Thursday, January 7, 2016

ကိုယ်ဝန်မပျက်အောင်



Progesterone (ပရိုဂျက်စတီရုန်း) 


၁။ ဆရာရှင့် ကျွန်မအသက်က ၄ဝ ပါ။ ဆီးချိုရှိပါတယ်။ ကိုယ်ဝန်က ၅ ပါတ်ပါရှင့်။ metformin သောက်နေပါတယ်။ A1C က 5.1 ရှိပါတယ်ရှင်။ OG နဲ့လည်းပြနေပါတယ်ရှင်။ ကိုယ်ဝန် ၂ ကြိမ်ပျက်ဖူးပါတယ်။ OG က ကျွန်မကို progesterone 100mg ကို တစ်နေ့နှစ်ကြိမ်သောက်ခိုင်းပါတယ်။ ဒီဆေးရဲ့ကောင်းကျိုးဆိုးကျိုးကိုသိချင်ပါတယ်ရှင်။

၂။ ရန်ကုန်ခဏပြန်တုန်း အိုဂျီနဲ့ပြခဲ့တယ်။ ဆရာဝန်က folid acid နဲ့ အားဆေး တစ်မျိုး တွဲသောက်ခိုင်းတယ်။ အခု့ ရောက်တော့ အားဆေးဝယ်မရလို့ ဘယ်လိုဆေး သောက်ရမလဲ ပြောပြပါဆရာ။ Progesterone Test Result က 1.36mg/ml ဆိုတာ ဘာကိုဆိုလိုတာလဲ ဆရာရှင်းပြပေးပါဦး။

၃။ ဆရာ Utrogestan ဆေးက ကလေးယူဖို့ကြိုးစားနေတဲ့အချိန်မှာ သောက်လို့ရပါသလားရှင့်။ side effect ကော ဘယ်လိုရှိပါသလဲ။

၎။ ဆရာ သမီးက့ မြို့ကပါ။ အခုဆေးဘဲပေးလိုက်ပါတယ်။ ကလေးမြဲဆေးပါတဲ့။ ဒီဆေးနဲ့ လောလောဆယ် အဆင်ပြေလားသိချင်ပါတယ်။ susten 100 ဆေးလုံး အဖြူလေးတွေပါ။ ၂ ပတ်သောက်ခိုင်းပါတယ်ရှင့်။ တခြားသူတွေ ပြောတာ သားအိမ်ခိုင်ဆေးထိုးပေးတယ်တဲ့။ ဆရာမကစားဆေးပဲပေးတယ်။ လုံလောက်ပါသလားဆရာ။ သမီး TV စလောင်းမှာ Home heath လိုင်းမှာဆို သားဖွားဆရာဝန်တွေက လူနာကိုဖြစ်စဉ် အကျိုးအကြောင်း ရှင်းပြတင်ပင်တယ်။ ဒီမှာက အားကိုးလို့ OG နဲ့ပြမှ ပိုဆိုးတယ်။ မြန်မြန်ပြပြီး ပြန်ထွက်လာရတယ်။ သဘောလောက်ဘဲ သိရတော့ ဘဝင်မကျဘူး။ သမီးရဲ့ စစ်ချက်တွေကိုလဲ ပို့ပေးပြီးမေးပါရစေ။ မနေ့ကဆို ဆေးဆိုင်ရောက်မှ 100 အားလား 200 အားလားမေးပြီး ဆေးဝယ်ရတယ်။ အရင်ဆေးစာရေးထဲကမပါဘူး။ ကျေးဇူးတင်ပါတယ်ဆရာ။

အမျိုးသမီးဟော်မုန်းတမျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ခေါ်နိုင်တယ်။ မရှိလို့မဖြစ်ပါ။ နည်းရင် များရင်လည်း မကောင်းပါ။ (IVF) လို့ ကိုယ်ဝန်အောင်မြင်စေအောင် အထောက်အကူပေးနည်းတွေမှာသုံးတယ်။ တနေ့ ၁ ခါ တင်ပါးမှာထိုးတယ်။ အဆီနဲ့ လုပ်ထားတယ်။ အပ်ရှည်သုံးတာကောင်းတယ်။

မေးခွန်းထဲက Utrogestan ဆေးရော Susten ဆေးဟာ Progesterone (ပရိုဂျက်စတီရုန်း) ဖြစ်တယ်။ ကိုယ်ဝန်ဆောင်နေတုံး သွေးနည်းနည်းဆင်းတာလည်း ပေးတယ်။ ကလေးရစေအောင်လည်းပေးတယ်။ သားအိမ်အတွင်းဆုံးအလွှာအောက်မှာရှိနေတဲ့ အကျိတ်ရောဂါနဲ့ သားအိမ်ကင်ဆာအတွက်လည်းသုံးတယ်။ Susten (progesterone) ကို တနေ့ ၁-၂ ကြိမ်ပေးတယ်။ ထိုးဆေး၊ စားဆေးအပြင် မွေးလမ်ကြောင်းထဲ ထည့်ဆေးအနေနဲ့လည်းလာတယ်။

ရာသီမမှန်တဲ့ အမျိုးသမီးတွေအတွက်ပါသုံးတယ်။ ရာသီမလာသူတွေကို Progesterone 5-10 mg ကို ၆-၈ ရက်ဆက် ထိုးပေးတယ်။ မျိုးဥအိမ်ကဆေးကို တုန့်ပြန်မှု ရှိသူတွေမှာ ဆေးထိုးပြီး ၂-၃ ရက်နေရင် သွေးဆင်းမယ်။ နောက်လတွေမှာ ပုံမှန်ပြန်ဖြစ်နိုင်တယ်။

(က) ကိုယ်ဝန်မဆောင်မီသုံးခြင်း
လလယ်ရက်မှာ မျိုးဥထွက်ပြီးတာနဲ့ (ပရိုဂျင်စတီရုန်း) ထွက်လာရမယ်။ မျိုးဥအိမ်ကနေ သဘာဝအတိုင်း ထုတ်ပေးနေတဲ့ ဟော်မုန်း နည်းနေရင်။ ဒါမှမဟုတ် လုံးဝထုတ်မပေးရင်လဲ (ပရိုဂျင်စတီရုန်း) ကိုပေးရတယ်။ သူရှိမှသာ သားအိမ် အတွင်းဆုံးလွှာက ကောင်းမယ်။

(ခ) ကိုယ်ဝန်ဆောင်ချိန်သုံးခြင်း
(ပရိုဂျင်စတီရုန်း) ကနေ သန္ခေသားဖွံ့ထွားစေဘို့ကူညီတယ်။ သန္ခေသားက သားအိမ်အတွင်းလွှာမှာ လာကပ်ပြီးတာနဲ့ ဆက်ပြီးတည်မြဲနေစေဘို့ လိုအပ်တယ်။ ကိုယ်ဝန် ၈-၁ဝ ပါတ်နောက်မှာ အချင်းဖြစ်လာပြီး (ပရိုဂျင်စတီရုန်း) ထုတ်ပေးဘို့ တာဝန်ယူလာတယ်။

(ပရိုဂျင်စတီရုန်း) အမျိုးမျိုး
၁။ Vaginal gel ဗဂျိုင်းနားထည့်ရတဲ့ ဂျဲလ်ကို တနေ့ ၁ ခါထည့်ရတယ်။ မျိုးဥအလှူခံတဲ့နည်းကိုယ်ဝန်နဲ့ အေးခဲထားတဲ့ သန္ခေကို ပြောင်းပို့တာမျိုးအတွက် ကိုယ်ဝန် ၁၂ ပါတ်အထိ ထည့်စေတယ်။

၂။ Vaginal suppositories ဗဂျိုင်းနားထဲထည့်ဆေး
တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။

၃။ Vaginal inserts ဗဂျိုင်းနားထဲထည့်ဆေး
အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေကိုသုံးတာများတယ်။ တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။

၎။ Progesterone oral capsules သောက်ဆေး
တနေ့မှာ ၃ ခါထည့်နိုင်တယ်။ မွေးလမ်းထဲထည့်ဘို့ မညွှန်းပါ။

ဘေးထွက်ဆိုးကျိုးများ = သွေးဆင်းတာ အမျိုးမျိုး (ကြားရက်ဆင်းတာ၊ အစက်ကလေးသာဆင်းတာ၊ အရင်ကနဲ့ မတူတာ)၊ ကိုယ်အလေးချိန် ပြောင်း (ပိန်-ဝ) တာ၊ ကိုယ်ရောင်တာ၊ သားအိမ်ဝကအဖြူဆင်းတာ၊ အသားဝါ၊ ရင်သား တင်းနာတာ၊ ဆေးထိုးတဲ့နေရာ နာတာ-ယားတာ၊ ဝက်ခြံထွက်တာ၊ အမွှေးထူတာ၊ စိတ်ကျတာ၊ ကိုယ်ပူတာ၊ အိပ်မပျော်တာ၊ ပျို့တာတွေဖြစ်နိုင်တယ်။

ဘယ်လိုအမျိုးသမီးတွေကို ဒီဆေးမပေးသင့်သလဲ
သွေးပြန်ကြောရောင်သူ၊ အသည်းမကောင်းသူ၊ ရင်သားနဲ့ မျိုးပွါးလမ်း ကင်ဆာရှိသူ၊ မွေးလမ်းကြောင်းကနေ အကြောင်းမှန် မသိရဘဲ သွေးဆင်းနေသူ၊ Missed abortion ကိုယ်ဝန်ပျက်သူ။

အမျိုးသမီးရဲ့ မျိုးဥအိမ်က (ဖေါ်လီကယ်) ကနေ နေ မျိုးဥထွက်ပြီးတဲ့ကျန်တာကို (ကောပတ်စ် လူတီယမ်) ခေါ်တယ်။ သူကနေ (ပရိုဂျက်စတီရုန်း) ဟော်မုန်း ၁၂-၁၆ ရက်ကြာ ထုတ်ပေးတယ်။ သားအိမ်ကို သန္ဓေဖြစ်လာရင် လာပြီး တွယ်ကပ်စေဘို့ ပြင်ဆင်ပေးတာဖြစ်တယ်။ မျိုးဥနဲ့ သုက်ပိုးတွေဆုံ-ပေါင်းစပ်မှုဖြစ်ပြီးကြရင်လဲ အဲဒီကနေ (ပရိုဂျက်စတီရုန်း) ဟော်မုန်းကို ကိုယ်ဝန် ၁ဝ ပါတ်အထိ ဆက်ထုတ်ပေးနေအုံးမယ်။

(ပရိုဂျက်စတီရုန်း) ဟာကိုယ်ဝန်အတွက် အလွန်အရေးကြီးပါတယ်။ (ကောပတ်စ် လူတီယမ်) ကနေ လုံလောက်အောင် ထုတ်မပေးနိုင်ရင် ကိုယ်ဝန်မြဲပါ။ သူကနေ ခုခံမှုစနစ်ကို တားပေးမယ်၊ (ပရိုစတက်ဂလင်ဒင်) နည်းစေမယ်၊ သားအိမ် အချိန်မတန်ဘဲ ညှစ်မှာကို တားထားမယ်။ ကိုယ်ဝန်ရှိ-မရှိစမ်းတဲ့ hCG အချင်းဟော်မုန်းနဲ့အတူ (ပရိုဂျက်စတီရုန်း) ဟော်မုန်းတို့ဟာ ပုံမှန်ကိုယ်ဝန်ဟုတ်-မဟုတ်ကို တိုင်းတာစရာတွေတယ်။

(ပရိုဂျက်စတီရုန်း) က ၂-၃ ရက်မှာ 1-3 mg/ml တိုးတိုးလာရမယ်။
• ကိုယ်ဝန် နုကာစမှာ 10 mg/ml အနည်းဆုံးရှိနေသင့်တယ်။
• ကိုယ်ဝန် ၅-၆ ပါတ်မှာ 12-20 mg/ml ရှိနေသင့်တယ်။
• ကိုယ်ဝန် ပဌမ ၃ လ = 9-47 mg/ml (11.2-90.0 mg/mL)
• ကိုယ်ဝန် ဒုတိယ ၃ လ = 17-147 mg/ml (25.6-89.4 mg/mL)
• ကိုယ်ဝန် တတိယ ၃ လ = 55-200 mg/ml (49-300 mg/ml)
• ရာသီစက်ဝန်းထဲမှာလဲ ပြောင်းနေတယ်။
• ရာသီရက် ၁-၁၄ ရက် = >1 to 1.5ng/ml
• ရာသီရက် ၁၅-၂၈ ရက် = 2-28 mg/ml (5 to 20 mg/mL)

ပရိုဂျက်စတီရုန်းကို မျိုးဥအိမ်၊ ကျောက်ကပ်အထက်မှာအဖုံးလိုကပ်နေတဲ့ အဒရီနယ်ဂလင်းနဲ့ ဦးနှောက်အောက်နားက အိတ်ကလေးတွေကနေ အလိုလိုထုတ်ပေးနေတာဖြစ်တယ်။ ကိုယ်ဝန် ၈ ပါတ်ကစပြီး အချင်းကနေထုတ်ပေးတယ်။ သူ့ကြောင့်လည်း ဆီးပိုသွားစေတယ်။ စိတ်မကျအောင်လည်းလုပ်ပေးတယ်။ လိင်စိတ်ပိုစေတယ်။ စိုးရိမ်စိတ် နည်းစေတယ်။ Feel good hormone နေလို့ထိုင်လို့ကောင်းစေတဲ့ဟော်မုန်းလို့လည်းခေါ်ကြတယ်။

Progesterone (ပရိုဂျက်စတီရုန်း) http://doctortintswe.blogspot.com/2014/11/progesterone.html
Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး http://doctortintswe.blogspot.com/2014/11/susten-100.html
Miscarriage Prevention ကိုယ်ဝန်မပျက်အောင် http://doctortintswe.blogspot.com/2014/12/miscarriage-prevention.html

ဒေါက်တာတင့်ဆွေ

Miscarriage Prevention ကိုယ်ဝန်မပျက်အောင် 


၁။ ဆရာရှင့် သမီးကိုယ်ဝန် ၁ဝ ပတ်မှာ ကလေးက ၈ ပါတ်ဆိုဒ်မှမတက်၍ သားအိမ်ခြစ်ရပါသည်။ လက်ရှိ ပတ်ဝန်းကျင်တွင် ကလေးနှလုံးမခုန်၍ သားအိမ်ခြစ်ပစ်ရသူ တော်တော်များများကို တွေ့နေရပါသည်။ အကြောင်းရင်းလည်း ရှာမတွေ့ပါ။ သားအိမ်ခြစ်ပြီး ၁ လနေ ကိုယ်ဝန်ပြန်ယူ၍ရပါသည်ဟု OG က ပြောပါသည်။ သားအိမ်နုနေ၍ ၁ လနေပြန်ယူလျှင် ကိုယ်ဝန်မြဲနိုင်ပါသလား ဆရာရှင့်။ ကလေးအရမ်းလိုချင်၍ အမြန်ဆုံးလည်း ပြန်လိုချင်ပါတယ်ဆရာရှင့်။

၂။ ဒေါက်တာရှင့် သမီးအသက် ၃၁ ကျော်ပါပြီ။ အိမ်ထောင်ကျတာ ၁ နှစ်ခွဲလောက်ရှိပါပြီ။ ကိုယ်ဝန်က ၃ ကြိမ်တောင် ပျက်သွားပြီး ၂ ကြိမ် DNC လုပ်ရပါတယ်။ ပထမက ၃ လ မှာ ဒုတိယက ၂ လ နောက်ဆုံးကတော့ တစ်လတောင် မရှိမသိလိုက်ပဲ သွေးဆင်းမူမမှန်လို့သွားပြရင်း ရှိနေတယ်လို့သိရတာပါ။ သမီး ကလေးရနိုင်ပါ့မလား။ ဘာတွေ စစ်ဆေးသင့်သလဲ။ သိချင်ပါတယ်။ ကျန်းမာရေးအားနည်းချက်အနေနဲ့တော့ သမီးက အဆုပ်ရောင်တတ်ပြီး အားနည်းပါတယ်။ Stress ရှိတိုင်း ASO တက်တိုင်း chest pain ဖြစ်တတ်ပါတယ်။ ဆီးပိုးဝင်တာကုဖူးပြီး၊ တီဘီ သံသယဆိုပြီး ၆ လ ဆေးသောက်ဖူးပါတယ်။ အသားထက် အသီးအရွက်တွေပဲကြိုက်ပြီး စိတ်ခံစားလွယ်ပါတယ်။ အမျိုးသားက ၃၄ နှစ်ပါ။ သားသမီးရနိုင်ပါ့မလားဆရာ။ မြဲအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲ။ အိုဂျီတွေကတော့ ဖောလစ်အက်ဆစ်နဲ့ vitamin E ပဲပေးပါတယ်။ ဖြေပေးပါဦးဆရာ။

၃။ ကျွန်မနာမည့့် ပါ။ အသက်ကအခု ၂၅ နှစ်ပါ။ ရန်ကုန်တိုင့်း့ မြို့နယ်မှာနေပါတယ်။ အိမ်ထောင်ကျတာ ၆ နှစ်ရှိပါပြီ။ ကလေးတယောက်မှမရှိသေးပါဘူး။ ကျွန်မ အသက် ၂ဝ မှာ ကိုယ်ဝန်ရှိပါတယ်ဆရာ။ အသက်ငယ်သေးတယ် ဆိုပြီး ကိုယ်ဝန် ၁ လကျော်လောက်မှာ ဖျက်ချလိုက်တယ်ဆရာ။ သားအိမ်မခြစ်ဖြစ်ဘူးဆရာ။ ဒီလိုနဲ့ အသက် ၂၂ နှစ်မှာ ကိုယ်ဝန်ထပ်ရတယ်။ ကျွန်မယူဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကိုယ်ဝန် ၂ လလောက်မှာ ချော်လဲပြီး ကိုယ်ဝန်ပျက်သွားတယ်ဆရာ။ ဒီတခေါက်လဲသားအိမ်မခြစ်ဖြစ်ဘူးဆရာ။ နီးရာဆေးခန်းဘဲ ပြလိုက်တယ်ဆရာ။ အခုကျွန်မအသက် ၂၅ နှစ်မှာ ကိုယ်ဝန်ထပ်ရတယ်ဆရာ။ ဆေးခန်းတွေသေချာပြပြီး အရမ်းကို ဂရုစိုက်ပါတယ်။ ကိုယ်ဝန် ၂ လခွဲလောက်မှာသွေးတွေဆင်းတယ်ဆရာ။ အဲ့ဒါနဲ့ အယ်ထရာဆောင်းသွားရိုက်ကြည့်တော့ ကလေးမရှိတော့ဘူးလို့ပြောတယ်။ ကျွန်မလဲကြောက်ကြောက်နဲ့ အထူးကုဆေးရုံဘဲသွားလိုက်တော့တယ်။ ဆေးရုံ ရောက်တော့ သားအိမ်ခြစ်ရမယ်လို့ပြောပါတယ်။ ကျွန်မလဲ၃ကြိမ်ရှိပြီဆိုတော့ ဆေးရုံတက်ပြီး သားအိမ်ခြစ်လိုက်ပါတယ် ဆရာ။ အခုဆိုကျွန်မဆေးရုံကဆင်းတာ ၅ လရှိပါပြီဆရာ။ ကျွန်မကလေးယူလို့ရသေးရဲ့လားဆရာ။ တကယ်လို့ယူလို့ရှိရင် ကိုယ်ဝန်ခိုင်အောင် ဘာတွေသောက်ရမလဲ၊ ဘာတွေရှောင်ရမလဲ၊ ဘယ်လိုဂရုစိုက်ရမလဲဆရာ။ ကျွန်မကလေးမွေးရင် ခွဲမွေးရမလား၊ ရိုးရိုးမွေးရမလားဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါဦးဆရာ။

၎။ ဆရာ သမီးက ကိုယ်ဝန်ပျက်ကျတာ ၃ ခါရှိပါပြီ။ အကြိုနေ့ညကမှ ပျက်ကျလို့ ဆေးရုံမှာ သားအိမ်ခြစ်ထားပါတယ်။ ကလေးပျက်ကျတာများလို့ စိတ်လဲထိခိုက်ပါတယ်။ ဒါကြောင့် နောက်ထပ် ကလေးအတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုမျိုး လုပ်ထားရမလဲဆိုတာ ရိုသေလေးစားစွာဖြင့် ဆရာကိုမေးတာပါ။ သမီးက အသက် ၃၇ ရှိပြီမို့ ကလေးပိုလိုချင်တာပါ။ အမျိုးသားနဲ့ အသက်ရွယ်တူတွေပါ။ အသက် ၃၅ မှ အိမ်ထောင်ပြုထားထာပါ။

၅။ ကျွန်တော့် အမျိုးသမီးက ၄ လကို ၁ ရက်မစွန်းပါဘူးဆရာ။ ၆ ကြိမ်ရှိပါပြီ။ အိမ်ထောင်သက် ၈ နှစ်ရှိပါပြီ။ ကိုယ်ဝန် ပျက်တာက သားအိမ်ချုပ်တာတောင် မရဘူး။

ကိုယ်ဝန်ရတိုင်း ကလေးအကောင်းမမွေးတတ်ပါ။ ကိုယ်ဝန်ပျက်တာကို ကိုယ့်ဖါသာကိုယ် မသိလိုက်သူတွေလဲ မနည်းပါ။ ဘာလို့ အဲလို အလိုလိုပျက်သလဲဆိုတဲ့ အကြောင်းတရားတွေက များတယ်။ တခါပျက်ပြီး နောက်ကိုယ်ဝန် အောင်မြင်ချင်လို့ မေးလာသူလဲ မနည်းပါ။

Miscarriage ဆိုတာ ကိုယ်ဝန် ၁၂ ပါတ်အတွင်း အလိုလိုပျက်ကျတာကို သတ်မှတ်တယ်။ ကိုယ်ဝန်မှန်သမျှရဲ့ ၁၅% လောက်ပျက်တယ်။ ၇၅% က ကိုယ်ဝန် ၁၂ ပါတ်အတွင်းမှာ ပျက်တယ်။ ကိုယ်ဝန် ရှိ-မရှိကို hCG အချင်းဟော်မုန်း စစ်ရတယ်။ အပေါင်းပြရင် ဆေးစာအရ Chemical Pregnancy ဓါတုနည်းနဲ့သေချာတဲ့ ကိုယ်ဝန်လို့ခေါ်တယ်။ (အာလ်ထွာဆောင်း) နဲ့ စစ်လို့ရလာရင်တော့ Clinical pregnancy ဆေးခန်းအတည်ပြု ကိုယ်ဝန်လို့ သတ်မှတ်တယ်။ ကိုယ်ဝန်ပျက်တာ အများစုက ဒီနောက်အဆင့်က ဖြစ်တယ်။

• Genetic (Chromosomal) အသက်ကြီးသူတွေမှာ ဒါမျိုးကို ပိုတွေ့ရတယ်။ ၄၂ နှစ်ကျော်ရင် ၂ ဆဖြစ်တယ်။ ၆ဝ%က မျိုးဗီဇချို့ယွင်းလို့ဖြစ်တယ်။ မျိုးဗီဇအခြေခံကြောင့်ဆိုရင်တော့ ဆရာဝန်လဲ မတတ်နိုင်ပါ။
• Uterine abnormalities သားအိမ်ကချို့ယွင်းတာထဲမှာ မွေးရာပါ သားအိမ်အခန်း ၂ ခုဖြစ်နေတာ၊ သားအိမ် နှစ်ခုတွဲ ဖြစ်နေတာတွေအပြင် Fibroid tumors သားအိမ်အလုံးက နေရာမတော်တာမှာရှိနေခြင်းလဲပါတယ်။ လိုအပ်ရင် ခွဲစိတ်ပြုပြင်ရမယ်။ Cervical incompetence သားအိမ်အဝ (ခေါင်း) မလုံသူဆိုရင် လစေ့တဲ့အထိ မတည်နိုင်လို့ ဆရာဝန်ကနေ ချုပ်ပြီးပြင်ပေးနိုင်တယ်။
• Medical conditions ကျန်းမာရေး အကြောင်းခံတွေထဲမှာ Diabetes mellitus ဆီးချို၊ Thrombophilia သွေးရောဂါနဲ့ Tyroid တိုက်ဖွိုက်ရောဂါတွေ ပါတယ်။ ဆီးချိုနဲ့ နှလုံးသွေးကြော ရောဂါတွေကို ထိန်းနေရမယ်။
• Immunological causes ခုခံအားချို့ယွင်းမှုထဲမှာ Antiphopholipid Antibody Syndrome, Reproductive Autoimmune Failure Syndrome တွေပါတယ်။ ခဏခဏကိုယ်ဝန်ပျက်သူဆိုရင် Immunological Issues စဉ်းစားရမယ်။

ကိုယ်ဝန်ပျက်တာထဲမှာ အများဆုံးဖြစ်တဲ့ ရာသီခွင်ကို Luteal Phase ခေါ်တယ်။ ရာသီလာပြီးနောက် မျိုးဥ မထွက်ခင် ကာလကို ခေါ်တယ်။ အဲဒီကာလမှာ ချို့ယွင်းရင် ခဏခဏကိုယ်ဝန်ပျက်တတ်တယ်။ ဒီကာလအတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာတယ်။

• Follicle stimulating hormone ထွက်လာမယ်။ မျိုးဥအိမ်ထဲက အကောင်းဆုံး Follicle (ဖေါ်လီကယ်) တခုကိုရွေ့းပြီး မျိုဥထွက်ဘို့ ပြင်တင်တော့မယ်။
• Luteinizing hormone ကနေ မျိုးဥထွက်ဘို့ နိုးဆွပေးမယ်။
• Corpus luteum ဆိုတာဖြစ်လာမယ်။ သူကနေ Progesterone ဟော်မုန်းထုတ်ပေးပေးမယ်။
• ဒီကာလက ၁၄ ရက်ကြာတယ်။
• Progesterone နဲ့ Estrogen တွဲပြီး သာအိမ်နအတွင်းဆုံးနံရံ Endometrium ကိုပြင်ပေးကြမယ်။
• ဒါမှသာ Embryo သန္ဓေသားက Implantation တွယ်ကပ်မှုဖြစ်စေနိုင်တယ်။

ဒီဆင့်ကဲဖြစ်စဉ်မှာ ချို့ယွင်ရင် ကိုယ်ဝန်ပျက်တာကို LPD လို့ခေါ်တယ်။ သွေးစစ်ပြီး သိနိုင်တယ်။ မျိုးဥထွက်ပြီး ၇ ရက်မှာ စမ်းရင် 10-14 ng/mL နည်းနေတာရှိသူကို Luteal phase defect လို့ခေါ်တယ်။ Endometrial biopsy သားအိမ် အတွင်းဆုံးလွှာ အသားစဖြစ်ယူစစ်တာလဲလုပ်နိုင်တယ်။ အာလ်ထွာဆောင်းရိုက်ပြီး (ဖေါ်လီကယ်) ကို တိုင်းနိုင်တယ်။ သေးနေတယ်သူတွေကို Clomiphene Citrate (Clomid, Milophene or Serophene) မျိုးဥကြွေဆေး ပေးရမယ်။ LPD ဖြစ်နေသူကို Progesterone ဟော်မုန်းဆေးပေးမယ်။ မျိုးဥ ထွက်ချိန်ကနေ ကိုယ်ဝန် ၁ဝ-၁၂ ပါတ်အထိ ဆေးပေးတယ်။ တခါမက ပျက်သူဆိုရင် လိုမှာအမှန်ဘဲ။

ကိုဝန်မပျက်အောင် ကိုယ်ဝန်မရခင်ကတည်းကနေ စသင့်တယ်။ ကျန်းမာရေး ကောင်းနေသူတွေ ကိုယ်ဝန်ပျက်ရတာ နည်းတယ်။ ဒါကြောင့် အစာအာဟာရ မျှတလုံလောက်အောင်စားတာနဲ့ ကိုယ်လက်လှုပ်ရှားမှု (လေ့ကျင့်ခန်း) လုပ်တာက အခြေခံလိုအပ်ချက် ဖြစ်တယ်။ စိတ်ဖိအားမများစေဘို့လဲ (ဖေါလစ်အက်စစ်) သောက်ဘို့ လိုပါမယ်။ ကိုယ်လက်လှုပ်ရှား အားကစား ပြင်းထံတာကိုလဲ ရှောင်ရမယ်။ ဓါတ်မှန် အရိုက်မခံပါနဲ့။ OG နဲ့အပ်ထားရမယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ ရှောင်ရှာပြီး၊ (ကေဖင်း) များတာ (ကော်ဖီနဲ့ ကိုလာ) လျှော့သောက်ရပါတော့မယ်။

ကိုယ်ဝန် ခဏခဏပျက်ရခြင်း
• ယူကေမှာရှိတဲ့ (ဝါးဝစ်) တက္ကသိုလ်က တွေ့ရှိချက်သစ်တခုကို ထုတ်ပြန်လိုက်ပါတယ်။
• Steroids (စတီရွိုက်) နည်းနေသူတွေမှာ ကိုယ်ဝန်ခဏခဏပျက်ရတယ်။
• ကိုယ်ဝန်ဆောင်အရေအတွက် ၇ ယောက်မှာ ၁ ယောက်မက Miscarriage ပျက်ကျတယ်။ အင်္ဂလန်မှာ ကိုယ်ဝန် ၃ ကြိမ် ပျက်ဘူးသူ ၁% ရှိနေတယ်။
• ကိုယ်ဝန်ပျက်တဲ့ အမျိုးသမီးတွေရဲ့ သားအိမ်မှာ ခုခံအားစန်စ်နဲ့ဆိုင်တဲ့ NK cells တွေ ပိုများနေတာကို သိလာရတယ်။
• Steroids ဆေးပေးရင် ကိုယ်ဝန်ပျက်တာကို သက်သာစေတာကိုသိထားပေမဲ့ အရင်က ဘာလို့လဲဆိုတာ မရှင်းတတ်သေးဘူး။
• ၁၂-၉-၂ဝ၁၃ နေ့ Journal of Clinical Endocrinology and Metabolism ထဲမှာ ရေးလိုက်တာကတော့ Natural killer cells (NK cells) တွေကနေ သားအိမ် အတွင်းဆုံးလွှာမှာ ဆက်ဖြစ်တာတွေရှိတယ်။
• Steroid levels နည်းနေရင် သန္ခေကို သားအိမ်မှာလာတွယ်ကပ်ဘို့ ခက်ခဲစေတယ်။ ဒါကြောင့် ကိုယ်ဝန် မပျက်စေအောင် (စတီရွိုက်) နည်းနည်းပေးတာ အကျိုးများတယ်။

Prednisolone 25mg ကို လလယ်ရက် (၁၁-၁၄ မြောက်ရက်) ကနေစပြီး ကိုယ်ဝန်ရတယ်ဆိုရင် ၁၂ ပါတ်အထိပေးတယ်။ ဆေးရဲ့ဘေးထွက်-ဆိုးကျိုး မများလှပါ။ ကိုယ်အလေးချိန်တက်မယ်၊ စိတ်မူပြောင်းနိုင်တယ်၊ အိပ်ရေးပျက်နိုင်တယ်၊ အရေပြား နဲနဲအပြောင်းအလဲ ရှိနိုင်တယ်၊ သွေးဖိအား တက်နိုင်တယ်။ ဆေးကကလေးဆီကို နဲနဲလေးသာရောက်မယ်။

တချို့က -
- ကိုယ်ဝန်ရရင် Prednisolone ဆေးကို ၂ ဆတိုးပြီးပေးတယ်။
- Progesterone ဆေးကို မျိုးဥထွက်ပြီး ၄ ရက်မှပေးသေးတယ်။
- Low molecular weight Heparin or Lovenox ထိုးဆေးကို ကိုယ်ဝန်ရလာရင် ထိုးပေးတာလဲရှိတယ်။
- Low dose Aspirin ကိုလဲပေးတယ်။
- Folic acid သောက်ရမယ်။
- Dydrogestrone ဆေးကိုလည်းပေးတယ်။

ဒေါက်တာတင့်ဆွေ

1. Cervical length ကိုယ်ဝန်ဆောင်နဲ့ သားအိမ်လည်ပင်းအရှည် http://dts-medicaleducation-adult.blogspot.in/2013/11/cervical-length.html
2. Cervical incompetence သားအိမ်အဝမလုံခြင်း http://dts-medicaleducation-adult.blogspot.in/2014/04/cervical-incompetence.html
3. Miscarriage Prevention ကိုယ်ဝန်မပျက်အောင် http://dts-medicaleducation-adult.blogspot.in/2013/08/miscarriage-prevention.html
4. Miscarriage ကိုယ်ဝန်ပျက်ခြင်းတမျိုး http://dts-medicaleducation-adult.blogspot.in/2012/03/miscarriage.html
5. Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်း http://dts-medicaleducation-adult.blogspot.in/2013/09/recurrent-miscarriage.html

ဒေါက်တာတင့်ဆွေ 


No comments: