Monday, March 19, 2018

ကလေးနှင့် အရေးပေါ်လက္ခဏာများ

ကလေးငယ်နှင့် အရေးပေါ်
*********************


အိမ်မှာ ကလေးရှိလျှင် အရေးပေါ်အသက်ကယ်နည်းကို သိထား၊ လေ့ကျင့်ထားလျှင် ကောင်းသည်။ အရေးပေါ်လူနာတင်ကား မလာခင်၊ ဆေးရုံမရောက်ခင် အသက်ကယ်နည်းသုံးနိုင်သည်။

အရုပ်နှင့် ၃-၄ ခါ ကျင့်ထားပြီး ပုံမှန်ပြန်လေ့ကျင့်လျှင် လိုအပ်သည့်အခါ ကိုယ့်ကလေး သူများကလေးကို ကယ်တင်နိုင်ပါသည်။

ကလေး ရုတ်တရက် သတိလစ်လျှင်

ပုံ (၁) ကလေးပါးစပ်ထဲ အစာ၊ သွေး၊ အန်ဖတ် ရှိမိရှိကြည့်ပါ။ ရှိလျှင် လက်သန်းသုံး၍ အသက်ရှူ လမ်းကြောင်းပွင့်ရန် အမြန်ဖယ်ထုတ်ပါ။ ကလေးကို ကျောတွင်  လှဲချသော ပုံစံထားပါ။

ပုံ (၂) ကလေး အသက်ရှူမရှူ သိရန် နှာဝတွင် သင့်ပါးကို လေတိုးမတိုးစစ်ပါ။ ရင်ဘတ် လှုပ်ရှားမှု ရှိမရှိကြည့်ပါ။

ပုံ (၃) ကလေး အသက်ရှူလျှင် ကလေးကို ပုံပြထားသည့် အနေအထားနှင့် အရေးပေါ်ဌာနသို့ ခေါ်သွားပါ။ လမ်းတလျောက် ကလေး အသက်ရှူမရှူ ပုံမှန်စစ်သွားပါ။

အဆင့် (၄) ကလေး အသက်မရှူလျှင် အနားမှ လူကို အရေးပေါ် လူနာတင်ကားခေါ်ခိုင်းပါ။ ကိုယ်ပိုင်ကားက ပိုမြန်လျှင် မောင်းမည့်သူကို အော်ခေါ်ပါ။

ပုံ (၅) တချိန်တည်းတွင် အသက်ကယ်ဖို့ စတင်ပါ။ လက်ချောင်း ၂ ချောင်းသုံး၍ ကလေး ရင်ဘတ်အလယ်တွင် ရင်အုံ အနက် ၃ပုံ ၁ ပုံ ဝင်အောင် ၁၈ စက္ကန့် အတွင်း အချက် ၃၀ ဖိပါ။ (တစ်မိနစ် အကြိမ် ၁၀၀ နှုန်း)

ပုံ (၆) အချက် ၃၀ ဖိပြီးလျှင် ကလေး ခေါင်းကို အနောက်သို့ အနည်းငယ်စောင်းပေးပါ။ မေးစေ့ကို မပါ။ အသက်တစ်ချက်ရှူသွင်းပြီး ထိုလေကို ကလေးပါးစပ်နှင့် နှာခေါင်းကို ငုံ၍ ဖြည်းညှင်း ငြင်သာစွာ မှုတ်ထည့်ပေးလိုက်ပါ။ ကလေး ရင်ဘတ် မြင့်တက်လာလျှင် သင်ထည့်ပေးသောလေက ကလေး အဆုတ်ထဲ ရောက်ရှိကြောင်းပြသည်။ နောက်တစ်ကြိမ် ထပ်မှုတ်ပေးပါ။

ပုံ (၇) အရေးပေါ်ဌာနသို့ မရောက်မချင်း နာရီဝက် ကြာအောင် ရင်ဘတ် အချက် ၃၀ ဖိပြီး လေ ၂ ချက် မှုတ်ထည့်ခြင်းကို တစ်လှည့်စီ ဆက်တိုက်လုပ်သွားပါ။ လမ်းတွင် ကလေး သတိပြန်လည်လျှင် (သို့) အသက်ပြန်ရှူလျှင် ရပ်ပါ။

သင်ဖိသော လက် ၂ ချောင်းက ကလေး နှလုံးကို ဖိ၍ ဦးနှောက်ထဲ သွေးပို့ပေးမည်။ သင်ပေးသော လေမှ အောက်စီဂျင်ကို ကလေး ရနေမည်။ သွေးနှင့် အောက်စီဂျင် ယာယီဖြည့်ပေးခြင်းဖြင့် ကလေး အသက်ရှင်အောင် ကူညီသည်။

#နေနေမိုးဆွေ - Child Health Myanmar Page
Reference & Pictures- credits to Raising Children Net

🛑ကလေးနှင့် အရေးပေါ်လက္ခဏာများ🛑


စကားမပြောတတ်သေးသော ကလေးများတွင် သူတို့ခံစားရသော နာကျင်ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်းများကို မေမေဖေဖေတို့ကို အသိပေးဖို့ မဖြစ်နိုင်ပါ။

ကလေး၏ အသက်အန္တရာယ်ရှိသော ရောဂါလက္ခဏာများကို မေမေဖေဖေအပြင် ကလေးကို အနီးကပ် စောင့်ရှောက်သူများအားလုံး အကျွမ်းဝင်သင့်ပါသည်။

ရုတ်တရက် နေမကောင်းသောကလေးတစ်ယောက်တွင် အောက်ပါလက္ခဏာများမှ တစ်ခုခုရှိလျှင် ကလေးဆေးရုံ/ နီးစပ်ရာဆေးရုံသို့ အမြန်ခေါ်သွားပါ။

💢(၁) ပုံမှန်ထက်အိပ်ငိုက်ခြင်း

အစားကျွေးပြီးချိန်၊ နို့စို့ပြီးချိန်တွင် ကလေးတိုင်းအိပ်ငိုက်နိုင်သည်။ သို့သော် ပုံမှန်ထက် အိပ်ငိုက်လွန်းပုံပေါ်နေလျှင်၊ အမည်ခေါ်၍၊ ချော့မြူ၍ မတုန့်ပြန်လျှင် ဦးနှောက် (သို့) ပြင်းထန်သော အခြား ပြဿနာတစ်မျိုးမျိုး ခန္ဓာကိုယ်တွင်းဖြစ်နေပြီကို ညွှန်ပြသည်။

💢(၂) ပုံမှန်မဟုတ်သော ငိုသံ

ကလေးငယ်တိုင်းငိုသည်။ သို့သော် ပုံမှန်ထက် အာခေါင်ခြစ်ပြီး အဆက်မပြတ်ငိုလျှင်၊ ငိုသည့်အသံ အားနည်းလွန်း၍ တိမ်ဝင်သွားလျှင် စိတ်ပူသင့်ပါသည်။

💢(၃) အသက်ရှူပြဿနာများ

ပုံမှန်နှင့်မတူသော အသက်ရှူပုံ၊ အသက်ရှူမြန်လွန်းပြီး လည်ပင်းအောက်ပိုင်း ချိုင့်ဝင်သွားခြင်း၊ နံရိုးကြားကြွက်သားများ ချိုင့်ဝင်သွားခြင်းတို့က လေရှူဖို့ ကြိုးစားအားထုတ်ရုန်းကန်နေရကြောင်းပြသည်။

အသက်ရှူမြန်လွန်းရာမှ ရုတ်တရက် ပြာနှမ်းလာပြီး ငြိမ်ကျသွားလျှင် အသက်အန္တရာယ် ပိုနီးကပ်လာခြင်း ဖြစ်နိုင်ပါသည်။

💢(၄) အရေပြားအရောင်

ဖြူပတ်ဖြူရော်ဖြစ်ခြင်း၊ နှုတ်ခမ်းနှင့် တစ်ကိုယ်လုံးပြာနှမ်းနေခြင်းတို့က သွေးလှည့်ပတ်မှုတွင် အရေးပေါ်အခက်အခဲရှိနေပြီကို ညွှန်ပြပါသည်။

💢(၅) အရေပြားပေါ်မှ အနီစက်များ

ဝက်သက်၊ သွေးလွန်တုပ်ကွေးနှင့် အခြားသော ကူးစက် ရောဂါပိုး များစွာက အရေပြားပေါ် အနီစက်ဖြစ်စေနိုင်သည်။ အနီစက်တိုင်း အန္တရာယ်မရှိပါ။ အနီစက်ပေါ် လက်ကလေးနှင့် ဖိကြည့်၍ အရောင်မှိန်မသွားလျှင် သွေးကြောများရောင်ရမ်းခြင်း၊ သွေးကြောပေါက်ခြင်းများ ဖြစ်နိုင်၍ အလွန်အရေးကြီးသော ပြဿနာများဖြစ်နိုင်ပါသည်။ ဥပမာ- ဦးနှောက်အမြှေးရောင်

💢(၆) အရေးပေါ်တက်ခြင်း

ရုတ်တရက် မျက်လုံးများနောက်သို့လန်သွားပြီး ခြေလက်များတဆတ်ဆတ်လှုပ်၍ တက်ခြင်းသည် အဖျားကြီး၍ ယာယီတက်ခြင်းဖြစ်နိုင်သလို အခြားသော အရေးပေါ်ပြဿနာများစွာကြောင့် တက်နိုင်ပါသည်။ ကလေးကို ဗယ်ဘက်ဘေးတစောင်းထား၍ ဒူးကွေးထားပေးပါ။ ကလေး ပါးစပ်ထဲ ဘာမှ မထည့်ပါနှင့်။အသက်ရှူလမ်းကြောင်းပိတ်နိုင်ပါသည်။ ဆေးရုံအမြန်ခေါ်သွားပါ။

💢(၇) သိသာစွာဆီးသွားနည်းသွားခြင်း

တစ်ရက်တွင်း ခါတိုင်းလဲပေးနေကျ သေးခံအရေအတွက်၏ တစ်ဝက်ထက်နည်းသွားလျှင် ရေဓာတ်လွန်စွာ ခန်းခြောက်နေပြီဖြစ်သည်။

💢(၈) နို့နှင့် အစာမဝင်ခြင်း

ကလေးက နို့မစို့နိုင်လောက်အောင်၊ အစားမစားနိုင်လောက်အောင် အားအင်ကုန်သွားပြီဖြစ်၍ ကိုယ်ခန္ဓာထဲ ပြဿနာ ကြီးကြီးမားမားဖြစ်နေပြီဖြစ်သည်။

💢(၉) အဆက်မပြတ်အန်ခြင်း

၂ နှစ်အောက်ကလေး နို့နှင့် အစာမဝင်လောက်အောက် အန်ခြင်းက ၁၂ နာရီကျော်လျှင် ဆေးရုံသွားပါ။

၂ နှစ်အထက်ကလေး အစာမဝင်လောက်အောက် အန်ခြင်းက ၂၄ နာရီကျော်လျှင် ဆေးရုံသွားပါ။

💢(၁၀) အဖျားကြီးခြင်း

၃ လအောက်ကလေးတွင် ကိုယ်ပူချိန် ၃၈ံစင်တီဂရိတ်/ ၁၀၀.၄ံ ဖာရင်ဟိုက် ကျော်လျှင် ဆေးရုံသွားပါ။

၃ လအထက် ကလေးများတွင် ကိုယ်ပူချိန် ၃၈ံစင်တီဂရိတ်ကျော်တိုင်းတော့ အရေးပေါ်မဟုတ်ပါ။ အဖျားကြီးခြင်းက အထက်ပါ ၁ မှ ၉ ထိ လက္ခဏာများနှင့် တွဲနေလျှင်  ဆေးရုံသွားပါ။

🛑ကလေးငယ်များသည် ရုတ်တရက် ပြင်းထန်စွာ နေမကောင်းဖြစ်သည့်အခါ ဆိုးရွားသော အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိတတ်ပါသည်။ အရေးကြီးသော လက္ခဏာများကို အရေးတကြီးကုမှသာ ကလေးများ၏ အသက်ကို ကယ်တင်နိုင်ပါလိမ့်မည်။🛑

နေနေမိုးဆွေ (Child Health Myanmar)

(Child Health Myanmar စာမျက်နှာကို သွားရောက်ပြီး ဆောင်းပါးများစွာဖတ်ရှုဖို့ စာရေးသူနေရာကို Click နှိပ်ပါ။ Links ချိတ်ထားပါတယ်။) 

No comments: