၂ဝ၁၅ ခုနှစ်
ဒီဇင်ဘာလအတွင်းက ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပခဲ့သော ကမ္ဘာ့ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာ နိုင်ငံပေါင်းစုံ အစည်းအဝေးတွင် ရာသီဥတု ပြောင်းလဲမှုရေးရာ၌
ပထမဆုံး သမိုင်းဝင် သဘောတူညီချက်ကို ရရှိခဲ့သည်။ ယင်းသဘောတူညီချက်အရ ကမ္ဘာ့လေထု၏ ပျမ်းမျှ
အပူချိန်ကို ၂ ဒီဂရီ စင်တီဂရိတ် (၃ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်) ထက် ပိုမတက်အောင်
လုပ်ဆောင် ကြမည်။ ဖြစ်နိုင်လျှင် ၁ ဒသမ ၅ ဒီဂရီထက် ပိုမတက်အောင်အား ထုတ်ကြဖို့လည်း
ဆန္ဒပြုကြသည်။
ယင်းရည်မှန်းချက်
ပေါက်မြောက်အောင်မြင်စေရန် ကမ္ဘာ့ လေထုအတွင်း ဝင်ရောက်နေသောကာဗွန်ဒိုင်အောက်ဆိုက်
အဓိက ဖြစ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏကို လျှော့ချနိုင်ရမည်။ ကမ္ဘာ့မျက်နှာပြင်မှ
ပြန်ကန်ထွက်လာသော အပူဓာတ်များ အာကာသထဲသို့ လွင့်ပျံဆုံးရှုံးမသွားစေရန်
ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့က ထိန်းအုပ်ပေးထားသဖြင့် ကမ္ဘာသည် အလောတော်
နွေးထွေးနေသည်။ ယင်းဖြစ်စဉ်သာ မရှိပါက ကမ္ဘာသည် အေးလွန်းနေမည် ဖြစ်ပြီး သက်ရှိတို့
ရှင်သန်နိုင်မည် မဟုတ်ချေ။
၁၈၅ဝ
ခုနှစ်ခန့်တွင် ကမ္ဘာ့လေထုထဲ၌ ကာဗွန်ဒိုင်အောက်ဆိုက် ၂၈ဝ ‘ပီပီအမ်’ တွင် ရှိခဲ့သည်။
လေထု ထုထည်အပုံတစ်သန်းတွင် ကာဗွန်ဒိုင်အောက်ဆိုက်အပုံ ၂၈ဝ ပါဝင်နေသည်ဟု ဆိုလိုသည်။
ကမ္ဘာကြီးကို ပုံမှန်နွေး ထွေးနေစေသည့် ပမာဏဖြစ်သည်။ကျောက်မီးသွေး၊ ရေနံစသည့်
ရုပ်ကြွင်းလောင်စာ သုံးစွဲမှု မြင့်မားလာသည်နှင့်အတူ ၂ဝဝ၅ ခုနှစ်၌
ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည် ၃၈ဝ ပီပီအမ် အထိမြင့် တက်လာခဲ့သည်။ ၂ဝဝ၉ ခုနှစ် တွင်
၃၈၇ ပီပီအမ်အထိ ရောက် ရှိသည်။ ယခုအခါ ၄ဝဝ ပီပီအမ် ကျော်သွားပြီဖြစ်သည်။
လွန်ကဲသော
ဓာတ်ငွေ့ပမာဏကြောင့် ကမ္ဘာ့လေထု အပူချိန် ရှိသင့်သည်ထက် မြင့်လာပြီး ရာသီဥတုလည်း
ပြောင်းလဲလာသည်။ လူ့ခန္ဓာကိုယ်အပူချိန်တက်၍ ဖျားလာသောအခါ ကိုယ်တွင်းဇီဝကမ္မ
ဖြစ်စဉ်များ ဖောက်ပြန်ပြောင်းလဲလာသည့် သဘောပင် ဖြစ်သည်။ကမ္ဘာတွင် ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော
သစ်တောပြုန်းတီးမှုသည်လည်း ကာဗွန်ဒိုင်အောက်ဆိုက်ကို လေထုထဲ ပိုရောက်စေသည်။
သစ်ပင်တစ်ပင်သည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး ရှင်သန်သည်။
သစ်ပင်များကို ခုတ်လှဲမီးရှို့လျှင် သို့မဟုတ် တောမီးလောင်လျှင် ကာဗွန်ဒိုင်
အောက်ဆိုက်များ လွတ်ထွက်လာသည်။ သစ်တောပြုန်းတီးခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုင်
စုပ်ယူမှု လျော့နည်းသွားသည်သာမကဘဲ သစ်ပင်ထဲမှ ကာဗွန်ဒိုင်
အောက်ဆိုက်ကိုလေထုတွင်းရောက် ရှိစေခြင်းဟူသောနှစ်ထပ် ကွမ်းဆိုးကျိုးကို
ဖန်တီးဖြစ်ပေါ်စေသည်။
ပဲရစ်မြို့
အစည်းအဝေးသဘောတူချက်အရ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လေထုတွင်း
ရောက်နေသောနှုန်းကို သစ်ပင်သစ်တောများ၊ မြေဆီလွှာ နှင့် ရေထုက
ပြန်လည်စုပ်ယူနိုင်သည့်နှုန်းနှင့် ၂ဝ၁၅ ခုနှစ်နှင့် ၂၁ဝဝ ခုနှစ်ကြားတွင်
တူညီသွားအောင် ကြိုးပမ်းကြမည် ဖြစ်သည်။ကြိုးပမ်းချက် အောင်မြင်ရန် ၂ဝ၅ဝ ခုနှစ်
အရောက်တွင် တစ်ကမ္ဘာလုံး၌ ကျောက်မီးသွေးသုံးစွဲမှု လုံးဝရပ်တန့်ပြီးသား ဖြစ်နေရန်
လိုအပ်သည်။ ကျောက်မီးသွေး၏ နေရာတွင် ယင်းထက် ကာဗွန်ထွက်ရှိမှု ထက်ဝက်လျော့နည်းသော
သဘာဝဓာတ်ငွေ့ကို အစားထိုး အသုံးပြုခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက် မထွက်သော ပြန်
ပြည့်မြဲစွမ်းအင်များကိုအတတ်နိုင်ဆုံးအသုံးပြုခြင်းတို့ကို လုပ်ဆောင်ရမည်။
သို့သော်
ကျောက်မီးသွေးသည် နေရာအတော်များများ၌ ရနိုင်သော လောင်စာဖြစ်ပြီး ဈေးလည်း
သက်သာသည်။ ကျောက်မီးသွေးနေရာတွင် အခြားစွမ်းအင် တို့ကို အစားထိုးသုံးစွဲလျှင်
ကုန်ကျစရိတ်တက်လာသည်။ နိုင်ငံ့စီးပွားရေးကို ထိခိုက်လာသည်။ နည်းပညာ အခက်အခဲများ
ရှိနေသေးသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ သော်မှ ကျောက်မီးသွေးနေရာတွင်
ပြန်ပြည့်မြဲစွမ်းအင်တို့ကို အချိန်တိုအတွင်း အစားထိုးရန် အခက်အခဲရှိသဖြင့်
ယင်းကို လွယ်လွယ်နှင့် မစွန့်ပယ်နိုင်ကြသေးချေ။ ယင်းအချက်ကို အလေးအနက်
အသိအမှတ်ပြုရမည် ဖြစ်သည်။ သို့စဉ်လျက် ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးကို
သိမြင်ကြသော နိုင်ငံများသည် ရေရှည်အကျိုးမျှော်ကိုး၍ ကျောက်မီးသွေးအသုံးကို
လျှော့ချနေကြပြီ။
ဥပမာ ကာဗွန်အထုတ်
အများဆုံးနိုင်ငံများ ဖြစ်ကြသော တရုတ်နှင့် အမေရိကန်တို့သည် ဓာတ်ငွေ့လျှော့ချရေး
အစီအစဉ်များကို အသီးသီးကြေညာခဲ့ကြ သည်။ ယင်းအစီအစဉ်များအရ ၂ဝ၂၅ ခုနှစ်၌ အမေရိကန်မှ
ထုတ်လွှတ်သော ဓာတ်ငွေ့ပမာဏကို ၂ဝဝ၅ ခုနှစ်က ထုတ်ခဲ့သော ပမာဏထက် ၂၆ ရာခိုင်နှုန်းမှ
၂၈ ရာခိုင်နှုန်းအထိ လျှော့ချမည်။ တရုတ်က လျှော့ချမည့် ပမာဏကို
ပြောကြားခြင်းမရှိသော်လည်း တရုတ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သည် ၂ဝ၃ဝ ခုနှစ်တွင်
အမြင့်ဆုံး ရောက်ပြီး ယင်းနောက်ပိုင်း၌ လျော့ကျသွားစေရမည်ဟု ဆိုသည်။
ယင်းနှစ်နိုင်ငံတို့သည် ကျောက်မီးသွေးအသုံးကိုလျှော့၍ ပြန်ပြည့်မြဲစွမ်းအင်၊
နျူကလီးယား စွမ်းအင်တို့ဖြင့် တတ်နိုင်သမျှ အစားထိုးသုံးစွဲကြမည်ဖြစ်သည်။
တရုတ်နှင့်
အမေရိကန်တို့ နည်းတူ ကျန်နိုင်ငံအားလုံးသည်လည်း ကာဗွန်ဒိုင်အောက်ဆိုက်ကိုသိသာစွာ
လျှော့ချနိုင်မှသာ ကမ္ဘာကြီး ကပ်ဆိုက်မည့်ဘေးမှ သက်သာရာရကြမည်။ နိုင်ငံတိုင်းသည်
ကမ္ဘာ့အပူချိန် လျှော့ချရာ၌ မိမိတို့ ပါဝင်ဆောင်ရွက်မည့် အစီအစဉ်များကို
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကွန်ဗင်းရှင်းသို့ တင်ပြရသည်။ မြန်မာနိုင်ငံက
စာမျက်နှာ ၄၅ မျက်နှာရှိ အစီရင်ခံစာကို တင် ပြထားရာ ပါဝင်သောအချက် အလက်များမှာ
အားရဖွယ်မရှိဟု ဝေဖန်သံများ ထွက်ပေါ်နေသည်။ နိုင်ငံအများအပြားက ကျောက်မီး
သွေးအသုံးကို လျှော့ချရန်လုပ်ဆောင်နေကြချိန်၌ မြန်မာနိုင်ငံ
တွင်ကျောက်မီးသွေးမှလျှပ်စစ်ထုတ်မည့်စီမံကိန်းအသစ်များအကြောင်းကြားသိနေရသည်မှာ
စိတ်မသက်မသာ ဖြစ်ဖို့ကောင်းသည်။
ကာဗွန်ဒိုင်အောက်ဆိုက်
အထွက်နည်းအောင်လုပ်ရာတွင် စွမ်းဆောင်ရည်မြင့် စက်ကိရိယာ နှင့် အသုံးအဆောင်များကို
အသုံး ပြုခြင်းဖြင့် စွမ်းအင် ချွေတာခြင်းသည်လည်း ထိရောက်သော နည်းတစ်ခုဖြစ်သည်။
စွမ်းအင်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာတွင် အဆောက်အအုံကဏ္ဍတွင် အောင်မြင်မှုများ
ရနေသည်။ အဆောက်အအုံများတွင် လျှပ်စစ်မီးကိုသာ အားမကိုးဘဲ သဘာဝနေရောင်ကို
တတ်နိုင်သမျှ အသုံးပြုခြင်း၊ အပူအအေးမျှတသော အဆောက်အအုံ
ဒီဇိုင်းများကိုကြံဆအသုံးပြုခြင်းတို့ဖြင့် ယခုအခါ တစ်ကမ္ဘာလုံး စွမ်းအင်
လျှော့သုံးနိုင်မှု ပမာဏ၏ ၆ဝ ရာ ခိုင်နှုန်းသည် အဆောက်အအုံများ ရှိ စွမ်းအင်စနစ်၏
စွမ်းဆောင်ရည် ကို မြှင့်နိုင်သောကြောင့်ဖြစ်သည်။ အဆောက်အအုံပိုင်း ဆိုင်ရာ
စွမ်းအင်စွမ်းဆောင်ရည်ကို မြှင့် တင်နိုင်သကဲ့သို့ လျှပ်စစ်ဖြန့်ဖြူး ရေးစနစ်၊
သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စက်ကိရိယာနှင့် အသုံးအဆောင် များတွင်
စွမ်းရည်မြှင့်လုပ်ဆောင်မှုသည်အထိုက်အလျောက်အောင်မြင်မှုများ ရနေသည်။
ကျောက်မီးသွေးကို
လုံးလုံး ပစ်ပယ်ရန် မဖြစ်နိုင်သေးသည့် အခြေအနေ၌ ဓာတ်ငွေ့အထွက် နည်းရေးအတွက်
နေထိုင်မှု အလေ့အကျင့် ပုံစံပြောင်းခြင်းဖြင့် လူတိုင်း ပါဝင်ကူညီနိုင်သည်။
နေထိုင်မှုပုံစံ ပြောင်းခြင်းဆိုသည်မှာမလိုအပ်ဘဲ မီးထွန်းထားခြင်းကို
ရှောင်ကြဉ်ခြင်း၊ ဆီစားများသော ဇိမ်ခံကားများ အစားဆီစားသက်သာသော ကားများကို
စီးခြင်း၊ ဖြစ်နိုင်လျှင် ကားအစားစက်ဘီးဖြင့် သွားခြင်း၊ ကြည့်သူမရှိလျှင်
ရုပ်သံစက်ပိတ်ထားခြင်း၊ ရေ နွေးတည်လျှင် ဆူသည်နှင့် ချက်ချင်းပိတ်ခြင်းမျိုးအပြင်
ရေနှင့် စားနပ်ရိက္ခာများ အလဟဿ ဖြစ်သွားခြင်းကိုလည်း သတိပြုရှောင် ရှားဖို့လိုသည်။
အပေါ်ယံမျှ
ရှပ်၍ကြည့်လျှင် မမြင်သာသော်လည်း စွမ်းအင်သည် လူတို့၏ အခြားအခြေခံ
လိုအပ်ချက်များဖြစ်ကြသော ရေ၊ စားနပ်ရိက္ခာတို့နှင့် ခွဲ၍မရအောင် ဆက်စပ်နေသည်။
သာမန်အားဖြင့် ထမင်းတစ်ပန်းကန်၊ ရေတစ်ခွက်၊ ဓာတ်ဆီတစ်လီတာ စသည်ဖြင့်
တစ်မျိုးစီကိုသာ သီးခြားစဉ်းစား လေ့ရှိခြင်းမှာ မှန်ကန်သော နည်း လမ်းမဟုတ်ချေ။
ထမင်းတစ်ပန်းကန်အပါအဝင်ဖြစ်သော စားနပ် ရိက္ခာကဏ္ဍ၊ရေတစ်ခွက်အပါအဝင် ဖြစ်သော
စွမ်းအင်ကဏ္ဍတို့သည် နက်ရှိုင်းစွာ ဆက်နွှယ်နေသည်။
တိုက်ခန်းအမြင့်များသို့
ရေတင်ရာတွင် လျှပ်စစ်မော်တာကို သုံးရခြင်းသည် ရေအတွက် စွမ်းအင်လိုအပ်ခြင်း၏
သိသာသော ဥပမာဖြစ်သည်။ ရေသုံးစွဲသူထံ မရောက်မီ ရေကို စုပ်ယူ၊ သို လှောင်သန့်စင်၊
သယ်ပို့၊ ဖြန့်ဖြူး စသည့် အဆင့်တိုင်းတွင် စွမ်းအင် မပါ၍ မဖြစ်ပေ။ မြစ်၊ ချောင်း၊
ရေကန်စသည့် မြေပေါ်ရေကို ရယူရန် ရေ ၁ ကုဗမီတာလျှင် စွမ်းအင် ဝဒသမ ၃၇ကီလိုဝပ် နာရီ
ကိုသုံးရသည်။ ယခုအခါ စွမ်းအင်ပမာဏ၏ ၈ ရာခိုင်နှုန်းကို ရေရရှိ ရေးကိစ္စများတွင်
သုံးစွဲနေရသည်။
စွမ်းအင်ရရန်
ရေသုံးရပြီး ရေရရန် စွမ်းအင်လိုသည့်နည်းအတိုင်းအပင်နှင့် အသား၊ ငါးတို့မှ လူတို့
စားသုံးနိုင်သည့် အစားအစာ ဖြစ်လာရန် ရေရော၊ စွမ်းအင်ကိုပါ လို ပြန်သည်။ သီးပင်၊
စားပင်များ စိုက်ပျိုးခြင်း၊ အသား၊ ငါးရရန် အတွက် တိရစ္ဆာန် မွေးမြူခြင်း၊
အသီးအရွက်၊ သား၊ ငါးတို့ကို ပြု ပြင်ဆေးကြော ချက်ပြုတ်ခြင်း စသည်တို့အတွက်
ရေကိုသုံးရသည်။ ထိုနည်းတူ စိုက်ခင်းနှင့် မွေးမြူရေးခြံများမှ သီးနှံ၊ သား၊
ငါးတို့ကို မီးဖိုချောင်အရောက်အဆင့်ဆင့် ပို့ဆောင်ရန် စွမ်းအင်လိုအပ်သည်။
ကမ္ဘာ့စွမ်းအင်သုံးစွဲ မှု၏ ၃ဝ ရာခိုင်နှုန်းသည် စားနပ် ရိက္ခာထုတ်လုပ်ရန်အတွက်
ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ
ပတ်ဝန်းကျင်အစီအစဉ်မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ကမ္ဘာတွင် မစားမသောက်ဘဲ စွန့်ပစ်နေကြသော၊
သိုလှောင်ထိန်းသိမ်းမှု ညံ့ဖျင်း၍ပျက်စီးဆုံးရှုံးနေသောအစာ ပမာဏသည်လူတို့စားသောက်ရန်
ရည်ရွယ်ထုတ်လုပ်သော စားနပ်ရိက္ခာပမာဏ၏ သုံးပုံတစ်ပုံမျှရှိ သည်ဟုဆိုသည်။
ငွေတန်ဖိုးနှင့် ပြောလျှင်တစ်နှစ်လျှင် အမေရိကန် ဒေါ်လာဘီလျံပေါင်း ၇၅ဝ မျှဖြစ်
သည်။ ယင်းအလဟဿဖြစ်မှုမျိုး ကို လျှော့ချနိုင်လျှင် စွမ်းအင်အသုံး၊
ကျောက်မီးသွေးအသုံးကို လျှော့ချ နိုင်ခြင်းပင်ဖြစ်ကြောင်း သဘောပေါက်ရန်လိုနေသည်။
ရေ၊
စားနပ်ရိက္ခာတို့ကို အလ ဟဿ မဖြစ်အောင် စီစဉ်ခြင်း၊ ချွေတာခြင်းတို့သည်
သာမန်ချွေတာခြင်းမျှ မဟုတ်ဘဲ စွမ်းအင်အသုံးရနည်းအောင်၊ ရာသီဥတု ပြောင်းလဲမှု ပမာဏ
လျော့ပါး အောင် တစ်နိုင်တစ်ပိုင်ပါဝင်လုပ် ဆောင်ခြင်း ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူ တို့သည် ကျောက်မီးသွေးကို ပစ်ပယ်ရန်
ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြသလောက် ရေ၊ အစားအစာ၊ စွမ်းအင်တို့ကို အလ
ဟဿမဖြစ်အောင်စားသောက်နေ ထိုင်ကြဖို့လှုံ့ဆော်ရေးတွင်အားပျော့လှသေးကြောင်း
သတိပြုမိသည်။
ဖြစ်ပေါ်နေသော
ရာသီဥတု ပြောင်းလဲမှုသည် လက်ရှိလူသား မျိုးနွယ်များနှင့် သူတို့၏ ဘိုးဘွားမိဘများက
ဆိုးကျိုးများ ဖြစ်မည်မှန်းမသိခဲ့ကြဘဲ ကျောက်မီးသွေး အဓိကဖြစ်သော
ရုပ်ြ<ွကင်းလောင်စာများကို အလွန်အကျွံ သုံးမိခဲ့ကြ ၍ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဆိုး ကျိုးဖြစ်ပေါ်ခြင်း၏ အကြောင်းကို သိပြီဖြစ်သော ၂၁ ရာစုလူသားတို့ သည်
မိမိအပါအဝင် မိမိ၏သား သမီးမြေးမြစ်များ ရာသီဥတုဆိုင်ရာ ဧရာမဘေးဆိုးကြီးများကို
မခံစားကြရအောင်၊ ခံရလျှင်လည်းသက်သာအောင် ကျောက်မီးသွေးအသုံးလျှော့ရေးကို တစ်ဖက်က
တောင်းဆိုရင်း တစ်ဖက်ကလည်း ရေ၊ အစားအစာနှင့် စွမ်းအင်များ အလဟဿ မဖြစ်ရေးအတွက် လူ
နေမှုအလေ့အကျင့်များကို ပြောင်းလဲကြဖို့ လှုံ့ဆော်တိုက်တွန်းကျင့် သုံးသင့်ကြသည်။
ကျော်ဦး
Credit
:
www.popularmyanmar.com
No comments:
Post a Comment