Saturday, July 5, 2014

ဂျာနယ်အစုံက ဟင်းချက်နည်းများ



မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာပါသမျှဟင်းလျာတွေကိုချက်ပြုတ်ရာမှာ ပါဝင်ပစ္စည်းတော်တော်များများက တချို့အိမ်တွေမှာ အသင့်မရှိ တတ်ပါဘူး။ အထူးသဖြင့် မြန်မာလူမျိုးတွေနဲ့အသားကျမနေတဲ့ဟင်းလျာများကိုချက်ပြုတ်ရာမှာဖြစ်ပါတယ်။ 

အဲ့လိုမျိုးတွေဆိုရင်တော့ ကျွန်တော်က ကူးထားလေ့မရှိဘဲ ဖတ်ရုံသာဖတ်တတ်ပါတယ်။ ပြီးတော့ ကျွန်တော့်ပါးစပ်ကလည်း အာရှအစားအစာများကိုသာ ကြိုက်နှစ်သက်အာသာပြေလေ့ရှိပြီး အနောက်တိုင်းအစားအစာအများစုကိုတော့ သိပ်မကြိုက်တတ်ပါဘူး။

ကဲကဲ….မီးတို့အကြိုက် မွန်းလိုက်အချိုရည်တော့မဟုတ်ပါ ဂျာနယ်ထဲကဟင်းလျာတွေထဲက တစ်ချို့ကို ကူးယူဖော်ပြပါတော့မယ်။ သွားရည်ကျပြီး ကူးရေးလိုက်ခြင်းပါနော်။

(၁) ပဲကြာဆံနှင့် ပုစွန်
ပမာဏ - ၄ဦးစာ
ပြင်ဆင်ချိန် - ၂၀မိနစ်
ချက်ပြုတ်ချိန် - ၂၀မိနစ်ခန့်

ပါဝင်ပစ္စည်းများ
အမြစ်ပါသည့် နံနံပင် ၄ပင်၊ ချင်း ၆စင်တီမီတာခန့်(ထောင်းထားပါ)၊ ဆီ ဟင်းစားဇွန်း ၂ဇွန်း၊ ကြက်သွန်ဖြူ ၃မြွှာ(စဉ်းထားပါ)၊ နံနံပင် စဉ်းပြီးသားကော်ဖီဇွန်း ၁ဇွန်းစာခန့်၊ ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်း ၁ဇွန်းစာခန့်၊ ကြက်ပြုတ်ရည် - ၂၅၀မီလီလီတာ (ဖန်ခွက်၁ခွက်စာ ခန့်)၊ ငံပြာရည် ကော်ဖီဇွန်း ၁ဇွန်း၊ ပဲငံပြာရည်အပျစ် ကော်ဖီဇွန်း ၁/၂ ဇွန်း၊ ပဲကြာဆံ ၁၀၀ ဂရမ် (၁၅မိနစ်ခန့်ရေစိမ်ထားပါ)၊ ပုစွန်ကြား ၁ကီလို(၆၀ကျပ်သားခန့်) အခွံချွတ် ရေဆေးထားပါ။

ပြုလုပ်ပြင်ဆင်ပုံ
မုန့်ဖုတ်အပူပေးစက် Oven ကို 180·C (350·F) ရောက်အောင် ထားပါ။ နံနံပင်အမြစ်နှင့် ရိုးတံ ၁လက်မခန့် ချန်ပြီးဖြတ်ကာ ရေစင်အောင်ဆေးပြီး ဓားပြားရိုက်ကာ စဉ်းထားပါ။ နံနံပင်အရွက်ကလေးများကိုလည်း လှီးဖြတ်ထားပါ။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊နံနံပင်အမြစ်များ၊ချင်း၊ငရုတ်ကောင်းတို့ကို အနံ့ထွက်လာသည်အထိကြော်ပါ။

အနံ့မွှေးလာလျှင် ကြက်ပြုတ်ရည်၊ ငံပြာရည်၊ပဲငံပြာရည်အပျစ်နှင့် ပဲကြာဆံထည့်ပြီး ဆူပွက်အောင်တည်ပါ။ ဆူပွက်လာလျှင် ပုစွန်ထည့်ပြီး အဖုံးအုပ်ထားပါ။ ပြီးလျှင် မုန့်ဖုတ်ရာတွင်သုံးသည့် အပူခံပန်းကန်လုံးထဲသို့ ပြောင်းထည့်ပြီး အဖုံးအုပ်လျက် ၁၀မိနစ်ခန့် Oven ထဲမှာ ဖုတ်ထားပါ။ ပုစွန်လေးများ ပန်းရောင်သန်းလာလျှင် ကျက်ပါပြီ။
Oven ထဲမှထုတ်ယူပြီး နံနံပင်ဖြူးကာ  ထမင်းဖြူနှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

(၂)  ငါးခုအသားနုပ်နုပ်စင်းကြော် (ချက်ပြုတ်သူ အန်တီမီးမီး)

ပါဝင်ပစ္စည်းများ
လယ်ငါးခူအကောင်ကြီး ၃ကောင်၊ ကြက်သွန်ဖြူအကြီး ၄မြွှာ၊ ကြက်သွန်အနီ ၂လုံး၊ ဂျင်း အနည်းငယ်၊ နနွင်းမှုန့် အနည်းငယ်၊ ငရုတ်သီးစိမ်း ၅တောင့်၊ ရှမ်းနံနံ/နံနံပင် အနည်းငယ်၊ ဆီမွှေး စားပွဲတင်ဇွန်း ၁ဇွန်း၊ ပဲပိစပ်ဆီ ၁၅ကျပ်သား၊ ကြက်သားအမှုန့် စားပွဲတင်ဇွန်း ၁/၃ ၊ကင်းမွန်ငံပြာရည် အနည်းငယ်၊ သကြား အနည်းငယ်၊

ပြင်ဆင်ချက်ပြုတ်ပုံ
ငါးကိုခေါင်းပိုင်းဖြတ်ထုတ်၍ ဗိုက်ဖောက်ပြီး အရိအရွဲများစင်အောင်ပြာနဲ့ ခပ်နာနာပွတ်တိုက်ကာ ရေစင်အောင်ဆေးပါ။ ပြီးလျှင် ငါးအသားကိုလွှာယူပြီး နုပ်နုပ်စင်း၍ ကြက်သားအမှုန့်နဲ့ နယ်ပေးထားပါ။

ဂျင်းနဲ့ကြက်သွန်ဖြူကိုထောင်းပါ။ ကြက်သွန်အနီကို ကန့်လန့်ဖြတ်အကွင်းလေးဖြစ်အောင်လှီးဖြတ်ပါ။ ငရုတ်သီးအစိမ်းကို ပါးပါးလှီးထား။ ရှမ်းနံနံနဲ့ နံနံပင်အရွက်ကိုရေဆေးပြီး နုပ်နုပ်စင်းပါ။

မတူးမကပ်တဲ့ဒယ်တွင် ဆီမွှေးနဲ့ပဲပိစပ်ဆီကိုထည့်ပြီး အပူပေးပါ။ ဆီပူရန်ကြက်သွန်ဖြူ၊အနီ၊ဂျင်း၊နနွင်းမှုန့်တို့ကိုထည့်ဆီသတ်ပါ။
နံနံပင်အရွက်များကို ထည့်ဆီသတ်ပါ။ သကြား၊ငံပြာရည်၊ငရုတ်သီးစိမ်းတို့ကိုပါထည့်ပေးရပါမယ်။ 

ကြက်သွန်များအစိမ်းနံ့ပျောက်သွားမှ ငါးအသားများထည့်ကြော်ပြီး သမအောင်မွှေပါ။ ၂၅မိနစ်လောက်ကြော်ပေးရင် ငါးအသားကျက်ပါပြီ။ အကယ်၍ ငါးအသားကိုကြွပ်ရွတဲ့ အရသာကို စားချင်တယ်ဆိုရင် ငါးအသားကို မိမိစိတ်ကြိုက်ဖြစ်တဲ့အထိ အချိန်တိုးပြီးဆက်ကြော်နိုင်ပါတယ်။

ချိုစပ်ပြီး မွှေးရနံ့သင်းနေတဲ့ငါးဟင်းလျာတစ်မျိုးဖြစ်ပါတယ်။

(၃) ၀က်နံရိုးပေါင်း မုန့်ညင်းရွက်စွပ်ပြုတ် (ချက်ပြုတ်သူ အန်တီမီးမီး)

ပါဝင်ပစ္စည်းများ
အသားထူထူဝက်နံရိုး ၃၀ကျပ်သား၊ မုန့်ညင်းရွက်ဖြူ ၁စည်း၊ ကြက်သွန်ဖြူအကြီး ၄မြွှာ၊ ဂျင်း အနည်းငယ်၊ ငရုတ်ကောင်းအမှုန့် အနည်းငယ်၊ သကြား အနည်းငယ်၊ ကြက်သားအမှုန့် စားပွဲတင်ဇွန်းတစ်ဝက်၊ ငံပြာရည်(အချို) စားပွဲတင်ဇွန်း တစ်ဝက်၊ ဆား(လိုအပ်မှ) အနည်းငယ်။

ပြင်ဆင်ချက်ပြုတ်ပုံ
ဝက်နံရိုးကိုတုံးပြီး သွေးများစင်သွားအောင် ရေဖြင့် ၁၀မိနစ်ခန့်စိမ်ပေးပြီးမှ စင်ကြယ်အောင်ဆေးပါ။ ပြီးလျှင် ပေါင်းအိုးထဲမှာ ရေဖန်ခွက် ၄ခွက်စာခန့်နှင့် ၀က်နံရိုးကိုထည့်ပါ။

ကြက်သွန်ဖြူနဲ့ဂျင်းကိုထောင်းထည့်ပါ။ သကြား၊ကြက်သားအမှုန့်၊ငံပြာရည်၊ငရုတ်ကောင်းအမှုန့်တို့ကိုပါထည့်ပြီး ၂၅မိနစ်ခန့်ပေါင်းပေးပါ။

ဝက်နံရိုးပေါင်းနေတဲ့အချိန်တွင် မုန့်ညင်းရွက်ကို အနေတော်ပိုင်းဖြတ်ပြီး ကျက်ရုံလေးရေနွေးဖျောထားပေးပါ။ ပြီးလျှင်ဆယ်ယူပြီး ရေခဲရေ နှင့် ခဏစိမ်ထားပေးရပါမယ်။ အရွက်များ မည်းမသွားစေရန်အတွက်ပါ။

ပေါင်းထားတဲ့ဝက်နံရိုး နူးအိသွားလျှင် ဟင်းရည်ပူပူထဲမှာ မုန့်ညင်းရွက်များအုပ်ခတ်ပေး၍ စားသုံးပါ။ 

ဝက်နံရိုးပေါင်းဟင်းရည်အနည်း အများကို မိမိစိတ်ကြိုက်ပြင်ဆင်ချက်ပြုတ်ပါ။

မှတ်ချက်။ ။ ကြက်သားအမှုန့်နဲ့ ငံပြာရည်တို့တွင် အငံဓာတ်ပါပြီးဖြစ်တဲ့အတွက်(ဆား)ကိုလိုအပ်မှ ထည့်သုံးပါ။

No comments: