Saturday, March 31, 2018

ဂရန်ဆိုသည်မှာ



 ဂရန်မြေဆိုတာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ၊ နည်းဥပဒေတွေ ရှိပြီးသားပါ။ လိုက်နာဖို့၊ ဘယ်လိုလိုက်နာရတယ်ဆိုတာ သိဖို့ပဲ လိုပါတယ်။

•ဂရန်

၁။ မြို့မြေများမှာ လူနေထိုင်ရန်(Residential Purposes)အတွက်ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင်သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံးပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှားရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန်(Lease)လို့ ခေါ်ပါတယ်။ အပိုင်သဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ပဲ ခေါ်ကြပါတယ်။

•ဂရန်လျှောက်ထားခြင်း-

၂။ အစိုးရမြေကို (ငှားရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အသင်းများအနေနဲ့ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထို့နောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဋ္ဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ်နှင့် မြေရာဇဝင်ကို စိစစ် မှတ်ချက်ပြု ပြန်ကြားပေးရန်လွှဲပြောင်းပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနက မိမိဋ္ဌာနမှာရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း(1-A Register)တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖော်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်-မဟုတ်နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်-မဟုတ် မှတ်ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ-မရှိနဲ့ အစိုးရအဆောက်အဦးနှင့် အခြားကိစ္စများ အသုံးပြုရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ-မရှိတို့ကို စိစစ်ပေးခြင်း၊ မြေတန်ဖိုးနဲ့ မြေငှားခများ တွက်ချက်ပေးခြင်း စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။

ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး၊ မြေကို စိစစ်ပေးတာက မြေစာရင်းဋ္ဌာန ဖြစ်ပါတယ်။
ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး မြေစာရင်းဋ္ဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေယာဇဝင်(မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေအနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပေမယ့် မြေဆိုရင် မြေစာရင်းက လုပ်တာပဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စနဲ့ တိုင်ကြပြီဆိုရင် မြေစာရင်းဋ္ဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရားဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည် မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများဥပဒေတို့က ပြဋ္ဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဋ္ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘောမပေါက်ကြပါဘူး။ ဒါ့ကြောင့် ဂရန်ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။

•ဂရန်လုပ်ငန်း၌ ကြေး/မြေ၏ အခန်းကဏ္ဍ

၃။ အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမယ့် ဂရန်လျှောက်မယ့်မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇဝင် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေးနိုင်တဲ့မြေ ဟုတ်-မဟုတ်ကို ဋ္ဌာနရှိ မြေပုံ၊ မြေရာဇဝင်၊ မှတ်တမ်း၊ အထောက်အထားများနဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာက မြေစာရင်းဋ္ဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဖို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဋ္ဌာနအနေနဲ့ ထောက်ပြရမယ့် တာဝန်ရှိပါတယ်။ ဒါပေမယ့် ပေါင်းစားရင် အရိုးတောင်နူးတယ်ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွားတယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တစ်သွေး တစ်သံ တစ်မိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှုကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမောဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာက စာအုပ်ကြီးတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဋ္ဌာနတိုင်းလိုလိုဖြစ်တော့ကာ ထွေ/အုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲ ရောယောင်ပါသွားတာ မဆန်းပါ။

•အခုခေတ် ဂရန်တချို့ ဥပဒေနဲ့ ညီရဲ့လား

၎။ လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲတွေ မြေစာရင်းဋ္ဌာနကို ပေးပို့လာတဲ့အခါ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ ဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စိစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိလာရပါတယ်။ မြေစာရင်းဋ္ဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလည်း ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက်လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ(ဥပမာ- သစ်တောကြိုးဝိုင်းမြေ၊ မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရဋ္ဌာန/ပုဂ္ဂလိကသို့ ချထားပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့်မြေ Land at the disposal by Government လို့ မှားယွင်းမှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန် ထောက်ခံခြင်း စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက် ချထားမပေးသင့်တဲ့ အစိုးရဋ္ဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထားတဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။ မြေစာရင်းဋ္ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ ဂရန်ချထား မပေးနိုင်တဲ့မြေများကို မြေငှားဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာဖြစ်ပွားရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်းဖြစ်ရတာတွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့တနေ့ကအထိ ဋ္ဌာနမှာ ဂရန်မြေအရှုပ်အရှင်းအတွက် အရေးယူခဲ့ရသူတွေ ရှိနေဆဲဖြစ်ပါတယ်။ ကြေး/မြေဋ္ဌာနဝန်ထမ်းတွေကို မြေရာဇဝင်မှတ်တမ်း မှားယွင်းထုတ်ပေးမှုအတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆံ့အောင် ကြားဖူးကြမှာပါ။ ကျွန်တော်တို့ချည်းပဲတော့ မဟုတ်ဖူးပေါ့။ G.A နဲ့ အခြားဋ္ဌာနက ဆရာတွေလည်း ထိတာပါပဲ။ စစ်ကိုင်တိုင်းက ဂရန်မှားပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှားချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန်ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဘက်ခေတ်မှာ တန်ဖိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ ဋ္ဌာနက လူငယ်သွေးသစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ပတ်သတ်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံးလုပ်နည်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။

•မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ

၅။ ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သောမြေဆိုတာ ဘာလဲ ဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှသာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုပါတယ်။

(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT )
အစိုးရမှ စီမံချထားပိုင်ခွင့်ရှိသောမြေ( Land at the disposal of Government )ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ခေါ်ကြပါတယ်။ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ အက်ဥပဒေ ပုဒ်မ(၂)၊ ပုဒ်မ(၃)၊ ပုဒ်မ(၄)တို့မှာ ဖော်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။

အဲဒီ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက် လည်းကောင်း၊ စိုက်ပျိုးရေးအတွက် လည်းကောင်း အသုံးပြုခွင့်ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံအလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း၊ တံတား စတဲ့ အစိုးရဋ္ဌာနများမှ အသုံးပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီးသော မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှားဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှားဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်သောမြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို ( Land at the disposal of Government )အစိုးရမှချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက်တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍ မရပါဘူး။ ချထားလိုရင်တော့ မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက်တစ်ယောက်ကို ချထားနိုင်ပါတယ်)။ သက်တမ်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖောက်ဖျက်ရာ ကျပါတယ်။

မြေတစ်ကွက်ကို ဂရန်ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်-မဟုတ်အတွက် မြေယာမှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဋ္ဌာနရဲ့ မှတ်ချက်ဟာ အလွန်အရေးပါတယ်ဆိုတာ သတိပြုရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကို မြေစာရင်းရဲ့ ပြန်ကြားချက်မှာ တိတိကျကျဖော်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရဋ္ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရားဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေမဟုတ်တဲ့ လ/န(၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဆိုပြီး မြေစာရင်းဋ္ဌာန တာဝန်ရှိသူများအနေနဲ့ လုံးဝ မှတ်ချက်မပြုဖို့ သတိချပ်စေလိုပါတယ်။

•မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land )

မြို့များအတွင်းမှာရှိတဲ့ မြေတွေကို အစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ အခန်း ၂၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့် ရှိပါတယ်။
ပုဒ်မ ၇။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြား မည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့်ကျေးရွာမြေများတွင် မရှိစေရ။

(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှားဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitation Act)အရ ပိုင်ဆိုင်သော အခွင့်အရေး၊
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ်ဖော်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူ ခံစားခွင့်၊

ပုဒ်မ ၈။ စာရင်းဝင်မြို့များ(Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထားသော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder's right)မြေရှင်ဆိုင်ရာအခွင့်အရေးကို ရရှိစေရမည်။
(က) မြို့နှင့်ကျေးရွာမြေများ ပြဋ္ဌာန်းအတည်မပြုမီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသော ကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလ ပြည့်အောင် မြေကို လက်ရှိထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၎င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ Public demands ကို ထမ်းဆောင်လာသူ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။

ပုဒ်မ ၉။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်--
(က) စစ်တွေမြေများအတွက် ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင် ၁၈၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။
ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမယ့် အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာ တွေ့ရပါတယ်။

•မြို့မြေအတွင်း မြေချထားပေးမှု အမျိုးအစားများ

၆။ မြို့မြေလို့ သတ်မှတ်ထားတဲ့ မြေတွေကို အစိုးရက ကော်လိပ်တော်မှတဆင့် အများပြည်သူသို့ မြေအသုံးချလိုတဲ့ ဋ္ဌာန/အဖွဲ့အစည်းများကို ချထားတဲ့အခါ အသုံးချမှုကိုမူတည်ပြီး အမျိုးအစား ခွဲခြားချထားပါတယ်။ လူနေထိုင်ရန်၊ အဆောက်အဦး ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်၊ သူဿန်မြေအဖြစ် အသုံးပြုရန်၊ သာသနာမြေ အသုံးပြုရန်၊ အများပြည်သူအကျိုးအတွက် ပန်းခြံ၊ အားကစားကွင်း၊ ဆေးရုံ၊ ကျောင်း၊ ကူးတို့ဆိပ်၊ ဈေး၊ တပ်မြို့ဆောင်ရွက်ရန် စသည်ဖြင့် ချထားပေးနိုင်ပါတယ်။ အရင်ကတော့ မြို့မြေအတွင်း လယ်ယာစိုက်ပျိုးရန်အတွက်ပါ ချထားပေးခဲ့ပေမယ့် နောက်ပိုင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုက်စင်/ဂရန် မချပေးတော့ပါဘူး။ မြေကို ဘယ်လိုပုံစံနဲ့ ချထားသလဲဆိုတော့ အငှားပတ္တာ၊ ဂရန်၊ လိုင်စင် စတဲ့ နည်းလမ်းတွေနဲ့ ချထားပါတယ်။
Section 16: Land at the disposal of Government may be disposed of -
(a) By grant or lease, conferring such interests there in and on such condition as the Governor may be by rule prescribe;
(b) By license of the Revenue-officer.

(က) အပိုင်ဂရန် (Revenue free Grant)
အပိုင်ဂရန်ရဲ့ ခေါင်းစည်းကိုက Instrument of Grant for Religious/Public Purposes ဆိုတော့ သာသနာရေးကိစ္စတွေ၊ အများပြည်သူအကျိုးငှာ ဆောင်ရွက်မယ့်ကိစ္စတွေအတွက် ချထားပေးရမယ့် ဂရန်အမျိုးအစားဆိုတာ ရှင်းပြဖို့ မလိုတော့ပါဘူး။ လျှောက်ထားချပေးတဲ့ ကိစ္စရပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး မြေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားတဲ့ ဂရန့် ဖြစ်ပါတယ်။ သက်တမ်း မရှိပါဘူး။ ဒါပေမယ့် ချထားပေးတဲ့ မြေတစ်ကွက်လုံး ဖြစ်စေ၊ မြေကွက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ ချထားပေးတဲ့ လုပ်ငန်းရပ်ကို အသုံးမပြုဘဲ အခြားကိစ္စရပ် ပြောင်းလဲ အသုံးချထားခဲ့ရင်တော့ တစ်ကွက်လုံးကို မြေခွန်ထိုက်သင့်စေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မူရင်း ခွင့်ပြုထားတဲ့ ကိစ္စရပ်အတိုင်း မသုံးဘဲ အခြားကိစ္စကို ပြောင်းလဲ အသုံးပြုရင်ဖြစ်ဖြစ်၊ အသုံးပြုခွင့်ပေးထားတဲ့ မြေပေါ်က အဆောက်အဦ ကျောင်း ကန် ဇရပ်တွေက အသုံးမပြုနိုင်တော့လောက်အောင်ကို ပျက်စီးယိုယွင်းနေပြီး ပြင်ဆင်မှုမရှိ၊ လူသူကင်းမဲ့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိတဲ့ အခြေအနေတိုင် ရောက်နေပြီဆိုရင်တော့ မြေပေါ်က အဆောက်အဦတွေရော၊ မြေကိုပါ အစိုးရက ပြန်သိမ်းနိုင်ပါတယ်။
ဂရန်ချထားတဲ့ ပုံစံက Land Revenue II / Grant ပုံစံ ဖြစ်ပါတယ်။

(ခ) နှစ်ရှည်အငှားဂရန် (Long Term Lease)

လျှောက်ထားသော မြေကွက်ပေါ်မှာ တာရှည်ခိုင်ခံ့တဲ့ တိုက်တာ၊ အိမ်၊ အဆောက်အဦများ အခိုင်အမာ ဆောက်လုပ်ထားခဲ့မယ်ဆိုရင် နှစ်ရှည်ဂရန် ချထားပေးရမှာဖြစ်ပါတယ်။ ဂရန်ပုံစံက သက်တမ်းကုန်ရင် အသစ်လဲလှယ်ပေးခွင့်ရှိတဲ့ ဂရန်နဲ့ အသစ်လဲလှယ်ပေးခွင့် မရှိတဲ့ ဂရန်အတွက် ပုံစံ ခွဲခြားပေးရပါတယ်။ ဂရန်သက်တမ်းက သာမန်အားဖြင့်တော့ တစ်ကြိမ်ခွင့်ပြုရင် နှစ်(၃၀)အထိ ဖြစ်ပါတယ်။ နှစ်(၃၀) ဂရန်ကို အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတိုင်း အသစ်လဲလှယ်ပိုင်ခွင့်ရှိသော (With the power of Renewal up to Ninety Years)ဂရန်နဲ့၊ အနှစ်(၃၀)ပြည့်တာနဲ့ သက်တမ်းထပ်မံ၍ လဲလှယ်ခွင့်မရှိဘဲ သက်တမ်းကုန်ဆုံးသော (Without the power of Renewal)အသစ်လဲလှယ်ပိုင်ခွင့်မရှိသော ဂရန် ဆိုပြီး (၂)မျိုး ခွဲခြားပါတယ်။

အနှစ်(၃၀)သက်တမ်းကုန်ဆုံးတိုင်း (With the power of Renewal up to Ninety Years)အသစ်လဲလှယ်ပိုင်ခွင့်ရှိသော ဂရန် ဖြစ်ရင်တော့ အနှစ်(၉၀)တိုင်အောင် သုံးကြိမ်သုံးခါအထိ လဲလှယ်ပိုင်ခွင့် ရှိပါတယ်။ ယင်းဂရန်မျိုးဟာ နှစ်(၉၀)အထိ ပေးတယ်ဆိုပေမယ့်လည်း တောက်လျှောက်ပေးခြင်း မဟုတ်ဘဲ နှစ်(၃၀)စီ လီ၍ ပေးခြင်းသာ ဖြစ်ပါတယ်။ နှစ်(၃၀)သက်တမ်း ကုန်ဆုံးပါက အသစ်ထပ်မံ လျှောက်ထားရန်မလိုဘဲ တစ်ကြိမ်လျှင် နောက်ထပ် နှစ်(၃၀)စီ သက်တမ်းတိုးခွင့်ကိုသာ လျှောက်ရပါတယ်။

သက်တမ်းလာတိုးတာကို ငြင်းပယ်ခွင့် မရှိပါဘူး။ ဂရန်ချထားပေးတဲ့ ပုံစံက Land Revenue II / Lease I & I (a), Form of Lease of Town Land with the Power of Renewal up to Ninety Years ဖြစ်ပါတယ်။
အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတာနဲ့ သက်တမ်း ထပ်မံ လဲလှယ်ခွင့်မရှိဘဲ ကုန်ဆုံးသွားတဲ့ (Without the Power of Renewal)အသစ်လဲလှယ်ပိုင်ခွင့် မရှိသော ဂရန် ဖြစ်ရင်တော့ သက်တမ်းကုန်ဆုံးတဲ့ နှစ်(၃၀)ပြည့်တိုင်း ဂရန်အသစ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဂရန်သက်တမ်းအသစ် လျှောက်ထားမှုကို မြေအငှားချပိုင်ခွင့်ရှိသူက ငြင်းချင်လည်း ငြင်းနိုင်၊ အသစ်ထပ်ပေးချင်မှလည်း ပေးနိုင်တဲ့ ဂရန် ဖြစ်ပါတယ်။ (အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၇ အရ)

(ဂ) နှစ်တိုအငှားဂရန် (Lease of Short Term)

မြေပေါ်မှာ အတော်အသင့် တောင့်တက်းခိုင်မာမှုရှိပြီး သင့်လျော်တဲ့ သက်တမ်းပမာဏ နေထိုင် အသုံးပြုနိုင်မယ့် အဆောပ်အဦ ဆောက်လုပ်ထားခြင်း (သို့မဟုတ်) ယင်းမြေကွက်ဟာ ယခင်က လိုင်စင် (သို့မဟုတ်) ကျူးကျော်အဆင့်သာ သတ်မှတ်ထားခဲ့ရာက ယခုမှ ဂရန်စတင်ပေးရန် ကြံရွယ်ခြင်းဖြစ်ပါက နှစ်တိုဂရန်ပဲ ချထားပေးရန် ဖြစ်ပါတယ်။ ခွင့်ပြုကာလ (၁၀)နှစ်မှ (၁၅)နှစ်အတွက် ကာလတို ချထားနိုင်ပါတယ်။ ယင်းအငှားဂရန်မှာလည်း ဂရန်သက်တမ်း ကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမည့် ဂရန် (Without power of Renewal)ဂရန် အမျိုးအစား ဖြစ်ပါတယ်။ သက်တမ်းကုန်ရင် အသစ်ထပ်ပေးမယ်လို့ အာမ မခံပါဘူး။ အသုံးပြုရတဲ့ ပုံစံမှာ Land Revenue II / L.B Lease I & I (a); Form of Lease for Short Term without Power of Renewal under the Lower Burma Town and Village Lands Act ဖြစ်ပါတယ်။

(အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၈ နှင့် ၂၉ အရ)

(ဃ) လိုင်စင် ( License )

မြို့မြေ တိုးချဲ့အကွက်အသစ်များအတွက် လည်းကောင်း၊ မြို့ရွာများ စစ်ဘေး၊ မီးဘေး၊ လေဘေး ဒဏ်သင့်လို့ ပျက်စီးရာက ပြန်လည်ထူထောင်ရေးကာလမှာ လည်းကောင်း၊ တည်ငြိမ်တဲ့ နေထိုင်မှု မရှိသေးတဲ့အပေါ် မူတည်ပြီး သက်တမ်းတို နေခွင့်ပြုထားတဲ့ မြို့မြေနေထိုင်ခွင့် ဖြစ်ပါတယ်။ မြို့ပြရပ်ကွက် တည်ငြိမ်မှုမရှိသေးတဲ့ နေရာတွေမှာ ယာယီအားဖြင့် မြေခေတ္တအသုံးပြုနိုင်ရန်အတွက် လိုင်စင်ချထားခြင်း ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် (၃)နှစ်ထက်ပိုပြီး ခွင့်မပြုနိုင်ပါဘူး။ အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ ၅၁(က)(၁) (၂)နှင့် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ (၇)၊ နည်းဥပဒေ (၈)တို့မှာ ဖော်ပြထားတဲ့ နှစ်ရှည်/နှစ်တို ဂရန်ချထားပေးသင့်တဲ့ မြေများမှ အပဖြစ်သော စနစ်တကျ မြို့ကွက်မရိုက်ရသေးတဲ့ နေရာတွေမှာ နှစ်ရှည် (သို့မဟုတ်) နှစ်တိုဂရန်များ ထုတ်မပေးရဘဲ {အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ အပိုဒ် (၃၀)နှင့် (၃၄)အရ} ယာယီပါမစ်နဲ့ လိုင်စင်ကိုသာ ထုတ်ပေးရလေ့ ရှိပါတယ်။ လိုင်စင်ချထားပေးတဲ့ အခွန်ပုံစံကတော့ Land Revenue II / L.B License 2 ဖြစ်ပါတယ်။

လိုင်စင်မှာ ထူးခြားတာက ဂရန်ချထားပေးသလောက် စိစစ်မှု မရှိတာ၊ တင်းကျပ်တဲ့စည်းကမ်း မထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၁၆ (က)မှာ ဂရန်တွေ၊ အငှားဂရန်တွေကို အစိုးရ(Governor) ဒါမှမဟုတ် အစိုးရကိုယ်စား ကော်လိပ်တော်အရာရှိ(အရေးပိုင်)က ချထားရန်နဲ့ လိုင်စင်ကိုတော့ ပုဒ်မ ၁၆ (ခ)မှာ Notification B အရ တာဝန်ပေးထားတဲ့ အခွန်အရာရှိက ပေးရန် လို့ ခွဲထားခြင်းကြောင့် ဖြစ်ပါတယ်။ ဘာကွာသလဲ မမေးပါနဲ့။ ကွာပါ့ ဗျား။ ပုဒ်မ ၁၆ (ခ)အရ လိုင်စင်ပေးနိုင်တဲ့ အခွန်အရာရှိဆိုတာ နယ်ပိုင်၊ မြို့ပိုင်ကနေ သူကြီးအထိတောင် အခွင့်အာဏာ အပ်ထားလို့ ဖြစ်ပါတယ်။ ဒီလို အလွယ်ချပေးနိုင်အောင် စီစဉ်ပေးသလို အချိန်တိုအတွင်း အလွယ်တကူ ပြန်သိမ်းနိုင်အောင် လုပ်ထားတဲ့ မြေပေါ့ဗျာ။ လိုင်စင်ပေးထားဆဲမှာကို (၃)လ အတွင်း မြေမှ ထွက်ခွာရန် နို့တစ်စာ ချပြီး အချိန်မရွေး နှင်ထုတ်နိုင်ပါတယ်။

(င) ပါမစ် ( Permit )

အစိုးရမီ ချထားပေးပိုင်ခွင်ရှိသော Disposal Land ကို အသုံးပြုနိုင်မည့် အခွင့်အရေး Right in land မှာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ-၄ (၇)၊ ပုဒ်မ-၇ (က)နဲ့ ပုဒ်မ ၁၆ (က)၊ (ခ)တို့အရ Grant, Lease, License (၃)မျိုးဖြင့်သာ သုံးစွဲခွင့်ရရှိနိုင်ပါသည်။ ဒါပေမယ့် မြို့သစ်တွေ အကွက်ရိုက်တဲ့အခါ ချထားပေးလေ့ရှိတဲ့ ပါမစ်မြေဆိုတာ ရှိပြန်သေးတယ်။ ပါမစ်မြေကို သိနားလည်ဖို့ ခုခေတ်မှာ အရေးပါလာပါတယ်။ န.ဝ.တ တက်လာပြီး မြို့နယ်တိုင်းလိုလိုမှာ မြို့သစ် ရွာသစ်တွေ တည်ထောင်ကြတဲ့အခါ အကွက်ရိုက်ပြီး မြေပါမစ် ထုတ်ပေးကြတဲ့အတွက် မြို့သစ်မြေချပါမစ် Permit တွေ တစ်ပြည်လုံး ပလူပျံလာပါတယ်။ ပါမစ်ဆိုတာဟာ မြေနေရာ ချထားသည့်အမိန့်သာ ဖြစ်ပြီး မြေအသုံးပြုခွင့် အမိန့်၊ မြေပိုင်ဆိုင်ခွင့် အမိန့် မဟုတ်ပါဘူး။ မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၁၆ တို့အရ သတ်မှတ်ထားရာမှာ ပါမစ်ကို ဖော်ပြထားတာ မတွေ့ပါဘူး။ အစိုးရမြေကို အသုံးပြုနိုင်ဖို့က သတ်မှတ်ကာလ တစ်ခုအတွက် မြေငှားရမ်းသုံးစွဲခွင့်ရရှိဖို့ ဂရန်စာချုပ် ချုပ်ဆို ငှားရမ်းရပါတယ်။

Credit: ဥက္ကလာ Channel 

Friday, March 30, 2018

Huawei P20 and P20 Pro အကြောင်း


Aperture ကျယ်လိုက်၊ Sensor Size ကြီးလိုက်၊ AI တွေသုံးလိုက်နဲ့ ဓာတ်ပုံတစ်ပုံအကောင်းဆုံးဖြစ်ဖို့အတွက် 12 MP နဲ့ Company တွေ တိုင်ပတ်နေတဲ့ အချိန်မှာ Huawei က 40 MP (Main Lens) ကိုစတင်အသုံးပြုပြီး ကင်မရာဘုရင်ဆိုတဲ့ နေရာကို လုသွားပါတယ်...

ကျွန်တော်ပြောခဲ့သလိုပဲ ဖုန်းတွေအနေနဲ့ Performance သိပ်မကွာတော့ Camera ကိုပဲ သူ့ထက်ငါ ဦးစားပေးပြိုင်လာကြပါပြီ။ Huawei က P10 ထိ Leica Dual Camera ကိုသုံးလာခဲ့တာ P20 Pro ကြမှ Triple Camera Setup ကို ပြောင်းလိုက်ပါတယ်။ ပထမဦးဆုံး Rear Triple Camera ဖုန်းလို့လဲပြောလို့ရပါတယ်။ ကင်မရာ အသားပေးထားတဲ့ ဖုန်းဖြစ်တဲ့အတွက် ကင်မရာအပိုင်းကိုပဲ အဓိကထားပြောချင်ပါတယ်။

ရိုးရိုး P20 က အရင် P10 နဲ့အတူတူပဲ။ Dual (RGB + Monochrome) 12 MP နဲ့ 20 MP ကို တပ်ဆင်ထားတာပါ။ P20 Pro ကျတော့ 8 MP Tele Lens အပိုပါလာတယ်၊ အဲ့အပြင် RGB 12 MP အစား 40 MP ကိုပြောင်းသုံးလိုက်တာပါ။ ဆိုတော့ P20 Pro က 8 MP (Tele) + 40 MP (RGB) + 20 MP (Monochrome) ပေါ့။ ဟိုးအရင်က Nokia Pureview 8O8 နဲ့ Lumina 1020 မှာ 41 MP ထိ ဖုန်းတွေမှာ သုံးခဲ့ဖူးတယ်။ အခု Huawei က သူများတွေ 12 MP နဲ့ တိုင်ပတ်နေတဲ့အချိန်မှာ 40 MP ထိ ပြန်သုံးပြီးတော့ အကောင်းဆုံးဖြစ်အောင် ဘယ်လို Handle လုပ်ထားလဲ???

Megapixel

40 MP ဆိုတော့ Pixel အရေအတွက်အရမ်းများသွားတဲ့အတွက် Camera Sensor Size ကိုလည်း အကြီး ပြောင်းသုံးလိုက်ရတယ်။ လောလောဆယ် ဖုန်းတွေထဲမှာ (1/1.7”) Size အကြီးဆုံးလို့ပြောလို့ရတယ်။ ပြီးတော့ Huawei က Light Fusion လိုခေါ်တဲ့နည်းပညာကို မိတ်ဆက်သွားတယ်။ Pixel 4 ခုကို 1 ခုအဖြစ်ပေါင်းစပ်ပြီး ပြတ်သားတိကျတဲ့ Pixel 1 ခုအဖြစ်ထုတ်ပေးတာပါ။ ဒါက OnePlus ရဲ့ Intelligent Pixel Technology နဲ့တူသလားဆိုတော့ ဆင်တယ်လို့ပြောလို့ရပါတယ်။ OnePlus က 16 MP ကို 4 ခုချုံတော့ 4 MP အရည်အသွေးပုံ ဖြစ်သွားတယ် ပြီးတော့ 16 MP Resolution Size အဖြစ်ပြန်ချဲ့တယ်။ Huawei က OnePlus လို 4 MP အရည်အသွေးမလိုချင်လို့ Megapixels အများကြီးကို တိုးသုံးလိုက်တာပါ။ 40 MP မှာ 4 ခုကို 1 ခုအဖြစ်ပေါင်းတော့ 10 MP နဲ့ညီတဲ့ အရည်အသွေး ဓာတ်ပုံကိုရတာပါ။ ဒီနည်းပညာက ဟိုးအရင် Nokia Lumina 1020 လည်းသုံးခဲ့တယ် Super Pixel လို့နာမည်ပေးထားပေမဲ့ သိပ်မပေါက်ရောက်ခဲ့ဘူး။ OnePlus ကနေ Lowlight မှာ ပိုကောင်းအောင် ပြန်ပြောင်းသုံးခဲ့တယ်။ အခု Huawei ကလည်း သုံးလာပြီဆိုတော့ ဒီနည်းပညာက ဖုန်းတွေ အနေနဲ့ 12 MP ထက်ကျော်လွန်ပြီး သုံးနိုင်အောင် Lowlight မှာပိုကောင်းအောင် အထောက်ကူပြုနေတာတော့ အသေချာပါပဲ။ Xiaomi က Redmi Note 5 မှာ Pixel Blending ဆိုပြီး အဲ့နည်းပညာကို သုံးခဲ့ပါတယ်။

Aperture

P20 Pro မှာ Tele Lens က (f/2.4), Main Lens က (f/1.8, Monochrome Lens က (f/1.6), Front Camera က (f/2.0)
P20 မှာက Main Lens က (f/1.8, Monochrome Lens က (f/1.6), Front Camera က (f/2.0)



Pixel Size and Sensor Size

Huawei P20 Pro မှာ Pixel 4 ခုပေါင်းထားတာက 2µm Size နဲ့သွားညီပါတယ်၊ ဖုန်းတစ်လုံးအတွက် 2µm ဆိုတာ အတော်ကြီးမားပါတယ် ဒါ့ကြောင့် Pixel တွေအများကြီး ဆန့်အောင် Camera Sensor Size ကို ဖုန်းတွေထဲမှာအကြီးဆုံး 1/1.7” ထိပြောင်းသုံးလိုက်ရတာပါ။ P20 ရဲ့ Camera က 12 MP ကိုမှ 1.55µm နဲ့သုံးပေးထားတာပါ။ Sensor Size ကိုလည်း 1/2.3” ထိနည်းနည်းကြီးတာ ပြောင်းသုံးပေးထားပါတယ်။ Pixel Size and Sensor Size လည်းကြီးတဲ့အတွက် Google Pixel 2 နဲ့ S9+ ကို ကျော်တတ်သွားတာပါ။

OIS or AIS ???

P20 Pro က The Verge ရဲ့ပြောပုံအရ သေချာတာတော့ Video ရိုက်တဲ့အခါ ငြိမ်ဖို့အတွက် Tele Lens ကဲ့သို့ Main Lens မှာ OIS မပါပါဘူး။ ဒါမဲ့ Huawei က OIS အစား AI ကိုအသုံးပြုပီး Image Stabilization ကိုထိန်းသွားတာပါ။ Huawei ကတော့ Artificial Intelligence Stabilization AIS လို့နာမည်ပေးထားပါတယ်။ ဒီလို Camera Setup လုပ်ပုံလောက်နဲ့ OIS ထည့်ဖို့မလွယ်လောက်လို့ AIS ကို ထွင်လိုက်တာထင်တယ်။ AIS က Object Recognization နဲ့ Outlines of Shapes တွေပေါ်မှာ အလုပ်လုပ်တာပါ။ Video ရိုက်ကူးနေရင် ငြိမ်သက်စွာနဲ့ Zoom 5 ဆချဲ့လို့ရပါသေးတယ်။ ပြီးတော့ 5 sec စာ Long Exposure ရိုက်တဲ့အခါ Tripod မသုံးပဲ AIS အကူညီနဲ့ ရိုက်ကူးနိုင်ပါသေးတယ်။

Autofocus System

4D Predictive Focus လို့အမည်ပေးထားတဲ့ AF System က ရွေ့လျားနေတဲ့ အရာတွေကို သေချာစွာ Focus ဖြတ်နိုင်ပါတယ်။ ဒီနည်းပညာက P20 Pro မှာ Tele and Main Lens ကြားက Laser Transmitter and Receiver Sensor တွေ၊ LED Flash မှာပါတဲ့ Color Temperature Sensor တွေနဲ့ အလုပ်လုပ်တာပါ။

Front Camera

Selfie အနေနဲ့ 24 MP (f/2.0) ကိုအသုံးပြုထားပါတယ်။ Light Fusion နည်းပညာကို သုံးနိုင်တယ်။ Selfie Portrait အသုံးပြုနိင်ပါတယ်။


Other

P20 and P20 Pro ကော Portrait Mode အသုံးပြုနိုင်တယ်။ P20 Pro မှာ Portrait က Camera ၃ လုံး စလုံး အလုပ်လုပ်တာပါ။ Light Fusion ကိုအသုံးပြုထားတဲ့အတွက် Lowlight မှာ အခြားဖုန်းတွေထက် သိသိသာသာ ကောင်းလာပါတယ်။ Pro Version မှာ Tele Lens ပါတဲ့အတွက် 3x Optical Zoom ကိုရတယ်၊ 5x Hybrid Zoom လည်းအသုံးပြုနိုင်ပါတယ်။ P20 မှာက 2x Lossless Zoom ပဲရတယ်။ Pro Version မှာ ISO Sensitivity ကို 102400 ထိ အသုံးပြုနိုင်ပါတယ်။ ဒါက DSLR Canon 5D Mark IV မှာ အသုံးပြုနိုင်တာနဲ့အတူတူပါပဲ။ 960fps Slow mode ရမယ်။  အခြားအနေနဲ့ 360• Face Unlock ပါမယ်။ Pro က ရေဆိုခံမယ်။

Specs တွေအနေနဲ့ 

Display က Pro က 6.1 ကို AMOLED နဲ့ P20 က 5.8 ကို LCD နဲ့ပါ။ Notch ကိုတော့ AMOLED နဲ့ပဲ ဖျောက်လို့ရနိုင်ပါတယ်။ Chipset တွေက Pro ကော P20 ကောအတူတူပဲ ကိုယ်ပိုင် Processor Kirin 970 ကိုသုံးထားတယ်။ GPU ကတော့ Mali-G72 MP12 ကိုသုံးထားပါတယ်။ RAM က P20 4 GB၊ Pro 6 GB။ Storage ကတော့ 128 GB ပါ။ Pro မှာ 3.5mm Jack မပါပါဘူး။ Battery ကတော့ Pro က 4000 mAh၊ P20 က 3400 mAh ကိုသုံးထားပါတယ်။ Fast Charge လည်းပါတယ်။ Porsche Version ပဲ Wireless Charging ရပါတယ်။ ပီးတော့ Fingerprint ကိုကျောဘက်မှာကော In Display မှာပါအသုံးပြုနိုင်ပါတယ်။


အချုပ်အားဖြင့် Huawei အနေနဲ့ Performance အပိုင်းကို အဓိကထား မိတ်မဆက်သွားပေမဲ့ ကင်မရာပိုင်းကတော့ အတော်ကျွတ်စ်နေပါပြီ။ ဘာလို့ S9+ ထက်သာသွားတာလည်းဆိုရင်??? P20 က အရင် Mate 10, P10 တို့တည်ဆောက်ထားတယ်၊ ဒါပေမဲ့ Sensor Size and Pixel Size အကြီးတွေပြောင်းသုံးပြီး Aperture ကျယ်သွားပါတယ်၊ Aperture, Sensor and Pixel Size တို့ကိုမျှတအောင်လုပ်နိုင်ပြီး AI အကူညီနဲ့မို့ သာသွားတာပါ။ ပြောချင်တာက Lowlight မှာ ကောင်းဖို့အတွက် Aperture စွတ်ကျယ်ပြဖို့မလိုဆိုတာကိုသိစေချင်တာပါ။ Megapixel များတိုင်းမကောင်းဘူးဆိုပေမဲ့ Megapixel အများကြီးအဆင်ပြေပြေသုံးနိုင်အောင် ကူညီပေးတဲ့ Pixel ချုံတဲ့နည်းပညာကလည်း နောက်ပိုင်းလိုလာပါပြီ။ ဒီဇိုင်းပိုင်းအရ စာရေးသူမကြိုက်ပေမဲ့ အများနဲ့မတူတဲ့ Color တွေကြောင့် မဆိုးဘူးလို့ပြောလို့ရပါတယ်။ P20, P20 Pro ထက် ပိုလှတဲ့ Symmetrical Design နဲ့ Curve 2K Display နဲ့ လာတဲ့ Porsche Mate RS ကိုတော့ အတော်လေးသဘောကျမိတယ်။ ဈေးနှုန်းအနေနဲ့ P20 ကအနည်းဆုံး ၁၀ သိန်းဝန်းကျင် Pro က 14 သိန်းဝန်းကျင်ဖြစ်မှာပါ။ အသေးစိပ်ကိုတော့ လက်ထဲ ရောက်လာရင် Review လုပ်ပေးပါ့မယ်။ Review လေးလဲ လုပ်ချင်ပါတယ်။ Porsche Version က မြန်မာပြည်အနေနဲ့ဝယ်ဖို့မလွယ်ကူလောက်ဘူး...


The more you visit PLANET X, the more tech knowledge you will gain. Come and visit our planet to enjoy the real taste of technology. Thanks.

#PLANETX #PX #Huawei #P20 #P20Pro #PorscheMateRS

Thursday, March 29, 2018

ကလေးကို လမ်းလွဲစေမည့် မိဘ၏အကျင့်ဆိုးများ


+++++++++++++++++++++++++++++

မိဘများဟာ သားသမီးများရဲ့ လက်ဦးဆရာများ ဖြစ်ကြပါတယ်။ သားသမီးများရဲ့ အထင်ကြီးမူ၊ အတုမြင် အတတ်သင်မူကို ခံကြရသူများ ဖြစ်ကြပါတယ်။ သားသမီးများရဲ့ နှလုံးသားထဲက နက်နက်နဲနဲ စွဲထင်နေတဲ့ စံပြပုဂ္ဂိုလ်ကြီးများလည်း ဖြစ်ကြပါတယ်။ ငယ်ရွယ်တဲ့သားသမီးများအတွက် မိဘများရဲ့ အပြုမူတိုင်းဟာ အတုခိုးစရာ၊ သင်ယူစရာတွေချည်း ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ မိဘများ အမူမဲ့ အမှတ်မဲ့ လုပ်ဆောင်လိုက်တဲ့ အမှားတစ်ခုခုကြောင့် သားသမီးများတစ်သက်လုံးကို လွမ်းမိုးသွားစေတတ်ပါတယ်။ မိဘများ ဆင်ခြင်နိုင်ဖို့ မိဘများရဲ့ မသိမသာ လွှဲမှားနေတတ်တဲ့ အကျင့်ဆိုးအချို့ ကိုတင်ပြလိုက်ပါတယ်။

အကျင့်ဆိုး ၁။ စိတ်မရှည်ခြင်း
=================
အလုပ်ကများ၊ အဆင်မပြေတဲ့ကြားထဲက သားသမီးတွေက တစ်ခုခုဝင်ပြောမိရင်၊ ကိုယ်အလိုမကျတာ တစ်ခုခုကို လုပ်မိရင် မိဘများက စိတ်မရှည်တော့ ဟောက်လွတ်လိုက်ပါတယ်။
သတိပေးချက်။ ။ လူကြီးရဲ့  လေးလေးစားစားဆက်ဆံမူကို ခံရတဲ့ကလေးဟာ နောင်ကြီးလာရင် လူတိုင်းကို လေးစားတတ်တဲ့ လူတစ်ယောက်ဖြစ်သွားပါတယ်။

အကျင့်ဆိုး ၂။ မရှောင်ရှားခြင်း
==================
အိမ်ထောင်သက်နည်းနည်း ကြာလာတော့ ရန်ဖြစ်စရာရှိရင် ကလေးရှေ့ မရှောင် အချင်းချင်း အော်ငေါက်ရန်ဖြစ်တတ်ကြပါတယ်။ လင်နဲ့မယား၊ လျှာနဲ့သွား၊ ရံဖန်ရံခါ ထိမိခိုက်မိတတ်တယ်ဆိုပေမဲ့ သားသမီးရှေ့ ကိုတော့ ရှောင်ရှားသင့်ပါတယ်။
သတိပေးချက်။  ။  ကျွန်တော်တို့ရဲ့ အငြင်းပွားခြင်း၊ ရန်ဖြစ်ခြင်း တို့ဟာ ကလေးများအတွက် ရန်လိုရန်ဆောင်လွယ်တဲ့ စံပြ ဖြစ်သွားစေနိုင်ပါတယ်။

အကျင့်ဆိုး ၃။  ရက်ရောလွန်းခြင်း
====================
ကိုယ်ကတော့ မစားရက် မ၀တ်ရက်၊ သားသမီးအတွက်ဆိုရင် အကောင်းတွေချည်းချည်း ၀ယ်ပေးတယ်။ ဈေးကြီးကြီး မကြီးကြီး၊ စားချင်ရင် ၀ယ်ကျွေးတယ်။ ၀တ်ချင်ရင် ၀ယ်ပေးလိုက်တယ်။
မျက်နာမငယ်ရအောင်ဆိုပြီး အကုန်ဆင်ပေးတယ်။ သူတို့ကို ချွေတာဖို့ လုံးဝမသင်ပေးဘူး။
သတိပေးချက်။  ။ ဒီလို“အချစ်”ထက် ကျော်လွန်သွားတဲ့ ”အနှစ်”မျိုးဟာ ကလေးများရဲ့ “ ရလိုမူ” လောဘကိုသာ စေ့ဆော်မူ ဖြစ်စေပြီး အနစ်နာခံတတ်သော “ ပေးဆပ်မူ” ကို လုံးဝမသိရှိကြတော့ပါ။

အကျင့်ဆိုး ၄။ ကောင်းကောင်း စိတ်မ၀င်စားခြင်း
=============================
ကလေးများကျောင်းဆင်းလာပြီဆိုရင်၊ “ဒီကနေ့ ကျောင်းထဲမှာဘယ်လိုလဲ“လို့ ပါးစပ်နဲ့တော့ မေးလိုက်ပါရဲ့ ၊ ကလေးတွေ ဘာပြန်ဖြေကြားတာကို ကောင်းကောင်း နားမထောင်တော့ပဲ လုပ်စရာရှိတာကို ဆက်လုပ်ခြင်း၊ ဖုန်းဆော့နေခြင်း၊ တီဗွီကြည့်နေခြင်းများဖြင့် အာရုံလွှဲသွားပါတယ်။
သတိပေးချက်။  ။ ကျွန်တော်တို့ရဲ့ အပြုအမူများဟာ ကလေးများရဲ့ ဖြေကြားမူကို စိတ်မ၀င်စားဘူးလို့ အထင်ရောက်သွားစေပါတယ်။ ကလေးများရဲ့ ဖြေကြားမူကို အလေးအနက်မထားသလို ကလေးများကိုလည်း အလေးအနက်မထားဘူလို့ ကလေးများရဲ့ နုနယ်တဲ့စိတ်ထဲမှာ ခံစားသွားစေတတ်ပါတယ်။

အကျင့်ဆိုး ၅။ အပြစ်ဝန်မခံခြင်း
===================
တစ်ခုခုကြောင့် ကလေးများကို အပြစ်ပေးတဲ့အခါ အထင်မှားသွားတာပဲဖြစ်ဖြစ်။ တစ်ခုခုကိုလွန်ကျူးစွာ ဝေဖန်အပြစ်ပေးမိတာပဲ ဖြစ်ဖြစ်၊ လုပ်တဲ့အပြစ်ထက် အရေးယူတာ များသွားတဲ့ အခါပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဟာ မိဘဆိုတဲ့ ဂုဏ်အရှိန်ကြောင့် ကလေးများဆီမှာ အပြစ်မ၀န်ခံတတ်ပါ။
သတိပေးချက်။  ။ ကျွန်တော်တို့ကိုယ်တိုင်က အပြစ်ကို မ၀န်ခံမှတော့ ကလေးကို စိတ်ရောကိုယ်ပါ အပြစ်ဝန်ခံ ခိုင်းဖို့ မမျော်လင့်ပါနဲ့တော့။

အကျင့်ဆိုး ၆။  အပြစ်တင်ခြင်း
==================
ဥပမာ၊ အလိုမကျတဲ့ ကိစ္စတစ်ခုခုကြောင့်  အသိမိတ်ဆွေတစ်ဦးဦးကို သားသမီးရှေ့ မရှောင် ဝေဖန်ပြောဆိုတာမျိုး၊ ကျောင်းက ဆရာမကို သဘောမကျလို့ သားသမီးရှေ့မှာ အဲဒီဆရာမ ဘယ်လိုညံ့တယ်ဆိုတာ  အပြစ်တင်မိတာမျိုးကို ဆိုလိုပါတယ်။
သတိပေးချက်။   ။ အလိုမကျတိုင်း အပြုသဘောဘက်ကနေ မချဉ်းကပ်ပဲ အပြစ်တင် ငြီးငြူတဲ့ အကျင့်ကို သားသမီးဆီသို့ ကူးစက်သွားစေပါတယ်။ သားသမီးရှေ့ မှာ ပညာရေးမကောင်းကြောင်း၊ ကျောင်းမကောင်းကြောင်း၊ ဆရာဆရာမ မကောင်းကြောင်း အပြစ်တင်မိရင် ကလေးက အဟုတ်ထင်သွားပြီး ကျောင်းကိုရော၊ ဆရာမကိုပါ အထင်သေးသွားတဲ့ အတွက် သင်ပေးသမျ ပညာ အရ မယူနိုင်တော့ပါ။

အကျင့်ဆိုး ၇။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို မလိုက်နာခြင်း
======================================
ကလေးကို ကားပေါ်တင်ပြီး မီးနီဖြတ်မောင်းမိတာမျိုး၊ ကလေးကို ဆိုင်ကယ်မှာတင်ပြီး ဆိုင်ကယ်ဦးထုတ် မပါတော့ ယာဉ်ထိန်းရဲ ကို ပတ်ရှောင်မောင်းတာမျိုးကိုဆိုလိုပါတယ်။
သတိပေးချက်။  ။ ယာဉ်စည်းကမ်းဆိုတာ ယာဉ်ထိန်းရဲရှေ့ မှာသာ လိုက်နာဖို့လိုတယ်။ ဥပဒေဆိုတာ လက်တစ်လုံးခြား လှည့်စားလို့ရတယ် ဆိုတဲ့ အသိမျိုး ကလေးကို စံပြလုပ်သလို ဖြစ်သွားစေပါတယ်။

အကျင့်ဆိုး ၈။   ရန်ဖြစ်လွယ်ခြင်း
===================
ရှော့ပင်းမောတစ်ခုမှာ ပိုက်ဆံရှင်းဖို့ ကလေးနဲ့အတူ တန်းစီနေပါတယ်။ လူတစ်ယောက် က တန်းစီတဲ့ကြားထဲကို ဖြတ်ဝင်လာပါတယ်။ သင်က မဟုတ်မခံစိတ်ရှိတော့ သူ့ကိုသွားဆဲမိတယ်။ အဲဒါနဲ့ ရန်ဖြစ်ကြရော။
သတိပေးချက်။   ။ မကျေမနပ်မူတိုင်းကို ရန်ဖြစ်ခြင်းဖြင့် ဖြေရှင်းရမယ်ဆိုတာကို ကလေးယုံကြည်သွားစေပါတယ်။

အကျင့်ဆိုး ၉ ။  မုသားစကားပြောတတ်ခြင်း
==========================
မိဘလုပ်သူက သားသမီးနဲ့အတူ ခရီးသွားစရာ အကြောင်းပေါ်လာတယ်။ ကျောင်းကို ခွင့်တိုင်ပေးရမယ်။ သွားလည်မယ်လို့ ပြောရင် ကျောင်းကခွင့်မပြုမှာစိုးရိမ်တယ်။ အဲဒါနဲ့ သားသမီးရှေ့ မှာပဲ ကျောင်းကို ဖုန်းဆက်လိုက်ပါတယ်။ သားသမီးက နေမကောင်လို့ ခွင့်တိုင်တယ်ပေါ့။ ကျောင်းကလည်း ယုံယုံကြည်ကြည်နဲ့ ခွင့်ပေးလိုက်တယ်။
သတိပေးချက်။   ။   အဆင်ပြေဖို့ဆိုရင် လိမ်လို့ရတယ် ဆိုတဲ့သဘောမျိုး သားသမီးကို ညွန်ပြလိုက်သလိုပါ။

အကျင့်ဆိုး ၁၀။  အိမ်ထောင်ဘက်ရဲ့ မကောင်းကြောင်းကိုပြောကြားခြင်း
==========================================
လင်မယား ( ၂ ) ယောက် မတည့်ကြဘူး၊ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ သည်းမခံနိုင်မူက များများလာတယ်။ အဲဒါနဲ့ သားသမီးရှေ့ မှာ “ မင်းတို့အတွက်သာ မဟုတ်ဘူးဆိုရင် မင်းအဖေနဲ့ ကွဲတာကြာလှပြီ” “ မင်းအဖေကိုသာ အားကိုးကြည့်ရင်လား၊ မင်းတို့ ဒီလိုနေရမှာမဟုတ်ဘူး” “ မင်းတို့အမေက သူ့အမျိုးပဲသူသိတယ်၊ ဒီအိမ်ကို သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး” စသည်ဖြင့် ပြောကြားမိကြပါတယ်။
သတိပေးချက်။   ။ သာယာတဲ့အိမ်ထောင်ရှိမှ အကောင်းမြင်တတ်တဲ့ သားသမီးများကို ပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။ အဖေနဲ့ အမေကြားမှာ ဘယ်သူမှန်သလဲ၊ ဘယ်သူမှားသလဲ ရပ်တည်မူ ရှာဖွေနေရတဲ့ သားသမီးများအဖို့ နောင်သူတို့ အိမ်ထောင်ရေး အမြင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

အကျင့်ဆိုး ၁၁။  လူကြီးသူမကို မရိုသေခြင်း
===========================
ကိုယ့်မိဘကိုတော့ လုပ်ကြွေးချင်ပါတယ်။ ယော့က္ခမကိုတော့ သိပ်မကြည်လင်တာနဲ့ သားသမီးရှေ့မှာ တစ်ဖျစ်တောက်တောက် ငြီးငြူ မိတယ်။
သတိပေးချက်။   ။ ကိုယ်က ကိုယ့်သားသမီးများရဲ့ စံပြ ဖြစ်ပါတယ်။ ကိုယ်မှ ကိုယ့်မိဘကို အဲလိုဆက်ဆံရင် နောင်ကိုယ်အသက်ကြီးလာရင် ဒီလိုပဲ ဆက်ဆံခံရမှာပဲ။

အကျင့်ဆိုး ၁၂။ အပြောနဲ့ အလုပ် မကိုက်ညီခြင်း
=============================
သားသမီးကို ယဉ်ကျေးလိမ်မာဖို့ အမြဲ ဆုံးမတယ်။ ကိုယ်ကတော့ ကားမောင်းရင်းနဲ့ လမ်းမရှောင်မိတဲ့ဆိုင်ကယ်သမားကို  “ ခွေးမသား၊ သေချင်ပြီထင်တယ်” လို့ ဆဲဆိုမိတယ်။ ကလေးကို ငါးပါးသီလစောင့်ဖို့ တိုက်တွန်းတယ်၊ ကိုယ်ကျတော့ အပေါင်းအသင်းတွေနဲ့ အရက်ခဏခဏ သောက်ဖြစ်တယ်။ ကလေးတွေက မေးလာရင် “ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” တဲ့၊
သတိပေးချက်။    ။ မိဘကိုယ်တိုင် အပြောတစ်မျိုး အလုပ်တစ်မျိုး ဆိုရင်တော့ သစ္စာရှိတဲ့ ဂတိတည်တဲ့ သားသမီးကို ဘယ်တော့မှ မွေးထုတ်နိုင်တော့မှာ မဟုတ်ပါ။

အကျင့်ဆိုး ၁၃။ အပြိုင်အဆိုင်
==================
သားသမီးကို အမြဲပြောဆိုမိတဲ့စကားက “ ဘယ်သူဆိုရင် ဘယ်လောက်တော်တယ်၊ မင်းထက် အများကြီးသာတယ်။”
သတိပေးချက်။   ။ အခြားကလေးနဲ့ အမြဲနိုင်းယှဉ်ပြတယ်။ ကလေးကြီးလာရင် ဘာမဆိုသူများနဲ့ တိုင်းတာတတ်တဲ့ အကျင့်ရသွားစေပါတယ်။ ဘ၀ပျော်ရွှင်မူ အစစ် ရှာမတွေ့တော့ပါ။

အကျင့်ဆိုး ၁၄။ မကျေမနပ်မူ များပြားခြင်း
=========================
ခေတ်ကို မကျေနပ်ဘူး၊ အစိုးရကို မကျေနပ်ဘူး၊ ဟိုအုပ်စုကို မကျေနပ်ဘူး။ အဲဒီ မကျေနပ်မူ၊ စိတ်မညီမျမူတွေကို မျက်နာမှာလည်း အမူအယာနဲ့တင်ထားတယ်၊ ပါးစပ်မှာလည်း အမြဲဆဲဆိုနေတတ်တယ်။
သတိပေးချက်။  ။  စိတ်မညီမျမူ ရှိတိုင်း၊ မကျေမနပ်မူ ရှိတိုင်း သူများကိုချည်းချည်း အပြစ်ဖို့ တတ်တဲ့ အကျင့်ရရှိသွားစေပါတယ်။


ဆက်ရေးမယ်ဆိုရင် အချက်တွေ အများကြီးရှိပါသေးတယ်။ အဓိက ဆိုလိုချင်တာက မိဘဆိုတာ သားသမီးများရဲ့ စံပြဖြစ်တယ်။ ကိုယ်ပြောဆိုပြုမူသလို သားသမီးများကလည်း အတုယူပြီး လိုက်လုပ်လာကြမယ်ဆိုတာကို သတိရနေဖို့ လိုပါတယ်။ ကျွန်တော်အပါအ၀င် မိဘများအားလုံး ဆင်ခြင်နိုင်ဖို့ပါ။

Aung Ko Latt

Ref: we chat

Wednesday, March 28, 2018

ပရဟိတလုပ်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ရပ်


ပရဟိတဆိုတာ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းပါ။ ဒါပေမယ့် အဲ့ဒီလို လုပ်နေတဲ့တစ်ချိန်တည်းမှာပဲ ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။ ပရဟိတအဖွဲ့တခုခုမှာ လုပ်ဖူးသူ၊ လုပ်နေသူ၊ တစ်နည်းအားဖြင့် ပရဟိတသမားတစ်ယောက်နဲ့ လုပ်ငန်းခွင်မှာ အတူတွဲလုပ်ရတာဟာ သာမန်လူထက်စာရင် ပိုအဆင်ပြေတတ်တာကို သတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရဟိတအလုပ်က ဒီလိုအကျိုးကျေးဇူးတွေ ရစေခဲ့လို့ပါပဲ။

၁။ အပင်ပန်းခံနိုင်လာခြင်း

ပရဟိတအလုပ်အားလုံးနီးပါးဟာ လိုအပ်တဲ့နေရာတွေ၊ ဆင်းရဲတဲ့နေရာတွေမှာ လုပ်ရတာ ဖြစ်ပါတယ်။ အဲဒီနေရာကို သွားပြီဆိုကတည်းက သက်သောင့်သက်သာတော့ မရှိပါဘူး။ ဝေးလံသီခေါင်တဲ့ ဒေသတွေဆို ပိုလို့တောင်မှ ပင်ပန်းပါသေးတယ်။ ဒီလိုပရဟိတခရီးတွေ အသွားများလာတဲ့အခါမှာ လူက အပင်ပန်းခံနိုင်လာတယ်။ ဒေါင်ကျကျ ပြားကျကျ နေတတ်လာတယ်။ ဟိုဟာရှိမှ၊ ဒီဟာရှိမှ ဆိုတာမျိုးတွေ မဖြစ်တော့ဘူး။ အလုပ်ထဲရောက်တော့လည်း တော်ရုံပင်ပန်းမှုလောက်ကို စာမဖွဲ့တော့ဘူး။ ကိစ္စနည်းနည်းနဲ့ အလုပ်ဖြစ်အောင် လုပ်တတ်လာတယ်။

၂။ ဒုက္ခတွေကို သိလာခြင်း

လူတိုင်းမှာ ဒုက္ခကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ဒုက္ခမှအကြီးကြီး ထင်တတ်ကြတာက လူ့သဘာဝပါပဲ။ ဒီအတွက် စိတ်ဓါတ်တွေကျတယ်၊ စိတ်တွေဖိစီးတယ်။ ခုလို ပရဟိတအနေနဲ့ ဆင်းရဲတဲ့သူတွေ၊ နိမ့်ကျတဲ့သူတွေဆီ သွားကြည့်လိုက်တဲ့အခါမှာတော့ ကိုယ်ကြုံနေရတဲ့ဒုက္ခဟာ သူတို့နဲ့ယှဉ်ရင် ဘာမှမဟုတ်ပါလား ဆိုတာကို သဘောပေါက်လာတယ်။ ကိုယ်ကမှ ရှေ့လျှောက် ဘာဆက်လုပ်ရမယ်မှန်း မသိတာ၊ သူတို့အတွက်က မနက်ဖြန်ဆိုတာတောင် မသေချာဘူး။ ကိုယ်က မိဘနှစ်ပါး အဆင်မပြေလို့ စိတ်ညစ်နေတာ၊ သူတို့က မွေးကတည်းက မိဘဆိုတာ ဘယ်သူမှန်းတောင် မသိခဲ့ရသူတွေ။ ဒါတွေကို မြင်လာတယ်။ အနည်းဆုံးတော့ ကိုယ်တစ်ယောက်တည်း ဒုက္ခရှိတာ မဟုတ်ဘူးဆိုတဲ့ အမြင်မျိုး ရလာတယ်။ ဒီအခါမှာ ကိုယ်ကြုံနေရတဲ့ ပြဿနာတွေ၊ စိတ်ဒုက္ခတွေကို ရင်ဆိုင်ဖို့အတွက် ခွန်အားတွေ ရလာပါတယ်။

၃။ စီမံခန့်ခွဲမှုစွမ်းရည်များ ရလာခြင်း

ဘယ်အလုပ်ပဲလုပ်လုပ် စီမံခန့်ခွဲမှုဟာ လိုအပ်ပါတယ်။ ပရဟိတအလုပ်တွေဆိုလည်း တကယ်သာ ထိထိရောက်ရောက် လုပ်ချင်ရင် စီမံခန့်ခွဲတတ်ဖို့ လိုတယ်။ ဒါကြောင့် ကျောင်းပြီးစ၊ အလုပ်ဝင်တော့မယ့် လူငယ်တွေဆို ပရဟိတအဖွဲ့တွေမှာ ၀င်လုပ်ခြင်းအားဖြင့် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုတို့နဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်းတွေ ရလာနိုင်တယ်။ လက်တွေ့သင်ယူလို့လည်း ရမယ်။ အဲဒီအတွေ့အကြုံတွေက ကိုယ်တကယ်အလုပ်ခွင်ထဲ ရောက်တဲ့အခါမှာလည်း သိပ်အဖိုးတန်ပါလိမ့်မယ်။

၎။ လူတွေနှင့် တွဲဖက်အလုပ်လုပ်နိုင်စွမ်းများ ရှိလာခြင်း

လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ Skill ကို (၃)ဆင့်ခွဲလို့ရပါတယ်။ Technical skill ၊ Human skill နဲ့ Conceptual skill တို့ဖြစ်ပါတယ်။ အလုပ်တစ်ခု စ၀င်မယ်ဆိုရင် သက်ဆိုင်ရာ Technical skill ရှိဖို့လိုပါတယ်။ ဆရာဝန်ဆို ဆေးကုတတ်ရမယ်ပေါ့။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် တက်ချင်တယ်ဆိုရင်တော့ Human skill ရှိဖို့ လိုလာပါတယ်။ လူတွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်တာ၊ ဦးဆောင်နိုင်တာ၊ စည်းရုံးလှုံ့ဆော်နိုင်တာ၊ ညှိနှိုင်းဆောင်ရွက်တတ်တာ၊ စီမံခန့်ခွဲနိုင်တာ၊ ဒီလိုအရည်အသွေးမျိုးတွေကို ခေါ်တာဖြစ်ပါတယ်။

ပရဟိတလုပ်နေကြတယ် ဆိုပေမယ့် လူတိုင်းဟာ တူညီနေကြတာ မဟုတ်ပါဘူး။ သည်းခံတဲ့အခါ သည်းခံရတယ်။ ပြတ်သားသင့်တဲ့အခါ ပြတ်သားရတယ်။ စည်းရုံးဖို့လိုတဲ့အခါ စည်းရုံးရတယ်။ အိမ်မှာနေခဲ့တဲ့ပုံစံအတိုင်း၊ မိဘအပေါ် ဆိုးခဲ့တဲ့ပုံစံအတိုင်း လုပ်နေလို့မရပါဘူး။

အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ သမီးက ဘာဂါဆိုင်မှာ အလုပ်ဝင်လုပ်ပါတယ်၊ ပိုက်ဆံလိုလို့လား၊ စတန့်ထွင်တာလား။ မဟုတ်ပါဘူး။ ဘယ်ကျောင်း၊ ဘယ်တက္ကသိုလ်ကမှ သင်မပေးနိုင်တာကို သွားသင်တာပါ။ ဘာလဲဆိုတော့ လူတန်းစားပေါင်းစုံနဲ့ ဆက်ဆံနိုင်စွမ်း ပါပဲ။ အရိုင်းအယဉ်၊ အဖြူအမည်း၊ ပညာတတ်ပညာမဲ့၊ ဒီလိုလူပေါင်းစုံကို အောင်အောင်မြင်မြင် ဆက်ဆံနိုင်ဖို့ သွားသင်တာပါ။ အဲဒီပညာကို ပရဟိတအလုပ်တွေကတစ်ဆင့် သင်ယူလို့ ရနိုင်ပါတယ်။

၅။ လူမှုရေးကွန်ရက် ကျယ်လာခြင်း

ဒီနေ့ခေတ်မှာ လူမှုအရင်းအနှီးလို့ခေါ်တဲ့ Social capital ကလည်း အောင်မြင်ဖို့အတွက် အရေးကြီးလိုအပ်ချက်တစ်ခုအဖြစ် ပြောလာကြပါပြီ။ များသောအားဖြင့် ကျွန်တော်တို့ဟာ ကိုယ့်ပရော်ဖက်ရှင်နယ်လောကထဲက လူအချင်းချင်းလောက်သာ သိကြပါတယ်။ တကယ်တော့ ဥပဒေ၊ စီးပွါးရေး၊ ကျန်းမာရေး၊ အနုပညာရှင် စသဖြင့် ကိုယ့်အသိအကျွမ်းတွေ စုံစုံလင်လင် ရှိမယ်၊ ကိုယ့် Social network က ကျယ်ကျယ်ပြန့်ပြန့် ရှိမယ်ဆိုရင် အကူအညီလိုတဲ့အခါ၊ ချိတ်ဆက်ဖို့လိုတဲ့အခါတွေမှာ လွယ်လွယ်ကူကူပဲ လုပ်နိုင်ပါလိမ့်မယ်။ အဲဒီလို ကျယ်ပြန့်တဲ့ လူမှုရေးကွန်ရက်တစ်ခုကို ပရဟိတလုပ်ရင်း ရနိုင်ပါတယ်။

၆။ ဥပေက္ခာပြုတတ်လာခြင်း

ဥပေက္ခာဆိုတာ အလုပ်တစ်ခုကို ဘာမျှော်လင့်ချက်မှ မထားဘဲ အကောင်းဆုံးလုပ်ဆောင်တာကို ခေါ်တာပါ။ စိတ်ငြိမ်းချမ်းဖို့အတွက် သိပ်အရေးကြီးတဲ့ ဗြဟ္မစိုရ်တရားဖြစ်သလို၊ ဘ၀အောင်မြင်မှုအတွက်လည်း အရေးကြီးပါတယ်။ ဥပေက္ခာမပြုနိုင်ဘဲ လူတကာရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေ၊ ထင်မြင်ယူဆချက်ကြားမှာ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်း ရှေ့ဆက်လို့ရမယ် မဟုတ်ပါဘူး။

ပရဟိတလုပ်တယ်ဆိုလို့ လူတိုင်းက ချီးကျူးနေတယ် မထင်ပါနဲ့။ ကဲ့ရဲ့တဲ့သူတွေ ရှိတယ်။ ပရဟိတသမား အချင်းချင်းကြားထဲမှာတောင် နာမည်လိုချင်လို့ ပြဿနာဖြစ်ရတာတွေ ရှိတယ်။ နောက်ဆုံး ကိုယ်ကူညီပေးနေတဲ့သူတွေကတောင် အလေးမထားတာ၊ ဂရုမစိုက်တာမျိုးတွေ ရှိပါသေးတယ်။ ဒီအခါမှာ အလွယ်တကူ စိတ်ပျက်တတ်မယ်၊ ငါဒီလောက်လုပ်နေတာ အကောင်းလည်းမပြောကြဘူး၊ စေတနာကို နားမလည်ဘူး စသဖြင့် တုံ့ပြန်မှုကို မျှော်လင့်တဲ့စိတ်နဲ့ လုပ်နေမယ်ဆိုရင်တော့ ပရဟိတကို ရေရှည်လုပ်နိုင်ဖို့ရာ မလွယ်ပါဘူး။

၇။ ခံယူချက် မှန်လာခြင်း

လူတစ်ယောက်မှာ Attitude ဆိုတဲ့ ခံယူချက်မှန်ဖို့ဟာ သိပ်အရေးကြီးပါတယ်။ မိဘဆင်းရဲတာချင်း အတူတူပေမယ့် တစ်ယောက်က ခိုးဆိုးလုယက်တဲ့သူ ဖြစ်သွားတယ်၊ နောက်တစ်ယောက်က ပညာနဲ့ ဆင်းရဲတွင်းထဲက ရုန်းထွက်တယ်။ ဘာကွာသွားတာလဲဆိုရင် ခံယူချက်ကွာသွားတာပါပဲ။

ပရဟိတခရီးတစ်ခုဟာ ဘယ်လောက်ပဲ ကြိုတင်စီစဉ်ထားပါစေ၊ လွဲတတ်ချော်တတ်တယ်၊ မထင်မှတ်ဘဲ အချိန်တွေကြာကုန်တယ်၊ ပစ္စည်းတွေလေလွင့်တယ်။ လက်တွေ့မှာလည်း အောင်မြင်မှုဆီ သွားရာလမ်းဆိုတာ ဒီလိုပဲ၊ မမျှော်လင့်ထားတာတွေနဲ့ ပြည့်နှက်နေတာ။ ဒီအခါမှာ မထင်မှတ်ဘဲ ဖြစ်လာတဲ့ ပြဿနာတွေကို အကောင်းမြင်စိတ်နဲ့ ကျော်လွှားတတ်တဲ့ အလေ့အကျင့်က သိပ်အရေးကြီးလာပါတယ်။ အဲဒီအလေ့အကျင့်၊ အဲဒီ Mindset ကို ပရဟိတခရီးတွေကတစ်ဆင့် တဖြည်းဖြည်း တည်ဆောက်ယူနိုင်ပါတယ်။

၈။ တူသောအကျိုးပေးခြင်း

ဒါကတော့ ဘာသာရေးယုံကြည်ချက်နဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို ယုံကြည်ပါတယ်။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ပေါ့။ ခုလိုမျိုး သူတစ်ပါးအဆင်ပြေအောင် စေတနာသန့်သန့်နဲ့ ကူညီထားသူတွေဟာ ကိုယ်ကိုယ်တိုင် ဒုက္ခတွေ့တဲ့အခါ၊ အခက်အခဲ ဖြစ်တဲ့အခါမှာလည်း ကူညီမယ့်သူ တစ်ယောက်မဟုတ်တစ်ယောက် အမြဲပေါ်တတ်ပါတယ်။

၉။ ဘ၀အဓိပ္ပါယ် ရှိလာခြင်း

လူသားတွေပဲဖြစ်တာမို့ ကျွန်တော်တို့ပျော်ကြပါးကြတယ်။ ဒါ မဆန်းပါဘူး။ ဒါပေမယ့် အဲဒီလိုပျော်ပြီးတိုင်းမှာ စဉ်းစားကြည့်ပါ။ ပျော်လိုက်တာပဲ ရှိတယ်၊ ငါတော့ လူဖြစ်ရကျိုးနပ်တယ် ဆိုတဲ့ ပီတိမျိုး မခံစားရပါဘူး။ ပရဟိတလုပ်ပြီးတိုင်းမှာတော့ အဲဒီပီတိကို ခံစားရပါတယ်။ ကိုယ့်ကြောင့် ကြီးကြီးမားမား ဖြစ်မလာတောင် ဒီအသိုင်းအ၀ိုင်းတစ်ခုအတွက် ငါ လုပ်ပေးနိုင်ခဲ့ပြီ ဆိုတဲ့ ခံစားမှုဟာ ဘာနဲ့မှမတူပါဘူး။ ရေးပြလို့လည်း မရဘူး။ ခံစားဖူးတဲ့သူတွေသာ သိနိုင်တဲ့အရာမျိုးပါ။

၁၀။ လုပ်ငန်းခွင်တွင် အောင်မြင်လာခြင်း

အပေါ်မှာ ပြောခဲ့တဲ့ လူတွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်စွမ်း၊ အကောင်းမြင်စိတ်၊ အပင်ပန်းခံနိုင်လာခြင်း၊ Social network ကျယ်လာခြင်း စတဲ့ အရည်အသွေးတွေ ရှိထားတဲ့ လူတစ်ယောက်ဟာ လုပ်ငန်းခွင်မှာလည်း အောင်မြင်မှု ရလာတော့မှာ မဆန်းပါဘူး။ အလုပ်ခွင်မှာဆိုလည်း သူတို့ဟာ ဘယ်သူ့ကို ဘယ်လိုကူညီရမလဲ စဉ်းစားကြတယ်၊ သူတို့ကြောင့် လူတွေအဆင်ပြေသွားစေဖို့ပဲ လိုချင်ကြတယ်။ ဒီတော့ လူချစ်လူခင်လည်း များတာပေါ့။

ကြီးကျယ်ခမ်းနားတဲ့ ပရဟိတတွေဟာ အတ္တဟိတအပေါ် အခြေခံပြီး တည်ဆောက်ရပါတယ်။ ဆိုလိုတာက ထမင်းငတ်နေတဲ့ ကလေးကို ဗိုက်ဟောင်းလောင်းနဲ့ဖြစ်နေတဲ့ ကိုယ်က ထမင်းဘယ်နှနပ်ကျွေးနိုင်မှာလဲ။ လဲနေတဲ့သူကို ထူပေးဖို့ ကိုယ်က မြဲမြဲရပ်နေနိုင်အောင် အရင်ကြိုးစားရပါတယ်။ ဒါကြောင့် လူတွေကို သိပ်ကူညီချင်လာတဲ့သူတွေဟာ သူတို့ရဲ့ အလုပ်မှာ ထူးချွန်အောင်၊ ၀င်ငွေပိုတိုးအောင်၊ ပညာပိုတတ်အောင် ကြိုးစားလာကြတယ်။ ပြီးရင် အဲဒါတွေကို အများအကျိုးအတွက် ပြန်အသုံးချကြတယ်။ ။

အဆိုးထဲက အကောင်းဆိုသလိုပဲ၊ ဆင်းရဲတဲ့တိုင်းပြည်မှာ လူလာဖြစ်တာ ကျွန်တော်တို့အတွက် ကံကောင်းတာတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ပရဟိတလုပ်ခွင့် ရတာပါပဲ။ နိုင်ငံတကာမှာ ရေကြီးတဲ့အခါ၊ မုန်တိုင်းဝင်တဲ့အခါ ဘယ်သူမှ ထမင်းထုပ်ဝေစရာ မလိုပါဘူး။ ကလေးတွေကို လက်ဆေးနည်း သွားသင်ပေးစရာ၊ လက်ဆေးဆပ်ပြာ သွားလှူစရာ မလိုပါဘူး။ ဒီကုသိုလ်တွေက မြန်မာနိုင်ငံလို နေရာမျိုးတွေမှာသာ ရနိုင်ပါတယ်။ ကျွန်တော်တို့တွေ စကားထဲတောင် အထူးတဆန်းလုပ် ထည့်မပြောကြတဲ့ Volunteer experience စေတနာ့ဝန်ထမ်း အတွေ့အကြုံက နိုင်ငံတကာမှာဆို သိပ်တန်ဖိုးထားပြီး တကူးတက လိုက်ရှာရတာမျိုးပါ။

ဒါကြောင့်မို့ ဘ၀က အဓိပ္ပါယ်မရှိသလို ခံစားနေရရင်၊ စိတ်ဓါတ်ကျနေရင်၊ ဆယ်တန်းအောင်ပြီးစ၊ ဘွဲ့ရပြီးစ လူငယ်တွေ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင် တစ်ခုပဲ အကြံပေးလိုပါတယ်။ ဘာလဲဆိုတော့ ပရဟိတတစ်ဖွဲ့ဖွဲ့ထဲ ၀င်လုပ်လိုက်ပါ ဆိုတာပါပဲ။

ဒေါက်တာ ဖြိုးသီဟ

၁၀.၇.၂၀၁၇

Tuesday, March 27, 2018

Service Judge Hand Signals (ကြက်တောင်)


(ဆားဗစ်ဒိုင်သုံးတဲ့လက်အချက်ပြများ)

ကြက်တောင်ကစားတဲ့အခါအများဆုံးဖြစ်တတ်တာက ဆားဗစ်အပြစ် ပါ။ ဆားဗစ်အပြစ်တွေကို ဆားဗစ်ဒိုင်ကအဓိက
ဖမ်းပါတယ်။

၁) Undue delay of service (ဆားဗစ်ကိုမလိုအပ်ပဲအချိန်ဆွဲခြင်း)


BWF rule 9.1.1 မှာဆားဗစ်ပေးတဲ့သူနဲ့ဆားဗစ်ယူသူနှစ်ဦးလုံးနေရာ ယူအဆင်သင့်ဖြစ်တာနဲ့ဆာဗစ်ပေးဖို့အချိန်ဆွဲလို့မရပါဘူး။ အတိအ ကျပြောရရင် ဆားဗစ်ပေးဖို့နောက်ဖက်ကိုလွှဲထားတဲ့ ရက်ကက်ဟာ ရှေ့ကိုထွက်လာတာနဲ့ ဆားဗစ်
မြောက်ပြီး လုံးဝရပ်လို့မရတော့ပါ ။ ဆက်တိုက်ကစားရပါ
မယ်။ ဒီလိုမဟုတ်ပဲ ဆားဗစ်ပေးဖို့တုံ့ဆိုင်းနေရင် ( ၅ စက္ကန့်ထက်ပိုကြာအောင်ကြက်တောင်ကိုကိုင်ထားရင် ) မလိုအပ် ပဲအချိန်ဆွဲတဲ့သဘောသက်ရောက်လို့အပြစ်ဖြစ်ပါတယ်။ ဒီလိုမလို အပ်ပဲဆားဗစ်အချိန်ဆွဲတယ်ဆိုတဲ့အပြစ်ကို ဆား
ဗစ်ဒိုင်က သူ့ညာဖက်လက်ကိုရှေ့ကိုဆန်ထုတ်လိုက်ပြီး
ဘယ်ဖက်ကိုလွှဲပြခြင်း အပြစ်ကိုပြသပါတယ်။

၂) feet on service line or off the ground 
ဆားဗစ်လိုင်းနဲ့ခြေထောက်ထိနေခြင်း သို့မဟုတ် ခြေ
ထောက်က ကြမ်းမှလွတ်နေခြင်း


BWF rule 9.1.2 အရ ဆားဗစ်ပေးသူနဲ့ဆားဗစ်ယူသူတို့ဟာ ဆားဗစ် ကွင်းတစ်ဖက်တချက်ဒေါင့်ဖြတ်အနေအထားနေရာယူပြီး၊ ဆားဗစ် ကွင်းအတွင်းဖက်မှာရှိနေရပါမယ်။

Rule 9.1.3 ကတော့ ဆားဗစ်ပေးသူရော၊ ယူသူပါ ခြေ
ထောက်တွေ ဟာအနည်းဆုံး ကြမ်းပြင်နဲ့ခြေဖျားထိနေစေရပါမဲ့အပြင် ဆားဗစ် စတင်ပြီးတဲ့အချိန်ထိ နေရာရွှေ့လို့မရပါဘူး။ ဒီနေရာမှာ သတိထားသင့်တာက ဆားဗစ်မလွှတ်သေးခင် လက်ခံသူအနေအထားပြောင်း လှုပ်ရှားမိရင် လက်ခံသူမှာအပြစ်မမြောက်ပါဘူး၊ (ဆားဗစ်စတာက ကြက်တောင်ကိုရိုက်ဖို့နောက်ဖက်ကိုလွှဲလိုက်တဲ့ရက်ကက်ရှေ့ကို ထွက်လာတဲ့အချိန်ကစပါတယ်။ ခြေထောက်လှုပ်လို့မရတာ ဆားဗစ် ပေးဖို့ နောက်ဖက်ကိုလွှဲတဲ့အချိန်ကစပြီး ရက်ကက်ရှေ့ကိုထွက်လာပြီး ကြက်တောင်ကိုထိတဲ့အချိန်အတွင်းပါ။
ကြက်တောင်ကို ထိပြီးတာနဲ့စတင်လှုပ်ရှားလို့ရပါပြီ။ ဆား
ဗစ်ဒိုင်က ပေးသူကိုအဓိကကြည့်နေရလို့ ယူသူကိုအမှတ်
ပေးဒိုင်ကစောင့်ကြည့်နေနိုင်ပါတယ်။ ဆားဗစ်ဒီအပြစ်ကျူးး
လွန်ရင် ဆားဗစ်ဒိုင်က သူ့ရဲ့ ညာ ခြေကိုရှေ့ကို ထုတ်ပြီး ညာဖက်လက်ဖ၀ါး အပြားလိုက်နဲ့ခြေဖျားဖက်ကိုပြပါမယ်။

(ကြက်တောင်ဟာပိုက်ကိုကျော်ပြီး တစ် ဖက်ကွင်းထဲကို
မရောက်မချင်း တစ်ဖက်ကစားသမားက ပိုက်ကိုကျော်ပြီး
ကြက်တောင်ကို ရိုက်လို့မရပါဘူး )။

၃) Service fail to hit the bottom of the shuttlecock


Rule 9.1.4 - ဆားဗစ်ပေးတဲ့အခါ ရက်ကက်မျက်နှာပြင်က
ကြက်တောင်ရဲ့ ဖေါ့တုံးအောက်ခြေကိုရိုက်ရပါမယ်။ လွဲနေ
ရင် ဆားဗစ်ဒိုင်က ညာဖက်လက်ဖ၀ါးကို ဘယ်ဖက်လက်
ချောင်းတွေနဲ့အသာအယာတို့ပြီးအပြစ်ကိုပြပါတယ်။ ဆား
ဗစ်ပေးဖို့ရက်ကက်ကိုနောက် ဖက်ကိုလွှဲပြီးရှေ့ကိုရိုက်
ထုတ်လိုက်တာနဲ့ ရက်ကက်ကကြက်တောင် ကိုထိသည်
ဖြစ်စေ၊ လွဲသွားသည်ဖြစ်စေ၊ ဆားဗစ်မြောက်ပြီးအမှတ်
ရေတွက်ပါတယ်။

၎) Service too high ( ဆားဗစ်လွန်စွာမြင့်နေခြင်း)


Rule 9.1.5 - ဆားဗစ်ပေးတဲ့အခါ ရက်ကက်တစ်ချောင်းလုံးဟာ ခါး အောက်ပိုင်း ( ခန့်မှန်းခြေ အောက်ဆုံးနံရိုးထက်မ
မြင့် )နေရာကပဲ ကြက်တောင်ကိုရိုက်ထုတ်ရပါမယ်။
ရက်ကက်ဟာဒါထက်မြင့်နေရင် ဆားဗစ်ဒိုင်က သူ့ညာ
လက်ကိုအလျားလိုက် လက်ဖ၀ါးမှောက်ပြီး ရင်ဘတ်ရှေ့နားကပ်ကာ အပြစ်ဖြစ်ကြောင်းပြပါတယ်။

၅) Racket handle should face up 
(ရက်ကက်လက်ကိုင်မြောက်နေခြင်း)


Rule 9.1.6 - ဆားဗစ်စပေးတဲ့အချိန်မှာ ရက်ကက်ရဲ့
လက်ကိုင်ဟာ အောက်ဖက်ကိုစိုက်နေစေရပါမယ်။ အ
ကယ်လို့ ရက်ကက်လက်ကိုင် ဟာအပေါ်ကိုထောင်နေ
တယ်ဆိုရင် ( လက်ကိုင်ထောင်နေရင် ဖရိန်လဲထောင်နေပါလိမ့်မယ်) ဆားဗစ်ဒိုင်က သူ့ရဲ့ဖြန့်ထားတဲ့ညာဖက် လက်ကို
ဒေါင်လိုက်ထောင်ပြီး ရက်ကက်လက်ကိုင်အပေါ်ထောင်နေ တဲ့အပြစ်ကိုပြပါတယ်။

ဆားဗစ်ဒိုင်ရဲ့ လက်အချက်ပြတွေအပြင် လိုင်းဒိုင် ( Line Judges) တွေရဲ့အပြစ်ကိုပြတဲ့လက်အချက်ပြချက်တွေကို
လည်းဆက်လေ့လာကြည့်ပါမယ်။

ကွင်းရဲ့နောက်စည်း နဲ့ဘေးစည်းတွေကိုစောင့်ကြည့်ဖို့လိုင်း
ဒိုင်တွေကို ကြက်တောင်ကွင်းဘောင်တွေကနေ ၂မီတာခွဲကနေ ၃မီတာခွဲအကွာမှာထိုင်လျှက်နေရာချထားပါတယ်။ သူတို့ရဲ့အဓိကတာဝန်ကတော့ ကြက်တောင်ဟာ အမှတ်ယူတဲ့စည်းအတွင်းကိုကျလား အပြင်ကိုကျလား ဆိုတာကိုသေချာသတိထားစောင့်ကြည့်ရတဲ့တာဝန်ပါပဲ။

လိုင်းဒိုင်တွေအများဆုံးအသုံးပြုတတ်တဲ့လက်အချက်ပြ 
၃ မျိုးရှိပါ တယ်။

၁) Shuttle lands out of the line. 
( ကြက်တောင်ဟာ လိုင်းအပြင် ဖက်ကိုကျခြင်း။


အကယ်၍ ကြက်တောင်ဟာအမှတ်ယူတဲ့လိုင်းအပြင်ကိုကျတာနဲ့ ကစားသမားတွေရော ပရိတ်သတ်တွေပါကြားရ
အောင် အသံကျယ်  ကျယ်နဲ့မြန်မြန် ( OUT) လို့အော်ရင်း လက်နှစ်ဖက်စလုံးကိုဘေးသို့ ဆန့်တန်းထုတ်ပြရင်းအမှတ်ပေးဒိုင်လူကြီး ( Umpire ) ကိုကြည့် နေရပါမယ်။

၂) The shuttle lands inside the line (ကြက်တောင်ဟာအမှတ်ယူတဲ့လိုင်းအတွင်းကျရောက်ခြင်း)



ကြက်တောင်ဟာအမှတ်ယူတဲ့လိုင်းအတွင်းကျရောက်
တယ်ဆိုရင်တော့ လိုင်းဒိုင် ( Line judge ) ကအော်စရာ
မလိုပါဘူး။ လိုင်းဒိုင် ကမှောက်ထားတဲ့လက်ဖ၀ါးကို လိုင်း
ဖက်ကိုဆန့်တန်းပြပါမယ်။

၃) If the line judge does not see
 ( လိုင်းဒိုင်မမြင်လိုက်ရင်)


တစ်ခါတလေမှာ ကစားသမားရဲ့ ကိုယ်လုံးနဲ့ကွယ်နေလို့ သို့မဟုတ် ရှောင်လို့မရတဲ့အခြားအခြေအနေတစ်ခုခုကြောင့် ကျလာတဲ့ကြက် တောင်ဟာ လိုင်းရဲ့အတွင်းလားအပြင်လားဆိုတာသေချာမမြင်လိုက် တဲ့အခြေနေမျိုးကြုံရတတ်ပါတယ်။ ဒီအခါ လိုင်းဒိုင်က သူ့လက်ဖ၀ါး နှစ်ဖက်နဲ့မျက်စေ့တွေကိုကာပြီး မမြင်လိုက်ကြောင်းအချက်ပြပါတယ်။ ဒီလိုအခြေ
အနေမှာ Umpire ( အမှတ်ပေးဒိုင်)က သေချာမြင်လိုက်
တယ်ဆိုရင် အမှတ်ရ မရ ဆုံးဖြတ်ပေးပါတယ်။ အမှတ်
ပေးဒိုင်လည်းမသေချာရင် Let ခေါ်ပြီး အမှတ်မတွက်ပဲ ဒီ
တပွဲကိုပြန် စမလားဆိုတာအမှတ်ပေးဒိုင်လူကြီး ( Umpire ) က ဆုံးဖြတ်ပေးရပါမယ်။


ကြက်တောင်ဟာ အမှတ်ယူတဲ့ကွင်းရဲ့အထဲကိုကျလား
အပြင်ကို ကျလားဆိုတာ ကြက်တောင်ရဲ့ဖေါ့တုံးကျတဲ့နေရာကိုကြည့်  ပြီးဆုံးဖြတ်ပါတယ်။ အတောင်နဲ့လိုင်းနဲ့ထိတာကိုမယူပါဘူး။

ဥပမာ အတောင်ကလိုင်းကိုထိသွားပေမဲ့ ဖေါ့တုံးကလိုင်း
အပြင် ကိုရောက်နေ ရင် ( OUT) အမှတ်မရပါဘူး။
ဖေါ့တုံးကလိုင်းကိုထိနေရင် အတောင်တွေကလိုင်း
အပြင်ရောက်နေလဲ IN ပါ။ သေချာကြည့်ရမှာက လိုင်းဒိုင်
Line Judge ရဲ့တာဝန်ပါ။


နောက်တစ်ခေါက်ကျမှ အပြစ်ပေးတဲ့ ကဒ်တွေအကြောင်း
တင်ပြပေး ပါအုံးမယ်။

သူငယ်ချင်းတို့ ပျော်ရွှင်စွာ ကြက်တောင်ကစားနိုင်ကြ
ပါစေ ...

Credit: Champion Sports and Garments 

Monday, March 26, 2018

HIV (AIDS) ဖြစ်ပြီး အန္တရာယ်အများဆုံး အသစ်တိုးရောဂါအခု (၂၀)


ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.


HIV ဗိုင်းရပ်စ်အကြောင်းခြုံငုံသုံးသပ်ချက်

HIV ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲမှာရှိရင် ကိုယ်ခံအားစနစ် လျော့နည်းလာပါတယ်။ ဒါကြောင့် အဲ့ဒီအချိန် ခန္ဓာကိုယ်ထံ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာပါတော့တယ်။ အချိန်ကြာလာတာနဲ့ အမျှ HIV ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ရဲ့ CD4 ဆဲလ်တွေလို့ခေါ်တဲ့ ကျန်းမာတဲ့ ကိုယ်ခံအားစနစ် ထိန်းသိမ်းရာမှာ အရေးကြီးဆုံးဆဲလ်တွေကို တိုက်ခိုက်လိုက်ပါတော့တယ်။ ဒါပေမဲ့ HIV ဗိုင်းရပ်စ်ရှိတဲ့ လူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဆေးတွေကိုပုံမှန်သောက်သုံးမယ်၊ ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကိုယ်လက်နေထိုင်မှုရှိမယ်ဆိုရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါဖြစ်ပွားမှုနှုန်းကို   လျှော့ချနိုင်ပါတယ်။

HIV နဲ့ ဆက်နွယ်နေတဲ့ ကူးစက်နိုင်သော ရောဂါများ

Opportunistic infections (OIs) တွေက အားနည်းနေတဲ့ ကိုယ်ခံအားစနစ်ကြောင့်ဖြစ်ရတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် HIV နဲ့ဆက်နွယ်နေတဲ့ ကူးစက်ရောဂါ (OI) တွေဟာ ခန္ဓာကိုယ်ရဲ့ CD4 ဆဲလ်တွေ ၁ ကုဗ မီလီမီတာမှာ ဆဲလ် ၅၀၀ ရှိနေသေးရင် မဖြစ်သေးပါဘူး။ တကယ့် အသက်အန္တရာယ် ကိုခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ ၁ ကုဗမီလီမီတာ မှာ CD4 ဆဲလ် ၂၀၀(200 cells per cubic millimeter) အောက်ရောက်သွားပြီဆိုဖြစ်လာပါတယ်။

OI ဖျားနာမှုတွေဟာကိုယ်ခံအားစနစ်ကောင်းနေတဲ့ လူတစ်ယောက်အပေါ် နည်းနည်းပါးပါ သက်ရောက်တာမျိုး၊ လုံးဝမသက်ရောက်တာမျိုးပဲ ဖြစ်စေနိုင်ပေမဲ့ HIV ဗိုင်းရပ်စ်ရှိနေတဲ့ လူတွေအတွက်တော့ သက်ရောက်မှုက ပြင်းထန်ပါတယ်။ OI ရဲ့ ရောဂါလက္ခဏာတွေဟာ ၁ ကုဗ မီလီမီတာမှာ CD4 ဆဲလ် ၂၀၀ အောက်ကျသွားရင်ဖြစ်ပေါ်လာပြီး ဒီအခြေအနေကို အဆင့်သုံး HIV ဗိုင်းရပ်စ် အခြေအနေလို့ သတ်မှတ်ကြပါတယ်။ ပုံမှန်အားဖြင့် HIV ဗိုင်းရပ်စ်ရှိနေတဲ့ လူဆိုရင်တောင် CD4 ဆဲလ် ၁ ကုဗမီလီမီတာမှာ ၅၀၀ ရှိနေမယ်ဆိုရင် OI ရဲ့ ရောဂါလက္ခဏာတွေကို မခံစားရပါဘူး။

အောက်မှာတော့ Hello ဆရာဝန်ပရိတ်သတ်ကြီးအတွက် Centers for Disease Control and Prevention အဖွဲ့မှ HIV အဆင့်သုံးဆိုရင် ဖြစ်ပွားတဲ့ ရောဂါ OI ၂၀ ကိုဖော်ပြပေးလိုက်ပါတယ်။


၁။ Candidiasis

ဒါဟာ မှက္ခ်ရု လို့လည်း သိကြတဲ့ သာမန် မှိုရောဂါ ကူးစက်ခြင်းတစ်ခုသာ ဖြစ်ပါတယ်။ ဒီရောဂါကို မျက်လုံးနဲ့ စတင် မြင်တွေ့ပြီဆိုတာနဲ့ မှိုသတ်ဆေးများနဲ့ ကုသနိုင်ပါတယ်။

၂။ Coccidioidomycosis

ဒါကလည်း ပုံမှန် မှိုကူးစက်ရောဂါဖြစ်ပြီး မကုသဘဲ ထားမယ်ဆိုရင် နမိုးနီးယား (အဆုတ်ရောင် ရောဂါ ) အထိဖြစ်စေနိုင်ပါတယ်။

၃။ Cryptococcosis

ဒါကလည်း အဆုတ်ကနေတစ်ဆင့် ဝင်ရောက်တဲ့ မှိုကူးစက်ရောဂါ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရောဂါဟာ ဦးနှောက်အထိ လျင်မြန်စွာပျံ့နှံ့နိုင်ပြီး ဦးနှောက်အမြှေးရောင် cryptococcal meningitis ရောဂါ ဖြစ်စေနိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် ဒီမှိုရောဂါက လူသေစေနိုင်ပါတယ်။

၎။ Cryptosporidiosis

ဒီ diarrheal ရောဂါဟာနာတာရှည်ရောဂါတစ်မျိုးဖြစ်လာနိုင်ပြီး ပြင်းထန်တဲ့ ဝမ်းလျှောခြင်းနဲ့ ဝမ်းဗိုက်ကိုက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

၅။ Cytomegalovirus

ဒီအတွေ့ရများတဲ့ ဗိုင်းရပ်စ်ဟာ အရွယ်ရောက်သူအများစုကို ကူးစက်စေနိုင်ပြီး မျက်လုံးနဲ့ အစာအိမ်အူလမ်းကြောင်းကူးစက်စေနိုင်ပါတယ်။

၆။ HIV နဲ့ ဆက်နွယ်နေတဲ့ ဦးနှောက်ရောဂါများ

ဒီရောဂါတွေကို HIV နဲ့ ဆက်နွယ်နေတဲ့ ရောဂါကြောင့်ဖြစ်သော စိတ်ဖောက်ပြန်မှု ရောဂါတွေလို့လည်း ခေါ်ကြပါတယ်။ ဒီရောဂါတွေဟာ CD4 ဆဲလ် တွေ  ၁ ကုဗ မီလီမီတာမှာ ၁၀၀ ထက်နည်းပါးသွားတဲ့ အခါကျရင် ဦးနှောက် ယိုယွင်းပျက်ဆီးခြင်းကို ဖြစ်စေပါတယ်။

၇။ ရေယုန် ရောဂါစုများ။ ( herpes simplex နဲ့ herpes zoster)

herpes simplex ကတော့ ရေယုန် ဗိုင်းရပ်စ်ရောဂါပိုးတွေကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါ တစ်မျိုးဖြစ်ပြီး နှုတ်ခမ်းနားတွင် ရေယုန်ဖုများပေါက်ခြင်း၊ လိင်အင်္ဂါရောင်ရမ်းခြင်းနဲ့ မျက်မြှေးရောင်နာတို့ကို ဖြစ်စေနိုင်ပါတယ်။ herpes zoster ကတော့ အရည်ပြားပေါ်မှာ အရည်ကြည်ဖုများပေါက်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါတွေကို ကုသဖို့ နည်းလမ်း ယခုအချိန်

ထိမရှိသေးပေမဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ ဆေးဝါးတွေတော့ ရှိနေပြီဖြစ်ပါတယ်။

၈။ histoplasmosis

histoplasmosis ရောဂါဟာ မှိုကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပြီး ဖျားနာခြင်းနဲ့ သွေး အားနည်းရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါတွေကို ပုံမှန်အားဖြင့် ပဋိဇီဝဆေးတွေနဲ့ ကုသလို့ ရပါတယ်။

၉။ Isosporiasis

Isosporiasis  ဆိုတာ ကပ်ပါးကောင်များကြောင့် အူလမ်းကြောင်းတွေကို ကူးစက်တဲ့ရောဂါမျိုးဖြစ်ပြီး ဝမ်းလျှောခြင်းနဲ့ အာဟာရ ချို့တဲ့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဟာ မစင်များကို ကိုင်ပြီး လက်သေချာမဆေးဘဲ အစာ (သို့) ရေတို့ကို သောက်သုံးတဲ့ အခါ ဖြစ်ပေါ်တဲ့ရောဂါမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဒီရောဂါ ကူးစက်နေတဲ့ လူနဲ့ ပါးစပ်ကပဲ လိင်ဆက်ဆံတာပဲ ဖြစ်ဖြစ်၊ စအိုမှ လိင်ဆက်ဆံတာ ပဲဖြစ်ဖြစ် ကူးစက်စေနိုင်ပါတယ်။ လောလောဆယ်တော့ ဒီရောဂါကို ကပ်ပါးကောင်များကို တိုက်ဖြတ်တဲ့ ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။

၁၀။ Mycobacterium avium complex

Mycobacterium avium complex ဆိုတာ ဘတ်တီးရီးယား ကူးစက်ရောဂါပိုးတစ်မျိုးဖြစ်ပြီး ကိုယ်ခံအားစနစ် အလွန်အမင်း ချို့ယွင်းနေတဲ့ လူတွေမှာ ဖြစ်တတ်ပါတယ်။( ၁ ကုဗမီလီမီတာ မှာ CD4 ဆဲလ် ၅၀ အောက်) ဒီဘတ်တီးရီယား သွေးကြောထဲကို ဝင်ရောက်လာပြီဆိုရင် သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။

၁၁။ Pneumocystis carinii pneumonia (PCP)

Pneumocystis carinii pneumonia (PCP) ဆိုတာကတော့ အဆုတ်ရောင်ခြင်းနဲ့ အဆုတ်တွင် အရည်များစုလာခြင်းကို ဖြစ်စေတဲ့ ပြင်းထန်တဲ့ ကူးစက်ရောဂါမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ လေမှ တစ်ဆင့် ပျံ့နှံ့တတ်တဲ့ Pneumocystis jiroveci ဆိုတဲ့ အတွေ့ရများတဲ့ မှိုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ PCP ကို ကာကွယ်ကုသဖို့ မခက်ခဲပါဘူး။ ကိုယ်ခံအားစနစ် ကောင်းနေတဲ့ လူတစ်ယောက်အနေနဲ့ ဒီရောဂါကို သူ့အလိုလို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမဲ့ HIV ဖြစ်ပွားတဲ့ လူတွေမှာ ဒီရောဂါကို မတားဆီးနိုင်ကြပါဘူး။ ဒီရောဂါဟာ လတ်တလောအချိန်မှာ HIV ဗိုင်းရပ်စ်ပိုးရှိတဲ့ လူတွေအတွက် သေဆုံးနိုင်ခြေ အများဆုံး ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို သေချာ စစ်ဆေးခြင်း၊ ပဋိဇီဝဆေးများနဲ့ ကုသမှု နည်းစနစ်တွေနဲ့ ဒီရောဂါကို လတ်တလောမှာ ကုသလျက်ရှိပါတယ်။

၁၂။ နာတာရှည် အဆုတ်ရောဂါ

နမိုးနီးယား (အဆုတ်ရောဂါ) ဟာ အဆုတ် ၁ ခု (သို့) ၂ ခုလုံးမှာ ဖြစ်ပွားတဲ့ ကူးစက်ရောဂါဖြစ်ပြီး ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်များနဲ့ မှိုများကြောင့် ဖြစ်စေနိုင်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။

၁၃။ Progressive multifocal leukoencephalopathy (PML)

PML ဆိုတာကတော့ ဦးနှောက်ရှိ အာရုံကြော ဖိုင်ကာအကာများ (myelin sheath)  များကို ပျက်ဆီးစေတဲ့ ရောဂါဖြစ်ပြီး  ဒီလိုနာဗ်ကြော အကာတွေ ပျက်ဆီးသွားရင် အာရုံကြောအချက်ပြစနစ်တွေက ရပ်တန့်သွားနိုင်ပြီး အာရုံကြောဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဟာ ကိုယ်ခံအားစနစ် ယိုယွင်းနေတဲ့ လူတွေမှာပဲ အများဆုံး ဖြစ်တတ်ပြီး CD4 ဆဲလ် ၁ ကုဗမီလီမီတာမှာ ၂၀၀ အောက်ရောက်နေတဲ့ လူတွေမှာ အဖြစ်များပါတယ်။ လောလောဆယ်တဲ့ ဒီရောဂါကို ကုသနိုင်တဲ့ နည်းလမ်းတွေ မရှိသေးပေမဲ့ antiretroviral ကုသမှုတွေလို့ခေါ်တဲ့ HIV လို  retrovirus  ဗိုင်းရပ်စ်တွေရဲ့ လုပ်ဆောင်မှုတွေကို တားမြစ်ပေးတဲ့ ကုသမှုတွေ လုပ်ကြည့်တဲ့ အခါမှာ တုံ့ပြန်မှု ရှိလာတယ် လို့ သိရပါတယ်။

၁၄။ Toxoplasmosis

Toxoplasmosis ဆိုတာကတော့ protozoan Toxoplasma gondii လို့ခေါ်တဲ့ ပရိုတိုဇိုဝါ သတ္တဝါများ ကူးစက်ခြင်းကြောင့်ဖြစ်ပွားတဲ့ ရောဂါဖြစ်ပြီး ပုံမှန်အားဖြင့် သေချာမချက်ပြုတ် ထားတဲ့ အမဲသားများစားသုံးခြင်းနဲ့ ကြောင်မစင်များနဲ့ ထိတွေ့ခြင်းကြောင့် ကူးစက်ခံရတာ ဖြစ်ပါတယ်။ ဒီ ကပ်ပါးကောင် ကူးစက်ရောဂါဟာ CD4 ဆဲလ် ၁ ကုဗမီလီမီတာမှာ ၂၀၀ အောက်နည်းနေတဲ့

လူတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါကို CD4 ဆဲလ်တွေ နည်းလာတဲ့ လူနာတွေမှာ ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးထားခြင်းဖြင့် တားဆီးနိုင်ပါတယ်။

၁၅။ အဆုတ်နာ၊ တီဘီ။ (Tuberculosis)

ဒီရောဂါဟာ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာ အဖြစ်များတဲ့ ရောဂါဖြစ်ပြီး HIV ဗိုင်းရပ်စ်ရှိနေတဲ့ လူတွေမှာလည်း အလွယ်တကူ ဖြစ်ပွားနိုင်ပါတယ်။ စောစော သိခဲ့မယ်ဆိုရင် ဒီရောဂါကို အောင်အောင်မြင်မြင်ကုသနိုင်ပါတယ်။

၁၇။ HIV ကြောင့် ကိုယ်အလေးချိန်လျော့ကျခြင်း

ဒီလို ကိုယ်အလေးချိန်လျော့ကျမှုဟာ ဝမ်းလျှောခြင်းနဲ့ အားနည်းခြင်းတို့ကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်း အထိ လျော့ကျတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဒီဝေဒနာကို အာဟာရ စီစဉ်ပြီး စားသုံးခြင်းနဲ့ antiretroviral ကုသမှုတွေလို့ခေါ်တဲ့ HIV လို  retrovirus  ဗိုင်းရပ်စ်တွေရဲ့ လုပ်ဆောင်မှုတွေကို တားမြစ်ပေးတဲ့ ကုသမှုတွေနဲ့ ကုသပေးနိုင်ပါတယ်။

၁၈။ Kaposi’s sarcoma

Kaposi’s sarcoma ဆိုတာ AIDS ရောဂါနဲ့ ဆက်နွယ်နေတဲ့ ရှားပါးအကျိတ်များဖြစ်ပေါ်တဲ့ ကင်ဆာမျိုး ဖြစ်ပြီး ၁၈၇၂ နှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ Dr. Moritz Kaposi ကို ဂုဏ်ပြုပြီး အမည်ပေးခေါ်ဝေါ်ထားတာ ဖြစ်ပါတယ်။ Kaposi’s sarcom ဟာ ကိုယ်ခံအားစနစ်က အားနည်းသွားတဲ့ အခါ ပေါ်လာတဲ့ ရောဂါ ဖြစ်ပြီး အနီရောင်နဲ့ ခရမ်းရောင် အချပ်တွေ အရည်ပြား၊ ခြေထောက်နဲ့ လက်တို့မှာ ဖြစ်ပေါ်စေပါတယ်။ လောလောဆယ်မှာတော့ ဒီရောဂါကို ဓာတု ကုထုံးများနဲ့ အကျိတ်များကိုရှုံ့သွားစေရန် ကုသလျက်ရှိပြီး CD4 ဆဲလ် ပမာဏကို တိုးမြှင့်စေရန်အတွက် Antiretroviral ကုသမှုတွေနဲ့လည်း ကုသလျက်ရှိပါတယ်။

၁၉။ Lymphoma ( သွေးရည်ကြည်တစ်ရှုးများကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ပေးနိုင်သော အကျိတ်များ )

HIV ဗိုင်းရပ်စ်ရှိတဲ့ လူတွေမှာ ကင်ဆာရောဂါမျိုးစုံ ဖြစ်ပွားနိုင်ပါတယ်။ ကုသမှုတွေကတော့ လူနာရဲ့ ကင်ဆာအမျိုးအစားနဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။

၂၀။ သားအိတ်ခေါင်း ကင်ဆာ (Cervical cancer)

HIV ဗိုင်းရပ်စ်ရှိနေတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ ဒါ့အပြင် ဒီကင်ဆာကို ကုသတဲ့ အခါမှာလည်း အားနည်းနေတဲ့ ကိုယ်ခံအားစနစ်ကြောင့် ကုသတဲ့ အခါမှာ စိန်ခေါ်မှုတွေရှိနေပါတယ်။


HIV ဗိုင်းရပ်စ်နဲ့ တွဲပြီး ဖြစ်လေ့ရှိတဲ့ ကင်ဆာများ

ဒီလို OI တွေ (opportunistic infection) ရောဂါ တစ်ခု နဲ့ အထက်ဖြစ်ပွားနေပြီဆိုရင် CD4 ဆဲလ် ပမာဏကို မထည့်တွက်သေးဘဲ ဒီအခြေအနေကို HIV အဆင့် ၃ လို့ သတ်မှတ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ OI တွေဟာ HIV ဗိုင်းရပ်စ်ရှိနေတဲ့ လူတွေအတွက် သေဆုံးမှုဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ antiretroviral therapies (HAART) ကုသမှုတွေနဲ့ ကြိုတင်ကာကွယ်ခြင်းတွေက ဒီရောဂါတွေကို တားဆီးပေးနိုင်ပါတယ်။

HIV ဗိုင်းရပ်စ်ကူးစက်ခံထားရရင်တောင် ကျန်းမာစွာနေထိုင်ခြင်း

ဆရာဝန်တွေ ညွှန်ကြားထားတဲ့ ဆေးဝါးသောက်သုံးမှု ပုံစံတွေ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အလေ့အကျင့်တွေက HIV ရှိနေတဲ့ လူတွေရဲ့ သက်တမ်းကို အများကြီး ရှည်လာစေနိုင်ပါတယ်။ HIV ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေ အနေနဲ့ ဒီ OI တွေကို အောက်ပါ အချက်လေးတွေနဲ့ ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

     ဆရာဝန်က ညွှန်ကြားတဲ့ antiretroviral ကုသမှုတွေနဲ့ ကြိုတင်ကာကွယ်ဆေးတွေကို ပုံမှန်သောက်သုံးပါ၊
     ကာကွယ်ဆေးထိုးခြင်း၊
    လိင်ဆက်ဆံမယ်ဆိုရင် တစ်ခြားသော လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် ကွန်ဒုံးကို ပုံမှန် အသုံးပြုခြင်း၊
    တားမြစ်ဆေးများနဲ့ ဆေးထိုးအပ် ဝေမျှ သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း၊
    လူ အရောက်အပေါက်များတဲ့ နေရာတွေမှာ အလုပ်လုပ်မယ်ဆိုရင် ကာကွယ်မှု အလုံအလောက်ထားခြင်း၊
    အသားငါး စိမ်းများနဲ့ မကျက်သေးသ၍ မစားသုံးခြင်း၊
    အစားအစာ စားဖို့ပြင်တဲ့ အခါလက်များကို စင်အောင် ဆေးကြောခြင်း၊
    သန့်စင်ထားတဲ့ ရေကိုသာ သောက်သုံးခြင်း။

နိဂုံးချုပ်

ဗိုင်းရပ်စ် တိုက်ဖျက်ဆေးဝါးတွေ (Antiviral) နဲ့ ကျန်းမာရေးနဲ့ လျော်ညီတဲ့ နေထိုင်မှု ပုံစံတွေက OI ရောဂါတွေ ဖြစ်ပွားခြင်းကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ပေါ်လာခဲ့တဲ့ ဆေးဝါးတွေဟာ HIV ဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေရဲ့ သက်တမ်းကို သိသိသာသာ မြှင့်တင်ပေးလာနိုင်ခဲ့ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Sunday, March 25, 2018

''​ရေချိုးဆိပ်​''


( ၁ )

ရွာမနက်ခင်း......။
မိုးမလင်းခင် လင်းကြက်တွန်ကတည်းက ရွာက နိုးနှင့်ပါပြီ။ သည်ခေတ်မှာတော့ တချို့ ​တောင်သူအိမ်တွေမှာ တရုတ်နာရီတွေ ခပ်ကြွားကြွား ချိတ်ထားနိုင်ပေမယ့် ကျွန်မတို့ ငယ်ငယ်ကတော့ ရွာမှာ ဘုန်းကြီးကျောင်းကလွဲလို့ အိမ်တွေမှာ နာရီမရှိကြပါ။ ​ရှေးကဗျာတွေထဲကလို ကြက်သံကို ဗဟိုပြုရပါသည်။ ဘုန်းကြီးကျောင်းတွေမှာတော့ ချိန်သီးနာရီကြီးတွေက ခန့်ညားလှသည်။ နာရီတွေကို ပြောင်လက်နေအောင် တိုက်ချွတ် ထားတာဆိုတော့ ရွာကျောင်းသာ အိုရင် အိုမည်။ နာရီတွေ မအိုပါ။ ချိန်သီးတွေက ဘယ်တစ်ချက် ညာတစ်ချက် ဂျောက်ဂျက် ဂျောက်ဂျက် မရပ်မနားရှိတာကိုပဲ ကျွန်မတို့ သွားငေးကြစမြဲ။

သည်ခေတ်မှာတော့ နာရီကြည့် သွားသည်ဆိုလျှင် ရယ်စရာကောင်းရော့မည်။ အချိန်ပြည့်လို့ ဒေါင်ဒေါင်ဒင်ဒင်မြည်တာကလည်း ကျွန်မတို့အဖို့ ထူးဆန်းသည်။ နာရီအကြောင်း ကျွန်မပြောရတာ အကြောင်းရှိပါသည်။ စက်နာရီက နာရီထိုးသံကို တစ်ရွာလုံး မကြားနိုင်ပါ။ သည်တော့ ဦးပဉ္ဇင်းတွေ ၊ ကိုရင်တွေက ကြေးမောင်း ထ ထိုးကြရသည်။

ထလော့ ....  ရွာကလေး။
ရွာသူတော်ကောင်းတို့ ဆွမ်းထမင်း ၊ ဆွမ်းဟင်း ချက်ကြကုန်လာ့။ မိုးသောက်အာရုံမှာ ဆွမ်းတော်တင်လော့။ ဝမ်းအာဟာရပြည့်စုံသော် သစ်ခင်းကိုင်းခင်း ဆင်းကြကုန်လော့။

ရွာသူရွာသားတွေကလည်း မနေ့က ပင်ပန်းခဲ့တာတွေ တစ်ညတာကျောချခဲ့တာနှင့်ပင် ပြေပျောက်ရလေပြီ။ ကျွန်မတို့မိန်းကလေးတွေကတော့ နေကလေး မပြူတပြူမှာ ဧရာဝတီမြစ်မထဲ ရေခပ်ဆင်းကြရသည်။ ရေတစ်အိုး ခါးထစ်ခွင် ဒါမှမဟုတ် ခေါင်းပေါ်ရွက်ပြီး မျက်နှာသစ်ဆင်းကြရခြင်းဖြစ်သည်။ မြစ်ကမ်းပါးနှုတ်ခမ်းတင်ရွာဆိုပေမယ့် ရေတစ်ထမ်း တစ်ရွက်တော့ ထမ်းရ ရွက်ရမြဲပင်။ ဆိုးဆိုးဆတ်ဆတ် ရေတစ်ဖလားခပ်ချင်လို့ ရေတွင်းရယ် ၊ ရေကန်ရယ် မရှိ။ ဧရာဝတီမြစ်မကြီး ရွာခြေမှာရှိနေတာကိုက မခန်းနိုင်သော နတ်မြစ်လို အောက်မေ့နေ ကြတာ မဟုတ်လား။

''သောက်ပါလေ့အေ။ ချိုးပါလေ့... မြစ်ဆိပ်များ ငရုတ်တစ်လှမ်း ၊ ခရမ်းတစ်ခုန်ရယ်ရှိသာ... မြစ်က ထွက်မပြေးပါဘူးဟဲ့...​ရေတွေ ဘောက်ဘက်လန်အောင် ခပ်ထားစရာမလိုပေါင်... သုံးရေတစ်အိုး ၊ န ( နွား ) ရေတစ်အိုး ထည့်ထားပြီးရင် ကျန်တာ သောက်ရေလောက်ပဲ လိုသာပါ''
ကြီးတော်တို့ အမေတို့က ကျွန်မအစ်မအပျိုတွေ မြစ်ဆိပ်ရေဆင်းခပ်တာကို မကြိုက်မရှိ။ ရေဆိုတာ အိမ်မှာပြည့်ကောင်းတာ ၊ ရှိကောင်းတာ ၊ ပေါကောင်း များကောင်းတာ အမှန်ပင်။ သို့သော် ကျွန်မအစ်မတွေမှာ ရေခပ်ကြရင်း စကားပြောကြရသည်။ အပျိုအချင်းချင်းသာ နားလည်နိုင်သော ဘာသာစကားတွေ ရေခပ်လမ်းမှာမှ ပြောကြရသည်။

ဇာတ်ပွဲအကြောင်း ၊ ဘုရားပွဲအကြောင်း ၊ တောရွာမှာ ဘဘကျော်နတ်ပွဲ သွားကြမည့်အကြောင်း ၊ ဝတ်ချင်စားချင်ရှိရသည့် အင်္ကျီပုံဆန်းတွေအကြောင်း ၊ ရက်ကန်းကျ ထမီတွေအကြောင်း ၊ ဒါမျိုးက ရေခပ်တုန်းမှာ ဆုံကြရ ပြောကြရတာမဟုတ်လား။ သည်တော့ မြစ်ရေကို တစ်ခေါက် ခပ်ရလို့လည်း မမော။ နှစ်ခေါက်ခပ်ရလို့လည်း မမော။ ဆယ်ခေါက်ခပ်ရဦးတော့ ခပ်နိုင်ကြပါသည်။ သို့သော် မျက်နှာကောင်း မရ။ မြစ်များ ထွက်ပြေးမှာကျလို့တဲ့။

နွားစာကျင်းထဲမှာ ပဲမှော် ၊ ပဲရိုးကျေ ၊ ပြောင်းရိုးကျေနှင့် မြက်စိုကို စဉ်းကာ ရေနှင့် စပ်စပ်လော်ကာ ထည့်ရသည်။ ရေကလည်း ကုန်တော့ အကုန်သား။ သုံးရေအိုးကတော့ မီးဖိုချောင်သုံး လက်လေးလက်ပေါ့သုံးဖို့ပေါ့။ သောက်ရေကလည်း မြစ်ရေသောက် ကြီးပြင်းရသူတွေဆိုတော့ မြစ်ရေမှပဲ လေးလေးပင်ပင်နှင့် အာသာပြေရပါသည်။

" မြစ်ရေအေးအေးကြည်ကြည် မနက်စောစော ထခပ်ကြပါဟဲ့...​လှေမလူး ၊ နွားမကူးခင် ခပ်မှ သန့်သန့်ကလေးရသာ...ဘုရားဆွမ်းတော် ၊ ရဟန်းဆွမ်းတော်အတွက် ဆွမ်းထမင်း ၊ ဆွမ်းဟင်းများ ရေကလေးသန့်သန့်နဲ့ ချက်ကြလောင်းကြဟဲ့...မနက်စောစောထ ငါ့မြေး။ ရေချိုးဆိပ်မှာ မခပ်နဲ့...အထက်နား ဝါးကြိမ်တောခြေမှာ သွားခပ်ချေ "

အဘက အိပ်ယာထပျင်းသောကျွန်မကို စောစောနှိုးပြီး မြစ်ရေချို ခပ်ခိုင်းလေ့ရှိ၏။ ဘုန်းကြီးကျောင်းက စက်နာရီ ငါးနာရီမှာ ကြေးမောင်းတစ်တုံ ထိုးလေ့ရှိရာ ယင်းအချိန်သည် မြစ်ရေထဲ အကူးအလူးနည်းကြသေးသည်။ လှေသမ္ဗာန် ၊ စက်တပ်လှေ ၊  မီးသင်္ဘောတွေ လှိုင်းကြီးထအောင် မဖြတ်ကြသေးခင် ရေအကြည်ခပ်ခိုင်းခြင်းဖြစ်ပါ၏။ အဘပြောတာ အမှန်ပါ။ မနက်စောစော မြစ်ဆိပ်ဆင်းရတာ ကြည်နူးစရာကောင်းလှပါသည်။ ရောင်နီပြေပြေကလေးအောက်မှာ မြစ်ရေသောင်စပ်လမ်းသည်ပင် ပကတိအေးမြတည်ငြိမ်လျက် မြစ်လေက တသွေးသွေး။ အိပ်မှုန်စုံမွှားစိတ်တို့သည်ပင် ကြည်လင်လန်းဆန်းသွားရပါ၏။

ကျွန်မတို့ငယ်ငယ် လူမှန်းသိကတည်းက ရွာဘေးကစီးဆင်းနေသည့် မြစ်ကြီး။ အဘတို့ကတော့ အရှေ့မြစ် ခေါ်ကြသည်။ အနောက်မြစ်က ချင်းတွင်း။ အဘ၏သမီးအကြီးဆုံး ကြီးတော်က ရေစကြိုမြို့နယ် ဖြုံဘူးရွာမှာနေတာဆိုတော့ အရှေ့မြစ်နှင့် အနောက်မြစ်ကြားက ကျွန်းရွာတွေဆီ ကျွန်မတို့ ကူးနေလူးနေကျပင်။ ကျွန်းရွာတွေ အရှေ့ဘက်ကမြစ်ကို အရှေ့မြစ် ၊ အနောက်ဘက်က မြစ်ကို အနောက်မြစ် ခေါ်ခြင်းဖြစ်ပါ၏။ သည်တော့ ကျွန်မတို့ဥဒယကလည်း ဧရာဝတီမြစ်ကို အရှေ့မြစ်လို့ပဲ သုံးကြတော့သည်။

( ၂ )

" ငှက်ကလေးတွေ .... စိုးစီ... စိုးစီ ... ဝင်းပေါက်မှာမြည် ...... ချိန်တန်ပြီ .. ညီမထွေးရဲ့ ...ဆွမ်းတော်ကပ်လှည့် .... "

ကျွန်မအရွယ်ရောက်လို့ ဒီကဗျာလေးဖတ်ရတော့မှ ငယ်ဘဝ ရွာ့မနက်ခင်း ဧရာဝတီမနက်ခင်းကို နောက်ကြောင်းပြန် ခံစားရပါသည်။
မနက်စောစောကြီးထပြီး မြစ်တစ်မြစ်ကို ကမ်းပါးထိပ်က ရပ်ကြည့်ပါ။ မြစ်တစ်မြစ်၏ ကျက်သရေအရှိဆုံးအချိန်ကို တွေ့နိုင်ပါ၏။ ကိုယ့်ရွာဘေးက မြစ်ကြီးတစ်မြစ် စီးဆင်းနေတာကပင် အားရှိချင်စဖွယ်။ မြစ်ရေကြည်ကြည်ခပ်ချိန်မှာ ငှက်ကလေးတွေ ကျီကျီကျာကျာ အော်မြည်နေကြပြီ။ အစ်မတွေက မြစ်ရေသန့်သန့်ဖြင့် ဆွမ်းချက်ကြပြီ။ ကျက်ပြီဆိုတော့ ဦးပေါင်းပါအောင် ခူးခပ်ပြီး ဆွမ်းတော်တင်ကြသည်။ ကျွန်မတို့ရွာတွေမှာ မြေအိုးနှင့် ထမင်းချက်ကြတာဆိုတော့ ဆန်က အိုးတက်သည်နှင့် စလောင်းဖုံးအထိ မောက်မောက်ကလေး ရှိတတ်ပါသည်။ စလောင်းဖုံးလက်ကိုင်ကလေးထဲအထိ ထမင်းရောက်တော့ ဦးပေါင်းဖူးဖူးကလေး ရသည်။ ဦးပေါင်းမပျက်အောင် အောက်ဖက်က ယောင်းမနှင့်ကော်ကာ ဆွမ်းထမင်း ပြင်ကြ ကပ်ကြသည်။ ဦးပေါင်းဖူးဖူးပဲ့အောင် ခူးလို့ ခပ်လို့ကတော့ အဆူအငေါက်ခံရဖို့သာပြင်။

အကြည်ခံထားရသော ဘုရားသောက်တော်ရေအိုးထဲက သောက်တော်ရေငါးခွက် ခပ် ၊ ရိုရိုသေသေ ကပ် ၊ ဆွမ်းထမင်းပူပူကို ကြွေရည်သုတ်အုပ်ကလေးထဲ ရွာကျောင်းလေးကျောင်းက ကိုယ်တော်တွေအဖို့ရာ ခူးနှင့် ခပ်နှင့်ရသည်။ ဝေယျာဝေစ္စတွေပြီးတော့ ဆရာတော်ကျောင်းက ခုနှစ်နာရီ ကြေးမောင်းထိုးပြန်ပါ၏။ အမေတို့ ၊ အစ်မတို့ ၊ ကြီးတော်တို့ ၊ ဒွေးလေးတို့ အခင်းဆင်းကြရတော့မည်။ ထမင်းပူပူထဲ နှမ်းဆီနှစ်ပေါက် ၊ သုံးပေါက်ဆမ်းပြီး ငါးပိကင်ရှိတော့ ငါးပိကင် ၊ ချဉ်ပေါင်ငပိချက်ကလေး ညကကျန်တော့ ကျန်တာနှင့် စားကြရုံပင်။ ဒါဆိုလျှင် နေတစ်မွန်းတည့်စာ အဆာခံနိုင်ကြပြီ။

" မထူး ... နွားကျောင်းမထွက်ခင် နရေကလေး ဖြည့်ခဲ့ဦး .....  မြစ်ထဲ ရေကူးမနေနဲ့နော် ... လက်ပံချောက်ဘက် မသွားနဲ့ ...  ကမ်းပါးချောက်ကြီး နက်တယ် ...နွားတွေ ဖောင်းကားကုန်းဘက် လွှတ် .... မြက်ပေါတယ် ... ကမ်းပါးထိပ် မရောက်စေနဲ့ ...."

မှာလို့သာ မှာတာပါ။ မြစ်ကမ်းပါးတစ်လျှောက်က မြက်စိုကွင်းကို နွားတွေ ကြိုက်သည်။ တစ်ပြန့်ကြီး စားနိုင်ကြသည်။ တစ်ခါတစ်ရံ မြစ်ကမ်းပါးက အိကနဲ ပြိုတတ်သည်။ မြစ်ကမ်းနားတန်းရွာတွေမှာ နွားတွေ မြစ်ရေထဲ ကျခဲ့တာများပြီ။ နွားတွေက မြက်စိုနောက်လိုက်ရင်း မြစ်ကမ်းပါးဘက်ရောက်ကြတာကို ဂရုစိုက်ကြရပါသည်။ ကျွန်မတို့က မြစ်ရေထဲ ကူးကြခတ်ကြရင်း နွားကျောင်းရတာကို ပိုပျော်ပါသည်။ နွားတွေကလည်း မြက်စိုမြက်စိမ်းစားကြရ ကျွန်မတို့ကလေးတွေကလည်း ရေကူး ၊ ရေဆော့ကြရ။

ဟိုတုန်း ဟိုအခါကတော့ ရွာနောက်ကျောဘက် ထွက်လိုက်သည်နှင့် မြစ်ကို လက်နှင့် ပုတ်နိုင်ပါပြီ။ ကျွန်မတို့ရွာတွေမှာ မြစ်ကမ်းပါးရယ်လို့ သမန်းတောကိုင်းတောထူထူကြီးတွေ မရှိ။ ရွာမြေနှင့် မြစ်ကမ်းပါးက တိုးလျှိုပေါက်ဆိုတော့ မြင်ကွင်းရှင်းသည်။ ဘယ်နားကကြည့်ကြည့် မြစ်ကို မြင်ရသည်။
 ရေကြီးခါဆိုတော့ ရေကြီးခါအလျောက် ရေငယ်ခါဆိုတော့ ရေငယ်ခါအလျောက် ရေပြည့်မြစ် ၊ စည်းတိမ်သောင်ပါးကြားက စီးဆင်းနေသောမြစ် ၊ ရေနီကြမ်းတွေ လှိုင်းထနေသောမြစ် ၊ တောင်လေက အကြေးလှန်သည့်မြစ်။
ဧရာဝတီကို နွေနွေ မိုးမိုး ဆောင်းဆောင်း မမြင်ချင်၍မရပါ။ မထိတွေ့ချင်လို့ မရပါ။ ရှောင်လွှဲချင်လို့ မဖြစ်ပါ။ ဧရာဝတီမြစ်ကို ခရီးသွားဟန်လွှဲ မြင်ရတာမျိုးမဟုတ်။ သိုးကနဲ သန့်ကနဲ လှမ်းမြင်ရတာမျိုး မဟုတ်။ မိုးလင်းကမိုးချုပ် မြစ်နဲ့ အတူနေ ၊ မြစ်ဘေးမှာ အိပ် ၊ မြစ်ရေသောက်ကြသူတွေချည်းဖြစ်သည်။

ပြောစကားတွေထဲမှာ " တို့ဖြင့် တစ်သက်လုံး မြစ်ကို မအေလုပ်နေကြတာပါအေ " ဆိုသည့်စကား ပါလေ့ရှိကြတာသာကြည့်တော့။

( ၃ )

ကျွန်မ ရေးခဲ့လှပါပြီ။ ကျွန်မတို့ရွာ ဥဒယသည် ဧရာဝတီမြစ်ကို မေးတင်ထားသောရွာကလေးဖြစ်သည်။ ကျွန်မတို့ရွာ၏မြောက်ဘက် နှစ်ရွာကျော်မှာ ဥမ္မာဒန္တီဘွဲ့ကိုရေးခဲ့သော ဆရာရွှန်းအပိုင်စားခဲ့သည့် ဆီမီးခုံရွာရှိသည်။ တောင်ဘက်နှစ်ရွာကျော်မှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည့် ရန္တပိုရွာရှိသည်။ မြစ်အနောက်ဘက်ကမ်း ကျွန်မတို့ရွာနှင့် မျက်နှာချင်းဆိုင်မှာတော့ ကုန်းဘောင်ခေတ်က ရွှေပြည်ဝန်လို့ ထင်ရှားကျော်ဇောခဲ့သော မြန်မာပညာရှိသုခမိန် ယောမင်းကြီးဦးဖိုးလှိုင်၏ဇာတိ ရေပုလဲ ( ရွာပုလဲရွာ )ရွာ ရှိသည်။

သမိုင်းဝင်ထင်ရှားခဲ့သော ထိုရွာသုံးရွာ၏ ဖိုခုံလောက်ဆိုင်အလယ်တွင် ကျွန်မတို့ရွာကလေးကတော့ ရွာဇနပုဒ်ကလေးမျှသာဖြစ်ပါသည်။ အဖေက " တို့ရွာက သမိုင်းမကြီးပေမယ့် ဂုဏ်ကြီးတယ်သမီးရဲ့ ... " ဟု ကျွန်မတို့တတွေကို ပြောပြတတ်သည်။ ဘိုးဘွားစဉ်ဆက် မြေသီးမြေနှံကိုစား ၊ မြစ်ရေကိုသောက် ၊ ရိုးရိုးသားသားရှိခဲ့ကြတာကို ဆိုလိုလေသလား။

ကျွန်မတို့ရွာတွေကို ရှေးက လှေရွာဟု ခေါ်ကြသည်။ လှေနှင့် တက်နှင့် မြစ်ရိုး ၊ မြစ်မ ထိုထိုပေါက် ဝမ်းစာရှာခဲ့ကြသူတွေ များပါသည်။ ကျွန်မတို့မျိုးဆက်မှာပင် ဧရာဝတီနှင့် ခွဲမရချင်ခဲ့။ မြစ်နှင့်အတူ ကြီးပြင်းခဲ့ရတာ မဟုတ်လား။ သည်စာကို ရေးရင်းက ကျွန်မတို့ရေချိုးခဲ့ကြသည့် ရေချိုးဆိပ်ကို သတိရမိပါသည်။ ကျွန်မတို့ရွာရေဆိပ်သည် ညနေတိုင်လျှင် ဘုရားပွဲ ကျောင်းပွဲတမျှ စည်ကားနေတတ်သည်။ လုပ်ခင်းကိုင်ခင်းပြန်တွေ သည်အချိန်ကျမှ ရေခပ်ကြ ၊ ရေချိုးကြ ၊ လျှော်ကြဖွပ်ကြရတာ မဟုတ်လား။

မြစ်ဆိပ်နှင့်ရွာကြား လမ်းကလေးမှာ လူတွေ ပုရွက်ကြောင်းလိုက်လို့။ အော်ကြဟစ်ကြ ၊ ဆူကြညံကြ မြစ်ဆိပ်မှာဆုံရသခိုက် အကြောင်းစုံကို ပေါင်းလန်အောင်ပြောကြသည်။ ပဲအကြောင်း ၊ နှမ်းအကြောင်း ၊ ထန်းအကြောင်းပါသလို
သားအကြောင်း ၊ သမီးအကြောင်း ၊ မရီးအကြောင်းလည်း ပါသည်။ ရွာအကြောင်း ၊ ရပ်အကြောင်းပါသလို ဇာတ်အကြောင်း ၊ နတ်အကြောင်းတွေလည်း ပါသည်။ မြစ်ဆိပ်သောင်ခုံမှာ အဝတ်ဟောင်းတွေ ဘေးချကာ မျက်နှာချင်းဆိုင် အဝတ်လျှော်ကြရင်း သတင်းစကား ၊ အတင်းစကား ၊ အဖျင်းစကားတွေ ပါးစောင်အမြုပ်ထွက် ပြောကြသူတို့က နားကွဲလုမတတ် အော်ဟစ်သောင်းကျန်းနေကြသော ကျွန်မတို့ကလေးတွေကို " စကားလုံး မပြောင်လိုက်တာနော် ....သွား ... တော်ရာ သွားဆော့ချေကြ ..... " လို့ ငေါက်ငမ်းတတ်သေး၏။

ငေါက်ကာမှ ငေါက်ကရော။ မြစ်ထဲရောက်လို့ကတော့ ကျွန်မတို့ကလည်း နှုတ်ခမ်းတွေပြာ ၊ မျက်လုံးတွေနီ ၊ လက်တွေ ပဲကြီးရေပွဖြစ်စေဦး မြစ်ထဲက မတက်ပြီ။ ရေကူးပြိုင်ကြ ၊ ရေငုတ်ပြိုင်ကြ ၊ ရေထဲငုတ်ပြီး တူတူပုန်းကြ ၊ ရေထဲတင် စိန်ပြေးတမ်းကစားကြ ၊ဝုန်းဒိုင်းကျဲလို့။ တောထဲက နွားကျောင်းပြန် ၊ နွားရေတိုက်ရင်း မြစ်ထဲ ရောက်ကြတာဆိုတော့ မြစ်ရေကိုက်လှပြီ။

" ဟေး .... တို့အိမ်က ကလေးတွေ ... မြစ်ထဲ ရှိကြသလားဟေ့ .....နွားကျောင်းပြန်ကတည်း က အိမ်ပြန်မရောက်ကြတာ ဆူလိုက်ငေါက်လိုက်ကြစမ်းပါဟေ့ ..... "

" ဟဲ့  ... ကြားလား .... နင်တို့အိမ်က ဟစ်နေပြီ။ ကဲလည်း ကဲတဲ့ဟာတွေ ...  မတက်ဘူးလား .. တက်မှာလား ... ငါ ချည်ရဲတုတ်နဲ့ လှမ်းထုမှာနော် .... "

ချည်ရဲတုတ် ( ချည်ရိုက်တုတ် ) ဆိုတာ အဝတ်လျှော်သည့်တုတ်ကို ခေါ်ခြင်းဖြစ်၏။ ကျွန်မတို့ရွာတွေမှာ ရက်ကန်းစင်တင်ရန် ချည်ခင်များကို ချည်စာနင်းရင်း တုတ်ဖြင့် ထုလေ့နှက်လေ့ရှိကြသည်။ အရိုက်နာလေ ချည်ကောင်းလေဆိုတော့ သည်တုတ်ကြီးတွေနှင့် အားရပါးရ လွှဲရိုက်ကြရသည်။ သည်တုတ်ကြီးတွေကို အဝတ်လျှော်ဖွပ်သည့်နေရာမှာ သုံးတော့လည်း ချည်ရဲတုတ်ခေါ်ကြပါ၏။ သည်လို ဒေါ်ကြီး ၊ ဒေါ်လေး ၊ ဒွေးလေးတို့က ငေါက်ငမ်းလွှတ်လို့သာ နွားတွေဆွဲပြီး အိမ်ပြန်ခဲ့ရသော်လည်း မြစ်ဆိပ်က မခွါချင်သေး။ အပျိုတွေ ရေခပ်လမ်း ချောင်းကြ ၊ ပိုးကြသူတွေကလည်း ဒုနဲ့ဒေး။

ဝါဝင်ပြီဆိုလျှင် ကျွန်မ ရွာကို သတိရနေမိပါသည်။ ဝါဆိုဦးကတည်းက ရွာခြေတွင် ရေစပ်စပ်ဝင်လေပြီ။ ရွာခြေ ဝါးကြိမ်တောစပ်မှာ ရေတိုးငါးကလေးတွေ မြူးကြပြီ။ ကျွန်မတို့ကလေးများအဖို့တော့ ဝါးကြိမ်တောခြုံကြီးထဲ တိုးပြီး ငါးနုပ်ငါးသန်းဖမ်းကြခြင်း
သည်လည်း ကစားနည်းတစ်မျိုးဖြစ်ပါသည်။

ဆန်ခါခုံးများ ၊ ဖျင်ထည်စောင်ပါးများဖြင့် ငါးတိုက်ကြသည်။ ကျွန်မကတော့ ကြီးတော်ချုပ်ပေးထားသော စပ်ထမီကို တိုတိုပါအောင်ဝတ်ပြီး ရေချိုးရင်း ငါးတိုက်ရတာ အလွန်ပျော်ပါသည်။ ငါးနုပ်ပေါက်ကလေးတွေရလာတော့ အိမ်ကထင်းမီးဖိုထဲ ပစ်သွင်းကာ ငါးမီးဖုတ်ချိုချိုကို သွားရေစာအဖြစ် စားကြသည်။

မြစ်ရေတိုးပြီဆိုလျှင် ရွာထဲကို အရင်မဝင်သေးပဲ ရွာတောင်ဖျားချောင်းပေါက်က ပန်းထွက်ကာ ရွာအရှေ့ကို ရေဝိုင်းသည်။ ပြီးတော့ ရွာမြောက်ဖျား ဘုန်းကြီးကျောင်းနှစ်ကျောင်းကြား လမ်းနိမ့်ကို ခေါင်းထိုးစီးဝင်လေ့ရှိသည်။ သည်အချိန် ကျွန်မတို့တတွေ၏ ရေချိုးဆိပ်သည်လည်း ရွာ့မြောက်ဖျား ပြောင်းကြရပြီ။ ကျွန်မတို့ကလေးတွေကတော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းကြားက ရေဝင်ချိုင့်ကျင်းလိုဖြစ်နေသော ရေစီးမြောင်းပက်လက်ထဲ နွားစာကျင်းတိုတွေကို မျောပြီး စီးကြသည်။ ရေဆန်ကို တွန်းသွားလိုက်ကြ ၊ ရေစုန်ကို ပြန်မျောချလာလိုက်ကြနဲ့  သောသောကိုညံလို့။ ဆူလွန်းမက ဆူလာလျှင်တော့ ဆရာတော်က ကျောင်းဝထွက်ပြီး ကြိမ်လုံးပြကာ လူစုခွဲရလေ့ရှိသည်။

မြစ်ရေတွေ ရွာထဲ ကမ်းပြည့်ကမ်းလျှံဝင်ပြီဆိုလျှင်တော့ တစ်ရွာလုံး ရေဖုံးပြီ။ သည်အချိန်မှာ မြေပြင်ရယ်လို့ မြင်ချင်လို့ မမြင်ရတော့။ ကြည့်လေရာရာ ရေတွေ ရေတွေ မြစ်ရေနှင့် ရွာရေ တဆက်တည်းဖြစ်ရပါပြီ။ တစ်ပြင်တည်း ဖြစ်ရပါပြီ။ ဒါကို အမေတို့က ရွာရေစတုတ် တိုက်ပြီလို့ သုံးတာ မှတ်မိသည်။ အိမ်အောက်ထပ်တွေ လူနေလို့ မဖြစ်တော့။ အိမ်အပေါ်ထပ် တက်နေကြရသည်။ မီးဖိုလည်း အိမ်ပေါ် ၊ လူနေလည်း အိမ်ပေါ် ၊ အိပ်လည်း အိမ်ပေါ် ၊ ကျွန်မတို့၏ရေချိုးဆိပ်လည်း အိမ်ပေါ်ဖြစ်ကြရပြီ။

အိမ်ရှေ့ကပြင်ပေါ်ကနေ ဝုန်းကနဲ ခုန်ချလိုက်ကြ ၊ ပြန်တက်လိုက်ကြ ၊ လူကြီးတွေရှေ့မှာ သိပ်မကဲဝံ့ကြတော့ အိမ်နား သီမနေကြပဲ ရောက်လေရာရာ လက်ပစ်ကူးသွားကြရင်း ဆော့ကြသည်။ လှေလှော်ပြိုင်ကြ ၊ ရေကူးပြိုင်ကြ ၊ ဒါကလည်း လှေရွာက ကလေးတွေအဖို့ ကစားနည်းတစ်မျိုးပင်။ မြစ်နား ကမ်းနား ကြီးကြရသူတွေမို့လားမသိ။ ရေမကြောက်တတ်ကြသလို ရေကြောင့် ဒုက္ခရောက်ကြရပါတယ်လို့လည်း မရှိ။ ရေကြီးချိန်မှာ လူကြီးတွေလည်း တစ်အိမ်နဲ့တစ်အိမ် လက်ပစ်ကူးသွားကြရုံကလွဲလို့ တခြားနည်းမရှိ။

လှေဆိုတာက အိမ်တိုင်းရှိတာမဟုတ်။ နွားစာကျင်းတိုကလေးတွေကတော့ ရေဝင်ခါမှာ အားရသည်မရှိ။ တစ်ရွာလုံး ရေထဲမှာဆိုတော့ တစ်အိမ့်တစ်အိမ် အိမ်လည်ချင်လျှင် ရေချိုးရင်း လည်ရသည်။ အိမ်တိုင်း နွားတင်းကုတ်တွေကို မြှင့်ဆောက်ထားတတ်ကြသော်လည်း တချို့ ရေတိုးကြမ်းသည့်နှစ်တွေမှာ နွားတင်းကုတ်တွေလည်း မြုပ် ၊ လူနေအိမ်တွေလည်း မြုပ်သည့်နှစ်တွေ ကြုံရဖူးသည်။ နွားတွေကို ရေလွတ်ရာ အရှေ့ကြည်းတောရွာတွေဘက် သွားပို့ကြရသည်။ ကြည်းတောရွာတွေကို တိုးရေမရောက်တော့ ရေခြောက်မိုးခြောက် ထားနိုင်သည်။ ရေမခြောက်မချင်း နွားတွေ ပြန်လာလို့မဖြစ်တော့။ တချို့များ ကြည်းတောရွာတွေမှာ တစ်လလောက်ကြာတာမျိုးပင် ရှိကြသည်။

ရွာက နိမ့်ပါးသူများခမျာ နီးစပ်ရာအိမ်မြင့်ကို ခို ၊ တစ်ချို့နှစ်တွေမှာ သစ်ပင်ကြီးတွေပေါ် လင့်စင်ထိုးကာ နေရတာမျိုးပင်ရှိခဲ့ဖူးသည်။ သည်တော့ ရေနစ်လို့ မသေ ၊ မြွေကိုက်လို့ တိမ်းပါးကြရသူများ ရှိခဲ့ဖူးသည်။ ရေကျပြီဆိုလျှင်တော့ တစ်ရွာလုံး ရွှံ့နှစ်ရည်များဖြင့် ညှီကျန်ရစ်တော့သည်။ ရေကြည်ရာအထက်ဘက် ကုန်းမာမာဆီ ပြေးပြီး ရေခပ်ကြရ ရေချိုးကြရပြီ။ ရေကျပြီဆိုသည်နှင့် အဝေးရောက်နေသူ လူတွေ ၊ နွားတွေ ရွာပြန်ကပ်ကြရပါပြီ။ ရွာလယ်လမ်းက မြေမာလမ်းဆိုတော့ လျှောက်လို့ရပါပြီ။ သစ်ပင်တွေမှာ တွယ်ကပ်နေကြသည့် မြွေတွေကို နှင်ရ ခြောက်ရသည်။ မြစ်ရေသယ်လာသော နှုန်းမြေတွေသည် သဘာဝမြေဆီမြေနှစ် ဖြစ်ရပြီ။
မြစ်လုံးလည်း ပေါ်ပြီ။ ရွာမြေလည်း ပေါ်ပြီ။

( ၄ )

သည်ရက်ထဲ ကတောရွာစာပေဟောပြောပွဲကအပြန် ကျွန်မညီမ ဝမ်းကွဲတစ်ယောက် မန္တလေးကို လိုက်လာခဲ့သည်။ ညဘက် ရွာအကြောင်း ၊ ရပ်အကြောင်းတွေ ပြောဖြစ်ကြပါသည်။  မြစ်ရေမဝင်တာ နှစ်တွေကြာပြီဆိုတော့ သစ်ခင်းတွေမှာ မြေဆီသြဇာညံကုန်ပြီ ဆိုပါ၏။ နွားစားကျက်တွေ ပျောက် ၊ နွားစာရှားတာတွေလည်း ကြားရသည်။ မြေက သဲဆန်လာလို့ သစ်ဥတွေ ဖျင်းကုန်တာလည်း ပါသည်။ အဆိုးဆုံးက ရေလိုချိန်မှာ ရေမရှိခြင်းဖြစ်သည်။ တတ်နိုင်သူတွေက ရေစုပ်စက်တွေ ထောင်ကာ အခင်းထဲ ရေသွင်းနိုင်သော်လည်း မတတ်နိုင်သူတွေအဖို့မှာတော့ ကဏန်းလက်ကျိုးဖြစ်ကြရုံသာ။

" မြစ်ကလည်း မမထူးနှယ် .... အနောက်ဘက် ဆုတ်သွားတာများ ... ကလေးချင်း မတည့်ကြလို့ ပေစုတ်စုတ် ရှောင်ဖယ်ဖယ် လုပ်နေသလိုပါတော် .... သောင်ပြင်ကြီးဆိုတာ တစ်ပြန့်ကြီး ..... ရွာနဲ့မြစ်မနဲ့ ဝေးသွားတော့ မြစ်ရေတစ်အိုးရဖို့ သောနုတ္တရမုဆိုး ဆဒ္ဒန်ဆင်မင်းရှိတဲ့တောထဲ သွားရသလောက် ကြာတယ် အောက်မေ့တာပဲ ..... "

ကျွန်မညီမ ပြောနေချိန်မှာ ကျွန်မတို့ငယ်ငယ်က ရေချိုးဆိပ်ကို မြင်ယောင်နေမိပါသည်။ အခင်းကအပြန် ရေချိုးကြသူတွေ ၊ နွားရေတိုက်ကြသူတွေ ၊ ကလေးတရုန်းရုန်း ခွေးတရုန်းရုန်း ဘယ်မှာရှိနိုင်ပါတော့မလဲ။ တစ်သက်လုံးက လှည့်မကြည့်ခဲ့ကြသော တွင်းက ရေကို အားကိုးကြရပြီ။ ကျွန်မတို့ဘကြီး ဘိုးတိုက်ကြည် လှူခဲ့သောရေတွင်းကလည်း ရေထွက်တချက် မထွက်တချက်။

" သောက်ပါလေ့ ....  ချိုးပါလေ့  ..... မြစ်ဆိပ်များ ငရုတ်တစ်လှမ်း .... ခရမ်းတစ်ခုန် ရှိတာပါ .....  မြစ်က ထွက်မပြေးပါဘူး ..... "

ကြီးတော်တို့ ပြောခဲ့တဲ့စကားတွေ.......။ အခုတော့ မြစ်​က ​ပြေးပါပကော ... ကြီးတော်ရဲ့။ ကျွန်မညီမ ပြောပုံဖြင့် မြစ်က ရွာနှင့်ခပ်လှမ်းလှမ်းက စီးသတဲ့။ ပင့်လို့ ဖိတ်လို့သာ ရကြေးဆို ... ဧရာဝတီမြစ်ကြီးရယ် ..... ကျွန်မတို့ရွာနံဘေး ကပ်ပြီး စီးတော်မူပါ ..... မြေဆီသြဇာ နှစ်စဉ် ချတော်မူပါ ...... သောင်မထွန်း ကမ်းပါးမပြို ရေချိုအေးအေးလေး ပေးတော်မူပါလို့ လျှောက်လိုက်စမ်းချင်သေးသည် ..... ။ သို့ပေမယ့် ဧရာဝတီမှာလည်း သူ့ဝေဒနာနဲ့သူ မဟုတ်လား ..... ။သူ့ဒုက္ခနဲ့သူ မဟုတ်လား ......။
ကျွန်မကတော့ ရွာခြေ ​ရေချိုးဆိပ်ကို လွမ်းနေမိသည်။

 ခင်ခင်ထူး
(ရက်​ကန်လွန်း ဝတ္ထုတိုများ)

Saturday, March 24, 2018

ရောင်းအားကျနေတဲ့စားသောက်ဆိုင်ကို ဘယ်လိုရောင်းအားတက်အောင်လုပ်မလဲ


ဆိုင်တစ်ဆိုင်မှာ အဓိက အရေးကြီးတာဟာ ရောင်းအားပါပဲ။
ရောင်းအားတက်လာတာနဲ့အမျှ Overhead တွေ ကျပြီး ကိုယ့်အတွက်အမြတ်ကျန်ပါလိမ့်မယ်။

Overhead ဆိုတာက Fix ဖြစ်နေတဲ့ ကုန်ကျစရိတ်တွေဖြစ်ပါတယ်။ ဥပမာ ဆိုင်ခန်းခ ဝန်ထမ်းလခ အခွန်အခ စသည်ဖြင့်ပေါ့ ။

ရောင်းအားကျတာနဲ့ အမျှ ဆိုင်ရှင်ပေါ်ကို ဒီဝန်ထုတ်ဝန်ပိုးက ပိလာပါလိမ့်မယ်။

ဆိုင်ရောင်းအား တက်ဖို့ အခြေခံအကျဆုံး အချက်သူံးချက်က

1. Food Quality
2. Menu Setup
3. Service တို့ဖြစ်ပါတယ်။

ဒီနေရာမှာတော့ ကျနော့ ကိုယ်တွေ့ တွေထဲကနေ သိမှတ်မိသမျှကိုဖလှယ်မှာဖြစ်တာကြောင့် အကျဉ်းရုံးပဲပြောပါမယ်။
တကယ်က ပြောရင်အကျယ်ကြီးဖြစ်နေမှာပါ ။

ဆိုတော့ ပထမဆုံး Food Quality 

စားသောက်ဆိုင်တစ်ဆိုင်ဟာ အပြင်အဆင်ဘယ်လောက်ကောင်းနေနေ Marketing Plan ကြီး ဘယါလောက်လန်ပြန်နေနေ ကိုယ့်ရဲ့ထုတ်ကုန်ဖြစ်တဲ့ အစားအသောက်အရည်အသွေးမကောင်းရင် အောင်မြင်မှုကို ကြာရှည်ထိန်းသိမ်းနိုင်ခြင်းမရှိပါဘူး။

Food Quality ဆိုတဲ့နေရာမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်က Chef ပါပဲ ။
ကျနော်တို့ ဆိုင်ရှင်တွေက တခါတခါ Chef အတွက်ပိုက်ဆံကုန်ခံရမှာကို သိပ်နှမြောတတ်တယ် ။
အကုနါအကျနည်းအောင် ဈေးသက်သာတဲ့ Chef တွေကို လိုက်ရှာတတ်ကြတယ် ။

တကယ်က ကိုယ့်တဆိုင်လုံးရဲ့ အသက်သွေးကြောထဲက တစ်ခုကို ကိုင်မယ့် သူဟာ လစာကောင်းကောင်း ပေးထားသင့်ပါတယ်။ ဒါမှလည်း အရည်အချင်းပြည့်ဝတဲ့ စားဖိုမှူး သို့မဟုတ် Kitchen Manager တစ်ယောက်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ။

Chef ကောင်းကောင်း ဘယ်လိုရှာမလဲ 

ဒီအရည်အချင်းသုံးချက်နဲ့ ကိုက်ညီတဲ့ Chef ကိုရှာဖွေပါ ။

တစ် လက်ဆိပ်ရှိပြီး လက်ရာမှန်တဲ့သူ
နှစ် အလေအလွင့် ကို အနည်းဆုံးဖြစ်စေသူ
သုံး ဆိုင်ကို ကိုယ်ဆိုင်လို သဘောထားတဲ့သူမျိုးကိုရှာပါ ။

ဒါမျိုး ရှာရခက်မယ်လို့ထင်ပေမယ့် ဆိုင်ရှင်ဘက်က တုန့်ပြန်မှုနဲ့လည်း အများကြီး သက်ဆိုင်နေတတ်ပါတယ် ။

ကျနော်က တော့ အမြဲ အစမ်းခန့်ကာလ သတ်မှတ်ပြီး သာမာန်လစာရဲ့ သုံးပုံနှစ်ပုံပေးပြီး တစ်လအစမ်းခန့်လေ့
ှိပါတယ် ။

တစ်လအတွင်း မှာ မျက်စိဒေါက်ကြည့်ပြီး
ကြိုက်ရင်အလုပ်ဆက်ခန့်ပြီး မကြိုက်ရင်မကြိုက်ကြောင်း ပြောပြပြီး လမ်းခွဲပါတယ် ။

အရည် အချင်းကောင်းတဲ့ Chef တွေဟာ
ဥပမာ ဟင်းပွဲအသစ် သို့မဟူတ် Today Special လိုဟာမျိုး အတွက် အမြဲစဉ်းစားနေတတ်တယ် ။

ဒါပေမယ့် ထုတ်လာတဲ့ဟင်းပွဲကလည်း item အသစ်တွေဝယ်စရာမလိုပဲ ဆိုင်မှာ လူစားနည်းနေတဲ့ အသားငါးကိုပဲ အသစ်ဖြစ်အောင်ပြုပြင် ပြင်ဆင်ပြီး အထူး ဟင်းလျာဖြစ်အောင်လုပ်ပေးတတ်တယ် ။

Menu ကို အမြဲ ပြောင်းလဲဖို့ စိတ်ကူးနေတယ် ၊
ဘယ်ဟင်းပွဲက ရောင်းရတယ် ၊
ဘယ်ဟင်းပွဲကတော့ မထွက်ဘူးဆိုတာကို စနစ်တကျ ယူထားတတ်တယ် စသည်ဖြင့် ကြည့်ရှုနိုင်ပါတယ်။



Chef ပြီးရင် ဒုတိယက ဈေးဝယ်တဲ့ source ပဲ 

တတ်နိုင်သမျှ ရေခဲရိုက်အသားကိုရှောင်ပါ ။
ဆိုင်မှာလည်း အများကြီးဈေးပေါလို့ ဝယ်ပြီး လှောင်ပြီး ခဲထားတာမျိုးကိုရှောင်ပါ ။

အသားကောင်းကောင်း ၊ဟင်းသီးဟင်းရွက် လှလှကောင်းကောင်းကို ရွေးသုံးပါ ။

တန်ရာတန်ကြေးကို ယူပါ။
Quality ကောင်းတဲ့ ဟင်းတစ်ပွဲကို စားသုံးသူကတကယ်ပေးပြီး စားတတ်ပါတယ်။
ဈေးပေါတိုင်းရောင်းအားတက်တာမဟုတ်ပါ။

ကိုယ်ပေးတာနဲ့ စားရတာနဲ့တန်ရင် Customer က လာတာပါပဲ။

ဆိုတော့ ကိုယ်နဲ့ အတူ Grow Together ဖြစ်မယ့် Chef ကိုရှာပါ။
ပစ္စည်းကို ဈေးပေါတာထက်တန်ပြီးကောင်းတဲ့ပစ္စည်းမျိုးကို သုံးပါ။

Quality မပြည့်မှီဘူးဆို မနှမြောနဲ့လွှင့်ပစ်ပါ။

နံပါတ်နှစ် Menu Setup 

ဒီနေရာမှာ လည်း Chef ကအရေးကြီးသလို ကိုယ်တိုင်ဦးဆောင်နေတဲ့ဆိုင်ရှင်ကလည်း သိပ်အရေးကြီးပါတယ်။

ကိုယ့်ဆိုင်ရဲ့ trend ကိုကိုယ်သိရမယ်။
ဥပမာ တရုတ်အစားအစာဆိုပြီး မြန်မာထမင်းဟင်းတွေတွဲမရောင်းရဘူး တွဲချင်ယိုးဒယားစာမျိုး တွဲလို့ရတယ်။

ချစ်တီးထမင်းဆိုင်ဆိုပြီး သဘောင်္သီးထာင်းခေတ်စားလို့ဆိုပြီး တွဲရောင်းလို့မရဘူး။

Customer က ကိုယ့်ဆိုင်ရဲ့ specialize ဖြစ်တာကို ခေါင်းထဲဆွဲနေဖို့လိုတယ်။

ဆိုတော့ Menu Setup လုပ်တဲ့အခါ 

ပထမဆုံးက ကိုယ်ဆိုင်ကဘာပုံစံသွားမလဲဆိုတာကိုရွေးချယ်ရမယ်။

ပြီးရင် ကိုယ့် Chef က ဘာတွေတကယ်ကောင်းတာလဲဆိုတာကိုသိရမယ်။

ဒါမှ အကောင်းဆုံးအရသာကို ပေးနိုင်မှာဖြစ်တယ်။

ဒုတိယအနေနဲ့မှာ

Menu ဟာ ပြွတ်သိပ်ကြပ်ညပ်နေဖို့မလိုဘူး။

Customer ကိုခေါင်းရှုပ်အောင်မလုပ်ရဘူး။

မကောင်းလိုက်ကောင်းလိုက် ဟင်းပွဲတစ်ရာထက်
တကယ်ကောင်းတဲ့ ဟင်းဆယ်ပွဲပဲပါတဲ့ Menu က ပိုပြီး effective ဖြစ်တယ်။

ဒုတိယပိုင်း

Menu setup မှာ 

အပိုင်းပိုင်းခွဲခြားထားရမယ်။

ပုံမှန်စားသောက်ဆိုင်တစ်ခုရဲ့ Menu တွေကတော့ ဒီပုံစံလာတယ်။

Breakfast
Appetizer
House Special
Main Course
Soup
Vegetables and salads
Drinks
Dessert

ဆိုပြီး အဆင့်ဆင့်သွားပေးရတယ်။

Appetizer ဆိုတာက အစာပြေ အမြည်း စာလေးတွေကိုခေါ်တာဖြစ်ပြီ House special ကတော့ ကိုယ့်ဆိုင်ရဲ့ best seller item တွေကိုဆိုလိုတယ်။

Menu setup မှာလျို့ဝှက်ချက်ကတော့ 



Customer ကို ခဏစောင့်နေရတုန်းမှာ အဆင့်ဆင့် စားနိုင်အောင်စီစဉ်ပေးတာပါပဲ။
ဟင်းပွဲကြီးတွေမှာထားတုန်းမှာ Appetizer Menu တွေကို ရှေ့ထုတ်ပေးတာဟာ စောင့်နေရင်း အစာပြေစားဖို့ပါ။

အဲ့ဒီထဲမှာ ကိုယ်က item တစ်ခုကို ရောင်းချင်တယ်ဆိုရင်
တခြား item အသစ်တစ်ခုကို ထုတ်ပြီး ဈေးခပ်မြင့်မြင့်တင်ထားပြီး ယှဉ်ပြထားရတယ်။

ဒါမှ ကိုယ်ရောင်းချင်တဲ့ item ကို ကိုယ်ရောင်းချင်တဲ့ဈေးနဲ့ ရောင်းထွက်မှာဖြစ်တယ်။

နောက်ပြီး menu ကစာအုပ်လိုမဟုတ်ပဲ ကတ်ပြားလိုက်ကြီးဆိုရင် ကတ်ပြားရဲ့ ညာဘက်အပေါ်ဆုံးဒေါင့်ကွက်ဟာ လူကြည့်အများဆုံး အကွက်ဖြစ်တာကြောင့် ဈေးကြီးပြီး ကိုယ့်အတွက်လည်းကျန်မယ့် ဟင်းပွဲမျိုးတွေက်ုဖော်ပြထားသင့်တယ်။

ဘယ်ဘက်ထောင့် အောက်ဆုံးကွက်ဟာ လူကြည့်အနည်းဆုံးဖြစ်တာကြောင် သိပ်အားမပါလှတဲ့ လက်ဘက်ရည်ကေယ်ဖီဆိုတာမျိုးကို ထားသင့်တယ်။

တခြားပြောစရာတွေအများကြီးပါပဲ။

အဲ့တော့ ဟင်းပွဲနည်းနည်းနဲ့ စနစ်တကျစီစဉ်ထားတဲ့ Menu ဟာ ပုံနေဘလပွနဲ့ လုပ်ထားတဲ့ Menuထက် ပို effective ဖြစ်တယ်ဆိုတာသိကြရမယ်။

ကိုယ့်chef ကို Menu ကို သူံးလ သို့မဟုတ်ခြောက်လမှာ တစ်ခါ Renew ပြန်လုပ်ဖို့ ပြောရမယ်။

နောက်ဆူံး ပြောစရာအများဆုံး နဲ့ အကျယ်ဆုံး အပိုင်းကတော့
Service ပဲ။

စားပွဲထိုးတွေကို အရည်အချင်းပြည့်အောင် အလုပ်ကိုလေးစားတတ်အောင် သင်ကြားပေးရမယ်။

၁ Menu ကို သိရှိနားလည်အောင် သင်ပေးတာမျိုး
၂ ယူနီဖောင်းကို အကုန်အကျခံပြီး ကောင်းအောင်ဆင်ပေးတာမျိုး
၃ Bonus ကို တစ်ဦးချင်းစီမယူစေပဲ မျှမျှတတခွဲဝေပေးတာမျိုး
၎ နေ့စဉ် Briefings ပေးတာမျိုး လုပ်ကြရမယ်။

Menu ထဲကအစားအသောက်တွေကို ချက်ပြီး စားပွဲထိုးတွေကိုပါမြည်းခိုင်းပါ ဒါမှ သူက Customer တွေကို ပြန်ပြောပြတတ်မှာဖြစ်တယ်။

ဘာလေးကတော့စားကောင်းတယ် ဘယ်လိုလေးတွဲစားရင်လိုက်ဖက်တယ်ဆိုတာမျိုး ပြောပြတတ်လာပါလိမ့်မယ်။

Customer ကလည်း အဲ့ဒီလိုဂရုစိုက်ခံရတာကိုကြိုက်ပါတယ်။

ယူနီဖောင်း 

အလုပ်တစ်ခု မှာ အဲ့အလုပ်ပေါ်ကို ဂုဏ်ယူစေလောက်တဲ့ ယူနီဖောင်းဟာ အမြဲလိုအပ်တယ်။
စမတ်ကျကျ ချုပ်လုပ်ပေးထားတဲ့ ယူနီဖောင်းနဲ့စားပွဲထိုးဟာ ပေတီပေစုတ်မဝတ်ရဲဘူး ကိုယ့်ဆိုင်လည်း ဂုဏ်မငယ်ဘူး ထို့အတူ စားသုံးသူကိုယ်တိုင်လည်း စိတ်သန့်တယ်လေ။

နောက်တစ်ခုကတော့ Unity ပေါ့ အဲ့လိုစည်းလုံးတဲ့စိတ်ကလေးလည်းဖြစ်သွားစေတယ်။

ဒါဟာ ဆိုင်ရဲ့ image တစ်ခုပဲ။

Bonus

စားပွဲထိုးတွေအချင်းချင်းသွေးကွဲကြတာက Tip ရတယ်မရဘူးကစတာပဲ။

အဲ့ဒီကနေစားပွဲလုကိုင်တာ သူ့စားပွဲဆို ငါကဝင်မကူဘူးဆိုပြီး Team work ပျက်စီးတာဟာ အဲ့ဒီကစတာပဲ။

မန်နေဂျာကို သေချာပြောပြီး tip ကို Tip Jar တစ်ခုလုပ်ထားပြီးစုထားပါ ပြီးလို့ လကုန်ရင်အားလုံးအညီအမျှခွဲယူပါ။
Briefing မှာလည်းထည့်ပြော ပါ။
ဒီလိုလုပ်တာဟာ ညီညွတ်စေချင်လို့
ဒီ tip ဟာ သူတစ်ယောက်တည်းကောင်းလို့မဟုတ်ဘူး။
အားလုံး က ဘေးက ပံ့ပိုးလုပ်ကိုင်နေလို့ ရတာဖြစ်တယ်ဆိုတာနားလည်အောင်ပြောပါ။
Team work မိမိချိတ်ဆက်နိုင်အောင် ကိုယ်က တည့်မတ်ပေးပါ။


Briefing

ဒါဟာ အရေးကြီးတဲ့ထဲပါပါတယ်။
တစ်ချို့ကလည်း Briefing ဆိုတာ တန်းစီပြီး ဆူရတယ်လို့ထင်တယ်။

မဟုတ်ပါဘူး။

Briefing ဆိုတာ တစ်ရက်စာ အဆင်ပြေမှုမပြေမှုတွေကို ပြောဆ်ုတိုင်ပင်တာ၊

ချီးမွမ်းသင့်တာ ကိုချီးမွမ်းတာ၊

ဆုံးမသင့်တာကို နားဝင်အောင်ဆုံးမတာဖြစ်ပြီး၊

လုပ်ကိုလုပ်ရမယ့်အရာတွေကို နေ့စဉ်နားဝင်အောင်ရိုက်သွင်းတာသာဖြစ်တယ်၊

Briefing ပေးတဲ့ဆိုင်နဲ့ မပေးတဲ့ဆိုင်ဟာ အကျိုးသက်ရောက်မှုသိပ်ကွာတယ်၊

ပြီးတော့ ဒီအချိန်ဟာ စာပွဲထိုးအားလုံး နဲ့ ကိုယ်နဲ့ရဲ့ တစ်ခုတည်းသော မပျက်သင့်တဲ့ communication ပဲ။

ပြီးတော့ အရေးအကြီးဆုံး က kitchen ရော အရှေ့ service ရောကို သင့်လျော်သော Bonus ခံစားခွင့်ကိုပြောပြထားပါ ပြောပြရင်း တကယ်ထိရောက်ရင်လည်း တကယ်ပေးပါ ဒါအရေးအကြီးဆုံးပါပဲ။

ဝန်ထမ်းဟာဝန်ထမ်းဆိုပေမယ့် ကိုယ်နဲ့ Grow together ဖြစ်အောင်ဆွဲဆောင်ပါ ဒါကိုယ့်အရည်အချင်းပါပဲ။


ပြောရင်တော့ အကျယ်ကြီးပါ ဒါပေမယ့်
ဒီအနှစ်ချုပ်အချက်ကလေးတွေ ပြင်ဆင်နိုင်မယ်ဆို

သင့်ဆိုင်ဟာ ရောင်းအားသိသိသာသာ တက်လာပါလိမ့်မယ်။

စာကိုဆုံးအောင်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။

ဆိုင်ပိုင်ရှင်များ ဒီထက်ရောင်းအားတက်ပြီး အောင်မြင်ကြပါစေ။

လေးစားစွာဖြင့် 
ကိုအော် (မြို့မေတ္တာ)

Credit: PNCS

Friday, March 23, 2018

အချိုမှုန့် အန္တရာယ် vs ကန်ဇွန်းဥ ဟင်းခတ်မှုန့်

"ဟင်းချိုမှုန့်က ကြောက်စရာကောင်းတယ် ကြက်သားမှုန့်ကလည်း စိတ်မချရဘူး.. ကန်စွန်းဥနဲ့ ကိုယ်တိုင် ဟင်းခတ်မှုန့်လုပ် နိုင်ပြီ"


အချိုမှုန့် အန္တရာယ်
နေ့စဉ် စားသုံးနေသော အစားအစာများတွင် အချိုမှုန့် သုံးစွဲမှု၏ ဆိုးကျိုးများနှင့် ပတ်သက်၍ မြဝတီ စာဖတ်ပရိသတ်များ ကျန်းမာရေး အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဒေါက်တာ ခင်မောင်လွင် (Fame) နှင့် မြဝတီအဖွဲ့ တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြ လိုက်ပါသည်။

မေး။ ။ ဆရာခင်ဗျာ။ အချိုမှုန့် အကြောင်းကို မေးမြန်း ဆွေးနွေး ချင်ပါတယ်။ ပထမဆုံး အနေနဲ့ အချိုမှုန့် ဆိုတာ ဘယ်လိုမျိုး ပစ္စည်းလဲ ဆိုတာ အရင်ဆုံး ပြောပြပေးစေ ချင်ပါတယ်။

ဖြေ။ ။ အချိုမှုန့်လို့ လူသိများတဲ့ အဖြူရောင် အမှုန့်လေးတွေနဲ့ ဓာတုဗေဒ အခေါ်အရ မိုနိုဆိုဒီယမ် ဂလူတမိတ် (Monosodium glutamate) ဖြစ်ပါတယ်။ အမိုင်နိုအက်စစ် တစ်မျိုးဖြစ်တဲ့ ဂလူတမစ် အက်စစ် (Glu-tamic acid) မော်လီကျူး တစ်ခုရဲ့ ဆိုဒီယမ် အက်တမ်တစ်ခု (Sodium) ပေါင်းစပ်ထားတဲ့ ဓာတု ဓာတ်ပစ္စည်း တစ်ခု ဖြစ်ပါတယ်။ MSG လို့ အတိုကောက် ခေါ်ပါတယ်။ အချိုမှုန့်ကို စတင်တီထွင်ခဲ့တဲ့ အဖွဲ့ ကတော့ ဂျပန်နိုင်ငံမှာ ရှိတဲ့ အာဂျီနိုမိုတို ကုမ္ပဏီ (Ajinomoto Co.,Inc.) ဖြစ်ပြီး စတင် ထုတ်လုပ်စဉ်က ကုန်ပစ္စည်း နာမည်ကို အာဂျီနိုမိုတို (Ajinomoto)လို့ နာမည် ပေးခဲ့တဲ့ အတွက် အချိုမှုန့်ကို အာဂျီနိုမိုတို လို့လည်း လူသိ များတယ်။

အာဂျီနိုမိုတိုရဲ့ အဓိပ္ပာယ်ကတော့ အရသာ ထူးကဲမှု (Essence of Taste) လို့ အဓိပ္ပာယ် ရပါတယ်။ တကယ်လည်း အချိုမှုန့် ထည့်လိုက်တဲ့ ပစ္စည်းဟာ အရသာ ထူးကဲလာလို့ ဈေးကွက်မှာ တွင်ကျယ် လာခဲ့ခြင်း ဖြစ်ပါတယ်။ MSG ကို ၁၉ဝ၉ ခုနှစ် မှာ စတင် တီထွင် ထုတ်လုပ်ခဲ့ရာမှ ယနေ့ထိ ဈေးကွက် ခိုင်ခိုင်မာမာ ရရှိထားတဲ့ ကုန်ပစ္စည်းတစ်ခုလို့ ပြောရင် မမှားပါဘူး။ အခုဆိုရင် နှစ်ပေါင်း ၁ဝ၆ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

မေး။ ။ MSG ကို ဘယ်လိုပစ္စည်းမျိုးက ထုတ်တယ် ဆိုတာရယ်။ ဘယ်လိုနည်းစဉ်တွေ အသုံးပြုပြီး ထုတ်တယ် ဆိုတာလဲ သိပါရစေ။

ဖြေ။ ။ အာဂျီနိုမိုတို ကုမ္ပဏီကို စတင် တည်ထောင်ခဲ့တဲ့ သူတွေဟာ ဂျပန်လူမျိုးတွေရဲ့ စားသုံးလေ့ ရှိတဲ့ ဓလေ့ကို အရင်ဆုံး လေ့လာခဲ့ကြ ပါတယ်။ ဂျပန်လူမျိုးတွေဟာ ပင်လယ်ရေညှိ (Seaweed) ကို ကြိုက်နှစ် သက်ပြီး ဟင်းခတ် အမွှေးအကြိုင် အဖြစ် ရာစုနှစ်ပေါင်း များစွာ အသုံးပြုခဲ့ ပါတယ်။ ဥပမာ-ငါးကို ပေါင်းပြီး ပင်လယ်ရေညှိ အပြားလေးနဲ့ ပတ်လို့ စားရရင် အရသာ ထူးကဲကြောင်း သိခဲ့တာ ကြာပါပြီ။ ဒါနဲ့ပဲ ပင်လယ် ရေညှိထဲမှာ ပါဝင်တဲ့ အရသာ ရှိစေတဲ့ ဓာတ်ပစ္စည်းကို ရှာဖွေခဲ့ရာက ၁၉ဝဝ ပြည့်နှစ် အလွန်မှာ ပင်လယ် ရေညှိ ထဲမှာပါတဲ့ ဂလူတမိတ် ဒြပ်ပေါင်း (Glutamate Salt) ကို စတင် တွေ့ရှိခဲ့ ပါတယ်။

ဒါနဲ့ပဲ အဲဒီ ဓာတ်ပစ္စည်းကို မူပိုင်ခွင့် ပြုလုပ်ပြီး ၁၉ဝ၉ ခုနှစ်မှာ MSG အနေနဲ့ ဂျပန်နိုင်ငံမှာ ပထမဆုံး ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း စီးပွားဖြစ် ထုတ်တဲ့အခါမှာတော့ ပင်လယ်ရေညှိကို ကုန်ကြမ်း အနေနဲ့သုံးရင် စီးပွားရေး အရ တွက်ခြေ မကိုက်လာတော့ ဇီဝနည်းပညာ (Biotechnology) ကို အခြေခံတဲ့ သကြားကို အချဉ်ဖောက်တဲ့ နည်းစဉ် (Sugar Fermentation Method) ကို ပြောင်းလဲ အသုံးပြုခဲ့ ပါတယ်။

သကြားရည် သို့မဟုတ် ကာဗွန်ဟိုက်ထရိတ် အရည်ကို သဘာဝမှာ ရှိတဲ့ အဏုဇီဝ ပိုးလေးတွေ အသုံးပြုပြီး အမိုင်နိုအက်စစ် ဂလူတမိတ် ထုတ်လုပ်တဲ့ နည်းစဉ် ဖြစ်ပါတယ်။ ကြံကနေ ထုတ်တဲ့ သကြားရည်ပဲ ဖြစ်ဖြစ်၊ ပြောင်းတို့၊ ပီလောပီနံတို့ကနေ ရတဲ့ အရည် (Syrup) တွေကိုပဲ ဖြစ်ဖြစ် အချဉ်ဖောက်ခြင်း (Fermentation) ပြုလုပ်လို့ ရပါတယ်။ အဲဒီလို ပြုလုပ်တဲ့ အခါမှာ အဏုဇီဝ ပိုးလေးတွေဟာ သကြားတွေကို စားပြီး ဂလူတမစ် အက်စစ်တွေ ထုတ်ပေးပါတယ်။ အဲဒါကို ရေရှည်တည်တံ့ဖို့ ဆိုဒီယမ် အက်တမ်တစ်ခုစီနဲ့ ပေါင်းစပ် ပေးလိုက်တဲ့အခါ MSG (Monosodium Glutamate) အဖြူရောင် ပုံဆောင်ခဲလေးတွေ ရရှိပါတယ်။ အဲဒီ ပုံဆောင်ခဲလေးတွေကို အအေး ခံလိုက်ရင် အချိုမှုန့် ဖြူဖြူဖွေးဖွေးလေးတွေ ရပါတယ်။

မေး။ ။ ဒါဆိုရင် အချိုမှုန့်ဟာ သဘာဝ ပစ္စည်းလို့ ပြောရမလား။ ဒါမှမဟုတ် လူတွေ ဖန်တီးပြုလုပ်တဲ့ ဓာတုပစ္စည်းလို့ ပြောရမလား ဆရာ။

ဖြေ။ ။ အသုံးပြုတဲ့ ကုန်ကြမ်းကတော့ သဘာဝ ကုန်ကြမ်း ဖြစ်ပါတယ်။ ဥပမာ- ကြံ၊ ပြောင်း၊ ပီလောပီနံ အစရှိတဲ Starch ကြွယ်ဝတဲ့ သဘာဝပစ္စည်းတွေ ဖြစ်ပါတယ်။ အသုံးပြုတဲ့ အဏုဇီဝ ပိုးလေးတွေ ကလည်း သဘာဝမှာ ရှိတဲ့ ပိုးလေးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေကို အသုံးပြုတဲ့ နည်းစဉ်ကတော့ ဇီဝနည်းပညာ (Biotechnology) ဖြစ်ပါတယ်။ အချိုမှုန့်ဟာ သဘာဝမှာ တွေ့ရတဲ့ ပစ္စည်း မဟုတ်ပါဘူး။ ဒါကြောင့် လူလုပ် ဖန်တီးယူတဲ့ ဓာတုပစ္စည်း တစ်ခုသာ ဖြစ်ပါတယ်။ အဓိက ပါဝင်တဲ့ Glutamic Acid ဟာ ခန္ဓာကိုယ်ထဲမှာ ရှိပြီးသား ဖြစ်တဲ့ Amino Acid တစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ် အတွင်း လိုအပ်သ လောက်သာ ထုတ်လုပ် သုံးစွဲတဲ့ အတွက် Non-essential amino acid တစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် အချိုမှုန့်ကို စားရင် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ထက် များစွာ ပိုလျှံသွားတဲ့ အတွက် ကျန်းမာရေး ဆိုးကျိုးတွေ ပေးတာ ဖြစ်ပါတယ်။

မေး။ ။ အချိုမှုန့် စားရင် ခေါင်းကိုက်တယ်ဆိုတာ ဘာကြောင့်ပါလဲ ဆရာ။

ဖြေ။ ။အချိုမှုန့်ဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါကို အဓိက ဖြစ်စေတဲ့ မျိုးဗီဇ (Gene) ဖြစ်တဲ့ Tresk Gene ကို တိုက်ရိုက် လှုံ့ဆော် ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် အမေရိကန် ဆရာဝန်တွေ ကတော့ အချိုမှုန့်ကို Migraine Trigger လို့ အမည် ပေးထားပါတယ်။ အမေရိကန် ဆရာဝန်များ အဖွဲ့က ထုတ်ဝေတဲ့ The Journal of The American Medical Association မှာ အသေးစိတ် ဖော်ပြ ထားပါတယ်။ ဆရာ့ ကိုယ်ပိုင် အတွေ့အကြုံ အရလည်း ခေါင်းတစ်ခြမ်း ကိုက်တဲ့ လူနာ အများစုဟာ အချိုမှုန့် သုံးစွဲမှု များတဲ့သူတွေ ဖြစ်နေတာ တွေ့ရပြီး သူတို့ကို အချိုမှုန့် ရှောင်ခိုင်းလိုက်တာနဲ့ သိသိသာသာ သက်သာ ပျောက်ကင်း သွားတာ တွေ့ရပါတယ်။

မေး။ ။ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါဆိုတာတွေ ကရော ဘယ်လိုမျိုး ရောဂါတွေပါလဲ ဆရာ။ အချိုမှုန့်နဲ့ ဘယ်လို ပတ်သက်တယ် ဆိုတာလဲ သိပါရစေ။
စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ
ဖြေ။ ။ အချိုမှုန့် (MSG) ဟာ ခန္ဓာကိုယ် အတွင်းမှာ GABA ဆိုတဲ့ ဓာတ်ပစ္စည်း အဖြစ် နောက်ဆုံး ပြောင်းလဲ သွားပါတယ်။ အဲဒီ GABA ဟာ လူကို ထိုင်းမှိုင်း စေပါတယ်။ Diazepam အိပ်ဆေး သောက်ထား သလို ဖြစ်ပြီး အိပ်ချင်စိတ်တွေ များနေ တတ်ပါတယ်။ ခြေတွေလက်တွေ မသယ်ချင် ဖြစ်လာ တတ်ပါတယ်။ တက်ကြွမှု၊ ဖျတ်လတ်မှုတွေ လျော့နည်း လာစေပါတယ်။ နောက်တစ်ခု ကတော့ အချိုမှုန့်ဟာ စွဲလမ်းမှု (Addition) ဖြစ်စေပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသလိုမျိုး ဖြစ်စေတော့ အချိုမှုန့်ပါတဲ့ ဟင်းနဲ့ စားနေကျ လူဟာ အချိုမှုန့် မပါရင် စာလို့ မကောင်းဘူးလို့ ထင်စေပါတယ်။ ဥပမာ-မုန့်ဟင်းခါး ဆိုင်မှာ ဟင်းရည်ထဲ အချိုမှုန့် ထည့်ပြီးချက်ရင် စားသုံးသူတွေကို ပိုမို ဆွဲဆောင်မှု ရှိပြီး အဲဒီ မုန့်ဟင်းခါးကိုပဲ မစားရ မနေနိုင် ဖြစ်လာ စေပါတယ်။ ရောင်းတဲ့သူ အတွက် ကောင်းပေမယ့် စားသုံးသူ အတွက်တော့ ကြာရင် ဒုက္ခတွေ့မှာ ဖြစ်ပါတယ်။ နောက်ပိုင်း လေ့လာ တွေ့ရှိချက်တွေ အရ အာရုံကြော အဖွဲ့အစည်းကို လှုံ့ဆော်ပေးနိုင်တဲ့ အတွက် ထုံတာ၊ ကျဉ်တာ၊ မီးစနဲ့ ထိုးသလို ပူလာတာ (Burning Sensation) တွေလည်း ဖြစ်တတ် ပါတယ်။

အထူးသဖြင့် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက် ဖြစ်ရင်တော့ အချိုမှုန့်ကြောင့် ဖြစ်တတ်တယ် ဆိုတာ သတိထား ရပါမယ်။ အသုံးများတာ ကြာလာရင် အာရုံကြော အဖွဲ့အစည်းကို ထိခိုက်ဖျက်ဆီးတဲ့ အတွက် ပါကင်ဆန် ရောဂါ (Parkinson’s disease) ၊ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) ၊ ဟန်တင်တန်ရောဂါ (Huntington’s disease) နဲ့ MS လို့ အတိုကောက် လူသိများတဲ့ Mul-tiple Sclerosis ရောဂါ တွေဟာလည်း အချိုမှုန့် စားသုံးမှုနဲ့ ဆက်စပ်မှု ရှိနေမှန်း သိလာကြရ ပါပြီ။ ဒီကနေ့ ကလေးတွေမှာ အဖြစ်များတဲ့ အော်တစ်ဇင်ရောဂါ (Autism) ဟာလည်း ကလေးနဲ့ မိခင် ကိုယ်ဝန်ဆောင်သည် ကာလမှာ စားသုံးမှု ဒါမှမဟုတ် ကလေးမွေးပြီး နို့တိုက်စဉ် ကာလမှာ စားသုံးမှု ဒါမှမဟုတ် ကလေးကို ကျွေးတဲ့ အစာထဲမှာ အချိုမှုန့် ပါဝင်မှုတွေနဲ့ ပတ်သက်ပြီး သံသယတွေ ရှိလာလို့ လေ့လာမှုတွေလည်း ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

မေး။ ။ အချိုမှုန့်စားတာ ကြာရင် ခန္ဓာကိုယ် အလေးချိန်တိုးပြီး ဝလာတတ်တာ ဘာကြောင့်ပါလဲ ဆရာ။

ဖြေ။ ။ MSG ဟာ ပန်ကရိယ အကျိတ်ကို လှုံ့ဆော်ပေးတဲ့ အာနိသင် ရှိပါတယ်။ အဲဒီအခါမှာ အင်ဆူလင် ဟော်မုန်းတွေ ထွက်လာ ပါတယ်။ အင်ဆူလင် ဆိုတာ သွေးထဲမှာရှိတဲ့ ဂလူးကို့စ် သကြားဓာတ်ကို အသုံးပြု စေတဲ့ ဟော်မုန်း ဖြစ်တော့ သွေးထဲမှာ သကြားဓာတ်တွေ လျော့နည်းသွား စေပါတယ်။ ဒါကြောင့် လူဟာဆာ လောင်ခြင်းကို အမြဲဖြစ်စေပြီး အမြဲတမ်း စားနေရတဲ့ အတွက် ဝလာရခြင်း ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ ဆိုဒီယမ်တွေကလည်း ခန္ဓာကိုယ် ဖောသွပ်ခြင်းကို အားပေးပါသေးတယ်။ ဒါကြောင့် ရေပိုငတ် စေပါတယ်။ ရေသောက်လိုက်၊ စားလိုက်နဲ့ တဖြည်းဖြည်း ဝစေတာ ဖြစ်ပါတယ်။

မေး။ ။ နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေရော ဘာကြောင့် ရစေတယ် ဆိုတာ ရှင်းပြ ပေးပါဆရာ။

ဖြေ။ ။နှလုံးရောဂါနဲ့ သွေးတိုးရောဂါသည်တွေ အနေနဲ့ MSG ကို ရှောင်ကြဉ် သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ MSG ဟာ နှလုံး ကြွက်သားတွေကို ထိခိုက်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ နှလုံးခုန် မမှန်တာ (Irregu-lar heart beat) ၊ နှလုံးကြွက်သားတွေ သေသွားတာ (Cardiac muscle arrest) ၊ ရင်ဘတ်အောင့်တာ (Chest pain) တွေ ဖြစ်တတ်ပါတယ်။

သွေးအတွင်း ဆိုဒီယမ်ဓာတ်တွေ ပိုများလာတဲ့ အတွက် သွေးတိုးကို ပိုဆိုးစေ ပါတယ်။ Congestive Cardiac Failure လူနာတွေ ဆိုရင် လုံးဝ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နှလုံးမှာရှိတဲ့ အဆို့ရှင် လေးတွေ မကောင်းတဲ့သူတွေ (Valvular Heart Disease) ၊ မွေးရာပါ နှလုံးရောဂါ ရှိသူတွေ (Congestive Heart Disease) လည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

မေး။ ။ အချိုမှုန့်ကို ကိုယ်ဝန်ဆောင် မိခင်တွေစားရင် ဘယ်လိုမျိုး ဆိုးကျိုးတွေ ရနိုင်တယ် ဆိုတာလဲ သိပါရစေ။

ဖြေ။ ။ကိုယ်ဝန်ဆောင်စဉ် ကာလမှာ အချိုမှုန့် ပါဝင်တဲ့ အစားအစာတွေ စားရင် မိခင်ရော ကလေးကိုပါ ထိခိုက် စေနိုင်တဲ့ အတွက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ အချိုမှုန့်ကြောင့် ဖောရောင် လွယ်ခြင်း၊ ကိုယ်ဝန်ဆိပ် တက်ခြင်းကို အားပေးခြင်း၊ သွေးတိုးစေခြင်း၊ အမော မခံနိုင်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဝေဒနာတွေကို ကိုယ်ဝန် မဆောင်ထားစဉ် ကာလမှာ စားသုံးတာထက် ပိုမို ခံစားရလေ့ ရှိပါတယ်။

ဝမ်းထဲမှာ လွယ်ထားတဲ့ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်း ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ အတွက် ဥာဏ်ရည် မမီတဲ့ ကလေးတွေ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ချို့ယွင်းတဲ့ ရောဂါသည်လေးတွေ မွေးလာ တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန် စရှိပြီဆိုတာနဲ့ အချိုမှုန့် ပါဝင်တဲ့ အစားအစာတွေ၊ ဟင်းရန်တွေကို သတိထားပြီး ရှောင်ကြဉ်ဖို့ အထူး မှာကြား လိုပါတယ်။

မေး။ ။ တခြား အထွေထွေ ထိခိုက်ခြင်း ဆိုတာကရော ဘယ်လိုမျိုး ထိခိုက်မှုတွေလဲ ဆိုတာ သိပါရစေ။

ဖြေ။ ။အချိုမှုန့် စားရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေဟာ တစ်နေ့ထက် တစ်နေ့ များပြားလာ နေလို့ အထူး သတိပြုရမယ့် အခြေအနေ ဖြစ်လာပါတယ်။ အဓိက အနေနဲ့-

(၁) ခန္ဓာကိုယ် ဓာတ်မတည့်မှု ဖြစ်စေခြင်း (Food Allergics) ၊ အရေပြား ယားယံစေခြင်း၊ ပန်းနာရင်ကြပ် ဖြစ်စေခြင်း။

(၂) လည်ပင်းကြီးရောဂါ ဖြစ်စေခြင်း (Thyroid Enlargement) ၊ သိုင်းရွိုက်ဟော်မုန်းများ ပုံမှန်မထွက် တော့ခြင်း (Thyroid Dysfunction) ။

(၃) ဆီးချိုသွေးချို ရောဂါအမှတ်(၂) ဖြစ်စေခြင်း (Type II Diabetes mellitus) ။

(၄) မျက်စိ အမြင်အာရုံ ချို့ယွင်းစေခြင်း (Retina Damage) ။

(၅) ချွေးထွက်လွန်ခြင်း၊ ရေငတ်ခြင်း။

မေး။ ။ ဟင်းချိုမှုန့်ဟာ ကျန်းမာရေး အတွက် အန္တရာယ်ရှိမှန်း သိပါပြီ ဆရာ။ ဟင်းချိုမှုန့်ကို ခန္ဓာကိုယ်ထဲ ဝင်ရောက်မှု လျော့နည်းအောင် ဘယ်လိုမျိုး စားသောက်ရမလဲ ဆိုတာလည်း ပြောပြစေချင် ပါတယ်။

ဖြေ။ ။ဒီနေရာမှာ နှစ်ပိုင်း ခွဲပြောချင်ပါတယ်။

ပထမပိုင်း အနေနဲ့ မိမိအိမ်မှာ ချက်ပြုတ် စားသောက်တဲ့ ဟင်းထဲမှာ အချိုမှုန့်နဲ့ ချက်တဲ့ အလေ့အကျင့်ကို စွန့်လွှတ်ဖို့ လိုပါတယ်။ အချိုမှုန့်ကို မီးဖိုချောင်ထဲကနေ အပြီးအပိုင် စွန့်ပစ်ဖို့ လိုပါတယ်။ အဲဒီအစား သဘာဝကနေ ရရှိတဲ့ ဥပမာ-ပုစွန်ခြောက်မှုန့်တို့၊ ငါးမှုန့်တို့နဲ့ အစားထိုး အသုံးပြုရပါမယ်။

ဒုတိယပိုင်း အနေနဲ့ ပြင်ပက အစားအစာတွေကနေ ဝင်ရောက်မှု လျော့နည်းအောင် လုပ်ရပါမယ်။ ပြင်ပ စားသောက်ဆိုင်တွေ အထူးသဖြင့် တချို့ တရုတ်ဆိုင်တွေမှာ ဆိုရင် အချိုမှုန့် အများကြီး သုံးလေ့ ရှိတော့ မကြာခဏ စားသုံးတာမျိုး ရှောင်ကြဉ် ရပါမယ်။ တချို့ စားသောက်ဆိုင်တွေ ကြတော့ အချိုမှုန့် မသုံးပါဘူး ဆိုပြီး တိတိလင်းလင်း ကြေညာထားရင် အဲဒီလို ဆိုင်မျိုးကို ရွေးချယ် စားသောက်နိုင်ရန် အကောင်းဆုံး ဖြစ်ပါတယ်။ နောက်တစ်ခုက အချိုမှုန့်ကို တာရှည်ခံ အစားအစာတွေမှာ အရသာ ရှိအောင် ထည့်သွင်း ထားလေ့ ရှိပါတယ်။ အဲဒီ အစားအစာတွေ ကိုတော့ လူတွေကသိပ်ပြီး ဂရုမပြု မိပါဘူး။

ဥပမာအနေနဲ့-

(၁) ကြက်အူချောင်း၊ ဝက်အူချောင်းတွေ

(၂) ခရမ်းချဉ်သီးအနှစ်

(၃) ပဲပိစပ်အနှစ်

(၄) မယိုးနီးစ်

(၅) ခေါက်ဆွဲခြောက်

(၆) စည်သွတ်ဘူးများ

(၇) အသင့်စား အစားအစာ အများစု

အဲဒီလိုမျိုး အစားအစာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး လတ်လတ်ဆတ်ဆတ် စားသုံးတဲ့ အလေ့ကို ပြောင်းပေး ရပါမယ်။

မေး။ ။ ဟုတ်ကဲ့ခင်ဗျာ။ ဆရာ့အနေနဲ့ မြဝတီ စာဖတ်ပရိသတ်ကြီးကို ဘာများ ထပ်ပြောချင်ပါ သလဲ ဆရာ။

ဖြေ။ ။အချိုမှုန့် (MSG)ဟာ ကျွန်တော်တို့ နိုင်ငံမှာ အင်မတန်မှ အသုံးများတဲ့ ဟင်းခတ်ပစ္စည်း တစ်ခု ဖြစ်ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်မှု မရှိပေမယ့် ပြည်ပ နိုင်ငံတွေကနေ ဝင်ရောက်လာပြီး ကျန်းမာရေး ပြဿနာတွေ ပေးနေခဲ့တာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေနဲ့လည်း အချိုမှုန့်ရဲ့ ဆိုးကျိုးတွေကို မကြာခဏ ဆိုသလို သတိပေး ပြောဆို အသိပေး ကြေညာ ခဲ့ပေမယ့် အသုံးပြုမှု ကတော့ တွင်ကျယ်နေဆဲ ဖြစ်ပါတယ်။ မိမိရဲ့ ကျန်းမာရေး အတွက် သတိ ထားပြီး ဆင်ခြင်ကြပါလို့ပဲ တိုက်တွန်း ပြောကြား ပါရစေ။

အခုလို အချိုမှုန့်နဲ့ ပတ်သက်လို့ ကျန်းမာရေး အတွက် သတိထား ရှောင်ကြဉ်သင့်တဲ့ အချက်တွေကိုပါ ပြည့်ပြည့်စုံစုံ ရှင်းပြပေးတဲ့ ဆရာ့ကို ကျေးဇူး တင်ပါတယ်။

မြဝတီ

ဟင်းချိုမှုန့် အစား ကန်ဇွန်းဥ ဟင်းခတ်မှုန့် ကိုယ်တိုင်လုပ်နည်း


မမရတနာစိုး နည်းလေးအတိုင်းပါ။

ကန်ဇွန်းဥ၅၀သား

ကြက်သွန်နီ၂၀သား

ကြက်သွန်ဖြူ၅ကျပ်သား

ဆား ထမင်းစားဇွန်း၁ဇွန်း

သကြားထမင်းစားဇွန်း ၃ဇွန်း

အုန်းထန်းညက် ၅လုံး

ငရုတ်ကောင်း ထမင်းစားဇွန်း၁ဇွန်း

ကန်ဇွန်းဥ။ကြက်သွန်နီ။ကြက်သွန်ဖြူတို့ကိုခြစ်နှင့်ပါးပါးခြစ်ပြီးနေပူပူတွင်ခြောက်အောင်လှမ်းပါ။ခြောက်ရင်မီးအေးအေးနဲ့မွှေးပြီးကြွပ်နေအောင်လှော်ပါ။

ကန်ဇွန်းဥကြက်သွန်မွှေးနံ့လေးထွက်လာရင်ဆားသကြားငရုတ်ကောင်းထန်းလျှက်ထုထည့်ပြီးခဏမွှေပြီးအအေးခံပါ။ပြီးရင်blanderထဲ၂ခါလောက်ခွဲထည့်ပြီးကြိတ်ပါ။ပြီးလျှင်အအေးခံပြီးလေလုံဗူးထဲထည့်သိမ်းပါ။အဆင်ပြေပါစေရှင်။

Credit: Shyun Lae Yi Hlaing