Friday, July 3, 2026

လူငယ်နှင့် ဘာသာမဲ့ခြင်း

 



လူသားသမိုင်းရဲ့ အစောပိုင်းကာလတွေကို ပြန်ကြည့်ရင် ဘာသာတရားဆိုတာ လူတွေအတွက် တကယ်ကို လိုအပ်လို့ ပေါ်ပေါက်လာခဲ့တာဖြစ်သလို၊ တကယ်လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ကူညီပေးခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်တွေကြားထဲမှာ ကြောက်ရွံ့နေရတဲ့ လူသားတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဖို့၊ အုပ်စုတစ်စုနဲ့တစ်စု စည်းစည်းလုံးလုံး ရှိစေဖို့နဲ့ ဘဝရဲ့ နေထိုင်မှုစနစ်တွေကို ထိန်းကျောင်းပေးဖို့ ဘာသာတရားတွေဟာ မီးရှူးတန်ဆောင်တစ်ခုလို အသုံးဝင်ခဲ့တာ ငြင်းလို့မရပါဘူး။

ဒါပေမဲ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ဘာသာရေးကျင့်ထုံးတွေဟာ စာနာမှုဆိုထက် တင်းကျပ်တဲ့ စည်းကမ်းတွေ၊ ကန့်သတ်ချုပ်ချယ်မှုတွေဘက်ကို ပိုဦးတည်လာပါတယ်။ ခေတ်ကာလနဲ့ မကိုက်ညီတော့တဲ့၊ လူ့သဘာဝရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားဆီးတဲ့ ဘာသာရေး စည်းမျဉ်းတွေအပြင်၊ ဘာသာတရားရဲ့ အကာအကွယ်ကိုယူပြီး လူအချင်းချင်း ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာတွေကို မြင်တွေ့လာရတဲ့အခါ မိမိကိုးကွယ်ရာ ဘာသာအပေါ် ငြီးငွေ့စိတ်ပျက်ပြီး မကြိုက်တော့တဲ့သူတွေ ခေတ်အဆက်ဆက်မှာ ရှိလာခဲ့ပါတယ်။ ဒီလို စိတ်ပျက်မှုတွေရဲ့နောက်မှာ တချို့က 'ဒီဘာသာမကောင်းရင် တခြားပိုကောင်းမယ့် ဘာသာတစ်ခုခု' ကို ရွေးချယ်ကူးပြောင်းသွားကြတာ ရှိသလို၊ တချို့ကျတော့လည်း ဘယ်ဘာသာတရားရဲ့ ကန့်သတ်ချက် ဘောင်အောက်ကိုမှ မဝင်ချင်တော့ဘဲ မည်သည့်ဘာသာကိုမှ မကိုးကွယ်တော့ဘဲ လွတ်လပ်စွာ နေထိုင်ဖို့ ရွေးချယ်လိုက်ကြပါတယ်။

✦ ဘာသာမဲ့ခြင်းက ယနေ့ခေတ်မှ ပေါ်လာတာမဟုတ်ခြင်း

တကယ်တော့ ဘာသာတရားတွေကို စွန့်ခွာပြီး ဘာသာမဲ့အဖြစ် နေထိုင်တဲ့ ဒီအယူအဆဟာ အခုခေတ် ၂၁ ရာစု လူငယ်တွေကြားမှ ရုတ်တရက် ပေါ်ပေါက်လာတဲ့ ခေတ်သစ် Trend တစ်ခု မဟုတ်ပါဘူး။ ကမ္ဘာ့သမိုင်းကို ပြန်လှန်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ခရစ်တော်မပေါ်ခင် ကတည်းက ဂရိဒဿနပညာရှင်အချို့နဲ့ အိန္ဒိယက ချာရ်ဗာကလို့ခေါ်တဲ့ ဒြပ်ဝါဒီ အတွေးအခေါ်ပညာရှင်တွေဟာ ဘာသာရေးကျင့်ထုံးတွေနဲ့ နတ်ဘုရားတွေရဲ့ တည်ရှိမှုကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး ဘာသာမဲ့အဖြစ် ရပ်တည်ခဲ့ကြတဲ့ သမိုင်းအထောက်အထားတွေ ရှိခဲ့ပါတယ်။ အလယ်ခေတ် ဥရောပမှာ ဘာသာရေးက လူထုအပေါ် အလွန်အမင်း ဖိနှိပ်ချုပ်ချယ်ခဲ့စဉ်ကလည်း အသက်စွန့်ပြီးတော့ကို ဘာသာရေးဘောင်တွေကို ကျော်ဖြတ်ကာ သိပ္ပံနဲ့ ဆင်ခြင်တုံတရားနောက်ကို လိုက်ခဲ့ကြတဲ့ သမိုင်းဖြစ်ရပ်တွေ အများကြီးပါပဲ။ ဒီကနေ့ ၂၀၂၆ ခုနှစ်မှာတော့ ဒီလိုဘာသာမဲ့ခြင်း အယူအဆဟာ အတိတ်ကလို သမိုင်းထဲက ဒဿနပညာရှင်အနည်းစုရဲ့ အတွေးအခေါ် သက်သက်မဟုတ်တော့ဘဲ၊ ကမ္ဘာ့လူငယ်မျိုးဆက်သစ်တွေကြားမှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့လာနေတဲ့ လက်တွေ့ဘဝ နေထိုင်မှုပုံစံသစ် တစ်ခု ဖြစ်လို့လာနေပါပြီ။

✦ ဘာသာမဲ့ ဝေါဟာရ အရှုပ်တော်ပုံ

ဘာသာမဲ့ ဆိုတဲ့ စကားလုံးဟာ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ မြန်မာစကားအသုံးအနှုန်းကြားထဲမှာတော့ တော်တော်လေးကို ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ အရာတစ်ခု ဖြစ်နေဆဲပါ။ လူအများစုက ဒီစကားလုံးကို ကြားလိုက်တာနဲ့ ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ပေးပြီး တံဆိပ်ကပ်ချင်သလို ကပ်ပစ်လိုက်ကြတာ များပါတယ်။ ကျွန်တော်တို့ဆီမှာ ဘာသာရေး အယူဝါဒတစ်ခုခုကို မကိုးကွယ်ဘူးဆိုရင် 'ဘာသာမဲ့' လို့ပဲ လွယ်လွယ် ခြုံငုံခေါ်လိုက်ကြပေမဲ့၊ တကယ်တမ်း ပကတိအခြေအနေမှာတော့ ဘာသာမဲ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေတွက်လို့မရနိုင်လောက်အောင် ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အတွေးအခေါ် အမျိုးအစားတွေ အများကြီး ရှိနေပါတယ်။

အဆိုးဆုံး အယူအဆအလွဲတစ်ခုကတော့ ဘာသာမဲ့လို့ ပြောလိုက်တာနဲ့ ဒါဟာ ဘုရားမဲ့ဝါဒီ-Atheist တွေကိုပဲ ဆိုလိုတာပါဆိုပြီး တစ်ထေရာတည်း ပုံသေ သတ်မှတ်လိုက်ကြတာပါပဲ။ ဒါဟာ ခေတ်သစ်ဘာသာမဲ့တွေထဲမှာ လှုပ်ရှားတက်ကြွမှုအများဆုံးအမျိုးအစားဖြစ်နေတာရယ်၊ တခြားဘာသာမဲ့အယူအဆတွေနဲ့ အလှမ်းဝေးတာရယ်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုက ဘာသာမဲ့လို့ မိမိကိုယ်ကို ခံယူထားပြီး အသိသိပ်မကြွယ်သေးသူတွေကပါ "Atheist မှမဟုတ်ရင် ဘာသာမဲ့ မစစ်ဘူး" ဆိုပြီး ပုံသေကားကျ သတ်မှတ်တာမျိုးလဲရှိပါသေးတယ် (ဒီအမြင်က ဘာသာအယူဝါဒတစ်ခုနဲ့ ဘာမှမကွာတော့ပါဘူး) ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဘာသာမဲ့ခြင်းအရောင်အသွေးဆိုတာက လူတွေထင်ထားတာထက် အများကြီး ပိုစုံလင်ပြီး အများကြီးလည်း ပိုများပါတယ်။ ဒီတော့ ထင်ထားသလို ပုံသေကားကျ မဟုတ်ဘဲ ကွဲပြားနေတဲ့ ဘာသာမဲ့ကမ္ဘာထဲက အဓိက အယူအဆ အမျိုးအစားတွေကို ကြည့်ကြည့်ရအောင်ပါ။

ပထမဆုံးကတော့ လူသိအများဆုံးဖြစ်တဲ့ Atheism-ဘုရားမဲ့ဝါဒီ ပါ။ သူတို့ကတော့ ဖန်ဆင်းရှင် ဘုရားသခင်၊ တန်ခိုးရှင်၊ ကံကံ၏အကျိုး၊ ရှေ့ဘဝနောက်ဘဝနဲ့ ဝိညာဉ် စတဲ့ သဘာဝလွန်ဘယ်အရာကိုမဆို လုံးဝမယုံကြည်ဘဲ သက်သေပြနိုင်တဲ့ ဒြပ်ဝတ္ထုနဲ့ သိပ္ပံအမြင်ကိုပဲ အခြေခံသူတွေပါ။

ဒုတိယက Agnosticism-မသိနိုင်ဝါဒီ ဖြစ်ပြီး သူတို့ကတော့ ဘုရားရှိမရှိ၊ သဘာဝလွန်အရာတွေ ရှိမရှိဆိုတာ လူသားရဲ့ ဉာဏ်ပညာနဲ့ လောလောဆယ် သေသေချာချာ မသိနိုင်သေးဘူးလို့ ယူဆတဲ့ အလယ်အလတ်သမားတွေ ဖြစ်ပါတယ်။ ရှိရင်လည်းရှိမယ်၊ မရှိရင်လဲမရှိဘူး ဆိုတာမျိုးပါ။

တတိယကတော့ Deism-သဘာဝဘုရားဝါဒီ ပါ။ သူတို့ကတော့ စကြဝဠာကို ဖန်ဆင်းတဲ့အရာတစ်ခု ဒါမှမဟုတ် ဘုရားသခင်ရှိတယ်။ ဒါပေမဲ့ အဲဒီဘုရားဟာ ဘာသာတရားတွေကို မချပေးဘူး။ လူတွေရဲ့ ဆုတောင်းတာ၊ ဘာသာရေးစည်းကမ်းတွေ သတ်မှတ်တာနဲ့ လောကကြီးရဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘူးလို့ ယုံကြည်ကြသူတွေပါ။

စတုတ္ထအနေနဲ့ Pandeism/Pantheism-သဘာဝတရားနှင့် ဘုရားတစ်သားတည်းဝါဒီ ကတော့ ဘုရားဆိုတာ သီးသန့်ပုဂ္ဂိုလ် မဟုတ်ဘဲ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ သဘာဝတရားကြီး၊ စကြဝဠာကြီးကိုယ်တိုင်ကပဲ ဘုရားပဲလို့ ခံယူထားကြပါတယ်။ သူတို့အတွက်လည်း ဘာသာတရားဆိုတာ မလိုအပ်ပါဘူး။

ပဉ္စမအုပ်စုကတော့ အခုခေတ် အရှေ့တိုင်းလူငယ်တွေကြား အရမ်းများလာတဲ့ Ignosticism ဒါမှမဟုတ် Apatheism-အေးအေးစက်စက်စွန့်ခွါသွားသူတွေပါ။ သူတို့ကတော့ "ဘုရားရှိရှိ မရှိရှိ ငါ့ဘဝနဲ့ ဘာမှမဆိုင်ဘူး၊ စိတ်လည်းမဝင်စားဘူး" ဆိုပြီး ဘာသာရေးကိစ္စတွေကို လုံးဝ ဥပေက္ခာပြုထားသူတွေ ဖြစ်ပါတယ်။

ဆဋ္ဌမအုပ်စုက Secular Humanism-လောကီလူသားဝါဒီဖြစ်ပြီး သူတို့ကတော့ ဘုရားသခင်နဲ့ ဘာသာရေးကျမ်းစာတွေရဲ့ လမ်းညွှန်ချက်မပါလည်း လူသားအချင်းချင်း စာနာမှု၊ လူ့အခွင့်အရေးနဲ့ ကိုယ်ကျင့်တရားတွေကို အခြေခံပြီး လောကကြီးကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

နောက်ဆုံး သတ္တမအုပ်စုကတော့ Spiritual but Not Religious-ဘာသာရေးမလိုက်စားဘဲ နာမ်ပိုင်းဆိုင်ရာကို အလေးထားသူတွေပါ။ သူတို့က ဘယ်ဘာသာရေး အဖွဲ့အစည်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းထဲကိုမှ မဝင်ပေမဲ့ စိတ်
တည်ငြိမ်မှုဆိုင်ရာကျင့်စဉ်တွေ၊ တရားထိုင်တာ၊ ကံကံ၏အကျိုး၊ ဝိညာဉ်စတဲ့ သဘာဝလွန်အရာတွေကိုယုံကြည်ကြပါတယ်။

တကယ်တော့ အခုပြောပြခဲ့တဲ့ စာရင်းတွေဆိုတာ ဘာသာမဲ့တွေထဲက သိသာထင်ရှားတဲ့ နမူနာ အစိတ်အပိုင်း အနည်းငယ်ပဲ ရှိပါသေးတယ်။ အပြင်မှာတော့ ဒါထက်ပိုပြီး ကျယ်ပြန့်နက်ရှိုင်းတဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အယူအဆအစုံအလင်နဲ့ လွတ်လပ်စွာ တွေးခေါ်ရှင်သန်နေကြတဲ့ ဘာသာမဲ့တွေ အများကြီးပါပဲ။

✦ အမြန်ဆုံးတိုးပွါးလာနေသော ဘာသာမဲ့ဦးရေ

လက်ရှိ ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေ စာရင်းဇယားတွေအရ ကမ္ဘာ့လူဦးရေ စုစုပေါင်း ဘီလီယံ ၈.၂ ကျော်ရှိတဲ့အနက်မှာ ဘာသာမဲ့စုစုပေါင်းဟာ ၁.၉ ဘီလီယံအထိရှိနေတာပါ။ ဒါဟာ ကမ္ဘာ့လူဦးရေတစ်ခုလုံးရဲ့ ၂၄.၂% ဝန်းကျင်အထိ ရှိနေတာဖြစ်ပြီး ကမ္ဘာပေါ်မှာ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာပြီးရင် တတိယမြောက်အများဆုံးပါပဲ။ ဒီနေရာမှာ ကမ္ဘာ့လူဦးရေ တိုးပွားနှုန်းအရ ကြည့်မယ်ဆိုရင်တော့ ထိပ်ဆုံးက အစ္စလာမ်ဘာသာက အမြန်ဆုံး တိုးပွားနေတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီတိုးပွားနှုန်းကို တိုင်းတာတဲ့ စံနှုန်း (၂) ခုနဲ့ ကြည့်ရင်တော့ လူဦးရေ အရေအတွက် သက်သက်နဲ့ဆိုရင် ကလေးမွေးဖွားနှုန်း မြင့်မားတဲ့ အစ္စလာမ်ဘာသာက အမြန်ဆုံး တိုးနေတာဖြစ်ပြီး မိမိကိုးကွယ်ရာ ဘာသာတရားကို စွန့်ခွာပြီး အတွေးအခေါ် ကူးပြောင်းမှုနှုန်းအရ ကြည့်မယ်ဆိုရင်တော့ ဘာသာမဲ့က ကမ္ဘာမှာ အမြန်ဆုံး အရှိန်အဟုန်နဲ့ တိုးပွားနေတာ ဖြစ်ပါတယ်။ ဆိုလိုတာက တိုးပုံတိုးနည်းချင်း သဘောသဘာဝ မတူကြတာမို့၊ တကယ့်လူငယ်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု နှုန်းထားအရ ဆိုရင်တော့ ဘာသာမဲ့ တိုးပွားနှုန်းက ကမ္ဘာပေါ်မှာ အရှိန်အကောင်းဆုံးပါပဲ။

✦ ဘာကြောင့် ဘာသာမဲ့ကုန်ကြတာလဲ?

မိမိတို့ ကြီးပြင်းလာရတဲ့ နေရာဒေသနဲ့ ယဉ်ကျေးမှု ဘာသာရေးနောက်ခံအလိုက် အကြောင်းအရင်းတွေ အမျိုးမျိုး ကွဲပြားနိုင်ပေမဲ့ ခြုံငုံကြည့်ရင်တော့ အဓိက အချက်တချို့ တွေ့ရပါတယ်။ ပထမဆုံးကတော့ ပညာရေးနဲ့ သိပ္ပံအမြင် ကျယ်ပြန့်လာတာပါပဲ။ အင်တာနက်နဲ့ သတင်းအချက်အလက်တွေ လွယ်လွယ်ကူကူ ရရှိလာတဲ့ ဒီကနေ့ခေတ်မှာ ဘာသာရေးကျမ်းစာတွေထဲ ဟောပြောထားတာတွေဟာ သိပ္ပံပညာနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ဘက်ဖြစ်ပြီး လွဲနေတာကို လူငယ်တွေ သိမြင်လာကြပါတယ်။

နောက်တစ်ခုကတော့ တင်းကျပ်ပြီး ခေတ်မမှီတော့တဲ့ စည်းကမ်း အယူအဆတွေကို စိတ်ပျက်ရွံမုန်းလာတာပါပဲ။ အနောက်နိုင်ငံတွေမှာဆိုရင် လစ်ဘရယ်စံနှုန်းတွေဖြစ်တဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ LGBTQ+ အခွင့်အရေးတွေအပေါ် ဘုရားကျောင်းတွေရဲ့ ရှေးရိုးစွဲ ပိတ်ပင်ချုပ်ချယ်မှုတွေကြောင့် လူငယ်တွေ စိတ်ပျက်ကုန်ကြတာ ဖြစ်သလို၊ အရှေ့တိုင်းယဉ်ကျေးမှုတွေမှာလည်း လက်တွေ့ဘဝနဲ့ ဝေးကွာပြီး အနှစ်သာရမရှိတော့တဲ့ ရိုးရာကျင့်ထုံးတွေ၊ စည်းကမ်းတွေကို အချိန်ကုန် ငွေကုန်တယ်ဆိုပြီး ငြီးငွေ့လာကြပါတယ်။ တချို့ဆိုရင် သိပ္ပံပညာတွေ ဘာပညာတွေ နက်နက်နဲနဲ နားမလည်ရင်တောင် ဘာသာရေးအဖွဲ့အစည်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ လူအချင်းချင်း ခွဲခြားဆက်ဆံမှုတွေနဲ့ တင်းကျပ်တဲ့ ဘောင်တွေကို ရင်ကျပ်လာတာကြောင့်တင် ဘာသာတရားကို စွန့်ခွာဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်သွားတတ်ကြပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ အွန်လိုင်းလူမှုကွန်ရက်တွေရဲ့ လွှမ်းမိုးမှုကြောင့်ပါပဲ။ အတိတ်ကာလကတော့ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ဘာသာရေးဖိအားအောက်မှာ ဘာသာမဲ့ချင်ရင်တောင် တစ်ယောက်တည်း အထီးကျန်ပြီး ကြောက်နေခဲ့ရပေမဲ့၊ အခုခေတ်မှာတော့ TikTok, YouTube နဲ့ Reddit လို ပလတ်ဖောင်းတွေပေါ်မှာ မိမိလိုပဲ တွေးခေါ်တဲ့ ကမ္ဘာအနှံ့က ဘာသာမဲ့လူငယ်တွေရဲ့ အသိုင်းအဝိုင်းကို တွေ့ရှိလာကြပြီး လွတ်လပ်စွာ ကိုယ်ပိုင်လမ်းကို ရွေးချယ်ဖို့ ပိုမိုရဲဝံ့လာကြတယ် ဆိုရပါမယ်။

✦ ဘယ်ဘာသာတရားတွေကနေ စွန့်လွှတ်ပြီး ဘာသာမဲ့ ဖြစ်လာတာ အများဆုံးလဲ?

ဘာသာတိုင်းကနေ နှစ်စဉ် ဘာသာမဲ့သွားသူတွေ ရှိကြပေမဲ့ ဘာသာမဲ့ဖြစ်ဖို့ အစုအဝေးလိုက် အများဆုံး စွန့်ခွါခြင်းခံရတာကတော့ ခရစ်ယာန်ဘာသာနဲ့ အရှေ့တိုင်းရိုးရာ ဗုဒ္ဓဘာသာတွေပါပဲ။ ဥရောပနဲ့ မြောက်အမေရိကတိုက်က ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ခရစ်ယာန်မိသားစုကနေ မွေးဖွားလာတဲ့ လူငယ်မျိုးဆက်တွေဟာ ဘုရားကျောင်းမတက်တော့ဘဲ ဘာသာမဲ့အဖြစ် ကူးပြောင်းသွားကြတာ သန်းနဲ့ချီရှိပါတယ်။ အလားတူပဲ အရှေ့အာရှနိုင်ငံတွေက လူငယ်တွေဟာလည်း ရိုးရာဗုဒ္ဓဘာသာနောက်ခံကနေ ဘာသာရေးကို အဖက်မလုပ်၊ စိတ်မဝင်စားတဲ့ ဘာသာမဲ့တွေဖြစ်ကုန်ကြပါတယ်။ မြန်မာနိုင်ငံလဲ တူတူပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းမှာ လူဦးရေရဲ့ အများစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပေမဲ့ အခုခေတ် လူငယ်မျိုးဆက်တွေကြားမှာတော့ ဘာသာရေးဆိုတာ မှတ်ပုံတင်ပေါ်က စာသားသက်သက်ပါပဲ။ အင်တာနက်ကြောင့် အမြင်ကျယ်လာတာအပြင် နိုင်ငံရေး၊ ဘာသာရေး ပဋိပက္ခတွေကြားက ဘာသာရေးခေါင်းဆောင်ဆိုသူတွေရဲ့ အကျင့်ပျက်ခြစား ဖြစ်ချင်တိုင်းဖြစ်နေကြတာတွေအပေါ် ရွံမုန်းလာကြတာလည်းပါပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာမဲ့ဖြစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ လူငယ်တွေဟာ လွတ်လပ်ခွင့်မရဘဲ အစ္စလာမ်နိုင်ငံတွေကလိုပဲ တိတ်တဆိတ်နေထိုင်ကြရတာများပါတယ်။ မတိတ်ဆိတ်ရင်လည်း အမွေပြတ်စွန့်ပယ်တာ၊ အကုသိုလ်ကောင်၊ ကျေးဇူးကန်းတဲ့ကောင်၊ လမ်းမှားရောက်နေတဲ့ကောင်၊ မိစ္ဆာဒိဋ္ဌိဆိုပြီး ဝိုင်းပယ်တာမျိုး ခံရတတ်ပါတယ်။

ဒါဆိုကမ္ဘာမှာ လူဦးရေအလုံးအရင်းနဲ့ တိုးပွားနေတဲ့ အစ္စလာမ်ဘာသာကနေ စွန့်ခွာတဲ့နှုန်းကရော ဘယ်လောက်ရှိလဲ၊ ဘာကြောင့် စာရင်းဇယားတွေမှာ စွန့်ခွာသူနှုန်း မမြင့်မားရတာလဲဆိုတာကိုလည်း ကြည့်ရအောင်ပါ။ တကယ်တော့ လွတ်လပ်ခွင့်ရှိတဲ့ အနောက်နိုင်ငံတွေ ဥပမာ-အမေရိကန်မှာ မွတ်စ်လင်မ်အဖြစ် ကြီးပြင်းလာသူတွေရဲ့ ၂၃% ဝန်းကျင်ဟာ လူကြီးဖြစ်လာတဲ့အခါ အစ္စလာမ်ဘာသာဝင်အဖြစ် မခံယူတော့ဘဲ ဘာသာမဲ့ ဖြစ်သွားကြတယ်လို့ Pew Research Center ရဲ့ စစ်တမ်းတွေမှာ တွေ့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အခြားဘာသာကနေ အစ္စလာမ်ထဲ ကူးပြောင်းလာသူနှုန်းကလည်း ဒီလောက်ပဲ ပြန်ရှိနေတာမို့ အနောက်နိုင်ငံတွေမှာတော့ ဝင်သူထွက်သူ မျှခြေ Net Zero ပါပဲ။

ဒါပေမဲ့ ဒါက အနောက်နိုင်ငံတွေရဲ့ အခြေအနေသာဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်ရင်တော့ အစ္စလာမ်ကနေ လူသိရှင်ကြား ဘာသာစွန့်သူနှုန်းဟာ သိသိသာသာကို နည်းပါးနေပါသေးတယ်။ အကြောင်းက အဆုံးအမကြောင့်တင် မဟုတ်ဘဲ ပြင်းထန်လွန်းတဲ့ ဥပဒေရေးရာနဲ့ လူမှုရေးရာ ခြိမ်းခြောက်မှုတွေ နောက်ကွယ်မှာ ရှိနေလို့ပါ။ မွတ်စ်လင်မ်အများစု နေထိုင်တဲ့ နိုင်ငံပေါင်း ၂၀ ကျော်မှာ ဘာသာစွန့်ခြင်းကို တရားမဝင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး၊ တချို့နိုင်ငံတွေမှာ သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်အထိ ချမှတ်လေ့ရှိပါတယ်။ ဥပဒေထက် ပိုကြောက်စရာကောင်းတာက လူမှုရေးအရ သတ်တာပါပဲ။ မိသားစုက အမွေပြတ်စွန့်ပယ်တာ၊ လူ့အဖွဲ့အစည်းနဲ့ လုပ်ငန်းခွင်ကနေ လုံးဝအဆက်အသွယ်ဖြတ် ဖယ်ကြဉ်တာအပြင်၊ အသက်အန္တရာယ်ပါ စိုးရိမ်ရတာကြောင့် ဘာသာတရားကို မယုံကြည်တော့ရင်တောင် လူသိရှင်ကြား စွန့်ခွာဖို့ဆိုတာ မဖြစ်နိုင်သလောက် ခဲယဉ်းသွားစေပါတယ်။ ဒီအချက်ကြောင့်ပဲ အစ္စလာမ်ဘာသာက ကမ္ဘာပေါ်မှာ အပြင်ပန်းမှာ မွတ်စ်လင်မ်၊ လက်တွေ့မှာ ဘာသာမဲ့ ဖြစ်နေကြတဲ့ တိတ်တဆိတ် စွန့်ခွါသူများဦးရေ အများဆုံးဘာသာဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ သူတို့ဟာ ဖမ်းဆီးခံရမှာ ဒါမှမဟုတ် အန္တရာယ်ပြုခံရမှာ ကြောက်တာကြောင့် စစ်တမ်းတွေမှာ မွတ်စ်လင်မ်ပါလို့ပဲ လိမ်ဖြေကြရတာမို့ တိကျတဲ့ကိန်းဂဏန်းစာရင်း ကောက်ယူဖို့ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ အမည်မဖော်လိုတဲ့ လျှို့ဝှက်အွန်လိုင်းစစ်တမ်းတွေ ဥပမာ - ၂၀၂၀ ပြည့်နှစ်က နယ်သာလန်အခြေစိုက် GAMAAN သုတေသနအဖွဲ့က အီရန်ပြည်သူ ၅ သောင်းကျော်ကို လျှို့ဝှက်စစ်တမ်းကောက်ယူခဲ့တာမှာ အံ့ဩစရာကောင်းစွာနဲ့ လူဦးရေရဲ့ ၃၂% ကျော်ကသာ မိမိကိုယ်ကို နိုင်ငံတော်ဘာသာဖြစ်တဲ့ ရှီအာမွတ်စလင်အဖြစ် သတ်မှတ်ပြီး၊ ၂၂.၂% ကတော့ ဘယ်ဘာသာမှမကိုးကွယ်တဲ့ ဘာသာမဲ့ဖြစ်နေကြပြီလို့ ဝန်ခံခဲ့ကြပါတယ်။ ဒါ့အပြင် အာရပ်ကမ္ဘာစစ်တမ်းတွေအရလည်း မော်ရိုကို၊ တူနီးရှားနဲ့ လက်ဘနွန် စတဲ့ နိုင်ငံတွေက လူငယ်တွေကြားမှာ မိမိကိုယ်ကို ဘာသာရေးမလိုက်စားသူ/ဘာသာမဲ့လို့ ဖြေဆိုတဲ့နှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ယှဉ်ရင် ၁၅% ကနေ ၃၀% ဝန်းကျင်အထိ သိသိသာသာ မြင့်တက်လာနေတာကို တွေ့ရပါတယ်။

နိဂုံးချုပ်ရရင် ဘာသာမဲ့ခြင်းဆိုတာ လူ့အဖွဲ့အစည်းကို ဖျက်ဆီးမယ့် အန္တရာယ်တစ်ခု မဟုတ်သလို၊ လမ်းမှားရောက်နေတဲ့ မိစ္ဆာဒိဋ္ဌိတွေရဲ့ စုဝေးရာလည်း မဟုတ်ပါဘူး။ ဒါဟာ မိမိရဲ့ ဆင်ခြင်တုံတရားနဲ့ လွတ်လပ်ခွင့်ကို ဘာသာရေးပုံစံခွက်တွေထဲ အတင်းအကျပ် အသွင်းမခံချင်တော့တဲ့ လူသားတစ်ယောက်ချင်းစီရဲ့ ရိုးသားတဲ့ ရွေးချယ်မှု သက်သက်သာ ဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာအရပ်ရပ်မှာရော၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပါ ပတ်ဝန်းကျင်ရဲ့ ဖိအား၊ မိသားစုရဲ့ ခြိမ်းခြောက်မှုတွေနဲ့ လူမှုရေးအရ တံဆိပ်ကပ်ပုတ်ခတ်မှုတွေကြောင့် ဟန်ဆောင်ရှင်သန်နေရတဲ့ လူငယ်တွေ အများကြီး ရှိနေပါတယ်။ သူတို့ကို စာနာစရာလို့ မြင်ရင်မြင်၊ ဒါမှမဟုတ် မိစ္ဆာဒိဋ္ဌိတွေလို့ပဲ ဒေါသထွက်ပြီး အပြစ်တင်ချင်တင်ပါ၊ ဒါပေမဲ့ အကယ်၍သာ (အကယ်၍သာ) နောင်အနာဂတ်မှာ ကမ္ဘာတစ်ဝန်းလုံးရဲ့ ပညာရေးကဏ္ဍနဲ့ လူသားတွေရဲ့ အတွေးအခေါ် လွတ်လပ်ခွင့်တွေဟာ အခုထက်မက ပိုမိုတိုးတက်လာခဲ့မယ်၊ ဘာသာတရားတစ်ခုကို စွန့်လွှတ်လိုက်လို့ လူမှုရေးအရဖြစ်စေ၊ ဥပဒေကြောင်းအရဖြစ်စေ ရင်ဆိုင်ရမယ့် အန္တရာယ်တွေ လုံးဝမရှိတော့ဘူးဆိုရင် နောက်ထပ်ရာစုနှစ်တစ်ခုစာ ကာလမတိုင်ခင်မှာတင် ဘာသာမဲ့ခြင်းဆိုတာ ကမ္ဘာ့အင်အားအကြီးဆုံးနဲ့ အရေအတွက်အများဆုံးအုပ်စု ဖြစ်လာပါလိမ့်မယ်။

— William Abramson
29 June 2026

References:
• Pew Research Center – How the Global Religious Landscape Changed From 2010 to 2020
• Pew Research Center – The Future of World Religions: Population Growth Projections
• GAMAAN Research Institute – Iran 2020 Survey on Religious Beliefs
• Pew Research Center – U.S. Religious Landscape Study (religious switching/disaffiliation data)
• Our World in Data – Religion

မူလဘူတမျှဝေသူ - Burmese - ဗဟုသုတ စာမျက်နှာ

#YouthAndSecularism #NonReligious #SecularGeneration #Atheism #Freethought #ဘာသာတရား #ဘာသာမဲ့ #ဗဟုသုတ #Burmeseဗဟုသုတ #ဘုရားမဲ့

Thursday, July 2, 2026

လူလိမ်ဖြစ်လာသူ တရုတ်ဘီလျံနာ

 သူ့အကြောင်းကို မပြောခင်မှာ သူ့နာမည်နဲ့ အရင် စရအောင်ပါ။ 




ဒီလူက အင်မတန် နာမည် များတဲ့လူပါ။ မွေးစာရင်းထဲက နာမည်က ‘ဟိုဝမ်ကွတ်’၊ စီးပွားရေးလောကမှာတော့ ‘ဂေါ်ဝင်ကွေ့’၊ အင်္ဂလိပ်လိုကျတော့ ‘မိုင်းလ်စ်ကွတ်’ ဒါမှမဟုတ် ‘မိုင်းလ်စ်ဂေါ်’၊ သူ့ရဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းထဲမှာကျတော့ ‘အစ်ကိုကြီး နံပါတ် ၇’ လို့ ခေါ်ကြပါတယ်။ သူ့ရဲ့ တကယ့်နာမည်အရင်း၊ အသက်၊ မွေးနေ့ စတဲ့ အခြေခံအချက်အလက်တွေကို ဘယ်သူမှ အတိအကျ မသိရပါဘူး။ ဒီဆောင်းပါးထဲမှာတော့ သူ့ကို မိုင်းလ််စ်ဂေါ လို့ ခေါ်ပါမယ်။ 


သူ့ကို မွေးတဲ့ ခုနှစ်က နှစ်မျိုး ဖြစ်နေပါတယ်။ ၁၉၇၀ လို့လည်း ပြောကြသလို ၁၉၆၈ လို့လည်း ဆိုတယ်။ ဆိုတော့ ခုချိန်မှာ သူက ၅၆/၅၇ လောက်တော့ ရှိပါပြီ။ ဒီလိုဖြစ်အောင် တမင်သက်သက်ကိုပဲ အချက်အလက် တိတိကျကျ ရှာမရအောင် နေထိုင်ခဲ့သူပါ။ 


မိုင်းလ်စ်ဂေါက သတ္တုတွင်းမြို့လေးတစ်မြို့မှာ ဆင်းရဲတဲ့ မိသားစုက မွေးဖွားခဲ့တယ်လို့ သိရတယ်။ ညီအစ်ကို မောင်နှမတွေ များတယ်။ ၁၉၉၀၊ ၂၀၀၀ ခုနှစ်တွေ ဆိုတာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတံခါးစဖွင့်ချိန်ပါ။ အဲ့ဒီအချိန် သူက ကုန်ထုတ်လုပ်ငန်းလေးတစ်ခု စလုပ်ခဲ့တယ်။ 


အဲဒီနောက်မှာတော့ ဖြည်းဖြည်းချင်း အိမ်ခြံမြေလုပ်ငန်းထဲကို သူ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းက တရုတ် အိမ်ခြံမြေလုပ်ငန်းဆိုတာ နိုင်ငံရဲ့ ဘီလျံနာအသစ်တွေကို မွေးထုတ်ပေးနေတဲ့ နေရာဆိုလည်း မမှားပါဘူး။ 


အသက်နှစ်ဆယ်ကျော်အရွယ်မှာတင် ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့မှာ ပထမဆုံး အထပ်မြင့်အဆောက်အအုံကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ပေကျင်းမြို့အထိ ခြေဆန့်ခဲ့ပါတယ်။ ပေကျင်းမှာတော့ သူ့ကို နာမည်ကျော်သွားစေခဲ့တဲ့ စီမံကိန်းကြီးကို လုပ်ကိုင်ခဲ့ပါတယ် — အဲဒါကတော့ အိုလံပစ်ပန်းခြံဘေးမှာ နဂါးပုံသဏ္ဍာန် အမိုးပါတဲ့ မိုးမျှော်တိုက်တန်းကြီးကို ဆောက်ခဲ့တာပါ။ ပန်ဂူပလာဇာပါပဲ။ ၂၀၁၄ ခုနှစ်မှာ ခန့်မှန်းခြေ ဒေါ်လာ ၂.၅ ဘီလီယံအထိ အသားတင်ပိုင်ဆိုင်နေပါပြီ။ တနည်းပြောရရင် တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။


ဒါပေမဲ့ တရုတ်နိုင်ငံမှာ ဘီလျံနာ တယောက်လွယ်လွယ် မဖြစ်နိုင်ပါ။ အကြီးစား ဖွံ့ဖြိုးရေးလုပ်ငန်းတိုင်းဟာ မြေယာ၊ ပါမစ်နဲ့ ဘဏ္ဍာရေး ဆိုင်ရာတွေကို ထိန်းချုပ်ထားတဲ့ အစိုးရအရာရှိကြီးတွေဆီကတစ်ဆင့် ဖြတ်သန်းရပါတယ်။ အဲဒီလုပ်ငန်းတွေကို ရဖို့အတွက် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အာဏာပိုင်တွေနဲ့ မဖြစ်မနေကို ပတ်သက်ရမှာပါ။


ပန်ဂူပလာဇာ ဆောက်တော့ မြေနေရာကိစ္စနဲ့ ပတ်သက်ပြီး ပေကျင်းဒုတိယမြို့တော်ဝန်က သူ့ကို တားမြစ်ပိတ်ပင်တာတွေ ရှိခဲ့တယ်လို့ ဆိုတယ်။ အဲ့ဒီချိန်မှာ မိုင်းလ်စ်ဂေါက အဲဒီအရာရှိနဲ့ သူ့ရဲ့နောက်မြီးဆွဲအမျိုးသမီးတို့ရဲ့ လိင်ကိစ္စ ရုပ်သံဖိုင်ကို အာဏာပိုင်တွေဆီ ပေးပြီး တဖက်လှည့်နဲ့အကျပ်ကိုင်ခဲ့ပါတယ်။ နောက်တော့ ဒုမြို့တော်ဝန်လည်း အဲ့ဒီစီမံကိန်းကို ခွင့်ပြုခဲ့ရပါတယ်။


ဘေဂျင်းအစိုးရနဲ့ မိုင်းလ်စ်ဂေါကြားမှာ ငွေကြးအရှုပ်အရှင်းတွေ အများကြီး ဖြစ်ခဲ့တယ်လို့ တရုတ်သတင်းဌာနတွေက ရေးပါတယ်။ ဒါပေမဲ့ မိုင်းလ်စ်ဂေါကတော့ ငြင်းပါတယ်။ တရုတ်အစိုးရဆီက ငွေ တစ်ယွမ်တောင် မချေးခဲ့သလို သူ့ကို ပြန်အကျပ်ကိုင်လို့ရမဲ့ ကိစ္စတခုကိုမှ လက်ခံခဲ့တာမျိုး မရှိဘူးလို့ နောက်ပိုင်း အင်တာဗျူးတွေမှာ ဖြေခဲ့တယ်။​


ဒါပေမဲ့ အစိုးရထဲက အကာကွယ်တခုခု မရှိဘဲ တရုတ်ဘီလျံနာတယောက်က လွယ်လွယ်ကူကူ ဘယ်ရှင်သန်နိုင်မလဲ။ CIA နဲ့ FBI ကိုပေါင်းထားတဲ့ ပုံစံမျိုးနဲ့ တရုတ်မှာ ဝန်ကြီးဌာနတခု ရှိပါတယ်။ အမျိုးသားလုံခြုံရေးဝန်ကြီးဌာနပါ။ မိုင်းလ်စ်ဂေါက ဒီဝန်ကြီးဌာနက ဒုဝန်ကြီး မာကျန့် နဲ့ တိုက်ရိုက်အချိတ်အဆက်ရှိသူဖြစ်ပါတယ်။ မာကျန့်ဟာ ဒု ထောက်လှမ်းရေးချုပ်လည်း ဖြစ်ပါတယ်။


နောက်ပိုင်းမှာ တရုတ်အစိုးရပိုင် မီဒီယာတွေက မာကျန့်ဟာ မိုင်းလ်စ်ဂေါ ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ကာကွယ်ပေးခဲ့တယ်လို့ ရေးကြပါတယ်။ ရှီကျင့်ဖျင်တက်လာပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှိုင်း ကြမ်းလာချိန်မှာ မာကျန့်လည်း ပါသွားခဲ့ပါတယ်။ ၂၀၁၅ ဇန်နဝါရီမှာ မာကျန့် ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၁၈ မှာ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရတယ်။


ဒါပေမဲ့ မိုင်းလ်ဂေါကတော့ ၂၀၁၄ ခုနှစ်ကတည်းက တရုတ်နိုင်ငံက ထွက်ပြေးသွားခဲ့ပြီး ဖြစ်ပါတယ်။ မာကျန့်ကို ဖမ်းမှာကို ကြိုသိလို့ ပြေးတာလား၊ တခြား ဘယ်လိုပြဿနာတွေ ရှိသေးလဲ၊ ဘယ်သူမှ အတိအကျ မသိရပါဘူး။ ၂၀၁၇ ခုနှစ်မှာ တရုတ်အစိုးရရဲ့ တောင်းဆိုချက်အရ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုလ် က ဂေါ်ကို ဝရမ်း (Red Notice) ထုတ်ပြန်ခဲ့ပါတယ်— လာဘ်ပေးလာဘ်ယူမှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု စတဲ့ ပြစ်ချက်တွေနဲ့ပါ။ 


တကယ်တော့ မိုင်းလ်စ် ဂေါ်က နယူးယောက်မြို့ကို ရောက်နေခဲ့တာပါ။ တရုတ်မှာတုန်းကလို အိမ်ခြံမြေသူဌေးကြီးတစ်ဦးအနေနဲ့ မဟုတ်တော့ပါဘူး။ အဲ့ဒီမှာ ဖွင့်ချသူ (Whistleblower) တစ်ဦးအနေနဲ့ နာမည်ကြီးလာပါတယ်။ 


သူက တရုတ် ကွန်မြူနစ်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆိုရှယ်မီဒီယာမှာ တောက်လျှောက် ပို့စ်တွေ တင်ခဲ့ပါတယ်။ သူ့ပြောဆိုချက်တွေက လူကြားထဲ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့ခဲ့ပါတယ်။ 


သူပြောဖူးတဲ့အထဲ ရှီကျင့်ဖျင်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကို ဦးဆောင်တဲ့ လူတိုင်းကြောက်ရတဲ့ ဝမ်ကျီချန်း အကြောင်းလည်း ပါပါတယ်။ မိုင်းဂေါ်ပြောတာက ဝမ်ကျီချန်းဟာ လျှို့ဝှက်စည်းစိမ်ဥစ္စာတွေနဲ့ လျှို့ဝှက်အပျော်အပါးကိစ္စတွေ ရှိနေပါတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 


သူ့ရဲ့ပြောကြားချက်တချို့က ဖြစ်နိုင်ခြေရှိတဲ့ပုံပေါ်ပေမဲ့ အများစုကိုတော့ ဘယ်တော့မှ အတည်မပြုနိုင်ခဲ့ပါဘူး။ တချို့ဆိုရင် စိတ်ကူးယာဉ်ဆန်ဆန် လျှောက်ရေးထားတာတွေလို့တောင် ဝေဖန်ကြပါတယ်။ သူပြောဖူးတဲ့ အင်မတန် အငြင်းပွားစရာကောင်းတဲ့ ကိစ္စတခုရှိပါတယ်။ အဲ့ဒါက တရုတ်အရာရှိတွေဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ခိုးယူရောင်းချတဲ့ လျှို့ဝှက်ကိစ္စတခုကို ဖုံးကွယ်ဖို့အတွက် မလေးရှားလေကြောင်းလိုင်း MH 370 ကို ပစ်ချခဲ့တာဖြစ်တယ်လို့ ပြောခဲ့တာပါ။


သူ့ပြောဆိုချက်တွေကို လူအတော်များများ ယုံခဲ့ကြပါတယ်။ တရုတ်ကလာတယ်၊ ဘီလျံနာလည်း ဖြစ်ခဲ့တယ်ဆိုတော့ သတင်းထောက်တွေကလည်း သူစွတ်စွဲတာတွေကို လိုက်ပြီး အတည်ပြုဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာကိုမှ တိတိကျကျ ရေရေရာရာ အတည်မပြုနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ထုံးစံအတိုင်း ဆိုရှယ်မီဒီယာမှာ အသံကျယ်တော့ သူ့ကို လူတွေ ပိုစိတ်ဝင်စားလာခဲ့ကြပါတယ်။ ဖော်လိုဝါတွေ အများကြီး ရလာခဲ့ကြပါတယ်။


နောက်ပိုင်းမှတော့ သူ့ကို နောက်တဆင့်တက်စေမဲ့ လူတယောက်နဲ့ တွေ့ခဲ့ပါတယ်။ စတိဗ်ဘန်နွန် ပါပဲ။ ဒီလူက တခြားလူ မဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့် ပထမသက်တမ်းတုန်းက သမ္မတရဲ့ အကြီးတန်းအကြံပေးလည်းဖြစ်၊ အိမ်ဖြူတော် မဟာဗျူဟာမှူးလည်း ဖြစ်ခဲ့သူပါ။ 


စတိဗ်ဘန်နွန်နဲ့ မိုင်းစ်ဂေါတို့ ပေါင်းပြီး G Media၊ GTV စတဲ့ မီဒီယာလုပ်ငန်းတွေနဲ့ နိုင်ငံရေးလောကကို စပြီး ခြေချဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လမှာတော့ သူ့ဇိမ်ခံလျှပ်ပြေးယဉ်ပေါ်ကနေ တရုတ်ကွန်မြူနစ်ပါတီနေရာမှာ အစားထိုးမဲ့ ‘တရုတ်ပြည်ထောင်စုသစ်’ တည်ထောင်လိုက်ပြီလို့ မိုင်းလ်စ်ဂေါ်က ကြေညာခဲ့ပါတယ်။ 


အဲ့ဒီကနေ တရုတ်ပြည်ထောင်စုသစ်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ကြဖို့ ခေါ်ယူခဲ့ပါတော့တယ်။ 


သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက ဘယ်လောက်ထိ ရှိသလဲဆိုရင် ၂၀၂၀ တုန်းက ဖက်ဒရယ်အေးဂျင့်တွေက လိမ်လည်မှုအမှုတစ်ခုနဲ့ ထရမ့်အကြံပေးဟောင်း စတိဗ် ဘန်နွန်ကို ဖမ်းဖို့ လာတဲ့အခါ၊ မိုင်းလ်စ်ဂေါရဲ့ ဇိမ်ခံရွက်လှေပေါ်မှာ အတူတွေ့ခဲ့တာပါ။ 


မိုင်းလ်စ်ဂေါရဲ့ တရုတ်ဆန့်ကျင်ရေး သတင်းတွေရေးသားဖြန့်ဝေတဲ့ အဲ့ဒီမီဒီယာယန္တရားကြီးဟာ တခြား သတင်းမှားတွေကိုလည်း အများကြီး ဖြန့်ဝေခဲ့ပါတယ်။ ၂၀၂၁ တုန်းက ယုံကြည်ရတဲ့ မီဒီယာကြီးတွေက မိုင်းလ်စ်ဂေါရဲ့ သတင်းဌာနတွေက သတင်းအမှားတွေကို ဘယ်လို ဖြန့်ဝေနေသလဲဆိုတာကို ဖော်ထုတ်ခဲ့ကြပါတယ်။ ကိုဗစ် ကာကွယ်ဆေးတွေအကြောင်း သတင်းမှားတွေ၊ အမေရိကန်ရွေးကောက်ပွဲ မမှန်မကန်လုပ်မှုတွေနဲ့ ကျူအေနွန် (QAnon) ကိစ္စတွေနဲ့ ဆက်နွှယ်နေတဲ့ ပြောဆိုချက်တွေပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာ လက်မည်းကြီးရှိနေတယ်ဆိုတဲ့ Conspiracy Theory တွေများပါတယ်။ 


မီဒီယာတွေတင် မကဘဲ အကောင့်တုတွေ Page အတုတွေလည်း အများကြီးနဲ့ လုပ်ခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာ စင်ကာပူနိုင်ငံက မိုင်းလ်စ်ဂေါ်ရဲ့ကွန်ရက်နဲ့ ဆက်နွှယ်နေတဲ့ အကောင့်ပေါင်း တစ်ရာနီးပါးကို ပိတ်ဆို့ဖို့ လူမှုကွန်ရက်ပလက်ဖောင်းတွေကို အမိန့်ထုတ်ခဲ့ပါတယ်။ အဲဒီအကောင့်တွေဟာ စင်ကာပူနိုင်ငံအပေါ် မှားယွင်းတဲ့ သတင်းအချက်အလက် ဖြန့်ဝေနေတယ်လို့ စင်ကာပူအစိုးရက ပြောခဲ့ပါတယ်။ 


ဒါက ဂေါ်က လုပ်တဲ့ သတင်းမှားဖြန့်ချိရေးကွန်ရက်ကြီးပါ။ တဖက်မှာလည်း သူ့ကို အဲ့ဒီပုံစံအတိုင်း တရုတ်အစိုးရက လုပ်နေခဲ့တာပါပဲ။


တရုတ်အစိုးရနဲ့ ဆက်နွှယ်နေတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို လေ့လာခဲ့ကြတဲ့ သုတေသီတွေရဲ့ အဆိုအရ တရုတ်ရဲ့ ဒီ သတင်းမှားဖြန့်ချိရေး ကွန်ရက်တွေဟာ မိုင်းလ်စ်ဂေါ်ကို ပိုပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟောင်ကောင် ဆန္ဒပြသူတွေထက်တောင်မှ သူ့ကို ပိုပြီး ဦးတည်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုတယ်။ သူ့ကို ဦးတည်ပြီး ရေးသားခဲ့တဲ့ ပို့စ်ပေါင်း သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ 


မိုင်းလ်ဂေါ်က တရုတ်အစိုးရကို ဒီလောက်ထိ ဆန့်ကျင်တိုက်ခိုက်နေပေမဲ့လည်း ပြည်ပရောက် တရုတ် အတိုက်အခံအသိုင်းအဝိုင်းမှာတော့ သူ့ကြောင့် နှစ်ပိုင်းကွဲနေခဲ့ပါတယ်။ 


နယူးယောက်မြို့မှာ တစ်ရက်တည်း ဒီမိုကရေစီလိုလားသူ တရုတ်တွေရဲ့ လူစုလူဝေးပွဲ နှစ်ခုကို သတ်သတ်စီ ကျင်းပခဲ့ကြပါတယ်။ တဖွဲ့က သူ့ကို ထောက်ခံအားပေးတဲ့အဖွဲ့ဖြစ်ပြီး နောက်တဖွဲ့ကတော့ သူ့ကို သတိထားကြဖို့ သတိပေးတဲ့အဖွဲ့ပါ။


ဒုတိယအုပ်စုက နောက်ပိုင်းမှာ ပိုအားကောင်းလာခဲ့ပါတယ်။ အဲ့ဒါကတော့ ရှီကျင့်ဖျင်ရဲ့ ပိုက်စိပ်တိုက် ဖမ်းဆီးမှုတွေထဲကနေ အလွယ်တကူ လွတ်မြောက်လာခဲ့တယ်။ ပြီးတော့ မိုင်းလ်စ်ဂေါရဲ့ ရန်သူတွေက ရှီကျင့်ဖျင်ရဲ့ ရန်သူတွေနဲ့ပဲ အမြဲတမ်း ထပ်တူကျနေတယ်ဆိုတာပဲ။ ဒါကြောင့်မို့ ဒီလူဟာ တရုတ် အစိုးရအတွက် အလုပ်လုပ်ပေးနေတာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေပါပဲ။


ဆက်ပြီး စဉ်းစားစရာရှိတာက ဒါဆိုရင် ဒီလူချမ်းသာနေတာ ဘယ်ကငွေတွေနဲ့ ချမ်းသာနေတာလဲဆိုတာပါပဲ။​


ဒီလောက်အသံကျယ်တဲ့ လူကို FBI က ဒီအတိုင်းတော့ မထားပါဘူး။ သူ့အကြောင်း ပြောဆိုမှုတွေ တစနဲ့တစ အသံတွေ ပိုထွက်လာပါတယ်။ အဲ့ဒီနောက်မှာတော့ မိုင်းလ်စ် ဂေါကို တရားစွဲဖို့အတွက် တရားလိုပြရှေ့နေတွေက ‘G Enterprise’ လို့ နာမည်ပေးထားတဲ့ လုပ်ငန်းစုအကြောင်းကို တရားရုံးမှာ ဖော်ထုတ် တင်ပြလာခဲ့ပါတယ်။ 


G Enterprise ဆိုတာကတော့ မိုင်းလ်စ်ဂေါ တယောက် နှစ်ပေါင်းများစွာ စည်းရုံးလာခဲ့တဲ့ နောက်လိုက်ပရိသတ်တွေအပေါ် မှီခိုအမြတ်ထုတ်နေတဲ့ ကုမ္ပဏီတွေနဲ့ စီမံကိန်းတွေရဲ့ ကွန်ရက်ကြီးပါပဲ။


မိုင်းလ်စ်ဂေါက အဲဒီနောက်လိုက်တွေ ရင်းနှီးမြှုပ်နှံတဲ့ငွေတွေဟာ ကွန်မြူနစ်ပါတီကို ဖြိုချဖို့အတွက် အသုံးပြုမယ်လို့ ပြောထားခဲ့တာပါ။ ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေကတော့ ဒါဟာ နောကြေနေပြီဖြစ်တဲ့ လိမ်လည်မှုပုံစံတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 


ရင်းနှီးမြှုပ်နှံသူ ၅,၅၀၀ ကျော်ဆီကနေ ဒေါ်လာ ၄၅၂ သန်းလောက် သိမ်းသွင်းခဲ့တဲ့ GTV အထူးရှယ်ယာထုတ်ရောင်းတဲ့ အစီအစဉ်၊ ဒေါ်လာ သန်း ၂၅၀ ကျော် ရခဲ့တဲ့ ‘သီးသန့်အဖွဲ့ဝင်' အစီအစဉ်ဖြစ်တဲ့ G-CLUBS၊ ပြီးတော့ ဒေါ်လာ သန်း ၂၆၀ ကျော် ထပ်ရခဲ့တဲ့ ခရစ်ပတိုငွေကြေးလဲလှယ်မှု စီမံကိန်း အများကြီးပါပဲ။


သူ့ကို ယုံကြည်သူတွေကိုတော့ လွတ်လပ်တဲ့ တရုတ်နိုင်ငံတော်သစ်ရဲ့ အနာဂတ်မှာ ပါဝင်ရင်းနှီးမြှုပ်နှံကြတာလို့ ပြောခဲ့ပါတယ်။ လူအများစုကတော့ သူတို့ဟာ ရှယ်ယာတွေအပြင် အဲ့ဒီကနေ အမြတ်တောင် ရလာမယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ဒါပေမဲ့ တရားလိုပြရှေ့နေတွေကတော့ အဲဒီငွေတွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို ပြောထားတဲ့နေရာတွေဆီ မရောက်ခဲ့ဘူးလို့ ဆိုကြပါတယ်။ ဒါဆို ဒီငွေတွေ ဘယ်လောက်သွားလဲ။


ဘယ်လောက်သွားလဲဆိုရင် စတုရန်းပေ ငါးသောင်းခန့် ကျယ်ဝန်းတဲ့ စံအိမ်ကြီးတစ်လုံး၊ ဒေါ်လာ ၃.၅ သန်းတန် ဖာရာရီ (Ferrari) ပြိုင်ကားတစ်စီး၊ ဒေါ်လာ ၃၇ သန်းတန် ဇိမ်ခံလှေတစ်စင်းနဲ့ တစ်ကိုယ်စာကို ဒေါ်လာ ၃ သောင်း ၆ ထောင်စီ တန်ဖိုးရှိတဲ့ မွေ့ရာနှစ်ခုတို့ဆီ ရောက်သွားပါတယ်။ ပြောရရင်တော့ ကွန်မြူနစ်ပါတီကို ဖြိုခွဲဖို့ ရင်းနှီးမြှုပ်နှံမှုတွေခေါ်ပြီး အဲ့ဒီကရတဲ့ငွေတွေကို ကိုယ်ကျိုးအတွက် သုံးနေခဲ့တာပဲ ဖြစ်ပါတယ်။ 


၂၀၂၃ ခုနှစ် မတ်လမှာတော့ မိုင်းလ်စ်ဂေါ တည်ဆောက်လာခဲ့တဲ့ ပုံရိပ်ကြီး ပြိုလဲဖို့ စပြီး အကြောင်းဖန်လာပါတော့တယ်။ ဖက်ဒရယ်အေးဂျင့်တွေက မိုင်းလ်စ်ဂေါ်ကို ကြေးနန်းဆက်သွယ်ရေး လိမ်လည်မှု၊ ငွေကြေးသက်သေခံလက်မှတ် လိမ်လည်မှု၊ ငွေညှစ်မှု၊ ငွေကြေးခဝပ်ချမှု အပါအဝင် စွဲချက်ပေါင်း ၁၂ ခုနဲ့ နယူးယောက်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ 


မိုင်းလ်စ်ဂေါ တရားခွင်က ခုနစ်ပတ် ကြာခဲ့ပါတယ်။ သူ့ရှေ့နေတွေကတော့ မိုင်းလ်စ်ဂေါ သုံးဖြုန်းဇိမ်ခံတဲ့ လူနေမှုပုံစံကို ဝန်ခံပါတယ်။ အဲဒီလို သုံးဖြုန်းပြတာဟာ ကွန်မြူနစ်ပါတီကို နာကျည်းအောင် လုပ်ပြတဲ့နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ 


တရားလိုပြရှေ့နေတွေဘက်ကလည်း တရုတ်အစိုးရက ဂေါ်ကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့အချက်ကို သဘောတူကြပါတယ်။ ဒါပေမဲ့ အဲဒီအချက်က ငွေတွေလိမ်ယူခဲ့တာ ရှိ၊ မရှိ ဆိုတာကိုတော့ ပြောင်းလဲပစ်နိုင်မှာမဟုတ်ဘူးလို့ ဂျူရီအဖွဲ့ကို ပြောကြားခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ ဂျူရီအဖွဲ့က စီရင်ချက်တချို့ ချမှတ်ခဲ့ပါတယ်။ မိုင်းလ်ဂေါဟာ ငွေညှစ်မှု၊ လိမ်လည်မှုနဲ့ ငွေကြေးခဝပ်ချမှု အပါအဝင် စွဲချက် ၉ ခုမှာ ပြစ်မှုထင်ရှားတယ်လို့ အမိန့်ချပါတယ်။ စွဲချက်အားလုံးတော့ မဟုတ်ပါဘူး။ 


ပြီးတော့ ၂၀၂၅ ခုနှစ်မှာ တရားရုံးက မိုင်းလ်စ်ဂေါ် ရဲ့ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံလောက်ကို နိုင်ငံပိုင် သိမ်းဆည်းဖို့ စီရင်ချက်ချမှတ်ခဲ့ပါတယ်။ 


သူ့ကို ဘရွတ်ကလင်းက ထောင်တခုထဲ အချုပ်ကျပြီး နောက်ဆုံးပြစ်ဒဏ်ချမဲ့ရက်ကို စောင့်နေခဲ့ပါတယ်။ သူ့ကို ပြစ်ဒဏ်ချမှတ်မယ့်ရက်ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ပထမဆုံး သတ်မှတ်ခဲ့ပေမဲ့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ ရှေ့နေအဖွဲ့ကို အစားထိုးဖို့ ကိစ္စနဲ့ပတ်သက်ပြီး အခြေအတင် အကြာကြီးအငြင်းပွားခဲ့ကြလို့ နောက်ထပ်တစ်ကြိမ် ရက်ထပ်ရွှေ့ခဲ့ရပြန်ပါတယ်။ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ရောက်တဲ့အထိ တောက်လျှောက်ရက်ရွှေ့နေခဲ့တာပါ။ 


ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာတော့ သူ့ကို ထောင်ဒဏ် နှစ် ၃၀ အမိန့်ချခဲ့ပါတယ်။ ဒီကြားထဲမှာ သူ့ကို သက်ညှာပေးဖို့ ရေးသားထားတဲ့ အသနားခံစာပေါင်း တထောင်ကျော်လောက် ရောက်လာခဲ့တယ်လို့လည်း သိရပါတယ်။


မိုင်းလ်ဂေါနဲ့ ပတ်သက်ပြီး နောက်ထပ် စဉ်းစားစရာတချက်က ထောင်ကလွတ်ပြီးရင် ဘာဆက်ဖြစ်မလဲဆိုတဲ့ အချက်ပါပဲ။ သူထောင်ကလွတ်လာရင် အနည်းဆုံး အသက် ၇၀ ကျော် ၈၀ ဝန်းကျင်လောက် ရှိနေမှာပါ။ တရုတ်နိုင်ငံက သူ့ကို အခုထိ အလိုရှိနေဆဲပါပဲ။ အမေရိကန်က သူ့ကို တရုတ်နိုင်ငံဆီ ပြန်ပို့ကောင်း ပို့နိုင်တယ်ဆိုတဲ့ ယူဆချက်လည်း ရှိပါတယ်။ 


မိုင်းလ်ဂေါဟာ တရုတ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ပြောဆိုခဲ့တာက အမှန်ပါပဲ။ ဒါကြောင့်လည်း တရုတ်က အသေရရ အရှင်ရရ လိုချင်နေတာပါ။ အဲ့ဒီအချက်ကို အသုံးချပြီး လူတွေအများကြီးဆီမှာ ဒေါ်လာ ဘီလျံချီ လိမ်လည်ခဲ့တာလည်း အမှန်ပါပဲ။ 


လူတယောက်ဟာ အမှန်တရား ဘက်တော်သားလို့ ဘယ်လောက်ပဲ ပြောနေပါစေ၊ လူပေါင်းများစွာကို လိမ်လည်လှည့်ဖျားပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချခဲ့သူဖြစ်ရင် သူ့သမိုင်း မလှနိုင်ဘူးဆိုတာပါပဲ။ 


မြတ်ကျော်သူ


-------------------------------

ကိုးကားစာရင်း -


၁။ "The Mystery of the Exiled Billionaire Whistle-Blower," The New York Times Magazine

၂။ DOJ / SDNY — Ho Wan Kwok a/k/a "Miles Guo" Arrested (Mar 15, 2023)

၃။ DOJ / SDNY — Statement of U.S. Attorney on the Conviction of Miles Guo

Inner City Press — SDNY live coverage (the $1.3B judgment / sentencing-scheduling filing)

၄။ Courthouse News, "Chinese dissident Guo Wengui guilty of racketeering, fraud in $1 billion scheme" (Jul 16, 2024): 

၅။ SCOTUSblog (Apr 6, 2026)

၆။ Axios, "Bannon quietly making moves toward 2028 run" (Jan 10, 2026)

၇။ CPAC 2026 speaker announcement

၈။ Britannica, "Steve Bannon"