Sunday, July 27, 2014

ပုစွန်ဆိတ်ကြက်ဥကြော်၊ ကြက်အသည်းအမြစ်သုပ် နှင့် ကယားဟင်းချို



မြန်မာဟင်းအတွဲအစပ်လေးတွေကို မတင်ဖြစ်တာကြာပါပြီ။ ကိုယ်ကိုယ်တိုင်ချက်ပြုတ်စားသူတစ်ယောက်မဟုတ်တာက တစ်ကြောင်း၊ ကိုယ့်ဖာသာချက်စားရင်လည်း သူများတွေလို ဟင်းအတွဲအစပ်မချက်တတ်တာကတစ်ကြောင်းကြောင့်မို့ ဖြစ်ပါတယ်။

အခုသူငယ်ချင်းတို့ကိုဝေမျှမည့် ဟင်းချက်နည်းအတွဲအစပ်ကလည်း တစ်စုံတစ်ယောက်သောသူချက်ပြုတ်တဲ့ ဟင်းလျာ များဖြစ်ပါတယ်။ ကျွန်တော်က ထိုင်မြည်းပြီးစားသည်ပေါ့နော် ဟဲဟဲ။

ပုစွန်ဆိတ်ကြက်ဥကြော်
ပါဝင်သော ပစ္စည်းများ
ပုစွန်ဆိတ် ၂၀သား၊ ကြက်ဥ ၅လုံး၊ ကော်ရည် ၁ဇွန်း၊ အရက် ၁ဇွန်း၊ ဆီ ၂ကျပ်ခွဲသား၊ ငံပြာရည် ၂ဇွန်း၊ ဆား၊ဟင်းခတ်မှုန့် အနည်းငယ်၊ ကြက်သွန်ဖြူ ၂ဥ၊ ကြက်သွန်နီ ၅ဥ။

ပြင်ဆင်ပုံ
၁။ ပုစွန်ကို အခွံများသင်ပြီး အနေတော်လှီးထားပါ။ ၄င်းတို့ကို ကော်ရည်၊ အရက်၊ ဆားတို့ဖြင့်နယ်ထားပါ။


၂။ ကြက်ဥကို ဖောက်၍မွှေတံဖြင့်မွှေထားပါ။

၃။ ချင်း၊ကြက်သွန်ဖြူ-နီတို့ကို ရောထောင်းထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဆီပူအိုးထဲတွင် ချင်း၊ ကြက်သွန်ဖြူထောင်းပြီးသားတို့ကိုထည့်၍ ဆီသတ်ပါ။

၂။ ပုစွန်နဲ့ ကြက်ဥတို့ကိုရောနှောမွှေပြီး ဆီချက်အိုးထဲထည့်ပါ။ ပဲငံပြာရည်လောင်းထည့်ပါ။

၃။ အရောင်နီလာသည်အထိကြော်ပေးပါ။ မတူးအောင်တစ်ဖက်တစ်ချက် လှန်ပေးပြီးဆယ်ယူပါ။

ကြက်အသည်းအမြစ်သုပ်
ပါဝင်သော ပစ္စည်းများ
ကြက်အသည်းအမြစ် ၃စုံ၊ ကြက်သွန်နီ ၄လုံး၊ ဂေါ်ဖီ ၁၀သား၊ ဟင်းခတ်မှုန့်၊ငံပြာရည် အနည်းငယ်၊ ငရုတ်ဆီ အနည်းငယ်၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက် အနည်းငယ်၊ နနွင်း အနည်းငယ်။

ပြင်ဆင်ပုံ
၁။ ကြက်အသည်းနှင့်အမြစ်များကို ရေစင်စွာဆေးပြီး ဆား၊ နနွင်းမှုန့်ဖြင့်ပြုတ်ပါ။

၂။ အမြစ်ကိုအရင်ပြုတ်ပါ။ အမြစ်နူးလောက်မှ အသည်းထည့်၍ပြုတ်ပါ။

၃။ ပြီးလျှင် သုပ်စားရန်အတွက် အတုံးသေးသေးလှီးပါ။

၎။ ကြက်သွန်နီ၊ ဂေါ်ဖီတို့ကို ရေဆေး၍ လှီးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပန်းကန်ထဲတွင် အတုံးသေးသေးလှီးထားသော ကြက်အသည်း၊အမြစ်ကိုထည့်ပါ။

၂။ လှီးထားသော ကြက်သွန်နီ၊ ဂေါ်ဖီ၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ငရုတ်ဆီများထည့်၍သုပ်ပါ။

၃။ ရှောက်ရွက်အုပ်ပါ။

၎။ ငရုတ်သီးစိမ်းနဲ့ စားလို့ပိုကောင်းပါသည်။

၅။ အပေါ့အငန်မြည်း၍ စားသုံးနိုင်ပါသည်။

ကယားဟင်းချို
ပါဝင်သော ပစ္စည်းများ
ရွှေဖရုံပွင့် ၁၀ပွင့်၊ ရွှေဖရုံညွန့် ၁၀ညွန့်၊ ငရုတ်သီးစိမ်း ၅တောင့်၊ ရုံးပတီသီး ၃တောင့်၊ မြန်မာပင်စိမ်း အနည်းငယ်၊ ငရုတ်ကောင်း အနည်းငယ်၊ ငါးတစ်မျိုးမျိုး ၁၀ကျပ်သား။

ပြင်ဆင်ပုံ
၁။ ရွှေဖရုံပွင့်၊ ရွှေဖရုံညွန့်တို့ကို လိုအပ်သလို ခွဲစိတ်ပိုင်းဖြတ်ပြီး ရေဆေးထားပါ။

၂။ ငါးများကို ဆား၊ငံပြာရည် အနည်းငယ်ထည့်၍ ပြုတ်ပါ။ ကျက်လျှင်အရိုးများသင်ထားပါ။

၃။ ငရုတ်သီးစိမ်းများကို ထောင်းထားပါ။

၎။ ကြက်သွန်နီဥကြီးများကို ပါးပါးလှီး၍ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ချက်မည့်အိုးတွင် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူတို့နှင့် အရိုးသင်ထားသော ငါးများရော၍ပြုတ်ပါ။

၂။ ပွက်ပွက်ဆူလျှင် ထောင်းထားသော ငရုတ်သီးစိမ်းများထည့်ပါ။

၃။ ပြီးလျှင် ရွှေဖရုံညွန့်၊ရွှေဖရုံပွင့်များထည့်ပါ။

၎။ ပင်စိမ်းရွက်အုပ်၍ချကာ သုံးဆောင်နိုင်ပါသည်။

No comments: