Friday, April 29, 2011

ဗုဒ္ဓ၀ါဒသည် အဆိုးမြင်ဝါဒလော


-->
တစ်ခါက ဘာသာခြားမိတ်ဆွေတစ်ဦးနှင့် ဗုဒ္ဓဘာသာအကြောင်း စကားလက်ဆုံ ကျခဲ့ဘူးပါသည်။

မိတ်ဆွေက သူလည်း ဗုဒ္ဓဘာသာစာပေကို အတော်အသင့်လေ့လာဖူးကြောင်း၊ ဗုဒ္ဓ၏တရားတော်များကို ခြုံငုံသုံးသပ်လိုက်သောအခါ အဆိုးမြင်ဝါဒသက်သက် ဖြစ်နေသည်ကိုတွေ့ရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓ၏အလိုအရ လောကသည်မမြဲခြင်း(အနိစ္စ)၊ ဆင်းရဲ ခြင်း(ဒုက္ခ)၊ အနှစ်သာရကင်းမဲ့ခြင်း (အနတ္တ) ဟုသာ စိတ်ဓာတ်ကျဖွယ် ရှုမြင်ထားသောကြောင့် ဖြစ်ကြောင်း ဝေဖန်ပြောဆိုလာပါသည်။

မိတ်ဆွေ၏စကားက စာရေးသူအားရုတ်တရက် မှင်တက်သွားစေခဲ့ပါသည်။ သူပြောသလိုပင် စာရေးသူတို့ ကိုးကွယ်ယုံကြည် ဆည်းကပ် ကြကုန်သော ဗုဒ္ဓ၀ါဒသည် အဆိုးမြင်ဝါဒပင် ဖြစ်လေသလော။ လေးလေးနက်နက် ဆင်ခြင်တွေးဆမိသောအခါ ဘာသာခြားမိတ်ဆွေရော စာရေးသူပါ သဘောကျကျေနပ်ခဲ့ရသည့် အဖြေမှန်တစ်ခု ရရှိခဲ့ပါသည်။

ဗုဒ္ဓ၀ါဒကို ဝေဖန်သုံးသပ်မှုမပြုမီ ဘာသာခြားမိတ်ဆွေ ပြောသည့် အဆိုးမြင်ဝါဒ ဆိုသည်မှာအဘယ်နည်း၊ အကောင်းမြင်ဝါဒ ဆိုသည်မှာ ကော အဘယ်သို့နည်း။ ယင်းကိစ္စကို ဦးစွာဆင်ခြင် သုံးသပ်သင့်ပါသည်။

အကောင်းမြင်ဝါဒဆိုသည်မှာ ဘာပဲဖြစ်ဖြစ်အကောင်းချည်းပဲဟု မြင်သောဝါဒကို ဆိုလိုပါသလား။ ဥပမာ - လူတစ်ဦးချမ်းသာနေသည်။ ချမ်းသာခြင်းသည် ကောင်း၏ဟုဆိုက မမှားနိုင်သော်လည်း ထိုသူ ဆင်းရဲနုံချာသွားသည့်အခါတွင် ဆင်းရဲနုံချာခြင်းသည်လည်း ကောင်း ၏ဟု အမြဲအကောင်းဘက်ကချည်း မြင်နေသောဝါဒကို အကောင်းမြင်ဝါဒဟု ခေါ်နိုင်ပါသလား။

ချောင်းဆိုးသွေးပါ၍ ရင်ဘတ်အောင့်နေသူတစ်ဦးကို 'ခင်ဗျား မပူနဲ့၊ နေရင်းထိုင်ရင်းကောင်းသွားမှာပါ၊ သောက်နေကျဆေးလိပ်နဲ့အရက် ကိုလည်း ဆက်သာသောက်၊ နေကောင်းသွားမှာပါ' ဟုကောင်းသောမျှော်လင့်ချက်တွေ၊ အားပေးစကားတွေ ဖောင်အောင်ပြောနေခြင်းကို လည်း အကောင်းမြင်ဝါဒဟု ဆိုနိုင်ပါမည်လော။

ထိုလူကိုပင် ဆရာဝန်တစ်ဦးက 'ခင်ဗျားတော့ တီဘီရောဂါဖြစ်နေပြီထင်တယ်၊ ဓာတ်မှန်ရိုက်၊ သွေးစစ်ပါ၊ ရောဂါရှိတယ်ဆိုရင် တီဘီဆေး အလုံးသုံးဆယ် ဆက်တိုက်ထိုးရမယ်၊ ဆေးလိပ်နဲ့အရက်ကိုဖြတ်ပါ၊ မဖြတ်ရင် ခင်ဗျားသေသွားနိုင်တယ်၊ ကြပ်ကြပ်သတိထားပါ' ဟုပြော ခြင်းကို အားပျက်စိတ်ဓာတ်ကျဖွယ် အဆိုးမြင်ဝါဒဟုဆိုရမည်လော။

စာရှုသူတို့လည်း ၀ိုင်းစဉ်းစားကြည့်သင့်ပါသည်။ တတ်ကျွမ်းနားလည်သူက ရောဂါရှိနေသူအား ရောဂါရှိနေသည်ဟု ပြောခြင်းသည် အဆိုးမြင်ဝါဒ မဟုတ်သလို ရောဂါရှိနေသူအား 'ဆေးကုစရာမလို၊ သည်အတိုင်းသာဆက်နေရင်း ကောင်းသွားမှာပါ' ဟုပြောနေခြင်းကို လည်း အကောင်းမြင်ဝါဒဟု မခေါ်ဆိုနိုင်ပါ။

အကယ်၍ ထိုရောဂါသည်အား ဆရာဝန်က 'ခင်ဗျာ့ရောဂါကတော့ တီဘီပဲဗျ၊ ဘာမှလုပ်မနေနဲ့တော့ဗျာ၊ မကြာခင်သေမှာပဲ' ဟု ပြော လိုက်ပါမူ အဆိုးမြင်ဝါဒသက်သက်ဖြစ်ကြောင်း ထင်ရှားလှပါသည်။

ယခုမူ ဆရာဝန်ကရောဂါအခြေအနေကို ပြောပြသတိပေးသည်။ ပျောက်ကင်းနိုင်မည့်နည်းလမ်းနှင့် ရှောင်ရှားရမည့်ကိစ္စများကို လမ်းညွှန် သည်။ သည့်ထက် ကောင်းမြတ်မှန်ကန်သောအမြင် ရှိပါဦးမည်လော။ ဤသည်ကား ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ရပ်အပေါ် သာဓကထား ၍ သုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။

လူတို့၏ကိုယ်ခန္ဓာတွင် ဖြစ်ပွားနေသည့် ရောဂါများအနက် ရှစ်ဆယ်ရာခိုင်နှုန်းကျော်ခန့်သည် လည်ပင်းအထက်ပိုင်းတွင် အခြေခံသည်ဟု ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက ဆိုပါသည်။

သဘောကတော့ လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာအများစုသည် လည်ပင်းအထက်ပိုင်းရှိဦးနှောက်မှာဖြစ်ပေါ်လာသည့် တွေးဆ ပူပင်မှုစိုးရိမ်သောက အစွဲအလမ်းများကြောင့်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ အစာအိမ်၊ သွေးတိုး၊နှလုံး၊ ကင်ဆာအစရှိသည့် ရောဂါကြီးများ၏ ဖြစ်ပေါ် တိုးပွားမှုသည် လူတို့၏စိတ်ပိုင်းဆိုင်ရာ ခံစားချက်တို့အပေါ် များစွာအခြေခံလျက်ရှိကြောင်း ဆေးသိပ္ပံပညာက လက်ခံထား ပြီး ဖြစ်ပါသည်။ ဤစိတ်ပိုင်း ဆိုင်ရာသောကဝေဒနာတို့၏ အခြေတည်ရာသည်ကား လောဘ၊ဒေါသ၊မောဟနှင့် မာန်မာနတို့ပင် ဖြစ်ကြောင်း ကိုလည်း သူတို့ လက်ခံလာခဲ့ကြပြီ ဖြစ်ပါသည်။

ယင်းစိတ်ပိုင်းဆိုင်ရာ သောကဝေဒနာများကို ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက အမြစ်ပြတ်ပျောက်ကင်း ကောင်းမွန်လာအောင် ကုသ နိုင်သည့်ဆေး ရှာမတွေ့ကြသေးပါ။ လူတို့၏ရုပ်ပိုင်းဆိုင်ရာကို အဓိကထားသည့် သိပ္ပံပညာတွင် ဆေးဝါးမတွေ့ကြသေးသော်လည်း လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကပင် ယင်းဝေဒနာများကို အမြစ်ပြတ်အောင် ကုသပေးနိုင်ခဲ့သော စိတ်ပညာပါရဂူ မဟာ လူသားတစ်ဦး ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။

ထိုသူကား စာရေးသူတို့ ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ကြသော ဗုဒ္ဓရှင်တော် မြတ်ဘုရားပင်ဖြစ်ပါသည်။ လူသားများအပါအ၀င် သက်ရှိသတ္တ၀ါအားလုံး၏ရင်မှာ တောက်လောင်လျက်ရှိသော စိတ်သောကဝေဒနာမီးတို့၏ အကြောင်းရင်းဇစ်မြစ်နှင့် ပျောက်ကင်းနိုင် မည့် နည်းလမ်းများကို ဗုဒ္ဓကကောင်းစွာ သိမြင်ခဲ့ပါသည်။ သိမြင်ခဲ့သည့်အလျောက် ယင်းနည်းလမ်းကောင်းများကို လမ်းညွှန်ပြသခဲ့ ပါသည်။

ဗုဒ္ဓက လောကသည် မတည်မြဲ၊ ဆင်းရဲ၏၊ အနှစ်ကင်း၏ဟု ဟောကြားခဲ့သည်။ ယင်းသည် မှန်သလား၊ မှားသလားဆိုသည်ကို ယခုခေတ် လူသား၏ ဘ၀ကိုလေ့လာသုံးသပ်ခြင်းဖြင့် အဖြေမှန်ရနိုင်ပါသည်။

ခေတ်သစ်လူသားသည် တစ်နေ့ထက်တစ်နေ့၊ တစ်နာရီထက်တစ်နာရီ၊ တစ်မိနစ်ထက် တစ်မိနစ် မတူထူးခြားစွာ ပြောင်းလဲသစ်လွင် နေသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို အလျဉ်မီအောင် လေ့လာလိုက်စားနေရသည်။

ထူးခြားဆန်းသစ် မက်မောဖွယ်ရာ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများကိုလည်း အများနှင့်ရင်ပေါင်တန်း၍ ခံစားနိုင်အောင် ကြိုးပမ်းအားထုတ် ရပြန်သည်။ 'သူများက ငါ့ထက်ပို၍ ပညာရေး၊စီးပွားရေး၊လူမှုရေးတွေမှာ သာလွန်သွားပြီလား' ဟူသောအသိက ခေတ်သစ်လူသား၏ စိတ်ဘ၀င်ကို မောဟိုက်စေပါသည်။

တစ်နေ့ထက်တစ်နေ့ ခေတ်မီဆန်းသစ်လာသည့် လူသုံးကုန်တွေကို အများနည်းတူ သုံးစွဲခံစားနိုင်ရန် အဓိကလိုအပ်ချက်မှာ ငွေဖြစ် သည်။ ငွေကိုမည်သည့်နည်းနှင့်ရှာရမည်ကို အစဉ်တွေးတောနေရသည်။ ငွေများများရနိုင်မည့်ပညာကို အပတ်တကုတ်သင်ယူရသည်။

ငွေများများရမည့်အလုပ်ကို ကြိုးစားပမ်းစား လုပ်ရသည်။ ငွေနောက်လိုက်ရလွန်းတော့ စာရိတ္တပိုင်းဆိုင်ရာ စည်းကမ်းများကို လျစ်လျူရှု လိုက်ရတော့သည်။ ဘာသာတရားအသီးသီးက သွန်သင်သည့် လူလူချင်း ကိုယ်ချင်းစာဖို့၊ မေတ္တာထားဖို့ဆိုတာတွေကို ဥပေက္ခာပြု ကျောခိုင်းလိုက်တော့သည်။ မိမိလိုချင်တာရဖို့ဆိုလျှင် ဘနဖူးသိုက်တူးရတူးရဆိုသော စိတ်ရိုင်းများက ကြီးစိုးလာတော့သည်။

နိုင်ငံနှင့်ချီ၍ ကြည့်ပါကလည်း 'ဟိုဘက်နိုင်ငံအုပ်စုက ငါတို့နိုင်ငံအုပ်စုထက် လက်နက်တွေ ဆန်းသစ်သာလွန်သွားပြီး ဦးအောင်ဆော် သွားမှဖြင့် ငါတို့သေရချေရဲ့' ဟူသောအသိစိတ်က ခေတ်လူသားတို့ကို ခြောက်လှန့်နေသည်။ သူ့အုပ်စုက ကိုယ့်အုပ်စုထက် နည်း နည်းမျှကျောမသွားရအောင် ပို၍ပို၍ ဆန်းသစ်သော၊ ရှင်းရှင်းပြောရလျှင် တစ်ဖက်လူတွေကို အမြန်ဆုံးအချိန်အတွင်း အများဆုံးသတ် ဖြတ်ဖျက်ဆီးနိုင်မည့် လက်နက်များကို အချိန်ရှိသရွေ့ တီထွင်ကြံဆနေကြရသည်။ မည်သည့် ဘာသာတရားက မည်သို့ပင်သွန်သင် စေကာမူ လူလူချင်းမည်သို့မျှ မေတ္တာပွား၍မရသောဘ၀သို့ ရောက်ကြရရှာသည်။

ဤသို့သောအခြေအနေတွင် လူသားတို့၏ရင်မှ လောဘ၊ဒေါသ၊မောဟမီးများကို မည်ကဲ့သို့ငြိမ်းသတ်၍ ရပါဦးမည်နည်း။ ဤအခြေ အနေတွင် အမြင်မှန်ရသူလူ လက်တစ်ဆုပ်စာခန့်က ကမ္ဘာ့ငြိမ်းချမ်းရေး၊ နျူးကလီးယားဆန့်ကျင်ရေး၊ ဒုက္ခသည်ကယ်တင်ရေး၊ လက်နက်ဖျက်သိမ်းရေးကိုကြွေးကြော် လှုပ်ရှားနေသော်လည်း လက်တွေ့တွင်မူ မြင့်မိုရ်တောင်ကို ဆီးစေ့ဖြင့်ပေါက်သည့်နှယ် ထိ ရောက်မှုမရှိလှပေ။

လက်နက်ထုတ်သူတွေက ထုတ်တုန်း၊ စစ်ပွဲနွှဲသူတွေက နွှဲတုန်း၊ သတ်သူတွေက သတ်တုန်း၊ သေသူတွေက သေတုန်း။ ငတ်သူတွေက ငတ်တုန်းပင် မဟုတ်ပါလား။ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပါသည်ဆိုသော အဖွဲ့အစည်းများထဲတွင်ပင် စေတနာမှန်ဖြင့်လုပ်သူတွေ ရှိသလို ကိုယ့်အုပ်စု၊ သူ့အုပ်စုဟူသော အစွဲအလမ်းနှောင်ကြိုးတွေက ပါနေတတ်ပြန်သည်။ ကျန်းမာရေးအတွက် ရောဂါကာကွယ်ဆေး ထုတ်လုပ်သူအများစုမှာလည်း သူ့ထက်ငါဦးအောင်တီတွင်နိုင်ဖို့၊ နာမည်ကြီးပြီး မူပိုင်လုပ်ကာ သန်းကြွယ်သူဌေးဖြစ်ဖို့၊ ကမ္ဘာကျော်ဖို့ဆို သည့် လောဘစိတ်က ဦးဆောင်နေသည်။

ဒုတိယကမ္ဘာစစ်အတွင်းကဆိုလျှင် ဂျာမန်နှင့်ဂျပန်စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အချို့သည် ဆေးသုတေသနအတွက်ဟုဆိုကာ သုံ့ပန်း များကို ဖားကလေး၊ငှက်ကလေးတွေလို ခွဲချင်တိုင်းခွဲ၊ စိတ်ချင်တိုင်းစိတ်ကာ လက်တည့်စမ်းခဲ့ကြဖူးပါသည်။

ဤသို့မေတ္တာတရား ဆိတ်သုန်း၍ လောဘ၊ ဒေါသ၊မောဟမီးတွေ အစဉ်တောက်လောင်နေသည့် ခေတ်သစ်လူသားတို့အဖို့ မိမိတို့ ကြံစည်တိုင်း အထမမြောက်သည့်အခါ အကြီးအကျယ်စိတ်ဆင်းရဲ ရသည်။ မိမိ၏လက်ရှိဘ၀အခြေအနေကို ဆက်လက်ရင်ဆိုင်နိုင်စွမ်း မရှိတော့ဘဲ မိမိဘ၀ကိုစွန့်ပစ် ကျောခိုင်းချင်လာတော့သည်။ နောက်တော့ စိတ်ပိုင်းဆိုင်ရာချုံးချုံးကျပြီး ရူးသွပ်သွားသူတွေ၊ မိမိကိုယ်ကို သေကြောင်း ကြံစည်သူတွေ များပြားလာတော့သည်။

သည်ကြားထဲတွင် 'ဘ၀ကို အပန်းတကြီးရုန်းကန်ရင်ဆိုင်ကာ မိမိလိုချင်သည့် အောင်မြင်မှုကို မရ အရယူနိုင်ခဲ့သူတွေကော မရှိတော့ ဘူးလား' ဟုမေးဖွယ်ရှိပါသည်။ မိမိအစွမ်းအစဖြင့် ရုန်းကန်လှုပ်ရှား၍ ဖြစ်စေ၊ ပတ်ဝန်းကျင်အခြေအနေ၏ ထောက်ကူမှုကြောင့် အလွယ် တကူဖြစ်စေ အောင်မြင်မှုရခဲ့သူတွေ ရှိပါသည်။

သို့သော် အောင်မြင်မှုသရဖူကို သက်ဆုံးတိုင်ဆောင်းသွားနိုင်သည်က ရှားပါးလှသည်။ ရှားသည့်ကြားမှ ရှိခဲ့သည်ပဲထားဦး၊ လူတစ်ဦး၏ အောင်မြင်မှုသည် လူ့သက်တမ်းတည်းဟူသော အကန့်အသတ်ကို ကျော်လွှားနိုင်စွမ်း မရှိပါပေ။ သက်တမ်းစေ့သည်နှင့် မိမိ၏အောင် မြင်နေသော ဘ၀အပေါ် ကျေနပ်နှစ်သိမ့်ခံစားမှုများကို မစွန့်ချင်ဘဲစွန့်ခွာရကာ သေခြင်းတရားနောက် ကောက်ကောက်ပါအောင် လိုက် ပါသွားကြရသည်ချည်းပင်မဟုတ်ပါလား။

လူသား၏ ဘ၀တလျှောက် ရယူခံစားလိုစိတ်ဖြင့် ကြိုးပမ်းခဲ့ရ သမျှအချည်းအနှီးပင် အဆုံးသတ်ခဲ့ရသည်သာ မဟုတ်ပါလော။ ဤမျှ မတည်မြဲသော၊ ဆင်းရဲပင်ပန်းလှသော၊ အနှစ်သာရကင်းမဲ့သော လောကရှိပါဦးမည်လော။

ဤကဲ့သို့ လူ့အဖွဲ့အစည်းအပါအ၀င် သတ္တလောကတစ်ခုလုံး၌ အမြစ်တွယ်နေသည့် မမြဲခြင်း၊ ဆင်းရဲခြင်း၊ အနှစ်မဲ့ခြင်းဟူသော ရောဂါ ဆိုးကြီးကို ဗုဒ္ဓဟူသည့်မဟာလူသားက လွန်ခဲ့သည့်အနှစ် နှစ်ထောင့်ငါးရာကျော်က စတင်တွေ့ရှိခဲ့သည်။ လူသားတွေခမျာမှာတော့ မိမိ တို့တွင် ရောဂါရှိ၍ ရှိမှန်းပင်မသိကြ၊ ရောဂါကျွမ်းမှဘ၀လည်း စုံးစုံးမြုပ်ကြရတော့သည်။

ဗုဒ္ဓကမူ ဆင်ခြင်မှုကင်း၍ အမှုမဲ့အမှတ်မဲ့နေခဲ့သည့် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးတွင် စွဲကပ်နေသည့်ရောဂါဆိုးကြီးကို အတိအလင်း မီးမောင်းထိုး၍ ကြေငြာခဲ့သည်။

ဗုဒ္ဓသည် ၄င်း၏ဒေသနာတော်ကို ဤအဆင့်တွင်ပင်ရပ်ခဲ့ပါက စာရေးသူ၏ မိတ်ဆွေကြီးပြောသလို ဗုဒ္ဓ၀ါဒသည်အဆိုးမြင်ဝါဒသာဖြစ် သည်ဟုဆိုရမလိုလို ဖြစ်နေပါလိမ့်မည်။ သို့ရာတွင် ဗုဒ္ဓသည် ဤအဆင့်တွင်ပင် ရပ်မထားခဲ့ပါ။ ယင်းရောဂါဆိုးကြီးမှ ကျော်လွှားလွန် မြောက်ပျောက်ကင်းနိုင်မည့် နည်းမှန်လမ်းမှန်များကို သွန်သင်ညွှန်ပြခဲ့ပါသည်။

လူ့အဖွဲ့အစည်းကြီး အပါအ၀င်ဖြစ်သော သတ္တလောကတွင် ဆင်းရဲခြင်းဟူသည့် နာတာရှည်ရောဂါဆိုးကြီး ကပ်ငြိနေရခြင်း (ဒုက္ခသစ္စာ) ၏ အကြောင်းရင်းမှာ အသိမှားအမြင်မှားဖြင့် တပ်မက်တွယ်တာစွဲလမ်းခြင်းဟူသော သမုဒယရောဂါပိုး (သမုဒယသစ္စာ)ကြောင့်ဖြစ်သည်။ သမုဒယပိုးကို ပယ်သတ်နိုင်သည့်ဆေးမှာ မဂ္ဂင်ရှစ်ပါးဟူသည့် နည်းလမ်းရှစ်သွယ်(မဂ္ဂသစ္စာ) သာလျှင်ဖြစ်ပါသည်။

မှန်စွာရှုမြင်ခြင်း၊ မှန်စွာကြံစည်ခြင်း၊မှန်စွာပြောဆိုခြင်း၊ မှန်သောအမှုကိုပြုခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာအားထုတ်ခြင်း၊မှန်စွာ သတိ ပြုခြင်း၊ မှန်စွာအာရုံမြဲမြံခြင်းတည်းဟူသော နည်းလမ်းရှစ်သွယ်သည် မတည်မြဲသော၊ ဆင်းရဲသော၊ အနှစ်သာရကင်းသော လောကကြီး ကို အောင်မြင်လွန်မြောက်ကာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု အမြင့်မားအငြိမ်းချမ်းဆုံးသောအဆင့် (နိယောဓသစ္စာ)သို့ လက်ငင်းမုချရောက် စေမည်ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာကအတိအကျ ညွှန်ပြခဲ့ပါသည်။

ပြုပြင်ပြောင်းလဲမှုကင်းခြင်း၊ တည်မြဲခြင်း၊ဝေဒနာကင်းခြင်း၊အမြဲရှိခြင်း၊လွတ်မြောက်မှုရသနှင့် ပြည့်စုံခြင်း၊အလွန်တင့်တယ်ခြင်း၊ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာဝေဒနာ ဒုက္ခဆင်းရဲများမှကင်းလွတ်ခြင်းဟူသော ဂုဏ်သတ္တိတို့နှင့်ပြည့်စုံသည့် ယင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအမြင့်မား အငြိမ်းချမ်းဆုံးအဆင့်ကို ဗုဒ္ဓ၏ဒေသနာတော်တွင် နိဗ္ဗာန် ဟူသော ဝေါဟာရဖြင့် ကိုယ်စားပြု ဟောကြားခဲ့ကြောင်း တွှေ့ရှိနိုင်ပါသည်။

ဤနေရာတွင် စာရေးသူ၏စာစုကို နိဂုံးချုပ်ပါတော့မည်။ ဗုဒ္ဓသည်လောကကြီးအပေါ် အရှိကိုအရှိအတိုင်း ရှုမြင်သုံးသပ်ခဲ့သည်။ မကောင်း တာကို ကောင်းပါသည်ဟုမပြောခဲ့။ ဗုဒ္ဓသည် ရောဂါသည်ကို ရောဂါရှိမှန်းသိလျက်နှင့် ဘာမျှမဖြစ်ပါ။ အချိန်တန်လျှင်ကောင်းသွားမှာပါဟု နှစ်သိမ့်ညာဝါးနေသူမျိုး မဟုတ်။ ရောဂါသည်အား ရောဂါရှိကြောင်းပြောပြသည်။ ရောဂါ၏ဇာစ်မြစ်ကို ထုတ်ဖော်တင်ပြသည်။ ရောဂါ ပျောက်ကင်းရာဆေးနည်းမှန်ကိုပေး၍ ကုသသည်။

စင်စစ်အားဖြင့် ဗုဒ္ဓသည် လူ့အဖွဲ့အစည်းကြီးအပါအ၀င် သတ္တလောက၏ ကယ်တယ်ရှင်သမားကောင်း တစ်ဆူလည်း ဖြစ်ပေတော့သည်။ သို့ဆိုလျှင် တစ်စုံတစ်ဦးကစာရှုသူအား ဗုဒ္ဓ၀ါဒသည်အဆိုးမြင်ဝါဒဟု အဆိုပြုပြောကြားလာပါက စာရှုသူတို့ ခေါင်းငြိမ့်မည်လော၊ ခေါင်း ခါမည်လော၊ စာရှုသူတို့၏ ကိုယ်ပိုင်ဥာဏ်ကိုအသုံးပြု၍ စဉ်းစားအဖြေပေးကြရန်သာ ဖြစ်ပါတော့သည် ။     ။

ဝင်းသိန်းဦး
(၁၄-၁-၉၁)
ဓမ္မရံသီ၊ ၁၉၉၀ပြည့်နှစ်၊ ဇူလိုင်လ။

The More Loving One

Looking up at the stars, I know quite well
That, for all they care, I can go to hell,
But on earth indifference is the least
We have to dread from man or beast.

How should we like it were stars to burn
With a passion for us we could not return?
If equal affection cannot be,
Let the more loving one be me.

Admirer as I think I am
Of stars that do not give a damn,
I cannot, now I see them, say
I missed one terribly all day.

Were all stars to disappear or die,
I should learn to look at an empty sky
And feel its total darkness sublime,
Though this might take me a little time.
                                               W.H. Auden
 

ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ....

"သူတို့စောင့်ရှောက်သော်ငြား

ကိုယ်ငရဲရောက်နိုင်သား"

ကြယ်တွေကို မော့ကြည့်ကာပင်

ကိုယ်တရေးရေးသိမြင်။
 

မြေပေါ်မှာဖြင့်

အနည်းဆုံးတော့ လစ်လျူရှုသင့်

လူ သို့မဟုတ် တိရစ္ဆာန်ကို

ကိုယ်တို့ ကြောက်ရမယ်ထင့်။
 

ကြယ်ဆိုတာက ကိုယ်တို့အတွက် လောင်ကျွမ်းနေရ။

ကိုယ်တို့က ဘာမှ ပြန်မပေးနိုင်ဘူးဆိုပါရင်၊

ဒါမျိုးဟာ ကောင်းရဲ့လား။
 

ချစ်ခြင်းမတူနိုင်သော်မှဖြင့်

ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ။
 

အပြစ်မတင်တတ်တဲ့ ကြယ်တွေကို

ချီးကျူးငေးမောသူ ကိုယ်ဟာ

ကြယ်တစ်စင်းကို

တစ်နေ့လုံးလွမ်းနေတယ်လို့ မပြောသာပါဘူး။
 

' ကြယ်တွေအားလုံး ပျောက်ကွယ်သွားခဲ့ရင်

ဒါမှမဟုတ် သေဆုံးသွားခဲ့ရင်

ကိုယ်က ဗလာကောင်းကင်ကို မော့ကြည့်ရင်း

ပိန်းပိတ်တဲ့အမှောင်ရဲ့ ခမ်းနားမှုကို

ခံစားယူရတော့မယ်။

အချိန်တော့ နည်းနည်းယူရမှာပေါ့ '

                                     အော်ဒင်

 Ref: W.H. Auden - The More Loving One

Tuesday, April 26, 2011

Virginity (2) လူပျိုစစ်တယ် ပြောတာဘဲ

October 8, 2010 1:39 PM
Q 1: အပျိုတကယ် စစ်ပါတယ်ကို ဖတ်ပြီးတော့ သမီးတို့ မသိသေးတာတွေတောင်ပါလို့ ဗဟုသုတ ရပါတယ်။ ကျေးဇူး တင်ပါတယ်။ လူပျိုတကယ် စစ်ပါတယ် ဆိုတာလဲ ဖတ်ချင်ပါတယ်။ ဘယ်လိုသိနိုင်လဲ ဖြေပေးပါနော်။
2010/10/19
Q 2: သမီးတို့ မိန်းခလေးတွေကို အပျို စစ်-မစစ် ကို ဆေးပညာအရ ကြည့်လို့ ရတယ်ဆိုရင် ယောက်ကျားလေးတွေ ကိုရော လူပျို စစ်-မစစ် ဘယ်လို ကြည့်ရလဲ သိချင်ပါတယ်။

ခုခေတ်မှာ Communication ကို တကမ္ဘာလုံးနဲ့ အလွယ်လေး လုပ်နေကြတာမို့ ဘယ်သူတွေ ဘယ်လို မြင်ကြသလဲ- ထင်ကြသလဲ သိဘို့၊ ကိုယ်က ပြောချင်တာ ပြောဘို့ဆိုတာ ပိုက်ဆံမကုန်ဘူး ပြောရလောက်အောင် ဈေးကလဲ ချိုလှတယ်။ "Male Virginity" အကြောင်း မေးခွန်း တက်လိုက်ရင် Taboo ဘဲလို့ ဖြေတဲ့သူ မနည်းတာ တွေ့ရတယ်။

ယောက်ျားလေး လူပျို စစ်တယ် မစစ်ဘူးက မိန်းကလေးတွေ အပျို စစ်-မစစ်လောက် ပြောရ-စစ်ရာတာ မလွယ်ပါ။ သိပ်လဲ မသိချင်ကြပါ။ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ ဘက်လိုက်ပြောတယ်လို့ မထင်ပါနဲ့။ အခု အမေးတွေကလဲ ဆေးပညာ-ဗဟုသုတ သိချင်ကြလို့နဲ့ တူပါတယ်။ သတို့သမီးလောင်းက မေးလာရင်တော့ "သံသယ အကျိုး ခံစားထိုက်တယ်" လို့ဘဲ ဆရာဝန်က ပြောရမှာပါ။

မိန်းမနဲ့ စပ်ယှက်ဘူးလို့ ကျားအင်္ဂါမှာ ထူးပြီး ပြောင်းလဲသွားတာ မမြင်နိုင်ပါ။ တခြား ဘယ်နေရာတွေမှလဲ မပြောင်းလဲပါ။ သစ္စာရေ သောက်ခိုင်းကြမလား မသိပါ။ တရားသူကြီးတွေလဲ ကျမ်းကျိန်တာ လက်ခံတယ်။ ဆရာဝန်လဲ ရှေ့နေလိုဘဲ မှားနိုင်ပါတယ်။

လူ့အသိုင်းအ၀ိုင်းမှာ တန်ဘိုးထားမှုတွေ မတူကြဘူး မဟုတ်ပါလား။ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းကို ဘယ်သူ့ကိုမှ မပေးဘူးတဲ့၊ ပေးလဲမရတဲ့၊ လက်ဆောင်မွန် ဆိုတာ Virginity သာရှိတယ်လို့ လက်ခံကြတာလဲ ရှိတယ်။ စာတပုဒ်မှာ ရေးဘူးလိုက်သလို "ကျမ ကောလိပ် သွားရတော့မယ်၊ အပျိုဘ၀နဲ့တော့ မသွားချင်ဘူး" လို့ မင်းသမီးငယ်က ပြောတာလဲ ရှိသေးတယ်။

ယောက်ျား လိင်အင်္ဂါမှာ Frenulum ဆိုတာ ရှိတယ်။ အပေါ်ဖုံးအရေပြားနဲ့ အထဲက လိင်တံ အောက်ခြေမှာ တွယ်နေတဲ့ အလည်ခေါင် တည့်တည့်က နေရာလေး ဖြစ်တယ်။ Frenulum ကွာသွားရင် အတော် နာတယ်။ ဒါဟာ မိန်းကလေး အပျိုမြှေး ပေါက်သွားတာနဲ့ ယှဉ်ကြည့် နိုင်လောက်ပါတယ်။ ဘာလို့ ကွာရသလဲ။ ပဌမဆုံးအကြိမ် မိန်းမနဲ့ နေလိုက်ရင် နာပါမယ်။ "ဒါဆို သိနိုင်ပြီပေါ့" "လို့ မထင်လိုက်ပါနဲ့။"

ဒါကြည့်ပြီး လူပျို မဟုတ်တော့ဘူး ပြောဘို့ အခွင့်အလမ်း အင်မတန် နည်းပါးလှတယ်။ ယောက်ျားလေးတွေကို ပြုစု ပျိုးထောင်မှုက မိန်းကလေးတွေလောက် မတင်းကြပ်ဘူး မဟုတ်လား။ ပါတ်ဝန်းကျင်ကလဲ ကွာသေးတယ်။ လူငယ်ဘ၀ လက်နဲ့ ကစားတာက ရာနှုန်းပြည့်ဘဲလို့ ပြောရင် နဲနဲဘဲ ပိုမယ်။ သူ့ဖါသူ လက်နဲ့ ကစားရင်းဖြစ်ဖြစ်၊ ခိုက်မိတာဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ ဖြစ်ဖြစ် အဲလို ဖြစ်သွားတယ်။ သမီးရည်းစားတောင်မှ မရှိသေးခင် ဖြစ်နေနိုင်တယ်။

သူများ နိုင်ငံတွေရဲ့ တန်ဘိုးထားမှုတွေကို ဘေးချိတ် ထားပါမယ်။ လူမှုရေးဘာသာရပ်လဲ ဖြစ်လို့ပါ။ ဆေးပညာကိုသာ ရေးပါမယ်။ "မြန်မာ ယောက်ျားလေးတွေ ဘယ်လိုနည်းနဲ့ လူပျိုရည် ပျက်ကြတာ များသလဲ။" လူပျိုလေးတွေဟာ အရွယ် နဲနဲ ပိုကြီးသူတွေ၊ အနီးအနား ရှိသူတွေနဲ့ ပေါင်းသင်းလေ့ရှိတယ်။ မတုမြင် အတတ်သင်ကြတယ်။ စကားအဆန်းတွေ နားထောင်လေ့ ရှိကြတယ်။ အားကျလေ့ ရှိကြတယ်။

လူပျိုပေါက်မှာ ဟော်မုန်းတွေကလဲ တန်ခိုးပြ စိတ်ကလဲ ထကြွလာပြီး၊ "သောင်းကျန်းသူ" ဆိုတာ သူတို့မှ အစစ်။ လူပျိုဖြစ်-ကျူရှင် ယူချင်ကြတယ်။ သင်တဲ့လူတွေကလဲ လက်တွေ့နည်းကိုပါ အခမဲ့ပေးကြတယ်။ ဈေးပေါပေါ၊ ခပ်လွယ်လွယ် "၀ယ်စားလို့ ရတာမျိုး" နဲ့ ကွင်းဆင်းစေတယ်။ နောက်မှ ဆီးအောင့်၊ ဆီးပူ၊ ပန်းအဖျားမှာ အနာပေါက်ရင် ဆေးမီးတို ပေးအုံးမယ်။ တကယ်လို့ ပွဲမ၀င် ပြင်ကျင့် မင်္ဂလာဆောင်ခါနီးမှ အနီးကပ် သင်တန်းတက်ရင် "သတို့သမီး ဆေးမီးတိုနဲ့ မရပါ။" ဒါတွေ ပြင်ကြပါ။ အဲဒီကြမှ လူပျို-မစစ်တာ ပေါ်မယ်။

၂၀၁၀ ဇူလိုင် ၂ ရက်နေ့က (CBS/AP) သတင်းမှာ သိပ်ထူးခြားတာတခု ဖတ်ရလိမ့်မယ်။ ဗီယက်နမ်မှာ တိုင်းရင်း-ရိုးရာ ဆေးနည်းနဲ့ တရားခံ ၃ ယောက်ကို စမ်းသပ်စစ်ဆေးပြီး "ဒီလူတွေဟာ တခါမှ မိန်းမနဲ့ မဆက်ဆံဘူးသူတွေ ဖြစ်တယ်" လို့ ထွက်ဆိုပါသတဲ့။ တရားခံတွေဟာ အသက် ၂၀ အမျိုးသမီးတယောက်ကို Gang-rape အုပ်စုလိုက် မတရားကျင့်မှုနဲ့ ထောင်ထဲမှာ ၁၀ နှစ်နေထားပြီး သူတွေပါ။ ယောက်ျားတွေရဲ့ နား နောက်ဖက်မှာ အနီစက်လေးတွေကို စမ်းတွေ့ရင် လူပျိုတဲ့၊ (ဂေး) ဆိုရင်တော့ မသိဘူးတဲ့။ ဖါသာ-အာသာဖြေဘူးတာလဲ စမ်းမသိနိုင်ဘူးလို့ ဆရာမကြီး Pham Thi Hong က ပြောတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ပဌမဆုံး Male Virginity Test စမ်းသပ်နည်း ဖြစ်ပါမယ်။ "ဒီနည်းက မမှန်နိုင်ပါဘူး" လို့ ပြောကြပါတာမှာ ဆရာဝန်တွေသာမက သူ့ထက် ၀ါရင့် တိုင်းရင်းဆရာတွေလဲ ပါတယ်။ တရားခံတွေ မလွတ်ကြပါ။

နားနောက် Chickenpox ပေါက်နေရင်တော့ အံကျပေါ့။

Dr. တင့်ဆွေ
၂၁-၁၀-၂၀၁၀

Virginity အပျို တကယ်စစ်ပါတယ်

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၄)

ဆရာရေးတဲ့ (လူပျိုဖြစ်ပြီ) မှာ ရေးထားတဲ့ နို့သီးဝိုင်းဟာ ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူးသေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အဲဒါ မိန်းကလေး အကုန်လုံးကို ပြောတာပါလား။ ထိပ်ဖျားမှာ ပန်းရောင်မရှိတဲ့ မိန်းမတိုင်းဟာ အပျို မစစ်တာလား ဆရာ။ အညိုဖြစ်နေရင် အပျိုမဟုတ်တော့ဘူးလား။ အဲဒါလေး သေချာအောင် သိချင်လို့ပါ။

ရင်သား အရောင်ကို ပြောရင် နှစ်နေရာမှာ ပြောဘို့ လိုတယ်။ Areola အရောင်ရင့်အ၀ိုင်း နဲ့ Nipple ထိပ်ဖျား။ နှစ်ခုလုံးက Virginity အပျိုရည်နဲ့ ဘယ်လို ဆက်စပ်သလဲ။ အပျိုစစ်တယ်ဆိုတာ ဘာလဲ။

ခန္ခာဗေဒက "In the virgin the areola is of a delicate rosy hue" လို့ ဆိုပါတယ်။ ဘာသာပြန်ရင် "အပျိုဘ၀မှာ နို့အလည်ဝိုင်း Areola ဟာ နှင်းဆီသွေး အရောင်ရှိတယ်" လို့ ပြောတာပါ။ ကိုယ်ဝန် ၂ လရှိတာနဲ့ အရောင်က ရင့်လာပြီး၊ Dark brown or even black color ညိုမဲမဲကနေ အနက်ရောင်အထိ ဖြစ်တယ်။ ကလေး နို့ဖြတ်ချိန် နောက်ပိုင်းမှာ အရောင် ပြန်လျှော့ ကျလာတယ်။ ဒီလို အရောင်အပြောင်းအလဲဟာ ပဌမဆုံး-ကိုယ်ဝန် ရှိတယ်-ရှိဘူးတယ် ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်ပါတယ်။

အပျိုစစ်စစ်ရော လူပျိုစစ်စစ်ပါ Virgin လို့ဘဲ ခေါ်တယ်။ အဓိပ္ပါယ် ဖွင့်တာ မတူကြပါ။ အများစုကတော့ "မိန်းကလေး တယောက် သူ့ဘ၀မှာ ပဌမဆုံးအကြိမ် မိန်းမအင်္ဂါ (ဗဂျိုင်းနား) ထဲကို ကျားအင်္ဂါ (လိင်တံ) ထိုးသွင်းပြီး၊ လိင်ဆက်ဆံတာ တွေ့ကြုံဘူးလိုက်တာနဲ့၊ အပျို မစစ်တော့ဘူး။" "ယောက်ျားလည်း အဲလို အတွေ့အကြုံရှိဘူးတာနဲ့ လူပျို မစစ်တော့ဘူး။" လို့ နားလည်၊ လက်ခံထားကြတယ်။ (လိင်တူ-ဆက်ဆံတာကို ဒီနေရာမှာ ချန်ထားပါရစေ။)

ဘယ်လို ခေါ်ခေါ်ပါ၊ အခြေအနေ အမျိုးပေါင်း များစွာ ဖြစ်နေနိုင်တယ်။ အပျိုစစ်စစ်၊ လိင်ဆက်ဆံဘူးပေမဲ့ အိမ်ထောင် မကျသေးသူ၊ လိင်ဆက်ဆံတာ များလှပေမဲ့ ကိုယ်ဝန်မရဘူးသူ၊ ကလေး မမွေးဘူးသူ၊ ကိုယ်ဝန်ရှိလို့ ပျက်-ဖျက်ဘူးပြီး၊ အိမ်ထောင်မရှိ၊ ကလေးမရှိသူ၊ ဗမာတွေက တခုလပ်၊ တလင်ကွာ၊ မုဆိုးမ ခေါ်ကြပေမဲ့ သူများဆီမှာ ယောက်ျား မရှိရင်လဲ (ဆင်ဂယ်လ်) ဘဲ၊ ယောက်ျား မယူဘဲ ကလေးရသူကို (ဆင်ဂယ်လ်-မားသား)။ အအိုပေမဲ့ ပျိုအောင် လုပ်ထားသူဆိုတာ ကလေးမွေးပြီး မ-အင်္ဂါကို ခွဲစိတ် ပြုပြင်ထားသူ၊ အပျိုမြှေး အသစ်ပြုပြင်ထားသူ၊ ဒါ့အပြင်လဲ ရှိချင် ရှိအုံးမယ်။

Virginity ပျက်ယွင်းတာကို ဆေးပညာအရ စစ်လို့ ရနိုင်ပါတယ်။ Rape အဓမ္မပြုကျင့်လို့ ရာဇ၀တ်မှု ဖြစ်ရင် ဆရာဝန်ဆီ ခေါ်လာရတယ်။ ဆေးစစ်ရာမှာ (၁) Rape အထမြောက်-မမြောက်၊ ယောက်ျား သုတ်ပိုး ပေကျန်နေတာ လိုက်ရှာပြီး၊ ဓါတ်ခွဲအတည်ြ့ပုချက် ယူပေးရတယ်။ (၂) အသက်ငယ်ရင် အသက် ပြည့်-မပြည့်ပါ စစ်ရသေးတယ်။ (၃) ထိခိုက် ဒဏ်ရာတွေ ရှိ-မရှိ ကြည့်ရတယ်။ (၄) တကယ်လို့ ခံရသူဟာ အပျိုဖြစ်ခဲ့ရင် အပျိုရည် ပျက်တဲ့ အချက်ပါ ကြည့်ရတယ်။

လိင်ဆက်ဆံဘူးတာနဲ့ ရင်သားအရောင် မပြောင်းလဲသေးပါ။ ရာသီဖြစ်စဉ်က ရင်သားကို တစုံတရာ သက်ရောက်စေတယ်။ တင်းတာ၊ နာတာမျိုး ဖြစ်တတ်တယ်။ အသက်ရလာရင် အ၀ိုင်းရော ထိပ်ဖျားပါ အရောင် ရင့်လာတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာနဲ့ ပြောင်းလဲတာတွေ တလှေကြီးထဲမယ် ရင်သား ပြောင်းလဲတာလဲ ပါတယ်။ ရင်သား ထိပ်ဝိုင်း အရောင် ရင့်လာပြီး၊ နို့သီး-ထိပ်ဖျားက အရောင်လဲ ပြောင်းတယ်။ "အသားအရောင် ဖြူဖြူ၊ ညိုညို၊ နို့သီး-ထိပ်ဖျား အလည်လောက်မှာ ပန်းရောင် စက်ကလေး ရှိနေရင် ကိုယ်ဝန် မဆောင်ဘူးသေးသူ" လို့ ပြောနိုင်ပေမဲ့၊ ပန်းရောင် မတွေ့ရရင် အပျို မဟုတ်ဘူးလို့ အရင်ထုတ် ဆေးစာအုပ်တွေက ဆိုပေမဲ့ ရာနှုန်းပြည့် မမှန်ပါဘူးတဲ့။

ယောက်ျားတွေမှာ အသက်ကြီးလာလို့ ဟော်မုန်း အချိုးအစား ပြောင်းချိန်မှာ နို့အုံက မိန်းမတွေလို ကြီးလာရင် Gynecomastia လို့ ခေါ်တယ်။ Testosterone ဟော်မုန်း နည်းလာလို့ပါ။

"နို့" ဟာ Mammals နို့တိုက်သတ္တ၀ါ အထီးမှာ ပါတယ် ဆိုယုံသာ မြင်ရပြီး၊ အမမှာတော့ သိသိသာသာ၊ ထူးထူးခြားခြား၊ မရှိမဖြစ် အသုံးဝင်လှတဲ့ မျိုးပွားခြင်းဆိုင်ရာ အင်္ဂါတခု ဖြစ်ပါတယ်။ Breasts ကို Mammary Gland လို့ခေါ်တာက Milk နို့ရည် ထုတ်ပေးတဲ့ အိတ်လို့ ပြောတာပါ။ ဘယ်လောက် လေးတယ်၊ တင်းတယ်၊ ပြော့တယ်၊ ဘယ်ပုံပန်း ရှိတယ်ဆိုတာ အတော်ကြီး မတူကြပါ။ အစက ကမ္ဘာလုံးခြမ်း လိုရှိရာကနေ ကြာရင် ခေါင်လောင်းပုံ ဖြစ်လာတယ်။ ကိုယ်ဝန်ဆောင်ရင် သိသိသာသာ ပိုကြီးပြီး၊ ကလေး နို့တိုက်နေချိန်မှာ အကြီးဆုံး။ များသောအားဖြင့် ဘယ်ဘက်က ပိုကြီးတယ် ဆိုတာကို ဆေးပညာကရော အရပ်စကားပါ ထပ်တူကြတယ်။ နို့အင်္ဂါဟာ လုံးဝန်းတယ် ဆိုပေမဲ့ တိတိကျကျ ပြောရင် အထက်-ဘေးဘက်၊ ချိုင်းဘက်ဆီ နဲနဲ ပိုရှည်ထွက်နေတယ်။ ဆေးစာမှာ Tail of breast အမြီးလို့ ခေါ်တယ်။

Nipple နို့သီးမှာ ပြွန်ပေါက်လေးတွေ ၁၅-၂၀ ရှိတယ်။ Nipple piercing လုပ်ရင် အဲဒါတွေ ပျက်စီးစေတယ်။ Nipple ဟာ ဆလင်ဒါပုံ၊ ကတော့ပုံနဲ့၊ ၁၀ မီလီမီတာ မြင့်တယ်။ သူ့ကို ဆွပေးရင် သန်မာမှု Erection ဖြစ်နိုင်တယ်။ နို့သီးထိပ်ကို ဆွလို့ သန်မာမှု ဖြစ်ရတာက Erectile tissue ကြောင့် မဟုတ်ပါ။ ကြွက်သားနု Smooth muscle ကြောင့် ဖြစ်ရတာပါ။ ကြက်သီး-မွေးညင်းထတာမျိုး၊ ရာသီဥတု အေးရင် ဖြစ်ရတာမျိုးလိုပါဘဲ။ လိင်စိတ်ကြောင့်လည်း ဖြစ်ပါတယ်။ မင်းသမီးကို အဲဒီ နေရာကို ရေခဲ အကပ်ခိုင်းပြီး ချစ်ခန်း-ကြိုက်ခန်း ရိုက်ရတယ်။ နို့စို့နေရင်လည်း ဖြစ်တယ်။ ဒီနှစ်မျိုးလုံးက Oxytocin ဟော်မုန်းကြောင့်ပါ။ တချို့မှာ ဒီလို ဆွပေးတာနဲ့ဘဲ Orgasm လိင်စိတ်ပြည့်ဝခြင်း ဖြစ်နိုင်တယ်လို့ ပြောတယ်။

နို့သီးအခြေ အရောင်အရင့် အ၀ိုင်းကို Areola ခေါ်တယ်။ သူ့အပေါ်မှာ တခြားနေရာက ချွေးထွက် အိတ်တွေထက် ပိုကြီးတဲ့ အိတ်လေးတွေရှိပြီး၊ အဆီထုတ်ပေးတာမို့ ကလေးနို့စိုနေတုံး အကာကွယ် ပေးရာကျတယ်။ Nipple က Pink ပန်းရောင် ဒါမှမဟုတ် Brownish hue ခပ်ညိုညို အရောင် ဖြစ်တယ်။ ပန်းရောင်က ပိုလှတယ် ပြောရင် "မဟူရာ" မလေးတွေက ကလောတယ်။ "ပန်းရောင်ဘဲ ကြိုက်ရင် ၀က်မကြီးဆီ သွားပါလား" တဲ့။

(အေရီယိုလာ) က အရောင် မတူကြသလို အရွယ်အစား သာမက ပုံပန်းလဲ မတူကြပါ။ အများဆုံးက စက်ဝိုင်းလို ရှိကြပေမဲ့ Elliptical ဘဲဥပုံလည်း ရှိသေးတယ်။ ယောက်ျားတွေမှာ အချင်း ၁ လက္မရှိကြပြီး၊ မိန်းမတွေက ၁့၂ ကနေ ၄ လက္မအထိ ရှိကြတယ်။ ဒီအ၀ိုင်းက ဘာလို့ပါတာလဲကို မှန်းပြောတခုရှိတယ်။ နို့ဆာတဲ့ကလေး ရှာရတာ လွယ်အောင်တဲ့။ မဟုတ်နိုင်ပါ။ ကလေးဆိုတာ မွေးကတည်းက သူ့ပါးကလေးကို တခုခုနဲ့ ထိလိုက်တာနဲ့ နို့မှတ်ပြီး၊ ခေါင်း လှည့်လာမယ်။ နို့ရှာရာမှာ မျက်စိ မလိုပါ။

ကိုယ်ဝန် မဆောင်ဘူးသူ တချို့မှာ Breast နဲ့ Areola အရောင် အတော်နီးစပ်အောင် တူနေတတ်တယ်။ အိမ်ထောင်ရှိပေမဲ့ ကိုယ်ဝန်မဆောင်ဘူးသူနဲ့ အပျိုဘ၀မှာ အခန့်မသင့်လို့ မှားယွင်းမိတာမို့ ဖျက်ဆေးသောက်ရသူတို့ ရင်သား အရောင် မတူကြပါ။ သူငယ်ချင်းတွေ ပြောကြ-ငြင်းကြတာတခု ရှိတယ်။ မိန်းကလေး တယောက်မှာ နှုတ်ခမ်း အရောင်နဲ့ နို့သီးဖျား အရောင်က တူကြသတဲ့။ "မရွှေတိကျ" က လာသေးတယ်၊ အပေါ် နုတ်ခမ်း အရောင်နဲ့သာ တူတာပါတဲ့။

မွေးကာစ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နို့ရည်ထွတ်တာ မ-ဟော်မုန်း သတ္ထိအရ ဖြစ်တယ်။ နို့ဆိုတာ ၂ ခုထဲလို့ သိကြပေမဲ့၊ တချို့မှာ ၂ ခုမက ရှိတတ်တယ်။ ဗိုက်ထဲ နေတုံးကတည်းက ရှိခဲ့တာပါ။ မင်းသား Mark Wahlberg တီဗွီ တင်ဆက်သူ Lily Allen အဲလီဇဗက် (၁) ရဲ့မယ်တော် Anne Boleyn တို့မှာ တတိယနို့ ရှိကြတယ်။ ဂျမ်းစ်-ဘွန်း ရုပ်ရှင် "ရွှေသနတ်နဲ့လူ" ထဲက လူဆိုးဆရာကြီး Francisco Scaramanga မှာလည်း အဲလို အပိုရှိတာကို ပြသေးတယ်။

လမ်းလျှောက်ရင်း၊ ပြေးရင်းကနေဖြစ်တဲ့ အခြေအနေတခုကို Jogger's nipple လို့ ခေါ်တယ်။ နို့သီးအဖျား နာ၊ ခြောက်၊ အနေရခက်၊ သွေးထွက်တာမျိုး ပြောတာပါ။ ၀တ်ထားတဲ့ အ၀တ်အစားနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်ရတယ်။ ဒါ့ကြောင့် အတွင်းခံ မပါဘဲ ပြေးပါတဲ့။ ရှက်တတ်ရင်တော့ တထပ်ထဲ ခပ်ချောင်ချောင်သာ ၀တ်ပါတဲ့။ မြင်ကြရင်လဲ ကျန်းမာရေးအရ ၀တ်ကြတာလို့ သိထားလိုက်ပေါ့။

ယဉ်ကျေးမှု မတူရင် တန်ဘိုးထားမှု ကွဲပြားတယ်။ အံ့သြရလောက်အောက် မတူတာတွေ ရှိတယ်။ ဟောလိဝုဒ် ရုပ်ရှင် တခုမှာ အသက် ၁၈ နှစ်လဲ ပြည့်ပြီ၊ ကောလိပ် သွားရတော့မယ်၊ Virgin ဘ၀နဲ့ မသွားချင်ဘူးလို့ မင်းသမီးလေးကို အပြောခိုင်းတယ်။ သူ့စရိုက်နဲ့သူ ကိုက်ပါတယ်။ သတို့သမီးကို စစ်သလား ဘယ်သူကမှ မမေးဘူး။ တထောင့်တည ပုံပြင် တခုထဲမှာ သမီးရဲ့ မင်္ဂလာဦးမှာ ဖအေလုပ်သူက အော်တဲ့အသံကို နားစွန့်နေသတဲ့။ မအေက မနက်ကျရင် အိပ်ရာခင်း သွေးစွန်းတာ လိုက်ရှာသတဲ့။ သူများတွေ လက်ညှိုးထိုးမနေနဲ့ ပုဂံခေတ်မှာ ပန်းဦးလွှတ်ထာ မလုပ် မနေရတဲ့။

ယောက်ျားနဲ့ ပဌမဆုံး ဆက်ဆံချိန်မှာ သွေးထွက်တာဖြစ်ရင် အပျိုစစ်တယ်။ သွေးမထွက်ရင် အပျိုမဟုတ်ဘူးလို့ မပြောဘဲ အပျိုမြှေး မရှိသူဖြစ်တယ်လို့ ပြောလာကြတယ်။ အဲဒီသွေးက အပျိုမြှေး စုတ်ပြဲသွားလို့ ထွက်တာကိုး။ တခြားကြောင့် သွေးထွက်တာတွေလဲ ရှိပါတယ်။ Endometritis, Yeast, Infections, Cervical Dysplasia, Vaginitis, Cervical Polyps, Chlamydia, Gonorrhea & other STDs ရောဂါတခုခု ရှိနေရင်လဲ သွေးထွက်နိုင်တယ်။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ အပျိုမြှေး စုတ်ပြဲစေနိုင်တဲ့ အကြောင်းတွေလဲ ရှိတယ်။ စက်ဘီးစီး၊ မြင်းစီး၊ ထိခိုက်ဒဏ်ရာရ၊ (မာစတာဘေးရှင်း) လုပ်၊ ဆေးစစ်တုံးက ကရိယာထည့်လို့။

အပျိုစစ် လက္ခဏာဆိုတာတွေကို ဆေးပညာအရ ပြောပါဆိုရင် -
• ရင်သား၊ တင်းနေမယ်၊ လုံးဝန်းပြီး ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နို့သီးထိပ်က မာတင်းတင်း၊ အောက်ခြေ အ၀ိုင်းက ပင်ကိုယ်အသားအရောင် လိုက်ပြီး ပန်းရောင်ကနေ ညိုမဲမဲနေမယ်၊ နိုးသီးအဖျားမှာ ပန်းရောင်အစက်ရှိမယ်၊
• မိန်းမကိုယ် အပြင်နုတ်ခမ်းသား လုံးဝန်းပြီး၊ ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နုတ်ခမ်းသား နှစ်ဖက် ထိကပ်နေမယ်၊ အတွင်းနုတ်ခမ်းသား နဲ့ မ-အစိတွေကို လုံးဝ ဖုံးအုပ်နေမယ်၊
• မိန်းမကိုယ် အတွင်း-နုတ်ခမ်းသား ပန်းရောင်ရှိမယ်၊ ထိရင် သိလွန်းတယ်၊
• မ-အစိ Clitoris သေးငယ်တယ်၊
• အတွင်း-နုတ်ခမ်းသားနှစ်ခုကို ဘေးဖယ်ကား ကြည့်တဲ့အခါ မြင်နိုင်တဲ့နေရာ Vestibule ကျဉ်းတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာ Fourchette အကောင်းပကတိ ရှိနေတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာရဲ့ဆုံချက် Posterior commissure အကောင်းပကတိ ရှိနေတယ်၊
• ဗဂျိုင်းနား Vagina ကျဉ်းတယ်၊
• ဗဂျိုင်းနားကို ဖုံးထားတဲ့အလွှာ အရောင်က နီတယ်၊ ထိရင် သိလွန်းတယ်၊ ဘေးနှစ်ဖက် ထိကပ်နေတယ်၊
• အပျိုမြှေး Hymen အကောင်း ပကတိ ရှိနေတယ်၊ လက်ချောင်း တချောင်းစာထက် ပိုမဆံ့ဘူး၊ နုတ်ခမ်းသားက စုတ်ပြဲသလို မဟုတ်ရဘူး၊ တိတိကျကျ ဖြစ်နေရမယ်။

ဆရာဝန်ပြောတာထက် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်ကြမှာပါ။

Dr. တင့်ဆွေ
၁၅-၉-၂၀၁၀

Puberty လူပျိုဖြစ်ပြီ

နားနဲ့မနာ ဖ၀ါးနဲ့သာ နာပေးပါ ဆရာ။ ကျွန်တော်တို့တွေ လူလား မြောက်လာပြီဆိုရင် ဘာတွေ ပြောင်းလဲလာသလဲဆိုတာ အသေးစိတ် သိချင်နေမိပါတယ် ဆရာ။ နောက်တစ်ခုက မာစတာဘေးရှင်း လုပ်တာကို နည်းသွားအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ပြောပြပေးပါ။ မရိုသေ့စကားပါ ဆရာ။ လိင်တံဟာ အခြားသူတွေလို မဟုတ်ဘဲ ညာဘက်ကို ကောက်နေပါတယ်။ ဆီးသွားရင်လည်း ဆီးလမ်းကြောင်းက သူများတွေလို ဖြောင့်ဖြောင့် မသွားပါဘူးဆရာ။ ဘယ်လို လုပ်ရင် ပုံမှန် ပြန်ဖြစ်နိုင်မလဲ ဆိုတာကို သိချင်မိပါတယ် ဆရာ။

နောက်မေးတာ အရင်ဖြေပါမယ်။ မဖြောင့်ဘဲနေတာ ပြဿနာ မဟုတ်ပါ။ ခိုက်မိလို့ဆိုရင်တော့ တမျိုးပေါ့။ ဘယ်-ညာ၊ အပေါ်-အောက် မဖြောင့်တာ ဖြစ်နိုင်ပါတယ်။ ငယ်ငယ်ကတည်းကဆိုရင် မွေးရာပါ ချို့ယွင်းချက်လို့လည်း မခေါ်ပါ။ လိင်တံရဲ့ အလုပ်ကိုလည်း ထိခိုက်မယ် မဟုတ်ပါ။ ဆီးလမ်းမှာ ကျောက်ရှိရင်၊ ပန်းငုံရင်၊ ဆီးပြွန်ထဲ တခုခု ရှိနေရင်တော့ ဖြစ်နိုင်တယ်။ အဲလိုဆိုရင် ဆီးထွက် မဖြောင့်တာသာမက တခြား ခံစားရတာတွေပါ တွဲရှိနိုင်တယ်။

(မာစတာဘေးရှင်း) လုပ်တာ နည်းချင်ရင် နိုးဆွမှု ဖြစ်စေတာ မှန်သမျှ ရှောင်ရမယ်။ စိတ်ပါဘဲ။ ဒီအရွယ် ယောက်ျားလေး တွေမှာ တခြားလုပ်စရာတွေက နည်းနေတယ်။ စိတ်ကလည်း ဘာမဆို ထက်သန်တယ်။ ပညာ-ဗဟုသုတ ကလည်း စုံသေးတာ မဟုတ်ဘူး။ များသောအားဖြင့် မြင်ဆရာကို အားကိုးနေချိန်ဖြစ်လို့ သူငယ်ချင်း အပေါင်းအသင်းတွေ အပေါ်မှာလည်း မူတည်သေးတယ်။ ကောင်းတဲ့စာတွေ ရွေးဖတ်ပါ။ အားကစား လုပ်ပါ။

လူပျိုလေးတွေ အကြောင်း အဓိကထားပြီး၊ အပျိုပေါက် အရွယ်ပါ ထည့်ရေးပါရစေ။ Puberty ကို ဝေါဟာရ အနေနဲ့ တိတိ ကျကျ ပြောရရင် ရုပ်ပိုင်းဆိုင်ရာ ရင့်ပြည့်လာတာကို ဆိုလိုတာ ဖြစ်ပြီး၊ စိတ်ပိုင်း နဲ့ လူမှုဆက်ဆံရေးပိုင်း ပြောတာ မဟုတ်ပါ။ Adolescence အရွယ်ကြတော့ စိတ်ပိုင်း နဲ့ ဆက်ဆံရေးပိုင်းတွေက Adulthood လူကြီးအရွယ် မတိုင်ခင် ကြားကာလကို ခေါ်တာ ဖြစ်တယ်။

လူပျိုဖြစ်လာတာ အပျိုဖြစ်လာတာ အားလုံး "ဟော်မုန်း" ပါဘဲ။ ကျား-ဟော်မုန်းကို Testosterone ခေါ်ပြီး၊ မ-ဟော်မုန်းကို Estrogen ခေါ်တယ်။ ကျားရယ်၊ မရယ် ခေါ်ပေမဲ့ လိင်ဟော်မုန်း နှစ်မျိုးလုံး ရှိကြတာချည်းဘဲ။ အနည်း-အများသာ ကွာတယ်။ တခုခုက ကဲနေရင် အသွင်သဏ္ဌာန်ရော၊ စိတ်ပိုင်းပါ မတူတာတွေ ဖြစ်တယ်။ လူတယောက်ထဲမှာတောင် အရွယ်မတူရင် ပြောင်းလဲသွားတယ်။ အပြင်ကနေ ဟော်မုန်းပေးရင်လည်း ပြောင်းစေတယ်။

အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အတွင်းမှာ လူပျိုပေါက်ဖြစ်စဉ်တွေ ဖြစ်လာတယ်။ အရပ်ရှည်၊ လူထွားလာချိန်မှာ ဦးနှောက်က အထာ မကျသေးတဲ့ အတွေ့အကြုံမျိုး ခံစားရတယ်။ စိတ်ပိုင်းအပြောင်းအလဲမှာ Aggressive ကြမ်းတမ်းစိတ် မျိုးလဲ ဖြစ်လာတယ်။ ရန်ဖြစ်ချင်လာတယ်။ တဆင့်ခြင်း ပြောရအောင်။

၁၀-၁၁ နှစ် အရွယ်။ စိတ်ပိုင်းမှာ ပြောင်းလဲလာတယ်။ လိင်ဟော်မုန်းတွေ များလာတာမို့ လိင်စိတ်တွေ ဖြစ်လာတယ်။ ဆန့်ကျင်ဘက် လိင်နဲ့ စကားပြောရတာကို ငယ်ငယ်ကလို မဟုတ်တော့ဘဲ စကားပြော မထွက်တာမျိုး ဖြစ်တတ်တယ်။

၁၁-၁၂ နှစ်အရွယ်။ ကျားအစိ Testis က မြန်မြန် ကြီးလာမယ်။ ကပ်ပဲ့အိပ် Scrotum ကပါးလာပြီး၊ ပိုလည်း ရှုံ့တွကာ၊ အရောင်ပါ ရင့်လာမယ်။ အောက်ကို တွဲကျလာမယ်။ ဒီလိုဖြစ်တာ ဟော်မုန်းထွက်ဘို့ အားပေးရာကျတယ်။ ဆီးစပ်မွှေး Pubic hair စပေါက်ပြီး၊ တဖြေးဖြေး နု-ဖြောင့်ရာကနေ၊ ကြမ်းပြီး၊ ကောက်ကွေးလာမယ်။ ကျားအင်္ဂါ Penis က သန်မာမှု Erection ဖြစ်နိုင်လာမယ်။ တချို့မှာ တနေ့ထဲ အကြိမ် ၂၀ လောက်အထိ ဖြစ်တယ်။ လိင်နဲ့ ပါတ်သက်မှ မဟုတ်ဘဲလည်း အဲလို ဖြစ်ပါတယ်။ ဥပမာ မနက် အိပ်ရာထချိန် ဆီးအိမ် တင်းနေရင် ဖြစ်တယ်။ Morning wood ခေါ်ကြတယ်။ စာလုံးတွေကို ဆက်ရေးတာက (ရော့ခ်) တီးဝိုင်းတခု နာမယ် ဖြစ်တယ်။

၁၂-၁၃ နှစ်အရွယ်။ ကျားအင်္ဂါ၊ အစိ၊ အိတ် ပိုရှည်၊ ပိုကြီး၊ ပိုမဲလာတယ်။ ဆီးစပ်မွှေး ပိုများလာမယ်။ အစိတခုက တခုထက် အောက်ပိုကျ နေတတ်တယ်။ ဒါကောင်းပါတယ်၊ သူတို့ အချင်းချင်း သိပ်မထိခိုက်ဘူးပေါ့။ ချွေးထွက်တာလည်း အဆီ ပြန်သလို ဖြစ်လာတယ်။ ၀က်ခြံပေါက်မယ်။ ချိုင်းမွှေး ပေါက်လာတယ်။ ချိုင်းမွှေး ရှိနေသူဟာ မရှိတဲ့လူထက် ချွေးထွက်တာ အဆ ၃၀ များတယ်။ ငယ်တုံးကထက် သန့်ရှင်းရေး ပိုလုပ်ဘို့ လိုလာတယ်။ အထူးသဖြင့် ကျးအင်္ဂါအဖုံး အရေပြား အောက်မှာ အညစ်အကြေးတွေ ကပ်နေတာကို အသာအယာ ရှင်းပေးရမယ်။ ကိုယ်နံ့လဲ ပြောင်းလာတယ်။ အနံ့ကနေ ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်စေနိုင်တယ်။ Ejaculation သုတ်ထွက် နိုင်လာမယ်။ Masturbation ကိုယ့်ဖါသာ အာသာ ဖြေဖျောက်နည်း အလေ့အထ တတ်လာ၊ လုပ်လာမယ်။ သုတ်လွှတ် နိုင်တာဟာ Fertility အရွယ်ရှိ မိန်းမနဲ့ ဆက်ဆံရင် ကိုယ်ဝန်ရစေနိုင်စွမ်းပါ ရလာတာ ဖြစ်တယ်။

၁၃-၁၄ နှစ်အရွယ်။ တနှစ်ကို အရပ်က ၄ လက္မနှုံးနဲ့ ပိုရှည်လာမယ်။ လိင်အင်္ဂါက ပိုရှည်၊ ပိုထွားလာမယ်။ Glans penis ကွမ်းသီးခေါင်း ကလည်း ရှည်လာမယ်။ ကားလာတယ်။

၁၄-၁၅ နှစ်အရွယ်။ အသံသြလာမယ်။ အားကစားလို ပြိုင်ဆိုင်မှုလုပ်တာက ကျားဟော်မုန်းထွက်မှာကို အားပေးရာ ကျတယ်။ ကိုယ့်ကို ချီးမွမ်း အားပေးတာခံရရင် ကြက်သီးထတတ်လာမယ်။ ပိုပြီး ရှက်တတ်လာတယ်။

၁၅-၁၈ နှစ်အရွယ်။ စောစောပိုင်း နှစ်တွေကလို ကြီး-ထွား-ရှည် စတဲ့ တိုးတက်မှုတွေက နှုံးအရ ပြောရရင် နဲနဲနှေးလာမယ်။ ရွယ်တူ မိန်းကလေးတွေ ထက်တော့ ပိုကြာတယ်။ ကြွက်သားတွေ ပိုသန်လာမယ်။ ပခုံး ပိုကျယ်လာမယ်။ ကျားလိင်အင်္ဂါ အားလုံး လူကြီးဖြစ်လာပါပြီ။ လိင်တံက ရိုးရိုးအချိန်မှာ ၃့၂၅ လက္မကနေ ၄့၂၅ လက္မရှိပြီး၊ တောင့်တင်းချိန်မှာ ၅-၆-၇ လက္မအထိ ရှည်နိုင်လာမယ်။

အသက် ၂၀ ၀န်းကျင်။ ၁ စက္ကန့်မှာ သုတ်ပိုး ၁၀၀၀ ထုတ်နိုင်တယ်။ ကျားအင်္ဂါဟာ အရွယ်ရလာနဲ့အမျှ ပိုကြီးလာနိုင်တယ်။ ဘာ့လို့လဲဆိုရင် Erectile tissues တွေရဲ့ ပြန်ကြုံ့နိုင်စွမ်း Recoiling strength လျှော့လာလို့ဘဲ။ အမွှေးအမျှင်လည်း ပိုများလာတယ်။ ဟော်မုန်းတွေဟာ နေရာအများကြီးမှာ အလုပ်လုပ်ပေးတာဖြစ်တယ်။ ဦးနှောက်၊ အရိုး၊ ကြွက်သား၊ အရေပြား၊ ရင်သား၊ မျိုးပွါးအင်္ဂါတွေ ပါဝင်တယ်။ ကြီးထွားမှုဆိုတာ လူပျိုပေါက်ဖြစ်ရင် ပြည့်စုံသွားတယ်လို့ ပြောနိုင်တယ်။

မိန်းကလေးတွေက စောပြီး အရွယ်ရောက်တယ်။ ယောက်ျားလေးတွေက ၁၂ နှစ်၊ မိန်းကလေးက ၁၀ နှစ်လို့ ပြောနိုင်ပြီး၊ ပြည့်စုံတာကလည်း ၁၆-၁၈ နှစ် နဲ့ ၁၅-၁၇ နှစ် လို့ ကွာတယ်။ ယောက်ျား နဲ့ မိန်းမ ကွာခြားချက်ဟာ ပင်မလိင်အင်္ဂါတွေ သာမက Secondary sex characteristics ဒုတိယ လိင်လက္ခဏာတွေ ဆိုတာလည်း ရှိတယ်။ ရင်သား (နို့) အပါအ၀င်ပေါ့။

ဆီးစပ်မွှေး Pubic hair ပေါက်တာက မတူကြဘူး။ ယောက်ျားလေးတွေမှာ လိင်တံအခြေနဲ့ ကပ်ပဲ့အိတ်မှာ စပေါက်ပြီး၊ နောက် လိင်တံအောက်၊ ချက်ဆီအထိ ပေါက်တယ်။ ပေါင်မှာလဲ ပေါက်တယ်။ အရိုးတွေကလည်း ယောက်ျားတွေက ပိုလေးလံတယ်။ ကြွက်သားကြ ယောက်ျားက ၂ ဆတောင် ပိုတယ်။ အဆီလည်း ၂ ဆဘဲ။ ပခုံးရိုးနဲ့ မေးရိုးတွေ ကြီးထွားတာမှာလည်း ပိုတယ်။ လူကြီးအရွယ်တွေကို ယှဉ်ရင် ကိုယ်ခန္ဓာထုထည်မှာ ယောက်ျားတွေက ၁၅၀%၊ အဆီက ၅၀% ရှိတယ်။

မိန်းကလေးမှာ ပဌမဆုံး ထူးခြားတာက Breast ရင်သား ထွားလာတာပါ။ စစခြင်း အရောင်ရင့်တဲ့ နို့သီးဝိုင်း Areola အောက်မှာ မာတင်းတင်း အစိုင်အခဲလေး ဖြစ်လာတယ်။ တဖက်ချင်းလဲ ဖြစ်တတ်တယ်။ ပျမ်းမျှ ၁၀ နှစ်ခွဲသမီးမှာ ဖြစ်တယ်။ နောက် ၆ လ ၁ နှစ်မှာ ပြော့တဲ့ အစိုင်အခဲဟာ နို့သီးဝိုင်း Areola အပြင်ဘက်ကနေ ပေါ်လာတယ်။ နို့သီးဝိုင်း ဟာ ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူးသေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အရွယ်အစား၊ ပုံပန်း၊ အတော်မတူကြဘူး။ အများစုက ဘယ်ဘက်ကပိုပြီး အရွယ်ကြီးတယ်။

ဆီးစပ်မွှေး Pubic hair ပေါက်လာတာက မိန်းကလေးတွေရဲ့ ဒုတိယ အပြောင်းအလဲ ဖြစ်တယ်။ မအင်္ဂါနှခမ်းသား Labia ဘေးကနေ စတယ်။ နုနု-ဖြောင့်ဖြောင့်လေးတွေက နောက်မှာ ကြမ်းပြီး ကောက်ကွေးလာတယ်။ ပေါက်တဲ့နေရာတွေပါ ကျယ်ကျယ်လာတယ်။ ၁၅%သော မိန်းကလေးတွေမှာ ဒီအပြောင်းအလဲက ရင်သား ဖွံ့ထွားတာထက် ပိုစောတတ်တယ်။ မိန်းမတွေမှာ အများအားဖြင့် တရိဂံ-စောက်ထိုးပုံနဲ့ ယောက်ျားတွေမှာ တရိဂံ-အတည့်ပုံ ဖြစ်တယ်။ လူမျိုးအလိုက်၊ မျိုးရိုးအလိုက်တော့ ကွာတယ်။ Pubic hair နဲ့ ဆံပင်အရောင်၊ ချိုင်းမွှေးအရောင် အတူတူ ဖြစ်ခြင်မှ ဖြစ်မယ်။

မွေးလမ်းကြောင်း Vagina ကို ဖုံးနေတဲ့ အရေပြားနု Mucosa က ပိုထူလာတယ်။ အရင် ခပ်ရဲရဲကနေ ပန်းရောင် ခပ်မွဲမွဲ ဖြစ်လာတယ်။ စွပ်စိုမှုလည်း ရှိတာတယ်။ သားအိမ် Uterus နဲ့ မျိုးဥအိမ် Ovaries တွေက အရွယ်ပိုကြီးလာတယ်။ ရာသီ ဆင်းတယ်လို့ ခေါ်တဲ့ Menstruation စဆင်းလာတယ်။ သားအိမ် အတွင်းဆုံးအလွှာက လအစမှာ ပါးရာကနေ ထူလာပြီး၊ နောက်ဆုံး ပျက်စီးသွားလို့ ထွက်တဲ့ သွေးနဲ့ တစ်ရှူးအပျက်အစီးတွေ ဖြစ်တယ်။ ပျမ်းမျှ ၁၁့၇၅ နှစ်အရွယ် ဖြစ်တယ်။ ဖြစ်စ အရွယ်မှာ ရာသီဆင်းတာက တလ တခါရယ်လို့ မမှန်သေးဘူး။ မျိုးဆက်ပွါးနိုင်စွမ်း Fertility ရှိလာတာ ဖြစ်တယ်။ အဲဒါက မျိုးဥအိမ် Ovary ကနေ မျိုးဥ Ovum ထွက်နိုင်စွမ်းရှိလာမှ ဖြစ်တယ်။ ပဌမ ၁ နှစ်မှာ ၈၀% မိန်းကလေးတွေမှာ မျိုးဥ မထွက်ဘဲ ရာသီးသာဆင်းတယ်။ ၅၀%က ၃ နှစ်အထိ ဒီလိုဘဲ။ ၆ နှစ်အထိ ကြာတာတောင် ၁၀% မိန်းကလေးတွေမှာ မျိုးဥမဲ့ ရာသီဖြစ်ကြတယ်။

မိန်းကလေး အရွယ်ရောက်ချိန်က သွေးဆုံးချိန်လိုဘဲ၊ မျိုးရိုးလိုက်နိုင်တယ်။ အစာအာဟာရ ကနေလည်း လွှမ်းမိုးနိုင်တာက မိန်းကလေးတွေမှာ ပိုဖြစ်တယ်။ တနေ့တာ စားတဲ့ထဲကနေ ပိုနေတဲ့ (ကယ်လိုရီ) တွေကို အဆီစုထားလို့ပါ။ ၀တဲ့သူ၊ အားကစား၊ လေ့ကျင့်ခန်း၊ မလုပ်သူတွေ အပျိုဖြစ် စောတယ်။ နာတာရှည် ရောဂါ ရှိနေရင် နောက်ကျတယ်။

ယောက်ျားမှာ မိန်းမနဲ့ မတူတာတွေထဲမှာ အမွှေးပေါက်ပုံပါတယ်။ မျက်နှာမှာ အမွှေးပေါက်တာ ယောက်ျား။ ပေါင်ရှေ့ပိုင်း ကြွက်သား ယောက်ျားမှာ ပိုသန်မာတယ်။ ပေါင်နောက်ပိုင်းက ပိုသန်မာတာက မိန်းမ။ လည်စေ့လို့ခေါ်တဲ့ Adam's apple က ယောက်ျားမှာသာ ရှိတယ်။ ရင်ပတ်ကား၊ ပခုံးကျယ်တာ ချွေးပိုထွက်တာ၊ ၀က်ခြံပိုပေါက်တာ ယောက်ျား။ အရေပြား လည်း ပိုကြမ်းတယ်။ သူ့အောက်မှာ အဆီစုတာ နည်းလို့။

မိန်းကလေးတွေရဲ့ ကိုယ်ခန္ဓာပုံပန်းကလည်း ထူးခြားလာတယ်။ တင်ပိုင်းရဲ့ အောက်ပိုင်းတ၀က်က ဘေးကားလာတယ်။ ရင်သား၊ တင်-တင်ပါး၊ ပေါင်၊ လက်မောင်း၊ ဆီးစပ်နေရာတွေမှာ အဆီစုဝေးလာတယ်။ ဗမာတွေက ခါးသေး-ရင်ချီလို့ ပြောကြတယ်။ ဆေးစာလိုပြောရရင် Waist-hip ratio (WHR) ခါးနဲ့ တင် အချိုးလို့ပြောတယ်။ တိတိကျကျ ဆိုချင်တာက အကျဉ်းဆုံးခါးက ဘယ်နှစ်လက္မ၊ အကားဆုံး တင်ပိုင်းက ဘယ်နှစ်လက္မ ဆိုတာ တိုင်းထွာပြီး၊ အချိုးချ လိုက်တာပါ။

ပိုအရေးကြီးတာက ကျန်းမာရေးကို ဘယ်လို သက်ရောက်သလဲ။ အမျိုးသမီးဆိုတာ Pear-shaped body ဖြစ်တယ်။ Apple-shaped body ဖြစ်သူတွေမှာ ရောဂါတွေ ပိုဖြစ်တယ်။ မိန်းမတယောက်မှာ ၀့၇၊ ယောက်ျားမှာ ၀့၉ ရှိနေရင် ကြည့်ရတာ အချိုးကျတဲ့အပြင် ကျန်းမာရေးလည်း ကောင်းလိမ့်မယ်။ ကျန်းမာရေးလိုဘဲ ဆွဲဆောင်မှု ဆိုတာလည်း အရေးပါတယ်။ WHR ကောင်းတဲ့ အမျိုးသမီးဟာ ဆွဲဆောင်မှု ကောင်းတယ်။ ဆိုပါစို့ Marilyn Monroe နဲ့ Sophia Loren တို့ဟာ WHR ၀့၇ တွေ ဖြစ်ကြတယ်။ တရုပ်အမျိုးသမီးတွေမှာ ၀့၆၊ တောင်အမေရိကနဲ့ အာဖရိကမှာ ၀့၉ လို့ သိရတယ်။

စာဖတ်သူနဲ့ တူ-မတူတော့ မပြောတတ်ဘူး၊ သုတေသနတခုက "မိန်းမတယောက် ခါးသေးတာဟာ တင်ကားတာထက် ဆွဲဆောင်မှု ပိုရှိတယ်" လို့ ဆိုပါတယ်။ ဒါ့ကြောင့်လားတော့ မပြောတတ်ဘူး၊ အမျိုးသမီးတွေ Corset ခေါ်တဲ့ ခါသေး၊ Hip and buttock padding ခေါ်တဲ့ အခုအခံတွေ သုံးကြတာပေါ့။

အဲလို အတုအပ မဟုတ်ကြသူ အမျိုးသမီးတွေမှာ ခါး-တင် အချိုးဟာ တဖက်သားကို ဆွဲဆောင်နိုင်တာ သာမကဘဲ၊ ဥာဏ်ရည်လည်း သာတယ်လို့ ဆိုသေးပါတယ်။ အဲလို အမျိုးသမီးကနေ မွေးတဲ့ ကလေးတွေကပါ ကျောင်းမှာ စာပိုတော်ကြသေးသတဲ့။

Dr. တင့်ဆွေ
၂-၉-၂၀၁၀

Sunday, April 24, 2011

ဆယ်ကျော်သက်နဲ့ ပြစ်ဒဏ်

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။

သည်တစ်ပတ် ကျွန်တော့်ရဲ့ "ဘဝအမောပြေဖို့ အဖြေရှာစို့" အစီအစဉ်ကတော့ ဖတ်လိုက်ရတဲ့ ကြေကွဲစရာ ဂျာနယ်သတင်းတစ်ခုကို အကြောင်းပြုထားပါတယ်။ နားဆင်တော်မူနေကြတဲ့ ချစ်သော ပရိသတ် လူကြီးမင်းများထဲက တချို့တွေလည်း ဖတ်မိကောင်း ဖတ်မိလိုက်ပါလိမ့်မယ်။ မဖတ်မိလိုက်သူများအတွက် အဲဒီ့သတင်းလေးကို အတိုချုံးပြီး ပြန်အစီရင်ခံပြပါရစေ။

၂၀ဝ၉ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ထွက်လာတဲ့ ဂျာနယ်တစ်စောင်မှာ ဖော်ပြထားတာကတော့ အလယ်တန်း ကျောင်းသူလေးတစ်ဦးဟာ ချစ်သူ ခင်သူတွေနဲ့ စာတွေ အပြန်အလှန် ရေးတဲ့ "ရေးပေးပါ"လို စာအုပ်မျိုး လေးကို ထားရှိပါသတဲ့။ အဲဒီ့ စာအုပ်လေးထဲမှာ သူ့ခံစားချက်လေးတွေ၊ သူ့ကို ချစ်ကြ ခင်ကြတဲ့ သူငယ်ချင်းတွေရဲ့ ခံစားချက်လေးတွေကိုလည်း စုပေါင်း ရေးဖွဲ့ထားပါတယ်။ ဖြစ်ချင်တော့ အဲဒီ့စာအုပ်လေးကို သူ့သူငယ်ချင်းလေးတစ်ယောက်က ဖတ်နေခိုက်မှာ သူတို့ရဲ့ အတန်းဆရာမက မြင်သွားပြီး အဲဒီ့စာသားတွေကို အတန်းထဲမှာ အော်ဖတ်ခိုင်းရုံသာ မက အဲဒီ့ကလေးမလေးရဲ့ စာအုပ်ထဲမှာ ပါနေလေတဲ့ ကောင်လေး တစ်ယောက်ရဲ့ တန်းခွဲကိုပါ သွားအော်ဖတ်ခိုင်းခဲ့တယ်။ ဒါ့အပြင် ကလေးမလေးကိုလည်း နောက်တစ်ရက် ကျောင်းလာတဲ့အခါ မိဘတွေ ခေါ်လာရမယ်၊ ခေါ်မလာရင် ကျောင်းလာမတက်နဲ့လို့လည်း ရာဇသံပေးလိုက်ပါတယ်။ ဒါတင် မကသေးဘူး "စာသင်ဖို့ ကျောင်း လာတက်တာလား၊ လင်လာရှာ တာလား"လို့လည်း ရင့်ရင့်သီးသီး ဆိုလိုက်ပါသေးသတဲ့။

တိုတိုပြောရရင်တော့ဗျာ၊ ကာယကံရှင် ကလေးမလေးဟာ ရှက်စိတ်တွေ သည်းလွန်းမက သည်းသွားရာကနေ သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့ သတင်းလေးပါပဲ။ သည်သတင်းလေးကို ဖတ်လိုက်ရတဲ့အခါ ကျွန်တော့် ရင်ထဲ မှာ ဆို့သွားရပါတယ်။ တစ်ဆက်တည်းမှာပဲ ဒါလေးကို အကြောင်းပြုပြီး ဆယ်ကျော်သက်တွေကို ကိုင်တွယ် အုပ်ထိန်းနေတဲ့ မိဘတွေ၊ ဆရာတွေကို ဆွေးနွေး တင်ပြချင်တာလေးတွေ ရှိလာရပါတော့တယ်။ ဒါ့ကြောင့် သည်တစ်ပတ်မှာတော့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေရဲ့ သဘာဝကို ဆွေးနွေးတင်ပြသွားပါရစေခင်ဗျား။

စိတ်ပညာနယ်ပယ်မှာတော့ ကြီးကောင်ဝင်စ ဆယ်ကျော်သက်အရွယ်ကို "မုန်တိုင်းထန်ထန် စိတ် ဒဏ်ပိပိအရွယ်"လို့ ခေါ်ဆိုကြပါတယ်။ အင်္ဂလိပ်ဘာသာနဲ့တော့ Storm & Stress ပေါ့။ ဘယ်လို မုန်တိုင်းထန်ပြီး ဘယ်လို စိတ်ဒဏ် ပိနေတာလဲလို့ မေးစရာ ရှိပါတယ်။

ဟုတ်ကဲ့ခင်ဗျာ၊ တကယ်တော့ သည်အရွယ်ဟာ စကောစက အရွယ်ပါ။ လူကြီးဖြစ်ပြီလား ဆိုရင်လည်း လောက်လောက်လားလား ဖြစ်မလာသေးဘူး။ ဒါဖြင့် ကလေးလားဆိုရင်လည်း ကလေးက မဟုတ်တော့ဘူး။ ယောက်ျားလေးဆိုလည်း ပုဆိုး ကွင်းသိုင်း ထင်ရာစိုင်းလို့ မရတော့သလို မိန်းကလေးဆိုလည်း ကလေးဘဝတုန်းကလို ယောက်ျားလေးများနဲ့ လုံးလုံးလားလား ကစားချင်တိုင်း ကစားလို့ မရတော့တဲ့ အရွယ်ပေါ့။ ကိုယ့်ကိုယ်ခန္ဓာ ကိုယ်ပြန်ကြည့်ပြန်တော့လည်း အပြောင်းအလဲတွေက အများသား။ သည်ကြားထဲမှာ ကိုယ်က ရွယ်တူ သူငယ်ချင်းတွေထက် ပိုပြီး အထွားမြန်နေရင် ဖြစ်ဖြစ်၊ သူတို့မှာ ကိုယ်ခန္ဓာတွေ ဖွံ့ဖြိုး၊ အရပ်တွေ ထွက်လာသလောက် ကိုယ်က မဖွံ့ဖြိုးသေး ရင်ဖြစ်ဖြစ် ပိုလို့ ညစ်စရာ ကောင်းနေရပါသေးတယ်။ ငါများ လူစဉ်မမီ ဖြစ်နေသလား၊ ငါများ သာမန်ထက် ပိုပြီး ထူးကဲတဲ့ ကျွဲပေါက်စများ ဖြစ်နေပြီလားစသဖြင့် အတွေး ပေါင်းများစွာနဲ့ ဗျာများရတာလည်း သည်အရွယ်ပါပဲ။

အဲတော့ ကလေးမက လူကြီးမကျ စကောစကအရွယ်၊ သည်လို ဆယ်ကျော်သက်စ ပျိုမြစ်နုနယ်သူလေးများခမျာမှာ အလိုလိုနေရင်းကို စိတ်ရှုပ်နေရပါတယ်၊ စိတ်ညစ်နေရပါတယ်။ လေတိုက်လို့ သစ်ရွက်ကလေး လှုပ်တာကို ကြည့်ရင်းနဲ့တောင် ကိုယ်က ကြားထဲက အခြောက်တိုက် ငိုချင်သလိုလို၊ ရယ်ချင်သလိုလိုဖြစ်ရတာကလည်း တကယ်တော့ သည်အရွယ်ပါ။

အခု ကျွန်တော့်အစီအစဉ်ကို နားဆင်တော်မူနေကြတဲ့ ချစ်သော ပရိသတ်များထဲက အရွယ်ကောင်းစွာ ရောက်နေကြသူ လူကြီးမင်းများလည်း အဲဒီ့အရွယ်တုန်းက ကိုယ့်အခြေအနေ၊ ကိုယ့်စိတ် ခံစားချက်တွေကို ပြန်ဆင်ခြင်ကြည့်မယ်ဆိုရင် သည်အတိုင်းပဲ ပြန်မြင်ရမှာပါနော်၊ ဟုတ်ကဲ့လား မသိဘူး။

ကိုယ့်စိတ်နဲ့ကိုယ် ဇယားရှုပ်၊ ကိုယ့်စိတ်နဲ့ကိုယ် နပန်းလုံး၊ ကိုယ့်စိတ်နဲ့ကိုယ် မကျေမလည် ဖြစ်နေရတဲ့ ကြားထဲ ကိုယ့်ပတ်ဝန်းကျင်က လူကြီးသူမတွေ၊ ရွယ်တူတွေကလည်း တစ်မှောင့်၊ နှစ်မှောင့်၊ သုံး မှောင့်မက အမှောင့်ပေါင်းများစွာနဲ့ နှောင့်နေတာတွေကလည်း တစ်သီ တစ်တန်းကြီး ရှိပါသေးတယ်။ 

လူကြီးတွေကလဲ "ဟဲ့… ကလေးမဟုတ်တော့ဘူးနော်"ဆိုတဲ့ စကားနဲ့ ဟန့်တာလေးတွေ ရှိလာပြီ။ သို့သော် ကလေးဆန်တာကို ဟန့်ချင်တဲ့အခါမှာသာ ကလေး မဟုတ်တော့ဘူးလို့ ပြောကြတာ၊ သိပ်လူကြီးဆန်လာပြန်ရင်လည်း "အရွယ်လေးကဖြင့် လက်တောက်လောက် ရှိသေးတယ်"တို့၊ "အခုမှ လူဖြစ်မယ် ကြံရုံရှိသေး"တို့၊ "ကလေးက ကလေးလို မနေဘဲ လူပျိုဂိုက်၊ အပျိုဂိုက်ဖမ်းနေတယ်" ဆိုတာမျိုးတွေကိုလည်း လူကြီး မိဘတွေက အခါအားလျော်စွာ ပြောဖြစ်နေတတ်ကြပြန်ပါတယ်။

ကြားနာရသူ ကြီးကောင်ဝင်စ ဆယ်ကျော်သက် အထီး အမလေးများရဲ့ နေရာမှာ တစ်ဆိတ် ဝင်နေ ကြည့်တော်မူကြစမ်းပါဗျာ။ အဲလို "ကလေး မဟုတ်တော့ဘူး"လို့ အခုပဲ ပြောလိုက်၊ တော်နေကြာတော့ "အရွယ်ကလေးကဖြင့် လက်တောက်လောက် ရှိသေးတယ်"လို့ ပြောလိုက်နဲ့ ကိုယ် တစ်ယောက်တည်းကိုပဲ ဆန့်ကျင်ဘက် နှစ်မျိုး အပြောခံနေရတဲ့အခါ ဘယ်လိုများ ခံစားကြရပါမလဲဗျာ။

ကလေးမဟုတ်တော့ဘူးလို့ ပြောတဲ့အတွက် ဘဝင်လေး မြင့်မယ်ကြံခါ ရှိသေးတယ်၊ လက်တောက်လောက်ရှိသေးတယ်နဲ့လည်း တွေ့ရော စောစောက တက်မယ် ပြင်ထားတဲ့ ဘဝင်လေးက ဖုတ်ဆို ထွက်ပြေးသွားလိုက်တော့တာများ၊ ကုလားထိုင်ကျို ကုလားထိုင်ကြား၊ ဖျာကျို ဖျာကြား လိုက်ရှာတောင် မတွေနိုင်တော့မယ့် အဖြစ်။

အဲတော့ နဂိုကမှ ကိုယ့်စိတ်နဲ့ ကိုယ်နပန်းလုံးပြီး ညစ်နေရတဲ့ စိတ်က ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူကြီးသူမတွေရဲ့စကားအထွေထွေကြောင့် ပိုနွမ်းလာရတယ်။ ပို ဇဝေဇဝါ ဖြစ်လာရတယ်။ ပို ကယောင်ခြောက်ခြား ဖြစ်လာရပါတယ်။

ရွယ်တူတွေကကျပြန်တော့လည်း တစ်မျိုး၊ တို့ကတော့ ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာဟေ့၊ တို့ကတော့ ဘယ်လို စွံတာ၊ တို့ကိုတော့ ဘယ်သူက ဘယ်လို စွဲလန်းနေတယ် ဆိုတာမျိုးတွေ၊ တို့ကိုယ်ခန္ဓာမှာ ဘယ်လိုတွေ ဖြစ်လာနေတယ် ဆိုတာမျိုးတွေက သည်အရွယ်တွေကြားမှာ ပွထနေပါတယ်။ ဟုတ်တာတွေလည်းပါရဲ့၊ မဟုတ်တာတွေလည်း ပါရဲ့။ အမှန်က ရွယ်တူတွေမှာကလည်း သူတို့စိတ်နဲ့ သူတို့ ဗရုတ်ဗရက် ဖြစ်ချင်တိုင်း ဖြစ်နေကြလေတော့ကာ သည်လို တောရမ်းမယ်ဘွဲ့တွေ လျှောက်ပြောရင်းက စိတ်ထွက်ပေါက် ရှာတတ်ကြတာမျိုးကလား။ ဘာပဲ ဖြစ်ဖြစ်၊ အဲသလို ရွယ်တူတွေကြားမှာ နေရတဲ့ ကြီးကောင်ဝင်စ ဆယ်ကျော်သက် တစ်ယောက်အတွက်ကျတော့ နောက်ကျိနေတဲ့ စိတ်အလျဉ်ကို ကြည်လင်မလာစေနိုင်တဲ့အပြင် ပိုလို့သာ ညစ်နွမ်းစရာ ဖြစ်လာရပါတော့တယ်။

ဒါတွေ အားလုံးကို စုပေါင်း လိုက်တဲ့အခါမှာတော့ သည်လို ကြီးကောင်ဝင်စ ဆယ်ကျော်သက်အရွယ်ကို မုန်တိုင်းထန်ထန်၊ စိတ်ဒဏ်ပိပိနေတဲ့အရွယ်လို့ ပညာရှင် တွေက သတ်မှတ်လိုက်ကြတော့တာပါပဲ။

သည်အရွယ်ဟာ လူကြီးသူမတွေရဲ့ မျက်စိထဲမှာ ဘယ်လိုမှကို အချိုးမပြေနိုင်တဲ့အရွယ်ပါ။ ဘယ် အချိုးပြေနိုင်ပါ့မလဲဗျာ၊ ဟိုအဆိုတော့်ဆံပင်ပုံက ကောင်းနိုးနိုး၊ ဟိုမင်းသမီးရဲ့ အမူအရာက ကောင်းနိုးနိုးနဲ့ ကိုယ့်မျက်စိအောက် ရောက်လာသမျှထဲက သင့်နိုးရာရာကို လိုက်အတုခိုးရ၊ ဆံပင် သရ၊ မှန် ကြည့်ရ၊ မိန်းကလေး ဆိုလည်း မရှိ ရှိတဲ့ ကိုယ်ခန္ဓာအချိုးအစား မပေါ် ပေါ်အောင် ထဘီကို မတရားသဖြင့် တင်းတင်းစီးလို စီးရ၊ လမ်းလျှောက်တဲ့အခါကျပြန်တော့လည်း အမြင် တင့်တယ်အောင် မော်ဒယ်လို လျှောက်ရနဲ့ဆိုတော့ မြင်ရသူ လူအပေါင်းရဲ့ မျက်စိထဲမှာ ဘယ်လိုမှကို အချိုးကျမှာလည်း မဟုတ်ပါဘူး။

သည်အထဲမှာ ကိုယ်လည်း သည်အရွယ်တုန်းက သည်လို ဖြစ်ခဲ့တာပဲဆိုတာ အင်မတန် မေ့လွယ် ပျောက်လွယ်တဲ့ လူကြီးသူမတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အပြည့်အသိပ်နဲ့ ဖြစ်နေလေတော့ ကြီးကောင်ဝင်စ ဆယ်ကျော်သက်လေးများခမျာမှာ နေစရာကို မရှိရှာကြတော့ပါဘူး။ တချို့ကျတော့လည်း သူတို့ကို အပြစ်တင် ဝေဖန်တဲ့ လူကြီးသူမတွေကို ကလန်ကဆန် လုပ်ချင်တဲ့ စိတ်ကလေးတွေနဲ့ ကျွပ်ဆတ်ဆတ်၊ ဂျစ်ကန်ကန်လေးတွေ ဖြစ်လာကြတယ်။ အဲ… တချို့ကျပြန်တော့လည်း အဲသလို ပြစ်တင် ဝေဖန်လွယ်တဲ့ လူကြီးသူမတွေကြောင့် မအုံမနွေးနဲ့ မထုံတက်သေးလေးတွေ၊ မြုံစိစိလေးတွေ၊ မလှုပ်တလှုပ်လေးတွေ ဖြစ်ကုန်ရပြန်တယ်။

တကယ်တော့ ဂျစ်ကန်ကန်ရော၊ မြုံစိစိရော ဘယ်ဟာကမှ မကောင်းဘူးဆိုတာ နားသောတ ဆင်တော်မူနေကြတဲ့ ပရိသတ် လူကြီးမင်းများလည်း လက်ခံနိုင်ကြမှာပါနော်။ သို့သော် ကျွန်တော်တို့က ဆယ်ကျော်သက်အရွယ်ကို ကောင်းကောင်း လွန်မြောက်ပြီး အရွယ်ရောက်သူဘဝ ရောက်လာတဲ့အခါ ကိုယ့်တုန်းက ခံစားခဲ့ရတာတွေ၊ တွေ့ကြုံခဲ့ရတာတွေကို အမေ့ကြီး မေ့လို့ ကောင်းနေတတ်ကြပါတယ်။ မေ့ရုံတင်မကဘူး၊ သူတို့လေးတွေကို လူကြီးမျက်စိနဲ့ ကြည့်မိတဲ့အခါကျတော့ ဘယ်နေရာမှ ကြည့်လို့ မရချင်သလိုဖြစ် နေတတ်ကြတာလည်း ကျွန်တော်တို့လို အရွယ်ရောက်နေသူ လူကြီးသူမ အတော်များများပါပဲ။

အဲတော့ ကြီးကောင်ဝင်စ ဆယ်ကျော်သက်တွေနဲ့ အနီးကပ် ဆက်စပ်ပတ်သက်နေရသူ လူကြီးသူမတိုင်း၊ မိဘဆရာသမားတိုင်း  စဉ်းစားသင့်တာက တို့များရော အဲဒီ့အရွယ်တုန်းက ဘယ်လိုစိတ်မျိုး၊ ဘယ်လိုခံစားမှုမျိုးတွေ ရှိခဲ့ပါလိမ့်၊ အဲဒီ့စိတ်တွေ၊ အဲဒီ့ ခံစားမှုတွေကရော ဘယ့်ကလောက်အထိများ အရှည်တည်နေ၊ စွဲမြဲနေလို့ပါလိမ့်၊ အဲတုန်းက ထားခဲ့တဲ့ ဆံပင်ပုံ၊ အဲတုန်းက ကြိုက်ခဲ့တဲ့ အဝတ်အစား၊ အဲတုန်းက ကျင့်ကြံခဲ့တဲ့ နေပုံထိုင်ပုံတွေ အားလုံးဟာလည်း ဘယ်လောက်အထိများ တာသွားခဲ့လို့ပါလိမ့်ဆိုတဲ့ အချက်များပါပဲ။ ဒါတွေကို ဆင်ခြင်မိမယ် ဆိုရင်တော့ ဘာမဟုတ်တဲ့ ကိစ္စ အသေးအမွှားလေးများကြောင့် ကိုယ်နဲ့ ထိစပ်ပတ်သက်နေရသူ ကြီးကောင်ဝင်စ ဆယ်ကျော်သက်များနဲ့ သိပ်အဟပ်ကွာနေတော့မှာ မဟုတ်တဲ့အပြင် ဂျစ်ကန်ကန်လေးတွေ၊ မထုံတက်သေးလေးတွေလည်း တဖြည်းဖြည်း ရည်မွန်လာနိုင်ကြပါလိမ့်မယ်။

အဲ… သည်လိုမှ မဟုတ်ဘဲ ကိုယ့်မျက်စိထဲ အချိုးမပြေလေတိုင်း သည်ကြီးကောင်ဝင်စ ဆယ်ကျော်သက်လေးများကို နှိပ်ကွပ်ရာ၊ ချိုးဖဲ့ရာရောက်တဲ့အပြောအဆို အပြုအမူတစ်ခုခု လုပ်မိနေမယ်ဆိုရင်တော့ သည်အရွယ်လေးတွေကို လမ်းမှားဆီ တွန်းပို့သလို ဖြစ်နေနိုင်တတ်တဲ့အပြင် အခု ကျွန်တော့် ဆွေးနွေးချက်လေး ဖြစ်လာအောင် အကြောင်းဖန်သွားတဲ့ ဖြစ်ရပ်ထဲကလို ရင်နာ ရင်ကျိုးစရာ အဖြစ်ဆိုးများအထိ ကြုံရတတ်နိုင်တာကို ကြီးကောင်ဝင်စလေးတွေနဲ့ ထိစပ် ပတ်သက်နေသူ လူကြီးမိဘတိုင်း၊ ဆရာ သမားတိုင်း သတိထားအပ်ကြပါ တယ်ခင်ဗျား။

ဆွေးနွေးစရာ နောက်တစ်ချက် ကျန်ပါသေးတယ်။ အဲဒါကတော့ အပြစ်ပေး ဒဏ်ခတ်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ မှီတင်း နေထိုင်ရာ လူ့ဘောင်ကြီးတစ်ခုလုံးမှာက အပြစ်ပေးလိုက်၊ ဒဏ်ခတ်လိုက်ရင် လူတစ်ယောက် နောင်ကြဉ်သွားမယ်ဆိုတဲ့ အစွဲက ဘယ်ကတည်းက စခဲ့မှန်းတော့ မသိဘူး၊ လူအများစုရဲ့ ရင်ထဲမှာ အဲဒီ့ အတွေးအမြင်ကြီးက ခိုင်မာနေပါတယ်။ ကျွန်တော်ဆို အမြဲတမ်း ဆင်ခြင်မိတယ်။ သူခိုးတစ်ယောက်ကို ပြစ်ဒဏ်ပေးလိုက်ရုံနဲ့ အဲဒီ့သူခိုး နောက်မခိုးတော့ပါဘူးလို့ ဘယ်သူ တာဝန်ယူနိုင်မှာလဲ။ အလားတူပဲ၊ တခြား စာရိတ္တပိုင်းဆိုင်ရာ ပြစ်မှု ကျူးလွန်သူတွေကိုလည်း တစ်ခေတ်ကဆို ကြိမ်ဒဏ်၊ နောက်ပိုင်းကျတော့ ထောင်ဒဏ် အမျိုးမျိုး စတာတွေနဲ့ အပြစ်ပေးလိုက်ရုံနဲ့ သည်လူတွေရဲ့ စာရိတ္တကို ပြုပြင်နိုင်ပါမတဲ့လား။

တခြားမကြည့်ပါနဲ့၊ ကျွန်တော့်ရဲ့ ဆေးလိပ်၊ အရက် ကြိုက်တဲ့ အမူအကျင့်ကို ကျွန်တော့်ရဲ့ ပီတာဖခင်ကြီးက ကြိမ်လုံးနဲ့ နာနာ နှက်ရင်း ဖြိုဖျက်ဖို့ ကြိမ်ဖန်များစွာ အားထုတ်ခဲ့ဖူးပါတယ်။ ဟုတ်ကဲ့ ခင်ဗျာ၊ အခုဆို ကျွန်တော့်ကို ကြိမ်နှက်ပြီး အကျင့်ဖျက်မယ့် အဖေမရှိတာ ၃၃ နှစ် ကျော်ပါပြီ။ ကျွန်တော် လူပျိုပေါက်အရွယ် ၁၃-၄ နှစ်သားမှသည် သူ ကျွန်တော့်ဘဝထဲက ပျောက်သွားချိန် ၁၉ နှစ်သား အရွယ်အထိ ငါးနှစ်၊ ခြောက်နှစ်လောက် မပြတ်တမ်း ထစ်ခနဲရှိ ကြိမ်နဲ့ဆော်ပြီး ပြုပြင်ဖို့ အားထုတ်ခဲ့တဲ့ အဖေ့ ပြစ်ဒဏ်များရဲ့ အကျိုးဆက်ကတော့ ကျွန်တော်ဟာ ယနေ့ထက်တိုင် ဆေးလိပ်ရော၊ အရက်ပါ ပျော်ပျော်ကြီး သောက်သုံးနေဆဲ လူသားတစ်ယောက် ဖြစ်နေပါတယ်။ အရက်အိုး ချိုးကပ်နေတဲ့ အရက်သမားဘဝကို ဘယ်တုန်းကမှ မရောက်ခဲ့တာ မှန်သော်လည်း အရက်ကို အခါအားလျော်စွာ ခုံခုံမင်မင် သောက်သုံးတတ်သူထဲမှာ ကျွန်တော် ထိပ်ဆုံးက ပါပါတယ်။ ဆေးလိပ်ကတော့ လက်ကြားကကို မချဖြစ်ဘူးခင်ဗျ။ အဖေ့ ကြိမ်လုံးရဲ့ စွမ်းချက်ကတော့ အဲဒီ့အတိုင်းပါပဲ။

အကြမ်းဖက်တဲ့နည်းနဲ့ မဟုတ်ဘဲ အရှက်ခွဲ တဲ့နည်းနဲ့ အပြစ်ပေးတာမျိုးလည်း ရှိပါသေးတယ်။ အဲဒါလည်း ကျွန်တော့် ပီတာဖခင်က လုပ်တတ်ခဲ့ပြန်ပါသေးတယ်။ တမင် ရည်ရွယ်ပြီး လုပ်တာတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ သို့သော် သူ့စိတ်ကို လူရှေ့မရှောင်၊ သူရှေ့ မရှောင် မထိန်းနိုင်ဘဲ ကျွန်တော့်ကို ရိုက်မောင်း ပုတ်မောင်း လုပ်တာများက ကျွန်တော့်ရင်ထဲမှာ အစိုင်အခဲ တစ်ခုလို ဖြစ်နေတတ်ခဲ့ပါတယ်။   နိုင်ငံအသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တိုင်းလိုလိုမှာ "လူ့သိက္ခာ ညှိုးနွမ်း သေးသိမ်စေသော အပြစ်ဒဏ်မျိုးမပေးရ"ဆိုတာကို အတိအလင်း ထည့်သွင်း ပြဋ္ဌာန်းလေ့ရှိကြတယ်။ တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ အရှက်အိုးကို ခွဲရာရောက်တဲ့ အပြစ်ဒဏ်မျိုး မပေးရလို့ ဆိုလိုတာဖြစ်ပါတယ်။

သို့သော် ဥပဒေက မည်သို့ပင် ဆိုစေကာမူ လူကြီးမိဘ ဆရာသမားတချို့မှာတော့ သည်အချက်ကို သတိမမူမိဘဲ အရှက်ခွဲတဲ့နည်းနဲ့ အပြစ်ပေးလိုက်ရင် နောင်ကြဉ်သွားမယ်ဆိုတဲ့ အစွဲကြီးကလည်း မြဲမြဲမတ်မတ် ရှိနေတတ်ပါတယ်။ တကယ်တော့ ကြီးကောင်ဝင်စ လူပျိုပေါက် အပျိုပေါက်ကလေးပဲဖြစ်ဖြစ်၊ လူကြီးတစ်ယောက်ပဲဖြစ်ဖြစ် အသက်ထက် အရှက်ကို ပိုတန်ဖိုးထားကြသူချည်းပါပဲ။ မိမိတို့ရဲ့ အရှက်အိုးကို အခွဲခံရတဲ့အခါ အကျိုးဆက်က နှစ်မျိုးသာ ဖြစ်နိုင်ပါတယ်။ တစ်မျိုးက အရှက်ကြီး ရှက်ပြီး လူတောမတိုးတော့တဲ့ လူသားလေးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ် အရွဲ့တိုက်ပြီး မကောင်းမှု ပြုရမှာကို လုံးဝ ရှက်ရကောင်းမှန်း မသိတော့ဘဲ ထင်ရာကျဲတဲ့ လူသားအဖြစ် ရပ်တည်သွားနိုင်တာပါ။ သေချာတာကတော့ အဲဒီ့နှစ်မျိုးစလုံးကြောင့် စိတ်မှာ အနာတရ ဖြစ်ကြရတာပါပဲ။

ပိုဆိုးတာက ရှက်စိတ်၊ ဒေါသစိတ်၊ ချစ်စိတ်ဆိုတဲ့ ခံစားမှုအပြင်းစားတွေ သိပ်ကိုတရားလွန် မွှန်ထူသွားပြီဆိုရင်တော့ ဆင်ခြင်တုံတရားတွေ လုံးဝ ပျောက်ဆုံးသွားပြီး ဒရောသောပါးနဲ့ လုပ်မိ လုပ်ရာ လုပ်တတ်ကြတဲ့ လူ့သဘာဝပါပဲ။

ကြီးကောင်ဝင်စ လူငယ်လေးတွေမှာကျတော့ ပိုဆိုးပါတယ်။ ရှေ့မှာ တင်ပြ ဆွေးနွေးခဲ့တဲ့အတိုင်း သူတို့လေးတွေမှာက သူတို့စိတ်နဲ့သူတို့ နပန်းလုံးရင်း စိတ်ကယောက်ကယက် ဖြစ်နေတာပါ။ အသက်အရွယ် ငယ်နုလေသေးတဲ့အလျောက် အတွေ့အကြုံကလည်း နည်းကြရှာပါသေးတယ်။ သည်အချိန်မှာ သူတို့ရဲ့ အရှက်အိုးကို အခွဲခံရပြီဆိုရင် သည်အရွယ်လေးများခမျာ ရှက်စိတ်တွှေ တအားမွှန်ကာ ထူပူကုန်တတ်ကြပြီး နဂိုကမှ သိပ်မပြည့်ဝသေးတဲ့ ဆင်ခြင်တုံတရားက လုံးလုံးလျားလျား ပျောက်ကွယ်သွားတတ်ပါတယ်။ အဲဒီ့မှာတင် မဆင်မခြင်နဲ့ ထင်ရာလုပ်လိုက်ကြပြီဆိုရင် ကိုယ်ကျိုးနည်းရတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာတတ်တာကို သည်အရွယ်လေးတွေကို ကိုင်တွယ်နေရသူ လူကြီးမိဘတိုင်း ဆရာသမားတိုင်း ဆင်ခြင်သင့်တယ်လို့ ယူဆမိရပါတယ်။

ကလေးသူငယ်များနဲ့ ပတ်သက်လာရင် "ပြစ်ဒဏ်ပေးခြင်းသည် မှား၏"လို့ စိတ်ပညာရှင် အများစုက တညီတညွတ်တည်း ခံယူထားကြပါတယ်။ အထူးသဖြင့် ဒေါသစိတ်ကလေး ဖက်ပြီး အပြစ်ဒဏ်ပေးမိရင် လွဲကုန်တတ်ပါတယ်။

ကိုယ်ပြုစုပျိုးထောင်နေတဲ့ ကလေးတွေ၊ လူငယ်လေးတွေကို အပြစ်ပေးမယ်ကြံတဲ့အခါတိုင်း လူကြီးမိဘ ဆရာသမားများအနေနဲ့ မလွဲမသွေ စဉ်းစားအပ်တာက ဒေါသကင်းရဲ့လားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော့်အစီအစဉ်ကို နားဆင်တော်မူနေကြသူ ချစ်စွာသော လူကြီးမင်းများခင်ဗျား။ အခုတစ်ပတ် ကျွန်တော့်ရဲ့ ဆွေးနွေးတင်ပြချက်ကတော့ ကြီးကောင်ဝင်စ အရွယ် ဆယ်ကျော်သက် လူငယ်လေးများရဲ့ မုန်တိုင်းထန်ထန် စိတ်ဒဏ်ပိပိ နေရတတ်မြဲ သဘာဝရယ်၊ အဲဒီ့ အပျိုပေါက် လူပျိုပေါက်လေးတွေကို ပြုစု ပျိုးထောင်နေကြတဲ့ လူကြီးမိဘတွေ၊ ဆရာသမားတွေရဲ့ အရိုးစွဲနေတဲ့ အပြစ်ပေး ဒဏ်ခတ်နည်း အထွေထွေရဲ့ ဘေးထွက် ဆိုးကျိုးတွေရယ်ကို ဇောင်းပေးထားခဲ့တာပါ။

ကျွန်တော် တင်ပြခဲ့တာလေးကို နားဆင်နေကြတဲ့ ချစ်စွာသော ပရိသတ်အပေါင်းအနေနဲ့လည်း ကိုယ့်ကို အားကိုးနေ၊ ကိုယ့်ကို အရိပ်ကြည့်ပြီး ရင့်ကျက်ဖို့ တာစူနေကြတဲ့ ပန်းဖူး ပန်းငုံလေးများ လူ့လောကအလယ်မှာ ဝင့်ဝင့်ထည်ထည်နဲ့ စွင့်လန်းလာနိုင်ကြစေဖို့အတွက် ကိုယ့်ဘက်က ကိုယ်ချင်းစာတရား၊ ကရုဏာ တရား၊ မေတ္တာတရားများ ရှေ့ထားကာ ပြုစု ပျိုးထောင်နိုင်ရေးကို တွေးဆပြီး ဆင်ဆင်ခြင်ခြင်လေး လုပ်ကိုင် ဆောင်ရွက်သွားနိုင်ကြမယ်လို့ ယုံကြည် မျှော်လင့်နေမိပါတယ် ခင်ဗျာ။

မင်္ဂလာအပေါင်းနဲ့ ခညောင်း ပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်း မေတ္တာ ပိုသလိုက်ပါတယ် ခင်ဗျား။

[ဝန်ခံချက် - ၂၀ဝ၉ ခုနှစ် နိုဝင်ဘာလအတွင်း က မန္တလေး အက်(ဖှ်)အယ်(မ်)ရေဒီယိုအစီအစဉ် မှာ ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်ချက်ကို စာအဖြစ် ပြန်လည် တင်ဆက်လိုက်တာ ဖြစ်ကြောင်းပါ။]

(၂၀၁၁ ခုနှစ် ဧပြီလထုတ် The Chic မဂ္ဂဇင်း အမှတ် ၆ မှာလည်း သည်အတိုင်း ဖော်ပြထားပါတယ်။)

Credit: http://atkbooks.wordpress.com