Monday, November 28, 2011

ချစ်သူနဲ့ဝေးရတဲ့....ကံ

ငှက်ကလေးနှစ်ကောင်ကို
တစ်ကောင်စီ...ခွဲခဲ့မိလေသလား။

ငါးကလေး နှစ်ကောင်ကို
တစ်ကောင်စီ...ထားခဲ့မိလေသလား။

သူတစ်ပါး ချစ်သူကို
ပြစ်မှား ငေးကြည့်...
ကျူးလွန်မိခဲ့လေသလား။

သူတစ်ပါး ချစ်ခြင်း
ကွေကွင်းစေအောင်
စွမ်းဆောင်မိခဲ့လေသလား။

ကံ၏အမှု ၊ အစုစုမှ
ချစ်သော သူ့ကို၊ ငြိမ်းစေလိုသည်...၊
ကိုယ် တစ်ကိုယ်တည်း
ကံ အမွဲမို့
အံခဲဖြေလျော့...မငိုတော့ဘူး။
ထို....ထို....ဘ၀၊
ကမ္မ တစ်ဖန်၊ အကြောင်းပြန်လျှင်...၊
ကံအမှု...ကြွေး၊ ဤ၀ဋ်ဘေးမှ
ချစ်သူ ကင်းဝေး အေးပါစေ..။ ။


မောင်လှမျိုး(ချင်းချောင်းခြံ)
2011 Apr. 11
7:30 (a.m)
(mhm.ccc@gmail.com)
[http://chinchoungchan.wordpress.com]




Saturday, November 26, 2011

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဆိုတာ
ထူးခြားတဲ့ ခံစားမှုတစ်မျိုးပါ။

အနားမှာ တိုးကပ်
တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထား
အမေ့ရင်ခွင်ကြား မှေးစက်နားခိုရတဲ့အခါ
ဘေးကင်းလုံခြုံတဲ့ ချစ်ခြင်းမေတ္တာ။

အဝေးတစ်နေရာ ထွက်ခွာသွားဖို့လည်းမပြော
တိတ်တိတ်ကလေး နေပေးဖို့လည်း မတောင်းဆို
ပြောသမျှကို နားထောင်ပေးလိုတဲ့
မိတ်ဆွေတစ်ယောက်ရှိနေတဲ့အခါ
ကောင်းမြတ်တဲ့ ချစ်ခြင်းမေတ္တာ။

ဒဏ်ရာရ ငှက်ကလေးကို ကယ်ဆယ်မနှေး
ခိုကိုးရာမဲ့ကြောင်ကလေးကို အစာကျွေး
ထိတ်လန့်နေတဲ့ မြင်းကလေးကို ချော့မြှူအားပေး
အဲဒီအချိန်အခါလေးတွေမှာ
ပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်ခြင်းမေတ္တာ။

ချစ်ခြင်းမေတ္တာဆိုသည့်အရာ
မျှော်လင့်မထားတဲ့နေရာလေးတွေမှာ
တွေ့ရတတ်ပြန်တာ။

တစ်စုံတစ်ခု လှလှပပ
ဦးစွာပထမတွေ့ရတဲ့အခါ....

ပြာလဲ့လဲ့ကောင်းကင်ထက်ဝေဟင်မှာ ပျံဝဲ
ငှက်ငယ်ကလေးကို
စောင့်ကြည့် နေရတဲ့အခါ...
အခြားဘယ်သူမှ သတိမမူမိခဲ့ကြတဲ့
ချစ်စရာ့ပန်းလေးတစ်ပွင့်
တွေ့မြင်ခွင့်ရတဲ့အခါ....

ကိုယ့်ခြေ ကိုယ့်လက် ကိုယ်ချည်းသာ
နားခိုစရာတစ်နေရာ
ရှာဖွေတွေ့ရှိတဲ့အခါ.....

ဆိတ်ငြိမ်တဲ့ အဲဒီအချိန်လေးတွေမှာ
ရှိနေတတ်တဲ့ ချစ်ခြင်းမေတ္တာ။
တစ်ခါတစ်ရံ ချစ်ခြင်းမေတ္တာဆိုတာ
အသေးအဖွဲလေးများနဲ့ စတင်လာ။

နေ့တစ်နေ့ရဲ့အစမှာ
အတွေးများ မျှဝေစရာ
အနားမှာ တစ်စုံတစ်ယောက်ရှိတဲ့အခါ...
(ဒါမှမဟုတ်) မိမိကို လိုအပ်သူ အခြားလူကို
အကူအညီပေးလိုက်ရတဲ့အခါ....

(ဒါမှမဟုတ်) တစ်ပါးသူရဲ့ ခံစားမှုဝေဒနာ
ဖွင့်ဟပြောစရာမလို
ကိုယ်ချင်းစာနားလည်တဲ့အခါ....
စတင်ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာ။

ချစ်ခြင်းမေတ္တာဆိုသည့်အရာ
တိတ်တခိုး ချဉ်းကပ်လာ
ဒါပေမယ့် အလိုလိုနေရင်း သိနေတာ
အထီးကျန်မဆန်တဲ့ မိမိဘ၀မှာ
ဝမ်းနည်းကြေကွဲစရာ မလိုတော့ပါ။

ရှေ့ဆက်ရမယ့် ဘ၀ခရီးတာ
နှလုံးသားထဲစွဲမြဲနေမှာ
ပျော်ရွှင်ခံစားရမယ့် ချစ်ခြင်းမေတ္တာ။

ထက်သာ
Ref: Love is a special Way of feeling by Joan Walsh Angluns








Friday, November 25, 2011

ဘာသာရှိလျက် သာသနာမပျက်ဖို့

ဗုဒ္ဓသာသနာတော်၏သက်တမ်းကို ဘုရားရှင်ပရိနိဗ္ဗာန်ပြုသည့်နှစ်မှ
စတင်ရေတွက်ခဲ့ရာ ယခုဆိုလျှင် သာသနာသက္ကရာဇ် ၂၆၀၀ နီးပါးရှိခဲ့ပြီဖြစ်သည်။
သာသနာဟူသည် အဆုံးအမလမ်းညွှန်ချက်ဟု အဓိပ္ပာယ်ရသည်။ သို့ဖြစ်ရာ ဤကမ္ဘာမြေတွင်
ဗုဒ္ဓဘုရားရှင် ၏အဆုံးအမလမ်းညွှန်ချက်တို့ စဉ်ဆက်မပြတ် တည်တံ့ခဲ့သည်မှာ
ရာစုပေါင်း ၂၆-ခုတိုင်ခဲ့ပြီဟု ဆိုရပေမည်။

သို့သော် ကျွန်ုပ်တို့ဆန်းစစ်သင့်သော ကိစ္စတစ်ရပ်ကား ရှိသေးသည်။ ယင်းမှာ
ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၂၆၀၀နီးပါး
ကြာညောင်းခဲ့သော ယခုကာလ၀ယ် ဗုဒ္ဓ၏အဆုံးအမ လမ်းညွှန်ချက်တို့သည် မူလအတိုင်း
မသွေမဖည်မတိမ်းမစောင်းဘဲ တည်ရှိ နေပါ သေး၏လောဆိုခြင်းပင် ဖြစ်သည်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း (၁၀၀)ခန့်ကာလအတွင်းမှာပင်
ဗုဒ္ဓ၏အဆုံးအမလမ်းညွှန်ချက်တို့နှင့် ပတ်သက်၍ သံဃာတော်များအကြား
အယူအဆရေးရာကွဲပြားမှု ဖြစ်ပေါ်ခဲ့သည်။

သာသနာသက္ကရာဇ် - ၃၀၀ခန့်အရောက်တွင်ကား အယူအဆချင်းမတူသည့်
သံဃာဂိုဏ်းကွဲပေါင်း (၁၉)ခုအထိ ရှိလာခဲ့သည်။ သံဃာတော်များအကြား
ဂိုဏ်းဂဏကွဲပြားမှုနှင့်အတူ ကိုးကွယ်ဆည်းကပ်သူ လူဝတ်ကြောင်များတွင်ပါ
ဂိုဏ်းဂဏကွဲခဲ့ကြသည်။
အချို့သော ဗုဒ္ဓဘာသာသာသနာပြု ပုဂ္ဂိုလ်များသည် ရောက်ရှိရာအရပ်တွင်
တည်တံ့ဆဲဖြစ်သည့် မိရိုးဖလာ အယူအဆများကိုပါ ဗုဒ္ဓဘာသာထဲ
သိမ်းသွင်းခံယူကျင့်သုံးခဲ့ကြသည်။

ပမာပြုရသော် တိဗက်ဒေသသို့ ရောက်ရှိသွားသော ဗုဒ္ဓသာသနာပြုတို့သည်
တိဗက်တို့၏ ရှိရင်းစွဲ စုန်း၊ကဝေ၊ နတ်ကိုးကွယ်ပသမှု၊
မန္တန်ရွတ်ဆိုမှုဆိုင်ရာ အယူအဆများကို ဗုဒ္ဓဘာသာနှင့်ပေါင်းစပ်ကာ မန္တရ၊ တန္တရ
ဗုဒ္ဓဘာသာအယူအဆများကို ဖြစ်ပေါ်စေခဲ့သည်။ တရုတ်ပြည်ရောက်သွားသော
ဗုဒ္ဓဘာသာမှာလည်း ရှိရင်းစွဲ တာအိုဝါဒ၊ ကွန်ဖြူးရှပ်အယူအဆတို့နှင့်
ပေါင်းစပ်သွားခဲ့သည်။ ထို့ နောက်တွင်ကား တရုတ်ပြည်တွင် 'ချင်'၊
ဂျပန်ပြည်တွင် 'ဇင်' ဟုကျော်ကြားသော ဗုဒ္ဓဘာသာအမည်ခံ အယူအဆသစ်များ
ဖြစ်ထွန်း လာခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာဟု လူသိများသော
မဟာယာနဗုဒ္ဓဘာသာသည် ကမ္ဘာတစ်ဝန်း ထင်ပေါ်လာခဲ့ရာ အနောက်တိုင်းဒေသဆီသို့ပင်
ကျယ်ပြန့်စွာပေါက်ရောက်ခဲ့သည်။

မျက်မှောက်ခေတ် ထွန်းကားလျက်ရှိသည့် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲများစွာ၏
ဘာသာရေးအယူအဆတို့ကို လေ့လာဆန်းစစ် ကြည့်မည် ဆိုပါလျှင်
ဗုဒ္ဓဘုရားရှင်၏မူရင်း ဒေသနာတော် အဆုံးအမတို့မှ များစွာသွေဖည်
လမ်းခွဲသွားကြသည်ကို တွေ့ရှိနိုင်ပေသည်။
ထင်ရှားသောဥပမာတစ်ရပ်ကို တင်ပြရမည်ဆိုလျှင် ဗုဒ္ဓဘုရားရှင်က 'သဗ္ဗေဓမ္မာ
အနတ္တာ'ဟု ဟောကြားခဲ့သည်။ အဓိပ္ပာယ်မှာ ရှိရှိသမျှတရားတို့သည် (သင်္ခတရော၊
အသင်္ခတပါ) အစိုးမရဟူ၍ ဖြစ်ပေသည်။

ယင်းသို့ အစိုးမရသောတရားတို့တွင် ဗုဒ္ဓဘာသာဂိုဏ်းဂဏအားလုံး ရည်မှန်းရာ
အန္တိမပန်းတိုင် ဖြစ်သည့် 'နိဗ္ဗာန်'လည်းအပါအ၀င်ပင် ဖြစ်သည်။ 'နိဗ္ဗာန်'သည်
နိစ္စ(အမြဲရှိခြင်း)၊၊ သုခ (ချမ်းသာခြင်း) ဟူသော သဘောကိုဆောင်ပါသည်။
သို့သော် 'အတ္တ'တည်းဟူသော အစိုးရခြင်းကား မပါရှိချေ။

ယင်းအချက်ကို ထေရ၀ါဒမှတစ်ပါး အခြားသော ဗုဒ္ဓဘာသာဂိုဏ်းကွဲ အတော်များများက
လက်မခံကြတော့ပေ။ နိဗ္ဗာန်ကို အစိုးရခြင်း သဘောဆောင်သည့် တရားအဖြစ်
ခံယူလာကြသည်။ နိဗ္ဗာန်ကို လူ့ဘုံ၊ နတ်ဘုံ၊ ဗြာဟ္မဘုံကဲ့သို့ တည်ရှိနေသည့်
ဘုံဌာနတစ်ခုအဖြစ် ခံယူသူများက ခံယူကြသည်။

မဟာယာနအနွယ် သုခ၀တီဂိုဏ်းကဆိုလျှင် ဗုဒ္ဓဘုရားရှင်သည် အနောက်အရပ်ရှိ
သုခ၀တီရွှေပြည်နိဗ္ဗာန်နန်းဝယ် ထာဝရအသက်ဖြင့် ရှင်သန်တည်ရှိနေသည်ဟု
ယူဆထားကြသည်။ ယင်းဗုဒ္ဓကို 'အမိတာဘာ' ဘုရားဟုလည်းခေါ်သည်။
တရုတ်အသံထွက်ဖြင့် 'အိုမိတိုဖူ' ဆိုသည်မှာ ယင်းထာဝရဗုဒ္ဓဘုရားရှင်ကို
တမ်းတရှိခိုးခြင်းပင်ဖြစ်သည်။

အချို့မြောက်ပိုင်း ဗုဒ္ဓဘာသာဂိုဏ်းတို့၏အလိုအရ ဂေါတမဗုဒ္ဓသည်
ယင်းထာဝရဗုဒ္ဓဘုရားက လူသားတို့အား တရားပြကယ်တင်ရန် လူ အဖြစ်ကို
ဝင်စားခဲ့ခြင်းသာ ဖြစ်သည်ဟုဆိုသည်။ ယင်းအယူအဆတွင် ဗြာဟ္မဏဘာသာဝင်တို့၏
အ၀တာရအယူအဆ၏ သြဇာသက် ရောက်မှုများစွာ ရှိနေသည်ကို ရိပ်စားမိနိုင်ပါသည်။

ဗြာဟ္မဏဘာသာ အလိုအရ ဗိဿနိုးခေါ် ထာဝရနတ်ဘုရားကြီးသည် လူ့ပြည်သို့
အသွင်အမျိုးမျိုးဆောင်လျက်ဝင်စားကာ လူသားတို့ အား ကယ်တင်ခဲ့သည်ဟုဆိုသည်။

ယင်းသို့ဝင်စားရာတွေ လူအဖြစ်သာမက တစ်ခါတစ်ရံ လူခြင်္သေ့၊ လိပ်၊၀က်
စသည်ဖြင့်လည်း ၀င်စားခဲ့ဖူးသည်။ ဂေါတမဗုဒ္ဓသည်ပင် ဗိဿနိုးနတ်ဘုရားကြီး၏
ကိုးဦးမြောက် အ၀တာရ(လူဝင်စား)ဟုသတ်မှတ်ကိုးကွယ်ကြရာ ယခုခေတ် ဗြာဟ္မဏ
ဘုရားကျောင်းအချို့တွင် ဗုဒ္ဓဆင်းတုတော်များကို တွေ့ရှိနိုင်ပေသည်။

မြောက်ပိုင်း ဗုဒ္ဓဘာသာဂိုဏ်းကွဲအချို့၏ အလိုအရဆိုသော် ဗောဓိသတ္တတို့သည်
ဘုရားရဟန္တာတို့ထက်ပင်ပို၍ အရေးပါသော အခန်း ကဏ္ဍတွင် တည်ရှိနေပေသည်။

မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓသာသနာ မထွန်းကားမီကကိုးကွယ်ခဲ့ကြသော လောကနာထ
(ခေါ်) အ၀လောကိတေဿရ (ခေါ်) လောက နတ်သည် ဗောဓိသတ္တတစ်ဦးပင်ဖြစ်သည်။ သူသည်
အချိန်မရွေး နိဗ္ဗာန်ရွှေပြည်သို့ စံမြန်းနိုင်သည်။ သို့သော် သတ္တ၀ါအပေါင်း
ကို သနားကြင်နာလှရကား လောကအတွင်းသို့ အသွင်သဏ္ဌာန်မျိုးစုံဖြင့်
ရောက်ရှိလာတတ်ပြီး ကယ်တင်စောင်မသင့်သူတို့အား ကယ် တင်စောင်မတတ်သည့်
ကယ်တင်ရှင်ကြီးအဖြစ် ကိုးကွယ်အားထားကြသည်။ ယင်းလောကနတ်သည် တရုတ်ပြည်တွင်
'ကွမ်ယင်' ဟူ သောအမည်ဖြင့် ထင်ရှားသည်။

ကွမ်ယင်သည် နဂိုမူလက ပုရိသလိင် ယောက်ျားသားကြီးဖြစ်ရာ ရှေးဟောင်း
တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းများတွင် နှုတ်ခမ်းမွှေးကား ကားဖြင့်
ကျားကျားလျားလျားစံပယ်နေသည်ကို တွေ့ရှိနိုင်ပေသည်။ မျက်မှောက်ကာလတွင်သာ
ကမ္ဘာနှင့်တစ်ဝန်း ကွမ်ယင်မယ်တော် အဖြစ် ထင်ရှားလျက်ရှိပေသည်။

ထို့အပြင် မြန်မာတို့က 'အန်းကုန်းဘိုးတော်'၊ ရခိုင်တို့က 'ဘုရားဝမ်းပူ'၊
အနောက်တိုင်းသားတို့က 'ရယ်နေသောဗုဒ္ဓ (Laughing Buddha)' ဟုသိထားသော
၀၀ဖိုင့်ဖိုင့် ပြုံးရွှင်သောမျက်နှာထားဖြင့်
ထိုင်နေသည့်ပုဂ္ဂိုလ်ကြီးသည်လည်း နောင်ပွင့်မည့် အရိမေတ္တယျ ဘုရားအလောင်းဟု
မြောက်ပိုင်းဗုဒ္ဓဘာသာဝင်တို့က ခံယူကိုးကွယ်ခဲ့ကြသည်။
တိဗက်ဗုဒ္ဓဘာသာဝင်တို့မှာကား ဗောဓိသတ္တတို့ကို လာဘ်ရွှင်စေသူ၊
ဆေးကုပေးနိုင်သူ၊ ရန်ကိုအောင်မြင်စေသူ စသည်ဖြင့် သူ့အစွမ်း အစအလိုက်
သတ်မှတ်ထုလုပ်ကိုးကွယ်ကြရာ ဗောဓိသတ္တပေါင်း ရာချီ၍ရှိခဲ့သည်။

ယင်းတို့အထဲမှ အချို့သောဗောဓိသတ္တ ရုပ်ပွားတို့သည် အကိုးကွယ်ခံရန်
မြန်မာပြည်သို့ ဆင်းသက်လာတတ်သည်။ ယင်းဗောဓိသတ္တ ရုပ်ပွားတို့မှာ
မကိုဋ်ဆောင်းထားခြင်း၊ ရွှေငွေ ကျောက်သံပတ္တမြားများ ဆင်ယင်ထားခြင်းစသော
ဘုရား၊ရဟန္တာပုဂ္ဂိုလ်တို့နှင့် လားလားမျှ မဆိုင်သည့် အဆောင်အယောင်များ
ပါရှိတတ်သည်။ ယင်းကို မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဝင် အတော်များများက
ဗောဓိသတ္တရုပ်ပွားမှန်း မသိဘဲ ဗုဒ္ဓဆင်းတုအဖြစ် ယူဆကိုးကွယ်ကြသည်ကိုလည်း
တွေ့ရသည်။

မူလဗုဒ္ဓဘာသာအလိုအရ လောကီ၊ လောကုတ္တရာနှစ်ဖြာသောကိစ္စတို့၌ အောင်မြင်မှု
ရရှိလိုပါလျှင် 'အတ္တာဟိ အတ္တနော နာထော' ဟူသော ဗုဒ္ဓဒေသနာနှင့်အညီ
မိမိကိုယ်ကိုသာအားကိုး၍ ကြိုးပမ်းအားထုတ်ကြရမည်သာဖြစ်သည်။ သို့သော်
အဆိုပါဗောဓိသတ္တ ကိုးကွယ်သူတို့မှာကား မိမိတို့လိုရာဆန္ဒ ပြည့်ဝစေရေးအတွက်
မိမိ၏ ကံ၊ဥာဏ်၊၀ီရိယထက် ဗောဓိသတ္တတို့၏ ကယ်တင်စောင်မမှု ကသာ အဓိကကျသည်ဟု
ခံယူထားကြသည်။

မြောက်ပိုင်းဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်သော သုခ၀တီဂိုဏ်း၏
အလိုအရဆိုလျှင် နိဗ္ဗာန်မဂ်ဖိုလ်ကိုပင် ဂါထာမန္တန်များရွတ်ဆိုကာ
ဝတ်ပြုရှိခိုးကိုးကွယ်ရုံဖြင့် ရောက်ရှိနိုင်သည်ဟု ယုံကြည်ထားကြသည်။

မူရင်းဗုဒ္ဓဘာသာအလိုအရ နိဗ္ဗာန်သူသည် ကာလ၊ဒေသတည်းဟူသော ပညတ်တရားတို့မှ
လွတ်ကင်းသောတရားသာဖြစ်သည်။ သို့သော်
မျက်မှောက်ခေတ်ဗုဒ္ဓဘာသာဂိုဏ်းကွဲအချို့က နိဗ္ဗာန်ဟူသည်
လောကီဆင်းရဲအပေါင်းမှလွတ်ကင်းရာ လွတ်မြောက်ရာ နယ်မြေဒေသတစ်ခုဟု
မှတ်ယူထားကြသည်။
အနောက်တိုင်းသား မှော်ပညာရှင်တို့ ယုံကြည်ရာ 'ရှမ်ဘဲလား' ခေါ် 'ရှမ်ဂရီလာ'
ဟူသည့် နယ်မြေဒေသနှင့် သဘောချင်းထပ်တူ ဖြစ်သည်။ ယင်းဒေသကို
မြန်မာမှော်ပညာရှင်တို့က 'မဟာမြိုင်တော' ဟုခေါ်ဝေါ်ကြသည်။
ယင်းဒေသသို့ ရောက်ရှိသွားသူအားလုံး ထာဝရအသက်ကိုရကြပြီး အမိတာဘာဗုဒ္ဓခေါ်
ထာဝရသက်တော်ရှည် ဗုဒ္ဓဘုရားရှင်ကလည်း စံပယ်တော်မူလျက်ရှိသည်ဟု
ယုံကြည်ကြသည်။
ဗြာဟ္မဏဘာသာမှ ဗိဿနိုးနတ်မင်း၏ လူဝင်စားအ၀တာရများသည်လည်းကောင်း၊
ခရစ်ယာန်ဘာသာမှ ယေရှုသခင်သည်လည်း ကောင်း၊ အခြားအခြားသော ဘာသာအသီးသီးမှ
တမန်တော်မြတ်များသည်လည်းကောင်း ယင်းဒေသတွင် ထာဝရရှင်သန်လျက် ရှိကြသည်ဟု
ဆိုသည်။
ဤမျှဆိုလျှင် မူရင်းဗုဒ္ဓဘာသာမှ နိဗ္ဗာန်အယူအဆသည် နှစ်ပေါင်း ၂၆၀၀ခန့်
ကာလအတွင်း မည်မျှယိုးယွင်း သွေဖည်သွားပြီကို ရိပ်စားမိလောက်ပေပြီ။

ဗုဒ္ဓဘာသာသည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့ခဲ့သည်ကားမှန်ပါသည်။ သို့သော်
အချို့သောဒေသများတွင်သာ မူလဗုဒ္ဓဘာသာ၏ အနှစ်သာရ
မပျောက်မပျက်တည်ရှိနေပေသည်။ အများစုမှာကား ပျံ့နှံ့ရာဒေသ၊
အချိန်ကာလအလျောက် လိုက်လျောညီထွေတည်တံ့ရေးကို ဦးစား ပေးရင်း
ဗုဒ္ဓဘာသာဟူသည့် အသွင်သဏ္ဌာန် အမည်နာမမျှသာ ကျန်ရစ်တော့သည်။
အနှစ်သာရ ပျောက်ကွယ်ပျက်စီးကာ ဗုဒ္ဓ၏မူလအဆုံးအမနှင့် ပြဒါးတစ်လမ်း
သံတစ်လမ်းနှယ် အလှမ်းဝေးသွားကြပြီဖြစ်သော ဂိုဏ်းကွဲ များစွာကကမ္ဘာအနှံ့
နေရာယူလျက်ရှိပေသည်။

ကျွန်ုပ်တို့အနေနှင့် အဆိုပါဂိုဏ်းကွဲတို့၏ လွတ်လပ်စွာ
ယုံကြည်ကိုးကွယ်ခွင့်ကို မည်သည့်နည်းနှင့်မျှ ထိပါးခြင်းမပြုအပ်ပေ။
သို့သော် ကမ္ဘာ့ဗုဒ္ဓ၀ါဒသုတေသီ အားလုံးနီးပါးက အသွင်သဏ္ဌာန်အားဖြင့်
ခေတ်ကာလအလျောက် အပြောင်းအလဲ အနည်းငယ်ရှိစေကာမူ မူရင်း ဗုဒ္ဓဘာသာ၏
အနှစ်သာရကို မပျောက်ပျက်အောင် ထိန်းသိမ်းထားသည့်
ဗုဒ္ဓဘာသာဂိုဏ်းတစ်ဂိုဏ်းအဖြစ် အသိအမှတ်ပြုခြင်းခံရသော ထေရ၀ါဒ
ဗုဒ္ဓဘာသာအတွင်းသို့ အမည်ခံ ဗုဒ္ဓဘာသာဂိုဏ်းကွဲများ၏ အယူအဆများ
ထိုးဖောက်စိမ့်ဝင် မလာစေရေးကိုကား အလေး ထားကြရပေလိမ့်မည်။

ယင်းအရေးသည် သံဃာတော်များနှင့်သာ သက်ဆိုင်သောကိစ္စဟု သဘောမထားကြဘဲ၊
လူဝတ်ကြောင်ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း တွင်ပါ တာဝန်ရှိသည်ဟု
ခံယူထားကြရပေမည်။ ထေရ၀ါဒ ပိဋကတ်ကျမ်းစာများကို လေ့လာဖတ်ရှုခြင်း၊
လက်တွေ့လိုက်နာကျင့်သုံးခြင်း၊ ကျင့်သုံးမှုမှ ထွက်ပေါ်လာသည့်
အသီးအပွင့်ရလဒ်တို့ကိုအများသိအောင် မျှဝေပေးခြင်းဟူသော
လုပ်ငန်းစဉ်တို့မှာ ရဟန်း၊ ရှင်၊လူမခွဲ ခြားဘဲ
လက်တွဲဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။

ထိုသို့မဟုတ်မူဘဲ ဘာသိဘာသာ နေသွားကြမည်ဆိုပါက အတုကအစစ်ကို
ကာလတိုတစ်ခုအတွင်း ၀ါးမျိုဖုံးလွှမ်းသွားပေလိမ့်မည်။ ဗုဒ္ဓ ဘုရားရှင်
ဟောကြားခဲ့သော အဖိုးမဖြတ်နိုင်သည့်  'အနတ္တတရား' သည်
'အတ္တတရား'အဖြစ်ပြောင်းလဲသွားပေလိမ့်မည်။ ဗုဒ္ဓဘာသာ ဟူသည့် အမည်သာကျန်ပြီး၊
ဗုဒ္ဓသာသနာ တည်းဟူသော ဘုရားရှင်၏ အဆုံးအမအစစ်အမှန်တို့
ကွယ်ပျောက်သွားပေလိမ့်မည်။
ကျွန်ုပ်တို့အနီးအနားရှိ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ နိုင်ငံအချို့တွင်
ဤကိန်းဆိုက်နေပြီ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ပါဟု ဆိုစေကာမူ
သူတို့၏ဘာသာရေးဆိုင်ရာ အမူအကျင့်တို့မှာ မူရင်းဗုဒ္ဓဘာသာနှင့်
လုံးဝကွဲပြားဆန့်ကျင်သွားကြပြီ ဖြစ်သည်။

ဗုဒ္ဓကို ကောင်းကင်ဘုံတွင် ထာဝရတည်ရှိနေပြီး ဆုတောင်းလျှင်
ဖြည့်ဆည်းပေးနိုင်သည့် ဖန်ဆင်းရှင်ကြီးအဖြစ်လည်းကောင်း၊ ဗုဒ္ဓ
ဘာသာဝင်တို့၏ အန္တိမရည်မှန်းချက် ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ဆိုသည်မှာ
အခြားဘာသာဝင်တို့ယုံကြည်ရာ ကောင်းကင်ဘုံ (၀ါ) မှော်ပညာရှင်တို့ရည်မှန်းရာ
ရှမ်ဘဲလား(ခေါ်) ရှမ်ဂရီလာ (ခေါ်) မဟာမြိုင်တောကြီးနှင့်
အလားသဏ္ဌာန်တူသည့်နေရာ တစ်ခုဟု လည်းကောင်း ယုံကြည်ထားကြသည်။

ဗုဒ္ဓက မိမိကိုယ်ကိုသာ အားထားရာအဖြစ် ဟောကြားခဲ့စေကာမူ သူတို့က
စိတ်ကူးယဉ်ကယ်တင်ရှင် 'ဗောဓိသတ္တ'တို့၏ ကယ်တင် စောင်မမှုကိုသာ
မျှော်ကိုးနေကြသည်။မျိုးဆက်ဟောင်းတို့က မိရိုးဖလာအတိုင်းယင်းအယူကို
ခံယူထားကြစေကာမူ မျိုးဆက်သစ် ပညာတတ် လူငယ်တို့ကမူ ယင်းအယူအား
လက်မခံလိုကြတော့ပေ။ ထိုလူငယ်တို့မှာ မူရင်းဗုဒ္ဓသာသနာ အဆုံးအမကိုလည်း ထိ
တွေ့လေ့လာရန် အခွင့်အလမ်း မရခဲ့ကြပေရာ 'ဗုဒ္ဓဘာသာဆိုတာ ဒီလိုသဘာဝမကျတဲ့
စိတ်ကူးယဉ်ဝါဒကြီးပါလား' ဟု ထင်မှတ်သွားကြ လေတော့သည်။

ထို့နောက် သူတို့ကိုယ်ကို လွတ်လပ်စွာ တွေးခေါ်သူများအဖြစ်ခံယူကာ
မည်သည့်ဘာသာကိုမျှ မကိုးကွယ်သည့် ဘာသာမဲ့သူများ ဖြစ် သွားကြတော့သည်။

အချို့မှာကား သူတို့ပတ်ဝန်းကျင်တွင် ကြုံတွေ့ရသော အမည်ခံဗုဒ္ဓဘာသာနှင့်
နှိုင်းစာလျှင် ပိုမိုလက်တွေ့ကျပြီး ခေတ်နှင့်လျော်ညီသည့်
အခြားဘာသာတရားတစ်ခုခုသို့ ကူးပြောင်းသွားကြတော့သည်။

ယင်းဖြစ်ရပ်များကို ကျွန်ုပ်တို့ သင်ခန်းစာယူသင့်လှသည်။ ဗုဒ္ဓဘာသာဟု
ခံယူထားသော်လည်း ဗုဒ္ဓ၏အဆုံးအမ အစစ်အမှန်ကို သိရှိနား လည်ခြင်း၊
လိုက်နာကျင့်သုံးနိုင်ခြင်းမရှိပါမူ 'ဘာသာရှိလျက် သာသနာပျက်ခြင်း'
ပင်ဖြစ်သည်ကို ကောင်းစွာ သတိချပ်သင့်ပါကြောင်း တင်ပြလိုက်ရပေသည်။ ။

ဝင်းသိန်းဦး
(မြတ်သတိဝါဒီ၊ အမှတ် - ၇၊ ၂၀၀၁ခုနှစ်၊ ဇန်န၀ါရီလ။)


































































Tuesday, November 22, 2011

ကွာရှင်းပြတ်စဲခြင်း

-->
အပိုင်း(၁)

ထမင်းစားခန်းမှာ ညစာပြင်ဆင်နေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့်ရဲ့ စိတ်အစဉ်က ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်တာကာလရဲ့ တစ်ခုသော နေ့လေးတစ်နေ့ကို ပြန်တွေးတော သတိရလိုက်မိပါတယ်..  အဲဒီနေ့က ကျွန်တော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဦးနေ့။

ကျွန်တော်နဲ့ ကေသီကို သယ်ဆောင်လာတဲ့ မင်္ဂလာကားဟာ ကျွန်တော်တို့ ၂ယောက်နေထိုင်မဲ့ တစ်ထပ် တိုက်ပုလေးရှေ့မှာ ရပ်လိုက်တယ် ဆိုရင်ဘဲ ကျွန်တော်ဟာ ကေသီကို မြတ်နိုး ယုယခြင်း၊ ချစ်ခင်ကြင်နာခြင်း စသည် တို့နဲ့အတူ ကျွန်တော့် လက်တွေနဲ့ ပွေ့ချီပြီး ခြံဝင်း ရှေ့ကနေ အိမ်ထဲကို ၀င်လာခဲ့ပါတယ်။ အဲဒီ အချိန် တုန်းက ကေသီရဲ့ မျက်နှာဟာ ကြည်နူးတဲ့ အလှဆုံး အပြုံးလေးနဲ့အတူ ရှက်သွေးတွေဖြာလို့ သိပ်ကို ချစ်စရာကောင်းနေခဲ့တယ်။ ကျွန်တော်ဟာလည်း ကမ္ဘာမှာ အပျော်ဆုံး သတို့သားတစ်ယောက် ဖြစ်ခဲ့တာပါဘဲ။

အဲဒီနေ့တွေဟာ ကျွန်တော်တို့အတွက် မမေ့နိုင်အောင် ပျော်ဖို့ကောင်းတဲ့ ကြည်နူးဖွယ် ရက်စွဲတွေ ဖြစ်ခဲ့ပါတယ်.. ကျွန်တော်တို့ အိမ်ထောင်ရေးဟာလည်း သန့်စင်ကြည်လင်နေတဲ့ ရေခွက်ထဲက ရေလိုပါဘဲ.. ကြည်ကြည် လင်လင်နဲ့ စိတ်ချမ်းသာဖို့ သိပ်ကောင်းပြီး တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ရှိခဲ့ကြပါတယ်။ သူငယ်ချင်းတွေကြားမှာ အားကျစရာ အိမ်ထောင်လေးတစ်ခုကို ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့ ကြတယ်။ အိမ်ထောင်သက် ၂နှစ်လောက်အကြာ သားတစ်ယောက် ရလာပြီးနောက်မှာတော့ ကျွန်တော့် စီးပွားရေး လုပ်ငန်းတွေ အောင်မြင်လာခဲ့တယ်။ ပိုင်ဆိုင်မှုတွေ တဖြေးဖြေး တိုးပွားလာသလို အလုပ်တွေလဲ များလာတယ်.. ကေသီကလည်း ရုံးတစ်ရုံးမှာ ဝန်ထမ်းဆိုတော့ မနက်တိုင်း အလုပ်သွားတာ ညနေမှ ပြန်ရောက်နိုင်တယ်။ ကျွန်တော်တို့ ၂ယောက်လုံး အိမ်ကနေ အတူတူထွက်ဖြစ်ကြပေမဲ့ အလုပ်ရှိရာအရပ်က တစ်ယောက် တစ်လမ်းစီမို့ ကေသီက ဘတ်စ်ကား စောင့်စီးပြီး ကျွန်တော်ကတော့ ကိုယ့်ကားနဲ့ကိုယ် ကုမ္ပဏီကို ထွက်သွားတတ်ပါတယ်။

ကျွန်တော်တို့ သားလေးကိုတော့ သူ့ပညာရေးအတွက် ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား သွားထား ထားတဲ့အတွက် အိမ်မှာ မရှိပါဘူး..  ညနေဆို ကေသီက အိမ်ပြန်ရောက်တာ ပုံမှန်အချိန်ဖြစ်ပေမဲ့ အလုပ်များလွန်းတဲ့ ကျွန်တော့်အတွက်က ပုံမှန်အချိန်တိုင်း အိမ်ပြန်နိုင်ဖို့ မလွယ်တော့ဘူး။ လုပ်ငန်း အောင်မြင်လာတာနဲ့အမျှ အိမ်အတွက် အချိန်မပေးနိုင်တော့ဘဲ စီးပွားရေး မိတ်ဆွေတွေနဲ့ ဒင်နာသွားစားရတာတွေ၊ ဧည့်ခံ့ပွဲသွားရတာတွေနဲ့ တဖြေးဖြေး အိမ်ပြန်ချိန်ဟာ နောက်ကျကျလာတယ်.. ကေသီနဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆုံတွေ့ချိန် နည်းလာတယ်.. ဒီလိုနဲ့ အိမ်ထောင်သက်တမ်း ကြာလာလေ ကျွန်တော်တို့ ၂ယောက်ကြားထဲက နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက် ကြင်နာမှုတွေဟာ ဒီရေကျသလို တစ်ဖြေးဖြေး ကျဆင်းလာတယ်.။ အားကျစရာဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ၂ယောက်ရဲ့ ချစ်ခြင်းဟာ  အေးစက် လာခဲ့တော့တယ်.. အိမ်ပြန်ချိန် နောက်ကျတတ်တဲ့ ကျွန်တော့်ကို ကေသီက ထူးထူးခြားခြား ဘာမှမေးလေ့မရှိဘဲ ဘာသိဘာသာ နေလေ့ရှိတယ်။ ကေသီက ကျွန်တော့်ကို ယုံကြည်လွန်းတာဘဲလား။ ဥပက္ခာ ပြုထားတာဘဲလား  သွေးအေးလွန်းတာဘဲလား ကျွန်တော် သေချာ မခန့်မှန်းနိုင်ခဲ့ဘူး။ ကေသီ ကျွန်တော့်ကို မချစ်တော့ဘူး ထင်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်.. ဂျူလီဟာ တည်ငြိမ်နေတဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်သည်ဘ၀ကို ယိမ်းယိုင်သွားဖို့ အစပျိုးလာပါတော့တယ်... ချစ်စရာကောင်းပြီး ငယ်ရွယ်ချောမောတဲ့ ဂျူလီဟာ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း ကျွန်တော်နဲ့ သံယောဇဉ်ကြိုး သွယ်မိခဲ့ကြတာပါ။   ကေသီနဲ့ဆို အေးစက်ပြီးရင်ခုန်ဖို့ မေ့လျော့နေခဲ့တဲ့ ကျွန်တော့် နှလုံးသားဟာ ဂျူလီရဲ့ အချစ်ကြောင့် တစ်ဖန်ပြန်လည်ပြီး ရင်ခုန်တတ်ခဲ့ပါပြီ..  အချစ်ဆိုတာကို ပြန်ပြီး ခံစားတတ်လာပါတယ်။ ဂျူလီကလည်း သိပ်ကို ကြင်နာတတ်သလို၊ အယုအယကလဲ သိပ်ကောင်းပါတယ်။ စကားကိုလဲ ချိုအီနေအောင် ပြောတတ်တော့ ကျွန်တော့် စိတ်အာရုံ အားလုံး ဂျူလီ့အပေါ် ပုံကျသွားခဲ့တာပါဘဲ။


@@@@@@@@@@@@@@


အပိုင်း(၂)

တစ်ရက်မှာ တိုက်ခန်းက ၀ရံတာလေးမှာ ထွက်ရပ်ပြီး ကျွန်တော် အတွေးနက်နေတုန်း ဂျူလီက ကျွန်တော့်ရဲ့ အနောက်ကနေ သိုင်းဖက်လိုက်ပါတယ်..  ဒီတိုက်ခန်းဟာ ဂျူလီအတွက် ကျွန်တော် ၀ယ်ထားပေးတဲ့တိုက်ခန်းပါ။ ဂျူလီက "ကိုက အရမ်းချောတာဘဲ.. မိန်းခလေးတစ်ယောက်ရဲ့ နှလုံးသားကို ကောင်းကောင်းကြီး ဆွဲဆောင်ထားနိုင်စွမ်း ရှိတဲ့သူဘဲနော်.. ဒါကြောင့်လဲ ဂျူလီက ကို့ကို သိပ်ချစ်မိတာပေါ့"  လို့ တိုးတိုးလေးနဲ့ ကပ်ချွဲပြီးပြောလိုက်တော့ သူ့ရဲ့ စကားလုံးတွေက ကျွန်တော့်ဇနီး ကေသီကို ရုတ်တရက် အမှတ်ရသွားစေခဲ့ပါတယ်..  ကေသီနဲ့ကျွန်တော် အိမ်ထောင်ဦးကာလတုန်းကလည်း ကေသီက ကျွန်တော့်ကို " မောင်ဟာ မိန်းခလေးတွေအတွက် အတော့်ကို ဆွဲဆောင်အားကောင်းတဲ့သူ.. ကေသီတော့ စိတ်မချ ဖြစ်နေရ ဦးတော့မယ်"  လို့ ပြောခဲ့ဖူးပါတယ်.. ဒီစကားကို ပြန်သတိရမိတော့ ကေသီကို သစ္စာဖောက် မိတာ နောင်တရမိ သလို ဖြစ်သွားရပါတယ်.. ဒါပေမဲ့ အေးစက်နေတဲ့ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးဟာ ပြန် လည်ပြီး နွေးထွေး လာဖို့လဲ မျှော်လင့်ချက် မရှိတော့ပါဘူး… ကျွန်တော် ကိုယ်တိုင်လည်း ငယ်ရွယ်လှပပြီး တီတီတာတာ ပြောတတ်တဲ့ ဂျူလီကို ချစ်နေမိပြီပဲလေ။


ကျွန်တော် ဂျူလီနဲ့ မျက်နှာခြင်းဆိုင် ရပ်လိုက်ပြီး "ဂျူလီ.. တိုက်ခန်းအတွက် လိုအပ်တဲ့ ပရိဘောဂတွေ သွားဝယ်မယ်ဆို သွားလေ။ ကိုယ် အလုပ်ရှိသေးလို့ ကုမ္ပဏီကို ပြန်သွားလိုက်ဦးမယ်.."  ကျွန်တော့် စကားကို ကြားတော့ ဂျူလီရဲ့ မျက်နှာ ညှိုးသွားပါတယ်။ ပရိဘောဂဆိုင်ကို ကျွန်တော်တို့၂ယောက် အတူ သွားကြမယ်လို့ သူ့ကို ကတိပေးထားခဲ့တာကြောင့် ၂ယောက် အတူတူ သွားလိမ့်မယ်လို့ ဂျူလီက မျှော်လင့်ထားတာပါ။ မကြာခင်မှာ ကေသီ့ကို ကျွန်တော်နဲ့ ဂျူလီအကြောင်း ဖွင့်ပြောပြီး တရားဝင် ကွာရှင်းမယ်.. ပြီးရင် ဂျူလီနဲ့ အတူတူ နေကြမယ် ဆိုပြီး ကျွန်တော်တို့ စီစဉ်ထားခဲ့ကြပေမဲ့ ခက်နေတာက တကယ်တမ်း ကျွန်တော် ကေသီကို ကွာရှင်းစကား စပြောဖို့ ဆိုတာ ခက်ခဲလွန်းလှပါတယ်.. ဘယ်လောက်ဘဲ တတ်နိုင်သလောက် ညင်ညင် သာသာ ဖြစ်အောင် ပြောပြော ကေသီအတွက်တော့ အပြင်းအထန် နာကျင်ခံစားရမှာပါဘဲ.. ကျွန်တော်တို့ ၂ယောက်ရဲ့ ကြားမှာ ဟိုးအရင် အိမ်ထောင်ဦး ဘ၀ကလို ရင်ခုန်လှိုက်မောစွာနဲ့ ပူနွေးတဲ့ အချစ်မျိုး မရှိကြတော့ တာက လွဲလို့ ကေသီဟာ ကျွန်တော့်အတွက်  သိပ်ကို ကောင်းတဲ့ ဇနီးတစ်ယောက်ပါ။


ကျွန်တော်ကြိုက်တတ်တဲ့ မနက်စာကို ကျွန်တော်မထခင်  သူတစ်ယောက်တည်း စောစောထပြီး အမြဲတမ်း ပြင်ဆင်ထားတတ်သလို ညနေလဲ ရုံးကနေလဲ အချိန်မှန် ပြန်ရောက်ပြီး ဘယ်လောက်တောင် အလုပ် ပင်ပန်းသည်ဖြစ်စေ မနားနိုင်ဘဲ ကျွန်တော်တို့ ၂ယောက်အတွက် ညစာကို ကျွန်တော်စားသည်ဖြစ်စေ၊ မစားဖြစ်သည်ဖြစ်စေ ပြင်ဆင်ချက်ပြုတ်ပါတယ်.. ကျွန်တော်ကတော့ စောစောပြန်ရောက်တဲ့ နေ့မှာတောင် သူ့ကို ကူဖော်မရဘဲ တီဗီရှေ့မှာထိုင်၊ တီဗီကြည့်ရင်း ကေသီချက်ပြုတ်ပြီးချိန်ထိ စောင့်နေတတ်ပါတယ်.. စားသောက်ပြီးတော့မှ တီဗီဆက်ကြည့်ရင်ကြည့်၊ မကြည့်ရင်လဲ ကွန်ပျူတာရှေ့မှာ အလုပ်များသလိုလိုနဲ့ ထိုင်နေပြီး ဂျူလီ့မျက်နှာလေးကို မှန်းဆကာ သူ့အကြောင်းလေးတွေ တွေးရင်း သူ့ကို သတိရနေ တတ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကွာရှင်းစကားပြောဖို့တော့ ကျွန်တော့်နှုတ်က ထွက်ဖို့ ခက်ခဲလွန်းတာတော့ အမှန်ပါ။


ဒီကြားထဲမှာ ကျွန်တော် ကေသီကို နောက်သလိုလိုနဲ့ စကား စကြည့်ခဲ့ဖူးပါတယ်.. "ကေသီ တကယ်လို့များ ကေသီ့ကို မောင်က ကွာရှင်းခွင့်တောင်းမယ်ဆိုရင် ကေသီဘာလုပ်မလဲ "လို့ ရယ်မော ရင်းနဲ့ သွေးတိုးစမ်းရင်း လှမ်းပြောလိုက်ပါတယ်။ ကေသီက ကျွန်တော့ကို အချိန်တော်တော်လေး ကြာအောင် စိုက်ပြီး ကြည့်နေခဲ့ပါတယ်။ စကားတစ်ခွန်းမှတော့ ပြန်မပြောပါဘူး.. ဒါပေမဲ့ သူ့စိတ်ထဲမှာ ဒီစကား ဟာ နောက်ပြောင်တဲ့ စကား ဖြစ်လိမ့်မယ်လို့ဘဲ ယုံကြည်ပုံ ရပါတယ်.. ဒါနဲ့တောင် ကေသီ့ မျက်ဝန်းလေးတွေမှာ မျက်ရည်စတွေနဲ့ လက်ခနဲ ဖြစ်သွားပြီး မှုန်မှိုင်းသွားပါတယ်.. စကားတစ်ခွန်းမှတောင် ခွန်းတုံ့ မပြန်နိုင်ပါဘူး.. ကျွန်တော် ကွာရှင်းမဲ့ ကိစ္စကို အတည်သာပြောမယ်ဆိုရင် ကေသီ ဘယ်လောက်များ ခံစားရမှာပါလဲ။ ကေသီ ဘယ်လိုများ တုံ့ပြန်မယ် ဆိုတာ ကျွန်တော် မှန်းဆလို့တောင် မရပါဘူး။


@@@@@@@@@@@@@@@@@@


အပိုင်း(၃)


တစ်ရက်မှာ ကေသီဟာ သူတို့ရုံးကိစ္စတစ်ခုနဲ့ အပြင်ထွက်လာရင်း ကျွန်တော့်ကုမ္ပဏီကို ရောက်လာပါတယ်.. ကံကောင်းတာက အဲဒီအချိန်မှာ ဂျူလီက အပြင်ထွက်သွားချိန် ဖြစ်နေပါတယ်..  ဒါပေမဲ့ ကေသီဟာ ကျွန်တော့် ဝန်ထမ်းတွေရဲ့ မျက်နှာပေါ်က စာနာသနားတဲ့ ဂရုဏာအရိပ်အယောင်တွေ၊ ဖွင့်ဟမပြောပေမဲ့ တစ်စုံတစ်ရာ ဖုံးကွယ်ထားပုံရတဲ့ မျက်ဝန်းတွေဆီကနေ သင်္ကာမကင်းဖြစ်စရာ အရိပ်အယောင်တစ်ခုခုကို ရှာတွေ့သွားပုံ ရခဲ့ပါတယ်.. သူဟာ ၀န်ထမ်းတွေကို ညင်ညင်သာသာလေး ပြုံးပြပြီး စကားပြောနေခဲ့ပေမဲ့လို့ သူ့မျက်ဝန်းတွေ မှာတော့ နာကျင်တဲ့ ခါးသီးမှုတစ်မျိုးကို ကျွန်တော်တွေ့လိုက်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း နာကျင်နေပုံရတဲ့ ကေသီမျက်ဝန်းတွေကိုကြည့်ပြီး ၀မ်းနည်းလာမိပါတယ်.. ကေသီကို ကျွန်တော်မချစ်တော့ပေမဲ့ ရက်စက်နိုင်တဲ့စိတ်လည်း ကျွန်တော့်မှာ မရှိပါဘူး။ ကေသီဟာ  ပြန်ခါနီးကျတော့ ကျွန်တော့်ကို ကြည့်သွားတဲ့ အကြည့်တွေထဲမှာ အဓိပ္ပါယ်တစ်ချို့ ပါဝင်တဲ့ အကြည့်တွေနဲ့ ကြည့်သွားခဲ့ပါတယ်.. နာကျင်ရိပ် တစ်ချို့နဲ့အတူ တောင်းပန်ရိပ်လေးတွေ စွက်နေခဲ့တယ်လို့ ကျွန်တော်စိတ်ထဲ ခံစားနားလည်မိလိုက်ပါတယ်။

ဒီလိုနဲ့ ကွာရှင်းပြတ်စဲဖို့ ခုချိန်ထိ ပြတ်ပြတ်သားသား မလုပ်သေးဘဲ အချိန်ဆွဲနေတဲ့ ကျွန်တော့်ကို ဂျူလီကလည်း တစ်ချိန်လုံး ဖိအားတွေ ပေးလာနေပါပြီ။ ဒီတစ်ပတ်ထဲမှာဘဲ ကေသီကို ဖွင့်ပြောဖို့ ဂျူလီက ရာဇသံပေးပါတယ်.. ကျွန်တော်လည်း ပြတ်သားဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ပြီး ဒီတစ်ပတ်မှာ ပြောပါမယ်လို့ ဂျူလီကို ကတိပေးလိုက် ပါတော့တယ်.. ဖွင့်ပြောဖို့ ဆုံးဖြတ်ထားတဲ့ တစ်ရက်မှာတော့ ကေသီပြင်ဆင်ကျွေးမွေးတဲ့ ညနေစာကို စားသောက်ပြီးချိန်မှာ ကျွန်တော် သူ့လက်ကို အသာဆုပ်ကိုင်လိုက်ပြီး "ကေသီ မင်းကို မောင်ပြောစရာရှိတယ်.." လို့ စကားစ လိုက်ပါတယ်... ဒီအခါ ပန်းကန်သိမ်းဖို့ ပြင်နေတဲ့ ကေသီဟာ ထမင်းစားပွဲက ထိုင်ခုံမှာ ပြန်ထိုင်ချလိုက်ပြီး ကျွန်တော့်ကို ဘာမှ မမေး ၊ စကားလည်း တစ်ခွန်းမှ မဆိုဘဲ သူရှေ့က စားပွဲခင်းကိုသာ စိုက်ကြည့်နေပါတယ်.. သူ့မျက်ဝန်းတွေထဲက နာကျင်ရိပ်တွေကို ကျွန်တော် တွေ့မြင်လိုက်ရပြန်ပါပြီ။ ကျွန်တော် ဘာပြောမယ်ဆိုတာ ကေသီ ရိပ်များ ရိပ်မိနေမလား… စဉ်းစားရင်း ကျွန်တော်ပါးစပ်က ကွာရှင်းဖို့ကိစ္စကို ပြောထွက်ဖို့ ချက်ခြင်းဘဲ ဝန်လေး သွားရပြန်ပါပြီ..  ဒါပေမဲ့ ကျွန်တော် တွေဝေနေလို့ မဖြစ်တော့ဘူး ပြောကိုပြောမှ ဖြစ်တော့မယ်.. ဂျူလီကလဲ ကျွန်တော်နဲ့ အမြဲတမ်း အတူတူနေချင်လှပြီ.. ခုလိုတစ်ခါတစ်လေမှ တွေ့ရတဲ့ ဘ၀ကို သူမကျေနပ်နိုင်တော့ဘူး.. ကျွန်တော် ကေသီကို တရားဝင်ကွာရှင်းပြီး ဂျူလီနဲ့ဘဲ ဘ၀အသစ်ကို စတော့မယ်..  ဒီလိုတွေးမိလိုက်ပြီး အားပြန်တင်းရင်း ကေသီ့ကို ကျွန်တော် ပြောချလိုက်ပါတယ်။
"မောင့်ကို ကွာရှင်းခွင့်ပေးပါ ကေသီ.. မောင် မင်းနဲ့ ကွာရှင်းချင်တယ်.. "

ကျွန်တော့်စကားကို ကြားတဲ့ ကေသီဟာ ထူးထူးခြားခြား တုန်လှုပ်ဟန်၊ အံ့သြဟန်လဲ မပြဘူး.. ဒါပေမဲ့ သူ့မျက်ဝန်းကနေတော့ မျက်ရည်တွေ စီးကျလာခဲ့ပါတယ်.. ပြီးတော့ ကြေကွဲ ဆို့နင့်နေတဲ့ အသံနဲ့ "အကြောင်းပြ ချက်က ဘာကြောင့်လဲမောင် .. မောင့်အပေါ် ဘာတွေများ တာဝန်မကျေလို့လဲ.. ကေသီ့ဘက်က မယားဝတ္တရား ပျက်ကွက်တာ ဘာများ ရှိခဲ့လို့လဲ… " မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ ကေသီ့မေးခွန်းတွေကို ပြန်ဖြေဖို့ ကျွန်တော် ဆွံ့အသွားပါတယ်.. ကျွန်တော်ထင်တာက ကျွန်တော့် စကားကို ကြားရင် ကေသီဟာ အော်ကြီးဟစ်ကျယ်  ရန်တွေ့မယ်၊ ငိုယိုပြီး ကျွန်တော့်ကို ထုရိုက်မယ်၊ တွေ့ရာနဲ့ ကောက်ပေါက်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒီလိုမေးခွန်းမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ တွေးထင်မထားခဲ့တာကြောင့် ကေသီကို ဘာပြန်ပြောရမှန်း မသိ ဖြစ်ခဲ့ရပါတယ်.. ကျွန်တော့်မျက်နှာကို မျက်ရည်တွေကြားကနေ အကြာကြီး စိုက်ကြည့်နေခဲ့ပြီး ကျွန်တော့် အဖြေကို ကေသီက စောင့်ဆိုင်းနေခဲ့တယ်။ 

ကျွန်တော့်ဆီက ဘာစကားသံမှ ထွက်မလာတဲ့အဆုံး "ကောင်းပြီလေ..  ကွာရှင်းဖို့ကို မောင့်ဘက်က တကယ် လိုလားနေတယ် ဆိုမှတော့ မောင့်စိတ်တိုင်းကျသာ ဆုံးဖြတ်ပါ…" လို့ ပြောပြီး နာနာကျင်ကျင် ရှိုက်သံတွေ၊ မျက်ရည်တွေနဲ့  ကေသီ ထမင်းစားခန်းထဲကနေ ပြေးထွက်သွားခဲ့ပါတယ်။ အဲဒီညက ကျွန်တော်တို့ ၂ယောက်ရဲ့ အိပ်ခန်းထဲကို ကေသီရောက်မလာပါဘူး။ အခန်းပိုတစ်ခုမှာ သူ့တစ်ယောက်တည်း သွားအိပ်ပုံ ရပါတယ်။ သေချာတာက  ကေသီဟာ တစ်ညလုံး ငိုကြွေးနေမှာ သေချာပါတယ်။ အကြောင်းပြချက် မပေးပေမဲ့ ကေသီ နားလည်မယ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကေသီနဲ့ပတ်သက်ရင် အေးစက်နေတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို သူမြင်တွေ့နိုင်မှာပါ။ ခုချိန်မှာတော့ ကျွန်တော့ အသည်းနှလုံးက ဂျူလီအတွက်သာ ဖြစ်နေပါပြီ။ ဂျူလီဟာ ကျွန်တော့်ရင်ခုန်သံ မြန်အောင်ပြုစားနိုင်တဲ့ နတ်သမီးတစ်ပါးပါ။ ဂျူလီနဲ့ဆို ကျွန်တော် သိပ်ကိုပျော်မယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။

 @@@@@@@@@@@@@@@

အပိုင်း(၄)

နောက်ရက်ကစပြီး ကျွန်တော်ဟာ ကေသီနဲ့ ကွာရှင်းပြတ်စဲဖို့ကိစ္စကို စ ပြင်ဆင်ပါတယ်. ကွာရှင်းစာချုပ်တစ်စောင် အကြမ်းရေးပြီး ကေသီ့ကို ကျွန်တော် ပြလိုက်တယ်.. အဲဒီစာချုပ်ထဲမှာ အခုလက်ရှိ ကျွန်တော်နဲ့ ကေသီနေတဲ့ အိမ်ရယ်၊ ကျွန်တော်စီးနေတဲ့ကားရယ်၊ ကျွန်တော့် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ၃၀% ရယ်ကို ကေသီ့ကို ပိုင်ဆိုင်ခွင့်ပေးကြောင်း ထည့်ရေးထားတာပါ။ ကျွန်တော်ပြတဲ့ စာချုပ်အကြမ်းကို ကေသီက  ဖြတ်ခနဲ တစ်ချက်သာ ကြည့်ပါတယ်။ ပြီးနောက်တော့ တစ်စစီ ဆွဲဆုတ်လိုက်ပြီး  ကျွန်တော့်ရှေ့မှာ ရှုံးပွဲချ ငိုကြွေးပါတော့ တယ်။  ကြေကြေကွဲကွဲ ငိုကြွေးနေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့ရင်ထဲမှာလဲ တစ်ဆစ်ဆစ်နဲ့ နာကျင်နေသလို ခံစားမိပါတယ်။ ဒါပေမဲ့ တစ်ခုခု နှစ်သိမ့်ဖို့ ကျွန်တော် မကြိုးစားချင်တော့ပါဘူး။ စိတ်ရှိလက်ရှိ ငိုကြွေးလိုက်တာက သူ့ရင်ထဲမှာ ခံစားနေတာတွေ နည်းနည်းတော့ ဖြစ်ဖြစ် သက်သာသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်.. ခုလိုဆိုတော့ ဂျူလီအတွက်ကြောင့်  ၁၀နှစ်ကျော်ကြာအောင် ပေါင်းသင်းခဲ့တဲ့ မိန်းမတစ်ယောက်နဲ့ သူစိမ်းပြင်ပြင် ဖြစ်ရတော့မှာကို တွေးမိတော့လည်း ကျွန်တော့်စိတ်ထဲမှာ ဝမ်းနည်းမိပြီး တစ်စုံတစ်ရာကို ဆုံးရှုံးသလိုမျိုး ခံစားရတာတော့ အမှန်ပါ။ ကွာရှင်းဖို့ စီစဉ်နေရပေမဲ့ ကိုယ့်ကိုယ်ကို အပြစ်တစ်ခုခု ကျူးလွန်နေမိတယ်လို့ခံစားနေမိပါတယ်။ ဒါပေမဲ့ ကျွန်တော် နောက်ဆုတ်လို့လဲ မဖြစ်တော့ပါဘူး။ ကေသီ့အပေါ် မတရားမှန်း သိပေမဲ့ ဂျူလီရဲ့ အချစ်ကိုလည်း ကျွန်တော် မလွန်ဆန်နိုင်ဘူး။ ဂျူလီနဲ့နေဖို့ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေခဲ့ပြီပဲလေ။

အဲဒီညမှာ ကေသီဟာ စာရေးစားပွဲပေါ်မှာ ထိုင်ပြီး တစ်စုံတစ်ခုကို ရေးနေတာ တွေ့ရပါတယ်.. ညတစ်ရေးနိုးလို့ ရေထသောက်ချိန်ထိလဲ အဲဒီစားပွဲမှာ သူရှိနေတုန်းပါ။ ကျွန်တော် ပြန်အိပ်ပျော်သွားပြီးလို့  မိုးလင်းတော့ မနက်စာ စားချိန်မှာ ကေသီဟာ သူကိုယ်တိုင်ရေးထားတဲ့ ကွာရှင်းစာချုပ် အကြမ်းတစ်စောင်ကို လာပြပါတယ်.. သူ့စာချုပ်ထဲမှာ ကျွန်တော်နဲ့ ကွာရှင်းပြတ်စဲတဲ့အတွက် ဘယ်လိုရပိုင်ခွင့်မျိုးကိုမှ သူယူမှာ မဟုတ်တဲ့အကြောင်း၊ ဒါပေမဲ့ ကျွန်တော်နဲ့ မကွာရှင်းခင် တစ်လတိတိ အချိန်ပေးပြီး သူနဲ့အတူတူ ယခင်ကအတိုင်း ပုံမှန်အနေအထားမျိုး အတတ်နိုင်ဆုံး နေပေးဖို့ တောင်းဆိုထားပါတယ်။ သူ့အကြောင်းပြချက်က ကျွန်တော်တို့ ၂ယောက်ရဲ့ သားလေးဟာ နောက်၃ရက်လောက်ဆို နွေရာသီ ကျောင်းတစ်လပိတ်တာမို့ အဆောင်ကနေ အိမ်ကိုပြန်လာတော့မှာ ဖြစ်ပါတယ်။ ကွာရှင်းတဲ့ကိစ္စကို သားရှေ့မှာ မဖြစ်စေချင်တာကြောင့် သားရှိနေတဲ့ ဒီတစ်လ အချိန်အတွင်းမှာ ကျွန်တော်တို့၂ယောက် ဘာမှ မဖြစ်သလို ပုံမှန်အတိုင်း နေပြချင်တယ် လို့ ကေသီက တောင်းဆို ပါတယ်။ ကျိုးကြောင်း ဆီလျော်တဲ့ ကေသီရဲ့ တောင်းဆိုချက်ကို ကျွန်တော်လဲ လျောလျောရှူရှူ လက်ခံလိုက် ပါတယ်။

ကေသီက ကျွန်တော့်ကို "မောင်… ကေသီတို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်တုန်းက ကေသီ ဒီအိမ်ထဲကို ဘယ်လိုရောက်လာတယ်ဆိုတာ မောင်မှတ်မိသေးလား" လို့တိုးဖွ ညင်သာတဲ့ အသံလေးနဲ့ မေးလိုက် တဲ့ ကေသီရဲ့ လေသံနဲ့ မေးခွန်းက ကျွန်တော်တို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်ကို ပြန်အမှတ်ရ သွားစေခဲ့ ပါတယ်.. "မောင်.. မှတ်မိပါတယ်"  လို့ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တော့ ကေသီက ဆက်ပြီးပြောပါတယ်.. "အဲဒီနေ့တုန်းက မောင်က ကေသီ့ကို ပွေ့ချီပြီး ကားပေါ်ကနေ အိမ်ထဲ ခေါ်လာခဲ့တာလေ။ ခုထိ ကေသီမှတ်မိနေပါတယ်။ မောင့်ကို ကေသီတစ်ခု တောင်းဆိုချင်တာက မောင်နဲ့ မကွာရှင်းခင် အတူတူနေခွင့်ရတဲ့ ဒီတစ်လအတွင်းမှာ မောင်ရော ကေသီရော အလုပ်ကို သွားကြတဲ့ မနက်တိုင်း အိမ်ခန်းထဲကနေ ခြံဝင်းထိ မောင်က ကေသီ့ကို ပွေ့ချီသွားပေးပါ။ သားလေး ပြန်ရောက်တဲ့ နေ့ကစလို့ ကေသီတို့ လမ်းခွဲကြမဲ့ နောက် တစ်လတိတိကို နေ့တိုင်း မပျက်မကွက် လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်.. ဒါလေးကို မောင် လိုက်လျောပေးနိုင်မလားဟင်" ကေသီရဲ့ တောင်းဆိုစကားကို ကြားရတော့ ကျွန်တော် တွေဝေ တုံ့ဆိုင်းနေခြင်း မရှိဘဲ လိုက်လျောဖို့ သဘောတူလိုက်ပါတယ်.. ရက်ရက်စက်စက် ချန်ထားခြင်းခံရမဲ့ ကေသီအတွက် ဒီလောက်တော့ လိုက်လျောဖို့ သင့်ပါတယ်လို့ ကျွန်တော် တွေးလိုက်မိပါတယ်။ ကေသီဟာ မင်္ဂလာဦး ကာလတုန်းက ပျော်ရွှင်ခဲ့ရတဲ့ အဖြစ်တွေကို ပြန်သတိရပြီး အခု ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်စရာ အမှတ်တရတွေနဲ့သာ အဆုံးသတ်ချင်ပုံရပါတယ်..


ကျွန်တော်က ကေသီရဲ့ တောင်းဆိုချက် အကြောင်းကို ဂျူလီ့ကို ပြောပြပြီး တစ်လလောက် စောင့်ပေး ဖို့ ပြောလိုက်တော့ ဂျူလီက မျက်နှာကို တစ်ချက်မဲ့လိုက်ပြီး အားရပါးရ ရယ်မောပါတယ်… ပြီးတော့ "ဒါ သက်သက် ညစ်တာ… ကို့မိန်းမက ဘာတွေ ပရိယာယ်ဆင်ဦးမလို့လဲ မသိဘူး.. အို.. သူဘာဘဲ လုပ်လုပ်လေ နောက်ဆုံးတော့ ကွာရှင်းတာကိုဘဲ သူခံရမှာပါ။ ရပါတယ် တစ်လလောက် ထပ်စောင့်ရလဲ ဂျူလီစောင့်ပါမယ်" လို့ သူ့ကိုယ်သူ ယုံကြည်စွာနဲ့ အခိုင်အမာ ပြောလိုက်ပါတယ်.. ဂျူလီရဲ့ စကားက ကျွန်တော့်စိတ်ကို ကသိ ကအောက် ဖြစ်စေပြီး ကေသီအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်.. တကယ် တမ်းတော့ ကျွန်တော် ကွာရှင်းချင်တယ် ဆိုပေမဲ့ ကေသီ့မှာ ဘာမှ အပြစ်မရှိရှာပါဘူး… ဂျူလီကို ချစ်မိတဲ့ အကြောင်း တစ်ခုတည်းနဲ့ ကေသီကို ကျွန်တော် ထားခဲ့ရမှာပါ။


@@@@@@@@@@@@@@

အပိုင်း(၅)


အရင်ကတည်းက ကေသီနဲ့ ကျွန်တော်ဟာ မင်္ဂလာဦး ကာလတွေတုန်းကလို ယုယုယယနဲ့ သည်းသည်းလှုပ် ဖြစ်မနေတော့ဘဲ အေးစက်စက် ဖြစ်နေခဲ့တာ ကြာပြီဆိုပေမဲလို့ စိမ်းစိမ်းကားကား ဖြစ်တာမျိုး မရှိခဲ့ဘဲ ကြပေမဲ့ ကွာရှင်းဖို့ကိစ္စ ဖွင့်ပြော လိုက်တဲ့နေ့ကစလို့ ကေသီနဲ့ ကျွန်တော့်အကြားမှာ အရိပ်မဲကြီး တစ်ခု ခြားသွားခဲ့သလို ခံစားလိုက်ရပါတယ်။ ကေသီရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတစ်စကိုမှ မတွေ့ ရတော့ဘဲ ၀မ်းနည်းကြေကွဲနေတဲ့ မျက်နှာကိုသာ တွေ့ရတော့တယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဖို့ ကိုလည်း ရှောင်လွှဲနေခဲ့ကြတော့ တကယ့်ကို တစိမ်းပြင်ပြင် ဖြစ်သွားကြသလိုပါဘဲ။

သားပြန်ရောက်လာတဲ့ ပထမဆုံးနေ့ ရုံးသွားချိန်မှာ ကျွန်တော်တို့ ၂ယောက် သဘောတူထားတဲ့ အတိုင်း ကေသီကို အခန်းထဲကနေ အိမ်ရှေ့ခြံဝင်း တံခါးပေါက်ထိ ကျွန်တော် ပွေ့ချီလာတော့ ၂ယောက်လုံးက နူးညံ့ ပျော့ပြောင်း မနေခဲ့ဘဲ  တောင့် တောင့်ကြီးတွေ ဖြစ်နေခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ခုလို ကြင်ကြင်နာနာ၊ ယုယုယယ မနေဖြစ်ခဲ့တာ ကြာခဲ့ပြီဆိုတော့ နွေးနွေးထွေးထွေးတောင် မနေတတ်တော့ သလိုပါဘဲ။ ဘာမှ မသိရှာတဲ့ သားလေးကတော့ "ဟေး…  ဖေဖေက မေမေ့ကို ပွေ့ထားတယ်ကွ" လို့ အော်ဟစ်ပြီး ဝမ်းသာအားရ လက်ခုပ်လေး တီးရှာပါတယ်။ သားရဲ့ အသံက ကျွန်တော့် အသည်းနှလုံးကို ဖျစ်ညှစ်လိုက်သလို ခံစားလိုက်ရပါတယ်။ အိမ်ရှေ့ခြံဝင်းထဲရောက်ချိန်မှာ "ကွာရှင်းမဲ့ကိစ္စ သားလေး မသိပါစေနဲ့ဦးနာ်" လို့ ကေသီက တိုးတိုးလေး ပြောလိုက်တော့ သူ့ကိုပွေ့ချီထားရက်နဲ့ ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး "စိတ်ချပါကွာ" လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ မသက်မသာ ခံစားနေရတာ အမှန်ပါဘဲ.. ခြံရှေ့ရောက်တော့ ကေသီကို ချပေးလိုက်ပြီး ကားပေါ် မောင်းတက်ခဲ့လိုက်ပါတယ်.. ကေသီကတော့ ခပ်နှေးနှေး ခြေလျမ်းတွေနဲ့ ဘတ်စ်ကားဂိတ်ကို ထွက်ခွာသွားပါတယ်။

နောက်နေ့တွေမှာတော့ ပထမဆုံးနေ့ကလို  ခပ်တောင့်တောင့် ဖြစ်မနေကြတော့ဘဲ ကေသီ့ကို ပွေ့ချီရတာ သက်တောင့်သက်သာ ရှိလာတယ်..  ကေသီကလည်း ကျွန်တော်ရဲ့ လည်ပင်းကို ပြန်ပြီး သိုင်းဖက်လာ တတ်တယ်.. ကေသီရဲ့ အင်္ကျီမှာ ဆွတ်ထားတဲ့ ရေမွှေးနံ့လေးကိုတောင် ကျွန်တော့ နှာဝမှာ အတိုင်းသား ရှုရှိုက်နေရတယ်.. အဲဒီရေမွှေးနံ့ကို ရလိုက်တော့မှ  ကေသီ့ကို ရေမွှေးပုလင်း မ၀ယ်ပေးဖြစ်တာ ဘယ်နှနှစ် ရှိသွားပြီလဲ ဆိုတာကို ပြန်စဉ်းစားတော့ ဘယ်လောက် ကြာသွားပြီဆိုတာ  မှတ်ကိုမမှတ်မိတော့..  ဟိုအရင်တုန်း ကတော့ ကေသီ ကြိုက်တတ်တဲ့ ရေမွှေးပုလင်းတွေတိုင်း ကျွန်တော် ၀ယ်ပေးခဲ့တာချည်းပါဘဲ..  တစ်အိမ်ထဲ နေကြပေမဲ့လို့ ကေသီနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ကျွန်တော် သတိမထားဖြစ်တာ ကြာခဲ့ပြီဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်ရတယ်။ သက်ပြင်းကိုဖွဖွ  ချလိုက်မိတော့ ကေသီက ကျွန်တော့် မျက်နှာကို မော့ကြည့်လာတယ်.. ကျွန်တော်လဲ ကေသီ့မျက်နှာကို ပြန်ငုံ့ကြည့်မိ လိုက်ပြန်တယ်..  ဒီတော့မှ သတိထား လိုက်မိတာက ကေသီဟာ လွန်ခဲ့တဲ့ ၁၀နှစ် ကျွန်တော်တို့ မင်္ဂလာဦးချိန်တွေတုန်းကလို ငယ်ရွယ်နုပျိုတဲ့ မိန်းခလေးတစ်ယောက် မဟုတ်တော့ပါဘဲလား။ ကေသီရဲ့ မျက်နှာနဲ့ မျက်လုံးထောင့်တွေမှာ အရေးအကြောင်း တစ်ချို့ ထင်စပြုနေခဲ့ပြီ။ လှပတဲ့ ကေသီ့မျက်နှာဟာ နုပျိုသစ်လွင်ပြီး တက်ကြွတဲ့ အလှမျိုး မဟုတ်တော့ပေမဲ့ ရင့်ကျက်ခြင်းနဲ့အတူ ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလှကို ထပ်ဆောင်းထားခဲ့ပြီ။


@@@@@@@@@@@@@@ 
အပိုင်း(၆)

နောက် တစ်တစ်ပတ်လောက်အကြာမှာ ကေသီကို ကျွန်တော်ပွေ့ချီလိုက်တော့ ကေသီက "ညတုန်းက မိုးရွာထားတာ ခြံထဲက ကျောက်ပြားက ချောနေတယ်.. သတိထားနော်" လို့ တိုးတိုးလေး သတိပေး စကားကို ပြောလာတယ်။ ကျွန်တော့် ရင်ထဲမှာ နွေးကနဲ ခံစားလိုက်ရပြီး ကြည်နူး စိတ်ကလေး နဲ့ ကေသီ့ကို ပြုံးလိုက်တော့ ကေသီက မျက်နှာနီပြီး ခေါင်းကို ငုံ့သွားခဲ့ တယ်။ ကေသီ့ကို ပွေ့ထားရတဲ့ ကျွန်တော့်ရဲ့ ခံစားချက်ဟာ ပထမနေ့တုန်းကလို တာဝန်အရ လုပ်ရတာမျိုး မဟုတ်တော့ဘဲ တကယ့်ကို စိတ်ပါ လက်ပါ ဖြစ်လာတယ်။ဒါပေမဲ့ ဒီအကြောင်းတွေကို ဂျူလီကို ကျွန်တော်လုံးဝ မပြောမိဘူး။ ဂျူလီရဲ့ "ဘာတွေထူးခြားသေးလဲ" ဆိုတဲ့ အမေးကို ဘာမှ "မထူးခြားပါဘူးကွာ" ဆိုပြီး ခပ်ပေါ့ပေါ့ အဖြေကိုသာ ပေးဖြစ်ခဲ့တယ်။

နောက်ရက်တွေမှာလည်း ကေသီဟာ ကျွန်တော်ရဲ့ အင်္ကျီကို  မီးပူတိုက်ပြီး ဘယ်ပေါ်မှာ တင်ထားတယ်.. ဘယ်ဘောင်းဘီနဲ့ ၀တ်သွား၊ ပြန်လာရင် ညနေအတွက် ဘယ်ဟိုတယ်မှာ သားလေးကြိုက်တာလေး ၀ယ်ခဲ့ပါ စသဖြင့် ပြောတတ်လာတယ်.. ညပြန်ရောက်ရင် သားရယ် ကေသီရယ်၊ ကျွန်တော်ရယ် ညစာအတူတူစားကြ၊ တီဗီကလာတဲ့ အစီအစဉ်တွေ ထိုင်ကြည့်ပြီး ရယ်မောကြနဲ့ ခါတိုင်း ဒီချိန်တွေမှာ ဂျူလီကို သတိရနေတတ်တဲ့ ကျွန်တော့်စိတ်တွေ မိသားစုပျော်ရွှင်မှုထဲ နှစ်မြုပ်လာတယ်.. ဂျူလီဟာ ကျွန်တော့် သတိရခြင်းတွေထဲမှာ မှုန်ဝါးဝါးဖြစ်လာခဲ့ပြီ။ ကေသီ့ကို ပွေ့ချီရတာလည်း တစ်ရက်ထက်တစ်ရက် ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာတယ်လို့ ကျွန်တော် ထင်လာခဲ့တယ်။

ရက် ၂၀လောက်ကြာတော့ မနက် ရုံးသွားကြဖို့ အဝတ်လဲနေတဲ့ ကေသီ့ကို ပွေ့ချီဖို့စောင့်ရင်း ကျွန်တော်က "ကေသီ မင်းကို ပွေ့ရတာ အရင်ကထက်စာရင် ပိုပြီးပေါ့သွားသလိုဘဲ။ မောင်က  ပိုပြီး အားရှိလာလို့ ဖြစ်မယ် ထင်တယ်နော်" လို့ နောက်ပြီး ပြောလိုက်ပါတယ်။ အဲဒီချိန်မှာ ကေသီက အ၀တ်တွေ တစ်စုံပြီးတစ်စုံ ရွေးနေရင်း သူနဲ့တော်တဲ့ အင်္ကျီကို ရှာမတွေ့ဖြစ်နေဟန်နဲ့ သက်ပြင်းချလိုက်ပြီး "အင်္ကျီတွေလဲ တစ်နေ့တစ်နေ့ ပိုကြီးကြီးလာတယ်ထင်တယ်.. ကျွန်မနဲ့ တော်တဲ့အင်္ကျီ ရှာမရတော့ဘူး.". လို့ ညီးတွားလိုက်တော့ ကျွန်တော်က ပြုံးလိုက်မိပါတယ်.. ဒါပေမဲ့ ကေသီ့ကို သေချာကြည့်လိုက်တော့မှ ကျွန်တော် သဘောပေါက် လိုက်မိပါတော့တယ်။ ကေသီဟာ တော်တော့်ကို ပိန်သွားခဲ့ပါတယ်။ တကယ်တမ်းတော့  ကျွန်တော်က ပိုပြီး အားကောင်း သန်မာလာလို့ မဟုတ်ဘဲ ကေသီကသာ ကျွန်တော်ပွေ့ကာစ အရင် နေ့တွေထက်စာရင် အများကြီး ပိန်သွားတာမို့ သူ့ဝတ်စုံတွေက သူနဲ့ မတော်တော့ဘဲ ကြီးနေခဲ့တာပါ။ ကေသီဟာ ဘာမှ မဖြစ်သလို ဟန်ဆောင်ထားပေမဲ့ တကယ်တမ်းတော့ ကျွန်တော်နဲ့ ကွာရှင်းဖို့ ကိစ္စအတွက် သူ့နှလုံးသားမှာ အင်မတန် ပြင်းပြင်းထန်ထန် ထိုးနှက်ခံစားရပုံ ပေါ်ပါတယ်။


ပိန်သွားတဲ့ ကေသီ့ခန္ဓာကိုယ် သွယ်လျလျကိုကြည့်ပြီး ကေသီ ဘယ်လောက်များ စိတ်ဆင်းရဲနေခဲ့ပါလိမ့် လို့ တွေးမိကာ ကျွန်တော့်ရင်ထဲမှာ  ၀မ်းနည်းခြင်းတွေ တစ်လှိုက်လှိုက် တက်လာပါတယ်။ ကျွန်တော် ကေသီ့ခေါင်းကလေးကို ကြင်နာစိတ်ကလေးနဲ့ လှမ်းကိုင်လိုက်ဖို့ လက်ရွယ်လိုက်တုန်းမှာ သားလေးက အခန်းထဲကို ရုတ်တရက် ရောက်လာပြီး "ဖေဖေ.... မေ့မေ့ကိုပွေ့ချီပြီး အလုပ်သွားဖို့ အချိန်ရောက်ပြီလေ" လို့ သတိပေးစကား ပြောလာပါတယ်။ သားလေးကြည့်ရတာ သူ့အဖေဟာ အမေဖြစ်သူကို ပွေ့ပြီး အလုပ်သွားတာကို အမြဲတမ်းတွေ့နေရမဲ့ မြင်ကွင်းလို့ ထင်မှတ်ထားပုံရပါတယ်.. ကေသီက သားလေးအနားကို တိုးကပ်သွားပြီး တင်းတင်း ကြပ်ကြပ် ပွေ့ဖက်ထားလိုက်ပါတယ်။ ကျွန်တော် ဒီမြင်ကွင်းကို ကြည့်ဖို့ အင်အားမရှိတော့တာကြောင့် မျက်နှာလွဲပစ်လိုက် မိပါတော့တယ်.. နောက်ဆုံး အချိန်နားနီးလာမှ ဆုံးဖြတ်ပြီးသား ကျွန်တော့် စိတ်တွေ ပြန်ပြောင်းလဲသွားမှာကိုလဲ စိုးထိတ်နေမိပါတယ်။ ခနကြာတော့ ကေသီ့ကိုယ်လေးကို ကျွန်တော် ပွေ့ချီ လိုက်ပြီး အိပ်ခန်းကနေ ခြံဝင်းတံခါးထိ လျှောက်လာတဲ့အချိန်မှာ ခါတိုင်းလိုဘဲ ကေသီက ကျွန်တော့် လည်ပင်းကို သိုင်းဖက်ထားပါတယ်.. ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တို့ မင်္ဂလာဦးနေ့ ကို ပြန်သတိရနေ မိပေမဲ့ ကေသီရဲ့ ခန္ဓာကိုယ်ကတော့ မင်္ဂလာဦး အချိန်တွေ တုန်းကထက် ပိုပြီး ပါးလျား ပေါ့ပါး သွားခဲ့ပြီ။ ဒီအဖြစ်က ကျွန်တော်ကို ထိထိခိုက်ခိုက် ကြေကွဲ ဝမ်းနည်းစေပါတယ်..


 @@@@@@@@@@@@@@

အပိုင်း(၇)

ဒီနေ့ဟာ ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေး နောက်ဆုံးနေ့ပါဘဲ… ကျောင်းတွေ ပြန်ဖွင့်ပြီမို့ ညနေဆိုရင် သားလေးဟာ သူနေတဲ့ အဆောင်ကို ပြန်ရတော့မယ်.. ကျွန်တော်တို့ ၂ယောက်အတွက် နောက်ဆုံးနေ့မှန်း သိနေတော့ ကေသီ့ကို ပွေ့ချီထားတဲ့ ကျွန်တော့် လက်တွေဟာ ခွန်အားမဲ့နေ သလို ဖြစ်နေပြီး ခြေထောက်တွေ ကလည်း ခြေတစ်လှမ်း လှမ်းဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့မိတယ်။ ကျွန်တော့်လည်ပင်းကို သိုင်းဖက် ထား တဲ့ ကေသီရဲ့ လက်ဖျားလေးတွေ ဟာလည်း အေးစက်နေတာပါဘဲ။ တစ်ညလုံး ငိုကြွေးထားပုံရတဲ့  ကေသီရဲ့ မျက်ဝန်း တွေဟာလည်း နီရဲလို့ နေခဲ့တယ်။ သူ့ကိုပွေ့ချီလာတဲ့ လမ်း တစ်လျှောက်မှာ ကေသီ ကျွန်တော့်ကို "ကေသီ စိတ်ထဲမှာ  ကေသီတို့ ၂ယောက်လုံး မင်္ဂလာဦးနေ့ တုန်းကလိုဘဲ အသက်ကြီးတဲ့ အချိန်ထိ ကေသီ့ကို မောင့် လက်တွေနဲ့ အမြဲတမ်းပွေ့ချီလိမ့်မယ်လို့ ထင်ထားခဲ့မိတယ်" လို့ ကြေကြေကွဲကွဲ တုန်ရီ ဆို့နင့်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်။ ကေသီဟာ ကုန်လွန်သွားခဲ့တဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ရွှေရောင်နေ့ရက်လေးတွေကို နှမြော တမ်းတစွာနဲ့ လွမ်းဆွတ်နေမှာ သေချာပါတယ်။ ကျွန်တော် ကေသီ့ကို တင်းတင်း ကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး "ကေသီ ရယ် မောင်တို့ ၂ယောက်လုံးဟာ ခုလို အချစ်တွေ တဖြေးဖြေး လျော့ပါး လာတာကို သတိမမူမိ ခဲ့ကြဘူး။ စောစောကသာ သတိထားမိခဲ့ကြရင် သိပ်ကောင်းမှာဘဲ" လို့ပြောလိုက်မိပါတယ်။ ခြံရှေ့မှာ ကေသီရဲ့ ကိုယ်လေးကို ချလိုက်ပြီး  ကားတံခါး ကိုတောင် သေချာ မပိတ်နိုင်တော့ဘဲ ကားကို အလောတကြီး မောင်းထွက် လာခဲ့ မိပါတော့တယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော် ကြန့်ကြာလို့ မဖြစ်ဘူး။ ဒီတစ်ခါတော့ ဆုံးဖြတ်ချက်တွေ နှောင့်နှေးနေတာမျိုး မဖြစ်ချင်တော့ဘူး။ ကျွန်တော့်စိတ်တွေ ထပ်ပြီး ယိမ်းယိုင်သွားတာမျိုးလည်း အဖြစ်မခံနိုင်တော့ပါဘူး။ အမြန်မောင်းလာတဲ့ ကားကို ဂျူလီရဲ့ တိုက်ခန်းအောက်မှာ အသံမြည်အောင် ထိုးရပ်လိုက်ပြီး တိုက်ခန်း လှေကားထစ်တွေပေါ်ကို ကမူးရှူးထိုး အပြေးကလေး တက်လာခဲ့မိပါတယ်။ အခန်းရှေ့ရောက်လို့ တံခါးကိုခေါက်လိုက်တဲ့အခါ ပြုံးချိုတဲ့ မျက်နှာလေးနဲ့ တံခါး လာဖွင့်ပေးတဲ့ ဂျူလီကို တွေ့ရ ပါတယ်။ ရောက်ရောက်ချင်း အခန်းထဲကို လှမ်းမဝင်နိုင်ဘဲ ဂျူလီ့ကို အလောတကြီး ပြောချလိုက်မိတာက  "ဂျူလီ ကိုယ်ပြောတာ သေချာနားထောင်ပါ။ ကေသီနဲ့ ကွာရှင်းဖို့ကိစ္စ မဖြစ်နိုင်တော့ဘူး." ကျွန်တော့်  စကားကို ကြားလိုက်တဲ့ ဂျူလီဟာ အံ့သြသွားတဲ့ မျက်နှာနဲ့ "ဟင်.. ကို ဘာတွေပြောနေ တာလဲ..နောက်နေတာလား။ ကြည့်စမ်းပါဦး  မျက်နှာလဲမကောင်းဘူး.. ကို ဖျားနေတာလား" လို့ ပြောပြောဆိုဆို ကျွန်တော့် နှဖူးကို သူ့လက်ကလေးနဲ့ လာစမ်းလိုက် ပါတယ်။ 

ကျွန်တော်က သူ့လက်ကို ဖယ်လိုက်ရင်း "ကိုယ်နောက်နေတာ မဟုတ်ဘူးဂျူလီ.. တကယ်  ပြောနေတာ။ ဆောရီးပါ ဂျူလီ။ မင်းအတွက် ကိုယ်ဝမ်းနည်းပါတယ် ဆိုတာကလွဲလို့ တစ်ခြားလဲ ကိုယ် မပြောတတ်တော့ဘူး။ ကေသီနဲ့ ကွာရှင်းဖို့ဆိုတာ ကိုယ် တကယ်ကို မလုပ်နိုင်တော့ဘူး။ ကိုယ်နဲ့ ကေသီတို့ရဲ့ အိမ်ထောင်သည်ဘ၀ဟာ ပျင်းရိငြီးငွေ့စရာ ကောင်းခဲ့တာတော့ အမှန်ပါ။ အိမ်ထောင်သည် ဘ၀မှာ ဆက်လက်ရှိရမဲ့ အကြင်နာတွေ၊ ကရုဏာတွေ၊ ဂရုစိုက်နွေးထွေးမှုတွေကို ကိုယ်တို့ မေ့လျော့ခဲ့ကြတယ်။ တကယ်တမ်းတော့ တစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ယောက်က မရှိကြတော့လို့ မဟုတ်ကြပါဘူး.။ ဒါကို ကိုယ်တို့၂ယောက် ခွဲရတော့မယ်ဆိုမှ နားလည်လာတယ်.. တန်ဖိုးထားရမှန်း သိလာတယ်။ ကိုယ် ကေသီကို မထားခဲ့နိုင်တော့ဘူး။ ကိုယ် အသက်ကြီးတဲ့အထိ ကေသီဟာ ကိုယ့်ဘေးနားမှာ ရှိရမဲ့သူဘဲ ဆိုတာ ကိုယ် ခွဲခြား နားလည်သွားပြီ။ ဒါကြောင့် မင်းအတွက် ၀မ်းနည်းပါတယ် လို့ဘဲ ကိုယ်ပြောပါရစေ ဂျူလီ။ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့"

ကျွန်တော့်ရဲ့ စကားဆုံးသွားတော့မှ ကျွန်တော် အလေးအနက် ပြောနေတယ်ဆိုတာ ဂျူလီဟာ သိသွားပုံရပါတယ်။ အိပ်ရာက ရုတ်တရက်နိုးလာတဲ့သူလို ယောင်ယောင်ကန်းကန်း ကျွန်တော့်ကို ကြည့်နေရာကနေ သူရဲ့ လက်တစ်ဖက်ဟာ လေထဲကို မြောက်တက်သွားတာ ကျွန်တော် မြင်လိုက်ပါတယ်။ ဂျူလီဘာလုပ်တော့မယ်ဆိုတာ ကျွန်တော် သိလိုက်ပါတယ်။ ဒါပေမဲ့ ရှောင်လွဲဖို့ မကြိုး စားတော့ပါဘူး။ ကျွန်တော့် အပြစ်အတွက် ဒီလောက်တော့ ထိုက်တန်ပါတယ်။ မရှောင်ဘဲ ငြိမ်နေတဲ့ ကျွန်တော့်ရဲ့ ပါးပြင်ပေါ် ဂျူလီရဲ့ လက်ဝါးက အရှိန်ပြင်းပြင်း ကျလာ ပါတယ်။ ကျွန်တော့်မျက်နှာ လည်ထွက်သွားပြီး အနောက်ဘက်ကို ယိုင်သွားခဲ့ပြီး ဂျူလီက အခန်းထဲ ကို ပြန်ဝင်လိုက်ကာ တံခါးကို ဝုန်းခနဲ မြည်အောင် ဆောင့်ပိတ် လိုက်ပါတော့တယ်။ တံခါးရဲ့ ဟိုတစ်ဖက် မှာတော့ ရှိုက်ကြီး တငင် ငိုကြွေးလိုက်တဲ့ အသံကို ကြားလိုက်ရပါတယ်။ ကျွန်တော်လဲ ဂျူလီရဲ့ ငိုသံတွေကို လစ်လျူရှု ကြောခိုင်း လိုက်ပြီး  အောက်ထပ်ကို ပြန်ဆင်းလို့ ကားပေါ်တက်ကာ ကုမ္ပဏီကို ဦးတည် မောင်းထွက်ခဲ့ ပါတော့တယ်။

ကားမောင်းလာရင်း လမ်းမှာတွေ့တဲ့ ပန်းဆိုင်တစ်ဆိုင်မှာ ကားကိုရပ်လိုက်ပြီး ကေသီ ကြိုက်တတ်တဲ့ နှင်းဆီ အဖြူ ဆွတ်ဆွတ်လေးတွေနဲ့ ပန်းစည်းလှလှလေး တစ်စည်းကို ညနေ ရုံးဆင်းချိန်မှာ လာယူမဲ့ အကြောင်းပြောပြီး အော်ဒါ မှာလိုက်ပါတယ်။ ဆိုင် ဝန်ထမ်းကောင်မလေးက ပန်းစည်းပေါ်ချိတ်မဲ့ ကဒ်ပြားမှာ ဘယ်လို ရေးချင်ပါသလဲလို့ လှမ်းမေးပြီး ကျွန်တော့်ကို စာရွက်အကြမ်းတစ်ရွက် လှမ်းပေးလိုက်ပါတယ်..  ကျွန်တော်က တစ်ချက်ပြုံးလိုက်ပြီး စာရွက်ပေါ် ချရေးလိုက်တာက " မောင်တို့ ၂ယောက်လုံး အိုမင်းလာတဲ့အချိန်ထိ မောင် မင်းကို ပွေ့ချီသွားမှာပါ." ဆိုတဲ့ စာသားလေးပါ။ ညနေရုံးဆင်းပြီး အိမ်ပြန်ရောက်လို့ ဒီပန်းစည်းလေးကို သူ့လက်ထဲ ထည့်လိုက်တဲ့အခါ ပန်းစည်းပေါ်က စာသားလေးကို ဖတ်လိုက်ရရင် ကေသီ ဘယ်လောက်များ ပျော်ရွှင်သွားမှာ ပါလိမ့်။ တွေးလိုက်မိ တာနဲ့တင်  ကြည်နူးမှုလှိုင်းတွေ တစ်လိမ့်လိမ့် တက်လာပြီး ကျွန်တော့် ရင်ခုန်သံတွေကလည်း မင်္ဂလာဦး နေ့တုန်း ကလို မြန်ဆန် နွေးထွေး လာပါတော့တယ်။

 @@@@@@    ပြီးပါပြီ   @@@@@@@ 

 

ချစ်သူတိုင်း နားလည်စာနာခြင်း၊ နွေးထွေးယုယခြင်း၊ ချစ်ခင်ကြင်နာခြင်းတို့ဖြင့် တွဲလက် ခိုင်ခိုင် မြဲနိုင်ကြ ပါစေရှင်။

The Divorce ( Unknown Author) ကို နှစ်ခြိုက်မိသဖြင့် ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။ အခြားသူများ ဘာသာပြန်ထားပြီးခဲ့ပါက တိုက်ဆိုင်မှုအတွက် ခွင့်လွှတ်ဖို့ ကြိုတင် တောင်းပန်ပါတယ်ရှင်။ ဒီဝတ္ထုလေး ဖတ်ပြီးချိန်မှာ နက်နက်ရှိုင်းရှိုင်း ခံစားမိသောကြောင့် စာဖတ်သူများကိုလည်း  ဒီဝတ္ထုကနေ တစ်စုံတစ်ရာ ရစေလိုသောစိတ်ဖြင့် ပြန်လည် ဝေမျှ ခံစားနိုင်ရန် ကြိုးစားပြီး ဘာသာပြန်ဖြစ်ပါတယ်.။

-->
ချော(အစိမ်းရောင်လွင်ပြင်)

No More Lateness

-->
နောက်တစ်ခါ နောက်မကျရလေအောင်

သင်ဟာ အမြဲတမ်းနောက်ကျတတ်သူလား၊ အများတကာက သင့်ကို အမြဲစောင့်ဆိုင်းနေရတတ်လား။ အဲသလိုမဖြစ်စေရ ဘဲ အချိန်တိကျမှုရှိအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာကို လေ့လာကြည့်ရအောင်။ အကယ်၍ သင်က အချိန်တိကျသူ ဖြစ်နေပြီး နောက်ကျတတ်တဲ့ မိတ်ဆွေကို အမြဲစောင့်နေရသူဖြစ်ပါကလည်း ထိုမိတ်ဆွေနောက်တစ်ခါနောက်မကျရလေ အောင် ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာလည်း ဖော်ပြထားပါတယ်။

ဘာကြောင့်အမြဲနောက်ကျနေသလဲ
နောက်ကျတတ်သူတွေ အမြဲနောက်ကျရခြင်းအကြောင်းများစွာရှိပါတယ်။ သူများတကာကို မစောင့်ချင်လို့ တမင်ကို နောက်ကျမှ လာတဲ့တစ်ကိုယ်ကောင်းသမားတွေဖြစ်နိုင်သလို တချို့ကလည်း တမင်လုပ်တာမဟုတ်ဘဲ နောက်ကျတာ အကျင့်ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်ခုခုကို အချိန်ဆွဲပြီး နီးမှကပ်လုပ်တတ်သူတွေကလည်း နောက်ကျတတ် ပါတယ်။
သူ ဘာကြောင့် အမြဲနောက်ကျရသလဲဆိုတာကို သိဖို့ သူ့အကြောင်းစုံစမ်းဖို့လိုပါတယ်။ သူတို့အတွေ့အကြုံတွေပေါ် တစ်ယောက်ချင်းစီပေါ်မူတည်ပြီး နေတတ်ပါတယ်။ ဥပမာအားဖြင့် နောက်ကျသူတစ်ယောက်ဟာ တစ်ချိန်တုန်းက တစ်ယောက်ယောက်ကို အကြာကြီးစောင့်ခဲ့ရပြီး တကယ့်ကိုမျှော်လင့်ခဲ့ရပြီးနောက် အဆင်မပြေဖြစ်ခဲ့ရတဲ့အတိတ်ရှိခဲ့ ကောင်း ရှိခဲ့မှာပါ။ ဒါကြောင့် ခုချိန်မှာ ဘယ်သူ့ကိုမှ မစောင့်ချင်တဲ့ မသိစိတ်ကြောင့် နောက်ကျနေရခြင်းဖြစ်ပါတယ်။

အချိန်စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း
ဒီလိုညံ့ဖျင်းတာဟာ သိစိတ်ကြောင့် ဖြစ်နိုင်သလို မသိစိတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ကျတတ်တဲ့သူဟာ သင့်တစ်ယောက်တည်းကိုပဲ စောင့်ခိုင်းနေတာမျိုးမဟုတ်ဘဲတခြားသူတွေနဲ့ဆိုလည်းအမြဲနောက်ကျလေ့ရှိပါတယ်။ တချို့လူတွေဟာ အချိန်စီမံခန့်ခွဲရာမှာ အတော်ကိုညံ့ဖျင်းတတ်ပါတယ်။ ဒီလိုလူတွေဟာ နောက်ကျလေ့ရှိရုံမျှမက အစီအစဉ်တကျ မလုပ်တတ်ကာ အမြဲရှုပ်ပွနေတတ်ကြပါတယ်။

အချိန်ခန့်မှန်းမှုညံ့ခြင်း
အမြဲလိုလို အချိန်နောက်ကျလေ့ရှိသူတွေဟာ အချိန်ကို ခန့်မှန်းရာမှာလည်း ညံ့ဖျင်းတတ်ကြပါတယ်။ လေ့လာချက်တစ်ခု အရ စာအုပ်တစ်အုပ်ကို စက္ကန့်၉၀ကြာ အသံကျယ်ကျယ်ဖတ်ခိုင်းရာမှာ အမြဲအချိန်နောက်ကျလေ့ရှိသူတွေက စက္ကန့် ၉၀ ထက် အများကြီး ပိုကြာကာဖတ်တာကို တွေ့ရတတ်ပါတယ်။ တချို့ဆိုရင် သုံးမိနစ်လောက်တောင်ကြာတာကို တွေ့ရ ပါတယ်။ အချိန်တိကျသူတွေကတော့ စက္ကန့်၉၀ထက်ပိုနည်းကာ ဖတ်တတ်ကြပါတယ်။ ထိုလေ့လာချက်အရ အမြဲ နောက်ကျတတ်သူတွေဟာ အလုပ်တစ်ခုလုပ်ရာမှာ သူတို့အချိန် ဘယ်လောက်ကြာနိုင်မလဲဆိုတာကို မခန့်မှန်းတတ် ကြတာကို တွေ့ရပါတယ်။ ဒီလိုနောက်ကျမှုတွေကြောင့် ဘ၀မှာ ဆုံးရှုံးခဲ့ရတာတွေလည်း ကြုံတွေ့ခဲ့ရမှာပါ။

နောက်မကျရလေအောင်
တခြား အကျင့်ဆိုးတွေဆိုရင် ပျောက်အောင် ဖျောက်လေ့ရှိကြပါတယ်။ ဥပမာအားဖြင့် ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်တာမျိုး၊ အစားအလွန်အကျွံစားတတ်ရင် ခန္ဓာကိုယ်ပိန်အောင် ကျင့်တာမျိုးပေါ့။ ဒါပေမဲ့ ခက်တာက နောက်ကျတတ်တဲ့သူတွေဟာ နောက်ကျခြင်းကို အကျင့်ဆိုးလို့ မသတ်မှတ်မိသလို တချို့ဆိုကိုယ့်ဟာကိုယ် နောက် ကျတတ်မှန်းတောင် မသိတတ်ကြပါဘူး။ အမြဲနောက်ကျလေ့ရှိပါက ပေါင်းသင်းဆက်ဆံရေးမှာရော၊ အလုပ်ကိစ္စမှာပါ ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့ရတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် နောက်ကျတတ်မှန်းသိပါက အချိန်တိကျမှုရှိအောင် ကြိုးစားသင့်ပါတယ်။

(၁) စောစောပြီးအောင်လုပ်ပါ
အချိန်မီပြီးအောင် မလုပ်ပါနဲ့။ စောစောပြီးအောင် ကြိုးစားကြည့်ပါ။အနားကပ်မှလေ့လာပြီး တွန်းလုပ်တာမျိုးက မကောင်း ပါဘူး။ စိတ်ဖိစီးမှု တအားများသလို ရလဒ်ကလည်း ထင်သလောက်မကောင်းတတ်ပါဘူး။ မမီဘဲနောက်ကျတတ်ပါတယ်။ ဒါကြောင့် ကြိုလုပ်ထားသင့်ပါတယ်။ ဥပမာ - အင်္ဂါနေ့မှာပြီးရမယ့်အရာကို တနင်္လာနေ့ကတည်းက ပြီးအောင်ကြိုလုပ် ထားခြင်းမျိုးပေါ့။

(၂) ကိုယ့်ကိုယ်ကိုယ် လေ့လာပါ
သင့်ရဲ့ တစ်နေ့တာလုံး လုပ်နေတဲ့အလုပ်မှန်သမျှကို ဘယ်အလုပ်က အချိန်ဘယ်လောက်ကြာသလဲဆိုတာ တစ်ပတ်လုံး လုံး လိုက်မှတ်ကြည့်ပါ။ ဥပမာအားဖြင့် ရေချိုးတဲ့ကြာချိန်၊ အ၀တ်လဲကြာချိန်၊ အလှပြင်ကြာချိန်၊ ကားမောင်း၊ ကားစီးတဲ့ ကြာချိန်မှန်သမျှ သေချာမှတ်ထားပါ။ ဒါမှ တစ်ခုခုပြင်ဆင်ဖို့ အချိန်ဘယ်လောက်ပေးရမလဲဆိုတာကို သိလာမှာပါ။

(၃) အချိန်မဆွဲပါနဲ့
အချိန်ရှိသေးတာပဲဆိုပြီး အချိန်ဆွဲခြင်းမျိုး မလုပ်ပါနဲ့။ သင့်အနေနဲ့ အကောင်းဆုံးလိုချင်လို့ အချိန်ဆွဲနေတာမျိုးဖြစ်နိုင် ပေမယ့် အနားကပ်မှ လုပ်တဲ့အခါမျိုးမှာ အကောင်းဆုံးဖြစ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် အချိန်မဆွဲ ဘဲကြိုပြီးအောင်လုပ်ပေးပါ။

နောက်ကျတဲ့မိတ်ဆွေကို ကူညီရာမှာ
သူ့ကိုအမြဲစောင့်နေရပါက ကိုယ့်အချိန်တွေ အလဟဿနဲ့ ကုန်နေတတ်ပါတယ်။ ဒါကြောင့် သူ့ကိုနောက်တစ်ခါ နောက် မကျရလေအောင် ကိုယ့်ဘက်က ကူညီနိုင်တဲ့နည်းတွေ ရှိပါတယ်။

(၁) သူသိအောင်ပြောပါ။
သူအမြဲနောက်ကျတတ်ကြောင်း သူ့ကိုယ်သူတောင် သတိထားမိချင်မှထားမိမှာပါ။ ဒါကြောင့် သူနောက်ကျတတ်ကြောင်း သိအောင်ပြောပြသင့်ပါတယ်။ ရင်းနှီးမှလည်း ပြောပြလို့ကောင်းမှာပါ။ သူ့ကို နစ်နာမှုတွေမရှိအောင် အကြံပေးတာဆိုပြီး ပြောလည်းရပါတယ်။ သင့်အနေနဲ့ အချိန်တိကျအောင် ဘယ်လိုလုပ်လေ့ရှိသလဲဆိုတာကိုလည်း သေချာရှင်းပြသင့် ပါတယ်။ တစ်ခါတလေမှာ အဲသလိုရှင်းပြမှုတွေ၊ အကူအညီတွေလိုတတ်ပါတယ်။ သူတို့ကို ဘယ်သူကမှ ပြောမပြဘူးတာ ကြောင့် အမြဲနောက်ကျနေရတာမျိုးလည်း ဖြစ်တတ်ပါတယ်။

(၂) ကြိုခေါ်ပါ
ဘယ်လိုပြောပြောမရဘဲ အမြဲနောက်ကျနေတတ်ပါက တစ်ခုခုကိုချိန်းမယ်ဆိုရင် ကြိုခေါ်ထားတာ ကောင်းပါတယ်။ ဒါမှသူ ရောက်မယ့်အချိန်နဲ့ ကိုယ်ရောက်မယ့်အချိန် အံကိုက်ဖြစ်နေမှာပါ။ ကြိုမခေါ်မိတဲ့အခါမျိုးမှာ ကိုယ်ကစောင့်နေရမယ်ဆိုရင် လည်း အချိန်အလဟဿမကုန်အောင် စာဖတ်ဖို့ စာအုပ်တစ်အုပ်ဆောင်ထားပါ။

(၃) လောပါ။
နောက်ကျတတ်သူကို အချိန်တိကျအောင် လောပေးဖို့လည်း လိုပါတယ်။ ဥပမာ သူနဲ့တစ်နေရာကို ချိန်းထားပါက မနက် ကတည်းက သူ့ကိုလောနေပါ။ မကြာခဏဖုန်းဆက်ပြီး အချိန်တိကျမှုရှိအောင် တွန်းအားပေးပါ။ ဒီလိုအကျင့်ခဏခဏလုပ် ပေးပါက နောက်တစ်ခါ အချိန်မတိကျမှုမရှိတော့မှာပါ။

Credit: The Chic Magazine – No.13, November 2011

Monday, November 21, 2011

Internet အွန်လိုင်းသုံးသူများအတွက် အဆင်ပြေစေမယ့် နည်းလမ်းအချို့

အင်တာနက်အမြန်နှုန်းကို ၂၀ရာခိုင်နှုန်း ပိုမြန်အောင်လုပ်နည်း

စတင်လုပ်ရမှာကတော့ -
- Start Menu >> Click Run ကိုရွေးပါ။
- gpedit.msc ဆိုပြီးရိုက်ပါ။
- Enter ခေါက်ပါ။
- ဘယ်ဘက်ခြမ်းက Computer Configuration ကို နှစ်ချက်နှိပ်ပါ။
- Administrative Templates ကို နှစ်ချက်နှိပ်ပါ။
- QoS Packet Scheduler ကိုရွေးပါ။ double click လုပ်ပါ။
- ပြီးရင် ညာဘက်ခြမ်းက Limit Reservable Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ
နှစ်ချက်နှိပ်ပါ။
- Limit Reservable Bandwidth Properties box မှာ Enabled option ကိုရွေးပါ။
- Bandwidth Limit [%] box မှာ 0%ကို 20%ပြောင်းပြီး ok နှိပ်ထွက်ပါ။
ဒါဆိုရင် ပိုမြန်လာပါလိမ့်မယ်။
G-mail နောက်ခံမှာ ကိုယ်နှစ်သက်ရာပုံလေးထည့်မယ်။
(၁) ပထမဆုံး ညာဘက်အပေါ်ထောင့်က Settings ကို ကလစ်ပါ။
(၂) ပြီးရင် Themes ကိုကလစ်ပါ။
(၃) အောက်ဆုံး ညာဘက်နားက Create your own theme ကို ကလစ်ပါ။
(၄) ပြီးရင် ပေးလာတဲ့ ၀င်းဒိုးရဲ့ ညာဘက်ထောင့် Text Link မှာ ကလစ်လုပ်ရင်
မိမိစိတ်ကြိုက်ကာလာရွေးစရာနေရာကို တွေ့ရပါမယ်။
(၅) ပြီးရင် အပေါ်ကလို Align ကတော့ Left/Right ကြိုက်တာရွေးပါ။နောက်
Telling ကတော့ Both ရွေးရင် ပုံက ဘေးညာပေါ်မယ်။
(၆) ပြီးရင် ပုံတင်ဖို့ Select ကိုကလစ်လုပ်၊ ပုံရွေး၊ ပြီးရင်
အောက်နားကနေ Upload ပေါ့။
(၇)ြ့ပီးရင် Body ရယ်၊ Sidebar ရယ်၊ Header ရယ်၊ Footer တို့မှာ
Background color, Link Color, Text color တို့ကိုအသေးစိတ် ရွေး၊
လှအောင်ရွေးပေးဖို့ပါပဲ။
(၈) ပြီးရင် Save လုပ်ပေးလိုက်ပါ။
(၉) မိမိရဲ့ အကြီးအသေးပေါ်မူတည်ပြီး Gmail မှာ နောက်ခံလေးပေါ်နေပါလိမ့်မယ်။

Mail ဖြင့် ဖိုင်ဆိုဒ်ကြီးကြီးမားမားပို့ချင်သူများအတွက်
Email နဲ့ Attach ဖိုင်တွေပို့တဲ့အခါမှာ 25MB အထိ ပို့လို့ရတယ်ဆိုပေမယ့်
12MB ကျော်သွားရင် မကောင်းတော့ပါဘူး။ လက်ခံ တဲ့ဘက်မှာ အကောင့် Lock
ကျသွားတာမျိုး၊ Connection ကျသွားတာမျိုး ကြုံရတတ်ပါတယ်။
အခုနည်းလမ်းကတော့ အဲဒီပြဿနာတွေ အဆင်ပြေစေတယ်လို့ သိရပါတယ်။
အောက်မှာပေးထားတဲ့ လင့်ခ်တွေကတစ်ဆင့်ပို့ပေးနိုင်ပါတယ်။
http://www.yousendit.com ကိုလည်း အသုံးများပါတယ်။ ဖိုင်ဆိုဒ် 100MB
အထိပို့လို့ရပါတယ်။

လက်ရှိမှာ လူအတော်များများ သုံးကြတဲ့ Divshare or Yousendit
လို့နောက်ထပ်ဆိုက်တွေ အများကြီးရှိပါတယ်။ အဆင်ပြေမပြေ
လက်တွေ့စမ်းသုံးကြည့်ပါ။ အဆင်ပြေကြပါစေ။
http://www.yousendit.com (can send Max File size 100MB)
http://www.www.sendthisfile.com (need register)
http://www.gigasize.com (need register and Max File size 300 MB, 10 Files max)
http://www.4shared.com (need register)
http://www.send6.com
http://www.sendspace.com (Max file size 300MB)
http://www.pando.com (Max File Size 1 GB)
http://drop.io (Max file size 100 MB)












Sunday, November 20, 2011

အမျိုးသားအောင်ပွဲနေ့ ဆိုသည်မှာ.......

-->

Sunday, 20 November 2011 00:00 မန္တလေး အလင်း 
တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့သည် မြန်မာ နိုင်ငံ၏ အမျိုးသားနေ့ဖြစ်သည်။ အင်္ဂလိပ်ခေတ်က ပေါ် ပေါက်ခဲ့သဖြင့် အင်္ဂလိပ်လို National Day (နေရှင် နယ်ဒေး)ဟူ၍ ခေါ်ခဲ့၏။ အင်္ဂလိပ်တို့က ၁၈၈၂ တွင် မြန်မာနိုင်ငံအား ဇွတ်အတင်း ချဉ်းနင်း ဝင်ရောက် သိမ်းပိုက် ခဲ့သည်။ သူတို့ ရသွားသည်က မြန်မာနိုင်ငံ၏ တောတောင် ရေမြေဖြစ်ပြီး မြန်မာတို့၏အမျိုးသား စိတ်ဓာတ်ကိုမူ ကား မသိမ်းပိုက်နိုင်ခဲ့ကြချေ။၁၈၈၅ တွင် သီပေါမင်း ပါတော်မူသည်။

၁၉၀၁ ခုနှစ်တွင် မြန်မာတို့၏ မီးခဲ ပြာဖုံးမျိုးချစ်စိတ်ဓာတ်ပြန်လည်နိုးကြားလာခဲ့သည်။ ၁၉၀၆ ခုနှစ်တွင်YMBA ခေါ် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်းပေါ်ပေါက်ခဲ့သည်။ မူလက ဘာသာရေးကို ဦးစားပေးလှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် အမျိုးဘာသာ သာသနာသည် ဟူသော ကြွေးကြော် သံဖြင့် ဝံသာနုရက္ခိတ တရားကို ရှေ့တန်း တင်လာခဲ့ကြသည်။

ဤသို့ဖြင့် ၁၉၂၀ ပြည့်နှစ်အရောက် မြန်မာတစ် နိုင်ငံလုံးရှိဝံသာနုအသင်းများစုပေါင်းကာ မြန်မာအသင်း ချုပ်ကြီး ဖော်ထုတ်ပြီး အမျိုးသားရေးကို ဆောင်ရွက်ခဲ့ကာ ဂျီစီဘီအေဟူ၍ ထင်ရှားလာခဲ့၏။ ထိုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ်ကိုတည်ထောင်ဖွင့်လှစ်ဖို့ဆိုပြီးအင်္ဂလိပ် တို့က ဥပဒေများ ရေးဆွဲခဲ့ကြသည်။
တက္ကသိုလ်ကျောင်း သားတို့ကထိုဥပဒေကိုမကျေနပ်ကြ၊အင်္ဂလိပ်တို့ကလည်း မလိုက်လျော။ သို့နှင့်ကျောင်းသားတို့က ဘွိုင်း ကောက်(သပိတ်မှောက်) လုပ်ခဲ့ကြသည်။ ယင်းသပိတ် မှောက် ဘွိုင်းကောက်လုပ်သောနေ့မှာ ၁၉၂၀ ခုနှစ် ဒီ ဇင်ဘာလ ၁ ရက် (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ရက်နေ့)ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားကြီး များက ထိုသို့သပိတ်မှောက်လိုက်ကြတော့ တက္ကသိုလ် ရောက်ဖို့တာဆူနေသည့် ကျောင်းသားငယ်များကပါ လိုက်ပြီး သပိတ်မှောက်ခဲ့ကြသည်။ အင်္ဂလိပ်တို့၏ စာသင်ကျောင်းများကိုလည်းကျောခိုင်းလိုက်ကြသည်။ ယင်းနောက် ဝံသာနုအသင်းများ၏အကူအညီ၊ ဆရာတော်သံဃာတော်များ၏အကူအညီဖြင့် တစ်နိုင်ငံ လုံးတွင်အမျိုးသားကျောင်းများကို တည်ထောင်ဖွင့်လှစ် လိုက်ကြသည်။

ကျောင်းသားကြီးများက ကျောင်းသား ငယ်များကိုစာသင်ပေးကြသည်။ ထိုကျောင်းကြီးများ တွင် မြန်မာစာပေနှင့် မြန်မာ့သမိုင်းကိုဦးစားပေးသင်ခဲ့ ပြီးမြန်မာမျိုးချစ် လူငယ်များကို မွေးထုတ်ပေးခဲ့သည်။ အမျိုးသားကောလိပ်တွင်ကား သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုတို့က ဝိုင်းဝန်း သင်ကြားပေး၏။
ဦးဘချို၊ ဦးဘဝင်းတို့က ကျောင်းအုပ် တာဝန်အဖြစ်ယူခဲ့ကြသည်။ 
ထိုအမျိုးသားကောင်းများမှမျိုးချစ်အာဇာနည်လေးများ ကိုမွေးထုတ်ပေးပြီး အမျိုးသားစာပေ အမျိုးသားစိတ် ဓာတ်ကို ဖွံ့ဖြိုးပြီး တိုးတက်အောင် မြေတောင်မြှောက် ပေးခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ၁၉၂၀ ပြည့်နှစ် က ကျောင်းသားသပိတ်ကြီးကို သမိုင်းဝင် မော်ကွန်းထိုး သော မှတ်တမ်းကြီးဖြစ်အောင် ဘွိုင်းကောက်ဋီကာ လေးချိုးကြီးကိုဖွဲ့ဆိုခဲ့၏။

ဆရာကြီးသခင်ကိုယ်တော် မှိုင်းမှာ ဆင်းရဲသားတောင်သူ လယ်သမားတွေအတွက် ဝမ်းနည်းပူဆွေး၊ ရှိသမျှ လွတ်လပ်ရေးကိုမှန်းမျှော်၊ ဖေ- ပု-ရှိန်တို့လို နိုင်ငံရေးမျိုးချစ်ပုဂ္ဂိုလ်လူကြီးပိုင်းတွေကို လည်းအားကိုးသလို ကျောင်းသားလူငယ်ပိုင်းကိုလည်း အားထားနှင့် ကျောင်းသားတွေ သပိတ်မှောက်ပြီး နေရှင် နယ် ကျောင်းတွေထောင်၊ ဝံသာနုတရားတွေဟော၊ ယော လုံချည်ပင်နီအင်္ကျီတွေဝတ်ကြတာကို အင်မတန်အားရ ၏။ သည် လူငယ်တွေဟာဖြင့်လွတ်လပ်ရေးရအောင် ကြိုးစားကြမှာအမှန်ပဲ။ ငါလည်း အသက်ကြီးပေမယ့် သူတို့နဲ့ သေအတူရှင်မကွဲလိုက်မယ်လို့ သန္နိဋ္ဌာန်ချပြီး စိတ်အားတက်သရာ ရေးသားလိုက်တာ။

အဝေးကြီးခရီးပေမဲ့
အရေးကြီးလျှင်ဖြင့် သွေးနီးရာပါစမြဲပေမို့
ဆရာလဲကွာ ပဌမအရင်ကနဦးဆီက
မြန်မာ့တစ်ခွင်မှာ သမတ ရှင်ဘုရင်မလူးခင်ပါ့
ထဆင်ထူးကိုတမြည်မြည်သင်ခဲ့သမို့
ထီမထင်ကျောင်းတော်သားတွေတို့
အမည်အစဉ်မှာ ခေါင်းအပေါ်ဖျားတွင်မှ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့ ဆိုတဲ့လေးချိုးကြီးပါပဲ။ အဲဒီမှာသူငယ်စဉ်က ကကြီးရေက သင်စဉ်က ထဆင်ထူး အကြောင်းကျက်ရာမှာ ထဆင်ထူးရေလုံးကြီး တင်ထီဆိုခဲ့တာကို သတိရတယ်။ ထဆင်ထူးလုံးကြီး တင်ထီမထင်တဲ့ ကျောင်းတော်သားပဲ ဆိုတဲ့ သံချပ်ကိုသတိ ရတယ်။အဲဒါတွေ အခြေခံပြီး ရေးလိုက်တာပါ ဆိုပါတယ်။

နောက်ဆက်တွဲအဖြစ် ယင်းအမျိုးသားရေး စိတ် ဓာတ်ကြောင့် ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ဖြစ်ပေါ် ခဲ့ရသည်။ ၁၉၃၀-၃၁ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၃၄- ၃၅ တွင်တစ်ကြိမ်ယူနီဗာစီတီ၌တော်တော်လေး လှုပ်လှုပ် ရှားရှားဖြစ်ခဲ့သည်။ ကျောင်းသားများသပိတ်မှောက်ရ ခြင်း၏ အကြောင်းရင်းမှာ စင်စစ်ကားတစ်ခုသာလျှင် ရှိသည်။

ထိုသည်ကား တိုင်းရေးပြည်ရေးတွင် ချုပ်ခြယ် ခြင်း၊ မြန်မာတို့၏ စီးပွားရေးကြီးပွားရေးကို အညွန့်ခူးနေ သော ဗြိတိသျှတို့သည် မြန်မာတို့အား ကျွန်အဖြစ် ကြာရှည်စွာ ထားလိုခြင်းတို့ပင် ဖြစ်၏။ ဒါကို ကျောင်းသား တစ်စုက အတန်ငယ်နိုးကြားလာသည်နှင့် တစ်ပြိုင်နက် ကိုယ့်စီးပွားရေး ကြီးပွားရေးကို ကိုယ်ကြိုက်သလို ခြယ် လှယ်စီမံနိုင်ရန်တိုင်းရေးပြည်ရေးတွင် လွတ်လပ်ခွင့်ရ လိုကြသည်။
ကျွန်အဖြစ်မှ လွတ်မြောက်၍ သခင်ဖြစ်ချင်ကြသည်။ သူ့ဘက် ကိုယ့်ဘက် လိုလားချက်နှစ်ခု ထိ ခိုက်မှု၊ ရန်ဖြစ်မှုမှသပိတ်မှောက် ခြင်းဖြစ်ပေါ်လာခဲ့ရ ခြင်းဖြစ်ပေသည်။ ဤသည်ကား အမျိုးသားရေးစိတ်ဓာတ်ကြောင့်ပင် ဖြစ်၏။ ထိုအမျိုးသားရေးစိတ်ဓာတ်မွေးဖွားပေးရာအမျိုး သားအောင်ပွဲနေ့ကို မြန်မာမှန်သမျှ မမေ့ကောင်းဟု တိုက် တွန်းလိုက်ရပေတော့သတည်း။

ကြည်သူ

Saturday, November 19, 2011

သူငယ်ချင်းတွေနှင့် အပျင်းပြေ စားသောက်ကြဖို့

-->
သူငယ်ချင်းတွေစုပြီး ဘီယာသောက်တာပဲဖြစ်ဖြစ်၊ စာစုကျက်တာပဲဖြစ်ဖြစ် မနက်ခင်းကျောင်းမသွားခင် စုမိတာပဲဖြစ်ဖြစ် တစ်ခုခုလေး လုပ်စားကြရင်မကောင်းဘူးလား။ ဒီတစ်ခါတော့ မန္တလေးနန်းကြီးသုပ်ကို မနက်စောစောစားကြမယ်၊ ယိုးဒယား ငါးခဲပတ်ကင်နှင့် အာလူးချောင်းကျော်ကိုတော့ ညပိုင်း ဘီယာသောက်ဖြစ်တဲ့အခါ စားကြည့်ကြတာပေါ့နော်။

မန္တလေးနန်းကြီးသုပ် (ခေါက်ဆွဲနန်းပြား)
ဂျုံခေါက်ဆွဲ          ၁ ပိဿာ ၅၀သား
အုန်းသီး                         ၁ လုံး
ကြက်သွန်ဖြူ/ နီ   ၂ကျပ်ခွဲသားစီ
ကြက်သား           - ၅၀ သား
ဆီ                     ၂၀ သား
မုန့်ကြွပ်              ၅၀သား (ကြော်ထားပါ)
အချိုမှုန့်              စားပွဲတင်ဇွန်းတစ်ဇွန်း
ငံပြာရည်             ၅ကျပ်သား
ပဲမှုန့်                  ၅ကျပ်သား
အရောင်တင်မှုန့်    ၂ကျပ်ခွဲသား

ပြင်ဆင်ပုံ
အုန်းသီးဦးရေကိုသပ်သပ်ဖယ် နှောင်းရေကို ပျစ်အောင်ကျို၊ ကြက်သားနူးရုံပြုတ်၊ အသားသေးသေးနွှင်၊ နနွင်း၊ အချိုမှုန့်နှင့်နယ်ထား။ ကြက်သွန်ဖြူ-နီထောင်းထားပြီးဆီသတ်၍ နီရောင်သန်းလာလျှင် အရောင်တင်မှုန့်ထည့်။ ငရုတ်စိမ်းနံ့ပျောက်လျှင် ကြက်သားထည့်မွှေ၊ အုန်းနို့ရည်များထည့်ပါ။ အပေါ့အငန်လိုသလိုထည့်၊ ဆီကျန်ရေ ကျန်ချက်ထား။
ပန်းကန်တွင် ခေါက်ဆွဲထည့်၊ ကြက်သားအုန်းနို့ဟင်းဆမ်း၊ မုန့်ကြွပ်ဖြူး၊ ငရုတ်သီးခြောက် မညက်တညက်ထောင်း၊ ကြက်သွန်ဖြူဓားပြား ရိုက်၍ ဆီနှင့်ကြော်ထားသော၊ရှောက်၊သံပရာစိတ်၊ကြက်သွန်ဥကြီး ပါးပါးလှီးပြီးသားများကိုထည့်ပါ။
ကြက်ရိုးဟင်းချိုကို ကြက်သွန်ဖြူခတ်၍ သုံးဆောင်ပါ။
စာကြွင်း ။ ။ မုန့်ကြွပ်ဆိုသည်မှာ မုန့်တီဖတ် သို့မဟုတ်ခေါက်ဆွဲဖတ်ကို ဆီဖြင့်ကြွပ်နေအောင်ကြော်ထားခြင်းကိုခေါ်သည်။ အုန်းနို့ကြိတ် ထားပြီး ပျစ်အောင်ကြိုထားတာ မှာ အပေါ်ပိုင်းအရည်ကြည်ကို ဦးရေ၊ အောက်ဘက်က နည်းနည်းပျစ်နေတဲ့အရည်ကို နှောင်းရည်လို့ ဦးရေ နှောင်းရေခွဲခြားပြထားခြင်းဖြစ်သည်။

ယိုးဒယား ငါးခဲပတ်ကင်
သူငယ်ချင်းများနဲ့ဖြစ်ဖြစ် မိသားစုများစုံလင်စွာရှိတဲ့အခါဖြစ်ဖြစ် အလွယ်တကူပြုလုပ် စားသောက်နိုင်ရန်အတွက် ဖော်ပြပေးလိုက် ပါတယ်။ 

ပါဝင်ပစ္စည်းများ
၁။ ကကတစ်ငါး - ၃၀ သားတစ်ကောင်
၂။ ရှမ်းနံနံ - အနည်းငယ်
၃။ နံနံပင် - အနည်းငယ်
၎။ ကြက်သွန်ဖြူ - သုံးလုံး
၅။ ရှောက်သီး - တစ်ခြမ်း
၆။ ပင်စိမ်း - အနည်းငယ်
၇။ ခနောမှုန့် (Knorr) - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၈။ ငရုတ်သီးစိမ်း - အနည်းငယ်
၉။ ချင်း - နှစ်ကျပ်သား
၁၀။ ပုစွန် ငံပြာရည် - ဟင်းစားဇွန်းတစ်ဇွန်း
၁၁။ ခေါင်းစိမ်းငံပြာရည် - ဟင်းစားဇွန်းတစ်ဇွန်း
၁၂။ ခရုဆီ - အနည်းငယ်
၁၃။ ခဲပတ်စက္ကူ (၂၀" x ၂၀") - တစ်ရွက်

ပြင်ဆင်ချက်ပြုတ်နည်း
ငါးကို အကြေးခွံခွာ ရေဆေးသန့်စင် ပြီးဓားဖြင့်မွှန်းရပါမည်။ ရှမ်းနံနံ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ခနောမှုန့်၊ ချင်း၊ ရှောက်သီး၊ ပုစွန်ငံပြာရည်၊ ခေါင်းစိမ်းငံပြာရည်၊ ခရုဆီတို့ကို ရောကြိတ်ပါ။ ကြိတ်ပြီးသား အစာကြိတ်ဖတ်များကို စောစောကမွှန်း ထားသော ငါး၏အတွင်းထဲသို့ သိပ်ထည့်ရပါမည်။ ထို့နောက် ခဲပတ်စက္ကူဖြင့် လိပ်ပြီး မီးဖြင့် အကျက်ညီအောင် ကင်ရပါမည်။ ကင်ပြီးနောက် စားလို့ကောင်းတဲ့ ငါးခဲပတ်ကင်ကို ပျော်ပျော်ရွှင်ရွှင်သုံးဆောင်နိုင်ပါပြီ။

အာလူးချောင်းကြော်
အာလူး -၂၀ ကျပ်သား
ဆား - အနည်းငယ်
ဆီ - ၁၀ ကျပ်သားခန့်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ရေခဲ - လိုချင်သလောက်

ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးစွာ အခွံမနွှာထားသော အာလူးများကို ရေခဲထည့်ထားသောပုံး (သို့မဟုတ်) ဇလုံအတွင်းသို့ထည့်၍ အချိန်အနည်းငယ်ခန့် စိမ် ထားပါ။ ခေတ္တကြာလျှင် စိမ်ထားသော အာလူးမာမာလေးများကို အခွံနွှာ၍ အရွယ်တော် အချောင်းလေးများရအောင်လှီးပါ။ လှီးထား သော အာလူးချောင်းလေးများကို ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်စီထည့်၍ သမအောင် နယ်ပါ။ ထို့နောက် အိုးထဲသို့ ဆီအနည်း ငယ်ထည့်၍ တည်ထားပါ။ ထို့နောက် အာလူးချောင်းလေးများ ထည့်၍ကြော်ပါ။ မိမိလိုချင်သော အနေအထားသို့ ရောက်လျှင် အိုးထဲမှ အာလူးချောင်းလေးများကို ဆယ်ယူပါ။ ဆယ်ယူထားသော အာလူးချောင်းကြော်လေးများကို ပန်းကန်ပြားအတွင်းသို့ အစီအရီထည့်၍ အနည်းငယ်နှင့် တွဲဖက်ကာ အသင့်သုံးဆောင်နိုင်ပါပြီ။

Friday, November 18, 2011

ကိုယ့်ကိုယ်ကို သတ်သေခါနီး ဖတ်ဖို့။ [ သွန်းနေစိုး ]

ဟေ့ ဒီမှာ! မင်းကိုယ်မင်း သတ်သေချင်နေသလား? ဒီစာလေးကို တစ်ချက်တော့ ဖတ်ကြည့်စမ်းပါ။
အရှည်ကြီးမဖတ်နဲ့ ငါးမိနစ်ပဲဖတ်။ ငါးမိနစ်ကျော်ရင် မင်းလုပ်ချင်တာ ဆက်လုပ်၊ ဟုတ်ပလား။
ငါ မင်းကို တရားမချဘူး။ မင်း စိတ်တွေ ပြောင်းလိုက်ပါလို့ မပြောဘူး။
ငါက ဓမ္မကထိကလည်း မဟုတ်ဘူး၊ ဆရာဝန်လည်း မဟုတ်ဘူး။ မင်းခံစားမှုမျိုးကို ထပ်တူ ခံစားဖူးသူတစ်ယောက်ပဲ။

မင်းဘယ်သူလဲ ဆိုတာ ငါမသိဘူး။ ဘာကြောင့် ဒီစာကို ဖတ်နေရလဲလို့လဲ ငါမသိဘူး။ ငါသိတာ တစ်ခုပဲ ရှိတယ်။
အခု မင်း ဒီစာကို ဖတ်နေတယ်၊ အဲဒါကောင်းတယ်။ ဘာလို့ ဖတ်နေရသလဲဆိုတော့ မင့်မှာ ဒုက္ခကြီးတစ်ခုခုရှိနေတယ် ဒါကြောင့်မင်းကိုယ်မင်း သက်သေဖို့ စဉ်းစားနေတယ်၊ ဟုတ်တယ် ဟုတ်။
တကယ်လို့ ဖြစ်နိုင်မယ်သာဆိုရင် အခု မင်းအနားငါ ရှိချင်လိုက်တာ။ မင်းနဲ့အတူ လာထိုင်မယ်၊ စကားတွေ အတူပြောမယ်။ တို့တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရင်ဖွင့်ပြောချင်တယ်။
ဒါပေမဲ့ ငါသိတယ်၊ အဲဒါ မဖြစ်နိုင်တော့ဘူး။

ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ သူတွေအကြောင်း အများကြီး ငါသိတယ်။ ဒါကြောင့် မင်းဘယ်လိုခံစားနေရသလဲဆိုတာ ငါတပ်အပ်နီးပါး ငါမှန်းလို့ရတယ်။ မင်း စာအရှည်ကြီး မဖတ်ချင်ဘူးဆိုတာလဲ ငါသိတယ်။
တိုတိုပဲ ငါရေးပါ့မယ်။ မင်းနဲ့သာ ငါးမိနစ်လောက် အတူရှိခွင့်ရမယ်ဆိုရင် ငါ မင်းကို လုပ်စရာလေး ငါးခုပဲ ဝေမျှချင်တာပါ။ မင်းကိုယ်မင်း သတ်သေချင်နေတဲ့ကိစ္စကို ငါမကန့်ကွက်ဘူး။ ဒါပေမဲ့ မင်း သိပ်နာနာကျင်ကျင် ခံစားနေရာတယ်လို့ ငါယူဆတယ်။

ကောင်းလိုက်တာ။ မင်းဆက်ဖတ်နေတာပဲ။ အရမ်းကောင်းတယ်။ မင်းသာ ဒီစာဆုံးတဲ့အထိ ဆက်ဖတ်ဖြစ်ရင် သိပ်ကောင်းမှာပဲ။ မင်းရဲ့စိတ်အတွင်းဆုံးပိုင်းထဲမှာ ချီတုံချတုံအတွေးကလေးတစ်ခုတော့ ရှိနေလိမ့်မယ်လို့  ငါထင်တယ်။
ဒါပေမဲ့ မင်းက မင်းဘ၀ကိုတော့ အဆုံးသတ်တော့မှာပဲနော်။ လူတွေ အဲဒီလို မကြာခဏ ခံစားရတတ်ပါတယ်။ ကိုယ့်ဘ၀ကိုယ် အဆိုးဆုံးဖြစ်သွားပြီလို့ စိတ်ပျက်သုဉ်းသွားတတ်တာမျိုးလေ။ ဒါပေမဲ့ ဒီလိုသေပစ်လိုက်ခြင်းဟာ အရာရာ အိုကေသွားမယ်လို့ မင်းထင်သလား? ပုံမှန်ဆုံးဖြတ်မှုလို့ မင်းထင်သလား? အနည်းဆုံးတော့ အခု မိနစ်ပိုင်းလေးတွေမှာ မင်း ဆက်အသက်ရှင်နေသေးတယ်။ အဲဒါ မင်းမှာ ဒွိဟစိတ်တွေရှိနေသေးတာကိုပြတာပဲ။ မင်းသေချင်နေတဲ့ တစ်ပြိုင်တည်းမှာပဲ မင်းမှာ ဆက်ရှင်သန်ချင်နေသေးတဲ့ စိတ်လည်း ရှိနေတယ်။ ဒါကြောင့် မိနစ်နည်းနည်းလောက် ဆက်သွားကြည့်ရအောင်။

ပထမဆုံး မင်းဒီစာကြောင်းလေးကို စဉ်းစားကြည့်လိုက်။

ကိုယ့်ကိုယ်ကို သတ်သေတာဟာ ...
ရွေးချယ်မှု မဟုတ်ဘူး။
မင်းစိတ်ရဲ့ ခံနိုင်ရည်ထက်ပိုပြီး
နာကျင်ခံစားသွားရလို့ ဖြစ်တယ်။

ဒါပဲ။ မင်းဟာ လူဆိုးမဟုတ်ဘူး။ အရူးလည်း မဟုတ်ဘူး။ ပျော့ညံတဲ့သူ၊ အရှုံးပေးတတ်တဲ့သူလည်း မဟုတ်ဘူး။ ဘာလို့လဲ၊ မင်းသေချင်လောက်အောင် ခံစားနေရလို့။
ကဲ ... အဲဒါကိုကြည့်စမ်း။ တကယ်တမ်း အမှန်တော့ မင်းသေချင်နေတာ မဟုတ်ပါဘူး။ မင်းခံနိုင်ရည်ထက်ကျော်လွန်ပြီး နာကျင်ခံစားနေရလို့ပါပဲ။
ငါ မင်းပခုံးပေါ် တပြုံတစ်ခေါင်းကြီး တင်လိုက်ရင် မင်းလဲပြိုကျသွားမယ်၊ မင်းဆက်ရပ်ချင်ချင် မရပ်ချင်ချင်ပေါ့။ စိတ်တန်ခိုးက ဒီနေရာမှာ ဘာမှသုံးစားမရဘူး။
တကယ်ပြောတာ။ မင်းတတ်နိုင်မယ်ဆိုရင် မင်းကိုယ်မင်း အားတက်အောင်လုပ်မှာပဲ။ ငါသိတယ်။

တခြားသူတွေပြောတာ ဂရုမစိုက်နဲ့။ ခံစားမှုဆိုတာ တစ်ယောက်နဲ့တစ်ယောက်တူတာ မဟုတ်ဘူး။ မင်းအတွက် သည်းမခံနိုင်တဲ့ကိစ္စဟာ တခြားတစ်ယောက်အတွက် အရေးမပါတာလည်းဖြစ်နိုင်တာပဲ။ တခြားတစ်ယောက်သေမလောက်ဖြစ်နေတာမျိုးကို မင်းဖို့ ဟားပစ်လောက်စရာဖြစ်ရင်လဲ ဖြစ်မှာပဲ။ လိုအပ်တာက မင်းရဲ့ ခံနိုင်ရည်အားနဲ့ မမျှအောင် ဘယ်လို ခံစားမှုမျိုး ရောက်လာသလဲဆိုတာပဲ။

မင်းဖို့ မခံမရပ်နိုင်လောက်တဲ့ ဝေဒနာရလာတဲ့အခါ ကိုယ့်ကိုယ်ကိုသတ်သေခြင်းဟာ ရလာဒ်အဖြစ်ထွက်ပေါ်လာရတော့တာပဲ။ ကိုယ့်ကိုယ်ကို သတ်သေတာဟာ မမှားဘူး၊ ဒါပေမဲ့ မမှန်ဘူး။ ဒါဟာ မင်းအကျင့်သိက္ခာချွတ်ယွင်းတာ မဟုတ်ဘူး။ ဒါဟာ ရရှိလာတဲ့ ဝေဒနာနဲ့ မင်းရဲ့ခံနိုင်ရည်တို့ ၀န်နဲ့အား မမျှတာပဲ။

ဒီအချိန်မှာ မင်း လုပ်သင့်တာ ၂မျိုးရှိတယ်။
က) မင်းရဲ့ ဝေဒနာ ဒုက္ခကို လျှော့ပါးစေဖို့ လုပ်ပါ။ ဒါမှမဟုတ်ရင်
ခ) မင်းရဲ့ခံနိုင်ရည်ကို တိုးအောင်လုပ်ပါ။
တကယ်တော့ ၂ခုလုံးကို မင်းလုပ်လို့ ရပါတယ်။

မင်းကို နည်းလမ်းလေးငါးခုပေးချင်တယ်။

၁) တခြားသူတွေ သူတို့ခံစားခဲ့ရဘူးတဲ့ အရမ်းဆိုးရွားတဲ့ ဒုက္ခဝေဒနာတွေကို ဘယ်လို ကျော်လွှားခဲ့ကြသလဲ? မင်း စူးစမ်းပါ။ အဲဒါ မင်း အသက်ရှင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ။
ဒါ မင်းကို ကူညီနိုင်မယ်လို့ ငါမျှော်လင့်တယ်။

၂) မင်းကိုယ်မင်း အချိန်အပိုင်းအခြားလေးတစ်ခုတော့ ပေးပါ။ ငါ ဘာတစ်ခုမှ မလုပ်သေးပဲ ၂၄နာရီစောင့်ကြည့်မယ်။ ဒါမှမဟုတ် တစ်ပတ်စောင့်ကြည့်မယ်ပေါ့။ မှတ်ထားစမ်းပါ ခံစားမှုနဲ့ လုပ်ရပ်ဟာ မတူဘူး၊ တခြားစီ။
အခု မင်းကိုယ်မင်း သတ်သေချင်နေတာဖြစ်တယ်။ အဲဒါ အခု မိနစ်ပိုင်းအတွင်း မင်းလုပ်မှဖြစ်မယ်လို့ ဆိုလိုတာမှ မဟုတ်ပဲ။
မင်းရဲ့ ကိုယ့်ကိုယ်ကို သတ်သေချင်နေတဲ့ ခံစားမှုနဲ့ ကိုယ့်ကိုယ်ကို သတ်သေမယ့်လုပ်ရပ်ကြားမှာ အပိုင်းအခြားလေးတစ်ခုပဲ ထားပေးစမ်းပါ။ ၂၄နာရီလေးပါပဲ။ အခုတောင် ဒီစာဖတ်ရင်း မင်း ငါးမိနစ်လောက် ကျော်လာခဲ့ပြီလေ။
မင်းနောက်ထပ်ငါးမိနစ်ကိုလည်း ဒီစာဆက်ဖတ်နေရင်း ကျော်လွှားသွားနိုင်မှာပဲ။
ဆက်သွားရအောင်ပါ။ ငါနားလည်တယ်။ မင်းကိုယ်မင်း သတ်သေချင်နေတယ်၊ ဒါပေမဲ အဲဒီလုပ်ရပ်ကို မင်းမလုပ်ဖြစ်ဘူး၊ လောလောဆယ် အဲဒီလုပ်ရပ် မလုပ်ဖြစ်ဘူး။ ငါ ဒီ့အတွက် အားတက်လိုက်တာ။ မင်းအတွက် ငါ မျှော်လင့်ချက်တွေရှိလာပြီ။

၃) လူတွေဘာလို့ကိုယ့်ကိုယ်ကို သတ်သေသလဲ? ဝေဒနာခံစားရမှုတွေက `သက်သာ´ ရာရအောင်ဖြစ်တယ်။ မှတ်ထားစမ်းပါ။ သက်သာတယ်ဆိုတာ ခံစားမှုပဲ။ မင်းအသက်ရှင်နေမှ ခံစားလို့ရမယ်။ သေသွားရင် သက်သာတာကို မခံစားနိုင်တော့ဘူး။

၎) တစ်ချို့လူတွေက မင်းကိုယ်မင်းသတ်သေချင်နေတဲ့အကြောင်းသိသွားရင် သိပ်ဆိုးဆိုးရွားရွားတုန့်ပြန်လိမ့်မယ်။ ဘာလို့ဆိုတော့ သူတို့ ကြောက်လို့ ဒေါသထွက်လို့။ အဲဒီအခါမှာ သူတို့ရဲ့ အပြုအမူတွေဟာ မင်းကို ကူညီရာမရောက်ပဲ ဝေဒနာ ပိုတိုးလာအောင်လုပ်သလိုဖြစ်နေတတ်တယ်။
သူတို့ရဲ့ ဆိုးဆိုးရွားရွား တုန့်ပြန်မှုတွေဟာ သူတို့ကြောက်စိတ်ကြောင့်ဖြစ်နေကြောင်း နားလည်လိုက်ပါကွာ။ မင်းကြောင့်မဟုတ်ဘူး။

ဒါပေမဲ့ တစ်ချို့ကျတော့ မိုက်တယ်။ မင်းရဲ့ စိတ်ညစ်စရာအချိန်တွေကို အတူ ဖြတ်သန်းပေးတယ်။ မင်းကို အကဲမဖြတ်ဘူး၊ ခံမငြင်းဘူး၊ ဆေးရုံပို့ဖို့လည်း မလုပ်ဘူး။ မင်းခံစားရတာတွေ ပြောင်းလိုက်ပါလို့လဲ မပြောဘူး။ သူတို့က မင်းကို ဂရုစိုက်ရုံသက်သက်ပဲ။ အဲဒီလို လူစားမျိုးကို မင်းရှာပါ။
အခု။ မင်းရဲ့ ၂၄နာရီ။ ဒါမှမဟုတ် ဖြစ်နိုင်ရင် တစ်ပတ်လောက် မင်းနဲ့အတူ နေပေးဖို့ အဲဒီလို လူမျိုးကို ပြောပါ။ ဒါမှမဟုတ်ရင် မင်းအမေ၊ မင်းအဖွား၊ မင်းရဲ့ အချစ်ဆုံးသူငယ်ချင်း၊ မင်းအဖေ။ မင်းအမ၊ မင်းညီမ၊ မင်း ညီ တစ်ယောက်ယောက်ကတော့ ကူညီနိုင်လိမ့်မယ်လို့ ထင်တယ်။

တစ်ခုလေးပဲ မင်းတစ်ယောက်တည်းတော့ မနေလိုက်ပါနဲ့။ အခန်းလည်းအောင်းမနေနဲ့ အပြင်ထွက်စမ်းပါ။ မင်းဘ၀တလျှောက်လုပ်ချင်ရက်နဲ့ မလုပ်ဝံ့ခဲ့တာတွေ လုပ်ချပစ်လိုက်စမ်းပါ။

၅) ကိုယ့်ကိုယ်ကို သတ်သေတဲ့ ခံစားမှုဟာ ပရိဒေ၀မီးပဲ။ အဲဒီခံစားမှုထဲ နစ်ကျွံဝင်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်မိတတ်တယ်။ ဒါကြောင့် မင်းတခြားသူတွေနဲ့ စကားပြောကြည့်စမ်းပါ။ အွန်လိုင်းပေါ်တက် Facebook Group Group တွေထဲ ၀င်ချင်ဝင်။ ချက်တင်ထိုင်ချင်ထိုင်။ မင်းပြောချင်ရာပြောကြည့်။ တစ်ယောက်မဟုတ်တစ်ယောက်တော့ အွန်လိုင်းမှာ ရှိနေလိမ့်မယ်။

အိုကေ။ မင်း ငါ့ကို အချိန် ပေးခဲ့တာပဲ။ ငါဒီ့အတွက် အရမ်းဂုဏ်ယူပါတယ်။

ဒီလိုမင်းလုပ်ခဲ့တဲ့အတွက် မင်းဆုလာဒ်တစ်ခုခံစားရမှာပါ။ ကဲ ငါအခု မင်းကို တန်ဘိုးအကြီးဆုံးလက်ဆောင်တစ်ခုပေးမယ်။ မင်းယူမလား။

တကယ်ပြောတာ။ ငါပေးမယ့် လက်ဆောင်က မင်းအတွက် တန်ဘိုးအထားဆုံးဖြစ်လိမ့်မယ်။ ငါက သိပ်ချမ်းသာလို့ မဟုတ်ဘူးနော်။ ဒါပေမဲ့ သိတယ်မဟုတ်လား၊ ငါက မိုက်တယ်လေ။
ငါပေးမယ့်လက်ဆောင်ကို သိချင်ပြီလား။ မြုံစိစိလုပ်မနေတော့ဘူး။ ပြောချလိုက်တော့မယ်။ အဲဒါ `မင်း´ ပဲ။ ဟုတ်တယ်၊ တကယ်ပြောတာ မင်းအတွက် `မင်း´ ဟာ တန်ဘိုးအကြီးဆုံးလက်ဆောင်ပဲ။
မင်းကိုမင်း လက်ဆောင်အဖြစ် ယူသင့်ပါတယ်ကွာ။

ငါအခု ပြောတာတွေက မင်းအတွက် စိတ်ခံနိုင်ရည်အားကို တက်စေလိမ့်မယ်လို့ ငါယုံတယ်။ အိုကေ ဒီ့အတွက် ငါသိပ်ဝမ်းသာတယ်။
နောက်ထပ် တခြားသူတွေနဲ့ စကားပြောကြည့်ပါဦး။ မင်းပိုပြီး နေသာထိုင်သာ ရှိလာမှာပါ။ မင်းပြောတာကို နားထောင်ပေးမယ့် သူတွေကို ရှာနော်။
တစ်ယောက်ထဲ မရှာနဲ့ အများကြီးရှာ။ မင်းဘယ်လို ခံစားနေရသလဲ မင်းဘာကြောင့် ခံစားနေရသလဲ။ အကုန်လျှောက်ပြောပစ်လိုက်။

ကဲ ... လာ၊ ထ
အခုပဲ တစ်ယောက်ယောက်ဆီ ဖုန်းခေါ်လိုက်။
ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ သွားတွေ့လိုက်။

သွန်းနေစိုး Thorn Nay Soe

[ မကြာခင်က စင်္ကာပူရောက်မြန်မာမလေးကိုယ့်ကိုယ်ကို သတ်သေသွားတဲ့အကြောင်းကြားတဲ့အခါ ကျနော် စိတ်မကောင်းပါ။ မိတ်ဆွေတစ်ယောက် သတိပေးလာတယ်။ ကျနော်တို့လို စာရေးဆရာတွေအနေနဲ့ ဒီကိစ္စကို လူငယ်တွေ အတုယူမမှားအေင် ပြောပေးသင့်တယ်တဲ့။ လူငယ်တွေက ကျနော့်ထက်တော်ပါတယ်ဗျာ။
ဒါပေမဲ့ သိမ်းထားတာကြာပြီဖြစ်တဲ့ စာလေးတစ်စောင်ကို ပြန်ဖတ်မိတယ်။ အင်တာနက်က Download လုပ်ထားတာကို မှီးပြီးပြန်ရေးထားတာပါပဲ။ တိုက်ရိုက် ဘာသာပြန်တာလည်း မဟုတ်ဘူး။ နားလည်လွယ်အောင် မြန်မာမှုပြုထားတယ်။ မူရင်းနဲ့ သဘောမတူတာရှိရင်လည်း ကိုယ့်ဖာသာ ပြန်ရေးထားတယ်။
ဒါပေမဲ့ ဒီစာလေးဟာ ကိုယ့်ကိုယ်ကို သတ်သေမတတ်ခံစားနေရသူတွေဖို့ အသက်ကယ်ဆေးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။]