာခိုင်မြဲအောင်မပံ့ပိုးတတ်ပါဘူး။

သူတို့အဓိကထားတာက သူတို့ရဲ့ လစာဝင်ငွေပါ။သူတို့ ၀င်ငွေလျော့ကျတာနဲ့တင် ကုမ္ပဏီအဖွဲ့အစည်းကို ငြိုငြင်တတ်ပါတယ်။ကိုယ့်ကုပ္မဏီကနေပြီး အပြင်လုပ်ငန်းတွေကို သွားရည်ယိုတတ်ပါတယ်။ဘယ်ကုမ္ပဏီမှာ ဘယ်လောက်ရတယ် ဘယ်အလုပ်မှာ ဘယ်လိုအခွင့်အရေးမျိုး ရတယ်ဆိုတဲ့သတင်းမှားတွေကို မိမိအဖွဲ့အစည်းမှာ ပြောဆိုလှုံ့ဆော်တတ်ပါ တယ်။ အဲဒီလိုလူမျိုးတွေကို တာဝန်ပေးလိုက်ရင် အလေအလွင့် အဖိတ်အစင်များတယ်။သူတို့လုပ်ဆောင်ချက်မှားလို့ ဆုံးရှုံးနစ်နာရင်လည်း တခြားသူအပေါ်မှာအပြစ်လွှဲချ တတ်ပါတယ်။

လုပ်ငန်းခွင်က အခွင့်အရေးတွေကိုလည်း အပြည့်အ၀ယူပါတယ်။ အဲဒီလိုလူမျိုးတွေကို ကုမ္ပဏီအဖွဲ့အစည်းရဲ့အရေးပါတဲ့နေရာကနေ ရွှေ့ပြောင်းထားဖို့လိုပါတယ်။ အဲဒီလူစားမျိုးတွေကအဖွဲ့အစည်းအတွင်းကို လိုလေသေးမရှိအောင်ပြည့်စုံတဲ့ ထောက်ခံ ချက်တွေနဲ့ဝင်ရောက်လာတတ်ပါတယ်။ အရာရာကို သိမြင်နှံ့စပ်သူ၊ အရေးပါတဲ့သူပုံစံမျိုးနဲ့ရောက်လာတတ်ပါတယ်။ လစာနဲ့ဝင်ငွေအတွက်ဆို ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့လျှို့ဝှက်ချက်ကို ပြိုင်ဘက်တွေဆီ ရောင်းစားတတ်ပါတယ်။ အဲဒီ လူစားမျိုးကိုကုမ္ပဏီဦးဆောင်သူတွေက အယုံအကြည် မလွန်ကဲဖို့ လိုပါတယ်။

(၃) လစာရော အလုပ်အတွက်ပါ လုပ်တဲ့လူ
အလယ် အလတ်တန်းစားလူမျိုးပါ။ သူတို့ကို ပေးထားတဲ့လစာနဲ့သူတို့ခိုင်းတဲ့အလုပ် မျှတမှုကို လိုလားတဲ့သူပါ။ အလုပ်ကိုလည်း ပုံမှန်တာဝန်ကျေလုပ်မယ်။ ကုမ္ပဏီအဖွဲ့အစည်းကလည်း ကတိက၀တ်ကိုကျေအောင် ဆပ်ရပါမယ်။အဲဒီလိုမှမဟုတ်ရင်တော့ အလုပ်ထဲမှာ မကျေနပ်မှုတွေကိုဗြောင်ကျကျတိုက်ခိုက်တတ်ပါတယ်။ သူတို့က မိမိလုပ်ငန်းရဲ့ ပြင်ပအခြင်းအရာတွေကို စိတ်မ၀င်စားသလို၊ ကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့စီးပွားရေးရည်မှန်းချက်ဟာ သူတို့နဲ့လုံးလုံး မပတ်သက်သလို နေတတ်ပြီး၊သူတို့အလုပ်နဲ့ လစာအပေါ်မှာပဲ စိတ်ဝင်စားပါတယ်။အဲဒီလူမျိုးတွေဆီက သာမန်ထက်ပိုကဲတဲ့ အလုပ်စွမ်းရည်ထွက်လာအောင်လုပ်လို့မရနိုင်ပါဘူး။

ဒါပေမယ့် လုပ်အားကိုယုံကြည်စွာ သုံးစွဲလို့ရပါတယ်။လုပ်ငန်းခွင်အပေါ်မှာ အကြွင်းမဲ့သစ္စာမထားသလို ထောက်ထားငဲ့ညှာမှာလည်းမဟုတ်ပါဘူး။ သူတို့က ပေးတဲ့လစာအပေါ် မူတည်ပြီး အလုပ်လုပ်တဲ့လူ စက်ရုပ်ပါ။

သူတို့ကို လစာပေးချင်ယောင်ဆောင်ရင်တော့ သူတို့ကအလုပ်လုပ်ချင်ယောင် ဆောင်ပြပါလိမ့်မယ်။ သူတို့က အလုပ်ရဲ့စိန်ခေါ်မှုကိုမကြိုက်ပါဘူး။ သမားရိုးကျ လုပ်ရိုးလုပ်စဉ်တွေကိုပဲ လုပ်ချင်ကြတယ်။လုပ်ငန်းခွင်က သူတို့ရဲ့ အားလပ်ချိန်ကို ဖဲ့ယူခဲ့မိရင်တောင် အပြင်းအထန်စိတ်ဆိုးတတ်သူတွေပါ။ အလုပ်ကို အလုပ်ချိန် ထဲမှာပဲလုပ်ရမယ်လို့အရိုးစွဲနေတတ်သူတွေပါ။ အဲဒီလူတွေကို အလုပ်ရဲ့အခက်အခဲတွေဖြေရှင်းရတဲ့နေရာမျိုး၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေချရတဲ့ နေရာမျိုးတွေမှာ ထားမိရင်အလွဲလွဲအချော်ချော်တွေ ဖြစ်တတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်ထဲမှာလုပ်သက်ကြာရှည်တတ်ပေမယ့်အရေးပါတဲ့နေရာကို ရောက်မလာတတ်ပါဘူး။

(၄) ရည်မှန်းချက်ကြီးတဲ့လူ
ဒီလူစားမျိုးက အဖွဲ့အစည်းရဲ့အရေးပါတဲ့ နေရာတွေကို ထိုးဖောက်ဖို့ကြိုးစားနေပါတယ်။ သူတို့က အလုပ်ရဲ့ စိန်ခေါ်မှုကို ကြိုက်နှစ်သက်ပြီးတိုးတက်မှုကို လိုလားသူတွေပါ။ အပြောင်းအလဲတွေ ဖန်တီးဖို့အမြဲကြိုးစားတတ်ပါတယ်။ အလုပ်ရဲ့ အရည်အသွေးနဲ့ ကိုယ်ရည်ကိုယ်သွေးကိုအမြဲတမ်း ပြုပြင်နေတတ်ပါတယ်။ သူတို့က အကျိုးအမြတ်တွေကို ဖန်တီးလာ တတ်သလို၊အဲဒီအကျိုးအမြတ်တွေကနေ သူတို့အတွက် ခွဲဝေပေးမှ သဘောကျတတ်သူပါ။ အဖွဲ့အစည်းအတွင်း မှာ သူတို့ ပန်းတိုင်ထား ကြိုးစားသလို၊ အဖွဲ့အစည်းရဲ့ကိုယ်စားပြုပန်းတိုင်ကိုလည်း အရေးပါ ချီ တက်တတ်ပါတယ်။ သူတို့လူစားတွေကကုမ္ပဏီအဖွဲ့အစည်းရဲ့ မူဝါဒတွေကို အလေးထားပါတယ်။ ချို့ယွင်းချက်တွေကိုချက်ချင်းပြုပြင် ပြောင်းလဲပစ်ဖို့ လိုလားပါတယ်။

အချိန်ဆွဲနေတာကိုမကြိုက်ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းကို စိတ်တိုင်းကျ ဦးဆောင်ချင်တဲ့သူတွေပါ။တခြား ၀န်ထမ်းတွေကြားမှာ သူတို့က ထင်ပေါ်နေတတ်သလို၊ အတွန်းအတိုက်လည်းအမြဲခံရတတ်ပါတယ်။ သူတို့ဆီက ကုမ္ပဏီ အဖွဲ့အစည်းအတွက် အနာဂတ်ရည်မှန်းချက်အတွက် ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ အကြံဥာဏ်သစ်တွေရတတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်တစ်ခုလုံးကို ထဲထဲဝင်ဝင်လေ့လာပြီးအမှန်တကယ် သိစပ်မြင်နှံ့သူတွေပါ။

သူတို့ကို အရေးမပါတဲ့နေရာတွေမှာထားမယ်၊သူတို့အခွင့်အရေးတွေကို ပိတ်ဆို့ထားမယ်ဆိုရင်တော့ ပြိုင်ဘက်ကုမ္ပဏီအတွက်အရေးပါတဲ့လူတော်တွေ လေ့ကျင့်ပေးသလို ဖြစ်နေပါလိမ့်မယ်။သူတို့ကို စည်းရုံးဖို့အတွက်ကတော့ လုပ်ငန်းခွင်ထဲမှာ သူတို့အတွက်ကုလားထိုင်တွေ အလုံအလောက်ရှိကြောင်း ပြရပါမယ်။ရေတိုရေရှည်စီမံကိန်းတွေမှာ သူတို့ရဲ့နာမည်နဲ့ လုပ်ငန်းရဲ့ဂုဏ်သိက္ခာထပ်တူကျကြောင်း ပြသရပါမယ်။ သူတို့ရဲ့ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုကိုအမြဲလှုံ့ဆော်နေရသလို သူတို့ရဲ့ဘ၀၊ သူတို့ရဲ့ တန်ဖိုးကိုပါ အဖွဲ့အစည်းကအလေးထားကြောင်း ပြသရပါမယ်။

(၅) ရည်မှန်းချက်မရှိတဲ့လူ
လူဆိုတာ အလုပ်လုပ်တယ်၊ ထမင်းစားတယ်၊ သတင်းစာဖတ်တယ်လို့ ယူဆထားတဲ့လူစားမျိုးပါ။ လုပ်ငန်းခွင်ထဲကို ရင်းနှီးမှု နယ်ပယ်ကနေ ရောက်လာတတ်ပါတယ်။ဘာတာဝန်မှ မယူချင်သလို ဘာအလုပ်မှလည်း မလုပ်ချင်ပါဘူး။ လုပ်ငန်းခွင်ထဲရောက်လာတာနဲ့ ဟိုသတင်းဒီသတင်းပြောပြီး ထမင်းချိုင့် အရင်ဖွင့်တတ်ပါတယ်။လစာဝင်ငွေအတွက် လုပ်တာမဟုတ်သလို မိမိပညာ၊ ကိုယ်ရည်ကိုယ်သွေးအတွက်အတွေ့အကြုံ လာရှာတာလည်း မဟုတ်ပါဘူး။ လူဆိုတာ အလုပ်လုပ်ရတယ်ဆိုတဲ့စကားအတွက် အလုပ်လုပ်နေတာပါ။ လုပ်ငန်းခွင်ကို အပျော်သက်သက်သာ သဘောထားပြီးအစည်းအဝေးတက်ဖို့ အမြဲပျက်ကွက်တတ်သူပါ။ အဲဒီလူစားမျိုးတွေကစီမံခန့်ခွဲသူတွေဆွဲယူလို့မရနိုင်တဲ့ လူစားမျိုးပါ။

အလုပ်အကိုင်တည်မြဲလေ့မရှိဘဲ လုပ်ငန်းခွင် ကူးပြောင်းနေရတာကို ပျော်မွေ့တတ်သူပါ။အလုပ်ပေါ် တန်ဖိုးထားမှုကတော့ နည်းပါးပါလိမ့်မယ်။

အထက်ပါ လူစားမျိုးတွေက အလုပ်ခွင်ထဲ ရောနှော ပါဝင်နေတတ်ပါ တယ်။ဦးဆောင်သူတွေ၊ စီမံခန့်ခွဲသူတွေ၊ HR မန်နေဂျာတွေက ဘယ်သူတွေကဘယ်လိုလူစားဆိုတာကို ခွဲခြားထားနိုင်ဖို့ လိုပါတယ်။ ဒါမှလည်းလုပ်ငန်းခွင်ထဲက နေရာချထားမှုက အံဝင်ခွင်ကျဖြစ်နိုင်မယ်။ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိနိုင်မှာပါ။လုပ်ငန်းခွင်ရဲ့အတွင်းစည်း အင်အားညီညွတ်မျှတမှဈေးကွက်မှာ ဖော်ဆောင်နေတဲ့စီမံချက်တွေ ရလဒ်ကောင်းလာနိုင်မှာပါ။မိမိဝန်ထမ်းတွေအကြောင်း သိမြင်ဖို့က လုပ်ငန်းခွင်ထဲမှာပုံမှန်အစည်းအဝေးတွေ ရှိရပါမယ်။ လုပ်ငန်းရည်မှန်းချက်တွေကိုဝန်ထမ်းတွေအတွက် ရှင်းလင်းစွာသိထားဖို့ လိုပါတယ်။ လုပ်သားတွေရဲ့အလုပ်အပေါ် စိတ်ဝင်စားမှု၊ တခြားစိတ်ခံစား ချက်များ၊ ဌာနအသီးသီးရဲ့ပုံမှန်အစည်းအဝေးတွေကို အမှုဆောင်အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးရပါမယ်။အုပ်ချုပ်မှုအဆင့်ဆင့် ကွင်းဆက်မပြတ်ရသလို၊ အောက်ခြေကနေ စီအီးအိုကြားမှာရံဖန်ရံခါ ရင်းနှီးမှုအတွက် ထိတွေ့ ဆက်ဆံရပါမယ်။ ၀န်ထမ်းကိုကုမ္ပဏီအဖွဲ့အစည်းက ဂရုစိုက်မှု ပြသရင် ၀န်ထမ်းတွေကလည်း အဖွဲ့အစည်းအပေါ်ပြန်လည်ဂရုစိုက်လာမှာပါ။အဲဒါကြောင့် ကော်ပိုရိတ် စီးပွားရေးမှာ လူကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဟာအသက်သွေးကြောတမျှ အရေးပါတာပဲ ဖြစ်ပါတယ်။ လူကိုစီမံခန့်ခွဲမယ်ဆိုရင်….ယဉ်ကျေးမှု ကူးစက်ပါစေ။

ကုမ္ပဏီအဖွဲ့အစည်းထဲကို အထက်မှာ ဖော်ပြထားတဲ့လူတွေ ရောက်ရှိလာပါမယ်။သူတို့ထဲက ဘယ်လိုလူမျိုးတွေပဲ ယူမယ်လို့ ကြိုတင်ဆုံးဖြတ်ထားလို့ မရပါဘူး။ဝန်ထမ်းအားလုံးဟာ အစမ်းခန့် သုံးလအတွင်းမှာတော့ပြည့်စုံကောင်းမွန်နေ တတ်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့အမှုဆောင်အရာရှိတွေဟာ ၀န်ထမ်းဟောင်းဖြစ်သွားတဲ့ လူတွေအပေါ်မှာအာရုံစူးစိုက်မှု မရှိတော့ပါဘူး။ ၀န်ထမ်းတွေဘက်ကလည်း ကုမ္ပဏီရဲ့အားနည်းချက်တွေကို ထိုးဖောက်သိမြင်သွားပါပြီ။

ကုမ္ပဏီဝန်ထမ်းဟောင်းတွေရဲ့အမူအကျင့်တွေက ကူးစက်သွားပါပြီ။ ၀န်ထမ်းဟောင်းတွေက ၀န်ထမ်းသစ်တွေအပေါ်အလုပ်အကြောင်း သင်ပေးချင်မှ သင်ပေးပါလိမ့်မယ်။ ကုမ္ပဏီအဖွဲ့အစည်းရဲ့အားနည်းချက်ကို အခွင့်အရေးယူတတ် ဖို့ကိုတော့ မပျက်မကွက် သင်ပေးပါလိမ့်မယ်။အဲဒီ အလေ့အထကို ဦးဆောင်သူတွေအနေနဲ့ သိမြင်ထားဖို့ လိုပါတယ်။ဝန်ထမ်းဟောင်းတွေနဲ့ ၀န်ထမ်းသစ်တွေကြား ဘယ်လိုအလေ့အထ ကူးစက်သလဲဆိုတာစနစ်တကျ စစ်တမ်း ကောက်ယူထားရမှာပါ။

အထက်ပါ လူငါးမျိုးထဲက မျိုးတူအုပ်စုတွေကို သီးခြား ခွဲထုတ်ပြီး သီးခြားစီမံခန့်ခွဲရမှာပါ။ နံပါတ်တစ် လုပ်ငန်းခွင်အတွက် အားထားရဆုံးဖြစ်တဲ့နံပါတ် တစ်အုပ်စုကို နံပါတ်နှစ်၊ သုံး၊ လေးနဲ့ ပူးတွဲမလုပ်ကိုင်စေသင့်ပါဘူး။ အဲဒီလိုမဟုတ်ရင် အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တဲ့လူတွေပါ အလုပ်အပေါ် စိတ်ဝင်စားမှု လျော့ကျ သွားပါလိမ့်မယ်။နံပါတ်တစ်အုပ်စုက လူတွေကို လစာတိုးပေးမယ်၊ ကြိုးစားပါလို့ သွားပြောမိရင်စီမံခန့်ခွဲသူအနေနဲ့ စော်ကားသလိုမျိုး ဖြစ်ပါလိမ့်မယ်။

သူတို့လို လူမျိုးတွေအတွက် လစာစရိတ်ထက် ကော်ပိုရိတ်ရဲ့ ကြင်နာမှုကိုပိုဂရုစိုက် တတ်သူပါ။ ဌာနခွဲ မန်နေဂျာတွေက သူတို့ကို ပုဂ္ဂိုလ်ရေးဆိုင်ရာမေးခွန်းမျိုးတွေ မေးသင့်ပါတယ်။ သူတို့ရဲ့ခံစားမှုကို တလေးတစားနားထောင်ဖို့ လိုသလို၊ သူတို့ရဲ့ မိသားစုဘ၀တွေကိုပါစိတ်ဝင်စားမှုရှိကြောင်း ပြသရပါလိမ့်မယ်။ လိုအပ်ရင် အကူအညီပေးဖို့ကိုတုန့် ဆိုင်း မနေသင့်ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းနဲ့ သူတို့ကြားကသံယောဇဉ်ကြိုးဟာ အလုပ်စွမ်းရည်ရဲ့ ဂရပ်မျဉ်းကို တိုးတက်အောင်ဆောင်ကြဉ်းပေးနိုင်ပါ လိမ့်မယ်။နံပါတ်နှစ်လူမျိုးက အန္တရာယ်ရှိပါတယ်။ အဲဒီလို လူစားမျိုးတွေများပြားလာရင်ကုမ္ပဏီအဖွဲ့အစည်းဟာ တမဟုတ်ချင်း ပျက်စီးသွား နိုင်ပါတယ်။ ပထမဦးဆုံးအဲဒီလူမျိုးတွေ များလာရင် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားနဲ့ဘာမှမကျက်ရင်လည်း အစိမ်းစားမယ့်သူတွေပါ ပေါ်လာပါလိမ့်မယ်။ သူတို့ကလာဘ်ပေးလာဘ်ယူအတွက် ၀န်မလေးသလို ကုမ္ပဏီအဖွဲ့အစည်းအတွက် အကျင့်ဆိုးတွေသယ်ဆောင်လာတတ်ပါတယ်။ ငွေမုဆိုးတွေဖြစ်တဲ့အတွက် ဂုဏ်သိက္ခာအတွက်ထည့်မစဉ်းစားတတ်သူတွေပါ။

အနီရောင်အမှတ်အသားနဲ့ဖယ်ရှားဖို့အချက်အလက်ရှာထားရပါမယ်။ အဲဒီလူမျိုးတွေဆီက ရစရာတစ်ချက်ရှိပါတယ်။စည်းကမ်းထိန်းသိမ်းရေးအတွက် တခြားသူတွေရှေ့မှာ နမူနာအပြစ်ပေးမှုမျိုးကိုအဲဒီလူတွေအပေါ် ပြုလုပ်လို့ရပါတယ်။ နံပါတ်သုံးလူတွေအတွက်ကတော့ ကုမ္ပဏီရဲ့တည်ငြိမ်တဲ့ပုံစံမျိုးကိုသာပေးရပါလိမ့်မယ်။ သူတို့ရဲ့ ပုံသေ၀င်ငွေတွေကိုခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပေးရတဲ့ အနေအထားတစ်ခုပဲလိုအပ်ပါတယ်။ သူတို့ဆီက ပုံမှန်အလုပ်စွမ်းရည်ကို ရရှိနေသရွေ့တော့သူတို့ကို အရေးတကြီးကိုင်တွယ်နေစရာ မလိုအပ်ပါဘူး။

သူတို့ရဲ့လုပ်ဆောင်ချက်တွေ အားနည်းသွားပြီဆိုရင်တော့ သူတို့အခက်အခဲတွေကိုဖြေရှင်းပေးဖို့အတွက် ကုမ္ပဏီအဖွဲ့အစည်းက အရေးတယူစောင့်ကြည့်ပေးရပါမယ်။ပုံမှန်အလုပ်စွမ်းရည်ရဖို့ သူတို့လူစုရဲ့အခက်အခဲကိုကြားဝင်ဖြေရှင်းပေးရတာ မျိုးကလွဲလို့ ရှုပ်ရှုပ်ထွေးထွေးသိပ်မရှိလှပါဘူး။နံပါတ်လေးလူတွေက မိသားစုပုံစံ စီးပွားရေးတွေနဲ့အသေးစားကုမ္ပဏီတွေမှာ အတွေ့ရနည်းတတ်ပေမယ့်၊ ကော်ပိုရိတ်တွေထဲမှာတော့အများအပြားရှိတတ်ပါတယ်။

ထက်ထက်မြက်မြက်လူငယ်တွေ တွေ့ရတာနဲ့ဂရုတစိုက်စောင့်ကြည့်ရမှာက ဌာနခွဲမန်နေဂျာတွေပါ။ သူတို့က လူငယ်တွေအပေါ်အစိုးရိမ်စိတ် လွန်ကဲတတ်ပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းမှာ အမှည့်တ၀င်းဝင်းအကင်းတဖြုတ်ဖြုတ်ဆိုရင်တော့ တစ်စုံတစ်ရာလွဲချော်နေပါပြီ။ရည်မှန်းချက်ရှိတဲ့၊ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တွေအတွက်ကုမ္ပဏီအဖွဲ့အစည်းမှာ စွန့်စားဖို့ Branch တွေရှိဖို့ လိုတယ်။

လုပ်ငန်းကျွမ်းကျင်မှုအားနည်းမယ်ဆိုရင်တောင် သူတို့မှာအသိအမြင်သစ်တွေရှိပါတယ်။ စိန်ခေါ်မှုအသစ်တွေကို ဖြေရှင်းဖို့အင်အားဟာအဲဒီလူစုမှာရှိပါတယ်။ သူတို့အုပ်စုက ကုမ္ပဏီအဖွဲ့အစည်းကိုသွေးသစ်လောင်းပေးမယ်။ ခေတ်မီအောင် ပြုပြင်ပေးလိမ့်မယ်။ အဲဒီအတွက်ဦးဆောင်သူတွေက သဘောထားကြီးဖို့နဲ့ အပြောင်းအလဲတွေအားပေး လက်ခံနိုင်စွမ်းရှိဖို့ လိုပါလိမ့်မယ်။စီးပွားရေးသစ်မှာ ရေရှည်အောင်မြင်မှုရဖို့ဆိုတာ ကုမ္ပဏီအဖွဲ့အစည်းမှာအိုင်ဒီယာအသစ်တွေ ဘယ်လောက်မွေးမြူထား သလဲဆိုတဲ့ပေါ် မူတည်နေမှာပါ။
ခေတ်မမှီတော့တဲ့ ကျွမ်းကျင်မှုဟာ ပစ္စုပ္ပန်ရပ်တည်မှုအတွက်သာဖြစ်ပြီး အနာဂတ်ကိုတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။နံပါတ်ငါးလူတွေက လုပ်ငန်းခွင်ထဲက ပျော်တော်ဆက်တွေပါ။ တခြားသူတွေအင်တိုက်အားတိုက်ကြိုးစားလို့ ပင်ပန်း နေတဲ့အချိန်မှာ သူတို့က အရွှန်းဖောက်ဖျော်ဖြေတတ်ပါတယ်။ သူတို့ရှိတဲ့အတွက် လုပ်ငန်းခွင် အတွင်းရင်းနှီး မှုတွေကိုဖောင်ဆောင်နိုင်ပါတယ်။

နှစ်ပတ်လည်ညစာစားပွဲတွေမှာ အဲဒီလူမျိုးတွေကြောင့်အဖွဲ့အစည်းတွင်းကလူတွေ ပျော်ရွှင်ရ တတ်ပါတယ်။ ဒါဟာ ကုမ္ပဏီမှာ လစာစရိတ်တွေဘတ်ဂျက်ပြည့်စုံနေတဲ့အချိန်မျိုးဆိုရင် အဲဒီလူမျိုးတွေဟာဝန်ထုပ်ဝန်ပိုးမဖြစ်သေးပါဘူး။
မိုးထဲရေထဲကြိုးစားလုပ်ကိုင်နေချိန်မှာတော့ သူတို့ကို လက်တွဲဖြုတ်ထားခဲ့ပါ။သူတို့ကလည်း လိုလိုချင်ချင် နေရစ်ခဲ့ပါလိမ့်မယ်။ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဟာ ဘယ်လိုလူမျိုးတွေကိုပဲ ယူမယ်ဆိုပြီးနာရီဝက်စာ အင်တာဗျူးတွေမှာ ချက်ချင်း ဆုံးဖြတ်လို့မရပါဘူး။လုပ်ငန်းခွင်တိုင်းမှာ လူငါးမျိုးစလုံး ရှိနေမှာပါ။ မလိုအပ်တဲ့လူစားမျိုးတွေ လုံးဝ မရှိအောင် လုပ်လို့ မရပေမယ့်၊

လူကောင်းတွေများလာအောင် ဖန်တီးလို့ရပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းအတွင်းမှာ လစဉ်စည်းဝေးပါ။တစ်နှစ်ကို နှစ်ကြိမ် ၀န်ထမ်းအားလုံးရဲ့ ဆန္ဒတွေကို စစ်တမ်းကောက်ယူပါ။အထက် အောက်ဆက်ဆံမှု အပြန်အလှန် ပြေပြစ်မှုရှိအောင် လုပ်ဆောင်တတ်ပါစေ။မိမိရရဲ့ အမှားအယွင်းကို မိမိကိုယ်တိုင် တာဝန်ယူခိုင်းပါ။ ရလဒ်ကောင်းတဲ့လူတွေအတွက် အကျိုးခံစားခွင့် တိတိကျကျရရှိအောင် ပြုလုပ်ထားပါ။
ဝန်ထမ်းအချင်းချင်း ကောင်းမွန်တဲ့ ယဉ်ကျေးမှုတွေ ကူးစက်ပါစေ။

အရေးကြီးဆုံးအချက်က လူကို လူလို ဦးဆောင်သူတွေ မြင်တတ်ဖို့ပါပဲ။ လစာကောင်း ကောင်း ပေးထားရုံနဲ့ ပြီးပြည့်စုံတဲ့ ၀န်ထမ်းတွေ ရရှိမယ်ဆိုပြီးတရားသေ ယူဆမထားဖို့တော့ လိုပါလိမ့်မယ်။

စာကြွင်း။ ။ သူငယ်ချင်ပေးပို့တဲ့စာမူတစ်ခုဖြစ်ပါတယ်။

19 July 1947

မိုးကစိုစို၊ ကျီးကပြို၍၊

ထိုမှဤမှ၊ တို့လမ်းမတွင်၊

ပျံကြ၀ဲကြ၊ ငရဲထသို့၊

အုံကြွမြည်အာ၊ မသာယာကို၊

ငါကြားခဲ့၏ မှတ်မိ၏။

ထိုနေ့၌ပင်၊ထိုချိန်ထင်၏၊

သခင်အောင်ဆန်း၊

ပြည်သူ့ပန်းသည်၊

ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊

မြေခသတင်း၊ မိုးကြိုးခွင်းသို့၊

အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊

မချင့်မရဲ၊၀မ်းနည်းခံခက်၊

မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊

ရွာဦးပိုင်းမှ၊ သင်္ချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊

မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊

သူတို့ခေတ်၌ ၊

တိုင်းချစ်ပြည်ချစ်၊မြတ်စေချင်၏၊

မင်းမြင်ငါကြား၊ စကားဥဒါန်း၊

ဆန်း၏သတ္တိ၊ဆန်း၏သမာဓိ၊

ဆန်း၏ပညာ၊ ဆန်းမှာဆုံးပေါင်၊

ယောက်ျားကောင်းတို့၊

ခေါင်းဆောင်သဘော၊

မင့်သားချောကို၊

ပြောလိုက်ပါဘိ ဟောပါဘိ။


(ဇော်ဂျီ)

စာကြွင်း။ ။ မကြာခင်ကျရောက်တော့မယ့် အာဇာနည်နေ့အတွက်