Thursday, July 31, 2014

Hepatitis C (စီ) ပိုး


(C) ပိုးရှိတဲ့သူနဲ့ အကာအကွယ်မဲ့ လိင် ဆက်ဆံရင် ကူးနိုင်တယ်လို့ သိရပါတယ်ရှင့်။ တကယ်လို့ ကူးခဲ့ရင် အတူနေပြီး တစ်လအတွင်းစစ်ရင် ကူးလားမကူးလား သိနိုင် ပါသလားရှင့်။ HCV antibody ပေါ်နိုင်ပါသလားရှင့်။ Condom မပါပဲ အတူနေပြီး ဘယ်လောက်ကြာရင်၊ ရောဂါကူး/မကူး သေချာ စစ်ဆေးသိနိုင်ပါမလဲရှင့်။

အသဲရောင် (စီ) တွေ့ရင် ရောဂါလက္ခဏာ မရှိဘဲနေတတ်လို့၊ အတော်များများက ဆေးစစ်တဲ့အခါ အမှတ်မထင် ပိုးရှိနေတာကို တွေ့ကြရတယ်။ (စီ) ပိုးတွေ့တယ်လို့ဆိုရင် သူဟာကမ္ဘာပေါ်ကလူပေါင်းသန်း ၁၇ဝ ထဲက တယောက်ပါ။ အကြောက်မကြီးအောင် ပြောရရင် ၁ဝဝ မှာ ၈ဝ-ဂ၅ ယောက်လောက်ကနာတာရှည် မဖြစ်ကြပါ။ နာတာရှည်ကနေ နောက်ဆက်တွဲ ဆိုးဝါးတာတွေဖြစ်တဲ့ ရာနှုန်းကလည်း ၅ ဂဏန်းအောက်မှာပါ။

Hepatitis C virus (HCV) ဗိုင်းရပ်စ် စီပိုးဝင်ရင် သာမန်ကာရှန်ကာ ၁ ပါတ် ၂ပါတ်လောက်သာ ခံစားရတာမျိုးနဲ့ အသက်ကိုပါ ရန်ရှာတဲ့ အဆင့်မျိုး ဖြစ်နိုင်တယ်။ (ဘီ) နဲ့မတူတာက ဘီပိုးဟာအထဲဝင်ပြီး၊ ကင်းစင်သွားနိုင်ပေမဲ့ (စီ) ပိုးကတော့ အမြဲရှိနေတတ်တယ်။ (ဘီ) ပိုးကလိင်ကနေတဆင့် ကူးစက်တာများပြီး၊ (စီ) ပိုးကတော့ သွေးကတဆင့် ကူးတာကအဓိက ဖြစ်တယ်။

ဘယ်လောက်စောစောသိနိုင်သလဲ။ တပါတ်ကနေ လတွေအများကြီးအထိကြာနိုင်တယ်။ ကိုယ်ကနေ (အင်တီဘ်ေဒီ) ထုတ်လာမှ၊ စမ်းတွေ့နိုင်လောက်အောင်များလာမှသာ စမ်းလို့သိနိုင်တယ်။ ပျမ်းမျှ ၃ ပါတ်လို့လဲယူဆထားတယ်။ သုတေသနလုပ်သူတွေအတွက်တော့ အသဲကအသားစယူစစ်ရင်တော့ စောသိတယ်။

(စီ) ပိုး အဝင်ခံရရင် အစတော့ တုပ်ကွေးလိုပါဘဲ။ မစားချင်မသောက်ချင်၊ အားယုတ်၊ ပျို့ချင်သလိုနေ၊ အဆစ်တွေ အသားတွေနာ၊ သတိထားရင် အသဲရှိရာ ဗိုက်ညာဘက်အထက်နားမှာ နာမယ်။ ကိုယ်ပူတာလဲရှိနိုင်တယ်။ ကြာလာရင် ဝါလာမယ်။ အများသိကြတဲ့ (ဂျွန်းဒစ်)။ ကြာတယ်ဆိုတာ ဆယ်စုနှစ်နဲ့ချီနိုင်တယ်။ ရောဂါလက္ခဏာမပေါ်ပေမဲ့ ပိုးက အသဲကို ဖျက်နေပြီ၊ သူများကိုလဲ ကိုယ့်သွေးနဲ့ထိရင် ကူးနိုင်နေပြီ။

သေခြာအောင်လုပ်ရမှာက သွေးစစ်ပါ။ ပိုးရှိ-မရှိ၊ ပိုးဘယ်လောက်များလဲ၊ Liver biopsy အသဲရဲ့ အသားစ ထုတ်ယူ စစ်ဆေးတာက အသေခြာဆုံးပါ။ နောက် Hepatitis C antibody test နဲ့ PCR test အပြင် အသဲအခြေအနေကို ဆန်းစစ်ဘို့ Liver function tests လုပ်ရတယ်။ တိကျအောင် Hepatitis C Genotype test ဆိုတဲ့ ပိုးအမျိုးအစား ခွဲတာလဲ လုပ်ရပြန်ပါသေးတယ်။ (စီ) ရှိနေရင် HIV ကိုပါ စစ်ပါ။ နှစ်ခုလုံးတွဲရှိသူတွေ ရှိတယ်။ HIV က ပိုဆိုးတာကကိုယ်ရဲ့ ခုခံအားစနစ်ကြီးကို ဖျက်ပြစ်လို့ပါ။ နဲနဲကောင်းတာက HIV ကိုကုဘို့ ဆေးတွေရှိနေပြီ။ နဲနဲလို့ ပြောရတာက ဆေးက သက်သာစေဘို့သာ ဖြစ်ပြီး၊ အပျောက်မရသေးလို့ပါ။
မကူးအောင် ကာကွယ်နည်းအတိုင်း (စီ) ပိုးရှိသူတွေ ဆင်ခြင်ရပါမယ်။ မူးယစ်ဆေးသုံးတာ၊ (တက်တူး) ထိုးတာ၊ ဟိုကွင်း-ဒီကွင်းတပ်တာ၊ ကွန်ဒွန်းမပါ လိင်ဆက်ဆံတာတွေ ရှောင်ပါ။ အရက်ဖြတ်ပါ။ ကောင်းကောင်းနား၊ ကောင်းကောင်းစားပါ။ အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆံဆိုရင် တခုလုံးပါတာမျိုးစားပါ။

ပိုးတွေ့ရင် ဆေးကုဘို့လို-မလို ဆရာဝန်က ဆုံးဖြတ်ပါမယ်။ ရောဂါက အန္တရာယ်နည်းနေရင် ဆေးပေးချင်မှ ပေးပါလိမ့်မယ်။ ဆေးကထိုးဆေးရော စားဆေးပါပေးမှာပါ။ တနည်းက ၄၈ ပါတ်ကြာမှာဖြစ်ပြီး၊ တနည်းက ၂၄ ပါတ်။ လိုရင် နောက် တကြော့။ ဆေးက ၂ မျိုးသုံးနေပါတယ်။ Interferon ထိုးဆေးနဲ့ Ribavirin စားဆေးတွေပါ။ Injection Interferon ကို ၇ ရက် တပါတ်မှာ ၃ ကြိမ်ထိုးတယ်။ နောက်ပေါ်ဆေးPegylatedကတော့ ၁ ပါတ်မှာ ၁ ကြိမ်နဲ့ရတယ်။ Ribavirin စားဆေးကို ၁ ပြားတနေ့ ၂ ကြိမ်။ ၆ လ ကနေ ၁၂ လကြာပါမယ်။

ဆေးတွေကတော့ ပြင်းတော့ တုပ်ကွေးခပ်ဆိုးဆိုး ဖြစ်နေသလိုခံစားရမယ်။ မောပန်း၊ ခေါင်းကိုက်၊ အဆစ်အမြစ်နာ၊ ချမ်း၊ အအိပ်ပျက်၊ ကိုယ်ပူ၊ စာကြည့်မရ၊ အာရုံစိုက်မရ၊ စိတ်ဓါတ်ကျတာလဲ ဖြစ်နိုင်တယ်။ နောက်ဆုံးကတော့ အသဲ အစားထိုးပေးရတာပါ။ နားလည်ဘို့က အသဲအစားထိုးပေမဲ့ ပိုးသေအောင် ဆေးလိုနေမှာပါ။

စီပိုးရှိသူများ အကိုက်အခဲပျောက်ဆေး Acetaminophen (Tylenol, Panadol) ကိုရှောင်ရမယ်။ Ibuprofen က အသဲမခြောက်သေးရင် သောက်လို့ရတယ်။ Aspirin ကတော့ အစာအိမ်ပြဿနာမရှိသ၍ သောက်နိုင်တယ်။ သံဓါတ်စားဆေး Iron supplements မပေးသင့်ဘူးပြောကြတယ်။ အစားထဲပါသလောက် သံဓါတ်ကဘာမှမဖြစ်ပါ။
တခြားဆေးကုနည်းတွေလဲရှိပါသေးတယ်။ Aromatherapy အနံ့နဲ့ဆေးကုနည်း၊ အနှိပ်ခံနည်း၊ ယောဂနည်းတွေပါ။ အပန်းလဲမကြီး၊ စခန်းလဲနီးရင် သုံးပါ။ စိတ်တည်ငြိမ်အောင် ရှုမှတ်နည်းလဲပါတယ်။ စိတ်ရဲ့စွမ်းအားကို ကျွန်တော်တို့ လူမျိုးတွေက အသိဆုံးမဟုတ်ပါလား။

ဘယ်လိုကူးသလဲ
• လိင်ဆက်ဆံရာကနေမကူးစက်ပါဘူးလို့ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေကမများပါ။ သုတေသနတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ (၁) လိင်ဆက်ဆံဘက် များသူတွေ၊ (၂) ဆက်ဆံဘက်မှာ တခြားလိင်ကတဆင့် ကူးစက်ရောဂါ တခုခုရှိနေရင်၊ (၃) လိင်ဆက်ဆံတာ ကြမ်းတမ်းရင်၊ ကူးစက်ဘို့ အခွင့်အလမ်းပိုမယ်။


• (စီ) ပိုးရှိတဲ့မအေကနေကလေးကို ၄-၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ (စီ) ပိုးရှိနေပေမဲ့ သူ့ကလေးကို (သွေးမထိမချင်း) မကူးဘူး။ လိင်လမ်းကနေကူးတာကလဲ HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ (စီ) ကို တလင်တမယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။


• သွေး (မစစ်ဘဲ) သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ် လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ (တက်တူး) ထိုးတာ၊ ဟိုနေရာ ဒီနေရာကွင်းတပ်တာတွေကနေ ကူးရတာပါ။ ဒါပေမဲ့ ပိုးရှိနေသူချက်ပြုတ်တာစားမိလို့ မကူးပါ။ လက်တွဲလျောက်တာ၊ နှာခြေ၊ ချောင်းဆိုး၊ တစ်အိမ်တည်း အတူနေတာနဲ့လဲ မကူးဘူး။ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေ မကူးပါ။


• တအိမ်ထဲအတူနေသူတွေ ကူးစက်နိုင်ပါတယ်။ အဖြစ်များတာ မတွေ့ရသေးပါ။ ကူးမယ် ဆိုတာလဲ သွေးကနေ ဝင်လို့သာ ဖြစ်ပါမယ်။ ပန်းကန်၊ ဇွန်း၊ ဖန်ခွက်၊ အိုး-ခွက် အတူသုံးလို့ မကူးပါ။ ရင်ချင်းအပ်-ပါးချင်းကပ်-လက်ဆွဲ နုတ်ဆက်တာတွေကနေ မကူးပါ။ အသာအယာ နုတ်ခပ်ချင်းစုပ်တာနဲ့လဲမကူးပါ။ ရေအတူသောက်လဲ မကူးပါ။


• မူးယစ်ဆေးသုံးစွဲသူတွေ၊ သွေးနဲ့ သွေးထဲကပစ္စည်းသွင်းနေရသူတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းလှူတာ လက်ခံရသူတွေ၊ Hemodialysis ကျောက်ကပ် ဆေးနေရသူတွေ၊ ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်နေရသူတွေ၊ HIV ပိုးရှိနေသူတွေ၊


• (စီ) ပိုး ရှိနေတဲ့ မိခင်ရဲ့ကလေးတွေမှာ ကူးနိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်နေတယ်။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။


• ခြင်နဲ့ အင်းဆက်ပိုးတွေကနေကူးစက်တာမတွေ့သေးပါ။


• စီပိုးရှိနေသူဟာ သွေးမလှူရပါ၊ အင်္ဂါအစိတ်အပိုင်းမလှူရပါ၊ သုတ်ပိုးမလှူရပါ။


ပိုးရှိနေရင် ဘာဖြစ်လာနိုင်သလဲ
• သွေးစစ်လို့ စီပိုးတွေ့ပေမဲ့ ၇ဝ-၈ဝ% မှာဘာမှ မခံစားရသလိုရှိနေမယ်။ ခံစားရသူတွေမှာလဲဆိုးတာမပါဘူး။ ကိုယ်ပူ၊ အားယုတ်၊ အစားပျက်၊ ပျို့ချင်၊ အန်ချင်၊ ဗိုက်နာ၊ ဆီးအရောင်ရင့်၊ ဝမ်းအရောင်ပျော့၊ အဆစ်နာ၊ ဆီး-အသားအရေ-မျက်လုံး ဝါ၊ ရက်တိုရောဂါလက္ခဏာတွေဟာကူးစက်ပိုးဝင်လာခဲ့တဲ့နောက် ၆-၇ ပါတ်အကြာမှာ ဖြစ်တယ်။ တချို့မှာ ၂ ပါတ်ကနေ ၆ လ လဲ ကြာနိုင်တယ်။


• သူတို့အထဲက ၆ဝ-၈၅% က နာတာရှည် ဖြစ်လာရင်လဲရောဂါလက္ခဏာတွေဟာရှိသူတွေမှာသာရှိမယ်။ သူ့အသဲကပျက်စီးစပြုလာမယ်။ နှစ်တွေ ကြာမှလဲ ဖြစ်နိုင်တယ်။


• နာတာရှည် Chronic Hepatitis C ဆိုတာဆိုးဝါးတဲ့ရောဂါတခု ဖြစ်တယ်။


• ၅-၂ဝ% ဟာ အနှစ် ၂ဝ-၃ဝ အတွင်း Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။


• ၁-၅% ဟာ Cirrhosis အသဲခြောက်တာဒါမှမဟုတ် Liver cancer အသဲကင်ဆာကြောင့် သေဆုံးနိုင်တယ်။

Hepatitis C ပိုးရှိနေသူဟာ (ALT) အသဲ (အင်ဇိုင်းမ်) စစ်ရင် နည်းတာ၊ များတာ၊ ပုံမှန် ဖြစ်တာတွေ ဖြစ်နိုင်ကြတယ်။ နာတာရှည်အဆင့် ရောက်နေတာတောင် ပုံမှန် ဖြစ်နေနိုင်တယ်။ ဒီလိုဖြစ်နေသူဟာနောက် ၆ လ ၁ နှစ်အကြာတခါ ထပ်စစ်ရမယ်။ ဆေးစစ်ဘို့ လိုသူတွေကတော့ မူးယစ်ဆေးထိုးနည်းသုံးနေသူတွေ၊ အရင်က သွေးခဲစနစ်ရောဂါကို ကုသခံဘူးသူတွေ၊ အရင်ကသွေးသွင်းကုသဘူးသူတွေ၊ အရင်ကကျောက်ကပ် ဆေးနေရသူတွေ၊ အရင်ကအသဲရောဂါ ရှိဘူးသူတွေ၊ အသဲဆေးစစ်တာပုံမှန်မဟုတ်သူတွေ၊ ဆေးခန်း-ဆေးရုံတာဝန်ထမ်းနေသူတွေ၊ HIV ရှိနေသူတွေ ဖြစ်တယ်။ ကိုယ်ဝန်ဆောင်နေသူတိုင်းတော့ မလိုပါ။

• ရက်တိုသမားတွေအတွက် ဆေးကုဘို့ မရှိသေးပါ။ ဆေးစစ်တာ၊ အစာကောင်းကောင်းစားတာ၊ ရေ-အရည် ပိုသောက်သုံးတာသာလိုမယ်။

• နာတာရှည် ဖြစ်လာသူတွေကတော့ အသဲကိုအမြဲစောင့်ကြည့်နေရမယ်။ ကုသရမယ်။ Interferon နဲ့ Ribavirin ဆေး ၂ မျိုးသုံးနေတယ်။ လူတိုင်းလိုတာတော့ မဟုတ်ပြန်ပါ။ ဘေးထွက်-ဆိုးကျိုးတွေ များတယ်။


• ကံကောင်းသူ ၁၅-၂၅% ဟာဆေးကုစရာမလိုဘဲပိုးကရှင်းသွားတာတွေ့ရတယ်။ နာတာရှည်လဲ ဖြစ်မလာဘူး။


• နာတာရှည်ဖြစ်နေသူအထူးကုဆရာဝန်နဲ့ အမြဲဆက်စပ်နေရမယ်။ အရက် လုံးဝဖြတ်ရမယ်။ တခြားရောဂါဖြစ်ရင် ထိုးမဲ့ သောက်မဲ့ ဆေးတွေ ရွေးရမယ်။


• Hepatitis A and Hepatitis B ကာကွယ်ဆေးတွေ ထိုးသင့်တယ်။ C အတွက် ကာကွယ်ဆေးမပေါ်သေးပါ။
• ပိုးတွေ့သူတွေကို ဝိုင်းပယ်ထားဘို့ ကူးစက်ရောဂါ ထိန်းသိမ်းရေးဌာနကတားမထားပါ။


• HIV နဲ့ Hepatitis C virus တွေ တွဲရှိတတ်တယ်။ မူးယစ်ဆေးထိုးသူတွေမှာပိုဖြစ်တာတွေ့ရတယ်။ HIV ရှိနေသူတွေထဲက ၅ဝ-၉ဝ% မှာ Hepatitis C virus လဲရှိနေကြတာတွေ့ရတယ်။


• Hepatitis C virus ဗိုင်းရပ်စ် ဟာသာမန် အပူချိန်မျိုးမှာကိုယ်ခန္ဓာအပြင်မယ် ၁၆ နာရီကနေ ၄ ရက်အထိရှင်နေနိုင်တယ်။
• ပိုးရှိနေသူကနေထွက်လာတဲ့ သွေးကိုရေ ၁ဝ ဆထဲမှာ Household Bleach (ကလိုရင်း) ချွတ်ဆေးမှုံ့ ၁ ဆ ရောထားတာနဲ့ ဆေးကြောပေးနိုင်တယ်။ လက်အိတ် သုံးရမယ်။


Hepatitis C Treatment and Management အသဲရောင် (စီ) ဘယ်လိုကုသလဲ
HIV ပါရှိနေသူဆိုရင် Acute infection စောစောပိုင်းကတည်းက ကုရင်ကောင်းတယ်။ Mild liver disease အသဲရောဂါ နည်းနည်းလေးသာ ရှိနေသူတွေ ဆေး မလိုသေးပါ။ Moderate liver damage အသဲရောဂါ အသင့်အတင့် ဆိုးလာသူတွေက Cirrhosis အသဲခြောက်တာ ဆက်ဖြစ်စရာများလို့ ဆေးကုသ ရမယ်။ ဆေးရဲ့ဘေးထွက်-ဆိုးကျိုးနဲ့ ရမဲ့အကျိုး ချိန်ဆရမယ်။ စောင့်ကြည့်နေရမယ်။ Decompensated cirrhosis အသဲခြောက်နေပြီဆိုရင် Liver transplant အသဲအစားထိုးတာတခုဘဲ လုပ်နိုင်တယ်။


Pegylated interferon (PEG interferon) နဲ့ Ribavirin (RBV) ဆေး ၂ မျိုးကိုသုံးတယ်။ PEG Interferon က ၂ မျိုး ရှိတယ်။ (၁) alpha-2a (Pegasys) နဲ့ (၂) alpha-2b (PegIntron or ViraferonPeg) ထိုးဆေးတွေဖြစ်တယ်။ Ribavirin (Copegus, Rebetrol and Ribasphere) ဆေးက HIV ရှိနေသူတွေအတွက် အသုံးမကျဘူး။ သူတမျိုးထဲမရလူး PEG interferon နဲ့တွဲပေးရတယ်။ စားဆေးဖြစ်တယ်။ တနေ့ ၂ ကြိမ်ပေးရတယ်။

HIV-positive ဆိုရင် ဘယ် genotypes ဖြစ်ဖြစ် တနှစ်ကြာပေးတယ်။ Genotypes 2 နဲ့ 3 ကို အချိန်တိုပြီး၊ 1 နဲ့ 4 တွေကို တနှစ်မက ပေးတာလဲရှိတယ်။ ဆေးကုသရခြင်းရဲ့ရည်ရွယ်ချက်က ပိုးတွေကိုရှင်းချင်လို့ဖြစ်တယ်။ ဆေးပေးပြီးနောက် ၆ လမှာ သွေးထဲမယ်ပိုးမရှိတော့ရင် Sustained virological response (SVR) ခေါ်တယ်။ ကောင်းတယ်။ ပိုးကင်းသွားပြီ။ Liver cirrhosis အသဲခြောက်တာ၊ Liver cancer အသဲကင်ဆာနဲ့ Liver failure အသဲအလုပ်မလုပ်နိုင်တော့တာတွေ ဖြစ်ဘို့အခွင့်အလမ်း အတော်ကြီးနည်းတယ်။ ပိုးနည်းနည်းလေးသာ ကျန်တော့တာလဲ ကောင်းတယ်။ တချို့မှာ ဆေးကုလို့ ထင်သလောက် မကောင်းတာလဲရှိတယ်။

HIV ရှိနေသူတွေကို ဘယ်လို CD4 count is 200 cells/mm3 ထက်နည်းလာရင် ဆေးပေးတယ်။ 200-350 cells/mm3 ဆိုရင်ပေးတာလဲလုပ်တယ်။

ဒေါက်တာတင့်ဆွေ - Hepatitis C (စီ) ပိုး

Wednesday, July 30, 2014

လေလွင့် သူတစ်ယောက်၏ လွမ်းဆွတ်မှု



ခြေတစ်လုံး အိမ်တိုင် ဘဝဖြင့် ကမ္ဘာ အရှေ့မှ အနောက် တောင်မှမြောက်သို့ ကျွန်တော်  လေလွင့် နေခဲ့ သည်မှာ နှစ်ပေါင်းမနည်း တော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီး လာသလို အကြားအမြင် ဗဟု သုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။

လွန်ခဲ့သောနှစ်(၂ဝ)က မွေးရပ်မြေရ ထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော် ခြေလှမ်း စခဲ့သည်။ နှစ်ပေါင်း(၂ဝ)အတွင်း ပီကင်းမှရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်ခ်မှ ဝါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ ဖူးသော နိုင်ငံများ (၂ဝ) ကျော်ခဲ့ သည်။

နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကိုလွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏ အေးချမ်းသော အသံသည် ဘဝ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့် အတွက် အင်အားပိုဖြစ်စေခဲ့သည်။

အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအို စာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကို စိတ်မပူဖို့၊ နေရာတကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲပြောသည်။ ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ အမေ ကျွန်တော့်ကို လွမ်းနေပြီ၊ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။

အမေ (၇၅) နှစ်ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေကိုဖျက်ပြီး အမေ့ဆီတစ်လပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှမတွေးဘဲ အမေ့အနားတွင်နေမည်။ ကျွန်တော်ပြန်လာခဲ့မည့် အကြောင်း အမေကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာများမှတ်၊ ကျွန်တော် ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အဝတ်အစား တွေပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ 

အသက်(၇၅)နှစ် ရှိနေပြီဖြစ်သော အမေ၊ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ ကျွန်တော် ပြန်လာဖို့အတွက်ပြင်ဆင်ရင်း မောဖို့မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကျွန်တော်ကြည်နူးနေမိသည်။ တကယ်တမ်း အမေနှင့်တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင်ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့်မတူတော့။ အမေတော်တော် အိုစာသွားခဲ့ပါလား ။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သောဟင်းများကို အမေစတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော် မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများအရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာမရှိတော့ ။ ဂွမ်းစောင်အစား သိုးမွေးစောင်နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကိုကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့ တွေ့ချင်လို့ပဲလေ။

အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့်ကျွန်တော် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘဝအကြောင်းများကို အမေထပ်တလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော (၁ဝ)နှစ်ခန့်က အမေအပ်ကြောင်းထပ်အောင်ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာဖြင့် ကျွန်တော့်၏ဘဝနှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး အမေပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည်တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။

မျက်စိများမှုန်ဝါးလာပြီဖြစ်သောကြောင့် အမေသည် ဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးနိုင်တော့ကြောင်း ကျွန်တော်သတိပြုလာ မိသည်။ အမေချက်သောဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။
အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း အမေပြောသည်။ ထမင်းချက်အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် “ငါလှုပ်ရှားနိုင်သေးတယ်။ ငါမအိုသေး” ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ ကျွန်တော်မရောက်နိုင်ခဲ့။ အကြောင်းအရာတစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟုအမေထင်နေသည်။ 

အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော်အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော်စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။ ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော်ရောက်ခဲ့ဖူးသမျှနိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက်ညှပ်ပြီး အမေ သိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။

မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကိုကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမဝင်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေကကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။

“ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့် ကိုပြပါလား” အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။ ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။ “ငါအိုသွားတဲ့အခါ”ဟုခေါင်းစဉ် တပ်ထားသော ၂ဝဝ၄နှစ် ၁၂ လပိုင်း ၆ရက်နေ့က သတင်းစာ ဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေးမှာ “ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပ်ါလောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တညပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။ စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။ အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင်ထိန်း ထားရင်း မနားတမ်း ဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အဝတ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကိုထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမဝင်သော်လည်း ထိုဆောင်းပါးပါသောဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာရောက်ရောက် ကျွန်တော့်အပါး အမြဲမခွာတော့။

ယခုထက်ထိ ထိုမှန်ဘောင်သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော်စာကြည့် စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော်လို့ဘဝတူ အမိမြေကိုခွဲပြီး အမေနှင့် ဝေးနေသူများအတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ ဖုန်းမဆက်နိုင်သော်လည်း အခါကြီးရက်ကြီးများတွင် အမေ့ကိုဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို စားချင်ကြောင်း...............  


Tuesday, July 29, 2014

အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲ ပြောနိုင်ပြီ



နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ကို ပြည်နယ်အစိုးရ ပြန်လည် ဖိတ်ခေါ်
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးကူညီစောင့်ရှောက်မှု လုပ်ငန်းတွေမလုပ်ဖို့ တားမြစ်ခံထားရတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ကို ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပြန်လည်ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရဲ့လုပ်ငန်းတွေ ကို ရခိုင်ပြည်နယ်အတွင်းမှာ ပြန်လည်လုပ်ကိုင်စေ ဖို့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က စစ်တွေမြို့က ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ မနေ့က သီးသန့်တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးမိုးဟိန်း က ပြောပါတယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေအတွက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ တောင်းဆိုထားပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ဟာ ရခိုင်ပြည်နယ်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ခွဲခြားကူညီပေးနေတယ်ဆိုပြီး ရခိုင်ပြည်နယ်ကနေ အပြီးအပိုင်ထွက်ခွာပေးဖို့ ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလက ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် အစိုးရက နယ်စည်းမခြားဆရာဝန်များအဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း ကူညီပေးရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းစေခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာရေး ကူညီမှုတွေဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ အဖွဲ့ပေါင်း (၂၄) ဖွဲ့ ရှိခဲ့ပါတယ်။
အခုလို MSF ကိုပြန်လည်ဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက လူတွေဖြစ်တဲ့အတွက် နှစ်ဘက်လုံးမှာ အမှားအယွင်း ရှိမှာပဲဖြစ်ကြောင်း၊ ကူညီရေးအဖွဲ့အားလုံး  အထူးသဖြင့် MSF ကို မိမိတို့နဲ့ အတူ ပြန်လည်လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှာ ကူညီရေးဝန်ထမ်းတွေ လုံခြုံရေး အတွက် အာမခံပါကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ဟာ ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ၂၂နှစ် ရှိပြီဖြစ်ပြီး၊ ဝန်ထမ်းပေါင်း ငါးရာ ဝန်းကျင် ရှိတဲ့ အကြီးဆုံးကူညီရေးအဖွဲ့လည်းဖြစ်ပါတယ်။

အခုအခါ ကူညီရေးအဖွဲ့တွေက ဝန်ထမ်းတွေ ၇ဝ ရာနှုန်းလောက် မြန်မာပြည်ပြန်ရောက်နေကြပြီလို့ ကုလ သမဂ္ဂ က ခန့်မှန်းပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ MSF က ဝန်ထမ်းတွေ မပါဝင်သေးပါဘူး။

အခုလို အစိုးရက ပြန်လည်ဖိတ်ကြားတဲ့အပေါ် MSF က ကြိုဆိုလိုက်ပြီး၊ အကြပ်အတည်းတွေကြားကနေ အသက်ကယ်လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

RFA - နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ကို ပြည်နယ်အစိုးရ ပြန်လည် ဖိတ်ခေါ် 

အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲ ပြောနိုင်ပြီ
  တစ်ချိန်က ကုရာနတ္တိ ဆေးမရှိခဲ့သော အေအိုင်ဒီအက်စ်ကို လာမည့် နှစ်ပိုင်းများအတွင်း တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲတင်းတင်း ပြောနိုင် သည့် အခြေအနေရောက် လာပြီ။  အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော AIDS ရာဂါကို ၂၀၃၀ ပြည့်နှစ်မှာ အပြည့်အ၀ ထိန်းချုပ်နိုင်မည်ဟု နိုင်ငံတကာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများက ရဲရဲတင်းတင်း ပြောလိုက်ပြီ။ ယခင်က ကုရာနတ်္ထိ ဆေးမရှိ၊ ယခုလည်း အမြစ် ပြတ်ကုစရာ ဆေးမရှိသေးသည့်တိုင် အပြည့်အ၀ ထိန်းချုပ်နိုင်မည်ဟု ဆိုလိုက်ခြင်းမှာ ယုတ်္တိမရှိဟု ထင်စရာရှိသည်။ မည်သည့် နည်းလမ်းများဖြင့် ထိန်းချုပ်ကြပါမည်နည်း။

၂၀၃၀ မှာ အေအိုင်ဒီအက်စ် အမြစ်ပြတ် ဆေးပေါ်ပြီး အားလုံးကို ကုသပေးနိုင်မည်ဟု မဆိုလို။ သို့သော် လက်ရှိပေါ်နေပြီဖြစ်သော အေအာဗွီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးဖြင့်ပင် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်သူ မရှိအောင် ၂၀၃၀ ခန့်တွင် ထိန်းချုပ်နိုင်တော့မည်။ ထိုအခါ အိပ်ခ်ျအိုင်ဗွီကြောင့်ဖြစ် သည့် အေအိုင် ဒီအက်စ်ဖြစ်ပွားသူ ပမာဏကိုလည်း ထိန်းချုပ်နိုင်တော့မည်။ အသစ်ကူးစက်၊ အသစ် ဖြစ်ပွားသူ မရှိအောင် ထိန်းနိုင်ပြီဆိုလျှင် အမြစ်ပြတ် တိုက်ဖျက်နိုင်ရေး လွန်စွာ နီးစပ်သွားပြီဖြစ်သည်။ လက်ရှိမှာပင် အေအာဗွီဆေးဖြင့် ကမ္ဘာတစ်ဝန်းမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူ (၁၃) သန်းကျော်ကို လူ့သက်တမ်းစေ့နေနိုင်အောင် စောင့်ရှောက်ထားနိုင်ပြီ။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီကို အသေမသတ်နိုင် သော်လည်း ခန္ဓာကိုယ်ထဲ ၀င်နေသော အိပ်ခ်ျ အိုင်ဗွီကို မလှုပ်နိုင်အောင်၊ ဆက်မပျံ့ပွားနိုင်အောင် ထိန်းပေးထားသည်။ ထိုသို့ ထိန်းလိုက်သဖြင့် အိပ်ခ်ျအိုင်ဗွီပိုးသည် ခန္ဓာကိုယ် ခုခံအားစနစ်ကို ဒုက္ခ မပေးနိုင်တော့။ ထိုအခါ ခုခံအားကျဆင်းသည့် အေအိုင်ဒီအက်စ်ရောဂါ အဆင့်သို့ မရောက်ရှိတော့ဘဲ ပိုးရှိလျက်နှင့်ပင် သက်တမ်းစေ့နေနိုင်သွားသည်။

အိပ်ခ်ျအိုင်ဗွီပိုးရှိသူ တစ်ဦးထံမှ ထပ်ဆင့်ကူးစက်ခံရသည့် နှုန်းကို တစ်ယောက်ထက် နည်းအောင် ကြိုးပမ်းသွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ အိပ်ခ်ျအိုင်ဗွီ ရှိသူ (၁၀) ဦးရှိသည်ဆိုပါက ထိုလူများက တစ်ဆင့် ထပ်ကူးခံရသူ ပမာဏသည် (၁၀) ဦးအောက်သာ ရှိအောင် ထိန်းချုပ်သွားမည်။ ထိုသို့ ထိန်းချုပ်သွားခြင်းဖြင့် အချိန်တို အတွင်းမှာပင် အိပ်ခ်ျအိုင်ဗွီဖြင့် နေထိုင်ရသူ ပမာဏသည် ကျပြီးရင်း ကျဆင်းသွားမည်။  အိပ်ခ်ျအိုင်ဗွီကို သိပ္ပံပညာက စတွေ့သည်မှာ (၃၃) နှစ်လောက်သာရှိ သေးသည်။ ထိုကာလတို အတွင်း အိပ်ခ်ျအိုင်ဗွီကို နိုင်နင်းအောင် ထိန်းချုပ်နိုင်သည့် အခြေအနေမျိုးရှိလာသည်မှာ ကြီးမားသော အောင်မြင်မှုကြီးဖြစ်သည်။သိပ္ပံသုတေသနပိုင်းကလည်း အားကောင်းသလို၊ နိုင်ငံရေး ပိုင်းကလည်း အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ်တိုက်ဖျက် ရေးအား တက်သရောရှိခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအဖွဲ့ကြီး UNAIDS ၏ စာရင်းအရ ပြီးခဲ့သည့်တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း အေအိုင်ဒီအက်စ် ဖြင့် လူ (၁ ဒသမ ၅)သန်း သေဆုံးကြောင်း သိရသည်။ သေဆုံးနှုန်း အများဆုံးဖြစ်ခဲ့သော ၂၀၀၅ ခုနှစ်က (၂ ဒသမ ၄) သန်းထက်သိသာစွာ လျော့ကျ လာပြီဖြစ်သည်။ သေဆုံးနှုန်းလျော့ကျလာသလို အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်ခံရသူနှုန်း ကလည်း တစ်နှစ်ပြီးတစ်နှစ် လျော့ကျလာနေပြီကို တွေ့ရသည်။ သို့ဖြစ်ရာ ၂၀၃၀ ပြည့်နှစ်ရောက်သည့်အခါ အိပ်ခ်ျအိုင်ဗွီ အသစ်ကူးစက်မှု လုံးဝထိန်းချုပ်နိုင်ရမည်ဟူသော ရည်မှန်းချက်မှာ အဓိပ္ပာယ်ရှိ၍ ဖြစ်နိုင်သော ရည်မှန်းချက်ဖြစ်သည်။  အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ရေး၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လက်နက်ကောင်းများကို ပြီးခဲ့သည့် အပတ်က သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ ကျင်းပခဲ့သောအကြိမ် (၂၀)မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် နိုင်ငံတကာမှ ပညာရှင်များ တင်ပြခဲ့ကြသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ အစည်းအဝေးတက်ရန် လာသည့် ကိုယ်စားလှယ် ခြောက်ဦးသည် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း၌ မလေးရှား လေယာဉ် MH 17 ပျက်ကျမှုတွင် ကွယ်လွန်ခဲ့ရသည်။ ၎င်း တို့အနက် တစ်ဦးမှာ နိုင်ငံတကာ အေအိုင်ဒီအက်စ် အဖွဲ့ကြီး (International AIDS Society) ၏ ဥက္ကဋ္ဌ ဟောင်းဂျိုးလန်း ဖြစ်သည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလှုပ်ရှားမှု၏ မီးရှူးတန်ဆောင်တစ်ဦး အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ မည်သို့ပင် ဆိုစေ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားမှုများကား အင်အားကောင်းကောင်း ဆက်ချီတက်မည်ဖြစ်သည်။

ကူးစက်မှု ဘရိတ်အုပ်

အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု ထိန်းချုပ်နိုင်မည့် နည်းလမ်းများစွာလည်း ရှိနေပြီဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်လာသော တောင်အာဖရိ က အေအိုင်ဒီအက်စ် သုတေသနစင်တာမှ စလင်းအဗ္ဗဒူးကာရင်မ်က ပြောသည်။ အိပ်ခ်ျအိုင်ဗွီ ရှိသူများကို ဆွေးနွေး ပညာပေးခြင်းနည်း၊ ကွန်ဒုံးသုံးခြင်း နည်း၊ အေအာဗွီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများပေးခြင်းနည်းများသည် လွန်စွာ ထိရောက် သောနည်းလမ်းများ ဖြစ်လာပြီ။ ထိရောက် သောနည်းလမ်း များထဲမှ ပို၍ထိရောက်သော နည်းလမ်းကား အေအာဗွီဆေး ဖြစ်သည်။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီရှိသူ ခန္ဓာကိုယ်ထဲက ပိုးကိုသိသိသာသာ ထိန်းချုပ် ပေးနိုင်ရာ ထိုသူမှတစ်ဆင့် အခြားသူများသို့ ကူးနိုင်ခြေ အလွန်နည်းသွားသည်အထိ ထိန်းချုပ်ပေးနိုင်ကြောင်း တွေ့ရသည်။

လေ့လာမှုတစ်ရပ်အရ ဇနီးခင်ပွန်း တစ်ဦးဦး၌ အိပ်ခ်ျအိုင်ဗွီရှိနေသော အိမ်ထောင်သည် စုံတွဲများတွင် ပိုးရှိသူကို အေအာဗွီဆေးသုံးစေပါက ကူးစက်မှု (၉၆) ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း တွေ့ရသည်။ ပုံမှန် နေ့စဉ်ဘ၀ လူပေါင်းစုံထဲတွင် ကူးစက်မှု လျှော့ချ ပေးနိုင်စွမ်းကိုလည်း လေ့လာမှု စစ်တမ်း တစ်ရပ်ပြုစုထားသည်။ တောင်အာဖရိကနိုင်ငံ ကွာဇူလူ-နာတယ် တက္ကသိုလ်က စစ်တမ်းပြုစုခြင်း ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ (၃၀)မှ (၄၀)ရာ ခိုင်နှုန်းထိကို အေအာဗွီဆေး တိုက်ကျွေးထားနိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများနှင့် အေအာဗွီ ဆေး (၁၀) ရာခိုင်နှုန်းခန့်သာ တိုက် ကျွေးထား နိုင်သော ဒေသများတွင် နေထိုင်သော ရောဂါ မရှိသူများကို ယှဉ်ကြည့်သည်။ ထိုအခါ အေအာဗွီဆေး ရာခိုင်နှုန်း များများ တိုက်ကျွေးထား နိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများသည် အိပ်ခ်ျအိုင်ဗွီကူးစက်ခံ ရနိုင်ခြေ (၃၈)ရာခိုင်နှုန်းထိ နည်းပါးကြောင်း တွေ့ခဲ့ရသည်။

အိပ်ခ်ျအိုင်ဗွီရှိသူများကို အေအာဗွီဆေးဖြင့် ထိန်းပေးနိုင်သလို အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ရနိုင်ခြေများသည့် ပတ်ဝန်းကျင်တွင် နေထိုင်သော လူကောင်းများအတွက်လည်း Truvada ကဲ့သို့အိပ်ခ်ျအိုင်ဗွီ ကာကွယ်ဆေးများရှိသေးသည်။ ဆန်ဖရန်စစ်္စကိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ရောဘတ် ဂရန့်သည် Truvada ဆေးကို အစဦး စမ်းသပ်တီထွင်သူများထဲတွင် ပါဝင်သည်။ မဲလ်ဘုန်းမြို့ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် မစ္စတာ ဂရန့်က ကမ္ဘာ့ တိုက်ကြီးလေးခုရှိ နေရာ (၁၁) နေရာတွင် ပြုလုပ်ခဲ့သော ၎င်း တို့၏ သုတေသနများအကြောင်း ဆွေးနွေးတင်ပြသွားသည်။

Truvada သည် အိပ်ခ်ျအိုင်ဗွီ ကူးစက် မခံရအောင် (၉၀)ရာခိုင်နှုန်းထိ ကာကွယ် ပေးနိုင်ကြောင်း မစ္စတာ ဂရန့်က ပြောသည်။ နေ့တိုင်း သောက်ဖို့လည်း မလို။ တစ်ပတ် လေးကြိမ်သောက်လျှင် စိတ်ချရသည်။ နေ့တိုင်းဆေးသောက်ဖို့ မေ့တတ်သူများအတွက် အဆင်ပြေစေမည်ဖြစ်သည်။ သို့သော် Truvada သည် ဈေးကြီးလွန်းနေသေးသည်။ ဆေးတစ်လစာကို ဒေါ်လာ(၁၃၀၀) လောက်ကျသင့်သည်။ ဈေးကြီးလွန်းခြင်းက Truvada  ၏ တွင်ကျယ်မှုကို အတားအဆီး ဖြစ်စေလျက်ရှိသည်။

အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ဖို့ လက်နက် ကောင်း တော်တော်များများရှိလာပြီ။ သို့သော် Truvada  ဥပမာကဲ့သို့ပင် ဈေးကြီးနေ သေးခြင်းသည် အတားအဆီး ဖြစ်နေသည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အတွက် နိုင်ငံရေးပိုင်း၏ စိတ်အားထက်သန်စွာ အားပေးမှုအရှိန်မသေဖို့လည်း လိုသေး သည်။ ၂၀၀၀ ပြည့်နှစ်တွင် စတင်ချမှတ် အကောင် အထည်ဖော်ခဲ့သော ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များထဲတွင် အေအိုင် ဒီအက်စ် တိုက်ဖျက်ရေးကို အဓိက လုပ်ငန်း စဉ်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းခဲ့သဖြင့် ကမ္ဘာ့ နိုင်ငံများသည်လည်း အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်။ သို့သော် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များသည် ၂၀၁၅ တွင် သက်တမ်းကုန်ဆုံးတော့မည်။ ၂၀၁၅ လွန်ရည်မှန်းချက် မူကြမ်းများထဲတွင် ကား အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးကို အဓိကအသားပေး ဖော်ပြထားသည်မျိုး မတွေ့ရသေးရာ နိုင်ငံရေးပိုင်းက စိတ်အား ထက်သန်မှုကျဆင်းသွားမှာ စိုးရိမ်ရသည်။ စိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ကမ္ဘာ တစ်ဝန်း တစ်နှစ်ကို ဒေါ်လာ(၁၉) ဘီလီယံ လိုအပ်ရာ ရှေ့လာမည့် နှစ်ပိုင်းများတွင် ပြည့်မီအောင် ကောက်ခံမရနိုင်မည့် အလားအလာများတွေ့နေရပြီ။ အေအိုင်ဒီ အက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများ ငွေနည်းနည်း နဲ့ အလုပ်များများတွင်အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှာဖွေကြရမည်။

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီးနောက် ဖြစ်နိုင်သမျှ အချိန်တိုအတွင်း အေအာဗွီဆေး သောက်သုံးနိုင်လျှင် အိပ်ခ်ျအိုင်ဗွီဆိုးကျိုး ခံစားရမှု အနည်း ဆုံးဖြစ်မည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ သို့သော် မည်သူသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ဖို့က မလွယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီပိုးရှိသူ (၃၅) သန်းရှိသည်။ ၎င်းတို့အနက်(၁၉) သန်းခန့် သည် အိပ်ခ်ျအိုင်ဗွီပိုး ရှိကြောင်း ကျန်းမာရေးအဖွဲ့များက ဖော်ထုတ်မှတ်တမ်းတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ဖော်ထုတ်သိရှိခြင်း မရှိသည့်အတွက် ထိုလူများကို အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးပေးဖို့ မဖြစ်နိုင်သေးသလို၊ ထိုသူများထံကတစ်ဆင့် အခြားသူများထံ မကူးစက်အောင် ပညာပေး ဆွေးနွေးခြင်းမျိုးလည်း မလုပ် နိုင်ဘဲ ဖြစ်နေသည်။ ထိုလူများ ကျန်ရှိနေသမျှ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ဖို့က ခက်နေဦးမည်ဖြစ်သည်။ အေအိုင်ဒီအက်စ် အဆုံးသတ်ပစ်ဖို့ ဝေးနေဦးမည်။ ထိန်းချုပ်ရေးအပြင် ကျန်ရှိနေသေးသူ (၃၅) သန်းခန့်ကို ပျောက်အောင် ကုပေးနိုင်အောင်လည်း ထပ်တိုး ကြိုးပမ်းကြရမည်။

လွန်ခဲ့သည့် နှစ်နှစ်က ၀ါရှင်တန်တွင် ကျင်းပသော (၁၉)ကြိမ်မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးမှု များထဲ၌ ကုသနိုင်မည့် မျှော်လင့်ချက်များလည်း ပါသည်။ အမေရိကန် နိုင်ငံ မစ်္စစ်္စပီပြည်နယ်မှ ကလေးငယ် မိန်းကလေး တစ်ဦးကို မွေးပြီးပြီးချင်းမှာပင် အေအာ ဗွီဆေးပေး၍ ကုသခဲ့သည်။ ကလေးငယ် သည် မိခင်ထံမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်လာ ခြင်းဖြစ်သည်။ ကလေးငယ်ကို (၁၈) လသားအထိ အေအာဗွီဆေးပေးကာ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူသည် နေရပ်ပြောင်းသွားရာ ကလေးကိုလည်း အေအာဗွီဆေး ဆက်တိုက်ကျွေးနိုင်ခြင်း မရှိဘဲ အဆက်ပြတ်သွားခဲ့သည်။ ကလေးနှင့် ပြန်ဆက်သွယ်နိုင်သည့် အချိန်တွင် စစ်ဆေးကြည့်ရာကလေးတွင် အိပ်ခ်ျအိုင်ဗွီပိုး လုံးဝမရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ထိုအတိုင်းမှန်လျှင် ကလေး၏ အိပ်ခ်ျအိုင်ဗွီကို ပျောက်အောင် ကုလိုက်နိုင်ပြီဟု ဆိုနိုင်သည်။ ဆရာဝန်များသည် ကလေးကို အေအာဗွီဆေး ဆက်မတိုက်ဘဲ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။ ယခု ဇူလိုင်လ ဆန်းပိုင်းတွင် ကလေးမှာ အိပ်ခ်ျအိုင်ဗွီ ပြန်ပေါ်လာ သည်။ ဆေးဖြတ်လိုက်ပြီး ၂၇ လအကြာတွင် အိပ်ခ်ျအိုင်ဗွီ တစ်ကျော့ပြန် ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ယောက်ကား ဂျာမနီနိုင်ငံ ဘာလင်မြို့မှ တင်မိုသီ ဘရောင်းဖြစ်သည်။ ဘရောင်းသည် အိပ်ခ်ျအိုင်ဗွီ ရှိပြီး သွေးကင်ဆာဒဏ် လည်း ခံစားနေရသဖြင့် သွေးကင်ဆာကုထုံးအဖြစ် ၎င်း ကို ရိုးတွင်းခြင်ဆီ လဲလှယ်ခဲ့သည်။ ၎င်း ထံ လဲလှယ် ထည့်သွင်းခဲ့သော ရိုးတွင်းခြင်ဆီသည် မျိုး ဗီဇအရ အိပ်ခ်ျအိုင်ဗွီဒဏ်ခံနိုင်သူတစ်ဦးထံမှ ဖြစ်ရာ ရိုးတွင်းခြင်ဆီ လဲလှယ်ပြီးနောက် ဘရောင်းတွင် အိပ်ခ်ျအိုင်ဗွီပိုး မရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ယခုအချိန်ထိ ဘရောင်းသည် ပထမဆုံးသော အိပ်ခ်ျအိုင်ဗွီ ကုသပျောက်ကင်းသူအဖြစ် သတ်မှတ်ခံထားရသည်။ဘရောင်းကို ကုသခဲ့သော နည်းမျိုးသည် လူတိုင်းကို လုပ်ပေးနိုင်သော နည်းကားမဟုတ်။

သုတေသနများက ဝေဒနာရှင်တစ်ဦးချင်းစီ၏ မျိုးဗီဇကိုယူကာ အိပ်ခ်ျအိုင်ဗွီဒဏ် ခံနိုင်သည့် မျိုးဗီဇများအဖြစ် ဓာတ်ခွဲခန်းတွင် ပြောင်းလဲပြီး နောက် ဝေဒနာရှင်ထံ ထည့် သွင်းပေးကာ အိပ်ခ်ျအိုင်ဗွီကို တိုက်မည့်နည်းကိုလည်း စမ်းသပ်နေကြပြီ။ ထိရောက်သော လက်တွေ့နည်းတစ်ရပ်အဖြစ် ပေါ်လာဖို့ အချိန်ယူ လုပ်ကိုင်ဖို့တော့ လိုသေးသည်။  တစ်နည်းမဟုတ် တစ်နည်းဖြင့်တော့ အိပ်ခ်ျအိုင်ဗွီကို မလွှဲမသွေ တိုက်ဖျက်နိုင်လာလိမ့်မည်။ ယခု ထိတော့ တိုက်ရိုက်ကုဆေး မရှိသေး။ သို့ဖြစ်ရာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ထားရသူများ လက်ရှိမှာ လုပ်ရန်ကား အကျိန်းသေဆုံးနည်းဖြစ်သည့် အေအာဗွီ ဆေး ပုံမှန်သောက်သုံးကြဖို့ ဖြစ်သည်။

ကိုထိုက်

Ref: The 20th International AIDS Conference _ Is the end in sight? (The Economist)

The Messenger - အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲ ပြောနိုင်ပြီ