Saturday, March 10, 2018

တကိုယ်ရေသန့်ရှင်းမှု ရှိမရှိ ချစ်သူသိ


[10 Things She Secretly Notices About Your Hygiene]

ကိုယ်က အသေးအဖွဲကိစ္စလေးပါဆိုပြီး မမြင်ချင်ယောင်ဆောင်ထားပေမယ့် ကိုယ့်ချစ်သူက မမြင်ဘူး သတိမမူမိဘူးလို့ မဆိုလိုဘူးနော်။

စာဖတ်သူကော စာရေးသူ ကျနော်ကိုယ်တိုင်ကရော များသောအားဖြင့် ခြေသည်းတွေ သပ်​သပ်​ရပ်​ရပ်​ညှပ်၊ မျက်​ခုံး​မွှေးနှစ်ခုကို ဆက်နေတဲ့ အမွှေးတွေ(unibrow)တွေကို မွှေးညှပ်နဲ့နှုတ်၊ ပြီးတော့ လက်အစုံကို သန့်ရှင်း သပ်ရပ်နေအောင် ဂရုတစိုက်လုပ်တာမျိုးတွေကတော့ လုပ်ဖြစ်ကြပါတယ်။ ဒါပေမယ့် ချစ်သူကောင်မလေး၊ နှမလေး၊ သို့မဟုတ် အမေနဲ့ လက်​ပွန်းတတီးရှိတဲ့ အမျိုးသားအချို့ကတော့ ပုံမှန် ကိုယ်ဂရုတစိုက် သတိပြုမိသလောက် တကိုယ်ရည် သန့်ရှင်းမှုလုပ်တာထက် ပိုအသေးစိတ် ပြုလုပ်တတ်ကြတယ်ဗျ။ အမျိုးသမီးတွေက ကိုယ်တွေထက်ပိုပြီး အသေးစိတ် ဂရုပြု စူးစမ်းတတ်ကြတာကြောင့်ပါ။

အသိ ဆရာဝန်များနဲ့ အမျိုးသမီးမိတ်ဆွေများအား  အမျိုးသားအများစု  ပြုလုပ်တတ်ကြတဲ့ တကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ယာယီပြဿ     နာများအပေါ် စာရင်းတစ်ခုအသွင် ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူတို့​တွေ အများဆုံး တွေ့မြင် သိရှိခဲ့သော ပြောပြခဲ့သောအကြောင်းအရာများကိုစုလို့ ပြန်လည်ဖော်ပြပါမယ်။ အကြံပြုချက်လေးတွေကိုလည်း ထပ်ဆောင်းရေးသားပေးမှာပေါ့ ခင်ဗျာ။

 (၁) နှာခေါင်းမွှေး (Nose Hair)
နှုတ်ခမ်းမွှေးမဟုတ်တဲ့ နှာခေါင်းမွှေးဖြစ်ပါတယ်။ နှုတ်ခမ်းအထက်မှာပေါက်တတ်တဲ့ နှုတ်ခမ်းမွှေးနဲ့အတူ ပါးသိုင်း​မွှေးတွေကို ပုံမှန်ရိတ်သင်ဖို့ မမေ့တတ်ကြပေမယ့် အသက်ရှူ သွင်း ရှူထုတ်လုပ်တဲ့ နှာ​ခေါင်းအ၀အပေါက်နှစ်ဖက်က ထိုးထွက်နေသော နှာ​ခေါင်းမွှေးအချို့ကို ညှပ်ပြုဖို့မေ့တတ်ကြတယ်။

အမွှေးအမျှင်ဆိုတာကလည်း မပေါက်သင့်တဲ့နေရာတွေမှာ သန်စွမ်းနေတတ်တာကြောင့်လည်း တဒုက္ခပါ။ တချို့သော အမျိုးသားတွေအနေနဲ့ မွေးကတည်းက အမွှေးအမျှင် သန်စွမ်းတဲ့ဗီဇပါလာတာကြောင့် တကိုယ်လုံး အမွှေးနုလေးတွေများနေတတ်သလို နှာတံအ၀မှာလည်း ထိုးထိုးထောင်ထောင်ထွက်နေတတ်ကြပါတယ်။

ဒါကြောင့် နှာပေါက်ဝကထွက်နေတဲ့ အမွှေးတွေကို မွှေးညှပ်နဲ့နှုတ်၊ နှာဝ နားဝက အမွှေးတွေကိုရှင်းဖို့ ထုတ်ထားတဲ့ အမွှေးနုတ်တဲ့ တိတဲ့စက်ကလေး (Nose & Ear Trimmer)သုံး၊ ဖယောင်းသုံးပြီးဖယ် ဘယ်နည်းသုံးသုံး အဆင်ပြေအောင်လုပ်ပြီး ရှင်းလင်းကြဖို့ ကြိုးစားကြပါဦး။

(၂) ၀က်ခြံခေါင်းမည်း (BLACKHEADS)

ချွေးပေါက်တွေမှာ ပြူတစ်​ပြူတစ်​ ဖြစ်နေတတ်တဲ့ ၀က်​ခြံခေါင်းမည်းလေးတွေ ဘာကြောင့်များနေရတာလဲ မကောင်းတဲ့ တကိုယ်ရည်သန့်ရှင်းရေး အလှကုန်ပစ္စည်းတွေကြောင့်လို့ တခါတလေ အတွန့်တက်လို့ မရပါဘူး။ အချို့သူတွေမှာ ကိုယ်ခန္ဓာ ဇီဝဖြစ်စဉ်ကြောင့် တနေကုန် မျက်နှာမသစ်ရသေးတဲ့ ရုပ်ရည်အသွင်ပေါက်နေတတ်ပါသေးတယ်။

ဝက်​ခြံခေါင်းမည်းတွေကို မကြာခဏ​ဆိုသလို နှာခေါင်းနဲ့ ပါးပြင်တွေမှာ တွေ့ရပါတယ်။ မေးစေ့များ နားရွက်များလို ထင်ရှားသိသာမှုနည်းပါးတဲ့နေရာတွေမှာလည်း ၀က်ခြံခေါင်းမည်းလေးတွေရှိတတ်ပါတယ်။

ဝက်ခြံခေါင်းမည်းတွေကို ကိုယ့်ဘာသာကိုယ် ရှင်းလင်း ဖယ်ထုတ်ရာမှာ အခန့်မသင့်ရင် အမာရွတ်​ ချိုင့်​ခွက်​များဖြစ်ဖို့ အလားအလာများတာကြောင့် အရေပြားရောဂါအထူးကု တစ်ယောက် (dermatologist) သို့မဟုတ် အလှအပဆိုင်ရာ ပညာရှင် (aesthetician) တစ်ယောက်အား ဆွဲထုတ်ဖယ်ရှားခိုင်းရပါမယ်။ မျက်နှာပြင် သန့်စင်ကြည်လင်အောင် (a facial cleansing treatment) ပြုလုပ်ပေးတဲ့ စင်တာကို သွားလုပ်ဖို့ ဆိုလိုရင်းပါပဲ။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ပြီးရင် မျက်နှာကို သန့်ရှင်းသည်အထိ သစ်ပေးတာမျိုး၊ ချွေးပေါက်ကျဉ်းဆေးရည် (a salicylic acid toner)ကောင်းကောင်း သုံးပေးတာမျိုး ပြုလုပ်ပေးပါ။

(၃) အာပုပ်နံ့ (BAD BREATH)

နံနက်ခင်း အိပ်​ရာကနိုးထလာချိန် ပါးစပ်က အနံ့ဆိုးတွေထွက်တာရယ် ပါးစောင်က အာစေးကြောင်းလို အရာတွေကြောင့် ချစ်သူကောင်မလေးက ကန်ထုတ်မှာ အသေအချာပါ။ စေးကပ်တဲ့အစားအစာတွေ ၊ အနံ့ပြင်းတဲ့ အစားအသောက်တွေ အခြားအစားအစာတွေကို စားသောက်ပြီး ခံတွင်းသန့်ရှင်းရေးလုပ်တဲ့အနေနဲ့ အာလုပ်ကျင်းတာတောင် မလုပ်မိတဲ့အခါ စားကြွင်းစားကျန်တွေကတဆင့် ဘက်တီးရီးယားတွေ ပေါက်ပွားပြီး သွားချိုးကပ်၊ သွားပိုးစား ၊ ရေစီးကမ်းပျိုတွေဖြစ်တော့ ခံတွင်းအနံ့ ထွက်တော့တာပေါ့။

သွားဆေးခန်းသွား သွားဆရာဝန်နဲ့ သွားချိုးခြစ်တာ ကျောက်ခြစ်တာကို ခြောက်လတစ်ကြိမ်ပြုလုပ်သင့်တာ မှန်ပေမယ့် တစ်နေ့ နှစ်ကြိမ်လောက် ဘရပ်ရှ်နဲ့ သျှာရော သွားရောတိုက်ချွတ်တာမျိုး၊ သွားသန့်ရှင်းရေး ပိုးကြိုး (floss)လေးသုံးပြီး တစ်နေ့တစ်ခါ စားကြွင်းစားကျန်တွေကို ဖယ်​ထုတ်​တာမျိုး ပုံမှန်ပြုလုပ်ပေးပါ။ လျှစ်စစ်သွားပွတ်တံ (an electric toothbrush) သုံးနိုင်ရင် ပိုကောင်းပြီး သွားသန့်ရှင်းရေး ပိုးကြိုး (floss)ကို တစ်နေ့တစ်ခါ အသုံးပြုနိုင်ဖို့ အားထုတ်ရပါမယ်။

(၄) မုတ်ဆိတ်ရိတ်ဓားကြောင့် ပွန်းပဲ့ခြင်း(RAZOR BURN)

ခေါင်းစဉ်​ပေးထားသလို တိုက်​ရိုက်​တော့ပြောလို့မရပေမယ့် အမွှေးရိတ်ထားတဲ့နေရာမှာ ကြမ်းရှရှဖြစ်ကျန်နေတာမျိုး၊ နီမြန်းပြီး အဖုအပိန့်လေးတွေဖြစ်နေတာမျိုးကို ဆိုလိုချင်တာပါ။ အထူးသဖြင့် အမွှေးသန်တဲ့ မုတ်​ဆိတ်​ သို့မဟုတ် အထိအခတ်မခံတဲ့ အရေပြားပိုင်ရှင်တွေက မတုံးတတုံး မုတ်​ဆိတ်​ရိတ် ကိရိယာ (Razor)အသုံးပြ ပြီး အမွှေးရင်းတွေထိတဲ့အထိ ဖိဆွဲလို့ သို့မဟုတ် ထိခတ်မိတဲ့အထိ ရိတ်သင်လိုက်တဲ့အခါဖြစ်တတ်ပါတယ်။

နီမြန်းပြီး အဖုအထစ်လေးတွေပေါ်လာရတာက အရေပြားခြောက်သွေ့ချိန် ၊ မထက်တဲ့ မသန့်ရှင်းတဲ့အမွှေးရိတ် ဘလိတ်ဓားတစ်ခု အသုံးပြုမိတာသို့မဟုတ်ရိတ်သင်တဲ့နည်းလမ်းမှားယွင်းတာ စသည့်အခြေအနေများမှာ ဘက်တီးရီးယားတွေ ၀င်ရောက် အစွမ်းပြလို့ဖြစ်ပါတယ်။

ထက်မြက်သန့်ရှင်းတဲ့ အသွားပါအမွှေးရိတ်ဓားကို အသုံးပြုမရိတ်သင်ခင် အမွှေးအမျှင်ကို ဆပ်ပြာမြှုပ်သုတ်လိမ်းပေးခြင်း၊ ရိတ်သင်တဲ့အခါ မှန်ကန်တဲ့ လားရာအတိုင်းဆွဲပြု ဦးတည်အသုံးပြုခြင်း၊ ရိတ်ပြီးဆေးကြောပြီးတဲ့အခါ Aftershave lotion တို့ အစိုဓာတ်ထိန်း ကရင်မ်လိမ်းပေးခြင်းတို့ကို မဖြစ်မနေပြုလုပ်ပေးရပါမယ်။ အစိုဓာတ်ထိန်း ကရင်မ်တစ်ခုလိမ်းကျံပေးလိုက်ခြင်းဖြင့် အမွှေးရိတ်သင်ပြီးစ အရေပြား ကြမ်းသွားတာမျိုး ယားယံတာမျိုးတွေမဖြစ်တော့ဘူးပေါ့နော်။

(၅) ချိုင်းချွေးနံ့ (BODY ODOR)

ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းလုပ်ပြီးနောက် ချွေးထွက်တယ်။ အပြင်ထွက်တဲ့အခါ ရာသီဥတုကပူတော့  ချွေးထွက်တယ်။ တံခါးအလုံပိတ်ထားတဲ့အခန်းထဲဝင်အိပ်ပြီး နိုးလာတော့ချွေးတွေရွှဲနေတယ်။  ခဏနေတော့ ချွေးနဲ့အတူ ကိုယ်နံ့ပြင်းပြင်းကထွက်လာပါရော။

လေ့လာမှုအချို့အရတော့ အမျိုးသမီးတွေဟာ သူတို့ချစ်သူ သို့မဟုတ် လင်ယောက်ျားတွေရဲ့ သဘာဝကိုယ်သင်းနံ့ကို စွဲမက်တတ်ကြပါသတဲ့။ အော့အံစရာ အောက်သိုးသိုး ချိုင်းချွေးနံ့တော့ မဟုတ်လောက်ပါဘူးလေ။

ရေမွှေးဆပ်ပြာတို့ ချိုင်းချွေးနံ့ပျောက်လိမ်းဆေးတောင့် (Deodorant Roll_On)တို့ အသုံးပြုပြီး ကာကွယ်နိုင်ကြောင်း အခြေခံလေးတွေကတော့ လူတိုင်းသိကြပါတယ်။ အိပ်ယာခင်းနှင့် တံဘက်တွေကို ပိုလီစတား ဒါမှမဟုတ်​ ချည်သားနဲ့ အများဆုံးပြုလုပ်ထားတတ်တာကြောင့် စာဖတ်သူရဲ့ အိပ်ရာခင်းတွေ၊ တဘက်တွေကို အတော့်ကို သန့်သန့်ရှင်းရှင်းထားမှဖြစ်ပါမယ်။ ကိုယ်နံ့ ချွေးနံ့တွေကို စုပ်ယူထားတဲ့အတိုင်း အနံ့စွဲနေတတ်လို့ပါ။ အိပ်ရာခင်းတွေ လျှော်ဖွပ်ပြီးလျှင် ကောင်းကောင်းခြောက်အောင် လှန်းဖို့လိုသလို စာဖတ်သူ ရေချိုးပြီးချိန်မှာလည်း အသုံးပြုပြီးတဘက်အား ကြိုးတန်းမှာ ပြန့်ပြန့်ပြူးပြူး ချိတ်ဆွဲထားရပါမယ်။

 (၆) ရေမွှေးအဆွတ်များခြင်း (TOO MUCH COLOGNE)

မာရသွန်အပြေးပြိုင်ပွဲဝင်ပြေးခဲ့သူတစ်ယောက်စီက ကိုယ်နံ့လို ကိုယ်ခန္ဓာကအနံ့ထွက်နေသူကို ချစ်သူကကောင်မလေးက သဘောကျမယ်လို့ မထင်မြင်မိပါ။ ဒါပေမဲ့ အဲ့သလိုကိုယ်နံ့မျိုး မထွက်ဖို့ ရေမွှေးမျိုးစုံ အလွန်အကျွံအသုံးပြုဖုံးကွယ်တာကလည်း ကောင်းမွန်တဲ့ ဖြေရှင်းနည်း  မဟုတ်ပြန်ပါဘူး။ အမွှေးဆီလိမ်းတာ ဆွတ်တာမျိုးမဟုတ်ဘဲ အချို့သော ပက်ဖျန်းလို့ရတဲ့ ရေမွှေးတွေက အလွန်​အကျွံ ဆွတ်​ဖျန်းမိတဲ့ အန္တရာယ်ကို ဆင်ခြင်ဖို့လွယ်ကူစေသလို တိုင်းဆမှတ်မိဖို့ အဆင်ပြေစေပါတယ်။

လည်တိုင်နဲ့ ၇ လက်မလောက်အကွာအဝေးကနေ ရေမွှေးပုလင်းကိုကိုင်ပြီး ခလုတ်ကို တစ်ချက်ဖိကာ ပက်ဖျန်းလိုက်ပါ။ မလုံလောက်သေးဘူးလို့ ယူဆပါက လက်ကောက်ဝတ်အတွင်းဘက်နေရာလေးကို နောက်ထပ် တစ်ချက်ဆွတ်ဖျန်းလိုက်ပါဦး။ ညဘက် Date တဲ့အခါသုံးလို့အဆင်ပြေတဲ့ ရေမွှေး ၊ အပြင်ကို အလည်အပတ်ထွက်တဲ့အခါသုံးတဲ့ ရေမွှေး သို့မဟုတ် ရုံးခန်းမှာသုံးလို့ အဆင်ပြေတဲ့ ရေမွှေး စတဲ့ရွေးချယ်မှုကတော့ ရှိရပါတယ်။

(၇) ဘောက်ထခြင်း (DANDRUFF)

ရာသီဥတုပြောင်းလဲချိန်ရဲ့ ရိုက်ခတ်မှုအရ အချို့သောသူများ DNA အနည်းငယ်ပြောင်းလဲကာ ဦးရေပြားယားယံတာမျိုးဖြစ်တတ်ပါတယ်။ တစ်ခေါင်လုံး ဦးရေပြားအနှံ့နည်းပါး အဖတ်လေးတွေ ကွာထွက်နေတာမျိုးဖြစ်တတ်တော့ ချစ်သူမိန်းကလေးတွေက ပခုံးပေါ်ကျနေတာတို့ နဖူးပြင်တ၀ိုက်တွေ့မိတာတို့ ဖြစ်လာနိုင်ပါတယ်။

ဆံသဆရာတွေ သူတို့ဖောက်သည်များကို အကြံဉာဏ်​​ပေးကြတာက ရက်သတ္တပါတ် တစ်ပတ်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထက်ပိုပြီး ခေါင်းမလျှော်ကြဖို့ပါပဲ။ ဘောက်အလွန်ထနေသူများကတော့ နေ့စဉ်အသုံးပြုလို့ရတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည် (Anti-Dandruff Daily Shampoo)ကို သုံးပါလို့ပြောပါတယ်။ ခေါင်းလျှော်ရည်ကို ပြောင်စင်အောင် ဆေးကျောဖို့လိုသလို ဆံသားခြောက်သွေ့အောင် တဘက်နဲ့သုတ်ပြီးနောက် ဦးရေပြားကို ဆီဆွတ်ပေးဖို့ မမေ့ရပါ။

(၈) သွားဝါ၀ါ (YELLOW TEETH)

နံနက်ခင်းတိုင်း သောက်မိတတ်တဲ့ ကော်ဖီ သို့မဟုတ် ဆိုးဆေးအရောင်ပါ သောက်စရာအချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ သွားအရောင်သန်းတာ ပြောင်းတာမျိုးဖြစ်ခြင်းကို ဘယ်သူတဦးတစ်ယောက်မှ မမျှော်လင့်ထားလောက်ပါဘူး။ ရောဂါတစ်ခုခုကြောင့် ဆေးဝါးတမျိုးမျိုးမှီဝဲရသူများမှာလည်း သွားအရောင်ပြောင်းတာမျိုးဖြစ်တတ်သေးတာပါ။

ဘာပဲဖြစ်​ဖြစ်​ ခြောက်လတစ်ကြိမ် သွားဆရာဝန်နဲ့ပြပြီး သွားချိုးခြစ်တာ အရောင်ပြန်တင်တာမျိုးလုပ်တာကတော့ အချိန်မကုန် မြင်သာသိသာစေပါတယ်။ အစားအစာ စားသောက်ပြီးတိုင်း သွားတိုက်ဆေး သွားပွတ်​တံ အသုံးပြုပြီး သွားသန့်ရှင်းပေးရင်လည်း မဆိုးပါဘူး။

(၉) ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းအစုံ(CRACKED LIPS)

နုညံ့​သော နှုတ်ခမ်းသားအစုံရဲ့ အစွမ်းအစကို ဘယ်တော့မှ လျော့မတွက်ပါနဲ့။ တပ်မက်စွာနမ်းရှိုက်မလား...အဲ....နှုတ်ခမ်းအစုံကိုသုံးပြီး စာဖတ်သူကြိုက်ရာလုပ်နိုင်တယ်လေ။ အအေးပိုတဲ့ရာသီဥတုကြောင့် သို့မဟုတ် ပါးစပ်ခြောက်သွေ့လို့ နှုတ်ခမ်းကို မကြာခဏလျက်ပြုတဲ့ အကျင့်ကြောင့် နှုတ်ခမ်းသား ကြမ်းနေနိုင်ခဲ့သလို အရေပြားခြောက်သွေ့ကွဲအက် ကျန်နေနိုင်ပါတယ်။

ရာသီဥတုကြောင့် နှုတ်ခမ်းကွဲတာနေမှာပါလေလို့ ချစ်သူလေးကို ထင်မြင်စေချင်မှာသေချာတယ်။ ပျားဖယောင်းနဲ့ ကိုကိုးထောပတ်ဓာတ်တွေပါဝင်တဲ့ နှုတ်ခမ်းလိမ်းဆေးအဆီက နှုတ်ခမ်းသားတွေကို ချောမွေ့စေတာပေါ့။ နေရောင်ကာတဲ့ SPF ပမာဏအနည်းငယ်ပေါင်းစပ်ပါဝင်ရင် ပိုကောင်းပါတယ်။

(၁၀) ကျောပြင်ဝက်ခြံ (BACK ACNE)

အဆီပြန်တတ်သော အရေပြားကြောင့်သော်လည်းကောင်း ရေချိုးခန်းသုံး သပွတ်​အူ အမျိုးအစား (bath loofah) အရွေးမှားပြီး သုံးမိခြင်းသော်လည်းကောင်း ကျောပြင်အရေပြားပေါ်က ၀က်​ခြံ အခြေအနေဆိုးနိုင်ပါတယ်။ ဘင်ဇွိုင်းပါအောက်ဆိုက် (salicylic acid or benzoyl peroxide) လိုပါဝင်ပစ္စည်းတွေပါတဲ့ ရေချိုးဆပ်ပြာကို အသုံးပြုပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးပါ။ ရေချိုးဆပ်ပြာရည်ကို လက်ဖ၀ါးထဲ ပမာဏအတော်အသင့်ထည့်၊ ကျောပြင်တ၀ိုက်ကို စက်ဝန်းသဏ္ဌာန် ငြင်ငြင်သာသာ ပွတ်သပ်နှိပ်နယ်ဆေးကြေားပါ။

(Alex Aung)

Ref: 10 Things She Secretly Notices About Your Hygiene By Christine Robertson

No comments: