(၅၂)နှစ်မြောက်
7 July အထိမ်းအမှတ် ပန်းခွေချဂါရ၀ပြုခြင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ
အဆောက်အအုံဟောင်းနေရာ၌ ဇူလိုင် ၇ ရက်က ပြုလုပ်စဉ်
ကျွန်တော်တို့နိုင်ငံရဲ့ ပစ္စက္ခ
အခြေအနေကို ရဲဝံ့စွာ အမှန်အတိုင်း သုံးသပ်ကြည့်မယ်ဆိုရင် ၂၀၁၅ မတိုင်မီ
(သို့မဟုတ်) ၂၀၁၅ မှာ ကြီးမားသော ပေါက်ကွဲမှု ဖြစ်လာနိုင်တယ်လို့ မြင်မိပါသည်။
စာဖတ်သူများ၊ နိုင်ငံရေးကို စိတ်ဝင်စားသူများကလည်း ထိုနည်းနှင်နှင် သုံးသပ်ကြပြီး
ရင်လေးနေမိကြပါသည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ အတိတ်ကဖြစ်ခဲ့သော
ဖြစ်ရပ်များကို ဆက်စပ်ပြီး အနာဂတ်အတွက် ဖြစ်လာနိုင်ခြေများကို တွက်စစ်မိခြင်းသာ
ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြောက်ဘက်မှ တောက်ဘက်ဖျားအထိ စိစစ်ကြည့်လျှင် ပြဿနာတွေ၊
စိန်ခေါ်မှုတွေက များပြားလှပါ၏။ ဒီတော့ ကျွန်တော်တို့တစ်တွေ အနာသိမှ ဆေးရှိမည်မို့
အနာကို မသိချင်ယောင် ဆောင်မနေဘဲ ဓာတ်မှန်ရိုက်သင့် ရိုက်၊ အီးစီဂျီရိုက်သင့်က
ရိုက် စသည်ဖြင့် တိကျမှန်ကန်စွာ စစ်ဆေးပြီး အနာနှင့်ဆေး တည့်အောင်ပေးဖို့
ကြိုးစားကြရပါမည်။
ကျွန်တော်သည် ပါတီအစွဲကင်းပြီး ဒီမိုကရေစီကို မြတ်နိုးစွာလိုလားသော ပြည်သူထဲမှ တစ်ယောက်သာဖြစ်ပါ၍ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေတွေကို ဖန်တီးတည်ဆောက်ကြရန်၊ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို တက်ညီလက်ညီ ဆောင်ရွက်ကြရန်၊ ထားသင့်ထားထိုက်သော လူကြီးလူကောင်းစိတ် (တစ်နည်းအားဖြင့်) တိုင်းပြည်၏အရေး မိဘပြည်သူများ၏ မျက်နှာကို ထောက်ထားရှေးရှုသော နိုင်ငံရေးသမားကောင်းတို့၏ စိတ်ထားများဖြင့် သဘောထားကြီးရင့်စွာ ဆောင်ရွက်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြောလိုပါသည်။
ယခု ကျွန်တော်တို့နိုင်ငံတွင် အတိတ်မှ ပုံရိပ်ဆိုးများနှင့် ပတ်သက်နေသော အစိုးရ၊ အတိတ်၏အရိပ်များ ထိုးခြင်းခံနေရသော ပြည်ခိုင်ဖြိုးပါတီ၊ လူထုချစ်ခင်လေးစား အားထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ ဘက်တော်သားတို့၏ ရှေ့ဆောင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြားသော တိုင်းရင်းသားပါတီများ အပါအ၀င် ဒီမိုကရေစီအင်အားစုများ စသည်ဖြင့် အင်အားအစုအဖွဲ့များကို တွေ့ရပါမည်။ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အပစ်အခတ်ရပ်စဲရုံသာမက ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရမည့် အခက်အခဲများ၊ အမိနိုင်ငံ၏ မြေအောက်သယံဇာတ အသုံးချမှုများ၊ ရောင်းချခြင်း၊ လုပ်ပိုင်ခွင့်ပေးခြင်းနှင့် ပြည်သူတို့၏ မကျေနပ်မှုများ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ စသည်ဖြင့် ဒီမိုကရေစီခရီး၏ စိန်ခေါ်မှုများကိုလည်း တွေ့ရပါမည်။

တိုင်းပြည်နှင့်လူမျိုး
အကျိုးစီးပွားအတွက် ဆောင်ရွက်လုပ်ကိုင်ကြရာတွင် ပုဂံခေတ် ကျောက်စာတစ်ချပ်ဖြစ်သော
“သိင်္ဃသူ့သမီး” ကျောက်စာထဲ၌ သိင်္ဃသူ့သမီးက “အချင်းချင်း အမျက်အဤ တစေ့မရှိ
ချစ်သောမျက်စိဖြင့် ရှုကြစေကုန်၏” ဟူ၍ ရေးထိုးထားသကဲ့သို့ပင် တစ်ဖွဲ့နှင့်တစ်ဖွဲ့၊
တစ်သင်းနှင့်တစ်သင်း၊ တစ်ဦးနှင့်တစ်ဦး အပြစ်မြင်သော မျက်စိဖြင့် မကြည့်ဘဲ
ချစ်ခင်သောမျက်စိဖြင့် ကြည့်ရှုကာ တိုင်းပြည်နှင့် လူမျိုးအရေး ဆွေးနွေးချစ်ကြည်စွာ
ဆောင်ရွက်ပေးကြပါဟူ၍ . . . . .
ဒီတော့ ကျွန်တော်တို့ “ဘာလုပ်ကြရင်
ကောင်းမလဲ” ဟု မစဉ်းစားမီ ပြဿနာ များ၊ စိန်ခေါ်မှု အခက်အခဲများကို နှစ်ဦးနှစ်ဖက်
သဘောထားကွဲလွဲမှု၊ တင်းမာမှု၊ ဆန့်ကျင်ဘက်အုပ်စုများ၊ အစုအဖွဲ့များ၊
တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးသော ပုဂ္ဂိုလ်များသည် မည်သို့သော
စိတ်ထားမျိုးနှင့် ဖြေရှင်းညှိနှိုင်း ဆောင်ရွက်မလဲဟူသော အတွေးဖြင့်
စိတ်သဘောထားများကို အရင်ကြိုတင်ပြုပြင်၍ ဆောင်ရွက်သင့်ကြသည်ဟု ကျွန်တော်ယူဆပါသည်။
ထိုသို့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းရန် စိတ်သဘောထားကြီးရင့်နိုင်မှု မရှိလျှင်၊ အတ္တအစွဲများ ဖယ်ခွာ၍ မိဘပြည်သူများ၏ ဆန္ဒ၊ မိဘပြည်သူများ၏ အသံကို နားမထောင်ဘဲ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ပုံစံမျိုးဖြင့် သဘောထားကွဲလွဲသူကို ရန်သူပမာ သဘောထားနေကြလျှင် ရင်ထဲ၌ မရှင်းလင်းဘဲ၊ မဖြူစင်ဘဲ ဆွေးနွေးပွဲတွေ တခြိမ့်ခြိမ့် ကျင်းပနေရုံ၊ လွှတ်တော်ထဲ ပြောနေကြရုံ၊ မှတ်တမ်းတင်နေကြရုံ၊ အုပ်စုအသီးသီးကလည်း မိမိတို့ပြောလိုရာကိုသာ တစ်ဖက်သတ်ပြောနေ၊ ရေးနေကြရုံဖြင့် ယာညက်ကြက်ပန်းဖြစ်ပြီးလျှင် ဘေးလူစားသွားပါလိမ့်မည်။ တိုင်းပြည်အခြေအနေ ပို၍ဆိုးရွား သွားပါလိမ့်မည်။
အတိတ်ကခါးသီးသော အတွေ့အကြုံများကြောင့် မိဘပြည်သူ အများစုသည် ဒီမိုကရေစီ အင်အားစုများ၊ ဒီမိုကရေစီ ဘက်တော်သားများအပေါ် ယုံကြည်ကိုးစား အားထားမျှော်လင့်ကြသည်မှာ ထင်ရှားလှပါသည်။ သို့သော် လက်တွေ့တွင် နိုင်ငံရေးပါးမ၀သော အပြောအဆို၊ အပြုအမူများ၊ တစ်ဆင့်ချင်းသွားရမည့် အလုပ်ကို ခုန်ကျော်ပျံလွှားသွားမိ၍ ကောင်းကျိုးထက် ဆိုးကျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရသည်များ၊ မိဘပြည်သူတို့၏ ဒုက္ခတရားများကို ဥပေက္ခာပြုသည့် သဘောဆန်သည့် လုပ်ဆောင်ချက်များ၊ မြို့နယ်အဖွဲ့အစည်းများ၏ အောက်ခြေမှ လူငယ်၊ လူရွယ်၊ လူလတ် အတော်များများ၏ နိုင်ငံရေးအတွေ့အကြုံနှင့် နိုင်ငံရေးဝမ်းစာ အားနည်းမှုများ၊ မိမိတို့၏ လိုအပ်ချက်၊ ပျော့ကွက်၊ ဟာကွက်များကို ဖြည့်ဆည်းပြုပြင်ရကောင်းမှန်း မသိသော အချက်များက ပြည်သူလူထု၏ စိတ်ပျက်ခြင်း၊ အယုံအကြည် ကင်းမဲ့လာခြင်းတို့နှင့် ရင်ဆိုင်ရနိုင်ပါသည်။
အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ် အသီးသီးတို့အား မေးခွန်းတစ်ခုကို လေးနက်စွာ မေးချင်ပါသည်။ “တိုင်းပြည်နှင့် လူမျိုးအပေါ် အမှန်တကယ် ချစ်ကြပါရဲ့လား” မိမိတို့ သွေးသားထဲတွင် ရိုးတွင်းခြင်ဆီစိမ့်မျှ တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ပါသည်ဆိုလျှင်...
(၁) အတိတ်ကအဖြစ်ဆိုးများကို သင်ပုန်းချေမေ့ဖျောက်၍ သဘောထားကြီးရင့်မှုကို ပြကြပါ။
(၂) အတိတ်ကစရိုက်ဆိုးများ၊ အကျင့်ဆိုးများကို ပြင်ကြပါ။
(၃) တိုင်းတစ်ပါးသားတို့ ၀င်ရောက်ခြယ်လှယ် လွှမ်းမိုးမှုများကို ကန့်သတ်စိစစ်ပြီး တိုင်းရင်းသားတို့၏ လုပ်ပိုင်ခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်များကို ဦးစားပေးကြပါ။
(၄) တိုင်းရင်းသား မိဘပြည်သူများ၏ဘ၀ ပြည့်စုံဖူလုံစွာ ရပ်တည်နိုင်ရေးအတွက် နည်းလမ်းများရှာကြံ ထောက်ပံ့ကူညီပေးကြပါ။ (ဥပမာအားဖြင့် လယ်မဲ့၊ ယာမဲ့ အဖြစ်ဆိုးများကို အမြန်ကုစားပေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို တိုးတက်လာစေရန် နိုင်ငံခြားသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ နည်းပညာများဖြန့်ဖြူးခြင်း၊ အလုပ်လက်မဲ့များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း)
(၅) စမ်းသပ်ခြင်းဖြင့် အချိန်ကုန်နေသော ပညာရေးစနစ်ကို လူသားအရင်းအမြစ်များ အမှန်တကယ် ဖွံ့ဖြိုးပြီး တိုင်းပြည်အား အကျိုးပြုနိုင်သည့် ပညာရေးစနစ်ကို အလျင်အမြန်ဆုံး ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်ပေးကြရန်။
(၆) အောက်ခြေလူတန်းစား မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဆောင်ရွက်နေကြသော လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စရိတ်မျှပေးစရာမလိုသော ကျန်းမာရေးစနစ်ကို ထူထောင်ပေးကြပါ။
(၇) လက်ဆွဲနှုတ်ဆက်၍ ပြုံးပြရုံသာမဟုတ်ဘဲ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို စိတ်ထားဖြင့် စစ်မှန်သော “ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး” ကို မာယာသာဌေယျ ကင်းကင်းဖြင့် ဖော်ဆောင်ပေးကြပါ။
(၈) မိမိအိမ်သို့ ရောက်လာသော ‘ဧည့်သည်’ သည် မိမိအိမ်၏ စည်းကမ်းကို လိုက်နာ၍ ဧည့်သည်ပီသစွာ နေရမည်မှာ ဓမ္မတာမို့ လူ့အခွင့်အရေးပေတံသည် နေရာတကာ အသုံးပြု၍ မရနိုင်ကြောင်းကို နားလည်သဘောပေါက်ပြီးလျှင် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဥပဒေများ ရေးဆွဲထားကြမှသာ “လူမြို” သည့်ဘေးမှ ကင်းဝေးနိုင်မည်ကိုလည်း သတိချပ်ပေးကြပါ။
(၉) သဘာဝ သယံဇာတများသည် မကုန်ခန်းနိုင်သောအရာ မဟုတ်သည်ကို သိနားလည်ပြီး ရေရှည်ကိုမကြည့် ထင်သာမြင်သာမရှိဘဲ မိဘပြည်သူများ၏ သဘောဆန္ဒကို ဆန့်ကျင်ကာ မည်သည့်စီမံကိန်းကိုမျှ မလုပ်ဆောင်သင့်ပါ။
(၁၀) နိုင်ငံနှင့် လူမျိုးအကျိုးကို အသာထား ဘနဖူးသိုက်တူးရန် ၀န်မလေးသော အတ္တ၀ါဒီ ခရိုနီကြီးများ၏ ပက်စက်သော လုပ်ဆောင်ချက်များကို မသိကျိုးကျွန် ပြုမနေဘဲ အလျင်အမြန် ရပ်တန်းက ရပ်ပစ်ကြပါ။
(၁၁) မိဘပြည်သူတို့၏ သား၊ သမီးများဖစ်ကြပြီး တိုင်းပြည်အတွက် အသက်စွန့်ရန် ၀န်မလေးသော မြန်မာ့တပ်မတော်ကြီးသည်လည်း မိဘပြည်သူတို့၏အသံ၊ မိဘပြည်သူတို့၏ဘ၀ကို အမှန်အတိုင်း သိမြင်၍ မိဘပြည်သူတို့၏ဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာ ပိုမိုကြီးမား တိုးတက်စေရန် ဆောင်ရွက်ပေးကြပါ စသည်ဖြင့် ဖြစ်စေချင်သော၊ လိုလားတောင့်တသော အချက်များကို ပြည်သူတစ်ယောက်အနေဖြင့် ရင်ဖွင့်တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
သို့သော် ထိုသို့သော တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားအတွက် ဆောင်ရွက်လုပ်ကိုင်ကြရာတွင် ပုဂံခေတ် ကျောက်စာတစ်ချပ်ဖြစ်သော “သိင်္ဃသူ့သမီး” ကျောက်စာထဲ၌ သိင်္ဃသူ့သမီးက “အချင်းချင်း အမျက်အဤ တစေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြစေကုန်၏” ဟူ၍ ရေးထိုးထားသကဲ့သို့ပင် တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်သင်းနှင့်တစ်သင်း၊ တစ်ဦးနှင့်တစ်ဦး အပြစ်မြင်သော မျက်စိဖြင့် မကြည့်ဘဲ ချစ်ခင်သောမျက်စိဖြင့် ကြည့်ရှုကာ တိုင်းပြည်နှင့် လူမျိုးအရေး ဆွေးနွေးချစ်ကြည်စွာ ဆောင်ရွက်ပေးကြပါဟူ၍ ပြည်သူတစ်ယောက်အနေဖြင့် ဆန္ဒများကို ရေးသားလိုက်ရပါသည်။

Written by:
No comments:
Post a Comment