Wednesday, April 26, 2023

လစ်ဘရယ်မျိုးချစ်

 



• လစ်ဘရယ်မျိုးချစ်။ 

• လစ်ဘရယ်နေရှင်နယ်လစ်။ 

• လစ်ဘရယ်အမျိုးသားရေးဝါဒ။ 


၁။ မြန်မာနိုင်ငံဟာ ဘယ်လို ဖက်ဒရယ်စနစ်မျိုးကိုပဲ တည်ဆောက်သည် ဖြစ်စေ – လူမျိုးစုနိုင်ငံရေး အခင်းအကျင်းနဲ့ လုံးဝ ခွာထုတ်လို့ ရမယ့် တိုင်းပြည်မျိုး မဟုတ်ပါ။ ထိုနည်းလည်းကောင်း ဒီမိုကရေစီစနစ်ကို ဘယ်လို ပုံစံနဲ့ သွားသည် ဖြစ်စေ – လူမျိုးစုနိုင်ငံရေးကို ဖယ်ထုတ်လို့ မရပါ။ ပြည်တွင်းက လူမျိုးစုနိုင်ငံရေးကို ကြည့်ရင်လည်း — ethnocentric nationalism ဘက်ကို အတော်ကြီး တိမ်းညွှတ်တာကို တွေ့ရပါတယ်။ 


၂။ မျိုးချစ်ဝါဒ (တနည်း) သွေးဗဟိုပြုအမျိုးသားရေးဝါဒ ဟာ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ အထူးသဖြင့် ပြည်ထောင်စုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်တဲ့ နေရာမှာ လူမျိုးရေးအခုအခံတွေနဲ့ ရှေ့မရောက်အောင် လုပ်နိုင်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ ဖြစ်တည်မှုကို ကျယ်ပြန့်အောင် ကျေးဇူးမပြုဘဲ နဂိုကထက် ပိုမိုကျုံ့ဝင်အောင် အပံ့အပိုးဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် မျိုးနွယ်နဲ့ သွေးသားကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ အမျိုးသားရေးဝါဒဟာ — အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ် တည်ဆောက်ရေးအတွက် အခုအခံ အတားအဆီး မဖြစ်အောင် ကြံဆဖို့ လိုပါတယ်။ 


၃။ အဲသည့်အတွက် နည်းလမ်းရှိပါတယ်။ အဲဒါကတော့ — တည်ဆဲ အမျိုးသားရေးဝါဒကို ဖယ်စရာ မလိုဘဲနဲ့ လစ်ဘရယ်ဝါဒနဲ့ ပူးကပ်တည်ဆောက်ဖို့ပါ။ လူမျိုးကို အခြေပြုပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလာတဲ့ လူမျိုးစုလွတ်မြောက်ရေးတပ်ဖွဲ့တွေမှာ – အမျိုးသားရေးဝါဒကို ဖယ်ပြီး စဉ်းစားလို့ မရပါ။ ဒါက အရှိတရားဖြစ်သလို၊ အဖြစ်တရားလည်း ဖြစ်ပါတယ်။ လူမျိုးစုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲလာတဲ့လူတွေကို — လူမျိုးစုနိုင်ငံရေး မလုပ်ပါနဲ့လို့ ပြောရင် ဖြစ်နိုင်ပါ့မလား၊ ဖြစ်သင့်ပါ့မလား၊ ဖြစ်လို့ရော ရပါသလား။ ဒါကို ကန့်သတ် တားဆီးလို့ မရပါ။ ဒါ့ကြောင့် ကန့်သတ်တားဆီးတာမျိုး မလုပ်ဘဲနဲ့ ဘေးထွက်ဆိုးကျိုးနည်းအောင် လုပ်ရပါလိမ့်မယ်။ 


တနည်း — 


• ကြမ်းရှတဲ့ မျိုးချစ်ဝါဒကို ယဉ်ပါးအောင် လုပ်ရပါလိမ့်မယ်။ 

• ရန်လိုတဲ့ မျိုးချစ်ဝါဒကို ယဉ်ကျေးအောင် လုပ်ရပါလိမ့်မယ်။ 

• အစွန်းရောက်တဲ့ မျိုးချစ်ဝါဒကို အသုံးတည့်အောင် လုပ်ရပါလိမ့်မယ်။ 


၄။ အဲသည့်အတွက် ဘာလုပ်ရပါမလဲ။ လစ်ဘရယ်နှုန်းစံတွေနဲ့ ပူးကပ်ယှဉ်တွဲ ပစ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ လစ်ဘရယ်အယူအဆကို နားလည်လက်ခံတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ လစ်ဘရယ်အတွေးအခေါ်ကို သဘောပေါက် နှစ်ခြိုက်တဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ လစ်ဘရယ်တန်ဖိုးတွေကို ကျင့်သုံးလာတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ ဒါဟာ မြန်မာပြည်တွင်းက လူမျိုးစုနိုင်ငံရေးကို ဘီလူးခေါင်းအဖြစ်ကနေ မင်းသားခေါင်းအဖြစ် ပြောင်းလဲပစ်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ 


၅။ လက်ရှိ မြန်မာပြည်တွင်းက ဗမာ မဟုတ်သော တိုင်းရင်းသားလူမျိုးစုတွေကို ကြည့်ရင် – အားလုံးဟာ ဖက်ဒရယ်လစ်တွေ မဟုတ်ပေမယ့်၊ အားလုံးလိုလိုက နေရှင်နယ်လစ်တွေ ဖြစ်နေတာကို‌တွေ့ရပါတယ်။ ဗမာတွေထဲမှာလည်း ဗမာနေရှင်နယ်လစ်တွေ ရှိနေပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ — နေရှင်နယ်လစ်တွေ / အမျိုးသားရေးဝါဒီတွေကို ဒီမိုကရေစီနဲ့ ရန်ဖက် မဖြစ်စေဘဲ၊ မိတ်ဖက်ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေဟာ – ဒီမိုကရေစီကို သိပ် မ ပြော။ ဖက်ဒရယ်ကိုသာ ဇောင်းပေးပြောတာ တွေ့ရပါတယ်။ သို့သော် ဖက်ဒရယ်မှာလည်း ဒီမိုကရေစီလေးနဲ့မှ… လို့ သတိပေး လက်တို့နေရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါ့ကြောင့် အနာဂတ် မြန်မာပြည်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ဖို့ဆိုရင် – ဖက်ဒရယ်လစ် တွေနဲ့ ဒီမိုကရက်တစ်တွေ သိမ်မွေ့စွာ ပေါင်းစည်းဖို့ လိုအပ်ပါတယ်။ 


၆။ ဖက်ဒရယ်လစ်တွေနဲ့ ဒီမိုကရက်တစ်တွေ သိမ်မွေ့စွာ ပေါင်းစည်းဖို့အတွက်ဆိုရင် – ဖက်ဒရယ်ဘက်ကို အားသာတဲ့ မျိုးချစ်ဝါဒီ (တနည်း) ဖက်ဒရယ်ဘက် တိမ်းညွှတ်ချက်ရှိတဲ့ အမျိုးသားရေးဝါဒီတွေကို — လစ်ဘရယ် အမျိုးသားရေးဝါဒီတွေဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ တနည်းအားဖြင့် မြန်မာပြည်မှာ လစ်ဘရယ်နေရှင်နယ်လစ်တွေ အမြောက်အမြား ပေါ်ထွက်ဖို့ လိုပါတယ်။ အဲသည့်အတွက် — လစ်ဘရယ်ဝါဒနဲ့ အမျိုးသားရေးဝါဒဟာ ပြိုင်ဘက်တွေ မဟုတ်၊ မိတ်ဖက်တွေဆိုတာကို နားလည်သဘောပေါက်အောင် လုပ်ကြဖို့ ဖြစ်ပါတယ်။ 


၇။ လစ်ဘရယ်အမျိုးသားရေးဝါဒ / လစ်ဘရယ်နေရှင်နယ်လစ်ဇင် ဖြစ်ထွန်းဖို့အတွက်ဆိုရင် အောက်ပါ စကားလုံး တချို့ကို နူးညံ့စွာ အသွင်ပြောင်းနိုင်မှ ဖြစ်ပါလိမ့်မယ်။ အဲဒါတွေကတော့ — 


• Aggressive Nationalism ( ရန်လိုတဲ့ အမျိုးသားရေးဝါဒ) 

• Rigid Nationalism (ကြမ်းတမ်းတဲ့ အမျိုးသားရေးဝါဒ) 

• Radical Nationalism (အစွန်းရောက် အမျိုးသားရေးဝါဒ) 

• Conservative Nationalism (ရှေးရိုးစွဲ အမျိုးသားရေးဝါဒ) 


စတဲ့ စကားလုံးတွေကို – လစ်ဘရယ်အမျိုးသားရေးဝါဒ အဖြစ်ကို အသွင်ကူးပြောင်းစေဖို့ လိုပါတယ်။ လူတွေဟာ ကိုယ့်အမျိုးကို ချစ်တာ အပြစ်တော့ မဟုတ်ပါ။ ဒါပေမယ့် ရန်လိုတဲ့ မျိုးချစ်ဝါဒ မဖြစ်အောင် ပြုပြင်ဖို့ လိုပါတယ်။ လူတွေဟာ ကိုယ့်အမျိုးကို ချစ်တာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကြမ်းတမ်းတဲ့ မျိုးချစ်ဝါဒ မဖြစ်အောင် ပုံသွင်းဖို့ လိုပါတယ်။ လူတွေဟာ ကိုယ့်သွေးသားဆွေမျိုးကို ချစ်တာ သဘာဝပါပဲ။ ဒါပေမယ့် အစွန်းရောက်တဲ့ မျိုးချစ်ဝါဒ မဖြစ်အောင် ပြုပြင်ဖို့ လိုပါတယ်။ လူတွေဟာ ကိုယ့်အမျိုးကို စွဲတတ်တာ ပုံမှန်သဘောပါပဲ။ ဒါပေမယ့်  ရှေးရိုးစွဲမျိုးချစ်ဝါဒ မဖြစ်အောင်တော့ လုပ်ယူလို့ ရပါတယ်။ 


ဒီလို ကြိုးစားကြဖို့အတွက် — လစ်ဘရယ်အယူအဆတွေနဲ့ မျိုးချစ်ဝါဒီတွေကို ယဉ်ပါးအောင် ပူးကပ် လေ့ကျင့်ပေးဖို့၊ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ တာဝန်ရှိပါတယ်။ ဒီအလုပ်ကို တာဝန်သိတဲ့ လူမှုပြုပြင်ရေးဝါဒီ (Social Reformist) တွေ တာဝန်ယူလုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ပါကြောင်း….။ 


မင်းသေ့ 


ည ၁၀း၀၄ 

၂၄ - ဧပြီ - ၂၀၂၃။