Saturday, January 9, 2016

‘We’ll play fair’ (ကျွန်တော်တို့ မျှမျှတတလုပ်ဆောင်မည်)



ဗိုလ်ချုပ်ခင်ညွန့် အထအနကောက်ပြီး လူ ၂၀၀ ခန့်ကို ထောင်ထဲဆွဲထည့်ခဲ့တဲ့ ၁၉၉၀ ဇူလိုင်လထုတ် AsiaWeek မှ ဦးကြည်မောင် အင်တာဗျူး



၁၉၉၀ ဇူလိုင်လထုတ် AsiaWeek မဂ္ဂဇင်းတွင် ‘We’ll play fair’ (ကျွန်တော်တို့ မျှမျှတတလုပ်ဆောင်မည်) အမည်ဖြင့် ဦးကြည်မောင်နှင့် အင်တာဗျုးကို ဖော်ပြခဲ့သည်။ ဦးကြည်မောင်သည် ထိုစဉ်က NLD ၏ ဒုတိယဥက္ကဌဖြစ်ပြီး အင်တာဗျုးတွင် စစ်အာဏာရှင်များကို ပြည်သူလူထုက လက်စားချေမလားဆိုသောမေးခွန်းနှင့် ဆက်စပ်မေးခွန်းတခုကို ဗိုလ်ချုပ်ခင်ညွန့်မှ အထအနကောက်ပြီး NLD မှ ရွေးကောက်ခံအမတ် ၂၀၀ ခန့်ကို ဖမ်းဆီးထောင်ချခဲ့သည်။ ပြီးခဲ့သောရက်ပိုင်းအတွင်းက NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က လက်ရှိဒီချုပ်မှ ရွေးချယ်ခံအမတ်များအားမီဒီယာများနှင့် ထိတွေ့ပြောဆိုခွင့် ပိတ်ပင်ထားခြင်းမှာ ၎င်းအတွ့အကြုံကြောင့်ဖြစ်ကြောင်း RFA အင်တာဗျုးတွင် ပြောကြားခဲ့သည်။ ဦးကြည်မောင်နှင့် AsiaWeek အင်တာဗျူးအပြည့်အစုံကို ပြန်လည်ဖော်ပြလိုက်ပါသည်။
====== ====== ======

ဦးကြည်မောင်သည် သူ၏ဘ၀တလျှောက် ကျောင်းသားခေါင်းဆောင်၊ လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်သူ၊ သစ္စာစောင့်သိသောစစ်သားကောင်း ဖြစ်ခဲ့သည်။ ယခုဆိုလျှင် အသက် (၇၂)နှစ်ရှိပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံထားရချိန်တွင် NLD ၏ အဓိက ပြောရေး ဆိုခွင့်ရှိသူ ဖြစ်သည်။ ပြီးခဲ့သောသီတင်းပတ်က AsiaWeek ပင်တိုင်ဆောင်းပါးရှင် Dominic Faulder နှင့် ပြောဆိုခဲ့သည်များကို ထုတ်နုတ်ဖော်ပြလိုက်သည်။

ရွေးကောက်ပွဲပြီးတာ တလကျော်ကြာခဲ့ပြီ။ လက်ရှိအာဏာရကောင်စီနဲ့ ဘယ်လို ညှိနှိုင်းလုပ်ဆောင်သွားမလဲ။
သူတို့ရဲ့ ရည်ရွယ်ချက်အမှန်ကဘာလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ သူတို့ ပါးစပ်ကဘာမှ တည့်တည့် မပြောသေးဘူး။ ကျွန်တော်တို့ကသိချင်တယ်။ ကျွန်တော်တို့ကတော့ လွှတ်တော်ခေါ်ပေးဖို့သူတို့ကိုပြောမယ်။ သူတို့ရဲ့ အနာဂတ် အစီအစဉ်ကဘာလဲ ကျွန်တော်တို့ကမေးမယ်။ သူတို့ရဲ့ အစီအစဉ်တွေကို ကျွန်တော်တို့ကဖျက်လို ဖျက်ဆီးလုပ်မှာ မဟုတ်ဘူး။ သူတို့စိတ်ထဲမှာဘာတွေရှိနေသလဲဆိုတာကိုသာ ကျွန်တော်တို့ သိချင်တာပါ။ သူတို့ မေးသမျှကိုဖြေဖို့လည်း အဆင်သင့်ပါပဲ။ ဂုဏ်သရေရှိလူကြီးမင်းများ အချင်းချင်းပွင့်ပွင့်လင်းလင်း စကားပြောတာမျိုးပေါ့ဗျာ။

ဒါပေမဲ့ သူတို့ဘက်က ပြည်လုံးသိထုတ်ပြန်ချက်တွေအရကတော့ နောက်ဆုတ်မယ့် သဘောမတွေ့ရဘူး။
သတင်းစာတွေမှာဖတ်ရတာကတော့ အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့တွေ စားပွဲဝိုင်းထိုင်ပြီး စကားပြောကြတဲ့အခါမှာတော့ တမျိုးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဘက်ကလည်းလိုက်လျောရမယ့် အချက်တွေ ရှိမှာပေါ့။ ကျွန်တော်တို့ကတော့ မျှမျှတတပဲလုပ်မှာပါ။ သူတို့ဘက်ကလည်း ကျွန်တော်တို့ ကို မျှမျှတတဆက်ဆံဖို့ မျှော်လင့်တယ်။ ဟုတ်ပြီ သူတို့အနေနဲ့ ဆုတ်ဆိုင်းနိုင်ပါတယ်။ သူတို့ဘက်က ချက်ချင်းထုတ်ဖော်ပြောပေးသင့်တဲ့ အချက်တွေလည်းရှိတယ်လို့ ထင်တယ်။ ဥပမာ-နိုင်ငံတော်ကြွေးမြီ ပမာဏလိုမျိုးပေါ့။ သူတို့ ရွှေ့ဆိုင်းနေတဲ့အချိန်အတိုင်း အတိုးက တက်နေမှာလေ။ နောက်ပြီး အလုပ်အကိုင် (ရှားပါးမှု)ကိစ္စ။ ကျွန်တော်တို့မှာအလုပ်အကိုင်တွေ မရှိကြဘူး။ စက်ရုံတွေက ရပ်နေတယ်။ တက္ကသိုလ်တွေ ပိတ်ထားတာသုံးနှစ်ရှိပြီ။ အဲဒီကိစ္စတွေက ဆိုင်းထားလို့ မရတဲ့ အရာတွေ။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးထက် အရေးကြီးနေရာတွေ အများကြီးရှိပြီး အဲဒါတွေအပေါ်မှာ အကြီးအကျယ် စိတ်ပျက်ဒေါသထွက်နေကြတယ်။ သူတို့ ကျွန်တော်တို့ကို ပယ်ချ လို့မရဘူး။ ကျွန်တော်တို့မှာ ပြည်သူ့ထောက်ခံမှုရှိတယ်။ လူငယ်တွေ၊ ကျောင်းသားတွေ၊ တောင်သူ လယ်သမားတွေ၊ သံဃာတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေသူတို့အားလုံးရဲ့ ထောက်ခံမှု ကျွန်တော်တို့ရ ထားတယ်။ ဘယ်သူမှ ဒီလိုထောက်ခံမှုမျိုး မရဖူးဘူး။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတွင်း သူတို့မမြင်နိုင်ခဲ့ တဲ့ အရာကိစ္စတွေကိုတောင် ကျွန်တော်တို့ အောင်မြင်အောာင် လုပ်နိုင်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ ပြည်သူလူထုကို စိတ်သစ်လူသစ်မွေးကြဖို့ ကျွန်တော်တို့ စွမ်းဆောင်နိုင်တယ်။ ဒါဟာ ဒေါ်အောင်ဆန်း စုကြည်အပေါ် လူကြိုက်များမှုနဲ့ အများကြီးသက်ဆိုင်တာပေါ့။

သူမရဲ့ လွတ်မြောက်မှုက အဖွဲ့ချုပ်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ။
မိခင်တယောက် ရောဂါအပြင်းအထန်ခံစားရပြီးမှ ပျောက်ကင်းသွားတယ်ဆိုရင် သားသမီးတွေ ဘာပြောကြမယ် ထင်သလဲ။ အမေ့လက်ရာထမင်းဟင်းတွေ စားသောက်ခွင့်ရတော့ သူတို့ ပျော်ရွှင်ကြမယ် မဟုတ်လား။ ဒီလိုပါပဲ။ လူထုက သူမကို ချစ်ကြတယ်လေ။

စစ်အာဏာရှင်တွေအနေနဲ့ လူထုကလက်စားချေ လက်တုန့်ပြန်မှာကိုစိုးရိမ်နေသလား။
ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီးရှိပါတယ်လို့ပဲ ကျွန်တော် ပြောပါမယ်။ တကယ်တမ်းမှာတော့ (နာဇီ) ဂျာမန် ဘယ်နှယောက်များ နူရင်ဘာ့ခ်ခုံရုံးတက်ခဲ့ရလို့လဲ။

ဒါဆိုရင် ရန်ကုန်မှာလည်း နူရင်ဘာ့ခ်ခုံးရုံးရှိလာမယ်ဆိုတဲ့သဘောပြောတာလား။
မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ သာမန်ပြည်သူတွေကတော့ စစ်သားတွေကိုတိုက်ခိုက်မှာမဟုတ်ဘူးလို့ ကျွန်တော် မြင်တယ်။ ဒါကဘာမှမဟုတ်တာကိုသက်သက် ပုံကြီးချဲ့ထားတဲ့ ပြဿနာပါ။ ဗိုလ်ချုပ်ခင်ညွန့်လိုလူတွေကတော့ အကြောင်းကြောင်းကြောင့် မလုံမခြုံ ခံစားရမှာပေါ့လေ။

(ဥက္ကာဦး ပြန်ဆိုဖော်ပြသည်။)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments: