Wednesday, March 14, 2018

ရင်ဘတ်အောင့်ခြင်းဖြစ်ပေါ်ပုံ အဆင့်ဆင့် အကြောင်း


 နှလုံးရောဂါဖြစ်ပေါ်ခြင်း ကာကွယ်ရန် အတွက် အရေးကြီးဆုံးအရာမှာ ကျန်းမာရေးအသိပင်ဖြစ်ပါသည်။ နှလုံးရောဂါလက္ခဏာများ မည်သို့ ဖြစ်ပေါ်သလဲ ဆိုတာအား အသေးစိတ် နားလည်သိရှိခြင်းအားဖြင့် မိမိခံစားနေရသော ရောဂါ လက္ခဏာသည် နှလုံးရောဂါကြောင့်ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ အရေးကြီးခြင်း၊ မကြီးခြင်း စသည်တို့အား အသေးစိတ် နားလည်သိရှိမည်ဖြစ်ပြီး နှလုံးရောဂါ မဆိုးရွားခင် ပျောက်ကင်းအောင် ကြိုတင်ကုသမှုခံယူနိုင်မည်ဖြစ်ပါသည်။

ရင်ဘတ်အောင့်ခြင်းသည် နှလုံးရောဂါအတွက် အဖြစ်အများဆုံးနှင့် အရေးအကြီးဆုံးရောဂါ လက္ခဏာဖြစ်သောကြောင့် ရင်ဘတ်အောင့်ခြင်း အသေးစိတ်အား ဖော်ပြလိုက်ရပါသည်။

၁။ရင်ဘတ်အောင့်ခြင်း
အဘယ့်ကြောင့် ရင်ဘတ်အောင့်ခြင်းဖြစ်ပေါ်သလဲ။

အကြမ်းဖျင်းအားဖြင့် ရင်ဘတ်အောင့်ခြင်းဖြစ်ပေါ်ခြင်းသည် နှလုံးကြွက်သားများ သွေးငတ်ခြင်းကြောင့် တနည်းအားဖြင့် အောက်ဆီဂျင် ငတ်ခြင်းကြောင့် များသောအားဖြင့် ဖြစ်ပေါ်တတ်ပါသည်။

နှလုံးကြွက်သားသွေးငတ်ခြင်းတွင် နှစ်မျိုးရှိပါသည်။ နှလုံးသွေးကြောကျဉ်းခြင်းကြောင့် နှလုံးသွေးငတ်ခြင်း နှင့် နှလုံးသွေးကြောမကျဉ်းပဲ နှလုံးသည် ရုတ်တရက် အလုပ်အလွန်အမင်းလုပ်ရသောကြောင့် နှလုံးသွေးငတ်ခြင်း ဟူ၍ နှစ်မျိုးရှိပါသည်။

နှလုံး သွေးကြောကျဉ်းခြင်းကြောင့် နှလုံးသွေးငတ်ခြင်း
ပထမ တစ်ချက်သည် နှလုံးသွေးကြောကျဉ်း၍သည့် အခါတွင်  နှလုံးကြွက်သားသို့ သွားသည့် သွေးပမာဏသည် နည်းသွားပါသည်။ သွေးသွားသည့် ပမဏ နည်းသွားသည့်အတွက် နှလုံးကြွက်သား အတွင်းသို့ရောက်ရှိသည့် အောက်ဆီဂျင် ပမာဏလည်းနည်းသွားပါသည်။ ထိုအခါတွင် နှလုံးကြွက်သား သည် လုံလောက်အောင် အောက်ဆီဂျင် မရသည့်အခါတွင် နှလုံးကြွက်သားများ စတင် ပုပ်ခြင်းဖြစ်ပေါ်ပါသည်။ ထိုကဲ့သို့ ပုပ်ခြင်းဖြစ်ပေါ်ခြင်းကြောင့် နှလုံးကြွက်သားများ ဒဏ်ဖြစ်ပြီး ရင်ဘတ်အောင့်ခြင်းဖြစ်ပေါ်ခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ ရင်ဘတ်အောင့်ခြင်းတွင် နှစ်မျိုးထပ် ခွဲပါသည်။
ပထမ တစ်မျိုးမှာ ရင်ဘတ်အောင့်ခြင်းသည် လှုပ်လှုပ်ရှားရှား ပြုလုပ်သည့်အခါ၊ ရင်တုန်သည့်အခါ၊ စိတ်လှုပ်ရှားသည့်အခါတွင် ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်ပြီး နားလိုက်သည့်အခါ၊ စိတ်ငြိမ်သွားသည့်အခါတွင် သက်သာသွားခြင်းဖြစ်ပါသည်။

ဒုတိယ တစ်မျိုးမှာ ရင်ဘတ်အောင့်ခြင်းသည် ယခင်က အထက်တွင် ဖော်ပြထားသော လှုပ်လှုပ်ရှားရှား လုပ်ခြင်း၊ စိတ်လှုပ်ရှားခြင်းမှ အောင့်သော်လည်း ယခုအခါတွင် ထိုင်နေရင်းနှင့်ပင် အောင့်ချင်သည့်အချိန် တွင် ထ အောင့်ခြင်းဖြစ်ပါသည်။ နားလိုက်သော်လည်းမသက်သာပဲ မှန်းဆ၍ မရပဲ ကောင်းချင်သည့်အချိန်မှ ပြန်ကောင်းသွားခြင်းဖြစ်ပါသည်။

ရင်ဘတ်အောင့်ခြင်း နှစ်မျိုးလုံးသည် နှလုံးသွေးကြောကျဉ်းခြင်းကြောင့် ဖြစ်ပေါ်သော ရင်ဘတ်အောင့်ခြင်းဖြစ်ပါသည်။ သို့သော်လည်း ပထမရင်ဘတ်အောင့်ခြင်းသည် လှုပ်လှုပ်ရှားရှားလုပ်သည့် အခါ နှလုံးခုန်မြန်သည့်အခါ၊ နှလုံး အလုပ်ပိုလုပ်ရသည့်အခါတွင် မှ သွေးငတ်ခြင်းဖြစ်ပေါ်ပြီး ရင်ဘတ်အောင့်ခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ နှလုံးသည် ပုံမှန်နားနေချိန်တွင် နှလုံးသွေးကြောကျဉ်းသော်လည်း လုံလောက်သော သွေး၊ အောက်ဆီဂျင် ရရှိနေသောကြောင့်  နှလုံးသွေးငတ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း မဖြစ်ပေါ်ချေ။ လှုပ်လှုပ်ရှားရှားလုပ်သည့်အခါ၊ စိတ်လှုပ်ရှားသည့်အခါတွင် နှလုံးသည် ပုံမှန် အချက် ၈၀ ခုန်ရမည့်အစား အချက် ၁၂၀ ခုန်ရသည့်အတွက် နှလုံးအလုပ်ပိုလုပ်ရပါသည်။ ထို့ကြောင့် အောက်ဆီဂျင်၊ သွေးပို၍ လိုအပ်လာပါသည်။ ထိုအခါတွင် နှလုံးသွေးကြောကျဉ်းနေသည့်အတွက် သွေးအား နှလုံးမှ ပို၍ လိုအပ်သော ပမာဏအား မပေးနိုင်ပဲ ထို နှလုံးအလုပ်ပိုသည့်အချိန်တွင် သွေးငတ်ခြင်း၊ အောက်ဆီဂျင်ငတ်ခြင်း ဖြစ်ပေါ်သောကြောင့် ရင်ဘတ်အောင့်ခြင်းဖြစ်ပေါ်ခြင်းဖြစ်ပါသည်။

ဒုတိယ ရင်ဘတ်အောင့်ခြင်းသည် လှုပ်လှုပ်ရှားရှား မလုပ်ပဲ ထိုင်နေသည့်အခါတွင် အောင့်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ နှလုံးသွေးကြောသည် အလွန်အမင်းကျဉ်းနေပြီး ပုံမှန် နားနေသည့် နှလုံးခုန်နည်းသည့် အချိန်တွင်ပင် သွေးလုံလောက်အောင်မရရှိခြင်း အား ဖော်ပြပါသည်။

ရင်ဘတ်အောင့်ခြင်း နှစ်မျိုးလုံးသည် နှလုံးသွေးကြောကျဉ်းဖြစ်နေသည် ကို ပြသပြီး ဒုတိယ ရင်ဘတ်အောင့်ခြင်းမျိုးသည် ပထမ ရင်ဘတ်အောင့်ခြင်းထက် များစွာ နှလုံးသွေးကြောကျဉ်းနေသည် အား ပြသပါသည်။ ဒုတိယ ရင်ဘတ်အောင့်ခြင်းမျိုးသည် နှလုံး သွေးကြောအလွန်အမင်းကျဉ်းမှ တွေ့ရှိရသည့်အတွက် အချိန်မရွေး နှလုံးသွေးကြောပိတ်ပြီး အသက်ဆုံးရှူံး နိုင်ချေရှိသည့်အတွက် အလွန်ပင် အန္တရာယ် များသော အခြေအနေဖြစ်ပြီး နှလုံးအထူးကုသမားတော်နှင့် ကုသမှုခံယူသင့်ပါသည်။

ပထမ ရင်ဘတ်အောင့်ခြင်းမျိုးဖြစ်ပေါ်ပါက နှလုံးသွေးကြောကျဉ်းနေသည်အား သတိပြုရမည်ဖြစ်ပြီး နှလုံးအထူးကု သမားတော်နှင့် ကြိုတင်ပြီး ကုသမှု ခံယူပြီး ဆေးသောက်ပါက ဒုတိယရင်ဘတ်အောင့်ခြင်း သို့ ပြောင်းလဲခြင်း ရှိတော့မည်မဟုတ်ပဲ ရင်ဘတ်အောင့်ခြင်းပင် ပျောက်ကင်းနိုင်အောင်ကုသနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ရင်ဘတ်အောင့်ခြင်းသည် နှလုံး အထူးကုသမားတော်နှင့် ပြသပြီး ကြိုတင်စွာ ကုသမှုခံယူ ရမည်ကို ဖြော်ပသော သတိပေးချက်ပင်ဖြစ်ပါသည်။

နှလုံးသွေးကြောမကျဉ်းပဲ နှလုံးသည်  အလုပ်အလွန်အမင်းလုပ်ရသောကြောင့် နှလုံးသွေးငတ်ခြင်း

ထိုကဲ့သို့သော နှလုံးသွေးငတ်ခြင်းသည် များသောအားဖြင့် သွေးတိုးရောဂါကြောင့် နှလုံးကြီးပြီး နှလုံးနံရံထူသော လူနာများတွင် ဖြစ်ပေါ်တတ်ပါသည်။ ဆိုလိုသည်မှာ သွေးတိုးကြောင့် Pressure တက်လာသည်နှင့် နှလုံးသည် Pressure များသော သွေးကြောအတွင်းသို့ သွေးများပို့လွှတ်ရန်အတွက် နှလုံးသည် အားပြင်းပြင်းဖြင့် ပိုညှစ်ရပါသည်။ ထိုကဲ့သို့ နှလုံးပိုညှစ်ရသည့်အတွက် နှလုံးမှာ တဖြည်းဖြည်းကြီးထွားလာပါသည်။ နှလုံးကြွက်သားထူလာပြီး နှလုံးကြီးလာသည်နှင့် အမျှ နှလုံးကြွက်သားများအတွက် သွေးနှင့် အောက်ဆီဂျင်သည် ပုံမှန် နှလုံးထက်များစွာ ပိုမိုလိုအပ်လာပါသည်။ ထိုကဲ့သို့ လူနာများတွင် နှလုံးသွေးကြော မကျဉ်းပဲ နှလုံးကြီးလာသဖြင့် သွေးပိုလိုအပ်သောကြောင့် နှလုံးသွေးငတ်ခြင်း ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။

နှလုံးသွေးကြောကျဉ်းခြင်းကြောင့် နှလုံးသွေးငတ်ခြင်း နှင့် နှလုံးသွေးကြောမကျဉ်းပဲ နှလုံးသည်  အလုပ်အလွန်အမင်းလုပ်ရသောကြောင့် နှလုံးသွေးငတ်ခြင်း အား မည်သို့ ခွဲခြားသိရှိနိုင်မည်နည်း။

အထက်တွင် ဖော်ပြထားသည့်အတိုင်း ရင်ဘတ်အောင့်ခြင်း နှစ်မျိုးလုံးသည် နှလုံးသွေးငတ်ခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သောကြောင့် တစ်ခါတစ်ရံ တွင် ECG ဆွဲသည့်အခါတွင် နှလုံးသွေးငတ်ခြင်း ပြောင်းလဲမှုများ တူညီစွာတွေ့နေမည်ဖြစ်ပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် နှလုံးသွေးကြောကျဉ်းခြင်းကြောင့်လား၊ နှလုံးနံရံထူခြင်းပြီး နှလုံးကြီးခြင်းကြောင့် လား သည် ECG တစ်ခုတည်းဖြင့် ခွဲခြား၍ မရနိုင်ပဲ Echo ရိုက်သည့်အခါတွင် မှ သိရှိနိုင်မည်ဖြစ်ပါသည်။ Echo သည် နှလုံး တစ်ခုလုံးအား အပြင်သို့ ထုတ်ကြည့်သည့် သဘောတရားဖြစ်သောကြောင့် သွေးတိုးကြောင့် နှလုံးနံရံထူပြီး ကြီးနေပါက Echo ရိုက်ကြည့်သည်နှင့် ချက်ချင်း နှလုံးကြီးနေသည် အားမြင်ရမည်ဖြစ်ပါသည်။

ထို့အပြင် နှလုံးသွေးကြောကျဉ်းခြင်းကြောင့် သွေးငတ်ခြင်းဖြစ်ပေါ်ပါက နှလုံးနံရံ၏ အထူသည် ပုံမှန်အထူဖြစ်ပြီး နှလုံးမကြီးပဲ တွေ့ရမည်ဖြစ်ပါသည်။ ထို့အပြင် နှလုံးသွေးကြောကျဉ်းသည့် နေရာများတွင် နှလုံးညှစ်သည့်အခါတွင် နှလုံးညှစ်အား ကျနေသည်အား တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် နှလုံးရောဂါများအတွက် Echo သည် ရောဂါရှာဖွေသည့် နေရာတွင်သာမက ကုသမှုပါ တိကျအောင်ပေးနိုင်ရန်အတွက် အရေးကြီးသော ကျန်းမာရေးစစ်ဆေးမှု ဖြစ်ပါသည်။

ရင်ဘတ်အောင့်ခြင်းသည် နှလုံးရောဂါများတွင် အလွန်အဖြစ်များသော ရောဂါလက္ခဏာ ဖြစ်ပါသည်။ နှလုံးရောဂါများသည် အလွန်ရှုပ်ထွေးပါသည်။ ရင်ဘတ်အောင့်ခြင်းပင် လျှင် ဖြစ်စေသော အကြောင်းအရင်းမတူသလို ကုသမှုမှာ လည်း ကွဲပြားပါသည်။ သို့သော်လည်း ယခုအသေးစိတ်ဖော်ပြထားသည်မှာ မိမိ ရင်ဘတ်အောင့်ခြင်း နှင့် ပက်သက်၍ အဘယ့်ကြောင့် အောင့်သည်၊ မည်မျှ အရေးကြီးသည် အား တိတိကျကျသိရှိပြီး နှလုံးရောဂါများပိုမို မဆိုးခင် ကျန်းမာရေးအသိဖြင့် ကြိုတင် သိရှိပြီး စောလျင်စွာကုသမှု ခံယူကာ နှလုံးရောဂါအား ထိရောက်စွာကုသပြီး နှလုံးပျက်စီးခြင်းမှ ကာကွယ်နိုင်ရန် ဖြစ်ပါသည်။ နှလုံးရောဂါအများစုသည် အသိနောက်ကျတတ်ပါသည်။ စောလျင်စွာ သိရှိပြီး ကုသမှုခံယူပါက နှလုံးရောဂါဖြစ်ခြင်းအား ထိရောက်စွာကာကွယ်နိုင်ပြီး လူကောင်းအတိုင်း နေထိုင်နိုင်သည်ဖြစ်ပါသည်။

နှလုံးရောဂါကို မည်သို့ ကြိုတင်သိရှိအောင် လုပ်မလဲ။ မည်သို့ ကြိုတင်ကာကွယ်မလဲ။

မည်သည့် နှလုံးရောဂါမဆို စောလျှင်အောင်သိရှိပြီး ကြိုတင်၍ ဆေးသောက်ပြီး ကုသမှုခံယူထား ပါက နှလုံးရုတ်တရက် ရပ်ပြီးသေဆုံးခြင်း (Heart Attack) နှင့် အခြားသော ဘေးထွက်ဆိုးကျိုးများဖြစ်ခြင်းမှ ရှောင်ကျဉ်နိုင်မည်ဖြစ်ပါသည်။ တကယ်တော့ နှလုံးရောဂါအား ကြိုတင်သိရှိနိုင်အောင် စစ်ဆေးခြင်းသည် သွေးစစ်ခြင်း မဟုတ်ပါ။ နှလုံး အထူးကုဆရာဝန် ကိုယ်တိုင် Echocardiogram (နှလုံး တယ်လီဗေးရှင်း) ရိုက်ပြီး နှလုံး အထူးကုဆရာဝန်ကိုယ်တိုင် စမ်းသပ်ကုသခြင်းသည် အထက်တွင် ဖော်ပြထားသော နှလုံး ရောဂါများ ဖြစ်နေ မဖြစ်နေအား တိတိကျကျသိနိုင်သည့်အပြင် Echo ကြောင့် နှလုံးပျက်စီးမှု အနေအထားအား တိတိကျကျသိနေသည့်အတွက် နှလုံးအတွက် ကုသမှုဆေးပေးရာတွင် လည်း စမ်းတဝါးဝါးဖြင့် ပေးရခြင်းမဟုတ်ပဲ တိတိကျကျ ထိထိရောက်ရောက် ကုသမှုပေးနိုင်ပါသည်။

Echocardiogram (နှလုံးတယ်လီဗေးရှင်း ဓာတ်မှန်)

Echocardiogram သည် Ultrasound နှင့် အလားတူပင်ဖြစ်ပါသည်။ အသံလှိုင်းဖြင့် ပုံရိပ်ဖော်သည့်အတွက် X-ray ကဲ့သို့ လူနာအား ဓာတ်ရောင်ခြည်သင့်ခြင်း မျိုးလုံးဝမဖြစ်ပဲ လူနာအား ဘေးထွက်ဆိုးကျိုးလုံးဝ မပေးနိုင်ပါ။ Echo ရိုက်ခြင်းသည် Ultrasound ရိုက်ခြင်းထက် များစွာ ရှုပ်ထွေးသော်လည်း အခြား အင်္ဂါ အစိတ်အပိုင်းများ (ဥပမာ ကျောက်ကပ်၊ အသည်းများ) အား Ultrasound ရိုက်ခြင်းနှင့် သဘောတရားခြင်း ဆင်တူပါသည်။ ပို၍ ရှင်းလင်းအောင် ပြောရလျှင် နှလုံးတစ်ခုလုံးအား ခန္ဓာကိုယ်မှ အပြင်ကိုထုတ်ပြီး မျက်လုံးဖြင့် ကြည့်ခြင်းဖြစ်ပါသည်။

Echo ရိုက်ခြင်း အကျိုးကျေးဇူးများ

၁။Echo သည် နှလုံး တစ်ခုလုံး အား မျက်စိဖြင့် အပြင်မှာ မြင်ရသကဲ့သို့ အလားတူပါသည်။ ထို့ကြောင့် မွေးရာပါ နှလုံး ရောဂါ ရှိမရှိ၊ နှလုံး ကြီးမကြီး၊ နှလုံး အဆို့ရှင် လုံမလုံ၊ သွေးစီးဆင်းမှု မှန်မမှန် တို့အား သိရှိနိုင်ပါသည်။ ထို့အပြင် အကယ်၍ နှလုံးကြီးနေသည် ဆိုလျှင် နှလုံး မည်မျှ ကြီးနေကြောင်း တိကျစွာ တိုင်းတာနိုင်ပါသည်။

၂။Echo သည် သွေးစီးဆင်းနေမှုပါ မြင်ရသည့်အတွက် အဆို့ရှင် မလုံပါက သွေးများ ယိုထွက်၊ ဖြာထွက်နေသည် ကို ပါ တိကျစွာ မြင်နိုင်ပါသည်။

၃။Echo သည် မိမိနှလုံး၏ လုပ်ငန်းဆောင်တာဖြစ်သော နှလုံးညှစ်အား (Ejection Fraction) အား တိကျစွာ တွက်ချက်ပေးနိုင်ပါသည်။ နှလုံးခြေကုန်လက်ပမ်းကျ ခြင်း (Heart Failure) ဝင်နေမနေသိရှိနိုင်သည့် အပြင် မိမိသောက်နေသော နှလုံးဆေး ထိရောက်မှု ရှိမရှိအား လည်း သိနိုင်ပါသည်။

၎။နှလုံးအခန်းတွင်း သို့ ရှင်းလင်းစွာ ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်နိုင်သော သွေးခဲများရှိမရှိ၊ အဆို့ရှင်တွင် အနာရှိမရှိ တို့အား တိကျစွာ သိရှိနိုင်ပါသည်။

၅။Echo သည် နှလုံး လှုပ်ရှားနေသည့်အတိုင်း မြင်ရသဖြင့် နှလုံးခုန်စည်းချက် မှန်မမှန် ကို လည်း သိရှိနိုင်ပါသည်။

၆။နှလုံးသွေးကြောကျဉ်းနေသော လူနာများတွင် နှလုံးသွေးကြောကျဉ်းနေသည့် နှလုံးနံရံသည် နှလုံးသွေးကြောကျဉ်းနေသည့် ဒဏ်ကြောင့် ကောင်းစွာအလုပ်လုပ်ပေ။ Echo ဖြင့် ကြည့်သည့်အခါတွင် အလုပ်မလုပ်သည့် ကြွက်သားနံရံအား တိတိကျကျမြင်ရသည့်အပြင် နှလုံးသွေးကြောကျဉ်းသည့် ဒဏ်ကြောင့် နှလုံးညှစ်အား ကျမကျပါ တိတိကျကျ သိရှိနိုင်ပါသည်။

၇။ခွဲစိတ်မှုမပြုခင် လူနာသည် ခွဲစိတ်မှုဒဏ်အား ခံနိုင်ရည်ရှိမရှိ (pre-operative assessment) တွင် ဆုံးဖြတ်ရာတွင် အရေးကြီးသော နှလုံး၏ လုပ်ငန်းဆောင်တာများအား Echo အဖြေကြည့်ပြီး ဆုံးဖြတ်ပါသည်။

အချုပ်အားဖြင့် ဆိုလျှင် နှလုံးရောဂါများကုသခြင်း၏ အသက်သည် စောနိုင်သမျှ စောစော သိရှိအောင်လုပ်ပြီး ကုသမှုခံယူခြင်းဖြင့် နှလုံးပျက်စီးခြင်းအား ဆက်လက်မပျက်စီးအောင် ထိန်းထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် နှလုံးရောဂါ အတွက်မဆို နှလုံးတယ်လီဗေးရှင်း Echocardiogram ရိုက်ကူးပြီး နှလုံး အထူးကု ဆရာဝန်နှင့် စမ်းသပ်မည်ဆိုလျှင် အမှန်တကယ် နှလုံး ရောဂါ တစ်ခုခု ရှိပါက ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး စောလျှင်စွာ ကုသမှု ခံယူပါက အချိန်မတိုင်မီ နှလုံး တစ်ခုခု ထိခိုက်ပျက်စီး ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။

Credit : Family Doctor အထူးကုဆေးခန်း

No comments: