၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့ သမိုင်း စာမျက်နှာ၌ ကံဆိုး မိုးမှောင်
ကျသော နေ့တနေ့ ဖြစ်သည်။ ထို့ပြင် ပါလီမန် ဒီမိုကရေစီ စနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင်
အစိုးရစတင် ပေါ်ထွန်းခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည် ထိုနေ့ နံနက် တွင် ဗိုလ်ချုပ်ကြီး
နေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီ (ဝါ) စစ်အာဏာရှင်တို့သည် သမ္မတ ဦးဝင်းမောင်၊
ဝန်ကြီးချုပ် ဦးနု၊ ဝန်ကြီးများ အစရှိသူတို့ကို ဖမ်းဆီး၍ နိုင်ငံတော် အာ ဏာကို သိမ်းယူ
လိုက်လေသည်။
စစ်တပ်မှအာဏာသိမ်းယူလိုက်ကြောင်း ကြေညာချက်များနှင့်အတူ ပြည်သူတို့အား
စီတန်းလမ်းလျှောက်၍ ဆန္ဒပြပွဲများ မပြုလုပ်ကြရန် မေတ္တာရပ်ခံချက်များကို သတင်းစာများ
တွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ဆန္ဒပြလျှင် အရေးယူမည်ဟုလည်း နောက်ဆက်တွဲ သတိပေး ထား၏။ ကြေညာချက်များကို
ဖတ်ရှုရုံဖြင့် စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာချက်ကို ဆန့်ကျင်မှုများ ပေါ်ထွက်လာမည်ကို
ဗိုလ်နေဝင်းနှင့် စစ်အာဏာပိုင်တို့သည် ကြောက်ရွံ့နေ သည်မှာ သိသာထင်ရှား လှပေသည်။
အိမ်စောင့်အစိုးရခေတ် (၁၉၅၈-၆ဝ)တွင် ကိုကိုးကျွန်း အကျဉ်းထောင်ကြီးကိုဆောက်လုပ်ကာ
ဒီမိုကရေစီ လိုလားသူများနှင့် ကွန်မြူနစ် အရောင်အသွေးရှိသူများဟု ယူဆ သူများကို ဒလကြမ်း
ဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခန်းစာရှိသဖြင့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိစေကာမူ
စစ်အစိုးရအလိုမရှိကြောင်း ကန့်ကွက်သောစာများ မတ်လ (၂) ရက်နေ့ မှ စတင်ကာ ပလူပျံ ပေါ်ထွက်လာခဲ့သည်။
လူငယ်တပ်ဦးနှင့် မဟာမိတ်အဖွဲ့ (၁ဝ) ဖွဲ့၊ ရခိုင် သံဃာတပ်ဦး၊ ရခိုင် သောတုဇန အဖွဲ့ချုပ်
စသောအဖွဲ့များ ဆန့်ကျင်ကန့်ကွက်ချက်များ ထုတ်ပြန် ကြသည်။
ရဲဝံ့ ပြတ်သားစွာ ကြေညာသော အဖွဲ့အစည်းများမှာ ကျောင်းသား အဖွဲ့အစည်းများဖြစ်ကြသည်။
တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန် ခရိုင် ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ
သမဂ္ဂတို့က စစ်တပ်က အာဏာ သိမ်းခြင်းကို မည်သည့် နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ကြေညာခဲ့ကြသည်။
ကြေညာချက်နှင့်အညီ စစ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင် ကြသဖြင့် စစ်အာဏာပိုင်တို့နှင့်
ထိပ်တိုက် တွေ့ကြ ရလေသည်။
ထို့နောက် တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင်ကျောင်းစည်းကမ်းသစ်များကို
ထုတ်ပြန်ကြေညာခဲ့ သည်။ အဆိုပါ စည်းကမ်းသစ်များကို အကြောင်းပြု၍ ကျောင်းသား ဆန္ဒပြ လှုပ်ရှားမှုများ
ပိုမိုကျယ်ပြန့် လာခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ
စီတန်းဆန္ဒပြကြသည့် ကျောင်းသားများ ကို ရဲတို့က သေနတ်နှင့်ပစ်ခတ် လူစု ခွဲကြသည်။ ကျောင်းသားတဦး
ဒဏ်ရာ ရရှိသဖြင့် ဆေးရုံ သို့ ပို့ရသောအခါတွင် လှုပ်ရှားမှုများပိုမို ပြင်းထန်လာသဖြင့်
ရန်ကုန်ခရိုင် ရာဇဝတ် တရားသူ ကြီးက ကမာရွတ်အဝိုင်းကြီးနယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြိး၊
တက္ကသိုလ်နယ်မြေ အတွင်း နေဝင် မီးငြိမ်း အမိန့်ထုတ်ပြန်လေသည်။
ထိုနေ့၌ပင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသည် တက္ကသိုလ်ပရိဝုဏ် တခုလုံး
တံခါးများကို သော့ခတ်ပိတ်ဆို့ပြီး ဒီမိုကရေစီခံတပ် ကြီးဟု ဆိုင်းဘုတ်များတင်ကာ ဒီမိုကရေစီ
တရားပွဲများကို အသံချဲ့စက်ဖြင့် ဟောပြောကြသည်။ မကျေမနပ် ဖြစ်နေသော ကျောင်းသား များသည်
စစ်တပ် ဆန့်ကျင်ရေးကို အမျိုးမျိုးဟောပြော နေကြရာ “တော်လှန်ရေး ကောင်စီဝင် ဗိုလ်မှူးကြီးများသည် သုံးယောက်ပေါင်း မှ(၇)တန်းသာ
အောင်သူများဖြစ်ကြသည်” စသည်ဖြင့် စိတ်တွင်းရှိသမျှ
ဟောပြောကြသည်။ ကျောင်းသားများ၏ ဟောပြောချက်များ သည် အနာပေါ် တုတ်ကျသည့်အလား နားမခံနိုင်သဖြင့်
ဒေါသအမျက် ချောင်းချောင်းထွက်ကာ စစ်တပ်မှ ပစ် ခတ် သတ်ဖြတ်ရန် ဗိုလ်နေဝင်းက ကြိုးမဲ့အသံလွှင့်
စကားပြောခွက်ဖြင့် ကိုယ်တိုင်အမိန့်ပေးခဲ့ သည်။ ထိုစဉ်က တက္ကသိုလ် တဝိုက်တွင် တပ်စွဲထားသော
စစ်တပ်များကို ကွပ်ကဲနေသူ ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့်
လက်နက်မပါ ဘဲ မိမိတို့ အဆောင်တွင်း၌ စုရုံးဆန္ဒပြနေသည့် ကျောင်းသားများကို အစုလိုက်
ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်း မရှိသည့် အဆောင်နေ ကျောင်းသားများ
ကိုပါတွေ့ရာ သင်္ချိုင်း ဓားမဆိုင်းဘဲ ပစ်ခတ် သတ်ဖြတ်ကြသည်။
စစ်တပ်သည် ဂျီသရီး မောင်းပြန် သေနတ်သစ်များကို ပထမဆုံး စတင် အသုံးပြုကာ
လက်တည့်စမ်း ပစ်ခတ်ခဲ့ကြသည်။ ထိုသေနတ် သစ်များမှာ အနောက် ဂျာမဏီမှ ပစ္စည်း ကိရိ ယာများကို
ရန်ကုန်မြို့ရှိ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် တပ်ဆင်ခဲ့သည်။ ဂျီသ ရီး သေနတ်သစ်
များကို အာဏာသိမ်းစဉ်က တပ်အချို့သို့ ထုတ်ပေးခဲ့ရာ၌ ခုခံမှုမရှိသဖြင့် အသုံးမပြုခဲ့ရပေ။
ထိုလက်နက်သစ် များကို စမ်းသပ်ရန်လက်ယားနေသူ ဗိုလ်နေဝင်းအဖို့ အ ခွင့်အရေး ရရှိသွားတော့သည်။
ဇူလိုင်(၇)ရက်နေ့
ကျောင်းသားအရေးအခင်း၌ စစ်အာဏာရှင်အစိုးရက ကျောင်းသား (၁၅) ဦးသေဆုံးပြီး၊ (၂၇) ဦး
ဒဏ်ရာ ရရှိသည်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ် သေ ဆုံးခဲ့ရသူပေါင်းမှာ (၂ဝဝ)နီးပါးခန့်ရှိ၍
(၄ဝဝ)ခန့်ဒဏ်ရာရရှိခဲ့လေသည်။
ကျောင်းဝင်း အတွင်းသို့ ပစ်ခတ် တိုက်ခိုက်ပြီးနောက် ရန်ကုန်တက္ကသိုလ် ကျောင်း
သားများ သမဂ္ဂ(တကသ)၏ အဆောက်အဦကို စစ်တပ်က ဝိုင်းထားပြန်၏။ တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးသည်
ရန်ကုန် တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက် အဦ ဖြစ်သည်သာမက မြန်မာ့ နိုင်ငံရေးသမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေးခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ်
အသိအမှတ်ပြုထားသည့် ဗိမာန်ဖြစ်သည်။
၁၉၂ဝ ခု၊ ဒီဇင်ဘာ (၅) ရက်နေ့ တက္ကသိုလ် ကျောင်းသားများ၏ သပိတ်မှစတင်ကာ နိုးကြားလာသည့်
မြန်မာလူထုကို ကျောင်းသား ခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက် ပွဲ များဆီသို့
ခေါင်းဆောင်ခဲ့သည်။
တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) ကို ၁၉၂၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ သည်။
သမဂ္ဂ၏ ရုံး အဆောက်အဦကို ဝံသာနု မြန်မာ သူဌေးကြီး ဦးညို က တည်ဆောက် လှူ ဒါန်းခဲ့သည်။
အဆောက်အဦကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးကိစ္စ များကို အသုံးပြုရန်
ရည်ရွယ်ခဲ့သဖြင့် အင်္ဂလိပ် တက္ကသိုလ် အာဏာပိုင်များကပင် အားပေး ခဲ့ ကြသည်။ ကျောင်းသားများက
စကားရည် လုပွဲများ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိ ယပြည်နှင့် ခွဲရေး၊တွဲရေး
ပြဿနာပေါ်လာသောအခါ သမဂ္ဂ ခန်းမဆောင်မှာ နိုင်ငံရေး ခေါင်းဆောင်များ၏ စကားစစ်ထိုးရာဗိမာန်ဖြစ်လာခဲ့ပေသည်။
ဦးဘစော၊ ဒေါက်တာ ဘမော် စသော ခေါင်းဆောင်များသည် တကသ ခန်းမမှာဟောပြောကြရင်း
စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ ကြသည်။ နောက်ပိုင်း တကသအသင်း ကို ကျောင်းသား
ခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနှင့် ကို ရာရှစ်
တို့ တက်လာချိန်မှ စတင်ပြီး နယ်ချဲ့တိုက်ပွဲ၊ နယ်ချဲ့ခံတပ် အဆောက်အဦကြီး ဖြစ်လာ ခဲ့သည်။
၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံမှ အင်္ဂလိပ်တို့အား လက်နက်နှင့်တိုက်ခိုက် နှင်ထုတ်မှု
အထိ အရှိန်အဟုန်ပြင်းထန်ခဲ့သဖြင့် လွတ်လပ်ရေး တိုက်ပွဲများ၏ အောင်ဗိမာန်ကြီးအဖြစ် မြန်
မာ တမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။ ဗိုလ်နေဝင်းခေါင်းဆောင်သော စစ်အာဏာရှင် အစိုးရအများစုသည်
တက္ကသိုလ် ကျောင်းသားဘဝက တကသ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိခဲ့သ လို၊ ပြည်သူလူထုက
ကိုးစားသော ကျောင်းသားခေါင်းဆောင်များကို အမြဲမနာလိုဖြစ်နေခဲ့ သည်။ ထို့ကြောင့် တကသ
ကျောင်းသားလှုပ်ရှားရာ ဘူမိနက်သန် တကသ အဆောက်အဦ ကြီးကို ဖြိုဖျက်ရန် အမြဲ ဆင်ကြံ ကြံရွယ်လျက်
ရှိသည်။
ထို့နောက် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို ပစ်ခတ် သတ်ဖြတ်စဉ်ကကျောင်းသား
ခေါင်းဆောင်များ သေဆုံးခြင်းမရှိ၊ အချို့ မှာ ဖမ်းဆီး၍ပင် မမိသေးဘဲ တကသ အဆောက်အဦ မျက်နှာကြက်တွင်
ပုန်းအောင်းနေသည်ဟု သတင်းကို ဗိုလ်နေဝင်း သိရှိသော အခါ တကသ ခေါင်းဆောင် မှန်သမျှကို
သတ်ဖြတ်ရန်နှင့် တကသ အဆောက်အဦကြီးကိုပါ ဇူလိုင်လ (၈) ရက်နေ့တွင် အပြီးအပြတ် ဖျက်ဆီးရန်
အမိန့်ပေးခဲ့လေသည်။
သမဂ္ဂရုံးကို ဖြိုဖျက်ပြီးနောက် ဗိုလ်နေဝင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော
တော် လှန်ရေးကောင်စီက “စည်းမဲ့ကမ်းမဲ့ဘဝကို
ပြင်ရမည့် တာဝန်သည် မိမိတို့အပေါ်ကျရောက်နေ သဖြင့် တပ်မတော်၏အား တစိတ် တဒေသကိုသုံး၍
ဖြေရှင်းလိုက်ရခြင်း ဖြစ်သည်” ဟု ကြေညာခဲ့၏။ ထိုကြေညာချက်မှာ စစ်တပ်ကို
အံတုလျှင် ယခုထက် ကြီးမားသော လက်နက် အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံ ပေးသည့်သဘော သက်ဝင်၏။
ထို့ပြင် တကသ အဆောက်အဦကို ဖျက်ဆီးပြီးနောက် ပြည်သူတို့အားအသံလွှင့် မိန့်ခွန်းပြောရာတွင်
သူကသတ်ဖြတ်လိုက်သော ကျောင်းသားငယ် ကလေးများသည် လက်နက် ဟူ၍ အပ်တိုတချောင်းမှ မရှိကြသည်ကို
သိပါလျက်နှင့် လက်နက်ကိုင် သူပုန်အဖွဲ့ကြီးကို ရင် ဆိုင်နေသည့်သဖွယ် ပုံကြီးချဲ့၍
‘ဓားကိုဓားချင်း၊ လှံကိုလှံချင်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်’ဟုဒေါသပုန်သံနှင့်
အသံလွှင့် ပြောကြား ခဲ့ပြန်သည်။ ဗိုလ်နေဝင်းနှင့် စစ်ဗိုလ် တစုသည် ဇူလိုင်လ (၇) ရက်နေ့က
ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့် နိုင်ငံက အမွန်အမြတ် ထားသည့် တကသ အဆောက်အဦကြီးကို
ဗုံးခွဲဖျက်ဆီးမှုကြီးတို့ကို ဒေါသမွှန်ကာ စိတ်လိုက်မာန်ပါ ကျူး လွန်ခဲ့ခြင်းသည် သူ့အဖို့
ကြီးလေးသော ရာဇဝတ်မှုကြီး ဖြစ်သလို၊ စစ်တပ်အဖို့လည်း အမည်း စက်ကြီး ဖြစ်နေသည်ကို စဉ်းစားမိလေသည်။
‘နှံပြည်စုတ်ကို အမြောက်နှင့်ပစ်’ သလို ရာဇဝင် ရိုင်း လုပ်ဆောင်ချက်ကို
တနေ့နေ့တွင် လူထု၏ ဒဏ်ခတ်မည်ကို ကြောက်သွေးဖြာလာကြ သည်။
မတရား ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူး တုန်လာကြသောအခါ
တရားခံသည် မိမိ မဟုတ်ပါ။ တဦးကို တဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိ၌ အပြစ်မရှိကြောင်း
ထုချေမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး
နေဝင်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်ကြီးတို့သည် တဦးကို တ ဦး တရားခံဖြစ်လေဟန်
ဖော်ကောင် လုပ်ကြသည်မှာ ဗမာ့တပ်မတော်ကြီး၏ ထိပ်သီး စစ်သား ရင့်မာကြီးများ ဖြစ်ကြသော်လည်း
သာမန် ဓားပြလူဆိုးဂိုဏ်း တခုမျှလောက်ပင် ညီညွတ်မှု မရှိ။
အမှားကို ဝန်ခံရန် သတ္တိမရှိ၊ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်း ပေါ်လွင်နေပေသည်။
ထိုစဉ်က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ ဗိုလ်အောင်ကြီးက “တကယ်အမိန့်ပေးတဲ့စာ ယူလာပြီး၊
မရမ်းကုန်းကို ပေးလာသူက ဗိုလ်သန်းစိန် ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းန မိုက်တွေကို
အင်ဂျင်နီယာတပ်ခွဲကို မှာယူခဲ့ပါတယ်။ အဲဒီမှာ မလုံလောက်လို့ ပင်မ စစ်ပစ္စည်း သိုလှောင်ရေးမှာ
သွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီ တပ်မှူး ဗိုလ်ဝင်းကို လိုက်ရှာပြီး၊ အင်းတိုင်ကို
သွားရောက် ယူရတာပါ။ ခွဲဖို့ အမိန့်ပေးသူတွေ ကတော့ ပြည်ထဲရေး ဝန်ကြီးနဲ့ လုံခြုံရေးကောင်စီ
ဥက္ကဋ္ဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်တွေ ဆင်ရတဲ့ သူက အင်ဂျင်နီယာတပ်က
ဗိုလ်မှူး ထွန်းရီ ဖြစ်ပါတယ်။
အားလုံး ဒိုင်းနမိုက်တွေ ဆင်ရတာဟာ ဇူလိုင်လ (၇) ရက်နေ့ နံနက်လင်း အားကြီးမှဖြစ်ပါတယ်။
လက်မှတ်ထိုးမည့်သူ အရာရှိ ကြီးကြီး မားမားမရှိလို့ ပြဿနာတက်နေတုန်းလမ်းလျှောက်ရင်း
ရောက်လာတာက ဗိုလ်မှူးကြီး သူရ မင်းသိန်း ဖြစ်ပါတယ်။ သူကဝင်ပြီးခွဲဖို့ အမိန့် လက်မှတ်ရေးထိုးပေးဖို့
ဗိုလ်ထွန်းရီကပြောလို့ သူက လက်မှတ် ရေးထိုးပြီး ဒိုင်းနမိုက်ခွဲတာ ဖြစ်ပါတယ်။”
ဇူလိုင် (၇) ရက် ၁၉၆၂ အရေးတော်ပုံတွင် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပျောက်ဆုံးသူ၊
ဖမ်းဆီးခံရသူ ကျောင်းသားများ စာရင်းအား -
သေဆုံးသူများစာရင်း
၁။ မောင်ညွန့် (ခေါ်)ခင်မောင်ညွန့်  - ဒု-နှစ် ဘီအေ၊ ၂။ မောင်စန်းရွှေ -
အခန်း ၈၃-စစ်ကိုင်းဆောင်၊ ဥပစာအပိုင်း(ခ)၊ ၃။ မောင်ကျော်ဝင်း - မန္တလေးဆောင်- ၀ိဇ္ဇာ(ခ)၊
၎။ မောင်စိန်ဝင်း - အခန်း(၉၁)-တောင်ငူဆောင်၊ ၀ိဇ္ဖာ(ခ)၊ ၅။ မောင်ကျင်မိုး - ထားဝယ်ကျောင်း-
ဗားကရာ၊ ၆။ မောင်သန်းထွန်း - တောင်ငူကြီး၊ ၇။ မောင်တင်ညွန့်  - တက္ကသိုလ်ဝင် စာစစ်ရေးဌာနစာရေး၊
၈။ မောင်စိန်ဝင်းထွန်း - အလွတ်သင်ပညာသင်ကျောင်း၊ ၉။ ဆူးဗား - အလုပ်သမား၊ ၁၀။ ကိုတင်ထွန်း
- ပဲခူးဆောင်၊
ဒဏ်ရာရသူ၊ ပျောက်ဆုံးသူနှင့်
ဖမ်းဆီးခံရသူများ စာရင်း
၁။ ကိုမင်းလွင် - ပင်းယဆောင်၊ ဘီအက်စီ(ခ)တန်း၊
၂။ ကိုစိုးညွန့်  - တကောင်းဆောင်၊ အိုင်အက်စီ(ခ)တန်း၊
၃။ ကိုဥာဏ် - ဒဂုံဆောင်၊ အိုင်အေ(ခ)၊
၎။ ကိုတင်လှိုင် - ပုဂံဆောင်၊ အိုင်အေ(ခ)၊
၅။ မသန်းရင် - တက္ကသိုလ်ဝင်း၊
(ဒဏ်ရာရသူများမှာ ၄၆ဦးထက်မနည်းပါ။)
အဖမ်းဆီးခံရသူများ
၁။ ကိုပြည်ညွန့်  - တောင်ငူဆောင်-၀ိဇ္ဇာ(က)၊
၂။ ကိုတင်ငွေ - အာတီးယားလမ်း-ဥပစာ(က)၊
၃။ ကိုဝင်းကြည် - မန္တလေးဆောင်၊
(အဖမ်းခံရသူများမှာ အနည်းဆုံး ၂၁ ဦးထက် ပိုပါသည်။)
စာရင်းမပြနိုင်သူ၊
ပျောက်ဆုံးသူ ကျောင်းသား (၄၀) ကျော်ရှိပါသည်။
ဗမာ့အားမာန်သစ်
Credit: Padauk
Drum Vol.2, No.6, June 2012
1 comment:
အာဏာရှိသူသည်အမုန်းအခံရဆုံးဖြစ်သည် ဗိုလ်ချုပ်တို့နဲ့မတွဲခဲ့ပဲ
မနာလိုစိတ်ရှိသူမှန်ပါက ရဲဘော်သုံကျိပ်ဖွဲ့ခဲ့သောသခင်အောင်ဆန်း
၏တစ်ပည့်ခံမည်မဟုတ် မသေချာသောလွတ်လပ်ရေးအတွက်စွန့်စား
လိုက်ပါလိမ့်မည်မဟုတ် သခင်အောင်ဆန်းသည်သူစိတ်ချရသောသူ
များကိုသာခေါ်ယူသွားခြင်းဖြစ်သဖြင့်အတော်ရင်နှီးခဲ့ပြီးသားပါ သွားခါ
နီးမှတွေ့ရလူခေါ်သွားရအောင်ဗိုလ်ချုပ်သည်ငပေါမဟုတ် အချိန်မရွေး
မသာပေါ်နိုင်သောလမ်းအား တော်ရုံစိတ်ဓာတ်ပြင်းရုံဖြင့်မည်သူမျှမ
လိုက် သခင်အောင်ဆန်းအားတော်ရုံယုံကြည်မှု့ဖြင့်လဲလိုက်လိမ့်မည်
မထင် ယက္ခုဆောင်းပါးသည်တစ်ဘက်စွန်းနိုင်လွန်းသည်ဟုမြင်သည်
အစိုးရနဲ့ဆူပူမှု့ မကျေနပ်မှု့ ဆန္ဒပြမှု့ နှိမ်နင်းမှု့ ဒါတွေက
တော့ဘယ်အစိုးရဖြစ်ဖြစ်ကြုံနေရတာပဲလေ ဆူပူမှု့အပျော့အပြင်းအ
ပေါ်မှာမူတည်ပြီးနှိမ်နင်းမှု့ကလည်းအပျော့အပြင်းရှိနိုင်ပါတယ် တစ်ခြား
အန္တရာယ်တွေကိုဖိတ်ခေါ်သလိုဖြစ်နေတယ်လို့စိုးရိမ်စိတ်ရှိနေတဲ့အခါမှာလဲ
နှိမ်နင်းမှု့ပြင်းတတ်ပါတယ် နိုင်ငံတိုင်းမှာရှိတဲ့အစိုးရတိုင်းဟာပြည်
သူတွေရဲ့အလုံးစုံနှစ်သက်ခြင်းမခံရပါဘူး အတိုက်အခံများများရှိလေ
လက်ရှိအစိုးရဟာအမုန်းခံရလေပေါ့ ဒါဟာအမြဲမှန်နေတဲ့လောကနိ
ယာမတစ်ခုပဲ ဟုတ်ရဲ့လား
Post a Comment