Thursday, November 30, 2017

ကလေး Diaper စနစ်တကျသုံးခြင်း



Diaper ကို ဘယ်အချိန်စသုံးလို့ရလဲ
-------------------------------
မွေးမွေးချင်းကတည်းက သုံးလို့ရပါပြီ။ ချက်ကြိုးနဲ့လွတ်ဖို့အတွက် Newborn diaper ဝယ်ပါ။ ချက်ကြိုးနေရာကို အခွက်လေးလုပ်ပေးထားပါတယ်။

Diaper လဲခြင်းနဲ့ သန့်စင်ပေးခြင်း
----------------------------
ကလေးတွေရဲ့ လိင်အင်္ဂါ (genitals) လေးတွေဟာ အင်မတန်နူးညံ့တဲ့အတွက် သေချာ ဂရုစိုက်ပေးရပါမယ်။ တစ်ချိန်လုံးဆေးကြောနေတာမျိုးလဲ မလုပ်ရပါဘူး။ Diaper လဲတိုင်းမှာတော့ genitals လေးကို သန့်ရှင်းပေးပါ။ သူ့ရဲ့ genitals ပတ်ဝန်းကျင်နဲ့အောက်နားလေးတွေကို ဆေးကြော (သို့) သုတ်ပေးပါ။ အရှေ့ဖက်ကနေ အနောက်ဖက်ကို သုတ်ပါ။ တစ်ချို့မိဘတွေက ရက်သတ္တပတ်အနည်းငယ်အထိ ရေချည်းချည်းသာ အသုံးပြုပြီး သန့်စင်ပေးပါတယ်။ ဒါမှမဟုတ် ကလေးတွေအတွက်ထုတ်ထားတဲ့ gentle baby wipes တွေသုံးနိုင်ပါတယ်။ ဆပ်ပြာ၊ alcohol နဲ့ perfume ပါတဲ့ ပစ္စည်းတွေ မသုံးပါနဲ့။ ခဏခဏပွတ်တာမျိုးလဲ မလုပ်ပါနဲ့၊ ကလေးရဲ့အသားလေးတွေ ပွန်းနိုင်ပါတယ်။
အရှေ့ကနေအနောက်ကို သန့်စင်ပေးခြင်းဟာ သူ့ရဲ့အနောက်ပိုင်းက bacteria တွေကို သူ့ရဲ့ genitals လေးဆီရောက်မလာအောင် ကာကွယ်ပေးခြင်းလဲဖြစ်ပါတယ်။ ရေချိုးတဲ့အခါလဲ အဲဒီလိုပဲ ရှေ့ဖက်ကနေ နောက်ဖက်ကိုပဲ ရေမြုပ်ကလေးနဲ့ သန့်စင်ပေးပါ။

Diaper လဲရမယ့် အချိန်
--------------------
Diaper လဲဖို့ကတော့ ပုံသေနည်းအားဖြင့် သုံးနာရီခြား၊ လေးနာရီခြားတစ်ခါ လဲပေးရမှာပါ။ ဒါပေမယ့် သုံးနာရီ၊ လေးနာရီမပြည့်ခင် အီအီးပါလိုက်တယ်ဆိုရင်တော့ ချက်ချင်း အသစ်လဲပေးပါ။ ညဖက်တွေ Diaper လဲခြင်းက ကလေးကို အိပ်ရေးပျက်စေနိုင်တဲ့အတွက် သူနို့ဆာလို့နိုးတဲ့အချိန်မှာသာ လဲပေးပါ။ အီးပါထားရင်တော့ နှိုးပြီး လဲပေးလိုက်ပါ။

မွေးကင်းစကလေးတွေက မကြာခဏ သေးပေါက် အီးပါတတ်ပါတယ်။ နည်းနည်းကြီးလာတဲ့ကလေးတွေကတော့ အီးပါထားရင် မနေတတ်လို့ ငိုတတ်ပါတယ်။ သူဘာမှန်းမသိပဲငိုနေရင် လက်သန့်သန့်လေးနဲ့ စမ်းကြည့်ပါ။ အီအီးပါထားတယ်၊ Diaper လဲပေးပါလို့ ပြောနေတာ ဖြစ်နိုင်ပါတယ်။ မွေးကင်းစလေးတွေကတော့ အီးပါထားပြီး Diaper လဲဖို့လိုအပ်ပေမယ့် သူငိုချင်မှ ငိုပါလိမ့်မယ်။ သူ့အတွက် စိုနေတာက အနှောင့်အယှက်မဖြစ်သေးလို့ပါ။ ဒါကြောင့်မို့ Diaper လဲဖို့ လိုမလို ကိုယ်က စစ်ပေးရပါမယ်။ နာရီအနည်းငယ်တိုင်းမှာ လက်သန့်သန့်နဲ့ Diaper စိုနေသလား မစိုဘူးလားဆိုတာ စမ်းပေးပါ။

Diaper လဲဖို့အတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ တစ်ခါထဲ အနားမှာယူထားပါ။ Diaper လဲဖို့ စလိုက်တာနဲ့ ကလေးနားကနေ ခွာဖို့ မဖြစ်နိုင်တော့ပါဘူး။ *** လုံးဝမခွာပါနဲ့၊ ကလေးကို တစ်ယောက်ထဲ တစ်နေရာမှာ ထားခဲ့တာမလုပ်ပါနဲ့၊ အန္တရာယ်များပါတယ်။ Diaper ကို တင်ပါးအောက်ထည့်တဲ့အခါ ကလေးရဲ့ ခြေချင်းဝတ်ကလေးကို ညင်ညင်သာသာလေး မ ပြီးမှ ထည့်ပါ။

Diaper Rash ဖြစ်ခြင်း
------------------
Diaper သုံးတဲ့ ကလေးတွေအတွက် အထူးသတိထားရမှာက Diaper Rash ဖြစ်ခြင်းပါ။ တချို့တွေ Diaper လောင်တယ်လို့ ပြောကြပါတယ်။ ၀မ်းသွားနေတဲ့အခါ၊ Diaper အစိုကြီးကို အကြာကြီးမလဲပဲထားမိသွားတဲ့အခါမျိုးနဲ့ Diaper Cream မသုံးတဲ့ကလေးတွေမှာ တင်ပါးကနေ စပြီးလောင်တာပါ။ အဲဒီလိုမလောင်ဖို့အတွက် Diaper ကို အကြာကြီးမထားပါနဲ့၊ အီးပါထားရင် (သို့) သေးအရမ်းစိုနေရင် သုံးနာရီ၊ လေးနာရီမပြည့်သေးလဲ လဲပေးပါ။

🔴 Diaper လဲတိုင်း 🔴 Diaper Cream (Nappy Rash Cream) လေးတွေကို သေး၊ အီး ထိနိုင်တဲ့နေရာတွေ၊ ပေါင်ကြား၊ တင်ပါးကြားလေးတွေမှာ လိမ်းပေးပါ။

ကျွန်မကတော့ ပုံမှာပြထားတဲ့တံဆိပ် Pureen သုံးပါတယ်။ ဈေးသက်သာပြီး ကောင်းတဲ့ ပစ္စည်းပါ။ City Baby ဆိုင်တွေမှာ ရှိပါတယ်။ Pureen ၀ယ်လို့မရရင် ပုံမှာပြထားတဲ့ Zinc Oxide ကို Diaper လဲတိုင်း လိမ်းပေးပါ။ သူက Thick Cream ဖြစ်တဲ့အတွက် အရမ်းအထူကြီး လိမ်းစရာမလိုပါဘူး။ Zinc Oxide က ဆေးဆိုင်တော်တော်များများမှာ ရပါတယ်။ ဈေးလဲ အတော် သက်သာပါတယ်။
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် Diaper Rash ဖြစ်သွားပြီ။ တင်ပါးလေးတွေနီရဲနေပြီဆိုရင် အဲဒီ Zinc Oxide Cream လိမ်းပေးကြည့်ပါ။ တစ်ရက်နှစ်ရက်နေလို့မှ လုံးဝမသက်သာရင် ဆေးခန်းသွားပါ။

Baby Powder က Diaper သုံးတဲ့ကလေးတွေအတွက် အဆင်မပြေပါဘူး။ အခုနောက်ပိုင်း ဘေဘီပေါင်ဒါတွေသုံးတာကို ပြည်တွင်းပြည်ပ ကလေးဆရာဝန်တွေ အားမပေးပါဘူး။ ဘာကြောင့်လဲဆိုတာ နောက်မှ သပ်သပ်ရေးပေးပါ့မယ်။

🚫 ကိုယ်နေတဲ့နေရာက အရမ်းပူပြီး ကိုယ့်အိမ်က aircon တပ်မထားရင် diaper သုံးခြင်းက ကလေးအတွက် အဆင်မပြေလောက်ပါဘူး။


Jessica Mozart (A Cool Mom)

Ref : www.babycentre.co.uk

Credit:  A Cool Mom Page

Wednesday, November 29, 2017

ရာထူးတိုးချင်ရင်ဒါလေးတွေတော့ပြင်ဆင်ထားပါ

2018 မှာ ရာထူးတိုးဖို့အတွက် ပြင်ဆင်ထားကြပါ။
---------------------------------------------


#ရာထူးတိုးချင်ရင်ဒါလေးတွေတော့ပြင်ဆင်ထားပါ

လုပ်ငန်းခွင်တွေမှာရှိတဲ့ ဝန်ထမ်းအ ချို့ဟာ သူတို့လက်ရှိရာထူးမှာပဲ ပိတ်ဆို့ နေပြီး တိုးတက်မှုမရှိဘူးလို့ ယူဆတတ်ကြ ပါတယ်။ ဒီလိုပိတ်ဆို့နေတယ်၊ တိုးတက်မှု မရှိဘူးဆိုတဲ့နေရာမှာ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေ မှာ အဲဒီဝန်ထမ်းတွေဟာ တစ်ဆင့်မြင့်ရာ ထူးတာဝန်တွေကိုထမ်းဆောင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုတာ သူတို့ ကိုယ်တိုင်သတိမမူမိဘဲ ရှိနေတတ်ပါ တယ်။

 တကယ်လို့စာဖတ်သူဟာ တစ် ဆင့်မြင့်တဲ့ ရာထူးတာဝန်တွေကို ထမ်း ဆောင်ဖို့အတွက်ရာထူးတိုးချင်တယ်ဆို ရင် ထိုက်သင့်သလောက်တော့ စိတ်ရှည် တတ်တဲ့သူတစ်ဦးဖြစ်ဖို့လိုအပ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ မိမိသက်ဆိုင်ရာ နယ်ပယ်မှာ ဘယ်နေရာအထိအရောက် သွားမယ်ဆိုတဲ့ရည်မှန်းချက်မျိုးရှိပြီး တိုး တက်လိုစိတ်၊ ကြိုးစားလိုစိတ်ရှိဖို့လိုအပ်ပါ တယ်။ ဖြစ်တတ်တာက တချို့ဝန်ထမ်း တွေဟာ ဘာမှတာမလုပ်တာ ရာထူးမတိုး တာကိုထိုင်ညည်းနေတတ်မျိုးတွေရှိတတ် ပါတယ်။ မိမိရာထူးတိုးချင်ရင် ဘာတွေကို ပြင်ဆင်ရမလဲဆိုတာကိုသိထားမယ်ဆိုရင် ဒီလိုထိုင်ညည်းနေတာထက် ရာထူးတိုးဖို့ အလားအလာပိုမိုများလာမှာဖြစ်ပါတယ်။

- Make sure people know you are doing a great job.
 မိမိကအကောင်းဆုံးစွမ်းဆောင်နိုင် တယ်ဆိုတာ မိမိရဲ့ကြီးကြပ်သူ၊ စီမံခန့်ခွဲသူ၊ မန်နေဂျာတွေနှင့် သက်ဆိုင်သူတွေသိ  အောင်လုပ်ပါ။ လုပ်ငန်းစွမ်းဆောင်ရည်အ ကဲဖြတ်အမှတ်တွေနှင့် မလုံလောက်ပါဘူး။ အကဲဖြတ်ချက်တွေလုပ်တဲ့နေရာမှာ လူ  တွေဖြစ်တဲ့အတွက် ဘက်လိုက်မှုတွေ၊ အ မှားအယွင်းတွေရှိနေလို့ပါပဲ။ ဒီလိုသိ အောင်လုပ်တဲ့နေရာမှာ မိမိမှာရှိတဲ့လူမှု ဆိုင်ရာဆက်ဆံရေးအရည်အချင်းဟာ လည်း အရေးကြီးပါတယ်။

- Make sure the right people know you want a promotion.
 မိမိအကောင်းဆုံးစွမ်းဆောင်နိုင် တယ်ဆိုတာ သိသွားရုံသက်သက်နဲ့တော့ စီမံခန့်ခွဲသူ၊ မန်နေဂျာတွေဟာ မိမိရာထူး တိုးတက်ချင်တယ်ဆိုတာသိမှာ မဟုတ်ပါ ဘူး။ လက်ရှိလုပ်ငန်းတာဝန်တွေကို အ ကောင်းဆုံးစွမ်းဆောင်နိုင်ပြီး တစ်ဆင့်မြင့် လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်လို ကြောင်းကို ပြောသင့်ပြောထိုက်တဲ့အချိန် မှာ မိမိမန်နေဂျာနှင့်ဆွေးနွေးဖို့ နှောင့်နှေး မနေပါနှင့်။ မိမိဘက်ကလုပ်ငန်းစွမ်း ဆောင်ရည်လည်းကောင်းတယ်၊ တစ်ဆင့် မြင့်တဲ့လုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင် ဖို့အတွက် လိုအပ်တဲ့ ဗဟုသုတ၊ အရည် အချင်းတွေကိုတတ်နိုင်သမျှလည်း ဖြည့် ဆည်းပြီးပြီ၊ တစ်ဆင့်မြင့်တဲ့ရာထူးနေရာမှာ လည်း လစ်လပ်နေတယ်ဆိုရင်တော့ မိမိ မန်နေဂျာကိုရာထူးတိုးခြင်းကိစ္စနှင့်ပတ် သက်ပြီးဆွေးနွေးပါ။

- Seek out new skills.
 ပေါက်ဆိန်ကိုသွေးပါ။ လက်ရှိရာထူး မှာရှိနေတဲ့ လုပ်ငန်းတာဝန်တွေကိုအ ကောင်းဆုံးစွမ်းဆောင်နိုင်ရုံနှင့် အဆင်မ ပြေနိုင်ပါဘူး။ မိမိမှာရှိတဲ့အရည်အသွေး တွေပိုမိုတိုးတက်လာအောင် လိုအပ်တဲ့လေ့ လာမှုတွေ၊ သင်ယူမှုတွေပြုလုပ်ပါ။ ပေါက် ဆိန်ဟာ သစ်ပင်တွေခုတ်ပါများလာရင် တုံးလာတတ်ပါတယ်။ ဒါကိုမသွေးဘဲ ဒီအ တိုင်းပဲ ဆက်ဆက်ခုတ်နေရင်တော့ လုပ် ငန်းစွမ်းဆောင်ရည်ကျကျလာပါလိမ့်မယ်။

- Groom a successor.
 မိမိအောက်ရာထူးတစ်ဆင့်နိမ့်တဲ့ ဝန် ထမ်းတွေအထဲကမှ မိမိတာဝန်ကိုထမ်း ဆောင်နိုင်သူတစ်ယောက်ရှိအောင် လုပ် ထားပါ။ လက်ရှိရာထူးနေရာမှာ မိမိဟာ မရှိမဖြစ်ကိုအရေးပါနေတယ်လို့ သက်ဆိုင် ရာစီမံခန့်ခွဲသူတွေက သတ်မှတ်ခံနေရပြီ ဆိုရင် ရာထူးတိုးဖို့အလားအလာကို ဟန့် တားစေနိုင်ပါတယ်။ အကြောင်းကတော့ မိမိကိုလက်ရှိထက် တစ်ဆင့်မြင့်တဲ့ရာထူး တာဝန်ကိုတိုးပေးလိုက်ရင် မိမိနေရာမှာ အစားထိုးမယ့်သူ အဆင်သင့်မရှိပါက တိုးမ ပေးတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိအရိုက်အရာခံမယ့်သူတစ်ယောက်ကို လက်ရှိလုပ်ငန်းတာဝန်တွေကျွမ်းကျင်မှုရှိ လာအောင် စနစ်တကျသင်ကြားပေးထား ပြီး အခြေအနေပေးလာရင် မိမိဟာ တစ် ဆင့်မြင့်ရာထူးတာဝန်ကိုထမ်းဆောင် လိုကြောင်း၊ ထမ်းဆောင်ရန်လည်း အ ထိုက်အလျောက်ပြင်ဆင်ပြီးကြောင်း၊ မိမိ ရာထူးနေရာကိုလည်း အစားထိုးနိုင်သူအ တွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောဆို ဆွေးနွေးရပါမယ်။ ဒီနေရာမှာတစ်ခုရှိတာ က မိမိထက်တစ်ဆင့်မြင့်ရာထူးနေရာဟာ လစ်လပ်နေဖို့ Vacancy ဖြစ်နေဖို့တော့ လို အပ်ပါတယ်။

- Knock your opportunity door.
 အခွင့်အလမ်းတံခါးကိုခေါက်ပါ။ မိမိ ဘက်ကလိုအပ်တဲ့ အရည်အသွေး၊ ဗဟုသု တ၊ လုပ်ငန်းကျွမ်းကျင်မှုတွေရှိလာပြီဆိုရင် အခွင့်အလမ်းတံခါးကိုခေါက်ပါ။ တစ်ခါ တလေမှာ မပြောမပြီးမတီးမမြည်အခြေ အနေတွေရှိတတ်ပါတယ်။ အခွင့်အလမ်း တံခါးကိုတည်ဆောက်ခဲ့ပြီး မိမိဟာရာထူး တိုးတက်မှုတံခါးပေါက်အတိုင်းလျှောက် လှမ်းလိုကြောင်းကို သက်ဆိုင်ရာစီမံခန့် ခွဲသူတွေသိအောင် တံခါးခေါက်ဖို့ လိုအပ် ပါတယ်။ မိမိလိုချင်တဲ့အခြေအနေကို ပြေ တတ်ဆိုတတ်တဲ့အရည်အချင်း Assertiveness Skills  ဟာ ဒီနေရာမှာအရမ်းအ ရေးကြီးပါတယ်။

အကြံပြုချက်များ
---------------------
• မိမိမှာ တိကျသေချာတဲ့အသက်မွေး ဝမ်းကြောင်းဆိုင်ရာရည်မှန်းချက်တွေ ရှိ တယ်ဆိုရင်တော့ ကွာဟချက်ဆန်းစစ်မှု  Gap Analysis ကိုလုပ်ကြည့်ပါ။ မိမိမြော်မှန်းထားတဲ့ ရည်မှန်းချက်တွေကိုရောက်ရှိ ဖို့အတွက် လိုအပ်တဲ့အတွေ့အကြုံ ဗဟု သုတ၊ အရည်အချင်းတွေနှင့် လက်ရှိ မိမိမှာရှိနေတဲ့ဗဟုသုတ၊ အရည်အချင်း တွေရဲ့လိုအပ်ချက်၊ ကွာဟချက်ကိုဆန်း စစ်ကြည့်ပါ။ မိမိမသိသေး၊ မကျွမ်းကျင် သေးတဲ့အကြောင်းအရာတွေမှာ မိမိကိုယ် မိမိရိုးရိုးသားသား ဆန်းစစ်ဝေဖန်ပြုပြင်ဖို့ ကြိုးစားပါ။

- စိတ်ရှည်ခြင်းဟာ အောင်မြင်မှုဆီကို အရောက်ပို့ပေးနိုင်ပါတယ်။ ဒါပေမဲ့ အချိန် ကာလတစ်ခုအထိပဲ စိတ်ရှည်ဖို့လိုအပ် တာပါ။ အချိန်တွေလိုအပ်တာထက်ပိုပြီး စိတ်ရှည်းသီးခံရင်လည်း မျှော်fမှန်းထားတဲ့ ပန်းတိုင်တွေကနေလွဲချော်သွားတတ်ပါ တယ်။

• မိမိကိုယ်ကို စိတ်ဓာတ်အင်အားတွေ တိုးတက်နေအောင် အမြဲဖန်တီးထားပါ။
-အခွင့်အလမ်းရလာပါက အမိအရဖမ်းယူ ပါ။
- အထက်အောက်ဆက်ဆံရေး၊ ရေပြင်ညီ ဆက်ဆံရေးတွေကောင်းမွန်အောင် နေ ထိုင်ပြုမူပြောဆိုပါ။
 ဖော်ပြခဲ့တဲ့ အကြောင်းအရာအချက် အလက်တွေဟာ သေချာပေါက်ရာထူး တိုးတက်မယ်လို့ မပြောနိုင်ပေမဲ့ ရာထူးတိုး တက်ဖို့ အခွင့်အလမ်းတွေမှာ အများထက် သာလွန်စေမှာဖြစ်ပါတယ်။

ပိုင်စိုး (Management)
Ref:
www.wikihow.com/How to Get a Promotion

(HR Journal မှာရေးခဲ့ပြီးဖြစ်ပါတယ်။)

Credit: ဆရာပိုင်စိုးရဲ့ Page

Tuesday, November 28, 2017

“ကိုယ့် Brand ကို ဒီ(၃)ချက်နဲ့ တည်ဆောက်ပါ”


ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ

တကယ်တော့ Facebook က ကျွန်တော့်အတွက် တော်တော်လေး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ သူ့ကြောင့် တကယ်ကို လေးစားစရာကောင်းတဲ့သူတွေနဲ့ သိကျွမ်းခွင့်ရတယ်။ သူတို့ဆီကနေ လေ့လာလို့ ရခဲ့တယ်။ အလုပ်တွဲလုပ်ခွင့်တွေ ရခဲ့တယ်။ ရေဒီယို၊ တီဗွီအစီအစဉ်တွေမှာ ပါဝင်ခွင့်ရခဲ့တယ်။ ဟောပြောပွဲအတွက် နယ်တွေကနေ ကျွန်တော့်ကို လှမ်းဖိတ်ကြတယ်။ ဒါတွေအကုန်လုံးဟာ Facebook ကတစ်ဆင့် ချိတ်ဆက်မိခဲ့ကြတာပါ။

ဒါကြောင့် ကျွန်တော့်တစ်ဦးတည်း အယူအဆအရတော့ Facebook ကို networking နဲ့ branding အတွက် စနစ်တကျ အသုံးချသင့်တယ်လို့ ထင်တယ်။ အထူးသဖြင့် လူငယ်တွေအတွက်ပေါ့။ အပြင်မှာ အောင်မြင်မှု တစ်စုံတစ်ရာ ရပြီးသား လူတွေအတွက်တော့ သိပ်ပြဿနာမရှိဘူးလို့ အကြမ်းဖျင်း ပြောလို့ရတယ်။

အဲဒီလို Facebook ကို အကျိုးရှိအောင် သုံးဖို့ဆိုရင်
အဆင့်(၁) ကိုယ့်နာမည် ကိုယ်တည်ဆောက်မယ်၊
အဆင့် (၂) အဲဒီတည်ဆောက်မှုကတစ်ဆင့် ပြင်ပမှာပါ အကျိုးရလဒ် တစ်စုံတစ်ရာ ရအောင်ပြန်လုပ်ရမယ်။

ဥပမာ မားကတ်တင်းပညာရှင်အဖြစ် လူသိအောင်လုပ်မယ်၊ အဲဒီကမှ အလုပ်ပရောဂျက်တွေ ရှာမယ်၊ ကိုယ့်ထက် တတ်ကျွမ်းတဲ့ပညာရှင်တွေ၊ အလုပ်အပ်မယ့် လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်လို့ရလာမယ်။ ဒုတိယတစ်ဆင့်ထိ မရောက်ဘဲ Facebook မှာ လူသိများရုံသက်သက်ဆိုရင်တော့ အလဟဿပဲလို့ ဆိုနိုင်ပါတယ်။

အဲဒီတော့ ပထမအဆင့်အနေနဲ့ ကိုယ့်နာမည်ကို အကောင်းဆုံးတည်ဆောက်ပါ။

ဒီနေရာမှာ Facebook ကို သုံးပြီး Branding လုပ်ချင်တဲ့ လူငယ်တိုင်း မဖြစ်မနေ သတိထားသင့်တဲ့ စည်းမျဉ်းနှစ်ခု ပြောလိုပါတယ်။

ပထမစည်းမျဉ်း - “Facebook က Virtual world” ဆိုတာကို မေ့ပစ်ပါ

ထားပါတော့၊ ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ နိုက်ကလပ်မှာ ကနေတဲ့ ဓါတ်ပုံတစ်ပုံကို Facebook မှာ တင်လိုက်တယ်ဆိုပါစို့။ မြင်လိုက်ရသူတွေက ဘယ်လိုထင်မလဲ။ သူတို့ထင်တဲ့အတိုင်း ကျွန်တော်တို့ဟာ ဖြစ်ချင်မှဖြစ်နေမယ်။ ဒါပေမယ့် အားလုံးကတော့ အဲဒီအတိုင်း ထင်သွားကြမှာပဲ။ ဒီလိုပဲ၊ ကျွန်တော်က ဘုရားမှာ Check-in ၀င်တယ်။ ဘယ်သူကမှ ကျွန်တော် ဘုရားကို တကယ်ရောက်နေမနေ လာမစစ်ပါဘူး။ “တကယ်” လို့ပဲ ထင်လိုက်ကြတာပဲ။

ဟုတ်တယ်၊ Facebook မှာ တင်သမျှအကုန်လုံး မှန်ကန်တယ်လို့တော့ ယူဆလို့မရပေမယ့် တော်တော်များများက အဲဒီအတိုင်း ယူဆနေကြတယ်ဆိုတာကိုလည်း ငြင်းလို့မရဘူး။ ဒါကြောင့် Facebook ဆိုတာ အတုအယောင်လောကကြီးပါ၊ ဟန်ဆောင်နေကြတာပါ၊ Virtual world ကြီးပါ ဆိုတဲ့ အယူအဆနဲ့ တင်ချင်ရာတင်၊ ပြောချင်ရာပြော လုပ်လိုက်ရင် ကိုယ့်ရဲ့နာမည် တစ်စုံတစ်ရာ ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် ထင်ချင်သလိုထင်၊ ဂရုကိုမစိုက်ဘူး၊ လူတွေရဲ့ အထင်အမြင်ကလည်း ကိုယ့်အပေါ် ဘာသက်ရောက်မှုမှ မရှိဘူး ထင်ရင် လုပ်ပါ။ ဒါပေမယ့် ဒီလူမှုကွန်ရက်ကတစ်ဆင့် နာမည်တစ်ခုကို သေချာတည်ဆောက်ချင်တယ်ဆိုရင်တော့ သတိထားဖို့ လိုပါမယ်။

မှတ်ထားပါ။ Brand ဆိုတာ ကိုယ်ကပြောတဲ့ ကိုယ့်အကြောင်းမဟုတ်ပါဘူး။ သူများကပြောတဲ့ ကိုယ့်အကြောင်းပါ။ အဲဒီလို သူများပြောတဲ့ ကိုယ့်အကြောင်း လှလှပပလေးဖြစ်နေအောင် တည်ဆောက်တာကိုတော့ Branding လို့ ခေါ်ပါတယ်။ ဒီတော့ Branding လုပ်ချင်ရင် ဘယ်သူဘယ်လိုထင်ထင် ကိုယ်မဟုတ်ရင်ပြီးတာပဲ ဆိုတဲ့ အယူအဆ ခေါင်းထဲက ထုတ်ပစ်ပါ။ ကိုယ်မဟုတ်ဖို့လည်း လိုတယ်၊ ကိုယ်မဟုတ်တာကို လူသိဖို့လည်း လိုပါတယ်။

ဒုတိယစည်းမျဉ်း - ကိုယ်သိတာတွေကို ဝေမျှဖို့ ကြိုးစားပါ။

ခပ်တိုတိုပဲ ဥပမာပေးပါမယ်။ ကျွန်တော် စာအုပ်ထုတ်တယ်။ ပုံမှန်ဆို ဒီစာတွေက Facebook မှာ အကုန်တင်ပြီးသား။ သမားရိုးကျ စဉ်းစားကြည့်။ ၀ယ်ဖတ်စရာအကြောင်း မရှိဘူး။ အဲဒီတော့ ငါ Facebook မှာ မရေးတော့ဘူး၊ ဒါမှ စာအုပ်ထွက်ရင် သူတို့ဝယ်ဖတ်မှာ ဆိုပြီး လုပ်မယ်ဆိုပါစို့။ သေချာတယ်၊ အဲဒီစာအုပ်တွေ ဘယ်လိုမှ ရောင်းရမှာမဟုတ်ဘူး။ ဘာလို့လဲဆိုရင် ဒေါက်တာ ဖြိုးသီဟ ဆိုတဲ့ Brand ကို လူမသိတော့လို့ပဲ။

ခုတော့ အဲ့လိုမဟုတ်ဘူး။ ကျွန်တော် လူမှုကွန်ရက်မှာပဲ ဆက်ရေးတယ်။ တဖြည်းဖြည်း ဒေါက်တာဖြိုးသီဟ ဆိုတာကို သတိထားမိလာတယ်။ စာအုပ်ဆိုင်ရောက်လို့ ကျွန်တော့်စာအုပ်တွေ့တဲ့အခါ နာမည်မှတ်မိနေတော့ ၀ယ်ဖြစ်သွားတယ်။ စာအုပ်ပိုရောင်းရတယ်။

ဒါကြောင့် ဒီခေတ်က သိတာကို လျှိုထားမယ်ဆိုတဲ့ခေတ် မဟုတ်တော့ဘူး။ ကိုယ်သိထားတာကို ချပြပြီး ကိုယ်ဘာကောင်လဲ ဆိုတာကို တည်ဆောက်ရတဲ့ခေတ် ဖြစ်လာပါပြီ။ ကိုယ်က Digital marketer ဆိုပါတော့။ ကိုယ်သိထားတဲ့ Digital marketing အကြောင်းတွေ Facebook မှာ တင်လိုက်လို့ လုပ်ငန်းရှင်တွေက အဲဒါလေးဖတ်ပြီး သူတို့ဟာသူတို့ ထမလုပ်ပါဘူး။ ဒီကောင်က ဒီနေရာမှာ ဆရာပဲ၊ ငါတို့ လုပ်ငန်း သူ့လက်ထဲ အပ်ရင် အဆင်ပြေလောက်တယ်လို့ပဲ တွေးသွားတာပါ။ ဒါကြောင့်မို့ အဲ့လိုတွေ ချပြလိုက်လို့ တခြားလူတွေက ကိုယ့်ဆီကနေ ကူးချသွားမလား မစိုးရိမ်ပါနဲ့။ အဲဒီဝေမျှမှုက လူတွေကို ကိုယ်ဘယ်သူလဲ သိသွားစေတယ်။ ကိုယ့်အပေါ် ယုံကြည်မှုရှိသွားစေတယ်။ Brand တည်ဆောက်ပြီးသားလည်း ဖြစ်သွားစေပါတယ်။

ဒုတိယတစ်ဆင့်ကတော့ အဲဒီလို တည်ဆောက်လိုက်တဲ့ Brand ကနေမှ ပြင်ပမှာ ရလဒ်တခုခု ရလာဖို့ဖြစ်ပါတယ်။

ဒီအတွက် ဘာဖြစ်ဖို့လိုလဲဆိုရင် အွန်လိုင်းမှာ ကိုယ်တည်ဆောက်ထားတဲ့ Brand နဲ့ ကိုယ့်ရဲ့ပြင်ပပုံစံဟာ တစ်ထပ်တည်းမဟုတ်တောင် တစ်ထပ်တည်းနီးပါးကျဖို့ လိုပါတယ်။ ဒါမှ ရလဒ်တစ်ခု ရမှာပါ။

Facebook မှာ တင်တာကို လူတွေက တကယ် လို့ပဲ မှတ်ယူနေကြတော့ ကျွန်တော်တို့တွေဟာ ကိုယ့် Brand ကို ဟန်ဆောင်ပြီး တည်ဆောက်ကြတယ်။ အပြင်မှာ စိတ်ကောင်းမရှိဘဲ အွန်လိုင်းမှာ ဖြူစင်အပြစ်ကင်းတဲ့ပုံစံ ဖမ်းနေကြတယ်။ အပြင်မှာ အလုပ်မကြိုးစားဘဲ အွန်လိုင်းကျမှ မိုးပေါ်က မဆင်းတမ်း စကားလုံးကြီးတွေ ပြောနေကြတယ်။ ကိုယ်တကယ်မယုံကြည်ဘဲနဲ့ လူကြိုက်များဖို့သက်သက် ဘုန်းတော်ဘွဲ့တွေ ရေးနေကြတယ်။ Follower စုဆောင်းနေကြတယ်။

တဖြည်းဖြည်း ဘာနဲ့တူလာလဲဆိုတော့ ကျင့်ဝတ်မရှိတဲ့ Online shopping က ပစ္စည်းတွေလိုပဲ။ ပြထားတာကတော့ လန်ပျံနေတာပဲ၊ တကယ်တမ်း သုံးကြည့်မှ တက်တက်စင်အောင် လွဲနေတာမျိုး ဖြစ်နေတယ်။ အဲ့တော့ ဘာဖြစ်လဲ ရှင်းပါတယ်။ နောက်တစ်ခေါက် ထပ်မ၀ယ်ဘူးပေါ့။ လူတွေဟာ ဘယ်လောက်ချစ်ပါတယ် ခင်ပါတယ်ဆိုဆို အလုပ်တကယ်တွဲလုပ်ရတော့မယ်ဆိုရင် ရိုးသားတဲ့သူ၊ တော်တဲ့သူတွေနဲ့ပဲ တွဲလုပ်ချင်တာပါ။ Network သိပ်အရေးကြီးတယ်လို့ ပြောလာကြတဲ့ ဒီခေတ်မှာ ကိုယ်က အရည်အချင်းမရှိဘူး၊ မရိုးသားဘူးဆိုရင် ဘယ်သူနဲ့မှ Network ချိတ်လို့ရမှာ မဟုတ်ပါဘူး။ အဲဒါဆို ကိုယ်ဟန်ဆောင်ပြီး တကူးတက တည်ဆောက်ထားတဲ့ Brand ကြီးကလည်း ဘာအကျိုးရှိဦးမှာလဲ။ ဒါကြောင့်မို့ စစ်မှန်မှု ရှိဖို့ သိပ်အရေးကြီးပါတယ်။

ဒီတော့ လူမှုကွန်ရက်ကတစ်ဆင့် ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်အောင်မြင်မှုကို တည်ဆောက်ချင်တယ်ဆိုတဲ့ လူငယ်တွေအနေနဲ့ ဒီ(၃)ချက်ကို သတိထားဖို့ လိုပါတယ်။

၁။ “Facebook က Virtual world” ဆိုတာကြီးကို မေ့ပစ်ပါ။ ကိုယ်တင်သမျှ ပို့စ်တွေကတစ်ဆင့် လူတွေက ကိုယ့်ကို အကဲဖြတ်နေပါတယ်။

၂။ ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ကိုယ်သိထားတာ တခုခုကို ဝေမျှတတ်တဲ့ အလေ့အထမွေးပါ။ အဲဒါက ကိုယ့် Brand ကို အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

၃။ ပြင်ပက ကိုယ့်ပုံစံနဲ့ တစ်ထပ်တည်းနီးပါးကျနေတဲ့ Brand image ကိုသာ တည်ဆောက်ပါ။ ရိုးသားပါ။ စစ်မှန်ပါ။ ဒီလောက် သတင်းအချက်အလက်တွေ မြန်ဆန်နေတဲ့ခေတ်ကြီးမှာ ဟန်ဆောင်ဖို့ ကြိုးစားတာဟာ အင်မတန်မိုက်မဲတဲ့ အပြုအမူတစ်ရပ်သာ ဖြစ်ပါတယ်။

၁၃.၁၀.၂၀၁၇

Credit: ဒေါက်တာဖြိုးသီဟရဲ့ Page

Monday, November 27, 2017

သွေးကြောထုံးခြင်း (Varicose Vein)


သွေးကြောထုံးခြင်းကို varicose veinလို့ ခေါ်ပါတယ်။ သွေးပြန်ကြော ရှိတဲ့ နေရာမရွေး ဖြစ်နိုင်တယ်။ ခြေထောက် ၊ခြေသလုံးစတဲ့နေရာတွေမှာ ပိုအဖြစ်များတယ်။ သွေးကြောထုံးတဲ့နေရာက ဖုဖောင်းပြီး အကြည့်ရဆိုးတဲ့ သွေးကြောပြင် စိမ်းစိမ်းတွေ ရှိနေတတ်တယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ   စိတ်ဒုက္ခရောက်ရတယ် ။ သွေးကြောထုံးသူကို လေ့လာကြည့်ရင် အဖြစ်မနည်းလှဘူး။ လူတရာမှာ သုံးယောက်ဟာ သွေးပြန်ကြော ထုံးကြတယ်။ အသက်ငါးဆယ်ကျော်အရွယ်စပြီး သွေးကြောတွေ ထုံးလာနိုင်တယ်။ ဒီထဲမှာ အမျိုးသမီးတွေက ပိုအဖြစ်များတယ်။ ငယ်စဉ်ကတည်းက သွေးကြောထုံးသူတွေလည်း ရှိတယ်။ အစားအသောက်၊အနေအထိုင်ကြောင့် ဖြစ်နိုင်တယ်။

မျိုးရိုးနဲ့လည်း သက်ဆိုင်တယ်။ သွေးကြောထုံးသူအများစုဟာ အကြောင်းရင်းခံမယ်မယ်ရရ မတွေ့ရဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေများသူတွေအဖြစ် သတ်မှတ်ထားတဲ့အချက်တွေ ရှိပါတယ်။ ခြေသလုံးတုတ်သူ၊အဆီများသူ၊အဝလွန်သူတွေ ဖြစ်နိုင်ချေပိုများတယ်။ တားဆေးကဒ်တွေကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း တွေ့ရတယ်။  ကလေးများရင်များသလောက် ပိုဖြစ်နိုင်တယ်။ ကလေးမွေးပြီး ပြန်ပျောက်သူတွေလည်း ရှိတယ်။ ရောဂါက အလုပ်အကိုင်နဲ့လည်း သက်ဆိုင်နေတယ်။ အချိန်ကြာအလုပ်လုပ်နေရသူ၊အထိုင်များသူ၊အထများသူ မည်သူမဆိုဖြစ်နိုင်တယ်။ ရောဂါအခံတခုခုရှိလို့ ဖြစ်နိုင်တယ်။အလုံးအကျိတ်တွေရဲ့ ဖိအားကြောင့်လည်း ဖြစ်တယ်။ ဗိုက်၊တင်ပါး၊ပေါင် ခွဲစိတ်တဲ့အခါ သွေးပြန်ကြောထိနိုင်တယ်။ သွေးကြောတည်ဆောက်ပုံ မူမမှန်တာ၊သွေးကြောထိခိုက်မိတာနဲ့လည်း ဆိုင်တယ်။

သွေးကြောထုံးခြင်း သီအိုရီအရ အပေါ်မှာရှိတဲ့ သွေးဖိအားက အောက်မှာ ရှိတဲ့ သွေးပြန်ကြောတွေအပေါ်သက်ရောက်လို့ ဖြစ်တယ်။ ဖိအားများလာတဲ့အခါ အောက်မှာရှိတဲ့ ခံရသူသွေးပြန်ကြောအဖို့ မသက်သာလှဘူး။ သွေးပြန်ကြောတွေရဲ့ anatomyကို လေ့လာကြည့်ရင် အမျိုးအစားသုံးမျိုး ရှိတယ်။ အပေါ်ဆုံး အရေပြားနဲ့နီးတဲ့ သွေးပြန်ကြောကို superficial veinလို့ ခေါ်ပါတယ်။သွေးထုထည်ရဲ့ ၁၀ရာခိုင်နှုန်းကို သယ်ဆောင်ပေးပြီး နှလုံးကို ပြန်လည်ပို့ဆောင်ပေးတယ်။ သွေးပြန်ကြောထုံးတာက အဲဒီသွေးကြောမှာ ပြဿနာရှိလို့ဖြစ်ပါတယ်။ အောက်ဖက်မှာ ကြွက်သားတွေကြားဖြတ်သန်းသွားတဲ့ သွေးပြန်ကြောတခုရှိသေးတယ်။ deep vein လို့ ခေါ်ပါတယ်။ သွေးထုထည်ရဲ့ ၉၀ရာခိုင်နှုန်းကို သယ်ဆောင်ပြီး နှလုံးရောက်အောင် ပို့ဆောင်ပေးတယ်။ အပေါ်နဲ့ အောက်က သွေးပြန်ကြောကြီးနှစ်ခုကို ဆက်စပ်ပေးတဲ့ veinအသေးလေးတွေလည်း ရှိသေးတယ်။ အချင်းချင်းဆက်စပ်ပေးလို့ communicating veinလို့ ခေါ်ပါတယ်။

အပေါ်မှာ ရှိတဲ့ superficial veinက သွေးတွေ deep veinထဲ ဝင်ရောက်အောင် communicating veinက ပေါင်းကူးဆက်စပ်သွယ်ပေးတယ်။  သွေးပြန်ကြောတွေမှာ တလမ်းသွားဖြစ်အောင် စီမံထားတဲ့ အဆို့ရှင်တွေ ရှိကြတယ်။ နှလုံးကို ဦးတည်သွားတဲ့ သွေးကို အောက်ပြန်ကျမလာအောင် ဒီအဆို့ရှင် valveတွေက ထိန်းသိမ်းပေးတယ်။ သွေးပြန်ကြောမှာရှိတဲ့ သွေးတွေ အပေါ်တက်ဖို့ ဘေးမှာရှိတဲ့ ကြွက်သားတွေက ညှစ်ပေးတယ်။ ပြီးရင် အထက်တက်တဲ့ သွေးတွေ အောက်ပြန်ကျမလာအောင် အဆို့ရှင်တွေက တားဆီးပေးတယ်။ သွေးပြန်ကြောအလုပ်လုပ်ပုံ နားလည်ရင် သွေးပြန်ကြောဘာ့ကြောင့် ထုံးရသလဲ လေ့လာဖို့ ပိုမိုလွယ်ကူသွားတယ်။ မတ်တပ်ရပ်တဲ့အခါ  gravity သဘောအရ  သွေးတွေဟာ အောက်ဖက်(ခြေထောက်)မှာ စုပုံလာတယ်။ ကြာလာတဲ့အခါ သွေးတွေအိုင်လာ၊ဖိအားများလာပြီး သွေးကြောနံရံတွေ ဖောင်းလာတယ်။ ဖောင်းလာတဲ့သွေးကြောနံရံတွေကြောင့် အဆို့ရှင်တွေ မလုံတော့ဘဲ သွေးတွေ အောက်ပြန်စီးဆင်းလာနိုင်တယ်။ ဒီလိုနဲ့ အောက်ဖက်ပိုရောက်လေ၊သွေးဖိအားများလေဖြစ်ပြီး သွေးကြောတွေ ပိုမိုဖုဖောင်းလာတယ်။ ဒီအခြေအနေမှာ varicose vein(သွေးကြောထုံးခြင်း) ဖြစ်လာပါတယ်။

 သွေးပြန်ကြောထုံးခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတယ်။ တခါတရံ deep vein thrombosis(သွေးခဲပိတ်ဆို့ခြင်း)ကြောင့် သွေးကြောထုံးနိုင်တယ်။အောက်မှာ ရှိတဲ့ deep vein နေရာမှာ ပိတ်တာ၊ကျဉ်းတာဖြစ်တဲ့အခါ အပေါ်မှာရှိတဲ့ superficial veinကို ဖိအားသက်ရောက်ပြီး သွေးကြောတွေ ဖောင်းလာ၊ရောင်လာတတ်တယ်။ ဒီအခြေအနေကို secondary varicose veinလို့ ခေါ်ပါတယ်။ spider veinဆိုတာလည်း သွေးပြန်ကြောရောင်တာပါပဲ။ သွေးကြောမျှင်တွေ အပြင်ဖက်ကို ဖြာထွက်နေတာမျိုးပါ။

သာမန်အခြေအနေမှာ သွေးကြောထုံးခြင်းဟာ ပြဿနာတရပ်မဟုတ်သေးဘူး။ အကြည့်ရဆိုးရုံလောက်ပဲရှိတယ်။ အများစုဟာ ကုသဖို့ မလိုအပ်ဘူး။ အကယ်၍ လူမြင်မတော်တဲ့ နေရာ(ခြေသလုံး၊ဒူးကောက်ကွေး)တွေမှာ ဖြစ်ရင် လူနာဆန္ဒအလျှောက် ကုသနိုင်တယ်။ သွေးကြောထုံးတာ နှစ်ချီလာတာနဲ့အမျှ ပိုဆိုးလာတယ်။ ခြေသလုံးမှာ စတင်ကိုက်ခဲလာတယ်။ ထုံကျဉ်လာတယ်။ ခြေထောက်တွေ လေးလံလာတယ်။ တင်းလာတယ်။ညနေခင်းပိုင်းမှာ ပိုဆိုးတယ်။ ရောင်လာတယ်။ ရုတ်တရက်ထမိရင် ကြွက်တက်လာတယ်။မတ်တပ်ရပ်ရင် ပိုနာတယ်။ အရေပြား ယားလာတယ်။ အဖုအဖောင်းတွေ ပိုထွက်လာတယ်။  နေရာအနှံ့ဖြစ်လာတယ်။သွေးကြောနေရာ စိမ်းတာ၊ပြာတာ၊မဲတာ အရောင်အမျိုးမျိုး ဖြစ်လာနိုင်တယ်။ ကြာတာနဲ့အမျှ နောက်ဆက်တွဲဝင်လာတယ်။ အရေပြားအရောင် ရင့်လာတယ်။ အရေပြားရောဂါဝင်လာပြီး ခြေထောက်အနာ ဖြစ်လာတယ်။  ခြေထောက်၊ခြေချင်းဝတ်စတဲ့နေရာမှာ အနာတွေဖြစ်လာရင် venous leg ulcerလို့ ခေါ်ပါတယ်။ ကြာလာရင် သွေးတွေစုပုံလာတာကြောင့် သွေးခဲပြီး သွေးကြောပါပိတ်နိုင်လာတယ်။ ခြေထောက်အတွက်သာမက နှလုံး၊အဆုတ်၊ဦးနှောက်ကိုပါ ဒုက္ခပေးနိုင်တယ်။ ဒီအချိန်မှာ စတင်ကုသဖို့ လိုအပ်လာတယ်။

Varicose veinကို ကုသနိုင်ဖို့ နည်းအမျိုးမျိုး ရိှပါတယ်။ ဆေးမကုခင် အရင်ဆုံးပြုပြင်ရမှာ အနေအထိုင်ပါ။ သိပ်မဆိုးရင် အနေအထိုင်ပြောင်းလဲရုံနဲ့ သက်သာနိုင်တယ်။ အစားအသောက်နဲ့လည်း ဆိုင်တယ်။ အလုပ်ပြောင်းသင့် ပြောင်းရတယ်။ ဥပမာ မတ်တပ်အကြာကြီး ရပ်တဲ့အလုပ်မျိုးမလုပ်ရဘူး။မကြာခဏနားပေးရမယ်။ ကြွက်သားလေ့ကျင့်ခန်း ပြုလုပ်သင့်တယ်။ အဝမလွန်စေရဘူး။ အဆီမများစေရဘူး။ အိပ်တဲ့အခါ ခြေထောက်အောက်မှာ တခုခုခံပြီး မြှင့်ထားရတယ်။ သောက်ဆေးအနေနဲ့ အသုံးပြုနိုင်တာတွေ ရှိတယ်။Diosmin တို့၊Calcium dobesilateစတဲ့ ဆေးဝါးတွေ သုံးစွဲတယ်။ horse chestnut extract 250mgပါဝင်တဲ့ တိုင်းရင်းဆေးတွေလည်း သုံးလို့ရပါတယ်။ တချို့လည်း ဆေးကုဖို့မလိုအပ်ဘဲ သက်သာသွားကြတယ်။ရောဂါအနေအထားပေါ်မူတည်ပြီး ကုသဖို့နည်းအမျိုးမျိုး ရှိပါတယ်။

၁။compressing stocking 
အသားကပ်ခြေအိပ်တမျိုး ဖြစ်ပါတယ်။ တနေကုန် ဝတ်ဆင်သင့်တယ်။ ညအိပ်ခါနီး ချွတ်အိပ်ရတယ်။ stocking ရဲ့သဘော ရောင်တာ၊ဖောင်းတာ၊နာကျင်တာကို သက်သာစေတယ်။ ခြေထောက်တချောင်းလုံးပေါ်ကို ဖိအားသက်ရောက်စေလို့ သွေးပြန်ကြောစီးဆင်းမှု ကောင်းစေတယ်။ ဖိအားပေါ်မူတည်ပြီး သုံးမျိုးခွဲထားတယ်။နံပါတ်တစ်အမျိုးအစားက ဖိအားသိပ်မများတဲ့ support pantyhose ဆိုတာဖြစ်ပါတယ်။ ဒုတိယအမျိုးအစားက ဖိအားအသင့်အတင့်ရှိတဲ့ over-the-counter compression hoseဖြစ်ပါတယ်။ ခြေအိတ်ဝတ်ဖို့ ဆရာဝန်ညွှန်ကြားချက်မလိုအပ်ဘူး။ဆရာဝန်ညွှန်ကြားချက် လိုအပ်တာကဖိအားသက်ရောက်မှုအများဆုံးဖြစ်တဲ့ strength compression hoseဆိုတာဖြစ်ပါတယ်။

၂။Sclerotherapy
သေးတဲ့veinတွေအတွက် sclerosant ဓာတုဆေးတမျိုး ထိုးထည့်ပေးတယ်။ Asclera(polidocanol) ဆိုတဲ့ဆေးကို အသုံးပြုကြတယ်။ဆေးအာနိသင်က သွေးပြန်ကြောကို ရှုံသွားအောငိ ပြုလုပ်တာဖြစ်ပါတယ်။အရင်ဆုံးရောင်လာမယ်၊ပြီးရင် အမာရွတ်လို ရှုံ့တွသွားတယ်။သေးငယ်တဲ့ varicose veins နဲ့spider veinsမှာ အသုံးပြုတယ်။တကြိမ်ထဲနဲ့ မရတတ်ဘူး၊တလတကြိမ်လောက် ထပ်လုပ်ဖို့ လိုအပ်တယ်။ဆေးထိုးပြီးတိုင်း ရုန်းဆန့်နိုင်တဲ့ ပတ်တီးမျိုးနဲ့ ကျပ်စီးထားရတယ်။ဘေးထွက်ဆိုးကျိုး သွေးခြေဥတာ၊ရောင်တာ၊အရေပြားအရောင်ရင့်တာ ဖြစ်နိုင်တယ်။

၃။Microsclerotherapy
သေးငယ်တဲ့ သွေးပြန်ကြော(spider vein)တွေအတွက် အသုံးပြုပါတယ်။ ဓာတုဆေးအနည်းငယ်ကို ရောင်တဲ့သွေးပြန်ကြောထဲထိုးသွင်းတယ်။ အတွင်းမျက်နှာပြင် အမာရွတ်ထင်ပြီး ရှုံတွသွားတယ်။

၎။Laser therapy
varicose veinပေါ်ကို လေဆာရောင်ခြည်ပေးတယ်။ အပူစွမ်းအင်သုံးပြီး ကုသတဲ့အခါ ဖြစ်တဲ့သွေးကြောက သေးပြီးပျောက်သွားတယ်။သေးငယ်တဲ့သွေးပြန်ကြောထုံးခြင်းအတွက် အသုံးဝင်တယ်။ခွဲစိတ်၊ဖြတ်ထုတ်၊ဆေးထိုး လုပ်စရာမလိုအပ်ဘူး။

၅။Endovenous Ablation Therapy
ဖြစ်တဲ့veinထဲကို လေဆာ(သို့)ရေဒီယိုလှိုင်းသုံး အပူပေးပြီး ပိတ်သွားစေတယ်။ veinနဲ့နီးတဲ့နေရာတဝိုက်မှာ ဓားရာသေးသေးတခုပေးပြီး catheterပိုက်ငယ်တခုထည့်ပေးမယ်။ ပိုက်ထိပ်မှာတပ်ထားတဲ့ ပစ္စည်းကနေ အပူပေးပြီး သွေးပြန်ကြောနံရံကို ရှုံတွစေတယ်။ထုံဆေးလိုပါတယ်။ကောင်းတဲ့အချက်က ဒီနေ့လုပ်ပြီး ဒီနေ့ အိမ်ပြန်လို့ရတယ်။

၆။Endoscopic Vein Surgery
ခြေထောက်အနာဖြစ်တဲ့အခါမျိုးမှာ အသုံးပြုပါတယ်။အရင်ဆုံး ဓားရာပေးပြီး ကင်မရာတပ်ထားတဲ့ ပိုက်ကို သွေးကြောထဲထိုးထည့်ပါတယ်။ကင်မရာထိပ်မှာ ဖြစ်တဲ့နေရာကို ကုသဖို့ ခွဲစိတ်ကိရိယာငယ် တပ်ဆင်ထားတယ်။ ကျွမ်းကျင်သူ၊ပစ္စည်းလိုအပ်ပါတယ်။ခွဲစိတ်ပြီး လပိုင်းအတွင်း ပုံမှန်အလုပ်တွေ ပြန်လုပ်နိုင်တယ်။

၇။Ambulatory Phlebectomy
ရောင်နေတဲ့ သွေးပြန်ကြောတခုလုံးကို ဖြတ်ထုတ်ပစ်တယ်။ ဖြစ်တဲ့သွေးပြန်ကြောကို ခွဲစိတ်၊ကြိုးချည် စွဲထုတ်ပစ်တယ်။ခွဲစိတ်ဆရာဝန်ကသာ ပြုလုပ်ပေးတယ်။ အရင်က varicose veinကို ကုသတဲ့ သမားရိုးကျနည်းတခု ဖြစ်ပါတယ်။

၈။Vein Stripping and Ligation
-အရေပြားမှာ ဓားရာတခုပေးရတယ်။
-သွေးပြန်ကြောတွေဆက်သွယ်ထားတဲ့ shuntတွေကို ကြိုးချည်တယ်။
-ဖြစ်တဲ့ရောင်တဲ့ သွေးပြန်ကြောကို စွဲထုတ်ပစ်တယ်။
-အများစုဟာ တစ်လအတွင်း ပြန်ကောင်းကြတယ်။
-ကောင်းတာက OPD procedureအနေနဲ့ ပြုလုပ်နိုင်တယ်။
-ဘေးထွက်ဆိုးကျိုး ပိုများတယ်။

လိုက်နာ၊ဆောင်ရွက်သင့်သည့် အချက်များ
-အချိန်ကြာ မတ်တပ်ရပ်တာ၊ထိုင်တာမျိုး မလုပ်သင့်ဘူး။
-နာရီဝက် တခါ ခန္ဓာကိုယ်ကို ပြောင်းလဲပေးရမယ်။
-ခြေကလိမ်ထိုင်တာမကောင်းဘူး။
-ထိုင်နေ၊နားနေ၊အိပ်နေတဲ့အခါ ခြေထောက်ကို အထက်ဖက်မြှင့်ထားပါ။
-သွေးလျှောက်ကောင်းအောင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။
-အထူးသဖြင့် ကြွက်သားအားကောင်းစေမယ့် လေ့ကျင့်ခန်းမျိုး ဖြစ်တယ်။
-အရင်းပိုင်းကျတဲ့နေရာတွေ တင်းကျပ်တဲ့အဝတ်အစားတွေ မဝတ်သင့်ဘူး။
-အရင်းကိုဖိရင် အောက်ပိုင်းမှာသွေးစုနေလိမ့်မယ်။
-ဒေါက်မြင့်ဖိနပ် မဝတ်ဆင်သင့်ဘူး၊ခြေသလုံးနေရာ ပိုဆိုးလာမယ်။
-သွေးပြန်ကြောထုံးတဲ့အခါ အနေအထိုင်ပြုပြင်ရင် မကြာခင်သက်သာလာနိုင်ပါတယ်။

Credit by Owner
#DoctorOnCall
#24/7service

Sunday, November 26, 2017

ဒု-သ-န-သော


ကာမပိုင်ရှိသူနဲ့ ဖောက်ပြားလျှင် ကြုံရမည့် ဒု-သ-န-သော အကြောင်း
----------------------------------------------------------
ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်းကတော့
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီး တစ်ဦးကိုနှစ်သက်သဘောကျခဲ့ပါတယ်။

နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီးအကြောင်းကို စုံးစမ်းခိုင်းတဲ့ အခါအိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီးအပေါ်စွဲ လန်းနေမိတဲ့အတွက် ဒီအမျိုးသမီးကို အရယူဖို့သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာအလုပ်ခန့်ခဲ့ပါတယ်။

ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်း နည်းနဲ့အပြစ်ရှာပြီး အပြစ်အတိုင်းအဆုံးစီရင်ကာ ကျန်ခဲ့တဲ့အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း
တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။

ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ်ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။

ဘုရင်ကြီးဟာ မဖြစ်နိုင်တာကိုတမင် အပြစ်ရှာပြီး ခိုင်းတဲ့သဘော
ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်းသွားရောက် ဆောင်ယူရမှာဖြစ်ပါတယ်။

ဒါနဲ့သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာရှိတဲ့ သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။

တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ဘုရင်အမိန့်အတိုင်း လိုအပ်တာကိုယူဆောင်ပြီး နန်းတော်သို့အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ဘုရင်ကြီးဟာ သူဆင်းရဲသားမရောက်ခင် နန်းတော်မြို့တံခါးကို စောစောအပိတ်ခိုင်းလိုက်ပါတယ်။

ဆင်းရဲသားယောက်ျားဟာ မြို့တံခါးပိတ်ထားတဲ့ အတွက်အဲဒီည အိပ်စရာမရှိတဲ့အခါနောက်ဆုံး သတ္တ၀ါတွေရဲ့ထုံးစံအတိုင်းဒုက္ခရောက်မှ ဘုရားကျောင်း ကန်ကိုသတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။

ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက် ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရဖြစ်နေ ခဲ့ပါတယ်။အိမ်မပျော်ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ငရဲသား လေးယောက်ရဲ့အသံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။

အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်းသူတို့ မှားခဲ့တဲ့အမှားအတွက် ခံရတဲ့ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က“ဒု”၊ တစ်ယောက်က“သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲပြန်မြုပ် သွားခဲ့ကြပါတယ်။

အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကိုကြားပြီး အရမ်းထိတ် လန့်ကာဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။

မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပု ရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရာယ် အတွက်စိုးရိမ်စရာဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကိုပူဇော်ရပါမယ်၊ဒီယဇ်ပူဇော်ဖို့ အတွက် ဆင်၊မြင်း၊နွားလဥသဘ၊ နို့ညှစ်နွားမ၊ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊၀က်၊ သတိုးသား၊သတိုးသမီး စသဖြင့်သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီးပူဇော်ရပါမယ်၊ အဲဒါဆိုဘုရင်ကြီးရဲ့ အသက်အန္တရာယ် အတွက်စိုးရိမ်စရာမရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။

ကောသလဘုရင်ဟာ ဉာဏ်အမြင် နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့ သူဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်းစီရင် စေပါတယ်။ဘုရင်ရဲ့ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သား သမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။

ဒီအသံတွေကြောင့် ကောသလမင်း ကြီးရဲ့မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာလမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက် ကြားဖို့အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့အကြံအ တိုင်းဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။

ဘုရားရှင်ထံရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့ အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရကံကြောင့် လောဟကုမ္ဘီ ငရဲမှကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာအတူပျော် ပါးစားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကိုပေးကာ သူတို့နဲ့ပျော်ပါးတဲ့အခါ အသုံးပြုကြဖို့ဆုံး ဖြတ်ပြီးချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီးပျော်ပါးခဲ့ကြကြောင်း၊

ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေး ယောက်ဟာကာမေသုမိစ္ဆာစာရ အမှုကိုနှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲသူတို့ လေးယောက်သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီးအခု တစ်ခါလောဟကုမ္ဘီငရဲမှာ ထပ်ပြီးခံနေရတာဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီသူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက ~

“ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အားစည်း စိမ်ဥစ္စာများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့်ကုသိုလ် ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ပြောလို တာဖြစ်ကြောင်း၊

“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
“သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“န”ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏အပိုင်းအ ခြားသည်မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကိုသိ လေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည်ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ပြော လိုတာဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။

အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်းအဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင် အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါ တော့တယ်။

ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။
ဒီနေရာမှအဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့စကားလုံးတွေအကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။

ဒီငရဲသားတွေရဲ့ အတိတ်ကလုပ်ခဲ့တဲ့ သူတပါးသားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့တန်ပြန် သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။

စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင်ကိုယ်ကျင့် သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒု - သ - န - သောဆိုတဲ့ စကားလုံးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအဖြစ်အပျက် အဓိပ္ပါယ် တွေကိုကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။####

အရှင်ဝိစိတ္တ (မနာပဒါယီ)
Credit to ကြေးမုံသတင်းစာ

Saturday, November 25, 2017

လစာတိုးတောင်းတော့မယ်ဆိုရင်


---------------------------------
ရာထူးတိုးတို့၊ လစာတိုးတို့ဆိုတာ ရှောင်လွှဲလို့မရတဲ့ လုပ်ငန်းခွင်အကြောင်းအရာ တစ်ခုပဲဖြစ်ပါတယ်။ ရာထူးတိုး၊ လစာတိုးနဲ့ပတ်သက်လာရင် တချို့လုပ်ငန်းခွင်တွေမှာ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ တိတိကျကျသတ်မှတ်ပြဌာန်းတာရှိသလို တချို့လုပ်ငန်းခွင်တွေမှာတော့ အဆင်ပြေသလိုဆိုတဲ့စကားနဲ့ ဘက်လိုက်ဆုံးဖြတ် နေတာတွေရှိနေတတ်ပါတယ်။ စာဖတ်သူဟာ ဘယ်လိုလုပ်ငန်းမျိုးမှာပဲ ရောက်နေလဲ ဆိုတာမသိရပေမဲ့ လစာတိုးတောင်းတော့မယ်ဆိုရင် ကြိုတင်နားလည်သင့်တဲ့ အချက်တွေကိုဖေါ်ပြပေးလိုက်ပါတယ်။

• Make sure you deserve it. ပထမဆုံးသတိထားဆင်ခြင်သင့်တာကတော့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ရရှိနေတဲ့ လစာခံစားခွင့် တွေဟာ ထိုက်တန်မျှတမှုရှိရဲ့လားဆိုတာပါပဲ။ ဆိုလိုရင်းက Input-Output ရဲ့ ချိတ်ဆက်မှုကို Analysis လုပ်တဲ့သဘောဖြစ်ပါတယ်။ တခါတလေမှာဖြစ်တတ်တာက ၀န်ထမ်းက အလုပ်အရမ်းကြိုးစားတယ်၊ ရလဒ်ကောင်းတွေဖန်တီးပေးနိုင်တယ်။ ဒါပေမဲ့ရပိုင်ခွင့်ကြတော့ သူ့လောက်မှ အလုပ်မကြိုးစားသူလောက်မရတာတွေအများကြီးရှိနေတတ်ပါတယ်။ ဒါကြောင့် လစာတိုးတောင်းတော့မယ်ဆိုရင် မိမိဟာ လက်ရှိရနေတဲ့ လစာခံစားခွင့်ထက် ပိုမိုတဲ့ လုပ်အားကိုပေးစွမ်းနိုင်တယ်ဆိုတာသေချာပါစေ။

• Keep taps on your own performance. မိမိရဲ့လုပ်ငန်းတာဝန်တွေ၊ စွမ်းဆောင်နိုင်ရည်တွေကို ပိုမိုကောင်းမွန်အောင်ကြိုးစားရင်း ဆက်ထိမ်းထားပါ။ အထူးသဖြင့် မိမိအထက်လူကြီးက အရေးကြီးတယ်လို့သတ်မှတ်တဲ့ လုပ်ငန်းတာဝန်တွေမှာ ထူးချွန်ပြောင်မြောက်အောင် စွမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ စာရေးသူရဲ့ အတွေ့အကြုံအရ တချို့အားကိုးရတဲ့ ၀န်ထမ်းတွေဟာ သူတို့စွမ်းဆောင်ရည်ရှိသလောက် လစာနဲ့ခံစားခွင့်တွေ မရသေးရင် စိတ်ဓါတ်ရေးရာပျက်ပြားပြီး မကြိုးစားတော့ပါဘူး၊ ကြိုးစားလည်း ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ စိတ်ထားတွေဖြစ်သွားတတ်ပါတယ်။

အကြံပြုလိုတာကတော့ ကြိုးစားရမှာ မိမိကိစ္စပဲဖြစ်ပါတယ်။ ဆက်ကြိုးစားမြဲ ကြိုးစားပါ။ ကြိုးစားသူအတွက် အခွင့်အလမ်းတွေကအမြဲရှိတယ်ဆိုတာကို မေ့မထားဖို့ပါပဲ။ ကြိုးစားမှုဟာ အချည်းအနှီးမဖြစ်စေပါဘူး။ လက်ရှိအလုပ်မှာ ထိုက်တန်တဲ့ ရာထူး၊ လစာနဲ့ခံစားခွင့်တွေမရရင်တောင် မိမိရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေ၊ မိမိကိုယ်ကိုယုံကြည်မှုတွေတိုးလာပြီး အခြားအလုပ်တွေမှာ ကောင်းမွန်တဲ့အခွင့်အလမ်းတွေရမှာသေချာပါတယ်။

• Keep a record of your achievements. လက်ရှိရာထူးတာဝန်ထမ်းဆောင်တဲ့ အချိန်မှာ ထူးထူးခြားခြားဘာတွေအောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တယ် ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေ စုဆောင်းထားပါ။ ဒီမှတ်တမ်းမှတ်ရာတွေဟာ လစာတိုးဖို့ တောင်းဆိုတဲ့နေရာမှာ ဘာကြောင့်တိုးသင့်တဲ့အကြောင်း သက်သေအဖြစ်ရပ် တည်နေပါလိမ့်မယ်။ တကယ်တော့ ဒီမှတ်တမ်းတွေဟာ လက်ရှိအလုပ်မှာသာ မက အခြားအလုပ်လျှောက်ခဲ့မယ်ဆိုရင်တောင် အင်တာဗျူးမေးခွန်းထဲမှာ အမြဲတမ်းနီးပါးမေးတတ်တဲ့ အကြောင်းအရာတွေဖြစ်လို့ စုဆောင်းထားပါ။

• Promote yourself. ဒီကိစ္စအတော်အရေးကြီးပါတယ်။ တချို့ဝန်ထမ်းတွေက သူတို့ကြိုးစားနေဖို့အဓိကပဲ လူသိတာမသိတာအရေးမကြီးဘူးဆိုတဲ့ သဘောထားတွေရှိတတ်ပါတယ်။ တကယ်တော့ဒီကိစ္စက Marketing ရဲ့ သဘောတရားတွေပါပဲ။ မိမိဘာတွေကိုထူးထူးချွန်ချွန်လုပ်နိုင်ကြောင်း၊ ဘယ်နေရာတွေမှာ အားသန်ကြောင်းတွေကို အထက်လူကြီးတွေ သိအောင် တနည်းနည်းနဲ့စွမ်းဆောင်ရပါလိမ့်မယ်။ လုပ်ငန်းတာဝန်တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်လာတဲ့သူတိုင်းရရှိတဲ့ သြဇာတစ်မျိုးရှိပါတယ်။

အဲဒါကတော့ Expert Power ဖြစ်ပါတယ်။ Expert Power ဟာ ရာထူးနဲ့မဆိုင်ပါဘူး။ တစ်ခုခုမှာ ကျွမ်းကျင်နေရင် အခြားသူတွေကိုလွှမ်းမိုးနိုင်တဲ့ သြဇာရှိတယ် ဆိုတဲ့သဘောပါ။ Expert Power ရတဲ့ဝန်ထမ်းတွေအလုပ်ထွက်သွားရင်တောင် သူသာရှိရင် ဒီအလုပ်ကိုခဏလေးနဲ့ ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တယ်။ သူရှိရင်ကောင်းမှာပဲဆိုတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိကျွမ်းကျင်ပိုင် နိုင်တဲ့အရာတွေကို မိမိအထက်လူကြီးနဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ သိနေအောင် Promote လုပ်ထားဖို့လိုပါတယ်။

ဒီနေရာမှာ သတိထားသင့်တဲ့အချက်ကတော့ Promote လုပ်ဆိုလို့ အရမ်းကာရော ကျွန်တော်ကဟိုဟာ အရမ်းတော်တာ၊ ဒီဟာအရမ်းတော်တာဆိုပြီး ပေါ်တင်ကြီးပြောခိုင်းတာတော့မဟုတ်ပါဘူး။ အထက်လူကြီးနဲ့ အခြားလုပ်ဖေါ်ကိုင်ဘက်တွေသိလာအောင်လုပ်လို့ ရနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ရှာကြည့်ပါ။ နောက်ဆုံး လူတိုင်းနီးပါး Facebook သုံးကြပါတယ်။ Facebook မှာ အခြားအဓိပ္ပါယ်မဲ့အကြောင်းအရာတွေ၊ ဘီယာ၊ အရက်သောက်နေတာတွေတင်နေမယ့်အစား သင်တန်းတက်နေတဲ့ အကြောင်းတွေ၊ သင်တန်းမှာဘာတွေသင်တယ်၊ ဘယ်ဟာတွေက အလုပ်မှာ လက်တွေ့ကြုံတွေ့နေရပြီး ပြန်လည်အသုံးချနေတဲ့အကြောင်းအရာမျိုးတွေကို တင်တာတွေဟာ Facebook သုံးရင်း မိမိအတွက် အကျိုးရှိစေမှာပဲဖြစ်ပါတယ်။

• Hold regular meeting with your boss. မိမိရဲ့အထက်လူကြီးနဲ့ ပုံမှန်တွေ့ဆုံမှုမျိုးလုပ်ပါ။ လုပ်ငန်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ် Performance Management System (PMS) ကျင့်သုံးတဲ့လုပ်ငန်းတွေမှာတော့ ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး (၃) လတစ်ကြိမ်ပဲဖြစ်ဖြစ် (၆) လ တစ်ကြိမ်ပဲဖြစ်ဖြစ် လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး ၀န်ထမ်းနဲ့ အထက်လူကြီးတွေ့ဆုံဆွေးနွေးတိုင်ပင်မှုတွေလုပ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ မိမိရဲ့အထက်လူကြီးနဲ့ မိမိရဲ့စွမ်းဆောင်နိုင်ရည်တွေကို အကောင်းဆုံးဆွေးနွေး ရမှာဖြစ်ပါတယ်။

• Do your research. လက်ရှိအလုပ်ထဲမှာ လစားတိုးတာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ထုံးလုပ်နည်း၊ မူဝါဒတွေရှိတယ်ဆိုတာလေ့လာပါ။ အလားတူပဲ အခြားလုပ်ငန်းတွေမှာ မိမိနဲ့ရာထူးတူ၊ တာဝန်တူထမ်းဆောင်ရတဲ့သူတွေရဲ့ လစာနဲ့ခံစားခွင့်တွေဘယ်လိုရှိလဲစုံစမ်းပါ။ ဒီလိုစုံစမ်းလို့ရလာတဲ့ရလဒ်တွေ အပေါ်အခြေခံပြီး လစာတိုးတောင်းတဲ့အခါမှာ လုပ်ငန်းသဘာဝနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးနဲ့တောင်းဆိုနိုင်ဖို့ဖြစ်ပါတယ်။

• Put yourself in your boss’s shoes. အထက်လူကြီးနဲ့လစာတိုးကိစ္စ မဆွေးနွေးခင် သူ့နေရာက၀င်ပြီး တိုးသင့်မတိုးသင့်စဉ်းစားကြည့်ပါ။ တခါတလေမှာ ရှိတတ်တယ်။ ၀န်ထမ်းက သူ့ကိုယ်သူတိုးသင့်တယ်လို့ ယူဆတယ်။ အထက်လူကြီးကတိုးပေးလို့မရသေးဘူးလို့ပြောတယ်။ ဒီလိုကိစ္စတွေအမြဲတမ်းရှိပါတယ်။ အထက်လူကြီးဘက်ကပြန်လည် ပြောဆိုလေ့ ရှိတာလေးတွေကတော့
 ဒီအချိန်ဟာ ရာထူးတိုး၊ လစာတိုးအချိန်မဟုတ်ဘူး။
 ခင်ဗျားကိုတိုးပေးလို့မရသေးဘူး။ (တချို့လုပ်ငန်းတွေက လုပ်သက်ကိုလည်းထည့်သွင်းစဉ်းစားတတ်လို့ဖြစ်ပါတယ်။)
 ခင်ဗျားထက်စွမ်းဆောင်နိုင်သူတွေရှေ့မှာရှိသေးလို့ တိုးပေးလို့မရသေးဘူး။
 လုပ်ငန်းဒီနှစ်အရှုံးပေါ်နေလို့ လစာတိုးတွေ မရှိသေးဘူး စတဲ့ ပြောဆိုမှုတွေရှိလာနိုင်ပါတယ်။ ဒီပြောဆိုမှု မေးခွန်းတွေအတွက် အဖြေတွေကြိုတင်စဉ်းစားထားဖို့လိုအပ်ပါတယ်။

• Meet with your boss and make your request. အပေါ်မှာဖေါ်ပြခဲ့တဲ့ ပြင်ဆင်မှုတွေသေချာအောင်ပြင်ဆင်ပြီးရင် လစာတိုးတောင်းဖို့ အထက်လူကြီးနဲ့ တွေ့လို့ရပါပြီ။ ဒီနေရာမှာတစ်ခုရှိတာကတော့ အထက်လူကြီးအလုပ်တွေအရမ်းရှုပ်နေတဲ့အချိန်မျိုး၊ ဖိအားများနေတဲ့ အချိန်မျိုး၊ နေမကောင်းတဲ့အချိန်မျိုးတွေကိုတော့ ရှောင်ပြီးတွေ့ဆုံဖို့ လိုအပ်ပါတယ်။

• Don’t despair if you’re turned down this time. တကယ်လို့ ဒီတစ်ကြိမ် လစာတိုးပေးဖို့ငြင်းဆိုခံရရင် စိတ်ဓါတ်မကျပါနဲ့။ ငြင်းဆိုခံရတယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ မိမိရဲ့လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် မဟုတ်ဘဲအခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့အားမလျှော့ပါနဲ့။ ဒီလိုအခြေအနေကို စာရေးသူကိုယ်တိုင် ကြုံဖူးပါတယ်။ တခါတလေမှာအခွင့်အလမ်းကနောက်ကျမှ အလုံးအရင်းနဲ့ ရောက်လာတတ်ပါတယ်။ ဒီလိုငြင်းဆိုခံရပြီးတဲ့နောက်မှာ မိမိဘက်က လိုအပ်ချက်လေးတွေပြင်ဆင်ထားပြီး အခွင့်အလမ်းပေါ်လာတဲ့အချိန်မှာ အမိအရဖမ်းယူတတ်ဖို့လိုအပ်ပါတယ်။ တခါတလေနည်းနည်းသည်းခံလိုက်တာ စာရေးသူအတွက် ရာထူး (၄) ဆင့်အထိ တစ်လအတွင်းမှာပဲ တိုးခဲ့ဖူးတယ် ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေနဲ့ ပေါင်းစပ်ရေးသားလိုက်ပါတယ်။ အားလုံးပဲလစာတိုးတက်ကြပါစေ!

လေးစားစွာဖြင့်

ပိုင်စိုး (Management)

Ref; The Management Bible by Neil Flanagan & Jarvis Finger

Credit: ဆရာပိုင်စိုးရဲ့ Page

Friday, November 24, 2017

ကြက်​ချဉ်​စပ် နှင့်​ ကြက်ခြေထောက်ပေါင်း

#ကြက်​ချဉ်​စပ်

ပါဝင်​ပစ္စည်း
၁။ကြက်​ရင်​ပုံ ၃၀သား ( cp ကြက်​)
၂။ကြက်​သွန်​နီ ၂လုံး
၃။ကြက်​သွန်​ဖြူ ၅တက်​ခန့်
၎။ခရမ်းချဉ်​သီး ၅လုံး
၅။ငရုတ်​သီးစိမ်း ၁၅​တောင့်​ (အစပ်​စားနိုင်​သ​လောက်​ထည့်​ပါ)
၆။ကြက်​သွန်​မိတ်​ ၃ပင်
၇။ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း
၈။ဟင်းခတ်​မှုန့်​ လက်​ဖက်​ရည်​ဇွန်း ၂ဇွန်း
၉။ခရုဆီ ထမင်းစားဇွန်း တစ်​ဇွန်း
၁၀။ပဲငံပြာရည်​ အကြည်​ ထမင်းစားဇွန်း တစ်​ဇွန်း
၁၁။ပဲငံပြာရည်​ အ​နောက်​ ထမင်းစားဇွန်း တစ်​ဇွန်း
၁၂။ဆီ ထမင်းစားဇွန်း ၄ဇွန်း
၁၃။ငရုတ်​သီးအစိမ်းမှုန့်​ ထမင်းစားဇွန်း တစ်​ဇွန်း

ပြင်​ဆင်​ပုံ
၁။ကြက်​သားကို အသားချည်းပဲ လက်​မအရွယ်​ အတုံး​လေးများတုံးထားပြီး ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဝက်​ ဟင်းခတ်​မှုန့်​ လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း ခရုဆီ ပဲငံပြာရည်​အကြည်​ အ​နောက်​တို့နဲ့ အရသာဝင်​​အောင်​ နယ်​ထားပါ။
၂။ကြက်​သွန်​နီ ကို ​လေးစိပ်​စိပ်​ထားပါ။
၃။ကြက်​သွန်​ဖြူ ကို ဓားပြားရိုက်​ထားပါ။
၎။ခရမ်းချဉ်​သီး ကို ပါးပါးလှီး ထားပါ။
၅။ငရုတ်​သီးစိမ်း ကို ​ရေ​ဆေး အညှာ​ခြွေ ထက်​ခြမ်းခွဲထားပါ။
၆။ကြက်​သွန်​မိတ်​ကို လက်​တစ်​ဆစ်​အရွယ်​​လေး​တွေ ပိုင်းဖြတ်​ ထားပါ။

ချက်​ပြုတ်​ပုံ

👉ဆီဆူရင်​ ကြက်​သွန်​ဖြူ ဓားပြားရိုက်​ ၊ကြက်​သွန်​နီတို့ကို ဆီသတ်​ ငရုတ်​သီးအစိမ်းမှုန့်​ ထမင်းစားဇွန်း တစ်​ဇွန်း တို့ကို ဆီသတ်​ပါ။
👍ငရုတ်​သီးကျက်​ရင်​ ကြက်​သားထည့်​လုံးပါ။ ​ရေမထည့်​ပဲ ခရမ်းချဉ်​သီး ပါးပါးလှီး ထားတာထည့်​ပါ။
👌ခရမ်းချဉ်​သီး ​ကြေပြီး အနှစ်​ဖြစ်​တဲ့အထိ မီးအ​နေ​တော်​နဲ့ ဆီပြန်​တဲ့အထိလုံးပါ။
👆ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဝက်​ နဲ့ ဟင်းခတ်​မှုန့်​ လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း ထည့်​ပါ။
👍ကြက်​သားကျက်​မကျက်​ မြည်းကြည့်​ပါ။ ကြက်​သားကျက်​ရင်​ ငရုတ်​သီးစိမ်း ထည့်​ပါ။ တစ်​ချက်​နှစ်​ချက်​ ​မွှေပြီး မီးပိတ်​၍ ကြက်​သွန်​မြိတ်​ခတ်​ပါ။
✌✌✌လွယ်​ကူမြန်​ဆန်​ တဲ့ ကြက်​ချဉ်​စပ်​ ရပါပြီရှင်​။

ချက်ပြုတ်ပြသူ - Su´s Homemade

ကြက်ခြေထောက်ပေါင်းချဉ်ငံစပ်ရည်စိမ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ကြက်ခြေထောက်............၁၀ချောင်း
ချင်းသေးသေး.................၁တက်
ရှာကောတရုတ်မဆလာ....၁လုံး
ငရုတ်သီးစိမ်း.................. ၁၅တောင့်
ကြက်သွန်ဖြူ....................၅တက်
သံပုရာသီး......................၂လုံး
နံနံပင်............................အနည်းငယ်
သကြား..........................၁ဇွန်း
ပဲငံပြာရည်အကြည်...........၁ဇွန်း
ငါးငံပြာရည်.....................၂ဇွန်း

ကြက်ခြေထောက်တွေကိုသန့်စင်ပြီး၂ပိုင်းခုတ်ကာဆား၊ကြက်သားမှုန့်၊ချင်းဓားပြားရိုက်ထည့်ပြီးအရသာနယ်ထားပါ။

တရုတ်မဆလာ(ရှာကော)လုံးကိုမီးကင်ပြီးဓားပြားရိုက်ထည့်ပါ။

အဖုံးလုံသောအိုးသေး(သို့)ဇလုံတစ်ခုအတွင်းမှာထည့်ပြီးရေမြုပ်သည်လေးထည့်ကာအငွေ့ခံပေါင်းအိုးမှာနူးမြည့်သည်အထိပေါင်းပါ။
Pressure Cooker နှင့်လဲပေါင်းနိုင်ပါသည်။

ကြက်ခြေထောက်ပေါင်းနေစဉ်အတွင်းသကြားနှင့်ဟင်းခတ်မှုန့်ကိုပျော်ရုံလေးဖျော်ပါ။

ကြက်သွန်ဖြူ နုပ်နုပ်စဉ်း၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်ကာငါးငံပြာရည်၊ပဲငံပြာရည်တို့ဖြင့်သံပုရာရည်လေးညှစ်ကာချဉ်ငံစပ်အရည်လေးဖျော်ပေးပါ။

နံနံပင်လေးတွေလှီးထည့်ပါ။

ကြက်ခြေထောက်ပေါင်းတွေနူးအိလာလျှင်
ချင်းနှင့်တရုတ်မဆာလုံးကိုဖယ်ထုတ်ပြီး
ချဉ်ငံစပ်အရည်လေးလောင်းချလိုက်ပါ။

ကြက်ပေါင်းကလက်ကျန်ရည်လေးနှင့်ချဉ်ငံစပ်ရည်ပေါင်းစပ်ထားတာကြောင့်အရည်လေးပါခပ်သောက်နိုင်ပါတယ်။

ချက်ပြုတ်ပြသူ - ကိုဝင်းနိုင်သိန်း

Thursday, November 23, 2017

အစမ်းသပ်ခံ နိုင်ငံရေးလား


အရင်အစိုးရ လက်ထက်မှာ သမ္မတရုံး ၀န်ကြီးဌာန ခြောက်ခု ထားတယ်။ မကောင်းဘူး။ သမ္မတသြဇာ ထွားအောင် လုပ်တဲ့ သဘောပါပဲ။ တကယ် လုပ်သွားတာက ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနဲ့ ဦးအောင်မင်းတို့ သုံးဦးပဲ ရှိမယ် ထင်ပါတယ်။ အခု အစိုးရက အရင်အစိုးရနဲ့ ဘာကွာသလဲ။ ဆန်းစစ် ကြည့်ပါမယ်။

(၁)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အစိုးရ အုပ်ချုပ်မှု ပုံစံဟာ သမ္မတစနစ်ကို အခြေပြုပါတယ်။ ၀န်ကြီးချုပ် စနစ်မဟုတ်ဘူး။ ဒါဟာ သတိထားရမှာ ဖြစ်သလို အစိုးရ အင်စတီကျူးရှင်းကို တိုးတက် ကောင်းမွန်အောင် လုပ်တဲ့အခါ သမ္မတစနစ်ရဲ့ အခန်းကဏ္ဍကို အလေးထား ဖော်ထုတ်ရမယ့် အချက်ဖြစ်ပါတယ်။

(၂)

ဒီကနေ့ လွှတ်တော်မှာ ၀န်ကြီးဌာန နှစ်ခု ထပ်တိုးတာနဲ့ ပတ်သက်ပြီး သမ္မတက သ၀ဏ်လွှာ ပို့ပါတယ်။ ပုံမှန် လုပ်ထုံးလုပ်နည်း အရဆိုရင် ထပ်တိုးမယ့် ၀န်ကြီးဌာနကို အမည် စာရင်းတင်၊ ဒါကို လွှတ်တော်က သဘောတူပြီးမှ အဲဒီမှာ ခန့်ထားမယ့် ၀န်ကြီးအမည်စာရင်းကို နောက်တဆင့် တင်သွင်းရမှာ ဖြစ်တယ်။ ဒီနေ့မှာ မြင်ရတာက (တဆင့်ပြီးမှ တဆင့် လုပ်ခြင်းထက်) တပြိုင်နက်တည်း ၀န်ကြီးဌာန အမည်ကိုရော၊ ၀န်ကြီး အမည်တွေကိုပါ လွှတ်တော် တွဲတင်ပြီး ဆုံးဖြတ်ဖို့ အဆိုပြုပါတယ်။ ဒီလို တပြိုင်နက်တည်း လုပ်ရတဲ့ အကြောင်းကို ပြည်ထောင်စု လွှတ်တော် နာယကက ပြောပေတဲ့ ဘာကြောင့်ပဲ ဖြစ်ဖြစ် အဲဒီလို အလျင်စလို မလုပ်သင့်ဘူးလို့ မြင်တယ်။ တဖက်မှာလည်း ဒီလို တပြိုင်နက် လုပ်တာကို ကြည့်ခြင်းအားဖြင့် ဆုံးဖြတ်ပြီးသား ဖြစ်တယ်၊ ပြင်ဖို့ မသင့်ဘူးလို့ ကြိုတင် သတ်မှတ်ပေးရာ ရောက်ပါတယ်။ (အခုတင်တဲ့ ထပ်တိုးအဆိုကို ဘယ်လောက် ခိုင်လုံ အကြောင်းပြချက်တွေနဲ့ ဆွေးနွေး ဆွေးနွေး၊ အာဏာရပါတီက မဲခွဲပြီး အတည်ပြုမှာပါပဲ။ ကန့်ကွက်သူ အဖျက်သမားလို့ တံဆိပ်ခပ် ခံရပါမယ်။ ဒါပေတဲ့ ပြောသင့်တာတော့ ပြောကြရပါလိမ့်မယ်)

ထပ်တိုး ၀န်ကြီးဌာန နှစ်ခုကို ကြည့်ပြန်တော့ လှေကြီးပေါ် လှေငယ် ထပ်တင်တဲ့ သဘောပဲ ဖြစ်နေပါတယ်။ အသေးစိတ် ပြန် စိစစ်ရင် အင်စတီကျူးရှင်း တခုကို ခိုင်မာအောင် လုပ်ရမယ့် အစား ဗွက်ပေါက်အောင် လုပ်လိုက်သလိုပဲလို့ ခံစားမိတယ်။

(၃)

အင်စတီကျူးရှင်း တခုဆိုတာ အိမ်အမိုး တခုလိုပဲ အမိုးပြားငယ် တခုနဲ့တခု ထပ်နေ၊ စေ့နေမှ မိုးလုံပြီး ရေစီးကောင်းမှာ ဖြစ်တယ်။ တခုပေါ် တခုထပ်ပြီး စလုံးစခု ဖြစ်နေပြီဆို မိုးလုံမှာမဟုတ်သလို ရေစီးကောင်းမှာ မဟုတ်ပါဘူး။ မိုးလုံပြီး ရေစီးကောင်းမှ ရေခံချိန်မှာ အကျိုးရမှာ ဖြစ်ပါတယ်။

အခု ထပ်တိုးမယ့် ဖွဲ့စည်းပုံအရ တခုနဲ့တခု ထပ်နေ၊ စေ့နေတာ မဟုတ်ပဲ ရှိပြီးသား တခုအပေါ် နောက်တခု ထပ်တင်တဲ့ (ပိုးပေါက်နေတဲ့ ဓနိလက်အပေါ် နောက် ဓနိ ထပ်တင်ပြီး ဖာထေးသော) ပစ်စားထိုးစနစ်ပဲ ဖြစ်တာ တွေ့ရပါတယ်။ ဓနိအမိုးနဲ့ နေဖူးသူတွေက ဒါကို ကောင်းကောင်း သိတယ်။ ပစ်စားထိုး စနစ်ဟာ တမိုးတော့ ခံနိုင်ပေတဲ့ နောက်နှစ်တွေမှာ မိုးယိုတဲ့ ဒဏ်ကို ပိုခံကြရတယ်။

နောက်ခုက ဖြစ်နေတဲ့ ပြဿနာ ခေါင်မှာလား၊ ပိုးစားနေတဲ့ ဓနိတွေမှာလား ဆိုတာ အတ္တတွေ ဖယ်ခွာပြီး ကြည့်ရမှာပါ။ ခေါင်မလုံဘဲ ပိုးစားနေတာတွေကို ပစ်စားထိုးရုံနဲ့ မိုးလုံမှာ မဟုတ်ပါဘူး။

(၄)

အစိုးရအဖွဲ့ရဲ့ ထပ်တိုးဖွဲ့စည်းပုံအရ ရှိထားပြီး ၀န်ကြီးဌာနတွေနဲ့ ထပ်တိုး ၀န်ကြီးဌာနတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်း ရှုပ်ထွေးသွားတာ တွေ့နိုင်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး အပြင် နိုင်ငံခြားရေး ၀န်ကြီး ရာထူး၊ သမ္မတရုံးဝန်ကြီး ရာထူးတွေ ယူထားသလို တခုချင်းစီ အောက်မှာလည်း ၀န်ကြီးဌာနတွေ ရှိထားပြီး ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အောက်မှာ အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ရှိပါတယ်။ ဒါက တချက်ပါ။

နောက်တချက်က သမ္မတ အောက်မှာ သမ္မတရုံး ၀န်ကြီးဌာန ရှိပါတယ်။ သမ္မတရုံး ၀န်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

အစိုးရ ဖွဲ့စည်းပုံအရ ၀န်ကြီးချုပ် စနစ် မဟုတ်တဲ့အတွက် သမ္မတရုံး ၀န်ကြီးဟာ အစိုးရ အဖွဲ့ရုံး ၀န်ကြီး ဖြစ်ပြီး၊ အဲဒီ ၀န်ကြီးဌာနဟာလည်း အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာနပဲ ဖြစ်ပါတယ်။ အခေါ်အဝေါ်သာ ကွာပြီး သဘောတရား၊ လုပ်ရတဲ့ အလုပ် အတူတူပါပဲ။

အခု နောက်ထပ် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ၀န်ကြီးဌာန ထပ်ဖွဲ့မှာ ဖြစ်တဲ့အတွက် သူ့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ မေးစရာ ဖြစ်သွားပါပြီ။ သမ္မတရုံး ၀န်ကြီးနဲ့ အစိုးရအဖွဲ့ရုံး ၀န်ကြီးက ရာထူးတူပြီး၊ သူတို့ နှစ်ဦးအကြား တာဝန်ခွဲဝေမှုဟာ မလိုအပ်တဲ့ အပိုအလုပ်တခု ဖြစ်သွားပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ဆိုတာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ သူ လုပ်မယ်ဆိုတဲ့ ကိစ္စတွေဟာ နိုင်ငံခြားရေး ၀န်ကြီးဌာန လုပ်ရမယ့် ကိစ္စတွေသာ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ရှိထားပြီပါလျက် သူနဲ့ အလား သဏ္ဍာန်တူတဲ့ ၀န်ကြီးဌာန နောက်တခု ထပ်ဖွဲ့စရာ လိုမယ် မထင်ပါ။

(၅)

လှေကြီးပေါ် လှေငယ်တင်ပြီး နောက်ထပ် Layer တွေ ထပ်ခွဲသလို လုပ်လိုက်တဲ့ စုဖွဲ့မှု ပုံစံအရ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရာထူးသုံးခု ယူထားပေမယ့် လုပ်ငန်း တာဝန်တွေ မနိုင်တော့ဘူး ဆိုတာ ပေါ်လွင်စေပါတယ်။ မနိုင်တော့ဘူး ဆိုရင် နိုင်နင်းမယ့်သူကို လွှဲပေးတာ၊ တာဝန်ပေးတာက ပိုပြီး လက်တွေ့ကျပါတယ်။

ဒီလို မဟုတ်ဘဲ ရှိထားပြီးသားတွေနဲ့ အလားသဏ္ဍာန် တူတဲ့ ၀န်ကြီးဌာန ထပ်တိုးတာဟာ အစိုးရ အင်စတီကျူးရှင်းကို ပိုပြီးရှုပ်ထွေး စေပါတယ်။ ကာ/လုံ မှာ တနေရာ ထိုင်ရဖို့ နိုင်ငံခြားရေး ၀န်ကြီး တာဝန်ကို ဆက်ကိုင် ထားတယ်လို့ ယူဆနိုင်စရာ ရှိပေတဲ့ ကျန်တခုက မလိုအပ်ဘူး ထင်ပါတယ်။

သို့ပေတဲ့ သမ္မတရုံး ၀န်ကြီးဌာန ရှိထားပြီးပါလျက် အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ထပ်ဖွဲ့တာက ဘယ်လို ရည်ရွယ်ချက်လဲလို့ စဉ်းစား သင့်ပါတယ်။ လက်ရှိ အနေအထားအရ သမ္မတဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ လူယုံ တဦးပါ။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မသိဘဲ ဘာ တခုမှ လုပ်မှာ မဟုတ်ဘူးလို့လည်း ယူဆနိုင်ပါတယ်။ ဖြစ်သင့် တာကတော့ အစိုးရ အဖွဲ့ရုံး ၀န်ကြီးဌာန ထပ်ချဲ့တာထက် သမ္မတရုံးဝန်ကြီး နေရာ အတွက် တဦးဦးကို တာဝန် လွှဲပြောင်း ပေးသင့်တယ်လို့ပဲ မြင်ပါတယ်။

တဆက်တည်းမှာပဲ အခုပုံစံအရ အစိုးရရဲ့ လုပ်ကိုင်ပုံ နည်းလမ်း အပေါ် ပညာရပ်ပိုင်း ဆိုင်ရာ အရရော၊ သာမန် အမြင်မှာပါ ထိုးနှက်စရာ ဖြစ်လာနိုင်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပုဒ်မ ၅၉ (စ) အတားအဆီးကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး လုပ်လိုက်တယ်။ ဒါ ရှိနေလို့ ဒါ ဖြစ်တယ်လို့ ပြောနိုင်ပြီး အကြောင်းပြချက် ခိုင်လုံပါတယ်။

ဒါပေတဲ့ သမ္မတရုံး ၀န်ကြီးဌာန ရှိနေတယ်။ ဘာကြောင့် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ၀န်ကြီးဌာန ထပ် ဖြစ်လာသလဲ။ နိုင်ငံခြားရေး ၀န်ကြီးဌာန ရှိထားတယ်။ ဘာကြောင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီးဌာန ထပ် ဖြစ်လာသလဲ။

ဒါဟာ အစိုးရအဖွဲ့ရဲ့ မြော်မြင် လုပ်ကိုင်ပုံ၊ ထိရောက် ကောင်းမွန်ခြင်း ရှိ၊ မရှိ ဆိုတဲ့အပေါ် ပိုင်းဖြတ်တဲ့ အကဲဖြတ် မေးခွန်း ဖြစ်လာပါလိမ့်မယ်။

(၆)

အရေးကြီးတာက အတိတ်နဲ့ အနာဂတ်ရဲ့ ဆက်စပ်မှုပါပဲ။ Institutional continuity လို့ ပညာရှင်တွေက ဆိုကြမယ် ထင်ပါတယ်။ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ လက်ဆင့်ကမ်းမလဲ ဆိုတာပါ။

အစိုးရ တဆက် တက်လာတိုင်း စုဖွဲ့မှု ပုံစံတခု ဖြစ်နေမယ် ဆိုရင် အစိုးရ အင်စတီ ကျူးရှင်းဟာ ငွေကုန်၊ လူပင်ပန်းတာက လွဲပြီး ဘာမှ အကျိုးထူးရဖို့ မမြင်ပါဘူး။ အင်စတီကျူးရှင်း အားမကောင်းရင် တိုင်းပြည် တည်ငြိမ်မှု ဆိုတာလည်း ရဖို့ ခက်မယ် ထင်ပါတယ်။ အရင်အစိုးရ အဆက်ဆက်ရဲ့ ဆိုးမွေ နှစ်ငါးဆယ်ကို ဆက်ခံနေရလို့ အခုလူတွေ ရုန်းကန် နေရတယ် ဆိုရင်၊ အခု လူတွေ လုပ်နေတဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာလည်း နောက်လူတွေအပေါ် သက်ရောက်မှု ရှိနေမှာပါ။

ပွင့်ပွင့်လင်းလင်း ပြောရရင် အခု လုပ်ထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးတို့၊ အတိုင်ပင်ခံရုံး ၀န်ကြီး ဌာနတို့၊ အစိုးရအဖွဲ့ရုံး ၀န်ကြီး ဌာနတို့၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီး ဌာနတွေ ဆိုတာကို နောင်တက်မယ့် အစိုးရတွေက ဘယ်လို ဆက်ထားမလဲ၊ မလိုဘူး ဆိုပြီး ဖျက်ကြမလား၊ ဒါမှမဟုတ် ဌာနတွေ ပြန်ပေါင်းကြမလား၊ ဘယ်လို နည်းနဲ့ ဆက်ခံကြမလဲ။ ဒီလို အကျိုးဆက်တွေအပေါ် ရေတိုအတွက် မဟုတ်ဘဲ အမြော်အမြင် ရှိရှိ စဉ်းစားသင့်ပါတယ်။

ဖြစ်နေတဲ့ အခြေအနေတွေအရ မြန်မာ့နိုင်ငံရေးဟာ  ပညာရေးလို အစမ်းသပ်ခံ ဖြစ်နေပြီလား၊ စိုးရိမ်စရာပါ။ တချိန်က ၀ိဇ္ဇာ၊ သိပ္ပံ ခွဲလိုက်၊ ပေါင်းလိုက်၊ ၀ိပ္ပံ ဖြစ်လိုက်၊ ပြန်ပေါင်းလိုက်၊ ခွဲလိုက်၊ စမ်းသပ်မှုတွေ ကြားမှာ ပညာရေးဟာ ခေါင်း မထောင်နိုင်အောင် ချိနဲ့ခဲ့ပီး၊ ဓားမ နောက်ပိတ် သံသရာထဲက မရုန်းနိုင်ပဲ အခုထိ တလည်လည် ဖြစ်နေရဆဲပါ။ နိုင်ငံရေးကိုလည်း ပညာရေးလို အစမ်းသပ်ခံ မဖြစ်စေချင်ပါဘူး။

အထူးသဖြင့် သမ္မတ စနစ်ကို အခြေပြုထားတဲ့ အုပ်ချုပ်မှု ပုံစံ ဖြစ်တာကြောင့် သမ္မတ စနစ်ရဲ့ အခန်းကဏ္ဍ (role of presidency) အားကောင်းဖို့ပဲ အာရုံ စိုက်သင့်တယ် ထင်ပါတယ်။ မလိုလားအပ်တဲ့ စမ်းသပ်မှုတွေက တဆင့် အကျိုးနည်းမှာကိုတော့ ဘယ်သူ့အတွက်မှ မဖြစ်စေချင်ပါဘူး။

ရေးသားသူ - ဆရာနေထွန်းနိုင်

Wednesday, November 22, 2017

သီဆိုသူနှင့် သူ၏ Instrument


ကျွန်တော် အဆိုပညာကိုသင်ယူလေ့လာချင်တဲ့ လူငယ်လေးများကို ပထမဆုံးအနေနဲ့ မေးခွန်းလေးတခု မေးလေ့ရှိပါတယ်... အဲဒါကတော့ သီဆိုသူတစ်ယောက်ရဲ့ Instrument ကဘယ်မှာရှိသလဲ ဆိုတာပါပဲ... ဒီမေးခွန်းလေးကို ဖြေနိုင်တဲ့ သူအတော်နဲတာကိုတွေ့ရပါတယ်... ဒီနေရာမှာ တီးခတ်သူတယောက် ရဲ့ Instrument ကရော ဘယ်မှာလဲ လို့မေးခဲ့ရင်တော့ ချက်ခြင်း မဆိုင်းမတွ ထဖြေကြမှာ အသေအချာပါပဲ... ပီယာနို၊ ဂီတာ၊ တယော စသည်ဖြင့်ပေါ့.. စာဖတ်သူ အနေနဲ့ သီချင်းဆိုတာကို ဝါသနာပါတယ် စိတ်ဝင်စားတယ်ဆိုရင် ပထမမေးခွန်းလေးကို ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပေါ့...

ဒါက ကျွန်တော်တို့ သတိမထားမိတဲ့ အချက်ကလေးတစ်ခုနော်..  အောင်မြင်တဲ့အဆိုတော်တစ်ယောက်တော့ ဖြစ်ချင်ပါတယ်.. ကိုယ့်ရဲ့ Instrument ကဘယ်နားရှိမှန်းတောင်မသိဘူး ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့...

ဥပမာ.. ကျွမ်းကျင်တဲ့ ဂီတာသမား တစ်ယောက်ဖြစ်ဖို့ဆိုရင် လေ့ကျင့်တီးခတ်နိုင်ဖို့အတွက် ဂီတာကောင်းတစ်လက် ရှိမှဖြစ်မယ်ဆိုတာ အခြေခံအကျဆုံးအရာတခုပါ.. ဒါပေမယ့် လေ့ကျင့်ဖိုဆိုတာဝေးလို့ အဲဒီ ဂီတာ ဘယ်မှာရှိမှန်း ရနိုင်မှန်း မသိတာလို ဖြစ်နေပါတယ်.. အဲဒီတော့ အဆိုဝါသနာရှင်တစ်ယောက်အနေနဲ့ ကိုယ်ရဲ့ Instrument တည်ရှိရာနေရာ၊ တည်ရှိပုံ၊ အလုပ်လုပ်ပုံ တွေကို သိထား နားလည်ထားခြင်းဟာ လွတ်လပ်ပေါ့ပါးစွာနဲ့ အကောင်းဆုံး သီဆိုနိုင်ဖို့အတွက် အရေးကြီးတဲ့ အခြေခံ အချက်တခုဖြစ်ပါတယ်..

Vocal Instrument တည်ရှိရာနေရာနှင့်တည်ရှိပုံ

 ဒီ Vocal Instrument (အသံအိုး) ကိုလူအများစုက Adam’s Apple (သို့) လည်စေ့ စတဲ့  အမည်အမျိုးမျိုးနဲ့ သိကြပါလိမ့်မယ်.. သူက စကားပြောလျှင်သော်လည်းကောင်း.. သီချင်းဆိုလျှင်သော် လည်းကောင်း အသံအနိမ့်အမြင့် (Pitch) ကိုထုတ်ပေးနိုင်တဲ့ ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ တခုတည်းသော တန်ဖိုးမဖြတ် နိုင်တဲ့ အရာဖြစ်ပါတယ်... သူ့ကို အမျိုးသားများရဲ့ လည်ပင်းမှာ အပြင်ပန်းကနေပြီး ထင်ထင်ရှားရှား တွေ့မြင်နိုင်ပေမယ့် အမျိုးသမီးများ မှာတော့ တွေ့ရခဲပါတယ်...

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ခံတွင်းပေါက် (Oral Cavity) ကနေပြီးတော့ ခန္ဓာကိုယ်ထဲကိုသွားတဲ့ အဓိကလမ်းကြောင်းကြီး နှစ်ခု ရှိပါတယ်.. တခုက Larynx လို့ခေါ်တဲ့ အဆုတ် (Lung) ဆီကိုသွယ်တန်းထားတဲ့ လေပြွန် လမ်းကြောင်းဖြစ်ပြီး နောက်တခုက Pharynx လို့ခေါ်တဲ့ အစာအိမ် (Stomach) လမ်းကြောင်းကို ဆက်သွယ်ထားတဲ့ အစာလမ်ကြောင်းပါပဲ.. ကျွန်တော်တို့ရဲ့Vocal Instrument လေးကတော့ လေလမ်းကြောင်း (Larynx) ရဲ့ထိပ်ဆုံးမှာ ကတော့ပုံသဏ္ဍန် တည်ရှိနေတာပါ...

Vocal Instrument အလုပ်လုပ်ပုံ

 ကျွန်တော်တို့ရဲ့ Instrument လေးဟာ စကားသံတွေဖြစ်ပေါ်လာဖို့ နဲ့သီဆိုရာမှာ အသံအနိမ့်အမြင့် တွေထုတ်လွှတ်ပေးနိုင်ဖို့သာမက အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးဖို့ အပြင် ကျွန်တော်တို့ခန္ဓာကိုယ်အတွက် လေကို အင်အားတရပ်အဖြစ် ပြောင်းလဲယူရာမှာပါ အကူအညီပေးပါတယ်...

၁။ အသံဖြစ်ပေါ်လာပုံ

ပထမဦးဆုံးအနေနဲ့ အသံတွေဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ လေ့လာရအောင်.. အလွယ်ကူဆုံးပြောရရင် Adam’s Apple (လည်စေ့) လို့လူသိများတဲ့ ကျွန်တော်တို့ရဲ့ Instrument လေးထဲမှာ Vocal Fold လို့ခေါ်တဲ့ ကြွက်သားမျှင် (Muscle tissue) နှစ်ခုရှိနေပါတယ်.. သူတို့ဟာလေပြွန်ရဲ့ ထိပ်ဆုံးမှာ (V) ပုံသဏ္ဍန်တည်ရှိနေပါတယ်.. အသက်ရှု တဲ့အခါမှာ ဒီကြွက်သားမျှင် (Vocal Fold) လေးနှစ်ခုက ဖွင့်ထားပေးသော်လည်း စကားပြောတဲ့အခါမှာ ပိတ်သွားပြီး အဆုတ်မှလာတဲ့ လေရဲ့ဖြတ်သန်းသွားမှုကြောင့် တုန်ခါမှု (Vibration) ဖြစ်ပေါ်လာပါတယ်.. တုန်ခါမှု အနည်းအများပေါ်မူတည်ပြီး အသံအနိမ့်အမြင့် (Pitch) ဆိုတာဖြစ်ပေါ်လာတာပါ...

အဲဒီတော့ သီဆိုမှုမှာ အသံဘယ်လောက်ပဲ မြင့်မြင့် နိမ့်နိမ့် ဒီ Vocal Fold နဲ့သာသက်ဆိုင်တာပါ.. အဲဒါရဲ့အထက် ဦးခေါင်ပိုင်းတခုလုံးဟာ အသံအနိမ့်အမြင်နဲ့ လားလားမျှ မသက်ဆိုင်ပါ.. ဆိုလိုချင်တာက ခေါင်းမော့ပြီး တော့ပဲဖြစ်စေ.. မျက်နှာရှံ့ကာညှစ်ပြီးတော့ပဲဖြစ်စေ ဘယ်လိုပဲ ဆိုဆို လူတိုင်းမက်မောတဲ့ အမြင့်သံကို ရဖို့ ဘယ်လိုမှအထောက်အကူမပေးနိုင်ပါ... ဒါကြောင့်အမြင့်သံနဲ့ တည်ငြိမ်တဲ့အသံတွေရဖို့အတွက် အကောင်းဆုံးကတော့ကျန်းမာသန်စွမ်းတဲ့ Vocal Fold တစ်စုံကို လေ့ကျင့်တည်ဆောက်ဖို့သာလျှင် ဖြစ်ကြောင်းကို ကွဲကွဲပြားပြား သိစေချင်တာပါ....

၂။ အသက်ရှုလမ်းကြောင်းကိုကာကွယ်ပုံ

ထမင်းစားရင်းစကားမပြောဖို့ လူကြီးမိဘတွေ ပြောတာကို စာဖတ်သူတို့ ကြားဖူးလိမ့်မည် ထင်ပါတယ်.. ဘာကြောင့်လဲဆိုတာကြည့်ရအောင်နော်..

ခံတွင်းပေါက် (Oral Cavity) ကနေ ဆင်းသွားတဲ့ လမ်းကြောင်းကြီးနှစ်ခုဖြစ်တဲ့ လေလမ်းကြောင်း (Larynx) နဲ့ အစာလမ်းကြောင်း (Pharynx) ရယ် Vocal fold က Larynx ရဲ့ထိပ်ဆုံးမှာရှိတဲ့ အကြောင်းကို ကျွန်တော်ရှေ့မှာ အနည်းငယ် ပြောပြခဲ့ပြီးပါပြီ.. ဒီနေရာမှာ ထပ်ပြီးတော့ Epiglottis လို့ခေါ်တဲ့ Vocal fold ရဲ့အပေါ်မှာ ဖုံးအုပ်ထားတဲ့ အဖုံးလေးတစ်ခု အကြောင်းကိုစတင်မိတ်ဆက်ပေးချင်ပါတယ်...

ဒီအဖုံးလေးရဲ့တာဝန်က အစာစားတဲ့အခါမှာ Larynx ထဲကို အစာမဝင်အောင် ပထမအဆင့် အနေနဲ့ ဖုံးအုပ်ကာကွယ်ပေးပြီး အသက်ရှုတဲ့အခါနဲ့ စကားပြောတဲ့ အချိန်မှာဖွင့်ပေးရတာဖြစ်ပါတယ်.. ဒါဟာ အစာစားခြင်းနဲ့ စကားပြောခြင်း တပြိုင်တည်း ပြုလုပ်လို့မရနိုင်ဘူးဆိုတဲ့သဘောပါပဲ... တကယ်လို့ အစာစားလိုက် စကားပြောလိုက် လုပ်မယ်ဆိုရင် Larynx ရဲ့ထိပ်မှာကာကွယ်ပေးနေတဲ့ အဖုံးလေး (Epiglottis) ကဖွင့်လိုက်ပိတ်လိုက်နဲ့ အရမ်းကိုအလုပ်များပြီးသူ့ရဲ့တာဝန်ကိုအပြည့်အဝ မယူနိုင်တော့ပါဘူး.. ဒီလိုအခိုက်အတန့်မျိုးမှာပဲ အစာအချို့ဟာ လမ်းမှားပြီးတော့ Larynx ထဲကိုဝင်ရောက်လာလေ့ရှိပါတယ်..

အဲဒီမှာ ဒုတိယခံတပ်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ Instrument ထဲက Vocal Fold (အသံမျှင်) လေးကချက်ချင်းပိတ်ပြီး အစာတွေ Larynx ထဲကိုမဝင်အောင် ကာကွယ်ပေးပါတယ်.. ဒီလိုပိတ်လိုက်တဲ့ အတွက်အဆုတ်ထဲမှာ လေဖိအားမြင့်တက်လာပြီး အဲဒီလေတွေက လေပြွန် အဝမှာရှိနေတဲအစာတွေကို ချက်ချင်းပြန် ရှင်းထုတ် မှုတ်ထုတ်ပါတယ်.. ဒါဟာ အများစုသိထားတဲ့ သီးပြီးချောင်းဆိုးတယ်ဆိုတာပါပဲ.. ဒါက အသက်ရှုလမ်းကြောင်းကို ကာကွယ်တဲ့အပိုင်းပေါ့... ဒါဟာသီဆိုခြင်းနဲ့ ပတ်သက်မှုရှိလားလို့မေးလာခဲ့ရင် ရှိတယ်လို့ဖြေရမှာပါ.. ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ပြီးသွားရင် သီချင်းဆိုဖို့မပြောနဲ့ စကားပြောရင်တောင်အသံပြောင်းလဲ သွားတာကို ကြုံဖူးသူတိုင်း သိကြမှာပါ.. ဒါက အသံကျန်းမာရေး (Vocal Health) နဲ့သက်ဆိုင်သွားပါတယ်... သန်စွမ်းကျန်းမာတဲ့ Vocal Instrument ကသာလျှင် တည်ငြိမ်ပြည့်ဝတဲ့ အသံကိုထုတ်ပေးနိုင်တယ် ဆိုတာမမေ့သင့်ပါဘူး...

၃။ လေကိုအင်အားတရပ်အဖြစ်ပြောင်းလဲယူပုံ

 ဒီအပိုင်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်.. လူတိုင်းလေးလံတဲ့ အရာတခုခုကို “မ”တာပဲဖြစ်ဖြစ် အားသုံးရတဲ့ အားကစားနည်းတခုခုပဲဖြစ်ဖြစ် လုပ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်.. သေချာတာတခုကတော့ လူတိုင်း ဒီလေးလံတဲ့ ပစ္စည်းတွေကိုမ တဲ့အခါမှာ ပထမအသက် (လေ) ကိုဝအောင်ရှုပါတယ်.. ပြီးတော့အဲဒီလေတွေကို ထိန်းပြီးမှ “မ”လေ့ရှိတာ ကိုတွေ့ရ မှာပါ...  အဲဒီလိုလေကို ထိန်းတဲ့နေရာမှာ Vocal Fold က Larynx ရဲ့ထိပ်မှ နေပြီးလေတွေကိုထွက်မသွားအောင် ပိတ်ထားပေးပါတယ်... ဒီလေတွေကို ခန္ဓာကိုယ်က အင်အားတစ်ခု အဖြစ်ပြောင်လဲကာ အသုံးချခြင်းဖြစ်ပါတယ်..

ဒီဖြစ်စဉ်လေးတွေက နေ့စဉ်ကြုံတွေနေကြရပေမယ့် သေသေချာချာ သတိထားမိတာနည်းပါတယ်.. ကိုယ်ကိုယ်တိုင်ပြန်ပြီး စမ်းသပ်လေ့လာကြည့်သင့်ပါတယ်... ဒါတွေကို သိထားနားလည်ထားခြင်းဟာ အသံဖွံ့ဖြိုး တိုးတက် ဖို့အတွက်လေ့ကျင့်ရာမှာ အများကြီး အထောက်အကူပေးပါတယ်... ဘာလို့လဲဆိုတော့ ဒီလေကို Vocal Fold က ခန္ဓာကိုယ်အတွက် ရုပ်ပိုင်းဆိုင်ရာ အင်အားတရပ်ကိုသာမက အသံအင်အား (Vocal Power) တရပ်ကိုပါ ဒီဖြစ်စဉ်လေးကနေ ပြောင်းလဲပေးနိုင်စွမ်း ရှိနေလို့ပါပဲ....

အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ခန္ဓာကိုယ်မှာ သတိမထားမိပဲ သဘာဝအရဖြစ်နေပျက်နေတဲ့ အပိုင်းတွေ အများကြီပါ.. အဲဒီအထဲမှာ အသံထွက်တဲ့ အင်္ဂါ အစိတ်အပိုင်း (Vocal Instrument) တစ်ခု လည်းအပါအဝင်ပေါ့... အဆိုဝါသနာရှင် တစ်ယောက်အနေနဲ့ ဒီ Vocal Instrument ရဲ့သဘာဝအရ ဖြစ်တည်မှု နဲ့လုပ်ဆောင်မှုပုံစံ အဆင့်ဆင့်ကို လေ့လာ သိရှိ နားလည်ခြင်းအားဖြင့် မိမိရဲ့ ကြိုးစားအားထုတ်မှု တွေကို လွဲမှားစွာ အသုံးပြုမိခြင်း.. အသံကျန်းမာရေးပြဿနာများ (Vocal Health Problems).. အသံထုတ်လုပ်မှု (Vocal Production) ပုံစံမှားယွင်းခြင်း.. စတဲ့ အရာတွေကိုရှောင်ကျဉ် ပြီးသားဖြစ်တာကို စာဖတ်သူအနေနဲ့ လက်တွေ့ခံစားနိုင်မှာပါ...

အခုပြောခဲ့တာတွေက အဆိုဝါသနာရှင်တစ်ယောက် အနေနဲ့သိထားရမည့် အခြေခံအကျဆုံး အရာတွေဖြစ်ပါတယ်.. စာဖတ်သူအနေနဲ့ ဒီဆောင်းပါးလေးကိုဖတ်ပြီး တစ်ခုခုရခဲ့မယ်ဆိုရင် အရမ်းကိုဝမ်းသာမိမှာပါ..

ကိုယ်သိလိုက်ရတဲ့ အရာလေးတွေကိုလည်း သိမ်းမထားပဲ ဝေမျှပေးကြပါလို့တောင်းဆိုရင်း.....

အရည်အချင်းပြည့်ဝတဲ့အဆိုတော်လေးများ ပေါ်ထွက်လာစေချင်သောဆန္ဒမွန်များဖြင့်...

Eain Min Htet 
MEBC

Tuesday, November 21, 2017

ခွန်ဆာ(ဘိန်းဘုရင်)


 ခွန်ဆာ  (၁၇-၂-၁၉၃၄ မှ၂၆-၁၀-၂၀၀၇) သည် မြန်မာ စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။သူ့ကို လွိုင်မော် မြို့ တွင်မွေးဖွါးခဲ့သည်။ ခွန်ဆာကို ဘိန်းဘုရင် ဟုသိကြပြီးရွှေတြိဂံဒေသတွင် ဘိန်းရောင်းဝယ်ရေးလုပ်ငန်း ကို လုပ်ကိုင်ခဲ့သည် ။ ခွန်ဆာသည် ရှမ်းပြည်သွေးစည်းရေးတပ်မတော်နှင့်Shan United Army နှင့် the Mong Tai Army တို့တွင် ခေါင်းဆောင်ဖြစ်၏ ။

ကိုယ်ရေးရာဇ၀င်

ခွန်ဆာ၏ဖခင်မှာ တရုတ်လူမျိုးဖြစ်ပြီး အမေမှာ ရှမ်းလူမျိုးဖြစ်သည် ။ သူ၏ ကလောင်အမည်ကို ခွန်ဆာ(Khun Sa) အဖြစ်ခံယူခဲ့ပြီး ခွန်ဆာ၏ အဓိပ္ပါယ်မှာ အေးချမ်းသောသူ ဟု အဓိပ္ပါယ်ရသည်။ သူအရွယ်ရောက်လာသောအခါ ကူမင်တန် တွင် စစ်ပညာသင်ကြားခဲ့ပြီး တရုတ်ပြည်တွင်းစစ်တွင် စစ်ရှုံးသောအခါ ယူနန်(Yunnan) မှ မြန်မာ(Myanmar) သို့ထွက်ပြေးခဲ့ပြီး သူ၏ ကိုယ်ပိုင်တပ်မတော်ကို ရာဂဏန်း အနည်းငယ်ဖြင့်ချက်ချင်းပင်ဖွဲ့ စည်းခဲ့သည်။

၁၉၆၃ ခုနှစ် ဦးနေ၀င်း အစိုးရ လက်ထက်တွင် ရှမ်းသူပုန်များကို တော်လှန်တိုက်ခိုက်ရန်အတွက် အစိုးရအပေါ်သစ္စာရှိသော ဒေသခံစစ်တပ် အဖြစ် ပူးပေါင်းခဲ့ပြီး ထိုသဘောတူညီချက်မှ ပိုက်ဆံများ ၊စစ်ဝတ်စုံများ နှင့် လက်နက်များ ရရှိခဲ့သည်။

          ထို့နောက်သူ၏ စစ်တပ်ကို တိုးချဲ့  ဖွဲ့ စည်းခဲ့ရာ အယောက် ၈၀၀ ခန့် ရှိသောအခါ မြန်မာအစိုးရ နှင့် ပူးပေါင်းခြင်းကို ရပ်ဆိုင်းခဲ့ပြီး ရှမ်းနယ်မြေများစွာ နှင့် ၀ပြည်နယ်များ ကိုထိန်းချုပ်ခဲ့ပြီး ဘိန်းဖြူ ထုတ်လုပ်ခြင်းကို တိုးချဲ့  ခဲ့သည် ။ ၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း ကူမင်တန် လက်ကျန်များနှင့်
တိုက်ပွဲဖြစ်ခဲ့ရာမှ စစ်ရှုံး ခဲ့သောအရှိန်ကြောင့် ခွန်ဆာသည် စိတ်ဓါတ်အလွန်ကျဆင်းခဲ့သည် ။  ၁၉၆၉ ခုနှစ်တွင် ရန်ကုန်အစိုးရမှ သူ့အား ဖမ်းမိခဲ့သည် ။ ၁၉၇၃ ခုနှစ်တွင် ကင်းလွတ်ခွင့် ရခဲ့ပြီး ရုရှား ဒေါက်တာနှစ်ယောက်ကို ခိုးမှုကျူးလွန်ရန် အမိန့်ပေးခဲ့သည် ဟု သတင်းထုတ်ပြန်ခဲ့သည်။

၁၉၇၆ခုနှစ် သူလွတ်မြောက်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်း ရှိ ဘန်ဟင်တက်(Ban Hin Taek) ရွာအတွင်းပိုင်းတွင် အခြေချခဲ့ပြီး ဘိန်းမှောင်ခိုတင်သွင်းခြင်းလုပ်ငန်းကိုတဖန်ပြန်လည်လုပ်ဆောင်ခဲ့သည်။ သူ၏ စစ်တပ်ကို ရှမ်းပြည်သွေးစည်းရေးတပ်မတော်(Shan United Army)ဟု နာမည်ပြောင်းခဲ့ပြီး  ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် လုပ်ပိုင်ခွင့်များရရှိရန် မြန်မာအစိုးရ ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။

                ၁၉၈၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်မူးယစ်ဆေးဝါးအတည်ပြုကိုယ်စားလှယ်အဖွဲ့  (US Drug Enforcement Agency)နှင့်ထိုင်းမြင်းစီးတပ်သား နှင့် မြန်မာမြို့ တွင်းပျောက်ကျားများ ဖြင့်ဖွဲ့ စည်းခဲ့သော(၃၉)ယောက်သော အဖွဲ့ ဖြင့် ခွန်ဆာ အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

သို့သော်လည်း ၁၉၈၂ ခုနှစ် ဇန်န၀ါရီလတွင် ပက်သုန်ချိုင်(Pak Thong Chai)မှ ထိုင်းမြင်းစီးတပ်ဖွဲ့  ၊
ထိုင်းနယ်နိမိတ်လှည့်ကင်းရဲများ ၊ထိုင်းနန်းစဉ်တပ်မတော်(Royal Thai Army) တို့ပူးပေါင်းပြီး
မြန်မာနိုင်ငံ နယ်နိမိတ်နှင့် မျက်နှာချင်းဆိုင် မှ ဘန်ဟင်တက်(Ban Hin Taek) ရွာလေးမှ ခွန်ဆာ၏
ဌာနချုပ်ကို ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
၁၉၈၅ ခုနှစ်တွင် ထိုင်းတော်လှန်ရေးကောင်စီ နှင့် ဆက်သွယ်နိုင်ခဲ့ပြီး ပူးပေါင်းခြင်းကို ရရှိခဲ့သည်။

ထိုပူးပေါင်းခြင်းကြောင့် ထိုင်း-မြန်မာ နယ်နိမိတ် အားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး မယ်ဆိုင်(Mae Sai)သည်လည်းရွှေတြိဂံဒေသ၏ ဘိန်းဖြူ မှောင်ခိုတင်သွင်းရာ နေရာတစ်ခုဖြစ်လာခဲ့သည်။
၁၉၇၄ မှ ၁၉၉၄ ခုနှစ် တိုင်အောင် ဆယ်စုနှစ် နှစ်ခုအတွင်း ရှမ်းပြည်နယ်တွင် ခွန်ဆာ၏  သြဇာ ကြီးမားမှုကို အံသြဖွယ် တွေ့  မြင်နိုင်သည်။နယူးယောက် လမ်းများပေါ်မှ ဘိန်းဖြူ များ နှင့်ထိုင်း နှင့် လာအို တွင် (၈၀)ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမြောက်ပိုင်း ရှိ ရွှေတြိဂံဒေသမှထွက်ရှိသောဘိန်းဖြူများဖြစ်သည်။
မူးယစ်ဆေးဝါး အတည်ပြု အုပ်ချုပ်ရေး ရုံး၏ အဆိုအရ ရွှေတြိဂံ ဒေသမှ ဘိန်းဖြူများသည် (၉၀) ရာခိုင်နှုန်း သန့်စင်မှုရှိပြီး ဘိန်းဖြူထုတ်လုပ်ရေးလုပ်ငန်းအားလုံးတွင် အကောင်းဆုံး ဟုဆိုသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ခွန်ဆာ၏ ဘိန်းဖြူရောင်းဝယ်ရေးတွင် ပန်းသေးတရုတ် မူစလင် လူမျိုး မဇန်းဝမ် (Ma Zhengwen) မှကူညီခဲ့သည် ဟုသိရသည်။

၁၉၈၈ ခုနှစ်တွင်   သြစတြေးလျ သတင်းထောက် စတီဗင်ရိုက်စ်(Stephen Rice)သည် ခွန်ဆာ(Khun Sa) အား တွေ့ ဆုံမေးမြန်းရန် ထိုင်းနိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံသို့ ခိုးဝင်ခဲ့သည်။ သူ၏ဘိန်း သီးနှံ အားလုံး ကို (၈)နှစ်တာ ကာလအတွင်း အပြီးရောင်းချရန် သြစတြေးလျ အစိုးရအား ကမ်းလှမ်းခဲ့သည်။တစ်နှစ်လျှင်
ဘိန်းဖြူ တန်ဖိုး သြစတြေးလျဒေါ်လာ သန်း (၅၀)ခန့်မျှ (၈) နှစ် ၀ယ်ယူရန် ကမ်းလှမ်းခဲ့ပြီး ထိုကမ်းလှမ်းချက်ကို သြစတြေးလျ အစိုးရမှ ငြင်းပယ်ခဲ့ပြီး လွှတ်တော်အမတ် ဂရဲ(တ်)မှ “သြစတြေးလျအစိုးရသည်  ငြင်းဆိုကြောင်း ပြစ်မှုကျူးလွန်သူ နှင့် အလုပ်မလုပ်ဘဲ ရိုးရှင်းစွာနေကြောင်း နှင့် ပြစ်မှုကျူးလွန်သော လုပ်ဆောင်မှု များကို ရှောင်ကြဉ်ကြောင်း ” ပြတ်ပြတ်သားသား  ထုတ်ဖော်ပြောဆိုခဲ့သည်။ထိုကမ်းလှမ်းချက်ကြောင့်ပင် အမေရိကန်ပြည်ထောင်စု နှင့် သြစတြေးလျ နိုင်ငံ နှစ်ခုစလုံး၏ ဘိန်းဖြူ ရောင်းဝယ်ရေးအားလုံးနီးပါး ရပ်ဆိုင်းခဲ့ရသည်။

၁၉၈၉ ခုနှစ်တွင် နယူးယောက်(New York) သို့ ဘိန်းဖြူ တန်ချိန်(၁၀၀၀) တင်ပို့ရန် ကြိုးပမ်းခဲ့မှုကြောင့်
ခွန်ဆာ အား နယူးယောက် တရားရုံးမှ စောင့်ကြည့် ခံနေရစဉ် အမေရိကန်ပြည်ထောင်စု မှ သူ၏
ဘိန်းထုတ်ကုန် အားလုံး ၀ယ်ယူရန် အဆိုပြုခဲ့သည်။ထိုသို့ အမေရိကန်ပြည်ထောင်စုက သူ၏ အဆိုပြုချက်
ကို ငြင်းဆိုလျှင် နိုင်ငံတကာ သို့ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
                 
ခွန်ဆာသည် အမေရိကန် ၏ ဘိန်းဖြူမှောင်ခိုရောင်းချသူအဖြစ် စောင့်ကြည့်နေမှုအပေါ်စိုးရိမ်သောကြောင့်  ၁၉၉၆ခုနှစ်တွင် မြန်မာနိုင်ငံတွင် တရားဝင်လက်နက်ချခဲ့သည်။ ခွန်ဆာအား ဖမ်းဆီးပေးနိုင်သူအားအမေရိကန်ဒေါ်လာ (၂)သန်း ဆုငွေ ပေးမည်ဟု US DEA မှ ဆုငွေ ထုတ်ပြန်ခဲ့သည်။ခွန်ဆာသည် ရှမ်းပြည်နယ်မှ ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ ခဲ့သည်။ မြန်မာအစိုးရမှ အကာအကွယ်ပေးထားသောကြောင့် ဘယ်တော့မှ အဖမ်းမခံခဲ့ရပေ။ ပြစ်မှုကျူးလွန်ခဲ့ရာတိုင်းပြည်သို့ တရားခံကို လွှဲအပ်ရန် မြန်မာနိုင်ငံမှ တရားဝင် ငြင်းဆိုခဲ့သောကြောင့် ခွန်ဆာသည် လုံလောက်သော အရင်းအနှီးမြောက်များစွာဖြင့် သူ၏ ဘ၀ကို ရန်ကုန်မြို့  ၊ မန္တလေးမြို့  နှင့် တောင်ကြီးမြို့ တို့တွင် အေးချမ်းစွာနေထိုင်နိုင်ခဲ့သည်။

မီဒီယာပိုင်း

၂၀၀၇ ခုနှစ်တွင် သရုပ်ဆောင် ရစ်ရမ်း(Ric Young) က ခွန်ဆာ၏ အကြောင်းကို သရုပ်ဖော်ထားသော အမေရိကန် ဂမ်းစတား(American Gangster) ဟူသော ရုပ်ရှင်ရိုက်ကူးခဲ့သည်။

ကွယ်လွန်ခြင်း

အောက်တိုဘာလ ၂၆ရက် ၂၀၀၇ခုနှစ် ၊ ရန်ကုန်မြို့  တွင် ခွန်ဆာ အသက် (၇၃) နှစ် ကွယ်လွန်သည် ။ သူ၏ရုပ်အလောင်းကိုမြောက်ဥက္ကလာပရှိရေဝေးသုသာန်တွင်မြေမြှုပ်ခဲ့ သည်။ ခွန်ဆာ မည်သည့်ရောဂါဖြင့်သေဆုံးရသည်ကို မသိရပေ ။


မှတ်စုစာအုပ် မှ

Credit - Tin Maung Hlaing

Monday, November 20, 2017

သင်သာ အဆီချချင်တဲ့ လူတစ်ယောက်ဆိုရင်


ခေါင်းစဉ်အရ သင်ဟာ အဆီပိုချချင်တဲ့သူ တစ်ယောက်ဖြစ်မယ်၊ ဒါ့အပြင် အဆီပိုချလို့ရမယ့် နည်းလမ်းကို ရှာနေဆဲသူ တစ်ယောက်ဖြစ်မယ်ဆိုရင် ဖြစ်နိုင်ချေများတာကတော့ သင်ဟာ နည်းလမ်းမှန်ကို မတွေ့သေးသူပဲ ဖြစ်ဖို့များပါလိမ့်မယ်။

နည်းလမ်းပေါင်းများစွာကိုတွေ့ဖူးပေမယ့် သင့်အတွက် အဆင်မပြေခဲ့တာမလို့လဲ အခုထိ အဆီချနိုင်မယ့် နည်းလမ်းဟေ့ ဆိုတာနဲ့ လိုက်ရှာဖတ်နေတာပေါ့။ ဒါမှမဟုတ်ရင် အခုမှ အဆီချဖို့ ခေါင်းထဲမှာ စဝင်လာသူလဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

ဘယ်လိုမျိုးပဲ ဖြစ်နေပါစေ Golden_Dreams page အနေနဲ့ သင့်ရဲ့ အဆီချခရီးစဉ်ကို ကူညီပေးဖို့ ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။

နည်းလမ်းတွေများပါတယ်။ နည်းလမ်းတွေများတာနဲ့ အမျှ အမှန်တွေများသလို အမှားတွေလဲ များတာ မဆန်းပါဘူး။ ဒါ့ကြောင့် ဗဟုသုတအမှားတွေနဲ့ အချိန်ကုန် လူမပန်းဖြစ်ဖို့ ဒီဆောင်းပါးက အကူအညီပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Admin အနေနဲ့လဲ အမှားတွေ လုပ်ခဲ့ဖူးပြီး အချိန်တွေကုန်၊ စိတ်တွေကျခဲ့ ရဖူးလို့ပါပဲ။

လွန်ခဲ့တဲ့ အပတ်က Chat box မှာ အခုလိုအမှားတွေကို ဆင်တူလုပ်နေသူအချို့ရဲ့ မေးခွန်းတွေကိုမြင်ရတော့ " ငါသာ အသစ်တစ်ဖန် အဆီပြန်ချရမယ်ဆိုရင် ဘာတွေကို ရှောင်မလဲ " ဆိုပြီး တွေးမိပါတယ်။ ဘာတွေကို သိနေခဲ့ရင် ကောင်းမလဲပေါ့။

ဒါ့ကြောင့် သင်သာ အဆီချချင်တဲ့ လူတစ်ယောက်ဆိုရင် မလုပ်ခင် ဘယ်အမှားတွေကို သိနေသင့်သလဲ၊ ကြည့်လိုက်ကြရအောင်။

******************
၁။ Workout လုပ်ရုံနဲ့ လုံလောက်မယ်ထင်ခြင်း

ဒါဟာ လူတော်တော်များများ ယူဆမှားတတ်တာမလို့ ဒီထဲမှာ သင်မပါဖို့ အရေးကြီးပါတယ်။

လူတော်တော်များများဟာ Gym ထဲမှာဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် မိနစ် ၄၀-၆၀ လောက် လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်။ Gym ထဲက ထွက်တာနဲ့ ပင်ပန်းတာရော၊ ဒါမှမဟုတ် လုံလောက်ပြီလို့ ထင်လိုက်ကြတာရောနဲ့ ပေါင်းပြီး အထိုင်များတဲ့ လူနေမှုပုံစံကို ပြောင်းလိုက်ကြတာပါပဲ။

ထိုင်ချင် အထိုင်များမယ်၊ မဟုတ်ရင် ပင်ပန်းလို့ တရေးတမော အိပ်မယ်၊ ဒါမှမဟုတ် လှဲလျောင်းနေမယ်။ ဒါဟာ သင်လုပ်ခဲ့သမျှကို ဘဲစားဘဲချေ လုပ်လိုက်တာပါပဲ။

သင် Gym ထဲမှာ သုံးတဲ့ Calories ဟာ 200-500 ကြားမှာပဲ ရှိပါတယ်။ Beginner workout တစ်ခုဆိုရင် 200-300 ပဲ သုံးပါတယ်။ ဒီနှုန်းဟာ ၁၂ ရက်ကိုမှ တစ်ပေါင်ခန့်သာ ကျစေတဲ့ နှုန်းပေါ့။

ဒါကိုမှ Gym အပြင်မှာ ရှိတဲ့အချိန်မှာ တက်တက်ကြွကြွမနေပဲ ပြန်ချေလိုက်ခြင်းက ရနိုင်သမျှအကျိုးကို လွှင့်ပြစ်လိုက်သလိုပါပဲ။ ဒီလိုအမှားမျိုးမလုပ်ပဲ တစ်နေ့တာ တက်တက်ကြွကြွ နေထိုင်ပါ။

**************

၂။ ကြွက်သားများကို မလေ့ကျင့်ခြင်း

သင်ဟာ ဝနေသူတစ်ယောက်ဆိုရင် ပေါင်ချိန်ကျသွားတာနဲ့ ပျော်နေမှာပါပဲ။ ပျော်ပါ၊ မမှားပါဘူး။ သင့်ရဲ့ ပေးဆပ်မှုတွေအတွက် ဝမ်းသာစရာပဲကိုး။

ဒါပေမယ့် ဒီ့ထပ် ပိုကောင်းမယ့် နည်းလမ်းတစ်ခုကို သိထားရင် အကျိုးများပါလိမ့်မယ်။ ဒါကတော့ ကြွက်သားတွေကို လေ့ကျင့်ခြင်းပါပဲ။

သင်ကျသွားတဲ့ ပေါင်ချိန်ဟာ အခြေအနေသုံးမျိုးကို ညွှန်ပြနိုင်ပါတယ်။

၁- အဆီကျတာ
၂- အဆီ + ကြွက်သားကျတာ
၃- အဆီကျပြီး ကြွက်သားတက်တာ

ဒီအခြေအနေ သုံးမျိုးမှာ ၁ နဲ့ ၃ ဟာ အကောင်းဆုံး အခြေအနေတွေပေါ့။ ဒါပေမယ့် သင်ကြုံတွေ့ဖို့ ဖြစ်နိုင်ချေ အများဆုံးက နံပတ် ၂ အခြေအနေပါပဲ။ ဘာ့ကြောင့်လဲဆိုတာ ကြည့်လိုက်ရအောင်။

၁- အဆီကျတာ

ပေါင်ချိန်ကျလာမယ်၊ ကျတဲ့ ပေါင်ချိန်မှာ ကြွက်သားမကျပဲ အဆီပဲကျဖို့၊ ကြွက်သားတွေကို ထိန်းထားဖို့ လိုအပ်ချက်တွေက အလေးဆော့ခြင်း၊ Protein/ Carbs/ fat တွေကို လုံလောက်တာထပ် အနည်းငယ်သာ လျှော့စားခြင်းတို့လုပ်ဖို့လိုပါတယ်။ ဒီလို ကောင်းမွန်တဲ့ Result ရဖို့ ဗဟုသုတတွေ၊ Experience တွေရှိဖို့လဲ လိုပါသေးတယ်။

ဒီနေရာမှာ သင်ဟာ အလေးမဆော့သူဆိုရင် ပေါင်ချိန်ကျတဲ့အခါမှာ ကြွက်သားတွေကို ထိန်းထားနိုင်မှာမဟုတ်ပါဘူး။

၂- အဆီ + ကြွက်သားကျတာ

ဒါဟာ
- အလေးမဆော့သူ၊ ကြွက်သားများကို မလေ့ကျင့်သူတွေ

- ပေါင်ချိန်တွေ ဝုန်းဒိုင်းကျသွားသူ

- Protein လုံလောက်အောင် များများ မစားသူတွေမှာ အများဆုံးဖြစ်တဲ့ အခြေအနေပါပဲ။

ဖြစ်နိုင်ခြေများတဲ့ ပုံစံက သင်ဟာ အစားတွေ ရုတ်တရက် လျှော့ချလိုက်မယ်။ ဒီလို လျှော့ချအပြီးမှာ သင်စားတဲ့ အစာမှာ အသားဓါတ်လုံလောက်စွာမပါတော့ပါဘူး။

လေ့ကျင့်ခန်းလုပ်တဲ့ အခါ အလွယ်ကူဆုံးဖြစ်တဲ့ ပြေးမယ်၊ ကြိုးခုန်မယ်၊ စက်ဘီးစီးမယ်။ ဒါတွေဟာ ကြွက်သားလေ့ကျင့်မှု သိပ်မရှိပါဘူး။

အသားဓါတ်လုံလောက်စွာ မစားတော့ ကြွက်သားတွေကို ထိန်းထားဖို့ခက်၊ ကြွက်သားလေ့ကျင့်တဲ့ လေ့ကျင့်ခန်းတွေ မပါတော့လဲ ထိန်းရခက်ပြန်။ ဒါနဲ့ပဲ အဆီ+ကြွက်သား ကျကုန်တော့တာပါပဲ။

၃- အဆီကျပြီး ကြွက်သားတက်တာ

ဒီလိုအခြေအနေရဖို့ အသားဓါတ် Protein ကို လုံလောက်စွာစားရပါမယ်။ ကြွက်သားလေ့ကျင့်ခန်းကို အားသွန်ခွန်စိုက်လုပ်ရပါမယ်။

ကြွက်သားလေ့ကျင့်ခန်းဆိုတဲ့ နေရာမှာ အလေးဆော့တာက အကောင်းဆုံးဖြစ်ပြီး စနစ်တကျ Body Weight လေ့ကျင့်ခန်းကလဲ အကူအညီပေးနိုင်ပါတယ်။

-----

ဒီအခြေအနေ သုံးမျိုးကို ကြည့်လိုက်ရင် အဆီ+ကြွက်သားကျတာ မဖြစ်စေဖို့ ကြွက်သားလေ့ကျင့်ခန်းတွေဟာ အရေးကြီးတယ်လို့ ဆိုရတာပါပဲ။ နောင်တစ်ချက်က Protein လုံလောက်စွာ စားဖို့ပေါ့။

************

၃- Protein လုံလောက်စွာ မစားခြင်း

နောင်တတွေများစွာထဲမှာ ဒီတစ်ချက်လဲ အပါအဝင်ပါ။ Protein ဟာ ကြွက်သားအသစ်တွေဖြစ်စေတဲ့ နေရာမှာရော၊ ကြွက်သားတွေ ထိန်းထားတဲ့နေရာမှာပါ အရေးကြီးဆုံး အစားအစာပါပဲ။ ဒါကို သာမန် အခုမှ စချင်သူတွေအနေနဲ့ သတိမပြုမိတာများပါတယ်။

Diet လုပ်ပြီဟေ့ဆိုရင် အရွက်လေးတွေစားမယ်၊ အသီးလေးတွေစားမယ်၊ အရွက်နဲ့ ဘယ်ရီလေးတွေ ရောထားတာ စားမယ် စသဖြင့် တွေ့ရလေ့ရှိပြီး Protein ပါတဲ့ အစာ တော်တော်နည်းပါတယ်။ ဒါကြောင့်ပဲ တန်ဖိုးရှိတဲ့ ကြွက်သားတွေ မတည်ဆောက်နိုင်၊ မထိန်းထားနိုင်ဖြစ်ကြတာပါပဲ။

***********

၎- ကြွက်သားတန်ဖိုး မသိခြင်း

စခဲ့စဉ်အခါတုန်းက ကြွက်သား၊ အဆီ ဘာညာဆိုတာထပ် ပေါင်ချိန်စက်က နံပတ်လေးတွေ အပေါ်မှာပဲ သာယာခဲ့တာမလို့ အခုပြန်တွေးကြည့်တဲ့အခါ ကြီးမားတဲ့ အမှားတစ်ခုလို့ ဆိုလိုက်ရတာပါပဲ။

အလေးဆော့ရတယ်၊ အသားဓါတ်တွေစားရတယ် ဆိုပြီး ခေါင်းထဲမှာ မရှိပဲ ပေါင်ချိန်ကျရင် အောင်မြင်ပြီဆိုပြီး ချခဲ့တယ်ဆိုပါတော့။ ပေါင်ချိန် အတန်အသင့်ကျသွားတယ်ဆိုပေမယ့် ပြသနာ ၂ခုကြုံခဲ့ရပါတယ်။

- ပေါင်ချိန် ထပ်မကျတော့ခြင်း
- ပေါင်ချိန်ကျခဲ့သော်လည်း ကြည့်လို့မကောင်းခြင်း

ဒီနေရာမှာ သင်ဟာ အလွန်ဝသူဆိုရင် ပေါင်ချိန်ကျသွားတဲ့အခါ အတော်အသင့်ကြည့်ကောင်းလာမှာမလို့ အဆိုးကြီးတော့ မဟုတ်ပါ။

ဒါပေမယ့် သင်ဟာ အတန်အသင့် ဝရာကနေ ပိုကြည့်ကောင်းလာအောင်၊ ကျစ်လျစ်လာအောင် ဆော့ပြီး အဆုံးသတ်မှာ မလှဘူးဆိုတာကတော့ သင်လိုချင်တဲ့ ရလဒ်မဟုတ်ဘူးပေါ့။

ဒီလိုဖြစ်ရတာက လူတစ်ယောက် ကျန်းမာရေး အလှအပမှာ ကြွက်သားတွေရဲ့ အရေးပါပုံကို မသိခဲ့လို့ပါပဲ။ ကျန်းမာတဲ့ အတွင်းကလီစာတွေ ရှိသူတွေအတွက် နောက် တန်ဖိုးအရှိဆုံးအရာဟာ ကြွက်သားထုထည်ပါပဲ။

ပထမဆုံး အကျိုးကတော့ သင့်ကို သန်မာစေတယ်၊ ကြည့်ကောင်းတဲ့ အသွင်ပေါ်စေတဲ့ တစ်ခုတည်းသော အရာပေါ့။

ဒုတိယအချက်ကတော့ ကြွက်သားတွေဟာ Carbohydrate (ဆန်၊ဂျုံ) ထဲက Glucose ကို Glycogen အဖြစ် သိုလှောင် အသုံးပြုပါတယ်။ အလွယ် အကျဉ်းချုပ်ပြောရရင် အဆီအသစ်တွေ ထပ်မဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။ နောင်တစ်ခုက ဆီးချို ရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

ဒီတော့ ကြွက်သားထုရှိခြင်းဟာ သင်ရှာဖွေနေတဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အရာမလို့ အရေးကြီးတယ်၊ လေ့ကျင့်ရမယ်လို့ သိထားဖို့လိုပါတယ်။

ထပ်ပြောပါမယ်။ ကြွက်သားထုရှိခြင်းဟာ ပိုသန်မာလာစေမယ်၊ အဆီတွေကျစေမယ်၊ အဆီကျလာတာနဲ့ အမျှ ပိုနုပျိုတဲ့ အသွင်ရစေမယ်၊ ခန္ဓာကိုယ် အကွေ့အကောက်လေးတွေနဲ့ လှလာစေမှာမလို့ ဒါတွေဟာ သင်ရည်မှန်းရာဆိုရင် ကြွက်သားလေ့ကျင့်ဖို့ မမေ့ပါနဲ့။

**************

၅- ပေါ့ပျက်ပျက် ဆုံးဖြတ်ခြင်း

" အယ်၊ လေ့ကျင့်ခန်းတွေလုပ်နေတယ်ပေါ့။ လန်းလာတော့မယ့် နော့် "

ဒီလို အပြောတွေကြားရတိုင်း သင်ဟာ

" အဲလိုလဲ မဟုတ်ပါဘူး။ ဒီလိုပဲ လုပ်ကြည့်တာပါ။ ဘီယာတွေ အချိုတွေလဲ မဖြတ်ပါဘူး။ "

ဆိုတဲ့ အဆင့်မှာ ရှိနေမလား မသိ။ ဒီလို ဖြေခဲ့ဖူးရင်လဲ အဆန်းတော့ မဟုတ်၊ ဒါဟာ လေ့ကျင့်ခန်းလုပ်သူတွေရဲ့ အစပိုင်းခရီးမှာ ဖြေလေ့ရှိတဲ့ အဖြေမလို့ပါပဲ။

လေ့ကျင့်ခန်း လုပ်ခြင်းဟာ သင့်ကိုယ် သင်ပြောင်းလဲတဲ့ ခမ်းနားတဲ့ ခရီးလမ်းတစ်ခုပါပဲ။ ဒီခရီးလမ်းတစ်ခုအပေါ် အခုမှ စခြေချဖူးတဲ့ သင့်အတွက် မဝံ့မရဲနဲ့ အပြီးသတ် ဆုံးဖြတ်ချက် မခိုင်မာသေးတာဟာလဲ အဆန်း မဟုတ်ပါဘူး။ ဒီ Lifestyle ဟာ ဘာလိုမျိုးပါလိမ့်၊ Follow သင့်ပါ့မလား ဇဝေဇဝါ အချိန်ကိုး။

ဒါပေမယ့် သင်ဟာ တစ်ကယ် အဆီချချင်တယ်၊ ကျန်းမာ လှပလာချင်တယ်ဆိုရင်တော့ လျော့တိလျော့ရဲ အာရုံထားမှုတွေ မဖြစ်သင့်ပါဘူး။ လျော့တိလျော့ရဲ ကတိတွေက လျော့တိလျော့ရဲ လုပ်ဆောင်မှုတွေကို ဦးတည်ပါတယ်။ ဒါကပဲ နောက်ဆုံး ရလဒ်မကောင်းတာတွေနဲ့ ဇာတ်သိမ်းစေတာပါပဲ။

****************

၆- အဆီချခြင်း အပေါ် သဘောထား

နောက်ဆုံး တစ်ချက်အနေနဲ့ အဆီချတယ်၊ လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ နောင်တစ်လမှာ တက်မယ့် မင်္ဂလာပွဲ၊ နောင်တစ်နှစ်မှာ ရိုက်မယ့် ကမ်းခြေက ပုံလှလှလေးတွေထပ် ပိုတယ်ဆိုတာ စိတ်ထဲမှာ ထားပါ။

ရုပ်ရည်ပိုင်းဆိုင်ရာ လှလာဖို့ တစ်ခုတည်းအတွက် လုပ်နေတာ မဟုတ်ပါဘူး။ သင့် ကျန်းမာရေး၊ လူမှုဆက်ဆံရေးတွေမှာ " အကောင်းဆုံး သင် " ဖြစ်နေဖို့ လုပ်နေခြင်းပါပဲ။

တစ်ခါတည်းရမယ့် အခွင့်အရေးတွေကို တန်ဖိုးထားကြစမြဲဆိုရင် တစ်ခါတည်းရမယ့် ဘဝကို အကောင်းဆုံးဖြစ်အောင် တန်ဖိုးထား နေထိုင်နေခြင်းပါပဲ။

ဒါကို အမှန်မြင်ခြင်းဟာ လမ်းတစ်ဝက်က အားငယ်ခြင်းတွေကို ပယ်ဖျောက်ပေးပါလိမ့်မယ်။

*****************

ဒီအပေါ်က အချက်တွေဟာ "ငါသာ သိခဲ့ရင် ကောင်းမှာပဲ။ " ဆိုတဲ့ အတွေ့အကြုံတွေ၊ လက်နက်ကောင်းတွေပါပဲ။

သူတစ်ပါး မှားပြီးသား အမှားမလို့ သင့်ကို ထပ်မမှားစေချင်ပါဘူး။ ဒါ့ကြောင့်လဲ " သင်သာ အဆီချချင်တဲ့ လူတစ်ယောက် ဆိုရင် " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးလိုက်ရပါကြောင်း။

သင့် ပတ်ဝန်းကျင်က သူငယ်ချင်းတွေကိုလဲ အမှားတွေ မမှားစေဖို့ လက်တို့ပြီး ဝေမျှပေးပါအုန်းလို့။

Credit: Golden_Dreams 

Sunday, November 19, 2017

Hot and Sour Curry

ရာသီဥတု အနည်းငယ် အေးချိန်မှာ ချက်စားလို့ သင့်တော်မယ့် ဟင်းနှစ်ခွက်နဲ့အတူ အချိုတည်းလို့ရမယ့် မုန့်တစ်မျိုးကို ဝေမျှလိုက်ပါတယ်။

Hot and Sour Curry
.........................


 ဂေါ်ရခါးသီးနှင့် ငါးကြင်းပေါင်းပြီး ဟင်းရည်ပူပူစပ်စပ် လေး ချက်ပေးထားတာကြောင့် ထမင်းမြိန်စေမယ့် ဟင်းလေး ဖြစ်မယ်လို့ ယုံကြည်မိပါတယ်။

ပါဝင်ပစ္စည်းများ
- ဂေါ်ရခါးသီး - ၁ လုံး
- ငါးကြင်း - ၂၀ ကျပ်သား
- ဂျူးမြစ် - ၂ ပင်
- ငရုတ်သီးအစိမ်းတောင့် - ၃၊ ၄ တောင့်
- ကြက်သွန်နီ - ၁လုံး
- ကြက်သွန်ဖြူ - ၂ မြွှာ (အကြီး)
- ဆား - အနည်းငယ်
- ဟင်းခတ်မှုန့် - အနည်းငယ်
- ငံပြာရည် - အနည်းငယ်
- မန်ကျည်းသီးမှည့် - အနည်းငယ်
- ငရုတ်သီးမှုန့်  - အနည်းငယ်
- နနွင်းမှုန့် - အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ငါးကို အနေတော်ခုတ်ပြီး ရေစင်အောင်ဆေးပါ။ ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့် တို့နှင့် နယ်ပေးပါ။ ဂေါ်ရခါးသီးကို အနေတော် အတုံးလေးများ လှီးပေးထားပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို နုပ်နုပ်စဉ်းပြီး ဆီသတ် ပေးပါ။ ငါးကို အပေါ်ယံကြောလေး တင်းနေရုံလောက် ကြော်ပေးပြီး သပ်သပ်ဖယ်ထားပါ။
၃။ ဆီသတ်ထားတဲ့အထဲ ဂေါ်ရခါးသီးထည့်ပါ။ ရေထည့်ပါ။ ကြော်ထားသော ငါးထည့်ပါ။ အရသာများနှင့် ငရုတ်သီး မှုန့်ထည့်ပေးပါ။ မန်ကျည်းသီးမှည့်ကိုရေဖျော်ပြီးထည့်ပါ။ ငရုတ်သီးတောင့်များကိုပါးပါးလှီးပြီးထည့်ပါ။ နောက် ဆုံးမှာ ဂျူးမြစ်ကို အနေတော်လေးတွေ လှီးထည့်ပြီး ချဉ်စပ်ဟင်းရည်ကို သုံးဆောင်နိုင်ပါပြီ။
.......
ဆုမြတ်ဦး

ပုစွန်သီးရွက်စုံနှင့် ပဲပြားအစပ်ချက်
(Stir-Fried Prawn & Vegetables with Soft Tofu)
............................


 ဒီလအတွက် ပရိသတ်ကြီးကို ထပ်မံဖော်ပြပေးချင်တဲ့ ဟင်းလျာအတွဲလေးကတော့ . . .  “ပုစွန်သီးရွက်စုံနှင့် ပဲပြားအစပ်ချက်” လေးပါပဲ။ ပုစွန်နဲ့ သီးရွက်စုံကို ရိုးရိုးရှင်းရှင်း ခရုဆီလေးနဲ့ကြော်ပြီး ကျက်ခါနီးမှ ပဲပြားနုလေးကို အနှစ်ဖြစ်အောင် ရောချက်ထားတာပါ။ တရုတ်အစားအစာ ချက်ပြုတ်နည်းကို အခြေခံ ချက်ပြုတ်ထားတာပါ။ပဲပြားနုက ဟင်းအနှစ်လို ပျော်ဝင်သွားလို့ ထမင်းဖြူလေးနဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင်တော့ အလွန်ထမင်းမြိန်စေမှာပါဗျာ။ ကဲ…ပုစွန်နဲ့ သီးရွက်စုံကို ပဲပြားနုလေးနဲ့  အစပ်လေးချက်ကြည့်ကြရ အောင် . . . ဥု

ပါဝင်ပစ္စည်းများ
- ပုစွန် - ၁၀ ကောင်
- ကင်းမွန်ငါး - ၅ ကောင်
- ပဲပြားနု - ၁ တုံး
- ငရုတ်ပွနီ/ဝါ/စိမ်း - ၁ လုံးစီ
- ခရမ်းချဉ်သီး - ၁ လုံး
- ကြက်သွန်နီ/ဖြူ - အနည်းငယ်
- ငရုတ်သီးစိမ်း - အနည်းငယ်
- ကြက်သွန်မြိတ် - အနည်းငယ်
- ပဲငံပြာရည် - အနည်းငယ်
- ခရုဆီ - အနည်းငယ်
- နှမ်းဆီမွှေး - အနည်းငယ်
- ဆား - အနည်းငယ်
- အသားမှုန့် - အနည်းငယ်
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- သံလွင်ဆီ - အနည်းငယ်
- ဆလတ်ရွက် - အနည်းငယ်

ပြုလုပ်နည်း
၁။ ပုစွန်နှင့် ကင်းမွန်ငါးကို သန့်စင်ပြီး ကင်းမွန်ကို ပါးပါးလှီး ထားပါ။
၂။ အသီးအရွက်များကိုလည်း လှီးထားပါ။
၃။ ကြက်သွန်ဖြူကို ထုပြီး သံလွင်ဆီဖြင့် ဆီသတ်ပါ။ ပြီးလျှင် ပုစွန်နှင့် ကင်းမွန်ငါး ထည့်ကြော်ပါ။ ပုစွန်အနည်းငယ်မွှေး လာလျှင် အသီးအရွက်စုံ ထည့်ကြော်ပါ။ ပြီးလျှင် ငံပြာရည်၊ ဆား၊ ခရုဆီအသားမှုန့်နှင့် ငရုတ်ကောင်းတို့ကို ထည့်ချက် ပေးပါ။
၎။ အရသာအားလုံး ပြည့်စုံပါက ပဲပြားနုကို ဇွန်းဖြင့် ဖဲ့၍ ထည့်ချက်ပြီး နှမ်းဆီမွှေး ထည့်ကာ အဆုံးသတ်ပါ။
............................................
Celebrities Chef   ကိုဆန်နီ

ပြာရည်ထုပ် 
Alkaline Dumplings
Kee Chang (碱水粽)
.......................



 ပြာရည်ထုပ်ကို မြန်မာပြည်နေရာဒေသအတော်များများမှာ ရောင်းချလေ့ ရှိကြပါတယ်။ စင်ကာပူ၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့မှာလည်း ကောက်ညှင်း ထုပ် ပွဲတော်ရက်များမှာ ပြုလုပ်လေ့ရှိကြပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း (၁၅ ထုပ်စာ)
- ကောက်ညှင်းဆန် - ၅၀ဝ ဂရမ်
- ဆီ - စားပွဲဇွန်း ၂ ဇွန်း
- ပြာရည် (Lye Water) - ၁ ဇွန်း
 ဝါးရွက် /ချည်ရန်ကြိုး၊ အုန်းနို့ထန်းလျက်ရည်/သကြား တွဲဖက်စားရန်

ပြင်ဆင်ပြုလုပ်ပုံ
၁။ ဦးစွာ ကောက်ညှင်းကို ၄ နာရီခန့် ရေစိမ်ထားပြီး ဆယ်ယူကာ ရေစစ်ထားပါ။
၂။ ပန်းကန်တစ်ခုထဲ  ရေစစ်ထားသော ကောက်ညှင်းကို ထည့်ပါ။  ဆီနှင့်ပြာရည် ထည့်ပြီး သမအောင် မွှေပေးပါ။
၃။ ဝါးရွက်ကို ရေနွေးဖြင့်စိမ်ပြီး ပျော့နေအောင်ပြုလုပ်ကာ သန့်စင်ထားပါ။
၎။ အားလုံးအဆင်သင့်ဖြစ်ပါက ဝါးရွက်ကို နှစ်ရွက်ထပ်ပြီး ကတော့ပုံစံပြုလုပ်ကာ ကောက်ညှင်းဆန် ၃ ဇွန်းခန့်ကို အပြည့်နီးပါးထည့်ပြီး လုံအောင်ထုပ်ပေးကာ ကြိုးဖြင့် ကျစ်နေအောင် ချည်ပါ။
၅။ အားလုံးထုပ်ပြီးပါက  ရေနွေးအိုးတည်ပြီး ကောက်ညှင်းထုပ်များထည့်ကာ အနေတော် မီးဖြင့် ၂ နာရီမှ ၃ နာရီခန့်ထည့်ပြီး ပြုတ်ပေးပါ။
၆။ တွဲဖက်စားရန်အတွက် ထန်းလျက်ရည်ကို အုန်းနို့ထည့်ပြီး ပျစ်ပျစ်ကျိုထားပါ။
၇။ ကောက်ညှင်းပြာရည်ထုပ် ကျက်ပါက ထန်းလျက်ရည်ဆမ်းပြီး တည်ခင်းသုံးဆောင် နိုင်ပါပြီ။
......................
Sofia

Credit : Food Magazine(Myanmar) 

Saturday, November 18, 2017

ဥပဒေဆိုင်ရာ E_book အချို့



ဥပ​ဒေ စာအုပ်​ link ​တွေ ​တောင်းထားတဲ့ ဆရာ တစ်​​ယောက်​ ဒီက​နေ​ဒေါင်းပါ​တော့

၁၉၄၇-ဖွဲ့စည်းပုံအခြေခံဥပဒေ.pdf
https://yadi.sk/i/tSwInQXNfrdRY

၁၉၄၉လက်နက်အရေးပေါ် ပြင်ဆင်မှုယာယီအက်ဥပဒေ.pdf
https://yadi.sk/i/dbAmZ7TYjesV8

၁၉၅၁လက်နက်ပြင်ဆင်မှုဥပဒေ.pdf
https://yadi.sk/i/bMhciCT7jesVA

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ.pdf
https://yadi.sk/i/8tlFDQF1jesVN

၁၉၇၈လက်နက်အက်ဥပဒေ.pdf
https://yadi.sk/i/PrCEXDJcjesVC

၂၀၀၈ အခြေခံဥပဒေမူကြမ်း.pdf
https://yadi.sk/i/C5OulozpfrdRc

၂၀၁၂ လူမှုဖူလုံရေး ဥပဒေ.pdf
https://yadi.sk/i/FZdU10SNfrdSR

စည်ပင် ဥပဒေ.pdf
https://yadi.sk/i/jJnnsnKpjesVE

စီရင်ပိုင်ခွင့်အာဏာ.pdf
https://yadi.sk/i/OABZVgDKjesVG

စုံထောက် လက်စွဲ.pdf
https://yadi.sk/i/LCpU3ufRjesVJ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ အမှတ်(၉)(၂၀၁၂ မတ်လ ၃၀).pdf
https://yadi.sk/i/DMGTNm60frdSV

ဗဟိုဘဏ်ဥပဒေ.pdf
https://yadi.sk/i/6JWJKTZ5frdSZ

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ.pdf
https://yadi.sk/i/NoT4CwaefrdRg

မြန်မာနိုင်ငံ-ရာဇသတ်ကြီး.pdf
https://yadi.sk/i/kAwa6q7-frdRn

မျိုးစောင့်ဥပဒေ.pdf
https://yadi.sk/i/DlmGaxkkjetNR

ပြည်ထောင်စုမြန်မာနိုင်ငံ တရားရုံးချုပ် - သက်သေခံဥပဒေ.pdf
https://yadi.sk/i/hhfc-aIdfrdRt

မြန်မာနိုင်ငံသားဥပဒေ.pdf
https://yadi.sk/i/pDrwZCNMjetNV

ရန်ကုန်ရဲအက်.pdf
https://yadi.sk/i/TIP1x2lGfrdRx

ရပ်ကွက် သို့ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကိုပြင်ဆင်သည့်ဥပဒေ.pdf
https://yadi.sk/i/nhhewoBlfrdSh

ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ.pdf
https://yadi.sk/i/ccjggJuUfrdSu

ရုံးလုပ်ငန်းလက်စွဲ.pdf
https://yadi.sk/i/pYHSr9U2jesVU

ရဲကျင့်ဝတ်.pdf
https://yadi.sk/i/YOOkuL08jesVW

ရဲစည်းကမ်း နည်းဥပဒေ.pdf
https://yadi.sk/i/MUXfUpNbjesVY

ရဲလက်စွဲ ၁.pdf
https://yadi.sk/i/T1kG3urafrdRz

ရဲလက်စွဲ ၂.pdf
https://yadi.sk/i/5aaEecyHfrdS3

လမ်းအသုံးပြုသူများ လက်စွဲ.pdf
https://yadi.sk/i/YaA-axGAjesVc

လယ်ယာမြေ နည်းဥပဒေများ .pdf
https://yadi.sk/i/BNiag4A0jesVe

လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု သိကောင်းစရာများ.pdf
https://yadi.sk/i/TXm8I0fdfrdS9

လူ့ အခွင့်အရေးကြေငြာစာတမ်း.pdf
https://yadi.sk/i/yTUaERt7frdSD

လူကုန်ကူးမှု တားဆီးကာကွယ်ရေး
ဥပဒေ.pdf
https://yadi.sk/i/Aer1XhdMfrdSK

သစ်တောဥပဒေ.pdf
https://yadi.sk/i/2OXE7M-YjesVi

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ.pdf
https://yadi.sk/i/7Do09RyefrdSM

ဥပဒေ ပို့ကုန်သွင်းကုန်(၂၀၁၂).pdf
https://yadi.sk/i/TCjL-kyBfrdT6

ဥပဒေ အထွေထွေဗဟုသုတ .pdf
https://yadi.sk/i/aISmnd9TjesVp

ဥပဒေ(၁၀၀) ပုဒ်မ(၁၀၀၀) ရှောင်ဖိုသိဖို့.pdf
https://yadi.sk/i/KMK0WZ5HfrdTA

ဦးကျော်ဇေယျ - မကြားရာသည်ရှေ့နေ ရှေ့ရပ်.pdf
https://yadi.sk/i/kr5rDCNzfrdTC

ဦးကျော်ဇေယျ
မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ.pdf
https://yadi.sk/i/8tUsDxcrfrdTG

ဦးကျော်ဇေယျ
အမှုသည်များလက်စွဲ.pdf
https://yadi.sk/i/8rQP4uTFfrdTL

ဦးကျော်ဇေယျ - ဥပဒေသမားလက်စွဲစကား.pdf
https://yadi.sk/i/usi8H_wCfrdTN

ဦးကျော်ဇေယျ..ပြစ်မှုဆိုင်ရာ(ရာဇသတ်ကြီး) အဘိဓာန်.pdf
https://yadi.sk/i/odTLYoKvfrdTS

ဦးကျော်ဇေယျ..အတိုင်ပင်ခံရှေ့ နေ ၂.pdf
https://yadi.sk/i/_y1l7bkqfrdTW

ဦးမောင်မောင်လှသောင်း(မန္တလေး) တရားစွဲဆိုခွင့်ပြုမိန့်(Sanction).pdf
https://yadi.sk/i/XLX555ivfrdTe

ဒေါက်တာတင်အောင်အေး..သုတဥပဒေမိတ်လင်စုံ.pdf
https://yadi.sk/i/mACrtZpLfrdTi

မောင်ကိုနီ..တရားခွင်မှ တိုက်ပွဲများ.pdf
https://yadi.sk/i/DVxGMoYsfrdTk

မောင်ကိုနီ..မဲဘယ်လိုပေးရမလဲ.pdf
https://yadi.sk/i/PgpnMLZJfrdTn

မော်တော်ယာဉ်ဥပဒေ.pdf
https://yadi.sk/i/275D9BTcfrdTr

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေ.pdf
https://yadi.sk/i/hboPJgABfrdT2

သတ္တုရှာဖွေရေးလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ စုစည်းမှုများ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၆)
Pdf download link: http://pc.cd/5TJotalK

ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများအတွက်
MIC ခွင့်ပြုမိန့်  လျှောက်ထားခြင်း
လမ်းညွှန်စာအုပ်
Pdf download link: http://pc.cd/R2FotalK

မြန်မာ့သတ္တုတွင်း ဥပဒေ (၁၉၉၄)
Pdf download link: http://pc.cd/x9JotalK

မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၅)
Pdf download link: http://pc.cd/h9JotalK

မြန်မာ့သတ္တုတွင်း နည်းဥပဒေများ (၁၉၉၆)
Pdf download link: http://pc.cd/HMJotalK

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ (၁၉၉၅)
Pdf download link: http://pc.cd/49JotalK

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂)
Pdf download link: http://pc.cd/kTJotalK

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ (၂၀၁၄)
Pdf download link: http://pc.cd/e9JotalK

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅)
Pdf download link: http://pc.cd/jMJotalK

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း
EIA process chart (Burmese)
Pdf download link: http://pc.cd/UMJotalK

မြေစာရင်းလက်စွဲဥပဒေ (၁၉၆၄)
Pdf download link: http://pc.cd/oTJotalK

မြေစာရင်း၊အမြဲအမိန့် (၁)
Pdf download link: http://pc.cd/SMJotalK

မြေစာရင်း၊အမြဲအမိန့် (၂)
Pdf download link: http://pc.cd/3TJotalK

အမျိုးသား မြေအသုံးချမှု မူဝါဒ (၂၀၁၄)
Pdf download link: http://pc.cd/f9JotalK

အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (၂၀၁၅)
Pdf download link: http://pc.cd/lMJotalK

သစ်တောဥပဒေ (၁၉၉၂)
Pdf download link: http://pc.cd/KAbctalK

သစ်တောနည်းဥပဒေများ (၁၉၉၅)
Pdf download link: http://pc.cd/hgJotalK

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ (၁၉၉၄)
Pdf download link: http://pc.cd/BAJotalK

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးနည်းဥပဒေများ (၂၀၀၂)
Pdf download link: http://pc.cd/cOJotalK

Friday, November 17, 2017

“အပျိုစင်ဘ၀ကို ဘယ်လိုမြင်ကြသလဲ”


(ဖတ်ပြီး ကိုယ့်အမြင်ကိုယ်ဝေမျှရန် ကြာချိန် - ၉ မိနစ်)

အဓမ္မပြုကျင့်ခံလိုက်ရသူတွေ ဘာကြောင့် ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေသလဲ။ ကောင်လေးနဲ့ ကောင်မလေး ချစ်နယ်ကျွံသွားတယ်၊ တာဝန်မယူဘဲ ထားသွားတဲ့ ယောကျာ်းလေးထက် မိန်းကလေးက ဘာလို့ပိုပြီး ရှက်နေသလဲ။ ဘာကြောင့် ဒီလိုမိန်းကလေးမျိုးတွေကို တန်ဖိုးမရှိတော့တဲ့ လူတစ်ယောက်လို ဆက်ဆံနေကြသလဲ၊။

ဒါတွေက အပျိုစင် ဆိုတဲ့ စကားလုံးကို ဘယ်လိုခံယူထားကြသလဲနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ယဉ်ကျေးမှုအလိုက် အမျိုးမျိုးသော ကွဲပြားမှုတွေ ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာ့အသိုင်းအ၀ိုင်းမှာတော့ မိန်းကလေးတွေရဲ့ ဘ၀က အထိခိုက်မခံဘူး၊ အပျိုစင်ဘ၀ ပျက်စီးသွားရင် တန်ဖိုးလည်း မဲ့သွားမယ်၊ ဒီလိုမျိုး အများစုက ခံယူထားကြတယ်။

စဉ်းစားကြည့်ရအောင်။ တကယ်ပဲ ဘာအကြောင်းနဲ့မဆို လိင်ဆက်ဆံဖူးတယ် ဆိုတာနဲ့ နာမည်ပျက်သွားပြီလား၊ တန်ဖိုးကျသွားပြီလား၊ နောက်ဆုံးကုန်ကုန်ပြောရရင် သူ့သဘောတူညီမှုနဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုရင်တောင် အဲဒီမိန်းကလေးဟာ တကယ်ပဲ တန်ဖိုးမရှိတော့ဘူးလား။

“လက်မထပ်ခင် လိင်ဆက်ဆံခြင်းဟာ ဖြစ်သင့်တဲ့ကိစ္စတစ်ခု ဖြစ်တယ်”

မျိုးဆက်ပွားကျန်းမာရေးသင်တန်းတွေ ပေးရင် ကျွန်တော် ဒီစာကြောင်းလေးကို ဖတ်ပြပြီး ဆွေးနွေးငြင်းခုန်စေပါတယ်။ အဲဒီမှာ ကြားခဲ့ရသမျှ အမျိုးမျိုးသော ယူဆပုံတွေအကြောင်း ဆက်ဖတ်ကြည့်ပါ။

- - - - - - - - - - -

အမြင် ၁ - မဖြစ်သင့်ဘူး၊ ဘာလို့ဆိုတော့ မိန်းကလေးဆိုတာ အပျိုစင်ဘ၀ကို ထိန်းသိမ်းရမယ်။

ဘယ်လောက်ပဲ ခေတ်မီတယ်ပြောပြော၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုရဲ့ ဓလေ့ထုံးတမ်းကိုတော့ လိုက်နာရမှာပဲ တဲ့။ အပျိုစင်မဟုတ်လည်း တန်ဖိုးရှိတာပဲ လို့ပြောနေတဲ့သူတွေကိုယ်တိုင် အပျိုမဟုတ်တဲ့ မိန်းကလေးကိုများ ရရင်၊ ဒါမှမဟုတ် ကိုယ့်နှမက အပျိုမဟုတ်တော့ရင် ဘယ်လိုနေကြမလဲ၊ ဒါကြောင့်မို့ ဘယ်သူတွေ ဘယ်လိုပဲပြောနေပါစေ၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ထုံးတမ်းစဉ်လာကိုတော့ အလေးထားရမှာပဲ တဲ့။ သူတို့ပြောသွားတာလေးလည်း စဉ်းစားစရာကောင်းတယ်။

- - - - - - - - - - -

အမြင် ၂ - “ပွဲမ၀င်ခင် အပြင်ကကျင်းပ” ဆိုတဲ့စကားတောင် ရှိသေးတာပဲ၊ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။

စကားပုံနဲ့တောင် ကိုးကားသွားသေးတယ်။ လိင်ကိစ္စဆိုတာကလည်း တော်တော်လေးတော့ ရှုပ်ထွေးတယ်။ သူတို့ဆီမှာတော့ ဒါကို အလေးလည်းထားတယ်၊ ပွင့်ပွင့်လင်းလင်းလည်း ရှိကြတယ်။ ဒီကိစ္စလေး အဆင်မပြေရင်ကို ပြတ်ကြ ဆဲကြတာမျိုးရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ မပွင့်လင်းကြဘူး။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် လိင်ဆန္ဒမပြည့်ဝရင်တောင်မှ ကြိတ်မှိတ်သည်းခံကြတယ်။ ဒါပေမယ့်လည်း ဒီလိင်စိတ်ကျေနပ်မှုဆိုတာက လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒီတော့ အဆင်မပြေလို့ ကြိတ်မှိတ်သည်းခံခဲ့ရသမျှတွေ ပွင့်ထွက်လာတဲ့အခါ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ်ကုန်တယ်။ ယောကျာ်းနဲ့ မိန်းမ အဆင်မပြေတော့ဘူး။

ဒါကြောင့် ဒီအမြင်ကို ကိုင်ထားတဲ့သူတွေက ပြောတယ်၊ ဥပမာ ယောကျာ်းရဲ့ လိင်ဆန္ဒက တအားပြင်းထန်ပြီး အဲဒီနောက်ကို မိန်းမက မလိုက်နိုင်ဘူးဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ အဲဒါကို လက်ထပ်ပြီးမှ သိရင် ကွဲကြကွာကြ ဖြစ်ကုန်မှာမို့ စောစောစီးစီးကတည်းက တစ်ယောက်ကိုတစ်ယောက် သိထားတာ အကောင်းဆုံးပါပဲ တဲ့။

- - - - - - - - - - -

အမြင် ၃ - မဖြစ်သင့်ဘူး၊ ဘာလို့ဆိုတော့ ဒီအပေါ် အခြေခံပြီးမှ မိန်းကလေးတွေအနေနဲ့ အနိုင်ကျင့်မှုတွေ ကြုံလာရနိုင်တယ်။

အဲဒီအမြင်လေးကို ကြားတော့ ကြုံခဲ့ဖူးတာလေးတစ်ခု သွားသတိရတယ်။ တစ်ရက် ကျွန်တော် လမ်းလျှောက်သွားနေတုန်း ကောင်လေးနဲ့ကောင်မလေး ပြဿနာတက်နေကြတယ်။ ဖြတ်သွားရင်း နားစွန်နားဖျား ကြားလိုက်ရတာက နင် ငါ့ကို ဖြတ်ရဲဖြတ်ကြည့်၊ နင်နဲ့ငါနဲ့ပုံတွေကို အွန်လိုင်းပေါ်တင်ပြီး ဖြန့်ပစ်လိုက်မယ် တဲ့။

ဆိုလိုတာက ရှေ့ပိုင်းမှာ ပြောခဲ့သလို၊ မိန်းကလေးတစ်ယောက် အပျိုစင်မဟုတ်တော့ဘူးဆိုရင် တန်ဖိုးမရှိတော့တဲ့ လူတစ်ယောက်လို ၀ိုင်းဝန်းကဲ့ရဲ့တတ်တဲ့ အလေ့အထမျိုး ရှိနေတော့ မိန်းကလေးတွေအနေနဲ့က တစ်ပန်းရှုံးနေတယ်။ ဒါကိုနင်းပြီး ခြိမ်းခြောက်အကြပ်ကိုင်တာမျိုးတွေ လုပ်လာနိုင်တယ်။ ခုဆိုကြည့်၊ ဓါတ်ပုံမှာ နှစ်ယောက်လုံး ပါဝင်ပြီး ရိုက်ထားတာ။ ဒါပေမယ့် ယောကျာ်းလေးက မရှက်ဘူး။ မိန်းကလေးကမှ ရှက်နေကြောက်နေရတယ်။ ဘာလို့ဆိုတော့ လူပျိုမဟုတ်တော့လို့ ဆိုပြီး ဘယ်သူကမှ သူ့ကို အပြစ်မတင်ဘူးလေ။ ဒီလိုပုံတွေ တက်လာလည်း (ခပ်ရှင်းရှင်းပြောရရင်) မိန်းကလေးကိုပဲ ရွလိုက်တာဆိုပြီး အပြစ်တင်တတ်ကြတာ။ ဒါကြောင့်မို့ အပျိုစင်ဘ၀ တန်ဖိုးထားတာ မထားတာတွေ ခဏထား၊ ဒီလိုလူ့အသိုင်းအ၀ိုင်းထဲမှာ ကိုယ့်ကို ခြိမ်းခြောက်အနိုင်ကျင့်စရာ အနေအထားမျိုး ဖြစ်လာနိုင်တယ်၊ ဒီအပေါ် အခြေခံပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ လုပ်လာနိုင်တယ်၊ ချစ်သူရည်းစားဆိုတာလည်း တကယ်တော့ သူစိမ်းပဲမို့ အလုံးစုံ ယုံကြည်လို့မရတာကြောင့် လက်မထပ်ခင် အတူမနေသင့်ပါဘူး တဲ့။

- - - - - - - - - - -

အမြင် ၄ - ဖြစ်သင့်တယ်၊ ဘာလို့ဆိုတော့ ဒီခေတ်မှာ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့က တအားခက်လာလို့ပဲ။

ခုခေတ်မှာ အရင်တုန်းကလို ယောကျာ်းတစ်ယောက်တည်း အလုပ်လုပ်ပြီး တစ်မိသားစုလုံး ထိုင်စားလို့ မရတော့ဘူး။ ဒီတော့ စီးပွါးရေး၊ ပညာရေး အဆင်သင့်ဖြစ်မှပဲ အိမ်ထောင်ပြုကြတယ်။ အဲဒီလို အဆင်သင့်ဖြစ်အောင် ကြိုးစားဖို့ကလည်း မလွယ်ဘူး။ ဒါကြောင့် တော်တော်နဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားဖြစ်ကြဘူး။ သားသမီးယူဖို့ မတွေးကြတော့ဘူး။ ဒါပေမယ့် လိင်ဆန္ဒဆိုတာက ထိန်းချုပ်ရခက်တယ်။ အိမ်ထောင်ပြုမှပဲ ဆက်ဆံမယ်ဆိုတာမျိုးက ထင်သလောက် မလွယ်ဘူး။ ဒီအခါမှာ လက်ထပ်ဖို့ ရည်ရွယ်ထားတာမျိုး မဟုတ်တောင် အတူနေကြတယ်။ ဒါကိုလည်း မှားတယ်ပြောလို့တော့ မရဘူး တဲ့။

- - - - - - - - - - -

အမြင် ၅ - မဖြစ်သင့်ဘူး၊ ဘာလို့ဆိုတော့ မိန်းကလေးနဲ့ ယောကျာ်းလေးရဲ့ စိတ်ထားချင်း မတူကြလို့ပဲ။

ရည်းစားတအားရှုပ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်သူဖြစ်သွားတယ် ဆိုပါစို့၊ အဲဒီကောင်မလေးက အတိတ်ကို ခွင့်လွှတ်တယ်။ သူ့နောက်မှာ ထပ်မရှုပ်တော့ဘူးဆို တော်ပြီ။ ဆိုလိုတာက မိန်းကလေးတွေရဲ့ သဘာဝသည် အနာဂတ်ကိုကြည့်တယ်။ ရည်းစားဦး မဖြစ်ရရင် နေပါစေ၊ နောက်ဆုံးရည်းစားပဲ ဖြစ်ချင်တယ်။ အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ခု လိမ္မာတယ်ဆို ကျေနပ်ပြီ။

ကောင်လေးတွေကကျတော့ ပြောင်းပြန်။ ရည်းစားဦး ဖြစ်ချင်တယ်။ အရင်တုန်းက ရည်းစားတွေနဲ့ ရှုပ်ခဲ့တယ်ဆို သဘောမကျဘူး။ အဲဒီလို မိန်းကလေးမျိုးနဲ့ ကြိုက်မိရင် ပတ်ဝန်းကျင်ကလည်း ပြောတယ်လေ၊ ဒီကောင်တော့ နွားဖြစ်ပြီ ဆိုတာမျိုး။ ရည်းစားရှုပ်ခဲ့တဲ့ ကောင်လေးနဲ့ ချစ်သူဖြစ်သွားလို့ ဘယ်သူကမှ ဒီမိန်းကလေးကို နင်တော့ နွားမဖြစ်ပြီဆိုပြီး လာမပြောဘူး။

လူပျို အပျိုနဲ့ ပတ်သက်ရင်လည်း ဒီလိုပဲ၊ လူပျိုမစစ်တော့လည်း ရတယ်၊ နောက်ကွယ်မှာ မရှုပ်တော့ဘူး၊ သစ္စာရှိတယ်ဆို ပြီးရော၊ မိန်းကလေးက ဒီလိုတွေးတယ်။ ယောကျာ်းလေးကျတော့ သူသာ လူပျိုမစစ်ချင်နေမယ်၊ ရတဲ့မိန်းကလေးကျ အပျိုစစ်မှ ကြိုက်တယ်။ မိန်းကလေးကိုယ်တိုင်ကလည်း သူ့အပျိုစင်ဘ၀ကို သူလက်ထပ်ရတဲ့သူကိုမှ ပေးချင်တယ်ဆိုတာမျိုး ရှိတယ်။ ဒါကြောင့်မို့ ဒီလိုလက်မထပ်သေးဘဲ အတူနေတာက မိန်းကလေးတစ်ယောက်အတွက် မဖြစ်သင့်ပါဘူးလို့ ဆိုပါတယ်။

- - - - - - - - - - -

အမြင် ၆ - မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးက အပျိုစစ်မစစ်နဲ့ တိုင်းတာလို့ မရပါဘူး။

သူတို့ကတော့ ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုတာထက် ဒါက မိန်းကလေးရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲ တဲ့၊ ဒါပေမယ့် အဲဒီလို အတူနေလိုက်တာနဲ့ပဲ ဒီမိန်းကလေးက တန်ဖိုးမရှိတော့ဘူး ဆိုတာမျိုး ပြောဆိုကဲ့ရဲ့နေကြတာကတော့ မဖြစ်သင့်ဘူးလို့ ဆိုကြပါတယ်။ ခုနောက်ပိုင်း ခေတ်လူငယ် တော်တော်များများမှာ တွေ့လာရတဲ့ အမြင်မျိုးဖြစ်ပါတယ်။

ဒီလိုခံယူထားတဲ့ ယောကျာ်းလေးတွေက သူတို့လက်ထပ်တဲ့ မိန်းကလေးကို အပျိုစစ်မှ ဆိုတာမျိုးတွေ ကြည့်မနေသလို၊ ငါတော့ နွားဖြစ်ပြီဆိုတာမျိုးလည်း မခံယူကြဘူး။ မိန်းကလေးတွေကလည်း ဒီကောင်လေးနဲ့ အတူနေမိလိုက်လို့ သူ့ကိုပဲ ယူရတော့မယ် ဆိုတာမျိုး မတွေးကြဘူး။ ဒါက သာမန်အဖြစ်အပျက်ပဲ။ အဆင်မပြေတော့ဘူးထင်ရင် သူတို့လမ်းခွဲပြတ်စဲလိုက်မယ်။ ဒီလိုအတူနေလိုက်ခြင်းက ဘ၀တစ်ခုလုံးစာ ပုံအပ်လိုက်တာမျိုး လို့ မခံယူကြဘူး။

- - - - - - - - - - -

တကယ်တော့ အကြောင်းကိစ္စတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် တန်ုဖိုးထားမှုချင်းက ထပ်တူမကျနိုင်ဘူး။ ဒါတွေက ကိုယ်ကြီးပြင်းဖြတ်သန်းခဲ့တဲ့ အခြေအနေ၊ ပတ်ဝန်းကျင်၊ ဖတ်ခဲ့မှတ်ခဲ့တဲ့ စာအုပ်တွေ၊ မိသားစုရဲ့ သွန်သင်မှု စတာတွေပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကွာခြားကုန်ကြတာပါ။

အပျိုစင်ဘ၀နဲ့ ပတ်သက်လို့လည်း ဒီလိုပဲ။ အခုပြောခဲ့ပြီးတဲ့ အယူအဆ (၆)ခုမှာတောင် ဘယ်ဟာမှန်တယ်၊ ဘယ်ဟာကတော့မှားတယ် ဆိုတာမျိုး တိတိကျကျ ပြောလို့မရနိုင်ပါဘူး။ အားလုံးဟာ သူ့ဟာနဲ့သူတော့ ကျိုးကြောင်းဆီလျော်ပြီး လက်ခံပေးလို့ ရနေတာချည်းပါပဲ။ ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်ကလည်း အဲဒါပါပဲ။ ဒီလိုမတူကွဲပြားတဲ့ တန်ဖိုးထားမှုတွေ ရှိနေနိုင်တယ်ဆိုတာကို သတိထားမိသွားစေချင်တာပါ။

ယောကျာ်းလေးတစ်ယောက်က “အပျိုမစစ်တာနဲ့ပဲ ဒီမိန်းကလေးကို တန်ဖိုးနှိမ့်ချ သတ်မှတ်လို့မရဘူး” ဆိုပြီး ခံယူထားတယ်ဆိုပါတော့။ သူလိုပဲ ခံယူထားတဲ့ မိန်းကလေးနဲ့ဆို အဆင်ပြေတယ်။ သူတို့ လက်မထပ်ရသေးဘဲလည်း အတူနေချင်နေမယ်။ ဘာလို့ဆိုတော့ သူတို့အတွက် ဒါက သိပ်အဆန်းတကြယ် မဟုတ်တော့လို့ပဲ။ နောက်ပိုင်း အဆင်မပြေတော့ရင်လည်း လမ်းခွဲချင်ခွဲမယ်။ အဲဒီလို လမ်းခွဲလိုက်လို့လည်း မိန်းကလေးက သူ့မှာ နစ်နာသွားရတယ်လို့ မထင်ဘူး။

ဒါပေမယ့် အပျိုစင်ဘ၀ကို တန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့များ ချစ်သူဖြစ်သွားရင်တော့ အဲဒီအတိုင်း သွားလုပ်လို့မရတော့ဘူး။ သူ့အတွက်က မဆန်းကြယ်ဘူးဆိုပေမယ့် တစ်ဖက်မိန်းကလေးက သူ့ကိုလက်ထပ်မယ် ထင်လို့ လိုက်လျောလိုက်တာမျိုး ဖြစ်နေရင် ပြဿနာဖြစ်ပြီ။ အကြောင်းကြောင်းကြောင့် အဆင်မပြေတော့လို့ ကိုယ့်ဘက်က လမ်းခွဲလိုက်ရင် ကိုယ်ကပဲ ကာမလိမ်လည်ရယူခဲ့သလိုမျိုး ဖြစ်သွားနိုင်သလို၊ တစ်ဖက်မိန်းကလေးမှာလည်း စိတ်ဒဏ်ရာတွေ၊ လူတောမတိုးဝံ့တော့တာတွေ ဖြစ်ကုန်မယ်။ ဒါကြောင့်မို့ ယောကျာ်းလေး မိန်းကလေး ဆက်ဆံရေးမှာ အဲဒီလို တစ်ယောက်နဲ့တစ်ယောက် သူက ဘယ်လိုတန်ဖိုးထားတယ်၊ ငါက ဘယ်လိုတန်ဖိုးထားတယ်ဆိုတာလေးကို သိထားဖို့ လိုပါတယ်။

နောက်ပြီး အခုလက်ရှိ ပေါ်လစီချမှတ်သူတွေ၊ တာဝန်ရှိသူတွေ၊ အုပ်ထိန်းသူ မိဘဆရာတွေဟာလည်း ဒီလို တန်ဖိုးထားမှုအမျိုးမျိုး ရှိနိုင်တယ်ဆိုတာကို လက်မခံပါဘူး။ မိန်းကလေးဆို အပျိုစစ်ရမယ်၊ ယဉ်ကျေးမှုထိန်းသိမ်းရမယ် ဆိုတဲ့ သူတို့ယုံကြည်တဲ့ တန်ဖိုးတစ်ခုတည်းကိုပဲ အမှန်လို့ သတ်မှတ်ထားပါတယ်။ အဲဒီမှာတင် တခြားသော အယူအဆမျိုးတွေ ရှိနေတဲ့လူငယ်တွေမှာ ဒုက္ခဖြစ်ကုန်တယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတယ်။ မလိုချင်ဘဲ ကိုယ်ဝန်တွေရတယ်၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရကုန်တယ်၊ လူမှုရေးပြဿနာတွေ အများကြီးတက်တယ်။ အကြောင်းရင်းကတော့ လူငယ်တွေရဲ့စိတ်ကို နားမလည်ဘဲ ကိုယ်တန်ဖိုးထားတဲ့အတိုင်း တစ်သဝေမတိမ်း ဖြစ်ရမယ်ဆိုတဲ့ အယူအဆတွေကြောင့် ဖြစ်ပါတယ်။

တည်းခိုခန်းတွေ လိုက်စစ်တယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးကတ် ရောင်းချမှုတွေကို ကန့်သတ်တယ်။ လိင်မှုဆိုင်ရာနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကို ပိတ်ပင်တယ်။ ဒါတွေအကုန်လုံးက တန်ဖိုးထားမှုတစ်ခုတည်းကိုပဲ လက်ခံမယ်၊ အဲဒီအတိုင်းပဲ ဖြစ်ရမယ် ဆိုတာကို သက်သေပြနေတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီမတူကွဲပြားမှုကို နားလည်သဘောပေါက်ပါမှ လူငယ်တွေအတွက် ပိုကောင်းမယ့် စည်းမျဉ်းစည်းကမ်း၊ ပေါ်လစီတွေ ထွက်လာမယ်။ မျိုးဆက်ပွါးကျန်းမာရေးနဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုတွေကို ပိုပြီး လက်လှမ်းမီလာမယ်။ လူငယ်တွေမှာ လုံလောက်တဲ့ အသိပညာတွေ ရှိလာမယ်။ ဒါဆို နောက်ဆက်တွဲဆိုးကျိုးတွေလည်း နည်းလာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ လူကြီးတွေအနေနဲ့ ဒီလို မတူကွဲပြားတဲ့ တန်ဖိုးထားမှုလေးတွေကို လက်ခံပေးကြစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

(၁၄ - ၂၁ နိုဝင်ဘာထုတ် Good Health ဂျာနယ်တို့တွင် နှစ်ပတ်ဆက်တိုက် အခန်းဆက်ဖော်ပြခဲ့သော “အပျိုစင်ဘ၀ကို ဘယ်လိုတန်ဖိုးထားသလဲ” ဆောင်းပါးအား အနည်းငယ် တည်းဖြတ်ထားခြင်း ဖြစ်ပါသည်)

Credit: Dr. ဖြိုးသီဟရဲPage