Thursday, December 8, 2016

Huawei GR5 2017 နဲ့ Mi Mix

အဆင့်မြင့် Dual Camera ပါဝင်ပြီးဈေးနှုန်းသင့်တင့်တဲ့ Huawei GR5 2017 စမတ်ဖုန်းအကြောင်းသုံးသပ်ချက်
-------------------------


ယခုအသစ်ထွက် Huawei GR5 2017 က Huawei P9 လိုပဲ Dual Camera ပါဝင်လာပြီး P9 ရဲ့ Camera feature တော်တော်များများထည့်သွင်းပေးထားတာကြောင့် ကင်မရာတစ်လုံးထဲပါဝင်တဲ့ P9 Lite ထက်စာရင် ဒီ GR5 2017 ကိုပိုကိုင်သင့်ပါတယ် ။ အရင် Huawei GR5 2016 ထက်ဒီဇိုင်းရော ၊ ကင်မရာပိုင်းပါသိသိသာသာပြောင်းလဲပေးလိုက်တာလည်းသိသာထင်ရှားစွာတွေ့ရမှာပါ ။ သူနဲ့ ဈေးနှုန်းတူ ဈေးနှုန်းသင့်အလယ်အလတ်ဖုန်းအမျိုးအစားတွေထဲမှာတော့ Huawei GR5 2017 ဟာကင်မရာအကောင်းဆုံးစမတ်ဖုန်းလို့ဆိုရမှာပါ ။

ဖုန်းရဲ့နောက်ဘက်ခြမ်းမှာ ကင်မရာ ၂ လုံးပါဝင်ပြီး တစ်လုံးက 12MP , နောက်တစ်လုံးကတော့ 2MP အရည်အသွေးရှိကင်မရာတွေဖြစ်ပါတယ်။ 2 MP ကင်မရာကတော့ Depth of field (Background Blur) ပုံရိပ်အဖြစ်ရရှိဖို့လုပ်ဆောင်ပေးပါတယ် ။ အလင်းအားနည်းတဲ့အချိန်မှာတောင် ပုံရိပ်ကောင်းစွာရိုက်ကူးပေးနိုင်စွမ်းရှိပါတယ် ။ DSLR Camera တစ်လုံးလိုမျိုး ဓာတ်ပုံရုပ်ထွက်အကောင်းဆုံးရအောင်စိတ်ကြိုက်ချိန်ညှိနိုင်တဲ့ AWB, E/V, ISO Parameter , exposure စတဲ့ Manual Setting တွေလည်းပါဝင်ပါတယ် ။ Time Lapses Photography တွေကိုလည်းရိုက်ကူးန်ုင်ပါတယ် ။ Ultra Snapshos ဆိုတဲ့ feature လည်းပါဝင်ပြီး ဒီ feature ကတော့ လျှပ်တပြက်ရိုက်ကူးလိုက်တဲ့ပုံရိပ်တွေကိုအပြတ်သားဆုံးပုံရိပ်အဖြစ်ရရှိအောင် ပုံရိပ်ဖမ်းယူပေးနိုင်ပါတယ် ။ အခြား Camera function တွေအနေနဲ့
•Panorama
•Perfect selfie
•Light trails
•Light graffiti
•Silky water
စတဲ့ Camera function တွေပါဝင်ပါသေးတယ် ။ ရှေ့ကင်မရာကတော့ 8 MP အရည်အသွေးရှိကင်မရာပါ။  ဈေးနှုန်းအသင့်အတင့်စမတ်ဖုန်းထဲမှာ ကင်မရာလုပ်ဆောင်ချက်နဲ့အရည်အသွေးအကောင်းမွန်ဆုံးစမတ်ဖုန်းလို့ဆိုရမှာပါ။

ဖုန်းရဲ့ Screen size ကတော့ ၅.၅ လက်မဖြစ်ပြီး 1080p FHD အရည်အသွေးရှိ IPS LCD Display ကိုတပ်ဆင်ထားပြီး 2.5D Curved Glass နဲ့ဖုံးအုပ်ထားပါတယ်။ ဖုန်းရဲ့ရှေ့ရုပ်ထွက်က Huawei P9 နဲ့တူပါတယ်။

Huawei GR5 2017 မှာလက်ဗွေစနစ်လည်းပါဝင်ပြီး နောက်ဆုံးထွက် Fingerprint Technology ဖြစ်တဲ့ Fingerprint 3.0 ကိုအသုံးပြုထားပါတယ်။ 0.3 စက္ကန့်အတွင်းမှာတင် Screen Unlock လုပ်နိုင်ပါတယ်။ လက်စိုစွတ်နေတဲ့အချိန်မှာတောင်မှ Fingerprint ကကောင်းစွာအလုပ်လုပ်ပါတယ် ။ ယခု GR5 2017 မှာပါဝင်တဲ့ Fingerprint စနစ်ဟာ ယခင် Huawei GR5 ရဲ့ Fingerprint စနစ်ထက် ၁၀၀ ရာခိုင်နှုန်းတိုးတက်ပြောင်းလဲမှုတွေပြုလုပ်ပေးထားပါတယ်။

Huawei GR5 2017 မှာ Kirin 655 chipset ကိုအသုံးပြုထားပြီး RAM 3GB ပါဝင်ပါတယ်။ Kirin 655 chipset ကိုအကူထိန်းညှိပေးဖို့ i5 Coprocessor ကိုလည်းပူတွဲတပ်ဆင်ပေးထားပါတယ်။ ဒီ i5 Coprocessor လေးကတော့ Power အသုံးပြုမှုပိုင်းဆိုင်ရာထိန်းညှိပေးဖို့ထည့်သွင်းပေးထားတာပါ။ Internal Storage အနေနဲ့ 32GB ပါဝင်ပြီး Memory Card ထပ်မံထည့်သွင်းအသုံးပြုနိုင်ဦးမှာပါ ။ Battery အနေနဲ့ 3340 mAh battery ကိုအသုံးပြုထားပြီး ဖုန်းရဲ့ System ပိုင်းမှာ i5 Coprocessor Sensor Hub Technology, Android M doze App Standby Technology, Intelligent power saving Technology စတာတွေနဲ့ထိန်းညှိပေးထားတာကြောင့် ဖုန်းကိုဆက်တိုက်အသုံးပြုနေရင်တောင်မှ တစ်ရက်ခွဲလောက်အထိအသုံးပြုနိုင်မှာပါ။

SIM Card ၂ ကဒ်ထည့်သွင်းအသုံးပြုနိုင်ပြီး 4G Network မှာလည်းအသုံးပြုနိုင်ပါတယ်။

System ပိုင်းအနေနဲ့ EMUI 4.1 (Android 6.0) ကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့ Language အနေနဲ့  မြန်မာဘာသာစကားလည်းထည့်သွင်းပေးထားပြီး ဇော်ဂျီ နဲ့ ယူနီကုဒ် ၂ မျိုးလုံးထည့်ပေးထားပါတယ် ။

သိပ်မကြိုက်တဲ့အချက်လေးတစ်ခုကတော့ ဖုန်းရဲ့ usb port အနေနဲ့ USB 2.0 port ကိုပဲဆက်လက်အသုံးပြုထားသေးတဲ့အချက်ပါပဲ ။ ဒီဖုန်းမှာလည်း USB Type-C Port လောက်တော့ပြောင်းလဲအသုံးပြုသင့်ပြီလို့မြင်ပါတယ် ။

Huawei GR5 2017 ကို ဈေးနှုန်းအားဖြင့် ၂၈၉၀၀၀ နဲ့ရောင်းချမယ်လို့သိရပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာစတင်ဝယ်ယူရှိနိုင်မှာပါ ။

၂၀၁၆ ခုနှစ်ရဲ့ဒီဇိုင်းဆန်းသစ်မှုအရှိဆုံးစမတ်ဖုန်း (သို့မဟုတ်) Mi Mix



ဖုန်းလေးလက်ထဲရောက်လာမှရေးမယ်လို့တွေးထားလို့အခု MI MIX အကြောင်း review ရေးပေးလိုက်ပါပြီ။ ဖုန်းမျက်နှာပြင်ရဲ့ ၉၁ ရာခိုင်နှုန်းလောက်ကို Screen အပြည့်နေရာယူထားတဲ့ ဘေးဘောင်အနားသတ်မဲ့ စမတ်ဖုန်းတစ်လုံးပါ ။ ဖုန်းရဲ့ကိုယ်ထည်ကို အပွန်းအစင်းဒဏ်အလွန်ခံနိုင်တဲ့ ကြွေထည်နဲ့တည်ဆောက်ထားပါတယ်။ ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့်နီးပါး Display နဲ့ အလွန်တောက်ပြောင်လှပတဲ့ ကိုယ်ထည်ပေါင်းစပ်လိုက်တော့ အလွန်လှပတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ်ကိုရောက်ရှိလာပါတယ်။ Screen size အားဖြင့် 6.4 လက်မအရွယ် 2048 x 1080 resolution IPS LCD display ကိုတပ်ဆင်ထားပါတယ်။

ဖုန်းရဲ့အပေါ်ဘက်ခြမ်းကိုမျက်နှာပြင်ပြည့်တည်ဆောက်ထားတာကြောင့် ဖုန်း earpiece speaker ကို Screen Display အောက်မှာထည့်သွင်းတည်ဆောက်ထားပါတယ် ။ ဒါကြောင့်ဖုန်းပြောတဲ့အခါ တဖက်လူရဲ့အသံကို ဖုန်း Screen ရဲ့မှန်သားပြင်အောက်ကထွက်လာတဲ့ အသံအနေအထားနဲ့ကြားရမှာဖြစ်ပါတယ်။ ရှေ့ Selfie Camera ကိုတော့ ဖုန်းရဲ့အောက်ခြေနားမှာထည့်သွင်းထားပါတယ်။ MI MIX မှာ ရှေ့ Selfie Camera အနေနဲ့ 5 MP ၊ နောက်ဘက်ခြမ်းကင်မရာအနေနဲ့ 16 MP အရည်အသွေးရှိ Camera များကိုတပ်ဆင်ထားပါတယ်။ 4K Video တွေကိုလည်းရိုက်ကူးနိုင်ပါတယ်။ ကင်မရာအသားပေးဖုန်းမဟုတ်တဲ့အတွက် အခြားထိပ်တန်းစမတ်ဖုန်းတွေနဲ့ယှဉ်ရင်တော့ ကင်မရာပိုင်းမှာပို၍ထူးခြားကောင်းမွန်နေတာမျိုးမရှိပါဘူး ။ ပုံမှန်အဆင့်ပါပဲ ။

Mi Mix မှာ Qualcomm Snapdragon ရဲ့ နောက်ဆုံးထွက်အဆင့်မြင့် Processor ဖြစ်တဲ့ 821 processor ကိုတပ်ဆင်ထားပါတယ်။ Storage အနေနဲ့ 128GB နဲ့ 256 GB ဆိုပြီး မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပါတယ် ။ 128 GB မော်ဒယ်မှာတော့ RAM ပမာဏ 4GB တပ်ဆင်ထားပါတယ် ။ 256GB မော်ဒယ်ကတော့ luxury ပုံစံထုတ်လုပ်ထားတာဖြစ်ပြီး ဖုန်းနောက်ကျောဘက်ခြမ်းက Camera နဲ့ Fingerprint နေရာမှာ 18k ရွှေနဲ့ကွပ်ပေးထားပါတယ်။ 256 GB မော်ဒယ်မှာတော့ RAM ပမာဏအားဖြင့် 6GB တပ်ဆင်ပေးထားပါတယ်။ MI MIX မှာဘက်ထရီပမာဏအနေနဲ့ 4000 mAh Battery တပ်ဆင်ပေးထားတာကြောင့် ဘက်ထရီအားအလွန်ခံတဲ့စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ အမြန်အားသွင်းစနစ် Quickcharge 3.0 လည်းပါဝင်ပါတယ်။

Screen size အနေနဲ့ ၆.၄ လက်မရှိတယ်ဆိုပေမယ့် ဘေးဘောင်အနားသတ်တွေမပါတာကြောင့် အခြား ၆ လက်မ size ဖုန်းတွေလို အရွယ်အစားကြီးတယ်လို့ မခံစားရစေပါဘူး ။ ကိုင်ရတာအနေတော်ပါပဲ ။ ပြုတ်ကျပွန်းပဲ့မှာစိုးရိမ်သူတွေအတွက် ဖုန်းဂျပ်ဗူးထဲမှာ leather Case တစ်ခုလည်းပါဝင်ပါတယ်။ Mi Mix ဟာ Android ဖုန်းကိုင်ရတဲ့ အတွေ့အကြုံတွေထဲမှာတော့ ပထမဦးဆုံးအနေနဲ့ ထူးခြားဆန်းပြားတဲ့ ခံစားချက်ကိုအပြည့်အဝရစေပါတယ် ။ ထိပ်တန်းအဆင့်စမတ်ဖုန်းတွေဟာ တစ်လုံးနဲ့တစ်လုံး specifications သိပ်မကွာ ၊ ဒီဇိုင်းလည်းသိပ်မကွာဘူးလို့ခံစားနေရသူတွေအတွက်ကတော့ MI MIX ဟာရွေးချယ်သင့်တဲ့ ထိပ်တန်းစမတ်ဖုန်းတစ်လုံးပါပဲ ။

သက်နိုင်စိုး (Myanmar Mobile App)
www.myanmarmobileapp.com

No comments: