Friday, April 29, 2011

ဗုဒ္ဓ၀ါဒသည် အဆိုးမြင်ဝါဒလော


-->
တစ်ခါက ဘာသာခြားမိတ်ဆွေတစ်ဦးနှင့် ဗုဒ္ဓဘာသာအကြောင်း စကားလက်ဆုံ ကျခဲ့ဘူးပါသည်။

မိတ်ဆွေက သူလည်း ဗုဒ္ဓဘာသာစာပေကို အတော်အသင့်လေ့လာဖူးကြောင်း၊ ဗုဒ္ဓ၏တရားတော်များကို ခြုံငုံသုံးသပ်လိုက်သောအခါ အဆိုးမြင်ဝါဒသက်သက် ဖြစ်နေသည်ကိုတွေ့ရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓ၏အလိုအရ လောကသည်မမြဲခြင်း(အနိစ္စ)၊ ဆင်းရဲ ခြင်း(ဒုက္ခ)၊ အနှစ်သာရကင်းမဲ့ခြင်း (အနတ္တ) ဟုသာ စိတ်ဓာတ်ကျဖွယ် ရှုမြင်ထားသောကြောင့် ဖြစ်ကြောင်း ဝေဖန်ပြောဆိုလာပါသည်။

မိတ်ဆွေ၏စကားက စာရေးသူအားရုတ်တရက် မှင်တက်သွားစေခဲ့ပါသည်။ သူပြောသလိုပင် စာရေးသူတို့ ကိုးကွယ်ယုံကြည် ဆည်းကပ် ကြကုန်သော ဗုဒ္ဓ၀ါဒသည် အဆိုးမြင်ဝါဒပင် ဖြစ်လေသလော။ လေးလေးနက်နက် ဆင်ခြင်တွေးဆမိသောအခါ ဘာသာခြားမိတ်ဆွေရော စာရေးသူပါ သဘောကျကျေနပ်ခဲ့ရသည့် အဖြေမှန်တစ်ခု ရရှိခဲ့ပါသည်။

ဗုဒ္ဓ၀ါဒကို ဝေဖန်သုံးသပ်မှုမပြုမီ ဘာသာခြားမိတ်ဆွေ ပြောသည့် အဆိုးမြင်ဝါဒ ဆိုသည်မှာအဘယ်နည်း၊ အကောင်းမြင်ဝါဒ ဆိုသည်မှာ ကော အဘယ်သို့နည်း။ ယင်းကိစ္စကို ဦးစွာဆင်ခြင် သုံးသပ်သင့်ပါသည်။

အကောင်းမြင်ဝါဒဆိုသည်မှာ ဘာပဲဖြစ်ဖြစ်အကောင်းချည်းပဲဟု မြင်သောဝါဒကို ဆိုလိုပါသလား။ ဥပမာ - လူတစ်ဦးချမ်းသာနေသည်။ ချမ်းသာခြင်းသည် ကောင်း၏ဟုဆိုက မမှားနိုင်သော်လည်း ထိုသူ ဆင်းရဲနုံချာသွားသည့်အခါတွင် ဆင်းရဲနုံချာခြင်းသည်လည်း ကောင်း ၏ဟု အမြဲအကောင်းဘက်ကချည်း မြင်နေသောဝါဒကို အကောင်းမြင်ဝါဒဟု ခေါ်နိုင်ပါသလား။

ချောင်းဆိုးသွေးပါ၍ ရင်ဘတ်အောင့်နေသူတစ်ဦးကို 'ခင်ဗျား မပူနဲ့၊ နေရင်းထိုင်ရင်းကောင်းသွားမှာပါ၊ သောက်နေကျဆေးလိပ်နဲ့အရက် ကိုလည်း ဆက်သာသောက်၊ နေကောင်းသွားမှာပါ' ဟုကောင်းသောမျှော်လင့်ချက်တွေ၊ အားပေးစကားတွေ ဖောင်အောင်ပြောနေခြင်းကို လည်း အကောင်းမြင်ဝါဒဟု ဆိုနိုင်ပါမည်လော။

ထိုလူကိုပင် ဆရာဝန်တစ်ဦးက 'ခင်ဗျားတော့ တီဘီရောဂါဖြစ်နေပြီထင်တယ်၊ ဓာတ်မှန်ရိုက်၊ သွေးစစ်ပါ၊ ရောဂါရှိတယ်ဆိုရင် တီဘီဆေး အလုံးသုံးဆယ် ဆက်တိုက်ထိုးရမယ်၊ ဆေးလိပ်နဲ့အရက်ကိုဖြတ်ပါ၊ မဖြတ်ရင် ခင်ဗျားသေသွားနိုင်တယ်၊ ကြပ်ကြပ်သတိထားပါ' ဟုပြော ခြင်းကို အားပျက်စိတ်ဓာတ်ကျဖွယ် အဆိုးမြင်ဝါဒဟုဆိုရမည်လော။

စာရှုသူတို့လည်း ၀ိုင်းစဉ်းစားကြည့်သင့်ပါသည်။ တတ်ကျွမ်းနားလည်သူက ရောဂါရှိနေသူအား ရောဂါရှိနေသည်ဟု ပြောခြင်းသည် အဆိုးမြင်ဝါဒ မဟုတ်သလို ရောဂါရှိနေသူအား 'ဆေးကုစရာမလို၊ သည်အတိုင်းသာဆက်နေရင်း ကောင်းသွားမှာပါ' ဟုပြောနေခြင်းကို လည်း အကောင်းမြင်ဝါဒဟု မခေါ်ဆိုနိုင်ပါ။

အကယ်၍ ထိုရောဂါသည်အား ဆရာဝန်က 'ခင်ဗျာ့ရောဂါကတော့ တီဘီပဲဗျ၊ ဘာမှလုပ်မနေနဲ့တော့ဗျာ၊ မကြာခင်သေမှာပဲ' ဟု ပြော လိုက်ပါမူ အဆိုးမြင်ဝါဒသက်သက်ဖြစ်ကြောင်း ထင်ရှားလှပါသည်။

ယခုမူ ဆရာဝန်ကရောဂါအခြေအနေကို ပြောပြသတိပေးသည်။ ပျောက်ကင်းနိုင်မည့်နည်းလမ်းနှင့် ရှောင်ရှားရမည့်ကိစ္စများကို လမ်းညွှန် သည်။ သည့်ထက် ကောင်းမြတ်မှန်ကန်သောအမြင် ရှိပါဦးမည်လော။ ဤသည်ကား ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ရပ်အပေါ် သာဓကထား ၍ သုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။

လူတို့၏ကိုယ်ခန္ဓာတွင် ဖြစ်ပွားနေသည့် ရောဂါများအနက် ရှစ်ဆယ်ရာခိုင်နှုန်းကျော်ခန့်သည် လည်ပင်းအထက်ပိုင်းတွင် အခြေခံသည်ဟု ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက ဆိုပါသည်။

သဘောကတော့ လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာအများစုသည် လည်ပင်းအထက်ပိုင်းရှိဦးနှောက်မှာဖြစ်ပေါ်လာသည့် တွေးဆ ပူပင်မှုစိုးရိမ်သောက အစွဲအလမ်းများကြောင့်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ အစာအိမ်၊ သွေးတိုး၊နှလုံး၊ ကင်ဆာအစရှိသည့် ရောဂါကြီးများ၏ ဖြစ်ပေါ် တိုးပွားမှုသည် လူတို့၏စိတ်ပိုင်းဆိုင်ရာ ခံစားချက်တို့အပေါ် များစွာအခြေခံလျက်ရှိကြောင်း ဆေးသိပ္ပံပညာက လက်ခံထား ပြီး ဖြစ်ပါသည်။ ဤစိတ်ပိုင်း ဆိုင်ရာသောကဝေဒနာတို့၏ အခြေတည်ရာသည်ကား လောဘ၊ဒေါသ၊မောဟနှင့် မာန်မာနတို့ပင် ဖြစ်ကြောင်း ကိုလည်း သူတို့ လက်ခံလာခဲ့ကြပြီ ဖြစ်ပါသည်။

ယင်းစိတ်ပိုင်းဆိုင်ရာ သောကဝေဒနာများကို ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက အမြစ်ပြတ်ပျောက်ကင်း ကောင်းမွန်လာအောင် ကုသ နိုင်သည့်ဆေး ရှာမတွေ့ကြသေးပါ။ လူတို့၏ရုပ်ပိုင်းဆိုင်ရာကို အဓိကထားသည့် သိပ္ပံပညာတွင် ဆေးဝါးမတွေ့ကြသေးသော်လည်း လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကပင် ယင်းဝေဒနာများကို အမြစ်ပြတ်အောင် ကုသပေးနိုင်ခဲ့သော စိတ်ပညာပါရဂူ မဟာ လူသားတစ်ဦး ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။

ထိုသူကား စာရေးသူတို့ ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ကြသော ဗုဒ္ဓရှင်တော် မြတ်ဘုရားပင်ဖြစ်ပါသည်။ လူသားများအပါအ၀င် သက်ရှိသတ္တ၀ါအားလုံး၏ရင်မှာ တောက်လောင်လျက်ရှိသော စိတ်သောကဝေဒနာမီးတို့၏ အကြောင်းရင်းဇစ်မြစ်နှင့် ပျောက်ကင်းနိုင် မည့် နည်းလမ်းများကို ဗုဒ္ဓကကောင်းစွာ သိမြင်ခဲ့ပါသည်။ သိမြင်ခဲ့သည့်အလျောက် ယင်းနည်းလမ်းကောင်းများကို လမ်းညွှန်ပြသခဲ့ ပါသည်။

ဗုဒ္ဓက လောကသည် မတည်မြဲ၊ ဆင်းရဲ၏၊ အနှစ်ကင်း၏ဟု ဟောကြားခဲ့သည်။ ယင်းသည် မှန်သလား၊ မှားသလားဆိုသည်ကို ယခုခေတ် လူသား၏ ဘ၀ကိုလေ့လာသုံးသပ်ခြင်းဖြင့် အဖြေမှန်ရနိုင်ပါသည်။

ခေတ်သစ်လူသားသည် တစ်နေ့ထက်တစ်နေ့၊ တစ်နာရီထက်တစ်နာရီ၊ တစ်မိနစ်ထက် တစ်မိနစ် မတူထူးခြားစွာ ပြောင်းလဲသစ်လွင် နေသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို အလျဉ်မီအောင် လေ့လာလိုက်စားနေရသည်။

ထူးခြားဆန်းသစ် မက်မောဖွယ်ရာ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများကိုလည်း အများနှင့်ရင်ပေါင်တန်း၍ ခံစားနိုင်အောင် ကြိုးပမ်းအားထုတ် ရပြန်သည်။ 'သူများက ငါ့ထက်ပို၍ ပညာရေး၊စီးပွားရေး၊လူမှုရေးတွေမှာ သာလွန်သွားပြီလား' ဟူသောအသိက ခေတ်သစ်လူသား၏ စိတ်ဘ၀င်ကို မောဟိုက်စေပါသည်။

တစ်နေ့ထက်တစ်နေ့ ခေတ်မီဆန်းသစ်လာသည့် လူသုံးကုန်တွေကို အများနည်းတူ သုံးစွဲခံစားနိုင်ရန် အဓိကလိုအပ်ချက်မှာ ငွေဖြစ် သည်။ ငွေကိုမည်သည့်နည်းနှင့်ရှာရမည်ကို အစဉ်တွေးတောနေရသည်။ ငွေများများရနိုင်မည့်ပညာကို အပတ်တကုတ်သင်ယူရသည်။

ငွေများများရမည့်အလုပ်ကို ကြိုးစားပမ်းစား လုပ်ရသည်။ ငွေနောက်လိုက်ရလွန်းတော့ စာရိတ္တပိုင်းဆိုင်ရာ စည်းကမ်းများကို လျစ်လျူရှု လိုက်ရတော့သည်။ ဘာသာတရားအသီးသီးက သွန်သင်သည့် လူလူချင်း ကိုယ်ချင်းစာဖို့၊ မေတ္တာထားဖို့ဆိုတာတွေကို ဥပေက္ခာပြု ကျောခိုင်းလိုက်တော့သည်။ မိမိလိုချင်တာရဖို့ဆိုလျှင် ဘနဖူးသိုက်တူးရတူးရဆိုသော စိတ်ရိုင်းများက ကြီးစိုးလာတော့သည်။

နိုင်ငံနှင့်ချီ၍ ကြည့်ပါကလည်း 'ဟိုဘက်နိုင်ငံအုပ်စုက ငါတို့နိုင်ငံအုပ်စုထက် လက်နက်တွေ ဆန်းသစ်သာလွန်သွားပြီး ဦးအောင်ဆော် သွားမှဖြင့် ငါတို့သေရချေရဲ့' ဟူသောအသိစိတ်က ခေတ်လူသားတို့ကို ခြောက်လှန့်နေသည်။ သူ့အုပ်စုက ကိုယ့်အုပ်စုထက် နည်း နည်းမျှကျောမသွားရအောင် ပို၍ပို၍ ဆန်းသစ်သော၊ ရှင်းရှင်းပြောရလျှင် တစ်ဖက်လူတွေကို အမြန်ဆုံးအချိန်အတွင်း အများဆုံးသတ် ဖြတ်ဖျက်ဆီးနိုင်မည့် လက်နက်များကို အချိန်ရှိသရွေ့ တီထွင်ကြံဆနေကြရသည်။ မည်သည့် ဘာသာတရားက မည်သို့ပင်သွန်သင် စေကာမူ လူလူချင်းမည်သို့မျှ မေတ္တာပွား၍မရသောဘ၀သို့ ရောက်ကြရရှာသည်။

ဤသို့သောအခြေအနေတွင် လူသားတို့၏ရင်မှ လောဘ၊ဒေါသ၊မောဟမီးများကို မည်ကဲ့သို့ငြိမ်းသတ်၍ ရပါဦးမည်နည်း။ ဤအခြေ အနေတွင် အမြင်မှန်ရသူလူ လက်တစ်ဆုပ်စာခန့်က ကမ္ဘာ့ငြိမ်းချမ်းရေး၊ နျူးကလီးယားဆန့်ကျင်ရေး၊ ဒုက္ခသည်ကယ်တင်ရေး၊ လက်နက်ဖျက်သိမ်းရေးကိုကြွေးကြော် လှုပ်ရှားနေသော်လည်း လက်တွေ့တွင်မူ မြင့်မိုရ်တောင်ကို ဆီးစေ့ဖြင့်ပေါက်သည့်နှယ် ထိ ရောက်မှုမရှိလှပေ။

လက်နက်ထုတ်သူတွေက ထုတ်တုန်း၊ စစ်ပွဲနွှဲသူတွေက နွှဲတုန်း၊ သတ်သူတွေက သတ်တုန်း၊ သေသူတွေက သေတုန်း။ ငတ်သူတွေက ငတ်တုန်းပင် မဟုတ်ပါလား။ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပါသည်ဆိုသော အဖွဲ့အစည်းများထဲတွင်ပင် စေတနာမှန်ဖြင့်လုပ်သူတွေ ရှိသလို ကိုယ့်အုပ်စု၊ သူ့အုပ်စုဟူသော အစွဲအလမ်းနှောင်ကြိုးတွေက ပါနေတတ်ပြန်သည်။ ကျန်းမာရေးအတွက် ရောဂါကာကွယ်ဆေး ထုတ်လုပ်သူအများစုမှာလည်း သူ့ထက်ငါဦးအောင်တီတွင်နိုင်ဖို့၊ နာမည်ကြီးပြီး မူပိုင်လုပ်ကာ သန်းကြွယ်သူဌေးဖြစ်ဖို့၊ ကမ္ဘာကျော်ဖို့ဆို သည့် လောဘစိတ်က ဦးဆောင်နေသည်။

ဒုတိယကမ္ဘာစစ်အတွင်းကဆိုလျှင် ဂျာမန်နှင့်ဂျပန်စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အချို့သည် ဆေးသုတေသနအတွက်ဟုဆိုကာ သုံ့ပန်း များကို ဖားကလေး၊ငှက်ကလေးတွေလို ခွဲချင်တိုင်းခွဲ၊ စိတ်ချင်တိုင်းစိတ်ကာ လက်တည့်စမ်းခဲ့ကြဖူးပါသည်။

ဤသို့မေတ္တာတရား ဆိတ်သုန်း၍ လောဘ၊ ဒေါသ၊မောဟမီးတွေ အစဉ်တောက်လောင်နေသည့် ခေတ်သစ်လူသားတို့အဖို့ မိမိတို့ ကြံစည်တိုင်း အထမမြောက်သည့်အခါ အကြီးအကျယ်စိတ်ဆင်းရဲ ရသည်။ မိမိ၏လက်ရှိဘ၀အခြေအနေကို ဆက်လက်ရင်ဆိုင်နိုင်စွမ်း မရှိတော့ဘဲ မိမိဘ၀ကိုစွန့်ပစ် ကျောခိုင်းချင်လာတော့သည်။ နောက်တော့ စိတ်ပိုင်းဆိုင်ရာချုံးချုံးကျပြီး ရူးသွပ်သွားသူတွေ၊ မိမိကိုယ်ကို သေကြောင်း ကြံစည်သူတွေ များပြားလာတော့သည်။

သည်ကြားထဲတွင် 'ဘ၀ကို အပန်းတကြီးရုန်းကန်ရင်ဆိုင်ကာ မိမိလိုချင်သည့် အောင်မြင်မှုကို မရ အရယူနိုင်ခဲ့သူတွေကော မရှိတော့ ဘူးလား' ဟုမေးဖွယ်ရှိပါသည်။ မိမိအစွမ်းအစဖြင့် ရုန်းကန်လှုပ်ရှား၍ ဖြစ်စေ၊ ပတ်ဝန်းကျင်အခြေအနေ၏ ထောက်ကူမှုကြောင့် အလွယ် တကူဖြစ်စေ အောင်မြင်မှုရခဲ့သူတွေ ရှိပါသည်။

သို့သော် အောင်မြင်မှုသရဖူကို သက်ဆုံးတိုင်ဆောင်းသွားနိုင်သည်က ရှားပါးလှသည်။ ရှားသည့်ကြားမှ ရှိခဲ့သည်ပဲထားဦး၊ လူတစ်ဦး၏ အောင်မြင်မှုသည် လူ့သက်တမ်းတည်းဟူသော အကန့်အသတ်ကို ကျော်လွှားနိုင်စွမ်း မရှိပါပေ။ သက်တမ်းစေ့သည်နှင့် မိမိ၏အောင် မြင်နေသော ဘ၀အပေါ် ကျေနပ်နှစ်သိမ့်ခံစားမှုများကို မစွန့်ချင်ဘဲစွန့်ခွာရကာ သေခြင်းတရားနောက် ကောက်ကောက်ပါအောင် လိုက် ပါသွားကြရသည်ချည်းပင်မဟုတ်ပါလား။

လူသား၏ ဘ၀တလျှောက် ရယူခံစားလိုစိတ်ဖြင့် ကြိုးပမ်းခဲ့ရ သမျှအချည်းအနှီးပင် အဆုံးသတ်ခဲ့ရသည်သာ မဟုတ်ပါလော။ ဤမျှ မတည်မြဲသော၊ ဆင်းရဲပင်ပန်းလှသော၊ အနှစ်သာရကင်းမဲ့သော လောကရှိပါဦးမည်လော။

ဤကဲ့သို့ လူ့အဖွဲ့အစည်းအပါအ၀င် သတ္တလောကတစ်ခုလုံး၌ အမြစ်တွယ်နေသည့် မမြဲခြင်း၊ ဆင်းရဲခြင်း၊ အနှစ်မဲ့ခြင်းဟူသော ရောဂါ ဆိုးကြီးကို ဗုဒ္ဓဟူသည့်မဟာလူသားက လွန်ခဲ့သည့်အနှစ် နှစ်ထောင့်ငါးရာကျော်က စတင်တွေ့ရှိခဲ့သည်။ လူသားတွေခမျာမှာတော့ မိမိ တို့တွင် ရောဂါရှိ၍ ရှိမှန်းပင်မသိကြ၊ ရောဂါကျွမ်းမှဘ၀လည်း စုံးစုံးမြုပ်ကြရတော့သည်။

ဗုဒ္ဓကမူ ဆင်ခြင်မှုကင်း၍ အမှုမဲ့အမှတ်မဲ့နေခဲ့သည့် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးတွင် စွဲကပ်နေသည့်ရောဂါဆိုးကြီးကို အတိအလင်း မီးမောင်းထိုး၍ ကြေငြာခဲ့သည်။

ဗုဒ္ဓသည် ၄င်း၏ဒေသနာတော်ကို ဤအဆင့်တွင်ပင်ရပ်ခဲ့ပါက စာရေးသူ၏ မိတ်ဆွေကြီးပြောသလို ဗုဒ္ဓ၀ါဒသည်အဆိုးမြင်ဝါဒသာဖြစ် သည်ဟုဆိုရမလိုလို ဖြစ်နေပါလိမ့်မည်။ သို့ရာတွင် ဗုဒ္ဓသည် ဤအဆင့်တွင်ပင် ရပ်မထားခဲ့ပါ။ ယင်းရောဂါဆိုးကြီးမှ ကျော်လွှားလွန် မြောက်ပျောက်ကင်းနိုင်မည့် နည်းမှန်လမ်းမှန်များကို သွန်သင်ညွှန်ပြခဲ့ပါသည်။

လူ့အဖွဲ့အစည်းကြီး အပါအ၀င်ဖြစ်သော သတ္တလောကတွင် ဆင်းရဲခြင်းဟူသည့် နာတာရှည်ရောဂါဆိုးကြီး ကပ်ငြိနေရခြင်း (ဒုက္ခသစ္စာ) ၏ အကြောင်းရင်းမှာ အသိမှားအမြင်မှားဖြင့် တပ်မက်တွယ်တာစွဲလမ်းခြင်းဟူသော သမုဒယရောဂါပိုး (သမုဒယသစ္စာ)ကြောင့်ဖြစ်သည်။ သမုဒယပိုးကို ပယ်သတ်နိုင်သည့်ဆေးမှာ မဂ္ဂင်ရှစ်ပါးဟူသည့် နည်းလမ်းရှစ်သွယ်(မဂ္ဂသစ္စာ) သာလျှင်ဖြစ်ပါသည်။

မှန်စွာရှုမြင်ခြင်း၊ မှန်စွာကြံစည်ခြင်း၊မှန်စွာပြောဆိုခြင်း၊ မှန်သောအမှုကိုပြုခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာအားထုတ်ခြင်း၊မှန်စွာ သတိ ပြုခြင်း၊ မှန်စွာအာရုံမြဲမြံခြင်းတည်းဟူသော နည်းလမ်းရှစ်သွယ်သည် မတည်မြဲသော၊ ဆင်းရဲသော၊ အနှစ်သာရကင်းသော လောကကြီး ကို အောင်မြင်လွန်မြောက်ကာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု အမြင့်မားအငြိမ်းချမ်းဆုံးသောအဆင့် (နိယောဓသစ္စာ)သို့ လက်ငင်းမုချရောက် စေမည်ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာကအတိအကျ ညွှန်ပြခဲ့ပါသည်။

ပြုပြင်ပြောင်းလဲမှုကင်းခြင်း၊ တည်မြဲခြင်း၊ဝေဒနာကင်းခြင်း၊အမြဲရှိခြင်း၊လွတ်မြောက်မှုရသနှင့် ပြည့်စုံခြင်း၊အလွန်တင့်တယ်ခြင်း၊ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာဝေဒနာ ဒုက္ခဆင်းရဲများမှကင်းလွတ်ခြင်းဟူသော ဂုဏ်သတ္တိတို့နှင့်ပြည့်စုံသည့် ယင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအမြင့်မား အငြိမ်းချမ်းဆုံးအဆင့်ကို ဗုဒ္ဓ၏ဒေသနာတော်တွင် နိဗ္ဗာန် ဟူသော ဝေါဟာရဖြင့် ကိုယ်စားပြု ဟောကြားခဲ့ကြောင်း တွှေ့ရှိနိုင်ပါသည်။

ဤနေရာတွင် စာရေးသူ၏စာစုကို နိဂုံးချုပ်ပါတော့မည်။ ဗုဒ္ဓသည်လောကကြီးအပေါ် အရှိကိုအရှိအတိုင်း ရှုမြင်သုံးသပ်ခဲ့သည်။ မကောင်း တာကို ကောင်းပါသည်ဟုမပြောခဲ့။ ဗုဒ္ဓသည် ရောဂါသည်ကို ရောဂါရှိမှန်းသိလျက်နှင့် ဘာမျှမဖြစ်ပါ။ အချိန်တန်လျှင်ကောင်းသွားမှာပါဟု နှစ်သိမ့်ညာဝါးနေသူမျိုး မဟုတ်။ ရောဂါသည်အား ရောဂါရှိကြောင်းပြောပြသည်။ ရောဂါ၏ဇာစ်မြစ်ကို ထုတ်ဖော်တင်ပြသည်။ ရောဂါ ပျောက်ကင်းရာဆေးနည်းမှန်ကိုပေး၍ ကုသသည်။

စင်စစ်အားဖြင့် ဗုဒ္ဓသည် လူ့အဖွဲ့အစည်းကြီးအပါအ၀င် သတ္တလောက၏ ကယ်တယ်ရှင်သမားကောင်း တစ်ဆူလည်း ဖြစ်ပေတော့သည်။ သို့ဆိုလျှင် တစ်စုံတစ်ဦးကစာရှုသူအား ဗုဒ္ဓ၀ါဒသည်အဆိုးမြင်ဝါဒဟု အဆိုပြုပြောကြားလာပါက စာရှုသူတို့ ခေါင်းငြိမ့်မည်လော၊ ခေါင်း ခါမည်လော၊ စာရှုသူတို့၏ ကိုယ်ပိုင်ဥာဏ်ကိုအသုံးပြု၍ စဉ်းစားအဖြေပေးကြရန်သာ ဖြစ်ပါတော့သည် ။     ။

ဝင်းသိန်းဦး
(၁၄-၁-၉၁)
ဓမ္မရံသီ၊ ၁၉၉၀ပြည့်နှစ်၊ ဇူလိုင်လ။

No comments: