Friday, April 1, 2011

အချိုလည်းလျှော့၊ အငန်လည်းလျှော့ဖို့နည်းလမ်းများ

အစာအစားတဲ့အခါ ချိုတဲ့အစာတွေနဲ့ငန်တဲ့အစာတွေကို လျှော့လို့မရနိုင်ဖြစ်နေပါသလား။ Dr. Oz လို့လူသိများတဲ့ နှလုံးခွဲစိတ်အထူးကု လည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ Dr. Mehmet Oz ကဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ရတယ်ဆိုတာ အခုလိုအကြံပေးထားပါ တယ်။ 'အချိုနဲ့အငန်ဓာတ်တွေကို အာသီသရှိခြင်းဟာ ခန္ဓာကိုယ်ရဲ့တောင်းဆိုမှုတစ်ခုဖြစ်သလို ခန္ဓာကိုယ်ရဲ့လိုအပ်မှုလည်းဖြစ်ပါတယ်။ ဒါကြောင့် အလွန်အကျွံလျော့ချရင်လည်း အဲဒီဓာတ်တွေခန္ဓာကိုယ်မှာချို့တဲ့လာနိုင်တဲ့အတွက် အသင့်အတင့်စားသုံးကြဖို့တိုက်တွန်းပါ တယ်' လို့ That's Fit ၀ဘ်ဆိုက်ရဲ့ ဆောင်းပါးမှာ ဖော်ပြလာပါတယ်။

 

စားချင်စိတ်အာသီသကို အတင်းအဓမ္မထိန်းချုပ်ထားခြင်းကလည်း 'ရေငုပ်ပြီး အသက်အတင်းအောင့်ထားဖို့ကြိုးစားနေတာနဲ့ အလား သဏ္ဌာန်တူလိမ့်မယ်' လို့ ရေသားထားပါတယ်။ ဒါကြောင့်စနစ်တကျပြင်ဆင်ဖို့လိုပါတယ်။ အောက်မှာဖော်ပြမယ့်အချက်တွေကတော့ Dr.Oz ရဲ့အကြံပြုချက်များဖြစ်ပါတယ်။

 

၁။ မိမိရဲ့ အာသီသက ဘယ်အရသာဆိုတာသိအောင်လုပ်ပါ

လူတစ်ယောက်ချင်းစီရဲ့ အစားအသောက်အပေါ်အာသီသဟာ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ဒါကြောင့် မိမိရဲ့အာသီသကို သိအောင်အရင်လုပ်ပြီးမှ ကိုယ်ပြင်ဆင်ရမယ့်လမ်းကြောင်းက ပိုပေါ်လွင်လာမှာဖြစ်ပါတယ်။ စာရေးသူဟာ ချောကလက်အုပ်ထားတဲ့ အစေ့အဆန်များကို အလွန်ကြိုက်ပြီး တစ်ခုလောက်စစားလိုက်မိပြီဆိုတာနဲ့ မရပ်မနားတမ်း အများကြီးစားမိပါတော့တယ်တဲ့။ သူဟာ အဲဒီအကျင့်ကိုသိတဲ့အတွက် အဲဒီအစားအစာနဲ့ တတ်နိုင်သမျှဝေးအောင်နေတယ်လို့ ဖော်ပြထားပါတယ်။

 

၂။ အလွယ်စားအစားအစာများကို အိမ်မှာမထားပါနဲ့

မျက်စိရှေ့မှာရှိမနေခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ လမ်းညွှန်ထားပါတယ်။ အဲဒီအရသာအကြောင်း မစဉ်းစားမိအောင် နေပါ။ သိပ်စားချင်လာတယ်ဆိုရင်တော့ စတိုးဆိုင်တစ်ခုကိုသွားပြီး တစ်ခုလောက်ပဲ ၀ယ်စားလိုက်ပါ။ အိမ်မှာထားပြီးစားဖို့ ပိုဝယ်မလာ မိပါစေနဲ့။

 

၃။ ကျန်းမာရေးနဲ့ ပိုမိုသင့်တော်မယ့်အစားအစာကို ရွေးချယ်ပါ

မိမိကြိုက်တဲ့ အချိုအရသာအတွက် စွန်ပလွန်သီး၊ စပျစ်သီးနဲ့ သစ်သီးခြောက်တွေကို ပြောင်းပြီးစားကြည့်ပါ။ အဆိမ့်အရသာကို သိပ် အာသီသဖြစ်လာတယ်ဆိုရင် အဆီထုတ်ထားတဲ့ဒိန်ချဉ်ကို အစားထိုးစားကြည့်ပါ။ သဘာဝအရသာများကိုသာ အစားထိုးစားသင့်ပါတယ်။

 

၎။ မိမိကိုယ်တိုင် လိုက်နာဆောင်ရွက်ပါ

အဲဒီလိုစားသောက်ချင်စိတ် အာသီသဖြစ်လာပြီဆိုရင် တစ်နာရီလောက် အာရုံပြောင်းထားလိုက်ပါ။ အဲဒီလောက်အချိန်ကြာကြာ အာရုံ ပြောင်းထားတာတောင်မရဘူးဆိုမှ စားချင်စိတ်ဖြစ်နေတာကိုသင့်ရုံစားလိုက်ပါ။ အများအားဖြင့် စားချင်စိတ်အာသီသများဟာ မိနစ် (၂၀) ကနေ မိနစ် (၃၀)အထိပဲ အချိန်ကြာနိုင်တဲ့အတွက် တစ်နာရီလောက် အာရုံပြောင်းထားခြင်းဖြင့် အဲဒီအာသီသကို လွန်မြောက်သွားနိုင်ပါ တယ်လို့ ဖော်ပြထားပါတယ်။

 

၅။ အာခေါင်ကိုရှင်းအောင်ထားပါ

အာခံတွင်းမှာ ပူရှိန်းရှိန်းနဲ့ ရှင်းရှင်းလင်းလင်းဖြစ်နေခြင်းဟာ ဘာအရသာမှ ထပ်မစားချင်အောင် ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အာခံတွင်းရှင်းအောင်သွားတိုက်ခြင်း (သို့) ပီကေ၀ါးခြင်းပြုလုပ်ပါက ချိုချိုချဉ်ချဉ်စားချင်စိတ်ကိုလျော့စေပါတယ်။

 

၆။ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောပါ

မိမိရဲ့အမူအကျင့်တွေကို ရုတ်တရက်ထိန်းချုပ်ပြင်ဆင်လိုက်တဲ့အခါ စိတ်ဖိစီးမှု ဒါမှမဟုတ် အခြားသောစိတ်ခံစားမှုများ ဖြစ်လာနိုင်ပါ တယ်။ အဲဒီခံစားချက်တွေကိုသက်သာဖို့ ခင်မင်ရတဲ့သူငယ်ချင်းတစ်ယောက်နဲ့ စကားထိုင်ပြောတာ ဒါမှမဟုတ် စိတ်ဝင်တစားရှိတာတွေ ကို အတူလုပ်နေတာက အကောင်းဆုံးနည်းဖြစ်ပါတယ်။

 

မနက်စောစော စားခြင်းဖြင့် သွေးထဲက သကြားဓာတ်ကို ထိန်းညှိပြီးသားဖြစ်တဲ့အတွက် မနက်စောစောစာကို မဖြစ်မနေ စားသင့်ကြောင်း၊ ကာဗိုဟိုက်ဒြိတ်ပါတဲ့ အစားအစာများများမစားသင့်ကြောင်း၊ ဆေးသကြားစားခြင်းဟာ အစားအသောက်စားချင်စိတ်ကို တိုးစေတဲ့အတွက် ရှောင်သင့်ကြောင်း စတဲ့ အခြားသောနည်းလမ်းများကိုလည်း ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။

No comments: