Wednesday, July 11, 2012

ကြက်သားဂေါ်ရခါးသီးချိုစပ်ဟင်း၊ ကြက်အူချောင်းသီးရွက်စုံသုပ်၊ ပဲနီလေး သီးစုံမဆလာချဉ်ရည်ဟင်း

ဒီတစ်လ ဆရာမ လမင်းမိုမိုက ကြက်သားကို ထိုင်းစတိုင် ဂေါ်ရခါးသီးနဲ့ချိုစပ်လေးချက်၊ ဟင်းရံအနေနဲ့ ကြက်အူချောင်းကို သီးရွက်စုံနဲ့ သုပ်ပါသတဲ့။ ဟင်းရည်ကိုတော့ ပဲနီလေးနဲ့ သီးစုံမဆလာချဉ်ရည်ဟင်းလေးချက်ပေးပါတယ်။

အမည်စုံအသီးအရွက်တွေရော အသားတွေရော ရောမွှေချက်ပြုတ်ထားတာ မြင်ရတာနဲ့တင် ပသာဒရှိလှပါတယ်။ ကဲချက်ပြုတ် စားသောက်ကြည့်ကြပါစို့။

ကြက်သားဂေါ်ရခါးသီးချိုစပ်ဟင်း၊
လိုအပ်သောပစ္စည်းများ

ကြက်သားနုနု ၃၅ကျပ်သား(တစ်ခြမ်းခန့်)၊ ဆီ သုံးကျပ်သား၊ ဂေါ်ရခါးသီး တစ်လုံး၊ ကြက်သွန်နီ လေးဥ၊ ကြက်သွန်ဖြူ လေးမြွှာ၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ ငါးပိစိမ်းစား အနည်းငယ်၊ ထန်းလျက် တစ်လုံး၊ Tom Ka Paste ထမင်းစားဇွန်း တစ်ဇွန်း၊ အုန်းနို့မှုန့် ထမင်းစားဇွန်း နှစ်ဇွန်း၊ ပဲငံပြာရည်အပျစ်/အကျဲ ထမင်းစားဇွန်း တစ်ဇွန်းစီ၊ ခရုဆီ ထမင်းစားဇွန်း တစ်ဇွန်း၊ ဆား/ဟင်းချိုမှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၃၀ မိနစ်

- ကြက်သားတုံးလေးတွေကို ပဲငံပြာရည် အကျဲ၊ပဲငံပြာရည်အပျစ်၊ ခရုဆီ၊ ထန်းလျက် တစ်လုံးထုထည့်ကာ ငါးပိစိမ်းစားနည်းနည်း၊ ဟင်းချိုမှုန့်အနည်းငယ်တို့နဲ့နယ်ပြီး မိနစ် ၂၀လောက်နှပ်ထားပါ။
- ကြက်သွန်ဖြူ အဖြူ- အနီ နဲ့ငရုတ်သီးစိမ်းကိုထောင်းပြီး ဆီသတ်ပါ။ ငရုတ်သီးစိမ်းထောင်း ဆီသတ်တဲ့အခါ နည်းနည်းမွှန်ပါမယ်။
- ဆီသေပြီဆိုရင် Tom Ka Paste လေးနည်းနည်းထည့်မွှေပေးပါ။
- အုန်းနို့မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းလောက် ရေအေးနဲ့ဖျော်ပြီးထည့်ပါ။ မွှေးရနံ့လေးထွက်လာပါမယ်။
- နယ်ထားတဲ့ ကြက်သားတုံးတွေရယ်၊ ဂေါ်ရခါးသီးကို အတုံးလေးတွေလှီးထည့်ပြီး နူးတဲ့အထိ ရေနည်းနည်းချင်း ထည့်ပြီးချက်ပါ။
- မနူးခင်တစ်ဝက်လောက်မှာ ကြက်သွန်နီဥကို နှစ်ဥလောက် လေးစိတ်ခြမ်းပြီးထည့်လိုက်ပါ။ အရသာထူးကဲတဲ့ ကြက်သား၊ ဂေါ်ရခါးသီး ချိုစပ်နှပ်ပါ။ (Tom Ka Paste က ထိုင်းကလာတဲ့ ရယ်ဒီမိတ်ဟင်းချက်အနှစ်တစ်မျိုးထင်ပါတယ်။ အုန်းနို့မှုန့်လည်းအလားတူပါပဲ)

ကြက်အူချောင်းသီးရွက်စုံသုပ်၊

လိုအပ်သောပစ္စည်းများ
ကြက်အူချောင်း သုံးချောင်း၊ဆီ ထမင်းစားဇွန်း တစ်ဇွန်းခန့်၊ ချဉ်ပေါင်ရွက် လက်တစ်ဆုပ်ခန့်၊ မျှစ် လက်တစ်ဆုပ်ခန့်၊ ရုံပတီသီး သုံးတောင့်၊ ကြက်သွန်နီ သုံးဥ၊ ငရုတ်သီးစိမ်း ငါး-ခြောက်တောင့်၊ ပုစွန်ငံပြာရည် အနည်းငယ်၊ ဟင်းချိုမှုန့် အနည်းငယ်။

ကြာမြင့်ချိန် - ၂၀ မိနစ်
- ကြက်အူချောင်းတွေကို ဆီပူလှိမ့်ပြီး တစ်ခြမ်းခြမ်းကာ စောင်းစောင်းလေးတွေ လှီးထားပါ။
- ရေနွေးအိုးတစ်အိုးဆူအောင်တည်ပါ။ အစောင်းလေးတွေကို လှီးထားတဲ့ ရုံးပတီသီးကို အရင်ထည့်ကာ ခဏပြုတ်ပါ။
- ရေနွေးအိုးမှာ ချဉ်ပေါင်ရွက် ဆက်ထည့်ပြုတ်ပါ။ ဆယ်ပြီး ရေညှစ်ထားပါ။ နောက်ဆုံးမျှစ် ဆက်ပြုတ်ပါ။ မျှစ်နူးရင် ဆယ်စစ်ထားပြီး ရေနွေးကိုသွန်လို့ရပါပြီ။
- ကြက်သွန်နီတစ်ဝက်ကို ဆီချက်ချက်ထားပါ။ နောက်တစ်ဝက်ကို အကွင်းလေးလှီးထားပါ။ အကွင်းလှီးတာက အမြင်လှဖို့ သက်သက် ဖြစ်ပါတယ်။ ငရုတ်သီးစိမ်းကို အရှည်လိုက်ခြမ်းထားပါ။
- အဲဒါတွေကို အားလုံးကို ရောနှောပြီး ဆီချက်၊ ငံပြာရည်၊ အချိုမှုန့်လေးနဲ့ နယ်သုပ်လိုက်တဲ့အခါ ချဉ်ချဉ်၊ ဖြန်းဖြန်း၊စပ်စပ်၊ဆိမ့်ဆိမ့် လေးမှာ ရုံးပတီသီးရဲ့ ချွဲတဲတဲအရသာလေးစွက်နေတဲ့ ခံတွင်းမြိန်စေမယ့် ဟင်းရံတစ်ခွက် ရပါပြီ။

ပဲနီလေး သီးစုံမဆလာချဉ်ရည်ဟင်း

လိုအပ်သောပစ္စည်းများ
ပဲနီလေး လက်တစ်ဆုပ်ခန့်၊ ဆီ နှစ်ကျပ်ခွဲသားခန့်၊ မျှစ် ၁၅ကျပ်သားခန့်၊ ခရမ်းသီးတစ်လုံး၊ ရုံးပတီသီး ငါးတောင့်၊ ပဲတောင့်ရှည် ငါးတောင့်၊ အာလူးကြီးကြီး သုံးလုံး၊ ပျဉ်းတော်သိမ်ရွက် ၁၀ရွက်ခန့်၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ နှစ်မြွှာ၊၊ ငရုတ်ပွခြောက် နှစ်တောင့်၊ ချင်း လက်တစ်ဆစ်ခန့်၊ မန်းကျည်းသီး ထမင်းစားဇွန်း တစ်ဇွန်းခန့်၊ ပုစွန်ငံပြာရည် အနည်းငယ်၊ မဆလာ ထမင်းစားဇွန်း တစ်ဇွန်း၊ ဆား/ ဟင်းချိုမှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၃၀ မိနစ်
- ပဲနီလေးကို တစ်နာရီခန့် ရေစိမ်ထားပြီး ရေကိုသွန်ပါ။ ၁၅မိနစ်ခန့်ပြုတ်ပြီး ကြေအောင်ချေပါ။
- ကြက်သွန်ဖြူ/နီ၊ငရုတ်သီးပွခြောက်ကို ညက်အောင်ထောင်းပါ။ ဟင်းသီးဟင်းရွက်တွေ လှီးထားပါ။ အာလူးကို အနေတော်တုံးထားပါ။
- ရေအနည်းငယ်ထည့်ပြီး မျှစ်နဲ့ အာလူးကိုနူးပါစေ။ အာလူးနဲ့မျှစ် နူးစပြုရင် အသီးအနှံတွေနဲ့ ပျဉ်းတော်သိမ်ရွက်ကိုထည့်ပြီးမွှေပါ။
- ငံပြာရည်၊ဆား၊ဟင်းချိုမှုန့်တို့ သင့်တော်အောင်ထည့်ပါ။ ရေအနည်းငယ်နဲ့ အာလူးနူးစေပြီးမှ မိမိလိုသလောက် ရေကိုမှန်းကာထည့်ပါ။ ဟင်းအိုးဆူရင် အပေါ့အငန်မြည်းပြီး ချနိုင်ပါပြီ။

No comments: