Sunday, November 5, 2017

နယ်ကလူငယ်တွေ သိစေချင်ပါတယ် (၁)


ကျွန်တော်ဘွဲ့ရပြီးတာ ခုဆို (၄)နှစ်နီးနီးရှိပါပြီ။ ဒီ(၄)နှစ်အတွင်း ကျွန်တော်ဟာ နယ်မှာပဲ အလုပ်လုပ်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် နယ်ကလူငယ်တွေနဲ့ ပိုပြီး အထိအတွေ့များတယ်၊ သူတို့ကို ကြည့်ြ့ပီး အားမရမိတာ၊ ပြောပြချင်တာ၊ ပြောလည်းပြောပြခဲ့ဖူးတာလေးတွေ ရှိတာပေါ့။ ဒါတွေကို အခြေခံပြီး ဒီဆောင်းပါး ဖြစ်လာခဲ့တာပါ။

တကယ်တော့ (၄)နှစ်လောက် နယ်မှာနေခဲ့ပြီးချိန်မှာ ကျွန်တော်ကိုယ်တိုင်လည်း နယ်ကလူတစ်ယောက်လို ဖြစ်နေခဲ့ပြီပြောရင် မမှားပါဘူး။ ဒါကြောင့် ဒီဆောင်းပါးဟာ ရန်ကုန်သားတစ်ယောက်က နယ်ကလူတွေကို နှိမ့်ချပြီး ရေးသားထားတာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အလားတူအခြေအနေတွေ ဖြတ်သန်းခဲ့ရပါတယ်၊ ဖြတ်လည်းဖြတ်သန်းနေရတုန်းပါပဲ။ ဒါကြောင့် နယ်ကလူငယ်တွေကိုလည်း ရန်ကုန်ကလူငယ်တွေနည်းတူ တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့သာ ဒီဆောင်းပါးကို ရေးသားထားခြင်း ဖြစ်ပါတယ်။ နောက်ပြီး ရန်ကုန်မှာ နေနေရပေမဲ့ ပံ့ပိုးခံရမှုအားနည်းတဲ့ လူငယ်တွေအတွက်လည်း ရည်ရွယ်ပါတယ်။

“ပြဿနာ ၁ – ပညာရေးအခွင့်အလမ်း နည်းပါးခြင်း”

ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ ရန်ကုန်မြို့က Unipolar ဖြစ်နေတဲ့အခါမှာ ရှိရှိသမျှသောအရာတွေ တော်တော်များများဟာ ရန်ကုန်မှာပဲ စုပြုံနေပါတယ်။ အဲဒီထဲမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ အဆက်အသွယ်တွေ၊ (လူငယ်တွေအတွက်ဆိုရင်တော့) ပညာရေးအခွင့်အလမ်းတွေ ပါတာပေါ့။ အင်္ဂလိပ်စာလို ကွန်ပျူတာလို တကယ့်အခြေခံသင်တန်းမျိုးတွေတောင် တချို့နယ်တွေမှာ ကောင်းကောင်းမရှိပါဘူး။ ဒါကြောင့် နယ်ကလူတွေဟာ ရေကြည်ရာမြက်နုရာသဘောနဲ့ ရန်ကုန်တက်လာပြီး ပညာတွေသင်ကြ၊ စီးပွါးတွေရှာကြတာ ဖြစ်ပါတယ်။ ဒါက ငွေကြေးတတ်နိုင်ပြီး သတ္တိလည်း ရှိတဲ့ လူတစ်စုပေါ့လေ။

လူတစ်ယောက်အောင်မြင်ဖို့အတွက် သူကိုယ်တိုင်ရဲ့ အစွမ်းအစ အရေးကြီးသလို၊ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုကလည်း လိုအပ်ပါသေးတယ်။ ဒါ အားကိုးရှာခိုင်းတာ မဟုတ်သလို စိတ်ဓါတ်ကျအောင် ပြောနေတာလည်း မဟုတ်ပါဘူး။ အရှိတရား ဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ၊ စီရော်နယ်ဒိုသာ မြန်မာပြည်မှာ လူလာဖြစ်ခဲ့ရင် အရည်အချင်းဘယ်လောက်ရှိရှိ၊ လူကောင်လေး ပုတက်တက်နဲ့ ဖြစ်နေမှာမို့ ဒီနေ့လို ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ အနေအထားမျိုး ရောက်လာဖို့ မလွယ်ပါဘူး။

ဘယ်စာအုပ်ထဲမှာမှ မပါပေမဲ့ နားလည်လွယ်အောင် ပုံသေနည်းတစ်ခု ချပြပါ့မယ်

အောင်မြင်မှု = ကိုယ်တိုင်ကြိုးစားမှု x ပတ်ဝန်းကျင်

သူက (၅)မှတ်ဖိုး ကြိုးစားတယ်၊ ကိုယ်လည်း (၅)မှတ်ဖိုး ကြိုးစားတယ်၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကောင်းမှာ မွေးဖွါးကြီးပြင်းခဲ့ရတဲ့သူက ပတ်ဝန်းကျင်အတွက်လည်း (၅)မှတ်ထပ်ရတော့ စုစုပေါင်း သူ့ရဲ့အောင်မြင်မှုဟာ ၂၅မှတ် ရှိတယ်။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်ပံ့ပိုးမှုအတွက် (၂)မှတ်ပဲ ရထားတဲ့ ကိုယ်ကတော့ (၁၀)မှတ်ပဲ ရပါသေးတယ်။ ဒါကြောင့် သူများ(၅)မှတ်ဖိုးပဲ ကြိုးစားလို့ ကိုယ်လည်း အဲ့လောက်ပဲ ကြိုးစားမယ် လုပ်လို့ မရဘူး။ မဟုတ်ရင်တော့ သူ ၂၅ မှတ်ရတဲ့အချိန်မှာ ကိုယ်က ၁၀မှတ်နဲ့ ရပ်သွားရလိမ့်မယ်။

ဒီနေ့ခေတ်က ရလဒ်ကိုပဲ ကြည့်တဲ့ခေတ်ပါ။ ဒါကြောင့် ဘယ်သူ ဘယ်နှမှတ်ရသလဲ ဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။ သူက ဘယ်အသိုင်းအ၀ိုင်းက ကြီးပြင်းလို့ ဆိုတာကို ထည့်မစဉ်းစားပေးကြပါဘူး။ ဒါကြောင့်ကိုယ့်မှာ ရွေးချယ်စရာ တခြားမရှိပါဘူး။ သူ ၂၅မှတ်ဆိုရင် ကိုယ်လည်း ၂၅မှတ် ရရမှာပါပဲ။

စိတ်ပျက်နေလို့လည်း မရသလို၊ လောကကြီးကို စနစ်ကို အစိုးရကို အပြစ်ထိုင်တင်နေရုံနဲ့လည်း မပြီးပါဘူး။ လုပ်စရာနည်းလမ်းက တစ်ခုတည်း ရှိပါတယ်။ ၂မှတ်ဖိုးပဲ ပံ့ပိုးမှုရှိတဲ့ ကိုယ့်အနေနဲ့ သူ့ထက်သာအောင် လုပ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို ၁၃မှတ်ထိ ဆွဲတင်ကြရမှာပါ။

ကျွန်တော် ဖျာပုံမှာတုန်းက ကျွန်တော်နဲ့အတူတူလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက် ညီမတစ်ယောက် ရှိပါတယ်။ သူ့ရှေ့ရေးအတွက် စာရင်းအင်းနဲ့ပတ်သက်တဲ့ သင်တန်းတစ်ခု တက်ချင်တာ ဖျာပုံမှာက အဲ့လိုသင်တန်းမျိုး မရှိဘူး။ အဲဒါနဲ့ အပတ်စဉ် စနေတနင်္ဂနွေတိုင်းကို ရန်ကုန်မှာ သင်တန်းသွားသွားတက်ရပါတယ်။ ရန်ကုန်မှာနေတဲ့သူက သင်တန်းချိန်၁၂နာရီဆို ၁၁နာရီလောက်မှ စပြင်ဆင်လို့ ရပေမဲ့ သူကတော့ မနက်အစောကြီးကတည်းက ဖျာပုံကနေ ကားစီးပြီး ထွက်လာရပါတယ်။ ညနေဆိုလည်း တော်တော်နောက်ကျမှ ဒီပြန်ရောက်ပါတယ်။ ပိုက်ဆံလည်း ပိုကုန်တယ်၊ လူလည်း ပိုပင်ပန်းပါတယ်။ ဒါပေမဲ့ ညည်းတွားမနေဘူး၊ ဇွဲရှိရှိနဲ့ တက်ပါတယ်။ ဒီလိုနဲ့ အလုပ်မှာလည်း ပိုထူးချွန်၊ ပိုအောင်မြင်လာပါတယ်။ ၂မှတ်ဖိုးပဲ ပံ့ပိုးမှုရှိတာကို ညည်းတွားမနေဘဲ ကိုယ့်ကြိုးစားမှုကိုသာ များများဆွဲတင်ပြီး အများနည်းတူ အမှတ်ယူနိုင်ခဲ့တယ် ပြောရပါမယ်။

ဒီနေ့ခေတ်ဟာ နှိုင်းရခေတ် မဟုတ်တော့ပါဘူး။ ယှဉ်ပြိုင်မှုခေတ်ကို ရောက်နေပါပြီ။ နိုင်ငံချင်းမှာ သယံဇာတ ဘယ်လောက်ကြွယ်ဝတယ် ဆိုတာ မယှဉ်တော့ပါဘူး။ မင်းတို့မှာ ပညာတတ် ဘယ်လောက်ရှိတယ်၊ ငါတို့မှာ ဘယ်လောက် ရှိတယ်နဲ့ပဲ တိုင်းကြတဲ့ခေတ် ဖြစ်ပါတယ်။ လူတစ်ယောက်ချင်းအနေနဲ့ဆိုလည်း ဒီလိုပါပဲ။ မိဘဘယ်လောက်ချမ်းသာတယ်၊ ဘယ်လောက်ပံ့ပိုးပေးနိုင်တယ်ဆိုတာထက် ကိုယ်ဘယ်လောက်ကြိုးစားနိုင်တယ်၊ ဘယ်လောက်အရည်အချင်းရှိတယ်ဆိုတာက ပိုအရေးကြီးပါတယ်။ မိဘရဲ့ပံ့ပိုးမှု ဘာတစ်ခုမှ မရှိဘဲနဲ့ ကိုယ်ထူးကိုယ်ချွန် အောင်မြင်နေတဲ့သူတွေ အရင်ကရော ခုချိန်ထိပါ အများကြီး ရှိပါတယ်။ နောင်လည်း ထွက်ပေါ်လာကြဦးမှာပါ။ ဒါကြောင့် မိဘချမ်းသာတယ်ဆိုပြီး အေးအေးဆေးဆေးနေလို့ မရသလို၊ မချမ်းသာတဲ့မိဘဆီမှာ မွေးခဲ့ရလို့လည်း စိတ်အားငယ်နေစရာ မလိုပါဘူး။ ကိုယ်တိုင်ကြိုးစားနိုင်ဖို့သာ အရေးကြီးပါတယ်။

အခွင့်အလမ်းတစ်ခုအနေနဲ့ဆိုရင်တော့ အခုချိန်မှာ အင်တာနက်ကို အရင်နဲ့မတူဘဲ လွယ်လွယ်ကူကူ အသုံးပြုလို့ ရလာပါပြီ၊ ဒီလိုအချိန်မှာ ဖေ့စ်ဘွတ်နဲ့ပဲ၊ COC တိုက်ရင်းနဲ့ပဲ တန်ဖိုးရှိတဲ့အချိန်တွေကို မကုန်ဆုံးနေစေချင်ဘူး။ Web based learning များများ လုပ်ကြစေချင်ပါတယ်။ ဘီလ်ဂိတ်စ်၊ မာ့ခ်ဇူကာဘတ်၊ စတိဗ်ဂျော့စ်၊ သူတို့တွေ ဘွဲ့မရပေမဲ့ အောင်မြင်ကြတဲ့အကြောင်းကို လူငယ်တွေ သိပ်ပြောကြပါတယ်။ အတုယူမလွဲကြစေချင်ဘူး။ သူတို့ဟာ Formal education မှာ ဘွဲ့မရကြတာ မှန်ပေမဲ့ Non formal education မှာ အကြီးအကျယ် လေ့လာကြိုးစားခဲ့ကြတာကြောင့် ဒီလိုကမ္ဘာကျော်အဆင့်ကို ရောက်လာတာပါ။ ဘွဲ့မရတာကို အတုမယူပါနဲ့။ ပညာကို ကိုယ်တိုင်ရှာခဲ့ကြတာကိုသာ အတုယူကြစေချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အရိုးစွဲနေတဲ့ “သူများသင်ပေးမှ သင်တန်းတက်တော့မှ ငါ ဒါတွေ သိတော့ တတ်တော့မှာ” ဆိုတဲ့ စိတ်ကို ဒီနေ့ကစ ဖျောက်လိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

လူငယ်တွေ အောင်မြင်ဖို့ တိုးတက်ဖို့အတွက်ဆိုရင် Rich environment တစ်ခု လိုပါတယ်။ သူတို့ပတ်ဝန်းကျင်မှာ ပညာရေးကို အားပေးတဲ့ အသိုင်းအ၀ိုင်း ရှိနေဖို့ လိုတယ်၊ နောက် စာအုပ်တွေ၊ နည်းပညာတွေ ဒါတွေပါတာပေါ့။ တချို့လူငယ်တွေအတွက်တော့ ဒါတွေက အဆင်သင့်ရှိနေတယ်၊ ပြောရရင် ပညာက သူတို့ဆီကို လာပါတယ်။ အလွယ်တကူ လက်ခံလိုက်ရုံပါပဲ။

ဒါပေမဲ့ တချို့အတွက်တော့ ပညာက သူတို့ဆီ မလာပါဘူး။ အဲဒါကို နင်မှငါ့ဆီမလာတာ ငါလည်း မလာဘူးဆိုပြီး ရည်းစားစိတ်ကောက်သလို ကောက်နေလို့ မရပါဘူး။ ရည်းစားနဲ့ပြတ်သွားတာ ကိစ္စမရှိပေမဲ့ ပညာမတတ်ရင်တော့ ဒီခေတ်မှာ နောက်ကောက်ကျကျန်ခဲ့ပါလိမ့်မယ်။

ဒါကြောင့် လူငယ်တွေကို သိစေချင်တဲ့ မက်ဆေ့ခ်ျနံပါတ် (၁)ကတော့

ကိုယ်ရနေတဲ့ဝင်ငွေရဲ့ အနည်းဆုံး(၁၀)ရာခိုင်နှုန်းကို ဖယ်ထားပြီး ပညာရေးမှာ ရင်းနှီးမြှပ်နှံပါ။ သင်တန်းတက်တာ၊ Seminar တွေ ဟောပြောပွဲတွေ လိုက်တက်တာ၊ ဒါမှမဟုတ် သိပ်ကိုဝင်ငွေနည်းပါတယ်ဆိုရင်တော့ အနည်းဆုံး စာအုပ်တစ်အုပ်တော့ ၀ယ်ဖတ်ပါ။ တတ်နိုင်သူတွေ ပျော်နေပါးနေကြတာ၊ သုံးနေစွဲနေကြတာကို လိုက်အားမကျပါနဲ့။ အားလုံးဟာ ကိုယ့်ဘ၀နဲု့ကိုယ်ပါ။ ကိုယ့်ကိုပေးလာတဲ့ ပုစ္ဆာကိုသာ ဖြေဆိုကြရမှာပါ။

ပညာက ကိုယ့်ဆီ မလာရင်လည်း မတတ်နိုင်ဘူး၊ ကိုယ်က ပညာဆီ သွားကြရမှာ ဖြစ်ပါတယ်။

Ref: စောင့်နေမယ်လို့ မပြောလိုက်ဘူး – ဂျူး

Credit: ဒေါက်တာ ဖြိုးသီဟရဲ့ Page

No comments: