Monday, July 28, 2014

လူကိုလူချင်း ကုန်ကူးမှု ပတ်ဝန်းကျင်တွင် ဂရုပြု



မိမိ အကျိုးစီးပွားကို အဓိက ကြည့်၍ အတ္တစိတ်ဖြင့် လူသား အချင်းချင်း စာနာမှု ကင်းမဲ့စွာ လူက လူကို ကျွန်ပြု ခိုင်းစေခြင်းကို အသုံးချခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း၊ ရောင်းကုန် သက်မဲ့အသွင် ဖော်ဆောင်ခြင်း သည် လူကုန်ကူး ခံရသူအတွက် လွန်စွာမှ နစ်နာသည်။ မိသားစုပါ ယှဉ်တွဲ၍ နာကြည်း ကြရသည်။

လူက လူကို ခိုင်းစေခြင်း၊ ကုန်ပစ္စည်း သဖွယ် ရောင်းကုန် ပြုလုပ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ ပြည့်တန်ဆာ ပြုခြင်း၊ အနှိပ်ခန်းသို့ ပို့ဆောင်ခြင်း၊ လုပ်အား ခေါင်းပုံဖြတ်ခြင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်သို့ ပို့ဆောင် ပေးခြင်း တို့သည် လူသား တစ်ဦး၏ မွေးရာပါ အခွင့်အရေးကို ရုပ်ပိုင်းဘဝ၊ ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက် နစ်နာ စေသည်။

လူကုန်ကူး ခြင်းသည် စီးပွားရေး ဆန်ဆန် အသိဉာဏ ကင်းမဲ့စွာ ပြုလုပ်ခြင်းက လူသား တစ်ဦးချင်း၏ မွေးရာပါ အခွင့်အရေး၊ အမျိုးဂုဏ် သိက္ခာ၊ ဇာတိမာန်ကို ထိခိုက် ပျက်ပြား စေသော လုပ်ရပ် ဖြစ်သည်။ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ တစ်ရပ်ကို ရေးဆွဲပြီး ၂ဝဝ၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တိတိပပ ပြဋ္ဌာန်း နိုင်ခဲ့သည်။

မေတ္တာ၊ သစ္စာ၊ မုဒိတာ တရားများ ပြီးပြည့်စုံသော မွေးရာပါ ပင်ကို စိတ်ဓာတ် ပြည့်ဝသော လူမှုရေး နယ်ပယ်တွင် လူကုန်ကူး ခံရခြင်းသည် မလိုအပ်သော ဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။

လူကုန်ကူး ခံရသော အမျိုးသမီး၊ ကလေးသူငယ် နှင့် လူငယ်များ အတွက် ၄င်းတို့၏ အနာဂတ်ဘဝ သာယာလှပရေး၊ ဂုဏ်သိက္ခာ လုံခြုံရေး အတွက် အဖွဲ့အစည်း အသီးသီးက ပူးပေါင်း ကာကွယ် စောင့်ရှောက် ကြရပေမည်။

ပြည်ထဲရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အစိုးရ မဟုတ်သော NGO များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များက လူကုန်ကူး ခံရသူများ ဘက်မှ ရပ်တည်၍ ပူးပေါင်း ဆောင်ရွက် ကြရပေမည်။

တရားရုံးများ၌ လူကုန်ကူး ခံရသော အမျိုးသမီးများကို စစ်ဆေးရာတွင် လုံခြုံစွာ ပြောပြ နိုင်ရေးအတွက် သီးသန့်ခန်းများ စီစဉ်ထား ရှိသည်။ အမှန်တရားကို ဖော်ထုတ် စစ်ဆေးရာတွင် အမျိုးသမီးများ အရှက်မရ စေရေး၊ လုံခြုံစွာ ပြောဆိုနိုင်ရေး အတွက် ဖြစ်သည်။ အမျိုးသမီး ရေးရာအဖွဲ့မှ နှစ်သိမ့် ဆွေးနွေး အကြံပေးမှု ကိုလည်း ပြုလုပ် နိုင်သည်။ အကြမ်းဖက် ခံရသူ အားကိုးရာမဲ့ အမျိုးသမီး များကို မိမိကိုယ်ကို မိမိ ယုံကြည်မှုအပြည့်အဝ ရရှိစေရန် လူ့ အသိုင်းအဝိုင်း ထဲသို့ ပြန်လည် ဝင်ဆံ့နိုင်ရန် နှစ်သိမ့် ပညာပေး ဟောပြော ကြသည်။ ဆုပ်လည်းစူး၊ စားလည်းရူး သေမထူး နေမထူး စိတ်ဓာတ်ဖြင့် မိမိ ရင်ဆိုင် ကျင်လည် နေရသော ဘဝ ပတ်ဝန်းကျင်၌ ပိုးဖလံမျိုး မီးကို ဆက်ကာတိုး ချင်ကြသည်။ ကာယကံရှင် အမျိုးသမီး အဖို့ ဘဝတစ်ခုလုံး ဆုံးရှုံး နစ်နာကြ ရသည်။

ယနေ့ ခေတ်စား နေသော ကာရာအိုကေ၊ ကေတီဗွီ၊ စင်တင် တေးဂီတ၊ ဘီယာဆိုင်၊ အနှိပ်ခန်း၊ ဒေးကလပ်၊ နိုက်ကလပ်များ ရေပန်းစား နေကြရာ ဆူလွယ် နပ်လွယ် နည်းဖြင့် ဝင်ငွေရအောင် ရှာကြံ လိုကြသော အမျိုးသမီး များက သမာအာဇီဝ ဖြင့် ဝင်ငွေရအောင် မရှာကြံ လိုဘဲ ဖြတ်လမ်း နည်းဖြင့် ငွေ အသုံးစရိတ်ကို ဖြေရှင်း ရယူ လိုက်ကြသည်။ အမျိုးသားဘက်၊ အမျိုးသမီးဘက် နှစ်ဖက်စလုံး အရှုံးဖြင့်သာ ရင်ဆိုင်ရသော လုပ်ငန်းအဖြစ် အသိုင်း အဝိုင်း အားလုံးက ဘက်စုံ ပေါင်းစုံ တိုက်ဖျက်ကြ ရပေမည်။

''နိုင်ငံတော်သည် ကျေးကျွန် ပြုမှုနှင့် လူကုန်ကူးမှု များကို တားမြစ် ထားသည်'' ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၈ ၌ အတိအလင်း ပြဋ္ဌာန်းပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အဖြစ် စက်တင်ဘာ ၁၃ ရက်ကို သတ်မှတ်၍ ကျယ်ကျယ် ပြန့်ပြန့် ကျင်းပ ပေးခဲ့သည်။

လူကုန်ကူးမှု ကို စီးပွားရေး ဆန်ဆန် ပြုလုပ် လာကြရာ အသက်အရွယ် အပိုင်းအခြား မရွေး၊ အဆင့်အတန်း မခွဲခြားဘဲ တွေ့သူကို ကြုံသလို ဆွဲဆောင် သိမ်းသွင်းပြီး တောင်းရမ်းမှု စေခိုင်းသည်။ အိမ်ဖော် အဖြစ် ပေးပို့သည်။ သားမယားအဖြစ် ပေါင်းသင်းရန် မက်လုံး ပေးသည်။ ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေး စေသည်။ လူကုန်ကူးခြင်း၊ သက်ရှိ လူသားကို သက်မဲ့ကုန် ပစ္စည်းပမာ အတင်းအဓမ္မ ကျွန်ပြုခြင်း သည် ပြည်ပနှင့် ပြည်တွင်း နှစ်နေရာ စလုံးတွင် သွယ်ဝိုက်၍ ဆောင်ရွက် နေကြသည်။

မြန်မာ အမျိုးသမီး အချို့သည် မိရိုးဖလာ စိတ်ထား၊ အသွင်၊ စရိုက်အရ အယုံလွယ်ခြင်း၊ လတ်တလော ဖြစ်ပေါ် နေသော စားဝတ်နေရေး ကို ဖြေရှင်း လိုသော စိတ်ဆန္ဒဖြင့် ငွေကြေး လိုအပ်ချက်ကို ဖြေရှင်း လိုက်ရာမှ လူကုန် ကူးခံဘဝသို့ စုံးစုံးနစ်မြုပ် ကြရသည်။ စီးပွားရေး ရှုထောင့်က အကျိုးအမြတ်ကို ဦးတည်ပြီး ဆွေမျိုး သားချင်း များကိုပင် လူကုန်ကူးမှု ဖြင့် ဝိသမ လောဘ အလိုသို့ လိုက်၍ ငွေကြေး ဖလှယ်မှုကို နေ့စဉ်ကြားသိ နေရသည်။ လူပွဲစားများမှ တစ်ဆင့် တင်ပို့ ရောင်းချခံ ခဲ့ရသော နယ်စပ် ဖြတ်ကျော် လူကုန်ကူးမှုက တရုတ်နိုင်ငံ သို့ ၈ဝ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၁ဝ ရာခိုင်နှုန်း၊ မလေးရှား နိုင်ငံသို့ ၆ ရာခိုင်နှုန်း၊ ပြည်တွင်း လူကုန်ကူးမှု ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့မှ သတင်း ထုတ်ပြန် ခဲ့သည်။

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေကို နိုင်ငံတော်က တရားဝင် ပြဋ္ဌာန်း ခဲ့ပြီးဖြစ်သည်။ သို့သော် တရုတ်နိုင်ငံသား အချို့က အတင်းအဓမ္မ ထိမ်းမြားမှု၊ လူကုန်ကူးပြီး ထိမ်းမြားသူ မြန်မာ အမျိုးသမီးတစ်ဦး ကို ငွေကျပ်သိန်း ၃ဝ မက်လုံးပေး၍ ဆွဲဆောင်နေမှု၊ လိင် ခေါင်းပုံဖြတ်မှု၊ လုပ်အား ခေါင်းပုံဖြတ်မှု၊ ပုံစံမျိုးစုံဖြင့် လူမှုရေး နယ်ပယ်၌ တွင်ကျယ်ေ နသည်။

တရုတ်အမျိုးသား တစ်ဦးက မြန်မာ အမျိုးသမီး တစ်ဦးကို မြန်မာငွေ ကျပ်သိန်း ၃ဝ- ၅ဝ ခန့်နှင့် ရောင်းကုန် ဝယ်ကုန် ဖြစ်နေသည်။ တရုတ် ထုံးစံအရ လက်ထပ်လျှင် မြန်မာငွေ ကျပ်သိန်း ၁ဝဝ ဝန်းကျင် ကုန်ကျမည် ဖြစ်၍  ဈေးနှုန်းအရ ဈေးနှိမ်ပြီး အရောင်းအဝယ် ပြုခြင်း ဖြစ်သည်။ လူဦးရေ အချိုးအစားအရ တရုတ် အိမ်ထောင်စု တစ်စုလျှင် သားသမီး တစ်ဦးတည်းသာ ရယူရသော ထုံးစံ ဓလေ့က ကြီးစိုး လွှမ်းမိုးနေဆဲ ဖြစ်သည်။

သခင် ဘသောင်း ၏ ''ပန်းသာမစာဥ'' ဝတ္ထုမှ ဇာတ်ကောင် စာဥသည် ''ဒုက္ခမှ ကင်းလွတ်ရာ အတွက် သုခကို ရှာဖွေရာတွင် စိတ်အလို လိုက်၍ သုခရှာဖွေ မှုကြောင့် ဒုက္ခမှ မကင်းလွတ်ဘဲ ဒုက္ခသစ် များသာ ထပ်ခါ ထပ်ခါ ကြုံတွေ့ ရသည်'' ဟူသော ဇာတ်ကောင်ပြော စကားလေးကို ပြေး၍ အမှတ်ရ လိုက်မိသည်။

လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ကဏ္ဍတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး များ၌ ရန်ကုန် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့မှ တပ်ဖွဲ့စု ၂၇ ဖွဲ့ ဖွဲ့စည်းကာ လူမှုရေး မျက်နှာစာတွင် လူကုန်ကူးမှု ပြဿနာကို ဖြေရှင်းလျက် ရှိသည်။

သို့ရာတွင် လက်တွေ့ နယ်ပယ်၌ ကွင်းဆင်း ဆောင်ရွက် ရာတွင် လုပ်ငန်း တိုင်းတွင် ငွေကြေး ရင်းနှီး မြှုပ်နှံရန် ရန်ပုံငွေ လုံလောက်မှု မရှိခြင်း၊ ပြည်သူဘက်မှ လက်ခံဆောင်ရွက်ပေးမှု အားနည်းခြင်း၊ လူမှုရေး အဖွဲ့အစည်း များမှ စိတ်ဝင်စားမှု အားနည်းနေခြင်း၊ ပညာပေး ဟောပြောပွဲ များကို လက်ခံ ဖိတ်ခေါ် ဆောင်ရွက်နိုင်မှု မရှိခြင်း တို့ကြောင့် ခရီးပေါက် ရောက်မှု နည်းနေ သေးသည်ကို တွေ့ရသည်။

ပြည်တွင်း၌ မြန်မာ အမျိုးသမီးလေး များကို တရုတ် အမျိုးသားများ နှင့်ပေါင်းသင်းရန် ရောင်းစား ခံရသော ကျေးလက်နေ သမီးပျိုများ၏ ဘဝကား ကြားသိရသူများ အဖို့ ကြက်သီး မွေးညင်း ထစရာ ဖြစ်သည်။ ဥပဒေ လမ်းကြောင်း အရ လူကုန်ကူးမှု ကို ပြစ်မှုပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူပြီး ထောင်ဒဏ် ၅ နှစ်၊ ၁ဝ နှစ် ကျခံစေရန် ပြစ်ဒဏ်များ ချမှတ် နေသော်လည်း မသိကျိုးနွံ ပြုလုပ်၍ ဆင်ဝှေ့ ရန်ရှောင် ပြုလုပ်  နေသော စီးပွားရေး လက်ဝါးကြီးအုပ် သမားတို့၏ ကွန်ရက်မှ ရုန်းထွက်ရန် ခက်ခဲ နေကြသော မြန်မာ အမျိုးသမီးများ၊ မြန်မာ တိုင်းရင်းသူ လေးများ တစ်နံတစ်လျား ၌ များစွာ ရှိနေ သေးသည်။

အမိ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများသည် ရှေး ပဝေသဏီ ကပင် မေတ္တာ၊ သစ္စာ၊ မုဒိတာ၊ အကြင်နာ တရားများ ပြီးပြည့်စုံသူ၊ တစ်ပါးသူအား ကူညီ ထောက်ခံ လိုသူ၊ ကြီးသူကို လေးစား၊ ရွယ်တူကို ထောက်ထား၊ ငယ်သူကို သနားတတ်သူ တို့ဖြစ်သည်။ မေတ္တာနှင့် ယှဉ်သော မေတ္တာစိတ်၊ ကရုဏာ စိတ်၊ မုဒိတာစိတ်၊ သစ္စာစိတ်၊ သည်းခံ ခွင့်လွှတ်လိုစိတ် များ ပြီးပြည့် စုံသော လူမျိုးအဖြစ် နှစ်ပေါင်းသန်း လေးဆယ် ကျော်ကပင် သန္ဓေတည် မွေးဖွား လာကြရာ လူကုန်ကူးမှု ပြဿနာ လှိုင်းဂယက်ကြောင့် တစ်ချိန်က မြန်မာ့ စိတ်ထား၊ မြန်မာ့အားမာန်၊ မြန်မာ့မျိုးရိုး ဂုဏ်သိက္ခာတို့ ခဝါချခံ ရမှာလား။ လူမှုရေး စာနာ ထောက်ထားမှု ကင်းမဲ့ပြီး မြန်မာက မြန်မာချင်း ဖိနှိပ်ကလူ နိုင်ထက်စီးနင်း လုပ်ကြတော့ မှာလား။ လူမှုရေးအရ စိန်ခေါ်မှု၊ စီးပွားရေး အရ စိန်ခေါ်မှု များကြားမှာ အမျိုး ပျောက်သွားမှာကို မစိုးရိမ်ကြ တော့ဘူးလား. . . ။

သူ့တာ ကိုယ့်တာ လုံခြုံမှု အပြည့်ဖြင့် အမျိုးသား စိတ်ဓာတ်ကို အပြည့်အဝ ခိုင်ကျည်အောင် ပြုစု ပျိုးထောင်ပြီး လူကုန်ကူးခံ ရမှုများေ လျာ့နည်း ပပျောက်ရေး အတွက် လူသားတိုင်းတွင် တာဝန် ရှိပါသည်။

ထို့ကြောင့် ဆက်သွယ်ရေး လမ်းကြောင်းအရ လူကုန်ကူး ခံရမည်ကို ကြိုတင် ခန့်မှန်း သိရှိလျှင် နေပြည်တော် ဝ၆၇- ၄၉၅၅၅၊ ဝ၆၇- ၄၁၂၆၆၆၊ မူဆယ် ဝ၉-၄၉၅၅ ၅၆၆၆၊ မန္တလေး ဝ၉- ၄၉၅၅ ၅၈၈၈၊ ဝ၉- ၄၉၅၅၅ ၉၉၉ ကိုဖြစ်စေ၊ ထိုင်းဘာသာဖြင့် ၁၁၉၁၊ ကရင်ဘာသာ ဖြင့် ဝ၈ဝ- ၄၅၆၅ ၅၆ဝ၊ တရုတ် ဘာသာဖြင့် ၁၁ဝ သို့ ဆက်သွယ် သတင်းပေးပို့ နိုင်ကြောင်း ဆက်သွယ်ရေး ဌာနမှ သတင်း ထုတ်ပြန် ထားသည်။

တာဝန်သိ ပြည်သူများ အမျိုးဂုဏ်၊ ဇာတိဂုဏ် ပြည့်ဝ ရင့်ကျက်သူများ အနေဖြင့် မည်သူက မည်သူ့ကို မည်သည့် နေရာမှ မည်သည့် နေရာသို့ မည်သို့ မည်ပုံ ပြောဆို စည်းရုံးပြီး မည်သည့် အချိန်ကာလ တွင် ခေါ်ဆောင် သည်တို့ကို လက်တွေ့ မျက်မြင် သတင်းပေးခြင်း ဖြင့် လူကုန်ကူးမှု စရိုက်ဆိုး၊ ဉာဉ်ဆိုး၊ လူကုန်ကူးမှု အန္တရာယ် တို့ကို အမျိုးသားရေး အသိဖြင့် ကူညီ ဆောင်ရွက် ကြပါစို့ဟူ၍. . . ။ ။

ရွှေလင်း - ပြည့်စုံ
#Themyawadydaily

No comments: