လွန်ခဲ့သည့် ၂၀၁၅ အောက်တိုဘာလ ၁၂
ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တရားစခန်း တစ်ခုတွင် မအူပင်မှလာသော
အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခြင်းခံရသည်။ ချက်ခြင်းဆိုသလိုပင် နောက်တစ်နေ့
အောက်တိုဘာလ ၁၃ ရက်နေ့တွင် မအူပင်မြို့နယ်တရားရုံးတွင် အီလက်ထရွန်နစ်
ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄ (ဃ)ဖြင့် အမှုဖွင့်တရားစွဲဆိုခြင်း ခံလိုက်ရသည်။
Cyber Law ဖြင့် လတ်တလော အမှုရင်ဆိုင်နေရသည့်ဖြစ်ရပ်များမှာ တပ်မတော်ဝတ်စုံသစ်ကို ခိုင်းနှိုင်းသရော်ခဲ့သည့် အမျိုးသမီးအမှု၊ နိုင်ငံတော်အကြီးအကဲအား ကဗျာဖြင့် ညစ်ညမ်းအသုံးအနှုန်း များ ရေးသားဖန်တီးခဲ့သူ ကဗျာဆရာအမှု၊ လူထုခေါင်းဆောင်အား ညစ်ညမ်းပုံဖြင့်ဖန်တီးမှု စသည်တို့ရှိနေသည်။
ထို့အပြင် ယင်းကိစ္စများနောက်တွင် အသီးသီးသော တရားစွဲဆိုမှုများ ပြစ်တင်စွပ်စွဲမှုများနှင့် ခြိမ်းခြောက်မှုများကိုလည်း မြင်တွေ့လာရသည်။ အနုပညာရှင်တစ်ဦး၏ အိမ်ထောင်ရေးကိစ္စရပ်များ Facebook ပေါ်တွင် ပြန့်နှံ့နေခြင်းအတွက် ဝေဖန်၊ မျှဝေသူများကို ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် တရားစွဲဆိုမည်ဟု ကြေညာခြင်းများကိုလည်း မြင်တွေ့ရလေသည်။
လက်ရှိအချိန်တွင် ယင်းသတင်းများသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အင်တာနက်အသုံးပြုသူများ အကြားတွင် အထူးပင် ပွက်လောရိုက်နေသည်။ အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ အပေါ်လည်း စိတ်ဝင်စားမှုမြင့်တက်လာကြသည်။ ဤဥပဒေတွင် ဘာတွေပါသနည်း။ အဘယ်သို့သော အကြောင်းကြောင့် အဖမ်းခံရနိုင်သနည်း။ လူတွေက သိချင်လာကြသည်။
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူအများအပြားမှာ စည်းလွတ်ဝါးလွတ်သုံးစွဲနေကြသကဲ့သို့ အင်တာနက်အသုံးပြုမှုကို တိတိကျကျထိန်းကွပ်မည့် နည်းလမ်းတကျဖန်တီးထားသော ဥပဒေမျိုးလည်းမရှိပေ။ ယခုတည်ရှိနေသော Cyber Law မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုထက် အစိုးရလက်ကိုင်တုတ်သဖွယ် လိုသလိုအသုံးချခြင်းခံနေရသည့် ဥပဒေတစ်ခုသာသာမျှသာဟု သုံးသပ်မှုများရှိနေသည်။ ထို့အပြင် လက်ရှိအင်တာနက်သုံးစွဲနေကြသူများ၏ ၄ ပုံ ၃ ပုံခန့်မှာ ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်းမှသာ တိုးတက်လာကြသူများဖြစ်နေသောကြောင့် ယင်းဥပဒေနှင့် အလှမ်းဝေးလှလေသည်။
တကျော့ပြန်
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ခေတ်စားခဲ့သော Cyber Law ခေါ် အင်တာနက်အသုံးပြုမှု ဥပဒေ သို့မဟုတ် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေသည် မြန်မာ အင်တာနက်သုံးစွဲသူများအကြား တကျော့ပြန် ဝင်ရောက်လာပြန်ပြီဖြစ်ကြောင်း ရှေ့မှ အမှုအခင်းများက တပ်လှန့်နေပြီဖြစ်သည်။ ယခင်က အီလက်ရောနစ်ပုဒ်မများဟု နာမည်ဆိုးဖြင့်ကျော်ခဲ့သည့် ပုဒ်မများလည်း တစ်ကျော့ပြန် ခေတ်စားလာရဖွယ်ရှိနေသည်။
၂၀၀၄ ခုနှစ်က စတင်ပြဌာန်းခဲ့သည့် Cyber Law သည် ၂၀၀၇ ရွှေဝါရောင်သံဃာအရေးအခင်းတွင် အထူးပင် လက်သံပြောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ကြားကာလများတွင် ပုဂ္ဂိုလ်အများအပြားကို ပြစ်ဒဏ်များ ချမှတ်ခဲ့သည့် ဥပဒေနှင့် ပုဒ်မများလည်းဖြစ်သည်။ လက်ရှိအစိုးရသက်တမ်းအတွင်း ယင်းဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြင်ဆင်မှုအနည်းငယ်ပြုလုပ်ခဲ့ပြီး ပြစ်ဒဏ်များ လျှော့ချခဲ့သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နည်းပညာရှင်များ၊ အသုံးပြုသူများက ဖျက်သိမ်းရန် တောင်းဆိုမှုများရှိနေသော်လည်း ဆက်လက်တည်ရှိနေခဲ့သည်။
ယခုလည်း ယင်းဥပဒေနှင့် ပုဒ်မများ တစ်ကျော့ပြန်လာလေပြီ။ မအူပင်မှ အမျိုးသမီးကို စွဲဆိုထားသော အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄ (ဃ) တွင် အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းသို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်းများပြုလုပ်ပါက အရေးယူအပြစ်ပေးမှုများပြုလုပ်သွားမည်ဟုဖော်ပြထားပြီး ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူအား ထောင်ဒဏ် (၃)နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
စိတ်ကို အလိုလိုက်၍ တဒင်္ဂခံစားချက်ကြောင့် ဖြစ်တည်လာသော ဖော်ထုတ်ရေးသားတင်ပြမှုများအတွက်မူ အတန်ငယ်များလှသည့် ပြစ်မှုနှင့် ပြစ်ဒဏ်များဖြစ်သည်။ သို့သော်လည်း ယခင်ဥပဒေဟောင်းကာလကမူ အနိမ့်ဆုံးထောင်ဒဏ် ၁၅ နှစ်နှင့် အထက် သတ်မှတ်ထားသည်ထက်တော့ သက်သာလှသေးသည်။
ယခုကဲ့သို့ အော်ပရေတာအသစ်များနှင့် အင်တာနက်အသုံးပြုသူ အရေအတွက် တဟုန်ထိုးတိုးတက်လာချိန်၊လူမှုကွန်ရက်အသုံးပြုမှုများ မြင့်တက်လာနေချိန်တွင် မြန်မာအင်တာနက် အသုံးပြုသူများအနေဖြင့် သတိထားရမည့်အနေအထားတစ်ရပ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်လေသည်။
ထို့အပြင် ရွေးကောက်ပွဲနှင့်နီးစပ်သောကာလမျိုးဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ သူ့ပါတီ ကိုယ့်ပါတီ၊ သူ့အဖွဲ့အစည်း ကိုယ့်အဖွဲ့အစည်း၊ ဟိုပုဂ္ဂိုလ် ဒီပုဂ္ဂိုလ် ပုတ်ခတ်မှုများ၊ ငြင်းခုံမှုများအများအပြားရှိနေပြီး သရော်စာများ၊ ရုပ်ပြောင်သရုပ်ဖော်ပုံများ၊ ပြုပြင်ထားသည့် ဓာတ်ပုံများကို အများအပြားအသုံးပြုနေကြသည်မှာ လူတိုင်းနီးပါးပင် ဖြစ်သည်။ ယင်းအထဲတွင် ရာထူးအာဏာလက်ဝယ်ရှိသူများ၊ နာမည်ကျော်များ၊ နိုင်ငံရေးသမားများပင် ပါဝင်နေသေးသည်။ ဥပဒေကြောင်းအရ မည်သည့်အတိုင်းအတာကို အရေးယူမည်နည်း။ မည်သို့သောအခြေအနေကို ဥပဒေကို ဖောက်ဖျက်ကျူးလွန်သည်ဟု မှတ်ယူမည်နည်း။ ဤဥပဒေအကြောင်းကို သိမှဖြစ်တော့မည်။

ဒီဥပဒေမှာ ဘာတွေပါသလဲ
၂၀၀၄ ခုနှစ်တွင် စတင်ပြဌာန်းခဲ့သော ဤဥပဒေတွင် ထိုစဉ်က
နိုင်ငံ့ခေါင်းဆောင်ဖြစ်သူကိုယ်တိုင် အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ပြီး အောက်ပါ
အချက်များကို တားမြစ်ထားသည်။
(၁) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း။
(၂) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက်တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း။(၃) အီလက်ထရောနစ်မှတ်တမ်း အီလက်ထရောနစ်အချက်အလက် သတင်းလွှာသို့မဟုတ် ကွန်ပျူတာပရိုဂရမ် တစ်ခုလုံးကိုဖြစ်စေ၊ ပရိုဂရမ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ မရိုးမဖြောင့်သော သဘောဖြင့် ပေးပို့ခြင်း၊ နှောက်ယှက်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်း။
(၄) မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့၏ ခွင့်ပြုချက်မရှိဘဲ ကျွန်ပျူတာကွန်ရက်အတွင်း ဆက်သွယ်မှု တစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှု တစ်ခုခုတွင် ပါဝင်သည့် အချက်တစ်ရပ်ရပ်ကို အသုံးပြုခြင်း သို့မဟုတ် အခြားသူ တစ်ဦးဦးသို့ ထုတ်ဖေါ်ခြင်း။
(၅) ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက် မရှိဘဲ ထိုသူ၏ လုံခြုံမှုအဆင့် ထားရှိသောအမှတ်၊ စကားဝှက် သို့မဟုတ် အီလက်ထရောနစ် ထိုးမြဲလက်မှတ်ဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်အသုံးပြုခြင်း။
(၆) အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းသို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း စသည်တို့ဖြစ်သည်။ ယင်းအချက်များမှ တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒါဏ် (၁) နှစ်မှ (၇) နှစ်အထိဖြစ်စေ၊ ဒါဏ်ငွေ ၁ သိန်းမှ သိန်း ၅၀ အထိဖြစ်စေ ချမှတ်နိုင်ကြောင်းလည်း ဖော်ပြထားလေသည်။
ထို့အတူ ဥပဒေ၏ အဓိပ္ပါယ်သက်ရောက်မှုကိုလည်း အချက်အလက် (Data) မူရင်းစာ (Text) ပုံရိပ်သဏ္ဍာန် (Image) အသံ၊ သင်္ကေတ (Code) ကွန်ပျူတာပရိုဂရမ်၊ ဆော့ဖ်ဝဲလ် (Software) နှင့် အချက်အလက် အစုအဝေး (Database) စသည့် သတင်းအချက်အလက် (Information)၊ အီလက်ထရောနစ်မှတ်တမ်း (Electronic Records)၊ အီလက်ထရောနစ်အချက်အလက်သတင်းလွှာ (Electronic Data message)၊ ကွန်ပျူတာ၊ ကွန်ပျူတာကွန်ရက် (Computer network) အားလုံးနှင့် သက်ဆိုင်ပြီး မူလဆောင်ရွက်ပေးပို့သူ (Originator)၊ လက်ခံသူ (Addressee) နှင့် မျှဝေသူများ အပေါ်တွင်လည်း သက်ရောက်မှုရှိသည်ဟု ဆိုသည်။ ထို့ကြောင့် လူမှုကွန်ရက်များပေါ်တွင် အတိုင်းအဆမရှိ ပြောဆိုဆက်ဆံမှုများကို ထိမ်းချုပ်ရန် လိုအပ်လာပြီး မူလဖော်ပြသူအပြင် မျှဝေသူများကိုပါ တရားစွဲဆိုလိုက စွဲဆိုနိုင်သည့် သဘောဖြစ်သည်။
ယင်းအပြင် အဆိုပါဥပဒေပါ ပြဌာန်းချက်များသည် ပြည်တွင်းပြည်ပဆက်ဆံမှု၊ လုပ်ငန်းဆက်စပ်ဆောင်ရွက်မှု၊ စီစဉ်မှု၊ သဘောတူညီမှု၊ ပဋိညာဉ်ချုပ်ဆိုမှု၊ သတင်းအချက်အလက်ဖလှယ်မှုနှင့် သိုမှီးထိန်းသိမ်းမှုများ အပါအ၀င် စီးပွားရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင်၊ စီးပွားရေးနှင့် သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်များတွင်ဖြစ်စေ အသုံးပြုသည့် အီလက်ထရောနစ်မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ အမျိုးအစား တစ်မျိုးမျိုးနှင့်ပါ သက်ဆိုင်ကြောင်းလည်းဖော်ပြထားသည်။
ထို့အပြင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကွန်ပျူတာအပါအဝင် Device များနှင့် အခြားအရာများကို ဤဥပဒေပါ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ အသုံးပြုနေသည် သို့မဟုတ် အသုံးပြုပြီးဖြစ်သည်ဟု သံသယဖြစ်ရန် အကြောင်းရှိပါက ၀င်ရောက်ကြည့်ရှုစစ်ဆေးခွင့်ရှိနေသည်။
အဆိုပါ ဥပဒေကို ပြည်သူများက အကျွမ်းတဝင်နားလည် သဘောပေါက် အသုံးပြုသည်ထက် အစိုးရပိုင်းမှသာ အလျဉ်းသင့်သလို ကိုင်တွယ် အရေးယူမှုများပြုလုပ်ခဲ့သောကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုတာကာလအတွင်း မြန်မာ အင်တာနက်အသုံးပြုသူများအကြား ကျော်ကြားခဲ့ခြင်းဖြစ်သည်။
ထိုဥပဒေပါအချက်အလက်များသည် အင်တာနက်အသုံးပြုမှုများကို တင်းကျပ်စွာချုပ်ကိုင်ထားပြီး ဥပဒေပါအကြောင်းအရာများအရ ယနေ့ လူအများအကြား စိတ်ဝင်စားမှုများနေသည့် Trolls များ၊ Memes များ Prank များပင်လျှင် ကာယကံရှင်များမှ ကျေနပ်မှုမရှိ၍ တိုင်ကြားမှုများရှိလာပါက အရေးယူခံရဖွယ်ရှိသည့်အနေအထားဖြစ်သည်။ သို့သော်လည်း အမှန်တကယ်လိုအပ်နေသည့် Cyber Crime များနှင့် Cyber Abuse များကိုမူ ထိရောက်စွာတားဆီးနိုင်စွမ်းမရှိသည်ကိုလည်း မြင်တွေ့နေရ ကြောင်း ဝေဖန်မှုများလည်းရှိနေခဲ့သည်။
အကျိုးရှိရဲ့လား
မအူပင်မှ အမျိုးသမီးငယ်လေးအမှုနှင့် အတူ မြန်မာပြည်သူများအကြားတွင်လည်း အီလက်ထရွန်နစ် ပုဒ်မများအပေါ်စိုးရိမ်မှု ပြန်လည်မြင့်တက်လာခဲ့သည်။ ထိုအမှု၏ အမှုသွားအမှုလာ သတင်းများကို သိကြားနားဆင်ဖတ်ရှုကြရင်း လူထုအကြား စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြသည်။
ထို့အတူ သူမနှင့်အတူ ပြောဆိုဆက်သွယ်ထားသူများနှင့် သူမ၏ ပုံများကို မျှဝေထားသူများလည်း ယခုချိန်တွင် စိုးရိမ်ပူပန်မှုများ ရှိနေကြပြီဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် ယခင်က လွတ်လွတ်လပ်လပ်ပြောဆိုပြုလုပ်ထားသည့် နောက်ပြောင်ကျီစယ်မှုများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအပေါ် ကျေနပ်မှုမကျေနပ်မှုများကြောင့် တစ်ချို့သော ညစ်လိုသူများ၏ တမင်ညစ်ကွက် ချောက်ချကွက်များလည်း ပေါ်ထွက်လာနိုင်သည်။
ထို့အပြင် အွန်လိုင်းပေါ်တွင် နိုင်ငံရေးပါတီအသီးသီး၏ နောက်လိုက်နောက်ပါပုဂ္ဂိုလ်များအချင်းချင်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ များပြားလာနေပြီး အာဏာရပါတီမှ ပုဂ္ဂိုလ်များအထိနာနေချိန်တွင် ချိန်ကိုက်ပေါ်လာခြင်းမှာလည်း တိုက်ဆိုင်မှုလောဟု မေးခွန်းထုတ်စရာ။
သို့သော်လည်း အတန်ငယ်ယေဘုယျဆန်လွန်းလှသော ယင်းဥပဒေကြောင့် တစ်ဖက်ကကြည့်လျှင်လည်း စည်းလွတ်ဝါးလွတ် သုံးစွဲနေကြသည့် မြန်မာ့လူမှုကွန်ရက်လောကကို အထိန်းတစ်ခုတော့ ဖြစ်တန်ရာသည်။
မည်သို့ပင်ဖြစ်စေ တရားဥပဒေစိုးမိုးမှုယိုယွင်းနေသကဲ့သို့၊ အလယ်လူများနှင့် အာဏာရသူများ၏ ဘက်မမျှမှု မေးခွန်းထုတ်စရာအနေအထားတစ်ရပ်ဖြစ်နေကာ အဂတိလိုက်စားမှုများရှိနေသည့် နိုင်ငံတွင် Cyber Law သည် ဟန်ချက်မညီသည့် ဥပဒေတစ်ခုအဖြစ်နေသေးသည်မှာ လူအများအတွက် စိုးရိမ်ဖွယ်ရာဖြစ်လေသည်။
သေချာသည်ကတော့ အဆိုပါဥပဒေသည် Cyber ကဏ္ဍတစ်ခုလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိသကဲ့သို့ Cyber Crime/Abuse ပြုလုပ်မည့်သူများထက် သာမန် အသုံးပြုသူများအပေါ် အကျိုးသက်ရောက်မှု ပိုများနေသည် ကတော့ အမှန်ပင်။ ပိုမိုကောင်းမွန်သော ဥပဒေအဖြစ် ပြင်ဆင်ခြင်း၊ တိကျစွာ ခွဲခြားပြဌာန်းခြင်းများ မပြုလုပ်နိုင်သရွေ့ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေသည် မြန်မာ့အင်တာနက် အသုံးပြုသူများအတွက် အိပ်မက်ဆိုးတစ်ခုအဖြစ် တည်ရှိနေဦးမည်ဖြစ်သည်။
Credit to ==> Myanmar Digital Life Journal

No comments:
Post a Comment