Tuesday, July 31, 2012

Electronic Transaction Law (Episode V)


အခန်း (၈)

အီလက်ထရောနစ်မှတ်တမ်း ၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့်
အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ

၁၉။ (က) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ စာဖြင့် ရေးသားရမည်ဟု လည်းကောင်း၊ လက်မှတ်ရေး ထိုးရမည်ဟုလည်းကောင်း ပြဋ္ဌာန်း ထားသည့် အကြောင်းအရာများကို အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက်သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်တို့ဖြင့် ပြုလုပ်နိုင်သည်။

(ခ) ပုဒ်မ ခွဲ (က) အရပြုလုပ်သော အီလက်ထရောနစ် မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်များသည် သက်ဆိုင်ရာဥပဒေအရ ပြုလုပ်ဘိသကဲ့သို့ တရားဝင်စေရမည်။

၂၀။ မူလဆောင်ရွက် ပေးပို့သူနှင့် လက်ခံသူတို့သည် အီလက်ထရောနစ် မှတ်တမ်း၊အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ် ပေးပို့ခြင်း၊ လက်ခံရယူခြင်းနှင့် သိုမှီးထိန်းသိမ်းခြင်းတို့ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီဆောင်ရွက်ရမည်။ သို့ရာတွင် မိမိတို့ အချင်းချင်း သီးခြား သဘောတူညီချက်ရှိပါက ထိုသဘောတူညီသည့် နည်းလမ်းနှင့်အညီ ဆောင်ရွက်နိုင်သည်။

အခန်း (၉)

အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်သည့် ပဋိညာဉ်များ

၂၁။ ပဋိညာဉ်ပြုလုပ်ရာတွင် ပဋိညာဉ်ပြုသူများအကြား အခြားနည်းဖြင့် သဘောတူညီချက် မရှိလျှင်ကမ်းလှမ်းခြင်း၊ ကမ်းလှမ်းချက်ကို လက်ခံခြင်းနှင့် အခြားလိုအပ်သော အချက်အလက်ပြုလုပ်ခြင်းတို့ကို အီလက်ထရောနစ် နည်းပညာဖြင့် ဆောင်ရွက်နိုင်သည်။

၂၂။ အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာတို့ကိုမူလဆောင်ရွက်ပေးပို့သူ ကိုယ်တိုင်က ဖြစ်စေ၊ ယင်း၏ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူကဖြစ်စေ၊ကိုယ်တိုင် (သို့) ယင်း၏ကိုယ်စားဆောင်ရွက်ခွင့်ရှိသူက အလိုအလျောက် ဆောင်ရွက်ရန်စီစဉ်ပြုလုပ်ထားသော သတင်းအချက်အလက် စနစ်ဖြင့်ဖြစ်စေ ပေးပို့ခဲ့လျှင် မူလဆောင်ရွက် ပေးပို့သူ၏ အီလက် ထရောနစ်မှတ်တမ်း (သို့) အီလက်ထရောနစ် အချက်အလက်သတင်းလွှာ ဖြစ်သည်ဟု မှတ်ယူရမည်။

၂၃။ လက်ခံသူသည် အောက်ပါအချက်အလက်တစ်ရပ်ရပ်နှင့် ကိုက်ညီပါက မူလ ဆောင်ရွက်ပေးပို့သူ၏ သတင်းအချက်အလက်၊ အီလက်ထရောနစ် မှတ်တမ်း (သို့) အီလက်ထရောနစ်အချက်အလက် သတင်းလွှာ အမှန်အဖြစ် သတ်မှတ်ချက်များနှင့်အညီ မှတ်ယူပြီး ဆောင်ရွက်ခွင့်ရှိသည် 

(က) လက်ခံသူနှင့် မူလဆောင်ရွက် ပေးပို့သူတို့သည် သဘောတူညီထားသည့် နည်းလမ်းနှင့် အညီ အသုံးပြုပေးပို့ခဲ့ခြင်း၊

(ခ) မူလဆောင်ရွက် ပေးပို့သူ၏ ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူကဖြစ်စေ ပေးပို့သည်ကို လက်ခံသူက လက်ခံရရရှိခြင်းဖြစ်ပြီး မူလ ဆောင်ရွက်ပေးပို့သူ အသုံးပြုသည့် နည်းလမ်းဖြင့်ပေးပို့ခဲ့ခြင်း၊

၂၄။ အီလက်ထရောနစ် မှတ်တမ်း (သို့) အီလက်ထရောနစ်အချက်အလက် သတင်းလွှာကို ပေးပို့ဆဲဖြစ်စေ၊ မပေးပို့မီဖြစ်စေ မူလ ဆောင်ရွက် ပေးပို့သူနှင့် လက်ခံသူတို့သည် 

(က) အောက်ပါတစ်နည်းနည်းဖြင့် လက်ခံရရှိကြောင်းကို အသိအမှတ်ပြုနိုင်သည် 

(၁) လက်ခံသူက ကိုယ်တိုင်ဖြစ်စ၊ အလိုအလျောက်နည်းဖြင့်ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ ဆက်သွယ်ပြန်ကြားခြင်း၊

(၂) လက်ခံသူက လက်ခံရရှိပြီး ဖြစ်ကြောင်း မူလဆောင်ရွက်ပေးပို့သူသို့ လုံလောက်သောညွှန်ပြမှု တစ်ခုခုပြုလုပ်ခြင်း၊

(ခ) လက်ခံရရှိကြောင်း အသိအမှတ်ပြုခြင်းနှင့် စပ်လျဉ်း၍ သီးခြား သဘောတူညီချက် ပြုလုပ်နိုင်သည်။

၂၅။ အီလက်ထရောနစ် မှတ်တမ်း (သို့) အီလက်ထရောနစ်အချက်အလက် သတင်းလွှာ လက်ခံကြောင်း အသိအမှတ်ပြုချက်ကို လက်ခံ ရရှိမှ သာ အတည်ဖြစ်ရမည်ဟု မူလဆောင်ရွက် ပေးပို့သူက 

(က) သတ်မှတ်ထားသည့် ကိစ္စတွင် လက်ခံောကာင်း အသိအမှတ်ပြုချက်ကို လက်ခံရရှိခဲ့ခြင်းမရှိလျှင် မူလဆောင်ရွက် ပေးပို့သူက မည်သည့်အခါမျှ ပေးပို့ခဲ့ခြင်း မရှိဟု မှတ်ယူရမည်။

(ခ) သတ်မှတ်ထားခြင်း မရှိသည့် ကိစ္စတွင် သီးခြားသတ်မှတ် သဘောတူညီထားသည့် အချိန်အတွင်းဖြစ်စေ၊ အချိန်ကို သတ်မှတ် ထားခြင်းမရှိပါက သင့်လျော်သည့် အချိန်အတွင်းဖြစ်စေလက်ခံကြောင်း အသိအမှတ်ပြုချက်ကို မူလဆောင်ရွက်ပေးပို့သူက လက်ခံခြင်းမရှိလျှင် မူလဆောင်ရွက်ပေးပို့သူသည် ထိုသို့ မရရှိကြောင်း လက်ခံသူသို့ အကြောင်းကြားနိုင်သည်။

၂၆။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့အကြား ပို့လွှတ်သည့် အချိန်နှင့် လက်ခံသည့်အချိန်တို့နှင့် စပ်လျဉ်း၍ သီးခြားသဘောတူ ညီချက် မရှိလျှင် အီလက်ထရောနစ်မှတ်တမ်း (သို့)

အီလက်ထရောနစ် အချက်အလက်သတင်းလွှာကို (က) ပို့လွှတ်သည့် အချိန်သည် မူလဆောင်ရွက်ပေးပို့သူ (သို့) ယင်း၏ ကိုယ်စားလှယ်၏ထိန်းချုပ်မှုပြင်ပရှိ သတင်းအချက်အလက် စနစ်အတွင်းသို့ ၀င်ရောက်သည့် အချိန်ဖြစ်သည်။

(ခ) လက်ခံသည့်အချိန်သည် အောက်ပါအတိုင်းဖြစ်သည် 

(၁) သတ်မှတ်ထားသော သတင်းအချက်အလက် စနစ်အတွင်းသို့ ၀င်ရောက်သည့်အချိန်၊

(၂) လက်ခံသူက သတ်မှတ်ထားခြင်းမရှိသော သတင်းအချက်အလက်စနစ်ကို အသုံးပြုခဲ့ပါကလက်ခံသူက လက်ခံရရှိသည့်အချိန်၊

(၃) သတ်မှတ်ထားသော သတင်းအချက်အလက် စနစ်မရှိပါက လက်ခံသူ၏ သတင်း အချက်အလက်စနစ်အတွင်းသို့ ၀င်ရောက် သည့်အချိန်၊

၂၇။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့သည် 

(က) သီးခြားသဘောတူညီချက် မရှိလျှင် မူလဆောင်ရွက်ပေးပို့သူ၏ လုပ်ငန်းတည်ရှိသောနေရာကို ပို့လွှတ်သည့်နေရာဟုလည်းကောင်း၊ လက်ခံသူ၏ လုပ်ငန်းတည်ရှိသော နေရာကိုလက်ခံသည့်နေရာဟုလည်းကောင်း မှတ်ယူရမည်။

(ခ) စီးပွားရေးလုပ်ငန်းကို တစ်နေရာထက်ပို၍ လုပ်ကိုင်ပါက အဓိက စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်နေရာကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်နေရာ မရှိပါက ထိုသူအမြဲတမ်းနေထိုင်သော နေရာကိုလည်းကောင်း၊ အဖွဲ့ အစည်း ဖြစ်ပါက ဥပဒေနှင့်အညီ ဖွဲ့စည်တည်ဆေက်ထားသော နေရာကိုလည်းကောင်း အမြဲတမ်း နေရပ်လိပ်စာဟု မှတ်ယူရမည်။

Note: အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ အခန်းစုစုပေါင်း (၁၃)ခန်းရှိသည်ကို ဆက်လက်ဝေငှပါမည်။

Monday, July 30, 2012

မျက်မှန်တပ်စရာမလိုအောင် လေဆာနည်းဖြင့် မျက်စိပါဝါပြုပြင်ခြင်း


လူတိုင်းရဲ့မျက်စိထဲမှာ သဘာဝမှန်ဘီလူးရှိပါတယ်။ ဒီမှန်ဘီလူးဟာ ခုံးလွန်း၍ မျက်လုံးအိမ်ရှည်သောအခါ ပုံရိပ်သည် မြင်လွှာ(Retina) ၏ရှေ့တွင် ထင်နေစေတဲ့အတွက် ထင်ထင်ရှားရှား မမြင်ရတော့ပါ။ ယင်းကို Myopia လို့ခေါ်ပါတယ်။ အလားတူပဲ မှန်ဘီလူးခွက်လွန်း နေ၍ မျက်လုံးအိမ်တိုသောအခါ ပုံရိပ်များမှာ အမြင်အာရုံလွှာရဲ့နောက်မှာ ကျရောက်ခြင်းကြောင့် ပုံရိပ်များကို ထင်ရှားစွာမမြင်ရတော့ဘဲ ၀ါးနေတတ်ပြန်ပါတယ်။ Hyperopia လို့ခေါ်ပါတယ်။

ဒါ့အပြင် မျက်ကြည်လွှာ၏ မျက်နှာပြင် အခုံးအခွက် မညီညာသောကြောင့် ဆလင်ဒါစောင်းနေခဲ့လျှင်လည်း ပုံရိပ်ဟာ ရွှဲ့စောင်း (Distorted) နေတတ်ပါတယ်။ ဒါကိုတော့ Astigmatism လို့ခေါ်ပါတယ်။ ဖော်ပြပါ ပြဿနာများကို ဖြေရှင်းကုသပေးတဲ့နည်းကတော့ ထိုသူကို သင့်တော်တဲ့ ပါဝါမျက်ကပ်မှန်များရှိသော မျက်မှန်များတပ်ဆင်စေခြင်းဖြစ်ပါတယ်။ မျက်စိအမျိုးအစားတွေ အမျိုးမျိုးရှိသလို မျက်မှန်ကိုင်းတွေလည်း အမျိုးမျိုးရှိလာခဲ့ရာ လွန်စွာကျယ်ပြန့်လှသော မျက်စိကျန်းမာရေးပြုစုစောင့်ရှောက်မှုဆိုင်ရာ ဈေးကွက်ကြီးတစ်ခု ပင် ဖြစ်ထွန်းလာခဲ့ပါတယ်။
သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မျက်မှန်တပ်စရာမလိုတော့ဘဲ လေဆာရောင်ခြည်ဖြင့် လိုအပ်သည့် မျက်စိပါဝါအတိုင်း ပြုပြင်ပေးနိုင်သော နည်းပညာတစ်ခုဖြစ်တဲ့ Lasik (Laser Assisted in Situ Keratomileusis) နည်းပညာပေါ်ပေါက်လာခဲ့ပြီး ကမ္ဘာပေါ် မှာ ပထမဦးဆုံး နည်းဖြင့်မျက်စိပါဝါ ပြုပြင်ပေးသော ကုသမှုကို ၁၉၈၉ခုနှစ်၌ အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Lasik အကြောင်းနှင့် ပတ်သက်ပြီး မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးမြအောင်နှင့် ဆွေးနွေးမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုပါတယ်။

ဆရာကြီးရဲ့ ဆွေးနွေးရှင်းလင်းချက်အရ လူတို့၏ မျက်စိတွင် မျက်ကြည်လွှာ Cornea ရှိကြောင်း၊ အဆိုပါမျက်ကြည်လွှာတွင် အလွှာ၅ခု ပါရှိသည့်အနက် Stroma အလွှာနေရာအထိရောက်အောင် Microkeratome ဆိုတဲ့ ဓားလေးနဲ့ခွာလိုက်ရကြောင်း၊ အဝေးမှုန်ဖြစ်ပါက Minus Power ကို လျှော့ပေးကြောင်း၊ အနီးမှုန်ဖြစ်နေလျှင် Plus Power ကိုလျှော့ပေးကြောင်း၊ ဆလင်ဒါစောင်းနေလျှင်လည်း တည့်မတ် သွားအောင် လုပ်ပေးကြောင်း ပြောပြပါတယ်။

ဆရာကြီးက "မျက်ကြည်လွှာ (Cornea) Flat ဖြစ်နေရင် နည်းနည်းလေးခုံးသွားအောင်ဘေးပတ်ပတ်လည်နေရာတွေကို လေဆာနဲ့ပြုပြင် ပေးတယ်။ သိပ်ခုံးနေတဲ့ မျက်ကြည်လွှာဆိုရင် အလယ်ပိုင်းက ခုံးနေသောနေရာကို လေဆာဖြင့် ပြေပြစ်သွားအောင် ပြုပြင်ပေးရပါတယ်။ ဆလင်ဒါရှိရင်တော့ Axis ၀င်ရိုးတန်းကိုပြေသွားအောင် Neutralise လုပ်ပေးခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ အပေါ်ယံ မျက်ကြည်လွှာ အလွှာ (Anterior Flat) ကို ပြန်အုပ်ပေးခဲ့တယ်" လို့ပြောပြပါတတယ်။

ဆက်လက်၍ "Microkeratome ကိုလက်နဲ့ပဲ ချိန်ပြီး မျက်ကြည်လွှာပေါ်မှာ လိုချင်တဲ့နေရာအရွယ်အစားရအောင် လုပ်ရတယ်။ အထူး သဖြင့် မျက်ကြည်လွှာရဲ့ အထူ Thickness of Cornea ပေါ်မူတည်ပြီး အနည်းဆုံးမျက်ကြည်လွှာအထူ ၃ပုံ၁ပုံလောက် ချန်ထားပေး ရတယ်။ ဥပမာ - မျက်ကြည်လွှာ ၅၀၀ မိုက်ခရိုမီလီမီတာရှိရင် ၁၅၀လောက်ကိုလေဆာနဲ့စားလိုက်တဲ့အခါ ၃၅၀လောက် ကျန်တယ်" လို့ပြောပြပါတယ်။

Lasik ကုသမှုမစခင်ကတည်းက မျက်ကြည်လွှာ၏ အထူအပါးကိုတိုင်းခြင်း၊ လေဆာဖြင့် စားရမည့်အထူကို တွက်ချက်ခြင်း စသည်တို့ အားပြုလုပ်ကာ အချက်အလက် data များအား ကွန်ပျူတာထဲတွင် ထည့်သွင်းပေးရကြောင်း သိရပါတယ်။
အဝေးမှုန်သူများကို ပြုပြင်ပေးပြီးတဲ့အခါ အချို့သောသူများအတွက် စာဖတ်ရန် အနီးကြည့်မှန်ဘီလူးလိုနေသေးသည့်အတွက် ပါဝါထည့် ပြီး Cornea Inlay လုပ်ပေးပြီးမှ Flat ကိုပြန်အုပ်ပေးရကြောင်း ပြောပြပါတယ်။

အဝေးမှုန်ရော အနီးမှုန်ပါ ရှိနေသူများအတွက် မျက်မှန်တပ်ရသူများတွင် Multi focal lenses ထည့်သကဲ့သို့ သဘောတရားချင်း အတူ တူဖြစ်ကြောင်းလည်း ပြောပြပါတယ်။

Lasik နည်းဖြင့် မျက်စိမှန်ဘီလူး ပါဝါပြုပြင်ပေးတဲ့အခါ အဆိုပါ လူနာများအနေနဲ့ ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ် ကုသမှုပေး နိုင်ကြောင်း ၊ ထုံဆေးပေး၍ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ Lasik ဖြင့် မျက်စိပါဝါပြုပြင်သူများအနေနဲ့ ဘယ်အသက်အရွယ်မှာ လုပ်သင့်သလဲဆိုတဲ့အချက်ကိုလည်း ပြောပြပါတယ်။

အသက်အရွယ်ကတော့ အသက် ၁၈နှစ်ကျော်မှပဲလုပ်သင့်ပါတယ်။ မျက်ကြည်လွှာဖွံ့ဖြိုးမှုက အသက်၁၈နှစ်ရောက်မှ ပြီးဆုံးသွားတာ ဖြစ်တယ်။ အဲဒီအသက်ထက်ငယ်တဲ့အချိန်မှာ လုပ်ခဲ့ရင် မျက်စိပါဝါက မမှန်သေးတဲ့အတွက် ထပ်ပြောင်းသွားတဲ့အခါ Lasik နောက်တစ် ကြိမ်ပြန်လုပ်ရတတ်ပါတယ်။

မျက်မှန်ပါဝါတိုင်းကြည့်လျှင် အဝေးမှုန် (-14.00) အထိလည်းကောင်း၊ အနီးမှုန် (+8.00) အထိလည်းကောင်း၊ ဆလင်ဒါ (-4.00)ကို Lasik ဖြင့်ပြုပြင်ပေးနိုင်ကြောင်းသိရပါတယ်။ ဒီကုထုံးကို အဝေးမှုန်သမားများလုပ်လေ့ရှိကြောင်းလည်း ပြောပြပါတယ်။
Lasik ကုထုံးခံယူလျှင် ခွဲစိတ်ခန်းဝင်သကဲ့သို့ လူနာ၊ဆရာဝန်နှင့် သူနာပြုများပါ ပိုးသန့်စင်ခြင်းများပြုလုပ်ရကြောင်း ပြောပြပါတယ်။

နဂိုကတည်းက မျက်လုံးခြောက်သွေ့လေ့ရှိသူ Dry Eye ဆိုပါက ဒီကုထုံးခံယူပြီးတဲ့နောက် သဘာဝမျက်ရည်နှင့်တူသော အရည်မျက်စဉ်း တစ်မျိုးကို ပိုခတ်ရတတ်ကြောင်း သိရပါတယ်။

အသည်းရောင်အသားဝါ Bပိုး၊ C ပိုး နှင့်ဆီးချိုသွေးချိုရှိသူများလည်း Control လုပ်ပြီး Lasik ကုထုံးကို ပြုလုပ်နိုင်ကြောင်း၊ သို့သော်အမြင် အာရုံမှာ ရောဂါတစ်ခုခုရှိနေခြင်း၊ ရေတိမ်ရောဂါ၊ မျက်ကြည်လွှာရောဂါရှိခဲ့လျှင် မပြုလုပ်သင့်ကြောင်း ပြောပြပါတယ်။

မြန်မာနိုင်ငံမှာတော့ Lasik ကုထုံးကို လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက စတင်ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ပထမဦးဆုံး Lasik ပြုလုပ်နိုင်တဲ့တစ်ခုတည်းသော မျက်စိအထူးကုဆေးခန်းကတော့ ရန်ကုန်မြို့ တာမွေမြို့နယ် ဦးချစ်မောင်လမ်းမှာ ရှိသော iQ Vision မျက်စိအထူးကုဆေးခန်းကြီးပဲ ဖြစ်ပါတယ်။ယနေ့အထိ လူနာ ရာပေါင်းများစွာကို ကုသမှုပြုလုပ်ပေးခဲ့ပြီးပြီဖြစ်ပြီး ရာနှုန်းပြည့်အောင်မြင်မှုတွေလည်း ရရှိခဲ့ကြောင်း သိရပါတယ်။

iQ Vision ဆေးခန်းမှ Lasik ပြုလုပ်ပေးသည့် ဆရာဝန်ကြီးများမှာ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များရရှိထားသည့်အပြင် တန်ဖိုး ကြီးမားလှသော Lasik ပြုလုပ်နိုင်သည့် စက်ကြီးဟာ ဂျပန်နိုင်ငံထုတ်ဖြစ်ပြီး စက်ကိရိယာကိုင်တွယ်သည့် ကျွမ်းကျင်တာဝန်ရှိသူများကို ဂျပန်နိုင်ငံအထိ စေလွှတ်ကာ လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း iQ Vision အထူးကုဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောပြခဲ့ ပါတယ်။

နိုင်ငံခြားသို့သွား၍ Lasik ကုထုံးခံယူမယ်ဆိုလျှင် ကုသစရိတ်အပြင် ဟိုတယ်စရိတ်၊ လေယာဉ်စရိတ်များ ထပ်မံကုန်ကျနိုင်တယ်လို့ သိရပါတယ်။ iQ Vision မှာတော့ အဆိုပါနှုန်းထက်အများကြီးသက်သာသော ဈေးနှုန်းနှင့် ပြုလုပ်ပေးတယ်လို့ သိရကြောင်းဖော်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

မောင် (ဆေးတက္ကသိုလ်)
Credit: Health Digest Journal Vol.9, No 1, 9-11-2011

Clinic Address - iQ Vision (International Quality Eye Care Center)
(S-15) ,ဦးချစ်မောင်လမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း - 01-554010 ၊ 401208 ၊ SSC – 09-8614572, WC – 09-8614570

အထက်တန်းစားဗုဒ္ဓဘာသာဝင်

ဗုဒ္ဓဘာသာဝင်တို့ သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတည်းဟူသော အမြတ်ဆုံးသောရတနာသုံးပါးကို ကိုးကွယ်ကြသူများ ဖြစ်တဲ့အလျောက် အမြတ်ဆုံးရတနာသုံးပါးကလည်း ကိုးကွယ်သူတို့ အား အမြတ်ဆုံးသောအကျိုးများကို ရစေနိုင်စွမ်းရှိပါတယ်။ သို့ သော် ရတနာသုံးပါးကို ကိုးကွယ်ကြသူချင်း တူစေကာမူ၊ အကျိုးပေးမှုအနည်း၊ အများကွာဟတဲ့အလျောက် ကိုးကွယ်သူတို့ ရဲ့ ဘဝအနိမ့်အမြင့် ခြားနားလျက်ရှိပါတယ်။ ဒါဟာ “ကိုးကွယ်ပုံ” ခြင်း၊ ရတနာသုံးပါးကို “ကြည်ညိုပုံ” ခြင်း မတူညီကြလို့ သာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပုံနည်းလမ်းခြင်း ကွဲပြားနေလို့ သာဖြစ်ပါတယ်…
စင်စစ် ဗုဒ္ဓဘာသာဝင် ဟူသည်မှာ ဗုဒ္ဓ၏အဆုံးအမများကို ဘဝလမ်းညွှန်အဖြစ် လိုက်နာခံယူကျင့်သုံးသူများပင် ဖြစ်ပါတယ်။ ဒီလိုလိုက်နာကျင့်သုံးရာမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးနဲ့ တစ်ဦး ဗုဒ္ဓ၊ ဓမ္မပေါ် သိရှိပုံပမာဏခြင်း၊ လိုက်နာကျင့်သုံးပုံ ပမာဏခြင်း မတူညီကြပါဘူး။ ဗုဒ္ဓအဆုံးအမများကို အနှစ်သာရပိုင်းထိ ထိုးထွင်းသိမြင်သူများရှိသလို၊ သာမန်ကာလျှံကာ သိသူများလည်းရှိပါတယ်။ ပါရမီအနုအရင့်၊ ဝိရိယအပြင်း အပျော့အရ ကွဲပြားခြားနားချက်များလည်း ရှိပါတယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့  သရဏဂုံ တင်ထားပေမဲ့လည်း အခြားသော တစ်စုံတစ်ရာကို သရဏံ ဂစ္ဆာမိချင်သူများဆိုလျှင် ရတနာသုံးပါးကိုးကွယ်သူရယ်လို့  ဆိုရန်ပင်ခက်လှပါတယ်။ ဘုရားစင်အနီးအပါးမှာ အာသဝေါမကုန်ခမ်းသေးတဲ့ ပြည်တွင်းဖြစ် ဘိုးတော်၊ မယ်တော်၊ ပြည်ပမှ ဘိုးတော်၊ မယ်တော်ရဲ့ ပုံများကို ချိတ်ဆွဲသူများဟာ ရတနာသုံးပါးမှတပါး အားထားစရာမရှိပြီလို့  ခံယူထားတဲ့သူများ မဟုတ်ပါဘူး။ အကြောက်တရားနဲ့  မျှော်လင့်တောင့်တမှုပေါ် အခြေခံပြီး ဓါတ်ရိုက်ဓါတ်ဆင်၊ ယတြာချေ၊ ဂါထာမန္တန် ရွတ်သူများဟာ(ဗုဒ္ဓဘာသာဝင်တို့ အဖို့  အရေးကြီးဆုံးဖြစ်တဲ့) ကံ-ကံ၏အကျိုးကို မမှိတ်မသုန် ယုံကြည်သူများ မဟုတ်ပါဘူး။ အတ္တနှင့် အတ္တနိယအပေါ် အခြေစိုက်တဲ့ ၎င်းအပြုအမူတွေဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မလမ်းကြောင်းနဲ့  ဖီလာဆန့် ကျင်လျှက်ရှိပြီး၊ ဥုံ မဏိပဒ္မေဟုံ ကဲ့သို့  မဟာယနဂိုဏ်းရဲ့ထိုးဖောက်မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့ မှာ ထေရဝါဒဗုဒ္ဓဘာသာ ကိုယ်ခံအားနည်းပါးရှာသူတွေ ဖြစ်လာကြပါတယ်။

မြတ်ဗုဒ္ဓရဲ့ဓမ္မမှာ လောဘ၊ ဒေါသ၊ မောဟတို့ ကို ငြိမ်းစေသော နည်းလမ်းများညွှန်ပြထားသလို၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတို့ မှ လွတ်မြောက်စေတဲ့ကျင့်စဉ်တွေလည်း အမြောက်အမြားရှိပါတယ်။ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူပြီး လောဘ၊ ဒေါသ၊ မောဟတွေ ထူပြောနေပါလျှင်၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတို့  ပူလောင်ဆူပွက်နေပါလျှင် (အဖြေကားရှင်းပါတယ်။) ဗုဒ္ဓ၏ ဓမ္မကို လိုက်နာကျင့်သုံးမှုမှာ အားနည်းလို့ သာ ဖြစ်ပါတယ်။

ဘုရားရှင်က ရတနာသုံးပါးအပေါ် ကြည်ညိုမှုသဒ္ဓါတရား အနည်းအများပေါ်အမှီပြုပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အညံ့စားဗုဒ္ဓဘာသာဝင်လို့ နှစ်မျိုးကွဲပြားကြောင်းနဲ့  ၎င်းတို့ ရဲ့လက္ခဏာများကို ဟောကြားတော်မူခဲ့ပါတယ်။

အထက်တန်းစားဗုဒ္ဓဘာသာဝင်တို့ ရဲ့ လက္ခဏာများ-


၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာယုံကြည်ခြင်း
၂။ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း
၃။ကောတုဟတ မင်္ဂလာကိုမယုံကြည်ခြင်း
၎။လောကီမင်္ဂလာတို့ ကို မယုံကြည်ဘဲ ကံကိုသာအနှစ်သာရအားဖြင့် ယုံကြည်ခြင်း
၅။ဗုဒ္ဓသာသနာတော်အတွင်း၌သာ မြတ်သောအလှူခံပုဂ္ဂိုလ် ရွေးချယ်စိစစ်၍ ဦးစွားပေးလှူ ကြည်ဖြူ၊ မြတ်နိုးခြင်းတို့ဖြစ်၏။

ဤလက္ခဏာများနှင့်ပြည့်စုံသူကို ဘုရားရှင်က ဗုဒ္ဓဘာသာဝင် ရတနာ၊ဗုဒ္ဓဘာသာဝင် ပဒုမာ၊ဗုဒ္ဓဘာသာဝင် ပုဏ္ဏရိက် လို့ ဂုဏ်ပြုတော်မူပါတယ်။

အညံ့စားဗုဒ္ဓဘာသာဝင်တို့ ရဲ့ လက္ခဏာများ-

၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာမယုံကြည်ခြင်း
၂။ကိုယ်ကျင့်သီလမရှိခြင်း
၃။ကောတုဟတ မင်္ဂလာကိုယုံကြည်ခြင်း
၎။ကံကိုမယုံကြည်ဘဲ လောကီမင်္ဂလာကိုသာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း
၅။အခြားဘာသာ၌မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး မျှော်ကိုးရှာမှီးလျက် ဦးစားပေးလှူ ကြည်ဖြူ၊ မြတ်နိုးခြင်းတို့ ဖြစ်သည်။

ယင်းလက္ခဏာတို့ နှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်မျိုးကို ဗုဒ္ဓဘာသာဝင် အောက်တန်းစား၊ ဗုဒ္ဓဘာသာဝင် အညစ်အကြေး၊ ဗုဒ္ဓဘာသာဝင်ဒွန်းစဏ္ဍားဟု ဘုရားရှင်ကမိန့်ဆိုတော်မူခဲ့ပါတယ်။

ဤသို့လျင် မိမိသည် အထက်တန်းစား ဗုဒ္ဓဘာသာဝင်လား၊ အညံ့စားဗုဒ္ဓဘာသာဝင်လား ဟူသည်ကို ဘုရားရှင်၏ အထက်ပါစံညွှန်းများကို အမှီပြု၍ ဆုံးဖြတ်နိုင်ပါတယ်။ ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ကြည်ညိုမှုသဒ္ဓါ စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ ခိုင်မာလျှင် လောကီမင်္ဂလာ၊ ကောတုဟတမင်္ဂလာတို့ မှာ စိတ်ညွှတ်မှုမရှိနိုင်ပါ။

ဗေဒင်၊ ယတြာ၊ အင်း၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်တို့ ကို ယုံကြည်ခြင်း၊ မည်သည့်ရုပ်ပွားတော်ကို ကိုးကွယ်လျှင်မည်သို့  စီးပွားတက်မည်ဟု ယုံကြည်ခြင်းတို့သည် ကောတုဟတမင်္ဂလာကို ယုံကြည်ခြင်းဖြစ်ပါတယ်။ ဒီလိုယတြာချေလျှင် ဒီလိုအောင်မြင်သတဲ့၊ ဒီအဆောင်ကြောင့် ဒီလိုကြီးပွားသတဲ့၊ ဒီရုပ်ပွားမျိုးကိုးကွယ်လျှင် အန္တရယ်ကင်းသတဲ့ စတဲ့ ရုတ်တရက်ပေါ်ထွက်လာတဲ့ လောကီစီးပွား တက်ကြောင်းများကို (ဗုဒ္ဓ၏ အဆုံးအမများနှင့် လျော်ညီမှုရှိ၊မရှိ) မစစ်ဆေးဘဲ မျက်ကန်းယုံကြည်လက်ခံခြင်းတို့ ဟာ အတွေးအခေါ်သူတောင်းစားတို့ရဲ့ အမူအကျင့်သာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မနိယာမနှင့် ဆန့် ကျင်ဘက် ဤအမူအလေ့မျိုးကား ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ မှာ မရှိသင့်၊ မရှိအပ်သင့်ပါ။

စင်စစ်ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဥပါသကာဟူသည်မှာ အတိတ်၊ နိမိတ်၊ ကိန်းခန်း၊ တဘောင်၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိပ်မက်တိတ္တုံ၊ ရက်ရာဇာ ၊ပြဿဒါးစတဲ့ ဒိဋ္ဌ၊ သုတ၊ မုတ မင်္ဂလာများကို မယုံကြည်ပါ။ ၎င်းလောကီမင်္ဂလာတို့ ကို ယုံကြည်လိုက်တဲ့ ဥပါသကာကို ဥပသကာအညံ့စား၊ ဒွန်းစဏ္ဍးဥပသကာလို့ ခေါ်ဝေါ်ပါတယ်။
(ပဉ္စက အဂုင်္တ္တရ စဏ္ဍာလသုတ်ကို လေ့လာပါ။)

"ရဟန်းတို့ ၊ အကြင်သတ္တဝါတို့ သည် နံနက်အခါ ကိုယ်ဖြင့်သုစရိုက်ကို ကျင့်ကြကုန်၏။ နှုတ်ဖြင့် သုစရိုက်ကို ကျင့်ကြကုန်၏။
စိတ်ဖြင့်သုစရိုက်ကိုကျင့်ကြကုန်၏။
ထိုသတ္တဝါတို့ အား ကောင်းသောနံနက်ဖြစ်၏။
ထို့ အတူမွန်းတည့် ညချမ်းအခါတို့ ၌ သုစရိုက်ကျင့်သူတို့ အား ကောင်းသောမွန်းတည့်အခါ၊
ကောင်းသောညချမ်းအခါ ဖြစ်၏"
ဟု ဘုရားရှင်ဟာ (တိအဂုင်္တ္တရပါဠိတော်-၂၉၈) မှာ ဟောတော်မူခဲ့ပါတယ်။

ဆိုလိုရင်းမှာ သုစရိုက်တရားကျင့်သူတို့ အား နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အခါကောင်း၊ ခဏကောင်း အားလုံးအကောင်းချည်းဖြစ်၍ မကောင်းသော နက္ခတ်၊ မင်္ဂလာမရှိ။ နက္ခတ်မင်္ဂလာ အကောင်းကြုံရန် ဓါတ်ရိုက်၊ ဓါတ်ဆင်၊ ယတြာ စသည်တို့ကိုပြုလုပ်ရန်မလိုပါ။ ကိုယ်ကျင့်တရားမြဲမြံရန်နှင့် သူတော်ကောင်းတရား ပွားများရန်သာလိုသည်ဟု ဆိုလိုရင်းဖြစ်ပါတယ်။ ကမ္မနိယာမ ချည်မျှင်ရှည်ကြီးမှာ သီတန်းထားတဲ့ လူသားတို့ ရဲ့ သုခ၊ ဒုက္ခများကို မည်သည့်ဂါထာ၊ မန္တန်၊ အင်း၊ ယတြာ၊ အဆောင်လက်ဖွဲ့ ၊ သဒ္ဓိဆိုင်ရာအစီအမံကမျှ ကပြောင်းကပြန်လုပ်လို့ မရပါ။

ကိုယ်စိုက်ပျိုးသောအပင်ကို ကိုယ်ပဲရိတ်သိမ်းရပါတယ်။အဆိပ်ပင်စိုက်ပျိုးထားပါလျက် ဂါထာ၊မန္တန်၊ ယတြာအားကိုးနဲ့  ဩဇာပင်ရိတ်သိမ်းချင်၍မရပါ။ ကမ္မနိယာမမြစ်ကြောင်း အတိုင်းသာ ဘဝစီးကြောင်း ရေအလျဉ်ဟာ စီးဆင်းနေပါတယ်။

ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျှက် ကံ-ကံ၏အကျိုးကိုမယုံကြည်ဘဲ၊ လောကီမင်္ဂလာများနှင့် အပေါ်ယံအကာအလွာ ကိုးကွယ်မှုအမျိုးမျိုးနောက်လိုက်နေသူများဟာ အညံစား ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

အလျဉ်းသင့်၍ သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ “ဗုဒ္ဓဝါဒ အခြေခံသဘောတရား” စာအုပ်မှ စာပိုဒ်တစ်ပိုဒ်ကို တင်ပြလိုက်ပါတယ်။

“ ဗုဒ္ဓဟောကြားတဲ့အတိုင်း၊သင်ထားတဲ့အတိုင်း၊ဆုံးမထားတဲ့အတိုင်း ကျင့်တဲ့ပုဂ္ဂိုလ်တွေကို တစ်ခါတည်း အောက်တန်းမကျ၊ အထက်တန်းရောက်အောင် ဘယ်သူကခေါ်ဆောင်သွားမှာလဲ၊အဲဒီကျင့်တဲ့တရားက ခေါ်ဆောင်သွားမှာ။ ဗုဒ္ဓကခေါ်ဆောင်သွားမှာမဟုတ်ဘူး။ ကိုယ်ကျင့်တဲ့တရားက ကိုယ့်ကိုခေါ်ဆောင်သွားမှာ။ အဲဒါကိုယုံကြည်ထားဖို့ပါဘဲ။ ဗုဒ္ဓဝါဒအရ ကိုးကွယ်ခြင်းဟာ အဲဒီအထိရောက်ရမယ်၊ ဒါမှအဆင့်အတန်းမြင့်တာ။ ကိုယ့်ကိုခေါ်သွားမယ့်ပုဂ္ဂိုလ်၊ သယ်ဆောင်သွားမယ့်ပုဂ္ဂိုလ်၊ ကယ်တင်သွာမယ့်ပုဂ္ဂိုလ်ဆိုတာ အခြားမှာမရှိပါဘူး။ ကိုယ့်ကိုအထက်ရောက်အောင် သယ်ဆောင်သွားမှာ၊ ခေါ်ဆောင်သွားမှာ၊ အဆင့်အတန်းမြှင့်ပေးလိုက်မှာ ဘယ်သူတုန်းဆိုရင် ကိုယ်ကျင့်သုံးထားတဲ့ တရားပါပဲ ”

ဗုဒ္ဓဘာသာမှာ ကိုးကွယ်ခြင်းဆိုတာ အကျင့်စရဏ ပြဋ္ဌာန်းပါတယ်။ မိမိကိုယ်ကို အထက်တန်းစား ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူလိုလျင် ဗုဒ္ဓ၏ဓမ္မ နဲ့ လျော်တဲ့ ကိုယ်ကျင့်သိက္ခာ ကိုတည်ဆောက်ဖို့ လိုပါတယ်။ ရတနာသုံးတန်နှင့် ကံ-ကံ၏အကျိုးကိုသာ တစိုက်မတ်မတ်၊ စဉ်းငယ်မျှပင် အယိမ်းအယိုင်မရှိ၊ ပကတိငုတ်စိုက်ကျောက်ချထားသည့်နှယ် ယုံကြည်ဖို့လိုပါတယ်။ ၎င်းယုံကြည်မှုကို ထိပါးတိမ်းစောင်းစေတဲ့ ကောတုဟတ မင်္ဂလာ၊ လောကီမင်္ဂလာတို့မှာ အားကိုးရှာခြင်းမျိုးကို အတွင်းအဇ္ဈတ္တမှာ လုံးဝ ဝင်ရောက်ခွင့်မပြုသင့်ပါဘူး။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာ အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ သံဃံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။

ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်၏ အညစ်အကြေးဖြစ်တဲ့၊ အတွင်းရန်သူဖြစ်တဲ့ တန္တရယာန၊ မန္တရယာန၊ ယန္တရယာနများ၏ အန္တရယ်စက်ကွင်းမှလွတ်အောင်ရှောင်ပြီး မြင့်မြတ်သန့်စင်သော အထက်တန်းစား ဗုဒ္ဓဘာသာဝင် အဖြစ်(အကျင့်စရဏ)ဖြင့်ခံယူနိုင်ကြပါစေ။ ။

မင်းနန်(မော်ကျွန်း)
Credit: ၁၉၉၁ ဧပြီလထုတ်၊ အမှတ်-၁၆ ဓမ္မရံသီပေါင်းချုပ်မှ
..........................
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:231935 မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Sunday, July 29, 2012

ယမကာနှင့်မတည့်သော ဆေးများ



အရက်ဟာ ဆေးအတော်များများနဲ့အပြန်အလှန် ဓာတ်ပြုသက်ရောက်မှု (Interaction) ရှိပါတယ်။ အဲဒီသက်ရောက်မှုကနေ ဘေးဥပါဒ် ဖြစ်စေတဲ့ အာနိသင်တွေ ထွက်လာတာများပါတယ်။ အင်္ဂလိပ်ဆေးတွေနဲ့သာမက တိုင်းရင်းဆေးအချို့နဲ့လည်း ဒီလိုဆိုးကျိုးမျိုး ရတတ် ပါတယ်။မိမိရဲ့ ကျန်းမာရေးကြောင့် ဆေးတစ်ခုခု စွဲသောက်နေရသူတွေဟာ အရက်ကြောင့် ဆေးအာနိသင်မရတော့ခြင်း၊ ဘေးထွက် ဆိုးကျိုး ခံစားရခြင်းတွေမဖြစ်ရအောင် ဒီဆောင်းပါးကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်။ အသည်းအဆီဖုံး၊ အသည်းခြောက်၊ လေ ဖြတ်ခြင်း၊ အသည်းကင်ဆာစတဲ့ဆိုးရွားတဲ့ ရောဂါတွေမဖြစ်အောင် အရက်ပုံမှန်သောက်ခြင်း၊ အလွန်အကျွံသောက်ခြင်းတို့ကို လုံးဝ ရှောင်ကြဉ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးလို့ပြောချင်ပါတယ်။

အရက်နဲ့ ဆေးတွေရဲ့ အပြန်အလှန်ဓာတ်ပြုသက်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုး အချို့ကတော့ ပျို့တက်အော်ဂလီ ဆန်ခြင်း၊ အန်ခြင်း (အရက်အလွန်အကျွံသောက်ရင် အန်တတ်ပေမယ့် ဆေးတစ်ခုခုသောက်ပြီး အရက်သောက်သူ  နည်းနည်းလေး သောက်ရုံနဲ့ အန်ပြီဆိုရင် ဒါကိုသတိထားရပါမယ်) ခေါင်းကိုက်ခြင်း၊အလွန်အမင်းအိပ်ချင်ခြင်း၊ မေ့လဲကျသွားခြင်း၊ ခန္ဓာကိုယ်ဟန်ချက်နှင့် အသိတရား ထိန်းချုပ်နိုင်မှု ကင်းလွတ်သွားခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။ဆေးနဲ့အရက်မတည့်ခြင်း ပိုပြင်းထန်ရင် အသက်အန္တရာယ် အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် အရက်နဲ့မတည့်တဲ့ လူသုံးများသောဆေးဝါးအချို့နဲ့ သက်ဆိုင်ရာ ဆိုးကျိုးများကိုစုစည်းယှဉ်တွဲ ဖော်ပြ ပေးလိုက်ပါတယ်။ တပြိုင်နက်တွဲသောက်မှ ယှဉ်တွဲသုံးစွဲတယ်လို့ မခေါ်ပါဘူး။ တစ်ခုရဲ့အာနိသင်မကုန်သေးခင် နောက်တစ်ခုသောက် တာကိုဆိုလိုပါတယ်။

အရက်နဲ့ယှဉ်တွဲသုံးစွဲရင် အောက်ပါဆေးများဟာ ဖော်ပြပါဆိုးကျိုးများ အသီးသီးဖြစ်လာနိုင်ပါတယ်။

(၁) ဓာတ်မတည့်ခြင်း၊ နှာစေးခြင်း စတာတွေမှာသုံးတဲ့ ဘာမီတွန် (Chlorpheniramine)၊ စီထရင်းလို့လူသိများတဲ့ Cetirizine, Loratadine, Fexofenadinစတဲ့ဆေးတွေဟာ မူးဝေအိပ်ချင်မှုပြင်းထန်ခြင်း၊ ဆေးပမာဏလွန်ကဲ အဆိပ်သင့်ခြင်းတွေဖြစ်လာနိုင်ပါတယ်။

(၂) ရင်ဘတ်အောင့် နှလုံးရောဂါရှိသူတွေ အရေးပေါ် လျှာအောက်ငုံဆေး (Isosorbide Nitroglycerin) က နှလုံးခုန်နှုန်းအလွန်မြန်လာ ခြင်း၊ သွေးပေါင်ကျခြင်း၊ သတိလစ်မေ့မျောခြင်းတွေ ဖြစ်တတ်ပါတယ်။

(၃) အကိုက်အခဲပျောက်ဆေးတွေကတော့ အစာအိမ်/အူသိမ် အနာ (Gastric/ Duodenal) တွေဖြစ်စေသလို ရှိပြီးသားကိုလည်း ပြန်ထ စေပါတယ်။အသည်းကိုလဲ ထိခိုက်မှုဖြစ်စေပါတယ်။

(၄) ချောင်းဆိုးပျောက်ဆေးများရဲ့ ဆိုးကျိုးကတော့ နံပါတ်(၁)အတိုင်းပါပဲ။

(၅) သွေးကျဲဆေး (Warfarin) နဲ့အရက်ဟာ လုံးဝမတည့်ပါဘူး။ ကိုယ်တွင်းသွေးယိုစိမ့်မှုတွေဖြစ်နိုင်သလို အရက်ပမာဏများသွားရင် ဆန့်ကျင်ဘက်အာနိသင်အနေနဲ့ သွေးခဲပိတ်လို့ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ရောဂါ ထကြွခြင်း (Heart Attack) ပေါ်လာနိုင်ပါ တယ်။

(၆) စိတ်ကျရောဂါ (Depression) ၀င်နေလို့ ဆရာဝန်ပေးသော ဆေးများသောက်နေရရင် စိတ်ညစ်လို့ အရက်သောက်တယ်ဆိုတာမျိုး လုံးဝမလုပ်သင့်ပါ။ ဒီဆေးတွေကြောင့် နံပါတ်(၁)က ဆိုးကျိုးမျိုးတွေအပြင် အဆိုးရွားဆုံးက မျှော်လင့်ချက်ကင်းမဲ့ စိတ်ဓာတ်ကျခြင်း ခံစား ချက်ပိုပြင်းထန်လာစေကာ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါ်လာတတ်တာ လေ့လာတွေ့ရှိထားပါတယ်။

(၇) ဆီးချိုရောဂါဆေးများဖြစ်တဲ့ Metformin, Tolbutamide, Glyburide စတာတွေဟာ သွေးတွင်းသကြားဓာတ် ရုတ်တရက် ကျဆင်း စေခြင်း၊ ထို့အတွက် နောက်ဆက်တွဲ ကတုန်ကယင်ဖြစ် သတိလစ်မေ့မျောခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပျို့/အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင်အတက်အကျ ရုတ်တရက်ဖြစ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

(၈) အစာအိမ်နာ၊ အူသိမ်နာတွေအတွက်သုံးတဲ့ Ranitidine, Cimetidine, Nizatidineစတဲ့ဆေးတွေနဲ့ မက်ဖလွန်လို့ လူသိများတဲ့ အချို့အအန်ပျောက်ဆေး Metoclopramide နှလုံးခုန်မြန်ခြင်း၊ ရုတ်တရက်သွေးပေါင် အတက်အကျဖြစ်ခြင်း၊ အရက်နဲ့ အာနိသင်ကို ပိုဆိုးစေခြင်းစတာတွေ ဖြစ်စေပါတယ်။

(၉) သွေးတိုးကျဆေးများဖြစ်တဲ့ Hydralazine, Enalapril, Thiazide, Lorsatan, Prazosin စတာတွေဟာ မူးဝေခြင်း၊ ငိုက်မြည်းခြင်း သတိလစ်ခြင်း၊ ပုံမှန်နှလုံးခုန်နှုန်းပျောက်ဆုံး၍ နှေးလိုက်မြန်လိုက်ဖြစ်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီအနေအထားဟာ arrhythmia လို့ခေါ်ပြီး အန္တရာယ်ရှိပါတယ်။

(၁၀) သွေးတွင်းကိုလက်စထရောများလို့ ညဖက်တစ်လုံးသောက်ရလေ့ရှိတဲ့ Statin အုပ်စုဝင်ဆေးများဟာ အရက်နှင့်ယှဉ်တွဲမိသွားရင် အသည်းထိခိုက်ခြင်း၊ ယားယံခြင်း၊ အစာအိမ်ထိခြင်းတွေဖြစ်လာနိုင်ပါတယ်။

(၁၁) ပဋိဇီဝဆေး (အရပ်အခေါ် ပိုးသတ်ဆေး) တွေဟာ အုပ်စုများစွာရှိပါတယ်။ အဲဒီအထဲကမှ တီဘီရောဂါမှာသောက်တဲ့ Isoniazid, Rifampicin စတဲ့ဆးများ၊ မက်ထရို (Metronidazole) မှိုရောဂါဆေး Ketokonazole   စတဲ့ဆေးများအပါအ၀င် ပဋိဇီဝဆေးအတော်များ များဟာ အရက်နဲ့တွေ့ရင် ဆိုးရွားတဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေပေါ်လာစေပါတယ်။ မက်ထရိုကတော့ အဆိုးဆုံးပါပဲ။ ဒါ့အပြင် ဗိုက်အောင့်ခြင်း၊ ၀မ်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

(၁၂) ပျို့အန်ခြင်း ကားမူးခြင်းတို့မှာသောက်ရတဲ့ဆေး Meclizine, Dimenhydrinate တို့ဟာမူးဝေအိပ်ချင်မှု ပြင်းထန်ခြင်းတွေဖြစ်စေပါ တယ်။ Dimenhydrinate ဟာ အဝေးပြေားကားဂိတ်တွေက ဈေးသည်လေးတွေ ကားမူးပျောက်ဆေးလို့ လိုက်ရောင်းနေတဲ့ ပလတ် စတစ်အကြည်လေး တွေနဲ့ ပါကင်ပိတ်ထားသော အ၀ါရောင်ဆေးလေးတွေဖြစ်ပါတယ်။

(၁၃) အတက်ရောဂါရှိလို့ Phenytoin, Phenobarbital အုပ်စုဝင်ဆေးများသောက်နေရရင် အရက်ကိုရှောင်ရပါမယ်။ အတက်အကြိမ် အရေအတွက် ပိုစိပ်ခြင်း၊ မူးဝေအိပ်ချင်ခြင်းစတာတွေ ပြင်းထန်စွာ ပေါ်လာတတ်ပါတယ်။

(၁၄) ဒါ့အပြင် အိပ်ဆေးများအားလုံးဟာ အရက်နဲ့တွေ့ရင် နှစ်ခုလုံးရဲ့ အာနိသင်ကို ပိုဆိုးစေပြီး မူးဝေ အိပ်ပျော် အသက်ရှူရပ်တဲ့အထိ ဖြစ်စေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

(၁၅) တိုင်းရင်းဆေးအချို့ကလည်း အရက်နဲ့မတည့်ကြပါဘူး။ တိုင်းရင်းဆေးအချို့ကို အရက်နဲ့တွဲသောက်တဲ့ အလေ့ရှိတာနဲ့ တိုင်းရင်း ဆေးတိုင်း အရက်နဲ့တည့်တယ်လို့မဆိုလိုပါဘူး။ဒါကြောင့် အရက်နဲ့သောက်လို့ ရတယ်လို့ သက်ဆိုင်ရာတိုင်းရင်းဆေးကျွမ်းကျင်သူက ထောက်ခံချက်မပေးသော ဆေးများကို အရက်နဲ့တွဲသောက်ခြင်းကို ရှောင်ကြဉ်ပါ။

အချုပ်ပြောရရင် ဆေးဝါးအများစုဟာ အရက်နဲ့ အပြန်အလှန် ဓာတ်ပြုခြင်းတွေ ရှိတတ်ကြပြီး မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးကိုပဲ ပေး တတ်ကြတာများလို့ ဆေးသောက်ခြင်းနဲ့ အရက်သောက်ခြင်းနှစ်ခုတွဲလုပ်ခြင်းဟာ မသင့်ပါဘူး။ ကိုယ်သောက်နေတဲ့ ဆေးနဲ့ အရက်နဲ့ ဘယ်လိုဆက်စပ်မှုရှိသလဲဆိုတာ ပေးတဲ့ဆရာဝန်ကိုမေးပါ။ အကြမ်းဖျဉ်းတော့ အရက်နဲ့ ဆေးတိုင်းကို အနည်းဆုံး ၁၂ နာရီလောက် ခြားသင့်ပါတယ်။
ဒေါက်တာ သီဟသစ်

Saturday, July 28, 2012

သားအိမ် ခေါင်း ကင်ဆာ မဖြစ်အောင်


(1) သားအိမ် ခေါင်း ကင်ဆာ မဖြစ်အောင် ကာကွယ် နိုင်မည့် နည်းလမ်း ငါးသွယ်

၁) ကွန်ဒုံးအသုံးပြုပါ
လိင်ဆက် ဆံစဉ်မှာ သင့် အမျိုးသား ကို ကွန်ဒုံး အသုံးပြု စေတာ ကြောင့် သင့် မှာ သားအိမ် ခေါင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ၇၀ ရာ ခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဝါရှင်တန် တက္ကသိုလ်မှ သုတေသီတွေရဲ့ ပြော ကြားချက်အရ သိရပါတယ်။

၂) ချောဆီအသုံးပြုပါ
ပင်လယ်ရေညှိအနှစ်တစ်မျိုး ဖြစ်တဲ့ Carrageenan နဲ့ ပြုလုပ်ထားတဲ့ ချော ဆီကို အသုံးပြုတာကြောင့် ခန္ဓာကိုယ် ဆဲလ်အတွင်းသို့ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ် မဝင်ရောက် အောင် တားမြစ်နိုင်ပါတယ်။

၃) နေရောင်ကာလိမ်းဆေး အသုံးပြုပါ
နေရောင်နဲ့ ထိတွေ့တာကြောင့် ခုခံ အားစနစ် အားနည်းသွားပြီး HPV ပိုးဝင် ရောက်နိုင်တဲ့ အန္တရာယ် ပိုများသွား ပါတယ်။ ၄) ဂေါ်ဖီထုပ်စားပါ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ သားအိမ်ခေါင်း ကင် ဆာဆဲလ်နဲ့ HPV ကူးစက်ခံရတဲ့ ဆဲလ် တွေကို ခန္ဓာကိုယ်က မိမိဘာသာ ဖျက် ဆီးပစ်နိုင်တယ်လို့ သုတေသနပြုလုပ် ချက်အရ သိရပါတယ်။

၅) အနီရောင်အစားအစာ စားပါ
ခရမ်းချဉ်သီး၊ ဖရဲသီး၊ မာလကာသီး တွေကို အနီရောင်ဖြစ်စေတဲ့ ရောင်ခြယ် ပစ္စည်း လိုင်ကိုပင်းဟာ ကင်ဆာကို တွန်း လှန်နိုင်တဲ့ အစွမ်းထက်ဆုံး ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။ လိုင်ကိုပင်း ကို အစာမှ အများဆုံးရရှိတဲ့ အမျိုးသမီး တွေဟာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင် ခြေ ၅၀ ရာခိုင်နှုန်းလျော့နိုင်တယ်လို့ အရီ ဇိုးနားတက္ကသိုလ်မှ သုတေသီတွေက အကြံ ပြုထားပါတယ်။

ရိုးရာလေးသားအိမ် ခေါင်း ကင်ဆာ မဖြစ်အောင် ကာကွယ် နိုင်မည့် နည်းလမ်း ငါးသွယ်

(2) ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ

ကျွန်မမှာ ကိုယ်ဝန်နှစ်လ ရှိနေပါပြီ။ အန်ပါတယ်။ ခေါင်းလဲ တအားမူးပြီး ခေါင်းကိုက်လာပါတယ်။ စာလဲဖတ်လို့ မရတော့ပါဘူး။ အဆိုးဆုံးကတော့ အစာစားလို့ မဝင်တာပါ။ အန်ချင်ပြီး ကိုယ်လက် မအီမသာနဲ့ အန်မှာကို တအားဆိုးတာနဲ့ အစာက မဝင်တော့တာပါ။ အန်ရင်လဲ လမ်းလယ်ခေါင်မှာ ထိုးအန်ပါတယ်။ အနေရတအား ခက်ပါတယ်။ လည်ချောင်းမှာ ဆို့နေသလိုခံစားရပြီး အစာစားပြီးရင်လဲ ဗိုက်က ကယ်နေပါတယ်။ နိုင်ငံရပ်ခြားမှာဆိုတော့ ဆေးခန်း သွားဖို့ ခက်ခဲပါတယ်ဆရာ။
ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness “ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ” လို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမည် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ဖြစ်တယ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပါတ်မှာ စတတ်ပြီး၊ ၁၂ ပါတ်ရောက်ရင် သက်သာသွားကြတယ်။
မိခင်လောင်းမှာ မေးတဲ့သူပြောသလို အတော်အနေရခက်တယ်။ အန်တာက အတော်အသင့် ဆိုးတာနဲ့ လက်ထိုးအန်တာ ဖြစ်နိုင်တယ်။ တခြား အန်တဲ့ရောဂါတွေလို ဆေးကုစရာ မလိုပါ။ ကလေးကိုလဲ မထိခိုက်စေပါ။ ဆိုးရင်တော့ ရေဓါတ်-ဆားဓါတ် ခန်းခြောက်တာဖြစ်နိုင်တယ်။ ကိုယ်အလေးချိန် ကျမယ်။ Alkalosis (အယ်လ်ကာလီ) ဓါတ်များတာ နဲ့ Hypokalemia (ပိုဆက်ဆီယမ်) နည်းတာတွေ ဖြစ်မယ်။
ဘာလို့ဖြစ်သလဲ-
• အနံ့အသက်တချို့ကို မကြိုက်ဖြစ်တာကြောင့်လား ထင်ရတယ်။
• Estrogen (အီစထိုဂျင်) ဟော်မုန်း များလာလို့ထင်ကြတယ်။ အရင်ကထက် အဆ ၁ဝဝ အထိများလာတယ်လို့ တချို့ကဆိုတယ်။ အသေအခြာ ဒါကြောင့်လို့ မပြောနိုင်ပါ။
• သကြားဓါတ်နည်းလို့လဲ ထင်တယ်။ ကလေးဆီ အချင်းကတဆင့်ပို့ပေးရလို့ နည်းတာ။
• Progesterone (ပရိုဂျက်စတီရုန်း) များလာလို့ သားအိမ်ကြွက်သားတွေ လျှော့လာစေသလို အစာအိမ် ကြွက်သားကိုလဲ အဲလိုလျှော့စေမလား ထင်ရတယ်။
• Human chorionic gonadotropin ဟော်မုန်း များတာလဲ စဉ်းစားတယ်။
• Bilirubin levels အသဲ (အင်ဇိုင်းမ်) များလာကြောင့်လားလဲ စဉ်းစားတယ်။
• ကာကွယ်စနစ်အနေနဲ့လဲ စဉ်းစားတယ်။ အထဲကကလေးကို မအေစားတဲ့ထဲပါတဲ့ အဆိပ်အတောက်တွေရန်ကနေ အကာကွယ်ပေတာလား စဉ်းစားလာတယ်။ ပျို့တာ-အန်တာမဖြစ်တဲ့ ကိုယ်ဝန်က ပိုပျက်ကျတတ်တယ်လို့ ထင်တယ်။ မိခင်ကိုလဲ တနည်းတလမ်းနဲ့ ကာကွယ်တာလဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရင် ခုခံစနစ်အား နည်းလာတယ်။ မသင့်တာကို အန်ပြစ်တဲ့သဘောဖြစ်မလား ယူဆတယ်။

ဘယ်လိုကုသမလဲ-
ဖြစ်စေတာ မသေခြာလို့ ကုသနည်းဟာလဲ မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
• အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။
• အစားအသောက်မှာ (ဖိုင်ဘာ) များတာ စားပေးပါ။ အဆီလဲ စားဘို့ လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလဲ အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။
• စားပြီးရင် လဲလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။
• သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။
• သံပရာ၊ ရှောက်သီး၊ လိမ်မော်သီးတွေက အကျိုးများစေတယ်။
• Ginger capsules, Ginger tea ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။
• အန်ရင် ရေခဲငုံပါ။
• တခါစားရင် နဲနဲချင်းစားပါ။
• တမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။
• မနက် မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။
• အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊ အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊
• ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။

• Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလဲသုံးနိုင်တယ်။
• Salty potato chips စားနိုင်တယ်။
• Preggie Pops lollipops ငုံထားပါ။

• သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills ဖြစ်ဖြစ် ပြောင်းသောက်ပါ။
• Vitamin B6 50 mg (ဗီတာမင် ဘီ ၆) သောက်ပါ။
• ဆားဓါတ် ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလဲ အန်ရင် Ringer Lactate drip သွင်းပါ။ Alkalosis (အယ်လ်ကာလီ) ဓါတ်များတာ၊ Hypokalemia (ပိုဆက်ဆီယမ်) နည်းတာတွေက တခြား အကြောင်းတွေကနေဖြစ်သလို ကုသမှုမျိုး မလိုတတ်ပါ။

သိပ်ဆိုးရင်တော့ Hyperemesis gravidarum ဆိုတာ ၁% မှာ ဖြစ်တယ်။ ဖြစ်ရင် Thalidomide ဆေးဟာ အနောက် ဂျာမဏီမှာ အရင်သုံးခဲ့တယ်။ အခုမသုံးတော့ပါ။ Zofran (Ondansetron) ဆေးကို အမေရိကားမှာ အများဆုံးသုံးတယ်။ မရသေးရင် Methylprednisolone IV ဆေးပေးမယ်။ ကိုယ်ဝန် ၁ဝ ပါတ် ထက်စောရင်တော့ မပေးဘူး။ အင်္ဂလန်မှာ Promethazine နဲ့ Metoclopramide, Prochlorperazine တွေသုံးတယ်။
Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-vomiting.html
ဒေါက်တာတင့်ဆွေ (၂၅-၆-၂ဝ၁၂)
ဒေါက်တာတင့်ဆွေကိုယ်ဝန်ရှိစ  အိပ်ရာထရောဂါ 

(3) သားဖွါး-မီးယပ်ဆေး (မစ်ဆိုပရိုစတောလ်)

ကိုယ်ဝန် ၉ ပါတ် (၆၃ ရက်) အထိကို စိတ်အချရဆုံး ဆေးသုံးဖျက်နည်းအတွက် ဆေး ၂ မျိုးကိုသုံးတယ်။
(၁) Mifepristone (abortion pill, RU 486, Mifegyn, Mifeprex) နဲ့
(၂) Misoprostol (Cytolog, Cytotec, Arthrotec, Oxaprost, Cyprostol, Mibetec, Prostokos or Misotrol) တွေ ဖြစ်တယ်။

Misoprostol တမျိုးထဲနဲ့လည်း ဖျက်နိုင်တယ်။ ဒါပေမဲ့ ဆရာဝန်မပါဘဲ ကိုယ့်ဖါသာမလုပ်ရပါ။ သားအိမ်ကို ညှစ်စေပြီး အထဲက ကိုယ်ဝန်ကို အပြင်ထုတ်ပြစ်တယ်။ ဗိုက်နာလာပြီး သွေးဆင်းမယ်။ ရာသီလာတာထက် များမယ်။ ၈ဝ% မက ၉ဝ% အထိ အောင်မြင်မှုရှိတယ်။ ကိုယ်ဝန်ပိုရင့်နေရင် သွေးဆင်းတာ သိပ်များပြီး နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ ရှိနိုင်တယ်။ သွေးအားနည်းနေသူတွေ မသုံးသင့်ဘူး။ အရက်၊ မူးယစ်ဆေးနဲ့ မတွဲသင့်ဘူး။ သားအိမ်ပြင်ပ ကိုယ်ဝန်အတွက် မသုံးရဘူး။ IUCD/IUD ကိုယ်ဝန်တားပစ္စည်းထည့် ထားသူတွေလဲ မသုံးရပါ။

သွေးဆင်းလာပေမဲ့ ကိုယ်ဝန် မပျက်နိုင်တာ ၁ဝ% ရှိနိုင်တယ်။ ဆေးနည်းနဲ့ ထပ်လုပ်နိုင်တယ်။ ဒါလဲ မပျက်သေးဘဲ ရှိနိုင်တယ်။ ၁၄ ရက်နေလို့မှ မပျက်ရင် D and C သားအိမ်ခြစ်နည်း လုပ်ရမယ်။ ဆေးသုံးပြီး ကိုယ်ဝန်ဖျက်ပြီးနောက်မှာ မပျက်တာကို ကိုယ်ဝန်ကို ဆက်တည်စေချင်ရင် ကလေးမှာ ချို့ယွင်းချက် တခုခုဖြစ်နိုင်ခြေ နဲနဲရှိတယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါ ရှိနေလျှင် တပါတည်း ကုသပါ။

Misoprostol ဆေးနာမယ်တွေ အမျိုးမျိုးရှိတယ်။ Alsoben, Arthrofen, Arthrotec 50 or 75 (200µg Misoprostol), Artrotec (Venezuela, Hong Kong, Australia), Asotec (Bangladesh), Cirotec, Cyprostol, Cyrux (Mexico), Cystol, Cytil (Colombia), Cytolog, Cytomis, Cytopan (Pakistan), Cytotec (200µg Misoprostol), Gastec, Gastrotec, Gistol, GMisoprostol, Gustrul (Indonesia), Gymiso, Isovent (Kenya, Nepal), Kontrac (India, Democratic Republic Congo), Mibetec, Miclofenac, Mirolut, Misel, Misive (Spain), Misoclo, Misofar (Spain), Misofen, Misogon, Misoplus, Misoprolen (Peru), Misoprost, Misotac (Egypt, Ghana, Sudan, Tanzania, Uganda, Zambia), Misotrol (Chili), Mizoprostol (Nigeria, Noprostol (Indonesia), Oxaprost 50 or 75 (200µg Misoprostol) (Argentina), Prestakind, Prostokos (25µg Misoprostol) (Brazil), Sintec, Vagiprost (25µg Misoprostol) (Egypt), Zitotec

• Misoprostol 200 mcg ပါတဲ့ဆေးပြား ၁၂ ပြားလိုမယ်။
• Misoprostol 200 mcg ပါတဲ့ဆေးပြား ၄ ပြားကို လျှာအောက်မှာငုံထားပါ။ မျိုမချပါနဲ့။ နာရီဝက်နေလို့မှ ဆေးက ပျော်မသွားသေးရင်တော့ မျိုချနိုင်တယ်။
• နောက်ထပ် ၃ နာရီအကြာမှာ နောက်ထပ် Misoprostol 200 mcg ပါတဲ့ဆေးပြား ၄ ပြားကို လျှာအောက်မှာ ငုံထားပါ။
• နောက်ထပ် ၃ နာရီအကြာမှာ နောက်ထပ် Misoprostol 200 mcg ပါတဲ့ဆေးပြား ၄ ပြားကို လျှာအောက်မှာ ငုံထားပါ။ ပေါင်း ၄ ပြားစီ ၃ ကြိမ်၊ ၁၂ ပြားကုန်မယ်။
• Arthrotec နဲ့ Oxaprost ထဲမှာ အနာသက်သာဆေး Diclofenac တွဲပါနေသည်။ အထဲမှာနေတဲ့ Diclofenac ကို မျိုမချတာ ကောင်းတယ်။
• ဆေး မဌမ ၄ ပြားနောက် ၄ နာရီအကြာမှာ ဗိုက်နာပြီး သွေးဆင်းလာနိုင်တယ်။ ဒိထက်လဲ နောက်ကျနိုင်တယ်။ ကိုယ်ဝန်ရင့်နေရင် ရင့်သလို သွေးဆင်းများမယ်။ အခဲတွေလဲပါမယ်။ ကုန်ကာနီးရင် ပိုနာ၊ ပိုဆင်းမယ်။ နောက် ကုန်တာနဲ့ ရပ်သွားမယ်။ ၉ ပါတ်အထိရှိနေတဲ့ ကိုယ်ဝန်ဆိုရင် ဆင်းတာထဲမှာ အိတ်ကိုပါ မြင်ရမယ်။
• ဆေး ၃ ခါသုံးပြီးနောက် သွေးမဆင်းရင် ဆေးသုံးဖျက်နည်းနဲ့ မရနိုင်ပါ။
• သွေးဆင်းတာများရင်၊ လူကလဲ သွေးအားနည်းနေရင် သွေးဖိအားကျပြီး၊ ခေါင်းမူတာဖြစ်မယ်။ သွေးမဟုတ်ရင် Drip သွင်းဘို့ လိုနိုင်တယ်။ အိပ်ရာထဲမှာ လှဲနေရမယ်။ နားရမယ်။ ရေ-အရည် များများသောက်ရမယ်။
• ကိုယ်ပူပြီး ချမ်းရင် နဲနဲဆို ကိစ္စမရှိပါ။ ၃၈ ဒီဂရီကျော်ရင် ပိုးသေဆေး၊ အဖျားကျဆေးတွေ လိုမယ်။

ဒေါက်တာတင့်ဆွေ (၂-၅-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - http://yamunaclinic.org/index.php?option=com_content&view=article&id=3598:misoprostol-&catid=34:adult-readings&Itemid=49

Friday, July 27, 2012

ဝန်ထမ်းတွေရဲ့ စိတ်ကူးတွေ ကျဆုံးသွားရတဲ့အကြောင်းရင်း (၅) ချက်


ကုမ္ပဏီတစ်ခုကနေ ၀န်ထမ်းအ၀င်အထွက်နှုန်းအလွန်နည်းတယ်ဆိုတာက ကုမ္ပဏီတစ်ခုအတွက် ဂုဏ်ယူစရာအကြောင်းချင်းရာ တစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း '၀န်ထမ်းတွေရဲ့အခွင့်အလမ်းတစ်ခုတွေထဲကတစ်ခုဖြစ်တဲ့ သူတို့ဟာသူတို့ဆန္ဒသဘောထားတွေကို ဖိအား တွေ၊ တွန်းအားတွေမရှိဘဲ လွတ်လွတ်လပ်လပ်ပြောဆိုနိုင်ရဲ့လား' ဆိုတာကတော့ စဉ်းစားစရာတစ်ခုဖြစ်နေပါသေးတယ်ဆိုရင် အောက် မှာဖော်ပြမယ့်အကြောင်းရင်း (၅)ချက်ကို ထည့်သွင်းစဉ်းစားကြည့်လိုက်ဖို့အကြံပြုချင်ပါတယ်။

(၁) လူတစ်ယောက်မှာပဲ အပြစ်ရှိတာလား
သင့်အနေနဲ့ သင့်ဝန်ထမ်းတွေကို စိတ်ကူးစိတ်သန်းတွေ ထုတ်ဖော်ပြောဆိုစေလိုတယ်၊ စိတ်ကူးတွေကို ဝေမျှစေလိုတယ်၊ အဲ့ဒီစိတ်ကူး တွေနဲ့ သင့်ရဲ့လုပ်ငန်းမှာ အောင်မြင်သွားတာကိုလိုချင်တယ်။ သို့သော်လည်း အရာရာတိုင်းဟာ ပြီးပြည့်စုံမှုမရှိနိုင်ဘဲဖြစ်လာခဲ့ရင် ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းတွေပဲလို့ လက်ခံလိုက်သလား ဒါမှမဟုတ် တစ်စုံတစ်ယောက်မှာပဲ အပြစ်ရှိတယ်လို့စွပ်စွဲပြောဆိုလေ့ရှိ သလား။

(၂) သင့်စိတ်ထဲမှာ အစစအရာရာ ပြင်ထားပြီးသားလား
ဘယ်လိုဆန္ဒတွေရှိသလဲလို့ မေးခွန်းမေးတဲ့အချိန်မှာ၊ မေးတဲ့လူတွေရဲ့ စိတ်ထဲမှာသူတို့လုပ်စေချင်တဲ့ကိစ္စတွေက ရှိပြီးဖြစ်သလို၊ အထောက်အထားအခိုင်အလုံကိုလည်း ရှာဖွေထားပြီးသားဖြစ်နေတတ်ပါတယ်။ အဲဒီတော့ သူတို့စိတ်ထဲကြိုတင်မြင်ယောင် ကြံစည် ထားချက်တွေကနေ ရုတ်တရက် လွဲချော်ထွက်သွားတဲ့အခါ၊ တင်ပြပြောဆိုဆွေးနွေးလာတဲ့ ဆန္ဒသဘောထားတွေဟာ ထည့်သွင်းစဉ်း စားသင့်ရင်လည်း ထည့်မစဉ်းစားတော့ဘဲ ရှော်ပစ်လိုက်ပါတော့တယ်။

(၃) အကြီးအကဲက အရင်ဆုံးစပြောစတမ်းလား..
အကြောင်းအရာ ပြဿနာတစ်စုံတစ်ရာကို ရင်ဆိုင်ဖြေရှင်းကြတဲ့အခါ၊ အကြီးအကဲတစ်ယောက်ရဲ့ ဖြေရှင်းမှု အစီအစဉ်ဟာ ပထမဦးစား ပေးဖြစ်ပြီး အခြားသူများရဲ့ စိတ်ကူးကနောက်မှသာနေရာရတာလား။ ဒါဆိုတော့ စိတ်ကူးစိတ်သန်းအသစ်တွေကို မျှော်လင့်မနေပါနဲ့ တော့။ အကြီးအကဲတစ်ယောက်ရဲ့ စိတ်ကူးနောက်ကို တသီတတန်းကြီးအလိုက်သင့်လိုက်ပါမှ မျက်နှာသာရမှာဖြစ်ပြီး၊ အဲ့ဒီသဘောထား တွေနဲ့ဆန့်ကျင်ခဲ့ရင် နာဖို့သာပြင်ဆိုရင်တော့ လူတိုင်းလူတိုင်းက အကြီးအကဲရဲ့သဘောထားဆီကို နောက်ဆုံးမှာပြန်ရောက်သွားတဲ့ စိတ်ကူးမျိုးပဲရပါလိမ့်မယ်။

(၄) အမှားတိုင်းက အပြစ်ပေးရမှာလား
ကြီးမားပြီးသက်ရောက်မှုပြင်းထန်တဲ့ အမှားမျိုးတွေလုပ်လာခဲ့ပြီဆိုရင်တော့၊ တစ်နည်းနည်းနဲ့ အပြစ်ပေးရမယ်ဆိုတာကို လက်ခံလို့ရ ပါတယ်။ 'ကုမ္ပဏီရဲ့ ၀င်ငွေတိုးတက်လာဖို့အတွက် ဒါတွေကိုတော့ ကြိုးကြိုးစားစားလုပ်ကိုလုပ်ရမယ်' ဆိုတာနဲ့ 'ကျွန်တော်နည်းနည်း သောက်ထားမိလို့ မိတ္တူကူးစက်ပေါ်ကို အန်ချလိုက်မိတယ်' ဆိုတဲ့ကိစ္စနှစ်ခုရဲ့ မှားယွင်းခြင်း ဒီဂရီတွေက တော်တော်လေးကွာခြားတယ် ဆိုတာကို သင်သိသင့်ပါတယ်။ ဒုတိယအမှားက ထည့်သွင်းစဉ်းစားလို့ရတဲ့အမှားမျိုးသားသာ ဖြစ်ပါတယ်။ မှားယွင်းခြင်းကနေသင်ယူပြီး ရှေ့ဆက်ဖို့သာအကြံပြုလိုပါတယ်။ အမှားသေးသေးလေးတွေအပေါ်မှာ လိုက်ပြီး အပြစ်ပေးနေမယ်ဆိုရင်၊ ဘယ်တော့မှအသစ်သစ်တွေ ရတော့မှာမဟုတ်ဘဲ အကြီးအကဲက ဒါလုပ်စေချင်ရင် ဒါကိုပဲလိုက်လုပ်တဲ့အကျင့်တွေ စွဲသွားပါလိမ့်မယ်။

(၅) သင်ဟာ ခုခံပြောဆိုတတ်သူလား ဒါမှမဟုတ် စွပ်စွဲပြောဆိုတတ်သူလား
'ကျွန်တော်တို့အခုလုပ်နေတဲ့ အလုပ်ကို နည်းလမ်းနည်းနည်းပြောင်းပြီး လုပ်သင့်တယ်လို့ထင်တယ်' ဆိုတဲ့ စကားဆုံးတာနဲ့ 'နေစမ်း ပါဦး၊ အခုလုပ်နေတာတွေက ဘာများမှားနေလို့တုန်း...' လို့ပြောဆိုမိတယ်ဆိုရင် သင်ဟာအထက်က ခေါင်းစဉ်ငယ်မှာ ဖော်ပြထားတဲ့ လူစားမျိုးမှာ ပထမအမျိုးအစားဖြစ်ပါတယ်။ 'ဟာ...ဒုက္ခပါပဲ...အရေးထဲမှာ အရာကပေါ်ပြန်ပြီ' လို့ပြောလိုက်တာနဲ့ 'ပေါ်မှာပေါ့၊နင်ဘာ တွေသွားလုပ်လိုက် လဲ မှန်မှန်ပြောစမ်း' လို့တုံ့ပြန်တယ်ဆိုရင်တော့ ဒုတိယအမျိုးအစားမှာ ပါသွားပြီလို့ ကိုယ့်ကိုယ်ကို မှတ်ယူလိုက်ပါ။ အဲဒီ နှစ်မျိုးလုံးသော တုံ့ပြန်မှုတွေဟာ သင့်အနီးအနားမှာရှိတဲ့ ၀န်ထမ်းတွေရဲ့ ပါးစပ်ကို ကောင်းကောင်းပိတ်ထားနိုင်ပါတယ်။

သင့်ဝန်ထမ်းတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို သေဆုံးမသွားစေချင်ဘဲ အမြဲတမ်းရှင်သန်စေချင်တယ်ဆိုရင်တော့၊ သင့် အလုပ်ခွင်ဝန်းကျင် မှာ အသစ်တွေ၊ မတူညီတဲ့ စိတ်ကူးစိတ်သန်းတွေဟာ ပယ်ချမခံရဘဲ အမှားတစ်စုံတစ်ရာဟာ ကမ္ဘာကြီးရဲ့ အဆုံးသတ် မဟုတ်ဘူးဆိုတဲ့ အချက်တွေနဲ့ ဖန်တီးတည်ဆောက်ထားဖို့လိုပါတယ်။

Ref: 5 reasons employees aren't sharing their ideas by Suzanne Lucas

Thursday, July 26, 2012

စစ်တွေမှာ ARV ဆေးဝါးပြတ်လပ်

AIDS ရောဂါ ကင်းရေး အမေရိကန် ကြိုးပမ်းမည်
AIDS ရောဂါကင်းတဲ့ မျိုးဆက်သစ်တခု ဖန်တီးဖို့ အမေရိကန်ပြည်ထောင်စုက သံန္နိဌာန် ခိုင်ခိုင်မာမာ ချထားတယ်လို့ ညီလာခံရဲ့ ဒုတိယနေ့ဖြစ်တဲ့ မနေ့တုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားသွားပါတယ်။ ညီလာခံကို တက်ရောက် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက ညီလာခံကျင်းပရာ ၀ါရှင်တန်ကော်ဗန်းရှင်းစင်တာကနေ သတင်းပေးပို့ထားပါတယ်။

“Turning the tide together” ဒီလှိုင်းကို အတူရင်ဆိုင် ကျော်လွှားကြစို့ဆိုတဲ့ ကြွေးကြော်သံနဲ့ အခုနှစ် ကျင်းပတဲ့ ၂၀၁၂ နိုင်ငံတကာ အေစ်ညီလာခံမှာ အဓိက လွှမ်းမိုးပြောဆိုနေတဲ့ အကြောင်း အရာကတော့ AIDS free generation အေ့ဒ်စ်၊ ရောဂါကြီးလုံးဝပပျောက်သွားတဲ့ လူ့ မျိုးဆက် တခု ဖြစ်လာဖို့ဆိုတဲ့ ရည်မှန်း ပြောဆို ဆွေးနွေးမှုဖြစ်ပါတယ်။ အေ့စ်ရောဂါဆိုင်ရာ ဆေး သုတေသန လုပ်ငန်းတွေဟာ တိုးတက်မှု ရှိလာ ပြီးတော့၊ အေစ့်ရောဂါကို ကာကွယ်ကုသနိုင်မယ့်  ဖြစ်နိုင်ချေတွေ ပိုပြီး သေချာလာပြီလို့ ဆေးသုတေသီတွေရော မူဝါဒရေးဆွဲသူတွေကပါ ပြောခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အေ့စ်ရောဂါဆိုးကြီးကင်းတဲ့ မျိုးဆက်ဖြစ်လာရေး ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဇူလှိုင် ၂၃ ရက်နေ့ ညီလာခံအတွင်း ပြောဆို သွားပါတယ်။

“အသေအချာ ရှင်းရှင်းလင်းပြောဖို့ အခု ရောက်လာတာပါ၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ အနာဂတ်မှာ အေစ့်ရောဂါ ကင်းတဲ့ မျိုးဆက်ဖြစ်လာရေး အောင်မြင်အောင် ဆောင်ရွက်သွားဖို့ ပိုင်းဖြတ်ထား ပါတယ်။ ဒါကို နောက်ဆုတ်သွားမှမဟုတ်ပါဘူး။ အလျှော့ပေး သွားမှာမဟုတ်ပါဘူး။ သမိုင်းတွင်မယ့် ဒီရည်မှန်းချက်ဖြစ်လာဖို့ လိုအပ်ချက်တွေအားလုံးအတွက် တိုက်ပွဲဝင်သွားပါမယ်။”- လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ပြောဆိုသွားတာပါ။

HIV/AIDS တိုက်ဖျက်ရေးအစီအစဉ်ဟာ လက်ရှိ သမ္မတအိုဘားမားအစိုးရရဲ့ အရေးတကြီး လုပ်ဆောင်သွားမယ့် ကိစ္စရပ်ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။ လက်ရှိအားဖြင့်လည်း အမေရိကန်နိုင်ငံဟာ HIV/ AIDS တိုက်ဖျက်ရေး အထူးသဖြင့်ဆိုရင် HIV ဆေးသုတေသနလုပ်ငန်းတွေမှ ရှေ့က ဦးစီး ဦးဆောင် ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထားတာပါ။ အခု ညီလာခံ အတွင်းမှာ ဆေးသုတေသန ဆိုင်ရာတွေ့ရှိချက်တွေ ကို ဆွေးနွေးကြသလို တဘက်မှာ ရောဂါကာကွယ်ရေးနဲ့ ကုသရေး တွေ့ရှိချက်တွေကိုလည်း တက်ရောက်လာတဲ့ ကျွမ်းကျင်သူတွေက အပြန်အလှန်ဆွေးနွေး ကြပါတယ်။

တချိန်တည်းမှာ အေစ့် ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ လုပ်ဆောင်နေကြ  လူမှုအဖွဲ့အစည်းတွေဟာလည်း ဒီ ညီလာခံရဲ့ အဓိက ဒေါင့်တခုဖြစ်ပါတယ်။ အာရှ ပစိဖိတ်ဒေသ လူငယ်တွေ အကြား အေ့စ်ရောဂါနဲ့ပတ်သက်လို့ ပညာပေးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Youth LEAD အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး မသော်ဇင်အေးဟာ မြန်မာနိုင်ငံကပါ။ သူဟာ အခု ညီလာခံရဲ့ ဆွေးနွေးပွဲတခုမှာ အဓိက ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်ပါတယ်။
“အဓိက ဒီမှာ ဆွေးနွေးမှာက အထူးသဖြင့် လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှာပါ။ အထူးသဖြင့် ညီမ ဆွေးနွေးမှာ ဘာလဲဆိုတော့ အဓိက လူငယ်တွေ HIV နဲ့ပတ်သက်ပြီး risk ဖြစ်တဲ့ လူငယ်တွေပေါ့။ အထူးသဖြင့် young sex……… အဓိက လူငယ်တွေ၊ အဲဒီ အတွက် အခွင့်အရေးကို အဓိက ဆွေးနွေးမှာပါ။ နောက်ပြီးတော့ လူငယ်တွေရဲ့ ခေါင်းဆောင်မှု-ဒါမျိုးတွေကိုလည်း ဆွေးနွေး မှာပါ။” မြန်မာနိုင်ငံထဲမှာရော HIV/ AIDS နဲ့ပတ်သက်လို့ ဘယ်လောက်အထိ သိနားလည်မှု ဘယ်လောက်ထိ ရှိနေပြီလဲ။

“ညီမ ၁၆ နှစ်၊ ၁၇ နှစ်တုန်းကနဲ့စာရင်တော့ အများကြီး တိုးတက်လာပါပြီ။ နောက် HIV နဲ့ ပတ်သက်ပြီး အသိအမြင်လည်း ပိုရှိလာတယ်လို့ ထင်ပါတယ်။ ဒီညီလာခံကို လာတဲ့အတွက် ညီမ အတွေ့အကြုံ အရမ်း ရပါတယ်။ အထူးသဖြင့် နိုင်ငံတကာကလူတွေနဲ့တွေ့ပြီး စကားပြော ရပါတယ်။ ညီမတို့ လူငယ်တွေတင် မဟုတ်ဘူးပေါ့နော်။ Policy maker တွေ၊ decision maker တွေ၊ အထူး သဖြင့် သိပ္ပံပညာရှင်တွေ ဒီလိုမျိုး သူတို့တွေက တယောက်နဲ့တယောက် message sharing လုပ်တယ်။ (သတင်းအချက်အလက်တွေ ဖလှယ်ကြတယ်။) နောက်ပြီး ကိုယ့်ဆီမှာ ရှိတာတွေကို ကိုယ်က ဘာတွေ ပြောပြနိုင်သလဲဆိုတာ အဲဒါတွေက အများကြီး ညီမအတွက် အတွေ့အကြုံ ရစေပါတယ်။”

လူငယ်တွေတင် မဟုတ်ပါဘူး၊ အမျိုးသမီးတွေအကြား sex worker လို့ ခေါ်တဲ့ ပြည့်တန်ဆာတွေ အကြား၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ အကြား၊ လိင်တူချင်း စိတ်ဝင်စားသူတွေအကြား – အေ့စ်ရောဂါ နဲ့ပတ်သက်လို့ ပညာပေးမှုတွေကိုလည်း အခု ညီလာခံအတွင်းမှာ တွေ့ရ ပါတယ်။ အထူးသဖြင့်တော့ global village လို့ ခေါ်တဲ့ ကမ္ဘာရွာပြခန်းဟာ အခြေခံလူမှုအဖွဲ့အစည်းတွေ အကြား အေ့စ်ရောဂါနဲ့ ပတ်သက်လို့ ဘယ်လို ပညာပေးကြမလဲဆိုတာ၊ ဘယ်လို ပညာပေးနေကြလဲ ဆိုတာ ဖော်ပြတဲ့ နေရာဖြစ်ပါတယ်။

အဲဒီမှာတော့ နိုင်ငံတကာက အထူးသဖြင့်ဆိုရင် တတိယနိုင်ငံက သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံတွေကို ပြသသလိုပဲ အဲဒီ ရိုးရာ ယဉ်ကျေးမှု အခြေခံပေါ်မှာ တချို့က ကာကွယ်ရေး၊ ပညာပေးရေး လုပ်ငန်းတွေကို ဘယ်လို လုပ်ကိုင်နေကြသလဲဆိုတာကို ပြသပါတယ်။ အခု အေစ့် ညီလာခံကို အမေရိကန်ပြည်ထောင်မှာ ၂၂ နှစ်အတွင်း အခု ပထမဆုံးအကြိမ် ပြန်လည် ကျင်းပနိုင်တာပါ။

နောက်ဆုံးအကြိမ်ကတော့ ၁၉၉၀ ခုနှစ်က ဆန်ဖရန်စစ္စကို မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ HIV ရောဂါပိုးရှိသူတွေကို ပြည်ဝင်ခွင့် မပေးမူကြောင့် အေ့စ် ညီလာခံကို ထပ်မံ ကျင်းပဖို့ မဖြစ်ခဲ့ပါဘူး။ ၂၀၁၀ ခုနှစ်မှာတော့ ဒီကန့်သတ်ချက်ကို သမ္မတ အိုဘးမား အစိုးရက ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒီအတွက် HIV ရောဂါပိုးရှိသူတွေပါ ပါဝင် တက်ရောက်ဆွေးနွေးလေ့ရှိတဲ့ ဒီညီလာခံ ကို အခု ပြန်ကျင်းပနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အခု ညီလာခံတတ်ရောက်ဖို့ sex workers တွေကို ပြည်ဝင်ခွင့်မပေးတဲ့ အပေါ်မှာတော့ ညီလာခံအတွင်း အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် လိင်ဖျော်ဖြေမှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အေစ့် ပညာပေး အစီအစဉ်တွေ အပေါ်မှာ အမေရိကန်က အကူအညီတွေ အထောက် အပံ့တွေ ကန့်သတ်မှုရှိတာနဲ့ပတ်သက်လို့လည်း ဝေဖန်တာတွေ ရှိပါတယ်။
၆ ရက်ကြာကျင်းပမယ့် ညီလာခံကိုတော့ နိုင်ငံပေါင်း ၁၉၀ ကျော် က ဆေးသုတေ သီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ အေ့ဒ်စ် တိုက်ဖျက်ရေးမှာ ပါဝင်လုပ်ကိုင်နေကြ သူတွေ အေစ့်ရောဂါသည်တွေ  စုစုပေါင်း နှစ်သောင်းကျော် တက်ရောက်ပါတယ်။ ထင်ရှားသူတွေ ထဲကဆိုရင် သမတဟောင်း ဘီကလင်တန်၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ အမေရိကန် ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဝန်ကြီး ကတ်သရင်း ဆာ ဘလီးယက်၊ အကျော်အမော်တွေထဲကဆိုရင် ဘီလ် ဂိတ်၊ အယ်လ်တန်ဂျွန် တို့ တတ်ရောက်ကြပါတယ်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကုလအတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့ကလည်း ဗီဒီယိုမိန့်ခွန်းပေးပို့ခဲ့ပါတယ်။

VOAAIDS ရောဂါကင်းရေး အမေရိကန် ကြိုးပမ်းမည် 

နေ့စဉ် ကလေးငယ် ၁ ထောင်ခန့် HIV ရောဂါ ကူးစက်ခံနေရ

 ကုလသမ္မဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေ အဖွဲ့ ယူနီဆက်မှ ပြောရာ၌ ကလေးငယ်ပေါင်း ၁ ထောင်ခန့်မှာ နေ့စဉ် HIV ရောဂါပိုး ကူးစက်ခံနေရပြီး အများစုမှာ အာဖရိက တိုက်ရှိ ဆာဟာရ ဒေသ ပိုင်းမှ ဖြစ်ကြောင်း သိရသည်။
တနင်္လာ နေ့က ယူနီဆက်၏ ဝက်ဆိုက်တွင် ဖော်ပြရာ၌ ၎င်းတို့ အနေဖြင့် ကလေးသူငယ်များ အကြား ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေး အတွက် ကြိုးစားမှု အသစ်များကို အလေးထား လုပ်ဆောင်ရန် နှိုးဆော် လိုက်ကြောင်းလည်း ပြောခဲ့သည်။ AIDS ရောဂါ ကင်းစင်သည့် မျိုးဆက်သို့ ရောက်နိုင်ရေး မိမိတို့ အနေဖြင့် HIV ကူးစက်မှု မှ ၀ ရာနှုန်း ကင်းစင် ရမည် ဖြစ်သည်ဟုလည်း ၎င်းတို့မှ ပြောသည်။ လက်ရှိတွင် အဆိုပါ အာဖရိက ဒေသတွင် လူပေါင်း ၂၂.၉ သန်းမှာ HIV ကူးစက်ခံထားရပြီး ကမ္ဘာ့ HIV ကူးစက်မှု အများဆုံး ဒေသတစ်ခု အဖြစ် ရှိနေခဲ့ကာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း လူပေါင်း ၁.၂ သန်း အသက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
MRTV-4 - နေ့စဉ် ကလေးငယ် ၁ ထောင်ခန့် HIV ရောဂါ ကူးစက်ခံနေရ
------------------------------------------------------------------------------------------------------------------------

AIDS ကုသဆေးအတွက် လမ်းပြမြေပုံကို သိပ္ပံပညာရှင်များ ရေးဆွဲ

နိုင်ငံတကာမှ AIDS  ရောဂါအကြောင်းကို ကျွမ်းကျင်သူ ပညာရှင်များမှာ HIV ရောဂါပိုးကို ကုသနိုင်မည့် နည်းလမ်းအတွက် လက်တစ်ဆုပ်စာ အကွာအဝေးသာ လိုတော့ကြောင်း ပြောကြားလိုက်ကာ ယခုဆေးကို ရှာဖွေရန် ဆယ်စုနှစ် အတော်ကြာ ကြိုးစားခဲ့ပြီးနောက် ယခုလို ပြောကြား လိုက်ခြင်း ဖြစ်သည်။  ကြာသပတေးနေ့က သုတေသန ပညာရှင်များမှ ပြောရာ၌ ၎င်းတို့အနေဖြင့် ယင်းရောဂါကို ကုသနိုင်ရန် လမ်းကြောင်းပေး သည့် နည်းလမ်းများကို ရောက်ရှိစေရေးအတွက် မဟာဗျူဟာများ ချမှတ်လိုက်ပြီး ဖြစ်သည်ဟု ပြောခဲ့သည်။
ယနေ့မှာ အဆိုပါ ဆေးအတွက် ပထမအဆင့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း AIDS  ရောဂါကို ရှာဖွေတွေ့ရှိသူ သိပ္ပံပညာရှင် နှင့် နိုဘယ်ဆုရှင်ဖြစ်သူ Françoise Barré-Sinoussi မှပြောကြားခဲ့သည်။ လာမည့် တနင်္ဂနွေနေ့ မှာ  နိုင်ငံ တကာ AIDS   ကွန်ဖရင့်နေ့ပင်ဖြစ်ပြီး နိုင်ငံတကာမှ  သိပ္ပံပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဥပဒေပညာရှင် ၂ သောင်းကျော်မှာ ဝါရှင်တန်ဒီစီသို့ ရောက်လာ ကာ ဆွေးနွေးကြမည်ဖြစ်ကာ ကမ္ဘာအနှံ့ လူပေါင်း ၃၄ သန်းကို ထိခိုက်စေ ရသည့် ယခုရောဂါပိုး ပျံ့နှံ့မှုမရှိရန်အတွက် မည်သို့ လုပ်ဆောင်မည်ကို တိုင်ပင်ကြမည် ဖြစ်သည်။  HIV ရောဂါပိုးကို တားဆီးနိုင်မည့် ဆေးများမှာ ပိုမိုကောင်းမွန် လာသည်နှင့်အညီ  ကုသဆေးမှာ ကို တွေ့ရှိရန်မှာ လည်း ဖြစ်နိုင်ချေ ရှိနေပြီ ဖြစ်သည်ဟု Sinoussi မှ ပြောကြားသွားခဲ့သည်။
MRTV-4 - AIDS ကုသဆေးအတွက် လမ်းပြမြေပုံကို သိပ္ပံပညာရှင်များ ရေးဆွဲ 

HIV ဝေဒနာရှင်တွေ ခရီးသွားခွင့် ကန့်သတ်မှု အဆုံးသတ်ရေး AIDS ညီလာခံမှာ တောင်းဆို

HIV ရောဂါပိုး ရှိသူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ နိုင်ငံဝင်ရောက်ခွင့် ဗီဇာ မပေးတာ စတဲ့ တားမြစ်ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့ နိုင်ငံတကာမှာ AIDS ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေ စုပေါင်းထားတဲ့ ဦးဆောင်ညွန့်ပေါင်း အဖွဲ့ကြီးရဲ့ အကြီးအကဲဖြစ်သူတွေက တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၄၆ နိုင်ငံက ချမှတ်ထားတဲ့ ဒီလို ကန့်သတ်မှု စည်းမျဉ်းတွေဟာ ခွဲခြားဆက်ဆံမှု ဖြစ်သလို၊ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အခြေအနေဆိုး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ  ၆ ရက်ကြာ လုပ်မယ့် နိုင်ငံတကာ AIDS ညီလာခံ စတင်တဲ့ ဒီနေ့မှာ ဒီလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံအရပ်ရပ်က AIDS ရောဂါ သုတေသီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ၊ အခြား ရောဂါတိုက်ဖျက်ရေးမှာ ဆက်နွယ် ပတ်သက်သူတွေ စုစုပေါင်း နှစ်သောင်းငါးထောင် လောက် ဒီညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။
ဒီညီလာခံကို အခု အသံလွှင့်ချိန် အမေရိကန်စံချိန် ည ၇ နာရီမှာ စတင် ဖွင့်လှစ် ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။ ညီလာခံ တတ်ရောက် လာသူတွေကို ၀ါရှင်တန်ဒီစီ မြို့တော်ဝင်က ကြိုဆို မိန့်ခွန်းစကား ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အဖွင့် ဗွီဒီယိုမိန့်ခွန်း ပြောသလို၊ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ၀န်ကြီး Kathleen Sebelius လည်း ကိုယ်တိုင် တတ်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်၊ အရင်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ မိန့်ခွန်းပြော ကြားမယ့် တခြား ထိပ်တန်းပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။
မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသမီးနဲ့ AIDS ရောဂါဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ဗွီဒီယိုမိန့်ခွန်း ပြောဆိုဖို့ရှိပါတယ်။ ၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။
VOAHIV ဝေဒနာရှင်တွေ ခရီးသွားခွင့် ကန့်သတ်မှု အဆုံးသတ်ရေး AIDS ညီလာခံမှာ တောင်းဆို


စစ်တွေမှာ ARV ဆေးဝါးပြတ်လပ်

 ရခိုင်ပြည်နယ် အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေမြို့ပေါ်နဲ့ မြို့နယ်တွေက HIV/AIDS ဝေဒနာရှင်တွေဟာ ARV ဆေးဝါး ပြတ်လပ်သွားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။
စစ်တွေမြို့ပေါ်မှာ ARV ဆေးဝါး ပြတ်လပ်ပြီး ဒုက္ခရောက်နေကြရတဲ့ အခြေအနေတွေကို AIDS ဒေနာရှင် တစ်ဦးဖြစ်တဲ့ ကိုဦးဘရွှေက RFA ကို အခုလိုပြောပါတယ်။
“ရခိုင်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခအတွင်းမှာ ကျွန်တော်တို့ HIV ဝေဒနာရှင်တွေက ARV ဆေးပြတ်လပ်ပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရပါတယ်။ တချို့ဆို နေမကောင်း ဖြစ်နေပြီး ဆေးခန်းက ဘယ်မှာသွားပြရမလဲ မသိဘူး ဖြစ်နေပါတယ်ခင်ဗျ။ တချို့ဆို ဆေးကဘယ်ကရမလဲ မသိဘူး၊ ဘယ်သူ လာပေးမလဲဆိုတာ မသိဘူး အဲဒီလို ဖြစ်နေကြတယ်။ တချို့ဆိုရင် သေဆုံးသွားတယ်။ တချို့ ကိုယ်ဝန်သည်မတွေဆိုရင် ကလေးမွေးဖို့ ဘယ်နား ဆေးစစ် ရမလဲမသိဘူး။ AIDS အဖွဲ့ကို သွားမေးကြည့်တော့လည်း ဟိုမှာက ကျွန်တော်တို့အတွက် ဆေးတွေက မရှိဘူး ဖြစ်နေတယ်”
စစ်တွေမြို့ပေါ်နဲ့ မြို့နယ်တွေမှာ ARV ဆေးဝါး သုံးစွဲနေရတဲ့ AIDS ဝေဒနာရှင် စုစုပေါင်း (၃၃၀) ရှိနေပြီး အစိုးရက ဖြန့်ဝေပေးတဲ့ ARV ဆေးဝါးက လူ ၄၅ ယောက်စာပဲ ရှိတဲ့အတွက် ဝေဒနာရှင်တွေ အနေနဲ့ ဆေး အခမဲ့ ဖြန့်ဝေပေးနေတဲ့ နိုင်ငံခြား NGO တွေကိုပဲ အဓိက အားကိုးနေရတာ ဖြစ်တယ်လို့ ဝေဒနာရှင်တွေက ပြောပါတယ်။
ဒါပေမယ့် မကြာသေးခင်က ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး နိုင်ငံခြား NGO တချို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်း လိုက်ရတဲ့အတွက် AIDS ဝေဒနာရှင်တွေကို ပေးဝေနေတဲ့ ARV ဆေးဝါး လုံးဝ ပြတ်တောက် သွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ARV ဆေးဝါးဟာ AIDS ရောဂါ ဝေဒနာရှင်တွေ နေ့စဉ်နဲ့အမျှ အချိန်အတိအကျနဲ့ သောက်သုံးရတဲ့ ဆေးဝါးဖြစ်တဲ့အတွက် ဆေးပြတ်လပ် သွားတာနဲ့ HIV ရောဂါပိုး ပျံ့နှံ့မှု မြန်ဆန်လာပြီး မလိုလားအပ်တဲ့ ရောဂါ လက္ခဏာတွေ ဆက်တိုက် ဝင်ရောက် လာနိုင်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကာလ အတွင်း အဲသည်လို ARV ဆေးဝါး ပြတ်လပ်မှုကြောင့် သေဆုံးသွားတဲ့ HIV/AIDS ဝေဒနာရှင် ၃ ဦး ရှိတယ်လို့ ဆိုပါတယ်။
RFAစစ်တွေမှာ ARV ဆေးဝါးပြတ်လပ်