Thursday, November 17, 2011

ဆိတ်သားစဉ်းကောချက်နည်း၊ မြင်းခွာရွက်သုပ်နှင့် ပဲပင်ပေါက်ဟင်းရည်

ဆိတ်သားစဉ်းကောချက် ပါဝင်ပစ္စည်းများ
ဆိတ်သား (ပေါင်သား) - ၃၀ ဆယ်သား
ကြက်သွန်ဖြူ - ၁၀မြွှာ (အခွံနွှာ ထုထောင်းထားရန်)
ကြက်သွန်အနီ - ၂ ဥ (အခွံနွှာ ညက်ညက်ထောင်းထားရန်)
ဇီရာစေ့၊ သစ်ဂျပိုးခေါက် - အနည်းငယ်စီ (ညက်ညက်ထောင်းထားရန်)
ဆား၊ သကြား၊မဆလာ၊နနွင်း - အနည်းငယ်စီ
ငရုတ်သီးအရောင်တင်မှုန့် - သင့်တင့်ရုံ
ဆီ - ၅ကျပ်သား (သင် လိုသလောက်)
ဂျင်း - လက်တစ်ဆစ် (ညက်အောင်ထောင်းပါ)
ပထမဆုံး ဆိတ်သားကို ရေစင်အောင်ဆေး၍ ညက်နေအောင် စဉ်းကောပြုလုပ်ပါ။ ပြီးရင်
ညက်နေတဲ့ဆိတ်သားကို အချို၊အငန်၊ဂျင်း၊ နနွင်းတို့ဖြင့် သမအောင်နယ်ပြီး
နာရီဝက်ခန့်နှပ်ထားပါ။ ဟင်းစချက်မယ်ဆိုရင် ဆီပူအိုးထဲမှာ ကြက်သွန်အနီ၊
အဖြူ၊ထောင်းထားတဲ့ ဇီရာ၊ သစ်ဂျပိုး၊နနွင်း၊ငရုတ်သီးမှုန့်တို့ကိုထည့်
ဆီသတ်ပါ။ ကြက်သွန်များနွမ်းပြီး အနံ့လေးမွှေးလာရင် စောစောကနှပ်ထားတဲ့ ဆိတ်
သားကိုထည့်၍ သမအောင် မွှေပေးရပါမယ်။ ပြီးရင် အဖုံးခဏအုပ်ထားပါ။
အသံများတဖျစ်ဖျစ်မြည်လာရင် ရေအနည်းငယ်သာထည့်ပြီး မွှေပေး၍
ပြန်အုပ်ထားပေးပါ။ ဆိတ်သားကို ညက်နေအောင် ပြုလုပ်ထားတဲ့အတွက်
အနူးမြန်ပါတယ်။ ခဏနေလို့ ဆီပြန်လာရင် အရသာလေးမြည်းပြီး
မဆလာအုပ်ခတ်ပြီးရင် သုံးဆောင်လို့ရပါပြီ။
မြင်းခွာရွက်သုပ် ပြင်ဆင်ပြုလုပ်ပုံ
ရိုးရိုးမြင်းခွာရွက် (သို့) ဆေးမြင်းခွာရွက် - ၂ စည်း(အစည်းကြီး)
ပုစွန်ခြောက်အမှုန့် (အချိုစား) - စတီးဇွန်းကြီး ၁ ဇွန်း
မြေပဲလှော် - ၅ကျပ်သား (ထောင်းထားရန်)
ကြက်သွန်ဖြူ - ၁၅ မြွှာ (ဆီချက် ချက်ထားရန်)
သံပရာသီး - ၂ လုံး
ဆား၊သကြား - အနည်းငယ်စီ
ငရုတ်သီးစိမ်း - ၁၀တောင့် (ခပ်ပါးပါးလှီးထားရန်)
မြင်းခွာရွက်ကို သဲများစင်အောင် ရေသုံးထပ်လောက် စင်အောင်ဆေးပေးပါ။
ပြီးရင် ကတ်ကြေးဖြင့် ခပ်နုပ်နုပ်ညှပ်ပြီး အ၀ကျယ်ပန်းကန် တစ်ခုထဲ ထည့်ပါ။
ပြီးရင် ပုစွန်ခြောက်မှုန့် အပါအ၀င် အစာပလာများအားလုံး၊ အချို၊အငန်နဲ့
သံပရာသီးကို အရည်ညှစ်ထည့်ပြီး သမ အောင်နယ်၍ သုပ်ပါ။ အရသာ အနေတော်ဆိုရင်
စားလို့ရပါပြီ။
ဒီနေ့ ဟင်းအတွဲအဖက်မှာတော့ ဆိတ်သားစဉ်းကော ဆီပြန်ဟင်းနဲ့ အအီပြေအောင်လို့
မြင်းခွာရွက်ကို အချဉ်၊ အစပ်လေးသုပ်ပေး ထားပါတယ်။ လိုက်ဖက်တဲ့
ပဲပင်ပေါက်အချို ဟင်းရည်လေးနဲ့ သုံးဆောင်ကြည့်ပါ။
ပဲပင်ပေါက်ဟင်းရည်
ပဲပင်ပေါက် - ၁၅ ကျပ်သား (ရေဆေးသန့်စင်ထားရန်)
ပုစွန်ခြောက်မှုန့် - စတီးဇွန်းသေး ၁ဇွန်း
ကြက်သွန်ဖြူ - ၄မြွှာ (အသင့်ထုထောင်းထားရန်)
ဆား၊ကြက်သားမှုန့် - အနည်းငယ်စီ
အနေတော် အိုးထဲမှာ ရေနို့ဆီဘူး ၃/၄ဘူးခန့်ထည့်ပါ။ ပြီးရင်
ပုစွန်ခြောက်မှုန့်၊ကြက်သွန်ဖြူ၊ ဆား၊အသားမှုန့် အားလုံးထည့်၍
ဟင်းရည်ပွက်တဲ့အထိ တည်ပါ။ ဟင်းရည်ဆူပွက်လာရင် အရသာမြည်း၍
ပဲပင်ပေါက်များထည့်ပြီး ၁ မိနစ်ခန့်နေရင် မီးဖိုပေါ်မှ ချလိုက်ပါ။
ဗီတာမင်ဓာတ် ကြွယ်ဝတဲ့ ပဲပင်ပေါက်ချိုချိုဟင်းရည် ကျက်ပါပြီ။




No comments: