Thursday, March 22, 2018

“ဥပါယ်တံမျဉ်လား၊ ကောလိပ်ဂျပိုးလား”



ဒီဇာတ်ကားနှစ်ကားလုံးက သူ့အတိုင်းအတာနဲ့သူ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေလို့ပဲ လွယ်လွယ်ပြောကြပါစို့။ ဘာကြောင့် အောင်မြင်ခဲ့တာလဲ စဉ်းစားကြည့်မိတယ်။

ကိုယ့်အမြင်အရတော့ ကောလိပ်ဂျပိုးက Marketing ကြောင့် အောင်မြင်တာဖြစ်ပြီး၊ ဥပါယ်တံမျဉ်က Branding ကြောင့် အောင်မြင်ခဲ့တာဖြစ်တယ်။

ဒါဖြင့် ဒီနှစ်ခု ဘာကွာလဲ။

- Marketing က Pushing the information သတင်းအချက်အလက်တွေကို တွန်းပို့ပေးတယ်။ ငါတို့ ဒါတွေလုပ်ပါတယ်၊ ဒီနေရာတွေမှာ ၀ယ်နိုင်ပါတယ်၊ ဘယ်လိုပရိုမိုးရှင်းတွေ ပေးပါတယ် စသဖြင့်။

Branding ကတော့ Pulling the customer ၀ယ်သူတွေကို ဆွဲယူတယ်။ ငါတို့ ဘာကြောင့် ဒါကိုလုပ်တယ် ဆိုတဲ့အကြောင်းရင်းကို ရှင်းပြတယ်။ ဒါကို သဘောကျ၊ လေးစားတဲ့ Customer က သူ့နည်းသူ့ဟန်နဲ့ ကိုယ့်ဆီ အရောက်လာတယ်။

- Marketing က 4 P ကို သုံးတယ်။ Branding ကတော့ Customer’s experience ပေါ် အခြေခံတယ်။

- Marketing က ရောင်းအားကို တက်စေတယ်။ Branding ကတော့ Loyal customer သစ္စာရှိတဲ့ ၀ယ်သူတွေ ဖြစ်လာစေတယ်၊ ကိုယ်မှကိုယ်၊ ဒီတံဆိပ်မှ ဒီတံဆိပ် ဖြစ်သွားစေတဲ့အထိ Emotional attachment ရသွားတယ်။

အိုခေ၊ ဒီကွာခြားချက်တွေကို သိပြီးသွားရင် ကောလိပ်ဂျပိုးကို အရင်စပြောမယ်။

Marketing ရဲ့ P ၄ လုံးကို ဒီဇာတ်ကားက အသုံးချသွားတယ်။ ‘Product’ ဆိုလိုတာက ရုပ်ရှင်ကားပေါ့။ မြင့်မြတ်၊ ၀တ်မှုန်ရွှေရည်တို့လို ဈေးကွက်ဝင် မင်းသား မင်းသမီးတွေ သုံးထားတယ်၊ ရုပ်ရှင်ကလည်း ဟာသကား၊ ဒီတော့ မပေါက်စရာအကြောင်း သိပ်မရှိဘူး။ ‘Price’ ဒါက ရုံကသတ်မှတ်တဲ့ဈေး။ ဒါပေမယ့် ကျွန်တော်သိသလောက်တော့ မင်္ဂလာရုံတွေက JCGV ရုံတွေထက်စာရင် ဈေးပိုသက်သာမယ်။ ‘Place’ မင်္ဂလာရုံတွေမှာ တင်ခွင့်ရတယ်။ ကြည့်ရသူတွေအတွက် ပိုအဆင်ပြေမယ်။ ‘Promotion’ ဖေ့စ်ဘွတ်ပေါ်မှာ သေချာလေးကြော်ငြာတယ်။ နောက်ကွယ်မှာ ဘယ်လောက် ဘတ်ဂျတ်သုံးလဲတော့ မသိပေမယ့် သူ့ရဲ့ Page like က ၃ သိန်းကျော်တယ်။ ဥပါယ်တံမျဉ်က တစ်သိန်းနှစ်သောင်းပဲ ရှိမယ်။ ကောလိပ်ဂျပိုး တင်နေပြီနော်၊ ကောလိပ်ဂျပိုးကို ပရိသတ်တွေ ဘယ်လိုအားပေးတယ် ဆိုတဲ့ပို့စ်တွေ တွေ့နေရတယ်။

သဘောက ဒီဇာတ်ကား ဈေးကွက်ထိုးဖောက်တဲ့ပုံစံသည် သတင်းအချက်အလက်တွေကို တွန်းပို့တယ်၊ 4 P ကို သုံးတယ်၊ ဒီတော့ ရောင်းအားတက်တယ်၊ ရုံထဲ လူဝင်တယ်။

ဒါဆို ဥပါယ်တံမျဉ်ကရော။



ရုံတင်ခွင့်ရဖို့တောင် အတော်ကြိုးစားရတယ်။ ဇာတ်ကားထဲမှာလည်း သက်မွန်မြင့်ကလွဲရင် သရုပ်ဆောင်အသစ်၊ ဒါရိုက်တာအသစ်၊ ထုတ်လုပ်ရေးအသစ်။ ရိုက်ထားတဲ့ပုံစံကလည်း ပရိသတ်အများစု ကြည့်နေ၊ သဘောကျနေတဲ့ပုံစံကနေ ကွဲထွက်နေတယ်။ ဒါပေမယ့် ထင်မှတ်မထားလောက်အောင် အောင်မြင်ခဲ့တယ်။ ဘာကြောင့်လဲ။

သူတို့ ဒီဇာတ်ကားကို ဘယ်လိုရိုက်ကူးခဲ့တယ်၊ သူတို့ ဘယ်လိုအခက်အခဲတွေ ရှိခဲ့တယ်၊ ဘယ်လိုကျော်လွှားခဲ့တယ်၊ အနုပညာနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ခံယူချက်တွေကို ပြောပြတယ်။ ဒါတွေကို ဖေ့စ်ဘွတ်ပို့စ်တွေကတစ်ဆင့်၊ သူတို့အင်တာဗျူးတွေကတစ်ဆင့် သိခွင့်ရတယ်။ ရုပ်ရှင်လောကသားတွေကြားထဲ အငြင်းပွားမှုလေးတွေ ရှိခဲ့တယ်။ ဒါတွေကိုလည်း အကောင်းဆုံးတုံ့ပြန်သွားနိုင်တယ်။ သွားကြည့်ပြီးတဲ့သူတွေ၊ တတ်ကျွမ်းသူတွေဆီက ရီဗျူးတွေဖတ်ရတယ်၊ မြန်မာ့ရုပ်ရှင်အတွက် အပြောင်းအလဲတစ်ခုဖြစ်စေမယ့် ဇာတ်ကားအဖြစ် ခံစားလာကြတယ်။ သွားကြည့်တယ်။ သိပ်ကောင်းတယ်၊ သိပ်ပြည့်စုံတယ်ဆိုတာထက် စေတနာ သိပ်ပါတာကို ခံစားရတယ်။ တစ်ခုလေးပြောရရင် ဆရာဝန်အဖြစ် သရုပ်ဆောင်တဲ့ မင်းဦး အဲဒီကားထဲမှာ သုံးတဲ့ နားကြပ်က Littman တံဆိပ်ဖြစ်နေတာမျိုးပေါ့။ (ဆရာဝန်မဟုတ်သူတွေ ရှင်းသွားအောင် ပြောရရင် အဲဒီတံဆိပ်က ဆရာဝန်အများစုသုံးတဲ့ အမျိုးအစား၊ အကောင်းစားပဲဆိုပါတော့) ဒါမျိုးက ဆရာဝန်ပါတဲ့ မြန်မာဇာတ်ကား ၁၀၀ မှာ ၉၉ ကား မတွေ့ရတတ်ဘူး။ ၀ိတိုရိယလိုဆေးရုံမျိုးမှာ အလုပ်လုပ်တဲ့ နှလုံးအထူးကုဆရာဝန်တစ်ယောက် ကိုင်တဲ့ နားကြပ်က အဲဒီလိုမျိုးပဲ ဖြစ်သင့်တာပေါ့။ ဆိုလိုတာက ဒီလို ဘာမဟုတ်တဲ့ အသေးစိတ်ကအစ ဂရုစိုက်ထားတယ်။ အဲဒီအခါ ကြည့်ပြီးသူတိုင်းက တသသနဲ့ ပြောကုန်ကြတယ်။ ညွှန်းကုန်ကြတယ်။

သူကကျ ပရိသတ်ကို စွဲဆောင်တယ်။ ကြည့်ပြီးသူများရဲ့ Review က နောက်ထပ် နောက်ထပ် ပရိသတ်တွေကို တိုးလာစေတယ်။ ရောင်းအားလည်း တက်သလို၊ ခီမောင်နှံမှ ခီမောင်နှံ ဆိုတဲ့ ပရိသတ်တွေပါ ရကုန်တယ်။

ကောလိပ်ဂျပိုးကို ကြော်ငြာမြင်ပြီး သဘောကျလို့ သွားကြည့်တာရှိမယ်၊ ဒါမှမဟုတ်လည်း ရယ်ချင်လို့သွားကြည့်မယ်၊ အဖော်ရှိလို့ သွားကြည့်မယ်။ သဘောတွေလည်း ကျခဲ့မယ်။ ဒါပေမယ့် ကောလိပ်ဂျပိုးကြည့်နေပါတယ် လို့ ပို့စ်တင်သူ တော်တော်ရှားမယ်။

ဥပါယ်တံမျဉ်ကျတော့ ဒါ ကြည့်လိုက်ရလို့ ခေတ်မီသွားပြီဆိုတာထက် ဒီဇာတ်ကားကြည့်လိုက်ရတာကို ဂုဏ်ယူတာ။ ငါတို့မြန်မာတွေလည်း ဒီလိုကားမျိုး ရိုက်နိုင်တယ်ဆိုတဲ့ ပီတိကို ကျေနပ်တာ။ ဒါကို ကြည့်ပြီးသွားတဲ့အချိန်မှာ မြန်မာ့ရုပ်ရှင်လောက တိုးတက်ဖို့ တခုခုလေး ထည့်ဝင်လိုက်ရသလိုလည်း ခံစားကြရတယ်။

ကောလိပ်ဂျပိုး အောင်မြင်သွားပြီးနောက်ပိုင်း အဲဒီလိုအောင်မြင်တဲ့ကား၊ ပရိသတ်ကြိုက်တဲ့ကားတွေ အများကြီး ရိုက်နိုင်ပါလိမ့်ဦးမယ်။ ဒါပေမယ့် သေချာတာက မအေးအေးဝင်း စီစဉ်သည် ဆိုတာနဲ့ ကြည့်ကိုကြည့်မယ်ဆိုပြီး အသင့်ဖြစ်နေတဲ့သူတွေတော့ မရှိဘူး။

ဥပါယ်တံမျဉ်အောင်မြင်ပြီးသွားတဲ့နောက်မှာ သူတို့လည်း ဇာတ်ကားတွေ ထပ်ရိုက်ပါလိမ့်ဦးမယ်။ မတူတာက ခရစ္စတီးနားခီ၊ ဇဏ်ခီ ဆိုတဲ့အသံတွေ ကြားတာနဲ့ကို ကြည့်ဖို့အသင့်ဖြစ်နေတဲ့သူတွေ ရှိလာပြီ။ အနုပညာဆိုတာမျိုးက ကိုယ်ဖန်တီးလိုက်တိုင်း ပရိသတ်ကြိုက်မယ်လို့ အာမခံမရတော့ အကုန်လုံးတော့ ပေါက်ချင်မှပေါက်မှာပေါ့။ ကိုယ်ကြိုက်ချင်မှ ကြိုက်မှာပေါ့။ ဒါပေမယ့် သူတို့ရိုက်တဲ့ကားဆိုရင်တော့ သေချာတယ်၊ ပေါကားဖြစ်မှာ မဟုတ်ဘူး၊ ဖြစ်သလိုရိုက်မှာ မဟုတ်ဘူး၊ ခေတ်စကားနဲ့ပြောရရင် ဂျင်းထည့်မှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက် လူတွေဆီမှာ ရသွားတယ်။

အဲဒီတော့ ကျွန်တော်တို့တွေရော ကိုယ့်လုပ်ငန်းတွေကို ဘယ်လိုပုံစံနဲ့ အောင်မြင်အောင် လုပ်ကြမလဲ။ ကိုယ့်ကိုယ်ကိုယ်ရော ဘယ်လိုလုပ်ကြမလဲ။

တချို့ကပြောကြတယ်။ Marketing ပညာဟာ ဘယ်လိုလူအတွက်မဆို လိုအပ်လာပါတယ်တဲ့။ ဥပမာ စာအုပ်တစ်အုပ် ရောင်းကောင်းတယ်ဆိုတာ စာအုပ်အရည်အသွေးကို တိုက်ရိုက် ကိုယ်စားမပြုဘူး၊ Marketing ဘယ်လောက်ကောင်းသလဲ ဆိုတာကိုပဲ ညွှန်းတာဖြစ်တယ်။ စာအုပ်က လွယ်လွယ်ကူကူ ၀ယ်လို့ရသလား၊ ဆိုင်ထဲမှာ ဒီစာအုပ်ကို သေချာခင်းကျင်းပြသထားရဲ့လား၊ စာရေးဆရာကိုယ်တိုင် လက်မှတ်ထိုးတာမျိုး၊ နာမည်ကျော်တွေကို လက်ဆောင်ပေးပြီး ရီဗျူးရေး ကြော်ငြာခိုင်းတာမျိုးတွေနဲ့ ပရိုမိုးရှင်းလုပ်သလား စတဲ့ အချက်တွေက ရောင်းအားကို တက်စေတာ။ တစ်ခါလည်း ဖတ်ဖူးတယ်။ စာရေးဆရာ ဖြစ်ချင်လား၊ စာရေးနည်း သင်၊ Best seller ဖြစ်ချင်လား၊ Marketing ပညာ သင် တဲ့။

ဒါပေမယ့် ဆိုင်မှာတွေ့လို့၊ သူများညွှန်းလို့ ၀ယ်လိုက်တာထက် ဒီစာရေးဆရာ စာအုပ်ထွက်ပြီ ဆိုတဲ့အသံကြားတာနဲ့ ဆိုင်တကာလည်ပြီး ၀ယ်တဲ့အထိ ဖြစ်ဖို့၊ ဒီအတိုင်းလေး ၀ယ်ဖတ်လိုက်တာထက် ဒီစာအုပ် ကိုယ့်စာအုပ်စင်မှာ ရှိနေတာကို ကျေနပ်နေဖို့၊ ဒီစာရေးဆရာရဲ့ ပရိသတ်ဖြစ်ရတာကို ဂုဏ်ယူနေဖို့ဆိုရင်တော့ သူ့မှာ စာပေအပေါ်ထားတဲ့ ခံယူချက်၊ အများနောက် မလိုက်ဘူးဆိုတဲ့ ရပ်တည်ချက်ခိုင်မာတာတွေ၊ ပရိသတ်ကို လေးစားတဲ့စိတ်၊ ပရိုပီသတဲ့စိတ်၊ ကိုယ်ကျင့်သိက္ခာတွေ၊ ဒါတွေပါ လိုအပ်လာပါပြီ။

ဒါကြောင့် စဉ်းစားကြည့်ပါ။ ကိုယ့်လက်အောက်က ၀န်ထမ်းတွေဟာ ဒီလုပ်ငန်းကို ကိုယ်စားပြုရတာ၊ ကိုယ်နဲ့အလုပ်တွဲလုပ်ခွင့်ရတာ၊ ကိုယ့်တပည့်ဖြစ်ရတာကို ဂုဏ်ယူနေသလား။ ကိုယ့် Customer တွေဟာ ကိုယ့်ဆီလာရတာကို ဂုဏ်ယူနေသလား။ ကိုယ့်ပရိသတ်တွေက ကိုယ့်ကို အားပေးနေရတာကို သူတို့ ဂုဏ်ယူနေသလား။ အဲဒါဆိုရင်တော့ ကိုယ် ဆိုတဲ့တံဆိပ်တစ်ခုရဲ့ တန်ဖိုးဟာ မြင့်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

အဲဒီလိုလုပ်ငန်း၊ အဲဒီလိုအဖွဲ့အစည်း၊ အဲဒီလိုလူပုဂ္ဂိုလ်တွေကိုလည်း သွားကြည့်လိုက်ပါ။
Integrity ဆိုတဲ့ ဖြောင့်မတ်မှု၊ Reliability ဆိုတဲ့ ယုံကြည်လောက်ခြင်း၊ Professional ဆိုတဲ့ ဘယ်သူသိသိ မသိသိ အသေးစိတ်လေးကအစ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ ပရိုပီသမှု၊ ကျောက်စိုင်ကျောက်သားလို ခိုင်မာတဲ့ ခံယူချက်၊ ရပ်တည်ချက်တွေနဲ့ ကိုယ့်အလုပ်ကိုယ် တန်ဖိုးထားပြီး အကောင်းဆုံးလုပ်နေတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၃.၃.၂၀၁၈

No comments: