Saturday, December 31, 2016
ဘိန်းဘုရင် လော်စစ်ဟန်
၁၉၈၉ နဝတ စစ်အစိုးရလက်ထက် ခရိုနီ အဖြစ်သို့ ကူးပြောင်းခဲ့သူ ဘိန်းဘုရင် လော်စစ်ဟန်
Bertil Lintner
BurmaDemocracy, 30 December 2016
တော်လှန်ရေး ကောင်စီလက်ထက်တွင် လွယ်မော် ကာကွယ်ရေး ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ သူမှာ ခွန်ဆာ ဖြစ်သည်။ ခွန်ဆာသည် တန့်ယန်း၊ ကျိုင်းတုံ ဒေသများတွင် ကာကွယ်ရေး တာဝန် ယူခဲ့ပြီး ဘိန်းလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ နိုင်ငံရေး ကစားခြင်း၊ စီးပွားရေး သောင်းကျန်းခြင်း အပြင် ကေအိုင်အေ တို့နှင့် နားလည်မှု ယူခဲ့ခြင်း တို့ကြောင့် အစိုးရက ၁၉၆၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံး ထားပြီး လက်နက် ပြန်အပ်ရန် အမိန့်ထုတ် ခဲ့သည်။
ခွန်ဆာ သည် အစိုးရ အမိန့်ကို လိုက်နာခြင်း မရှိသဖြင့် ၁၉၆၉ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် လွယ်မော် ကာကွယ်ရေး စခန်းများကို ဝင်ရောက် ရှင်းလင်းခဲ့သည်။ တပ်သား အင်အား သုံးထောင် နီးပါး ရှိသည့်အနက် ခွန်ဆာနှင့် အချို့ကိုသာ ဖမ်းမိပြီး ကျန်လူများ တောခိုသွား ခဲ့ကြသည်။
ကိုးကန့် နယ်မြေ ဒေသသည် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ ရှမ်းပြည်နယ်တွင် ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်လည်း ဆက်စပ်နေသည်။ ထိုဒေသတွင် အစိုးရက ကိုးကန့် ကာကွယ်ရေး အဖွဲ့ကို ဖွဲ့ ခွင့်ပေးထားသည်။ ထိုအဖွဲ့သည် ကွန်မြူနစ် စနစ်ကို မနှစ်သက် သဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) များကို အစိုးရ ကိုယ်စား တိုက်ခိုက် ပေးနေ သောကြောင့်လည်း အစိုးရ၏ မျက်နှာသာ ပေးခြင်းကို ခံနေရသည်။ ၁၉၆၈ ခုနှစ်တွင် ကိုးကန့် ကာကွယ်ရေး အဖွဲ့၌ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ အထိ တိုးလာသည်။ ကိုးကန့် ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင်မှာ လော်စစ်ဟန် ဖြစ်သည်။
ကိုးကန့်အဖွဲ့သည် အစိုးရအထောက်အပံ့ကို ရသည့်အပြင် မှောင်ခိုလုပ်ငန်း၊ ဘိန်းလုပ်ငန်းတို့ဖြင့် စီးပွားတိုးလာပြီး လူနှင့်လက်နက်အင်အားများလည်း ကောင်းလာသည်။ ၁၉၇၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် နောက်ဆုံး ထားပြီး ကိုးကန့် ကာကွယ်ရေး အဖွဲ့အား လက်နက် သိမ်းရန် အစိုးရက စီစဉ်သည့် အခါတွင် လော်စစ်ဟန်သည် လက်နက်များ အပ်မည် ဟု ကတိပြု ခဲ့ပြီးမှ ကိုးကန့် ကာကွယ်ရေး တပ်ရင်း သုံးရင်း နှင့်အတူ လက်နက်များကို မအပ်နှံ တော့ဘဲ တောခို သွားခဲ့သည်။
လော်စစ်ဟန် ထံတွင် ထိုအချိန်က လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ကိုယ်ပိုင် စစ်တပ်ကြီး တစ်ခုကို ပိုင်ဆိုင်ထားသည်။ လက်ရှိ အနေအားတွင် သူ့သြဇာ အာဏာ တည် ဆောက် ထားနိုင်မှုကို စွန့်လွှတ်ရန် မရည်ရွယ်ပေ။ ကာကွယ်ရေးတပ်ကို ဖျက်သိမ်းရန် ချက်ချင်း အမိန့်ပေး လိုက်ပြီး SSA တပ် နှင့်လည်း လျှို့ဝှက်စွာ ပြေလည်မှု ရယူ ထားလိုက် သည်။
အားလုံး အဆက်အသွယ်များ လုပ်ပြီးသည့်အခါတွင် သူသည် လားရှိုးမှအသာလေး ခြေရာ ဖျောက်သွားခဲ့သည်။ မြန်မာ့ ထောက်လှမ်းရေး တပ်၏ အကာအကွယ်ပေးမှု အောက်တွင် နှစ်ပေါင်းများစွာ ခံတပ်ကြီးပမာ ဆောက်လုပ် နေထိုင်ခဲ့သည့် စံအိမ်တော်ကြီးကို စွန့်ခွာခဲ့ပြီး တောခို သွားခဲ့ခြင်း ဖြစ်သည်။ ဤနယ်မြေတွင် သူသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မှူးကြီး ဗိုလ်မှူးကြီး အေးကို (နောင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီတွင် ထင်ရှားလာသူ) နှင့်လည်း သူသည် ရင်းနှီးကျွမ်းဝင် သူဖြစ်ပြီး အဆက်အသွယ် ရှိခဲ့သည်။
လော်စစ်ဟန် သွားရောက် တပ်စွဲထားသည့် နေရာသည် အရေးပါသည့်နေရာ တစ်နေရာ ဖြစ်နေသဖြင့် မြန်မာအာဏာပိုင်များ အတွက်လည်း အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုမှ မူးယစ်ဆေးဝါး အကြံပေးအရာရှိ နယ်လ်ဆင် ဂရော့စ်က လော်စစ်ဟန်ကို ‘အရှေ့တောင် အာရှ ဘိန်းဖြူ ရာဇာ’ ဟု အမည်တပ်လိုက်သည်။ ထို့ပြင် လော်စစ်ဟန်ကို နိုင်ငံတကာ လူဆိုးစာရင်း အမည်သွင်းပြီး အာရှနှင့် အမေရိကတွင် မူးယစ် ဆေးဝါးကြောင့် ဘေးဒုက္ခ ရောက်နေရသူများ၏ လက်သည် တရားခံ တာဝန်ရှိသူဟု စွပ်စွဲခဲ့သည်။
ထိုသို့ အမေရိကန်၏ ထုတ်ပြန် ကြေညာချက်က ရှမ်းပြည်နယ်အတွက် အံ့အားသင့်စရာ ဖြစ်သွားခဲ့သည်။ ထိုစဉ်က အမေရိကန် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများကို သိသာထင်ရှားစွာ ပြောင်းလဲနေချိန်လည်း ဖြစ်သည်။ အမေရိကန်အစိုးရသည် ရွှေတြိဂံဒေသတွင် ကြီးစိုးနေသည့် တပ်ဖွဲ့ များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထောက်ပံ့နေခြင်းကို နိုင်ငံတိုင်း သိကြသည်။ အထူးသဖြင့် ကူမင်တန်တို့အား အမေရိကန်တို့က အထောက်အပံ့ ပေးနေခြင်းကို အားလုံးသိကြသည်။ ဘိန်းဖြူ ကျိုချက်ခြင်း ထုတ်လုပ်ခြင်းတို့သည် ထိုနယ်ဒေသတွင် ထင်ရှားလာပြီး  ဝယ်လိုအားကလည်း ကောင်းလာသည်။ ဗီယက်နမ်စစ်ပွဲမှ အမေရိကန် စစ်သားများသည် ရွှေတြိဂံ ဒေသ၏ ဖောက်သည်များ ဖြစ်နေသည်။
အမေရိကန် စစ်သားများ ဗီယက်နမ်မှ ပြန်လာကြသည့် အခါတွင် မူးယစ်ဆေးဝါး ပြဿနာ သည် ဆိုင်ဂုံ ရှိ စစ်တန်းလျားများမှ အမေရိကန် ပြည်ထောင်စု လူလတ်တန်းစား ရပ်ကွက်သို့တိုင် ရောက်လာခဲ့တော့သည်။ ပြည်သူတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာသလို အာဏာပိုင် တို့ကလည်း မူးယစ်ဆေးဝါး ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် စတင်လုပ်ဆောင် ရတော့သည်။
ဝါရှင်တန်သည် ပထမအဆင့် အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) ကို ဖွဲ့စည်း လိုက်သည်။ အငြင်းပွားစရာ ဖြစ်နေသည့် ဗီယက်နမ် စစ်ပွဲတွင် အမေရိကန် တို့က ပါဝင်နေပြီး ဖြစ်သဖြင့် နောက်ထပ်စစ်ပွဲတစ်ပွဲဖြစ်သည့် မူးယစ်စစ်ပွဲအတွက် စစ်မျက်နှာပြင် အသစ် မဖွင့်မိရန် သိမ်မွေ့စွာဖြင့် ကိုင်တွယ်နေရသည်။ အမေရိကန် အထောက်အပံ့များ သည် ကုလသမဂ္ဂ အဖွဲ့အစည်းများ မှတစ်ဆင့် ထိုဒေသသို့ ရောက်ရှိနေခဲ့သည်။
နိုင်ငံတကာတွင် ဗီယက်နမ် စစ်ကြောင့် သိက္ခာကျနေခဲ့သည့် အမေရိကန်သည် မူးယစ် စစ်ပွဲဖြင့် သိက္ခာပြန် ဆယ်နိုင်ရန် စီစဉ်ခဲ့သည်။ ကမ္ဘာက မူးယစ်ဆေးဝါး ရောင်းဝယ်ရေးတွင် အဓိကကျသူတစ်ဦးကို မီဒီယာသို့ ဖော်ထုတ်ပေးပြီး အာရုံလွှဲပြောင်းရန် ကြိုးစားနေသည်။ သူတို့ရွေးချယ် လိုက်သူမှာ လော်စစ်ဟန် ဖြစ်သွားသည်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးရှိ နေအိမ်မှတစ်ဆင့် လော်စစ်ဟန်သည် အစောင့်ယာဉ်တန်း သုံး၊ လေး တန်းလောက် အကူအညီယူကာ ဘိန်းများ၊ ကျောက်စိမ်းများနှင့် အခြား တရား မဝင် ကုန်များကို ရွှေတြိဂံ ဒေသ၏  အဓိကျသော နေရာဖြစ်သည့် တာချီလိတ် နယ်စပ် အထိ ရောက်အောင် နှစ်စဉ် ပို့ပေးနေသည်။ တာချီလိတ်သို့ ကျိုင်းတုံ မှ တစ်ဆင့် ထို ကုန် ပစ္စည်းများကို တစ်နှစ်လျှင် ဆယ်ခေါက်လောက် ရအောင် ပို့ပေးနေကျ ဖြစ်သည်။
လော်စစ်ဟန်တွင် လက်နက်အင်အား လူအင်အား တောင့်တင်းသည့် စစ်တပ် တစ်တပ် ရှိနေသဖြင့် သူပိုင် အစောင့်အရှောက် ယာဉ်တန်းဖြင့် လားရှိုးကိုဖြတ်ကာ ထိုင်းပိုင်နက်အထိ အ လွယ်တကူ သွားလာနိုင်ခဲ့သည်။ သူသည် မကြာမီ ဘိန်းရာဇာကြီး တစ်ဦးအဆင့် ရောက်လာ သည်အထိ တန်ခိုးထွား လာခဲ့သည်။ လော်စစ်ဟန်သည် ရွှေတြိဂံဒေသတွင် လည်းကောင်း၊ ဘန်ကောက်နှင့် တိုင်ပေ တို့တွင် လည်းကောင်း သြဇာ ချဲ့ထွင်နိုင်သူ ဖြစ်လာသဖြင့် အမေရိကန် အတွက်လည်း အရှေ့အာရှတွင် သူတို့သြဇာ အခိုင်အမာ တည်ဆောက်နိုင်ရေးကို စိုးရိမ် လာခဲ့သည်။
ရှမ်းပြည်နယ်တွင် ကွန်မြူနစ်တို့ ရန်ကို တွန်းလှန်ရန် အင်အားမရှိသည့် ရှမ်းသူပုန်တို့သည် လက်နက် အင်အားလည်းမရှိ၊ နောက်ခံအင်အားလည်းမရှိ၊ ငွေကြေး အထောက်အပံ့လည်း မရှိသဖြင့် လော်စစ်ဟန်နှင့် ပူးပေါင်းရန် သဘောတူလိုက်ကြသည်။ ရှမ်းသူပုန်များက သူ့ကို လက်ခံ လိုက်ခြင်း သည် အထောက်အပံ့ အကူအညီ ရလိုခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားသည်။ လော် စစ်ဟန်က တစ်ဆင့် ဘိန်းများကို ရောင်းချနိုင်မည်ဆိုလျှင် ပိုက်ဆံလည်းရ၊ ကမ္ဘာက အသိအမှတ် ပြုမှုကိုလည်း ရနိုင်သောကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘော ဖြင့် ရှမ်းတို့က သူ့ကို လက်ခံခဲ့သည်။
နောက်ဆုံးတွင် ဘိန်းဘုရင်ကြီးနှင့် ရှမ်း သူပုန်တို့ သဘောတူညီချက် တစ်ခုတွင် လက်မှတ် ရေးထိုး နိုင်ခဲ့ကြသည်။ ထိုသဘောတူ ညီချက်တွင် အချက်ငါးချက်ပါသည်။ အရေးကြီးသည့် အချက်မှာ SSA တပ်သည် အမေရိကန် မူးယစ် ဆေးဝါး ဆန့်ကျင်ရေး ဗျူရိုကို ဖိတ်ခေါ်ပြီး ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ဒေသများကို လှည့်လည်ကြည့်ရှုစေမည့် အစီအစဉ်ပါသည်။ ထိုအစီအစဉ်အရ SSA နှင့် လော်စစ်ဟန် တို့သည် အမေရိကန် မူးယစ်အဖွဲ့ ရောက်လာပါက ဘိန်းများကို ဖျက်ဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်း ဘိန်းများကိုလိုက်လံ စုဆောင်း ဝယ်ယူခဲ့ရသည်။ SSA အဖွဲ့နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးနောက် မြောက် ပိုင်း ရှမ်းပြည်နယ် အတွင်းရှိ လွိုင်ကော်ကို SSA တို့ ခြေကုပ် ယူထား နိုင်ခဲ့သည်။
၁၉၇၃ ခုနှစ် ဧပြီလတွင် ရှမ်းတို့ ဗကပ တို့နှင့် စစ်ရေး အရ ပူးပေါင်းရန် သဘောတူညီ ခဲ့ကြ သည်။ ထိုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် လော်စစ်ဟန်ကို ထိုင်း အစိုးရက ဖမ်းဆီးလိုက်သည်။ ထိုအချိန်မှ စတင်ပြီး အင်အားတောင့်တင်းခဲ့သည့် ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့သည် ပြိုကွဲ သွားတော့သည်။
၁၉၈၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှုသည် နှစ်ဆခန့် တက်လာသည် ဟု အမေရိကန် အစိုးရကဆိုသည်။ ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဘိန်းစိမ်း ၈၃၆ တန်ထွက် ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ၂၃၄၀ တန် အထိ တိုးမြှင့် ထုတ်ခဲ့ကြောင်း အမေရိကန် တို့က စွပ်စွဲခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ဘိန်းဖြူ ၅၄ တန် ထွက်ခဲ့ရာမှ ၁၉၉၅ ခုနှစ်တွင် ၁၆၆ တန် အထိ တိုးမြင့် လာခဲ့သည်။ အဓိက ထုတ်လုပ်သည့် ဒေသများမှာ ကိုးကန့်နှင့် ဝ နယ်များတွင် ဖြစ်သည်။
လော်စစ်ဟန်ကို ထိုင်းအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲအပ်ခဲ့သည်။ သူ့ကို မြန်မာအစိုးရက ရှမ်းသူပုန် SSA အဖွဲ့နှင့် ပူးပေါင်းမှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။ သို့သော် ၁၉၈၀ ပြည့်နှစ်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့သည်။
ဝနှင့် ကိုးကန့်သူပုန်တို့သည် ၁၉၈၉ ခုနှစ်တွင် မြန်မာပြည်အတွင်း နှစ်ပေါင်းများစွာ အစိုးရကို ဒုက္ခ ပေးနေသည့် ဗကပ တို့ကို တိုက်ထုတ်ပးခဲ့သည်။ ထိုစဉ်က စစ်ထောက်လှမ်းရေးနှင့် နိုင် ငံတော် အကြီးအကဲ နေရာတွင် ရောက်နေသည့် ဗိုလ်ချုပ် ခင်ညွန့်သည် လော်စစ်ဟန်ကို သဘောကျ သွားပြီး လော်စစ်ဟန်နှင့် လက်တွဲ လိုက်တော့သည်။
နှစ်ပေါင်းများစွာ ဘိန်းဘုရင် အဖြစ် နာမည်ကျော်ခဲ့သည့် လော်စစ်ဟန်သည် ချက်ချင်းဆို သလိုပင် အရှင်မွေး နေ့ချင်းကြီး ဆိုသလို တရားဝင် နေထိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ ရရှိခဲ့သည်။
လော်စစ်ဟန်သည် ၁၉၉၂ ခုနှစ်တွင် အေးရှားဝေါလ် ကုမ္ပဏီကို ထူထောင်ခဲ့သည်။ ထိုကုမ္ပဏီ ၏ လည်ပတ်ငွေများသည် သူ မည်သည့်နည်းဖြင့် ရခဲ့သည့်ငွေများ ဖြစ်ကြောင်းမှာ အငြင်းပွားဖွယ် ဖြစ်သော်လည်း လုပ်ငန်း အတော်များများကို ဗိုလ်ချုပ်များ၏ မျက်နှာသာ ပေးမှုဖြင့် လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့် ရခဲ့သည်။ တစ်သက်လုံး အမြစ် မဖြုတ်နိုင်ခဲ့သည့် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) တို့ကို လော်စစ်ဟန်က အမြစ်ဖြုတ် ပေးခဲ့သဖြင့် ကျေးဇူး အထူး တင် နေသောကြောင့် သူကောင်းပြု ထားခြင်းလည်း ဖြစ်မည်ထင်သည်။
လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော (မြန်မာအမည် ထွန်းမြင့်နိုင်) သည် စင်ကာပူသူ တစ်ဦး ဖြစ်သည့် Cecila Ng နှင့် ၁၉၉၆ ခုနှစ်တွင် လက်ထပ် ခဲ့သည်။ မြန်မာနိုင်ငံ ဆောက် လုပ်ရေး လုပ်ငန်းများအပြင် စွမ်းအင်ကဏ္ဍအတွက်ပါ လုပ်ငန်းများရပြီး ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့ကြသည်။
၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံအတွင်း နာဂစ်မုန်တိုင်း ဒဏ်ကို ခါးသီးစွာ ခံစား လိုက်ရသည်။ အမေရိကန် အစိုးရသည် လော်စစ်ဟန်၊ သူ့ သား၊ ချွေးမ အပါအဝင် စင်ကာပူ နိုင်ငံအတွင်း သူတို့နှင့် ဆက်စပ်နေသည့် ကုမ္ပဏီပေါင်း ၁၀ ခုကို စစ်အာဏာရှင် ခရိုနီ အုပ်စု  စာရင်းသွင်းကာ စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်လိုက်သည်။
အေးရှားဝေါလ် ကုမ္ပဏီသည် တရုတ်- မြန်မာ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ပေါင်းများစွာနှင့် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ အထူးသဖြင့် ကျောက်ဖြူရေနက် ကွင်း စီမံကိန်းတွင် ဖြစ်သည်။ ထို့ပြင် အငြင်းပွားနေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် တာဆန်း ရေအားလျှပ်စစ် စီမံကိန်း တို့တွင်လည်း သူတို့ပါဝင် ပတ်သက်မှု ရှိနေပြန်သည်။
စတီဗင်လောသည် မြန်မာနိုင်ငံရှိ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနေပြီး၊ သားများကထိုင်း၊ စင်ကာပူနှင့် ထိုင်ဝမ်တို့တွင် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။ စတီဗင်လောသည် သမ္မတ ဦးသိန်းစိန် ပထမဦးဆုံး တရုတ်ပြည် ခရီးစဉ်တွင် လိုက်ပါခွင့် ရခဲ့သူ ဖြစ်သည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ တစ်ချိန်က ဘိန်းဘုရင် ဖြစ်ခဲ့ပြီး၊ အလွန်ချမ်းသာသည့် မြန်မာ့ သူဌေးကြီး တစ်ဦးလည်း ဖြစ်ခဲ့သူ လော်စစ်ဟန်သည် အသက် ၈၀ အရွယ်တွင် ကွယ်လွန် သွားခဲ့သည်။ သူ ကွယ်လွန် ခဲ့ချိန်တွင် ဇနီး၊ သား လေး ယောက်၊ သမီး လေး ယောက် နှင့် မြေး ၁၆ ယောက်တို့ ကျန်ခဲ့သည်။
Ref: Burma in Revolt Opium and Insurgency Since 1948, Bertil Lintner
      The Golden Triangle Opium Trade: An Overview, Bertil Lintner
Credit: Ko Thuya Aung#BurmaDemocracy
Friday, December 30, 2016
♬ ကိုယ့်ချစ်ဦး♪
" ကိုယ့်ချစ်ဦး "
==========
လေသည် သစ်ရွက်ကြိုကြိုကြားကြားမှ ဖြတ်သန်း၍ ပန်းရနံ့သင်းသင်းကိုဆောင်ကာ အသော့ပြေးသည့်အခါ သေးသေးမှုန်မှုန်ခရေပွင့်များသည် မြေပေါ်သို့ တဖြုတ်ဖြုတ် ကြွေဆင်းကြသည်။ အုန်းလက်များသည်လည်း လေးလေးပင်ပင်နှင့် ဘယ်ညာလွှဲကာ အငြိမ့်စီးနေကြသည်။ မိုးသားပြာပြာနှမ်းနှမ်းများသည်လည်း အနိမ့်သို့ ပြိုဆင်းကာ မြေပြင်ပေါ်က နက်မှောင်သည့်အရိပ်အားလုံးကို ဖျော့တော့မှုန်ရီစေလေသည်။
သည်လို နယုန်လ၏ အထွေးထွေးအေးအေးနံနက်ခင်းမှာ မေသီသည် ကြည်ဆွတ်သည့်နှလုံး၊ ချိုပြုံးသည့်မျက်နှာဖြင့် ခြံထဲသို့ ပြေးဆင်းခဲ့မြဲဖြစ်၏။ မနင်းရက်စရာ မြေကွက်လပ်တစ်စကလေးမှ မကျန်အောင် ကြွေကျထားသည့် ခရေပွင့်အခင်းပေါ်မှာ ကိုယ်ကိုဖော့၍ ဖြတ်ခဲ့မြဲဖြစ်၏။ တွဲလွဲကျသော ဒန်း၏ ထိုင်ခုံကလေးပေါ်သို့ မတ်တပ်ကလေးကျအောင် ပေါ့ပါးစွာ ခုန်တက်လိုက်ပြီးသည်နှင့် တစ်ချက်တည်း ဇောက်ထိုးမိုးမျှော်ဖြစ်အောင် တအားလွှဲကာ စီးမြဲဆော့မြဲဖြစ်ပေသည်။
ယနေ့အဖို့မူကား ဘာကိုမျှ သတိမရသောစိတ်နှင့် ခေါင်းငိုက်စိုက်ကျကာ လေးဆေးနှေးတုံ့စွာသာ လာသည့်လာရိုးလာစဉ်အတိုင်းသာ ခြေက လှမ်းလာသည်။ ရည်ရွယ်ချက်ကား မရှိချေ။ ဒန်းမှ ထိုင်ခုံကလေးပေါ်တွင် တင်ပါးလွှဲထိုင်လိုက်မိကာ တဖြည်းဖြည်း စိတ်လက်မပါ စတင်၍လွှဲရင်း ငိုင်လျက်နေမိသေးသည်။
ခါတိုင်းကဲ့သို့ သီချင်းမျိုးစုံလည်း တစ်ခုပြီးတစ်ခု ဆက်၍မဆိုမိ။ ဒန်းအရှိန်ကြောင့် သစ်ကိုင်းပေါ်မှ ငှက်ကလေးများ လန့်ပြေးသည်ကို ကြည့်၍ ခါတိုင်းနှယ် သဘောတကျလည်း မရယ်မိ။ ဝုတ်ကနဲ လေနဲ့တိုးမိသည့်အခါ အရင်ကဆိုလျှင် ချစ်စရာကောင်းသည့် အရသာကလေးဖြစ်သော်လည်း ယခုမူ ခေါင်းထဲတွင် မူး၍မိုက်၍ လာလေတော့သည်။
ခါတိုင်းလို ဘယ်မှာပျော်နိုင်ပါမည်လဲ။ ခါတိုင်း ခြံထဲသို့ ဆင်းခဲ့ခြင်း၏ ရည်ရွယ်ချက်နှင့် သည်နေ့ဆင်းခဲ့သည့် ရည်ရွယ်ချက်ချင်း တူမှမတူဘဲ။ ခါတိုင်းမူကား ကိုတင်အေး အလုပ်သွားသည်ကို ဒန်းစီးရင်း ဆော့ရင်း စောင့်မည်။ ကိုတင်အေး လာတော့ မြေကြီးနှင့် ဒန်းနှင့်ကပ်သွားစဉ် ခရေပွင့်များကို ကျုံးယူကာ အပေါ်ရောက်သွားလျှင် သူ့ကို တအားပေါက်၍ နောက်မည်။ သူ မေသီ့ဆီလာလျှင်တော့ အိမ်ပေါ်တက်ပြေးမည်။ ပြောချင်တာတွေ မပြောရသဖြင့် သူ ရှုံ့မဲ့၍ပြန်သွားလျှင် မေသီ သဘောကျကာ သိပ်ရယ်တတ်သည်။ မေသီသည် နှစ်ယောက်တည်း နီးနီး အကပ်မခံချေ။ သူ ဘာပြောချင်သည်ကို မေသီ ကြို၍သိပြီးဖြစ်ပေသည်။
ယနေ့မှာဖြင့် သူ မြန်မြန်လာပါစေဟုသာ ဆုတောင်းနေမိတော့၏။ ကိုတင်အေးလာလျှင် မေသီ ထွက်မပြေးပါ။ ကြွက်မကိုလည်း လှမ်းခေါ်မည်မဟုတ်။ ပထမဆုံးအကြိမ် နှစ်ယောက်တည်း နီးနီး အတွေ့ခံပါမည်။ သူပြောမည့် ချစ်စကားတွေကို ပြုံးကာကြည်ကာ နားထောင်ဖို့တော့မဟုတ်။ သူ့မျက်နှာကို စေ့စေ့ကြည့်၍ သူ့စကားတွေကို ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ဖို့သာ ဖြစ်သည်။
သူတို့နှစ်ယောက် တွေ့ကြုံပုံမှာ မဆန်းလှ။ ငယ်ငယ်က သူနှင့် ကစားဖက်ဖြစ်သည်။ ကြီးတော့ ချစ်သူဖြစ်ကြဖို့ ရှိလေ၏။ သို့သော် မေသီမှာ ကိုတင်အေးကို ချစ်သည်ထက် နောက်ပြောင်လိုစိတ်ကများသဖြင့် အမြဲပင် သူ့ကို အရူးလုပ်လာခဲ့သည်။
သူတို့နှစ်ယောက်မှာ ဘာကိုမျှ ပူစရာမရှိ။ ချစ်သူအဖြစ်နှင့် စခန်းသွားလိုကသွား၊ မြန်မြန်ဆန်ဆန် လက်ထပ်လိုက လက်ထပ်နိုင်သည်။ နှစ်ဦးစလုံးပင် လွတ်လပ်မှုကို ကြိုက်သောမိဘများ၏ သားသမီးများဖြစ်သည်။ ထို့ကြောင့် ဖြူးနေသောလမ်းမှာ မေသီသည် အလျင်စလို ပြေးမသွားလိုချေ။
ကိုတင်အေးကမူ ပိုင်ချင်လေသည်။ စကားစကိုသာရှာကာ အခွင့်ကို ရှာနေ၏။ မေသီ့မျက်နှာကလေး ပြုံးနေသော်လည်း ချစ်စကားကို ကြားလိုလှသေးသည်။ ဒါပေမဲ့ ပါးစပ်ကပြောမှ ချစ်တယ်မမည်ပါဘူး။ သူပြောချင်တာ ပြောရအောင် တစ်နေ့တွင် အခွင့်ပေးမည်ဟု မေသီ စိတ်ကူးထား၏။ အို... မေသီကများ ပြုံးလိုက်ရင်ဖြင့် သူ သိပ်ဝမ်းသာမှာပဲ။ ဖြူစင်တဲ့ ငါးရာနှစ်ဆယ့်ရှစ်နဲ့ပါ ကိုယ့်ချစ်ဦးကို မေသီ ယုယမှာပေါ့။
သည်နေ့ကို ရောက်လာသည့်အခါ မေသီ မျှော်လင့်ထားသလို ပြုံးရကြည်ရတော့မည်မဟုတ်ကြောင်း တွေ့ရလေ၏။ ဒါကတော့ မေသီ့ အပြစ်မဟုတ်၊ ကိုတင်အေး အပြစ်လို့လည်း မဆိုချင်။ မဆိုချင်သည်မှာ ကိုတင်အေး ဘာလုပ်လုပ် အပြစ်မဆိုချင်အောင် ချစ်မိသဖြင့် ဖြစ်လေ၏။ ခွင့်လွှတ်ခြင်းသည် အချစ်၏ အတိုင်းအထွာဖြစ်သည်။ သို့သော် ကိုယ့်ချစ်ဦးကိုဖြင့် မေသီ ဆုံးရလေပြီ။
ညဥ့်ဦးကလေးက ဦးလေးချစ်က ပြောပြသည်။ ကိုတင်အေးက ရည်းစားနဲ့ဆိုပါကလား။ ကောင်မလေးက ခပ်ငယ်ငယ် ဗိုလ်ဆန်ဆန်နဲ့မို့ အမြဲပဲ ရုပ်ရှင်တွဲကြည့်ကြသတဲ့။ သည်စကားကိုကြားစဉ်က မေသီသည် ခုပြန်ပြီး မတွေးဝံ့တော့မိအောင် တုန်လှုပ်သွားသည်။ အထင်ကြီးထားချက်တွေ၊ ယုံကြည့်ချက်တွေ လေထဲသို့ လွင့်ပါသွားတော့သည်။ အချစ်ဦး၏အလှည့်စားခံရမှုသည် မေသီအား ဣနြေ္ဒမဆောင်နိုင်အောင် ထိခိုက်သွားစေလေ၏။ တကယ်ပင် မေသီသည် အင်မတန် နာကြည်းစရာကောင်းအောင် ချစ်ရေးနိမ့်ခဲ့ရပြီ။
အချစ်ဆိုတာ တစ်ဝက်စီခွဲပြီး လူနှစ်ယောက်ကို ပေးလို့ရသလား၊ လူတစ်ကိုယ်မှာ အချစ်စိတ်ဟာ နှစ်ခုသုံးခုများ ရှိလေသလား။ ဤသို့ မေသီသည် အရူးစိတ်ကူးပမာ အဆီအငေါ်မတည့်စွာ စိတ်ထဲမှာ ထပ်တလဲလဲ မေးနေမိလေ၏။ မေသီသည် မျက်ရည်များ ဝဲလာလျက် တစ်ကိုယ်တည်း မဲ့ပြုံးပြုံးမိ၏။ သို့သော် ဘယ်သူ့ကို ပြုံးမိမှန်း သူဘာသာ သူမသိ။ ကိုတင်အေးကိုဖြင့် မမုန်းရက်နိုင်ပါ။ အမှန်မှာ ကိုတင်အေး၏အမူအရာ၊ အပြောအဆို အသွေးအသွင်တို့သည် သူ့အသည်းကို စိုးမိုးနိုင်နင်းနေပေပြီ။
ရက်စက်ပါပေ့ ကိုတင်အေးရယ်ဟု သူ ငိုရှိုက်သည့်တိုင်အောင် ကိုတင်အေး မနက်တိုင်း သူ့ဆီလာသည်ကို သတိရမိသေးသည်။ ချစ်ရိပ်လျှံနေသည့် သူ့မျက်နှာကို မြင်မိသည်။ မေသီ မဲ့ပြုံးပြုံးသည်မှာ လောကကို ဖြစ်သည်။ ဤလောကသည် အူချာလည်အောင် ရူးသွပ်နေပေသည်။ ပုထုဇနော ဥမ္မတ္တကောတို့သည် ချစ်မှု၊ ကြိုက်မှု၊ သွားမှု၊ လာမှု၊ နေမှု၊ ထိုင်မှုတို့ဖြင့် တစ်သက်တာလုံး ကိုယ့်ဒုက္ခကိုယ် ရှာနေကြသည်။ သို့သော် ဘယ်သူတွေ ဘယ်လိုဖြစ်၍ ပျက်ကြသော်လည်း လောကအရှုပ်အထွေးများအနောက်မှာမူ ခွင့်လွှတ်ခြင်းကသာ အရာရာကို ပြီးဆုံးနိုင်ရတော့၏။ လောက၏ အဖြစ်အပျက် ပွေလီလီတို့ကို သုံးသပ်မိလေလေ ဘာကိုမဆို ခွင့်လွှတ်နိုင်လေလေ ဖြစ်တော့သည်။ သူသည် မိမိအချစ်မနိုင်၍တစ်ကြောင်း၊ သူ့ကို ခွင့်လွှတ်လိုက်ရသော်လည်း စိတ်သက်သာရာရမှုကို မဲ့ပြုံးပြုံးခြင်းဖြင့် ယူလိုသေး၏။
ဘယ်နည်းနှင့်မျှ မဖြစ်နိုင်တော့ဟု ဆုံးဖြတ်လိုက်သော်လည်း ကိုယ့်အချစ်ကို မေသီ ချုပ်၍မရချေ။ ချုပ်တည်းဖို့လည်း မကြိုးစား၊ သူ့ကို ချစ်မိသည့်အတွက်ဆိုလျှင် ဘယ်လိုဒုက္ခပါလာလာ မေသီ မထီချေ။ အကြောင်းမှာ သူသည် သူ့အချစ်ဦးမဟုတ်ခဲ့သော်လည်း သူမူကား မေသီ၏ တစ်ယောက်တည်းသော အချစ်ဦးဖြစ်သည့်အတွက် ဖြစ်ပေ၏။ သို့သော် ဘယ်လိုချစ်ချစ် ပင်လယ်တော့ ခြားခဲ့ပါပြီဟု တွေးမိလျှင် သူ့ရင်မှာ တိမ်စင်သည့် ကောင်းကင်လို ဟာ၍ သွားမိလေ၏။
မေသီသည် ပမ်းလျစွာ အိမ်ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်နှင့် ကိုတင်အေး ရောက်လာသည်မှာ တစ်ချိန်တည်းဖြစ်၏။
ကိုတင်အေးသည် " ဟေ့ ...  ကောင်မလေး၊ ခရေပန်းတွေ မကြွေတော့ဘူးလား " ဟု လှမ်းအော်၍ ခြေလှမ်းသွက်သွက်နှင့် လာသည်။ မေသီကမူ ပြုံးလည်းမပြုံး၊ ရယ်လည်း မရယ် တွေ၍သာကြည့်နေမိတော့သည်။ သူ့မျက်နှာမှာ အလွန်တရာမှ ချိုပြုံးကြည်ရွှင်ကာ နေလေ၏။ သည်နေ့ မေသီ အိမ်ပေါ်တက်မပြေး။ သူ့ကို တွေ့ရပြန်တော့ တုန်လှုပ်မိသေး။ ကြည့်ပါဦး၊ သူ့မျက်နှာဖြင့် မေသီတစ်ယောက်ကိုသာ ချစ်သလိုပါပဲ။ ကိုတင်အေးသည် စိတ်ဇောကြီးစွာ သူပြောချင်သမျှကို အလောတကြီးပြောလေ၏။ သူ သိပ်ပြီးစိတ်ပါစွာတော့ ပြောသည်။ သူ့အသံမှာ တုန်နေ၏။ မျက်လုံးများမှာ တောက်ပနေ၏။ သူ၏ချစ်စကားများမှာ မှေးမှိတ်အိပ်ပျော်ချင်အောင် သာယာနာပျော်ဖွယ် ကောင်းပါပေသည်။
ကြည့်စမ်း ဗြောင်လိမ်နေလိုက်တာ။ သို့သော် သူ့စကားများကို မေသီ လက်ခံနေရ၏။ ပြုံး၍ကြည်၍ နားမထောင်သော်လည်း သူ့မျက်နှာကို စေ့စေ့ကြည့်ကာ သူ့စကားများကို ဟက်ဟက်ပက်ပက် မရယ်လိုက်နိုင်ချေ။ "ဟင် မေသီ ဘယ့်နှယ်လဲ˝ ဟု သူက မေးလေသည်။ မေသီကား ဘာလုပ်ရမှန်း မသိတော့။ ကိုတင်အေးသည် မေသီ ငြိမ်နေသည်ကို အားမလိုအားမရဖြစ်ကာ ဒန်းကြိုးကို ကိုင်ထားသည်။ မေသီ့လက်ကလေးတစ်ဖက်ကို ဆုပ်လိုက်သည်။
̏
" မေသီ ကိုတင်အေးကို ပြောပါကွယ် "
မေသီသည် ခေါင်းကိုသာ တွင်တွင်ခါလေသည်။ မေသီ ဒါပဲ တတ်နိုင်တော့သည်။ ကိုတင်အေးက သူ့လက်ကို ဆုပ်ကိုင်ကာ သူအချစ်ကို တောင်းနေစဉ်မှာ မေသီ၏ အချစ်ရှိန်သည် ကြောက်မက်စဖွယ် ထ၍ ပေါက်ကွဲလေသည်။ အို... မေသီ ဘာမျှ သတိမရဘဲ နှစ်လိုက်မိလေမလား။ "မေသီ မေသီ" ဟု ကိုတင်အေးသည် အငမ်းမရခေါ်၏။  " မေသီ... မေသီ၊ မေးတာကို ဖြေပါဦး အချစ်ရယ်"
မေသီသည် သည်လိုဆက်နေ၍ အကျိုးမရှိသည်ကို သတိရမိလေ၏။ မိမိ၏လက်များကို ဆုပ်ထားသော ကိုတင်အေး၏လက်ချောင်းများကို တစ်ချောင်းစီ ဖြည်လေသည်။ ကိုတင်အေးသည် မေသီ မျက်စိမျက်နှာပျက်နေသည်ကို မြင်၍ အနည်းငယ် ကိုယ်ရှိန်သတ်ပေးကာ နားမလည်သလို ကြည့်နေ၏။ မေသီသည် သူ့ချစ်ဦး၏မျက်နှာကို မော်၍မကြည့်ဘဲ တစ်ချက်မျှရှိုက်ကာ ဖြည်ညင်းစွာ အိမ်ပေါ်တက်ခဲ့လေ၏။
မေသီ ခြံထဲသို့ မဆင်းသည်မှာ ဆယ်ရက်ရှိသွားပြီ။ မနက် မနက်မှာ ကိုတင်အေးလာပြီး ခေါင်းငိုက်စိုက်နှင့် ပြန်ပြန်သွားသည်ကို မြင်ရပြန်တော့လည်း စိတ်ထဲက မကောင်း။ မေသီသည် ကိုယ့်ကိုယ်ကိုယ်သာ ကျိန်ဆဲမိတော့သည်။
ကိုတင်အေးကို သည်လို အကျိုးမသိ အကြောင်းမသိ ရှောင်နေ၍မပြီး။ သူ့အား စိတ်ထဲရှိသမျှ ဖွင့်ပြီးပြောလိုက်တော့မည်။ ကိုတင်အေးနဲ့ မေသီနဲ့ သည်အကြောင်းကို မေ့လိုက်ကြပါစို့... လို့။
မေသီ ခြံထဲသို့ ဆင်းခဲ့ပြန်၏။ နေ့လယ်နေသည် မိုးသားများကြားမှ ဘွားခနဲပေါ်နေသည်။ သစ်ပင်အားလုံးတို့သည် ကိုယ့်အရိပ်ကို ကိုယ်ပြန်နင်းကာ ရှိသည်။ ခရေပွင့်တို့သည်လည်း နီညိုညိုအရောင်ဖြင့် နွမ်းနေကြပြီ။ ကိုတင်အေးကို ခရေပင်အောက်မှာ တွေ့ရသည်။
"̏ အို... ကိုတင်အေး၊ အလုပ်မသွားဘူးလား "
"̏ ဟင့်အင်း "
"̏ အို... ဘာဖြစ်လို့လဲ "
"̏ ဘာဖြစ်သလဲဆိုတာ တကယ်ပဲ မသိဘူးလား " ဟု သူက မေး၏။ သူ့အသံမှာ ဒေါသသံပါ၏။ မေသီသည် ဘာမျှမဖြေဘဲ ခေါင်းကို ငုံ့လိုက်မိလေသည်။
"̏ အလုပ်မှ မသွားတာ ဘယ်နှရက်ရှိနေပြီ ထင်သလဲ၊ ကိုတင်အေး ဒီမှာလာ အမြဲလာစောင့်နေတာကော မသိဘူးလား˝ ဟု မေးပြီး  " မေသီလုပ်သွားလိုက်တာ ကိုတင်အေးဖြင့် ရူးကျန်ရစ်တာပဲ မေသီရယ်၊ ရက်စက်လိုက်တာ " ဟု သူ နာကြည်းစွာ ညည်းညူလေ၏။
ကိုတင်အေးသည် အံ့သြစွာကြည့်ကာ " မေသီ " ဟု ခေါ်သည်။ မေသီသည် လျလျကလေး ပြုံးလေ၏။
"̏ မေသီဖြင့် ဝမ်းနည်းလို့ မဆုံးပါဘူး၊ သြော်... ကိုတင်အေးဟာ မေသီ့ကို လှည့်စားရက်လိုက်တာလို့၊ ကိုတင်အေး တခြားမိန်းကလေးတစ်ယောက်နဲ့ ချစ်နေလျက်က မေသီ့ကို ဘာဖြစ်လို့ ညှဉ်းဆဲချင်ရတာလဲ၊ ကိုတင်အေးဟာ မေသီ့ကို လိမ်ပြီး ချစ်မယ်ကြံတာပဲ၊ ဒါပေမဲ့ အလိမ်ပေါ်သွားပြီ"
ကိုတင်အေးမှာက မျက်နှာအပျက်ကြီးပျက်ကာ စကားတစ်လုံးမှမဆိုဘဲ နေလေသည်။ ရာဇဝတ်ကောင်ပမာ မျက်နှာထားကျနေ၏။ ကြက်သေသေပြီး ရုတ်ခနဲ တွေဝေနေ၏။ အတန်ကြာမှ မျက်နှာ မသာမယာနှင့်...
̏
ိုတင်အေး မှားတယ် မေသီ "ဟု ဝန်ခံလေ၏။
"̏ မှားတယ်ဆိုရင်လည်း သည်နေရာမှာ သည်ဟာပြီးကြပါစို့ ကိုတင်အေးရယ် "
"̏ အို မပြီးနိုင်ဘူး၊ ကိုတင်အေး မေသီ့ကို ချစ်တယ်"
မေသီ ဝမ်းနည်းပမ်းနည်းပြုကာ ခေါင်းခါလေသည်။ သူ့အမူအရာမှာ လှိုက်လှိုက်လှဲလှဲပင် ဖြစ်နေကြောင်းကို သိသော်လည်း ဟန်ဆောင်ဖို့ စိတ်မကူး၊ ဂရုမစိုက်ပါဘူးဟူသောအနေဖြင့် မထီတရီ နေလိုက်ဖို့ မကြိုးစား။
̏
"ကိုတင်အေးလေ သည်ကမ္ဘာပေါ်မှာ မေသီ့ကိုသာ ချစ်မယ်၊ မေသီ့ကို ချစ်ရမှ အေးမယ်၊ ယုံစမ်းပါ မေသီရယ်၊ မေသီ့အချစ်အတွက်ဆိုရင် ဘာကိုမဆို စွန့်ပြပါ့မယ်၊ အို ဒီလိုမပြုံးပါနဲ့လေ၊ ရင်ခွဲပြရမှာလား၊ ချစ်တာကို ပါးစပ်က မပြောတတ်ဘူး မေသီ "
ကိုတင်အေး၏မျက်နှာမှာ သွေးရောင်ကြွလာသည်။ သူ့ကိုယ်မှာ ယိမ်းယိုင်ကာ မေသီကို မိုးလျက်ရှိလေသည်။ မေသီက
"̏ အို တော်ပါတော့၊ ဘာပြောပြော မေသီတော့ ကိုတင်အေး အချစ်မျိုးကို သိပ်ကြောက်တာပဲ" ဟု ပခုံးတစ်ဖက်တွန့်ကာ လှောင်ရယ်ရယ်ရင်း ပြောလေ၏။
ကိုတင်အေးမှာ ရုတ်တရက် ဘာမှမပြောနိုင်ပဲငိုင်နေလေ၏။
" မေသီ့အတွက် ဘာကိုမဆို စွန့်နိုင်တယ်လို့ ပြောပြီးပါပကောမေသီရယ်။ ကိုတင်အေးမှားခဲ့မိတဲ့အပြစ်ဟာ မကျေနိုင်လောက်အောင်ပဲ ကြီးသလား " ဟု မေးလေ၏။
မေသီက ရယ်လေသည်။
̏
ခုပြောနေတာက ကိုတင်အေးကို အပြစ်ဆိုနေတာ မဟုတ်ဘူး၊ မိန်းကလေးတစ်ယောက်ကို ချစ်တာဟာ အပြစ်မှ မဟုတ်ဘဲ၊ ဒါပေမဲ့ ချစ်မိပြီဆိုရင် သစ္စာရှိရတယ်၊ တည်တံ့ရတယ်၊ အချစ်ဟာ ပေါ့ပေါ့ကလေးမဟုတ်ဘူး၊ ကိုတင်အေး ခုလို လုပ်တာဟာ ဟိုကောင်မလေးအပေါ်ရော မေသီ့အပေါ်မှာရော သက်သက်မတရားလုပ်တာပဲ၊ ကိုတင်အေး ဘာဖြစ်လို့ သည်လောက်မိန်းကလေးတွေကို ဒုက္ခပေးချင်ရတာလဲ၊ မေသီကိုရော ဘာဖြစ်လို့ လိမ်ချင်ရတာလဲလို့ "
အသံမှာ ငိုသံပါသည်။ မေသီ၏ ရင်မှာ ပွင့်ထွက်တော့မလို ပူလျက်ရှိသည်။ မေသီမှာ ကိုတင်အေးနားက ရုတ်ခြည်းထကာ ဝေးဝေးသို့ လွတ်လွတ်ကျွတ်ကျွတ် ပြေးချင်စိတ်ပေါက်လာလေ၏။ ကမ္ဘာ့အစွန်ကိုပဲဖြစ်ဖြစ် ငရဲကိုပဲဖြစ်ဖြစ်...။
တိတ်ဆိတ်ခြင်းသည် များပြားသော အဓိပ္ပာယ်ကို ဆောင်ကာ ရှည်လျားစွာ မင်းမူနေသည်။ မိုးသားများကြားမှ နေသည် ပူလောင်သော အရှိန်အဝါတို့ကို လောင်းသွန်ချသည်တွင် သစ်ရွက်အပေါင်းတို့သည်လည်း ခေါင်းငုံ့ကာ မာန်လျှော့နေကြရှာသည်။ လေသည်လည်း ကွယ်ပျောက်နေပြီလိုလို။
̏" မေသီ ကိုတင်အေးကို နည်းနည်းမှ မချစ်ဘူးလား "ဟု ဖြုန်းကနဲ မေး၏။ မေသီက ဘာမှမပြောဘဲနေလေ၏။
"̏ မေသီ ပြောပါကွယ်၊ မချစ်ဘူးလား "
"̏ မေသီ မပြောနိုင်ဘူး "
̏
" အို ပြောရမယ်၊ မေသီနဲ့ ကိုတင်အေး တစ်နေ့ကွဲကြတောင် ဒါကို ရှင်းရှင်း သိရင် ဖြေနိုင်ဦးမယ်၊ ပြောပါ... မေသီ၊ ကိုယ်တို့က ငယ်လည်း ငယ်သူငယ်ချင်းကွယ်၊ ဘာမှ ဖုံးနေကြစရာ မလိုပါဘူး "
မေသီသည် နှုတ်ခမ်းကို ကိုက်ကာ " ချစ်တော့ ချစ်တယ် " ဟု သံပြတ်နှင့် ဆိုလေသည်။
"̏ တော်ပါပြီ။ ကျေနပ်ပါပြီ၊ ကိုတင်အေး သွားပါတော့မယ် " ဟု ပြော၍ ထွက်သွားမည်ပြုပြီးမှ " မေသီရယ် ကိုတင်အေးကို ချစ်ရက်သားနဲ့ " ဟု တစ်ဝက်တစ်ပျက် ပြောလေသည်။
"̏ အို ထပ်မပြောပါနဲ့တော့၊ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး၊ မေသီ မှန်တာ ပြောလို့ အတင့်ရဲချင်သလား " ဟု ခပ်မြန်မြန်ပြောရင်း စိတ်ထွက်လာကာ
"̏ ကိုတင်အေးဟာ မေသီ့ကို အထင်သေးနေတယ်၊ မေသီ သဘောထားသေးလို့ မဟုတ်ဘူး၊ ကိုတင်အေး ဘယ်ဘဝက ပြန်လာပြန်လာ မေသီ လက်ခံမှာပဲ၊ ဒါပေမဲ့ ဘာမှ အပြစ်မရှိတဲ့ ဟိုမိန်းကလေးကို စွန့်ပြီး မေသီ့ဆီလာမှာတော့ မလိုချင်ဘူး၊ မတရားလုပ်တာကို မေသီ ရှုံးချင်ရှုံးပါစေ၊ အားမပေးနိုင်ဘူး၊ လူတစ်ယောက်ရဲ့ချစ်သူကို မလုချင်ပါဘူး၊ မေသီလေ အချစ်မျက်နှာထက် မိန်းကလေးအချင်ချင်း မျက်နှာကို ပိုငဲ့ချင်စိတ်ရှိတယ်၊ ကိုတင်အေး သူ့ကို မသနားပေမဲ့ မေသီက မရက်စက်ချင်ပါဘူး။ သူ့ကို စွန့်ပါ့မယ်လို့ ပြောရင် မေသီကျေနပ်နေမယ်ထင်တာ ကိုတင်အေး မှားတာပဲ၊ မြင့်မြတ်တဲ့အချစ်ဟာ သစ္စာနဲ့ အမြဲတွဲနေတယ်၊ ကိုတင်အေးဟာ ယောက်ျားကောင်းတစ်ယောက် ပီသပါစေ၊ အချစ်ကို ပေါ့ပေါ့မတွေးပါနဲ့ " ဟု စိတ်လိုက်မာန်ပါ ပြောလေသည်။
ကိုတင်အေးသည် တိတ်ဆိတ်စွာ ထွက်သွားတော့သည်။
မေသီကား ငိုချင်သလို ရယ်ချင်သလိုဖြစ်ကာ ကျန်ခဲ့သည်။ ဖြောင့်မတ်သူသည် လောကရေးရာမှာ ရှုံးနိမ့်တတ်သည်။ သို့သော် တစ်သက်လုံးကား လိပ်ပြာလုံလေတော့သည်။ ဒါသာ အမြတ်ဖြစ်၏။ မေသီသည် အင်မတန်ကို နွမ်းလျစွာ မချိတရိ ပြုံးမိရှာလေ၏။
                                           ကြည်အေး 
                                          တာရာမဂ္ဂဇင်း။
                    အတွဲ ၁၊ အမှတ် ၇၊ စက်တင်ဘာ၊ ၁၉၄၇။
Thursday, December 29, 2016
Testosterone (တက်စတိုစတီရုံး) ကျား-ဟော်မုန်း
၂။ အသက် ၁၇ နှစ်ရှိပါပြီ။ အမျိုးသားဟော်မုန်းဆေး သောက်ချင်လို့ပါ။ ညွှန်ပေးပါလားဒေါက်တာ။ လည်စေ့လည်း မထွက်ဘူးဆရာ။ ကန်တော့ အမွေးပေါက်နှုန်းကလည်း နှေးတယ်။ body structure ကလည်း မိန်းကလေးနဲ့ ဆင်နေတယ်။ အဲတာကြောင့် သောက်ချင်တာပါဆရာ။ 
၃။ ကျွန်တော် အသက် ၂၇ နှစ်ပါ။ လူပျိုပါ။ ကျွန်တော့်ဒူးက သိပ်အားမရှိဘူး။့ လည်းသူများနဲ့ ယှဉ်ရင် နည်းနည်းသေးတယ်လို့ ခံစားရတယ်။ သူငယ်ချင်းကအကြံပေးလို့ တက်စထိုရိုး ကျားဟော်မုန်းအားဆေး 10mm ဆေးဗူး အလုံး ၃ဝ ပါတဗူးဝယ်ပြီး တနေ့နှစ်လုံးသောက်တာ ၃ ရက်လောက်ရှိပါပြီ။ အန္တရာယ်ရှိနိုင်လားဆရာ။ side effect ဘာရှိလည်းသိချင်ပါတယ်။ အဲတာဘာဖြစ်လို့လည်း သိချင်ပါတယ်ဆရာ။
၎။ ကျွန်တော် အခုအသက်၂၆ နှစ်ရှိပါပြီ။ ဒါပေမယ့် လူပျိုမဖြစ်သေးပါဘူး။ ချိုင်းမွေး၊ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးလည်း မပေါက်ပါဘူး။ ဆီးစပ်မွေးတောင် နည်းနည်းလေးဘဲ ရှိပါတယ်။ ဝက်ခြံလည်း တခါတလေမှ ရှားရှားပါးပါး ထွက်ပါတယ်။ အသံလဲ မပြောင်းသေးပါဘူး။ ကျွန်တော့်ရဲ့ လိင်တံနဲ့ ဝှေးစေ့က အလွန်သေးပါတယ်။ သုက်လဲ လုံးဝမထွက်ခဲ့ပါ။ လွန်ခဲ့တဲ့ ၆ လလောက်က ဆေးစစ်ရပါတယ်။ ဆရာဝန်က Testosterone နည်းနေတယ် ထင်ကြောင်းနဲ့ ဆေးစစ်ခိုင်းပါတယ်။ ဆေးစစ်တဲ့အခါ Testosterone ပမာဏဟာ တော်တော်နည်းနေတာကို တွေ့ရပါတယ်။ တခြားသွေးစစ်တာတွေ လုပ်ပါတယ်။ ဦးနှောက်ကို CT Scan ကောင်းတယ်လို့ ပြောပါတယ်။ Testosterone ထိုးဆေးပေးပါတယ်။ တလကို တကြိမ်နဲ့ ခြောက်လ ထိုးခိုင်းပါတယ်။ ဆေးထိုးတာလေးလရှိပါပြီ။ တသက်လုံး Testosterone ဆေး သုံးရနိုင်တယ်လို့ ပြောပါတယ်။ စားဆေးနဲ့ကော အဆင်မပြေနိုင်ဘူးလား။ အိမ်ထောင်ပြုလို့ ရ-မရနဲ့ ကလေး ရနိုင် မရနိုင်လည်း သိချင်ပါတယ်။ နောက်ပြီး ဘာဆက်လုပ်သင့်တယ်ဆိုတာလည်း အကြံဥာဏ်ပေးပါခင်ဗျာ။
၅။ ကျွန်မမောင်လေး အသက်၂၅ ပါ။ ၁၈ နှစ်လောက်က ဝှေးစေ့ တလုံးထုတ်ထားပါတယ်။ အခြားသောတဘက်မှလည်း သေးသွားပါသည်။ ကြာရင်အခြောက်စိတ်ပေါက်သွားမှာစိုးပါသည်။ စိတ်ဓါတ်တော့ ကျားစိတ်ရှိပါသည်။ ဟော်မုန်းကြောင့် ပြောင်းနိုင်ပါသလား။ လမ်းညွန်ပေးစေလိုပါသည်။
၆။ ကျွန်တော်အသက်က ၂၄ နှစ်ပါ သူများတွေလို အရွယ်ရောက်ချိန်တွေမှာရော အခုရောပါ အမွှေးအမျှင် နည်းပါတယ်။ ဂျိုင်းမွေးဆို မပေါက်သလောက်ပါပဲ။ နောက်ပြီးတော့ ညာဘက်လက်သန်းက ညာဘက်လက် သူကြွယ်ပထမအဆစ်ကို မမှီပါဘူး။ အဲလိုဆိုရင် ကလေးမရနိုင်ဘူးလို့ပြောပါတယ်။ ဟုတ်ပါသလားဆရာ။ အခုကျွန်တော် ကလေးမရသေးပါဘူး။ ကျွန်တော်ဘက်က ချို့ ယွင်းနေတာများလား သိချင်ပါတယ်ခင်ဗျာ။ အဲလိုဖြစ်လို့ ကလေးမရနိုင်ဘူးဆိုရင် ကလေး ရနိုင်အောင် ဘယ်လိုတွေလုပ်ရပါမလဲခင်ဗျာ။
ဟော်မုန်းအမျိုးပေါင်း (၁၇) မျိုးရှိတယ်။ (တက်စတိုစတီရုံး) ကို ကျားလိင်ဟော်မုန်းလို့ ခေါ်တယ်။ ဒါပေမဲ့ အကုန်မှန်တာတော့ မဟုတ်ပါ။ မိန်းကလေးတွေ အမျိုးသမီးတွေမှာလဲ ငယ်ငယ်ကြီးကြီးရှိနေတာဘဲ။ သူ့တန်ခိုးက လိင်နဲ့ဆိုင်တဲ့အင်္ဂါတွေကို ပုံမှန်ဖြစ်နေစေတယ်။ (စတီရွိုက်ဟော်မုန်း) ဖြစ်တယ်။ ယောက်ျားတွေမှာ ကျားအစေ့ကနေ၊ မိန်းမတွေမှာ မျိုးဥအိမ်ကနေ ထုတ်ပေးနေတယ်။ နည်းနည်းပါပါး (အဒရီနယ်လ်-ဂလင်း) ကနေလဲ ထုတ်သေးတယ်။ 
သူ့အလုပ်က ၂ မျိုး ရှိတယ်။
၁။ Androgenic properties (အင်ဒရိုဂျင်းနစ်) သတ္တိလို့ ခေါ်တာတွေကတော့ ပင်မ (လိင်အင်္ဂါတွေ) နဲ့ ဒုတိယ-လိင်အင်္ဂါတွေ ဖွံ့ထွားစေတယ်။ အသံသြလာမယ်၊ အမွေးပေါက်တာ ထူးခြားလာမယ်။ 
၂။ Anabolic properties (အင်နာဘောလစ်) သတ္တိလို့ ခေါ်တာတွေကတော့ ကြွက်သားတွေ ထွားလာစေမယ်။
ဒုတိယ-လိင်အင်္ဂါတွေဆိုတာ ယောက်ျားလေးတွေမှာ ချိုင်းမွေး၊ ရင်ပတ်မွေး၊ ဗိုက်မွေး၊ ဆီးစပ်မွေးပေါက်၊ မျက်နှာမွေး (မုတ်ဆိတ်၊ ပသိုင်းမွေး) ပေါက်၊ နဖူးပြောင်၊ ပေါင်ရှေ့ကြွက်သားများလာ၊ Adam's apple လည်စေ့ထွက်၊ အသံသြ၊ အရပ်ရှည်၊ အရိုးတွေ ရှည်-မာ၊ ပခုံးကျယ်၊ မျက်နှာ အဆီပြန်၊ ဝက်ခြံပေါက်၊ ကိုယ်နံ့ထွက်၊ အရေပြားကြမ်းလာ၊ အဆီနည်းလာ။ မိန်းကလေးတွေမှာ ရင်သားထွားလာ၊ နို့သီးကိုဆွရင် သန်မာနိုင်လာ၊ ဆီးစပ်မွေး-ကိုယ်မွေးနုပေါက်၊ ပေါင်နောက်ပိုင်း ကြွက်သားတွေ ပိုသန်လာ၊ တင်ကားလာ၊ ချွေး-အဆီထွက်လာ၊ ကိုယ်နဲ့ရလာ၊ ဝက်ခြံပေါက်၊ လက်တံပိုရှည်လာ၊ တင်ပါး-ပေါင်တွေမှာ အဆီပိုစုလာ။
တယောက်တည်းမှာလည်း တချိန်နဲ့တချိန် မတူဘူး။ ရာသီဥတု၊ လေ့ကျင့်ခန်း၊ အစားအသောက် လိုက်ပြီး အနည်း-အများ ပြောင်းနေတယ်။ သွေးစစ်ရင် မနက်ခင်း စစ်တာကောင်းတယ်။ Steroid ယောက်ျားမှာ ပုံမှန် 270-1070 ng/dl ရှိရတယ်။ (ယူနစ်) တွေက ဓါတ်ခွဲခမ်းတခုနဲ့တခု မတူကြဘူး။ အမျိုးသမီးတွေရဲ့ ပုံမှန်ဆိုတာကို ငြင်းနေကြဆဲ ဖြစ်တယ်။ အသက်ကြီးလေး နည်းလေလဲ ဖြစ်တယ်။ ၄ဝ ကျော်ရင် ၁ နှစ်မှာ ဝ့၃% နည်းနည်း လာတယ်။ အသက် ၆ဝ အောက် ယောက်ျား ၂ဝဝ မှာ ၁ ယောက် ဒီဟော်မုန်း နည်းနေတယ်။ အရက်စွဲနေသူ၊ နာတာရှည် ရောဂါတခုခု ခံစားနေရသူ၊ Hemochromatosis သွေးထဲမှာ သံဓါတ်များလွန်းနေသူ၊ Sarcoidosis ကျားအစေ့ရောဂါ ရနေသူ၊ AIDS ရောဂါရှိနေသူ၊ စိတ်ဖိအား များလွန်းနေသူတွေမှာ သူများထက် နည်းနေမယ်။
ဘယ်လိုလူမျိုးတွေမှာ လာဖြစ်သလဲ။ ဟော်မုန်းထွက်ရာနေရာမှာ ကင်ဆာဆေး၊ ဓါတ်ကင်ရရင်၊ (ခရိုမိုဇုမ်း) ပုံမှန် မဟုတ်ရင်၊ ဦးနှောက်ထိခိုက်မိရင်၊ ရောဂါရရင်၊ ကိုယ်ခန္ဓာကြီးထွားအောင် (စတီရွိုက်) ဆေးတွေ တလွဲသုံးရင်၊ ပသိရောင်နဲ့တွဲတဲ့ ကျားအကျောရောင်ရောဂါဖြစ်ရင်၊ အမျိုးသမီးမှာ မျိုးဥအိမ် အလုပ်မလုပ်တော့ရင်၊ ခွဲစိတ်ထုတ်လိုက်ရရင်၊ ကျားအစေ့က သူနေရာ ကပ်ပဲ့အိတ်မှာ ရှိမနေ-ကျမနေရင်၊ ကပ်ပဲ့အိတ် ထိခိုက်မိရင်၊ ဇရာထောင်းလာရင်၊ အဝလွန်ရင်။
ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဒီဟော်မုန်း နည်းရင် ကလေးဟာ လိင်အင်္ဂါ ဖွံ့ထွားမှု နည်းပြီး မွေးလာနိုင်တယ်။ ယောက်ျားလေးဆိုရင် လိင်တံ၊ ကပ်ပဲ့အိတ် သေးငယ်နေမယ်။ မိန်းကလေးလဲ မအင်္ဂါ ပုံပန်းမတူဖြစ်နေမယ်။ ကျားလိုလို မလိုလိုနေမယ်။ သိဘို့ကောင်းတာ တခုက ကျားရယ် မရယ်ဆိုတာ အပြင်ပန်းအမြင်အရ သတ်မှတ်တာ မဟုတ်ဘူး။ Chromosomes ကြည့်ခေါ်ရတာ ဖြစ်တယ်။ အရွယ်ရောက်ချိန်မှာ ဒီဟော်မုန်း နည်းနေရင် လိင်ပိုင်းရင့်သန်မှုတွေ နည်းနေမယ်။ ကြွက်သားထုထည် သေးနေမယ်၊ အသံသြမလာဘူး၊ ကိုယ်မွေးပေါက်တာ ကြမ်း-ထူမလာဘူး၊ ယောက်ျားလေဖြစ်ပေမဲ့ နို့ကြီးနေမယ်၊ လိင်တံနဲ့ ဝှေးစေ့သေးငယ်နေမယ်။ အရွယ်ရလာမှ ဖြစ်တာဆိုရင် လိင်စိတ်နည်းနေမယ်၊ လိင်ဆက်ဆံတာ ခက်နေမယ်၊ ပန်းညှိုးတာ၊ ကလေးမရနိုင်တာ၊ ဆံပင်ကျွတ်မယ်၊ ကြွက်သားလှီမယ်၊ အရိုးအားနည်းမယ်။ မိန်းကလေးမှာဖြစ်ရင် မျက်နှာနီရဲနေမယ်၊ စိတ်တိုမယ်၊ လိင်စိတ် နည်းနေမယ်၊ အိပ်ရေး ပျက်မယ်၊ ကြွက်သားတွေ လှီနေမယ်၊ အရိုးအားနည်းမယ်၊ ဆံပင်ကျွတ်မယ်။
(တက်စတိုစတီရုံး) နည်းနေသူတွေမှာ ယာက်ျား ပန်းညှိုး-ပန်းသေဖြစ်မယ်၊ (ကိုလက်စထော) များမယ်၊ အဝလွန်မယ်၊ စိတ်ဓါတ်ကျမယ်၊ စိုးရိမ်စိတ်ကဲနေမယ်၊ စိတ်မူပြောင်းမယ်၊ အာရုံစိုက်ရတာ ခက်မယ်၊ မှတ်ဥာဏ်လျှော့မယ်၊ လိင်စိတ်နည်းမယ်၊ အရိုးအားနည်းနေမယ်။ 
အမျိုးသမီးတွေကို ဆေးကုရင် Esterified estrogens and methyltestosterone ပေးတယ်။ ယောက်ျားတွေမှာ ဖြစ်ရင် Testosterone Replacement Therapy (TRT) ထိုးဆေးကို ၂ ပတ် ၁ ကြိမ် ထိုးဆေး၊ ဒါမှမဟုတ် Patch ဆေးကပ်ခွါ၊ Gel (ဂျဲလ်)၊ Putty ငုံဆေးတွေ ရှိသေးတယ်။ 
အများဆုံးသုံးတဲ့ ထိုးဆေးက Testosterone enanthate (TE) ဖြစ်တယ်။ 100-200 mg IM ကို ၂ ပတ် ၁ ကြိမ် ထိုးတယ်။ ထိုးဆေးကို သုံးနေတာကြာပြီ၊ ဈေးလဲချိုတယ်။ Testosterone cypionate (TC) ဆေးကိုလဲ သုံးနိုင်တယ်။ Implantable Testosterone အရေပြားအောက်မှာ ထားလို့ရတဲ့ဆေးကို ၁၉၄၀ ကတည်းက သုံးနေတယ်။ ဆေးတလုံးမှာ 75 mg of crystalline testosterone ပါတယ်။ ၃-၆ လ ခံတယ်။ တခါထည့်ထားရင် ၂-၆ လုံး ထည့်ထားရတယ်။ Transbuccal System သွားဖုံးကနေ စုပ်ယူနိုင်တဲ့ဆေးကို ရှေ့သွားအထက်မှာထားရတယ်။ 30 mg testosterone ပါတယ်။ တနေ့မှာ ၁-၂ ခါ သုံးရတယ်။ Transdermal TRT ဆိုတာက Patch ကပ်ခွါ နဲ့ Gel ဂျဲလ် အမျိုးအစားဖြစ်တယ်။ နေ့တိုင်းသုံးနေရမယ်။ Patch ကို ကပ်ပဲ့အိတ်မှာ ကပ်တာနဲ့ တခြားနေရာမှာ ကပ်ရတာ မတူဘူး။ TRT Gel ဈေးကြီးတယ်။ Testosterone စားဆေး၊ 17--methyltestosterone and fluoxymesterone ပါတယ်။ အသည်းအတွက် သတိထားစရာတွေ ရှိတယ်။ Novel Testosterone Therapy ဆိုတာ ၃ လမှ တခါ ထိုးစရာလိုတာကို အသစ်နည်း ဖြစ်တယ်။ ဥရောပမှာ သုံးနိုင်ပြီဖြစ်ပေမဲ့ အမေရိကားမှာ စမ်းသပ်မှု အဆင့် ၃ အထိရောက်သေးတယ်။ 1000 mg ကို 10-14 ပတ်တခါသာ ထိုးဘို့လိုတယ်။
ဘေးထွက်ဆိုးကျိုးတွေ = ပျို့-အန်၊ ဝက်ခြံပေါက်၊ ခေါင်းကိုက်၊ အစားစားချင်စိတ်များ၊ စိတ်မူပြောင်း၊ အသည်းထိခိုက်၊ ခြေထောက်ရောင်။ လိင်တံမာတင်းနေတာ ပြန်မလျှော့၊ နှလုံးရောဂါရှိနေသူ၊ (ကိုလက်စထော) များနေသူ၊ ဆီးကျိတ်ကင်ဆာ ဖြစ်နေသူတွေကို မပေးသင့်ပါ။ ဆေးများသွားရင် စိတ်ကြမ်းဝင်တတ်တယ်။ စိတ်မူပြောင်းတတ်တယ်။ 
ဆရာဝန်ကိုယ်တိုင်မညွှန်ရင် မသုံးသင့်ပါကြောင်း။
ဒေါက်တာတင့်ဆွေ
Credit:  Dr. တင့်ဆွေရဲ့ Page
Wednesday, December 28, 2016
Pad See-Ew ရယ် စင်ကာပူစတိုင်လ် ပုဇွန်ခေါက်ဆွဲကြော်ရယ် မလေးရှားစတိုင်ဖက်ထုပ်ခေါက်ဆွဲရယ်
ယိုးဒယားခေါက်ဆွဲကြော် ♡
Thai Stir-Fried Rice Noodle
(Pad See-Ew)
❀ ❀ ❀
ဘယ်အချိန်စားစားမရိုးနိုင်တဲ့ယိုးဒယားခေါက်ဆွဲကြော်ကိုတော့လူကြိုက်များလို့အတော်များများသိပြီးသားဖြစ်မှာပါ။
ပါဝင်ပစ္စည်း
********
ဆန်ပြားခေါက်ဆွဲ - ၂၅၀ ဂရမ်
ကြက်ဥ/ဘဲဥ - တစ်လုံး
ကြက်သွန်ဖြူ - နှစ်မြောင်း
ကြက်သား - လက်တစ်ဆုပ်
ကိုက်လန် - ၂ပင်
ပဲငံပြာရည်အကြည် - တစ်ဇွန်း စားပွဲဇွန်း
ပဲငံပြာရည်အပျစ် - တစ်ဇွန်း
ငံပြာရည် - ဇွန်းတဝက်
ခရုဆီ - တစ်ဇွန်း
သကြား - ဇွန်းတဝက်
ငရုတ်ကောင်း - အနည်းငယ်
ဆီ - နှစ်ဇွန်း
တွဲဖက်ပေးရန်
သံပုရာသီး
ငံပြာရည်
ငရုတ်သီးစိမ်းအချဉ်
သကြား
ငရုတ်သီးမှုန့်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဆန်ပြားခေါက်ဆွဲတပွဲစာကိုလက်နှစ်လုံးအရွယ်အပြားကြီးကြီးလှီးဖြတ်ကာကပ်နေသောအလွှာများအနည်းငယ်ခွာထားပါ။
2.ကြက်သားသေးသေးစိတ်ထားပါ။ကြက်သွန်ဖြူသေးသေးစိတ်ထားပါ။ကိုက်လန်ကိုလှီးဖြတ်ရေဆေးထားပါ။
3.အားလုံးအသင့်ဖြစ်ပါကအိုးထဲဆီထည့်အပူပေးပါ။ဆီပူပါကကြက်သွန်ဖြူနှင့်ကြက်သားထည့်ပြီးကြော်ပေးပါ။ကိုက်လန်ထည့်ပါ။
4.ကြက်သားကျက်ပါကဆန်ပြားခေါက်ဆွဲထည့်ပြီးပဲငံပြာရည်အကြည်အပျစ်၊ခရုဆီ၊ငံပြာရည်သကြား၊ငရုတ်ကောင်းတို့ကိုထည့်ပြီးသမအောင်မွေပေးပါ။
5.ခေါက်ဆွဲကိုဘေးကပ်ထားပြီးဆီအနည်းငယ်ဖြင့်ကြက်ဥဖောက်ထည့်ပြီးမွေကြော်ပေးကာခေါက်ဆွဲနှင့်ရောပြီးအားလုံးသမအောင်မွေပေးကာအရသာအပေါ့အငံမြည်းပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီသံပုရာသီးငရုတ်သီးစိမ်းသကြားတို့ဖြင့်တွဲဖက်ပေးပါ။
...........
Sofia (26.12.2016)
ပုဇွန်ခေါက်ဆွဲ ♡
Singapore Prawn Noodle
❀ ❀ ❀
ခေါက်ဆွဲနှစ်သက်သူများဖို့စင်္ကာပူစတိုင်ပုဇွန်ခေါက်ဆွဲချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။ပုဇွန်နဲ့ဟင်းချိုကောင်းကောင်းချက်ထားတာမို့စားရတာတမူထူးခြားတဲ့အရသာလေးပါ။စင်္ကာပူ Famous foodထည်းကတမျိုးဖြစ်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း (၁၀ပွဲစာ )
*******
ပုဇွန်ခေါင်း - တစ်ကီလို
ကြက်သွန်နီ - ဥသေး ဆယ်လုံး
ကြက်သွန်ဖြူ - တစ်ဥ
ငရုပ်ကောင်းစေ့ - နှစ်ဇွန်း စားပွဲဇွန်း
ပုဇွန်ခြောက် - နှစ်ဇွန်း
အရောင်တင်မှုန့် - တစ်ဇွန်း
ရေ- လေးလီတာ
ဆား - နှစ်ဇွန်း
သကြား -နှစ်ဇွန်း
ပဲငံပြာရည် အကြည် - ၅ဇွန်း
ပဲငံပြာရည် အနောက် - ၂ဇွန်း
ဆီ - အနည်းငယ်
တွဲဖက်စားရန်
********
ဂျုံခေါက်ဆွဲ - တစ်ကီလို
ငါးလုံး (fish cake) - တစ်ထုပ်
ပဲပင်ပေါက် - ၂၀၀ ဂရမ်
ကန်ဇွန်းရွက် - တစ်စည်း
ပုဇွန် - လိုသလောက် (ပြုတ်ပြီးသား)
ငရုပ်သီးအနီပွတောင့်  - ၅တောင့်
ပဲငံပြာရည် အနောက် - ၅ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
1.ဦးစွာပုဇွန်ခေါင်းများကိုရေဆေးသန့်စင်ထားပါ။သီးသန့်ဝယ်မရရင်အိမ်မှာဟင်းချက်သော်ဖယ်ထုတ်ထားသောပုဇွန်ခေါင်းများစုထားနိုင်သည်။)
2.ကြက်သွန်နီခပ်ကြမ်းကြမ်းစိတ်ထားပါ။ကြက်သွန်ဖြူအမွှာချွေထားပါ။ငရုပ်ကောင်းကိုလုံးခြမ်းကွဲထုထားပါ။
3.အားလုံးအသင့်ဖြစ်ပါကချက်မည့်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုပ်ကောင်း၊ပုဇွန်ခြောက်တို့ကိုထည့်ပြီးဆီသပ်ပါ။
4.မွေးလာပါကအရောင်တင်မှုန့်ထည့်ပါ။ပုဇွန်ခေါင်းထည့်ပါအရောင်ပြောင်းသည်ထိကြော်ပေးပြီရေလေးလီတာထည့်ကာဆားနှင့်သကြားထည့်ပြီးတစ်နာရီခန့်မီးအေးအေးဖြင့်ဆူပွက်အောင်တည်ထားပါ။
5.ဟင်းရည်ကျလာပါကဇကာဖြင့်စစ်ထုတ်ပြီးအပေါ်မှအမြုတ်များခပ်ထုတ်ကာပြန်လည်ဆူပွက်အောင်တည်ပေးပါ။ပဲငံပြာရည်အကြည်၊အနောက်ကိုထည့်ပြီးအရသာအပေါ့အငံမြည်းကာခေါက်ဆွဲဖြင့်ပွဲပြင်ရန်အသင့်ဖြစ်ပါပြီ။
6.အိုးတခုဖြင့်ခေါက်ဆွဲဖျောရန်ရေနွေးတည်ထားပါ။ငရုပ်သီးနီကိုအကွင်းလှီးပြီးပဲငံပြာရည်အနောက်ဖြင့်စိမ်ထားပါ။
7.ဇကာဖြင့်ခေါက်ဆွဲကန်ဇွန်းရွက်ပဲပင်ပေါက်တို့ကိုရေနွေးဖျောပြီးပွဲပြင်မည့်ပန်းကန်တွင်ထည့်ပါ။ပုဇွန်ငါးလုံးတို့ကိုထည့်ပြီးဟင်းချိုပူပူလောင်းထည့်ကာငရုပ်သီးဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
........
Sofia (22.12.2016)
မလေးရှားစတိုင် ဖက်ထုပ် ခေါက်ဆွဲ (၄ယောက်စာ)
----------------------------
မလေးရှားမှာ လူကြိုက်များတဲ့ ဖက်ထုပ် ခါက်ဆွဲ လေးပါ။ မလေးရှားလို Wantan Mee လို့ ခေါ်ပါတယ်။  ခေါက်ဆွဲ အရသာက ချိုပြီ ၀က်သားကင်၊ ဖက်ထုပ်၊ ကိုက်လန်၊ ငရုတ်သီးချဉ် တို့နှင့် တွဲဖက် စားရတာမို့ ထူးခြားကောင်းမွန်ပါတယ်။ ၀က်သားကင်၊ ဖက်ထုပ်၊ ငရုတ်သီးချဉ် လုပ်နည်းတွေပါ ရေးပေးထားတာမို့။ ခုပဲ တူတူလုပ်ကြည့်ရအောင်…
------------------------------
ပါဝင်ပစ္စည်းများ
ကြက်ဥ ခေါက်ဆွဲ –  ၃၀၀ ဂရမ် (ရေနွေးဖြင့် ၅မိနစ်ခန့်ပြုတ်ပေး၍၊ ရေအေးပြန်စိမ်ပြီ ဇကာဖြင့် စစ်ထားပါ)
ကိုက်လန် – ၁စည်း (၂လက်မ အရွယ်လေးများ ပိုင်းဖြတ်ပါ) ( ရေနွေးဖြင့် ၂မိနစ်ခန့်ပြုတ်ပြီ ပြန်ဆယ်ထားပါ)
------------------------------
ဖက်ထုပ်တွင် ပါဝင်ပစ္စည်းများ
ဖက်ရွက် – ၁၅ရွက်
ဝက်သား – ၁၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
ပုဇွန် – ၁၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
ကြက်ဥ အကာ – စားပွဲတင်ဇွန်း ၁ဇွန်း
ခရုဆီ – စားပွဲတင်ဇွန်း တ၀က်
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
...÷......................................
ငရုတ်သီးချဉ်တွင် ပါဝင်ပစ္စည်းများ
ငရုတ်သီးတောင့်ရှည် – ၃ခု (ပါးပါးလှီးပါ)
ဗီနီကာ – ခွက် ၃ပုံ၁ပုံ
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
------------------------------
 ဆော့ရည်တွင် ပါဝင်ပစ္စည်းများ
ရေ – ၁ခွက်
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ဝက်သားကင်တွင် ပါဝင်ပစ္စည်းများ
ဝက်သား – ၃၀၀ ဂရမ် (အတုံးကြီး ၂တုံး ပိုင်းဖြတ်ပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
တရုတ်ဟင်းခတ် အမွှေးအကြိုင် – လက်ဖက်ရည်ဇွန်း တ၀က်
Roast Red seasoning မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း (Optional)
(CityMart တွင် Roast red pork mix ထုပ် နှင့် Chinese Five-Spices မှုန့်တို့ကို မေးဝယ်ယူနိုင်သည်)
------------------------------
ဝက်သားကင်နည်း
၁။ အရင်ဆုံး ၀က်သားကင်ရန် ပါဝင်ပစ္စည်းဖြစ်သော (ကြက်သွန်ဖြူ၊ ဆီ၊ ပျားရည်၊ ပဲငံပြာရည်၊ ၀ိုင်၊ ငရုတ်ကောင်းမှုန့်၊ red coloring မှုန့်၊ တရုတ်ဟင်းခတ်၊ နှမ်းဆီ၊ ၀က်သား) တို့ကို သမအောင် ရောနုယ်လိုက်ပါ။
၂။ ပြီနောက် ရေခဲသေတ္တာထဲတွင် ထည့်ပြီ ၄နာရီခန့် နုပ်ထားပေးပါ။
မှတ်ချက်။ ။ ၀က်သား နုပ်ထားစဉ်အတွင်း ဖက်ထုပ်၊ ငရုတ်သီးချဉ်တို့ ပြုလုပ်နိုင်သည်။
၃။ ထို့နောက် ၀က်သားကို တဖက် ၁၅မိနစ်ခန့် နာရီဝက်ခန့် မီးကင်ပြား(သို့) Oven ဖြင့် ကင်ပေးပါ။
၎။ ကင်ပြီလျှင် ၀က်သားကင်များကို ပါးပါးလှီးပေးပါ။
------------------------------
ငရုတ်သီးချဉ် ပြုလုပ်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် ပါးပါးလှီးထားသော ငရုတ်သီးတောင့်ရှည်များကို ၁မိနစ်ခန့် ရေနွေးဖျော်ပေးပါ။
၂။ ပြီမှ ခွက်တစ်ခုထဲ ဗီနီကာ၊ ဆား၊ သကြား၊ ရောမွှေပါ။
၃။ ထို့နောက် ရေနွေးဖျော်ထားသော ငရုတ်သီးများကို ရေစစ်ပြီ ဗီနီကာ ခွက်ထဲ ထည့်ပြီ ရေခဲသေတ္တာထဲထည့်ကာ ၂နာရီခန့် အချဉ်သိပ်ထားပါ။
-----------------------------
ဖက်ထုပ် လုပ်နည်း
၁။ ဖက်ထုပ်တွင် ပါဝင်ပစ္စည်းများဖြစ်သော (၀က်သား၊ ပုဇွန်၊ ကြက်ဥအကာ၊ ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန့်၊ နှမ်းဆီ၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောမွှေပါ။
၂။ ပြီလျှင် ဖက်ရွက်အလယ်တွင် ၀က်သား(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ
၃။ ပြီလျှင် ဖက်ရွက်ထိပ်လေးတွေကို စုပြီ လက်ကို ရေအနည်းငယ်စွတ်ပြီ ဖိလိုက်ပါ။
၎။ ထိုနည်းအတိုင်း ကျန်ဖက်ထုပ်များကို ပြုလုပ်ပါ။
၅။ ဒယ်အိုးထဲ ရေတ၀က်ခန့်ထည့်ပြီ ရေဆူလာလျှင် ဖက်ထုပ်များကို ကျက်သည်အထိ ၂မိနစ်ခန့် ထည့်ပြုတ်ပြီ ပြန်ဆယ်ထားပါ။
------------------------------
ဆော့ရည် ချက်နည်း
၁။ ဆော့ရည် ချက်ရန် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပါ။
၂။ ပြီမှ (ရေ(၁ခွက်)၊ ပဲငံပြာရည်၊ ကြက်သားမှုန်ပ၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်)တို့ကို ထည့်ပြီ ၁မိနစ်ခန့် တည်ထားပါ။
-----------------------------
-ခေါက်ဆွဲ ပြုလုပ်နည်း
၁။ ခေါက်ဆွဲအတွက် ပြင်ဆင်ရန် ဇလုံတစ်ခုထဲတွင် (ခေါက်ဆွဲ ၁ယောက်စာ၊ ဆော့ရည်(စားပွဲတင်ဇွန်း ၈ဇွန်း)၊ ပဲငံပြာရည် အချို(အနောက်)(စားပွဲတင်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်)) တို့ကိုထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
၂။ ပြီလျှင် ထိုခေါက်ဆွဲများကို ပန်းကန်ပြားပေါ်သို့ တင်လိုက်ပါ။
၃။ ပြီမှ ခေါက်ဆွဲကို ကိုက်လန်၊ ၀က်သားကင်၊ ဖက်ထုပ်၊ ငရုတ်သီးချဉ်တို့ဖြင့် အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ…
------------------------------
Wutyee Food House
------------------------------
Tuesday, December 27, 2016
Myawaddy ~ Mae Sot Trip Guide
ဒါဖတ်ပြီးမှ မြ၀တီ-မဲဆောက် သွားလည်ပါ
------ ------ ------ ------ ------
“အို ကရင်ပြည်နယ်”
'မြ၀တီ'ဆိုတာက မြန်မာပြည်ရဲ့အရှေ့တောင်တည်ရာ အရပ်ဒေသ၊ ကရင်ပြည်နယ်ရဲ့ ကားလမ်း အဆုံး နယ်စပ်၊ ခရိုင်ရုံးစိုက်တဲ့မြို့ပါ။ အဲဒီမြ၀တီမြို့ရဲ့ အရှေ့ဘက်ကပ်လျက်မှာက သောင်ရင်းမြစ်သာခြားတဲ့ ထိုင်းနိုင်ငံ ခြံစည်းရိုး၊ တာ့ခ် (TAK)ခရိုင်၊ မဲဆောက် (MAE SOT)ဆိုတဲ့ မြို့ရှိပါတယ်။ တာ့ခ်ခရိုင် ကိုးမြို့ထဲက သောင်ရင်းမြစ်နဲ့ ထိစပ်နေတဲ့ နယ်စပ် ငါးမြို့ထဲက တမြို့ပါ။ မကြာသေးခင်ကာလတခုကပဲ ကျွန်တော်နဲ့ နှစ်ပေါင်း (၂၀)ကျော်လောက် ခွဲခွာဝေးကွာနေခဲ့ရတဲ့ ကရင် ပြည်နယ် ဘားအံမြို့ကို တခေါက်တကျင်း ပြန်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နေထိုင်ဖြတ်သန်းခဲ့ဖူးတဲ့ ဟိုးကာလ ၁၉၉၆ ခုနှစ်ရဲ့ မိုးဦးကာလတွေဆီကို ကျွန်တော်ပြန်ပြီး မျှော်တမ်းကြည့်လိုက်တော့ ကြာအင်းဆိပ် ကြီးမြို့နယ်ရဲ့ အဇင်း၊ ကျိုက်ဒုံ၊ ကြိတ်ရွာ ဒေသတွေမှာ ကေအင်ယူနဲ့ န၀တအစိုးရ 'လက်နက် နဲ့ငြိမ်းချမ်းရေး'လဲလှယ်ပြီးစ ကာလပါ။ အမှောင်ကြီးစိုးခဲ့ရတဲ့ နယ်မြေဒေသမှာ အလင်းရောင်ပွင့်လင်းစဖြစ်ပါတယ်။
ခုတော့ဖြင့် သွားလမ်းသာလို့လာလမ်းသင့်နေပါပြီ။ ဒါပေမဲ့လည်း မဲသဝေါဘက်မှာ ဖြစ်ပွားကြတဲ့ စစ်ပွဲတချို့ကြောင့် စစ်ဘေးရှောင်၊ မိုင်းရှောင်နေကြတဲ့ ဒေသခံသွေးချင်းတချို့ဟာ မြိုင်ကြီးငူဒေသဘက်ကို တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
ကျွန်တော်နေထိုင် ကျင်လည်ကျက်စားခဲ့ရဖူးတဲ့ ၁၉၉၆ နဲ့ ၁၉၉၇ ခုနှစ်တွေတုန်းက ဘားအံအရှေ့ဘက်လမ်းတလျှောက် ကော့ကရိတ်နဲ့ မြ၀တီဘက်ကိုသွားဖို့ လုံးဝစိတ်မချရသလို၊ ကမမောင်းက ဖာပွန်ကို သွားဖို့ဆိုတာက လုံခြုံရေး ပိုပြီးစိတ်မချရပါဘူး။ ကမမောင်းရွာကနေပြီး ဖာပွန်အထိသွားတဲ့ကားလမ်း ကို အလောင်းတွေနဲ့ တန်းစီလိုက်ရင်တောင်ရနိုင်တယ်လို့ ပြည်တွင်းစစ်ပွဲတွေရဲ့ အတိတ်ဆိုးပဲ့တင်သံတွေကို ကြားခဲ့ရဖူးပါတယ်။ အဲဒီတုန်းက သံလွင်မြစ်ဝှမ်း ကမမောင်းဆိပ်ကမ်းက သစ်ပင်ကြီးတပင်ရဲ့ ပင်စည်ကိုမှီပြီး မြိုင်ကြီးငူဆီကို မျှော်ငေးနေတဲ့ ကရင်လုလင်ပျိုလေးရဲ့ ကျွဲချိုတေးသံကို ဆွတ်ဆွတ်ပျံ့ပျံ့ ကျွန်တော် နားထောင်ခဲ့ရဖူးပါတယ်။ တမ်းတကြေကွဲ သံစဉ်တွေများလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နဲ့ ယခု ဘာမှ ထူးထူးခြားခြားမရှိလှသေးတဲ့ အခြေအနေပါ။
“ဘားအံမှ မြ၀တီ”
ပွင့်လင်းရာသီအစ ဒီသီတင်းကျွတ်က ဘားအံမြို့ကိုရောက်ခဲ့ပြီး မြို့ပေါ်ဘုရားစေတီကို ဖူးမြော်ကြလို့၊ ကျောက်ကလပ်စေတီနဲ့ ဇွဲကပင်တောင်ခြေက ဗောဓိတထောင်ဘုရားတွေ လှည့်လည်ဖူးမြော်ခဲ့ရတာ စိတ်အေးချမ်းသာစွာပါပဲ။ ဘားအံကနေ မြ၀တီကို ခရီးဆက်ဖို့စီစဉ်ခဲ့ပါတယ်။ ခရီးမဆက်ခင်မှာ လမ်းပန်း လုံခြုံအေးချမ်းမှုရှိရဲ့လားဆိုတာကို သတင်းစုံစမ်းခဲ့ရသေးတယ်။ တခေါက်မှမရောက်ဖူးသေးတဲ့ နယ်မြေ ဒေသမို့ လက်ရှိအခြေအနေတွေက မစုံစမ်းလို့မဖြစ်ပါဘူး။ တနေ့ရွှေ တနေ့ငွေဖြစ်တတ်တဲ့သဘာဝကို ခေတ်က သင်ကြားပေးထားခဲ့လို့ တချက်သတိလစ်လို့ မရပါဘူး။ ဒါနဲ့ ဘားအံက မြ၀တီခရီးဆက်ခဲ့ပါတယ်။ အိန္ဒု၊ လွန်းည၊ ဂျိုင်း၊ ကျုံဒိုး၊ ကော့ကရိတ်အထိ မူလကားလမ်းအဟောင်းအတိုင်းပါပဲ။ ပတ်ဝန်းကျင် တောတောင်လယ်မြေတွေ စိမ်းစိမ်းဝေေ၀နဲ့ အေးအေးချမ်းချမ်းပါပဲ။ လမ်းဘေးဝဲယာက ကရင်သွေးချင်းရွာ ကလေးတွေလည်း ငြိမ်းချမ်းလို့ပါ။
“လမ်းသစ်စပြီ”
ကော့ကရိတ်မြို့ဝင်ခါနီးမှာတော့ ကားလမ်းဟောင်းကနေခွဲထွက်ပြီး ကားလမ်းအသစ်ကို မြ၀တီကို ဆက်လက် ခရီးနှင်ခဲ့ကြပါပြီ။ ထိုင်းနိုင်ငံက ဖောက်လုပ်ပေးထားတဲ့လမ်းတဲ့။ အာရှစီးပွားရေးမဟာဗျူဟာ လမ်းဆိုလားပဲ။ လမ်းကဖြူးပြီး ညက်နေတာပါ။ ကားဆိုတာ မောင်းလို့မောင်းနေမှန်းမသိအောင်ကို သက်သောင့်သက်သာ ရှိလှပါတယ်။ (ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မျက်ရည်ကျလောက်တဲ့လမ်းပါ။) မြ၀တီရောက်တဲ့အထိ ခလုတ်မထိ၊ ဆူးမငြိပါ။ (ဒီလိုရေးပြ နေရတာက အဲဒီဘက်ကို မရောက်ဖူးသေးကြတဲ့သူတွေအတွက်ရော၊ ရောက်ဖူးသူတွေအတွက်ပါ လိုအပ်မယ်ထင်လို့ပါ။ စိုးရိမ်ဖို့မဟုတ်ပါဘူး။ ရန်ကုန်ပြန်ရောက်တော့ မိတ်ဆွေတွေ က ''အဲဒီဘက်အေးချမ်းရဲ့လား၊ တိုက်ပွဲတွေဖြစ်နေတယ်ဆို''လို့မေးကြလို့ပါ။)
“မြ၀တီမှ မဲဆောက်”
မြ၀တီရောက်ပြီဆိုတာနဲ့ မူလကတည်းကလည်ပတ်ဖို့ စိတ်ကူးထားခဲ့တဲ့ တဖက်နိုင်ငံ မဲဆောက်ကိုသွားဖို့ စီစဉ်ရပါတယ်။ အဲမှာတင် ဘာစကြားရသလဲဆိုတော့ ''မဲဆောက်မှာ အလောင်းဘုရား ဦးအောင်ဇေယျရုပ်တုရှိတယ်။ အဲဒီရောက်အောင်သွား''တဲ့။ ဒီစကားကြားရတော့ ကျွန်တော်နောက် ကြောင်းရာဇ၀င်ကိုပြန်ပြီးစဉ်းစားခန်းဝင်ခဲ့ရပါတယ်။ ကျွန်တော် မှတ်ဖူးကြားဖူးသလောက်တော့'မဲဆောက်' မှာ ဦးအောင်ဇေယျရုပ်တုရှိတယ်လို့ မကြားဖူး မမှတ်ဖူးပါဘူး။ (သူတို့တိုင်းပြည်ကရော ဦးအောင်ဇေယျကို ရုပ်တုလုပ်ပြီး ကိုးကွယ်မှာတဲ့လား။ ရှင်းပါတယ်။)
ကိုယ့်နိုင်ငံနဲ့ ခြံစည်းရိုးကပ်နေတဲ့ တဖက်အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ဒေသတွေကို ရောက်ဖြစ်တဲ့အခါတိုင်း ကျွန်တော့်မှာခံစားမှုတခုရှိပါတယ်။ ကိုယ့်မြေနဲ့သူ့မြေ ဘာတွေများကွာခြားသလဲ။ သူ့မြေမှာ ဘာပန်းတွေပွင့်လို့ ဘာစခန်းတွေဖွင့်နေသလဲ။ ဘာလမ်းတွေသင့်နေသလဲ အလွန်သိချင်ပါတယ်။ ထိုင်းနိုင်ငံ ဘယ်လောက်ပဲတိုးတက်နေတယ်ဆိုဆို ပဒေသရာဇ်ခေတ်ထဲမှာပဲ ကျန်နေပါသေးတယ်။ ''မှန်ပါ့ ဘုရား''ခေတ်စနစ်ကြီးအောက်မှာပါပဲ ရှိနေပါသေးတယ်။ ဒီတော့ မြ၀တီရောက်လို့ အခါအခွင့်သင့်တုန်း 'မဲဆောက်'ဆိုပြီး နာမည်ကြီးနေတဲ့ စီးပွားရေးအရှေ့တံခါးဝကို ကျွန်တော့်လက်နဲ့ တဒုန်းဒုန်းရိုက်ပုတ်ဝင်လိုက်ပါသည်။
“ဖဝေါရုပ်တုတွေ့ပြီ”
ချောင်းသာသာရှိတဲ့ သောင်ရင်းမြစ်ရဲ့ မြစ်ကူးတံတားကျော်ဖြတ်လိုက်ရုံနဲ့ မဲဆောက်မြို့ပေါ်ခြေချပါပြီ။ အဲဒီကနေ ဆယ်မိုင်ကျော်လောက် ဆက်သွားတော့ မဲဆောက်ပြီး အရှေ့ဖျားရောက်ပြီး ဖဝေါရုပ်တုကို တွေ့ရပါတယ်။ အဲဒီရုပ်တုထားတဲ့ အဆောက်အဦရဲ့ နောက်ကျောဘက် ခပ်လှမ်းလှမ်းမှာ အမြင့်ပေ လေးငါးရာလောက်ရှိတဲ့ တောင်ထွတ်တခု၊ ကျောက်တောင်တခုထင်ပါရဲ့။ (ဖဝေါရုပ်တုဆိုတာကို နောက်မှ သိရတာပါ။) ရုပ်တုအဆောက်အဦရှေ့နားမှာ ယိုးဒယားဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်တခုတွေ့ရပါတယ်။ အဲဒီရုပ်တုရှေ့မှာတော့ သူ့နိုင်ငံကလူတွေ လာရောက်ပြီး ပန်းနဲ့သစ်သီးတွေ ပူဇော်နေကြတာတွေ့ရသလို၊ ဖဝေါရုပ်တုရဲ့မျက်နှာကိုပဲ ချန်ထားပြီး တကိုယ်လုံးမှာ ရွှေတွေချထားပါတယ်။ ရွှေကပ်လှူနေတာလည်းတွေ့ ရပါတယ်။ သူတို့ဒီရုပ်တုကို ကိုးကွယ်ရှိခိုးနေကြတာပါ။ ကျွန်တော်ကတော့ ရုပ်တုနားကပ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ရုံပါပဲ။ ဘာမှန်းမသိ ညာမှန်းမသိသေးတာကိုး။
မဲဆောက်ကိုသွားဖို့ဆိုပြီး ကျွန်တော်တို့ငှားလာတဲ့ကားက ယာဉ်မောင်းကလည်း မြ၀တီကပါ။ ဧရာဝတီတိုင်းသားဇာတိ မြန်မာတဦးပါပဲ။ မဲဆောက်ကို အခေါက်ခေါက်အခါခါ ကားအငှားလိုက်နေတဲ့သူပါပဲ။ ဖဝေါရုပ်တုကို ဦးအောင်ဇေယျရုပ်တုပဲလို့ သူက တပ်အပ်ပြောနေပေမဲ့ အခြားဘာမှမသိပါဘူး။ စူးစမ်း လေ့လာမှုမရှိပါဘူး။ မြ၀တီမှာ အခြေချနေထိုင်တာလည်း ကြာလှပြီဆိုသေး။ ဒီနေရာကို ဦးအောင်ဇေယျ ရုပ်တုရှိတယ်ပြောပြီး လိုက်လိုက်ပို့နေတာ အကြိမ်နည်းမှာ မဟုတ်တော့ဘူး။ ဒီရုပ်တုကို ကျွန်တော်မြင်တွေ့ခဲ့ရပေမဲ့ သဘော မတွေ့ပါ။ ဦးအောင်ဇေယျရုပ်တု မဖြစ်နိုင်ဟုသာ စိတ်ထဲထင်နေပါသည်။ ဒီရုပ်တု ဘာဆိုတာရှင်းပြမယ့်သူလည်း မရှာခဲ့မိဘူး။
“ဖဝေါ (သို့မဟုတ်) မောင်နီ”
မဲဆောက်နေ့ချင်းပြန်ခရီးမို့ အချိန်မရခဲ့လို့ ဒီရုပ်တုကိစ္စကြီးက မရှင်းမရှင်းနဲ့ ကျွန်တော့်ခေါင်းထဲ စွဲလာပါတယ်။ ကျွန်တော် မြ၀တီပြန်ရောက်တော့ မြ၀တီနယ် စာရေးဆရာအသင်းဥက္ကဋ္ဌနဲ့ဆုံတွေ့ပြီး သူ ဆက်သွယ်ပေးလို့ ဦးအောင်တင်ဝင်းဆိုသူနဲ့ ဖုန်းအဆက်အသွယ်ရခဲ့ပါတယ်။ ဦးအောင်တင်ဝင်းဆိုတာက ကျိုက်မရောမြို့နယ် ကတိုးကော့နှပ်ကျေးရွာဇာတိပါ။ မြ၀တီမြို့မှာ အခြေချနေထိုင်တဲ့သူဖြစ်ပြီး မြ၀တီမြို့ရဲ့ မြို့နယ်အဆင့် နယ်ခြားကော်မတီ (Township Border Committee) TBC မှာ တရားဝင် မြန်မာ- ထိုင်း ဘာသာပြန်တဦးလို့ သိရပါတယ်။ ဦးအောင်တင်ဝင်းကို မေးမြန်းကြည့်တော့မှပဲ ရင်ထဲရှင်းသွားပါတယ်။ ဒါကို ကျွန်တော် ဆောင်းပါးရေးမယ်လို့ပြောပြတော့ ''ဆရာတို့ရေးမှပဲ လူတွေသိကြမှာပါ''လို့ တိုက်တွန်းအားပေးပါတယ်။ သူကလည်း မော်လမြိုင်ကပြန်အလာ ကျွန်တော်ကလည်း မြ၀တီက ရန်ကုန်ပြန်ဖို့ ပြင်ဆင်နေရချိန်ဖြစ်နေလို့ လူချင်းအချိန်မရတော့လို့ မတွေ့ဆုံဖြစ်ခဲ့ပေမဲ့ ဖုန်းနဲ့ပဲ အတော်ကြာကြာမေးမြန်းခဲ့ရပါတယ်။ ကျွန်တော် ရန်ကုန်ပြန်ရောက်တော့လည်း ဦးအောင်တင်ဝင်းဆီ သိချင်တာတွေ ထပ်မေးရပါတယ်။ စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ဦးအောင်တင်ဝင်းကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ဒီနေရာကပဲ မှတ်တမ်းတင်လိုက်ပါရစေ။ သူ ရှင်းပြတာက 'ဖဝေါ'ဆိုတာ မြန်မာလို 'မောင်နီ'၊ ကရင် လူမျိုးထိုင်းနိုင်ငံသားစစ်သားတဦးပါ။ ရှေးခေတ် ယိုးဒယားစစ်သည်ဆက်သားတဦးတဲ့။ အခု ဖဝေါရုပ်တု နောက်နားဆီက ကျောက်တောင်ထွတ်ပေါ်ကနေပြီး ရန်သူ တပ်အလာကို မျှော်ကင်းလုပ်ပြီး စောင့်ကြည့်ရသတဲ့။ ရန်သူတပ်လာတာကို လှမ်းမြင်ရပြီဆိုရင် အဲဒီတောင်ထိပ်ပေါ်ကဆင်းလာပြီး မိုင်(၄၀) လောက် ဝေးတဲ့ သူ့ရဲ့တပ်စခန်းရှိရာ (TAK) တာ့ခ်မြို့ကို မြင်းစီးပြီး အမြန်သတင်းပို့ရတဲ့ မြင်းစီးဆက်သား။ (ရန်သူတပ်ဆိုတာကလည်း အလောင်းဘုရား ဦးအောင် ဇေယျရဲ့ မြန်မာတပ်ဖြစ်ဖို့ပဲ ရှိပါတယ်။)
ဖဝေါ (မောင်နီ)သေတော့ နတ်စိမ်းဖြစ်တယ်လို့ ယုံကြည်ကြပြီး ရုပ်တုလုပ်၊ နတ်ကွန်းဆောက်ပေးခဲ့တာပါတဲ့။ အခုတွေ့ရတဲ့ ဖဝေါရုပ်တုထားရှိတဲ့ အဆောက်အဦရှေ့က ထိုင်းဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်ကို ဘာရေးထားတာလဲလို့ ဦးအောင်ဝင်းကို ကျွန်တော် မေးကြည့်တော့ -
''ဖဝေါဘိုးဘိုးနတ်ကွန်း''ပါတဲ့။
ဖဝေါက ကြက်ဝါသနာအိုးမို့ သူ့နတ်ကွန်းရှေ့မျက်နှာစာမှာ ကြက်ရုပ်တုပေါင်းမြောက်မြားစွာ ထုလုပ်ထားပြီး ပန်းခြံသဖွယ်လုပ်ထားတဲ့ နတ်ကွန်းပါ။
နတ်ကွန်းဆိုင်းဘုတ်ရဲ့ရှေ့နားမှာတော့ မြင်းဖြူရုပ်တုနဲ့ ဓားကိုင်ထားတဲ့ ဖဝေါရုပ်တုကို ယှဉ်တွဲထားပါတယ်။ မြင်းသည်တော်ဆက်သားဖဝေါနဲ့ သူ့ခြေမြန်တော်မြင်းဆိုတာ ပေါ်လွင်လာပါပြီ၊ ယုတ္တိရှိလာပါပြီ။ အဲဒီ ဖဝေါဘိုးဘိုးကို ပူဇော်ပ,သရင် စီးပွား လာဘ်လာဘ တိုးတက်တယ်အယူရှိကြလို့ ဒေသခံ ထိုင်းနိုင်ငံသူထိုင်းနိုင်ငံသားတွေ လာရောက်ကန်တော့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။ 'ဖဝေါ'ဟာ ယိုးဒယား စစ်သားတယောက်ဖြစ်လို့ သူ့နတ်ကွန်းမြေအတွင်းကို သေနတ်တလက်ပါလာရင် ကိုင်ဆောင်ခွင့်ပြုပြီး သေနတ်ပစ်ဖောက်ခွင့်ပေး၍ ပူဇော်ခြင်း၊ သေနတ်မပါခဲ့ရင် ဗြောက်အိုးများပစ်ဖောက်ခွင့်ပေးပြီး ပူဇော်ခြင်း များပြုလုပ်ကြတယ်လို့လည်း သိရှိရပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာပဲ ဗြောက်အိုးပစ်ဖောက်သံတွေ နတ်ကွန်းအနီးမှာ ဆူညံနေအောင် ကြားခဲ့ရပါတယ်။
(၁၉၉၁ ခုနှစ်က ကျွန်တော် ကော့သောင်းမြို့ရောက်ခဲ့စဉ် ထိုင်းငါးဖမ်းလှေတွေဟာ ဗြောက်အိုးတွေ ပစ်ဖောက်ပူဇော်ပြီးမှ ငါးဖမ်းထွက်ကြပါတယ်။ လာဘ်လာဘငါးများများရအောင် ဗြောက်အိုးပစ်ဖောက်ပူဇော် ကြတဲ့သူတို့ ရိုးရာဓလေ့ပါပဲ။)
“ခရီးသွားလုပ်ငန်းကြော်ငြာတွေရဲ့ လှည့်စားမှုလား”
မြန်မာပြည်ရဲ့ဥတုသုံးလီထဲက မိုးဥတုကုန်ဆုံးလို့ ပွင့်လင်းရာသီဘာ ၄ ဘာဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ကလေးတွေ သီတင်းကျွတ်ကျောင်းပိတ်ရက်၊ တန် ဆောင်တိုင်ပွဲတော်ရက်တွေနဲ့ ဘုရားဖူးထွက်ကြ၊ မိသားစုလိုက် အဖွဲ့လိုက်တွေ အလည်အပတ်ခရီးစဉ်တွေ စီစဉ်ကြတာမို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ အကြိုက်တွေ့တဲ့ရာသီပါပဲ။ သူတို့တွေ အကြိုက်တွေ့ အမြတ်ငွေတွေ ပွေ့ပိုက်ကြမှာက အကြောင်းမဟုတ်။ သူတို့ဆွဲဆောင်တဲ့ ကြော်ငြာတွေက အကြိုက်မတွေ့စရာ ပါလာတာ တွေ့ရတာကအကြောင်းပါ။
''မြ၀တီ-မဲဆောက်'ခရီးစဉ်ကြော်ငြာတွေပါ။ သတင်းစာတွေမှာရော FB တွေမှာပါ ပလူပျံနေတော့တာပါ။ အဲဒီကြော်ငြာတွေမှာ 'မဲဆောက်က ဦးအောင်ဇေယျနတ်နန်း'နဲ့ အခြားနေရာတွေကို လည်ပတ်ကြဖို့ ဆွဲဆောင်ထားတာတွေ့တွေ့နေရပါတယ်။ ယိုးဒယား သမိုင်းနဲ့ ကျွန်တော်တို့'အလောင်းဘုရားဦးအောင် ဇေယျ'ကို မြန်မာတွေ သမိုင်းနဲ့ချီပြီး သိထားတဲ့ကိစ္စကို ခုတုံးလုပ်ပြီး လှည့်ဖြားထားတယ်လို့ ကျွန်တော် တွေး ကြည့်မိပါတယ်။ လွယ်လွယ်လေးပါ။ ယိုးဒယားက မြန်မာအလောင်းဘုရား ဦးအောင်ဇေယျကို ရုပ်တုလုပ်ပြီး ကိုးကွယ်ထားပါ့မလား၊ ဒီလောက်ပဲ ပြောပါရစေ။ ပြည်သူတွေကို မလှည့်ဖြား မလှည့်စားပါနဲ့လို့ ပြော ချင်ပါတယ်။
“ဘုမသိ ဘမသိ”
'မြ၀တီ'ရောက်လို့ 'မဲဆောက်'ကို အထင်တကြီးနဲ့ သွားကြမယ့် ကိုမြန်မာတွေ ဘုမသိဘမသိနဲ့ ဖဝေါရုပ်တုကို ဖင်ဗူးတောင်းထောင်ပြီး ကန်တော့ကုန်ကြရင်ဖြင့် ခက်ကုန်ကြပါလိမ့်မယ်။ ဒါကို ဟိုတယ်/ ခရီးဌာနနဲ့ တာဝန်ရှိသူတွေက လက်ပိုက်ကြည့်နေတော့မှာလား။ မြ၀တီ 'လ၀က'နဲ့ မဲဆောက် 'လ၀က'ကတော့ အိုကေမှာ စိုပြည်လျက် Special Pass (SP) တွေလုပ်ပေးပြီး စေတနာရေစီးကမ်းပြိုလျက်ပါပဲ။ ခရီးသွားတွေကတော့ SP အတွက်လည်း ခံကြပေရော့ပဲ။ ကျွန်တော်ကတော့ ဆိုင်ရာပိုင်ရာနဲ့လုပ်လိုက်လို့ SP အတွက် အကုန်အကျ မရှိခဲ့ပါဘူး။ ယိုးဒယားဘက်မှာတော့ ကားတစီး ဘတ် ၁၀၀ ပူဇော်ရပါတယ်။ ဟိုဘက်ကား ဘယ်နှစီးထွက်လဲ၊ တွက် ကြည့်ကြပေတော့ အရပ်ကတို့။
(တောင်တွင်းမောင်သင်းကျော်)
စာကြွင်း -
ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ၊ ခရီးသွားလမ်း ညွှန်တွေအနေနဲ့ မဲဆောက်မှာ ဦးအောင်ဇေယျနတ် နန်းရှိတယ်ဆိုတာ မှန်တယ်ဆိုရင် ဓာတ်ပုံအထောက် အထားယုတ္တိတန်တဲ့အကြောင်းအချက်တွေနဲ့ ကြော်ငြာဖော်ပြပေးစေလိုပါတယ်။ ကျွန်တော်တို့ မှတ်သားထားချင်လို့ပါ။ အရင်းအမြစ် (SOURCE) ကိစ္စ တွေဟာ ဘယ်ဘာသာရပ်မှာမဆို အလွန်အရေးကြီးပါတယ်။ ပေါ့ပေါ့တန်တန်လုပ်ကြရင်ဖြင့် သမိုင်းတွေ ကျွမ်းထိုးမှောက်ခုံဖြစ်နိုင်ပါတယ်။ ပြီးတော့ ရှိသေးတယ်။ 'မြ၀တီ-မဲဆောက်သို့ ပြည်တွင်းခရီးသွားများ လာရောက်လေ့လာလည်ပတ်မှုများပြား'ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ပြည်တွင်းရေးရာသတင်းအမြစ် အစိုးရ သတင်းစာတစောင်မှာ လွန်ခဲ့တဲ့ တလလောက်ကရေးထားတဲ့ သတင်းတပုဒ်ကို ဖတ်ရပြန်ပါသေးတယ်။ ခရီးသွားအများစုဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အဓိက ဦးအောင်ဇေယျနတ်နန်း၊ ရွှေကျောင်း၊ နဂါးဂူတွေကို သွားရောက်လည်ပတ်ကြတယ်လို့ ခရီးသွား ပို့ဆောင်ရေး လုပ်ကိုင်ပေးနေသူ ဦး---က ပြောကြောင်း၊ အထင်ကရ နေရာ (၁၁)နေရာကို တရက်တာခရီးစဉ် ကျပ်ငွေ ၁၂၀၀၀၀ိ နှုန်းသာကျသင့်ကြောင်း ရေးသားတဲ့ ကြော်ငြာသတင်းတပုဒ်ကို ဖတ်လိုက်ရတော့ သတင်းစာမှာ သတင်းတွေက ဒီလိုလည်းရှိပါလားလို့ အံ့သြရပါတယ်။ ဒါ စာနယ်ဇင်းကျင့်ဝတ်လို့တော့ မစွပ်စွဲရက်ပါဘူး။
(စာရေးသူ)
တောင်တွင်းမောင်သင်းကျော်
Credit: News Watch Journal
Monday, December 26, 2016
"HR များနဲ့ ၂၀၁၇ ရဲ့ စိန်ခေါ်သံ
------------------------------------
Times change and we change with them. “အချိန်တွေဟာပြောင်းလဲနေတယ်။ ပြောင်းလဲနေတဲ့အချိန်တွေနှင့်အတူ ကျွန် တော်တို့လည်း ပြောင်းလဲနေတယ်” ဆိုတဲ့ ဆိုရိုးစကားလေးကို သတိဝင်သွားမိတယ်။ သက္ကရာဇ် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် ကိုပြောင်းလဲလာတဲ့အခါမှာ စာရေးသူတို့ အနေနှင့် နှစ်ဟောင်းမှာကျင်လည်ခဲ့တဲ့ အ တွေ့အကြုံတွေ၊ လေ့လာမှုတွေ၊ ကြိုးစား အားထုတ်မှုတွေ၊ လုပ်ပုံကိုင်ပုံတွေကိုမ ပြောင်းလဲဘဲ ဆက်လက်ထိန်းသိမ်းထားရ မှာလားဆိုတာကို သုံးသပ်ဖို့လိုအပ်လာပါ ပြီ။
 ၂၀၁၇ ခုနှစ်ဟာ နိုင်ငံရေးအနေအ ထားနဲ့ကြည့်ရင် ပြည်သူ့အစိုးရ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ပြောင်းလဲဖို့ရှိမယ်လို့ မျှော်လင့်ရသလို စီးပွားရေးအ နေအထားအရလည်း အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) စာရေးသူတို့မြန် မာနိုင်ငံအတွင်းမှာ ကောင်းကောင်း အသက်ဝင်လှုပ်ရှားတော့မယ့် နှစ်ပဲဖြစ်ပါ တယ်။
 ပြည်သူ့အစိုးရနဲ့ AFTA/ AEC တို့ရဲ့ အသက်ဝင်လှုပ်ရှားမှုတွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) တွေမြန်မာနိုင်ငံအတွင်းလာရောက် မြှုပ်နှံဖို့ အခွင့်အလမ်း ကောင်းတွေဖန်တီးပေးထားသလို မြန်မာ နိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအနေ နဲ့လည်း အာဆီယံနိုင်ငံတွေမှာ ပိုမိုပြီးဈေး ကွက်ချဲ့ထွင်ယှဉ်ပြိုင်နိုင်ကြတော့ဖြစ်ပါ တယ်။
 စာရေးသူတို့နိုင်ငံအတွင်းကို နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု (FDI) တွေများစွာ ဝင် လာတာပဲဖြစ်ဖြစ် စာရေးသူတို့နိုင်ငံကနေ အခြားနိုင်ငံတွေဆီကို စီးပွားရေးအရသွား ရောက်ဈေးကွက်ချဲ့ထွင်တာပဲဖြစ်ဖြစ် လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ထဲ မှာ အပြိုင်အဆိုင်ယှဉ်ပြိုင်ဖို့လိုလာပါပြီ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI တွေဝင်လာရင် အများအားဖြင့် သူတို့မှာ (၄)မျိုးပါလာပါ တယ်။ ငွေကြေးအင်အားတောင့်တင်းမှု (Financing)၊ နိုင်ငံတကာမှာရှိတဲ့ ကျယ် ပြန့်တဲ့ဈေးကွက် (Market)၊ နည်းပညာ (Technology)၊ စီမံခန့်ခွဲမှု (Management) ဆိုပြီးဖြစ်ပါတယ်။ လက်ရှိအခြေ အနေအရသုံးသပ်ရရင် စာရေးသူတို့မြန် မာနိုင်ငံအနေနှင့် နိုင်ငံခြားလုပ်ငန်းတွေကို ဖော်ပြပါအချက် (၄)ချက်နှင့် ယှဉ်ပြိုင်နိုင် ဖို့ အတော်ခက်ခဲပါသေးတယ်။ ဒီလိုယှဉ် ပြိုင်တဲ့နေရာမှာလည်း စွမ်းဆောင်ရည် ပြည့်ဝပြီး ထက်မြက်သွက်လက်တဲ့ဝန် ထမ်းတွေ မိမိတို့လုပ်ငန်းမှာရှိနေဖို့ အရေး ကြီးပါတယ်။ လူသာရှိပြီး Capacity မရှိ နေရင် အများနှင့်ယှဉ်ရင် အသားစီးရဖို့ ဆိုတာမလွယ်ပါဘူး။ နိုင်ငံခြားလုပ်ငန်းတွေ ဘယ်လောက်ဘဲဘဏ္ဍာငွေကြေးတွေ တောင့်တင်းပါစေ၊ နည်းပညာတွေ ကောင်းနေပါစေ၊ မိမိတို့နိုင်ငံအတွင်းမှာ ဝင်ရောက်လုပ်ကိုင်လာပြီဆိုရင် စာရေးသူ တို့နိုင်ငံမှာရှိတဲ့ လုပ်သားထု Workforce ကိုအများဆုံးအသုံးချပြီး လုပ်ငန်းလုပ်ကိုင် ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ HR Professionals တွေအတွက် စိန်ခေါ်မှုတွေဖြစ် ပေါ်လာပါပြီ။ အများနှင့်ယှဉ်ရင် လုပ်သား ဈေးကွက်ထဲက အရည်အချင်းပြည့်ဝတဲ့ လုပ်သားတွေ  မိမိတို့လုပ်ငန်းမှာ လုပ်ကိုင် လိုစိတ်ဖြစ်အောင် ဆွဲဆောင်ရတာတွေရှိ သလို လက်ရှိမိမိဝန်ထမ်းတွေဟာ ယှဉ် ပြိုင်နိုင်စွမ်းရှိတဲ့ အရည်အချင်းဗဟုသုတ၊ ကျွမ်းကျင်မှုတွေမရှိခဲ့ရင်လည်း ဘယ်လိုပို မိုတိုးတက်ကောင်းမွန်လာအောင် ပျိုး ထောင်ဖို့ လိုအပ်တယ်ဆိုတာတွေက အ ရေးကြီးပါတယ်။ Make or Buy လုပ်ငန်း ထဲကလူကိုအရည်အချင်းပြည့်မီအောင် လုပ်မှာလား၊ ဒါမှမဟုတ် အပြင်ကအသိ ပညာရှင်၊ အတတ်ပညာရှင်တွေကို ငှား ရမ်းသုံးစွဲမလားဆိုတဲ့ မေးခွန်းကိုဖြေရ တော့မယ့်ကာလဖြစ်ပါတယ်။
 ၂၀၁၇ခုနှစ်နိုင်ငံတကာအဖွဲ့အ စည်းတွေနှင့် ယှဉ်ပြိုင်လာတဲ့အခါမှာ HR Professionals တွေအနေနဲ့လည်း Local HRM အဆင့်နှင့်ယှဉ်ပြိုင်လို့မရတော့ပါ ဘူး။ Global HRM အဆင့်နှင့် လုပ်ငန်း ကြီးဈေးကွက်မှာ အများနှင့်ယှဉ်ရင် အ သာစီးရနေအောင် စွမ်းဆောင်ပေးမယ့် ဝန်ထမ်းတွေ၊ မန်နေဂျာတွေကို စီမံခန့်ခွဲ ဖို့လိုအပ်ပါတယ်။ HR Professional တွေ ကိုယ်တိုင် Global HR တွေဖြစ်နေဖို့လို အပ်ပြီး လုပ်ငန်းရဲ့ဈေးကွက်ဆိုင်ရာပတ် ဝန်းကျင်တွေက ဘာတွေလဲ၊ အလုပ်သမား သမဂ္ဂတွေရဲ့အခန်းကဏ္ဍကရော ဘယ် အတိုင်းအတာအထိရှိနေလဲ၊ လုပ်ငန်းလုပ် ကိုင်နေတဲ့ နိုင်ငံရဲ့အလုပ်သမားဥပဒေတွေ က ဘာတွေလဲစတဲ့မေးခွန်းတွေကို ကိုယ့် ကိုယ်ကိုပြန်မေးရပါလိမ့်မယ်။ Global HRM လုပ်လာတဲ့အခါမှာ အဓိကအား ဖြင့် ကြုံတွေ့ရမှာတွေက  Globalization ပဲဖြစ်ပါတယ်။ Globalization ဆိုတာ ကမ္ဘာနှင့် တဝှမ်းမှာရှိတဲ့ဈေး ကွက်တွေမှာ နိုင်ငံတကာအဆင့် စီးပွားရေးအရပူးပေါင်း လုပ်ကိုင်တဲ့ဖြစ်စဉ်လို့ သတ်မှတ်လို့ရပါ တယ်။ ကမ္ဘာဖြစ်မှုနှင့် အတူပါဝင်လာတာ က ဘာသာစကားကျွမ်းကျင်မှုပဲဖြစ်ပါ တယ်။
HR Professional တွေအနေနဲ့ HR ပညာရပ်နဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ တော်နေပါစေ ဘာသာစကားကျွမ်းကျင်မှု ချို့တဲ့နေရင် ထင်သလောက်ခရီးမပေါက် တော့ဘဲ အခက်အခဲတွေနှင့် ရင်ဆိုင်ရနိုင် ပါတယ်။ ကမ္ဘာသုံးဘာသာစကားတွေ တစ် မျိုးနှင့် အထက်ရှိပေမဲ့လည်း အင်္ဂလိပ်ဘာ သာစကားကတော့ လက်ရှိအခြေအနေ အထိ တကမ္ဘာလုံးနီးပါးအသုံးပြုနေကြတဲ့ အတွက် အင်္ဂလိပ်ဘာသာ စကားကျွမ်း ကျင်မှုတွေရှိနေအောင် အားထုတ်သင့်ပါ တယ်။
 နောက်ထပ်ကြုံတွေရင်ဆိုင်ရမှာ  တစ်ခုကတော့ လုပ်ငန်းပတ်ဝန်းကျင်ဆိုင် ရာကွဲပြားချကEnvironment differences တွေပဲဖြစ်ပါတယ်။ Environmental differences တွေမှာအများအားဖြင့် ဈေး ကွက်ရဲ့ဗဟိုအချက်အချာကျမှုကွဲပြား ချက်၊ အဖွဲ့အစည်းဆိုင်ရာကွဲပြားချက်၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာကွဲပြားချက်၊ အ လုပ်သမားသမဂ္ဂတွေရဲ့စုပေါင်းအရေးဆိုမှု ကွဲပြားချက်၊ လုပ်သားထုရဲ့အသွင်အပြင် အမူအကျင့်ကွဲပြားမှုတွေပါဝင်နိုင်ပါတယ်။
 ဥပမာအားဖြင့် အမေရိက၊ ကနေဒါနှင့် ဂျပန်နိုင်ငံတွေမှာရှိတဲ့ အလုပ်သမားသမဂ္ဂ တွေရဲ့စုပေါင်းအရေးဆိုမှုတွေဟာ စာရေး သူတို့နိုင်ငံထက်များစွာ ဖြစ်ထွန်းနေပါ တယ်။ စာရေးသူတို့မြန်မာနိုင်ငံမှာ အလုပ် သမားသမဂ္ဂတွေရဲ့အခန်းကဏ္ဍဟာ သိပ်မ ပေါ်လွင်သေးပေမဲ့ ယခုနှစ်၂၀၁၇ ကစလို့ အရင်ထက်ပိုမိုအားကောင်းလာဖွယ်ရှိပါ တယ်။ အလုပ်သမားသမဂ္ဂအဖွဲ့တွေ ပိုမို အားကောင်းလာတာနှင့်အမျှ စုပေါင်းအ ရေးဆိုမှုတွေ ပိုမိုများပြားလာနိုင်ပါတယ်။
 ဒီလိုအခြေအနေမျိုးဟာ စီမံခန့်ခွဲသူမန်နေ ဂျာတွေနှင့် HR Professional တွေအ တွက် လုပ်ငန်းခွင်ချောမွေ့မှုတွေအများအ ပြားဖြစ်လာနိုင်ပါတယ်။ အလုပ်ရှင်၊ အ လုပ်သမားအကြား ပဋိပက္ခတွေနှင့် ရင်ဆိုင် လာရတဲ့အခါမျိုးမှာ ဝန်ထမ်းတစ်ဦးချင်း နှင့်ညှိနှိုင်းဆောင်ရွက်ရတာထက် အလုပ် သမားအဖွဲ့အစည်းက တင်မြှောက်တဲ့ အ လုပ်သမားသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှုတွေဟာ ခရီးတွင်ကျယ် နိုင်ပါတယ်။
 နောက်ထပ်ကြုံတွေရမယ့် တစ်ခုက တော့ ယဉ်ကျေးမှုကွဲပြားချက်ပဲဖြစ်ပါ တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနှင့် ယှဉ်ပြိုင်လာတဲ့အခါမှာ မိမိတို့လုပ်ငန်းဟာ နိုင်ငံတကာအဖွဲ့အစည်း သို့မဟုတ်ပြည် တွင်းအဖွဲ့အစည်းကိုပင် နိုင်ငံခြားသားတွေ အပါအဝင်ဖွဲ့စည်းထားတာဆိုရင် ယဉ် ကျေးမှုကွဲပြားချက်နှင့် မလွဲမသွေကြုံတွေ့ ရပါလိမ့်မယ်။ စာရေးသူတို့နိုင်ငံသားတွေ ထားတဲ့ တန်ဖိုးထားမှုကတစ်မျိုး၊ နိုင်ငံခြား သားတွေထားတဲ့ တန်ဖိုးထားမှုကတစ်မျိုး ဖြစ်တတ်ပါတယ်။ Diversity များတဲ့ အဖွဲ့ အစည်းအတွင်းမှာရှိတဲ့ HR Professionals  တွေအနေဖြင့် ယဉ်ကျေးမှုကွဲပြားချက်အ ပေါ်မူတည်ပြီး စီမံခန့်ခွဲနိုင်ဖို့အရေးကြီးပါ တယ်။
   Global staffing ကလည်း Challenge တစ်ခုဖြစ်လာနိုင်ပါတယ်။ လုပ်ငန်းအတွက် အရေးကြီးတဲ့ စွမ်းဆောင်ချက်တွေကို လုပ် ဆောင်ပေးနိုင်တဲ့ Key Players တွေ၊ Senior Management တွေပြန်လည်ရွေး ချယ်ခန့်အပ်ဖို့လိုတဲ့အခါမှာ လုပ်ငန်းရဲ့ မိခင်နိုင်ငံမှာရှိတဲ့ တတ်ကျွမ်းနားလည်သူ တွေကိုခန့်မလား၊ လုပ်ငန်းအတွင်းမှာ လုပ် ကိုင်နေတဲ့ နိုင်ငံခြားသားတတ်သိနားလည် သူကိုပဲခန့်မလား၊ လုပ်ငန်းအတွင်းက မိမိ နိုင်ငံသားလဲမဟုတ် နိုင်ငံခြားသားလဲမ ဟုတ်ဘဲ သီးခြားတတိယလူ  Third Country Nationals ကိုပဲ ငှားရမ်းခန့်အပ်မလား ဆိုတာတွေရှိလာနိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံခြားကငှားရမ်းအသုံးပြုရတဲ့ Expatriates တွေအတွက် Pay and Benefits  တွေကိုစဉ်းစားတဲ့အခါမှာ သူတို့မိခင်နိုင်ငံ မှာရခဲ့တဲ့ လစာငွေတွေ၊ ခံစားခွင့်တွေနှင့် အနီးစပ်ဆုံးတူညီအောင် Home-based ဆိုတာတွေကိုထည့်သွင်းစဉ်းစားလာ ရပါတယ်။
 ဒါတွေသာမကပြောင်းလဲလာတဲ့ ၂၀၁၇ ခုနှစ်မှာ HR Professionals တွေ အနေဖြင့် အဓိကအလေးထားရမယ့် စိန် ခေါ်မှုအချက် (၁၀) ချက်ကိုဖော်ပြလိုပါ တယ်။
(၁) Technology (နည်းပညာ)
 နိုင်ငံတကာအဖွဲ့အစည်းတွေနှင့် ရင် ဘောင်တန်းတဲ့အခါမှာ နည်းပညာဟာ အရေးကြီးပါတယ်။ နည်းပညာအရေးကြီး သလို အဲဒီနည်းပညာတွေကိုအသုံးပြုမယ့် သူတွေဟာလည်း နည်းပညာကိုအမီလိုက် နိုင်ရပါမယ်။ HR Professionals တွေအ နေဖြင့် မိမိတို့ကျင်လည်နေတဲ့ နယ်ပယ် နဲ့ပတ်သက်တဲ့နည်း ပညာကျွမ်းကျင်မှုတွေ ရှိဖို့ လိုအပ်သလို ၂၀၁၇ ခုနှစ်အတွင်းမှာ ကြုံတွေရမယ့် နည်းပညာဆိုင်ရာအပြောင်း အလဲတွေကို ဝန်ထမ်းတွေအမီလိုက်နိုင်တဲ့ အခွင့်အလမ်းမျိုးဖြစ်အောင် ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။ ဘယ်လောက်ပဲ ပါရမီ ထူးတဲ့ဝန်ထမ်းတွေ မိမိတို့မှာရှိနေပါစေ နည်းပညာကိုအမီလိုက်နိုင်တဲ့ သူတွေဖြစ် အောင် ပျိုးထောင်ပေးမှုတွေမရှိနေရင် အ ပြိုင်အဆိုင်များမယ့်နှစ်မှာ လုပ်ငန်းအတွက် နှောင့်နှေးမှုတွေဖြစ်လာစေမှာ သေချာသ လောက်ပဲဖြစ်ပါတယ်။
(၂)Be employee-centric (ဝန်ထမ်း ဗဟိုပြုဖြစ်ရမယ်)
 ဝန်ထမ်းတွေကိုစားသုံးသူတွေလို့ စဉ်း စားရပါမယ်။ ဆိုလိုတာကစားသုံးသူတွေ ဘာကြောင့်လုပ်ငန်းရဲ့ထုတ်ကုန်တွေကို ဝယ်တာလဲ၊ ဘယ်လိုတွေဝယ်ကြလဲ၊ ဘယ်အချိန်တွေမှာ ဝယ်ယူသုံးစွဲကြလဲ စ တဲ့စားသုံးသူအပြုအမှုConsumer Behavior ကိုလေ့လာရသလို ဝန်ထမ်းတွေ ဘာ ကြောင့်မိမိတို့လုပ်ငန်းမှာ တာဝန်ထမ်း ဆောင်နေတာလဲ၊ ဘယ်လိုတွေတာဝန် ထမ်းဆောင်နေကြလဲ၊ ဘယ်အချိန်တွေမှာ ဘယ်ဝန်ထမ်းတွေကတော့ ဘယ်လိုတွေ ပြုမူတတ်လဲစတဲ့ မေးခွန်းတွေရဲ့အဖြေကို ရှာရပါလိမ့်မယ်။ ဥပမာ ဝန်ထမ်းတွေအ တွက်လိုအပ်တဲ့ နည်းပညာနဲ့ပတ်သက်ပြီး သင်တန်းတစ်ခုပေးတဲ့အခါမှာ ဝန်ထမ်း တွေဘယ်လိုလိုက်ပါသင်ယူကြလဲ၊ သင်တို့ တွေ သင်ယူချင်ကြရဲ့လား၊ ဘယ်လိုတွေ ပြန်လည်တုန့်ပြန်ကြလဲ စတဲ့မေးခွန်းတွေ ကိုဖြေနိုင်မှသာ HR Professionals တွေ အနေနှင့် ဘယ်လိုသင်ယူလေ့လာမှုပုံစံ တွေ ဖန်တီးရမလဲဆိုတာကိုသိရှိနိုင်မှာဖြစ် ပါတယ်။
(၃)Business alignment (လုပ်ငန်း နှင့် တသားတည်းကျမှု)
 HR တွေဟာအများအားဖြင့် HRM ပညာရပ်တစ်ခုတည်းကိုပဲကြည့်ပြီး လုပ် ဆောင်တဲ့အခါမှာ လုပ်ငန်းနှင့်မကိုက်ညီ တဲ့ အခြေအနေတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်လည်း HR တွေနှင့် Line Managers တွေအကြားအချိန်တွေအကြားကြီး နားလည်မှုတွေလွဲချော်ပြီး အပြန်အလှန် ပြောဆိုလုပ်ဆောင်နေကြတုန်းပဲဖြစ်ပါတယ်။ HR ရဲ့မျှော်မှန်းချက်ပန်းတိုင်တွေဟာ လုပ် ငန်းကြီးတစ်ခုလုံးရဲ့မျှော်မှန်းချက်ပန်းတိုင် တွေဆီဦးတည်ဖို့လိုအပ်ပါတယ်။ HRM ပညာရပ်စကားအသုံးအနှုန်းတွေပဲ သုံးနေ တာထက် Business Lanaguage ဆိုတဲ့ လုပ် ငန်းနဲ့ပတ်သက်လာရင် အသုံးပြုရတဲ့စီးပွား ရေးဆိုင်ရာအသုံးအနှုန်းတွေ၊ အတွေးအ မြင်တွေရှိဖို့လိုအပ်လာပါပြီ။ ဒါမှလည်း HR တွေက HR တစ်ခုတည်းပဲသိတာ၊ ဘာမှ သိတာမဟုတ်ဘူးဆိုတဲ့ အပြောတွေမရှိနိုင် တော့သလို လုပ်ငန်းအနေနှင့်လည်း HR Professionals တွေအပေါ်မှာ လက်တွဲ ဖော် Business Partners တွေအဖြစ်မြင် လာမှာပါ။
(၄) Data (ကိန်းဂဏန်းပိုင်နိုင်မှု)
 ဒီဘက်ခေတ်မှာကိန်းဂဏန်း Data ပိုင်နိုင်မှုဟာ စာရေးသူတို့ HR, Marketing, Finance စတဲ့ ဘယ်လိုပညာရပ်နယ် ပယ်မှာ အသက်မွေးတာပဲဖြစ်ဖြစ်အလွန် အရေးကြီးပါတယ်။ ကိန်းဂဏန်းမပိုင်နိုင် ရင်တော့ နိုင်ငံတကာအဖွဲ့အစည်းတွေနှင့် ယှဉ်ပြိုင်တဲ့နေရာမှာ နောက်ကျကျန်ခဲ့မှာ အသေအချာပဲဖြစ်ပါတယ်။
(၅) Skills (လုပ်ငန်းကျွမ်းကျင်မှု)
 နိုင်ငံတကာအဖွဲ့အစည်းတွေနှင့် ယှဉ်ပြိုင်တဲ့အခါမှာ မိမိတို့ဝန်ထမ်းတွေဟာ လက်ရှိအတွက်သာမက အနာဂတ်မှာလို လာနိုင်ဖွယ်ရှိတဲ့ ကျွမ်းကျင်မှုတွေရှိနေဖို့ အလွန်အရေးကြီးပါတယ်။ သင်တန်းပေး ဖို့လိုအပ်ချက် Training Needs ကဘာတွေ ဖြစ်နေမလဲ၊ ဒီ Training Needs တွေက လုပ်ငန်းကြီးအတွက် အမှန်တကယ်ပဲ လို အပ်နေတာလား။ Traning ပေးလိုက်ရင် ရော လုပ်ငန်းအတွက်လိုအပ်တဲ့ ကျွမ်း ကျင်မှုတွေ တကယ်ပဲရလာမှာလားဆိုတာ တွေကို အသေအချာဆန်းစစ်ဖို့ လိုအပ်ပါ တယ်။
(၆) Learning culture (သင်ယူလေ့ လာမှုအလေ့အထ)
 ဝန်ထမ်းတွေရဲ့အသိပညာ၊ ဗဟုသု တနှင့် လုပ်ငန်းကျွမ်းကျင်မှုတွေဟာ မိမိတို့ အဖွဲ့အစည်းကြီးတစ်ခုလုံးအများနှင့်ယှဉ် ရင် အသားစီးရအောင်ဆောင်ရွက်တဲ့နေ ရာမှာ အရေးကြီးပါတယ်။ နိုင်ငံတကာအ ဖွဲ့အစည်းတွေနှင့် ယှဉ်ပြိုင်နိုင်ဖို့ဆိုရာမှာ နိုင်ငံတကာအဆင့်မီတဲ့ အသိပညာ၊ ဗဟု သုတတွေ ဝန်ထမ်းတွေမှာရှိနေဖိုကလို အပ်ပါတယ်။ဒါကြောင့် လုပ်ငန်းအနေနှင့် မိမိတို့လုပ်ငန်းခွင်အတွင်းမှာ သင်ယူလေ့ လာမှုအလေ့အထတွေဖြစ်ထွန်းလာအောင် ဖန်တီးပေးဖို့လိုအပ်ပါတယ်။
(၇) Talent (ပါရမီရှင်တွေကိုသိရှိမှု)
 ဈေးကွက်ထဲက သဘောသဘာဝတူ လုပ်ငန်းအမျိုးအစားတွေနှင့် ယှဉ်ရင် အသာစီးရအောင် စွမ်းဆောင်ပေးနိုင်တဲ့ ပါရမီရှင်တွေ မိမိတို့မှာရှိသလား၊ တကယ့် ကိုအဓိကအရေးကြီးတဲ့ ပါရမီရှင် Top Talent တွေကိုရော မိမိတို့လုပ်ငန်းကနေ ထွက်ခွာမသွားအောင် ထိန်းထားနိုင်ရဲ့ လား၊ ဘယ်လို Retention  Strategies တွေ သုံးမှာလဲစတဲ့ မေးခွန်းတွေကိုအဖြေထုတ် ထားဖို့လိုအပ်ပါတယ်။
(၈)Mental health and well being (စိတ်သက်သာကျန်းမာမှုဖြစ်ထွန်းရေး)
 မိမိတို့လုပ်ငန်းခွင်ဟာ ဖိအားတွေအ ရမ်းများနေလား၊ ဝန်ထမ်းတွေနဲ့ပတ်သက် ပြီး ကျန်းမာရေးအစီအစဉ်တွေ၊ စိတ်အ ပန်းဖြေဖို့အတွက် အစီအစဉ်တွေကို ဘယ် လိုဖန်တီးပေးရမလဲဆိုတာကလည်း အလွန် အရေးကြီးပါတယ်။
(၉)Working Patterns (အလုပ်လုပ် တဲ့ပုံစံ)
 နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ရှိ တတ်တဲ့ အလေ့အထတစ်ခုကတော့ Flexible working hours တွေသတ်မှတ်ပေး တတ်ကြပါတယ်။ ပုံမှန်တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်မနက် ၉ နာရီမှ ညနေ ၅ နာရီလုပ်တဲ့ပုံစံတွေကနေ Flexible working hours တွေသတ်မှတ်ကြပြီး ထမ်းဆောင်ရမယ့် လုပ်ငန်းတာဝန်ပြီး မြောက်မှုကိုပဲ အာရုံထားနေကြပါပြီ။ ဥပ မာ မိမိလုပ်ငန်းမှာDesigner ခန့်အပ်ထား ပါကစိတ်ပါပါ မပါပါရုံးချိန် မနက် ၉ နာရီ မှ ညနေ ၅ နာရီလာပြီး အလုပ်လုပ်ရတာ ထက် Designer တွေရဲ့သဘောသဘာဝ အရ Mood ဝင်တဲ့အချိန်မျိုးမှာ ပိုမိုကောင်း မွန်တဲ့ရလဒ်တွေရလာအောင် ဖန်တီးနိုင် ကြတဲ့အတွက် ပုံမှန်သတ်မှတ်တဲ့အလုပ် လုပ်တဲ့ပုံစံထက် Flexible Working Hours တွေကိုအသုံးပြုရင် ပိုအကျိုးရှိနိုင်ပါတယ်။
(၁၀)Your own self development (မိမိ ကိုယ်တိုင်ရဲ့တိုးတက်မှု)
 လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ ဝန်ထမ်း တွေအတွက်နှင့် လုပ်ငန်းအတွက်ပဲစဉ်း စားပြီး မိမိရဲ့တိုးတက်မှုကိုမမြှင့်တင်ရင် လည်း အကျိုးဆက်ကိုမိမိနှင့် လုပ်ငန်းက ပါခံစားရပါလိမ့်မယ်။ မိမိအတွက် လိုအပ် နေတဲ့အရည်အချင်းတွေကို အမြဲဖြည့် ဆည်းနေဖို့လိုအပ်ပါတယ်။ စာရေးသူတို့ ကိုယ်တိုင်လုပ်သားထု Workforce ထဲမှာ ပါတဲ့အတွက် HR Professionals တွေ လည်း လိုအပ်တဲ့ဗဟုသုတ၊ အသိပညာ တွေဖြည့်ဆည်းမှသာ နိုင်ငံတကာအဖွဲ့အ စည်းတွေနှင့် ယှဉ်ပြိုင်နိုင်မှာပဲဖြစ်ပါတယ်။
စိန်ခေါ်မှုတွေရှိတိုင်းမှာ အခွင့်အလမ်းဆို တာလည်း တွဲပါလာတတ်ပါတယ်။ နိုင်ငံ ခြားရင်နှီးမြှုပ်နှံမှု (FDI) တွေဝင်လာတာ ဟာ HR Professionals တွေအတွက် အ ရည်အချင်းပြည့်ဝတဲ့ သူတွေရှာရတဲ့ပြဿ နာတွေနှင့် ဖော်ပြပါစိန်ခေါ်မှုတွေရှိနိုင်ပေ မဲ့ ဒီလိုနိုင်ငံခြားလုပ်ငန်းအဖွဲ့အစည်းတွေ ကြောင့်ပဲ လုပ်ငန်းရှင်တွေဟာ မိမိတို့လုပ် ငန်းအများနှင့်ယှဉ်ရင် အသာစီးရအောင် ကျိုးစားရာမှာ ဝန်ထမ်းတွေဟာ အရေးကြီး ကြောင်း အပြုသဘောဆောင်သတိထား လက်ခံလာမှာဖြစ်ပြီး HR တွေအပေါ်မှာ ယုံကြည်အားကိုးလိုမှုတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုယုံကြည်အားကိုးမှုတွေကတဆင့် စာ ရေးသူတို့မြန်မာနိုင်ငံမှာရှိတဲ့ HR တွေရဲ့ အခန်းကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာမှာပဲဖြစ် ပါတယ်။
လေးစားစွာဖြင့်
ပိုင်စိုး (Management)
Ref:
Armstrong’s Essential Human Resource Management Practice,
 10 areas HR professionals should focus on in 2016 by DPG community
(HR Journal မှာ စာရေးသူကိုယ်တိုင်ရေးခဲ့တဲ့ HR များနှင့် ၂၀၁၆ ဆောင်းပါးအားပြန်လည် ပြင်ဆင်ရေးသားခြင်းဖြစ်ပါတယ်။)
Credit: ဆရာပိုင်စိုး Page
Saturday, December 24, 2016
Thanaka The Secret to Burmese Beauty ♡
သနပ်ခါးအကြောင်း
မြန်မာစကားမှာရှိတယ် "အပွေးမြင် အပင်သိ" တဲ့
အပင်အကြောင်းနှံ့စပ်သူက အပွေးမြင်ယုံမျှဖြင့်
အပင်ကိုပြောနိုင်သလိုပဲ
လူတစ်ယောက်ရဲ့ အပြောအဆိုအပြုအမူအနေအထိုင်ကြည့်ပြီး
အဲဒီလူရဲ့ အကျင့်သီလကိုသိနိုင်တယ်ပေါ့၊
ဒီလိုအဖိုးတန်တဲ့မြန်မာစကားက
အထူးအားဖြင့် သနပ်ခါးမှာတော့ တိုက်ရိုက်ကြီး
သက်ဆိုင်နေတာ သနပ်ခါးအကြောင်းလေ့လာနေတဲ့
ပညာရှင်တွေအသိဆုံးပါ သနပ်ခါးတုံးပေါ်က
အပွေး အသားအထူးအပါး အရစ်ပုံဖေါ်မှု
အရစ်အရေအတွက်စသည်တို့ပေါ်မူတည်လို့
အဆိုပါသနပ်ခါးရဲ့အပင်ဖြစ်တည်ခဲ့ရမှုကိုသိရှိနိုင်တယ်။
.
အပွေးကောင်းမှ "ထောင်းခနဲ"  နေအောင် မွှေးတတ်သလို
တာရှည်လည်းအသွေးခံတယ်တဲ့၊
.
ဘယ်လိုခွဲခြားမလဲ-
အပွေးအခေါက်က အညိုရောင်အခေါက်ကြီးများဖြစ်ပြီး
တစ်ခုနှင့်တစ်ခုကပ်နေမည် အပွေးခေါက်တစ်ခုနှင့်တစ်ခု
ကြားမှာလည်း အဖြူရောင်အသားမြင်တွေ့ရမည်၊
အဆိုပါအဖြူရောင်အသားနှင့်အခေါက်ကြားမှာတော့
ပုဇွန်ဆီရောင်လေးဖြစ်နေမယ်ဆိုရင် အဲဒီသနပ်ခါးမွှေးပါမည်။
.
လက်သည်းဖြင့် အပွေးကို အသာ ဖိဆိတ်ကြည့်ပါ။
နစ်ဝင်သွားရင်အပွေးနုအခေါက်သားနုလို့ ကြာရှည်ခံမှာမဟုတ်ဘူး၊
အပွေးနုက အလွယ်တကူလဲကွာသွားတတ်တယ်လေ။
မာတယ်အလွယ်တကူပဲ့မပါဘူးဆိုလျှင်တော့ အပွေးအခေါက်ကောင်းပေါ့။
အသားလည်းပိုထူနေတတ်သလို
အသွေးခံပြီး အမွေးပိုကျန်မှာသေချာတယ်။
.
လက်ဖြင့်ကိုင်ဆကြည့်လို့ ပေါ့လွန်းနေလျှင် အသာပြန်ချ ထားလိုက်တော့၊
အဲဒီသနပ်ခါးကအသားကျစ်လစ်မှုမရှိတဲ့အမျိုးမို့ကြာရှည်ခံမှာမဟုတ်သလို
မွှေးဖို့လဲမသေချာဘူးတဲ့။ ဘာလို့လဲဆို ဒီလိုအတုန်းမျိုးက အပင်နုစဉ်မှာ
အသားကျစ်လစ်မှုမရှိတဲ့အတွက် ခုတ်ထားတာကြာတဲ့အခါ ရေဓါတ်ကုန်ခန်းမှု
မြန်ဆန်ပြီး ပေါ့လွန်းသွားတာဖြစ်ပါတယ်။ သက်တမ်းရင့်တဲ့အပင်ကတော့
အသားကျစ်လစ်သိပ်သည်းမှုအားများတဲ့အတွက် သိပ်သည်းစပိုများပြီး
ရေဓါတ်လဲပိုမိုထိမ်းထားနိုင်လို့ အလေးချိန်လဲရှိနေမှာဖြစ်ပါတယ်။
.
သနပ်ခါးတုံးရဲ့ထိပ်ဝရှိ အခေါက်နှင့်အသားအကြားမှာ
မှိုင်းပြာပြာ အရောင်ဖြစ်နေရင် မှိုတက်နေတာဖြစ်လို့
မွှေးဖို့မသေချာလို အထားခံဖို့လဲမသေချာပါဘူး
မယူပဲအသာထားခဲ့လိုက်ပါ။
.
အလယ်က အသားနေ ရာမှာပါ ပြာနေပြီဆိုရင်တော့
အလကားပေးတောင်မယူပါနဲ့တဲ့ အဲဒါမျိုးက
ဘယ်လောက်သွေးသွေးမွှေးမယ့်အမျိုးမဟုတ်ပါဘူးတဲ့။
ဒီလောက်ဆို သနပ်ခါးကောင်းရဖို့ ရွေးတတ်လောက်ပါပြီ။
.
သနပ်ခါးရဲ့ဆေးဖက်ဝင်ပုံတွေကတော့-
မြန်မာ့ ဆေးကျမ်းများဖေါ်ပြချက်အရ
သနပ်ခါးသည်ပူ၏ သွေးကိုကြွစေ၏ ပူခါးချုပ်ပွင့်ဖြစ်၏၊
ငန်းမန်းကို နိုင်စေ၏ အပူနာ အအေးနာနှစ်မျိုးလုံးတွင်သုံးနိုင်၏၊
အပင်၏ အရွက် အသီး ပင်စည် အမြစ် အားလုံးကို
အသုံးပြုနိုင်၏လို့ ဖော်ပြ ထားပါတယ်။
အရွက်၏ ဆေးဖက်ဝင်ပုံ။
--------------------------
(၁) ၀က်ရူးပြန် ရောဂါကု ဆေးဖော်စပ်ရာတွင် အသုံးပြု နိုင်ပါတယ်။
(၂) အနာကြီး ရောဂါသည် များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်း ပေးပါ။
(၃) အရွက်ပြုတ် ရည်ကို ဆားများများ ခတ်၍ သောက်ပါက ဌက်ဖျား ရောဂါ ပျောက်စေ ပါတယ်။
(၄) မြုံ နေသော အနာများ အတွက် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့် သောက်ပေးပါ။
(၅) အရွက် အခြောက်ကို နေလှန်း အမှုန့် ပြုပြီး ကွမ်းသီး လုံးခန့် ပမာဏ အမှုန့် တို့ ကို ရေနှင့် သောက်ပါက အဖေါ အရောင် အနာအဆာနှင့် ကိုယ်တွင်း ရောဂါ ဟူသမျှ ကင်းရှင်းပ ပျောက်စေ ပါတယ်။
အသီး၏ ဆေးဖက်ဝင်ပုံ။
-------------------------
(၁) အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါ များအတွက် ဖေါ်စပ်သော ဆေးများတွင် ထည့်သွင်း အသုံးပြု နိုင်ပါတယ်။
ပင်စည်၏ ဆေးဖက်ဝင်ပုံ။
--------------------------
(၁) နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။
(၂) ၀က်ခြံစိုများအတွက် သနပ်ခါးတုံးကိုသွေး၍ သံပုရာရည် အနည်းငယ်ထဲ့၍ လိမ်း ပေးပါ။
(၃) ၀က်ခြံ အမာရွတ်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေး၍ နေ့ ည လိမ်းပေးပါ။
(၄) သနပ်ခါးတုံးသွေး၍ ဆားအနည်း ငယ်ရောထဲ့ လိမ်းပေးခြင်းဖြင့် မိတ်အင်ပျင် တို့ ယားယံခြင်းမှ သက်သာစေပါတယ်။
(၅) ရေနွေးပူလောင် မီးပူလောင်ဒဏ်ရာများ အတွက် သနပ်ခါးထူထူ လိမ်းအုံပေးခြင်းဖြင့် ပကတိအတိုင်း အသားအရေကို ပြန်ရရှိစေပါတယ်။
(၆) အရေပြားပါးလွှာပြီး၊ ယားနာဖုတွေ မကြာခဏ ထွက်လေ့ ရှိသူများ အဖို့  ကာဘော်လိပ် (သို့ ) ဒတ်တောလ် ကိုယ်တိုက် ဆပ်ပြာသုံး၍ ရေချိုးသန့် စင်ပြီးနောက် သနပ်ခါး ထူထူ လိမ်းပါ။
(၇) ငှက်ဖျား၊ ၀က်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနဲ့ အစာအိမ်နာတို့ကို ကုသရာမှာလည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုနိုင် ပါတယ်။
(၈) သနပ်ခါးတုံး အနှစ်သားကို သွေး၍ လိမ်းပေး ခြင်းဖြင့် အသားအရေ ချောမွေ့ အေးမြ စေပါတယ် (ခြွင်းချက် အနေဖြင့် သနပ်ခါးလိမ်းတဲ့ အခါ နုနယ်တဲ့ မျက်ဝန်း တ၀ိုက်ကို ရှောင် လိမ်းသင့် ပါတယ်။ အဘယ် ကြောင့် ဆိုသော် သနပ်ခါး ပျစ်ပျစ် ထူထူကို လိမ်း၍ ခြောက်သွားတဲ့ အခါ အရေပြားကို တင်းဆွဲနေ သလို ခံစား ရပါ လိမ့်မယ်။ ဒါ့ပြင် မျက်ဝန်း တ၀ိုက် အရေပြားကို ဆွဲ-ဆန့်-ကျုံ့တွန်းအားဖြစ် စေပြီး မျက်ဝန်း တစ်ဝိုက် အရေပြားများကို တွန့်စေ နိုင်ပါတယ်)
အမြစ်၏ဆေးဖက်ဝင်ပုံ။
------------------------
(၁) ၀မ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့ ဖော်စပ်ရာမှာ ထည့်သုံးလေ့ ရှိပါတယ်။
(၂) အမြစ်ကို နနွင်းမှုန့် နှင့်သွေး၍ လိမ်းပေးပါက မီး ယပ်ရောဂါသည်များ သွေးသားမှန်ကန်စေပါတယ်။
(၃) ဆားနှင့်သွေးလိမ်းပါက အညောင်း အညာပျောက်စေပါတယ်။
(၄) ကလေးချွဲကြပ်ခြင်းအတွက် အမြစ်ကိုသွေး၍ ကွမ်းရွက် စိမ်းရေနှင့် ဆတူ တိုက်ပေးခြင်းဖြင့် ချွဲအမြန်ကျစေပါတယ်။
(၅) သနပ်ခါးမြစ် ငါးပဲသားကို ပျားရည် ခြောက်ပဲ စားနှင့်ရော ၍ လျက်ပေးခြင်းဖြင့် မြွေဆိပ်ပျောက်ကင်း စေပါတယ် (သို့ ) သနပ်ခါးမြစ်ကို သကြား၊ ပျားရည်တို့ နှင့်ရော၍ လျှက်ပေးပါက အစာအိမ်ရှိအဆိပ်ကို ပြေစေပါတယ်။
(၆) အမြစ်ကိုသွေး၍ နေ့ စဉ်မှန်မှန် လိမ်းပေးခြင်းဖြင့် အသားအရေနုချော ၀င်းမွတ်စေပါတယ်။
သနပ်ခါး လူးလေ့ရှိတဲ့ သူအများစု ဆီက သနပ်ခါး ကောင်းကြောင်း အမွှမ်းတင်ပြောဆိုရာမှာ အမြဲကြားနေ ရတာတွေကတော့ " မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေ ရှိတာ " "မြန်မာ မိန်း ကလေးတိုင်း သနပ်ခါးကို အမြတ်တနိုးနဲ့ လိမ်းကြ တယ် " "မြန်မာမိန်းကလေးတွေရဲ့ အသားအရေ လှတာဟာ သနပ်ခါးကြောင့်ပေါ့ " "သနပ်ခါး လူးထားရင် လူကလန်းဆန်းတယ် " " သနပ်ခါး နံ့ က စိတ်ကြည်တယ် ဒါကြောင့် သနပ်ခါးကို အမြဲလူးတယ် " ဆိုတဲ့ စကားလေးတွေဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ၏ သနပ်ခါးအမျိုးစားထဲမှာ ရှင်မတောင် သနပ်ခါးတို့ ၊ ရွှေဘို သနပ်ခါးတို့ ဆိုတာ နာမည် ကြီးတွေ ပါ။
တေးပြုစာဆို နန်းတော်ရှေ့ဆရာတင်ကတောင် “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ ယူ ဘယ်လို အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ” ဆိုပြီးတော့ ရေးဖွဲ့ခဲ့ပါသေးတယ်။ မှန်ပါတယ်။ တချို့ ဆိုလျှင် မွေးတုန်း က တော်တော်လေး အသားမဲခဲ့သော်လည်း၊ သနပ်ခါး အ နှစ်သားတုံးကို ရေအနည်း ငယ်ဖြင့် ကျောက်ပြင်ပေါ်သွေး၍ ရလာတဲ့ မပျစ်မကျဲ သနပ်ခါး ရည်ဖြင့် နေ့ စဉ်နေ့ တိုင်း ခြေဆုံး ခေါင်းဆုံး လိမ်းခဲ့ တာကြောင့် အသားရေဟာ သနပ်ခါးရောင်လို ၀ါဝါ ၀င်းဝင်းလေး ဖြစ်လာခဲ့ ပါတယ်ဆိုတဲ့ သာဓက များစွာလည်း ရှိခဲ့ တာကြောင့် သနပ်ခါး ဆိုတာ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ အစဉ်အဆက် သုံးစွဲခဲ့ ကြတဲ့ ရိုးရာ အလှပြင် ပစ္စည်း တစ်မျိုးဘဲ ဖြစ်ပါတယ်။
ရှေးမြန်မာ အညာ ကျေးလက် တောသူလေး များရဲ့ ဓလေ့ တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သနပ်ခါးကို လက်ကလေးနဲ့ သပ်ယူ ကာ နဖူးပေါ်ကို တင်၍ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ညာဘက်ပါးပေါ် တင်ကာ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဘယ်ဘက်ပါးပေါ် တင်ကာ သံဃံ သရ ဏံဂစ္ဆာမိ ဟုဆိုကာ သနပ်ခါး လိမ်းရင်း သရဏဂုံ တည်ဆောက် တတ်ကြ ပါတယ်။ အဘိုးအဘွားများ လက်ထက်တုန်းက ကလေးငယ်များ ကို သနပ်ခါး လိမ်းပေးတိုင်း ပါးစပ်ထဲကို သနပ်ခါး အနည်းငယ် ခွန့်ပေးလေ့ ရှိပါတယ်။ ကလေးငယ်တွေကို သနပ်ခါးကျွေးခြင်းဖြင့် ကျောက်ရောဂါနှင့် ဝက်သက်ရောဂါမှ ကာကွယ်ပေးတဲ့ အပြင် ဝမ်းအတွင်းမှ အပူ ကိုပါ ငြိမ်းစေပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံရှိ သုတေသီတစ်စုဟာ သနပ်ခါး အခေါက်မှာ ပါတဲ့ ဓာတ်ပစ္စည်းတွေကို အသေးစိတ် လေ့လာခဲ့ကြ ရာမှာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့်(ခေါ်) ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး ပါဝင်သလို၊ အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓာတ်များ အပြင် ဘက်တီးရီးယား တွေကို သေစေတဲ့ ဓာတ်နဲ့ အရေပြား အရောင်ကို အပြောင်း အလဲဖြစ်စေတဲ့ ဟော်မုန်း ထွက်ရှိမှုကို ဟန့်တားပေးတဲ့ ဓာတ်တွေလည်း ပါဝင်နေ တာကို တွေ့ရှိခဲ့ ကြပါတယ်တဲ့။ သနပ်ခါးက နေပူ ဒဏ်အပြင် နေလောင်ခြင်း ဖြစ်စေသည့် အဆင့်မြင့် ခရမ်းလွန် ရောင်ခြည်ကိုပါ ကာကွယ် ထားနိုင် တယ်လို့  အရေပြား အထူးကု ဆရာဝန်ကြီး များကလည်း အကြံပြု ပြောကြား ခဲ့ပါတယ်။
ကိုးကား -
(နှုတ်အားဖြင့်သင်ကြားပြောပြပေးတဲ့ဆရာကိုဇော်ဝင်းနိုင်၏ပြောကြားချက်အပါအ၀င်)
အရှင်သုမင်္ဂလ (စစ်ကိုင်း) - သနပ်ခါး
ဆောင်းပါးရှင်ပေါက်ပေါက် - သနပ်ခါး
Thursday, December 22, 2016
ဤခရီးဝေးသလား
__________________
၁။
သရက်ချောင်းကားဝင်းထဲ ကျွန်တော်ရောက်တော့ နေ့လယ် ၁၂ နာရီ ကျော်ပြီ ဖြစ်သည်။ ပုံမှန် ၁၂ နာရီဆို ကားထွက်တတ်ပေမဲ့ သည်နေ့တော့ လူပဲ စောင့်နေသည်လား မသိ။ ရွာကားက သည်တစ်စီးသာရှိ၍ တစ်ယောက်နောက်ကျလည်း စောင့်ရတာပဲ ဖြစ်သည်။ သီတင်းကျွတ်နီးပြီဆို ရွာက တစ်နိုင်တစ်ပိုင် အိမ်ဆိုင်လေးတွေကလည်း ကုန်စည်ဝယ်လှောင်ကြပြီ။ သည်တော့ ကားခေါင်ပေါ်မှာ ပစ္စည်းတွေက တစ်ပုံတစ်ပင်။
ကျွန်တော် ဆိုင်ကယ်ကယ်ရီပေါ်မှ တခြားတစ်ဖက်သို့ မျက်နှာလွှဲထားလိုက်၏။ မတော် မြင်သွားရင် မျက်နှာပူစရာ။ အရေးထဲ ကယ်ရီးသမားက ဒီကားလား မေးသဖြင့် ရှေ့လမ်းချိုးထဲ ကွေ့ဝင်ဖို့ လမ်းညွှန်ရသည်။ အဲသည်မှာ လူစီးမှန်လုံကား ရှိသည်မဟုတ်လား။ မှန်လုံကားက ပစ္စည်း သိပ်တင်လေ့မရှိသဖြင့် ချောင်ချောင်ချိချိ စီးနိုင်သည်။ သို့သော် ရွာကားတော့ မဟုတ်။
ရွာသားတွေကတော့ တော်ရုံတန်ရုံ အကြောင်းအရာမရှိဘဲ အခြားကား ပြောင်းစီးခဲသည်။ သည်တော့ ရွာကားသည် ဘယ်တော့မှ လူပြတ်သည် မရှိ။ ကားက ဟိုင်းလပ်အမျိုးအစားမို့ ခေါင်ပေါ်က ပစ္စည်းထုပ်တွေ ပေါ်မှာရော၊ နောက်ခြေနင်းမှာရော လူတွေက ဟိုတွယ်သည်တွယ် သည်းသည်းလှုပ်။ အစကတော့ ကျွန်တော်ကိုယ်တိုင်လည်း သည်လိုတွယ်စီးရသည်ကို အရသာတစ်ခု မှတ်ထင်ခဲ့တာပဲ။
အဲသည်တုန်းကတော့ လေတဖြူးဖြူးနှင့် ကားခေါင်ပေါ် ထိုင်လိုက်ရသော အရသာကို လွတ်လပ်မှုဟု အထင်ရောက်ခဲ့သည်။ အခုတော့ ကျွန်တော်သည် ဟိုမှသည်မှ တွယ်စီးရသော ဟိုင်းလပ်ကားထက် အိနြေ္ဒရရ သက်ထောင့်သက်သာစီးနိုင်သော မှန်လုံကားကို ပိုသဘောကျတတ်ခဲ့ပြီ။ ဒါကိုပဲ ပညာတတ်ဟု ခေါ်လေမလား။ သည်လိုတွေးမိတော့ ကျွန်တော် ဟက်ခနဲ ရယ်မိသွားသည်။
ပညာတတ်ဟူသည် ဘာကို ခေါ်ပါလိမ့်။ သည်မေးခွန်းကို ကျွန်တော် တွေးတောနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကြားဖူးတာ တစ်ခုကတော့ "အောင်မြင်မှုနှင့် ငွေကြေးနောက် မလိုက်ပါနှင့်၊ အရည်အချင်းနောက်ပဲ လိုက်ပါ"တဲ့။ အစကတော့ ကျွန်တော်ကိုယ်တိုင် သည်စကားကို လေကြီးလေကျယ် ပြောခဲ့ဖူးသည်ပဲ။ တကယ်ကျ အရည်အချင်းဆိုသည်မှာ အခြားသော ပံ့ပိုးမှုတွေပါ လိုအပ်မှန်း တဖြည်းဖြည်း သဘောက်ပေါက်လာချိန်တွင် ကျွန်တော် ဆွံ့အ,သွားခဲ့ ရသည်။
"ဟာ...ဟေ့ကောင်"
ပုခုံးအပုတ်ခံလိုက်ရသောကြောင့် ကျွန်တော် မော့ကြည့်လိုက်သည်။
"ဟာ...ကျော်ဇေယျ..."
သူ့နာမည်ခေါ်ပြီး ကြောင်ကြည့်နေမိသော ကျွန်တော့်ကို ကျော်ဇေယျက တစ်ချက်ရယ်တော့ ကျွန်တော်ပါ လိုက်ရယ်မိသွားသည်။ ကျော်ဇေယျက ကျွန်တော့်ဘေး မြေတွင် တစ်ဝက်တစ်ပျက်ပေါ်နေသော သရက်မြစ်ပေါ် ဝင်ထိုင်လိုက်ရင်း...
"ဘယ်အချိန်က ပြန်ရောက်နေတာလဲ..."
"တနင်္လာနေ့ကမှကွာ...၊ အခု ရွာပြန်မလို့"
"အင်း...မင်းလည်း မတွေ့ရတာ ကြာပြီနော် ဟေ့ကောင်၊ ဟိုမှာရော အဆင်ပြေရဲ့လား"
"ဒီလိုပါပဲကွာ...၊ ရွာမပြန်ဖြစ်တာကတော့ လမ်းစရိတ်အတွက် ငဲ့တာရယ်၊ နောက်ပြီး အိမ်မှာလည်း တစ်ယောက်မှ မရှိတာကွာ"
ကျော်ဇေယျက နားလည်သလို ကျွန်တော့်ပုခုံးကို လှမ်းပုတ်သည်။ ပြီးမှ "ဒီလိုပါပဲကွာ..." ဟု ခပ်တိုးတိုးဆိုရင်း သက်ပြင်းချသည်။
"မင်းကော ကျောင်းဆက်မတက်ဖြစ်ဘူးလား"
ကျွန်တော့်အမေးကို ကျော်ဇေယျက ဟက်ဟက်ပက်ပက် ရယ်သည်။
"ငါ ဆယ်တန်းမအောင်ဘူး ဟေ့ကောင်၊ ဒါလည်း ခပ်ကောင်းကောင်းပါပဲကွာ၊ မဟုတ်ရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေဦးမယ်"
ကျော်ဇေယျက သူ ဆယ်တန်းကျပြီးနောက်ပိုင်း ရှမ်းပြည်(ထိုင်း)ဘက် ခဏ ရောက်သေးကြောင်း၊ သို့သော် သူ့အမေ အသည်းအသန်ဖြစ်သဖြင့် ရွာပြန်လာပြီး ကြုံရာလုပ်ရင်း အခု ကားနောက်လိုက်(စပယ်ယာ) လုပ်နေကြောင်း၊ သူ့အမေလည်း မာတစ်ချက်၊ နာတစ်ချက်နှင့်ပင် လုံးချာလိုက်နေကြောင်း ဆက်ပြောသည်။ သူ့စကားဆုံးတော့ ကျွန်တော် သက်ပြင်းချမိသွားသည်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဘာမှပြောစရာ မရှိတော့သလိုမျိုး တိတ်ဆိတ်သွား၏။
ထားဝယ်နေသည် အခုမှ ပိုပူလာသယောင်ရှိသည်။ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၏ ဈေးခေါ်သံ တစာစာက အပူရှိန်ကို ပိုမြှင့်ပေးနေသလို။ ကားဝင်းထဲကို သုံးဘီးတစ်စီး ဝင်လာ၏။ လက်ဆွဲအိတ် အကောင်းစားတွေနှင့် တောက်တောက်ပြောင်ပြောင် လူ သုံးလေးယောက် ဆင်းလာသည်။ ရွာပြန်တွေ ဖြစ်မည်။ သတင်းကျွတ်ပြီဆို သည်လိုပဲ ကျွန်တော်တို့ဘက် ရွာတွေမှာ လူတွေ စုရုံးစုရုံး ပြန်စုလာကြပြီ။ ထိုင်းက ပြန်လာသည်လည်း ရှိမည်။ စင်ကာပူတို့၊ မလေးတို့က ပြန်လာသည်လည်း ရှိသည်။
ကျော်ဇေယျက သရက်မြစ်ပေါ်က ဖုတ်ဖက်ခါထရင်း ပုဆိုး ပြင်ဝတ်သည်။
"ဒါဆို ခဏနေဦး မင်းမင်း...၊ ငါ ပစ္စည်းလေးနည်းနည်း သွားတင်ဦးမယ်ကွာ...၊ ငါတို့ကားနဲ့ပဲ လိုက်မယ်မဟုတ်လား"
"အေး...လုပ်...လုပ်...ဟေ့ကောင်၊ ကားပေါ် ရောက်မှ တွေ့ကြတာပေါ့"
ကျွန်တော့်ရှေ့မှ ထွက်သွားသော ကျော်ဇေယျ၏ ကျောပြင်ကို ငေးရင်း ဘယ်နှကြိမ်မြောက်မှန်း မသိသော သက်ပြင်းတစ်ချက်ကို ကျွန်တော် မှုတ်ထုတ်လိုက်မိသည်။
------------------------------
၂။
ကားထွက်တော့မည့်အကြောင်း အသိပေးသည့် ဟွန်းသံ လေးငါးချက် ထွက်လာသည်။ ကျွန်တော် နံဘေးတွင် ချထားသော ကျောပိုးအိတ်ကို ကောက်လွယ်လိုက်သည်။
ယောက်ယက်ခတ်နေသည့် လူတွေကြားမှ တိုး၍ နောက်ဆုံးထိုင်ခုံဆီ ဦးတည်လိုက်သည်။ ကျောပိုးအိတ်ကို ထိုင်ခုံရှေ့ကြားထဲ ချလိုက်ပြီး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တော့ လေပူတစ်ချက် သုတ်ခနဲ ပြေးဝင်လာ၏။
"လူစောင်ဟားဘီလော်...လူစောင်ဟာ ထွပ်မယ်ခံဗျား (လူစုံရင် ထွက်မယ်ခင်ဗျား)"
ကားဆရာ၏ နှိုးဆော်သံနှင့်အတူ ခရီးသည်များ၏ ကျွတ်စီကျွတ်စီ အသံတွေပါ ထွက်လာ၏။ ခဏနေတော့ ကားပေါ် လူတစ်ယောက်တက်လာပြီး ဒဏ်ကြေလိမ်းဆေး ကြော်ငြာသည်။ ကျွန်တော် မျက်လုံးကို အသာ မှိတ်ချထားလိုက်၏။
ကားဘီး စလှိမ့်ပြီ။ ကားအရှိန်ကြောင့် လေထု အပူအအေး အပြောင်းအလဲတွင် ကျွန်တော် အသက်ကို ဝ အောင် ရှူလိုက်မိ၏။ ကားက ဟိုယိမ်းသည်ယိမ်းဖြင့် ဝင်းထဲမှ ချိုးထွက်သည်။
"စုကမ်း...ရှမ်းထဲဟ ထွပ်လာလော် (ကောင်လေး...ထိုင်းက ပြန်လာတာလား)"
စကားသံတွေကြောင့် မျက်လုံးကို ပြန်ဖွင့်ပြီး ရှေ့ကို အနည်းငယ် အကဲခတ်လိုက်မိသည်။ ကျွန်တော့် ရှေ့မျက်စောင်းထိုးခုံတွင် အသားဖြူဖြူ လူတစ်ယောက် ထိုင်နေ၏။ ကျော်ဇေယျနှင့် စကားပြောနေစဉ်တုန်းက ဝင်လာသော သုံးဘီးကားအုပ်စုထဲကပဲ ဖြစ်မည်ထင်သည်။
"အယ်ပဲမိ...ဒန်းကျွတ်ဟိ ထွပ်လာဟယ်ခံ (ဟုတ်တယ် မေကြီး...သတင်းကျွတ်လို့ ထွက်လာတယ် ခင်ဗျ)"
ကျွန်တော် ပြတင်းပေါက်အပြင်ဘက်ကို မျက်နှာလွှဲလိုက်သည်။ ကားက တဖြည်းဖြည်းနှင့် မြို့ပြင်ရောက်လာသည်။ လမ်းဘေး တစ်ဖက်တစ်ချက်ရှိ ထန်းပင်တန်းတွေကို မြင်ရပြီ။ အခုမှ ကိုယ့်မြေကိုယ်ရေ၏ အငွေ့အသက်ကို ရှူရှိုက်လိုက်ရသလို ခံစားရ၏။ မြို့ပြင်ဆိုသည့်အတိုင်း လယ်ကွင်းများက တပြန့်တပြော။ ပြတင်းမှ တိုးဝင်လာသော လေထုတွင် ရိုးပြတ်နံ့သဲ့သဲ့ကို ရသည်။
ကျော်ဇေယျက ကျွန်တော့်ဘေး လာထိုင်သည်။ နားသယ်စပ်မှ ရွှဲကျနေသော ချွေးများကို အင်္ကျီလက်မောင်းဖြင့် ပင့်သုတ်သည်။ လေပူတစ်ချက်ကို ဟူးခနဲ မှုတ်ထုတ်၏။ ပြီးမှ မဆီမဆိုင် လှမ်းပြောသည်။
"ရွာမှာလည်း ငါတို့သူငယ်ချင်းတွေ တစ်ယောက်မှ မရှိတော့ဘူးကွာ..."
ကျွန်တော်နဲ့ ကျော်ဇေယျကြားတွင် ဒုတိယမ္ပိ တိတ်ဆိတ်သွားပြန်လေသည်။
------------------------------------
၃။
ဘေးမှာ တခေါခေါအိပ်မောကျနေသော ကျော်ဇေယျကို ကြည့်ရင်း သနားသလို ဖြစ်လာသည်။ တကယ်တော့ သူ့ကိုပဲ သနားရမည်လား၊ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ သနားရမည်လား မသိ။ "ရွာမှာ ငါတို့ သူငယ်ချင်းတွေ တစ်ယောက်မှ မရှိတော့ဘူးကွာ" ဟူသည့် သူ့စကားကိုသာ ကြားယောင်နေမိသည်။
ကျွန်တော်တို့ ရွာလေးသည် တိုးတက်လာသည်ဟုတော့ ပြော၍ ရသည်။ သို့သော် ဘယ်နေရာက တိုးတက်လာပါသလဲ။ သည်မေးခွန်း၏ အဖြေကို သည်ကနေ့အထိ ကျွန်တော် ရဲရဲ မထုတ်ရဲသေးပါ။
ရွာကျောင်းလေးသည် အခုဆို အ.ထ.က (ခွဲ) ကျောင်းပင် ဖြစ်နေပြီ။ အလယ်တန်းအထိကတော့ ကျောင်းသားစာရင်း ပြည့်မီပါ၏။ အလယ်တန်းအထက် ရောက်လျှင်တော့...။
တဖြည်းဖြည်း ပျောက်ဆုံးလာသော ကျောင်းသားဦးရေစာရင်းကို ကြည့်ပြီး ကျွန်တော် တအံ့တသြ ဖြစ်ခဲ့ဖူးပါသည်။ ရှစ်တန်းအထိ လူတစ်ရာကျော်ခဲ့သော ကျောင်းသားဦးရေသည် ဆယ်တန်းတွင် အဘယ်ကြောင့် သုံးဆယ်ကျော်သာ ကျန်ခဲ့ရပါသနည်း။
ကျွန်တော် ဆယ်တန်းတက်သည့်အခါ အဖေရော၊ အမေရော ထိုင်းကို ရောက်ကုန်သည်။ ညီမလေးကို အဒေါ်တစ်ယောက်နှင့် ထားခဲ့ပြီး ကျွန်တော့်ကို ထားဝယ်မြို့ရှိ ဘော်ဒါဆောင်တစ်ခုသို့ ကျောင်းအိပ်ကျောင်းစား ပို့လိုက်၏။ အခု ညီမလေးပင် ဆယ်တန်းရောက်ပြီ။ အဖေနှင့် အမေ ထွက်မလာနိုင်သေး။ အရှေ့ကို ဆက်တွေးကြည့်လျှင် ရင်မောစရာချည်းပါ။
ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ပတ်ဝန်းကျင်မှ တစ်စစ ပျောက်ဆုံးသွားရခြင်းအကြောင်းကို ကျွန်တော် နားလည်လာသည်။
ဆယ်တန်းအောင်စာရင်းထွက်ပြီးနောက် ကျွန်တော် ပညာရေးတက္ကသိုလ် လျှောက်မည်ဆိုတော့ အဖေနှင့် အမေက အပြင်းအထန် ကန့်ကွက်လေသည်။ အကြောင်းပြချက်က သင်းပါသည်။ ဆရာတစ်ယောက် လစာ ဘယ်လောက်ရပါသလဲတဲ့။ ဟုတ်ကဲ့။ သည်အတွက် ကျွန်တော်သည် ကျွန်တော်မသင်ချင်သော အင်ဂျင်နီယာ ဘာသာရပ်များကို အတင်းကြိုးစား သင်ယူရပါတော့၏။
ထို့ကြောင့် ကျွန်တော့်ခေါင်းထဲသို့ "အလုပ်၊ အလုပ်၊ အလုပ်" ဟူ၍ ဝင်လာသည်မှာ ဘာမှမဆန်းဟု ထင်ပါသည်။ သို့သော် ဘွဲ့ရတိုင်း အလုပ်မရပါဟု အဖေနှင့်အမေ့ကို ကျွန်တော် မည်သို့ရှင်းပြရမည်လဲ။ ကျောင်းပြီးရင် ဘာလုပ်ရမလဲ၊ လစာ ဘယ်လောက်ရမလဲ ဟူသော မေးခွန်းတွေကို ကျွန်တော် မည်သို့ဖြေရမည်လဲ။ ထိုအချိန်မျိုးတွင် ကျွန်တော့်စိတ်တစ်ခုလုံး မွန်းကျပ်လာတတ်ပါသည်။
"သားတို့ ဘွဲ့ရရင် အမေတို့ နားရမှာပေါ့"
ကျွန်တော်သည် အရူးတစ်ယောက်လိုသာ အော်ဟစ်ရယ်မော ပစ်လိုက်ချင်တော့သည်။ အရည်အချင်းဆိုသည်မှာ ဘာပါလိမ့်။ တစ်ခါတလေ မိဘဆီမှာ အခုအချိန်အထိ လက်ဖြန့်နေရသော ကိုယ့်အဖြစ်ကိုယ် ရွံလာသည်။ အသက် ၂ဝ ဆိုသော အရွယ်တွင် ကျွန်တော်တို့သည် ဘာမှမရေရာသော အနာဂတ်အတွက် ကျောင်းတက်နေရဆဲ ဖြစ်လေသည်။
တစ်ခါတလေ ပညာဆုံးခန်းမတိုင်ခဲ့သော သူငယ်ချင်းများကြားတွင် ပညာတတ် ကျွန်တော်သည် သိမ်ငယ်ရှက်ရွံ့ရပါသည်။ အထူးသဖြင့် ကိုယ့်ကို အထင်ကြီးအားကျသည့် မျက်လုံးများဖြင့် ကြည့်သောအခါ ဖြစ်သည်။
ပညာသင်ယူရခြင်း၏ ရည်ရွယ်ချက်သည် ဘာလဲ။ အလုပ်လုပ်ဖို့ အတွက်လား။ ဒါဆို ပညာမတတ်ဘဲကော အလုပ်လုပ်၍ မရဘူးလား။ ဘွဲ့ရပြီးစ ကျွန်တော့်အသိ အင်ဂျင်နီယာ တစ်ယောက်၏ လစာသည် သူများနိုင်ငံမှ အောက်ခြေအလုပ်သမားတစ်ယောက်၏ လစာထက်ပင် နည်းသောအခါ ကျွန်တော်သည် စိတ်အချဉ်ပေါက်စွာ အော်ဟစ် မေးခွန်းထုတ်ချင်လာပါသည်။ ကျွန်တော်တို့၏ ပညာရေးသည် ဘာအာမခံချက် ပေးထားပါသလဲ။
"ဟေ့ကောင်...ထ,တော့...၊ သရက်ချောင်းရောက်နေပြီဟ"
ကျော်ဇေယျ ပုတ်နှိုးမှ ကျွန်တော် အလန့်တကြား နိုးလာသည်။ တကယ်တော့ ကျွန်တော် အိပ်ပျော်နေသည် မဟုတ်ပါ။ အိပ်ချင်ယောင်ဆောင်နေခြင်းသာ ဖြစ်ပါသည်။
------------------------------
၎။
"မင်းညီမလေးကော အဆင်ပြေရဲ့လား"
သရက်ချောင်းကအထွက် ကျော်ဇေယျက ကျွန်တော့်ကို မေးသည်။ ကျော်ဇေယျ မေးမှ "ကိုကိုရယ်...အမေ့လက်ရာလေးကို လွမ်းလိုက်တာ...၊ အဆောင်မှာ ကြက်ဥပဲစားရတယ်" ဟူသော ညီမလေး၏ စကားကို အမှတ်ရလာမိသည်။ ဒါတွေကို ကျွန်တော် သိပြီးသားပါ။ ညီမလေးလည်း ကျွန်တော့်ခြေရာအတိုင်း လိုက်နင်းခဲ့ရသည်ပဲ။ ကျော်ဇေယျ အမေးကိုတော့ "ပြေပါတယ်"ပဲ ဖြေလိုက်ရသည်။
ပိတိုင်ကိုရောက်တော့ ကျွန်တော်မရှိသည့် တစ်နှစ်အတွင်း နတ်ဖန်ဆင်းသလို ပြောင်းလဲသွားသော လမ်းမကြီးကို ကျွန်တော် တအံ့တသြ ငေးမောနေမိသည်။ ကျော်ဇေယျက ကျွန်တော့်ကို ကြည့်ပြီး သဘောကျသလို ရယ်သည်။
ခါတိုင်းဆို ပိတိုင်တောင်ပတ်လမ်းဆိုသည်နှင့် အသက်ကို ဝဝမရှူရဲလောက်အောင် ရင်တထိတ်ထိတ်နှင့် ဖြတ်သန်းရစမြဲ မဟုတ်လား။ လမ်းက ကျဉ်းသည့်အပြင် ကျောက်စရစ်ခဲတွေက မွစာကျဲနေတတ်သေးသည်။ သည်ထဲ တစ်ခါတလေ ဆင်းတတ်သော တောင်ကျရေကြောင့် လမ်းကပျက်ပြီး အကျည်းတန်နေတတ်၏။
အခုတော့ လမ်းမကြီးက ကားနှစ်စီး လောက်လောက်လားလား ဖြတ်သွားနိုင်သည်အထိ ကျယ်လွင့်နေသည်။ ပြီးတော့ နိုင်လွန်ကတ္တရာခင်း လမ်းမကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ တစ်နှစ်ဟူသော အချိန်သည် သည်လောက်အထိ ပြောင်းလဲသွားနိုင်သည်တဲ့လား။
"လမ်းတွေ ကောင်းလာလိုက်တာကွာ"
ကျွန်တော့်စကားကို ကျော်ဇေယျ ဘာမှပြန်မတုံ့ပြန်သေးခင် အရှေ့ဘက်မှ စကားသံတစ်ခုက ဖြတ်ဝင်လာ၏။
"ကျွန်တော်တို့ကတော့ ဟိုကလမ်းတွေ မြင်ပြီးကတည်းက ဒီလောက်လမ်းကို ကောင်းတယ်ကို မထင်တာ"
ပထမ ကျွန်တော် ကြောင်သွားသည်။ မျက်နှာတစ်ခုလုံး ဖြန်းခနဲ ဖြစ်၏။ ထို့နောက် ကျွန်တော်သည် ဟားတိုက်ပဲ ရယ်မောပစ်ချင်လာသလိုလို၊ ရှိုက်ကြီးတငင်ပဲ ငိုချရတော့မလိုလို ဖြစ်သွားသည်။ ကျွန်တော့်ရှေ့က ပုဂ္ဂိုလ်တွေကတော့ ကျွန်တော်နားမလည်သော ဘာသာစကားတွေနှင့် အပြန်အလှန် ပြောဆိုရယ်မောနေကြဆဲ။ ကျော်ဇေယျက မျက်နှာပူသလို ပြတင်းပေါက်အပြင်ဘက်ကို မျက်နှာလွှဲသည်။ ပြီးမှ အနေခက်သည်လားမသိ။ "ရှေ့ ခဏ သွားဦးမယ်ကွာ" ဟု ဆိုကာ ကျွန်တော့်ဘေးက ထွက်သွားသည်။
ကျွန်တော်သည် ငေးမိငေးရာ တရိပ်ရိပ်ဖြတ်ပြေးနေသော ပတ်ဝန်းကျင်ကို ငေးနေမိ၏။ သို့သော် ဘာတစ်ခုမှ မမြင်။ ကျွန်တော့်အာရုံတွင် အဖေ၊ အမေနှင့် ညီမလေးတို့ မျက်နှာသည် တစ်လှည့်စီ ပေါ်နေ၏။ စိတ်က ခြောက်သွေ့နေသော ကျွန်တော်တို့ရွာတန်းလေးဆီ ရောက်သွားသည်။ သော့ခလောက်တန်းလန်းနှင့် အိမ်ကလေးကို မြင်ယောင်တော့ ကျွန်တော့်ရင်ဘတ်ထဲ နင့်ခနဲ ဖြစ်သွားလေသည်။
------------------------------
နေးချား
Wednesday, December 21, 2016
အမျိုးသားတွေ သိချင်နေတဲ့ Penis Injection Risks နဲ့ Circumcision လုပ်ခြင်း
Penis Injection Risks ကျားအင်္ဂါဆေးထိုးတဲ့အန္တရာယ်တွေ
ကျားလိင်အင်္ဂါကို ဆေးထိုးကြပြီး ဒုက္ခရောက်ကြလို့ မေးလာသူတွေမနည်းပါ။ တင်သင့်မတင်သင့် စဉ်းစားနေခဲ့တာ နှစ်တွေ ကြာပါပြီ။ အပြစ်တင်ချင်သူတွေက ကျွန်တော့်ကိုသာတင်ကြပြီး၊ အကျိုးဖြစ်နိုင်သူတွေကများမှာမို့ မေးခွန်းတွေကို (အများကြီးမွမ်းမံပြီး) တင်ပါရစေ။ သူတို့ပို့လာတဲ့ဓါတ်ပုံတွေတော့ မတင်တော့ပါ။ နံပါတ် (၁) က အခုပဲမေးတာ။
၁။ မင်္ဂလာပါဆရာ၊ ကျွန်တော့်အသက် ၂၆ နှစ် ယောက်ျားလေးပါ။ ဆီးခဏခဏသွားနေရခြင်း၊ ဆီးသွားပြီးနောက် ဆီးကျန်နေသည်ဟု ခံစားရခြင်း၊ ဆီးတစစက်တစစက်ကျခြင်း၊ ညဆိုရင်လည်း ၁ကြိမ် သို့မဟုတ် ၂ ကြိမ် သွားရခြင်းများ ခံစားနေရပါတယ်။ တခါတရံ ဆီးသွားရခက်ခဲခြင်းများခံစားနေရပါတယ်။ ဖြစ်နေတာကတော့ ၅ လ၊ ၆လ ရှိပါပြီိဆရာ။ ဘာရောဂါ ဖြစ်နေတယ်ဆိုတာရယ် သက်သာအောင်ဘာဆေးသောက်ရမယ်ဆိုတာ ကျေးဇူးပြု၍ ဖြေကြား ပေးပါဆရာ။ လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ် ကျွန်တော့်လိင်အင်္ဂါကို ဆေးထိုးခဲ့ဘူးပါတယ်ဆရာ။ ကင်ဆာ ဖြစ်နေပြီလားလို့ မေးကြည့်တာပါ
၂။ ဘယ်သူမှမပြောပဲ မိမိဘာသာလမ်းဘေးကဆိုင်တွေမှာ ကိုယ့်ဘာသာ ဆေးထိုးအပ်သွားဝယ်ပြီး၊ လမ်းဘေးဆိုင်က ငနဲတွေထိုးပေးတယ်ဆိုလို့ သွားထိုးလိုက်မိတယ်။ ကြားမိတာတော့ အဲဒီဆေးကို နည်းနည်းချင်းထိုးရတယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် အဲဒီဆိုင်ကငနဲက ၂ ကြိမ်တောင်ထိုးပေးခဲ့ပါတယ်။ အဲဒီဆေးထိုးပြီးရင် လိမ့်ချေပေးရတယ်လို့ ပြောပါတယ်။ အဲဒီလိုမချေပေးရင် ဆေးတွေဟာ တနေရာထဲကို ခဲသွားတယ်လို့ ပြောပါတယ်။ အဲဒီလိုနဲ့ လှိမ့်ပြီး ချေနေပါတယ်။ ချေပေးတဲ့အခါ လိုအပ်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး ဆေးထိုးလည်းများသွားပုံရတယ်။ ဆေးတွေက တဖြည်းဖြည်းများသလိုပဲ ဖီးကြမ်းငှက်ပျောသီးထက် ပိုကြီးလာပါတယ်။ ဆေးတွေက တပြင်လုံးအပြင် အရှေ့က အရည်ပြားထဲအထိ ဝင်လာပြီး ထိပ်ကိုဖွင့်လို့မရတော့ဘူး။ နောက်ဆုံး တဖြည်းဖြည်း ဆီးပေါက်တဲ့ အပေါက်ကို တော်တော်နဲ့ ဖွင့်မရတော့ဘူး ဖြစ်လာတယ်။ အဲဒါနဲ့ ကြောက်ပြီး ဆေးခန်းတခုမှာ ခွဲဖို့ ပြင်လိုက်ပါတော့တယ်။ တဖြည်းဖြည်း ခဲခဲလာပါတယ်။ ဆေးတွေထုတ်တဲ့ရက်က ဆေးထိုးပြီး ၃ ရက်မြောက်နေ့ ဖြစ်ပါတယ်။ အဲဒီမှာ ဆရာဝန်က ထုံဆေးပေးပြီး ဆေးတွေကို ထုတ်ပေးပါတယ်။ တချို့တွေ ကျန်လိမ့်မယ်လို့လည်း ပြောပါတယ်။ အဲဒီမှာ ခွဲစိတ်နေတုန်း ထုံဆေးကပြေချင်လာပါတယ်။ အဲဒီတော့ ဆရာဝန်က အမြန်အမြန် ချုပ်လိုက်ပုံရပါတယ်။ ပုံထဲကအတိုင်းကို ဖြစ်သွားပါတော့တယ်။ အခု အဲဒီလိုဖြစ်တဲ့နောက်ပိုင်း အိမ်ကမသိအောင် ဆေးရုံမှာမနေပဲ ခွဲပြီးပြီးချင်း အိမ်ပဲပြန်ခဲ့ပါတယ်။ ညှော်တော့ မိကောင်းမိခဲ့မယ်ထင်ပါတယ်။ အခု ကျွန်တော် အိမ်ထောင်ကျသွားပါပြီ။ ဒါပေမယ့့်
၃။ ကျွန်တော် လွန်ခဲ့တဲ့ ၆ နှစ်က လိင်အင်္ဂါကြီးအောင် ဆေးထိုးထားပါတယ်။ ဆေးထိုးပြီးစကတော့ မကြာခဏဆိုသလို ဖောင်းလာလိုက် ပြန်ကျသွားလိုက်၊ တခါတလေ အရမ်းကြီးနာကျင်နေတာတွေ ဖြစ်နေပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းတော့ အဲ့လိုတွေမဖြစ်တော့ပါဘူး။ အဖျားပိုင်းမှာပဲ ဆေးထိုးထားတဲ့ အရည်တွေ စုနေတယ်နဲ့တူတယ်၊ အဖျားပိုင်းမှာ ကြီးနေတယ်။ ထပ်ဖျားကို အောက်ဆွဲချလို့ မရဘူး။ အတူနေတာတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဆီးသွားရင် ဆီးကအကုန်မထွက်ပဲနဲ့ နည်းနည်းကျန်နေတယ်။ သုက်လွှတ်ရင်လဲ ပန်းမထွက်ဘူး။ နည်းနည်းချင်း ကျတယ်။ ဒါကို ဖြတ်လိုက်ရမလား။ ဖြတ်ရင် အရင်လိုပြန်သေးသွားမလား။ ဖြတ်လည်းဖြတ်ချင်ပါတယ်။
၎။ ကျွန်တော် ဆေးထိုးတာက တကြိမ်ထဲပါ။ ဘာဆေးလဲတော့ မမှတ်မိဘူး။ ထိုးတာက ယိုးဒယား (မယ်ဆိုင်) မှာပါ။ ဖြတ်ချင်တယ်ဆိုတာက အရေပြားကိုပါ။ အရေပြားလှန်လို့မရရင် အန္တရာယ်ရှိတယ်ထင်လို့ပါ။ အရေပြား ဖြတ်ပြီး ဆေးတွေ ခြစ်ထုတ်လိုက်ရင် အရင်အတိုင်း ပြန်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် သေးသွားမှာပေါ့။ အကောင်းဆုံးကို လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
၅။ ကျွန်တော် ဆရာ့ဆီကို တချိန်တုန်းက ရေးဖူးပါတယ်။့ ကို ဆေးထိုးထားတဲ့အကြောင်းပါ။ အခုအဲ့ဒါကို ပြန်ပြီးခွဲပစ်ဖို့ ဆုံးဖြတ်လိုက်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ဆီးသွားတိုင်းမှာ ဆီးကျန်နေတာရယ်၊ အတူနေပြီးတိုင်း သုက်ရည်အကုန် အပြင်ကိုမရောက်တာရယ်၊ ထိပ်ဖွင့်လို့မရတာရယ်တွေကြောင့်ပါ။ ခွဲစိတ်ရင် အချိန် ဘယ်လောက် ကြာအောင် ဆေးရုံမှာနေရမှာလဲ၊ ခွဲစိတ်ပြီးရင် ဘာတွေကိုရှောင်ကြဉ်ရမှာလဲ၊ (့) မှာ သွားပြီးလုပ်မှာပါ။ ကုန်ကျစရိတ်ကော များနိုင်လား၊ အရည်ပြားကို မဖြတ်ထုတ်ပဲနဲ့ ပြန်ပြီးချုပ်လို့ရနိုင်လား။
၆။ အင်္ဂါကြီးအောင် ကျားအင်္ဂါထဲကို ဆီလီကွန်တို့ ပန်းပေါင်းဆီတို့အစား နောက်ပိုင်း ပင်နယ်စလင်ထိုးဆေးအဆီကို ထိုးထည့်ကြတာ သိပ်များလာပါတယ်။ (၃) ခါထိုးရပါတယ်။ ပင်နင်စလင်အဆီက ခဲနေရင် မီးဝန်းလိုက်ပါသေးတယ်။ ပထမတခါထိုးပြီး အသားနုလေးတလွာ တက်လာအောင်စောင့်ပြီးမှ ဒုတိယအကြိမ် ပြန်ထိုးရပါတယ်။ တတိယအကြိမ် ထိုးပြီးရင် ဆေးအောင်တယ်လို့ ဆိုပါတယ်။ ပင်နင်စလင် ဆေးက ကျားအဂ်ါအထဲသို့ ရောက်လျင် ပန်းပေါင်းလိုမဟုတ်ဘဲ့ အသားဆဲလ်တွေပြန်ဖြစ်သွားပြီး သူကအထဲမှာ ဘာမှဒုက္ခမပေးဘူးလို့ ဆိုပါတယ်။ ဟုတ်ပါသလား။ ကျားအင်္ဂါကြီးချင်လို့ ပင်နင်စလင်အဆီကို တော်တော်များများ ထိုးနေကြတာတွေ့ရပါတယ်ဆရာ။ ဘာအန္တရာယ်မှမရှိတာ သေချာလားဆရာ သိချင်ပါတယ်။ (စာတပုဒ်ရေးထားပါတယ်။)
၇။ ကျွန်တော့်အသက် ၂၅ နှစ်ပါ။့ လို့ခေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာနေပါတယ်။ နားနဲ့မနာ ဖုဝါးနဲ့နာပေးပါ။ ကျွန်တော့်ရဲ့ လိင်တံကို ထိုင်းအုန်းဆီထိုးခဲ့မိပါတယ်။ ဖြစ်ချင်တော့ဗျာ အုန်းဆီက အသားကို ကြိတ်ထားတဲ့ အဆီမဟုတ်ပဲ အခွံကိုကြိတ်ထားတဲ့အဆီ ဖြစ်နေတယ်။ ဆယ်ရက်လောက်ကြာတော့ ရောင်လာတယ်။ ဆေးရုံမှာပြတယ်။ မေးခိုင်ပိုးစားတယ်ဆိုပြီး အရေခွံတွေ လှန်ထုတ်လိုက်ပါတယ်။ အဖျားမှာတော့ လက်တလုံးလောက် ကျန်ပါသေးတယ်။ အဲ့ဒါ အရေခွံပြန်ဖြစ်နိုင်လား။ ဘာဆက်လုပ်ရမလဲဆိုတာ လမ်းညွှန်ပါဦးဆရာ။
မေးခွန်းတွေရှိပါသေးတယ်။ ဆေးထိုးပြီးနောက် နောက်ဆက်တွဲဖြစ်တာတွေက အမျိုးမျိုးဖြစ်နိုင်တယ်။ ဆီးလမ်းအထူးကု ဆရာဝန်နဲ့ ကုသရမယ်။ ခက်ခဲတယ်။ တကြိမ်တည်းနဲ့ မရတာလည်းရှိတယ်။ ယောက်ျားလိင်အင်္ဂါဆေးထိုးတာကို ပပျောက်အောင် ဝိုင်းဝန်းပညာပေးတာ လုပ်ကြစေချင်ပါတယ်။
ဒေါက်တာတင့်ဆွေ
Circumcision ယောက်ျားပန်းအဖျား (သို့) ခွဲစိပ်ဆရာဝန်ဖြစ်ချင်ရင်
တထိုင်တည်းမှာ မေးတာ ၂ ယောက်။ တယောက်ကတော့ ကုန်ကျစရိတ်များလို့ သက်သာမဲ့နေရာမေးတယ်။ မသိပါ။ ဆောရီး။ ကျွန်တော်သာ ပန်းအဖျားခွဲပေးတာတွေ အဲလိုသာပိုက်ဆံရခဲ့မယ်ဆိုရင်ဖြင့် LDC ထဲကကင်းလွတ်တာကြာပြီပေါ့။ မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်ကနေ (၆) နှစ်နေရင် လွတ်တော့မယ်ဆိုတဲ့ မင်္ဂလာသတင်း ကနေ့ထွက်ပါတယ်။
ခေါင်းစဉ်ဖတ်ပြီး ကျွန်တော့်ကို ဆာဂျင်လို့မထင်ပါနဲ့။ ရိုးရိုးဆရာဝန်ပါ။ အစုံသုပ်လို့လဲခေါ်တယ်။ ဖျားတာနာတာလာပါ၊ ခွဲစရာလဲခွဲပေး၊ မွေးစရာလဲမွေး၊ ကလေး-လူကြီး၊ အပျို-အအို၊ အရိုးဆိုလဲရ၊ ၉၆ ပါးမကပါ။ ဒီရောဂါကို ဘယ်ဆရာဝန်မဆို လုပ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ထဲမှာ ဘယ်ဆရာဝန်၊ ဘယ်နေရာ၊ ဘယ်လောက်ကုန် မသိပါ။
ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို အရေပြားနဲ့ ဖုံးပေးထားတယ်။ ငယ်တုံးမှာ အတွင်းပိုင်း သွားကပ်နေတာကို အရွယ်ရောက်ချိန်မှာ အပေါ်ဆွဲတင်ရင် ပွင့်လာရပါမယ်။ ကလေးကို စမ်းကြည့်တာနဲ့ ဆွဲဖွင့်ရင် ပွင့်လာနိုင်ခြေကို သိတယ်။ အတင်းဆွဲဖွင့်မပေးရပါ။ အကုန် ဖွင့်မရရင်တော့ ပန်းငုံနေတယ်လို့ ခေါ်တယ်။ ခွဲစိပ်ပေးရလိမ့်မယ်။
ငယ်သေးရင် ဆီးသွာတာ ကလေးက နာလို့ မငိုဘူးဆိုရင် နဲနဲကြီးအောင် စောင့်နိုင်ပါတယ်။ အညစ်အကြေး အောင်းနေတတ်တယ်။ အဆီဥလေးတွေလဲ ဖြစ်လာတတ်တယ်။ အသာအယာ၊ လိုအပ်ရင် ထုံဆေးနဲ့ ရှင်းထုတ်ပေးရမယ်။ ပန်းခေါင်းလေးပြာနေတာ တွေ့လာရမယ်။ သွေးကောင်းကောင်း မလျှောက်ခဲ့ရလို့ပါ။ လုပ်ပေးပြီး၊ ချက်ချင်း ကောင်းသွားမယ်။
ပန်းအရေပြားဖြတ်လို့ မကောင်းကျိုးဆက်ရတာကို လေ့လာရင် ကိန်းဂဏန်း အမျိုးမျိုးတွေ ရှိတယ်။ ဝ့ဝ၆% ကနေ ၅၅% အထိ။ သွေးယိုတာနဲ့ ပိုးဝင်တာ။ နေရာဒေသတော့ ကွာပါတယ်။ ၁၉၉၉ က နိုက်ဂျီရီးယားမှာ ကလေး ၄၈ ယောက်ကို ဆန်းစစ်တော့ သွေးယိုတာ ၅၂%၊ ပိုးဝင်တာ ၂၁% တောင်ရှိတယ်။ အမေရိကားမှာ ကလေးပေါင်း ၃၅၄၂၉၇ ယောက်ကို လေ့လာတော့ ဝ့ဝ၁ ကနေ ဝ့ဝ၂% ရှိတယ်လို့ ထုတ်ပြန်တယ်။ အခုပြောနေတာတွေက လက်ငင်း ဆိုးကျိုးတွေသာ ဖြစ်ပြီး၊ ရှားရှားပါးပါး နောင်မှာ ဖြစ်နိုင်တာတွေလည်း ရှိသေးတယ်။ တစ်ရှူးတွေ ရောင်တာ၊ သွေးမလျှောက်တာနဲ့ အမာရွတ်ဖြစ်တာ၊ ထိပ်ဝကျဉ်းသွားတာ။ တခြားဟာတွေလဲ ရှိသေးတယ်။
အရေပြားဖြတ်ရာမှာ များသွားတာနဲ့ နည်းသွားတာ ဖြစ်တတ်တယ်။ များတာလဲ မကောင်း၊ နည်းတာလဲ မကောင်းပါ။ ကာကွယ်မှုနဲ့ စိုစွတ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ခွဲစိပ်ပြုပြင်ပြီးတာနဲ့ ပြန်ဆွဲဖုံးလိုက်ရင် ၃ ပုံ ၁ ပုံ အုပ်နေမှ ကောင်းတယ်။ အပေါ်ဖုံးအရေပြားရဲ့ အောက်ပိုင်း။ အလယ်တည့်တည့်မှာ လိင်တံရဲ့ခေါင်းကို လာဆက်ထားတဲ့ နေရာကို Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner's corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ ထောင်နဲ့ချီ ရှိတယ်။ အရေပြားဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ချန်ထားမှ ကောင်းပါတယ်။ ဖြတ်ပြီးပြီးချင် ကြည့်လိုက်ရင်တော့ အဖုအထစ် ရှိနေသလို မြင်ရပေမဲ့ ချန်ထားတာ နောင်အတွက် ကောင်းတယ်။
ဖြတ်ပေးတာ နည်းရင်လဲ ကုပေးတာ အရာ မရောက်ဘူး။ ထပ်လုပ်ချင် လုပ်ရတတ်တယ်။ သိပ်ငယ်တဲ့ ကလေးကို လုပ်ရရင် ဘယ်လောက် ဖြတ်ထုတ်မလဲ ဆုံးဖြတ်ရတာ ပိုခက်တယ်။ ထုံဆေးနဲ့ခွဲရင် ကလေးက ငြိမ်နေတာ မဟုတ်လို့ ပို ခက်တယ်။ မေ့ဆေးပေးတာလဲ အထူးဂရုစိုက်ရတဲ့ အရွယ်ပါ။ ခွဲစိပ်အပြီး သန့်ရှင်းရေးနဲ့ ဆေးထည့်တာလဲ အရေးပါတယ်။ ခွဲပြီး ဂရုအစိုက် နည်းရင် မကျက်သေးတဲ့ အရေပြားတွေက မတော်တဲ့ နေရာချင်း သွားဆက်နေရင် တံတားလို ဖြစ်သွား တတ်သေးတယ်။
ပန်းငုံတာဖြတ်ပေးရင် လိင်တံပတ်ဝန်းကျင်မှာ နေတတ်တဲ့ (ဗက်တီးရီးယား ကွန်မြူနတီ) ကို ပြောင်းလဲစေတာမို့ HIV ကို ကာကွယ်ရာ ကျတယ်လို့ ဆိုတာတယ်။ အကြောင်းနဲ့ အကျိုး ဆက်စပ်မှု ဆိုတာ ပန်းငုံတာ ဖြတ်ခြင်းနဲ့ HIV မှာ သိသာတယ်တဲ့။ စမ်းသပ်တာကလဲ ပန်းငုံတာ ဖြတ်တာ အလေ့နည်းပြီး၊ HIV အဖြစ်များလှတဲ့ ဆာဟာရ အောက်ပိုင်း နေရာတွေမှာ။ သက်သာတာ ၄ဝ% ရှိတယ်။ ဆိုချင်တာက ပန်းငုံဖြတ်သူ ယောက်ျားထဲမှာ ၁ဝဝ ဆို ၄ဝ က HIV အဖြစ် နည်းတယ်။ ဘာလို့လဲဆိုတော့ အဲလို ပန်းအရေပြား ဖြတ်ပေးတာကြောင့် ဗက်တီးရီးယားတွေရဲ့ Ecosystem ပြောင်းသွားလို့တဲ့။ ဒီတော့ ယောက်ျား လုပ်သူကနေ သူနဲ့ ဆက်ဆံတဲ့ မိန်းမမွေးလမ်း ပိုးဝင်တာ နည်းသွားစေလို့တဲ့။ လေမကြိုက်တဲ့ ဗက်တီးရီးယား Anaerobic bacteria တွေကို ရှင်းပြစ်ရာကျတယ်။ ကပ်ကပ်သပ်သပ် စဉ်းစားကြည့်ရင် မြူးကပ်စ်ထွက်တဲ့ အပေါ်ဖုံးက နည်းသွားလို့ ဆက်ဆံနေတုံး မိန်းမကိုယ်ကထွက်တဲ့ အရည်နဲ့တွေ့ဘိုလဲ နည်းစေတယ်။ ဒါ့ကြောင့် ရှိချင်ရှိနေမဲ့ ဗိုင်းရပ်စ်နဲ့ ခုခံအား ဆဲလ်တွေ အပြန်အလှန်ပြုတာလဲ နည်းစေတယ်။
ပန်းအဖျားခွဲစိပ်လိုက်တာကြောင့် ပန်းကို ထိပ်ဖျားမှာဖုံးနေတဲ့ အရေပြားအောက်လွှာ Inner foreskin ဟာ မာကျောလာတယ်။ Keratinization ဖြစ်တာလို့ ခေါ်တယ်။ ဒါကြောင့် Target immune cells ကို ကာကွယ်မှု ပိုရစေတယ်။ နောက်ပြီး အဲလိုဖြတ်လိုက်လို့ စိုစွတ်မှုနည်းပြီး လေပိုရစေလို့ လေမကြိုက်တဲ့ပိုး Anaerobic bacteria တွေနည်းစေတယ်။ ဒီအကောင်တွေရှိနေရင် Target immune cells တွေကို HIV ဒဏ် ခံရစေနိုင်တယ်။ ဗက်တီးရီးယား အဆိုးနဲ့ အကောင်း အရေအတွက် ပြောင်းသွားစေပါသတဲ့။ ၂ဝဝ၈ ခုနှစ်က ထုတ်ပြန်ချက်တွေအရ HIV ရတာကို သိသိသာသာ နည်းစေတယ်လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်နည်းက နဲနဲသာ အကာအကွယ်ပေးနိုင်လို့ တခြား ကာကွယ်နည်းတွေကို အစားထိုးလို့ မသင့်ဘူလို့ ဆိုပါတယ်။
ဒီ (အော်ပရေးရှင်း) က (ဗဲရီး-မိုင်နာ)ပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ကိုသာ အားကိုးပါ။ “ရှေ့နေပျိုမှ၊ သမားအိုမှ” ဆိုတာရှိတယ် မဟုတ်လား။ အတွေ့အကြုံများတဲ့ သူတွေက အသေးစိပ်ကအစ ကြိုမြင်တတ်တယ်။ ခွဲစိပ်ဆရာဝန် တယောက်ရဲ့ ရှိအပ်တဲ့ အရည်အသွေး (၃) ရပ် ပြောစမှတ်ရှိတယ်။ မိန်းမလက်လို ညင်သာသိမ်မွေ့ရမယ်။ သိန်းငှက်တို့ မျက်စိလို စူးရှပြီး မြင်နိုင်စွမ်းကောင်းရတယ်။ နောက်ဆုံး ‘ခြင်္သေ့တို့ထုံး နှလုံးမူဆိုတာ ပိုအရေးကြီးတယ်။ သားကောင်ကို ဖမ်းရင် သားကောင်ကြီးကို စိုက်ထုတ်တဲ့လုံ့လနဲ့ ယုန်ကလေးကို စိုက်ထုတ်ရတဲ့လုံ့လ အတူတူထားရတယ်၊ (မိုင်နာ-အော်ပရေးရှင်း) ဆိုပြီး ခပ်ပေါ့ပေါ့ မလုပ်ရဘူး။
Dr. တင့်ဆွေ
Credit: ဒေါက်တာ တင့်ဆွေရဲ့ Page