Thursday, December 22, 2016

ဤခရီးဝေးသလား


__________________

၁။

သရက်ချောင်းကားဝင်းထဲ ကျွန်တော်ရောက်တော့ နေ့လယ် ၁၂ နာရီ ကျော်ပြီ ဖြစ်သည်။ ပုံမှန် ၁၂ နာရီဆို ကားထွက်တတ်ပေမဲ့ သည်နေ့တော့ လူပဲ စောင့်နေသည်လား မသိ။ ရွာကားက သည်တစ်စီးသာရှိ၍ တစ်ယောက်နောက်ကျလည်း စောင့်ရတာပဲ ဖြစ်သည်။ သီတင်းကျွတ်နီးပြီဆို ရွာက တစ်နိုင်တစ်ပိုင် အိမ်ဆိုင်လေးတွေကလည်း ကုန်စည်ဝယ်လှောင်ကြပြီ။ သည်တော့ ကားခေါင်ပေါ်မှာ ပစ္စည်းတွေက တစ်ပုံတစ်ပင်။

ကျွန်တော် ဆိုင်ကယ်ကယ်ရီပေါ်မှ တခြားတစ်ဖက်သို့ မျက်နှာလွှဲထားလိုက်၏။ မတော် မြင်သွားရင် မျက်နှာပူစရာ။ အရေးထဲ ကယ်ရီးသမားက ဒီကားလား မေးသဖြင့် ရှေ့လမ်းချိုးထဲ ကွေ့ဝင်ဖို့ လမ်းညွှန်ရသည်။ အဲသည်မှာ လူစီးမှန်လုံကား ရှိသည်မဟုတ်လား။ မှန်လုံကားက ပစ္စည်း သိပ်တင်လေ့မရှိသဖြင့် ချောင်ချောင်ချိချိ စီးနိုင်သည်။ သို့သော် ရွာကားတော့ မဟုတ်။

ရွာသားတွေကတော့ တော်ရုံတန်ရုံ အကြောင်းအရာမရှိဘဲ အခြားကား ပြောင်းစီးခဲသည်။ သည်တော့ ရွာကားသည် ဘယ်တော့မှ လူပြတ်သည် မရှိ။ ကားက ဟိုင်းလပ်အမျိုးအစားမို့ ခေါင်ပေါ်က ပစ္စည်းထုပ်တွေ ပေါ်မှာရော၊ နောက်ခြေနင်းမှာရော လူတွေက ဟိုတွယ်သည်တွယ် သည်းသည်းလှုပ်။ အစကတော့ ကျွန်တော်ကိုယ်တိုင်လည်း သည်လိုတွယ်စီးရသည်ကို အရသာတစ်ခု မှတ်ထင်ခဲ့တာပဲ။

အဲသည်တုန်းကတော့ လေတဖြူးဖြူးနှင့် ကားခေါင်ပေါ် ထိုင်လိုက်ရသော အရသာကို လွတ်လပ်မှုဟု အထင်ရောက်ခဲ့သည်။ အခုတော့ ကျွန်တော်သည် ဟိုမှသည်မှ တွယ်စီးရသော ဟိုင်းလပ်ကားထက် အိနြေ္ဒရရ သက်ထောင့်သက်သာစီးနိုင်သော မှန်လုံကားကို ပိုသဘောကျတတ်ခဲ့ပြီ။ ဒါကိုပဲ ပညာတတ်ဟု ခေါ်လေမလား။ သည်လိုတွေးမိတော့ ကျွန်တော် ဟက်ခနဲ ရယ်မိသွားသည်။

ပညာတတ်ဟူသည် ဘာကို ခေါ်ပါလိမ့်။ သည်မေးခွန်းကို ကျွန်တော် တွေးတောနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကြားဖူးတာ တစ်ခုကတော့ "အောင်မြင်မှုနှင့် ငွေကြေးနောက် မလိုက်ပါနှင့်၊ အရည်အချင်းနောက်ပဲ လိုက်ပါ"တဲ့။ အစကတော့ ကျွန်တော်ကိုယ်တိုင် သည်စကားကို လေကြီးလေကျယ် ပြောခဲ့ဖူးသည်ပဲ။ တကယ်ကျ အရည်အချင်းဆိုသည်မှာ အခြားသော ပံ့ပိုးမှုတွေပါ လိုအပ်မှန်း တဖြည်းဖြည်း သဘောက်ပေါက်လာချိန်တွင် ကျွန်တော် ဆွံ့အ,သွားခဲ့ ရသည်။

"ဟာ...ဟေ့ကောင်"

ပုခုံးအပုတ်ခံလိုက်ရသောကြောင့် ကျွန်တော် မော့ကြည့်လိုက်သည်။

"ဟာ...ကျော်ဇေယျ..."

သူ့နာမည်ခေါ်ပြီး ကြောင်ကြည့်နေမိသော ကျွန်တော့်ကို ကျော်ဇေယျက တစ်ချက်ရယ်တော့ ကျွန်တော်ပါ လိုက်ရယ်မိသွားသည်။ ကျော်ဇေယျက ကျွန်တော့်ဘေး မြေတွင် တစ်ဝက်တစ်ပျက်ပေါ်နေသော သရက်မြစ်ပေါ် ဝင်ထိုင်လိုက်ရင်း...

"ဘယ်အချိန်က ပြန်ရောက်နေတာလဲ..."

"တနင်္လာနေ့ကမှကွာ...၊ အခု ရွာပြန်မလို့"

"အင်း...မင်းလည်း မတွေ့ရတာ ကြာပြီနော် ဟေ့ကောင်၊ ဟိုမှာရော အဆင်ပြေရဲ့လား"

"ဒီလိုပါပဲကွာ...၊ ရွာမပြန်ဖြစ်တာကတော့ လမ်းစရိတ်အတွက် ငဲ့တာရယ်၊ နောက်ပြီး အိမ်မှာလည်း တစ်ယောက်မှ မရှိတာကွာ"

ကျော်ဇေယျက နားလည်သလို ကျွန်တော့်ပုခုံးကို လှမ်းပုတ်သည်။ ပြီးမှ "ဒီလိုပါပဲကွာ..." ဟု ခပ်တိုးတိုးဆိုရင်း သက်ပြင်းချသည်။

"မင်းကော ကျောင်းဆက်မတက်ဖြစ်ဘူးလား"

ကျွန်တော့်အမေးကို ကျော်ဇေယျက ဟက်ဟက်ပက်ပက် ရယ်သည်။

"ငါ ဆယ်တန်းမအောင်ဘူး ဟေ့ကောင်၊ ဒါလည်း ခပ်ကောင်းကောင်းပါပဲကွာ၊ မဟုတ်ရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေဦးမယ်"

ကျော်ဇေယျက သူ ဆယ်တန်းကျပြီးနောက်ပိုင်း ရှမ်းပြည်(ထိုင်း)ဘက် ခဏ ရောက်သေးကြောင်း၊ သို့သော် သူ့အမေ အသည်းအသန်ဖြစ်သဖြင့် ရွာပြန်လာပြီး ကြုံရာလုပ်ရင်း အခု ကားနောက်လိုက်(စပယ်ယာ) လုပ်နေကြောင်း၊ သူ့အမေလည်း မာတစ်ချက်၊ နာတစ်ချက်နှင့်ပင် လုံးချာလိုက်နေကြောင်း ဆက်ပြောသည်။ သူ့စကားဆုံးတော့ ကျွန်တော် သက်ပြင်းချမိသွားသည်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဘာမှပြောစရာ မရှိတော့သလိုမျိုး တိတ်ဆိတ်သွား၏။

ထားဝယ်နေသည် အခုမှ ပိုပူလာသယောင်ရှိသည်။ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၏ ဈေးခေါ်သံ တစာစာက အပူရှိန်ကို ပိုမြှင့်ပေးနေသလို။ ကားဝင်းထဲကို သုံးဘီးတစ်စီး ဝင်လာ၏။ လက်ဆွဲအိတ် အကောင်းစားတွေနှင့် တောက်တောက်ပြောင်ပြောင် လူ သုံးလေးယောက် ဆင်းလာသည်။ ရွာပြန်တွေ ဖြစ်မည်။ သတင်းကျွတ်ပြီဆို သည်လိုပဲ ကျွန်တော်တို့ဘက် ရွာတွေမှာ လူတွေ စုရုံးစုရုံး ပြန်စုလာကြပြီ။ ထိုင်းက ပြန်လာသည်လည်း ရှိမည်။ စင်ကာပူတို့၊ မလေးတို့က ပြန်လာသည်လည်း ရှိသည်။

ကျော်ဇေယျက သရက်မြစ်ပေါ်က ဖုတ်ဖက်ခါထရင်း ပုဆိုး ပြင်ဝတ်သည်။

"ဒါဆို ခဏနေဦး မင်းမင်း...၊ ငါ ပစ္စည်းလေးနည်းနည်း သွားတင်ဦးမယ်ကွာ...၊ ငါတို့ကားနဲ့ပဲ လိုက်မယ်မဟုတ်လား"

"အေး...လုပ်...လုပ်...ဟေ့ကောင်၊ ကားပေါ် ရောက်မှ တွေ့ကြတာပေါ့"

ကျွန်တော့်ရှေ့မှ ထွက်သွားသော ကျော်ဇေယျ၏ ကျောပြင်ကို ငေးရင်း ဘယ်နှကြိမ်မြောက်မှန်း မသိသော သက်ပြင်းတစ်ချက်ကို ကျွန်တော် မှုတ်ထုတ်လိုက်မိသည်။

------------------------------

၂။

ကားထွက်တော့မည့်အကြောင်း အသိပေးသည့် ဟွန်းသံ လေးငါးချက် ထွက်လာသည်။ ကျွန်တော် နံဘေးတွင် ချထားသော ကျောပိုးအိတ်ကို ကောက်လွယ်လိုက်သည်။

ယောက်ယက်ခတ်နေသည့် လူတွေကြားမှ တိုး၍ နောက်ဆုံးထိုင်ခုံဆီ ဦးတည်လိုက်သည်။ ကျောပိုးအိတ်ကို ထိုင်ခုံရှေ့ကြားထဲ ချလိုက်ပြီး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တော့ လေပူတစ်ချက် သုတ်ခနဲ ပြေးဝင်လာ၏။

"လူစောင်ဟားဘီလော်...လူစောင်ဟာ ထွပ်မယ်ခံဗျား (လူစုံရင် ထွက်မယ်ခင်ဗျား)"

ကားဆရာ၏ နှိုးဆော်သံနှင့်အတူ ခရီးသည်များ၏ ကျွတ်စီကျွတ်စီ အသံတွေပါ ထွက်လာ၏။ ခဏနေတော့ ကားပေါ် လူတစ်ယောက်တက်လာပြီး ဒဏ်ကြေလိမ်းဆေး ကြော်ငြာသည်။ ကျွန်တော် မျက်လုံးကို အသာ မှိတ်ချထားလိုက်၏။

ကားဘီး စလှိမ့်ပြီ။ ကားအရှိန်ကြောင့် လေထု အပူအအေး အပြောင်းအလဲတွင် ကျွန်တော် အသက်ကို ဝ အောင် ရှူလိုက်မိ၏။ ကားက ဟိုယိမ်းသည်ယိမ်းဖြင့် ဝင်းထဲမှ ချိုးထွက်သည်။

"စုကမ်း...ရှမ်းထဲဟ ထွပ်လာလော် (ကောင်လေး...ထိုင်းက ပြန်လာတာလား)"

စကားသံတွေကြောင့် မျက်လုံးကို ပြန်ဖွင့်ပြီး ရှေ့ကို အနည်းငယ် အကဲခတ်လိုက်မိသည်။ ကျွန်တော့် ရှေ့မျက်စောင်းထိုးခုံတွင် အသားဖြူဖြူ လူတစ်ယောက် ထိုင်နေ၏။ ကျော်ဇေယျနှင့် စကားပြောနေစဉ်တုန်းက ဝင်လာသော သုံးဘီးကားအုပ်စုထဲကပဲ ဖြစ်မည်ထင်သည်။

"အယ်ပဲမိ...ဒန်းကျွတ်ဟိ ထွပ်လာဟယ်ခံ (ဟုတ်တယ် မေကြီး...သတင်းကျွတ်လို့ ထွက်လာတယ် ခင်ဗျ)"

ကျွန်တော် ပြတင်းပေါက်အပြင်ဘက်ကို မျက်နှာလွှဲလိုက်သည်။ ကားက တဖြည်းဖြည်းနှင့် မြို့ပြင်ရောက်လာသည်။ လမ်းဘေး တစ်ဖက်တစ်ချက်ရှိ ထန်းပင်တန်းတွေကို မြင်ရပြီ။ အခုမှ ကိုယ့်မြေကိုယ်ရေ၏ အငွေ့အသက်ကို ရှူရှိုက်လိုက်ရသလို ခံစားရ၏။ မြို့ပြင်ဆိုသည့်အတိုင်း လယ်ကွင်းများက တပြန့်တပြော။ ပြတင်းမှ တိုးဝင်လာသော လေထုတွင် ရိုးပြတ်နံ့သဲ့သဲ့ကို ရသည်။

ကျော်ဇေယျက ကျွန်တော့်ဘေး လာထိုင်သည်။ နားသယ်စပ်မှ ရွှဲကျနေသော ချွေးများကို အင်္ကျီလက်မောင်းဖြင့် ပင့်သုတ်သည်။ လေပူတစ်ချက်ကို ဟူးခနဲ မှုတ်ထုတ်၏။ ပြီးမှ မဆီမဆိုင် လှမ်းပြောသည်။

"ရွာမှာလည်း ငါတို့သူငယ်ချင်းတွေ တစ်ယောက်မှ မရှိတော့ဘူးကွာ..."

ကျွန်တော်နဲ့ ကျော်ဇေယျကြားတွင် ဒုတိယမ္ပိ တိတ်ဆိတ်သွားပြန်လေသည်။

------------------------------------

၃။

ဘေးမှာ တခေါခေါအိပ်မောကျနေသော ကျော်ဇေယျကို ကြည့်ရင်း သနားသလို ဖြစ်လာသည်။ တကယ်တော့ သူ့ကိုပဲ သနားရမည်လား၊ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ သနားရမည်လား မသိ။ "ရွာမှာ ငါတို့ သူငယ်ချင်းတွေ တစ်ယောက်မှ မရှိတော့ဘူးကွာ" ဟူသည့် သူ့စကားကိုသာ ကြားယောင်နေမိသည်။

ကျွန်တော်တို့ ရွာလေးသည် တိုးတက်လာသည်ဟုတော့ ပြော၍ ရသည်။ သို့သော် ဘယ်နေရာက တိုးတက်လာပါသလဲ။ သည်မေးခွန်း၏ အဖြေကို သည်ကနေ့အထိ ကျွန်တော် ရဲရဲ မထုတ်ရဲသေးပါ။

ရွာကျောင်းလေးသည် အခုဆို အ.ထ.က (ခွဲ) ကျောင်းပင် ဖြစ်နေပြီ။ အလယ်တန်းအထိကတော့ ကျောင်းသားစာရင်း ပြည့်မီပါ၏။ အလယ်တန်းအထက် ရောက်လျှင်တော့...။

တဖြည်းဖြည်း ပျောက်ဆုံးလာသော ကျောင်းသားဦးရေစာရင်းကို ကြည့်ပြီး ကျွန်တော် တအံ့တသြ ဖြစ်ခဲ့ဖူးပါသည်။ ရှစ်တန်းအထိ လူတစ်ရာကျော်ခဲ့သော ကျောင်းသားဦးရေသည် ဆယ်တန်းတွင် အဘယ်ကြောင့် သုံးဆယ်ကျော်သာ ကျန်ခဲ့ရပါသနည်း။

ကျွန်တော် ဆယ်တန်းတက်သည့်အခါ အဖေရော၊ အမေရော ထိုင်းကို ရောက်ကုန်သည်။ ညီမလေးကို အဒေါ်တစ်ယောက်နှင့် ထားခဲ့ပြီး ကျွန်တော့်ကို ထားဝယ်မြို့ရှိ ဘော်ဒါဆောင်တစ်ခုသို့ ကျောင်းအိပ်ကျောင်းစား ပို့လိုက်၏။ အခု ညီမလေးပင် ဆယ်တန်းရောက်ပြီ။ အဖေနှင့် အမေ ထွက်မလာနိုင်သေး။ အရှေ့ကို ဆက်တွေးကြည့်လျှင် ရင်မောစရာချည်းပါ။

ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ပတ်ဝန်းကျင်မှ တစ်စစ ပျောက်ဆုံးသွားရခြင်းအကြောင်းကို ကျွန်တော် နားလည်လာသည်။

ဆယ်တန်းအောင်စာရင်းထွက်ပြီးနောက် ကျွန်တော် ပညာရေးတက္ကသိုလ် လျှောက်မည်ဆိုတော့ အဖေနှင့် အမေက အပြင်းအထန် ကန့်ကွက်လေသည်။ အကြောင်းပြချက်က သင်းပါသည်။ ဆရာတစ်ယောက် လစာ ဘယ်လောက်ရပါသလဲတဲ့။ ဟုတ်ကဲ့။ သည်အတွက် ကျွန်တော်သည် ကျွန်တော်မသင်ချင်သော အင်ဂျင်နီယာ ဘာသာရပ်များကို အတင်းကြိုးစား သင်ယူရပါတော့၏။

ထို့ကြောင့် ကျွန်တော့်ခေါင်းထဲသို့ "အလုပ်၊ အလုပ်၊ အလုပ်" ဟူ၍ ဝင်လာသည်မှာ ဘာမှမဆန်းဟု ထင်ပါသည်။ သို့သော် ဘွဲ့ရတိုင်း အလုပ်မရပါဟု အဖေနှင့်အမေ့ကို ကျွန်တော် မည်သို့ရှင်းပြရမည်လဲ။ ကျောင်းပြီးရင် ဘာလုပ်ရမလဲ၊ လစာ ဘယ်လောက်ရမလဲ ဟူသော မေးခွန်းတွေကို ကျွန်တော် မည်သို့ဖြေရမည်လဲ။ ထိုအချိန်မျိုးတွင် ကျွန်တော့်စိတ်တစ်ခုလုံး မွန်းကျပ်လာတတ်ပါသည်။

"သားတို့ ဘွဲ့ရရင် အမေတို့ နားရမှာပေါ့"

ကျွန်တော်သည် အရူးတစ်ယောက်လိုသာ အော်ဟစ်ရယ်မော ပစ်လိုက်ချင်တော့သည်။ အရည်အချင်းဆိုသည်မှာ ဘာပါလိမ့်။ တစ်ခါတလေ မိဘဆီမှာ အခုအချိန်အထိ လက်ဖြန့်နေရသော ကိုယ့်အဖြစ်ကိုယ် ရွံလာသည်။ အသက် ၂ဝ ဆိုသော အရွယ်တွင် ကျွန်တော်တို့သည် ဘာမှမရေရာသော အနာဂတ်အတွက် ကျောင်းတက်နေရဆဲ ဖြစ်လေသည်။

တစ်ခါတလေ ပညာဆုံးခန်းမတိုင်ခဲ့သော သူငယ်ချင်းများကြားတွင် ပညာတတ် ကျွန်တော်သည် သိမ်ငယ်ရှက်ရွံ့ရပါသည်။ အထူးသဖြင့် ကိုယ့်ကို အထင်ကြီးအားကျသည့် မျက်လုံးများဖြင့် ကြည့်သောအခါ ဖြစ်သည်။

ပညာသင်ယူရခြင်း၏ ရည်ရွယ်ချက်သည် ဘာလဲ။ အလုပ်လုပ်ဖို့ အတွက်လား။ ဒါဆို ပညာမတတ်ဘဲကော အလုပ်လုပ်၍ မရဘူးလား။ ဘွဲ့ရပြီးစ ကျွန်တော့်အသိ အင်ဂျင်နီယာ တစ်ယောက်၏ လစာသည် သူများနိုင်ငံမှ အောက်ခြေအလုပ်သမားတစ်ယောက်၏ လစာထက်ပင် နည်းသောအခါ ကျွန်တော်သည် စိတ်အချဉ်ပေါက်စွာ အော်ဟစ် မေးခွန်းထုတ်ချင်လာပါသည်။ ကျွန်တော်တို့၏ ပညာရေးသည် ဘာအာမခံချက် ပေးထားပါသလဲ။

"ဟေ့ကောင်...ထ,တော့...၊ သရက်ချောင်းရောက်နေပြီဟ"

ကျော်ဇေယျ ပုတ်နှိုးမှ ကျွန်တော် အလန့်တကြား နိုးလာသည်။ တကယ်တော့ ကျွန်တော် အိပ်ပျော်နေသည် မဟုတ်ပါ။ အိပ်ချင်ယောင်ဆောင်နေခြင်းသာ ဖြစ်ပါသည်။

------------------------------

၎။

"မင်းညီမလေးကော အဆင်ပြေရဲ့လား"

သရက်ချောင်းကအထွက် ကျော်ဇေယျက ကျွန်တော့်ကို မေးသည်။ ကျော်ဇေယျ မေးမှ "ကိုကိုရယ်...အမေ့လက်ရာလေးကို လွမ်းလိုက်တာ...၊ အဆောင်မှာ ကြက်ဥပဲစားရတယ်" ဟူသော ညီမလေး၏ စကားကို အမှတ်ရလာမိသည်။ ဒါတွေကို ကျွန်တော် သိပြီးသားပါ။ ညီမလေးလည်း ကျွန်တော့်ခြေရာအတိုင်း လိုက်နင်းခဲ့ရသည်ပဲ။ ကျော်ဇေယျ အမေးကိုတော့ "ပြေပါတယ်"ပဲ ဖြေလိုက်ရသည်။

ပိတိုင်ကိုရောက်တော့ ကျွန်တော်မရှိသည့် တစ်နှစ်အတွင်း နတ်ဖန်ဆင်းသလို ပြောင်းလဲသွားသော လမ်းမကြီးကို ကျွန်တော် တအံ့တသြ ငေးမောနေမိသည်။ ကျော်ဇေယျက ကျွန်တော့်ကို ကြည့်ပြီး သဘောကျသလို ရယ်သည်။

ခါတိုင်းဆို ပိတိုင်တောင်ပတ်လမ်းဆိုသည်နှင့် အသက်ကို ဝဝမရှူရဲလောက်အောင် ရင်တထိတ်ထိတ်နှင့် ဖြတ်သန်းရစမြဲ မဟုတ်လား။ လမ်းက ကျဉ်းသည့်အပြင် ကျောက်စရစ်ခဲတွေက မွစာကျဲနေတတ်သေးသည်။ သည်ထဲ တစ်ခါတလေ ဆင်းတတ်သော တောင်ကျရေကြောင့် လမ်းကပျက်ပြီး အကျည်းတန်နေတတ်၏။

အခုတော့ လမ်းမကြီးက ကားနှစ်စီး လောက်လောက်လားလား ဖြတ်သွားနိုင်သည်အထိ ကျယ်လွင့်နေသည်။ ပြီးတော့ နိုင်လွန်ကတ္တရာခင်း လမ်းမကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ တစ်နှစ်ဟူသော အချိန်သည် သည်လောက်အထိ ပြောင်းလဲသွားနိုင်သည်တဲ့လား။

"လမ်းတွေ ကောင်းလာလိုက်တာကွာ"

ကျွန်တော့်စကားကို ကျော်ဇေယျ ဘာမှပြန်မတုံ့ပြန်သေးခင် အရှေ့ဘက်မှ စကားသံတစ်ခုက ဖြတ်ဝင်လာ၏။

"ကျွန်တော်တို့ကတော့ ဟိုကလမ်းတွေ မြင်ပြီးကတည်းက ဒီလောက်လမ်းကို ကောင်းတယ်ကို မထင်တာ"

ပထမ ကျွန်တော် ကြောင်သွားသည်။ မျက်နှာတစ်ခုလုံး ဖြန်းခနဲ ဖြစ်၏။ ထို့နောက် ကျွန်တော်သည် ဟားတိုက်ပဲ ရယ်မောပစ်ချင်လာသလိုလို၊ ရှိုက်ကြီးတငင်ပဲ ငိုချရတော့မလိုလို ဖြစ်သွားသည်။ ကျွန်တော့်ရှေ့က ပုဂ္ဂိုလ်တွေကတော့ ကျွန်တော်နားမလည်သော ဘာသာစကားတွေနှင့် အပြန်အလှန် ပြောဆိုရယ်မောနေကြဆဲ။ ကျော်ဇေယျက မျက်နှာပူသလို ပြတင်းပေါက်အပြင်ဘက်ကို မျက်နှာလွှဲသည်။ ပြီးမှ အနေခက်သည်လားမသိ။ "ရှေ့ ခဏ သွားဦးမယ်ကွာ" ဟု ဆိုကာ ကျွန်တော့်ဘေးက ထွက်သွားသည်။

ကျွန်တော်သည် ငေးမိငေးရာ တရိပ်ရိပ်ဖြတ်ပြေးနေသော ပတ်ဝန်းကျင်ကို ငေးနေမိ၏။ သို့သော် ဘာတစ်ခုမှ မမြင်။ ကျွန်တော့်အာရုံတွင် အဖေ၊ အမေနှင့် ညီမလေးတို့ မျက်နှာသည် တစ်လှည့်စီ ပေါ်နေ၏။ စိတ်က ခြောက်သွေ့နေသော ကျွန်တော်တို့ရွာတန်းလေးဆီ ရောက်သွားသည်။ သော့ခလောက်တန်းလန်းနှင့် အိမ်ကလေးကို မြင်ယောင်တော့ ကျွန်တော့်ရင်ဘတ်ထဲ နင့်ခနဲ ဖြစ်သွားလေသည်။

------------------------------

နေးချား

No comments: