အသံချဲ့စက်မှ ခုန်ထွက်လာသည့် သူမသီချင်းအသံက ကမ္ဘာကျော်အဆိုတော် ရှာကီရာလို၊ မိုက်ကယ်ဂျင်ဆင်လိုအသံမဟုတ်ပေမယ့် တစ်ရွာလုံးက ထိုနေရာမှ မခွဲနိုင် မခွာနိုင်ဖြစ်နေသည်။ သီချင်းသံနှင့်အတူ တချို့ကလက်ခုပ်တီး ကခုန်နေသလို၊ တချို့က သူမနာမည်ကို အော်ဟစ်ကာအားပေးနေသည်။သူမအသံကို အမျိုးအမည်တပ်မရ။ ကြားရသူတိုင်းကသဘော ကျကြသည်။ ရွာအလယ်မှာ ဆောက်လုပ်ထားသည့် မဏ္ဍပ်ပေါ်ဝယ် ဆိုင်းအတွက်ကန်တော့ပွဲ တစ်ပွဲ၊ အသံချဲ့စက်အတွက်ကန် တော့ပွဲတစ်ပွဲအပြင်ပွဲ၏ အပြင် အဆင်တို့ကလည်း ပြိုးပြိုးပြက်ပြက် မရှိလှသော်လည်း လူများကတော့ ကြိတ်ကြိတ်တိုး။
ငယ်စဉ်ကလေးဘဝကတည်းက တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တန်ခူးလစသည့်လများတွင် ဖခင်ဖြစ်သူနှင့် အတူ တစ်ရွာဝင်တစ်ရွာထွက်ကာ တတ်ထားသည့် ဆိုင်းပညာကို ပါရမီဓာတ်ခံပါအသံနှင့် ပေါင်းစပ်ကာ ဖျော်ဖြေခဲ့သည်။ သီချင်းမျိုးစုံကို စင်ပေါ်မှာတစ်ဖုံ၊ မြေပေါ်မှာ တစ် ဝိုင်း ထိုသို့ကြိုးစားမှုကြောင့် ကမ္ဘာကျော်မဟုတ်ပေမယ့်၊ နိုင်ငံကျော်သည့် ဆိုင်းသမား အဆိုရှင်တစ်ဦး ဖြစ်လာသည်။
ဖခင်ဖြစ်သူက လူနှစ်ဆယ့်ငါးယောက် ဖြင့်ဖွဲ့စည်းထားသည့် သူမ၏အမည်နာမနှင့်ဆိုင်းအဖွဲ့ကအညာမြေတခွင် အောင်မြင် ကျော်ကြားခဲ့သည်သာမက ရန်ကုန်မြို့ ဘုံကထိန်အပါအဝင် အဆိုပါလများတွင် နေရာတိုင်းလိုလိုမှာ သူမ၏ သီချင်းများက အသံမစဲတသဲသဲ။ ထိုအမျိုးသမီးငယ်သည် အခြားသူမဟုတ် မန္တလေးဆိုင်းဆရာ ဦးအောင်မျိုးနဲ့ ဒေါ်ဝင်းတင်တို့မှ မန္တလေးမြို့တွင် မွေးဖွားခဲ့သည့် သားသမီး၂ ဦးအနက် သမီးအကြီး ဖြစ်ပြီး ဆိုင်းဆရာမလေးပုန်းညက်ဖြူဟု လူသိများသည့် အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။
မြန်မာပြည်အထက်၊ အောက်အလယ် အညာတစ်ခွင်သာမက Facebook? Youtube စသည်တို့တွင် သူမ၏ပုံရိပ်များက တစ်နှစ်ထက်တစ်နှစ် တွေ့လာရသည်။ သုံးနှစ်သမီးအရွယ်ကတည်းက သူမသည် ဖခင်ဖြစ်သူထံမှ အဆို၊ အက၊ အတီးစသည့် မြန်မာအနုပညာများကို စတင် လေ့လာသင် ယူခဲ့သည့်သူတစ်ဦး ဖြစ်သည်။
”သမီး ငယ်ငယ်ကတည်းက စဉ်းစားဖူးတယ်။ ငါအသက်ကြီးလာရင် ဝါသနာပါတဲ့ ဒီအနုပညာ နဲ့ပဲမိဘကိုလုပ်ကျွေးမယ်၊ ဖြစ်အောင် ကြိုးစားမယ် ဆုံးဖြတ်ထား တယ်။ အခုဖြစ်လာတာလည်း ဖေဖေကြောင့်ပါ။ ဝါသနာပါတဲ့ ဒီအနုပညာလမ်းကို လျှောက်ခွင့် ရတာ ဖေဖေအားပေးမှုပံ့ပိုးမှု၊ မေ မေ့ရဲ့သွန်သင်ဆုံးမမှုတွေကြောင့် ပရိသတ်တွေရှေ့မှာနေရာ တစ်ခုရ တာပါ။ ကိုယ်တိုင်သာလျှောက်ရင် ဒီလောက် နေရာရမယ်လို့မထင်ပါဘူး။ မိဘမေတ္တာတွေကြောင့်သာ နေရာရတာပါ” ဟုပုန်းညက်ဖြူက လေသံမြှင့်ကာ ငယ်စဉ်ဘဝကိုအား တက်သရောပြောပြသည်။
၂ဝဝ၇ ခုနှစ်၊ နေပြည်တော်တွင် ကျင်းပသည့် ဆို၊ က၊ ရေး၊တီး ပြိုင်ပွဲတွင် တစ်ကိုယ်တော်ဆိုင်းဝိုင်းဖြင့် ပထမဆုကိုရရှိခဲ့ပြီး ဖခင်ဖြစ်သူက သမီးအတွက် ‘ပုန်းညက်ဖြူ’ ဆိုင်းဝိုင်းကို စတင်တည် ထောင်ပေးခဲ့သည်။ ”အဲဒီမတိုင်ခင်ဖေဖေနဲ့အတူတူ ဆိုင်းတီးတယ်။ ဆုရတော့ ဖေဖေက ညီမအတွက် ဒီဆိုင်းဝိုင်းလေးထောင်ပေးတယ်။ ဖေဖေပေးခဲ့တဲ့ အမွန်မြတ်ဆုံးအမွေပါ။ ဆိုင်းထွက်တိုင်းအဖေ့ကို သိပ်လွမ်းတယ်”ဟု ပုန်းညက်ဖြူက သတိတရဆိုလာသည်။
ဖခင်ဖြစ်သူ ဆိုင်းဆရာ
ဖခင်ဖြစ်သူ ဆိုင်းဆရာ မန္တလေး အောင်မျိုးသည် လူပျိုဘဝကတည်းက ဆိုင်းပညာ တစ်ခုတည်းကိုစွဲစွဲမြဲမြဲ တီးခတ်လာပြီး သားသမီးနှစ်ဦးစလုံးကို မြန်မာ့ အနုပညာ အမွေအနှစ်များကို လက်ဆင့်ကမ်းကာ မျိုးရိုးဂုဏ်ကို ထိန်းသိမ်းခဲ့သည်။ ”ဖေဖေက ဒီအနုပညာကို သိပ်တန်ဖိုးထားတယ်။ သမီးကို လည်းအမြဲသွန်သင်တယ်။ တစ်ရွာဝင် တစ်ရွာထွက် သီဆိုဖျော်ဖြေနေရတော့ တချို့က အထင်အမြင်သေး တာရှိတယ်။ မိဘနဲ့မိသားစုကို ညီမ ချွေးနဲ့ရှာကျွေးရတဲ့အတွက် ဘယ်လိုပဲမြင်မြင်၊ ဘယ်လိုပဲထင်ထင် ညီမမိသားစုအတွက် အကောင်းဆုံးအသက်ရှင်ပြီး ရှာကျွေးရတဲ့အတွက် ပျော်တယ်”ဟု ရယ်မောကာ ၎င်းကပြောသည်။
အဝေးကိုငေးကြည့်ရင်း ပုန်းညက်ဖြူက ”ဝါးလုံးရှည်နဲ့တော့ သိမ်းကြုံးမရမ်းစေချင်ပါဘူး။ လူဆိုတာ ကောင်းတာရှိသလို မကောင်းတာရှိတယ်။ အဲဒီလိုပဲ ကောင်းတာလုပ်တဲ့လူရှိသလို မကောင်းတာလုပ်တဲ့လူရှိတယ်။ အဆိုးနဲ့အကောင်းဆိုတာ အမြဲ ဒွန်တွဲနေတာပါ”ဟု သူမက ပြောသည်။ပုန်းညက်ဖြူသည် တစ်ကိုယ်တော်ခွေအနေဖြင့် ရွှေဧည့်သည်၊ ပန်းပန်လျက်ပါ စသည့်အခွေများထွက်ရှိထားပြီး ဘုံကထိန်အလှူတွင် နေရာတိုင်းလိုလိုမှာ သူမ၏သီချင်းများကို ကြားရသည့်အပြင် သရုပ်ဆောင်အနုပညာမှာလည်း ပရိသတ်အားပေးမှု ရရှိသူဖြစ်သည်။ ယခုနှစ်တွင် တစ်ကိုယ်တော်ခွေ အသစ်ထပ်ထွက်နိုင်ရန် စီစဉ် နေပြီဖြစ်သည်ဟုလည်း ၎င်းထံမှ သိရသည်။
”အခွေလုပ်တာ အမြတ်ရလို့ တော့မဟုတ်ဘူး။ အားပေးတဲ့ ပရိသတ်တွေအတွက် အမှတ်တရဖြစ်အောင် ကိုယ်မရောက်သေးတဲ့ နေရာတွေမှာသူတို့ နားထောင်လို့ ရ အောင်ဆိုပြီး လုပ်တာပါ။ ကိုယ့်အခွေတွေမှာ ကိုယ်ပဲပြန်သရုပ်ဆောင်တယ် ဝါသနာလည်းပါတယ်။ ပြီးတော့ မင်းသမီးကြေး မကုန်တော့ဘူးပေါ့” ဟု သူမက ပွင့်လင်းစွာ ပြောပြခဲ့သည်။ မန္တလေး အောင်မျိုးသည် ခရစ်နှစ်၂ဝ၁၅ ခုနှစ် တန်ခူးလဆန်း ၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီး ထိုအချိန်မှာ ဆိုင်းဆရာမလေး ပုန်းညက်ဖြူသည် ၁၆ နှစ်သာရှိ သေးသည်။ ဖခင်ဖြစ်သူ ကွယ်လွန် သွားပြီး နောက်ပိုင်း’ပုန်းညက်ဖြူ’ ဆိုင်းဝိုင်းကို ကိုယ်တိုင်ဦးဆောင် ခဲ့ပြီး ဆိုင်းဝိုင်းရှိ အဖွဲ့သားများကို အုပ်ချုပ်ခဲ့ရသည်။
”ဖေဖေဆုံးသွားပြီး နောက် ပိုင်း ဖေဖေဦးဆောင်ခဲ့တဲ့ဆိုင်းဝိုင်းရော၊ မိသားစုရောသမီးပေါ် တာ ဝန်ကျလာတယ်။ ကိုယ့်ထက်အ သက်များစွာကြီးတဲ့ ယောက်ျား သား ၂၅ ယောက်ကို ဦးဆောင်ရ တာ သမီးအတွက် မလွယ်ဘူး။ ခက်ခဲတယ်။ ပင်ပန်းတယ်။ ဒါပေ မဲ့ ဘဝမှာ ဒီလိုအသက်ရှင်ရမယ်လို့ ကံပါတဲ့အတွက် ညည်းတွားပြီး မ နေဘူး။ ဖြစ်လာသမျှအားလုံး ရင်ဆိုင်ဖြေရှင်းတတ်အောင်ခွန်အားပါ” ဟု တိုးတိတ်စွာ သူမ ဆိုလာသည်။
ဆိုင်းဝိုင်းအပြင်အဆင်မှာ သူမ မပါလျှင်မဖြစ်၊ သူမညွှန်ကြားချက်အောက်မှ အဖွဲ့သားများက တက်ညီလက်ညီလုပ်ဆောင်နေသည့်မြင်ကွင်းကလည်း မိသားစု သဖွယ်ချစ်စရာကောင်းလှသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် နောက်ပြောင်ကျီစယ်သည့် စကားလုံးများ အမူအရာများကလည်း မြင်သူတိုင်း စိတ်ကြည်နူးရသည်မှာ မလွဲပေ။ မိခင်ဖြစ်သူ ဒေါ်ဝင်းတင်သည် ခင်ပွန်း၏အလုပ်များကို နားမလည်သော်လည်း သမီးအ တွက် အားတစ်ခုဖြစ်အောင် ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်း သမီးဖြစ်သူ ဦးဆောင်မှုနောက်ကိုလိုက်ပါခဲ့ပြီး သားငယ်၏ပညာရေးကိုလည်း ဂရုစိုက်ရသည်ဟု သိရသည်။
”မေမေက အိမ်မှာပဲနေတာများတော့ ဖေဖေ့အလုပ်ကိုသိပ်နားမလည်ဘူး။ သမီးပဲ ဦးဆောင်တယ်။ မေမေကတော့ သမီးဘာ ပြောပြောဖြစ်အောင် လုပ်ပေး တယ်။ သူတတ်နိုင်သလောက် ကူ ညီရှာတယ်။ မောင်လေးက တ အားငယ်သေးတယ်။ ဒီလုပ်ငန်း တစ်ခုလုံး သူ့ကိုလက်လွှဲလို့မရ သေးဘူး” ဟု ပုန်းညက်ဖြူက လေးလံသောလေသံဖြင့် ဝမ်းနည်းစွာ ပြောပြခဲ့သည်။ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဖြစ်သော်လည်း ဖခင်ပေးထားခဲ့သည့်တာဝန်ကို ကျေပွန်စွာ မိသားစုနှင့် ဆိုင်းဝိုင်းအဖွဲ့သားများ အပေါ်နံရံတစ်ခုလို ကာကွယ်ပေး သည့်သူမ၏ လေးစားစရာ စိတ်ဓာတ်ကို မြင်သူများကအံ့သြခဲ့ရ သည်။
”အဖေမရှိတော့လို့ ဒီဆိုင်း ဝိုင်းကိုဖျက်လိုက်ရင် ညီမမိသားစု အပါအဝင်ကျန်တဲ့မိသားစုပေါင်းသုံးဆယ်နီးပါး ဒုက္ခရောက်မှာလေ။ အဲဒီလိုမျိုး ညီမလက်မလျှော့ချင်ဘူး။ ကိုယ့်ခံစားချက်တစ်ခုကြောင့် လူများစွာ ဒုက္ခရောက်တာ မဖြစ်စေရပါဘူး။ တတ်နိုင်သလောက် ဖေဖေ့လောက်မလုပ်နိုင်ပေမယ့် ဖေဖေလိုမျိုး ဒီအဖွဲ့သားတွေကို မေတ္တာနဲ့ပဲ စုပေါင်းပြီး ရှေ့ဆက် ကြမှာပါ”ဟုပုန်းညက်ဖြူက စကားကို မာန်အပြည့်နှင့်ဆိုသည်။
ဖခင်ဖြစ်သူ မရှိသည့်နောက်ပိုင်း အခက်အခဲများကို ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရပြီး ပညာရေးတစ်ပိုင်းတစ်စနှင့် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် လုပ်ကိုင်ခဲ့ရ သည့်အပြင် မောင်ဖြစ်သူ၏ ပညာရေး၊ ဘဝရှေ့ရေး၊ မိခင်၏ကျန်းမာ ရေးစသည်များနှင့်သူမ၏ ဘဝနိဂုံးက မိခင်နှင့် မောင်လေး ဖြစ်သူအတွက် တစ်ခုတည်းသောအားကိုးရာ ဖြစ်လာသည်။ သို့သော် သူမအပေါ်လေးလံသည့်တာဝန်များကို သူမအတွက်ဝန်ထုပ်ဝန်ပိုးဟုမမြင်ပေ။
”ညီမ ပညာတတ်ကြီး မဟုတ်ပေမယ့် မိဘတွေ ဆယ်တန်းထိပညာ သင်ပေးတယ်။ ဖေဖေဆုံးတော့ ဆယ်တန်းကို ဆက်မဖြေတော့ဘူး။ ညီမအတွက် ပညာရေးထက် မောင်လေး ရှေ့ရေးကအဓိကဖြစ် တယ်။ ပြေးကြည့်လိုက်ရင် ဒီမောင် နှမနှစ်ယောက် တည်းရှိတယ်။ မောင်လေးကိုတော့ ညီမထက် အောင်မြင်ချင်တယ်။ အဲဒါကြောင့် အခု ကျောင်းစာလည်းသင် ဆိုင်း ပညာလည်းသင်ပေးတယ်။ မောင် လေးနဲ့မေမေက ညီမအတွက် ဖေ ဖေပေးထားတဲ့ နောက်ဆုံးဘဝ တွေပါ”ဟု တိုးတိတ်သောအသံ ဖြင့် ပုန်းညက်ဖြူက ဆိုသည်။
ပြဿနာအခက်ခဲများကို တစ် ဦးတစ်ယောက်တည်း ရင်ဆိုင်ဖြေ ရှင်းနေရသည့်သူမအဖို့ ပြဿနာ မဖြစ်ပါစေနှင့်ဟု အချိန်နှင့်အမျှ သာ ကြိတ်ဆုတောင်းမိတာအခါခါ ဆိုလျှင်မမှား။ တဟူးဟူးတိုက်ခတ်လာသော လေများနှင့်အတူ သူမ၏မျက်နှာ အမူအရာက ချက်ချင်းပြောင်းလဲ သွားပြီး တိကျပြတ်သားလှသည့် ဆုံးဖြတ်ချက်တစ်ခုကို သူမက ပြတ်သားစွာ ပြောသည်။
”ဖေဖေရှိတုန်းကလိုပဲ မေမေ နဲ့မောင်လေး မျက်နှာမငယ်အောင်သမီးကြိုးစားမယ်”ဟု ပုန်းညက်ဖြူက ပစ္စည်းများသိမ်းဆည်းနေသော ဆိုင်းအဖွဲ့သားများနဲ့ မိခင်ဖြစ်သူ ကိုကြည့်ရင်း ပြောသည်။ သူမရှေ့ရှိ ဆိုင်းဝိုင်းပစ္စည်း များကိုတီးခတ်ရန် ဟန်ပြင်နေပြီး .. တစ်ချက် နှစ်ချက်သုံးချက်တီးခတ်ပြီး မျက်ရည်များနဲ့ပြည့် လျှံသည့် မျက်လုံးအစုံဖြင့် သူမ ဆိုလိုက်သည့် စကားက”ဖေဖေ့ကို လည်း နောက်ဆုံးနေ့အထိ ညီမ ဆေးကုပေးလိုက်ရတဲ့အတွက် ကျေ နပ်တယ်။ ဒါပေမဲ့ ပွဲတွေထွက်တိုင်း ဖေဖေ့ကို လွမ်းရတာပေါ့။
ပြဿနာအခက်ခဲတွေပေါ်လာတိုင်း ဖေဖေ့ကိုတမ်းတတာပေါ့။ သေခြင်းတရားက မပြောင်းလဲတဲ့အရာဆိုပေမယ့် မိသားစုစုံစုံနဲ့တော့ အကြာကြီး နေချင်တာပေါ့”ဟု ကျလုဆဲဆဲမျက်ရည်ကိုသုတ်ကာ ပုန်းညက်ဖြူက ပြောသည်။ ဆက်လက်ပြီး ပုန်းညက်ဖြူက မျက်ရည်များကြားကပြုံးလျက် ”အဖွဲ့ သားတွေက နားလည်ကြပါတယ်။ ညီမတစ်ယောက်တည်းဆိုတော့ သူတို့အများကြီးကို ကူညီပါတယ်။ ပြဿနာဖြစ်ရင် အားလုံးကို စုပြီး တော့ ညီမဘက်ကပြောတယ်။ သမီးကိုသနားရင် ပြဿနာဖြစ်အောင် မလုပ်ဖို့ပေါ့။ ညီမတို့အားလုံးက’ကိုင်း ကျွန်းမီကျွန်းကိုင်းမီ’ တွေပါ။ တစ် ယောက်ပေါ်တစ်ယောက် မေတ္တာ စေတနာနဲ့ပဲ ဘဝကို ဆက်ကြတာပါ”ဟု သူမက ပြောသည်။
သာမန်လူယောက်ျား တစ်ယောက်အတွက် မိသားစု စားဝတ်နေရေးအိမ်ထောင်ဦးစီးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရသည်မှာ မလွယ်။ လူငယ်တစ်ယောက် အ တွက်ဆိုလျှင် သုခထက် ဒုက္ခက များနေမည်ဆိုလျှင် မမှား။ ပုန်းညက်ဖြူက ဆယ်ကျော်သက်မိန်းက လေးတစ်ယောက်၊ မိသားစုတာဝန် အပြင်ဖြစ်ပေါ်လာသည့် အိမ်ထောင့် တာဝန်အမျိုးမျိုးကို ဦးစီးဦးဆောင် ကာ ဖြေရှင်းနေရသည့် သူမ၏ဘဝကကြမ်းတမ်းသည်ခက်ခဲသည်။ သို့ပေမဲ့ အားမလျှော့သောသူမ၏ဇွဲကို ပတ်ဝန်းကျင်ကအသိအမှတ် ပြု လေးစားချီးကျူးမိကြသည်။
အိမ်ထောင်ဦးစီးတာဝန်ဆိုသည်မှာ လွယ်သည်မဟုတ် လူငယ်သဘာဝအလျောက် သူငယ်ချင်းများနှင့် သွားချင်လည်ချင်သော်လည်း မိသားစုအတွက် သိတတ်လွန်းသည့်သူမကို လူငယ်များ အတုယူနိုင်မည်ဟု မျှော်လင့်သည်။ ”လောကမှာ နေတတ်ရင်ပျော်စရာပါ။ စိတ်အားငယ်နေလို့ ဘဝကို အရှုံးမပေးပါနဲ့။ ကိုယ့်ထက် အဆင်ပြေနေတဲ့သူရှိသလို ကိုယ့်ထက် အခြေအနေဆိုးနေတဲ့လူ လည်း ရှိတယ်။ ကိုယ့်ထက်အခြေ အနေဆိုးနေတဲ့သူတွေကို ကူညီ နိုင်တဲ့သူဖြစ်အောင် နေတတ်ဖို့ လိုတယ်။ လူငယ်တွေကို တစ်ခုပြောချင်တာက အခုပိုင်ဆိုင်ထား တဲ့ မိသားစုကို တန်ဖိုးထားပါ။ မိဘကို အများထက်ပိုချစ်ပါ။ အ ချိန်ဆိုတာ ဒီနေ့လွန်ရင် မနက်ဖြန် ပြန်ကြိုးစားလို့ ရပေမယ့်လည်း မိဘတွေမရှိတော့ရင် ဘယ်လိုပဲ ပြန်ရှာရှာ အစားထိုးထိုးပြန်မရဘူး” ဟု အဝေးကိုငေးကြည့်ကာ ၎င်းက ဆိုသည်။ မိသားစုအတွက် အိပ်မက်ကို မေးတော့ သူမက မဆိုင်းမတွဖြေပါ သည်။
”မိန်းကလေးဆိုတာ ဒီလို အနုပညာမှာ ကြာရှည်ခံမအောင်မြင်ပါဘူး။ အဲဒါကြောင့် အခုမောင်လေးတွက် ညီမကြိုးစားနေတယ်။ မေမေ့ကိုလည်း မပင်ပန်းစေချင် တော့ဘူး။ ဖေဖေကတော့ မိသားစု အတွက် ပင်ပင်ပန်းပန်းအလုပ်ကြိုး စားပြီးရှာကျွေးခဲ့တယ်။ အဲဒီအတွက် အဖေ့ကိုကျေးဇူးတင်တယ်။ ဖေဖေချစ်တဲ့ ဒီမိသားစုကို၊ မေမေ့ ကို ပြည့်ပြည့်စုံစုံနဲ့ ထားချင်တဲ့ ဖေဖေ့ဆန္ဒ သမီးကြိုးစားပြီးထားမယ်”ဟု လွမ်းဆွတ်သည့်မျက်နှာဖြင့် သူမက ပြောသည်။ ပုန်းညက်ဖြူသည် မိန်းကလေးတစ်ဦး၏ အမည်နာမသာမကပါ။ ပုန်းညက်ဖြူသည်ဘဝဖြစ်သည်။
Credit:
www.popularmyanmar.com
No comments:
Post a Comment