Wednesday, September 30, 2009

Terribly Headache

ခေါင်းကိုက်လို့ အော်နေရပါသလား
လူအများစုဟာ လုပ်ငန်းခွင်မှာ တစ်နေ့လုံး စိတ်ဖိစီးမှုတွေရှိခဲ့ရင် (ဒါမှမဟုတ် အရက်သောက်တာ များသွားခဲ့ရင်) ခေါင်းကိုက်ဝေဒနာခံစားရလေ့ရှိတယ်။ သို့သော် ဘ၀ရဲ့အစိတ်အပိုင်းအဖြစ် တစ်ခါတစ်ရံ ခေါင်းကိုက်တာကို လက်ခံနိုင်ပေမဲ့ အကြိမ်ကြိမ် ခေါင်းကိုက်တာလည်း ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းတွေကတော့ သွေးကြောများ ညှစ်ခြင်း၊ရောင်ရမ်းခြင်း၊ကြွက်သားများ ဖျတ်ခနဲ ရုန်းပြီး ကျုံ့ခြင်း (သို့မဟုတ်) တစ်နေရာမှာ ရောဂါဖြစ်လို့ (ခေါင်းကိုက်ခဲခြင်း)တို့ကြောင့် ဖြစ်နိုင်တယ်။


လူအများစုကတော့ ခေါင်းကိုက်ရင် ခေါင်းကိုက်ပျောက်ဆေးတွေကို ကိုယ့်ဘာသာကိုယ် ၀ယ်သောက်လေ့ရှိတယ်။ သို့သော် ခေါင်းကိုက်တာ မကြာခဏဖြစ်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် (သို့မဟုတ်) သင့်ဆရာဝန်ကို အောက်ပါမေးခွန်းများ မေးကြည့်ပါ။

ခေါင်းကိုက်တာ လူနေမှုအကျင့်စရိုက်ကြောင့်လား။
"စိတ်ဖိစီးမှုများတာကြောင့် ခေါင်းကိုက်တာနဲ့ တွဲဖြစ်တတ်တယ်။ စိတ်ဖိစီးမှုများရတဲ့အထဲ အရက်နဲ့ဆေးလိပ်ပါ တွဲလိုက်တော့ ပိုဆိုးရွားသွားစေတယ်" လို့ မက်ကွာရီ ယူနီဗာစီတီရဲ့ စိတ်ကျန်းမာရေးစင်တာမှ စိတ်ပညာရှင် ဂျိုနသန်တက်စ်တန်က ရှင်းပြပါတယ်။ ကြွက်သားတောင့်တင်းနေခြင်း၊ ကသိကအောင့်ဖြစ်ရခြင်း၊(အသေးအဖွဲကိစ္စတွေကြောင့်) စိတ်မကြည်မလင် (အနှောင့်အယှက်)ဖြစ်ခြင်းတို့ကြောင့်နဲ့ စိတ်ပြေလက်ပျောက် စိတ်အပန်းပြေရန် အခက်အခဲဖြစ်နေခြင်းတို့က သင့်ကို ခေါင်းပိုကိုက်စေအောင် ၀န်ထုတ်ဝန်ပိုးဖြစ်စေပါသတဲ့။

ကျန်းမာရေးပညာရှင် ဒေါက်တာချောင်ရင်းချန်ရဲ့ ပြောပြချက်အရ 'သောကကြောင့် ခေါင်းကိုက်တာဟာ အဖြစ်အများဆုံး အမျိုးအစားဖြစ်တယ်၊ ဦးခေါင်းရိုးပေါ် အုပ်ထားတဲ့ကြွက်သားတွေ ကျုံ့တဲ့အတွက်ကြောင့်ဖြစ်တယ်၊ ကိုယ်စိတ်နှစ်ပါးဖိစီးမှုကြောင့် ဖြစ်လေ့ရှိတယ်' လို့ဆိုပါတယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
"သင်ခေါင်းကိုက်တာဟာ စိတ်ဖိစီးမှုကြောင့်လားဆိုတာ သေချာရန် သင့်ဆရာဝန်နှင့်ပြပါ။ ဘာကြောင့်ဖြစ်ရသလဲဆိုတာ စိစစ်ဝေဖန်ပါ" လို့ ဂက်စ်တန်က အကြံပေးပါတယ်။ ယောဂ၊လေ့ကျင့်ခန်း၊အိပ်ရေး၀၀အိပ်ခြင်း၊ ကောင်းစွာအစာစားခြင်းနဲ့ တရားထိုင်ခြင်းများက စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းများကို သက်သာစေနိုင်ပါတယ်။

ခေါင်းကိုက်ရတာ အစားအစာတွေကြောင့်လား
အစာမစားဘဲ နပ်ကျော်သွားရင် သွေးတွင်း အချိုဓာတ် ကျဆင်းသွားတယ်။ အဲဒီ့အခါ သင့်ခန္ဓာကိုယ်ထဲမှာ အက်ဒီနလင် ခေါ် ဟော်မုန်းကို ပိုထွက်စေပါတယ်။ သည်ဟော်မုန်းက သွေးကြောတွေပေါ် သက်ရောက်မှုဖြစ်စေတော့ ခေါင်းကိုက် လာရခြင်းဖြစ်တယ်။ သင်စားတဲ့ အစားအစာတွေကြောင့် သင်ခေါင်းကိုက်တယ်လို့ထင်ရင် အစာမှန်မှန်စားခြင်းနဲ့ အချို ဓာတ်နည်းတဲ့ အဆာပြေစားစရာများက ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ကဖင်းဓာတ်၊ MSG ကဲ့သို့ အနံ့ အရသာမြှင့်ထားတဲ့ အစားအစာများ၊ ချောကလက်များနှင့် ချိစ်တို့ကလည်း ခေါင်းကိုက်စေနိုင်ပါသတဲ့။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
ကဖင်းသောက်ခြင်းကို ဖြတ်ရန်ကြိုးစားပါ။ သို့သော် ကဖင်းကို တဖြည်းဖြည်းချင်းဖြတ်ပါ။ နို့မဟုတ်လျှင် ကဖင်းချက်ချင်းဖြတ်တဲ့အတွက် ခေါင်းပိုကိုက်စေနိုင်ပါတယ်။

ဟော်မုန်းတွေကြောင့်ခေါင်းကိုက်တာလား
အချို့သော ခေါင်းကိုက်ခြင်းများဟာ အမျိုးသမီး၏ ရာသီသွေးစက်ဝန်းနှင့် သက်ဆိုင်နှီးနွယ်နေတတ်ပါတယ်။ ရာသီမဆင်း ခင်၊ ဆင်းနေစဉ်အတွင်း သို့မဟုတ် ရာသီလာပြီးနောက် ချက်ချင်းကိုက်တတ်တယ်လို့ ဒေါက်တာချောင်က ရှင်းပြပါတယ်။ ဒါဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီဘုန်းဟော်မုန်းတို့ ပြောင်းလဲမှုနှင့် နှီးနွယ်နိုင်ပါတယ်။ အချို့အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ခံစားရတဲ့ ရောဂါစုအပြင် အခြားဝေဒနာတွေ နဲ့တွဲပြီး ခေါင်းကိုက်တတ်ပါသေးတယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
လစဉ် သည်အချိန်မျိုးမှာပဲ ခေါင်းကိုက်တတ်တယ်ဆိုရင် ဆရာဝန်နှင့်ပြပါက ခေါင်းကိုက်ပျောက်ဆေး သို့မဟုတ် သန္ဓေ တားဆေးပြားပေးခြင်းဖြင့် ဟော်မုန်းတွေ မှန်ကန်လာအောင် ကူညီပါလိမ့်မယ်။ နဂိုကတည်းက သင်ဟာ သန္ဓေတားဆေး ပြားသောက်နေသူဆိုရင် အခြားအမျိုးအစားမတူတဲ့ ဆေးပြား သို့မဟုတ် ဆေးညွှန်းပြောင်းပေးပါလိမ့်မယ်။ အချို့သော အမျိုးသမီးတွေက ဟိုနီယိုပက်သစ် ကုထုံးနှင့် သက်သာနိုင်ပါတယ်။

မျက်လုံးတွေကြောင့် ခေါင်းကိုက်တာလား
မျက်မှန်ကျွမ်းကျင်သူ ပေါ်လာမိုနာကိုရဲ့ ရှင်းပြချက်အရာ မျက်မှန်ကြောင့်လည်း ခေါင်းကိုက်တတ်ပါသတဲ့။ အထူးသဖြင့် ဒီဂရီမမှန်တဲ့မျက်မှန်၊ ကိုယ်နဲ့ ဒီဂရီမကိုက်တဲ့ မျက်မှန်မျိုး တပ်ဆင်မိလျှင် မျက်စိကြည့်ရတာ အားနည်းပြီး ခေါင်းကိုက်ပါ တယ်။ မျက်စိရောဂါတွေဖြစ်တဲ့ ထောင့်ကျဉ်း၊ ရေတိမ်နဲ့ နားထင်အဆစ်အမြစ် ရောင်ရမ်းပါကလည်း ခေါင်းကိုက်တတ် ပါတယ်။

ကျွမ်းကျင်သူ၏အကြံပေးစကား
မျက်စိမှန်မှန် စစ်ဆေးစမ်းသပ်ပါ။ ကွန်ပျူတာရှေ့ အချိန်အကြာကြီး အချိန်ဖြုန်းလျှင် မိနစ်၃၀ခန့်တိုင်းမှ မျက်စိကိုအနား ပေး၊ အဝေးက သစ်ပင်စိမ်းစိမ်းတွေ စိုက်ကြည့်ပါ။

ကိုယ်ဟန်အနေအထားကြောင့် ခေါင်းကိုက်ရတာလား
စားပွဲကုလားထိုင်မှာ နာရီပေါင်းများစွာကြာအောင် ထိုင်အလုပ်လုပ်ပြီးနောက် သင်ခေါင်းကိုက်လာတယ်ဆိုရင် ဒီပြဿနာ ကတော့ သင့်ရဲ့ ကိုယ်ဟန်အနေအထားကြောင့် ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စားပွဲပေါ် လက်နှစ်ဖက်ထောက် လိုက်ရင် သင့်ရှပ်အင်္ကျီ ပခုံးချုပ်ရိုးကြောင်းအပေါ်မှာ နားရွက်နှစ်ဖက်က ချိန်လုနီးပါးဖြစ်နေခြင်း သို့မဟုတ် သင်ထိုင်တဲ့ ကုလားထိုင်က သိပ်မြင့်လွန်း(သို့) နိမ့်လွန်းတဲ့အတွက် ခန္ဓာကိုယ်က တောင့်တောင့်ကြီး အလုပ်လုပ်ရတဲ့အတွက် ကိုယ် အနေအထားမမှန်တော့ ကြာရှည်လာတဲ့အခါခေါင်းကိုက်လာရခြင်းဖြစ်တယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
အခြားကိုယ်ဟန်အနေအထားတွေကလည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသေးတယ်။ ဥပမာ ၀မ်းဗိုက်ကိုခေါက်ပြီး အိပ်ပျော်သွားမိတာ စားပွဲပေါ်မှာ ခေါင်းအုံးမအုံးဘဲ အိပ်ပျော်သွားတာတွေကလည်း ခေါင်းကိုက်နိုင်သေးတာပဲ။ လည်ပင်းကို ထောက်ကူပြီး သက်သောင့်သက်သာဖြစ်စေတဲ့ ခေါင်းအုံးတစ်လုံး ထားပြီး အိပ်ရပါမယ်။ ဒါမှမဟုတ်ရင် လည်ပင်းကြီးခေါက်ပြီး ခေါင်းကိုက်နိုင်တယ်။

သွားတွေကြောင့် ခေါင်းကိုက်တာလား
သွားတွေနဲ့ အစာကိုကြိတ်ဝါးခြင်း သို့မဟုတ် အံကြိတ်ခြင်းကလည်း ခေါင်းကိုက်စေပါသတဲ့။ ခံတွင်းနဲ့ မေးရိုးရောဂါ အထူးကုဆရာဝန် ဒေါက်တာ တောဘတ်ဖော်စ်ရဲ့ ရှင်းပြချက်အရ ခံတွင်းနှင့် မေးရိုးရောဂါတွေကြောင့် ဦးခေါင်းတစ်ဖက်တစ်ချက် မျက်လုံးအထက်နားဆီမှာ ခေါင်းကိုက်ဝေဒနာ ခံစားနိုင်ပါတယ်တဲ့။ မေးရိုးအဆစ်အမြစ်များ ချက်ကနဲမြည်ပြီး နားကိုက်နိုင်ပါသတဲ့။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
သင်ဟာ သွားခေါနေသူဖြစ်လျှင် အစာဝါးတဲ့အခါ ရှေ့ကိုပိုကိုက်မိတာ သို့မဟုတ် အောက်က သွားတွေနဲ့ပေါင်းပြီး ၀ါးလို့ မရတာတွေ ရှိနိုင်တယ်။ အဲဒီအခါ မေးရိုးဆိုင်ရာရောဂါတွေ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်သွားဆရာဝန်နှင့် တိုင်ပင်ပြသပါ။

ဦးနှောက်ကြောင့် ခေါင်းကိုက်တာလား
ဦးနှောက်ဟာ ခေါင်းကိုက်တဲ့ဝေဒနာ မခံစားရပါ။ သို့သော ဦးနှောက်အနီးပတ်ဝန်းကျင်ရှိ အရာများဖြစ်တဲ့ ဦးနှောက်အမြှေး ပါး၊ ဦးနှောက်သွေးကြောနဲ့ ဦးခေါင်းခွံအတွင်း လေလမ်းကြောင်းတွေကြောင့် ခေါင်းကိုက်နိုင်ရတယ်လို့ ဦးနှောက်နှင့် အာရုံ ကြောအထူးကုဆရာဝန် ဒေါက်တာ ဟန်ရစ်ကရန့်ဇ်က ရှင်းပြပါတယ်။ သွေးကြောတွေ ကျယ်လာ(သို့) ကျဉ်းလာတဲ့အခါ နာကျင်ကိုက်ခဲတတ်တယ်။ အမြင်ပြောင်းလဲလာတယ်။ မအီမသာဖြစ်လာတယ်။ ခြေလက်ထုံကျင်တတ်တယ်။ တစ်ခါတစ်ရံသွေးကြော ဖောင်းလာပြီး သွေးကြောတွေ ပေါက်ထွက်သွားကာ ဦးနှောက်သွေးကြောပြတ်တတ်ပါသေးတယ်။ သတိထားသင့်တဲ့ တစ်ချက်ကတော့ ရုတ်တရက် ခေါင်းကွဲမတတ် ထိုးပြီး ခေါင်းကိုက်ရင် ဒါဟာ အရေးပေါ်ဆေးကုသဖို့ လိုတယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
ရုတ်တရက် ချက်ခြင်း ပုံမှန်မဟုတ်ဘဲ ခေါင်းကိုက်ပါက အရေးပေါ် ဆေးကုသမှု လိုအပ်တယ်။ မျက်စိပြာ/၀ါးသွားခြင်း မျိုးရှိခဲ့လျှင် (သို့မဟုတ်) အဖျားရှိလျှင် (သို့မဟုတ်) အပြုအမူဆိုင်ရာပြောင်းလဲမှုရှိရင် အရေးပေါ်ချက်ခြင်း ကုသရန်လို သည်။ မကြာခဏ ခေါင်းကိုက်လာရင် ခေါင်းတစ်ခြမ်းကိုက်တဲ့ မိုင်ဂရိန်း ဖြစ်နိုင်ပါတယ်။

ခေါင်းကိုက်ပျောက်ဆေးကို ကိုယ့်ဘာသာကိုယ်သောက်တာထက် တတ်ကျွမ်းတဲ့ ဆရာဝန်နှင့် ကုသမှုခံယူပါ။ အချို့သော ခေါင်းကိုက်ပျောက်ဆေး တွေဟာ လူကိုပိုပြီးဆိုးစေတတ်ပါတယ်။

ဒေါက်တာဖြူပြာနွယ်

Tuesday, September 29, 2009

မိမိ အသားအရေနဲ့ လိုက်ဖက်တဲ့ အရောင်တွေ ရွေးချယ်တတ်ဖို့

အ၀တ်အထည်ဆိုရာမှာ ဒီဇိုင်းမျိုးစုံ အရောင်အသွေးမျိုးစုံရှိနေကြပါတယ်။ တခြားသူဝတ်ဆင်ထားတာကို မြင်ပြီး ကိုယ် လည်းလိုက်ဝတ်ရာမှာ လိုက်ဖက်သွားတာရှိသလို ကိုယ်ဝတ်ထားပါမှ မလိုက်ဖက်တာမျိုးဖြစ် သွားတာလည်းရှိပါ တယ်။ မိမိရဲ့ ခန္ဓာကိုယ်ပုံစံ၊ အသားအရောင်နဲ့ လိုက်ဖက်ညီတဲ့ အရောင်ကာလာ၊ ဒီဇိုင်းကိုရွေးချယ်ဝတ်ဆင်မှသာ ဖက်ရှင်ကျ မယ်မဟုတ်လား။

အခု ကျွန်တော်ပြောပြမယ့်နည်းလေးတွေကတော့ ဘယ်အရောင်ကို ရွေးချယ်ရမယ်၊ ဘယ်အရောင်ကို ပစ်ပယ်ရမယ် ဆိုတာ ဆုံးဖြတ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

မိမိရဲ့အသားအရောင်
အမျိုးအစား (၁) – အအေးဓာတ်များတဲ့နေရာတွေမှာနေထိုင်တဲ့ လူတွေရဲ့ အသားအရေအမျိုးအစားဟာ ပြာနှမ်းနှမ်း သို့မဟုတ် ပန်းရောင်သန်းနေတတ်တဲ့ အမျိုးအစားပါ။ ဒါပေမယ့် ဖြူဖတ်ဖြူရော် ဖြစ်နေတတ်သလို အညိုရောင်၊ အမည်းရောင်အသားအရေမျိုးတွေလည်း ရှိတတ်ပါတယ်။
အေးတဲ့ရာသီမှာ နေထိုင်တဲ့သူတွေဟာ ဆံပင်အနက်ရောင်နဲ့ မျက်လုံးအရောင်ရင့်ရင့်ရှိတတ်ပါတယ်။ အာရှတိုက်သား တချို့နဲ့ အာဖရိကန် အမေရိကန် လူမျိုးစပ်တွေဟာ ဒီအမျိုးအစားထဲမှာပါဝင်ပါတယ်။

အမျိုးအစား(၂) – ပူပြင်းတဲ့ ရာသီဥတုလွှမ်းမိုးတဲ့ နိုင်ငံသားတွေက ဖျော့တော့ပြီး ပန်းရောင်လွှမ်းတဲ့ အသားအရေ ရှိပါတယ်။ ဒီလို လူတွေကတော့ ပုံမှန်အားဖြင့် ဆံပင် ရွှေအိုရောင်၊ အနက်ရောင်နဲ့ မျက်လုံးအရောင်ဖျော့ဖျော့ ပိုင် ဆိုင်ကြပါတယ်။

အမျိုးအစား (၃) – အေးမြလန်းဆန်းတဲ့ရာသီဥတုနဲ့ နိုင်ငံသားတွေရဲ့ အသားအရေဟာ ၀င်းဝါနေ တတ်ပါတယ်။ သူတို့တွေဟာ အနီရောင်၊ အနက်ရောင်ဆံပင်နဲ့ ပျားရည်ရောင်မျက်လုံးပိုင်ရှင်တွေပါ။

အမျိုးအစား(၄) – ခြောက်သွေ့တဲ့ ရာသီဥတုမှာ နေထိုင်လေ့ရှိသူတွေဟာလည်း ၀င်းလက်တဲ့ အသားအရေမျိုးရှိကြသူ တွေပါ။ ဒါ့ပြင် နို့နှစ်ရောင်နဲ့ အညိုရောင် အသားအရေမျိုးကိုလည်း ပိုင်ဆိုင်တတ်ကြပါတယ်။ ဒီအသားအရေပိုင်ရှင်တွေဟာ မြက်ခြောက်ရောင်၊ စတော်ဘယ်ရီ အနီရောင် ဆံပင်အရောင်တွေရှိတတ်ပြီး မှဲ့ခြောက်နဲ့ ပါးအို့နီနီ ရှိတတ်ပါတယ်။ မျက်လုံးအရောင်ကတော့ အစိမ်း ဒါမှမဟုတ် အပြာရောင် ဖြစ်တတ်ပါတယ်။

အသားအရေနဲ့ လိုက်ဖက်တဲ့ အ၀တ်အစားအရောင်ကို ရွေးချယ်မယ်ဆိုရင်
ပထမ အမျိုးအစားပိုင်ရှင်တွေဟာ ထင်ရှားတဲ့ အရောင်တွေကို ရွေးချယ်သင့်ပါတယ်။
ဥပမာ – အဖြူရောင်၊ အနက်ရောင်၊ မဲနယ်ပြာရောင်၊အနီရောင်နဲ့ ပန်းရောင်တောက်တောက်တွေမျိုးပေါ့။ သနပ်ခါးရောင်၊လိမ္မော်ရောင်နဲ့ ရွှေရောင်လိုမျိုး အရောင်မလွင်တာတွေကို ရှောင်ပါ။

ဒုတိယအမျိုးအစားပိုင်ရှင်တွေကတော့ ဖျော့တော့တဲ့အရောင်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ နှင်းဆီရောင်ဖျော့ ဖျော့၊ အပြာရောင် စတာမျိုးပေါ့။ ခရမ်းပြာနုရောင်၊ ဇီးရောင်၊နီညိုရောင်လေးတွေနဲ့ဆို အရမ်းလိုက်ဖက်မှာပါ။ အနက်ရောင်နဲ့ လိမ္မော်ရောင်တွေကိုတော့ ပစ်ပယ်လိုက်ပါတော့။

ဝင်းဝါတဲ့ အသားအရေပိုင်ရှင်တွေကတော့ အညိုဖျော့ရောင်၊ သနပ်ခါးရောင်၊လိမ္မော်ရောင်၊ရွှေရောင်နှင့် အညိုရင့်ရင့်တွေ ကို ရွေးချယ်နိုင်ပါတယ်။ မဲနယ်ပြာတို့၊ အပြာရောင်တို့ကိုတော့ မ၀တ်ချင်ပါနဲ့။

နောက်ဆုံး အသားအရေအမျိုးအစားပိုင်ရှင်တွေအတွက်ကတော့ အညိုဖျော့၊ အညိုရောင်၊ ရွှေဝါရောင်နဲ့ ရွှေညိုရောင်တွေ က အသင့်တော်ဆုံးဖြစ်မှာပါ။ အနက်ရောင် အပါအ၀င် ခပ်မှိုင်းမှိုင်းအရောင်တွေကို စိတ်ကူးထဲတောင် မထည့်နဲ့နော်။

အမြင်တွေကို လှည့်စားဖို့
သင့်ရဲ့ ပကတိအသားအရောင်အမြင်ပြောင်းသွားစေဖို့အတွက် ဆံပင်အရောင်ဆိုးခြင်းနဲ့ မိတ်ကပ်ပစ္စည်းတွေ(အမျိုးသမီး တွေအတွက်) က ကူညီပေးနိုင်ပါတယ်။ သင့်အသားအရေ ကောင်းခြင်း၊ မကောင်းခြင်းကိုသိခြင်းဟာလည်း အရောင်တွေ ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေတာမို့ ဖော်ပြထားတဲ့ နည်းလေးတွေနဲ့ စမ်းသပ်ကြည့်ရအောင်လား။ သင်လိုအပ်မည့်အရာတွေကတော့ အဖြူရောင် တဘက်တစ်ထည်၊ မှန်တစ်ချပ်နဲ့ ရွှေ၊ငွေ လက်ဝတ်ရတနာတစ်စုံစီပါ။

အဆင့်(၁) လက်ဖျံအတွင်းဘက်ကို ကြည့်လိုက်ပါ။ သွေးကြောစိမ်းတွေက အ၀ါရောင်အသားအရေပေါ်မှာ မြင်နေရတယ် ဆိုရင် သင့်အသားအရေကျန်းမာတယ်လို့ ဆိုရမှာပါ။ သွေးကြောတွေက အပြာရောင်သန်းနေမယ်ဆိုရင်တော့ အသား အရေကို ဂရုစိုက်ဖို့လိုပါလိမ့်မည်။

အဆင့်(၂) မျက်နှာပေါ်အောင် သင့်ဆံပင်တွေကို ပိုနီတေးလ်ပုံစံလေးစည်းလိုက်ပါ။ မျက်နှာကို ဆေးကြောသန့်စင်လိုက်ပြီး တဘက်အဖြူကို လည်ပင်းနဲ့ ပခုံးတစ်ဝိုက်မှာလွှားတင်ထားလိုက်ပါ။ တဘက်ရဲ့ အရောင်ဟပ်မှုကြောင့် သင့်မျက်နှာက ၀င်းဝါနေမည်ဆိုရင် အသားအရေကြည်လင်တာ ဖြစ်ပြီး၊ ပြာနှမ်းနေမယ်ဆိုရင်တော့ အသားအရေ ညစ်နွမ်းနေပါပြီ။

အဆင့်(၃) ရွှေ၊ငွေရတနာတွေနဲ့လည်း စမ်းသပ်ကြည့်လို့ရပါတယ်။ သင့်အသားအရေကောင်းခြင်း၊ မကောင်းခြင်းကို ဆုံးဖြတ်ရာမှာတော့ ဒီနည်းလမ်းက အထောက်အကူဖြစ်လှပါတယ်။ ငွေထည်နဲ့ ကြည့်ရတာလိုက်ဖက်တယ်ဆိုရင်တော့ သင့်အသားအရေဟာ သိပ်မကျန်းမာလှဘူးလို့ ယူဆနိုင်ပြီး ရွှေရောင်နဲ့ လိုက်တယ်ဆိုရင်တော့ အသားအရေ ကြည်လင် တယ်လို့ ပြောနိုင်ပါတယ်။

အဆင့်(၄) သင့်ရဲ့ ဆံပင်နဲ့မျက်လုံးတို့ရဲ့အရောင်ကို ကြည့်ပြီးတော့လည်း ဆုံးဖြတ်နိုင်ပါတယ်။ အသားအရောင်ဖျော့တော့ တဲ့သူတွေမှာ အများအားဖြင့် အပြာရောင် ၊ အစိမ်းရောင်၊ မီးခိုးမျက်ဝန်းတွေရှိကြပြီး ရွှေရောင်၊ အနက်ရောင် အညိုရောင် ဆံနွယ်ပိုင်ရှင်တွေဖြစ်ကြပါတယ်။ အသားအရေကြည်လင်သူတွေကတော့ အညိုရောင်၊ အနက်ရောင်၊စိမ်းညို့ရောင် မျက်ဝန်းတွေနဲ့ အနက်ရောင်၊အညိုရောင်၊ရွှေအိုရောင်၊ အနီရောင်၊ ဇီးရောင်ဆံနွယ်တွေနဲ့ လိုက်ဖက်လှပါတယ်။

ဇာနည်
Ref: http://www.ehow.com/

The Meaning of Color in Fashion

ဘာအရောင်ဝတ်မလဲ၊ဘယ်အရောနဲ့လိုက်ဖက်မလဲ၊စဉ်းစားရကျပ်နေလား။ အရောင်တွေနဲ့ဖက်ရှင်က သင်နဲ့ဘယ်လိုပတ်သက်မလဲဆိုတာရော..။

မနက်တိုင်း သင်ဝတ်တဲ့ အ၀တ်အစားတွေက သင့်အကြောင်းအတော်များများနဲ့ အဲဒီနေ့မှာ သင့်ခံစားမှု ဘယ်လိုရှိတယ် ဆိုတာ အခြားသူများကို ပြောပြပေးနိုင်ပါတယ်။ သင့်ရဲ့ လက်ဆွဲအိတ်သေးသေးလေး တစ်ခုကလည်း စကားပြောတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။

ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့အရောင်တွေကို ရွေးချယ်ပြီး ကိုယ်ပိုင်စတိုင်လ်ကို ဖန်တီးလိုက်ပါ။ ဒီတော့ အရောင်တွေအကြောင်းကိုနားလည်အောင် ကြိုးစားပြီး သူတို့နဲ့ပျော်ကြည့်ပါလို့။

အဖြူ
ဖက်ရှင်မှာတော့ ပေါ်ပြူလာဖြစ်တဲ့အရောင်ပါပဲ။ လင်းတယ်၊ အလယ်အလတ်ကျတယ်၊ ဘယ်အရောင်နဲ့မဆို လိုက်ဖက်တယ်။
နွေအရောင်လို့ သတ်မှတ်ကြပြီး အဲဒီကာလတွင်းမှာ ရွေးချယ်ဝတ်ဆင်ကြပါတယ်။ သင့်ဝတ်စုံထဲမှာ အနည်းနဲ့အများ အမြဲပါနေတတ်ပြီး ဘယ်အရောင်နဲ့မဆို လိုက်ဖက်ပါတယ်။ အပြာရောင် ဂျင်းဘောင်းဘီ၊ မီးခိုးရောင် စတိုင်လ်ဘောင်းဘီ၊ ချည်သားဘောင်းဘီလေးတွေ စတာတွေနဲ့ လိုက်ဖက်ပါတယ်။

သန့်ရှင်းစင်ကြယ်ခြင်း၊ ရိုးသားနူးညံ့ခြင်းဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပြီး လွတ်လပ်မှုနဲ့ မရှုပ်ထွေးတဲ့ ပွင့်လင်းလန်းဆန်းတဲ့ ခံစားမှုကိုဖြစ်စေပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ဖြူဖွေးတဲ့ မင်္ဂလာဝတ်စုံနဲ့ ဆို ချစ်စဖွယ်ကောင်းတယ် မဟုတ်လား။

အကြံပြုချက် – သင့်စိတ်ဓာတ်တွေ လင်းလက်တောက်ပနေအောင် အဖြူရောင်နည်းနည်းတော့ပါအောင် ၀တ်ဆင်ပါ။ အဖြူရောင် အပေါ်ဝတ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီစတာတွေပေါ့။

အနက်
ဖက်ရှင်မှာတော့ ပေါ်ပြူလာဖြစ်တဲ့အရောင်ပါပဲ။ အမြဲစတိုင်လ်ကျပြီး ဘယ်တော့မှ ခေတ်မတုံးပါဘူး။ အောက်ပိုင်းအတွက် အဆင်ပြေပါတယ်။ အဖြူနဲ့ပြောင်းပြန်ဆန့်ကျင်ဘက် အရောင်ဖြစ်ပေမယ့်သူလည်း ဘယ်အရောင်နဲ့မဆို လိုက်ဖက်ပါ တယ်။

ဒါပေမယ့် အပေါ်ပိုင်းအတွက်လည်း ပေါ်ပြူလာဖြစ်ပြီး ၀တ်ဆင်သူကို ပိန်သွယ်သယောင် ထင်ရစေပါတယ်။ အမျိုးသမီးတွေအတွက်ဆို ပန်းရောင်အိတ်လို အသုံးအဆောင်တွေနဲ့ လိုက်ဖက်တဲ့ အရောင်ပါပဲ။

လျှို့ဝှက်တဲ့အရောင်ဖြစ်လို့ နက်ရှိုင်းတဲ့ ခံစားမှုကိုရစေပါတယ်။ ဂုဏ်ကျက်သရေဆောင်တဲ့ အရောင်တစ်မျိုးဆို လည်းမမှားပါဘူး။

အကြံပြုချက် – အနက်ရောင် အပေါ်ဝတ်အင်္ကျီကိုဝတ်ထားရင် မျက်နှာကိုသတိမူမိစေတဲ့အတွက် မျက်နှာကိုသန့်စင်ကြည်လင်အောင်ထားသင့်ပါတယ်။ အနက်နဲ့တခြားအရောင်ရင့်တွေတွဲဝတ်လိုက်ရင် ဆွဲဆောင်မှုရှိတဲ့ ရင့်ကျက်မှုအသွင်ကို ရစေပါတယ်။

အနီ
ဖက်ရှင်မှာ ခံစားမှုကို ထိထိမိမိပြနိုင်တဲ့ အရောင်ဆိုရင် အနီကိုပဲ ပြရမှာပါ။ အရောင်အားလုံးထဲမှာ အထင်ရှားဆုံးနဲ့ အသွက်ဆုံးအရောင်ဖြစ်ပါတယ်။ ဆွဲဆောင်မှုနဲ့ စိတ်လှုပ်ရှားမှုကို ဖန်တီးနိုင်ပါတယ်။ ၀တ်ဆင်သူရဲ့ စိတ်လှုပ်ရှားမှု၊ ရဲရင့်မှု၊ စွမ်းအင်၊ စိတ်ပါဝင်စားမှုနဲ့ ယုံကြည်မှုတွေကို ပြသပါတယ်။

Sexy အရောင်လည်းဖြစ်ပါတယ်။ ရည်မှန်းချက်၊ အချစ်နဲ့ စွဲမက်မှုစတာတွေနဲ့လည်း ဆက်နွှယ်တဲ့အရောင်ပါ။

အကြံပြုချက် – mood အမျိုးမျိုးကို ထင်ရှားစေဖို့ အနီကို အနီရောင်မိသားစုထဲက အရောင်နဲ့ပဲ တွဲဝတ်ပါ။

အ၀ါ
ပေါ့ပေါ့ပါးပါးဖက်ရှင်မှာ အသုံးများပါတယ်။ ပျော်ရွှင်မှုကိုပြသောအရောင်ပါတဲ့။ တောက်ပသော အဆင်း ၊ အိနြေ္ဒရှိသော အ၀ါရောင်ဝတ်ဆင်သူပါ။

အနီနဲ့တူပြီး ဆွဲဆောင်မှုနဲ့ စိတ်လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ဒါပေမယ့် ပိုပြီးပျော်ရွှင်တောက်ပတဲ့ မျိုးဖြစ်စေပါတယ်။ ၀တ်ဆင်သူက သူရှိရာအုပ်စုထဲကို ပျော်ရွှင်လန်းဆန်းမှုသယ်ဆောင်လာနိုင်ပါတယ်။ အပြောင်းအလဲ နှစ်သက်သူတွေ အကြိုက်တွေ့တဲ့အရောင်ပေါ့။ အကောင်းမြင်ဝါဒနဲ့ ရှင်သန်သွက်လက်မှုကို ပေါ်လွင်စေတဲ့အရောင်ဖြစ်ပါတယ်။

အကြံပြုချက် – အရောင်ရင့်တွေနဲ့ တွဲဖက်ဝတ်ဆင်ရင် နုပျိုသွက်လက်တဲ့ အသွင်ဖြစ်စေပါတယ်။

အပြာ
အများစုကြိုက်တဲ့ ပေါ်ပြူလာအရောင်ဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ နေရာအနှံ့မှာ ဒီအရောင်ကိုတွေ့မြင် နေရတာအမှန်လေ ကောင်းကင်ပြာကနေ ပင်လယ်ပြာပြာ၊ ဖြူစင်တဲ့ကလေးတွေရဲ့မျက်ဝန်းလဲ့ပြာပြာ၊ ဖက်ရှင်ကျလှတဲ့ ဂျင်းဘောင်းဘီတွေမှာပေါ့။ ခံစားမှုအပိုင်းအရ အနီ၊ အ၀ါတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သက်သောင့်သက်သာရှိတဲ့ အမြင်မျိုးဖြစ်စေပါတယ်။ နေ့ဘက်ဝတ်ဆင်လို့ကောင်းတဲ့အရောင်ဖြစ်ပါတယ်။

နွေရာသီကောင်းကင်နဲ့ပင်လယ်ကို ကိုယ်စားပြုပြီး တည်ငြိမ်မှု၊ခင်တွယ်မှု၊ဈာန်ဝင်စားမှုတွေကို ဖော်ညွှန်းပါတယ်။
အကြံပြုချက် – အဖြူနဲ့တွဲဝတ်ရင် လန်းဆန်းတဲ့အသွင်ဆောင်ပါတယ်။

ပန်းရောင်
မိန်းကလေးတွေ ပိုမိုနှစ်သက်တဲ့အရောင်ပါပဲ။ ငယ်ရွယ်သူလေးတွေနဲ့အလွန်လိုက်ဖက်တဲ့အရောင်ပေါ့။ ချစ်ခြင်းတရားကို ဖော်ညွှန်းရာလည်းရောက်ပါတယ်။

အပြာနဲ့ဆင်တူပါတယ်။ မျက်လုံးကို နှစ်သိမ့်ကျေနပ်စေနိုင်တဲ့ အရောင်ဖြစ်ပါတယ်။
သဘာဝအားဖြင့် ချစ်စရာကောင်းပြီးကြာရှည်ခံတဲ့အသွင်ဆောင်ပါတယ်။ ပန်းရောင်ဟာ ချစ်ခြင်းမေတ္တာရဲ့ နူးညံ့မှုအသွင်ကိုလည်းဆောင်ပါတယ်။ ပန်းရောင်ဝတ်တဲ့မိန်းကလေးတွေက ကြည်သာချိုမြတဲ့ အသွင်ဆောင်ပါတယ်။
အမျိုးသားများအတွက်ကတော့ နုပျိုလန်းဆန်းတဲ့ ရုပ်သွင်အဖြစ်ထင်ဟပ်စေမှာပါ။

အကြံပြုချက် – ပန်းရောင်နည်းနည်းပေါင်းစပ်လိုက်ရင် မိန်းကလေးဆန်တဲ့အသွင်ဆောင်သွားရော။ ယောက်ျားလေးတွေအတွက်တော့ သတိထားဝတ်ဆင်သင့်တဲ့အရောင်ပါ။

အစိမ်း
စိုပြေလတ်ဆတ်တဲ့အရောင် ကြည့်သူမြင်သူတွေရဲ့မျက်စိထဲ သတိပြုမိစေတဲ့အရောင်တစ်ခုပါ။ စိမ်းစိုလန်းဆန်းသော ငယ်ရွယ်နုပျိုခြင်းကို ကိုယ်စားပြုခြင်းမည်ပါတယ်။

မိုးရွာပြီးနောက်ပိုင်း စိမ်းစိုနေတဲ့သစ်တောတစ်အုပ်ကိုမြင်ယောင်ကြည့်လိုက်ပါ။ နုပျိုစိမ်းလန်းတဲ့ ပြန်လည် လန်းဆန်းမှု ကိုဖြစ်စေတဲ့ အသွင်ကိုဆောင်ပါတယ်။ အစိမ်းရောင်ဝတ်တဲ့သူတွေမှာ ကျန်းမာကြံ့ခိုင်တဲ့သဘောဆောင်ပြီး အစိမ်းရောင်ရင့်ရင့်ဝတ်ဆင်သူများမှာ စွမ်းအင်ပြည့်နေတဲ့ သဘောတွေနဲ့ ပြည့်စုံပါတယ်။
ငယ်ရွယ်နုပျိုမှုရဲ့ သင်္ကေတ၊ အကောင်းမြင်ဝါဒရဲ့ စိမ်းလန်းမှုပါ။

အကြံပြုချက် – အ၀ါရောင် ဒါမှမဟုတ် အနီရောင်နဲ့တွဲဝတ်ရင်တော့ မျက်စိထဲမှာထင်းကနဲဖြစ်နေစေပါတယ်။ ခရစ်စမတ်လို ပွဲတော်များမှာ ထူးထူးခြားခြားတွဲဝတ်လို့ရတာပေါ့။

လိမ္မော်ရောင်
လူတွေရဲ့အမြင်မှာ ထူးထူးခြားခြား သတိထားမိအောင်စွမ်းတဲ့အရောင်ပါ။
စွဲမက်ဖွယ် အနီရောင် နဲ့ ပျော်ရွှင်ဖွယ် အ၀ါရောင်အတွဲအစပ်ကို လိမ္မော်ရောင်က သမမျှတစေပါတယ်။ အ၀ါရောင်လိုပဲ လိမ္မော်ရောင်ဟာ နှစ်လိုဖွယ်ဖြစ်စေတဲ့အရောင်ပါ။ ၀တ်ဆင်သူအနေနဲ့ နွေးထွေးမှု၊ စွမ်းအင်၊ပြောင်းလဲမှုသဘော၊ ကျန်းမာမှုတို့ကိုကိုယ်စားပြုပါတယ်။

အနီရောင်လို အာရုံစူးစိုက်မိစေတဲ့ အရောင်ဖြစ်စေပေမဲ့ လိမ္မော်ရောင်က ပိုမိုလန်းဆန်းတက်ကြွစေပါတယ်။ ဒါပေမဲ့ လိမ္မော်ရောင်အုပ်စုထဲက ကတော့ တခြားအရောင်တွေအပေါ် လွှမ်းမိုးသွားတာမျိုး လျော့နည်းပြီး ငြိမ်သက်နွေးထွေးမှု ကိုဖြစ်စေပါတယ်။

အကြံပြုချက် – တခြားသူများကိုအာရုံစူးစိုက်မှုရစေချင်ရင်တော့ တောက်ပတဲ့လိမ္မော်ရောင်ကိုသုံးပြီး နှစ်လိုဖွယ်နွေးထွေးမှု ကိုရချင်ရင်တော့ တခြားလိမ္မော်ရောင်ခပ်နုနုအုပ်စုထဲ ကရွေးချယ်ဝတ်ဆင်သင့် ပါတယ်။

ခရမ်းရောင်
သဘာဝလောကကြီးထဲမှာ အတွေ့ရနည်းတဲ့အရောင်ပါပဲ။ တခြားသူတွေရဲ့ နှစ်လိုမှုတွေကို သိမ်းယူနိုင်တဲ့ ညှို့ငင်ဆွဲဆောင်နိုင်တဲ့ အရောင်တစ်ခုပါပဲ။

တစ်ခါတစ်ရံမှာ ဖန်တီးထားသော အသွင်အဖြစ် ထင်မြင်စေတဲ့သဘောပေါ်လာတတ်ပါတယ်။ ခရမ်းရောင်ရဲ့ သဘောသဘာဝဟာ စည်းစိမ်၊တော်ဝင်ဆန်မှု၊ချမ်းသာခြင်းနှင့် ခေတ်မီဆန်းပြားမှုကို အလိုလိုပြဆိုပါတယ်။

အကြံပြုချက် – ခရမ်းရောင်ဟာ မိန်းမဆန်တဲ့အသွင်၊ ပြီးတော့ ချစ်စရာ့အသွင် အထူးသဖြင့် ပေါ့ပါးလှပတဲ့သဘော ဖြစ်စေတဲ့အတွက် မိန်းကလေးတွေအနေနဲ့ ညနေခင်းပွဲတက်ဝတ်စုံများမှာ ဒီအရောင်ကိုရွေးချယ်သင့်ပါတယ်။ ယောက်ျားလေးတွေအနေနဲ့တော့ ဂုဏ်သရေရှိပွဲအခမ်းအနားများတွင် ၀တ်ဆင်ခြင်းဖြင့် တင့်တယ်နိုင်ပါတယ်။

အညိုရောင်
သဘာဝအရောင်အုပ်စုထဲမှာ ကမ္ဘာမြေနဲ့ အနီးစပ်ဆုံးပါပဲ။
ဝတ်ဆင်သူများအတွက် အရည်အချင်းရှိမှု၊ ပြည့်ဝပေါကြွယ်မှု၊ အစစ်အမှန်ဖြစ်မှု သဘာဝကျမှု တွေကိုပြဆိုပါတယ်။ safari styles အတွက်အဆင်ပြေစေတဲ့အရောင်ဖြစ်ပါတယ်။

အာရုံစူးစိုက်မှု သိပ်မဖြစ်စေပေမဲ့ လူအများစုရွေးချယ်မိကြတဲ့အရောင်တစ်ခုပါ။
အကြံပြုချက် – အညိုရောင်အုပ်စုများဟာ ခန့်ထည်မှုကိုလည်းဖြစ်စေတဲ့အတွက် ရုံးတွင်းမှာဝတ်ဆင်နိုင်၊ အိုကေစေနိုင် လို့ ယူနီဖောင်းအတွက်ရွေးချယ်လိုက်ပါ။

ကဲ....ရှေ့ဆက်သွားရင်တော့ အရောင်တွေကအများကြီး။လိုက်ဖက်တဲ့ အရောင်လေးတွေ ကိုခံစားပြီး ကိုယ့်အကြိုက်၊ ကိုယ့်သဘောထားကို ဖော်ပြနိုင်လောက်ပါပြီ။

အရောင် စည်းမျဉ်းလေးတွေ
- တစ်ရောင်တည်းကိုအသားပေးပါ။(အဖြူ၊ အပြာ၊ အနီ စသဖြင့်)
- လိုက်ရင်မိုက်တယ်။ (အ၀ါနဲ့ အစိမ်းစသဖြင့်)
- အလယ်အလတ်အရောင်တွေကို ပေါင်းစပ်ဖို့သုံးပါ။ (အဖြူ၊ မီးခိုးရောင် စသဖြင့်)
- အမျိုးအစားတူအရောင်တွေကို ရောစပ်ပါ။ (Sky blue နဲ့ Navy blue စသဖြင့်)

ကိုယ်ပိုင်စတိုင်လ်ဖြစ်ဖို့တော့ သတိပြုပါ။ ဖက်ရှင်ကျကျဖြင့် သွားလာလှုပ်ရှားကြစို့လား။

Monday, September 28, 2009

Can Food Always Buy your Health? (2)

Food Additives and Food Safety
အစားအသောက် ထပ်ဖြည့်ပစ္စည်းများနှင့် ဘေးကင်းစိတ်ချရသော အစားအစာခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးမှုမှ ကောက်နုတ်တင်ပြပါသည်။


Food Additives အစားအသောက် ထပ်ဖြည့်ပစ္စည်းများဆိုသည်မှာ အစားအစာထဲတွင် အဓိကပါဝင်မှုအဖြစ်မဟုတ်ဘဲ အစားအစာအဖြစ်သာမန်အားဖြင့် အသုံးပြုလေ့မရှိဘဲ အစားအသောက်ထုတ်လုပ်ရာတွင် နည်းပညာပိုင်းအရ ထပ်ဖြည့် ပေးရသော ပစ္စည်းများကိုဆိုလိုသည်။

အစားအသောက်ထပ်ဖြည့် ပစ္စည်းများကိုဘာကြောင့်သုံးစွဲရသနည်းဆိုသည့် အကြောင်းရင်းများကိုလည်း ရှင်းပြခဲ့သည်။

အစားအသောက် ထပ်ဖြည့်ပစ္စည်းများသည် ယနေ့ခေတ်၏ အစားအစာထောက်ပံ့ရေးလုပ်ငန်းတွင် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။
၎င်းပစ္စည်းများသည် တိုးတက်များပြားလျက်ရှိသော မြို့နေလူတန်းစားများအတွက်ဘေးကင်းပြီး အရသာရှိသည့် အစား အစာများကို တစ်နှစ်ပတ်လုံး နှစ်သက်စွာ စားသောက်နိုင်ရန် ပါဝင်လျက်ရှိသည်။ ထို့အပြင် နေ့စဉ်ဈေးဝယ်သည့်အခါ စီစဉ်ခင်းကျင်းမှုတစ်ရပ်အဖြစ်ပါဝင်လျက်ရှိသည်။
အိမ်မှာပင်ပြုလုပ်သော အစားအစာများတွင် အစားအသောက်ထပ်ဖြည့်ပစ္စည်းများမပါဘဲပြုလုပ်နိုင်သည်။ သို့သော် စားသောက်ကုန်လုပ်ငန်းများတွင် ၄င်းတို့ကိုအသုံးပြုရခြင်းအကြောင်းရင်းမှာ အရေအတွက်များပြားစွာ ထုတ်လုပ်ရခြင်း၊ တာရှည်ခံအောင် အချို့ဆိုရင်နှစ်နဲ့ချီ၍ခံအောင် ပြင်ဆင်ရခြင်းကြောင့်ဖြစ်သည်။

အဓိကအကြောင်းရင်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အစားအသောက်ထပ်ဖြည့် ပစ္စည်းအမျိုးအစားများအကြောင်းကိုလည်း အသေးစိတ်ဖော်ပြခဲ့ရာ ၂၃မျိုးခန့်ဖော်ပြခဲ့သည်။ ဥပမာ – ပွအောင်ပြုလုပ်သည့်ဆေး၊ အရောင်ဆိုးသည့်ဆေး၊ တာရှည်ခံအောင်ထည့်သည့်ပစ္စည်း၊ အချိုအတု၊ ထူပျစ်လာအောင်လုပ်ပေးသည့် ပစ္စည်းစသဖြင့် အမျိုးမျိုးရှိကြောင်းသိရသည်။
အစားအစာများ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်ပုံကိုလည်း ဆွေးနွေးခဲ့သည်။ လူကိုအန္တရာယ်ပေးစေနိုင်သော အစားအစာ Hazards of Food များအကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။ အစားအစာများဘေးကင်းစိတ်ချရရေးအတွက် အစီအစဉ်များ၊ နိုင်ငံများတွင် အစေားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဌာန Food and Drug Administration (FDA) အဖွဲ့များဖွဲ့စည်း၍ ၄င်းအဖွဲ့များမှ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။

ပို၍ကောင်းသော၊ ကျန်းမာရေးအတွက် ပို၍ဘေးကင်းစိတ်ချရသော အစားအစာများဖြစ်ဖို့လိုအပ်ကြောင်း၊ အစိုးရဌာနများ သာမက လယ်ယာစိုက်ပျိုးရေးသမားများ၊ ထုတ်လုပ်သူများ၊ လုပ်ငန်းပိုင်ရှင်များ၊ အစားအသောက်ကိုင်တွယ် ပြင်ဆင်ပေးသူများအပြင် စားသုံးသူများကိုယ်တိုင် တာဝန်ရှိကြောင်း ဖော်ပြရင်း နိဂုံးချုပ်ခဲ့သည်။

Ref: ဒေါက်တာဒေါ်မြင့်မြင့်၊ဒုတိယညွှန်ကြားရေးမှူး၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန ရဲ့ Food Additives and Food Safety တင်ပြဆွေးနွေးချက်မှ

Contaminants in Food
အစားအစာများတွင် တွယ်ကပ်နေသော အညစ်အကြေးများ Contaminants in Food ခေါင်းစဉ်ဖြင့် ဟောပြောမှုမှ ကောက်နှုတ်တင်ပြပါသည်။

အစားအစာများထဲတွင် အန္တရာယ်ပေးနိုင်သောဓာတုပစ္စည်းများ သို့မဟုတ် ၄င်းတို့အပြင် ကျန်းမာရေး ပြဿနာများဖြစ်ပေါ်စေနိုင်သည့် အဏုဇီဝပိုးမွှားများပါရှိနေခြင်းကို Food Contamination ဟုခေါ်သည်။

ဓာတုပစ္စည်းများ ပါရှိမှုကြောင့် စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက်ခြင်းသည် အဆိုပါ ဓာတုပစ္စည်းအား နည်းနည်းစီဖြင့် နှစ်ကာလ ကြာမြင့်စွာ ထိတွေ့မှုဖြစ်ပြီးနောက်ပိုင်းမှ ဖြစ်ပေါ်လာတတ်ကြောင်း သိရသည်။ (ဥပမာ-ကင်ဆာရောဂါ)
ညိတွယ်ကပ်နေသော ဓာတုပစ္စည်းများသည် ၄င်းအစားအစာကို အပူပေးလိုက်သော်လည်း အကျိုးသက်ရောက်မှုမရှိပါ။ တစ်နည်းအားဖြင့် ဖယ်ရှားသွားခြင်းမပြုပါ။(ဤအချက်သည် အဏုဇီဝပိုးမွှားအများစုနှင့် မတူညီသည့်အချက်ဖြစ်သည်။)စိုက်ပျိုးမွေးမြူသည့်နေရာမှ စားမည့်သူ၏ ပါးစပ်ထဲအထိရောက်အောင် အဆင့်ဆင့်ဖြတ်သန်းလာစဉ်တွင် ကပ်ညိတွယ်မည့် ပစ္စည်းများ ပါလာနိုင်သည်။ အစားအစာများကို စုဆောင်းရယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်သိမ်း ဆည်းခြင်း၊ ဖြန့်ဝေခြင်း၊ စီမံပြုပြင်ခြင်း၊ တည်ခင်းကျွေးမွေးခြင်း စသည့်အဆင့်ဆင့်တွင် ညိတွယ်နိုင်သည်။

ဘေးကင်းစိတ်ချရရေးအတွက် လက်ခံနိုင်ဖွယ်ရာရှိသော နေ့စဉ်စားသုံးမှု Acceptable Daily Intake (ADI)နှင့် ခံနိုင်ရည်ရှိသော ပမာဏပါဝင်မှုသည် အစားအစာတစ်ခုချင်းအပေါ်တွင် အခြေခံအချက်ဖြစ်သော Non Observed Adversed Effect Level (NOAEL) ကို တိရစ္ဆာန်များတွင် စမ်းသပ်ပြီးမှ ဆုံးဖြတ်လေ့ရှိသည်။

အစားအစာများတွင် ပါဝင်သော ဓာတုပစ္စည်းများမှာ (၁) ထပ်ဖြည့်အစားအစာများ (Additives) ဖြစ်သည်။ တမင်ရည်ရွယ် ၍ ထည့်ခြင်းဖြစ်သည်။ (က) တာရှည်ခံအောင်ထည့်ရ သောပစ္စည်း၊ (ခ) အရောင်၊ (ဂ) ချိုအောင်ထည့်ခြင်း (အဟာရဓာတ် တန်ဖိုးမရှိ)၊ (ဃ) တာရှည်ခံအောင် ပြုပြင်ခြင်း(Curing)တို့အတွက် additivesများကိုသုံးရသည်။ (၂) တားမြစ်ထားသော ပစ္စည်းများ၊ (၃) ကပ်ညိတွယ်သောပစ္စည်းများ(ရည်ရွယ်၍ ပြုလုပ်ခြင်းမဟုတ်) တို့ဖြစ်သည်။
ထိုပစ္စည်းများထဲတွင် (က) ဆေးဝါးများအတွင်း ထည့်သွင်းအသုံးပြုသော ပစ္စည်းများ (Drug Residues) ၊ (ခ) ပိုးသတ်ဆေးအကြွင်းအကျန်များ (Pesticide Residues) ၊ (ဂ) အဆိပ်များ(ဥပမာ-အက်ဖလာတောက်ဆင် Aflatoxinများ) စသည်တို့ဖြစ်ကြောင်းသိရသည်။

အစားအစာများတွင် ကပ်ညိတွယ်မှုများ လျှော့ချရန်အတွက် လမ်းညွှန်များကို ထုတ်ပြန်ထားကြောင်း၊ ၄င်းတို့မှာ ပိုးသတ်ဆေးများ သုံးစွဲခြင်းကို လျှော့ချရန်၊ အဆိပ်ဖြစ်စေသော ပိုးသတ်ဆေးများကို အကန့်အသတ်နှင့် သုံးရန်၊ အန္တရာယ်ဖြစ်စေနိုင်သော အညစ်အကြေးများကို သေချာစွာစွန့်ပစ်ရန်၊ မွေးမြူရေးလုပ်ငန်းတွင် ဆေးများသုံးခြင်းကို လျှော့ချရန်၊ သိုလှောင်ခြင်းနှင့် ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန်၊ စားသုံးသူများ၏ အသိတိုးတက်လာအောင် ပြုလုပ်ရန်တို့ဖြစ်ကြောင်း တင်ပြခဲ့သည်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ကပ်ညိတွယ်သောပစ္စည်းများ စင်ကြယ်အောင်ဆေးကြောခြင်းအကြောင်းကို လည်းဆွေးနွေးခဲ့သည်။ Garbage Enzemy ကိုအသုံးပြု၍ ဆေးကြောပုံအကြောင်းနှင့် ၄င်းအင်ဇိုင်းပြုလုပ်နည်းအကြောင်း များကိုလည်း ရှင်းပြခဲ့သည်။

Ref: ဒေါက်တာစံအေး၊ဒုတိယညွှန်ကြားရေးမှူး၊ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) ရဲ့ Contaminants in Food ဆွေးနွေးတင်ပြချက်မှ

Friday, September 25, 2009

အလှမ်းကျယ် အလယ်မလပ်ကြစေဖို့

'ကိုဝင်း ရောက်နေတာ ကြာပြီလားဗျ'

'သိပ် မကြာသေးပါဘူးဗျာ၊ ဒါနဲ့ ခင်ဗျား စောစောရောက်နေနှင့်မယ်လို့ ပြောထားပြီး ဘာလို့နောက်ကျနေတာလဲ၊ ကျွန်တော်ဖြင့် ရေနွေးတစ်အိုး ကုန်တော့မယ်'

'ဆောရီးဗျာ၊ လမ်းမှာ ထီဆိုင်တွေ့တာနဲ့စိတ်ကြိုက်ဂဏန်းအတွဲလေးတွေ ရွေးထိုးနေလို့ နည်းနည်းနောက်ကျသွားတာပါ၊ သည့်အတွက်ကနေ့ လက်ဖက်ရည်ဖိုးကို ကျွန်တော်ပဲ ရှင်းပါ့မယ်ဗျာ'

'ဒီလိုဆိုတော့လည်း ရှိစေတော့ပေါ့ဗျာ၊ အဲ-ခင်ဗျားထီပေါက်ရင်တော့ ဒီလောက်နဲ့မရဘူးနော်'

'ဟောဒီက အထူးမင်္ဂလာစုံတွဲကြီး ပေါက်လို့ကတော့ ခင်ဗျားကြိုက်တဲ့ဟိုတယ် ပြောစမ်းဗျာ'
'ဟ၊လုပ်လှချေလား ကိုယ့်လူရဲ့၊ ခင်ဗျားထီထိုးတာကလည်း ဈေးဖိုးတစ်ပတ်စာလောက် ရှိနေပါ့လား၊ ကံစမ်းတယ် ဆိုပေမယ့် ကိုယ့်ဝင် ငွေနဲ့ ထွက်ငွေမျှအောင် ချင့်ချင့်ချိန်ချိန်လေး လုပ်ဦးမှပေါ့ဗျာ'

'ဒီတစ်ခါတော့ မချင့်ချိန်တော့ဘူးဗျာ၊ ခင်ဗျားတို့ ကျွန်တော်တို့လို ၀န်ထမ်းတွေအဖို့ ဒီတစ်သက် တိုက်နဲ့၊ခြံနဲ့၊ ကားနဲ့ နေနိုင်ဖို့ဆိုတာ အားကိုးစရာ ဒီထီကလေးပဲ ရှိတာဗျ၊ လှံထမ်းလာတာ မြင်ရပေမယ့် ကံထမ်းလာတာ မမြင်ရဘူး ဆိုတဲ့ စကားလည်း အရှိသားမဟုတ်လား'

'ကံယုံပြီးဆူးပုံနင်း ရာလည်း ရောက်နေပါဦးမယ် ကိုလင်းရယ်'

'ကံသာလျှင်အမိ ကံသာလျှင်အဖ ဆိုတဲ့ ဗုဒ္ဓရဲ့စကားရှိသေးတယ်လေဗျာ၊ ခင်ဗျားက ကံကိုမယုံရအောင် ဗုဒ္ဓဘာသာဝင် မဟုတ်သလိုပါ ဘဲလား၊ ခင်ဗျားကြည့်ရတာ အခုခေတ်ပေါ် အနောက်တိုင်းဒဿနတွေကို အားကျပြီး ကံကိုပစ်ပယ်ချင် လာပြီ ထင်တယ်'
'ဘယ်ကလာ အနောက်တိုင်းဒဿနတွေကို အားကျရမှာလဲ ကိုလင်းရယ်၊ ကျွန်တော်တို့ဘ၀မှာ တစ်ခါသေဖူးကတည်းက ပျဉ်ဖိုး နားလည်ခဲ့ပြီးပါပြီဗျ'

'ဒါဆို ခင်ဗျားက ကံ-ကံရဲ့အကျိုးကို ယုံကြည်ဖို့ကိစ္စမှာ ဘာလို့ အတွန့်တက်ချင်နေရတာတုံး၊ အတော်ပါပဲ၊ တလောကဖတ် လိုက်ရ တဲ့ဆောင်းပါးတစ်ပုဒ်ထဲက ဗုဒ္ဓ၀ါဒနဲ့ပတ်သက်ပြီး ကျွန်တော်ကြိုက်တဲ့ စာသားလေးတွေကူးထားတဲ့ စာရွက်ပါလာတယ်၊ ဒါဖတ်ပြမှ ခင်ဗျားအမြင် ကြည်လင်သွားမယ်'

'ဆိုစမ်းပါဦး ကိုလင်းရာ၊ ခင်ဗျားလိုလူက တလေးတစားကူးမှတ်ထားရုံမက တခြားသူကိုပါ ဖတ်ပြချင်လောက်အောင် ဖြစ်နေတယ် ဆိုတော့ စိတ်ဝင်စားစရာကောင်းမှာပါပဲ'
'ဒါပေါ့ဗျာ၊ အထူးသဖြင့် ခင်ဗျားတို့လို ကံကိုမယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေတဲ့လူမျိုးအတွက် သင့်လျော်လို့ တမင် ကူးယူလာတာ'
'ဆောင်းပါးက ဘာအကြောင်းအရာမို့လဲ'

'အဓိက ကတော့ အခုတလော ကျုပ်တို့မြန်မာပြည်က လူငယ်စာရေးဆရာတွေနဲ့ စာဖတ်ပရိတ်သတ်တွေအကြား တစ်ကျော့ပြန် ရေပန်းစားလာတဲ့ အိတ်ဇစ်ဝါဒ နဲ့ ပတ်သက်လို့ပေါ့ဗျာ'

'သြော်......ဖြစ်တည်မှုပဓာန၀ါဒ လို့ မြန်မာလိုပြန်ဆိုကြတဲ့ Existentialism ကိုပြောတာလား'
'ဟုတ်ပါ့ဗျာ၊ အိတ်ဇစ်စတင်ရှယ်လစ်ဇင်းဆိုတော့ ခေါ်ရတာ ရှည်လွန်းလို့ အိတ်ဇစ်လို့ အတိုကောက်သုံးကြတယ်၊ အိတ်ဇစ်ဝါဒပေါ့ဗျာ'

'အေးဗျ၊ တစ်ချိန်က ရုပ်ဝါဒ (Materialism) ကို ကျွန်တော်တို့ ငယ်စဉ်က စိတ်ဝင်စားခဲ့သလို အခုခေတ် လူငယ်တချို့ ကလည်း ခင်ဗျား ပြောတဲ့ အိတ်ဇစ်ဝါဒကို စိတ်ဝင်စားလာကြပြန်တာ တွေ့ရသဗျ၊ ဒီဝါဒနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ကခေတ်မမီဘူး၊နလပိန်းတုံးပဲ၊ ခင်ဗျားသိရင် နည်းနည်းပါးပါးရှင်းပြပါဦး'

'ကျွန်တော်လည်း ခင်ဗျားနဲ့ထူးမခြားနားပါပဲဗျာ၊ ဒါပေမယ့် ဒီဆောင်းပါး ဖတ်မိတော့ အိတ်ဇစ်ဝါဒကို ဗုဒ္ဓ၀ါဒနဲ့ နှိုင်းယှဉ်တင်ပြထားပုံလေး သဘောကျလို့ပါ'
'ဒါဆိုလည်း ခင်ဗျားဖတ်လာတဲ့ အိတ်ဇစ်ဝါဒဆိုင်ရာ ဆောင်းပါးထဲက ဗုဒ္ဓ၀ါဒနဲ့ပတ်သက်ပြီး သုံးသပ်တင်ပြထားပုံလေး လုပ်စမ်းပါဦး'

'ကျွန်တော်ဖတ်ပြမယ် နားထောင် – ဤအချက်တွင် အိတ်ဇစ်ဝါဒသည် ဗုဒ္ဓ၀ါဒနှင့် ဆန့်ကျင်လိမ့်မည်ဟု ကျွန်တော် ထင်ပါ ၏။ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓ၀ါဒီတစ်ဦးဖြစ်ဖို့အတွက် ပထမဆုံးအချက်အဖြစ် ကံနှင့် ကံ၏အကျိုး (ကမ္မဉ္စ ၊ ကမ္မဖလဉ္စ္စ) ကိုယုံကြည်ရ၏။ ပြီးလျှင် ဒုတိယအဖြစ် သရဏဂုံတည်ရ၏။ အတိတ်ကံကြောင့် ယခုဘ၀တွင် ကံပစ်ချရာ ကံစီမံရာအတိုင်း ဖြစ်လာရခြင်းဖြစ်၏။ အတိတ်ကံ ကြောင့် ချမ်းသာ၊ဆင်းရဲ ကွဲပြားကြရခြင်းဖြစ်၏-တဲ့ဗျ'

'အင်း-အိတ်ဇစ်ဝါဒဆိုတာ ဘာမှန်းရေရေရာရာ မသိသေးတဲ့ ကျွန်တော်တို့အဖို့ ဒီဝါဒဟာဗုဒ္ဓ၀ါဒနဲ့ ဆန့်ကျင်-မကျင်ဆိုတာ မပြောတတ် ပါဘူး၊ အဲ-ဒါပေမယ့် "အတိတ်ကံကြောင့် အခုဘ၀မှာ ကံပစ်ချရာ-ကံစီမံရာအတိုင်း ဖြစ်လာရတယ်၊ အတိတ် ကံကြောင့် ချမ်းသာ၊ဆင်းရဲ ကွဲပြားရခြင်းဖြစ်တယ်"ဆိုတာကတော့ ဗုဒ္ဓ၀ါဒရဲ့အယူဝါဒမဟုတ်ဘူး။ "လူ-ပုဂ္ဂိုလ်-သတ္တ၀ါ တို့ရဲ့ ချမ်းသာ ဆင်းရဲ၊ ကောင်းကျိုး ဆိုးပြစ် ခံစား စံစားမှုမှန်သမျှကို အတိတ်ဘ၀ကပြုခဲ့တဲ့ အပြုအမူတွေက၊ ဒါမှမဟုတ် တစ်စုံတစ်ယောက် သော ဖန်ဆင်းရှင်ထာဝရဘုရားက အစအဆုံးပြဋ္ဌာန်းပေးလိုက်ပြီးသား"လို့ ယုံကြည်ကြတဲ့ ကံကြမ္မာ ၀ါဒ (Fatalism) ပဲဗျ'

"ခင်ဗျားက ဝေဖန်ဖို့တယ်လောတာကိုး၊ လိမ့်ပတ်လည်အောင် ဆက်နားထောင်ဦးမှပေါ့ဗျာ – မျက်မှောက်ကံကော မပါဘူးလားဟု မေးကြပေလိမ့်မည်။ မျက်မှောက်ကံဖြစ်သော ကြိုးစားမှု-ဇွဲရှိမှု စသည်တို့မှာလည်း ထိုပုဂ္ဂိုလ်သတ္တ၀ါသည် ကြိုးစားသူ-ဇွဲရှိသူ ဖြစ်လာမည့် ကံပါလာသောကြောင့် ဖြစ်ပေသည်။ သို့သော် ၀ီရိယကောင်းပါလျက် ကံမကောင်းလျှင် မကြီးပွားနိုင် – တဲ့ဗျား"

"ဒါက ပိုဆိုးလာသေးသဗျ၊ ကြိုးစားဇွဲရှိတဲ့သူဖြစ်ဖို့ ကံပါလာလို့ ကြိုးစားဇွဲရှိကြတယ်ဆိုတဲ့ အယူအဆဟာ လူပျင်းလူဖျင်းတွေဘက်က ရှေ့နေလိုက်ရာ ရောက်နေတော့မှာပေါ့။၊ သူတို့က 'ကျုပ်တို့မှာပျင်းဖို့ကံပါလာ လို့ပျင်းပြီးရေသာခို အချောင်လိုက်နေတာပါခင်ဗျာ' လို့ပြော မှာ ဖြစ်သလို မတရားပြုမူနေသူတွေကလည်း 'ကျုပ်တို့မှာ ဒီလိုကံပါလာလို့ လုပ်ရတာဗျ၊ ကျုပ်တို့လုပ်ချင်လို့ မဟုတ်ဘူး၊ အပြစ် တင်ချင် ရင် အတိတ်ဘ၀ကံကိုပဲ အပြစ်တင်ပါ၊ ကျုပ်တို့မှာ အပြစ်မရှိဘူး' လို့အကြောင်းပြကြတော့မှာပေါ့၊ ဒီလိုသာဆိုလောကမှာ ချီးမွမ်းထိုက် ပူဇော်ထိုက်သူလည်းမရှိ၊ ကဲ့ရဲ့ထိုက်သူလည်းမရှိတော့ဘဲ အားလုံးအတိတ်ဘ၀ကံ ကြောင့်ချည်းပဲလို့ ယူဆရတော့မှာပေါ့။ ဗုဒ္ဓမြတ်စွာက လူသားတွေရဲ့ဘ၀ ချမ်းသာကြီးပွားကြောင်းတရား ငါးပါးအဖြစ် သဒ္ဓါဆိုတဲ့ယုံကြည်ချက်၊ ပညာဆိုတဲ့ ထိုးထွင်းသိမြင်မှု၊ ၀ီရိယဆိုတဲ့ ကြိုးပမ်းအားထုတ်မှု၊ သမာဓိဆိုတဲ့ တည်ကြည်မှုနဲ့ သတိဆိုတဲ့ မမေ့မလျော့ အလေးဂရုပြုမှုတို့နဲ့ပြည့်စုံဖို့ လိုအပ်ကြောင်းကိုသာ ရည်ညွှန်းဟောကြားခဲ့ပါတယ်။

"အေးဗျ၊ ဗုဒ္ဓမြတ်စွာက ၀ီရိယကိုဗိုလ်တစ်ပါးအဖြစ်နဲ့ အလေးအနက်ထား ဟောကြားခဲ့ပေမယ့် အတိတ်ဘ၀ကံကို ထည့်မဟောခဲ့ပုံ ထောက်ရင် မျက်မှောက်ဘ၀ ကြီးပွားချမ်းသာတိုးတက်ရေးအတွက် '၀ီရိယ' က'အတိတ်ကံ'ထက် အများကြီးအရေးပါ အရာရောက်တယ် ဆိုတာ ထင်ရှားနေပြီပဲ"

"ကဲကဲ –ခင်ဗျားရဲ့ အိတ်ဇစ်ဝါဒ ဆောင်းပါးထဲက ဗုဒ္ဓ၀ါဒအပေါ်သုံးသပ်ချက် နောက်တစ်ပိုဒ် ဆက်ဖတ်ပြပါဦးဗျာ"

"နားထောင်ဗျာ....ဆရာစန္ဒြရေးသော တစ်သက်တာမှတ်တမ်းတွင် နဒီဟူသောဗေဒင်အကြောင်း ထူးထူးဆန်းဆန်း ဖတ်ရပါလိမ့်မည်။ နဒီဗေဒင်တွင် လာမေးသူအားလုံးအတွက် ဟောစာတမ်းအသင့် ရှိပြီးသား။ အတိတ်ဘ၀ကိုလည်း ဟောသည်။ လက်ရှိဘ၀ကိုလည်း ဘ၀ဆုံးသည်အထိဟောသည်။ တစ်ခုသောဒေသတွင် တစ်ခုသောအချိန်ကာလ၌ မွေးဖွားခဲ့သော ပုဂ္ဂိုလ်တစ်ဦးအတွက် မည်သူက ဟောစာတမ်းအသင့်ရေးပေးခဲ့ပါသနည်း။ ထိုပုဂ္ဂိုလ်သည် ဤဒေသ-ဤကာလတွင် ဤသို့မွေးပြီး အသက်ဤမျှနေရမည်။ နေရသည့် ဘ၀အတွင်း ဒါတွေ ဒါတွေလုပ်လိမ့်မည်ဆိုသည်ကို ကြိုတင်ပြီးဟောထားနိုင်သော ဗေဒင်ဖြစ်၏။ ဖတ်ကြည့်ကြပါ – တဲ့ဗျား"

"ဆရာစန္ဒြက ဗေဒင်အကြောင်းရေးသွားတာပဲ၊ ဗုဒ္ဓ၀ါဒနဲ့ဘာများ ပတ်သက်လို့လဲဗျာ၊ ဗေဒင်ဆိုတာ ဗေဒ (Veda) ဆိုတဲ့ အတ္တ၀ါဒီ ဗြာဟ္မဏတွေရဲ့ လက်စွဲတော် ဝေဒလေးကျမ်းကဆင်းသက်လာတဲ့ ယုံကြည်မှုတစ်ခုပဲ။ 'မဟာဗြဟ္မာလို့ခေါ်တဲ့ ဖန်ဆင်းရှင်ထာဝရ ဘုရား က တော-တောင်-ရေ-မြေ-ကောင်းကင်-နက္ခတ်တာရာ ရှိရှိသမျှ သက်ရှိသက်မဲ့ ဟူသရွေ့ကို ဖန်ဆင်းထားပြီး နက္ခတ်တာရာတွေရဲ့ သွား လာလှုပ်ရှားမှုနဲ့ သက်ဆိုင်ရာ ဂြိုဟ်စောင့်နတ်မင်းတွေရဲ့ အပြုအမူဟာ သက်ရှိ လူသား တစ်ဦးစီရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းနိုင်တယ်' ဆိုတဲ့ ဟိန္ဒူဗြာဟ္မာဏတို့ရဲ့ အယူအဆနဲ့ 'လောကမှာ မဖောက် မပြန် အစိုးရတည်တံ့နေတဲ့ အရာရယ်လို့ မရှိဘူး'ဆိုပြီး ဖန်ဆင်းရှင် ထာဝရ ဘုရားကို ငြင်းပယ်ခဲ့တဲ့ အနတ္တ၀ါဒီဗုဒ္ဓရဲ့ အယူအဆ ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းစီပါဗျာ။ ဒီလို သက်မဲ့ဂြိုဟ် နက္ခတ် တာရာတွေဟာ သက်ရှိလူသားတစ်ဦးစီရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းပေးနိုင်စွမ်းမရှိပုံကို ဗုဒ္ဓမြတ်စွာက နက္ခတ်ကို စောင့်မျှော်သော လူမိုက်ကို အကျိုးစီးပွားသည် လွန်မြောက်သွားပေပြီ၊ အကျိုးစီးပွားကိုရခြင်းသည် အကျိုးစီးပွားလိုလားသူ၏ နက္ခတ်ပင်တည်း၊ နက္ခတ်တာရာတို့သည် အကျိုးစီးပွား စည်းကားတိုး တက်မှုကို အဘယ်မှာပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ကြကုန်အံ့နည်း လို့အတိအလင်း ဟောကြားခဲ့တာကို ဇာတက ၀တ္ထု၊ ဧကနိပါတ်၊နက္ခတ္တဇာတ်မှာ တွေ့နိုင်ပါတယ်ဗျာ"

"ဟာ၊ ဒီအတိုင်းဆို စာဖတ်ပရိတ်သတ်အနေနဲ့ ဗုဒ္ဓ၀ါဒနဲ့ ဗြဟ္မဏ၀ါဒကို ရောထွေးရှုမြင်ပြီး ဗုဒ္ဓ၀ါဒအပေါ် အမြင်တိမ်းစောင်းကုန်မှာ စိုးရိမ်ရသဗျ၊ အထူးသဖြင့်လူငယ်တွေ အမှန်ကိုသိမြင်လာအောင် ပြန်တည့်မတ်ပေးဖို့ လိုလိမ့်မယ် ကိုဝင်းရေ"
"အင်း......အလျဉ်းသင့်ရင်တော့ ဗုဒ္ဓရဲ့ ကံအယူအဆနဲ့ ပတ်သက်တဲ့ဆောင်းပါး တစ်ပုဒ်လောက်တော့ ရေးသေးတာပေါ့ဗျာ"

"အဲဒီလိုရေးရာမှာလည်း ခင်ဗျားအနေနဲ့ ဓမ္မစာပေပရိတ်သတ်အတွက် ဓမ္မမဂ္ဂဇင်းတစ်ခုခုမှာ အကျယ်တ၀င့်ရေးသင့်သလို ဓမ္မစာပေနဲ့ အလှမ်းဝေးပြီး ခေတ်ပေါ်မဂ္ဂဇင်းတွေနဲ့သာ ရင်းနှီးနေတဲ့လူငယ်အများစုအတွက် ခေတ်ပေါ်မဂ္ဂဇင်းတစ်ခုခုမှာ အခုကျွန်တော်ကူးလာတဲ့ ဆောင်းပါးပါ ဗုဒ္ဓ၀ါဒရေးရာ အယူအဆတိမ်းစောင်းမှုနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးထိပါးမှုကင်းတဲ့ အပြုသဘောဆောင် စာတမ်းတစ်ခု လောက်တော့ မကျဉ်းမကျယ် ရေးသင့်တယ်လို့ထင်တယ်"
"ဒါလည်း အချိန်ရရင်တော့ ကြိုးစားကြည့်သေးတာပေါ့ ကိုလင်းရာ"

"ကဲကဲ ဖတ်လက်စနဲ့ နောက်တစ်ပိုဒ်ဆက်မယ် – ဤအတိုင်းဆိုလျှင် လူတစ်ဦးအတွက် သူမမွေးမီကပင် သူ့အတွက် ဂုဏ်သတ္တိတွေ အနှစ်သာရတွေ ပြဋ္ဌာန်းပြီး ဖြစ်မနေပေဘူးလား။ သာမန် လက်ရိုးဗေဒင်ကိုပင် ကြည့်ပါ။ မွေးဖွားသည့် အချိန်ကိုလိုက်၍ ဇာတာဖွဲ့သည်။ ထိုဇာတာတွင် သူနှင့် သူ့ဝန်းကျင်အကြောင်း အားလုံးပါသည်။ ဟောတတ်သူကဟောလျှင် အဘိုးအဘွားမှအစ သားမြေးမြစ်အထိ ဤ ဇာတာတစ်စောင်တည်းမှ ဟောလို့ရသည် (သတ္တဣသိနဒီဗေဒင်ကျမ်းရှု)။ ထို့ကြောင့် ဇာတာရှင် အတွက် အပြုအမူ၊အပြောအဆို၊ အနေ အထိုင်၊ ပညာ၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး စသည်အားလုံးမှာ ကံကစီမံခဲ့ပြီး မဟုတ်ပါလား....တဲ့"

"ဒီအပိုဒ်ကလည်း အိတ်ဇစ်ဝါဒနဲ့ ဗုဒ္ဓ၀ါဒ နှိုင်းယှဉ်ချက်မဟုတ်ဘဲ အိတ်ဇစ်ဝါဒနဲ့ ဗြဟ္မဏ၀ါဒ နှိုင်းယှဉ်ချက်ပဲ ဖြစ်နေပါလားဗျ၊ ကိုးကားတဲ့ သတ္တဣသိနဒီဗေဒင်ကျမ်းဆိုတာ ဗုဒ္ဓ၀ါဒနဲ့ဘာဆိုင်လို့တုံး၊ ဗြဟ္မဏ၀ါဒက ဆင်းသက်လာတဲ့ ဗေဒင်ကျမ်းကို အကြောင်းပြုပြီး ဗုဒ္ဓ၀ါဒကို ဘယ်လိုလုပ် သုံးသပ်လို့ဖြစ်ပါ့မလဲ။ ဒါကိုသဘောမပေါက်တဲ့ စာဖတ်ပရိတ်သတ်တွေ၊ အထူး သဖြင့် ကိုယ့်မိရိုးဖလာ ဗုဒ္ဓဘာသာ အကြောင်း သေသေချာချာမလေ့လာဖူးတဲ့ လူငယ်တွေအဖို့ ဗုဒ္ဓ၀ါဒအပေါ် အထင်အမြင် လွဲမှားမှုတွေ ဖြစ်လာနိုင်တယ်၊ ကဲ... ဆက်ပါဦးဗျာ"

'ဒီတစ်ပိုဒ်ကတော့ တိုပါတယ်.....ဤနေရာတွင် ကျွန်တော်သည် အိတ်ဇစ်ဝါဒကိုဝေဖန်ခြင်းမဟုတ်ဘဲ အိတ်ဇစ်ဝါဒနှင့် ကံဝါဒတို့ ၀ိရောဓိ ဖြစ်နေပုံကို တင်ပြခြင်းသာဖြစ်ပါ၏။ ကံတရားအကြောင်း ပြောရာတွင်လည်း လူပျင်းများလို ကံကိုသာ ယိုးမယ်ဖွဲ့ပြီး မျှောလိုက် နေဖို့ အားပေးနေခြင်းမဟုတ်ပါ-တဲ့ဗျာ၊ အဲ-တစ်ဆက်တည်း လက်သည်းကွင်းနဲ့-(ထိုသို့ မျှော လိုက် တတ်သူတို့မှာလည်း ထိုသို့မျှောလိုက်ရန် ကံပါလာခဲ့သူများသာဖြစ်၏)-လို့ရေးထားသေးတယ်'

"ကိုလင်း အခုဖတ်ပြတဲ့စာပိုဒ်မှာပါတဲ့ ကံဝါဒဆိုတာ ဘာကိုပြောတာလဲ၊ 'ဗုဒ္ဓ၀ါဒလာ ကံအယူအဆ'ကိုပြောတာလား၊ ဒါမှမဟုတ် ဘ၀တစ်သက်တာ ကောင်းကျိုးဆိုးပြစ်ကို ထာဝရဘုရားသခင်၊ ဒါမှမဟုတ် အတိတ်ဘ၀ကပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တွေကသာ အကြွင်းမဲ့ပြဋ္ဌာန်းပေးလိုက်ပြီးဖြစ်တယ်လို့ ကံယုံပြီးဆူးပုံနင်းခိုင်းတဲ့ 'ကံကြမ္မာဝါဒ'ကိုပြောတာလား ဆိုတာ ကွဲကွဲပြားပြား ဖော်ပြမထားပါလား"

"ကိုဝင်းကလည်းဗျာ၊ အိတ်ဇစ်ဝါဒနဲ့ ဗုဒ္ဓ၀ါဒကို နှိုင်းယှဉ်ပြနေတာပါဆိုမှ ဒီစာပိုဒ်မှာပါတဲ့ ကံဝါဒဆိုတာ ဗုဒ္ဓ၀ါဒလာ ကံအယူအဆကိုပဲ ရည်ညွှန်းနေတယ်ဆိုတာ အထင်းသားပဲဗျ"
"ဒီလိုဆိုရင် အိတ်ဇစ်ဝါဒအကြောင်းကိုတော့ ကျွန်တော်ဘာမှနားမလည်တော့ ဒီဝါဒဟာ 'ဗုဒ္ဓ၀ါဒလာ ကံအယူအဆ' နဲ့ ၀ိရောဓိ ဖြစ် သလား၊ သဟဇာတဖြစ်သလား မပြောနိုင်ဘူး၊ ဒါပေမဲ့ ကံကိုသာယိုးမယ်ဖွဲ့ပြီး မျှောလိုက်နေဖို့ အားမပေးဘူးလို့ ရှေ့ကဆိုထားပြီးမှ နောက်က ကွင်းစကွင်းပိတ်နဲ့ ထိုသို့မျှောလိုက်တတ်သူများမှာလည်း ထိုသို့မျှောလိုက်ရန် ကံပါလာသူ များသာဖြစ်၏လို့ ပြန်ပြီး လူပျင်း တွေဘက်က ရှေ့နေလိုက်ထားပြန်တော့ ရှေ့စကားနောက်စကား မညီညွတ်တဲ့စာပိုဒ်လို့ ဆိုရမှာပဲ။ ဒီလိုရှေ့နောက် မညီညွတ်တဲ့အယူ အဆမျိုးကို ဗုဒ္ဓမြတ်စွာဘယ်တုန်းကမှ မဟောခဲ့ပါဘူး"

"ဒါဆို ဆောင်းပါးရှင် သုံးသပ်ပြနေတဲ့ အတိတ်ဘ၀ကံကိုသာ အကြွင်းမဲ့အားထားတဲ့ အယူအဆဟာ ဗုဒ္ဓ၀ါဒနဲ့ ဘာမှမသက် ဆိုင်တော့ဘူးပေါ့နော်"
"သေချာတာပေါ့ဗျာ၊ ဒီလိုမျက်မှောက်ဘ၀မှာ ဖြစ်လာတဲ့ သုခ၊ ဒုက္ခ၊ဝေဒနာ မှန်သမျှဟာ အတိတ်ဘ၀ကံ တစ်ခုတည်းကို သာ အကြောင်းပြုတယ်ဆိုတဲ့အယူအဆကို ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ငြင်းပယ်ခဲ့တဲ့ အထောက်အထားကို ပိဋကတ်တော် မှာ အထင်အရှားတွေ့နိုင်ပါတယ်"

"ဗုဒ္ဓမြတ်စွာက မျက်မှောက်ဘ၀တွေ့ကြုံလာခဲ့တဲ့ ခံစား၊ စံစားမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုများ ဟောကြားခဲ့လို့တုံး ကိုဝင်းရ"

"ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ် အခါကပေါ့ဗျာ၊ မေဠိယသီဝကဆိုတဲ့ ပရိဗိုဇ်တစ်ဦးက ဗုဒ္ဓထံပါးချဉ်းကပ်ပြီး အရှင်ဂေါတမ၊ တစ်စုံ တစ်ရာသော သုခဝေဒနာကိုဖြစ်စေ၊ ဒုက္ခဝေဒနာကိုဖြစ်စေ၊ ဥပေက္ခာဝေဒနာကိုဖြစ်စေ လူသတ္တ၀ါ တို့ခံစားရခြင်းသည် အားလုံး ရှေးကံ ကြောင့်ဖြစ်သည်ဟု အချို့သော သမဏဗြဟ္မဏတို့က ဆိုကြပါသည်။ ဤအရာ၌ အရှင်ဂေါတမက မည်သို့ဆိုပါသနည်း လို့မေးလျှောက်ခဲ့ ဖူးတယ်"

"ဒီမေးခွန်းရဲ့အဖြေဟာ ကျွန်တော်တို့ အခုဆွေးနွေးနေတဲ့ အကြောင်းအရာအတွက် အဖြေပဲဗျ၊ ဗုဒ္ဓမြတ်စွာရဲ့ ဖြေကြားချက်ကိုလည်း ဆက်ပါဦး ကိုဝင်းရာ"

"ဗုဒ္ဓမြတ်စွာက သီဝက၊ ဤလောက၌ ဝေဒနာတို့သည် သလိပ်ကြောင့်သော်လည်းကောင်း၊ လေကြောင့်သော် လည်း ကောင်း၊ သည်းခြေ သလိပ် လေ သုံးပါးပေါင်းဆုံခြင်းကြောင့်သော် လည်းကောင်း၊ ဥတုဖောက်ပြန်ခြင်းကြောင့်သော် လည်း ကောင်း၊ မညီမညွတ်ဆောင်ရွက် ခြင်းကြောင့်သော် လည်းကောင်း၊ သူတစ်ပါး၏ လုံ့လပယောဂကြောင့် သော်လည်း ကောင်း၊ ပြုလုပ်ခြင်း၏အကျိုးတရား(ကမ္မ၀ိပါက) ကြောင့်သော်လည်းကောင်းဖြစ်ကုန်၏။ ဤအကြောင်းကို ကိုယ်တိုင် လည်းသိအပ်၏ လောကသည်လည်း အမှန်ဟုသမုတ်အပ်၏။ သို့ဖြစ်သောကြောင့် တစ်စုံတစ်ခုသောဝေဒနာ ခံစားရခြင်း သည် ရှေးကံကြောင့်သာဖြစ်သည်ဟုဆိုသော သူတို့၏ စကားကို အမှားဟု ငါဆို၏ လို့ဖြေကြားခဲ့တာကို သံယုတ္တနိကာယ်၊ ဝေဒနာသံယုတ်၊ သီဝကသုတ်မှာ အထင်အရှားတွေ့နိုင်ပါတယ်ဗျာ"

'ဟာ၊ အခုအတိုင်းဆို ဒီဆောင်းပါးထဲက ဗုဒ္ဓ၀ါဒနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ သုံးသပ်ချက်ဟာ တက်တက်စင်အောင် လွဲမှားနေ ပါပေါ့လား၊ လူငယ်ကြိုက် ခေတ်ပေါ်မဂ္ဂဇင်းတစ်ခုမှာ ရေးထားတာဆိုတော့ ဒီအယူမှားတွေကိုဖတ်ပြီး လူငယ်တွေစိတ်ထဲ အမှား ကိုအမှန်ထင်၊ အမှန်ကို အမှားမှတ်သွားကြမှဖြင့် ဒုက္ခပါပဲဗျာ'

'တစ်ချိန်တုန်းကလည်း ခင်ဗျားတို့ကျွန်တော်တို့တစ်တွေ ဗုဒ္ဓ၀ါဒကို အပေါ်ယံရှပ်လေ့လာ၊ အမည်ခံဗုဒ္ဓဘာသာဝင်တွေရဲ့ မတော် မတည့်အပြုအမူတွေကိုကြည့်ပြီး နားမလည်ပါးမလည်နဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓ၀ါဒကို ပုတ်ခတ်ပြီး တိုင်းခြားပြည်ခြားကလာတဲ့ ဘုတ်အုပ်ထူ ကြီးတွေထဲက စာတွေကိုသာ အထင်ကြီးပြီး မတတ်တတတ်နဲ့ဖတ်၊ မဟုတ်တရုတ်တွေလုပ်ခဲ့လို့ အကြီးအကျယ် ဒုက္ခရောက်ခဲ့ဖူးပြီ မဟုတ်လား ကိုလင်းရာ'

'ဟုတ်ပါ့ဗျာ၊ ဒီလိုမှမဖတ်၊ မပြောပြန်ရင်လည်း အချင်းချင်းတိုးတက်တဲ့ အမြင်မရှိတဲ့ကောင်၊ ဓနရှင်ပေါက်စ စသဖြင့် ပုတ်ခတ်ကြ သေးတယ်၊ ဗုဒ္ဓ၀ါဒကိုလည်း လူတန်းစားမမှန်တဲ့ ဘူဇွာဝါဒလို့ တိုက်ခိုက်ပြောဆိုခဲ့ကြသေးတယ်၊ အဲ-ထူးဆန်းတာက အဲဒီတုန်းက အာဘောင်အာရင်းသန်ခဲ့တဲ့ ပုဂ္ဂိုလ်တချို့ဟာ အခုတော့ ၀တ်ဖြူစင်ကြယ်ဝတ်၊ ပုတီးကြီးတွေလည်ပင်းမှာချိတ်ပြီး မုတ်ဆိတ်တဖွားဖွားနဲ့ ဖြစ်နေကြတာ ရယ်စရာပဲဗျာ'

'ဒီလူတွေဟာ ဘယ်ဝါဒကိုမှ ခြေခြေမြစ်မြစ်နားလည်အောင် မလေ့လာဘဲ လူအထင်ကြီးခံချင်တဲ့စိတ်နဲ့ ခါတော်မီဝါဒ တွေနောက် လိုက်ဖို့လောက်သာအားသန်ခဲ့တာဆိုတော့ ဘာလုပ်လုပ်-အစွန်းတရားနှစ်ပါးကို မရှောင်နိုင်တော့ဘဲမှား ပြီးရင်းဆက်မှားနေကြတာ ပေါ့ဗျာ၊ ကဲကဲ ခင်ဗျားဆောင်းပါးလေးဆက်ပါဦး'

'အင်း-ဗုဒ္ဓ၀ါဒနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေထဲက နောက်ဆုံးအပိုဒ်ကတော့ဗျာ-လွတ်လပ်မှုအတွက်၊ လွတ်လပ်ရေး အတွက် တိုင်းသူပြည်သားတိုင်းမှာ တာဝန်ရှိသည်။ထို့ကြောင့် ကိုယ့်မှာလည်း တာဝန်ရှိသည်၊ ထိုတာဝန်ကိုဆောင်ရွက်နိုင်ဖို့ ကံက ကိုယ့်ကို ပြဋ္ဌာန်းခြင်း၊ ထို့ကြောင့်ပင် ကိုယ်က ကံကိုပြန်၍ ပြဋ္ဌာန်းခြင်းမျိုး ဆက်စပ်ယူနိုင်ပါလိမ့်မည်။ ဥပမာ-လွတ်လပ်မှုကိုမြတ်နိုးခြင်း၊ ရန်သူ ကိုဒူးမထောက်ခြင်း၊ အဖနိုင်ငံတော်အပေါ် သစ္စာကြီးခြင်း။ ဤကိစ္စကို သဘောပေါက်လျှင် အိတ်ဇစ်ဝါဒနှင့် ကံတို့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေနိုင်လိမ့်မည်ဟု ကျွန်တော်ယူဆပါသည်-တဲ့ဗျာ'

'လွတ်လပ်ရေးအတွက် ကိုယ်အပါအ၀င် တိုင်းသူပြည်သားတိုင်းမှာ တာဝန်ရှိတယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီတာဝန်ကို ဆောင်ရွက်နိုင်ဖို့ ကံကကိုယ့်ကို ပြဋ္ဌာန်းတယ်ဆိုတာကတော့ ဘ၀င်ကျစရာ မဟုတ်ဘူးဗျ။ ကိုလင်းလည်း စဉ်းစားကြည့်လေ၊ ဗုဒ္ဓရဲ့ အလိုအရဆိုရင် တိုင်းပြည်တစ်ပြည် လွတ်လပ်ရေး ဆုံးရှုံးခြင်းဆိုတဲ့ မကောင်းတဲ့ရလဒ်-ဒုက္ခဝေဒနာ ခံစားရတာဟာ ဘာကြောင့်လို့ ကျွန်တော်တို့ပြောမလဲ'

'အင်း-ဗုဒ္ဓ၀ါဒီတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် တိုင်းသူပြည်သားတွေရဲ့ မညီမညွတ်ဆောင်ရွက်ခြင်း ကြောင့်သော် လည်းကောင်း၊ နယ်ချဲ့တို့ရဲ့ လုံ့လပယောဂကြောင့်သော် လည်းကောင်း၊ တိုင်းသူပြည်သား တို့ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံမြောက် မှားယွင်းတဲ့ပြု လုပ်ခြင်း၏အကျိုးတရား (ကမ္မ၀ိပါက)ကြောင့် သော်လည်းကောင်း တိုင်းပြည်တစ်ပြည် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတယ်လို့ အဖြေထုတ် ရမှာပဲဗျ'

'မှန်တာပေါ့ဗျာ၊ လွတ်လပ်ရေးဆုံးရှုံးတာဟာ အတိတ်ဘ၀ကံကြောင့် မဟုတ်သလို လွတ်လပ်ရေးအတွက် တိုင်းသူပြည်သားတိုင်း ပါဝင်ဖို့၊ တိုင်းသူပြည်သားတိုင်း သူ့ကျွန်မခံတွန်းလှန်လိုစိတ်တွေ ဖြစ်ပေါ်လာဖို့ကိုလည်း အတိတ်ဘ၀ကံက ပြဋ္ဌာန်းမပေးနိုင်ပါဘူးဗျာ၊ ကမ္ဘာနဲ့ အ၀န်း လွတ်လပ်ရေးဆုံးရှုံးခဲ့ရတဲ့နိုင်ငံတွေက တိုင်းသူပြည်သားတွေထဲမှာ မျိုးချစ်ပုဂ္ဂိုလ်တွေရှိသလို သစ္စာဖောက်တွေလည်းရှိခဲ့တာပဲ မဟုတ်လား။ လူတစ်ကိုယ် စိတ်တစ်မျိုးစီ ကွဲလွဲနေမှုကို အတိတ်ဘ၀ကံက ဘယ်လိုလုပ်ပြီး ပြဋ္ဌာန်းပေးနိုင်ပါ့မလဲ။ လွတ်လပ်ရေး ပြန်ရကြ တာဟာ အတိတ်ဘ၀ကံကြောင့်မဟုတ်ဘဲ မျိုးချစ်ပြည်သူ ပြည်သားတွေရဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်မှု၊ ကာယကံ၊၀စီကံ၊ မနောကံ မြောက် မှန်မှန်ကန်ကန် ပြုမူခဲ့တဲ့ အကျိုးတရား(ကမ္မ၀ိပါက)၊ မျိုးချစ်ခေါင်းဆောင်ကြီးတွေရဲ့ လုံ့လပယောဂ ကြောင့်သာ ဖြစ်တယ်ဆိုတာ မမေ့သင့်ဘူးလေ။ ဒါကြောင့် ဗုဒ္ဓ၀ါဒအရဆိုရင် အတိတ်ကံတစ်ခုတည်းက လူပုဂ္ဂိုလ်တစ်ဦးချင်းကိုရော လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ အနာဂတ်ကိုပါ ပြဋ္ဌာန်းပေးနိုင်စွမ်း မရှိပါဘူး'

'အေးဗျ၊ ဗုဒ္ဓမြတ်စွာရဲ့ ကံအယူအဆဟာ မျက်မှောက်ဘ၀မှာ လူတွေ ကြိုးကုတ်အားထုတ်ကြတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ မြောက် အပြုအမူတွေကိုသာ အမိအဖသဖွယ် အားကိုးအားထားပြုကြဖို့ကို ဆိုလိုတာပဲ၊ အတိတ်ဘ၀ကံ ပစ်ချရာမှာနေ၊ အတိတ်ဘ၀ကံ စေရာ သွားပြီး အတိတ်ဘ၀ကံပြုသမျှ နုရတယ်ဆိုတဲ့ အစွန်းရောက်ကံကြမ္မာဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တာပဲဗျ'

"ဒါကြောင့် ဗုဒ္ဓ၀ါဒဟာ အတိတ်ကပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံရဲ့ အကျိုးကို အကြွင်းမဲ့မပစ်ပယ်ခဲ့ပေမယ့် အတိတ်ကံ ဘယ်လောက် ဆိုးလို့ ဘယ်လိုဘ၀မျိုး၊ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ မွေးဖွားကျင်လည်ရပါစေ၊ မျက်မှောက်ဘ၀ တစ်သက် တာ ကံကြမ္မာကို လူသား တိုင်းရဲ့ မျက်မှောက်ဘ၀ အပြုအမူတွေကသာ ပြဋ္ဌာန်းကြောင်း အလေးအနက်ညွှန်ပြထားတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒီတိုင်းဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိတယ်။ လူဆိုတာ အတိတ်ဘ၀ကံဆိုတဲ့ ပုံစံခွက်ထဲကထွက်လာတဲ့ သံပတ်ရုပ်မဟုတ်ဘူး။ လူတစ်ဦးချင်းစီရဲ့ အနာဂတ်ဟာ အဲဒီလူတစ်ဦးချင်းစီရဲ့ လက်ထဲမှာပဲရှိ တယ်။ ဘယ်ဥပဒေ၊ တန်ခိုးရှင်တို့ရဲ့ ထိန်းချုပ်မှု အောက်မှာမှမရှိဘဲ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ဆိုတာ ဗုဒ္ဓ၀ါဒီတိုင်း နားလည်ထားကြရမယ့် အချက်ပဲဗျ"

"ဒီအတိုင်းဆို လူပုဂ္ဂိုလ်တစ်ဦးဟာ ကံ၊စိတ်၊ဥတု၊အဟာရဆိုတဲ့ အကြောင်းတရားလေးပါး ပေါင်းဆံညီညွတ်မှုကြောင့် ဖြစ်တည်လာခဲ့ ရပြီးတဲ့နောက်မှာ သူ့ဘ၀ရဲ့အနှစ်သာရ ဂုဏ်သတ္တိကို သူ့စိတ်ကြိုက် ဖန်တီးခွင့်ရှိတာပေါ့နော်"

"မှန်တာပေါ့ဗျာ၊ ဒီအယူအဆဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ခြောက်ရာလောက်ကတည်းက ပေါ်ပေါက်ခဲ့ပြီး ကျွန်တော်တို့မြန်မာ တိုင်းရင်းသားတွေရဲ့ အသွေးထဲအသားထဲမှာ ရာစုနှစ်ပေါင်းများစွာ စိမ့်ဝင်တည်ရှိခဲ့တဲ့ ဗုဒ္ဓ၀ါဒစစ်စစ်ပေါ့ဗျာ"

"အေးဗျာ၊ ဒါကိုခေတ်လူငယ် အတော်များများက မသိကြတော့ ဗုဒ္ဓ၀ါဒအပေါ် ယုန်ထင်ကြောင်ထင်ဖြစ်လာကြပြီး အနောက်တိုင်းက လာတဲ့ ဒဿနသစ်တွေနောက်လိုက်ဖို့ ခြေလှမ်းပြင်ကုန်ကြတာပေါ့ ကိုဝင်းရာ"
"တကယ်တော့ဗျာ၊ အခုကျွန်တော်တို့ပြောနေကြတဲ့ အိတ်ဇစ်ဝါဒအပါအ၀င် ဘယ်နိုင်ငံ ဘယ်ဒေသကလာတဲ့ အယူဝါဒ မျိုးကိုမဆို ပွင့်လင်းတဲ့စိတ်ထား (Open Mind) နဲ့ ကြိုဆိုပြီး ခြေခြေမြစ်မြစ် နားလည်အောင် လေ့လာကြမယ်ဆိုရင် မြန်မာလူငယ်တွေအဖို့ ကောင်း သော လက္ခဏာပါပဲ၊ ဒါပေမယ့် ကိုယ့်ရှိရင်းစွဲ ဘိုးဘွားအမွေအနှစ် ဗုဒ္ဓ၀ါဒကိုလည်း ပိုင်ပိုင် နိုင်နိုင်မသိကျွမ်း၊ နိုင်ငံရပ်ခြားဝါဒ သစ်တွေ ကိုလည်း ဂဃနဏနားမလည်ဘဲ သူများယောင်လို့ပေါင်ရတယ် အမောင် တောင် မှန်း မြောက်မှန်းမသိဆိုသလို ဖြစ်လာကြရင်တော့ မကောင်းဘူးပေါ့ဗျာ"

"အေးဗျာ၊ ကျွန်တော်တို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ပါလို့ ဆိုပေမယ့် ဗုဒ္ဓရဲ့ကံအယူအဆနဲ့ ဗြဟ္မဏတို့ရဲ့ ကံအယူအဆကို သဲသဲကွဲကွဲ နားမလည်ခဲ့ဘူးဗျာ"

"ဒါကြောင့် မျက်မှောက်ခေတ်မြန်မာလူငယ်တွေကို ကျွန်တော်တို့ တိုက်တွန်းသင့်တာက အရပ်ဆယ်မျက်နှာက လာလာ သမျှအယူဝါဒ ဒဿနတွေကို လေ့လာကြပါ။ ဒါပေမယ့် ဒီလိုမလေ့လာကြခင် ကိုယ့်မိရိုးဖလာ ဘာသာတရားတစ်ရပ်အနေ နဲ့ တည်ရှိနေတဲ့ ဗုဒ္ဓ၀ါဒ အစစ်အမှန်ဟာ ဘာလဲ ဆိုတာလောက်တော့ သိအောင်လုပ်ထားကြပါဦး။ နိုင်ငံခြားကလာတဲ့ ဘုတ်အုပ်ထူကြီးတွေထဲက ခေတ်ပေါ် ဒဿနတွေဆီသာ စိတ်အားထက်သန်နေကြပြီး မွေးရာပါအခွင့်အရေး တစ်ရပ်အနေ နဲ့ လွယ်လင့်တကူ ခူးဆွတ်လေ့လာ လိုက်နာ ကျင့်သုံးနိုင်တဲ့ ဗုဒ္ဓဒဿနကိုတော့ မစူးစမ်းဘဲ ကောက်ချက်ချ မစောကြပါနဲ့၊ အလှမ်းကျယ် အလယ်မလပ်ကြပါစေနဲ့လို့ ပါပဲဗျာ"

ဝင်းသိန်းဦး
(၂၇-၉-၉၂)
ဓမ္မရံသီ၊ ၁၉၉၂ခုနှစ်၊ ဒီဇင်ဘာလ။

Saturday, September 19, 2009

Talk about G-Talk Using

(1) ရေဒီယိုသံစဉ်လေးတွေနားထောင်ရအောင်
ပြောင်းလဲခြင်းများနဲ့ အတူတိုးတက်လာတဲ့အင်တာနက်ခေတ်ကြီးတွင် G-Talk ပေါ်ပေါက်လာသဖြင့် Onlineပေါ်မှပင် မိုင် ထောင်ချီ၊သောင်းချီကွာဝေးသော ပုဂ္ဂိုလ်များအတွက် လွယ်ကူစွာဆက်သွယ်နိုင်ခြင်း၊ စကားပြော နိုင်ခြင်း၊ နှစ်သက်ရာ ဓာတ်ပုံများကို အပြန်အလှန် ပေးပို့နိုင်ခြင်းစတဲ့ အခွင့်ကောင်းများပေါ်ထွန်းလာစေခဲ့ပါတယ်။ ယခုလည်း နည်းပညာသစ် တစ်ရပ်အနေဖြင့် G-talk မှပင် မိမိကြိုက်နှစ်သက်ရာ သီချင်းတောင်းဆိုမှုများနှင့် သီချင်းနားဆင်နိုင်သော Online Radio အစီအစဉ်ကို ခံစားရရှိနိုင်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။


G-Talk မှတိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်များအဖြစ် မြန်မာတေးသီချင်းထုတ်လွှင့်မှု၊အနောက်တိုင်းတေးများ ထုတ်လွှင့်မှု၊ တရားတော်များထုတ်လွှင့်မှု၊ ဟာသအစီအစဉ်များနှင့် အခြားသောအစီအစဉ်များ ထုတ်လွှင့်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တေးသီချင်းများနားဆင်ရန် "အိပ်မက်လှိုင်းရေဒီယို" နှင့် "အဖြူရောင်သံစဉ်ရေဒီယို"၊ "MYMC (Myanmar Youth Media Club)ရေဒီယို" များကိုနှစ်သက်ရာရွေးချယ်နိုင်ကြပြီး "အိပ်မက်လှိုင်းရေဒီယို" အတွက် Website Link မှာ http://www.eainmathlaing.com ဖြစ်ကာ၊ မိမိကွန်ပျူတာရှိ Window Media Player တွင် File Menu> Open URL ဆိုတဲ့နေရာမှာ http://energy08.egihosting.com/22109/ (သို့မဟုတ်) mms://energy08.egihosting.com/22109 ထည့်ပြီးနားဆင်နိုင်ကြပါတယ်။
"အဖြူရောင်သံစဉ်ရေဒီယို" အတွက်လည်းhttp://www.apytz.net/ကိုတိုက်ရိုက်ကလစ်နှိပ်ပြီး နားဆင်နိုင်သလို၊Window Media Playerတွင် File Menu>Open URLဆိုတဲ့နေရာမှာ http://89.238.146.148/APYTZ ရိုက်ထည့်ပြီး နားဆင်နိုင် ကြပါတယ်။

"MYMC Radio" အတွက်ကတော့ Website Link ဖြစ်တဲ့http://www.mymclub.net/main/ တွင် ခံစားနားဆင်နိုင်သလို Window Media Player မှ File Menu>Open URLဆိုတဲ့နေရာတွင် http://216.32.71.182/MYMC (သို့) http:// www.mymclub.net/radio ဖြည့်စွက်ပြီးနားဆင်နိုင်ကြတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှာ City FM နှင့် Mandalay FM များကဲ့သို့ပင် G-Talk မှတေးသီချင်းများကို တိုက်ရိုက် တောင်းဆိုနိုင်သော Song Radio အစီအစဉ်ကိုလည်း လွှင့်တင်ပေးထားပါတယ်။ အဲဒီအတွက် သီးချင်းကို ထဲမှာ ထည့်ပေးလိုက်တာနဲ့ နားသောတဆင်နိုင်ကြောင်းသိရပြီး သီချင်းများတောင်းဆိုရာတွင် ဆိုသူအမည်၊ သီချင်းအမည်နှင့် Album Name၊ from.....To..... (မိမိမှ တစ်စုံတစ်ယောက်သို့) ဆိုပြီး G-Talk မှဖော်ပြကာတောင်းဆိုနိုင်ပါတယ်။

မိမိနှစ်သက်ရာသီချင်းများ မရှိခဲ့ရင်လည်း G-Talk မှဖြစ်စေ၊ G-Mail မှဖြစ်စေ ပို့ပြီးထုတ်လွှင့် နားဆင်နိုင်ပါတယ်။ G-Talk မှသူငယ်ချင်းနာမည်များကို Add လုပ်သည့်နည်းလမ်းအတိုင်း၊ အိပ်မက်လှိုင်း ရေဒီယိုအတွက်ဆိုရင် "requestsongs@ourdream4all.co.cc" နှင့် အဖြူရောင်သံစဉ်ရေဒီယိုအတွက် "apytz.dj@apytz.net ၊ MYMC ရေဒီယိုအတွက် "mymcradio@mymclub.net"များတွင် နှစ်သက်ရာ Account Name များကို Invite လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

(2) G-talk မှာ အလိုလျောက် ဘာသာပြန်ပေးတာရှိတယ်
G-talk မှာ အလိုလျောက် ဘာသာပြန်ပေးတာရှိတယ် သုံးကြည့်ချင်ရင် bot account ကို invite လုပ်ရမယ်
ဥပမာ- Eng ကနေ German ဘာသာပြောင်းချင်ရင်en2de@bot.talk.google.com ကို add လုပ် Chat box မှာ ကိုယ်ရိုက်ချင်တဲ့ စာရိုက်ထဲ့ သူက အလိုလျောက် ချက်ချင်းဘာသာပြန်ပေးသွားတယ် အဲဒါကို ကိုယ်ပြန်သုံးချင်ရင် copy ကူး paste လုပ် ကိုယ်ပြောချင်တဲ့လူကို ကိုယ်ကြိုက်တဲ့ ဘာသာစကားနဲ့ပြောနိုင်တာပေါ့ နိုင်ငံခြားဘာသာစကား ကျွမ်းကျင်သူတွေတွက် ပိုအသုံးဝင်တာပေါ့ -

German ကနေ Eng ပြန်ပြောင်းချင်ရင်တော့ de2en@bot.talk.google.com ပြောင်း add ရုံဘဲ
Account တွေက
1. Eng; - Arabic = en2ar
2. Eng; - Swedish = en2sv
3. Eng; - Spanish = en2es
4. Eng; - Russia = en2ru
5. Eng; - Bulgarian = en2bg
6. Eng; - Croatian = en2hr
7. Eng; - Traditional Chinese = en2zh-hant
8. Eng; - Chinese = en2zh
9. Eng; - Greek = en2el
10. Eng; - French = en2fr
11. Eng; - Japanese = en2ja
12. Eng; - Korea = en2ko
13. Eng; - Italian = en2it
14. Eng; - Norwegian = en2no
15. Chinese – Traditional Chinese = zh2zh-hant
etc., အဲဒိနောက်မှာ @bot.talk.google.com ထဲ့ add မြန်မာလိုတော့ မရသေးပါဘူး

(3) Gtalk မှာ ကိုယ့်ကို Block ထားလားစမ်းရအောင်...
Pidgin ဆိုတဲ့ IM Software လေးရှိဖို့ လိုပါတယ်။ ဒီမှာရယူပါ။ http://www.pidgin.im/download/
Install လုပ်ပြီးရင် Gtalk ကိုရွေးပြီး log in ၀င်လိုက်ပါ။
ပြီးရင် Buddies Menu မှ Show - Offline Buddies ကိုရွေးလိုက်ပါ။
Block ထားလားစမ်းမယ့် buddy name ပေါ်မှာ right click ထောက်ပြီး Get Info ကိုရွေးလိုက်ပါ။

သူက ကိုယ့်ကို block လုပ်မထားဘူးဆိုရင် pop-up လေးတတ်လာပြီး သူ့ ရဲ့  information( full name , photo, etc) ဇော်ပြပေးပါလိမ့်မယ်။
အဲ block ထားတယ်ဆိုရင်တော့ pop-up သာတတ်လာပြီး ဘာမှပေါ်မှာ မဟုတ်ပါဘူး။
ဒီမှာတစ်ခုသတိထားရမှာက mail account ကို cancel လုပ်ထားရင်လည်း ဘာမှပေါ်မှာ မဟုတ်ပါဘူး။

mail account ကို cancel လုပ်ထားလားပါ သိချင်ရင်တော့ အဲဒီလူထံ mail ပို့ ကြည့်လိုက်ပါ။
cancel လုပ်ထားရင် Mail Delivery Subsystem ကနေ Delivery to the following recipient failed permanently: ဆိုပြီး reply လာပါလိမ့်မယ်။

ကဲဒီလောက်ဆို Gtalk က မတင်မကျ ရှော့ခ်လေး တွေ ok လောက်ပါပြီနော်

ကျွန်တော်ဝင်ကြည့်ဖြစ်တဲ့ (www.myanmarengineer.org) ဆိုဒ် နဲ့ ဂျာနယ်အချို့က ပြန်လည်ကူးယူဖော်ပြထား ခြင်းဖြစ်ပါတယ်။ နောက်ထပ်ဖတ်သမျှ ဂျီတော့ပ်အသုံးလေးတွေကိုလည်း ပြောပြပါဦးမယ်။

ဇာနည်။

Thursday, September 17, 2009

သင်ဘယ်လောက်ချစ်လဲ ဘယ်လိုချစ်ပြမလဲ


ဒါကိုပြသနိုင်ဖို့က သင်ဟာ တစ်ပါးသူကို ချစ်တတ်ဖို့နဲ့ သင့်ချစ်ခြင်းကို ပြသလိုတဲ့ ဆန္ဒရှိဖို့လိုပါတယ်။


အဆင့်(၁)
သင့်ချစ်ခြင်းကို သင့်ရဲ့ စပါယ်ရှယ်ချစ်သူကို ပြသဖို့ရာမှာ ဘာတွေလိုအပ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ တချို့လူတွေ ကတော့ တစ်စုံတစ်ယောက်ကိုချစ်မိတယ်ဆိုရင် အဲဒီလူက ဒီချစ်ခြင်းကို အလိုလို သိနားလည်မှာပဲလို့ ထင်မှတ်ကြပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ သင်ချစ်တဲ့ သူကို သင်ဟာ ဘယ်လောက်ချစ်တယ်ဆိုတာ သူတို့ တကယ်ကို သိမြင် ခံစားနိုင်ဖို့က ချစ်တယ်လို့ အခါခါနှုတ်က ပြောဖို့လိုအပ်သလို ဒီချစ်ခြင်းကို ပြသတတ်ဖို့လည်း လိုပါတယ်။


အဆင့်(၂)
သင့်ချစ်သူကို "ချစ်တယ်"လို့နှုတ်ကပြောပါ။ လူတွေဟာ သူတို့ချစ်တဲ့သူ တစ်ယောက်ယောက် တိမ်းပါးသွားမှ "ငါမင်းကိုချစ်တယ်"လို့ မပြောခဲ့မိရကောင်းလားလို့ (သူတို့ တကယ်မကြားနိုင်တဲ့အခါမှ) နောင်တရမိတတ်ကြပါတယ်။ သင်နဲ့ သင့်ချစ်သူ ဆက်ဆံရေးမှာ ဒီလိုနောင်တမျိုး မရှိရလေအောင် ပြောဖြစ်အောင် ပြောပါ။ သင် သူ့ကိုချစ်တယ် ဆိုတာ.......။


အဆင့်(၃)
သင်ချစ်တဲ့သူတွေနဲ့ အတူအချိန်ကို ကုန်ဆုံးစေပါ။ လူအများစုဟာ ငါ့မိသားစုကိုချစ်တယ်၊ သူငယ်ချင်းတွေကိုချစ်တယ်၊ ချစ်သူကို ချစ်တယ်စတာတွေ နှုတ်ကကြွေးကြော်တတ်ကြပြီး တကယ်တမ်း ကိုယ့်ရဲ့ အချိန်တွေကို သူတို့နဲ့အတူ ကုန်ဆုံး လေ့မရှိပါဘူး။ ဒီလိုအတူအချိန်ကုန်ဆုံးတာမျိုးမရှိကဘဲ သင့်အတွက် ခုနပြောတဲ့ သင်ချစ်တဲ့သူတွေဆိုတာ တကယ်တမ်း အရေးမပါဘူးလို့ ပြောရာ ရောက်ပါတယ်။ တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ အဲဒီတစ်ယောက်ယောက်ဆီမှာ ကိုယ့်အချိန်တွေကို ရင်းနှီးမြှုပ်နှံတာပါပဲ။


အဆင့်(၄)
သင်ချစ်တဲ့သူကို သင့်ဘ၀မှာ အဓိက အရေးကြီးတဲ့နေရာမှာ ထားပါ။ ကိုယ်ချစ်တဲ့သူကို သင့်ရဲ့အရေးကြီးတဲ့အရာတွေ စာရင်းမှာ နောက်ဆုံးနေရာ ပစ်ထည့်ထားတယ်ဆိုရင် ဒါဟာ မဟုတ်တော့ပါဘူး။ တခြားအရေးကြီးတဲ့ အရာတစ်ခုခု အတွက် ကိုယ်ချစ်တဲ့သူနဲ့ စီစဉ်ထားပြီးသား ကိစ္စတစ်ခုကို နောက်ဆုံးအချိန်ကျမှ ဖျက်ပစ်လိုက်ရတာ၊ နောက်ဆုတ်လိုက် ရတာမျိုးက ကိုယ့်ဘ၀ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းမှာ သူဟာ တကယ်မပါဝင်ဘူးဆိုတဲ့ သဘောပါပဲ။


အဆင့်(၅)
သင်ချစ်တယ်ဆိုတဲ့ သူနှစ်သက်ဂရုထားတဲ့ အရာတွေထဲမှာ အချိန်ပေးပါ။ ဆိုလိုတာက သင်ဟာ ဆောက်လုပ်ရေးပစ္စည်း တွေကို လုံးဝစိတ်ဝင်စားသူ မဟုတ်ဘူး၊ ဒါပေမယ့် သင်ချစ်တဲ့ သင့်သားက ဒါကိုစိတ်ဝင်စားတယ်၊ သဘောကျတယ်ဆိုရင် သင်ဟာလည်း သားသဘောကျတဲ့အရာတွေမှာ စိတ်ဝင်စားမှုပေးပြီး လေ့လာဖို့ အချိန်ယူရမှာပါ။ (ဒါက သားသမီးနဲ့ မိဘပေါ့။) တစ်ယောက်ယောက်ကို ကိုယ်ကချစ်တယ်၊ ဂရုစိုက်တယ်၊တန်ဖိုးထားတယ်ဆိုတာပြချင်ရင် တစ်ဖက်သူချစ်တဲ့ တန်ဖိုးထားစိတ်ဝင်စားတဲ့အရာကို ကိုယ်တိုင်ကလည်း ထပ်တူ တန်ဖိုးထားပေးရပါမယ်။


အဆင့်(၆)
သင်ချစ်တဲ့သူနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကို ပျော့ပျောင်းတတ်သူဖြစ်စေပါ။ တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ အခန်းကဏ္ဍမှာ သင့်ရဲ့နှလုံးသားကို ဖွင့်ပြီး သင်ဟာဘယ်လိုလူမျိုးလဲဆိုတာ သိမြင်စေဖို့ လိုပါတယ်။ တစ်စုံတစ်ယောက်ကိုချစ်တယ်ဆိုတာ ပြသရာမှာ သင်ကိုယ်တိုင်က ရိုးသားမှုရှိဖို့နဲ့ သင်ဘယ်သူလဲဆိုတာနဲ့ ပတ်သက်ပြီး ပွင်းလင်းမှုရှိဖို့လိုပါတယ်။


အဆင့်(၇)
အနစ်နာခံပါ။ ဒါဟာလည်း ချစ်ခြင်းကို ပြသတဲ့နည်းလမ်းတစ်ခုပါပဲ။ သင့်ချစ်သူလိုအပ်တဲ့အရာတွေဟာ သင်လိုချင်နေတဲ့အရာတွေထက် ပိုအရေးကြီးပါတယ်။ ပြောချင်တာက သူဖြစ်ချင်နေတဲ့ သူ့လိုအင်နဲ့ ကိုယ်ဖြစ်ချင်တာနဲ့ကိုက်ချင်မှကိုက်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ချစ်တယ်ဆိုတဲ့သူရဲ့ ခံစားချက်က ကိုယ့်ဆန္ဒထက် ပိုအရေးကြီးရမှာပေါ့။ ကိုယ်က အလျှော့ပေး အလိုလိုက်ဖြည့်ဆည်းပေးလိုက်ရလို့ ကိုယ့်အတွက် နာကျင်ရတာရှိကောင်းရှိနိုင်ပေမယ့် ဒါဟာလည်း ကိုယ့်ချစ်ခြင်းကို ပြနိုင်တဲ့နည်းလမ်းကောင်းတစ်ခု ဖြစ်နေပါတယ်။


အဆင့်(၈)
ချစ်တဲ့သူအတွက် တစ်စိုက်မတ်မတ် အားထုတ်ပါ။ ရံဖန်ရံခါ စိတ်ထဲမှာ မနှစ်လိုမိတဲ့ ခံစားမှုမျိုးဖြစ်မိနေတဲ့ အချိန်မျိုးမှာတောင် ကြိုးစားပြီး ချစ်သူအတွက်ဆက်သွားပါ။ အချစ်ဆိုတာဟာလည်း ဒီဂရီအတက်အကျရှိတတ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ တစ်စိုက်မတ်မတ် သူ့အနားရှိနိုင်ဖို့ ကြိုးစားခြင်းကလည်း သင်တို့နှစ်ယောက်ကြားဆက်ဆံရေး တည်မြဲစေတဲ့ ကော်လိုပါပဲ။
ကဲ ချစ်သူငယ်ချင်းတို့ရော သူတစ်ပါးကိုချစ်ဖို့ဆိုတာ တနည်းအားဖြင့် အချစ်စစ်နဲ့ချစ်ဖို့ဆိုတာ ကိုယ့်အတ္တကို နည်းနည်းလေးလျှော့နိုင်မှသာ အဆင်ပြေမယ်ဆိုတာ ကိုယ်ကတော့ ကိုယ်တွေ့မို့ ယုံကြည် ကျင့်သုံးဖြစ်နေပါတယ်။ အပေါ်ကနည်းလမ်းလေးတွေကို ကိုယ့်လိုပဲ လက်တွေ့ကျင့်ဆောင်ပြီး ချစ်သူတွေ အားလုံး အဆင်ပြေကြပါစေကြောင်း ဆုတောင်းပေးပါတယ်။


ဇာနည်
Ref: www.ehow.com

Tuesday, September 15, 2009

ဤကမ္ဘာကိုကျွန်ုပ်တို့ ဖျက်ဆီးခဲ့ကြသည်


(တစ်)
ယခုရက်ပိုင်းများအတွင်း ကျွန်တော့်ကိုအဆွဲဆောင်ဆုံး သတင်းက ကမ္ဘာသစ်ရှာသည်ဆိုသော သတင်းပဲဖြစ်ပါသည်။ ၂၀၀၉ခုနှစ်မတ်လ၆ရက်က ကက်ပလာ(Kepler)အမည်ရှိ ဒေါ်လာသန်း၆၀၀တန် အာကာသယာဉ်ကိုလွှတ်တင်လိုက်ကာ ကမ္ဘာသစ်ရှာပြီဆိုသည့် သတင်းပဲဖြစ်ပါသည်။ နာဆာက စီစဉ်ဆောင်ရွက်သည့် သုတေသနလုပ်ငန်း Nasa's new hunt for another Earth ဟုခေါင်းစဉ်ပေးထားသည့်လုပ်ငန်း။


အိုးအိမ်အဟောင်းကို စိတ်ပျက်သူတို့က အိုးသစ်အိမ်သစ်ထူထောင်ကြ၏။ မိတ်ဟောင်း၊ ဆွေဟောင်းများကို ငြီးငွေ့သူတို့ က မိတ်သစ်ဆွေသစ်ရှာကြ၏။ ဈေးကွက်အဟောင်းက လေးလံထိုင်းမှိုင်းလာသောအခါ ဈေးကွက်သစ်ကိုရှာကြ၏။

မြို့သစ်၊ရွာသစ်၊ဂီတအသစ်၊ပန်းချီအသစ်၊ဒီဇိုင်းအသစ်စသည် စသည်များ။
ယခုကမ္ဘာသစ်ကို ရှာကြပြီဟုဆိုချေသောအခါ ကျွန်တော်တို့နေထိုင်ကြရာ ဟောသည့်ကမ္ဘာအဟောင်းကို လူသားတို့ စိတ်ကုန်စပြုလာ၊ စိုးရိမ်ထိတ်လန့်စပြုလာခြင်း၏ လက္ခဏာတစ်ရပ်ဟု ကျွန်တော်ခံစားမိပါသည်။

ပျက်တော့မည့် ကမ္ဘာသို့မဟုတ် ပျက်နေသောကမ္ဘာကနေ ဘယ်ကမ္ဘာ၊ ဘယ်နေရာကို ကျွန်တော်တို့လွတ်အောင် ပြေးကြ မလဲ။ ကမ္ဘာပျက်အောင် ဘယ်သူတွေက လုပ်နေကြတာလဲ။ ပြန်ပြီးပြုပြင် ပြန်ပြီး စောင့်ရှောက်ထိန်းသိမ်းလို့ရော မရနိုင် တော့ဘူးလား။ မေးခွန်းတွေကတော့ အများကြီးပဲ ဖြစ်ပါသည်။

(နှစ်)
ကျွန်တော်တို့၏၀ါကျင်ကျင် ဂန္တ၀င်စာရွက်အဟောင်းများပေါ်တွင်ကား မီးဖျက်သောကမ္ဘာ၊ ရေဖျက်သောကမ္ဘာ၊ လေဖျက် သောကမ္ဘာ စသဖြင့် ကမ္ဘာပျက်ပုံကို အမျိုးအစားခွဲထားသည်။

နေ၇စင်းထွက်ပေါ်လာကာ မြေကြီးမှနေ၍ ပထမဈာန်သုံးဘုံတိုင်အောင် မုန်ညင်းလုံးမျှပင်အကြွင်းအကျန်မရှိဘဲ လောင်ကျွမ်းပျက်စီးသွားမည့် ကမ္ဘာဆိုပါကလား၊ မီးကြောင့်တဲ့။

ဒုတိယဈာန်သုံးဘုံတိုင်သည်အထိ ဆားခဲကိုရေတွင်ချ၍ ကျေသွားသကဲ့သို့ ကျေပျက်သွားမည့်ကမ္ဘာက ရေကြောင့်တဲ့။

တတိယဈာန် သုံးဘုံတိုင်သည်အထိ စကြ၀ဠာကုဋေတစ်သိန်းလုံး မှုန့်မှုန့်ညက်ညက်ကျေပျက်သည်အထိ ပျက်စီးသွားမည့် ကမ္ဘာကတော့လေကြောင့်ပျက်မည့်ကမ္ဘာတဲ့။

အင်္ဂလန်နိုင်ငံတောင်ပိုင်းဆပ်ဆက်တက္ကသိုလ်က ရောဘတ်စမစ်ကတော့ ကမ္ဘာပျက်ဖို့နှစ်သန်းပေါင်း ၇၆၀၀လိုသေးသည် ဟုဆိုပါသည်။ နေဆွဲအားထဲသို့ ကမ္ဘာကြီးဝင်ရောက်သွားပြီးနောက် ပေါက်ကွဲသွားမည်ဖြစ်ကြောင်းလည်း နက္ခတ္တဗေဒ၊ ရူပဗေဒပညာရှင်တို့က တွက်ချက်နေကြပါသည်။

သန်းနှင့်ချီသော နှစ်များကြောင့် ကာလအဓွန့်ဝေးလွန်းကွာလွန်းလှပေရာ မပူပင်တတ်သူတို့က မပူပင်ချင်ဘူးပဲဆိုပါတော့။ အခုကိုပဲ ကမ္ဘာကပျက်စပြုနေခဲ့ပြီဖြစ်ပါသည်။

(သုံး)
ခရမ်းလွန်နွေဦးတဲ့။အမည်က ကဗျာဆန်သလောက် ကြောက်မက်ဖွယ်အရိပ်ကြီးက ကမ္ဘာကိုမိုးထား၏။ လူတို့ရှို့ကြသည့် တောမီးကထွက်သော အခိုးအငွေ့များ၊နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုမှထွက်လာသည့် အငွေ့များ၊ လေယာဉ်တို့၊ကား တို့၊စက်ရုံ၊အလုပ်ရုံတို့လို နေရာပေါင်းစုံကထွက်လာသည့် အငွေ့များထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်တွေ နိုင်ထရိုဂျင် အောက်ဆိုက်တွေပါ၏။ သည်ဓာတ်ငွေ့တွေက ကမ္ဘာ့အိုဇုန်းလွာကိုဖျက်ဆီး၏။

ကမ္ဘာ့မြေမျက်နှာပြင်အထက် ၁၀မိုင်ဝန်းကျင်တွင် ကမ္ဘာကိုဝန်းရံကာကွယ်ထားသည့် အိုဇုန်းအလွှာ (အောက်ဆီဂျင် အက်တမ် ၃ခု + အိုဇုန်း ဓာတ်ငွေ့) သည်ပေါက်သည့်နေရာ၌ပေါက်ကာ၊ ပါးသည့်နေရာက ပါးလွှာလာ၏။ ကမ္ဘာသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်လာသည့် နေရောင်နှင့် အတူ ခရမ်းလွန်ရောင်ခြည်ကို ကျွန်တော်တို့ တားမထားနိုင်တော့။ မှန်လုံအိမ် အာနိသင်ဟု အမည်ပေးထားသည့် ကမ္ဘာကြီးအမြဲတမ်း ပူနွေးနေသည့် အရသာကို ကျွန်တော်တို့ ခံစားကြရ၏။

ကာဗွန်ဒိုင်အောက်ဆိုက်ကို ပင်လယ်ကလည်းနိုင်အောင် မစုပ်ယူနိုင်တော့။ ပြုန်းနေသည့် သစ်တောတွေကလည်း မစုပ်ယူ နိုင်ပြန်။ ကာဗွန်ဒိုင်အောက်ဆိုက်တစ်နှစ်တွင် ဘီလျံ၇တန်လောက်ထွက် နေသည့် ကမ္ဘာ၌ ဘီလျံ၃တန်လောက်သာ စုပ်နိုင် သော ပင်လယ်နှင့် သစ်တောတို့က လက်မှိုင်ချကြရပြီ။

Green house effect ခေါ် မှန်လုံအိမ်အာနိသင်ဖြင့် အပူရှိန်တက်နေသည့် ကမ္ဘာ၌ ရေခဲတောင်တွေအရည်ပျော်၊ ပင်လယ် သမုဒ္ဒရာတွေ ရေလျှံ၊ ရေကြီး၊ ရေလွှမ်း၊မုန်တိုင်းတိုက်၊မိုးခေါင်၊ရာသီပျက်၊ သီးနှံပြုန်းအားလုံးသော ဘေးဒုက္ခတွေက ကျွန်တော်တို့အတွက်ဖြစ်ပါ၏။ နိုက်ထရိုဂျင်အောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်တိုးအောင် လုပ်တာ ကျွန်တော်တို့။

အိုဇုန်းလွှာပေါက်အောင်လုပ်တာ ကျွန်တော်တို့။ သစ်တောတွေ ပြုန်းအောင်လုပ်တာ ကျွန်တော်တို့။ အခုပူသော ကမ္ဘာကို စိတ်ပျက်နေသည်ဆိုတာကလည်း ကျွန်တော်တို့။
အက်ဆစ်မိုးဆိုသည်ကလည်း တဝေါဝေါရွာသွန်းရန် အသင့်အနေအထား။ ရှာလကာရည်ထက်နှစ်ဆပြင်းသော အက်ဆစ် မိုးတဲ့။ ယာဉ်ရထားများ ကျောက်မီးသွေးလောင်စာများ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများမှ ထွက်လာသည့် ဆာလဖာဒိုင် အောက်ဆိုက်နှင့် နိုင်ထရိုဂျင်အောက်ဆိုက်များကြောင့် မိုးက အသန့်မရွာတော့။ အက်ဆစ်မိုး၊ ပိုတက်စီယမ် ပါသောမိုး၊ အလူမီနီယမ်ပါသောမိုး။ သစ်ပင်၊သစ်တော၊ချောင်းမြောင်းသားငါး အားလုံးကိုအဆိပ်သင့်မည့်မိုး။ သည်မသန့်သော မိုးတွေရွာအောင်လုပ်ခဲ့တာလည်း ကျွန်တော်တို့။

နျူကလီးယားဆောင်း။ရေခဲမှတ်၏အောက်သို့ရောက်သည်အထိ အေးခဲနေမည့်ဆောင်း။ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှု ကြီးများ၏ နောက်တော်ပါးကနေ ဖ၀ါးခြေထပ်ကပ်ပြီးလိုက်ပါလာမည့်ဆောင်းတဲ့။ သက်ရှိသတ္တ၀ါတွေ၊ အပင်တွေ ဘယ်လို မှ အသက်မရှင်နိုင်သည့်ဆောင်း။ သည်နျူကလီးယားဆောင်းကိုလည်း ကျွန်တော် တို့တွေကပဲ ပုံဖော်နေခြင်းဖြစ်ပါသည်။

The Strait Time သတင်းစာတစ်နေရာ၌ အောက်ဆီဂျင်ဘား (Oxygen Bar) ဟူသည့်သတင်းတိုကလေးတစ်ပုဒ် ဖတ်ဖူး ခဲ့ပါသည်။ လေထုမသန့်တော့သော ကမ္ဘာ၌ အောက်ဆီဂျင်က ၂၁ရာခိုင်နှုန်းသာရှိရာ အောက်ဆီဂျင်သန့်သန့် ပြည့်ပြည့်၀၀ ကို ထိုဘားများ၌ဓာတ်ငွေ့ပိုက်ဖြင့် တစ်မိနစ်ကို စင်ကာပူဒေါ်လာ တစ်ဒေါ်လာနှုန်းဖြင့် ရှူနိုင်ကြောင်း သတင်း ကလေးဖြစ် ပြီး၊ အဆိုတော် ဘရစ်တနီစပီးယား၊ ရုပ်ရှင်မင်းသမီး ဂျူလီယာရောဘတ်တို့ သွားရှူလေ့ရှိသည် ဟုဖော်ပြထား ပါသည်။ အော်.....အသက်ရှူဖို့တောင် ရှေ့လျှောက် ခက်ခဲတော့မယ့် ကမ္ဘာလား။

(လေး)
တကယ်တော့ ကမ္ဘာကိုနေချင်စရာ မကောင်းတော့အောင်၊ပျက်စီးယိုယွင်းအောင် လုပ်ခဲ့တာက ကျွန်တော်တို့ကိုယ်တိုင်ပဲ ဖြစ်ပါသည်။ မုန်တိုင်းကြီးတွေ၊ မဟာရေလျှံရေလွှမ်းမှုကြီးတွေ၊ ငလျင်တွေ၊ မီးတောင်ပေါက်ကွဲသံတွေ။
တစ်ခါတွင်အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး (Albet Amold Gore) ၏ An inconvenient truth စာအုပ်ကို လှန်လှောခွင့်ရခဲ့ရာ၊ ရေကြီးမှုဖြစ်လျှင် ပင်လယ်ရေပြင်အောက်ရောက်သွားနိုင်သည့် ဒေသများကိုပြထားရာ မဖွံ့ဖြိုးသော နိုင်ငံတွေက အများစုဖြစ်ပါသည်။

ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင်နှင့် သဘာဝသစ်တောရေးရာဝန်ကြီး မစ္စတာရာမန်ခန်းက လူဦးရေသန်း ၁၅၀ရှိသော သူ့နိုင်ငံ၌ သန်း၃၀သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဒုက္ခသည်များသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများကြောင့် ဒုက္ခဖြစ်ရခြင်းဟုဆိုကာ လျော်ကြေးပေးကြဖို့တောင်းနေခြင်းဖြစ်ပါလိမ့် မည်။ ကမ္ဘာ့ ရာသီဥတု သဘာဝအနေအထား ပြောင်းလဲရတာ ဖွံ့ဖြိုးသော နိုင်ငံများကြောင့်ဟူသော စွပ်စွဲချက်။

ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းအားဖြင့်ကတော့ ကမ္ဘာကိုပျက်အောင်အပြင်ကလာဖျက်ခြင်းမဟုတ်တာကတော့ သေချာပါ သည်။ ကမ္ဘာသူ၊ကမ္ဘာသား ကျွန်တော်တို့ကိုယ်တိုင်က ဖျက်နေခြင်းသာဖြစ်ပါသည်။

(ငါး)
ကျွန်တော့်တွင် ကမ္ဘာကျော်မင်းသား ကီနူးရိဗ် (Keanu Reeves)၏ ရုပ်ရှင်တစ်ကားရှိပါသည်။ The day the Earth stood still ဟူသည့်ဇာတ်ကား။ ပျက်စီးယိုယွင်းလုနီးနီး ကမ္ဘာမှ လူမှတစ်ပါး သတ္တ၀ါမှန်သမျှကို တခြားဂြိုဟ်က လာရောက်ကယ် ထုတ်သည့် ဇာတ်ကား။ ကယ်တင်ပြီးနောက် ကမ္ဘာကိုဖောက်ခွဲထားရစ်ခဲ့မည့်အစီအစဉ်။ ကမ္ဘာကိုနေချစ်စဖွယ် ဖြစ်အောင် ပြန်လည်ပြုပြင်ပါမည်ဟူသော လူသားတို့၏ ကတိဖြင့် အဆုံးသတ်ထားသည့် ဇာတ်ကား။

ကျွန်တော်သိပ်သဘောကျသွားမိသည်။ လူသည်ကမ္ဘာကြီးကနေထွက်ပြေးပြီး တခြားဂြိုဟ်မှာ သွားနေလို့မရဟူသည်ကို အော်ပီကျယ်၏ ကာတွန်းထဲကအတိုင်း ကျွန်တော်တို့သည် ကမ္ဘာကနေ စွန့်ခွာသွားလို့မရပါ။ထို့ကြောင့် ပြန်လည် လတ် ဆတ်၊ ပြန်လည်လန်းဆန်း၊ ပြန်လည်သန့်စင်သော ကမ္ဘာဖြစ်အောင် ကျွန်တော်တို့လူသားတွေကပဲ ပြန်လုပ်ကြရမှာဖြစ် ပါသည်။

အဘယ်ကြောင့်ဆိုသော်......

သည်ကမ္ဘာကို ဖျက်ဆီးခဲ့သူမှာ ကျွန်တော်တို့လူသားများ ကိုယ်တိုင်ဖြစ်နေသောကြောင့်ပင် ဖြစ်ပါသည်။

မောင်သာချို
Ref: 7 Day News Journal အတွဲ(၈) အမှတ်(၂၆)

Saturday, September 12, 2009

ချစ်သူ၊ ရည်းစား နှင့် အနမ်းကလေးများ

ချစ်သူနှင့်ရည်းစား

ယောက်ျားတိုင်း မိန်းမတိုင်း ရည်းစားထားဖူးကြမှာပါ။ ဒါပေမယ့် ချစ်သူကိုတော့ လူတိုင်းထားဖူးကြမှာမဟုတ်ပါဘူး။ လူအများစုက ချစ်သူနဲ့ရည်းစားကို အတူတူပဲလို့ ထင်ကောင်းထင်ကြမှာပါ။ ဒါပေမယ့် ချစ်သူနဲ့ရည်းစားက မတူဘူးဗျ။ ဥပမာပေါ့ဗျာ မြွေနဲ့ကင်းလိပ်ချောလိုပေါ့။ တူတယ်ထင်ရပေမယ့် မတူပါဘူး။ လုံးဝမတူပါဘူး။ အခေါ်အဝေါ်ကိုက ကွဲပါတယ်။ ချစ်သူကချစ်သူ ရည်းစားကရည်းစားပါ။ ဘယ်လိုမတူတာလဲဆိုတာ ကျွန်တော်တင်ပြပါရစေ။

ရည်းစား

ရည်းစားဆိုတာ တစ်ခဏတာလက်တွဲရတဲ့သူလို့ ကျွန်တော်ဘာသာပြန်ချင်တယ်။ ဘာလို့လဲဆိုတော့ ရည်းစားဘ၀က ရည်ရွယ်ချက်မရှိဘူး။ တာဝန်မရှိဘူး။ သူ့အနာဂတ် မှာလည်း ကိုယ်မရှိဘူး။ ကိုယ့်အနာဂတ်မှာလည်း သူလုံးဝမရှိပါဘူး။ သူပြတ်ရင် ကိုယ်ပြတ်လို့ရတယ်။ အတားအဆီးမရှိဘူး။ ရည်းစားထားတယ်ဆိုတာ သူငယ်ချင်း တွေရှေ့မှာ မော်ကြွားရုံ၊ ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင် အဆုံးသတ်သွားပါပြီ။ ပြောရရင် သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး။ ဒီတစ်ယောက်ပြတ်ရင် နောက်တစ်ယောက်ပါ။ တချို့ဆို ရည်းစားဘ၀မှာတင် ဘ၀ကိုစတေးလိုက်ရတာတွေရှိပါတယ်။ အင်း.....ရည်းစားထားပြီဆိုရင်တော့ ရည်းစားကို ရည်းစားနဲ့တူအောင် ထားဖို့တော့လိုအပ်တာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ရည်းစားအဆင့်နဲ့တော့ ဘ၀ကိုတည်ဆောက်လို့မရတာတော့ သေချာတယ်။ ရည်းစားမှာ အဆုံးသတ်မရှိဘူး။ ကြိုက်သလောက်ထားကြတယ်။

ချစ်သူ

လူတစ်ယောက်က ဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ။ နောက်ဆုံးတော့ သူတကယ်ချစ်တာ ချစ်ခဲ့တာ တစ်ယောက်ပဲရှိပါတယ်။ ချစ်သူကိုတော့တစ်ဘ၀လုံးပုံအပ်ပြီး လက်တွဲဖို့ ရွေးချယ်လိုက်တဲ့သူကို ချစ်သူလို့ဘာသာပြန်ပါရစေ။ ရင်ထဲက အချစ်စစ်၊အချစ်မှန်မြတ်နိုးတွယ်တာမှုတွေနဲ့ တည်ဆောက်ထားတယ်။ သူ့မှာတော့ ရည်ရွယ်ချက်ရှိလာပြီ၊ အနာဂတ်ရှိလာပြီ။ သူနဲ့ကိုယ်လက်ထပ်ပြီးရင် ဘာလုပ်ကြမှာလဲ၊ ဘယ်လိုနေမှာလဲ အများကြီးပေါ့ဗျာ။ သူကအဆက်ဖြတ်သွားရင်တောင် ကိုယ့်မှာ အနာဂတ်ပျောက်သွားနိုင်တယ်။ ဘ၀ဆုံးပြီး အသက်ပါဆုံးသွားတတ်တယ်။ ချစ်သူမှာ လှတာမလှတာမရှိဘူး။ ဂုဏ်မရှိဘူး၊မာန်မာနကင်းမဲ့တယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ရှိတယ်။ ဘာဆိုဘာမှမရှိဘူး။ သူ့ကိုချစ်နေရရင်ပဲ ကျေနပ်နိုင်တယ်။ သူ့ကိုလည်း ပြန်ချစ်စေချင်တယ်။ ကိုယ်ချစ်သလောက်ပေါ့။ သံယောဇဉ်တွေ၊မေတ္တာတွေ၊တွယ်တာမှုတွေ၊ တမ်းတမှုတွေ၊ သတိရမှုတွေ အားလုံးပါဝင်နေတယ်။

ချစ်သူအဖြစ် တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ပြီဆိုရင်တော့ သူနဲ့ပတ်သက်ရင် အရာရာကို ရင်ဆိုင်နိုင်ရမယ်။ သူဘာပဲလုပ်ခဲ့လုပ်ခဲ့ ခွင့်လွှတ်နိုင်ရမယ်။ ခွင့်လွှတ်နိုင်လောက်တဲ့ အတိုင်းအတာထိပေါ့ဗျာ။ သူ့ကိုပျော်ရွှင်မှုတွေပေးရမယ်။ သူနဲ့တွေ့ရင် ရင်တွေခုန်နေတာပေါ့ဗျာ။ သူ့ကိုတန်ဖိုးထားတတ်ရမယ်။ တချို့ဆို ချစ်သူနဲ့ပတ်သက်တဲ့အရာအားလုံးကို အချိန်၊နာရီ၊မိနစ်၊စက္ကန့်တောင်မလွဲအောင် တန်ဖိုးထားတတ်ကြတယ်။ နောက်ဆုံးတော့ ချစ်သူအဖြစ်ကနေ လက်တွဲပြီး ဘ၀ကိုတည်ဆောက်ကြတာပေါ့။

မိတ်ဆွေတို့ရေ အင်တာနက်မှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် မိမိအခု လက်ရှိချစ်ကြိုက်နေတယ်ဆိုတာ ရည်းစားအဖြစ်လား၊ ချစ်သူအဖြစ်လား။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ချစ်သူလား ရည်းစားလားဆိုတာကို မိမိကိုယ်ကို ဝေဖန်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။


နွေလေပြေ

အနမ်းကလေးများ

အနမ်းဆိုတာ ချစ်သူနှစ်ယောက်အမှတ်တရ အတူရှိနေခဲ့တဲ့အချိန်လေးတွေကို ဘယ်တော့မှမမေ့တော့အောင် မော်ကွန်းထိုးပေးတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။ အနောက်တိုင်း သုတေသီတွေက စိတ်ဖိစီးတဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ ဝေဒနာရှင်တွေတောင် ချစ်သူရဲ့အနမ်းကြောင့် အားအင်သစ်တွေ တိုးပွားလန်းဆန်း လာတယ်လို့ ထောက်ခံထားကြတာပါ

ဒီတော့ ပူလောင်တဲ့၊ ရမ္မက်ဆန်တဲ့အနမ်းတွေကို ခဏလောက်မေ့ထားပြီး ယစ်မူးကြည်မွေ့စရာ ရင်ခုန်သံလေးတွေကို ပိုင်ဆိုင်စေမယ့် အနမ်းလေးတွေကို ခုလိုမျိုးအမျိုးအစားခွဲကြည့်ကြရအောင်။

၁။ နတ်သမီးအနမ်း

ချိုမြိန်ပြီး သက်သောင့်သက်သာရှိစေတဲ့ အနမ်းလို့ အချစ်ကျမ်းဆရာတွေက အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီအနမ်းဟာ ကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကို ခပ်ဖွဖွလေးနမ်းတာကို ဆိုလိုပါသတဲ့။ တချို့ကလည်း ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့ မျက်ဝန်းလေးတွေကို ယုယုယယနမ်းတာကို ခေါ်တာပါလို့ပြောကြပြန်တယ်။

၂။ ပါးပြင်အနမ်း

နေရာတကာမှာတွေ့နိုင်တဲ့ အနမ်းတစ်ခုပါ။မိဘတွေကလည်း သားသမီးလေးတွေကို နမ်းကြတာတွေ့ဖူးကြမှာပေါ့။ အဓိပ္ပာယ်ကတော့ နူးနူးညံ့ညံ့ချစ်မြတ်နိုးတယ်လို့ ကိုယ်အမူအယာနဲ့ဖော်ပြတဲ့သဘောမျိုးပါပဲ။ ချစ်သူချင်းဆိုရင်တော့ 'မင်းကို တကယ်ချစ်တာပါ'လို့ ပါးစပ်ကမပြောဘဲ အနမ်းနဲ့အသိပေးလိုက်တာဆိုရင်လည်း မမှားပါဘူး။ ဒီအနမ်းကို ပထမဆုံးချိန်းတွေ့တဲ့စုံတွဲလေးတွေ လက်တွေ့ကျင့်သုံးတတ်ကြတယ်လို့ဆိုပါတယ်။

၃။ လိပ်ပြာအနမ်း

မျက်နှာနှစ်ခု နီးနီးကပ်ကပ်ရှိနေပါပြီ။ နောက်တော့ ကောင်လေးရော၊ ကောင်မလေးပါ မျက်လုံးလေးတွေမှိတ်သွားကြပြီး ချစ်သူနှစ်ယောက်ရဲ့ အရိပ်တွေဟာ ပိုနီးသွားကြတယ်။ ဒီအနမ်းကို ဘာဖြစ်လို့လိပ်ပြာအနမ်းလို့ ခေါ်သလဲဆိုတာ တိတိကျကျရှင်းပြမထားပေမယ့် ဒီအနမ်းကြောင့် စိတ်ထဲမှာပေါ့ပါးကြည်နူးပြီး လေထဲမြောက်နေသလို ခံစားရမယ်ဆိုရင် ဒီနာမည်လေးနဲ့ လိုက်ဖက်တဲ့အကြောင်း ထောက်ခံလိုက်ကြပါစို့။

၎။ အက်စကီးမိုးအနမ်း

ဒါကတော့ ရေခဲနေတဲ့ဒေသတွေမှာ နေလေ့ရှိတဲ့ အက်စကီးမိုးလူမျိုးစုရဲ့ ရိုးရာနှုတ်ဆက်နည်းတစ်ခုကို အခြေခံထားတဲ့အနမ်းလေးပါ။ မျက်နှာချင်းဆိုင်ပြီး နှာခေါင်းလေးတွေထိရုံပဲထိတဲ့ အနမ်းမျိုးပါပဲ။ အက်စကီးမိုးတွေအတွက်တော့ အဲဒီလိုလုပ်ရင် လူ့ခန္ဓာကိုယ်က အနွေးငွေ့ကြောင့် အချမ်းပြေချင်ပြေမှာပေါ့။ ချစ်သူနှစ်ယောက်အတွက်တော့ ရယ်ရွှင်မြူးတူးရတဲ့ ကြည်နူးမှုကို ဖြစ်စေမှာပါ။

၅။ နားရွက်အနမ်း

ချစ်သူရဲ့နားရွက်ကို တိတ်တိတ်လေးခိုးနမ်းရတဲ့အရသာကိုကြုံဖူးကြပါသလား။ တစ်ခုခု တိုးတိုးလေးပြောမယ်လို့ဟန်ဆောင်ပြီး သိချင်စိတ်စောနေတဲ့ချစ်သူကို ရွရွလေးနမ်းတဲ့အနမ်းပါ။ သေချာတာကတော့ ချစ်သူဆီက မျက်စောင်းလေးတစ်ချက် လက်ဆောင်ရမယ်ဆိုတာပါပဲ။

၆။ လည်ပင်းအနမ်း

ထိခိုက်ခံစားလွယ်ပြီး နူးညံ့ကျေနပ်စရာအနမ်းတစ်ခုလို့ဆိုပါတယ်။ ဒီအနမ်းကို အနောက်တိုင်းက အထက်တန်းစားလူယဉ်ကျေးတွေ ကျင့်သုံးတတ်ကြပါတယ်။ ချစ်သူရဲ့ကိုယ်လုံးလေးကို ထွေးပွေ့ပြီး နမ်းတဲ့ အနမ်းဟာ တစ်သက်လုံးမခွဲတမ်းတူနေသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ဆောင်ပါသတဲ့။

၇။ လက်ရုံးအနမ်း

မိန်းကလေးတွေက ကိုယ့်ချစ်သူကို နမ်းတဲ့အနမ်းမျိုးပါ။ အားကိုးတာ၊ ယုံကြည်လေးစားတာကို အဓိပ္ပာယ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ရှေးခေတ်က ခရူးဆိတ်စစ်သည်တော်တွေ စစ်ထွက်ခါနီးရင် ချစ်သူတွေ၊ ဇနီးမယားတွေက သူတို့ရဲ့ညာဘက်လက်မောင်းကို နမ်းရှုံ့ပြီး နှုတ်ဆက်ကြပါတယ်။ ဒါဟာ မျှော်လင့်ခြင်းနဲ့ ကံကောင်းစေခြင်းကို ဖော်ဆောင်ပြီး ချစ်သူရဲ့လွှမ်းမိုးနိုင်မှုနဲ့ ရဲစွမ်းသတ္တိကို လေးစားကြည်ညိုတဲ့နိမိတ်ကို ဖော်ကြူးတဲ့သဘောမျိုးပါတဲ့။

ကဲသူငယ်ချင်းတို့ရေ ချစ်သူခင်သူများစွာမရှိရင်တောင့် ကိုယ်ချစ်တဲ့ ကိုယ့်ကိုချစ်တဲ့သူလေးနဲ့အတူ အနမ်းကလေးတွေ ကြည်နူးစွာဝေဖြာနိုင်ပါစေကြောင်း ဆန္ဒပြုပါရစေ။

ဇာနည်

Ref: www.people.com.mm

Monday, September 7, 2009

ဇေယျဝတီမြို့ နှင့် မုံရွာမြို့

ကျွန်တော်ဒီနေ့ဖတ်တဲ့ သည်းထိပ်ရင်ဖို မဂ္ဂဇင်းပါ ထောင်မှူးကြီးသိန်းဝင်းရဲ့ ကိုလိုနီခေတ်အမွေဆိုးဝတ္ထုမှာပါတဲ့ ဇေယျဝတီမြို့လေးအကြောင်း မျှဝေပါဦးမယ်။ဇာတ်အသွားအလာကတော့ စာရေးသူဟာ အဲဒီမြို့လေးကိုခရီးတစ်ခု သွားရင်း သူကျောင်းတက်တုန်းကသူငယ်ချင်းတစ်ယောက်နဲ့ပြန်တွေ့တယ်။ အဲဒီသူဟာ ဟိန္ဒူအမျိုးသား ဗုဒ္ဓဘာသာ လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူက သူ့ရဲ့မြို့ကလေးအကြောင်းကို ဒီလိုရင်ဖွင့်ပါတယ်။

'ဇေယျဝတီမြို့ဟာ ရန်ကုန်မြို့ရဲ့မြောက်ဘက် (၁၄၆)မိုင်အကွာ မန္တလေးမြို့ရဲ့တောင်ဘက် (၂၅၀)မိုင်အကွာမှာရှိပါတယ်။ ရန်ကုန်-မန္တလေးလမ်းပေါ်မှာရှိတဲ့မြို့ပါ။ အရင်ကတော့ သားစားတောကောင်ကြီးတွေနေကြတဲ့ တောကြီးမျက်မည်းပေါ့ ဗျာ။'

'အင်္ဂလိပ်အစိုးရက အိန္ဒိယပြည်ကို အုပ်စိုးနေစဉ် ဘီဟာပြည်နယ်စား၊ မဟာရာဇာဒူမရောင်မင်းသားကြီးက ကိုလိုနီအစိုးနဲ့ အဘက်ဘက်က ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် အင်္ဂလိပ်အစိုးရက သူသိမ်းပိုက်ထားတဲ့ မြန်မာပြည်ဇေယျဝတီမြို့ အရှေ့ဘက်ဒေသတွေကို လယ်ယာမြေဖော်ထုတ်အသုံးချဖို့ (၉၉)နှစ် မြေဂရန်ထုတ်ပေးပြီး ဆုချပေးခဲ့တာပဲ။ အကျယ်အ၀န်းက မြေဧက(၂၀၀၀၀)ကျော်တယ်။'

'အဲ့ဒီတုန်းက ဒူမရောင်မင်းသားကြီးရဲ့ အတွင်းဝန်က သျှရီဇေယျပရာကာလာလ်ဖြစ်တယ်။ မဟာရာဇာနဲ့ မိဖုရား တို့ဆုံးပါးသွားတဲ့နောက်ပိုင်း ဟာရီဟရပရာဆပ်ဆင်း(ဟာရီဂျိ)က အတွင်းဝန်ဖြစ်လာခဲ့တယ်။ အဲ့ဒီအချိန်က မြန်မာ နိုင်ငံဟာ အိန္ဒိယရဲ့ပြည်နယ်တစ်ခုဖြစ်ပြီး ဘင်္ဂလားပြည်နယ်ဘုရင်ခံချုပ်က အုပ်ချုပ်ခဲ့တယ်။'

'ဟာရီဂျိက ဂရန်အဖြစ်ရရှိခဲ့တဲ့ ဇေယျဝတီဒေသက မြေဧက(၂၀၀၀၀)ကိုခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေဖော်ထုတ်ဖို့ လယ်သမားအများအပြားကို အပ်လာတယ်။ ဒါကြောင့် ဟာရီဂျိက အာရာခရိုင် (ယခုဆာဟာဘတ်)၊ ချာပရာခရိုင်( ယခု ကျင်းပရန်ခရိုင်)၊ဗလိယာခရိုင်၊ ပါတနာခရိုင်တို့က လယ်သမားတွေကိုဖိတ်ခေါ်ပြီး အစည်းအဝေးပြုလုပ်ခဲ့တယ်။ မြန်မာပြည်မှာ အတည်တကျနေထိုင်ပြီး လယ်ယာလုပ်ကိုင်မယ့်သူတွေကို ဖိတ်ခေါ်ခဲ့တယ်။ လိုက်ပါမယ့်သူတွေကို အခမဲ့ သင်္ဘောစီစဉ်ပေးမယ်။နေထိုင်ရန် အိမ်၊ တော်ရှင်းဖို့လွှ၊ ပုဆိန်၊ ဓားစီစဉ်ပေးမယ်။ ကျန်းမာရေးနဲ့ပညာရေး၊ စားသောက်ရေး ကိုလည်း စီစဉ်ပေးမယ်။ အသားမကျမီ(၅)နှစ်အတွင်း အခွန်အခပေးဆောင်ရန် မလိုကြောင်း ရိုးသားသော လယ်သမားများ ကို သွေးဆောင်စည်းရုံးခဲ့တယ်။'

'ဒါကြောင့် လယ်သမား(၃၅၀၀)က စာရင်းပေးတယ်။ စာရင်းပေးတော့လည်းရွေးချယ်ပုံစနစ်က အလွန်အံ့သြဖို့ ကောင်း တယ်။ လယ်သမားတစ်ဦးချင်းစီကို စိစစ်ပြီး တစ်မှတစ်ရာအထိ ရေတွက်ခိုင်းတယ်။ မရေတွက်နိုင်သူကိုသာ လိုက်ပါရန် ရွေးချယ်တယ်။ ပထမအသုတ်အနေနဲ့ လယ်သမားမိသားစု(၃၀၀၀)ကို ရွေးချယ်ပြီး မြန်မာပြည်ပို့ရန် သင်္ဘောစီစဉ်တယ်။'

'ဘင်္ဂလားပြည်နယ်အစိုးရနဲ့ ဟာရီဂျိတို့ကြားက ကတိဝန်ခံချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြတယ်။ ခံဝန်ချုပ်မှာ လယ်သမားများအတွက် လုပ်ဆောင်ပေးရမယ့်ကိစ္စများနဲ့ ရပိုင်ခွင့်များပါဝင်တယ်။ ထိုရပိုင်ခွင့် စာချုပ်များကို လယ်သမား မိသားစုအကြီးအကဲများကို ပေးထားတယ်။ ဒါပေမဲ့ စီစဉ်ခေါ်ဆောင်လာသူက သင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်းမရောက်မီ စာချုပ်တွေကို မပျက်စီးမပျောက်ပျက်ရန် သိမ်းထားမည်ဆိုပြီး လှည့်ဖြားသိမ်းဆည်းသွားတော့တယ်။ နောက်လည်း ဘယ်တော့မျှ ပြန်မပေးတော့ဘူး။'

'အိန္ဒိယက လယ်သမား ပထမသုတ်က(၁၈၈၉)ခုနှစ်မှာ မြန်မာပြည်၊ ဇေယျဝတီကိုရောက်လာတယ်။ သုံးလေး သုတ်လာ ကြရင်း (၁၉၀၂)ခုနှစ်အထိ မိသားစု (၄၀၀၀)လောက်ရောက်လာတယ်။ ဇေယျဝတီမှာ အိမ်ဆောက်ပေးတယ်။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုလည်း ရတယ်။ အုပ်ချုပ်သူအဖြစ် ပင်စင်စားရဲအရာရှိ 'လာလုရာမ်ပန်ဒေး'လိုက်ပါလာတယ်။'

'သူ၏ကြပ်မတ်ခိုင်းစေမှုအောက်တွင် တောရှင်း၊ လယ်ယာမြေဖော်ထုတ်ရေးလုပ်ကိုင်ရင်း ကျားဆွဲ၊ မြွေကိုက်၊ ငှက်ဖျား ရောဂါဖြင့် ကွယ်လွန်သူပေါင်းများစွာရှိတယ်။ ကိုယ်လက်အင်္ဂါပျက်စီးချို့ယွင်းသူတွေလည်း အများအပြားပဲ။ တဖြည်းဖြည်းနဲ့ နှစ်ကြာလာတော့ လယ်ယာကွက်တွေဖော်ထုတ်ပြီး စိုက်ပျိုးရေးလုပ်ငန်းစတင်လာနိုင်တော့တယ်။'

သျှရီရိုင်းဗဟာဒူး၏ တာဝန်ခံပုဂ္ဂိုလ်များက လယ်သမားများကို ပစ္စည်းအချို့ပံ့ပိုးခဲ့သည်မှာ အမှန်ဖြစ်သည်။ လယ်ယာ လုပ်ကိုင်ရန် နွားတစ်ရှဉ်းစီ၊ထွန်၊ထယ်၊ပေါက်တူး၊တံစဉ် ဓားမများပေးခဲ့သည်။ အစပိုင်းတွင် ရိက္ခာနှင့် အ၀တ်အထည် ပစ္စည်းများကိုလည်း အကြွေးစနစ်ဖြင့် ရောင်းခဲ့ကြသေးသည်။

'ကလေးငယ်များအတွက် ဂျေပူးကျေးရွာ၊ ကျောက်ခဲကွင်းကျေးရွာ၊ ရာမ နဂါးကျေးရွာတို့တွင် မူလတန်းကျောင်း တစ်ကျောင်းစီ ဖွင့်လှစ်ပေးခဲ့သည်။ ဇေယျဝတီမြို့ပေါ်၌လည်း ဆေးရုံတစ်ရုံစီစဉ်ပေးသည်။ သို့သော် ဟန်ပြသာဖြစ်သည်။ မူလတန်းအဆင့်ပညာသင်ကြားရာတွင် နှစ်တန်းသုံးတန်းအဆင့်ထက်ပိုပြီး မသင်။ လယ်ယာတိုင်းတာခြင်း၊ စာရင်း မှတ်ခြင်းစသဖြင့် အတွက်အချက်သင်္ချာပညကို လုံးဝသင်မပေးခဲ့ပါ။ ထို့ကြောင့် ကျောင်းသားများမှာ အသက်(၁၄)နှစ် (၁၅)နှစ်ထိ ပညာသင်ကြားသော်လည်း မူလတန်းအောင်သူတစ်ယောက်မျှ မရှိခဲ့ပါ။ လယ်ယာမြေဖော်ထုတ်ရေးတာဝန်ခံများက အစဉ်အဆက်ခေါင်းပုံဖြတ်နိုင်ရန် သွေးစုပ်ချယ်လှယ်နိုင်ရန် မိမိတို့အမျိုးသား ချင်းပင်ဖြစ်သော်လည်း စနစ်တကျ အကွက်ချ၍ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ပညာမတတ်မှ မိမိတို့ခိုင်းသမျှ လုပ်ဆောင်ကြပြီး မတော်လှန်စေရန် ကိုလိုနီစရိုက်သွင်းခဲ့ကြခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးနီးကပ်လာချိန် (၁၉၃၉)ခုနှစ်အထိ လူဦး ရေ(၂၀၀၀၀)ခန့်ရှိ ဇေယျဝတီမှ အိန္ဒိယလယ်သမားများ၏ သားသမီးများ အထက်တန်းပညာကို သင်ကြားနိုင်ခြင်းမရှိခဲ့ပါ။'

ဇာတ်လမ်းပါ ကိုပီဂျေးက စာရေးသူကို ရောက်တုန်းရောက်ခိုက် ဟိန္ဒူအစားအစာတွေကို သူတို့ရိုးရာအတိုင်း ဖက်ရွက် ခင်းပြီး သတ်သက်လွတ်ဟင်းဖြင့် ဧည့်ခံကြောင်းလည်းပါတယ်။ ကျွန်တော်ပြန်လည် ရေးပြရခြင်း ရည်ရွယ်ချက်ကတော့ ကိုလိုနီစနစ်အောက်က လူမျိုးနွယ်တစ်ခုရဲ့လှုပ်ရှား နေထိုင်ခဲ့ရပုံလေးကို သိစေလိုရင်းပေါ့။

ကျွန်တော်ငယ်ရွယ်စဉ် နေထိုင်ခဲ့တဲ့ မေမြို့နားက အလားတူ ဟိန္ဒူရွာတစ်ရွာရှိခဲ့ပါသည်။ မေမြို့အတက် အဆင်း သစ်သီး မျိုးစုံ ပန်းမျိုးစုံကို ဈေးတန်းလေးအသွင် ရောင်းချလေ့ရှိတဲ့ အောင်ချမ်းသာရွာရဲ့အလွန်မှာဖြစ်ပါတယ်။ တစ်ရွာလုံး နွားမွေး ပါတယ်။ သူတို့အိမ်က တဲစုတ်ဖြစ်ပါစေ ကြမ်းပြင်တွေ သူတို့သုံးတဲ့ ကြေးခွက် ကြေးအိုး အသုံးအဆောင်တွေဟာ သန့်ရှင်း စင်ကြယ် နေတာများ မြင်ရသူတောင်သဘောကျဖွယ်ကောင်းပါတယ်။ သူတို့ဟာများသောအားဖြင့် ရိုးသားစွာအသက်မွေး ၀မ်းကျောင်းရတာကိုသဘောကျ ရောင့်ရဲလွယ်ပါတယ်။ သူတို့စိုက်ပျိုးမွေးမြူတာတွေ အောင်မြင်ဖြစ်ထွန်းနေရင်ကိုပဲ ကျေနပ်နေကြတာဖြစ်ပါတယ်။ သူတို့နေထိုင်ပုံဟာ ဂေါ်ရခါးအမျိုးအနွယ်များနဲ့ ခပ်ဆင်ဆင်တူပါသတဲ့။ အနည်းငယ်သာ ကွဲပြားမှုရှိပါတယ်။

ဘာပဲဖြစ်ဖြစ် လူမျိုးမတူ၊ ဘာသာကွဲပေမယ့် ကမ္ဘာမြေပေါ်မှာနေထိုင်ကြတဲ့ လူသားတွေချင်းအတူတူ တစ်ယောက် အကြောင်း တစ်ယောက်အနည်းငယ်သိရုံမျှဖြင့် နားလည်စွာလက်တွဲအေးချမ်းနေထိုင်သွားနိုင်စေဖို့ ဆန္ဒပြုလိုတာပါ။

ချင်းတွင်းမြို့တော် အလည်လာပါ
နောက်တစ်ခါ သနပ်ခါးတွေပေါတဲ့ အညာဂျက်ခုပ်ထည်တွေပေါတဲ့ အညာမြို့လေးတစ်မြို့အကြောင်းပြောပြပါဦးမယ်။ ဒီမြို့လေးဟာ ချင်းတွင်းမြစ်ကမ်းနားမှာတည်ရှိတယ်။ပြီးတော့ ခရီးသွားရတာအဆင်ပြေတဲ့မြို့လေးပါ။ ကျွန်တော်ကျောင်း တက်တုန်းက သူငယ်ချင်းတစ်ချို့ကလည်း ဒီမြို့လေးကပါပဲ။ ပြီးတော့ ကျွန်တော့်အဘိုးကလည်း မြို့ရဲ့နယ်ပယ်တစ်ခုက ရွာကလေးကပါ။ သူငယ်ချင်းတို့လည်း အလည်သွားကြည့်နိုင်အောင်ပြောပြလိုက်ပါတယ်နော်။

မုံရွာမြို့ဟာလမ်းပန်းဆက်သွယ်ရေးသွားလာရအဆင်ပြေတယ်။ လှည့်လည်ကြည့်ရှုစရာတွေများတယ်။ စီးပွားရေး လုပ်ငန်းမျိုးစုံရှိတယ်။ စတဲ့အချက်တွေကြောင့် အနောက်မြောက်တိုင်းရဲ့မြို့တော်ဖြစ်နေပါတယ်။
မုံရွာမြို့ကိုမန္တလေးမြို့ကနေကားနဲ့သွားမယ်ဆိုရင် ၈၄မိုင်သာဝေးတယ်။ မုံရွာမြို့က ချင်းတွင်းမြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ အတွက် သœာဝတီမြို့တော်လို့လည်းခေါ်ကြတယ်။မုံရွာကိုရေလမ်းကလည်း သွားနိုင်ပါတယ်။ မုံရွာကိုရေလမ်းကလည်း သွားနိုင်ပါတယ်။

မုံရွာမြို့ကို အလည်အပတ်ဘုရားဖူး သွားကြရင် ဖိုလ်ဝင်တောင်၊ ကျောက္ကာရွှေဂူနီ၊ကမ္ဘာ့အကြီးဆုံး ရပ်တော်မူဘုရားကြီး၊ ဗောဓိတစ်ထောင်၊မိုးညှင်းသဗ္ဗုဒ္ဓေစတဲ့ဘုရားတွေကို အများဆုံးသွားရောက်လေ့ရှိကြတယ်။ စိတ်ဝင်စားသူတွေက လယ်တီ ကျောက်စာတွေကို လေ့လာကြတယ်။

ဖိုလ်ဝင်တောင်
ဖိုလ်ဝင်တောင်ဟာချင်းတွင်းမြစ်တစ်ဖက်ကမ်းမုံရွာမြို့ရဲ့အနောက်ဘက် မိုင်၄၀အကွာမှာရှိပါတယ်။ အရင်ကမုံရွာဆိပ်ကမ်း ကနေ ချင်းတွင်းမြစ်ကို ဇက်နဲ့ကူးပြီးသွားရတယ်။ ယခုအခါ မုံရွာ-ချင်းတွင်းတံတားကြီးပြီးသွားတဲ့အတွက် ဖိုလ်ဝင်တောင် ကိုအလွယ်တကူသွားလာနိုင်ပါတယ်။

ဖိုလ်ဝင်တောင်မှာ ရှေးတုန်းက နံရံဆေးရေးပန်းချီကားတွေနဲ့ ကိုလိုနီခေတ်က အဆောက်အအုံတွေရှိတယ်။ တောင်တက်၊ တောင်ဆင်းလမ်းတွေဟာ ပြေပြစ်ပြီးတော့ ရှုမျှော်ခင်းကြည့်ရတာကောင်းတယ်။ဖိုလ်ဝင်တောင်မှာ မျောက်တွေအများ ကြီးရှိတဲ့အတွက် ဘုရားဖူးတွေ သဘောကျတဲ့နေရာတစ်နေရာလည်းဖြစ်တယ်။ မျောက်စာရောင်းတဲ့ကလေးတွေဟာ ဘုရားဖူးဧည့်သည်တွေကို အခမဲ့လမ်းညွှန်လိုက်လုပ်ပေးတာတွေလည်းရှိပါတယ်။

ဖိုလ်ဝင်တောင်နဲ့ဆက်စပ်နေပြီး တောင်ပေါ်နား နည်းနည်းရောက်တဲ့ကျောက်နွားသိုးကြီးတောင်မှာ လူကြီးခွေအိပ်နေ သလောက်ရှိတဲ့ ကျောက်နွားရုပ်တုကြီးရှိတယ်။ ဘုရားဖူးဧသည့်သည်တွေ မူးတယ်၊မော်တယ်ဆိုရင် သည်နွားရုပ်ကြီးကို ပွတ်သပ်ပေးပါက အမူးအမော်ပျောက်တယ်လို့လည်းဆိုတယ်။

ရွှေဘတောင်
ရွှေဘတောင်ဟာ ဖိုလ်ဝင်တောင်နဲ့တစ်ဆက်တည်းမှာပဲရှိပါတယ်။ တောင်ရဲ့ ဂ၀ံမြေသားကိုပဲ ဘုရားဆင်းတုတွေ၊ ဗုဒ္ဓ၀င်ပြခန်းတွေကို ထွင်းထုထားတယ်။ ရွှေဘတောင်က ကျောက်သားတွေဟာ သဘာဝ ဂ၀ံကျောက်ပျော့တွေဖြစ်လို့ အေးတယ်။ လိုသလိုဖြတ်သုံးလို့ရပြီး သုံးရင်းနဲ့ မာသွားတယ်လို့သိရတယ်။ မုံရွာ ဆားလင်းကြီးနယ်ဘက်က ရွာလေး တွေမှာ သမံတလင်းအဖြစ် အစားထိုးပြီး သုံးကြတယ်လို့ဆိုတယ်။

ကျောက္ကာရွှေဂူနီ
မုံရွာမြို့ရဲ့အရှေ့ဘက်ရှိ ကျောက္ကာရွှေဂူနီဘုရားကိုသွားတဲ့လမ်းဘေးဝဲယာတစ်လျှောက်မှာ တမာပင်တွေစီတန်းနေတဲ့ အညာမြေရဲ့ ရှုခင်းကိုတွေ့ရတယ်။ မုံရွာမြို့နဲ့နှစ်မိုင်လောက် ဝေးပြီးကားနဲ့ မိနစ်၂၀လောက်ဝေးပြီး ကားနဲ့မိနစ်၂၀လောက် သွားရင် ရောက်ပါတယ်။

ကမ္ဘာ့အကြီးဆုံးရပ်တော်မူဘုရားကြီး
ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးက ဥာဏ်တော်အမြင့်၄၂၄ပေရှိတဲ့ ကမ္ဘာ့အကြီးဆုံးရပ်တော်မူဘုရားတစ်ဆူတည် ထားပါတယ်။ ရပ်တော်မူဘုရားကြီးကို မုံရွာမြို့အ၀င်လမ်းနဲ့ ကျောက္ကာရွှေဂူနီသွားရာလမ်းတစ်လျှောက်အဝေးက ထင်ရှား စွာတွေ့ရတယ်။
ရပ်တော်မူဘုရားကြီးအဆင်းလမ်းမှာပဲ အလျား ၃၃၃ပေ၊ အနံ၃၇ပေ၆လက်မရှိတဲ့ လျောင်းတော်မူဘုရားကြီး ကိုဝင်ရောက် ဖူးမြော်နိုင်ပါတယ်။ လျောင်းတော်မူဘုရားဝင်းအတွင်းမှာ ဗုဒ္ဓ၀င်ပြခန်းတွေလည်းရှိပါတယ်။
ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ကျောင်းရှိ ဆရာတော်ဘုရားရဲ့ ရုပ်တုကိုလည်းဝင်ရောက်ဖူး မြော်နိုင်ပါသေးတယ်။

မိုးညှင်းသဗ္ဗုဒ္ဓေ
မိုးညှင်းသဗ္ဗုဒ္ဓေစေတီကို မိုးညှင်းဆရာတော်ဘုရားကြီးကိုယ်တိုင် စိတ်ကူးနဲ့တည်ထားတာဖြစ်တယ်လို့ သိရတယ်။ နံရံမှာ ကပ်ထားတဲ့ ဘုရားအဆူပေါင်းငါးသိန်းနှစ်သောင်းကျော်ရှိတယ်လို့ဆိုတယ်။ မိုးညှင်းဆရာတော်ကြီးရဲ့ပြတိုက်မှာ ရှေး ဟောင်းပစ္စည်းမျိုးစုံကို ကြည့်ရှုလေ့လာနိုင်ပါတယ်။

မုံရွာမြို့မှာ ၀ယ်စရာ
မုံရွာမြို့ဟာ အပူပိုင်းဒေသဖြစ်တဲ့အတွက် သနပ်ခါးပင်ပေါတယ်။ မုံရွာအပြန်လက်ဆောင်ဝယ်ရာမှာ မပါမဖြစ်ပစ္စည်းထဲမှာ သနပ်ခါးတုံးလည်းပါတယ်။ မုံရွာနယ်ထွက် သနပ်ခါးတွေရောင်းတဲ့သူတွေကို ကျောက္ကာရွှေဂူနီဘုရားမုဒ်ပေါက်မှာ အများ ဆုံးတွေ့ရပါတယ်။ မုံရွာမြို့ရဲ့ စားသောက်ကုန်တွေထဲမှာ မြေပဲဆားလှော်၊၀က်အူချောင်းနဲ့ ကြာဆံတွေက နာမည်ကြီး တယ်။ မုံရွာမြို့ရဲ့ထွက်ကုန်ထဲမှာ ဂျပ်ခုတ်စောင်လည်းပါတယ်။ မုံရွာစောင်တွေကို ဈေးကွက်မှာ လူကြိုက်များတယ်။ မုံရွာမြို့ဟာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တာ ကြောင့် ကလေးမြို့၊ ကလေးဝမြို့တွေက တစ်ဆင့်ဝင်လာတဲ့ အိန္ဒိယပစ္စည်းတွေလည်း ရရှိနိုင်ပါတယ်။

သည်လိုသွားမယ်
မုံရွာမြို့ကို ရေကြောင်း၊လေကြောင်း၊မီးရထားလမ်းနဲ့ကားလမ်းတွေကနေ သွားရောက်နိုင်တယ်။ မန္တလေးမြို့ကနေ ကားငှားပြီးလည်း သွားကြတယ်။ တချို့တွေက ဘုရားဖူးကားတွေနဲ့လိုက်ကြတယ်။ ဘုရားဖူးကားနဲ့လိုက်မယ်ဆို တစ်ယောကိုစားစရိတ်မပါ ခရီးစရိတ်ချည်း ကျပ် ၁၁၀၀၀လို့သိရတယ်။ မန္တလေးမြို့ကနေကားငှားသွားမယ်ဆိုရင် အပြီးအစီး ဆန်နီကားက ကျပ်၆၀၀၀၀၀န်းကျင်၊ လိုက်ထရပ်က ကျပ်၇၅၀၀၀၀န်းကျင်ရှိတယ်။ ဆီဖိုးမပါဆိုရင် ကျပ်၃၀၀၀၀၊ ၃၅၀၀၀၀န်းကျင်ရှိတယ်လို့ သိရတယ်။ ကဲ.....ဒီဈေးနှုန်းတွေက သြဂုတ် ၂၀ကစုံစမ်းရရှိတဲ့ဈေးနှုန်းနော်။

သူငယ်ချင်းတို့ ခရီးသွား ဗဟုသုတလည်းရစေ သိပြီးသားဆိုလည်းမှတ်မိစေ ဆိုတဲ့ စေတနာများဖြင့်တင်ခြင်းဖြစ်ပြီး သူငယ်ချင်းတို့ အတွက် အသုံးမ၀င်ဘူးဆိုရင်လည်း ဆောရီးနော်။

ဇာနည်။

Ref: Morden News Journal

လက်စနစ်တကျဆေးရင် ကူးစက်ရောဂါတွေ ကာကွယ်နိုင်မှာလား


ဒီနေ့ ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့အတူ ကူးစက်ရောဂါဆန်းတွေကပါ တစ်ခုပြီးတစ်ခုပေါ်ပေါက်ပြီးတော့ ခြိမ်းခြောက်လာနေတာ ဆားစ်ရောဂါ၊ ပြီးတော့ ကြက်၊ငှက်နဲ့ဘဲတွေကနေ ကူးစက်ကြတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ A (H5N1) ၊ ပြီးခဲ့တဲ့လအနည်းငယ်လောက်က ပါးစပ်နှာခေါင်းစည်းရောင်းချတဲ့သူတွေအတွက် စီးပွားလမ်းဖွင့်ပေးခဲ့တဲ့ ကမ္ဘာ့လူတုပ်ကွေး A (H1N1) ရောဂါမျိုးစုံပါပဲ။

လတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်ရောဂါတွေထဲမှာ ဒီကမ္ဘာ့လူတုပ်ကွေး A(H1N1) ဟာဒီနှစ်ဧပြီလအတွင်းက မြောက် အမေရိကတိုက်မှာရှိတဲ့ မက္ကဆီကိုနိုင်ငံကနေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရက်ပေါင်း၆၀အတွင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း၇၄နိုင်ငံ အထိ ကူးစက်သွားခဲ့ပြီးတော့ လအနည်းငယ်ကြာလို့ ဇွန်လအရောက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကသတ်မှတ် ထားတဲ့အဆင့်တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ နံပါတ်(၆)အဆင့် ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်လိုက်ရတဲ့ရောဂါဆိုတာ အားလုံးသိကြမှာပါ။
လက်ရှိမှာ ကမ္ဘာ့လူထုတစ်ရပ်လုံးကိုခြိမ်းခြောက်နေတဲ့ ဒီကူးစက်ရောဂါတွေကို တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင် ပြုလုပ်ခြင်းနဲ့လည်း ထိရောက်စွာကာကွယ်နိုင်မှာပါ။

အထိရောက်ဆုံးကာကွယ်မှုတစ်ခုကတော့ လက်သန့်ရှင်းမှု ဒါမှမဟုတ် လက်ကိုဆေးကြောပေးဖို့ပါ။ လက်ကိုဆေးကြော ပေးရုံနဲ့ ဒီ A တုပ်ကွေးအပါအ၀င် တခြားကူးစက်ရောဂါအတော်များများကို ကာကွယ်နိုင်လိမ့်မယ်လို့ ကျန်းမာရေးနယ်ပယ် က ဆရာဝန်ကြီးတွေက ပြောကြားကြပါတယ်။ ဒီလက်ဆေးတယ်ဆိုတဲ့နေရာမှာ စနစ်တကျဆေးကြောတတ်ဖို့တော့လိုပါ လိမ့်မယ်။ လက်ဆေးတယ်ဆိုပြီးရော ပုံစံနဲ့မဟုတ်ဘဲ စနစ်တကျဆေးပေးမှသာ ထိရောက်တဲ့ကာကွယ်မှုဖြစ်မှာပါ။


လက်ကို ဒီလိုစင်စင်ဆေးပါ
မြန်မာတို့ရဲ့ဓလေ့ကတော့ အစားအစာစားရင် အများဆုံးက လက်နဲ့အားရပါးရစားကြတာပါ။ ဒါကြောင့် အဲဒီလိုစားသောက် တတ်တဲ့လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆပ်ပြာအသုံးပြုပြီး ဆေးကြောပေးရမှာပါ။


ဒီလိုအချိန်မှာ လက်ဆေးပေးပါ


- ထမင်းမစားခင် ဒါမှမဟုတ် အစားအစာတွေကို လက်နဲ့တိုက်ရိုက်ထိတွေ့ပြီး ကိုင်မစားခင်မှာ လက်ကိုဆပ်ပြာနဲ့ စင်အောင်ဆေးရမှာပါ။ ဆေးတဲ့အခါ ဆပ်ပြာ ဒါမှမဟုတ် ဆပ်ပြာအစားထိုးပစ္စည်း၊ သုံးရေသန့်တို့နဲ့ပွတ်တိုက်ပြီး စင်ကြယ် အောင်ဆေးပေးပါ။


- အစားအစာချက်ပြုတ်ဖို့ပြင်ဆင်တဲ့နေရာမှာလည်း လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးပြီးမှ အစားအစာတွေကို ကိုင်တွယ်ရပါမယ်။


- ကြက်၊ငှက်၊အသား၊ငါး၊ဥတွေကို ကိုင်တွယ်ပြီးရင်လည်း လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးပေးပါ။ ဒါ့အပြင် တိရစ္ဆာန်တွေကို ကိုင်တွယ်မိတဲ့ အခါမှာလည်း ဆေးကြောပေးရမှာပါ။


- မျက်နှာ၊မျက်စိ၊နှာခေါင်းတွေကို မကိုင်ခင် လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးတာဟာ ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်တွင်းကို မ၀င်နိုင်အောင်လို့ တားဆီးနိုင်မှာဖြစ်ပါတယ်။


- ဆေးလိပ်သောက်ပြီးတဲ့အခါ လက်နဲ့အုပ်ပြီး နှာချေပြီးတဲ့အခါ ချောင်းဆိုးလိုက်တဲ့အခါတွေမှာလည်း လက်ကိုဆပ်ပြာနဲ့ဆေးကြောပေးပါ။


- အများသုံးအိမ်သာ၊မိသားစုအိမ်သာ စတာတွေကနေ ထွက်လာပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ ဆေးကြော ပေးဖို့လိုပါတယ်။


- လမ်းခရီးသွားနေရင်း မုန့်ပဲသွားရေစာစားမယ်၊ လက်လည်းမဆေးနိုင်တဲ့အနေအထားမျိုးဆိုရင် သန့်ရှင်းတဲ့ စက္ကူလိုမျိုးတစ်ခုခုနဲ့ ကိုင်ပြီးစားပေးရင်ကောင်းပါတယ်။


- နေ့စဉ်သွားလာလှုပ်ရှားတဲ့နေရာမှာ လူအများထိတွေ့ကိုင်တွယ်တဲ့ ကားပေါ်က တန်းနဲ့ခုံတွေ၊ တံခါးလက်ကိုင်နဲ့ ဓာတ်လှေကားခလုတ်၊ဖုန်း၊ငွေစက္ကူစတဲ့ မြောက်မြားလှတဲ့ အရာဝတ္ထုတွေကို ထိတွေ့ရတဲ့အတွက် အဲဒီလိုကိုင်တွယ်ထိ တွေ့ပြီးတိုင်း လက်မှာ ပိုးမွှားတွေကပ်ငြိပါလာနိုင်တာကို သတိထားပြီး လက်ကို ဆပ်ပြာနဲ့သန့်ရှင်းသွားအောင် ဆေးကြော ပေးရမယ်ဆိုတာ မမေ့ဖို့လိုပါတယ်။


လက်ကိုဘယ်လိုဆေးမလဲ
- လက်ကိုဆပ်ပြာ၊ရေတို့နဲ့ဆေးပါ။
- ဆပ်ပြာနဲ့ သေချာစွာပွတ်တိုက်ပါ။
- လက်သည်းကြားထဲကိုလည်း ဆပ်ပြာဝင်ရောက်အောင်ပွတ်တိုက်ပါ။
- သုံးရေနဲ့လက်ကိုလောင်းပြီးဆေးပါ။
- ဆပ်ပြာမရှိလျှင် သဲဆပ်ပြာ၊ ပြာ၊ ပြာရည်၊ကင်ပွန်းသီးရည်၊တရော်ရည် စတာတွေတို့ကို သုံးနိုင်ပါတယ်။
ဒါတွေကို သတိပြု
- လက်ကို ဇလုံထဲမှာ နှစ်မဆေးပါနဲ့။
- တစ်ယောက်လက်ဆေးပြီးသားရေကို နောက်တစ်ယောက်က ထပ်မဆေးပါနဲ့။


ဒါလေးတွေလုပ်ပေးပါ
- အိမ်မှာ လက်ဆေးဖို့ဆပ်ပြာနဲ့ သုံးရေသန့်အမြဲရှိဖို့လိုပါတယ်။
- အိမ်သာထဲမှာ လက်ဆေးဖို့ ဆပ်ပြာနဲ့ရေဆောင်ထားပေးပါ။
- အိမ်သာကအထွက်မှာ လက်ဆေးဖို့ ဆပ်ပြာနဲ့ရေ အမြဲထားပါ။
- ရုံး၊ဌာန၊ကျောင်း၊အများသုံးအိမ်သာတွေမှာ လက်ဆေးဖို့ဆပ်ပြာနဲ့ရေ အမြဲထားပေးပါ။
- အလှူအတန်းတွေမှာ လက်ဆေးဇလုံထားပေးမယ့်အစား လက်ဆေးဖို့ဆပ်ပြာနဲ့ ရေလောင်းဆေးနိုင်ဖို့ကို စီစဉ်ပေးပါ။
- ဈေးတွေ၊စားသောက်ဆိုင်တွေမှာလည်း လက်ဆေးဖို့ဆပ်ပြာနဲ့ ရေရအောင်စီစဉ်ပေးထားဖို့လိုပါတယ်။


လက်ကိုဘာကြောင့် ဒီလိုဆေးရသလဲဆိုရင် လက်မှာမစင်အညစ်အကြေးအနည်းငယ် (တစ်ဂရမ်)လောက်ကပ်ပါလာတယ် ဆိုရင်တောင် အဲဒီတစ်ဂရမ် ပမာဏမှာ –
ဗိုင်းရပ်စ်ရောဂါပိုး - ၁၀သန်း
ဘက်တီးရီးယားရောဂါပိုးပေါင်း - တစ်သန်း
ကပ်ပါးရောဂါပိုး စုစုပေါင်း - တစ်ရာ တို့က ကပ်ငြိပါလာနိုင်ပါတယ်။


ဒီလိုရောဂါပိုးတွေကစလို့ အခုအခါမှာခေါင်းထောင်ပေါ်ပေါက်လာနေတဲ့လူကလူကို အသက်ရှူလမ်းကြောင်းကနေပါ ထပ်ဆင့်ကူးစက်နေတဲ့ ကမ္ဘာ့လူတုပ်ကွေး A(H1N1) ဟာ နှာချေချောင်းဆိုးလိုက်တဲ့အခါ (ခန္ဓာကိုယ်ပြင်ပ ဥပမာ- ခုံတွေ၊ စားပွဲတွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ) သူ့ရဲ့အနီးအနားက ပစ္စည်းတွေမှာ ကပ်ငြိပြီးခြောက်နာရီ လောက်ကြာ အောင် အသက်ရှင်သန်နေနိုင်တဲ့အတွက်ကြောင့် ကိုင်တွယ်ထိတွေ့မိတဲ့လက်ကနေတစ်ဆင့်ပါလာပြီး လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင် မဆေးမိတဲ့အခါ ကိုယ့်ဆီပါ ကူးစက်ခံရနိုင်တာကြောင့် လက်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ကြ ရန် လိုအပ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။


Ref: The Voice Weekly Journal (Vol.5/No.43)

Thursday, September 3, 2009

Can Food Always Buy Your Health?

မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဇီဝကမ္မဗေဒအဖွဲ့နှင့် ဇီဝဓာတုဗေဒအဖွဲ့တို့ ပူးပေါင်း၍ Can Food Always Buy Your Health? "အစားအသောက်များသည် ကျန်းမာရေးအတွက် အမြဲကောင်းပါသလား။" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲတစ်ရပ် ကို ၁၅၊၈၊၂၀၀၉ ရက်နေ့က ရန်ကုန်မြို့၊သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) ခန်းမဆောင်(အေ)၌ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ ပါမောက္ခကြီးများ၊ ဆရာဝန်ကြီးများက စာတမ်းအသီးသီးကို ဖတ်ကြားတင်ပြသွားပါတယ်။ စိတ်ဝင်စားဖွယ်ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားရာမှာ သူငယ်ချင်းတို့ ဖတ်ရှုအဆင်ပြေစေဖို့ ခေါင်းစဉ်ခွဲ (၅)ခုဖြင့် တင်ပြသွားမှာပါ။ ဖတ်ရှုအဆင်ပြေစွာဖြင့် ကျန်းမာရေးဗဟုသုတများရရှိပါစေကြောင်း ဆန္ဒပြုလိုက်ရကြောင်းပါ။

(၁) Junk Food
အမှိုက်သရိုက်အစားအစာများ (Junk Food) ဟူသောခေါင်းစဉ်ဖြင့် ဟောပြောမှုမှ ကောက်နှုတ်တင်ပြပါသည်။


(Junk Food) ဟူသော စကားလုံးသည် လွန်ခဲ့သည့်နှစ်ပေါင်း၃၅နှစ်ခန့်က မိုက်ကယ်ဂျက်စ်ကော့ဘ်စင်(Michael Jacobson) ဆိုသူက ပထမဦးဆုံး သုံးစွဲခဲ့ကြောင်းသိရသည်။ စောစောပိုင်းနှစ်များက အဟာရဓာတ်ကြွယ်ဝပြီး လူကြီးများ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းမဟုတ်သော အစားအစာများကို ဆန့်ကျင်ပြောဆိုခဲ့ခြင်းဖြစ်သည်။ Junk Food ဆိုသည်မှာ ကယ်လိုရီမြင့်မားစွာ ပါဝင်ပြီး အဟာရဓာတ်နည်းပါးကာ လူတို့အတွက် များသောအားဖြင့် ဆိုးဝါးသောအစား အစာများကို ဆိုလိုသည်။

၎င်းအစားအစာများတွင် –
(၁) သကြားဓာတ်မြင့်မားစွာ ပါဝင်ခြင်း သို့မဟုတ်၊
(၂) အဆီဓာတ်လွန်ကဲစွာ ပါဝင်ခြင်း သို့မဟုတ်၊
(၃) ဆားဓာတ်မြင့်မားစွာပါဝင်ခြင်း သို့မဟုတ်၊
ဖော်ပြခဲ့သည့် သကြား၊ အဆီ၊ အငန်မြင့်မားစွာပါဝင်သော အစားအစာအမျိုးအစားအားလုံးကိုခေါ်ပါ သည်။

မရှိမဖြစ် လိုအပ်သော အဟာရဓာတ်များမှာ –
(၁) လုံလောက်သောရေ၊ (၂) လုံလောက်သောကယ်လိုရီ၊ (ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်းဓာတ်နှင့် အဆီတို့မှ တစ်ဆင့် ရရှိသည်)။ (၃) သတ္တုဓာတ်များ၊ (၄) ဗီတာမင်ဓာတ်များဖြစ်သည်။


မည်သည်အစားအစာကို စားမည်နည်းဟုရွေးချယ်ရာတွင် သိထားသင့်သော အချက်များရှိပါသည်။ ကယ်လိုရီဖြည့်ပေးခြင်း ကို အဆုံးအဖြတ်ပေးနေသည့်အချက်များမှာ –
(၁) ဇီဝကမ္မဗေဒဆိုင်ရာအချက်များ၊ (၂) အရသာ၊ (၃) စီးပွားရေးအခြေအနေတို့ ဖြစ်ကြောင်းသိရသည်။ ခန္ဓာကိုယ် အားတည်ဆောက်ပေးမည့် အသားဓာတ်၊ စွမ်းအင်ထုတ်လုပ်ပေးမည့် ကာဗိုဟိုက်ဒရိတ်နှင့် အဆီ၊ရောဂါကာကွယ်မှုပေး သောအစားအစာများ၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် ရေတို့ မှန်ကန်သော ပမာဏပါဝင်သည့် အစားအစာတစ်ခုဖြစ်ဖို့လိုသည်။

အသားဓာတ်နှင့် အမိုင်နို အက်စစ်ဓာတ်များ ဘာကြောင့်လိုအပ်ရသလဲဆိုလျှင် ၄င်းတို့က ခန္ဓာကိုယ်ကိုတည်ဆောက်ပေး ခြင်း၊(စီးထရစ်) အက်စစ်စက်ဝန်းတွင် ပြောင်းလဲပါဝင်ခြင်း၊ ဟော်မုန်းများ ထုတ်လုပ်ရာတွင်ပါဝင်ခြင်း၊ ယူရီးယားစက်ဝန်း တွင် ပါဝင်ခြင်းနှင့် သက်ရှိများအတွက် အရေးကြီးသော ဒြပ်ပေါင်းဖြစ်သည့် CoA တွင် ပါဝင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ တိရစ္ဆာန်မှရရှိသော အသားဓာတ်သည် Grade (1) ဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ပဲ စသည်တို့မှရရှိသော အသားဓာတ်သည် Grade (2) ဖြစ်သည်။ အသားဓာတ် (1) ဂရမ်တွင် ကယ်လိုရီ(4.1) ရရှိနိုင်သည်။

အဆီများလိုအပ်ရခြင်း အကြောင်းရင်းမှာ ၄င်းတို့က စွမ်းအင်ကိုပေးသည့် ကလာပ်စည်းနံရံ(cell membrance)တွင် ပါဝင် သည်။ စတီးရွိုက်ဟော်မုန်း၊ ဗီတာမင် ဒီနှင့် သည်းခြေဆားများ ထုတ်ထုပ်မှုတွင် ပါဝင်သည်။ အပူဓာတ်၊ လျှပ်စစ်ဓာတ် တို့နှင့် ပတ်သက်၍လည်း ပါဝင်ပြီး အဆီတွင်ပျော်ဝင်သော ဗီတာမင်များကိုလည်း သယ်ယူပို့ဆောင်ပေးသည်။ အခြားသော ဟော်မုန်းများဖြစ်ပေါ်မှုတွင် ပါဝင်သည်။
ကာဗိုဟိုက်ဒရိတ်ဓာတ်ကို လိုအပ်ခြင်းအကြောင်းရင်းက ၄င်းတို့သည်အရေးကြီးသော လုပ်ငန်းစဉ်များအတွက် အကောင်း ဆုံးသော အင်အားအရင်းအမြစ်ဖြစ်သည်။ ဦးနှောက်အတွက် အင်အားများထောက်ပံ့ပေးသည်။ ထို့အပြင် အခြားသော အရေးကြီးလုပ်ငန်းတာဝန်များတွင် ပါဝင်ကြောင်းသိရသည်။

ဗီတာမင်နှင့် သတ္တုဓာတ်များ ဘာကြောင့် လိုအပ်သလဲဆိုသည်ကိုလည်း ဆွေးနွေးခဲ့သည်။ ဥပမာ – ဟီမိုဂလိုဘင်အတွက် သံဓာတ်၊ အင်ဆူလင်ဟော်မုန်းအတွက် ဇင့်သတ္တုဓာတ်အရေးကြီးပုံစသည်တို့ကို ပြောပြခဲ့သည်။

ယဉ်ကျေးမှုပြောင်းလဲခြင်း Cultural Shift ကြောင့် စားသောက်မှုပုံစံပြောင်းလဲလာပုံကိုလည်း ဆွေးနွေးခဲ့သည်။
လွန်ခဲ့သည့်မျိုးဆက်တစ်ခုတုန်းက အမြန်စာ Fast Food ဆိုသည်မှာ တစ်ခါတစ်ရံမှသာ စားလေ့ရှိသော အစားအစာဖြစ်ပြီး ယနေ့ခေတ်တွင်မူ တိုးတက်များပြားလာသော ကလေးငယ်များအတွက် နေ့စဉ်စားသော အစားအစာတစ်ခု ဖြစ်နေသည်။ ယနေ့ခေတ်မျိုးဆက်သစ်ကို the Junk Food Generation ဟုပင်ခေါ်ဆိုနေရကြောင်း သိရသည်။ ကုန်ထုတ်လုပ်မှု မြှင့်တင်လာသည်နှင့်အမျှ အစားအစာနှင့် ကစားစရာများသည် ဆက်နွှယ်လျက်ရှိကြောင်း ရှင်းပြခဲ့သည်။

အမြန်စာ Fast Food များသည် ညစ်ညမ်းစာပေ Pornography နှင့်အလားတူပင်ဖြစ်သည်ဟု ဆိုထားကြောင်းသိရ၏။
အမှိုက်သရိုက်စာ Junk Food နမူနာများမှာ ဘာဂါမုန့်၊အိုက်စ်ခရင်မ်၊ ခရက်ကာ၊ ဝေဖာမုန့်များ၊ ဒိုးနတ်မုန့်၊ သကြားလုံး၊ အားလူးချောင်းကြော်၊ပေါက်ပေါက်၊ ဆိုဒါအချိုရည်၊ အရသာရှိအောင် လုပ်ထားသော ပီကေစသည်တို့ဖြစ်သည်။

အမှိုက်သရိုက်စာများကို စားခြင်းကြောင့် ကယ်လိုရီလွန်ကဲစွာရရှိပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်ထဲ၌ အဆီအဖြစ်သိမ်း ဆည်း သိုလှောင်ထားရသည်။ ၄င်းတို့ကိုနှစ်ပေါင်းများစွာ စားသုံးနေခဲ့ကြပြီး ဗီတာမင်ချို့တဲ့သည့်ပြဿနာများ၊ နှလုံးရောဂါ၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ သွေးတိုးရောဂါဖြစ်ခြင်း၊သွေးတွင်းကိုလက်စထရောဓာတ် မြင့်မားခြင်း၊ သည်းခြေအိတ်ကျောက်တည်ခြင်း၊ အဆစ်ရောင်ခြင်း၊ဂေါက်ရောဂါဖြစ်ခြင်း စသည်တို့ ဖြစ်ပေါ်လာရသည်။

Junk Food များကို လုံးဝငြင်းပယ်သင့်သလားဆိုရာတွင် အဟာရပြည့်ဝလုံလောက်သော ခန္ဓာကိုယ်အနေဖြင့် Junk Food များတစ်ခါတစ်ရံ စားခြင်းကို ခွင့်ပြုနိုင်ကြောင်း၊ သို့သော် ယနေ့ခေတ်လူအများစုသည် များကိုရှောင်ရှားရန် ရင်ဆိုင်နိုင်ခြင်း မရှိကြောင်း သိရသည်။

Junk Food များကိုစားသုံးရခြင်းအကြောင်းရင်းမှာ ၄င်းတို့သည် (၁) ဈေးနှုန်းချိုသာခြင်း၊ (၂)အလွယ်တကူ ရရှိနိုင်ခြင်း၊ (၃) အရသာရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

၎င်းအစားအစာ အများစုသည် စီမံထုတ်လုပ်ထားသော လုပ်ငန်းစဉ်ဖြင့် ပြုလုပ်သည့် အစာများဖြစ်လေ့ရှိပြီး ၄င်းတို့အထဲ တွင် အဟာရဓာတ်အနည်းငယ်မျှ သို့မဟုတ် လုံးဝမပါရှိသော အစာများဖြစ်သည်။

ထိုအစာအများစုကို တာရှည်ခံရန်အတွက် ဓာတုပစ္စည်း ဥပမာ – Hydrogenated Vegetable Oil ကိုထည့်သွင်း အသုံးပြုထားသည်။
ထိုအစာများထဲတွင် အသုံးပြုသော ဟင်းသီးဟင်းရွက်များနှင့် အသားများသည် အမြန်အထွက်တိုးရန်အတွက် ဟော်မုန်းဓာတုပစ္စည်းများ သုံးထားသည်။

ထိုအစာများကို မျက်စိပသာဒဖြစ်စေရန် ဆိုးပေးလေ့ရှိသော ဆိုးဆေးအမျိုးအစားများ၏ စာရင်းနှင့် မည်ကဲ့ သို့သောအစားအစာမျိုးတွင် တွေ့နိုင်သည်၊ မည်ကဲ့သို့သော ဆိုးကျိုးများပေးနိုင်သည် စသည်တို့ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။

Junk Food များနှင့် ပတ်သက်၍ သုတေသနပြုလုပ်ထားမှုများနှင့် တွေ့ရှိထားချက်များအကြောင်းကိုလည်း နမူနာများပေး၍ ဆွေးနွေးခဲ့သည်။

ဟင်းချိုမှုန့်ဟု အသိများသော Monosodium Glutamate (MSG) ၏ ဆိုးကျိုးများအကြောင်းကို အသေးစိတ် ဆွေးနွေးခဲ့သည်။
ချိုစေသော သကြားတုများအကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။

Aspartame ကဲ့သို့သော သကြားတုဆိုလျှင် သာမန်သကြားထက် အဆ၂၀၀ခန့်ပို၍ချိုသည်။ ဖွံ့ဖြိုးကြီးထွားစ အရွယ်ကလေးများ၏ ဦးနှောက်အပါအ၀င် အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေနိုင်ကြောင်းသိရသည်။ ခန္ဓာကိုယ်ထဲရောက်သည့်အခါ ဓာတုပစ္စည်းများအဖြစ် ပြိုကွဲသွားပြီး တက်ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းစသည်တို့ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် အချင်းမှ တစ်ဆင့်ဖြတ်၍ သန္ဓေသားထံရောက်ကာ ထိခိုက်စေနိုင်သည်။ အ၀လွန်ခြင်းရောဂါဖြစ်စေနိုင်သည်။

Saccharine ဆိုလျှင်သာမန် သကြားထက် အဆ၃၅၀ပို၍ချိုသည်။ သွေးတွင်းသကြားဓာတ်နှင့် အစာခြေလုပ်ငန်း၊ သွေးခဲ ခြင်းဖြစ်စဉ်တို့ကို ထိခိုက်စေနိုင်သည်။ ဆီးအိမ်၊ သားအိမ်၊ သားဥအိမ်၊အရေပြားနှင့် ၄င်းသွေးကြောများကို ကင်ဆာ ဖြစ်စေ နိုင်ကြောင်း တိရစ္ဆာန်များတွင် စမ်းသပ်တွေ့ရှိထားရသည်။ ကို ပျက်စီးစေပြီး မွေးရာပါ ချို့ယွင်းမှုများလည်း ဖြစ်စေနိုင် ကြောင်း တိရစ္ဆာန်များတွင် စမ်းသပ်တွေ့ရှိထားသည်။ အ၀လွန်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။

ဖျော်ရည်များတွင် အသုံးပြုလေ့ရှိသော အချိုတု High Fructose Corn Syrup (HFCS) အကြောင်းကိုလည်းဆွေးနွေး ခဲ့ပါသည်။
အမှိုက်သရိုက်အစားအစာများစားခြင်းကြောင့် ကျောင်းသားငယ်များသည် စာသင်ခန်းအတွင်းအနုတ်လက္ခာဏာ ဆောင်သော အပြုအမူ တံ့ပြန်မှုများ Negative Behaviour Reactions ဖြစ်ပေါ်စေသည်။

ဆရာဝန်များအနေဖြင့် ပြဿနာ၏အရင်းအမြစ်ဖြစ်သော အမှိုက်သရိုက်အစာကို မစဉ်းစားမိကြဘဲ ထိုအပြုအမူများကို ဖုံးကွယ်သွားစေသည့် ဆေးဝါးများပေးတတ်ကြသည်။ ထိုဆေးဝါးများကြောင့် ဘေးထွက်ဆိုးကျိုးများ၏ ဒဏ်ကိုလည်း ခံကြရပြန်သည်ဟူ၍ စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Hydrogenated Oils များ၏ ဆိုးကျိုးများအကြောင်းကိုလည်းရှင်းလင်းခဲ့သည်။

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးစားသုံးသော အစားအစာများကြောင့် မွေးလာသည့်ကလေးအပေါ်မည်ကဲ့သို့ အကျိုး သက်ရောက်မှုများဖြစ်ပေါ်လာနိုင်သည်ဆိုသော အချက်နှင့်ပတ်သက်၍လည်း ဆွေးနွေးရှင်းလင်းခဲ့သည်။
အိုမီဂါ(၃)အဆီအက်စစ်၏ ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်ပုံအကြောင်းနှင့် အိုမီဂါ(၆)အဆီအက်စစ်၏ ထိခိုက် စေနိုင်ပုံအကြောင်းများကိုလည်း ပြောပြခဲ့ပါသည်။

လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် မိမိတို့စားသောက်သော အစားအစာများ အပေါ်တွင် မူတည်လျက်ရှိကြောင်းနှင့် Junk Food အမှိုက်သရိုက်အစားအစာများအား ပုံမှန်သဘောမျိုး စားသောက် ခြင်းမပြုရန်၊ သို့မှသာလျှင် အရွယ်မတိုင်မီ ကျန်းမာရေး ချို့ယွင်းမှုမဖြစ်စေနိုင်မှာဖြစ်ကြောင်း ဆွေးနွေးရင်း နိဂုံးချုပ်ခဲ့ ပါသည်။
စာကြွင်း ။ ။ ပါမောက္ခဒေါက်တာမြတ်သန္တာ၊ ဌာနမှူး ၊ ဇီဝကမ္မဗေဒဌာန၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ၏ အမှိုက်သရိုက်အစားအစာများ စာတမ်းမှ။