Sunday, April 24, 2011

လူမှာ အဝတ်မဟုတ် တံဆိပ်

လူမှာအဝတ်၊ တောင်းမှာအကွပ်ဆိုသည့် ဆိုရိုးစကားရှိသည်။ ယခုအခါ၌ အရေးကြီးသည်မှာ အဝတ်အစားများ မဟုတ်။ တံဆိပ်များ ဖြစ်လာသည်ကို တွေ့လာရသည်။ နာမည်ကြီး တံဆိပ်များ၊ ဒီဇိုင်းအမျိုးမျိုး ပြောင်းလဲထုတ်လုပ်သည့် ကုမ္ပဏီများက ဖောက်သည်များသည် ၄င်းတို့၏ အဝတ်အထည်များကို ဝတ်ဆင်ခြင်းအားဖြင့် ကြွယ်ဝချမ်းသာကြောင်း၊ အဆင့်မြင့်ကြောင်း ပြသရာရောက်သည်ဟု ထင်အောင် လုပ်တတ်ကြသည်။ အတိုင်းအတာတစ်ခုအထိ မှန်လည်း မှန်ပါသည်။ ထိုကုမ္ပဏီကြီးများက ၄င်းတို့၌ တီထွင်ဖန်တီးတတ်သည့် ပါရမီအစွမ်းအစ ရှိနေသည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်ကြသည်။ သို့သော် မကြာမီက ပြုလုပ်ခဲ့သော သုတေသနများအရ အရေးကြီးသည်မှာ ဒီဇိုင်းမဟုတ်၊ တံဆိပ်ဖြစ်သည်ဟု ဆိုသည်။

 

နယ်သာလန်တက္ကသိုလ်မှ သုတေသီနှစ်ယောက်က ထင်ရှားသည့် တံဆိပ်များ ဝတ်ဆင်သူများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ ထိုတံဆိပ်များသည် ကြွယ်ဝချမ်းသာသူများသာ ဝတ်လေ့ရှိသည်ဟု အစွဲအလန်းရှိကြသည်။ ထိုအဝတ်အထည်များကြောင့် မျှော်လင့်ထားသည့်အတိုင်း အကျိုးကျေးဇူးများကို ရရှိကြောင်း တွေ့ရသည်။ ဥပမာအားဖြင့် အခြားသူများ၏ ဝိုင်းဝန်းကူညီမှုကို ရရှိခြင်း၊ အလုပ်အကိုင်နှင့် ပတ်သက်၍ အလုပ်အကိုင် ပို၍ရလွယ်ခြင်း၊ အလှူဒါနများနှင့် ပတ်သက်လျှင် အလှူခံ၍ ပိုလွယ်ခြင်း ဟူသည့် အကျိုးကျေးဇူးများကို ရရှိသည်။ သို့သော် ထိုအကျိုးကျေးဇူးများကို ရရှိရာ၌ အဝတ်အစားကြောင့်မဟုတ်၊ တံဆိပ်ကြောင့် ရရှိသည်ကို တွေ့ရသည်။

 

ပထမအကြိမ် စမ်းသပ်မှု ပြုလုပ်ရာ၌ စေတနာ့ဝန်ထမ်းများအား ပိုလိုရှပ်တစ်ထည် ဝတ်ထားသည့် လူတစ်ယောက်၏ပုံကို ပြသည်။ ပထမဦးစွာ ထိုပုံ၌ မည်သည့်တံဆိပ်မှ မပေါ်ရန် ဖျောက်ထားသည်။ ထင်ရှားသည့်တံဆိပ်၊ သာမန်တံဆိပ်၊ မည်သည့်တံဆိပ်ကိုမှ မပေါ်စေရန် ဖျောက်ထားသည်။ ထို့နောက် တံဆိပ်တပ်ပြီး ပြန်ပြကြည့်သည့်အခါ အမှတ် ၅မှတ်ပေးလျှင် နာမည်ကြီးတံဆိပ်ကို တပ်လိုက်သည့်အခါ ၃.၅ မှတ်ခန့် ရရှိကြပြီး နာမည်နိမ့်တံဆိပ်ကို ပြသသည့်အခါ အမှတ်လျော့ပေးကြသည်ကို တွေ့ရသည်။ အဆင့်နိမ့်သည်ဟု ထင်ကြသည်။

 

အလားတူပင် ထင်ရှားသည့် နာမည်ကြီးတံဆိပ်များကို တပ်ပေးလိုက်သည့်အခါ ၄င်းကိုပို၍ ကြွယ်ဝချမ်းသာလာသည်ဟု ထင်ကြသည်။ သုတေသီများက အခြားသော စမ်းသပ်မှုပေါင်း များစွာကိုလည်း လုပ်ကြသည်။ ဥပမာအားဖြင့် အမျိုးသမီး အရောင်းဝန်ထမ်း တစ်ယောက်ကို ၄င်း၏စတိုးဆိုင်သို့ လာရောက်သည့် သူများအား မေးခွန်းများ မေးမြန်းခိုင်းသည်။ တစ်ရက်၌ သူသည် နာမည်ကြီးတံဆိပ် တစ်ခုကို တပ်ထားသည့် အင်္ကျီကို ဝတ်စေပြီး နောက်တစ်ရက်၌ ထိုအင်္ကျီကိုပင်လျှင် တံဆိပ်မပါဘဲ ဝတ်ခိုင်းသည်။ ပထမရက်၌ နာမည်ကြီးတံဆိပ်ကို တပ်ပြီး အင်္ကျီဝတ်သည့်အခါ ဖောက်သည် ၅၂ ရာခိုင်နှုန်းက မေးခွန်းများကို ဖြေကြားရန် လက်ခံခဲ့ကြသော်လည်း မည်သည့်အမှတ်တံဆိပ်မှ မပါသည့်အခါ ၁၃ ရာခိုင်နှုန်းကသာ ဖြေကြားခဲ့သည်။

 

အခြားစမ်းသပ်မှု တစ်ခု၌ စေတနာအလျောက် ဝင်ရောက်ဆောင်ရွက်ပေးသူများကို ဗီဒီယိုနှစ်ခု ကြည့်ခိုင်းသည်။ အလုပ်အကိုင်အတွက် လူတွေ့စစ်ဆေးခံသည့် ဗီဒီယိုနှစ်ခုကို ပြကြည့်သည်။ တစ်ခုတွင် ထင်ရှားသည့် တံဆိပ်ပါသော အင်္ကျီကို ဝတ်ထားပြီး နောက်တစ်ခု၌ ထင်ရှားသည့် တံဆိပ်မပါသော အင်္ကျီကို ဝတ်ထားသည်။ ထိုအင်္ကျီတံဆိပ်ကြောင့် အင်တာဗျူးလုပ်သူများက ပို၍သင့်တော်သည်၊ လခပိုပေးသင့်သည်ဟု ရှုမြင်ခဲ့ကြသည်။

 

အလှူဒါနပြုသည့် လုပ်ငန်းများ၌လည်း အလားတူပင် ဖြစ်သည်။ အမျိုးသမီးနှစ်ယောက်ပါသည့် အဖွဲ့က ညနေပိုင်းများတွင် လေးရက်ဆက်တိုက် အလှူငွေကောက်ခံကြသည်။ ထိုသို့ကောက်ခံသည့်အခါ နာမည်ကြီး တံဆိပ်များ ဝတ်သည့်အင်္ကျီ၊ တံဆိပ်မပါသည့် အင်္ကျီတို့ကို လဲလှယ်ဝတ်ကြသည်။ နာမည်ကြီးတံဆိပ်များကို ဝတ်ဆင်ပြီး ကောက်ခံသည့်အခါ အလှူငွေနှစ်ဆ ပိုရရှိသည်ကို တွေ့ရသည်။

 

တံဆိပ်သည် တကယ်အရေးကြီးပါသလား? အဘယ့်ကြောင့်နည်း? သုတေသီများက အရေးကြီးသည်ဟု ဆိုသည်။ သုတေသီများက အမြီးအလှဆုံးဒေါင်းဖိုများသည် ဒေါင်းမများ ဝိုင်းဝိုင်းလည်နေတတ်သည့် သာဓကနှင့် နှိုင်းယှဉ်ပြတတ်ကြသည်။ လူတွေက ထင်ရှားကျော်ကြားသည့် တံဆိပ်တစ်ခုအောက်တွင် အရည်အသွေးများ ရှိသည်ဟု အဓိပ္ပါယ်ကောက်တတ်ကြသည်။ အချမ်းသာဆုံး၊ အတော်ဆုံးသူများသည် ထိုတံဆိပ်များကို ဝတ်ဆင်တတ်ကြသည်ဟု ယူဆကြသည်။ ထိုသဘောထားကို စမ်းကြည့်ရန်အတွက် အလကားရသည့် အင်္ကျီတစ်ထည်ကို ဝတ်ခိုင်းကြည့်ပြီး စမ်းသပ်ကြည့်သည်။ ကစားနည်းနှစ်ခု ကစားခိုင်းကာ စမ်းသပ်ကြသည်။ ရလဒ်မှာလည်း အလားတူပင်ဖြစ်သည်။

 

ဤသုတေသနမှ ထွက်ပေါ်လာသော ရလဒ်များရှိသည်။ အနုပညာပစ္စည်းတစ်ခု၏ တန်ဖိုးသည် ထိုအနုပညာကိုယ်တိုင်က မပြောင်းလဲသည့်တိုင် မည်သူဖန်တီးသည်ဟူသော အယူအဆပေါ် မူတည်ပြီး တန်ဖိုးသိသိသာသာ ပြောင်းလဲတတ်ကြသည်။ အတုပင်ဖြစ်လင့်ကစား ထင်ရှားကျော်ကြားသည့်တံဆိပ်များကို လူတွေက လိုလိုလားလား ဝယ်ယူကြသည်။ တံဆိပ်များသည် အလွန်ဆွဲဆောင်နိုင်အား ရှိသည်။

 

ဒေါင်းနှင့် ပတ်သက်၍ အမြီးကို အတုလုပ်၍မရ။ မကျန်းမာသည့် ဒေါင်းငှက်တစ်ကောင်၏ အမွေးအတောင်များသည် မည်သည့်အခါမှ တောက်ပြောင်နေလေ့မရှိ။ သို့သော် လူများက အတုအယောင်ကို ကျော်၍ မြင်နိုင်စွမ်း မရှိကြ။ လူသားများအနေဖြင့် အဆင့်အတန်းကို အကဲဖြတ်သည့် စနစ်သည် မှားယွင်းနေပုံရသည်။ အမှန်စင်စစ် လူ့လောကတွင် သဘာဝတရားနှင့် လူလုပ်သည့် ပစ္စည်းများ၏ တန်ဖိုးများ ရောထွေးနေကြသည်။ ၄င်းတို့ကို ခွဲခြားရန်ခက်သည်။ အမြီး၏ အရည်အသွေးကိုသာ အကဲဖြတ်ရသည့် လုပ်ငန်းမဟုတ်။ လူလုပ်သည့် ပစ္စည်းအမျိုးမျိုးပေါ် မူတည်၍ လူများ၏ စိတ်ကလည်း အမျိုးမျိုး ပြောင်းလဲတတ်ကြသည်။ တစ်စုံတစ်ရာက အဆင့်အတန်း  မြင့်သည်ဟု ယူဆသတ်မှတ်လိုက်လျှင် အဆင့်အတန်း မြင့်သွားသည်။ အဝတ်အစားကို အဆင့်အတန်းဟု မသတ်မှတ်ဘဲ တံဆိပ်ကို အဆင့်အတန်းဟု ပြောင်းလဲသတ်မှတ်ကြသည်။ နောက်နှစ်သန်းပေါင်းများစွာ ကြာသည့်အခါ ထိုအယူအဆများ ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်။ လောလောဆယ်တွင် အရောင်းမြှင့်သူများအနေဖြင့် ဆက်လက်၍ အောင်ပွဲခံနေသည်။

Credit: http://www.eastwindburma.net/bur/2010-12-26-16-17-36/2010-12-26-16-24-47/1438-2011-04-20-16-32-02

No comments: